Unicode Version
ဝက်လိုက်မုဆိုး(စ/ဆုံး)
—————————
သူတို့အဖွဲ့ “လက်ပန်ကုန်း”ရွာမှ ထွက်လာတော့ မိုးစဲကာစ ရှိသေးသည်။ တစ်ညလုံး ရွာထားသော မိုးကြောင့် လမ်းတစ်လျှောက်လုံးနှင့် လယ်ကွက် ယာခင်းများတွင် ရေက အဖွေးသား။ အညာမှာ ရွာတဲ့မိုးပေမို့ အညှိုးနဲ့ ရွာထားဟန် တူသည်။
အညာမိုးက မရွာသေးရင် အရှင်း။ ရွာမိပြန်တော့လည်း အညှိုးနဲ့ မစဲတမ်း စွေနေတတ်သည်။
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်အောင် ပူပြင်းရာက ရွာချလိုက်သော မိုးပေမို့လားတော့ မပြောတတ်။ လောကဓာတ်တစ်ခုလုံး နွေ၏ အပူဒဏ်ကြောင့် ခြောက်သွေ့နေရာမှ တစ်ဖန် လန်းဆန်းစိုပြေလာခဲ့ပြန်လေသည်။
ပူပြင်းခြောက်သွေ့လှတဲ့ နွေကန္တာရကို ဖြတ်ကျော်ခဲ့ရာမှ အခုလို မိုးတစ်ပြိုက်လောက် ကျပြန်တော့ သူတို့လို မုဆိုးဝါသနာအိုးတွေအတွက် တောထွက် ရန် အခွင့်ကောင်း အကွက်ကောင်းတစ်ချက်ပင် မဟုတ်ပါလား။
နှစ်တိုင်း မိုးကလေး တစ်ပြိုက် နှစ်ပြိုက် ရွာချလိုက်သည်နှင့် သူတို့တစ်တွေလို တောသူတောင်သားများအဖို့ ခွေးတစ်သိုက်နဲ့ အမဲလိုက်ထွက်ကြ သည်မှာ ရိုးရာအလုပ်တစ်ခုပမာပင် ဖြစ်နေတော့သည်။
ယခုလည်း ညကရွာသော မိုးကြောင့် သားကောင်ခြေရာ ကောင်းကောင်းထင်ပြီမို့ အမဲလိုက်ရန် “မြင့်ရွှေ” ခေါင်းဆောင်ကာ သောင်းစိန်၊ ကံလှ၊ မြမောင် တို့တစ်တွေ လှံကိုယ်စီထမ်းလျက် တောထွက်ခဲ့ကြခြင်း ဖြစ်ပေသည်။
မြင့်ရွှေမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သည့်အားလျော်စွာ သတ္တိကောင်းသည်။ ဇွဲနပဲကြီးသည်။ တောကျွမ်းသည်။ သားကောင်များနှင့် ပတ်သက်၍ ဓလေ့ထုံးစံ အသွားအလာ အထာကျွမ်းသည်။ သားကောင်အတွေ့အကြုံကလည်း မနည်းတော့။
ဝက်၊ ဆတ်၊ ကျား၊ ကျားသစ်များနှင့်ပင် မကြာခဏတွေ့ဆုံအနိုင်ယူခဲ့သူ ဖြစ်လေသည်။
သူ၏အရပ်အမောင်းက ဒေါင်ကောင်းကောင်းဖြစ်ပြီး သူကိုင်သော လက်နက်မှာ ကြံရွက်ပုံ လှံသွားတစ်ချောင်းနှင့် (၁ဝ) လက်မ ဓားမြှောင်တစ်ချောင်းသာ ဖြစ်သည်။ လှံသွားမှာ (၁၄) လက်မခန့်ရှည်ပြီး မြိနေအောင် သွေးထားလျက် ဆီသုတ်ထားသည်။
သူ အားအကိုးဆုံးသော လက်နက်များကတော့ အချစ်ဆုံးသောခွေး “ရန်လုံ”နှင့် “ကြံဆုံ”တို့ပင် ဖြစ်သည်။ ရန်လုံနှင့် ကြံဆုံမှာ သခင်က တောလိုက် ကျွမ်းသလို သူတို့ကလည်း ရင်ဘောင်တန်းလိုက်နိုင်ကြသော အစွမ်းရှိသည်။ အနံ့ သို့မဟုတ် အမှတ် (သွေး) သာ တွေ့ပါက ဆတ်၊ ဝက်လို အကောင်မဆို ထားနှင့်၊ ကျား၊ ကျားသစ်တောင် ဂရုမစိုက်။ မလွတ်တမ်း အသေခံဝင်ကိုက်ရဲကြသော ခွေးညီနောင်ပင် ဖြစ်ပေသည်။
ဒါကြောင့်လည်း သူ့သခင်က သူတို့နှစ်ကောင်ကို သားသမီးရင်းချာပမာပင် ချစ်ခင်အားကိုးလှပေသည်။
“ဟေ့ … မြင့်ရွှေ၊ အခု ငါတို့ ဘယ်တောသွားကြမှာလဲ။ “ကွင်းကြီး” အင်တိုင်းဘက်လား၊ “ရွှေကျင်” ချောင်းဘက်လား”
လမ်းနှစ်ခွရောက်သဖြင့် သောင်းစိန်က ဘယ်လမ်းလိုက်ရမည် မသိသေးသဖြင့် မေးလိုက်ခြင်းဖြစ်သည်။
“ရွှေကျင်ချောင်းဘက် တက်မယ်ကွာ။ ကွင်းကြီး အင်တိုင်းဘက်က ဝါးခုတ် ကိုင်းခုတ်တွေ ထူလွန်းလို့ အမဲ သိပ်မကပ်ဘူး”
ရွှေကျင်ချောင်းဘက် သွားမည်ဆို၍ ရှေ့ကသွားသူ ကံလှ၊ မြမောင်တို့က “ရှမ်းလေပွေ”စခန်းရှိရာ လက်ယာဘက်လမ်းဆီသို့ ဦးတည်လိုက်ကြလေသည်။ ရွှေကျင်ချောင်းမှာ ရှမ်းလေပွေစခန်း၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး တစ်ချိန်က ရွှေ အကြီးအကျယ် ကျင်ရသဖြင့် ရွှေကျင်ချောင်းဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပေသည်။
ချောင်းဘေးဝဲယာတွင် ကိုင်းတော ဖောင်းတောများရှိသဖြင့် သားကောင်များအကြိုက် ဖြစ်ပေသည်။ ချောင်းအထက်ပိုင်းတွင် အင်တိုင်းနှင့် ဝါးတောများ ကလည်း ရောယှက်ပေါက်နေသော တောဖြစ်သဖြင့်လည်း သားကောင်များက ပို၍ ပျော်ကြလေသည်။
ဝါးသလဲတော (ဝါးပင်ပေါက်တော) နှင့် ဗြစ်တောများမှာ ပြီးခဲ့သောနွေက မီးမလောင်သဖြင့်လည်း တောဝက်လို သတ္တဝါများအတွက် ခိုအောင်းရန် အလွန်ကောင်းလှသလို ချောင်းရိုးတစ်လျှောက်တွင်လည်း အစားအစာပေါလှပေရာ တောသတ္တဝါတွေအတွက် တကယ့် စားကျက်ကြီးပင် ဖြစ်နေတော့သည်။
ဒါကြောင့်လည်း တောနှင့် သတ္တဝါတို့၏အထာကို ကြေပြီးသားဖြစ်သော မြင့်ရွှေက ရွှေကျင်ချောင်းဘက်ကို ရွေးလိုက်ခြင်းဖြစ်သည်။
သူတို့အဖွဲ့ ရှမ်းလေပွေစခန်းထိပ်ပိုင်း ရောက်လာသောအခါ လေတစ်ချက် သုတ်လိုက်ပြီး မိုးက တဖွဲဖွဲ ရွာလာပြန်ပါတော့သည်။ သူတို့အဖွဲ့ကို “ဦးတေ”၏ တဲစခန်းမှ ခွေးသုံးကောင်က မိုးရွာထဲထွက်ပြီး တဝေါင်းဝေါင်းနှင့် ထိုးဟောင်ပါတော့သည်။
ရန်လုံနှင့် ကြံဆုံတို့ကလည်း တစ်ဘက်မှ အကောင်များကို ပြန်လည်၍ တဟဲဟဲနှင့် သွားဖြဲကာ မာန်စောင်လိုက်ရင်း သခင်၏ အရိပ်လက္ခဏာကိုသာ စောင့်ကြည့်နေကြပါသည်။
