“မွေးမိလေသော ဘီလူး”(စ/ဆုံး)

“မွေးမိလေသော ဘီလူး”(စ/ဆုံး)

—————————————-

ညောင်ပင်သာရွာလေးမှာ ကိုသာဖေနှင့် မလှမေ ဆိုလျင် မသိသူမရှိပေ။ ရိုးရိုးသားသားနှင့် မိဘလက်ငုတ်လက်ရင်း လယ်ကလေးကိုပဲ အေးဆေးစွာ လုပ်ကိုင်စားကြသော လင်မယားနှစ်ယောက်။ သဘောကလည်း ကောင်းလှသည်။ ရွာထဲက မည်သူမဆို အိမ်လာလည်သည်နှင့် မရှိရှိတာကိုတောင် ချကျွေးတတ်ကြတဲ့အထိလည်း စေတနာ ကြီးမားလှ၏။ ဒီတော့လည်း သူတို့လင်မယား နှစ်ယောက်ကို တစ်ရွာလုံးကလည်း ချစ်ကြလေသည်။ နှစ်ဦးစလုံးမှာကလည်း မိဘတွေမရှိကြတော့။ ဒီတော့လည်း မိဘအမွေကျန်ခဲ့သည့် လယ်ကလေးကို အားကြိုးမာန်တက် လုပ်ကိုင်ရင်း ဝမ်းကျောင်းခဲ့ကြခြင်းပင်။

သူတို့အိမ်ထောင်ပြုကြတော့ ကိုသာဖေက အသက် ၃၀။ မလှမေက အသက် ၂၇ ပင် ရှိနေလေပြီ။ အိမ်ထောင်ကျပြီး သားသမီးရူး ရူးနေကြပေမဲ့ မလှမေမှာ က ကလေးမရခဲ့ပေ။ ဒီတော့ ကိုသာဖေလည်း လူကြီးသူမတွေ ပြောနေသည့် ရွာထိပ်က ညောင်ပင်ကြီးဆီကို သွားပြီး နေ့စဉ်နှင့်အမျှ ဆုတောင်းရသည်မှာလည်း အမော။ သို့ပေမဲ့ မည်သို့မှ ထူးခြားမလာခဲ့ပေ။ ကြာလာတော့ ကိုသာဖေလည်း စိတ်ညစ်လာကာ တစ်နှစ်ကို တစ်ခေါက်လောက်မှ ရွာထိပ်ညောင်ပင်ကြီးဆီသို့ ရောက်ဖြစ်တော့သည်။ ဒီလို ညောင်ပင်ကြီးဆီသွား၍ ဆုတောင်းတိုင်းမှာတော့ မလှမေပါ လိုက်ပါခဲ့သည်။

ကံကောင်းချင်တော့ အိမ်ထောင်သက် ၁၀ နှစ်လောက်အကြာ မလှမေမှာ ကိုယ်ဝန်ရှိလာတော့သည်။ ဒီတော့လည်း လင်မယားနှစ်ယောက်လည်း အတော်လေးကို ပျော်ရွှင်ခဲ့ရ၏။ သူတို့ရဲ့ သားဦးလေးလား သမီးဦးလေးလား မသိပေမဲ့ သူတို့အတွက် ဘာနဲ့မှ မလဲနိုင်ခဲ့။ အချိန်ရှိသ၍ မိန်းမဖြစ်သူကို မှာနေရသည်။ အလေးပင် မ,မဖို့၊ အပူအစပ်မစားဖို့၊ အမြဲတစေ မှာတမ်းချွေနေရသည်မှာ အမော။ ဒီလိုနဲ့ မလှမေ၏ကိုယ်ဝန်လည်း အနည်းငယ်ရင့်လာသည့် အခါ ကိုသာဖေစိတ်ထဲ တမျိုးတော့ ဖြစ်လာရသည်။ အကြောင်းကတော့…

