ဗိုက်ကိုခွဲ၍ လက်စားချေသူ

ဗိုက်ကိုခွဲ၍ လက်စားချေသူ(စ/ဆုံး)

———————————–

[“အိုး ဟိုး ဟိုး….မိုင်းဂေါ့ဒ်
ကျွန်ုပ် အရောက်မြန်ပေလို့။
အလားလား…..ဒါညှပ်ဆွဲရမယ်၊
ညှပ်ဆွဲမှဖြစ်မယ်” ဟု ဇီ၀ကကြီး အသံဖြင့်
ရေးကြီးသုတ်ဖျာ…..
နောက်တော်ပါ စုတ်ချွန်းချွန်း ဆရာမကိုလည်း
ညှပ်များပြင်ဆင်…..]

ထွန်းစိန်တို့ အိမ်ပေါ်တုန်းကမူ ကျွန်တော်က စိတ်ဆိုးဆိုးနှင့် အော်တော့မည်အပြု ဖိုးကျော်က ကျွန်တော့်အား သူ့တတောင်ဆစ်နှင့်လည်း တွက်၊ မျက်စိလည်း မှိတ်ပြပြီး ငြိမ်နေခိုင်းသည်။ ယခုအိမ်ပြန်ရောက်ကြရာတွင်ကား ကျွန်တော်က ဟက်ဟက်ပက်ပက် ရယ်မိပြီး ဖိုးကျော်က ဒေါသကြီး နေသည်။ ကျွန်တော်နှင့်ဆိုလျှင် ဖိုးကျော်ကြာကြာ ဒေါသမထွက်နိုင်ကြောင်း ကျွန်တော်သိသည်။ ခဏအကြာတွင် ဖိုးကျော်သည် မချိုပြုံး ပြုံးတဲ့၍ “အေးကွာ၊ ဒို့တော့ ဒီတချီ ‘အီ’ သွားတာဘဲဟေ့” ဟု ညည်းလိုက်၏။
“ကိုယ်လဲ ရုတ်တရက် အတော် ဒေါပွ သွားတော့တာပေါ့ ဖိုးကျော်ရာ။ အင်း၊ သေသေချာချာ စဉ်းစားကြည့်တော့ မုတ်ဆိတ်ကြီးလုပ်တာ မဆိုးဘူးဗျ၊ ဒီလူတွေ ဒီလိုလုပ်တာဘဲ ကောင်းသလိုလို”
“လူတွေကတော့ မောင်ရင်သိတဲ့အတိုင်းဘဲ။ ကိုယ်တို့ အရပ်ဖက်မှာ ပိုဆိုးတာပေါ့ ရဲဘော်ရာ။ ဒါပေမယ့် ကြည့်၊ ဒို့ စလိုက်ပုံက အရပ်ထဲမှာ ဘယ်လို ‘ကျော်’ သွားမလဲဆိုရင် ပြည်သူ့ဆေးရုံက ဆရာ၀န် ဦးမဲကျော်နဲ့ စစ်ဖက်က ဆရာ၀န် ဦးမုတ်ဆိတ်ကို ပင့်ရသတဲ့ဆိုတာ တောမီးလောင် သထက်တောင် ဆိုးအုံးမယ်။ ဒီကောင်ကြီးကလဲ မြို့မှာ အတော်နာမယ် ကြီးတာကွ။ နာမယ်ကြီးပုံကတော့ အခုမောင်ရင်မြင်တဲ့အတိုင်းဘဲ”
ဖိုးကျော် စိတ်အတော်နာကျည်းသွားသကဲ့သို့ ကျွန်တော်လည်း စိတ်ထိခိုက်မိသည်။ သို့သော် ကျွန်တော်သည် ရယ်ချင်၍သာနေ၏။ ခံရပုံကလေးက ယင်စစ ရှိလွန်းလှသဖြင့် ရယ်ချင်ခြင်း ဖြစ်လေသည်။
ကျွန်တော်နှင့် ဖိုးကျော် ခံလိုက်ရပုံကား အောက်ပါ အတိုင်းတည်း။
​​​ x​​​ x​ x
ကျွန်တော်နှင့်ဖိုးကျော် ဆရာ၀န်နှစ်ယောက်အား ထွန်းစိန်က သူ့မိန်းမကို မီးဖွားပေးဘို့ ခေါ်သွားသဖြင့် ကျွန်တော်တို့သည် ထွန်းစိန်အိမ်သို့ ရောက်ခဲ့ကြ၏။ ဖိုးကျော်၊ ထွန်းစိန်နှင့် ကျွန်တော်တို့ကား ဒုတိယ ကမ္ဘာစစ်မဖစ်မီ ၃၉-၄၀ ခုနှစ်လောက်ကပင် ဂျပ်ဆင်ကောလိပ်၌ တကျောင်းဆောင်တည်း ခန်းချင်းကပ် နေကြ၍ အလွန်ခင်သည့်သူများ ဖြစ်ကြသည်။ ဖိုးကျော်နှင့် ကျွန်တော်က ဆရာ၀န် အတတ်သင်၍ ထွန်းစိန်ကမူ ရိုးရိုး ဝိဇ္ဇာဂုဏ်ထူးကိုသာ မျှော်သည်။ စစ်ကြီးဖြစ်လာသောအခါ ကျွန်တော်တို့လည်း ဆရာ၀န်မဖြစ်၊ ထွန်းစိန်လည်း ဝိဇ္ဇာမဖြစ်။ သို့သော် ကျွန်တော်တို့နှစ်ယောက်က စစ်ပြီး၍ ဆေးကောလိပ် ဖွင့်လျှင်ဖွင့်ချင်း ဆက်နေကြသဖြင့် ဆရာ၀န် ဖြစ်လာခဲ့ကြသည်။ ထွန်းစိန်ကိုမူ ကျွန်တော်တို့က မေ့၍ပင် နေသေး၏။
ဖိုးကျော်က ပြည်သူ့ဆေးရုံတွင် အလုပ်၀င်လိုက်၍ ကျွန်တော်ကမူ စစ်ဖက်၀င်လိုက်သဖြင့် ဖိုးကျော်နှင့် ကျွန်တော်တို့ ကွဲသွားကြသည်။ ယခုမူ ထွန်းစိန် အိမ်ထောင်ကျနေသော မြို့သို့ ဖိုးကျော်က ပြည်သူ့ဆေးရုံ၌ လက်ထောက်ဆရာ၀န် (A.S) အဖြစ် ရောက်လာခဲ့ပြီး ကျွန်တော်ကလည်း ထိုမြို့ရှိ တပ်မတော်အတွက် ဖွင့်ထားသော ‘တပ်နယ်စစ်ဆေးရုံ’ တွင် တပ်မှူးအဖြစ် ရောက်လာခဲ့၏။ အထိုက်အလျောက်အားဖြင့် ကျွန်တော်တို့သည် ထိုမြို့၏ ဂုဏ်သရေရှိ ဂိုဏ်းတွင် ၀င်ဆံ့သည်ဟု ဆိုနိုင်သည်။ သို့သော် ဖိုးကျော်၊ ထွန်းစိန်နှင့် ကျွန်တော်တို့ သုံးယောက်သား ဆုံလိုက်လျှင်ကား ကျောင်းသားကလေးများလိုသာ နေကြ၏။ ထွန်းစိန်သည် ဝိဇ္ဇာပင် မမြှော်လင့်ကစား၊ ကျွန်တော်တို့ထက် များစွာသာပေသည်။ မဆွက ကျွန်တော်တို့နှင့် သူလို ကိုယ်လိုပင်ဖြစ်သော ထွန်းစိန်သည် ယခုမူ တဦးတည်းသော စက်သူဌေးသမီးနှင့် အိမ်ထောင်ကျနေသဖြင့် ‘အင်ဂျင်’ က နောက်ကဖြစ်သော ကားကလေးစီးကာ အမြိုင့်သား ကျလှသည်။ ကျွန်တော်နှင့် ဖိုးကျော်အဖို့ သူ့ကားကလေး ဘာကားမျိုးမှန်းပင် မသိကြ။ သို့သော် ယင်းကားကလေးသည် ကျွန်တော်တို့၏ တက္ကစီ ကားကလေးသာဖြစ်၏။
တညချမ်းတွင် ကျွန်တော်တို့သည် ထွန်းစိန်မိန်းမ ခင်သန်းစိန် မီးဖွားရန်ကိစ္စအတွက် လုံးပမ်းလျက် နေကြသည်။ သားဦးလဲ မဟုတ်ဘဲ စတုတ္ထအကြိမ်မြောက် မီးဖွားမည့် ခင်သန်းစိန်အတွက် ကျွန်တော်တို့သည် များစွာကြောင့်ကြသည် မရှိလှ။ ကလေး အနေအထားက ကောင်းသည်။ မိခင်ကျန်းမာရေးက ကောင်းသည်။ သားအိမ်၀ကလည်း လက်နှစ်လုံးမျှပင် မပွင့်သေး။ ရေမွှာလည်း မပေါက်သေး။ ထို့ကြောင့် ခင်သန်းစိန် အနားတွင် ထွန်းစိန်တို့လက်သုံး ၀မ်းဆွဲဆရာမ နှင့် ထားခဲ့ပြီး ကျွန်တော်တို့က အိမ်ဦးခန်းရှိ အိစက်ညက်ညောသော ဆိုဖာကြီးပေါ်တွင် အမြင့်သားထိုင်၍ ချလာသော အချို့အချဉ်ခဲဘွယ်ဘောဇဉ်ကို စားရင်းသောက်ရင်း မီးနေချိန်ကို စောင့်လင့်ကြသည်။
မိရွှေခင်သန်းစိန်ကား အကြောင်းမရှိ အကြောင်းရှာ ပိုက်ဆံရှိတိုင်း နင်းကန်၍သာ တအီးအီး တအဲအဲ ညည်းလိုက် အော်လိုက် လုပ်နေချင်၏။ သားဦးကလေးတုန်းကမူ အထစ်အငေါ့မရှိ။ ဒုတိယ တတိယ မောင်မောင်တို့ မိမိတို့ကိုပင် ‘ဟောတယောက် ဟောတယောက်’ မွေးထုတ်ခဲ့သူ ခင်သန်းစိန်အား ကျွန်တော်တို့က မမှု။ သို့သော် အမေလုပ်သူမှာ အတော် ယောက်ယက် ခတ်လျက်ရှိ၏။ ကျွန်တော်တို့က မိခင်သန်းစိန်ကို မမှုသော်လည်း သူ့အမေ ဒေါ်ဖွားမှီကြီး အားနာသဖြင့် မကြာခဏတော့ ထ၍ ထ၍ ကြည့်ကြသည်။

မွေးခါနီးပေပြီ။ ရေမွှာလည်း ပေါက်ပြီး၍ သားအိမ်၀လည်း လက် ၅ လုံးခန့် ပွင့်လျက်ရှိပြီး ‘ဟောတယောက်’ ဖြစ်ခါနီးနေ၏။ ဖိုးကျော်က ၀မ်းဆွဲဆရာမအား ဘယ်သို့ဘယ်ညာ တွတ်တီးတွတ်တာ ညွှန်ကြား ပြောဆိုနေသည်။ ကျွန်တော်လည်း အနားမှာရှိ၏။ မွေးဖွားရေးကိစ္စ လုံး၀ အခက်အခဲရှိမည် မဟုတ်သဖြင့် ကျွန်တော်သည်၎င်း၊ ဖိုးကျော်သည်၎င်း ပွဲကြည့်ပရိသတ်လိုသာ နေကြသည်။ လက်အိတ်တွေ၊ နားကြပ်တွေ မကိုင်စွဲကြ။
“ကဲ ကဲ၊ ဒီတချီ ညှစ်လိုက်။ ထွက်တော့မယ်။ ဟော သန်းသန်းညှစ်ပေး၊ ညှစ်၊ ညှစ်”
ဖိုးကျော်သည် ခင်သန်းစိန်ခေါင်းနား သွားရပ်ပြီး အားပေးနေသည်။ သူဌေးသမီး သူဌေးမကလေးကလည်း ညှစ်တော့ ညှစ်ရှာ၏။ သို့သော် ညှစ်အားထက် သူ့လင်တော်မောင် ငထွန်းစိန်အား ညုအားက ပိုပေသည်။
“အစ် ဟင့် ဟင့်”
