အဖြူရောင်နှလုံးသား
မိုးမိုး(အင်းလျား)
သည်နေ့တစ်ရက်ပဲ နားမည်ကြံကာရှိသေးသည် လူနာအသစ်က ရောက်လာပြန်သည်။ပြောမည့်သာပြောရသည် အပြင်သွားသည်ကိုပင် စိတ်ကမဖြောင့် ။ဆေးရုံက လာခေါ်လျင်သေသေချာချာ မေးထားလိုက်ဖို့ လူနာနာမည် အဆောင်အမှတ် စသည် သေသေချာချာ မှတ်ထားလိုက်ဖို့ ဒေါ်ဒေါ့်ကို မှာရသည်။စာရွက်လွတ်နှင့် ခဲတံကိုလည်း စားပွဲပေါ် အသင့်တင်ထားခဲ့ရသည်။ဒေါ်ဒေါ်က နားလေးသည်မို့ လာသည့်လူကို ရေးခိုင်းရန်ပြောရသေးသည်။သို့တိုင်အောင် စိတ်ကမဖြောင့်။
ပြီးခဲ့သည့်လူနာကို ဆယ်ရက်တိတိ စောင့်ပေးလိုက်ရသည်။လူနာက အဖွားကြီး အသက်ငါးဆယ်ကျော်ပြီ။လူကတော့ ဝဝဖြိုးဖြိုး ပစ္စည်းဥစ္စာကလည်း ပြည့်စုံသည်။ဖြစ်သည့်ရောဂါက ထုံးစံအတိုင်း သွေးတိုးရောဂါ။ချေးများလိုက်သည်မှာလည်း မပြောနှင့် ။သူတို့မိသားစုကလည်း အဖြစ်သည်းလိုက်သည်မှာ ဆိုစရာမရှိ။ဆရာဝန် ညွှန်ကြားသည်က တစ်မျိုး သူတို့လုပ်ချင်သည်က တစ်မျိုး။သဘောပေါက်အောင် ပြောပြလို့လည်းမရ။မျက်ရည်ပေါက်ပေါက်ကျအောင် စိတ်ညစ်ညူးရသည်။သည်လိုလူနာမျိုး ဆယ်ရက်စောင့်ရပေလို့သာ။တစ်လလောက်များ စောင့်ရလျင် ကိုယ်ပါ လဲသွားမည်လား မသိ။
မနေ့ကပင် လူနာကို အိမ်အထိလိုက်ပို့လိုက်ရသည်။လူနာရှင်တွေကလည်း အိမ်အထိပြန်လိုက်ပို့ပေးသွားသည်။လက်ဆောင် စားစရာတွေလည်း ပေးသေးသည်။ဖြူကလည်း အတန်တန်ငြင်း၏။ပေးသူကလည်း အတင်းပေးသည်။ကျေးဇူးတင်လွန်းလို့ပါဟု ဆိုသည်။ကျေးဇူးတင်ဖော်ရသည့်အတွက် ပြန်၍ကျေးဇူးတင်မိရ၏။သူတို့ပြန်သွားတော့ စိတ်ထဲမှာပေါ့ပါး လွတ်လပ်သွားကာ ခြေပစ်လက်ပစ်အိပ်လိုက်မိသည်။သူ ပင်ပန်းနေသည်မို့ လူနာလာလျင် သူ့နာမည်ကို မပေးဘဲ တစ်ရက်နှစ်ရက်ချန်ထားရန် ဆေးရုံမှာ မှာခဲ့သည်။စိတ်ရောလူပါ အနားယူပစ်လိုက်သည်။
သည်နေ့မနက် အိပ်ယာမှ လန်းဆန်းစွာ နိုးလာ၏၊။နေမြင့်အောင် အိပ်လိုက်ရသည့်အတွက် စိတ်ကျေနပ်မှုတစ်မျိုးရရှိကာ အားပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ပြီးတော့ တွင်းရေကို တဝကြီးချိုးပစ်သည်။ဖြူတို့ဘက်မှာ တွင်းရေကိုသာ အားထားရသည်။ဆေးရုံက ပိုးသတ်ဆေးနံ့သင်းသော ရေကိုထိတွေ့ရဖန်များသဖြင့် တွင်းရေအေးအေးလေးကို ဖြူပိုနှစ်သက်သည်။မိုးတွင်းဆိုလျင် မိုးရေချိုးရသဖြင့် တစ်မျိုးလန်းဆန်းပြန်၏။ဖြူတို့အိမ်လေးကလည်း နှစ်သက်စဖွယ် ။ခြံဝင်းကျယ်ကျယ်မှာ သစ်ပင်တွေစုံအောင်စိုက်ထားသည်။အိမ်ကတော့ တဲသာသာလေး။အပါးရှိတုန်းက စိုက်ထားသည့် အပင်တွေ ဆိုပါတော့။အပါးဆုံးတာ ငါးနှစ်ပြည့်တော့မည်။အပါးမရှိကတည်းက အမိုးသည်အိမ်မှာ သိပ်မနေ။နယ်လှည့်အမှုထမ်းနေသော အစ်ကို့နောက်ကိုသာ တကောက်ကောက်လိုက်နေ၏။ဖြူကိုတော့ အပါး၏ညီမ ဒေါ်ဒေါ်နှင့် စိတ်ချစွာ ထားရစ်ခဲ့သည်။အမိုးက ကရင်အမျိူးသမီးဖြစ်သော်လည်း အပါးက မြန်မာလူမျိုးဖြစ်သည်။သို့သော်လည်း အမိုးနှင့်လိုက်အောင် အပါးကို အပါးဟုပဲ ခေါ်ဖြစ်ခဲ့သည်။ယခုအပါးမရှိတော့သော်လည်း အပျိုကြီးဖြစ်သူ ဒေါ်ဒေါ်သည် အမိုးနှင့် အတူ ဆိုးတူကောင်းဖက်နေလာခဲ့သည်။အမိုးသည် စိတ်ထက်သော်လည်း စေတနာကောင်း၏။ဒေါ်ဒေါ်သည် အေးဆေးပြီး ရိုး အ လှသည်။သည်သမီးယောက်မကြား မည်သည့်ပြဿနာမှ မရှိခဲ့။သူတို့မိသားစုမှာ ဆိုးချင်ပေချင်သည်က အစ်ကိုသာပဲ ဖြစ်သည်။ဘာမဆို စိတ်မြန်လက်မြန် လုပ်တတ်၏။ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် မနေချင်။သူမှန်သည်ထင်ရာကို သူစွပ်လုပ်တတ်၏။ထို့ကြောင့် အမိုးက သူ့သားကို နည်းနည်းလေးမှ စိတ်မချ။နောက်က တကောက်ကောက်လိုက်ထိန်းနေတတ်သည်။လိုက်ထိန်းသည် ဆိုသည့်တိုင် သားဘက်ကမှန်သည်ထင်လျင် အမိုးကပါ သားဘက်က ရပ်တည်လေ၏။လိုက်လည်းလိုက်သည့် သားအမိ။
ဖြူသည် အစ်ကိုနှင့် အမိုးအကြောင်းစဉ်းစားမ်ိရာမှ မောင့်ကိုလည်း သတိရမိပြန်သည်။မောင့်ကို အမိုးကရော အစ်ကိုကပါ သဘောကျသည် မဟုတ်ချေ။မောင်နှင့်ဖြူတို့မိသားစုက အခြေခံချင်းမတူ။ပေါင်းစည်း၍ မဖြစ်ဟု အမိုးတို့က ယူဆ၏။ဘာသာချင်းမတူတာကို ထားဦး။မောင်၏နူးညံ့ပျော့ပျောင်းဟန်နှင့် ပြည့်ဝချမ်းသာခြင်းကပင် ဖြူတို့ဘဝနှင့် ကွာခြားနေ၏။ဖြူတို့မိသားစုက ဘဝကိုကျရာမှနေ၍ မတုန်မလှုပ်ရင်ဆိုင်တတ်သည့် နေရာတွင် အသွင်တူကြလေသည်။
လွန်ခဲ့သည့် တနင်္ဂနွေနှစ်နေ့လုံး လူနာစောင့်ခဲ့ရသဖြင့် မောင်နှင့်မတွေ့ခဲ့ရချေ။သည်တနင်္ဂနွေမှာ နားခွင့်ရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း မနားရပြန်။မနက်ကတော့ မောင်နှင့်တွေ့စဉ်ကတော့ မတင်မကျ ပြောဖြစ်ခဲ့သည်။မိန်းခလေးသိက္ခာကို ရှည်ရှည်ဝေးဝေး မတွေးနိုင်ဘဲ မောင့်ရုံးကို သွားတွေ့ခဲ့ရသည်။အားပြည့်လန်းဆန်းသော အပြုံးမျက်နှာဖြင့် မောင့်ဆီရောက်ခဲ့၏။ဆေးရုံနှင့်ကင်း၍ စက္ကူနံ့လှိုင်နေသော မောင့်ရှေ့ကစားပွဲမှာ ထိုင်ရသည်က ကြောင်စီစီတော့နိုင်သား။စာရေးမလေးတွေက သိပြီးသားဖြစ်နေသော်လည်း မသိမသာ ချောင်းကြည့်ကြသေးသည်။မောင်က ခဏကလေးစောင့်နေနော် ဖြူဟုဆိုကာ သူ့စားပွဲပေါ်မှ စာရွက်တစ်ထပ်ကြီးကို ဖတ်မကြည့်ဘဲ လက်မှတ်ထိုးနေ၏။ကောင်လေးတစ်ယောက် လက်ဖက်ရည်တစ်ခွက် လာချပေးသည်။ဖြူ သောက်နော်ဟု မောင်က ပြော၏။ဖြူ မသောက်ချင်တော့ဘူး ပြီးတော့မှ မောင်နဲ့အောက်ဆင်းပြီး တစ်ခုခုစားရအောင်၊ ဖြူ ကြွေးပါ့မယ်ဟု ပြောလိုက်၏။ဖြူက ဝင်ငွေကောင်းနေတာကိုး ဟု မောင်ကပြောပြီး သူ့အလုပ်တွေကို ဆက်လုပ်နေလေသည်။
ရုံးနှင့်နီးသော နန်းယုစားသောက်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။လုံချည်ပြာပြာ အင်္ကျီ ဖြူဖြူနှင့် မဟုတ်ဘဲ ပန်းရောင်အင်္ကျီဖျော့ဖျော့ အနက်ရောင်စပ်ထားသော ကရင်လုံချည်စင်းလေးနှင့် ဖြူ့ကိုမောင်က ရွှန်းရွှန်းစားစားကြည့်၏။ခေါင်းပေါ်မှာ ကက်ပ်အဖြူကလေး ဆောင်းမထားသဖြင့် ဖြူ့မျက်နှာက ရှင်းနေသည်။ကက်ပ်လေးဆောင်းထားမှ ဖြူကပိုလှတာဟု မောင်ကပြောဖူးလေသည်။
“ စားလေ ဖြူ ၊ မောင်ကစောစောလေးတင်ပဲ ထမင်းစားထားလို့ ၊ ဖြူ လာမယ်မှန်းမှ မသိတာ ”
