အင်းစိန်ထောင်အတွင်းမှဂန္ထ၀င်လူမိုက်ကြီးများ
(စ/ဆုံး)
—————————————-
၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်က လူမိုက် အသီးသီးနဲ့ ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေ၊ ရဟန်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးဟာ ထွေးရောယှက်တင် တစ်ထောင်တည်း၊ တစ်ဆောင်တည်း၊ တစ်ခန်းတည်း နေထိုင်ခဲ့ကြ ရပါတယ်။
ဘ၀တူ အကျဉ်းသားများအဖြစ် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စာနာ ထောက်ထားပြီး နေထိုင် ခဲ့ကြပါတယ်။ ဒါပေမဲ့ လူမိုက်ကြီးတွေရဲ့ အစဉ်အလာ ထုံးစံအတိုင်း ရိုးရိုး ရာဇ၀တ်မှုနဲ့ ကျလာတဲ့ အကျဉ်းသားတွေ အပေါ်မှာတော့ ဗိုလ်ကျ အနိုင်ကျင့် ချွတ်ခွာ တာတွေ ရှိခဲ့ပါတယ်။
ထောင်တွင်းဝေါဟာရဖြစ်တဲ့ ချွတ်ခွာဆိုတာဟာ ထောင်ထဲကို အမှု အမျိုးမျိုးနဲ့ ရောက်လာတဲ့ အကျဉ်းသားတွေထံက ငွေကြေး၊ စားစရာနဲ့ အ၀တ်အစား အသုံးအဆောင်တွေကို ဗိုလ်ကျပြီး ရယူတာဖြစ်ပါတယ်။ ပုဆိုးအသစ်နဲ့ ထောင်ကျလာတဲ့ ကျသစ်ကို ပုဆိုးအဟောင်းပေးပြီး သူ့ပုဆိုး အသစ်ကို ယူ၀တ်လိုက်တယ်။
လယ်သာဂျက်ကက် အနွေးထည်ပါလာတဲ့ အကျဉ်းသားဆီကနေ ဆေးလိပ် ၁၀လိပ် လောက်ပေးပြီး အနွေးထည်ကိုယူတယ်။
ထောင်၀င်စာမှာ ပါလာသမျှ စားစရာတွေထဲက စီးကရက်၊ မုန့်၊ ကော်ဖီမှုန့်၊ နို့မှုန့်၊ အချိုမှုန့်၊ အကြော်အလှော် ဟင်းအမျိုးမျိုးကိုလည်း ဆက်သရပါတယ်။ ဒီလိုမှမလုပ်ရင် အကျဉ်းသားခမျာ ဒုက္ခရောက်ပြီ သာမှတ်ပေတော့။ ဒီလုပ်ရပ်တွေ အားလုံးကို ထောင်ဝေါဟာရနဲ့ ချွတ်ခွာဆိုပြီး အတိုချုံးခေါ်တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ရန်ကုန်မြို့ပေါ်အုပ်ချုပ်ရေး ပျက်ပြားခဲ့တဲ့ အချိန်မှာ မြို့နယ်အလိုက် လူမိုက်တွေအများကြီး ထွက်ပေါ် လာပါတယ်။ ဒီလူမိုက်တွေကို တပ်မတော်က အာဏာသိမ်းတော့ အကုန်လုံး ဖမ်းပြီး အင်းစိန်ထောင်ထဲ ထည့်လိုက်ပါတယ်။
ဒီလိုနဲ့ အင်းစိန်ထောင်ဟာ မြန်မာနိုင်ငံရဲ့ အမိုက်တကာ့ အမိုက်ဆုံး လူမိုက်တွေရဲ့ အားပြိုင်ရာ ဗဟိုရပ်၀န်း ဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။
တပ်မတော် အာဏာမသိမ်းခင်က အင်းစိန်ထောင်မှာ ဘုန်းတန်ခိုး အာဏာကြီးတဲ့ ထောင်အခေါ် တန်းစီးဟာ (အီဆတ်)လို့ ခေါ်ပါတယ်။
ဒါပေမဲ့ လူမိုက်တန်းစီးတွေဟာ သူတို့ကို တန်းစီးလို့ခေါ်ရင် မကြိုက် ပါဘူး။ ဒီနာမည်ဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် နောက်ပိုင်းမှာ ထောင်အာဏာပိုင်တွေကို တင်ပြပြီး အမည်ပြောင်း ပေးဖို့ အရေးဆိုခဲ့ ပါတယ်။
ထောင်တွင်း လူမိုက်ကြီးတွေကို အားကိုးပြီး မ, တစ်ရာသား အကျဉ်းသား တွေကို အုပ်ချုပ်ရတဲ့ ထောင်အာဏာ ပိုင်တွေဟာ တန်းစီးတွေကို အလို လိုက်ပြီး အကျဉ်းသား အရ ရှိဆိုတဲ့ ဝေါဟာရသစ်ကို ပေးအပ်လိုက် ပါတယ်။
အကျဉ်းသား အရာရှိထဲမှာလည်း ရာထူးအဆင့်လိုက်တွေ ရှိပါတယ်။ သူတို့ရင်ဘတ်မှာ ၁ ရစ်၊ ၂ နှစ်၊ ၃ ရစ် စသဖြင့် ရေးထိုးပြီး ရာထူးအဆင့် ခွဲထားပါတယ်။ ၃ ရစ်ကတော့ တစ်ထောင်လုံးရဲ့ အကြီးဆုံး အကျဉ်းသား အရာရှိ ဖြစ်ပါတယ်။
၂ ရစ်က အဆောင်ကို အုပ်ချုပ်ရတာဖြစ်ပြီး ၁ ရစ်ကတော့ တစ်ခန်းချင်းကို အုပ်ချုပ်ရတာ ဖြစ်ပါတယ်။ ထောင်စည်း ကမ်းထိန်း ဆိုတာကလည်း ရှိပါသေးတယ်။ ၁ ရစ်တွေကို အခန်းလူကြီး လို့ ဝေါဟာရသစ် ပေးထားပါတယ်။
၁၉၉၀ ကာလတစ်လျှောက် အကျဉ်းထောင်ထဲကို ကြည့်မြင်တိုင် တစ်ပိုင် လုံးရဲ့ လူမိုက်ဖြစ်တဲ့ ကိုစံငြိမ်း၊ အလုံမြို့နယ် တစ်ပိုင်လုံးရဲ့ လူမိုက် ဖြစ်တဲ့ စိုးမြတ်၊ ကြံတော သင်္ချိုင်းတစ်ခုလုံးရဲ့ လူမိုက်ကြီးတွေ ဖြစ်တဲ့ ဧရာကြီးနဲ့ အောင်ထွန်း၊
အရေးအခင်း ခေါင်းဖြတ် လူမိုက်ကြီးတွေ ဖြစ်တဲ့ ဗလကြီးနဲ့ ဗိုလ်နီ (တောင်ဥက္ကလာ)၊ ဆေးရုံကြီး လူမိုက်တွေဖြစ်တဲ့ စိန်၀င်း၊ မာသီး၊ မူဆာ၊ ထိုင်းနိုင်ငံအထိ ကြေးစား လူသတ်သမား လုပ်ခဲ့တဲ့ ကျော်သူ၊ ရဲတွေ ဝိုင်းဖမ်း တဲ့ကြားက ဗားကရာ ချောက်ထဲမှာ ရှိတဲ့ ရေမြောင်း ကနေ လှိုင်မြစ်ထဲကို ထွက်ပြေး သွားနိုင်ခဲ့တဲ့ ကြည့်မြင်တိုင် ဘူတာ လူမိုက် ၀က်ကလေး။
ဒါ့အပြင် တန်းစီးချုပ် စိုးမြတ်ရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး ဖြစ်ခဲ့ဖူးတဲ့ ဂါဂါကြီးနဲ့ ဂါဂါလေး၊ တစ်ဦးချင်း နာမည် ကျော်ကြားခဲ့တဲ့ လူမိုက်တွေ ကတော့ နှစ် (၁၀၀) ကျွဲကြီး၊ စတော့ဂိတ် ၀င်းတင်၊ အီဆတ်ရဲ့အမှုတွဲ ကရင်လေး၊ ရဲဘက် စခန်းမှာ အီဆတ်ကို အသေ သတ်နိုင်ခဲ့တဲ့ ပြောင်းဖူး မောင်သိန်း၊
၁၉၈၈ ခုနှစ်မှာ နှမနဲ့ ယောက်ဖကို အမွေကိစ္စကြောင့် လှံနဲတစ်ချက်တည်း ထိုးသတ်ခဲ့လို့ သေဒဏ်ပေးခြင်း ခံခဲ့ရတဲ့ မြဂေါင်၊ မြဂေါင်ကို (၄)ဆောင် ခရမ်းခင်းထဲမှာ ပေါက်တူးနဲ့ ခုတ်သတ်ခဲ့တဲ့ ငရှဉ့်၊ သင်္ဃန်းကျွန်း လူမိုက် မိုးသူ၊ စစ်ကား၊ ကြက်ဖကြီး၊ မင်းမင်း စတဲ့ သူတွေဟာ အင်းစိန်ထောင်ရဲ့ ဂန္တ၀င် လူမိုက်ကြီးတွေ ဖြစ်ပါတယ်။
နိုင်ငံရေး ပုဒ်မဖြစ်တဲ့ ၅ (ည) တွေ ထဲမှာလည်း ထူးထူးခြားခြား လူမိုက် တွေ ကြောက်ရတဲ့ လူမိုက် တစ်ယောက်ရှိပါတယ်။ သူကတော့ ရန်ကုန် မြို့လယ်ကောင်မှာ ကျင်လည်ခဲ့တဲ့ ပတေး ဖြစ်ပါတယ်။
ဒီလူမိုက်ကြီးတွေ အများစုဟာ အချင်းချင်း သတ်ဖြတ်ကြတဲ့ ဥပစ္ဆေဒကံနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ယခုအချိန်ထိ ရှင်သန်နေသူတွေကတော့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး တည်ငြိမ်တဲ့ ဘဝတွေကို ပိုင်ဆိုင် နေကြပါတယ်။
အထက်မှာဖော်ပြတဲ့ လူမိုက်ကြီးတွေထဲမှာ သြဇာအာဏာ အကြီးဆုံး တန်းစီးကြီး နှစ်ယောက်ကတော့ မဆလအစိုးရခေတ် အင်းစိန်ထောင်ကို အုပ်စိုးခဲ့တဲ့ (အီဆတ် )ဖြစ်ပြီး န၀တ အစိုးရ ခေတ်မှာတော့ ဥပဓိရုပ် ခန့်ညားပြီး အပြောကောင်းတဲ့ (စိုးမြတ် )ဖြစ်ပါတယ်။
သူတို့နှစ်ဦး စလုံးဟာ ထောင်ပိုင်ကြီး ထောင်ပိုင်လေးတွေက အထူး အားကိုးရတဲ့ အကျဉ်းသား အရာရှိတွေ ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံး အသတ်ခံခဲ့ ရပါတယ်။
အီဆတ်ဟာ ရဲဘက် စခန်းမှာ ပြောင်းဖူး မောင်သိန်းနဲ့ စကားများလို့ လုံခြုံရေးက သေနတ်နဲ့ ပစ်သတ် လိုက်တာဖြစ်ပြီး စိုးမြတ်ကြီး ကတော့ ထောင်ကပြန်လွတ်မှ စံပြရုပ်ရှင် ရုံရှေ့က မုန့်ဟင်းခါး ဆိုင်မှာ လူမိုက် နှစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ် ခြင်းကို ခံခဲ့ရပါတယ်။
သူတို့နှစ်ယောက်လုံးဟာ လူတစ်သောင်း လမ်းလျှောက်ခွင့် မရှိတဲ့ အင်းစိန် အကျဉ်းထောင်က မိန်းဂျေးလ် လမ်းမပေါ်မှာ တရား၀င် လျှောက်ခွင့် ရှိတဲ့ အကျဉ်းသား အရာရှိ ဖြစ်ခဲ့ပါတယ်။
စိုးမြတ်ကြီးဆိုရင် ပလေကပ်ပုဆိုးနဲ့ ရေဘင်မျက်မှန်နဲ့ ကတ်္တီပါ ဖိနပ်စီးပြီး မိန်းဂျေးလ် လမ်းမပေါ်ကို သွားရင် သူ့ရှေ့မှာ ဝါးဆစ်ပိတ်ကိုင် အကျဉ်းသား သုံးယောက်၊ နောက်မှာ သုံးယောက်၊ လုံခြုံရေး အတွက် ခြံရံခွင့် ရသူဖြစ် ပါတယ်။
ထမင်းစားရင် ဟင်းခွက် ၃၀ နဲ့ ထမင်း စားလေ့ ရှိပြီး ထောင်ရဲ့ ဘာသာရေး ပွဲတွေကိုလည်း ငွေကုန် ကြေးကျ ခံပြီး ကျင်းပ နိုင်သူ တန်စီး တစ်ယောက် ဖြစ်ခဲ့ပါတယ
သေဒဏ် ကြိုးလွတ် မြဂေါင်(သို့)
ဥပစ္ဆေဒကကံကို မရှောင်လွှဲနိုင်သူ
______________________________
အင်းစိန်ထောင်ထဲက လူမိုက်တန်းစီးတွေကို ထောင်အာဏာပိုင်တွေက အကျဉ်းသားအရာရှိလို့ ခေါ်ဝေါ်ဂုဏ်ပြုလိုက်တဲ့ အပေါ်မှာ တန်းစီးတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြပါတယ်။
နာမည် ကျော်လူမိုက် ဗလကြီး (တောင်ဥက္ကလာ ဗိုလ်နီရဲ့အမှုတွဲ)က ဆိုရင် အကျဉ်းသားအရာရှိအဖြစ် အသိအမှတ်ပြုထားတဲ့ အရစ်သုံးရစ်ပါ တံဆိပ်ကို ရင်ဘတ်မှာ ချိတ်ရင်း “အပင်မြင့်ရင်တော့ လေတိုက်ခံရ မှာပဲ၊ လေတိုက်မှာ မကြောက်လို့ တောင်ပေါ်တက်နေတာ၊ ငါ့နာမည် ဗလကြီး”လို့ အကျဉ်းသားတွေရှေ့မှာ မိန့်ခွန်းချွေလေ့ရှိပါတယ်။
ထောင်ထဲမှာရှိတဲ့ လူမိုက်ကြီးတွေအနက် ပထမဦးဆုံး ပြောပြချင်တဲ့လူကတော့ သေဒဏ်ကနေ ထူးခြားအံ့သြဖွယ် လွတ်မြောက်လာသူ သေဒဏ်ကြိုးလွတ်မြဂေါင်ပဲ ဖြစ်ပါတယ်။ မြဂေါင်ဟာ ရန်ကုန်သား စစ်စစ်ဖြစ်ပြီး အဲဒီအချိန်က လူမိုက်တွေအင်မတန်ပေါများတဲ့ ဆင်မလိုက်နဲ့ လှည်းတန်းမှာ ကျင်လည် ကျက်စားခဲ့သူ ဖြစ်ပါတယ်။
အမွေကိစ္စကြောင့် အစ်မဖြစ်သူနဲ့ ယောက်ဖကို လှံနဲ့ တစ်ချက်တည်း ထိုးသတ်ခဲ့တဲ့အတွက်ကြောင့် ၁၉၈၄ ခုနှစ်၀န်းကျင်မှာ သေဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
၁၉၈၆ ခုနှစ်မှာတော့ နိုင်ငံတော်သမ္မတ ဦးစန်းယုထံတင်တဲ့ နောက်ဆုံးအယူခံ ပလပ်ခြင်းခံခဲ့ရပြီးတဲ့နောက် သေဒဏ်ပေးဖို့ အကျဉ်းထောင်က ပြင်ဆင်ခဲ့ပါတယ်။
မြဂေါင်ရဲ့ ကျန်းမာရေးကို စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်ကို တိုင်းတာခြင်းတွေ လုပ်ပြီးတဲ့နောက်မှာ ပြည်ထဲရေး၀န်ကြီးဌာနရဲ့ အမိန့်နဲ့ မြဂေါင်ကို ပေးမယ့်ကြိုးကို အင်းစိန်ထောင်ထဲက အလုပ်ကြီး၀င်းမှာ ကျစ်ခဲ့ပါတယ်။ သေဒဏ်ပေးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ သေဒဏ်တိုက်မှာရှိတဲ့ အကျဉ်းသား မြဂေါင်ဟာ ရုတ်တရက် အောက်ပိုင်းသေသွားတဲ့ သတင်းဟာ ထောင်ဆေးရုံကို ရောက်ရှိလာပါတယ်။
ထောင်ထဲမှာရှိတဲ့ အာဏာပိုင်တွေနဲ့ အကျဉ်းသား အများစုက မြဂေါင်ဟာ သေဒဏ်ပေးခံရမှာစိုးလို့ ထောင်အခေါ် ရုပ်ရှင်ရိုက် ပြလိုက်တယ်လို့ ထင်ကြပါတယ်။
အင်းစိန်ထောင်ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာစိုးကြည်ကလည်း မြဂေါင် အောက်ပိုင်းသေသွားတယ် ဆိုတာကို လုံး၀ မယုံကြည်ပါဘူး။
ဒါကြောင့် ဆေးရုံကို ရောက်လာတဲ့အခါမှာ မြဂေါင် အောက်ပိုင်း သေမသေစမ်းသပ်ဖို့ ခြေထောက်တွေ၊ ပေါင်တွေကို အပ်နဲ့ထိုး၊ ဆေးလိပ်မီးနဲ့ ထိုးတာ မျိုးတွေလုပ်ကြည့်ပါတယ်။ ဒါပေမဲ့ မြဂေါင်က လုံး၀နာကျင်ဟန်မပြတဲ့အပြင် သူ့ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးဟာလည်း အေးစက်ပြီး လှုပ်မရဖြစ်ခဲ့ပါတယ်။
ဒါကြောင့် မြဂေါင် အမှန်တကယ် အောက်ပိုင်းသေသွားကြောင်း ထောင်ဆေးရုံက ဆေးစာအတည်ပြုချက်ကို အကျဉ်းဦးစီးဌာနရုံးချုပ်နဲ့ ပြည်ထဲရေး၀န်ကြီးဌာနကို ပေးပို့ခဲ့ပါတယ်။ ဆေးရုံက ပေးပို့တဲ့ ဆေးမှတ်တမ်းအရ မြဂေါင်ကို ၁၉၈၇ မှာ သေဒဏ်ပေးမယ့် အစီအစဉ်ကို ပြည်ထဲရေး၀န်ကြီးဌာနက ရွှေ့ဆိုင်းခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ စီးပွားရေးကျဆင်းမှု၊ ကျောင်းသားတွေ ဆန္ဒပြမှု၊ ပြည်သူတွေရဲ့ အထွေထွေ မကျေနပ်မှုတွေကို ပြေလည်အောင် မဖြေရှင်းပေးနိုင်တဲ့အတွက် ၁၉၈၈ ဆန္ဒပြမှု အရေးတော်ပုံကြီးနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။
မဆလပါတီဟာ တစ်လအတွင်း သမ္မတသုံးဦး အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ ဒေါသတွေက ပိုမိုပြင်းထန်လာတာကြောင့် တိုင်းပြည်ရဲ့ မြို့ပြအုပ်ချုပ်ရေး ပျက်စီးသွားခဲ့ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေး ရပ်ဆိုင်းသွားပြီးတဲ့နောက်မှာတော့ စက်ရုံ၊ အလုပ်ရုံတွေပိတ်ခဲ့ရသလို အကျဉ်းထောင်တွေထဲမှာလည်း အကျဉ်းသားတွေရဲ့ အုံကြွတော်လှန်မှုကြောင့် ထောင်တွေ ပွင့်ခဲ့ရပါတယ်။
ဒီအထဲမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးထောင်ဖြစ်တဲ့ အင်းစိန်ထောင်လည်း ပါ၀င်သွားခဲ့ပါတယ်။
အင်းစိန်ထောင်ကို စီးနင်းလိုက်တဲ့ အကျဉ်းသားတွေက ထောင်ဝါဒါတွေ၊ အကျဉ်းဦးစီး၀န်ထမ်းတွေကို ထောင်ထဲက တိုက်ခန်းတွေထဲမှာ ပြန်လည်ချုပ်နှောင်ထားခဲ့ပြီး ဂိုဒေါင်တွေကိုဖောက်၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ရိက္ခာတွေအားလုံးကို စိတ်တိုင်းကျထုတ်ယူ သုံးစွဲခဲ့ကြပါတယ်။
ထောင်ထဲမှာအနေကြာတဲ့ နှစ်တစ်ရာကျွဲကြီးလို လူဆိုးကြီးတွေ၊ မြန်မာ့အသံကို လောင်ချာနဲ့ပစ်ခတ်ဖို့ စီစဉ်ခဲ့တဲ့ မန်းငွေအောင်ရဲ့ အမှုတွဲတွေဖြစ်တဲ့ ရစ်ကီ၊ ရစ်ချက်၊ တွတ်ကီတို့ဟာလည်း အကျဉ်းထောင်ပွင့်သွားလို့ အင်းစိန်စျေးထဲအထိ ရောက်ရှိသွားခဲ့ပေမယ့်လည်း တဝဲလည်လည်နဲ့ ဘယ်နေရာကိုမှ ဆက်မသွားတတ်လို့ သူ့အိမ်လိုဖြစ်နေတဲ့ အင်းစိန်ထောင်ထဲကိုပဲ ပြန်၀င်လာခဲ့ရတာကလည်း အံ့သြစရာ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။
နောက်ထပ် ထူးခြားတဲ့ အံ့သြစရာ မှတ်တမ်းကတော့ ၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းယူပြီးတဲ့နောက် အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ထဲမှာ နှစ်နည်းတဲ့ လူတွေကို လွှတ်ပေးပြီး နှစ်ကြီးအကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ခြင်း၊ သေဒဏ်အကျဉ်းသားတွေကို ကြိုးမိန့်မှ တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲခြင်း စတာတွေပါ၀င်ခဲ့ပါတယ်။
ဒီအချိန်မှာပဲ အင်းစိန်ထောင်ဆေးရုံမှာ အောက်တစ်ပိုင်းသေလို့ ဆေးရုံတက်နေရတဲ့ သေဒဏ်ကျ အကျဉ်းသား မြဂေါင်က ခုတင်ပေါ်ကနေ ထခုန်တော့တာပါပဲ။
ဒီအချိန်ကျမှ ဆရာ၀န်အပါအ၀င် ဆေးရုံ၀န်ထမ်းများ၊ အကျဉ်းသားများအားလုံး အံ့သြမှင်သက်သွားခဲ့ရပါတယ်။
မြဂေါင်ဟာ ကြိုးပေးမခံချင်တဲ့အတွက် သေဒဏ်တိုက်ထဲမှာ သူ့ခန္ဓာကိုယ်သူ ဆေးလိပ်မီးနဲ့ အထိုးကျင့်ရင်း နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခဲ့ပါတယ်။
ဒီလေ့ကျင့်မှုဟာ သူ့ကို ကြိုးပေးမယ့် အခြေအနေတစ်ရပ်ကို ရှောင်လွဲနိုင်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ မြဂေါင်ဟာ သေဒဏ်ကနေ လွတ်မြောက်သွားပြီး တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံစေခဲ့ပါတယ်။
ဒါပေမဲ့ ဂန္တ၀င်လူဆိုးကြီးတွေရဲ့ဘ၀ဟာ တစ်ယောက်ကိုတစ်ယောက် အကွက်ချောင်းပြီး သတ်ဖြတ်တဲ့ သံသရာထဲမှာပဲ ဝဲလည်ရစ်ပတ်နေပါတယ်။
မြဂေါင်ကို နိုင်ငံရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်အတွင်း ရောက်လာတဲ့ နာမည်ကျော် ဗေဒလက္ခဏာဆရာ (စံဇာဏီဘို)က သူ့လက္ခဏာကို ကြည့်ပြီး “မြဂေါင် မင်းဘ၀က လည်းပင် ကြိုးကွင်းစွပ် သေဒဏ်ပေးခံရမယ့်ဇာတာ လုံး၀မပါပေမယ့်
ဥပစ္ဆေဒကကံနဲ့ အဆုံးသတ်ရမယ့် ဇာတာကတော့ ရှောင်လွှဲလို့မရဘူး”လို့ အတတ်ဟောခဲ့ပါတယ်။
ဆရာစံဇာဏီဘို ဟောခဲ့သလိုပဲ အင်းစိန်ထောင်ရဲ့ ဂန္တ၀င်လူမိုက်ကြီး ကြိုးလွတ်မြဂေါင်ဟာ သေဒဏ်ကလွတ်ပြီးတဲ့နောက်၁၉၉၁ ခု သြဂုတ်လမှာ အင်းစိန်ထောင် အမှတ်(၄)အဆောင်မှာ လူတစ်ထောင်ကျော်ကို အုပ်ချုပ်ရတဲ့ တန်းစီး (ခ) အကျဉ်းသားအရာရှိ အဖြစ်လုပ်ရင်း သူနဲ့ဘ၀တူ လူမိုက်ကြီးတွေဖြစ်တဲ့ သာကေတ ကွင်းမသိမ်ချောင်းက ငရှဉ့်နဲ့ သင်္ဃန်းကျွန်းက မိုးသူတို့က ပေါက်တူးနဲ့ တောင်ယာထဲမှာ မသေမချင်း ခုတ်သတ်ခြင်းခံခဲ့ရပါတယ်။
ငရှဉ့် (သို့မဟုတ်) စတီး၀ပ်အချုပ်ကို မျက်လှည့်ပြခဲ့သူ
__________________________
အင်းစိန်ထောင်ရဲ့ ဂန္ထ၀င်လူမိုက်ကြီး သေဒဏ်ကြိုးလွတ် မြဂေါင်ကို ထောင်ထဲမှာ သတ်နိုင်ခဲ့တဲ့ သာကေတ ကွင်းမသိမ်ချောင်းသား ငရှဥ့်ရဲ့ ရာဇ၀င်ကလည်း တော်ရုံတန်ရုံမဟုတ်ပါဘူး။ ငရှဉ့်က ခိုးဆိုးလုယက်မှုပေါင်း များစွာကို ကျူးလွန်ခဲ့တဲ့အတွက် တရားရုံးအသီးသီးက နှစ်ပေါင်း ၃၀ ကျော် ထောင်ဒဏ် ချမှတ်ထားခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်တတ်တဲ့ ငရှဉ့်တို့လို ဒုစရိုက်သမားတွေက ထောင်အပြင်ကို တစ်နည်းနည်းနဲ့ ထွက်လို့ရအောင် ဒါမှမဟုတ် ထောင်ထဲက ထွက်ပြေးနိုင်အောင် အမြဲတမ်း အကြံထုတ်နေလေ့ရှိပါတယ်။ တကယ်လည်း စိတ်ကူးထားတဲ့ အကြံအစည်အတိုင်း အင်းစိန်ထောင်ထဲက လွတ်သွားခဲ့ပါတယ်။ ငရှဉ့် လွတ်သွားပုံကိုလေ့လာရင် ကြိုတင်အကွက်ချ စီစဉ်မှုမှာ ဆရာကြီးတစ်ပါးဆိုတာ ပေါ်လွင်လာပါတယ်။
၁၉၈၉ကငရှဉ့်ဟာအဆောင် (၃) အခန်း (၄) ရဲ့ အခန်းလူကြီးဖြစ်ပြီး အခန်းစာရေးက သုံးဘီးဖြစ်ပါတယ်။ သုံးဘီးမှာလူနာမည် ရှိပေမယ့် ပါးဖောင်းဖောင်း ရှေ့သွားလေးကထွက်နေလို့ အကျဉ်းသားတွေက သုံးဘီးကားနဲ့ တူတယ်ဆိုပြီး သုံးဘီးလို့ အမည်တွင်ခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ တန်းစီးငရှဉ့်နဲ့ အခန်းစာရေး သုံးဘီးတို့ဟာ ထောင်ထဲကနေ ပုံစံအသီးသီးနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ သုံးဘီးဟာ အင်းစိန်ထောင်ကနေ ပဲခူး လှေလှော်အင်း ရဲဘက်စခန်းကို ပါသွားခဲ့ပါတယ်။
ဒါပေမဲ့ အကျဉ်းသားတွေကိုလိုက်ပို့တဲ့ ရထားတွဲထဲမှာ သူနဲ့အတူ ရဲဘက်အကျဉ်းသား နှစ်ယောက်နဲ့ ထောင်အခေါ် ကစ်ပုံ(ရဲဘက်အကျဉ်းသားတွေရဲ့ အိပ်ရာလိပ်၊ စောင်၊ စားစရာများကို စုစည်းထားရသောနေရာ) အောက်ခြေကို ဖောက်ပြီး ရထားဘီးတွေအောက်က သံလမ်းမှာ ၀ပ်ပြီးနေခဲ့ပါတယ်။
ရထားထွက်သွားတော့ လုံခြုံရေးတွေ မသိဘဲ ဘူတာထဲမှာ သူတို့သုံးယောက် ကျန်ခဲ့ပြီး လွတ်မြောက်သွားခဲ့ပါတယ်။
အခန်းလူကြီးငရှဉ့်ဟာ သူရဲ့တပည့်ကျော်သုံးဘီးလွတ်မြောက်သွားတဲ့အကြောင်းကို တဖွဖွပြောရင်း ထောင်ထဲကနေ နေ့စဉ် အားကျနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင် အင်းစိန်ထောင်ထဲက လွတ်မြောက်အောင် ကြံပါတော့တယ်။
နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရခေတ်မှာ ငွေပေးရင် ဘာမဆိုလုပ်လို့ရတဲ့ခေတ် ဖြစ်ပါတယ်။
ငရှဉ့်ရဲ့အခြေအနေက ထောင်ထဲမှာ အနေချောင်ပြီး ကျသစ်တွေကို စိတ်တိုင်းကျ ချွတ်ခွာနိုင်တာမို့ အင်မတန် ၀င်ငွေကောင်းပါတယ်။ ဒါကြောင့် ငွေများများစုမိရင် မိသားစုကိုတောင် ထောင်ထဲကနေ ပြန်လည်ထောက်ပံ့နိုင်တဲ့အထိပါပဲ။
ဒီအခြေအနေကိုအသုံးချပြီး ငရှဉ့်က နောက်မှုထွက်ဖို့ ကြံစည်ပါတယ်။ ထိုခေတ်အခြေအနေကလည်း ပိုက်ဆံနည်းနည်းသုံးလိုက်ရင် ငရှဉ့်လို ရာဇ၀င်ရှိတဲ့လူမိုက်တွေက အမှုတစ်ခုမဟုတ် တစ်ခုရှာပြီး နောက်မှုထွက်လို့ရပါတယ်။
ထောင်ကျပြီးသား အကျဉ်းသားတွေ နောက်မှုထွက်တဲ့အခါမှာတော့ ခြေကျင်းခတ်လေ့ရှိပါတယ်။
ထောင်အပြင်ကို ထောင်ကျအကျဉ်းသား နောက်မှုထွက်ရင် ခြေကျင်းသံ တချွင်ချွင်နဲ့ပေါ့။
ဒါပေမဲ့ ငရှဉ့်တို့လို ဆရာကြီးတွေအတွက် ထောင်ခြေကျင်းဘုတ်က ပေါ့ပါးပြီး ပါးလှပ်နေတဲ့ အထူးခြေကျင်းတွေ ပြုလုပ်ပေးလေ့ ရှိပါတယ်။ ကြောက်ရတာကိုး။ ဒီခြေကျင်း တွေကတော့ ပါတယ်မထင်ရလောက်အောင် ပေါ့ပါးပါတယ်။
ငရှဉ့်ဟာ မိသားစုနဲ့တိုင်ပင်ပြီး နောက်မှုထွက်ပါတယ်။ လူမိုက်အများစု နောက်မှုထွက်ရတဲ့ ရုံးကတော့ စတီး၀ပ်အချုပ်လို့ ခေါ်ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်က ဘားလမ်းမှာရှိပါတယ်။ စတီး၀ပ်အချုပ်ကို ရုံးထွက်ရတဲ့ သူတွေဟာ မိသားစုနဲ့လည်းတွေ့ ခွင့်ရတယ်။
ကိုယ်စားချင်တာလည်း စားလို့ရတယ်။ တစ်ခါတစ်ရံ အမှုစစ်တာနောက်ကျရင် ထောင်ကို ပြန်မပို့တော့ဘဲ စတီး၀ပ်အချုပ်မှာပဲ ညသိပ်ချုပ်ထားလိုက်ပါတယ်။
ဒါမျိုးကြုံတွေ့တဲ့အခါမျိုးမှာ ငရှဉ့်တို့လို ပိုက်ဆံပေါတဲ့ လူဆိုးကြီးတွေအတွက် နိဗ္ဗာန်ဘုံပါပဲ။ ညဘက်မှာ တာ၀န်ကျရဲ၀န်ထမ်းနဲ့ပေါင်းပြီး အရက်ကစလို့ ဆေးခြောက်အဆုံး ကြိုက်တာလုပ်လို့ရပါတယ်။
နောက်တစ်နေ့မှ အချုပ်ကားနဲ့ ထောင်ကိုပြန်ရုံပါပဲ။ ငရှဉ့်က နောက်မှု ရုံးထွက်တာကို အကြောင်းပြုပြီး စတီး၀ပ်အချုပ်ကို မျက်လှည့်ပြပြီး ပဉ္စလက်ဆန်ဆန် လွတ်မြောက်သွားခဲ့ပါတယ်။ လွတ်မြောက်ပုံ လွတ်မြောက်နည်းကလည်း အင်မတန် ပညာပါပါတယ်။
ငရှဉ့်ဟာ ပထမဆုံးရုံးထွက်တဲ့ တစ်ကြိမ်၊ နှစ်ကြိမ်မှာ ထောင်၀န်ထမ်းတွေနဲ့ ရဲသားတွေကို အယုံသွင်းနိုင်ခဲ့ပါတယ်။ သူရဲ့ လမ်းကြောင်းကို လိုက်ရတဲ့သူတွေကို ဆေးလိပ်ဆို ဆေးလိပ်၊လက်ဖက်ရည်ဆို လက်ဖက်ရည် လိုလေသေးမရှိ ကျွေးမွေးထားပါတယ်။
ကားပေါ်ကို အကျဉ်းသား အချုပ်သားတွေ တင်ရာမှာလည်း လူစစ်ဖို့ ၀န်ထမ်းတွေကို အကူအညီပေးခဲ့ပါတယ်။
တစ်ဖက်မှာလည်း သူ့ရဲ့မိန်းမကို နောက်တစ်ခါ လာတွေ့ရင် အရပ်၀တ်ပုဆိုးနဲ့ ရေဘင်မျက်မှန် ကိုယူလာပေးဖို့ မှာကြားခဲ့ပါတယ်။ မိန်းမက ပေးလိုက်တဲ့ အဲဒီပစ္စည်းတွေကို အင်းစိန်ထောင်ဗူးတံခါး၀မှာ နားလည်မှုယူပြီး ထောင်ထဲကို သွင်းနိုင်ခဲ့ပါတယ်။
ငရှဉ့် ရုံးထုတ်ကနေ လွတ်မြောက်သွားတဲ့နေ့ကတော့ အရပ်၀တ်ပုဆိုးနဲ့ မျက်မှန်ကို ထောင်ကနေ စတီး၀ပ်ကိုသွားရာ အချုပ်ကားပေါ်ကို ဝှက်ပြီးယူလာနိုင်ခဲ့ပါတယ်။
အဲဒီအချိန်က အကျဉ်းသားတွေရဲ့ ၀တ်စုံက အဖြူရောင်၀မ်းဆက် ဖြစ်ပါတယ်။ ငရှဉ့်က အရပ်၀တ်ပုဆိုးကို နှစ်ခေါက်ခေါက်ပြီး အကျဉ်းသား၀တ်စုံ အောက်ကနေခံပြီး ၀တ်လာခဲ့ပါတယ်။
စတီး၀ပ်အချုပ်ကို ရောက်လို့ ကားထဲက အကျဉ်းသားတွေ နှစ်ယောက်တစ်တွဲ အပြင်ကို ဆင်းတဲ့အခါမှာ လူမပျောက်အောင် အော်ပြီးရေတွက်ရပါတယ်။ စစ်ဆေးရမယ့်ရဲသားက အလုပ်မလုပ်ချင်တဲ့အတွက် ငရှဉ့်က လူအရေအတွက်ကို အော်ရပါတယ်။
အဲဒီအခါမှာ ငရှဉ့်က နံပါတ်တစ်ခုကို ဖျောက်လိုက်ပြီး ကားထဲကနေ အမြန်အော်ပါတယ်။ လူစာရင်းကိုက်သွားပြီးတဲ့ အခါမှ ကားထဲကနေ အရပ်၀တ်ပုဆိုးနဲ့ မျက်မှန်နဲ့ လူတစ်ယောက် ဆင်းလာပါတယ်။
ရဲသားက အဲဒီလူကို ထောက်လှမ်းရေးကလို့ထင်ပြီး ဘာမှမစစ်ဆေးခဲ့ပါဘူး။ ဒီလိုနဲ့ ငရှဉ့်ဟာ စတီး၀ပ်ထောင်ကနေ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ငရှဉ့်အကျဉ်းသား၀တ်စုံ အပေါ်ကနေ အရပ်၀တ်ပုဆိုးကို ၀တ်၊ ရေဘင်မျက်မှန်တပ်ပြီး ရုပ်ဖျက်ခဲ့ပါတယ်။
သူ့ရဲ့ စပယ်ရှယ် ခြေကျင်းတွေကိုတော့ အသံမမြည်အောင် ခြေသလုံးမှာ ကြိုးနဲ့ချည် ထားလိုက်ပါတယ်။ ဒါကြောင့် ဘာသံမှမထွက်ဘဲ စတီး၀ပ်ကနေ လွတ်သွားခဲ့တာ ဖြစ်ပါတယ်။
ငရှဥ့်ပဲဖြစ်ဖြစ်၊ သုံးဘီးပဲ ဖြစ်ဖြစ် အရမ်းလုံခြုံတဲ့ နံရံလေးဘက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုပဲ စွမ်းဆောင်နိုင်ခဲ့နိုင်ခဲ့ သူတို့ရဲ့ အားအနည်းဆုံးကတော့ ချည်တိုင်ကို ပြန်သွားခြင်းပါပဲ။
သုံးဘီးဟာ ရဲတွေကိုခြေရာဖျောက်ပြီး အပြင်လောကမှာ လအတန်ကြာ နေနိုင်ခဲ့ပေမယ့် သူ့ရဲ့မိန်းမဆီကို ပြန်လာတဲ့အချိန်မှာပဲ ဖမ်းမိခဲ့ပါတယ်။ သုံးဘီးလိုပဲ ငရှဥ့်လည်း လုံခြုံရေး၀န်ထမ်းတွေ ရဲသားတွေကို မျက်လှည့်ပြနိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ ချည်တိုင်ကိုပြန်ခဲ့လို့ ဖမ်းမိခဲ့တာပါပဲ။
အင်းစိန်ထောင်ထဲကို ပြန်ရောက်လာတော့ ငရှဉ့်နဲ့ သုံးဘီးဟာ စစ်ခွေးတိုက်ထဲမှာ ပြန်ဆုံခဲ့ကြပါတယ်။ လပေါင်းများစွာ စစ်ခွေးတိုက်ထဲမှာ ပြစ်ဒဏ်ကျခံပြီးတဲ့နောက် ဂန္ထ၀င်လူမိုက်ကြီးတွေရဲ့ ပြန်လမ်းအတိုင်း အကျဉ်းသား များစွာရှိနေတဲ့ အိပ်ဆောင်တွေဆီ ပြန်ရောက်လာကြတာပါပဲ။
ငရှဉ့် အင်းစိန်ထောင်ထဲမှာ ဘုန်းမီးနေလ တောက်ပစဉ်က ထောင်အာဏာပိုင်တွေက မွေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်ခိုင်းပေမယ့် ငရှဉ့်က “ခင်ဗျားတို့က လူကောင်းတွေဆိုတာ ကျုပ်သိတယ်”ဆိုပြီးခိုင်းတိုင်းမလုပ်ခဲ့ပါဘူး။
ထောင်အာဏာပိုင်တွေ ရှေ့မှာတော့ နိုင်ငံရေးသမားတွေကို ဟိန်းလိုက်ဟောက်လိုက် ခြိမ်းခြောက်လိုက်နဲ့ ရုပ်ရှင်ရိုက်လေ့ ရှိပါတယ်။
စစ်ခွေးတိုက်ကနေ အိမ်နိမ့်စံဘ၀နဲ့ (၄) ဆောင်ကို ရောက်လာတော့ သေဒဏ်ကြိုးလွတ် မြဂေါင်က တန်းစီးဖြစ်နေပါပြီ။
ငရှဉ့်နဲ့ရင်းနှီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတချို့က စားစရာမရှိတဲ့သူ့ကို သနားပြီး ကြည့်ရှုစောင့် ရှောက်တဲ့အခါမှာ သူပြောနေကျ စကားကတော့ “ကြောင်ကြာကြာ ရေမငုပ်ပါဘူး” ဆိုတာပါပဲ။
ထင်တဲ့အတိုင်းပါပဲ (၄) ဆောင်ကိုရောက်ပြီး သုံးလလောက် အကြာမှာတော့ ငရှဉ့် အကွက်စရွှေ့ပါတယ်။ သူ့အကွက်က အလျော်အစားကြီးပါတယ်။ ဘာလို့လဲဆိုတော့ တန်းစီးမြဂေါင်ကို ဖြိုချဖို့ပါပဲ။
မြဂေါင်ကိုသတ်ဖို့ သူတစ်ယောက်တည်းနဲ့ မဖြစ်ဘူးဆိုတာကို ငရှဉ့်က သိနေတဲ့အတွက် သင်္ဃန်းကျွန်းက တက်သစ်စ လူမိုက်ကလေး မိုးသူကို စတင်စည်းရုံးပါတော့တယ်။
မိုးသူကလည်း မြဂေါင်လို လူမိုက်ကြီးကို သတ်နိုင်ရင် သူလည်း အင်းစိန်ထောင်မှာ တန်း၀င်လူမိုက်စာရင်း ၀င်မှာမို့လို့ ငရှဉ့်ရဲ့ စည်းရုံးမှုကို အလိုက်သင့် လက်ခံခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၉၁ မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ အင်းစိန်ထောင် အမှတ်(၄)ဆောင်မှာ ဂန္ထ၀င်လူမိုက်ကြီးတွေရဲ့ စာရင်းရှင်းပွဲတစ်ပွဲ ဖြစ်ပေါ်ခဲ့ပါတယ်သင်္ဃန်းကျွန်းမှ တက်သစ်စလူမိုက်လေး မိုးသူဟာ အမေကမွေး၊ ထောင်ကကျွေးဘ၀မှာ “တန်း” မရှိပေမယ့် “ဇ” ရှိပါတယ်။
တကယ်တော့ သင်္ဃန်းကျွန်းရဲ့ တန်းရှိတဲ့ ဆရာကြီးကတော့ (၄)ဆောင် (၆)ခန်းမှာ အခန်း လူကြီးလုပ်နေတဲ့ ယက္ခကြီးဖြစ်ပါတယ်။
_____________________________
အင်းစိန်ထောင်အတွင်းမှဂန္ထ၀င်လူမိုက်ကြီးများ
အပိုင်း(၂)
#ဇော်သက်ထွေး
ဒါပေမဲ့ အသက်အရွယ်ရလာတော့ ထောင်ထဲမှာ ငြိမ်နေပါပြီ။ မိုးသူ ကတော့ အင်းစိန်ထောင်ရဲ့ တန်း၀င်လူမိုက်စာရင်းမှာ ပါရဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားပုံ ပေါ်ပါတယ်။ ဒီအခြေအနေမှာ မိုးသူကို ငရှဉ့်က အိပ်မက်တွေပေးပြီး ကောက်စားလိုက်တာ ဖြစ်ပါတယ်။
(၄)ဆောင်ရဲ့ တန်းစီးမြခေါင်နဲ့ ငရှဉ့်ရဲ့ ကမ္ဘာမကြေဇာတ်လမ်းကလည်း ရှိနေပါတယ်။ ငရှဉ့်ကို ပြန်ဖမ်းမိတော့ ထောင်က နောက်မှုဖွင့်တဲ့အတွက် ခြေကျင်းနဲ့နေရပါတယ်။ တိုက်ထဲမှာ လပေါင်းများစွာထားပြီး ငရှဉ့်ကို (၄)ဆောင်ပို့လိုက်တော့ မြဂေါင်က တန်းစီးဖြစ်ပြီး ကောင်းစားနေပါပြီ။
ဒါပေမဲ့ ဘ၀တူအချင်းချင်း သူ့ကိုမကြည့်ဘူးလို့ ငရှဉ့်က ခံစားနေရတယ်။ မြဂေါင်ကလည်း ငရှဉ့်တို့ကို အပူးမခံဘူး။ မိုးသူကတော့ မြဂေါင်နဲ့ ဘာဇယားမှမရှိပါဘူး။ နာမည်ကြီးချင်တာပဲ သိတယ်။
(၁)ခန်းထဲမှာကျတော့ ဂန္ထဝင်လူမိုက်တွေက စုပြီးအိပ်ကြရပါတယ်။ ပြဿနာမဖြစ်ခင် တစ်ည ငရှဉ့်က အိပ်ချိန်မှာ မအိပ်သေးဘဲ ဘေးနားက လူတွေကို လိုက်စနေတယ်။
မြဂေါင်က အိပ်ချိန်ပေးနေချိန်မို့ ငြိမ်ငြိမ်နေဖို့ ငရှဉ့်ကို လှမ်းငေါက်တယ်။ ငရှဉ့်က နားမထောင်ဘူး။ မြဂေါင်က ဒေါသထွက်သွားပြီး ငရှဉ့်ကို မတ်တတ်ရပ်ခိုင်းကာ လက်ထဲက ဝါးခြမ်းပြားသေးသေးလေးနဲ့ တင်ပါးကို သုံးချက်ရိုက်လိုက်တယ်။
ဒီဖြစ်ရပ်က ငရှဉ့်ကို အသားမနာစေပေမယ့် အသည်းနာသွားစေတယ်။ ဒါဟာ သူ့ကို အရှက်ခွဲပြီး လူမိုက်ဂုဏ်ကို ထိပါးတယ်လို့ ယူဆလိုက်တယ်။ ဒါကြောင့် နောက်တစ်နေ့မှာ မြဂေါင်ကို သတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
နောက်တစ်နေ့မှာ ငရှဉ့်က မိုးသူကိုခေါ်ပြီး တိုင်ပင်တယ်။ မိုးသူကလည်း သဘောတူတယ်။ ဒါနဲ့ တောင်ယာပစ္စည်းတွေထားတဲ့ ဘုတ်တိုက်ထဲက ပေါက်ပြားတစ်လက်နဲ့ သံတူရွင်းတစ်ချောင်းကို ခိုးယူလိုက်တယ်။ အင်းစိန်ထောင်က နေ့လယ်ဘက်မှာ အကျဉ်းသားတွေကို တရေးတမောအိပ်ဖို့ ခွင့်ပြုထားတယ်။ တောင်ယာတွေက ၃ နာရီလောက်မှ အလုပ်လုပ်ရတာပါ။
နေ့လယ် ၁ နာရီကျော်ကျော်မှာတော့ အဆောင်မှာ အိပ်တဲ့သူအိပ်၊ လှဲတဲ့သူ လှဲနဲ့ အနားယူနေကြတယ်။ မြဂေါင်က (၄) ဆောင်ရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ (၈)ခန်းမှာ အိပ်နေတယ်။ အဲဒီအချိန်မှာပဲ ငရှဉ့်က ပေါက်ပြားကိုကိုင်၊ မိုးသူက သံတူရွင်းကိုကိုင်ပြီး (၈)ခန်းကို ထွက်လာကြတယ်။ သူတို့နှစ်ယောက်ကို ဘယ်သူကမှ သတိ မထားမိဘူး။
(၈)ခန်းရောက်တော့ မိုးသူက သံတူရွင်းကိုင်ပြီး အပေါက်၀မှာ ရပ်စောင့်လိုက်တယ်။ ငရှဉ့်က ပေါက်ပြားကိုင်ပြီး အခန်းထဲကို ၀င်သွားတယ်။ မြဂေါင် ထွက်မပြေးနိုင်အောင်လို့ ဖြစ်ပါတယ်။ မြဂေါင်က ပုသိမ်သူလို့ တစ်ဆောင်လုံးကခေါ်တဲ့ တပ်ပြေးလေး တစ်ယောက်နဲ့ အတူဖက်ပြီး အိပ်နေတယ်။
ငရှဉ့်က အိပ်နေတဲ့ မြဂေါင်ကို ပေါက်ပြားနဲ့ ခုတ်လိုက်ပေမယ့် မြဂေါင်ကိုမထိဘဲ ပုသိမ်သူကို ထိသွားတယ်။
မြဂေါင်က နိုးလာပြီး အကျဉ်းသားတွေရဲ့ အိပ်ရာလိပ်တွေ ပုံထားတဲ့ ကစ်ပုံကို ကျွမ်းထိုးပြီး ကျော်သွားတယ်။ မြဂေါင်က ကျွမ်းထိုးတာတော်တယ်။ အခန်း၀မှာ မိုးသူက ပိတ်စောင့်နေတော့ မြဂေါင်က အခန်းထဲမှာပဲ ပတ်ပြေးနေတယ်။
ငရှဉ့်က ပေါက်ပြားနဲ့ လိုက်ခုတ်ပေမယ့် မြဂေါင်ကို မထိဘူး။ ငရှဉ့် မောနေပြီ။ တကယ့်တကယ် လက်ရုံးရည်အရဆိုရင်လည်း ငရှဉ့်က မြဂေါင်ကို မယှဉ်နိုင်ဘူး။
ဒါပေမဲ့ အခန်းထဲမှာ နှစ်ယောက် တစ်ယောက်ဆိုရင် အခြေအနေမလှမှန်းသိလို့ မြဂေါင်က မိုးသူကိုတွန်းပြီး အခန်းထဲကနေ တောင်ယာထဲကို ထွက်ပြေးသွားတယ်။
မိုးသူက သံတူရွင်းကိုင်ပြီး နောက်က ပြေးလိုက်နေတယ်။ ငရှဉ့်ကတော့ အမောဖောက်ပြီး ခပ်လှမ်းလှမ်းမှာ ပြတ်ကျန်ခဲ့တယ်။ မိုးသူက နောက်ကနေသာ လိုက်နေတာ မြဂေါင်ကို သံတူရွင်းနဲ့မရိုက်ရဲဘူး။ ရှိန်နေတာကိုး။ ဒီမြင်ကွင်းကိုကြည့်ပြီး ငရှဉ့်က စိုးရိမ်တကြီးနဲ့ မိုးသူကို လှမ်းအော်လိုက်တယ်။