တချီညှစ်ဆဲ ဘွမ်းကနဲ မီးနေခန်းတံခါးမကြီး ပွင့်လာကာ မုတ်ဆိတ်တ မဲမဲ၊ နားကြပ်ကြီးက တွဲရရဲ လက်ထဲဆေးအိတ်ကြီးဆွဲ၍ ဆရာ၀န် ဦးမုတ်ဆိတ်သည် ထွန်းစိန် ယောက္ခမကြီးနှင့်အတူ ဘွားကနဲ ရောက်လာလေသည်။ ကလေးခေါင်းသည် ထွက်လုဆဲဖြစ်၏။ မိခင်သန်းစိန် ညု၍ ညှစ်ညှစ်၊ ညာ၍ ညှစ်ညှစ် ယခုတကြိမ်မှာ ကလေးခေါင်းထွက်တော့မည်။ ခေါင်းထွက်လျှင် ခေါင်း၀င် ကိုယ်ဆံ့ အားလုံး ပြီးစီးတော့မည်ဖြစ်၏။ ကျွန်တော်သည် တံခါးက ၀င်လာမှန်းသိသော်လည်း မိုးပေါ်က ကျလာသလောဟု ထင်ရသော ဦးမုတ်ဆိတ်ကို မြင်ရုံဖြင့် မင်သက်မိကာ အံ့အားသင့်နေဆဲ လျင်မြန်လှသော မိုးကျရွှေကိုယ် ဦးမုတ်ဆိတ်သည် ဆေးကြောခြင်းမရှိ၊ လက်အိတ်စွပ်ခြင်း မရှိသော သူ၏ လက်ရိုင်းကြီးတဖက်ဖြင့် ထွက်စပြုနေသည့် ကလေးငယ်ခေါင်းကို တွန်းထားကာ ပါးစပ်မှလည်း “ အိုး ဟိုးဟိုး၊ အိုး ဟိုးဟိုး မိုင်းဂေါ့ဒ်။ ကျွန်ုပ် အရောက်မြန်ပေလို့။ အလားလား၊ ဒါညှပ်ဆွဲရမယ်၊ ညှပ်ဆွဲမှ ဖြစ်မယ်” ဟု ဇီ၀ကကြီးအသံဖြင့် ရေးကြီးသုတ်ပျာ ပြောချေသည်။ နောက်တော်ပါ စုတ်ချွန်းချွန်း ဆရာမကိုလည်း ညှပ်များ ပြင်ဆင်ခိုင်းလိုက်၏။ မိရွှေသန်းစိန်ကလည်း ဆရာကြီးဦးမုတ်ဆိတ် ဘွားကနဲ ပေါ်လာသည်ကို လန့်သွားပြီး မညှစ်တော့ဘဲ အီးအီး အဲအဲ အော်နေတော့သည်။
ကျွန်တော်သည် ဖိုးကျော်ထက် အလျင်သတိရသူ ဖြစ်သဖြင့် ဘာညှပ်ဆွဲရမှာလဲ၊ သာမန်ဘဲ မွေးလိမ့်မယ်ပေါ့” ဟု အော်မည်အလုပ် ဖိုးကျော်က ကျွန်တော့်အား သူ့တတောင်ဆစ်နှင့်လည်းတွက်၍ မျက်စိလည်း မှိတ်ပြပြီး “ရဲဘော်အောင်၀င်း အသာနေ။ ကြည့်အုံး၊ ကြည့်အုံး” ဟု ပြောသဖြင့် ကျွန်တော် ဖိုးကျော်အား ကြည့်လိုက်ရာ ဖိုးကျော်မျက်လုံးများတွင် ‘ဒီကောင်ကြီး ဘာလုပ်မလဲ’ ဟု အကဲခပ်နေပုံမျိုး တွေ့ရသဖြင့် ကျွန်တော်လည်း ငြိမ်နေလိုက်ရသည်။

ထွန်းစိန့် ယောက္ခမကြီးကား ယောက်ယက်ခတ်လျက် “ကယ်ပါအုံး ဆရာကြီးရယ်၊ ညှပ်ဆွဲမှာဖြင့်လဲ ဆွဲပါတော့။ မြန်မြန်လုပ်ပါ ဆရာကြီးရယ်၊ သမီးကလေးမောလို့ သေရပါတော့မယ်” ဟု စကားတွတ်ထိုးလေသဖြင့် ကျွန်တော့်အား ဖိုးကျော်က တတောင်နှင့်တွက်သည်မှာ မှန်နေပေသည်။
ညှပ်ဆွဲရန် ပြင်ဆင်နေကြချေပြီ။ ကျွန်တော်တို့သည် မလိုသည့်နေရာတွင် ညှပ်ဆွဲနေသော ငမုတ်ဆိတ်နှင့် လူချမ်းသာ ခေါင်းခဲ သဲလှသော အဖွားကြီးကို မကျေမနပ် အမြင်ကပ်စွာဖြင့် တဦးကိုတဦး လက်တို့ကာ ခေါင်းလျှိုး ထွက်ခဲ့ကြသည်။ ဧည့်ခန်းတွင်ပင် မထိုင်ချင်တော့ဘဲ စိတ်ပျက်လက်ပျက် ဖြစ်နေကြ၏။ လိုက်ပို့မည့် ဒရိုင်ဗာ ထွန်းစိန်လည်း မီးနေခန်းထဲကျန်သဖြင့် ခြေလျင်ပင် ပြန်ကြရန် ကျွန်တော်တို့ စိတ်ကူးမိသည်။ ဖိုးကျော်ကြီးက မျက်နှာငယ်ငယ်နှင့် ခြေပစ်လက်ပစ် ထိုင်ချလိုက်စဉ် ကျွန်တော်သည် ဒေါသထွက်လျက် ရှိ၏။ ဖိုးကျော်က သူ့လက်ဝါးကို မော်တော်ကား အနှေးသွားလုပ်သည့် ပုံမျိုး လုပ်ပြရင်း ကျွန်တော့်အား “ဘာသာနေကိုယ့်လူ” ဟု ပြောနေသည်။
ထို့နောက် ထွန်းစိန် ထွက်လာသဖြင့် ဖိုးကျော်က “ဟေ့ ဒို့ပြန်မယ်” ဟု ခပ်ပြတ်ပြတ်ပြောရာ ထွန်းစိန်ခမျာ မျက်စိမျက်နှာ ပျက်သွားရှာ၏။ ဖိုးကျော်အိမ်သို့ တန်းသွားကြသည်။ လမ်းတွင် ဖိုးကျော်က ထွန်းစိန်အား စိတ်နာစကား ဆိုတော့၏။ ထိုအခါ၌ ကျွန်တော့်မှာ ဒေါသ ပျောက်သွားပြီ ဖြစ်သည့်အတိုင်း ထွန်းစိန်ဘက်က ဖေးမရလေသည်။ စင်စစ် ထွန်းစိန်အပြစ် မဟုတ်။ ထွန်းစိန်နှင့် ဘာမျှ မဆိုင်။ ထွန်းစိန်သည် ကျွန်တော်တို့ကို အထင်မသေး။ ပိုက်ဆံရှိ မိဘများနှင့် ပိုက်ဆံရှိ သားသမီးတို့၏ စရိုက်နှင့် သဲခြင်းတွင် မုတ်ဆိတ်က တစိတ်ကို တအိတ်လုပ်ခြင်းသာ ဖြစ်ပေသည်။ မုတ်ဆိတ် လူလယ်လပ်ပုံကား ကျွန်တော်ရော ဖိုးကျော်ပါ နာလှ၏။
