ရက်လည်မလုပ်သောအသုဘ

*ရက်လည်မလုပ်သော အသုဘ*📖📖📖

*********************************
အခန်း(၁)

အချိန်ကာလအားဖြင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါဘုရင် ပါတော်မူပြီးနောက်
ဘုရင်၏ကိုယ်လုပ်တော်အဖြစ် အမှုထမ်းခဲ့သော မယ်ခနှင့် သူ၏ချစ်သူတို့သည် ‌တောင်ငူခရိုင်အတွင်းရှိ နယ်မြေတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြ၏။

ထိုနေရာသည် နောက်ပိုင်း၌ ရေတာရှည်မြို့ဟု အမည်တွင်၏။

မယ်ခတို့လင်မယားသည် ပါလာသည့် လက်၀တ်လက်စားများအား ထုခွဲရောင်းချပြီးနောက် လူလက်တစ်ဖက်စာမကသည့် ကျွန်းတိုင်လုံးကြီးများနှင့်ဆောက်လုပ်ထားသည့်အိမ်ကြီး၌ နေခဲ့ကြ၏။

ထိုဒေသ၌ ကရင်နီသူပုန်များရှိသဖြင့် အင်္ဂလိပ်အုပ်ချုပ်မှုမှ အလှမ်းဝေးခဲ့လေသည်။
မယ်ခတို့လင်မယားသည် ဒေသခံလူများနှင့် အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ခဲ့သဖြင့် သူတို့၏ ဘ၀လေးသာယာခဲ့ကြ၏။

ထို့နောက်မကြာမီ မယ်ခ၌ကိုယ်၀န်ရှိလာကာ မောင်မြဟူသော သားတစ်ယောက်အားဖွားမြင်ခဲ့လေသည်။

မောင်မြသည်အရွယ်ရောက်လာသောအခါ အေးမှုံနှင့် ထွေးမှုံဟူသော ညီအစ်မနှစ်ယောက်အနက် အကြီးဖြစ်သူ အေးမှုံနှင့် အိမ်ထောင်ကျခဲ့လေသည်။

အေးမှုံနှင့်လက်ထပ်ပြီးနောက် သက်ဦးမေ ဟူသော သမီးလေးအားမွေးဖွားခဲ့လေသည်။

မိဘများက အသက်မကချစ်ရသော သမီးဦးမို့ သက်ဦးဟု အမည်ခေါ်တွင်ခြင်းဖြစ်၏။
သို့သော် သူတို့မိသားစု၏ ပျော်ရွှင်ခြင်းသည်ကြာရှည်မမြဲခဲ့ရှာပေ။
အဘယ်ကြောင့်ဆိုသော် သက်ဦးမေ ၏မိခင် မအေးမှုံသည် အမျိုးသမီးရောဂါဖြင့် ကွယ်လွန်သွားရှာသောကြောင့်ဖြစ်၏။

ထိုအခါ အေးမှုံ၏ညီမ ထွေးမှုံကပင် တူမဖြစ်သူအား ပြုစုထိန်းကျောင်းရလေတော့သည်။
မောင်မြသည်လည်း သမီးလေးအား ထိန်းကျောင်းပေးစော ခယ်မဖြစ်သူအား ကျေးဇူးတင်နေမိ၏။

နောက်ဆုံး ထွေးမှုံ၏မိဘများကလဲ သားမက်ဖြစ်သူအား ချစ်ခင်လေရာ အငယ်မထွေးမှုံအား မုဆိုးဖိုဖြစ်သော သားမက်မောင်မြနှင့်ပင် လက်ဆက်ပေးခဲ့ပြန်သည်။
မောင်မြသည် အငယ်မထွေးမှုံနှင့် လက်ထပ်ပြီးနောက် သားနှစ်ဦး သမီးသုံးဦးထွန်းကားခဲ့၏။

သက်ဦး‌မေ သည် ဖအေတူမအေကွဲ မောင်နှမငါးယောက်အား ပိုင်ဆိုင်ထားရသော်လည်း ရောရောထွေးထွေးသိပ်မနေပေ။သူသည် မာနကြီး၏။
တစ်ယောက်တည်းသာ သီးသန့်နေထိုင်တတ်သည်။

ဖခင်ဖြစ်သူ ဦးမြသည်ကား သမီးအကြီးဆုံးလေးမို့ သက်ဦးမေအား ချစ်ရှာလေသည်။သက်ဦးမေ ၏ မိခင်သေဆုံးသွားသောကြောင့်လည်း သမီးလေးအပေါ် ဂရုဏာသက်ကာ အစစ အရာရာ လိုလေသေးမရှိ ဖြည့်ဆည်းပေးရှာ၏။

မိထွေး(အဒေါ်)ဖြစ်သူ ထွေးမှုံသည်လည်း သက်ဦးမေ အား တူမလေးဟုဆိုပင်ညား ငယ်စဉ်ကတည်းက မိမိပင် ထိန်းကျောင်းလာရာ မိခင်သေဆုံးသွားသဖြင့် အားငယ်နေမည်စိုးသောကြောင့် မိမိ၏ သားသမီးအရင်းများထက်ပင် အစစ အရာရာ ဦးစားပေးခဲ့ရှာသည်။

ထို့ကြောင့်ပင်လားမဆိုတတ်။ သက်ဦးမေ သည် မာနကြီးကာ ဘာသာတရားလဲ သက်၀င်ယုံကြည်မှုမရှိပေ။

” သမီးကြီး သက်ဦးရေ ၊ ဒီနေ့ ဥပုသ်နေ့ ဘုရားသွားရအောင် “

” ဟာ အမေထွေးကလဲ သမီးမလိုက်ချင်ပါဘူး၊ အလှုအတန်းပြုရုံနဲ့ မချမ်းသာဘူးအမေ၊ ကိုယ့်စီးပွားရေးကြ ဘုရားက ကူတာမဟုတ်ဘူး”

