“ညောင်ပင်သရဲ”(စ/ဆုံး)
=====================
ကိုမြတ်ခိုင်တစ်ယောက် နွယ်လေးရွာမှ
ဆွေမျိုးတစ်ယောက် နေမကောင်းသဖြင့်
လူနာမေးပြီးပြန်လာခဲ့သည်။
လူနာမေးသွားတုန်းက ညနေ၄နာရီ
ခန့်ကသွားခြင်းဖြစ်သည်။
နွယ်လေးရွာရောက်တော့လူနာမေးရင်း
ဆွေမျိုးများဖြင့်စကားကောင်းနေသဖြင့်
အိမ်အပြန်နောက်ကျနေခြင်း
ဖြစ်သည်။
ရွာထိပ်ရောက်ခါနီးတွင်ကြီးမားသည့်
ညောင်ပင်ကြီးတစ်ပင်က
လရောင်ခပ်မှိန်မှိန်အောက်တွင်
ထီးထီးမားမားမြင်နေရသည်။
တိုက်ခက်လာသည့်လေပြင်း
တစ်ချက်ကြောင့် ညောင်ရွက်သံများ
တရှဲရှဲမြည်သွားသည်။
ကိုမြတ်ခိုင်လည်း သွားနေကြလမ်းဖြစ်
သည့်အတွက် အေးအေးလူလူပင်
လမ်းလျှောက်လာခဲ့သည်။
တဖြည်းဖြည်းနှင့်ညောင်ပင်ကြီး
အောက်ကိုကိုမြတ်ခိုင်ရောက်လာ
ခဲ့သည်။
“ဖျော ဖျော ”
“ဟင်…”
ကိုမြတ်ခိုင်၏နောက်ကျောပေါ်သို့
တဖျောဖျောမြည်သံနှင့်အတူ
ကျောက်စရစ်ခဲလေးများကျလာခဲ့သည်။
ကိုမြတ်ခိုင်လည်းတအံ့တသြဖြစ်ပြီး
ညောင်ပင်ကြီးပေါ်သို့ မော့ပြီးကြည့်
လိုက်သည်။
မည်သည့်အရာကိုမှမတွေ့ရပေ။
ကိုမြတ်ခိုင်လည်းဘာမှမထူးခြားသဖြင့်
ဆက်လျှောက်လိုက်သည်။
“ဘုတ် ဘုတ်”
“ဟာ…”
ကိုမြတ်ခိုင်၏နောက်ကျောအား
ခပ်သေးသေးအရွယ်အစားခန့်ရှိသည့်
မြေခဲလေးများဖြင့် ပစ်ပေါက်ခြင်း
ခံလိုက်ရပြန်သည်။
ကိုမြတ်ခိုင်လည်းဒေါပွပြီး
နောက်ကိုလှည့်ကြည့်လိုက်သည်။
“ဟင်…ဘာ ဘာ ကြီးလဲ”
ညောင်ပင်ကြီးအနောက်မှ
ကုန်းကုန်းကွကွထွက်လာသည့်
အကောင်ကြီးတစ်ကောင်အား
မြင်လိုက်ရသည်။
တစ်ကိုယ်လုံးလည်းအမွှေးအမျှင်များ
ဖြင့်ဖုံးအုပ်ထားသည့်အကောင်ကြီး
ပင်ဖြစ်သည်။
လရောင်ခပ်မှိန်မှိန်အောက်၌
ထိုမည်းမည်းအကောင်ကြီးကို
အတိုင်းသားမြင်လိုက်ရသည်။
နီရဲသောမျက်လုံးကြီးနှစ်လုံးက
ကိုမြတ်ခိုင်အားအစိမ်းလိုက်ဝါးစား
မတက်စိုက်ကြည့်နေလေသည်။
ကိုမြတ်ခိုင်လည်း ခေတ္တခဏ
ကြောင်ပြီးကြည့်နေမိသည်။
တဖြည်းဖြည်းနှင့်ထိုမည်းမည်းအကောင်
ကြီးကကိုမြတ်ခိုင်အနားသို့
တိုးကပ်လာလေသည်။
“အင်း ဟင်းဟင်း”
မည်းမည်းအကောင်ကြီးပါးစပ်မှ
ညည်းတွာသံလိုလို ကြောက်စရာကောင်း
သည့်အသံကြီးကထွက်ပေါ်လာသည်။
ကိုမြတ်ခိုင်လည်း ဘုရားစာရွတ်ရန်
သတိရလိုက်သဖြင့် စိတ်ထဲမှနေ၍
ဘုရားစာရွတ်ဆိုလိုက်သည်။
ဤသို့ဘုရားစာရွတ်ဆိုလိုက်မှ
ခြေလက်များလှုပ်ရှား၍ရလာသည်။
ကိုမြတ်ခိုင်လည်းရှည်ရှည်ဝေးဝေး
စဉ်းစားမနေတော့ပဲ ချာကနဲ လှည့်ကာထွက်ပြေးလိုက်သည်။
“အီး ဟီး ဟီး ဟီး ဟား”
ကိုမြတ်ခိုင်နောက်သို့လှည့်ကြည့်
လိုက်တော့ မည်းမည်းအကောင်ကြီးက
လိုက်မလာပဲရပ်ပြီးကြည့်ရင်း
နောက်မှာကျန်နေခဲ့လေသည်။
ကိုမြတ်ခိုင်လည်းဖနောင့်နှင့်တင်ပါး
တစ်သားတည်းကျအောင်ပြန်ပြေး
လာခဲ့သည်။
“သဲစုရေ သဲစု”
“ဟင်…ကိုမြတ်ခိုင် အမောတကောနဲ့
