***အောင်မြတ်သာနှင့်ရေသရဲ***
———————-(စ/ဆုံး)———————
++++++++++++++
အောင်မြတ်သာတို့ဆရာတပည့်တွေ ခြေဦးတည့်ရာလျောက်သွားရင်း ဧရာဝတီတိုင်းထဲက လမုတန်းဆိုတဲ့ရွာလေးကို ရောက်ရှိလို့လာခဲ့တယ်။ တစ်ရွာလုံး တံငါအလုပ်ကိုသာ လုပ်ကိုင်ကြပြီး ဘာသာရေးအားနည်းတာကို အောင်မြတ်သာတို့ သတိထားမိခဲ့ကြတယ်။ .
တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းပဲရှိပြီးတော့ ဘုန်းကြီးကျောင်းမှာသံဃာလုံးဝမရှိတာပဲ။ နေ့စဉ်ရက်ဆက် အကုသို်လ်အလုပ်ဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့သာ အချိန်ကုန်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေကြတာမြင်တော့ အောင်မြတ်သာ သက်ပြင်းအရှည်တစ်ချက် ချလိုက်မိတယ်။
အောင်မြတ်သာတို့လည်း ဘုန်းကြီးကျောင်းအဟောင်းမှာ တည်းရင်း ရွာခံတစ်ယောက်နှစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ကြတယ်။ ရွာခံတွေနဲ့စကားပြောရင်း သက်ခိုင်က
“ဒီဒေသမှာ ချောင်းတွေမြောင်းတွေ ပေါများပါလျက်နဲ့ ဘာလို့ဒီရွာက ဆင်းရဲနေကြတာလဲ”လို့မေးတော့ ရွာခံတစ်ယောက်က
“ဟုတ်တယ်ဗျ အရင်ကဆို ကျုပ်တို့ရွာက အရမ်းကိုစည်ကားခဲ့တာ ဒီရွာနီးချုပ်စပ်တွေတောင် ကျုပ်တို့ရွာမှာ အခြေချြျပြီး လုပ်ကိုင်စားသောက်ခဲ့ကြတယ် ဒီရွာရဲ့အနောက်ဘက်ချောင်းမှာ နွားသေချောင်းဆိုတာ ရှိတယ် နွားသေချောင်းက ထွက်တဲ့ငါးပုဇွန်တွေဆိုတာ ကျုပ်တို့တစ်ရွာလုံးဖမ်းတောင်မကုန်နိုင်ဘူး အဲလောက်ထိပေါများခဲ့တာ”
ထိုအခါသက်ခိုင်က
“ဒါဆိုအခု အဲဒီချောင်းမှာ ငါးပုဇွန်တွေကုန်သွားလို့လား”လို့မေးတော့ ရွာခံလူကြီးက
“ကုန်တာမဟုတ်ဘူး ဘယ်သူမှသွားမဖမ်းရဲကြတာ”
“ဟမ် ဘာလို့သွားမဖမ်းရဲတာလဲ မိကျောင်းတွေဘာတွေရှိလို့လား”
“မိချောင်းထက်ဆိုးတယ်လို့ပြောရမှာပဲဗျာ ဒီတိုင်းပြောရင် ကိုယ့်ဆရာတို့နားလည်မှာမဟုတ်ဘူး အစအဆုံးကျုပ်ပြောပြမယ် “လို့ပြောပြီး ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လိုက်တယ်။
ရေနွေးကြမ်းသောက်ပြီးတော့ ရွာအနောက်ဘက်ကို ငေးကြည့်ရင်း
“ကျုပ်တို့ငယ်ငယ်တုန်းက နွားသေချောင်းလို့အမည်မတွင်သေးဘူး နတ်စမ်းချောင်းလို့ခေါ်ကြတယ် ဘာလို့နတ်စမ်းချောင်းလို့ခေါ်လဲဆိုတော့ လပြည့်လကွယ်နေ့တွေဆိုရင် ချောင်းထဲမှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပတဲ့ ယောကျၤားတွေ မိန်းမတွေ ရေလာလာချိုးလို့ပဲ နတ်စမ်းချောင်းက ရေကသာမန်ချောင်းရေတွေလို မနောက်ကျိပဲ ကြည်လင်နေတာက သူ့ရဲ့ထူးခြားမှုတစ်ခုပဲ
ကျုပ်တို့ငယ်ငယ်တုန်းက ရွာမှာလူနေအိမ်ခြေတွေလဲ သိပ်မရှိသေးဘူး ရွာနီးချုပ်စပ်မှာလဲ လူတွေမနေကြသေးတော့ နတ်စမ်းချောင်းက လှချင်တိုင်းလှနေတာပေါ့ နတ်စမ်းချောင်းမှာရှိတဲ့ ငါးတွေဆိုရင် လက်နဲ့လိုက်ဖမ်းလို့တောင်ရတယ် ကျုပ်တို့အဖိုးအဖွားတွေပြောတာကတော့ နတ်စမ်းချောင်းမှာ ရေလာလာချိုးတဲ့ သူတွေက ရေငံပိုင်ဦးရှင်ကြီးရဲ့ ကိုယ်လုပ်တော်တွေတဲ့
နတ်စမ်းချောင်းလှပတဲ့အချိန်တုန်းက ငါးပုဇွန်တွေဆိုတာ မစားချင်မှအဆုံးပဲ ကျုပ်တို့ရွာရဲ့ ထူးဆန်းတဲ့ဓလေ့က ငါးဖမ်းတော့မယ်ဆိုရင် နတ်စမ်းချောင်းဘေးမှာ ဝါးဝင်လေးလုပ်ပြီး ပူဇော်ရတယ် ဒီနေ့ငါးဘယ်လောက်ပိဿ ာရရင် တော်ပါပီဆိုတဲ့ ကတိကို ဝါးစင်အရှေ့မှာထိုင်ပြီး တိုင်တည်ရတယ် ရှေးလူကြီးတွေက ပြောထားတဲ့ကတိအတိုင်းတည်ကြတော့ ငါးတွေပုဇွန်တွေဆိုတာ ကွန်တပစ်နဲ့ တော်တော်လေးရတာ