မလှမေခမြာ ယခင်က အသားငါး သိပ်မကြိုက်သူက ယခုဆိုလျင် အသားငါးတွေသာ စားချင်လာသည်။ နေ့စဉ်နေ့တိုင်း အသားငါးချက်ဖို့ အမြဲပြောလေ့ရှိသည်။ ကိုယ်ဝန်နုစဉ်က သိပ်မတောင့်တသော်လည်း ကိုယ်ဝန်အနည်းငယ် ရင့်လာတဲ့အခါ ပိုမိုစားလာခဲ့တာကို ကိုသာဖေတစ်ယောက် သတိထားမိလာခဲ့တော့သည်။ စားတဲ့အခါမှာလည်း အသားကို နူးနေအောင်ချက်ထားတာကို သိပ်မကြိုက်ချင်။ မကျက်တကျက်ကိုသာ ပိုပြီးစားချင်လာလို့ သူ့ခမြာ မလှမေအကြိုက် မကျက်တကျက်သာ ချက်ချက်ကြွေးလာခဲ့ရသည်။

ကိုသာဖေကတော့ သူ့ခမြာ ကိုယ်ဝန်နဲ့မို့လို့ တောင့်တတာပါလေ ဆိုပြီးသာ တွေးထားခဲ့လိုက်၏။ ပြီးတော့ ထူးခြားတာတွေလည်း စတင်ဖြစ်ပေါ်လာခဲ့သည်။ အရင်က စိတ်ထားနူးညံ့လှတဲ့ မလှမေကယခုဆိုလျင် စကားပြောတဲ့အခါ ဒေါသတွေ ခနခန ထွက်တတ်လာသည်။ မထင်ရင် မထင်သလို အော်ငေါက်တတ်လာသည်။ ဒီလို မလှမေ ဒေါသဖြစ်လာတဲ့အခါ အသားတွေပါ နီလာကာ မျက်လုံးတွေက ရဲတက်လာခဲ့သည်။ ကိုသာဖေလည်း ဘာ့ကြောင့်မှန်းမသိ မလှမေကို ကြည့်ရင်း တစ်ခါတစ်လေတောင် ကြောက်ရွံ့စိတ် ဝင်ဝင်လာတတ်သည်။ ထူးခြားနေသည်ကို သိပေမဲ့ သားဆိပ်တက်ပြီး ဒီလိုဖြစ်နေခြင်းဟုသာ ဖြေတွေးခဲ့ရသည်။ တစ်ခါတစ်ခါ သူရဲ့ အသားကို မလှမေက လက်သည်းနဲ့ ဆွဲဆွဲဆိတ်တတ်ပြီးပြောသည်က..

“ဟင်း… ရှင့်အသားလေးက တင်းနေတာပဲ ကိုက်ချင်စရာကြီး… ဟီး… ဟီး…”

ဆိုကာ ပြောပြောပြီး ရီနေတတ်သေးသည်။ ဒီအချိန်မှာတော့ ကိုသာဖေလည်း ကြက်သီးထထလာတတ်ကာ မသိမသာပင် အနားကနေ ရှောင်ရှောင်သွားတတ်သည်။

ဒီလိုနဲ့ မလှမေတစ်ယောက် ကလေးမီးဖွားတော့ ယောကျာ်းလေးဆိုသည့်အတွက် အပျော်ကြီးပျော်ခဲ့ရသည်။ ကိုသာဖေကတော့ သူတို့လိုချင်ခဲ့သည့် ကလေးလေး။ သားဦးလေးဟု ကြားလိုက်တော့ ခုန်ပေါက်မတတ် ပျော်ခဲ့ရသည်။ ဒါပေမဲ့ ခနအကြာမှာတော့ လက်သည်ကြီး နှစ်ယောက်ရဲ့ အလန့်တကြား ထအော်သံကြောင့် ရင်တွေပူကာ နေမထိထိုင်မသာစွာ ဖြစ်ခဲ့သည်။

“သာဖေ.. သာဖေ.. နင်.. နင်တို့ ကလေးက မွေးတုန်းကတော့ အကောင်းပဲ.. အခုတော့ ဘယ်လိုဖြစ်လာလည်း မသိဘူး.. နင်ကိုယ်တိုင် လာကြည့်တော့ဟာ.. ငါတို့လည်း ဆက်မကြည့်ရဲတော့ဘူး”