ဘာဖြစ်လာတာလဲယောက်ျား”
“ငါ ငါ့ကိုရေလေးတစ်ခွက်လောက်
ခပ်ပေးပါ”
“သြော် အင်းအင်း ခဏလေး”
မသဲစုလည်းဘာရယ်ညာရယ်
မသိရသေးပဲ ကိုမြတ်ခိုင်ခိုင်းသည့်
အတိုင်းရေတစ်ခွက်ကိုအမြန်ခပ်ပြီး
တိုက်လိုက်သည်။
ကိုမြတ်ခိုင်လည်းရေခွက်ထဲမှ
ရေများအားတစ်ကျိုက်ပြီးတစ်ကျိုက်
သောက်ပစ်လိုက်သည်။
“ဟား ဟူး ”
“ရှင့်ကြည့်ရတာတစ်ခုခုကို
ထိတ်လန့်လာပုံပဲ ဘာဖြစ်လာလို့လဲဟင်”
“ငါနွယ်လေးရွာကအပြန်
တို့ရွာကညောင်ပင်ကြီးအောက်
အရောက်သရဲခြောက်တာခံလိုက်
ရလို့ ငါမနည်းပြေးလာရတာ”
“ဟင်…သရဲခြောက်ခံရလို့ ဟုတ်လား”
“ဟုတ်တယ် နည်းတဲ့အကောင်ကြီး
မဟုတ်ဘူး၊မျက်လုံးကြီးနှစ်လုံးကလည်း
နီရဲနေတာပဲ။
သူ့တစ်ကိုယ်လုံးလည်းအမွှေးအမျှင်
တွေနဲ့မည်းနက်နေတာပဲ၊ညောင်ပင်နောက်ကနေထွက်လာပြီး
ငါ့ကိုခြောက်လွှတ်လိုက်တာ”
“ရှင့်ကြည့်ရတာတော်တော်
လန့်လာပုံပဲ နေဦးကျွန်မသွေးညှိဆေး
လေးယူပေးမယ်”
မသဲစုလည်း အိမ်ထဲဝင်ပြီး
သွေးညှိဆေးဗူးအားယူလာခဲ့သည်။
“ရော့ ဒီဆေးလေးကို ရေနဲ့မော့
သောက်လိုက် ယောက်ျား”
“အင်း”
ကိုမြတ်ခိုင်လည်းမသဲစုပေးသည့်
ဆေးအားရေဖြင့်သောက်လိုက်သည်။
“ထမင်းစားဦးမလား ကျွန်မခူးလိုက်မယ်လေ”
“နေနေ ငါမစားတော့ဘူး”
“ဒါဖြင့်ရင်စိတ်လေးငြိမ်သွားအောင်
ဘုရားစာလေးဘာလေးရွတ်ဖတ်နေပေါ့”
“အေးပါ အခုနည်းနည်းတော့စိတ်
ငြိမ်လာပါပြီ”
==============
“ဟဲ့ မိဆွေ လမ်းကြုံတုန်းပြောရဦးမယ်”
“ဘာလဲ မိမြင့်ရဲ့”
“မနေ့ညက ကိုမြတ်ခိုင်ကြီး
ရွာအပြင်ကညောင်ပင်နားမှာ
သရဲခြောက်တာခံလိုက်ရတယ်တဲ့”
“ဟယ်ဟုတ်လား။
“ဟုတ်တယ်အေ့ အခုတောင်
အကြောက်ကြီးပြီးနေမကောင်းဘူးဆိုပဲ”
“ဟင် ဒါဆို ကိုမြတ်ခိုင်ကြီးကို
ခြောက်လိုက်တဲ့သရဲက တော်တော်
ကြောက်ဖို့ကောင်းပုံပဲ။
ကိုမြတ်ခိုင်လိုယောက်ျားအရင့်အမာ
ကြီးတောင် ဒီလောက်ဖြစ်နေမှတော့
ငါတို့သာဆိုရင် အဲ့နေရာမှာတင်ပဲ
ပွဲချင်းပြီးလောက်တယ်အေ့၊
ဒါနဲ့ငါတို့ရွာအပြင်ကညောင်ပင်မှာ
အရင်ကသရဲရှိတယ်လို့ မကြားမိပါဘူး
အခုမှဘယ်ကသရဲကပေါ်လာတာလဲ”
“အေးဟဲ့ ထူးတော့ထူးသား
အလည်ရောက်လာတဲ့သရဲထင်တယ်နော်”
“အမယ်လေးမယ်မင်းကြီးမရယ်
သရဲတောင်အလည်လာတဲ့သရဲတွေ
ဘာတွေရှိလို့လားအေ”
“ဟဲ့ ငါကစတာပါဟယ်။
သရဲကကိုမြတ်ခိုင်ကြီးကို
လမ်းကြုံတုန်းခြောက်လိုက်တာလည်း
ဖြစ်ချင်ဖြစ်မှာပေါ့အေ”
“အေးအေး ညည်းလည်းသတိထားဦး၊တော်ကြာ ညည်းအိမ်အလည်လာနေဦးမယ်”
“လာရင်လည်းမိမြင့်တို့က
ဧည့်တောင်ခံလိုက်ဦးမှာ”
” ဟား ဟား ဟား
အေးပါအေးပါ ငါသွားပြီဟေ့
ညည်းနဲ့စကားပြောဖို့ အချိန်မရှိသေးဘူး”
“ငါလည်းသွားပြီ”
ရွာထဲမှမမိဆွေနှင့်မမိမြင့်တို့
နှစ်ယောက်ကိုမြတ်ခိုင်သရဲခြောက်ခံရ
သည့်အကြောင်းအားဖောက်သည်
ချနေခြင်းဖြစ်သည်။
============
“အူ ဝူး ဝူး ဝူ”
“ဝုန်း”
