လူခြောက်ကလေးမောင်ကြိုင်

လူခြောက်ကလေး မောင်ကြိုင်

(လူခြောက်ကလေး၏ ဖြစ်ရပ်မှန်)

စာရေးသူ-ထီးကလေး

(ရင်နှင့်ရင်း၍ရေးသားသည်။)

ဖြစ်ရပ်မှန်

 

မြို့ကြီးပြကြီးနှင့် အင်မတန်မှ အလှမ်းဝေးလှသော ကျေးရွာလေးပင်ဖြစ်သည်။ ကျေးရွာလေးသည် ထန်းပင်ထန်းတောများနှင့် အုပ်စိုင်းနေလျက်ရှိလေပြီး၊ စိုက်ပျိုးရေးလုပ်ကိုင်ကာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသည့် ကျေးရွာသူ၊ ကျေးရွာသားများပင် ဖြစ်လေ၏။ ကျေးရွာလေး၏ အမည်မှာ ချမ်းသာကျေးရွာဟု အမည်တွင်လေခါ၊ ပညတ်သွားရာ ဓာတ်သက်ပါခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ အလွန်ပင်ဆင်းရဲ၍ တစ်နေ့လုပ်မှ တစ်နေ့စားကြရသော ဘဝသမားများပင် ဖြစ်လေသည်။

ချမ်းသာကျေးရွာလေးတွင် ကိုထွန်းခင်ဟူသော လယ်သမားတစ်ဦးရှိလေ၏။ သူဟာ ကိုယ်ပိုင်လယ်ယာဟူ၍ မပိုင်ဆိုင်ပဲ အများသူငှာ လယ်ယာများတွင်သာ စာရင်းငှာအဖြစ် လုပ်ကိုင်နေခဲ့ရသူဖြစ်လေသည်။ ကိုထွန်းခင်ဟာ ဆင်းရဲမွဲတေပေမယ့်လည်း သူ၏အလုပ်များကိုမူ လစ်ဟာမှု့မရှိ ကြိုးကြိုးစားစားဖြင့် စေတနာထားခါ လုပ်ဆောင်ပေးလေ့ရှိလေသည်။ ကိုထွန်းခင်တွင် မသိန်းရင်ဟူသော ဇနီးသည်တစ်ဦးရှိလေ၏။

မသိန်းရင်မှာ လယ်ပိုင်ရှင်သူဌေးမျိုးရိုးမှ ဆင်းသတ်လာခဲ့သော်လည်း၊ သူမ၏ နေအိမ်တွင် စာရင်းငှား လာရောက်လာကိုင်သော ကိုထွန်းခင်နှင့် ခိုးရာလိုက်ပြေးခဲ့သည်ကြောင့် မိဘများမှ သူမအား အမွေပျက်စွန့်လွတ်ထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ကိုထွန်းခင်နှင့် မသိန်းရင်တို့မှာ ချမ်းသာကျေးရွာလေးဆီသို့ ပြောင်းရွေ့လာကြပြီး၊ လယ်စောင့်တဲလေးတွင်သာ လင်မယားနှစ်ဦးသား နေထိုင်နေကြခြင်း ဖြစ်လေ၏။

တစ်နှစ်ကျော်ခန့် ရောက်ရှိလာခဲ့သည့် အချိန်တွင်မူ ကိုထွန်းခင်နှင့် မသိန်းရင်တို့တွင် သားဦးလေးတစ်ယောက် မွေးဖွားလာခဲ့လေ၏။ သားဦးလေး မွေးဖွားလာခဲ့သည့်အထိ ကိုထွန်းခင်နှင့် မသိန်းရင်တို့မှာ စာရင်းငှားဘဝမှ မလွတ်မြောက်နိုင်ခဲ့သေးပေ။ တစ်နေ့လုပ် တစ်နေ့စားအဖြစ် သားလေး မောင်ကျော်မြင့်အား ကျောင်းထားပေးခဲ့သော်လည်း မောင်ကျော်မြင့်မှာမူ အပေါင်းသင်းခုန်မင်လျက်၊ သောက်စား၊ လောင်းကစားများကိုသာလျင် စိတ်ဝင်စားနေခဲ့လေသည်။

မိဘနှစ်ဦးဖြစ်သည့် ကိုထွန်းခင်နှင့် မသိန်းရင်တို့သည်လည်း မောင်ကျော်မြင့်အား နည်းအမျိုးမျိုးဖြင့် သွန်သင်ဆုံးမခဲ့ပါသေးသည်။ သို့သော် ယခုမောင်ကျော်မြင့် ဆယ်ကျော်သက်အရွယ်နှင့် အရက်သမား၊ လောင်းကစားသမားအဖြစ် ချမ်းသာကျေးရွာလေးတွင်မူ ဘွဲ့ထူးတစ်ခု ရရှိနေခဲ့ပြီဖြစ်တော့သည်။

 

“အိုး… မိန်းမရေ… မောလိုက်တာကွာ။”

“ကိုထွန်းခင် ရှင်ပြန်လာပြီလား။”

“အေးကွာ… မင်းသား ကျော်မြင့်ပေါ့၊ ရွာမြောက်ပိုင်းမှာ ရန်ဖြစ်လို့ ရွာလူကြီးအိမ်ရောက်နေတယ်တဲ့ကွ။”

“ဟင်.. သားလေး၊ သားလေး… ရွာလူကြီးအိမ်ရောက်နေတယ် ဟုတ်လားကိုထွန်းခင်။”

“အေး..။”

“ဟာ… မဖြစ်ဘူး၊ မဖြစ်ဘူး။ ကျွန်မသားလေး… တစ်ယောက်တည်း မျက်နှာငယ်နေလိမ့်မယ်။ ကျွန်မတို့လိုက်သွားမှ ဖြစ်မယ်။’

“အေး… နေစမ်းပါဦးကွာ၊ ထမင်းလေး ဘာလေး… စားပါရစေဦး။”

“ဟင်… သားတစ်ယောက်လုံး ရွာလူကြီးအိမ်ရောက်နေတာကို ရှင်က အေးအေးဆေဆေး ထမင်းစားဦးမယ်ပေါ့ဟုတ်လား။”

“သြော်မိန်းမရယ်… မင်းသားက ရွာလူကြီးအိမ် ရောက်နေကြပဲကိုး၊ ငါတို့လည်း ခဏခဏ လူကြီးကျိန်းမောင်းတာ ခံခဲ့ရပြီးပြီ။ အခုလည်း လယ်ထဲကနေ ပြန်ရောက်ခါစရှိသေးတယ်။ ဘကြီးစ ပြောလို့ မင်းသားအကြောင်းသိခဲ့ရတာ။”

“အိုတော်… အဲ့ဒါဆိုရင် မြန်မြန်သွားမှ ဖြစ်မှာပေါ့။ နောက်မှစားစမ်းပါရှင်၊ ကျွန်မလိုက်သွားမယ်”

“ဟေ့… မိန်းမ…၊ မိန်းမ”

အသက်အရွယ်ကြီးရင့် လာခဲ့ပြီဖြစ်သော မိဘနှစ်ပါးကိုပင် မောင်ကျော်မြင့်မှာ လုပ်ကိုင်ကျွေးမွေးဖို့ရာ မဆိုနှင့်၊ သူ၏ ပြဿနာပေါင်းစုံကိုပင် တစ်နေ့မဟုတ်တစ်နေ့ မိဘနှစ်ပါးမှာ လိုက်လံရှင်းပေးနေခဲ့ရလေသည်။ ယခုတွင်လည်း ဖခင်ဖြစ်သူမှာ မောမောပန်းပန်းဖြင့် လယ်ထဲမှ ပြန်လည်ရောက်ရှိလာသည်နှင့် ထမင်းမစားရသေး၊ ရွာလူကြီးအိမ်သို့ မောကြီးပန်းကြီး ဦးတည်နေခဲ့ရပြန်သည်။