နောက်ပိုင်း နတ်စမ်းချောင်းမှာ ငါးပုဇွန်တွေပေါတယ်ဆိုပြီး ရွာနီးချုပ်စပ်ကလူတွေ လာရောက်ဖမ်းဆီးခဲ့တယ် နယ်ပေါင်းစုံက လာတဲ့လူတွေက ရိုးရာဓလေ့ကိုလဲ မပူဇော် ကတိတွေကိုလဲမတည်တော့ နတ်စမ်းချောင်းကရေတွေ တစ်ဖြေးဖြေးနောက်ကျိလာခဲ့တယ်
ရေတွေနောက်ကျိလာတော့ ယခင်လပြည့်လကွယ်တွေမှာ ရေလာကစားတဲ့ ပုဂ္ဂိုလ်တွေလဲ မလာကြတော့ဘူး အဲလိုကနေ တစ်ဖြေးဖြေး ငါးပုဇွန်တွေနည်းလာတယ်
တစ်နေ့မှာ ကျုပ်တို့ရွာက သာပုဆိုတဲ့ နွားကျောင်းသားတစ်ယောက် နတ်စမ်းချောင်းနားက စားကျက်မှာ နွားကျောင်းရင်း အိပ်ပျော်သွားတယ် အိပ်ရာကနိုးလာတော့ သူကျောင်းနေတဲ့နွားထဲက တစ်ကောင်လျော့နေတာ သတိထားမိသွားပြီး လိုက်ရှာတော့ နတ်စမ်းချောင်းထဲမှာ ပြန်တွေ့တယ်လို့ပြောတယ် ဒါပေမယ့် နွားကသေနေပြီ သေတာကရိုးရိုးသေတာမဟုတ်ဘူး တစ်ကိုယ်လုံးကိုက်ရာဖဲ့ရာတွေနဲ့သေတာ
နွားကျောင်းသားလေးကတော့ အဲဒီအချိန်ထဲက သွက်သွက်ခါအောင်ရူးသွားတာ အခုချိန်ထိပဲ အဲဒီထဲက နတ်စမ်းချောင်းကနေ နွားသေချောင်းဆိုပြီး ဖြစ်သွားတာ
ချောင်းထဲမှာ ငါးဖမ်းတဲ့သူတွေလဲ တစ်လတစ်ခါ လှေမှောက်သေလိုက် ရေနစ်သေလိုက်နဲ့ သေလိုက်ကြတာ ဘယ်သူမှမသွားရဲအောင်ပဲ
ဘယ်သူမှမသွားကြတော့ လကွယ်နေ့တွေဆိုရင် ဝမ်းခေါင်းသံကြီးနဲ့ ချောင်းထဲက အော်တဲ့အသံတွေကြားရတယ် အဲဒီအချိန်ထဲက ကျုပ်တို့ရွာစီးပွားပျက်တော့တာပဲ အဓိကထားလုပ်နေရတဲ့ ချောင်းထဲကိုမှမသွားရဲကြတော့တာ ဘယ်လိုလုပ်ကိုင်ရတော့မလဲ ချောင်းထဲကိုဘယ်သူမှမဆင်းကြတော့ ချောင်းစပ်မှာ မွေးထားတဲ့ ကြက်တွေ၊ ဘဲတွေကို ညဘက်ဝင်ဝင်ဆွဲတယ်လို့ပြောကြတယ် မြင်တဲ့သူတွေပြောတာကတော့ လေးဘက်ထောက်ပြီး ကြက်ခြံထဲကိုဝင်လာတာတဲ့ ကြက်နှစ်ကောင်လောက်ကို ကိုက်ပြီး ချောင်းထဲပြန်ဆင်းသွားတတ်တယ်လို့ပြောကြတယ်
ဒီလိုနဲ့ရွာလဲတစ်ဖြေးဖြေးခြောက်ကပ်လာတယ် ရွာဦးကျောင်းဆရာတော်ပျံလွန်တော်မူပြီးတဲ့အချိန်ကစပြီး နောက်ထပ်သံဃာတော်တွေမရောက်လာကြတော့ဘူး “လို့စိတ်မကောင်းတဲ့လေသံနဲ့ပြောပြီး ခါးပေါင်စထဲက ကွမ်းတစ်ယာကိုထုတ်ဝါးလိုက်တယ်။
အောင်မြတ်သာလဲ ဖြစ်စဉ်အစအဆုံးကိုနားထောင်ပြီးတော့
“ကျုပ်တို့ကူညီပေးနိုင်မယ်လို့ထင်တယ် ဒါကြောင့် နွားသေချောင်းကို လိုက်ကြည့်ချင်တယ် မိတ်ဆွေလမ်းပြပေးလို့ရမလား”လို့မေးတော့ ရွာခံလူကြီးက
“လမ်းပြပေးလို့ကတော့ရပါတယ် ချောင်းအနားထိတော့ ကျုပ်မလိုက်ဘူး ”
“ရပါတယ် ကျုပ်တို့အခြေအနေ ကြည့်ရုံပါပဲ ကြည့်ပြီးမှ ဘာဆက်လုပ်ရမလဲ ပြောပါ့မယ် ကျုပ်တို့ကိုလမ်းပြပေးပါဦး”
အောင်မြတ်သာစကားအဆုံးမှာတော့ ရွာခံလူနှစ်ယောက်က နွားသေချောင်းရှိရာကို ခေါ်ဆောင်သွားကြတယ်။ တစ်ရွာလုံးက အောင်မြတ်သာတို့ကို အထူးအဆန်းအနေနဲ့ဝိုင်းကြည့်နေတဲ့အချိန် လူတစ်ယောက် အောင်မြတ်သာတို့ဆီပြေးဝင်လာတယ်။
ပြေးဝင်လာတဲ့လူက အောင်မြတ်သာတို့အရှေ့ရောက်တော့ ရပ်လိုက်ပြီး
“နွားသေချောင်းကိုသွားမလို့လား
မသွားနဲ့ အဲဒီမှာ သရဲအကြီးကြီးရှိတယ်
လူတွေကိုလဲစားတယ်
နွားတွေကိုလဲစားတယ်
လည်ချောင်းသွေးကိုဖောက်သောက်ပြီး
အရိုးထဲကအဆီကိုစုပ်တဲ့သရဲရှိနေတယ်
သူ့မျက်နှာမှာ မျက်လုံးလဲမပါဘူး နှာခေါင်းလဲမပါဘူး
ပါးစပ်တစ်ခုပဲပါတာ သူကခင်ဗျားတို့ကိုသတ်စားလိမ့်မယ် မသွားကြနဲ့”လို့ကြောက်အားလန့်အားပြောနေတာမြင်တော့ ရွာခံလူတွေက
“ဟေ့ အရူးသာပု ဧည့်သည်တွေကို ပေါက်ကရတွေ လျောက်ပြောနေတယ် မင်းခါတိုင်းအခုလိုတွေမပြောပါဘူး ဒီနေ့မှဘာတွေလာပြောနေတာလဲ”လို့ပြောတော့ သာပုဆိုတဲ့အရူးက မျက်မှောက်ကျုံ့လိုက်ပြီး
“ခင်ဗျားတို့ဘာသိလို့လဲ ဒီလူတွေမလာအောင် ရေသရဲကြီးက ကျုပ်ကိုခြောက်ခိုင်းထားတာ ဗြဲ ဗြဲ”လို့အော်ပြီး ရွာထဲပြေးဝင်သွားတယ်။
အောင်မြတ်သာတို့လဲ ရွာခံတွေကိုကြည့်ပြီး
