နက္ခမှားတဲ့ည

*နက္ခတ်မှားတဲ့ ည*📖📖📖
=============

“  ကိုလေး  ၊ မင်းတို့ ရန်ကုန်ဘယ်နေ့ပြန်မှာလဲ “

“ မနက်ဖြန်မနက်ပြန်မယ် လေးလေး “

“ မြန်လှချည်လားကွ ။ သန်ဘက်ခါလောက်မှပြန်ကြပါလား “

“ ပျင်းစရာကောင်းလာပြီဗျာ ။ ရွာကလည်း မီးမရှိ ဘာမရှိနဲ့ ။ ခြောက်ကပ်နေတာပဲ ။ ညမှောင်ပြီဆိုတာနဲ့ လမ်းပေါ်မှာ လူတောင်မရှိတော့ဘူး “

“ ငါလည်း ရောက်စတုန်းကတော့ ဘယ်နေတတ်မလဲကွာ ။ အခုမှ နေသားကျသွားတာ “

“ တစ်ခါလာလည်း ဒီအတိုင်းပဲ ။ ရွာက ဘာဖြစ်လို့ မဖွံ့ဖြိုးသေးတာလဲ လေးလေး “

“ လုပ်တော့ လုပ်ကြမှာပါ ။ မင်းကောင်တွေ ဘယ်ရောက်သွားသလဲ ကိုလေး “

“  ထမင်းစားဖိတ်လို့ လိုက်သွားကြတယ် “

“ သြော်..သိပြီ ။ တိုးနိုင် လာခေါ်သွားတယ်နဲ့တူတယ် “

“ ဟုတ်တယ်လေးလေး ၊ ကိုတိုးနိုင် လာခေါ်သွားတာ “

“ မင်းရော လိုက်မသွားဘူးလား “

“ မလိုက်ချင်ပါဘူးဗျာ ။  ဗိုက်မကောင်းလို့ ငြိမ်နေရတာ ။ မနက်စောစောကတည်းက ဝမ်းပျက်နေတာ “

“ ဟ……ဖြစ်ဖြစ်ချင်း ငါ့ကို ဘာလိုိ့ု့မပြောတာလဲ ။ အခုရော ဘယ်လိုနေသေးလဲ “

“ အခု နည်းနည်း သက်သာသွားပါပြီ “

“ အစားစုံသွားတာဖြစ်မှာပေါ့ကွာ ။ နေစမ်းပါဦး ၊ မိုးလွင်နဲ့ မင်းကောင်တွေက ဘယ်လိုကနေ ဘယ်လို ခင်သွားကြတာလဲ “

“ မနေ့က မော်ကျွန်းသွားရင်း ခင်သွားကြတာလေ “

“ မင်းကောင်တွေကို စိတ်မချဘူး ။ ငါလိုက်သွားလိုက်ဦးမယ် ကိုလေး ။ မင်း အိမ်မှာပဲနေခဲ့ ။ ငါ ချက်ချင်း ပြန်လာခဲ့မယ်  “

“ ဘာဖြစ်လို့ လိုက်သွားမှာလဲ လေးလေး ။ သူတို့့ ထမင်းစားပြီးတာနဲ့ ပြန်လာကြမှာပေါ့ “

“ မင်းမသိဘူး ကိုလေး ။ တိုးနိုင်အကြောင်းကို ငါအသိဆုံး ။ အလုပ်တော့ ကြိုးစားပါတယ် ။ စိတ်လည်းချရတယ် “

“ နေပါစေ လေးလေးရာ ။ သူတို့့လည်း ကလေးတွေမှ မဟုတ်တာ “

“ ဒါဆိုလည်း ပြီးရောကွာ ။ ငါလည်း လေပြိုနေပြီ  “

“ ဘာဟင်းရှိသလဲ လေးလေး “

“ ပုဇွန်ရှိတယ်လေကွာ ။ မင်းတို့စားဖို့ဆိုပြီး ကိုသန်းအောင် လာပေးသွားတာ ။ မင်းတို့စားဖို့ ပုစွန်ဆီပြန်ချက်ထားတယ် ။ ဟင်းချိုတော့ မချက်နိုင်ဘူးကွာ  “

“ ရပါတယ် လေးလေးရာ ။ ပုစွန်တွေ လာပေးသွားတာတောင် မသိလိုက်ဘူး “

“ မင်းတို့မှမရှိတာ “

“ သြော်…ကျွန်တော်တို့ မော်ကျွန်းသွားနေတုန်းကလာပေးတာနဲ့့တူတယ် “

“ ဟုတ်တယ် ။ ဘယ်လိုလဲ ကိုလေး ။ မော်ကျွန်းသူတွေ လှရဲ့လား “

“ ကျွန်တော့်မျက်စိထဲတော့ အကုန်လှနေတာပဲ ။ ဘိုကလေးသူလည်း လှတာပဲ ။ လပွတ္တာသူလည်း လှတာပဲ ၊ ပုသိမ်သူလည်း လှတာပဲ “

“ ဟား…တကယ့်ကောင်ကွာ ။ ခဏစောင့် ၊ ငါအမြည်းလုပ်လိုက်ဦးမယ် “

“ လေးလေး ၊ ကျွန်တော် ပုစွန်စားလို့့ဖြစ်ပါ့မလား “

“ ဘာဖြစ်လို့လဲ ကိုလေး “

“ ဝမ်းမကောင်းဘူးလေ “

“ ကျွတ်..ဟုတ်သား ။ ဒါဆိုလည်း ကြက်ဥကြော်လိုက်မယ်ကွာ ။ မင်းစားဖို့ ကြက်ဥကြော်လိုက်ဦးမယ် ။ ငါလည်း ကြက်ဥကြော်နဲ့ပဲ မြည်းတော့မယ်ဟေ့  “

             ဦးလေးအငယ်က အဲဒီရွာလေးကိုရောက်နေတာ အတော်ကြာပါပြီ ။ မော်ကျွန်းမှာ မော်တော်နှစ်စီးနဲ့ ပဲ့ထောင်နှစ်စီး ထောင်ထားပြီး သူက အဲဒီရွာလေးမှာ လာနေတာပါ ။ အမှန်ပြောရရင်တော့ အဲဒီရွာသူတစ်ယောက်ကို ကျွန်တော့်ဦး လေးက သည်းသည်းလှုပ်ကြိုက်နေလို့ ရွာကို မကြာခဏလာရင်း သူချစ်ရတဲ့မိန်းကလေးနဲ့ နီးစပ်ဖို့ နေဖြစ်သွားတာပါ ။ သို့ပေမယ့် သူချစ်နေတဲ့သူက ဘိုကလေးသားတစ်ယောက်နဲ့ လိုက်ပြေးသွားလေတော့ သူ့မှာ မော်ကျွန်းကို ပြန်ရခက် ဒီရွာမှာ ဆက်ပြီးနေရခက်ဖြစ်ခဲ့ရပါတယ် ။ ရွာမှာ အနေကြာလာတော့ ရွာခံတွေနဲ့လည်း အတော်ရင်းနှီးလာပါတယ် ။ သူရည်ရွယ်ထားသူက ဘိုကလေးသားနဲ့ လိုက်ပြေးသွားပေမယ့် သူကတော့ ဒီရွာလေးမှာပဲ နေဖြစ်ခဲ့ပြီး မော်ကျွန်းနဲ့ သူနေတဲ့ရွာလေးကို သူပိုင်တဲ့ ပဲ့ထောင်တစ်စီးနဲ့ သွားလိုက်ပြန်လိုက် လုပ်နေသူပါ ။ ဦးလေးကလည်း ဓာတ်ပုံရိုက်တာကို ဝါသနာအလွန်ကြီးပါတယ် ။ ကျွန်တော်တို့ သူငယ်ချင်း လေးယောက်ကလည်း ခြေထောက်မှာ ဗွေပေါက် နေကြသူ တွေဆိုတော့ သူငယ်ချင်းတွေ စုမိတာနဲ့ နေရာအစုံ လည်ပတ်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာတော့ လေးလေးရှိတဲ့ ရွာကို အပျော်ခရီးထွက်လာကြတာပါ ။ လာတုန်းကတော့ သုံးလေးရက်နေဖို့စီစဉ်ခဲ့ကြပေမယ့် ခြောက်ကပ်ပြီး ပျော်စရာမကောင်းတာကြောင့် နှစ်ရက်ပဲနေ ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

“ ကိုလေး ၊ ကြက်ဥ ဟပ်ဖရိုက်ကြော်လာတယ် “

“ ကောင်းတယ် ၊ လေးလေး ။ ကျွန်တော်ကြိုက်တယ် ။ ထမင်းကတော့ မင်းဟာမင်းသာ သွားထည့်စားတော့ကွာ “

         ချိုင်းကြားမှာညှပ်လာတဲ့ အာမီရမ်တစ်လုံး စားပွဲပေါ်တင်လိုက်ရင်း ပန်းကန်ထဲက ကြက်ဥကြော်တစ်ခုကိုယူပြီး အိမ်ရှေ့ကိုထွက်သွားပါတယ် ။

“ ဘာလုပ်မလို့လဲ လေးလေး “

“ မမေးနဲ့…၊ ပြီးမှ ပြောပြမယ် “

“ ဟုတ်ကဲ့ “

              လေးလေးက ကြက်ဥကြော်ကိုအိမ်တံခါးဝကနေ နောက်ပြန်ပစ်ပြီး ကျွန်တော်ထိုင်နေတဲ့ စားပွဲကို ပြန်လာထိုင်ပါတယ် ။

“ မမေးနဲ့ဆိုပေမယ့် မေးချင်တယ် “

“ ပြောပြမယ် ။ အရက်နည်းနည်းတော့ သောက်ပါရစေဦး “

“ သိပ်မသောက်ပါနဲ့ လေးလေးရယ်  “

“ အာမီရမ်ကိုတော့ ကြိုက်တယ်ကွ ။ ပုသိမ် ရေတပ်စခန်းက ငါ့မိတ်ဆွေ ဗိုလ်ကြီးတစ်ယောက် လက်ဆောင်ပေးထားတာ ။ မသောက်လို့တော့မရဘူးကိုလေး ၊ ငါ့အသည်းက ဒဏ်ရာကို အရက်နဲ့ကုနေရတာ “

“ အင်းပါ ။ ခုနက ပြောပြမယ်ဆိုတာလေး “

“ ပြောပြမှာပေါ့ကွာ ။ တစ်ခွက်လောက်တော့ သောက်ပါရစေဦး  ။ မင်းလည်း ထမင်းစားလိုက်လေ “

“ မစားချင်သေးဘူး ၊ လေးလေးပြောတာ နားထောင်ချင်လို့ ။ ထမင်းစားနေရင်း နားထောင်ရတာ အရသာပျက်တယ် “

“ ပြီးရောကွာ ။ တစ်ခွက်လောက် ချလိုက်ဦးမယ် “

                တစ်ခွက်ဆိုပေမယ့့် နောက်ထပ် တစ်ခွက်က အစစ်ပါသွားပါတယ် ။

“ ဘယ်ကနေ စပြောရမလဲ ကိုလေး “

“ ကြက်ဥကြော်ကို နောက်ပြန်ပစ်ရတဲ့အကြောင်းက စပြီးပြောပြ “

“ ကောင်းပြီ ။ ဒီရွာကို စပြီးရောက်လာခါစက ရွာခံ သန်းဝင်းအောင်ဆိုတဲ့လူနဲ့ အတော်ရင်းနှီးခဲ့ကြတယ် ။ သန်းဝင်းအောင်က ငါ့ထက် ခြောက်နှစ်လောက် ငယ်တယ် ။ သူက တံငါလုပ်ငန်းပဲ လုပ်တယ်ကွ ။ ပိုက်ချပြီးပြန်လာတိုင်း သူ့အိမ်ကိုမပြန်ဘဲ ငါ ရှိရှိ မရှိရှိ ငါ့အိမ်မှာ ဝင်နားတတ်တယ် ။ ညနေဆိုရင် သူနဲ့ငါက အရက်အတူသောက်လေ့ရှိတယ်ကွ ။ တစ်ရက်တော့ မြစ်ထဲမှာ ပိုက်ချနေတုန်း လှေပေါ်ကနေ ရေထဲကိုကျသွားလိုက်တာ ပြန်ပေါ်မလာတော့ဘူး “

“ ဗျာ……။ သူက ရေမကူးတတ်ဘူးလား “

“ ဧရာဝတီတိုင်းသားပဲကွာ ၊ ရေမကူးတတ်ပဲ နေပါ့မလား ။ မြစ်ကို ဟိုဘက်သည်ဘက်တောင် လက်ပစ်ကူးနေတဲ့သူပဲဟာ ၊ ဘယ်မကူးတတ်ပဲနေပါ့မလဲ “