“အအ အအ အအ ”
ခွေးအူသံများနှင့်အတူ မန်ကျည်းပင်ပေါ်မှကျီးကန်းများ
လန့်ကာထပြိုကြခြင်းဖြစ်သည်။
ရွာအနောက်ပိုင်းက ဦးကြီးဆွေ၏
အိမ်ထဲသို့ မည်းမည်းအကောင်ကြီး
တစ်ကောင်ကခြံကိုကျော်ခွပြီး
ဝင်လာသည်။
“ဘုတ် ဘုတ် ဘုတ်”
မည်းမည်းအကောင်ကြီး၏
ခြေသံကတဘုတ်ဘုတ်ဖြင့် ထွက်ပေါ်
လာသည်။
တဖြည်းဖြည်းနှင့်မည်းမည်းအကောင်
ကြီးကကြက်ခြံအနီးသို့ ရောက်လာပြီး
ကြက်တစ်ကောင်အားလှမ်းဆွဲ
လိုက်သည်။
“ကတော့် ကတော် ”
“ဖြန်း ဖြန်း ဖြန်း”
ကြက်ဖကြီးလည်းမည်းမည်း
အကောင်ကြီး၏လက်ထဲတွင်
ယက်ကန်ယက်ကန်ဖြင့်ပါသွားသည်။
“ဂျွတ်”
“ကော့ကော့ ကော်ကတော်”
မည်းမည်းအကောင်ကြီးက
ကြက်ဖ၏လည်ပင်းအားကိုက်ဖြတ်ပြီး
စားလိုက်သည်။
“သား မောင်ထိန် ထစမ်း”
“ဗျာ အဖေ”
“သားကြားလား ကြက်တွေတအားအော်နေကြတာ
ကြက်ခြံထဲခွေးတွေဝင်ဆွဲနေပြီထင်တယ်၊
ထပြီးကြည့်လိုက်ဦး။
“ရော့ ဒီမှာဓာတ်မီး”
“ဟုတ်အဖေ”
မောင်ထိန်လည်းဓာတ်မီးတစ်လက်ဖြင
့်အိမ်ပေါ်မှ ဆင်းလာခဲ့သည်။
ဖိနပ်ခုံတွင်ချွတ်ထားသည့် ဖိနပ်အား
စီးပြီးအိမ်နောက်ဘေးကြက်ခြံရှိရာသို့
ခြေသံဖွဖွင်နားကာထွက်လာခဲ့သည်။
“ကတော် ကတော်”
ကြက်ခြံနားရောက်ခါနီး
နောက်ထပ်ကြက်အော်သံက
ထွက်ပေါ်လာပြန်သည်။
မောင်ထိန်လည်းအနီးနားရှိ
တုတ်တစ်ချောင်းကိုကောက်ယူပြီး
ကုတ်ချောင်းကုတ်ချောင်းဖြင့်
ကြက်ခြံနားကပ်လာခဲ့သည်။
ဓာတ်မီးကိုမဖွင့်သေးပဲ
ကြက်ခြံထဲကိုဝင်လာခဲ့လိုက်သည်။
လက်ကနေလည်းတုတ်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
“ဂျက်”
မောင်ထိန်လည်းဓာတ်မီးကိုဖွင့်ပြီး
တုတ်ဖြင့်ရိုက်မည်ဟန်ပြင်လိုက်စဉ်
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်
အံ့သြထိတ်လန့်သွားရသည်။
တကိုယ်လုံးအမွှေးမည်းမည်းကြီးများဖြင့်ဖုံးအုပ်ထားသည့်
သရဲကြီးတစ်ကောင်အား မျက်စေ့အောက်တွင် ကွင်းကွင်းကွက်ကွက် မြင်လိုက်ရပြီး
ကြက်သေသေနေမိသည်။
တစ်ကိုယ်လုံးမည်းနက်နေသည့်
သရဲကြီးလည်း မောင်ထိန်ရဲ့မီးအလင်း
ရောင်ကြောင့် နောက်ကျောပေးထားရာမှ မောင်ထိန်ဘက်သို့ မျက်နှာလှည့်လာသည်။
“ဟာ…”
“အီး ဟီး ဟီးဟီး”
ပါးစပ်ထဲ၌ကြက်တစ်ကောင်အား
မသေမရှင်တန်းလန်းကြီးကိုက်စား
နေပြီးသွေးများကအလိမ်းလိမ်း
ပေကျံနေသည်။
သရဲကြီးရဲ့မျက်လုံးက မီးအလင်းရောင်အောက်တွင် မီးဝင်းဝင်း
တောက်နေသည့်အလား နီရဲနေလေသည်။
“သ သ သရဲ သရဲ လာ လာကြပါအုံး”
“သရဲ သရဲ”
“ဟင်…သားအသံပဲ”
ဦးကြီးဆွေလည်း အိပ်ရာထဲကနေ
သားရဲ့အော်သံကြားလိုက်သည်မို့
အိမ်ပေါ်မှပြေးဆင်းလာခဲ့သည်။
ထို့အတူ အိမ်နီးချင်းများကလည်း
ဦးကြီးဆွေ၏ခြံဝိုင်းထဲ တုတ်ဓားများ
ဆွဲပြီးရောက်လာကြသည်။
တကိုယ်လုံးမည်းနက်နေသည့်
သရဲကြီးလည်း မောင်ထိန်အနီးမှ
ထွက်ပြေးသွားတော့သည်။