“ဟ မြင့်ရွှေတို့ အဖွဲ့ပါလား။ မိုးထဲလေထဲ တောလိုက်ကြမလို့ ထင်တယ်။ လာကြ … ဝင်ကြဦးလေကွာ။ အချမ်းပြေ ရေနွေးလေးဘာလေး သောက်ရအောင်”
ခွေးဟောင်သံများကြောင့် ဦးတေက ခွေးများကို မာန်မဲရင်း တဲမှ ထွက်လိုက်ရာ မြင့်ရွှေတို့အဖွဲ့ကို မိုးထဲလေထဲတွင် တွေ့သဖြင့် ရေနွေးသောက် ခေါ်လိုက်ခြင်း ဖြစ်သည်။
“ဟေ့ ဝင်းရွှေ၊ ရေနွေးခရားနဲ့ ကြံသကာယူခဲ့ပါဟေ့။ မင်းအစ်ကိုတို့ အချမ်းပြေ ရေနွေးသောက်ရအောင်”
ဦးတေက မီးဖိုနံဘေးက သူ့သားဝင်းရွှေကို လှမ်းပြောလိုက်ခြင်း ဖြစ် သည်။
ဝင်းရွှေက မြေရေနွေးခရားနှင့် ကြံသကာပန်းကန်ကို မြင့်ရွှေတို့အဖွဲ့ရှေ့ ချပေးရင်း-
“အစ်ကိုမြင့်ရွှေတို့ ဘယ်တော သွားကြမှာလဲ။ ဆတ်လိုက်မှာလား ဝက်လိုက်မှာလား”
“အေး မောင်မြင့်ရွှေတို့ရေ၊ မင်းညီ ဝင်းရွှေက ဝက်လိုက်ဆိုရင် သူလဲ လိုက်ချင်လို့ မေးနေတာကွ။ သူကတော့ ဝက်တွေကို အတော်မုန်းနေတာကလား။ သူ့ကြံခင်းတွေ ဝက်ဝင်စားတာ ကုန်သလောက်ပဲ။ ဒါကြောင့် သူက တောဝက်ဆိုရင် အသေသတ်ချင်နေတာ။ ဝက်လိုက်ဆိုရင် သူလဲ လိုက်မလို့တဲ့ကွ”
“ဟုတ်တယ် အစ်ကိုတို့ရ… ကျွန်တော်ကတော့ ကျွန်တော့်ကြံခင်းတွေ ဖျက်တဲ့ ဝက်တွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သူသေသေ ကိုယ်သေသေ အပြတ်တွယ်ချင်နေတာ၊ အစ်ကိုတို့ ရောက်လာတာနဲ့ အတော်ပဲ”
ဝင်းရွှေမှာ သူ့ခံစားရချက်နှင့် ဆုံးဖြတ်ချက်ကို အားရပါးရ ပြောချလိုက်ပါသည်။
မှန်ပါသည်။ တကယ်ဆိုတော့လည်း တောသူတောင်သား စိုက်ပျိုးရေး သမားများအတွက် တောဝက်လိုသတ္တဝါများမှာ အဖျက်သမားရန်သူသက်သက်များပင် မဟုတ်ပါလား။
xxx xxx xxx
မိုးက စဲသွားသော်လည်း လေကထန်ဆဲ။ သူတို့အဖွဲ့ ခရီးဆက်ခဲ့ကြပြန်သည်။ ဦးတေတို့တဲမှ တောင်ဘက်စူးစူးသို့ တစ်မိုင်လောက် သွားသောအခါ ရွှေကျင်ချောင်းသို့ ရောက်ကြလေသည်။ မြင့်ရွှေတို့အဖွဲ့တွင် လူသစ် ဝင်းရွှေတစ်ယောက် တိုးလာသလို ဝင်းရွှေ၏ ခွေးသုံးကောင်မှာလည်း တစ်ဖွဲ့တည်း ပါလာလေတော့သည်။
ခွေးများမှာ အစတွင် တစ်ကောင်နှင့်တစ်ကောင် ရန်စောင်နေကြသေးသော်လည်း သခင်များ၏ မာန်မဲမှုကြောင့် အဖွဲ့ဖြစ်သွားကြလေသည်။
ဝင်းရွှေမှာ အတွေ့အကြုံမရှိသေးသော လူသစ်ဖြစ်သည့်အပြင် လူငယ်လည်းဖြစ်သဖြင့် ခေါင်းဆောင်မြင့်ရွှေက ဝက်တွေ့ရင် အလောတကြီး အရမ်း မဝင်ရန်နှင့် သူတို့နှင့် သိပ်မခွာရန် မှာကြားသွန်သင်နေရပါသည်။
သူတို့အဖွဲ့ ချောင်းရိုးတစ်လျှောက် နာရီဝက်ခန့် လျှောက်မိကြသောအခါတွင် ဝက်သိုးထီးပိုး တစ်ကောင်၏ ခြေရာအသစ် လတ်လတ်ဆတ်ဆတ်ကို စတင်တွေ့ရကြသည်။
ဝက်သိုးထီးပိုး ခြေရာမှာ နွားမတန်းခြေရာလောက်ကြီးနေသဖြင့် အနေအထားမှာ လူခါးစောင်းလောက်ရှိလိမ့်မည်ဟု အတွေ့အကြုံအရ ခန့်မှန်းကြ လေသည်။
ချောင်းကမ်းပါးတစ်လျှောက် ထိုးလှန်ထားသော ကျောက်ခဲသလဲ မြေလွှာများမှာ ထယ်ထိုးထားသလားပင် အောက်မေ့ရလေသည်။
ဝက်ခြေရာမှာ ချောင်းဖျားပိုင်းသို့ ဦးတည်လျက် သွားနေခြင်း ဖြစ်ပေသည်။ ချောင်းလက်တက်အဆုံး တစ်နေရာသို့ ရောက်သောအခါ အခြားဝက်တစ်အုပ် ခြေရာက ပေါ်လာပြန်လေသည်။ ခြေရာများကို ကြည့်ရခြင်းအားဖြင့် အကြီးအငယ် အရွယ်အလတ် အားလုံးအကောင် (၁ဝ) ကောင်ထက်မနည်း ရှိပေမည်။
“ဟေ့ သောင်းစိန်တို့ ကံလှတို့ မြမောင်တို့၊ ဒီအကောင်အုပ်ကို ငါတို့ လိုက်ကြမယ်ဟေ့။ ခွေးသံကိုလဲ နားထောင်၊ လူလဲ မကွဲစေနဲ့။ အရေးအကြောင်းဆို ကူညီနိုင်အောင်”
“အေး… တို့အတွက်တော့ စိတ်ချပါကွာ။ ဝင်းရွှေအတွက်သာ မင်း ကြည့် တာဝန်ယူဟေ့။ အတော်ကြာ မလည်မဝယ်နဲ့ ခံနေရမှာစိုးလို့”
သူတို့ ပြောရင်းဆိုရင်းနှင့် ခြေရာရင်းအတိုင်းလိုက်ခဲ့ကြရာ ဝက်အုပ်ခြေရာမှာ အရှေ့ဘက်ချောင်းကမ်းပါးပေါ်သို့ တက်သွားကြလေသည်။
ရန်လုံ၊ ကြံဆုံနှင့် ဝင်းရွှေ၏ ခွေးသုံးကောင်အဖွဲ့မှာလည်း ဝက်အုပ်ခြေရာ တွေ့ကတည်းက ပြေးလိုက်သွားကြရာ ဘယ်ဆီ ဘယ်ဌာန ရောက်ကုန်ကြမှန်းပင် မသိတော့။
ဝက်အုပ်ခြေရာများက အင်တိုင်းတောကို ဖြတ်ကာ ဗြစ်တောရှိရာ ဦးတည်သွားနေကြလေသည်။ ဗြစ်တောအစပ်သို့ ရောက်သောအခါ ဝက်အုပ် ခြေရာမှာ ရပ်တန့်သွားကြပြီး ဗြစ်တောထဲ ဝင်ကြရမည့်အစား ဆန့်ကျင်ရာဘက်ရှိ ဝါးတောရှိရာသို့ အားကုန် ကြောက်လန့်တကြား ပြေးထားသော လက္ခဏာ များကို ထူးဆန်းစွာ မြင်တွေ့ကြရလေသည်။
“ဟ မြင့်ရွှေ၊ ဒါက ဘာသဘောလဲကွ လာကြည့်စမ်း။ ဒီဝက်အုပ်ခြေရာက ဗြစ်တောထဲ ဝင်မယ်လုပ်ပြီးမှ မဝင်ဘဲ ဝါးတောရှိရာ တအားစွတ်ပြေးထားတယ်ကွ၊။ ငါ့အထင်တော့ ခွေးတွေနဲ့ တို့တစ်တွေအသံကို ကြားပြီး လန့်ပြေးတယ်လို့ ထင်တာပဲ”
ရှေ့ဆုံးက ခြေရာခံပြီး လိုက်နေသော မြမောင်က ဝက်အုပ်ခြေရာများကို ပြပြီး သူ့ထင်မြင်ချက်ပါ ရော၍ ပြောလိုက်ခြင်း ဖြစ်သည်။
“အေး… ငါ တို့အနံ့နဲ့ ခွေးသံတွေကြားလို့ ပြေးတာလား ဘာလားတော့ အတတ်မပြောနိုင်ဘူး။ ဒါပေမယ့် အန္တရာယ်တစ်ခုခုကို မြင်လို့ပြေးတာတော့ သေချာတယ်ကွ။ ဘာပဲဖြစ်ဖြစ်ကွာ လိုက်မှာသာ လိုက်စမ်းပါ။ လမ်းဆုံးတော့ ရွာတွေ့လိမ့်မပေါ့”
