“စုန်းထီးကြီး ဦးဘသာနှင့် အောက်လမ်းဘသော်”(စ/ဆုံး)

“စုန်းထီးကြီး ဦးဘသာနှင့် အောက်လမ်းဘသော်”(စ/ဆုံး)

================================

(၁)

မမှတ်မိမှာစိုးလို့ နည်းနည်းပြန်ပြောရအုံးမယ်၊ ကျုပ်နဲ့ဦးဘသာကြီးနဲ့က အခုမြိုင်သာမြို့ကိုရောက်နေကြတာမဟုတ်လား၊ ကျုပ်ဆိုတဲ့ကောင်ကလည်း ခိုင်းလိုက်ရင် အမြဲတလွဲလုပ်တဲ့ကောင်လေ၊ ဦးဘသာကြီးက အောက်လမ်းဆရာ ဘသော်ကို စိန်ခေါ်ခိုင်းတော့ ဦးဘသာကြီး စိန်ခေါ်တယ်လို့မပြောဘဲ ကျုပ်ကိုယ်တိုင်စိန်ခေါ်သလိုလိုနဲ့ ပြောလိုက်တာမဟုတ်လားဗျာ။

အဲဒီအကြောင်းဆက်ပြောရရင် ကျုပ်တို့ နေမစောင်းခင်မှာ ဦးဘသာကြီးရဲ့ အသိမိတ်ဆွေအိမ်ကို ရောက်လာခဲ့ကြတာပေါ့ဗျာ၊ မြိုင်သာမြို့ပေါ်မှာ ရပ်ကွက်ခြောက်ခုရှိတယ်ဗျ၊ ကျုပ်တို့တည်းတဲ့ရပ်ကွက်ကတော့ ရွာမရပ်ကွက်လို့ခေါ်တယ်၊ တစ်ရက်ကွက်လုံးက ခြံနဲ့ဝင်းနဲ့အိမ်ကြီးတွေပေါ့ဗျာ၊ ခြံကြီးတွေကိုလည်း ပုဏ္ဏရိပ်ပင်တွေ၊ အလှစိုက်တဲ့ပန်းပင်ကြီးတွေနဲ့ ကာထားကြတာပေါ့၊ တစ်ချို့ခြံတွေကတော့ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာထားကြတာ၊ ပြောရရင် သူဌေးရပ်ကွက်ပေါ့ဗျာ၊ တိုက်အိမ်ကြီးတွေ၊ သစ်သားအိမ်ကြီးတွေကလည်း ဟီးထနေရောဗျို့၊ အဲဒီရပ်ကွက်နဲ့ အောက်လမ်းဆရာနေတဲ့ ရပ်ကွက်နဲ့က ဘေးချင်းကပ်ဆိုပါတော့ဗျာ။

သူဌေးရပ်ကွက်ထဲကို ဦးဘသာသွားနေတော့ ကျုပ်ဖြင့်မယုံနိုင်ဘူးပေါ့ဗျာ၊ ဦးဘသာကြီးက တိုက်အိမ်ဖြူဖြူကြီးအရှေ့ကို သွားရပ်တယ်ဗျ။ ခြံတံခါးမှာ ချည်ထားတဲ့ ခေါင်းလောင်းကလေးကို လေးငါးချက်လောက်လှုပ်လိုက်တယ်ဆိုရင်ပဲ ကုလားလေးတစ်ယောက်က ပြေးထွက်လာတယ်ဗျ။ ကျုပ်တို့ကို ခပ်ပေပေနဲ့ကြည့်ပြီး

“ဘယ်သူလဲ၊ ဘာကိစ္စလဲ”

ကောင်လေးက ခပ်ပြတ်ပြတ်နဲ့ မျက်နှာပေးကလည်း အချိုးမပြေဘူးဗျ၊ ကျုပ်တို့ကိုများ မတူသလိုမတန်သလိုနဲ့ လုပ်နေတာ၊ ကျုပ်ဆို ပါးချည်းလှိမ့်ရိုက်ပစ်ချင်တာဗျာ။

“မာယာကိုပြောလိုက်စမ်း ဇီးကုန်းက ဦးဘသာလာတယ်လို့”

အဲဒီကောင်လေးက ဦးဘသာကြီးကို ဘုကြည့်ကြည့်တယ်ဗျ။ သူ့အကြည့်က “တောသားတွေ ဘာလာရှုပ်တာလဲ” ဆိုတဲ့အကြည့်ပေ့ါဗျာ၊ ကျုပ်တို့ကလည်း တောသားစစ်စစ်ပုံတုံးတွေလေဗျာ၊ ဦးဘသာကြီးဆိုတာကလည်း အကျီနွမ်းနွမ်းနဲ့ လွယ်အိတ်အဟောင်းကြီးလွယ်လို့၊ ပြီးတော့ အောက်ကလည်း ပုဆိုးအကွက်ကျဲကြီးနဲ့ ဖိနပ်ကလည်း ကားတာယာကိုညှပ်ပြီးလုပ်ထားတဲ့ ဖိနပ်ကြီးနဲ့မဟုတ်လားဗျာ။ ကုလားလေးက နောက်တော့ အိမ်ကြီးထဲကိုပြန်ဝင်သွားပါရောဗျာ၊ ကျုပ်ကလည်း ဦးဘသာကြီးလက်ကိုအတင်းဆွဲတာပေါ့။

“ဦးဘသာကြီးရာ၊ တည်းစရာမရှိရင် ဇရပ်သွားတည်းပါ့မယ်၊ ဒီအိမ်မှာတော့ အောက်ကျနောက်ကျခံပြီး မတည်းချင်ပါဘူးဗျာ၊ ဟိုကောင်လေးအချိုးကိုတွေ့တယ်မဟုတ်လား”

“အိုကွာ၊ ဒီကောင်တွေက သခင်အားရ၊ ကျွန်ပါးဝတဲ့ကောင်တွေပါ၊ မာယာနဲ့ငါနဲ့က မောင်နှမအရင်းတွေလိုဘဲ သိပ်ချစ်ကြတာကွ”

ကျုပ်တို့စောင့်နေတာ ဆယ့်ငါးမိနစ်လောက်တောင်ကြာတယ်ဗျာ၊ အိမ်ထဲက ဘယ်သူမှမထွက်လာဘူး၊ ကျုပ်လည်း အခြေအနေမဟန်မှန်းသိလိုက်တာပေါ့ဗျာ။ ကျုပ်တို့ကိုဆင်းရဲတဲ့ တောသားတွေဆိုပြီး သူဌေးတွေက နှိပ်ကွပ်ချင်နေတာမဟုတ်လား၊ မိနစ်နှစ်ဆယ်လောက်ကြာတော့မှ အဖြူရောင်ဆာရီဝတ်ထားတဲ့ မိန်းမကြီးတစ်ယောက်က ဘောက်ဆက်ဘောက်ဆက်နဲ့ဆင်းလာတယ်ဗျ၊ သူ့နောက်မှာတော့ ခုနက ကုလားလေးက ပါလာခဲ့တယ်၊ မိန်းမကြီးက ကောင်လေးကို ကုလားလို တတွတ်တွတ်နဲ့ပြောဆိုနေတာပေါ့ဗျာ၊ ကုလားလေးကတော့ ခေါင်းကုပ်နေလေရဲ့။ နောက်တော့ ခြံတံခါးကို အဲဒီမိန်းမကြီးကဖွင့်ပေးတယ်။

“ဟရေး အကိုကြီး၊ မလာတာကြာလို့ပါလား၊ လာလာ အထဲကိုဝင်ခဲ့”

ကုလားမကြီးက ဦးဘသာကြီးကိုတွေ့တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ဗျ၊ ကျုပ်လည်း သူ့ကိုတွေ့တော့မှ စိတ်ထဲက အလုံးကြီးကျသွားတာ။

“အို၊ ဧည့်သည်လည်း ပါလာတာပါလား”

အိမ်ကြီးက ခမ်းနားလိုက်တာဗျာ၊ အိမ်ကြီးတစ်ခုလုံး အဖြူရောင်တွေသုတ်ထားပြီးတော့ အိမ်ကြီးရဲ့ နံရံတွေမှာလည်း တိုင်လုံးတွေ၊ ကုလားပန်းကွက်တွေနဲ့ သိပ်လှတာပဲဗျာ၊ ကျုပ်ဖြင့် ဒီလိုအိမ်မျိုးကိုအခုမှ ရောက်ဖူးတာ၊ အိမ်ကြီးထဲကိုဝင်လိုက်တော့ ဧည့်ခန်းမှာ ဆိုဖာတွေချထားတယ်၊ နောက်ပြီးတော့ ရောင်စုံမှန်ကူကွက်တွေနဲ့ အလှဆင်ထားတာ သိပ်လှတာပဲဗျာ။

“ထိုင်ကြလေအကိုကြီး”

ကျုပ်ကတော့ ဆိုဖာပေါ် ဘယ်ထိုင်ရဲမလဲဗျာ။ ကြမ်းမှာထိုင်ချလိုက်တော့ပေါ့၊ ကုလားမကြီးက ကျုပ်ထိုင်ချလိုက်တော့ ပြာပြာသလဲနဲ့ထပြီး

“အောက်မှာမထိုင်နဲ့လူလေး၊ ခုံပေါ်မှာထိုင်ပါကွဲ့”

အမှန်အတိုင်းပြောရရင် ဆိုဖာဆိုတာ ကျုပ်ဘဝမှာ ပထမဆုံးထိုင်ဖူးတာပဲဗျ၊ ကျုပ်ထိုင်လိုက်တော့ ထိုင်ခုံက အိကျသွားတယ်။ ကျုပ်ဖြင့် ဖင်ထိုင်ခုံကြိးခွက်သွားမလားဆိုပြီး ကိုယ်ကိုဖော့ထားရတယ်ဗျ၊ ဦးဘသာကတော့ အေးအေးလူလူပဲဗျာ၊ ဆိုဖာခုံမှာထိုင်ပြီးတော့ ခြေထောက်တောင် ချိတ်ထားလိုက်သေးတယ်။

“ကျွန်မ ရေချိုးနေလို့ ဒီကောင်လေးက လာမပြောတာအကိုကြီးရဲ့၊ အကိုကြီးတို့ အကြာကြီးစောင့်လိုက်ရလား”

“ရပါတယ်မာယာ၊ ဒါနဲ့ သူက ငါတို့ရွာက သူကြီးရဲ့သားပေါ့၊ ငါနဲ့အဖော်လိုက်လာတာ”

ကုလားမကြီး မာယာကတော့ ပြုံးပြုံးရွှင်ရွှင်ပဲဗျ၊ ကျုပ်ကိုလည်း နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ ခုနက ကောင်လေးက အိမ်ကအခိုင်းအစေဖြစ်မယ်ဗျ၊ ကျုပ်တို့အတွက် နွားနို့နဲ့ဖျော်ထားတဲ့ လက်ဖက်ရည်လာချပေးတယ်၊ အချိုမုန့်တွေလည်း လာချပေးတယ်ဗျာ။ ဦးဘသာကြီးနဲ့ မာယာနဲ့က တကယ်ခင်ကြတဲ့ပုံပဲဗျ၊ စကားတွေပြောနေရင်းနဲ့ ရယ်ရယ်မောမောပါပဲ။

“ဘယ်နှရက်တည်းမှာလဲအကိုကြီး”

“နှစ်ညလောက်ပါပဲဟာ၊ သန်ဘက်ခါမနက်ဆို ပြန်မယ်”

မာယာက စိတ်မကောင်းဖြစ်သွားပုံရတယ်ဗျ။

“အကိုကြီးကလည်း တစ်ခါတစ်လေလာတာ သုံးလေးရက်လောက်နေတာမဟုတ်ဘူး၊ ညီမက အကိုကြီးကို ဧည့်ခံချင်သေးတာ”

ကျုပ်ကလည်း ဦးဘသာကြီးများ သုံးလေးရက်လောက်နေမလားဆိုပြီးတော့ စိတ်ထဲကတွေးနေတာပေါ့ဗျာ၊ အိမ်ကြီးကလည်း အမိုက်စားကြီးမဟုတ်လား၊ ကျွေးတာကလည်း ရှယ်ဗျာ၊ ရောက်တုန်းရောက်ခိုက်မှာပဲ နံကထိုင်တို့၊ ဘီစကွတ်တို့ချကျွေးတာ၊ ကျုပ်တို့တောဘက်မှာ အဲဒီလိုအစားတွေက စားရခဲတာဆိုတော့ ကျုပ်ဖြင့် အားရပါးရစားတာပဲဗျို့။ ဒါပေမယ့် ဦးဘသာကြီးက အလိုက်မသိပါဘူးဗျာ။

“ဟေ့အေး၊ ငါမနေတော့ဘူးဟ၊ ငါအကြာကြီးနေမရဘူးဟေ့၊ ရွာကငါ့နွားတွေ ကြည့်မယ့်သူမရှိဘူးဟ”

နောက်တော့ ကျုပ်တို့ကို အိမ်ပေါ်ထပ်ကိုခေါ်သွားတယ်ဗျ၊ ကုလားအိမ်ဆိုတော့ တန်းလျားလိုကြီးဆောက်ထားတာ၊ အိမ်ဘေးကနေ လှေကားနဲ့တက်သွားရင် အိမ်ပေါ်မှလျှောက်လမ်းပေါ့၊ လျှောက်လမ်းတစ်ဖက်ကတော့ ဝရံတာပေါ့၊ ကျန်တဲ့တစ်ဖက်မှာတော့ အိမ်ခန်းတွေကို အတန်းလိုက်ဆောက်ထားတာဗျ၊ လှေကားက တက်တက်ချင်းအခန်းမှာ ကျုပ်တို့ကိုထားတယ်။

“အကိုကြီးတို့ ရေမိုးချိုးလိုက်အုံးလေ၊ မကြာခင် အကိုကြီးညီလည်း ပြန်လာတော့မယ်၊ သူလာမှ စားကြတာပေါ့”

