နှင်းဆီနီဝိညာဥ်(စ-ဆုံး)
ယောနယ်၏ အဓိကရ မြို့တစ်မြို့မှာ ဂန့်ဂေါမြို့ ဖြစ်သည်။ ဂန့်ဂေါသည် အလွန်ရှေးဆန်သော မြို့ဟောင်းတစ်မြို့လည်း ဖြစ်သည်။ ရှေးအဆက်ဆက်ကတည်းက ယောနယ်ဆိုလျှင် စုန်း၊ ကဝေ အစရှိသော ပညာသည်များနှင့် ပတ်သက်၍ လူသိများကြသည်။ အောက်နယ်သားများက ယောနယ်ကဆိုလျှင် စုန်း၊ကဝေ ပညာတတ်သည်ဟုပင် အထင်ရှိကြသည်။ ကြောက်ရွံ့လျက် ရှိကြသည်။ ယခုအခါ ထိုအယူအဆများ ပပျောက်တိမ်ကောသွားပြီး ယောနယ်ဘက်မှ ထွက်သော ယောလုံချည်အကြောင်းလောက်ပင် လူသိမများတော့ပေ။ ဂန့်ဂေါသည် တောင်များပတ်လည်ခြံရံပြီး မြေနိမ့်လွင်ပြင်ထဲ၌ တည်ထားသည့် သာယာလှသောမြို့တစ်မြို့ ဖြစ်သည်။
အရှေ့ဘက်လှမ်းကြည့်လျှင် ပုံတောင်ပုံညာ တောင်ကြီးများကို မှိုင်းမှိုင်းညိုညို လှမ်းမြင်ရပြီး အနောက်ဘက်တစ်ကြောတွင် ချင်းတောင်တန်းကြီးများ ရှိလေသည်။ ဘူတာရုံတစ်ဝိုက်ရှိ ဆိုင်ခန်း၊ အိမ်ခန်းများမှလွဲ၍ ဂန့်ဂေါမြို့ရှိ အိမ်အတော်များများမှာ ခြံကျယ် ဝန်းကျယ်များဖြင့် သီးသန့် နေထိုင်ကြသူများ ဖြစ်ပေသည်။ အချို့ အိမ်ကြီးများမှာ တောင်ကုန်း၌ ဟော်နန်းများသဖွယ် ခမ်းနားစွာ ဆောက်လုပ် နေထိုင်ကြသည်။ ဘူတာရုံလမ်း၏ တောင်ဘက် တောင်ကုန်းတစ်ကုန်းပေါ်တွင် သီးသန့်ဆောက်ထားသော အိမ်ကြီးတစ်လုံးရှိသည်။ ထိုအိမ်ကြီးသည် ရထားသံလမ်းနှင့် မလှမ်းမကမ်း အရှေ့ဘက်ယွန်းယွန်းတွင် ရှိပြီး အခြား လူနေအိမ်များနှင့် အတန်ငယ် အလှမ်းဝေးလှသည်။
ထိုအိမ်ကြီး၏ ခြံတံခါးမှာ အမြဲလို ပိတ်ထားလေ့ရှိပြီး ညစဉ်လိုလိုပင် စန္ဒရားလက်သံကို ကြားရသည်။ နေ့ဘက်အခါများတွင် အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိပြီး လူခြေတိတ်သောအခါ များတွင် သာယာသော စန္ဒရားသံမှာ ပေါ်ထွက် လာလေ့ရှိသည်။ ထိုအိမ်ကြီး၏ ပိုင်ရှင် ဦးဝေအောင်မှာ အသက်လေးဆယ်ကျော် အရွယ်မျှသာ ရှိသေးပြီး စီးပွားရေးသမားတစ်ဦး ဖြစ်သည်။ ကလေးဝဘက် တက်၍ ကုန်အရောင်းအဝယ် ပြုနေသူ ဖြစ်သည်။
