ရေတွင်းထဲက တစ္ဆေ(စ/ဆုံး)
————————————–
( ၁ )
ကိုဘမောင် ကား စည်ပင် အရာရှိတစ်ဦး ဖြစ်သလို အစိုးရ၀န်ထမ်းဖြစ်သည့် အလျောက် ကျရာ နယ်မြေ အသီးသီးတွင် တာ၀န်ထမ်းဆောင်ရစမြဲဖြစ်သည်။ ယခုလည်း ရာထူးတိုးဖြင့် ဧရာ၀တီတိုင်း ဘိုကလေး မြို့နယ်သို့ ရွှေ့ပြောင်းရမည်ဟု အထက်က စာကျလာသဖြင့် ပြောင်းရန် ရွှေ့ရန်ပြင်ဆင်ရပြန်ပါတော့သည်။
ကိုဘမောင်မှာ အသက်လေးဆယ်ကျော် ၀န်းကျင် အမျိုးသားတစ်ယောက်ဖြစ်ပြီး နှင်းမြဆိုသော အမျိုးသမီး နှင့် အိမ်ထောင်ဖက်ဖြစ်လေသည်။ အိမ်ထောင်ပြု နောက်ကျသည်မို့လည်း ကိုဘမောင်၏ သားလေး ဖြိုးကိုသည် ယခု မှ အသက်ခြောက်နှစ်သာ ရှိလို့နေသည်။ ယခုလည်း မဖြစ်မနေ ပြောင်းရတော့မည်က တစ်ကြောင်းမို့ သားလေး၏ ကျောင်းပြောင်းဖို့ အရေးဘာညာ စသည်တို့ကလည်း အလုပ်ရှုပ်ရပြန်သည်။ သို့သော်လည်း အဆင်ပြေ ချောမွေ့သွားခဲ့သည်မို့ သိပ်မကြာခင် အချိန်လေး အတွင်းမှာပင် ကိုဘမောင် တို့ မိသားစု သုံးယောက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှ နေ၍ ဧရာ၀တီတိုင်း ဘိုကလေး မြို့နယ်သို့ရောက်ခဲ့လေပါတော့၏။
+++++++++++
သူတို့ရောက်တော့ နယ်ခံ၀န်ထမ်းများကလည်း ဖော်ရွေကြပေသည်။ ၀န်ထမ်းလည်း ဖြစ်သလို မိသားစုလိုက်ဖြစ်သောကြောင့် သူတို့ နေထိုင်ရန် အတွက် လုံးချင်းအိမ်လေးတစ်ခုကို စီစဉ်ပေးကြသည်။
“ကဲ … ဆရာ ဘမောင် … ဆရာတို့က မိသားစု လိုက်နေမှာဆိုတော့ … ဒီအိမ်လေးက အသင့်တော်ဆုံးပါဗျာ … လူမနေတာတော့ နည်းနည်းကြာပြီဗျ ”
လိုက်ပါပို့ဆောင်ပေးသူ ဦးဘကြည်က ထိုသို့ပြောတော့ ကိုဘမောင်လည်း အိမ်ကလေးကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ အိမ်ကလေးမှာ တစ်ထပ် ပျဉ်ထောင်အိမ်ကလေး ။ ဆေးအမည်းများလား ရေနံချေးများလား မသဲကွဲပေမယ့်လည်း အပြင်ပန်းသဏ္ဍာန်လေးကို ကြည့်ရုံဖြင့် ထိုအိမ်ကလေးမှာ နေချင့်စဖွယ်တော့ ကောင်းနေသည်။
“မီးကြိုး ….ဘာညာလည်း … အရန်သင့်ပဲ ဆရာဘမောင် … ရေချိုးချင်ရင်တော့ အိမ်အနောက်က ရေတွင်းမှာ တုံကင် ရှိတယ် … အဲ့က နှိပ်ချိုးရုံပဲဗျ ”
“အင်းဗျ … ဆိုးတော့ မဆိုးလှဘူး … ဘေးခြံတွေကလည်း သူ့ဟာသူ တစ်သီးပုဂ္ဂလ နေပုံရတယ်နော် …. ဆူတာညံတာ စပ်စုတာတွေ မတွေ့ဘူးဗျ”
“ဟဲဟဲ … ဆိတ်ငြိမ်တော့ … ဆရာတို့လို အလုပ်များတဲ့ အရာရှိတွေ အတွက် သိပ်ဟန်ကျတာပေါ့ဗျာ … မဟုတ်ဖူးလား ”
“ဟုတ်ပဗျာ … ဟုတ်ပ ”
ကိုဘမောင်လည်း ဦးဘကြည် အပြောကိုထောက်ခံရင်း အိမ်ပတ်၀န်းကျင်ကိုကြည့်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်နေလိုက်သည်။ ပြီးမှ အိမ်အရှေ့ဖက် ခြံတောင့်တစ်နေရာတွင် ရှိနေသော အရာတစ်ခုဆီသို့ အကြည့်ကရောက်သွားလေတော့သည်။