” ဩ ခေါင်းမာလိုက်တာ သမီးရယ်၊ အမေထွေး နင့်ကိုဘယ်လိုများ ဆုံးမရမလဲ “

” ကဲပါ အမေသွားစရာရှိတာသွားပါ ဩ…အငယ်ဆုံး ခင်ထွေးလေးကိုလဲ မထားခဲ့နဲ့နော် သမီး ကလေးမထိန်းချင်ဘူး”

သူသည် ကလေးအားလဲမချစ်တတ်ပေ။
သူအပျိုအရွယ်၌ အငယ်ဆုံးညီမ ခင်ထွေးမှာ နှစ်နှစ်သမီးအရွယ်ပင်ရှိသေးလေသည်။

သူသည် မကြာမီ သူနှင့်အမည်တူသူ ကိုသက်ဦးဆိုသူနှင့် အိမ်ထောင်ကျလေတော့သည်။

ကိုသက်ဦးကား  သူ့မိန်းမနှင့် ဆန့်ကျင်စွာ ကလေးများအား လွန်စွာချစ်ခင်လေသည်။

ထို့ကြောင့် ဖအေတူမအေကွဲ သက်ဦးမေ၏ အငယ်ဆုံးညီမဖြစ်သော ခင်ထွေးလေးအား ချီပိုးကာ ထိန်းကျောင်းလာခဲ့၏။

” မီးမီးလေးရေ ဦးဦးဆီလာပါအုံး ၊ မီးမီးအတွက်ဦးဦး မုန့်၀ယ်လာတယ်…..မေရေ သမီးလေး ခင်ထွေးလို ချစ်စရာကောင်းတဲ့ ခလေးလေး မွေးပေးပါလား “

” အိုတော် ရှုပ်ရှုပ်ယှက်ယှက် မမွေးချင်ပါဘူး၊ ကလေးဆိုမုန်းတယ် မေက ကိုယ့်ညီမကိုယ်တောင်ထိန်းတာမဟုတ်ဘူး”

မိန်းမဖြစ်သူစကားကြောင့် ကိုသက်ဦးတစ်ယောက် သက်မရှည်ကြီးအား ချလိုက်မိလေတော့သည်။

ခင်ထွေးသည် ကိုသက်ဦး၏ လက်၌ပင် ကြီးပြင်းခဲ့သည်ဟု ဆိုလျှင်လဲမမှားပေ။
ကိုသက်ဦးသည် အလုပ်လဲ လွန်စွာကြိုးစားလေရာ မကြာမီ သူတို့လင်မယားသည် တောင်ငူမြို့၌ ရွှေကျားပျံ,(အမည်လွှဲ)ဆေးလိပ်ခုံကြီးတစ်ခုအား တည်ထောင်လိုက်လေသည်။

သူတို့လင်မယားသည် တောင်ငူ၌ အခြေချလျက်ရှိရာ ခင်ထွေးတို့ရှိသော ‌ရေတာရှည်မြို့သို့ သိပ်မလာဖြစ်ကြတော့ပေ။

ကိုသက်ဦးတို့၏ ရွှေကျားပျံ(အမည်လွှဲ) ဆေးလိပ်ခုံလုပ်ငန်းသည် လွန်စွာအောင်မြင်လာခဲ့၏။

လင်မယားနှစ်ယောက်လုံး အလုပ်အင်မတန်မှကြိုးစားကြလေရာ သူတို့၏ ရွှေကျားပျံဆေးလိပ်လုပ်ငန်းသည်လည်း အောင်မြင်သည်ပို၍ထက်အောင်မြင်လာ၏။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၂)

” အော့ ဝေါ့ “

“ဟင် မေ မင်းမင်းမှာ ကိုယ်၀န်များရှိနေတာလား “

” မသိပါဘူးယောက်ျားရယ် ကျုပ်ရင်တွေတုန်ပြီး မူးနေလို့ “

” ဟေ ဟုတ်လား ၊ ငါ ငါ ဆရာ၀န်သွားခေါ်လာခဲ့မယ် မင်းအိပ်ရာထဲ အေးဆေး နားနေလိုက် “

ပြောနေရင်း ပြေးထွက်သွားသော လင်ဖြစ်သူအားကြည့်ကာ သူ..သက်မရှည်ကြီးအား ချလိုက်မိ‌၏။

ကလေးလိုချင်လှသော ကို‌သက်ဦးတစ်ယောက် ပျော်နေသလောက် သူကတော့ လွန်စွာစိတ်ဆင်းရဲနေလေသည်။

မကြာမီ ဆရာ၀န်ရောက်လာပြီးနောက် သူ့အားစမ်းသပ်ပြီး…

” အမှန်ပဲ ကိုသက်ဦး ခင်ဗျားမိန်းမမှာ ကိုယ်၀န်ရှိနေပြီ ‘”

ဆရာ၀န်စကားကြောင့် ကိုသက်ဦးတစ်ယောက် အပျော်လွန်နေသလောက် သူသည်ကား လွန်စွာစိတ်ညစ်နေမိသည်။
ကလေးတစ်ယောက်အား မွေးရမည်အား တွေးကြည့်တိုင်း အော်ဂလီဆန်နေမိသည်။
ကလေးပိစိ နီတာ‌ရဲလေးများအား အလွန်ရွံသော သူသည် ကလေးအား ပျက်ကျသွားပါစေဟုသာ အကြိမ်ကြိမ်ဆုတောင်းနေမိ၏။

ကိုသက်ဦးတစ်ယောက်မှာမူ ပျော်လွန်း၍ သူ၏ ဆေးလိပ်ခုံမှ အလုပ်သမားများကိုပင် မုန့်ဟင်းခါးချက်ကျွေးလိုက်သေး၏။

” စားကြ စားကြ ငါ့မိန်းမမွေးရင် ဒီထက်ကောင်းတာကျွေးမယ်ဟေ့ ၊ ဟား ဟား ဟား ငါ အဖေဖြစ်တော့မယ်ကွ “