“ အစောကြီး ရှိသေးတယ် ထမင်းစားပြီးနေပြီလား ”
“ မဆာသေးပါဘူး သူများတွေ စားနေတာတွေ့တာနဲ့ ဝင်စားလိုက်တာ ”
“ စာရေးမလေးတွေက အတင်းခေါ်ကြွေးလို့ ဆိုပါတော့ ”
မောင်က ရယ်မော၏။
“ ဖြူက သဝန်တိုတတ်သားပဲ ၊ သဝန်တိုတတ်ရင် စာလည်း စာနာတတ်ရမယ် ”
ဖြူ ခေါင်းကို ငုံ့လိုက်မိလေသည်.။
“ သဝန်တိုလို့ ပြောတာမဟုတ်ပါဘူး မောင်ရယ် ၊ ဖြူက မောင့်ကို အချိန်မပေးနိုင်ဘူးမဟုတ်လား ၊ အဲ့ဒါ စိတ်မကောင်းလို့ပါ ”
“ ဟော ကြည့် ၊ ဖြူ စကားလွှဲပစ်လိုက်ပြီ ”
“ မဟုတ်ရပါဘူး မောင်ရယ် ၊ ဖြူ့ဘဝကို မောင်နားလည်အောင်လို့ပါ ”
“ ကဲပါ ဖြူရယ် နှစ်ယောက်အတူတူ စားကြမယ် ”
ဖြူနှင့် မောင်တို့ကြားတွင် ပြဿနာကြီးကြီးကျယ်ကျယ် မရှိဘူးဆိုသည့်တိုင် ရင်တွင်းခံစားချက်လေးတွေကတော့ အသီးသီးရှိခဲ့ကြသည်သာ။မောင်ကဖြူ့အလုပ်နှင့် ပတ်သက်၍ သဘောမကျနိုင်သည်ကို ဖြူ နားမလည်။ဖြူတို့အလုပ်ကို စေတနာဟု မောင်မမြင်ဘဲ စိတ်မချစရာ အဖြစ်သာ မောင်မြင်သည်။လူနာကို သဒ္ဓါကြည်ဖြူစွာ ဆက်ဆံရခြင်းသည် မိန်းကလေးတို့၏ ဣနြေ္ဒသိက္ခာကို ထိခိုက်စေပါသလား။မောင်နှင့်ဖြူတို့ စတင်တွေ့ဆုံခဲ့သည့် အဖြစ်ကပင် ဖြူ့အပေါ် အထင်သေးစရာ ဖြစ်ခဲ့ရသေးလား မသိ။
“ စားလေ ဖြူ ၊ ဘာတွေစဉ်းစားနေတာလဲ ”
မောင်နှင့်တွေ့မှ အားရပါးရစားမည်ဟု တွေးကာ ဘာမျှမစားဘဲ နေခဲ့သော ဝမ်းသည် အလိုလိုပြည့်သွားလေသည်။
“ ဒီ တနင်္ဂနွေတော့ မောင်တို့ ရုပ်ရှင်ကြည့်နိုင်မှာပါနော် ”
ဖြူသည် မောင့်ကိုသာ မဝံ့မရဲ မော်ကြည့်မိလေသည်။
“ ဖြူ မနေ့က အော့ဖ်ရတယ်မောင် ၊ တစ်ရက်နှစ်ရက်တော့ နားဦးမယ်လို့ မှာခဲ့တာပဲ ၊ ဒီနေ့မှ ကြာသပတေးနေ့ဆိုတော့ ပြောတော့မပြောနိုင်ဘူး မောင် ”
မောင်က သက်ပြင်းကို မသိမသာချ၏။ဖြူကလည်း ခိုး၍ရှိုက်လိုက်မိသည်။ဖြူတို့နှစ်ယောက် ဆိုင်ထဲမှပြန်ထွက်လာတော့ မှာထားသော အစားအစာတွေ သည်အတိုင်းကျန်ရစ်လေသည်။
“ ဖြူ့ ကို မောင် ဘယ်အထိ လိုက်ပို့ရမလဲ ဟင် ”
“ နေပါစေ မောင် လိုက်မပို့နဲ့တော့ ဖြူ စျေးဝင်ဦးမှာ”
“ စနေနေ့အထိ ဖြူအားနေမယ် ဆိုရင်တော့ ရုံးဆင်းရင် မောင် ဖြူတို့အိမ် လာခဲ့မယ် ”
ဖြူက ခေါင်းကို ညိတ်လိုက်သည်။
ပြီးတော့ တစ်ဖက်သို့ ခြေလှမ်းပြင်ပြီးကာမှ မောင့်ဘက်ကို ပြန်လှည့်မိလေသည်။
“ နေဦး မောင် ”
မောင်က ရပ်စောင့်နေ၏။
“ တကယ်လို့များ ဖြူ ဂျူတီပြန်ဝင်နေရရင် မောင့်ကို ဖုန်းဆက်လိုက်မယ်နော်”
မောင်သည် ခေါင်းငိုက်စိုက်ချ၍ ပြန်လှည့်သွားလေသည်။
စျေးထဲမှာ လှည့်၍မိန်းမအသုံးအဆောင်လေးတွေ လိုက်ဝယ်နေမိသော်လည်း စိတ်မဖြောင့် ၊ မောင့်ဆီကိုလည်း အတွေးကရောက်သည်။အိမ်ကိုလည်း စိတ်မချ။လူနာရှင်တစ်ဦးဦးများ ရောက်နေလေမလား။ဒေါ်ဒေါ်နဲ့စကားပြောလို့ အဆင်ပြေပါ့မလား ။ဖြူ ဘယ်လောက်ပင် နားချင်သည်ဆိုဆို အရေးကြီးသည့် လူနာတစ်ဦးရောက်လာလို့ ဆရာမငှားချင်သည်ဆိုလျင် ဝါ့ဒ်ထဲက ဆရာမတွေက ဖြူ အား မအား အရင်ကြည့်ကြသည်။ဖြူ အားနေလျှင် ဖြူ့ဆီသို့ပင် လွှတ်လိုက်ကြသည်သာဖြစ်၏။ဖြူနှင့်ဆိုလျင် လုပ်ရကိုင်ရတာ အဆင်ပြေသည်တဲ့။ဖြူက လူလွတ်ဆိုတော့ အချိန်ကိုလည်း လေးစားသည်။လူနာကိုလည်း ဂရုစိုက်နိုင်သည်။သက်ဆိုင်ရာ ဆရာဝန်တွေ ညွှန်ကြားသည့်အတိုင်းလည်း စေ့စေ့စပ်စပ်လုပ်သည်။ဖြူ့ စေတနာကို အားလုံးနားလည်ကြသည်။သို့သော် မောင်ကတော့ ဖြူသည် ငွေကြေးအတွက် မနားမနေ ရှာဖွေလုပ်ကိုင် နေသည်ဟုသာ ထင်နေဆဲတည်း။အင်းလေ ဖြူ့ဘဝကိုမှ မောင်နားမလည်ဘဲ။
အိမ်ပြန်ရောက်တော့ ဖြူ ထင်သည့်အတိုင်းပင် ။ စားပွဲပေါ်မှ စာရွက်ကို ဒေါ်ဒေါ်က လက်ညှိုးထိုးပြသည်။ဖြူ ရင်မောသွားသည်။သည်အတိုင်းဆိုလျင် သည်တနင်္ဂနွေလည်း မောင်နှင့်လွဲရပေဦးမည်။
“ ဘယ်နေ့လာရမယ်လို့ ပြောသွားလဲ ဒေါ်ဒေါ်”
“အဲ့ဒီစာရွက်ထဲမှာ ရေးခိုင်းထားတယ်လေ၊နာမည်ရော အခန်းရော”
“ဘယ်နေ့လဲလို့မေးတာ ဒေါ်ဒေါ်ရဲ့ ၊ ဒီနေ့လား နက်ဖြန်လား”
ဖြူက အသံမြှင့်ပြီး ပြောလိုက်ရသည်။တစ်ခါတစ်ရံ ခွဲစိတ်ခန်းဝင်မည့် လူနာတွေက နေ့ချင်းလာခေါ်တတ်သည်။
“ အော် အေးအေး စောစောပြန်ရောက်ရင်လည်း ဒီနေ့ လာခဲ့ပါတဲ့ ၊ နောက်ကျရင်တော့ နက်ဖြန်မှ လာပါတဲ့၊ မနက်ဖြန်ပဲ သွားတော့ပေါ့”
ဖြူသည် မောမောနှင့် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။
“ဘာဟင်းချက်ထားလဲ ဒေါ်ဒေါ်”
“ဟေ ဆီးချိုရောဂါ ဆိုလားပဲကွယ်’
ဖြူသည် စိတ်မောလွန်းသဖြင့် ဘာမှ ထပ်မမေးဖြစ်တော့ပေ။စားပွဲပေါ်မှ စာရွက်လေးကိုသာ ငေး၍ကြည့်နေမိသည်။ထိုစာရွက်ကလေးတစ်ခုသည် တစ်ချိန်က ဖြူနှင့်မောင့်ကို တွေ့ဆုံစေခဲ့သည် မဟုတ်ပါလား။
*************
“ဆရာမလေးက အငယ်လေး ရှိသေးတာကိုး”
သည်တုန်းက မောင့်ကို မမြင်ဖူးသေး။မောင့်မိခင်ကို မြင်မြင်ချင်း တော်တော် ရုပ်ရည်သန့်ပြန့်သည့် မိန်းမကြီးပဲဟု စိတ်တွင်းမှ ချီးကျူးလိုက်မိ၏။အဝတ်အစားကလည်း သပ်ရပ်သန့်ရှင်းသည်။မျက်နှာကလည်း ချိုသည်။စိတ်ကတော့ အမိုးတို့လိုပင် ထက်မြတ်ပုံရ၏။ဖြူသည် ပထမဆုံး လူနာအမျိုးသမီးကြီး၏ လက်ကိုဆုပ်ကိုင် လိုက်မိသည်။
“ဒေါ်ဒေါ်နာမည် ဒေါ်မေအောင်နော်”
ဖြူက မိတ်ဆက်သည့်အနေဖြင့် မေးလိုက်ခြင်း ဖြစ်၏။လူနာအမည် ရောဂါအမျိုးအစား စသည်တို့ကို လူနာမှတ်တမ်းထဲတွင် တွေ့ပြီးဖြစ်သည်။ဖြူက သင်တန်းပြီးစ အလုပ်ခန့်စာမရမီ ဝင်လုပ်ရသည်မို့ စိတ်က အနည်းငယ် ရှက်ရွံ့နေသေးသည်။သို့သော် ချက်ချင်းပင် မိမိကိုယ်ကို အားပေးလိုက်ရသည်။သူ့ကိုယ်သူ အားပေးသည့်အနေဖြင့်ပါ ပြုံးပြလိုက်ရသည်။
“ဘုရား သကြား မ တာပါပဲကွယ် ၊ အန်တီကလေ သဘောကောင်းတဲ့ ဆရာမလေး ရပါစေလို့ ဘုရားမှာ ဆုတောင်းနေတာ ၊ ဆရာမလေးက စိတ်ထားဖြူစင်ပုံရပါရဲ့၊ အင်း စိတ်ချမ်းသာလိုက်တာ၊ ဆရာမလေး ကျန်းမာပါစေ ၊ ချမ်းသာပါစေ၊ ဒါထက်နေပါဦး ၊ သမီးနာမည်က ဘယ်သူကွယ့်”
“နော်လေးဖြူပါ အန်တီ”
“အော် ဆရာမလေးက ကရင်လား ၊ ရုပ်ကတော့ မြန်မာရုပ်ကလေးနော် ၊ မြန်မာလိုဆိုရင် မလေးဖြူပေါ့၊နာမည်လေးက လှလိုက်တာ”