“သား သား မောင်ထိန်”
“ဦးကြီးဆွေ တို့အိမ်ဘက်က
အော်သံကြားလို့ လာခဲ့တာ
ဘယ်ရောက်သွားပြီလဲ သရဲက”
“ဟို ဟို ဘက်ထွက်ပြေးသွားပြီ”
မောင်ထိန်လည်းအိမ်နီးချင်းများ၏
အမေးအားအသံတုန်တုန်ယင်ယင်ဖြင့်
ဖြေလိုက်သည်။
“သားမောင်ထိန် မင်းကိုသရဲကြီးက
ဘာလုပ်သွားသေးလဲ”
“သားကိုဘာမှတော့လုပ်မသွားဘူး။
ဒါပေမယ့် ကြက်ခြံထဲက ကြက်တွေကို
တော့သတ်စားသွားတယ် အဖေ”
“အင်း…အတော်သောင်းကျန်းတဲ့
သရဲပဲကွာ။လူကိုဘာမှလုပ်မသွားတာ
တော်သေးတာပေါ့သားရယ်”
“ဦးကြီးဆွေ ဒီမှာ ကြက်အသေ
ကောင်တွေမနည်းပါလားဗျ။
ဒါဟိုသရဲကြီးသတ်စားထားတာပဲဖြစ်မယ်”
“ဟုတ်မယ်ကွ၊
နေနေ ထားလိုက် အဲ့ဒီကြက်သေတွေကို
မနက်မှမီးရှို့ရင်ရှို့ ဒါမှမဟုတ် မြေမြှုပ်ပစ်လိုက်မယ် စိုးဖေ ချထားလိုက်”
“ငါ့အသက်တစ်လျောက်လုံး
ဒီလိုအဖြစ်မျိုး တစ်ခါမှမကြုံခဲ့ဖူးဘူး
တော်တော်ဆိုးတဲ့သရဲပဲ”
ဦးကြီးဆွေကပြောလိုက်သည်။
“ကဲ ခင်ဗျားတို့သားအဖလည်း
ဂရုတစိုက်နဲ့ အိပ်ကြဦးဗျ၊
တော်ကြာထပ်လာချင်လာနေဦးမှာဗျ”
“ဟုတ်တယ် မောင်ထိန်
ဂရုစိုက်ပြီးနေကြအုံး”
“ဟုတ်ကဲ့ ”
“ကဲပြန်လိုက်အုံးမယ် ဦးကြီးဆွေရေ”
“အေးအေး ကျေးဇူးပါပဲကွာ
အခုလိုလာပြီးစိတ်ပူပေးကြလို့ ”
“မလိုပါဘူး ဦးကြီးဆွေရာ
တစ်ရွာတည်းသားချင်းတွေပဲဗျာ
ဒီလောက်တော့ကူညီရမှာပေါ့”
ဦးကြီးဆွေတို့ရဲ့ အိမ်နီးချင်းများလည်း
ကိုယ့်အိမ်ကိုယ့်ရာသို့ ပြန်သွားကြသည်။
ဦးကြီးဆွေနဲ့မောင်ထိန်တို့
သားအဖလည်းအိမ်ပေါ်ကို ပြန်တက်
လာခဲ့ကြသည်။
=============
“ဒါဆို ဒီသရဲက တော်တော်သောင်းကျန်းတာပေါ့။
“အေးပေါ့ အိမ်ထဲထိတောင်ဝင်တယ်
ဆိုမှတော့ ဒီသရဲကအတော်သက်တမ်း
ရင့်နေလို့ ဖြစ်မှာပေါ့ကွာ”
“ငါဖြင့်သရဲဆိုတာဂျို နဲ့လားလို့
မေးယူရမလို ဖြစ်ခဲ့တာ အခုတော့
တို့ရွာကိုဘယ်ကရောက်လာတယ်
မသိတဲ့သရဲက ဒုက္ခလှလှပေးနေပြီ၊ကြာရင်လူတွေကိုဒုက္ခမပေးဘူးလို့
မပြောနိုင်ဘူး”
“မင်းပြောတာမှန်တယ်
တိရစ္ဆာန်တွေပြီးရင် လူတွေအလှည့်ကို
တစ်နေ့မဟုတ်တစ်နေ့
ရောက်လာမှကျိန်းသေတယ်ကွ”
“အခြေအနေတွေဒီထက်မဆိုးခင်
ဒီသရဲကိုရွာကနေအမြန်နှင်ထုတ်ပစ်ရင်
ကောင်းတာပေါ့ကွာ”
“နေပါဦးကွ
သရဲကိုဘယ်လိုနှင်ထုတ်မလဲ၊တော်ကြာ
မနိုင်မနင်းတွေဖြစ်ကုန်မှ ပိုဆိုးသွားလိမ့်မယ်”
“အဲ့ဒါတော့ ဘာမှမပူနဲ့
ငါ့မှာအသိဆရာတစ်ယောက်ရှိတယ်ကွ၊
သူ့နာမည်ကဦးခန့်သာတဲ့
အထက်လမ်းဆရာကြီးတစ်ယောက်
ပေါ့ကွာ။
သူကစုန်း၊ကဝေ အောက်လမ်း
ပရနာနာဘာဝလောကသားတွေရဲ့
ဒုက္ခပေးမှုမှန်သမျှကို ဖြေရှင်းပေးနေတဲ့
ဆရာကြီးကွ”
“ဒါဖြင့်ရင် အဲဒီဆရာခန့်သာကို
မင်းသွားပင့်ပေးပါလား၊တို့ရွာကို
ဒုက္ခပေးနေတဲ့ သရဲကြီးကိုရွာက
အမြန်နှင်ပစ်ကြတာပေါ့”
“ဆရာခန့်သာ နေတဲ့နေရာက
တို့ရွာနဲ့ဆိုအတော်ဝေးတာကွ။
တစ်ညအိပ်တော့သွားရလိမ့်မယ်”
