*ဘုရားမကြိုက်တဲ့ လူစု*📖📖📖
*******************************
(၁)
ဖိုးဇုံတစ်ယောက် ယနေ့နံနက်စောစောက လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း အဘဉာဏ် သိရ၏။
ဖိုးဇုံနှင့် အဘဉာဏ်မှာ ဘုန်းကြီးကျောင်းသားဘဝ ငယ်စဉ်ကတည်းက ကျောင်းနေဖက် ခင်မင်ရင်းနှီးကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။
သူနေသည်က ဆကာကြီး မြို့လယ်ပေါ်ပိုင်းမှာမို့ အဘဉာဏ်တို့ နေထိုင်ရာ ‘ဇလွန်ဘက်တန်း’ ရွာနှင့် သိပ်မဝေးလှ။ အခင်အမင်မပျက်ကြသော်လည်း အရောက်အပေါက်တော့ နည်းလှ၏။
အဘဉာဏ်အဖို့ လည်ရေးပတ်ရေးကို မစဉ်းစားနိုင်။ တစ်နေ့လုပ်မှ တစ်နေ့စားရသည်မို့ အားလပ်ချိန်မရှိ။
ယခုလို သူငယ်ချင်းတစ်ယောက်လုံးလုံး သေမှတော့ သူသေ ငါပို့၊ နောက်ဆုံးမရောက်ရောက်အောင်တော့ သွားရမည်။
နက်ဖြန် ငါးသလောက်ပိုက်ချ မထွက်။ ပိုက်လျှော်ရမည်။
ပိုက်မလျှော်လျှင် ပိုက်သားထူပြီး အရောင်ညိုညစ်ညစ်နှင့် ငါးမတိုး။
ပိုက်ကို လျှော်ဖွပ်ပြီးပါက တက်ထရွန်ပိုက်ဖြူဖြူ၊ ပိုက်သားပါးပြီး ငါးတိုးများမည်။
အဘဉာဏ်တို့လို တံငါသည်များအဖို့ ပိုက်ချမထွက်ရလျှင် ထိုနေ့အတွက် အဘဉာဏ်တို့ မိသားစုတွင် ဝင်ငွေမရှိတော့။ ကိစ္စမရှိ။ ဝင်ငွေရအောင် တစ်နည်းနည်းတော့ ရှာရမည်။
အဘဉာဏ်တွင် ထောင်ချီပြီးတန်သော ငါးသလောက်ပိုက် ကိုယ်ပိုင်မရှိစေကာမူ ငွေသုံးဆယ်ကျော် ပေးဝယ်ထားသော ရင်တွန်းအဟောင်းကလေးတစ်လက်တော့ ကိုယ်ပိုင်ရှိသည်။
‘ရင်တွန်း’ ဆိုသည်မှာ ဝါးလုံးနှစ်လုံးကို ကြက်ခြေယှက်၍ ထိပ်တွင် သစ်သားတန်းပါသောပိုက်ကို ရင်ဖြင့်မှေး၍ ကမ်းပါးစပ်တစ်လျှောက်တွင် လက်ဖြင့် တွန်းရသော ငါးဖမ်းကိရိယာတစ်ခုမျှသာ။
ပုံသဏ္ဌာန်မှာ သုံးဖက်ညီတြိဂံ သုံးထောင့်ပုံဖြစ်သည်။ အနားတစ်ဖက်လျှင် နှစ်ထောင့်ထွာစီ အရှည်ညီတူရှိ၏။ ရေထဲတွင် နှစ်၍ တွန်းရသော ရှေ့နေရာမှာ သစ်သားတန်း၊ ကျန်ဘေးနှစ်ဖက်နှစ်ချက်က ဝါးလုံး။
သစ်သားတန်းကို အဘဉာဏ်တို့က ‘ရင်တွန်းဖိနပ်’ ဟုခေါ်သည်။ အလယ်တွင် ချည်ပိုက်ကွက်စိပ်အနေဖြင့် တစ်တောင်လျှင် ကွင်းသုံးဆယ်နှုန်း ထိုးထား၍ အစုတ်အပြဲခံနိုင်အောင် အနားတစ်လျှောက်တွင် ပလတ်စတစ်ကြိုးမျှင် နှစ်ဆယ့်တစ်ပင်ပူးကို သုံးကွင်းထပ်ထိုး၍ ဘောင်များတွင် ချည်နှောင်ထားသည်။
နောက်ဘက်တွင် ပိုက်အိတ်ဖြစ်အောင် ရက်ထား သည်။ ပလတ်စတစ်ပိုက်ရှေ့အနားသစ်သားတန်းနှင့် ကပ်ချည်သည့်နေရာကို အဘဉာဏ်တို့အခေါ် ‘ခေါင်းကြားကွင်း’ ဘေးဝါးလုံးဘက်မှ အနားများ ကို ‘ဘေးကြားကွင်း’ ဟုခေါ်သည်။
ယခုလို မိုးဦးကျ ဧရာဝတီမြစ်ပါးတစ်လျှောက် ချောက်လျှောတွင် ဘဲစာမြက်များများရှိရာ နေရာများကို ရင်တွန်းဖြင့် လိုက်တွန်းလျှင် ပုစွန်များ၊ ငါးကလေးများ ဟင်းစားရမည်။