“ဟင်.. ဘာဖြစ်လို့လည်းဗျ.. နေအုန်း ကျနော်ဝင်လာခဲ့မယ်”

ဆိုပြီး အခန်းထဲအဝင်မှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩမဆုံး။ ထိတ်လန့်မှုတွေ ဖြစ်လာခဲ့ရသည်။ လက်သည် နှစ်ယောက်လည်း ဘာလုပ်ရမှန်းမသိတော့။ ခနအကြာမှာပဲ အပြင်မှာစောင့်နေသည့် ကိုသာဖေရဲ့ သူငယ်ချင်းတွေပါ ရောက်လာကြသည်။

ကလေးလို့သာပြောရသည်။ ကလေးနှင့် လားလားမှ မတူပေ။ အသားကနီစပ်စပ်။ နှဖူးကမောက်မောက်။ ဆံပင်ကထူထူ။ တကိုယ်လုံးမှာ အမွေးအမြှင်တွေနှင့်ပင်။ နှဖူးနဲ့ဆံပင်အစပ် ထောင့်နှစ်ထောင့်မှာ အလုံးကြီးနှစ်လုံးက ပါလိုက်သေးသည်။ ကလေးငယ်ရဲ့ပါးစပ်ထဲမှာလည်း အစွယ်လိုလို သွားချွန်ချွန်တွေနှင့်။ ကြည့်ရတော်တော်ဆိုးကာ ထိတ်လန့်စရာလည်း ကောင်းလှသည်။ ရွာထဲကလူတွေကတော့ ‘ဒါက ကလေးမဟုတ်ဘူး၊ မကောင်းဆိုးဝါးလေးပဲ’ ဟု ဝိုင်းပြောကြပေမဲ့ ကိုသာဖေတို့ကတော့ မိမိရင်သွေးကို အထိမခံနိုင်ပေ။ ဒါ ငါတို့ကလေး၊ ငါတို့နဲ့ထိုက်လို့ရတာဟု ပြောကာ လူတွေကို ပြန်ခိုင်းလိုက်တော့သည်။ ရွာကလူတွေကလည်း စိတ်မကောင်းကြပေမဲ့ ကိုသာဖေတို့ ပိုပြီး စိတ်ညစ်နေမှာ စိုးသည့်အတွက် ဘာမှမဖြစ်ပါစေနဲ့သာ ဆုတောင်းပေးရင်း ပြန်ကုန်ကြသည်။

ဒီလိုဖြစ်ပျက်ပြီးသည့် ညမှာတော့ ထူးဆန်းတာတွေ စတင်ဖြစ်ပေါ်ခဲ့သည်။ ကလေးလေးက ညဘက်ရောက်တဲ့အခါ မိဘတွေနဲ့ ခြင်ထောင်တစ်လုံးထဲမှာ သိပ်ထားတဲ့အခါ ချော့လို့မရအောင် ငိုတော့လေသည်။ ငိုတာမှ တဝါးဝါးနှင့်။ ဒီတော့ မလှမေလည်း ကလေးအငိုတိတ်အောင်ဆိုကာ ကလေးကိုချီလိုက်ပြီး အပြင်ထွက်လိုက်တာနဲ့ ချက်ချင်းတိတ်သွားတော့သည်။ ဒီတော့ ကလေးငိုတာ တိတ်ပြီဆိုကာ ခြင်ထောင်ထဲပြန်အဝင် စောစောကလိုပဲ တတ်မတက် ချက်မတတ် ထပ်ငိုပြန်သည်။ ဒီလိုနဲ့ သုံးခါလောက်ဖြစ်ပြီးတဲ့ အခါမှာတော့ မလှမေလည်း သိလိုက်တော့သည်။ မြို့က သူငယ်ချင်းတစ်ယောက်က သူတို့ရွာကို လာလည်တော့ မလှမေကိုယ်ဝန်ရှိနေတာကို သိတဲ့အခါ မြို့ကနေ ကလေးသိပ်ဖို့ ခြင်လုံဇကာလေး ဝယ်ပေးထားဖူးသည်။ ယခုတော့ ထိုခြင်လုံဇကာလေးထဲကို ကလေးငယ် ထည့်ထားလိုက်တော့မှသာ ဆက်၍မငိုတော့ပေ။ လင်မယားနှစ်ယောက်လည်း ကြံရာမရတဲ့အဆုံး ကလေးငယ်ကို ညည ထိုခြင်လုံဇကာနဲ့ပဲ သိပ်ထားရတော့သည်။

