မုန်းစွဲ

“မုန်းစွဲ “📖📖📖📖

(ဖြစ်ရပ်မှန် )
#အရှင်ဆန္ဒာဓိက_ရွှေပါရမီတောရ

   မုန်းစွဲနဲ့ သေရင်လည်း အသေလှတဲ့သူ မဖြစ်နိုင်ဘူး။ သူက ပိုဆိုးတယ်။ မုန်းစွဲနဲ့ သေလို့ရှိရင်လည်း အပါယ်လေးဘုံ ရောက်တာကတော့ အသေမလှဘူးဆိုတာ အထူးပြောစရာ မလိုတော့ဘူး။

   သေခါနီးလေးမှာ မုန်းစွဲလည်း စွဲတော့ စွဲတယ်။ ဒါပေမဲ့ ကုသိုလ်ကံအာရုံလေးကလည်း တွဲပြီးတော့ ထင်လာတယ်ဆိုရင် ….
စိတ်ဆိုတာက အင်မတန် အဖြစ်အပျက် မြန်တာကိုး။ လက်ဖျောက်တစ်ချက်တီး ကုဋေတစ်သိန်းတောင် ဖြစ်တယ်။ စွဲစိတ်နဲ့ ကုသိုလ်၊ အကုသိုလ်ကလည်း တစ်လှည့်စီ ဖြစ်နေကြတာ။ စွဲတဲ့စိတ်ကလေး ပေါ်လိုက်၊ ကုသိုလ်အာရုံလေး ပေါ်လိုက်။ စွဲစိတ်ကလေး ပေါ်လိုက်၊ အကုသိုလ်အာရုံလေး ပေါ်လိုက်နဲ့ ဒီလို တစ်လှည့်စီ ပေါ်နေတာနော်။

   စွဲစိတ်ဖြစ်တဲ့အချိန် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် မဖြစ်ဘူး။ ကုသိုလ်၊ အကုသိုလ်စိတ် ဖြစ်တဲ့အချိန် စွဲစိတ် မဖြစ်ဘူး။ တစ်လှည့်စီ ဖြစ်နေကြတာ။ ဒါပေမဲ့ အပြောင်းအလဲက မြန်လွန်းတဲ့အတွက် တစ်ပြိုင်တည်း ဖြစ်နေသလို ထင်ရတာပေါ့။
စွဲစိတ်နဲ့ အကုသိုလ်စိတ် တစ်လှည့်စီ ပူးတွဲဖြစ်နေတဲ့အချိန် သေသွားရင် အပါယ်လေးဘုံ မကောင်းရာဒုဂ္ဂတိ ရောက်မယ်။ စွဲစိတ်နဲ့ ကုသိုလ်စိတ် တစ်လှည့်စီ ပူးတွဲဖြစ်နေတဲ့အချိန် သေသွားရင် လူ့ပြည်၊ နတ်ပြည် ကောင်းရာသုဂတိ ရောက်မယ်။

   လားရာဂတိကို အဓိက ဆုံးဖြတ်တာက ကုသိုလ်၊ သို့မဟုတ် အကုသိုလ်ပါ။ လိုရင်းပြောရင်တော့ ကံပေါ့လေ။ အဲဒီ ကံရဲ့ဆုံးဖြတ်ချက်ကိုမှ စွဲစိတ်က အနိမ့်အမြင့် ခွဲခြားပေးလိုက်တာပါ။ စွဲစိတ် တစ်ခုတည်းသက်သက်နဲ့တော့ လားရာဂတိကို ဆုံးဖြတ်လို့ မရပါဘူး။

   စွဲစိတ်ဆိုလို့ အစွဲလေးတစ်ခုတည်း ပေါ်နေတာ မဟုတ်ဘူး။ ကံအာရုံလည်း တွဲပေါ်နေတယ်။
အဲဒီတော့ မုန်းစွဲလေးနဲ့လည်း စွဲနေတယ်၊ ကုသိုလ်ကံအာရုံကလည်း တွဲပြီးတော့ ပေါ်ပေါ်နေတယ်။ မုန်းစွဲနဲ့၊ ကုသိုလ်အာရုံနဲ့ တွဲပေါ်နေတုန်း သေသွားတော့ လူ့ပြည်ရောက်၊ လူတော့ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်မုန်းတဲ့သူရဲ့ ပတ်ဝန်းကျင်မှာ လူဖြစ်ရတယ်။

   ကိုယ်မုန်းတဲ့သူကိုမှ အဖေ အမေ တော်ရတယ်။ ကိုယ်မုန်းတဲ့သူကိုမှ ညီအကို မောင်နှမတော်ရတယ်။ ကိုယ်မုန်းပါတယ် ဆိုတဲ့သူကိုမှ ဆရာသမားတော်ရတယ်၊ မိတ်ဆွေအပေါင်းအသင်း တော်ရတယ်ဆိုတော့ စိတ်ချမ်းသာစရာ ကောင်းပါဦးမလား။ မကောင်းတော့ဘူး။
အဆိုးဆုံးကတော့ ကိုယ်မုန်းတဲ့သူကို မိဘပြန်တော်ရတာပဲ။ ကိုယ်မုန်းပါတယ်ဆိုတဲ့သူကိုမှ မိဘတော်ရတာလောက် စိတ်ဆင်းရဲစရာကောင်းတာ မရှိတော့ဘူး။ မုန်းစွဲလေးနဲ့ စွဲတော့ ကိုယ့်ကလည်း ကိုယ့်မိဘကို မုန်းတယ်။ မိဘကလည်း ကိုယ့်ကို မုန်းတယ်။ အဲဒီလို အပြန်အလှန် မုန်းနေတယ်ဆိုရင် အဲဒီဘဝ ဘယ်မှာ သာယာမှု ရှိပါတော့မလဲ။

   မုန်းစွဲကြောင့် ကိုယ့်အဖေအမေကလည်း ကိုယ့်ကို မုန်းတာနဲ့ ပတ်သက်လို့ တကယ့်လက်ရှိ အဖြစ်အပျက်ပေါ့လေ။ အမြွှာညီအစ်ကို သုံးယောက်ရဲ့ အဖြစ်အပျက်။ ညီအစ်ကို သုံးယောက်လုံး သာသနာပြုနေတဲ့ ဆရာတော် သံဃာတော်တွေ ဖြစ်နေကြပြီ။ အခုအချိန်မှာ သက်တော်လေးဆယ်ကျော် ဆရာတော်တွေပေါ့။ တစ်ပါးက ရှမ်းပြည်ဘက်မှာ၊ နှစ်ပါးက အညာဒေသမှာ သာသနာပြုနေပါတယ်။