 

သည်လိုနှင့် နေထိုင်လာခဲ့ကြရာမှ ဦးထွန်းခင်မှာ အသက်အားဖြင့် (၄၅)နှစ်မျှ ရှိလာခဲ့ပြီး၊ မသိန်းရင်မှာမူ အသက်အားဖြင့် (၄၀)အရွယ်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်လေသည်။ တစ်ဦးတည်းသော သားလေး မောင်ကျော်မြင့်မှာမူ အသက်အားဖြင့် (၂၀)အရွယ်နှင့် သောက်စားမူးရူးလျက် အလောင်းကစားသမားကြီး တစ်ဦးအဖြစ်နှင့် ချမ်းသာရွာလေးတွင် ကြီးပြင်းလာခဲ့ရလေသည်။

ချမ်းသာရွာလေးတင်သာမက ချမ်းသာရွာလေးနှင့် အနီးတစ်ဝိုက်ရှိ ရွာပေါင်းများစွာမှာလည်း ဆင်းရဲနွှမ်းပါးကြသော တောသူ၊ တောင်သားများစွာ နေထိုင်ကြခြင်းဖြစ်လေသည်။ မြို့နှင့်လည်း အင်မတန်မှ အလှမ်းဝေးလှပြီး၊ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာသည်လည်း ထိုကျေးရွာလေးများဘက်သို့ မလွှမ်းမိုးနိုင်ခဲ့သေးပေ။

ဆင်းသားများဖြစ်ကြသော ရွာသူရွာသားများကိုမူ ခေါင်းပုံဖြတ်မည့် ငွေးချေးရှင်များသည်လည်း မြို့ကြီးပြကြီးများဆီမှ ထိုကျေးရွာလေးများဆီသို့ ကယ်တင်ရှင်များအနေဖြင့် အယောင်ဆောင်ခါ ရောက်ရှိလာခဲ့ကြသေးသည်။ သေစာ၊ရှင်စာ ဖတ်တတ်ရုံမျှ အတန်းစာ တတ်မြောက်ထားခဲ့သော ရွာသူရွာသားများကိုမူ မက်လုံးများစွာပေးလျက် ငွေများစွာ ချေးငှားခဲ့ကြသည်။

ထိုသူများမှာ ဂျပန်ခေတ်မှ ချစ်တီးကုလားများအတိုင်း ငွေချေးလျက်၊ ပြန်လည်ဆပ်ရမည့် အချိန်ကာလအတွင်း အဆပ်နိုင်ခဲ့လျင် လယ်သိမ်း၊ ယာသိမ်းဖြင့် ပြုလုပ်လာခဲ့ကြလေသည်။ စာပေ မတတ်မြောက်သော ရွာသူရွာသားများမှာ နားမလည်မှု့များစွာဖြင့် ခေါင်းပုံဖြတ်ခြင်းများကိုပင် ခံနေခဲ့ရသည့် အချိန်ကာလဆီသို့ ချမ်းသာရွာအတွင်း စိုက်ရောက်လာခဲ့လေသည်။

 

လယ်စာရင်းငှားဖြစ်သော ဦးထွန်းခင်နှင့်မသိန်းရင်တို့မှာလည်း စားဝတ်နေရေးအတွက် လွန်စွာကြပ်တည်းလာခဲ့ရလေသည်။ တပေါင်းလကြီးပင်ဖြစ်သည်ကြောင့် အိုက်စက်စက်ခံစားမှု့များမှာ အိပ်ယာအတွင်း၌ အိပ်စက်မရသည့်တိုင်အောင် ပူအိုက်လွန်းလှသည်။ ထို့ကြောင့် ဦးထွန်းခင်သည်လည်း အိပ်ယာအတွင်းမှ ထလေခါ၊ အိမ်ရှေ့ကွပ်ပျစ်လေး အတွင်း၌ အိပ်စက်မည်ဟု ကြံရွယ်လိုက်လေသည်။

သို့သော် ကွပ်ပျစ်လေးအတွင်း၌ မိမိထက်ဦးစွာ အိပ်စက်နေခဲ့သည်က သားဖြစ်သူ ကိုကျော်မြင့်ပင်ဖြစ်လေသည်။ အရက်မူးမူးဖြင့် အိပ်စက်နေခဲ့ပြီး၊ ခွေးပေါက်လေး တစ်ကောင်အားလည်း လည်ပင်းတွင် ကြိုးချည်လျက် ခေါ်ဆောင်ထားခဲ့လေသေးသည်။

ထိုမြင်ကွင်းကြောင့် ဖခင်ဖြစ်သူ ဦးထွန်းခင်သည်လည်း တစ်ကိုယ်တည်းသာလျင် ထိုကဲ့သို့ ရည်ရွတ်မိလေ၏။

 

“ဟာ… ငကျော်မြင့်၊ သူတောင် စားစရာမရှိ၊ သောက်စရာမရှိဖြစ်နေတာ ဘယ်ကခွေးကို ခေါ်လာပြန်ပြီလဲမသိဘူး။”

ထိုကဲ့သို့ပင် ရည်ရွတ်လျက် ညဉ့်နက်နက် တိုက်ခတ်လာခဲ့သော လေအေးလေးများကိုပင် ဦးထွန်းခင်တစ်ယောက် ခံစားနေခဲ့စဉ်၌ ထိုကဲ့သို့ပင် အော်ဟစ်ပြောဆိုနေခဲ့ကြသော စကားသံများအား ကြားသိလိုက်ရလေသည်။

“သူခိုးဗျို့… သူခိုး”

“ဟင်… သူခိုး’

လူစုလူဝေးများမှ အနောက်မှလိုက်ပါလာခဲ့သော အသံများနှင့် “သူခိုး”ဟူသော အော်သံများကိုပင် ဦးထွန်းခင်တစ်ယောက် ကြားသိလိုက်ရလေတော့၏။ ထို့ကြောင့် သူသည်လည်း အိမ်ပေါက်ဝအတွင်းမှနေ၍ မတ်တပ်လျက်စဉ်အတွင်းမှာပင် မျက်နှာဖုံးစွပ်ဖြင့် လူတစ်ဦးမှာ သူ၏ခြံအတွင်းသို့ ခုန်ပျံကျော်လွှားလျက် ဝင်ရောက်လာခဲ့လေသည်။

“ဟင်… မင်း… မင်းဘယ်သူလဲ။”

“ရှုး… အဖေ၊ သားပါ။ သားပါအဖေ။”

“ဟင်…”

မျက်နှာဖုံးစွပ်ဖြင့် ထိုသူ၊ ခြံအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် သူ၏မျက်နှာဖုံးအား ချွတ်လိုက်လေခဲ့သည်။ သေချာသည်က လူစုလူဝေးများမှ “သူခိုး”ဟု အော်ဟစ်နေကြသော သူခိုးပင်လျင် ဖြစ်လိမ့်မည်။ သို့သော် ထိုသူမှ မိမိအား အဖေဟုခေါ်ဆိုလိုက်သည်ကြောင့် ဦးထွန်းခင်သည်လည်း ကြောင်တောင်တောင်ဖြစ်သွားလေခါ၊ အရက်မူးလျက် ကွပ်ပျစ်အပေါ်တွင် အိပ်ပျော်နေခဲ့သော သူ၏သားဖြစ်သူဆီသို့လည်း အကြည့်တစ်ချက် ရောက်ရှိသွားခဲ့လေသည်။ ထို့နောက်…

 

“အဖေ..။”

“ဟင်… ဘာအဖေလဲ။ မင်းက ဘယ်သူလဲ။ မင်းက သူခိုးမဟုတ်လား။ ထွက်သွားစမ်း။ ငါ့ခြံထဲကနေ ထွက်သွား။ ငါအော်လိုက်မှာနော်။”