သည်လိုနှင့် တစ်ပတ်လောက်အထိတော့ ဘာမှထူးထူးခြားခြားမဖြစ်ခဲ့ပေ။ တစ်ပတ်ကျော်ပြီးတစ်ညမှာတော့ စတင်ကြုံလာရသည်ကား…။

*****

ညသန်းခေါင်လောက်မှာ အိမ်အနောက်ဘက်က ချိုးချိုးချွတ်ချွတ်အသံများကြောင့် ကိုသာဖေလည်း ဖျပ်ခနဲ လန့်နိုးလာခဲ့သည်။ အလုပ်ကလည်းပင်ပန်းတော့ ကြောင်တွေကြွက်တွေ ဖြစ်မှာပါဆိုပြီး ထမကြည့်တော့ပဲ ပေါ့ပေါ့လေးတွေးလိုက်မိကာ ထမကြည့်ဖြစ်တော့။ မလှမေကတော့ မနိုးပေ။

မနက်ရောက်တော့မှသာ မီးဖိုခန်းထဲက အိုးတွေခွက်တွေ အနေထား ပျက်ယွင်းနေတာတွေ့လိုက်ရ၏။ ညက ကျန်တဲ့ ထမင်းကျန်ဟင်းကျန်တွေလည်း အကုန်ကို ပြောင်စင်နေတာကိုလည်း တွေ့လိုက်ရသည်။ ပြီးတော့ သူတို့အိမ်ဘေးလေးမှာ လူတစ်ရပ်လောက်အမြင့်ရှိတဲ့ ကြပ်ခိုးစင်လေး တစ်စင်လည်းရှိလေ၏။ အမဲသားတွေနဲ့ တခြားအသားတွေကို နေလှန်း ကြပ်ခိုးတိုက်တဲ့ ကြပ်ခိုးစင်ပင်။ ထိုကြပ်ခိုးစင်ပေါ်က အမဲသားခြောက်တွေလည်း လျော့နေတာကိုလည်း သတိထားလိုက်မိသည်။ ကိုသာဖေရဲ့ အထင်ကတော့ ညကအသံတွေကြားတာ ကြောင်တွေ ကြွက်တွေ မဟုတ်ပဲ ခွေးတစ်ကောင်ဖြစ်ရမည်ဟုလည်း တွေးလိုက်ကာ ဒီအတိုင်းပဲအမှုမဲ့ အမှတ်မဲ့ပဲ နေလိုက်မိသည်။

နောက်ရက်တွေမှာလည်း ဒီအတိုင်းပင်။ မီးဖိုထဲက အိုးတွေခွက်တွေ ပုံစံပျက်နေတာတွေ့ရ။ ထမင်းကျန် ဟင်းကျန်တွေ ပြောင်စင်နေတာ တွေ့ရကာ အမဲသားခြောက်တွေလည်း လျော့လျော့နေတာကိုလည်း တွေ့ရလေတော့ စိတ်ထဲမှာ သိပ်တော့ မပေါ့မိတော့ပေ။ ၃ ရက် ၄ ရက်လောက် ဖြစ်လာလေတော့ လင်မယားနှစ်ယောက်လည်း တီးတိုးတိုင်ပင်ကြတော့သည်။

“လှမေ ငါ့စိတ်ထဲ သိပ်တော့ မသင်္ကာတော့ဘူးဟာ… ရွာကလူတွေပြောတာ ဟုတ်နေပြီလားမသိဘူး”

“ရှင်ကလည်းတော် ရှင်က ဘယ်လိုထင်နေလို့တုန်း”

မလှမေက ဒီလိုမေးလိုက်တဲ့အခါ ကိုသာဖေက အိမ်အောက်ကနေ ကလေးအိပ်နေတဲ့ အိမ်ပေါ်ကို အသာလေးလှမ်းကြည့်လိုက်ပြီး ပြောသင့်မပြောသင့် ချိန်ဆနေပြီး မထူးတော့ဘူးဆိုကာ မလှမေ အနားကိုကပ်၍..