ထိုသို့အလုပ်သမားများအား ကျွေးမွေးသည်မှာ ထူးဆန်းလှ၏။
အဘယ်ကြောင့်ဆိုသော် လင်မယားနှစ်ယောက်လုံးသည် လုပ်ငန်း၌သာ အောင်မြင်လာကြသော်လည်း လှူခြင်းတန်းခြင်းမျိုးလုံး၀ပြုလေ့ မရှိပေ။

ထိုသို့ ကိုသက်ဦး၏ ကျွေးမွေးမှုကြောင့် သက်ဦးမေမှာ ကလေးအား ပို၍ပင် အမြင်ကပ်လာ၏။
သူ့ယောက်ျားက ကလေးအား သဲသဲလှုပ်လေ သူကလဲ ကအေးအား ပို၍မလိုချင်လေ ဖြစ်လာ၏။

သူ၏ဆုတောင်းပြည့်သည်လား၊ မိခင်၏မေတ္တာအား ကလေးက ခံစားမိလေသည်လားမပြောတတ်။
သူ၏ ကိုယ်၀န် ငါးလခန့်၌ သားလျှောသွားလေတော့သည်။

ကိုသက်ဦးတစ်ယောက် သူ့မိန်းမ ကလေးပျက်ကျသဖြင့် ရူးမတတ်ခံစားရရှာ၏။
ယောက်ျားကြီးတန်မဲ့ မျက်ရည်လည်ရွဲဖြစ်ခဲ့ရ၏။

မိန်းမဖြစ်သူမှာမူ အပြုံးမပျက်ပေ။အစကတည်းက မလိုချင်သောကလေးမို့လည်း ပျက်ကျသွားသည်အား ပျော်၍ပင် နေသေးလေသည်။

နောက်ပိုင်း သူ့၌ နောက်ထပ်ကိုယ်၀န်ဆောင်ခြင်းမရှိတော့ပေ။
သူတို့၏ အိမ်ထောင်ရေးသည် သားသမီးမထွန်းကားပဲ ပျင်းရိစွာ ဖြတ်သန်းခဲ့ရလေသည်။
ထို့ကြောင့်လဲ တစ်ဦးနှင့်တစ်ဦး သံယောဇဉ်ပိုတွယ်လာကြသည်ဟူ၍လဲ မမှားပေ။

” ကျောတွေအောင့်လိုက်တာ မိန်းမရာ ၊ အသက်ရှုတောင် မ၀သလိုပဲ “

” သမားတော်တွေလဲ ပြတာစုံနေပြီ၊ ဘာရောဂါမှန်းလဲ မသိဘူး၊ ယောက်ျား… တော် ..သာတစ်ခုခု ဖြစ်သွားရင် ကျုပ်တော့ သေမှာသိလား၊ ဒီဆေးလိပ်ခုံကြီးက တော်မရှိရင် မဖြစ်ဘူး၊ ကျုပ်တစ်ယောက်ထဲ ဦးစီးပြီးမလုပ်နိုင်ဘူးယောက်ျားရဲ့ အဟင့် ဟင့် “

” အေးပါ မိန်းမရာ ငါ မသေပါဘူးဟ ကျောအောင့်ရုံတင်ပါကွာ ၊ ဒီတစ်ခါတော့ ဗမာဆရာနဲ့ ပြကြည့်ရင်ကောင်းမယ်ထင်တယ် အား ကျွတ် ကျွတ် “

ကိုသက်ဦးတစ်ယောက် တစ်ချောင်ချောင်ဖြင့် ‌ဝေဒနာကား တစ်နေ့တစ်ခြားပိုဆိုးလာ၏။
တိုင်းရင်းသမားတော်ဖြင့်ပြသရာ မြစ်ပွားနာ ဟုသိရလေသည်။
ကိုသက်ဦး၏ရောဂါမှာ ယခုခတ်အနေဖြင့်ပြောရလျှင် အဆုတ်ကင်ဆာရောဂါဖြစ်၏။

ည၏ကတ္တီပါအနက်ရောင် ပဝါကြီးကလောကကြီးတစ်ခုလုံးအားလွှမ်းခြုံထားသဖြင့် ပတ်၀န်းကျင်တစ်ခုလုံး ပိန်းပိတ်အောင်မှောင်နေလေသည်။

“အူး ဝူး ဝူး “

ထိုနေ့ညက တစ်ညလုံးနီးပါး ခွေးများက ဆွဲဆွဲငင်ငင်အူနေလေသည်။

” အား ကျွတ် ကျွတ် ငါ ငါ မနေရတော့ဘူးထင်တယ်မိန်းမ …ငါ့ကျောထဲက တစ်ယောက်ယောက် ဆွဲဆုပ်ထားသလို တင်းပြီးအောင့်နေတာ၊ အသက်တောင်မရှုနိုင်တော့ဘူး …”

“ယောက်ျား  အားတင်းထားပါအုံး၊ ကျုပ် ကုန်ဖိုးတွေလဲပေးရအုံးမှာ၊ ဒီလုပ်ငန်းကြီးတစ်ခုလုံး ကျုပ်တစ်ယောက်ထဲ ဘယ်လိုဦးစီးရမှာလဲ အဟင့်ဟင့် “

” အေး …ပါ …ကွာ ..”

ကိုသက်ဦးတစ်ယောက် မိန်းမဖြစ်သူအား စိတ်မကောင်းစွာကြည့်ရင်း ငြိမ်သက်သွား၏။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၃)

” အူး ဝူး ဝူး …..”