“မိုးသူ မင်း မြဂေါင်ကို ဒီတိုင်းလွှတ်ပေးလိုက်တော့မလား”
ငရှဉ့်စကားကို ကြားတဲ့ မိုးသူက ချက်ချင်းအသိ၀င်လာတယ်။ မြဂေါင်နောက်ကို အရှိန်မြှင့်လိုက်ရင်း ခေါင်းကို သံတူရွင်းနဲ့ ရိုက်ချလိုက်တယ်။
မြဂေါင်က ခေါင်းထိပြီး ခရမ်းပင်တွေကြားကို ခွေခနဲကျသွားတယ်။ မိုးသူက မြဂေါင်ကို ဘာမှ ဆက်မလုပ်ဘဲ ကြောင်ပြီးရပ်နေတယ်။
အဲဒီအချိန်ကျမှ ငရှဉ့်ရောက်လာပြီး လဲနေတဲ့ မြဂေါင်ကို ပေါက်ပြားနဲ့ စိမ်ပြေနပြေ ခုတ်သတ်လိုက်တယ်။ တကယ်တော့ မြဂေါင်ဟာ မိုးသူရဲ့ လက်ချက်နဲ့တင် အသက်ထွက်သွားပါပြီ။
ဒါပေမဲ့ ငရှဉ့်က သူ့အခန်းကဏ္ဍမပါရင် သိက္ခာကျမှာစိုးလို့ ပွဲကို အပြီးသတ်နေပါတယ်။ တစ်ဆောင်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ထောင်တွင်းက လူသတ်ပွဲကိုကြည့်နေကြတယ်။
(၄)ဆောင် အဆောင်မှူး ထောင်မှူး ဦးစိုး၀င်းက ပြေးလာပြီး “မင်းတို့ ဆက်မလုပ်ကြနဲ့”လို့ လှမ်းအော်တယ်။ ငရှဉ့်က ဦးစိုး၀င်းကို လှမ်းကြည့်ပြီး ““အေး …ခင်ဗျားကိုပါ ခုတ်မယ်၊ လာခဲ့” လို့ လှမ်းပြောတော့ ချက်ချင်းပဲ မိန်းဂျေးလ်အထိ ထွက်ပြေးသွားပါတယ်။
မိန်းဂျေးလ်မှာ တာ၀န်ကျနေတဲ့ ထောင်မှူးကြီး ဦးစောထွန်းသိတော့မှ ငရှဉ့်တို့ဆီကို ကိုယ်တိုင်လိုက်လာပါတယ်။ ဦးစောထွန်းကိုတော့ အင်းစိန်ထောင်ထဲက လူမိုက်ကြီးတွေက ချစ်ကြောက်ရိုသေကြတယ်။
ဦးစောထွန်းက သူ့ရဲ့ ယူနီဖောင်းကိုချွတ်လိုက်ပြီး ပေါက်တူးတွေ၊ သံတူရွင်းတွေ ကိုင်ထားတဲ့ ငရှဉ့်တို့ဆီကို လှမ်းကြည့်ပြီး “မင်းတို့ လာမလား၊ ငါလာရမလား”လို့ လှမ်းပြောတယ်။
ငရှဉ့်တို့ တွေဝေနေရာကနေ စွပ်ကျယ်ချိုင်းပြတ်နဲ့ ဦးစောထွန်းကို “ဆရာလာရင် လက်နက်ချမယ်”လို့ ပြန်ပြောတယ်။
ဦးစောထွန်းက ယုံယုံကြည်ကြည်ပဲ ငရှဉ့်နဲ့ မိုးသူကို ပခုံးဖက်ပြီး မိန်းဂျေးလ်ကို ခေါ်သွားတော့တယ်။ ဒါတွေက ထောင် “အထာ” ရှိမှ လုပ်ရဲကြတာပါ။ ဒါကြောင့်လည်း ငရှဉ့်တို့က ဦးစောထွန်းကို ရန်မပြုတာပေါ့။
ဒီတော့မှ ခရမ်းခင်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ မြဂေါင်ကို ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေက ဘာဘူစောင်နဲ့ထုပ်ပြီး ဆေးရုံကိုအမြန်ပို့တယ်။ ဒါပေမဲ့ မြဂေါင်က အသက်မရှိတော့ပါဘူး။
အားလုံး ခရမ်းခင်းထဲက ခြေရာတွေနဲ့ သွေးတွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေတဲ့ ၀န်ထမ်းတွေကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြတယ်။
အင်မတန် ကြောက်စရာကောင်းတဲ့ ပတ်၀န်းကျင်မှာ လူတစ်ယောက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း အသက်ထွက်သွားပုံကို ဘယ်သူမှ မယုံကြည်နိုင်ကြဘူး။
ဓာတ်ပုံရိုက်တဲ့လူတွေ ပြန်သွားတော့ ခရမ်းပင်ပေါ်မှာပြန့်ကျဲပြီး ကျန်ရစ်ခဲ့တဲ့ မြဂေါင်ရဲ့ ဦးနှောက်တွေကို ကျီးကန်းတွေက ကောက်ချီပြီး စားသောက်နေကြတယ်။ တကယ့်ကို Jungle Law တစ်ခုပါပဲ။
မိန်းဂျေးလ်မှာ ထောင်ဝါဒါတွေက ငရှဉ့်နဲ့ မိုးသူကို ခြေကျင်းတွေ ခတ်လိုက်တယ်။ သူတို့နှစ်ယောက်ကတော့ ခပ်အေးအေးပုံစံပဲ။ အချင်းချင်းစနောက်နေကြတယ်။
မိုးသူက ငရှဥ့်ကို မြဂေါင်သေသွားတဲ့ အိုက်တင် လုပ်ပြနေတယ်။ ငရှဉ့်က အားပါးတရရယ်နေတယ်။ ပြီးတော့ သူတို့ကို စစ်ခွေးတိုက်ဆီခေါ်သွားကြတယ်။
ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် သတင်းတစ်ခုကတော့ မြဂေါင်သေပြီး တစ်လမပြည့်ခင်မှာပဲ စစ်ခွေးတိုက်မှာ ငရှဉ့်ဟာ ထူးဆန်းစွာ သေသွားခဲ့ပြန်ပါတယ်။
အင်းစိန်ထောင်အတွင်းမှဂန္ထဝင်လူမိုက်ကြီးများ
အပိုင်း(၃)
#ဇော်သက်ထွေး
ငရှဉ့်ကို ဘယ်သူသတ်တာလဲ
__________________________
၁၉၉၁ ခုနှစ်၀န်းကျင်က အင်းစိန်ထောင်ထဲမှာ ဘိန်းစားတွေ အလွန်ပေါတယ်။ ဘိန်းစားအများစုဟာ ပိုက်ဆံချမ်းသာတဲ့ မိသားစုက မွေးဖွားလာသူတွေ ဖြစ်ပါတယ်။ ထောင်ကျခဲ့ပေမယ့် မိဘတွေရဲ့ ကျေးဇူးကြောင့် ထောင်ထဲမှာ ခြေမွေးမီးမလောင် လက်မွေး မီးမလောင် နေကြရပါတယ်။ ထောင်အာဏာပိုင်တွေကို “လိုင်း” ၀င်ထားတဲ့အတွက် ရဲဘက်စခန်းကိုလည်း ထွက်စရာမလိုပါဘူး။
ထောင်ထဲမှာ ကောင်းကောင်းနေရပြန်တော့ ဘိန်းစားတွေက ထောင်ထဲမှာ ဘိန်းစားချင်လာပြန်တယ်။ ဒီတော့ နည်းမျိုးစုံနဲ့ ခိုးသွင်းကြတယ်။ ထောင်ထဲက ဂန္တ၀င်လူမိုက်ကြီးတွေကလည်း ဒီအချက်ကို မြင်သွားတော့ ကိုယ်တိုင် ရောင်း၀ယ်ဖောက်ကား ကိစ္စတွေလုပ်လာကြတယ်။
ထောင်ထဲမှာ ဘိန်းရောင်းတယ်ဆိုတာ အန္တရာယ်ကြီးပေမယ့် မြိုးမြိုးမြက်မြက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ လူမိုက်ကြီးတွေက သူတို့ကို အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ ထောင်ဝါဒါတွေကို “ချုပ်” လိုက်တယ်။ ပိုက်ဆံရတော့ ဝါဒါတွေလည်း မသိချင်ယောင်ဆောင်တတ်သွားတာပေါ့။
ဒီလိုနဲ့ အင်းစိန်ထောင်ထဲမှာ ဘိန်းဖြူရော၊ ဘိန်းမည်းရော ပေါပေါလောလောရတယ်။ အဆောင်တွေမှာရှိတဲ့ အများသုံးအိမ်သာမှာ ကျွန်တော်တို့ အိမ်သာတက်ရင် ဘိန်းထိုးနေတဲ့သူတွေကို တွေ့ရတတ်တယ်။
သူတို့ကို လှမ်းကြည့်နေရင် “ဟိတ်ကောင်…ဘာ ကြည့်တာလဲ၊ ကိုယ့်ကိစ္စမဟုတ်ရင် မဆိုင်သလိုနေ” လို့ အပြောခံရတတ်တယ်။ ပြဿနာမတက်ချင်တဲ့အတွက် အားလုံးက မသိကျိုးကျွံပြုနေကြရတယ်။
ထောင်ထဲကို ဘိန်းခိုးသွင်းတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ထောင်ထဲကို ၀င်လာတဲ့ အမျိုးအစားထဲမှာ ဘိန်းဆီလို့ခေါ်တဲ့ ဘိန်းမည်းက စျေးအချိုဆုံးပါပဲ။
ဘိန်းစားတွေက အကျဉ်းထောင် ဥပဒေရဲ့ လစ်ဟာနေတဲ့ အခြေအနေတွေကိုကြည့်ပြီး အသုံးချတတ်တယ်။ သူတို့တွေက ဘိန်းစားပေမယ့် ဉာဏ်ကောင်းတယ်။
ဘိန်းမည်းကို ဘယ်လိုသွင်းသလဲဆိုတော့ အင်းစိန်ထောင်၀မှာ အကျဉ်းဦးစီးဌာနက ရောင်းတဲ့ မြေပဲယိုထုပ်တွေရှိတယ်။ မြေပဲယိုတွေကို အထပ်လေးတွေအတိုင်း ပလတ်စတစ်ထဲထည့်ပြီး အထုပ်လိုက် ရောင်းတာကိုး။
ဘိန်းခိုးသွင်းမယ့်သူက အဲဒီမြေပဲယိုထုပ်ကိုဖြည်ပြီး ထန်းလျက်ရည်နေရာမှာ ဘိန်းဆီတွေရောလိုက်တယ်။ ပြီးတော့မှ ပလတ်စတစ်ကို ပြန်ပိတ်ပြီး ထောင်၀င်စာမှာ သွင်းပေးလိုက်တယ်။
အဆောင်ရောက်တော့ ဘိန်းစားက မြေပဲယိုလေး တစ်ကိုက် ကိုက်လိုက်၊ ရေနွေးလေး သောက်လိုက်နဲ့ မူးယစ်ရီဝေ ပြီး “ကောင်း” သွားတာပေါ့။
နောက်တစ်နည်းကတော့ အင်းစိန်တစ်ထောင်လုံး လိမ်းနေကြတဲ့ ဖိုး၀သနပ်ခါးခဲထဲကိုထည့်ပြီး သွင်းတာပါပဲ။ ဒီပုံစံမှာ ဘိန်းဖြူကို သွင်းတာများပါတယ်။ ဘိန်းဖြူကို ပလတ်စတစ်နဲ့ထုပ်ပြီး အစိုခံထားတဲ့ သနပ်ခါးခဲထဲကို မြှုပ်လိုက်တယ်။ ပြီးတော့ နေအခြောက်ခံပြီး သနပ်ခါးခဲတံဆိပ်ကို ပြန်ကပ်လိုက်တယ်။
လူတစ်သောင်းရှိတဲ့ ထောင်မှာ နေ့စဉ် ရာချီပြီးသွင်းနေတဲ့ သနပ်ခါးခဲထဲက ဘိန်းဖြူထုပ်ကို ရှာဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ သနပ်ခါးခဲက ဓားနဲ့လည်း ထိုးလို့မရဘူး။ အမှုန့်ချေပစ်မှသာ ဘိန်းဖြူထုပ်က ထွက်လာတာပါ။
တတိယ တစ်နည်းကတော့ ၀မ်းချုပ်ရောဂါရှိတဲ့ အကျဉ်းသားတွေကို တိုက်ရိုက်ထိခိုက်ပါတယ်။ အဲဒီအချိန်က ၀မ်းချုပ်တတ်တဲ့သူတွေအတွက် ထောင်ထဲမှာ လုပ်သားမောင် ၀မ်းနုတ်ဆေးကိုပဲ အားကိုးရတာပါ။
ဘိန်းစားတွေက ဆေးနဲ့ အရောင်တူနေတဲ့ ဘိန်းမည်းတွေကို လုပ်သားမောင်ဆေးနဲ့ ရောပြီးသွင်းတာမိသွားလို့ နောက်ဆိုရင် ထောင်ထဲကို လုပ်သားမောင်ဆေး သွင်းလို့မရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။
ထောင်မှာ ဘိန်းမိလို့ စည်းကမ်းတင်းကျပ်ရင်လည်း ဘိန်းစားတွေကတော့ မရ,ရတဲ့နည်းနဲ့ ရှာကြံသွင်းကြတာပါပဲ။ နောက်ဆုံးတစ်နည်းကတော့ အမှုရင်ဆိုင်ပြီး ပြန်လာတဲ့ အကျဉ်းသားတွေက ခန္ဓာကိုယ်ထဲကို ထည့်ပြီးသွင်းလာတာမျိုးပါ။
အပြင်ရုံးထွက်မှာ ပလတ်စတစ်နဲ့ထုပ်ထားတဲ့ ဘိန်းဖြူကို စအိုထဲထည့်ပြီး ထောင်ထဲရောက်မှ မိလ္လာဘုတ်ကိုင်ကို ဆေးလိပ် နှစ်လိပ်ပေးပြီး စအိုထဲက ဘိန်းကို ထုတ်ပါတယ်။ ဘုတ်ကိုင်က သူတို့ကို ဂုန်နီအိတ်စ ကာပေးပြီး အကာအကွယ်ပေးပါတယ်။
တစ်ခါတရံ မစင်တွေနဲ့ ပေကျံနေ တဲ့ ဘိန်းထုပ်ကို ရေသေချာဆေးပြီးတော့ အလုအယက်ရှူကြတော့တာပါပဲ။ တချို့က ပြောင်းပေါ် တင်ပြီးရှူတယ်။ တချို့က ဆေးထိုးအပ်နဲ့ ထိုးတယ်။
တစ်ခါတရံ ဘိန်းဖြူကို ကြုံရာရေနဲ့ဖျော်ပြီး ထိုးကြတာပါပဲ။ အရမ်းရင့်နေတဲ့ သူကတော့ သွေးကြောကို ဘလိတ်ဓားနဲ့ခွဲပြီး အမှုန့်သိပ်တယ်။ အဲဒါက အာရုံကြောကို ပိုပြီးထိတယ်လို့ ပြောတာပဲ။ ဒါကြောင့် HIV ရောဂါရသွားသူတွေ အများကြီးပါပဲ။
ရှူတဲ့သူတွေအတွက် စီးကရက်ဘူးခွံထဲက ငွေရောင်စက္ကူဟာ မရှိမဖြစ်လိုအပ်ပါတယ်။ မျက်နှာမွဲ ဘိန်းစားတွေကတော့ သူဌေးတွေနားကပ်ပြီး သူတို့ပါးစပ်က ထွက်လာတဲ့ အငွေ့တွေကို လိုက်ရှူတယ်။
ဒါကြောင့်လည်း ထောင်ထဲကို ရောက်လာတဲ့ နာမည်ကျော် အနုပညာသမားတစ်ယောက်က ထောင်ထဲမှာ ဘိန်းရှူရတာ လုံခြုံလွန်းလို့ အရမ်းစိတ်ချမ်းသာတာပဲလို့ ပြောပြဖူးပါတယ်။
ရုံးထွက်အကျဉ်းသားတွေက စအိုထဲကို ဘိန်းထည့်ပြီးသွင်းလို့ မိသွားရင် တံခါးမကြီးမှာ အထူးရှာဖွေရေး လုပ်တတ်ပါတယ်။ ရန်ကုန်မြို့နယ်အသီးသီးက ရုံးထွက်ပြီးပြန်လာတဲ့ အကျဉ်းသားတွေကို စစ်ဆေးဖို့ လက်အိတ်စွပ်ပြီး ဆပ်ပြာရေခွက်ကို ကိုင်ထားတဲ့ စည်းကမ်းထိန်းတွေက အသင့်စောင့်နေပါတယ်။
ထောင်ထဲကို ပြန်၀င်လာတဲ့ အကျဉ်းသားတွေက တန်းစီပြီး သူတို့ရှေ့ရောက်ရင် ကုန်းပေးရပါတယ်။ စည်းကမ်းထိန်းက လက်အိတ်စွပ်ထားတဲ့ လက်နဲ့ဆပ်ပြာရေဆွတ်ပြီး စအိုရှာဖွေရေးလုပ်ပါတယ်။ ဒီနေရာမှာလည်း ထောင်တွင်း အပေးအယူတွေ ရှိနေပါတယ်။
ဘာလို့လဲဆိုတော့ ပစ္စည်းပါလာတဲ့ အကျဉ်းသားက ရှာဖွေရေးလုပ်တဲ့သူကို မျက်စိမှိတ်ပြလိုက်ရင် ဝေပုံကျ ရတော့မယ်လို့ သိလိုက်ပါတယ်။ ဒါကြောင့် ရှာဖွေရေးလုပ်တဲ့အခါမှာ အထဲကိုမနှိုက်ဘဲ လက်ညှိုးကိုကွေးပြီး ရှာချင်ယောင်ဆောင်လိုက်ပါတယ်။ ပြီးတော့ သွားခွင့်ပြုလိုက်ပါတယ်။ နောက်မှ သူ့ရဲ့အဆောင်ကိုလိုက်သွားပြီး ဝေစုခွဲယူတာပါ။
ဒီလိုအခြေအနေမှာ ငရှဉ့်က မြဂေါင်ကို သတ်လိုက်လို့ စစ်ခွေးတိုက်မှာ ဘုန်းမီးနေလ တောက်ပနေပါပြီ။ ထောင်ထဲမှာလည်း အောင်မြင်ရင် မိတ်ဖွဲ့ချင်သူ၊ ထောက်ပံ့ချင်သူ၊ အပိုင်သားဖြစ်ချင်သူတွေ ပေါပြီး နိမ့်ပါးနေရင်တော့ ဝိုင်းပြီးထိုးချမယ့်သူတွေ ပေါပါတယ်။
ငရှဉ့်နဲ့မိုးသူက အမှုမပြီးသေးလို့ စစ်ခွေးတိုက်မှာ ထားပေမယ့် အဆောင်အထိ သြဇာလွှမ်းမိုးထားပါတယ်။ အဆောင်က “ဇ” တွေကလည်း ငရှဉ့်တို့ အဆောင်ရောက်လာရင် သူတို့ကို မနှိပ်စက်အောင် အခုကတည်းက ကြိုတင်ဖားထားပါတယ်။
စစ်ခွေးတိုက်ကို ရွှေကျီးမုန့်ကြွပ်နဲ့ နို့မှုန့်ပို့ရတာနဲ့၊ စီးကရက်နဲ့ အချို့မှုန့်ပို့ရတာနဲ့ လှမ်း “ကြပ်”ထားပါတယ်။
ဒါပေမဲ့ လူမိုက်ကြီး ငရှဉ့်က အေးအေးမနေဘူး။ အဆောင်ကသူတွေကို လှမ်းမှာလိုက်တာက “ငါ ဒါတွေမကြိုက်ဘူး” ဆိုတာပါပဲ။ ဒီစကားကြားတော့ အဆောင်ကလူတွေက “ပေါက်” သွားတယ်။
ဒါကြောင့် ငရှဉ့်ကြိုက်တဲ့ ဘိန်းဖြူကို အထူးလမ်းကြောင်းနဲ့ မရောက်, ရောက်အောင်ပို့လိုက်တယ်။ အခန်းထဲမှာ လုပ်ချင်တာလုပ်ခွင့်ရတဲ့ ငရှဉ့်ဟာ လောဘကြီးပြီး ရောက်လာတဲ့ ဘိန်းဖြူကို ဆေးထိုးပိုက်နဲ့ လက်မောင်းကနေ ထိုးသွင်းနေတဲ့ အချိန်မှာ အချိန်အဆမှားပြီး အကြောလွဲသွားလို့ Overdose ဖြစ်သွားတယ်။
တာ၀န်ကျ၀န်ထမ်းတွေ သွားကြည့်တော့ အခြေအနေ မကောင်းတော့ပါဘူး။ ပါးစပ်မှာ အမြှုပ်တွေထွက်ပြီး အသက်ကုန်နေပါပြီ။ ဒီလိုနဲ့ ငရှဉ့်လည်း လောကကြီးထဲက ထွက်ခွာသွားရတော့တာပါပဲ။ အင်းစိန်မြို့နယ် တရားရုံးကတော့ ထောင်တွင်း လူသတ်မှုအတွက် သေသွားတဲ့ ငရှဉ့် ကို ၁၂ နှစ်၊ မိုးသူကို ၁၀ နှစ် ပြစ်ဒဏ် ပေးခဲ့ပါတယ်။
ဂန္ထ၀င် လူမိုက်ကြီးတွေရဲ့ စိတ်တွေဟာ အကဲဆတ်လွန်းလှပါတယ်။
ထောင်တွင်းပြစ်မှုတစ်ခုကြောင့် စစ်ခွေးတိုက်ရောက်နေတဲ့ လူမိုက်ကြီး နောက်တစ်ယောက်ဖြစ်တဲ့ သားသားကလည်း ထောင်ပိုင်ကြီးကို တွေ့ခွင့်တောင်းရာမှာ မတွေ့ရလို့ အခန်းဖော်လှဦးကို ဘာရန်ငြိုးရန်စမှမရှိဘဲ အလေးသွားတဲ့ ဂန်ဖလား အောက်မှာ ခုထားတဲ့ အုတ်နီခဲနဲ့ ထုသတ်ခဲ့ပါတယ်။
ခရမ်းသုံးခွက သားသားရဲ့ ထောင်တွင်း အဖြစ်အပျက်တွေကလည်း အံ့သြထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
မက်ပင်လိုင်
_______________
““မက်ပင်လိုင်” ဆိုတဲ့စကားလေးတစ်ခွန်းကြောင့် အင်းစိန် သီးသန့်ထောင်မှာ လူမျိုးရေးအဓိကရုဏ်း ဖြစ်လုနီးပါး ပြဿနာတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဒီပြဿနာရဲ့ အဓိကဇာတ်လိုက်ကတော့ လူမိုက်ကြီး အရူးသားသားကြောင့် ဖြစ်ပါတယ်။
သားသားက အင်းစိန်ထောင်ကို ၁၉၈၈ အရေးအခင်း မတိုင်ခင်ကတည်းက ရောက်နေခဲ့တာဖြစ်ပြီး ထောင်ခါတော့ လွတ်သွားပါတယ်။ ၁၉၈၉ ကျတော့ ပြန်၀င်လာပါတယ်။ သူကို ထောင်မကြီးမှာ မထားချင်တာနဲ့ သီးသန့်ထောင် (၁)ဆောင်ကို ပို့လိုက်ပါတယ်။ သီးသန့်ထောင်မှာ ပြဿနာမရှာအောင် တောင်ယာလုပ်ခွင့်ပေးထားပြီး တစ်ထောင်လုံးကိုလည်း စိတ်ကြိုက်သွားလာခွင့် ရပါတယ်။
သားသားလိုပဲ မြန်မာပိုင်နက်ထဲ၀င်ပြီး ငါးခိုးဖမ်းလို့မိတဲ့ ယိုးဒယားတွေကို သီးသန့်ထောင်ရဲ့ (၁) ဆောင်နဲ့ (၂)ဆောင် အပေါ်ထပ်မှာ ထားပါတယ်။ စား၀တ်နေရေး အခက်အခဲတွေရှိတာကြောင့် ယိုးဒယားတွေကိုလည်း တောင်ယာစိုက်ပျိုးပြီး စားသောက်ခွင့် ပေးထားရပါတယ်။
အဲဒီအချိန်က နာမည်ကျော်စောတဲ့ လူဆိုးကြီးတချို့နဲ့ သေဒဏ်ကြိုးလွတ် အကျဉ်းသားတချို့ကိုလည်း သီးသန့်ထောင် ကျွန်းတိုက်မှာ လူခွဲပြီးထားပါတယ်။
ကျွန်းတိုက်မှာ သေဒဏ်ကြိုးလွတ် အင်းစိန်က ဦးရီတို့ သားအဖသုံးယောက်၊ ကြိုးသမား သန်းလွင်တို့ ရှိသလို မောင်မောင်သန်း၊ မြင့်ဦးအောင်၊ တင်ထွေး၊ စိန်ကုလား၊ မြင့်သောင်းကြည်၊ တင်မြင့် (တစ်လောက သန်လျင်မှာ ရဲနှစ်ယောက်ကို သတ်ခဲ့သူ)တို့လည်း ရှိနေကြပါတယ်။
သားသားတို့က တောင်ယာလုပ်ခွင့်ရှိလို့ ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ ဆူးတွေလည်းကိုင်ခွင့် ရှိပါတယ်။ သားသားတို့လိုပဲ ထိုင်းတွေကလည်း တောင်ယာပစ္စည်းတွေ ကိုင်ခွင့်ရထားပါတယ်။
သီးသန့်ထောင်မှာ ထိုင်း ၂၀၀ နီးပါးခန့်ရှိပြီး မြန်မာအကျဉ်းသား အားလုံးနဲ့လည်း သင့်သင့်မြတ်မြတ် ရှိပါတယ်။ ကိုးကွယ်ရာဘာသာလည်းတူတော့ ပြဿနာမရှိလှပါဘူး။ ဒါပေမဲ့ တစ်နေ့တော့ သီးသန့်ထောင်မှာ မြန်မာနဲ့ယိုးဒယား ပြဿနာတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
ဖြစ်ပုံက တောင်ယာလုပ်နေချိန်မှာ ထိုင်းတစ်ယောက်က သားသားဆီက ဆေးလိပ်မီးညှိဖို့ ဂက်စ်မီးခြစ်ငှားတယ်။ သားသားကလည်း ပေးလိုက်ပါတယ်။ ဒါပေမဲ့ မီးကမတောက်ဘူး။ ဒီတော့ သားသားက “ငါ့မီးခြစ်က ဂက်စ်ကုန်နေပြီထင်တယ်” လို့ လှမ်းပြောတယ်။
ဒါကိုထိုင်းက “မက်ပင်လိုင်” လို့ပြောပြီး မီးဆက်ညှိတယ်။ မီးက မတောက်ဘူး။ သားသားက မီးခြစ် ပြန်တောင်းတော့ ထိုင်းက “မက်ပင်လိုင်”လို့ ထပ်ပြောပြီး ထပ်ခြစ်တယ်။ အမှန်တကယ်တော့ “မက်ပင်လိုင်” ဆိုတာ ထိုင်းဘာသာ စကားဖြစ်ပြီး မြန်မာလို “ကိစ္စမရှိပါဘူး”လို့ အဓိပ္ပာယ်ရပါတယ်။
သားသားက နားကြားလွဲချင်တော့ “မက်ပင်လိုင်” ကို “မင့်မေ-ိုး”လို့ ပြောတယ်ထင်ပြီး ဒေါသထွက်သွားတယ်။ ခြေမြန်လက်မြန်ရှိတဲ့သူမို့ သူ့ကိုပြောတဲ့ ယိုးဒယားကို ဆီပတ်သံပြားနဲ့ ထိုးလိုက်တယ်။ အသက်အန္တရာယ် မရှိပေမယ့် ဒဏ်ရာက ချက်ချင်းသွေးတွေ ဖြာဆင်းသွားတယ်။ ဒါကိုမြင်တဲ့ ထိုင်းတွေက နီးစပ်ရာတောင်ယာ လက်နက်တွေကိုကိုင်ပြီး ပြေးလာကြတာပေါ့။
သားသားက မပြေးဘဲ တစ်ယောက်တည်းနဲ့ ခံချတယ်။ ထိုင်း ၁၀ ယောက်လောက်နဲ့ သူတစ်ယောက် ရန်ပွဲဖြစ်နေပြီ။ ဒီအချိန်မှာ ထောင်ဝါဒါတွေသိသွားလို့ ဝီစီတွေမှုတ်ပြီး အကျဉ်းသားအားလုံးကို ကိုယ့်အခန်းကိုယ် ၀င်ခိုင်းတယ်။ တချို့အကျဉ်းသားတွေလည်း ကြောက်လန့်ပြီး ကိုယ့်အခန်းကိုယ် ၀င်သွားကြတယ်။
ဒါပေမဲ့ ပွဲကပြီးမသွားဘူး။ သားသားက ယိုးဒယားတွေကို တစ်ယောက်တည်း ခံချနေတဲ့သတင်းက ကျွန်းတိုက်ကို ပြန့်သွားတယ်။ ကျွန်းတိုက်ထဲက တင်ထွေးက ကျွန်းတိုက်ထဲ က “ဇိုး”တွေကို အပြင်ထွက်လာပြီး သားသားကို ဝိုင်းကူဖို့ လှုံ့ဆော်တယ်။
ပြောပြောဆိုဆိုပဲ ကျွန်းတိုက် တောင်ယာထဲမှာ မြေမြှုပ်ပြီး ဝှက်ထားတဲ့ သံချွန် ၂၄ ချောင်းကို ဖော်ပေးလိုက်တယ်။
အားလုံးက သံချွန်တစ်ယောက် နှစ်ချောင်းကိုင်ပြီး သားသားတို့ ရန်ဖြစ်နေတဲ့ ဆီကိုပြေးသွားကြတယ်။ ကျွန်းတိုက် အပြင်ဘက်မှာ ယိုးဒယား ၂၀၀ လောက်ကို ခံချဖို့ မြန်မာလူမိုက် အရေအတွက်က ၂၂ ယောက် ဖြစ်လာတယ်။ ထောင်က ရိုးရိုးရန်ပွဲ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်သွားတယ်။
တချို့၀န်ထမ်းတွေက ကင်းမျှော်စင်ပေါ်တက်ပြီး အဓိကရုဏ်းဖြစ်ရင်ပစ်ဖို့ သေနတ်တွေကို ကျည်ထိုးပြီးနေပြီ။ မြန်မာလူမိုက် ၂၂ ယောက်ကလည်း ယိုးဒယားအုပ်စုကြီးကို ခံချဖို့ မိန်းဂျေးလ်လမ်းမပေါ်မှာ အသင့်ဖြစ်နေတယ်။
အဲဒီအချိန်မှာ အံ့သြစရာကောင်းတာက လူ ၂၀၀ လောက်ရှိတဲ့ ယိုးဒယားအစုကြီးဟာ မြန်မာအုပ်စုကို ရင်မဆိုင်တော့ဘဲ သူတို့ရဲ့အဆောင်ထဲကို ပြေး၀င်သွားကြတယ်။
ဒါကြောင့် သွေးချောင်းစီးမယ့် အုပ်စုလိုက် တိုက်ပွဲကတော့ ဖြစ်မသွားခဲ့ဘူး။ အခြေအနေ တင်းမာနေစဉ်မှာပဲ အကျဉ်းထောင်က အရေးပေါ် အကူအညီ တောင်းလိုက်တဲ့ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က အင်အား ၄၀ လောက် လက်နက်အစုံအလင်နဲ့ ထောင်ထဲကို၀င်လာကြတယ်။
သီးသန့်ထောင်မှာ အဲဒီနေ့က တာ၀န်ကျတဲ့ထောင်မှူးက ဦးသိန်းမြင့်ဖြစ်ပြီး ဂျူတီချိန်က တပ်ကြပ် မျိုး၀င်း ဖြစ်ပါတယ်။ အားလုံးကို အခန်းတွေထဲ အသီးသီးသွင်းပြီး သော့ခတ်လိုက်ပြီးတဲ့ အခါမှာတော့ လူမျိုးရေး အဓိကရုဏ်းရန်ပွဲကို ရှောင်လွှဲနိုင်လိုက်ပါပြီ။
ထောင်မှူးဦးသိန်းမြင့်ကလည်း ပြေပြေလည်လည် အရှင်းကောင်းတာကြောင့် ဘယ်သူ့ကိုမှ ကြီးကြီးကျယ်ကျယ် အရေးမယူခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ ၁၉၈၉မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် “အရူး သားသား”လို့ နာမည်ပေးကင်ပွန်းတပ်ခြင်းခံရတဲ့ သားသားဟာ သီးသန့်ထောင်မှာပဲ ဘဂျမ်းနဲ့ ထပ်ငြိပါတယ်။
ဘဂျမ်းက ကျွန်းတိုက်ထဲမှာနေတာကြောင့် သားသားက တိုက်ထဲ၀င်ပြီးသတ်ဖို့ လုပ်တယ်။ ကျွန်းတိုက်ထဲက သူတွေကလည်း သားသားကို ပြန်သတ်ဖို့ သံချွန်ကိုယ်စီနဲ့ စောင့်နေကြပါတယ်။
ဒါပေမဲ့ ၈၈ အရေးအခင်းကြောင့် သီးသန့်ထောင် ရောက်လာတဲ့ ဒလမှ လှထွန်းက စဉ်းစဉ်းစားစားလုပ်ကြဖို့ ကြား၀င်ညှိနှိုင်းပေးတဲ့အခါမှ ပြေလည်သွားတယ်။ ဒီလိုပြဿနာမဖြစ်ခဲ့လို့ ဦးနုစျာပနလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး သီးသန့်ထောင်ရောက်လာတဲ့ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်၊ အံ့ဖွယ်ကျော်၊ လှဌေးနဲ့ အောင်ဇေယျတို့ စိတ်မညစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မိသားစုနဲ့တွေ့ခွင့်မပေးဘဲ တိုက်ပိတ်ထားတာကြောင့် လှထွန်းနဲ့ လူမိုက်ကြီးတွေပေါင်းပြီး ဆံပင်ညှပ်သမား အယောင်ဆောင်ကာ ကျောင်းသားခေါင်းဆောင်တွေအတွက် ဆေးလိပ်၊ ငါးပိကြော်နဲ့ အချိုမှုန့်တွေကို ခိုးပေးနိုင်ခဲ့ပါတယ်။
စိတ်တို စိတ်ဆတ်လွန်းတဲ့ သားသားဟာ နိုင်ငံရေးသမားတွေနဲ့တော့ အတော်ပြေလည်ပါတယ်။ သူ့ကို ထောင်မကြီး ပြန်ပြောင်းတော့လည်း ထောင်ထဲမှာ ဆေးခြောက်တွေမိလို့ နောက်မှုအဖွင့်ခံရတယ်။ သူကလည်း အပြင်ကို ခဏခဏထွက်ချင်တော့ ရှာဖွေရေးလုပ်ရင် ဆေးခြောက်အမိခံတယ်။
နောက်တော့ ထောင်က သားသား နောက်မှုထွက်ချင်တာကို ရိပ်စားမိသွားပြီး သားသားလက်ထဲမှာ ဆေးခြောက်တွေ့ရင်တောင် မသိချင်ယောင် ဆောင်နေတော့တယ်။
ဒီအချက်က သားသားအတွက် ရွှေတွင်းတွေ့သွားသလိုပဲ။ ထောင်ထဲမှာ ဆေးခြောက်ကို စိတ်တိုင်းကျ ရောင်း၀ယ် ဖောက်ကားတော့တယ်။ ထောင်မှူးတွေ ဝါဒါတွေကိုလည်း ငွေကြေးမက်လုံးပေးပြီး အိပ်ကပ်ထဲ ထည့်ထားလိုက်တယ်။
နောက်တော့ သားသားရဲ့ လှုပ်ရှားမှုတွေဟာ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာတဲ့အတွက် ထောင်အာဏာပိုင်တွေက မနေသာတော့ဘဲ သားသားကို စစ်ခွေးတိုက်ပို့လိုက်တယ်။ စစ်ခွေးတိုက်ရောက်တော့ ထုံးစံအတိုင်း သားသားတို့ “ပုန်း” ကြောင်သွားတော့တယ်။
ဒါက ထောင်ရဲ့ ဘန်းစကားဖြစ်ပြီး အဓိပ္ပာယ်ကတော့ စား၀တ်နေရေး မပြေလည်တာကို ပြောတာပါ။ အဆင်မပြေမှုတွေ များလာလို့ သားသားက ထောင်ပိုင်ကြီးကို တွေ့ခွင့်ရဖို့တင်ပြပါတယ်။ ခက်တာက ထောင်ပိုင်က “အထုပ်ရှုပ်” တွေမို့ မတွေ့ဘဲရှောင်နေတယ်။
တစ်ညမှာ သည်းမခံနိုင်တဲ့ သားသားက အခန်းဖော် တောင်ဥက္ကလာက မူးယစ်ဆေးဝါးမှုနဲ့ ရောက်နေတဲ့ လှဦးကို အလေးသွားတဲ့ “ဂန်ဖလား” ခုတဲ့ အုတ်နီခဲနဲ့ ညဘက် အိပ်နေတုန်း ထုသတ်လိုက်တယ်။
အရေးပေါ်ခေါ်လို့ ရောက်လာတဲ့ ထောင်ပိုင်က လှဦးကို ရန်ငြှိုးမရှိဘဲ ဘာလို့သတ်တာလဲမေးတော့ ထောင်ပိုင်လာမတွေ့လို့ သတ်တာလို့ပြန်ဖြေတယ်။ အဲဒီလို မိုက်တွင်းနက်လှတဲ့ သားသားကို ထောင်တွင်း လူသတ်မှုအတွက် ထောင် ၁၀ နှစ် ချခဲ့ပါတယ်။
ထောင်တွင်း လောကဓံကို အရေထူတဲ့ သားသားဟာ ထောင်ထဲမှာ ဘာမှမဖြစ်ဘဲ နှစ်များစွာအကြာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အခုတော့ သူ့သတင်းကို ဘယ်သူကမှ အစအန မကြားရတော့ပါဘူး။
သားသားလိုပဲ ထောင်တွင်းလောကဓံကို ခံနိုင်ရည်ရှိတဲ့ အံ့သြဖွယ် လူမိုက်တစ်ယောက်လည်း ရှိပါသေးတယ်။
သူ့နာမည်က “ကျော်သူ” တဲ့။
မြွေဖြူလေးကျော်သူနှင့် ထောင်မင်းသားစိုးမြတ်
_____________________
ထိုင်း-မြန်မာ နယ်စပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က လက်စွမ်းလက်စကြီးတဲ့ ကြေးစား လူသတ်သမား တစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဆွယ်တာအင်္ကျီလေးနဲ့ အသားဖြူဖြူ ခပ်နွဲ့နွဲ့မင်းသားကြီး ဇေယျပုံစံနဲ့မို့ မြ၀တီမြို့နဲ့ နယ်စပ်တစ်ကျောမှာ သူ့ကို မြွေဖြူလေးလို့ အားလုံးသိထားကြပါတယ်။
သူ့ရဲ့ အားသာချက်ကတော့ သေနတ်ပစ်ရင် အင်မတန် လက်ဖြောင့်ပါတယ်။ သူ့ကိုငှားရမ်းတဲ့ သူဌေးအများစုက လောင်းကစားမှုနဲ့ အသက်မွေး၀မ်းကျောင်းပြုနေတဲ့ နိုင်ငံခြားသားတွေ များပါတယ်။
သူက စကားသိပ်ပြောတဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ သိုသိုသိပ်သိပ် နေတတ်ပါတယ်။ သူ့ကိုအပ်တဲ့ အလုပ်မှန်သမျှ အတိအကျ လုပ်ပေးတဲ့အတွက် ထိုင်းနယ်စပ်မှာ သူ့ဂုဏ်သတင်းက မွှေးနေပါတယ်။
တစ်ခါက ကျော်သူဟာ ပြည်တွင်းထဲကို ကိစ္စတစ်ခုနဲ့ ပြန်၀င်လာတဲ့အချိန် အဖမ်းခံလိုက်ရပါတယ်။ မြန်မာနိုင်ငံဘက်မှာလည်း ကျော်သူလုပ်ခဲ့တဲ့ အမှုတွေကြောင့် ရဲဘက်က သူ့ကိုအလိုရှိနေပါတယ်။
သူက အရှိန်အဝါကြီးတော့ ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တွယ်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ အင်းစိန်ရောက်တဲ့ အခါမှာတော့ သူရဲ့မိုက်ဂုဏ်ကို စမ်းသပ်ဖို့ စောင့်နေတဲ့ စိုးမြတ်နဲ့ စတွေ့ရတော့တာပါပဲ။
ကျော်သူ (ခ) မြွေဖြူလေး အကြောင်းပြောမယ်ဆိုရင် အားလုံး သိထားကြတဲ့ ထောင်မင်းသားကြီး စိုးမြတ်ကိုလည်း ချန်ထားခဲ့လို့ မဖြစ်နိုင်ပါဘူး။ အရေးအခင်း ပြီးတဲ့နောက် ထောင်ထဲကို “ဇ” ရှိတဲ့ လူဆိုးတွေ အစီအရီ ၀င်လာကြတဲ့အထဲမှာ အလုံက အရေးအခင်း ခေါင်းဖြတ်မှုနဲ့ ၀င်လာတဲ့ စိုးမြတ်က အင်းစိန်ထောင်မှာ ဂန္ထ၀င်တွင်ပါတယ်။
ဒါပေမဲ့ ထောင်သမ္ဘာဝါအရ စိုးမြတ်၀င်လာချိန်မှာ အင်းစိန်ထောင်ကို မလွှမ်းမိုးနိုင်သေးပါဘူး။
အင်းစိန်ထောင်မှာ အဲဒီအချိန်က သြဇာအကြီးမားဆုံး လူတစ်ယောက် ရှိနေခဲ့ပါတယ်။ သူကတော့ ကြည့်မြင်တိုင်ကကို စံငြိမ်းပါပဲ။ ကိုစံငြိမ်းရဲ့မိုက်ဂုဏ်ကလည်း အင်မတန်ထင်ရှားပါတယ်။
မဆလခေတ်က ကြည့်မြင်တိုင်မှာ အင်အားကြီးတဲ့ လူမိုက်အဖွဲ့ကြီး နှစ်ဖွဲ့ရှိတယ်။ တစ်ဖွဲ့ကို ကိုစံငြိမ်းက ခေါင်းဆောင်ပြီး ကျန်တဲ့တစ်ဖွဲ့ကိုတော့ ကပ္ပလီလို့ခေါ်တဲ့ လူမိုက်တစ်ယောက်က ဦးဆောင်တယ်။ ကြည့်မြင်တိုင် ဆိုတာကလည်း နယ်မြေကျယ်သလို လှိုင်မြစ်နဲ့ ဆက်စပ်နေတဲ့အတွက် လူဆိုးလူမိုက်တွေအတွက် “ခွင်” တော်တော်ပေါတဲ့အရပ်ဒေသပါ။
နောက်ဆုံးတော့ ကြည့်မြင်တိုင် ဂိုဏ်းနှစ်ဂိုဏ်းဟာ ဝေစုမတည့်တော့ဘဲ နယ်မြေလုပွဲ ဆင်နွှဲပါတော့တယ်။ ဒီပွဲမှာ ကိုစံငြိမ်းဟာ ကပ္ပလီရဲ့ အိမ်ပေါ်ကိုတက်ပြီး တစ်မိသားစုလုံးကို ဓားနဲ့တက်ခုတ်တယ်။
ကပ္ပလီကတော့ ကံကောင်းပြီး လွတ်မြောက်သွားတယ်။ ကျန်တဲ့မိသားစုတွေတော့ သေကုန်တယ်။ ဒီအမှုနဲ့ပဲ ကိုစံငြိမ်း အင်းစိန်ထောင်ထဲကို ၀င်ရတယ်။
ပြဿနာက ဒီမှာမပြီးဘူး။ ကပ္ပလီကလည်း တစ်မိသားစုလုံး သေသွားတဲ့အတွက် ကိုစံငြိမ်းကို အခဲမကျေဘူး။ ဒါကြောင့် ကိုစံငြိမ်း ရုံးထွက်ကို စောင့်ပြီး သတ်ဖို့ကြံစည်တယ်။ ကိုစံငြိမ်း ရုံးအထွက်မှာ ကပ္ပလီက ဓားနဲ့ခုတ်ပေမယ့် ရဲတွေအကာအကွယ်ကောင်းလို့ ကိုစံငြိမ်း အသက်ရှင်ခဲ့ရတာ။
လွတ်မြောက်သွားတဲ့ ကပ္ပလီကို ဆက်ရှင်းဖို့ကို စံငြိမ်းရဲ့လက်ရင်းတပည့် ကောက်ကြီးက ဆက်လှုပ်ရှားတယ်။ ကောက်ကြီးက စက်ဘီးရှေ့မှာ ထီလက်မှတ်တွေချိတ်ပြီး ထီသည်ယောင်ဆောင်ကာ ကပ္ပလီကို ဆက်ရှာတယ်။
စက်ဘီးရှေ့ဘားတန်းမှာ ဓားကိုကပ်ပြီး ကြိုးနဲ့စည်းထားတယ်။ တစ်နေ့တော့ကောက်ကြီး ထီရောင်းနေတုန်း ဘတ်စ်ကားပေါ် တက်သွားတဲ့ ကပ္ပလီကို လှမ်းမြင်လိုက်တယ်။ ဒါနဲ့ ကောက်ကြီးလည်း စက်ဘီးမှာချိတ်ထားတဲ့ ဓားကိုယူပြီး ဘတ်စ်ကားပေါ် ပြေးတက်သွားတယ်။
ခရီးသည်တွေကြားမှာပဲ ရုပ်ရှင်ထဲကလို စာရင်းရှင်းပွဲလုပ်တယ်။ နောက်ဆုံး ကောက်ကြီးက ကပ္ပလီရဲ့ခေါင်းကို ဖြတ်လိုက်တယ်။
ဒီသတင်းက ကြည့်မြင်တိုင်တစ်ကျောမှာ တုန်လှုပ်ခြောက်ခြားစရာ အကောင်းဆုံးဖြစ်ခဲ့ပြီး ကောက်ကြီးလည်း အဖမ်းခံလိုက်ရပြီး အင်းစိန်ထောင် ရောက်သွားတယ်။ အင်းစိန်ထောင်မှာ အဆင်ပြေနေတဲ့ ကိုစံငြိမ်းက သူ့တပည့်ကို ခမ်းခမ်းနားနား ကြိုဆိုတယ်။
မင်းတာ၀န်ကျေပွန်တယ်ပေါ့။ ကိုစံငြိမ်းရဲ့လူအုပ်က တောင့်တော့ တစ်ထောင်လုံးကို သြဇာညောင်းတယ်။ ကိုစံငြိမ်းပြီးရင် တစ်ထောင်လုံး ပြီးတယ်။
ဒီလိုအချိန်မှာပဲ စိုးမြတ်ကြီးလည်း အင်းစိန်ထောင်ကို ရောက်လာတယ်။ စိုးမြတ်ကြီးက ရုပ်ဖြောင့်ဖြောင့် အသားဖြူဖြူနဲ့ ကျောကုန်းမှာ လောကနတ်အရုပ်ကို ထိုးထားတယ်။
စကားပြောတဲ့ အခါမှာလည်း ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေနဲ့ ချိုချိုသာသာ ပြောတယ်။ လူမှုဆက်ဆံရေး သိပ်ကောင်းတယ်။ ဒီအားကောင်းချက်တွေကြောင့် ထောင်ထဲရောက်လာတဲ့ လူဆိုးလူမိုက် အချို့က စိုးမြတ်ကြီးကို ခေါင်းဆောင် တင်ကြတယ်။
သူ့အုပ်စု ကိုယ့်အုပ်စုတွေ ဖြစ်လာပေမယ့် ကိုစံငြိမ်းက ကြည့်မြင်တိုင်၊ စိုးမြတ်ကြီးက အလုံဆိုတော့ အပိုင်သား အချင်းချင်းဆိုပြီး ဘာပြဿနာမှမရှိဘူး။ ကိုစံငြိမ်းကလည်း သူ့လူသူပိုင်တယ်။ စိုးမြတ်ကလည်း သူ့လူသူနိုင်တယ်။ ဒီလိုနဲ့ ထောင်ထဲမှာ နားလည်မှုရှိရှိ နေနေကြတယ်။
ဒါပေမဲ့ စိုးမြတ်ကြီးရဲ့ ဘုန်းတန်ခိုးအာဏာ တက်လာချင်တော့ ကိုစံငြိမ်း အကုသိုလ် ဂြိုဟ်ဆိုး၀င်တဲ့တစ်နေ့ ရောက်လာတယ်။
ကိုစံငြိမ်းက အင်းစိန်ထောင် အချုပ်ရုံးမှာ အလုပ်လုပ်ပါတယ်။ ဒီနေရာက တစ်ထောင်လုံးရဲ့ အဓိကငွေ၀င်ပေါက် နေရာကြီးပါပဲ။ ဒီနေရာကို ကိုစံငြိမ်းက “ကိုင်” ထားတာပါ။
ထောင်ထဲရောက်လာတဲ့ အချုပ်သားမျိုးစုံထဲမှာ ပိုက်ဆံရှိတဲ့လူ၊ မိဘနောက်ခံ တောင့်တင်းတဲ့လူ မျိုးစုံပါတယ်။ ဒီအချုပ်သားတွေ ထောင်ထဲမှာ သက်သက်သာသာ နေချင်ရင် ကိုစံငြိမ်းတို့နဲ့ညှိမှ အဆင်ပြေမှာဖြစ်ပါတယ်။
___________
အင်းစိန်ထောင်အတွင်းမှဂန္ထဝင်လူမိုက်ကြီးများ
အပိုင်း(၄)
#ဇော်သက်ထွေး
ညှိတဲ့အခါမှာ “အလုပ်ဇယား” တွေ ပါလာတယ်။ အပြင်ကမိဘတွေကလည်း သူတို့ရဲ့ သားတွေ၊ လင်ယောက်ျားတွေ၊ ဖခင်တွေ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ ငွေကိုရေလိုသုံးရတယ်။ ဒါကြောင့် ကိုစံငြိမ်းအတွက်တော့ ဆည်၀ကဗျိုင်းလို “ကောက်စား” ရုံပါပဲ။
သူ့အတွက် အချုပ်ရုံးဆိုတာ “အငြိမ်းဇယား” ပဲ။ ဒီလို သာယာနေတဲ့ဘ၀ဟာ သာကေတ NLD က သင်္ကြန်သံချပ်ထိုးလို့ ၅(ည)နဲ့ ၀င်လာတဲ့ ကိုမြင့်အောင်ကြောင့် တစ်မုဟုတ်ချင်း ပြိုကျပျက်စီးသွားပါတယ်။