“အေး၊ ကောင်းတယ်။ မင်းတို့ ပိုက်ဆံရှိတဲ့ဟာတွေ ၄-၅ ရာတော့ ကန်တော့လိုက်ပေါ့ကွာ။ တောက်” ဟု တကယ် ခံပြင်းသည့် ‘တောက်’ တချက် ဖိုးကျော်က ခေါက်ကာ ပြောလိုက်သည်။
“ပျံလေသည့် ငှက်ခါး နားအုံးမှာပေါ့ သူငယ်ချင်းရာ” ဟု ကျွန်တော်က ဖိုးကျော်ကြီး စိတ်ပြေစေရန် ထောက်ရသေး၏။
ကျွန်တော်နှင့် ဖိုးကျော် ခံလိုက်ရပုံကား အထက်ပါအတိုင်းတည်း။

​​​ x​​​ x​​ x

ထိုည တညလုံး ကျွန်တော်သည် အိပ်၍ တော်တော်နှင့် မပျော်။ ဖိုးကျော်လည်း ကျွန်တော့်နှင်နှင် ဖြစ်နေရှာချိမ့်မည်ဟု အိပ်မရရင်း တွေးမိသေး၏။ ခံလိုက်ရပုံကို နာကျည်းလိုက်၊ ဒေါသဖြစ်လိုက်၊ လူ့သဘာ၀ကို စဉ်းစားလိုက်၊ စိတ်ပြေလိုက်၊ ရယ်ချင်လိုက် ဖြစ်နေရချေသည်။ နက်နက်နဲနဲ စဉ်းစားရာတွင် ‘မုတ်ဆိတ်ကြီး လုပ်ပုံသည် များစွာ မရိုင်းလှ’ ဟုလည်း တွေးမိ၏။ လူတွေကလည်း လူတွေ၊ ပစ္စည်းပစ္စယ အရောင်းအ၀ယ် ပြုသကဲ့သို့ ဆေးကုသရာတွင်လည်း ကိုယ့်ပစ္စည်းကို တန်ဘိုးရှိအောင် လုပ်နိုင်မှ တန်ဘိုးရပေသည်။ လူချင်းခင်၍ အလကား ဖျောပေးသည့် ဆေးဆိုလျှင် တန်ခိုးမရှိဟုထင်သည်။ ပိုက်ဆံပေးရမှ အကောင်းထင်၍ ရေတပုလင်း (ဂ အောင်စ၀င်) ကို ဂ-ကျပ်လောက် ချလိုက်လျှင် တယ်ကောင့်သည့်ဆေး၊ တယ် ထက်သည့် ဆေး၊ တယ်စွမ်းသည့် ဆေး။ တခါသောက်နှင့် ပျောက်သည်။ ဆေးထိုးမပေးလျှင် စိတ်ကောက်၏။ ရေပေမင့် ထိုးပေးလိုက်လျှင် “သည်ဆရာ၀န် အလွန် သဘောကောင်း” ဟု ဆိုသည်။ အရပ်ဖက်၌ ပြည်သူ့ဆေးရုံ၊ စစ်ဖက်၌ စစ်ဆေးရုံတို့တွင် ဤ လူ့သဘာ၀ကို မဖောက်ထွင်းနိုင်သည့် လူတွေချည်း ဖြစ်ရကား မခြားနားပါပေ။ ခြေပွတ်တိုင် လည်သည်ကိုလည်း နားကြပ်နှင့် ထောက်လိုက်အုံးမှ အားကြီး ဂရုစိုက်သည့် ဆရာ၀န်၊ အလွန် စေတနာပြည့်၀သည့် ဆရာ၀န် ဖြစ်ရချေသည်။ ခေါင်းခဲသူ လူချမ်းသာများက ပိုသဲကြ၏။
ကျွန်တော်တို့ ခံလိုက်ရသောအခင်း၌ ဦးမုတ်ဆိတ်သည် လူ့သဘာ၀ကို နောကျေသူ ဖြစ်ဟန်တူ၏။ သို့တိုင် မီးနေခန်း၌ ကျွန်တော်တို့အား ဆရာ၀န်မှန်းသာ သိပါက ဤမျှ အကြောင်ရိုက်လိမ့်မည်ဟုတော့ ကျွန်တော် မထင်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ ဆရာ၀န်များ၌ ပဋိညာဉ်များရှိ၏။ ထိုမြားမြောင်သော ပဋိညာဉ်များထဲ၌ လူမမာတဦးအား တစုံတယောက်သော ဆရာ၀န်က ဆေးကုပေးနေချေသော် မိမိက ယင်း ဆရာ၀န် ခွင့်ပြုချက် မရှိက လူမမာအား ကြည့်ပိုင်ခွင့်မရှိပေ။
ငွေရပေါက်ဆိုလျှင် တောင် မြောက် ကြည့်သူ မဟုတ်သော ဦးမုတ်ဆိတ်သည် ကျွန်တော်တို့အား မသိ။ ကျွန်တော်တို့၏ သွင်ပြင်ကလည်း ဖိုးကျော်က ပိုးလုံချည် တပတ်နွမ်းနှင့် ရှပ်အင်္ကျီလက်တို။ ကျွန်တော်ကလည်း စစ်ဗောင်းဗီအစိမ်းနှင့် စပို့ရှပ် အပြာနုကို ၀တ်၍ ထားချေသည်။ အမျိုးသမီးတဦး၏ ရှက်ဖွယ်ကောင်းသော မွေးဖွားခန်းတွင်း၌ ကျွန်တော်တို့ ရောက်နေသည်ကို ဦးမုတ်ဆိတ်က ‘အော်ငေါက်မထုတ်’ သည်ပင် တော်ပေသေး၏။ လူ့သဘာ၀ကို နောကျေသော ဦးမုတ်ဆိတ်သည် တစိတ်ကို တအိတ် လုပ်ပြီးနောက် လေးဒေါင့်ထဲတွင် လေးဒေါင့်ကိုသာ အံကျထည့်ခြင်းဖြစ်၍ ကျွန်တော်သည် အိပ်မရတော့ဘဲ ရယ်မိသေးတော့သည်။
သို့သော် ခံလိုက်ရချက်ကား အတော် ပြင်းပေ၏။
​​​ x​​​ x​​ x