ဤသို့ပြောဆို ဝေဖန်နေကြစဉ်မှာပင် သူတို့တစ်တွေ၏ ရှေ့တော်တော်ဝေးဝေးဆီက တအိုင်အိုင်နှင့် ခွေးများအစ်သံကို မသဲမကွဲ ကြားလိုက်ကြလေ သည်။
“ဟော နားထောင်ကြစမ်း၊ ခွေအစ်သံမို့လား။ ဝက်အုပ်နဲ့တွေ့နေပြီကွ။ လိုက်ကြစမ်း … မြန်မြန်လိုက်ကြစမ်း”
မြင့်ရွှေမှာ သူ့အဖွဲ့တွေကို ခပ်လောလောလေးပြောရင်း သူကိုယ်တိုင်လည်း ခွေးသံများကြားရာဆီသို့ တစ်ချိုးတည်း ပြေးတော့သည်။
ခွေးဟောင်သံများက တဖြည်းဖြည်း သဲသဲကွဲကွဲ ကြားလာရသည်။
“ ဝေါင်း… ဝေါင်း… ဝေါင်း… ဝေါင်း… ဝေါင်း”
“အစ် … အစ် … အိုင် … အိုင် … ဂိန်”
ထူးဆန်းနေသည်က ခွေးဟောင်သံများမှာ တစ်နေရာတည်းက မဟုတ်။ နှစ်နေရာက နှစ်သံ ထွက်နေခြင်း ဖြစ်သည်။
“ဝေါင်း ဝေါင်း ဝေါင်း” ဆိုသော ခွေးဟောင်သံများက ရှေ့တူရူမှဖြစ်ပြီး “အိုင် အိုင် အိုင်” ဆိုသော ခွေးသံများက လက်ဝဲဘက် ဗြစ်တောထဲမှ ကြားရခြင်း ဖြစ်သည်။
“ဝက် နှစ်သင်းကွဲသွားလို့လား။ ဒါမှမဟုတ် ထီးပိုးဝက်ကြီးနှင့် ဝက်အုပ် တခြားစီ ခွဲတွေ့နေပြီနဲ့တူတယ်”
“ဟေ့ သောင်းစိန်တို့ ကံလှတို့၊ ဟိုရှေ့လှမ်းလှမ်းက တဝေါင်းဝေါင်းနဲ့ ဟောင်နေတာ ရန်လုံနဲ့ ကြံဆုံရဲ့အသံကွ။ မင်းတို့ အဲဒီရောက်အောင်လိုက်ကြ။ ငါနဲ့ ဝင်းရွှေကတော့ ဒီဗြစ်တောထဲက တအိုင်အိုင်အော်နေတဲ့ သူ့ခွေးအုပ်ဆီ ဝင်ကြမယ်”
“ကိုင်း မြန်မြန်လိုက်ကြဟေ့။ အတော်ကြာ လွတ်ကုန်ဦးမယ်”
မြင့်ရွှေက သောင်းမြင့်တို့ကိုပြောပြီး ဝင်းရွှေကိုခေါ်လျက် လှံများကို အရန်သင့်ကိုင်ကာ အသံကြားရာ ဗြစ်တောဆီသို့ အပြေးဝင်လိုက်သွားကြပါတော့သည်။
“ဖေ့သားကြီးတွေ ငါတို့လာပြီဟေ့။ ဝိုင်းထား … ကိုက်ထားပါတော့လား၊ မလွတ်စေနဲ့ကွ”
ဝင်းရွှေက သူ့ခွေးအုပ်ကို အော်၍ အားပေးရင်း သူကိုယ်တိုင်ကလည်း ခွေးဟောင်ရာသို့ တဇွတ်ထိုး ပြေးဝင်သွားလေသည်။
ခွေးများမှာ သခင့်အသံကို ကြားရသဖြင့် အားတက်လာကာ ဇွတ်ဝင် ကိုက်လိုက်၊ အော်ပြီး ထွက်ပြေးလိုက်နှင့် ဝရုန်းသုံးကား ဖြစ်နေပေသည်။
“ဟေ့ ဝင်းရွှေ … အရမ်းမဝင်နဲ့ဟေ့။ ဒီမှာ သစ်ခြေရာ လတ်လတ်ဆတ်ဆတ်ကြီး တွေ့ထားတယ်ဟ”
မြင့်ရွှေက ခြေရာခြေကြောင်းကို သတိထားကြည့်လိုက်ရာ ဝက်ခြေရာအစား သစ်ခြေရာ အသစ်စက်စက်ကို တွေ့ရသဖြင့် အော်ပြီး သတိပေးလိုက်ပါသည်။
သို့သော် သတိပေးသံက မမီ။ နောက်ကျသွားပေပြီ။ ဝင်းရွှေမှာ ဝက်အထင်နှင့် လှံကို ရှေ့ခင်းကာ ဗြစ်တောထဲသို့ ငုံ့ပြီး တိုးဝင်ပြီးသားဖြစ်နေသော ကြောင့်ပင်။
ဗြစ်တောထဲ ရောက်သွားသည်နှင့် တစ်ပြိုင်တည်း အဝါပေါ် အမည်းကွက်များပါသည့် သတ္တဝါကောင်ကြီးက “ဂူး… ဂီး” ဟု မာန်သွင်းကာ ဝိုင်းထားသော ခွေးများကို အလျဉ်းဂရုမစိုက်တော့ဘဲ လူသတ္တဝါ ဝင်းရွှေအပေါ်သို့ လွှားခနဲ ခုန်အုပ်လိုက်ပါတော့သည်။
ဝင်းရွှေအဖို့ လုံးဝမထင်မှတ်သော သတ္တဝါနှင့် ပက်ပင်းတွေ့လိုက်သောအခါ အတွေ့အကြုံလုံးဝမရှိသူပီပီ ထူပူခေါင်းနပန်းကြီးသွားလျက် လက်ထဲမှ လှံကိုပင် လုံးဝသတိမရတော့။ အံ့အားသင့် ကြက်သေသေသွားလေတော့သည်။
ကံကောင်းထောက်မသည်မှာ သစ်ဆင်ကြီး ခုန်အုပ်ချိန်တွင် ခွေးတစ်ကောင်ကလည်း ဝင်ဆွဲသည်နှင့် ကြုံသွားရာ သစ်ဆင်ကြီးမှာ ချိန်သားကို မကိုက်ဘဲ ဝင်းရွှေကို တိုက်လှဲချလိုက်သလို ဖြစ်သွားပါသည်။
ဝင်းရွှေခမျာ သစ်ဆင်ကြီး၏ ခုန်အုပ်တိုက်ချလိုက်မှုကြောင့် ပက်လက် လန်ကျသွားသော်လည်း ကြောက်ကန်ကန်ကာ လှံနှင့်ပင် ထိုးလိုက်ပါသေးသည်။
လှံသွားက သစ်ဆင်ကြီး၏ နံဘေးကိုပင် ထိုးလိုက်သော်လည်း အားမပါခြင်း၊ အရေပျော့နွဲ့သော သတ္တဝါဖြစ်ခြင်းကြောင့် ကြက်ပေါင်ရာဘာတုံးကြီး ကို ထိုးလိုက်သလို အသားတွင် စူးဝင်မသွားဘဲ ထုံခံပြန်ထွက်သွားပါသည်။
သစ်ဆင်ကြီးမှာ ဒဏ်ရာအကြီးအကျယ် မရသော်လည်း မိမိကိုယ်ကို လာရောက်ထိုးမိသော လှံကို လက်နှင့်ပုတ်ထုတ်လိုက်ရာ လှံမှာ အဝေးသို့ လွင့်စင်သွားပါတော့သည်။
လက်ချည်းသက်သက် မည်သို့မှ မတတ်နိုင်တော့သည့်အဆုံး ဝင်းရွှေခမျာ “လာကြပါဦး … ကယ်ကြပါဦးဗျ” ဟုသာ ငယ်သံပါအောင် အော်လိုက်ရပါတော့သည်။
မြင့်ရွှေအဖို့ ဗြစ်တောတစ်ခု ခြားနေသဖြင့် ချက်ချင်း ဘာမျှမတတ်နိုင်။ ပါးစပ်မှသာ အားပေးစကား သတိပေးစကား အော်ပြောလိုက်ရပါသည်။
“ဝင်းရွှေ ငါလာပြီဟေ့ … မကြောက်နဲ့။ ပါးစပ်ထဲ လက်ထိုးခံထား”
မြင့်ရွှေ၏ သတိပေးသံကြားမှ ဝင်းရွှေမှာ အားတက် သတိဝင်လာပြီး ပြောသည့်အတိုင်း သစ်ဆင်ကြီး၏ အာခေါင်နီနီကြီးထဲသို့ ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် လက်ဖျန်တစ်ခုလုံး ကန့်လန့်ဖြတ် လျှိုသွင်းလိုက်မိပါတော့သည်။
သစ်ဆင်ကြီးမှာ ပါးစပ်တွင်းသို့ ရောက်လာသော လက်ဖျန်တစ်ခုလုံးကို ကြိတ်ဝါး ခါယမ်းလိုက်ရင်း ရှေ့လက်နှစ်ဘက်ကလည်း ရင်ဘတ်တစ်ခုလုံး ကို ကုတ်ခြစ်ပြီးသား ဖြစ်သွားပါတော့သည်။