ရုတ်တရက် အိမ်အနီး၌ ခွေးအူသံကြီးအားကြားလိုက်ရ၏။

မောင်ပေသီးတစ်ယောက် ခွေးအူသံကြောင့်လန့်နိုးလာ၏။
သူသည် ရွှေကျားပျံဆေးလိပ် ဖြန့်ချီရေးလုပ်ငန်းအား အဓိက ဆောင်ရွက်သူဖြစ်၏။
ယခုတလော သူ၏သူဌေး နေမကောင်းသဖြင့် သူကပင် ဦးစီးကာ လုပ်ကိုင်ပေးနေရ၏။
ယနေ့လဲ ရစရာ‌ရှိသောငွေများအား ကောက်ကာ ဆေးလိပ်ခုံအား သွားအပ်ပေးရအုံးမည်ဖြစ်၏။

“‌ဒေါက် ဒေါက် ဒေါက် “

” ဟင်မနက်အစောကြီး အိမ်ကို ဘယ်သူလာပါလိမ့် “

” ဒေါက် ဒေါက် ဒေါက် “

” လာပြီ လာပြီ အစောကြီး ဘယ်သူလဲ “

ပေသီးလဲ တံခါးမကြီးအား ဖွင့်လိုက်ရာ

” အမယ်လေး လန့်လိုက်တာ အစ်ကိုရာ “

အိမ်ပေါက်တွင် မားမားကြီး ရပ်နေသော ဆေးလိပ်ခုံပိုင်ရှင်အား တွေ့လိုက်ရသည်မို့ ရုတ်တရက်လန့်သွား၏။

” အစ်ကို နေမကောင်းဘူးဆို သက်သာသွားပြီလား …အိမ်ထဲ၀င်အုံးလေ “

” မ၀င်တော့ဘူးပေသီး၊ မင်းအစ်မ ဒီနေ့ ကုန်ကြွေးတွေပေးရမှာမို့ ငွေကို ရအောင်ကောက်ပေးဖို့ လာပြောတာပါကွာ”

” ဟာ စိတ်ချပါ အစ်ကိုကြီးရာ ၊ ကျုပ်လဲ မိုးလင်းတာနဲ့ ကုန်ကြွေးထွက်ကောက်ပြီး အစ်ကိုတို့ဆီကို လာပေးမှာပါ၊ စိတ်ချပါ အစ်ကိုကြီး “

ထိုသို့ပြောလိုက်ရာ သူ့အား ခေါင်းငြိမ့်ပြပြီးနောက် လှည့်ထွက်သွားကာ
အိမ်ရှေ့သစ်ပင်ရိပ်အောက်သို့ တိုး၀င်ပျောက်ကွယ် သွား၏။

” အူး ဝူး ဝူး …”

ထိုစဉ် ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြောင့် ပေသီးလဲ အိမ်တံခါးအား ပြန်ပိတ်လိုက်လေတော့သည်။
သူ၏ အလုပ်ရှင်လင်မယားသည် အလုပ်နှင့်ပက်သက်လျှင်တိကျလွန်း၏။
အထူးသဖြင့် ငွေရေးကြေးရေးပိုင်း၌ အမှားမခံပေ။
သူလည်း အိပ်မရတော့သည်နှင့် ရစရာရှိသည့် စာရင်းများအား စစ်ဆေးကာ ငွေကောက်ထွက်ရန်ပြင်ဆင်နေမိလေသည်။

ပေသီးတစ်ယောက် အလုပ်ရှင်အိမ်သို့ရောက်သောအခါ အိမ်ရှေ့၌ ကနဖျင်းထိုးထားသည်အား တွေ့လိုက်ရ၏။
‌အလုပ်ရှင်မိန်းမသည်လဲ မျက်နှာမကောင်းပေ။

“အစ်မဘယ်သူဘာဖြစ်လို့လဲ “

” နင့်အစ်ကိုဆုံးသွားပြီ ပေသီးရဲ့ အဟင့် ဟင့် “

” ဟာ ဟုတ်လို့လား ဘယ်အချိန်ကဆုံးတာလဲအစ်မ၊ ကျုပ်ဆီကို ဒီမနက်လေးနာရီလောက်ကြီး လာသေးတယ်၊ အစ်မ ဒီနေ့ကုန်ကြွေးတွေပေးရမှာမို့ ပိုက်ဆံရအောင်ကောက်ပေးဖို့ လာပြောတာ “

” သူ သူ မင်းတစ်ယောက်ထဲဆီမဟုတ်ဘူး ၊ အခြားသူတွေဆီလဲ ရစရာရှိတညတွေပေးဖို့ လိုက်ပြောတယ်တဲ့၊ သူ သူ သေပြီးတာတောင် ငါ့ကို စိတ်မချလို့ အကြွေးတွေ လိုက်တောင်းပေးနေရှာတာ အမယ်လေး ယောက်ျားရဲ့ ကျုပ်ကို အဲ့လောက်တောင် ချစ်ရလား “

ထိုအခါမှ ပေသီးလဲ လန့်သွား၏။

” ဟင် ဒါ ဒါဆို မနက်က ငါ့ဆီလာတာ ကိုသက်ဦးရဲ့ ဝိညာဉ်ပေါ့ “

သူလဲ တွေးနေရင်း ကြက်သီးများထသွားလေသည်။
ထို့နောက် ကိုသက်ဦး၏ အလောင်းဘေးသို့သွားကာ

” အစ်ကိုရေ ဒီမှာ အစ်ကိုကောက်ခိုင်းတဲ့ငွေ အစ်မလက်ထဲ ထည့်ခဲ့ပြီနောက် နောက်ရက်ကျုပ်ဆီမလာပါနဲ့၊ ကျုပ်ကြောက်တတ်လို့ပါ “

ဟုတီးတိုးရေရွတ်ကာ ဒေါ်သက်ဦးမေ၏ လက်ထဲ ကောက်ရသမျှငွေများအား ထည့်ပေးလိုက်လေတော့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၄)

ခင်ပွန်းဖြစ်သူသင်္ဂြိုလ်ပြီးနောက် သက်ဦးမေသည် အထီးကျန်လွန်းလှသဖြင့် ရေတာရှည်မြို့မှ သူ၏ ဖအေတူ မအေကွဲ ညီအစ်မများအား လှမ်းခေါ်လေသည်။
သူ၏ညီမသုံးယောက်အနက်
အကြီးဆုံးညီမ အေးဖြူနှင့် အငယ်ဆုံးညီမ ခင်ထွေးတို့နှစ်ဦးက အစ်မဖြစ်သူနှင့် အတူနေရန် ရောက်ရှိလာကြ၏။

