Unicode Version
လူစားလဲတဲ့ည(စ/ဆုံး)
————————–
“ကဲ… ကဲ…. လိုအပ်တဲ့ပစ္စည်းတွေကို သေချာလေးစစ်ကြဦးနော်၊ ကျန်ခဲ့ရင် ပြန်လာယူဖို့မလွယ်ဘူး ….ခရီးကအရမ်းဝေးတယ်”
ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ယောက်ဖြစ်တဲ့ ကိုထွန်းက အသိပေးပြောဆိုလိုက်ခြင်းပင်။
အရင်နေ့တွေကတော့ အလုပ်ရုံ၌ပင်
အဆောက်အဦးအတွက်လိုအပ်သော ဖြုတ်တပ်လို့ရတဲ့ နတ်တိုက် အမိုးဒိုင်းအရှင်များကို ဖြတ်တောက်သူက ဖြတ်၊ ဂဟေတို့ ဝရိန်ဆော်သူက ဆော်၊ အပေါက်ဖောက်သူက ဖောက် စသည်ဖြင့် အသီးသီး လုပ်ကိုင်ကြသည်ဖြစ်ရာ ဒီနေ့မှာတော့ထုတ်လုပ်ရေးပြီးဆုံးသွားတာကြောင့် တပ်ဆင်ရေးအတွက် ခရီးထွက်ကြရမည်ဖြစ်၏။
ဟွန်ဒိုင်း ဘယ်မောင်း (၁၂) ဘီး ကားပေါ်သို့ အမိုးဒိုင်း ပေ (၁၅၀) စာအတွက် လိုအပ်တဲ့ပစ္စည်းတွေ ပြည့်နေအောင်တင်ဆောင်ပြီးနောက် အလုပ်သမားများလည်း မိမိတို့ အဝတ်အစားများကိုထုပ်ပိုးကာ ကားပေါ်ပစ်တင်လိုက်ကြသည်။
“အကုန်စုံရင် နေမမြင့်ခင် ထွက်ကြမယ်ဟေ့…. ကားဆရာရော….ကားဆရာ”
“လာပြီ… လာပြီ… ဒီမှာ ကွမ်းဝယ်နေလို့”
ပြောပြောဆိုဆိုပင် ပါးစပ်အပြည့် ကွမ်း ၂ ယာ၊ ၃ ယာလောက် ပစ်ထည့်ဝါးကာ ကားပေါ်တက်၊ စက်နှိုးပြီး ထိုခရီးစဉ်ကို စတင်လိုက်ပါတော့သည်။ ကားဆရာဘေးမှာ လမ်းကြောင်းသိသူ ဝရိန်ဆရာတစ်ဦး လိုက်ပါလာပြီး၊ ကားဘော်ဒီထဲက ပစ္စည်းပုံတွေပေါ်မှာတော့ ကျန် (၆)ယောက် လိုက်ပါလာ၏။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ အရေးပါရာ နေရာတစ်ခုဖြစ်တဲ့ အေးသာယာစက်မှုဇုန်မှ နံနက် (၈) နာရီဝန်းကျင်လောက်က စတင်ထွက်လာခဲ့ရာ အောင်သပြေ၊ ရွှေညောင်တို့ကို ဖြတ်ကျော်လာပြီး တောင်လေးလုံးမြို့နယ်အဆုံး တဖြစ်လဲ ကလောမြို့အစရှိ တီကောင်တောင်ကိုရောက်တော့ ၉နာရီ မတ်တင်း။ လာရာလမ်းတလျှောက်ကတော့ မြေပြန့်သာသာလမ်း ဆိုပေမယ့် သည်နေရာကနေစပြီး တောင်ပေါ်လမ်းကို စတက်ရတော့သည်။
ကားဆရာအနေနဲ့ ထိုအလုပ်သမားများကို ပို့ဆောင်ပြီး ပြန်လာရမှာမို့ မြန်မြန်ဆန်ဆန် မောင်းချင်ပေမယ့် တဖြည်းဖြည်း မတ်လာသော ကားလမ်းဖြစ်တာကတစ်ကြောင်း၊ ကားပေါ်တင်လာတဲ့ ပစ္စည်းဝိတ် များတာက တစ်ကြောင်း၊ တော်ကြာ ဘယ်ကွေ့၊ တော်ကြာ ညာကွေ့ဖြင့် အကွေ့အကောက်များတာကတစ်ကြောင်း စသည်တို့ကြောင့် ဖြည်းဖြည်းမှန်မှန်သာ မောင်းနေရသည်။
ထို့အတူ ကားအနောက်ဘော်ဒီထဲမှာ လူ (၆)ယောက်ပါလာတယ် ဆိုသော်လည်း၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုနေခြင်း အလျဉ်းမရှိ။ တောင်ပေါ်တက်လာတာကြောင့် အပေါ်စီးမှမြင်နေရတဲ့ လွမ်းမောစရာ တောင်တန်းများ၊ ညီညာလှပနေသော လယ်ကွင်းများ၊ အရောင်စုံလှသည့် တိမ်တိုက်များကိုသာ ငေးကြည့်ရင်း လိုက်ပါလာကြခြင်းတည်း။
လမ်း၌ ဘဝသံသရာတံတားကို ရောက်ချိန်မှာတော့ တောင်ကြီးသားတစ်ယောက်က သူ့လုပ်ဖော်ကိုင်ဖက် အညာသားတစ်ယောက်ကို ဆရာကြီးလုပ်လိုက်သေး၏။
” ကိုညာ သိလား…. ဒီဘဝသံသရာတံတားကြီးကို ကိုလိုနီခေတ် ၁၉၂၇ ခုနှစ်မှာတည်ဆောက်ခဲ့တာလေ… မိတ္ထီလာ သာစည်နဲ့ ကျွန်တော်တို့ ဖြတ်လာတဲ့ရွှေညောင်ကို ဆက်သွယ်ပေးထားတဲ့ မီးရထားလမ်းအဖြစ် ဒီနေ့ထိအသုံးပြုလို့ရသေးတယ်”
“ဟုတ်လား ကိုစိုင်းရ… ဒါဆို ဒီတံတားသက်တမ်းက နှစ်(၁၀၀) နီးပါးတောင် ရှိနေပြီပေါ့…. တော်တော်ခိုင်ခံ့တာပဲနော်”
“ဟုတ်တယ်… တံတားအရှည် ပေ (၂၀၀)နဲ့ အမြင့် (၆၄) ပေရှိလို့ တော်တော်ရှည်ပြီးမြင့်တယ်လို့ဆိုရမယ်…တောင်နှစ်လုံးကြားက လျှိုကြီးပေါ်မှာဆောက်ထားတာမို့ တံတားပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင် အသည်းတယားယား …ပြီးတော့ ဘေးမှာ အကာအရံတွေဘာတွေမပါပဲ မီးရထားလမ်းတစ်ခုတည်း ထီးတည်းကြီး ရှိတာဆိုတော့ ပိုတောင်ဆိုးသေးတယ်…. ”
“ဒါတောင် ဒီတံတားပေါ်တက်ပြီး ဓာတ်ပုံရိုက်နေတဲ့သူတွေ ရှိသေးတယ်နော်… ”
“အဲ့အနားမှာ အစောင့်ရှိတယ်လေ… ရထားအသွားအလာလည်းရှိနေသေးတာမို့ သူက တက်ခွင့်ပေးမှ တက်ရတယ် ”
ကိုစိုင်းပြောတာကို နားထောင်ရင်း ဘဝသံသရာတံတားကြီးကိုငေးကြည့်ကာ ခရီးဆက်လက်ထွက်ခွာလာခဲ့ကြသည်။ ဒီနေရာဒီဒေသမှာနေတဲ့သူအဖို့ကတော့ ထိုမျှလောက်မထူးဆန်းတော့ပေမယ့် တနယ်ရပ်ခြားက ကိုညာအတွက်တော့ အထူးအဆန်းပင်။
ထိုနေရာမှလွန်သော်….
တစ်ဖက်တစ်ချပ်စီ၌ ထင်းရှူးပင်တွေစီတန်းနေတဲ့ ကားလမ်းမကြီးအတိုင်း
အချိန်အတော်ကြာ မောင်းနှင်လာပြီးနောက် ကလောမြို့ကိုကျော်ကာ အောင်ပန်းမြို့ထဲရောက်သည်။ ထိုမှတဆင့် မြသပိတ် ရေပြာအိုင်၊ မိန်းမရဲတောင် စသည်တို့ဖြင့် နာမည်ကြီးသော ပင်းတယမြို့ထဲသို့ ချိုးကွေ့ကာ ခရီးဆက်ကြရသည်။
ပစ္စည်းအပြည့် တင်ဆောင်လာသော ထိုကားကြီးမှာ တောင်တန်းတွေကြားက ဖြတ်မောင်းလိုက်လျှင် တောရိုင်းပန်းလေးတို့ရဲ့အလှအပနဲ့အတူ လေနုလေအေးလေးတို့ရဲ့ ထိတွေ့မှုကို ခံစားရသလို၊ လယ်ကွင်းတွေကြားက ဖြတ်လိုက်လျှင်လည်း ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ပြောင်းဖူး စသည်ဖြင့် သဘာဝလတ်လတ်ဆတ်ဆတ် အသီးအနှံဖွံ့ဖွံ့ထွားထွားကြီးတွေကို မြင်တွေ့နေရတာကြောင့် ကားပေါ်မှဆင်းပြီး ခူးစားချင်စိတ်ကိုတောင် မနည်းထိန်းထားရပေမည်။ မြေဆီလွှာထိန်းသိမ်းသည့်အနေဖြင့် စိုက်ပျိုးထားသော လှေကားထစ်စိုက်ခင်းများမှာလည်း ညီညာလှပကာ အရောင်အသွေး စုံလင်နေတော့၏။
“ကိုစိုင်း …ဒီပင်းတယမှာ မိန်းမဝဲတောင်ဆိုတာ ဘယ်နားမှာလဲ”
ထိုစဉ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က…
“မိန်းမရဲတောင်ပါ…. ကိုညာရယ် …ဘယ့်နှယ့် မိန်းမဝဲတောင်တုန်း” ဟု ခပ်သဲ့သဲ့ ပြောလိုက်သည်။ ထိုစဉ် ကိုစိုင်းက
“ကိုညာပြောတာလည်း မမှားပါဘူး …ဟိုးအရင်ကတော့ မိန်းမဝဲတောင်လို့ ခေါ်ကြသတဲ့ … တို့အခုသွားတဲ့လမ်းမှာတော့ အဲ့ဒီ့တောင်ကို တွေ့ရမှာမဟုတ်ဘူးရယ် …ဘာလို့ဆို အခုလမ်းက ပင်းတယကနေ ဟဲဟိုးသွားတဲ့ ဖြတ်လမ်းကနေ သွားနေတာမို့လေ”
“ဪ… ဒါဖြင့်ရင်လည်း ကျုပ်ကို အဲ့ဒီ့မိန်းမဝဲတောင်အကြောင်း ကြားဖူးတယ်ရှိအောင် ပြောပြပါလား… ”
“ပြောပြမယ်… ကျွန်တော်လည်း ပျင်းနေတာနဲ့အတော်ပဲ… ဟဲ ဟဲ ”
“တစ်ချိန်တုန်းက … ဘုရင့်သမီးတော်တစ်ပါးဖြစ်တဲ့ နန်းဧကရီလေးက ကျေးတောသား လုလင်တစ်ယောက်နဲ့ ဖူးစာပါလာပြီး ချစ်ကြိုက်သွားသတဲ့.. (တချို့ကလည်း မြို့စားကြီးသမီး) လို့ ပြောကြတယ်…
တစ်နေ့ ….ဒီအဖြစ်အပျက်ကို ဘုရင်ကြီးသိသွားတဲ့အခါ အမျက်ဒေါသထွက်ပြီး သမီးတော်လေးကို တစ်ခြားမင်းဆွေမင်းမျိုးတစ်ဦးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ် …
ဒီသတင်းကြားကြားချင်းပဲ မင်းသမီးလေးက ကျေးတောသား လုလင်နဲ့ အတူ အားလုံးနဲ့ ဝေးရာကိုထွက်ပြေးကြတာပေါ့။ သူတို့ နှစ်ဦး ထွက်ပြေးလာကြရင်း အခု မိန်းမရဲတောင်လို့ ခေါ်ကြတဲ့ တောင်ရဲ့အရှေ့ဘက် ရွာတစ်ရွာ ကို ဖြတ်သွားပြီးတော့ ကင်းခွန်ပေးရမယ့်နေရာကို ရောက်လာပါရော။ လက်ထဲမှာ ကင်းခွန်ပေးစရာမရှိတဲ့အတွက် ကျေးတောသားလုလင်ဟာ … ရာဇဝတ်ဘေးကို တွေးကြောက်မိပြီး ကင်းခွန်အတွက် သူသွားရှာမယ်….နောက်မှ ပြန်လာခေါ်မယ်လို့ ကတိပေးပြီး ထွက်သွားခဲ့တယ် …ဒီလိုနဲ့
နန်းဧကရီ လေးဟာ တောင်ပေါ်မှာ ရက်တွေအကြာကြီး စောင့်နေခဲ့ပေမယ့် ကျေးတောသားလုလင်ကတော့ ပြန်ရောက်မလာခဲ့ပါဘူး …နန်းဧကရီလေးဟာ သစ္စာမရှိတဲ့ ကျေးတောသား လုလင် ကို စိတ်နာတာရယ် တစ်ခြားသူတစ်ဦးကိုလည်း လက်မထပ်ချင်တာရယ်ကြောင့် အသက်သာအသေခံလိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး တောင်ထိပ်ကနေ တောင်အောက်ကို ခုန်ချပြီးမိမိကိုယ်ကို အဆုံးစီရင်ခဲ့တယ်…..
ဒီလိုနဲ့ပဲ ဒဏ္ဍာရီအရဆိုရင် နန်းဧကရီဟာ ဒီတောင်ကိုစောင့်တဲ့ သခင်မဖြစ်လာခဲ့တယ်… ကိုယ်ရွေးချယ်တဲ့လမ်းကို ရဲရဲကြီးလျှောက်ခဲ့ပြီး သေရဲတဲ့မိန်းကလေး၊ ရဲရင့်တဲ့မိန်းကလေးမို့ မိန်းမရဲလို့ခေါ်ကြပြီး ဒီတောင်ကိုလည်း မိန်းမရဲသခင်မတောင်လို့ခေါ်ကြတာပေါ့ဗျာ….
တချို့ကလည်း တောင်ထိပ်က နေ ရေဝဲထဲ ကို ခုန်ချပြီး အဆုံးစီရင်တာကြောင့် မိန်းမဝဲတောင်လို့ ယခင်က ခေါ်ကြတယ်လို့လည်း ပြောကြသေးတယ်”
ကိုစိုင်းပြောသမျှကို ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ငြိမ်ကာနားထောင်လိုက်ရတဲ့ ကိုညာကတော့ သူသိချင်တာကို သိခွင့်ရလိုက်ရတဲ့အတွက် ကျေနပ်သွားတဲ့မျက်နှာထားမျိုးဖြစ်နေတော့၏။
စောစောကတော့ စကားသံမဝဲတဝဲနဲ့ ဒဏ္ဍာရီလာအချို့ကိုပြောပြနေတဲ့ ကိုစိုင်းရဲ့အသံက အဆက်မပြတ်ထွက်ပေါ်နေသော်လည်း ယခုအခါမှာတော့ ယခင်ကလို တိတ်ဆိတ်သွားပြန်သည်။ ကုန်ကားကလည်း တအိအိနဲ့မောင်နှင်လာလိုက်တာ အချိန်အတော်ကြာလို့ ခရီးလည်းအတော်ပေါက်နေလေပြီ။ တစ်နေရာရောက်ပြန်တော့..
“ကိုစိုင်း…. ဟိုးဘက်မှာမြင်နေရတဲ့ဟာကရော…. ”
လက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ ပင်းတယလှိုဏ်ဂူကို တွေ့ရသည်။
“အဲ့တာ နာမည်ကြီး ပင်းတယလှိုဏ်ဂူပေါ့ ကိုညာရ ….အခုမြင်နေရတာက အနောက်ဘက်အခြမ်း …အရှေ့ဘက်မှာတော့ အထင်ကရအနေနဲ့ ပင့်ကူရုပ်ကြီးတစ်ခုရှိတယ် …အဲ့ဒီ့ပင့်ကူရုပ်ကလည်း ရာဇဝင်နဲ့”
“ဟုတ်လား လုပ်ပါဦး အဲ့တာဆို… အဲ့ဒီ့ ပင့်ကူအကြောင်းလေး”
“အင်း… ပြောပြမယ်… တစ်ရံသောအခါက နဂါးပတ်တောင်မှာ သီတင်းသုံးနေတဲ့ရသေ့ကြီး နဲ့ မနီးမဝေးမှာ နဂါးတစ်ကောင်ကလည်း ဂဠုန်ရန်ကို မကြောက်ပဲ ရဲဝံ့စွာနေလေတယ် …. တစ်နေ့ ဂဠုန်မင်းက နဂါးကို ထိုးသုတ်သော်လည်း မရ ၊ ခါးမှ မချီလည်း မနိုင် ၊ အကြိမ်ကြိမ် ကြိုးစားသော်လည်း အချည်းအနှီးသာဖြစ်နေတာကြောင့် လူယောင်ဖန်ဆင်းပြီး ရသေ့ကြီးထံ လျှောက်တင်လိုက်တယ်…
ရသေ့ကြီးလည်း ဂဠုန်မင်း၏ ပရိယာယ် ကို မရိပ်မိပဲ … “အမောင်လုလင် ထိုနဂါးသည် ပတ္တမြား မျက်ရှင်ကို ငုံထားသောကြောင့် ဖြစ်သည်။ နဂါး၏ အမြှီးဖျားမှ မချီကာ ပတ္တမြား မျက်ရှင်ကို ထွက်အောင် ခါရမ်းမှသာလျှင် နဂါးကို ရနိုင်ပေမည်” ဟု မိန့်တော် မူလိုက်တယ်…. ဂဠုန်မင်း လည်း နဂါးကို အမြှီးဖျားကနေ ထိုးသုတ်ပြီး ပတ္တမြားကို ထွက်ကျလာအောင်လုပ်တော့မှ အောင်နိုင်သွားတော့တယ်…
အဲ့ဒီ့အချိန် လေး၊ မြှားတို့ လွယ်ပြီးခရီးထွက်လာတဲ့ ကုမ္မာဘယ မင်းသားကို မြင်လိုက်တဲ့အခါ .. နဂါးမင်းလည်း ကယ်ပါယူပါဆိုပြီး အကူအညီတောင်းခံလိုက်တယ် …. ကုမ္မာဘယ မင်းသားလည်း ဂဠုန်မင်း ကို လေးနှင့် ပစ်ခွင်းလိုက်တဲ့အခါ ဂဠုန်မင်းက “ ငါဖမ်းရသော နဂါးကို စားအံ့ဆဲဆဲအချိန်တွင် သင့်လက်ချက်ကြောင့် သေရတော့မယ်။နောင်ဘဝတွင် ကြီးစွာသောခန္ဓာကိုယ် ကိုရရှိပြီး သင်၏ သွားရာလမ်းတွင် ရန်မူနိုင်ပါစေသတည်း”ဆိုပြီး ကျိန်ဆိုလိုက်သတဲ့…
အဲ့ဒီ့နောက် ဂဠုန်မင်း ထိုဘ၀ မှ စုတေသော် … အနောက်ဘက် ဥမင်သုံးခုတို့ရဲ့ အလယ်မှာပင့်ကူကြီး ဖြစ်တော့တယ် …
တစ်နေ့ ကုမ္မာဘယ မင်းသားက တ်က်ုယ်တည်း တောကစားထွက်ရင်း မနီးမဝေး ဥမင်အတွင်း မှ နတ်သမီး ခုနှစ်ဖော်တို့၏ အော်သံကိုကြားလိုက်ရတယ် … မင်းသားလည်း အသံကြားရာအတိုင်း အလျင်အမြန်ပြေးသွားသော အခါ နွားချည်ကြီုးပမာဏလောက်ရှိတဲ့ ပင့်ကူအမျှင်တွေနဲ့ ဖမ်းဆီးခံထားရသော နတ်သမီးခုနှစ်ဖော်တို့ကို တွေ့လိုက်ရတယ်….
