” တစ္ဆေမ “📖📖📖
*****************
#ပီမိုးနင်း
ဘဦးသည် ဇနီးဖြစ်သူ မလှစိန်နှင့် ကွဲ၍လာပြီးကတည်းက အကြီးအကျယ် မကျန်းမမာဖြစ်ရာ သုံးလကျော်ကျော် ကြာခဲ့လေသည်။ များစွာသောဆရာတို့က လက်လျှော့လေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တက်၍ ကုသခြင်းခံခဲ့ပြီးမှ ဆရာဝန်၊ ဆရာမတို့၏ကျေးဇူးကြောင့် ကျန်းမာချမ်းသာ၍ ဆေးရုံမှဆင်းခဲ့သည်မှာ တနင်္ဂနွေတစ်ပတ်မျှ ကြာခဲ့လေပြီ။ ဇနီးဖြစ်သူအပေါ်၌ အထင်လွဲ၍ ကွဲခဲ့ခြင်းဖြစ်ရာ ၎င်း၏ထံမှ စာတစ်စောင်မှ မရ။ စိတ်နာ၍ မပေးဘဲနေတာပဲဟု ဘဦးစိတ်၌ ယူဆလေ၏။
စွန့်ခွာ၍ မလာမီကလည်း အထင်လွဲခြင်းကြောင့် မယားသည်လှစိန်ကို အနာတရ ရိုက်နှက်ခဲ့သေးသည်။ မလှစိန်နှင့် ခွဲ၍လာပြီး တနင်္ဂနွေတစ်ပတ်မျှ ကြာသောအခါ မိမိ၏အသိများက ယုံကြည်စိတ်ချလောက်အောင် ဝိုင်းဝန်းပြောဆိုကြသဖြင့် လှစိန်မှာ လုံးလုံး အပြစ်မရှိ။ မိမိက မူးယစ်မိုက်မှားပြီး မတရားတလွဲထင်၍ နှိပ်စက်ရိုက်နှက်ထွက်လာခဲ့မိသည့်အကြောင်းကို သိရလေ၏။ သို့ဖြစ်လေရာ မိမိအပြစ်ကြောင့် လှစိန်ထံသို့လည်း မပြန်ရဲ။ လှစိန်၏မိဘများကလည်း မိမိအပေါ် စိတ်နာမှာပဲဟု အောက်မေ့ပြန်ကာ မပြန်ဘဲနေခိုက်မှာ မယားစိတ်နှင့် ရတက်ဖြာ၍နေရာတွင် မကျန်းမမာဖြစ်ခဲ့လေ၏။
ယခုမှာကား မိုးရိပ်မိုးယောင်ကလေးများ မှိုင်းညှို့ကာသမ်း တိမ်ရက်ပန်းကြွသော လရာသီဖြစ်သဖြင့်တစ်ကြောင်း၊ နာလန်ထကာစဖြစ်သဖြင့်လည်းကောင်း၊ မိုးတိမ်တို့ကို ရှုမျှော်ရင်း လှစိန်၏မျက်နှာကလေးကို အခါတပါးနှင့်မတူ တိုး၍ ထင်မြင်လေ၏။ ငါမှားလေခြင်း၊ ငါ့မယားမှာ အပြစ်မရှိဘဲလျက် ငါနှိပ်စက်ထွက်၍ လာမိလေခြင်းဟု စဉ်းစားဆင်ခြင် အသည်းတွင် မနည်းနာ၍ နေလေသည်။ မိုးသံလေသံတွေ ဖြိုးလျှံ၍လာလေလေ အဆွေးလုံးကြီးတွေက ရင်ကို ဆို့ကာဆို့ကာ တက်၍လာလေလေ
အသည်းထဲမှာ နာလေလေဖြစ်လာ၏။ သို့ဖြစ်သောကြောင့် ဟိုကျန်းမာစဉ်အခါက မသွားရဲမပြန်ရဲသော်လည်း ယခုမှာကား မနေနိုင်အောင်ဖြစ်လှသဖြင့် ပြန်ရတော့မှာပဲဟု စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။