   အဲဒီအမြွှာပူး ညီအစ်ကိုသုံးယောက် မီးနေခန်းထဲမှာ မွေးလည်း မွေးရော၊ အထဲထဲက သားဖွားဆရာမက “ယောက်ျားလေးတော့် – ယောက်ျားလေး၊ တစ်ယောက်တောင်မကဘူး။ သုံးယောက်တောင်။ သုံးမြွှာပူးလေး’’ လို့လည်း အော်လိုက်ရော၊ မီးနေခန်း အပြင်ဘက်ကနေ “သားလေး မွေးမလား၊ သမီးလေး မွေးမလား” စောင့်နေတဲ့ အဖေက ငှက်ကြီးတောင်ဓား ထဆွဲတယ်။
“ဒီကလေး သုံးယောက်ကို သတ်မယ်။ ဒီကလေး သုံးယောက်ကို ဝမ်းနဲ့ လွယ်ပြီးမွေးတဲ့ အမေကိုလည်း သတ်မယ်’’
ကိုယ့်ဇနီးကိုရော၊ ကိုယ့်သားသုံးယောက်ကိုရော ချက်ချင်း သတ်တော့မလို့တဲ့။ မီးနေခန်းထဲဝင်မယ် တကဲကဲလုပ်တယ်။ ဘေးက လူတွေက ဝိုင်းပြီးတော့ ဆွဲထားရတယ်။

   “မလုပ်ပါနဲ့။ ကိုယ့်သားတွေကိုယ် သတ်ပစ်တယ်လို့ ကြားလို့တောင် မကောင်းပါဘူး’’
ဘယ်လိုမှ တားလို့မရဘူး။ အဲဒါနဲ့ ရွာဦးကျောင်းက ဆရာတော်ကို ပြေးလျှောက်တော့ ရွာဦးကျောင်းဆရာတော်ကလည်း သင်္ကန်းကြီး ဖိုသီဖတ်သီ၊ ဖိုးရိုးဖားရားနဲ့ တစ်ခါတည်း မီးနေခန်းရှေ့ပြေးပြီးတော့ ရောက်လာ၊ ဖျောင်းဖျတာပေါ့လေ။

   “မောင်ဘယ်သူရယ်၊ သူ့တို့တွေ အရင်ဘဝတုန်းက မင်းအပေါ်မှာ ကြွေးရှိခဲ့လို့ ဒီဘဝ ကြွေးဆပ်ဖို့ လာတာဖြစ်မှာပေါ့။ မင်းကို တစ်လှည့် ကြွေးပြန်ဆပ်ဖို့ လာတာဖြစ်မှာပေါ့။ သူတို့ရဲ့ အပြစ်တွေအတွက် အပြစ်ချေဖို့လာတာ ဖြစ်မှာပေါ့။ ဘာဖြစ်လို့ စိတ်ဆိုးနေရတာလဲ’’
“အရင်ဘဝက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အခု ဒီဘဝမှာ ကိုယ့်ရဲ့ရင်သွေး ဖြစ်လာခဲ့ပြီပဲ၊ ကိုယ့်အသွေးအသားက ဖြစ်လာတဲ့ ကိုယ့်သားသမီးအပေါ် မိဘမေတ္တာ ပေးရမှာပေါ့။ ကိုယ့်ရင်သွေး သားသုံးယောက်အပေါ် ဖခင်မေတ္တာ ပေးရမှာပေါ့’’
“အခုမှ လူ့လောကထဲ ရောက်လာခါစ ဘာမှ မသိနားမလည်တဲ့၊ အပြစ်ကင်းစင်တဲ့ ကိုယ့်ရင်သွေးမွေးကင်းစလေးတွေကို အဖေကိုယ်တိုင်က သစ်ပစ်တယ်ဆိုတာ လူကြားလို့မှ မကောင်းပါဘူးကွယ်၊ မလုပ်သင့်ပါဘူး၊ မလုပ်လိုက်ပါနဲ့နော်’’
စသည်အားဖြင့်ပေါ့လေ။ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းရဲ့ အပြစ်တွေရော၊ ဝဋ်ကြွေးရဲ့ သဘောတရားတွေရော၊ သံသရာလည်ပုံ သဘောတရားလေးတွေရော အမျိုးစုံ ရှင်းပြတော့မှ အဖေဖြစ်တဲ့ ပုဂ္ဂိုလ်က သဘောပေါက်သွားတယ်။

   “အရှင်ဘုရား ကိုယ့်ကျောင်းကို အေးအေးချမ်းချမ်း ပြန်တော်မူပါ။ တပည့်တော် အခု သူတို့ကို မသတ်သေးပါဘူးဘုရား။ ဒါပေမဲ့ သူတို့ နည်းနည်းကြီးလာရင်တော့ သတ်မယ်ဘုရား။ ဒီကောင်တွေကို လူ့ပြည်မှာ လုံးဝ အရှင်မထားနိုင်ဘူး’’

   “နောက်တော့မှ သတ်တာ၊ မသတ်တာ မင်းအပိုင်း။ အခုတော့ ငါ့ကို မသတ်ပါဘူး ကတိပေး’’ ဆိုပြီးတော့ ကတိတောင်းပြီးတော့ ရွာဦးကျောင်းဆရာတော်ကလည်း ကျောင်းပြန်ကြွသွားတယ်။ အဲဒီနေ့တော့ မသတ်ဖြစ်တော့ပါဘူး။
မသတ်ဖြစ်ပေမယ့် အဲဒီကလေးသုံးယောက်ကို အဖေက အရမ်းမုန်းတယ်။ အဖေတွင်လားဆိုတော့ မဟုတ်ဘူး။ ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့အမေကလည်း အရမ်းမုန်းတယ်။ မွေးကတည်းက နို့တစ်စက်ကလေးမှ မတိုက်ဘူး။

   “ဒီသုံးကောင်ကိုတော့ ငါ လုံးဝ နို့မတိုက်နိုင်ဘူး’’
အဲဒါနဲ့ အဲဒီဒကာမရဲ့ အစ်ကိုဖြစ်သူက နို့ဘူးတိုက်ပြီးတော့ မွေးထားရတယ်။