ဝင်းရွှေမှာ နာကျင်လွန်းသဖြင့် မျက်စိများ ပြာဝေသွားကာ “အမလေး … သေပါပြီဗျ” ဟု တစ်ချက်အော်ရင်း သတိမေ့မျောသွားပါတော့သည်။
xxx xxx xxx
သခင်၏ အော်သံကြောင့်လားတော့ မပြောတတ်။ ခွေးသုံးကောင်စလုံး သစ်ဆင်ကြီးကို ဝိုင်း၍ ဝင်ဆွဲကြရာ ငြိမ်သက်နေသော ဝင်းရွှေကို လွှတ်လျက် ခွေးများရန်ကို ခုခံတိုက်ခိုက်နေရပြန်တော့သည်။
ဤသည်ကပင် မြင့်ရွှေအတွက် အခွင့်အရေးကောင်း တစ်ကွက် ရလိုက်ခြင်း ဖြစ်သည်။
ခွေးများကို မဲနေစဉ် မြင့်ရွှေမှာ ဝင်းရွှေ၏ လွင့်စင်သွားသော လှံကို ကောက်ပြီး ရှေ့သို့ခပ်သွက်သွက် တိုးဝင်သွားနိုင်ခဲ့လေသည်။
ဝင်းရွှေခမျာမှာတော့ မြေပြင်ထက်တွင် အသက်မဲ့နေသလို ငြိမ်သက်နေဆဲပင်။
သစ်ဆင်ကြီး၏ အန္တရာယ် မကင်းသေး၍ မြင့်ရွှေမှာလည်း ဝင်းရွှေအား လှည့်ကြည့်ရုံမှတစ်ပါး မည်သို့မျှ မကူညီနိုင်သေး။ ခွေးများနှင့် သစ်ဆင်ကြီးတို့၏ အနိုင်မခံ အရှုံးမပေး ဘ,တစ်ပြန် ကျားတစ်ပြန် သတ်ပုတ်နေကြသော တိုက်ပွဲကိုသာ စောင့်ကြည့်နေရတော့၏။
ခွေးတစ်ကောင်မှာ သစ်ဆင်ကြီး ပုတ်လိုက်သော လက်သည်းဒဏ်ရာနှင့် ပက်လက်လန် လွင့်သွားသလို တခြားတစ်ကောင်မှာလည်း သစ်ဆင်ကြီး၏ ပါးစပ်ထဲတွင် အခဲခံလိုက်ရပါတော့သည်။
အကွက်ကောင်းကို ချောင်းနေသော မြင့်ရွှေအဖို့ ပေါ်ပေါက်လာသော အခွင့်အရေးကို လက်လွတ်မခံ။ သူ၏ လှံကို အားမာန်အပြည့်သွင်းကာ သစ်ဆင်ကြီး၏နံဘေး လက်ပြင်နေရာသို့ ပစ်ထိုး ထိုးချလိုက်ပါတော့သည်။
မြိနေအောင် သွေးထားသော သူ၏ လှံသွားက တာဝန်ကျေပွန်စွာ ညာဘက်လက်ပြင်မှ ဘယ်ဘက် လက်ပြင်သို့တိုင် ထိုးဖောက်သွားပါတော့သည်။
သစ်ဆင်ကြီးမှာ ပါးစပ်ထဲမှ ခဲထားသော ခွေးကို လွတ်ချလိုက်ပြီး “အာဝူး… ဝူး” ဟု တစ်ချက်အော်လိုက်ရင်း နောက်ကျွမ်းပစ်လိုက်ရာ မြင့်ရွှေ၏ ရှေ့နားသို့ ကျလာပါတော့သည်။
အတွေ့အကြုံ ရင့်ကျက်ပြီးသား မုဆိုးတစ်ဦးပီပီ မြင့်ရွှေမှာ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပစ်ကျလာသော ကျားနက်ကြီး၏ လည်မျိုနေရာကို မိမိရရ ဝင်းရွှေ၏ လှံဖြင့် အင်အားရှိသမျှ ဖိထိုးထားလိုက်ပါတော့သည်။
အမြီးမှ ဦးခေါင်းအထိ (၆) တောင်မျှရှိပြီး အဝါထဲတွင် အနက်ချိတ်များဖြင့် ကြီးမားလှသော သစ်ဆင်အိုကြီးကား ဝက်လိုက်မုဆိုးကြီး မြင့်ရွှေ၏ လှံချက်ဖြင့် အသက်ထွက်ခဲ့ရပေပြီ။
မျက်လုံးများပွင့်လျက် လုံးဝ ငြိမ်သက်သွားမှ မြင့်ရွှေမှာ ဖိထိုးထားသော လှံချက်ကို လွှတ်ချလိုက်ပြီး ဝင်းရွှေဆီသို့ အပြေးသွားပွေ့ထူလိုက်ကာ သတိရအောင် ပြုစုနေရတော့သည်။
ဝင်းရွှေ၏ ဒဏ်ရာမှာ ရင်ဘတ်တွင် လက်သည်းကုတ်ရာ အစင်းကြောင်းများနှင့် လက်ဝဲဘက် လက်ဖျန်အသားများ စုတ်ပြတ်ပေါက်ပြဲသွားခြင်းသာ ဖြစ်ပေသည်။
ကံကောင်းသည်မှာ သစ်ဆင်အိုကြီးဖြစ်၍ သွားများ တုံးနေသည်က တစ်ကြောင်း၊ လက်လျှိုသွင်းလိုက်စဉ်က ပါးစောင်ရင်းထိ ရောက်သွားသဖြင့် အစွယ်နှင့်လွတ်၍ နောက်ပိုင်းသွားများနဲ့သာ အဝါးခံရခြင်းဖြစ်၍ တစ်ကြောင်း ဒဏ်ရာမှာ ထင်သလောက် မဆိုးဝါးလှပေ။
သို့သော် အတွေ့အကြုံမရှိ ပွဲမတိုးဖူးသေးသော မုဆိုးလက်သစ် လူငယ်တစ်ယောက်မို့ အကြောက်လွန်ပြီး သတိလွတ် မေ့မျောသွားခဲ့ရခြင်း ဖြစ်ပေ သည်။
မြင့်ရွှေ၏ ပြုစုမှုကြောင့် ဝင်းရွှေတစ်ယောက် ပြန်လည်သတိရလာသောအခါ ရရှိထားသော ဒဏ်ရာများကို တောတွင်းအရေးပေါ် ဆေးဘိစပ် (ဂျာမဏီရွက်) တို့ကို ကြိတ်ကာအုံပြီး ပုဆိုးတစ်ထည်နှင့် ပတ်စည်းပေးလိုက်ရပါသည်။
သောင်းစိန်၊ ကံလှနှင့် မြင့်မောင်တို့အဖွဲ့မှာ အချိန် (၄ဝ) ကျော် ဝက်မကြီးတစ်ကောင်နှင့် အချိန် (၂ဝ) ခန့် ဝက်ကလေးတစ်ကောင် ရရှိခဲ့ကြပေရာ ပျော်မဆုံး ရွှင်တပြုံးပြုံးနှင့် ထမ်းပိုးပြီး ပြန်လာကြပါည်။
ထမ်းပိုးလာသော ဝက်နှစ်ကောင်ကို မြင်လိုက်ရသော ဝင်းရွှေအဖို့ သူ၏ ဒဏ်ရာအနာကိုပင် သတိရပုံမပေါ်။ အားရဝမ်းသာနှင့် ဝက်သေများကို ကြည့်ကာ အရူးပမာ ကြိမ်းဝါးနေပါတော့သည်။
“ကိုင်း.. ဖျက်လိုက်ကြဦးလေ ငါကြံခင်းကို။ စားလိုက်ကြပါဦးလား…ငါ့ ကြံပင်တွေကို။ ငါ့ကြံတွေကို စားတဲ့ နင့်တို့ရဲ့အသားကို ငါကိုယ်တိုင် ကောင်းကောင်းကြီး ချက်စားပစ်မယ်”
ဝင်းရွှေတစ်ယောက် ဝက်သေများကို ကြည့်ကာ အားရကြည်နူး အမြူးကြီး မြူးနေပြီး အရူးကြီးတစ်ယောက်လို ကြိမ်းဝါးနေသည်နှင့်အမျှ ကျန်မုဆိုး အဖွဲ့များမှာလည်း ကျားဈေး၊ သစ်ဈေးကောင်းသော အချိန်တွင် မမျှော်လင့်ဘဲ ရလိုက်သည့် သစ်ဆင်သေကြီးကို ကြည့်ကာ အတွေးကိုယ်စီဖြင့် ရရှိလာမည့် ငွေကြေးပမာဏကို မြင်ယောင်နေကြပြီး ပျော်မဆုံး မော်မဆုံး တပြုံးပြုံး ဖြစ်နေ ကြပါတော့သည်။
(ဝက်လိုက်မုဆိုး မြင့်ရွှေ ပြောပြချက်ကို ပြန်လည် ဖောက်သည်ချခြင်း ဖြစ်သည်။)
စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၉ဝ-ပြည့်နှစ်၊ အောက်တိုဘာလ။
စာအုပ်အမှတ် (၆၉)
– ပြီး –
စာရေးသူ – မန္တလာသား
Zawgyi Version
ဝက္လိုက္မုဆိုး(စ/ဆံုး)
—————————
သူတို႔အဖြဲ႕ “လက္ပန္ကုန္း”႐ြာမွ ထြက္လာေတာ့ မိုးစဲကာစ ရွိေသးသည္။ တစ္ညလုံး ႐ြာထားေသာ မိုးေၾကာင့္ လမ္းတစ္ေလွ်ာက္လုံးႏွင့္ လယ္ကြက္ ယာခင္းမ်ားတြင္ ေရက အေဖြးသား။ အညာမွာ ႐ြာတဲ့မိုးေပမို႔ အညႇိဳးနဲ႔ ႐ြာထားဟန္ တူသည္။
အညာမိုးက မ႐ြာေသးရင္ အရွင္း။ ႐ြာမိျပန္ေတာ့လည္း အညႇိဳးနဲ႔ မစဲတမ္း ေစြေနတတ္သည္။
ကဆုန္ နယုန္ ေဆြ႕ေဆြ႕ခုန္ေအာင္ ပူျပင္းရာက ႐ြာခ်လိုက္ေသာ မိုးေပမို႔လားေတာ့ မေျပာတတ္။ ေလာကဓာတ္တစ္ခုလုံး ေႏြ၏ အပူဒဏ္ေၾကာင့္ ေျခာက္ေသြ႕ေနရာမွ တစ္ဖန္ လန္းဆန္းစိုေျပလာခဲ့ျပန္ေလသည္။
ပူျပင္းေျခာက္ေသြ႕လွတဲ့ ေႏြကႏၲာရကို ျဖတ္ေက်ာ္ခဲ့ရာမွ အခုလို မိုးတစ္ၿပိဳက္ေလာက္ က်ျပန္ေတာ့ သူတို႔လို မုဆိုးဝါသနာအိုးေတြအတြက္ ေတာထြက္ ရန္ အခြင့္ေကာင္း အကြက္ေကာင္းတစ္ခ်က္ပင္ မဟုတ္ပါလား။
ႏွစ္တိုင္း မိုးကေလး တစ္ၿပိဳက္ ႏွစ္ၿပိဳက္ ႐ြာခ်လိုက္သည္ႏွင့္ သူတို႔တစ္ေတြလို ေတာသူေတာင္သားမ်ားအဖို႔ ေခြးတစ္သိုက္နဲ႔ အမဲလိုက္ထြက္ၾက သည္မွာ ႐ိုးရာအလုပ္တစ္ခုပမာပင္ ျဖစ္ေနေတာ့သည္။
ယခုလည္း ညက႐ြာေသာ မိုးေၾကာင့္ သားေကာင္ေျခရာ ေကာင္းေကာင္းထင္ၿပီမို႔ အမဲလိုက္ရန္ “ျမင့္ေ႐ႊ” ေခါင္းေဆာင္ကာ ေသာင္းစိန္၊ ကံလွ၊ ျမေမာင္ တို႔တစ္ေတြ လွံကိုယ္စီထမ္းလ်က္ ေတာထြက္ခဲ့ၾကျခင္း ျဖစ္ေပသည္။
ျမင့္ေ႐ႊမွာ အဖြဲ႕ေခါင္းေဆာင္ျဖစ္သည့္အားေလ်ာ္စြာ သတၱိေကာင္းသည္။ ဇြဲနပဲႀကီးသည္။ ေတာကြၽမ္းသည္။ သားေကာင္မ်ားႏွင့္ ပတ္သက္၍ ဓေလ့ထုံးစံ အသြားအလာ အထာကြၽမ္းသည္။ သားေကာင္အေတြ႕အႀကဳံကလည္း မနည္းေတာ့။
ဝက္၊ ဆတ္၊ က်ား၊ က်ားသစ္မ်ားႏွင့္ပင္ မၾကာခဏေတြ႕ဆုံအႏိုင္ယူခဲ့သူ ျဖစ္ေလသည္။
သူ၏အရပ္အေမာင္းက ေဒါင္ေကာင္းေကာင္းျဖစ္ၿပီး သူကိုင္ေသာ လက္နက္မွာ ႀကံ႐ြက္ပုံ လွံသြားတစ္ေခ်ာင္းႏွင့္ (၁ဝ) လက္မ ဓားေျမႇာင္တစ္ေခ်ာင္းသာ ျဖစ္သည္။ လွံသြားမွာ (၁၄) လက္မခန႔္ရွည္ၿပီး ၿမိေနေအာင္ ေသြးထားလ်က္ ဆီသုတ္ထားသည္။
သူ အားအကိုးဆုံးေသာ လက္နက္မ်ားကေတာ့ အခ်စ္ဆုံးေသာေခြး “ရန္လုံ”ႏွင့္ “ႀကံဆုံ”တို႔ပင္ ျဖစ္သည္။ ရန္လုံႏွင့္ ႀကံဆုံမွာ သခင္က ေတာလိုက္ ကြၽမ္းသလို သူတို႔ကလည္း ရင္ေဘာင္တန္းလိုက္ႏိုင္ၾကေသာ အစြမ္းရွိသည္။ အနံ႔ သို႔မဟုတ္ အမွတ္ (ေသြး) သာ ေတြ႕ပါက ဆတ္၊ ဝက္လို အေကာင္မဆို ထားႏွင့္၊ က်ား၊ က်ားသစ္ေတာင္ ဂ႐ုမစိုက္။ မလြတ္တမ္း အေသခံဝင္ကိုက္ရဲၾကေသာ ေခြးညီေနာင္ပင္ ျဖစ္ေပသည္။
ဒါေၾကာင့္လည္း သူ႔သခင္က သူတို႔ႏွစ္ေကာင္ကို သားသမီးရင္းခ်ာပမာပင္ ခ်စ္ခင္အားကိုးလွေပသည္။
“ေဟ့ … ျမင့္ေ႐ႊ၊ အခု ငါတို႔ ဘယ္ေတာသြားၾကမွာလဲ။ “ကြင္းႀကီး” အင္တိုင္းဘက္လား၊ “ေ႐ႊက်င္” ေခ်ာင္းဘက္လား”
လမ္းႏွစ္ခြေရာက္သျဖင့္ ေသာင္းစိန္က ဘယ္လမ္းလိုက္ရမည္ မသိေသးသျဖင့္ ေမးလိုက္ျခင္းျဖစ္သည္။
“ေ႐ႊက်င္ေခ်ာင္းဘက္ တက္မယ္ကြာ။ ကြင္းႀကီး အင္တိုင္းဘက္က ဝါးခုတ္ ကိုင္းခုတ္ေတြ ထူလြန္းလို႔ အမဲ သိပ္မကပ္ဘူး”
ေ႐ႊက်င္ေခ်ာင္းဘက္ သြားမည္ဆို၍ ေရွ႕ကသြားသူ ကံလွ၊ ျမေမာင္တို႔က “ရွမ္းေလေပြ”စခန္းရွိရာ လက္ယာဘက္လမ္းဆီသို႔ ဦးတည္လိုက္ၾကေလသည္။ ေ႐ႊက်င္ေခ်ာင္းမွာ ရွမ္းေလေပြစခန္း၏ အေရွ႕ေတာင္ဘက္တြင္ တည္ရွိၿပီး တစ္ခ်ိန္က ေ႐ႊ အႀကီးအက်ယ္ က်င္ရသျဖင့္ ေ႐ႊက်င္ေခ်ာင္းဟု ေခၚတြင္ခဲ့ျခင္း ျဖစ္ေပသည္။
ေခ်ာင္းေဘးဝဲယာတြင္ ကိုင္းေတာ ေဖာင္းေတာမ်ားရွိသျဖင့္ သားေကာင္မ်ားအႀကိဳက္ ျဖစ္ေပသည္။ ေခ်ာင္းအထက္ပိုင္းတြင္ အင္တိုင္းႏွင့္ ဝါးေတာမ်ား ကလည္း ေရာယွက္ေပါက္ေနေသာ ေတာျဖစ္သျဖင့္လည္း သားေကာင္မ်ားက ပို၍ ေပ်ာ္ၾကေလသည္။
ဝါးသလဲေတာ (ဝါးပင္ေပါက္ေတာ) ႏွင့္ ျဗစ္ေတာမ်ားမွာ ၿပီးခဲ့ေသာေႏြက မီးမေလာင္သျဖင့္လည္း ေတာဝက္လို သတၱဝါမ်ားအတြက္ ခိုေအာင္းရန္ အလြန္ေကာင္းလွသလို ေခ်ာင္း႐ိုးတစ္ေလွ်ာက္တြင္လည္း အစားအစာေပါလွေပရာ ေတာသတၱဝါေတြအတြက္ တကယ့္ စားက်က္ႀကီးပင္ ျဖစ္ေနေတာ့သည္။
ဒါေၾကာင့္လည္း ေတာႏွင့္ သတၱဝါတို႔၏အထာကို ေၾကၿပီးသားျဖစ္ေသာ ျမင့္ေ႐ႊက ေ႐ႊက်င္ေခ်ာင္းဘက္ကို ေ႐ြးလိုက္ျခင္းျဖစ္သည္။
သူတို႔အဖြဲ႕ ရွမ္းေလေပြစခန္းထိပ္ပိုင္း ေရာက္လာေသာအခါ ေလတစ္ခ်က္ သုတ္လိုက္ၿပီး မိုးက တဖြဲဖြဲ ႐ြာလာျပန္ပါေတာ့သည္။ သူတို႔အဖြဲ႕ကို “ဦးေတ”၏ တဲစခန္းမွ ေခြးသုံးေကာင္က မိုး႐ြာထဲထြက္ၿပီး တေဝါင္းေဝါင္းႏွင့္ ထိုးေဟာင္ပါေတာ့သည္။
ရန္လုံႏွင့္ ႀကံဆုံတို႔ကလည္း တစ္ဘက္မွ အေကာင္မ်ားကို ျပန္လည္၍ တဟဲဟဲႏွင့္ သြားၿဖဲကာ မာန္ေစာင္လိုက္ရင္း သခင္၏ အရိပ္လကၡဏာကိုသာ ေစာင့္ၾကည့္ေနၾကပါသည္။
“ဟ ျမင့္ေ႐ႊတို႔ အဖြဲ႕ပါလား။ မိုးထဲေလထဲ ေတာလိုက္ၾကမလို႔ ထင္တယ္။ လာၾက … ဝင္ၾကဦးေလကြာ။ အခ်မ္းေျပ ေရေႏြးေလးဘာေလး ေသာက္ရေအာင္”