“ဒီအတွက်တော့ဘာမှမပူနဲ့
သွားစရိတ်လာစရိတ်စားစရိတ်
တွေအားလုံးငါတို့ကပဲတာဝန်ယူမယ်။
မင်းကသာအဲ့ဒီဆရာခန့်သာကို
သွားပြီးပင့်ပေးကွာ။
ငါဒီကရွာလူကြီးတွေအားလုံးကို
အကျိုးအကြောင်းပြောထားလိုက်မယ်”
“ဒါဖြင့်ရင် ဒီကနေ့ ညနေပဲ
ကြုံရာကားနဲ့ သွားလိုက်တာပေါ့ကွာ။
မင်းတို့လည်းစီစဉ်စရာရှိတာ
စီစဉ်ထားကြပေါ့”
“အေးပါ”
ရွာသားများလည်း တစ်ဦးနှင့်တစ်ဦး
တိုင်ပင်ပြီးရွာကိုဒုက္ခပေးနေသည့်
သရဲကြီးအားအမြန်နှင်ထုတ်ရန်
စိတ်အားထက်သန်နေကြသည်။
“ရွာလူကြီးရေ ရွာလူကြီး”
“ဟ သန်းခင်နဲ့ ဖိုးစိန်တို့ ပါလားကွ
လာကြလေ လာကြ”
“ရွာလူကြီးရေ ပြောစရာရှိလို့
လာခဲ့တာဗ်”
“ဘာများလဲဟ ထိုင်ကြဦး
အကြမ်းရေလေးသောက်ကြ”
ကိုသန်းခင်နဲ့ ကိုဖိုးစိန်လည်း
အကြမ်းရည်တစ်ခွက်ဆီငှဲ့ကာ
သောက်လိုက်ကြသည်။
ပြီးမှပြောလက်စ စကားအား
ပြန်ဆက်လိုက်ကြသည်။
“ဒီလိုရွာလူကြီးရေ
အခုကျုပ်တို့ရွာမှာ ဘယ်လိုရောက်လာသလဲမသိတဲ့
သရဲတစ်ကောင်ဒုက္ခပေးနေတာ
ရွာလူကြီးလည်းသိမှာပါ။
အခုကျုပ်တို့ကာလသားတွေအချင်းချင်းတိုင်ပင်ထားကြတဲ့ ကိစ္စလေး
တစ်ခုရှိတယ် ရွာလူကြီးရဲ့”
“ဘာများတုန်း သန်းခင်ရ
ပြောပါဦး ”
“ဒီလိုဗျ ကျုပ်တို့သူငယ်ချင်း
မြင့်ဆွေက သူ့အသိဆရာကြီး
တစ်ယောက်ကိုဒီကနေ့ပဲ
သွားပင့်တယ်ဗျ။
ဘာလို့လဲဆိုတော့ ကျုပ်တို့ရွာကိုဝင်လာတဲ့ သရဲကြီးကို
ဆရာသမားနဲ့နှင်ထုတ်ပစ်ဖို့ပဲ၊ဆရာကြီးနာမည်က ဦးခန့်သာတဲ့
ရွာကိုမနက်ဖြန်လောက်မှပဲ
ရောက်လာကြလိမ့်မယ် အဲဒီတော့
အခုကိစ္စကိုရွာလူကြီးသိအောင်
လာပြီးပြောပြတာပါ”
“ကောင်းပါတယ် မင်းတိုအစီအစဉ်နဲ့
မင်းတို့လုပ်တယ်ဆိုပေမယ့်။ရွာအတွက်
လုပ်တာဆိုတော့ ငါဘာမှမပြောပါဘူး
လိုအပ်တာမှန်သမျှ ငါဖြည့်ဆည်းပေးပါ့မယ်”
“ဒါဖြင့်ရင် အဆင်ပြေပြီပေါ့ဗျာ”
============
ညအမှောင်ကတဖြည်းဖြည်း
ဝင်ရောင်လာခဲ့သည်။
တစ်ရွာလုံးလည်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။
“ဂီး ဂီး”
ငှက်ဆိုးတစ်ကောင်ရဲ့အော်မြည်သံက
စိတ်မချမ်းမြေ့ဖွယ်ကြားလိုက်ရသည်။
“ဖူး ဖူး”
“ရှူး ဖူး”
ဦးတင်လေးခြံထဲမှာနွားများ
နှာတဖူးဖူးမှုတ်ကာကြောက်လန့်နေ
ကြသည်။
တစ်ကိုယ်လုံးမည်းနက်နေသည့်
သရဲကြီးကနွားပေါက်လေးအနီးသို့
ရောက်လာသည်။
“အီးဟီးဟီး”
သရဲကြီးကနွားပေါက်လေးအား
ကြည့်ကာအစွယ်များပေါ်အောင်
ပါးစပ်ကြီးအားဟလိုက်သည်။
“ဘွတ် အဲ အဲ”
နွားပေါက်လေး၏လည်ပင်းအား
ကြီးမားသည့်အစွယ်ကြီးများဖြင့်
ကိုက်ဖြတ်လိုက်သည်။
နွားပေါက်လေးရဲ့အော်မြည်သံကြောင့်
ဦးတင်လေးလည်းအိမ်ထဲမှ
ထွက်လာသည်။
“ငါ့နွားခြံထဲဘာကောင်ဝင်နေပါလိမ့်”
ဦးတင်လေးလည်းနွားတင်းကုပ်
ထဲဝင်ရောက်လာခဲ့သည်။
“ဟင်…ဘာ ဘာကောင်ကြီးလဲ”
“ခွီး”
သရဲကြီးကဦးတင်လေးကို
ခွီးကနဲအသံနှင့်အတူ
