အပယ်တံခါးကြီးပိတ်ပါဦး

အပယ်တံခါးကြီးပိတ်ပါဦး(စ/ဆုံး)

——————————–

ကျော်အောင်တစ်ယောက် ကိုရင်လူထွက်ကာ အရက်ဆိုင်သို့ရောက်နေပြီဟု ကြားလိုက်ရတော့ဒေါ်သန်းတင်ခဗျာ သွေးတိုးရချေပြီ။သားသမီးလေးယောက်ထဲမှာမှ သမီးသုံးယောက်ကအိမ်ထောင်ကျကုန်ကြပြီဖြစ်သော်လည်း ဒီသားတစ်ယောက်ကဖြင့် မိန်းမပေးစားလို့လည်းမရ။ဆိုးပေတေနေလွန်းလှသဖြင့် သားကိုပဲအမြဲမြည်တွန်တောက်တီးနေရသည်။နေ့စဥ်သောက်စားမူးရစ်ကာ မိခင်ကိုလည်းနင်မန်းငဆ ပြန်ပြောသည်ကများသေးသည့်အပြင် အတူနေအမဖြစ်သူကိုလည်း မူးလာပြီဆိုလျှင် ပတ်ရမ်းသေး၏။ စကားကြမ်းတွေကလည်း မကြားဝံ့မနာသာ။”တစ်ရွာလုံး ဘယ်သူ့မှလူမထင်ဘူးကွ မိုက်တဲ့ကောင်ထွဿ်ခဲ့”နှင့်မိုက်ကြေးလည်းခွဲသေး၏။
ဒေါ်သန်းတင်မှာ နေ့စဥ်နှင့်အမျှ စိတ်ချမ်းသာရသည်မရှိ။ အတူနေသမီးနှင့် သားမက်မျက်နှာလည်းကြည့်ရသေးသည်။ထန်းတောမှ ထန်းစုရသည်လေးများနှင့် ထန်းရည်ရောင်းရဝင်ငွေလေးအပြင် ကျော်အောင့်လုပ်အားခလေးများနှင့်ဘဝကိုရပ်တည်ကြရသည်။ သူ့လုပ်အားကအမြဲတမ်းရနေသည်တော့မဟုတ်။လုပ်ချင်သည့်အခါလုပ်၍ မလုပ်ချင်တော့လျှင်လည်းတစ်ပတ်လောက်သောက်စားပေတေနေ၏။သူ့အရက်ဖိုးအတွက် ထန်းရည်ဝေစုတို့ကို ရောင်းရသောငွေကလေးများပင် အရက်ဖိုးယူသုံးပစ်သေးသည်။

ဒေါ်သန်းတင်မှာ သားဖြစ်သူကိုအရက်ပြတ်စေချင်၍ ကိုရင်ဝင်ကြည့်ပါ့လားတိုက်တွန်းသည်။ကိုရင်ဘဝနေပျော်လျှင် ပုဇင်းခံပေးမည်။ အသက်ကြီးလှပြီသောအမေစိတ်ချမ်းသာပါစေတော့ရယ်ဟု သဘောထားကာ ကိုရင်ဝတ်နှင့် နေနိုင်သလောက်နေမည် သဘောထားကာ ကျော်အောင်ကိုရင်ဝတ်ခဲ့၏။ မိခင်ကြီးမှာတော့ မူးပြီးမရမ်းကားလျှင် တော်ပါပြီဟု သဘောပိုက်ကာ ဆွမ်း၊ကွမ်း၊ဆေး လိုလေးသေးမရှိဖြည့်ပေးရှာ၏။

@@@

သားဖြစ်သူကြွက်ထိုးလိုက်သည့် ညများတွင် ဒေါ်သန်းတင်မှာ သန်းကောင်ကျော်လည်းနိုးနေတတ်သည်။(လမိုက်ရက်များတွင် သုံးခွခရင်းဖြင့် ကြွက်၊ဖား စသည်ကို စူးထိုးသည်ဟု သုံးနှုန်းကြပါသည်။)သားဖြစ်သူမှာ ​စူးထိုးသွားလျှင်လည်း အရက်ပုလင်းကိုပလိုင်းထဲမှာထည့်သွားသေးသည့်အပြင် ဆိုင်မှာလည်းသောက်ထားသေးတော့အမူးလွန်ကာ ခြေချော်လက်ချော်ဖြစ်မှာစိုးရိမ်၏။