သို့ကြောင့် ၎င်းမှာ အိမ်၌အမြဲနေရသည်ဟုပင် မရှိလှပေ။ ဦးဝေအောင် မရှိသောအခါ အိမ်တွင် ၎င်း၏ဇနီး မနန်းမေနှင့် အိမ်ဖော် ဒေါ်မင်းခတို့သာ ရှိသည်။ မနန်းမေသည် အသက်လေးဆယ်ဝန်းကျင် အရွယ်မျှသာ ရှိသေးသော်လည်း ရောဂါဖိစီးခံနေရသူ ဖြစ်သောကြောင့် သေမည့်ရက်ကို စောင့်နေရသူ ဖြစ်သည်။ မနန်းမေသည် ပျိုရွယ်စဉ်က လွန်စွာချောမောလှပသော ရှမ်းသွေးစပ်သည့် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ သွေးကင်ဆာဟူသော ရောဂါဆိုးကြီးက တွယ်ကပ်နှိပ်စက်နေသဖြင့် အိမ်အတွင်းမှာပင် ငြိမ်သက်စွာနေရင်း မိမိသေရမည့်ရက်ကို စောင့်နေရသူပမာ ဖြစ်နေတော့သည်။
နှစ်ရှည်လများ ခံစားနေရသော ရောဂါဖြစ်သောကြောင့် ဦးဝေအောင်ကလည်း အနားမှာအမြဲမနေနိုင်သဖြင့် အိမ်ဖော်ဒေါ်မင်းခအပြင် မနန်းမေကို ပြုစုစောင့်ရှောက်ရန်အတွက် ခင်အေးနွယ်ဆိုသော မိန်းကလေးတစ်ဦးကိုပါ သီးသန့်ငှားရမ်း၍ မနန်းမေကို အနီးကပ် ပြုစုစောင့်ရှောက်စေသည်။ ခင်အေးနွယ်မှာ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ခန့်ရှိပြီး သင့်တင့်လှပသော ရုပ်ရည်ရှိရုံမက သူနာပြုအတတ်ပညာတတ်ကျွမ်းသောကြောင့် ပြုစုစောင့်ရှောက်မှုလည်း အထူးပင် ကောင်းလှသည်။
ခင်လေးနွယ် ပြုစုစောင့်ရှောက်မှု ကျွမ်းကျင် ကောင်းမွန်မှုကြောင့်သာ မနန်းမေသည် ယခုအချိန်အထိ အသက်ရှင်နေခြင်း ဖြစ်သည်ဆိုက မမှားပေ။
ထို့ပြင် ခင်အေးနွယ်သည် ဂီတဘက် ၌လည်း ကျွမ်းကျင်သူ ဖြစ်သဖြင့် ညအခါများတွင် မနန်းမေအား စန္ဒရားတီးပြလေ့ရှိသည်။
သို့ကြောင့် တောင်ကုန်းပေါ်ရှိ အိမ်ကြီးဆီမှ စန္ဒရားသံများကို ညဉ့်အခါများတွင် ကြားရလေ့ရှိခြင်း ဖြစ်သည်။ ခင်အေးနွယ်သည် ထိုအိမ်ကြီးသို့ ရောက်ခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သောကြောင့် မိသားစုတစ်ဦးပမာ ဖြစ်နေပြီ။ မနန်းမေကလည်း ခင်အေးနွယ်အား ညီမရင်းတစ်ဦးပမာ ခင်မင် တွယ်တာလျက် ရှိပေသည်။ သည်အိမ်ကြီးတွင် ခင်အေးနွယ်သာ အမြဲရှိနေလျှင် ပြည့်စုံပြီဟု ထင်ရလောက်အောင်ပင် ခင်အေးနွယ်က အလိုက်သိတတ်သူတစ်ဦး ဖြစ်လေသည်။ သို့ကြောင့်ပင် ထိုအိမ်ကြီးထဲမှာပင် သူမအတွက် သီးသန့် အခန်းတစ်ခန်း စီစဉ်ပေးထားသည်။ ခင်အေးနွယ်တာဝန်က နေ့ဘက်တွင် မနန်းမေ၏ ကျန်းမာရေးနှင့် ပတ်သက်သော ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးရပြီး ညဦးပိုင်း အချိန်များတွင် သူမအား စန္ဒရားတီးပြရသည်။