   ဒီကလေးသုံးယောက် သုံးနှစ်သားအရွယ်လောက်ရောက်တော့ အဖေက သတ်ဖို့ လာချောင်းတယ်။
“ဒီကောင်တွေ သုံးနှစ်သားရောက်ပြီ။ ဒီထက်ကြီးလာလို့ မဖြစ်တော့ဘူး။ ဒီအရွယ်မှာကို သတ်ပစ်မှ ဖြစ်မယ်’’
အဲဒါနဲ့ အဒေါ်တွေ ဦးလေးတွေက “တို့အိမ်မှာ ထားလို့ မဖြစ်တော့ဘူး။ တို့အိမ်မှာ ထားရင်တော့ ဟိုကောင် လာပြီးတော့ သတ်မှာ။ ရွာဦးကျောင်းဆရာတော်ကိုပဲ လှူလိုက်တော့မယ်’’ ဆိုပြီးတော့ ရွာဦးကျောင်းဆရာတော်ကို လှူလိုက်တယ်။ ရွာဦးကျောင်းဆရာတော်က ကျောင်းမှာ မွေးစားထားရတာပေါ့။

   ခုနစ်နှစ်သားလောက် ရောက်တဲ့အခါကျတော့ ဒီကလေးတွေက အရွယ်လေးလည်း ရလာပြီဆိုတော့ ဒေါသတွေ ပိုပြီး ပြင်းထန်လာတယ်။ ကျောင်းတိုင်ကို လက်သီးနဲ့ တဒိုင်းဒိုင်း ထိုးလိုက်၊ ကျောင်းကြမ်းပြင်ကို လက်ဝါးနဲ့ တဖြန်းဖြန်း ရိုက်လိုက်၊ ခြေထောက်နဲ့ တဒုန်းဒုန်း ဆောင့်လိုက်။
ရွာဦးကျောင်းဆရာတော်က တွေ့တော့ ….
“ဟဲ့ … ကလေးတို့ ဘာဖြစ်နေကြတာတုံး’’
“တပည့်တော်တို့ ဒီကောင်တွေကို သတ်မယ်ဘုရား’’
“ဟဲ့ … မင်းတို့က ဘယ်ကောင်တွေကို သတ်မှာတုံး’’
“တပည့်တော်တို့ရဲ့ အဖေကိုလည်း သတ်မယ်ဘုရား။ တပည့်တော်တို့ကို သတ်ခဲ့တဲ့ကောင်တွေကိုလည်း သတ်မယ်ဘုရား။ တပည့်တော်တို့ကို သတ်တဲ့ကိစ္စမှာ ပါဝင်ကူညီခဲ့တဲ့ ကောင်တွေကိုလည်း သတ်မယ်ဘုရား’’
“ဟဲ့ … မင်းတို့က ဘာနဲ့သတ်မှာတုံး’’
“တပည့်တော်တို့ သေနတ်နဲ့ သတ်မယ်ဘုရား’’
“မင်းတို့မှာ သေနတ်ရှိလို့လား’’
“ရှိတယ်ဘုရား၊ အရင်ဘဝတုန်းက သိမ်းထားတဲ့ သေနတ်တွေ။ ရွာရဲ့ အပြင်ဘက်က မန်းကျည်းပင်အောက်မှာ ရှိပါတယ်’’

   အဲဒီလိုပြောတော့ ရွာသူရွာသားတွေနဲ့ ရဲတွေ ခေါ်ပြီးတော့ တူးကြတာပေါ့။ ရွာအပြင်ဘက် မန်းကျည်းပင်အောက် တူးလည်း တူးလိုက်ရော အဲဒီမှာ သေနတ်တွေ ထွက်လာတယ်။ အရင်ဘဝတုန်းက သိမ်းထားခဲ့တဲ့ သေနတ်တွေ။
ရဲတွေက သေနတ်တွေသိမ်း၊ ဒီ ညီအစ်ကိုသုံးယောက်ကို မှတ်တမ်းတွေ ယူထားလိုက်တယ်ပေါ့လေ။
အဲဒါနဲ့ ရွာဦးကျောင်းဆရာတော်က “ဒီကလေးတွေကို ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူး။ ဒီအတိုင်းဆိုရင်တော့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ကိုယ့်အဖေကိုယ်လည်း သတ်တော့မှာပဲ။ လူသတ်မှုတွေလည်း အများကြီးဖြစ်တော့မှာပဲ။ ကိုရင်ဝတ်ပေးလိုက်မှ ဖြစ်တော့မယ်’’ ဆိုပြီးတော့ သုံးယောက်လုံးကို ကိုရင်ဝတ်ပေးလိုက်တယ်။
ကိုရင်ဝတ်ပေးပြီးတော့လည်း “အတူတူထားလို့ မဖြစ်ဘူး။ အတူတူထားရင် အဖေကို သတ်ဖို့နဲ့ တခြားသူတွေကို သတ်ဖို့ပဲ တိုင်ပင်နေကြလိမ့်မယ်’’ ဆိုပြီးတော့ မြို့သုံးမြို့က စာသင်တိုက်တစ်တိုက်စီကို တစ်ပါးစီ ခွဲပို့လိုက်ပါတယ်။

   ကိုရင်သုံးပါး တစ်မြို့စီ စာသင်တိုက်တွေရောက်။ ဘုရားဟော ပိဋကတ်တော်တွေ လေ့လာ။ ဘုရားတရားတော်တွေ၊ ဘုရား အဆုံးအမတွေနဲ့ အမြဲမပြတ် ထိတွေ့ရတော့ စိတ်နှလုံးတွေ နူးညံ့ပျော့ပျောင်းလာတယ်။ စိတ်နေစိတ်ထားတွေ ပြောင်းလဲလာတယ်။
ဟိုတုန်းကလို ကလဲ့စားချေချင်တဲ့စိတ်တွေ၊ သတ်ချင်တဲ့ စိတ်တွေ မရှိတော့ဘူး။ ရန်ငြိုးတွေ၊ အာဃာတတွေ ပျောက်သွားတယ်။ အတုံ့အလှည့်သံသရာရဲ့ ကြောက်ဖွယ်ကောင်းပုံကို နားလည်သဘောပေါက်ပြီး အရာရာကိုလည်း သည်းခံခွင့်လွှတ်နိုင်လာတယ်။ ဖခင်ကျေးဇူး၊ မိခင်ကျေးဇူး ဆိုတာတွေလည်း နားလည်လာတယ်။
မိဘကျေးဇူးဆိုတာက မွေးပြီးတဲ့နောက် ကိုယ့်ကို ပြုစုစောင့်ရှောက်မှ၊ နို့ချိုတိုက်ကျွေးမှ၊ အစာရေစာတွေ ပေးမှ၊ အဝတ်အစားတွေ ဆင်ယင်ပေးမှ မဟုတ်ဘူး။ မွေးလိုက်တာနဲ့ကိုပဲ ကျေးဇူးက ရှိနေပြီးသား။
“မွေးပြီးတဲ့နောက် သားသမီးကို နို့လည်း တစ်စက်မှမတိုက်ဘဲနဲ့ ပစ်ထားတဲ့အမေ ကျေးဇူးရှိသလား၊ အဲဒီအမေကို ကျေးဇူးဆပ်ဖို့ လိုသလား’’ ဆိုတဲ့ မေးခွန်းတစ်ခု မေးထားတာ ရှိတယ်။ ဝမ်းနဲ့ လွယ်ပြီးတော့ မွေးပေးလိုက်တာကိုက အဲဒီ အမေရဲ့ ကျေးဇူးပဲ။ အမေ့ကျေးဇူး ရှိတယ်နော်။