“အဖေ… သားက အဖေ့သားပါ။”

“ဟင်… မင်းဘာတွေ လာပြောနေတာလဲ။ ငါ့သားက ဟိုမှာ… ဟိုမှာအိပ်နေတယ်။”

“ဟုတ်ပါတယ်အဖေ… ကွပ်ပျစ်အပေါ်မှာ အိပ်နေတာ အဖေ့သားကြီး၊ သားရဲ့ အစ်ကိုကြီး ကိုကျော်မြင့်လေ။ သားက အဖေတို့ရဲ့ ဒုတိယမြောက်သားငယ်။”

“ဟင်…”

ထိုသူမှာ ထိုကဲ့သို့ပင် ပြောဆိုလေခဲ့ပြီး နေအိမ်အပေါ်သို့ တတ်ရောက်ရန်အတွက် ဟန်ပြင်လိုက်စေသည်။ ဦးထွန်းခင်သည်လည်း သူခိုးဖြစ်နေသည်ကြောင့် တားစီးလေခဲ့၏။ သို့သော် မည်သို့မှပင် တားစီးမရလေပဲ၊ ထိုသူမှာ ဇနီးဖြစ်သူ ဒေါ်သိန်းရင် အိပ်ပျော်နေခဲ့သည့် အိပ်ခန်းအတွင်းသို့ ဇွတ်အတင်း ဝင်ရောက်လိုက်လေသည်။ ဦးထွန်းခင်သည်လည်း ထိုသူ၏အနောက်မှ နေခါ၊ လိုက်လံတားစီးခဲ့ပါသေးသည်။ သို့သော် မရ။

အိပ်ပျော်နေခဲ့သော ဇနီးဖြစ်သူ၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားခဲ့သည့် ပုံရိပ်များကိုပင် မြင်တွေ့လိုက်ရလေတော့သည်။

“ဟာ… သူခိုး။ သူခိုး။ သူခိုး။ သူခိုး။”

“ဟင်… ကိုထွန်းခင်။ ကိုထွန်းခင်… ဘယ်မှာလဲ သူခိုး။ သူခိုး….ဘယ်မှာလဲ။”

 

ဦးထွန်းခင်တစ်ယောက် အိပ်ပျော်နေခဲ့ရာမှ သူခိုးဟူသော် စကားသံများဖြင့် လန့်နိုးလာခဲ့ရလေသည်။ သေချာသည်က သူတစ်ယောက် အိပ်မက်မက်နေခဲ့ခြင်းသာ ဖြစ်လေ၏။ ထို့နောက် သူ၏အိပ်မက်အကြောင်းများကိုပင် ဇနီးဖြစ်သူထံသို့ အကြောင်းစုံရှင်းပြလေခဲ့၏။

 

“အဲ့ဒါပဲ… မိန်းမရေ။ ငါ့အိပ်မက်မက်နေတာ။”

“တော့်အိပ်မက်က ထူးဆန်းလှချည်လား။ သူခိုးက ကျွန်မဗိုက်ထဲကို ဝင်သွားတယ်ဆိုတော့….”

“အဲ့ဒါပြောတာပေါ့ကွ။ ငါ့အထင်… မင်းဗိုက်ထဲမှာများ ဝင်စားချင်လို့ အိပ်မက်တာများလား…။”

“အိုတော်… မဖြစ်နိုင်ပါဘူး။ ကျွန်မလည်း သွေးဆုံးနေပြီ၊ ဒီအရွယ်ကြီးကြမှ ကလေးရနိုင်ပါဦးမလားတော့။ တော်ကလည်း။”

“အေးကွ… ဒါဆို ဘယ်လိုအကြောင်းကြောင့် ဒီအိပ်မက်မက်ရတာလဲ။ ဟင်… နေဦး။ ငါ့အိပ်မက်ထဲမှာ ငကျော်မြင့်တစ်ယောက် ခွေးတစ်ကောင်းနဲ့ ကွပ်ပျစ်အပေါ်မှာ အိပ်နေတာ မြင်ခဲ့ရသေးတယ်။ ခဏလေး ငါသွားကြည့်လိုက်ဦးမယ်။’

 

ဒေါ်သိန်းရင်သည်လည်း သွေးဆုံး၊ သားဆုံး အရွယ်ပင် ရောက်လုနီးပါးဖြစ်နေသည်ကြောင့် ကိုယ်ဝန်ရနိုင်လိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့် ထိုကဲ့သို့သော အိပ်မက်မျိုးကိုပင် မြင်မက်ရသနည်းဟု ဦးထွန်းခင်တစ်ယောက် စဉ်းစားနေမိရင်း၊ သူ၏အိပ်မက်အတွင်းမှ ခွေးပေါက်လေးနှင့် သားဖြစ်သူတို့သည်လည်း ကွပ်ပျစ်လေးအပေါ်တွင် အိပ်စက်နေသလားဟူသော အတွေးဖြင့် သွားရောက်ကြည့်ရှု့လေခဲ့သည်။

 

“ဟာ… ဟုတ်ပါ့မိန်းမရေ။ ဒီမှာ မင်းသားနဲ့ ဘယ်ကခွေးပေါက်လေးလဲ မသိဘူး။ ဒီမှာတွေ့လား ငါ့အိပ်မက်ထဲက အတိုင်းအပဲ။”

ထိုအခါ ကွပ်ပျစ်လေးအပေါ်တွင် မူးမူးဖြင့် အိပ်ပျော်နေခဲ့သော သားဖြစ်သူနှင့် ခွေးပေါက်လေး တစ်ကောင်အားလည်း ဦးထွန်းခင်တစ်ယောက် သူ၏ အိပ်မက်အထဲမှအတိုင်း မြင်တွေ့လိုက်ရလေတော့သည်။

 

သုံးလခန့်ကြာပြီးသည့်နောက်…

“ကိုထွန်းခင်… ကျွန်မ နေလို့ထိုင်လို့ မကောင်းလို့၊ ဒေါ်တင်အေးဆီမှာ သွေးကျဆေး သွားတောင်းတာ။ အဲ့ဒါ ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်လို့၊ လက်သည်ဒေါ်တင်အေးက ပြောသွားတယ်တော့…”

“ဟင်… မင်းမှာကိုယ်ဝန်ရှိနေပြီဟုတ်လား။”

“ဟုတ်တယ်ကိုထွန်းခင်။ ဘယ်နှဲ့ဖြစ်ရတာလဲ။ ဒီအရွယ်ကြီးကြမှ ကိုယ်ဝန်ထပ်ရှိနေရတယ်လို့…”

“သေချာပြီ၊ မယ်ရင် ဒါဆိုရင် ငါ့အိပ်မက်ထဲက သူခိုးလေးဝင်စားတာပဲ ဖြစ်လိမ့်မယ်။’

“ဟင်… ဒါဆို… ကျွန်မမွေးရမယ့် ကလေးက သူခိုးလေးဖြစ်နေရင်၊ ကျွန်မတို့မိသားစု ဒုက္ခရောက်မှာပေါ့။ မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒီကလေးကို ဖျက်ချပစ်မှဖြစ်မယ်။”

 

အသက်(၄၀)အရွယ် ဒေါ်သိန်းရင်မှာ ကိုယ်ဝန်ရရှိနေခဲ့သည်ဟု လက်သည်အဖွားကြီးတစ်ဦးမှ ပြောဆိုသွားခဲ့လေသည်။ ထို့ကြောင့် ဦးထွန်းခင်သည်လည်း သူ၏အိပ်မက်အတွင်းမှ သူခိုးလေးသာလျင် လာရောက်ဝင်စားချင်သာလျင် ဖြစ်ပါလိမ့်မည်ဟု ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ဒေါ်သိန်းရင်သည်လည်း သူခိုးလေးသာ မွေးဖွားလာရမည်ဆိုလျင် မိမိတို့အတွက် လွန်စွာအန္တရယ်ဖြစ်နိုင်သည်ကြောင့် ကိုယ်ဝန်ပျက်စီးစေရန်အတွက် နည်းနည်းအမျိုးမျိုးဖြင့် ပြုလုပ်ရန်ပြင်ဆင်နေခဲ့သည်။