ထိုစန္ဒရားသံကြားမှ သူမ ကောင်းစွာအိပ်ပျော်လေ့ရှိသည်။ ထိုနေ့က မှတ်မှတ်ရရ ဧပြီ(၂၃)ရက်နေ့ ဖြစ်သည်။ ဧပြီ(၂၃)ရက်နေ့သည် ခင်အေးနွယ်၏ (၂၅)နှစ်မြောက် မွေးနေ့ဖြစ်သည်။ ထိုနေ့ နံနက်ပိုင်း အချိန်တွင် မနန်းမေသည် ခင်အေးနွယ်အခန်းထဲသို့ ရောက်လာသည်။ သူမသည် အခြားအချိန်များတွင် အကြောင်းမရှိဘဲ ခင်အေးနွယ်၏ အခန်းသို့ လာလေ့မရှိပေ။ သူမလက်ထဲတွင် လှပသော အနီရောင် နှင်းဆီပန်းတစ်စည်း ပါလာသည်။
“ရော့..ခင်အေးနွယ်၊ ဒါ မင်းရဲ့ (၂၅)နှစ်မြောက်မွေးနေ့ အတွက် မမရဲ့ မွေးနေ့လက်ဆောင်”
ဟု ဆိုကာ နှင်းဆီပန်းစည်းကို ကမ်းပေးသည်။ ခင်အေးနွယ်မှာ နှင်းဆီပန်းစည်းကို လှမ်းယူရင်း အံ့သြဝမ်းသာမှု ဖြစ်ရသည်။ သူမအတွက် ပထမဦးစွာရရှိသော မွေးနေ့လက်ဆောင် ဖြစ်သလို သူမမွေးနေ့ကို အသိအမှတ်ပြုသောသူမှာလည်း မနန်းမေပင် ဖြစ်တော့သည်။
“မွေးနေ့ဆိုတာ သေမယ့်ရက်ကို လှမ်းတဲ့ လှေကား တစ်ထစ်ပါပဲ၊ မျှော်လင့်ခြင်း မဲ့နေသူတစ်ယောက်အတွက်ကတော့ မွေးနေ့ဆိုတာ အလွန်ငြီးငွေ့ ဖို့ကောင်းတဲ့ ကန္တာရခရီးရဲ့ အစလိုပါပဲ၊ မင်းအတွက်ကတော့ ရှေ့ခရီးအတွက် ကံကောင်းတဲ့မှတ်တိုင် တွေ တွေ့ ပါစေလို့ မမ ဆုတောင်းပေးပါတယ်” ဟု နွမ်းလျစွာ စကားဆိုသည်။
“ကျေးဇူးတင်ပါတယ် မမ”
မနန်းမေက ခင်အေးနွယ်၏ ခုတင်စွန်းပေါ်တွင် ဝင်ထိုင်သည်။
“ခင်အေးနွယ်ကို မမ စကားတစ်ခွန်းလောက် ပြောချင်တယ်၊ စကားပြောတယ်ဆိုတာထက် အကူအညီတောင်းတယ် ဆိုတာက ပိုပြီး သင့်တော်ပါလိမ့်မယ်”
“ဟုတ်ကဲ့…ပြောပါမမ၊ ကျွန်မ ဘာလုပ်ပေးရမလဲ”
မနန်းမေက အတန်ကြာအောင် စဉ်းစားနေပြီးမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ မျက်လုံးများက ပြတင်းပေါက်မှတစ်ဆင့် မြူခိုးများဝေနေသော တောင်တန်းကြီးများဆီသို့ ကြည့်လျက်ရှိသည်။
“တခြားတော့ မဟုတ်ပါဘူး၊ မမရဲ့ ရောဂါအခြေအနေကို မမသိသလို ခင်အေးနွယ်လည်း သိပါတယ်၊ သိပ်မကြာခင်မှာ လူ့လောကကြီးကို စွန့်ခွာသွားရတော့မယ်ဆိုတာလည်း မမသိပါ တယ်၊ ဒါကို သိလို့လည်း မမ ဝမ်းမနည်းပါဘူး.. မကြောက် ပါဘူး၊ ဒီဘဝမျိုးနဲ့ သက်ဆိုးရှည်နေရတာနဲ့စာရင် သေသွားတာကမှ ကောင်းမယ်လို့ နှလုံးသွင်းထားပါတယ်၊ ဒီတော့ ခင်အေးနွယ်ကို မမ အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်”