   ကိုယ့်ရဲ့ ခန္ဓာကိုယ်အသွေးအသားတွေက အဖေအမေရဲ့ သွေးသားတွေနဲ့ ပေါင်းစပ်တည်ဆောက် ထားတာဆိုတော့ အဖေအမေရဲ့သွေးနဲ့ တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်ကြီး ရနေတာကိုက အဖေအမေရဲ့ ကျေးဇူး ရှိနေတော့တာ။ ကိုယ့်ကို ဘာမှ ပေးဖူးဖူး မပေးဖူးဖူး၊ ဘာမှ ကျွေးဖူးဖူး မကျွေးဖူးဖူး မိဘရဲ့ ကျေးဇူးရှိတယ်နော်။ မိဘကျေးဇူး ဆပ်ကိုဆပ်ရမယ်။

   ဘုရားအဆုံးအမတွေကို လေ့လာရတော့ မိဘကျေးဇူးကိုလည်း နားလည်လာတယ်။ မိဘကို သတ်ချင်တဲ့စိတ်လည်း မရှိတော့ဘူး။ မိဘကျေးဇူးဆပ်ချင်တဲ့ စိတ်တွေပဲ ဖြစ်နေကြတယ်။
ဒါပေမဲ့ ဟိုအဖေနဲ့ အမေကလည်း ဒီသားသုံးယောက်ကို မုန်းနေလိုက်တာ သင်္ကန်းဝတ်သွားတာလည်း ပစ္စည်းလေးပါး လုံးဝ မထောက်ပံ့ဘူး။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ဘာမှ မထောက်ပံ့ဘူး။ စာအုပ်စာတမ်းတွေလည်း လုံးဝ မလှူဘူး။ နဝကမ္မတွေလည်း တစ်ပြားတစ်ချပ်မှ မလှူဘူး။
စာသင်တိုက်ကနေ စာတွေဘာတွေ တတ်ပြီးတော့ တရားတွေဘာတွေ ဟောလို့၊ တရားတွေဘာတွေ ပြလို့၊ သာသနာ့အကျိုး ရွက်ဆောင်နေပြန်တော့လည်း လုံးဝ သွားမတွေ့ဘူး။ လုံးဝ မဖူးဘူး။ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်တွေ ဖြစ်လာတဲ့အထိတောင် မုန်းလို့ကောင်းတုန်း။ အသေမုန်းတယ်ဆိုတာ အဲဒါကို ပြောတာ ဖြစ်မှာပေါ့။

   တစ်ခါတော့ အငယ်ဆုံးဆရာတော်တစ်ပါးက မယ်တော်ကြီးနဲ့ စကားပြောချင်တာနဲ့ မယ်တော်ကြီး အိမ်ရှေ့ တံမြက်စည်းလှည်းနေတုန်း သွားမေးတယ်။
“ဒကာမကြီး နေကောင်းလား’’
မယ်တော်ကြီးလို့လည်း မခေါ်ရဲဘူးလေ။ ဟိုက ကိုယ့်ကို မုန်းနေတာကိုး။ “ဒကာမကြီး နေကောင်းရဲ့လား’’ လို့ မေးလိုက်တော့ တစ်ချက်လှည့်ကြည့်ပြီး သားရဟန်းမှန်း သိတာနဲ့ မျက်နှာချက်ချင်း လွှဲသွားတယ်။ မျက်နှာတစ်ဖက် လှည့်ပြီး ….
“ကိုယ်တော်၊ နေကောင်းလို့ တံမြက်စည်းလှည်းနေတာပေါ့။ နေမကောင်းရင် အိပ်ရာထဲ လှဲနေမှာပေါ့။ နေကောင်းလို့ တံမြက်စည်းလှည်းနေတာ မြင်ရက်သားနဲ့ နေကောင်းလား မေးတာ ကိုယ်တော် မုသာဝါဒပြောတာပဲ။ ဘုန်းကြီးဆိုတာ ဒီလို မုသာဝါဒ မပြောသင့်ဘူး။ ကိုယ့်ကျောင်းကိုယ်ပြန်၊ ကိုယ့်အလုပ်ကိုယ်လုပ်’’
မယ်တော်ကြီးက သားရဟန်းကို လှည့်ကို မကြည့်ဘူးနော်။ ခမည်းတော်ကြီးကတော့ အခုအချိန်မှာ ဆုံးသွားပါပြီ။ မယ်တော်ကြီးကတော့ ရှိသေးတယ်။ ခမည်းတော်ကြီးကလည်း ဆုံးခါနီး ဆေးရုံမှာတက်တော့ ညီတော်နောင်တော်သုံးပါး သွားပြီးတော့ လူနာမေးကြတာပေါ့လေ။ ရှေ့မှာ တခြား လူနာမေးတဲ့သူတွေနဲ့ စကားပြောနေတာ အဟုတ်ပါပဲ။ သားရဟန်းသုံးပါးလည်း မြင်လိုက်ရော ခမည်းတော်ကြီးက ဟိုဘက်ကို လှည့်သွားတယ်။ သားရဟန်းသုံးပါးကို လုံးဝ လှည့်မကြည့်ဘူးနော်။
ဆရာတော်သုံးပါး ခုတင်နားလည်းရောက်ရော “ဒကာကြီး ဘယ်လိုလဲ။ သက်သာရဲ့လား’’ မေးတာပေါ့။ သက်သာတယ်လည်း မပြောဘူး။ မသက်သာဘူးလည်း မပြောဘူး။
“ကိုယ်တော်တို့ ကိုယ့်အလုပ်ကို လုပ်ကြပါ။ ရဟန်းဆိုတာ ရဟန်းအလုပ် လုပ်ရတယ်။ ဘုန်းကြီးဆိုတာ ဘုန်းကြီးအလုပ် လုပ်ရတယ်။ ဘုန်းကြီးဖြစ်နေပြီးတော့ လူနာလာမေးတာ လုံးဝ မသင့်တော်ပါဘူး။ ကိုယ့်ကျောင်းကိုယ်ပြန်၊ ကိုယ့်အလုပ်ကိုယ်လုပ်’’
သားရဟန်းသုံးပါးကို လှည့်မကြည့်ဘဲနဲ့ အဲဒီလိုပဲ ပြောလွှတ်လိုက်တယ်။ အခုတော့ ဆုံးပါးသွားပါပြီ။