ကိုမြင့်အောင်ကို ထောက်လှမ်းရေးက စစ်ကြောရေးလုပ်နေတုန်းမို့ အင်းစိန်ထောင်ထဲ ထည့်ထားပေမယ့် ရုံးတင် တရားမစွဲရသေးဘူး။
ထောက်လှမ်းရေးလည်း ကိုမြင့်အောင်ကို အင်းစိန်ထောင် အချုပ်ရုံးမှာပဲ စစ်ကြောရေးလုပ်နေတယ်။ အဲဒီနေ့က စစ်ကြောရေးလုပ်နေတဲ့ ထောက်လှမ်းရေး အိမ်သာ သွားတက်နေတုန်း ကိုမြင့်အောင်က ထောက်လှမ်းရေးရဲ့ ဦးထုပ်ကိုဆောင်း၊လက်ပတ်နာရီကို၀တ်ပြီး အင်းစိန် ထောင်ဗူး၀ကနေ ခပ်တည်တည်နဲ့ လွတ်မြောက်သွားတယ်။
အရှေ့တောင်အာရှရဲ့ အလုံခြုံဆုံးနဲ့ အကြီးဆုံးထောင်လို့ ကြွေးကြော်နေတဲ့ အင်းစိန် ထောင်ကြီးကတော့ ကိုမြင့်အောင်ကြောင့် ကျွမ်းပြန်ပြီး ကျန်ရစ်ခဲ့တယ်။
ထောင်ပိုင်ကြီးက အစ တာ၀န်ခံ ထောင်မှူးတွေ၊ တံခါးထောင်မှူးတွေ၊ ၀န်ထမ်းတွေအားလုံး စစ်ဆေးအရေးယူခံရတယ်။ ဒီပြဿနာကြောင့် အချုပ်ဆောင်ကိုရှင်းဖို့ တံမြက်စည်းလှည်းတဲ့အထဲမှာ ကိုစံငြိမ်းလည်းပါသွားတယ်။
နောက်ဆုံး ကိုစံငြိမ်းကို အချုပ်ရုံး လေဘာကျကနေ ရုပ်သိမ်းပြီး တိုက်ပိတ်လိုက်တယ်။ ကိုစံငြိမ်း အရာကျသွားတာကြောင့် သူ့တပည့်တွေလည်း ထောင်ထဲမှာ “ငုပ်” သွားတယ်။
ထောင်ကလည်း ဘယ်လောက်တောင် ရက်ရက်စက်စက် လုပ်သလဲဆိုတော့ ကိုစံငြိမ်းကို အရမ်းကြမ်းတဲ့ နယ်စပ်က ရဲဘက်စခန်းကိုပါ ပို့ပစ်လိုက်တယ်။ နောက်ဆုံး ရဲဘက်စခန်းမှာပဲ သေသွားတယ်လို့ ကြားသိထားရတယ်။
ကိုစံငြိမ်း မရှိတော့တဲ့နောက်မှာတော့ စိုးမြတ်က ထောင်ထဲမှာ တန်ခိုးအာဏာ ကြီးထွားလာပါတယ်။ ထောင်ကလည်း လူဆိုးတွေကို ထိန်းဖို့ လူဆိုးတွေကိုပဲ ပြန်သုံးတဲ့ အစဉ်အလာကြောင့် စိုးမြတ်ကြီးကို အခွင့်အရေးတွေပေးပြီး ချက်ချင်း “မွေး” ပစ်လိုက်တယ်။
ပြီးတော့ တစ်ထောင်လုံးရဲ့ ငွေကြေးအ၀င်ဆုံး နေရာဖြစ်တဲ့ အချုပ်ဆောင် နှစ်ဆောင်အနက် (၁) ဆောင်ကို အပိုင်စားပေးလိုက်တယ်။ အင်းစိန် တစ်ထောင်လုံးက အဆောင်တွေဟာ အရေးအခင်းမှာ မီးရှို့လိုက်လို့ တစ်ထပ်တွေပဲ ဖြစ်ကုန်ပြီး မီးမလောင်ဘဲ ကျန်ရစ်ခဲ့တာဆိုလို့ (၁) ဆောင်ပဲ ရှိပါတယ်။
(၁) ဆောင်က နှစ်ထပ်ဆိုတော့ အချုပ်သားဦးရေ ပိုများတယ်။ ဆိုလိုချင်တာက စိုးမြတ်ကြီးအတွက် ၀င်ငွေပိုကောင်းတယ်လို့ ပြောချင်တာပါ။ ဒါပေမဲ့ စိုးမြတ်ကြီးက တခြားလူဆိုးတွေလို မဟုတ်ဘူး။
အချုပ်ဆောင်ကို ရောက်လာတဲ့ နိုင်ငံရေးသမားတွေ အားလုံးကို လေးလေးစားစား ဆက်ဆံတယ်။ သူအထူးဂရုစိုက်တဲ့ နိုင်ငံရေးသမားကြီးနှစ်ယောက်ကတော့ သုံးခွဦးစိန်၀င်း (၁၉၅၉ တကသ ဒုဥက္ကဋ္ဌဟောင်း) နဲ့ စစ်ကိုင်း ဦးတင်၀င်းတို့ ဖြစ်ပါတယ်။
တကယ်တော့ စိုးမြတ်ကြီးဟာ ၁၉၈၈ ခု န၀တအစိုးရ အာဏာသိမ်းပြီးတဲ့အချိန် ထောင်ထဲ၀င်တော့ “တန်း၀င်” လူမိုက်ကြီးစာရင်း မ၀င်သေးပါဘူး။
စိုးမြတ်ကြီးရဲ့ ထောင်တွင်းဘ၀ကို ကြီးကျယ်ခမ်းနားအောင် “အတောင်ပံ တပ်” ပေးလိုက်တဲ့သူ နှစ်ယောက်ကတော့ ကြည့်မြင်တိုင်လူမိုက်ကြီး ကိုစံငြိမ်းနဲ့ ထောင်ပိုင်ကြီး ဦးဇော်အုန်းတို့ပဲ ဖြစ်ပါတယ်။
အသားဖြူဖြူ ရုပ်ချောချော သန့်ပြန့်တဲ့ ဥပဓိရုပ်ပိုင်ရှင် စိုးမြတ်ကြီးဟာ အလုံအရေးအခင်း ခေါင်းဖြတ်အမှုမှာ မခြူးနဲ့အတူ ထောင်ကျခဲ့တာ ဖြစ်ပါတယ်။ အမှုတွဲထဲမှာ ဂါးဂါးကြီး၊ ဂါးဂါးလေး၊ မင်းဦးနဲ့ နဂါးလေးတို့ ပါ၀င်ပြီး မခြူးတစ်ယောက်သာ သေဒဏ်ကျခဲ့တာ ဖြစ်ပါတယ်။
စိုးမြတ်ကြီး ကံကောင်းတာက အာဏာသိမ်းပြီးခါစအချိန်၊ ထောင်ခါပြီးခါစမို့လို့ ထောင်ထဲမှာ လူကလည်း နည်းတယ်။ စိုးမြတ်ကြီးကလည်း အပြောအဆိုကောင်းတော့ ထောင်ပိုင် ဦးဇော်အုန်းက ချက်ချင်း သဘောကျသွားတယ်။ ထောင်အာဏာပိုင်တွေရဲ့ ထုံးစံအတိုင်း စိုးမြတ်ကြီးကို ပိုက်ဆံမြိုးမြိုးမြက်မြက်ရတဲ့ အချုပ်ဆောင်တွေမှာ တန်းစီးအရာ ပေးလိုက်တယ်။
တစ်ခုကောင်းသွားတာက စိုးမြတ်ကြီး ထောင်ကျတဲ့အမှုဟာ လူသတ်၊ ပစ္စည်းယူ၊ ဓားပြတိုက်တာမဟုတ်ဘဲ အရေးအခင်း ခေါင်းဖြတ်အမှု ဖြစ်တဲ့အတွက် ထောင်ထဲကို ရောက်လာတဲ့ နိုင်ငံရေးသမားတွေက သူ့ကို “တန်း” တစ်ခုပေးပြီးဆက်ဆံတယ်။
သူကလည်း အဲဒီလို ဆက်ဆံခံရတာကို သဘောကျတယ်။ တခြားလူဆိုး၊ လူမိုက်တွေကိုလည်း နိုင်ငံရေးသမားတွေက သူ့အပေါ်မှာ တန်ဖိုးထားဆက်ဆံတဲ့ အကြောင်းကိုလည်း မကြာခဏ ထုတ်ပြောပြီး ကြွားတတ်တယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးသမားတွေက သူ့နောက်မှာ ရှိနေတယ်ဆိုတဲ့ သဘောပေါ့။
ဒါကြောင့်လည်း နိုင်ငံရေးသမားတွေ လုပ်ချင်တာကို အာဏာပိုင်တွေ မသိအောင် လိုက်လျောတယ်။ သူကတော့ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်ကို “ချွန်”တာ၊ “တက်”တာ မရှိဘူး။ ဒီလိုနဲ့ စိုးမြတ်ကြီးဟာ အင်းစိန်ထောင်ထဲမှာ ထင်ရှားလာပါတော့တယ်။
သူ့ရဲ့နာမည် တရှိန်ရှိန် တက်နေတဲ့အချိန်မှာ စိုးမြတ်ကြီးက သူကောင်းကောင်း ကျွမ်းကျင်တဲ့ PR (Public Relation) ကို ကောင်းကောင်း အသုံးချပါတယ်။ သူ့အပေါ် သစ္စာရှိမယ်လို့ထင်တဲ့ လူတွေကို တပည့်အဖြစ်မွေးပြီး ကောင်းကောင်း ကျွေးထားတယ်။ပြီးတော့ ဦးနှောက်နည်းတဲ့ လူဆိုးတွေ သူ့အပေါ် ပိုပြီးတိမ်းညွှတ်လာအောင် သူ့ပုံစံကိုပါ ပြောင်းလဲလိုက်တယ်။
သူ့ကျောကုန်းမှာ ထိုးထားတဲ့ လောကနတ်ရုပ်က တော်တော်လှပါတယ်။ ဒီအရုပ်ကို အင်းစိန် တစ်ထောင်လုံး တက်တူးထိုးတာနဲ့ ပတ်သက်ပြီး အတော်ဆုံးလို့ဆိုတဲ့ ဌေး၀င်းက အကောင်းစား ဆေးတွေကို နိုင်ငံခြားကမှာပြီး ထိုးပေးထားတာ ဖြစ်ပါတယ်။
အဲဒီအချိန်က ထောင်ထဲမှာ တက်တူးဆရာကြီးဆိုလို့ ဌေး၀င်းနဲ့ ကဗျာ (မူးယစ်အမှုတွဲနှစ်ယောက်)ပဲ ရှိပါတယ်။
ညနေဘက် ထောင်ပိတ်ရင် ကျသစ်တွေကို စိုးမြတ်ကြီးက မိန့်ခွန်းခြွေလေ့ရှိတယ်။ သူပြောလေ့ ရှိတဲ့စကားကတော့ “ငါ့ညီတို့ကို တစ်ခုပြောချင်တယ်၊ စာရေးဆရာ မင်းသိင်္ခ ၀တ္ထုတွေ ဖတ်ဖူးမှာပေါ့။ သူ့ဇာတ်ကောင်တွေထဲမှာ လူတွေ သဘောအကျဆုံးကတော့ ဆားပုလင်းနှင်းမောင်ပဲ။
ဆားပုလင်းနှင်းမောင်က ရုပ်ဖြောင့်တယ်၊ သတ်္တိရှိတယ်၊ အားနည်းတဲ့သူဘက်က ရပ်တည်တယ်၊ မတရားတာ လုပ်လာရင် ဘယ်သူ့ကိုမှ မကြောက်ဘူး။ ဒီဇာတ်ကောင်မျိုး ၀တ္ထုထဲမှာမို့လို့ အပြင်မှာမရှိဘူး မထင်နဲ့။ အပြင်မှာလည်း ဆားပုလင်းနှင်းမောင်လို လူတစ်ယောက်ရှိတယ်။ သူကတော့ အင်းစိန်ထောင်ထဲက စိုးမြတ်လို့ခေါ်တဲ့ ကျုပ်ပဲ” လို့ ပြောတတ်တယ်။
ဒီလိုအပြောချိုချိုလေးရဲ့ နောက်မှာတော့ ထောင်ထဲမှာ တရားမ၀င်လုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို မသိချင်ယောင်ဆောင်ပြီး ခွင့်ပြုထားတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာတွေကို မျက်ကွယ်ပြုထားတယ်။
ကုန်ကုန်ပြောရရင် တက်တူးထိုးတာ၊ လိင်တူဆက်ဆံတာကအစ ချုပ်ကိုင်ထားတာ ဖြစ်တဲ့အတွက် စိုးမြတ်ရဲ့သြဇာက ထောင်ထဲမှာ တဖြည်းဖြည်း ကြီးမားလာတယ်။
အကျဉ်းသားတွေကလည်း လောင်းကစားကို ဘယ်လောက်တောင် ဝါသနာထုံလဲဆိုရင် စိတ်ပုတီးက ပုတီးစေ့တွေနဲ့လည်း လုပ်တတ်တယ်။ ထောင်ထဲမှာရှိနေတဲ့ ခဲလုံးနဲ့လည်း ကစားတတ်တယ်။
ဘာမှမရှိရင် တောင်ယာမှာ စိုက်ပျိုးထားတဲ့ မုန်ညှင်းခင်း၊ ကိုက်လန်ခင်းထဲက အပင်တွေမှာ ပွင့်တဲ့ ပန်းပွင့်တွေကို လက်ညိုးထိုးပြီး “စုံ”၊ “မ”ဝှက်တယ်။ ပြီးမှ အပင်မှာသွားပြီး အပွင့်ရေကြတယ်။
သူတို့ကို ဘာနဲ့မှအရေးယူလို့ မရပါဘူး။ အလောင်းအစားကတော့ ၀တ်ထားတဲ့အင်္ကျီတွေ၊ ပုဆိုးတွေ၊ အနွေးထည်တွေ၊ စောင်တွေ၊ အိပ်ရာလိပ်တွေ ရှိသမျှ အကုန်လောင်းကြတာပါပဲ။
ထောင်မင်းသား ဖြစ်လာတဲ့ စိုးမြတ်ကြီးဟာ ထောင်အာဏာပိုင်တွေရဲ့ မျက်နှာသာပေးမှုကြောင့် ကြိုက်သလို နေထိုင်တယ်။ အကျဉ်းသားတွေ စီးခွင့်မရှိတဲ့ ကတ္တီပါဖိနပ်ကို စီးတယ်၊ အကျဉ်းသား၀တ်စုံ မ၀တ်ဘဲ ပလေကပ်လုံချည်နဲ့ တီရှပ်ကို၀တ်တယ်၊ တီရှပ်အပေါ်မှာ လယ်သာဂျက်ကက် ထပ်၀တ်ပြီး ရေဘင် မျက်မှန်တောင် တပ်လိုက်သေးတယ်။
တစ်ထောင်လုံးကို ကြိုက်သလို သွားခွင့်ရှိပြီး ဝါးဆစ်ပိတ် ကိုင်ထားတဲ့ သက်တော်စောင့် ရှေ့နှစ်ယောက် နောက်နှစ်ယောက် အနည်းဆုံးပါတယ်။ စိုးမြတ်ကြီးစားတဲ့ ထမင်းဝိုင်းကိုလည်း ကြည့်ပါဦး။ သူစားဖို့အတွက် ကြွေပန်းကန်နဲ့ ထမင်းခူးပေးထားပြီး အကျဉ်းသားတွေ ကိုင်ခွင့်မရှိတဲ့ ဇွန်းနဲ့ခက်ရင်းကို ချပေးထားရတယ်။ ဟင်းခွက်က အနည်းဆုံး လေးငါးဆယ်ခွက်ကနေ ခွက် (၃ဝ)လောက်ရှိတယ်။
သူအကြိုက်ဆုံးဖြစ်တဲ့ ၀က်ဆီဖတ်နဲ့ ငါးပိရည်မပါရင် မစားဘူး။ ထမင်းစားတဲ့ အချိန်ကိုလည်း ကြည့်လိုက်ဦး။ လက်ဆေးဇလုံကို ရှေ့ချထားပြီး ထမင်းစားမယ့် အချိန်မှာ လက်ကိုဆန့်တန်းပေးလိုက်ရုံပဲ။
တပည့်တစ်ယောက်က သေချာလက်ဆေးပေးတယ်။ ပြီးတော့မှ ထမင်းကို ငါးပိရည်နဲ့နယ်ပြီး အားပါးတရစားတယ်။ ထမင်းစားပြီးတော့လည်း လက်ကိုပြန်ပြီး ဆန့်တန်းပေးလိုက်ရုံပဲ။ တပည့်တွေက ရေနဲ့တစ်ထပ် ဆပ်ပြာနဲ့ တစ်ထပ် ဆေးပေးရတယ်။
တစ်ခါတရံမှာ မိန်းဂျေးလ် ထောင်မှူးနဲ့ တစ်ဝိုင်းတည်းစားတယ်။ ထောင်ထဲမှာ အကျဉ်းသားနဲ့ ထောင်မှူး အတူတူ ထမင်းစားခွင့်မရှိပါဘူး။ ဒါပေမဲ့ စိုးမြတ်ကြီးအတွက်တော့ ထောင်ဥပဒေက ခြွင်းချက်ပေ့ါ။
ဒီလို နာမည်ကြီးတဲ့ စိုးမြတ်ကြီးဟာ ထောင်ထဲမှာ သူ့ကို ယှဉ်လာနိုင်မယ့် လူမိုက်တွေကိုတော့ အမြဲဂရုစိုက်ပြီး စောင့်ကြည့်လေ့ရှိတယ်။ ခေါင်းထောင်တက်မလာအောင် နည်းမျိုးစုံနဲ့ ဖိထားလေ့ရှိတယ်။ ဖိထားလို့မရတဲ့သူကို တပည့်အဖြစ် စည်းရုံးသိမ်းသွင်းလိုက်တယ်။
ဒီလိုနည်းနဲ့ ပြိုင်ဘက်တွေကို ချုပ်ကိုင်ထားနိုင်တယ်။ ဒီကြားထဲမှာတောင် (၃) ဆောင်မှာ ၅ (ည) တွေနဲ့ ထိပ်တိုက် ပြဿနာတစ်ခု ဖြစ်သေးတယ်။ ကျောင်းသားတွေဖြစ်တဲ့ တင့်လွင်တို့ ဂျင်ဘရောင်းတို့နဲ့ပေါ့။ ဒီပြဿနာဖြစ်တော့ စိုးမြတ်ကြီးလည်း စစ်ခွေးတိုက် ရောက်သွားသေးတယ်။
ဒီကတည်းက နှစ်ဖက်ရန်ဖြစ်တာ အကျိုးမရှိဘူးဆိုပြီး စိုးမြတ်ကြီးက ၅ (ည) တွေကို အမြဲရှောင်ပါတယ်။ ဒါကြောင့်လည်း ထောင်ထဲမှာ သူ့ရဲ့အခန်းကဏ္ဍနဲ့ သြဇာအာဏာကို ဖြန့်ကြက်နိုင်တာပေါ့။
သူ့ကို ကျော်နိုင်မယ့်သူ ထောင်ထဲမှာ တစ်ယောက်မှ ပေါ်မလာသေးဘူး။ ဒီလိုအချိန်မှာပဲ တစ်နေ့တော့ အင်းစိန်ထောင်ထဲကို သတင်းတစ်ခု ၀င်လာတယ်။ ဒီသတင်းကတော့ မြန်မာနိုင်ငံ နယ်စပ်မှာ နာမည်ကြီးတဲ့ လူမိုက်တစ်ယောက်ကို ဖမ်းမိပြီး အင်းစိန်ထောင်ကို ရောက်လာတော့မယ်ဆိုတဲ့ သတင်းပဲ။
သူ့ကို အင်းစိန်ထောင်ကိုပို့ဖို့အတွက် ရဲတပ်ဖွဲ့၀င်တွေကိုသာမက စစ်ထောက်လှမ်းရေး အဖွဲ့တွေကိုပါ လုံခြုံရေးအတွက် တာ၀န်ပေးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် နာမည်ပိုကြီးသွားတယ်။ သူ့နာမည်ကို မေးကြည့်လိုက်တော့ ကျော်သူတဲ့။
ကျော်သူကို ထောင်ထဲက လူဆိုးတွေက စိတ်၀င်စားနေတယ်။
ဒါကြောင့် စိုးမြတ်ကြီးကလည်း ကျော်သူလာရင် ဦးချိုးဖို့ စဉ်းစားထားတယ်။ ကျော်သူကို နယ်စပ်ကနေဖမ်းပြီး အင်းစိန်ထောင်ကို ပို့လိုက်တာဆိုတော့ တော်ရုံလူတော့ မဖြစ်နိုင်ဘူးဆိုပြီး တပည့်တွေနဲ့လည်း ဖြိုဖို့ တိုင်ပင်ထားတယ်။
စိုးမြတ်ကြီးက အချုပ်ရုံးကိုလည်းပိုင်တော့ အချုပ်ရုံးသွားပြီး ကျော်သူရဲ့ ကိုယ်ရေးရာဇ၀င်ဖိုင်ကို သူ့ နည်းသူ့ဟန်နဲ့ တောင်းကြည့်တယ်။
ကျော်သူရဲ့ ကိုယ်ရေးရာဇ၀င်ဖိုင်ကို လှန်ကြည့်လိုက်တဲ့အခါ ကျော်သူရဲ့ အမည်နေရာမှာ ကျော်သူ(ခ) မြွေဖြူလေးလို့ တွေ့လိုက်ရတဲ့အတွက် စိုးမြတ်ကြီး ချက်ချင်း ခေါင်းနားပန်းကြီးသွားတယ်။ ဒါကြောင့် ကျော်သူလာရင် ဦးချိုးမယ့် စိုးမြတ်ကြီးရဲ့ အစီအစဉ်တွေဟာ ပြောင်းပြန်ဇောက်ထိုး ဖြစ်သွားပါတော့တယ်။
ကျော်သူ ခေါ် မြွေဖြူလေး နဲ့ စိုးမြတ်ကြီး တွေ့ကြပုံ
အင်းစိန်ထောင်အတွင်းမှဂန္ထ၀င်လူမိုက်ကြီးများ
အပိုင်း(၅)
#ဇော်သက်ထွေး
အင်းစိန်ထောင်ရောက်ရင် ဦးချိုးဖို့ စီစဉ်ထားတဲ့ ကျော်သူကို မြွေဖြူလေးလို့ သိလိုက်ရတဲ့နောက် စိုးမြတ်ကြီး တွေဝေသွားတယ်။
တစ်ချိန်က မြ၀တီနယ်စပ်မှာ စိုးမြတ်ကြီး ဂျင်ဝိုင်း Organizer လုပ်တုန်းက အရမ်းနာမည်ကြီးနေတဲ့ ကြေးစားလူသတ်သမား မြွေဖြူလေးကို လူမတွေ့ဖူးပေမယ့် နာမည်တော့ ကြားဖူးခဲ့တယ်။
သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ဖူးတယ်။ အဲဒါကတော့ ကစားဝိုင်းမှာ အကြွေးမပေးတဲ့ တစ်ဖက်နိုင်ငံသားတစ်ယောက်ကို စိုးမြတ်ကြီးက ဆုံးမခဲ့ဖူးတယ်။ ဒါကို မကျေနပ်တဲ့အတွက် အဲဒီသူဌေးက မြွေဖြူလေးကိုငှားပြီး စိုးမြတ်ကြီးကို သတ်ခိုင်းလိုက်တယ်။
တစ်ရက်မှာ စိုးမြတ်ကြီးက ခေတ်စားနေတဲ့ DTမော်တော်ဆိုင်ကယ်ကြီးကို စီးပြီးသွားနေတဲ့အချိန်မှာ ကားလမ်းဘေးကနေ သူ့မော်တော်ဆိုင်ကယ်ဘီးကို သေနတ်နဲ့ပစ်တာ ကြုံခဲ့ရဖူးတယ်။
နောက်ပိုင်း ပြန်စုံစမ်းလိုက်တော့ မြွေဖြူလေးက ဗမာဗမာချင်းမို့ စိုးမြတ်ကြီးကို မသတ်ဘဲ ဆိုင်ကယ်ဘီးကိုပဲ ပစ်ဖောက်သတိပေးခဲ့တယ်လို့ သိရတယ်။ မိတ်ဆွေအားလုံးက စိုးမြတ်ကြီး နယ်စပ်မှာဆက်ရှိနေရင် အသတ်ခံရနိုင်တာကြောင့် ပြည်တွင်းထဲကို ပြန်ခိုင်းတယ်။
ဒီလိုနဲ့ အရေးအခင်းမဖြစ်ခင်မှာ စိုးမြတ်ကြီး ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ အခု အင်းစိန်ကိုရောက်လာတဲ့ ကျော်သူဟာ မြွေဖြူလေး ဟုတ်မဟုတ် အတည်ပြုရမယ့် အခြေအနေတစ်ရပ်ကို ရောက်လာတယ်။
ကျော်သူ အင်းစိန်ရောက်လာတော့ စိုးမြတ်ကြီးက သွားတွေ့တယ်။ နယ်စပ်မှာ အရမ်းနာမည်ကြီးတဲ့ ကြေးစားလူသတ်သမား ကျော်သူဟာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သေးသေးနဲ့ပါပဲ။
စိုးမြတ်ကြီးက ကျော်သူကိုတွေ့ပြီး ရောက်မဆိုက်ဘဲ “ခင်ဗျား ကျုပ်အသက်ကို ကယ်ခဲ့ဖူးလား” လို့ ဒဲ့မေးလိုက်တယ်။
ကျော်သူကတော့ ခပ်အေးအေးပဲ။ “ကျွန်တော်လည်း မမှတ်မိဘူး” လို့ ဖြေတယ်။ ကျော်သူကြည့်ရတာ ထောင်ရောက်လာပေမယ့်လည်း အတော်သွေးအေးတဲ့သူလို့ ပြောလို့ရတယ်။
ဘယ်သူ့ကိုမှလည်း ကြောက်ပုံမပေါ်ဘူး။ စိုးမြတ်ကြီးကိုလည်း တွေ့တွေ့ချင်းမှာ အားကိုးတဲ့ပုံ အရော၀င်ချင်တဲ့ပုံလည်း မပေါ်ဘူး။ စိုးမြတ်ကြီးလည်း ဘာပြောရမှန်းမသိလို့ ပြန်သွားလိုက်တယ်။ နောက်တော့ အင်းစိန်ထောင်မှာ ကျနေတဲ့ အကျဉ်းသားတွေထဲက မြ၀တီနယ်စပ်မှာ ဒုစရိုက်မျိုးစုံနဲ့ ကျင်လည်ခဲ့တဲ့သူ တစ်ယောက်ကို သွားတွေ့တယ်။
သူ့နာမည်က “ခွန်နောင်”တဲ့။ ခွန်နောင်ကိုရှာပြီး “မြွေဖြူလေးကို တွေ့ဖူးလား” လို့ စိုးမြတ်ကြီးက မေးတော့ ခွန်နောင်က “တွေ့ဖူးတယ်”လို့ ပြောတယ်။ ဒါနဲ့ စိုးမြတ်ကြီးက ခွန်နောင်ကို ကျော်သူဆီခေါ်သွားတယ်။ ကျော်သူနဲ့ ခွန်နောင်တွေ့တော့ မိတ်ဆွေရင်းချာတွေလို နှုတ်ဆက်ကြတယ်။ ဒါကြောင့် ကျော်သူဟာ “မြွေဖြူ လေး” ဆိုတာ သေချာသွားတော့တယ်။
ကျော်သူဟာ သူ့အသက်ကိုကယ်ခဲ့တဲ့ မြွေဖြူလေးဆိုတာ သိသွားပြီးတဲ့နောက် စိုးမြတ်ကြီး ချက်ချင်း အချိုးပြောင်းသွားတော့တယ်။
ပြီးတော့ ကျော်သူ့ကို အင်းစိန်ထောင်ထဲမှာ ဘယ်လိုနေရာ နေချင်သလဲလို့မေးတယ်။ ၀င်ငွေ အကောင်းဆုံးနေရာတွေ ဖြစ်တဲ့ “မိန်းဂျေးလ်၊ ရိက္ခာဂိုဒေါင်၊ ဆေးရုံ၊ အချုပ်ဆောင်တန်းစီး၊ အခန်းလူကြီး၊ ကြိုက်တဲ့နေရာပြော”လို့ ဆိုတယ်။
ကျော်သူက စိုးမြတ်ကြီးကို ဘယ်နေရာမှ မလိုချင်ဘူးလို့ ပြန်ပြောလိုက်တယ်။ “ထောင်ထဲမှာ အေးအေးပဲနေချင်တယ်၊ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးချင်ဘူး၊ ကိုယ့်ကိုလည်း ဒုက္ခမပေးတဲ့ နေရာမျိုးမှာပဲနေမယ်” လို့ ပြတ်ပြတ်သားသား ပြောတယ်။ ဒါကြောင့် စိုးမြတ်ကြီးက ကျော်သူ့ကို (၁) ဆောင်မှာပဲ ထားလိုက်တော့တယ်။
ပြီးတော့ အသက်ကယ်ခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ “ကျွန်တော် ရှိနေသမျှ ကိုကျော်သူကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး” လို့ အာမခံလိုက်တယ်။ ကျော်သူကလည်း အနေအထိုင်အပြောအဆို အရမ်းစည်းကမ်းရှိတယ်။ စကားလည်း သိပ်မပြောဘူး။
လူတွေကိုလည်း သိပ်မပေါင်းဘူး။ စိုးမြတ်ကြီးနဲ့ ပတ်သက်လို့ဆိုပြီး အခွင့်အရေးလည်း မယူဘူး။ အထူးသဖြင့် စိုးမြတ်ကြီးရဲ့ “ခွင်”တွေကို စည်းမကျော်ဘူး။ နိုင်ငံရေးသမားတွေရော ထောင်ထဲက “ဇိုး”တွေရော ကျော်သူ့ကို လေးစားရတဲ့အချက်က ကျော်သူဟာ ထောင်ထဲမှာ မူးယစ်ဆေး လုံး၀မသုံးဘူး။
ပြီးတော့ လူဆိုးတွေကြားမှာ ခေတ်စားတဲ့ လိင်တူဆက်ဆံရေးကိုလည်း ရှောင်ရှားတယ်။ဒီလိုနဲ့ ကျော်သူ့ကို ထောင်သမ္ဘာတွေကအစ လေးစားခန့်ညားလာရတယ်။ စိုးမြတ်ကြီးကလည်း သူ့ရဲ့အသက်သခင် ကျေးဇူးရှင်မို့ ကျော်သူ့ကို တော်တော်ဂရုစိုက်ပါတယ်။
အားလုံးက ပွဲကြီးပွဲကောင်းတွေ့ပြီလို့ ထင်မှတ်ထားတဲ့အချိန်မှာ စိုးမြတ်ကြီးနဲ့ ကျော်သူက ပေါင်းစည်းသွားတော့ စိုးမြတ်ကြီးကို ဖြိုချင်တဲ့သူတွေ စိတ်ဓာတ်ကျကုန်တယ်။
စိုးမြတ်ကြီးကို ယှဉ်နိုင်မယ့်လူကို ရှာမတွေ့တော့ စိုးမြတ်ကြီးကို ထောင်အာဏာပိုင်တွေနဲ့ လှည့်တိုက်တယ်။ ၅(ည)တွေနဲ့ လှည့်တိုက်တယ်။
စိုးမြတ်ကြီးနဲ့ ၅(ည)တွေနဲ့ ပထမဆုံး တည်တာကတော့ (၁)ဆောင်မှာပါပဲ။ ဒါပေမဲ့ စိုးမြတ်ကြီးရဲ့ ပါးနပ်မှုကြောင့် ပြဿနာကို ရှောင်လွှဲနိုင်ခဲ့တယ်။ ဖြစ်ပုံက တစ်ညနေ (၁)ဆောင်ရဲ့ အောက်ထပ် ရေကန်ဘောင်ပေါ်မှာ ၅(ည)ဖြစ်တဲ့ တိုက်ကြီးသက်ဦးက ထိုင်နေတယ်။
အဆောင်ပိတ်ချိန်နီးတဲ့အတွက် (၁)ဆောင်ရဲ့ စည်းကမ်းထိန်းမြင့်မောင်က အဆောင်အပြင်က လူတွေကို အထဲ၀င်ဖို့ အမိန့်လိုက်ပေးနေတယ်။ အဲဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းမှာ မြင့်မောင်က အကျဉ်းသားနှစ်ယောက်ကို အဆောင်ထဲ မ၀င်လို့ဆိုပြီး ပါးရိုက်လိုက်တယ်။ ကိုသက်ဦး လှမ်းကြည့်လိုက်တော့ အရိုက်ခံရတဲ့ သူနှစ်ယောက်က ၅(ည)တွေဖြစ်တဲ့ ဇော်သိန်းနဲ့ မြတ်သစ် ဖြစ်နေတယ်။
အမှန်က သူတို့နှစ်ယောက်က သေးပေါက်ဖို့သွားတာ။ ကိုသက်ဦးလည်း မွှန်ထူသွားပြီး ရေကန်ပေါင်ပေါ်မှာ တင်ထားတဲ့ သတ္တုပန်းကန်ပြား ငါးချပ်ဆင့်ပြီး စည်းကမ်းထိန်းမြင့်မောင်ကို ၀င်ရိုက်တယ်။ မြင့်မောင် အရိုက်ခံရတော့ သူ့လူတွေကလည်း လက်တုံ့ပြန်ဖို့ ဝိုင်းလာတယ်။
(၁)ဆောင်မှာ နိုင်ငံရေးသမားကလည်း ၅၀ လောက်ရှိတော့ ကိုသက်ဦးကို ကူဖို့ ၅(ည)တွေ ထွက်လာကြတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ တာ၀န်ကျနေတဲ့ ထောင်ဝါဒါ တပ်ကြပ်မျိုး၀င်း ရောက်လာပြီး အားလုံးကို ပုံစံထိုင်ခိုင်းတယ်။
မြင့်မောင်မျက်နှာကတော့ ဖူးရောင်နေပြီ။ အခြေအနေက ပေါက်ကွဲလုနီးပါးပဲ။ ဒါပေမဲ့ စိုးမြတ်ကြီးက ပါးနပ်တယ်။ ၅(ည)တွေ စိတ်ပြေအောင် မြင့်မောင်ကိုပဲ ကျောကုန်းကို နှစ်ချက်သုံးချက်ရိုက်၊ ခြေထောက်နဲ့ကန် လုပ်လိုက်တယ်။ ဒီတော့ ၅(ည)တွေလည်း ကျေနပ်သွားပြီး ဘာပြဿနာမှ မဖြစ်တော့ဘူး။
ဒါပေမဲ့ နောက်တစ်ကြိမ် မထင်မှတ်ဘဲ (၃)ဆောင်မှာ ၅ (ည)တွေနဲ့ စိုးမြတ်ကြီးနဲ့ ပြဿနာ စတက်တော့ “မာလတင်၀င်း”ကြောင့်လို့ အားလုံးက ကောက်ချက်ဆွဲတယ်။
နောင်ရိုးတင်၀င်း (ခ) မာလာတင်၀င်းဆိုတာ ဆေးရုံကြီး ဗုံးဖောက်မှုနဲ့ အဖမ်းခံရပြီး ကြိုးကျသွားတဲ့ ပြည်ပြေးညွန့်တင်နဲ့လည်း အမှုတွဲ။ ဦးရဲထွန်းနဲ့လည်း ပတ်သက်နေတယ်။
(၃) ဆောင်မှာရှိတဲ့ ၅(ည)တွေထဲမှာ အခြေခံပညာကျောင်းသားသမဂ္ဂ (အကသ)က ကလေးတွေရှိတယ်။ နောက်တော့ မာလာတင်၀င်းနဲ့ ကလေးတွေဖြစ်တဲ့ တင့်လွင်၊ ဂျင်ဘရောင်းတို့နဲ့ အဆင်မပြေကြတော့ဘူး။
ဒါကြောင့် မာလာတင်၀င်းက စိုးမြတ်ကြီးကို မြှောက်ပေးတယ်။ အဲဒီအခြေအနေမှာ (၃) ဆောင်မှာရှိတဲ့ ၅(ည)တွေနဲ့ စိုးမြတ်ကြီး ပြဿနာတက်တော့တာပဲ။ အခြေအနေအားလုံးကို ထောင်မှူး ဦးစိုးဦး သိသွားတော့ လူစုခွဲမှရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မဟုတ်ရင် လူသတ်ပွဲတွေ ဖြစ်လာတော့မှာ။
ဒါကြောင့် စိုးမြတ်ကြီးကို စစ်ခွေးတိုက်ပို့ပြီး (၃) ဆောင်က ၅(ည)ကြီးတွေဖြစ်တဲ့ ဇော်မျိုးအောင်၊ လှထွန်းတို့ကိုတော့ တခြားအဆောင်တွေ ခွဲပို့လိုက်တယ်။ စစ်ခွေးတိုက်က ပြစ်ဒဏ်စေ့တော့ စိုးမြတ်ကြီးကို (၄) ဆောင် ပို့လိုက်တယ်။
ဒီတစ်ခါတော့ စိုးမြတ်ကြီးက ၅(ည)တွေနဲ့ ပြဿနာဖြစ်တာ သူ့အတွက် အကျိုးမများကြောင်း သိသွားပြီး လေးလေးစားစား ချစ်ချစ်ခင်ခင် နေထိုင်တယ်။
စိုးမြတ်ကြီးရဲ့ လူရည်လည်မှုကြောင့် ၅(ည)တွေနဲ့ ထိပ်တိုက်ပြဿနာတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် အုပ်စုတွင်းပြဿနာတွေကတော့ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ ရှေ့့ပိုင်းမှာရေးခဲ့တဲ့ မြဂေါင်နဲ့ ငရှဥ့် ပြဿနာကလည်း အုပ်စုတွင်းအားပြိုင်မှုပါပဲ။
ထောင်ထဲမှာ တရားမ၀င် ကိစ္စတွေနဲ့ ငွေကြေး အဆမတန်ရနေတာက လူမိုက်တွေအတွက် ပြဿနာပါပဲ။
နိုင်ငံရေးသမားတွေကလည်း ထောင်တွင်း တောင်းဆိုမှုတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ တစ်စထက်တစ်စ တိုးပြီးလုပ်လာတယ်။ နောက်ဆုံး ထောင်အာဏာပိုင်တွေက ထိန်းသိမ်းလို့မရတဲ့အခြေအနေ ဖြစ်လာတယ်။
အရေးပေါ် အစည်းအဝေးခေါ်ပြီး ထောင်မှာ ထိန်းသိမ်းလို့မရတဲ့ နိုင်ငံရေးသမား ၅(ည)တွေကို သာယာ၀တီထောင်၊ သရက်ထောင်၊ မြင်းခြံထောင်၊ တောင်ငူထောင်နဲ့ မော်လမြိုင်ထောင်တွေကို လူ ၁၀၀ စီ ခွဲပို့ဖို့ စီစဉ်လိုက်တယ်။ ဒီ ၁၀၀ ထဲမှာ ထောင်ထဲက ဆိုးတဲ့မိုက်တဲ့ “ဇ” တွေကိုလည်း လေးငါးယောက်စီ ညှပ်ထည့်ဖို့ စီစဉ်လိုက်တယ်။
ထောင်ပြောင်းတဲ့ အစီအစဉ်ကို ည ၂ နာရီမှာ လူတွေကိုနှိုးပြီး မီးရထားနဲ့ တိတ်တဆိတ် ပြောင်းရွှေ့လိုက်တာပါ။ သရက်ထောင်ကို နိုင်ငံရေးသမားတွေထဲက ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ အောင်ဒင်၊ ၀င်းနိုင်ဦးတို့ အပါအ၀င် စိုးမြတ်ကြီးလည်း ပါသွားတယ်။ အဲဒီအချိန်ကစပြီး အင်းစိန်ထောင်ရဲ့ အာဏာချိန်ခွင်လျှာဟာ အပြောင်းအလဲဖြစ်သွားပါတယ်။
စိုးမြတ်ကြီး မရှိတဲ့နောက်မှာတော့ ထောင်ထဲမှာ အေးအေးဆေးဆေး နေထိုင်နေတဲ့ ကျော်သူ (ခ) မြွေဖြူလေးအတွက် စိန်ခေါ်မှုတွေကတော့ စတင်လာပြီဖြစ်ပါတယ်။ ထောင်ပြောင်းတဲ့ထဲမှာ ပါမသွားတဲ့ လူဆိုးတွေက ကျော်သူ့ကို စိုးမြတ်ကြီးရဲ့ ဆဲလ်တစ်ခု အဖြစ်ရှုမြင်ထားတယ်။ ဒါကြောင့် စိုးမြတ်ကြီးမရှိတဲ့ နောက်မှာ သူ့ရဲ့အစွယ်အပွားတွေကို ရှင်းပစ်ဖို့ လုပ်ကြတယ်။
သူတို့ရှင်းပစ်မယ့် စာရင်းထဲမှာ ကျော်သူလည်းပါနေတယ်။ ကျော်သူ့ကိုရှင်းဖို့ အဓိက လုပ်တဲ့သူတွေကတော့ မအူကုန်းမူဆာနဲ့ အရိုးကုန်းစိန်ကုလားတို့ ဖြစ်ပါတယ်။
ကျော်သူနဲ့ မူဆာ ဘယ်သူက သွေးပိုရဲသလဲ
_________________
စိန်ကုလားကို တာမွေအရိုးကုန်းကလို့သာ နာမည်တပ်ရတာ။ တကယ်တော့ တာမွေအိုးစုထွက် လူမိုက်တစ်ယောက်ပဲ ဆိုပါတော့။ အဲဒီအချိန်က ရန်ကုန်မှာ “ဇ” ရှိတဲ့ လူမိုက်တွေက တာမွေအိုးစုနဲ့ ကြည့်မြင်တိုင် ဆင်မလိုက်ကပဲ ထွက်လာလေ့ရှိပါတယ်။
စိန်ကုလားနဲ့ မအူကုန်းသား မူဆာက တာမွေအပိုင်သားချင်းဆိုတော့ ထောင်ထဲမှာ “အိုးစား”တွေ ဖြစ်နေတယ်။ စိုးမြတ်ကြီး မရှိတဲ့နောက် အင်းစိန်ထောင်မှာ “ဆေးရုံကြီးအုပ်စု”က နေရာပိုရလာတယ်။ ဆေးရုံကြီးအုပ်စုဆိုတာကတော့ ဆေးရုံကြီး ရင်ခွဲရုံမှာ မျိုးရိုးစဉ်ဆက် အလုပ်လုပ်လာခဲ့တဲ့ အိနိ်္ဒယနွယ်ဖွားတွေကို ဆိုလိုတာပါ။
သူတို့တွေက အရေးအခင်းခေါင်းဖြတ်နဲ့ အစုလိုက်ထောင်ကျလာတာ ဖြစ်ပါတယ်။
သူတို့ထဲမှာ စိန်၀င်းနဲ့ မတ်သီးဝါးလားတို့က ထင်ရှားပါတယ်။ သူတို့ကို ချုပ်ထားတာကတော့ မူဆာပါပဲ။ လူမျိုးရေးအရလည်း ပိုပြီးစည်းလုံးတာပေါ့။ သူတို့အုပ်စုက စိုးမြတ်ကြီးမရှိတော့တဲ့အချိန်မှာ စိုးမြတ်ကြီးရဲ့ အစွယ်အပွားတွေကိုပါ ရှင်းပစ်ချင်တာပါ။
ထောင်အာဏာပိုင်နဲ့ ပေါင်းပြီး မူဆာက စိုးမြတ်ကြီးတပည့်တချို့ကို ထောင်ပြောင်းထည့်ပြီး တချို့ကို ရဲဘက်ထည့်တဲ့နည်းနဲ့ ရှင်းနေပါတယ်။
ရှင်းရမယ့်အထဲမှာ ကျော်သူလည်းပါလာတယ်။ တစ်ရက်တော့ ကျော်သူနေတဲ့ အဆောင်ထဲကို မူဆာနဲ့ သူ့တပည့်တွေ ရောက်လာတယ်။ မူဆာက “ကျော်သူ (ဘ) ဦးလှမောင်” ဆိုပြီး အော်လိုက်တယ်။
ကျော်သူက အိပ်နေရာက ထလာတယ်။ ထောင်ပြောင်းဆိုရင် ညဘက်မှခေါ်လေ့ရှိပြီး နေ့ခင်းဘက်ခေါ်တာဖြစ်တဲ့အတွက် ရဲဘက်ထွက်ဖို့ ခေါ်တယ်ဆိုတာ သေချာသွားတယ်။ ကျော်သူက မူဆာ့ကို “မင်း လာနောက်နေတာလား”လို့ လှမ်းမေးတယ်။
မေးလည်းမေးလောက်စရာပဲ။ စိုးမြတ်ကြီးရှိကတည်းက ကျော်သူ ရဲဘက်မထွက်ရအောင် ထောင်ကျရုံးကိုသာမက အကျဉ်းဦးစီးဌာနရုံးချုပ်အထိ အကုန်အကျခံထားခဲ့တာပါ။
ဒါပေမဲ့ ကျော်သူခေတ် ကုန်သွားပါပြီ။
မူဆာက မချိုမချဉ် မျက်နှာထားနဲ့ “သေသေချာချာ ကြည့်လိုက်ဦး ကျော်သူ၊ မင်းတကယ် ရဲဘက်ထွက်ရမှာ” လို့ ပြောလိုက်တော့ ကျော်သူမျက်နှာ ရဲခနဲ ဖြစ်သွားတယ်။ ဒါဟာ သူတို့လောကထဲမှာ သက်သက် အရှက်ခွဲတာလို့ ခံစားလိုက်ရတယ်။
ကျော်သူက ထောင်းခနဲ ဒေါသထွက်သွားပြီး လှမ်းပြောတယ်။
“ဟိတ်ကောင်မူဆာ ရဲဘက် မထွက်အောင် လုပ်တဲ့နည်းရှိတယ် သိလား”
“အေး ရှိရင် လုပ်ကြည့်လိုက်လေကွာ”
ကျော်သူက မူဆာမျက်နှာနားကို တိုးကပ်လိုက်ပြီး မျက်လုံးချင်းဆိုင် ပြောလိုက်တယ်။
“ကြည့်ထားလိုက်၊ ကျော်သူ ဘယ်တော့မှ ရဲဘက်ထွက်မှာ မဟုတ်ဘူး”
မူဆာက အပိုင်လုပ်ပြီးသားမို့ ကျော်သူ့ကို ရင်မဆိုင်တော့ဘဲ အလျော့ပေးလိုက်တယ်။ ဒါပေမယ့် ကျော်သူကိုလည်း မခံချင်အောင် လေချွန်ပြီး ပြန်ထွက်သွားတယ်။ ကျော်သူက ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ပြီးပုံပဲ။
ရဲဘက်ထွက်ဖို့အတွက် စာရင်းထဲပါတဲ့ အကျဉ်းသားတချို့က အိပ်ယာလိပ်တွေ၊ အ၀တ်အစားတွေ သိမ်းဆည်းနေပေမယ့် ကျော်သူကတော့ ဘာမှမလုပ်ဘဲ တောင်ယာထဲကို ထွက်သွားတယ်။ ပြီးတော့မှ အဆောင်၀ကနေ ခြေကျင်းခတ်ဖို့ ခေါ်ရင်သွားမယ့်ပုံစံနဲ့ စောင့်နေတယ်။ မျက်လုံးကတော့ အငြိမ်မနေဘူး။
မိန်းဂျေးလ်က လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်။ မိန်းဂျေးလ်ဆိုတာက အင်းစိန်ထောင်တစ်ခုလုံးရဲ့ လူ၀င်လူထွက်တွေကို ကွပ်ကဲရတဲ့ နေရာဖြစ်ပြီး ထောင်မှူးကြီးတွေ၊ ထောင်မှူးတွေ ရုံးထိုင်တဲ့နေရာ ဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ မူဆာက ရဲဘက်ထွက်မယ့် လူစာရင်းပါတဲ့ စာရွက်တွေကို ကိုင်ပြီး ထောင်မှူးကြီးရုံးခန်းက ထွက်လာတယ်။ ကျော်သူက အဆောင်၀ကနေပြီး မူဆာကို “ခဏ”ဆိုပြီး လှမ်းခေါ်လိုက်တယ်။
မူဆာက တစ်ခုခုမေးမယ်ထင်ပြီး ရောက်အလာမှာ ကျော်သူက ခါးကြားမှာ ဝှက်ထားတဲ့ သံချွန်နဲ့ ဆင့်ထိုးတော့တာပဲ။ မူဆာက အံ့သြလွန်းလို့ ခုခံချိန်တောင်မရဘူး။ ကျော်သူက သူ့ကို ချွတ်နဲ့ထိုးနေပါတယ် ဆိုပြီး အော်ဟစ်ပြေးလွှားနေတယ်။
ရုတ်တရက်ဆိုတော့ ဘယ်သူကမှလည်း ၀င်မဆွဲရဲဘူး။ မူဆာက အရေးအကြောင်းမှာသွေး ပျက်နေတာကတော့ အားလုံးမြင်လိုက်ရတယ်။ နောက်တော့ ထောင်ဝါဒါတွေ ရောက်လာပြီး ကျော်သူကို ဖမ်းချုပ်လိုက်တယ်။ ကျော်သူက အေးအေးဆေးဆေးပဲ မခုခံဘဲ အဖမ်းခံပါတယ်။
မူဆာကတော့ ချွတ်နဲ့ထိုးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ အများကြီးပဲ။ ၀န်ထမ်းတွေက သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ မူဆာကို အင်းစိန်ဆေးရုံးကို အမြန်ဆုံး Refer ထုတ်လိုက်တယ်။
ဒါကြောင့် မူဆာ ကံကောင်းသွားပြီး အချိန်မီ အသက်ကယ်တင်လိုက်နိုင်တယ်။ ကျော်သူကိုတော့ ချက်ချင်းပဲ ခြေကျင်းခတ်ပြီး စစ်ခွေးတိုက်ကို ပို့လိုက်တယ်။ ဒီဖြစ်ရပ်ကြောင့် ကျော်သူကို ရဲဘက်စာရင်းထဲက ပယ်ဖျက်ပြီး အင်းစိန်ထောင်က နောက်မှုဖွင့်လိုက်တယ်။
ဘာပဲပြောပြော လောလောဆယ်တော့ ကျော်သူ ရဲဘက် မထွက်ရတော့တာ သေချာသွားတယ်။ ဒါကြောင့် ကျော်သူက မူဆာကို ရဲဘက်မထွက်တဲ့ နည်းရှိတယ်လို့ ပြောခဲ့တာဖြစ်မှာပေါ့။
မူဆာက ကျော်သူ့ကို လျှော့တွက်ခဲ့တဲ့အမှားပဲပေ့ါ။
စစ်ခွေးတိုက်ကို အပို့ခံရတဲ့ ဘယ်အကျဉ်းသားမဆို စစ်ခွေးတိုက်ရောက်ရင်တော့ သင်ခန်းစာ အကြီးကြီးနဲ့ ကြုံကြရတာပါပဲ။
စစ်ခွေးတိုက်ရဲ့ တာ၀န်ခံက တပ်ကြပ်ကြီး ဗိုလ်ကံဖြစ်ပါတယ်။ ဗိုလ်ကံက ခေတ်အဆက်ဆက် ထောင်က စစ်ခွေးတွေကို သင်ကြားပေးရတဲ့ ကျွမ်းကျင်သူ ဆရာကြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်နဲ့ ရောက်လာတဲ့ အကျဉ်းသားတွေကို နှိပ်စက်ရာမှာလည်း နာမည်ကြီးပါတယ်။
စစ်ခွေးတိုက် အ၀ကနေ တိုက်ထဲအ၀င်အထိဆိုရင် ကိုက် ၃၀၀ လောက် ရှိပါတယ်။ အဲဒီလမ်းတစ်လျှောက်ကို အစိုးရထုတ် စက်အုတ်တွေကို ခွဲပြီးခင်းထားတယ်။ တမင် အချွန်အတက်တွေနဲ့ မျက်နှာပြင်မညီညာအောင် လုပ်ထားတာ ဖြစ်ပါတယ်။
အကျဉ်းသားတွေက စစ်ခွေးတိုက်အ၀င်ကတည်းက တိုက်ခန်းအထိ သံခြေကျင်းကိုကိုင်ပြီး မိချောင်းသွား သွားရတယ်။ အကျဉ်းသားတွေ မြန်မြန်သွားနိုင်အောင် နောက်ကနေ စစ်ခွေးနဲ့မောင်းတယ်။ စစ်ခွေးတွေထဲမှာ “ဒေစီ”ဆိုတဲ့ ခွေးမလေးက အစွာဆုံးပဲ။