နဂိုကတည်းက အများသူငါ ဒုက္ခရောက်တာကိုကြည့်မနေတတ်တဲ့ မင်းသားလည်း နတ်သမီးခုနှစ်ဖော်ကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်တော့တယ်…
ပြီးတော့ “ယခုပင့်ကူမျှင်များကို ဖြတ်နေတုန်း ပင့်ကူကြီး ရောက်လာနိုင်တယ်… ရန်သူကို အရင်ရှာမှ ဖြစ်မယ်” ဆိုပြီး မြောက်ဘက်ကို သွားရင်း ပင့်ကူကြီးနဲ့ထိပ်တိုက်တွေ့လိုက်ရပါလေရော …
ပင့်ကူကြီးလည်း မင်းသားကိုမြင်တဲ့အခါ ဂဠုန်မင်း ဘဝတုန်းက ရန်ငြိုးထားခဲ့သူဖြစ်ပြီး ဒေါသထွက်ကာ အစွမ်းရှိသမျှ တိုက်ခိုက်ကြတော့တာပေါ့ …နောက်ဆုံးမှာ မင်းသားက မြှားတစ်စင်းနဲ့ ပင့်ကူကြီးအား ပစ်ပြီး အောင်နိုင်တဲ့ အခါ “ပင့်ကူရ ပြီ၊ ပင့်ကူရပြီ” ဆိုပြီး လက်ခမောင်းခတ် ကြွေးကြော်လိုက်တာကြောင့် ထိုနေရာကို “ပင့်ကူရ” ဟု ခေါ်ဆိုပြီး နောင်ကြာလာသောအခါ… “ပင်းတယ” ဆိုတဲ့ အမည်တွင်လာခဲ့တော့တယ်”
ကိုစိုင်းပြောသမျှကို ကားပေါ်ကလူတွေ ငြိမ်ပြီးနားထောင်လာလိုက်တာ ပုန်းတလုတ်ရေကန်ဆီကိုတောင် ရောက်လာလေပြီ။ ထိုနားက ဈေးဆိုင်ကြီးတစ်ဆိုင်ရောက်ကာမှ ကားဆရာလည်း ကားရပ်ကာ အညောင်းအကြောဖြေရင်း လိုအပ်သည်များကို ဝယ်ယူကြပြီးမှ ခရီးဆက်ကြ၏။ ပုန်းတလုတ်ရေကန်အနားမှာ ခရီးတထောက် နားလက်စနဲ့ ဒီကန်ကြီးရဲ့ သမိုင်းကြောင်းကိုပါ ပြောပြချင်စိတ်ဖြစ်လာတာကြောင့် ကိုစိုင်းကပင် စကားစသည်။
“ဒီပုန်းတလုတ်ရေကန်ကြီးကလည်း ရာဇဝင်နဲ့ဗျ”
ကိုစိုင်း စလိုက်သည်နှင့် ကျန်သူများက ညှိစရာမလိုပဲ နားထောင်ရန် အသင့်အနေအထားဖြစ်သွားတော့၏။
“ရှေးတုန်းက ပင်းတယဟာ သားရဲတရိစ္ဆာန် တွေ ကျက်စားကြတဲ့ တောကြီးတစ်ခုဖြစ်တယ် …တစ်နေ့မှာ ရေရှားပါးတဲ့ ပြဿနာ တစ်ခုဖြစ်လာတော့ သတ္တဝါတွေ သေကြေပျက်စီးကြတာကို နဂါးမင်းက မကြည့်ရက်နိုင်တဲ့အတွက် ပင်လယ်သမုဒ္ဒရာထဲက ရေတွေကို ခံတွင်းထဲငုံပြီး ယခု ပုန်းတလုတ် ရေကန် မှာ သွန်ချလိုက်ပြီး ရေကန်ကို မဖျက်စီးအောင် အဓိဌာန်ပြုခဲ့ပါသေးတယ်
“ငါသည် ပုန်းတလုတ်ရေကန်အား သတ္တဝါတွေ ချမ်းသာစွာနေထိုင်ရေး အတွက် အလွန်ဝေးသော အရပ်ဒေသမှ ပင်လယ် သမုဒ္ဒရာ ရေကို ငါ၏ နှုတ်တော်ဖြင့် သယ်ဆောင်၍ ရေကန်အဖြစ် ဖန်ဆင်းပေးခဲ့ပါသည်။ ထိုမှန်သော သစ္စာစကားကြောင့် ဒီရေကန်တွင် ငါးဖမ်းခြင်း ၊ လှေလှော်ခြင်း ၊ ဖောင်စီးခြင်း ၊ တံတားထိုးခြင်းများ ပြုလုပ်ပါက ရေများ ခန်းခြောက်ပါစေ”
ဒီလိုအဓိဌာန် ပြုခဲ့သောကြောင့် နဂါးအဓိဌာန်ပြုသောကန်မို့ နာဂဓိဌာန် ပုန်းတလုတ် ရေကန်ဆိုပြီး ခေါ်ဆိုခဲ့ကြတာ… ယခင်ကဆို နတ်သမီးတွေတောင် ရေဆင်းချိုးကြသေးတယ်တဲ့”
“ဟာ… မိုးရွာလာပြီ….ပစ္စည်းတွေ လုံအောင်ဖုံးကြဦးဟေ့”
ကားပေါ်ပါလာတဲ့လူတစ်ဦးရဲ့ စကားသံနှင့်အတူ ဒီအတိုင်းပစ်တင်လာတဲ့ အိပ်ယာလိပ်၊ အဝတ်စားထုပ်တို့ကို မိုးလုံအောင်ဖုံးဖိလိုက်တော့သည်။ ထိုအခါ ကိုစိုင်းပြောလက်စ စကားပြတ်သွားတာကြောင့် အချို့က အားမလိုအားမရတောင် ဖြစ်မိသွားသေးသည်။မတ်စောက်သော တောင်တက်လမ်းပေါ်မောင်းနေရတာကြောင့် ကားမှာချက်ချင်းရပ်လို့အဆင်မပြေသေးပဲ ခဏမှေးမောင်းလာပြီး လမ်းသာတဲ့နေရာရောက်မှ ကားကိုရပ်လိုက်၏။
“အနောက်မှာ အဆင်ရောပြေကြလားဟေ့…. မိုခိုကြဦးမလား”
“ခိုမနေတော့ပါဘူးဗျာ… မိုးစိုလို့မရတဲ့ပစ္စည်းတွေကိုတော့ မိုးကာစကြီးနဲ့ ဖုံးထားတယ်… ”
“ရတယ်… ဒီတိုင်းသာ ဆက်မောင်းတော့ဗျို့”
“ဟုတ်ပြီ၊ ဟုတ်ပြီ…”
သို့နှင့် ကားဆရာက ဆက်လက်မောင်းနှင်လာရာ မကြာမီ မဲနယ်တောင်ဒေသကိုရောက်၏။ တောက်လျောက်က မတ်စောက်သောတောင်ပေါ်လမ်းတွေသာချည်း ဖြစ်တာမို့ ကာနောက်လိုက်လာသူများမှာ ပစ္စည်းတွေနဲ့ အောက်လျှောမကျအောင် မနည်းထိန်းနေရသေးသည်။ တောင်ပေါ်ရောက်လာလေ… ပိုမိုအေးချမ်းလာလေဖြစ်သလို မိုးကလည်း သည်းသည်းမဲမဲရွာတာမျိုးမဟုတ်ပဲ ရွာတယ်ဆိုရုံလောက်သာကျနေတာကြောင့် ချမ်းစိမ့်နေတော့၏။
ညနေ ၅ နာရီလောက်ရောက်တော့ မဲနယ်တောင်ထိပ်ပေါ်က ကျေးရွာလေးဆီရောက်လာပြီး သုံးရွာပေါင်း တစ်ခုတည်ထားတဲ့ စာသင်ကျောင်းထဲသို့ ကားကိုမောင်းဝင်လာလိုက်သည်။ ကျောင်းထဲဝင်လိုက်တာနဲ့ ဆောက်ပြီးသား အဆေက်အဦးတွေရဲ့အနီးမှာ အမိုးမပါ ဘာမပါနဲ့ ဆောက်လက်စအဆေက်အဦးတစ်ခုရှိနေတာကြောင့် ထိုအတွက်အမိုးဒိုင်းတင်ပြီး သွပ်မိုးပေးရမည်ကို အားလုံးသိနေကြ၏။
ညနေသာ ဆိုရတယ်… နေရောင်ကောင်းကောင်းမမြင်တော့။ အုံ့မှိုင်းမှိုင်းသာ ဖြစ်နေ၏။ မကြာမီကျောင်းအုပ်ကြီးတစ်ယောက်ရောက်လာပြီး စကားစမြည်ပြောကာမှ ဒီနေရာဒီဒေသမှာ မိုးလင်းကမိုးချုပ်ထိ နေရောင်ကောင်းကောင်းမမြင်ရပဲ၊ ယခုလိုအုံ့မှိုင်းမှိုင်းသာဖြစ်နေသည်ကို ကြားသိလိုက်ရသည်။ သို့ဖြင့် ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကိုချပြီးနောက် ကားဆရာမှာလည်း ထိုနေရာမှအမြန်မောင်းထွက်သွားသည်။ သူလည်းမိုးမချုပ်ခင် အမြန်ပြန်ရမှာ မဟုတ်လား။
ပြီးနောက် စားနပ်ရိက္ခာ၊ အဝတ်အစား၊ အိပ်ယာလိပ်တို့ ကိုယ်စီယူလိုက်ကြပြီး ဆောက်လက်စဖြစ်တဲ့ နှစ်ထပ်စာသင်ဆောင်ဆီကို လျှောက်သွားကြတော့၏။ အဆေက်အဦးမှာ အကြမ်းထည်ဟုဆိုသော်လည်း နှစ်ထပ်ဖြစ်တာကြောင့် အောက်ထပ်မှာနေ၍၊ စား၍ ရသည်။ သို့သော် မိုးလုံလေလုံကြီးတော့ မဟုတ်။
“မထူးဘူး… ဒီအောက်မှာပဲ အိပ်ကြတာပေါ့”
တာဝန်ခံတစ်ယောက်ဖြစ်တဲ့ ကိုဇော်က ပြောလိုက်ရာ ကိုစိုင်းက ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီး ပြန်ပြော၏။
“ဒီမှာဆို အေးခဲပြီး သေသွားလိမ့်မယ်၊ ဘေးမှာအကာအကွယ်လည်း သေချာရှိတာမဟုတ်ဘူး… ကျွန်တော်တော့ ဟိုဘက်ဘေးက အဆောင်ရဲ့ ဝရန်တာမှာပဲ သွားအိပ်လိုက်တော့မယ်… ”
ထိုသို့ပြောပြီး ကိုညာကို လက်တို့တဲ့အခါ ကိုညာလည်း အဝတ်အိတ်လွယ်ကာ ကိုစိုင်းနောက် ပါသွားသည်။ ထို့အတူ ကျန်နှစ်ယောက်ကလည်း ကိုစိုင်းဘက်ကို ပါသွားတာကြောင့်… ၄ ယောက်တစ်ဖွဲ့၊ ၃ ယောက်တစ်ဖွဲ့ဖြင့် နှစ်ဖွဲ့ခွဲအိပ်ဖို့ အကြောင်းဖန်လာရတော့သည်။ ကံကောင်းထောက်မစွာနဲ့ပဲ စာသင်ခန်းတံခါးက စေ့ရုံတင်စေ့ထားတာကြောင့် ဝရန်တာမှာမအိပ်ရပဲ အခန်းထဲဝင်အိပ်လို့ ရသွားသည်။ ထိုညကတော့ ပစ္စည်းနေရာချတာနဲ့ ချက်တာပြုတ်တာနဲ့တင် အချိန်ကုန်ပြီး ထွေထွေထူးထူး လုပ်စရာ အလုပ်မရှိတော့ပဲ လိုင်းမမိတမိဖြစ်နေတဲ့ ဖုန်းလေးသုံးရင်း စောစောစီးစီး အိပ်လိုက်ကြတော့သည်။
“တောက်…. ဟင်း”
တောက်ခေါက်ပြီး နှာမှုတ်လိုက်တဲ့အသံ။ ဒီအသံကို ကွဲကွဲပြားပြား ကြားလိုက်ရတာကြောင့် ကိုစိုင်းနိုးသွားသည်။ အနားက ဖုန်းကိုဖွင့်ကြည့်တော့ ည(၁၂)နာရီအတိ။
“ဒီအချိန်ထိ ဘေးကလူတွေမအိပ်သေးတာလား”
ခေါင်းမြှီးခြုံလျှက်နှင့်ပင် စိတ်ထဲက ရေရွတ်လိုက်သေးသည်။
“ဟား… ဟား…ဟား.. ”
“ဟော…. ထရယ်နေပြန်ပြီ၊ ဒီလူဘယ်လိုလူလဲ… ဘေးမှာလူတွေအိပ်နေတာတောင် ရယ်နေသေးတယ်… ”
စောင်ခြုံထဲကနေထွက်ပြီး ပြောလိုက်ချင်ပေမယ့် စောင်လွတ်တာနဲ့ ချမ်းနေတာကြောင့် ဘာမှမပြောတော့ပဲ မသိချင်ယောင်ဆောင်ကာ အိပ်ဖို့ပဲကြိုးစားနေတော့သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ…
“ဂျွီ……. ”
“ဒီအသံ၊ ဒီအသံက ငါ့ခြေထောက်နားက စားပွဲခုံ တွန်းလို့ရွေ့သွားတဲ့အသံ၊ ကိုညာများ အိပ်ရင်း ခြေထောက်နဲ့ကန်မိလေသလား” သို့လော သို့လောတွေးရင်း အိပ်ပျော်လုဆဲဆဲမှာပင် ထိုအသံက ထပ်မံထွက်ပေါ်လာ၏။ ဒီတစ်ခါမှာတော့ ခုံကိုတရွတ်တိုက်ဆွဲသွားသလို “ဂျွီး…. “ဆိုပြီး အသံရှည်ကြီးထွက်ပေါ်လာသည်။
“ကျွတ်”
ကိုစိုင်းတစ်ယောက် စုတ်သပ်ကာ သက်ပြင်းတစ်ချက်ချရင်း နားပိတ်ပြီးသာ အိပ်လိုက်တော့သည်။ သို့နှင့် ဘယ်ကနေဘယ်လိုမိုးလင်းသွားမှန်းမသိ။ စကားပြောသံ လမ်းလျှောက်သံတို့ထွက်ပေါ်လာမှ ကိုစိုင်းလည်းနိုးလာတော့သည်။ နိုးနိုးချင်း ညက,မကျေနပ်တဲ့ကိစ္စကိုပြောဖို့ ဟန်ပြင်နေစဉ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြော၏။
“ကိုစိုင်း… မင်းရော ညကအသံတွေကြားမိသေးလား”
“ဟင်… ခင်ဗျားတို့ရော ကြားတာလား ”
“ကြားတာမှ တစ်ဖွဲ့လုံးကို ကြားတာဟေ့ရောင်ရေ… ငါညက တစ်ညလုံးအိပ်မပျော်ဘူး… အော်သံတွေ၊ ရယ်သံတွေ အခန်းထဲမှာ ပွက်လောရိုက်နေတာပဲ”
“ဟုတ်တယ်… ဒီစားပွဲကိုလည်းကြည့် ညက ငါတို့ဒီအနားမှာ ကပ်အိပ်ကြတာလေ… မနက်ကျ ဟိုးဘက်အထိရွေ့နေတာ.. ခုံကိုတရွတ်တိုက်ဆွဲသွားတဲ့အသံလည်း ကြားရတယ်”
“ဟုတ်လား… ကျွန်တော်လည်း အဲ့အသံကိုကြားတယ်… ကိုညာ ခြေထောက်နဲ့ကန်မိတယ်ထင်နေတာ”
“ဘယ်ကသာ ကိုစိုင်းရာ… ညကကျုပ်မှာ ချမ်းလွန်းလို့ နဖူးနဲ့ဒူးထိအောင် ကွေးအိပ်နေရတာ… တစ်ညလုံး ခြေထောက်တောင် မဆန့်ရပါဘူး”
“ဒါဆို… ဒါဆို သရဲခြောက်တာပေါ့”
“မရတော့ဘူး… ကျုပ်ကတော့ တစ်ခုတည်းနဲ့တင် လန့်သွားပြီ ပြန်တော့မယ် မလုပ်တော့ဘူး”
“ဟာ… အလုပ်တောင်မလုပ်ရသေးဘူးလေဗျာ… ဘယ့်နှယ် ….ဒီအထိတောင်ရောက်လာပြီးမှတော့ အလုပ်ဆက်လုပ်လိုက်တော့ပေါ့”
ကိုညာပြောတဲ့စကားကို ကိုစိုင်းက ထောက်ခံသည်။
“ဟုတ်တယ်လေဗျာ… ရောက်လက်စနဲ့တော့ မထူးတော့ပါဘူး”
“မသိဘူးကွာ… ငါတော့ပြန်တော့မယ်… ”
“ဟေ့လူ… ကျုပ်တို့က မန္တလေးကနေအတူတူတက်လာတာနော်… ခင်ဗျားပြန်ရင် ကျုပ်လည်းလိုက်မယ်”
နှစ်ယောက်သားက အတိုင်အပေါက်ညီညီနဲ့ အခန်းအပြင်ထွက်သွားကြသည်။ ကိုညာနဲ့ကိုစိုင်းကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာပြောရမှန်းမသိတော့။ မျက်နှာဘာညာသစ်ပြီး ညက အပြင်ဘက်မှာအိပ်တဲ့ကိုဇော်တို့ဆီသွားကြည့်တော့ သူတို့က မနက်စာတောင်ပြင်ပြီးနေပြီ။ သို့သော် အရင်လိုရွှင်ရွှင်ပြပြမရှိပဲ သုံးယောက်စလုံး မှိုင်တိုင်တိုင် ငိုင်တိုင်တိုင်။
“ကိုဇော်… ညက အခြေအနေဘယ်လိုရှိလဲ”
“အေးဆေးပါပဲ… အေးလွန်းလို့ ချမ်းပြီးစိမ့်နေရော”
ရွှတ်နောက်နောက်ပြောလိုက်မှ ဘေးကလူတွေလည်း အသက်မပါတဲ့ပုံနဲ့ ပြုံးလိုက်ကြသည်။ တဆက်တည်းမှာပင် ကိုဇော်တို့နဲ့ မလှမ်းမကမ်းမှာ အိပ်တဲ့သူတစ်ယောက်က ထပြောသည်။
“ညကကွာ…. ချမ်းပါတယ်ဆိုမှ ငါ့စောင်ကို လာလုနေသေးတယ်”
“ဟင်”
“လေကွယ်အောင် ကာထားတဲ့ ဒီမိုးကာစကြီးကိုလည်း လာဆွဲလှန်နေတာ… တော်တော်နဲ့မအိပ်ဖြစ်ပါဘူးကွာ… အရေးထဲ နပန်းထလုံးနေရသေးတယ်…ငါ့ကျောတွေလည်းအောင့်လို့”
ပြောရင်းဆိုရင်း အင်္ကျီလှန်ပြတော့ ရုန်ရင်းဆန်ခတ်ဖြစ်ပြီး ကျန်ခဲ့တဲ့အညိုမဲဆွဲရာတွေကို တွေ့လိုက်ရသည်။ ထိုအခါ နဂိုကတည်းကမှ ကြောက်နေတဲ့ မန္တလေးသားနှစ်ယောက်လည်း ဝင်ပြောတော့၏။
“ကျုပ်တို့တော့ နံနက်စာစားပြီးတာနဲ့ ပြန်တော့မယ် ကိုဇော်ရာ”
“ဟာ… ဘယ်လိုပြန်မှာတုန်း၊ ဒီလောက်အဝေးကြီးဟာကို”
“ရတယ်ဗျာ… ကြုံတဲ့ကားနဲ့အဆင်ပြေသလိုလိုက်သွားတော့မယ်… ဒီမှာ ညထပ်မအိပ်ရရင် ပြီးရော”
တဇွတ်ထိုးပြောနေမှတော့ ကိုဇော်လည်း မတတ်သာတော့။ သူတို့အလိုကို ခေါင်းညိမ့်လိုက်ရတော့သည်။ ပြီးနောက် နံနက်စာ ထမင်းကြော်နဲ့ ကြက်ဥကြော်ကို အတူတကွ စားသောက်ကြတော့၏။ မကြာမီ မန္တလေးသားနှစ်ယောက်နဲ့ ကျောမှာဒဏ်ရာရလိုက်တဲ့သူတို့ ပေါင်းပြီး အထုတ်ကိုယ်စီဆွဲကာ ထိုနေရာမှ ထွက်သွားကြသည်။
” သုံးယောက်သားကတော့ သွားရှာပြီ… တို့ လေးယောက်ပဲ ကျန်တော့တယ်… မင်းတို့တော့ မပြန်ဘူးမို့လား ”
“ဟာ…. ပြန်စရာလားကိုဇော်ရာ… အလုပ်လာလုပ်ပါတယ်ဆိုမှ… ”
“အေးကွာ… လောလောဆယ်တော့ တို့လေးယောက်ပဲ လုပ်နှင့်ကြတာပေါ့…ခဏနေမှ ကိုထွန်းဆီဖုန်းဆက်ပြီး အကျိုးအကြောင်းလှမ်းပြောလိုက်တော့မယ်”
သို့နှင့် အလုပ်စလုပ်ကြတော့သည်။ အပေါ်ထပ်ကို ပစ္စည်းတင်စရာရှိတာတွေတင်ကြ၏။ ကိုဇော်က ဘယ်ချိန်ဖုန်းဆက်လိုက်လဲတော့မသိ ညနေလောက်ရောက်တော့ လူနှစ်ယောက် ထပ်ရောက်လာသည်။ သို့နှင့် အားလုံးပေါင်း လူ (၆) ယောက်ဖြစ်သွားသည်။ သူတို့နှစ်ယောက်လည်း အနွေးထည်ကိုယ်စီနှင့်ဖြစ်နေတာမို့ ညအိပ်တော့ ကိုစိုင်းတို့နဲ့အတူ စာသင်ခန်းထဲ လိုက်အိပ်သည်။ သည်ကောင်တွေ လန့်သွားမှာဆိုးလို့ မနေ့ညက အဖြစ်အပျက်တွေကို ထုတ်မပြောပဲ ဘာသိဘာသာ နေလိုက်ကြသည်။ အသစ်ရောက်လာတဲ့နှစ်ယောက်က သောက်တတ်စားတတ်သူဖြစ်တာကြောင့် အရမ်းမမှောင်ခင် ရွာထဲသွားပြီး အရက်ဝယ်ကြသေးသည်။
ဒီရွာမှာ အရက်ရောင်းခွင့်မရှိတာကြောင့် ရွာသူရွာသားများက မရောင်းရဲ၊’ငါတို့ဆီမှာ အရက်မရှိဘူး’ဟုသာ ငြင်းလွှတ်ကြသည်…