ကျွန်တော်နှင့် ဖိုးကျော်တို့သည် ညနေတိုင်းလိုပင် သူ့အိမ်မဟုတ် ကျွန်တော်တို့အိမ်၊ ကျွန်တော့်အိမ်မဟုတ် သူ့အိမ်၌ အမြဲ ဆုံကြသည်သာဖြစ်၏။ ယခင်ကဆိုလျှင် ထွန်းစိန် အိမ်၌လည်း စားကျက်ကျကြသည်။ ယခု ကျွန်တော်တို့သည် ထွန်းစိန်အိမ်ကို သပိတ်မှောက်လိုက်ကြ၏။ သွားလည်း မသွားချင်၊ သွားလည်း မသွားရဲတော့သော အိမ်ကို သပိတ်မှောက်ထားခြင်းသည် ကျွန်တော်တို့အဖို့ အထူး စိတ်သက်သာရာ ရပေသည်။
ဖိုးကျော်ထက် အကြီး ခရိုင် ဆရာ၀န်ကြီးသည် ကျွန်တော်တို့ခံရပုံ သတင်းစုံကို ဘယ်ပုံ ကြားလေသည် မသိ။ ကျွန်တော်တို့အား ကြည့်၍ ပြုံး၏။ ပြုံးပြီး “လောကမှာ သည်လိုဘဲကွယ်” ဟု ပြော၏။ ဆရာ၀န်ကြီးသည် အလွန် စကားနည်းသူ ဖြစ်သည်။ ပင်စင်သွားခါနီးဖြစ်၍ အလုပ်တွင် များစွာ စိတ်၀င်စားတော့သည် မဟုတ်ပဲ ဆေးရုံ တခုလုံးကို ဖိုးကျော်နှင့် အပ်ထားကာ ပုတီးဂိုဏ်း၀င်နေသူဖြစ်သည်။ ဖိုလည်းဆွဲသေး၏။ စကားကို နည်းနည်းသာ ပြော၍ ပြောသမျှ စကားကို ထိအောင် ပြောနိုင်သူ ဖြစ်လေသည်။
ကျွန်တော်နှင့် ဖိုးကျော်ကမူ လောကမှာ ဘာဘဲဖြစ်ဖြစ် ခံလိုက်ရပုံကိုကား အသဲနာ၏။ ဖိုးကျော်သော်၎င်း၊ ကျွန်တော်သော်၎င်း ပျံလေသည့် ငှက်ခါး မနားမီအချိန်၌ ဤမြို့မှ တရပ် တကျေးသို့ ပြောင်းမည့် အရေးကိုသာ တွေး၍ လန့်ရင်း ငှက်ခါး၏ ‘အနား’ ကို ငံ့လင့်နေကြသည်။
ကြာသော် ကျွန်တော်သည် မေ့မေ့ပျောက်ပျောက် ဖြစ်လာ၏။ မုတ်ဆိတ်ကြီး၏ ချက်ပလက် ဆလွန်းကြီးကို မြင်ရချိန်လောက်တွင်သာတောက်ခေါက်မိကြသည်။
အချိန်သည် လူကို မစောင့်ချေ။ လူကသာ အချိန်ကို စောင့်ရ၏။ ကျွန်တော်တို့သည် အချိန်တချိန်ကို စောင့်မျှော်နေသူများဖြစ်ရာ မကြာမီပင် ကျွန်တော်တို့ မျှော်နေသော အချိန်သည် ရောက်လာလေသည်။
“ဂရင် ရင် ရင်” ကျွန်တော့်အိမ်ရှိ တယ်လီဖုန်းသည် တွန်သံပေးလျက်ရှိ၏။ ပြည်သူ့ဆေးရုံကြီးမှ ကျွန်တော့် စစ်ဆေးရုံသို့ ဆက်လိုက်ခြင်း ဖြစ်လေသည်။ အဘယ် ဆရာမလေး တဦးတလေကမျှ ကျွန်တော်၏ မရွှေစုစု မျက်နှာကြောင့် ကျွန်တော့်အား ခေါ်မည့်သူမရှိ။ ဖိုးကျော်ဖြစ်ရမည်ဟု ကျွန်တော် တထစ်ချ သိလိုက်သည်။
“ရဲဘော် အောင်၀င်း၊ ကိုယ့် ဆေးရုံကို အမြန်လာ။ ငှက်ခါးနားဘီ” ဟု တယ်လီဖုန်းက ကျွန်တော့် နား၀တွင် အတင်းအော်လေသည်။ ဦးနု၏ လူထုအော်သံ ပြပြီးကတည်းက ဖိုးကျော်သည် ကျွန်တော့်အား ‘ရဲဘော် အောင်၀င်း’ ဟု ခေါ်၏။
“ဟုတ်လား ကျော်ကြီး။ အေး အေး၊ ကိုယ် အခု လာခဲ့မယ်” ဟု ကျွန်တော်ကလည်း တယ်လီဖုန်းကို ဖိုးကျော်အမှတ်ဖြင့် ပြန်အော်လိုက်သည်။ ကျွန်တော်သည် ဖိုးကျော်အား စိတ်ပျော်နေသည့်အခါ ကျော်ကြီး ဟု ခေါ်တတ်၍ စိတ်နှင့် အခန့်မသင့်သည့်အခါ ဆိုလျှင် ‘ငမဲကြီး’ ဟု ခေါ်လေ့ရှိသည်။ များသောအားဖြင့်မူ ဖိုးကျော်ဟုသာ ခေါ်လေ့ရှိ၏။ ဖိုးကျော်ထံ အမြန်ဆုံး အရောက်သွားရန်ကား ကျွန်တော့်တပ်ပိုင် လူနာတင် ကားကြီးကို ခေါ်ရလေသည်။
“ဟေ့ ဘယ်မှာလဲကွ ငှက်ခါး”
“အို လာလိမ့်မပေါ့”
ကျွန်တော်က သူနှင့် ဆရာမတယောက်ကလွဲ၍ ဘာမျှ ထူးထူးဆန်းဆန်းမတွေ့ရသဖြင့် မေးလိုက်ရာတွင် ဖိုးကျော်က အေးဆေး ပိုင်နိုင်လှသော အသံနှင့် အထက်ပါအတိုင်း ဖြေသည်။
ကျွန်တော် နားမရှင်းပေ။ ထို့ကြောင့် “ဘာလဲကွ မောင်ရင့်ဟာက” ဟု ထပ်မေးရ၏။ ဖိုးကျော်က ဆရာမကို မေးထိုးပြလေသည်။ ဆိုလိုဟန်မှာ ဆရာမ မေးကြည့် ဟူ၍ ဖြစ်၏။ ကျွန်တော့် အမေး မစောင့်တော့ဘဲ ဆရာမက