“ဒါနဲ့ … ဟောဟိုကလည်း ရေတွင်းပဲ မဟုတ်လား … ဦးဘကြည် ”
ကိုဘမောင်က ထိုသို့ပြောရင်း သူတွေ့လိုက်ရာ ရေတွင်းဖက်သို့ ခပ်သွက်သွက်လျှောက်သွားလိုက်တော့သည်။ ဇနီးသည် နှင်းမြ နှင့် သားငယ်လေး ဖြိုးကို မှာတော့ ပစ္စည်းပစ္စယ များကို နေရာချရန် အတွက် အိမ်ထဲတောင် ၀င်သွားကြချေပြီ။
ကိုဘမောင်လည်း ထိုရေတွင်းအနားကိုရောက်တော့
“ဒီရေတွင်းက … ဘာဖြစ်လို့လဲဗျ ”
ဦးဘကြည်လည်း ကိုဘမောင် အမေးကို ဖြေဖို့ရာ ခက်ခဲနေသည်မို့ ခေါင်းကိုသာ တဗျင်းဗျင်းကုတ်နေတော့သည်။ ရေတွင်းကား ရေတွင်းပျက်ကလေး တစ်ခုသာ ။ သို့သော် ရေတွင်း နှုတ်ခမ်း၀ တွင်တော့ သစ်သား ပျဉ်ပြားများကို ကြက်ခြေခတ် သဏ္ဍာန် ထူးဆန်းစွာ ရိုက်ခတ်ထားလေ၏။
“ဒါက ရေတွင်းပျက် သပ်သပ်ပါ ဆရာဘမောင်ရယ် … ရေလည်း မထွက်တာ ကြာပြီလေ … အဲ့တော့ အပေါ်ကနေ ခုလို အဆင်ပြေသလိုလေး ပိတ်ထားလိုက်တာပါ ”
“အော် … ရေတွင်းပျက်ကလေးကိုး ”
“ရေ အတွက်ကတော့ … ပူစရာမလိုပါဘူး … အနောက်က တွင်းကတော့ ရေကြောရှိတယ် … ဆရာဘမောင် … အကြိုက်သာ သုံးပေတော့ ”
“အမလေး … ကျေးဇူးပါဗျာ … ကျုပ်တို့ မိသားစုလည်း ခင်များတို့လို ဖော်ရွေတဲ့ နယ်ခံတွေ နဲ့ တွေ့ရတာ သိပ်ကံကောင်းတယ်ဗျို့ ”
ကိုဘမောင်က ကျေနပ်အားရစွာပြောလိုက်လေတော့သည်။ ထိုအခါ ဦးဘကြည်လည်း
“ကဲဗျာ … ဆရာလေး တို့လည်း ခရီးပန်းလာကြရောပေါ့ … နဲနဲလောက် နားကြပါအုံးလား … လိုတာရှိရင်တော့ ကျုပ်ကို အချိန်မရွေးခေါ်ပါ … အားမနာနဲ့ ဟုတ်ပြီလား ”
“ကောင်းပါပြီဗျာ … ကောင်းပါပြီ ”
ထိုသို့ နှုတ်ဆက်ကာ ကိုဘမောင်တို့ ခြံကလေးထဲမှ ထွက်လာခဲ့လိုက်တော့သည်။ ခြံအပြင် အရောက် ရေတွင်းပျက်လေးကိုကြည့်လိုက်မိချိန်မှာတော့
“ဟာ …”
ဟု ရေရွတ်ကာ ထိုနေရာမှ ခပ်သုတ်သုတ်လစ်ထွက်ခဲ့လိုက်တော့သည်။ ဦးဘကြည်မြင်လိုက်ရသည်ကား အသက် နှစ်ဆယ့်ငါး သုံးဆယ်အကြား မိန်းကလေး တစ်ဦး ။ ရေတွင်း၏ နှုတ်ခမ်း၀တွင် ငုတ်တုတ်ထိုင်လို့ ။ အချိန်ကား ညနေ လေးနာရီ ။
+++++++++++
( ၂ )
“ဘယ်လိုလဲ … အိမ်က အဆင်ပြေရဲ့လား နှင်းရဲ့ ”
“ပြေပါတယ် … ရေကလည်း ပေါ … အရင်နေရာကလို ဆူဆူညံညံ အသံတွေလည်း မကြားရတော့ … စိတ်ချမ်းသာဖို့တော့ ကောင်းတယ်ရှင့် ”
“အင်းပါကွာ … မိန်းမသဘောကျရင် ပြီးတာပါပဲ ”