အခန်းထဲမှာ ကုတင်နှစ်လုံးချထားတယ်ဗျ၊ ကုတင်နှစ်လုံးစလုံး ကုလားကုတင်တွေပါ၊ ကုလားကုတင်ဆိုတာက သစ်သားကိုဘောင်ခွေပြီးတော့ ကုတင်အခင်းကို ကြိုးနဲ့ယက်ထားတာမျိုးဗျာ၊ ဧည့်သည်တွေလာရင် အိပ်တဲ့အခန်းထင်ပါရဲ့၊ ကျုပ်လည်း တစ်နေကုန်ပင်ပန်းလာတာဆိုတော့ ရေဆင်းချိုးတာပေါ့ဗျာ၊ ဦးဘသာကတော့ ရေမချိုးပါဘူး၊ ချမ်းတယ်လို့ပြောတယ်၊ ဆောင်းတွင်းကြီးမို့လို့ သူကချမ်းပေမယ့် ကျုပ်ကလူငယ်ဆိုတော့ ညနေဘက်ကိုရေချိုးနိုင်ပါတယ်၊ မချိုးလို့လည်းမရတော့ဘူးလေဗျာ၊ တစ်ကိုယ်လုံးဖုန်တွေသဲတွေနဲ့ ချွေးစော်တွေကလည်း နံစော်လို့ဗျ။

ရေချိုးခန်းက အိမ်အောက်မှာရှိတယ်။ ရေချိုးခန်းဆိုတာ ကျုပ်တို့တောသားတွေ တွေ့ဖူးတာမဟုတ်ဘူးလေ၊ အထဲကိုဝင်လိုက်တော့ ရေပန်းကလေးတပ်ထားတယ်ဗျာ၊ ကျုပ်ဖြင့် ရေပန်းနဲ့ရေချိုးပြီးတော့ နိုင်ငံခြားဖြစ် ဆပ်ပြာမွှေးမွှေးကလေးကိုတိုက်ရတာကိုက နတ်ပြည်ရောက်နေသလိုပါပဲဗျာ။

ရေချိုးပြီးတော့ အဝတ်အစားလဲပြီး အိမ်ရှေ့ဝရန်တာမှာရပ်နေတာပေါ့ဗျာ၊ သူတို့အိမ်က အိမ်သားတွေများပါတယ်၊ အိမ်မှာအစေခံတွေလည်း လေးငါးယောက်တွေ့တယ်၊ အစေခံတွေကတော့ တိုက်အိမ်ကြီးရဲ့အနောက်မှာ သစ်သားတန်းလျားလေးနဲ့နေတယ်၊ မကြာပါဘူး ခြံထဲကို ဗောက်စွန်းကားတစ်စီး ဝင်လာတယ်၊ ဗောက်စွန်းဆိုတာက ကျုပ်တို့တောသားတွေအခေါ်ပေါ့ဗျာ၊ မြို့က အခေါ်ကျတော့ ဗောက်စဝက်ဂွန်လို့ခေါ်တာပေါ့၊ ကားက ပေါင်မုန့်ကားအဖြူအသန့်လေးဗျာ၊ ခင်ဗျားတို့မြင်ဖူးမလားတော့မသိဘူး၊ ကျုပ်တို့ခေတ်က အဲဒီလိပ်ခုံးလိုလိုကားကလေးက သူဌေးတွေမှ စီးနိုင်တဲ့ခေတ်ဗျ။

ကားထဲက ထောင်ထောင်မောင်းမောင်းကုလားကြီးတစ်ယောက်ဆင်းလာတယ်၊ အသားက မဲနက်နေတာမှ မီးသွေးခဲကြီးလိုပဲဗျာ၊ ဝတ်ထားတာတော့ အဖြူဝမ်းဆက်ဗျ၊ မကြာပါဘူး ကောင်မလေးတစ်ယောက်က ထမင်းစားဖို့လာခေါ်တာနဲ့ ကျုပ်တို့ဆင်းလာခဲ့ပါရောဗျာ။

ထမင်းစားခန်းက အကျယ်ကြီးဗျ၊ စားပွဲကလည်း ခပ်ရှည်ရှည်ပဲ၊ ကုလားကြီးက ဦးဘသာကြီးကိုတွေ့တော့ ရယ်ရယ်မောမောပါပဲ၊ သူတို့သားသမီးတွေလည်း ထမင်းစားပွဲမှာလာထိုင်ကြတယ်။ ဟင်းကတော့ ရှယ်ကောင်းတယ်ဗျာ၊ ဆိတ်သားကို ဒိန်ချဉ်နဲ့ချက်တဲ့ဟင်းရယ်၊ နောက် ကြက်သားကုလားချက်၊ ပဲဟင်း၊ အားလူးဟင်း၊ ခရမ်းချဉ်သီးကို ကုလားစတိုင်နဲ့ ငါးပိချက်ပုံစံလေးချက်ထားတာတော့ ကျုပ်အကြိုက်ပေါ့ဗျာ၊ မဆလာနံ့ကလေးတွေဆိုတာ ဟင်းတစ်မျိုးနဲ့တစ်မျိုးမတူဘဲနဲ့ သင်းနေတာဗျ၊ သူတို့ကတော့ နံပြားနဲ့စားပေမယ့် ကျုပ်တို့အတွက်တော့ ထမင်းပြင်ထားပေးပါတယ်၊ ဟင်းကောင်းကောင်းနဲ့ဆိုတော့ ကျုပ်က ထမင်းလေးပန်းကန်လောက်စားပစ်လိုက်တာ။

“အကိုကြီးတို့ အေးအေးဆေးဆေးနေပါအုံးလား၊ မရောက်တာလည်း ဘယ်နှနှစ်တောင်ရှိပြီလဲ”

ကုလားကြီးကလည်း ဦးဘသာကြီးကိုခင်ပါတယ်၊ စကားပြောတာ ခင်ခင်မင်မင်ပဲပြောကြတာ၊ ကျုပ်ဖြင့် ဒီလိုသူဌေးတွေနဲ့ ဦးဘသာကြီးနဲ့ ဘယ်လိုများမိတ်ဆွေဖြစ်ကြသလဲဆိုပြီး တွေးနေမိတာဗျ၊ ထမင်းစားပြီးတော့ ကျုပ်တို့လည်းအခန်းကိုပြန်ခဲ့တယ်၊ ဦးဘသာနဲ့ တစ်ညလုံးနေရမယ်ဆိုတော့ စိတ်ထဲတစ်မျိုးကြီးပဲပေါ့ဗျာ။

(၂)

ဦးဘသာက မအိပ်ဘဲ ကွမ်းယာဝါးနေတယ်ဗျ၊ အုတ်အိမ်ဆိုတော့ အခန်းကလုံတော့ နွေးနွေးကလေးပေါ့ဗျာ၊ ကျုပ်လည်း ပျင်းတာနဲ့ ဦးဘသာနဲ့ စကားစမိတယ်။

“ဦးဘသာကြီးရေ၊ အခုအိမ်ရှင် ကုလားကြီးလင်မယားနဲ့ ဦးဘသာကြီးနဲ့ တော်တော်ခင်ကြတဲ့ပုံပဲ၊ ဘယ်လိုဖြစ်ပြီးတော့ သိကျွမ်းခဲ့တာလဲဗျ”

ဦးဘသာကြီးက ကွမ်တမြုံ့မြုံ့နဲ့ပေါ့ဗျာ။

“ဒီလိုကွ၊ သူတို့နဲ့ငါနဲ့က ကျောင်းနေဖက်တွေကွ၊ ငါ့အမေနဲ့ မာယာရဲ့အမေနဲ့က သူငယ်ချင်းတွေကွ၊ ငါငယ်ငယ်တုန်းက ငါ့အမေကို ရွာကလူတွေနှင်လိုက်လို့ မြိုင်သာမှလာနေသေးတယ်၊ အဲဒီတုန်းက ငါကျောင်းတက်တော့ မာယာတို့နဲ့အတူတူတက်ရတာပေါ့ကွာ၊ ငါက မာယာထက်အသက်အများကြီး ကြီးတယ်ဆိုပေမယ့် အတန်းပညာမနေဖူးတော့ သူနဲ့အတူတူသူငယ်တန်းတက်ရတာပေါ့ကွာ၊ အခုသူ့ယောက်ျားက ရာဂျတ်လို့ခေါ်တယ်ကွ၊ ငါရယ်၊ မာယာရယ်၊ ရာဂျတ်ရယ်က ကျောင်းအတူတူတက်တာပေါ့ကွာ”

ဦးဘသာကြီးက ထွေးခံထဲကို ကွမ်းတံတွေးတစ်ချက်ထွေးလိုက်သေးတယ်။

“မာယာနဲ့ ရာဂျတ်က တစ်ဝမ်းကွဲမောင်နှမတွေကွ၊ ငါတို့အတူတူကျောင်းတက်ရင်း ငါက နှစ်တန်းရောက်တော့ စာသိပ်စိတ်မဝင်စားတော့တာနဲ့ ကျောင်းဆက်မလိုက်တော့ဘူးလေ၊ သူတို့ကတော့ ကျောင်းဆက်တယ်တယ်၊ မာယာက လေးတန်းလားအောင်တယ်ကွ၊ ရာဂျတ်ကတော့ ရန်ကုန်အထိကျောင်းသွားတတ်တယ်ပြောတယ်၊ ငါ့စိတ်ထင်တော့ အထက်တန်းလောက်တော့အောင်တယ်ကွ၊ သူတို့ငယ်ငယ်တုန်းက ဆင်းဆင်းရဲရဲပါကွာ၊ သူ့အမေဆိုတာကလည်း အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာ အစေခံလုပ်ရတာကွ၊ ရာဂျတ်တို့ကတော့ ပိုက်ဆံနည်းနည်းပါးပါးရှိတယ်၊ သူတို့ယူပြီးတော့မှ အခုလိုချမ်းသာလာတာကွ”

“သူတို့က ဘာလုပ်ပြီးချမ်းသာသွားတာလဲ”

“ဆေးတိုက်ပိုင်ရှင်တွေပေါ့ကွာ၊ အင်္ဂလိပ်ဆေးတွေကို နယ်စပ်ကနေသွင်းပြီး ဖြန့်တာပေါ့၊ တို့ မြိုင်သာဈေးထဲမှာလည်း ကုန်စုံဆိုင်ကြီးရှိတယ်၊ နောက်ပြီးတော့ လုပ်ငန်းသုံးလေးခုလဲရှိတယ်ပြောတယ်”

“ဒါများဗျာ၊ ဒီလောက်သူဌေးတွေရှိတာ ဦးဘသာကြီးက မြိုင်သာမှာမနေဘဲ ကျုပ်တို့ရွာမှာ နေနေသေးတယ်ဗျာ”

ကျုပ်ပြောလိုက်တော့ ဦးဘသာကြီးက ကျုပ်ကိုထူးဆန်းသလိုနဲ့ကြည့်တယ်ဗျ။

“ဟေ့ကောင်ရ၊ သူတို့ချမ်းသာတာ ငါကဘာလုပ်ရမှာလဲ၊ ဇီးကုန်းရွာဆိုတာ ငါ့မွေးရပ်မြေ၊ ငါ့အမေခေါင်းချသွားတဲ့နေရာကွ၊ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုပေမယ့် ငါကတော့ ငါ့ရွာကလေးကနေ ဘယ်မှမသွားနိုင်ဘူးဟေ့”

ဦးဘသာကြီးကလည်း သူ့ခံယူချက်နဲ့သူပေါ့ဗျာ၊ ကျုပ်ကတော့ဖြင့် ဒီလိုသူဌေးတွေနဲ့ ခင်တယ်ဆိုရင် သူတို့ဆီမှာအလုပ်တောင်းပြီး မြို့ပေါ်မှာ အေးအေးဆေးဆေးပဲ နေလိုက်ချင်တာဗျာ၊ အဲဒီတုန်းကတော့ ဦးဘသာကြီးစိတ်ကို ကျုပ်မသိခဲ့ဘူးပေါ့ဗျာ၊ အခုလိုအသက်ကြီးတော့မှ ကျုပ်လည်းရွာကိုချစ်တတ်လာတာဗျ၊ ဟိုတစ်လောက ကျိုက်ထီးရိုးဘက်ကို ငါးရက်လောက်ဘုရားဖူးထွက်တော့ ကျုပ်ဖြင့် ရွာကိုလွှတ်လွမ်းတာဗျာ။ ဇာတိကိုချစ်တဲ့စိတ်ဆိုတာ ဒါကိုပြောမှာပေါ့ဗျာ၊ အခု ကျုပ်သမီးက မုံရွာမှာအဆင်ပြေနေတယ်ဗျ၊ ကျုပ်ကိုလာနေပါဆိုပြီး ခေါ်တာတောင်မှ ကျုပ်လိုက်မနေဘူး၊ ဟိုမှာက ပြည့်စုံတယ်ဆိုပေမယ့် ကျုပ်ဖြင့် ရွာကိုမခွဲချင်တော့ဘူးဗျာ၊ အသက်ကြီးလာတော့မှ ဦးဘသာကြီးစိတ်ကိုနားလည်တတ်ခဲ့တာပေါ့ဗျာ။

ကျုပ်တို့ စကားပြောပြီး အိပ်ဖို့ပြင်နေတုန်း အခန်းတံခါးပွင့်လာတယ်ဗျ။ မာယာဆိုတဲ့ကုလားမကြီးက ဒန်နဲ့လုပ်ထားတဲ့ လင်ပန်းကလေးတစ်ချပ်ကိုကိုင်လာပြီး နို့ဖန်ခွက်နှစ်ခွက်ကိုလဲယူလာတယ်လေ၊ နောက်တော့ အခန်းထက ကြမ်းပြင်မှာထိုင်ချလိုက်တာဗျ၊ ကျုပ်ဖြင့် အားနာလို့ ကုတင်ပေါ်ကနေဆင်းလိုက်တာပေါ့၊ သူက ဦးဘသာကြီးရဲ့ ကုတင်ခြေရင်းမှာထိုင်နေတာဗျာ။ ကျုပ်ကတော့ ကုပ်ကုပ်ကလေးမတ်တပ်ရပ်နေတာပေါ့။