ထိုစဉ် ကိုစိုင်း၊ ကိုညာ၊ ကိုဇော်အပြင် နောက်တစ်ယောက်ဖြစ်တဲ့ ကိုလှစိန်က သူတို့တိုင်းရင်းသားဘာသာစကားဖြင့် ဒီရွာအတွက်စာသင်ကျောင်းလာဆောက်ပေးတာဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ မသိစေရပဲ လျှို့ဝှက်ထားမည်ဖြစ်ကြောင်း အတင်းတောင်းပန် ပြောဆိုကာမှ မျောက် တံဆိပ် အရက်တစ်လုံး ဝယ်လို့ရလာခဲ့သည်။
သို့နှင့် ညရောက်တော့ စာသင်ခန်းထဲမှာ ကိုစိုင်း၊ ကိုညာနဲ့ အသစ်ရောက်လာတဲ့နှစ်ယောက်တို့ ပေါင်းထိုင်ကာ အရက်ဝိုင်းလေး ဖွဲ့လိုက်သည်။ ဖုန်းလိုင်းတွေ သိပ်မကောင်းတာကြောင့် အင်တာနက်ဘာညာလည်းသုံးမရပဲ လေးယောက်သား စကားပြောလိုက်၊ သောက်လိုက်ဖြင့်သာ အချိန်ကုန်ဆုံးစေတော့သည်။
“ခလွမ်း….. ”
ထောင်ထားတဲ့ ပုလင်းခွံ လဲကျသွားတဲ့အသံပင်။ သည်အသံကို ကြားလိုက်ရတာလည်း အခြားသူတော့မဟုတ်။ အိပ်ရေးဆတ်တဲ့ကိုစိုင်း။ ထို့နောက် ပုလင်းက လိမ့်သွားသည်။ လဲကျပြီးချက်ချင်းလိမ့်တာမျိုးမဟုတ်ပဲ ခဏကြာမှ လိမ့်သွားခြင်းပင်။ မနေ့ညက သရဲခြောက်ခံထားရတဲ့အရှိန်ကြောင့်လားမသိ။ ကိုညာက တုတ်တုတ်မှမလှုပ်ပဲ ငြိမ်နေ၏။ သို့သော်ကိုစိုင်းက သူ့စပ်စုချင်စိတ်ကို မထိန်းနိုင်တော့တာကြောင့် ခေါင်းမြှီးခြုံထားရာမှ အနည်းငယ်လှပ်ကြည့်သည်။ နေသာမထွက်တာ၊ လသာတဲ့အချိန်ဖြစ်တာကြောင့် ထိုအခန်းထဲကို အတိုင်းသားမြင်နေရ၏။
အရက်ပုလင်းကို တစ်ယောက်ယောက်က ခြေထောက်နဲ့တိုက်မိရအောင်လည်း ဟိုဘက်နှစ်ယောက် ဒီဘက်နှစ်ယောက်အိပ်တာဖြစ်ပြီး အလည်လွတ်တဲ့နေရာမှာ ပုလင်းကို ထီးတည်းကြီးထောင်ထားတာဖြစ်သည်။ ခြေထောက်ဆန့်အိပ်ရင်တောင်ချမ်းနေတာဖြစ်လို့ ကွေးပြီးအိပ်နေခြင်းဖြစ်တာကြောင့် ကန်မိဖို့က အဝေးကြီး။ ထိုသို့ တွေးနေစဉ် စောနက အရက်ပုလင်းက အနောက်ပြန်လှိမ့်လာသည်။ ထိုသို့လှိမ့်လာတဲ့အသံက တိတ်ဆိတ်နေတဲ့အခန်းကို ဖုံးလွှမ်းသွားပြီး ကြက်သီးထစရာကောင်းအောင် ဖြစ်သွား၏။ထိုအဖြစ်အပျက်ကို မျက်ဝါထင်ထင်မြင်နေရတဲ့ ကိုစိုင်းမှာတော့ သွေးပျက်မတတ်ကြောက်လန့်သွားတာကြောင့် ခေါင်းမြှီးအမြန်ခြုံကာ စောင်ကိုကိုက်နေတော့သည်။ ဘေးစောင်းအိပ်ရင် ကျောချမ်းပြီးကြောက်နေမှာဖြစ်တာကြောင့် ပက်လက်လှန်ကာ အံကြိတ်ရင်း မျက်လုံးကိုတင်းတင်းမှိတ်ထား၏။ ထိုသို့ ဖြစ်နေသည့်ကြားမှ အရက်ပုလင်းက ဟိုဘက်လိမ့်လိုက်၊ တော်ကြာ ဒီဘက်ပြန်လိမ့်လာလိုက်ဖြစ်နေတဲ့အသံက သူ့စိတ်ကို ပိုခြောက်ခြားစေသည်။ သည်အချိန်မှာ အိပ်မပျော်နေတဲ့ ကိုစိုင်းကတော့ ငရဲခန်းရောက်နေသလို ရင်တလှပ်လှပ်ဖြင့် ကြောက်စိတ်တွေ ငယ်ထိပ်ထိတက်ဆောင့်နေ၏။ သို့ပေမယ့် သူ့ခမျာ ဘာမှမတတ်နိုင်၊ မနက်မိုးအမြန်လင်းဖို့ကိုပဲ ဆုတောင်းနေမိတော့၏။
နောက်ဆုံးတော့ ကိုစိုင်းဆန္ဒတွေ ပြည့်လေပြီ။ မနက်လင်းလို့ နိုးသည်နှင့် ခြေသံတရှပ်ရှပ်ကြားနေရလို့ ခေါင်းထောင်ကြည့်လိုက်ရာ အသစ်ရောက်လာတဲ့နှစ်ယောက်က သူတို့အိပ်ယာလိပ်တွေအမြန်သိမ်းပြီး အခန်းထဲမှ ထွက်ပြေးသွားတော့သည်။ ထိုအခါ ကိုညာက
“ဒီကောင်တွေလည်း ပြေးတော့မယ်နဲ့တူပါတယ်ကွာ… ညက ခြောက်တာ တော်တော်ကြမ်းတယ်”
“ဒါဖြင့်ရင် ကိုညာလည်း အိပ်ပျော်မနေဘူးပေါ့ ”
“ဒီလောက် သောင်းကျန်းနေတာကို ဘာ်အိပ်ပျော်မလဲကွ….ငါတင်မဟုတ် ဟိုနှစ်ယောက်လည်း အိပ်မပျော်ဘူးတဲ့လေ… သရဲခြောက်တာ အစအဆုံး တို့အကုန်သိနေကြရတာပဲ”
“ဟူး…. ”
ကိုစိုင်းက သက်ပြင်းတစ်ချက်ချပြီးမှ စကားဆက်၏။
“ဒီတော့ ကိုညာဘာလုပ်ဖို့စဉ်းစားထားလဲ… ”
“ဘာကိုလဲ”
.”ဪ …ဒီမှာ အိပ်၊ မအိပ်ကိုပြောတာပါ”
“ကျုက်က အဲ့လောက်ကြီးကြောက်တတ်သူတော့ မဟုတ်ပါဘူး… အဖော်ရှိရင်အိပ်ရဲပါတယ်”
“ဟုတ်တယ်… ကျွန်တော်လည်းတူတူပဲ၊ အပြင်မှာ ဒီလောက်အေးနေတာကိုတော့ အရွဲ့တိုက်ပြီး အိပ်မနေနိုင်ပါဘူး… ပြီးတော့ အခင်းကောင်းကောင်းလည်းရှိတာမဟုတ်၊ မြေကြီးပေါ် ဖျာခင်းအိပ်ရတာ… ကျွန်တော်က အဆုတ်ရောဂါသမားမို့ အဲ့လိုအိပ်လိုအ့ဆင်မပြေဘူးရယ်… ဒီတော့ ဒီမှာပဲ အိပ်ကြမယ်ဗျာ… ကိုညာရော အိပ်မယ်မို့လား”
“ကျုပ်က အဖော်ရှိရင် အိပ်ရဲပါတယ်ဆို… ”
“ဟုတ်ပါပြီ… ”
ဤမျှနှင့်စကားစဖြတ်ပြီး မျက်နှာသစ်ကာ နံနက်စာစားပြီနောက် အလုပ်လုပ်ကြတော့သည်။ တစ်စစီဖြတ်ကာ ယူလာတဲ့ ဒိုင်းတွေကို သူ့နေရာနဲ့သူ နတ်ခေါင်းစွပ်ကာ ပြန်လည်တပ်ဆင်ပြီး အဆောက်အဦးပေါ် တင်ကြသည်။ အလုပ်သာ လုပ်နေရတာ အသစ်ရောက်လာတဲ့ ဟိုနှစ်ယောက်လည်း ဘယ်အချိန် ထပြန်မှန်းမသိတာကြောင့် စိတ်အေးလက်အေးတော့ မလုပ်ရဲ။ တကယ်လို့သာ ပြန်သွားလျှင် လူအင်အားလျှော့သွားပြီး သူတို့ပဲပင်ပန်းဦးမယ် မဟုတ်လား။ညနေစောင်းရောက်သည်အထိ ပြန်မဲ့ကိစ္စမပြောတော့မှပဲ စိတ်ချလိုက်ရတော့သည်။ သို့ပေမယ့် ကိုစိုင်းတို့ဆီတော့ လိုက်မအိပ်ရဲတော့ပဲ ကိုဇော်တို့နှင့်သာ မြေကြီးပေါ် ပျဉ်ပြားလေးခင်းပြီး စောင်ထပ်ခင်းကာ အိပ်ရန်ပြင်သည်။ ထို့အတူ ရှေ့ညက အရက်တစ်လုံးကို လေးယောက်ဝိုင်းသောက်ကြပြီး ဒီညမှာတော့ အရက်နှစ်လုံးဝယ်သောက်ကြသည်။ တစ်ယောက်တစ်လုံးနှုန်းဖြင့် ဘာမှမသိတော့တဲ့အထိ မူးအောင်သောက်ပြီး ထိုးအိပ်ကြမဲ့သဘော။
ညနေစောင်းလို့ အလုပ်သိမ်းတာနဲ့ ကိုစိုင်းတို့နှစ်ယောက်လည်း စာသင်ခန်းထဲဝင်ပြီး အိပ်ရန်ပြင်သည်။ နှစ်ယောက်လုံးက အရက်ကိုစွဲသောက်တတ်သူတွေမဟုတ်တာကြောင့် မသောက်တော့ပဲ သီချင်းနားထောင်ရင်း ဆေးလိပ်လေးဖွာကာ ဖွာကာဖြင့်နေနေရာ မိုးချုပ်တော့မှ အိပ်ဖို့ပြင်သည်။
သရဲဆိုတဲ့အမျိုးက ခြောက်တာများရင် ယဉ်သွားတဲ့သဘောလားတော့မသိ။ ဒီလောက် တစ်ညမပျက်ခြောက်နေတာတောင် ကိုစိုင်းကတော့ ဘယ်အချိန်မှာ ဘယ်ပုံစံနဲ့ခြောက်မလဲဆိုတာကို သူ့မသိစိတ်က နားစွင့်နေသေးတတ်သည်။ သရဲမခြောက်သေးရင် အိပ်မပျော်တဲ့သဘောတောင် ဖြစ်နေ၏။
“အဟီး… ဟီး… ”
ဟော… လာပါပြီ၊ စကြားနေရပါပြီ။ မိန်းမတစ်ယောက်ရဲ့ ငိုသံ။ အခန်းထဲက ကြားရတာမျိုးမဟုတ်ပဲ အခန်းအပြင် တံခါးဝမှာရပ်ပြီး ငိုနေတဲ့အသံ၊ တစ်ချက်တစ်ချက် စကားပြောတဲ့အသံတို့ကိုပါ ကြားရသည်။ ပီပီသသ ကြားရတာမျိုးမဟုတ်ပဲ ပလုံးပထွေးပြောနေတဲ့အသံမျိုး ဖြစ်၏။
မကြာမိ ယောကျာ်းအသံ သြသြကြီးကို ကြားရပြန်သည်။ ဒီအသံကတော့ အလုံပိတ်ထားတဲ့အခန်းထဲကမို့ ကျယ်လောင်စွာကြားလိုက်ရသည်။ အခန်းအတွင်းနဲ့အပြင် အပြန်အလှန်စကားလှမ်းပြောနေတာ အချိန်တော်တော်ကြာလိုက်သည်။ ထိုအသံတို့ကိုနားစွင့်ရင်း ကြောက်စိတ်ကိုပိုက်ကာ ကိုစိုင်းတစ်ယောက် အိပ်ပျော်သွားပြန်သည်။
မနက်မိုးလင်းတော့ ကိုညာကိုကြည့်မိတော့ သူလည်းညက အဖြစ်အပျက်ကို ကြားမိလိုက်သည်ကို ရိပ်မိလိုက်သည်။ သို့ပေမယ့် တစုံတစရာမေးမြန်းခြင်းတော့မရှိတော့ပါ။
ထို့နောက် ထုံးစံအတိုင်း လုပ်ငန်းခွင်ဝင်ကြသည်ဖြစ်ရာ အမိုးဒိုင်းများ တင်ပြီးပြီဖြစ်သောကြောင့် ဒီနေ့မှာတော့ မြှားတန်းကြဲရန် ပြင်ဆင်ကြတော့သည်။ သို့ဖြင့် ကိုစိုင်းနဲ့ကိုညာက တစ်ဖက်၊ ကိုဇော်နဲ့ ကိုလှစိန်ကတစ်ဖွဲ့ နေရာယူပြီး အောက်က ပစ္စည်းပေးဖို့ကိုတော့ အသစ်ရောက်လာတဲ့ နှစ်ယောက်ကို တစ်ဖွဲ့စီ၌ နေရာချထားပေးလိုက်သည်။ ဒီလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းလုပ်နေသူတွေမို့ ထွေထွေထူးထူး သိပ်မပြောရ။ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာကို သိနေတာမို့ လုပ်ကွက်က မြန်ဆန်နေ၏။ ညနေစောင်းအချိန်လောက်ရောက်တော့ ကိုညာကပြောသည်။
“ကိုစိုင်း…. ဟိုမှာ စေတီပျက်တစ်ဆူ ရှိနေတာမဟုတ်လား”
လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်တော့ တောင်ထိပ်ပေါ်မှာ တစ်ဝက်တစ်ပျက်ဖြစ်နေတဲ့ စေတီတစ်ဆူကိုတွေ့ရသည်။ တောင်ထိပ်ပေါ်မှာရှိနေတာဖြစ်ပြိး ဘေးပတ်လည်မှာလည်း အပင်ခြုံနွယ်တွေရှိနေတာမို့… မြေပြင်ပေါ်က လှမ်းကြည့်ရင် ဘယ်လိုမှမတွေ့ရ။ ယခုလို အမြင့်နေရာကကြည့်မှသာ မြင်တွေ့ရသည်။
“ဟုတ်ပါရဲ့… ကိုညာပြောမှပဲ သတိထားမိတော့တယ် …တော်တော်တော့ ဟောင်းနွမ်းနေပုံရတယ်ဗျ… နော်”
“ကျုပ်… အဲ့ဒီ့ကို သွားချင်လိုက်တာဗျာ… ”
“ဪ… ကိုညာရယ်… အလုပ်ပြီးတဲ့နေ့ အချိန်ရရင် သွားကြည့်ပေါ့”
ဘာရယ်မဟုတ်၊ ကိုစိုင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်တာဆိုပေမယ့် ကိုညာကတော့ လေးလေးနက်နက်တွေးတောနေဟန်ရှိ၏။
နောက်တစ်နေ့။ တိတိကျကျဆိုရရင် ကိုစိုင်းတို့ ဒီကိုရောက်တာ (၅) ရက် မြောက်တဲ့နေ့။ ဒီနေ့မှာတော့ သွပ်မိုးရန်သာ ရှိတော့သည်။ ဒါကြောင့် အရင်နေ့တွေကလို သုံးယောက် တစ်ဖွဲ့ခွဲပြီး အဆောက်အဦး ဘယ်ညာတစ်ဖက်စီနေ၍ သွပ်မိုးကြတော့သည်။ ထိုနေ့မှာလည်း ကိုညာက တစ်နေကုန်အလုပ်လုပ်နေတာ အကောင်း၊ ညနေစောင်းတာနဲ့…
“စေတီပျက်ကြီးဆီ သွားကြည့်ချင်တယ်ဗျာ… ဟိုဘက်တောလမ်းက တက်ရင်နာရီဝက်လောက်ပဲ ကြာမယ်၊ ဒီဘက်ကတက်ရင်တော့ လမ်းမှာ လျှိုမြောင်ကြီးတစ်ခု ခံနေတယ်”
စသည်ဖြင့် စေတီပျက်ကြီးကိုကြည့်ကာ တစ်ယောက်တည်း စကားတွေပြောပြောနေတတ်သည်။
“အလုပ်ပြီးရင် သွားရမှာပါ ကိုညာရာ… အလုပ်ပြီးလို့ အချိန်မရရင်လည်း တစ်ရက်ထပ်နေပြီး လိုက်ပို့ပေးမယ် ဟုတ်ပြီလား… ဘာမှ လောမနေပါနဲ့ ”
ကိုစိုင်းက ခပ်ရွဲ့ရွဲ့ပုံစံနဲ့ ရယ်ပြီးပြောလိုက်တိုင်း ကိုညာကတော့ ခလေးတစ်ယောက်လို ပြန်ပြုံးပြနေတတ်သေးသည်။
နောက်တစ်နေ့ကျ မိုးရွာချလာသည်။ သွပ်မိုးနေချိန်ဖြစ်တာကြောင့် အလုပ်နားလိုက်ကြရ၏။ ထိုအခါ ဟိုနှစ်ယောက်က “နားမဲ့အတူတူ အရက်သောက်ပြီးအိပ်တာပိုကောင်းတယ်”ဟုဆိုကာ ကိုယ်တိုင်တင်ပြ၊ ကိုယ်တိုင်ထောက်ခံပြီး ကိုယ်တိုင်အရက်သွားဝယ်ကြတော့သည်။ မိုးစွေနေတဲ့ နေ့ခင်းကြောင်တောင်ကြီးဖြစ်တာမို့ အရက်ပုလင်းတွေဆွဲကာ ကိုစိုင်းတို့ဆီရောက်လာပြီး ဝိုင်းတည်လိုက်ကြ၏။
ထိုအခါ ကိုညာလည်း တစ်ခွက်စ၊ နှစ်ခွက်စသောက်လာပြီးနောက် အရှိန်လေးရလာတော့…
“မင်းတို့ လိုက်ကြဦးမလား… ညနေလောက်ကျရင် ဟိုတောင်ပေါ်စေတီကို သွားမလို့ ”
“ဘယ်တောင်ပေါ်က စေတီလဲ”
“ဒီနားလေးတင်လေကွာ…. အောက်ကနေကြည့်ရင်တော့မမြင်ရဘူး၊ တို့လုပ်နေတဲ့နှစ်ထပ်ဆောင်ပေါ်က တက်ကြည့်မှ မြင်ရတယ်”
“ဪ… ဟို ပြုပြင်လို့မရတဲ့စေတီကိုပြောတာလား… ကျုပ်တို့အရက်သွားသွားဝယ်နေတဲ့ဆီက အဘကြီးတစ်ယောက်ပြောတာကြားဖူးတယ်… ဒီနားက တောင်ပေါ်မှာ စေတီပျက်တစ်ဆူရှိတယ်တဲ့၊ အဲ့ဒီ့စေတီကို ပြုပြင်လို့လည်းမရ ထုံးသုတ်ဖို့လုပ်ရင်တောင် မိုးကြိုးပစ်ချတာဆိုပဲ… ပြီးတော့ အဲ့ဒီ့ကိုမသွားဖို့နဲ့ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် မျက်နှာစိမ်းတစ်ယောက်ယောက်လာခေါ်တာမျိုးရှိရင်လည်း မလိုက်သွားနဲ့တဲ့ ”
“ဒါဆို အဲ့ဒီ့မှာ ရှေးဟောင်းပစ္စည်းတွေဘာတွေရှိနေလို့… တို့ကိုမသွားအောင် ခြိမ်းခြောက်ပြောနေတာဖြစ်မယ်… ကျုပ်တော့ တစ်ရက်လောက် သွားကြည့်ချင်တယ်”
ထိုစဉ် ကိုစိုင်းက စကားထောက်၏။
“ကိုညာ… တော်တော်သွားချင်နေတာ ဘာလို့လဲ… အဲ့ဒီ့ရှေးဟောင်းပစ္စည်းတွေကို လိုချင်လို့လား”
“မဟုတ်ပါဘူးကွာ…. ကျုပ်က ဒီတိုင်း သွားချင်နေတာရယ်ပါ”
“ကိုယ့်ဒေသလည်း မဟုတ်ပဲနဲ့ မသွားချင်စမ်းပါနဲ့ဗျာ…အစကတော့ နောက်ပြောင်ပြောတယ်ပဲထင်နေတာ… အခုကျ ကိုညာက ပိုပိုရောင့်တက်လာတယ် ”
ကိုစိုင်းက လေသံမာဆတ်ဆတ်နဲ့ ပြောလိုက်တော့ ကိုညာလည်း ဘာမှပြန်မပြောတော့ပဲ အရက်ကိုသာဖိသောက်နေတော့၏။ သို့နှင့် တစ်နေကုန် ထိုအခန်းထဲ၌သာ အချိန်ကုန်ဆုံးစေခဲ့ပြီး မှောင်ရီပျိုးချိန်ရောက်တော့ ဟိုအမူးပါးနှစ်ယောက်က အတင်းကုန်းထကာ အခန်းထဲမှ ထွက်သွားကြသည်။ ကိုညာကတော့ ကွေးကွေးလေးအိပ်နေ၏။ ညရောက်တော့ ထုံးစံအတိုင်း အစဉ်အလာမပျက် လမ်းလျှောက်သံကိုကြားရသည်။ ပေအရှည် ၁၅၀ ဝန်းကျင်လောက်ရှိတဲ့ စာသင်ဆောင်ကြီးရဲ့ ဟိုးဘက်ထိပ်ကနေ စကြားရခြင်းဖြစ်သည်။ တစ်ခါတစ်ရံခြေသံ ရပ်သွားပြီး ချက်ချင်းဆိုသလို တံခါးခေါက်သံ၊ ပိတ်ထားတဲ့တံခါးကို အတင်းဆွဲဖွင့်တာကြောင့် တံခါးဂျက်တွေ လှုပ်ခါရမ်းနေတဲ့အသံတို့ကို ကြားရသည်။
ထို့နောက် ဒီဘက်ကို ဆက်လျှောက်လာသည်။ ကြမ်းပြင်ကို ဖိနပ်နဲ့တရွတ်တိုက်ဆွဲလျှောက်တဲ့အသံ၊ ခြေသံမထွက်ထွက်အောင် တမင်လျှောက်နေတဲ့အသံတို့ကို ကြားရသည်။ ထိုအသံတို့ရပ်သွားလျှင်လည်း စောစောကလို တံခါးခေါက်သံတို့ တဂျိမ်းဂျိမ်း ကျယ်လောင်စွာထွက်လာတတ်သေး၏။ သို့နှင့် တစ်ခန်းပြီးတစ်ခန်း တံခါးတွေလိုက်ခေါက်ပြီး လျှောက်လာလိုက်တာ နောက်ဆုံး ကိုစိုင်းတို့ရှိနေတဲ့ အခန်းရှေ့မှာ ခြေသံရပ်သွားသည်။ ထို့နောက်..