စသဖြင့် ကိုဘမောင် နှင့် နှင်းမြလည်း နယ်မြေ အသစ်မှာ ထွေရာလေးပါးစကားများကို ပြောရင်း အိပ်ရာ၀င်ချိန်ကိုစောင့်လိုက်ကြတော့ ။ သားငယ်လေး ဖြိုးကိုမှာလည်း သူ၏ ဖတ်လက်စ ကာတွန်းစာအုပ်ကို သေချာသိမ်းကာ အိပ်ရာထဲ၀င်သွားတော့သည်။ သိပ်မကြာခင်မှာပဲ ကိုဘမောင် နှင့် နှင်းမြ လည်း အသီးသီး အိပ်ရာ၀င်ခဲ့ကြပါတော့သည်။
မနက်ရောက်တော့ ကိုဘမောင်လည်း သူတာ၀န် ကျရာ ရုံးသို့တက်ရောက် အလုပ်ဆင်းလေပါတော့သည်။
“ဘယ်နှယ့်လဲ ဆရာ … နေရထိုင်ရ အဆင်ပြေရဲ့လား ”
ရုံးအကူ ဦးဘကြည်က ထိုသို့မေးလိုက်တော့
“ပြေတာတော့ ပြေပါတယ်ဗျ … ဒါပေမယ့် ”
“ဒါပေမယ့် … ဘာဖြစ်လို့လဲ ဆရာ”
“ဘာမှတော့ မဖြစ်ပါဘူး … နေရာ အသစ်ကို စရောက်တာဆိုတော့ … တော်တော် နဲ့ အိပ်လို့ဘယ်ပျော်ပါ့မလဲ ”
“ဟုတ်ပဗျာ … ဒီလိုပါပဲ … ကျုပ်က ဘာများ တစ်ခုခု ထူးခြားတာလဲလို့ ”
ကိုဘမောင်လည်း ဦးဘကြည်၏ ရုတ်တရက် လွှတ်ခနဲ ထွက်သွားသော စကားကြောင့်
“အရင်ကရော … ကျွန်တော် နေတဲ့ အိမ်က ဘာထူးခြားတာ ရှိလို့လဲ ”
“ဘာ … ဘာမှ မရှိပါဘူး … ကျုပ်လည်း လုပ်စရာလေး ရှိသေးလို့ ခွင့်ပြုပါအုံး ”
ဟုဆိုကာ ဦးဘကြည်လည်း သူ့အနီးမှ ထွက်သွားပါတော့သည်။ ကိုဘမောင်မှာတော့ စိတ်ထဲ ဇဝေဇဝါ ဖြစ်ကာ အတွေးမြောက်များစွာဖြင့် ကျန်ရစ်ခဲ့ပါလေတော့၏။
ထိုအိမ်လေးကို ရောက်ပြီး နှစ်ရက်မြောက်သည်အထိ ပကတိအေးဆေးနေတုန်းပင် ။ သို့သော် သုံးရက်မြောက်သည့်ည တွင်တော့ သူတို့ အိပ်ခန်းရှေ့မှ တရှပ်ရှပ် နှင့် ခြေသံ အချို့ကို အအိပ်ဆတ်သော ကိုဘမောင် ကြားလိုက်ရပါတော့သည်။
“သူခိုးများ ကပ်တာလား ” ဟူသော အတွေး နှင့်အတူ အိပ်ရာပေါ်မှ အသာဆင်းကာ အိပ်ခန်း ရှေ့သို့ထွက်ခဲ့လိုက်တော့သည်။ အချိန်ကား မနက်သုံးနာရီ ပင်ထိုးလုတော့မည်။ အိပ်ခန်းအပြင်ရောက်တော့ သူ့အားကျောပေးကာ အိမ်တံခါးမ ဖက်သို့ လျှောက်သွားနေသော အမျိုးသမီးတစ်ဦးကို ကိုဘမောင် တွေ့လိုက်ရတော့သည်။ ထိုအမျိုးသမီးမှာ ၀န်ထမ်း ၀တ်စုံလေးကို ၀တ်ဆင်ထားပြီး သက်လတ်ပိုင်း အရွယ်မျှသာရှိပေအုံးမည်။ ဆံပင်ကိုလည်း ဖားလျားကြီး ချထားကာ အိမ်အပြင်ဖက်ကို တစ်ရွှေ့ရွှေ့လျှောက်သွားနေလေသည်။ ကိုဘမောင် လည်း ဘယ်သူဘယ်ဝါ ဆိုသည်ကို သိလိုသည်ကတစ်ကြောင်း ဘယ်ချိန်တည်းက အိမ်ထဲရောက်နေသည်က တစ်ကြောင်း သိချင်စိတ် ပြင်းပြနေသည်မို့ နောက်မှ အသာကပ်လိုက်သွားလိုက်သည်။
ထိုအမျိုးသမီးလည်း တဖြေးဖြေး လျှောက်သွားရင်းမှ အိမ်ရှေ့တံခါး လှေကားထစ်လေးပေါ်မှ တလှမ်းချင်းဆင်းသွားလေသည်။ အိမ်ထောင့် ရေတွင်း နားအရောက်မှာတော့ ရုတ်ချည်းပျောက်ကွယ်သွားသည်ကို လရောင်ဖြင့် ကိုဘမောင် ထိတ်လန့်ဖွယ် တွေ့လိုက်ရလေတော့သည်။
“ဟာ …..”