“ ဆက်ပြောပါဦး လေးလေး ။ စိတ်ဝင်စားဖို့ကောင်းလာပြီ “

“ ရေထဲခုန်ချသွားတယ်ဆိုတာ သူနဲ့့အတူ လှေပေါ်ပါသွားတဲ့ လှမင်းက ပြောတာဆိုတော့ လှမင်းကို သင်္ကာမကင်းဖြစ်ကုန်ကြတယ်ကွ ။ သဘောကတော့ သန်းဝင်းအောင်ကို လှမင်းသတ်တယ် လို့ထင်ကြတာပေါ့ကွာ ။ လှမင်းကတော့ သူမသတ်ဘူးလို့ အကြောက်အကန်ငြင်းတာပေါ့ ။ လှမင်းပြောပုံက သန်းဝင်းအောင်က အရက်တွေမူးနေပြီး ပိုက်ချနေတုန်းမှာ အရှိန်လွန်ပြီး ရေထဲကိုကျသွားတယ်တဲ့ ။ သန်းဝင်းအောင်က ဘယ်လောက်မူးမူး  ဖျံတစ်ကောင်လို ရေကူးတတ်တဲ့ကောင်ဆိုတော့ ယုံရခက်တာပေါ့ ။ ပြောလို့မရတာက ရေကူးတတ်တယ်ဆိုပေမယ့်လည်း ရေထဲကျပြီး ပြန်အပေါ်မှာ လှေနဲ့ဆောင့်မိပြီး သတိလစ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ။ သန်းဝင်းအောင်ကို လှမ်င်း သတ်တယ် မစတ်ဘူးဆိုတာကလည်း သက်သေမရှိတော့ ခက်တာပေါ့ကွာ “

“ ကိုလှမင်းဆိုတာ ဘယ်ကလဲ လေးလေး “

“ လာမယ်လေ ။ လှမင်းဆိုတာလည်း ဒီရွာကပဲ ။ သန်းဝင်းအောင်ရဲ့ တပည့်ပေါ့ကွာ ။ ပိုက်ထိုး ပိုက်ဖာတင်မကဘူး  ငါးရှာတာ ၊ ပိုက်ချတာပါ ဆရာစားမချန်သင်ပေးထားတဲ့ တပည့်ကျော်ပေါ့ကွာ “

“ ကိုလှမင်းက သူ့ဆရာကို လုပ်ပါ့မလား “

“ မင်းလိုပဲ ငါလည်း ထင်ခဲ့တာပဲ ။ လူဆိုတာက အတော်ခက်တယ်ကွ ။ ငွေကြေးနဲ့ပတ်သက်လာပြီဆိုရင် ဒေါသတွေ လောဘတွေ မောဟတွေပါလာကြပြီ ။ ဒေါသ မောဟ လောဘတွေပါလာရင်  ဆရာသမားမှန်း ကျေးဇူးရှင်မှန်းမသိကြတော့ဘူး ။ ဒါ့ကြောင့်လည်း ကျေးဇူးရှိမှ ကျေးစွပ်တယ်လို့ ဆိုရိုးရှိခဲ့တာပေါ့ကွာ “

“ ကိုလှမင်း သတ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိတာလဲ လေးလေး “

“ အေး..အဲဒါ ငါပြောပြမလို့ ။ လောကမှာ သိပ္ပံနည်းနဲ့ တွက်ချက်လို့မရတဲ့အရာတွေရှိတယ် ။ သဘာဝလွန်ကိစ္စတွေပေါ့ကွာ ။ အင်္ဂလိပ်လိုတော့ Supernatural လို့ခေါ်တာပေါ့ကွာ ။ ပညာရပ်တွေနဲ့ အပါယ်ဘုံသားတွေကို ခေါ်မေးတာ ၊ နာနာဘာဝတွေကိုကျွေးမွေးပြီး သူခိုးသူဝှက်ရန် ကာကွယ်ခိုင်းတာ ၊ လူတစ်ယောက်ယောက်ကို မကျေနပ်လို့ ပညာရပ်တွေနဲ့ ဘူးသွင်းတာ ၊ လူသေကောင်ကို ဖုတ်သွင်းတာတွေ မင်းကြားဖူးမှာပေါ့ “

“ ကြားတော့ကြားဖူးပါတယ် ။ မြင်တော့ မမြင်ဖူးပါဘူး “

“ အေး …အဲဒီပညာရပ်ကို တတ်ကျွမ်းတဲ့သူတစ်ယောက် ဒီရွာမှာရှိခဲ့ဖူးတယ် “

“ ဟာ…ဟုတ်လား ။ အခုရော ရှိသေးလား လေးလေး “

“ မရှိတော့ဘူးကွ ။ တမြန်နှစ်ကမှ ဆုံးသွားတာ “

“ ဟာဗျာ……“

“ မဟာနဲ့ ဟေ့ကောင် ။ အဲဒီ အောက်လမ်းပညာရပ်တွေတတ်မြောက်တဲ့သူအားလုံးက သမားရိုးကျ သေကြတာမဟုတ်ဘူးကွ “

“ ဗျာ…။ လေးလေးပြောတ နားမလည်ဘူး “

“ ဒီလိုကွာ….၊ လူတစ်ယောက်ရဲ့ အားနည်းချက်ကို သိထားတဲ့သူက သူ့ရဲ့ပျော့ကွက် ဟာကွက်ကိုနင်းပြီး ခိုင်းချင်ရာခိုင်းမယ် ။ ဟိုလူကလည်း ပျော့ကွက်ဟာကွက်ကို အနင်းခံထားရတော့ မလှုပ်နိုင်ဘူးပေါ့ကွာ ။ အဲ….. တစ်ချိန်ချိန်မှာ အခွင့်သာခဲ့ရင်တော့ သူ့ကို အနိုင်ကျင့်ထားတဲ့သူကို အသေပြန်ဆော်မှာပဲလေ ။ အသက်ရှင်နေရင် သူ့ကိုထပ်ပြီး လုပ်ခံရမှာကြောက်တာကိုး ။ နာနာဘာဝဆိုတာလည်း အဲဒီလိုပဲကွ ။ ပညာသည်တွေက ပညာရပ်တွေနဲ့ ချုပ်ကိုင်ပြီး ခိုင်းကြတော့ သူတို့လည်း မလုပ်ချင်ပဲ လုပ်ရတာပေါ့ ။ တစ်ချက်လေးမှားသွားတာနဲ့ ပြန်ဆော်မှာပဲလေ “

“ အခုနက ကိစ္စနဲ့ ဘယ်လိုပတ်သက်နေလို့လဲ လေးလေး “

“ ငါပြောတဲ့စကားကို ဆုံးအောင်နားထောင်လေကွာ ။ ဆုံးအောင်နားမထောင်ဘဲ မင်းက ဖြတ်မေးတာကိုး  “

“ ဟုတ်ကဲ့ “

“ အဲဒီလူနာမည်က ဦးလှအေးတဲ့ ။ သရဲတစ္ဆေတွေကို နိုင်တဲ့သူပေါ့ ။ အေး….၊ ဦးလှအေးက သန်းဝင်းအောင်ရဲ့ ဘကြီးပဲ ကိုလေး “

“ ဗျာ……“

“ သူ့တူ သန်းဝင်းအောင် သေရတာ လှမင်းရဲ့လက်ချက် ဟုတ်မဟုတ် သိချင်တော့ သန်းဝင်းအောင်ကို သူ့ပညာနဲ့ ခေါ်လိုက်တယ်ကွ “

“ ဟမ်……။ ဘယ်လိုခေါ်တာလဲ လေးလေး “

“ လာမယ်လေ “

“ ဟုတ်ကဲ့ “

“  မှန်တစ်ချပ်ရယ် ၊ မှန်တစ်ချပ်ဆိုတာ သေးသေးလေးမဟုတ်ဘူးနော် ။ အနည်းဆုံး တစ်တောင်ကျော်လောက်အမြင့်ရှိရမယ် ။ နောက်ပြီး မသာအိမ်က နနွင်းမှုံ့စစ်စစ်ရယ် ၊ ထက်ခြမ်းကွဲနေတဲ့ ကျောက်ပြင်တစ်ချပ်ရယ် ၊ ကြက်အရှင်တစ်ကောင်ရယ်လိုတယ်ကွ ။ ဖယောင်းတိုင်တို့ အမွှေးတိုင်တို့မလိုဘူး  ။ စိပ်ပုတီး ၊ အဆောင် ၊ လက်ဖွဲ့တွေ ယူမသွားရဘူး “

“ ဒါပဲလားလေးလေး ။ လွယ်လှချည်လား “

“ နေဦး ၊ ဒါက အသုံးပြုရမယ့်ပစ္စည်းကိုပြောတာ ။ ဒါပေမဲ့ နေ့နံနဲ့ နက္ခတ်ကြည့်ပြီး အင်းဆွဲတတ်ဖိုိ့ု့တော့လိုတယ် “

“ ဗျာ……ဘယ်လို “

“ နက္ခတ်ကြည့်ပြီး အင်းဆွဲရတာကွ ။ အင်းဆိုတာ အင်းတို့ စမတို့ကိုပြောတာ ။ ဦးလှအေးက အဲဒီနေ့ ၊ အဲဒီအချိန်ကိုရွေးပြီး လုပ်တာလို့ ပြောတယ် “

“ ဟုတ်ကဲ့ “

“ ဆိုတော့ကွာ……ဦးလှအေးက သူ့တူ သန်းဝင်းအောင်ကို အဲဒီနည်းနဲ့သုံးပြီး ခေါ်လိုက်တာပဲ  “

“ ဗျာ…ဟိုက လာရောလား “

“ လာတာပေါ့ကွာ ။ ဘယ်နေလိမ့်မလဲ “

“ ကြောက်စရာကြီးပါလား ။ ဆက်ပြောပါဦး လေးလေး “

“ သူ့တူ သန်းဝင်းအောင်ကိုခေါ်တဲ့အချိန်မှာ ငါရယ် တိုးနိုင်ရယ် ရှိနေကြတယ် ။ ကျန်တဲ့ပစ္စည်းတွေက ရှာရလွယ်ပေမယ့် မသာအိမ်က နနွင်းမှုံ့က ရှာရခက်တယ် ။ အဲဒီအချိန်မှာ ရွာမှာရော အနီးအနားက ရွာတွေမှာပါ အသုဘမရှိဘူး ။ ဒါပေမဲ့ ဦးလှအေးက အဲဒီကိစ္စတွေမှာ ကျွမ်းကျင်တဲ့သူဆိုတော့ ဘယ်လိုကနေ ဘယ်လိုရှာလာတယ်မသိဘူးကွ ။ မသာအိမ်က နနွင်းမှုံ့ကို ရှာလာနိုင်တယ် “

“ ဟာ……“

“ အဲဒီအချိန်က ည ဆယ်နာရီကျော်လောက်ရှိမယ်ကွ ။ ဦးလှအေးရယ် ငါရယ် တိုးနိုင်ရယ် သုံးယောက်သား မြစ်ကမ်းနဖူးမှာ သန်းဝင်းအောင်ကို ခေါ်ကြတာ ။ ဦးလှအေးက ကြက်အရှင်ကို လည်လှီးသတ်ပြီး သွေးကို ခွက်နဲ့ခံထားတယ် ။ နောက်တော့ အင်းကို ကြေးပြားပေါ်မှာ ပြာချပြီး ကျောက်ပြင်အကွဲပေါ်မှာ အင်းပြာရယ် နနွင်းမှုံ့ရယ်ကို  ကြက်လည်ချောင်းသွေးနဲ့ ရောပြီး ငါတို့ရဲ့မျက်လုံးတွေကို ကွင်းရတယ် ။ ကွင်းတဲ့အခါမှာ စတိမဟုတ်ဘဲ မျက်ခွံရော မျက်တွင်းပါ ဖုံးသွားအောင်ကွင်းရတယ်ကွ ။ မှန်ကို ထောင်ထားပြီး သန်းဝင်းအောင်ရဲ့နာမည်ကို ခေါ်တယ်  ။  ငါနဲ့ တိုးနိုင်နဲ့က ဦးလှအေးရဲ့အနောက်မှာကပ်ပြီး ထိုင်ကြည့်နေကြတာပေါ့ကွာ ။ မကြာပါဘူး သေနေတဲ့ကြက်က တဖြောင်းဖြောင်းနဲ့ ထခုန်ပါလေရောလား့ “

“ ဟာ……ကြောက်စရာကြီး “

“ ဟုတ်တယ် ကိုလေး ။ သေနေတဲ့ကြက်က ထခုန်တော့ တိုးနိုင်ရော ငါရော အတော်လန့်သွားကြတာ ။ ခဏနေတာ့ ရေစပ်ကနေ ကမ်းပေါ်ကို တက်လာတဲ့ အရိပ်လိုလိုဘာလိုလို တစ်ခုကို တွေ့လိုက်တယ် “

“ ဟာ……“

“ ငါတို့နဲ့မလှမ်းကမ်းကိုရောက်တော့ အဲဒီအရိပ်က ပျောက်သွားတယ်ကွ ။ အဲဒီအချိန်မှာပဲ သန်းဝင်းအောင်ရဲ့ မျက်နှာကြီးက မှန်ထဲမှာ ပေါ်လာတာ မြင်လိုက်ရတာပဲဟေ့ “