“ဒီလို ဗိုလ်ကြီး ဆရာ၀န်။ စောစောလေးက ကိုယ်၀န်ဆောင် လူမမာတယောက် လာတယ်။ (Prolaspse) ကြီး။ ကျမတို့ဆနှင်လွှတ်တယ်။လာဖူးဘူး။ အဲဒါ ဆရာက ကြည့်ပြီး ဘယ်သူက ဒီကို လွှတ်လိုက်တာလဲလို့ ကောက်မေးတယ်။ လူနာရှင်က ဆရာ၀န်ကြီး ဦးမုတ်ဆိတ်က လွှတ်လိုက်တယ်လဲ ပြောရော လူနာကို အတင်း နှင်လွှတ်တော့တာဘဲ။ လူနာတော့ ဦးမုတ်ဆိတ်ဆီ ပြန်ပြေးလေရဲ့” ဟု ပြောလေသည်။ ကျွန်တော် အလုံးစုံ နားမလည်သေးသော်လည်း အတော်အတန် သဘောပေါက်မိ၏။ ဆရာမက ကျွန်တော့်အား ပြောသည့် (Prolaspse) ကြီး ဆိုသည်မှာ ကျွန်တော်တို့ ဆေးဘက်သား အချင်းချင်းဖြစ်၍ ဆိုလိုသည်ကို အင်္ဂလိပ်စာလုံးညှပ်ပြောခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ သန္ဓေသားငယ်ကလေး၏ အလျင် ဦးစွာ ကလေး၏ ချက်ကြိုး ကျလာခြင်း ဖြစ်၏။
“ငှက်ခါးနားပါဘီ ရဲဘော်အောင်၀င်းရ။ ဒီလူနာ မကြာခင် ပြန်လာမှာပါ” ဟု ဖိုးကျော်က ဆက်ပြောသည်။ ဖိုးကျော် ဟောစာတမ်းအတိုင်း မကြာခင်ကလေးပင် ကားငယ်တစီး ဆေးရုံထဲ ပြေး၀င်လာ၏။
ဖိုးကျော်က လူနာရှင်အား “မုတ်ဆိတ်က ဘာပြောသလဲ” ဟု ဆီးမေး၏။
လူနာရှင်က “ဦးမုတ်ဆိတ်က သူ့မှာ ခွဲစိတ်ကရိယာ မစုံလို့ပါ ဆရာ” ဟု မျက်နှာငယ်စွာ ဆိုရှာသည်။ ထိုနောက် ဖိုးကျော်က ဆရာမအား “ဆရာမ၊ ကျုပ်တို့မှာရှိတဲ့ ခွဲစိတ်ကရိယာတွေ အကုန်ယူခဲ့စမ်း” ဟု အမိန့်ပေးလိုက်သဖြင့် ဆရာမသည် အပြေး တက်သွားကာ ခွဲစိတ်ခန်းသုံးအ၀တ်ဖြူနှင့် အထုပ်ကြီးတထုပ်ပွေ့ကာ ပြန်လာ၏။ ဖိုးကျော်သည် ထိုအထုပ်ကြီးကို လူနာရှင်အား ထိုးအပ်ကာ “ဒါတွေ ကျုပ်တို့မှာရှိတဲ့ ခွဲစိတ် ကရိယာတွေဘဲ၊ မုတ်ဆိတ်ကို ပေးလိုက်။ လိုသေးရင် စစ်ဆေးရုံကပါယူပေးအုံးမယ်လို့ပြော” ဟု ပြောပြီးချာကနဲ လှည့်ထွက်သွားသဖြင့် လူနာရှင်မှာ ကြောင်၍ သွားသေးသည်။ ထိုနောက် ကားကလေးသည် လာလမ်းသို့ ပြန်သွားတော့၏။
ပြန်သွားသောကားငယ်သည် ပြန်၍လာချေသည်။ လူနာရှင်သည် ဖိုးကျော်ရှိရာသို့ အတင်း၀င်လာပြီး “ဦးမုတ်ဆိတ်က သူ့မှာ ခွဲစိတ်ခန်း မရှိ၍ သည်ကိုပင် ပြန်လွှတ်ကြောင်း” ပြောသည်။ ဖိုးကျော်သည် တူးတူးခါးခါး ပြတ်ပြတ်သားသားပင် “သွားဗျာ၊ သွား သွား။ မုတ်ဆိတ်ကို ပြန်ပြောချည်။ ကျုပ်ရဲ့ခွဲစိတ်ခန်း မုတ်ဆိတ်ကို အပ်တယ်လို့ပြော။ သူ့သဘောရှိ လာခွဲနိုင်တယ်လို့ပြော” ဟု ငြင်းပြန်၏။ ကျွန်တော်သည် အလုံးစုံကို နာလည်ပြီးဖြစ်လေသည်။ ဖိုးကျော်ကား ပြည့်သူ့ဆေးရုံက လူနာကို နှင်လွှတ်ခြင်း’ ဟု သတင်းစာထဲ ပါပါ၊ အလုပ်ပင်ပြုတ်ပြုတ်၊ နားလာသည့်ငှက်ခါးကို ချက်စားရန် သန္နိဋ္ဌာန်ချထားသူဖြစ်၏။ ကျွန်တော်က ထောက်ခံသည်။ အဘယ်ကြောင့် ဆိုသော် ဤသည်ကား ကျွန်တော်တို့၏ အကွက်ကောင်း ဖြစ်၏။ ကိုယ်၀န်ဆောင် လူမမာ၌ ကိုယ်၀န် အရင့်အမာနှင့် သန္ဓေသားအလျင် ချက်ကြိုးကျနေချေသည်။ မုတ်ဆိတ်သည် ၎င်းကျနေသော ချက်ကြိုးကို ပြန်သွင်းရန် ကြိုးစားထားသည်လည်း သိရ၏။ ပြန်သွင်း၍ မရသည့်နောက်၌ ဗိုက်ကိုခွဲ၍ သန္ဓေသားကို ထုတ်ပေးရပေမည်။ ဦးမုတ်ဆိတ်တို့ကဲ့သို့ တဦးချင်း အပြင် ဆရာ၀န်လောက၌ လုပ်ဆောင်နိုင်သည့်လုပ်ငန်းမဟုတ်။ ပြည်သူ့ဆေးရုံကြီး တခုလုံး ခရိုင်ဆရာ၀န်ကြီးကလည်း ဗမာတပြည်လုံး၏ ဆရာ၀န် ညီလာခံတက်နေသဖြင့် ရန်ကုန်ရောက်နေသည့်အတိုင်း ဖိုးကျော်သည် ဗိုလ်ဖြစ်နေသည်။
​​​ x​​​ x​​​x