အုတ်ခဲအကျိုးတွေကြောင့် ဒူးတွေ တံတောင်ဆစ်တွေ ရှပြီး ဆက်မသွားတဲ့ အကျဉ်းသားတွေကို ဗိုလ်ကံက ဒေစီနဲ့ ကိုက်ခိုင်းတယ်။ ဒေစီကလည်း လူနီးပါး နားလည်တယ်။ တကယ်မကိုက်ဘဲ ဟိန်းဟောက် ခြိမ်းခြောက်တာကို ကျွမ်းကျင်တယ်။
နောက်ဆုံး ခွေးကိုက်မှာ ကြောက်တဲ့အကျဉ်းသားဟာ လဲရင်လဲ၊ ကွဲရင်ကွဲဆိုပြီး အခန်းထဲရောက်တဲ့အထိ လေးဘက် ကုန်းသွားရတာပဲ။
တိုက်ခန်းရောက်တော့ တံတောင်မှာ သွေးချင်းချင်းနီနေပြီ။ စစ်ခွေးတိုက် တစ်ခေါက်ရောက်ပြီးရင်တော့ ပြန်လာတဲ့ အကျဉ်းသားဟာ အတော်အပိုးကျိုးသွားတယ်။
နာမည်ကြီး စစ်ခွေးတိုက်ကိုတော့ အရမ်းဆိုးတဲ့ လူမိုက်တွေရော၊ နိုင်ငံရေးသမားတွေရော အကုန်လုံးနီးပါး ရောက်ကြပါတယ်။
ကျော်သူ့ကိုလည်း စစ်ခွေးတိုက်မှာ ပညာပေးမယ်လို့ အားလုံး ထင်ထားကြတယ်။ ဒါပေမယ့် စိုးမြတ်ကြီး တပည့်တပန်းဟောင်းတွေ စစ်ခွေးတိုက်မှာ ရှိနေသေးတော့ အ၀င်တစ်ချက်ပဲ ကျော်သူ တော်တော်ခံလိုက်ရတယ်။ နောက်ပိုင်းတော့ စစ်ခွေးတိုက်မှာ ကျော်သူက အနေချောင်၊ အစားချောင်သွားတယ်။
တစ်ဖက်မှာလည်း သူလိုချင်တဲ့အတိုင်း ရဲဘက် မထွက်ရတော့ဘဲ မူဆာကို သတ်ရန် အားထုတ်မှုနဲ့ နောက်မှုပဲထွက်ရတယ်။ မူဆာ မသေတဲ့အတွက် နောက်မှုကလည်း ပြစ်ဒဏ်ကြီးမှာ မပူရတော့ဘူး။
ဒါပေမယ့် အင်းစိန်ဆေးရုံမှာ အသည်းအသန်ကုပြီး ပြန်ရောက်လာတဲ့ မူဆာက ကျော်သူကို အခဲမကျေဘူး။
မူဆာရဲ့ အင်အားစုတွေကလည်း ထောင်ထဲမှာ ဓန၊ အာဏာ၊ အင်အားအပြည့်နဲ့ အခြေအနေ အတော်ကောင်းနေတယ်။
ဆေးရုံကြီးကနေ ထောင်ကျလာတဲ့ မတ်သီးဆိုရင် သူအိပ်တဲ့ အိပ်ယာခေါင်းရင်းမှာ Lucky Strike နဲ့ Mild Seven စီးကရက်ဗူးတွေကို ကာတွန်လိုက် ထပ်ထားတယ်။ အဲဒီခေတ်က နွားနီနို့မှုန့် ထုပ်နဲ့ လက်ရွေးစင်ကော်ဖီမှုန့်ထုပ်ကို အစည်းလိုက် သူ့ဘေးမှာ ထားထားတယ်။
ဘယ်လောက်ပူပူ ဘယ်လောက်အိုက်အိုက် လယ်သာဂျာကင်နဲ့ ဂျင်းဂျာကင်တွေကို ထည်လဲ၀တ်နေတယ်။ လူရည်လည်တော့ ၅ (ည)တွေနဲ့လည်း တည့်အောင်ပေါင်းတယ်။
သင်္ကြန်လို အခါကြီးရက်ကြီးမှာ တစ်ဆောင်လုံးကို ခေါက်ဆွဲကြော် ကျွေးလိုက်၊ ရွှေရင်အေး တိုက်လိုက်နဲ့ အလှူကြီးအတန်းကြီး လုပ်နိုင်တယ်။ သူတို့တွေရဲ့ ကျောထောက်နောက်ခံနဲ့ မူဆာက တန်ခိုးကြီးလာတာ ဖြစ်ပါတယ်။
အခုလည်း တစ်ဖက်သတ် ခံလိုက်ရတဲ့အတွက် မူဆာက သိက္ခာဆယ်တဲ့အနေနဲ့ ကျော်သူ့ကို ဖြိုချင်တယ်။ ကျော်သူ့ကို ဘယ်လို လက်စားချေရမလဲဆိုပြီး အကွက်ချောင်းနေတယ်။
ကျော်သူကလည်း မူဆာတို့ လက်ချက်မိမှာစိုးလို့ စစ်ခွေးမှာပဲ အထိုင်ချပြီး ဆက်နေတယ်။ မူဆာက ကျော်သူ့ကိုရှင်းဖို့အတွက် သူနဲ့ တစ်ပိုင်တည်းသားဖြစ်တဲ့ စိန်ကုလားကို စည်းရုံးတယ်။ ဒါပေမဲ့ ကျော်သူ စစ်ခွေးတိုက်က ထွက်မလာမချင်း သူတို့ဘာမှလုပ်လို့ မရဘူးဖြစ်နေတယ်။
ဒီအတောအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေကြားမှာ လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ ဒီလှုပ်ရှားမှုကတော့ စက်တင်ဘာ ၂၅ ရက်နေ့မှာ စတင်ပြုလုပ်တဲ့ အစာငတ်ခံ ဆန္ဒပြပွဲ ပဲ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ ထောင်အာဏာပိုင်တွေအတွက် တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပြီး ထောင်အပြင်က ပြည်သူတွေ မရိပ်မိအောင် လော်စပီကာတွေနဲ့ “စာဥ” သီချင်းဖွင့်ပြီး နိုင်ငံရေးသမားတွေကို ဂန်းပိုက်နဲ့ ရိုက်နက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဒီလှုပ်ရှားမှုဟာ စစ်ခွေးတိုက်မှာရှိတဲ့ နိုင်ငံရေးသမားတချို့က စခဲ့တာဖြစ်ပြီး လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို န၀တအစိုးရက အာဏာမလွှဲတဲ့အတွက် အစာငတ်ခံ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲမှာ ၅ (ည)တွေ အထိနာခဲ့သလို သွေးရဲတယ်ဆိုတဲ့ ကျော်သူလည်း အထိနာသွားခဲ့ပါတယ်။
နိုင်ကျဉ်းတွေက ၁၉၉၀ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အကျဉ်းထောင်အာဏာပိုင်တွေကို တောင်းဆိုချက် (၅) ချက် တောင်းဆိုလိုက်ပြီး တကယ်လို့ မလိုက်လျောဘူးဆိုရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက် (၅) ချက်ကတော့
(၁) ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရပါတီကို အမြန်ဆုံးအာဏာလွှဲပြောင်းရေး၊
(၂) အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး၊
(၃) နိုင်ငံရေးအကျဉ်းသားများကို ထောင်ထဲ၌သီးသန့်ထားရှိရေး၊
(၄) ထောင်၀င်စာ လွတ်လပ်ခွင့်အပြည့်အဝပေးရေး၊
(၅) နိုင်ငံတော်မှ တရား၀င်ထုတ်ဝေခွင့်ပြုထားသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ဘာသာရေး စာအုပ်များကို အကျဉ်းသားတိုင်း ဖတ်ရှုခွင့်ရရှိရေးတို့ ဖြစ်ပါတယ်။
၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၁၉၉၀ မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်းပဲ န၀တအစိုးရက အာဏာလွှဲပြောင်းဖို့ နှောင့်နှေးခဲ့ပါတယ်။
ဒီအခြေအနေကို မကျေနပ်လို့ ဆန္ဒပြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း ပုဒ်မမျိုးစုံနဲ့ ထောင်သွင်းအကျဉ်းချထားခဲ့ပါတယ်။ အစိုးရရဲ့ ကတိပျက်ကွက်မှုကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံရေးကို အာရုံစိုက်လာဖို့အတွက် နိုင်ငံရေး ထောင်တွင်းတိုက်ပွဲတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဘယ်လိုပုံစံနဲ့ ထောင်တွင်းတိုက်ပွဲတစ်ခု ဖော်ဆောင်မလဲလို့ ဆွေးနွေးကြရင်း န၀တအစိုးရကို အစာငတ်ခံဆန္ဒပြပြီး တောင်းဆိုချက်(၅)ချက် တောင်းဖို့ သဘောတူလိုက်ကြပါတယ်။ ဒါပေမဲ့ အစာငတ်ခံဆန္ဒပြဖို့ အကန့်အသတ်မဲ့ တိုက်မယ့်အဖွဲ့နဲ့ အကန့်အသတ်နဲ့ တိုက်မယ့်အဖွဲ့ဆိုပြီး နှစ်ပိုင်းကွဲသွားပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကိုကိုးကျွန်း အစာငတ်ခံဆန္ဒပြပွဲမှာ လူရှစ်ယောက် စတေးခဲ့ရပေမယ့် မဆလအစိုးရဟာ ကျွန်းစနစ်ကို ဖျက်သိမ်းပေးခဲ့ရတဲ့ သမိုင်းမှတ်တမ်းရှိနေတဲ့အတွက် တချို့နိုင်ကျဉ်းတွေက မအောင်မြင်မချင်း အစာငတ်ခံဖို့ စိတ်အားထက်သန်နေပါတယ်။
ဒါဟာ အသက်သေသည်အထိ တိုက်ပွဲ၀င်ရမှာဖြစ်လို့ တချို့ နိုင်ကျဉ်းတွေကတော့ အကန့်အသတ် တစ်ခုနဲ့ပဲ ဆန္ဒပြစေချင်တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မှာ Hunger Strike တိုက်ပွဲ စတင်ဖို့ အချက်ပေးလိုက်သူက ဆက်အောင်နိုင်ပဲ ဖြစ်ပါတယ်။ ဆက်အောင်နိုင်ဟာ ၁၉၆၂ ဗကသကျောင်းသားခေါင်းဆောင် ဦးလှရွှေရဲ့သားဖြစ်ပြီး သားအဖနှစ်ယောက်လုံး ထောင်ကျနေပါတယ်။
ဦးလှရွှေက မန္တလေး အိုးဘိုထောင်မှာကျနေတဲ့အတွက် မန္တလေးနဲ့ ရန်ကုန် တစ်ပြိုင်နက်တည်း ချိတ်ဆက်ဆန္ဒပြဖို့ ထောင်၀င်စာကတစ်ဆင့် ထောင်ဝါဒါတွေ မရိပ်မိအောင်ချိတ်ဆက်ရပါတယ်။
ဆက်အောင်နိုင်ထောင်၀င်စာက အပြန်မှာတော့ ဖခင်ဖြစ်သူ ပြောလိုက်တဲ့ လျှို့ဝှက်သင်္ကေတကို သယ်ဆောင်လာပါတယ်။
အဲဒီစကားကတော့ “ပန်းတိုင်း ပွင့်နိုင်ပြီ” ဆိုတာပါပဲ။ ဒါကြောင့် အစာငတ်ခံဆန္ဒပြမယ့် ၅ (ည)တွေဟာ လုပ်သားမောင် ၀မ်းနုတ်ဆေးကို ကြိုတင်သွင်းပြီး စုဆောင်းထားတယ်။
အင်းစိန်ထောင်အတွင်းမှဂန္ထ၀င်လူမိုက်ကြီးများ
အပိုင်း(၆)
#ဇော်သက်ထွေး
ကြိုတင် သတင်းရထားတဲ့ထောင်က လုပ်သားမောင်ဆေးတွေကို သိမ်းတော့ ပုန်းရည်ကြီးတွေနဲ့ရောပြီး သွင်းရတယ်။
အစာငတ်ခံဆန္ဒပြမယ့်နေ့မှာ ကျောင်းသားတွေက ကိုကိုးကျွန်းရဲ့ အတွေ့အကြုံကို ယူပြီး အစာအ၀စားကာ ၀မ်းနုတ်ထားလိုက်တယ်။
ထောင်ထဲက Hunger Strike ကို အပြင်က သိစေနိုင်ဖို့အတွက် နောက်ချန် သတင်းပြန်ကြားတာ၀န်ခံကို မရမ်းကုန်းက ဦးခင်မောင်ညွန့်နဲ့ ကိုလှဟန်ကို ရွေးချယ်ထားခဲ့ကြတယ်။
အဲဒီအချိန်က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟာ ဦးခင်မောင်လတ်ဖြစ်ပြီး အင်းစိန်ထောင်ပိုင်ကြီးကတော့ ဦးဘိုကြည်ဖြစ်ပါတယ်။
ထောင်ပိုင် ဦးဘိုကြည်ကို နိုင်ငံရေးအကျဉ်းသားတချို့က သူတို့ကို ရိုးရိုး ရာဇ၀တ်သားတွေနဲ့ ရောမထားဘဲ သီးသန့်ထားဖို့ တောင်းဆိုခဲ့တဲ့အတွက် ပြစ်ဒဏ်တိုက်ဖြစ်တဲ့ စစ်ခွေးတိုက်မှာ အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားတွေကို စုပြီး လွတ်လွတ်လပ်လပ် ထားပေးပါတယ်။
Hunger Strike စတဲ့ အချိန်ရောက်တော့ စစ်ခွေးတိုက်က နိုင်ကျဉ်းအုပ်စုတွေ မပါလောက်ဘူးလို့ ဦးဘိုကြည်က အပိုင်တွက်ထားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ခွေးတိုက်အုပ်စု အပါအ၀င် အဆောင်က နိုင်ကျဉ်းတွေရော တိုက်ထဲကသူတွေရော ပါလာတဲ့အတွက် အတော် ဦးနှောက်ခြောက်သွားကြရပါတယ်။
သတင်းတွေကို အမှောင်ချဖို့ကြိုးစားပေမယ့် ဦးခင်မောင်ညွန့်က ထောင်၀င်စာမှာ သမီးဖြစ်သူ ချယ်ရီကို ထောင်ထဲမှာ နိုင်ငံရေးသမားတွေ အစာငတ်ခံ ဆန္ဒပြနေပြီဖြစ်ကြောင်း သတင်းပေးလိုက်နိုင်ပါတယ်။
ငိုအားထက် ရယ်အားသန် ဆိုသလို ဦးခင်မောင်ညွန့်သမီးက တခြား နိုင်ကျဉ်းတွေ အစာငတ်ခံနေတဲ့အချိန်မို့ လိပ်ပြာမသန့်တဲ့အတွက် ဖခင်ဖြစ်သူကို ထောင်၀င်စာထုပ်မပေးဘဲ ပြန်ယူသွားတာကလည်း မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
Hunger Strike ဟာ တစ်ထောင်လုံးကို ပြန့်သွားပြီးတဲ့နောက် အကျဉ်းထောင်အရာရှိတွေဟာ လုပ်နေကျထုံးစံအတိုင်း အုပ်စုတွေခွဲပြီး စည်းရုံးခဲ့ပါတယ်။
တောင်းဆိုမှု (၅)ခုအနက် အနိုင်ရပါတီကို အာဏာလွှဲပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို လုပ်ပေးနိုင်တဲ့ အခွင့်အာဏာမရှိကြောင်း အသိပေးပြီး ကျန်တောင်းဆိုချက်သုံးခုကို လိုက်လျောမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
ဒီအချိန်မှာ Hunger Strike ၀င်တဲ့ နိုင်ကျဉ်းတချို့က သဘောတူပြီး ဒီတိုက်ပွဲကိုရပ်ဖို့ လုပ်ပါတယ်။ ဦးဘိုကြည်က သဘောမတူတဲ့လူ ရှိသေးလားလို့ မေးတဲ့အခါမှာတော့ ဆက်အောင်နိုင်က မတ်တတ်ရပ်ပြီး “ရှိပါတယ်၊ Hunger Strike ကို ဆက်လုပ်မယ်” လို့ ပြန်ပြောပါတယ်။
ဆက်အောင်နိုင် မတ်တတ်ရပ်ပြီးတဲ့နောက်မှာတော့ ဒီတိုက်ပွဲက ထွက်မယ့်သူ အတော်များများဟာ အားလုံးမတ်တတ်ရပ်ပြီး ဆက်အောင်နိုင်နဲ့အတူ ဆက်လက်တိုက်ပွဲ၀င်ဖို့ တစ်သားတည်း ရပ်တည်ခဲ့ပါတယ်။
ဒီနောက်မှာတော့ တိုက်ပွဲဟာ ပိုပြီးကြမ်း တမ်းလာခဲ့ပါတယ်။ တစ်ထောင်လုံးကို Hunger Strike ပြန့်သွား ပြီးတဲ့နောက် လူတွေကို အကုန်ခွဲထုတ်လိုက်ပါတယ်။
ဦးဘိုကြည်က အဆောင်ကလူတွေကို ပထမဦးဆုံး ခွဲထုတ်ပြီး သဘောထား တင်းမာတဲ့သူတွေကို တိုက်ထဲထည့်လိုက်ပါတယ်။ စက်တင်ဘာ ၁၉၊ ၂၀၊ ၂၁ အထိ အားလုံး တောင့်ခံနေတဲ့အတွက် အင်းစိန်ထောင်ဆရာ၀န်ကြီးရဲ့ အမိန့်နဲ့ အားလုံးကို ရေဖြတ်လိုက်ပါတယ်။
ရေမသောက်ရတဲ့အချိန်မှာတော့ အချို့သူတွေဟာ အားပြတ်ပြီး လဲကုန်ကြပါတယ်။
မှတ်မှတ်ရရ ထောင်က စစ်ခွေးတိုက်မှာ ရေအိုးတွေခွဲပြီး ရေဖြတ်လိုက်တဲ့အချိန် ည ၁ နာရီလောက်ရောက်တော့ မိုးရွာလာတယ်။ စစ်ခွေးတိုက်ရဲ့ အခန်းတွေရဲ့ နောက်ကျောဘက်မှာ တစ်ပေပတ်လည် လေ၀င်ပေါက်လေးတွေ ရှိတယ်။
တိုက်ရဲ့နောက်ကျောဘက်မှာက ငှက်ပျောပင်တွေ စိုက်ထားတယ်။ ရေငတ်နေတဲ့ ကျောင်းသားအချို့က ဒီအခြေအနေမှာ ရေသောက်ရဖို့ စိတ်ကူးတစ်ခုရတယ်။
အဲဒါကတော့ ပါလာတဲ့ဘာဘူစောင်ကို ဖြဲပြီး အခန်းထဲက ဗလအတောင့်ဆုံးလူရဲ့ ပခုံးပေါ်တက်ပြီး လေ၀င်ပေါက်ကနေ ငှက်ပျောပင်ပေါ်မှာ တင်နေတဲ့ရေကို စောင်အစနဲ့ ဆွဲယူတယ်။
ဘာဘူစောင်ဆိုတော့ ရေစုပ်အားကောင်းတယ်။ ရေ၀သွားတဲ့အခါမှ စောင်စကို ပြန်ဆွဲပြီး လက်နဲ့ညှစ်ပြီး တစ်ယောက်ချင်း သောက်ကြရတယ်။ အခု နှစ်ပေါင်း ၃၀ နီးပါး ကြာတဲ့အခါ သူတို့ကို ပြန်မေးကြည့်လိုက်တော့ အဲဒီတုန်းက သောက်ခဲ့ရတဲ့ ရေတစ်စက်ကို အခုထိ မမေ့သေးဘူးတဲ့။
ကံဆိုးချင်တော့ မိုးက အဲဒီညကပဲ ရွာပြီး ရပ်သွားတယ်။ နောက်နေ့ကျတော့ အစာငတ်ခံ ဆန္ဒပြတဲ့သူတွေ ရေဓာတ်ခန်း ခြောက်ပြီး အကုန်လဲကုန်တယ်။
အခြေအနေ ဆိုးတဲ့သူတွေကို ကပ်တွေနဲ့ ဆေးရုံခေါ်သွားပြီး ဆေးရုံမှာ drip ချိတ်ဖို့ တစ်ခါတည်း ပြင်ဆင်ထားပါတယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ ဆေးရုံမှာ အစာငတ်ခံတဲ့ လူနာတွေ များပြားလာပြီး နောက်ဆုံး လေးဦးသာ ကျန်ပါတော့တယ်။
ဒီအချိန်မှာ အကျဉ်းထောင်ရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တဲ့ တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ နိုင်ငံရေးတောင်းဆိုမှုတွေကို အော်ဟစ်ကြွေးကြော် တောင်းဆိုကြပါတယ်။
ဒီအသံတွေဟာ ထောင်အပြင်ဘက်က လူနေရပ်ကွက်တွေ ကြားသွားနိုင်တာကြောင့် ဝါဒါတွေက အင်းစိန်ထောင်ရဲ့ ဘူးတံခါးအပေါ်ထပ်က နေ “စာဥ” သီချင်းကို လော်စပီကာနဲ့ ဖွင့်ထားပြီး တိုက်ထဲက လူတွေကို ဂန်းပိုက်တွေနဲ့ ၀င်စီးပြီး ရိုက်နှက်ခဲ့ပါတယ်။
ဒါကြောင့် တိုက်ထဲက ငရဲတမျှဆူပွက်နေတဲ့ အော်သံဟစ်သံတွေဟာ အင်းစိန် ထောင်အပြင်ဘက်ကို လုံး၀ ရောက်ရှိလာခဲ့ခြင်း မရှိပါဘူး။
အစာငတ်ခံဆန္ဒပြပွဲ ပြီးသွားတဲ့နောက်မှာတော့ နိုင်ကျဉ်းတွေကို လူစုခွဲပြီး အဆောင်တွေမှာ နေရာချထားပေးခဲ့ပါတယ်။ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို ဦးကျိုးသွားပြီအထင်နဲ့ အဆောင်မှာ အလုပ်လေဘာ ချထားခဲ့ပါတယ်။
လုပ်ရတဲ့အလုပ်ကတော့ တောင်ယာ စိုက်ပျိုးရေးဖြစ်ပြီး အကျဉ်းသားတွေ နေ့စဉ်စွန့်ပစ်နေတဲ့ အညစ်အကြေးတွေနဲ့ ရေဆိုးရေညစ်တွေကို ကျင်းကြီးတွေနဲ့ စုထားပြီး သစ်ပင်တွေကို လောင်းရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေက ဒီအလုပ်ကို လုပ်ပေမယ့် တောင်ယာက သီးလာတဲ့ အသီးအနှံတွေကို စားသုံးခွင့်မပေးတဲ့အတွက် ကျေနပ်မှုမရှိဘူး။ Hunger Strikeက အနာကလည်း ရှိနေပြန်တယ်။
ဒါကြောင့် အင်းစိန်ထောင် (၄) ဆောင်မှာရှိတဲ့ သင်္ချာဂုဏ်ထူးတန်းကျောင်းသား ကျော်ကျော်သိန်း (ယခု VOA) နဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၂ ယောက်က ထောင်ကခိုင်းတဲ့အလုပ်ကို မလုပ်နိုင်တော့ဘူးဆိုပြီး Labour Strike ကို စတင်လိုက်ပြန်ပါတော့တယ်။
ဒီအချိန်မှာတော့ ထောင်က နိုင်ငံရေးသမားတွေကိုရိုက်ဖို့ လက်ရဲဇက်ရဲ ရှိသွားတဲ့အတွက် ၄၂ ယောက်လုံးကို ပြစ်ဒဏ်နဲ့ စစ်ခွေးတိုက် ပို့လိုက်ပါတယ်။ ပြစ်ဒဏ်နဲ့ သွားရတဲ့အတွက် စစ်ခွေး၀င်းထဲကို ၀င်ကတည်းက အုတ်ခဲကျိုးတွေပေါ်မှာ လေးဘက်တွားပြီး သွားရပါတယ်။
နှေးကွေးနေရင် နောက်ကနေ ဝါဒါတွေက “ဂန်း” ပိုက်နဲ့ ရိုက်ပါတယ်။ စစ်ခွေးတွေက အခန်းထဲကို ရောက်တဲ့အထိ ဟောင်လိုက် ကိုက်လိုက်လုပ်ပါတယ်။ စစ်ခွေးရောက်လာတဲ့ Labour Strike သမားတွေကို ပုံစံပေးဖို့ ထောင်က တာ၀န်ပေးခံရတဲ့သူကတော့ ဗိုလ်ကံလို့ခေါ်တဲ့ တပ်ကြပ်ကြီးကံညွန့် ဖြစ်ပါတယ်။
တပ်ကြပ်ကြီးကံညွန့်က နိုင်ကျဉ်းအားလုံးကို ခွေး၀ပ်နဲ့ ပုံစံကြီး နှစ်မျိုး ထိုင်ခိုင်းပါတယ်။ ခွေး၀ပ်ဆိုတာကတော့ ခြေထောက် ဒေါက်ခတ်ထားတဲ့သူကို လက်နှစ်ချောင်း ရှေ့ပစ်ဒူးထောက်ပြီး ဖင်ပူးတောင်း ထောင်ခိုင်းထားတာပါ။ ဒါကို ငါးမိနစ်ကြာအောင် လုပ်ရတာနဲ့ လူတစ်ကိုယ်လုံးတုန်ပြီး ချွေးတွေစိုရွှဲလာပါတယ်။
ပုံစံကြီးဆိုတာကတော့ ခေါင်းပေါ်ကို လက်တင်ထားပြီး ခြေထောက် နှစ်ချောင်းကို တင်ပါးပေါ် ထောက်ပြီး ထိုင်ခိုင်းထားတာပါ။ ပုံစံကြီးကလည်း သုံးလေးငါးမိနစ်ထက် ကြာရင် လူတစ်ကိုယ်လုံး ပစ်ကျသွားတတ်ပါတယ်။
ဗိုလ်ကံက ပုံစံကြီးလို့ အော်လိုက်ရင် အခန်းတိုင်းမှာ ခြေကျင်းသံတွေ နရီစည်းကျ တချွင်ချွင်မြည်သွားပြီး တညီတညွတ်တည်း ထိုင်ထားရပါတယ်။ အတန်ကြာမှ ဗိုလ်ကံက လာကြည့်ပြီး ပုံစံကြီးထိုင်တဲ့ အကျဉ်းသားတွေရှေ့က ချွေးကွက်ကို လာစစ်ဆေးပါတယ်။
ချွေးကွက် အကြီးကြီးတွေ့ရင် အေးစေပေးပြီး ချွေးကွက်မတွေ့တဲ့ အကျဉ်းသားကတော့ အရိုက်ခံရပါတယ်။ Labour Strikeနဲ့ စစ်ခွေးတိုက်ကို ရောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးကို အင်းစိန်ထောင်က ဆက်လုပ်ပါတယ်။
စစ်ခွေးတိုက်မှာ အထူးလုံခြုံရေးယူထားတဲ့ ၀န်ထမ်းတွေက အခန်းရှေ့မှာ ကွပ်ပျစ်ခင်း ကင်းစောင့်ပြီး အချင်းချင်း ရေသောက်ကြေး ကျားထိုးကြတယ်။ ရှုံးတဲ့လူက ဘေးမှာချထားတဲ့ သောက်ရေအိုးထဲက ရေတစ်ခွက် အပြည့်ခပ်ပြီး ကုန်အောင်သောက်ပြရတယ်။
ဒီမြင်ကွင်းက အစာမစား ရေမသောက်ဘဲ ဆန္ဒပြနေတဲ့ နိုင်ကျဉ်းတွေကို စိတ်ဒုက္ခပေးခြင်းတစ်ခုပါပဲ။ နောက်တစ်ခုကတော့ စစ်ခွေးတိုက်မှာပဲ ခွေးတွေကို နေ့စဉ်ကျွေးတဲ့ အမဲသား Quota တွေထဲကနေ တချို့ကို မဆလာနိုင်းချင်းနဲ့ချက်ပြီး တာ၀န်ကျ ၀န်ထမ်းတွေကို ဝေပေးတာပါပဲ။
မဆလာနံ့ သင်းနေတဲ့ အမဲသားရဲ့ အနံ့ဟာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ယိမ်းယိုင်သွားအောင် လုပ်ခဲ့တယ်။
ဒီလို နိုင်ကျဉ်းတွေကို စိတ်ပိုင်း ရုပ်ပိုင်း ဖြိုခွဲဖို့အတွက် ဗိုလ်ကံရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး နှစ်ယောက်ကတော့ ဂန္တ၀င်လူမိုက်ကြီး ကျော်သူနဲ့ တင်ဟန်တို့ ဖြစ်ပါတယ်။
ကျော်သူက ပြစ်ဒဏ်နဲ့ ရောက်လာတဲ့ နိုင်ငံရေးသမားတွေကို ပုံစံပေးဖို့အတွက် စိတ်မပါလှဘူး။ ဒါပေမဲ့ စစ်ခွေးတိုက်ရဲ့ အာဏာပိုင် တပ်ကြပ်ကြီး ဗိုလ်ကံက ကျော်သူ့ကို “မင်း သူတို့ကို ရိုက်မလား၊ မင်းမလုပ်ဘူးဆိုရင် မင်းပြန်ခံမလား၊ ဒီ နှစ်လမ်းထဲက တစ်လမ်းကိုရွေး” လို့ အမိန့်ပေးလိုက်တယ်။ ဒီစကားဟာ ကျော်သူ့ဘ၀အတွက် အလှည့်အပြောင်းတစ်ခုပါပဲ။
တစ်ချိန်က အဆောင်မှာ နိုင်ငံရေးသမားတွေနဲ့ သင့်မြတ်အောင် ပေါင်းသင်းနေထိုင်ခဲ့တဲ့ ကျော်သူဟာ စစ်ခွေးတိုက်မှာ သူရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် တပ်ကြပ်ကြီး ဗိုလ်ကံ ခိုင်းတဲ့အတိုင်း လုပ်မလား၊ ဒါမှ မဟုတ် မတရားတဲ့အမိန့်အာဏာတွေကိုဖီဆန်ဖို့ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးသမားတွေကို ကူညီစောင့်ရှောက်မလား။
လူမိုက်တွေရဲ့ထုံးစံအတိုင်း ကိုယ့်အတွက်ကိုယ်ကြည့်တတ်တဲ့ “ငတေ” သမားအဖြစ် မှတ်တမ်းရေးထိုးမလား။
ပွဲကတော့ အတော်ကြည့် ကောင်းလာပါပြီ …။
Labour Strike နဲ့ ရောက်လာတဲ့ ၅ (ည)တွေကို ဗိုလ်ကံကတော့ ဦးကျိုးေအာင် ရေရေလည်လည် နွှာနေပါတယ်။ ဗိုလ်ကံရဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ပေးရသူ နှစ်ယောက်ကတော့ စောစောပိုင်းကပြောသလို ကျော်သူနဲ့ တင်ဟန်ပါပဲ။
နေ့တိုင်း တစ်ယောက်တစ်လှည့်စီ ၅(ည)တွေကိုပုံစံကြီးပေးလိုက်၊ အိပ်မရအောင် မောင်းလိုက် လုပ်ရတယ်။ ၅(ည) တွေကလည်း ပျော့သယောင်နဲ့ မာကျောတယ်။ ပုံစံကြီးကို ကြံ့ကြံ့ခံ ဖြတ်သန်းတယ်။ ထောင်က ၅(ည) တွေ ဦးကျိုးပြီး လက်လျှော့လာမယ့် အခြေအနေကို စောင့်စားနေပေမယ့် မျှော်လင့်ထားသလို ဖြစ်လာမယ့်ပုံမပေါ်ဘူး။
ဒီကြားထဲမှာ ၅ (ည)တွေရဲ့ စည်းရုံးရေးဗျူဟာက သူတို့ကို များများနှိပ်စက်လေ ပိုပြီး သဘောထားကြီးပြလေပဲ။ သူတို့က တင်ဟန်နဲ့ ကျော်သူကို ဒေါသမထွက်ဘဲ ပြေပြေလည်လည်ဆက်ဆံတော့ ကျော်သူ့စိတ်ထဲမှာ ထူးဆန်းလာတယ်။
မနေနိုင်လို့ လေဘာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ဇော်ရဲ၀င်းကို မေးကြည့်တော့ “ခင်ဗျားတို့က ကျွန်တော်တို့နဲ့ ရန်သူတွေမှမဟုတ်တာ။ ဘ၀တူ အကျဉ်းသားတွေပဲ။ ဗိုလ်ကံ ခိုင်းသမျှ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေလုပ်နေတာကို ကျွန်တော်တို့က နားလည်တယ်” လို့ ပြောတော့ လူမိုက်ကြီး ကျော်သူ ရေရေလည်လည် ကြွေသွားတယ်။
ဒီလိုအမျိုးအစားတွေကို သူ့ဘ၀ တစ်လျှောက်မှာ မတွေ့ခဲ့ဖူးပါဘူး။စစ်ခွေးတိုက်မှာ အနေကြာလာတော့ ကျော်သူက ၅(ည)တွေကို ကရုဏာသက်လာတယ်။ နောက်ပိုင်း ကျော်သူက တင်ဟန်ထက်စာရင် ၅(ည)တွေကို “အထာ”ထားလိုက်တယ်။ ဗိုလ်ကံက ငါးခါလောက် မောင်းခိုင်းရင် နှစ်ခါလောက်ပဲ လုပ်တော့တယ်။
ဗိုလ်ကံကြားအောင် “သတိ”ဆိုတဲ့ အသံကို အကျယ်ကြီးအော်ပြီး နောက်မှ “အေးစေ”ကို ခပ်တိုးတိုး အော်ကာ ၅(ည)တွေ သက်သောင့် သက်သာနေနိုင်အောင် ပါးပါးနပ်နပ် လုပ်သွားတယ်။
ဗိုလ်ကံ စစ်ခွေးတိုက်အပြင်သွားရင် ဝါးဆစ်ပိတ်တုတ်နဲ့တိုက်နံရံကိုခေါက်ပြီး အချက်ပေးတဲ့အတွက် ၅(ည)တွေ အေးအေးဆေးဆေး အနားယူခွင့်ရတယ်။ တစ်နည်းအားဖြင့် နှိပ်စက်ညှဉ်းပန်းမှုကို ကြံ့ကြံ့ခံဖို့ အားပြန်ဖြည့်ခွင့်ရတာပေါ့။
ဒါပေမဲ့စစ်ခွေးတိုက်မှာတော့ မုန်တိုင်း စနေပါပြီ။ ဒီမုန်တိုင်းကတော့ ကျော်သူ့ကိုကြည့်မရတဲ့ “ဇိုး” တွေက ဗိုလ်ကံကို အကြီးအကျယ် အချွန်နဲ့ မလို့ တိုက်ခတ်လာတဲ့ မုန်တိုင်းဖြစ်ပါတယ်။
သူတို့က ကျော်သူဟာ ၅(ည)တွေကို တကယ်ပုံစံကြီးမပေးဘဲ ဗိုလ်ကံ ကျေနပ်အောင် ဟန်ပြ “ရုပ်ရှင်ရိုက်” ခဲ့တာလို့ ကုန်းချောပါတယ်။ ဗိုလ်ကံက မယုံလို့ ကျော်သူ့ကိုမေးကြည့်တော့ ကျော်သူက ဟုတ်တယ်လို့ ၀န်ခံလိုက်တယ်။ အဲဒီမှာတင် ဗိုလ်ကံအကြီးအကျယ် ပေါက်ကွဲတော့တာပါပဲ။
ကျော်သူ့ကို ထိုင်ရာကထပြီး ပါးတွေရိုက်၊ လက်သီးနဲ့ ထိုးတယ်။ ကျော်သူက ဖွဲအိတ်တစ်အိတ်လို ပေပြီးခံတယ်။“ကျော်သူ…မင်းက ငါမွေးထားတဲ့ ခွေးတွေလောက်တောင် ငါ့အပေါ် သစ္စာမရှိဘူး။
ငါကတော့ မင်းကို တော်တော်ယုံကြည် အားထားခဲ့တယ်။ ဒါပေမဲ့ မင်းက သစ္စာဖောက်တယ်”ဗိုလ်ကံရဲ့ဒေါသက ဒီလောက်နဲ့ ရပ်မသွားဘူး။ ခါးက ခါးပတ်ကို ချွတ်ပြီးရိုက်တဲ့အပြင် ကျော်သူ့ကို ဒေါက်ခြေကျင်းခတ်ပြီး တိုက်ပိတ်လိုက်တယ်။
“ငါ့ကို သစ္စာဖောက်တဲ့ကောင် … မင်းသိပ်ချစ်တဲ့ ၅ (ည)တွေ ခံစားရသလို ခံစားကြည့်လိုက်ပေါ့ ကွာ”ဗိုလ်ကံက ကျော်သူ့ကို နေ့ရော ညရော အနားမရအောင် ပုံစံကြီးမောင်းခိုင်းတယ်။
စစ်ခွေးတိုက်မှာရှိတဲ့ လူမိုက်တွေကလည်းခွင်ကြုံရတာနဲ့ ကျော်သူ့ကို အမဲဖျက်သလို ဝိုင်းဖျက်ကြတယ်။ ဒီကြားထဲ ဗိုလ်ကံက အခန်းထဲမှာ ပိတ်ထားတဲ့ ကျော်သူ့ကို တိုက်ခန်းအပြင်ကနေ “ကုန်းသီး” နဲ့ ပစ်တယ်။
ကုန်းသီးဆိုတာက လောက်လေးခွထဲမှာ သံမူလီထည့်ပြီး ပစ်တာပါ။ တစ်ချက်ထိလိုက်တာနဲ့ ချက်ချင်းကွဲပြီး သွေးတွေ ရဲခနဲ ဖြာကျလာတယ်။
ကျော်သူက သတ်္တိကောင်းတယ်။ ကြောက်တဲ့အသံ တစ်ချက်မှ မထွက်ဘူး။ ဒါကို မြင်လေ၊ ဗိုလ်ကံ ဒေါကန်လေပဲ။
ခြေထောက်ကို ဒေါက်ခတ်ထားတဲ့ ကျော်သူ့ကို ကုန်းသီးနဲ့ ပစ်လိုက်၊ ပုံစံကြီး ထိုင်ခိုင်းလိုက်နဲ့ မောင်းနေတယ်။ ကျော်သူကလည်း သွေးအလိမ်းလိမ်းကြားထဲက ပုံစံကြီး ထိုင်ရတယ်။ ရက်ကြာလာတော့ ကျော်သူ့ အခြေအနေက မကောင်းတော့ဘူး။
အခန်းထဲမှာ ခွေပြီးလဲနေတဲ့ ကျော်သူ့ကို ထောင်ဆရာ၀န်က လာစစ်ဆေးပြီးတဲ့ နောက်မှတော့ ဗိုလ်ကံကို Tature တွေ ရပ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ကျော်သူက ခေါင်းပြန်ထောင်မလာနိုင်ဘူး။နောက်ဆုံးတော့ ထောင်ဆေးရုံတင်ဖို့ အမိန့်ပေးလိုက်တော့တယ်။
ဒီအချိန်မှာ ကျော်သူ ဘာဆက်ဖြစ်မလဲဆိုတာကို နားစွင့်နေတဲ့ အုပ်စုတွေ ရှိနေတယ်။ သူတို့တွေက စိုးမြတ်ကြီးနဲ့ ကျော်သူ ခေတ်ကောင်းစဉ်ကာလက “ငုပ်” နေရတဲ့ လူမိုက်အုပ်စုတွေပဲ။
အခုတော့ ထောင်ဆေးရုံကို ကျော်သူ ရောက်လာပြီဆိုတဲ့ သတင်းက တစ်ထောင်လုံးကို ပြန့်သွားတယ်။
ကျော်သူ့အတွက် မြွေပူရာ ကင်းမှောက်ဆိုသလို သူနဲ့ ရန်သူတော်ဖြစ်ခဲ့တဲ့ “မူဆာကြီး” ကလည်း အပြင်ဆေးရုံကနေ လွတ်မြောက်သွားပြန်သတဲ့။ ကျော်သူကလည်း အရာအားလုံးကို တွက်ဆထားပါတယ်။
စစ်ခွေးတိုက်ဟာ ကံတရားအရ သူ့အတွက်အလုံခြုံဆုံး ဖြစ်ခဲ့ပေမယ့် လူပေါင်းထောင်ချီ ရှိနေတဲ့ အဆောင်တွေဆီကို ပြန်ရောက်သွားရင် သူ့ကို အမှုန့်ချေမယ့်လူ၊ လက်စားချေမယ့်လူ၊ အပျောက်ရှင်းမယ့်လူတွေ အနည်းနဲ့အများ ရှိနေတယ်ဆိုတာကို နားလည်ထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ကံဆိုးမိုးမှောင်ကျပြီး စစ်ခွေးတိုက်ကနေ ဗိုလ်ကံက ကန်ထုတ်လိုက်တဲ့ အပေါ်မှာ လုံးဝနောင်တမရပါဘူး။
လူမိုက်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ လာမယ့်ဘေး ပြေးတွေ့ရုံပဲ ရှိပါတော့တယ်။
ကျော်သူ ထောင်ဆေးရုံ ရောက်လာတာကို အခြားသူတွေထက် ပိုပြီးစိတ်၀င်စားတဲ့ လူနှစ်ယောက် ပေါ်လာတယ်။ တစ်ယောက်တော့ တာမွေအိုးစုက “စိန်ကုလား” ဖြစ်ပြီး နောက်တစ်ယောက်တော့ ဆေးရုံကြီး လူမိုက်အုပ်စုထဲက ဇရှိတဲ့ “စိန်၀င်း” တို့ ဖြစ်ပါတယ်။
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြောင့် တပ်မတော်က အာဏာသိမ်းပြီးစအချိန်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အင်းစိန် ဗဟိုစံပြအကျဉ်းထောင်ရဲ့ မိန်းဂျေးလ်လမ်းမဆိုတာ အကျဉ်းထောင်ရဲ့ ထောင်မှူး၊ ထောင်ပိုင်၊ ဝါဒါတွေက လွဲပြီး အကျဉ်းသားတွေ တက်လျှောက်ခွင့်မရှိပါဘူး။
ဒါပေမဲ့ မိန်းဂျေးလ်လမ်းမကြီးပေါ်မှာ အဲဒီအချိန်က ပလေကပ်ပုဆိုးကို ဒူးလောက် မတင်ပြီး ဒေါသတကြီး ထောင်ပိုင်ကို ဆဲဆိုနေတဲ့ အကျဉ်းသားတစ်ယောက် ရှိပါတယ်။
“ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေး၊ ထောင်မှာ စိန်ဌေးဆို အဆိပ်ပြင်းတယ်ဆို၊ ကြီးကြီးကျယ်ကျယ် လာပြောမနေနဲ့။ ၈၈ အရေးအခင်းမှာ တစ်ထောင်လုံး ဆူပူပြီး မီးတင်ရှို့တဲ့အချိန်မှာ ခင်ဗျား ဘယ်နေရာ သွားပုန်းနေတာလဲ။
မိုးထဲရေထဲမှာ အဲဒီအချိန်က အင်းစိန်ထောင်ကို ဘယ်သူအုပ်ချုပ်ခဲ့ရသလဲ။ အခုမှကျုပ်ကို ဟိန်းလား ဟောက်လား၊ ခြိမ်းလား ခြောက်လား လာမလုပ်နဲ့၊ ကျေးဇူးမကန်းနဲ့” အင်းစိန်ထောင်ပိုင်ကြီးကို မိန်းဂျေးလ်လမ်းမပေါ်တက်ပြီး လက်ညှိုးငေါက်ငေါက်ထိုး ဆဲဆိုနေတဲ့ ဒီအကျဉ်းသားကို ဘယ်သူမှ မတားရဲပါဘူး။
သူ့နာမည်က အီဆတ်။ သူက ၁၉၈၈ အရေးအခင်းကြောင့် အင်းစိန်ထောင် အုပ်ချုပ်ရေး ပျက်ပြားပြီး ထောင်ပေါက်သွားချိန်မှာ အင်းစိန်တစ်ထောင်လုံးကို အုပ်ချုပ် ထိန်းသိမ်းပေးခဲ့တာ ဖြစ်ပါတယ်။သူ့လိုပဲ အဲဒီအချိန်က ဂန္တ၀င်လူမိုက်စာရင်းထဲ ထည့်ရမယ့် လူထူးလူဆန်းတွေ ရှိခဲ့ပါတယ်။ သူတို့ထဲမှာ စိုးမြတ်ကြီးက “အစ်ကို” လို့ ရိုရိုသေသေခေါ်ရတဲ့ “ကော်ပြန့်”၊ ကော်ပြန့်က စတော့ဂိတ်ကပဲ။
မဟုတ်မခံကောင် လူဆိုးအစစ်။ ၈၉ ခုနှစ် ရုံးထုတ်နေတဲ့အချိန်မှာ ထောင်ဘူး၀နားက မိန်းမဆောင်မှာ မိန်းမအကျဉ်းသားတွေ မထားသေးဘူး။ အဲဒီမှာ ရုံးထုတ်တဲ့လူတွေကို စုထားလေ့ရှိတယ်။ အဲဒီမှာ ကော်ပြန့်က လူနှစ်ဆယ်နဲ့ တစ်ယောက် ခံချခဲ့တဲ့ကောင်။
နောက်တစ်ယောက် ရှိသေးတယ်။ သူက ကြိုးလွတ်သန်းလွင်။ အရူးသားသားကို သံချွန်နဲ့ထိုးဖို့ လုပ်တဲ့အထဲမှာ ပါခဲ့တာပေါ့။ သူက ညဘက်ရောက်ရင် ကြိုးတိုက်မှာ ကော်ခွက်ကို ပိုးကြိုးတပ်ထားတဲ့ လက်လုပ်စောင်းလေးကို တီးလေ့ရှိတယ်။
သူ့ကို ဘယ်သူ သင်ပေးသွားတာလဲဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်ကို ကော်ဆဲလို့ ၅(ည)နဲ့ငါးနှစ်ကျသွားတဲ့ စောင်း ဦးမြင့်ဆွေ သင်ပေးသွားခဲ့တာ။နောက်ဆုံးတစ်ယောက်ကတော့ ပုဇွန်တောင် စတော့ဂိတ်ကနေ ထောင်ကျလာတဲ့ “၀င်းတင်”။
သူတို့အထဲကမှ ၈၈ အရေးအခင်း လူသတ်မှုနဲ့ ထောင်ကျလာတဲ့ စတော့ဂိတ်၀င်းတင် အကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။
အင်းစိန်ထောင်အတွင်းမှဂန္ထဝင်လူမိုက်ကြီးများ
အပိုင်း(၇)
#ဇော်သက်ထွေး
၀င်းတင်ဟာ တကယ်တော့ လူဆိုးလူမိုက် စာရင်း၀င် မဟုတ်ပါဘူး။
တစ်နိုင်ငံလုံး အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် တောင်းဆိုဆန္ဒပြတဲ့ထဲမှာ ပါ၀င်လာပြီး ကံဆိုးမိုးမှောင်ကျကာ အရေးအခင်း လူသတ်မှုထဲ ပါ၀င်ခဲ့တာ ဖြစ်ပါတယ်။
ထောင်ထဲမှာ လူချစ်လူခင် ပေါများပြီးတဲ့နောက်မှာ သတ်္တိလည်းရှိတဲ့အတွက် ထောင်လူမိုက်တွေက ၀င်းတင်ကို “တန်း” တစ်ခု အရာပေးခဲ့တာပါ။ ထောင်ထဲမှာက အနေအစားချောင်ပြီး နာမည်ကြီးချင်ရင် “ရှိသုံးရှိ” ရှိရမယ်လို့ ဆိုရိုးစကား ရှိပါတယ်။
အဲဒီ ရှိသုံးရှိကတော့ “ပိုက်ဆံရှိရမယ်၊ ဂုဏ်ရှိရမယ်၊ သတ်္တိရှိရမယ်”တို့ဖြစ်ပါတယ်။ ဒီရှိသုံးရှိမရှိရင် ထောင်ထဲမှာ အာဝါဒါးစာရင်း ၀င်သွားပါလိမ့်မယ်။၀င်းတင်ကတော့ မိသားစုကလည်း ပိုက်ဆံရှိပြီး ထောင်၀င်စာ မှန်မှန်လာနိုင်တယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ပြေပြစ်တယ်။ ရုပ်ရည်ကလည်း သန့်ပြန့်မွန်ရည်တဲ့အတွက် “ဇိုး” တွေထဲမှာ ၀င်ဆံ့လာတာပါ။
၀င်းတင်ကလည်း ထောင်အာဏာပိုင်တွေရော၊ လူဆိုးတွေရောအားလုံးကို “ဇယား” နိုင်တယ်။ ၀င်းတင် အမြဲပြောတဲ့ စကားတစ်ခွန်းရှိတယ်။“၀င်းတင်ဆိုတာ သေရမှာ မကြောက်လို့ အစိုးရကို ဆန္ဒပြလာတာ။ ၀င်းတင်ကို ဖိုက်ချင်ရင် ကြိုက်တဲ့ လက်နက်နဲ့ လာထိုးကြည့်၊ အား…လို့အော်ရင် အဲဒါ ၀င်းတင်မဟုတ်ဘူး” လို့ ပြောတတ်တယ်။