“ အောင်မလေးဗျာ ။ လေးလေးတို့ ထွက်မပြေးကြဘူးလား “

“ ဦးလှအေးက အစောကတည်းက ပြောထားပြီးသား  ။ ပြေးတဲ့ကောင် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့အတူတူပဲ ဆိုတော့ ဘယ်ပြေးရဲမလဲကွာ “

“ ဘာဆက်ဖြစ်သလဲ လေးလေး ။ ဟိုကြက်ကရော “

“ အေး….. ၊ သန်းဝင်းအောင်ရဲ့ မျက်နှာ မှန်ထဲမှာ ပေါ်လာတာနဲ့ ကြက်လည်း ငြိမ်သွားတယ်ကွ ။ နကိုအတိုင်း သေနေတာပေါ့ကွာ “

“ ဟုတ်ကဲ့ “

“ မှန်ထဲမှာပေါ်နေတဲ့ သန်းဝင်းအောင်ရဲ့မျက်နှာကို အခုထိမေ့လို့မရဘူး “

“ ဘယ်လိုဖြစ်လို့လဲ လေးလေး “

“ နဖူးက ဒဏ်ရာကြီးက နည်းတာမှမဟုတ်တာ “

“ အဲဒီ ကိုသန်းဝင်းအောင်က သူအသတ်ခံရတယ်ဆိုတာ ဘယ်လိုမျိုး အသိပေးတာလဲ “

“ လာမယ်လေ ။ ဦးလှအေးက အဲဒီမှန်ကို အဝတ်တစ်ခုနဲ့ အုပ်ပြီး အိမ်ပြန်ယူလာတယ်ကွ ။ အိမ်ရောက်တော့ ငါတို့နှစ်ယောက်ကို မနက်ဖြန်မနက် ဆယ်နာရီလောက် သူ့အိမ်လာခဲ့ဖို့ပြောပြီး ပြန်လွှတ်လိုက်တယ် ။ နောက်နေ့့မနက်ကျတော့ သူ့အိမ်ကို သွားတာပေါ့ကွာ ။ သူ့အိမ်မှာ ရွာကလူကြီးတွေသုံးလေးယောက်လည်း ရောက်နေကြတယ်ကွ ။ ဦးလှအေးဆီရောက်ပြီး ထိုင်ရုံရှိသေးတယ် လှမင်းတစ်ယောက် ငိုကြီးချက်မနဲ့ ရောက်လာတော့တာပဲ “

“ ဟာ…၊ ဘယ်လိုဖြစ်လို့လဲ လေးလေး “

“ ဦးလှအေးရဲ့ ပညာပေါ့ကွာ ။ လှမင်းကို သန်းဝင်းအောင်က ရိုက်နှက်ပြီး ဝန်ခံခိုင်းတာပေါ့ ။ လှမင်းပြောပုံအရ သန်းဝင်းအောင်က တစ်ညလုံး သူ့ကို လည်ပင်းညှစ်ပြီး ကျောကုန်းကို ထုရိုက်တယ်တဲ့ ။ လှုပ်လို့ ရုန်းလို့ အော်လို့လည်း မရဘူးတဲ့ ။ သူဖြစ်နေတာကို သူ့အိမ်သားတွေ တစ်ယောက်မှ မသိကြ  ၊ မနိုးကြဘူးတဲ့ကွ “

“ ဟင်…….“

“ ဟုတ်တယ်ကွ ကိုလေးရ ။ လှမင်းရဲ့ လည်ပင်းမှာရော ကျောကုန်းမှာပါ ညိုမည်းနေတဲ့ ဒဏ်ရာဒဏ်ချက်တွေအပြည့်ပဲ ။ သန်းဝင်းအောင်ကို သူသတ်တာပါဆိုပြီး ဝန်ခံတယ် ။ သတ်ရတဲ့အကြောင်းက ငါးတွေရောင်းထားတဲ့ပိုက်ဆံကို သန်းဝင်းအောင်က တောင်းပေမယ့် လှမင်းက ပြန်မပေးနိုင်သေးတဲ့အကြောင်းပြောတယ် ။ အမှန်က လှမင်းက ဖဲရှုံးလို့ ပိုက်ဆံပြန်မပေးနိုင်တော့တာကွ ။ အဲဒီမှာတင် ဆရာတပည့်နှစ်ယောက် လှေပေါ်မှာ အချေအတင်စကားများကြပြီး လှမင်းက သန်းဝင်းအောင်ကို လှော်တက်နဲ့ ရိုက်လိုက်တယ် ။ သန်းဝင်းအောင် သတိလစ်သွားတဲ့အချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး ရေထဲပစ်ချခဲ့တယ်တဲ့ “

“ ဟာ…၊ ရက်စက်လိုက်တာဗျာ “

“ သန်းဝင်းအောင်သာ သွေးရိုးသားရိုးနဲ့ ရေထဲကို ပြုတ်ကျခဲ့မယ်ဆိုရင်တောင် လှေပေါ်ပြန်တက်နိုင်မယ် ။ အခုက တစ်ပတ်ကျော် ဆယ်ရက်အထိ လူလည်းမတွေ့ အလောင်းလည်း ရှာမရဆိုတော့ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးဆိုတာ ဦးလှအေးက ယူဆထားတယ်ကွ ။ ဒါ့ကြောင့် သန်းဝင်းအောင်ကို သူ့ပညာနဲ့ ခေါ်လိုက်တာပဲ “

“ လုပ်ပါဦး လေးလေး ။ ဘာတွေဆက်ဖြစ်ကုန်လဲ “

“ လှမင်း ဝန်ခံနေတဲ့အချိန်မှာ ရွာကလူကြီးတွေလည်း တအံ့တသြဖြစ်ကြတာပေါ့ကွာ ။ ယုံရခက် မယုံရအခက်ပေါ့ ။ အဲဒီအချိန်မှာပဲ လှမင်းက တစ်ကိုယ်လုံး နတ်ပူးသလိုတုန်ပြီး သန်းဝင်းအောင် ဝင်ပူးတော့တာပဲဟေ့ “

“ ဗျာ……“

“ ဟုတ်တယ် ကိုလေး ။ သန်းဝင်းအောင်မှ သန်းဝင်းအောင် အစစ်ပါပဲ ။ သူ့မိန်းမနဲ့ ကလေးတွေကို ခေါ်ခိုင်းတယ် ။ သူရစရာရှိတဲ့ ပိုက်ဆံတွေကို ဘယ်သူဘယ်ဝါဆီကတောင်းဖို့နဲ့ ပေးစရာရှိတဲ့သူတွေကိုလည်း နာမည်တပ်ပြီး ပြောတယ် ။ လှမင်းက ငါးဒိုင်ကထုတ်ပေးလိုက်တဲ့ငွေတွေ မပေးသေးလို့ ပြန်တေင်းတာကို ဖဲရှုံးလို့ မပေးနိုင်သေးဘူးဆိုပြီးပြောတယ်တဲ့ ။ နောက်တော့ စကားများကြပြီး လှမင်းကို လက်သီးနဲ့ထိုးဖို့အလုပ်မှာ လှမင်းက လှော်တက်နဲ့ နှစ်ချက်ဆင့်ရိုက်တယ်တဲ့ ။ တစ်ချက်က နဖူးက နဖူးကိုရိုက်မိပြီး နောက်တစ်ချက်က ငယ်ထိပ်ကို ထိတယ်တဲ့ ။ သူ သတိမရတရဖြစ်နေချိန်မှာ လက်ပြန်ကြိုးတုပ်တာကိုလည်း သိနေတယ်တဲ့ ။ နောက်တော့ ရေထဲကိုပစ်ချလိုက်တာကိုပဲ သိလိုက်တော့တယ်တဲ့ “

“ သနားစရာကောင်းလိုက်တာ လေးလေးရာ ။ ရေမွန်းတဲ့ဒဏ်ကို ဘယ်လောက်များ ခံရခက်မလဲဗျာ ။ ရုန်းလို့လည်းမရ ၊ ရေကူးလို့လည်းမရ “

“ ဟုတ်တယ် ကိုလေး ။ သူလည်း အဲဒါကို ပိုပြီး ခံပြင်းနေတာ ။ လှော်တက်နဲ့ရိုက်လိုက်လို့ သေသွားရင်တောင် ဒီလောက်ခံပြင်းမှာမဟုတ်ဘူး ။ လှမင်းကို သတ်မယ်ချည်းပဲပြောနေတာ ။ နောက်ပြီး ၊ သူ့အလောင်းကို လိုက်မရှာပါနဲ့ ။ ရှာတွေ့တော့မှာ မဟုတ်ဘူးတဲ့ “

“ ဒါဆို ၊ ကိုလှမင်းကို ရဲစခန်း မပို့့ကြဘူးလား “

“ ပို့့ချိန်တောင် မရလိုက်ပါဘူးကွာ ၊ သန်းဝင်းအောင်က ဘယ်လောက်တောင် ထုထား ထောင်းထားလည်းမသိဘူး ။ သွေးစိမ်းတွေအန်ပြီး သေတာပါပဲ “

“ ဟာ…….“

“ အေး ၊ မင်းမေးထားတဲ့အကြောင်းကို ဆက်ပြောပြမယ် ။ ကြက်ဥကြော်ကို နောက်ပြန်ပစ်တဲ့အကြောင်းလေ “

“ ဟုတ်ကဲ့ လေးလေး “

“ လှမင်းကို သန်းဝင်းအောင် ဝင်ပူးတဲ့အချိန်တုန်းက သန်းဝင်းအောင်က ငါ့ကိုပြောတယ်ကွ “

“ ဘာပြောလဲ လေးလေး “

“ ငါ့အိမ်ရှေ့က သရက်ပင်မှာ နေပါရစေတဲ့ ။ သူ့မှာ နေစရာမရှိလို့ပါဆိုတော့ ငါလည်း ပေးနေလိုက်တယ် “

“ ဟာ………လေး….လေး…။ သူ့ဦးလေးရဲ့အိမ်မှာဖြစ်ဖြစ် ၊ သူ့မိန်းမရဲ့ အိမ်မှာပဲဖြစ်ဖြစ် နေလို့ရတာပဲ “

“ သူ့ဦးလေးအိမ်မှာက သူ့ထက်ကြမ်းတဲ့ကောင်တွေမွေးထားတယ်ကွ ။ သူ့မိန်းမဆီမှာမနေတာက ယောက္ခမအိမ်မို့လို့လားတော့ မပြောတတ်ဘူး ။ နကိုကတည်းက မိန်းမရော ယောက္ခမကိုပါ သေအောင်ကြောက်နေရတဲ့သူက သရဲဖြစ်လည်း ကြောက်ချင်ကြောက်နေမှာပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ်  အိမ်စောင့်ရတာပေါ့ကွာ ။ သူရှိနေတော့ ငါအပြင်သွားရင် ခြံထဲကို ခွေးမပြောနဲ့ ကြောင်တောင်မဝင်ရဲဘူး ။ သူ့ကို ညနေတိုင်း အိမ်မှာချက်တဲ့ အစားအစာတစ်ခုခု ကျွေးရုံပဲ  “

“ ပေါက်ကရတွေ မလုပ်ပါနဲ့ လေးလေးရာ “

“ ငါက မလုပ်ချင်ပါဘူးကွာ ။ သူ့မှာနေစရာမရှိဘူးဆိုတော့ မိတ်ဆွေချင်း ကူညီလိုက်တဲ့သဘောပါပဲ ။ အဲ……..ပြောစရာကျန်သေးတယ် “

“ ဟုတ်ကဲ့ ။ လေးလေး “

“ တိုးနိုင်က ဦးလှအေးဆီမှာ ပညာယူတယ်ကွ “

“ ဗျာ…..“

“ ဟုတ်တယ် ကိုလေး ။ ဦးလှအေးဆီက ပညာတွေ အကုန်ရသလား မရသလားဆိုတာတော့ မသိဘူး ။ လက်တည့်တော့ အင်မတန်စမ်းတဲ့ကောင် ။ ဒါ့ကြောင့် မင်းရဲ့သူငယ်ချင်းတွေ သူနဲ့လိုက်သွားတာကို စိတ်မချတာ “

“ ဘယ်လို လက်တည့်စမ်းတာလဲ လေးလေး “

“ ဦးလှအေး လုပ်သလို မှန်နဲ့ သရဲခေါ်တာလေကွာ “

“ ဗျာ…………….“

“ ဟုတ်တယ် ကိုလေး ။ တော်ကြာ မင်းသူငယ်ချင်းတွေကို သူ့အစွမ်းအစပြချင်လို့ ထမင်းဖိတ်ကျွေးတာဖြစ်နေဦးမယ် “

“ ဒုက္ခပဲ လေးလေးရာ ။ ဟိုကောင်တွေကလည်း အဲဒီလိုကိစ္စမျိုးဆို ဝါသနာကြီးတဲ့ကောင်တွေ ။ ဖြစ်ချင်ရာဖြစ် လွှတ်သာထားလိုက်ပါ လေးလေးရာ “