သက်ဦးမေ၏ အိမ်သည် နှစ်ထပ်အိမ်ကြီးဖြစ်၏။

ခင်ထွေးတို့ညီအစ်မရောက်ချိန်၌ သူ၏အစ်မသည် အိမ်၏၀င်ပေါက်ထွက်ပေါက် တံခါးမကြီးတစ်ချပ်ကိုသာ အဖွင့်အပိတ်လုပ်ကာ ကျန်တံခါးများအားလုံးအား ပိတ်ထား၏။
ထို့ကြောင့် အိမ်ထဲ၌ အလင်းရောင်မရှိပေ။ အိမ်၏ အပေါ်ထပ်၌လည်း ဝါကျင်ကျင် မီးလုံးတစ်ခုသာထွန်းထား၏။

“မအေးဖြူ အိမ်ကလဲ မှောင်လိုက်တာ ၊ ဒီပြတင်းပေါက်ဖွင့်ထားလိုက်မယ် “

” အေး ကောင်းတယ် အိမ်ကမှောင်လို့လားမသိဘူး စိတ်ထဲ တစ်‌ယောက်ယောက် ရှိနေသလိုပဲ “

ခင်ထွေးလဲ အိမ်၏ ပြတင်းတံခါးအားဖွင့်လိုက်၏။

” ဟူး အခုမှပဲ လေကောင်းလေသန့်ရတော့တယ် ”

ထိုစဉ်

” ဟဲ့ မိခင်ထွေး ညည်းကို ဘယ်သူက ပြတင်းပေါက် ဖွင့်ခိုင်းလို့ ဖွင့်ရတာလဲ ၊ ခုချက်ချင်း ပြန်ပိတ်စမ်း ၊ ငါမကြိုက်ဘူး၊ နောက်ဆို ဘယ်အပေါက်မှ မဖွင့်နဲ့ကြားလား “

” ဟုတ် ဟုတ်ကဲ့ပါ မမမေ”

အစ်မဖြစ်သူ၏ အော်ငေါက်မှုကြောင့် ခင်ထွေးမှာ ပြတင်းပေါက်အား အမြန်ပြန်ပိတ်လိုက်ရ၏။

” ရော့ အေးဖြူ ဒီအမဲသားအိုး နှပ်ထားလိုက် “

” ဟာ မမမေ အမဲသားတွေက များလှချည်လား “

“လျှာမရှည်နဲ့ ငါချက်ဆိုချက်လိုက်၊ ငါ့ကို ဘာမှမမေးနဲ့”

” ဟုတ် ဟုတ်ကဲ့ “

အစ်မဖြစ်သူအား ငယ်ကတည်းက ကြောက်ရသည်မို့ မပြောသာသော်လည်း ခင်ထွေးတိူ့ညီအစ်မနှစ်ယောက် စိတ်ထဲ၌ မသိုးမသန့်ခံစားနေရ၏။

“အူး ဝူး ဝူး “

ညအချိန်၌ လမ်းပေါ်ရှိခွေးများက နှစ်ထပ်အိမ်ကြီးအားကြည့်ကာ ဆွဲဆွဲငင်ငင်အူနေလေသည်။

” ရှပ် ရှပ် ရှပ် “

အခန်းရှေ့မှ ခြေသံကြောင့် ခင်ထွေးတစ်ယောက် လန့်နိုးလာ၏။

သူတို့၏ အခန်း၀၌ ရပ်နေသော အရိပ်မဲကြီးတစ်ခု ။

“ဘယ်သူလဲ မမမေ လားဟင် “

” အငယ်မ နင်ဘယ်သူ့ကိုမေးနေတာလဲ “

” အခန်း၀မှာ လူရိပ်တွေ့လို့ မအေးဖြူ “

” ဟင် ဟုတ်လား ”

“ရှပ် ရှပ် ရှပ် “

ခြေသံအား ထပ်မံကြားလိုက်ရသည်မို့ ညီအစ်မနှစ်‌ယောက်လုံး နားစွင့်နေကြ၏။

ခြေသံသည် မီးဖိုခန်းရှိရာဘက်သို့၀င်သွားလေသည်။

‘ ဂုံးးး ဂွမ်း …ကလုံး “

မီးဖိုထဲ၌ အိုးသံခွက်သံများအား ကြားနေရ၏။
နှစ်ဦးသား ထလဲမကြည့်ရဲကြပေ။

” မမမေ ဗိုက်ဆာလို့ ထမင်းထစားတာနေမှာနော် မအေးဖြူ”

ခင်ထွေးက လေသံတိုးတိုးဖြင့် ဆိုလေသည်။
အေးဖြူက ခေါင်းအား ငြိမ့်လိုက်ပြီးနောက်

” ဟုတ်မှာ ကဲ ကဲ အိပ်လိုက်တော့ “

မနက်လင်းသောအခါ ညက နှပ်ထားသော အမဲသားများ တစ်တုံးမှမကျန်တော့ ။

” မမမေ၊ ညက အမဲသားအိုး ကြောင်နှိုက်တာလားမသိဘူး တစ်တုံးမှမကျန်တော့ဘူး “

ထိုအခါ သက်ဦးမေ၏ မျက်နှာမှာ ကွက်ကနဲ့ပျက်သွားကာ
” အင်း ဟုတ်မှာ ဒီနေ့ ပြန်ချက်လိုက်အေးဖြူ ၊ ငါထပ်၀ယ်လာခဲ့မယ် “

” ဟုတ်မမမေ “

သက်ဦးမေထွက်သွားသောအခါ

” ငယ်မ ငါတော့ မမမေကို မသင်္ကာဘူး ၊ သူ့ကိုငါတို့သတိထားကြည့်မှရမယ်”

” ဟုတ်တယ်မမ ခင်ထွေးလဲ အလိုလိုနေရင်း ကြက်သီးတွေထနေတယ် ၊ သူထမင်းစားလဲ ညီမတို့နဲ့မစားဘူး”