ရေတက်၍ ဘဲစာမြက်များ ပုပ်နေလျှင် ပုစွန်များ အလွန်ပေါတတ်သည်။
ကျောက်ပုစွန်၊ ဆပ်ပုစွန်၊ ပုစွန်ဖြူ၊ မောက်တို၊ မောက်ရှည် စသော ပုစွန်ဆိတ်ကလေး အမျိုးမျိုးသာမက ငါးဖယ်ပေါက်၊ ငါးခွန်ကြမ်း၊ ငါးလူးကလေးများလည်း ရနိုင်သည်။
မနက်တော့ ရင်တွန်းသွားတွန်းမည်။ ဟင်းစားနှင့် ဆန်ဖိုး၊ ဆီဖိုးတော့ ရနိုင်သည်။
ယနေ့ညတော့ ဖိုးဇုံအသုဘကို ခဏဖြစ်ဖြစ် ရောက်အောင်တော့ သွားလိုက်မည်။
(၂)
ဖိုးဇုံ၏ အသုဘအိမ် မီးထိန်ထိန်အောက်သို့ အဘဉာဏ်ဝင်လိုက်လျှင်ပင် သူမကြားချင်ဆုံးသော ဦးမြ၏အသံကြီးကို စတင်ကြားလိုက်ရသည်။
ဦးမြကား အခြားမဟုတ်။
ဖိုးဇုံကဲ့သို့ပင် အဘဉာဏ်နှင့် ငယ်စဉ်ဘုန်းကြီးကျောင်းသားဘဝကတည်းက အတူတကွ ပေါင်းသင်းလာရသော ငယ်သူငယ်ချင်းတစ်ယောက်။
သို့သော် အဘဉာဏ်တို့နှင့် ဘဝချင်းတော့မတူ။ သူက ယခင်ကတည်းက မြေပိုင်ရှင်သား။ ဘုရားဒကာ ကျောင်းဒကာသားမို့ ဘုန်းကြီးကျောင်းသားဘဝကပင် ခပ်ထည်ထည်။
အပြောကြီးသည်။ အပြောကြီးသလို ဉာဏ်ကလည်းကောင်းသည်။
အဘဉာဏ်တို့က ဘုန်းကြီးကျောင်းတွင် သေစာရှင်စာရေးတတ်ရုံမျှသာ စာသင်ခဲ့သည်။ ဦးမြကတော့ ဆယ်စောင်တွဲ ကုန်သည်အထိ စာသင်ခဲ့သည်။
ဦးမြ၏မိဘများမှာ ထိုစဉ်က လယ်ဧကအတော်များများပိုင်ပြီး လယ်ထောက်ခများအပင် စပါးပေးများပေး၍ ချမ်းသာကြွယ်ဝသော မိသားစုမှပေါက်ဖွားခဲ့ သည်။
ဦးမြမှာ ယနေ့တိုင် စပါးပေးခေတ်၊ လယ်ထောက်ခခေတ်မရှိတော့သော်လည်း ရွှေပေါင်ခံ၊ ငွေတိုးကလေး တိတ်တဆိတ်ပေးပြီး အေးအေးဆေးဆေးနေနိုင်သော ဘဝ။
သည်တော့ စာပေဗဟုသုတကို အချိန်ယူပြီး ရှာဖွေဖတ်ရှုနိုင်သည်။ အချိန်အားကလည်း ရှိပေသကိုး။
အလှူပွဲ အသုဘပွဲများတွင် အဘမြ… အဘမြဟူ၍ ပညာရှိ ကဝိတစ်ဆူ။
သင်္ဂြိုလ် ပြောရမလား၊ အဘိဓမ္မာ ပြောရမလား၊ ဝိဂြိုလ် ကျင်းရမလား၊ ဝိနည်းကို ရွတ်ရမလား၊ လောကီလောကုတ္တရာ၊ သိုက်တဘောင် သံချိုမှအစ ဗဟုသုတကြွယ်ကြွယ်နှင့် ပြောရမလား။
ဘက်စုံရသော ဦးမြ။
သာရေးနာရေးများတွင် ကွမ်းဝါးလိုက်၊ လက်ဖက်စားလိုက်နှင့် ပြိုင်ဘက်မရှိ စကားတဖောင်ဖောင် ပြောနိုင်သည်။ အဘဉာဏ်တို့လို သူများနှင့်ကြုံလျှင်လည်း ငယ်သူငယ်ချင်းမို့
သတိပေးသလိုလို ဆုံးမသလိုလိုနှင့် နှိမ်တတ်သေးသည်။
အဘဉာဏ်တို့မှာတော့ ဘာမျှပြန်မပြောနိုင်။ ဘုန်းကြီးကျောင်းမှ သင်ခဲ့သော မတောက်တခေါက်စာပင် ယခုတော့ မေ့တေ့တေ့မို့ ပါးစပ်အဟောင်းသား။ သူ့လိုလည်း ဗဟုသုတမရှိ။
ယခုလည်း ကြည့်ပါ။
“အသက်မွေးတယ်ဆိုတာ မိစ္ဆာအာဇီဝ၊ သမ္မာအာဇီဝဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်”
“မိစ္ဆာအာဇီဝဆိုတာ မကောင်းတဲ့ အသက်မွေးမှုပေါ့ကွာ။ ကာယဒုစရိုက်သုံးပါးနဲ့ ဝစီဒုစရိုက်လေးပါး စုစုပေါင်း ခုနှစ်ပါးရှိတယ်။
သမ္မာအာဇီဝဆိုတာကတော့ ကောင်းသော အသက်မွေးမှု။ ကာယသုစရိုက်သုံးပါးနဲ့ ဝစီသုစရိုက်လေးပါး စုစုပေါင်း သူလည်း ခုနှစ်ပါးရှိတယ်”