“ဒီကလေးလေးက လူတွေပြောသလို မကောင်းဆိုးဝါးလေးများလားဟာ”

ဒီတော့ မလှမေလည်း လန့်ဖြန့်သွားကာ..

“ဟုတ်ပါ့မလားတော်.. အသားခြောက်တွေခိုးစားနေတာက ရွာထဲက ခွေးတွေလားမှ မသိတာ”

“ဟဲ့.. လှမေရဲ့ နင်မသိတာကျနေတာပဲ.. ရွာမှာရှိတဲ့ ခွေးက ၃ ကောင်ထဲလေ… ရွာထိပ်က ဒေါ်အေးဘုံအိမ်မှာတစ်ကောင် ရွာနောက်က ဦးဝေလင်း အိမ်မှာတစ်ကောင် ဟိုးလယ်ထဲက ဒေါ်ကျွဲမ တဲမှာတစ်ကောင် ဒါပဲရှိတာလေ… ငါတို့ အိမ်နဲ့အဝေးကြီးဟာကို ကြောင်စားရင်လည်း ဒီလောက်မကုန်ပါဘူးဟာ…ငါတော့ တဖြေးဖြေးနဲ့ လန့်လန့်လာပြီ”

“အေးနော် ရှင်ပြောတာလည်း ဟုတ်တာပဲ ကျမလည်း ကိုယ့်သားသမီးမို့လို့သာပဲ တစ်ခါတစ်လေ ကျရင် အဲ့ဒီကလေးလေးရဲ့ အကြည့်တွေက ကြောက်စရာ ကောင်းတယ်တော့်”

“အေး အဲ့ဒါပြောတာပေါ့… ဒီလိုလုပ် ဒီညကျရင် မအိပ်ပဲ အသံကြားတာနဲ့ ထကြည့်ကြမယ် ဒါမှ သိရမှာ”

ဒီလိုတိုင်ပင်လိုက်ကြပြီး ညရောက်တဲ့အခါ လင်မယားနှစ်ယောက်လုံး မအိပ်ကြပဲ သတိထားစောင့်နေကြလေသည်။ ညသန်းခေါင်လောက်မှာတော့ …

“ဂျွတ်… ဂလုံး… ဂလွမ်း…”

မီးဖိုခန်းကနေ အသံဗလံတွေကြားလာခဲ့ရပြီ။ ဒီတော့ကိုသာဖေက မလှမေကို အသာပြောလိုက်သည်။

“လှမေ ကြားတယ်မလား မီးဖိုချောင်ထဲမှာ အသံတွေကြားနေရပြီ”

ဒီတော့ မလှမေခမြာ အသံမထွက်ပဲ ခေါင်းပဲ ငြိမ့်ပြလိုက်သည်။

“လာ… လာ… ထကြည့်မယ်… အသံမထွက်စေနဲ့နော်…”

ဆိုလျက် တစ်လှမ်းခြင်း အသံမကြားအောင် ထလာခဲ့ကြလေသည်။ လရောင်ကလည်း နည်းနည်းလင်းနေကာ မီးဖိုခန်းကနေ အိမ်ဘေးကိုဆင်းတဲ့ တံခါးပေါက်ကလည်းဖွင့်ထားလေတော့ ပီပီပြင်ပြင်မဟုတ်ရင်တောင်မှ တော်တော်လေးကို မီးဖိုခန်းထဲ အလင်းရောင်ရနေလျက်ပင်။