ထိုအခါမှ ကိုဘမောင်လည်း ၎င်းအား သရဲခြောက်နေပြီကို သတိပြုမိကာ အိမ်ထဲ အမြန်ပြေး၀င်ပြီး တံခါးချက်ကိုထိုးလိုက်တော့သည်။ ပြီးနောက် အိပ်ရာထဲ ပြန်၀င်ကာ တတ်သမျှ ဘုရားစာများကို ရွတ်ဖတ်ရင်း ဘယ်ချိန်မှ အိပ်ပျော်သွားသည်မသိ။
“ကိုဘမောင် … ကိုဘမောင် … ထတော့လေ … အော် … ရုံးနောက်ကျတော့မယ် ”
ဇနီးသည် နှင်းမြ၏ အသံကြားမှာ ကိုဘမောင်လည်း အိပ်ရာထဲမှ လူးလဲထလိုက်လေတော့သည်။ လက်ပတ်နာရီလေးကိုကြည့်လိုက်တော့ မနက်ခုနစ်နာရီတောင် ခွဲလို့နေချေပြီ။ ညက အဖြစ်အပျက်ကြောင့် လူကလည်း အိပ်ရေးမ၀သလို မျက်လုံးများ ကျိန်းစက်လို့။ သို့သော်လည်း မနက်စာကို ကပျာကယာ စားသောက်ပြီး ရုံးသို့ရောက်အောင်သွားခဲ့လိုက်ပါတော့သည်။
ထိုမျှမကသေး ခြေသံများမှာ ညစဉ်ညတိုင်းကြားလာရသည်မို့ ကိုဘမောင် တစ်ယောက် အိပ်ရေးပျက်သောက ရောက်ရပါတော့သည်။ သို့သော်လည်း ချက်ချင်းပြောင်းပစ်ရန် မလွယ်သလို သူပြောလိုက်ပါက ဇနီး နှင့်သား ကြောက်လိမ့်မည်ကို စိုးရိမ်သောကြောင့် တစ်ယောက်တည်း ကြိတ်မှိတ်ခံစား နေရသည်။ ရက်သတ္တပတ် ခန့်ကြာတော့ ကိုဘမောင်လည်း အိပ်ရေးပျက်သည့် ဒဏ် များကြောင့် လူပင် အနည်းငယ် ယိုယွင်းလာလေတော့သည်။ သို့သော် တစ်ခုသော ညနေ သူတို့ ထမင်းစားနေချိန်တွင် ဖြစ်၏။
“ဖေဖေ … ဟိုမှာ အန်တီကြီး တစ်ယောက် သားတို့ ထမင်းစားနေတာကို ကြည့်နေတယ် ”
ဖြိုးကိုလည်း ထိုသို့ ပြောရင်း ဧည့်ခန်းမှ စတီခုံကြီးကို လက်ညှိုးထိုးပြလေ၏။ ထမင်းစားခန်းမှ နေ၍ ဧည့်ခန်းကို လှမ်းမြင်နေရသည်မဟုတ်ပါလား။ ထိုအခါ ဖြိုးကိုလေး၏ မိခင် နှင်းမြက
“ဘယ်မှာလဲ … သားရဲ့ … ဘယ်သူမှ မရှိပါဘူး ”
“ရှိတယ် … သားတို့ကိုကြည့်နေတာ … အဲ့အန်တီ မျက်နှာကြီးကလည်း ကြောက်စရာကြီး ဖေဖေ အလုပ်သွားရင် ၀တ်တဲ့ အ၀တ်တွေကိုလည်း ၀တ်ထားသေးတယ် ”
ဟူ၍သာ တွင်တွင်ပြောလေတော့သည်။ ကိုဘမောင်လည်း သားလေး၏ အပြောကြောင့် ဧည့်ခန်းရှိ စတီခုံနား ထသွားမည် အပြု ၎င်းခုံကြီးမှာ တစ်စုံတစ်ယောက်က ထိုင်ရာမှ ထသွားသည့်အလား ကျွီ ကနဲနေအောင် လှုပ်သွားလေပါတော့၏။
နောက်တစ်နေ့ညကား ကိုဘမောင်၏ ဇနီးဖြစ်သည် နှင်းမြ၏ အလှည့်သို့ရောက်ခဲ့ပြီ။ ၀တ္ထုစာအုပ်လေးကို ဖတ်ရင်း ငိုက်မြည်းလာသည်မို့ အပေါ့သွားရန် အိမ်ထဲမှ ထွက်ခဲ့လိုက်သည်။ ပြီးနောက် အိမ်သာ ထဲ၀င်ကာ အပေါ့သွားနေတုန်းမှာပင် အိမ်သာကို ပတ်လျှောက်နေသော ခြေသံ တရှပ်ရှပ်ကို ဦးစွာကြားလိုက်ရလေတော့သည်။
“ကိုဘမောင်လား …”
အပြင်က တုံ့ပြန်သံမကြားရ။ တစ်ဖန်
“အီး … ဟီး …ဟီး ”
ဆိုပြီး မိန်းမတစ်ယောက်၏ ငိုညည်းသံကြီးကို နှင်းမြ ကြားလိုက်ရပြန်လေတော့သည်။ ထိုခြံထဲတွင် မိန်းမသား ဟူ၍ သူမ တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား ။ နှင်းမြလည်း ထိုငိုညည်းသံ ကြီး နှင့်အတူ တစ်နေ့က သားလေး ဖြိုးကို ပြောသော ကြောက်စရာမိန်းမကြီးကို မျက်စိထဲ ပြန်မြင်ယောင်လာပါတော့သည်။ ကြက်သီးများလည်း တဖြန်းဖြန်း ထလာကာ ကိစ္စများကို အမြန်အပြီး သတ်လိုက်ပြီး အိမ်ထဲသို့ အပြေးတစ်ပိုင်းနှင့် ပြေးထွက်ခဲ့လိုက်ပါတော့သည်။ ခြေသံများက သူမ အနောက်သို့ ကပ်လိုက်နေဆဲပင်။