                                                                                                                        *************

                       ဒီဇင်ဘာလရဲ့မနက်ခင်းတစ်မှာ ကျိုက်ထီးရိုးတောင်တော်တစ်ခုလုံး မြူတွေဆိုင်းနေပါတယ် ။ မနက် လေးနာရီလောက်မမှာ ဘုရားဝတ်ပြုပြီးတာနဲ့ ညွန့်ရွှေ ၊ ကျော်ဇေယျ ၊ ဇော်မိုးနဲ့ ကျွန်တော်တို့ သူငယ်ချင်းလေးယောက် တောင်ပေါ်ကနေ ခြေလျင်ဆင်းလာခဲ့ကြတယ် ။ အေးစိမ့်တဲ့ ဆောင်းမနက်ခင်းလေနုအေးကို ရှုရှိုက်ရင်း စကားတပြောပြောနဲ့ဆင်းလာခဲ့ကြတာ မောရမှန်း ပန်းရမှန်းတောင် မသိနိုင်အောင်ပါပဲ ။ ရေမြှောင်ကြီးရောက်တော့ တစ်ထောင့်နားရင်း စကားစမြည်ပြောနေရာက ကျွန်တော့်ဦးလေးဆီ အလည်ရောက်ခဲ့စဉ်က အကြောင်းကို ပြောဆိုမိကြပါတယ် ။

“ မင်းပြောတဲ့အတိုင်းဆို ကိုသန်းဝင်းအောင်က မကျွတ်သေးဘဲ လေးလေးရဲ့ခြံထဲက သရက်ပင်မှာ ရှိနေသေးတာပေါ့ ။ ဟုတ်လား “

“ အေးလေ ။ လေးလေးပြောပုံအရဆို မကျွတ်သေးတဲ့သဘောပေါ့ကွာ “

“ အဲဒီတုန်းက ငါတို့ကိုဘာကြောင့်မပြောတာလဲ ကိုလေး “

“ မင်းတို့ ကြောက်မှာစိုးလို့့ပေါ့ ကျော်ရွှီးရာ “

“ ဟား….ဟား…ငါတို့ကို သရဲကြောက်တယ်များထင်နေသလား ကိုလေး “

“ ဒါတော့ မပြောတတ်ဘူးလေကွာ ။ ရေဝေးသင်္ချိုင်းမှာ ကြုံခဲ့ပြီးကတည်းက မင်းတို့များ ကြောက်သွားကြမလားလို့ “

“ ဟား…ဟား… ။ ဟေ့ကောင်………ရွှေကြီး ။ ငါတို့တွေ ရွာမှာတုန်းက ဘာလုပ်ခဲ့တယ်ဆိုတာ ဒီကောင့်ကို ပြောပြလိုက်စမ်းပါ “

“ အဟဲ………၊ ပြောရတာပေါ့ကွာ ။ မင်းပြောတဲ့ ကိုသန်းဝင်းအောင်လောက်ကို မပြောနဲ့ ကိုလေး ။ မင်းဦးလေးရဲ့ ရွာမှာ ငါတို့ သုံးယောက် ကြုံခဲ့ရတာကိုပြောပြလိုက်ရင် မင်း ဖြုံသွားမယ် “

“ ဟေ…၊ မင်းတို့ ဘာတွေလုပ်ခဲ့ကြတာလဲ “

“ ငါတို့ သရဲခေါ်ကြတာလေ “

“ ဟာ…….။ ဘယ်တုန်းကလဲ ဇော်မိုး “

“ ကိုတိုးနိုင်ကြီး ထမင်းစား လာခေါ်တဲ့နေ့ကလေကွာ “

“ ဟင်…။ မင်းတို့ဘာတွေလျှောက်လုပ်ကြတာလဲ ။ ငါလည်း မသိပါလား ။ မင်းတို့ မနက်တစ်နာရီလောက်မှပြန်လာကြကတည်းက တစ်ခုခုလုပ်ကြပြီလို့ ထင်တော့ ထင်သား ။ မင်းတို့ အရက်မူးပြီးပြန်လာကြလို့ မမေးဖြစ်တော့တာ “

“ မင်း မသိချင်ဘူးလား “

“ ပြောပြမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ကွာ ။ မသိချင်ပဲ နေပါ့မလား “

“ ရွှေကြီးရေ….အိုက်တင်ခံမနေနဲ့ ၊ ပြောပြလိုက်တော့ “

“ ပြောပြမှာပါ ။ ကိုတိုးနိုင်ကြီး ထမင်းစားလာခေါ်တုန်းက ထမင်းစား ဖိတ်ရုံသက်သက်ပဲထင်ပြီး လိုက်သွားကြတာ ။ ဟိုရောက်တော့ ငါတို့ကို အရက်တိုက်တယ်ကွ ။ နည်းနည်းထွေလာတော့ ကိုတိုးနိုင်ကြီးက စပြီးပြောတယ် ။ မင်းတို့သရဲကြောက်တတ်သလားတဲ့ ။ ငါတို့သုံးယောက်စလုံးက သရဲမှမကြောက်တတ်တာ ။ ဒီတော့ ကျွန်တော်တို့ သရဲမကြောက်တတ်ဘူးဆိုပြီး ပြောလိုက်တာပေါ့ ။ အဲဒီမှာတင် ငါသရဲခေါ်ပြမယ် ။ ဘယ်သူကြည့်ရဲလဲလို့ စပြီးမေးတော့တာပဲ ။ ဒါမျိုးဆို ငါတို့က ထိပ်ဆုံးက ကျွန်တော်ဆိုတဲ့ကောင်တွေဆိုတော့ ကိုတိုးနိုင်ကြီးကို သရဲခေါ်ပြခိုင်းကြတာပေါ့ကွာ “

“ မင်းတို့က ဘယ်နေရာမှာ သွားခေါ်ကြသလဲ “

“ ရွာမြောက်ဘက်မှာ သင်္ချိုင်းတစ်ခုရှိတယ်ကွ ။ အဲဒီရွာက သေရင် မြေမြှုပ်တာသိပ်မရှိသလောက်ဘဲ ။ မီးရှို့တာများတယ်ကွ ။ အဲဒီ သင်္ချိုင်းမှာ အုတ်ဂူဆိုလို့ ဘိုးတော်ဘုရားလက်ထက်က အုတ်ဂူမျိုး တစ်လုံးပဲရှိတယ် ။ ကျန်တာက မြေပုံတွေချည်းပဲ ။ မသာ မီးရှို့ဖို့အတွက် သီးသန့်လုပ်ထားတဲ့နေရာတစ်ခုရှိတယ်ကွ ။ အုတ်စီပြီး အသေအချာကိုလုပ်ထားတာ “

“ အင်း…။ ဆက်ပြောပါဦး “

“ ကိုတိုးနိုင်ကြီးက အဲဒီနေရာမှာ သရဲခေါ်တာ “

“ ဟေ……“

“ မဟေနဲ့ ကိုလေးရေ ။ တကယ်လာတာဟ ။ မကြောက်ဘူးဆိုတဲ့ ငါတို့တောင် သရဲကိုမြင်ပြီး ဒူးတောင်တုန်တယ် “

“ သရဲကို ဘယ်လိုမြင်ရတာလဲ ရွှေကြီး “

“ မှန်ထဲမှာ ပေါ်လာတာကွ ။ သရဲက ခေါင်းတုံးကြီးနဲ့ ။ ကိုတိုးနိုင်ပြောတာတော့ အဲဒီသရဲက သူတို့ရွာက လူတဲ့ ။ အဲဒီလူက သူ့ကိုယ်သူ အဆိပ်သောက်ပြီး သေသွားတာ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်တဲ့ “

“ ဟာ ….“

“ မှန်ထဲကနေ ငါတို့ကို အသေအချာကြည့်နေတာများ ကြက်သီးတောင်ထတယ် “

“ မင်းတို့ကို တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ ရွှေကြီး ။ မလုပ်ကောင်းတာတွေကွာ “

“ ကျွတ်…. အဲဒီမှန်ထဲက သရဲက ငါတို့ကို ဘာမှ လုပ်လို့မရဘူးတဲ့ကွ ။ မှန်ကို ခွဲမပစ်မချင်း အဲဒီမှန်ထဲကနေ ထွက်လို့မရဘူးတဲ့ ။ သူ့ကို လွှတ်မပေးချင်ရင် အဲဒီမှန်ကို မြေမျြုပ်ရတယ်လို့ ကိုတိုးနိုင်ကြီးပြောပြတယ် ။ မင်းပြောတဲ့ ဦးလှအေး လုပ်တဲ့အတိုင်းပဲ ကိုလေး “

“ ဟုတ်တယ် ရွှေကြီး ။ ကိုတိုးနိုင်က ဦးလှအေးဆီမှာ တပည့်ခံထားတာ “

“ ငါတို့လည်း သူ့ဆီက နည်းတော့ယူလာခဲ့တယ် “

“ ဟာ…။ မင်းတို့က ဘာလုပ်မလို့လဲ “

“ စမ်းကြည့်မလို့လေ “

“ ဟာ….၊ ဟေ့ကောင်တွေ ။ မလုပ်ကောင်းတာ လျှောက်မလုပ်ကြပါနဲ့ ။ အဲဒီပညာက နက္ခတ်တွေ နေ့တွေတွက်ပြီးမှ အင်းချရတာတဲ့ “

“ မင်းပြောတာ ဟုတ်တယ် ကိုလေး ။ ကိုတိုးနိုင်ကြီးပေးလိုက်တဲ့ အင်းက နက္ခတ်ကြည့်စရာမလိုဘူးတဲ့ကွ ၊ သူကိုယ်တိုင် ပြာချပေးလိုက်တာ ။ အဲဒါတွေ ငါ့အိမ်မှာ သိမ်းထားတယ် ။ ရန်ကုန်ရောက်ရင် ငါပြမယ် ။ အဲဒီအင်းပြာ နဲ့ နနွင်းမှုံ့ကို ဘုရားစင်မှာမထားရဘူး ၊ နတ်စင်အောက်မှာ အထက်မှာ မထားရဘူး ။ ခြံထောင့်တစ်နေရာမှာ အိုးခြမ်းကွဲနဲ့အုပ်ပြီး ဝှက်ထားရမယ်ဆိုလို့ ကိုတိုးနိုင်ကြီးပြောတဲ့အတိုင်း လုပ်ထားတယ် “

“ နေစမ်းပါဦး ။ ဘာအကျိုးရှိလို့ အဲဒီလိုလုပ်ချင်တာလဲ ရွှေကြီးရာ “

“ စမ်းကြည့်ချင်တာပေါ့ကွာ ။ သရဲမမြင်ဖူးတဲ့ကောင်တွေ ၊ မကြောက်ဖူးဆိုတဲ့ကောင်တွေကို သရဲခေါ်ပြမလို့ “

“ အေး…။ မင်းတော့ ဒုက္ခရောက်တော့မယ် “

“ ဘာဆိုင်လို့ ဒုက္ခရောက်ရမှာလဲ “

“ မတော်လို့ မင်းခေါ်သွားတဲ့ကောင်တွေက ကြောက်လန့်ပြီး နှလုံးရပ်သေသွားရင် ဘယ်လိုလုပ်မလဲ “

“ အစောကြီးကတည်းက ကြိုပြောထားမှာပေါ့ကွာ ။ ကြောက်တတ်ရင် စိမ်မခေါ်နဲ့ ၊ စိမ်ခေါ်ရဲရင်တော့ လာခဲ့ပေါ့ “

“ ကိုလေး….မင်းရော မစမ်းချင်ဘူးလား “

“ မလုပ်ချင်ဘူး ကျော်ဇေယျ ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ၊ ငါတို့လည်း ကြုံခဲ့ဖူးတာပဲကွာ ။ ဘာ အကျိုးမှမရှိဘူး “

“ ဘာလဲ……မင်းကြောက်နေတာလား ။ မှန်မှန်ပြော “

“ မကြောက်ဖူးဆိုတဲ့သူမရှိဘူး ကျော်ဇေယျ ။ အဖော်ကောင်းလိုိ့ု့သာ လောင်းကျော်ရဲကြတာ ။ တကယ်ကြမ်းတဲ့နေရာကို တစ်ယောက်တည်းသွားရဲသလား မေးကြည့်စမ်း့ ။ ဘယ်သူမှ မသွားရဲဘူး ။ အဲဒီလို အလောင်းအစားလုပ်လို့ ငါ့အဖေရဲ့ သူငယ်ချင်းတစ်ယောက်လည်း သေသွားခဲ့ဖူးတယ် “

“ ဟုတ်လား ၊ ဘယ်လိုလောင်းကြတာလဲ “

“ သူတို့ခေတ်တုန်းက BSA ဆိုင်ကယ်နဲ့ ကြံတောသင်္ချိုင်းထဲကို ဖြတ်မောင်းကြေးလောင်းကြတာ ။ အလောင်းအစားကလည်း ကြေးမကြီးပါဘူး ။ အလျော်အစားကတော့ တန်ကြေးဖြတ်လို့မရတဲ့ အသက်ကိုပေးခဲ့ရတယ် ။ သေသွားတဲ့သူကလည်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အရာရှိနော် ။ နယ်နယ်ရရတော့ မဟုတ်ဘူး “