တစ်နေ့တော့ ၀င်းတင်အတွက် သူ့ရဲ့စကားတစ်ခွန်းဟာ သူ့သမိုင်းအတွက် သက်သေပြဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာ ဇိုးတွေက ထောင်ဝါဒါတွေလစ်တာနဲ့အချင်းချင်း လောင်းကစားလုပ်လေ့ရှိတယ်။
၁၉၈၉ လောက် အင်းစိန်ထောင်ထဲမှာ ဝါဒါတွေ ဖမ်းလို့မရတဲ့ လောင်းကစားနည်းတွေကတော့စုံ,မ ဝှက်တာပဲ။ နောက်ကစားနည်းတစ်ခုကတော့ ပဆစ်ပစ်တယ်။ အပြင်လောကမှာ ပဆစ်ပစ်တယ်ဆိုတာ ကြွေပန်းကန်ထဲမှာ ကြွေထည့်ပြီး ပစ်ရတာပါ။ ထောင်ထဲမှာ ကြွေကမရှိတော့ အလွယ်ရတဲ့ မန်ကျည်းစေ့ကို ပြုပြင်ပြီး အကွက်ဖော်တယ်။
ပြီးတော့မှ ပုံစံပန်းကန်ထဲကို ထည့်ပြီးတစ်ဘာရာ, တစ်ခြောက်ဆိုပြီး ပစ်ကြတယ်။ ဒါပေမဲ့ စုံ,မ ဝှက်နည်းထဲမှာ“ဇယ်ဆုပ်” တဲ့ ကစားနည်းကတော့ ၀င်းတင်အသေအလဲကြိုက်တဲ့ ကစားနည်းပါပဲ။ ဒီကစားနည်းက လူလေးယောက် အကွက်လေးကွက်ချပြီး ကစားရတာဖြစ်ပါတယ်။
တစ်ယောက်ကို မန်ကျည်းစေ့ အလုံး ၁၀၀ စီလောက် ဆုပ်ပြီးတော့မှ ကစားရတာဖြစ်ပါတယ်။ လူလေးယောက်ရှေ့မှာ ဂဏန်းကွက် စုံ,မ လေးကွက်ရှိပြီး ဒိုင်ကိုတစ်ကွက် ပေးရပါတယ်။ ထိုးသားသုံးယောက်က ကျန်တဲ့ အကွက်သုံးကွက်မှာ ကြိုက်ရာထိုးလို့ရတယ်။ ပြီးတော့မှ လက်နဲ့ဆုပ်ထားတဲ့ မန်ကျည်းစေ့တွေကို ရေရတာပါ။
လက်ထဲမှာ နိုင်သလောက် ဆုပ်ထားတဲ့ မန်ကျည်းစေ့တွေကို လေးလုံးစီ၊ လေးလုံးစီ ထုတ်ထုတ်သွားပြီး နောက်ဆုံးကျန်တဲ့ မန်ကျည်းစေ့က သုံးလုံးလား၊ နှစ်လုံးလား၊ တစ်လုံးလား၊ ကိုယ်ထိုးတာနဲ့ ကိုယ့်လက်ထဲကျန်တာနဲ့ ကိုက်ရင် ဒိုင်ကလျော်ရပါတယ်။ ဒီကစားနည်းကို ၀င်းတင်က အသေကြိုက်တယ်။
တစ်နေကုန် ဇယ်ဆုပ်နေလေ့ ရှိတယ်။ထောင်ဆိုတာက မ,တစ်ရာသားတွေဖြစ်တဲ့အတွက် ၀င်းတင်အပေါ်မှာ မကျေနပ်တဲ့သူကလည်း ပေါ်လာသေးတယ်။
သူ့နာမည်က “ကျွဲမ”လို့ ခေါ်ပါတယ်။ တကယ်တော့ မိုက်ဂုဏ်ရော၊ ပေါင်းသင်းဆက်ဆံရေးမှာပါ ကျွဲမက၀င်းတင်ကို မယှဉ်နိုင်ပါဘူး။ ခက်တာက ထောင်ထဲမှာ လူမိုက်တန်း၀င်ချင်ရင် နာမည်ကြီးအောင် လုပ်ရတယ်။ နာမည်ကြီးချင်ရင်နာမည်ကြီးတဲ့ လူတစ်ယောက် ယောက်ကို ဖြိုနိုင်မှရမယ်။ အဲဒီအချိန် ဥပဒေက ထောင်တွင်းမှာ လူသတ်ရင် ထောင်ဒဏ်ငါးနှစ်ပဲ။ နာမည်မကြီးတဲ့ လူသတ်လည်း ငါးနှစ်ပဲ။ နာမည်ကြီးတဲ့လူသတ်လည်း ငါးနှစ်ပဲ။
ဒီတော့ နာမည်ကြီးချင်တဲ့ ကျွဲမက ၀င်းတင်ကို ပစ်မှတ်ထားတယ်။ ဇယ်ဆုပ်တိုင်းကျွဲမက အမြဲရှုံးပြီး ၀င်းတင်က အမြဲနိုင်တယ်။ နိုင်တဲ့သူပီပီ ၀င်းတင်က ကျွဲမကို “အိုးပေးရင် အရှုံးကစားပေးမယ်” လို့ စခဲ့ဖူးတယ်။ ဒါကို ကျွဲမက နာကျည်းပြီး အသဲပေါက်နေတယ်။ ဒါကြောင့် တောင်ယာသမား သုံးယောက်လောက်ကို စည်းရုံးပြီး ၀င်းတင်ကို သတ်ဖို့လုပ်တယ်။
အဲဒီနေ့က အဆောင်ရှေ့က ရေကန်နားမှာ ၀င်းတင်တို့က ဇယ်ဆုပ်နေတယ်။ ကျွဲမနဲ့ သူ့ ဘော်ဒါသုံးယောက်က ချွတ်တွေယူပြီး ၀င်းတင်ကို သတ်ဖို့ပြင်ဆင်နေကြတယ်။ ဒီသတင်းကိုကြားတဲ့ သူတစ်ယောက်က ၀င်းတင်ကိုလာပြောတယ်။“ကျွဲမတို့အုပ်စု ခင်ဗျားကို သတ်ဖို့ လုပ်နေကြတယ်”၀င်းတင်က ဇယ်ဆုပ်ရင်း ကစားမပျက် ပြန်ပြောတယ်။“ဟိတ်ကောင် … ၀င်းတင် ဘ၀မှာ ထွက်ပြေးတယ်ဆိုတာ ထုံးစံမရှိဘူး၊ သတ္တိရှိရင် လေနဲ့ မရိုက်နဲ့လို့”သူ့ စကားအဆုံးမှာပဲ ကျွဲမတို့အုပ်စုက လက်နက်အသီးသီးနဲ့ ရေကန်ဘေးကို ရောက်လာတယ်။
ကျွဲမက ၀င်းတင်ကို မြင်မြင်ချင်း ချွတ်နဲ့ ပြေးထိုးတယ်။ ၀င်းတင် အံ့သြချိန် မရလိုက်ပါဘူး။ ချွတ်ကိုကပျာကယာ ရှောင်လိုက်ပြီး တောင်ယာထဲကို ပြေးသွားတယ်။ ကျွဲမတို့အုပ်စုက သံချွန်တွေ၊ ပေါက်တူးတွေကိုင်ပြီး တောင်ယာထဲကို တရကြမ်းလိုက်လာတယ်။ ၀င်းတင်က တောင်ယာထဲမှာ အသင့်ရှိနေတဲ့ ရေပန်းခရားနဲ့ ကျွဲမတို့ လေးယောက်ကို ခုခံတယ်။
လုံး၀ထွက်မပြေးဘူး။တခြားအကျဉ်းသားတွေနဲ့ မိန်းဂျေးလ်ကလည်း အခြေအနေ မြန်လွန်းလို့ မထိန်းသိမ်းနိုင်ဘူး။ ဒီအချိန်မှာ ၀င်းတင်ကိုကူဖို့ အဆောင်အပြင်ဘက်ကနေ စိုးမြတ်ရဲ့ အမှုတွဲ “ဂါးဂါးလေး” က ပြေးလာတယ်။ဒါပေမဲ့ အဆောင်မှာရှိတဲ့ ဝါဒါက တံခါးကိုအမြန် ပိတ်လိုက်တယ်။
တောင်ယာကို လာကူလို့မရတဲ့အတွက် ဂါးဂါးလေးက “၀င်းတင် ဒီကိုပြေးလာခဲ့” ဆိုပြီး အော်ခေါ်တယ်။ ဂါးဂါးလေး အသံကြားလို့ ၀င်းတင်က တစ်ချက်လှမ်းအကြည့်မှာ ကျွဲမက သံချွန်နဲ့ ပြေးထိုးလိုက်တယ်။
၀င်းတင်ငိုက်အသွားမှာ ကျွဲမနဲ့ ပါလာတဲ့သူတွေက လက်နက်မျိုးစုံနဲ့ ၀င်းတင်ကို ဝိုင်းထိုးလိုက်တော့တယ်။ တစ်ထောင်လုံး မကူညီနိုင်ဘဲ ကြည့်နေတဲ့အချိန်မှာ ၀င်းတင်ဟာ သွေးအိုင်ထဲ လဲကျသွားတယ်။ အဲဒီအချိန်ကျမှ ခရာတွေမှုတ်ပြီး ဝါဒါတွေ ၀င်လာတယ်။
၀င်းတင်ကိုသတ်တဲ့ ကျွဲမတို့အုပ်စုလည်း မခုခံဘဲ အညံ့ခံလိုက်တယ်။ဒီဖြစ်ရပ်ကို ဝိုင်းကြည့်နေတဲ့ ထောင်သားတွေထဲက လူတစ်ယောက်ရဲ့ အသံကကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။“၀င်းတင်တော့ သေသွားပြီကွ။ ဒါပေမဲ့ သူ့စကားအတိုင်းပဲ သေသာသွားရော“အား”ခနဲ တစ်ချက် အော်မသွားဘူး”ကြားရတဲ့သူ အပေါင်းဟာ ဘာမှမပြောနိုင်ဘဲ ၀င်းတင်အလောင်းကို ကြည့်ရင်း အံ့သြမှင်တက် တွေဝေနေကြတယ်။
စစ်ခွေးတိုက်ကနေ ဆေးရုံကို ရောက်နေတဲ့ ကျော်သူကို အပြတ်ရှင်းဖို့ စိတ်ကူးယဉ်တဲ့လူက ယဉ်နေပြီ၊ စီမံချက်ဆွဲတဲ့သူက ဆွဲနေကြပြီ။ ထောင်ဆိုတာကလည်း ပြဿနာတစ်ခုဖြစ်ရင် အမြဲ ဘက်နှစ်ဖက် ရှိကြစမြဲပဲ။
ဒီအခြေအနေမှာ အကာအကွယ်မဲ့နေတဲ့ ကျော်သူ့ကို အဆောင်ကနေ စိတ်ပူနေတဲ့ သူငယ်ချင်း ရောင်းရင်းတွေလည်း ရှိတယ်။ သူတို့တွေထဲမှာ (၁)ဆောင်က သူတွေက အစိုးရိမ်ဆုံးပဲ။
သူတို့က ကျော်သူ့ဆီကို လှမ်းဆက်သွယ်ပြီး စိန်၀င်းတို့ စိန်ကုလားတို့က သတ်ဖို့ ကြံစည်နေတယ်ဆိုတာကို သတင်းကြိုပို့လိုက်တယ်။
ပြီးတော့ သူတို့ရန်က ကာကွယ်ရှောင်ထွက်ဖို့ကိုလည်း အကြံပေးထားတယ်။ (၁) ဆောင်က ဇိုးတွေကကျော်သူ့အပေါ် သံယောဇဉ်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျော်သူက စိုးမြတ်ကြီးရဲ့ အကူအညီနဲ့ (၁)ဆောင်မှာ နှစ်ရှည်လများ အနေကြာခဲ့လို့ပါပဲ။ ဒါ့အပြင် (၁)ဆောင်ကလူတွေ ပါးစပ်ဖျားထဲမှာ “ကျော်သူ ကျော်သူ”ဆိုပြီး တဖွဖွပြောခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကလည်း ကျန်ရစ်ခဲ့တာကိုး။
ဒီအဖြစ်အပျက်က ၁၉၈၉ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြုတ်အကျ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုပြီး တပ်မတော်က အာဏာသိမ်းပြီးစအချိန်မှာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် အပြည့်အ၀ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒီအခွင့်အရေးကို အိမ်နီးချင်း ထိုင်းနိုင်ငံက အမိအရယူပြီး မြန်မာ့ပင်လယ်ရေပိုင်နက်ထဲမှာ ငါးဖမ်းလှေတွေ ထောင်ချီခိုး၀င်ပြီး စိတ်ကြိုက် ငါးခိုးဖမ်းခဲ့ပါတယ်။
ရေတပ်က တတ်နိုင်သမျှ ဖမ်းဆီးတဲ့အချိန်မှာတော့ မြန်မာ့ရေပိုင်နက်ထဲ ခိုး၀င်တဲ့ ထိုင်းတံငါသည်တွေ ရာချီပြီး ထောင်တွေကို ရောက်လာပါတယ်။ အင်းစိန်ထောင်မှာလည်း ထိုင်းငါးဖမ်းသမားတွေ ရာချီပြီး ရှိနေပါတယ်။သူတို့တွေကို မြန်မာအကျဉ်းသားတွေနဲ့ ပြဿနာတက်မှာစိုးလို့ အင်းစိန်ထောင်မကြီးမှာ မထားဘဲ သီးသန့်ထောင်၊ (၁) ဆောင်နဲ့ (၂) ဆောင် အပေါ်ထပ်တွေမှာ အာဏာပိုင်တွေက နေရာချထားပေးတယ်။
တစ်ရက်မှာ ထိုင်းအကျဉ်းသားတွေနဲ့အတူ ပါလာတဲ့ ပသျှူးလူမျိုး “ပဲ့နင်း”တစ်ယောက်နဲ့ ထိုင်းတွေ ရန်ဖြစ်ပြီး ပြဿနာတက်ကြတယ်။ အမှန်တကယ်တော့ အဲဒီပသျှူးက မွေ့ထိုင်းလက်ဝှေ့သမား။ ထိုင်းသူဌေးက သူ့အလုပ်သမားတွေကို ငြိမ်အောင်ထိန်းဖို့အတွက် သူ့ကို ပဲ့နင်းရာထူးပေးပြီး မြှောက်စားထားခဲ့တာ။ သူက ထောင်ထဲမှာ ဗိုလ်ကျလွန်းတော့ ထိုင်းတွေက မခံနိုင်ဘဲ ထချကြတာ။
နောက်ဆုံး ပသျှူးကို ခြေကျင်းခတ်ပြီး အင်းစိန်ထောင်မကြီးထဲ ပို့လိုက်တယ်။ ထောင်မကြီးရောက်တော့ လက်ဝှေ့ဝါသနာပါတဲ့ စိုးမြတ်ကြီးက သူနေတဲ့ (၁) ဆောင်ကို ခေါ်ထားလိုက်တယ်။ ခြေကျင်းကိုတော့ ဖြုတ်မပေးသေးဘူး။ စားရေးသောက်ရေး မခက်ခဲအောင်တော့ စီစဉ်ပေးထားလိုက်တယ်။ ဒီတော့ ပသျှူးက စိုးမြတ်ကြီးကို အရမ်းကျေးဇူးတင်နေတယ်။
စိုးမြတ်ကြီးကလည်းအားတဲ့အချိန်မှာ ပသျှူးဆီက မွေ့ထိုင်းပညာကို သင်တယ်။ လက်ဝှေ့ ဝါသနာပါတဲ့ အခြားလူမိုက်တွေလည်း ပသျှူးဆီက လာသင်ကြတယ်။ တစ်ရက်တော့စိုးမြတ်ကြီးက ပသျှူးကို သူနဲ့ တစ်ပွဲတစ်လမ်းထိုးဖို့ ပြောတယ်။
ဒါပေမဲ့ ပသျှူးက အသည်းအသန် ငြင်းတယ်။ တစ်ထောင်လုံးက ကြောက်ရွံ့ခယနေရတဲ့ စိုးမြတ်ကြီးနဲ့ ထိုးလို့ နိုင်ရင်လည်း အန္တရာယ်ရှိမှန်း၊ ရှုံးရင်လည်း အန္တရာယ်ရှိမှန်း ပသျှူးလက်ဝှေ့သမားကကောင်းကောင်းသိတယ်။ ခန္ဓာကိုယ်အရပ်အမောင်း အလေးချိန်ကတော့ သိပ်မကွာဘူး။ ပသျှူးက အရပ် ၆ ပေ နီးပါးရှိတယ်။ စိုးမြတ်ကြီးကလည်း ဒေါင်ကောင်းပါတယ်။
ဒါပေမဲ့ ပသျှူးက မထိုးဘူးဆိုတော့ ပွဲကောင်းကြည့်ချင်သူတွေ စိတ်ညစ်သွားတယ်။ နောက်ဆုံး ပသျှူးက စိုးမြတ်ကြီးရဲ့ဘေးက ဧရာကြီးကို လက်ညိုးထိုးပြပြီး သူ့နဲ့ထိုးမယ်လို့ ပြောတယ်။ ဧရာကြီးကတော့ အလုံးအထည်ကြီးပေမယ့် အရပ်အတော်ပုတော့ စိုးမြတ်ကြီးက ဆိုင်ပေးဖို့ ၀န်လေးနေတယ်။ ဒါပေမဲ့ဧရာကြီးက ပသျှူးနဲ့ ထိုးမယ်လို့ စိုးမြတ်ကိုပြောလိုက်တယ်။
ဧရာကြီးကလည်း သူ့တွက်ကိန်းနဲ့သူပဲ။ ဘာလို့လဲဆိုတော့ ပသျှူးက ခြေကျင်းမဖြုတ်ရသေးဘူး။ ဒီတော့ ထိုးကြရင် သာမန်လူလို စိတ်တိုင်းကျလှုပ်ရှားနိုင်မှာ မဟုတ်ဘူးလို့ တွေးထားတယ်။
သူက အရပ်ပုတော့ ပသျှူးက အလွယ်တကူ လှဲနိုင်မှာ မဟုတ်ဘူး။ စိုးမြတ်ကြီးက သဘောပေါက်သွားပြီး သူတို့နှစ်ယောက် ထိုးဖို့ သဘောတူလိုက်တယ်။ အင်းစိန်ထောင်ထဲမှာ အာဏာပိုင်တွေ မသိအောင် လက်ဝှေ့ပွဲတစ်ပွဲ လုပ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။
လက်ဝှေ့ပွဲဖြစ်ရင်လည်း ထောင်ဝါဒါတွေ လာလေ့မရှိတဲ့ မိလ္လာဆောင်ထဲမှာလုပ်ကြရတယ်။ ပွဲလုပ်ချိန်မှာ ရှေ့ကင်း နောက်ကင်းတွေ ချထားရတယ်။ အဆောင်မှာ တာ၀န်ကျနေတဲ့ ထောင်မှူးနဲ့ အဆောင်မှူးတွေကအစ အဆင့်ဆင့် လာဘ်ထိုးထားရတယ်။ ဒီကြားထဲမှာ မထင်မှတ်ဘဲ ထောင်ပိုင်လေးတို့ ထောင်ပိုင်ကြီးတို့ ၀င်လာရင် ချက်ချင်း လူစုခွဲနိုင်အောင်လည်း စီစဉ်ထားရတယ်။
ပသျှူးနဲ့ ဧရာကြီးလက်ဝှေ့ပွဲက စိုးမြတ်ကြီးတာ၀န်ခံပြီး လုပ်တဲ့ပွဲဆိုတော့ (၁) ဆောင် အဆောင်မှူးက မသိချင်ယောင်ဆောင်ပြီး မျက်စိမှိတ်နေလိုက်တယ်။ စိုးမြတ်ကြီးကလည်း ပေးကမ်းသင့်တာကို အားလုံး ပေးကမ်းထားပြီးပြီ။ (၁)ဆောင် တစ်ဆောင်လုံး ပွဲပြီးမီးသေပဲ။ အားလုံးက ပသျှူးနဲ့ ဧရာကြီးပွဲကို စိတ်၀င်စားနေကြတယ်။ ဒါပေမဲ့ စိုးမြတ်ကြီးက လူစုလူဝေးဖြစ်မှာစိုးလို့ မိလ္လာဆောင်ကို အကျဉ်းသားတိုင်း လာခွင့်မပေးဘူး။
မျက်နှာကြီးအသိုင်းအဝိုင်းက အကျဉ်းသားတွေပဲ လာခွင့်ပေးတယ်။ ၅(ည) တချို့လည်း လာကြည့်ကြတယ်။ ပသျှူးက ခြေကျင်းကို ခြေသလုံးမှာကပ်ပြီး အသံမမြည်အောင် ကြိုးနဲ့ စည်းထားလိုက်တယ်။ ပြီးတော့ သာမန်လူလို လက်ဝှေ့ရေးပြတယ်။ ခြေကျင်းတွေက ပါတယ်တောင် မထင်ရတော့ ဧရာကြီး မျက်နှာ တစ်ချက်ပျက်သွားတယ်။
ဒါပေမဲ့ ကြံတောသင်္ချိုင်းက ထွက်လာခဲ့တဲ့ လူမိုက်မို့ ဧရာကြီးက “ဇ” ကတော့ မသေးပါဘူး။ ဒီလိုနဲ့ ပသျှူးနဲ့ ဧရာကြီး လက်ဝှေ့ပွဲ စလိုက်တယ်။ စိုးမြတ်ကြီးကိုယ်တိုင်ပဲ ဒိုင်လုပ်တယ်။ ပွဲစတာနဲ့ ပသျှူးရဲ့ တရကြမ်းတိုက်စစ်ကို ဧရာကြီး ခံရတော့တယ်။ တော်ရုံတန်ရုံလူဆိုရင် တစ်ချီတည်း မှောက်သွားနိုင်ပေမယ့် ဧရာကြီးက မာတယ်။
ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ပသျှူးရဲ့ လက်ဝှေ့ပညာတွေက ပိုကြွလာတယ်။ ဧရာကြီးက မိုက်သာမိုက်တာ၊ လက်ဝှေ့မှ မထိုးဖူးတာကိုး။ ပညာချင်းကွာတော့ ဧရာကြီးတစ်ကိုယ်လုံး ဖူးရောင်ပြီး မျက်ခုံးလည်း ကွဲနေပြီ။
ဒါကြောင့် စိုးမြတ်က ဧရာကြီးကို မေးလိုက်တယ်။“ဧရာကြီး ဆက်ထိုးလို့ရသေးလား”ဧရာကြီးက စကားတောင်ပြန် မပြောနိုင်ဘူး။ ပိတ်နေတဲ့မျက်လုံးကို ဇွတ်ဖွင့်ပြီး ခေါင်းညိတ်ပြတယ်။ ဒါကြောင့် စိုးမြတ်ကြီးက ဆက်ထိုးခွင့် ပေးလိုက်တယ်။ ထိုးခွင့်ပေးလိုက်တာနဲ့ ပသျှူးရဲ့ ဒူးတွေ တံတောင်တွေက ဧရာကြီး ခန္ဓာကိုယ်ပေါ်ကို တရစပ် ကျရောက်လာတယ်။
ပသျှူးက ဧရာကြီးကို ဖွဲအိတ်ထိုးသလို တဖုန်းဖုန်း ထိုးနေတယ်။ ပွဲကြည့်တဲ့သူတွေလည်း ငြိမ်သက်နေကြတယ်။ နောက်ဆုံး မိလ္လာဆောင်တွေထဲမှာ ကြည့်နေတဲ့ လူတွေထဲက အသံတစ်သံထွက်လာတယ်။“ဒီပွဲကို ရပ်လိုက်”အားလုံးက အသံလာရာဆီကို လှည့်ကြည့်လိုက်တယ်။
ဘယ်သူမှ ထင်မှတ်မထားတဲ့ ကျော်သူဖြစ်နေတယ်။ စိုးမြတ်ကြီးကလည်း ကျော်သူ့အပြုအမူကို ကြည့်ပြီး အံ့သြနေတယ်။ ဘာလို့လဲဆိုတော့ ကျော်သူက အဆောင်မှာ အေးအေးဆေးဆေး သိုသိုသိပ်သိပ်နေတတ်သူတစ်ယောက်မို့လို့ပဲ။ ကျော်သူက မတ်တတ်ထရပ်ပြီး ပသျှူးလက်ဝှေ့သမားကို ထိုင်းလိုလှမ်းပြောတယ်။ ပသျှူးက ကျော်သူ့ကိုကြည့်ပြီး ရယ်တယ်။ ကျော်သူ့ကို ထိုင်းလိုပြန်ပြောပြီးတော့ စိုးမြတ်ကြီးကို မေးငေါ့ပြတယ်။
စိုးမြတ်ကြီးက ကျော်သူ့ကို လှမ်းမေးတယ်။“မင်းတို့ ဘာပြောတာလဲ”“ပသျှူးကို ကျွန်တော်နဲ့ ထိုးမလားလို့ ပြောတာ၊ သူ့က ကိုစိုးမြတ်ကြီး ခွင့်ပြုရင် ရတယ်လို့ ပြောတယ်”ကျော်သူ့စကားကြောင့် အားလုံး အံ့သြသွားကြတယ်။ ပသျှူးနဲ့ ထိုးတဲ့ ဧရာကြီးက အရပ်ပုနေလို့ မရှုမလှ ရှုံးနေတာထားတော့။
ကျော်သူလို လူ့ဗလံလေးက ပသျှူးနဲ့ ထိုးမယ်ဆိုတော့ အကျဉ်းသားတွေက ဟုတ်ပါ့မလားဆိုပြီး မယုံမရဲ ဖြစ်ကုန်တော့တယ်။ ဒီအထဲမှာ စိုးမြတ်ကြီးလည်းပါတယ်။ စိုးမြတ်ကြီးက ကျော်သူ့ကို ကြည့်ပြီး သေချာအောင်မေးတယ်။“ကျော်သူ … မင်း ထိုးလို့ဖြစ် ပါ့မလား”ကျော်သူက ခပ်အေးအေးပဲ ခေါင်းညိတ်ပြတယ်။ ပြီးတော့ ပသျှူးကို ထိုင်းလိုလှမ်းပြောတယ်။
ပသျှူးက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ကျော်သူက စိုးမြတ်ကြီးကို မြန်မာလို ပြန်ရှင်းပြတယ်။“ကျွန်တော်တို့ ထိုးရင် ကွဲတဲ့လူ အရှုံးလို့ ပြောတာကို ပသျှူးက သဘောတူတယ်”စိုးမြတ်ကြီးက ကျော်သူ့ကို စိတ်မချဟန်နဲ့ သေချာအောင် ထပ်မေးတယ်။“မင်းဖြစ်တယ်နော် ကျော်သူ”“ရပါတယ်ဗျာ၊ မပူနဲ့”စကားဆုံးဆုံးချင်း ကျော်သူ ဝိုင်းထဲကို ၀င်လာတယ်။
ပသျှူးကတော့ ဧရာကြီးနဲ့ ထိုးထားတော့ ခဏအနားပေးရတယ်။ ဒါပေမဲ့ ပသျှူးကြည့်ရတာ ကျော်သူ့ကို လုံး၀ဂရုမစိုက်တဲ့ပုံပဲ။ ဟုတ်လည်း ဟုတ်လောက်တယ်။ ပိန်ပိန်ညှက်ညှက် ခန္ဓာကိုယ်နဲ့ သူ့ကို လာစိန်ခေါ်တာကို မမှုလောက်တဲ့ပုံပဲ။
နောက်ဆုံး ပသျှူးနဲ့ ကျော်သူ့ရဲ့ တိုက်ပွဲကစပြီ။ အဆောင်က လက်ဝှေ့ပွဲကို စိတ်၀င်စားတဲ့သူတွေ အတော်များလာတယ်။
မိလ္လာဘက်ကို လူတွေထပ်မလာအောင် စည်းကမ်းထိန်းတွေက တားဆီးထားရတယ်။မွေ့ထိုင်းလက်ဝှေ့ကျော် ပသျှူးက သူ့ရဲ့ထုံးစံအတိုင်း ဒူးတွေ၊ တံတောင်တွေသုံးပြီး တရကြမ်း တိုက်စစ်ဆင်လာတယ်။
ကျော်သူနဲ့ဧရာကြီး ကွာတာက ပသျှူးရဲ့ တိုက်ကွက်တွေအားလုံးကို ကျော်သူက မထိအောင် ရှောင်နိုင်တယ်။ သူ့ဘက်က ပြန်ထိုးလို့ ပသျှူးကို ထိရင်လည်း ခပ်ပျော့ပျော့ပဲ။ ဒီတော့ စသလို နောက်သလို ဖြစ်နေတာပေါ့။ ပွဲချိန်ကြာလာတော့ ပသျှူးက ဒေါသထွက်ပြီး စိတ်ဆိုးလာတယ်။ ဒီလောက် လူ့ဗလံလေးကို လဲအောင်ကွဲအောင် မသိပ်နိုင်တော့ ရှက်တာလည်း ပါမှာပေါ့။ ပသျှူးကထိုးလေ ကျော်သူက ရှောင်လေ။
နှစ်ယောက်လုံး ချွေးတွေက ရေချိုးထားသလို ရွှဲရွှဲနှစ်နေပြီ။ အမှတ်မထင် ကျော်သူက အားလုံးထင်မှတ်မထားတဲ့ တိုက်ကွက်ကို တိုက်ပြလိုက်တယ်။ ပသျှူး သူ့ကို လိုက်ထိုးပြီးမောနေတဲ့ အချိန်ရောက်မှ နောက်ပြန် ဘက်ကစ်နဲ့ ပသျှူးမျက်နှာကို ကန်လိုက်တာပါ။ ချက်ချင်းပဲ ပသျှူး နှုတ်ခမ်းကွဲပြီး သွေးတွေ ဖြာခနဲကျလာတယ်။ ပသျှူးက မွှန်ပြီး သွေးတွေကို လက်ခုံနဲ့သုတ်လို့ ကျော်သူ့ကို တရကြမ်းလိုက်ထိုးတယ်။
ကျော်သူ့ကို ချုပ်မိသွားပြီး ထိုးတော့မယ့် အချိန်မှာ စိုးမြတ်ကြီးနဲ့ အခြားသူတွေက ကမန်းကတန်း ကြားက၀င်ပြီး ပွဲထိန်းလိုက်ရတယ်။ ကျော်သူက ပသျှူးကို စည်းကမ်းမှာကွဲတဲ့သူ အရှုံးမို့လို့ မင်းရှုံးသွားပြီလို့ ထိုင်းလို လှမ်းပြောလိုက်တယ်။ ပသျှူးက လက်မခံဘဲ ချုပ်ထားတဲ့သူတွေ လက်ကနေ ရုန်းကန်နေတယ်။
စိုးမြတ်ကြီးက ပသျှူးဆီသွားပြီး လက်မကို အောက်စိုက်ပြလိုက်တယ်။ ဒီတော့မှ ပသျှူးလည်း အခြေအနေမှန်ကို နားလည်သဘောပေါက်ပြီး ခေါင်းငိုက်စိုက် ကျသွားတော့တယ်။အဲဒီနေ့က လက်ဝှေ့ပွဲဟာ အင်းစိန်ထောင်က အကျဉ်းသားတွေအတွက် ပြောစမှတ်တွင်ရစ်ခဲ့တယ်။
(၁) ဆောင် တစ်ဆောင်လုံးလည်း “ကျော်သူ ကျော်သူ” နဲ့ ဖြစ်ကုန်ကြတာပေါ့။ စိုးမြတ်ကြီးကလည်း အားရကျေနပ်လွန်းလို့ ပွဲခံနေတယ်။ ပသျှူးလက်ဝှေ့ကျော်က ကျော်သူနဲ့သူ့ကို နောက်တစ်ပွဲ တည်ပေးဖို့ စိုးမြတ်ကြီးကို မရမကပူဆာနေသေးတယ်။ ဒါပေမဲ့ ကျော်သူက ထောင်ထဲမှာ နောက်ထပ် ဘယ်တော့မှ လက်ဝှေ့မထိုးတော့ဘူးလို့ အပြတ်ငြင်းလိုက်တယ်။
ဒီလိုအစဉ်အလာရှိတဲ့ ကျော်သူဟာ စိုးမြတ်ကြီး ထောင်ပြောင်းသွားမှ အရာကျသွားတာပါ။ အခုလည်းသူ့ကို အပြတ်ရှင်းဖို့ ကြံစည်နေကြသူတွေကြားမှာ သူ့ကိုချစ်တဲ့သူတွေကလည်း သံယောဇဉ်နဲ့ အသက်အန္တရာယ် မဖြစ်အောင် နေထိုင်ဖို့ လှမ်းသတိပေးနေတာပါ။အင်းစိန်ထောင်ရဲ့ လူမိုက်တွေ အပြောင်းအလဲနဲ့အတူ အင်းစိန်ထောင်အာဏာပိုင် အပြောင်းအလဲကလည်း တစ်ဆက်တည်း ဖြစ်လာပါတယ်။
အင်းစိန်ထောင်ကို အထူးအရာရှိအဖြစ် ဦးဘိုကြည် ရောက်လာတော့ ဦးဘိုကြည်က ထောင်ထဲမှာ သူ့လူတွေကို မွေးတယ်။ အဲဒီအထဲမှာ ဆေးရုံကြီးအရေးအခင်း လူသတ်ခေါင်းဖြတ် အမှုတွဲထဲက စိန်၀င်းက အရှိန်အဝါ အကြီးဆုံးပဲ။
စိန်၀င်းကလည်း အင်းစိန်ထောင်ကို ငါ့ဆရာရောက်လာပြီဆိုပြီး ကျန်တဲ့သူတွေကို အစွမ်းကုန် “ဖြဲ” တယ်။ဒါကို အရင် စိုးမြတ်ကြီးရဲ့လူတွေက မခံချင်ဘူး။ ဒီတော့ စိန်၀င်းကိုခံတန်တန်လုပ်တယ်။ ဒီအုပ်စု ငြိမ်သက်သွားအောင် စိုးမြတ်ကြီး အုပ်စုထဲက ကျော်သူ့ကို ရှင်းပစ်လိုက်မှဖြစ်မယ်လို့ စိန်၀င်းကတွေးတယ်။
ဒါကြောင့် ဆေးရုံရောက်နေတဲ့ ကျော်သူ့ကို အပြတ်ရှင်းဖို့ အစီအစဉ်ဆွဲတယ်။သူ့လိုပဲ ကျော်သူ့ကို ရှင်းချင်တဲ့သူက တာမွေအိုးစု ဂန္ထ၀င်လူမိုက်ကြီး စိန်ကုလားပဲ ဖြစ်ပါတယ်။ စိန်ကုလား ပုံစံက ပိန်ပိန်ကျစ်ကျစ်၊ အရပ်မနိမ့်မမြင့် လက်မောင်းမှာ အရုပ်တွေ ထိုးထားတယ်။ သူက ကျော်သူနဲ့ ရန်ငြိုးရန်စတော့ မရှိပါဘူး။
ကျော်သူ ရဲဘက်မထွက်ချင်လို့ ချွတ်နဲ့ထိုးလိုက်တဲ့ မူဆာက သူ့ရဲ့ အပိုင်သားဖြစ်နေတော့ ဒီအကြွေးကို ပြန်ဆပ်ချင်လို့ ကျော်သူ့ကိုရှင်း ချင်နေတာဖြစ်ပါတယ်။ စိန်ကုလားဟာ ၁၉၈၈ မတိုင်ခင်ကသေဒဏ်ကျခံခဲ့ရပြီး န၀တရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် ကြိုးလွတ်ပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ပြောင်းလဲသွားခဲ့ရသူ ဖြစ်ပါတယ်။ သေဒဏ်က ပြောင်းလဲသွားပေမယ့် သူ့ကို ကြိုးတိုက်မှာပဲ ဆက်ထားခဲ့တယ်။
အဲဒီတုန်းက ကြိုးတိုက်မှာ နာမည်ကြီး ကြိုးသမားတွေဖြစ်တဲ့ မြန်မာအသံ၀င်းကို လောင်ချာနဲ့ထုတဲ့ မန်းငွေအောင် အမှုတွဲတွေဖြစ်တဲ့ ရစ်ချက်၊ ရစ်ကီ၊ တွက်ကီ၊ ရခိုင်ပြည်နယ် မင်းပြားမြို့က ဘဏ်ကို ၀င်စီးပြီး ငွေတွေထုတ်ယူခဲ့တဲ့ ရခိုင်သောင်းကျန်းသူအဖွဲ့၊ ပဲခူးရိုးမမှာ တပ်မတော်ရဲ့ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ KNU အဖွဲ့၊ ထား၀ယ်အောင်ထွန်းနဲ့အဖွဲ့၊ ကျောင်းထိုင်ဘုန်းကြီးကိုသတ်ပြီး ကထိန်အလှူပွဲက ငွေပဒေသာပင်တွေကို လုယူခဲ့တဲ့ နာနီနဲ့ အငယ်လေး၊ ဘိုကလေးမှာ ဖဲရှုံးလို့ ကြံရာမရဖြစ်ပြီး လှေပေါ်မှာတင် ကျောင်းသူလေးကို လှော်တက်နဲ့ရိုက်သတ်ပြီး နားကပ်ချွတ်ယူခဲ့တဲ့ ကျောင်းဆရာ စတဲ့သူတွေ အများကြီးရှိပါတယ်။
ကံကောင်းတာ န၀တအစိုးရ လက်ထက်မှာ သေဒဏ်အတည်ပြုဖို့ နိုင်ငံတော်သမ္မတ မရှိတာကြောင့် ဘယ်သူ့ကိုမှ ကြိုးမပေးခဲ့ပါဘူး။
နောက်ဆုံး နှစ်တွေကြာလာတဲ့အခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကြိုးကနေ တစ်သက်တစ်ကျွန်းကို ပြောင်းပြီး လျှော့ပေါ့ ခံစားခွင့်တွေနဲ့ လွတ်မြောက်သွားကြရတာပဲ ဖြစ်ပါတယ်။ ဒီကြိုးတိုက်ထဲက ကြိုးသမားတွေရဲ့ ကြောက်ရွံ့စက်ဆုပ်ဖွယ်ရာ အမှုပေါင်းစုံထဲက စိန်ကုလားရဲ့အမှုကတော့ လမ်းစဉ်ပါတီခေတ် အုပ်ချုပ်သူ အာဏာပိုင်တွေအတွက် အရမ်းတုန်လှုပ်ချောက်ချားခဲ့ရတဲ့ အမှုဖြစ်ပါတယ်။
အသားမည်းပေမယ့် အသဲဖြူတဲ့ စိန်ကုလားမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ စိန်ကုလားရဲ့အမှုက ပါတီကောင်စီလူကြီးတွေကို ထိတ်လန့် ကြောက်ရွံ့စေခဲ့ပြီး လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းကိုယ်တိုင် တရားသူကြီးတွေကို လမ်းညွှန်ခဲ့ရတဲ့ အမှုဖြစ်ပါတယ်။အမှုဖြစ်စဉ်က အတော်အံ့သြစရာ ကောင်းပါတယ်။
တာမွေအိုးစုမှာနေတဲ့ စိန်ကုလားဟာ မဟုတ်မခံစိတ်ရှိပြီး သတိ်္တရှိတော့ ရပ်ကွက်ထဲက လူတွေက နည်းနည်းရှိန်တယ်။ ဒါပေမဲ့ စိန်ကုလားက မဟုတ်တာ မလုပ်လို့ လူချစ် လူခင်ကလည်း ပေါတယ်။ သူ့ကို စိန်ကုလားလို့သာ ခေါ်ကြတာ သူက ဗမာစစ်စစ်။ ချစ်စနိုးနဲ့ခေါ်ရင်း စိန်ကုလားဖြစ်သွားတာ။
တစ်နေ့တော့ ညီအစ်ကိုလိုခင်မင်ရတဲ့သူတစ်ယောက်က စိန်ကုလားဆီ ရောက်လာပြီး အကူအညီတစ်ခု တောင်းတယ်။“စိန်ကုလား … ငါ့ကို အာပီတူးတစ်ကောင်က ရန်လိုက်စနေတယ်၊ ငါ ဒီကောင်နဲ့ ရန်မဖြစ်ချင်ဘူး”“ဘယ်ကကောင်မို့လို့လဲ”“ဒီကောင့်ဦးလေးက တာမွေကောင်စီကလူကြီးလေ၊ ဒါကြောင့် ဒီကောင် ငစွာလုပ်နေတာ”စိန်ကုလားက ဒီအကြောင်းကြားတော့ ခပ်ပေါ့ပေါ့ပဲ သဘောထားတယ်။
ဒါကြောင့် သူ့သူငယ်ချင်းကို ရိုးရိုးသားသားပဲ အကြံပေးလိုက်တယ်။“ဒါဆို သူ့ဦးလေးသွားတိုင်ကွာ”“ဟာ ငါမတိုင်ရဲဘူး”သူငယ်ချင်းစကားကြောင့် စိန်ကုလား ထောင်းခနဲ ဒေါသထွက်သွားတယ်။ ဒါကြောင့် သူ့ပင်ကိုစရိုက်အတိုင်း ပြန်ပြောလိုက်တယ်။“မင်း ငကြောက်ပဲ၊ ဒါဆို ငါသွားပြောမယ်”သူငယ်ချင်းဖြစ်သူကလည်း စိန်ကုလားအကြောင်းသိတော့ မတားတော့ဘူး။ စိန်ကုလားက ခြေမြန်လက်မြန်နဲ့ ကောင်စီရုံးကို ထွက်သွားတယ်။
ရန်လိုက်စနေတဲ့ကောင်ရဲ့ ဦးလေးကို ရုံးခန်းထဲ၀င်တွေ့ပြီး အကျိုးအကြောင်း ပြောတယ်။
ကံဆိုးချင်တော့ ကောင်စီလူကြီးက စိန်ကုလားကို လူကြီးစကားမပြောဘူး။ ပြောတဲ့စကားတွေက လူကြီးလူကောင်းမဆန်ဘူးလို့ စိန်ကုလား ခံစားလိုက်ရတယ်။
______________________________
အင်းစိန်ထောင်အတွင်းမှဂန္ထဝင်လူမိုက်ကြီးများ
အပိုင်း(၈)
#ဇော်သက်ထွေး
ကြည့်ပါဦး။“မင်းသူငယ်ချင်းကို ငါ့တူက ဘာပြဿနာမှမရှိဘဲ ရန်စပါ့မလား၊ သူတို့ကြားမှာ ပြဿနာတစ်ခုခု ရှိလို့ပေါ့ကွာ”စိန်ကုလား စိတ်ရှည်လက်ရှည် သည်းခံနားထောင်ပါသေးတယ်။“ဒါကြောင့် ဦးလေးကို လာတိုင်တာပေါ့၊ ဦးလေးတူကို ဦးလေး ဆုံးမထားလိုက်ရင် သူတို့ချင်း ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး”ပါတီကောင်စီကို ကြောက်နေရတဲ့ခေတ်မှာ စိန်ကုလားရဲ့ ပြောပေါက်က စိတ်ဆိုးဒေါသထွက်သွားစေတယ်။
ကောင်စီလူကြီးက စိန်ကုလားကိုပါ မကြည်တော့ဘူး။“မင်း ငါ့ကို ဆရာလာမလုပ်နဲ့၊ မင်းတို့ကောင်ကို အခုချက်ချင်း ငါ ဖမ်းခိုင်းလိုက်လို့ရတယ်”အခြေအနေတွေက မထင်မှတ်ဘဲ တင်းမာကုန်တယ်။ စိန်ကုလားရဲ့ သတ်္တိသွေးတွေကလည်း ပွက်ပွက်ဆူလာတယ်။“ဖမ်းချင်လည်း ဖမ်းလေဗျာ၊ ခင်ဗျားတို့က အာဏာရှိတဲ့သူတွေပဲ၊ ကျုပ်တို့ကလည်း ဒေါသရှိတဲ့လူတွေပဲ”စိန်ကုလားက ကောင်စီလူကြီးကို ပေါ်တင်ပဲ စိန်ခေါ်ပြီး ရုံးခန်းထဲက ထွက်လာလိုက်တယ်။ ည
ရောက်တော့ စိန်ကုလားကို ဘယ်သူမှ လာမဖမ်းပါဘူး။ ဒါပေမဲ့ ပြဿနာရဲ့ မြစ်ဖျားခံရာ စိန်ကုလားသူငယ်ချင်းကိုတော့ တာမွေအပိုင်ရဲတွေက လာဖမ်းသွားတယ်။ ဒီသတင်းကြားတော့ စိန်ကုလားဒေါသကငယ်ထိပ်ကို ရောက်နေပြီ။ မနေ့က စကားပြော အဆင်မပြေတဲ့ ကောင်စီလူကြီးဆီကို ထပ်သွားတယ်။
ပြီးတော့ သူ့သူငယ်ချင်းကို ဒီလောက်ထိ လုပ်ဖို့မလိုကြောင်း ရှင်းပြတယ်။ ဒါပေမဲ့ ကောင်စီလူကြီးက သူ့ရဲ့ သြဇာအာဏာကို ပိုပြလိုက်တယ်။“ငါကိုယ်တိုင် ဖမ်းခိုင်းလိုက်တာလေကွာ၊ မင်းကဘာလုပ်ချင်လို့လဲ”“လူငယ်ချင်း ကတောက်ကဆဖြစ်တာ ဦးလေးအနေနဲ့ ဒီလောက်ထိ အရေးယူဖို့ မလိုဘူးထင်တယ်”“လိုလို့လုပ်တာပေါ့ကွာ၊ လိုအပ်ရင် မင်းကိုပါ အချုပ်ထဲ ထပ်ထည့်ဦးမှာ”ကောင်စီလူကြီးစကားကြောင့် စိန်ကုလား မွှန်ထူသွားတယ်။
ဒါကြောင့် ရုံးခန်းထဲမှာပဲ ပေါ်တင်စိန်ခေါ်လိုက်တယ်။“ကျုပ်ကို တကယ်ဖမ်းမှာလား၊ လာဖမ်းလေ၊ ဒါပေမဲ့ ဒီအတိုင်း ထောင်ထဲကို၀င်မယ့် စိန်ကုလားမဟုတ်ဘူးဗျ”“အေး ကြည့်ကြသေးတာပေါ့ကွာ”စိန်ကုလား ကောင်စီရုံးခန်းထဲက ထွက်လာလာချင်း ဒေါသကြောင့် ဘာကိုမှ မမြင်တော့ဘူး။
တစ်ကိုယ်လုံး တုန်ယင်ပြီး မွှန်ထူနေတယ်။ အိမ်ကိုသွားပြီး နံရံမှာ ထောင်ထားတဲ့ ဓားပြန်ယူတယ်။ ပြီးတော့ ဘာမပြောညာမပြောနဲ့ ကောင်စီရုံးထဲ၀င်ပြီး ကတောက်ကဆဖြစ်ခဲ့တဲ့ လူကြီးကို ၀င်ခုတ်ပါလေရော။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်။
စိန်ကုလားရဲ့ ဓားချက်အောက်မှာပဲ ကောင်စီလူကြီး အသက်ပျောက်သွားတယ်။ဒါပေမဲ့ စိန်ကုလားရဲ့ ဒေါသက ပြေမသွားဘူး။
နတ်ပူးသလို သရဲစီးသလို ဖြစ်နေတယ်။ အသက်ဝိညာဉ်မဲ့နေတဲ့ ကောင်စီလူကြီးရဲ့ အလောင်းကို စိန်ကုလားက လမ်းလယ်ကောင်ကို ဆွဲလာတယ်။ ပြီးတော့ ပါးစပ်ကလည်း တစ်ရပ်ကွက်လုံးကြားအောင် အော်ပြောနေတယ်။
“အာဏာပါဝါပြတဲ့လူ၊ အနိုင်ကျင့်တဲ့လူဆိုရင် ဒါမျိုးကြုံရမယ်ဟေ့၊ စိန်ကုလားက မတရားတာဆို လုံး၀မခံဘူးကွ၊ ကြည့်ထားကြ”စိန်ကုလားရဲ့ လုပ်ရပ်ကြောင့် အဲဒီအချိန်က မိုက်ပါပေ့ဆိုတဲ့ လူတွေစုရာ တာမွေအိုးစုတစ်ရပ်ကွက်လုံး တိတ်ဆိတ်သွားတယ်။ နောက်ဆုံးတော့ စိန်ကုလားကို ရဲက ဖမ်းဆီးလိုက်ပြီး လူသတ်မှုနဲ့ စွဲချက်တင်လိုက်တယ်။
ဒါပေမဲ့ စိန်ကုလားက ကောင်စီလူကြီးကိုသတ်ပြီး လမ်းမပေါ်ဆွဲပြတဲ့ သတင်းက တောမီးလို ပျံ့နှံ့သွားတော့ နိုင်ငံတော်အဆင့် လူကြီးတွေ နားအထိပေါက်သွားတယ်။
နောက်ဆုံး လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းက စိန်ကုလားကို ပြင်းပြင်းထန်ထန်အရေးမယူရင် ပါတီကောင်စီကလူတွေ အသက်အန္တရာယ် ပိုကြီးလာနိုင်တာမို့ တရားသူကြီးကိုခေါ်ပြီး စိန်ကုလား ဘယ်လိုပြစ်ဒဏ်ပေးရမယ်ဆိုတာ လမ်းညွှန်ရတဲ့အထိ ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ စိန်ကုလားဟာ တရားရုံးရဲ့ သေဒဏ်ကြိုးမိန့်ချခြင်းကို ခံခဲ့ရတယ်။
စိန်ကုလား ကံကောင်းတဲ့အချက်ကတော့ သူ့ရှေ့က ကြိုးသမားတချို့ကို ကြိုးပေးပြီး သေဒဏ်စီရင်နေချိန်မှာပဲ “မြဂေါင်” ကိစ္စပေါ်လာတယ်။ မြဂေါင်ကို ကြိုးပေးမယ့်အစီအစဉ် နှောင့်နှေးနေတော့ သူတို့အလှည့်ကလည်း နောက်ရောက်သွားတယ်။
ထပ်ပြီးကံကောင်းတာက ကြိုးသမားတွေကို အစဉ်လိုက်အတိုင်း ကြိုးပေးဖို့ စီစဉ်နေတဲ့အချိန်မှာပဲ အပြင်မှာ ငွေစက္ကူအရေးအခင်း၊ ကျောင်းသားအရေးအခင်းတွေ ဖြစ်ပွားပြီး ပြည်သူလူထုတစ်ရပ်လုံးက အုပ်ချုပ်သူ မဆလအစိုးရကို အုံကြွဆန္ဒပြတာတွေ ဖြစ်ပေါ်လာတယ်။
နောက်ဆုံး ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ်လာပြီး မဆလအစိုးရ ပြုတ်ကျသွားတယ်။ တပ်မတော် ကျောထောက်နောက်ခံပြုတဲ့ န၀တအစိုးရ ပေါ်ပေါက်လာတယ်။ န၀တအစိုးရက တက်တက်ချင်း ကြိုးသမားတွေကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပြောင်းပြီး ကျန်တဲ့အကျဉ်းသားတွေကိုလည်း နှစ်အပိုင်းအခြားအလိုက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။
ဒီအထဲမှာ စိန်ကုလားတို့လည်း ပါသွားပြီး သေဒဏ်ကနေ ကျွန်းပြောင်းသွားတယ်။ ဒါကြောင့် သေဒဏ်ကြိုးလွတ် စိန်ကုလားတို့က မဆလအစိုးရကို ဆန္ဒပြတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေကို ထောင်ထဲကနေ အရမ်းကျေးဇူးတင်နေတယ်။နောက်တော့ န၀တအစိုးရက ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေကို အစုလိုက်အပြုံလိုက်ဖမ်းပြီး အင်းစိန်ထောင်ထဲထည့်ထားတယ်။
နိုင်ငံရေးသမားတွေက များလွန်းလို့ တစ်ထောင်လုံးက တိုက်တွေ၊ အဆောင်တွေကို နေရာမျှပြီးထိန်းသိမ်းထားတယ်။ နိုင်ငံရေးအစဉ် အလာကြီးတဲ့သူတွေကိုတော့ လူအများကြီးနဲ့ တွေ့ခွင့်မပေးချင်လို့ တိုက်တွေထဲမှာ ဖမ်းထားတယ်။