” အေး ဒီတစ်ခါ သူလုပ်သမျှချောင်းကြည့်ရအောင် “

” ဟုတ်..မအေးဖြူ”

ခင်ထွေးတို့လဲ အစ်မဖြစ်သူအခြေအနေအား စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်ကြ၏။

ညစာချက်ပြုတ်ပြီးနောက်

” ဟဲ့ နင်တို့နှစ်ယောက် ညစာစားပြီးရင် အပေါ်ထပ်က ငါ့ဗီဒို သန့်ရှင်းရေး လုပ်ပေးကြအုံး “

” ဟုတ် မမမေ'”

သူတို့နှစ်ယောက်သည်လည်း အပေါ်ထပ်သို့တက်လာခဲ့ကြ၏။

သက်ဦးမေသည် သူတို့နှစ်ယောက်အား အပေါ်ထပ်၌ အလုပ်များ ရှာကြံခိုင်းတတ်လေသည်။
သူတို့လဲ အပေါ်ထပ် လှေကားမှ ချောင်းကြည့်နေရာ
သက်ဦးမေသည် ထမင်းဟင်းများအား ခူးခပ်ကာ အောက်ထက် ညာဘက်ထောင့်အခန်းထဲ၀င်သွား၏။
သူတို့နှစ်ယောက်လဲ အပေါ်ထပ်မှ ခြေဖွကာ ဆင်းလာပြီးနောက် ထိုအခန်းထဲချောင်းကြည့်ရာ

” ယောက်ျား စားနော် ၊ ညကလဲ ရှင် အမဲသားတွေထစားတာ ကောင်းတယ်မို့လား ၊ ဒီနေ့လဲ ထပ်ချက်ထားတယ်၊
ဒီနေ့တော့ အမဲ၀မ်းတွင်းသားပါ ရလာတာ ၊ စား စား ၀အောင်စား “

ခင်ထွေးတို့ညီအစ်မလဲ ချောင်းနေရင်း မျက်လုံးများပင် ပြူးကျယ်သွား၏။
အဘယ်ကြောင့်ဆိုသော် စားပွဲပေါ်မှ ဟင်းများက အလိုလိုလျော့သွားသောကြောင့်ဖြစ်၏။

သက်ဦးမေ၏ ဘေး၌ အရိပ်မဲမဲကြီးကိုလည်း တွေ့နေရလေသည်။
နှစ်ယောက်သား ကြောက်လန့်တကြား အပေါ်ထက်သို့ ပြန်တက်ပြေးကြလေသည်။

” မအေးဖြူ ..ခင်ထွေးကြောက်တယ် အဟင့် ဟင့် …”

” မမတစ်ယောက်လုံးရှိတယ် မကြောက်နဲ့၊ မနက်ဖြန်မမတို့ ရေတာရှည်ကို ပြန်ကြမယ်နော် ၊ အမေတို့ကို ဒီအကြောင်းတွေ ပြောမှရမယ် …မမမေတော့ မသိစေနဲ့ “

” ဟုတ်မမ”

ထိုနေ့ညက ခင်ထွေးတို့ညီအစ်မနှစ်ယောက် အိပ်မပျော်နိုင်ကြပေ။

“ရှပ် ရှပ် ရှပ်”

ခြေသံသည် ညာဘက်အခန်းထောင့်ဘက်မှ တဖြည်းဖြည်း သူတို့အခန်းရှေ့သို့ ရောက်လာခဲ့၏။

သူတို့၏ အခန်း၀၌ မားမားကြီးရပ်နေသော အရိပ်တစ်ခု ။

” ရှပ် ရှပ် ရှပ်”

ထို့နောက်ခြေသံသည် သူတို့၏ အခန်းထဲ၀င်လာက ကုတင်ခြေရင်း၌ရပ်သွားလေသည်။

ခင်ထွေးလည်း မျက်စိမှိတ်ထားရမှာ မျက်လုံးအား ဖွင့်ကြည့်လိုက်ရာ
သူ့အား အပေါ်မှမိုးကာ ကုန်းကြည့်နေသော အရိုးပေါ်အရည်တင်ကာ မျက်တွင်းဟောက်ပက်နှင့် ခဲအိုဖြစ်သူ ကိုသက်ဦးအား တွေ့လိုက်ရ၏။
သူမျက်လုံးဖွင့်ကြည့်သည်နှင့် ကိုသက်ဦးသည် သူ့အား အားရပါးရရယ်ပြလေတော့သည်။

သူအော်ရန်ကြိုးစားသော်လည်း အသံကလည်ချောင်း၀၌ တစ်စို့နေလေသည်။
သူလဲ ထိုမျက်နှာကြီးအား စိုက်ကြည့်ကာ ကြောင်နေမိ၏။

” ငယ်မ ငယ်မ ဘာ ဘာဖြစ်တာလဲ “

ထိုအခါမှ ခင်ထွေးလဲ လှုပ်လို့ရကာ

” မအေးဖြူ ခင်ထွေး ကြောက်တယ်၊ ကြောက်စရာကြီးမမ အီး ဟီး ဟီး “

” အင်းပါ မနက်လင်းတာနဲ့ ပြန်မယ်နော် …ညီမလေး ကြောက်ရင် မမ ဖက်ထားပေးမယ်၊ ညီမလေးစိတ်ထဲကနေ ဘုရားစာရွတ်နေနော်၊ ခု မနက်သုံးနာရီထိုးပြီ ၊ မနက်လင်းတာနဲ့ မမတို့ ရေတာရှည်ကိုပြန်ကြမယ်နော် “

အေးဖြူသည် ညီမဖြစ်သူအား ဖက်ထားလေသည်။
သူသည်လဲ လွန်စွာကြောက်နေ၏။

သူတစ်ရေးနိုးသောအခါ ဗိုက်ကနာလာသဖြင့် လက်နှိပ်ဓာတ်မီးလေးယူကာ ရေအိမ်ဘက်ထွက်လာခဲ့၏။
သူရေအိမ်ထဲ၀င်နေစဉ် ရေအိမ်ရှေ့၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ခြေသံအားကြားရ၏။