“ဝုန်း”
တံခါးကို ဆောင့်တွန်းလိုက်တဲ့အသံက အလုံပိတ်ထားတဲ့အခန်းထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်သွားတော့သည်။ သို့သော် အခြေအနေကို ကြိုတင်မှန်းဆနိုင်နေတဲ့ ကိုစိုင်းက နားနှစ်ဖက်ကို လုံအောက်ပိတ်ပြီး အသံမထွက်အောင် ပါးစပ်ထဲ စောင်စထိုးထည့်ထားတာကြောင့် ထိုအသံကိုမကြားလိုက်ရပေ။ သို့ပေမယ့်လည်း တံခါးကြီးလှုပ်နေတာတွေ၊ တံခါးဂျက်တွေ ရမ်းခါနေတာတွေကိုတော့ ပြတင်းပေါက် မှန်တံခါးကနေ ဖောက်ဝင်လာတဲ့ လရောင်ဖျော့ဖျော့လေးရဲ့အလင်းကြောင့် မြင်တွေ့နေရသည်။ တစ်ခန်းလုံး အသံတွေလည်း ဆူညံပွက်လောရိုက်နေ၏။ ကိုညာကတော့ အရက်မူးပြီးအိပ်တာမို့လားမသိ။ တုတ်တုတ်မှမလှုပ်။ ကိုစိုင်းမှာတော့ ကမ္ဘာပျက်နေလေပြီ။ ထို့နောက် မျက်လုံးကိုတင်းနေအောင်မှိတ်ထားနေရတဲ့ ကိုစိုင်းမှာလည်း ထိုအဖြစ်အပျက်တို့ကိုကြောက်တဲ့စိတ်နဲ့ပဲ အိပ်ပျော်သွားတော့သည်။
(၇)ရက်မြောက်နေ့မှာ မပြီးပြတ်သေးတဲ့ သွပ်ကိုဆက်မိုးရ၏။ မနက်ကတည်းက မိုးလာလိုက်တာ နေ့ခင်းထမင်းစားနားတော့ ပေ ၂၀ တစ်ခန်းစာလောက်သာ ကျန်တော့သည်။ နောက်ဆုံးရိက္ခာဖြစ်တဲ့ ငါးသေတ္တာကိုချက်ထားပြီး၊ အနီးဝန်းကျင်က လာပေးတဲ့ ဂျူးပင်ကို ကြက်ဥနဲ့ရောမွှေကြော်ထားတာကြောင့် မွှေးကြိုင်နေသည်။ ဗိုက်ဆာဆာနဲ့ ထမင်းစားသောက်ပြီးချိန်မှာတော့ ကိုညာက …
“ဒါလေး မိုးပြီးရင်တော့ ပြီးပါပြီ”
ထိုစဉ် ကိုဇော်ကလည်း….
“ပြီးပါပြီ၊ နေ့ခင်းမြန်မြန်လေးမိုးပြီး တစ်ညနေလုံးအေးဆေးနားလို့ရသွားတာပေါ့ ” ဟု ခပ်အေးအေးသာ ပြောလိုက်ပါသည်။
ထမင်းစားပြီး ခဏတဖြုတ်နားပြီးတော့ အလုပ်ဆက်ကြ၏။ ခေါင်မိုးပေါ်တက်ပြီး အချိန်ဘယ်လောက်မှတောင် မကြာသေး… “ဝုန်း” ဆိုတဲ့အသံကြားလိုက်ရသည်။ တပြိုက်နက်တည်း ကိုစိုင်းရဲ့အသံထွက်ပေါ်လာ၏။
“ကိုညာ… ကိုညာ… ပြုတ်ကျသွားပြီ”
ပြောပြောဆိုဆိုဖြင့် အောက်ကိုပြေးဆင်းလာရာ ကျန်သူများကလည်း လိုက်ဆင်းလာပြီး ကိုညာကိုဝိုင်းဝန်းဖေးကူပြီး အော်ခေါ် လှုပ်နှိုးနေသည်။
“ကိုညာ… ကိုညာ… ”
ကိုညာကတော့ တုတ်တုတ်မှမလှုပ်တော့။ ခေါင်းပေါက်ပြီး သွေးစို့လာတာကလဲပြီး အနာတရ ကြီးကြီးမားမားမရှိသော်ငြားလည်း နှစ်ထပ်ခေါင်မိုးပေါ်က ပြုတ်ကျတဲ့အရှိန်ကြောင့် လှုပ်နှိုးမရပဲ သတိလစ်နေလေ၏။
“မဖြစ်သေးပါဘူး… နီးစပ်ရာ ဆေးရုံကိုအမြန်ပို့မှရမယ်”
ပြောပြောဆိုဆိုနဲ့ ကိုလှစိန်က သူ့ကျောပေါ်တင်ကာ ထိုနေရာမှ ပြေးထွက်သွားသည်။ နောက်တစ်ယောက်ကလည်း အဖော်အဖြစ်လိုက်ပါသွားပြီးနောက် ကျန်လူများကတော့ စိုးရိမ်စိတ်ဖြင့်သာ အလုပ်ကို လက်စသတ်လိုက်ကြ၏။ ဒီအလုပ်နဲ့ ပစ္စည်းတွေကိုထားခဲ့ပြီး အကုန်လိုက်သွားဖို့ကလည်း မဖြစ်သေးဘူး မဟုတ်လား။
အချိန်အနည်းငယ်ကြာတော့ အလုပ်တွေအကုန်လုံး ပြီးဆုံးပြီဖြစ်ရာ ပြန်ဖို့အတွက် ပြင်ဆင်ထုပ်ပိုးကြတော့သည်။ ဖုန်းလိုင်းတွေ မမိတာကြောင့် ကိုညာနဲ့ သူ့ကိုလိုက်ပို့သူတွေရဲ့သတင်းအစအနလည်း ဘာမှမကြားရ။ အကုန်လုံးလည်း စိုးရိမ်စိတ်တို့သာ ကြီးစိုးနေကြ၏။ မကြာမီ တဖြည်းဖြည်း မှောင်လာသည်။ ထိုအချိန်ထိ ကိုညာတစ်ယောက် ပင်းတယ ဆေးရုံမှာရောက်နေသလား။ ကိုထွန်းသိသွားလို့ ပြန်လာခေါ်သွားပြီလား။ စသည်ဖြင့် ရောက်တက်ရာရာတွေပြောရင်းဆိုရင်း အိပ်ချိန်တောင်ရောက်လာခဲ့ပြီ။
ဒီညတော့ ဒီအဆောင်မှာ ကိုစိုင်းတစ်ယောက်တည်း အိပ်ရတော့မည်။ မနက် မိုးလင်းရင် ပြန်တော့မှာဖြစ်တာကြောင့် ဒီညက နောက်ဆုံးညလည်း ဖြစ်၏။ အရင်ကလို ကြောက်ဖော် ကြောက်ဖက် ကိုညာမရှိလေတော့ ကျောတော့စိမ့်သား။ ဒါပေမယ့်လည်း ကိုညာတစ်ယောက်အဆင်ရော ပြေပါ့မလားဟု တွေးပူနေပြီး တော်တော်နဲ့အိပ်မပျော်။ ဉာဉ့်နက်လို့ အိပ်ပျော်ကာစအချိန်ရောက်လာမှ…
“ကိုစိုင်း…. ကိုစိုင်း”
ခပ်လှမ်းလှမ်းကနေ အော်ပြီး ပြေးလာတဲ့အသံ။ ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးနေသည်။ ဟုတ်တယ်။ ဒါ ကိုညာ…. ကိုညာရဲ့ အသံပဲ။
“ကိုစိုင်း… ကျုပ် မင်းကို လာနှုတ်ဆက်တာ ”
“ဗျာ… ”
“ခင်ဗျားစကားက ဘယ်လိုကြီးလဲ… ဒါနဲ့ ဒဏ်ရာတွေရော သက်သာရဲ့လား… ဘယ်လိုနေသေးလဲ”
“သက်သာတယ်… ကျုပ်ဘယ်လိုမှမနေတော့ဘူး… နာတာကျင်တာလည်း မရှိတော့ဘူး ….ကျုပ်ကိုစိတ်မပူပါနဲ့… ကျုပ်သွားတော့မယ်နော်”
“ဘယ်သွားမို့လဲ ကိုညာ”
ထိုအခါ ကိုညာက တောင်ထိပ်ပါ်ကို လက်ညှိုးထိုးပြသည်။ ရွှေရောင်တလက်လက်နဲ့တောက်ပနေပြီး သပ္ပါယ်လွန်းလှ
တဲ့ စေတီတော်ကြီး။
“ဒါ… ဒါ… နှစ်ထပ်ဆောက်ပေါ်ကနေ လှမ်းကြည့်ရင် မြင်ရတဲ့စေတီပျက်ကြီး မဟုတ်ဘူးလား”
ထိုသို့မေးချင်ပေမယ့် သူ့စကားတို့ အပြင်ကိုမထွက်ခဲ့ပေ။ ထိုစဉ် ကိုညာက သူ့ရှေ့ကနေ လှစ်ခနဲထွက်သွားသည်။
“ဟာ…. ကိုညာ… ကိုညာ ”
ကိုစိုင်းကလည်း နောက်မှထပ်ကြပ်မကွာ လိုက်သည်။ သူ လိုက်နေတာသိလို့လားမသိ။ ကိုညာက ခပ်သွက်သွက်လျှောက်သွားရင်း စေတီတော်နားရောက်တော့ အနီးရှိ ကျောက်လှိုဏ်ဂူထဲမှ အမျိုးသမီးတစ်ဦးထွက်လာသည်။ အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ကာ၊ အစိမ်းရောင်ပန်းတို့ ပန်ဆင်ထား၏။ ကိုစိုင်းနှာခေါင်းထဲ၌လည်း စိမ်းရွှင်ရွှင်အနံ့တို့ကို အဆက်မပြတ်ရနေသေးသည်။ ထိုအမျိုးသမီးဘေးမှာရပ်နေတဲ့ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွားဖြင့် အစောင့်ဟုခန့်မှန်းရသောသူတစ်ယောက်က ဘာမှမပြောပဲ ကိုညာရဲ့ လက်မောင်းမှဆွဲခေါ်သွားကာ သူတို့သုံးယောက်လုံး လှိုဏ်ဂူထဲတိုးဝင်ပျောက်ကွယ်သွားသည်။ ကိုညာကလည်း ရိုရိုကျိုးကျိုးဖြင့် လိုက်ပါသွား၏။
“ကိုညာ… ကိုညာ… ”
အော်ခေါ်ရင်း လန့်နိုးလာတော့ မနက်မိုးတောင်လင်းနေပြီ။ နှာခေါင်းထဲမှာတော့ စိမ်းရွှင်ရွှင်အနံ့ကြီးကို ရနေဆဲဖြစ်ပြီး မျက်နှာသစ်လို့ နံနက်စာစားပြီးတဲ့အထိ ထိုအနံ့က မပျောက်သွားသေးပေ။ မနက် ၁၀ နာရီ ဝန်းကျင်လောက်ရောက်တော့ ကိုစိုင်းတို့ကို လာကြိုတဲ့ကား ရောက်လာသည်။ ကားမောင်းလာသူရဲ့ သတင်းစကားအရတော့ ကိုညာတစ်ယောက် ပွဲချင်းပြီး ဆုံးသွားရှာလေပြီတဲ့။
ဒီစကားကြားတော့ အခြားသူတွေက တအံ့တသြဖြစ်နေပေမယ့် ကိုစိုင်းကတော့ မအံ့သြပဲ တည်ငြိမ်နေသည်။ ညကပဲ သူ့ကိုလာနှုတ်ဆက်သွားတာမဟုတ်လား။ ထို့နောက် ကားပေါ်ပစ္စည်းတွေအကုန်တင်းပြီးချိန်မှာတော့ ကိုစိုင်းက ကားပေါ်တက်လိုက်ပြီး ကားခေါင်းဘက်ကို ကျောပေးကာ စေတီပျက်ရှိနေတဲ့ တောင်ဘက်ကိုလှမ်းကြည့်ရင်း လိုက်ပါလာတော့သည်။ တဖြည်းဖြည်း ထိုနေရာနဲ့ဝေးကာ မျက်ကွယ်စပြုချိန်မှာတော့ ထိုစေတီအနားမှ လူတစ်ယောက်ပေါ်လာတာကို ခပ်ရေးရေးလေး တွေ့မြင်လိုက်ရပါသေးသည်။
စာဖတ်သူများအား
အစဉ်ချစ်ခင်လေးစားလျှက်….
စိုင်း(ချယ်ရီမြေ)
Zawgyi Version
လူစားလဲတဲ့ည(စ/ဆံုး)
————————–
“ကဲ… ကဲ…. လိုအပ္တဲ့ပစၥည္းေတြကို ေသခ်ာေလးစစ္ၾကဦးေနာ္၊ က်န္ခဲ့ရင္ ျပန္လာယူဖို႔မလြယ္ဘူး ….ခရီးကအရမ္းေဝးတယ္”
ေဆာက္လုပ္ေရး ကန္ထ႐ိုက္တာ တစ္ေယာက္ျဖစ္တဲ့ ကိုထြန္းက အသိေပးေျပာဆိုလိုက္ျခင္းပင္။
အရင္ေန႔ေတြကေတာ့ အလုပ္႐ုံ၌ပင္
အေဆာက္အဦးအတြက္လိုအပ္ေသာ ျဖဳတ္တပ္လို႔ရတဲ့ နတ္တိုက္ အမိုးဒိုင္းအရွင္မ်ားကို ျဖတ္ေတာက္သူက ျဖတ္၊ ဂေဟတို႔ ဝရိန္ေဆာ္သူက ေဆာ္၊ အေပါက္ေဖာက္သူက ေဖာက္ စသည္ျဖင့္ အသီးသီး လုပ္ကိုင္ၾကသည္ျဖစ္ရာ ဒီေန႔မွာေတာ့ထုတ္လုပ္ေရးၿပီးဆုံးသြားတာေၾကာင့္ တပ္ဆင္ေရးအတြက္ ခရီးထြက္ၾကရမည္ျဖစ္၏။
ဟြန္ဒိုင္း ဘယ္ေမာင္း (၁၂) ဘီး ကားေပၚသို႔ အမိုးဒိုင္း ေပ (၁၅၀) စာအတြက္ လိုအပ္တဲ့ပစၥည္းေတြ ျပည့္ေနေအာင္တင္ေဆာင္ၿပီးေနာက္ အလုပ္သမားမ်ားလည္း မိမိတို႔ အဝတ္အစားမ်ားကိုထုပ္ပိုးကာ ကားေပၚပစ္တင္လိုက္ၾကသည္။
“အကုန္စုံရင္ ေနမျမင့္ခင္ ထြက္ၾကမယ္ေဟ့…. ကားဆရာေရာ….ကားဆရာ”
“လာၿပီ… လာၿပီ… ဒီမွာ ကြမ္းဝယ္ေနလို႔”
ေျပာေျပာဆိုဆိုပင္ ပါးစပ္အျပည့္ ကြမ္း ၂ ယာ၊ ၃ ယာေလာက္ ပစ္ထည့္ဝါးကာ ကားေပၚတက္၊ စက္ႏႈိးၿပီး ထိုခရီးစဥ္ကို စတင္လိုက္ပါေတာ့သည္။ ကားဆရာေဘးမွာ လမ္းေၾကာင္းသိသူ ဝရိန္ဆရာတစ္ဦး လိုက္ပါလာၿပီး၊ ကားေဘာ္ဒီထဲက ပစၥည္းပုံေတြေပၚမွာေတာ့ က်န္ (၆)ေယာက္ လိုက္ပါလာ၏။
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕ရဲ႕ အေရးပါရာ ေနရာတစ္ခုျဖစ္တဲ့ ေအးသာယာစက္မႈဇုန္မွ နံနက္ (၈) နာရီဝန္းက်င္ေလာက္က စတင္ထြက္လာခဲ့ရာ ေအာင္သေျပ၊ ေ႐ႊေညာင္တို႔ကို ျဖတ္ေက်ာ္လာၿပီး ေတာင္ေလးလုံးၿမိဳ႕နယ္အဆုံး တျဖစ္လဲ ကေလာၿမိဳ႕အစရွိ တီေကာင္ေတာင္ကိုေရာက္ေတာ့ ၉နာရီ မတ္တင္း။ လာရာလမ္းတေလွ်ာက္ကေတာ့ ေျမျပန္႔သာသာလမ္း ဆိုေပမယ့္ သည္ေနရာကေနစၿပီး ေတာင္ေပၚလမ္းကို စတက္ရေတာ့သည္။
ကားဆရာအေနနဲ႔ ထိုအလုပ္သမားမ်ားကို ပို႔ေဆာင္ၿပီး ျပန္လာရမွာမို႔ ျမန္ျမန္ဆန္ဆန္ ေမာင္းခ်င္ေပမယ့္ တျဖည္းျဖည္း မတ္လာေသာ ကားလမ္းျဖစ္တာကတစ္ေၾကာင္း၊ ကားေပၚတင္လာတဲ့ ပစၥည္းဝိတ္ မ်ားတာက တစ္ေၾကာင္း၊ ေတာ္ၾကာ ဘယ္ေကြ႕၊ ေတာ္ၾကာ ညာေကြ႕ျဖင့္ အေကြ႕အေကာက္မ်ားတာကတစ္ေၾကာင္း စသည္တို႔ေၾကာင့္ ျဖည္းျဖည္းမွန္မွန္သာ ေမာင္းေနရသည္။
ထို႔အတူ ကားအေနာက္ေဘာ္ဒီထဲမွာ လူ (၆)ေယာက္ပါလာတယ္ ဆိုေသာ္လည္း၊ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာဆိုေနျခင္း အလ်ဥ္းမရွိ။ ေတာင္ေပၚတက္လာတာေၾကာင့္ အေပၚစီးမွျမင္ေနရတဲ့ လြမ္းေမာစရာ ေတာင္တန္းမ်ား၊ ညီညာလွပေနေသာ လယ္ကြင္းမ်ား၊ အေရာင္စုံလွသည့္ တိမ္တိုက္မ်ားက္ိုသာ ေငးၾကည့္ရင္း လိုက္ပါလာၾကျခင္းတည္း။
လမ္း၌ ဘဝသံသရာတံတားကို ေရာက္ခ်ိန္မွာေတာ့ ေတာင္ႀကီးသားတစ္ေယာက္က သူ႔လုပ္ေဖာ္ကိုင္ဖက္ အညာသားတစ္ေယာက္ကို ဆရာႀကီးလုပ္လိုက္ေသး၏။
” ကိုညာ သိလား…. ဒီဘဝသံသရာတံတားႀကီးကို ကိုလိုနီေခတ္ ၁၉၂၇ ခုႏွစ္မွာတည္ေဆာက္ခဲ့တာေလ… မိတၳီလာ သာစည္နဲ႔ ကြၽန္ေတာ္တို႔ ျဖတ္လာတဲ့ေ႐ႊေညာင္ကို ဆက္သြယ္ေပးထားတဲ့ မီးရထားလမ္းအျဖစ္ ဒီေန႔ထိအသုံးျပဳလို႔ရေသးတယ္”
“ဟုတ္လား ကိုစိုင္းရ… ဒါဆို ဒီတံတားသက္တမ္းက ႏွစ္(၁၀၀) နီးပါးေတာင္ ရွိေနၿပီေပါ့…. ေတာ္ေတာ္ခိုင္ခံ့တာပဲေနာ္”
“ဟုတ္တယ္… တံတားအရွည္ ေပ (၂၀၀)နဲ႔ အျမင့္ (၆၄) ေပရွိလို႔ ေတာ္ေတာ္ရွည္ၿပီးျမင့္တယ္လို႔ဆိုရမယ္…ေတာင္ႏွစ္လုံးၾကားက လွ်ိဳႀကီးေပၚမွာေဆာက္ထားတာမို႔ တံတားေပၚကေန ေအာက္ကိုငုံ႔ၾကည့္ရင္ အသည္းတယားယား …ၿပီးေတာ့ ေဘးမွာ အကာအရံေတြဘာေတြမပါပဲ မီးရထားလမ္းတစ္ခုတည္း ထီးတည္းႀကီး ရွိတာဆိုေတာ့ ပိုေတာင္ဆိုးေသးတယ္…. ”
“ဒါေတာင္ ဒီတံတားေပၚတက္ၿပီး ဓာတ္ပုံ႐ိုက္ေနတဲ့သူေတြ ရွိေသးတယ္ေနာ္… ”
“အဲ့အနားမွာ အေစာင့္ရွိတယ္ေလ… ရထားအသြားအလာလည္းရွိေနေသးတာမို႔ သူက တက္ခြင့္ေပးမွ တက္ရတယ္ ”
ကိုစိုင္းေျပာတာကို နားေထာင္ရင္း ဘဝသံသရာတံတားႀကီးကိုေငးၾကည့္ကာ ခရီးဆက္လက္ထြက္ခြာလာခဲ့ၾကသည္။ ဒီေနရာဒီေဒသမွာေနတဲ့သူအဖို႔ကေတာ့ ထိုမွ်ေလာက္မထူးဆန္းေတာ့ေပမယ့္ တနယ္ရပ္ျခားက ကိုညာအတြက္ေတာ့ အထူးအဆန္းပင္။
ထိုေနရာမွလြန္ေသာ္….