စူးထိုးရာမှပြန်မရောက်မချင်း အမေဖြစ်သူမှာရင်တမမနှင့် မျှော်ရပြီ။မနက်လေးနာရီလောက်ဆိုလျှင် အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ သားမလာမချင်းလည်တမော့မော့။သားဖြစ်သူပြန်ရောက်၍ လူကိုတွေ့မှ ဟင်းလုံးချနိုင်သည်။

ကြွက်တွေက်ုမြေးဖြစ်သူ သက်ထွေးကရင်ခွဲ၍သမီးဖြစ်သူမခင်ထွေးက ရေနွေးအိုးတည်သည်။မေဦးကကြွက်ရေခွံခွာဖို့ရန်စောင့်စားနေသည်။မခင်ထွေးက အူတွေနှုတ်ပစ်ကာရေနွေးဖျောသည်။အမွှေးနှူတ်ပြီး ရေတစ်ထပ်ပြန်ဆေးကြောကာ အစိတ်သားတွဲများတွဲ၍ ဖောက်သည်ပေးသည်။ ဖောက်သည်လာမယူခင် ကောင်းပေ့ ဆူပေ့ဆိုသည့်ကြွက်များကို ကျော်အောင်အတွက်အရင်ဆုံးရွေးယူကာ ချန်ထားပေးရသည်။ အိမ်အတွက် ဟင်းတစ်ခွက်ချန်ကာ ပိုသည်များကိုသာရောင်းပါသည်။

@@@
ဒေါ်သန်းတင်က ဟင်းချက်ကောင်းသည်။ပိုသည်လို့မရှိသော်လည်း သားကအကောင်းကြိုက်မှန်းသိ၍ဖွယ်ဖွယ်ရာရာ ချက်ပေးသည်။ ဟင်းအမယ်ထပ်ပါက “ဒီဟင်းတွေကြည့်ပဲလား”ဟု ရမယ်ရှာသေးသည်။ ဟင်းတစ်ခွက်တည်းဆိုလျှင်လည်း ရန်ရှာတတ်သေးသောကြောင့် မန်ကျည်းရွက်ကို ကန်စွန်းညွှန့်လေးများရောကာ ဟင်းရည်ကျိုတစ်ခွက်မပါမဖြစ်ပါရသေး။ဝက်သားနှင့် ကြက်သားဟင်းကိုလည်း ကျော်အောင်တစ်ယောက်စာအတွက် သီးသန့်ချင်ပေးရှာ၏။ စျေးဖိုးမလောက်ငှသည့်အခါ အရက်ဖိုးမပေးချင်၍ မရှိဘူးပြောသည့်အခါမျိုးတွင်
“အမေပိုက်ဆံဘယ်ဖွက်ထားတာလဲ ကျုပ်ရှာလို့တွေ့မှအကုန်သုံးပစ်ရင် သုံးရကောင်းလားအပြစ်မပြောနဲ့နော် ရှိသလောက်ခုထုတ်ပေး”ဆိုကာ အမေဆီကမရအကတောင်းယူသည်။