သူလဲ ရေအိမ်ထဲမှ ထွက်လာကာ အနီး၀န်းကျင်အား ဓာတ်မီးဖြင့်ထိုးကြည့်ရာ
သစ်ငုတ်တိုပေါ်တွင် ငုတ်တုတ်ထိုင်ကာ သူ့အား ရယ်ပြနေသော ခဲအိုဖြစ်သူအား တွေ့လိုက်ရသဖြင့် ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင် ပြေးခဲ့ရလေသည်။

ထိုနေ့မနက်လင်းသောအခါ ခင်ထွေးတို့ညီအစ်မနှစ်‌ယောက်သည် ရေတာရှည်သို့ ပြန်ခဲ့ကြလေတော့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၅)

ခင်ထွေးတို့ညီအစ်မ အိမ်သို့ပြန်ရောက်သောအခါ အကြောင်းစုံအား ပြောပြကြရာ

” ဟယ် မိုက်လိုက်တဲ့ သက်‌ဦး ၊ မလုပ်ကောင်းတာတွေလုပ်နေတယ် ၊ကြာရင် ဘယ်လောက်ထိ အန္တရာယ်ရှိလဲ ဆိုတာ သူမသိဘူးလား မဖြစ်ဘူး မဖြစ်ဘူး အဖေတို့ လိုက်သွားမှ ရမယ် ၊ ကဲ ထွေးမှုံရေ မိန်းမ ၊ ငါတို့တော့ ငါတို့သမီးကြီးနောက် လိုက်သွားမှရမယ်၊ မင်းရဲ့ သားနှစ်ယောက်ပါ ခေါ် ၊ သမီးသုံးယောက်တော့ အိမ်မှာ နေရစ်ကြပါစေ “

” ဟုတ် ကိုမြ “

ဖိုးမြတို့လေးယောက်လဲ တောင်ငူသို့ လာခဲ့ကြ၏။
တောင်ငူသို့ ရောက်သောအခါ သက်ဦးမေအကြောင်းစုံစမ်းကြည့်ရာ ခင်ပွန်းဖြစ်သူ၏ ရက်လည်ဆွမ်းသွတ်တရားနာပင် မလုပ်ပေးကြောင်းသိရ‌၏။

အိမ်ကြီးအားလည်း အမြဲပင် ပိတ်ထားကြောင်း ၊ ခွေးများကလည်း ညဘက်၌ ထိုအိမ်ကြီးအားကြည့်ကာ အူကြကြောင်း၊ ညအချိန်၌ အိမ်ဝိုင်းထဲ၌ လျှောက်သွားနေသော ကိုသက်ဦးကို တွေ့ရကြောင်းလဲ သိရလေသည်။

” ဒုန်း ဒုန်း ဒုန်း “

ပိတ်ထားသော အိမ်တံခါးအား ထုလိုက်၏။

” ဘယ်သူတွေလဲ “

” အဖေတို့ပါ သမီး “

ထိုအခါမှ အိမ်တံခါးသည် ပွင့်သွား၏။

သမီးဖြစ်သူပုံစံအားကြည့်ကာ အတော်စိတ်မကောင်းဖြစ်မိသွား၏။

အသားများဖြူဖတ်ဖြုရော်ဖြစ်ကာ ဖိုသီဖတ်သီ ဖြစ်သောသက်ဦးအားကြည့်ကာ မိဘများနှင့် မောင်ဖြစ်သူများက စိတ်မကောင်းကြ။

” သမီး ဘာလို့ ဒီလိုလုပ်ရတာလဲ သမီး”

” ဘာကိုလဲ အဖေ၊ သမီးဘာလုပ်လို့လဲ “

” ဘာလို့ သမီးယောက်ျားရဲ့ ရက်လည်မလုပ်တာလဲ “

ထိုအခါ သက်ဦးသည် ခပ်ထေ့ထေ့ပြုံးကာ

“သူကသမီးနဲ့နေချင်တာလေ အဖေ၊ ကိုသက်ဦးက သမီးကိုချစ်လို့ သူသေသွားတာတောင် သမီးကိုစောင့်ရှောက်နေသေးတယ်၊ သူ့ကြောင့် ဘယ်သူမှသမီးကို မစော်ကားရဲကြဘူး၊ မလိမ်ရဲကြဘူး၊ သမီးမှာ တွယ်တာစရာဆိုလို့ သူ့တစ်ယောက်ရှိတာ”

” ဘာလို့ အမဲသားတွေကျွေးပြီး မွေးထားရတာလဲသမီး၊ သမီးအတွက် အန္တရာယ်အလွန်ကြီးတယ်ဆိုတာမသိဘူးလား”

” သူကြိုက်လို့ပေါ့အဖေရယ်၊ သူရှာထားတဲ့ငွေနဲ့ သူ့ကို အမဲသား၀ယ်ကျွေးတာဆန်းသလားအဖေ”

” ဩ သမီးရယ်၊ သူ့ကို တစ်ကယ်ချစ်ရင် သူရှာထားတဲ့ငွေနဲ့ ရဟန်းသံဃာတွေကို လှူပေးရမယ်လေ ၊ သူခုလိုဘ၀နဲ့နေနေရတာ သမီးကြောင့် ၊ သူက တဖြည်းဖြည်း အသိညာဏ်ပျောက်လာရင် သာဓုမခေါ်နိုင်တော့ဘူးသမီး၊ တစ်ကယ်လို့ ဒီအချိန်မှာ သမီးသာ ရုတ်တရက် သေသွားရင် သူတစ်ယောက်ထဲ ဒီလိုဘ၀ဆိုးကြီးနဲ့ ကျန်နေခဲ့မယ်၊ သူ့ကို ကျွေးမွေးမဲ့သူမရှိရင် စားရမဲ့သောက်ရမဲ့ဘ၀နဲ့ အင်မတန်မှ သနားစရာကောင်းပါတယ်၊ မောင်သက်ဦးက စိတ်ရင်း အင်မတန်မှ ကောင်းရှာတာပါ ၊ ဒီအချိန် သူ့ကို ကုသိုလ်ပြု အမျှဝေပေူရင် သူကောင်းရာဘုံဘ၀ကို ရောက်နိုင်သေးတယ် သမီး၊ ဒါမှ သမီးဟာ သူ့အတွက်ဇနီးကောင်းပီသမှာပေါ့၊ အဖေပြောတာ နားထောင်ပါသမီးရယ်”