အစွယ်ကြီးများမြင်အောင်ထုတ်ပြလိုက်
သည်။
သရဲကြီးကတဖြည်းဖြည်းနှင့်
ဦးတင်လေးအနားသို့ တိုးကပ်လာသည်။
“မ မ လာနဲ့ သွား သွား”
သရဲကြီးကဦးတင်လေး၏
လည်ပင်အားသူ၏သန်လှသည့်
လက်ကြီးနှစ်ဖက်ဖြင့် လိမ်ချိုးကာ
သတ်လိုက်သည်။
“ဂျွတ်”
“အား……”
ဦးတင်လေး၏ အော်သံကြောင့်
အိမ်ထဲ၌အိပ်မောကျနေသော
မိသားစုဝင်များအပြေးအလွှား
ရောက်လာကြသည်။
“အဖေ အဖေ”
“ဟင်… သား ဟို ဟိုမှာ သရဲကြီး”
“အီး ဟီး ဟီး”
“ဘုတ် ဘုတ် ဘုတ်”
လူများရောက်လာကြသဖြင့်
သရဲကြီးလည်း ဦးတင်လေးအိမ်ထဲမှ
ထွက်ပြေးသွားတော့သည်။
“အဖေ အဖေ ဖြစ်မှဖြစ်ရလေ
အဖေရာ”
“ကိုတင်လေး ဖြစ်မှဖြစ်ရလေရှင်”
“ဒေါ်ချို မောင်မြင့် ဘာဖြစ်ကြလို့လဲ”
အိမ်နီးချင်းများရောက်လာပြီး
မေးလိုက်ခြင်းဖြစ်သည်။
“ခြံထဲကနွားတွေအော်နေသံကြားလို့၊အဖေကသူဆင်းကြည့်မယ်ဆိုပြီး
ခြံထဲဆင်းလာတာ အဖေအော်သံကြားမှ
ကျုပ်တို့ပြေးလာပြီးကြည့်လိုက်တော့
အဖေ့အနားမှာသရဲကြီးတစ်ကောင်
မတ်တပ်ရပ်ပြီးရှိနေတာဗျ။
အဖေ့ကိုအဲ့ဒီသရဲကြီးကရက်ရက်စက်စက်သတ်သွားတယ်ဗျာ။
“အီးဟီးဟီး အဖေ အဖေ့”
“ကိုတင်လေးရယ် ဘာကြောင့်များ
ဒီလိုအဖြစ်ဆိုးမျိုး ရှင့်ကိုမှလာကြုံရ
တာလဲတော့် အီး ဟီးဟီး”
“ဦးတင်လေးအတွက်စိတ်မကောင်း
ပါဘူးဒေါ်ချိုရာ၊မနက်ဖြန်ကြရင်
ကျုပ်တို့ရွာကိုဒုက္ခပေးနေတဲ့ ဒီသရဲကြီးကိုရွာကနေအမြန်ဆုံးနှင်ထုတ်ဖို့ ဆရာသွားပင့်နေတယ်ဗျ။
ဆရာသာရောက်လာလို့ကတော့
ဒီကောင်ပြေးဖို့သာပြင်ထား”
“နွားပေါက်လေးတစ်ကောင်
အစားခံလိုက်ရတာပဲ။လည်ပင်းမှာလည်း
သွားရာကြီးတွေနည်းတာကြီး
မဟုတ်ဘူးဗျာ”
“ဟုတ်ပါ့ကွာ အခုမှကြည့်မိတယ်
အစွယ်ရာကြီးတွေကနည်းတာကြီး
မဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ် တို့ရွာမှာ
သရဲရန်ကြောင့် လူတစ်ယောက်
အသက်ဆုံးရှုံးခဲ့ရပြီ နောက်ထပ်
ဒီလိုမဖြစ်အောင် အထူးဂရုစိုက်မှဖြစ်တော့မယ်”
“မပူပါနဲ့ကွာ ဆရာခန့်သာရောက်လာရင်
ဒီကိစ္စတွေအားလုံးပြီးသွားမှာပါ၊အခုလောလောဆယ်တော့ ဦးတင်လေး
နာရေးအတွက်ပြင်ဆင်ကြတာပေါ့”
“အေးကွာ ငါတို့ ကူလုပ်ကြတာပေါ့”
=============
“မနက်စောစောစီးစီး
ကြားရတဲ့သတင်းကတော့စိတ်မကောင်း
စရာပဲရွာလူကြီးရာ”
“အင်း…ဟုတ်ပါ့ ကျုပ်လည်း
ကြားကြားခြင်းဒေါသတွေထွက်လိုက်တာမှပြောမနေပါနဲ့ဗျာ။
မြင့်ဆွေဆရာသွားပင့်တာ ဒီကနေ့
ပြန်ရောက်မယ်ထင်တယ်၊ဆရာသာပါလာရင်တော့ ဒီသရဲကို
အမြန်ဆုံးနှင်နိုင်မှာပါ”
“ကျုပ်တို့ရွာကိုကယ်တင်မယ့်
ဆရာခန့်သာကိုပဲမျှော်ရုံရှိတာပေါ့ဗျာ”
“ရွာလူကြီးရေ ရွာလူကြီး”
“ဟာ မြင့်ဆွေ ပြန်လာပြီလားကွ
ဟာ ဘေးမှာဆရာလည်းပါလာသကိုး၊
လာလာ ဆရာအိမ်ထဲကြွပါဗျာ”
“ဟုတ်ကဲ့ ဆရာလည်း
ဒီကမောင်မြင့်ဆွေလာပြောပြလို့
အကျိုးအကြောင်းအားလုံးသိပြီးပါပြီ။
ဘာမှမပူပါနဲ့ ဆရာအားလုံးဖြေရှင်း