ဒီလိုနဲ့ အကွယ်လေးကနေ မီးဖိုချောင်ထဲကို မဝံ့မရဲဖြင့် လှမ်းအကြည့်မှာတော့ လင်မယားနှစ်ယောက်စလုံး ကျောထဲစိမ့်တက်လာကာ သွေးတွေအေးစက်လာခဲ့သလိုပင်။ တွေ့လိုက်ရတဲ့မြင်ကွင်းက ထိတ်လန်စရာ။ မီးဖိုထဲမှာ သူတို့ရဲ့ကလေးလေးက ဆောင့်ကြောင့်ထိုင်ပြီး ထမင်းကျန်ဟင်းကျန်တွေကို အာသာငမ်းငမ်းနဲ့ အငမ်းမရ စားသောက်နေတာကို တွေ့လိုက်ရသည်။

လင်မယားနှစ်ယောက်စလုံးလည်း အသားတွေ တဆက်ဆက်တုန်လျက်ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့သည်။ ကြက်သီးတွေလည်း တဖြန်းဖြန်းထလျက် ဘာလုပ်ရမှန်းတောင် မသိတော့ပြီ။

ကလေးငယ်က မီးဖိုခန်းထဲမှာ ဆောင့်ကြောင့် ထိုင်နေလျက် ထမင်းအိုးဟင်းအိုးတွေကို ဖွင့်ပြီး လက်နဲ့နှိုက်ကာ ပလုပ်ပလောင်းပင် စားနေလေသည်။ ကလေးငယ်မျက်နှာကိုတော့ ဘေးတစ်စောင်း အနေထားဖြင့် တွေ့နေရခြင်းပင်။ ကလေးငယ်နဲ့တောင်မတူပေ။ တကယ့်အစားငမ်းနေတဲ့ လူတစ်ယောက်ပုံသဏ္ဌာန်ဖြစ်နေလေ၏။ သူတို့လည်း ကြောက်ကြောက်နဲ့ ဆက်ကြည့်နေတုန်းမှာ ကလေးလေးဟာ ထမင်းဟင်းကျန်တွေ စားသောက်ပြီးသွားတော့ ဟိုကြည့်ဒီကြည့်လိုက်ကြည့်ကာ နှာခေါင်း တရှုံ့ရှုံ့ဖြင့် အနံ့ခံသလို လုပ်နေပြီး နောက်ဖေးအပေါက်ကနေ အောက်ကိုဆင်းသွားပြန်သည်။ ပြီးနောက် ကြပ်ခိုးစင်နားကို ရောက်လာတဲ့အခါ ကလေးပုံစံကနေ တဖြေးဖြေးနဲ့ အရပ်ကြီးက ရှည်ထွက်သွားကာ လူတစ်ရပ် ကျော်ကျော်လောက် ဖြစ်သွားတာကို ထိတ်လန့်ဖွယ် တွေ့လိုက်ရတော့၏။

ဒီတော့ မလှမေလည်း မအော်မိအောင် ပါးစပ်ကိုလက်နဲ့ ပိတ်ထားလိုက်ကာ ဆက်လည်းမကြည့်ရဲတော့ပေ။ လူဝကြီး တစ်ယောက်လောက်ကို အကောင်ကြီး ကြီးလာခဲ့ပြီး ခန္ဓာကိုယ်မှာကလည်း အမွှေးအမြှင်တွေ ထွက်လာတာကို ကိုသာဖေတစ်ယောက် မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့ပြီး ကြပ်ခိုးစင်ပေါ်က အသားခြောက်တွေကို ကောက်ယူ ဝါးစားနေတာကို သွေးပျက်ဖွယ်ရာ မြင်လိုက်ရတဲ့အခါ…

“လှမေ ဒါ.. ဒါ.. ငါတို့ သားမဟုတ်ဘူး… ဘီလူး ဘီလူးဟ…”

မလှမေခမြာ ကြောက်လွန်း၍ အသံတောင်မထွက်နိုင်တော့ပေ။ ဒီအချိန်ကြီးက အိမ်ပေါ်ကနေလည်း ဆင်းပြေးလို့မရ။ ဆင်းပြေးတာနဲ့ ဒီဘီလူးကသိသွားမှာ အသေအချာပင်။ ဘာလုပ်ရမှန်းလည်းမသိတော့။ ကိုသာဖေကလည်း လေသံ တီးတိုးဖြင့် မလှမေ အနားကပ်ကာ ပြောလိုက်သည်။