ေခြးေဟာင္သံမ်ားေၾကာင့္ ဦးေတက ေခြးမ်ားကို မာန္မဲရင္း တဲမွ ထြက္လိုက္ရာ ျမင့္ေ႐ႊတို႔အဖြဲ႕ကို မိုးထဲေလထဲတြင္ ေတြ႕သျဖင့္ ေရေႏြးေသာက္ ေခၚလိုက္ျခင္း ျဖစ္သည္။
“ေဟ့ ဝင္းေ႐ႊ၊ ေရေႏြးခရားနဲ႔ ႀကံသကာယူခဲ့ပါေဟ့။ မင္းအစ္ကိုတို႔ အခ်မ္းေျပ ေရေႏြးေသာက္ရေအာင္”
ဦးေတက မီးဖိုနံေဘးက သူ႔သားဝင္းေ႐ႊကို လွမ္းေျပာလိုက္ျခင္း ျဖစ္ သည္။
ဝင္းေ႐ႊက ေျမေရေႏြးခရားႏွင့္ ႀကံသကာပန္းကန္ကို ျမင့္ေ႐ႊတို႔အဖြဲ႕ေရွ႕ ခ်ေပးရင္း-
“အစ္ကိုျမင့္ေ႐ႊတို႔ ဘယ္ေတာ သြားၾကမွာလဲ။ ဆတ္လိုက္မွာလား ဝက္လိုက္မွာလား”
“ေအး ေမာင္ျမင့္ေ႐ႊတို႔ေရ၊ မင္းညီ ဝင္းေ႐ႊက ဝက္လိုက္ဆိုရင္ သူလဲ လိုက္ခ်င္လို႔ ေမးေနတာကြ။ သူကေတာ့ ဝက္ေတြကို အေတာ္မုန္းေနတာကလား။ သူ႔ႀကံခင္းေတြ ဝက္ဝင္စားတာ ကုန္သေလာက္ပဲ။ ဒါေၾကာင့္ သူက ေတာဝက္ဆိုရင္ အေသသတ္ခ်င္ေနတာ။ ဝက္လိုက္ဆိုရင္ သူလဲ လိုက္မလို႔တဲ့ကြ”
“ဟုတ္တယ္ အစ္ကိုတို႔ရ… ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ႀကံခင္းေတြ ဖ်က္တဲ့ ဝက္ေတြကို ေတြ႕ရာသခ်ႋဳင္း ဓားမဆိုင္းဘဲ သူေသေသ ကိုယ္ေသေသ အျပတ္တြယ္ခ်င္ေနတာ၊ အစ္ကိုတို႔ ေရာက္လာတာနဲ႔ အေတာ္ပဲ”
ဝင္းေ႐ႊမွာ သူ႔ခံစားရခ်က္ႏွင့္ ဆုံးျဖတ္ခ်က္ကို အားရပါးရ ေျပာခ်လိုက္ပါသည္။
မွန္ပါသည္။ တကယ္ဆိုေတာ့လည္း ေတာသူေတာင္သား စိုက္ပ်ိဳးေရး သမားမ်ားအတြက္ ေတာဝက္လိုသတၱဝါမ်ားမွာ အဖ်က္သမားရန္သူသက္သက္မ်ားပင္ မဟုတ္ပါလား။
xxx xxx xxx
မိုးက စဲသြားေသာ္လည္း ေလကထန္ဆဲ။ သူတို႔အဖြဲ႕ ခရီးဆက္ခဲ့ၾကျပန္သည္။ ဦးေတတို႔တဲမွ ေတာင္ဘက္စူးစူးသို႔ တစ္မိုင္ေလာက္ သြားေသာအခါ ေ႐ႊက်င္ေခ်ာင္းသို႔ ေရာက္ၾကေလသည္။ ျမင့္ေ႐ႊတို႔အဖြဲ႕တြင္ လူသစ္ ဝင္းေ႐ႊတစ္ေယာက္ တိုးလာသလို ဝင္းေ႐ႊ၏ ေခြးသုံးေကာင္မွာလည္း တစ္ဖြဲ႕တည္း ပါလာေလေတာ့သည္။
ေခြးမ်ားမွာ အစတြင္ တစ္ေကာင္ႏွင့္တစ္ေကာင္ ရန္ေစာင္ေနၾကေသးေသာ္လည္း သခင္မ်ား၏ မာန္မဲမႈေၾကာင့္ အဖြဲ႕ျဖစ္သြားၾကေလသည္။
ဝင္းေ႐ႊမွာ အေတြ႕အႀကဳံမရွိေသးေသာ လူသစ္ျဖစ္သည့္အျပင္ လူငယ္လည္းျဖစ္သျဖင့္ ေခါင္းေဆာင္ျမင့္ေ႐ႊက ဝက္ေတြ႕ရင္ အေလာတႀကီး အရမ္း မဝင္ရန္ႏွင့္ သူတို႔ႏွင့္ သိပ္မခြာရန္ မွာၾကားသြန္သင္ေနရပါသည္။
သူတို႔အဖြဲ႕ ေခ်ာင္း႐ိုးတစ္ေလွ်ာက္ နာရီဝက္ခန႔္ ေလွ်ာက္မိၾကေသာအခါတြင္ ဝက္သိုးထီးပိုး တစ္ေကာင္၏ ေျခရာအသစ္ လတ္လတ္ဆတ္ဆတ္ကို စတင္ေတြ႕ရၾကသည္။
ဝက္သိုးထီးပိုး ေျခရာမွာ ႏြားမတန္းေျခရာေလာက္ႀကီးေနသျဖင့္ အေနအထားမွာ လူခါးေစာင္းေလာက္ရွိလိမ့္မည္ဟု အေတြ႕အႀကဳံအရ ခန႔္မွန္းၾက ေလသည္။
ေခ်ာင္းကမ္းပါးတစ္ေလွ်ာက္ ထိုးလွန္ထားေသာ ေက်ာက္ခဲသလဲ ေျမလႊာမ်ားမွာ ထယ္ထိုးထားသလားပင္ ေအာက္ေမ့ရေလသည္။
ဝက္ေျခရာမွာ ေခ်ာင္းဖ်ားပိုင္းသို႔ ဦးတည္လ်က္ သြားေနျခင္း ျဖစ္ေပသည္။ ေခ်ာင္းလက္တက္အဆုံး တစ္ေနရာသို႔ ေရာက္ေသာအခါ အျခားဝက္တစ္အုပ္ ေျခရာက ေပၚလာျပန္ေလသည္။ ေျခရာမ်ားကို ၾကည့္ရျခင္းအားျဖင့္ အႀကီးအငယ္ အ႐ြယ္အလတ္ အားလုံးအေကာင္ (၁ဝ) ေကာင္ထက္မနည္း ရွိေပမည္။
“ေဟ့ ေသာင္းစိန္တို႔ ကံလွတို႔ ျမေမာင္တို႔၊ ဒီအေကာင္အုပ္ကို ငါတို႔ လိုက္ၾကမယ္ေဟ့။ ေခြးသံကိုလဲ နားေထာင္၊ လူလဲ မကြဲေစနဲ႔။ အေရးအေၾကာင္းဆို ကူညီႏိုင္ေအာင္”
“ေအး… တို႔အတြက္ေတာ့ စိတ္ခ်ပါကြာ။ ဝင္းေ႐ႊအတြက္သာ မင္း ၾကည့္ တာဝန္ယူေဟ့။ အေတာ္ၾကာ မလည္မဝယ္နဲ႔ ခံေနရမွာစိုးလို႔”
သူတို႔ ေျပာရင္းဆိုရင္းႏွင့္ ေျခရာရင္းအတိုင္းလိုက္ခဲ့ၾကရာ ဝက္အုပ္ေျခရာမွာ အေရွ႕ဘက္ေခ်ာင္းကမ္းပါးေပၚသို႔ တက္သြားၾကေလသည္။
ရန္လုံ၊ ႀကံဆုံႏွင့္ ဝင္းေ႐ႊ၏ ေခြးသုံးေကာင္အဖြဲ႕မွာလည္း ဝက္အုပ္ေျခရာ ေတြ႕ကတည္းက ေျပးလိုက္သြားၾကရာ ဘယ္ဆီ ဘယ္ဌာန ေရာက္ကုန္ၾကမွန္းပင္ မသိေတာ့။
ဝက္အုပ္ေျခရာမ်ားက အင္တိုင္းေတာကို ျဖတ္ကာ ျဗစ္ေတာရွိရာ ဦးတည္သြားေနၾကေလသည္။ ျဗစ္ေတာအစပ္သို႔ ေရာက္ေသာအခါ ဝက္အုပ္ ေျခရာမွာ ရပ္တန႔္သြားၾကၿပီး ျဗစ္ေတာထဲ ဝင္ၾကရမည့္အစား ဆန႔္က်င္ရာဘက္ရွိ ဝါးေတာရွိရာသို႔ အားကုန္ ေၾကာက္လန႔္တၾကား ေျပးထားေသာ လကၡဏာ မ်ားကို ထူးဆန္းစြာ ျမင္ေတြ႕ၾကရေလသည္။
“ဟ ျမင့္ေ႐ႊ၊ ဒါက ဘာသေဘာလဲကြ လာၾကည့္စမ္း။ ဒီဝက္အုပ္ေျခရာက ျဗစ္ေတာထဲ ဝင္မယ္လုပ္ၿပီးမွ မဝင္ဘဲ ဝါးေတာရွိရာ တအားစြတ္ေျပးထားတယ္ကြ၊။ ငါ့အထင္ေတာ့ ေခြးေတြနဲ႔ တို႔တစ္ေတြအသံကို ၾကားၿပီး လန႔္ေျပးတယ္လို႔ ထင္တာပဲ”
ေရွ႕ဆုံးက ေျခရာခံၿပီး လိုက္ေနေသာ ျမေမာင္က ဝက္အုပ္ေျခရာမ်ားကို ျပၿပီး သူ႔ထင္ျမင္ခ်က္ပါ ေရာ၍ ေျပာလိုက္ျခင္း ျဖစ္သည္။
“ေအး… ငါ တို႔အနံ႔နဲ႔ ေခြးသံေတြၾကားလို႔ ေျပးတာလား ဘာလားေတာ့ အတတ္မေျပာႏိုင္ဘူး။ ဒါေပမယ့္ အႏၲရာယ္တစ္ခုခုကို ျမင္လို႔ေျပးတာေတာ့ ေသခ်ာတယ္ကြ။ ဘာပဲျဖစ္ျဖစ္ကြာ လိုက္မွာသာ လိုက္စမ္းပါ။ လမ္းဆုံးေတာ့ ႐ြာေတြ႕လိမ့္မေပါ့”