ဆေးရုံအ၀င်အထွက် ကျောက်စရစ်ခင်း လမ်းကလေး အတိုင်း ဦးမုတ်ဆိတ်၏ ချက်ပလက် ဆလွန်းကားကြီးသည် အမောတကော ပြေး၀င်လာသည်။ ဖိုးကျော်သည် မြင်လျက်နှင့် မမြင်ဟန် ပြုကာ ကျွန်တော့်ကို လက်တို့၍ ဖျားနာလူနာခန်းဘက်သို့ထွက်ခဲ့ရာ လူနာခန်း၀ မရောက်မီပင် ဦးမုတ်ဆိတ် သည်လည်း သူ့ ချက်ပလက် ဆလွန်းကားကြီးနည်းတူ အမောတကော ပြေးလာလျက် ဖိုးကျော်၏ လက်မောင်းကို ပြေးဆုပ်လေတော့၏။
“အို ဒေါက်တာ၊ ဘယ်လိုလုပ်တာလဲ ဒေါက်တာ။ ဘုရားသခင်ဂုဏ်ကျေးဇူးနဲ့ လူနာကိုကြည့်ပါအုံး ဒေါက်တာ” ဟု အင်္ဂလိပ်ဘာသာဖြင့် တုန်ယင်စွာ ပြောလေသည်။
“ခင်ဗျားမှာ ခွဲစိတ်ကရိယာ မစုံဘူး၊ ခွဲစိတ်ခန်း မရှိဘူးဆိုလို့ ကျုပ်က အခန်းအပ်တယ်လေ။ ကျုပ် ဘာလုပ်ရအုံးမတုံး”
ဖိုးကျော်က ဗမာလိုပြော၏။
“ဘား ဘား ဘား ဒေါက်တာ။ ဒီကိစ္စက Caesarean (ဗိုက်ခွဲမွေးထုတ်ခြင်း) လုပ်မှဖြစ်မှာပါ”
“လုပ်လေ၊ ခွဲပေါ့။ ခင်ဗျား လူတော်တယောက်ဘဲ။ ဒေါ်ဖွားမှီသမီး ညှပ်ဆွဲပေးတုန်းက ကျုပ် ခင်ဗျားကို အများကြီး အထင်ကြီးမိတာဘဲ”
ဦးမုတ်ဆိတ်သည် ဖိုးကျော်၏ စကားကို ကောင်းစွာ နားလည်လေသည်။ လူနာကို ပြန်လွှတ်၊ ပြန်လွှတ်လုပ်၍ သူ့ကျောကို ချလေသမျှ ပထမတွင် ဒမြဟု ရိပ်မိရုံလာက်ရှိ၏။ ယခု ဒေါ်ဖွားမှီသမီးမီးဖွားသည်ကို ထည့်ပြောကာမှ ဒမြမှန်း လုံး၀ သိသွားလေပြီ။
“အို ပြောမနေပါနဲ့တော့ ဒေါက်တာ။ ဒေါက်တာတို့ စီမံသလို ကျွန်ုပ်ခံဘို့ပါဘဲ၊ မိုင်းဂေါ့ဒ်”
ဆရာ မုတ်ဆိတ်သည် သူ့နဖူးကို သူလက်ဝါးဖြင့် တဖတ်ဖတ် ရိုက်လျက်ရှိချေသည်။
“ဟောဒါ စစ်ဖက်က ဆရာ၀န်ဘဲ။ ကက်ပတိန် အောင်၀င်းတဲ့။ သူလဲ အဲဒီညက ဒေါ်ဖွားမှီအိမ်မှာ ရှိနေလို့ ခင်ဗျားကို အထင်ကြီးနေသူတယောက်ပေါ့”
“ဘား ဘား ဘား ဒေါက်တာ”
ဦးမုတ်ဆိတ်သည် ရိုက်လက်စ သူ့နဖူးကို ဆက်လက် ရိုက်ရင်း မန္တလေးသို့ သယ်ယူလာသော မေမြို့က ဒေလီယာပန်းပမာ နွမ်း၍ နေရှာ၏။
“ကဲ ဦးမုတ်ဆိတ်၊ ခင်ဗျားမခွဲနိုင်ဘူး ဆိုရင်တော့ ကျုပ်နဲ့ ဟောဒီ အာမီဒေါက်တာတို့ ခွဲကြမယ်။ ကျုပ်တို့ ဓားရေးပြတာ ခင်ဗျားကြည့်ချင် ကြည့်နိုင်တယ်။ မကြည့်လိုရင်လဲ ကြွပေတော့”
ထို့နောက် ကျွန်တော်တို့သည် လူနာအား ခွဲစိတ်ရန် ပြင်ဆင်ကြသည်။ မဆွကတည်းက ဖိုးကျော်ကြီးက သူ့စိတ်ကူးနှင့်သူ အသင့်ပြင်ထားပြီးဖြစ်၏။ ခွဲစိတ်ခန်းတွင်းသို့ ကျွန်တော်တို့သည် ထုံးစံမရှိသော်လည်း ဝေဒနာသည်အမျိုးသမီး၏ ခင်ပွန်း ကိုဘခင်နှင့် အခြားစိတ်၀င်စား၍ ကြည့်လိုသည်ဆိုသူ ဝေဒနာရှင်၏ အပေါင်းအသင်း ဆွေရင်းမျိးချာ ၃-၄ ယောက်ကို သူတို့နှာခေါင်းနှင့်ပါးစပ်၌ အ၀တ်များ စည်းစေ၍ ကျွန်တော်တို့ ခွဲစိတ်သည်ကို ကြည့်ခွင့်ပြုလိုက်သည်။ ဤကား ဖိုးကျော်၏ တန်ပြန်ဝါဒဖြန့်ခြင်းတည်း။
မခင်ပုသည် စောစောစီးစီးသော ကျွန်တော်တို့နှင့် တွေ့့ရပါမူ ဤမျှ အလောသုံးဆယ် ခွဲစိတ်ရန် မရှိပေ။ ယခုဆိုလျှင် ဗိုက်ခွဲမှ ဖြစ်တော့မည်ကို အခြေအနေက ပြောနေပြီဖြစ်၏။ နေ့စေ့ လစေ့ ကိုယ်၀န်ဆောင် တဦးတယောက်အဖို့ ဤသို့ သန္ဓေသားထက်အလျင် ချက်ကြိုးက ကျနေခြင်းသည် ဗိုက်ခွဲ မွေးထုတ်ပေးရန်သာ ရှိလေသည်။ မခင်ပု၏ကိုယ်၀န်တွင် သန္ဓေသားသည် အနေမှားဟန်တူ၏။ ချက်ကြိုးမကျဘဲ ရိုးရိုးဖွားလျှင် ခြေကဖွား ဖြစ်ပေလိမ့်မည်။ ချက်ကြိုးကျရသည့် အကြောင်းရင်းတို့၌ ဤသို့ ကလေး အနေ မှားခြင်းကြောင့်လည်း ဖြစ်တတ်၏။ ရာခိုင်နှုန်းများများအားဖြင့်မူ ကြုံလှီ သေးကွေးသော သန္ဓေသားကို လွယ်ထားရသူ မိခင်လောင်း များ၌ ပို၍ ဖြစ်တတ်ပေသည်။ တင်ပါးဆုံရိုး ပုံပန်းမကျသူတို့့၌လည်း ချက်ကြိုး အလျင် ကျတတ်၍ ကလေး၏ချက်ကြိုး သာမန်ထက်ပိုရှည်လျားသူများ၌လည်း မခင်ပုကဲသို့ ဖြစ်တတ်၏။