“ဒီအရူးက ထူးခြားနေသလိုပဲ သူအရင်က ဒီလိုမျိုးတွေ လိုက်ပြောတတ်လား”
“ဘယ်ကလာပြောရမှာလဲ ကျုပ်တို့မေးရင်တောင် မဖြေဘူး အခုမှပေါက်ကရတွေ လျောက်ပြောနေတာ ”
ရွာခံလူတွေရဲ့စကားကိုကြားတော့ အောင်မြတ်သာက ရီလိုက်ပြီး
“နွားသေချောင်းကကောင်တော့ ကျုပ်တို့လာမယ်ဆိုလို့ ကြောက်နေပြီထင်တယ်”လို့ ခပ်နောက်နောက် ပြောလိုက်ပြီး နွားသေချောင်းဘက်ကို ဆက်ထွက်ခဲ့ကြတယ်။
ရွာအနောက်ဘက် လယ်ကွင်းနှစ်ခုလောက်ကို ဖြတ်ပြီးတဲ့နောက်မှာတော့ နွားသေချောင်းစပ်ကို ရောက်လာခဲ့တယ်။ ချောင်းစပ်ကိုရောက်တော့ အောင်မြတ်သာက
“သက်ခိုင်ရေ ဒီချောင်းရေက ညိုပုတ်ပုတ်အရောင် ဖြစ်နေတာကတော့ ထူးဆန်းတယ်ဟေ့ နောက်ပြီး ချောင်းရေတွေထဲကနေ အညှီနံ့တွေလဲရတယ် တစ်ပွဲတစ်လမ်းတော့ တွေ့ဦးမယ်ထင်တယ်”လို့ပြောလိုက်တော့ သက်ခိုင်က
“ဆရာ ဒီလိုနေရာတွေမှာ တောက်ရက ကျွမ်းတယ်လေ သူ့ကိုရေငုတ်ခိုင်းပြီး ရေသရဲကို လိုက်ရှာခိုင်းရင် မကောင်းဘူးလား ဒုဋ္ဌဝတီမြစ်မှာတုန်းက တောက်ရမြစ်ထဲဆင်းခဲ့သေးတာပဲ”ဆိုပြီး ရယ်ကျဲကျဲပြောတော့
တောက်ရက
“ကိုယ့်ဆရာတော့ အချွျွန်နဲ့မနေပြီ”လို့ပြောပြီး ချောင်းရိုးတစ်လျောက်ကို လိုက်ကြည့်လိုက်တယ်။
အောင်မြတ်သာတို့လဲ နွားသေချောင်းကနေ ဘုန်းကြီးကျောင်းရှိရာပြန်လာပြီး ထူးခြားမှုတစ်ခုခုရှိပါက မိမိတို့ကိုလာပြောဖို့ ရွာခံလူတွေကိုမှာခဲ့လိုက်တယ်။
ညဘက် ဘုရားရှိခိုး၊ တရားထိုင်ပြီးတဲ့အချိန်မှာတော့
“မိတ်ဆွေတို့ မိတ်ဆွေတို့
ကျုပ်ပါ ရွာခံလူပါ နွားသေချောင်းဘက်ကနေ ထူးဆန်းတဲ့အသံတွေကြားရလို့”ဆိုပြီး လှမ်းပြောတဲ့အသံကြားတော့ အောင်မြတ်သာက ပြူ တင်းပေါက်ကနေ လှမ်းကြည့်ပြီး
“မိတ်ဆွေကိုနေ့လည်က မတွေ့မိပါဘူး “လို့ပြောလိုက်တော့ ကျောင်းအောက်ကလူက
“ကျုပ်မအားလို့ မလိုက်လာတာ အခုနွားသေချောင်းကနေ ထူးဆန်းတဲ့အသံတွေကြားရလို့ လာခေါ်တာ”လို့ပြောတော့ အောင်မြတ်သာက
“ကျုပ်တို့ အခုတော့မလိုက်နိုင်တော့ဘူး မိုးအရမ်းချုပ်နေပြီ စိတ်မပူနဲ့ ရွာပြင်ကနေ ရွာထဲကို ဘယ်မကောင်းဆိုးဝါးမှမဝင်နိုင်အောင်လုပ်ထားပြီးပြီ”လို့ပြောလိုက်တော့ ကျောင်းအောက်ကလူက
“အဲဒါဆိုလဲပြီးရောဗျာ”လို့ပြောပြီး ဆောင့်ဆောင့်အောင့်အောင့်ပြန်ထွက်သွားတယ်။
လာခေါ်တဲ့သူပြန်သွားတော့ သက်ခိုင်က
“ဆရာပဲသူတို့ကိုလာခေါ်ခိုင်းထားပြီးတော့ ဘာလို့မလိုက်သွားတာလဲ”လို့မေးတော့ အောင်မြတ်သာက
“လာခေါ်တာရွာခံလူမှမဟုတ်တာ ဒါကြောင့်မလိုက်သွားတာ ”
“ဗျာ ဒါဆို ခုနကလာခေါ်တာက ”
“ဟုတ်တယ် ရွာထဲမှာရှိနေတဲ့ နာနာဘာဝတွေ လာခေါ်တာ ဒီရွာကဘာသာရေးတရားအားနည်းတော့ ရွာထဲမှာ မကောင်းဆိုးဝါးတွေ တော်တော်များနေတယ် ဖျက်လိုဖျက်စီးလုပ်တာပေါ့ ”
သက်ခိုင်လဲ အောင်မြတ်သာရှင်းပြတာကို နားထောင်ပြီး မိမိအလုပ်ဖြစ်တဲ့ အင်းကွက်ဆွဲခြင်းကို လုပ်နေလိုက်တယ်။ အချိန်ဘယ်လောက်ကြာသွားတယ်မသိ ကျောင်းအောက်ကနေ “မိတ်ဆွေတို့ မိတ်ဆွေတို့ ရွာထဲမှာ အရေးတစ်ခုပေါ်နေလို့ဗျို့”လို့လှမ်းခေါ်တဲ့အသံကိုကြားမှ သတိပြန်လည်လာတယ်။
သက်ခိုင်လဲ လုပ်လက်စအလုပ်ကိုချပြီး ကျောင်းအောက်ကိုကြည့်လိုက်တော့ နေ့လည်က ချောင်းစပ်ကို လိုက်ပို့ပေးတဲ့လူနဲ့ ရွာသားငါးယောက်လောက်ကို တွေ့လိုက်ရတယ်။ သက်ခိုင်လဲ ကျောင်းပေါ်ကနေ
“ဘာတွေဖြစ်လို့ အရေးတကြီးဖြစ်နေကြတာလဲ”ဆိုပြီးလှမ်းမေးလိုက်တော့
“ရွာထဲမှာ အရူးသာပုသောင်းကျန်းနေလို့ ကြက်တွေ၊ ဘဲတွေကို အစိမ်းလိုက်စားနေလို့ လာကြည့်ပေးပါဦး”
အောင်မြတ်သာလဲ ရွာသားတွေရဲ့စကားကိုကြားတော့
“ကျုပ်တို့လိုက်လာခဲ့မယ် ခဏလေးစောင့်