ဤသို႔ေျပာဆို ေဝဖန္ေနၾကစဥ္မွာပင္ သူတို႔တစ္ေတြ၏ ေရွ႕ေတာ္ေတာ္ေဝးေဝးဆီက တအိုင္အိုင္ႏွင့္ ေခြးမ်ားအစ္သံကို မသဲမကြဲ ၾကားလိုက္ၾကေလ သည္။
“ေဟာ နားေထာင္ၾကစမ္း၊ ေခြအစ္သံမို႔လား။ ဝက္အုပ္နဲ႔ေတြ႕ေနၿပီကြ။ လိုက္ၾကစမ္း … ျမန္ျမန္လိုက္ၾကစမ္း”
ျမင့္ေ႐ႊမွာ သူ႔အဖြဲ႕ေတြကို ခပ္ေလာေလာေလးေျပာရင္း သူကိုယ္တိုင္လည္း ေခြးသံမ်ားၾကားရာဆီသို႔ တစ္ခ်ိဳးတည္း ေျပးေတာ့သည္။
ေခြးေဟာင္သံမ်ားက တျဖည္းျဖည္း သဲသဲကြဲကြဲ ၾကားလာရသည္။
“ ေဝါင္း… ေဝါင္း… ေဝါင္း… ေဝါင္း… ေဝါင္း”
“အစ္ … အစ္ … အိုင္ … အိုင္ … ဂိန္”
ထူးဆန္းေနသည္က ေခြးေဟာင္သံမ်ားမွာ တစ္ေနရာတည္းက မဟုတ္။ ႏွစ္ေနရာက ႏွစ္သံ ထြက္ေနျခင္း ျဖစ္သည္။
“ေဝါင္း ေဝါင္း ေဝါင္း” ဆိုေသာ ေခြးေဟာင္သံမ်ားက ေရွ႕တူ႐ူမွျဖစ္ၿပီး “အိုင္ အိုင္ အိုင္” ဆိုေသာ ေခြးသံမ်ားက လက္ဝဲဘက္ ျဗစ္ေတာထဲမွ ၾကားရျခင္း ျဖစ္သည္။
“ဝက္ ႏွစ္သင္းကြဲသြားလို႔လား။ ဒါမွမဟုတ္ ထီးပိုးဝက္ႀကီးႏွင့္ ဝက္အုပ္ တျခားစီ ခြဲေတြ႕ေနၿပီနဲ႔တူတယ္”
“ေဟ့ ေသာင္းစိန္တို႔ ကံလွတို႔၊ ဟိုေရွ႕လွမ္းလွမ္းက တေဝါင္းေဝါင္းနဲ႔ ေဟာင္ေနတာ ရန္လုံနဲ႔ ႀကံဆုံရဲ႕အသံကြ။ မင္းတို႔ အဲဒီေရာက္ေအာင္လိုက္ၾက။ ငါနဲ႔ ဝင္းေ႐ႊကေတာ့ ဒီျဗစ္ေတာထဲက တအိုင္အိုင္ေအာ္ေနတဲ့ သူ႔ေခြးအုပ္ဆီ ဝင္ၾကမယ္”
“ကိုင္း ျမန္ျမန္လိုက္ၾကေဟ့။ အေတာ္ၾကာ လြတ္ကုန္ဦးမယ္”
ျမင့္ေ႐ႊက ေသာင္းျမင့္တို႔ကိုေျပာၿပီး ဝင္းေ႐ႊကိုေခၚလ်က္ လွံမ်ားကို အရန္သင့္ကိုင္ကာ အသံၾကားရာ ျဗစ္ေတာဆီသို႔ အေျပးဝင္လိုက္သြားၾကပါေတာ့သည္။
“ေဖ့သားႀကီးေတြ ငါတို႔လာၿပီေဟ့။ ဝိုင္းထား … ကိုက္ထားပါေတာ့လား၊ မလြတ္ေစနဲ႔ကြ”
ဝင္းေ႐ႊက သူ႔ေခြးအုပ္ကို ေအာ္၍ အားေပးရင္း သူကိုယ္တိုင္ကလည္း ေခြးေဟာင္ရာသို႔ တဇြတ္ထိုး ေျပးဝင္သြားေလသည္။
ေခြးမ်ားမွာ သခင့္အသံကို ၾကားရသျဖင့္ အားတက္လာကာ ဇြတ္ဝင္ ကိုက္လိုက္၊ ေအာ္ၿပီး ထြက္ေျပးလိုက္ႏွင့္ ဝ႐ုန္းသုံးကား ျဖစ္ေနေပသည္။
“ေဟ့ ဝင္းေ႐ႊ … အရမ္းမဝင္နဲ႔ေဟ့။ ဒီမွာ သစ္ေျခရာ လတ္လတ္ဆတ္ဆတ္ႀကီး ေတြ႕ထားတယ္ဟ”
ျမင့္ေ႐ႊက ေျခရာေျခေၾကာင္းကို သတိထားၾကည့္လိုက္ရာ ဝက္ေျခရာအစား သစ္ေျခရာ အသစ္စက္စက္ကို ေတြ႕ရသျဖင့္ ေအာ္ၿပီး သတိေပးလိုက္ပါသည္။
သို႔ေသာ္ သတိေပးသံက မမီ။ ေနာက္က်သြားေပၿပီ။ ဝင္းေ႐ႊမွာ ဝက္အထင္ႏွင့္ လွံကို ေရွ႕ခင္းကာ ျဗစ္ေတာထဲသို႔ ငုံ႔ၿပီး တိုးဝင္ၿပီးသားျဖစ္ေနေသာ ေၾကာင့္ပင္။
ျဗစ္ေတာထဲ ေရာက္သြားသည္ႏွင့္ တစ္ၿပိဳင္တည္း အဝါေပၚ အမည္းကြက္မ်ားပါသည့္ သတၱဝါေကာင္ႀကီးက “ဂူး… ဂီး” ဟု မာန္သြင္းကာ ဝိုင္းထားေသာ ေခြးမ်ားကို အလ်ဥ္းဂ႐ုမစိုက္ေတာ့ဘဲ လူသတၱဝါ ဝင္းေ႐ႊအေပၚသို႔ လႊားခနဲ ခုန္အုပ္လိုက္ပါေတာ့သည္။
ဝင္းေ႐ႊအဖို႔ လုံးဝမထင္မွတ္ေသာ သတၱဝါႏွင့္ ပက္ပင္းေတြ႕လိုက္ေသာအခါ အေတြ႕အႀကဳံလုံးဝမရွိသူပီပီ ထူပူေခါင္းနပန္းႀကီးသြားလ်က္ လက္ထဲမွ လွံကိုပင္ လုံးဝသတိမရေတာ့။ အံ့အားသင့္ ၾကက္ေသေသသြားေလေတာ့သည္။
ကံေကာင္းေထာက္မသည္မွာ သစ္ဆင္ႀကီး ခုန္အုပ္ခ်ိန္တြင္ ေခြးတစ္ေကာင္ကလည္း ဝင္ဆြဲသည္ႏွင့္ ႀကဳံသြားရာ သစ္ဆင္ႀကီးမွာ ခ်ိန္သားကို မကိုက္ဘဲ ဝင္းေ႐ႊကို တိုက္လွဲခ်လိုက္သလို ျဖစ္သြားပါသည္။
ဝင္းေ႐ႊခမ်ာ သစ္ဆင္ႀကီး၏ ခုန္အုပ္တိုက္ခ်လိုက္မႈေၾကာင့္ ပက္လက္ လန္က်သြားေသာ္လည္း ေၾကာက္ကန္ကန္ကာ လွံႏွင့္ပင္ ထိုးလိုက္ပါေသးသည္။
လွံသြားက သစ္ဆင္ႀကီး၏ နံေဘးကိုပင္ ထိုးလိုက္ေသာ္လည္း အားမပါျခင္း၊ အေရေပ်ာ့ႏြဲ႕ေသာ သတၱဝါျဖစ္ျခင္းေၾကာင့္ ၾကက္ေပါင္ရာဘာတုံးႀကီး ကို ထိုးလိုက္သလို အသားတြင္ စူးဝင္မသြားဘဲ ထုံခံျပန္ထြက္သြားပါသည္။
သစ္ဆင္ႀကီးမွာ ဒဏ္ရာအႀကီးအက်ယ္ မရေသာ္လည္း မိမိကိုယ္ကို လာေရာက္ထိုးမိေသာ လွံကို လက္ႏွင့္ပုတ္ထုတ္လိုက္ရာ လွံမွာ အေဝးသို႔ လြင့္စင္သြားပါေတာ့သည္။
လက္ခ်ည္းသက္သက္ မည္သို႔မွ မတတ္ႏိုင္ေတာ့သည့္အဆုံး ဝင္းေ႐ႊခမ်ာ “လာၾကပါဦး … ကယ္ၾကပါဦးဗ်” ဟုသာ ငယ္သံပါေအာင္ ေအာ္လိုက္ရပါေတာ့သည္။
ျမင့္ေ႐ႊအဖို႔ ျဗစ္ေတာတစ္ခု ျခားေနသျဖင့္ ခ်က္ခ်င္း ဘာမွ်မတတ္ႏိုင္။ ပါးစပ္မွသာ အားေပးစကား သတိေပးစကား ေအာ္ေျပာလိုက္ရပါသည္။
“ဝင္းေ႐ႊ ငါလာၿပီေဟ့ … မေၾကာက္နဲ႔။ ပါးစပ္ထဲ လက္ထိုးခံထား”
ျမင့္ေ႐ႊ၏ သတိေပးသံၾကားမွ ဝင္းေ႐ႊမွာ အားတက္ သတိဝင္လာၿပီး ေျပာသည့္အတိုင္း သစ္ဆင္ႀကီး၏ အာေခါင္နီနီႀကီးထဲသို႔ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ႏွင့္ပင္ လက္ဖ်န္တစ္ခုလုံး ကန႔္လန႔္ျဖတ္ လွ်ိဳသြင္းလိုက္မိပါေတာ့သည္။
သစ္ဆင္ႀကီးမွာ ပါးစပ္တြင္းသို႔ ေရာက္လာေသာ လက္ဖ်န္တစ္ခုလုံးကို ႀကိတ္ဝါး ခါယမ္းလိုက္ရင္း ေရွ႕လက္ႏွစ္ဘက္ကလည္း ရင္ဘတ္တစ္ခုလုံး ကို ကုတ္ျခစ္ၿပီးသား ျဖစ္သြားပါေတာ့သည္။