ကြိုးတိုက်ထဲကိုနာမည်ကြီး နိုင်ငံရေးသမားတချို့ ရောက်လာတယ်။ ဒီအထဲမှာ သီပေါဘုရင်ရဲ့မြစ်တော်ဖြစ်တဲ့ တော်ဘုရားလေး ဦးအောင်ဇေ (တော်တော်)နဲ့ အဓိပတိ ဒေါက်တာဘမော်ရဲ့ သမက်ဖြစ်သူ ဦးရဲထွန်းတို့လည်း ပါလာတယ်။
သူတို့တွေကို ၁၀(က)ပုဒ်မနဲ့ ထိန်းသိမ်းထားတာကြောင့် မိသားစုနဲ့ တွေ့ခွင့်မရဘူး။ အစားအသောက်ကလည်း အင်မတန်ဆင်းရဲတယ်။ ဒီအချိန်မှာ ကြိုးသမားတွေက နေ့စဉ် ကြက်ဥ၊ ပေါင်မုန့်၊ နွားနို့ ရတယ်။ နေ့စဉ် အသားစားရတယ်။ ရိုးရိုးအကျဉ်းသားက တစ်ပတ်တစ်ကြိမ်ပဲ အသားစားရတယ်။ ဒါကြောင့် အစားအသောက်တွေ အလျှံပယ်ဖြစ်နေတဲ့ စိန်ကုလားတို့က နိုင်ငံရေးသမားတွေကို တတ်နိုင်သလောက် ကျွေးမွေးစောင့်ရှောက်တယ်။
သူ့မှာ ရှိနေတဲ့ အသားတွေကို ထောင်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ “ကျားမသန်းဌေး” ဆေးပေါ့လိပ်နဲ့ လဲလှယ်ပြီး ဆေးလိပ်ကြိုက်တဲ့ နိုင်ငံရေးသမားတွေကို ဝေပေးတယ်။ ဒါကြောင့် အိမ်နဲ့မတွေ့ရတဲ့ နိုင်ငံရေးသမားတွေအတွက်တော့ စိန်ကုလားက အရေးပါနေတာပေါ့။
ဒီကြားထဲ တော်ဘုရားလေး ဦးအောင်ဇေ (တော်တော်)က အသက်အရွယ်ရလာလို့ လူကြီး ရောဂါတွေရှိတယ်။ သူပုံမှန်စားရတဲ့ ဆေးတွေရှိပေမယ့် ထောင်နဲ့ ထောက်လှမ်းရေးက ညစ်ပြီး သွင်းမပေးဘူး။
ထောင်ဆေးရုံကဝေတဲ့ ဆေးမြီးတိုတွေပဲ သောက်နေရတော့ ရောဂါက ပိုတိုးလာတယ်။ ဒီအခြေအနေမှာ စိန်ကုလားက ကြိုးတိုက် တာ၀န်ကျ ၀န်ထမ်းတချို့နဲ့ အပေးအယူလုပ်ပြီး အဘတော် လိုချင်တဲ့ဆေးကို အင်းစိန် အပြင်ဆေးခန်းက ၀ယ်ပြီးသွင်းပေးလိုက်တယ်။
သူကလည်း နိုင်ငံရေးသမားတွေကို ဒီနည်းနဲ့တုံ့ပြန် ကျေးဇူးဆပ်ရလို့ ကျေနပ်ပျော်ရွှင်နေတယ်။ ဒါပေမဲ့ဒီအပျော်က ရေရှည်မခံပါဘူး။ သေဒဏ်တွေကို ကျွန်းပြောင်းပြီးတဲ့နောက်ထောင်အာဏာပိုင်တွေက သေဒဏ်ကြိုးလွတ်တွေကို အုပ်ချုပ်ရေးမှာ အသုံးချဖို့ ကြံစည်တယ်။
ဒါကြောင့် ကြိုးတိုက်ကနေ အဆောင်တွေကို တန်းစီး၊ အခန်းလူကြီး၊ စည်းကမ်းထိန်း ရာထူးတွေနဲ့ ပို့လိုက်တယ်။ စိန်ကုလားက ကြိုးတိုက်ထဲက နိုင်ငံရေးသမားတွေရဲ့ စား၀တ်နေရေးကြောင့် အဆောင်ကို မသွားချင်ဘူးဆိုပြီး တင်ပြပေမယ့်လည်း အခြေအနေကို ရိပ်စားမိတဲ့ ထောင်ပိုင်က စိန်ကုလားကို နိုင်ငံရေးသမားတွေနဲ့ ဝေးအောင် အဆောင်ပို့လိုက်တယ်။
အဆောင်မှာကတော့ တိုက်ထဲမှာထက် ပိုပြီးအနေအစား ချောင်ပါတယ်။ စိန်ကုလားလို အရှိန်အဝါရှိတဲ့ သေဒဏ်ကြိုးလွတ် အကျဉ်းသားကိုလည်း နေရာကောင်းကောင်း ချက်ချင်းပေးတယ်။ ထောင်ထဲကို အမှုအမျိုးမျိုးနဲ့ ရောက်လာတဲ့ အိုးစုသားတွေ၊ မအူကုန်းသားတွေကလည်း သူတို့အပိုင်သားခေါင်းဆောင်ဆိုပြီး အရာပေးတယ်။
ဒီတော့လည်း စိန်ကုလားက အလိုက်အထိုက် နေရတော့တာပေါ့။ ဒါပေမဲ့ စိန်ကုလားရဲ့သမိုင်းမှာ အင်းစိန်ထောင်ကို ရောက်လာတဲ့ ဘယ်နိုင်ငံရေးသမားကိုမှ အနိုင်ကျင့်တာ၊ နှိပ်စက်တာ မရှိခဲ့ပါဘူး။ တစ်ဖက်မှာတော့ ထောင်ထဲမှာ “ကျစ်နည်း” မျိုးစုံနဲ့ ကလိမ်ကကျစ်ကျတတ်တဲ့ မ,တစ်ရာသားတွေနဲ့ ဆက်ဆံရတာပေါ့။
သူ့ကို နေရာပေးတဲ့အထဲမှာ သူ့ရဲ့အပိုင်သားဖြစ်တဲ့ မအူကုန်း မူဆာလည်းပါတယ်။အဲဒီအချိန်မှာ မူဆာကလည်း အင်းစိန်ထောင်ထဲမှာ ဘုန်းမီးနေလ တောက်ပနေတယ်။သူ့ကိုလည်း အပိုင်သားချင်းဆိုပြီး စောင့်ရှောက်တယ်။ဒီလိုနေလာခဲ့ရာကနေ မူဆာကို ကျော်သူက ချွတ်နဲ့ထိုးပြီး ရဲဘက်မထွက်ရအောင် “ရင်း” လိုက်တာကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတယ်။
မူဆာကို အပြင်ဆေးရုံပို့ပြီး ဆေးကုတဲ့အခါ အိုးစုသားတွေရဲ့ ခေါင်းဆောင်ဆိုလို့ စိန်ကုလားပဲ ကျန်ခဲ့တော့တယ်။
ဒီတော့ ကျန်တဲ့အပိုင်သားတွေက စိန်ကုလားကို ပေါက်ပေါက်ဖောက်တာပေါ့။မူဆာအတွက် ပြန်ပြီးကလဲ့စားချေပေးဖို့ ပြောကြတယ်။ အိုးစုသားတွေရဲ့ သိက္ခာကို စိန်ကုလားက ဆယ်ပေးဖို့တောင်းဆိုကြတယ်။
အမှန်တကယ်တော့ စိန်ကုလားက ကျော်သူနဲ့ ထိပ်တိုက် ဘာဇယားမှမရှိဘူး။ ဒါကြောင့် ကျော်သူ့ကို ပြန်လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး သွေးအေးနေတယ်။ ကျော်သူ့ကို တုံ့ပြန်ဖို့ တွေဝေတွန့်ဆုတ်နေတဲ့ စိန်ကုလားကို သူ့အပိုင်သားတွေက အားမရကြဘူး။ ဒါကြောင့် တစ်နေ့တော့ အားလုံးလူစုပြီး စိန်ကုလားကို ခေါ်ဆွေးနွေးတယ်။ ဆေးရုံကို ရောက်နေတဲ့ ကျော်သူ့ကို ဘယ်လိုသတ်ပေးမလဲပေါ့။
အခြေအနေက အကျပ်အတည်းကို ရောက်နေတယ်။ စိန်ကုလားကလည်း ပွင့်ပွင့်လင်းလင်းသမားဆိုတော့ အပိုင်သားတွေကို နှစ်မသိမ့်ချင်ဘူး။ ဒါကြောင့် ဟောဟောဒိုင်းဒိုင်းပဲ ပြောလိုက်တယ်။
“ကျော်သူ့ကို ရှင်းမယ်ဆို အချိန်မရွေး ငါရှင်းလို့ရတယ်။ ဒါပေမဲ့ စိုးမြတ်ကြီး ထောင်မပြောင်းခင် ကျော်သူ့ကို စောင့်ရှောက်ဖို့ ငါဆီက ကတိတောင်းသွားတယ်။ ငါတို့က လူဆိုးလူမိုက်တွေဆိုပေမယ့် အချင်းချင်းထားတဲ့ ကတိကိုတော့ ငါတည်ချင်တယ်ကွာ။ ဒါကြောင့် ကျော်သူ့ကို ငါမသတ်ချင်ဘူး”
စိန်ကုလားစကားဆုံးဆုံးချင်း တာမွေအိုးစုသမားတွေ အားလုံးစိတ်ဓာတ်ကျကုန်တယ်။ စိန်ကုလား ကျော်သူ့ကို လက်ရှောင်သွားတာတစ်ထောင်လုံး သတင်းပြန့်သွားတယ်။
စိန်ကုလားက ကျော်သူ့ကို မသတ်ချင်ဘူးဆိုပေမယ့် ကျော်သူ့အသက်အန္တရာယ် ကင်းသွားပြီလို့ မထင်ပါနဲ့။ ကျော်သူ့ကို ရာဇ၀င်ကြွေးဆပ်ဖို့ တန်းစီနေတဲ့သူတွေထဲမှာဆေးရုံကြီးစိန်၀င်းက ရှေ့ဆုံးကပါပဲ။ ဒီအချိန်မှာပဲ စိန်၀င်းကတော့ ဘယ်သူ့အကူအညီမှမပါဘဲ ကျော်သူ့ကို ရှင်းမယ်လို့ ပေါ်ပေါ်ထင်ထင် ကြေညာလိုက်ပြီ။
ဒါကြောင့် ကျော်သူကလည်း ထောင်ဆေးရုံကနေ စိန်၀င်းတို့ရဲ့ ခြေလှမ်းတွေကို သတိထား စောင့်ကြည့်နေတယ်။
အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င် လူမိုက်ကြီးများ
အပိုင်း(၉)
#ဇော်သက်ထွေး
တကယ်တော့ ဆေးရုံကြီးစိန်ဝင်းက ရန်ကုန်ဆေးရုံကြီး ဝန်းထဲကနေ အရေးအခင်း လူသတ်မှုနဲ့ ထောင်ကျလာတာ ဖြစ်ပါတယ်။ ဆေးရုံကြီးအုပ်စုက ပြောရရင် အမျိုးတွေချည်းပဲ။
စိန်ဝင်း ထောင်ထဲရောက်လာတော့လည်း ညီအစ်ကိုတွေ၊ တူတွေ၊ ဦးလေးတွေ တစ်အုပ်ကြီးပါလာတယ်။ သူ့အမျိုးတွေထဲမှာ မားသီးတို့၊ မရမ်းပြားတို့၊ ကိုင်ဇာတို့ ပါတာပေါ့။ ဒီတော့ အင်းစိန်မှာ အင်အားတောင့်တဲ့ အုပ်စုကြီးတစ်စုလို ဖြစ်နေတယ်။ ဒီအုပ်စုကြီးရဲ့ ခေါင်းဆောင်ကတော့ ဆေးရုံကြီးစိန်ဝင်းပဲ။
စိန်ဝင်းက ပါးရည်နပ်ရည်ရှိတယ်။ ထောင်ထဲမှာလည်း ထောင်အာဏာပိုင်တွေ အကျိုးရှိအောင် လုပ်ကိုင်ပေးတယ်။ ရှင်းရှင်းပြောရရင် ပေါင်းပြီးစားတာပေါ့။ ထောင်ပိုင်နဲ့ပိုင်တော့ အမျိုးတွေကို ထောင်ရဲ့နေရာကောင်းတွေမှာ ရအောင်လုပ်ထားပေးတယ်။
ဝင်ငွေကောင်းတဲ့ မိန်းဂျေးလ်လို နေရာကနေ မိလ္လာဘုတ်ကိုင်အထိ သူ့အမျိုးတွေ နေရာယူထားကြတယ်။ ဒါကြောင့် စိန်ဝင်းတို့အုပ်စုဆိုရင် အခြားအကျဉ်းသားတွေက ကြောက်တယ်၊ ရှောင်ကြတယ်။
ထောင်ထဲမှာ ထောင်အာဏာပိုင်တွေအလန့်ဆုံးက နိုင်ငံရေးပြစ်မှုနဲ့ကျတဲ့ အကျဉ်းသားတွေပဲ။ သူတို့တွေ ထောင်ထဲမှာ နိုင်ငံရေးလှုပ်ရှားမှုလုပ်မှာ၊ ဆန္ဒပြမှာ အရမ်းကြောက်တယ်။ ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေနေတဲ့ တိုက်တွေ၊ အဆောင်တွေမှာ ထောင်အာဏာပိုင်တွေက သတင်းပေးတွေကို မွေးထားတယ်။
နေ့စဉ် ဘာတွေလုပ်နေသလဲဆိုတာကို စောင့်ကြည့်ခိုင်းထားတယ်။ စိန်ဝင်းတို့က ဒီတာဝန်ကို အပြည့်အဝယူတယ်။ ဒီတော့ ချွန်တယ်၊ တက်တယ်ဆိုပြီး နာမည်ကြီးတယ်။
တစ်ခါကတော့ စိန်ဝင်း လူတစ်ယောက်ကို ချွန်လိုက်တာ ကံကောင်းလို့၊ အသက်သေတော့မလို့။ သူချွန်လိုက်တဲ့သူက ကောက်ချိတ်လို့ ခေါ်တယ်။ နာမည်ကသာ ကောက်ချိတ်၊ လူက ခပ်ဖြောင့်ဖြောင့်ပါ။ ရာဇဝင်လူဆိုးလည်း မဟုတ်ဘူး။ ထောင်ထဲကို ဝင်လိုက်/ထွက်လိုက် လုပ်နေတဲ့သူ။
ကောက်ချိတ်က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမယ့် လောင်းကစားတော့ အရမ်းဝါသနာပါတယ်။ တစ်နေ့တော့ (၃)အဆောင်မှာ လောင်ကစားလုပ်နေရင်း ချွန်လိုက်လို့ ဝန်ထမ်းနဲ့မိသွားတယ်။ ဒီတော့ ထုံးစံအတိုင်း ဒေါက်ခတ်၊ ခြေကျင်းခတ်ပြီး စစ်ခွေးတိုက် ပို့တာပေါ့။ ကောက်ချိတ်က ပြစ်ဒဏ်နဲ့ စစ်ခွေးတိုက်သာ ရောက်သွားတာ သူ့ကို ဘယ်သူချွန်လို့ချွန်မှန်းမသိဘူး။
နောက်တော့ စိန်ဝင်းချွန်လို့ သူခံလိုက်ရတာကို သိသွားတယ်။ စစ်ခွေးတိုက်မှာ အပြစ်ဒဏ်စေ့လို့ အဆောင်ပြန်ရောက်တော့ ကောက်ချိတ်က စိန်ဝင်းကို ပေါ်တင်ပဲ ဗြောင်မေးတယ်။
“ခင်ဗျား ကျုပ်ကို ချွန်လိုက်တာလား´´
စိန်ဝင်းက ခြေကျင်းဖြုတ်မပေးသေးတဲ့ ကောက်ချိတ်ကိုကြည့်ပြီး ခပ်ရင့်ရင့်ပဲ ပြန်ဖြေလိုက်တယ်။
“အေး ဟုတ်တယ်´´
“ဘာလို့ ဒီလိုလုပ်တာလဲ´´
“မင်းကိုကြည့်မရလို့ကွာ ရှင်းလား´´
ကောက်ချိတ် ထောင်းခနဲဒေါသထွက်သွားပေမယ့် သူ့အခြေနေက စိန်ဝင်းကိုဖြိုနိုင်တဲ့ အခြေအနေမဟုတ်မှန်းသဘောပေါက်တယ်။ ဒီတော့ ပါးပါးနပ်နပ်ပဲ နောက်ဆုတ်သွားတယ်။
“ဒါဆိုလည်း ပြီးတာပဲဗျာ´´
ကောက်ချိတ်က ဘာမှမဖြစ်သလို စိန်ဝင်းနဲ့သူ့လူတွေကို ခင်ခင်မင်မင်နေတော့ စိန်ဝင်းတို့လည်း တစ်ချက်ပေါ့သွားတယ်။ တစ်ညမှာတော့ ဝေလီဝေလင်း နံက် (၃)နာရီလောက်မှာ ကောက်ချိတ်က ဘာယာကို မိလ္လာသွားဖို့ ခွင့်တောင်းတယ်။
ခွင့်ပြုလိုက်တဲ့အချိန်မှာ အိပ်နေတဲ့စိန်ဝင်းနှပ်တဲ့နေရာသွားပြီး သူ့ခြေကျင်းကိုခတ်ထားတဲ့ ဒေါက်နဲ့လည်ပင်းကို ဖိထားလိုက်တယ်။
စိန်ဝင်းအသက်ရှုရပ်ပြီး ဘာမှကိုပြန်မအော်နိုင်ဘူး။ ဒီအချိန်မှာ ကောက်ချိတ်က ဝှက်ထားတဲ့သံချွန် (၂)ခုနဲ့ စိန်ဝင်းကို စိမ်ပြေနပြေ ထိုးတယ်။ ဘေးနားက လူတွေနိုးလာပြီး တစ်ခန်းလုံး အော်သံဟစ်သံတွေ ဆူညံသွားတယ်။
အော်သံတွေကြောင့် တာဝန်ကျဝန်ထမ်းတွေ၊ ဝါဒါတွေ တံခါးဖွင့်ဝင်လာတယ်။ ပြီးတော့ ကောက်ချိတ်ကို ဝိုင်းချုပ်လိုက်ကြတယ်။ တစ်ခန်းလုံးကတော့ သွေးအလိမ်းလိမ်းနဲ့ စိန်ဝင်းကို သေသွားပြီလို့ တွက်ထားကြတယ်။
ဒါပေမယ့် စိန်ဝင်းက လည်ပင်းကိုဒေါက်နဲ့ဖိထားလို့ သတိလစ်ရုံသာ လစ်နေတာ။ သတိလည်လာတော့ ဘာမှမဖြစ်ဘူး။ အားလုံးက အံ့ဩတကြီး ကြည့်နေတဲ့အချိန်မှာ စိန်ဝင်းက သူ့အင်္ကျီကို ချွတ်ပြလိုက်တယ်။
သူ့အင်္ကျီအောက်မှာက ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို သားရေပြားနဲ့ ခံထားတယ်။ ဒါကြောင့် ကောက်ချိတ် သံချွန်နဲ့ထိုးသမျှ လူကိုမထိပဲ သားရေပြားကိုသာ ထိနေတာ။
ဆေးရုံးကြီးစိန်ဝင်းက ထောင်ထဲမှာ လက်တံရှည်တော့ သူ့အသက်အန္တရာယ်အတွက် အကာအကွယ်တွေလုပ်ထားတယ်။ အင်းစိန်မှာက `အလုပ်ကြီးဘုတ်´ဆိုတာရှိတယ်။ အလုပ်ကြီးဘုတ်မှာ ယက်ကန်းဌာန၊ စက်ပြင်ဌာန၊ လက်သမားဌာန၊ ဖိနပ်ချုပ်ဌာန အစသဖြင့် ရှိတယ်။
စိန်ဝင်းက ဖိနပ်ချုပ်ဌာနက ဘုတ်ကိုင်တစ်ယောက်နဲ့ပေါင်းပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ သားရေပြားကို ညှပ်ပြီးယူထားတာ။ ဒီတစ်ကွက်မှာတော့ ကောက်ချိတ် ခံသွားရတယ်။
နောက်တစ်နေ့ကစပြီး အင်းစိန်ထောင်မှာ စိန်ဝင်းရဲ့ လေမုန်တိုင်းတိုက်တာကို ခံရတော့တာပဲ။
“စိန်ဝင်းကို လျှော့တွက်ရင် မှားမှာပေါ့´´တို့၊
“ဆေးရုံကြီးထွက်ကွ´´တို့၊
“သူကြီးကိုပိုင်လို့ ဂေါ်လီလုပ်တာ´´တို့
လေတစ်လုံး/မိုးတစ်လုံး ဖြစ်ကုန်ကြတယ်။
ဒါပေမယ့် ထောင်မှာက ပြဿနာဖြစ်ရင် “ဘုန်းကြီးစားတယ်´´လို့ ပြောလေ့ရှိတဲ့အတိုင်းနှစ်ဖက်လုံးကို အပြစ်ပေးလေ့ရှိတယ်။
ကောက်ချိတ်က စိန်ဝင်းကို သတ်ဖို့ကြိုးစားတာကြောင့် ဒေါက်နှစ်ခြောင်းခတ်ပြီး တခြားအဆောင်ကို ပို့လိုက်သလို စိန်ဝင်းကိုလည်း သူ့ဆရာထောင်ပိုင်က စစ်ခွေးတိုက် တန်းစီးအဖြစ် ပို့လိုက်တယ်။ ပြစ်ဒဏ်နဲ့ပို့တယ်လို့ အားလုံးကထင်ကြပေမယ့် အမှန်တကယ်တော့ အဲဒီလိုမဟုတ်ဘူး။
ဆရာတပည့် (၂)ယောက် အကွက်ရိုက်ထားပြီးသား။ ဘာလို့လည်းဆိုတော့ စစ်ခွေးတိုက်မှာ လူငယ်ကျောင်းသား အများစုပါတဲ့ နိုင်/ကျဉ်းတွေရှိတယ်။ ဒီလူတွေ ဘာလုပ်သလဲ၊ ဘာစီစဉ်နေသလဲဆိုတာကို အနီးကပ်ကြည့်ဖို့ စိန်ဝင်းကို ထည့်လိုက်တာဖြစ်ပါတယ်။
စိန်ဝင်းဆရာ ထောင်ပိုင်က တကယ်တော့ အကျဉ်းဦးစီးဌာနရဲ့ သန္ဓေထောင်ပေါက်မဟုတ်ဘူး။ တပ်ကနေ အထူးအရာရှိအဖြစ်နဲ့ ပြောင်းလာပြီးတော့ ထောင်ပိုင်တက်လုပ်နေတာ။ ဒီတော့ နိုင်ငံရေးသမားတွေဆိုလျှင် နှိပ်ကွပ်ချင်တာ မထူးဆန်းပါဘူး။
ဒီထောင်ပိုင်နဲ့ ပက်သက်ပြီး ဥပမာတစ်ခုကို ပြောပြရရင် (၁၉၉၀)ကာလ တစ်ဝိုက်က NLD ပါတီဝင်တွေကို အမျိုးမျိုး အပြစ်ရှာပြီး ထောင်ထဲထည့်နေတဲ့အချိန်။
NLD ရဲ့ လူကြီးပိုင်းက ဟံသာဝတီဦးဝင်တင်နဲ့ သူရဦးငွေလှိုင်တို့ ထောင်ထဲရောက်လာတယ်။ သူတို့ (၂)ယောက်လုံးက `စစ်ကိုနိုင်ကို´အကြောင်းပြုပြီး မြောက်ဥက္ကလာဆေးရုံက ဆရာဝန်ကြီး `ဒေါက်တာဌေးကြွယ်´နဲ့အတူ ဖမ်းခံရတာဖြစ်ပါတယ်။
အဘဦးဝင်းတင်နဲ့ အဘဦးဝင်းလှိုင်ကို ခပ်ပေါ့ပေါ့သဘောထားပြီး ထောင်က (၅)ဆောင်_(၂)ခန်းမှာ နေရာချထားလိုက်တယ်။ တစ်ရက်မှာ အကျဉ်းဦးစီးဌာနညွှန်ချုပ် လာစစ်ဆေးတော့ ဦးဝင်းတင်ကို တွေ့သွားတယ်။
ညွှန်ချုပ်က ဒီလိုလူကြီးတွေကို အဆောင်မှာမထားရဘူးလို့ ပြောသွားတော့ ထောင်ပိုင်က ဦးဝင်းတင်ကိုပဲ တိုက်ထဲပို့လိုက်တယ်။ သူရဦးငွေလှိုင်ကို ကြည့်မရတော့ မသိချင်ယောင်ဆောင်ပြီး အဆောင်မှာပဲ ဆက်ထားတယ်။ အဲဒီမှာ ပြဿနာတက်ပါလေရော။
ဖြစ်ပုံက အင်းစိန်ထောင်မှာ အကျဉ်းသားတွေကို အရင်က `ရှေ့ကြည့်´ဆိုတာပဲ ရှိတယ်။ အထူးရာရှိကနေ ထောင်ပိုင်ဖြစ်လာတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်ချင်တော့ `ပုံစံ´ဆိုတာကို ချပေးလိုက်တယ်။
`ပုံစံ´ဆိုတာကတော့ ထောင်မှုးအဆင့်ကနေ ထောင်ပိုင်အထိလာရင် တင်ပလ္လင်ခွေထိုင်၊ လက်ဆန့်တန်းပြီး ခေါင်းကိုငုံ့ထားရတာ ဖြစ်ပါတယ်။
တစ်ရက်တော့ (၅)ဆောင်ကို ထောင်ပိုင်တန်းစီလှည့်လာတဲ့ အချိန်မှာ တပ်ကြပ်တစ်ယောက်က `ပုံစံ´ဆိုပြီး အော်လိုက်တယ်။
အားလုံးခေါင်းငုံ့နေရတဲ့အချိန်မှာ သူရဦးငွေလှိုင်က ခေါင်းမငုံ့ဘူး။ ဦးငွေလှိုင်ကိုခေါ်ပြီး ဘာလို့ခေါင်းမငုံ့တာလည်းမေးတော့ ခပ်အေးအေးပဲ ပြန်ဖြေတယ်။
“ဟကောင်ရ…၊ နယ်ချဲ့တွေကိုတောင် ခေါင်းမငုံ့ချင်လို့ အသေတိုက်လာတာ။ ဗမာ_ဗမာချင်း ငါက ဘာလို့ခေါင်းငုံ့ရမှာလဲကွ´´
—
သူရဦးငွေလှိုင်စကားကြောင့် ထောင်ပိုင်လည်း မွှန်ထူသွားတယ်။
သူ့တပည့်ထောင်မှုးတွေကို ဦးငွေလှိုင် ခေါင်းငုံ့ပြီးပုံစံထိုင်ဖို့ မဖြစ်မနေလုပ်ရမယ်လို့ မှာသွားတယ်။ ဒီမှာတင် တပည့်ကျော်တွေကလည်း တပ်မတော်မှာ အစဉ်အလာရှိပြီး “သူရ´´ဘွဲ့ရခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကို ဂန်းပိုက်တွေနဲ့ရိုက်၊ တုတ်တွေနဲ့ရိုက်ပြီး ဇွတ်ပုံစံထိုင်ခိုင်းတယ်။
ဦးငွေလှိုင်က လုံးဝ ပုံစံမထိုင်ဘူး။ သွေးအလိမ်းလိမ်းကြားထဲမှာ အံကြိတ်ခံခဲ့တယ်။
အဲ့ဒီအချိန်က လူတန်ဖိုးကို မသိ၊ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ချင်တဲ့စိတ် ငယ်ထိပ်ရောက်နေတဲ့သူက ထောင်မှာ အကြီးဆုံးအာဏာပိုင်ဖြစ်နေတော့ စိန်ဝင်းတို့ မြောက်ကြွမြောက်ကြွဖြစ်နေတာ ဘာမှမဆန်းပါဘူး။
အခုလည်း စိန်ဝင်းကို စစ်ခွေးတိုက်မှာ “သတင်းပေး´´အဖြစ် မွေးလိုက်တယ်။ စိန်ဝင်းက စစ်ခွေးတိုက် ရောက်လာတဲ့အချိန်မှာ ချိုချိုသာသာမျက်နှာပေးနဲ့ နိုင်ငံရေးသမားအားလုံးကို ပေါင်းတယ်။
သူကိုသူလည်း (_၈၈_)ဒီမိုကရေစီ အရေးအခင်းမှာ ဆေးရုံကြီးကနေ ပါဝင်သပိတ်မှောက်ခဲ့တဲ့ အရေးတော်ပုံ တပ်သားကြီးအဖြစ် မွှန်းတယ်။
ပြီးတော့မှ နိုင်ငံရေးသမားတွေကို စည်းရုံးတယ်။ တစ်ဖက်မှာတော့ နိုင်ငံရေးသမားတွေရဲ့ လှုပ်ရှားမှုတွေကို ထောင်ပိုင်ဆီ နေ့စဉ်သတင်းပို့တယ်။ ဒီအခြေနေကို နိုင်/ကျဉ်းတွေကလည်း မရိပ်မိသေးဘူး။
ဖြစ်ချင်တော့ တခြားကိစ္စနဲ့ သွားငြိကြတယ်။ စိန်ဝင်းက ချွန်ရုံ၊ တက်ရုံသာမက ကလိမ်ကကျစ်ပါ လုပ်လာတယ်။ စစ်ခွေးတိုက်ကို တစ်ပါတ်တစ်ကြိမ် အသားစားပေးတဲ့နေ့မှာဝက်သားတုံးကိုသာမက_ဝက်ဆီကိုပါပေးတယ်။
စိန်ဝင်းက ဝက်ဆီကို ဖြတ်ခုတ်ထားပြီး တိုက်ကလူတွေကို အသားတုံးပဲ ပေးတယ်။ ထောင်မှာက ဝက်ဆီဆိုတာ ရွှေပဲ။ ဝက်ဆီကို အဝတ်စမှာဆွတ်ပြီး လောင်စာလုပ်လို့ရတယ်။
ပုံစံ ဒန်ပန်းကန်ပြားတွေကို ဒယ်အိုးလို ပြန်ထုထားပြီး အိမ်ကပို့လိုက်တဲ့ အကြော်အလှော်ဟင်းတွေကို ပြန်နွေးရင် အဲ့ဒီလောင်စာက မရှိမဖြစ်ပဲ။ သူ့ရဲ့အားကောင်းချက်က လုံးဝ မီးခိုးမထွက်ဘူး။
စိန်ဝင်းက ဝက်ဆီကိုသာမက ဝက်သားတုံးတွေကိုလည်း အဆောင်မှာ အတုံးကြီးနဲ့ အတုံးသေး လဲပြီးမှ နိုင်/ကျဉ်းတွေအတွက် ပေးတာတွေလုပ်လာတယ်။ ဒါကို (၅)ည တစ်ယောက်ဖြစ်တဲ့ “ပျံလွှား´´က လုံးဝမကျေနပ်ဘူး။ ပျံလွှားဆိုတာကလည်း ပေါ့သေးသေးမဟုတ်ဘူး။
(၈၈)အရေးအခင်းမှာ မိုးကောင်းဘုရားထဲ ဆန္ဒပြနေတုန်း လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်က သူ့လည်ပင်းကို ဖောက်သွားတယ်။ အဲ့ဒီအချိန်က ဆေးရုံပိုရင်လည်း အဖမ်းခံရနိုင်တာကြောင့် (လက်ရှိ NLD တာဝန်ရှိသူ) ဆရာဝန်ကြီးတစ်ဦးက ချင်းချောင်းရိပ်သာထဲမှာ တိတ်တဆိတ်ကုသပေးခဲ့ရတယ်။ ပျံလွှားအသက်မသေပေမယ့် အသံအိုးကွဲသွားတယ်။
ဒါကြောင့် စကားပြောတဲ့အခါ မပီတာတွေ၊ ထစ်တာတွေ ဖြစ်လာတယ်။ နောက်တော့ တခြားနိုင်ငံရေးလှုပ်ရှားမှူနဲ့ ထောင်ကျလာရင်း စစ်ခွေးတိုက်မှာနေရတာပါ။ စိန်ဝင်းရဲ့ လုပ်ပေါက်ကြောင့် နောက်ဆုံး ပျံလွှားနဲ့ ထိပ်တိုက်တွေ့တယ်။ အဲ့ဒီအချိန်မှာ စိန်ဝင်းက နဂိုဗီဇပေါ်လာတယ်။
“ကြိုက်သလို ရှင်းလို့ရတယ်၊ ဘယ်ကိုတင်တင်_ဘယ်ကိုတိုင်တိုင် ဂရုမစိုက်ဘူး´´
လို့ပြောတော့ ပျံလွှားလည်း အကြီးအကျယ်ပေါက်သွားတယ်။ လာမယ့် ထောင်ပိုင်တန်းစီးမှာ တင်ပြဖို့လည်း စီစဉ်လိုက်တယ်။
ထောင်ပိုင်တန်းစီးမလာခင် တစ်ရက်မှာ ရေချိုးချိန်ပေးတော့ ပျံလွှားနဲ့ တစ်ခန်းတည်းနေတဲ့ ညီညီလှိုင်က ဘေးခန်းမှာ စကားပြောနေတဲ့အချိန်၊ ဇော်သန်းထွဋ်က တိုက်ခန်းရှေ့ကို တံမြတ်စီးလှည်းနေတဲ့အချိန် အခန်းထဲကို စိန်ဝင်းက ရုတ်တရက်ပြေးတက်သွားတယ်။
အခန်းထဲမှာ ပျံလွှားက နောက်ကျောပေးပြီး ဆေးကြောဖို့ ခွက်တွေ၊ ပန်းကန်တွေ ယူနေတဲ့အချိန်မှာ စိန်ဝင်း ရိပ်ခနဲတက်သွားတာကို မြင်လိုက်တဲ့ သားကြီး_(ခ)_သော်ထွန်းဦး က အားလုံးကို လှမ်းသတိပေးလိုက်တယ်။
“စိန်ဝင်း မင်းတို့အခန်းပေါ် တက်သွားတယ်နော်´´
သားကြီးစကား ဆုံး_ဆုံးချင်း ညီညီလှိုင်နဲ့ ဇော်သန်းထွဋ်က စိုးရိမ်တကြီးနဲ့ တိုက်ခန်းပေါ်ပြေးသွားတယ်။ အထဲမှာ စိန်ဝင်းက သံချွန်ကို လက်ကိုက်ပဝါနဲ့ပက်ပြီး ပျံလွှားကို ထိုးမလို့လုပ်နေတယ်။
ပျံလွှားက မသိဘူး။ တိုက်ခန်းထဲကို ညီညီလှိုင်တို့ ဝင်လာတော့ သုံးယောက်/တစ်ယောက်ဖြစ်ပြီး အခြေအနေမဟန်မှန်းသိတော့ စိန်ဝင်းက အချိုသပ်လိုက်ပြီး တိုက်ခန်းအပြင်ကို အမြန်ထွက်တယ်။ လက်ထဲက ချွတ်ကို တောင်ယာထဲပစ်ပြီး လက်စဖျောက်လိုက်တယ်။
အခန်းထဲကို ဘာလို့လာတာလည်းမေးတော့ အချိုမှုန့်လာတောင်းတာလို့ ဖြေတယ်။
စိန်ဝင်းလုပ်ရပ်ကို စစ်ခွေးတိုက်မှာရှိနေတဲ့ (၅)ညတွေက မကျေနပ်ဘူး။ ထောင်ပိုင်ကို အားလုံးဝိုင်းတိုင်ပြီး စိန်ဝင်းကို ရွှေ့ဖို့စီစဉ်ကြတယ်။ ဒါပေမယ့် စိန်ဝင်းက တစ်ကွက်ဦးသွားတယ်။
နောက်တစ်နေ့မှာပဲ ညီညီလှိုင်နဲ့ ပျံလွှားကို ထောင်ပိုင်ကြီးရုံးခန်းကဆိုပြီး လာခေါ်တယ်။ ရုံးခန်းရောက်တော့ ထောင်ပိုင်ရှေ့မှာ စိန်ဝင်း ထိုင်နေတယ်။
ထောင်ပိုင်က ညီညီလှိုင်ကို ကြည့်ပြီး “သူတို့ နှစ်ယောက်လား´´လို့ စိန်ဝင်းကို မေးတယ်။ “ဟုတ်ပါတယ်_မနက်ဖြန်မှာ သူတို့ ထောင်ဆူပူမှူ စလုပ်ပါလိမ့်မယ်´´ဆိုပြီး ပြောတယ်။ စိန်ဝင်းစကားကြောင့် ပျံလွှားက အရမ်းဒေါကန်သွားတယ်။
ဒါပေမယ့် စိတ်ဆိုးလွန်းလို့ စကားတွေက ဗလုံးဗထွေးဖြစ်နေတယ်။ ညီညီလှိုင်က အခြေအနေကို ဝင်ထိန်းပြီး ပျံလွှားကို စိန်ဝင်းက သံချွန်နဲ့ထိုးဖို့ စီစဉ်တဲ့အကြောင်း၊ သံချွန်ကို တောင်ယာထဲမှာရှာရင် တွေ့မှာဖြစ်ကြောင်း ရှင်းတော့မှ ထောင်ပိုင်လည်း ငြိမ်သွားတယ်။
နောက်ဆုံးတော့ `ဘုန်းကြီးစား´တာပါပဲ။ ပျံလွှားနဲ့ ညီညီလှိုင်ကို ထောင်ဝင်စာပိတ်ပြီး တွဲဖက်ထောင်ပို့ဖို့ အမိန့်ချမှတ်လိုက်ပြီး၊ စိန်ဝင်းကိုတော့ ပြစ်ဒဏ်နဲ့ ဆေးရုံမှာ ပြောင်းရွှေ့ လေဘာချလိုက်တယ်။ ဆေးရုံကိုရွှေ့လိုက်တာဟာ စိန်ဝင်းကို စူဠလိပ် ရေထဲလွှတ်လိုက်သလိုပါပဲ။
စိန်ဝင်းကလည်း နိုင်ငံရေးအကျဉ်းသားတွေကြောင့် ကျဆင်းသွားတဲ့ သူဂုဏ်သိက္ခာကို ပြန်ဆယ်ချင်နေတယ်။ ဒီတော့ ဇာတ်လမ်းလိုက်ရှာတဲ့အခါမှာ ဆေးရုံရောက်နေတဲ့ “ကျော်သူ´´ကို သွားတွေ့တယ်။
တကယ်တော့ ဆေးရုံကြီးစိန်ဝင်းနဲ့ “မြွေဖြူလေး_(ခ)_ကျော်သူ´´ရဲ့ ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူး။ ဒါပေမယ့် ကျော်သူလို လူမျိုးကိုလုပ်လိုက်ရင် သူ့ရဲ့ဂုဏ်သိက္ခာ ပြန်တက်မယ်လို့ယူဆပြီး စိန်ဝင်းက သတ်ဖို့ကြိုးစားဖြစ်ပါတယ်။
ဂန္ထ၀င်လူမိုက်ကြီးများအကြောင်း ဇာတ်သိမ်းမရေးခင်မှာပဲ “ကျုပ်ဘ၀ သက်တမ်းတစ်လျှောက် အင်းစိန်ထောင်ရဲ့ အရှိန်အဝါအကြီးဆုံး လူမိုက်တွေဖြစ်တဲ့ အီဆတ်၊ စိုးမြတ်၊ ကျော်သူ၊ စိန်၀င်း အားလုံးနဲ့အတူနေခဲ့ဖူးတယ်။ ဒါပေမဲ့ ကျုပ်အလေးစားဆုံး လူမိုက်ကြီးကတော့ ကြည့်မြင်တိုင်က ကိုစံငြိမ်းပဲ” လို့ ပြောလာသူတစ်ယောက် ရှိပါတယ်။
သူကတော့ ထောင်ကလွတ်ပြီး ဘ၀သစ်ကို တည်ဆောက်နေသူ “ရေဘဝဲဘိုနီ” ပါပဲ။ သူက အင်းစိန်ထောင်ရဲ့ ဂန္ထ၀င်လူမိုက်တွေထဲမှာ မပါမဖြစ်ပါရမယ့် လူတချို့အမည်ကို လှမ်းပေးခဲ့ပါတယ်။ ဒီလူတွေအကြောင်းရေးမှ ဂန္ထ၀င်လူမိုက်စာရင်းက ပိုပြီးပြည့်စုံမှာပါ။
ဂဠုန်စီမံချက်ကြောင့် ဘ၀ပျက်ခဲ့ရသူ ရေဘဝဲဘိုနီ
________________________
ခေတ်အဆက်ဆက် အင်းစိန်ထောင် ဂန္ထ၀င်လူမိုက်ကြီးတွေနဲ့ ကြုံဆုံခဲ့ရတဲ့ ဘိုနီကို လူမိုက်ကြီးတွေထဲက ကိုစံငြိမ်းမှရွေးပြီးဘာလို့ လေးစားရတာလဲလို့ မေးကြည့်မိတယ်။
ဘိုနီပြောတာက “ကိုစံငြိမ်းက ကြည့်မြင်တိုင်သားဆိုပေမယ့် သူ့အပိုင်သား ကိုယ့်အပိုင်သား မခွဲခြားဘူး။ ပြီးတော့ မယုတ်မာဘူး။ ထောင်ထဲမှာ မတွန်းဘူး၊ မချွန်ဘူး၊ မကျစ်ဘူး။ ဒါကြောင့် ကျွန်တော်က တောင်ဥက္ကလာသားဖြစ်ပေမယ့် ကိုစံငြိမ်းကို လေးစားရတာ” လို့ ပြန်ဖြေတယ်။
ရေဘဝဲဘိုနီလို့ ထောင်ထဲမှာ နာမည်ကြီးခဲ့တဲ့ ဘိုနီက အခုတော့ အသက်အရွယ်လည်း ရခဲ့သလို အတွေ့အကြုံလည်း ကြွယ်ဝနေခဲ့ပါပြီ။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၃၈ နှစ် သူ ၁၇ နှစ်သားအရွယ်က ခေတ်ဆိုးစနစ်ဆိုးထဲမှာ သူ့ဘဝပြောင်းလဲသွားရပုံကို အခုအချိန်ထိ အမှတ်ရနေဆဲ ဖြစ်ပါတယ်။
တောင်ဥက္ကလာမှာ မွေးဖွားခဲ့တဲ့ ဘိုနီနဲ့ သူ့မိသားစုဟာ ဆူးလေလမ်းမပေါ်မှာ စျေးရောင်းရင်း ဘ၀၀မ်းကျောင်းရတဲ့ ရိုးရိုးသာမန်မိသားစုတစ်စုဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ ဘ၀ထဲကို မုန်တိုင်းထန်တဲ့ နေ့ရက်တစ်ရက် ရောက်ရှိလာပါတယ်။
အဲဒါကတော့ မဆလအစိုးရရဲ့ “ဂဠုန်စီမံချက်” ဆိုတာပဲ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ဂဠုန်စီမံချက်ကြောင့် ရန်ကုန်စည်ပင်သာယာ၀န်ထမ်းတွေနဲ့ လမ်းဘေး စျေးရောင်းသူတွေကြား လိုက်တမ်းပြေးတမ်း ကစားခဲ့ရသလို စျေးသည်တွေလည်း ထောင်နှုတ်ခမ်း နင်းခဲ့ရပါတယ်။
စျေးရောင်းမှ ထမင်းစားရတဲ့ဘ၀မို့ ရဲတွေလာဖမ်းရင် ပြေးလိုက်၊ တခြားလမ်းတစ်နေရာမှာ ရောင်းလိုက်နဲ့ သံသရာလည်နေပါတယ်။ ဒါပေမဲ့ ရေရှည်တော့ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
သူ့မိသားစုဟာ မြို့ထဲမှာ စျေးရောင်းလို့ ဂဠုန်စီမံချက်နဲ့ အဖမ်းခံလိုက်ရပါတော့တယ်။စီမံချက်ဆိုတဲ့အတွက်ကြောင့် စည်ပင်ကလည်း စျေးသည်တွေကို ဖမ်းပြရသလို တရားရုံးတွေကလည်း ထောင်ဒဏ် ချမှတ်ပေးရပါတယ်။
ဒီစတေးခံရသူတွေထဲမှာ လူပျိုပေါက်စ ဘိုနီလည်း ပါသွားခဲ့ပါတယ်။ အဖေနဲ့အမေကို ဂဠုန်က ဖမ်းတော့ မိဘတွေ ထောင်ထဲ မရောက်စေချင်လို့ သူက ကိုယ်စား၀င်ခံပြီး အဖမ်းခံတာဖြစ်ပါတယ်။
နောက်တော့ သူ့ကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်။ ထောင်ထဲရောက်တော့ ဘိုနီအတွက် အရာရာဟာ ထိတ်လန့် တုန်လှုပ်စရာတွေချည်းပါပဲ။
အားကြီးတဲ့လူက အားနည်းတဲ့လူကို အနိုင်ကျင့်တယ်။ ငွေကြေးချမ်းသာတဲ့ သူတွေက ထောင်ထဲမှာ ကောင်းကောင်းနေရပြီး ပိုက်ဆံမရှိတဲ့သူတွေက သူများမလုပ်ချင်တဲ့အလုပ်တွေ လုပ်ရတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူတွေဟာဆီးအိုးထမ်းရတာတွေ၊ မိလ္လာအိုး သွန်ရတာတွေကို လုပ်ရပါတယ်။
အင်းစိန်ထောင်မှာ ဘိုနီဟာ ခဏပဲနေရပြီး ရန်ကုန်-မန္တလေးအမြန်လမ်း ဖောက်လုပ်တဲ့ နေရာက ရဲဘက်စခန်းတွေကို ပို့တဲ့ထောင်သားတွေထဲမှာ ပါ၀င်သွားတော့တယ်။
ရန်/မန်း လို့ ခေါ်တဲ့ အဝေးပြေးလမ်း အမှတ် (၄) ရဲဘက်စခန်းကို ဘိုနီရောက်သွားတော့ ဒုတိယကမ္ဘာစစ်က ချွေးတပ်စခန်းတစ်ခု ရောက်သွားသလိုပါပဲ။ လူတွေအားလုံးဟာ အာဟာရဓာတ် ချို့တဲ့ပြီး အရိုးငေါငေါနဲ့ ဖြစ်နေတယ်။ လမ်းဖောက်တဲ့နေရာမှာ မဖြစ်မနေ သုံးရမယ့် ယန္တရားတွေ မရှိဘဲ လူအားနဲ့ လုပ်နေတာကို တွေ့ရတယ်။
ဒီလိုဆိုးဝါးတဲ့ ရဲဘက်စခန်းမှာ ဘိုနီဟာ သူ့အသက်အရွယ်နဲ့ မမျှတဲ့ ကျောက်ခဲသယ်တာ၊ ကျောက်ခဲခွဲတာတွေ လုပ်ရပါတယ်။ တစ်နေ့တော့ အမြန်လမ်းဘေးမှာ ကျောက်ခဲခွဲရင်း လက်ကို နည်းနည်းထိသွားတယ်။
နာသွားတဲ့အတွက်ကြောင့် တူကိုပစ်ချပြီး လက်ကို အနာပျောက်အောင် ခါနေတယ်။ ပြီးတော့ တူနဲ့ထုမိတဲ့ လက်ထိပ်ဖျားကို တံတွေးနဲ့ပွတ်နေလိုက်တယ်။
ဒါကို တွေ့သွားတဲ့ ဘုတ်ကိုင်က ဘိုနီ့ကိုအလုပ်မလုပ်ဘူးထင်ပြီး သူ့ခေါင်းကို တုတ်နဲ့ အဆက်မပြတ် လာရိုက်တယ်။ရုတ်တရက် ထူပူသွားတဲ့ဘိုနီဟာ ဘာကိုမှစဉ်းစားမနေတော့ဘဲ သူ့ဘေးနားက တူကိုယူပြီး ဘုတ်ကိုင်ကို ထုချလိုက်တယ်။
ဘုတ်ကိုင်လည်း ခွေခနဲလဲကျသွားတယ်။ နောက်တော့ ရဲဘက်စခန်းက ၀န်ထမ်းတွေ ဝီစီမှုတ်ရောက်လာပြီး ဘိုနီကို ချုပ်လိုက်တယ်။ ပြီးတော့ ဒေါက်ခတ် ခြေကျင်းခတ် လိုက်တယ်။
အဲဒီနေ့က ဘုတ်ကိုင်ကို ပြန်ချတဲ့ ဘိုနီကို ဝိုင်းနွှာလိုက်ကြတာ ပယ်ပယ်နယ်နယ်ပါပဲ။ ဘိုနီလည်း အသက်မသေဘဲ မျော့မျော့ပဲ ကျန်တော့တယ်။ တစ်ခုအမြတ်ရတာကတော့ ဝါဒါတွေ ကြားထဲမှာရော ရဲဘက်တွေ ကြားထဲမှာပါ ဘိုနီဟာ “ဇ” ရှိတဲ့ ကောင်လေးအဖြစ် သတင်းပြန့်သွားတာပဲ။
အစကတော့ ဘိုနီရဲ့ လက်တံကို သိပ်မမြင်ကြသေးဘူး။ နောက်တော့ အသက်ငယ်ပေမယ့် မာတဲ့ဘိုနီကို လျှော့မတွက်ရဲတော့ဘူး။ ဘိုနီအနေနဲ့ကလည်း မိုက်ချင်လို့ မိုက်တာမဟုတ်ပါဘူး။ ဘဝပေးအနေအထားကကို ဆိုးဖို့မိုက်ဖို့ ဖြစ်လာခဲ့တာပါ။ ဂဠုန်စီမံချက်ကြောင့် မိသားစုအတွက် ကိုယ်စားခံခဲ့ပေမယ့် ထောင်ထဲမှာ ဒီလိုမှ မမိုက်ရင် အသက်သေသွားနိုင်ပါတယ်။
မိသားစုမရှိ၊ ကျောထောက်နောက်ခံမရှိတဲ့ ရဲဘက်တွေ သေရင် အမြန်လမ်းမကြီးဘေးက ကြုံရာမြေသားတစ်ခုမှာပဲ မြှုပ်နှံခံရမှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အလောင်းမြှုပ်တဲ့သူတွေက ကျင်းကို နက်အောင်မတူးလို့ သုံးလေးရက်ကြာမှ ခြေတွေ၊ လက်တွေ ပေါ်လာပြီး ခွေးဆွဲ၊ ကျီးဆွဲတွေလည်းကြုံရပါတယ်။
သေသွားတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ ခြေကျင်းကို ဖြုတ်ယူတာတောင် တူတွေ တံစို့တွေယူပြီး ရိုက်ဖြုတ်ရမှာစိုးလို့ ခြေထောက်ကို ဖြတ်ပြီး ခြေကျင်းယူတဲ့ အဖြစ်အပျက်တွေတောင် သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။
____________________________
အင်းစိန်ထောင်အတွင်းမှဂန္ထ၀င်လူမိုက်ကြီးများ
အပိုင်း(၁၀)
#ဇော်သက်ထွေး
အစဉ်အလာ ဇရှိသွားတဲ့ ဘိုနီကို အမှတ် (၄) ရဲဘက်စခန်းမှာ ဆက်ထားဖို့အတွက် ထောင်အာဏာပိုင်တွေက တွန့်ဆုတ်သာွးကြတယ်။ဒါကြောင့်သူ့ကိုနာမည်ဆိုးနဲ့ကျော်ကြားတဲ့ပဲခူးရိုးမတောထဲက“ဒေါင်းမြီးခွက်စခန်း”ကိုပိ့ု လိုက်တယ်။
ဒေါင်းမြီးခွက်စခန်းကို ဘိုနီရောက်လာတော့ အမှတ် (၄) ရဲဘက်စခန်းတုန်းကလို မျက်စိသူငယ် နားသူငယ်နဲ့ မဟုတ်တော့ဘူး။ သူ့ရဲ့သတင်းကို ကြားသိပြီးဖြစ်တဲ့ ဒေါင်းမြီးခွက်စခန်းက ဖိုက်တာတွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆို ကြတယ်။
ဝါဒါတွေကလည်း သတိထားပြီး ဆက်ဆံတယ်။ ဒါပေမဲ့ နာမည်ဆိုးနဲ့ ကျော်ကြားပြီးသား ဒေါင်းမြီးခွက်စခန်းက ဘိုနီရောက်လာလို့ဘာမှပြောင်းလမဲသွားပါဘူး။
အကျဉ်းသားတေကွိုနှိပ်စက်မြဲရိုက်မြဲကျစ်ဆဲဖြစ်ပါတယ်။ဒီစခန်းက အကျဉ်းသားအရာရှိတွေကရဲဘက်တွေကိုလူလိုမမြင်ဘဲသူတိ့ုရဲ့အကျိုးစီးပွားအတကွ်ဖော်ဆောင်ပေးရတဲ့သတ္တဝါတွေ လို့မြင်တယ်။
ရဲဘက်စခန်းက ဝန်ထမ်းတွေအတွက် ဝင်ငွေရပေါက်ရလမ်းက အမြန်လမ်းကို ပေးသွင်းရတဲ့ ကျောက်ကျင်း တွေကို တရားဝင်နဲ့ တရားမဝင်တွေခြွဲပီး မှောင်ခိုရောင်းချတာပါပဲ။