“အဒေါ်ကြီး၊ ကျုပ်ကုတင်ပေါ်ထိုင်ပါဗျ၊ ကြမ်းပေါ်မထိုင်ပါနဲ့”

ကျုပ်ကလည်းပြောလိုက်ရတာပေါ့၊ သူက ကျုပ်ကိုလှည့်ကြည့်ပြီးတော့

“ရပါတယ်လူလေးရယ်၊ ကိုယ့်အကိုကြီးနဲ့ တန်းတူမထိုင်ဝံ့ပါဘူး”

ဦးဘသာကြီးကတော့ ကုတင်ပေါ်ကနေခြေထောက်တစ်ချောင်းချပြီး အေးအေးလူလူထိုင်နေတာဗျ၊ မာယာက နို့လင်ဗန်းကိုလှမ်းပေးတော့ ဦးဘသာကြီးက တစ်ခွက်ယူပြီး ကျုပ်ကိုပေးတယ်၊ သူကလည်း တတစ်ခွက်ယူတယ်၊ နွားနို့က ကောင်းလိုက်တာမှ မလိုင်တွေတောင်လက်တစ်ဆစ်လောက်တက်နေပြီး ပျစ်ခဲနေတာပဲဗျာ၊ ဦးဘသာကြီးက နွားနို့ခွက်ကို ကိုင်ရုံပဲကိုင်ထားတယ်။

“အကိုကြီး သောက်လေ”

“အေးပါ၊ ငါခုနက ကွမ်းဝါးထားလို့ မသောက်သေးတာဟေ့”

“ဒါနဲ့ အကိုကြီးဒီတစ်ခေါက် မြိုင်သာကိုလဲလာတယ်၊ ညီမတို့အိမ်မှာလည်း တည်းတယ်ဆိုတော့ အကြောင်းထူးတစ်ခုတော့ ရှိရမယ်မဟုတ်လား”

“အေးဟ၊ ငါက အောက်လမ်းဘသော်ဆိုတဲ့ လူဆီကိုလာခဲ့တာ၊ နင်ဘာသိထားသေးလဲ”

ကုလားမကြီးက တစ်ခုခုပြောချင်ပုံရပေမယ့် ကျုပ်ကိုလှမ်းကြည့်တယ်ဗျ၊ ဦးဘသာကြီးက ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့

“ရပါတယ်၊ ဒီကောင်လေးက အကုန်သိပြီးသားပါ”

ဒီလိုပြောလိုက်တော့မှ ကုလားမကြီးက ခေါင်းညိတ်လိုက်ပြီး

“ဒီလိုအကိုကြီးရဲ့ အဲဒီလူက ဗေဒင်ဆရာ ဆရာသိန်းဆိုပြီး မြိုင်သာမှာ နာမည်ကြီးနေတာအကိုကြီး၊ သူ့အောက်လမ်းတွေနဲ့ လုပ်စားနေတာပေါ့၊ များသောအားဖြင့်ကတော့ လူတစ်ဖက်သားကိုထိခိုက်အောင် လုပ်ကြတာပေါ့အကိုကြီးရယ်၊ သူက တော်တော်ချမ်းသာတယ်၊ အဲဒီအိမ်နဲ့ခြံကြီးကို ပိုင်တဲ့အပြင် ကားတစ်စီးလည်းရှိသေးတယ်အကိုကြီးရဲ့၊ မြိုင်သာဈေးမျက်နှာစာတန်းမှာလည်း ရွှေဆိုင်တစ်ဆိုင်ပိုင်တယ်၊ ရွှေပန်းထိမ်လည်း လုပ်တယ်လို့ပြောကြတယ်”

“ငါသိပြီးသားပါ၊ ဒီကောင်ချမ်းသာတယ်ဆိုတာ သူ့အတတ်ပညာနဲ့ချမ်းသာတာမဟုတ်ဘူးဟ၊ ဒီကောင့်ညီက ဓါးပြလေ၊ ဓါးပြတိုက်ပြီး ရလာတဲ့ရွှေတွေငွေတွေကို ဒီကောင်က ပုံဖျက်ပြီးတော့ လုပ်ပေးနေပုံရတယ်ဟ၊ နာမည်ကတော့ သူ့နာမည်ခံထားတယ်ဆိုပေမယ့် သူ့ညီအတွက်လုပ်ပေးနေတာဖြစ်မယ်၊ အခုသူ့ညီက ထောင်ကျသွားပြီဆိုတော့ သူကအကုန်မောင်ပိုင်စီးလိုက်တာနေမှာပေါ့”

ဦးဘသာကြီးပြောတော့ ကုလားမကြီးက အံ့ဩနေတယ်ဗျာ။

“အကိုကြီးကတော့ အရင်ကအတိုင်းပါပဲ၊ ဒါနဲ့ အခုသူက ဘာလုပ်ထားလို့လဲ”

“ဒီကောင်ငါ့ကို ခုတုံးလုပ်သွားတယ်ဟ၊ ငါ့ကိုနာမည်ဖျက်သွားလို့ အခုရွာမှာဆိုရင် ငါ့ကိုတောင် သိပ်ပြီးအခေါ်အပြောလုပ်ကြတာမဟုတ်ဘူး”

“အို အကိုကြီးကလည်း ရွာမှာမနေချင်ရင် ဒီမှာပဲ အေးအေးဆေးဆေးညီမတို့နဲ့အတူလာနေပေါ့”

“တော်စမ်းပါဟာ၊ ငါက ဒီမှာမပျော်ပါဘူး၊ ဒါနဲ့ အခုလာရတာက ဒီကောင့်ကိုငါပညာပေးမလို့လာခဲ့တာပဲ”

ဦးဘသာကြီးပြောလိုက်တော့ ကုလားမကြီး မျက်လုံးတွေ အရောင်တောက်သွားတယ်ဗျာ။ နောက်တော့ ငူငူငိုင်ငိုင်ကြီးဖြစ်ပြီး မျက်ရည်တွေကျလာပါရော၊ ကျလာတဲ့မျက်ရည်တွေကို လက်နဲ့သုတ်လိုက်တော့ သူ့လက်မှာဝတ်ထားတဲ့ လက်ကောက်တွေက တချွင်ချွင်နဲ့အသံမြည်နေပါရော၊ ကျုပ်ဖြင့်ကုလားမကြီး ဘာလို့ထငိုသလဲဆိုတာကို မသိတော့ပါဘူးဗျာ။

“ဘာဖြစ်တာတုန်းဟဲ့”

“ပြောရရင်တော့ အကိုကြီးရယ်၊ ဒီအကောင်ကို မှတ်လောက်သားလောက်အောင်သာ လုပ်ပေးပါ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီကောင်က ကျွန်မနဲ့ပညာပြိုင်ဖူးတယ်”

ဦးဘသာကြီး အံ့ဩသွားသလို၊ ကျုပ်လည်း အံ့ဩသွားတယ်လေ၊ ပညာပြိုင်တယ်ဆိုတော့ ဒီကုလားမကြီးက ဘာလဲဆိုပြီး အံ့ဩသွားတာပေါ့ဗျာ။

“နင်သူ့ကိုမနိုင်ခဲ့ဘူးမဟုတ်လား”

“သူနဲ့ညီမနဲ့ ဈေးထဲက ဆိုင်နေရာအတွက် အပြိုင်ဖြစ်ကြတာအကိုကြီးရဲ့၊ ကုန်စုံဆိုင်ဆိုတာလည်း နေရာကောင်းဖို့လိုတယ်မဟုတ်လား၊ ဒါနဲ့ သူက ညီမကို လာစိန်ခေါ်တယ်၊ ညီမတို့ပြိုင်တော့ ညီမရှုံးတဲ့အပြင် သူ့ရဲ့အတိုက်တစ်ခုထိပြီး သေမလိုခံစားရတယ်၊ အဲဒီမှာ ညီမရဲ့ ဒုတိယသားအလတ်ကောင်လေးက သူ့အတိုက်ကိုထိပြီး ဆုံးသွားခဲ့တာပါပဲ အကိုကြီးရယ်၊ အီး၊ ဟီး”

ကုလားမကြီးက ပြောပြီးတော့ ရှိုက်ကြီးတငင်နဲ့ငိုတော့တာပါပဲ၊ ဦးဘသာကြီးက နို့ခွက်ကိုချလိုက်ပြီးတော့ ကုလားမကြီးကျောကုန်းကို ပုတ်ပေးနေတယ်၊ ဦးဘသာမျက်နှာကြီးက ဒေါသဖြစ်နေမှန်းကျုပ်သိလိုက်တယ်။

“ဒီကောင်တော့ ငါနဲ့တွေ့ကြသေးတာပေါ့၊ ငါတို့မနက်ဖြန်ည မြိုင်သာ သုဿန်မှာချိန်းထားတယ်၊ ဘာမှမပူနဲ့ နင့်သားအတွက် ငါအတိုးချပြီး ဒီကောင့်ကိုဆုံးမခဲ့မယ်”

“အားကိုးပါတယ်အကိုကြီးရယ်”

ကုလားမကြီးက နောက်တော့ကျုပ်ဆီကိုကြည့်ပြီး ရှက်သလိုလိုဖြစ်သွားပြီး မျက်ရည်တွေကို ဆာရီစနဲ့သုတ်လိုက်တယ်ဗျ၊ နောက်တော့ ဦးဘသာကြီးကို ကန်တော့ပြီး နို့ခွက်တွေတောင် ပြန်မယူဘဲ ထွက်သွားတော့တာပါပဲ၊ သူထွက်သွားမှ ကျုပ်လည်း ကုတင်ပေါ်ပြန်ထိုင်လိုက်တယ်။

“ဦးဘသာကြီး၊ သူက ပညာတတ်တယ်ဆိုတော့ သူကရော စုန်းပဲလား”

ဦးဘသာကြီးက ခေါင်းညိတ်တယ်။

“သူလည်း သူ့အမေဆီကနေ ပညာတွေရခဲ့တယ်နဲ့တူပါတယ်၊ ဒါပေမယ့် သူက ပညာလမ်းကိုမလိုက်စားခဲ့တော့ သိပ်မစွမ်းဘူးပေါ့ကွာ”

“ဒီလူက တော်တော်ယုတ်မာတဲ့သူပဲဗျာ”

“မင်းကလည်းကွာ အောက်လမ်းဆရာပါဆိုနေမှ၊ အောက်လမ်းဆရာဆိုတာ နည်းနည်းပါးပါးအကျင့်ယုတ်တတ်ရုံနဲ့မဖြစ်ဘူးကွ”

ဦးဘသာကြီးက ရေတစ်ခွက်ခပ်လိုက်ပြီး ပလုပ်ကျင်းလိုက်တယ်၊ ပြီးတော့ နို့ကိုတစ်ကျိုက်မော့သောက်လိုက်သေးတယ်

“ဒါနဲ့ မင်းငဗျိုင်းဘာလို့ရူးတယ်ဆိုတာ မင်းသိလား”

“အိုဗျာ၊ ခုနက အောက်လမ်းဆရာလုပ်တာမဟုတ်လား”

“အေးလေ၊ အောက်လမ်းက ငဗျိုင်းကို ဘာလို့လုပ်တာလဲ”

ဦးဘသာမေးတော့ ကျုပ်လည်းစဉ်းစားကြည့်တယ်ဗျ၊ စဉ်းစားလို့လည်း အဖြေကမထွက်ဘူး။

“ဟိုဗျာ၊ သူတို့အချင်းချင်း တစ်ခုခုရန်ငြိုးရှိလို့ နေမှာပေါ့”

ဦးဘသာက ရယ်ကျဲကျဲနဲ့

“မဟုတ်ဘူးကွ၊ မိဝေက ငဗျိုင်းနဲ့ခိုးရာလိုက်သွားတော့ မိဝေအဖေက မကျေနပ်ဘူးမဟုတ်လား၊ ဒါနဲ့ မင်္ဂလာဆောင်ပေးပါ့မယ်ဆိုပြီး ကတိပေးပြီးတော့ သူ့သမီးကိုပြန်ခေါ်ခဲ့တယ်မဟုတ်လား”

“ဟုတ်တယ်လေ၊ အဲဒီတုန်းက ကျုပ်နဲ့ အဖေနဲ့တောင် လိုက်သွားရသေးတယ်”
(ထိုအကြောင်းကို စုန်းထီးကြီး ဦးဘသာနှင့် အစိမ်းသေမိဝေတွင် ဖတ်ရှုနိုင်ပါသည်)

“အေး၊ ပြန်လည်းခေါ်လာပြီးရော မိဝေအဖေက စုံစမ်းတော့ မြိုင်သာမှာ ဗေဒင်ဆရာတစ်ယောက်ရှိတယ်၊ ဓါတ်ရိုက်ဓါတ်ဆင်သိပ်ကောင်းတယ်ဆိုပြီးတော့ သတင်းရတာနဲ့ ဒီအောက်လမ်းဆရာဆီကို ရောက်လာခဲ့တာပဲဟေ့၊ ဒီရောက်တော့ သူ့သမီးနဲ့ ငဗျိုင်းနဲ့ကို ခွဲခိုင်းတာပဲပေါ့၊ ဒီလောက်ဆို မင်းနားလည်မှာပါ”

“ဖြစ်နိုင်တယ်ဗျ၊ ကိုဗျိုင်းက ရုတ်တရက်ကြီး ထပြီးရူးသွားတာ ဒီလူလုပ်တာမဟုတ်လား၊ ကျုပ် နားလည်ပြီဗျို့၊ ဒီလိုဆိုတော့ အမမိဝေရဲ့အဖေက တော်တော်ယုတ်မာတဲ့သူပဲ”

“ယုတ်မာတယ်လို့တော့ ပြောလို့မရဘူးပေါ့ကွာ၊ ဘယ်သူမဆို ကိုယ့်သားသမီးကိုတော့ ချစ်ကြတယ်မဟုတ်လား၊ မိဝေက သူတို့စကားနားမထောင်၊ သူတို့သဘောမတူတဲ့လူနဲ့ ဖြစ်တယ်ဆိုတော့ ပြတ်စေချင်တာပေါ့ကွာ၊ ဒါနဲ့ပဲ ဒီလိုလုပ်ဖြစ်သွားတယ်ပေါ့၊ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာပဲ မပြီးသေးဘူးကွ”