ထိုညအတွင်းမှာပင် ဦးထွန်းခင်တစ်ယောက် အိပ်မက်တစ်ဖန် ပြန်လည်မြင်မက်ခဲ့လေသည်။ မြင်မက်ခဲ့သည်က ဇနီးဖြစ်သူ ဒေါ်သိန်းရင်၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားခဲ့သော သူခိုးလေးမှာ မျက်နှာငယ်လေးဖြင့် ဦးထွန်းခင်ထံသို့ ရောက်ရှိလာခဲ့လေပြီး။

 

“ဟင်… မင်း….။ မင်းလာပြန်ပြီ။”

“အဖေ..။ သားကိုဖျက်မချပါနဲ့ အဖေရယ်။ သားက အဖေနဲ့အမေ့ကို ဒုက္ခပေးမလို့မဟုတ်ပါဘူး”

“ဟင်… မင်းဘာတွေ လာပြောနေတာလဲ။ မင်းကို ဘယ်သူက ဘာတွေဖျက်ချနေလို့လဲ။”

“အဖေ… သားကို အမေက ဖျက်ချဖို့အတွက် သူ့စိတ်ထဲမှာ အချိန်ပြည့်ရှိနေတယ်အဖေ။ အဖေသားကို စောင့်ရှောက်ပေးပါနော်အဖေ။ သားကိုစောင့်ရှောက်ပေးပါ။ သားလာချင်လို့ပါအဖေရယ်။ နော်အဖေ… နော်လို့။”

“မင်းပြောတာတွေ ငါဘာတစ်ခုမှ နားမလည်ဘူး။ မင်းဘာတွေပြောနေတာလဲ။”

“ဒီလိုပါအဖေ၊ အခု အမေ့ဗိုက်ထဲမှ သားရှိနေပါတယ်။ သားကို အမေက ဖျက်စီးဖို့အတွက် ကြံစည်နေတယ်အဖေရဲ့။ ဒါကြောင့် သားကို အဖေကိုယ်တိုင် စောင့်ရှောက်ပေးပါနော်။ အမေ့ကို မျက်ခြေမပျက် စောင့်ကြည့်နေပေးပါအဖေ။ အဖေတို့ မိသားစု စားဝတ်နေရေးအတွက် ဘာမှပူစရာမလိုအောင် သားလုပ်ပေးပါ့မယ်။ အမေ့ဘေးနားမှာပဲ အဖေ သားမမွေးမချင်း စောင့်ရှောက်နေပေးပါနော်။”

“ဟင်… ဟေ့၊ ဟေ့… ဟေ့”

 

ထိုကဲ့သို့ပင် အိပ်မက်မက်သည့် အကြောင်းများကိုပင် ဦးထွန်းခင်မှာ ဇနီးဖြစ်သူထံသို့ ပြန်လည်မပြောဆိုခဲ့ပဲ၊ ဇနီးဖြစ်သူ၏ အခြေနေများကိုသာလျင် အရိပ်တကြည့်ကြည့်နှင့် အကဲခတ်စေခဲ့သည်။ မနက်လင်းလာခဲ့သည်နှင့် ဦးထွန်းခင်ထံသို့ ပွဲစားကြီးတစ်ဦး စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေသည်။

 

“ဗျို့… ဦးထွန်းခင်။ ဦးထွန်းခင် ရှိလားဗျို့”

“ဘယ်သူတုန်းဗျ… ရှိပါတယ်။’

“ဘာကိစ္စများရှိလို့လဲဗျ။”

“ကျုပ်ဆရာက ခင်ဗျားကို ပစ္စည်းလေးတွေ ပေးခိုင်းလိုက်လို့ပါ။’

“ဟင်… ခင်ဗျားဆရာ ဆိုတာက…”

“သြော်… ကျုပ်ဆရာက ဒီနယ်ဝိုက်မှာ နာမည်ကြီးပွဲစားကြီး ဦးခင်မောင်မောင်ပါ။ အဲ့ဒါ သူက ချမ်းသာရွာက ဦးထွန်းခင်ဆီ ဒီပစ္စည်းလေးတွေ ပို့ပေးပါဆိုလို့ ကျုပ်လာပို့ပေးရတာပါ။’

“ဟင်… ဘာပစ္စည်းတွေများတုန်းဗျ”

“အဲ့ဒါတော့ ကျုပ်လည်းမသိဘူးဗျို့… ခင်ဗျားမိန်းမ မီးဖွားဖို့အတွက် လိုအပ်လိမ့်မယ်ဆိုပြီး၊ ကျုပ်ကိုပေးခိုင်းလိုက်တာပဲ။”

“ဟင်…”

 

ထိုသူပြောဆိုသွားခဲ့သော နာမည်ကြီးပွဲစားကြီး ခင်မောင်မောင်ဟုဆိုသော အမည်အားလည်း ဦးထွန်းခင်တစ်ယောက် မည်သည့်အခါမှ မကြားခဲ့ဘူးပေ။ သို့သော်လည်း ထိုသူလာရောက်ပေးသွားခဲ့သည့် ပစ္စည်းထုတ်လေးအား လက်ခံလျက်၊ ဖွင့်ဖောက်ကြည့်လိုက်သည့် အခ်ါတွင် ငွေသားတစ်ချို့နှင့် လက်ဝတ်လက်စား ရွှေထည်ပစ္စည်းများ ဖြစ်နေခဲ့သည်အား မြင်တွေ့လိုက်ရလေသည်။

ဥပဒေနှင့်များ လွတ်ကင်းခြင်းရှိသည့် ပစ္စည်းများပင်လား။ အမျိုးမျိုးသော အတွေးများစွာအား တွေးမိခဲ့လေပြီး၊ ထိုပစ္စည်းများကိုမူ ကြောက်ကြောက်လန့်လန့်ဖြင့် သုံးစွဲနေခဲ့ရလေ၏။ သို့သော် ထိုပစ္စည်းများနှင့်ပတ်သတ်ပြီး ဦးထွန်းခင်ထံသို့ မည်သည့်အမှု့ကိစ္စတစ်ခုမှ မဖြစ်ပွားလာခဲ့ချေ။

ထို့ကြောင့် ဦးထွန်းခင်သည်လည်း မနေ့ညမှ မြင်မက်ထားခဲ့သော သူ၏အိပ်မက်အတိုင်း ဇနီးဖြစ်သူ မီးမဖွားမှီကာလအထိ မည်သည့်အလုပ်ကိုမှ မလုပ်ကိုင်ပဲ၊ ကိုယ်ဝန်မပျက်စီးစေရန် အတွက် စောင့်ကြည့်ပေးစေရန် အလိုငှာ မိသားစုစားဝတ်နေရေးအတွက် ထိုကဲ့သို့ ပစ္စည်းများအား လာရောက်ပေးခြင်းသာလျင် ဖြစ်ပါလိမ့်မည်ဟု သတ်မှတ်ထားခဲ့လေတော့သည်။

 

“ထွန်းခင်… ထွန်းခင်ရေ… နင့်မိန်းမ မွေးပြီးဟဲ့။ မွေးပြီ။”