“ဘာမှမကြောက်နဲ့ လှမေ… ပုတီးကိုင်ပြီး ဘုရားစာသာ ရွတ်နေ ဒီညတော့ သူအစာဝနေလောက်ပြီ ဘာမှတော့လုပ်မှာ မဟုတ်ဘူး.. မနက်ကျမှသာ ရွာလူကြီးကို ပြောပြပြီး စီစဉ်ရမယ်… လာ အိပ်ရာထဲ ဟန်မပျက်သာဝင်နေ”

ဆိုကာ နှစ်ယောက်သာ အိပ်ရာထဲ ပြန်ဝင်နေလိုက် ကြတော့သည်။ လက်ထဲမှာတော့ ပုတီးကို ကိုင်ထားကာ ဘုရားကိုစာသာ အဆက်မပြတ် ရွတ်နေလိုက်ကြတော့သည်။ အိပ်ကလည်း မအိပ်ရဲကြတော့။ အသံကိုသာ နားစွင့်နေရင်း ခြင်ထောင်ထဲနေ မီးဖိုချောင်ဘက်ကို အသာလေး လှမ်းကြည့်နေလျက်။

ခနအကြာမှာတော့ မီးဖိုချောင်ထဲကနေ အိမ်ပေါ်ကို ပြန်တက်လာတဲ့ အသံ သဲ့သဲ့ကို ကြားလိုက်ကြရတော့ ခြင်ထောင်အတွင်းကနေ အသာလေး လှမ်းကြည့်လိုက်မိတဲ့အခါ မြင်လိုက်ရသည်က ကလေးပုံစံလေးနဲ့ ဟိုကြည့်ဒီကြည့် ကြည့်ကာ လေးဘက်ထောက်လျက် ပြန်တက်လာတာကို တွေ့နေရသည်။ ပြီးတော့ ခြင်လုံဇကာလေးထဲ ပြန်ဝင်ကာ အသာအယာ ပြန်ပြီးအိပ်နေလိုက်တာကို တွေ့လိုက်ရတော့၏။ ဒီတော့မှ သက်ပြင်းချနိုင်ပေမဲ့ တစ်ညလုံးတော့ ကြောက်ကြောက်လန့်လန့်နဲ့ ပြန်မအိပ်ရဲတော့ပေ။ မနက်ကို အမြန်ရောက်ပါစေဟုသာ ဆုတောင်းနေခဲ့ရသည်။

မနက်မိုးလင်းတာနဲ့ ရွာဦးဘုန်းကြီးကျောင်းကို အပြေးအလွှားသွားကာ ဆရာတော်ကိုဖြစ်ကြောင်းကုန်စင် လျောက်တင်လိုက်တော့၏။ ထိုအခါ ရွာဦးကျောင်းဆရာတော်လည်း ရွာလူကြီးနဲ့ ရွာသူရွာသားတွေကို ကျောင်းထဲကို ခေါ်ခိုင်းလိုက်ကာ အကျိုးအကြောင်းကို ပြန်လည် ပြောပြလိုက်တော့လေသည်။ ထိုအခါ တစ်ရွာလုံးက ဟာခနဲ ဟင်ခနဲ ဖြစ်သွားတဲ့သူကဖြစ်။ အစထဲက ဒါမကောင်းဆိုးဝါးဟု ပြောသူတွေကလည်း အပြစ်တင်ကြနဲ့ ဆူညံသွားတော့သည်။ နောက်မှာတော့ ဆရာတော်က ကပ္ပိယကြီးဦးဘထူးကိုသာ မိန့်ကြားလိုက်၏။

“ကဲ.. ကပ္ပိယကြီး ဒီကိစ္စက ဘုန်းဘုန်းတို့ ရဟန်းသံဃာတော်တွေနဲ့ မအပ်စပ်ပေဘူး.. ဒီတော့ ကပ္ပိယကြီးပဲ သင့်တော်သလို စီစဥ်လိုက်ပါ”