ကျုပ်လည်းမျက်လုံးပြူးသွားတာပေါ့၊ ဇာတ်လမ်းက မပြီးသေးဘူးလို့ ဆိုတယ်မဟုတ်လား။

“မိဝေကို သူက ပြန်တိုက်ခဲ့သေးတယ်ကွ၊ ဘာလို့ပြန်တိုက်သလဲဆိုတာ့ မိဝေအဖေက ငွေရှိတယ်ဆိုတော့ ငွေညှစ်ချင်လို့ဖြစ်မယ်ကွ၊ တစ်ခုခုဖြစ်တယ်လို့ထင်ရင် သူ့ဆီပြေးလာမှာပဲဆိုပြီးတော့ အောက်လမ်းနဲ့တိုက်လိုက်တာ၊ ဒါပေမယ့် မိဝေက နဂိုကတည်းကမှ ချစ်သူနဲ့ကွေကွင်းထားလို့ အားနည်းနေတဲ့သူဆိုတော့ သူ့အတိုက်ကိုမခံနိုင်ဘဲနဲ့၊ အိမ်ထဲမှာ အိပ်ဆေးတွေသောက်ပြီး ကိုယ့်ဖာသာ သတ်သေသွားတာပေါ့ကွာ”

ကျုပ်ဖြင့် လန့်သွားတာပဲဗျာ၊ စိတ်ထဲမှာလည်း ဒေါသထွက်တာပေါ့၊ ခင်ဗျားတို့စဉ်းစားကြည့်လေဗျာ၊ ကိုယ့်ကိုအားကိုးလို့ လာတဲ့သူကို ငွေရလိုမှုနဲ့ ပြန်တိုက်တယ်ဆိုတော့ ဒီကောင့်လောက် အောက်တမ်းကျတဲ့သူ ရှိမလားဗျ။

“ဒေါသထွက်မနေနဲ့၊ နောက်ထပ်ကျန်သေးတယ် ဟေ့ကောင်ရ၊ မိဝေသေတော့ သူ့မိဘတွေက သွေးရိုးသားရိုးနဲ့သေသလိုလို ရောဂါဖြစ်လို့ သေသလိုလိုနဲ့ အစိမ်းသေကို မြေချလိုက်တယ်မဟုတ်လားကွ၊ ဒီကောင်က ဒါကိုသိနေတော့ အစိမ်းသေမိဝေရဲ့ အသားစကိုယူပြီးတော့ မိဝေကို သရဲအဖြစ် မွေးလိုက်တာပဲဟေ့၊ သူခိုင်းချင်တာ ခိုင်းလို့ရအောင်ပေါ့ကွာ”

ဟုတ်တယ်ဗျ၊ အဲဒီတုန်းကလည်း သရဲဖြစ်နေတဲ့မိဝေက ကိုဖိုးချမ်းတို့ကို လုပ်တော့မှ၊ အမမိဝေ သရဲဖြစ်နေမှန်း သိသွားကြတာ၊ နောက်တော့အစိမ်းသေကြီးဆိုတာကို သူ့အဖေကလည်း ဝန်ခံတယ်လေ၊ ဒီတော့မှ ကျုပ်တို့ကာလသားတွေက အလောင်းကိုပြန်ဖော်ပြီးတော့ ရွာပြင်မှာ မီးရှို့သဂြိုလ်လိုက်ကြတာဗျ။

“ကျန်သေးတယ်၊ မိဝေကို မင်းတို့ သဂြိုလ်တော့ မင်းတို့ကောင်တွေ ပေါ့ပျက်ပျက်လုပ်တယ်ထင်ပါရဲ့ကွာ၊ အဲဒီမှာ ဒီကောင်က မသာကိုထိုးတဲ့ တံစူးဝါးကို ရသွားတာကွ၊ အဲဒီတံစူးဝါးနဲ့ နှီးဖြာပြီး တိုက်နွားလုပ်တယ်၊ ပြီးတော့ မင်းတို့အိမ်ကိုတိုက်တယ်၊ သူ့တိုက်နွားမှာ သွင်းတဲ့ နွားရဲ့ဝိညာဉ်ကိုတော့ ငါ့ရဲ့ နချောကြီးနဲ့ အပ်ပေးထားခဲ့တာ၊ မင်းတို့တိုက်နွားကို မီးရှို့တော့ ငါ့နချောကြီးသေပါရောလား၊ ဒီမှာတင် တစ်ရွာလုံးက မင်းတို့အိမ်ကို ငါကလုပ်တယ်လို့ ထင်သွားတာပေါ့ကွာ”

“နေစမ်းပါအုံး ဦးဘသာကြီးရဲ့၊ ခင်ဗျားရဲ့နွားကြီး နချောကို ဒီလူက အောက်လမ်းနဲ့လုပ်တာကို ခင်ဗျားမသိဘူးလား”

ဦးဘသာကြီးက လက်ထဲက နို့ခွက်ကိုအကုန်မော့ချလိုက်ပြီးတော့

“အောက်လမ်းဆိုတာ နက်နဲတယ်ကွ၊ ဒီအတိုင်းတော့ ဘယ်သိနိုင်မလဲ၊ တစ်ချို့ဆိုရင် အထက်လမ်းဆရာတွေက အောက်လမ်းမိန်းမတွေနဲ့ ညားနေကြတာကွ၊ ဆယ်နှစ်ဆယ်မိုးပေါင်းလာတာတောင်မှာ ကိုယ့်မိန်းမက အောက်လမ်းဆရာဆိုတာ မသိကြဘူးတဲ့”

ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်၊ အောက်လမ်းဆိုတာ တော်တော်ကြောက်ဖို့ကောင်းမှန်း အခုပိုပြီးသိသွားခဲ့ပြီမဟုတ်လားဗျာ။

“ဒါဆို ဦးဘသာကြီးက ဒီကောင့်ကို ဘယ်လိုလုပ်မှာလဲ”

“ငါက ဘာမှလုပ်စရာမလိုပါဘူးကွာ၊ ဒီကောင်သာ တစ်ခုခုပြင်ဆင်နေမှာကွ၊ ကဲ ညည့်လည်းနက်နေပြီ အိပ်တော့ကွာ၊ မနက်ဖြန်ကျရင် မင်းဘုရားတွေဘာတွေ ဖူးချင်ရင် သွားဖူးပေါ့”

ကျုပ်လည်း အိပ်လိုက်တော့တယ်၊ တစ်နေကုန်ပင်ပန်းလာတာမို့လို့ ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ တုံးခနဲအိပ်ပျော်သွားတာပေါ့ဗျာ။

(၃)

နောက်နေ့မနက်ကျတော့ ကျုပ်လည်း မနက်စာစားပြီး ဘုရားဘက်ထွက်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာကြီးက စုန်းဆိုတော့ ဘုရားနဲ့မတည့်ဘူးထင်တယ်ဗျ၊ ကျုပ်တစ်ယောက်တည်း ဘုရားဖူးပြီး နည်းနည်းပါးပါးလည်ပြီးတော့ နေ့လည်စာအမီအိမ်ကိုပြန်သွားတာပေါ့ဗျာ၊ နေ့လည်စာ စားသောက်ပြီးတော့ ဦးဘသာကြီးက ကျုပ်ကိုအိပ်ခိုင်းတယ်။

“အိပ်ထားကွ၊ ဒီညတော့ မင်းအိပ်ရမှာမဟုတ်ဘူး၊ တော်ကြာ သချိုင်းထဲရောက်တော့မှ အိပ်ချင်နေအုံးမယ်”

သူလည်း ကုတင်ပေါ်ပြန်အိပ်တယ်၊ ကျုပ်လည်း ပြန်လှဲလိုက်တာပေါ့ဗျာ၊ တစ်ညလုံး အိပ်ထားတာဆိုတော့ ဘယ်အိပ်ပျော်ပါ့မလဲ၊ ကျုပ်လည်း တောင်တွေး မြောက်တွေး တွေးပြီးတော့ ညနေစောင်းလောက်မှ မှေးခနဲအိပ်ပျော်သွားတာပေါ့ဗျာ။

“ဟေ့ကောင် ထထ၊ ညနေစောင်းနေပြီ”

ဦးဘသာကြီးနှိုးမှ ကျုပ်နိုးတာဗျို့၊ ညနေ ငါးနာရီတောင်ထိုးတော့မယ်၊ ကျုပ်တို့လည်း ရေမိုးချိုးပြီးတော့ အဝတ်အစားတွေလဲလိုက်တယ်၊ ညနေငါးနာရီခွဲလောက်ကျတော့ ကုလားမကြီး မာယာက ကျုပ်တို့ကို ထမင်းဟင်းတွေ ပြင်ပေးတယ်၊ ကျုပ်တို့စားသောက်ပြီးတော့ ခြောက်နာရီထိုးတော့မယ်ပေါ့ဗျာ၊ အိမ်ကနေ လွယ်အိတ်ကိုယ်စီလွယ်ပြီး ထွက်လာခဲ့တာပေါ့၊ ကုလားမကြီးက ကျုပ်တို့ကို အားကိုးတကြီးနဲ့ကြည့်တယ်။

“စိတ်မပူပါနဲ့၊ ငါ့အကြောင်း နင်သိပါတယ်”

ဦးဘသာကြီးက တစ်ခွန်းပဲပြောပြီး ထွက်လာခဲ့လိုက်တယ်၊ အပြင်မှာ တော်တော်မှောင်နေပြီဗျ၊ ဆောင်းတွင်းဆိုတော့ နေဝင်စောတယ်လေ၊ ကျုပ်တို့လည်း သုဿန်ကိုလမ်းလျှောက်လာတာပေါ့ဗျာ၊ မြိုင်သာသုဿန်က မြိုင်သာမြို့နဲ့ နည်းနည်းလှမ်းတယ်ဗျ၊ မြို့ကနေ နှစ်မိုင်၊ သုံးမိုင်လောက်ဝေးတယ်၊ ကျုပ်တို့ကားလမ်းအတိုင်းလမ်းလျှောက်လာပြီး ညခုနစ်နာရီခွဲလောက်ရောက်တော့ သုဿန်ကြီးအရှေ့ကိုရောက်ခဲ့တယ်၊ သုဿန်ကြီးတစ်ခုလုံးက သစ်ပင်ကြီးတွေအုပ်ဆိုင်းနေပြီး မှောင်အတိကျနေတာပေါ့ဗျာ။

ဦးဘသာကြီးပါတယ်ဆိုပေမယ့်လည်း ကျုပ်ကတော့ ခပ်လန့်လန့်ရယ်ဗျ၊ သုဿန်ထဲကို ညကြီးအချိန်မတော် ဝင်ရတာလေဗျာ၊ အုတ်ဂူတွေကလည်း တန်းစီနေတာပဲ၊ မြေပုံတွေကလည်း ဟိုနားတစ်စု၊ ဒီနားတစ်စုနဲ့ဗျို့၊ ကျုပ်ဖြင့် ဟိုကြားထဲက သရဲကြီးထွက်လာမလား၊ ဒီကြားထဲက မကောင်းဆိုးဝါးကြီးထွက်လာမလားဆိုပြီး တွေးကြောက်နေမိတာ။

ကျုပ်တို့နှစ်ယောက်စလုံးမှာ မီးရောင်မပါတော့ ညအမှောင်ထဲ စမ်းရင်းလျှောက်ရတာပေါ့ဗျာ၊ နောက်တော့ သုဿန်အလယ်က ဇရပ်ကလေးနားကိုရောက်ခဲ့တယ်၊ ဇရပ်က လူသေတွေကို သရဏဂုံတင်တဲ့ ဇရပ်ပေါ့ဗျာ၊ ဇရပ်အရှေ့မှာတော့ ပေနှစ်ဆယ်လောက်ကျယ်တဲ့ မြေကွက်လပ်ကလေးတစ်ခုရှိတယ်၊ အဲဒီမြေကွက်လပ်ဘေးနားမှာတော့ လူကြီးသုံးဖက်စာလောက်ရှိတဲ့ လက်ပံပင်ကြီးတစ်ပင်ရှိတယ်ဗျ၊ လက်ပံပင်ကြီးက ပင်စည်ကလည်းကြီးသလောက် တော်တော်လည်းမြင့်တတယ်ဗျို့၊ ညအမှောင်ထဲဆို သရဲကြီးတစ်ကောင် မတ်တပ်ရပ်နေတာနဲ့ကို တူနေတာ။

ဦးဘသာကြီးက လက်ပံပင်ကြီးအောက်မှာ သွားထိုင်နေတယ်ဗျာ၊ ကျုပ်လည်း သူ့အနားက မခွာရဲဘူးပေါ့ဗျာ၊

“တောက်၊ ဓါတ်မီးလေးတစ်လက်လောက် တောင်းယူလာခဲ့ရမှာဗျာ”

“ငါ့မှာ ဆီမီးခွက် ပါပါတယ်ကွ၊ တမင်သက်သက်မထွန်းတာ”

“ဒီလောက်မှောင်နေတာကို ထွန်းပါလား ဦးဘသာရဲ့”

“နေစမ်းပါကွာ၊ သချိုင်းကုန်းဆိုတာ ပရလောကသားတွေစုဝေးတတ်တဲ့နေရာကွ၊ တချို့ပရလောကသားတွေက မီးရောင်ကိုကြောက်တယ်၊ ဒီတော့ မီးထွန်းလိုက်ရင် သူတို့ကိုအနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ကွ”

ကျုပ်လည်း ဘာမှဆက်မပြောရဲတော့ဘူး၊ ဦးဘသာလက်က နာရီကိုကြည့်လိုက်တော့ အချိန်က ည(၈)နာရီတောင် မထိုးသေးဘူးဗျာ၊ ညည့်နက်သန်းခေါင်မှာ အောက်လမ်းဘသော်က လာမှာဆိုတော့ ကျုပ်တို့ တော်တော်စောင့်ရအုံးမှာပေါ့။ ခြင်ကလည်း ဘာကိုက်သလဲမမေးနဲ့ဗျာ၊ ထိုင်နေရင်းနဲ့ တဖြတ်ဖြတ်ကိုရိုက်နေရတာ၊ နောက်ဆုံးမခံနိုင်တော့လို့ ပုဆိုးကိုခေါင်းမြီးခြုံလိုက်ရတယ်၊ လွယ်အိတ်ထဲမှာပါလာတဲ့ ပုဆိုးတစ်ထည်ကိုထုတ်ပြီး ဝှေ့ယမ်းနေမှ နေသာထိုင်သာရှိတာဗျ။