“ဖြူ့ အဖေက မြန်မာပါပဲ၊ဖြူတို့ တစ်အိမ်သားလုံး မြန်မာဆန်ကြပါတယ်၊အိမ်မှာ မြန်မာဘုရားလည်း ရှိတယ်၊ဖြူ့ ဒေါ်ဒေါ်က ဘုရားတရား သိပ်ကြည်ညိုတာ”
“ဪ ဪ ကောင်းတာပေါ့ကွယ် ၊ အင်း ကျွတ် ကျွတ် ဗိုက်ထဲက အောင့်လိုက်တာကွယ်၊အန်တီလေ ဒီအသက်အရွယ်အထိ ဘာရောဂါမှ မရှိခဲ့ပါဘူး၊ခုမှ ဟိုနားကအောင့် ဒီနားကအောင့်နဲ့ မြန်မာလိုတော့ လေပေါ့ကွယ်၊မဟုတ်ဘူးလား”
“ ဪ အင်း ဟုတ်ကဲ့ အန်တီ ၊ ခဏနေဦးနော် ၊ဖြူ ရုံးခန်းထဲမှာ လက်မှတ်သွားထိုးလိုက်ဦးမယ်”
ဖြူသည် လူနာကို အလိုက်အထိုက် စကားပြောတတ်ရန် အတော်ကြိုးစားရဦးမည်ဟု တွေးလိုက်မိသည်။
သင်တန်းကာလ တစ်လျှောက်လုံးတွင် လူအမျိုးမျိူးနှင့် ဆက်ဆံခဲ့ဖူးပြီး ဖြစ်သော်လည်း ယခုလို နဖူးတွေ့ ဒူးတွေ့ အလုပ်ခွင် ဝင်သောအခါ စိတ်က ပူပန်ကြောင့်ကြမိသည်ကတော့ အမှန်ပင်။တကယ်တော့ ဖြူသည် ယခုလို စပါယ်ရှယ်နပ်စ် ဝင်မလုပ်ဘဲ တာဝန်ကျမည့် အလုပ်ကို စောင့်ဆိုင်းပြီး အနားယူနေမည်ဆိုရင်တော့ ရပါ၏။သို့သော် ဖြူ အလကား မနေချင်။သင်တန်းကာလ တစ်လျှောက်လုံး ချို့ချို့တဲ့တဲ့ဖြင့် ခြိုးခြံချွေတာနေခဲ့ရသော အမိုးတို့ ဒေါ်ဒေါ်တို့ကို အေးဆေးသက်သာ အနားယူစေချင်ပြီ။အမိုးသည် ခြံထဲတွင် မြေကြီးနှင့်လက် မပြတ်အောင် အလုပ်လုပ်ခဲ့ရပြီးပြီ။ယခု ခြံကို ပစ်ကာ သူ့သားကြီးနောက်ကို လိုက်နေနိုင်ပြီ ဖြစ်၍ စိတ်ချမ်းသာ၏။ဖြူ့ အလှည့်ပေပဲ။
“ဆရာမရယ် ဆီးတွေ ဝမ်းတွေ စစ်ရဦးမယ်ဆိုတော့ အင်း ၊ အန်တီကလည်း ရွံတတ်တာနဲ့တော့ ဒုက္ခပါပဲကွယ် ၊ လူရှေ့သူရှေ့မှာလည်း ဆီး ဝမ်း မသွားတတ်ဘူးကွယ့်”
“ဒီလိုဆိုလည်း အိမ်သာထဲထိ ကျွန်မတွဲခေါ် သွားပါ့မယ်”
“အို ဆေးရုံက အိမ်သာတွေက ရွံလှသကွယ်”
အင်း သဘောကောင်းသလိုလိုနှင့် အတော်ကြေးများသည့် မိန်းမကြီးပါလားဟု အောက်မေ့လိုက်မိလေ၏။ထူထူထောင်ထောင် ရှိပါသေးလျက် ချေးကိစ္စ သေးကိစ္စပါ ကရိကထ ခံရဦးမည်ဆိုတော့ မလွယ်။သို့သော် တတ်နိုင်ပါဘူးကွယ်။
“ကုတင်ဘေးမှာ လိုက်ကာ ကာထားမှာပဲ အန်တီ ၊ ရှက်စရာတော့ မရှိပါဘူး ဟင်း ဟင်း”
“အင်းလေ ဆေးရုံရောက်မှပဲ ဖြစ်သလိုပေါ့ ၊ အန်တီက ဆေးရုံမတက်ချင်ပါဘူးကွယ် ၊ သားက အတင်းတက်ခိုင်းလို့ ၊ မြန်မာဆေးနဲ့ ကုလည်းရတာကိုး”
“ဆေးရုံမှာဆိုတော့ လူလည်းအနားရတာပေါ့ အန်တီ”
“အင်း အင်း ၊ အဲ့ဒါတော့ ဟုတ်တယ် ၊ အိမ်မှာဆိုတော့ စိတ်ကနားတောင် လူကမနားရပါဘူးကွယ် ၊ အိမ်က ကောင်မလေးတွေကလည်း အန်တီက စိတ်တိုင်းကျတာ မဟုတ်ဘူး ၊ ပြီး သား အတွက်လည်း တာဝန်က အကြီးသားကွယ့် ၊ သားကလေ လူကသာ ရုံးမှာ အရာရှိကြီးဖြစ်နေပေမယ့် မအေကိုတော့ ဆိုးချင် နွဲ့ချင်တုန်းကွဲ့ ဟဲ ဟဲ ၊ တစ်ယောက်တည်း မဟုတ်လားကွယ် ၊ ဖအေကလည်း မရှိ”
“ဟုတ်တာပေါ့ အန်တီ”
သည်တုန်းကတော့ ယခုပြောနေသည့် သူ့အကြောင်းသည် ဖြူ့ချစ်သူဖြစ်လာမည့် မောင့်အကြောင်းဟူ၍ မထင်မှတ်ခဲ့သေး။လူနာကို အလိုက်အထိုက်ပြန်ပြောရင်း ၊ အဖျားတိုင်းရင်း ၊ ရေပတ်တိုက်ရင်း ၊ နားထောင်ရသော လူနာအလိုကို လိုက်၍ စိတ်ဝင်စားဟန်ဆောင်ရသော အကြောင်းအရာတွေသာ ဖြစ်ခဲ့ရလေသည်။
“လာရင် တွေ့ပါလိမ့်မယ် မအေကို အရမ်းဂရုစိုက်တဲ့ကောင် ၊ အင်းလေ သူကလေး သုံးနှစ်သားအရွယ် ကတည်းက ဖအေဆုံးသွားတာကိုး”
“အို ဟုတ်လား”
ဖြူသည် ဖခင်မဲ့သူချင်းမို့ စာနာလိုက်မိ၏။ဖြူကတော့ အရွယ်ရောက်မှ ဖခင်ကို ဆုံးရှုံးခဲ့ရသဖြင့် သူ့ထက်စာလျင် ကံကောင်းသေးသည်ဟုလည်း အောက်မေ့လိုက်မိသည်။
“အန်တီကတော့လေ သားလေးမျက်နှာမငယ်ရအောင် ထားခဲ့ပါတယ်၊အန်တီတို့ မိဘတွေက နည်းနည်းပါးပါးရှိတော့ တော်သေးတာပေါ့ကွယ် ၊အဲဒါလေးနဲ့တင် ရင်းနှီးပြီး အတိုးအရင်း ချစားလာခဲ့တာ၊အန်တီ့မိဘတွေက မန္တလေးကလေ ၊ ဟိုမှာလဲ ပွဲရုံတွေ ကျန်ခဲ့တော့ တစ်ခါတစ်ခါ သွားပြီး ကြပ်မတ်ပေးရသေးတယ်၊ခရီး ခဏ ခဏ ထွက်ရတော့လည်း အအိပ်မမှန် အစားမမှန်ပေါ့ကွယ်၊အင်း လောဘ လောဘ”
အဒေါ်ကြီးက ညည်းညူလိုက်သော်လည်း ဖြူသည် မြေကြီးထဲတွင် ကြက်ယက်သလို ယက်၍ အစာရှာခဲ့ရသော အမိုးဘဝကို တွေးမိကာ စာနာလိုက်မိ၏။အပါးဆုံးတော့ အမိုးတွင် အင်းစိန်မှ အိမ်လေးတစ်လုံးသာ ကျန်ခဲ့သည်။ပညာဆုံးခန်း မတိုင်သေးသော သားတစ်ယောက် သမီးတစ်ယောက် ၊ ရိုးအလှသော ယောက်မတစ်ယောက်နှင့် အမိုးသည် ကိုယ်တိုင်ဦးဆောင်ကာ အပင်ပန်းခံခဲ့ရသည်။
“ဒါထက် ဆရာမလေးရယ် အိမ်က ထမင်းလာပို့ရင် ငါးသလောက်လေး ပေါင်းလာခဲ့ဖို့ အန်တီမှာထားခဲ့တယ်၊အဲဒါ စားလို့ ဖြစ်ပါ့မလား ၊ သားမသိအောင် မှာခဲ့ရတာလေ၊ အန်တီကလည်း ငါးသလောက်ပေါင်းက ကြိုက်ပါဘိသနဲ့”
“ဪ အင်း ၊ စားပေါ့ အန်တီ ၊နည်းနည်းပါးပါး စားပေါ့”
ဖြူသည် သူတစ်ပါးအကြောင်းကို နားထောင်ရမှာ ငြီးငွေ့လှသော်လည်း စိတ်ဝင်စားဟန်ဆောင်ကာ နားထောင်ရင်း ဆရာဝန်ကြီးလှည့်လာမည့် အချိန်ကို မျှော်နေမိလေသည်။
လူနာ အဒေါ်ကြီး၏ ‘သားကလေ’ ဟူသော အသံကို မကြားတစ်ချက် ကြားတစ်ချက် ဖြစ်၍လာလေသည်။
************
“မေမေက ဆရာမချောချောလေး ရထားလို့ ပျော်နေတယ်ပေါ့လေ”
“ဟောကြည့် ဆရာမရေ သားကို မုန့်သာဝယ်ကြွေးလိုက်ပေတော့”
ဖြူသည် အလိုက်သင့်လေးပြုံးကာ သူ့မျက်နှာကို မသိမသာ လှမ်းကြည့်မိ၏။သူ့အမေ အပြောအရ မအေကို ကပ်ချွဲတတ်သည့် ပျော့ပျော့နွဲ့နွဲ့ယောက်ျားတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း ဖော်ရွေလေးနက်သော မျက်နှာမျိုးကိုမြင်ရသဖြင့် မဆိုးပါဘူးဟု မှတ်ချက်ချလိုက်မိသည်။
“ဆရာမလေးက သဘောလည်းကောင်းတယ် သားရဲ့ ၊ အင်း ဟုတ်တော့ ဟုတ်တယ် ၊ ဆေးရုံရောက်တော့ အနားယူရတာနဲ့တင် အားရှိလာသလိုပါပဲ၊မနက်ကလည်း ထမင်းစားကောင်းလိုက်တာ ၊ငါးသလောက်ပေါင်းနဲ့ အဲ့့့့”
“ဟော ကြည့် အမေတို့တော့ လုပ်ပြီ ၊ ဆရာမ မေ့မေ့ကို အလိုမလိုက်ပါနဲ့၊ မေမေကတော့ အစားအသောက် မဆင်ခြင်ဘူး၊ သူကြိုက်တာဆို အတိုင်းအဆမရှိ အရမ်းစားပစ်တာ”