ပေးပါ့မယ်ရွာလူကြီးရာ”
“ဆရာရေ ဆရာရောက်လာလို့သာပေါ့၊မနေ့ညကရွာထဲကဦးတင်လေးကို
သရဲကသတ်သွားတယ်လေ”
“ဗျာ ဦးတင်လေးကိုသတ်သွားတယ်
ဟုတ်လားရွာလူကြီး”
ကိုမြင့်ဆွေကတအံ့တသြမေးလိုက်ခြင်း
ဖြစ်သည်။
“မင်းက မနေ့ကတည်းက
ဆရာသွားပင့်တာဆိုတော့
မသိလိုက်တာကွ။
ဦးတင်လေးခြံထဲကို သရဲဝင်ပြီးနွားပေါက်လေးကိုရော
ဦးတင်လေးကိုပါ သတ်သွားတာပေါ့ကွာ”
“ဒါဆိုရင်ဒီသရဲက လူသတ်တဲ့
အဆင့်ထိကိုရောက်လာနေပြီပဲ။
ဒါမျိုးကိုအချိန်ဆွဲနေလို့ မဖြစ်ပေဘူး
အမြန်ဆုံးနှင်ထုတ်မှဖြစ်မယ်”
“အားကိုးပါတယ်ဆရာရယ်
ကျုပ်တို့ကိုကူညီပေးလို့ ကျေးဇူးတင်ပါ
တယ်ဗျာ”
“ရပါတယ် ဆရာအားလုံးကူညီပါ့မယ်
ဒီကနေ့ ညတွင်းချင်းပဲ ဒီရွာကနေ
အဲ့ဒီသရဲကိုနှင်ပေးပါ့မယ်”
=============
ဆရာခန့်သာလည်း ရွာလူကြီးအိမ်
ရောက်သည်နှင့်ဘုရားခန်းတွင်
တရားထိုင်ခြင်း၊ပုတီးစိပ်ခြင်း၊မေတ္တာပို့
အမျှဝေခြင်းများပြုလုပ်ပြီး
အထက်ပုဂ္ဂိုလ်များအားတိုင်တည်
လိုက်သည်။
ညနေစောင်းတော့ ဆရာခန့်သာ
တစ်ယောက်ရွာအပြင်ကို တစ်ယောက်
တည်းထွက်လာခဲ့သည်။
သရဲကြီးနေသည်ဟု ပြောကြသည့်
ညောင်ပင်ကြီးအောက်သို့ ရောက်လာခဲ့
သည်။
“အင်း…ဒင်းနဲ့ငါ ညတော့တွေ့ကြပြီပေါ့ကွာ”
ဆရာခန့်သာလည်း ချာကနဲ
လှည့်ပြီးရွာထဲပြန်ဝင်လာခဲ့သည်။
“ရွာလူကြီး ရွာသားတွေအားလုံးကို
အသိပေးထားပါ၊ညနေနေဝင်တာနဲ့
ဘယ်သူမှအိမ်ထဲကအိမ်အပြင်မထွက်ဖို့နဲ့ ဘာသံကြားကြား ထွက်မကြည့်ဖို့
ပြောပေးပါ”
“စိတ်ချပါဆရာ ရွာထဲက
လူတွေကိုသတိပေးဖို့ လူလွှတ်ပြီး
သတိပေးခိုင်းလိုက်ပါ့မယ်”
“ကောင်းပါပြီ”
ဆရာခန့်သာလည်း နေဝင်သည့်
အချိန်ထိစောင့်ဆိုင်းနေလိုက်သည်။
တစ်ရွာလုံးလည်းအပ်ကျသံပင်
ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပေသည်။
“ကဲ အချိန်ကျပြီ ဆရာသွားတော့မယ်”
“ဂရုစိုက်ပါဆရာ”
“ကျုပ်အတွက်မပူပါနဲ့ ရွာလူကြီး
ကိုယ့်အတွက်ကိုသာဂရုစိုက်ပါ”
“ဟုတ်ကဲ့ဆရာ”
ဆရာခန့်သာလည်း ရွာထဲမှ
တစ်ယောက်တည်းထွက်လာခဲ့သည်။
အိမ်တွေထဲမှရွာခံများက တံခါးပေါက်များကြားထဲမှ ဆရာခန့်သာအား ခိုးပြီးကြည့်နေကြသည်။
ရွာသားများလည်းဖြစ်လာမည့်
အခြေအနေကိုစိုးရိမ်ပူပန်နေကြရသည်။
=============
ဆရာခန့်သာ ရွာအပြင်က
ညောင်ပင်ကြီးအောက်သို့ ရောက်လာခဲ့
သည်။
“ညောင်ပင်ပေါ်ကကောင်
အခုဆင်းလာခဲ့စမ်း ငါဆရာအမိန့်”
ဆရာခန့်သာက ညောင်ပင်ကြီးကို
လက်ညိုးဖြင့်ထိုးပြီးအမိန့် ပြန်လိုက်
ခြင်းဖြစ်သည်။
ဆရာခန့်သာ၏အမိန့်သံဆုံးသွားသည်နှင့်
ညောင်ပင်ကြီးပေါ်မှသရဲကြီးလည်း
ဇောက်ထိုးကြီးဆင်းလာသည်။
“ဘုံး”
“အီး ဟီးဟီး
“မင်းဘာကြောင့်ဒီနေရာကို
ရောက်လာတာလဲ၊
အခုချက်ချင်းဒီရွာကအမြန်ဆုံး
ထွက်သွားဖို့ ငါမင်းကို အမိန့်ပေးတယ်”
“ဟား ဟား ဟား ဟား”