ဘဦးသည် ကြို့ပင်ကောက်မြို့ အရှေ့စွန်းနား၊ ထန်းတောနှင့် မနီးမဝေး မဒရပ်အိမ်မြင့်ကလေးအောက်သို့ ရောက်၍သွားလေ၏။ အသက် ၁၄နှစ်အရွယ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် ဘဦးအား ကြောင်တောင်ငေးကြည့်နေလေသည်။ ဘဦးသည် သူငယ်မကလေးအား မြင်လျှင် ” ငါ အိမ်မှား ဝင်လာမိလေသလား၊ မှားဖို့လည်း မရှိပါဘူးလေ” ဟု အောက်မေ့လျက် ” ဒါ .. မလှစိန်တို့အိမ် မဟုတ်လား “ဟု မေးလေ၏။
” ဟုတ်ပါတယ်ရှင်။ မလှစိန်ယောက်ျားမဟုတ်လား။ ကျွန်မ ဓာတ်ပုံကို မြင်ဖူးထားလို့ မေးတာပါ။ ကျွန်မက မလှစိန်ရဲ့ညီမဝမ်းကွဲ မန္တလေးကပါ။ ရှင်တို့လင်မယား ကွဲနေတယ်လို့ ကြားပါကလား။ အခု အိမ်မှာ ဘယ်သူမှ မရှိဘူး။ မလှစိန်အဖေတော့ အလှူကိုသွားတယ်။ အမေတော့ စိတ်မကောင်းလို့ အိပ်နေတယ်။ အိပ်ပျော်နေတယ်ထင်ပါရဲ့။ မနိုးသေးဘူး ”
သူငယ်မကလေးသည် ငြိမ်သက်သောရုပ်သွင်နှင့် မလိုက်အောင် စကားကို စဉ်တိုက်ဆက်ကာ တွေးသလိုလို တစ်ခါတစ်ခါ အဝေးထန်းတောကြီးကို မျှော်ရင်းမျှော်ရင်း ပြောလေ၏။
” မလှစိန်ရော “ဟု ဘဦးက အလျင်စလိုမေး၏။
” နားထောင်ပါ။ ကျွန်မပြောပါ့မယ်။ မလှစိန်လေ .. အမလေး .. ကျွန်မ မပြောချင်ဘူး။ အဲ .. အခုလို အချိန်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ ရှင်ထွက်သွားပြီး တစ်လလောက်အကြာမှာ မလှစိန်ရယ်.. ဟောဟိုထန်းတောနားကို သွားပြီး သရက်ပင်တစ်ပင်က အကိုင်းမှာ ကြိုးဆွဲချ သေရှာတယ်။ အဲဒီကတည်းက အရီး စိတ်မကောင်းတော့တာပဲ .. “
စကားအလုံးစုံကို ကြားရပြီးသောအခါ ဘဦးသည် ဇက်ကို ဝါရင်းတုတ်နှင့် အနှက်ခံလိုက်ရသလို ဖြစ်၍သွား၏။ သို့သော်လည်း ပင်ကိုယ်က အတော်စိတ်ခိုင်သူဖြစ်သဖြင့် စိတ်ကို ချုပ်ကာ အံကြိတ်လျက် အကြောင်သားဖြစ်နေလေ၏။ မျက်ရည်များကိုကား ချုပ်၍မရချေ။ ရင်ဘတ်မှာ လှိုင်းကြီးတွေထလျက် ရှိုက်ကာရှိုက်ကာ တက်တော့မလိုဖြစ်၏။ နှုတ်ခမ်းကိုကိုက်ပြီး မျက်ရည်များကို သုတ်လေ၏။ ” ငါ့ကြောင့်ပါပဲ … ငါရိုက်လို့ ငါ့မယား ငါ့စိတ်နဲ့ သေရရှာတာ .. “ဟု ယူကြုံးမရ အပူလုံးကြီးကြွ၍ နေလေ၏။
သူငယ်မကလေးသည် သူ့ကိုမကြည့်ဘဲ ထန်းတောဘက်သို့ ငေးမျှော်နေပြန်၏။