“ဟေ့၊ ငါ့ဆီမှာ ဆေးလိပ်ပါတယ် မင်းသောက်မလား၊ ခြင်ကိုက်ရင် ဆေးလိပ်ဖွာရတယ်ကွ၊ အဲဒါဆို ခြင်ပြေးတယ်”

ကျုပ်က ပုံမှန်ဆို ဆေးလိပ်တို့ ကွမ်းယာတို့ စွဲစွဲမြဲမြဲမစားတတ်၊ မသောက်တတ်ပါဘူးဗျာ၊ တစ်ခါတစ်လေ သောက်ချင်စိတ်ဖြစ်မှာ သောက်ဖြစ်တာ၊ အဲဒီညကတော့ ခြင်ကလည်းကိုက်တယ်၊ သရဲကလည်း ကြောက်နေတာဆိုတော့ ဆေးလိပ်သောက်ချင်လာတယ်ဗျာ၊ ဒါနဲ့ ခေါင်းညိတ်လိုက်တော့ ဦးဘသာကြီးက ဆေးပေါ့လိပ်ရယ် မီးခတ်ရယ် ထုတ်ပေးတယ်။

ဆေးပေါ့လိပ်ကလည်း သတင်းစာ စာရွက်နဲ့လိပ်ထားတဲ့ ဆေးလိပ်ကြီးပါဗျာ၊ ကျုပ်တို့ဒေသအခေါ် ဆေးခါးလိပ်လို့ခေါ်တယ်၊ အထဲမှာ ဆေးတွေထည့်ထားတာများတော့ ဆေးလိပ်ကြီးကလည်း လက်မလုံးလောက်တုတ်တယ်ဗျို့၊ ဆေးပေါ့လိပ်ကျတော့ သနပ်ဖက်နဲ့လိပ်ပြီး ဆေးကိုခပ်ပေါ့ပေါ့ပဲထည့်ထားတာမဟုတ်လား။ စီးကရက်ဆိုတာ ကျုပ်တို့ဖက်မှာ သူဌေးတွေသာ သောက်နိုင်ကြတာ၊ အရမ်းရှားတာပေါ့ဗျာ။

မီးခတ်ဆိုတာကလည်း မီးခြစ်ပါပဲ၊ ဒါပေမယ့် ခုခေတ်လို ဂတ်စ် မီးခြစ်မဟုတ်ဘူးဗျ၊ ကြေးနဲ့လုပ်ထားတဲ့ မီးခြစ်ထဲကို ဓါတ်ဆီထည့်ပြီး မီးစာလဲထည့်ရတယ်၊ နောက်တော့ ကျောက်နဲ့ခတ်ယူတဲ့ဟာဗျာ၊ ပဲခူးဖက်ကထွက်တဲ့ ဖလေးမီးခြစ်ဆိုတာ နာမည်ကြီးတာပေါ့ဗျာ၊ ပြီးတော့လည်း ခုခေတ်လို တစ်ချက်ခတ်ရင် တစ်ချက်မီးတောက်တဲ့ခေတ်မဟုတ်ဘူးဗျ၊ မီးတစ်ချက်တောက်ဖို့ကို ဆယ်ချက်လောက်ခတ်ရတာ၊ ရေစိုရင်တော့ သွားတာပဲပေါ့ဗျာ။

မီးခတ်နဲ့ မီးခတ်ပြီးတော့ ဆေးခါးလိပ်ကြီးကို မီးတို့ပြီး သုံးလေးဖွာလောက်ဖွာထုတ်လိုက်တယ်၊ ဆေးလိပ်ငွေ့တွေဆိုတာ မီးခိုးခေါင်းတိုင်ကြီးလို ထွက်တာဗျ၊ ဘယ်လိုလူတွေ ဆေးခါးလိပ်ကြိုက်သလဲတော့မသိဘူး ကျုပ်ကတော့ မီးခိုးအထွက်များပြီး အရသာကလည်း ခါးသက်သက်ပြင်းပြင်းကြီးမို့ မကြိုက်ပါဘူးဗျာ။

ဒါပေမယ့် ဟန်တော့ကျတယ်ဗျ၊ မီးခိုးငွေ့တွေနဲ့ ခြင်တွေကိုပတ်မှုတ်လိုက်တာ ဆေးလိပ်တစ်ဝက်မကျိုးခင်မှာပဲ ခြင်တွေလစ်ရောဗျို့၊ ကျုပ်လည်း မသောက်ချင်ပေမယ့် ခြင်ကိုက်မှာစိုးလို့ ဆက်ဖွာနေတော့တာပေါ့ဗျာ။

ဒီအချိန် ကျုပ်တို့ထိုင်နေတဲ့ လက်ပံပင်ပေါ်က ငှက်ဆိုးထိုးသံ ကြားလိုက်ရတယ်ဗျ၊ သုံးချက်တိတိထိုးတာဗျာ၊ ကျုပ်ဖြင့် လန့်ပြီးတစ်ကိုယ်လုံး တုန်တက်သွားတာပဲ၊ ဦးဘသာကြီးကတော့ ဘာမှမဖြစ်တဲ့ပုံပဲ။

“ဦးဘသာ၊ ဇရပ်ထဲသွားထိုင်ရအောင်ဗျာ၊ ခုနက ငှက်ဆိုးထိုးသွားတာ ခင်ဗျားကြားတယ်မဟုတ်လား၊ ငှက်ဆိုးသုံးချက်ထိုးရင် ကံဆိုးပြီး သေတတ်တယ်တဲ့ဗျ”

“မင်းနှယ်ကွာ၊ လင်ကောင်ပိုးဆိုတဲ့ငှက်က ညဘက်အစာရှာတဲ့ငှက်ကွ၊ သူ့ဖာသာအစာရှာရင်း အော်တာပါကွာ၊ သိပ်အစွဲအလန်းမထားပါနဲ့”

ဒါမျိုးကျတော့ ဦးဘသာက မယုံဘူးဗျာ၊ ကျုပ်လည်း ဆက်ထိုင်နေတုန်း လက်ပံပင်ပေါ်က တရှဲရှဲနဲ့ဖြစ်လာတာဗျာ၊ ကျုပ်မော့ကြည့်လိုက်တော့ သစ်ရွက်တွေကြားကနေ မည်းမည်းအကောင်ကြီးတစ်ကောင် ဆင်းလာတာဗျို့၊ လူနဲ့တော့ တူတယ်ဗျ၊ သစ်ပင်ကြီးမှာ တောက်တဲ့လိုတွယ်ကပ်ပြီးဆင်းလာတာ၊ နောက်ပြီး ကျုပ်ဘေးနားကို ဘုတ်ခနဲခုန်ချလိုက်တာပေါ့။

ကျုပ်ဆိုလှုပ်တောင်မလှုပ်ရဲဘူးဗျာ၊ အဲဒီအကောင်ကြီးကို ကျုပ်ကျောပေးထားပြီးဆက်ထိုင်နေလိုက်တာ၊ ဦးဘသာကြီးကတော့ ကျုပ်ကိုကြည့်နေတယ်ဗျ၊ ဒီအချိန်မှာကျုပ်ပုခုံးပေါ်ကို လက်ကြီးတစ်ဖက်က လာပုတ်တာဗျာ၊ လက်ကြီးကလည်း လက်ကြမ်းကြီး။

“ဟေ့၊ မင်းလက်ထဲက ဆေးလိပ်လိုချင်တာကွ၊ ပေးလိုက်စမ်းပါကွာ”

ကျုပ်လည်း လှည့်မကြည့်ဘဲ ဆေးလိပ်ကို နောက်ပြန်ပေးလိုက်တော့ တစ်ဝက်နီးပါးကျန်သေးတဲ့ဆေးခါးလိပ်ကြီးကိုယူပြီးတော့ သစ်ပင်ပေါ်ကို ပြန်ပြေးတက်သွားတာဗျာ၊ ကျုပ်မှာတော့ ရင်တုန်လို့သေတော့မယ်။

“မကြောက်ပါနဲ့ကွ၊ တကယ်တော့ သရဲဆိုတာ သနားဖို့ကောင်းပါတယ်”

“ဦးဘသာကြီးသာ သနားဗျာ၊ ကျုပ်ကတော့ ကြောက်လို့သေတော့မယ်”

ကျုပ်လည်း လက်ပံပင်ပေါ်တစ်ချက်မော့ကြည့်လိုက်တော့ လက်ပံကိုင်းပေါ်ကနေ ဆေးလိပ်မီးက ရဲခနဲဖြစ်ဖြစ်သွားပြီးတော့ မီးပွားတွေကလည်း တဖွားဖွားကျနေသေးတာဗျာ။ ကျုပ်ကြောက်မှန်း သိတော့ ဦးဘသာကြီးက

“ကဲ သချိုင်းက အကောင်တွေ၊ ငါ့ကောင်လေးကို မပြကြနဲ့ဟေ့”

ဦးဘသာကြီးအော်လိုက်တော့မှ နေသာထိုင်သာရှိသွားတာပေါ့ဗျာ။

“ဒါနဲ့ ဦးဘသာကြီးတို့စုန်းတွေက ပညာပြိုင်ရင် ဘာလို့သချိုင်းကုန်းမှာပဲ ပြိုင်ကြတာလဲ၊ အဲဒီမှာပဲ ပြိုင်ဖို့ စည်းကမ်းထုတ်ထားလို့လား”

“မဟုတ်ဘူးကွ၊ ရပ်ထဲရွာထဲကျတော့ ရွာတော်ရှင်တွေရှိတယ်၊ လမ်းတွေ၊ ခြံတွေမှာလည်း မမြင်နိုင်တဲ့အစောင့်တွေ၊ နတ်တွေ၊ နာနာဘာဝတွေရှိတတ်တယ်ကွ၊ ဒါကြောင့် ပြိုင်လို့မဖြစ်တာ၊ သချိုင်းကုန်းကျတော့ သချိုင်းစောင့်လောက်ပဲရှိတာ၊ နောက်ပြီး သချိုင်းကုန်းဆိုတာ လူရှင်းတယ်မဟုတ်လားကွ၊ စုန်းတွေ ကဝေတွေဆိုတာလည်း လူသိမခံချင်ဘူးဆိုတော့ လူရှင်းတဲ့နေရာမှာလာလုပ်တဲ့သဘောပေါ့ကွာ၊ စည်းကမ်းရယ်လို့တော့ မဟုတ်ပါဘူး”

(၄)

ညဆယ့်တစ်နာရီခွဲတော့ သုဿန်ထဲကို လူနှစ်ယောက်ဝင်လာတယ်ဗျ၊ သူတို့က မီးခွက်ကလေးတစ်ခုကိုင်ထားတယ်။ အရှေ့ကတော့ ကျုပ်တို့မျှော်နေတဲ့ အောက်လမ်းဘသော်ပေါ့ဗျာ၊ အကျီအနက်ဝတ်ထားပြီး အောက်ကလည်း ယောပုဆိုးလို ပုဆိုးတစ်ထည်ဝတ်ထားတာ၊ လက်မှာလည်း မီးခွက်ကြီးကိုင်လို့ပေါ့၊ အနောက်မှာတော့ ကောင်မလေးတစ်ယောက်ဗျ၊ ကျုပ်သေချာကြည့်တော့မှ သူ့ဟောခန်းက စာရေးမလေးဖြစ်နေတာ၊ ကောင်မလေးက အစိမ်းရောင်ဝမ်းဆက်ဝတ်ထားပြီး လွယ်အိတ်အနက်တစ်လုံးကိုလွယ်ထားတယ်ဗျ။ ကျုပ်ကိုတွေ့တော့ ကောင်မလေးက မျက်စောင်းထိုးကြည့်တယ်။

“ဟေ့လူ၊ ကျုပ်တို့ရောက်ပြီ”

အောက်လမ်းဘသော်က ကျုပ်ကိုကြည့်ပြီးပြောတာဗျ၊ ကျုပ်လည်း လန့်လန့်နဲ့ လက်ကာလိုက်ပြီး

“ကျုပ်ပြောတာမဟုတ်ပါဘူးဗျာ၊ ခင်ဗျားနဲ့ပြိုင်မယ်ဆိုတာ ဟောဟိုက အဘကြီးပြောတာပါ”

အောက်လမ်းဘသော်မျက်နှာက ခက်ထန်နေတယ်ဗျ။

“သိသွားပဲ၊ မင်းကိုငါတွေ့ကတည်းက မင်းလိုကောင်က ငါ့ကိုစိန်ခေါ်နိုင်မယ့်အကောင်မဟုတ်ဘူးဆိုတာ သိပြီးသားပဲ”

ကျုပ်လည်းရင်ထဲက အလုံးကြီးကျသွားတာပေါ့ဗျာ။

“မသိပါဘူးဗျာ၊ ခင်ဗျားက ကျုပ်စိန်ခေါ်တယ်လို့ ထင်နေမှာစိုးလို့”

“မင်းအရူးလားကွ၊ မင်းပဲ ငါ့ဟောခန်းကိုဝင်လာတော့ ကျုပ်ကိုလူတစ်ယောက်က ပြောခိုင်းတာကိုလာပြောတာဆိုပြီးပြောခဲ့တယ်လေကွာ၊ ငါက ဦးနှောက်မရှိလို့ မင်းစိန်ခေါ်တယ်လို့ ထင်ရမှာလားကွ”

ကျုပ်လည်းခေါင်းကုပ်နေလိုက်တယ်၊ ဦးဘသာကြီးက လက်ကလေးအနောက်ပစ်ပြီးတော့ ထွက်လာခဲ့တယ်။

“မင်းကိုတစ်ယောက်တည်းလာဖို့ ငါပြောထားတယ်မဟုတ်လား”