ဒေါ်သန်းတင်မှာ အသက်လည်းကြီးလှပါပြီ။ မသေခင်မှာသားလိမ္မာတာလေးတော့မြင်ချင်ရှာသည်။ အသက်ကြီးလှသောမိခင်ကိုငဲ့ကာ ကိုရင်နောက်တစ်ကြိမ်ပြန်ဝတ်ပြန်သည်။ဒေါ်သန်းတင်ဆုံးကာနီးချိန်တွင် သားဖြစ်သူကိုသက်န်းစည်းနှင့်မြင်သွားရလေတော့ စိတ်ဖြောင့်မည်ထင့်။သားကိုရဟန်းဖြစ်စေချင်သောဆန္ဒတွေမပြည့်ခဲ့သော်လည်း ဆုံးခါနီးအချိန်မှာ ကိုရင်ဝတ်ကြီးနှင့်မို့ စိတ်ချလက်ချထားသွားနိုင်လိမ့်မည်ထင်ပါသည်။
အမေဆုံးပြီးမှနောင်တရ၍ပဲလားမဆိုတတ်။ ရဟန်းဘောင်တက်လို၍ အမများကို ရဟန်းခံပေးရန်တောင်းဆိုလာသည့်အခါ အမတွေမှာဝမ်းသာမဆုံး။အဝေးမှာအိမ်ထောင်ကျနေသော အမအကြီးဆုံးသာလျှင် ရဟန်းခံပွဲသို့ မလာနိုင်ခဲ့။ကျန်သည့်အမျိုးတွေစုံလင်စွာဖြင့် ရဟန်းဘောင်တင်ပေးလိုက်သည်။
ရဟန်းခံတွင် ညိီမနှစ်ယောက်လုံး ရေစက်ခွက်ကိုင်ရင်း ငိုကြသည်။ အမေရှိနေသေးလျှင် သူ့သားလူမိုက်ကြီးက ရာသက်ပန်သာသနာ့ဘောင်ဝင်သွားသည်ကို ကျေနပ်နေပေလိမ့်မည်။ ရဟန်းခံပွဲကို အမေမြင်မသွားရလေခြင်းဟု ဝမ်းနည်းမိပါသည်။
@@@

“မေဦးရေကွမ်းရွက်နဲ့ကွမ်းသီးကုန်နေလို့ နင့်အမေဆီကပိုက်ဆံတောင်းပြီးဝယ်ထားလိုက်ဦး အပြန်ကိုဝင်ယူမယ်”ဦးဇင်းဉာဏ်ဝနသည် မေဦးကိုမှာကာ ထွက်သွားလေသည်။ ဦးဇင်းက ညနေကျောင်းတွင်း သန့်ရှင်းရေး တံမြက်လှည်း သစ်ပင်ရေလောင်းပြီးပါက မြို့ထဲကလက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်သည်။ မြို့ထဲကပြန်ကြွအလာတွင် လက်ဖက်သုပ်၊ကွမ်းရွက်နှင့် ကွမ်းသီးတို့ကို အမများအိမ်မှာအလှည့်ကျဆီအလှူခံသည်။ ဆွမ်း၊ကွမ်း၊ဆေး လက်ဖက် ဝတ္ထုငွေလိုအပ်သည်များကိုရွာမှာရှိသည့်အမများက အလှည့်ကြ လှူဒန်းကြသည်။

ဦးဇင်းဘဝရောက်သော်လည်း ငယ်မူလေးတွေကတော့မပျောက်။ဆွမ်းဟင်း မကောင်းလျှင်
“နင်တို့ဆွမ်းဟင်းကလည်း တစ်နေ့လာလည်းဒါပဲ တစ်နေ့လာလည်းဒါပဲ နဲ့ ဟင်းလေးဘာလေးပြောင်းကြပါဦး ငါ့ကျောင်းမှာ မန်ကျည်းရွက်တွေထပ်နေပါ့မယ် တစ်ခါတစ်လေများ သီးသန့်ဝက်သားဟင်လေးဘာလေးလောင်းပါဦးဟ”

“ဦးဇင်းရေခုတလော အလုပ်ကလည်းများ ကုန်စျေးနှုန်းကတစ်နေ့တစ်ခြားတက်နေတော့ ဝက်သားနားကိုမကပ်နိုင်ဘူးရယ်”ဟု အမေကပြောသည်။ အိမ်မှာက စားရိတ်စကအစစမြင့်မားနေသည်။ ခြွေတာရသော်လည်း ခြွေမလောက်။ သောကရောက်ရတာလည်း ဖတ်ဖတ်မောရယ်ပါ။ဘဝတွေများခါးနေလိုက်တာ ကျပ်တည်းသမှ ဝါးလုံးခေါင်းဆင်တိုးသလိုပါပဲဟု အမေငြီးလေပြီ။