” အခါတိုင်း ဒီအချိန်မှာ သူ ရေခပ်သွားတာပဲ။ ရေခပ်ပြီးရင် ဟောဟို ခြံစည်းရိုးကြားကနေ ရေအိုးရွက်ပြီး ဖြတ်ဖြတ်ဝင်လာတာ။ အဲဒီနေ့မှာတော့ ပြန်မလာဘူး။ အရီးမှာတော့ကာ အဲဒီကတည်းကစပြီး စိတ်နောက်သွားတာပဲ။ အခုထက်ထိ ဒီခြံစည်းရိုးလမ်း ကြားတံခါးကို ဖွင့်ထားတာပဲ။ အစ်မလေး ဒီခြံစည်းရိုးအကြားကနေ ရေအိုးရွက်ပြီး ပြန်လာလိမ့်မယ်လို့ သူ့စိတ်ထဲ စွဲနေရှာတာကိုးရှင့်။ တော်တော်ကြာ အိပ်ရာကနိုးရင် မျှော်ပါလိမ့်မယ်။ အရီးတော့ ဘာပြောစရာရှိမလဲ။ ကျွန်မတောင် တခါတခါ ထင်မြင်နေတာပဲ “
ဘဦးသည် မိမိ၏ ကြီးလေးသော မိုက်မှားခြင်းအတွက် မိမိကိုယ်ကို ဒေါသဖြစ်ကာနေ၏။ မေးမြန်းပြောဆို ငိုယိုညည်းတွားသော်လည်း အကျိုးမဲ့ဖြစ်တော့မှာပဲဟု အောက်မေ့ကာ ကြောင်တောင်ငေးလျက် ဆိတ်ငြိမ်စွာ နားထောင်၍သာနေလေ၏။ ဦးခေါင်းကို ငုံ့ကာ မိမိ၏ဆံပင်များကို လက်ဖြင့် ဖြတ်တော့မလို ဆုပ်ကိုင်လှုပ်ရှားကာသာနေ၏။
ထိုအခိုက် ယောက္ခမကြီး ဆင်း၍လာလေ၏။
” မင်း မမာလို့ ဆေးရုံတက်နေတယ်ကြားပါကလား။ ငါတို့တော့ သတင်းနားထောင်လျက်ပါပဲ “ဟု ဘဦး၏ညှိုးငယ်ပူပင်သောမျက်နှာကို ကြည့်ကာ ပြောလေ၏။
” လှစိန်ကတော့ မင်း တစ်နေ့ပြန်လာမယ်လို့ စိတ်ချနေတာပဲ။ အခု လာပါလိမ့်မယ်။ ဟိုထန်းတောကို ရေခပ်သွားနေတယ် “
အမယ်ကြီး၏စကား ဆုံးသည်နှင့် သူငယ်မကလေးသည် ဘဦးကို မျက်စပစ်ကာ ကြည့်၏။ ဘဦးသည် ယောက္ခမကြီးကို သနားလှသဖြင့် အပူမီးကို ထပ်၍ မမွှေးလိုသောကြောင့် မိမိ၌ဖြစ်ပွားသော သောကအရိပ်အယောင်ကို ပပျောက်အောင်ကြိုးစားဖုံးဖိလျက် စိတ်နောက်နေသော ယောက္ခမကြီးကို မေးမြန်းခြင်းမပြုမိအောင် ကြိုးစားနေရှာ၏။ ” ဪ .. ငါ့အတွက် သေသူက သေ၊ ရူးသူက ရူး၊ ဖြစ်နေရှာပါကလားနော်။ သနားစရာ ကောင်းလှပါဘိတော့တယ်။ ငါတော့ ဒီဝဋ်ကို ခံရမှာ ဆဲဆဲပါကလား “ဟု စဉ်းစားကာ အရူးသွေးကို ပို၍နောက်မှာစိုးသဖြင့် အခြားအကြောင်းကို ပြောမည်ပြုပြီးမှ ” အဲလေ သူ့သမီးရှိသေးတယ်လို့ ထင်မှတ်နေရင်လည်း သက်သာခြင်းတစ်ခုပါပဲ။ ဒီလိုမှ စိတ်ဖောက်ပြန်ပြီး ဒီလိုထင်မနေရင် ရင်ထဲမှာ မီးတောက်ပြီး သေဖို့်တောင် ရှိပါကလားလေ။ သူထင်ရာကိုပဲ ပြောနေပါစေတော့ “ဟု အောက်မေ့ကာ နားထောင်၍သာ နေရှာ၏။ အမယ်ကြီးကို သနားလှသဖြင့် သူ၏သောကပင် အနည်းငယ်သက်သာသလို ဖြစ်လာ၏။