   အဖေရော အမေရော သားရဟန်းသုံးပါးအပေါ် ဘာဖြစ်လို့ အဲဒီလောက်အထိအောင် မုန်းတီးနေရတာလဲဆိုတော့ အတိတ်ဘဝတုန်းက ဒီညီအစ်ကိုသုံးယောက်က မုန်းစွဲစွဲပြီး သေခဲ့ကြလို့။ မုန်းစွဲနဲ့ သေရင် အသေမလှဘူးဆိုတာ ပြောချင်လို့ ဒီအဖြစ်အပျက်လေး ပြောပြနေတာနော်။
အရင်ဘဝတုန်းကလည်း ဒီညီအစ်ကိုသုံးယောက်က ညီအစ်ကိုသုံးယောက်ပဲ။ အဲဒီတုန်းကတော့ အမြွှာမဟုတ်ဘူးပေါ့။ တစ်နှစ်ကြီး တစ်နှစ်ငယ်တွေ။ ညီအစ်ကိုသုံးယောက်က ဒီရွာမှာပဲ ညီအစ်ကိုတွေ ဖြစ်ခဲ့ဖူးတယ်။ လိမ်လ်ိမ်မာမာတွေလား ဆိုတော့ မဟုတ်ဘူး။ သိပ်ကို ဆိုးကြမိုက်ကြတဲ့ ပုဂ္ဂိုလ်တွေ။ လူလည်းပဲ သတ်တာပဲ။ ဓားမြလည်းပဲ တိုက်တာပဲ။ လုယက်မှုတွေလည်း လုပ်တာပဲ။ မုဒိမ်းမှုတွေလည်း ကျူးလွန်တာပဲ။
သူတို့ မလုပ်ဖူးတဲ့ မကောင်းမှုဆိုလို့ မရှိတော့ဘူး။ ညီအစ်ကိုသုံးယောက်ပေါင်းပြီးတော့ မကောင်းမှု ဒုစရိုက်တွေ ကျူးလွန်ကြတယ်။ သူတို့မှာလည်း ဓားပြီး၊ တုတ်ပြီး၊ သေနတ်ပြီးဆေးတွေ ထိုးထားသေးတယ်တဲ့။ သူတို့ကို ဘယ်သူကမှ မလှန်ရဲကြဘူး။ သူတို့နဲ့ ရန်ဖြစ်ရင်တော့ ဖြစ်တဲ့သူတွေပဲ ရှုံးကြတာပဲ။

   အဲဒါနဲ့ ရွာထဲမှာ မဟုတ်တာတွေ လုပ်နေပေမယ့် ပြန်မလုပ်ရဲကြဘူး၊ ပြန်မပြောရဲကြဘူး။ ငြိမ်ပြီးတော့ ခံနေကြရတယ်။ ညီအစ်ကိုသုံးယောက် ရွာမှာ ဗိုလ်ကျချင်တိုင်း ကျနေကြတာပေါ့။
တစ်ခါတော့ အဲဒီရွာထဲက ချစ်သူစုံတွဲ တစ်တွဲထဲက မိန်းခလေးကို အစ်ကိုအကြီးဆုံးဖြစ်တဲ့သူက ရည်းစားစကား လိုက်ပြောတယ်။ သူတို့မှာလည်း ဇနီးမယားတွေ ရှိကြတယ်။ သုံးယောက်လုံး အိမ်ထောင်သည်တွေကိုး။ သူတို့ကလည်း ယူထားလိုက်တာ ဘယ်လောက်မိုက်လဲဆိုတော့ သူတို့ယူထားတဲ့ မိန်းမသုံးယောက်ကလည်း ညီအမတွေချည်းပဲတဲ့။ ညီအမအရင်း သုံးယောက်ကို ယူထားကြတာနော်။

   အိမ်ထောင်ရှိလျက်သားနဲ့၊ သားသမီးတွေ ရှိလျက်သားနဲ့ မိန်းမပျိုလေးတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် ရည်းစားစကား သွားပြောတယ်။ ပြောတော့ ချစ်သူ ယောက်ျားလေးက စိတ်တိုတာပေါ့။ စိတ်တိုပေမယ့် ပြန်လည်း မပြောရဲဘူး။ ပြန်လည်း မလုပ်ရဲဘူး။ ပြန်ပြော၊ ပြန်လုပ်ရင် ကိုယ်ပဲ ခံရမှာကိုး။
သူတို့က ညီညီညွှတ်ညွှတ်လည်း ရှိတယ်။ လက်နက်ကလည်း ပြီးနေသေးတယ်။ အထိုးအခုတ်၊ အသတ်အပုတ်တွေကလည်း ကျွမ်းကျင်ကြတယ်ဆိုတော့ ပြန်မပြောရဲဘူး။ ပြန်မလုပ်ရဲဘူး။

   အဲဒီခေတ်တုန်းက အဲဒီကျေးရွာရှိတဲ့ မြို့နယ်ဒေသမှာ ကွန်မြူနစ်တွေ ကြီးစိုးနေတဲ့အချိန်။ ကွန်မြူနစ်တွေက ဆက်ကြေးတွေ ဘာတွေလည်းတောင်း။ သူ့သက်ဆိုင်ရာနယ်မြေကိုလည်း အေးချမ်းအောင် လုပ်ပေးကြတယ်ပေါ့။
သူတို့ကြီးစိုးတဲ့နယ်ပယ်မှာ ဓားမြမှုတို့၊ လုယက်မှုတို့၊ နွားခိုးမှုတို့ ဖြစ်ရင်လည်း ဖမ်းပြီး ရွာလူထုရှေ့မှာ အရှင်လတ်လတ် သတ်ပြတယ်။ သတ်ပြတော့ ခုနက ဒကာလေးက ဒီညီအစ်ကိုတွေ ကျူးလွန်ခဲ့တဲ့ အမှုတွေအားလုံးကို သက်သေအထောက်အထားနဲ့ တကွ၊ နေ့စွဲနဲ့ တကွ မှတ်တမ်းတင်ပြီးတော့ ကွန်မြူနစ်တွေဆီ သွားပြီးတော့ သတင်းပို့လိုက်တယ်။
ကွန်မြူနစ်တွေကလည်း သူတို့ကို ဖမ်းတာပေါ့။ ဖမ်းပေမယ့် သူတို့ရဲ့ ဆေးအစွမ်းကြောင့် ထင်ပါရဲ့။ တော်တော်နဲ့ ဖမ်းမမိဘူး။ နောက်ဆုံး တော်တော်ကြာတော့မှ ညီအငယ်ဆုံးကို မိတယ်။ ဘယ်လောက်ပဲ ဆေးစွမ်းတယ်ပြောပြော နောက်ဆုံးတော့ မိသွားတာပါပဲနော်။