ဆရာခန့်သာ၏စကားကို
သရဲကြီးကပမာမခန့် ဖြင့်ရယ်မောနေ
သည်။
“ငါ့နာမည် မည်းကြီး ငါ့အသက်ကနှစ်ပေါင်းရာချီနေပြီ
မင်းလိုဆရာအသေးအမွှားလေးလောက်
ကတော့ ငါရယ်တောင်ရယ်ချင်တယ်ကွ။
ငါ့ကိုဒီရွာကအမြန်ဆုံးထွက်စေချင်ရင်
ငါ့ကိုနိုင်အောင်တိုက်လေ”
“ကောင်းပြီ အသာတကြည်
ပြောမရတော့လည်း ငါ့အဆိုးမဆိုနဲ့ပေါ့ကွာ”
“ကဲ ဒါဘာလည်းကြည့်စမ်း”
ဆရာခန့်သာကသရဲကြီးမြင်အောင်
လက်ထဲမှအရုပ်အားပြလိုက်သည်။
ဆရာခန့်သာ၏လက်ထဲမှ
ရွှေဆေးဖြင့်သုတ်လိမ်းထားသော
၄လက်မခန့်ရုပ်တုလေးကို
မြင်တော့သရဲကြီးလည်း တုန်လှုပ်သွားလေသည်။
“ဘယ်လိုလဲ ဝိရူဠကနတ်မင်း
ကြီးကိုတော့မကြောက်ပဲနေလို့
မရဘူးမလား။
မင်းသတ္တိရှိရင်ရှေ့ကိုတိုးခဲ့မလား
ဒါမှမဟုတ်ငါအမိန့်ကိုနာခံမလား”
“ဆရာ့အမိန့်ကိုနာခံပါတော့မယ်”
သရဲကြီးကမြေကြီးပေါ်ဒူးထောက်
ထိုင်ပြီးဆရာခန့်သာလက်ထဲမှဝိရုဠက
နတ်မင်းရုပ်တုအား စိုက်ပြီးကြည့်
နေသည်။
“ကောင်းပြီ ငါတစ်ခုမေးမယ် မင်းဒီနေရာကို
ဘာကြောင့်ရောက်လာရတာလဲ”
“ငါအရင်တုန်းက သင်္ချိုင်းထဲမှာ
နေလာတာကြာပါပြီ။
နောက်တော့မင်းမိန့်ကြောင့် ငါတို့တွေ
နေရာသစ်ကိုပြောင်းရွှေ့ ကြရတယ်၊ငါကသူတို့တွေနဲ့ အတူမနေချင်တော့တာကြောင့်
ငါတို့ကိုအုပ်ချုပ်တဲ့သူ ခေါင်းဆောင်
မသိခင်ထွက်ပြေးလာတာပါ”
“ဒါဖြင့်ရင် မင်းကနယ်ကျွံပြီး
ရောက်လာတဲ့သရဲပေါ့”
“ဟုတ်ပါတယ်ဆရာ”
“ကောင်းပြီ အခုချိန်ကနေစပြီး
မင်းဒီရွာမှာနေခွင့််ရှိတော့ဘူး။
ဒီရွာနဲ့ဝေးရာကိုမင်းအပြီးတိုင်
ထွက်သွားပေးရမယ် နောက်နောင်ကိုလည်း ဒီရွာကို ပြန်လာစရာမလိုဘူး။
အကယ်၍ပြောသလိူမရဘူးဆိုရင်
မင်းကိုအုပ်ချုပ်တဲ့ ဆိုင်ရာပိုင်ရာတွေကို
ဆရာပြေရလိမ့်မယ်”
“ကြားပါတယ် ဆရာ
ဆိုင်ရာပိုင်ရာတွေကိုတော့ မတိုင်ပါနဲ့
ငါ့ကိုသူတို့တွေ ပြစ်ဒဏ်ပေးကြလိမ့်မယ်”
“ကောင်းပြီ မင်းသွားလိုရာသွားနိုင်ပြီ
လမ်းခရီးတစ်လျှောက်လုံးမှာလည်း
ဘယ်သူ့ကိုမှခြောက်လှန့် ခြင်းမပြုစေရ
ငါဆရာအမိန့် ”
ဆရာခန့်သာ၏ အမိန့်သံဆုံးသည်နှင့်
နယ်ကျွံလာသည့်သရဲကြီးလည်း
ခေါင်းငိုက်စိုက်ချကာထွက်သွားတော့
သည်။
ဆရာခန့်သာလည်းကိစ္စအားလုံး
ရှင်းလင်းပြီမို့ ရွာထဲပြန်ဝင်လာခဲ့သည်။
“ဆရာပြန်လာပြီဟေ့”
ရွာသားများတစ်ယောက်ပြီး
တစ်ယောက်ဆရာခန့်သာနေသည့်
ရွာလူကြီးအိမ်သို့ ရောက်လာကြပြီး
ဖြစ်ပျက်ခဲ့သမျှအားလုံးကို
မေးမြန်းကြသည်။
ဆရာခန့်သာကလည်း သူနဲ့သရဲကြီး
ဘယ်လိုဘယ်ပုံဖြစ်ခဲ့တယ်ဆိုတာကို
ရွာသားများအား အစအဆုံး ပြန်ပြော
ပြလိုက်တော့သည်။
ဆရာခန့်သာ၏ ကျေးဇူးကြောင့်
တစ်ရွာလုံးလည်း သရဲကြီးရန်မှ
ဘေးကင်းသွားခဲ့ကြသည်။
ဆရာခန့်သာလည်းရွာမှာ
တစ်ရက်အိပ်ပြီးမှနေထိုင်ရာမြို့ သို့
ပြန်လာခဲ့တော့သည်။
ပြီးပါပြီ………
ရေးသားသူ-အောင်ဓူဝံ