“နှင်းမြ …. ဘာဖြစ်လာတာလဲ ”
“မ … မသိဘူး … ကိုဘမောင် … မိန်းမ … မိန်းမ တစ်ယောက်ရဲ့ ငိုသံကြီး …. ပြီးတော့ ခြေသံတွေရော ”
ဆိုပြီး ငိုသံကြီးဖြင့်ပြောကာ ကိုဘမောင်၏ ရင်ခွင်ထဲကို ကလေးတစ်ယောက်လို တိုး၀င်နေပါတော့သည်။ ကိုဘမောင်လည်း နှင်းမြ ရဲ့ခေါင်းကို ပွတ်သပ်ရင်း
“မနက်ဖြန် …. ရုံးပိတ်တယ် … တို့ ဘုန်းကြီး ပင့်ပြီး အန္တရာယ်ကင်းလေး ဘာလေးရွတ်ကြတာပေါ့ ”
ထိုသို့ပြောတော့
“ကိုဘမောင် … သဘောပါ … နှင်းမြကတော့ သားလေး ကိုတစ်ခုခုလုပ်မှာပဲစိုးရိမ်တယ် ”
ဟူ၍ပြောလိုက်လေပေါတော့၏။ ထိုတစ်ညတာကတော့ သူတို့ ဇနီးမောင်နှံအတွက် အရှည်ဆုံးညဟုပင် ဆိုရပေတော့မည်။ နှစ်ယောက်သား ဘုရားစင်ရှေ့တွင် မနက်ဖြန်အတွက် တိုင်ပင် နှီးနှောရင်း မိုးအတော်ချုပ်မှသာ အိပ်ရာ၀င်ဖြစ်ခဲ့ကြတော့သည်။
++++++++++
( ၃ )
မနက်အာရုဏ်ဦးတော့ မြို့ဦးကျောင်းက ဆရာတော် ငါးပါးပင့်ကာ လိုအပ်သော ပစ္စည်း ပရိတ်အက္ခရာများ ၀ယ်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတော့သည်။ ကိုဘမောင်မှာ ၀န်ထမ်း အကြီးအကဲလည်း ဖြစ်သည်မို့ တစ်ရုံးလုံးက ၀န်ထမ်းများက ထို အန္တရာယ်ကင်း ပရိတ်တရားနာပွဲသို့ တက်ရောက်ကြလေသည်။ အိမ်နီးနားချင်းများလည်းပါလေသည်။
ပရိတ်ရွတ်နေတုန်းမှာပင် ထူးဆန်းမှုတစ်ခုက ရုတ်ချည်း ဆိုသလိုဖြစ်ပေါ်လာတော့၏။ တရားနာနေသော ဧည့်ပရိတ်သတ်ထဲမှ အမျိုးသမီးတစ်ဦးက ထအော်လေတော့သည်။
“ဆက်မရွတ်ကြပါနဲ့ … ကျွန်မ တအားပူနေပါပြီ … ကျေးဇူးပြုပြီး ဆက်မရွတ်ကြပါနဲ့ ”
ထိုအခါ ကျောင်းထိုင်ဆရာတော် ဖြစ်ဟန်တူသော ဘုန်းဘုန်းက ပရိတ်ရွတ်နေသည်ကို ခေတ္တမျှ ရပ်ထားလိုက်တော့သည်။ ထိုအမျိုးသမီးမှာတော့ ဇက်ကြီး စောင်းကာ လက်အုပ်ချီရင်း တဆတ်ဆတ်တုန်ယင်လို့ ။
“ဒကာမကြီးက … ဘယ်သူတုန်း ”
ဆရာတော်ကြီးက ထိုသို့မေးလိုက်တော့
“တပည့်တော်မ နာမည်က …. အေးမြနွယ် ပါ …လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီမြို့ဒီနယ်လေးမှာ တာ၀န်ကျတဲ့ … ၀န်ထမ်းတစ်ယောက်ပါ ”
ဟူ၍ ပြောလေပါတော့သည်။
++++++++++++
ကိုဘမောင်တို့ မိသားစု မရောက်ခင် လွန်ခဲ့သော ဆယ် နှစ်ခန့်က ထိုအိမ်ကလေးတွင် အေးမြနွယ် ဆိုသော မိန်းကလေး တစ်ယောက်နေခဲ့ဖူးလေသည်။ အေးမြနွယ် မှာ အသက် နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက် ၀န်းကျင် ဖြစ်ပြီး ချောမော လှပသော အမျိုးသမီး တစ်ယောက်ဖြစ်လေသည်။ ထိုဒေသလေးတွင်ပင် စည်ပင် ၀န်ထမ်း ရာထူးဖြင့် တာ၀န်ချထားခြင်းခံရသူလည်းဖြစ်လေသည်။ လူကလေးမှာလည်း နာမည် နှင့်လိုက်အောင်ပင် ချစ်စရာကောင်းလှပေသည်။ မည်မျှပင် လှပနေစေမူကား လူသားတိုင်းတွင် ချစ်တတ်သည့် အသည်း နှလုံးရှိလေသည် မဟုတ်ပါလား။