“စိတ်မပူပါနဲ့၊ ခင်ဗျားနဲ့ကျုပ်နဲ့ နှစ်ယောက်တည်းရှင်းမှာပါ၊ ဒါက ကျုပ်တပည့်မလေးပါ၊ သူကလည်း ပညာယူချင်လို့ဆိုပြီးလိုက်လာတာ၊ သူက ခြောက်ကြိုးအောင်သွားပြီ ရှေ့နှစ်လဆို ခုနစ်ကြိုးတက်တော့မှာ”

ကျုပ်လည်းလန့်သွားတာပေါ့ဗျာ၊ ကျုပ်ထက် အသက်ငယ်ပြီး ရုပ်လည်းချောတဲ့ကောင်မလေးက ခြောက်ကြိုးစုန်းမကြီးမဟုတ်လားဗျာ။ ဦးဘသာကြီးက ရယ်မောလိုက်ပြီးတော့

“မင်းရဲ့တပည့်လား၊ မင်းရဲ့ အမြှောင်မယားလားကွ၊ ဘာလဲကွ တစ်ချိန်ကျရင် သူ့ကို မင်းရဲ့တခြားအမြှောင်မယားတွေလိုပဲ သတ်ပစ်ပြီးတော့ သရဲအဖြစ်ပြန်မွေးထားမလို့လား”

ဦးဘသာပြောလိုက်တော့ အောက်လမ်းဘသော်က အရမ်းဒေါသထွက်သွားပုံရတယ်ဗျ၊ မျက်နှာကြီးကို နီရဲပြီးတက်လာတာ။ မျက်စောင်းကြီးလည်းခဲလို့ဗျာ။

“အပိုတွေမပြောနဲ့၊ ခင်ဗျားနဲ့ကျုပ် ဘယ်တော့စမလဲ”

“ဘသော်ရာ မင်းငါ့အကြောင်းသိပြီးဖြစ်မှာပါ၊ ငါကလည်း မင်းငါ့ကို ထိကပါးရိကပါး လာစော်ကားတာကို မလုပ်ချင်လို့ကြည့်နေခဲ့တာကွ၊ ငါမင်းကို မနိုင်လို့ငြိမ်နေတာမဟုတ်ဘူး”

“ဒါဆိုရင်လည်း လာလေဗျာ၊ ကျုပ်တို့တစ်ပွဲတစ်လမ်း စမ်းရအောင်”

ဦးဘသာကြီးက ခေါင်းညိတ်ပြီးတော့ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ဗျ။

“ကျုပ်တို့နှစ်ယောက် ဒီနေရာ ဒီကွင်းပြင်မှာ ပညာပြိုင်ကြပါမယ်၊ မလွတ်တဲ့နာနာဘာဝများ ခဏလောက် ရှောင်ရှားပေးကြပါ”

ဦးဘသာကြီး အော်လိုက်တယ်ဆိုရင်ပဲ သုဿန်ပတ်ပတ်လည်က သစ်ပင်တွေက တဖြန်းဖြန်းနဲ့လှုပ်ခတ်သွားကြတယ်ဗျာ၊ ကျုပ်ဖြင့်ကြောက်လိုက်တာ။ ပြီးတာ့ ဦးဘသာကြီးက သူ့လွယ်အိတ်ထဲက ဆီမီးခွက်ကလေးထုတ်တယ်၊ နောက်တော့ ပုလင်းကလေးတစ်လုံးနဲ့ ဆီမီးခွက်ထဲကို ဆီတွေလောင်းထည့်တယ်၊ ပြီးတော့ မီးစာကြိုးကလေးတပ်ပြီးတော့ မီးခတ်နဲ့ခတ်ပြီး ဆီမီးခွက်ကလေးကို ထွန်းလိုက်ပါရောဗျာ။

“ကဲ ငါကစိန်ခေါ်သူဆိုတော့ ငါကပဲ နည်းလမ်းရွေးမယ်ကွာ၊ ဟောဟို ကောင်လေးကို တစ်နာရီအတွင်း မင်းကြိုက်တဲ့အတိုက်နဲ့ တိုက်စမ်းကွာ၊ ငါရအောင်တားမယ်”

ဦးဘသာကြီးက ကျုပ်ကိုလက်ညှိုးထိုးပြီးပြောတော့ ကျုပ်ဖြင့်လန့်သွားတာပဲ။

“ဦး၊ ဦးဘသာကြီး ကျုပ်ကို စနေတာမဟုတ်ပါဘူးနော်”

“ဒီတစ်ခါတော့ ငါမစနောက်ပါဘူးကွာ၊ မင်းကိုခေါ်လာတယ်ဆိုတာကလည်း ဒီအတွက်ပဲကွ၊ ငါက စုန်းဆိုတော့ အောက်လမ်းဘသော်က ငါ့ကိုဘယ်လိုလုပ်ပြီးတော့ တိုက်လို့ရမှာလည်း၊ ဒါကြောင့် မင်းကိုပညာပြိုင်တဲ့နေရာမှာ သုံးရအောင်ခေါ်လာတာကွ၊ ငါ့ကို ကူညီစမ်းကွာ”

အောက်လမ်းဘသော်ရဲ့ တပည့်မလေးက အရှေ့ကိုထွက်လာပြီး မြေကွက်လပ်အလယ်လောက်မှာ စည်းဝိုင်းကလေးတားတယ်ဗျာ၊ စည်းဝိုင်းကတော့ လူတစ်ယောက်ဝင်စာလောက်ပဲရှိတာပေါ့။ ဦးဘသာကြီးကလည်း ကျုပ်ကို အဲဒီစည်းဝိုင်းထဲဝင်ရပ်ခိုင်းတယ်၊ ကျုပ်လည်း ကြောက်လွန်းလို့ ဒူးတွေတုန်နေတာပေါ့ဗျာ။ မရပ်လို့လည်း မရတော့ဘူးမဟုတ်လား၊ စုန်းမလေးက ကျုပ်လက်ကိုဆွဲပြီးတော့ အဲဒီစည်းဝိုင်းထဲကို အတင်းဆွဲပို့တာပေါ့၊ နောက်တော့ သူက ဘသော်အနောက်ကိုသွားပြီး စောင့်ကြည့်နေတယ်၊ ဘသော်က စုန်းမလေးဆီကနေ သူ့လွယ်အိတ်အနက်ကြီးကို တောင်းလိုက်တယ်။

နောက်တော့ မြေပေါ်မှ ဖယောင်းတိုင်တွေထွန်းတယ်၊ ဖယောင်းတိုင်က ဝါဆိုဖယောင်းတိုင်လို အကြီးကြီးတွေဗျ၊ တစ်တိုင်ကအနက်၊ နောက်တစ်တိုင်ကတော့ အဖြူ၊ နောက်တစ်တိုင်ကတော့ အနီဗျာ၊ စုစုပေါင်း သုံးတိုင်ပေါ့။ အမွှေးတိုင်တွေလည်းထွန်းတယ်၊ အင်းတွေဘာတွေချတယ်ဗျာ၊ မြေဖြူမှုန့်လို အမှုန့်တွေနဲ့လည်း ကြဲပက်နေတာ စုံနေတာပါပဲ၊ ကျုပ်လည်း မတ်တပ်သာရပ်နေရတာ ဒူးတွေတဆတ်ဆတ်နဲ့ တုန်နေတာပေါ့ဗျာ။ ခင်ဗျားတို့ဆိုလည်း မကြောက်ဘဲနေမလား၊ အောက်လမ်းဆရာကြီးက ကျုပ်ကိုရှေ့ထားပြီးတော့ အတိုက်ပေါင်းစုံ တိုက်တော့မှာလေဗျာ၊ ကျုပ်လည်း မယုံသင်္ကာနဲ့ ဦးဘသာကြီးကိုလှည့်ကြည့်လိုက်တော့ ဦးဘသာကြီးက ကွမ်းအစ်ထဲက ကွမ်းရွက်တွေထုတ်ပြီး အေးအေးလူလူကွမ်းယာနေတာဗျာ၊။

“ကဲ စပြီဟေ့”

အောက်လမ်းဘသော်က သူ့လက်ဝါးထဲကို ငွေရောင်ပြောင်လက်နေတဲ့ လိပ်ပုံကလေးကို ထည့်လိုက်ပြီး တစ်ခုခုမန်းမှုတ်တယ်ဗျ၊ နောက်တော့ သူ့လက်ဝါးတစ်ဖက်နဲ့ လိပ်ရုပ်ကလေးကို ဖြောင်းခနဲရိုက်ထည့်လိုက်ပြီးတော့ လိပ်ရုပ်ကလေးကို မြေပေါ်ကို ပစ်ချလိုက်ပါရော၊ လိပ်ရုပ်ကလေးက မြေပေါ်လည်းရောက်ရော တကယ့်လိပ်ကလေးကို အသက်ဝင်ပြီးတော့ ကျုပ်ဆီကိုပြေးလာတာဗျာ၊ လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ ယက်ကန် ယက်ကန်လုပ်ပြီး မြန်တာကလည်း အတော်မြန်တယ်၊ ကျုပ်လည်း ထွက်ပြေးရကောင်းမလားဆိုပြီး စဉ်းစားနေတုန်းမှာပဲ ကျုပ်ခြေထောက်အနားက စည်းဝိုင်းအနားကိုရောက်လာတယ်၊ လိပ်ရုပ်ကလေးက စည်းဝိုင်းကိုနင်းမိလိုက်တယ်ဆိုရင်ပဲ ဖြောင်းခနဲအသံကြီးကြားလိုက်ရပြီး လိပ်ရုပ်ကလေးက လွင့်ထွက်သွားတယ်၊ မြေပေါ်ကိုကျတော့ စာရွက်လိုဖြစ်သွားပြီး ငြိမ်သက်သွားတယ်ဗျ။

ကျုပ်လည်း ဦးဘသာကြီးကိုကြည့်လိုက်တော့ ဘာမှမလုပ်ဘူးဗျာ၊ ကွမ်းရွက်ကိုသေချာဖြန့်ပြီး ထုံးကိုစိမ်ပြေနပြေ ထိုင်သုတ်နေတာ၊ ကျုပ်ကိုတောင်တစ်ချက်လှည့်မကြည့်ဘူး။ အောက်လမ်းဘသော် မျက်နှာတစ်ချက်ပျက်သွားတာပေါ့ဗျာ၊

“ကိုင်း၊ ဒီလောက်တောင် ရှိလှတာ”

အောက်လမ်းဘသော်က ကြိမ်းဝါးလိုက်ပြီးတော့ အိတ်ထဲကနေပြီး အင်းချပ်ထုပ်တစ်ထုပ်ယူလိုက်တယ်ဗျ၊ အင်းချပ်တွေက စက္ကူအဖြူကို လူပုံစံညှပ်ထားတဲ့ အင်းချပ်တွေဗျာ၊ အဲဒီအင်းတွေကို မန်းမှုတ်ပြီး မြေကြီးပေါ်ကိုပစ်ချလိုက်တော့ အဲဒီလူရုပ်ကလေးတွေက ကျုပ်ဆီကို အုံလိုက်ကျင်းလိုက် ပြေးဝင်လာကြတာဗျာ၊ ကျုပ်ဖြင့် ဘယ်နှရုပ်ရှိမှန်း မရေတွက်နိုင်တော့ပါဘူးဗျာ၊ များတာတော့ များတယ်ဗျို့၊ အဖြူရောင်လူရုပ်ကလေးတွေက မြေပြင်ပေါ်မှာ ဖွေးဖွေးလှုပ်ပဲ၊ ကျုပ်စိတ်ထင် ငါးဆယ်လောက်တော့ရှိမယ်ထင်တယ်။ အဲဒီလူရုပ်ကလေးတွေပြေးလာပြီး ကျုပ်ခြေထောက်နားကိုရောက်တော့ ဦးဘသာကြီးက လေနဲ့တစ်ချက် ဝှူးခနဲမှုတ်လိုက်တဲ့အသံကိုကြားတယ်၊ ထိုင်ရာကနေတော့ မထဘူးဗျို့၊ ဒီအချိန်မှာပဲ ကျုပ်ခြေထောက်နားရောက်နေတဲ့ လူရုပ်ကလေးတွေက လေနဲ့အမှုတ်ခံရသလိုမျိုး လဲကျသွားကြတာဗျာ၊ ပြန်မထလာတော့ဘူး၊ အောက်လမ်းဘသော်ဆိုရင် ဒေါသတွေထွက်ပြီးတော့ မြေကြီးကို ဖနောင့်နဲ့ပေါက်နေတာဗျို့။

အောက်လမ်းဘသော်က မြေလျှိုးအင်းဆိုတဲ့ အင်းကိုထုတ်တယ်ဗျ၊ သတ္တုပြားတစ်ခုပါပဲဗျာ၊ ဒန်လိုလို သံဖြူလိုလို သတ္တူဖြူဖြူကလေးပါ၊ အရွယ်အစားကတော့ လက်တစ်ဝါးလောက်ပဲရှိတယ်ဗျ၊ အဲဒီအင်းကို မန်းမှုတ်ပြီး မြေပေါ်ကိုချလိုက်တယ်ဆိုရင်ပဲ အင်းက မြေကြီးထဲကို တွင်းတူးပြီးဝင်သွားရောဗျို့၊ နောက်တော့ မြေအောက်မှာသွားနေတာကို အတိုင်းသားမြင်ရတယ်၊ သူသွားနေတဲ့နေရာမှာ မြေကြီးက ကြွတက်လာပြီး စွပ်ကြောင်းကြီးဖြစ်နေတာပေါ့ဗျာ၊ ခင်ဗျားတို့ ပွေးတို့၊ ကြွက်တို့ မြေကြီးထဲတိုးတာကို မြင်ဖူးတယ်ဆိုရင် အဲဒီလိုအတိုင်းပဲဗျာ။