ဖြူသည် အလိုက်သင့်ပင် ပြုံး၍နေလိုက်ရ၏။ဪ ငွေကြေးပြည့်စုံသူများကျတော့လည်း ရောဂါကို ရှာဖွေမွေးမြူကြသည်ပဲ ။ အမိုးတို့လို အလုပ်ကြမ်းလုပ်ပြီး ငါးပိရည်နှင့် တင်းတိမ်ရသူများမှာတော့ ကျန်းမာလိုက်သည့် ဖြစ်ခြင်း ၊ ဖြူသည် လူနာနှင့် ဧည့်သည်တွေကို ထားခဲ့ကာ နေရာမှ ခေတ္တရှောင်ထွက်လာခဲ့၏။ဧည့်သည်ချိန်ကုန်မှ ပြန်လာသည်။လူနာ၏ သားဖြစ်သူသည် နေရာမှထရန် ဟန်ပြင်ဆဲ ရှိသေးသည်။
“ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် ဆရာမ မလေးဖြူ”
“ဪ ဟုတ်ကဲ့ရှင် ဟုတ်ကဲ့”
“ဆရာမ မနက်ဘက်လာရတာ အဝေးကြီးပဲနော် ၊ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်ရှင်”
“ဘက်စ်ကားစီးရတာ ခရီးထောက်နေမယ်ဆိုရင် ကျွန်တော်လာကြိုပေးပါမယ်”
“ကိစ္စမရှိပါဘူးရှင် ကျွန်မအိမ်ကို သိလို့လား”
“ဟိုနေ့က ကျွန်တော်လာခေါ်တာလေ ဆရာမ မရှိဘူး”
“ဪ ဪ ၊ အိမ်ဝေးပေမယ့် ကျွန်မအချိန်မီရောက်အောင် လာနိုင်ပါတယ်”
ဖြူ့အသံတွင် မာနသံ ပါသွားလေသလားမသိ။
“ကျွန်တော်က ဆရာမ ပင်ပန်းနေမှာစိုးလို့ပါ ခင်ဗျာ”
သားဖြစ်သူ၏ စေတနာပိုမှုအတွက် မိခင်ဖြစ်သူကပင် မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
“ကိစ္စမရှိပါဘူးရှင် ဒါ ကျွန်မရဲ့ အလုပ်ပဲ မဟုတ်လား”
“သားကတော့ ဒီလိုပဲကွဲ့ ၊ ဘယ်သူမဆို စေတနာက အင်မတန်ကောင်းတာ ၊ကူညီချင်တယ်လေ ၊ ဟင်း ဟင်း ဘယ်သူ့မဆိုပါပဲ”
“ကျေးဇူးတင်ပါတယ်ရှင်”
ဪ လူတွေရဲ့ စိတ်သဘောထားတွေကိုပါ သိနိုင်အောင် ဖြူ အများကြီး ကြိုးစားရဦးမှာပါလားဟု အောက်မေ့ခဲ့မိလေ၏။
နောက်တော့လည်း မောင်သည် သူ့မိခင်ဆီကို ညနေတိုင်း မှန်မှန်ရောက်ရှိခဲ့သည်။မောင့်မေမေ ရောဂါကလည်း အစာအိမ်ရောဂါ ဖြစ်ကာစမို့ မခွဲမစိတ်ရဘဲ ဆေးရုံမှ ဆင်းရသည်။ဖြူသည် ပထမဆုံးစောင့်ရသည့်လူနာ ကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းသွားသဖြင့် ပျော်သွားခဲ့သည်။
“အိမ်ရောက်ရင်တော့ အစားအသောက် အနေအထိုင်ဆင်ခြင်နော် အန်တီ”
“အေးပါ ဆရာမလေးရယ် ၊ ခုလို ဂရုတစိုက်ပြုစုပေးတာ ကျေးဇူးတင်ပါတယ်ကွယ်”
ဖြူသည် လူနာအတွက် ပစ္စည်း ပစ္စယများကို သေသေချာချာ သိမ်းဆည်း ထုပ်ပိုးပေး၏။
အိမ်မှ အကြိုရောက်လာသောအခါ အားလုံးအဆင်သင့် ဖြစ်နေလေပြီ။
“ကဲ ဒီတစ်ခါတော့ ဆရာမပါ တစ်ခါတည်းလိုက်ခဲ့၊ ကျွန်တော်အိမ်အထိ လိုက်ပို့ပေးမယ်လာပါဗျာ”
“လာပါ ဆရာမရယ် အန်တီတို့အိမ်လည်း ဝင်လည်ပါဦး၊လိုက်ခဲ့ပါ ဆရာမရဲ့”
သည်တစ်ခါတော့ အားနာသဖြင့် လိုက်ခဲ့မိသည်။နောက်တော့လည်း သည်လူတွေနှင့်တွေ့ရတော့မည် မဟုတ်ပါပဲ။အိမ်မြန်မြန်ပြန်ရောက်လျင် နားလည်းနားချင်သေးသည်။သို့သော် မောင်တို့အိမ်ရောက်တော့ အတင်းဖိတ်ခေါ်သဖြင့်ဆင်းရသေးသည်။ပြည်လမ်းမှ ကြီးကျယ်ခန်းနားသော အိမ်ကြီးက ဖြူ့ကို အံ့သြစေသည်။ဪ ဘဝကို ရုန်းကန်ကြသည့် မုဆိုးမချင်းတူသော်လည်း အခြေခံချင်းကမှ မတူတာပဲ။ဒါနဲ့များတောင် အအိပ်ပျက် အစားပျက်ပြီးတောင် စီးပွားရှာခဲ့ရသေးသည်တဲ့။
ခါးသက်ချိုဆိမ့်သော ကော်ဖီတစ်ခွက်ကိုသောက်ရင်း စိတ်ကအမိုးဆီ ရောက်နေသည်။ပထမဆုံးလုပ်အားခကို အမိုးဆီအပ်ချင်လှပြီ။သင်တန်းကာလတစ်လျှောက်လုံး စတိုင်ပင်ရသည့်ငွေနှင့် မလောက်တိုင်း အမိုးလက်ထဲမှသာ တောင်းသုံးခဲ့ရသည် မဟုတ်ပါလား။
“နောက်လည်း လာလည်ပေါ့ ဆရာမလေးရယ် ၊ ကဲ မောင်သောင်းရေ ဆရာမလေးကို လိုက်ပို့လိုက်ပါကွယ်”
“အို မေမေကလည်း သားလိုက်ပို့မှာပေါ့”
ဖြူ့ ရင်ထဲမှာ ဝေဒနာတစ်မျိုးခံစားလိုက်ရသည်။ကော်ဖီတစ်ခွက်နှင့် သူများကားကို ကပ်စီးရခြင်းသည် ကျေးဇူးတင်ခြင်း၏ အကျိုးခံစားရခြင်းပေပဲလား။ရှိစေတော့ ဖြူက လိုက်ခဲ့မိပြီ။
“လိုက်မပို့ပါနဲ့တော့ ဖြူ့ဘာသာ ပြန်ပါတော့မယ်”
လေသံကို ပျော့ပျောင်းစွာထိန်း၍ပြောသော်လည်း စကားလုံးတွေက မချောမွေ့။
“အို မဟုတ်တာ ဆရာမလေးရယ် ၊ အိမ်တိုင်ရာရောက်ပို့ပေးမှာပေါ့ ၊ ကဲ သားရေ သားကိုယ်တိုင်ပဲ ပို့လိုက်ပါနော်”
သည်ကတည်းက ဖြူတို့ဘဝပုံစံနှင့် မောင်တို့ဘဝ အသွင်မတူပုံကို သိခဲ့ဖို့ကောင်းသား။မောင်လိုက်ပို့တာကို ဖြူကိုယ်တိုင်ကလည်း လိုလားခဲ့လေသလား။မောင့်အကြည့်နှင့် မောင့်အပြောအဆိုတွေကို ဂရုမစိုက်ဟန်ဆောင်နေခဲ့သည့်ကြားကပင် သာယာခဲ့မိလေသလား။ဖြူကိုယ်တိုင်ကလည်း လူ့ဘဝနှင့်ယှဉ်လျှင် အတွေ့အကြုံများစွာ နုနယ်ခဲ့လေသည်။ထို့ကြောင့်လည်း မကြာမြင့်မီသော ကာလမှာ မောင်၏ချစ်ရေးဆိုမှုကို လွယ်လင့်တကူ လက်ခံခဲ့မိခြင်း ဖြစ်ပေ၏။
“သုံးနှစ်သုံးမိုး စဉ်းစားရမယ်လို့ မဆိုလိုပါဘူးအေ ၊ ညည်းဟာက အလုပ်မှ လုပ်မယ်မကြံသေးဘူး ပတ်ဝန်းကျင်ဒဏ်ကို မခံနိုင်သလို ဖြစ်နေပြီ”
ရိုးသားလှသော အပျိုကြီးဖြစ်သူ ဒေါ်ဒေါ်က အံ့သြစွာရေရွတ်ခဲ့သည်။
“မိဖြူဟာ စဉ်းစားဉာဏ်ရှိလှပြီ အောက်မေ့တာ ၊ ဘဝအခြေခံချင်းမတူတဲ့သူကို ရွေးတာသိပ်မှားတယ်”
အမိုးက အမြော်အမြင်ကြီးစွာ ပြောသည်။ဖြူသည် မောင့်ကိုချစ်မိတာ မှားတယ်ဟု ဆင်ခြင်မိသော အချိန်သည် မိန်းခလေးတစ်ယောက်၏ ကတိစကားကို ပြန်လည်နူတ်ပယ်ရန် များစွာနောက်ကျခဲ့လေပြီ။
နှင်းစက်တို့ သိပ်သည်းစွာကျရောက်နေ၏။ဆောင်းဝင်စဖြစ်သော်လည်း လူနေအိမ်ခြေကျဲပါးရာ ရပ်ကွက်ဖြစ်သဖြင့် သဘာဝက ပိုင်နိုင်စွာ လွှမ်းခြုံထား၏။နံပါတ် (၈) ကားရှိရာသို့ လျှောက်လာခဲ့ရသောဖြူသည် အနွေးထည် မဝတ်ဘဲ အလျင်စလို ထွက်လာခဲ့မိသော အဖြစ်ကို နောင်တရနေမိ၏။ညက မောင့်အကြောင်း စဉ်းစားပြီး အိပ်မပျော်ခဲ့သဖြင့် ယခုမနက်အိပ်ယာမှ မနည်းကြိုးစား၍ ထခဲ့ရသည်။ဖြူ့အလုပ်တာဝန်ကို အချိန်နောက်ကျမှ ရောက်မည်ကို ဖြူမလိုလားချေ။ကိုယ်ရေးကိုယ်တာအတွက် အလုပ်ကို မထိခိုက်စေချင်ပေ။သည်တစ်ပတ် အမိုး အစ်ကို့နောက် လိုက်သွားသည်မှာ ကြာသဖြင့် စိတ်ထဲတွင် လွမ်းသလို ဖြစ်နေမိသည်။အမိုး၏ စကားများကိုလည်း ကြားယောင်၍ နေမိ၏။
` “အမိုးတို့တုန်းကလည်း မိဘသဘောမတူဘဲ ယူခဲ့ကြတာပါပဲ ၊ ကိုယ့်ကိုယ်ကိုတော့ မှန်တယ်ထင်ခဲ့ကြတာပါပဲ ၊ ဒါပေမယ့် အမိုးတို့ အပါးတို့က လူမျိုးချင်းဘာသာချင်း မတူပေမယ့် ဘဝချင်းတူတယ် ၊ ဒါကြောင့် မြဲတာပေါ့”
အမိုးက သူနားလည်သလို ရှင်းပြခဲ့၏။ဖြူကတော့ အမိုး၏ စကားအနက်ကို ကျယ်ဝန်းစွာ တွေးတောခဲ့မိသည်။သို့သော် ယခုအချိန်မှာ ဖြူ့ဘက်က ဘာကိုအကြောင်းပြမည်နည်း။