ဦးမြသည် စကားကိုခေတ္တရပ်၍ ရှေ့တွင်ရှိသော လက်ဖက်ကို ဇွန်းဖြင့်ကော်ပြီး စားလိုက်၏။
“ဘယ်လိုဟာတွေလဲ အဘမြရဲ့၊ အကျယ်ပြောပါဦး”
ဦးမြ၏ဘေးမှ တရားနာပရိသတ်တစ်ဦးက သိလို၍ မေးလိုက်သည်။ လက်ဖက်စားပြီးသောဦးမြသည် လက်ဖက်ရည်ကြမ်းခွက်ကို လှမ်းကိုင်ပြီး-
“ဟ အကျယ်ပြောရရင် ဒုစရိုက်ဆယ်ပါးကစပြီး ပြောမှဖြစ်မယ်။ လူတို့မပြုအပ်တဲ့ မကောင်းသောအကျင့်များ၊ တစ်နည်းအားဖြင့် သူတော်မဟုတ် သူယုတ်မာတို့ ပြုလုပ်လိုက်စားကျင့်ကြတဲ့ အကျင့်တရားတွေပေါ့ကွာ၊ အဲဒါတွေကတော့-
ပါဏာတိပါတာ သူ့အသက်သတ်ခြင်း၊ အဒိန္နဒါန သူ၏ဥစ္စာကို ခိုးယူခြင်း၊ ကာမေသုမိစ္ဆာစာရ သူ့သားမယားပြစ်မှားခြင်းဆိုတဲ့ သုံးခုဟာ ကိုယ်မှာဖြစ်တဲ့အတွက် ကာယဒုစရိုက်သုံးပါးလို့ ခေါ်တယ်။
အတိုကောက်က ပါ ဒိန် ကာမေ၊ ထိုသုံးထွေ၊ မှတ်လေ ကာယကံပေါ့ကွာ”
အဘမြသည် စကားကို ခေတ္တနားပြီး လက်ဖက်ရည်ကြမ်းကို ကျိုက်ချလိုက်သည်။
“အဲ နှုတ်မှဖြစ်တဲ့ ဝစီကံဒုစရိုက် လေးပါးကတော့-
မုသာဝါဒ မဟုတ်မမှန်သော စကားကိုပြောဆိုခြင်း၊ ပိသုဏဝါစာ သူနှစ်ယောက်အကြား၌ အချစ်တုံးအောင် ကုန်းတိုက်ခြင်း၊ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းဆဲရေး တိုင်းထွာသောစကားကို ပြောဆိုခြင်း၊ သမ္ဖပ္ပလာပ သီချင်း အဲအန် ရကန် သာချင်း၊ အဖျင်းအချော်၊ အပျော်အရွှင်၊ သဘင်ပွဲလမ်း၊ လောင်းတမ်းကြက်တိုက် ဖဲရိုက်ကြွေပစ်၊ ပဆစ်ကျားထိုး အကျိုးမရှိဘဲ သူမိုက်တို့အကြိုက်၊ ဒုစရိုက်နှင့်စပ်သော စကားကို ပြောဆိုခြင်းပေါ့ကွာ။
အတိုကောက်ကတော့ မု ပိ ဖရုသ် သမ်း၊ ထိုလေးခန်း၊ မှတ်စမ်း ဝစီကံလို့။
အဲဒီခုနှစ်ခုနဲ့ အသက်မွေးသူက မိစ္ဆအာဇိဝပေါ့။ သူနဲ့ပြောင်းပြန်က သမ္မာအာဇီဝပေါ့”
ထိုစဉ် တစ်ဦးက-
“ဒုစရိုက်ဆယ်ပါးဆိုတော့ သုံးပါးကျန်သေးတာပေါ့”
“အေး အဲဒီသုံးပါးက စိတ်မှာဖြစ်တဲ့ မနောကံ ဒုစရိုက်သုံးပါးပေါ့။
အဲဒါတွေက အဘိဇ္ဈာ သူပိုင်ဥစ္စာကို ငါ့ဟာဖြစ်လျှင် ကောင်းလေစွဟု ကြံဆတောင့်တခြင်း၊ ဗျာပါဒ သူတစ်ပါးတို့ သေကျေပျက်ဆုံးမှုကို တောင့်တ ခြင်း၊ မိစ္ဆာဒိဋ္ဌိ မှားသောအယူကို ယူခြင်းဆိုတဲ့ သုံးပါးပေါ့။
အတိုကောက်ကတော့ ဘိဇ် ဗျာ ဒိဋ္ဌိ၊ သုံးပါးရှိ၊ မှတ်ဘိ မနောကံတဲ့”
ထိုစဉ်ပင် အဘဉာဏ် ခပ်ယို့ယို့ ကုပ်ချောင်းချောင်းနှင့် ဝင်သည်ကို ဦးမြတွေ့သွားသည်။
“လာဟေ့ ဖိုးဉာဏ်၊ မင်းလည်း ခုမှတွေ့ ရတော့တယ်၊ ထိုင်ကွာ … အရင်အလုပ်ပဲလား”
သိလျက်နှင့်မေးလိုက်သော ဦးမြ၏စကားကို အဘဉာဏ်က ခပ်တိုးတိုးပင်-
“အေး” ဟု မရွံ့မရဲပြန်ဖြေလိုက်သည်။
သည်အလုပ်မှတစ်ပါး ဘာမှမလုပ်တတ်သော အဘဉာဏ် သည်လိုသာ ဖြေရပေမည်။
“တို့တစ်တွေအသက်ကြီးလာပြီနော် ဖိုးဉာဏ်။ ကုသိုလ်ကောင်းမှု မမေ့နဲ့ကွ။ ကံငါးပါးမှာ ပါဏာတိပါတဟာ ရှေ့ဆုံးက။ ဒုစရိုက်ဆယ်ပါးမှာလည်း သူကရှေ့ကပဲကွ”