   အဲဒါနဲ့ မိလည်းမိရော အစ်ကိုနှစ်ယောက်က “ညီလေးကိုတော့ သူတို့ နှိပ်စက်ကြတော့မှာပဲ။ ညီလေး တစ်ယောက်တည်းတော့ သူတို့ အနှိပ်စက်မခံနိုင်ဘူး’’ ဆိုပြီးတော့ သူတို့ကလည်း အလွယ်တကူနဲ့ အလိုအလျောက် အဖမ်းခံလိုက်ကြတယ်။ ညီအစ်ကိုသုံးယောက်စလုံး မိသွားရောပေါ့နော်။
သူတို့ကလည်း အချိန်မဆိုင်းတော့ပါဘူး။ မိတဲ့ ညနေခင်းမှာပဲ တစ်ရွာလုံးကို လှည့်ပြီးတော့ မောင်းခတ်ကြေညာတယ်။ “မနက်ဖြန်မနက် ကိုးနာရီမှာ ဒီညီအစ်ကိုသုံးယောက်ကို ရွာလူထုရဲ့ရှေ့မှာ အရှင်လတ်လတ် သတ်ပြပါမယ်။ အားလုံးလာပြီးတော့ ကြည့်ရှုကြပါ’’။
အဲဒီတော့ လူတွေကလည်း ပျော်လွန်းလို့ ညအိပ်လို့တောင် မပျော်ဘူးတဲ့။ ဒီညီအစ်ကိုသုံးယောက်ကို ရွာသားတွေက ‘ရွာ့ချဉ်ဖတ်’ အဖြစ်နဲ့ မုန်းနေတာကြာပြီကိုး။ ဘယ်လိုမှ ပြန်လုပ်လို့မရလို့သာ အသာလေးငြိမ်နေတာ။

   နောက်တစ်နေ့လည်းကျရော ရွာဦးဘုန်းကြီးကျောင်းရှေ့က မန်းကျည်းပင်အောက်မှာ သူတို့ကို သတ်ဖို့ တွင်းတူးကြတယ်။ ရွာသူရွာသားတွေက ဝမ်းသာအားရနဲ့ တူးပေးကြတယ်။ သူတို့ကို လက်ပြန်ကြိုး တုပ်ထားတယ်။ ညီအစ်ကိုသုံးယောက်လုံးကို တစ်ယောက်နဲ့တစ်ယောက် လက်မောင်းချင်း ချိတ်ပြီးတော့ ကြိုးတုပ်ထားကြတယ်။
ကိုးနာရီလောက်ရောက်တော့ သတ်တော့မှာပေါ့။ သူတို့ရဲ့ အမှုတွေကို စစ်တော့လည်း သူတို့က ဝန်မခံဘူး။ သေကာမှ သေရော တင်းပြီးတော့ နေကြတယ်။ ရွာဦးကျောင်းဆရာတော်က ဘုရားသားတော်ဆိုတော့ မနေသာတော့ဘူး။ လူလူချင်းသာ ဆိုးတဲ့သူ၊ မိုက်တဲ့သူဆိုရင် မခေါ်မပြောချင်ကြတာ။ ဘုရားသားတော်ကျတော့ ဟိုလိုကြီး မခေါ်တောင်မှ မေတ္တာကရုဏာနဲ့ စောင့်ရှောက်ချင်တယ်။
ကွန်မြူနစ်တွေရဲ့လက်က လွတ်မြောက်အောင် ကယ်တင်လို့မရတော့ ညီအစ်ကိုသုံးယောက် လက်ပြန်ကြိုးတုပ်ထားတဲ့ တွင်းနှုတ်ခမ်းနားလေးသွားပြီးတော့ “ကဲ … ဒကာလေးတို့ သုံးယောက် သရဏဂုံ ဆောက်တည်ကြ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ’’ ဆိုပြီတော့ သုံးကြိမ် တိုင်ပေးလိုက်တာပေါ့။ သရဏဂုံ တင်ပေးလိုက်တာပေါ့။

   သရဏဂုံတင်တယ်ဆိုတာက သေတဲ့သူကို တင်ရတာလား၊ ရှင်တဲ့သူကို တင်ရတာလား။ ရှင်တဲ့သူကို တင်ရတာ။။ ဒါဖြင့် အသုဘအခမ်းအနားတွေမှာ သရဏဂုံတင်ကြတယ်ဆိုတာက သေသွားတဲ့သူကို တင်တာလား၊ ကျန်ရစ်တဲ့သူတွေကို တင်တာလား။ ကျန်ရစ်တဲ့သူတွေ၊ အသုဘလာပို့ကြတဲ့သူတွေကို တင်တာနော်။ ဒါဖြင့် အသုဘတွေ သွားပြီးတော့ သရဏဂုံ တင်ခံနေရတာပေါ့။
လူတွေထင်တာကျတော့ ဘယ်လိုထင်တုံး။ သေတဲ့သူကို သရဏဂုံတင်တယ် ထင်နေတာနော်။ “အလောင်းထုတ်၊ သရဏဂုံ တင်ရအောင်’’ လို့ မပြောကြဘူးလား။ အလောင်းကို သရဏဂုံတင်လို့ မရဘူးနော်။ သေသွားပြီးပြီပဲ။ ဘယ်လိုလုပ်တင်မလဲ။ သေသွားတဲ့ပုဂ္ဂိုလ်က အနီးအနား ပတ်ဝန်းကျင်မှာ ပြိတ္တာဖြစ်နေတယ်ဆိုရင်တော့ သရဏဂုံ ယူနိုင်အောင် ခေါ်လိုက်တာပေါ့လေ။
ခေါ်ပြီးတော့ လူပရိသတ်နဲ့အတူ ရောပြီးတော့ သရဏဂုံ ဆောက်တည်ဆိုတဲ့သဘောမျိုးဆိုရင်တော့လည်း သေသွားတဲ့ပုဂ္ဂိုလ် သရဏဂုံတင်တယ်ဆိုရင် မှန်တာပေါ့။ အလောင်းကို တင်တာတော့ မဟုတ်ဘူးနော်။ သေပြီးတဲ့နောက် မကျွတ်မလွတ်ဖြစ်နေတဲ့ပြိတ္တာကို တင်တာ။ ကျန်ရစ်သူမိသားစုတွေနဲ့ ဧည့်ပရိသတ်တွေကလည်း အကူအညီ အပံ့အပိုးအနေနဲ့ သရဏဂုံယူလိုက်ကြတာပေါ့။
တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်လည်း သရဏဂုံဆောက်တည်ပြီးတော့မှ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ သေသွားတဲ့ပုဂ္ဂိုလ်ကို အမျှအတန်းပေးဝေဖို့ သရဏဂုံတင်ရတာ။ သရဏဂုံအခြေခံတဲ့ကုသိုလ်က ပိုအကျိုးကြီးတာကိုး။