တစ္ဖက္တစ္ခ်ပ္စီ၌ ထင္းရႉးပင္ေတြစီတန္းေနတဲ့ ကားလမ္းမႀကီးအတိုင္း
အခ်ိန္အေတာ္ၾကာ ေမာင္းႏွင္လာၿပီးေနာက္ ကေလာၿမိဳ႕ကိုေက်ာ္ကာ ေအာင္ပန္းၿမိဳ႕ထဲေရာက္သည္။ ထိုမွတဆင့္ ျမသပိတ္ ေရျပာအိုင္၊ မိန္းမရဲေတာင္ စသည္တို႔ျဖင့္ နာမည္ႀကီးေသာ ပင္းတယၿမိဳ႕ထဲသို႔ ခ်ိဳးေကြ႕ကာ ခရီးဆက္ၾကရသည္။
ပစၥည္းအျပည့္ တင္ေဆာင္လာေသာ ထိုကားႀကီးမွာ ေတာင္တန္းေတြၾကားက ျဖတ္ေမာင္းလိုက္လွ်င္ ေတာ႐ိုင္းပန္းေလးတို႔ရဲ႕အလွအပနဲ႔အတူ ေလႏုေလေအးေလးတို႔ရဲ႕ ထိေတြ႕မႈကို ခံစားရသလို၊ လယ္ကြင္းေတြၾကားက ျဖတ္လိုက္လွ်င္လည္း ေဂၚဖီထုပ္၊ ပန္းမုန္လာ၊ ေျပာင္းဖူး စသည္ျဖင့္ သဘာဝလတ္လတ္ဆတ္ဆတ္ အသီးအႏွံဖြံ႕ဖြံ႕ထြားထြားႀကီးေတြကို ျမင္ေတြ႕ေနရတာေၾကာင့္ ကားေပၚမွဆင္းၿပီး ခူးစားခ်င္စိတ္ကိုေတာင္ မနည္းထိန္းထားရေပမည္။ ေျမဆီလႊာထိန္းသိမ္းသည့္အေနျဖင့္ စိုက္ပ်ိဳးထားေသာ ေလွကားထစ္စိုက္ခင္းမ်ားမွာလည္း ညီညာလွပကာ အေရာင္အေသြး စုံလင္ေနေတာ့၏။
“ကိုစိုင္း …ဒီပင္းတယမွာ မိန္းမဝဲေတာင္ဆိုတာ ဘယ္နားမွာလဲ”
ထိုစဥ္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က…
“မိန္းမရဲေတာင္ပါ…. ကိုညာရယ္ …ဘယ့္ႏွယ့္ မိန္းမဝဲေတာင္တုန္း” ဟု ခပ္သဲ့သဲ့ ေျပာလိုက္သည္။ ထိုစဥ္ ကိုစိုင္းက
“ကိုညာေျပာတာလည္း မမွားပါဘူး …ဟ္ိုးအရင္ကေတာ့ မိန္းမဝဲေတာင္လို႔ ေခၚၾကသတဲ့ … တို႔အခုသြားတဲ့လမ္းမွာေတာ့ အဲ့ဒီ့ေတာင္ကို ေတြ႕ရမွာမဟုတ္ဘူးရယ္ …ဘာလို႔ဆို အခုလမ္းက ပင္းတယကေန ဟဲဟိုးသြားတဲ့ ျဖတ္လမ္းကေန သြားေနတာမို႔ေလ”
“ဪ… ဒါျဖင့္ရင္လည္း က်ဳပ္ကို အဲ့ဒီ့မိန္းမဝဲေတာင္အေၾကာင္း ၾကားဖူးတယ္ရွိေအာင္ ေျပာျပပါလား… ”
“ေျပာျပမယ္… ကြၽန္ေတာ္လည္း ပ်င္းေနတာနဲ႔အေတာ္ပဲ… ဟဲ ဟဲ ”
“တစ္ခ်ိန္တုန္းက … ဘုရင့္သမီးေတာ္တစ္ပါးျဖစ္တဲ့ နန္းဧကရီေလးက ေက်းေတာသား လုလင္တစ္ေယာက္နဲ႔ ဖူးစာပါလာၿပီး ခ်စ္ႀကိဳက္သြားသတဲ့.. (တခ်ိဳ႕ကလည္း ၿမိဳ႕စားႀကီးသမီး) လို႔ ေျပာၾကတယ္…
တစ္ေန႔ ….ဒီအျဖစ္အပ်က္ကို ဘုရင္ႀကီးသိသြားတဲ့အခါ အမ်က္ေဒါသထြက္ၿပီး သမီးေတာ္ေလးကို တစ္ျခားမင္းေဆြမင္းမ်ိဳးတစ္ဦးနဲ႔ လက္ထပ္ေပးဖို႔ စီစဥ္ခဲ့တယ္ …
ဒီသတင္းၾကားၾကားခ်င္းပဲ မင္းသမီးေလးက ေက်းေတာသား လုလင္နဲ႔ အတူ အားလုံးနဲ႔ ေဝးရာကိုထြက္ေျပးၾကတာေပါ့။ သူတို႔ ႏွစ္ဦး ထြက္ေျပးလာၾကရင္း အခု မိန္းမရဲေတာင္လို႔ ေခၚၾကတဲ့ ေတာင္ရဲ႕အေရွ႕ဘက္ ႐ြာတစ္႐ြာ ကို ျဖတ္သြားၿပီးေတာ့ ကင္းခြန္ေပးရမယ့္ေနရာကို ေရာက္လာပါေရာ။ လက္ထဲမွာ ကင္းခြန္ေပးစရာမရွိတဲ့အတြက္ ေက်းေတာသားလုလင္ဟာ … ရာဇဝတ္ေဘးကို ေတြးေၾကာက္မိၿပီး ကင္းခြန္အတြက္ သူသြားရွာမယ္….ေနာက္မွ ျပန္လာေခၚမယ္လို႔ ကတိေပးၿပီး ထြက္သြားခဲ့တယ္ …ဒီလိုနဲ႔
နန္းဧကရီ ေလးဟာ ေတာင္ေပၚမွာ ရက္ေတြအၾကာႀကီး ေစာင့္ေနခဲ့ေပမယ့္ ေက်းေတာသားလုလင္ကေတာ့ ျပန္ေရာက္မလာခဲ့ပါဘူး …နန္းဧကရီေလးဟာ သစၥာမရွိတဲ့ ေက်းေတာသား လုလင္ ကို စိတ္နာတာရယ္ တစ္ျခားသူတစ္ဦးကိုလည္း လက္မထပ္ခ်င္တာရယ္ေၾကာင့္ အသက္သာအေသခံလိုက္ေတာ့မယ္လို႔ ဆုံးျဖတ္ၿပီး ေတာင္ထိပ္ကေန ေတာင္ေအာက္ကို ခုန္ခ်ၿပီးမိမိကိုယ္ကို အဆုံးစီရင္ခဲ့တယ္…..
ဒီလိုနဲ႔ပဲ ဒ႑ာရီအရဆိုရင္ နန္းဧကရီဟာ ဒီေတာင္ကိုေစာင့္တဲ့ သခင္မျဖစ္လာခဲ့တယ္… ကိုယ္ေ႐ြးခ်ယ္တဲ့လမ္းကို ရဲရဲႀကီးေလွ်ာက္ခဲ့ၿပီး ေသရဲတဲ့မိန္းကေလး၊ ရဲရင့္တဲ့မိန္းကေလးမို႔ မိန္းမရဲလို႔ေခၚၾကၿပီး ဒီေတာင္ကိုလည္း မိန္းမရဲသခင္မေတာင္လို႔ေခၚၾကတာေပါ့ဗ်ာ….
တခ်ိဳ႕ကလည္း ေတာင္ထိပ္က ေန ေရဝဲထဲ ကို ခုန္ခ်ၿပီး အဆုံးစီရင္တာေၾကာင့္ မိန္းမဝဲေတာင္လို႔ ယခင္က ေခၚၾကတယ္လို႔လည္း ေျပာၾကေသးတယ္”
ကိုစိုင္းေျပာသမွ်ကို ေခါင္းတဆတ္ဆတ္ညိမ့္ၿပီး ၿငိမ္ကာနားေထာင္လိုက္ရတဲ့ ကိုညာကေတာ့ သူသိခ်င္တာကို သိခြင့္ရလိုက္ရတဲ့အတြက္ ေက်နပ္သြားတဲ့မ်က္ႏွာထားမ်ိဳးျဖစ္ေနေတာ့၏။
ေစာေစာကေတာ့ စကားသံမဝဲတဝဲနဲ႔ ဒ႑ာရီလာအခ်ိဳ႕ကိုေျပာျပေနတဲ့ ကိုစိုင္းရဲ႕အသံက အဆက္မျပတ္ထြက္ေပၚေနေသာ္လည္း ယခုအခါမွာေတာ့ ယခင္ကလို တိတ္ဆိတ္သြားျပန္သည္။ ကုန္ကားကလည္း တအိအိနဲ႔ေမာင္ႏွင္လာလိုက္တာ အခ်ိန္အေတာ္ၾကာလို႔ ခရီးလည္းအေတာ္ေပါက္ေနေလၿပီ။ တစ္ေနရာေရာက္ျပန္ေတာ့..
“ကိုစိုင္း…. ဟိုးဘက္မွာျမင္ေနရတဲ့ဟာကေရာ…. ”
လက္ညႇိဳးထိုးျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ ပင္းတယလႈိဏ္ဂူကို ေတြ႕ရသည္။
“အဲ့တာ နာမည္ႀကီး ပင္းတယလႈိဏ္ဂူေပါ့ ကိုညာရ ….အခုျမင္ေနရတာက အေနာက္ဘက္အျခမ္း …အေရွ႕ဘက္မွာေတာ့ အထင္ကရအေနနဲ႔ ပင့္ကူ႐ုပ္ႀကီးတစ္ခုရွိတယ္ …အဲ့ဒီ့ပင့္ကူ႐ုပ္ကလည္း ရာဇဝင္နဲ႔”
“ဟုတ္လား လုပ္ပါဦး အဲ့တာဆို… အဲ့ဒီ့ ပင့္ကူအေၾကာင္းေလး”
“အင္း… ေျပာျပမယ္… တစ္ရံေသာအခါက နဂါးပတ္ေတာင္မွာ သီတင္းသုံးေနတဲ့ရေသ့ႀကီး နဲ႔ မနီးမေဝးမွာ နဂါးတစ္ေကာင္ကလည္း ဂဠဳန္ရန္ကို မေၾကာက္ပဲ ရဲဝံ့စြာေနေလတယ္ …. တစ္ေန႔ ဂဠဳန္မင္းက နဂါးကို ထိုးသုတ္ေသာ္လည္း မရ ၊ ခါးမွ မခ်ီလည္း မႏိုင္ ၊ အႀကိမ္ႀကိမ္ ႀကိဳးစားေသာ္လည္း အခ်ည္းအႏွီးသာျဖစ္ေနတာေၾကာင့္ လူေယာင္ဖန္ဆင္းၿပီး ရေသ့ႀကီးထံ ေလွ်ာက္တင္လိုက္တယ္…
ရေသ့ႀကီးလည္း ဂဠဳန္မင္း၏ ပရိယာယ္ ကို မရိပ္မိပဲ … “အေမာင္လုလင္ ထိုနဂါးသည္ ပတၱျမား မ်က္ရွင္ကို ငုံထားေသာေၾကာင့္ ျဖစ္သည္။ နဂါး၏ အျမႇီးဖ်ားမွ မခ်ီကာ ပတၱျမား မ်က္ရွင္ကို ထြက္ေအာင္ ခါရမ္းမွသာလွ်င္ နဂါးကို ရႏိုင္ေပမည္” ဟု မိန႔္ေတာ္ မူလိုက္တယ္…. ဂဠဳန္မင္း လည္း နဂါးကို အျမႇီးဖ်ားကေန ထိုးသုတ္ၿပီး ပတၱျမားကို ထြက္က်လာေအာင္လုပ္ေတာ့မွ ေအာင္ႏိုင္သြားေတာ့တယ္…
အဲ့ဒီ့အခ်ိန္ ေလး၊ ျမႇားတို႔ လြယ္ၿပီးခရီးထြက္လာတဲ့ ကုမၼာဘယ မင္းသားကို ျမင္လိုက္တဲ့အခါ .. နဂါးမင္းလည္း ကယ္ပါယူပါဆိုၿပီး အကူအညီေတာင္းခံလိုက္တယ္ …. ကုမၼာဘယ မင္းသားလည္း ဂဠဳန္မင္း ကို ေလးႏွင့္ ပစ္ခြင္းလိုက္တဲ့အခါ ဂဠဳန္မင္းက “ ငါဖမ္းရေသာ နဂါးကို စားအံ့ဆဲဆဲအခ်ိန္တြင္ သင့္လက္ခ်က္ေၾကာင့္ ေသရေတာ့မယ္။ေနာင္ဘဝတြင္ ႀကီးစြာေသာခႏၶာကိုယ္ ကိုရရွိၿပီး သင္၏ သြားရာလမ္းတြင္ ရန္မူႏိုင္ပါေစသတည္း”ဆိုၿပီး က်ိန္ဆိုလိုက္သတဲ့…
အဲ့ဒီ့ေနာက္ ဂဠဳန္မင္း ထိုဘ၀ မွ စုေတေသာ္ … အေနာက္ဘက္ ဥမင္သုံးခုတို႔ရဲ႕ အလယ္မွာပင့္ကူႀကီး ျဖစ္ေတာ့တယ္ …
တစ္ေန႔ ကုမၼာဘယ မင္းသားက တ္က္ုယ္တည္း ေတာကစားထြက္ရင္း မနီးမေဝး ဥမင္အတြင္း မွ နတ္သမီး ခုႏွစ္ေဖာ္တို႔၏ ေအာ္သံကိုၾကားလိုက္ရတယ္ … မင္းသားလည္း အသံၾကားရာအတိုင္း အလ်င္အျမန္ေျပးသြားေသာ အခါ ႏြားခ်ည္ႀကီဳးပမာဏေလာက္ရွိတဲ့ ပင့္ကူအမွ်င္ေတြနဲ႔ ဖမ္းဆီးခံထားရေသာ နတ္သမီးခုႏွစ္ေဖာ္တို႔ကို ေတြ႕လိုက္ရတယ္….