ထိုအခါ အဘဉာဏ်က-
“ဟ ဖိုးမြရ ငါ့မှာ အရင်းမှမရှိဘဲ။ ဒီအလုပ်ပဲလုပ်တတ်တော့ ဒါပဲလုပ်ရတာပေါ့ကွာ။ မင်း မလုပ်စေချင်ရင် ငါ့ကို အရင်းအနှီးထုတ်ပေးပြီး ဘာလုပ်ရမယ်လို့ အကြံဉာဏ်ပေးလကွာ”
အဘဉာဏ်၏စကားကို ဦးမြက-
“ငါ့မှာလည်း မင်းကို အရင်းအနှီးထုတ်ပေးလောက်အောင် မရှိပါဘူးကွာ”
ဟု ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
ထိုနောက်ဦးမြသည် လက်ဖက်ကို တစ်လုတ်မျှစားပြီး သူ့စကားကို ဆက်လိုက်၏။
“ပါဏာတိပါတ သူတစ်ပါးအသက်ကို သတ်မှုကြောင့် ခံရတဲ့အပြစ်ကို ဘယ်လိုများ ပြထားသလဲဆိုရင်-အဟမ်း …”
ဦးမြသည် လည်ချောင်းကို တစ်ချက်ရှင်းပြီး လက်ဖက်ရည်တစ်ကျိုက်ကို သောက်လိုက်ပြန်သည်။
“ပဉ္စဇာတိသတံပေတော၊ မစ္ဆနာဂါမိဂါဂုရု၊ မဟိံသာသိင်္ဂါထာစ၊ ပါဏာတိပါသာ ဒေါယကာတဲ့။
“ဆိုလိုတာက သံသရာရေး၊ အပါယ်ဘေးကို၊ မျှော်တွေးကြောက်ညောင်း၊ သူတော်ကောင်းတို့။ ပါဏာတိပါတသာ၊ သူ၏အသက်ကို သတ်ခြင်း၏ ဒေါသကာ ပြုလုပ်သူများ ခံစားရာ အစစ်အမှန်ဖြစ်သည့် အပြစ်တို့သည်ကား။
ပေတောစ ပြိတ္တာအဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊
နာဂါစ နဂါးသည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊
မစ္ဆာစ ရေ၌ပျော်ပါး ငါးအဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊
မိဂါစ သမင်အဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊
ဂုရုစ ဆိတ်အဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊
မဟိသာစ ကျွဲအဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊
သင်္ဂါထာစ မြေခွေးအဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊ ဇာယန္တ မုချမသွေ ဖြစ်ရကုန်၏တဲ့။
ဆိုလိုတာက သူတစ်ပါးအသက်သတ်သူဟာ ပြိတ္တာ၊ ငါး၊ နဂါး၊ သမင်၊ ဆိတ်၊ ကျွဲ၊ မြေခွေးအဖြစ်နဲ့ အဖန်ငါးရာစီ ဖြစ်မတဲ့”
“ဘုရား … ဘုရား … ဘုရား”
အဘဉာဏ် တိုးတိုးကလေး ဘုရားတလိုက်မိ၏။
ပြိတ္တာ၊ နဂါး၊ သမင်၊ မြေခွေးတို့တော့ ငါမမြင်ဖူးလို့မသိဘူး။
ကျွဲတို့ ဆိတ်တို့ဖြစ်ရင်တော့ သေချာပေါက် ကုလားမူတူးရဲ့ အသတ် ခံရတော့မှာပဲ။
ကျွဲများဖြစ်ရင် မသေခင် အလုပ်ကလည်း လုပ်ရဦးမည်။
ငါးများဖြစ်ရင်တော့ ငါလင်းမြွေမြီးမှိန်းနဲ့ ထိုးခဲ့သလို တွယ်နဲ့ချိတ်ခဲ့သလို အထိုးအချိတ်ခံရရင် အတော်ဆိုးမှာပဲ”
အဘဉာဏ်အတော်ကလေး စိတ်အားငယ်သွားသည်။
ထိုစဉ်ပင် ဦးမြက စကားကို ဆက်လိုက်ပြန်သည်။
“ပြီးတော့ ဝိစိတြဓမ္မဒေသနာမှာ ဒီလိုဆိုထားသေးသကွ။
အပုညံ ဘိက္ခဝေ ဘာယိက္က၊ အပုည အဘာယတော၊ ဒုက္ခံအဘာယတိနာမလို့ ဟောတော်မူတယ်။