“ လုပ်စမ်းပါဦးကွ ။ ငါတို့ နားထောင်ချင်လို့ “

“ ငါ့အဖေပြောတာကို ပြန်ပြောပြမယ် ။ ငါ့အဖေရုံးဆင်းချိန်မှာ သူ့သူငယ်ချင်းတစ်ယောက်က ရုံးကိုရောက်လာတယ် ။ သေသွားတဲ့သူပေါ့ကွာ ။ သောက်ကြစားကြဖို့လာခေါ်တာပေါ့ ။ မူးလာတော့ ထုံးစံအတိုင်း တောင်ပြောမြောက်ပြောနဲ့ စိန်ခေါ်ကြပါလေရော ။ ကြံတော သင်္ချိုင်းထဲကို ဆိုင်ကယ်နဲ့ ဖြတ်မောင်းရဲသလားဆိုပြီး သေသွားတဲ့ အရာရှိက ငါ့အဖေကို စိန်ခေါ်တယ် ။ ငါ့အဖေကလည်း သဘောတူပြီး ဖြတ်မောင်းကြတယ် ။ ငါ့အဖေက အရင်ဆုံးဖြတ်မောင်းတယ် ။ ငါ့အဖေကတော့ ဘာမှမဖြစ်ဘဲ အဆင်ပြေသွားပေမယ့် ဟိုလူရဲ့အလှည့်ရောက်တော့ ခြောက်လုံးပြူးသေနတ်သံ နှစ်ချက်ကြားလိုက်ရလို့ ငါ့အဖေလည်း သူ့သူငယ်ချင်း တစ်ခုခုဖြစ်ပြီဆိုပြီး သင်္ချိုင်းထဲကို ဆိုင်ကယ်နဲ့ ပြန်ဝင်သွားတယ် ။ သင်္ချိုင်းအလယ်လောက်ရောက်တော့ ဟိုလူက ဆိုင်ကယ်မှောက်ပြီး ဆိုင်ကယ်တခြားလူတခြားဖြစ်နေပြီ ။ လက်ထဲမှာလည်း ခြောက်လုံးပြူးကို ကိုင်ထားပြီး မြင်သမျှကို သေနတ်နဲ့လိုက်ချိန်နေတယ် ။ ငါ့အဖေလည်း တစ်ခုခုဖြစ်ြ့ပီဆိုပြီး ဆိုင်ကယ်ပေါ်ကနေ အမြန်ဆင်း ၊ စလွယ်သိုင်းထားတဲ့ ချိုင်းကြားက သေနတ်ကိုဆွဲထုတ်ပြီး သူ့သူငယ်ချင်းဆီပြေးတာပေါ့ကွာ ။ ဟိုလူက သတိတော့ကောင်းတယ်တဲ့ကွ ။ မျက်နှာတစ်ခုလုံး စုတ်ပြတ်ပြီး ခေါင်းကလည်း ဟက်တက်ကွဲနေတာဆိုတော့ ငါ့အဖေလည်း သူ့သူငယ်ချင်းကို ဆိုင်ကယ်ပေါ်တင်ပြီး ကြည့်မြင်တိုင် နတ်စင်လမ်းမှာနေတဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းရတာပေါ့ ။ ဟိုလူကလည်း အဲဒီအချိန်အထိ သတိမလွတ်ဘူးတဲ့ကွ ။ နတ်စင်လမ်းမှာနေတဲ့သူက ကားအကူအညီပေးလို့ ဆေးရုံကြီးကို အချိန်မီပို့ပေမယ့် ဗိုလ်ရှုခံ ( ယခု ပြည်လမ်း လွှတ်တော် အဆောက်အဦး ) ရှေ့ရောက်တော့ အသက်မရှိတော့ဘူး ။ သူသေခါနီးမှာ ငါ့အဖေကို ပြောသွားတယ် ။ ဆိုင်ကယ်ရှေ့ကနေ ကျွဲတစ်ကောင်ဖြတ်ပြေးတာတွေ့လိုက်ပေမယ့် ရှောင်ချိန်မရလိုက်ဖူးတဲ့ ။ ဆိုင်ကယ်နဲ့တိုက်မိလိုက်တဲ့ကျွဲက ကျွဲမဟုတ်ဘဲ မသာပြင်ထားတဲ့ အလောင်းစင်ဖြစ်နေတယ်တဲ့ ။ သူလည်း လဲနေရာကနေ ကြည့်လိုက်တော့ အလောင်းစင်မရှိတော့ဘဲ သူ့ဆီလာနေကြတဲ့ ပုပုကွကွတွေကိုတွေ့လို့ သေနတ်နဲ့ပစ်လိုက်တယ်တဲ့ “

“ အယ် “

“ ငါ့အဖေလည်း အဲဒီ မသာပြင်ထားတဲ့စင်ကို တွေ့ခဲ့တယ်တဲ့ ။ အချိန်မတော်ကြီးမှာ မီးထိန်ထိန်လင်းနေတဲ့ မသာစင်က သင်္ချိုင်းထဲမှာ ရှိနေတာ မဖြစ်နိုင်ဘူးဆိုတာ ငါ့အဖေက သဘောပေါက်တော့ ဆိုင်ကယ်ကို ပုံမှန်ပဲ မောင်းတာပေါ့ကွာ ။ ကြောက်ကြောက်နဲ့သာ မောင်းပြေးရင် ငါ့အဖေလည်း အခုလောက်ဆို အရိုးတောင်ဆွေးနေလာက်ပြီ  “

“ တော်သေးတာပေါ့ကွာ “

“ ငါ့အဖေက စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး မောင်းလာတော့ အရှိန်သိပ်မများဘူး ။ ဟိုလူက ကြောက်ကြောက်နဲ့ အရှိန်တင်ပြီး မောင်းတယ်နဲ့တူပါတယ် ။ ရုတ်တရက်တွေ့လိုက်တော့ ရှောင်ချိန်မရဘဲ လမ်းဘေးက အုတ်ဂူနဲ့ ဝင်ဆောင့်တာပေါ့ကွာ “

“ မင်းအဖေကမှမင်းထက် သတ္တိကောင်းသေးတယ် “

“ သတ္တိဆိုတာ ဘာကိုပြောတာလဲ ကျော်ဇေယျ ။ ဘာမဟုတ်တဲ့ ကိစ္စမှာ သတ္တိကောင်းနေလို့ ဘာများထူးခြားလာမှာလဲ ။ အခန့်မသင့်ရင် အသက်ပါပေးရမယ် “

“ ကြောက်ရင် ကြောက်တယ်ပြောပါ ကိုလေးရယ် “

“ မင်းတို့က ငါ့ကို ကြောက်တယ်ထင်ရင် စမ်းကြပေါ့ကွာ ။ ငါလိုက်မယ် “

“ ဟေ့ကောင်……တကယ်နော် “

“ စိန်လိုက်ကွာ “

“ ကြိုက်ပြီလေ ။ ဘယ်တော့စကြမလဲ “

“ ရန်ကုန်ရောက်မှ ပြောကြမယ်ကွာ ။ ပြန်ရောက်ရင် တစ်ရက်လောက်တော့နားကြမယ် ။ နောက်ရက်ကျမှ အေးအေးဆေးဆေးတိုင်ပင်ပြီး လုပ်ကြတာပေါ့  “

“  ငါတို့ တောင်အောက်ကို မြန်မြန်ဆင်းရအောင် ။ ကျိုက်ထိုက ငါ့အမျိုးတွေဆီ ခဏဝင်ချင်သေးတယ် “

“ ညွန့့််ရွှေ ၊သိပ်မကြာစေနဲ့့နော် “

“ အေးပါ ။ မကြာပါဘူး ။ ကျိုက်ထိုရောက်ပြီး သူတို့ဆီမဝင်ရင် ငါ့ကိုပြောမှာစိုးလို့ပါ ။

“ ကဲ…..အချိန်ရှိတုန်း ဆင်းလိုက်ကြရအောင် “

“ အိုကေ…….“

                                                                                                                         ************

                  အိမ်ပြန်ရောက်ပြီး နောက်တစ်ရက်မှာတော့ ရေမြှောင်ကြီးစခန်းက ဇာတ်လမ်းက ပြန်စလာပြန်ပါတယ် ။ အမှန်ပြောရရင် အဲဒီလိုအလုပ်မျိုးကို ကျွန်တော် မလုပ်ချင်ပါဘူး ။ မလုပ်ရဲဘူးလို့ပဲ ပြောရမှာပါ ။ ပရလောကသားတွေဆိုတာ သူ့ဘဝနဲ့သူ ဒုက္ခရောက်ရောက်နေကြတဲ့သူတွေပါ ။ မမြင်အပ်လို့ ကွယ်ထားရတဲ့ သူတို့ကို မြင်တွေ့ချင်လို့ ပညာရပ်နဲ့ခေါ်ကြည့်တယ်ဆိုတာ မလုပ်သင့်ဘူးလို့လည်း ထင်ပါတယ် ။ လူသားအချင်းချင်းတောင်မှ အာဏာနဲ့ ခိုင်းစေခံရရင် ကျေနပ်ကြတာမဟုတ်ပါဘူး ။ အမှားအယွင်းတစ်စုံတစ်ခုကြောင့် တုန့်ပြန်လာပါကလည်း ပညာခံမရှိသူတွေဖြစ်နေတဲ့အတွက် အန္တရာယ်အလွန်ကြီးပါတယ် ။ သရဲကြောက်သလားလို့မေးရင် မခံချင်စိတ်နဲ့ မကြောက်ဘူးလို့သာဖြေကြမှာပါ ။ တစ်ယောက်တည်းရှိနေချိန်မှာ နင်လားငါလား ရင်ဆိုင်ရပြီဆိုရင်တော့ အသက်ပါပေးလိုက်ရတာတွေကို စာထဲမှာဖတ်ခဲ့ဖူးသလို လူကြီးသူမတွေပြောကြားတာကိုလည်း နားထောင်ခဲ့ရဖူးပါတယ် ။ ပညာသည်ဆရာတွေတောင်မှ အမှားတစ်ခု ကြောင့် အသက်ပေးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ် ။ နာနာဘာဝဆိုတဲ့ တမလွန်က ပေတတွေဟာ သေလွန်ပြီးနောက်ပိုင်းမှာ ပြုခဲ့တဲ့ ကံအလိုက် အဆင်းသဏ္ဌာန်တွေ ပြောင်းလဲသွားတတ်ပါတယ် ။ ဒါ့ကြောင့်လည်း မမြင်အပ်တဲ့ သတ္တဝါလို့ ဆိုခဲ့ကြတာပါ ။

“ ဘယ်လိုလဲ ကိုလေး ။ ဆုံးဖြတ်ပြီးပြီလား “

                 ကြောက်တတ်ရင် ဖြဲခြောက်တတ်တာ လူ့သဘာဝပါ ။ ကြောက်တတ်တယ်ဆိုတာနဲ့ အထင်သေးအမြင်သေးတတ်ကြတာ လူ့သာဘာဝပါ ။

“ လုပ်လေ…..။ ဘယ်တော့စမလဲ “

“ ဒီည စကြမလား “

“ ရေဝေးပဲလား ရွှေကြီး “

“ ဒါပေါ့ကွာ ။ ရေဝေးပဲ ကောင်းတာလေ “

“ ကြာတယ်ကွာ….မင်းတို့သာ လိုအပ်တဲ့ပစ္စည်းတွေ စုထားလိုက်ကြ “

“ အိုကေ…..ညနေ ငါးနာရီလောက် မင်းကို လာခေါ်မယ် “

“ ငါလာခဲ့မယ်လေ “

“ မင်းက ဇော်မိုးဆီမှာပဲ စောင့်နေလိုက် ။ ငါတို့ ပစ္စည်းတွေစုပြီးတာနဲ့ လာခဲ့မယ် ။ လက်နှိပ်ဓာတ်မီး ၊ ဖယောင်းတိုင် ၊ မီးခြစ် ၊ စိပ်ပုတီး ၊ အဆောင်လက်ဖွဲ့ ၊ ပရိတ်ရည်တွေယူမလာကြနဲ့  “

“ ကောင်းပြီ “

                                                                                                                                      ************

                   အိမ်က စထွက်ကတည်းက ကျွန်တော့်ရဲ့စိတ်တွေ လေးလံသလို ခံစားနေရတယ် ။ အကယ်၍သာ မှန်ထဲမှာရှိနေမယ့် နာနာဘာဝကို ဘယ်လိုနည်းနဲ့ပြန်ထုတ်ကြမလဲဆိုတာကလည်း စဉ်းစားစရာပါ ။ မတော်တဆ တစ်စုံတစ်ခုဖြစ်လာခဲ့ရင်လည်း နောက်ဆက်တွဲ ပြဿနာတွေက အလွန်များပါတယ် ။ ပြောမိပြီးမှတော့ မထူးတော့တာမို့ စပြီးတဲ့ဇာတ်လမ်းကို အဆုံးသတ်ဖို့ပဲ ရှိပါတော့တယ် ။ ဇော်မိုးဆီရောက်တော့ ညနေ ငါးနာရီကျော်ပါပြီ ။ ညွန့်ရွှေနဲ့ ကျော်ဇေယျတို့က ညနေ လေးနာရီကျော်ကတည်းက ရောက်နေကြပါတယ် ။