ထို့နောက် မိန်းမကြီးက စကားဆက်ကာ ” ပါးစပ်ကတော့ ဘယ်တော့မှ တေးဆိုမပြတ်ဘူးကွဲ့။ စိတ်ကလည်း မကောင်း၊ အရူးလိုဖြစ်နေတယ် ထင်ပါရဲ့။ မင်းကြောင့်ဖြစ်တာပဲ။ ငါတို့တော့ မင်းကို စိတ်မဆိုးပါဘူး။ မတော်တဆ အထင်မှားတာကိုးကွဲ့ ”
အမယ်ကြီးသည် သူငယ်မကလေးကို စိုက်ကြည့်ပြန်ကာ ” ဟဲ့ သူဆိုတဲ့တေးဟာ ဘာလဲ။ တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့ ဘာဆိုလဲဟယ် အဲဒီတေးကို အမြဲဆိုဆိုပြီး ရေအိုးကို ရွက်ရွက်လာတာပဲ။ မကြာမီ ကြားရပါလိမ့်မယ်။ အဝေးကြီးက ဆိုလာတာပဲ “
သူငယ်မလေးသည် ဘဦးကို တဖန် မျက်စပစ်ပြပြန်သည်။ ဘဦးမှာ ” ဪ .. ဒုက္ခ ဒုက္ခ ..”ဟု တွေးပြီး ကြင်နာသောအမူအရာနှင့် အမယ်ကြီး၏မျက်နှာကို ကြည့်ပြီး ခေါင်းငုံ့ကာ နားထောင်နေလေ၏။ ထိုအခါ နေမင်းကြီးသည် အနောက်ဘက်၌ စက်ဝိုင်းကြီးဖြစ်၍နေလေ၏။ လေသည် သုတ်နှင်၍လာ၏။ ထန်းပင်များ၏အရွက်များသည် ဆတ်ဆတ်တုန်လှုပ်ကြ၏။
အမယ်ကြီးသည် ထန်းတောဘက်သို့ ပြုံးရွှင်သောမျက်နှာနှင့် မျှော်လေ၏။
” ဟော လာပါပကော။ ဟောဟိုတောစပ်မှာ ရေအိုးရွက်လို့ “ဟု ပြောလိုက်သည်။
ထိုစဉ် သူငယ်မကလေးက တဖန်ပြုံး၍ မျက်စပစ်ပြန်၏။ ဘဦးသည် ထန်းတောဘက်သို့ လှမ်းမျှော်ကာ ကြည့်လေ၏။ နေမင်းအား တိမ်ကွယ်လေသဖြင့် မှိန်မှောင်သောတောစပ်၌ ရေအိုးကိုရွက်လျက် လာနေသော သဏ္ဍန်တစ်ခုကို မထင်မရှားမြင်ရ၏။ ဘဦးသည် အံဩထိတ်လန့် မိန်းမောတွေဝေကာ မျက်မှောင်ကုတ်လျက် စူးစိုက်ကာကြည့်၏။
” အင်း .. လှစိန်သွားပုံလာပုံပါပဲ။ အမျှ … အမျှ လှစိန် .. အမျှကွဲ့ … “ဟု စိတ်၌ အောက်မေ့ရင်း မျက်ရည်လည်၍လာ၏။ ” ငါလာတာသိလို့ ပြတာပါပဲ “ဟု ဣန္ဒြေမဆယ်နိုင်အောင် ဖြစ်ရရှာသည်။ နေသည် တိမ်အောက်မှ လွတ်ပြန်၏။ ထိုအခါတွင် သဏ္ဍန်သည် ပိုမိုထင်ရှား၍လာ၏။ ဘဦးသည် ထိုင်ရာမှ ထ၍မျှော်၏။ ” အမလေး … ကျုပ်မယားလှစိန်ပါပဲကွဲ့ … အမိုက်မကြီးရဲ့ …”ဟု တိုးတိုးပြောကာ မျက်ရည်ကို သုတ်၏။