ဘိက္ခဝေ ချစ်သားချစ်သမီးတို့ အပုညံ မဖြူမစင် ညစ်ကြေးတင်တဲ့၊ အကြင် ပါဏာတိပါတစသော ဒုစ ရိုက်ဆယ်ပါး မကောင်းမှုအကုသိုလ်တရားကို၊ ဘာယိက္က မိမိကိုယ်တွင်း၊ မွေးညင်းထောင်ကြွ၊ ကြက်သီးထမလောက် ကြောက်လိုက်ကြပါကုန်လော့။
အပုညံ မဖြူမစင် ညစ်ကြေးတင်တတ်တဲ့၊ အကြင် ပါဏာတိပါတ စသော ဒုစရိုက်ဆယ်ပါး၊ မကောင်းမှု အကုသိုလ်တရားကို၊ အဘာယတော၊ မိမိကိုယ်တွင်း မွေးညင်းထောင်ကြွ၊ ကြက်သီးထမလောက်၊ မကြောက်သော သူမိုက်သည်၊ ဒုက္ခံ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်၊ အပယ်လေးရပ်ဘုံအောက်ထပ်၌၊ မပြတ်မစဲ၊ အမြဲဧကန်၊ ခံရတဲ့ဒုက္ခတွေကို၊ အဘာယတိ နာမ၊ မိမိကိုယ်တွင်း မွေးညင်းထောင်ကြွ၊ ကြက်သီးထမလောက်၊ မကြောက်သည်ပေ၊ မည်တတ်ချေ၏တဲ့”
ဦးမြ၏ ပါဠိအနက်ရွတ်သည့်အသံကတော့ ကောင်းလိုက်ပါဘိ။
အဘဉာဏ်မှာတော့ ကြောက်ပါတယ်ဗျာ၊ ကြောက်လှပါတယ်ဟူ၍သာ အော်လိုက်ချင်သည်။
မရှိလို့ လုပ်စားရသော တံငါသည်ဘဝကို အဘဉာဏ် အတော်ကလေး ရွံ့သွားသည်။
အင် … ငါ ဘာလုပ်စားရပါလိမ့်။
အခြားအလုပ် လုပ်စားဖို့က အရင်းအနှီးမရှိတာက ခက်တယ်။
ထိုစဉ် ဦးမြအား ဘေးမှ တရားနာပရိသတ်တစ်ဦးက မေးလိုက်သောစကားကို အဘဉာဏ် စိတ်ဝင်စားသွားမိပြန်သည်။
“အဘမြရဲ့ ငရဲဆိုတာ ဘယ်လိုဟာတွေလဲဗျ”
ထိုအခါ ဦးမွက-
“သဉ္စိုးငရဲ၊ ကာလသုတ်ငရဲ၊ သင်္ဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တပန္နငရဲ၊ မဟာတပန္နငရဲ၊ အဝီစိငရဲရယ်လို့ ငရဲကြီးရှစ်ထပ် ရှိတယ်။
“ငရဲတစ်ထပ်တိုင်းရဲ့ အရပ်လေးမျက်နှာတိုင်းမှာ ဥဿဒငရဲငယ် ငါးမျိုးရှိတယ်။ အဲဒီငရဲငယ်ငါးမျိုးက ဘင်ပုတ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်အရွက်ရှိသော အသိပတ္တသစ်ပင်တောငရဲ၊ အဆူးရှိသော ကြိမ်နွယ်တို့ဖြင့် ပြိုးပြွမ်း၍ သံပူရည်၊ ကြေးပူရည်တို့ဖြင့် ပြည့်သော ဝတ္တရဏီမြစ်ငရဲတွေ ဖြစ်တယ်။”
“ငရဲကြီးတစ်ထပ် အရပ်လေးမျက်နှာအတွက် ငရဲငယ်ပေါင်း နှစ်ဆယ်ရှိပြီး ငရဲကြီးရှစ်ထပ်မှာ ငရဲငယ်ပေါင်း တစ်ရာ့ခြောက်ဆယ်က ဝိုင်းထားသပေါ့။”
အဘဉာဏ်၏အကြောက် ပိုကြီးလာသည်။
“အမယ်လေး … အမယ်လေး တယ်ဆိုးပါလား၊ ငါသေရင် ဘယ်ငရဲများ ရောက်မလဲ”
အဘဉာဏ် ဇောချွေးများပင် ပြန်လာသည်။ ထိုစဉ် ဦးမြဘေးမှ လူငယ်တစ်ဦးက
“အဘမြ စောစောကပြောတဲ့ ဒုစရိုက်ဆယ်ပါးမှာ သူရာမေရယ အရက်သောက်တာမပါတော့ အရက်သောက်တာ မကောင်းတဲ့အကျင့် မဟုတ်ဘူးပေါ့နော် ဟဲ ဟဲ ဟဲ”
ဦးမြမှာ အငိုက်အထိုးခံရသလို ရှူးရှူးရှားရှားဖြစ်သွားသည်။
“အေး … မင်းတို့လူငယ်တွေက ကြံကြံဖန်ဖန်တွေးတတ်တယ်။ ဒုစရိုက်ဆယ်ပါးမှာ အရက်သောက်တာမပါတာတော့ မှန်တယ်။ ဒါပေမဲ့ လူ့ကျင့်ဝတ် အခြေခံ ပဉ္စသီလငါးပါးမှာ ပါတယ်ကွ။”
“သူရာမေရယ၊ မဇ္ဇပမာဒဋ္ဌာန ကံကြောင့် ခံရတဲ့အပြစ်ကို ဟောသလို ဆိုထားတယ်။
ပဉ္စဇာတိသတံယက္ခော၊ ပဉ္စဇာတိသံသုဏော၊ ဥမ္မတ္တကာ အန္တာစသုရာပါနသာ ဒေါသကာလို့ ဖွင့်ဆိုထားတယ်”