“မေမေက သဘောတူမှာ မဟုတ်ဘူးလို့ ဖြူကထင်တယ် မဟုတ်လား ၊ ဒါတော့ ဖြူမှားသွားပြီ ၊ မေမေက သားသဘောပဲတဲ့ ၊ မယုံရင်မေးကြည့်”
မယုံနိုင်စရာပေပဲ ။ သို့သော်လည်း မောင်ပြောသလိုတော့ မေးမကြည့်ဖြစ် ။မောင်တို့အိမ်ဘက်ကို ခြေဦးလှည့်ရန်ပင် စိတ်မကူးမိ။အမိုးက ဘဝချင်းမတူဘူးလို့ ပြောတာ ဒါပဲ ထင်ပါရဲ့။
ဂိတ်ဆုံးမှ စစီးရသော်လည်း ဘက်စ်ကားပေါ်မှာ လူတွေပြည့်ကျပ်လျက်ရှိသည်။ဖြူသည် မတ်တတ်ရပ် စီးမြဲအကျင့်အတိုင်း ထိုင်ခုံလက်ရမ်းတစ်ခုကို မှီ၍ရပ်လိုက်သည်။
“မဖြူ ဒီမှာ လာထိုင်ပါလား”
ဪ ဖြူသည် စိတ်တွင်းမှ ရေရွတ်လိုက်၏။သူ့ကို သည်ကားပေါ်မှာ တွေ့နေကျ ။သူလည်း ရုံးတစ်ရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်ဟန်တူသည်။အလုပ်ခွင်ဝင်ရန် အိပ်ယာမှ စောစီးစွာ ထရသူများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်၏။ဖြူက ဘာဘာညာညာ ပြောမနေတော့ဘဲ သူထပေးသောနေရာတွင် ဝင်ထိုင်လိုက်၏။သူက ဖြူ့ကို ရိုးသားစွာပင် ကြည့်နေသည်။ ‘ဆေးရုံကြီးကို’ ဟုပြောကာ ဖြူ့အတွက် လက်မှတ်တစ်စောင်ကိုလည်း တစ်ပါတည်း ဝယ်လိုက်သည်။ဖြူက ကားခပေးရန် အသင့်ထုတ်ထားသော အကြွေများကို လှမ်းပေးလိုက်သောအခါတွင်လည်း မငြင်းဆန်ဘဲ ယူလိုက်လေသည်။သူက ဖြူဆင်းသည့် လမ်းမတော်တွင် မဆင်းဘဲ ဆက်စီးသွားတတ်သည်ကို ဖြူ သတိထားမိ၏။သည့်ထက်ပို၍တော့ သူ့ကို စိတ်မဝင်စား။ဖြူတို့လို မ်ိန်းကလေးတွေမှာ သွားရင်းလာရင်း တွေ့တတ်သော ယောက်ျားတွေက အများသား မဟုတ်လား။
ဆေးရုံရောက်တော့ ရုံးခန်းထဲ မသွားမီ လူနာကို အရင်ဦးစွာ သွားကြည့်မိသည်။မည်သည့်လူနာမဆို ဆရာမအလာကို စိတ်စောစွာ မျှော်တတ်သည်ကို သိသောကြောင့်ပဲ ဖြစ်သည်.။
လူနာသည် အသက်ငယ်ငယ်ပဲ ရှိသေးသည်။အသားဖြူ၍ ရုပ်ရည်ချောမောပုံရသည်။ကပိုကရို အိပ်နေသဖြင့် အသေအချာ မမြင်ရပေ။ဖြူ့လှုပ်ရှားသံကြောင့် နိုးသွားကာ မျက်လုံးကို ဖွင့်ကြည့်လေသည်။
“ခင်မြမြရီတဲ့လား”
အမျိုးသမီးက ခေါင်းညိတ်ပြ၏။ ‘ဆရာမရောက်လာပြီနော်’ ဟုပြောလေသည်။သူ့ကြည့်ရသည်မှာ အတော်ပင် အားငယ်နေပုံ ရသည်။အသားအရေသည် ဖြူ မျှော်လင့်ထားသည်ထက်ပင် ဖြူဖျေား၍ နေ၏။နှလုံးရောဂါသည်ပေပဲ။
“ဒီမနက် ဘာမှ မစားရသေးဘူးနော်”
အမျိုးသမီးက ခေါင်းခါပြ၏။
“ဒါပေမယ့် သူဘာမှ လာပို့မှာ မဟုတ်ပါဘူး”
ရုတ်တရက်တော့ ဖြူ နားမလည်ပေ။ပြီးတော့မှ အိမ်သားတစ်ယောက်ကို ဆိုလိုမှန်း ရိပ်မိလိုက်၏။သူ့ခင်ပွန်းကို ဆိုလိုဟန်ရှိသည်။
“ကိစ္စမရှိပါဘူး ၊ ဒီမှာ ဟောလစ်တွေ မုန့်တွေရှိသားပဲ ၊ ကျွန်မဖျော်တိုက်ပါ့မယ် ခဏလေးစောင့်နော်”
ဖြူ့စိတ်တွေ ရှုပ်ထွေးနောက်ကျိနေ၏။သို့သော် လူနာအမျိုးသမီးကို ကြည့်ရသည်မှာ လောကကြီးကို စိတ်ပျက်နေပုံရသဖြင့် သူကပင် သူတစ်ပါးကို အားပေးရဦးမှာပါလားဟု တွေးကာ စိတ်ကိုတင်းလိုက်သည်။
ဖြူ ပြန်လှည့်လာတော့ အမျိုးသမီးသည် အိပ်ယာမှ ထထိုင်နေလေသည်။ကိုယ်ဟန်က သွယ်လျသော်လည်း လှပဟန်ရှိသည်။ငွေကြေးလည်း ပြည့်စုံပုံရ၏။သို့သော် သူ့ကိုကြည့်ရသည််မှာ တစ်ခုခုလိုနေသလို ခံစားရသည်။
“ဆရာမရယ် ကျွန်မဒီရောဂါ ဖြစ်နေတာ ကြာပြီသိလား ၊ ဒီတစ်ခါ အခံရဆုံးပဲ ၊ ဒီတစ်ချီတော့ ကျွန်မသေမှာပဲ ထင်ပါတယ်”
“အို မဟုတ်တာရှင်”
ဖြူသည် လူနာက အားလျှော့စကားဆိုလေသဖြင့် များစွာတုန်လှုပ်သွားမိသည်။ဖြူ့ လက်ထဲတွင် တစ်စုံတစ်ယောက်မျှ ဖိတ်စင်ခြင်း မရှိသေးပေ။သေခြင်းတရားကို မကြာခဏတွေ့ရသော်လည်း မျက်စိအောက်တွင် တစ်ခါမျှ မကြုံဖူးသေးပေ။ကြုံလည်း မကြုံပါရစေနဲ့ဟု ဆုတောင်းမိလေ၏။
“ကျွန်မ သိပါတယ် ဆရာမရယ် ၊ ဒီတစ်ခါတော့ ကျွန်မ အရှုံးပေးရမှာပါ ၊ အင်းလေ ကျွန်မ အစစ အရာရာ ရှုံးခဲ့ပါတယ်”
ဖြူသည် ဝမ်းနည်းအားငယ်ဖွယ် စကားတွေချည်း ကြားနေရသဖြင့် သူပါရော၍ အားငယ်သွားမိလေသည်။သို့သော် ပြန်၍ အားတင်းလိုက်ရလေသည်။
“ဘာမှ အားငယ်စရာ မရှိပါဘူးရှင် ၊ ကျွန်မတို့ အစွမ်းကုန် ကြိုးစားကြရမှာပေါ့ ၊ လူ့ဘဝဆိုတာ ဒီလိုပါပဲ၊ ဘုရားသခင် အလိုတော်အတိုင်းပေါ့”
ဖြူသည် သူကိုယ်တိုင် မရေရာသော အားပေးစကားကို ကြိုးစား၍ပြောလိုက်ရသည်။ဟောလစ်နှင့်မုန့်ကို အသင့်ပြင်ကာ လူနာကို တ်ိုက်ကြွေးဖို့ အနားမှာ ထိုင်လိုက်သည်။အမျိုးသမီး၏ မျက်နှာကို သေသေချာချာ ကြည့်သောအခါ အတော်ပင် လှပကြောင်း သတိထားမိသည်။မြင်ဖူးသလိုလည်း အောက်မေ့မိသည်။
“ကျွန်မ ဘာမှတောင် မစားချင်တော့ဘူး ဆရာမရယ်”
“အို ဘယ်ဟုတ်မလဲ အားရှိအောင် စားမှပေါ့ရှင့်”
“အားရှိအောင်လား ဆရာမရယ်”
ဖြူသည် လူနာအမျိုးသမီးကိုကြည့်ကာ သနားလည်း သနားသွားမိသည်။ငါ့နှယ် ဘယ်လိုဝေဒနာရှင်နှင့်များ လာတွေ့နေရပါလိမ့်ဟုလည်း အောက်မေ့မိ၏။နှလုံးရောဂါရှင်လား ၊ စိတ္တဇတော့ ဒီကိုရောက်လာစရာ အကြောင်းမရှိပေ။သူ့နှလုံးရောဂါကတော့ အတော်ပင် ဖိစီးနှိပ်စက်နေပြီ။ဖြူသည် သည်လူနာကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားကာ ပြုစုယုယမည်ဟု စိတ်ပိုင်းဖြတ်မိသည်။အင်းလေ ဖြူတို့အလုပ်ကတော့ အမြဲတမ်း စေတနာနှင့် ယှဉ်တွဲထားရသည်ပဲ။
လူနာအမျိုးသမီးသည် ဖြူတိုက်ကြွေးသော ဟောလစ်တစ်ခွက်ကို ကြိုးစား၍ သောက်၏။မုန့်ကိုတော့ မစားပေ။
“ကျွန်မအတွက် ဆရာမငှားပေးမယ်ဆိုတော့ ကျွန်မသိပ်ဝမ်းသာတယ် ဆရာမ ၊ ဆရာမကို တွေ့တော့လည်း ပိုပြီးဝမ်းသာတယ် ၊ ကျွန်မစကားပြောဖို့ အဖော်ရပြီ ဆိုပြီးတော့ပေါ့လေ၊ ဆရာမက ကျွန်မပြောတဲ့ စကားတွေကိုလည်း နားလည်မှာပဲပေါ့”
ဪ လောကမှာ ကိုယ့်ဝေဒနာကို မျှဝေခံစားစေချင်တဲ့သူတွေလည်း ရှိပါသေးလား။အင်းလေ ဒါမှလည်း ရင်ထဲမှာခံစားနေရတာတွေ ပေါ့သွားမှာပေါ့ ။ဖြူကတော့ သူ့ရင်ထဲက ဝေဒနာကို မည်သူ့ကို မျှဝေရပါမည်နည်း။လူနာကိုတော့ ပြန်ဝေမျှ၍ မဖြစ်ချေ။
“ကျွန်မကို ဘာမဆို ပြောနိုင်ပါတယ်ရှင်”
လူနာသည် အိပ်ယာပေါ် ပြန်လှဲလိုက်၏။