ထိုအခါမှ သက်ဦးမေတစ်ယောက် ကြူကြူပါအောင် ငိုလေတော့သည်။

ကနဦး၌ ခေါင်းမာစွာ ငြင်းဆန်ခဲ့သေး၏။
ဖခင်ဖြစ်သူ၏ ချက်ကျလက်ကျ နားချမှသာ တဖြည်းဖြည်း သဘောပေါက်လာခဲ့လေသည်။

” ဒါ ဒါဆို သမီး ဘာလုပ်ရမလဲ အဖေ၊ သူ့သူ့ကို ရက်လည်ဖို့ရက်ကလဲ လွန်သွားခဲ့ပြီ “

” စိတ်မပူနဲ့သမီး အဖေ အကုန်စီစဉ်ပေးမယ်”

” ကဲ သားတို့က အိမ်ပြတင်းပေါက်တွေ အကုန်ဖွင့်ပြီး နင့်အစ်မအိမ်ကို သန့်ရှင်းရေးလုပ်၊ ထွေးမှုံ မင်းက အပေါ်ထပ်က ဘုရားခန်းကို သေချာသန့်ရှင်းရေးလုပ်ပြီး ဘုရားပန်းလဲ ၊ လာ သမီးက အဖေနဲ့ ဘုန်ကြီးကျောင်းလိုက်ခဲ့”

” ဟုတ်အဖေ “

ဖိုးမြတို့သားအဖသည် ဘုန်းကြီးကျောင်းသို့ထွက်လာခဲ့၏။
ထို့နောက် ဆရာတော်အား အကျိုးအကြောင်းလျှောက်ထားရာ ဆရာတော်က သက်ဦးမေအား တရားပြဆုံးမလေသည်။

” ကဲ ဒါဆို  မနက်ခြောက်နာရီ တပည့်တော်ရဲ့အိမ်ကို ကြွပေးဖို့ ပင့်ဖိတ်ပါတယ် ဘုရား ‘”

” အိမ်း သာဓု သာဓု သာဓု “

နောက်ရက်မနက်၌ သက်ဦးမေတို့အိမ်၌ ဆွမ်းသွတ်အမျှဝေသံအား ကြားလိုက်ရ၏။

” အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု “

” အူးး ဝူး ဝူး”

ထိုစဉ် အိမ်ရှေ့၌ ရှိသော ခွေးမျာက ဆွဲဆွဲငင်ငင် အူကြလေသည်။
ထိုနေ့ည၌

” မိန်းမရေ မိန်းမ “

” ဟင် ရှင် ရှင် …”

၀တ်ကောင်းစားလှများဖြင့် ပြုံးရွှင်နေသော ခင်ပွန်းဖြစ်သူအား တွေ့လိုက်ရ၏။

” မိန်းမ ငါသွားရတော့မယ်၊ ကျေးဇူးပါမိန်းမရာ၊ မင်းတို့ပေးတဲ့ကုသိုလ်တွေကို ငါသာဓုခေါ်ခွင့်ရလို့ အခု ငါ ဘ၀သစ်ကိုသွားရတော့မယ်၊ မင်းကို လာနှုတ်ဆက်တာပါ “

“ယောက်ျား ယောက်ျား”

သူတဖွဖွခေါ်ရင်း နိုးလာ၏။သူ၏မျက်၀န်း၌ မျက်ရည်များက စီးကျနေလေသည်။
ထိုမျက်ရည်များသည် ၀မ်းသာလို့ကျသည့်မျက်ရည်ဖြစ်မှန်း သူသာလျှင် အသိဆုံးဖြစ်ပေမည်။

” အဖေ ၊ အဖေ “

” ဟေ ဘာဖြစ်လို့လဲ သမီး “

ကုတင်ခြေရင်း၌ လက်အုပ်လေး ချီထားသော သမီးဖြစ်သူအားကြည့်ကာ ဖိုးမြတစ်ယောက် ကြောင်သွား၏။

” ကျေးဇူးပါအဖေ၊ ကိုသက်ဦး သမီးကို လာနှုတ်ဆက်သွားတယ်အဖေ “

” ဟေ ဟုတ်လား “

” ဟုတ်တယ်အဖေ သမီးဆုံးဖြတ်လိုက်ပါပြီ၊ သမီးရှိသမျှ ပေးသင့်တာကိုပေးပြီး ကျန်တဲ့ အကုန်လုံးကို ဘုန်းကြီးကျောင်းကို လှူလိုက်မယ်အဖေ၊ ပြီးရင် သမီး ရာသက်ပန်ရောဂီ ၀တ်မယ်အဖေ၊ သမီးရဲ့ နောက်ဆုအချိန်တွေကို တရားနဲ့ပဲ အေးအေးချမ်းချမ်း ဖြတ်သန်းတော့မယ်အဖေ “

” အကောင်းဆုံးပေါ့ သမီးရယ် သာဓု သာဓု သာဓု “

ဒေါ်သက်ဦးမေတစ်ယောက် သူ၏ဘ၀ နောက်ဆုံးနေ၀င်ချိန်အား ယောဂီ၀တ်ဖြင့် တရားရိပ်၌အေးချမ်းစွာဖြတ်သန်းရင်း ကွယ်လွန်သွားခဲ့ရှာလေသည်။

ဒေါ်သက်ဦးမေတစ်ယောက် ကောင်းရာသုဂတိလားမည်ဟု ယုံကြည်ရင်း….

လေးစားလျက်
စာရေးသူ နန်းကြာညို