“သူရာပါသာ သေရည်အရက်၊ ဘိန်းဘင်းဆေးခြောက်၊ တစ်ထောက်မာဖီးယား၊ ဆေးဝါးမူးယစ်စေတတ်သော ယစ်မျိုးအစားစား၊ သောက်စားပြုလုပ်ခြင်း၏၊ ဒေါသကာ ပြုလုပ်သောက်စား၊ ထိုသူများတို့၊ ရောက်ငြားမချို့၊ အပြစ်တို့သည်ကား
ယက္ခောစ မျက်ထားစောင်းမာန်၊ ပြင်းထန်ဟူးဟူး၊ အစားကျူးတဲ့ ဘီလူးအဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ၊
သုဏောစ ခွေးအဖြစ်သည်လည်း၊ ပဉ္စဇာတိသတံ အဖန်ငါးရာ ဇာယန္တိ စင်စစ်မသွေ ဖြစ်ရပေကုန်၏။
ဥမ္မတ္တကာစ စိတ်ကောင်းမကူး၊ အများထက်ထူး၍၊ အရူးဟူသမျှ၊ ဖြစ်ရခြင်းတို့သည်လည်း၊ အနန္တာ အတိုင်းမသိ ဖြစ်လေကုန်၏။
ဧတံ ဤသို့ဖြစ်ရခြင်းသည်၊ သူရာပါနဿ သေအရက်စသည်များကို သောက်စားခြင်း၏၊ ဒေါသကာ အပြစ်တို့ပေတည်းတဲ့။
အရက်သောက်တဲ့ သူဟာ ဘီလူး၊ ခွေး၊ အရူးဖြစ်မယ်တဲ့။ အဘဉာဏ် စိတ်ပူရပြန်ပါပြီ။
ငါးကြီးတွေ ကြီးကြီးမားမားဖမ်းမိလျှင်၊ အဘိုးကို ငါးအူနှင့် အရက်ကို လှေဦးမှာ တင်မြှောက်ပသခဲ့ရသည်။ ထိုအခါ အဘဉာဏ် အရက်သောက်မိ၏။
ထိုအပြစ်ကြောင့် ရူးများ ရူးလေမည်လား။ ခွေးတို့ ဘီလူးတို့ပင် ဖြစ်လေမည်လား။ တစ်ကြိမ်တစ်ခါ သောက်မိတာတော့ ချမ်းသာပေးတန်ကောင်းပါရဲ့လေ။ တို့လို အရက်သမားတွေကလည်း အများကြီးပဲဟာ။
အဘဉာဏ်က မိမိဘာသာ မိမိ စိတ်ဖြေရသည်။ တွေးမိတွေးရာ တွေးနေစဉ် ဦးမြက အဘဉာဏ်အား ကောက်ကာငင်ကာ မေးလိုက်သည်။
“ဟေ့ ဖိုးဉာဏ် ဘာငေးနေတာလဲကွ။ မင်းတို့အလုပ်က မရှိလို့လုပ်ရပေမယ့် မလုပ်သင့်ဘူး။ ဒီ့ပြင်အလုပ်တွေ ရှိသားကွာ။ ပျားဖွပ်၊ သားထိုး၊ မယားခိုး၊ မုဆိုး၊ တံငါ၊ လူယုတ်မာတဲ့။ တတ်နိုင်ရင်တော့ အခြားအလုပ် ပြောင်းသင့်တယ်ထင်တယ်ကွာ”
“ပြောင်းတော့ ပြောင်းချင်တာပေါ့ မောင်မြရာ။ ငါ့မှာ အရင်းအနှီးမှ မရှိဘဲ။ မင်းက အရင်းအနှီးထုတ်ပေးပါလို့ ငါပြောသားပဲကွ”
အဘဉာဏ်က မရဲတရဲနှင့် ပြန်ပြောလိုက်သည်။
ထိုအခါ ဦးမြက ပြန်မဖြေတော့။ သူ့စကားကိုသာ ဆက်လိုက်သည်။
“ကဿပမြတ်စွာဘုရား သာသနာတော်ထဲက ရာဇဂြိုလ်သား နွားသတ်သမား ဂေါဃာတက ဆိုသူဟာ ဗုဒ္ဓမြတ်စွာဘုရား လက်ထက်အထိ အရိုးဆက် ပြိတ္တာဘဝနဲ့ ကျီး၊ လင်းတ၊ စွန်ရဲတို့ရဲ့ အထိုးအသုတ်ကို လင်းတနှုတ်သီးသဏ္ဌာန်ရှိတဲ့ ပဗ္ဗပါဒေ ဂိဇ္ဈကုဋ်တောင်ခြေအနီး ကောင်းကင်ယံမှာ ခံနေရတာကို အရှင်လက္ခဏနဲ့ အရှင်မောဂ္ဂလာန်တို့ တွေ့ ရတယ်။
ဒီအဖြစ်ကို အကြောင်းပြုပြီး၊ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓမြတ်စွာဘုရားက နွားသတ်မိတဲ့ မကောင်းမှုကြောင့် ယခုအထိ ခံနေရကြောင်း အတိတ်ဆောင်ပြီး ဟောဖူးတယ်ကွ။
ပါဏာတိပါတကံဟာ အတော်ဆိုးသကွနော်”
အဘဉာဏ် ဘာမျှပြန်မပြောတော့။
အခြားအလုပ် ပြောင်းလုပ်ရမည်မှာလည်း မကျွမ်းကျင်။ အရင်းအနှီးလည်း မရှိ။ ဦးမြထံ အရင်းအနှီး အကူအညီတောင်းပါကလည်း ကျောက်ခဲကိုညှစ်၍ ဆီထွက်ချင်သာထွက်မည်။ ဦးမြထံမှ အရင်းအနှီးကို မရနိုင်ကြောင်း အဘဉာဏ်ကောင်းကောင်းသိပါသည်။