သက်ခိုင် လွယ်အိတ်ပါယူလာခဲ့ ဟိုကောင်သောင်းကျန်းနေပြီထင်တယ်”လို့ပြောပြီး ကျောင်းပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။
ရွာထဲရောက်တော့ အိမ်တစ်အိမ်ရဲ့အရှေ့မြေကွက်လပ်မှာ ငုတ်တုတ်ထိုင်နေတဲ့ အရူးသာပုကိုတွေ့လိုက်ရတယ်။ အရူးသာပုရဲ့ပါးစပ်ထဲမှာလဲ ကြက်မွှေးတွေနဲ့ ကြက်သွေးတွေက ပေကျံလို့။ အရူးသာပုက အောင်မြတ်သာတို့ကိုမြင်တော့ ပါးစပ်ထဲမှာ ငုံထားတဲ့ ကြက်သားအစိမ်းကို ထွေးထုတ်ပြီး
“ငါ လူသားစားချင်တယ် ငါ့ကိုကျွေး မကျွေးရင် တစ်ရွာလုံးကိုသတ်စားပစ်မယ် ငါလူသားမစားရတာကြာနေပြီ ဒီကြက်တွေဘဲတွေအသားက အရသာမရှိဘူး လူသားပဲစားချင်တယ် “ဆိုပြီး ထအော်တော့ အောင်မြတ်သာက
“တယ် ဒီအရိုင်းစိုင်းကောင် ငါလုပ်လိုက်ရ သေတော့မယ် မင်းဘယ်သူလဲ လူသားကိုပါတောင်းစားရလောက်အောင် မင်းကိုဘယ်သူက မြှောက်ပေးခဲ့တာလဲ”လို့မေးလိုက်တော့ဝင်ပူးနေတဲ့သူက
“မင်းတို့ကျွေးမလား မကျွေးဘူးလား ခုနက လူတွေပြောတော့ လူသားသွားရှာနေလို့ ကြက်သားစားထားဆို အခုဘယ်မှာလဲ လူသား ငါဗိုက်ဆာနေပြီ “လို့အော်ရင်း ကုန်းထလာတာတဲ့အချိန် အောင်မြတ်သာက လက်ပြန်ရိုက်ချလိုက်တယ်။
လေထဲကိုရိုက်လိုက်ပေမယ့် ဝင်ပူးနေတဲ့သူက အနောက်ကို သုံးပေလောက်လွင့်ထွက်သွားတယ်။ အောင်မြတ်သာလဲ ဝင်ပူးနေတဲ့သူရဲ့ပတ်လည်မှာ စည်းဝိုင်းလိုက်ပြီး
“သင်ဘယ်သူလဲ သင်ဘာလို့လူသားစားချင်ရတာလဲ မပြောမချင်း ဒီစည်းဝိုင်းထဲကနေ ငရဲမီးလျှံတွေထွက်ပြီး ပူလောင်တဲ့ဝေဒနာခံစားရပါစေ “လို့အမိန့်ပြန်လိုက်တာနဲ့ စည်းဝိုင်းထဲမှာ ဝင်ပူးနေတဲ့သူက လူးလိမ့်ကာ အော်ဟစ်ပါလေရော။
“အား အား ပူတယ် သေတော့မယ် မီးတောက်တွေ မီးတောက်ကြီးတွေ ငါ့တစ်ကိုယ်လုံးမီးတွေလောင်နေပြီ “လို့အော်ဟစ်ပြီး ထွက်ပြေးပေမယ့် အောင်မြတ်သာ တားထားတဲ့စည်းထဲကနေအပြင်ကို ထွက်လို့မရဘူးဖြစ်နေတယ်။
စည်းဝိုင်းထဲမှာလူးလိမ့်နေတာမြင်တော့ အောင်မြတ်သာက
“သင်နာကျင်တာကိုသက်သာစေချင်ရင် သင်ဘယ်သူလဲဆိုတာကိုအမှန်တိုင်းပြော ဒါဆိုသင်ခံစားရတာတွေ ပျောက်အောင်လုပ်ပေးမယ်”လို့ပြောလိုက်တော့ ဝင်ပူးနေတဲ့သူက
“ပြောမယ် ပြောမယ် ငါ့နာမည် မဲကြီး အမလေး ပူတယ် မီးတောက်တွေငြိမ်းပေးပါတော့ ပူလှပြီ လူသားလဲမစားချင်တော့ဘူး မေးတာကိုအမှန်တိုင်းဖြေပါတော့မယ် မီးတောက်တွေငြိမ်းလိုက်ပါတော့”လို့ပြောတော့မှ အောင်မြတ်သာက မီးတောက်တွေကို လက်နဲ့ ပုတ်ထုတ်လိုက်တယ်။
မီးတောက်တွေငြိမ်းသွားတော့ အောင်မြတ်သာက
“ကဲ သင်အမှန်တိုင်းပြော လိမ်ပြောတာနဲ့ မီးတောက်တွေပြန်ထွက်လာလိမ့်မယ် သင်အသားမနာစေချင်ရင် ကျုပ်မေးတာအမှန်တိုင်းဖြေ”လို့ပြောလိုက်တော့ ဝင်ပူးနေတဲ့သူက
“မေးစရာရှိမေး ကျုပ်ကိုမေးပြီးရင်လွှတ်ပေး”
“သင်ကဘယ်မှာနေတာလဲ”
“ငါက နွားသေချောင်းဘေးက ရေသဖန်းပင်ပေါ်မှာနေတာ”
“နွားသေချောင်းထဲမှာရှိတဲ့မကောင်းဆိုးဝါးကိုသင်သိလား သိရင်အမှန်တိုင်းပြော လိမ်လို့ကတော့ ပြာဖြစ်တဲ့ထိမီးတိုက်ပစ်မယ်”
အောင်မြတ်သာကြုံးဝါးလိုက်တော့ ဝင်ပူးနေတဲ့သူက
“နွားသေချောင်းထဲမှာနေတာက သရဲအကြီးစားတစ်ကောင်ပဲ နာမည်က တာတီးလို့ခေါ်တယ် သူကနွားသေချာင်းမှာမင်းမူနေတာ ကျုပ်တို့ရှာလို့ရတဲ့အသားတွေ သူ့ကိုအရင်ပေးရတယ် မပေးရင်သူရိုက်တာခံရတယ်”
“ဒါဆိုမင်းအခုလူသားစားမယ်ဆိုပြီး ဝင်ပူးတာ သူခိုင်းတာလား”
အောင်မြတ်သာမေးလိုက်တော့ ဝင်ပူးနေတဲ့သူက