ဒါပေမယ့် အဲဒီအင်းလည်း ကျုပ်အနားရောက်တော့ တဝဲလည်လည်ဖြစ်နေတယ်၊ မြေကြီးတွေပွနေတာ မြင်မကောင်းဘူးဗျို့၊ ကျုပ်ရှေ့မြေကြီးမှာ လည်ပတ်နေရင်း ခဏကြာတော့ ဝုန်းခနဲအသံကြီးမြည်ပြီးတော့ မြေကြီးတွေဖွာလန်ကျဲသွားတယ်ဗျာ၊ အဲဒီအင်းလဲ မြေအောက်ကနေထွက်လာတာပေါ့ဗျာ၊ ထူးဆန်းတာကတော့ သတ္တုအင်းပြားကလေးရဲ့ အလည်တည့်တည့်မှာ လက်နှစ်လုံးလောက်ရှိတဲ့ အပေါက်ကြီးပေါက်နေတာပါပဲ။

အောက်လမ်းဘသော် တော်တော်ထိတ်လန့်နေမှန်း သူ့မျက်နှာကိုကြည့်ပြီး သိလိုက်တယ်ဗျ၊ နောက်တော့ အပ်တွေထုတ်ပါလေရော၊ အပ်က ဖျာချုပ်တဲ့အပ်လို ခပ်ကြီးကြီးဗျ၊ အပ်တစ်စင်းကို နှစ်လက်မခွဲလောက်ရှိတယ်၊ အပ်တွေကို မန်းမှုတ်ပြီး လေပေါ်ပစ်တင်လိုက်တော့ အပ်တွေက မိုးပေါ်ကနေ ပြန်မကျဘဲ ပိတုန်းတွေလို တဝီဝီအသံမြည်ပြီး လေပေါ်မှာရစ်ဝဲနေတာဗျာ၊ ကြည့်နေတဲ့ကျုပ်တောင်မှ တော်တော်လန့်တယ်၊ အပ်ကိုးစင်းကိုပစ်တင်ပြီးတော့ ကျုပ်ဆီကိုလွှတ်လိုက်ပြန်ရော၊ အပ်တွေက တခြားအင်းတွေလိုမဟုတ်ဘဲ ပျံတာတော်တော်မြန်တယ်ဗျာ၊ ကျုပ်လည်း လန့်ပြီးမျက်လုံးတွေမှိတ်ထားလိုက်မိတယ်၊ အပ်တွေက ကျုပ်ခေါင်းနားမှာ တဝီဝီနဲ့လှည့်ပတ်ပျံနေတာပဲဗျို့၊

ကျုပ်လည်း တော်တော်ကြာတဲ့အထိ အသံတွေပဲကြားနေရတာမို့လို့ မဝံ့မရဲနဲ့မျက်လုံးဖွင့်ကြည့်တော့ အပ်တွေက ကျုပ်ခေါင်းနားမှာ ပျံနေသေးတာဗျာ၊ ဦးဘသာကြီးက ချောင်းတစ်ချက်ဟန့်လိုက်တယ်ဆိုရင်ပဲ အပ်တွေက ကျုပ်ဆီကနေပျံထွက်သွားပြီးတော့ ဘသော်တို့ဆီကို ပျံဝင်သွားတာဗျာ၊ ဘသော်က ဘာမှန်းတော့မသိဘူး တစ်ခုခုအော်လိုက်တယ်ဆိုရင်ပဲ အပ်တွေက မြေပေါ်ကို ပြုတ်ကျသွားပါရော၊ ဘသော်မန္တန်ရွတ်ပုံရပါတယ်၊ သူလည်း ရွတ်တာမြန်လို့ဗျ၊ အပ်တွေက သူ့လက်တစ်ကမ်းအနားကိုရောက်နေပြီ”

ဦးဘသာကြီးကတော့ ကွမ်းတွေ ပလုပ်ပလောင်းဝါးနေရင်းနဲ့

“လုပ်စမ်းပါ ဘသော်ရဲ့၊ အခုမှ ဆယ်မိနစ်လောက်ရှိသေးတာ”

အောက်လမ်းဘသော်က တောက်တစ်ချက်ခေါက်ပြီးတော့ မြေကြီးပေါ်ထိုင်ချတယ်ဗျ၊ လွယ်အိတ်ထဲကနေပြီးတော့ ပျဉ်ပြားအပိုင်းကလေးတစ်ခုထုတ်တယ်၊ နေုာက်ပြီးတော့ အဲဒီပျဉ်ပြားပေါ်မှာ မီးသွေးခဲလို ရှည်ရှည်အရာတစ်ခုနဲ့ အင်းတွေရေးနေတာပေါ့ဗျာ၊ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ရွတ်လို့ဗျ၊ အချိန်ကတော့ သန်းခေါင်ကျော်ပြီလို့ ထင်ရတာပဲ၊

ဆယ့်ငါးမိနစ်လောက်ကြာတော့မှ ရွတ်ဖတ်နေတာပြီးသွားတယ်ဗျ၊ ပြီးတာနဲ့ မတ်တပ်ရပ်ပြီး ကျုပ်ကိုလက်ညှိုးထိုးပါလေရော ပါးစပ်ကလည်း မန္တန်တွေရွတ်နေပြီးတော့ ဖနောင့်ကိုလည်း ကိုးချက်ပေါက်လိုက်သေးတယ်၊ ပြီးတော့ အင်းကွက်ကို သုဿန် အဝင်ဝဆီကိုလှမ်းပစ်လိုက်ပါရောဗျာ၊ ပြီးတော့ သူ့အိတ်ထဲက စီးကရက်ဘူးကိုထုတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ပြီး ဟန်ပါပါနဲ့သောက်နေတယ်ဗျ၊ ကျုပ်ကိုလည်း ပြုံးဖြီးဖြီးနဲ့ကြည့်နေတော့တာ၊ ကျုပ်ကလည်း သူ့ကိုမကြောက်တော့ဘူးဗျာ၊ သူလုပ်သမျှကို ဦးဘသာကြီးက ဖျက်နေပုံရတယ်လေ၊ ကျုပ်လည်း သူ့ကိုပြန်ပြီး မျက်စောင်းထိုးကြည့်နေတာပေါ့။

မကြာပါဘူးဗျာ၊ သုဿန်ပတ်ဝန်းကျင်တစ်ခုလုံး တရှဲရှဲနဲ့ ချုံတိုးသံတွေကြားရတယ်ဗျ၊ နောက်တော့ မဲမဲအကောင်ြဲကီးတွေက သုဿန်ထဲကို လာပါရော၊ အောက်လမ်းဘသော်ထွန်းထားတဲ့ ဖယောင်းတိုင်မီးတွေရယ်၊ ဦးဘသာကြီးထွန်းထားတဲ့ ဆီမီးအရောင်ရယ်ကြောင့် ကျုပ်တို့ပြိုင်နေတဲ့ ကွင်းကလေးတစ်ခုလုံးနီးပါးကို မြင်နေရတာပေါ့ဗျာ၊ မကြာပါဘူးဗျာ၊ အဲဒီအကောင်ကြီးတွေက ကျုပ်တို့ကွင်းကို ပတ်ပတ်လည်မတ်တပ်ရပ်လိုက်ကြတယ်၊ အကောင် တစ်ရာလောက်တော့ရှိမယ်ဗျို့၊ အနားရောက်တော့မှ လူသေကောင်ကြီးတွေဖြစ်နေတာဗျာ၊ ကျုပ်ဖြင့် လန့်ပြီး မေ့လဲမတတ်ဘဲ၊ ဒီအချိန်မှာပဲ သုဿန်အဝကနေ လူတစ်ယောက်လာတယ်ဗျ၊ မိန်းမတစ်ယောက်ပါဗျာ၊ ဆံပင်က ရှည်ရှည်နဲ့၊ ကိုယ်လုံးကိုယ်ပေါက်ကတော့ ခပ်တောင့်တောင့်ပဲဗျ၊ ထဘီရင်လျားဝတ်ထားပြီးတော့ ခေါင်းပေါ်မှာ အခေါင်းကြီးရွက်လာတာ။ ကျုပ်ကတော့ တန်းသိလိုက်ပါပြီ၊ ဒါက သုဿန်စောင့်တွေရဲ့ ပုံစံပဲမဟုတ်လား။

(၅)

ဦးဘသာကြီးက မတ်တပ်ရပ်ပြီး ပုဆိုးပြင်ဝတ်လိုက်တယ်၊ နောက်တော့ ကျုပ်နားကိုလျှောက်လာတယ်ဗျ၊ သုဿန်စောင့်ကြီးရဲ့ မျက်လုံးတွေက စိမ်းစိမ်းကြီးလင်းနေတာဗျာ၊ နောက်တော့ ကျုပ်ကိုကြည့်ပြီးတာနဲ့ သူ့ခေါင်းပေါ်က အခေါင်းကြီးကို ကျုပ်ဆီကိုလှမ်းပစ်လိုက်တော့တာပါပဲ၊ အခေါင်းကြီးက ပျံလာတော့ ဦးဘသာကြီးက အခေါင်းကြီးကို လက်ညှိုးနဲ့လှမ်းထိုးလိုက်တယ်ဗျ၊ နောက်တော့ ခပ်ကျယ်ကျယ်အော်လိုက်တယ်။ ဘာဘာသာနဲ့ ပြောတာလဲဆိုတာတော့ ကျုပ်မသိဘူးဗျာ၊ အဲဒီလိုအော်လိုက်တာနဲ့ အခေါင်းကြီးက ဝုန်းခနဲကွဲသွားပြီးတော့ သစ်တိုသစ်စတွေက မြေပေါ်ကိုပြန့်ကျဲကျသွားတယ်၊ ချက်ချင်းပဲ ကျုပ်တို့ကွင်းအလယ်မှာ ဝင်းခနဲတစ်ချက်လက်သွားပြီးတော့ တစ်ကွင်းလုံးလင်းထိန်သွားတယ်ဗျာ၊ အဲဒီသုဿန်စောင့်ရော၊ ဘေးကနေရပ်နေတဲ့ လူသေကောင်ကြီးတွေဆိုတာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်သွားတော့တာပဲဗျို့။ အောက်လမ်းဘသော်ထွန်းထားတဲ့ ဝါဆိုဖယောင်းတိုင်လို ဖယောင်းတိုင်ကြီးသုံးတိုင်ကလည်း မီးတွေအကုန်ငြိမ်းသွားတော့တယ်။

အောက်လမ်းဘသော်ဆိုရင် ဒူးထောက်ပြီးတော့ကို ကျသွားတော့တာဗျာ၊ ဦးဘသာကြီးက ရယ်ကျဲကျဲနဲ့

“လုပ်စမ်းပါအုံးကွ၊ မင်းက ခေါင်းတလားကြီးအတိုက်ကို သုံးတာတောင်မှ ဒီကောင်လေးကို မတိုက်နိုင်ပါလား”

အောက်လမ်းဘသော်က ကျေတော့မကျေနပ်ဘူး၊ ဒါပေမယ့် ခေါင်းငိုက်စိုက်ချလိုက်တယ်ဗျာ။

“ကျုပ်ရှုံးပါပြီဗျာ၊ ကျုပ်ဝန်ခံပါတယ်၊ ကျုပ်ဒီထက်လည်း မတိုက်တတ်တော့ပါဘူး”

ဦးဘသာကြီးက ခေါင်းညိတ်ပြီး အောက်လမ်းဘသော်အနားကိုကပ်သွားတယ်ဗျ၊ အောက်လမ်းဘသော်ရဲ့ခေါင်းကို သူ့လက်နဲ့အုပ်ကိုင်ပြီးတော့

“မင်းရှုံးပြီဆိုတော့ ရှုံးသူတို့ရဲ့ထုံးစံအတိုင်း ကတိပေးပေတော့ဟေ့”

“ကျုပ်ဆီက ဘာကတိကိုလိုချင်တာပါလဲ ဆရာကြီး”

“မင်းရှေ့လျှောက် ငါတို့ရွာကိုမထိရဘူး၊ တို့ရွာနဲ့ ပတ်သက်တာ၊ တို့ရွာကလူတွေနဲ့ ပတ်သက်တာဆိုရင် မင်းလက်ရှောင်နေရမယ်၊ ဒီကတိတစ်ခုပဲ ငါတောင်းမယ်၊ မင်းပေးနိုင်မလား”

အောက်လမ်းဘသော်က ခေါင်းညိတ်တယ်ဗျ။

“မင်းကတိကို လွယ်လွယ်မပေးနဲ့နော်၊ သေချာလိုက်နာနိုင်မှပေးစမ်း”

“ဟုတ်ကဲ့ပါဆရာကြီး၊ ကျုပ် နောက်ဆို ဇီးကုန်းကလူတွေကို အောက်လမ်းပညာနဲ့မတိုက်ခိုက်တော့ပါဘူး”

“အေးကွာ၊ ကောင်းပြီ၊ ကဲ မင်းမှားတာရှိရင် ငါ့ကိုကန်တော့ပြီးတောင်းပန်”

အောက်လမ်းဘသော်က ဦးဘသာကြီးရှေ့မှာ ဒူးထောက်ပြီးတော့ ဦးဘသာကြီးရဲ့ ခြေဖမိုးကို သူ့နဖူးနဲ့ထိပြီးတော့ကို တောင်းပန်ရတော့တာဗျို့၊ ကျုပ်လည်း ကြည့်ကောင်းကောင်းနဲ့ကြည့်နေမိတယ်၊ ဒီလိုယုတ်မာတဲ့အကောင်ကို အနိုင်ရပြီဆိုတော့ ပီတိဖြစ်တာပေါ့ဗျာ။

“ယုတ်မာပြီး အောက်တန်းကျတဲ့ အောက်လမ်းကောင်၊ မင်း ဦးဘသာကြီးကို ရှုံးပြီမဟုတ်လား”

ကျုပ်လည်း အားရဝမ်းသာနဲ့ လက်ညှိုးထိုးပြီး လှောင်နေတာပေါ့ဗျာ၊ အောက်လမ်းဘသော်က ဘာမှမပြောပေမယ့် သူခေါ်လာတဲ့ စုန်းမလေးကတော့ ကျုပ်ကိုတစ်ချက်ကြည့်ပြီးတော့ မျက်စောင်းထိုးလိုက်တာဗျ။ ဒီအချိန် အစိမ်းရောင်အလင်းတန်းက ဖြတ်ခနဲလင်းသွားတာဗျာ၊ လျှပ်စီးလက်လိုက်သလိုပဲ၊ စက်လက်နက်လွှတ်တယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ၊ မြန်လိုက်တာဗျာ၊ ကျုပ်ဖြင့် အံ့သြပြီးကြည့်နေတုန်း စုန်းမလေးက အနောက်ကိုလန်ပြီး မြေပေါ်လဲကျသွားတယ်ဗျ၊ ကျုပ်ဆိုဘာမှန်းတောင် မသိလိုက်ဘူး၊ ဦးဘသာကြီးက ရယ်မောလိုက်ပြီးတော့