“တင်ပါ့ဘုရား.. ဒီရွာအန္တရာယ်ကင်းအောင် တပည့်တော်လုပ်လိုက်ပါ့မယ်ဘုရား”

ရွာဦးကျောင်းဆရာတော်လည်း ထိုသို့မိန်းကြားပြီး ကျက်သရေခန်းထဲ ဝင်သွားတော့သည်။ ထို့နောက်မှာတော့ ဦးဘထူးလည်း ရွာလူကြီးကို ပြောကာ ကလေးလေးကို ဖမ်းချုပ်ခေါ်ဆောင်ခိုင်းလိုက်လေ၏။

အဲ့ဒီနောက် ချောင်းနံဘေးမှာ ထိုကလေးလေး တစ်ဖြစ်လဲ ဘီလူးလေးကို နှစ်ပိုင်းပိုင်းပြီးတော့ ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ မြေနက်နက်တူးပြီး မြှုပ်ပြစ်လိုက်ကြတော့၏။ ထူးခြားသည်က ထိုကလေးလေးကို နှစ်ပိုင်းပိုင်းတဲ့အခါမှာတော့ ကလေးငယ်လေးကား ငိုယိုခြင်း အလျင်းမရှိခဲ့ပေ။ ကပ္ပိယကြီးပြောပြသည်မှာ ဒီလို ဘီလူးမျိုး မွေးလာခဲ့ရင် သိသိခြင်းပဲ ဓားနဲ့ခုတ် နှစ်ပိုင်းပိုင်းပြီး ရေခြားပြီး မြှုပ်ရလေသည်။ သိတာကြာသွားရင်လည်း ထိန်းလို့ မနိုင်တော့ဘူးလို့လည်း ပြောပြခဲ့သည်။ မြေမြုပ်တဲ့အခါ ခွဲမြုပ်ရမှာဖြစ်ပြီး ခပ်နီးနီးလေး မြှုပ်လိုက်မိရင်တော့ ပြန်ဆက်တတ်သည်။ ဒီလို ရေခြားပြီး မြှုပ်လိုက်မှသာ စိတ်ချရတယ်လို့လည်း ပြောပြလေ၏။

ညရောက်တဲ့အခါမှာတော့ ကိုသာဖေနဲ့ မလှမေတို့ နှစ်ဦးစလုံးမှာ အိပ်မက် မြင်မက်ခဲ့ကြလေသည်။ အိပ်မက်ထဲမှာကတော့ အမွှေးစုတ်ဖွားအကောင်ကြီးတစ်ကောင်က ပေါ်လာပြီး အသံနက်ကြီးနဲ့ ဒေါသတွေ ထွက်ကာ လာပြောသည်က…

“ငါက.. ဒီရွာကဘီလူးပဲ.. နင်တို့လင်မယားကိုတွေ့တော့ ငါလိုက်လာခဲ့တာ…နင်တို့တွေ အသိမြန်လို့ပေါ့.. မဟုတ်ရင်တော့ နင်တို့ကိုရော ဒီတစ်ရွာလုံးကိုပါ ငါစားတော့မှာ… ခုတော့ နေနှင့်အုန်းပေါ့ဟာ…တောက်…”

ဆိုကာ စကားလာပြောပြီး တောက် တစ်ချက်ခတ်ကာ ပျောက်သွားပါလေတော့သည်။ နောက်တစ်ရက်မှာတော့ ရွာဦးကျောင်းဆရာတော်ကြီးက ဦးစီး၍ ရဟန်းသံဃာတော်များက ရွာတွင်းရွာပြင်ပါမချန် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ အမျှတမ်းပေးဝေခြင်းများ ပြုလုပ်ခဲ့ကြလေ၏။ သည်နောက်ပိုင်းမှာတော့ ထိုရွာလေးမှာ ဤကဲ့သို့ အဖြစ်ပျက်မျိုးကို ကြုံရသူဟူ၍ မကြားရတော့ပေ။

**********
..ပြီးပါပြီ..

ရေးသားသူ-လင်းစက်ရာ

#crd