ဒီဝင်ငွေကိုတော့ အကျဉ်းဦးစီးဌာန အမြန်လမ်းက ဝန် ထမ်းတွေနဲ့ လမ်းခင်းတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေပေါင်းပြီး အကြံအဖန်ရိုက်ကြတာဖြစ်ပါတယ်။
စခန်း တစ်ခုက ကျောက်ကျင်း ၂၀၀ ပါလာရင် ၁၀၀ လောက်ကို စာရင်းပြပြီး ကျန် ၁၀၀ လောက်ကို နှစ်ဖက်ပေါင်းပြီး ဖြောင် လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ရဲဘက်စခန်းတစ်ခုက အလုပ်ခိုင်းတဲ့ ရဲဘက်အရေအတွက်နဲ့ ပုံမှန်ထွက်ရှိနိုင်တဲ့ ကျောက် ကျင်းထက်ပိုပြီး ကျောက်ထုတ်ရပါတယ်။
နောက်ဆုံးတော့ အလုပ်နှစ်ဆလုပ်ရလို့ ရဲဘက်တွေ သေကျေ ဒဏ်ရာရ ကျိုး ကန်းကုန်တာပါပဲ။ ဒီအခြေအနေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အစိုးရကသိရှိထားပေမယ့် မသိချင်ယောင်ဆောင်နေတယ်။
အကျဉ်းဦးစီးဌာနက ၀ါဒါတွေကို လုပ်ချင်ရာ လုပ်ခွင့်ပေးထားတယ်။ အစိုးရ လိုချင်တာက ရန်/မန်း အဝေး ပြေးလမ်းမကြီး အမြန်ပြီးဆုံးစေရေးပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအဝေးပြေးလမ်းမကြီး ပြီးဆုံးသွားတဲ့အခါ ပေးဆပ်ခဲ့ရတဲ့ ရဲဘက်အကျဉ်း သားတေရွဲ့အသက်ဟာရာထောင်ချီပြီးရှိခဲ့ပါတယ်။
ဘိုနီရောက်နေတဲ့ ရဲဘက်စခန်းကလည်း ကျောက်ကျင်းတွေကို သတ်မှတ်ထားတာထက်ပိုပြီး ထုတ်ချင်တဲ့ ရဲ ဘက်စခန်းဖြစ်ပါတယ်။ ဒါမှ အကျဉ်းဦးစီး ဝန်ထမ်းတွေအတွက် မြိုးမြိုးမြက်မြက်ရမှာဖြစ်ပါတယ်။
ဒီတော့ ရဲဘက်တွေကို နေ့ညပိုပြီးမောင်းတယ်။ကျောက်တွေကိုပိုထုတ်ခိုင်းတယ်။နောက်ဆုံးဘိုနီတို့ကမခံနိုင်တော့တဲ့အတကွ်အရမ်းစွာတဲ့ လေးယောက်လောက် တိုင်ပင်ပြီး ဒေါင်းမြီးခွက်စခန်းကို မီးတင်ရှို့လိုက်တယ်။
အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး တန်း လျားတချို့လည်း မီးလောင်သွားတယ်။ မီးလောင်မှုကြောင့် တာဝန်ရှိတဲ့ဝန်ထမ်းတွေလည်း ပြောင်းရွှေ့ရတယ်။
ရဲဘက် စခန်းကိုပြန်ဆောက်ရတာကြောင့်ကျောကက်ျင်းတွေလည်းစိတ်တိုင်းကျထုတ်လို့မရတော့ဘူး။သူတို့ရဲ့ရည်မှန်းချက်ကို ပျက်စီးအောင်လုပ်တဲ့သူတွေကို ဝါဒါတွေ စုံစမ်းကြည့်လိုက်တော့ ဘိုနီတိ့ု လက်ချက်မှန်းသိသာွ းပြီး သူတို့လေးယောက်လုံး ကိုလေးယောက်တြွဲပီး ဒေါက်ခတ်ထားတယ်။
ဒီတော့ ရေချိုးရင်လည်းလေးယောက်တွဲ အိမ်သာသွားရင်လည်းလေး ယောက်တွဲ အိပ်ရင်လည်းလေးယောက်တွဲ တော်တော့်ကိုဒုက္ခရောက်ခဲ့ရတယ်။ ဒါပေမဲ့ ဘိုနီနာမည်ကတော့ပိုပြီးကြီးသွားတယ်။
လုပ်ရဲတယ် ကိုင်ရဲတယ် လက်ယဉ်တယ် လက်မြန်တယ်ဆိုပြီးတော့ပေါ့။ သူ့မှာ လက်နှစ်ဖက်ပဲ ရှိပေမယ့် တစ်ခုခု ရင်ဆိုင်ရတိုင်း အတော်လက်မြန်တယ်။ ဒါကြောင့် ရဲဘက်စခန်းမှာရှိတဲ့ အကျဉ်းသားတစ်ယောက်က သူ့ကို သိဒ်ိ္ဓ တင်ပေးတဲ့အနေနဲ့ လက်နှစ်ဖက်လုံးရဲ့အပေါ်မှာ ရေဘဝဲရုပ်ကို ဆေးမင်ကြောင်ထိုးပေးတယ်။
ရေဘဝဲလက်တွေက သူ့လက်ချောင်းပေါ်တွေအထိ ရေးဆွဲထားတယ်။ မထင်မှတ်ဘဲ ရေဘဝဲရုပ်က တော်တော်ကိုလှတယ်။ ဘိုနီလည်း အဲဒီ အချိန်ကစပြီး ရေဘဝဲဘိုနီလို့ နာမည်ကြီးသာွ းတယ်။ ဒီလိုနဲ့ ထောင်ဒဏ်စေ့သွားတဲ့ အချိန်မှာတော့ ဘိုနီအိမ်ပြန်လာခဲ့ တယ်။
တောင်ဥက္ကလာကိုပြန်ရောက်လာတဲ့ဘိုနီဟာအရင်ဘိုနီတော့မဟုတ်တော့ဘူး။ထောင်အတွေအ့ကြုံတွေရှိပြီး လက်မြန်တဲ့ “ရေဘဝဲဘိုနီ” ဖြစ်သွားပြီ။ ဘဝကို စျေးရောင်းရင်းနဲ့ ရိုးရိုးသားသား နေချင်ပေမယ့် သူ့ရဲ့ကံကြမ္မာက အကျဉ်း ထောင်နဲ့ လူမိုက်သံသရာ ဝဲဂယက်ထဲက မထွက်နိုင်တော့ဘူး။
၁ရ နှစ်သား လူငယ်လေး တစ်ယောက်ဘဝကနေ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းကာလမှာစီမံကိန်းရပ်ကွက်နဲ့ငမိုးရိပ်ဆန္ဒပြပွဲတေမွှာလူသတ်မှုနဲ့အင်းစိန်ထောင်ထဲပြန်ရောက် လာခဲ့ရသလို အင်းစိန်ထောင်ရဲ့လူမိုက်ကြီး သေဒဏ်ကြိုးလွတ် “စစ်ကား” ကို လက်ရုံးရည် နှလုံးရည်ချင်းပြိုင်ပြီး သတ် ဖြတ်ခဲ့တဲ့အထိမိုက်ဂုဏ်ကြီးလာခဲ့တယ်။
ရေဘဝဲဘိုနီ ဟာ ထောင်ထဲမှာ စစ်ကားကို ဘယ်လိုသတ်ခဲ့သလဲ။
လူသတ်ချိန် တစ်နာရီ သုံးမောင်း
ရေဘဝဲဘိုနီနဲ့ငြိတဲ့ စစ်ကားက ပေါ့သေးသေးမဟုတ်ဘူး။ သူက သေဒဏ်ကြိုးလွတ်တစ်ယောက်ပဲ။ ရန်ကင်းသား ဖြစ်တဲ့ စစ်ကားကအရင်က ခိုးဆိုးနှိုက်တစ်ယောက်ပါ။ တစ်နေ့တော့မြေနီကုန်းမှာ ကျောင်းဆရာမတစ်ယောက်ကို လုတယ် ဆရာမကအော်တော့ ပါးစပ်ထဲကို ကုံးသီးနဲ့ပစ်ပြီး သတ်ပစ်လိုက်တယ်။
ဒါကြောင့် လူသတ်လုယက်နဲ့ သေဒဏ်ကျခဲ့တာ ပါ။သေဒဏ်တိုက်မှာအငယ်လေး(ခ)ကြွက်ကတိုးဆိုတာလည်းရှိတယ်။ကြွက်ကတိုးလည်းစစ်ကားန့အဲတူတူသေဒဏ် ကျသွားတယ်။ သူတို့လည်း ကံကောင်းချင်တော့ ၈၈ ဒီမိုကရေစီ အရေးအခင်းနဲ့ ကြုံကြိုက်ပြီး သေဒဏ်ကလွတ်သွား တယ်။
ကြိုးတိုက်ကနေ အဆောင်ကို ရောက်လာတော့ လည်လည်ဝယ်ဝယ်ရှိတဲ့ ရန်ကင်းသား စစ်ကားက အခန်းလူကြီး ဖြစ်လာတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ ကြွက်ကတိုးက လူကောင်က ခပ်သေးသေး စကားအပြောအဆိုလည်း မတတ်တော့ ထောင်မှာ နေရာမတောင်းတတ်ဘူး။ သူက စစ်ကားအခန်းမှာပဲ အေးအေးဆေးဆေးနေတယ်။ နောက်တော့ စိတ်ရင်း ကောင်းတဲ့ ရေကန်ဘာယာ ရေဘဝဲဘိုနီနဲ့ အပေါင်းအသင်းဖြစ်သွားတယ်။ သူတို့နှစ်ယောက်လုံးက ထောင်ထဲမှာ ချွတ်တာ ခွာတာတွေ စိတ်မဝင်စားဘူး။ ပျော်ပျော်ပါးပါးပဲနေတယ်။
ထောင်ဆိုတာကလည်း သာမန်လူတွေကို ရှင်းပြလို့မရတဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေ အများကြီးပဲ။ ဥပမာ ညဘက် ညည့်နက်သန်းခေါင်ရောက်မှ လူတစ်ယောက်က အသံနက်ကြီးနဲ့ ထအော်ရာကနေ ဘေးနားကလူကို ကူးစက်ပြီး တစ်ထောင်လုံးအော်သံတွေဆက်သာွးတဲ့ညမျိုးတွေရှိခဲ့တယ်။အဲဒီအခါမျိုးမှာဝန်ထမ်းတွေကအချုပ်ခန်းသံတိုင်တွေကို တုတ်နဲ့ရိုက်ပြီး “မင်းအမိန့်” နဲ့ သရဲအားလုံး အေးအေးဆေးဆေးနေဖို့ လိုက်အော်လေ့ရှိတယ်။
အဲဒီလိုမျိုးဖြစ်တဲ့ည တွေကလည်းထောင်မှာအသားစားကျွေးတဲ့ရက်မျိုးတေမွှာဖြစ်လေ့ရှိတယ်။ထောင်အခေါ်တော့“သရဲစီး”တယ်လို့ပြော တယ်။ ဒီကိစ္စက ယနေ့အချိန်အထိ ဘယ် ထောင်အာဏာပိုင်မှ ဖြေရှင်းလို့မရတဲ့ အသိခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။
ထောင်မှာညနေစောင်းရင်ကောင်းတဲ့အခိုက်ရှိသလိုမကောင်းတဲ့အခိုက်လည်းရှိတယ်။တစ်ညနေမှာ ဧရာကြီး အမှုတွဲ မလက်တို (ခ) အောင်ဝင်းဆိုတဲ့ သူက (၃) တိုက် ဘုတ်တိုက်ထဲမှာ စိုက်ပျိုးရေး မှာသုံးတဲ့ ပေါက်တူး ၊ ပေါက်ပြားတွေကို သေချာသိမ်းပြီး အဆောင်ပြန်လာတယ်။
အချိန်ကတော့ နေဝင်ရီတရောပဲ။ အဆောင်မှာကလည်း လူစစ်ပြီး အဆောင်ပိတ်ဖိ့ု အားလုံးတန်းစီနေတဲ့အချိန်ပဲ။ မလက်တိုက ညဘက် ထမင်းစားရင် တို့ဖို့ ခရမ်းသီး တစ်လုံးနှစ်လုံး ခူးဖို့လုပ်နေတယ်။
ခရမ်းသီးဖြတ်ဖိ့ု အဆောင်ထဲမှာရှိတဲ့ ပါလေး (ခ) ကျော်ဉာဏ်သိန်းကို ဆီပတ် သံပြားနဲ့ လုပ်ထားတဲ့ ဓားလေးလှမ်းငှားတယ်။ ပါလေးကလည်း အဆောင်အပြင်မှာရှိတဲ့ မလက်တိုဆီကို အခန်းထဲကနေ ဆီပတ်သံပြားဓားကို လှမ်းပစ်ပေးတယ်။ အ့ံသြစရာကောင်းတာကဓားက လေထဲပျံတက်သွားပြီး တဝီဝီလည်ပြီး မလက်တို ဆီကို အရှိန်နဲ့သွားတယ်။
မလက်တိုလည်း တော်တော်လန့်သွားပြီး ဓားကိုမဖမ်းတော့ဘဲ လူကိုကပျာကယာလှဲချ လိုက်ရ တယ်။ ဓားက သူ့ခေါင်းကို ကျော်ပြီး အနောက်ဘက် မြေကြီးထဲမှာ စိုက်ဝင်နေတယ်။ မလက်တိုလည်း ခရမ်းသီး ကပျာက ယာခူးပြီးအခန်းထဲရောက်မှပါလေးကိုညနေဘက်စီးနေတဲ့အချိန်မှာဒီလိုဓားတေကွိုပစ်မပေးရကြောင်းရှင်းပြတယ်။
အဲဒီတော့မှ ပါလေးလည်းသဘောပေါက်သွားတယ်။
တစ်နေ့မှာတော့စစ်ကားလူကြီးလုပ်တဲ့အခန်းထဲကိုမကောင်းတ့အဲခိုက်စီးလာတယ်လို့ဆိုရမှာပဲ။အဲဒီညနေက အဆောင်ပိတ်ဖိ့ု လူတွေတန်းစီနေတဲ့အချိန်ပါ။
ဒါပေမဲ့ တန်းစီးတို့ ၊ အခန်းလူကြီးတို့ဆီမှာ “ဘောက်ချာ” ဝင်ထားတ့သဲ ူ
77
တွေက တန်းစီလေ့မရှိဘူး။ ကိုယ့်အိပ်ရာမှာပဲ ကိုယ်သက်သက်သာသာ လှဲနေလေ့ရှိတယ်။ ဝန်ထမ်းလူရေဖိ့ု ရောက်လာခါ နီးကျမှအခန်းသားတွေရဲ့နောက်ဆုံးမှာခဏဝင်ထိုင်ပြီးတန်းစီလိုက်တာပါပဲ။ဒီလိုလူတွေကိုထောင်ထဲမှာ“ဘိုလလိုုိ၊ ဂျိုလိုလို ကောင်တွေ”လို့ ခေါ်လေ့ရှိပါတယ်။
ဘိုဆိုတာကတော့ ထောင်ထဲမှာ မိုက်ဂုဏ်ရှိရင်ရှိ ၊ ဒါမှမဟုတ်ရင် ပိုက်ဆံရှိတဲ့ အတန်းအစားကို ဆိုလိုတာပါ။ ဂျိုဆိုတာကတော့ ထောင်ထဲမှာ ဘာမှမရှိလို့ ကိုယ့်ခန္ဓာကိုယ်ကိုရင်းပြီး အခွင့်အရေးရယူ ထားတဲ့ အတန်းအစားကို ဆိုလိုတာဖြစ်ပါတယ်။
စစ်ကားက အခန်းလူကြီးဆိုတော့ အဆောင်ပိတ်ရင် သူရဲ့သူငယ်ချင်းဖြစ် တဲ့ အငယ်လေး (ခ) ကြွက်ကတိုးနဲ့ ရေကန်ဘာယာ ဘိုနီတို့က တန်းစီလေ့မရှိဘူး။ အပြင်မှာပဲ ထွက်ထိုင်နေလေ့ရှိတယ်။ စစ်ကားကလည်း သူတိ့ုကို ဘာမှ ပြောလေ့မရှိပါဘူး။ မကောင်းတဲ့အခိုက် စီးနေတဲ့ တစ်ညနေမှာတော့ စစ်ကားက ဘာကို ဒေါကန်နေသလဲမသိဘူး။
အခန်းသားတွေ တန်းစီနေတဲ့အချိန် အပြင်ထွက်ထိုင်နေတဲ့ အငယ်လေးနဲ့ ဘိုနီကို ပိတ်ဟောက် လိုက်တယ်။
“ဟိုကောင် နှစ်ကောင် … မင်းတို့က ဘာကောင်တွေမိ့ုလို့ အပြင်ထွက်ထိုင်နေတာလဲ လာ … အထဲဝင် တန်းစ”ီ
ရုတ်တရက် အပြောခံလိုက်ရတာကြောင့် အငယ်လေးရော ဘိုနီရော ကြောင်အသွားတယ်။ အငယ်လေးက စစ်ကားသူငယ်ချင်း ဆိုပေမယ့် ရူးသလို ပေါသလိုနေတော့ စစ်ကားက အမြဲတမ်းနှိမ်တယ်။
ဒါကို ဘိုနီက ကြားကနေ မကျေမနပ်ဖြစ်လေ့ရှိတယ်။ အခုလည်း လူတွေကြားထဲ စစ်ကားဟောက်လိုက်တော့ အငယ်လေးက ဘာမှပြန်မပြောဘူး။ ရေဘဝဲဘိုနီကတော့ ရှက်လည်းရှက် ၊ ဒေါသလည်း ထွက်သွားပြီး စစ်ကားကို တချက်ပြန် ပြောလိုက်တယ်။
“ခင်ဗျားက ကျုပ်တို့နှစ်ယောက်ကိုပဲပြောနေတာ။ တခြားအပြင်ထွက်ထိုင်နေတဲ့သူတွေကျတော့ ဘာမှမပြောပါလား”
စစ်ကားလည်းဘိုနီမေးခွန်းကိုဘာမှပြန်မဖြေတတ်ဘူး။ဘာလို့လဆဲိုတော့ဘိုနီပြောတဲ့သူတွေကစစ်ကားကို ပိုက်ဆံပေးပြီး အခန်းထဲမှာ သက်သက်သာသာနေဖို့ ဘောက်ချာဝင်ထားတဲ့သူတွေဖြစ်လိ့ုပဲ။ အဲဒီနေ့က စစ်ကား လူပုံ အလယ်မှာ အရှက်ခွဲလိုက်တာကို ဘိုနီက လုံးဝမကျေနပ်ဘူး။
တစ်ညလုံး ရင်ထဲမှာ တနု့ံနုံ့ဖြစ်နေတယ်။ နောက်နေ့ ရောက်တော့ သူမအောင့်နိုင်တော့ဘူး။ အငယ်လေးကို ရေကန်ဘေးခေါ်ပြီး တိုင်ပင်လိုက်တယ်။
“ညနေကစစ်ကားစကားပြောတာတော်တော်ရင့်တယ်ကာွ။ငါမကျေနပ်ဘူး” အငယ်လေး (ခ) ကြွက်ကတိုးကလည်း သူ့အမှုတွဲကို မကျေနပ်ဘူး။
“ဟုတ်တယ် ကိုဘိုနီ။ ဒီကောင်က တော်တော်မာန်တက်နေတာ။ သူငယ်ချင်း အချင်းချင်းတောင် အထာမရှိဘူး။ ခင်ဗျား ဘာလုပ်ချင်သလဲ”
ဘိုနီကလည်း မစဉ်းစားတော့ဘဲ ချက်ချင်းအဖြေပြန်ပေးတယ်။
“ငါ စစ်ကားကိုသတ်ချင်တယ်။ မင်းငါနဲ့အတူ ဒီကောင်ကို သတ်မယ်လို့ ကတိပေးမလား”
အငယ်လေးက ခေါင်းညိတ်ပြတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် စစ်ကားကိုသတ်ဖို့ အသေးစိတ်တိုင်ပင်ကြတယ်။
သူတို့ရဲ့ အစီအစဉ်ထဲကို နောက်ထပ်ပါဝင်လာသူတစ်ယောက်ကတော့ ဒေါပုံစန်းမြင့်ပဲ။ စန်းမြင့်ကလည်း စစ်ကားကို မကျေနပ်ဘူး။ ဒီလိုနဲ့ သူတို့သုံးယောက် အသေးစိတ် အစီအစဉ်ဆွဲတယ်။
ဘိုနီက စစ်ကားသတ်မယ့် အချိန်ကို လူတွေ အရမ်းအိပ်မောကျနေတဲ့ည၁နာရီ၃မောင်းကိုရွေးတယ်။
ပြီးတော့ဘိုနီနဲ့အငယ်လေးကစစ်ကားကိုသတ်တ့အဲချိန် ဒေါပုံစန်းမြင့်က စစ်ကားရဲ့လူတွေကို ကာထားပေးဖို့ တာဝန်ပေးတယ်။ စစ်ကားကိုသတ်ဖို့ ဘိုနီက ချွတ်ကို ရွေးတယ်။
78
အငယ်လေးကတော့ ညဘက် အခန်းမိလ္လာထိုင်ခုံက သစ်သား ပျဉ်တန်းကို အသုံးပြုမယ်လို့ ပြောတယ်။ စန်းမြင့်ကလည်း သူ့အတွက် ချွတ်တစ်ချောင်း လိုတယ်လို့ ပြောတယ်။ ထောင်အခေါ် “ချွတ”် ဆိုတာကတော့ သံခြေကျင်းမှာ အသုံးပြုတဲ့ သံချောင်းအရှည်ကိုအဖျားချနွ်အောင်သွေးထားတာဖြစ်ပါတယ်။
ဘိုနီကချွတ်နှစ်ချောင်းကိုလက်သမားဘုတ်ကိုပိုက်ဆံ ပေးပြီးတိတ်တဆိတ်မှာလိုက်တယ်။လက်သမားဘုတ်ကပို့လိုက်တဲ့ချတွ်တွေကိုစစ်ကားသတ်မယ့်ညမှာအခန်းထဲကို သွင်းပြီးမိလ္လာဖုံးတဲ့ဖွဲပြာပုံကြားထမှဲာဝှက်ထားလိုက်တယ်။
အငယ်လေးကတော့မိလ္လာခုံကသစ်သားတန်းကိုရိုက်ဖြုတ် ပြီး ဟန်မပျက်ပြန်တန်းထားတယ်။ အရေးအကြောင်းဆို အသာဆွဲဖြုတ်လိုက်ရုံပဲ။
အခန်းမှာ ညဘက်ကင်းစောင့်တဲ့ ဘာယာတွေက မှောင်ရိပ်ခိုမှုတွေ ၊ မသင်္ကာမှုတွေနဲ့ ကျလာတဲ့ ၃၀ (D) တွေ များပါတယ်။ သူတို့တွေက ထောင်နှစ်လသုံးလပဲ ကျတဲ့သူတွေဖြစ်တယ်။ နေ့ဘက်မှာ ထောင်အပြင်ဘက်ကို ထုတ်ပြီး အကျဉ်းဦးစီးဌာန ရုံးခန်းတွေမှာ သန့်ရှင်းရေးလုပ်တာတွေ ၊ ရေဖြည့်တာတွေ တောက်တိုမယ်ရလုပ်ရတယ်။ တချို့လည်း ပန်းခြံတိ့ု တောင်ယာတိ့ုမှာလုပ်ရတယ်။
ညနေဘက်ရောက်မှ ထောင်ထဲကို ပြန်ဝင်ရတဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေက လည်း နေ့လယ်ကအလုပ်ပင်ပန်းထားတဲ့ ဒဏ်ကြောင့် ညဘက်ကင်းကျတဲ့အချိန်မှာ ငိုက်လေ့ရှိတယ်။ ဘာယာတစ် ယောက်ကိုထောင်အခေါ်ရှစ်မောင်း(နှစ်နာရ)ီကင်းစောင့်ရတယ်။ပြီးရင်နောက်တစ်ယောက်ကင်းလရဲတယ်။
ညဘက် မှာအကျဉ်းသားတေအွနေနဲ့ရှစ်နာရီသုံးမောင်းအထိစကားပြောကြဆိုကြ၊သီချင်းဆိုကြနဲ့ဆူညံနေတာပါပဲ။အခုနောက် ပိုင်းတော့ အခန်းတိုင်း ရုပ်မြင်သံကြားစက်တွေ တပ်ပေးထားတယ်။
ရှစ်နာရီသုံးမောင်းမှာ ဘာယာက “ခေါင်းချ” လိ့ု အော်လိုက်တာနဲ့ ကိုယ့်အိပ်ရာမှာကိုယ် လှဲအိပ်ရတယ်။ ကိုးနာရီ တစ်မောင်းအထိ ဘယ်သူမှ အိပ်ရာကထခွင့်မရှိဘူး။
ကိုးနာရီ တစ်မောင်းကျော်မှ လက်ညှိုးထောင်ပြီး “ဘာယာ သေးပေါက”် “ဘာယာ ရေသောက”် ၊ “ဘာယာအိမ်သာ တက”် ဆြိုပီးအော်ရတယ်။
ဘာယာခွင့်ပြုမှ အိပ်ရာထဲကထပြီး မိလ္လာကိုသွားခွင့်ရှိတယ်။ ဒီလိုတစ်ပြိုင်တည်း လူသုံး ယောက်သာထခွင့်ရှိပြီးကိုယ်သာွးချင်ရင်တော့ကိုယ့်အလှည့်ကိုစောင့်ရပါတယ်။အဲဒီညကတော့ဘိုနီတို့ကစစ်ကား ကိုသတ်ဖိ့ုအစီအစဉ်ဆထွဲားတော့လုံးဝမအိပ်ကြဘူး။
စိတ်လှုပ်ရှားပြီးညည့်နက်အချိန်ရောက်ဖို့စောင့်စားနေကြတယ်။
ည တစ်နာရီ သုံးမောင်းခေါက်လိုက်ပြီ။ ထုံးစံအတိုင်း ဘာယာက အိပ်ငိုက်နေတယ်။ ဘိုနီက “ဘာယာသေး ပေါက”် လိ့ု ထအော်တယ်။ ဘာယာက အိပ်ချင်မူးတူးအသံနဲ့ သွားလိ့ု ဗလုံးဗထွေး လှမ်းပြောတယ်။
မရှေးမနှောင်းမှာပဲ အငယ်လေးကလည်း “ဘာယာအိမ်သာတက”် လို့ အော်တယ်။ ဘာယာက သွားလို့ပြောတယ်။ မိလ္လာထဲကို ဘိုနီ နဲ့ အငယ် လေး ခပ်သွက်သွက် လျှောက်သွားလိုက်တယ်။ တစ်ခန်းလုံးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြတယ်။ ဘိုနီက မိလ္လာအခန်းထဲကဖွဲပုံအောက်မှာဝှက်ထားတဲ့ချွတ်နှစ်ချောင်းကိုယူလိုက်တယ်။အငယ်လေးကမလ္လိာတန်းပေါ်က သစ်သားချောင်းကို ဆြွဲဖုတ်လိုက်တယ်။ သူတိ့ု မိလ္လာခန်းထဲကအထွက်မှာ ဒေါပုံစန်းမြင့်လည်း ရောက်လာပြီ။
ဘိုနီက ချွတ် တစ်ချောင်းကို လှမ်းပေးပြီး “စစ်ကားလူတွေကို မင်းကြည့်ထား”လို့ အသံခပ်အုပ်အုပ်နဲ့ ပြောတယ်။ ပြီးတော့ သူ နဲ့ အငယ် လေးက စစ်ကားအိပ်နေတဲ့နေရာကို ခပ်သွက်သွက်လှမ်းသွားတယ်။
စစ်ကားကတော့ သူ့ကံကြမ္မာကိုမသိဘဲ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျနေတယ်။ အဖြစ်အပျက်က အရမ်းမြန်တယ်။
ဘိုနီကစစ်ကားကိုချတွ်နဲ့စထိုးလိုက်သလိုအငယ်လေးကလည်းသစ်သားချောင်းနဲ့မျက်နှာကိုဖြတ်ရိုက်လိုက် တယ်။ စစ်ကားရဲ့ အသံခပ်အုပ်အုပ်ပဲ ထွက်လာတယ်။ စစ်ကား ထထိုင်ချိန်တောင် မရလိုက်ဘူး။
အငယ်လေးတိ့ုရဲ့ လက်ချက်အောက်မှာ အိပ်ရာထဲမှာပဲ သွေးအလိမ်းလိမ်းဖြစ်သွားတယ်။ အော်သံတွေကြောင့် စစ်ကားလူတွေ နိုးလာတယ်။ ဒါပေမဲ့ဒေါပုံစန်းမြင့်ကချွတ်ကိုဝေယှ့မ်းပြီးအားလုံးကိုလှမ်းသတိပေးတယ်။
“မဆိုင်တဲ့သူ မကပ်နဲ့နော် ၊ ငါတို့က သေမထူး နေမထူးတွေကွ ၊ မင်းတို့လာရင် ငါလည်း ညှာမှာမဟုတ်ဘူး”
ဒေါပုံစန်းမြင့်ရဲ့ ခြိမ်းခြောက်မှုက တော်တော်တာသွားတယ်။ ဘယ်သူမှ အနားကိုမကပ်ရဲဘူး။
အခြေအနေကို ကြည့်လိုက် တော့ ဘိုနီတို့ သုံးယောက်လုံးမှာ လက်နက်ကိုယ်စီနဲ့ဆိုတော့ အားလုံးက ရှိန်နေကြတယ်။ စစ်ကားကလည်း နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။
ချက်ချင်းဆိုသလို အင်းစိန်ထောင်ဟာ ကမ္ဘာပျက်သလို ဆူညံသွားတယ်။ ထောင်ဝန်ထမ်းတွေ လည်း ရောက်လာပြီး ဘိုနီတို့ကို သေနတ်နဲ့ချိန်ထားတယ်။ ပြီးတော့ အပြင်ခေါ်ထုတ် ၊ ခြေကျင်းခတ် ပြီး ထုံးစံအတိုင်း စစ်ခွေးတိုက်ကိုပို့လိုက်တယ်။
စစ်ခွေးတိုက်ကိုရောက်တော့ ထောင်တွင်းလူသတ်မှုအတွက် တရားစွဲခံ ရမယ်ဆိုတာ ဘိုနီကသဘောပေါက်ထားတယ်။ ဒီတော့စစ်ခွေးတိုက်မှာ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေတယ်။
နောက်တော့ သူတို့သုံးယောက်လုံးကို လူသတ်မှုအတွက် တရားရုံးမှာ စွဲတင်ပိ့ုပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ချမှတ် လိုက်တယ်။
ဘိုနီတို့ကို ရုံးထုတ်တော့ အင်းစိန် CID က ဟောင်ကောင်ဂျက်မဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသမီးရဲအရာရှိက သူတို့အမှုကို စိတ်ဝင်စားလို့ လာကြည့်တယ်။ အချုပ်ခန်းထဲမှာ ရဲတွေက ဘိုနီတို့ကို ပုံစံထိုင်ခိုင်းတယ်။ ဒါပေမဲ့ ဘိုနီတို့က မထိုင်ဘူး။ ဟောင်ကောင်ဂျက်မရောက်လာတော့ ဘာလို့ ပုံစံမထိုင်သလဲဆိုပြီး သူတို့ကို “ဖြဲ” တာပေါ့။ ရေဘဝဲဘိုနီက ထောင်ပါးဝနေပြီ။ ဟောင်ကောင်ဂျက်မကို ပြန် “ကော” တယ်။
“ပုံစံထိုင်တယ်ဆိုတာ အင်းစိန်ထောင်ထဲမှာ အကျဉ်းထောင်ဥပဒေအရ ထိုင်ရတာ အခု ကျုပ်တို့က ရဲအချုပ်ခန်း ထဲမှာ မို့လို့ ပုံစံထိုင်စရာမလိုဘူး။ ဒါကြောင့် ခင်ဗျား ကြိုက်သလိုလုပ်နိုင်တယ်”
ဘိုနီ့စကား ကြားကြားချင်း ဟောင်ကောင်ဂျက်မက ဒေါသမထွက်ဘဲ သဘောကျသွားတယ်။ ပြီးတော့ “ဒါကြောင့် ရေဘဝဲဘိုနီဆိုပြီးထောင်ထဲမှာနာမည်ကြီးနေတာကိုး”လိ့ုမှတ်ချက်ချပြီးသူတို့သုံးယောက်ကိုထမင်းဝယ်ကျွေးသာွး တယ်။
တောင်ဥက္ကလာမှာမွေးပြီးရိုးရိုးသားသားစျေးရောင်းတဲ့အသက်မွေးဝမ်းကျောင်းမှုနဲ့ရှင်သန်ခဲ့တဲ့ဘိုနီဟာနောက် ဆုံးတော့ ထောင်ဆိုတဲ့ ဘဝတက္ကသိုလ်ရဲ့ ဖမ်းစားခြင်းကိုခံရပြီး ရေဘဝဲဘိုနီဆိုတဲ့ မိုက်ဂုဏ်အမည်တစ်ခုကို ရရှိခဲ့တယ်။
အခုတော့ဒီအဖြစ်အပျက်တွေဟာနှစ်ပေါင်းများစွာကြာခ့ပဲါပြီ။
ဒါပေမဲ့ ရေဘဝဲဘိုနီထက် ဆိုးတဲ့သူတွေ ရှိသေးတယ်။ သူတို့ကတော့ ဆေးမှုနဲ့ထောင်ကျတဲ့ ဇော်သူရဲ့ အမှုတွဲ — —— ရဲ့ အသည်းကို ချက်စားတဲ့ ဘဂျမ်းပဲ။
အင်းစိန်ထောင်အတွင်းမှဂန္ထ၀င်လူမိုက်ကြီးများ
အပိုင်း (၁၁)
#ဇော်သက်ထွေး
လူ့အသည်းစားတဲ့ ရေဖျံဘဂျမ်း
___________________
ဘဂျမ်းဆိုတာနှယ်နှယ်ရရတော့မဟုတ်ဘူး။ပင်လယ်ထမှဲာရေဖျံတစ်ကောင်လိုကျွမ်းကျင်လွန်းလို့ရေဖျံဘဂျမ်း ဆိုတဲ့ နာမည်တစ်လုံးရခဲ့တာ။ သူမွေးတာက ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်း ဒလ။
ရန်ကုန်နဲ့ ဒလကြားက မြစ်ပြင်ဟာ သူ့အတွက်ထမင်းအိုးပဲ။သူကငယ်ငယ်ကတည်းကထောင်ထဲကိုဝင်လိုက်ထကွ်လိုက်လုပ်နေတဲ့သူ။လုပ်တဲ့အလုပ်က ပင်လယ်ကူးသင်္ဘောကြီးတွေပေါ်ကနိုင်လွန်ကြိုးတေကွိုဖြတ်ခိုးတယ်။လောင်စာဆီတွေကိုခိုးတယ်။
ရန်ကုန်မြစ်ဝမှာ ကျောက်ချထားတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေဟာ သူ့အတွက်သားကောင်ပဲ။ ညဘက်မှာ သမ္ဗန်လေးနဲ့ ပင်လယ်ကူး သင်္ဘောဘေးကပ်ပြီး အပေါ်ကိုတွယ်တက်တယ်။ အပေါ်ရောက်တော့ သင်္ဘောကိုချည်ထားတဲ့ ကြိုးတွေကိုရနိုင်သမျှ ဓားနဲ့ ဖြတ်ပြီးအောက်မှာစောင့်နေတဲ့သူ့လူတွေဆီကိုချပေးတယ်။
သင်္ဘောပေါ်ကကင်းစောင့်တဲ့လူတွေတွေသွ့ားတာနဲ့ပင် လယ်ထကဲိုရေဖျံတစ်ကောင်လိုဒိုင်ဗင်ထိုးဆင်းသွားတာပဲ။အဲဒီနောက်မှာတော့ခိုးလို့ရလာတဲ့နိုင်လွန်ကြိုးတွေကိုငါးဖမ်း သင်္ဘောတွေဆီသာွ းပြီး ရောင်းတယ် ၊ အလဲအလှယ်လုပ်တယ်။
ဒီလိုနဲ့ ဘဂျမ်းရဲ့လုပ်ကွက် “ခွင်” က ကျယ်လာတယ်။ ဘဂျမ်းရဲ့ဇယားကို ဆိပ်ကမ်းရဲတွေနဲ့ နယ်ထိန်းတွေကသိပေမယ့် လက်ဆုပ်လက်ကိုင်မမိတော့ ဘာမှမတတ်နိုင်ဘူး။ ဒီအတိုင်းကြည့်နေရတယ်။ ဒါပေမဲ့ တစ်နေ့တော့ ရဲတွေအတွက် ဘဂျမ်းကို နှိပ်ကွပ်ဖိ့ု အခွင့်အရေးပေါ်လာတယ်။
ဒီအခွင့်အရေးကတော့ ရှစ်လေးလုံးဆိုတဲ့ ဒီမိုကရေစီ အရေးတော်ပုံပါပ။ဲ ရန်ကုန်မှာ မဆလ တစ်ပါတီအာဏာ ရှင်စနစ်ကို ဆန္ဒပြမှုတွေဖြစ်ပွားတော့ အုပ်ချုပ်ရေး ပျက်ပြားသွားတယ်။ ဆန္ဒပြတဲ့ လူအုပ်စုတွေက နောက်ဆုံး ဂိုဒေါင်တွေ ဖောက် ၊ ရဲစခန်းတွေဝင်စီးတာတွေ ဖြစ်ကုန်တယ်။ ဒလဘက်ကမ်းမှာလည်း ဒလရဲစခန်းကိုဝင်စီးပြီး ရဲတချို့သေကုန်တယ်။
စက်တင်ဘာလ၁၈ရက်နဝတကအာဏာသိမ်းတော့ရဲစခန်းကိုဝင်စီးတ့သဲူတွေကိုနောက်ကြောင်းပြန်လိုက်ပြီးအကုန် ဖမ်း ၊ ထောင်ချပစ်တယ်။ ဒီလိုအမှုမျိုးမှာ ဦးဆောင်တဲ့သူတွေကို သေဒဏ်တွေ ၊ တစ်သက်တစ်ကျွန်းတွေချပြီး နောက်က ကူညီပံ့ပိုးတဲ့ သူတွေကိုတော့ ဆယ်နှစ်တွေ ၊ ဆယ့်ငါးနှစ်တွေ ချပစ်တယ်။
ဘဂျမ်းကိုလည်း ထောင်ရှစ်နှစ် ချလိုက်တယ်။ အမှန်တကယ်တော့ ဒလရဲစခန်း ဝင်စီးတဲ့အထဲမှာ ဘဂျမ်းမပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအတကွ်လုပ်ရမယ်ဆိုပြီးမြို့တွေနယ်တွေရပ်ကွက်တွေထဲက“ဇ”ရှိတဲ့လူတွေ၊ရဲစခန်းမှာနာမည်ဆိုး စာရင်းဝင်ထားတ့သဲူတွေကိုအကုန်အပြစ်ရှာပြီးဖမ်းထည့်လိုက်တယ်။ဒီအထဲမှာဘဂျမ်းလည်းပါသွားရှာတာပေါ့။
ဒါပေမဲ့ ဘဂျမ်းကထောင်ထဲကို ဝင်ခလုတ် ၊ ထွက်ခလုတ် လုပ်နေတဲ့သူဆိုတော့ အင်းစိန်ကသူ့အတွက် နယ်ပယ် အစိမ်း မဟုတ်ဘူး။ အားလုံးနဲ့ “အထာ” ရှိတယ်။ အထူးသဖြင့် ဘဂျမ်းက ထောင်ဆရာဝန်ကြီးကို အရမ်းပိုင်တဲ့အတွက် အင်းစိန်ထောင်ဆိုတာ သူ့အတွက်တော့ အေးဆေးပဲ။
ဒလက သူ့အမှုတွဲအများစုဟာ သေဒဏ်တွေ ၊ ကျွန်းတွေကျပြီး ဒုက္ခ တွေရောက်နေရပေမယ့် ဘဂျမ်းက ဆေးရုံမှာ လေဘာကျပြီး သက်သက်သာသာနေရတယ်။ ထောင်ဆရာဝန်ကလည်း အင်္ဂလိပ်စာ လုံးဝမရေးတတ် ၊ မဖတ်တတ်တဲ့ ဘဂျမ်းကို ဆေးမှူးခန့်ထားတယ်။
စာမတတ်တဲ့ ဘဂျမ်းက လူနာတွေကို သွေးပေါင်ချိန်တိုင်းတာတွေဘာတွေလုပ်ရတယ်။ဘဂျမ်းသွေးပေါင်ချိန်တိုင်းတ့အဲခါတိုင်းမေးလိုက်ရင်အမြဲတမ်း ၁၂၀/၈၀ကောင်းတယ်ဆိုတာချည်းပဲ။ဘာလို့လဆဲိုတော့၁၂၀/၈၀ဟာလူတစ်ယောက်အတွက်ပုံမှန်သွေးပေါင်ချိန်ဆို တာကို သိထားတော့ ဘဂျမ်းက ဒါကိုပဲ အလွတ်ကျက်ထားတယ်။
ထောင်ထဲမှာဆိုတော့ ဘယ်သူမှလည်း အထွန့်မတက် ရဲဘူး။ ပြီးတော့ ဘဂျမ်းက ထောင်ထဲမှာ လက်ရဲဇက်ရဲရှိတယ်။ အကျဉ်းသားတွေ အများစုက အပူများတော့ သွေးစုနာတွေပေါက်ကြတယ်။
အဲဒါဆိုရင် ဘဂျမ်းရဲ့ ဓားချက်မိပြီသာမှတ်တော့။ ဆေးရုံမှာသူကပဲ ဒိုင်ခံခွဲတယ်။ အဲဒီအချိန်က ထောင် ဆိုတာ အစစအရာရာ ရှားပါးတဲ့နေရာတစ်ခုပဲ။ အခုခေတ်လို ရယ်ဒီမိတ် အစားအစာတွေမရှိဘူး။
ထောင်ထဲမှာ ကော်ဖီ သောက်ချင်ရင် လက်ဖက်ရည် သောက်ချင်ရင် အိမ်ကို သကြားကသပ်သပ် ၊ ကော်ဖီမှုန့်ကသပ်သပ် ၊ နို့မှုန့်ကသပ်သပ် မှာ ရတယ်။ပြီးတော့ထောင်ထဲမှာရေနွေးပေးတ့အဲချိန်ကိုစောင့်ပြီးမှကော်ဖီဖျော်သောက်ရတယ်။ထောင်သားအများစုက လည်းစီးပွားရေးမပြေလည်တဲ့သူတွေများတယ်။
ထောင်ဝင်စာမလာတဲ့တချို့ဆိုထောင်ထဲမှာတွေသ့မျှအရွက်တွေ ခူးပြီးစားမိလို့ သွေးဝမ်းတွေသွားပြီး သေသွားတဲ့သူတွေအများကြီးပဲ။ ထောင်မှာ အကျဉ်းထောင် လက်စွဲဥပဒေအရ နေ့လယ်ဘက်မှာ ရေနွေးကြမ်းတစ်ခွက်စီတိုက်တယ်။
တချို့ “ပုန်းကြောင်” နေတဲ့သူတွေက လက်ဖက်ရည်ကြမ်းထည့်တဲ့ စည်ပိုင်းပြတ်ထဲက လက်ဖက်ခြောက်ဖတ်တွေကို တောင်းပြီး သုပ်စားရတာတွေရှိတယ်။ ပုန်းကြောင်တယ်ဆိုတာက ထောင်ဝင်စာမရှိလိ့ုအစားအသောကဆ်င်းရဲတဲ့သူတွေကိုထောင်စကားနဲ့ခေါ်တာဖြစ်ပါတယ်။
တချို့ကလည်းထမင်းပေး တဲ့အချိန်မှာ နည်းနည်းပိုယူထားပြီး ပလတ်စတစ်ဘူးထဲမှာ ထမင်းချဉ်လုပ်စားကြတယ်။ ငါးရက်လောက် ပလတ်စတစ်ဘူး ထဲထည့်ထားတဲ့ထမင်းချဉ်သွားတ့အဲခါတောင်ယာထဲမှာရှိတဲ့ပူစီနံတိ့ု၊ကန်စွန်းရွက်တိ့ုခူးပြီးသုပ်စားကြရတာပါ။
တစ်ခါ ကတော့ ထူးထူးဆန်းဆန်း ဖားထမင်းချဉ်ဆိုတာစားခဲ့ရဖူးတယ်။ အဆောင်တောင်ယာတွေထဲမှာ ကန်စွန်းခင်းတွေရှိ တယ်။ မိုးဦးကျတဲ့အခါမှာ ဒီကန်စွန်းခင်းတွေထဲကနေ ဖားပေါင်စင်းလေးတွေ ထွက်လာတယ်။ အဲဒါကို အပ်ချည်ကြိုးနဲ့ မျှားပြီးဖမ်းကြတယ်။
ဖားပေါင်စင်းလေးတေဆွိုတော့ချက်စားလို့လည်းမရ၊ကြော်စားလို့လည်းမရနောက်ဆုံးကြံရာမရတဲ့ အခါမှာ ထမင်းချဉ်ထဲ ဖားကိုရောသိပ်ပြီး ဖားထမင်းချဉ်လုပ်စားကြတယ်။ နောက်ဆုံးတော့ ဗိုက်ပျက် ၊ ဝမ်းလျှောပြီး ဆေးရုံ ရောက်ကြရတော့တာပါပဲ။ဆေးရုံရောက်ရင်တော့ဘဂျမ်းရဲ့စီမံခန့်ခမွဲှုထဲရောက်သွားပါပြီ။
ဆေးရုံဆိုတာကလူတစ်သောင်းလောက်ရှိတဲ့စံပြအင်းစိန်အကျဉ်းထောင်မှာအထူးအခွင့်အရေးတေရွနေတဲ့နေ ရာဖြစ်တယ်။ဆေးရုံမှာ၂၄နာရီရေနွေးရှိတယ်။၂၄နာရီမီးဖိုရှိတဲ့အတွက်ကြော်လှော်ချက်ပြုတ်လို့ရတယ်။လူနာတွေ အတွက်ကြက်ဥ၊နွားနို့၊ဆန်ပြုတ်၊ဆီ၊ကြက်သွန်၊ငရတု်သီးပေါများတယ်။
တချို့ရောဂါအခြေအနေဆိုးလွန်းတဲ့ လူနာတွေအတကွ်နေ့ညကြက်ဥတွေ၊နွားနို့တွေပေးတယ်။ဒါပေမဲ့အဲဒီလူနာတွေကမသောက်ဘဲဆေးလိပ်နဲ့လဲတယ်။ အသားနဲ့လဲတယ်။ဒါကလည်းထောင်ထဲမှာစျေးကကွ်တစ်ခုပဲ။
နောက်ပြီးဆေးရုံဟာဘယ်ဆေးကိုမဆိုသိမ်းထားလို့ ရတဲ့အတွက်ကြောင့် မူးယစ်ဆေးနဲ့ကျတဲ့ အကျဉ်းသားတွေအတွက် နိဗ္ဗာန်ဘုံလိုပဲ။ အဆောင်မှာ ဒိုင်ရာဆီပင်မိရင် ရုံးတင် ခံရမှာ သေချာပေမယ့် ဆေးရုံမှာမိရင်တော့ ဘာမှမဖြစ်ဘူး။ အဲဒီအချိန်က ဆေးရုံမှာရှိတဲ့ ရှန်ဂဲဆိုရင် ကျီးကန်းကို ဒိုင်ရာဆီ ပင်တိုက်ပြီး မွေးထားတာတောင်ရှိတယ်။
ဆေးရုံမှာက ဒိုင်ရာဆီပင်ပေါတာကိုး။ ကျီးကန်းကလည်း ဆေးသောက်ချိန်ဆို ဆေးရုံပေါ်ရောက်လာပြီ။ မသောက်ရရင် သူ့သခင် ရှန်ဂဲကို ပြဿနာရှာလေ့ရှိတယ်။ အဲဒီအချိန်က ထောင်ဆေးရုံဟာ မျက်နှာကြီး အကျဉ်းသားတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုပါပဲ။
ဘဂျမ်းရဲ့ အားကောင်းချက်က သူ့ဆရာတွေခိုင်းရင် ဘာမဆို လုပ်တဲအ့ချက်ပါပ။ဲထောင်မှာကနေ့စဉ်နဲ့အမျှလူသေလေ့ရှိတယ်။သေရင်လည်းဘာရောဂါနဲ့သေတယ်ဆိုတာကိုအစီ ရင်ခံစာတင်ဖို့အတွက် ရင်ခွဲရတာတွေ ၊ ခေါင်းခွဲရတာတွေရှိတယ်။ လူတွေဒီလောက်ပေါများတဲ့ ဆေးရုံမှာ ဆရာဝန်တွေက ဒီအလုပ်တွေကို မလုပ်ချင်ကြဘူး။
ဒါကြောင့် ဘဂျမ်းကို သူ့ဆရာ ထောင်ဆရာဝန်ကြီးက လူသေခွဲစိတ်ပုံ ၊ ခွဲစိတ်နည်းတွေ ပြသထားတယ်။ခေါင်းခွဲလို့Spotတွေရ့င်ငှက်ဖျားပိုးနဲ့သေတယ်။ရင်ခွဲလို့အကြိတ်တွေ့ရင်ကင်ဆာ၊ဒါမျိုးတွေရှာဖိ့ုမှာ ထားတယ်။ ဘဂျမ်းကလည်း သူ့ဆရာမှာတဲ့အတိုင်း လုပ်ပါတယ်။
ထောင်ထဲမှာ ဆိုတော့လည်း ရောဂါရှာဖွေရေးတွေ မှန်မမှန် ဘယ်သူကမှလည်း လိုက်စစ်မနေအားပါဘူး။ နောက်တော့ ဘဂျမ်းက ကျွမ်းကျင်အဆင့်ဖြစ်လာတယ်။ လူသေ တွေဆို သူပဲခွဲရစိတ်ရတယ်။
ဒါကြောင့် သူ့ရဲ့အမှုတွဲတွေ နယ်ထောင်အသီးသီးကို ပြောင်းသွားကြပေမယ့် ဘဂျမ်းကတော့
အင်းစိန်ထောင်မှာပန်းပန်လျက်ပဲ။သူ့ကိုကြည့်ထားတဲ့သူတွေထမှဲာထောင်ပိုင်ကြီးကအစ၊ထောင်ဆရာဝန်အဆုံးဆို တော့ ဘယ်သူကမှ မတို့မထိရဲတော့ဘူးပေါ့။
ဒါပေမဲ့တစ်နေ့တော့ ဘဂျမ်း ကြမ္မာဆိုးတစ်ခုဝင်လာတယ်။ အဲဒါကတော့ ညဘက်အိပ်နေရာကနေ ထ, ထအော် တာပဲ။ သူ့ဆရာတွေကလည်း သေချာစစ်ဆေးပေးပြီး ဆေးတွေဘာတွေ ကျွေးတယ်။ ဒါပေမဲ့ ညဘက် ချောက်ချားပြီး အိပ်မပျောတ်ဲ့ရောဂါကပိုဆိုးလာတယ်။
ဘဂျမ်းအပြောအရဆိုရင်သူ့ဘေးမှာလူတစ်ယောက်ကတဒေါက်ဒေါက်နဲ့လမ်း လျှောက်နေတယ်ဆိုပဲ။ ဒါပေမဲ့ အဲဒီလူကို တခြားလူတွေကမမြင်ရဘူး။ ထောင်ဆိုတာကလည်း သရဲ ၊ တစ္ဆေ ၊ နာနာဘာဝ ဆိုတာကို ယုံကြည်တယ်။ မယုံလို့လည်းမရဘူး။ တကယ့်လက်တွေ့ ကြုံတွေ့ခဲ့ကြတာကိုး။
တပေါင်းတန်ခူးလို လတွေမှာ အသားစားရက်တိုင်း ထောင်သားတွေ ထထအော်လိ့ု တစ်ညလုံး မအိပ်ရတာတွေရှိတယ်။ “ထောင်အော်တယ်လို့ဆို တာပဲ။
အထူးသဖြင့် အမဲသားကျွေးတဲ့နေ့တွေမှာ ပိုဖြစ်တတ်တယ်။ ဆေးပညာ ရှုထောင့်အရ ကျွမ်းကျင်သူတချို့ ပြော တာကတော့ ထောင်ထဲမှာ လူတွေအပူများလွန်းလို့ အခုလိုအပြုအမူမျိုးဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နာမ်လောကအ ကြောင်းကို ဘယ်သူမှ မပစ်ပယ်ရဲပါဘူး။
ဒီအထဲမှာ ထောင်ပိုင်တွေလည်း ပါပါတယ်။ ထောင်အော်တာတွေ ခဏခဏ ဖြစ် လွန်းလို့နောက်ဆုံးတော့အကျဉ်းသားတွေကိုအမသဲားကျွေးတာရပ်ပြီးဝက်သား၊ငါးနဲ့ဘဲဥပဲပြောင်းကျွေးလိုက်တယ်။ အဲဒီအချိန်မှာတော့ ထောင်အော်တာတွေ ရပ်သွားတယ်။ အခုလည်း ဘဂျမ်းတစ်ယောက် ဘယ်လိုရောဂါဖြစ်နေတယ်ဆို တာ ဘယ်သူမှရှင်းမပြတတ်ဘူး။ တချို့ကတော့ အပမှီတယ် ပြောတာပဲ။
နောက်ဆုံး ဘဂျမ်းကို အတွေ့အကြုံရှိတဲ့ ဗမာ ဆေးဆရာနဲ့ ကုရတယ်။ အဲဒီကျမှ သူ့ရဲ့ လျှို့ဝှက်ချက် တစ်ခုပေါ်လာတယ်။
အဲဒါကတော့ အင်းစိန်ထောင် (၁) ဆောင်ကို ကျောက်မြောင်းက ဆေးမှုနဲ့ လူငယ်နှစ်ယောက်ဝင်လာတယ်။ အဆောင်မှာ ဆေးမချရတော့ နှစ်ယောက်လုံး “ယင်း” ထ နေတော့တာပေါ့။ သူတို့ထကဲ တစ်ယောက်က ဆေးကြောင်ပြီး (၁) ဆောင်ရဲ့ သောက်ရေကန် အုတ်ကန်ထဲကို ခုန်ဆင်းသာွ းတယ်။