   အဲတော့ တွင်းနှုတ်ခမ်းဝမှာ ရွာဦးကျောင်းဆရာတော်က သရဏဂုံ တင်ပေးလိုက်တယ်။ ဒီဘဝမှာ သူတို့ကို မွေးစားတာလည်း ဒီရွာဦးကျောင်းဆရာတော်ကြီးပါပဲ။ ဆရာတော်ကြီးကျေးဇူးကြောင့် ညီအစ်ကိုသုံးယောက်မှာ သရဏဂုံဆောက်တည်တဲ့ ကုသိုလ်လေး ရှိနေတာပေါ့။
အဲဒီအချိန်မှာပဲ ဆရာတော်ကြီးက “မင်းတို့လိုရာဆုတောင်းကြ’’ ဆိုတော့ အစ်ကိုအကြီးဆုံးက “ဒီကောင်တွေကို လက်စားချေပြမယ်’’ လို့ အော်လိုက်တယ်။ အဲဒီမှာတင် ကွန်မြူနစ်ခေါင်းဆောင်က ဒီကောင် စွာလှချည်လား ဆိုပြီးတော့ ညာဘက်ကျောကနေ သေနတ်နဲ့ လှမ်းပစ်လိုက်တယ်။ ထုတ်ချင်းပေါက်မှန်ပြီးတော့ အစ်ကိုကြီးက တွင်းထဲ ကျသွားတယ်။
လက်မောင်းချင်းချိတ်ထားတာဆိုတော့ အစ်ကိုအကြီးဆုံး တွင်းထဲကျသွားတယ်ဆိုရင်ပဲ ညီအစ်ကိုသုံးယောက်စလုံး တွင်းထဲကျသွားတယ်။ အဲဒီမှာတင် ရွာသူရွာသားတွေက တစ်ယောက်တစ်လက် တွင်းကို မြေဖို့ပြီးတော့ ညီအစ်ကိုသုံးယောက်ကို အရှင်လတ်လတ် မြေမြှုပ်သတ်လိုက်ကြပါတယ်။

   ဘဝတစ်လျှောက်လုံးတော့ ဘာကုသိုလ်မှ လုပ်ထားတာ မရှိဘူးနော်။ သေခါနီးလေးမှာ ရွာဦးကျောင်းဆရာတော် တိုင်ပေးတဲ့ သရဏဂုံကို ဆိုပြီးတော့ သရဏဂုံဆောက်တည်လိုက်တော့ သေခါနီးဆဲဆဲလေးမှာ ကုသိုလ်အာရုံလေးက ရှိနေတယ်။ သရဏဂုံအာရုံပေါ့။
ကုသိုလ်အာရုံလေးကလည်း တစ်ဖက်က ရှိတယ်၊ တစ်ဖက်ကလည်း ကွန်မြူနစ်တွေ၊ ကွန်မြူနစ်တွေကို သတင်းပို့တဲ့ အမျိုးသား၊ သူတို့အတွက် တွင်းတူးတဲ့ပုဂ္ဂိုလ်တွေ၊ လက်ပြန်ကြိုးတုပ်တဲ့ ပုဂ္ဂိုလ်တွေကို လှည့်ပတ်ပြီးတော့ မကျေမနပ်နဲ့ မုန်းတီးတဲ့စိတ်တွေ ဖြစ်နေတယ်။ နာကျည်းတဲ့စိတ်တွေ ဖြစ်နေတယ်။ မုန်းစွဲ စွဲနေတယ်ပေါ့။

   အဲဒီလို မုန်းစွဲစွဲရင်း ကုသိုလ်အာရုံလေးနဲ့ တွဲပြီးတော့ သေသွားတဲ့အတွက် ကုသိုလ်ကြောင့် လူပြန်ဖြစ်ပေမယ့် မုန်းစွဲကြောင့် သူတို့ကို ကွန်မြူနစ်တွေဆီ သတင်းပို့တဲ့ အမျိုးသားလေးကို ဒီဘဝမှာ အဖေ လာတော်ရတယ်။ အရင်ဘဝတုန်းက ရည်စားစကားလိုက်ပြောတဲ့ မိန်းကလေးက ဒီဘဝ အမေ လာဖြစ်တယ်။
ဇနီးမယား သားသမီးတွေ ရှိလျက်သားနဲ့ သူ့ကို ရည်စားစကားလာပြောကတည်းက အဲဒီမိန်ကလေးက သူတို့သုံးယောက်ကို စိတ်နာနေတယ်။ အဲဒီစိတ်နာတဲ့ အရှိန်လေးနဲ့ဆိုတော့ ဒီဘဝ သူတို့မှာ ဝင်လည်း ဝင်စားလာရော သားအရင်းဖြစ်ပေမယ့် မေတ္တာမထားနိုင်တော့ဘူး။