ထို့အတွက်ကြောင့်လည်း ထိုဒေသကလေးတွင် တာ၀န် ကျပြီး မကြာမီမှာဘဲ ဒေသခံ ကောင်လေး တစ်ယောက် နှင့်မေတ္တာမျှ ခဲ့ကြသည်။ ထိုကောင်လေးမှာလည်း သူမ နှင့် သက်တူရွယ်တူ သာဖြစ်ပြီး ရုပ်ရည်လေးက ကြည့်ပျော်ရှုပျော်ရှိလှသည်။ နာမည်ကား အောင်ကောင်း ဆိုသူပင်။ တာ၀န်နှင့် ထိုဒေသသို့ ရောက်လာသော အေးမြနွယ် မှာတော့ အသက်အရွယ်လေးအရ အုပ်ထိန်းမှု ကင်းမဲ့နေပြီ မဟုတ်ပါလား။ ထို့ကြောင့်လည်း ရည်းစားဖြစ်သူ အောင်ကောင်း နှင့် ထိုအိမ်ထိုခြံကလေးမှာပင် အကြိမ်ကြိမ် ကျူးလွန် ချစ်တင်းနှောမိကြလေသည်။
အချစ် ဖြင့် အရာရာ ဖန်တီးနိုင်သည်။ အချစ်ကြောင့်လည်း အရာရာ ပျက်စီးပျက်သုဉ်းခြင်းသို့ ရောက်နိုင်လေ၏။ ထိုသို့ သမီးရည်းစား ဘ၀ ဖြင့် အတူတူ နေထိုင်လာရာမှ အေးမြနွယ် တွင် ကိုယ်၀န် ရလာလေတော့သည်။ အောင်ကောင်း မှာတော့ ညဖက်များမှသာ သူမဆီ လာတတ်သည်။ တစ်ညမှာတော့
“အကို …. အေး အကို့ကိုပြောစရာတစ်ခုရှိတယ် ”
အေးမြနွယ် လည်း အောင်ကောင်း၏ ရင်ခွင်ထဲတွင် ခေါင်းချထားရင်း ချိုသာသော လေသံဖြင့် စကားစလိုက်သည်။
“ပြောလေ … အေး … ဘာဖြစ်လို့လဲ ”
“အေးမှာ … ကိုယ်၀န် ရှိနေပြီ အကို ”
အေးမြနွယ် ထိုသို့ပြောလိုက်တော့ အောင်ကောင်းလည်း သူ့ရင်ခွင်ထဲက သူမကို တွန်းဖယ်လိုက်ရင်း လှဲလျောင်းနေရာမှ ငုတ်တုတ်ထထိုင်လိုက်တော့သည်။
“ဘာ … ကိုယ်၀န်ရှိနေပြီ ဟုတ်လား ”
“ဟုတ်တယ် … အကို … မပျော်ဘူးလား ”
“ဟာ … ဘာကိစ္စ ငါက ပျော်ရမာလဲ … ငါမှ ကလေး မလိုချင်သေးတာ ”
အောင်ကောင်း၏ လေသံက တဖြေးဖြေး တင်းမာလာလေ၏။
“ဟင် … ဒါဆို … အေးက ဒီဗိုက်ထဲက ကလေးကို ဘာလုပ်ပစ်ရမာလဲ ”
“မင်းဘာသာ လုပ်ချင်တာလုပ်ပေါ့ကွာ ”
အောင်ကောင်းမှာတော့ ယောကျာ်းတစ်ယောက်၏ လုပ်ရပ်နှင့် မညီသော စကားများကို စတင်ပြောပါတော့သည်။
“မဟုတ်ဘူးလေ အကို …. အကို အေးကို အခု လက်ထပ်လိုက်ရင် … ဒီပြဿနာတွေက အလိုလို ရှင်းသွားမှာပါ ”
“ဟာ … ငါမှ မိန်းမ မလိုချင်သေးတာ … မင်းကိုလည်း ခုလောလောဆယ်တော့ ငါမယူနိုင်သေးဘူး ”
“ကိုအောင်ကောင်း … ရှင်ဒီလို တာ၀န် မဲ့တဲ့စကားတွေ မပြောပါနဲ့ …. ဒီဗိုက်ထဲက ကလေး က ရှင်နဲ့ ကျွန်မ ရဲ့ကလေးလေ ”
“ဒါတွေငါ့ကို လာမပြောနဲ့ … ငါမိန်းမလည်း မလိုချင်ဘူး … ကလေး လည်းမလိုချင်ဘူး ”
အောင်ကောင်းက ပြင်းပြင်းထန်ထန်ငြင်းလာတော့ အေးမြနွယ် လည်း ပါးပြင်ပေါ်စီးကျလာသော မျက်ရည် တို့ကို သုတ်လိုက်ရင်း
“ကောင်းပြီလေ … ရှင်တာ၀န် မယူနိုင်ဘူးဆိုတော့ … ကျွန်မကလည်း တရားဥပဒေ အတိုင်း သွားမယ် … ရှင့်ကို လူယုတ်မာ အဖြစ် လူသိရှင်ကြားကြေညာပစ်မယ် ”
ဆိုပြီး ကုတင်ပေါ်မှ ဆင်းလိုက်တော့သည်။ ထိုအခါ အောင်ကောင်းလည်း
“ဒီကောင်မ ”
ဟု ခက်ထန်စွာ ကြိမ်းဝါးလိုက်ရင်း ခါးလည်လောက်ရှိသော သူမ၏ ဆံပင်ကို ဆောင့်ဆွဲကာ ကုတင်ပေါ်တွန်းလဲ ချလိုက်လေတော့သည်။
“ရှင် … ရှင် … ဒါဘာလုပ်တာလဲ ….”