“ကျုပ်တာဝန်က ချောင်းထဲရေဆင်းကူးတဲ့သူတွေကို ရေနစ်သေအောင်ခြောက်လှန့်ရတာ ရေနစ်သေတဲ့သူတွေရဲ့အလောင်းကို သူကစားတာ ကျုပ်ကိုလဲအတင်းစားခိုင်းတယ် မကြာခဏရေနစ်သေတော့ လူတွေလဲ ရေလာမကူးကြတော့ဘူး လူတွေမလာတော့ ချောင်းဘေးမှာ လာကျောင်းတဲ့ ကျွဲနွားတွေကို သတ်စားတယ် အခုဝင်ပူးနေတဲ့ကောင်လေးကို ရူးနေအောင် သူပဲလုပ်ထားတာ ကျုပ်လုပ်တာမဟုတ်ဘူး ကျုပ်ကသူခိုင်းလို့ လုပ်ရတာ”
အောင်မြတ်သာလဲအကြောင်းစုံသိရပြီမို့
“မင်းအခုဝင်ပူးနေတဲ့ ကိုယ်ကနေ ချက်ချင်းထွက် နောက်ထပ်ဝင်ပူးလို့်ကတော့ ကျုပ်အဆိုးမဆိုနဲ့ သင့်ဆရာကိုလဲပြောလိုက် နွားသေချောင်းကနေ ထွက်ရင်ထွက် မထွက်ရင် ကျုပ်ကိုယ်တိုင်လာမောင်းထုတ်မယ်လို့”
အောင်မြတ်သာစကားအဆုံးမှာတော့ ဝင်ပူးခံထိနေတဲ့ သာပုတစ်ယောက် အရုပ်ကြိုးပြတ်လဲကျသွားတယ်။ ပြန်သတိရလာတော့
“ဟေ့လူတွေ သရဲ သရဲရှိတယ် ကျုပ်ဂုတ်ပေါ်ခွစီးလာတာ လျာကြီးက ကျုပ်လည်ပင်းလောက်ထိ ကျနေတာ ကျုပ်ကြောက်တယ် ကြောက်တယ် အား အား “ဆိုပြီး သွေးရူးသွေးတန်းအော်ဟစ်နေတာမြင်တော့ အောင်မြတ်သာက ရွာသားတွေဆီကနေ ရေတစ်ခွက်တောင်းပြီး မန်းလိုက်တယ်။
မန်းပြီးလို့ရတဲ့ရေကို သာပုကိုတိုက်လိုက်တော့ ခုနကအော်ဟစ်နေတာတွေ ငြိမ်ကျသွားတယ်။ အောင်မြတ်သာတို့လဲ ရွာခံလူကြီးတွေကို မနက်ဖြန်မနက်ရှစ်နာရီ တိတိနွားသေချောင်းကိုသွားမယ်ဆိုတာပြောပြီး ဘုန်းကြီးကျောင်းကိုပြန်လာခဲ့လိုက်တယ်။
မနက်ရှစ်နာရီထိုးတော့ အောင်မြတ်သာတို့ ရွာထဲကိုဝင်လာခဲ့လိုက်တယ်။ ရွာထဲရောက်တော့ လူတွေအတော်စုံနေပြီ။ ရွာခံလူတွေက အောင်မြတ်သာတို့ကို မြင်တော့
“ဆရာလေး ညက ဆရာလေးတို့ပြန်သွားတော့ နွားသေချောင်းထဲကနေ ရေအော်သံတွေကြားရတယ် အဲလိုရေအော်သံကြားရတာက ထူးခြားမှုတစ်ခုဖြစ်တော့မယ်ဆိုတဲ့သဘောပဲ”
ရွာခံလူတွေရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“စိတ်မပူပါနဲ့ ကျုပ်တို့ကူညီပါ့မယ် အခုနွားသေချောင်းကိုသွားမယ့်လူတွေထဲမှာ မိန်းကလေးတွေမပါစေချင်ဘူး မကြောက်တတ်တဲ့ယောကျၤားလေး ၅ယောက်လောက်ပဲခေါ်လာစေချင်တယ်”
အောင်မြတ်သာစကားကိုကြားတော့ ရွာခံလူကြီးတွေက
“အသင့်ပဲဆရာလေး ဒီမှာစုထားပြီးပြီ သူတို့က အကြောက်အလန့်သိပ်မရှိဘူး ဆရာလေးတို့အတွက် အသုံးဝင်မယ်ထင်ပါတယ်”
အောင်မြတ်သာတို့လဲ ရွာလူကြီးတွေစုထားပေးတဲ့ ကာလသားငါးယောက်ကို ခေါ်ပြီး နွားသေချောင်းရှိရာကိုထွက်လာခဲ့လိုက်တယ်။ နွားသေချောင်းစပ်လဲရောက်ရော အောင်မြတ်သာက ပါလာတဲ့ ကာလသားတွေကိုကြည့်ပြီး
“သင်တို့ကြောက်ရင် အခုထဲကပြန်လှည့်သွားလို့ရတယ် သင်တို့မမြင်ဖူးတဲ့အရာတွေ မြင်ရမှာမို့လို့ စိတ်မခိုင်တဲ့သူပြန်လို့ရတယ်”လို့ပြောတော့ အသားညိုညိုဗလတောင့်တောင့် ကာလသားက
“ကျုပ်တို့မကြောက်ပါဘူး သရဲတစ္ဆေတွေကိုလဲ မြင်ဖူးတယ် သချႌုင်းကုန်းထဲမှာလဲ အရက်သောက်ဖူးတယ် ကျုပ်တို့အဲလိုအကြောက်အလန့်မရှိဘူး”
“ကောင်းပြီ သင်တို့အဆင်သင့်ဖြစ်ရင် ဒီပြာကိုယူပြီး မျက်လုံးမှာကွင်းလိုက်”လို့ပြောပြီး ဆီစိမ်စက္ကူနဲ့ထုတ်ထားတဲ့ ပြာအချို့ကိုပေးလိုက်တယ်။
ကာသလားတွေလဲ အောင်မြတ်သာပေးတဲ့ ပြာကို မျက်လုံးမှာကွင်းပြီး ချောင်းရိုးတစ်လျောက်ကြည့်လိုက်ရာ
“ဟာ ဆရာ ချောင်းထဲမှာ မျက်လုံးနီနီနဲ့အကောင်တွေ အများကြီးပဲ မျက်လုံးတွေပဲပေါ်နေတာ”
ကာသလားတစ်ယောက်ရဲ့ပြောသံကိုကြားတော့ အောင်မြတ်သာက
“ချောင်းထဲမှာ မကောင်းဆိုးဝါးတွေ အရမ်းများနေတယ် ဒီနားပတ်ဝန်းကျင်က မကောင်းဆိုးဝါးတွေအားလုံး ဒီချောင်းထဲမှာလာစုနေကြတာကိုး”
အောင်မြတ်သာစကားအဆုံးမှာသက်ခိုင်က
“ဆရာ စကြတော့မလား အကုန်လုံးကိုမောင်းထုတ်ပြီး ဒီနေရာကိုသန့်အောင်အရင်လုပ်ရမယ်”လို့ပြောလိုက်တော့ အောင်မြတ်သာက ချောင်းစပ်ထိဆင်းသွားပြီး