“ ကိုလေး ရောက်လာပြီဆိုတော့ ငါတို့ စထွက်ကြမယ် ။ ဆိုင်တစ်ဆိုင်မှာ သောက်ကြစားကြမယ်ကွာ “

“ ဘယ်ဆိုင်မှာ သောက်ကြမလဲ ရွှေကြီး  “

“ ထုံးစံအတိုင်းပေါ့ကွာ ။ စစ်ပြန်ကြီးပဲပေါ့  “

“ ဒါဆိုလည်း မြန်မြန်လုပ်ကွာ ။ ငါ့ဖားသားကြီးပြန်မလာခင် မြန်မြန်လစ်ကြရအောင် “

“ ငါ့ကားနဲ့ သွားမှာလား ကျော်ဇေယျ “

“ မင်းကားနဲ့ပဲသွားမယ် ကိုလေး ။ ငါ့ကားက ပစ်ကပ်ဆိုတော့ အနောက်မှာထိုင်ရတာ အဆင်မပြေဘူး “

“ ပြောနေကြာတယ်  ၊ လစ်ကြမယ်ကွာ “

“ ဇော်မိုးရေ….ပစ္စည်းတွေ မမေ့နဲ့နော် “

“ စိတ်ချစမ်းပါ ရွှေကြီးရယ် ။ အဲဒီကိစ္စအတွက်သွားတာ မေ့စရာလား “

************

                    ကျွန်တော်တို့ သူငယ်ချင်းလေးယောက် စကားတပြောပြောနဲ့ အချိန်ဆွဲပြီး သောက်နေလိုက်ကြတာ ညကိုးနာရီကျော်လာခဲ့ပါပြီ ။ အရက်ပုလင်းကလည်း လေးယောက်ကို နှစ်လုံးကျသွားပြီဆိုတော့ တစ်ယောက်ကို တစ်ပိုင်းနီးနီးဖြစ်နေပါပြီ ။ ညကိုးနာရီခွဲလောက်မှာ ပိုက်ဆံရှင်းပြီး ဆိုင်ကနေထွက်လာခဲ့ကြပါတယ် ။ ည ကိုးနာရီကျော်ဆိုပေမယ့် ကားအသွားအလာ လူသွားလူလာလည်း မပြတ်သေးပါဘူး ။ မြောက်ဥက္ကလာ သန္တာလမ်းကိုရောက်တဲ့အချိန်မှာ ကျော်ဇေယျက သူ့သူငယ်ချင်းတစ်ယောက်အိမ်ကိုဝင်ပြီး မှာထားတဲ့ ကြက်တစ်ကောင် ဝင်ယူပါတယ် ။ သန္တာလမ်းထဲက ထွက်လာပြီး ခြောက်ကွေ့ရောက်တဲ့အခါ ကားရပ်ပြီး အရက်တစ်လုံးနဲ့ အမြည်း ထပ်ဝယ်ကြပြန်ပါတယ် ။

                    ခြောက်ကွေ့ကနေ ရေဝေးသုသာန်အဝကိုရောက်တော့ ရဲတွေ မီးသတ်တွေ စစ်ဆေးနေကြတာကိုတွေ့လိုက်ရတာကြောင့် ရေဝေးသုသာန်ထဲကို မဝင်တော့ဘဲ ဆက်မောင်းလာခဲ့ပါတယ် ။

“ ဘယ်လိုလုပ်ကြမလဲ ရွှေကြီး ။ စစ်ဆေးရေးတွေရှိတယ် “

“ ထောက်ကြံ့ဘက်သွားပြီး ခဏစောင့်ကြမယ် ။ ညဆယ့်တစ်နာရီလောက်မှ ဝင်ကြမလား “

“ မင်းအမေ့လင်တွေက ငါတို့ကို မသင်္ကာမှုနဲ့ ဖမ်းမှာပေါ့ကွ “

“ ဒါဆို ဘယ်လိုလုပ်ကြမလဲ ။ ကြက်ကလည်း ဝယ်ပြီးနေပြီ “

“ ရွှေကြီး ၊ မင်္ဂလာဒုံ စစ်သင်္ချိုင်းအကျော်လောက်မှာ သင်္ချိုင်းဟောင်းတစ်ခုရှိတယ် ။ အဲဒီကို သွားကြမလား “

“ ဖြစ်ပါ့မလား ကျော်ဇေယျ “

“ ဖြစ်ချင်ရာဖြစ် ၊ သွားကြမယ်ကွာ “

                        လေးယောက်သား စိတ်တူကိုယ်တူဖြင့် ထောက်ကြံ့သို့ ထွက်လာခဲ့ကြပါတယ် ။ ပုလဲမြို့သစ် အကျော်လောက်မှာ ကားခဏရပ်ပြီး အပေါ့သွားကြရင်း တစ်ခွက် တစ်ဖလားလုပ်လိုက်ကြပါသေးတယ် ။ ကျွန်တော် အပေါ့သွားတဲ့အခါ ဖြစ်ချင်တော့ ကျော်ဇေယျ စွန့်ထားတဲ့ မစင်ပုံကို တက်နင်းမိပါတော့တယ် ။ Walking Shoe မှာပေကျံနေတဲ့ မစင်တွေကို ရေဆေးစရာကလည်းမရှိ ၊ မြက်တွေနဲ့သုတ်တော့လည်း မစင်ဆိုတဲ့အတိုင်း မစင်တာကြောင့် အဲဒီနေရာမှာပဲ လွှင့်ပစ်ခဲ့ရပါ တော့တယ် ။ ကားနောက်ထဲမှာ ရာဘာ ခြေညှပ်ဖိနပ်တစ်ရံရှိနေတဲ့အတွက် အဆင်တော့ပြေသွားတာပေါ့ ။ သူတို့အတွက်က ရယ်စရာဖြစ်ပေမယ့် ကျွန်တော်ကတော့  စိုးရိမ်စိတ် နည်းနည်းဝင်လာမိပါတယ် ။ သရဲကြောက်တာ မကြောက်တာထက် လမ်းတစ်လျှောက်လုံး လှည့်ကင်းတွေ ၊ စစ်ဆေးရေးတွေနဲ့ ပြည့်နေတာကြောင့်ပါ ။

                       ကျွန်တော်တို့ မင်္ဂလာဒုံုံုံ ထောက်ကြံ့နားက သင်္ချိုင်းကို ရောက်တဲ့အချိန်မှာ ည ဆယ့်တစ်နာရီ ထိုးပါတော့မယ် ။ လမ်းမကြီးဘေးမှာ ကားရပ်ထားပြီး သင်္ချိုင်းကို လှမ်းကြည့်လိုက်တော့ ခြုံနွယ်တွေပိတ်ဆို့နေတာကြောင့် ဇရပ်အမိုးကလွဲပြီး ဘာဆိုဘာမှ မမြင်ရပါ ။ အနားကိုရောက်မှပဲ လူသွားလမ်းကို မြင်ရပါတော့တယ် ။ မသုံးတာကြာပြီဖြစ်မယ်ထင်ရတဲ့ သင်္ချိုင်းထဲမှာတော့ အုတ်ဂူအချို့နဲ့ မြေပုံအချို့ကို မြင်ရပါတယ် ။ အထဲကိုလည်း ဆက်ပြီးမဝင် ရဲတော့တာကြောင့် ဇရပ်ပေါ်မှာ ထိုင်ပြီး အစီအစဉ်ဆွဲကြရပါတော့တယ် ။

“ ဇော်မိုး ၊ အချိန်မရှိဘူး ။ ပစ္စည်းတွေထုတ်တော့ “

“ ဟေ့ကောင်တွေ ။ လမ်းဘေးမှာ ကားထားခဲ့ရတာ စိတ်မချဘူးကွ “

“ မင်းကားကို ဘယ်သူမှ လာမခိုးဘူး ကိုလေး “

“ ခိုးတာ မခိုးတာကို ပြောနေတာမဟုတ်ဘူး ကျော်ဇေယျ ။ လူမရှိဘဲ လမ်းဘေးမှာ ကားရပ်ထားတာကို လှည့်ကင်းတွေမြင်သွားရင် ပြဿနာတက်နိုင်တယ် “

“ မဖြစ်ပါဘူးကွာ ၊ ပူမနေစမ်းပါနဲ့ “

“ ကြက်ကို ဘယ်သူသတ်မှာလဲ ဟေ့ကောင်တွေ ။ ငါတော့ မသတ်ရဲဘူးကွ “

“ ငါကတော့ လည်လိမ်ချိုးပြီးပဲ သတ်ရဲတယ် ။ လည်ပင်းတော့ မလှီးရဲဘူး “

“ ငါလည်း မသတ်ရဲဘူး “

                တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြတာကို ကျွန်တော် စိတ်မရှည်နိုင်ဖြစ်မိတယ် ။ ကိစ္စမြန်မြန်ပြီးစေချင်တာကြောင့် ကျွန်တော်ပဲ သတ်မယ်လို့ ပြောလိုက်ရပါတော့တယ် ။

“ ငါ သတ်မယ် ။ မင်းတို့က ကြက်လေးတစ်ကောင်ကို လည်လှီးသတ်တာကျတော့ သေမလောက်ကြောက်နေကြတယ် ။ ပြောတော့ မိုးလားကဲလား “

“ ငါတို့မှ မသတ်ဖူးတာ ။ မင်းက တောလိုက်ဖူးတာဆိုတော့ အတွေ့အကြုံရှိတယ် “

“ လုပ်စရာရှိတာ မြန်မြန်လုပ်ကွာ “

“ ကြောက်နေပြီလား ကိုလေး…ဟီး “

“ ကျော်ဇေယျ ။ မင်းလက်ထဲကကြက် ငါ့ကိုပေး “

“ လုပ်တော့မလို့လား “

“ မြန်မြန်ပြီးရင် မြန်မြန်အေးရောလေကွာ ။ သရဲခြောက်ခံရတာကအရေးမကြီးဘူးကွ ၊ ဒီနေရာတွေက တပ်နယ်မြေ ။ တစ်လမ်းလုံး လှည့်ကင်းတွေအလုပ်ရှုပ်နေတာ တစ်ခုခုသတင်ရလို့နေမယ် ။ တော်ကြာ ငါတို့ကို ဆွဲသွားရင် ရှင်းရခက်မယ်ကွ ။ မင်းတို့သိတဲ့အတိုင်းပဲ ၊ ရဲလှည့်ကင်းက ရှင်းလို့ရတယ် ။ စစ်တပ်နဲ့တွေ့ရင်တော့ ဘယ်ခေါ်လို့ ခေါ်သွားမှန်းတောင် သိရမှာမဟုတ်ဘူး ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အံပုံတုတွေ သွားတုတွေ တပ်နေရမယ် “

“ ဇော်မိုး…..မြန်မြန်လုပ်ပေးလိုက်ပါကွာ …ဟဲ “

“ ဘာ ဟဲလဲ ကျော်ဇေယျ “

“ ဘာမှမဟုတ်ပါဘူး “

“ ငါပြောမယ်နော် ။ ဟိုနားက အုတ်ဂူကြားမှာ မှန်ထောင်ထားမယ် ။ တိုိ့ု့လေးယောက်လုံး စုပြီးမသွားရဘူး ။ တစ်ယောက်ချင်းစီ သွားပြီး မှန်ကို အသေအချာကြည့်ရမယ် ။ အရင်ဆုံး ရွှေကြီးက စမယ် “

“ ရတယ်လေ “

                ဆောင်းကာလမို့ ချမ်းနေတာလား ၊ စိတ်လှုပ်ရှားလို့ ချမ်းနေတာလားမသိပေမယ့် နောက်ကျောကတော့ အေးစိမ့်စိမ့်ဖြစ်နေပါတယ် ။ လက်နှိပ်ဓာတ်မီး ယူမလာရ ၊ ဖယောင်းတိုင်ယူမလာရဘူးဆိုတော့ မှောင်မှောင်မည်းမည်းထဲမှာ အုတ်ဂူနှစ်ခုကြားကို သွားဖို့ဆိုတာ အတော်လေးစဉ်းစားရပါတယ် ။ သရဲထက်ပိုကြောက်စရာကောင်းတဲ့ မြွေဆိုးတွေကို တက်နင်းမိရင်တော့ ကိစ္စပြတ်ပါပြီ ။