“မင်းက … ငါ့ကို ထောင်ထဲပို့မှာဆိုတော့ … ထောင်ထဲတော့ ငါမသွားနိုင်ဘူး … မင်းကိုပဲ တမလွန် ရောက်အောင် ငါပို့ပေးရတာပေါ့ ”
ဟုဆိုကာ သူ၏ သန်မာ တုတ်ခိုင်သော လက်အစုံဖြင့် အေးမြနွယ် ၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားလိုက်တော့သည်။ အားချင်းလည်းမမျှသလို မိန်းမသား နှင့် ယောကျာ်းသား ဖြစ်သည်မို့ တစ်အောင့်လောက်အကြာမှာတော့ အေးမြနွယ် လည်း ခြေထောက်များ စုံကန်ကာ အကြောဆန့်ရင်း မျက်ဖြူလှန်သွားလေတော့သည်။ အနည်းငယ်မျှပင် မလှုပ်တော့ ။ သူမ နောက်ဆုံးမြင်လိုက်ရသည်ကား အောင်ကောင်း၏ ချွေးများစီးနေသော ကြောက်မက်ဖွယ်မျက်နှာကြီးပင် ဖြစ်ပါလေတော့သည်။
ပြီးနောက် အောင်ကောင်းမှာ သူမ၏ အလောင်းကို ခြံရှေ့ရေတွင်းထဲ ပစ်ချကာ အပေါ်မှ ပျဉ်များဖြင့် ရိုက်ပိတ်ထားလိုက်တော့သည်။ သူကိုယ်တိုင်လည်း ထိုဒေသလေးမှ အပြီးတိုင် ထွက်ခွာပျောက်ကွယ်သွားပါတော့သည်။ အေးမြနွယ် ၏ အလောင်းကို သက်ဆိုင်ရာများ ရေတွင်းထဲက ဆယ်ယူပြီးချိန်မှာတော့ အောင်ကောင်းမှာ ထိုဒေသတွင် မရှိတောပြီ မဟုတ်ပါလား။ ထို့ကြောင့် ထိုအမှုမှာလည်း သိပ်မကြာခင်မှာဘဲ မေ့မေ့ပျောက်ပျောက်နဲ့ ပိတ်ခဲ့လိုက်ကြရတော့သည်။
++++++++++++
ထိုအကြောင်းအလုံးစုံကို ကြားလိုက်ရတော့ တရားနာနေသော ဧည့်ပရိတ်သတ်များလည်း ကြေကွဲ ဒေါသဖြစ်ကြရတော့သည်။
“မိုက်ရိုင်းလိုက်တဲ့ကောင်ကွာ ”
“တောက် ”
စသဖြင့် အသံများ အမျိုးမျိုးထွက်လာလေတော့သည်။ အေးမြနွယ် ၀င်ပူးထားသော အမျိုးသမီးမှာလည်း လက်အုပ်ကလေးချီကာ တရှုံ့ငိုလို့။ ကိုဘမောင်တို့ လင်မယားလည်း ၀မ်းနည်းစိတ်မကောင်းဖြစ်ကာ နေကြရသည်။ ထိုအခါ အေးမြနွယ် ၀င်ပူးထားသော အမျိုးသမီးကပင်
“တပည့်တော်မ …. အောင်ကောင်းကို လက်စားချေဖို့ စောင့်ရင်း …. အခု ဆယ်နှစ်ကျော်တဲ့အထိ အပါယ်ဘုံသားဘ၀မှာ အနေအစား ဆင်းဆင်းရဲရဲ နဲ့ နေနေရပါတယ် ဘုရား ”
ထိုအခါ ဆရာတော်ကြီးလည်း
“အိမ်း … ကြားရတာ အင်မတန် စိတ်ထိခိုက်ဖို့ ကောင်းသကွဲ့ … သို့ပေမယ့်လည်း … အကုသိုလ်ကို အကုသိုလ်က အကျိုးပေးလိမ့်မယ် … ဒါကာမကြီး … ဒေါသကို ဖြေဖျောက်ပြီး … ကောင်းရာ ဘုံဘ၀ကို တက်လှမ်းပါ ”
“တင်ပါ့ဘုရား ”
“ဒေါသစိတ်အစွဲ အလမ်းကြောင့် … အခု ဒါကာမကြီး … အပါယ်ဘုံမှာ ကျင်လည်နေရတာပဲ … လက်စားချေတယ်ဆိုတာ သံသရာ အတွက်လည်း မကောင်းဘူးကွယ့် … ”
ဤသို့ဖြင့် ဆရာတော်ကြီးလည်း အေးမြနွယ် နှင့်အတူ လာရောက်သော ဧည့်ပရိတ်သတ်များကို ဒေါသ၏ ဆိုးကျိုးများ ကလဲ့စား ချေခြင်း၏ မကောင်းသော အကျိုးတရားများကို ဥပမာ သာဓကများဖြင့် ဟောကြားပေးလေတော့သည်။ ထိုသို့ တရားဒေသနာများကို နာကြားပြီးစီးချိန်မှာတော့ အေးမြနွယ် ၀င်ပူးထားသော အမျိုးသမီးလည်း နေရာမှာပင် အရုပ်ကြိုးပြတ်လဲကျသွားလေတော့သည်။
“အိမ်း … လောဘ ဒေါသ မောဟ သိပ်ကြောက်ဖို့ ကောင်းသကွဲ့ …. ကဲ ဒကာကြီး ဘမောင်လည်း ကွယ်လွန်သူ ဒကာမကြီး အေးမြနွယ် အတွက် ရည်းစူး ကုသိုလ်ပြုပေးပါ ”
ဆိုပြီး တောင်းဆိုလာလေတော့သည်။