“ဟုတ်…ဟုတ်ကဲ့၊ ပြောပါ မမ”
“တခြားတော့ မဟုတ်ပါဘူး၊ တကယ်လို့ မမသေဆုံး သွားခဲ့ပြီးတဲ့နောက်မှာ မင်း မမရဲ့ ယောက်ျား ကိုဝေအောင်နဲ့ လက်ထပ်ပေးစေချင်တယ်”
“ရှင်”
“မင်း အံ့သြသွားသလား၊ ဒီစကားကြောင့် မင်းဘဝ နစ်နာမယ်ဆိုတာလည်း မမသိပါတယ်၊ တကယ်တော့ ကိုဝေအောင်ဟာ ယောက်ျားပီသတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ မမနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ မမရောဂါကြီးကို ကုပေးနေရတာကလွဲရင် ကျန်တဲ့ အိမ်ထောင်သည်တစ်ယောက်ရဲ့ သာယာ ပျော်ရွှင်ရတဲ့ အချိန်ဆိုတာ သူ့မှာ မရှိသလောက်ပါပဲ၊ ဒါပေမယ့် သူဟာ မမရဲ့ အပေါ်မှာ ဒီနေ့အထိ သစ္စာရှိခဲ့တယ်၊ ဘယ်သူနဲ့မှ မဖောက်ပြားခဲ့ဘူး၊ လင်သားရဲ့ သစ္စာနဲ့ ဒီကနေ့အထိ သူ တာဝန်ကျေခဲ့တယ်၊ မမ မရှိတော့တဲ့အချိန်မှာ သူ့ဘဝလေး သာယာစေ ချင်တယ်၊ ဒါကြောင့် ခင်အေးနွယ်ကို အကူအညီတောင်းရတာပါ”
“ကျွန်မ…ကျွန်မ…”
ခင်အေးနွယ်မှာ မည်သို့ အဖြေပေးရမှန်း မသိနိုင်အောင် ရှိနေတော့သည်။
“ခင်အေးနွယ် လက်ခံမယ်ဆိုရင် ကိုဝေအောင်ပြန်လာရင်မမ ပြောလိုက်ပါ့မယ်၊ သူ့အတွက်တော့ မပူပါနဲ့၊ သူက မမကို သိပ်ပြီးချစ်တော့ မမပြောသမျှ လက်ခံပါတယ်၊ မမကလည်း သူ့ကို သိပ်ပြီး ချစ်ပါတယ်လေ”
“ကျွန်မ စဉ်းစားပြီးမှ အဖြေပေးပါရစေ မမ”
မနန်းမေက နားလည်စွာပြုံး၍ ခင်အေးနွယ်၏အခန်းတွင်းမှ ပြန်လည် ထွက်သွားလေသည်။ ခင်အေးနွယ်ခမျာ အခန်းထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရင်း ရင်ခုန်သော အတွေးများ ရှည်လျား ရစ်ပတ်နေဆဲ။ အပြင်ဘက်မှာ မြူခိုးများ ရစ်သိုင်းနေ သည်။
လအတန်ငယ်ကြာညောင်းသွားခဲ့ပြီမို့ ခင်အေးနွယ် ခေါင်းရင်းဘက် ဗီရိုပေါ်တွင် ပန်းအိုးဖြင့်ထိုးထားသော နှင်းဆီ ပန်းနီနီလေးများမှာ ခြောက်သွေ့ညှိုးရော်ကာ ပွင့်ဖတ်လေးများပင် ကြွေကျနေပြီ။ ထိုနှင်းဆီပန်း နီနီကလေးများမှာ မနန်းမေ လက်ဆောင်ပေးသွားသော ပန်းပွင့်ကလေးများဖြစ်သည်။ ယခုတော့ မနန်းမေ မရှိတော့ပြီ။ သူမ သေဆုံးသွားခဲ့သည်မှာ လအတန်ငယ်ကြာမြင့်ခဲ့ပေပြီ။ မနန်းမေ သေဆုံးသွားပြီးနောက်ပိုင်းတွင် သူမ ၏ဆန္ဒအတိုင်း ဦးအောင်နှင့် ခင်အေးနွယ်တို့မှာလည်း လက်ထပ်ကြပြီး အတူတကွနေထိုင်ခဲ့ကြသည်။