သွေးဆုံး၊သားဆုံး အရွယ်ဖြစ်သော ဒေါ်သိန်းရင်၏ကိုယ်ဝန်မှာ သာမာန်ဗိုက်ကြီးသည်များကဲ့သို့ ဝမ်းဗိုက်ကြီးမှာ ကြီးမားစွာပူဖောင်းခြင်းမရှိ၊ သာမာန်ဝမ်းဗိုက်ထက် အနည်းငယ်လေးသာလျင် ဖောင်းပူနေခဲ့ခြင်းဖြစ်လေသည်။ ကိုယ်ဝန်(၇)လတည်းနှင့် နေအိမ်လက်သည်အဖွားကြီးနှင့်သာ ဒေါ်သိန်းရင်တစ်ယောက် ယခုမွေးဖွားလိုက်ပြီဖြစ်လေသည်။ အိမ်ခန်းအတွင်းမှ လက်သည်အဖွားကြီး၏ မွေးပြီဟူသော စကားများသာလျင် ဦးထွန်းခင်တစ်ယောက် ကြားသိလိုက်ရပြီ၊ မွေးကင်းစ ကလေးတို့၏ ငိုကြွေးလာခဲ့သော အသံများအားလည်း မကြားခဲ့ရချေ။ ထို့နောက် အိမ်ခန်းအတွင်းမှ လက်သည်အဖွားကြီး၏ ထပ်မံပြောဆိုလာခဲ့သော စကားတစ်ချို့့မှာ ထိုကဲ့သို့ပင် ဖြစ်နေလေခဲ့၏။

 

“ဟင်… လူခြောက်ကလေး မွေးတာတော့… သိန်းရင်… ညည်းမွေးလိုက်တာ လူခြောက်ကလေးတော့… လူခြောက်ကလေး။’

“ဟင်… ဒေါ်တင်အေး။ ဘယ်လို… ကျုပ်မိန်းမ၊ ကျုပ်မိန်းမမွေးတာ လူခြောက်ကလေး ဟုတ်လား။”

“ဟုတ်တယ် ထွန်းခင်ရေ၊ နင်တို့တော့ စီးပွားတတ်တော့မယ်ဟဲ့။ လူခြောက်ကလေးတော့… ယောက်ျားလေးလား၊ မိန်းကလေးလားမသိဘူး။”

“ယောက်ျားလေးဖြစ်လိမ့်မယ်၊ ဒေါ်တင်အေးရ… ကျုပ်ဝင်လာလို့ ရပြီလား။”

“ဟဲ့ဟဲ့… မဝင်လာနဲ့ဦး၊ ခဏနေဦး။’

“လုပ်ပါဒေါ်တင်အေးရ… ကျုပ်ကြည့်ချင်လှပြီ။’

 

အရွယ်စားအားဖြင့် အရှည်(၆)လက်မကျော်ကျော်ခန့်သာ ရှိလိမ့်မည်ဖြစ်ပြီ၊ သန္ဓေသားအခြောက်ကလေးသာ ဖြစ်သည်။ ကွေးကွေးလေးနှင့် နီညိုရောင် သန္ဓေသားအခြောက်ကလေးသာလျင် ဒေါ်သိန်းရင်တစ်ယောက် မွေးဖွားလာခဲ့ခြင်းဖြစ်လေ၏။ လူခြောက် (သန္ဓေသားခြောက်)ဟူသည် နက္ခအမျိုးမျိုးရှိနေခဲ့သည်ဟု အဆိုအမျိုးမျိုးရှိလေသည်။

ဘီလူးနက္ခနှင့် စန်းယှဉ်မွေးဖွားလာခဲ့သော လူခြောက်ဆိုလျင် မိသားစုများထဲမှ တစ်ယောက်ပြီးတစ်ယောက် သေဆုံးတတ်လေပြီး၊ စောရနက္ခနှင့် စန်းယှဉ်မွေးဖွားလာခဲ့သည့် လူခြောက်ကလေးဆိုလျင် မိဘများအား ပစ္စည်းဥစ္စာတိုးပွားစေရန် အတွက် အထောက်ကုပြုလေသည်။ သူတော်ကောင်း နက္ခနှင့် စန်းယှဉ်မွေးဖွားလာခဲ့သော သန္ဓေသားခြောက်ဆိုလျင် သာသနာများစွာ ပြုလုပ်ရတတ်သည်ဟု ရှေးအဆိုများစွာ ရှိနေခဲ့ပါသည်။

ယခု ဦးထွန်းခင်နှင့်ဒေါ်သိန်းရင်တို့၏ မွေးဖွားလာခဲ့သော လူခြောက်ကလေးမှာ စောရနက္ခနှင့် စန်းယှဉ်မွေးဖွားလာခဲ့ခြင်းသာလျင် ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်နည်း။ ဖခင်ဖြစ်သူ ဦးထွန်းခင်တစ်ယောက် မြင်မက်ခဲ့ရသော အိပ်မက်များနှင့် ဆက်စပ်လျက် တွေးကြည့်လိုက်မည်ဆိုလျင် သေချာသည်က ထိုလူခြောက်လေးမှာ စောရနက္ခ(သူခိုးနက္ခ)သာလျင် ဖြစ်ပေလိမ့်မည်။

လူခြောက်ကလေး၏ အမည်အား မောင်ကြိုင်းဟုအမည်ပေးလေခါ၊ လူခြောက်ကလေး မွေးဖွားလာခဲ့ပြီးနောက်ပိုင်း ဦးထွန်းခင်နှင့်ဒေါ်သိန်းရင်တို့မှာလည်း အများသူငှာ၏ စာရင်းငှားဘဝမှ လွတ်မြောက်နိုင်လေခါ၊ ကိုယ်ပိုင်လယ်၊ ကိုယ်ပိုင်ခြံ၊ ကိုယ်ပိုင်အိမ်လေးနှင့် တင့်တင့်တယ်တယ် နေထိုင်လာနိုင်ခဲ့ပြီဖြစ်လေသည်။

မိဘများပြေလည်လာသည်နှင့် လောင်းကစားသမား ကျော်မြင့်သည်လည်း မိဘများထံမှ ငွေကြေးများကိုပင် ခိုးယူလျက် လောင်းကစားမျိုးစုံတို့ကိုပင် ပျော်ပျော်ကြီးကြီး ပြုလုပ်လာနိုင်လေ၏။ ငွေကြေးများသည်လည်း အဖက်ဖက်မှ ဝင်ရောက်နေခဲ့သည်ကြောင့် ဦးထွန်းခင်မှာ ငွေကြေးများကိုပင် ကောင်းစွာ မမှတ်ထားနိုင်၊ မှတ်ထားခဲ့သည့် အချိန်ခါတွင်မူ သားဖြင့် ကျော်မြင့်တစ်ယောက် ခိုးယူနေခဲ့သည်အား သိရှိခဲ့ရသည်အတွက် သေချာစွာသိမ်းဆည်း နေခဲ့ရလေသည်။

လူခြောက်ကလေး၏ အသက်အရွယ်မှာ တစ်နှစ်ဖြစ်လာပြီး၊ တစ်နှစ်ခန့်အကြာတွင် ဖခင်ဖြစ်သူဦးထွန်းခင်အား ထိုကဲ့သို့သော အိပ်မက်များစွာ ပေးလာခဲ့လေ၏။ အိပ်မက်ထဲတွင် လူခြောက်ကလေးမှာ တစ်နှစ်သားအရွယ်နှင့် စကားပြောဆိုတတ်ပြီး၊ ဖခင်ဖြစ်သူကိုပင် ထိုကဲ့သို့ပြောဆိုလေခဲ့၏။

 

“အဖေ… သားဒီအရွယ်ရောက်နေပြီသိလား။ သားကစားချင်တယ်။ သားကို အရုပ်ကလေးတွေ ဝယ်လာခဲ့ပေးဦးနော်။’

“ပြီးတော့ အစ်ကိုကြီး… ကိုကျော်မြင့်က သားကို သိပ်မချစ်ဘူးအဖေရဲ့။”