“သူတို့က ကျွန်မကို ဆရာမတစ်ယောက် ခေါ်ပေးထားတာ ကျွန်မကို စိုးရိမ်လွန်းလို့တော့ မဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင်က သိပ်ဂရုမစိုက်အားဘူးလေ ၊ ပြီးတော့ ငွေကြေးကလည်း တတ်နိုင်တယ်ဆိုတော့”
ဖြူသည် ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီး လူနာဘေးမှာ ပြန်ထိုင်လိုက်၏။
“ကျွန်မယောက်ျားရော သူ့မိဘတွေရော အားလုံးပေါ့ ဆရာမရယ် ၊ ကျွန်မကို သဘောမကျကြဘူးလေ ၊ ဒီလိုပါ ၊ သူက ကျွန်မကိုတော့ချစ်တယ် ၊ ကျွန်မ အလုပ်ကို အဲ ၊ ကျွန်မ အနုပညာ အလုပ်ကို သဘောမကျတာ”
ဖြူသည် အမျိုးသမီးကို သေသေချာချာ ကြည့်မိပြန်၏။
“ရှင်က ရုပ်ရှင် မင်းသမီးလားဟင်”
“အို မဟုတ်ပါဘူးရှင် ရုပ်ရှင်မင်းသမီးသာဆို သာဆိုးမှာ ၊ ကျွန်မက အဆိုတော်ပါ”
“ဪ အဆိုတော်ကိုး ဒါ့ကြောင့် မြင်ဖူးသလိုလိုတော့ထင်သား”
“ကျွန်မ သီချင်းဆိုတာကို သူတို့အားလုံးက အထင်မကြီးကြဘူးလေ ၊ အင်းလေ အထင်သေးတယ်ဆိုရင် ပိုမှန်ပါတယ်”
“တစ်ယောက်နဲ့တစ်ယောက်က ဝါသနာချင်း စိတ်သဘောထားချင်း မတူတတ်ကြဘူး မဟုတ်လားရှင်”
“တကယ်တော့ ဘဝချင်းကိုက မတူတာ ဆရာမရဲ့”
ဖြူသည် တွေဝေသွားမိပြန်လေသည်။လာပြန်ပြီ ဘဝချင်း မတူသည့်အကြောင်း ၊ ဒါတွေပဲ ကြားနေရပါလား။
“ဒီလိုလေ ဆရာမရယ်”
အမျိုးသမီးက ဆက်ပြော၏။
“ကျွန်မတို့အိမ်ကတော့ မိသားစုအားလုံး အနုပညာဘက်မှာ စိတ်ထက်သန်ကြတယ် ၊ ဝါသနာပါကြတယ် ၊ ဖြစ်လည်းဖြစ်ထွန်းကြတယ်ပေါ့လေ ၊ ကျွန်မမောင်လေးတစ်ယောက်က ရုပ်ရှင်မင်းသားဝေလင်းလေ ၊ ညီမလေးကတော့ ကျွန်မလိုပဲ သီချင်းဆိုတယ် ၊ ကျွန်မတို့ဖေဖေက တစ်ချိန်က စောင်းဦးမြဖေဆိုပြီး နာမည်ကြီးခဲ့တာ”
“ ဪ ဪ”
ဖြူသည် သူမပြောသော နာမည်တွေနှင့် ကျွမ်းဝင်လှသည် မဟုတ်သော်လည်း အကြောင်းအရာကိုတော့ စိတ်ဝင်စား၍ နေလေပြီ။ဖြူ ခဏ ခဏ တွေးနေရသည့် ဘဝချင်းမတူသည့် အကြောင်းမို့ပဲ ထင်သည်။
“သူတို့ဘက်ကတော့ ဒါတွေကို စိတ်မဝင်စားပါဘူး ၊ ဂီတဆိုတာလည်း အပျင်းပြေနားထောင်ဖို့လောက် ၊ အလှူမင်္ဂလာဆောင်မှာ ဖွင့်ရမယ်ဆိုတာလောက်သာ ထင်ထားကြတာ ၊ အနုပညာစိတ်နည်းနည်းရှိတယ်လို့ ဆိုရမှာက သူတစ်ယောက်တည်း”
လူနာသည် ခေတ္တနား၏။သူမနူတ်ခမ်းများ ဖြူဖျော့နေသည်။
“ဒီိမနက်အတွက် ဆေးလေးသောက်လိုက်ရအောင်နော်”
ဖြူသည် လူနာ၏ အိမ်မှယူလာဟန်တူသော လှပသန့်စင်သော ရေပုလင်းထဲမှ ရေကိုသွန်ငှဲ့၍ ဆေးတိုက်လိုက်လေသည်။ပြီးတော့ တစ်ဆက်တည်း အိပ်ယာများ ၊ စောင်များကို စနစ်တကျ ပြုပြင်လိုက်သည်။ဆရာဝန်ကြီး လှည့်လည်ကြည့်ရှု့ကာနီးပြီ။ဖြူ ပြန်ထိုင်သည်နှင့် အမျိုးသမီးက စကားပြောဖို့ အသင့်ဖြစ်နေသည်။သူ့မှာ မည်မျှကြာကြာကတည်းက စကားတွေ ပြောချင်နေခဲ့သည်မသိ။
“သူက ဆရာမရယ် အနုပညာကို ဝါသနာပါတယ်ဆိုပေမယ့်လည်း မြတ်နိုးတာ မဟုတ်ဘူး ၊ အင်းလေ ဘဝအခြေခံချင်းကမှ မတူတာ ၊ သူတို့က အစဉ်အဆက် အားစိုက်ခွန်စိုက် လုပ်လာကြတဲ့သူတွေ ၊ ငွေကို အရေးတကြီးရှာဖွေတတ်တဲ့သူမျိုးတွေ ၊ သူတို့ အထင်ကြီးတာက ငွေရှိရင်ရှိ မရှိရင် ရာထူးကြီးကြီးရှိမှ ဒါမှ လူရာဝင်မှာတဲ့ ၊ ကျွန်မတို့ မောင်နှမထဲမှာ ဘွဲ့ရအောင် စာသင်တာဆိုလို့ မောင်လေးတစ်ယောက်တည်း ရှိတာ ၊ သူ့အလုပ်ကလည်း စာရေးအဆင့်လောက်ပါပဲ”
“ရှင်တို့ယူတော့ အိမ်က သဘောမတူဘူးလား”
“တကယ်တော့ သဘောမတူဘူးပေါ့ ဒါပေမယ့် ခေတ်လူကြီးတွေဆိုတော့ အတင်းမခွဲဘူးပေါ့လေ”
ဖြူသည် ဖျတ်ခနဲ မောင့်ကိုသတိရလိုက်မိပြန်သည်။မောင့်မေမေကလည်း ဖြူနှင့်မောင့်ကို သဘောတူပါတယ်ဆိုပဲ။
“ဒါပေမယ့် ဆရာမရယ် ကျွန်မသူ့ကို လက်ထပ်ပြီးကတည်းက ကျွန်မမှားပြီဆိုတာ သိတာပါပဲ ၊ ကျွန်မတို့ဟာ ခွန်းကြီးခွန်းငယ် စကားမဆိုရဘဲနဲ့ ရင်ထဲမှာ အမြဲရန်ဖြစ်နေကြတယ် ၊ သူ့အသိုင်းအဝိုင်းက ယဉ်ယဉ်ကျေးကျေးနဲ့ ကျွန်မကို နှိပ်စက်နေကြတယ် ၊ အရင်တုန်းကလို ဖက်ခွက်စားတို့ ဘာတို့တော့ မပြောဘူးပေါ့ ဆရာမရယ် ၊ ဒါပေမယ့် သီချင်းဆိုတဲ့ အလုပ်ဟာ အပျော်တမ်းအလုပ်လို့ သူတို့ထင်ကြတယ် ၊ အင်းလေ ဂီတဆိုတာ သူတို့မှ နားမလည်ဘဲ ၊ အနုပညာဆိုတာ သူတို့မှ မခံစားတတ်ဘဲ”
“ဘာပဲဖြစ်ဖြစ် ရှင့်ယောက်ျားက ရှင့်ကိုချစ်တယ်မို့လား”
“အင်း သူ ကျွန်မကိုတော့ ချစ်ပါတယ် ၊ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်ဟာ လင်နဲ့မယားသံယောဇဉ်ကလွဲလို့ မြတ်နိုးတွယ်တာမှုဆိုတာ မရှိတော့ဘူးလို့ ကျွန်မထင်တယ် ၊ အင်းလေ ခုတော့လည်း မလိုတော့ပါဘူး ၊ ကျွန်မလည်း နေရတော့မှာမှ မဟုတ်ဘဲ”
“အို”
ဆရာဝန်ကြီးနှင့် သူနာပြုဆရာမကြီးများ လှည့်လည်လာ၍ သူတို့ အသင့်စောင့်ဆိုင်းနေကြသည်။ဖြူ၏ လူနာကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးကြ၏။မှာကြားစရာရှိသည်ကို မှာကြား၏။သူ့လူနာသည် သုံးကြိမ်မြောက် ဆေးရုံတက်ခြင်း ။
ဆယ့်တစ်နာရီခန့်တွင် လူနာ၏အိမ်မှ ကောင်လေးတစ်ယောက် ထမင်းလာပို့လေသည်။
“မင်းအစ်ကိုကို ပြောလိုက်သိလား ၊ ညနေလည်း မအားရင် မလာခဲ့နဲ့လို့”
လူနာ၏ အပြောကို တစ်ဖက်ကလည်း အလိုက်သင့် ပြန်ပြော၏။
“ဟုတ်ကဲ့ မမ”
ဖြူသည် စိတ်မောစွာ သက်ပြင်းချမ်ိလေသည်။
ထမင်းအနည်းငယ်အား လူနာအားချော့မော့ကြွေးမွေးပြီးနောက် ဖြူသည် တယ်လီဖုန်းရှိရာသို့ လာခဲ့၏။မောင့်ရုံးကို အဆက်အသွယ်ရပြီး စာရေးမလေးတစ်ယောက်၏ ထူးသံကို ကြားရသည်။မောင်သည် သူ့စားပွဲပေါ်မှာ တယ်လီဖုန်းရှိသော်လည်း မည်သည့်အခါမျှ ကိုယ်တိုင်ကောက်ကိုင်လေ့မရှိ။
“ဖြူပါ မောင်”
“ဪ ဖြူ ပြောလေ”
မောင့်အသံသည် လှိုက်လှဲခြင်းကင်းသည်ဟု ဖြူထင်သည်။စိတ်ပျက်သံပင် နှောနေသေးလားမသိ။အင်းလေ ဖြူ ဖုန်းဆက်ပြီဆိုမှတော့ ဆေးရုံမှဆက်တယ်ဆိုတာ သိလေပြီပေါ့။
“ဆောရီးပဲ မောင် ၊ ဖြူလည်း ဒီတစ်ပတ်မောင်နဲ့ လည်ရပြီလို့ မျှော်လင့်ထားတာ”
“ဖြူ့ လူနာဆီက တစ်ရက်လောက် ခွင့်တောင်းရင် မရဘူလား ဖြူ ၊ တခြားဆရာမတစ်ယောက် ခဏအစားဝင်ခိုင်း ပြီးတော့ပေါ့”
ဖြူသည် တစ်ဘက်မှ မကြားနိုင်အောင် သက်ပြင်းကို ခိုးရှိုက်လိုက်မိ၏။
“ဖြူ့ လူနာက သနားစရာကောင်းတယ်မောင်ရယ် ၊ သိပ်အားငယ်နေရှာတာ ဖြူ့ကိုလေ….”