ထိုနေ့က မရွှင်မလန်းနှင့် ဖိုးဇုံအသုဘမှ အဘဉာဏ် အိမ်သို့ လေးကွေးစွာပြန်ခဲ့သည်
(၃)
နံနက်လင်းလျှင် ဦးမြစကားကို ခေတ္တမေ့ထားရသည်။ မမေ့၍လည်း မဖြစ်။ ဝမ်းရေးက ရှိသေးသည်။
အဘဉာဏ် ရင်တွန်းကိုဆွဲပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပုစွန်ဖမ်း ထွက်ခဲ့ရသည်။
မိပါ၏။
ကျောက်ပုစွန်၊ ပုစွန်ဖြူ၊ မောက်တို၊ မောက်ရှည်စသော ပုစွန်အမျိုးမျိုးသာ မကပါ။ ငါးဖယ်ကလေးများ၊ ငါးခွန်ကြမ်း၊ ငါးလူး။
သို့သော် အဘဉာဏ် အခါတိုင်းလို ငါးရ၍ မပျော်ရွှင်ပါ။
များများရတော့ အသက်များများသေသည်။
ဦးမြ၏စကားများ အဘဉာဏ်၏နားမှ ယခုတိုင်မထွက်သေး။
ပျားဖွပ်၊ သားထိုး၊ မယားခိုး၊ မုဆိုးတံငါ၊ လူယုတ်မာတဲ့။
မယားခိုးယုတ်မာသည်ကိုတော့ အဘဉာဏ်ခြွင်းချက်မရှိ သဘောတူပါ၏။ ထောက်ခံပါ၏။
သို့သော်-
ပျားဖွပ်သမားကြောင့် ရဟန်းတော်များနှင့် သက်ကြီးရွယ်အိုများ ပျားရည်ကို ဆေးဝါးအဖြစ် သုံးစွဲနိုင်ပါသည်။
သားထိုးမှာ ဟင်းလျာအစာအာဟာရအတွက် မွေးမြူရေးကို နိုင်ငံတော်ကပင် အားပေးနေပါသေးသည်။
အဘဉာဏ်တို့လို မုဆိုး တံငါများကကော။
မုဆိုးက လူသားများကို အာဟာရဖြည့်တင်းပေးနေသည်။
တံငါကလည်း အာဟာရကိုပင် ဖြည့်တင်းပေးနေသော ရေလုပ်သားကြီးများပင် မဟုတ်ပါလော။ ဘယ်မှာလဲ လူယုတ်မာ။
‘လှေထိုး လွှတိုက်၊ လူမိုက်အားကိုး’ ဟူ၍ ကာယလုပ်သားကြီးများကို စော်ကားထားသော စကားပုံများပင် ရှိနေသေးသည်။
အဘဉာဏ်တို့က မိမိအင်အားကို ရိုးသားစွာအသုံးပြု၍ ဘဝတူ လူသတ္တဝါများ၏ အကျိုးကိုဆောင်ပေးနေပါ၏။
ဦးမြတို့ကကော။
မွေးသည်မှစ၍ ယနေ့အထိ အလုပ်ကို ပြစရာမရှိ။
မိဘလက်ထက်မှာ စပါးပေး ပေးသည်။ လယ်ထောက်ခဖြင့်စားသည်။
ဦးမြလက်ထက်တွင် တိတ်တိတ်ပုန်း ရွှေပေါင်ခံသည်။ ငွေတိုးပေး၍ ချေးငှားစားသည်။ အပေါင်ပစ္စည်းမပေးနိုင်သော အဘဉာဏ်တို့လို ငယ်သူငယ်ချင်းများပင်ဖြစ်ပါစေ ခြူးပြားတစ်ချပ်မှ ပေးလိမ့်မည်မဟုတ်။
ဦးမြမှာတော့ ချွေးလည်းမထွက် လက်ကြောလည်း မတင်း။
အချိန်အားရသမို့ ဦးမြက စာတတ်ပေတတ် ပြောနိုင် ဟောနိုင်သည်။
အဘဉာဏ်မှာတော့ ပုံခိုင်းရိုင်းရိုင်းနှင့် နှိုင်းရလျှင် ခွေးအကြီး လှည်းနင်းခံရသလို။
သို့သော် ဘယ်သူက လူ့လောကအတွက် အရာဝင်ပါသနည်း။
အဘဉာဏ်သည် တွေးရင်း ငေးရင်း စိတ်ရှုပ်ထွေးလာသည်။ ရင်တွန်းကိုလည်း မတွန်းလိုတော့။
ရင်တွန်းလုပ်ငန်းကို ခေတ္တနားပြီး ကမ်းပါးစပ်ရှိ ညောင်ပင်ကြီးအောက်တွင် အနားယူလိုက်သည်။
ညောင်ပင်ပေါ်မှ ဝေသာလီဗျိုင်းတစ်အုပ်သည် သူတို့၏လည်တံ ရှည်ရှည်ကြီးများကို ဆန့်၍ သူတို့၏အတောင်ဖြူဖြူကြီးများကို ဖြန့်၍ တဂီဂီဖြင့် အော်မြည်နေသည်။