“ အုတ်ဂူ နှစ်ခုကြားထဲမှာ မှန်ထောင်ထားခဲ့ပြီ ။ ကိုလေး ၊ ကြက်ကို ရှင်းလိုက်တော့ “

“ ငါတစ်ယောက်တည်း လုပ်လို့မရဘူးလေကွာ ။ ခြေထောက်နဲ့ လည်ပင်းကို လာကိုင်ပေးမှပေါ့ “

“ ကျော်ဇေယျ ၊ မင်းရဲ့ကြက်ဆိုတော့ မင်းပဲကိုင်ပေးလိုက် “

“ ဟေ့ကောင် ၊ အဲဒါ ငါ့ကြက်မဟုတ်ဘူး ။ ငါ့သူငယ်ချင်းရဲ့ကြက်ကို ဝယ်လာတာ “

“ တစ်ယောင်ယောက် လာကိုင်ပေးကြစမ်းပါကွာ ။ ရွှေကြီး …မင်းလာခဲ့ “

“ ဟမ်…….၊ ငါ ကိုင်ပေးရမှာလား “

“ အေးလေ “

“ ဘယ်လို ကိုင်ပေးရမလဲ “

“ အတောင်ပံကို ဟောဒီလိုစုပြီး ခြေထောက်နှစ်ချောင်းနဲ့စုကိုင်လိုက် ။ နောက်လက်တစ်ဖက်က လည်ပင်းကြောကိုဆွဲပေး ။ ငါနဲ့မင်းက လည်ပင်းကြောကို ပြိုင်တူဆွဲပြီး လှီးမယ် “

“ အမျ……၊ ငါ…ငါ…“

“ ရွှေကြီး…ကြာတယ်ကွာ ။ ဇော်မိုး ခွက်ယူလာခဲ့ “

“ လာပြီ “

             ညွန့်ရွှေက တုန်တုန်ရင်ရင်နဲ့ ကြက်ကိုချုပ်ကိုင်ထားတဲ့ အချိန်မှာပဲ ကျွန်တော်က ကြက်လည်ပင်းကို လှီးချလိုက်ပါတော့တယ် ။ ကျလာတဲ့ သွေးတွေကို ဇော်မိုးက ရေခွက်နဲ့ ခံပေးထားပါတယ် ။

“ အောင်မလေးဗျာ…သွေး…သဝေး….သဝေးတွေ….“

                 ညွန့်ရွှေ သွေးလန့်တတ်မှန်း အခုမှ သတိရလိုက်တာမို့ နောက်ကျသွားပါပြီ ။ မကြည့်ရဲလို့ တစ်ဖက်ကို လှည့်နေရာကနေ မနေနိုင်မထိုင်နိုင်လှည့်ကြည့်မိလိုက်တဲ့အခါမှာ ကြက်လည်ပင်းကနေ သွေးတွေပန်းထွက်လာ တာမြင်လိုက်ရတော့ ကြက်ကို လွှတ်ချလိုက်ပါတော့တယ် ။

“ ဖြန်း…ဖြန်း…..ဖျောင်း….ဖျောင်း…..“

               လည်ပင်းကြောပြတ်ပြီး မသေမရှင်ဖြစ်နေတဲ့ ကြက်ဖကြီးက အတောင်ပံကို တဖျောင်းဖျောင်းခတ်ပြီး ကျွန်တော်တို့ဘက်ကို ကြည့်နေတာမြင်လိုက်ရတော့ လေးယောက်စလုံး နောက်ကို နည်းနည်းဆုတ်သွားကြပါတယ် ။

“ ခြောက်ပြီနဲ့တူတယ်ကွ “

“ ဟုတ်မယ် ။ ကြက်ကို ဝင်ပူးပြီလား မသိဘူး “

“ မင်းအမေလင်ကြက်က မသေသေးဘူးကွ ။ သေသေချာချာ ကိုင်ထားပါလို့ ပြောထားပါရက်နဲ့ ဘာလို့လွှတ်လိုက်တာလဲ “

“ သွေးတွေမြင်တော့ လန့်သွားတာပေါ့ကွ “

“ ဒါနဲ့များ မင်းကိုယ်မင်း သတ္တိကောင်းသလေး ဘာလေးနဲ့  “

“ ကျန်တာမကြောက်ဘူး ။ သွေးမြင်ရင်တော့ လန့်တယ် ။ ကြောက်တာနဲ့ လန့်တာက တခြားစီပါ ကိုလေးရာ “

“ ကြက်ကို ဘယ်လိုလုပ်ကြမလဲ ကိုလေး “

“ မင်းသွားဖမ်းပြီး ခေါ်လာခဲ့ပါလား ဇော်မိုး  “

“ ဟာ…၊ မခေါ်ရဲပါဘူး “

“ မခေါ်ရဲရင်လဲနေ ။ သွေးကုန်သွာရင် သူ့ဟာသူ သေသွားလိမ့်မယ် “

“ မင်းတို့ စမယ်ဆိုရင်လည်း စကြတော့ “

                          ခေါင်းတဆတ်ဆတ်ဖြစ်ပြီး အကြောဆွဲနေတဲ့ ကြက်ကိုကြည့်ပြီး လာတုန်းက တက်တက်ကြွကြွဖြစ်နေကြတဲ့ ဇော်မိုးတို့ သုံးယောက် နည်းနည်းတော့ လန့်နေကြပါပြီ ။

“ စကြတော့လေကွာ “

“ လခွီး…လန့်လိုက်တာ ကိုလေးရာ ။ ရုတ်တရက်ကြီး အော်ရသလားကွ “

“ ငါ စိတ်တိုလာပြီ ။ အေးရတဲ့အထဲ ကားကိုလည်းစိတ်မချဘူးကွ ။ မြန်မြန်ပြီး မြန်မြန်အေးရော “

“ ငါတို့လည်း ချမ်းတာပေါ့ကွာ ။ နည်းနည်းလောက်စီ ခွက်လှည့်ကြမယ် “

“ လုပ်ကွာ ။ အကြေက်ပြေ …..အဲ ..အချမ်းပြေပေါ့ “

            တစ်ယောက်တစ်ခွက် သောက်အပြီးမှာတော့ ဇော်မိုးက သူယူလာတဲ့ပစ္စည်းတွေကို အိတ်ထဲကထုတ်ပြီး လုပ်စရာရှိတာတွေ လုပ်ပါတော့တယ် “

“ ဇော်မိုး……ဘယ်သူ့ကို ခေါ်မှာလဲ “

“  လာချင်တဲ့သူလာပေါ့ကွာ “

“ အုတ်ဂူပေါ်က နာမည်အတိုင်း ခေါ်ကြည့်ပါလား “

“ ကျော်ဇေယျရာ…အဲဒီလူက သရဲဘဝမှာ ရှိချင်မှ ရှိတော့မှာပေါ့ “

                   ကျွန်တော်တို့ သုံးယောက် နောက်ထပ်တစ်ခွက်စီ ထပ်သောက်နေချိန်မှာ ဇော်မိုးကတော့ ကြက်သွေးနဲ့ နနွင်းမှုံ့တွေ အင်းပြာတွေကို ကျောက်ပြင်ကွဲပေါ်တင်ပြီး သွေးနေပါပြီ ။

“ အဲဒီပစ္စည်းတွေ ဘယ်ကရတာလဲ ဇော်မိုး “

“ ကိုတိုးနိုင်ကြီး ပေးလိုက်တာလေ ။ အင်းပြာရယ် မသာအိမ်က နနွင်းမှုံ့ရယ်က ရန်ကုန်မှာ ရှာရခက်မှာစိုးလို့ဆိုပြီး ထည့်ပေးလိုက်တာ “

“ အော…. ကျောက်ပြင်ကွဲကရော “

“ ငါ့အမေ သနပ်ခါးသွေးတဲ့ ကျောက်ပြင်ကို တူနဲ့ ထုပြီး ခွဲထားတာ “

“ ဖြစ်ရမယ် “

                 ခဏကြာတော့ ဇော်မိုး လုပ်ကိုင်နေသမျှတွေ ပြီးစီးသွားပါပြီ ။

“ ရပြီဟေ့ ။ ဘယ်သူ အရင်ဆုံးစမလဲ ။ စမယ့်သူက အရင်လိမ်း ။ လိမ်းပြီးတဲ့သူက ဘယ်ကိုမှမကြည့်ဘဲ မှန်ထောင်ထားတဲ့ အုတ်ဂူကြားကိုသာသွားပေတာ့ ။ ပြန်လာတဲ့သူကို မမေးရဘူး ၊ တွေ့ခဲ့တဲ့သူကလည်း ဘာတွေ့ခဲ့တယ်ဆိုတာ မပြောရဘူး ။ မှန်ကြည့်ပြီးတာနဲ့ အဲဒီနေရာမှာတင် မျက်လုံးပေါ်မှာလိမ်းထားတာတွေကို ချက်ချင်းဖျက်ပစ်ပါ  “

“ ငါ အရင်ဆုံးသွားမယ် “

          ညွန့်ရွှေဆီက အသံထွက်လာပါတယ် ။ ညွန့်ရွှေက ကျောက်ပြင်ကွဲပေါ်က ပျစ်ချွဲချွဲတွေကို မျက်လုံးတစ်ဝိုက် လိမ်းပြီး အုတ်ဂူကြားကို ထွက်သွားပါတော့တယ် ။ ကျွန်တော့်မှာတော့ ညွန့်ရွှေ ဘယ်အချိန် ထွက်ပြေးလာမလဲဆိုတာကိုပဲ စိတ်ပူပြီး မျှော်နေမိတယ် ။ ခဏနေတော့ ညွန့်ရွှေပြန်ရောက်လာပါတယ် ။ အေးအေးဆေးဆေးပါပဲ ။ နောက်တစ်ယောက်က ကျော်ဇေယျအလှည့်ပါ ။ သူလည်း အေးအေးဆေးဆေးပါပဲ ။ ကျော်ဇေယျရဲ့ အလှည့်ပြီးတဲ့နောက်မှာတော့ အလှည့်ကျလာသူက ကျွန်တော်ပါပဲ ။ နနွင်းစော် သွေးညှီစော်တွေနံနေတဲ့ ကျောက်ပြင်ကွဲပေါ်က ပျစ်ချွဲချွဲတွေကို မျက်လုံးနှစ်ဖက်မှာ ကွင်းပြီး အုတ်ဂူနှစ်ခုရှိရာကို စမ်းတဝါးဝါးနဲ့ လျှောက်သွားပါတယ် ။ အေးစိမ့်ဟိမ့်ဖြစ်နေတဲ့ ဆောင်းကာလမှာ နဖူးစပ်ကနေ စီးကျလာတဲ့ အရာတွေက ရေစက်တွေတော့ မဟုတ်လောက်ပါဘူး ။ ဇောချွေးတွေပဲ ဖြစ်ပါလိမ့်မယ် ။ အပင်ငယ်လေတွေကြားကနေ ဘယ်အချိန်ထွက်လာမယ် မသိတဲ့ အကောင်ရှည်တွေကိုလည်း သတိထားနေရပါတယ် ။ အုတ်ဂူနှစ်လုံးကြားဆိုပေမယ့် တစ်လုံးနဲ့တစ်လုံးက ခြောက်ပေကျော်လောက် ကွာပါတယ် ။ မှန်ထောင်ထားမယ့်နေရာကို မှန်းပြီး လျှောက်လာရင်းက နှစ်တောင်သာသာ သစ်ပင်ငယ်တစ်ခုကို မှီပြီးထောင်ထားတဲ့ မှန်ကို တွေ့ပါပြီ ။ မှန်နားကိုရောက်တဲ့အချိန်မှာ ကျောနောက်ဖက်က ခြေသံလိုလို ကြားလိုက်ရလို့ လှည့်ကြည့်မိလိုက်တော့ ရိပ်ကနဲတွေ့လိုက်ရပါတယ် ။ အမှန်ပြောရရင်တော့ ကြက်သီးမွေးညင်းတွေပါထပြီး ခေါင်းလည်း ပူထူသွားပါတယ် ။ မြန်မြန်ပြီး မြန်မြန်အေးရောဆိုတဲ့သဘောနဲ့ မှန်နဲ့မျက်နှာချင်းဆိုင်ထိုင်ချလိုက်ပြီး မှန်ကိုကြည့်လိုက်တယ်ဆိုရင်ပဲ ကျွန်တော့်တစ်ကိုယ်လုံး မြောက်တက်သွားမတတ်ဖြစ်သွားရပါတော့တယ် ။ မှန်က နက်မှောင်နေပြီး အနက်ရောင်မှန်ထဲမှာ မျက်လုံးနီနီကြီးနှစ်လုံးကိုမြင်လိုက်ရပါတယ် ။ ကြောက်လန့်သွားတာလား စိတ်လွတ်သွားတာလားဆိုတာ ကျွန်တော်မသိတော့ပါဘူး ။ ရုတ်တရက်ထရပ်လိုက်ပြီး မှန်ကို ညာဘက်ခြေထောက်နဲ့ အားရပါးရ ပစ်ကန်လိုက်ပါတော့တယ် ။