ချောင်းရိုးတောက်လျောက်ကို လက်ညိုးထိပ်နဲ့ စည်းချလိုက်တယ်။
စည်းချပြီးတာနဲ့ လွယ်အိတ်ထဲကနေ ဆီစိမ်စက္ကူနဲ့ထုပ်ထားတဲ့ ပြာအချို့ကိုယူပြီး ချောင်းထဲကိုပစ်ထည့်လိုက်တယ်။ ပြာတွေပစ်ထည့်လိုက်ပြီး သိပ်မကြာခင်မှာ ချောင်းထဲကနေ ပူစီပေါင်းတွေထလာတာကို မြင်လိုက်ရတယ်။
“ဆရာ ချောင်းရေတွေ ပွက်လာတယ် တစ်ဖြေးဖြေးချောင်းထဲကနေ အငွေ့တွေထွက်လာတယ်”
ကာလသားတစ်ဦးရဲ့အော်သံကြောင့် သက်ခိုင်လှမ်းကြည့်လိုက်တာ အဟုတ်ကို ချောင်းထဲကရေတွေ ဆူပွက်လာတာ မြင်လိုက်ရတယ်။
ထိုအခါ အောင်မြတ်သာက
“သက်ခိုင် လွယ်အိတ်ထဲက အပ်ချည်ကြိုးထုတ်ပေး”
သက်ခိုင်လဲလွယ်အိတ်ထဲက အပ်ချည်ကြိုးကိုယူပြီး ဆရာ့ကိုပေးလိုက်တော့ ဆရာက အပ်ချည်ကြိုးကိုမန်းလိုက်ပြီး ကာလသားငါးယောက်ကိုပေးလိုက်တယ်။
အပ်ချည်ကြိုးကိုပေးပြီးတော့ အောင်မြတ်သာက
“မင်းတို့ခုနကမြင်တဲ့ မျက်လုံးနီနီတွေရှိသေးလား”
“ရှိသေးတယ်ဆရာ သူတို့တွေ ရေထဲမှာလူးလွန့်နေကြတယ် ”
“သူတို့တွေမရှိတဲ့နေရာကိုတွေ့လား”
“တွေ့တယ်ဆရာ ချောင်းအောက်ဘက် ဓနိတောဘက်မှာ ဘာမှမရှိဘူး”
“ဟုတ်ပီ အဲဒါဆိုရင် မင်းတို့လေးယောက်က အပ်ချည်ကြိုးကိုယူပြီး ချောင်းအောက်ဘက် ဓနိတောတွေရှိတဲ့နေရာကိုသွား နှစ်ယောက်က ချောင်းဟိုဘက်ကမ်းကို အပ်ချည်ကြိုးကိုင်ပြီးကူးသွားရမယ် ကျန်နှစ်ယောက်က ဒီဘက်ကနေ အပ်ချည်ကြိုးအစကိုကိုင်ထား ဟိုဘက်ကမ်းရောက်ပီဆိုတာနဲ့ လေးယောက်လုံး ချောင်းအပေါ်ကိုဆက်ခဲ့ ဘာမှကြောက်စရာမလိုဘူး မင်းတို့အနားဘယ်သူမှကပ်လို့မရဘူး”
အောင်မြတ်သာစကားအဆုံးမှာတော့ ကာလသားလေးယောက် ချောင်းအောက်ဘက်ကိုဆင်းသွားတယ်။ အောင်မြတ်သာလဲ ကျန်နေတဲ့ ကာလသားတစ်ယောက်ကိုကြည့်ပြီး
“မင်းက တောက်ရနဲ့လိုက်သွား အပ်ချည်ကြိုးတစ်ယောက်တစ်ဘက်ကိုင်ပြီး ချောင်းအပေါ်ကနေ အောက်ကိုဆင်းလာခဲ့ “လို့ပြောလိုက်တယ်။
အောင်မြတ်သာစကားအဆုံးမှာ တောက်ရနဲ့ ကာလသားတစ်ယောက်က အပ်ချည်ကြိုးကိုယူပြီး ချောင်းရိုးအပေါ်ဘက်ကိုတက်သွားတယ်။
တောက်ရနဲ့ကာလသားတွေသွားပြီးမကြာခင်မှာပဲ ချောင်းရေတွေက အငွေ့တွေထွက်လာပြီး တစ်ဖြေးဖြေး ဆူပွက်လာခဲ့တယ်။
ချောင်းထဲမှာရှိနေတဲ့မကောင်းဆိုးဝါးတွေက ပူတဲ့ဒဏ်ကိုမခံနိုင်ပဲ ချောင်းပေါ်ပြေးတက်ဖို့ကြိုးစားပေမယ့် အောင့်မတ်သာပိတ်ထားတဲ့ စည်းနဲ့ထိပြီး ချောင်းထဲကို ပြန်လန်ကျနေတာကိုမြင်လိုက်ရတယ်။
အဲဒီအချိန် ချောင်းရိုးဘေးမှာပေါက်နေတဲ့ သရက်ပင်ပေါ်ကနေ တစ်စုံတစ်ယောက်ဆင်းလာတဲ့အသံကြားလို့ကြည့်လိုက်တော့ လူတစ်ပိုင်းငါးတစ်ပိုင်းနာနာဘာဝတစ်ကောင်ကိုတွေ့လိုက်ရတယ်။
ချွန်ထက်နေတဲ့သွားစွယ်တွေပေါက်နေတဲ့ ပါးစပ်ထဲကနေ လျာနှစ်ခွကိုထုတ်ပြီး အောင်မြတ်သာတို့ကို ခြောက်လှန့်နေသည့်အတိုင်းလုပ်ပြနေတာ။ ဘယ်လိုခြောက်လှန့်ခြောက်လှန့် အောင်မြတ်သာ မကြောက်မှန်းသိတော့ သရက်ပင်ပေါ်လစ်ခနဲပြန်တက်သွားတယ်။
အောင်မြတ်သာလဲ ချောင်းဘေးက မြေကွက်လပ်ပေါ်မှာ အင်းကွက်၁၆ကွက်ဆွဲလိုက်ပြီး အင်းကွက်အလယ်မှာ ဝင်ရပ်လိုက်တယ်ဆိုရင်ပဲ အင်းကွက်တွေထဲကနေ အရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ လျှော်ကြိုးတွေထွက်လာပြီး သရက်ပင်ပေါ်ကို ရစ်ပတ်တက်သွားပါလေရော။
အဲဒီအချိန်ချောင်းအောက်ပိုင်းကနေ အပေါ်ကိုကူးလာတဲ့ရေသံတွေကိုကြားလိုက်ရတယ်။ ငါးအကောင်ပေါင်းများစွာကူးခတ်လာနေတဲ့အသံကြားရလို့ ကြည့်လိုက်တာ မျက်လုံးနီနီနဲ့အကောင်တွေ ချောင်းအပေါ်ကို အလုအယက်ကူးလာတာဖြစ်နေတယ်။
ချောင်းအောက်ဘက်ကနေ ချည်မန်းကြိုးကို ဟိုဘက်ဒီဘက်ကိုင်ပြီးတက်လာတဲ့ ကာလသားတွေရဲ့အသံကိုကြားတော့မှ ဒီကောင်တွေ ချည်မန်းကြိုး ဒဏ်ကိုမခံနိုင်လို့ အလုအယက်ပြေးတက်လာမှန်းသိလိုက်ရတယ်။