“ဒါပေမယ့် သားကတော့ အစ်ကိုကြီးကျော်မြင့်ကို အရမ်းချစ်တာပါ။”

“အမေကလည်း သားကိုဂရုစိုက်တဲ့အတွက် သားအရမ်းပျော်တယ်သိလား။”

“ဒါပေမယ့်အဖေ… အစ်ကိုကြီးကျော်မြင့် မွေးထားတဲ့ ခွေးကြီးကို သားအရမ်းကြောက်တယ်။ အဲ့ဒီခွေးကြီးကို အိမ်မှာ မထားပါနဲ့လား။”

“မဖြစ်သေးပါဘူး။ အစ်ကိုကြီးကျော်မြင့်က သူ့ခွေးကြီးကို အရမ်းချစ်တာ။ ထားလိုက်ပါတော့ အဖေရယ်။”

“မနက်ဖြန်… မနက်ကြရင် ဘုရားစင်အပေါ်မှာ သားရတနာထုတ်လေး တစ်ထုတ်တင်ထားပေးမယ်နော်၊ ဖေဖေနဲ့မေမေ… အိမ်စရိတ်အတွက် လိုအပ်တာတွေ သုံးလို့ရပါပြီ။’

“သားခဏခဏ… ငွေတွေပေးလို့ သားကိုသူခိုးလေးလို့ မထင်လိုက်ပါနဲ့အဖေ။ သားက သူခိုးပါပဲ။ ဒါပေမယ့် ရွာသူရွာသားတွေဆီကနေ ခေါင်းပုံဖြတ်နေတဲ့ အကြွေးရှင်ကြီးတွေဆီကနေ အလှူခံခဲ့တာပါ။”

 

ဖခင်ဖြစ်သူ ဦးထွန်းခင်အား မောင်ကြိုင်ဟုအမည်တွင်သည့် လူခြောက်ကလေးမှာ အိပ်မက်အများဆုံး ပေးလျက်၊ သူတစ်ယောက်ဖြစ်ချင်သော ဆန္ဒများအား ပြောဆိုလေ့ရှိပေသည်။ မိခင်ဖြစ်သူ ဒေါ်သိန်းရင်ကိုမူ ရံဖန်ရံခါ၌သာ အိပ်မက်ပေးလေ့ရှိလေ၏။

လူခြောက်ကလေးမှာ အိပ်မက်အတွင်းမှအတိုင်း သူတစ်ယောက် မည်သည့်အရွယ်သို့ ရောက်ရှိနေခဲ့ပါပြီ၊ သူတစ်ယောက် မည်သည့်အသုံးဆောင် ပစ္စည်းများစွာ လိုအပ်နေခဲ့ပါပြီဟူ၍ အမြဲတစေပြောဆိုနေခဲ့လေသည်။ မိဘများသည်လည်း အရွယ်နှင့်အမျှ သားဖြစ်သူ လူခြောက်ကလေး မောင်ကြိုင်လိုအပ်စေမည့် ယောကျာ်းလေးအသုံးဆောင် ပစ္စည်းများအား လိုလေသေးမရှိ ဝယ်ယူပေးထားခဲ့ရသည်။

သည်လိုနှင့် နေထိုင်လာခဲ့ပြီး လူခြောက်ကလေး မောင်ကြိုင်(၁၀)နှစ်သား အရွယ်တွင် မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့အား တစ်ပြိုင်တည်းသာလျင် ထိုကဲ့သို့သော အိပ်မက်ကိုမူ မြင်မက်ပေးခဲ့လေတော့၏။ အိပ်မက်ထဲတွင်မူ မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့မှာ အိမ်ဦးခန်းလေးအတွင်း၌ ထိုင်လျက်ရှိနေခဲ့ကြပြီး၊

(၁၀)နှစ်သားအရွယ် လူခြောက်ကလေးမှာ မိဘနှစ်ပါးအား ထိုကဲ့သို့ပင် ပြောဆိုလာခဲ့သည်။

 

“အမေနဲ့အဖေ… သားကို ဟိုးဘက်ရွာမှာ မိန်းမလိုက်တောင်းပေးပါလား။”

“သား… မိန်းမယူတော့မယ်။”

“လိုက်တောင်းပေးပါနော်။”

“ဟင်… ဘယ်ရွာမှာတုန်းသားရဲ့”

“သားတို့ရွာနဲ့… သုံးရွာကျော်လောက် ဝေးတယ်အဖေ။ လသာကျေးရွာဘက်မှာပါ။”

 

ထိုကဲ့သို့ပင် အိပ်မက်များကိုမူ ဦးထွန်းခင်နှင့် ဒေါ်သိန်းရင်တို့မှာ တပြိုင်တည်းသာလျင် မြင်မက်ခဲ့ကြပြီး၊ သားဖြစ်သူ ပြောဆိုသည့် လသာကျေးရွာဆီသို့ မိဘနှစ်ပါးမှာ သွားရောက်လေခါ၊ လူခြောက်မလေးအကြောင်းအား စုံစမ်းခဲ့ရသည်။

ထိုအခါ ထိုကျေးရွာလေးတွင်လည်း ကိုးနှစ်သမီးအရွယ် လူခြောက်မလေး တစ်ဦးရှိနေခဲ့သည်အား သိရှိခဲ့ရသည်။ သို့နှင့် ဖခင်ဖြစ်သူ ဦးထွန်းခင်မှာ သူ၏သားဖြစ်သူ လူခြောက်ကလေး မောင်ကြိုင်၏အိပ်မက်အကြောင်းများအား ပြောဆိုလျက် တစ်ဖက်မှ လူခြောက်မလေး၏ အုပ်ထိန်းသူများနှင့် တိုင်ပင်ပြောဆိုလေခါ ထိန်းမြှားလက်ထိပ်ပေးရန်အတွက် နှစ်ဦးနှစ်ဖက် သဘောတူထားခဲ့စေတော့သည်။

 

“ဟာ… အဘွားကြီးနဲ့အဘိုးကြီး… သွားချင်တဲ့ နေရာကို သွားနေကြပါလား။ ဟေး… အမေ… အမေ…။ ဘယ်သူမှမရှိကြဘူးလား။ ကျုပ်ဗိုက်ဆာနေပြီဗျ။”

“ဟင်… အိမ်တံခါးကြီးလည်း ပိတ်ထားတယ်။”

“ဘယ်သူမှမရှိကြပါလား။”

“အတော်ပဲ..။”

 

မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့မှာ လသာကျေးရွာဆီသို့ သွားရောက်နေခဲ့ချိန် ဖြစ်သည်ကြောင့် နေအိမ်အတွင်းတွင်မူ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။ ထိုအချိန်တွင်းမှာပင် ကိုကျော်မြင့်တစ်ယောက် မူးမူးရူးရူးဖြင့် နေအိမ်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ မိဘများထံမှ ငွေကြေးများကိုပင် ခိုးယူရန်အတွက် ရှာဖွေနေခဲ့လေတော့သည်။

သို့သော် ဖခင်ဖြစ်သူ ဦးထွန်းခင်မှာလည်း သားဖြစ်သူ၏ အကြောင်းများကိုပင် ကြိုတင်သိရှိနေခဲ့ခြင်းကြောင့် ငွေကြေးများနှင့် လက်ဝတ်လက်စားများကိုပင် လုံခြုံစိတ်ချရသော နေရာအတွင်း၌ ထားရစ်ခဲ့ပြီဖြစ်လေ၏။

ထို့ကြောင့် ကိုကျော်မြင့်တစ်ယောက် နေအိမ်တစ်ခုလုံးအတွင်း နေရာအနံ့ ရှာဖွေနေခဲ့သော်လည်း တန်ဖိုးရှိလှမည့် ပစ္စည်းများ မတွေ့ရှိခဲ့သည်ကြောင့် အဆုံးတွင်မူ ဘုရားစင်အောက်ဘက် မှန်ဘီရိုလေးထဲ၌ ဂရုတစိုက် သိမ်းဆည်းထားခဲ့သော လူခြောက်မောင်ကြိုင်၏ သေတ္တာလေးကိုပင် မြင်တွေ့လိုက်ရလေတော့သည်။