နဂိုကတည္းက အမ်ားသူငါ ဒုကၡေရာက္တာကိုၾကည့္မေနတတ္တဲ့ မင္းသားလည္း နတ္သမီးခုႏွစ္ေဖာ္ကို ကယ္တင္ဖို႔ ဆုံးျဖတ္လိုက္ေတာ့တယ္…
ၿပီးေတာ့ “ယခုပင့္ကူမွ်င္မ်ားကို ျဖတ္ေနတုန္း ပင့္ကူႀကီး ေရာက္လာႏိုင္တယ္… ရန္သူကို အရင္ရွာမွ ျဖစ္မယ္” ဆိုၿပီး ေျမာက္ဘက္ကို သြားရင္း ပင့္ကူႀကီးနဲ႔ထိပ္တိုက္ေတြ႕လိုက္ရပါေလေရာ …
ပင့္ကူႀကီးလည္း မင္းသားကိုျမင္တဲ့အခါ ဂဠဳန္မင္း ဘဝတုန္းက ရန္ၿငိဳးထားခဲ့သူျဖစ္ၿပီး ေဒါသထြက္ကာ အစြမ္းရွိသမွ် တိုက္ခိုက္ၾကေတာ့တာေပါ့ …ေနာက္ဆုံးမွာ မင္းသားက ျမႇားတစ္စင္းနဲ႔ ပင့္ကူႀကီးအား ပစ္ၿပီး ေအာင္ႏိုင္တဲ့ အခါ “ပင့္ကူရ ၿပီ၊ ပင့္ကူရၿပီ” ဆိုၿပီး လက္ခေမာင္းခတ္ ေႂကြးေၾကာ္လိုက္တာေၾကာင့္ ထိုေနရာကို “ပင့္ကူရ” ဟု ေခၚဆိုၿပီး ေနာင္ၾကာလာေသာအခါ… “ပင္းတယ” ဆိုတဲ့ အမည္တြင္လာခဲ့ေတာ့တယ္”
ကိုစိုင္းေျပာသမွ်ကို ကားေပၚကလူေတြ ၿငိမ္ၿပီးနားေထာင္လာလိုက္တာ ပုန္းတလုတ္ေရကန္ဆီကိုေတာင္ ေရာက္လာေလၿပီ။ ထိုနားက ေစ်းဆိုင္ႀကီးတစ္ဆိုင္ေရာက္ကာမွ ကားဆရာလည္း ကားရပ္ကာ အေညာင္းအေၾကာေျဖရင္း လိုအပ္သည္မ်ားကို ဝယ္ယူၾကၿပီးမွ ခရီးဆက္ၾက၏။ ပုန္းတလုတ္ေရကန္အနားမွာ ခရီးတေထာက္ နားလက္စနဲ႔ ဒီကန္ႀကီးရဲ႕ သမိုင္းေၾကာင္းကိုပါ ေျပာျပခ်င္စိတ္ျဖစ္လာတာေၾကာင့္ ကိုစိုင္းကပင္ စကားစသည္။
“ဒီပုန္းတလုတ္ေရကန္ႀကီးကလည္း ရာဇဝင္နဲ႔ဗ်”
ကိုစိုင္း စလိုက္သည္ႏွင့္ က်န္သူမ်ားက ညႇိစရာမလိုပဲ နားေထာင္ရန္ အသင့္အေနအထားျဖစ္သြားေတာ့၏။
“ေရွးတုန္းက ပင္းတယဟာ သားရဲတရိစာၦန္ ေတြ က်က္စားၾကတဲ့ ေတာႀကီးတစ္ခုျဖစ္တယ္ …တစ္ေန႔မွာ ေရရွားပါးတဲ့ ျပႆနာ တစ္ခုျဖစ္လာေတာ့ သတၱဝါေတြ ေသေၾကပ်က္စီးၾကတာကို နဂါးမင္းက မၾကည့္ရက္ႏိုင္တဲ့အတြက္ ပင္လယ္သမုဒၵရာထဲက ေရေတြကို ခံတြင္းထဲငုံၿပီး ယခု ပုန္းတလုတ္ ေရကန္ မွာ သြန္ခ်လိုက္ၿပီး ေရကန္ကို မဖ်က္စီးေအာင္ အဓိဌာန္ျပဳခဲ့ပါေသးတယ္
“ငါသည္ ပုန္းတလုတ္ေရကန္အား သတၱဝါေတြ ခ်မ္းသာစြာေနထိုင္ေရး အတြက္ အလြန္ေဝးေသာ အရပ္ေဒသမွ ပင္လယ္ သမုဒၵရာ ေရကို ငါ၏ ႏႈတ္ေတာ္ျဖင့္ သယ္ေဆာင္၍ ေရကန္အျဖစ္ ဖန္ဆင္းေပးခဲ့ပါသည္။ ထိုမွန္ေသာ သစၥာစကားေၾကာင့္ ဒီေရကန္တြင္ ငါးဖမ္းျခင္း ၊ ေလွေလွာ္ျခင္း ၊ ေဖာင္စီးျခင္း ၊ တံတားထိုးျခင္းမ်ား ျပဳလုပ္ပါက ေရမ်ား ခန္းေျခာက္ပါေစ”
ဒီလိုအဓိဌာန္ ျပဳခဲ့ေသာေၾကာင့္ နဂါးအဓိဌာန္ျပဳေသာကန္မို႔ နာဂဓိဌာန္ ပုန္းတလုတ္ ေရကန္ဆိုၿပီး ေခၚဆိုခဲ့ၾကတာ… ယခင္ကဆို နတ္သမီးေတြေတာင္ ေရဆင္းခ်ိဳးၾကေသးတယ္တဲ့”
“ဟာ… မိုး႐ြာလာၿပီ….ပစၥည္းေတြ လုံေအာင္ဖုံးၾကဦးေဟ့”
ကားေပၚပါလာတဲ့လူတစ္ဦးရဲ႕ စကားသံႏွင့္အတူ ဒီအတိုင္းပစ္တင္လာတဲ့ အိပ္ယာလိပ္၊ အဝတ္စားထုပ္တို႔ကို မိုးလုံေအာင္ဖုံးဖိလိုက္ေတာ့သည္။ ထိုအခါ ကိုစိုင္းေျပာလက္စ စကားျပတ္သြားတာေၾကာင့္ အခ်ိဳ႕က အားမလိုအားမရေတာင္ ျဖစ္မိသြားေသးသည္။မတ္ေစာက္ေသာ ေတာင္တက္လမ္းေပၚေမာင္းေနရတာေၾကာင့္ ကားမွာခ်က္ခ်င္းရပ္လို႔အဆင္မေျပေသးပဲ ခဏေမွးေမာင္းလာၿပီး လမ္းသာတဲ့ေနရာေရာက္မွ ကားကိုရပ္လိုက္၏။
“အေနာက္မွာ အဆင္ေရာေျပၾကလားေဟ့…. မိုခိုၾကဦးမလား”
“ခိုမေနေတာ့ပါဘူးဗ်ာ… မိုးစိုလို႔မရတဲ့ပစၥည္းေတြက္ိုေတာ့ မိုးကာစႀကီးနဲ႔ ဖုံးထားတယ္… ”
“ရတယ္… ဒီတိုင္းသာ ဆက္ေမာင္းေတာ့ဗ်ိဳ႕”
“ဟုတ္ၿပီ၊ ဟုတ္ၿပီ…”
သို႔ႏွင့္ ကားဆရာက ဆက္လက္ေမာင္းႏွင္လာရာ မၾကာမီ မဲနယ္ေတာင္ေဒသကိုေရာက္၏။ ေတာက္ေလ်ာက္က မတ္ေစာက္ေသာေတာင္ေပၚလမ္းေတြသာခ်ည္း ျဖစ္တာမို႔ ကာေနာက္လိုက္လာသူမ်ားမွာ ပစၥည္းေတြနဲ႔ ေအာက္ေလွ်ာမက်ေအာင္ မနည္းထိန္းေနရေသးသည္။ ေတာင္ေပၚေရာက္လာေလ… ပိုမိုေအးခ်မ္းလာေလျဖစ္သလို မိုးကလည္း သည္းသည္းမဲမဲ႐ြာတာမ်ိဳးမဟုတ္ပဲ ႐ြာတယ္ဆို႐ုံေလာက္သာက်ေနတာေၾကာင့္ ခ်မ္းစိမ့္ေနေတာ့၏။
ညေန ၅ နာရီေလာက္ေရာက္ေတာ့ မဲနယ္ေတာင္ထိပ္ေပၚက ေက်း႐ြာေလးဆီေရာက္လာၿပီး သုံး႐ြာေပါင္း တစ္ခုတည္ထားတဲ့ စာသင္ေက်ာင္းထဲသို႔ ကားကိုေမာင္းဝင္လာလိုက္သည္။ ေက်ာင္းထဲဝင္လိုက္တာနဲ႔ ေဆာက္ၿပီးသား အေဆက္အဦးေတြရဲ႕အနီးမွာ အမိုးမပါ ဘာမပါနဲ႔ ေဆာက္လက္စအေဆက္အဦးတစ္ခုရွိေနတာေၾကာင့္ ထိုအတြက္အမိုးဒိုင္းတင္ၿပီး သြပ္မိုးေပးရမည္ကို အားလုံးသိေနၾက၏။
ညေနသာ ဆိုရတယ္… ေနေရာင္ေကာင္းေကာင္းမျမင္ေတာ့။ အုံ႔မႈိင္းမႈိင္းသာ ျဖစ္ေန၏။ မၾကာမီေက်ာင္းအုပ္ႀကီးတစ္ေယာက္ေရာက္လာၿပီး စကားစျမည္ေျပာကာမွ ဒီေနရာဒီေဒသမွာ မိုးလင္းကမိုးခ်ဳပ္ထိ ေနေရာင္ေကာင္းေကာင္းမျမင္ရပဲ၊ ယခုလိုအုံ႔မႈိင္းမႈိင္းသာျဖစ္ေနသည္ကို ၾကားသိလိုက္ရသည္။ သို႔ျဖင့္ ကားေပၚပါလာတဲ့ ပစၥည္းေတြကိုခ်ၿပီးေနာက္ ကားဆရာမွာလည္း ထိုေနရာမွအျမန္ေမာင္းထြက္သြားသည္။ သူလည္းမိုးမခ်ဳပ္ခင္ အျမန္ျပန္ရမွာ မဟုတ္လား။
ၿပီးေနာက္ စားနပ္ရိကၡာ၊ အဝတ္အစား၊ အိပ္ယာလိပ္တို႔ ကိုယ္စီယူလိုက္ၾကၿပီး ေဆာက္လက္စျဖစ္တဲ့ ႏွစ္ထပ္စာသင္ေဆာင္ဆီကို ေလွ်ာက္သြားၾကေတာ့၏။ အေဆက္အဦးမွာ အၾကမ္းထည္ဟုဆိုေသာ္လည္း ႏွစ္ထပ္ျဖစ္တာေၾကာင့္ ေအာက္ထပ္မွာေန၍၊ စား၍ ရသည္။ သို႔ေသာ္ မိုးလုံေလလုံႀကီးေတာ့ မဟုတ္။
“မထူးဘူး… ဒီေအာက္မွာပဲ အိပ္ၾကတာေပါ့”
တာဝန္ခံတစ္ေယာက္ျဖစ္တဲ့ ကိုေဇာ္က ေျပာလိုက္ရာ ကိုစိုင္းက ပတ္ဝန္းက်င္အေျခအေနကိုၾကည့္ၿပီး ျပန္ေျပာ၏။
“ဒီမွာဆို ေအးခဲၿပီး ေသသြားလိမ့္မယ္၊ ေဘးမွာအကာအကြယ္လည္း ေသခ်ာရွိတာမဟုတ္ဘူး… ကြၽန္ေတာ္ေတာ့ ဟိုဘက္ေဘးက အေဆာင္ရဲ႕ ဝရန္တာမွာပဲ သြားအိပ္လိုက္ေတာ့မယ္… ”
ထိုသို႔ေျပာၿပီး ကိုညာကို လက္တို႔တဲ့အခါ ကိုညာလည္း အဝတ္အိတ္လြယ္ကာ ကိုစိုင္းေနာက္ ပါသြားသည္။ ထို႔အတူ က်န္ႏွစ္ေယာက္ကလည္း ကိုစိုင္းဘက္ကို ပါသြားတာေၾကာင့္… ၄ ေယာက္တစ္ဖြဲ႕၊ ၃ ေယာက္တစ္ဖြဲ႕ျဖင့္ ႏွစ္ဖြဲ႕ခြဲအိပ္ဖို႔ အေၾကာင္းဖန္လာရေတာ့သည္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ စာသင္ခန္းတံခါးက ေစ့႐ုံတင္ေစ့ထားတာေၾကာင့္ ဝရန္တာမွာမအိပ္ရပဲ အခန္းထဲဝင္အိပ္လို႔ ရသြားသည္။ ထိုညကေတာ့ ပစၥည္းေနရာခ်တာနဲ႔ ခ်က္တာျပဳတ္တာနဲ႔တင္ အခ်ိန္ကုန္ၿပီး ေထြေထြထူးထူး လုပ္စရာ အလုပ္မရွိေတာ့ပဲ လိုင္းမမိတမိျဖစ္ေနတဲ့ ဖုန္းေလးသုံးရင္း ေစာေစာစီးစီး အိပ္လိုက္ၾကေတာ့သည္။
“ေတာက္…. ဟင္း”
ေတာက္ေခါက္ၿပီး ႏွာမႈတ္လိုက္တဲ့အသံ။ ဒီအသံကို ကြဲကြဲျပားျပား ၾကားလိုက္ရတာေၾကာင့္ ကိုစိုင္းႏိုးသြားသည္။ အနားက ဖုန္းကိုဖြင့္ၾကည့္ေတာ့ ည(၁၂)နာရီအတိ။
“ဒီအခ်ိန္ထိ ေဘးကလူေတြမအိပ္ေသးတာလား”
ေခါင္းျမႇီးၿခဳံလွ်က္ႏွင့္ပင္ စိတ္ထဲက ေရ႐ြတ္လိုက္ေသးသည္။
“ဟား… ဟား…ဟား.. ”
“ေဟာ…. ထရယ္ေနျပန္ၿပီ၊ ဒီလူဘယ္လိုလူလဲ… ေဘးမွာလူေတြအိပ္ေနတာေတာင္ ရယ္ေနေသးတယ္… ”
ေစာင္ၿခဳံထဲကေနထြက္ၿပီး ေျပာလိုက္ခ်င္ေပမယ့္ ေစာင္လြတ္တာနဲ႔ ခ်မ္းေနတာေၾကာင့္ ဘာမွမေျပာေတာ့ပဲ မသိခ်င္ေယာင္ေဆာင္ကာ အိပ္ဖို႔ပဲႀကိဳးစားေနေတာ့သည္။ အတန္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္မွ…
“ဂြၽီ……. ”
“ဒီအသံ၊ ဒီအသံက ငါ့ေျခေထာက္နားက စားပြဲခုံ တြန္းလို႔ေ႐ြ႕သြားတဲ့အသံ၊ ကိုညာမ်ား အိပ္ရင္း ေျခေထာက္နဲ႔ကန္မိေလသလား” သို႔ေလာ သို႔ေလာေတြးရင္း အိပ္ေပ်ာ္လုဆဲဆဲမွာပင္ ထိုအသံက ထပ္မံထြက္ေပၚလာ၏။ ဒီတစ္ခါမွာေတာ့ ခုံကိုတ႐ြတ္တိုက္ဆြဲသြားသလို “ဂြၽီး…. “ဆိုၿပီး အသံရွည္ႀကီးထြက္ေပၚလာသည္။
“ကြၽတ္”
ကိုစိုင္းတစ္ေယာက္ စုတ္သပ္ကာ သက္ျပင္းတစ္ခ်က္ခ်ရင္း နားပိတ္ၿပီးသာ အိပ္လိုက္ေတာ့သည္။ သို႔ႏွင့္ ဘယ္ကေနဘယ္လိုမိုးလင္းသြားမွန္းမသိ။ စကားေျပာသံ လမ္းေလွ်ာက္သံတို႔ထြက္ေပၚလာမွ ကိုစိုင္းလည္းႏိုးလာေတာ့သည္။ ႏိုးႏိုးခ်င္း ညက,မေက်နပ္တဲ့ကိစၥကိုေျပာဖို႔ ဟန္ျပင္ေနစဥ္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ေျပာ၏။
“ကိုစိုင္း… မင္းေရာ ညကအသံေတြၾကားမိေသးလား”
“ဟင္… ခင္ဗ်ားတို႔ေရာ ၾကားတာလား ”
“ၾကားတာမွ တစ္ဖြဲ႕လုံးကို ၾကားတာေဟ့ေရာင္ေရ… ငါညက တစ္ညလုံးအိပ္မေပ်ာ္ဘူး… ေအာ္သံေတြ၊ ရယ္သံေတြ အခန္းထဲမွာ ပြက္ေလာ႐ိုက္ေနတာပဲ”
“ဟုတ္တယ္… ဒီစားပြဲကိုလည္းၾကည့္ ညက ငါတို႔ဒီအနားမွာ ကပ္အိပ္ၾကတာေလ… မနက္က် ဟိုးဘက္အထိေ႐ြ႕ေနတာ.. ခုံကိုတ႐ြတ္တိုက္ဆြဲသြားတဲ့အသံလည္း ၾကားရတယ္”
“ဟုတ္လား… ကြၽန္ေတာ္လည္း အဲ့အသံကိုၾကားတယ္… ကိုညာ ေျခေထာက္နဲ႔ကန္မိတယ္ထင္ေနတာ”
“ဘယ္ကသာ ကိုစိုင္းရာ… ညကက်ဳပ္မွာ ခ်မ္းလြန္းလို႔ နဖူးနဲ႔ဒူးထိေအာင္ ေကြးအိပ္ေနရတာ… တစ္ညလုံး ေျခေထာက္ေတာင္ မဆန္႔ရပါဘူး”
“ဒါဆို… ဒါဆို သရဲေျခာက္တာေပါ့”
“မရေတာ့ဘူး… က်ဳပ္ကေတာ့ တစ္ခုတည္းနဲ႔တင္ လန္႔သြားၿပီ ျပန္ေတာ့မယ္ မလုပ္ေတာ့ဘူး”
“ဟာ… အလုပ္ေတာင္မလုပ္ရေသးဘူးေလဗ်ာ… ဘယ့္ႏွယ္ ….ဒီအထိေတာင္ေရာက္လာၿပီးမွေတာ့ အလုပ္ဆက္လုပ္လိုက္ေတာ့ေပါ့”
ကိုညာေျပာတဲ့စကားကို ကိုစိုင္းက ေထာက္ခံသည္။
“ဟုတ္တယ္ေလဗ်ာ… ေရာက္လက္စနဲ႔ေတာ့ မထူးေတာ့ပါဘူး”
“မသိဘူးကြာ… ငါေတာ့ျပန္ေတာ့မယ္… ”
“ေဟ့လူ… က်ဳပ္တို႔က မႏၲေလးကေနအတူတူတက္လာတာေနာ္… ခင္ဗ်ားျပန္ရင္ က်ဳပ္လည္းလိုက္မယ္”
ႏွစ္ေယာက္သားက အတိုင္အေပါက္ညီညီနဲ႔ အခန္းအျပင္ထြက္သြားၾကသည္။ ကိုညာနဲ႔ကိုစိုင္းကလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ဘာေျပာရမွန္းမသိေတာ့။ မ်က္ႏွာဘာညာသစ္ၿပီး ညက အျပင္ဘက္မွာအိပ္တဲ့ကိုေဇာ္တို႔ဆီသြားၾကည့္ေတာ့ သူတို႔က မနက္စာေတာင္ျပင္ၿပီးေနၿပီ။ သို႔ေသာ္ အရင္လို႐ႊင္႐ႊင္ျပျပမရွိပဲ သုံးေယာက္စလုံး မႈိင္တိုင္တိုင္ ငိုင္တိုင္တိုင္။
“ကိုေဇာ္… ညက အေျခအေနဘယ္လိုရွိလဲ”
“ေအးေဆးပါပဲ… ေအးလြန္းလို႔ ခ်မ္းၿပီးစိမ့္ေနေရာ”
႐ႊတ္ေနာက္ေနာက္ေျပာလိုက္မွ ေဘးကလူေတြလည္း အသက္မပါတဲ့ပုံနဲ႔ ၿပဳံးလိုက္ၾကသည္။ တဆက္တည္းမွာပင္ ကိုေဇာ္တို႔နဲ႔ မလွမ္းမကမ္းမွာ အိပ္တဲ့သူတစ္ေယာက္က ထေျပာသည္။
“ညကကြာ…. ခ်မ္းပါတယ္ဆိုမွ ငါ့ေစာင္ကို လာလုေနေသးတယ္”
“ဟင္”
“ေလကြယ္ေအာင္ ကာထားတဲ့ ဒီမိုးကာစႀကီးကိုလည္း လာဆြဲလွန္ေနတာ… ေတာ္ေတာ္နဲ႔မအိပ္ျဖစ္ပါဘူးကြာ… အေရးထဲ နပန္းထလုံးေနရေသးတယ္…ငါ့ေက်ာေတြလည္းေအာင့္လို႔”
ေျပာရင္းဆိုရင္း အက်ႌလွန္ျပေတာ့ ႐ုန္ရင္းဆန္ခတ္ျဖစ္ၿပီး က်န္ခဲ့တဲ့အညိဳမဲဆြဲရာေတြကို ေတြ႕လိုက္ရသည္။ ထိုအခါ နဂိုကတည္းကမွ ေၾကာက္ေနတဲ့ မႏၲေလးသားႏွစ္ေယာက္လည္း ဝင္ေျပာေတာ့၏။