အောက်ကနေ တက်လာတဲ့အကောင်တွေအပြင် တောက်ရတို့အပေါ်ဘက်ကနေလဲ အုပ်စုလိုက် ပြေးဆင်းလာတာပါမြင်လိုက်ရတော့ သက်ခိုင်အားတက်သွားပြီး သက်ပြင်းချလိုက်မိတယ်။
ချောင်းရိုးအပေါ်နဲ့အောက်ကနေတက်လာတဲ့ မကောင်းဆိုးဝါးတွေက ချောင်းအလယ်မှာစုနေတဲ့အချိန် သရက်ပင်ပေါ်ကနေ “ဝုန်း”ဆိုတဲ့အသံနဲ့အတူ ရေသရဲကောင်ပြုတ်ကျလာတယ်။
တစ်ကိုယ်လုံးလျော်ကြိုးတွေရစ်ပတ်ခံထားရပြီး လှုပ်မရဖြစ်နေတဲ့ ရေသရဲကောင်ကိုမြင်တော့ ချောင်းထဲက နာနာဘာဝတွေ ဝရုန်းသုန်းကားဖြစ်ကုန်တယ်။ ချောင်းထဲမှာမကောင်းဆိုးဝါးတွေ လူးလွန့်နေတာများ ကွန်ထဲမှာမိနေတဲ့ ငါးတွေလိုပဲ။
အောင်မြတ်သာလဲ မြေကိုဖနောင့်နဲ့တစ်ချက်ပေါက်လိုက်တာ ရေသရဲကောင်က မြေကြီးပေါ်ကနေ ရေထဲကို ဒရွတ်တိုက်ပါသွားတယ်။
ရေသရဲကောင်ချောင်းထဲရောက်တာနဲ့တပြိုင်နက် ရေတွေက ဆူပွက်လာပြီး အခိုးအငွေ့တွေထွက်လာခဲ့တယ်။ ချောင်းထဲမှာအော်ဟစ်နေတဲ့ အသံတွေက ကြောက်ခမန်းလိလိပဲ။
အဲဒီအချိန်ချောင်းရိုးအပေါ်ဘက်ကနေ လှေအစင်းပေါင်းများစွာဆင်းလာတာကိုတွေ့လိုက်ရတယ်။ အလင်းရောင်တွေတောက်ပနေတဲ့ လှေပေါ်မှာတော့ ရွှေရောင်စောင်းကြီးကိုပိုက်ပြီး ဆံပင်ဖားလားချကာ ရပ်နေတဲ့ ပုဂ္ဂိုလ်တစ်ပါးကိုမြင်လိုက်ရတယ်။
ထိုပုဂ္ဂိုလ်ကလှေပေါ်ကနေ စောင်းသံတစ်ချက်တီးလိုက်တဲ့အချိန် ချောင်းထဲမှာဘယ်ကနေပေါ်လာမှန်းမသိတဲ့ မိကျောင်းတွေရောက်လာခဲ့တယ်။ မိကျောင်းတွေရောက်လာတဲ့အချိန် အောင်မြတ်သာက ပိတ်ထားတဲ့ ချည်မန်းကြိုးကိုဖွင့်ခိုင်းလိုက်တယ်။
မိကျောင်းတွေလည်း ချောင်းထဲမှာပိတ်မိနေတဲ့ နာနာဘာဝတွေကို လိုက်ကိုက်ပြီးမောင်းထုတ်ကြတာ ချောင်းရိုးတစ်လျောက် အော်ဟစ်ကူးခတ်နေတဲ့အသံတွေ ဆူညံသွားတယ်။
အော်ဟစ်ကူးခတ်သံတွေပျောက်သွားတော့ လှေပေါ်က ပုဂ္ဂိုလ်ကရေထဲဆင်းလာပြီး ရေပေါ်မှာမတ်တပ်ရပ်ပြီး အောင်မြတ်သာကိုကြည့်ကာ
“သင်ဟာလူငယ်ပေမယ့် ပညာအစွမ်းက တယ်မြင့်သကိုး ကျုပ်လိုပုဂ္ဂိုလ်မနေနိုင်အောင် ခေါ်လိုက်ထဲက သင့်အစွမ်းကိုသိလိုက်ရတယ် သင်စိတ်မပူပါနှင့် မကောင်းဆိုးဝါးတွေ ဒီချောင်းရိုးတစ်လျောက်ကဆင်းသွားတာနဲ့ ကျုပ်ပိုင်တဲ့ရေငန်ပိုင်းကိုရောက်သွားလိမ့်မယ် ရေငန်ပိုင်းထဲမှာသူတို့ကိုထိန်းကျောင်းနိုင်မယ့် လက်အောက်ငယ်သားတွေအများကြီးရှိပါတယ် “လို့ပြောတော့ အောင်မြတ်သာက
“ရေငန်တစ်ရိုးကိုပိုင်စိုးတဲ့ ရေငန်ပိုင်ဘိုးဘိုးကပြောမှတော့ ကျုပ်စိတ်အေးရပါပြီ ဒီချောင်းကိုလဲ ယခင်လိုစည်ကားသာယာအောင် စောင့်ရှောက်ပေးပါ “လို့ပြောတော့ ရေငန်ပိုင်ဘိုးဘိုးက
“ဒီချောင်းရိုးကို ကျုပ်တပည့်တစ်ယောက်ကို စောင့်ရှောက်ခိုင်းထားပါတယ်”လို့ပြောပြီး လက်ညိုးထိုးလိုက်တာ ရေအလယ်ကနေ မတ်တပ်ရပ်လျက်ပေါ်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုတွေ့လိုက်ရတယ်။
ရေထဲကထွက်လာတဲ့ပုဂ္ဂိုလ်က
“ကျုပ်နာမည် တစ်ပွဲစားဖိုးမောင်လို့ခေါ်ပါတယ် အဘိုးရဲ့တာဝန်ပေးချက်အရဒီချောင်းကို စောင့်ရှောက်ပါမယ် ကျုပ်ကိုပူဇော်ပသချင်ရင်တော့ ဝါဝင်ဝါထွက်တိုင်း ချောင်းရိုးဘေးမှာ မုန့်အချို ၊ ကောက်ညှင်းတို့နဲ့ ပူဇော်ပသပေးပါ ရွာသူရွာသားတွေအကျိုးဖြစ်ထွန်းပါလိမ့်မယ်”လို့ပြောပြီး ရေထဲကိုပြန်ငုံလျှိုးသွားတယ်။
အောင်မြတ်သာလဲ ရေငန်ပိုင်ဘိုးဘိုးကိုကျေးဇူးတင်ကြောင်းပြောလိုက်တဲ့အချိန် ချောင်းထဲမှာရပ်ထားတဲ့ လှေကလေအဟုန်လိုပြေးထွက်သွားခဲ့တယ်။