ထိုသို့ရှိနေပြီးမှ လအနည်းငယ် ကြာသောအခါ ထိုအိမ်ကြီးတွင် ထူးဆန်းမှုများ ဆက်ကာဆက်ကာ ဖြစ်လာလေတော့သည်။ ညအချိန်များတွင် အိမ်ကြီးအတွင်းဘက်ရှိ ပစ္စည်းများ တစ်ခုနှင့်တစ်ခု ထိခိုက်သံ၊ တွန်းရွှေသံ၊ စန္ဒရားသံများ၊ အမြင့်ပေါ်ရှိ ပစ္စည်းများကျသံ၊ ကွဲသံများကို မကြာခဏဆိုသလို ကြားနေရသည်။
ထိုသို့ ထိတ်လန့်ဖွယ်ရာများ ဖြစ်ပေါ်နေသဖြင့် ခင်အေးနွယ်မှာ အထူးပင် ထိတ်လန့် ကြောက်ရွံ့လျက်ရှိသောကြောင့် ဦးဝေအောင်မှာ ခရီးပင် မထွက်နိုင်အောင် ဖြစ်နေတော့သည်။ နေ့စဉ်ရက်ဆက် ဖြစ်လာသောအခါ အချို့ကလည်း ဦးဝေအောင်နှင့် ခင်အေးနွယ်တို့ အတူတကွ နေထိုင်ကြသည်ကို သေဆုံးသွားသော မနန်းမေက မကျေနပ်သောကြောင့် ယခုလို ခြောက်လှန့် နေသည်ဟု ယူဆကြသည်။
“ဒါကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ နွယ်နဲ့ကိုယ့်ကို သူကိုယ်တိုင် လက်ထပ်စေချင်လို့ မသေခင်ကတည်းက ကျေကျေနပ်နပ် စီစဉ်ပေးသွားတာပဲ၊ ခုလို လက်ထပ်ဖြစ်တာလည်း သူ့ရဲ့ဆန္ဒပဲ၊ ဒါကြောင့်တော့ မဟုတ်ဘူးလို့ ကိုယ် ယုံကြည်တယ်၊ တခြားကိစ္စတော့ ကိုယ်သိပ်နားမလည်ဘူး ”
ခင်ပွန်းဖြစ်သူ ဦးဝေအောင်စကားကြောင့် အတန်ငယ် စိတ်သက်သာမှု ရမိသော်လည်း အိမ်ကြီးအတွင်း၌ဖြစ်ပေါ်နေသော လှုပ်ရှားမှုများကတော့ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။
အထူးခြားဆုံးမှာ မနန်းမေ သေဆုံးသွားပြီးကတည်းက ယခင် နေ့စဉ် တီးပြရသော စန္ဒရားကြီးကို မိမိအိပ်ခန်းအတွင်းသို့ ထည့်ကာ အဝတ်ဖြင့်ဖုံး၍ သိမ်းဆည်းထားခဲ့သည်။ တစ်ခါတစ်ရံ ညဘက်များတွင် စန္ဒရားကြီးအား အဝတ်စကြီးဖြင့် ဖုံးအုပ်ထားသည့်ကြားမှ အသံများ ထွက်ပေါ်လာတတ်သည်။ တစ်စုံတစ်ယောက်က လက်ဖြင့် တီးခတ်သံ သို့မဟုတ် ကြွက်များ ဖြတ်ပြေး သွားသည့်အသံများကို ကြားနေရသည်။
ထိုသို့ အဖြစ်အပျက်များ ဖြစ်ပေါ်နေစဉ် တစ်ညတွင် ခင်အေးနွယ်သည် ထူးခြားသော အိပ်မက်တစ်ခုကို မြင်မက်လေသည်။ အိပ်မက်ထဲတွင် သေဆုံးသွားပြီဖြစ်သော မနန်းမေ ရောက် လာသည်။
“ဟင်…မမ ဘယ်ကလာတာလဲဟင်”
“ငါ ဒီကိုပဲ လာတာပဲ၊ ငါမကျေနပ်လို့ တစ်အိမ်လုံး ဗြောင်းဆန်အောင် လုပ်နေတာ နင်တို့ မသိကြဘူးလား”