 

“အင်း… နေစမ်းပါဦး၊ အဖေက ရတနာပစ္စည်းတွေထက် ဒီအရုပ်လေးကို ပိုပြီး ယုယုယယဖြစ်နေတာ တွေ့ရတယ်။ ဒါဘာအရုပ်ပါလိမ့်”

“အိုး… ဘာအရုပ်ပဲဖြစ်ဖြစ်၊ အခုလောလောဆယ် ငါ့မှာအရက်ဖိုးမရှိတော့ဘူး။ ရေချိန်လည်းမကိုက်သေးဘူး။ ထောင်ကဲကြီးဆီမှာ ဒီအရုပ်လေးပေါင်ပြီး အရက်သောက်လိုက်တာ ကောင်းမယ်။”

“ဟုတ်တယ်… အဲ့ဒါပိုကောင်းတယ်။”

 

တောင်းဆိုးပလုံးဆိုးကိုသာလျင် ပစ်ကောင်းပစ်ချင် ပစ်လိုက်မည်။ သို့သော် သားဆိုးသားမိုက် တစ်ဦးဖြစ်သည့် ကိုကျော်မြင့်ကိုမူ သူ၏မိဘများမှာ မပစ်ရက်၊ ထိုအတိုင်းသာလျင် စားချိန်တန်စား၊ အိမ်ချိန်တန်အိပ်ဖြစ် ကျွေးမွေးစောင့်ရှောက်ထားခဲ့သည်။

ကိုကျော်မြင့်သည်လည်း ဖခင်ဖြစ်သူတစ်ယောက် နေ့စဉ်နှင့်အမျှ ဂရုတစိုက်ရှိနေခဲ့သော ယွန်းသေတ္တာလေးအတွင်းမှ နီညိုရောင်ရှိနေသည့် ပစ္စည်းလေးမှာ လူခြောက်မှန်းသည်လည်း သူတစ်ယောက်မသိရှိ၊ ထို့ကြောင့် ထိုသေတ္တာလေးကိုပင် ယူဆောင်သွားလျက် တရုတ်သူဌေးကြီးဆီ၌ အပေါင်ထားခါ အရက်သောက်ပစ်လိုက်လေသည်။

ချမ်းသာကျေးရွာနှင့် လသာကျေးရွာတို့မှာ အလွန်ပင် ကွာဝေးလှသည်ကြောင့် အသွားအပြန်ဆိုလျင် နေ့ချင်ပြန်တစ်နေ့ကုန်နီးပါး ကြာမြင့်လှပါသည်။ ထို့ကြောင့် ဦးထွန်းခင်နှင့် ဇနီးဖြစ်သူတို့မှာ မိမိတို့၏ ချမ်းသာကျေးရွာဆီသို့ ပြန်လည်ရောက်ရှိလာကြသည်နှင့် ညမှာအတော်ပင် မိုးချုပ်နေခဲ့ပြီဖြစ်လေသည်။

တစ်နေကုန်သည်လည်း ပင်ပန်းထားသည်ကြောင့် လင်မယားနှစ်ဦးသည်လည်း အိပ်စက်ရန်အတွက်သာလျင် ပြင်ဆင်ခဲ့ကြ၏။

 

“ကဲ… မိန်းမရေ၊ သားငယ်လေး မင်္ဂလာကိစ္စကတော့ အဆင်ပြေသွားပြီကွ၊ သူလည်း သိချင်သိနေမှာပါ။ ငါတို့ကိုလည်း သူအားရဝမ်းသာ လာပြောဦးမယ်ထင်တယ်ကွ။ ကဲကဲ… တို့လည်း အရမ်းပင်ပန်းနေပြီ၊ အိပ်ကြမယ်။”

ပင်ပန်းမှု့များစွာဖြင့် လင်မယားနှစ်ဦးသားမှာ အိပ်စက်ခဲ့ကြရင်း၊ လူခြောက်ကလေး သိမ်းဆည်းထားခဲ့သော နေရာဆီသို့ အမဲ့တမှတ် သတိမထားမိခဲ့ချေ။ သို့နှင့် ညနက်အချိန်သို့ ရောက်ရှိလာခဲ့သည်နှင့် ထုံးစံအတိုင်းပါပင် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့အား လူခြောက်ကလေး မောင်ကြိုင်မှာ အိပ်မက်များစွာ ပေးလေခဲ့၏။

အိပ်မက်ထဲတွင် မောင်ကြိုင်မှာ ရှိုက်ကြီးတငင်ငင်ဖြင့် ငိုကြွေးနေခဲ့ရင်း ထိုကဲ့သို့ပင် ပြောဆိုလေခဲ့သည်။

 

“အဖေ… အမေ… သားကို ကိုကြီးကျော်မြင့်၊ ရွာတောင်ပိုင်းက တရုတ်ကြီးဆီမှာ အပေါင်ထားခဲ့တယ်။ လုပ်ပါဦး။”

“သားကိုပြန်ခေါ်ပါဦး။ သားမနေချင်ဘူး။ အဖေ၊ အမေတို့နဲ့ပဲ နေချင်တယ်။”

“သားကို ပြန်ခေါ်ပေးပါနော်။”

ထိုကဲ့သို့ပင် ပြောဆိုလာသည်ကြောင့် မိဘနှစ်ပါးသည်လည်း ပြိုင်တူသာလျင် နိုးထလာလေခါ၊ လူခြောက်ကလေး မောင်ကြိုင်အား ထားရှိစေခဲ့သော နေရာဆီသို့ အလျင်အမြန် သွားရောက်ကြည့်ရှု့ခဲ့ရသည်။ သို့သော် သေချာစွာ ထားရှိထားခဲ့သော နေရာလေးအတွင်းတွင် မောင့်ကြိုင်၏ သေတ္တာလေးကိုမူ မတွေ့ရှိခဲ့ရတော့ပေ။

ထို့ကြောင့် သားဖြစ်သူ ကျော်မြင့်အိပ်နေရာ နေရာဆီသို့ အလျင်အမြန် သွားရောက်ခဲ့လေပြီး ထိုကဲ့သို့ပင် မေးမြန်းခဲ့ရ၏။

 

“ဟေ့ကောင်… ငကျော်မြင့် ထစမ်း..။ ငါ့သားငယ်ကို မင်းဘာလုပ်လိုက်ပြီလဲ။ ဟေ့ကောင် ထစမ်း”

“ဟာ… အဖေ…။ ဘာတုန်းဗျ။’

“ဟေ့ကောင်… ဘာတုန်းလုပ်မနေနဲ့ ဘုရားစင်အောက်က မှန်ဘီရိုထဲမှာ ထည့်ထားတဲ့ ပစ္စည်းလေးဘယ်ရောက်သွားပြီလဲ။”

“ဟာဗျာ… ကျုပ်က ဘယ်သိပါ့မလဲဗျ။ မသိဘူး။”

“ဟေ့ကောင်… ကျော်မြင့်၊ မင်းရွာတောင်ပိုင်းက တရုတ်ကြီးဆီမှာ အပေါင်ခံထားတယ်ဆိုတာ ငါတို့သိထားပြီးပြီ။ သေချာအောင်လာမေးတာ။ ဟုတ်လား။”

“ဟာဗျာ… အဖေတို့ကလည်း ဒီလောက်ချမ်းသာနေတာတောင် ဒီသေတ္တာလေးကို နှမြောနေရတယ်လို့… ဟုတ်တယ်ဗျာ.. ဟုတ်တယ်။ ကျုပ်နေ့လည်က အရက်ဖိုးမရှိတာနဲ့ ထောင်ကဲကြီးဆီမှာ သွားပေါင်ထားလိုက်ပြီ။”