@@@
မေဦးလည်း2019တည်းက စင်ကာပူရောက်နေသည်။ကိုဗစ်တွေဖြစ်တော့ အမေနှင့်အမကြီးတို့ကို Maskသေချာတပ်ဖို့ လက်သေချာဆေးကာ တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေကာ ရေများများသောက်ဖို့ အတန်တန်ဖုန်းဆက်ကာ သတိပေးရသည်။တောသူ တောင်သားများပေမို့ ဖြစ်သလိုနေသည်ကများ၏။အမေနှင့် မေဦး ဗွီဒီယိုကော ပြောနေချိန်မှာ ဦးဇင်းဆွမ်းခံကြွနှင့်ဆုံမိ၍
“မေဦးရေ ဦးဇင်းကိုဝတ္ထုငွေလှူဦး”ဟု အလှူခံသည့်အခါ
“နောက်လကိုအမေ့ဆီလွှဲတော့ ထည့်လွှဲလိုက်မယ်” ဟုပြောခဲ့သည်။ဦးဇင်းကိုနောက်ဆုံး တွေ့လိုက်ခြင်းရယ်လို့တော့ မေဦးဘယ်ထင်ပါ့မလဲ။

ပိုက်ဆံလွှဲပြီး၍ ငွေသွားထုတ်ရပြီဆိုသည့်အကြောင်းပြောရန် အမကြီးဆီဖုန်းဆက်မှ ဦးဇင်းပျံလွန်တော် မူတာက်ိုသိရသည်။ဦးဇင်း ပျံလွန်တော်မူသွားသည်ကိုလည်း မေဦးမှာမယုံနိုင်ခဲ့ပါ။
“ဦးဇင်းကသူဖျားချင်နေတာ သုံးရက်လောက်ရှိနေပြီလို့ငါ့ကိုပြောတော့ပြောသားအေ ငါလည်းအလုပ်ကမအားတော့ကျောင်းလည်းမရောက်ဖြစ်ဘူးရယ် ဆွမ်းခံကြွမလာလို့ ဆေးခန်းလေးဘာလေးပြဖို့လိုမလား မနက်ဖြန်မှသွားမေးပါတော့မယ်လို့လုပ်နေတုန်းရှိသေးတယ်အေ အာ့ညကြီးမှာအသည်းသန်ဖြစ်လို့ လင်းစိုးတို့ဆေးရုံကိုကားနဲ့အပို့မှာ လမ်းတင်ပဲပျံလွန်တော်မူလို့ ပြန်သယ်လာခဲ့ရတာ လမ်းမှာတင်ပဲအသက်ပျောက်သွားတာဆိုတော့ ကျောင်းဝန်းထဲတော့အထားမခံဘူးပေါ့ ကျောင်းပြင်ကတလင်းထဲမှာတင်ထားပြီး သဂြိုလ်ကြီးချနဲ့ချလိုက်ရတာ ဘုန်းကြီးပျံတောင်လုပ်ခွင့်မရပါဘူးအေ ကိုဗစ်နဲ့ဆုံးတာကိုး အဲဒါငါ့အပြစ်တွေလည်းမကင်းပါဘူး ကိုဗစ်တွေပါးနေပြီမို့ ရိုးရိုးဖျားပဲထင်လိုက်လို့ ပေါ့ပေါ့ဆဆနေလိုက်မိလို့ဆုံးသွားတာ ဥိးဇင်းကိုသနားပါတယ်အေ”ဟုပြောကာ အမကြီးကငိုရှာ၏။

ဦးဇင်းဘဝမှာတင် ပျံလွန်တော်မူသွားသည်မို့ ဘဝနောက်ဆုံးအချိန်တို့သည် လှခဲ့ပါ၏။ငယ်စဥ်က ဆိုးခဲ့ မိုက်ခဲ့သည့် မိုက်ကြွေး ဆိုးကြွေးက ကျေရှာလေရော့သလား။

“အပယ်တံခါးကြီး ပိတ်ပါရဲ့လားနော်”

ဒေါင်းရှင်သွေး
28/5/24Tuesday