ဝင္းေ႐ႊမွာ နာက်င္လြန္းသျဖင့္ မ်က္စိမ်ား ျပာေဝသြားကာ “အမေလး … ေသပါၿပီဗ်” ဟု တစ္ခ်က္ေအာ္ရင္း သတိေမ့ေမ်ာသြားပါေတာ့သည္။
xxx xxx xxx
သခင္၏ ေအာ္သံေၾကာင့္လားေတာ့ မေျပာတတ္။ ေခြးသုံးေကာင္စလုံး သစ္ဆင္ႀကီးကို ဝိုင္း၍ ဝင္ဆြဲၾကရာ ၿငိမ္သက္ေနေသာ ဝင္းေ႐ႊကို လႊတ္လ်က္ ေခြးမ်ားရန္ကို ခုခံတိုက္ခိုက္ေနရျပန္ေတာ့သည္။
ဤသည္ကပင္ ျမင့္ေ႐ႊအတြက္ အခြင့္အေရးေကာင္း တစ္ကြက္ ရလိုက္ျခင္း ျဖစ္သည္။
ေခြးမ်ားကို မဲေနစဥ္ ျမင့္ေ႐ႊမွာ ဝင္းေ႐ႊ၏ လြင့္စင္သြားေသာ လွံကို ေကာက္ၿပီး ေရွ႕သို႔ခပ္သြက္သြက္ တိုးဝင္သြားႏိုင္ခဲ့ေလသည္။
ဝင္းေ႐ႊခမ်ာမွာေတာ့ ေျမျပင္ထက္တြင္ အသက္မဲ့ေနသလို ၿငိမ္သက္ေနဆဲပင္။
သစ္ဆင္ႀကီး၏ အႏၲရာယ္ မကင္းေသး၍ ျမင့္ေ႐ႊမွာလည္း ဝင္းေ႐ႊအား လွည့္ၾကည့္႐ုံမွတစ္ပါး မည္သို႔မွ် မကူညီႏိုင္ေသး။ ေခြးမ်ားႏွင့္ သစ္ဆင္ႀကီးတို႔၏ အႏိုင္မခံ အရႈံးမေပး ဘ,တစ္ျပန္ က်ားတစ္ျပန္ သတ္ပုတ္ေနၾကေသာ တိုက္ပြဲကိုသာ ေစာင့္ၾကည့္ေနရေတာ့၏။
ေခြးတစ္ေကာင္မွာ သစ္ဆင္ႀကီး ပုတ္လိုက္ေသာ လက္သည္းဒဏ္ရာႏွင့္ ပက္လက္လန္ လြင့္သြားသလို တျခားတစ္ေကာင္မွာလည္း သစ္ဆင္ႀကီး၏ ပါးစပ္ထဲတြင္ အခဲခံလိုက္ရပါေတာ့သည္။
အကြက္ေကာင္းကို ေခ်ာင္းေနေသာ ျမင့္ေ႐ႊအဖို႔ ေပၚေပါက္လာေသာ အခြင့္အေရးကို လက္လြတ္မခံ။ သူ၏ လွံကို အားမာန္အျပည့္သြင္းကာ သစ္ဆင္ႀကီး၏နံေဘး လက္ျပင္ေနရာသို႔ ပစ္ထိုး ထိုးခ်လိုက္ပါေတာ့သည္။
ၿမိေနေအာင္ ေသြးထားေသာ သူ၏ လွံသြားက တာဝန္ေက်ပြန္စြာ ညာဘက္လက္ျပင္မွ ဘယ္ဘက္ လက္ျပင္သို႔တိုင္ ထိုးေဖာက္သြားပါေတာ့သည္။
သစ္ဆင္ႀကီးမွာ ပါးစပ္ထဲမွ ခဲထားေသာ ေခြးကို လြတ္ခ်လိုက္ၿပီး “အာဝူး… ဝူး” ဟု တစ္ခ်က္ေအာ္လိုက္ရင္း ေနာက္ကြၽမ္းပစ္လိုက္ရာ ျမင့္ေ႐ႊ၏ ေရွ႕နားသို႔ က်လာပါေတာ့သည္။
အေတြ႕အႀကဳံ ရင့္က်က္ၿပီးသား မုဆိုးတစ္ဦးပီပီ ျမင့္ေ႐ႊမွာ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္ကာ ပစ္က်လာေသာ က်ားနက္ႀကီး၏ လည္မ်ိဳေနရာကို မိမိရရ ဝင္းေ႐ႊ၏ လွံျဖင့္ အင္အားရွိသမွ် ဖိထိုးထားလိုက္ပါေတာ့သည္။
အၿမီးမွ ဦးေခါင္းအထိ (၆) ေတာင္မွ်ရွိၿပီး အဝါထဲတြင္ အနက္ခ်ိတ္မ်ားျဖင့္ ႀကီးမားလွေသာ သစ္ဆင္အိုႀကီးကား ဝက္လိုက္မုဆိုးႀကီး ျမင့္ေ႐ႊ၏ လွံခ်က္ျဖင့္ အသက္ထြက္ခဲ့ရေပၿပီ။
မ်က္လုံးမ်ားပြင့္လ်က္ လုံးဝ ၿငိမ္သက္သြားမွ ျမင့္ေ႐ႊမွာ ဖိထိုးထားေသာ လွံခ်က္ကို လႊတ္ခ်လိုက္ၿပီး ဝင္းေ႐ႊဆီသို႔ အေျပးသြားေပြ႕ထူလိုက္ကာ သတိရေအာင္ ျပဳစုေနရေတာ့သည္။
ဝင္းေ႐ႊ၏ ဒဏ္ရာမွာ ရင္ဘတ္တြင္ လက္သည္းကုတ္ရာ အစင္းေၾကာင္းမ်ားႏွင့္ လက္ဝဲဘက္ လက္ဖ်န္အသားမ်ား စုတ္ျပတ္ေပါက္ၿပဲသြားျခင္းသာ ျဖစ္ေပသည္။
ကံေကာင္းသည္မွာ သစ္ဆင္အိုႀကီးျဖစ္၍ သြားမ်ား တုံးေနသည္က တစ္ေၾကာင္း၊ လက္လွ်ိဳသြင္းလိုက္စဥ္က ပါးေစာင္ရင္းထိ ေရာက္သြားသျဖင့္ အစြယ္ႏွင့္လြတ္၍ ေနာက္ပိုင္းသြားမ်ားနဲ႔သာ အဝါးခံရျခင္းျဖစ္၍ တစ္ေၾကာင္း ဒဏ္ရာမွာ ထင္သေလာက္ မဆိုးဝါးလွေပ။
သို႔ေသာ္ အေတြ႕အႀကဳံမရွိ ပြဲမတိုးဖူးေသးေသာ မုဆိုးလက္သစ္ လူငယ္တစ္ေယာက္မို႔ အေၾကာက္လြန္ၿပီး သတိလြတ္ ေမ့ေမ်ာသြားခဲ့ရျခင္း ျဖစ္ေပ သည္။
ျမင့္ေ႐ႊ၏ ျပဳစုမႈေၾကာင့္ ဝင္းေ႐ႊတစ္ေယာက္ ျပန္လည္သတိရလာေသာအခါ ရရွိထားေသာ ဒဏ္ရာမ်ားကို ေတာတြင္းအေရးေပၚ ေဆးဘိစပ္ (ဂ်ာမဏီ႐ြက္) တို႔ကို ႀကိတ္ကာအုံၿပီး ပုဆိုးတစ္ထည္ႏွင့္ ပတ္စည္းေပးလိုက္ရပါသည္။
ေသာင္းစိန္၊ ကံလွႏွင့္ ျမင့္ေမာင္တို႔အဖြဲ႕မွာ အခ်ိန္ (၄ဝ) ေက်ာ္ ဝက္မႀကီးတစ္ေကာင္ႏွင့္ အခ်ိန္ (၂ဝ) ခန႔္ ဝက္ကေလးတစ္ေကာင္ ရရွိခဲ့ၾကေပရာ ေပ်ာ္မဆုံး ႐ႊင္တၿပဳံးၿပဳံးႏွင့္ ထမ္းပိုးၿပီး ျပန္လာၾကပါည္။
ထမ္းပိုးလာေသာ ဝက္ႏွစ္ေကာင္ကို ျမင္လိုက္ရေသာ ဝင္းေ႐ႊအဖို႔ သူ၏ ဒဏ္ရာအနာကိုပင္ သတိရပုံမေပၚ။ အားရဝမ္းသာႏွင့္ ဝက္ေသမ်ားကို ၾကည့္ကာ အ႐ူးပမာ ႀကိမ္းဝါးေနပါေတာ့သည္။
“ကိုင္း.. ဖ်က္လိုက္ၾကဦးေလ ငါႀကံခင္းကို။ စားလိုက္ၾကပါဦးလား…ငါ့ ႀကံပင္ေတြကို။ ငါ့ႀကံေတြကို စားတဲ့ နင့္တို႔ရဲ႕အသားကို ငါကိုယ္တိုင္ ေကာင္းေကာင္းႀကီး ခ်က္စားပစ္မယ္”
ဝင္းေ႐ႊတစ္ေယာက္ ဝက္ေသမ်ားကို ၾကည့္ကာ အားရၾကည္ႏူး အျမဴးႀကီး ျမဴးေနၿပီး အ႐ူးႀကီးတစ္ေယာက္လို ႀကိမ္းဝါးေနသည္ႏွင့္အမွ် က်န္မုဆိုး အဖြဲ႕မ်ားမွာလည္း က်ားေဈး၊ သစ္ေဈးေကာင္းေသာ အခ်ိန္တြင္ မေမွ်ာ္လင့္ဘဲ ရလိုက္သည့္ သစ္ဆင္ေသႀကီးကို ၾကည့္ကာ အေတြးကိုယ္စီျဖင့္ ရရွိလာမည့္ ေငြေၾကးပမာဏကို ျမင္ေယာင္ေနၾကၿပီး ေပ်ာ္မဆုံး ေမာ္မဆုံး တၿပဳံးၿပဳံး ျဖစ္ေန ၾကပါေတာ့သည္။
(ဝက္လိုက္မုဆိုး ျမင့္ေ႐ႊ ေျပာျပခ်က္ကို ျပန္လည္ ေဖာက္သည္ခ်ျခင္း ျဖစ္သည္။)
စပယ္ဦး ျမန္မာဝတၳဳတိုမဂၢဇင္း
၁၉၉ဝ-ျပည့္ႏွစ္၊ ေအာက္တိုဘာလ။
စာအုပ္အမွတ္ (၆၉)
– ၿပီး –
စာေရးသူ – မႏၲလာသား