ဒီအုတ်ကန်က လူ ၁၆၀၀ လောက်အတွက် ရေသုံးဖို့ ပေးထားတာဖြစ်ပြီး အဖုံးလည်းဖုံးထားတယ်။ လူတစ်ကိုယ်စာ ဝင်ပေါက်တစ်ပေါက်ပဲရှိတယ်။ အဲဒီအပေါက်ထဲကနေ ဆင်းသာွးတော့ ဘယ်သူကမှသတိမထားမိဘူး။
အဆောင်ပိတ်မှ လူတစ်ယောက်ပျောက်လို့ စစ်လိုက်တော့ အုတ်ကန်ထဲ မှာရေနစ်သေနေပြီ။ နောက်ဆုံးတော့လည်း ဒီအလောင်းဟာ ဘဂျမ်းလက်ထဲ ရောက်တာပေါ့။ ထုံးစံအတိုင်း ရေနစ်သေ တယ်ဆိုတာကို ခိုင်လုံဖိ့ု ဘဂျမ်းက ရင်ခွဲစစ်ဆေးရတယ်။ အဲဒီနေ့က ဘဂျမ်း ဘာဖြစ်သွားတယ်မသိဘူး။
လတ်လတ်ဆတ် ဆတ် သေသွားတဲ့ ဆေးသမားရဲ့ အသည်းတစ်ခြမ်းကို လှီးယူထားလိုက်ပြီး ဆေးရုံစားဖိုဆောင်မှာ ကြက်သွန်တွေ ငရုတ် သီးတွေနဲ့ချက်လကို်တယ်လို့ဆိုတယ်။ပြီးတော့သူ့သူငယ်ချင်းတချို့ကိုလည်းကျွေးလိုက်သေးတယ်။အဲဒီဟင်းကသူစား ခဲ့ရတဲ့အထဲမှာအနူးညံ့ဆုံးပဲလို့သူ့အမှုတွဲဖြစ်တဲ့ကိုလှထနွ်းကိုပြောပြခဲ့တယ်။အဲဒါစားပြီးတဲ့နောက်ဘဂျမ်းကိုညစဉ်လာ ခြောက်နေတော့တာပဲ။ အိပ်ရာဘေးမှာ တဒေါက်ဒေါက်နဲ့ လမ်းလျှောက်နေလိ့ု ဘဂျမ်းစိတ်ချောက်ချားပြီး အိပ်မပျော်တဲ့ ရောဂါ ရသွားခဲ့တယ်။
သူ့ရောဂါကို ဗမာဆေးဆရာနဲ့ အသည်းအသန်ကုလိုက်မှ ပျောက်သွားတယ်။ သေသွားတဲ့သူကို လည်းဆေးရုံမှာရော ၊ (၁)ဆောင်မှာပါ အမျှအတန်းဝေပြီး ကုသိုလ်ကောင်းမှု လုပ်လိုက်တယ်။ အဲဒီနောက်မှာတော့ ဘဂျမ်း တစ်ယောက် အချိုးပြောင်းသွားတယ်။ အနေအထိုင် ဆင်ခြင်သွားတယ်။ ကံကောင်းတဲ့ ဘဂျမ်းဟာ ထောင်ရှစ်နှစ်ပဲကျလို့ စောစောစီးစီး လွတ်မြောက်သွားပြီး မကောင်းမှုတွေကို မလုပ်တော့ဘူး။
ဒီလိုနဲ့ သူ့ရဲ့ “ရေဖျံဘဂျမ်း” ဆိုတဲ့အမည်လည်း လှိုင်မြစ်ပေါ်မှာ ပျောက်ဆုံးသွားတော့တယ်။
စိန်ကုလားကြီးက ကျော်သူ (ခ) မြွေဖြူလေးကိုသတ်ဖို့ ဘယ်လိုပဲ လက်ရှောင်ခဲ့ လက်ရှောင်ခဲ့ ဆေးရုံကြီး စိန်ဝင်းကတော့ ကျော်သူ့ကို ဘာကြောင့် အသေသတ်ချင်နေသလဲဆိုတာကတော့ အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။
စစ်ခွေးတိုက်မှာတာဝန်အရှိဆုံးဖြစ်တဲ့ တပ်ကြီးကြပ်ဗိုလ်ကံက အကျဉ်းထောင်ဥပဒေဘောင်ကျော်လွန်ပြီးကျော်သူ့ ကို သေလုမြောပါး နှိပ်စက်လိုက်ပေမယ့် ထောင်အာဏာပိုင်တွေကမသိကျိုးကျွံပြုနေခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ ကျော်သူ့ ကိုလုံးဝမကြည်ဖြူတော့လို့ပါပဲ။ဒီအချက်ကလည်းဆေးရုံကြီးစိန်ဝင်းအတကွ်ကျော်သူ့ကိုသတ်ဖိ့ုအဓိကလှုံ့ဆော်မှုတွေ ထဲပါ ပါ၀င်ခဲ့ပါတယ်။ ကျော်သူ့ကို ရှင်းပေးရင် ထောင်က သူ့ကို “အထာ” ထားလိမ့်မယ်လို့ ယြုံကည်ထားတယ်။
ထောင်ထဲမှာရှိတဲ့ လူမိုက်တွေအတွက်ကတော့နာမည်နဲ့ ဂုဏ်သတင်းကျဆင်းလာရင် အသက်အန္တရာယ်နဲ့ပိုနီး လာတတ်ပါတယ်။
ကျော်သူက မူဆာကိုချွတ်နဲ့ထိုးပြီး ပသျှူးလက်ဝှေ့ကျော်ကို အနိုင်ရခဲ့တဲ့အတွက် အင်းစိန်ထောင်မှာ ဂုဏ်သတင်းကောင်းခဲ့ပေမယ့် ဆေးရုံကြီးစိန်ဝင်းကတော့ ကောက်ချိတ်လိုအတန်းက ချွတ်နဲ့အထိုးခံရ ၊ နိုင်ငံရေးသမား တွေနဲ့ ပြဿနာတက်ခဲ့တာကြောင့် နာမည်ပျက်ရတာတွေက သြဇာအာဏာ ကျဆင်းလာရခြင်းရဲ့ အကြောင်းအရင်းတွေ ပါပဲ။
ဒီအခြေအနေကိုကုစားဖို့အတွက်ဆေးရုံကြီးစိန်ဝင်းကအဖြေရှာရင်းအင်းစိန်ထောင်ထမှဲာ“မှိုဘယ်နေရာမှာပွင့်သ လ”ဲ ဆိုတာကိုသိသွားတယ်။ ပြီးတော့သူ့ရှေ့က ထောင်သမ္ဘာဖြစ်တဲ့ နှစ်တစ်ရာကျွဲကြီးရဲ့ ဘဝဖြစ်အင်ကိုကြည့်ပြီး သူ့လို ဖြစ်သွားမှာ စိန်ဝင်း အရမ်းကြောက်နေတယ်။
နှစ်တစ်ရာကျွဲကြီးဟာ နာမည်နဲ့ လိုက်ဖက်အောင် ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင် ၊ အသားက မည်းမည်းတူးတူး ၊ကျွပဲခုံးထနေတဲ့ခန္ဓာကိုယ်နဲ့မြင်လိုက်ရင်ရိုးရိုးအကျဉ်းသားတွေအတွက်ချောက်ချားစရာကောင်းပါတယ်။
နှစ်တစ်ရာကျွဲ ကြီးရဲ့ ထူးခြားချက်ကတော့ နွေမိုးဆောင်း ဘယ်လောက်အေးအေး ၊ ဘယ်လောက်မိုးရွာရွာအကျႌ ဘယ်တော့မှမဝတ်ဘူး။ ပြီးတော့ နှစ်တရာကျွဲကြီးလို့သာ နာမည်ကြီးနေတာ သူကျခဲ့တဲ့အမှုက လူသတ်မှုတွေမဟုတ်ဘူး။
သူက ခိုးတဲ့ လုတဲ့ အမှု လောက်ပဲလုပ်ခဲ့တာပါ။ နှစ်တစ်ရာကျော်ကျရတဲ့ အကြောင်းရင်းကတော့အပြင်မှာ အမှုရောင်း ၊ အမှုဝယ်လုပ်ရင်းများပြား လှတ့အဲမှုတွေကြောင့်နှစ်တစ်ရာကျော်ကျသွားခဲ့တာဖြစ်ပါတယ်။
သူမကျူးလွန်တဲ့တချို့အမှုတွေကိုကာယကံရှင်ဆီက ဝယ်ပြီးအစားခံသလို တချို့ရဲစခန်းတွေမှာ မပေါ်တော့တဲ့ လုယက်မှု ၊ ခိုးမှုတွေအတွက် ရဲနဲ့ အပေးအယူလုပ်ပြီး ဝန်ခံခဲ့ တာတွေရှိပါတယ်။ဝယ်လိုက်တဲ့အမှုတွေများလနွ်းတာကြောင့်နှစ်ရာကျော်ကျခ့တဲာဖြစ်ပါတယ်။
နှစ်တစ်ရာကျွဲကြီးဟာ ထောင်ထဲကအပြင်ရောက်ဖို့ လွတ်လမ်းမမြင်ပေမယ့် ကံကြမ္မာကအခွင့်အရေး တစ်ကြိမ်ပေးခဲ့ပါတယ်။
ဒါကတော့ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းကြီးဖြစ်ပြီး အုပ်ချုပ်ရေးပျက်သွားတဲ့အချိန်မှာ အင်းစိန်ထောင်ကြီးလည်းပွင့်သွားခဲ့ပါတယ်။ ဒီမိုက ရေစီအရေးအခင်း ခေါင်းဆောင်တွေ ၊ ကျောင်းသားတွေနဲ့ ဘုန်းကြီးတွေကလည်း အင်းစိန်ထောင်ကိုဖွင့်ပေးပြီး သာမန် အကျဉ်းသားတေကွိုအပြင်ရောက်အောင်ကူညီခဲ့ပါတယ်။
ဒီအချိန်မှာနှစ်တစ်ရာကျွဲကြီးဟာအပြင်လောကကြီးထဲကို မသွားတတ် မလာတတ်တော့လိ့ု ထောင်ထဲမှာပဲ ပုန်းနေခဲ့ရတဲ့ဘဝကို ထောင်အာဏာပိုင်တွေသိခဲ့ပါတယ်။
တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတော်ငြိမဝ်ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်မှာနှစ်တစ်ရာကျွဲကြီးနဲ့အာဇာနည် ကုန်းဗုံးခခွဲဲ့တဲ့မြောက်ကိုရီးယားလူမျိုးကင်မင်ချူးကိုထောင်ထဲမှာပဲတစ်သက်လုံးနေထိုင်ရမယ့်သူတွေအဖြစ်အကျဉ်း ဦးစီးဌာနကတရားဝင်မထုတ်ပြန်ပေမယ့်သတ်မှတ်ခဲ့ပါတယ်။
လက်နဲ့ခြေထောက်တွေဗုံးထိပြီးပြတ်သာွးခဲ့တ့အဲတွက် ကားတာယာကျွတန်ဲ့လျှောက်သွားနေတဲ့ကင်မင်ချူးကိုအထူးဝင်းထမှဲာပဲစိတ်ကြိုက်သာွးလာခွင့်ပေးထားသလိုနှစ်တစ် ရာကျွဲကြီးကိုလည်း ထောင်ထဲမှာ အနေအစားချောင်အောင် အခွင့်အရေးတချို့ ပေးထားခဲ့ပါတယ်။
နှစ်တစ်ရာကျွဲကြီးဟာတခြားလူမိုက်တွေလို “ကျသစ်” တွေဆီက ချွတ်တာ ၊ ခွာတာ မလုပ်ချင်တော့ ထောင်ထဲမှာ ပေါက်ဖွားနေတဲ့ ကြွက်တွေကို ဖမ်းရင်းသူအသက်ရှင်ရပ်တည်ရေးအတကွ်နေထိုင်ခဲ့ပါတယ်။
သူပြောနေကျစကားကတော့“ကျားဆရာကြောင်၊ ကြောင်ဆရာ ကြွက် ၊ ကြွက်ဆရာ ကျွဲကြီး” ဆိုတာပါပဲ။ ထောင်ဆိုတာက အစားအသောက် အင်မတန်ရှားတဲ့နေရာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကြွက်တွေကတော့ အကျဉ်းသားတွေရဲ့ စားကြွင်းစားကျန်တွေစားရင်း ပေါက်ဖွားနေသလို ၊ ဆန်ဂိုဒေါင်တွေ ၊ ပဲဂိုဒေါင်တွေမှာ ပေါက်ဖွားချင်တိုင်း ပေါက်ဖွားနေပါတယ်။
ကျွဲကြီးကတော့ တစ်ထောင်လုံးကို စိတ်တိုင်းကျ လှည့်လည် သွားလာရင်း ကြွက်ပစ်တယ်။ ရလာတဲ့ ကြွက်တွေကို ဖိုကြီးမှာ ဆီပြန်ချက်ပြီး အကျဉ်းသားတွေကို လိုက်ရောင်းတယ်။ အဲဒီအချိန်ကနာမည်ကြီးတဲ့“မကျင်လ”ှဆေးလိပ်နဲ့လဲလှယ်တယ်။
ကြွက်အများကြီးမိရင်ကျပ်ကင်ထားတယ်။တချို့ အကျဉ်းသားတေကွလည်းအသားမစားရတော့ရှိတဲ့ပစ္စည်းတွေနဲ့ကြွကသ်ားဟင်းကိုလဲလှယ်ပြီးစားသောက်ကြတယ်။
ဒီလိုနဲ့ နှစ်တစ်ရာကျွဲကြီးက ထောင်ထဲမှာ ရှင်သန်နေတာဖြစ်ပါတယ်။
ပြဿနာတစ်ခုရှိတာကတော့ လူဆိုးတွေရဲ့ထောင်ရောဂါပါပ။ဲ ထောင်ရောဂါဆိုတာက ဂန ္တဝင်လူမိုက်ကြီးဖြစ်ချင် တဲ့လူတွေနဲ့တက်သစ်စလူမိုက်လေးတွေက“ကွင်း”စမ်းကြတ့ကဲိစ္စဖြစ်ပါတယ်။ဒါမှသူတို့ကိုအကျဉ်းသားတေကွရော ထောင်ကရော သတိပြုမိမှာကိုး။
သတိပြုမိမှအနေအစားချောင်မှာကိုး။ အဲဒီတော့ သူတို့လက်စမ်းလို့ရမယ့် ထမင်းဘုတ် ကိုင်တို့ ၊ တောင်ယာဘုတ်ကိုင်တိ့ု ၊ စည်းကမ်းထိန်းတို့ကို ရိုက်ပြတာ ၊ ထိုးပြတာတွေလုပ်တယ်။
ခက်တာက သူတို့ပစ်မှတ် တွေထဲမှာသဘောကောင်းတဲ့နှစ်တစ်ရာကျွဲကြီးကအမြဲလိုလိုပါပြီးကြားကငွ်းအဖြစ်အစမ်းသပ်ခံနေရတာပါပ။ဲနှစ်တစ် ရာကျွဲကြီးနဲ့ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်တာကြားရတိုင်း “ကျွြဲကီးကွဲသွားပြန်ပြီ” ၊ “ကျွြဲကီးအထိုးခံလိုက်ရပြန်ပြီ” ဆို တာတွေပဲပေါ်ထွက်လာလေ့ရှိပါတယ်။
ဒီတော့ကျွဲကြီးကသ့အူမှုနဲ့မလိုက်၊သူ့ရုပ်ရည်နဲ့မလိုက်ဘဲ“လောပ”ူလူပေါကြီး ဖြစ်နေတာပေါ့။ ကျွဲကြီးလိုဖြစ်မှာ ဆေးရုံကြီးစိန်ဝင်းက စိတ်ပူနေတယ်။
ဒါကြောင့် အခွင့်အရေးရနေတုန်း ဒီအခြေအနေ ကနေ ပြောင်းပြန်လုပ်ပစ်လိုက်ချင်တယ်။ ကျော်သူ့ဘဝကလည်း စစ်ခွေးတိုက်ကနေ ပြစ်ဒဏ်နဲ့ ဆေးရုံပို့လိုက်တဲ့အတွက် ခြေကျင်းကလည်းပါသေး ၊ ဒေါက်ကလည်းခတ်ထားလိုက်သေး။ ပြီးတော့ဆေးရုံမှာ လျှောက်သွားမှာစိုးလို့ လုံခြုံရေးအ ကြောင်းပြပြီး အာဏာပိုင်တွေက ဘယ်ဘက်လက်တစ်ဖက်ကိုလည်း သံခုတင်နဲ့ လက်ထိပ်ခတ်ထားလိုက်သေးတယ်။
ဒီ အခြေအနေမှာ စိန်ဝင်းက ထောင်စကားနဲ့ပြောရင် “မှိုဘယ်နေရာမှာပွင့်မယ်”ဆိုတာ သဘောပေါက်ပြီးသား။
အင်းစိန်ထောင်ဆေးရုံကြီးကိုရောက်ဖူးတ့လဲူတိုင်းသတိထားမိတာကနှစ်ရာကျော်ရှိပြီဖြစ်တဲ့ဆေးရုံရဲ့လှေကား လက်ရမ်းတွေ၊သစ်သားကြမ်းခင်းတေဟွာတဖိတ်ဖိတ်၊တလက်လက်တောက်ပနေတာပါပဲ။
ထောင်မှာကအလကားရ နေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကြောင့် ဆေးရုံမှာအလကားခိုင်းလိ့ုရတဲ့ “ဘောက်ဆင်း” တွေအများကြီးပဲ။ ဘောက် ဆင်းဆိုတာ မသင်္ကာမှု ၊ မှောင်ရိပ်ခိုမှု ၊ မူးယစ်ရမ်းကားမှုတွေနဲ့ ရက်ပိုင်းလပိုင်းလောက် ကျလာတဲ့သူတွေကိုခေါ်တာ ဖြစ် ပါတယ်။
ဆေးရုံဘောက်ဆင်းတွေဟာ အဲဒီအချိန်က ဆေးရုံသုံးတဲ့ ဂလူးကိ့ုစ်ဖန်ပုလင်းအလွတ်တွေနဲ့ ဆေးရုံလှေကားနဲ့ လျှာထိုးကြမ်းပြင်တွေကို ဂျီးပျောက်အောင်တိုက်ရတယ်။ အပြင်မှာလို ပေါလစ်တွေ ၊ ဒီဇယ်တွေမသုံးဘဲ ဂလူးကိ့ုစ်ဖင်နဲ့ တိုက်လိုက်ရင် အဲဒီသစ်သားတွေက ဘာကြောင့်မှန်းမသိ ၊ တောက်ပြောင်သန့်ရှင်းလာတာပဲ။
ဆေးရုံမှာ ဘယ်သူမှမနိုင် တာကကြမ်းကြားထဲက ကြမ်းပိုးပဲရှိပါတယ်။ စိန်ဝင်းက ကျော်သူ့ကိုသတ်ဖို့ အကွက်ချတဲ့အချိန်ကို ထောင်ထဲမှာအများဆုံး ရွေးချယ်လေ့ရှိတဲ့ညအချိန်မရွေးဘဲငြင်းပယ်လိုက်တယ်။
ဘာလို့လဆဲိုတော့ဆေးရုံကလူနည်းတ့အဲတွက်တစ်ခန်းနဲ့ တစ်ခန်းသွားဖိ့ုတစ်ယောက်နားတစ်ယောက်သွားဖို့ဆိုတာတော်တော်မလွယတ်ဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူမှ ထင်မှတ်မထားတဲ့ နေ့လယ် ၁၂ နာရီ နောက်ပိုင်းကို ရွေးချယ်လိုက်တယ်။ နေ့လယ် ၁၂ နာရီနောက်ပိုင်းမှာ ဆရာဝန်တွေ ၊
ဆေးမှူးတွေကလည်း ထမင်းစားပြီးလိ့ုပြန်နားကြပြီ။
အကျဉ်းသားတွေကလည်း တရေးတမောအိပ်ကြပြီ။ ဒီလိုလူခြောက် ကပ်နေတဲ့အချိန်ကို စိန်ဝင်းက တမင်ရွေးချယ်လိုက်တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့ကဆေးရုံကြီးစိန်ဝင်းဟာသူ့စတိုင်အတိုင်းချွတ်ကိုလက်ကိုင်ပဝါနဲ့အုပ်ပြီးလက်ဖဝါးမှာ ချည်ထားတယ်။
ချွတ်ဆိုတာကတော့ အကျဉ်းသားတွေရဲ့ ခြေကျင်းတွေ ၊ ဒေါက်တွေနေရာမှာသုံးတဲ့ သံချောင်းဖြစ်ပါ တယ်။
ထောင်ထဲကလူမိုက်တွေက တစ်ယောက်ယောက်ကို စာရင်းရှင်းချင်လို့ရှိရင် ခြေကျင်းထုတ်လုပ်တဲ့ ပန်းပဲဘုတ်ကို လာဘ်ထိုး ၊ ကိုယ်လိုချင်တဲ့ အရှည်ပမာဏကိုပြောပြီး သံချောင်းကို ခိုးဝှက်ယူလာကြပါတယ်။
ပြီးတော့ တစ်နေရာရာမှာ သံချောင်းထိပ်ကိုကျောက်တုံးပေါ်မှာချွန်အောင်သွေးပြီးမြေကြီးထဲမှာမြှုပ်ထားလေ့ရှိတယ်။ကိုယ်အသုံးပြုချင်တ့အဲခါကျ မှသာ မြေကြီးထဲကတူးပြီး အသုံးပြုတာဖြစ်ပါတယ်။
စိန်ဝင်းကလည်တယ်။ ချွတ်က ဓားလိုအရိုးမပါတော့ လွတ်သွားမှာစိုး လို့သူ့လက်မှာလက်ကိုင်ပဝါနဲ့ချည်ထားတာဖြစ်ပါတယ်။အဲဒီနေ့လယ်ကတစ်ထောင်လုံးတိတ်ဆတိ်ငြိမ်သက်နေတယ်။
ကျော်သူကသူ့ခုတင်ပေါ်မှာ စောင်လေးခြုံပြီးမှေးနေတယ်။ ဘယ်ဘက်လက်တစ်ဖက်ကတော့ သံခုတင်နဲ့တြွဲပီး လက်ထိပ် ခတ်ထားတယ်။
ထောင်ထဲမှာထူးထူးခြားခြားအကျဉ်းသားကို လက်ထိပ်ခတ်လေ့မရှိပေမယ့် ထောင်အာဏာပိုင်တွေက ကျော်သူ့ကိုကြည့်မရလို့လုံခြုံရေးအကြောင်းပြပြီးလကထ်ိပ်ခတ်ထားတာဖြစ်ပါတယ်။
စိန်ဝင်းက ကျော်သူ့ခုတင်နားကို တဖြည်းဖြည်းချင်း လျှောက်လာတယ်။ ခြေသံကြားလို့ ကျော်သူက မျက်လုံးဖွင့် ကြည့်လိုက်တယ်။
စက္ကန့်ပိုင်းအတွင်းမှာပဲ စိန်ဝင်းနဲ့ကျော်သူ မျက်လုံးချင်းဆုံပြီး မျက်တောင်မခတ်တမ်း အပြန်အလှန်စူး စိုက်ကြည့်နေကြတယ်။ နောက်တော့ စိန်ဝင်းက ကျော်သူ့ကို ပြုံးပြလိုက်တယ်။
“ငါဝင်လာလို့ကြောက်သာွးသလား…ကျော်သူ”
“မကြောက်ပါဘူး ၊ ခင်ဗျား လာမယ်ဆိုတာ စိတ်ထဲကအလိုလို သိနေတယ်ဗျ” စိန်ဝင်းက လက်ကိုင်ပဝါနဲ့ ပူးပြီးချည်ထားတဲ့ ချွတ်ကို ပြလိုက်တယ်။
“အေး ငါမင်းကိုသတ်ဖို့လာတာ” စိန်ဝင်းစကားဆုံးတော့ ကျော်သူကရယ်လိုက်တယ်။ပြီးတော့ခပ်အေးအေးပဲပြန်မေးတယ်။
“တစ်ခုလောက်မေးချင်တယ်ဗျာ ၊ ခင်ဗျား လူသတ်ရဲလို့လား” ကျော်သူ့စကားကြောင့် အသားမည်းပါတဲ့ဆိုတဲ့ စိန်ဝင်း မျက် နှာဟာ နီးမြန်းသွားတယ်။ ဒါပေမဲ့သူ့ဒေါသကို ပြန်ထိန်းရင်းဖြေတယ်။
“သတ်ရဲလို့ မင်းဆီလာတာပေါ့ကွာ ၊ ဆေးရုံကြီးစိန်ဝင်းဆိုတာ တစ်သက်လုံးလူတွေကို ရင်ခွဲ ၊ အသည်းထုတ် ၊ အူထုတ် လုပ်လာခဲ့တဲ့ကောင်ပါကွ” စိန်ဝင်းစကားဆုံးတော့ ကျော်သူက လေအေးလေးနဲ့ ဆက်ပြောတယ်။
အင်းစိန်ထောင်အတွင်းမှဂန္ထဝင်လူမိုက်ကြီးများ
(ဇာတ်သိမ်းပိုင်း)
#ဇော်သက်ထွေး
“ဝမ်းသာတယ်ဗျာ ၊ ခင်ဗျားလို မိုက်ဂုဏ်ရှိတဲ့ ဆေးရုံကြီးစိန်ဝင်းက ကျွန်တော့်ကို သတ်မယ်ဆိုလိ့ု အရမ်းဝမ်းသာတယ် ၊ တစ်ခုတော့မေးချင်တယ်။ ခင်ဗျား ရင်ခွဲအသည်းထုတ်ခဲ့တာက လူသေတွေနော် ၊ အခုသတ်ရမှာက အရှင်”
“ရတယ် … ကျော်သူ ၊ အခု မင်းအခြေအနေက ငါ့ကိုဘာမှ ဒုက္ခမပေးနိုင်တော့ဘူး ၊ မင်းက ရှင်လူဆိုပေမယ့် ဘာမှမလှုပ် ရှားနိုင်တော့လိ့ုငါ့အတွက်တော့သေလူပဲ”
“ဒါဆိုလည်း သွေးအေးအေးနဲ့ သေချင်လို့ သွေးအေးအေးနဲ့ပဲ သတ်ပေးဗျာ ၊ နေစမ်းပါဦး ၊ ခင်ဗျားဘာလို့ လက်တွေတုန် နေတာလ”ဲ
တကယ်လည်း စိန်ဝင်းလက်တွေတုန်နေတယ်။ စိန်ဝင်းရှက်သွားပေမယ့်သူ့ကိုယ်သူ ပြန်ထိန်းရင်းပြော တယ်။
“လက်တုန်လည်း မင်းရင်ဘတ်ထဲကို ဘယ်နှစ်ချက်ထိုးရမလဲ ၊ ဘယ်လောက်အထိ ထိုးရမလဲဆိုတာနားလည်တဲ့ စိန်ဝင်း ပါကွာ သေလောက်တဲ့ နေရာကိုတော့ လုံးဝမလွဲစေရဘူး” စိန်ဝင်းစကားဆုံးတော့ ကျော်သူက ဟက်ခနဲတစ်ချက်ရယ် လိုက်တယ်။
“ကြိုက်ပြီဗျာ ၊ ဒါပေမဲ့ ဘဝတူချင်း အထာနည်းနည်းထား ၊ ကျွန်တော့်ကိုသတ်ရင် နှလုံးသားတည့်တည့်ကို တစ်ချက်တည်း ကိစ္စတုံးအောင် ထိုးပေး။
နှလုံးသားကိုထိရင် ဒီဘဝဆုတောင်းတာတွေ နောက်ဘဝကျ ပြည့်တတ်တယ်ဆိုလို့ပါ”
ကျော်သူ့ စကားကြောင့် စိန်ဝင်း အနည်းငယ်တွေဝေသွားပေမယ့် အချိန်ဆွဲလို့မရတော့ဘူးဆိုတာ သဘောပေါက်တယ်။
“အေး စိတ်ချ မင်းဆန္ဒပြည့်စေရမယ် ”
စကားဆုံးဆုံးချင်းစိန်ဝင်းကကျော်သူ့နှလုံးသားတည့်တည့်ကိုထိုးဖို့စောင်ကိုဆွဲလှန်လိုက်တယ်။
ထင်မှတ်မ ထားတဲ့အဖြစ်အပျက်တစ်ခုကတော့ကျော်သူက
လွက်နေတဲ့ညာဘက်လက်နဲ့ဆေးရုံကြမ်းပြင်ကိုတိုက်တဲ့ဂလူးကို့စ်ပု လင်းကိုခွဲပြီးကိုင်ထားတယ်။
စိန်ဝင်းအံသြနေချိန်မှာပဲကျော်သူကစိန်ဝင်းမျက်လုံးတွေကိုပုလင်းကွဲနဲ့နှစ်ချက်ဆင့်ပြီး ထိုးလိုက်တယ်။ ရုတ်တရက်ဆိုတော့ စိန်ဝင်း မျက်နှာကိုအုပ်ပြီး အော်လိုက်တယ်။
ဒီလျှပ်တစ်ပြက်လေးမှာပဲ ကျော်သူက ခုတင်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို လှဲချလိုက်တယ်။ ကျော်သူ့ထိုးချက်တွေက စိန်ဝင်းမျက်လုံးတွေကို တိုက်ရိုက်မထိပေမယ့် ထွက်လာတဲ့သွေးတေကွ မျက်လုံးထဲဝင်ပြီးစိန်ဝင်းဘာမှမလုပ်နိုင်တော့ဘူး။
ဒီအချိန်မှာအော်သံတွေကြောင့်တာဝန်ကျ ထောင်ဝါဒါတွေနဲ့စည်းကမ်းထိန်းတွေပြေးဝင်လာကြတယ်။စိန်ဝင်းနဲ့သူ့လက်ထဲမှာချည်ထားတ့ချွဲတ်ကိုလက်ပူးလက် ကြပ်သူတို့တွေ့လိုက်ရတဲ့အခါမှာတော့ဝါဒါတွေအားလုံးသဘောပေါက်သွားတယ်။
ကျော်သူကတော့လက်ထိပ်ခတ်ထား လျက်နဲ့သူ့ခုတင်ဆီကိုလာပြီးသတ်ဖို့ကြိုးစားတဲ့စိန်ဝင်းကိုဂလူးကို့စ်ပုလင်းနဲ့ခုခံဖို့ကြိုးစားနေသူပေါ့။နောက်ဆုံး ထောင်ဝါဒါတွေက ကျော်သူ့ကိုဘာမှမလုပ်ဘဲ မျက်နှာမှာ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ဆေးရုံကြီးစိန်ဝင်းကို ဖမ်းချုပ်လိုက် တယ်။
ကျော်သူကတော့ စိန်ဝင်းကို မိန်းဂျေးလ်ခေါ်ပြီး ဒေါက်မခတ်ခင်မှာ စကားတစ်ခွန်းတော့ ပြောခဲ့လိုက်သေးတယ်။
“ကိုစိန်ဝင်း … လူမိုက်ဆိုတာ သေရဲတာ၊ သတ်ရဲတာနဲ့တင် မပြီးဘူးဗျ၊ ဦးနှောက်လည်းရှိရမယ်။
အတွေးအခေါ် လည်းရှိရမယ်၊အဲဒါတွေနဲ့ပြည့်စုံမှအင်းစိန်ထောင်ကပေးတဲ့ဂန္တဝင်လူမိုက်ဆိုတဲ့ဂုဏ်ကိုရမှာ…၊ဒါကိုခင်ဗျားဘဝတစ် လျှောက်လုံး မှတ်ထားလိုက်ပေတော့”
ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ စိန်ဝင်းအနေနဲ့ အင်းစိန်ထောင်ကြီးမှာ ကျော်သူ့ကို ဘယ်လိုမှမလှန်နိုင် တော့ပါဘူး။
အင်းစိန်ထောင်ကလည်းနာမည်ရှိတဲ့ဇရှိတဲ့ဂန္တဝင်လူဆိုး၊လူမိုက်အားလုံးကိုမြန်မာနိုင်ငံရဲ့အဝေးဆုံးနေ ရာတွေက နယ်ထောင်တွေကို လူစုခွဲပြီးပို့ပစ်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အင်းစိန်ထောင်ထဲမှာ ဂန္တဝင်လူမိုက်ဆိုပြီး နောက်ထပ် ထွက်မလာတော့ပါဘူး။
နှစ်ပေါင်းများစွာကြာမြင့်သဖြင့်ရေညှိများတက်ကာမှိုင်းချိတ်နေသောအုတ်တံတိုင်းကြီးကမြင့်မားလနွ်းလှသည်။ အင်္ဂလိပ်ခေတ် နာရီတစ်ခု၏ လက်တံများအတိုင်း တည်ဆောက်ထားသော အဆောင်များကို ဝိုင်းပတ်ပြီး တည်ထားသည့် ထိုအုတ်တံတိုင်းကြီးမှာ နှစ်ထပ်ရှိပြီး ပေ ၂၀ အမြင့်ရှိသည်။
ဤနေရာကို အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ဟုခေါ်သည်။ အင်းစိန်အကျဉ်းထောင်သည် မြန်မာနိုင်ငံတွင်ရှိသော အကျဉ်းထောင်ပေါင်းများစွာအနက် အကြီးမားဆုံးနှင့် အလုံခြုံဆုံး ထောင်ဖြစ်သည်။
လက်ရှိမှာတော့ မှိုင်းမှိုင်းညို့ညို့ရှိနေသော အင်းစိန်အုတ်ရိုးကြီးနှင့် ခြား နားစွာ ထောင်ရှေ့လမ်းမကြီးပေါ်တွင် စားသောက်ဆိုင်များ ၊ စာရေးကိရိယာဆိုင်များ ၊ မိတ္တူဆိုင်များဖြင့် စည်ကားရှုပ် ထွေးလျက်ရှိသည်။
ဘတ်စ်ကားများ၊ဆလနွ်းကားများအဆက်မပြတ်သာွးနေသောအင်းစိန်လမ်းမကြီးပေါ်တွင်လူကြီး ပိုင်းအသက်အရွယ်သို့ ရောက်နေသော လူငါးယောက်မှာ ဆွေးမြည့်သောမျက်လုံးများဖြင့် အင်းစိန်ထောင်ကြီးကို ငေးမော ကြည့်နေကြသည်။
ထိုလူငါးယောက်မှာ“အင်းစိန်ထောင်မှဂန္တဝင်လူမိုက် ကြီးများ” ဇာတ်လမ်းထဲတွင် ပါဝင်ခဲ့သည့် လူမိုက်ကြီးနှစ်ယောက် ၊ ထိုဇာတ်လမ်းကိုရေးသားခဲ့သည့် စာရေးဆရာတစ် ယောက်၊ အင်းစိန်ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ယောက်တို့ဖြစ်သည်။
ဆံပင် တွေ ဖွေးဖြူနေပြီဖြစ်သော ဂန္တဝင်လူမိုက်ကြီးတစ်ယောက်က အင်းစိန်ထောင်ဘူးဝကို ငေးမောကြည့်ရင်း အတိတ်ကပုံရိပ် များကို မြင်ယောင်လျက်ရှိသည်။
“ဒါနဲ့နေပါဦးဂန္တဝင်လူမိုက်ကြီးများဇာတ်သိမ်းမှာကျော်သူဘယ်လိုအဆုံးသတ်သာွးလဲသိချင်လိုက်တာဗျာ”
အမေးခံရ သော လူမိုက်ကြီးက အင်းစိန်ထောင်ကြီးကို အကြည့်မလွှဲသေးဘဲ အဖြေပြန်ပေးလိုက်သည်။
“အင်း … ကျော်သူရဲ့ ကံဇာတာကတော့ ထူးခြားဆန်းကြယ်နေမလား မသိဘူး၊ ဒီလောက် ကြမ်းတမ်းရက်စက်တဲ့ ထောင် ထဲကနေ ကျန်းကျန်းမာမာပဲ လွတ်မြောက်သွားတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး အခုကြားရတဲ့သတင်းက နှစ်မျိုးဖြစ်နေ တယ်။
တချို့ကပြောတာတော့ရန်ကင်းတိုက်ခန်းတွဲတေရွဲ့လှေကားထစ်မှာဘိန်းဖြူအထိုးလနွ်ပြီးသေသွားတယ်လို့ကြားတယ်။ တချို့ကတော့ အခုအချိန်ထိ ထိုင်းမြန်မာနယ်စပ်မှာ မြွေဖြူလေးဟာ လူမိုက်ကြီးလုပ်နေတုန်းပဲလို့ ပြောတယ်။
တိတိကျကျတော့မသိဘူး”
“ဒါဆို ကျော်သူ့ကို ထိုးတဲ့ ဆေးရုံကြီး စိန်ဝင်းကရော”
“ဆေးရုံကြီးစိန်ဝင်းလည်းအင်းစိန်ထောင်ကနေအရှင်ထွက်ထကွ်သွားခဲ့တာပဲဗျ၊ဒါပေမဲ့လှိုင်မြစ်တစ်ဖက်ကမ်းကဟိန္ဒူ ရွာကကောင်လေးနဲ့မွတ်စလင်ရွာကကောင်မလေးခိုးပြေးကြတဲ့ပြဿနာကြားထမှဲာဝင်ပါတော့တစ်ကိုယ်လုံးသုံးပိုင်း ပိုင်းခံရပြီး သေသွားတာ ဇာတ်သိမ်းမလှဘူးလို့ ဆိုရမှာပေါ့”
ဂန္တဝင်လူမိုက်ကြီး၏ စကားအဆုံးတွင် အားလုံးငြိမ်သက်သွားကြသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်က လည်း သတိတရဖြင့် ထပ်ပြောသည်။
“အင်း … ဒီထောင်ကြီးကို မခွဲနိုင် မခွာနိုင် အရမ်းချစ်တဲ့ နှစ်တစ်ရာကျွဲကြီးကတော့ ဒီထောင်ထဲမှာပဲ သူ့ဘဝကို အဆုံး သတ်သွားခဲ့တယ် . . . နော်”
ထိုလူငါးဦးသည် စကားတပြောပြောဖြင့် လမ်းလျှောက်လာရင်း ထမင်းဆိုင်တစ်ခုတွင်ထိုင်လိုက်ကြသည်။ ထို့နောက် မိမိကြိုက် သည့် ဟင်းအမယ်များကိုမှာကာ နေ့လယ်စာ စားသောက်ကြသည်။
ထမင်းစားနေရင်း အင်းစိန်ထောင်မှ ဂန္တဝင်လူမိုက် ကြီးများအကြောင်း အချက်အလက်များ စုစည်းပေးခဲ့သည့် နိုင်/ကျဉ်းတစ်ယောက်က စာရေးဆရာကို လှမ်းပြောသည်။
“အစ်ကို …ဘာပဲပြောပြော အခု ဂန္တဝင်လူမိုက်ကြီးဇာတ်လမ်းကတော့ ပြီးသွားပြီပေါ”့
“အေး … ဟုတ်တယ်၊ ဒါပေမဲ့ တချို့စာဖတ်သူတွေက ဂျာနယ်တိုက်ကို လှမ်းပြောတယ်။
အရင်ခေတ် ထောင်လူမိုက်တွေ က တစ်ယောက်ကိုတစ်ယောက် ခုတ်လိုက် ၊ ထစ်လိုက် ၊ ထိုးလိုက်နဲ့ ရက်စက်မှုတွေကို နောက်လူတွေ အတုခိုးမှားအောင် ဘာလိ့ုရေးနေတာလဲဆိုပြီး အပြစ်တင်နေကြတယ”် စာရေးဆရာ၏ စကားအဆုံးတွင် ဂနဝ္တ င်လူမိုက်ကြီးတစ်ဦးက ခေါင်းကို ခါယမ်းပြလိုက်သည်။
“ဒီလိုတော့ ဘယ်ဟုတ်မလဲဗျာ ၊ ကျွန်တော်တို့ခေတ်က လူဆိုးတွေ အင်မတန်ပေါသလို လူမိုက်တွေလည်း ပေါပါတယ်။ ဒါပေမဲ့ လူသတ်ရဲတိုင်း ကမ္ပည်းမတင် တန်းမဝင်ပါဘူး။ သူမတူတဲ့ ပညာရပ်တွေကြောင့် လူမသတ်ပေမယ့်လည်း ဂန္တဝင် လူမိုက်ကြီးစာရင်းထဲကို ထည့်လိုက်ရတဲ့ဇိုးတွေ ထောင်ရာဇဝင်ထဲမှာ ရှိခဲ့ပါတယ်။
ဒီစာအုပ်ထဲမှာရေးခဲ့တဲ့အတိုင်း ရထား တတွဲကိုကြိုက်သလိုအတက်အဆင်းလုပ်နိုငတ်ဲ့ဗိုက်ထောက်ကျော်မင်းလိုဂန္တဝင်လူမိုက်တွေရှိသလိုခဲမူးစေ့လိုပညာသည် လူဆိုးမျိုးလည်းရှိတယ်၊ သူလည်း တစ်ခေတ်မှာ တစ်ယောက်ဆိုသလို ထွန်းပေါက်ခဲ့တာပဲ”
ထိုစကားကြောင့် နားထောင်နေသူလေးယောက်လုံး စားလက်စထမင်းဝိုင်းကို ရပ်တန့်ကာ ပြောနေသောသူထံ လှမ်းကြည့် လိုက်သည်။ စာရေးဆရာက မျက်လုံးများ တလက်လက်တောက်လာပြီး ယခုအချိန်ထိ အသက်ရှင်ကျန်နေသေးသော ဂန္တဝင်လူမိုက်ကြီးကို သိချင်ဇောဖြင့် လှမ်းမေးလိုက်သည်။
“ခဲမူးစေ့ ဟုတ်လား … သူက ဘယ်လိုလူမျိုးလဲ”
“ခဲမူးစေ့က ဂျူးကပြားလို့ ဆိုရမှာပေါ့၊ သူ့အဘိုးက ဂျူးလူမျိုး ဒုတိယကမ္ဘာစစ်အပြီး ရွှေတိဂုံဘုရားခြေရင်းမှာ ကြုံရာကျပန်း လုပ်ရင်း ပန်းရောင်းတဲ့ မြန်မာအမျိုးသမီးနဲ့ညားတယ်။ ခဲမူးစေ့ကိုမွေးတယ်။ ဂျူးကပြားဆိုတော့ ခဲမူးစေ့က ရုပ်ရည်သန့်ပေ မယ့် လမ်းဘေးနေ လမ်းဘေးစားပဲ။ သူ့ကို နိဗ္ဗာန်ကုန်ဆိုင်တွေက လက်တိုလက်တောင်းခိုင်းတယ်။
နည်းနည်း အရွယ် ရောက်လာတော့ အကျင့်ပျက်ပြီး ဟိုပစ္စည်းလေး အလစ်သုတ်လိုက် ဒီထဘီလေး ခိုးလိုက်အဆင့်ပါပ။ဲ နောက်ဆုံးတော့ ခိုးမှုနဲ့ပဲ ထောင်ထဲရောက်လာတာ။ သူ့မှာတော့အမည်ရင်းရှိတယ်ဗျ။ ဒါပေမဲ့ ဘယ်နေရာမှသုံးစားမရလိ့ု အင်းစိန်ထောင်ထဲ မှာ သူ့ကို ခဲမူးစေ့လိ့ု နာမည်ပေးလိုက်တာ တစ်ခါတည်းတွင်သွားရော။ အထဲရောက်တော့လည်းအနှိမ်ခံရတာပေါ့။ ခဲမူးစေ့ လို့ပေးလိုက်တ့အဲဓိပ္ပာယ်ကဟို…ဂျပန်ငွေစက္ကူသိတယ်မဟုတ်လား။ဂျပန်တွေပြေးတော့ဘာမှသုံးစားမရဘူးလေ။
ခဲမူး စေ့လည်း အတူတူပဲ။ ဒါပေမဲ့ ဂျပန်စက္ကူကမှ ချီးကုန်းလို့ရသေးတယ်။ မီးရှို့လို့ရသေးတယ်။ ခဲမူးစေ့ကဘာမှသုံးမရဘူး။ ဒီအဓိပ္ပာယ်နဲ့ သူ့ကို ဒီနာမည်ပေးခဲ့တာ”
ဂန္တဝင်လူမိုက်ကြီးက ပြောလက်စစကားကိုရပ်ပြီး ထမင်းဆက်စားနေသည်။ ကျန်လူမိုက်ကြီးကလည်း ခဲမူးစေ့ကို သတိရ ဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြီးထောက်ခံနေသည်။ စာရေးဆရာက ခဲမူးစေ့ဘဝကို စိတ်ဝင်စားသွားသဖြင့် ဆက် ပြောရန်တကို်တနွ်းနှိုးဆော်လိုက်သည်။
ထိုလူမိုက်ကြီးကထမင်းကိုအပြီးသတ်အောင်စားလိုက်ပြီးလက်ကိုသေချာစွာ ဆေးကြောနေသည်။ပြီးမစှားပွဲဝိုင်းပေါ်တွင်ချထားသောထန်းလျက်ခဲတစ်လုံးကိုကောက်ယူစားကာခဲမူးစေ့အကြောင်း ကို ဆက်ပြောပြသည်။
“အဲဒီလိုအသုံးမကျတဲ့ ခဲမူးစေ့ဟာ အခုအချိန်မှာအင်မတန်မှ ချမ်းသာကြွယ်ဝနေတဲ့သူဌေးကြီး ဖြစ်နေတယ်ဆိုရင် ခင်ဗျား တို့ယုံမလား” အားလုံးအဖြေမပေးနိုင်ဘဲ ငြိမ်သက်နေကြသည်။ ထိုလူမိုက်ကြီးကလူ့ဘဝ၏ ကံကြမ္မာလှည့်စားပုံကိုသဘော ကျဟန်ဖြင့် ပြောလက်စ စကားကိုဆက်လိုက်သည်။
“အနှိမ်ခံအပြောခံခဲမူးစေ့ဟာရန်ကုန်မြို့လယ်ကောင်ကနာမညအ်ကြီးဆုံးလူလိမ်ဝိဇ္ဇာကျော်မြင့်နဲ့အင်းစိန်ထောင်ထမှဲာ ဆုံလိုက်တာဟာ သူ့ဘဝ အလှည့်အပြောင်းပဲ။
ကျော်မြင့်က ထောင်ကထွက်လာရင် သူ့ဆီဆက်ဆက်လာပါလို့ ခဲမူးစေ့ကို မှာလိုက်တယ်။ခဲမူးစေ့ကလည်းထောင်ကလတွ်တော့အပြင်မှာဘာမှလုပ်ကိုင်မစားတတ်တဲ့အတွက်မြို့လယ်ကောင်မှာ ကျက်စားတဲ့ ကျော်မြင့်ဆီသွားတယ်။
ကျော်မြင့်က ဘွဲ့ လက်မှတ်အတု ၊ စာရွက်စာတမ်းအတု ၊ ပါမစ်စာရွက်အတုတွေ ၊ ကုန်ကုန်ပြောရရင် မှတ်ပုံတင်ကအစ ၊ ပတ်စပို့အဆုံး ပိုက်ဆံပေးရင်အကုန်လုပ်တယ်။ ဒီလောကထဲ ခဲမူးစေ့ကို တိုးနိုင် အောင် ကျော်မြင့်က သင်တန်းအမျိုးမျိုးပေးတာပေါ့။
အားလုံးက ခဲမူးစေ့ဆိုတာ ဘာမှအသုံးမကျတဲ့ကောင်လို့ ထင်နေတဲ့ အချိန်မှာ သူ့ရဲ့မွေးရာပါ ပါရမီတစ်ခုကပေါ်ထွက်လာတယ်။ အဲဒါကတော့ ဘယ်စာရွက်စာတမ်းမဆို တစ်ပုံစံတည်းဖြစ် အောင်အတုလုပ်တတ်တာပဲ။အဲဒီခေတ်ကအလုပ်လျှောက်တ့သဲူတွေအဆင်ပြေဖို့ဆယ်တန်းအောင်လက်မှတ်တွေ၊ ဘလွဲ့က်မှတ်အတုတွေအားလုံးနီးနီးဟာခဲမူးစေ့လက်ကထွက်ခဲ့တာချည်းပဲ။
ဆယ်တန်းအောင်လက်မှတ်တောင်ရိုးရိုးဆို ရင် တစ်စျေး ၊ ဂုဏ်ထူးနဲ့ အောင်တာဆိုရင် တစ်စျေးပေးရတယ်။ နောက်ဆုံး ဆရာထက် တပည့်လက်စောင်းထက်ပြီး ခွင်အကြီးကြီးတွေ ကိုင်တယ်။
နဝတခေတ် အရမ်းတန်ခိုးသြဇာတက်နေတဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်မှတ်ကိုတောင် အတုလုပ်ပြီး သစ်ပါမစ်တွေ ခိုးထုတ်ခဲ့တယ်။ ထောက်လှမ်းရေးကို လုပ်စားလိုက်တဲ့ အတွက်ကြောင့် သာ ခဲမူးစေ့ အင်းစိန်ထောင်ထဲ ပြန်ဝင်ခဲ့ရတာ။
သူ့ရဲ့ပါရမီကတော့ ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက်ရဲ့ လက် မှတ်ကို သုံးခါလောက်ကြည့်ပြီးရင် အတုထိုးလို့ရတယ်။ ဒါကြောင့် လူမသတ်ပေမယ့်လည်း ခဲမူးစေ့လို လူမျိုးကျတော့ ဂန္တဝင်လူမိုက်စာရင်းထဲ ထည့်ရမှာပဲ”
ထိုလူမိုက်ကြီးမှာ စကားအများကြီးပြောလိုက်ရသဖြင့် မောသွားဟန်ဖြင့်နားလိုက်သည်။ အားလုံးကတော့ သူ၏ အဆိုကို နားလည် သဘောပေါက်ပုံဖြင့် အသီးသီး ခေါင်းညိတ်ပြကြသည်။
အမှန်တကယ် သူတို့ငါးဦးမှာ လွန်ခဲ့သော ၂ရ နှစ်ခန့်က နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်ကြီးထဲတွင် အတူတကွနေထိုင်ခဲ့ကြသူများဖြစ်သည်။ သို့သော် ဘဝရည် မှန်းချက်နှင့် ယုံကြည်ချက်များမှာခြားနားကြသည်။ လူမိုက်များကအသက်ရှင်သန်မှု။ နိုင်ငံရေးသမားများက တရားမျှတမှု နှင့်လူ့အခွင့်အရေး။သို့သော်သူတို့အားလုံးနေရာတစ်ခုတည်းတငွ်နေထိုင်ခဲ့ကြရသည်။လူသားများ၏အသက်ရှင်သန် ရေးအတကွ်ကြိုးပမ်းတိုက်ခိုက်ကြပုံကိုJungleLawသဖွယ်တွေ့မြင်ရင်ဆိုင်ခဲ့ကြရသည်။အားလုံးလည်းလူ့ဘဝ၏ ကြမ်းတမ်းသော အစိတ်အပိုင်းကို ဖြတ်သန်းခဲ့ရသည်။ ယခုတော့ခေတ်များစွာပြောင်းလဲခဲ့ပြီ။ သမိုင်းကား ကျန်ရစ်ခဲ့လေ ပြီ။
သူတို့သည်ထမင်းဆိုင်မှအထွက်တငွ်အင်းစိန်ထောင်၏မှိုင်းညို့ညို့အုတ်တံတိုင်းကြီးကိုနောက်ဆုံးအကြိမ်ကြည့်ရင်း ထွက်ခွာသွားကြသည်။ စာရေးဆရာက ခဲမူးစေ့အကြောင်းပြောပြသော ဂန္တဝင်လူမိုက်ကြီးကိုတစ်ခွန်းတော့ မေးဖြစ်အောင် မေးလိုက်သည်။
“ခင်ဗျားကြီးကတော့ဗျာ ၊ ရန်ကုန်မြို့ထကဲ နာမည်ကြီး လူလိမ်ဝိဇ္ဇာကျော်မြင့်အကြောင်းကိုတော့ ဘာလို့ချန်ခဲ့သလဲ”
“ဟာ … ကွာ ကျော်မြင့် အပါအဝင် ကျန်နေခဲ့တဲ့ ဂန္တဝင်လူမိုက်တွေ အကြောင်းကတော့ မင်းထုတ်မယ့် လုံးချင်းစာအုပ်ထဲ မှာသာထည့်ရေးလိုက်တော့။ သူတို့အဖြစ်အပျက်တွေက အရမ်းအ့ံသြထူးဆန်းလွန်းလို့ ဘယ်လိုပြန်ပြောရမှန်းတောင် မသိ ဘူး သိပ်လက်ကောက်ကျတယ”်
သူ၏စကားအဆုံးတွင် ကျန်သူများက သဘောကျစွာရယ်မောလိုက်ကြသည်။
သူတို့၏ ရယ်သံများသည် ဆူညံရှုပ်ထွေး နေသော အင်းစိန်လမ်းမကြီးပေါ်တွင် ပျောက်ဆုံးကျန်ရစ်ခဲ့လေသည်။
(ပြီးပါပြီ)
#ဇော်သက်ထွေး
——–
Credit…မူရင်းရေးသားသူနှင့်စာစီသူအားလေးစားလျက်။
Pageကို follow(see first)နှိပ်ထားပေးပါ။