“တော်ပါတော့ ဖြူရာ ၊ လူနာတိုင်းဟာ ဖြူ့ကို အနားမှာမရှိရင် မနေနိုင်လောက်အောင် တမ်းတနေတယ်လို့ ဖြူက အမြဲပဲထင်နေတာ မဟုတ်လား”
“မဟုတ်ဘူးမောင်ရယ် တကယ်ပြောတာပါ ၊ ပြီးတော့ ဒီတစ်ခါ လူနာက”
လူနာက အခြေအနေမကောင်းဘူး ပြောလိုက်မိမည်ပြုပြီးမှ မပြောအပ်သည်ကို သတိရ၍ မပြောဘဲနေလိုက်ရသည်။
“အင်းလေ…ဖြူ့သဘောပါပဲ ၊ ဒီတစ်ပတ်လည်း မောင်တစ်ယောက်တည်း ရုပ်ရှင်ရုံထဲမှာ အချိန်ဖြုန်းရဦးမှာပေါ့ ၊ ဒါပဲနော် မောင်တို့လက်ထပ်ပြီးရင်တော့ ဖြူ အလုပ်ကထွက်ရမယ် ၊ မေမေကလည်းပြောတယ် အိမ်မှာပဲနေပြီး မောင်နဲ့ မေမေကိုပြုစုစေချင်တယ်တဲ့ ၊ ဖြူက အပြုအစုကောင်းတယ် မဟုတ်လား ၊ ဟဲဟဲ ဖြူ့ ယောက္ခမကြီးကလည်း ရောဂါက ထူတာနဲ့လေ”
“အို မောင်ရယ်”
မောင့်စကားက ဖြူ့နှလုံးသားကို မည်မျှနာကျင်သည်ဆိုသည်ကို မောင်သိမည်မဟုတ်ချေ။ဖြူသင်ထားတဲ့ သူနာပြု အတတ်ပညာတွေက မောင်တို့သားအမိနှစ်ယောက်တည်းကို ပြုစုဖို့အတွက်လား။
“ဘာလဲဖြူ ၊ ဖြူ့အတွက် မောင်က ဘယ်လောက်လျော်ရလျော်ရ ၊ လျော်နိုင်ပါတယ် ဖြူရဲ့”
“အို မဟုတ်ဘူး ၊ မဟုတ်ဘူး”
“အင်းလေ ဖြူစဉ်းစားဦးပေါ့ ၊ မောင်ကတော့ ဖြူ ဒီလောက် ပင်ပင်ပန်းပန်း သူတကာကို ပြုစုယုယနေတာ မကြည့်ရက်နိုင်ဘူး ၊ ဒါပဲလေ ဖြူ ၊ ရက်အားရရင် မောင့်ဆီ ဖုန်းဆက်ဦး”
ဖြူသည် ဘာမှပြန်မပြောတော့ဘဲ တယ်လီဖုန်းကိုသာ လေးကန်စွာ ပြန်ချလိုက်မိလေသည်။
ချက်ချင်းပင်ဖြူသည် အားလုံးကို မေ့ပျောက်ဖို့ ကြိုးစားကာ နေရာမှ ထွက်ခွာလာခဲ့၏။လူနာကို နေ့လည် ဆေးတိုက်ရဦးမည်။ဖြူ့ အတွက်တော့ တစ်လောကလုံးတွင် လူနာသည်သာ အရေးကြီးဆုံးပေတည်း။
********
“မလေးဖြူ ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်”
“ဪ”
ဖြူသည် ရောယောင်၍ ပြုံးပြလိုက်ရ၏။ဘက်စ်ကားပေါ်မှာတွေ့နေကျလူ ။ဒီနေ့ ဖြူဆင်းသည့် ဆေးရုံမှတ်တိုင်မှာ လိုက်ဆင်း၍ ဖြူ့စိတ်က သံသယမကင်းဖြစ်သွားသည်.။သူ ဖြူ့နောက်ကို တမင်လိုက်လာတာလား။
“ကျွန်တော် စောအောင်ထူး သူငယ်ချင်းလေ”
“အို ဟုတ်ပြီ ၊ ဟုတ်ပြီ ။ ကျွန်မလုံးဝ မမှတ်မိဘူး ၊ခွင့်လွှတ်ပါနော်”
အစ်ကို့သူငယ်ချင်းပေပဲ ၊ ဒါကြောင့် ဖြူ့နာမည်ကို သိနေတာကိုးဟု နားလည်လိုက်ရသည်။
“မလေးဖြူ ဆေးရုံဆင်းနေရပြီနော်”
“အားလို့ ခဏဝင်လုပ်နေတာပါ၊ ကျွန်မလေ ဘက်စ်ကားပေါ်မှာ တွေ့တွေ့နေတာ လုံးဝမမှတ်မိဘူး ၊ အခု ဘယ်မှာလုပ်လဲဟင် ၊ အိမ်ကိုလာခဲ့ပါဦး ၊ဒေါ်ဒေါ်ကတော့ ဝမ်းသာမှာ ၊ အမိုးတော့ မရှိဘူးလေ ထုံးစံအတိုင်း အစ်ကို့နောက်ကို လိုက်သွားလေရဲ့”
“မမှတ်မိဘူးဆိုတာ ကျွန်တော် ရိပ်မိပါတယ်၊ ကျွန်တော်နယ်က ပြန်ပြောင်းလာတာမှ မကြာသေးပဲ ၊ ခု ဒီဆေးရုံဝင်းထဲမှာ ကျတယ်လေ”
ဖြူသည် သူ့နောက်လိုက်လာသည်ဟု ထင်မိသည်ကို ရှက်သွားသည်။သူသည် အစ်ကို့လိုပင် ဂျီတီအိုင်မှဆင်းပြီး ပလကမှာ လုပ်နေသူပင်ဖြစ်သည်။အစ်ကိုကတော့ သူ့သူငယ်ချင်းနှင့် ဖြူကို သဘောတူဖူးသည်ကိုလည်း သတိရ၏။ဖြူ အဆောင်မှာ သွားနေစဉ် သူသည် အိမ်ကို အဝင်အထွက်ရှိခဲ့ရာ အမိုးတို့ အဒေါ်တို့က သူ့ကို သဘောကျခဲ့တာက်ိုလည်း ဖြူသိခဲ့သည်။သို့သော် ဖြူသည် မည်သည့်ယောက်ျားကိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့ချေ။
“ကျွန်တော်သွားမယ် မဖြူ၊နောက်နေ့တွေဆိုရင် ကျွန်တော်တို့ တွေ့ကြဦးမှာပဲ၊ အိမ်ကိုလည်း လာခဲ့ပါဦးမယ်”
“ဟုတ်ကဲ့ရှင့်”
ဆောက်လက်စ ဆေးရုံအဆောက်အဦးများဆီမှ ကွေ့ပတ်ကာ ဆေးရုံအပေါ်ထပ်သို့ တက်ခဲ့၏။ဖြူသည် လူနာအမျိုးသမီးဆီသို့ ချက်ချင်းစိတ်ရောက်သွားပြီး ခြေလှမ်းများကို သွက်သွက်လေး လှမ်းတက်ခဲ့မိလေသည်။
**********
ညစောင့် ဆရာမသည် စိုးရိမ်စိတ်လွှမ်းသော မျက်နှာဖြင့် ဖြူ့ကို စောင့်နေ၏။ဖြူ့ကို မြင်တော့ ခေါင်းကို ခပ်လေးလေးခါပြသည်။
“ဘုရားသခင်အလိုတော်အတိုင်းပဲ နော်လေးဖြူ၊သူ့ကို ကျွန်မတို့ မမျှော်လင့်နိုင်တော့ပါဘူး ၊ညက ကျွန်မတို့ တော်တော်လေး ပင်ပန်းသွားတယ် ၊ အဲ တကယ်လို့ တစ်ခုခုဖြစ်တယ်ဆိုရင် ကျွန်မဆီ ဖုန်းဆက်ပေးပါနော်၊ကျွန်မ နားချင်တယ်”
ဖြူသည် မောလျစွာ ခေါင်းညိတ်လိုက်မိ၏။ညဘက်စောင့်သော ဆရာမသည် အတွေ့အကြုံများပြီဖြစ်၍ အထူးတုန်လှုပ်နေဟန် မတူတော့ချေ။အကယ်၍ ဒီနေ့လည်မှာ လူနာတိမ်းပါးသွားလျင် သူညဘက်မှာ မလာရအောင် ကြိုတင်မှာထားခဲ့ခြင်း ဖြစ်ပေသည်။
လူနာနားတွင် အမျိုးသားတစ်ယောက် ထိုင်နေ၏။သူသည် ဖြူလာသည်ကို တစ်ချက်မျှ ငဲ့ကြည့်ပြီး ခေါင်းကိုငုံ့ချထား၏။လူနာ အမျိုးသမီးသည် မနေ့ကလို စကားမကြွယ်နိုင်တော့ပေ။မျက်စိကိုပင် ဖွင့်မကြည့်တော့ ။ရောဂါ၏ နောက်ဆုံးအကြိမ် တိုက်ခိုက်မှုဒဏ်ကို အလူးအလဲ ခံထားရပုံပေါ်သည်။
ဖြူသည် တစ်ချိန်လုံး စိတ်ပင်ပန်းဆင်းရဲစွာ စောင့်ဆိုင်းနေရ၏။ဖြူ စိုးရိမ်သည့်ကြားကပင် လူနာသည် ရောဂါ၏ ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရပြန်လေသည်။ဆရာဝန်ဆရာမများ အပြေးအလွှား ရောက်လာကြပြန်သည်။
အို လူတစ်ယောက်ရဲ့ နောက်ဆုံး ရုန်းကန်လှုပ်ရှားမှုဟာ ကြောက်မက်ဖွယ်ရာပါတကား။လုံးဝအရှုံးပေးလိုက်ရသည့် အဖြစ်သည် ကြေကွဲဖွယ်ပင် ။ဘဝတစ်ခုလုံးကို မနားတမ်း ပြေးလွှားတိုက်ခိုက်ရင်ဆိုင်ရင်း ခြေကုန်လက်ပန်းကျသွားရသူလို ပျော့ခွေ၍ ကျသွားလေသည်။အို ဘုရားသခင်။