“တင်ပါ့ဘုရား … တပည့်တော် ဆက်စပ် လုပ်ပေးပါ့မယ် … နောက်ပြီး တရားခံ အောင်ကောင်းကိုလည်း ဥပဒေအတိုင်း အပြစ်ပေးနိုင်အောင် အမြန်ဆုံး ကြိုးစားပါ့မယ် ဘုရား ”
“သာဓုကွယ် … သာဓု သာဓု ”
+++++++++++
အေးမြနွယ် အတွက် ရေစက်ချ အမျှဝေပြီးချိန်တွင်တော့ ထိုအိမ်ကလေး တွင် တစ်စုံတစ်ရာ ခြောက်လှန့်ခြင်း မရှိတော့ပေ။ သို့သော် ထိုနေ့ညမှာပင်
“အကိုဘမောင် …. ကျွန်မ အေးမြနွယ် ပါ ”
အေးမြနွယ် ဆိုသည့် အသံကြားတော့ ကိုဘမောင်လည်း ကြက်သီးထမိသွားတော့သည်။ ပြီးမှ အသံက တဖြေးဖြေး နီးလာသယောင်ဖြစ်ကာ လူရိပ်တစ်ခုက ပီပီသသပေါ်လာလေတော့သည်။
“ကိုဘမောင်ကို … ကျေးဇူးတင်ချင်လို့ပါ ”
အင်္ကျီ အဖြူ လုံချည်အဖြူကို ၀တ်ဆင်ထားပြီး တစ်ကိုယ်လုံးက တောက်ပလို့နေ၏။ ယခင်လို ဆံပင်ဖားလျားကြီး နှင့်ကြောက်စရာ အမူအရာ မဟုတ်တော့ဘဲ အလွန်ချောမောလှပသော မိန်းမပျို လေးအသွင်ကို ဆောင်နေသည်။
“အခု ကျွန်မ အသိတရား ရသွားပါပြီ … ကလဲ့စားလည်း မချေချင်တော့ပါဘူး … ကိုဘမောင် တို့ လင်မယားရဲ့ကျေးဇူးနဲ့ … ကျွန်မ ဒီထက်ကောင်းတဲ့ ဘုံဘ၀ ကိုတက်လှမ်းရတော့မယ် … ဒါကြောင့် လာနှုတ်ဆက်တာပါ ”
ကိုဘမောင်လည်း အေးမြနွယ် ကို ကြည့်ပြီး ၀မ်းနည်း၀မ်းသာ ဖြစ်ကာ မျက်ရည်များရစ်ဝဲနေလေ၏။
“ကျွန်မ ရဲ့ ကျေးဇူးရှင် … ကိုဘမောင်ကို … ကန်တော့ပါရစေ ”
ကိုဘမောင် ခေါင်းကို အသာငြိမ့်ပြလိုက်တော့ အေးမြနွယ် လည်း ရိုရိုကျိုကျိုးလေးထိုင်ကာ သူ့အား လက်အုပ်ချီပြီး ဦးသုံးကြိမ်ချပါတော့သည်။
“သာဓုပါဗျာ … သာဓု … သာဓု ”
ကိုဘမောင် သာဓုခေါ်ပြီး ချိန်မှာတော့ အေးမြနွယ် လည်း အဖြူရောင် အလင်းတန်းများဖြင့် သူ့အရှေ့မှ ပျောက်ကွယ်သွားပါလေတော့သည်။ ကိုဘမောင်လည်း အိပ်ရာမှ နိုးလာပြီး
“အေးမြဖြူရေ … အမျှ အမျှ အမျှ ”
ဟူ၍ ပြောလိုက်လေပါတော့သတည်း ။
+++++++++
တိုက်ဆိုင်မှုပေလား ဘာလားတော့ မပြောတတ် ။ ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး မကြာမှီမှာပဲ ထိုဒေသလေး တွင် ဖောက်ထွင်းမှု တစ်ခုဖြစ်ခဲ့လေသည်။ ထိုဖောက်ထွင်းမှု၏ တရားခံမှာ အောင်ကောင်း ဆိုသူဖြစ်ပြီး အချိန်မှီလက်ရဖမ်းဆီးနိုင်ခဲ့ကြသည်ကို ကိုဘမောင် သတင်းကြားလိုက်ရသည်။ ထိုကြောင့် သက်ဆိုင်ရာသို့ သွားကာ ယခင် အမှုတွဲဟောင်းများ နှင့် တိုက်ကြည့်ရာမှာတော့ ယခု တရားခံမှာ ယခင် လူသတ်မှု၏ တရားခံ ပင် ဖြစ်နေကြောင်းကို အံ့ဩဖွယ် တွေ့လိုက်ရပြန်တော့သည်။
“အော် … ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား ”
ဟုရေရွတ်ရင်း မိမိ၏ နေအိမ်လေးသို့ပြန်ခဲ့လိုက်တော့သည်။ မတရားမှုဟုသည် ဆိတ်ကွယ်မရှိပေ။ မကောင်းသောသူသည် မကောင်းမှုအကုသိုလ် ၏ ဒဏ်ကို သေပြီးသည့် အချိန်တွင်လည်းကောင်း အသက်ရှင်ချိန်တွင်လည်းကောင်း ခံစားကြရပေမည်။ ထင်းခွေမကြုံ ရေခပ်ကြုံဆိုသလို စကားလေး အတိုင်း ကျွန်ုပ် တို့လူသား တိုင်းသည်လည်း သံတရာ တကွေ့ကွေ့တွင်တော့ ပုခုံးချင်း မတော်တဆ တိုက်မိကြလိမ့်မည် ဟု ယုံကြည်နေရင်းဖြင့် ။
++++++++++
( ပြီးပါပြီ )
စာဖတ်သူတို့အား အစဉ်လေးစားလျက်
သူရေး ( ရေတွင်းထဲက တစ္ဆေ )