“က်ဳပ္တို႔ေတာ့ နံနက္စာစားၿပီးတာနဲ႔ ျပန္ေတာ့မယ္ ကိုေဇာ္ရာ”
“ဟာ… ဘယ္လိုျပန္မွာတုန္း၊ ဒီေလာက္အေဝးႀကီးဟာကို”
“ရတယ္ဗ်ာ… ႀကဳံတဲ့ကားနဲ႔အဆင္ေျပသလိုလိုက္သြားေတာ့မယ္… ဒီမွာ ညထပ္မအိပ္ရရင္ ၿပီးေရာ”
တဇြတ္ထိုးေျပာေနမွေတာ့ ကိုေဇာ္လည္း မတတ္သာေတာ့။ သူတို႔အလိုကို ေခါင္းညိမ့္လိုက္ရေတာ့သည္။ ၿပီးေနာက္ နံနက္စာ ထမင္းေၾကာ္နဲ႔ ၾကက္ဥေၾကာ္ကို အတူတကြ စားေသာက္ၾကေတာ့၏။ မၾကာမီ မႏၲေလးသားႏွစ္ေယာက္နဲ႔ ေက်ာမွာဒဏ္ရာရလိုက္တဲ့သူတို႔ ေပါင္းၿပီး အထုတ္ကိုယ္စီဆြဲကာ ထိုေနရာမွ ထြက္သြားၾကသည္။
” သုံးေယာက္သားကေတာ့ သြားရွာၿပီ… တို႔ ေလးေယာက္ပဲ က်န္ေတာ့တယ္… မင္းတို႔ေတာ့ မျပန္ဘူးမို႔လား ”
“ဟာ…. ျပန္စရာလားကိုေဇာ္ရာ… အလုပ္လာလုပ္ပါတယ္ဆိုမွ… ”
“ေအးကြာ… ေလာေလာဆယ္ေတာ့ တို႔ေလးေယာက္ပဲ လုပ္ႏွင့္ၾကတာေပါ့…ခဏေနမွ ကိုထြန္းဆီဖုန္းဆက္ၿပီး အက်ိဳးအေၾကာင္းလွမ္းေျပာလိုက္ေတာ့မယ္”
သို႔ႏွင့္ အလုပ္စလုပ္ၾကေတာ့သည္။ အေပၚထပ္ကို ပစၥည္းတင္စရာရွိတာေတြတင္ၾက၏။ ကိုေဇာ္က ဘယ္ခ်ိန္ဖုန္းဆက္လိုက္လဲေတာ့မသိ ညေနေလာက္ေရာက္ေတာ့ လူႏွစ္ေယာက္ ထပ္ေရာက္လာသည္။ သို႔ႏွင့္ အားလုံးေပါင္း လူ (၆) ေယာက္ျဖစ္သြားသည္။ သူတို႔ႏွစ္ေယာက္လည္း အေႏြးထည္ကိုယ္စီႏွင့္ျဖစ္ေနတာမို႔ ညအိပ္ေတာ့ ကိုစိုင္းတို႔နဲ႔အတူ စာသင္ခန္းထဲ လိုက္အိပ္သည္။ သည္ေကာင္ေတြ လန္႔သြားမွာဆိုးလို႔ မေန႔ညက အျဖစ္အပ်က္ေတြကို ထုတ္မေျပာပဲ ဘာသိဘာသာ ေနလိုက္ၾကသည္။ အသစ္ေရာက္လာတဲ့ႏွစ္ေယာက္က ေသာက္တတ္စားတတ္သူျဖစ္တာေၾကာင့္ အရမ္းမေမွာင္ခင္ ႐ြာထဲသြားၿပီး အရက္ဝယ္ၾကေသးသည္။
ဒီ႐ြာမွာ အရက္ေရာင္းခြင့္မရွိတာေၾကာင့္ ႐ြာသူ႐ြာသားမ်ားက မေရာင္းရဲ၊’ငါတို႔ဆီမွာ အရက္မရွိဘူး’ဟုသာ ျငင္းလႊတ္ၾကသည္…
ထိုစဥ္ ကိုစိုင္း၊ ကိုညာ၊ ကိုေဇာ္အျပင္ ေနာက္တစ္ေယာက္ျဖစ္တဲ့ ကိုလွစိန္က သူတို႔တိုင္းရင္းသားဘာသာစကားျဖင့္ ဒီ႐ြာအတြက္စာသင္ေက်ာင္းလာေဆာက္ေပးတာျဖစ္ေၾကာင္း၊ ဘယ္သူ႔ကိုမွ မသိေစရပဲ လွ်ိဳ႕ဝွက္ထားမည္ျဖစ္ေၾကာင္း အတင္းေတာင္းပန္ ေျပာဆိုကာမွ ေမ်ာက္ တံဆိပ္ အရက္တစ္လုံး ဝယ္လို႔ရလာခဲ့သည္။
သို႔ႏွင့္ ညေရာက္ေတာ့ စာသင္ခန္းထဲမွာ ကိုစိုင္း၊ ကိုညာနဲ႔ အသစ္ေရာက္လာတဲ့ႏွစ္ေယာက္တို႔ ေပါင္းထိုင္ကာ အရက္ဝိုင္းေလး ဖြဲ႕လိုက္သည္။ ဖုန္းလိုင္းေတြ သိပ္မေကာင္းတာေၾကာင့္ အင္တာနက္ဘာညာလည္းသုံးမရပဲ ေလးေယာက္သား စကားေျပာလိုက္၊ ေသာက္လိုက္ျဖင့္သာ အခ်ိန္ကုန္ဆုံးေစေတာ့သည္။
“ခလြမ္း….. ”
ေထာင္ထားတဲ့ ပုလင္းခြံ လဲက်သြားတဲ့အသံပင္။ သည္အသံကို ၾကားလိုက္ရတာလည္း အျခားသူေတာ့မဟုတ္။ အိပ္ေရးဆတ္တဲ့ကိုစိုင္း။ ထို႔ေနာက္ ပုလင္းက လိမ့္သြားသည္။ လဲက်ၿပီးခ်က္ခ်င္းလိမ့္တာမ်ိဳးမဟုတ္ပဲ ခဏၾကာမွ လိမ့္သြားျခင္းပင္။ မေန႔ညက သရဲေျခာက္ခံထားရတဲ့အရွိန္ေၾကာင့္လားမသိ။ ကိုညာက တုတ္တုတ္မွမလႈပ္ပဲ ၿငိမ္ေန၏။ သို႔ေသာ္ကိုစိုင္းက သူ႔စပ္စုခ်င္စိတ္ကို မထိန္းႏိုင္ေတာ့တာေၾကာင့္ ေခါင္းျမႇီးၿခဳံထားရာမွ အနည္းငယ္လွပ္ၾကည့္သည္။ ေနသာမထြက္တာ၊ လသာတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ထိုအခန္းထဲကို အတိုင္းသားျမင္ေနရ၏။
အရက္ပုလင္းကို တစ္ေယာက္ေယာက္က ေျခေထာက္နဲ႔တိုက္မိရေအာင္လည္း ဟိုဘက္ႏွစ္ေယာက္ ဒီဘက္ႏွစ္ေယာက္အိပ္တာျဖစ္ၿပီး အလည္လြတ္တဲ့ေနရာမွာ ပုလင္းကို ထီးတည္းႀကီးေထာင္ထားတာျဖစ္သည္။ ေျခေထာက္ဆန္႔အိပ္ရင္ေတာင္ခ်မ္းေနတာျဖစ္လို႔ ေကြးၿပီးအိပ္ေနျခင္းျဖစ္တာေၾကာင့္ ကန္မိဖို႔က အေဝးႀကီး။ ထိုသို႔ ေတြးေနစဥ္ ေစာနက အရက္ပုလင္းက အေနာက္ျပန္လွိမ့္လာသည္။ ထိုသို႔လွိမ့္လာတဲ့အသံက တိတ္ဆိတ္ေနတဲ့အခန္းကို ဖုံးလႊမ္းသြားၿပီး ၾကက္သီးထစရာေကာင္းေအာင္ ျဖစ္သြား၏။ထိုအျဖစ္အပ်က္ကို မ်က္ဝါထင္ထင္ျမင္ေနရတဲ့ ကိုစိုင္းမွာေတာ့ ေသြးပ်က္မတတ္ေၾကာက္လန္႔သြားတာေၾကာင့္ ေခါင္းျမႇီးအျမန္ၿခဳံကာ ေစာင္ကိုကိုက္ေနေတာ့သည္။ ေဘးေစာင္းအိပ္ရင္ ေက်ာခ်မ္းၿပီးေၾကာက္ေနမွာျဖစ္တာေၾကာင့္ ပက္လက္လွန္ကာ အံႀကိတ္ရင္း မ်က္လုံးကိုတင္းတင္းမွိတ္ထား၏။ ထိုသို႔ ျဖစ္ေနသည့္ၾကားမွ အရက္ပုလင္းက ဟိုဘက္လိမ့္လိုက္၊ ေတာ္ၾကာ ဒီဘက္ျပန္လိမ့္လာလိုက္ျဖစ္ေနတဲ့အသံက သူ႔စိတ္ကို ပိုေျခာက္ျခားေစသည္။ သည္အခ်ိန္မွာ အိပ္မေပ်ာ္ေနတဲ့ ကိုစိုင္းကေတာ့ ငရဲခန္းေရာက္ေနသလို ရင္တလွပ္လွပ္ျဖင့္ ေၾကာက္စိတ္ေတြ ငယ္ထိပ္ထိတက္ေဆာင့္ေန၏။ သို႔ေပမယ့္ သူ႔ခမ်ာ ဘာမွမတတ္ႏိုင္၊ မနက္မိုးအျမန္လင္းဖို႔ကိုပဲ ဆုေတာင္းေနမိေတာ့၏။
ေနာက္ဆုံးေတာ့ ကိုစိုင္းဆႏၵေတြ ျပည့္ေလၿပီ။ မနက္လင္းလို႔ ႏိုးသည္ႏွင့္ ေျခသံတရွပ္ရွပ္ၾကားေနရလို႔ ေခါင္းေထာင္ၾကည့္လိုက္ရာ အသစ္ေရာက္လာတဲ့ႏွစ္ေယာက္က သူတို႔အိပ္ယာလိပ္ေတြအျမန္သိမ္းၿပီး အခန္းထဲမွ ထြက္ေျပးသြားေတာ့သည္။ ထိုအခါ ကိုညာက
“ဒီေကာင္ေတြလည္း ေျပးေတာ့မယ္နဲ႔တူပါတယ္ကြာ… ညက ေျခာက္တာ ေတာ္ေတာ္ၾကမ္းတယ္”
“ဒါျဖင့္ရင္ ကိုညာလည္း အိပ္ေပ်ာ္မေနဘူးေပါ့ ”
“ဒီေလာက္ ေသာင္းက်န္းေနတာကို ဘာ္အိပ္ေပ်ာ္မလဲကြ….ငါတင္မဟုတ္ ဟိုႏွစ္ေယာက္လည္း အိပ္မေပ်ာ္ဘူးတဲ့ေလ… သရဲေျခာက္တာ အစအဆုံး တို႔အကုန္သိေနၾကရတာပဲ”
“ဟူး…. ”
ကိုစိုင္းက သက္ျပင္းတစ္ခ်က္ခ်ၿပီးမွ စကားဆက္၏။
“ဒီေတာ့ ကိုညာဘာလုပ္ဖို႔စဥ္းစားထားလဲ… ”
“ဘာကိုလဲ”
.”ဪ …ဒီမွာ အိပ္၊ မအိပ္ကိုေျပာတာပါ”
“က်ဳက္က အဲ့ေလာက္ႀကီးေၾကာက္တတ္သူေတာ့ မဟုတ္ပါဘူး… အေဖာ္ရွိရင္အိပ္ရဲပါတယ္”
“ဟုတ္တယ္… ကြၽန္ေတာ္လည္းတူတူပဲ၊ အျပင္မွာ ဒီေလာက္ေအးေနတာကိုေတာ့ အ႐ြဲ႕တိုက္ၿပီး အိပ္မေနႏိုင္ပါဘူး… ၿပီးေတာ့ အခင္းေကာင္းေကာင္းလည္းရွိတာမဟုတ္၊ ေျမႀကီးေပၚ ဖ်ာခင္းအိပ္ရတာ… ကြၽန္ေတာ္က အဆုတ္ေရာဂါသမားမို႔ အဲ့လိုအိပ္လိုအ့ဆင္မေျပဘူးရယ္… ဒီေတာ့ ဒီမွာပဲ အိပ္ၾကမယ္ဗ်ာ… ကိုညာေရာ အိပ္မယ္မို႔လား”
“က်ဳပ္က အေဖာ္ရွိရင္ အိပ္ရဲပါတယ္ဆို… ”
“ဟုတ္ပါၿပီ… ”
ဤမွ်ႏွင့္စကားစျဖတ္ၿပီး မ်က္ႏွာသစ္ကာ နံနက္စာစားၿပီေနာက္ အလုပ္လုပ္ၾကေတာ့သည္။ တစ္စစီျဖတ္ကာ ယူလာတဲ့ ဒိုင္းေတြကို သူ႔ေနရာနဲ႔သူ နတ္ေခါင္းစြပ္ကာ ျပန္လည္တပ္ဆင္ၿပီး အေဆာက္အဦးေပၚ တင္ၾကသည္။ အလုပ္သာ လုပ္ေနရတာ အသစ္ေရာက္လာတဲ့ ဟိုႏွစ္ေယာက္လည္း ဘယ္အခ်ိန္ ထျပန္မွန္းမသိတာေၾကာင့္ စိတ္ေအးလက္ေအးေတာ့ မလုပ္ရဲ။ တကယ္လို႔သာ ျပန္သြားလွ်င္ လူအင္အားေလွ်ာ့သြားၿပီး သူတို႔ပဲပင္ပန္းဦးမယ္ မဟုတ္လား။ညေနေစာင္းေရာက္သည္အထိ ျပန္မဲ့ကိစၥမေျပာေတာ့မွပဲ စိတ္ခ်လိုက္ရေတာ့သည္။ သို႔ေပမယ့္ ကိုစိုင္းတို႔ဆီေတာ့ လိုက္မအိပ္ရဲေတာ့ပဲ ကိုေဇာ္တို႔ႏွင့္သာ ေျမႀကီးေပၚ ပ်ဥ္ျပားေလးခင္းၿပီး ေစာင္ထပ္ခင္းကာ အိပ္ရန္ျပင္သည္။ ထို႔အတူ ေရွ႕ညက အရက္တစ္လုံးကို ေလးေယာက္ဝိုင္းေသာက္ၾကၿပီး ဒီညမွာေတာ့ အရက္ႏွစ္လုံးဝယ္ေသာက္ၾကသည္။ တစ္ေယာက္တစ္လုံးႏႈန္းျဖင့္ ဘာမွမသိေတာ့တဲ့အထိ မူးေအာင္ေသာက္ၿပီး ထိုးအိပ္ၾကမဲ့သေဘာ။
ညေနေစာင္းလို႔ အလုပ္သိမ္းတာနဲ႔ ကိုစိုင္းတို႔ႏွစ္ေယာက္လည္း စာသင္ခန္းထဲဝင္ၿပီး အိပ္ရန္ျပင္သည္။ ႏွစ္ေယာက္လုံးက အရက္ကိုစြဲေသာက္တတ္သူေတြမဟုတ္တာေၾကာင့္ မေသာက္ေတာ့ပဲ သီခ်င္းနားေထာင္ရင္း ေဆးလိပ္ေလးဖြာကာ ဖြာကာျဖင့္ေနေနရာ မိုးခ်ဳပ္ေတာ့မွ အိပ္ဖို႔ျပင္သည္။
သရဲဆိုတဲ့အမ်ိဳးက ေျခာက္တာမ်ားရင္ ယဥ္သြားတဲ့သေဘာလားေတာ့မသိ။ ဒီေလာက္ တစ္ညမပ်က္ေျခာက္ေနတာေတာင္ ကိုစိုင္းကေတာ့ ဘယ္အခ်ိန္မွာ ဘယ္ပုံစံနဲ႔ေျခာက္မလဲဆိုတာကို သူ႔မသိစိတ္က နားစြင့္ေနေသးတတ္သည္။ သရဲမေျခာက္ေသးရင္ အိပ္မေပ်ာ္တဲ့သေဘာေတာင္ ျဖစ္ေန၏။
“အဟီး… ဟီး… ”
ေဟာ… လာပါၿပီ၊ စၾကားေနရပါၿပီ။ မိန္းမတစ္ေယာက္ရဲ႕ ငိုသံ။ အခန္းထဲက ၾကားရတာမ်ိဳးမဟုတ္ပဲ အခန္းအျပင္ တံခါးဝမွာရပ္ၿပီး ငိုေနတဲ့အသံ၊ တစ္ခ်က္တစ္ခ်က္ စကားေျပာတဲ့အသံတို႔ကိုပါ ၾကားရသည္။ ပီပီသသ ၾကားရတာမ်ိဳးမဟုတ္ပဲ ပလုံးပေထြးေျပာေနတဲ့အသံမ်ိဳး ျဖစ္၏။
မၾကာမိ ေယာက်ာ္းအသံ ၾသၾသႀကီးကို ၾကားရျပန္သည္။ ဒီအသံကေတာ့ အလုံပိတ္ထားတဲ့အခန္းထဲကမို႔ က်ယ္ေလာင္စြာၾကားလိုက္ရသည္။ အခန္းအတြင္းနဲ႔အျပင္ အျပန္အလွန္စကားလွမ္းေျပာေနတာ အခ်ိန္ေတာ္ေတာ္ၾကာလိုက္သည္။ ထိုအသံတို႔က္ိုနားစြင့္ရင္း ေၾကာက္စိတ္ကိုပိုက္ကာ ကိုစိုင္းတစ္ေယာက္ အိပ္ေပ်ာ္သြားျပန္သည္။
မနက္မိုးလင္းေတာ့ ကိုညာကိုၾကည့္မိေတာ့ သူလည္းညက အျဖစ္အပ်က္ကို ၾကားမိလိုက္သည္ကို ရိပ္မိလိုက္သည္။ သို႔ေပမယ့္ တစုံတစရာေမးျမန္းျခင္းေတာ့မရွိေတာ့ပါ။
ထို႔ေနာက္ ထုံးစံအတိုင္း လုပ္ငန္းခြင္ဝင္ၾကသည္ျဖစ္ရာ အမိုးဒိုင္းမ်ား တင္ၿပီးၿပီျဖစ္ေသာေၾကာင့္ ဒီေန႔မွာေတာ့ ျမႇားတန္းႀကဲရန္ ျပင္ဆင္ၾကေတာ့သည္။ သို႔ျဖင့္ ကိုစိုင္းနဲ႔ကိုညာက တစ္ဖက္၊ ကိုေဇာ္နဲ႔ က္ိုလွစိန္ကတစ္ဖြဲ႕ ေနရာယူၿပီး ေအာက္က ပစၥည္းေပးဖို႔ကိုေတာ့ အသစ္ေရာက္လာတဲ့ ႏွစ္ေယာက္ကို တစ္ဖြဲ႕စီ၌ ေနရာခ်ထားေပးလိုက္သည္။ ဒီလုပ္ငန္းနဲ႔အသက္ေမြးဝမ္းေၾကာင္းလုပ္ေနသူေတြမို႔ ေထြေထြထူးထူး သိပ္မေျပာရ။ ဘာၿပီးရင္ ဘာလုပ္ရမယ္ဆိုတာကို သိေနတာမို႔ လုပ္ကြက္က ျမန္ဆန္ေန၏။ ညေနေစာင္းအခ်ိန္ေလာက္ေရာက္ေတာ့ ကိုညာကေျပာသည္။
“ကိုစိုင္း…. ဟိုမွာ ေစတီပ်က္တစ္ဆူ ရွိေနတာမဟုတ္လား”
လက္ညႇိဳးထိုးျပတဲ့ေနရာကို ၾကည့္ေတာ့ ေတာင္ထိပ္ေပၚမွာ တစ္ဝက္တစ္ပ်က္ျဖစ္ေနတဲ့ ေစတီတစ္ဆူကိုေတြ႕ရသည္။ ေတာင္ထိပ္ေပၚမွာရွိေနတာျဖစ္ၿပိး ေဘးပတ္လည္မွာလည္း အပင္ၿခဳံႏြယ္ေတြရွိေနတာမို႔… ေျမျပင္ေပၚက လွမ္းၾကည့္ရင္ ဘယ္လိုမွမေတြ႕ရ။ ယခုလို အျမင့္ေနရာကၾကည့္မွသာ ျမင္ေတြ႕ရသည္။
“ဟုတ္ပါရဲ႕… ကိုညာေျပာမွပဲ သတိထားမိေတာ့တယ္ …ေတာ္ေတာ္ေတာ့ ေဟာင္းႏြမ္းေနပုံရတယ္ဗ်… ေနာ္”
“က်ဳပ္… အဲ့ဒီ့ကို သြားခ်င္လိုက္တာဗ်ာ… ”
“ဪ… ကိုညာရယ္… အလုပ္ၿပီးတဲ့ေန႔ အခ်ိန္ရရင္ သြားၾကည့္ေပါ့”
ဘာရယ္မဟုတ္၊ ကိုစိုင္းက ေပါ့ေပါ့ပါးပါး ေျပာလိုက္တာဆိုေပမယ့္ က္ိုညာကေတာ့ ေလးေလးနက္နက္ေတြးေတာေနဟန္ရွိ၏။
ေနာက္တစ္ေန႔။ တိတိက်က်ဆိုရရင္ ကိုစိုင္းတို႔ ဒီကိုေရာက္တာ (၅) ရက္ ေျမာက္တဲ့ေန႔။ ဒီေန႔မွာေတာ့ သြပ္မိုးရန္သာ ရွိေတာ့သည္။ ဒါေၾကာင့္ အရင္ေန႔ေတြကလို သုံးေယာက္ တစ္ဖြဲ႕ခြဲၿပီး အေဆာက္အဦး ဘယ္ညာတစ္ဖက္စီေန၍ သြပ္မိုးၾကေတာ့သည္။ ထိုေန႔မွာလည္း ကိုညာက တစ္ေနကုန္အလုပ္လုပ္ေနတာ အေကာင္း၊ ညေနေစာင္းတာနဲ႔…