“ ဖြောင်း……..“

“ ခွမ်း……“

          မှန်သားပြင် ကွဲကြေသွားပေမယ့် ကျွန်တော့်ရဲ့ခြေထောက်က ပြန်ထုတ်လို့မရပါဘူး ။ မှန်ဘောင်ကြားထဲက ကျွန်တော့်ရဲ့ခြေထောက်မှာ တစ်ထွာသာသာလောက်ရှိတဲ့ မှန်ချပ်က ထိုးစိုက်နေပါတယ် ။

“ ကိုလေး…..ကိုလေး….၊ ဘာဖြစ်တာလဲ “

          ကျော်ဇေယျနဲ့ ညွန့်ရွှေက ကျွန်တော့်အနားကို အပြေးအလွှားရောက်လာကြပေမယ့် ဇော်မိုးကိုတော့ မမြင်မိပါဘူး ။

“ မှန်ကိုကန်လိုက်တာ ငါ့ခြေထောက်ကို မှန်စစိုက်နေလို့ “

“ လမ်းလျှောက်လို့ရသလား “

“ နေဦး..မှန်ဘောင်ကို ဖြုတ်လိုက်ဦးမယ် “

               ခြေထောက်ထဲစိုက်ဝင်နေတဲ့ မှန်စကို ဆွဲနှုတ်လိုက်တဲ့အခါမှာတော့ သွေးတွေ ဒလဟော ပန်းထွက်လာပါတယ် ။ မှန်ဘောင်ကို ယူပြီး လွှတ်ပစ်ဖို့လုပ်နေစဉ်မှာပဲ ကျွန်တော့်ရဲ့ မျက်လုံးထဲမှာ မျက်လုံးနီနီကြီးကိုမြင်လိုက်လို့ ယူကြည့်လိုက်တော့ ဓာတ်ပုံတစ်ပုံဖြစ်နေပါတော့တယ် ။

“ တောက်…….မင်းတို့ သက်သက်မဲ့ ငါ့ကို လုပ်တာ ။ လုပ်ရက်ကြတယ်ကွာ “

“ ငါတို့ တောင်းပန်ပါတယ်ကွာ ။ အဲဒါတွေ နောက်မှပြောပါ ။ အခု ဆေးရုံအမြန်သွားရအောင် “

“ ဖယ်စမ်းကွာ…..ငါ့နားမှာ တစ်ယောက်မှ မနေနဲ့ “

“ စိတ်မဆိုးပါနဲ့ ကိုလေးရယ် “

“သွားဆို သွားကြကွာ “

        အဲဒီအချိန်မှာပဲ ဇော်မိုးက အုတ်ဂူနောက်ကနေ ကုတ်ခြောင်းခြောင်းနဲ့ထွက်လာပါတယ် ။

“ ငါ…ငါတောင်းပန်ပါတယ် ကိုလေးရယ် ။ ငါ စခဲ့တာပါ “

“ တော်ပြီ ဟေ့ကောင်တွေ ။ ဖယ်ကြစမ်းကွာ “

           အနားမှာရှိနေကြတဲ့ ကျော်ဇေယျနဲ့ ညွန့်ရွှေကို တွန်းဖယ်ပြီး ခြေထောက်ကို လှမ်းလိုက်ပေမယ့် ခြေထောက်က ကြွမလာတော့ပါဘူး ။

“ သွားပြီနဲ့တူတယ် “

“ ဘာ…ဘာကိုသွားတာလဲ ကိုလေး “

“ ငါ့ခြေထောက် မြှောက်လို့မရတော့ဘူး “

“ ငါကြည့်ပေး….အေး…သွေး…..သဝေး…သဝေးတွေ…. လုပ်…လုပ်ကြပါဦး…..ကိုလေး…“

                 ကျွန်တော့်ကို သူငယ်ချင်းသုံးယောက်က ဝိုင်းမပြီး အပြင်ကို ခေါ်ထုတ်လာခဲ့ပါတယ် ။

“ ဆေးရုံမြန်မြန်ပို့ကြရအောင် “

                    သွေးထွက်များနေတော့ တစ်ကိုယ်လုံလည်း ချမ်းစိမ့်လာပါပြီ ။

“ ငါ့ကို ဆေးရုံအမြန်ပို့တော့ “

“ စိတ်မလျှော့နဲ့ သူငယ်ချင်း “

                     ကားပေါ်ရောက်လို့  ကားအတွင်းခန်းမီးကို ဖွင့်ကြည့်လိုက်တော့ ညာဘက် ခြေမျက်စိနဲ့ ခြေဖိုးပေါ်မှာ ပြတ်ရှထားတဲ့ ဒဏ်ရာကို တွေ့လိုက်ရပါတယ် ။ သွေးတွေကလည်း အဆက်မပြတ်ကို ထွက်နေတာပါ ။ ကားကြမ်းခင်းပေါ်မှာတောင် အိုင်ထွန်းနေပါပြီ ။ ကျော်ဇေယျက ကားမောင်းပြီး ကျွန်တော်က နောက်ခန်းမှာ ညွှန့်ရွှေရဲ့ပေါင်ပေါ် ခေါင်းအုံးပြီး ခြေထောက်ကို မှန်ဘောင်ပေါ်တင်ထားလိုက်ပါတယ် ။

                    မြောက်ဥက္ကလာပ ဆေးရုံကြီးကိုရောက်တော့ ဆရာဝန်ကြီးမရှိလို့ စောင့်နေရပြန်ပါတယ် ။ မေမေနဲ့ ဖေဖေတို့ရောက်လာတဲ့အချိန်အထိ ခွဲခန်းထဲမဝင်ရသေးပါဘူး ။ သွေးတိတ်အောင် ပတ်တီးကို ကျပ်နေအောင်ပဲ စည်းပေးထားပါတယ် ။ ဆေးရုံရောက်ပြီး နှစ်နာရီကျော်ကြာလောက်တော့မှ ဆရာဝန်ကြီးရောက်လာပြီး ခွဲစိတ်ခန်းထဲကို သွင်းပါတော့တယ် ။ ကျွန်တော့်ရဲ့ ခါးဆစ်ထဲကို ထုံဆေးထိုးပြီး ပြန်ချုပ်တာပါ ။ ထုံဆေးထိုးထားလို့ မနာပေမယ့် အကြောတွေကို တဒုတ်ဒုတ်နဲ့ ဆွဲထုတ်နေတာကို သိနေပါတယ် ။ ဆရာဝန်ကြီးနဲ့ သူနာပြုတွေပြောနေတဲ့စကားကို နားထောင်ရကတည်းက ရင်တွေတုန်နေပါပြီ ။ အကြောနှစ်ချောင်း ပြတ်သွားတယ်တဲ့………….

                                                                                                                      ************

                       ခြေထောက်ကို ကျောက်ပတ်တီးကိုင်ထားပြီး သုံးလအထိ လမ်းမလျှောက်ရတဲ့ဘဝက အတော်ခံစားရခက်ပါတယ် ။ အိမ်သာတက်ရင်လည် အိမ်သာခွက်ထဲမှာပဲ တက်ရပါတယ် ။ ကျောက်ပတ်တီးဖြည်ပြီးလို့ ကြည့်လိုက်တဲ့အချိန်မှာ ခြေမျက်စိနဲ့ ခြေဖမိုးပေါ်ကို ကင်းခြေများကြီးတစ်ကောင် တက်နေသလိုပါပဲ ။ စုစုပေါင်း နှစ်ဆယ့်ခြောက်ချက် ချုပ်လိုက်ရပါတယ် ။ ခြောက်လအထိ ချိုင်းထောက်ကိုသာ အားပြုသွားလာခဲ့ရပါတယ် ။ ဆေးရုံတက်နေတဲ့အချိန်မှာတော့ ကျော်ဇေယျတို့ သုံးယောက် နေ့စဉ်မပြတ်ရောက်လာပါတယ် ။ ဒါပေမဲ့ အရင်ကလိုတော့ ရယ်ရယ်မောမော နောက်နာက်ပြောင်ပြောင် မရှိကြတော့ပါဘူး ။

                     အဖြစ်အပျက်တွေပြီးလို့ ရှစ်လလောက်အကြာ ကျွန်တော် နိုင်ငံရပ်ခြားကို ပြန်သွားခါနီးမှာ ဇော်မိုးနဲ့ ကျော်ဇေယျတို့ အိမ်ရောက်လာကြပါတယ် ။ ညွန့်ရွှေတော့ ပါမလာပါဘူး ။

“ မင်းခြေထောက် ကောင်းသွားပြီလား ကိုလေး “

“ ကောင်းသွာံးပါပြီ “

“ ဟိုရောက်ရင် သတိလည်းထားဦး ။ အခုဘယ်လိုနေသေးလဲ “

“ လည်ပြတ်ရှုးဖိနပ်တော့ စီးလို့မရဘူး ။ ဒဏ်ရာကိုထိရင် ကျဉ်ပြီး အရမ်းနာတယ် ။ ခြေဖမိုးကိုထိရင်လည်း မသိဘူးကွ ။ ဆရာဝန်ပြောတာတော့ အာရုံကြောလေးတွေ ပြတ်သွားတယ်တဲ့ ။ ကြာရင် သူ့ဟာသူ ပြန်ကောင်းသွားမယ်တဲ့ “

“ ဟိုမှာအေးရင် အနာက ပြန်ကိုက်လိမ့်မယ် ကိုလေး ။ ဂရုစိုက်ဦး “

“ အေးပါကွာ ။ မင်းတိုပလည်း ဂရုစိုက်ကြ “

“ ငါတို့ မင်းကို တောင်းပန်ပါတယ် ။ ဖြစ်မယ်လို့မထင်ထားဘူး “

“ ရပါတယ်ကွာ ။ နက္ခတ်မှားသွားတယ် ထင်ပါတယ် “

“ ဟင်…ဘယ်လို ကိုလေး “

“ မင်းတို့ယူလာတဲ့ အင်းပြာက နက္ခတ်ကြည့်ပြီးမှ ဆွဲရတဲ့အင်းကို ပြာချရတာလေ ။ နက္ခတ်မှားသွားတာ နေမှာပေါ့ “

“ ဟား..ဟား…ကိုလေး ။ မင်က လည်မလိုနဲ့ အတော်တုံးတဲ့ကောင် ။ အဲဒီပြာတွေ ဆေးလိပ်ပြာတွေကွ ။ ငါတို့ အဲဒီနေရာမသွားခင် စစ်ပြန်ကြီးမှာ စားသောက်နေတုန်း ဆေးလိပ်ပြာတွေကို ယူထားတာကွ ။ ဟား…ဟား…“

“ ငါ……………တွေ……။ တောက်…..။ မင်းတို့စတဲ့ နောက်တဲ့သူက ငါမို့လို့ပေါ့ ။ တခြားသူသာဆိုရင် ဘယ်လိုလုပ်မလဲ ။ ကဲ…ဟေ့ကောင်တွေ….ငါ ခြောက်လလောက် အိမ်မှာနားနေခဲ့ရတယ် ။ ခြောက်လအတွက် နစ်နာကြေးပေး “

“ ပေးပါ့မယ် ။ ငါ့အမကိုယူလိုက်ကွာ….နော် “

“ ဟုတ်တယ် ကိုလေး…..ငါ့ညီမက မင်းကိုကြိုက်နေတာ ။ ငါ့ညီမကို ယူလိုက်နော် “

“ တော်ပါတော့ကွာ…..။ မင်းတို့ဟာက နစ်နာကြေးပေးတာ မဟုတ်ဘဲ စစ်လျော်ကြေးတောင်းသလိုပါလားကွာ ။ နောက်တစ်ခါ နက္ခတ်မှားရင်တော့ တစ်ဘဝလုံး နစ်မယ့်ကိန်းပါလား “

“ ဟား…..ဟား…..“

“ ငါတစ်ခုမေးစရာရှိတယ် “

“ မေးလေ …ကိုလေး “

“ အဲဒီမှန်ထဲမှာ ဓာတ်ပုံဘယ်သူထည့်ထားတာလဲ “

“ ဟီး…. ရွှေကြီး ။ သူ့အကိုကို ရိုက်ခိုင်းပြီး ကူးထားတာ  “

“ တတ်လည်း တတ်နိုင်တဲ့ကောင် ။ သူသေရင် အဲဒီလို မျက်လုံးနီနီနဲ့ သရဲဖြစ်မှာကွ “

“ အဲဒါဆိုရင် မပူနဲ့ ကိုလေး ။ ငါတို့ ရွှေကြီးကို ခေါ်ကြတာပေါ့ကွာ “

“ တော်ကြပါတော့ သူတောင်းစားတွေရယ် ။ ခြေထောက် တစ်ဖက်တောင် မကောင်းသေးပါဘူး “

                                             ( နှစ်အတန်ကြာခဲ့သော်လည်း ကျွန်တော်၏ ခြေထောက်မှာ အေးသည့်အခါတိုင်း နာကျဉ်ကိုက်ခဲနေဆဲပါ ။ ထိုအခါတိုင်း သူငယ်ချင်းလေးယောက်အား သတိရနေတတ်ပါသည်  )

                                                                                                         လေးစားချစ်ခင်စွာဖြင့် လွင်ဦးဟန်

မူရင်း ရေးသားသူအား crdပေးပါသည်ခဗျာ