ထိုစဉ် ညောင်ပင်ကြီးနှင့် မလှမ်းမကမ်း ကမ်းပါးစပ်အိမ်တစ်အိမ် မှ ကျောင်းသားတစ်ယောက် ဖြစ်ဟန်တူသော လူငယ်တစ်ဦး၏ အသံကျယ်ကျယ်ဖြင့် ဖတ်ရွတ်နေသော ကဗျာတစ်ပုဒ်ကို နားစွင့်ထောင်လိုက်မိ၏။
လူငယ်၏ ကဗျာရွတ်သံမှာ ရှင်းလင်းပြတ်သားကြည်လင်လှပါ၏။
“ဓမ္မသဝန၊ ဓမ္မဒေသနာ၊ ဖြစ်စိမ့်ငှာဟု၊ ဉာဏ်ပါကင်၊ မှတ်စုကို ညှိပြီးလျှင်၊ တဘိဓမ္မတ္တသင်္ဂဟေ၊ သင်္ဂြိုလ်ကိုပိုက်သိုင်းလို့၊ ကိုးပိုင်းလုံးမွှေခဲ့သည်၊ စေ့ရေမူလ၊ ပညာရှိ ငါဟဲ့နော်လို့ အာဘော်ကိုပြပြီးလျှင်၊ မာနဖိစီး၊ မနှီးမနှော တစ်ယောက်နှင့်တစ်ယောက်၊ အာပေါက်အောင် ပြောကြ၊ သောမနဿ၊ သဟဂုတ်၊ လက်ဖက်က သုံးလေးဆုပ်၊ ဒိဋ္ဌဂတသမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင်တုတ်ပြီးလျှင်၊ သရုပ်များကွဲလေဟန်၊ လက်လေးတစ်လောက်စာတိုကို၊ ဝိဂြိုလ်တွေကျင်းပြီးလျှင်၊ အငြင်းက ကြောက်ဖွယ်သန်၊ မာနဂုဏ်သူကိုး၍၊ ဖြတ်ထိုးနှင့်တညံညံ၊ ဋီကာကျော်လက်သန်းမှာ၊ အာဝဇ္ဇန်းမောက်လျှံ၍၊ ဘလောက်ဆံဆူကျွတ်၊ မြတ်ဇိနော် ဓမ္မစက်ကို၊ ဇာတ်စကားရောယှက်၍၊ ဖျက်သူကလဲအတန်တန်၊ ရူပံဘူတပ္ပါ၊ ဒါဟဘေဒဘိန္နော၊ ကွမ်းကောဆေးကော ချလော့၊ ခုလျှင် အလှူရှင်ပြင်ခဲ့ ပြင်ခဲ့၊ အရွက်ကြမ်းလက်ဖက်မည်းကို၊ ဆီရွှဲရွှဲပလဲ့၍၊ ကဲ့ရဲ့သူကလည်းတမှောင့်၊ ဟိုအိမ်ဦးတစ်ထောင့်က အိုး-ကျောင်းဒကာ ဘုရားဒကာ၊ မေးလေရာတွင်၊ ပညာနိဿရည်း၊ ခံနည်းတလီ၊ အလဇ္ဇီနှင့် လဇ္ဇီတဝ၊ လူအပေါင်းတို့ စိတ်ခွအောင်၊ ကံဒွါရငြင်းကြသည်၊ ကရွတ်ကင်းပုံတစ်ချက်၊ အချို့သောသူတို့က၊ မိစ္ဆာဉာဏ်ကူဖက်၍၊ အနက်ကိုလည်းမသိ၊ ပညာရှိငါတဆူ၊ ဖြစ်လေသည်ဟူသတည်းဟု၊ အလှူမသာ ရှိလေရာတွင်၊ လည်ကာ ဝါကြွား၊ လက်ဖက်စားသည်၊ ဘုရားမကြိုက်တဲ့ လူစုတည်း။”
ဤကဗျာကို ဦးပုညစပ်ဆိုခဲ့သည်ဖြစ်ကြောင်း အဘဉာဏ် မသိပါ။
သို့သော် အဘဉာဏ်၏ ရှုပ်ထွေးနေသောစိတ်ကိုမူ တစ်မုဟုတ်ချင်း ရှင်းလင်းကြည်လင်သွားစေသော ကဗျာတစ်ပုဒ်ပေတကား။
ဟုတ်သည်။
ဘုရားမကြိုက်တဲ့ လူတစ်စုကား ဘယ်သူတွေများပါလိမ့်။
ရွှေပေါင်ခံ၊ ငွေတိုးပေးပြီး ဘုရားစကား၊ တရားစကားပြောနေသော ဦးမြတို့ လူစုပင်လော။
အကုသိုလ်အလုပ်ကြောင့် နောင်တမလွန်တွင် အပြစ်ရလျှင် ခါးစည်းခံရမည့် အရင်းမဲ့ မရှိဆင်းရဲ၍ တံငါအလုပ်ကို လုပ်နေရသော အဘဉာဏ်တို့လူစုပင်လော။
သုံးလောကထွတ်ထား ဗုဒ္ဓမြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိသေးမည်ဆိုလျှင် အဘဉာဏ်က ဗုဒ္ဓ၏ခြေတော်အစုံကို ဦးတိုက်၍ တင် လျှောက်မေးမြန်းလိုက်ချင်စမ်းပါဘိ။
“ဘုရားမကြိုက်တဲ့ လူစုဟာ ဘယ်သူတွေပါလိမ့်… အရှင်ဘုရား”
(ရှုမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၃၊
အမှတ် ၃၉၆၊ မေ၊ ၁၉၈ဝ)
– ပြီး –
စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