“မင်းတို့အကြောင်းသိလို့ ငါက ဒီကောင်လေးကို နဂိုကတည်းက တန်ပြန်အစီအရင်ထည့်ပြီးသားကွ၊ ဟား၊ ဟား၊ ဒီတော့ မင်းအစွမ်းကိုယ် မင်းပြန်ခံလိုက်စမ်းဟေ့”

စုန်းမလေးက မြေကြီးပေါ်က မထနိုင်ဘူးဗျာ၊ ဦးဘသာကြီးကတော့ အေးအေးလူလူပဲ ဆီမီးခွက်ကလေးမှုတ်ပြီး ဆီတွေကို မြေပေါ်ကိုပက်ချလိုက်ပြီးတော့ သူ့ကွမ်းအစ်ကြီးပိုက်ပြီး ထွက်သွားပါလေရော၊ ကျုပ်လည်း သူ့နောက်ကနေ အမြန်ပြေးလိုက်ခဲ့ရတာပေါ့ဗျာ။ တစ်လမ်းလုံး ဦးဘသာကြီးက စကားမပြောဘူးဗျို့၊ ကျုပ်လည်း သူ့နောက်က ထပ်ကြပ်မကွာလိုက်လာခဲ့ရတာ၊ ညနှစ်နာရီထိုးတော့မှ ကျုပ်တို့တည်းတဲ့အိမ်ကိုပြန်ရောက်ကြတယ်။ ကျုပ်တို့ခြံရှေ့ရောက်တယ်ဆိုရင်ပဲ ကုလားမကြီးမာယာက ကျုပ်တို့ကိုတံခါးဖွင့်ပေးတာပဲ။

“အဆင်ပြေလားအကိုကြီး”

“ဒီကောင့်ကိုတော့ ငါပညာပေးခဲ့ပြီဟေ့၊ နင်တို့ဆီမှာ နို့ရှိတယ်ဆိုရင် နို့နဲ့ရေနဲ့ရောပြီး ဒီကောင်လေးကို ရေချိုးပေးလိုက်စမ်းပါ”

နောက်တော့ ကျုပ်ကိုကုလားအစေခံလေးက ဒန်ဇလားကြီးတစ်ခုလာပေးတယ်ဗျ၊ ဒန်ဇလားကြီးထဲမှာ နို့ကိုရေနဲ့ရောထားပြီးတော့ ကုလားပန်းပွင့်ကလေးတွေကိုလဲ ချွေထည့်ထားသေးတယ်၊ ကျုပ်လည်း ရေချိုးခန်းကိုဆင်းလာပြီးတော့ ခေါင်းကနေလောင်းပြီး စတိချိုးလိုက်တာပေါ့၊ ပြီးတော့မှ ရေနဲ့ပြန်ချိုးယူတာပေါ့ဗျာ၊ ဆောင်းတွင်းညလယ်ကြီးမှာ ရေချိုးရတာဆိုတော့ တစ်ကိုယ်လုံးကို ခိုက်ခိုက်တုန်နေတာပေါ့၊ ကျုပ်ရေချိုးနေတဲ့အချိန် ဦးဘသာကြီးနဲ့ ကုလားမကြီးနဲ့ စကားပြောနေကြတယ်ဗျ။

ကုလားမကြီးက ဦးဘသာကြီးကို ပိုက်ဆံတွေထုတ်ပေးတယ်။

“ကျွန်မကန်တော့တာကို လက်ခံပါအကိုကြီးရယ်”

“မလိုပါဘူးဟာ၊ ငါက နင့်ဆီက ပိုက်ဆံလိုချင်လို့ လုပ်ခဲ့တာမှမဟုတ်တာ”

“ယူပါအကိုကြီးရယ်၊ အကိုကြီးကို ညီမက ငွေစကားပြောတာမဟုတ်ပါဘူး၊ အကိုကြီးနဲ့ မတွေ့တာကြာလို့ အကိုကြီးကို ကန်တော့တာပါ၊ ဒီငွေကလေးကိုတော့ လက်ခံပေးပါ”

ကုလားမကြီးက ကျုပ်ကိုကြည့်တယ်ဗျ၊ စစ်ကူတောင်းတဲ့သဘောပေါ့ဗျာ၊ ကျုပ်ကလည်း နပ်တယ်လေ။

“ယူလိုက်ပါ ဦးဘသာကြီးရယ်၊ သူများကန်တော့တာကို မယူရင် ရိုင်းရာကျသွားမှာပေါ့ဗျာ”

ဒီတော့မှ ဦးဘသာကြီးက ငွေကိုယူတယ်ဗျ၊

“ငါတို့ မနက်ဖြန်မနက်ကားနဲ့ ပြန်တော့မယ် မာယာ”

ဦးဘသာကြီးက ယတိပြတ်ပြောပြီးတော့ အိမ်ပေါ်ကိုတက်သွားပါရော၊ ကျုပ်လည်း အနောက်ကနေလိုက်တက်သွားတော့ ကုလားမကြီးက ကျုပ်လက်ကိုဆွဲပြီးတော့ ပိုက်ဆံတွေထည့်ပေးတယ်ဗျ။

“မုန့်ဖိုးပေးတာပါ လူလေးရယ်၊ သုံးချင်တာသုံးနော်”

ကျုပ်လည်း ပိုက်ဆံရတော့ ပျော်သွားတာပေါ့ဗျာ၊ ဒါနဲ့ လှေကားထိပ်ရောက်တော့ ပိုက်ဆံအထပ်ကလေးကိုဖြန့်ကြည့်လိုက်တာ ငါးရာတောင်ရတယ်ဗျာ၊ ငါးရာဆိုတာ အစိုးရဝန်ထမ်းတွေရဲ့ တစ်လစာလောက်ရှိတဲ့ငွေဗျ၊ မပျော်ဘဲနေမလား။

အိမ်ပေါ်ရောက်တော့ ဦးဘသာကြီးကို မေးရတော့တာပေါ့ဗျာ။

“ဒါနဲ့ အောက်လမ်းဘသော်ကို ဘာမှလုပ်တာလည်းမတွေ့ဘူးဆရာကြီး၊ သူက ကတိကိုဖောက်ရင် ဘယ့်နှယ့်လုပ်မလဲ”

“ဖောက်ရဲရင်ဖောက်ပေါ့ကွာ၊ သူ့ ဝမ်းတွင်းထဲကို ငါကစက်လက်နက်ထည့်ပေးခဲ့ပြီကွ၊ သူကတိဖောက်တာနဲ့ သူသေမှာပဲ”

“ဘယ်တုန်းကထည့်လိုက်တာလဲ”

“ငါသူ့ခေါင်းကို ကိုင်တဲ့အချိန်ကပေါ့ကွာ”

ဦးဘသာကြီးက အောက်လမ်းဘသော်ရဲ့ခေါင်းကိုကိုင်တာ တစ်မိနစ်တောင်မရှိလောက်ပါဘူးဗျာ၊ ဒီအချိန်မှာ စက်လက်နက်ထည့်တယ်ဆိုတော့ ကျုပ်ဖြင့်ထူးဆန်းနေတာပေါ့။

“ဒါနဲ့ ကုလားမကြီးအတွက် ပညာပေးခဲ့တယ်ဆိုတာရော”

“ဒါကတော့ သူ့မိုက်ပြစ်အတွက် သူပြန်ပေးဆပ်ရမှာပေါ့ကွာ”

ဘာလုပ်ခဲ့တယ်ဆိုတာတော့ ဦးဘသာကြီးက မပြောဘူးဗျ၊

“ဒါနဲ့ ကျုပ်ကို တန်ပြင်အစီအရင်ထည့်တယ်ဆိုတာရော၊ ဘယ်အချိန်ထည့်လိုက်တာလဲ”

“မင်းဖွာတဲ့ဆေးလိပ်က ငါအစီအရင်ထည့်ထားတဲ့ဆေးလိပ်ကွ”

ကျုပ်လည်း အားလုံးကိုသဘောပေါက်လိုက်ပါပြီဗျာ၊ ဦးဘသာကြီးကို ကျုပ်ဖြင့် လွှတ်လေးစားနေမိတာ၊ လုပ်သွားတာအကုန်လုံး ထောင့်စေ့တဲ့အပြင် ဘေးလူက ဘာတစ်ခုမှကို မသိလိုက်ရဘူးဗျာ၊ ဒါနဲ့မနက်ရောက်တော့ ကျုပ်တို့အိမ်ကိုပြန်ခဲ့ကြတယ်၊ ကုလားမကြီးလင်မယားက ကျုပ်တို့အတွက် လက်ဆောင်တွေထည့်ပေးလိုက်တာ ဆွဲခြင်းကြီးတစ်လုံးနဲ့ အပြည့်ဗျို့၊ ဘိလပ်ရေတွေရော၊ မုန့်တွေရော၊ ပုဆိုးတစ်ကွင်းနဲ့ အဝတ်စတွေလဲ ပါသေးရဲ့ဗျာ။

ကျုပ် ကားဂိတ်နားရောက်တော့ ဦးဘသာကြီးက ဘယ်ရောက်သွားမှန်းမသိဘူး၊ ကျုပ်လည်း လိုက်ရှာနေရင်း ကျုပ်ဇက်ပိုးကို ဖြောင်းခနဲအုပ်ချခံလိုက်ရတယ်ဗျ၊ ကျုပ်လှည့်ကြည့်လိုက်တော့ အဖေဖြစ်နေတယ်။ ကျုပ်မှာဖြင့် သွေးပျက်မတတ်ဘဲ ကြောက်သွားတာ။

“ဟေ့အလတ်ကောင်၊ ဒီမှာဘာလုပ်နေတာလဲ”

“ဟို၊ ဟို အိမ်ပြန်မလို့ကားစောင့်နေတာအဖေရ”

“လာကွာ၊ ဒါဆိုဟန်ကျတာပဲ၊ ငါနဲ့အတူတူပြန်လိုက်ခဲ့”

အဖေက ကျုပ်ကိုဆွဲခေါ်တော့ ကျုပ်လည်း ကားပေါ်ကို ယက်ကန်ယက်ကန်နဲ့ ပါသွားတာပေါ့ဗျာ။ မကြာပါဘူး ကားကထွက်တော့တယ်၊ ကားခေါင်မိုးပေါ်ကနေထိုင်ပြီး ဦးဘသာကြီးကိုလိုက်ရှာပေမယ့် မတွေ့တော့ပါဘူးဗျာ။

အဖေက မြိုင်သာရဲစခန်းမှာ မြေယာအမှုအတွက် သက်သေလာထွက်ပေးရတယ်ဆိုပဲဗျ၊ မနေ့က လာပြီး သက်သေထွက်ပြီးတော့ အသိအိမ်မှာ တစ်ညအိပ်ပြီး ဒီနေ့ပြန်တာပေါ့၊ ကျုပ်နဲ့အမှတ်မထင်ဆုံတာပေါ့ဗျာ။ ကားစီးရင်း အဖေက သူ့ကျောင်းနေဖက်တစ်ယောက်နဲ့ တစ်လမ်းလုံးစကားပြောလာလို့ ကျုပ်တို့သားအဖ စကားကောင်းကောင်းတောင် မပြောဖြစ်ပါဘူးဗျာ၊ ဒါနဲ့ နေ့လည် တန်းမြင့်ရွာရောက်တော့ အကိုကြီးက လှည်းနဲ့လာကြိုတယ်ဗျ၊ ကျုပ်မှာလက်ဆောင်တွေလည်း ပါလာတာဆိုတော့ အိမ်အပြန်မျက်နှာပန်းလှတာပေါ့ဗျာ၊ တစ်ခုထူးဆန်းတာ လှည်းပေါ်မှာ ကျုပ်ညီလည်းပါလာတယ်ဗျာ၊ ကျုပ်လည်းစိတ်ထဲထင့်သွားတာပေါ့၊ ဒါပေမယ့် ကျုပ်ညီက ကျုပ်နဲ့သူနဲ့ ခရီးသွားတဲ့အကြောင်းတွေ ဘာမှမသိဘဲ ကြောင်လည်လည်ကြီးလုပ်နေတယ်ဗျာ၊ အိမ်ရောက်တော့ အမေကလည်း ကျုပ်ကိုအားရဝမ်းသာနဲ့ကြိုပါတယ်၊ ကျုပ်မှာပါလာတဲ့စားစရာတွေနဲ့ ပုဆိုးတို့ အဝတ်စတို့ကိုတော့ အဖေနဲ့အမေကို ကန်တော့လိုက်တာပေါ့ဗျာ၊ အမေဖြင့် သိပ်ပျော်နေရှာတာ၊ ကုလားမကြီးပေးလိုက်တဲ့အဝတ်စက ခုခေတ်ပေါ် သူဌေးတွေဝတ်တဲ့ အဆင်မျိုးဆိုပဲဗျ။

ကျုပ်ဖြင့် အိမ်ရောက်တော့မှ စိတ်ဒုံးဒုံးချနိုင်တယ်ဗျာ၊ အမေက ကျုပ်ကိုဆော်ဖို့ စောင့်နေပြီလို့ထင်ပေမယ့် ကျုပ်အဆော်မခံရဘူးဆိုတော့ တစ်စုံတစ်ယောက်က လုပ်လိုက်တယ်လို့ပဲ ကျုပ်ထင်နေတယ်၊ ဘယ်သူလုပ်သလဲဆိုတာ ခင်ဗျားတို့သိမှာပါ၊ ဦးဘသာကြီးပေါ့ဗျာ။

ပြီးပါပြီ။

ရေးသားသူ–အဂ္ဂဇော်

#crd