“ဘာကိုပြောတာလဲ မမ၊ ဦးဝေအောင်နဲ့ကျွန်မ လက်ထပ်တာကို မကျေနပ်တာလား၊ ဒါက မမ စီစဉ်တဲ့အတိုင်း လုပ်ရတာပါ မမရယ်”
“ဒါကိုပြောတာ မဟုတ်ဘူး၊ နင် ငါ့ကို ညတိုင်းတီးပြနေတဲ့ စန္ဒရားကို မတီးဘဲ ဘာကြောင့်ရပ်ထားရတာလဲ၊ ဒီအသံကို မကြားရတာ ငါ ဘယ်လိုမှနေလို့မရဘူး၊ ဘယ်မှလည်း သွားလို့ မရဘူး”
“ဟင်…မမက သေဆုံးသွားပြီလေ၊ ဒါကြောင့် ကျွန်မ စန္ဒရားကြီးကို သိမ်းထားခဲ့တာပါ”
“ဘာ..ငါသေသွားပြီ၊ ဟုတ်လား…”
“ဟုတ်တယ်…မမ၊ မမ သေသွားခဲ့တာ အတော်ကြာပြီ၊ ဒီစန္ဒရားကြီးကို စွဲလမ်းမနေပါနဲ့တော့ မမရယ်၊ ကိုယ့်ဘဝ ကျွတ်ရာလွတ်ရာကိုသာ ဖြောင့်ဖြောင့် သွားပါတော့နော်”
“ဟင်..ငါ တကယ်ပဲ သေသွားပြီလား”
“ဟုတ်တယ်..မမနဲ့ ကျွန်မတို့က ဘဝခြားသွားခဲ့ကြပြီ”
“ဟင်..ငါသေသွားပြီးပြီ…ငါသေသွားပြီးပြီ၊ ဒါကို ငါ မသိလိုက်ပါလား၊ စန္ဒရားသံကို စွဲလမ်းပြီး ကိုယ့်ကိုယ်ကို သေသွားမှန်းတောင် မသိလိုက်မိဘူး၊ ငါ မင်းတို့ကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..ငါသွားတော့မယ်”
ထိုသို့ ပြောပြီးနောက် မနန်းမေသည် ခင်လေးနွယ်အနီးမှ အဝေးသို့ ထွက်ခွာသွားလေတော့သည်။ နံနက်လင်းသောအခါတွင် ခင်လေးနွယ်က ထိုအိပ်မက်အကြောင်းကို ခင်ပွန်းသည် ဦးဝေအောင်အား ပြောပြလိုက်သည်။
ထိုနောက်ပိုင်းတွင် အိမ်ကြီးအတွင်း၌ လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရ မကြားရတော့ဘဲ ပကတိ တိတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။
အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီးနောက် ခင်အေးနွယ်၏ (၂၆)နှစ်မြောက် မွေးနေ့ဖြစ်သော ဧပြီ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ခင်အေးနွယ်အခန်းထဲရှိ ပန်းအိုးထဲတွင် ခြောက်သွေ့လျက်ရှိသော နှင်းဆီပန်းခြောက်များအစား လန်းဆန်းလှသော နှင်းဆီပန်း အနီပွင့်များ ရောက်နေသည်ကို အံ့သြစွာ တွေ့ရလေသည်။ နောက်ပိုင်းတွင် ခင်အေးနွယ်၏ မွေးနေ့ကျရောက်တိုင်း မနက်ပိုင်းအချိန်တွင် သူမအခန်းထဲရှိ ပန်းအိုးထဲတွင် နှင်းဆီပန်း အနီပွင့်များ ရောက်ရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်လှတော့။
ပြီးပါပြီ
✍ တြိစက္က
#တြိစက္က #နှင်းဆီနီဝိညာဥ်