ဘဦးသည် ခြံစည်းရိုးအပြင်ဘက်သို့ ရောက်၍သွား၏။ အားစိုက်ကာ ကြည့်၍နေပြန်၏။ လှစိန်ထံသို့လည်း စွန့်၍ မသွားရဲချေ။ ညီအကို မသိတသိအချိန်ဟာ ခြောက်တတ်တဲ့အချိန်ပဲဟု အယူရှိလေ၏။ ကြက်သီးများ တဖြန်းဖြန်း ထလာ၏။ သို့ ကြည့်၍နေခိုက်တွင် သာလွန်အံဩဖွယ် ဖြစ်၍လာပြန်သည်ကား တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့မောင်ရယ်ဟူသော တေးသံကို ကြားရခြင်းဖြစ်လေ၏။ ” အမလေး …လှစိန်ရဲ့။ အခုထိ မင်း အပူသည်ဖြစ်နေရတဲ့ဒုက္ခကို ခံနေရပါကလား။ အမျှ လှစိန်ရေ အမျှ … မင်း ကောင်းရာကိုသာ သွားပေတော့။ ငါ ကြာကြာမနေဘူးလှစိန်။ ငါ လိုက်ခဲ့မယ် “ဟု ဘဦးတစ်ယောက် မြည်တမ်းလေ၏။
သဏ္ဍန်ရော အသံရော နီးလာသည်။ နေမင်းကြီး ဝင်းကနဲ လင်းပြန်၏။ လှစိန်၏သဏ္ဍန်သည် မျက်တောင်မခတ် ပြူးကျယ်သောမျက်လုံးများနှင့် ဘဦးကို စူးစိုက်ကာကြည့်လေ၏။ ထိုသဏ္ဍန်၏ ခြေလှမ်းများက မြန်၍လာသည်။ ရေအိုးသည် ခေါင်းပေါ်မှ ကျ၍ ကွဲလေ၏။ ထိုသဏ္ဍန်သည် ဘဦးရှိရာသို့ သုတ်ခြေနှင်၍ လာလေပြီ။ ထိုအခိုက် နေဝန်း ပျောက်ကွယ်၍သွား၏။ အဆွေးအလွမ်းကို အကြောက်က လွှမ်းလေပြီ။ ဘဦးသည် ဆန့်ကျင်ဘက်အရပ်သို့ ထွက်၍ပြေး၏။ လှစိန်၏ရူပါရုံသည် မြန်စွာလိုက်၏။ သို့သော် ဘဦးသည် ဝေး၍သွား၏။
သဏ္ဍန်သည် ခြံစည်းရိုး၌ ရပ်၏။
” အမေ … အမေ ဘယ့်နှယ်လဲ။ ဘယ်သူလဲ။ ဘာလို့ပြေးသလဲ “ဟု အလောတကောမေး၏။
” စိတ်နောက်နေတဲ့လူကြီး အစ်မလေးရဲ့”
သူငယ်မလေးက ဝင်ပြော၏။
ထိုအခိုက် ဘဦးသည် မရဲတရဲနှင့် ဝင်ရောက်၍ပြန်လာလေရာ ” ဟင် ကိုဘဦး၊ ရှင် ဘာဖြစ်နေတာလဲ။ ရူးသွားသလား။ ကျုပ်ကို ဘာထင်လို့ ခုလိုကြည့်တာလဲ “ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ မေးတော့၏။
” လှစိန်… လှစိန် .. နင် .. နင် ကြိုးဆွဲချ သေပြီဆို ”
” ရှင့် ဘယ်သူပြောတုံး ”
ဘဦးသည် သူငယ်မကလေးအား လက်ညှိုးညွှန်လျက် ” သူပြောတာ “
ထိုအခါတွင်မှ လှစိန်သည် ဇာတ်ရည်လည်ကာ ဘဦးအား စေ့စေ့ကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်လေတော့၏။ ထို့နောက် သူငယ်မကလေးအား လှည့်ကြည့်ရင်း ” ဟဲ့ ..အရူးမ .. နင် ဘယ့်နှယ်တွေ လျှောက်ပြောနေသလဲ။ နင့်ကြောင့်တော့ အင်မတန်ခက်တာပဲ။ နမိတ်မရှိနမာမရှိ .. သွား …. သွား .. “ဟု ငေါက်လိုက်ရာ အရူးမကလေးသည် အိမ်ပေါ်သို့ တက်ပြေးလေတော့သတည်း။
ပီမိုးနင်း