“ေစတီပ်က္ႀကီးဆီ သြားၾကည့္ခ်င္တယ္ဗ်ာ… ဟိုဘက္ေတာလမ္းက တက္ရင္နာရီဝက္ေလာက္ပဲ ၾကာမယ္၊ ဒီဘက္ကတက္ရင္ေတာ့ လမ္းမွာ လွ်ိဳေျမာင္ႀကီးတစ္ခု ခံေနတယ္”
စသည္ျဖင့္ ေစတီပ်က္ႀကီးကိုၾကည့္ကာ တစ္ေယာက္တည္း စကားေတြေျပာေျပာေနတတ္သည္။
“အလုပ္ၿပီးရင္ သြားရမွာပါ ကိုညာရာ… အလုပ္ၿပီးလို႔ အခ်ိန္မရရင္လည္း တစ္ရက္ထပ္ေနၿပီး လိုက္ပို႔ေပးမယ္ ဟုတ္ၿပီလား… ဘာမွ ေလာမေနပါနဲ႔ ”
ကိုစိုင္းက ခပ္႐ြဲ႕႐ြဲ႕ပုံစံနဲ႔ ရယ္ၿပီးေျပာလိုက္တိုင္း ကိုညာကေတာ့ ခေလးတစ္ေယာက္လို ျပန္ၿပဳံးျပေနတတ္ေသးသည္။
ေနာက္တစ္ေန႔က် မိုး႐ြာခ်လာသည္။ သြပ္မိုးေနခ်ိန္ျဖစ္တာေၾကာင့္ အလုပ္နားလိုက္ၾကရ၏။ ထိုအခါ ဟိုႏွစ္ေယာက္က “နားမဲ့အတူတူ အရက္ေသာက္ၿပီးအိပ္တာပိုေကာင္းတယ္”ဟုဆိုကာ ကိုယ္တိုင္တင္ျပ၊ ကိုယ္တိုင္ေထာက္ခံၿပီး ကိုယ္တိုင္အရက္သြားဝယ္ၾကေတာ့သည္။ မိုးေစြေနတဲ့ ေန႔ခင္းေၾကာင္ေတာင္ႀကီးျဖစ္တာမို႔ အရက္ပုလင္းေတြဆြဲကာ ကိုစိုင္းတို႔ဆီေရာက္လာၿပီး ဝိုင္းတည္လိုက္ၾက၏။
ထိုအခါ ကိုညာလည္း တစ္ခြက္စ၊ ႏွစ္ခြက္စေသာက္လာၿပီးေနာက္ အရွိန္ေလးရလာေတာ့…
“မင္းတို႔ လိုက္ၾကဦးမလား… ညေနေလာက္က်ရင္ ဟိုေတာင္ေပၚေစတီကို သြားမလို႔ ”
“ဘယ္ေတာင္ေပၚက ေစတီလဲ”
“ဒီနားေလးတင္ေလကြာ…. ေအာက္ကေနၾကည့္ရင္ေတာ့မျမင္ရဘူး၊ တို႔လုပ္ေနတဲ့ႏွစ္ထပ္ေဆာင္ေပၚက တက္ၾကည့္မွ ျမင္ရတယ္”
“ဪ… ဟို ျပဳျပင္လို႔မရတဲ့ေစတီကိုေျပာတာလား… က်ဳပ္တို႔အရက္သြားသြားဝယ္ေနတဲ့ဆီက အဘႀကီးတစ္ေယာက္ေျပာတာၾကားဖူးတယ္… ဒီနားက ေတာင္ေပၚမွာ ေစတီပ်က္တစ္ဆူရွိတယ္တဲ့၊ အဲ့ဒီ့ေစတီကို ျပဳျပင္လို႔လည္းမရ ထုံးသုတ္ဖို႔လုပ္ရင္ေတာင္ မိုးႀကိဳးပစ္ခ်တာဆိုပဲ… ၿပီးေတာ့ အဲ့ဒီ့ကိုမသြားဖို႔နဲ႔ ေန႔ျဖစ္ျဖစ္၊ ညျဖစ္ျဖစ္ မ်က္ႏွာစိမ္းတစ္ေယာက္ေယာက္လာေခၚတာမ်ိဳးရွိရင္လည္း မလိုက္သြားနဲ႔တဲ့ ”
“ဒါဆို အဲ့ဒီ့မွာ ေရွးေဟာင္းပစၥည္းေတြဘာေတြရွိေနလို႔… တို႔ကိုမသြားေအာင္ ၿခိမ္းေျခာက္ေျပာေနတာျဖစ္မယ္… က်ဳပ္ေတာ့ တစ္ရက္ေလာက္ သြားၾကည့္ခ်င္တယ္”
ထိုစဥ္ ကိုစိုင္းက စကားေထာက္၏။
“ကိုညာ… ေတာ္ေတာ္သြားခ်င္ေနတာ ဘာလို႔လဲ… အဲ့ဒီ့ေရွးေဟာင္းပစၥည္းေတြကို လိုခ်င္လို႔လား”
“မဟုတ္ပါဘူးကြာ…. က်ဳပ္က ဒီတိုင္း သြားခ်င္ေနတာရယ္ပါ”
“ကိုယ့္ေဒသလည္း မဟုတ္ပဲနဲ႔ မသြားခ်င္စမ္းပါနဲ႔ဗ်ာ…အစကေတာ့ ေနာက္ေျပာင္ေျပာတယ္ပဲထင္ေနတာ… အခုက် ကိုညာက ပိုပိုေရာင့္တက္လာတယ္ ”
ကိုစိုင္းက ေလသံမာဆတ္ဆတ္နဲ႔ ေျပာလိုက္ေတာ့ ကိုညာလည္း ဘာမွျပန္မေျပာေတာ့ပဲ အရက္ကိုသာဖိေသာက္ေနေတာ့၏။ သို႔ႏွင့္ တစ္ေနကုန္ ထိုအခန္းထဲ၌သာ အခ်ိန္ကုန္ဆုံးေစခဲ့ၿပီး ေမွာင္ရီပ်ိဳးခ်ိန္ေရာက္ေတာ့ ဟိုအမူးပါးႏွစ္ေယာက္က အတင္းကုန္းထကာ အခန္းထဲမွ ထြက္သြားၾကသည္။ ကိုညာကေတာ့ ေကြးေကြးေလးအိပ္ေန၏။ ညေရာက္ေတာ့ ထုံးစံအတိုင္း အစဥ္အလာမပ်က္ လမ္းေလွ်ာက္သံကိုၾကားရသည္။ ေပအရွည္ ၁၅၀ ဝန္းက်င္ေလာက္ရွိတဲ့ စာသင္ေဆာင္ႀကီးရဲ႕ ဟိုးဘက္ထိပ္ကေန စၾကားရျခင္းျဖစ္သည္။ တစ္ခါတစ္ရံေျခသံ ရပ္သြားၿပီး ခ်က္ခ်င္းဆိုသလို တံခါးေခါက္သံ၊ ပိတ္ထားတဲ့တံခါးကို အတင္းဆြဲဖြင့္တာေၾကာင့္ တံခါးဂ်က္ေတြ လႈပ္ခါရမ္းေနတဲ့အသံတို႔ကို ၾကားရသည္။
ထို႔ေနာက္ ဒီဘက္ကို ဆက္ေလွ်ာက္လာသည္။ ၾကမ္းျပင္ကို ဖိနပ္နဲ႔တ႐ြတ္တိုက္ဆြဲေလွ်ာက္တဲ့အသံ၊ ေျခသံမထြက္ထြက္ေအာင္ တမင္ေလွ်ာက္ေနတဲ့အသံတို႔ကို ၾကားရသည္။ ထိုအသံတို႔ရပ္သြားလွ်င္လည္း ေစာေစာကလို တံခါးေခါက္သံတို႔ တဂ်ိမ္းဂ်ိမ္း က်ယ္ေလာင္စြာထြက္လာတတ္ေသး၏။ သို႔ႏွင့္ တစ္ခန္းၿပီးတစ္ခန္း တံခါးေတြလိုက္ေခါက္ၿပီး ေလွ်ာက္လာလိုက္တာ ေနာက္ဆုံး ကိုစိုင္းတို႔ရွိေနတဲ့ အခန္းေရွ႕မွာ ေျခသံရပ္သြားသည္။ ထို႔ေနာက္..
“ဝုန္း”
တံခါးကို ေဆာင့္တြန္းလိုက္တဲ့အသံက အလုံပိတ္ထားတဲ့အခန္းထဲမွာ က်ယ္ေလာင္စြာ ထြက္ေပၚသြားေတာ့သည္။ သို႔ေသာ္ အေျခအေနကို ႀကိဳတင္မွန္းဆႏိုင္ေနတဲ့ ကိုစိုင္းက နားႏွစ္ဖက္ကို လုံေအာက္ပိတ္ၿပီး အသံမထြက္ေအာင္ ပါးစပ္ထဲ ေစာင္စထိုးထည့္ထားတာေၾကာင့္ ထိုအသံကိုမၾကားလိုက္ရေပ။ သို႔ေပမယ့္လည္း တံခါးႀကီးလႈပ္ေနတာေတြ၊ တံခါးဂ်က္ေတြ ရမ္းခါေနတာေတြကိုေတာ့ ျပတင္းေပါက္ မွန္တံခါးကေန ေဖာက္ဝင္လာတဲ့ လေရာင္ေဖ်ာ့ေဖ်ာ့ေလးရဲ႕အလင္းေၾကာင့္ ျမင္ေတြ႕ေနရသည္။ တစ္ခန္းလုံး အသံေတြလည္း ဆူညံပြက္ေလာ႐ိုက္ေန၏။ ကိုညာကေတာ့ အရက္မူးၿပီးအိပ္တာမို႔လားမသိ။ တုတ္တုတ္မွမလႈပ္။ ကိုစိုင္းမွာေတာ့ ကမာၻပ်က္ေနေလၿပီ။ ထို႔ေနာက္ မ်က္လုံးကိုတင္းေနေအာင္မွိတ္ထားေနရတဲ့ ကိုစိုင္းမွာလည္း ထိုအျဖစ္အပ်က္တို႔ကိုေၾကာက္တဲ့စိတ္နဲ႔ပဲ အိပ္ေပ်ာ္သြားေတာ့သည္။
(၇)ရက္ေျမာက္ေန႔မွာ မၿပီးျပတ္ေသးတဲ့ သြပ္ကိုဆက္မိုးရ၏။ မနက္ကတည္းက မိုးလာလိုက္တာ ေန႔ခင္းထမင္းစားနားေတာ့ ေပ ၂၀ တစ္ခန္းစာေလာက္သာ က်န္ေတာ့သည္။ ေနာက္ဆုံးရိကၡာျဖစ္တဲ့ ငါးေသတၱာကိုခ်က္ထားၿပီး၊ အနီးဝန္းက်င္က လာေပးတဲ့ ဂ်ဴးပင္ကို ၾကက္ဥနဲ႔ေရာေမႊေၾကာ္ထားတာေၾကာင့္ ေမႊးႀကိဳင္ေနသည္။ ဗိုက္ဆာဆာနဲ႔ ထမင္းစားေသာက္ၿပီးခ်ိန္မွာေတာ့ ကိုညာက …
“ဒါေလး မိုးၿပီးရင္ေတာ့ ၿပီးပါၿပီ”
ထိုစဥ္ ကိုေဇာ္ကလည္း….
“ၿပီးပါၿပီ၊ ေန႔ခင္းျမန္ျမန္ေလးမိုးၿပီး တစ္ညေနလုံးေအးေဆးနားလို႔ရသြားတာေပါ့ ” ဟု ခပ္ေအးေအးသာ ေျပာလိုက္ပါသည္။
ထမင္းစားၿပီး ခဏတျဖဳတ္နားၿပီးေတာ့ အလုပ္ဆက္ၾက၏။ ေခါင္မိုးေပၚတက္ၿပီး အခ်ိန္ဘယ္ေလာက္မွေတာင္ မၾကာေသး… “ဝုန္း” ဆိုတဲ့အသံၾကားလိုက္ရသည္။ တၿပိဳက္နက္တည္း ကိုစိုင္းရဲ႕အသံထြက္ေပၚလာ၏။
“ကိုညာ… ကိုညာ… ျပဳတ္က်သြားၿပီ”
ေျပာေျပာဆိုဆိုျဖင့္ ေအာက္ကိုေျပးဆင္းလာရာ က်န္သူမ်ားကလည္း လိုက္ဆင္းလာၿပီး ကိုညာကိုဝိုင္းဝန္းေဖးကူၿပီး ေအာ္ေခၚ လႈပ္ႏႈိးေနသည္။
“ကိုညာ… ကိုညာ… ”
ကိုညာကေတာ့ တုတ္တုတ္မွမလႈပ္ေတာ့။ ေခါင္းေပါက္ၿပီး ေသြးစို႔လာတာကလဲဲၿပီး အနာတရ ႀကီးႀကီးမားမားမရွိေသာ္ျငားလည္း ႏွစ္ထပ္ေခါင္မိုးေပၚက ျပဳတ္က်တဲ့အရွိန္ေၾကာင့္ လႈပ္ႏႈိးမရပဲ သတိလစ္ေနေလ၏။
“မျဖစ္ေသးပါဘူး… နီးစပ္ရာ ေဆး႐ုံကိုအျမန္ပို႔မွရမယ္”
ေျပာေျပာဆိုဆိုနဲ႔ ကိုလွစိန္က သူ႔ေက်ာေပၚတင္ကာ ထိုေနရာမွ ေျပးထြက္သြားသည္။ ေနာက္တစ္ေယာက္ကလည္း အေဖာ္အျဖစ္လိုက္ပါသြားၿပီးေနာက္ က်န္လူမ်ားကေတာ့ စိုးရိမ္စိတ္ျဖင့္သာ အလုပ္ကို လက္စသတ္လိုက္ၾက၏။ ဒီအလုပ္နဲ႔ ပစၥည္းေတြကိုထားခဲ့ၿပီး အကုန္လိုက္သြားဖို႔ကလည္း မျဖစ္ေသးဘူး မဟုတ္လား။
အခ်ိန္အနည္းငယ္ၾကာေတာ့ အလုပ္ေတြအကုန္လုံး ၿပီးဆုံးၿပီျဖစ္ရာ ျပန္ဖို႔အတြက္ ျပင္ဆင္ထုပ္ပိုးၾကေတာ့သည္။ ဖုန္းလိုင္းေတြ မမိတာေၾကာင့္ ကိုညာနဲ႔ သူ႔ကိုလိုက္ပို႔သူေတြရဲ႕သတင္းအစအနလည္း ဘာမွမၾကားရ။ အကုန္လုံးလည္း စိုးရိမ္စိတ္တို႔သာ ႀကီးစိုးေနၾက၏။ မၾကာမီ တျဖည္းျဖည္း ေမွာင္လာသည္။ ထိုအခ်ိန္ထိ ကိုညာတစ္ေယာက္ ပင္းတယ ေဆး႐ုံမွာေရာက္ေနသလား။ ကိုထြန္းသိသြားလို႔ ျပန္လာေခၚသြားၿပီလား။ စသည္ျဖင့္ ေရာက္တက္ရာရာေတြေျပာရင္းဆိုရင္း အိပ္ခ်ိန္ေတာင္ေရာက္လာခဲ့ၿပီ။
ဒီညေတာ့ ဒီအေဆာင္မွာ ကိုစိုင္းတစ္ေယာက္တည္း အိပ္ရေတာ့မည္။ မနက္ မိုးလင္းရင္ ျပန္ေတာ့မွာျဖစ္တာေၾကာင့္ ဒီညက ေနာက္ဆုံးညလည္း ျဖစ္၏။ အရင္ကလို ေၾကာက္ေဖာ္ ေၾကာက္ဖက္ ကိုညာမရွိေလေတာ့ ေက်ာေတာ့စိမ့္သား။ ဒါေပမယ့္လည္း ကိုညာတစ္ေယာက္အဆင္ေရာ ေျပပါ့မလားဟု ေတြးပူေနၿပီး ေတာ္ေတာ္နဲ႔အိပ္မေပ်ာ္။ ဥာဥ့္နက္လို႔ အိပ္ေပ်ာ္ကာစအခ်ိန္ေရာက္လာမွ…
“ကိုစိုင္း…. ကိုစိုင္း”
ခပ္လွမ္းလွမ္းကေန ေအာ္ၿပီး ေျပးလာတဲ့အသံ။ ဒီအသံကို ရင္းရင္းႏွီးႏွီးၾကားဖူးေနသည္။ ဟုတ္တယ္။ ဒါ ကိုညာ…. ကိုညာရဲ႕ အသံပဲ။
“ကိုစိုင္း… က်ဳပ္ မင္းကို လာႏႈတ္ဆက္တာ ”
“ဗ်ာ… ”
“ခင္ဗ်ားစကားက ဘယ္လိုႀကီးလဲ… ဒါနဲ႔ ဒဏ္ရာေတြေရာ သက္သာရဲ႕လား… ဘယ္လိုေနေသးလဲ”
“သက္သာတယ္… က်ဳပ္ဘယ္လိုမွမေနေတာ့ဘူး… နာတာက်င္တာလည္း မရွိေတာ့ဘူး ….က်ဳပ္ကိုစိတ္မပူပါနဲ႔… က်ဳပ္သြားေတာ့မယ္ေနာ္”
“ဘယ္သြားမို႔လဲ ကိုညာ”
ထိုအခါ ကိုညာက ေတာင္ထိပ္ပၚကို လက္ညႇိဳးထိုးျပသည္။ ေ႐ႊေရာင္တလက္လက္နဲ႔ေတာက္ပေနၿပီး သပၸါယ္လြန္းလွ
တဲ့ ေစတီေတာ္ႀကီး။
“ဒါ… ဒါ… ႏွစ္ထပ္ေဆာက္ေပၚကေန လွမ္းၾကည့္ရင္ ျမင္ရတဲ့ေစတီပ်က္ႀကီး မဟုတ္ဘူးလား”
ထိုသို႔ေမးခ်င္ေပမယ့္ သူ႔စကားတို႔ အျပင္ကိုမထြက္ခဲ့ေပ။ ထိုစဥ္ ကိုညာက သူ႔ေရွ႕ကေန လွစ္ခနဲထြက္သြားသည္။
“ဟာ…. ကိုညာ… ကိုညာ ”
ကိုစိုင္းကလည္း ေနာက္မွထပ္ၾကပ္မကြာ လိုက္သည္။ သူ လိုက္ေနတာသိလို႔လားမသိ။ ကိုညာက ခပ္သြက္သြက္ေလွ်ာက္သြားရင္း ေစတီေတာ္နားေရာက္ေတာ့ အနီးရွိ ေက်ာက္လႈိဏ္ဂူထဲမွ အမ်ိဳးသမီးတစ္ဦးထြက္လာသည္။ အစိမ္းေရာင္အဝတ္အစားကို ဝတ္ဆင္ကာ၊ အစိမ္းေရာင္ပန္းတို႔ ပန္ဆင္ထား၏။ ကိုစိုင္းႏွာေခါင္းထဲ၌လည္း စိမ္း႐ႊင္႐ႊင္အနံ႔တို႔ကို အဆက္မျပတ္ရေနေသးသည္။ ထိုအမ်ိဳးသမီးေဘးမွာရပ္ေနတဲ့ အရပ္ရွည္ရွည္ ခႏၶာကိုယ္ထြားထြားျဖင့္ အေစာင့္ဟုခန္႔မွန္းရေသာသူတစ္ေယာက္က ဘာမွမေျပာပဲ ကိုညာရဲ႕ လက္ေမာင္းမွဆြဲေခၚသြားကာ သူတို႔သုံးေယာက္လုံး လႈိဏ္ဂူထဲတိုးဝင္ေပ်ာက္ကြယ္သြားသည္။ ကိုညာကလည္း ႐ို႐ိုက်ိဳးက်ိဳးျဖင့္ လိုက္ပါသြား၏။
“ကိုညာ… ကိုညာ… ”
ေအာ္ေခၚရင္း လန္႔ႏိုးလာေတာ့ မနက္မိုးေတာင္လင္းေနၿပီ။ ႏွာေခါင္းထဲမွာေတာ့ စိမ္း႐ႊင္႐ႊင္အနံ႔ႀကီးကို ရေနဆဲျဖစ္ၿပီး မ်က္ႏွာသစ္လို႔ နံနက္စာစားၿပီးတဲ့အထိ ထိုအနံ႔က မေပ်ာက္သြားေသးေပ။ မနက္ ၁၀ နာရီ ဝန္းက်င္ေလာက္ေရာက္ေတာ့ ကိုစိုင္းတို႔ကို လာႀကိဳတဲ့ကား ေရာက္လာသည္။ ကားေမာင္းလာသူရဲ႕ သတင္းစကားအရေတာ့ ကိုညာတစ္ေယာက္ ပြဲခ်င္းၿပီး ဆုံးသြားရွာေလၿပီတဲ့။
ဒီစကားၾကားေတာ့ အျခားသူေတြက တအံ့တၾသျဖစ္ေနေပမယ့္ ကိုစိုင္းကေတာ့ မအံ့ၾသပဲ တည္ၿငိမ္ေနသည္။ ညကပဲ သူ႔ကိုလာႏႈတ္ဆက္သြားတာမဟုတ္လား။ ထို႔ေနာက္ ကားေပၚပစၥည္းေတြအကုန္တင္းၿပီးခ်ိန္မွာေတာ့ ကိုစိုင္းက ကားေပၚတက္လိုက္ၿပီး ကားေခါင္းဘက္ကို ေက်ာေပးကာ ေစတီပ်က္ရွိေနတဲ့ ေတာင္ဘက္ကိုလွမ္းၾကည့္ရင္း လိုက္ပါလာေတာ့သည္။ တျဖည္းျဖည္း ထိုေနရာနဲ႔ေဝးကာ မ်က္ကြယ္စျပဳခ်ိန္မွာေတာ့ ထိုေစတီအနားမွ လူတစ္ေယာက္ေပၚလာတာကို ခပ္ေရးေရးေလး ေတြ႕ျမင္လိုက္ရပါေသးသည္။
စာဖတ္သူမ်ားအား
အစဥ္ခ်စ္ခင္ေလးစားလွ်က္….
စိုင္း(ခ်ယ္ရီေျမ)