   မိဘတိုင်းကတော့ သားသမီးအပေါ်မှာ မေတ္တာရှိကြတာ ချည်းပါပဲ။ ဘယ်မိဘမဆို သားသမီးအပေါ်မှာ မေတ္တာရှိတယ်လို့ မပြောကြဘူးလား။ ယေဘုယျအားဖြင့် ပြောတာပေါ့။ ယေဘုယျဆိုပေမယ့် ကိုးဆယ့်ကိုးဒဿမကိုးကိုးပါပဲ။ မပြောပလောက်တဲ့ အနည်းစုကတော့လည်း မေတ္တာတရား ခေါင်းပါးတာမျိုး ရှိတယ်။ မေတ္တာတရား ကင်းမဲ့တာမျိုး ရှိတယ်။
ဒါပေမဲ့လို့ လုံးဝကြီး ကင်းမဲ့နေတာတော့ မဟုတ်ဘူး။ အခု ဒီအမြွှာညီအစ်ကိုသုံးယောက်ကိုဆိုရင်လည်း မမွေးခင်တုန်းက မိဘမေတ္တာတွေ မရှိဘူးလား။ ရှိတယ်။ မွေးပြီးတော့မှ အရင်ဘဝတုန်းက ငါတို့ကို ဒုက္ခပေးခဲ့တဲ့ကောင်ပဲ ဆိုပြီးတော့ ဒေါသလေးက ဖုံးလွှမ်းသွားလို့ မေတ္တာက ငုတ်ကွယ်သွားရတာ။ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။
ဒီအဖေနဲ့ ဒီအမေမှာ အတွင်းမှာ မေတ္တာဓာတ်လေးတော့ ရှိမှာပါ။ ဒါပေမဲ့ အဲဒီမေတ္တာဓာတ်ကို ဒေါသက လွှမ်းမိုးအနိုင်ယူသွားတယ်။ ဒီတော့ မိဘမေတ္တာ ဖော်ထုတ်ပြသခွင့် မရှိတော့ဘူး။ မိဘမေတ္တာဆိုတဲ့ နှလုံးသားအနှစ်ဓာတ်ကို အမုန်းတရားရစ်ပတ်သွားခဲ့တာပေါ့။
အဲဒီတော့ ကိုယ်မုန်းတဲ့ပုဂ္ဂိုလ်တွေကို အဖေအမေတော်ရတယ်။ တော်ရတဲ့ အဖေအမေကလည်း ကိုယ့်ကို မုန်းနေတယ်ဆိုတော့ အဲဒီဘဝ စိတ်ချမ်းသာစရာ ကောင်းပါဦးမလား။ မကောင်းတော့ဘူး။
ဒါပေမဲ့လည်း သူတို့သုံးယောက်ကတော့ ဘုရားအဆုံးအမတွေနဲ့ ထိတွေ့ခွင့်ရလို့ ကုသိုလ်တရား တိုးပွားအောင်တော့ ကြိုးစားနိုင်ကြတာပေါ့လေ။

   လောကကြီးမှာ ‘အဆိုးတွေဟာ ကောင်းဖို့ ဖြစ်လာတာ’ ဆိုသလိုပါပဲ။ ကြည့်တတ်မယ်ဆိုရင် အကောင်းဘက်ကို ယူလို့ရတာချည်းပါပဲ။ တကယ်လို့သာ အဖေနဲ့ အမေက သူတို့ကို ချစ်နေမယ်ဆိုရင်တော့ သင်္ကန်းဝတ်ဖြစ်ပါဦးမလား။ မဝတ်ဖြစ်လောက်ဘူးနော်။
အဖေနဲ့ အမေကလည်း သူတို့ကို နာနာကြည်းကြည်း မုန်းတီးနေတယ်။ သူတို့ကလည်း အဖေနဲ့အမေကို ငယ်ငယ်တုန်းက နာနာကြည်းကြည်း မုန်းတီးနေတယ်။ ဒီအမုန်းလေးတွေကြောင့်ပဲ သာသနာ့ဘောင်ရောက်၊ ဘုရားအဆုံးအမတွေနဲ့ ထိတွေ့၊ သူတော်ကောင်း ဖြစ်ရတာဆိုတော့ မုန်းစွဲစွဲပြီး ဒီမိဘဝမ်းထဲ ဝင်မိတာကိုက ကျေးဇူးတင်စရာလိုတောင် ဖြစ်နေသေးတယ်နော်။
ကြံဖန်ပြီး ကျေးဇူးတင်တတ်ရင် သူတို့ကို အသေမုန်းတဲ့ မိဘနှစ်ပါးဟာ သူတို့ကို သာသနာ့ဘောင် ရောက်အောင်၊ တရားဓမ္မနဲ့ ထိတွေ့အောင်၊ တရားအရသာ ခံစားနိုင်အောင်၊ သာသနာပြုခွင့် ရအောင်၊ အများအကျိုး ဆောင်ရွက်ခွင့်ရအောင် တစ်နည်းတစ်လမ်းနဲ့၊ အမုန်းနည်းလမ်းနဲ့ သွယ်ဝိုက်ပြီး ကျေးဇူးပြုလိုက်တဲ့ ကျေးဇူးရှင်တွေမို့ ဒီမိဘနှစ်ပါးကို ‘အမုန်းကျေးဇူး’ အတွက် ကျေးဇူးအရမ်းတင်ဖို့ ကောင်းတယ်နော်။

   ဒါကြောင့် ဆိုလိုက်ပါ။
အစွဲကင်းစင်၊
စိတ်ကြည်လင်၊
သေလျှင်လှပသည်။

   အစွဲကင်းရင် အသက်ရှင်နေစဉ်မှာလည်း စိတ်ကြည်လင်ပါတယ်။ စိတ်အေးချမ်းပါတယ်။ သေပြီးရင်လည်း ကောင်းရာသုဂတိရောက်တဲ့အတွက် အသေလှပါတယ်။ ရဟန္တာအဆင့်ထိ အစွဲကင်းရင်တော့ နိဗ္ဗာန်အပြီးရောက်ပြီး အသေလှပါတယ်။

မုန်းမဝရင်
ပြုံးအလှနဲ့ ဝေးနေပါလိမ့်မယ် …
မုန်းစိတ်ကို မဖျောက်နိုင်
မုန်းစွဲကို ဆုပ်ကိုင်ထားရင်တော့ …
အမုန်းဝန်းကျင်မှာ လူဖြစ်
အမုန်းနွံမှာ ကျွံနစ်ပြီး
ချစ်ခြင်းမေတ္တာနဲ့ ဝေး
စိတ်အေးချမ်းမှုနဲ့ မဆုံ
ခိုလုံရာ ရင်ခွင်မဲ့
စိတ်အားတွေ ချည့်နဲ့သွားနိုင်ပါတယ် …
ဘုရားရှင် ဘုန်းရိပ်ရောက်မှတော့
တရားမြင် မုန်းစိတ် ပျောက်သင့်ပါပြီ …..

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အသေလှတဲ့သူ စာအုပ်မှ)