အောင်မြတ်သာလဲ ကာလသားတွေကို သေချာမှာပြီး ရွာထဲပြန်ဝင်လာတဲ့အချိန် ရူးနေတဲ့သာပု လူကောင်းပဂတိပြန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လည်း ရွာမှာတစ်ညဆက်နေပြီး နောက်နေ့အာရုဏ်တက်ချိန်မှာ ရွာထဲကနေထွက်လာခဲ့ကြတယ်။
အောင်မြတ်သာတို့ရွာကနေထွက်သွားပြီးနောက်ပိုင်း စီးပွားရေးတွေပြန်အဆင်ပြေလာပြီး နွားသေချောင်းကနေ နတ်စမ်းချောင်းအဖြစ်ပြန်လည်ခေါ်ဝေါ်ခဲ့ကြတယ်။ ယခုဆိုရင် ရွာဦးဘုန်းကြီးကျောင်းကိုအသစ်ပြန်လည်ဆောက်လုပ်ပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်နဲ့ စာသင်သားသံဃာတော်တွေပါ ရောက်လို့လာခဲ့ပြီဖြစ်တယ်။
+++++++++
အောင်မြတ်သာတို့လဲ ခရီးတွေဆက်လာခဲ့ကြတာ နယ်မြို့လေးတစ်မြို့ဆီရောက်လာခဲ့တယ်။ မြို့ထဲလျောက်သွားနေတုန်း နားထဲမှာတစ်စုံတစ်ယောက်ခေါ်သံကြားလိုက်ရတယ်။
အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တော့ ဈေးရောင်းဈေးဝယ်နေသူများမှလွဲပြီး ဘယ်သူမှမရှိ။ အဲဒီအချိန် လမ်းဘေးမှာရပ်နေတဲ့ မိန်းကလေးတစ်ဦးကို တွေ့လိုက်ရတယ်။
ရှေ့ဟောင်းအဝတ်အစားဝတ်ထားတဲ့မိန်းမငယ်က အောင်မြတ်သာကိုမြင်တော့ ဘေးကဆိုင်ထဲကို ပြေးဝင်သွားတယ်။
အောင်မြတ်သာလည်း မိန်းမငယ်ဝင်သွားတဲ့ဆိုင်ကို ကြည့်လိုက်တော့ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ဖြစ်နေတယ်။
အောင်မြတ်သာလည်း ဆိုင်ထဲဝင်ပြီး ကြည့်လိုက်တော့ ကျွန်းသစ်သားနဲ့ဘောင်ခတ်ထားတဲ့မှန်တစ်ချပ်ထဲကနေ အောင်မြတ်သာကို ဝမ်းသာအားရနှုတ်ဆက်နေတဲ့ မိန်းမငယ်ကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာလည်း မှန်ကိုကိုင်မလို့အလုပ်
“ဟေ့လူ အရမ်းမကိုင်နဲ့ အဲဒီမှန်က တန်ဖိုးကြီးတယ်
ထူးလဲထူးဆန်းတယ်”
“ဒီမှန်ကဘယ်လိုထူးဆန်းတာလဲ”
“အဲဒါတော့ကျုပ်မသိဘူးလူတစ်ယောက်လာအပ်သွားတာကြာပြီ ပစ္စည်းလာယူမယ့်သူလာရင် မှန်ကအလိုလိုအက်လာမယ်လို့ပြောသွားတာပဲ”
“မှန်ကအချိန်မရွေးအက်တတ်တာပဲ ထူးဆန်းလို့လား”
“ထူးဆန်းတယ်ဗျ ကျုပ်လည်းအစကမယုံဘူး ကျုပ်ဒီမှန်ကိုရောင်းဖို့ခဏခဏစဉ်းစားတယ် စဉ်းစားတဲ့နေ့တိုင်း မှန်ထဲကနေ မိန်းမတစ်ယောက်ထွက်လာပြီး ရောင်းရင်ကျုပ်ကိုသတ်မယ်လို့ပြောတာ နောက်ပြီးဒီမှန်က ဘယ်လိုလုပ်လုပ်မကွဲဘူး ကျုပ်ဆိုခဏခဏ တိုက်မိတယ် ကြမ်းပေါ်ပြုတ်ကျတာလဲအကြိမ်ရေမနည်းဘူး ခုထိအစင်းရာတောင်မထင်ဘူး ”
“ဒါဆိုထူးဆန်းတာပဲ ကျုပ်ခဏကိုင်ကြည့်လို့ရမလား”
“ရပါတယ် ကိုင်ကြည့်လေ ”
အောင်မြတ်သာလဲ မှန်မျက်နှာပြင်ကို ကိုင်ကြည့်လိုက်တဲ့အချိန် မှန်မျက်နှာပြင်ပေါ်ကနေ အက်ေြ်ကြောင်းရာတစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်။
မှန်အက်လာတာမြင်တော့ ဆိုင်ရှင်က
“ဟာ ဟေ့လူ မှန်ကရုတ်တရက်အက်လာတယ် ခင်ဗျားနဲ့ဒီမှန်ရေစက်ရှိမယ်ထင်တယ် ကျုပ်လဲထိန်းသိမ်းရတဲ့ဒုက္ခကလွတ်တော့မယ်ထင်တယ် ခင်ဗျားတို့ယူရင် ယူသွားကြ”ဆိုပြီးပေးတော့ အောင်မြတ်သာက
“သက်ခိုင်ရေ ဒီမှန်ကိုယူခဲ့ကွာ ငါတို့တော့လုပ်ငန်းတစ်ခုစရတော့မယ်ထင်တယ်”လို့ပြောပြီး ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။
အောင်မြတ်သာဆိုင်ထဲကနေ ထွက်လာတော့ မှန်ထဲမှာ မိန်းမငယ်တစ်ယောက်ရဲ့မျက်နှာရုတ်တရက်ပေါ်လာတာကို သက်ခိုင်နဲ့ တောက်ရတို့မြင်လိုက်ရတယ်။
++++++
ကဲ .. စာဖတ်သူတို့ရေ
ဒီတစ်ခါတော့ အောင်မြတ်သာတို့ ဒီမှန်နဲ့ဘယ်လိုအလုပ်ရှုပ်မလဲဆိုတာကိုတော့” အောင်မြတ်သာနဲ့ဝိဉာဉ်စွဲကပ်မှန်တစ်ချပ်”ဆိုတဲ့ဝတ္တုလေးမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။
ကြိုက်နှစ်သက်ရင်pageလေးကိုLikeနှိပ်ပေးခဲ့ပါဦးနော်အသစ်တွေတင်တိုင်းသိရအောင်😘
လေးစားစွာဖြင့်
ဇေယန(ရာမည)