“ဟာ … ပြဿနာပဲ။ မင်းနဲ့တော့ကွာ…။”

 

ထိုကဲ့သို့ပင် မေးမြန်းခဲ့ရပြီး ရွာတောင်ပိုင်းမှ တရုတ်ကြီးထံ၌ ညတွင်းချင်းသာလျင် ငွေငါးထောင်ဖြင့် သွားရောက်ရွေးယူခဲ့ရလေသည်။ ထို့နောက် သားဖြစ်သူ ကိုကျော်မြင့်အား ထိုသေတ္တာလေးထဲတွင် ရှိနေခဲ့သော ပစ္စည်းလေးမှာ လူခြောက်ကလေးပင်ဖြစ်၍ မိမိနှင့် ညီအစ်ကိုတော်စပ်ပါသည်ဟု ပြောဆိုထားခဲ့ရပေသည်။ သို့မှသာလျင် ကိုကျော်မြင့်သည်လည်း နောက်နောင်များတွင် ထိုကဲ့သို့ မပြုလုပ်တော့ပါဟု ပြောဆိုလေခဲ့ရင်း နေထိုင်လာခဲ့ရပေသည်။

လသာကျေးရွာလေးဆီသို့ လူခြောက်ကလေး မောင်ကြိုင်အား မိန်းမတောင်းယူပေးမည့် နေ့ရက်ကလေးပင် နီးလာခဲ့သည်ကြောင့် မိဘများမှာ လူသားစင်စစ်ကဲ့သို့ ကန်တော်ပွဲများအား ပြင်ဆင်လျက် ရပ်ရွာလူကြီးများအားလည်း ဖိတ်ခေါ်ထားခဲ့ရလေသည်။

မိမိပေါင်နှံခဲ့ဘူးသော ယွန်းသေတ္တာလေးအတွင်းတွင် လူခြောက်ကလေးရှိနေခဲ့သည်ဟု ကိုကျော်မြင့်တစ်ယောက် သိရှိလိုက်ရသည်ကြောင့် လူခြောက်ကလေးမှာ မည်ကဲ့သို့ပင် ပုံစံရှိနေသနည်းဟူသော သိချင်စိတ်များအားလည်း ဖြစ်ပေါ်လာနေခဲ့သည်။

ထို့ကြောင့် မိဘများနှင့် ရပ်ရွာလူကြီးများမှာ နေအိမ်အရှေ့ခန်းတွင် မိန်းမတောင်းယူမည့် ကိစ္စအတွက် ပြင်ဆင်နေခဲ့ချိန်၌ ကိုကျော်မြင့်မှာမူ သူ၏ခွေးတစ်ကောင်နှင့် အိမ်အနောက်ဘက်မှ ခိုးဝင်ခါ၊ လူခြောက်ကလေးရှိနေခဲ့သည့် မိဘနှစ်ပါး၏ အိပ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့လေသည်။

 

ထို့နောက် ယွန်းသေတ္တာလေးအား မျက်လုံးတစ်လျောက် ရှာဖွေလိုက်သည်နှင့် ကုတင်းခေါင်းရင်းလေးတွင် ဂရုတစိုက် ထားရှိထားသော ယွန်းသေတ္တာလေးအား မြင်တွေ့လိုက်ရလေတော့သည်။ ထို့ကြောင့် တုန်တုန်ရီရီလက်များဖြင့် ယွန်းသေတ္တာလေးအား ယူဆောင်လိုက်လေပြီး၊ အထဲတွင်ရှိနေခဲ့သည့် လူခြောက်ကလေးကိုမူ ထုတ်ယူလိုက်လေ၏။

ရမ္မကာလုလင်တို့၏ ထုံးစံအတိုင်း ခြေလက်များမှာ တုန်ရီနေခဲ့ခြင်းကြောင့် ထုတ်ယူလိုက်သော လူခြောက်ကလေး မောင်ကြိုင်မှာ ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားခဲ့ရလေတော့သည်။ ထိုအခါ ကိုကျော်မြင့်တစ်ယောက် ခေါ်ဆောင်လာခဲ့သော ခွေးမှာလည်း လူခြောက်ကလေး ပြုတ်ကျသွားခဲ့သည်နှင့် ကိုက်ချီလိုက်လေခါ၊ ဆွဲခါပစ်လိုက်လေတော့သည်။

သေချာသည်က လူခြောက်ကလေး မောင်ကြိုင် ခွေးကိုက်မိလိုက်ပြီး အသက်ပါလျင် ဆုံးရှုံးသွားခဲ့ရပြီဖြစ်လေသည်။ ထိုအချိန်တွင်းမှာပင် မိဘများသည်လည်း အိပ်ခန်းအတွင်းသို့ ရောက်ရှိလာလေခါ လူခြောက်ကလေး မောင်ကြိုင်၏ အဖြစ်ပျက်များအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလေတော့သည်။

မိမိတို့၏ သားလေးမောင်ကြိုင် သေဆုံးသွားခဲ့ရပြီဟု ဦးထွန်းခင်နှင့် ဒေါ်သိန်းရင်တို့မှာ သိရှိလိုက်ရပြီဖြစ်သည်ကြောင့် သားကြီးဖြစ်သော ကိုကျော်မြင့်ကိုမူ ရွာလူကြီးအိမ်သို့ လူသတ်မှု့ဖြင့် ဝိုင်းဝန်းပို့ဆောင်လိုက်လေသည်။ သို့သော်လည်း ကိုကျော်မြင့်အား သက်ဆိုင်ရာမှ မည်သို့မှပင် အရေးယူ၍ မရ။

လူခြောက်ဟူသည် သက်ရှိထင်ရှား သွားလာလှုပ်ရှားနေခဲ့သော လူသားပင်မဟုတ်သည်ကြောင့် လူသတ်မှု့မမြောက်ခဲ့ပေ။ ထို့နောက်ပိုင်း ညများတွင် လူခြောက်ကလေး မောင်ကြိုင်တစ်ယောက် သူ၏ မိဘများထံသို့ ရောက်ရှိမလာနိုင်တော့ပဲ၊ သေဆုံးသွားခဲ့ရသည်မှာ အသေအချာပင် ဖြစ်ကြောင်း ရိပ်စားမိလိုက်ရလေသည်။

သက်ရှိထင်ရှား ရှိခဲ့စဉ်က မိဘများအတွက် စီးပွားရေးတိုးတတ်စေရန် မောင်ကြိုင်တစ်ယောက် အဖက်ဖက်မှ ကူညီခဲ့ခြင်းပင်ဖြစ်သည်ဟု တစ်ရွာလုံးမှ ယုံကြည်လက်ခံခဲ့ကြသည်။ သက်ဆိုင်ရာမှ လူသားစင်စစ်မဟုတ်သည်ကြောင့် လူသတ်မှု့မမြောက်သည်ဟု ဆိုသော်လည်း လူခြောက်ကလေး မောင်ကြိုင်၏ မိဘများမှာ လူသားစင်စစ်အတိုင်း ရက်လည်ဆွမ်းသွပ်ခြင်းများကိုပင် ပြုလုပ်ပေးခဲ့ပါသေးသည်။

 

*******

ပြီး။ ။

ကျူံးတိုင်းရွာမှ ဘကြီးစ၏ လူခြောက်ကလေးနှင့် ပတ်သတ်သော အကြောင်းအရာများအား ပြောဆိုမှု့ပေါ်တွင် အခြေခံလျက် ဇာတ်လမ်းဖွဲ့ ရေးသားတင်ပြလိုက်ရပါသည်။

စာရေးသူ-ထီးကလေး

(ရင်နှင့်ရင်း၍ရေးသားသည်။)