ထို ကျဆင်းနေသော ချက်ကြိုးကို ကျွန်တော်တို့က ပြန်သွင်းပေးရပေမည်။ မရသည့် အဆုံးတွင်ကား (Caesarean Section) ခေါ် ဗိုက်ခွဲ၍ ကလေးထုတ်ခြင်းသာလျှင် ရှိတော့၏။

ကျွန်တော်တို့သည် မခင်ပုအား သားအိမ်အောက်ပိုင်းမှ ကလေးထုတ်သောနည်းကို ပြုလုပ်ကြသည်။ မေ့ဆေးဆိုင်ရာ ဆရာ၀န်ကလေးကလည်း လူသစ်တယောက်ပင် ဖြစ်လင့်ကစား အလွန်တော်သူဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့သည် မခင်ပုအား အောင်မြင်စွာ ခွဲစိတ်လိုက်ကြလေသည်။ ငှက်ခါးသား စားရ၍ အလိုလို အူမြူးနေသော ဖိုးကျော်က ခွဲရင်း၊ စိတ်ရင်း စကားပေါနေသဖြင့်သာ ကျွန်တော်တို့ ခွဲစိတ်ခြင်းသည် ပြီးသင့်သည့်အချိန်ထက် နာရီ၀က်နီးပါး နောက်ကျသွားရသည်။ သို့သော် မိခင်ရော ကလေးပါ အခြေအနေ ကောင်းမွန်ကြ၏။ ဝေဒနာရှင်၏ ခင်ပွန်း ကိုဘခင်သည် ဖိုးကျော်အား အစက အထင်လွဲလေသမျှကို ၀န်ချ၍နေလေသည်။
“ကျွန်တော် အစကတော့ သိပ်စိတ်ဆိုးတာဘဲ ဆရာ။ နောက်တော့ ဆရာနဲ့ မုတ်ဆိတ်ပြောနေတာ ကြားရမှ၊ အော် ဒီလိုကိုးလို့ သိရတော့တယ်။ ကျေးဇူးပါပဲ ဆရာ။ ဆရာ့ကိုတော့ ကျွန်တော်ဖြင့် ချီးကြူးလို့ ကုန်နိုင်စရာ မရှိတော့ပါဘူး” ကိုဘခင်သည် အခြေအနေကို ကောင်းစွာ နားလည်သွားပြီ ဖြစ်သည့်အတိုင်း ၀မ်းသာ အယ်လဲ ပြောချေ၏။
ကျွန်တော်က ကိုဘခင်အား ‘ဂျူးလဲယပ်ဆီဇာ’ သည် ဤသို့မိခင်ဗိုက်ကို ခွဲထုတ် မွေးပေးရသူ ဖြစ်ကြောင်း ဗိုက်ခွဲရာဇ၀င်ကို ပြောပြရင်း သူ့သားအားလည်း ‘ဂျူးလဲယပ် ဘခင်’ ဟု အမည်ပေးရန် အကြံပေးလိုက်သည်။ ထိုအကြံကို ကိုဘခင်က ၀မ်းမြောက်စွာ လက်ခံ၏။
လူနာကလည်း အခြေအနေကောင်း၍ စိတ်ချရသဖြင့် ကျွန်တော်တို့သည် ဆရာမကြီးတယောက်နှင့် လူသစ် ဆရာ၀န်အား လူနာကို အစောင့်ထားပြီး ဖိုးကျော်အိမ်သို့ ပြန်ခဲ့ကြသည်။ မပြန်မီ ဆေးရုံတယ်လီဖုန်းဖြင့် ထွန်းစိန်ထံ ဆက်ကြပြန်၏။ ထွန်းစိန်အား ဘာအကြောင်းမျှ မပြောဘဲ ဝီစကီ တပုလင်း ယူ၍ အမြန် လာရန်နှင့် အလာတွင် ‘၀မ်းကီး’ ဆိုင်မှ ဘဲကင်တကောင်ပါ ၀ယ်ခဲ့ရန် ဆင့်ဆိုခြင်းသာ ဖြစ်သည်။ တယ်လီဖုန်းခွက်အတွင်း ဖိုးကျော် အော်သွင်းနေသံကို ကိုဘခင် ကြားသဖြင့် “သူက ပြုစုပါရစေ” ဟု ကိုဘခင်က တောင်းပန်လာသည်။ ကျွန်တော်တို့က ခါးခါးသီးသီး ငြင်းလိုက်သည်။
မကြာမီပင် ထွန်းစိန်တယောက် မှာလိုက်သော ပစ္စည်းများနှင့် ပေါက်လာချေသည်။ ဖိုးကျော်သည် ထွန်းစိန်ကို ကျောင်းကတည်းက နိုင်သူ ဖြစ်သည်။ ထွန်းစိန်ကိုသာ မဟုတ်။ ကျွန်တော်တို့လေးယောက်တွင် ဖိုးကျော်သည် အမြဲတန်း ဥက္ကဌကြီး ဖြစ်ချေသည်။
မိခင်သန်းစိန်ကိစ္စ ပေါ်လာသည့် နောက်ပိုင်း ကတည်းက ကျွန်တော်တို့ ရှေ့မှောက်တွင် ကြောက်ကြောက်ရွံ့ရံွံ့ မဝံ့တဝံ့ ဖြစ်နေသော ထွန်းစိန်အား ကျွန်တော်က ဇာတ်လှန်လိုက်ရာ ထွန်းစိန်ခမျာ ၀မ်းအသာကြီး သာသွားလေသည်။
“သိလား အထွန်း၊ ဖိုးကျော်ဟာ အင်မတန် ကြောက်စရာကောင်းတဲ့ ကောင်နော်။ လက်စားချေတာကို ဗိုက်ခွဲပြီး လက်စားချေတယ်။ အင်း၊ ဖိုးကျော်၊ ဖိုးကျော်။ မောင်ရင့်ကို ကိုယ်တော့ အတော် သဘောကျတယ်ကွေ့”

—————————————————

ပြီးပါပြီ။