ဖြူသည် မျက်လုံးအစုံကို မှိတ်လိုက်၏။
ထို့နောက်တွင်တော့ ဖြူသည် နှလုံးးသားကို ခိုင်ခိုင်ထားကာ သူ့လက်ထဲတွင် အသက်ပျောက်သွားသော လူနာကို သူ့ဝတ္တရားအတိုင်း သုတ်သင်ရှင်းလင်းပေးရလေသည်။ဂွမ်းများဖြင့် ပိတ်ဆို့သင့်သည့် နေရာက်ို ပိတ်ဆို့ပြီး အဝတ်ဖြူဖြူဖြင့် ထုပ်ပိုးပေးရလေသည်။ပိတ်ဖြူကန့်လန့်ကာ အတွင်းမှာ ဖြူ ကျင်လည်စွာ လှုပ်ရှားနေပုံကို လူနာရှင် အမျိုးသားသည် အပြင်မှရပ်ကာ မလှုပ်မယှက် ကြည့်နေလေသည်။အားလုံးကိစ္စပြီးသော် ဖြူသည် ထိုယောက်ျားကို ရင်ဆိုင်ကာ အသံကို ထိန်း၍ပြောလိုက်သည်။
“သူ့ကို ရေခဲတိုက်ထဲ ပို့ဖို့ အကြောင်းကြားလိုက်တော့မယ်”
ဖြူ့ အကြည့်တွေ တင်းမာနေရောသလားမသိ။အမျိုးသားသည် ခေါင်းကိုငုံ့ကာ ခပ်လေးလေး ညိတ်ပြလိုက်လေသည်။
********
တနင်္ဂနွေနေ့မှာ မမျှော်လင့်ဘဲ ရက်အားရခဲ့သော်လည်း မောင့်ဆီ အကြောင်းမကြားဖြစ်။ရုံးပိတ်ရက်ဖြစ်နေ၍ မောင့်အိမ်ကိုလည်း ဖုန်းမဆက်ချင်။နောက်သုံးရက် ဆက်တိုက်နားရသော်လည်း မောင့်ဆီမသွားဖြစ်ပြန်။ဖြူ့စိတ်များသည် ထွေပြား၍နေ၏။
ထိုအချိန်တွင် အမိုးနှင့်အစ်ကိုတို့ အလည်ပြန်ရောက်လာသည့်အတွက် ဖြူ အားတက်ရွှင်လန်း၍ သွားလေသည်။ထိုနေ့မှာပင် ဖြူ့အတွက် အလုပ်ခန့်စာရသည်။အံ့သြစရာတော့ကောင်းသား။ထိုနေ့မှာပင် မောင်ကလည်း ဖြူတို့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။
မောင်ရောက်လာသည့် အချိန်မှာ ဖြူတို့မိသားစုသည် ဖြူ ပြောင်းရွှေ့ရမည့်အကြောင်းကို ပြောနေကြလေသည်။အစ်ကို့ သူငယ်ချင်း ကိုစိုးမြင့်လည်း ရောက်နေသည်။မောင့်ကို အားလုံးကပင် ခင်မင်ပျူငှာစွာ ကြိုဆိုကြ၏။မောင့်မျက်နှာကတော့ ဟန်ဆောင်ထားသည့်ကြားက အမှုအယာပျက်နေသည်။ကိုစိုးမြင့်နှင့် မောင့်ကို မိတ်ဆက်ပေးတော့ နှစ်ယောက်စလုံး သွားကြီးတွေဖြဲကာ လက်ဆွဲနှုတ်ဆက်ကြသည်။
“ဖြူ ဆေးရုံမဆင်းရတာလဲ သုံးရက်ရှိပြီဆိုလို့ နေမကောင်းလို့များလားလို့လိုက်လာတာ”
မောင်က ပြော၏။ဖြူသည် သူ့မိသားစုရှေ့မှာ မောင်နှင့်စကားပြောရမှာ ခက်နေလေသည်။
“ကိစ္စအထူးအထွေ မရှိပါဘူး ၊ ကျွန်တော်ပြန်ဦးမယ် ရုံးကဆင်းဆင်းချင်း ထွက်လာခဲ့တာ”
အားလုံးကလည်း မောင့်ကို တားဆီးရန် ခက်နေကြသည်။အစ်ကိုကတော့ သူ့ဘာသာ တစ်ဘက်လှည့်နေသည်။အမိုးသည် အခြေအနေကို နားလည်စွာ ဝင်ပြော၏။
“ကားလည်းမပါဘူးထင်တယ် ၊ မိဖြူ လိုက်ပို့လိုက်ဦးလေ”
ဖြူသည် မောင့်နောက်က တိတ်ဆိတ်စွာ လိုက်လာခဲ့မိ၏။လမ်းထိပ်ရောက်တော့ မောင်က မအောင့်နိုင်သော စကားဆိုသည်။
“မောင်ကတော့ စိုးရိမ်လွန်းလို့ လိုက်လာခဲ့ရတာ ၊ ဖြူက ဆွေတော် မျိူးတော်တွေ စုံနေတာကိုး ၊ မောင့်ဆီဘာလို့ ဖုန်းမဆက်တာလဲ ၊ ဘာလဲ…မောင်လာလည်မှာ စိုးလို့လား ၊ အင်းပေါ့လေ…..”
“ဖြူ့ကို အပြစ်တွေ တင်လှချည်လားမောင်ရယ် ၊ ဖြူပြောတာလည်း နားထောင်ပါဦး ၊ ဖြူ ဘယ်လောက် စိတ်ဓာတ်ကျနေတယ်ဆိုတာ မောင်မသိဘူး၊ ဖြူ စောင့်ရတဲ့ လူနာတစ်ယောက် ဆုံးသွားတယ်”
“ဟုတ်လား ၊ အင်းလေ ၊ ဒါ တစ်နေ့မဟုတ် တစ်နေ့ကြုံရမှာပေါ့ ၊ဒါကြောင့် မောင်ပြောတာ ၊ ဖြူ့ကို ဒီအလုပ် မလုပ်စေချင်ပါဘူးလို့”
“မလုပ်လို့ မဖြစ်ဘူးမောင် ၊ လုပ်ကိုလုပ်ရတော့မယ်၊ ဖြူ အလုပ်ခန့်စာ ရပြီ”
“ဟင် ဘယ်မှာလဲ”
“ဘားအံမှာ”
ဖြူတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြလေသည်။အင်းစိန်စျေးနားကို ရောက်လာကြ၏။
“ဘယ်တော့ သွားရမှာလဲ”
“တစ်ပတ်အတွင်း သွားရမယ်မောင်”
“ဖြူ တစ်ယောက်တည်းလား”
“လောလောဆယ်တော့ ဖြူ တစ်ယောက်တည်း ၊ စောစောက မောင်နဲ့မိတ်ဆက်ပေးတဲ့ အစ်ကို့သူငယ်ချင်းက သူ့ဦးလေးတစ်ယောက် ဘားအံမှာ ရှိတယ်တဲ့၊နောက်တော့ အဆင်ပြေသွားမှာပါလေ၊ဒေါ်ဒေါ့်ကို ခေါ်ရမှာပေါ့”
မောင့်မျက်နှာ ညိုမှိုင်းနေ၏။
“အင်းလေ ၊ ဖြူက ဖြူ့အလုပ်ကို အင်မတန် မြတ်နိုးတာကို မောင်သိပါတယ်၊ ပြီးတော့ ဖြူ့မှာ ကူညီစောင့်ရှောက်မယ့်သူတွေလည်း ရှိနေတာပဲ၊ဖြူ့အစ်ကိုက နဂိုကမှ မောင့်ကိုသဘောမကျတဲ့သူဆိုတော့”
“ဘာတွေ ပြောနေတာလဲ မောင်ရယ် ၊ မောင်ပြောတာတွေ ဘာမှမဆိုင်ပါဘူး၊ ဖြူက ဘယ်နေရာပဲ ရောက်ရောက် ဖြူ့ဘဝကို ဖြူ့ဘာသာရင်ဆိုင်မှာပါ”
“အင်းလေ ၊ ဖြူသတ္တိရှိတာ မောင်သိပါတယ်”
မီးရထားနှင့်ကားလမ်းဆုံရာသို့ ရောက်လာကြ၏။ရထားလာကာနီး၍ ကားလမ်းဘက်မှ တံခါးကို ပိတ်ထားသည်။ကားတွေ စီတန်းပြီး ရပ်စောင့်နေကြ၏။ဖြူတို့ ခေတ္တရပ်မိကြသည်။
“ဖြူ မနက်ဖြန်ခါ ဆယ်နာရီလောက် မောင့်ရုံးအောက်က စောင့်နေမယ်၊ မောင့်ကို အေးအေးဆေးဆေး စကားပြောချင်သေးတယ်”
“ကောင်းပြီလေ ၊ မောင်စောင့်နေပါ့မယ်၊ ဒါပေမယ့် ဖြူ ဆုံးဖြတ်ချက်အတိုင်း လုပ်မှာမဟုတ်လား၊ဖြူက မောင့်အလိုကို လိုက်မှာမှ မဟုတ်တာ”
“ဒီလိုဆို ဖြူ့ကို မောင် မတွေ့ချင်တော့ဘူးလား ဟင်”
“မောင် တွေ့ချင်လွန်းလို့ လိုက်လာခဲ့ရတာပါ ဖြူရယ်”
“ဟုတ်ပါတယ်လေ ၊ ဖြူ လာခဲ့ပါမယ်”
“သွားမယ် ဖြူ”
မောင်သည် မီးရထားသံလမ်းကို ကူးသွား၏။မောင်သည် လမ်းခုလတ်မှာပင် ဖြူ့ကို နူတ်ဆက်သွားလေပြီ။ဖြူကလည်း လိုက်မသွားမိ။မီးရထားတစ်စင်း ဖြတ်မောင်းသွားသည်။ရထားတွဲများဆုံးသော် မောင့်ကျောပြင်ကိုပင် မမြင်ရတော့ပြီ။
မနက်ဖြန်မှာတော့ မောင့်ကို သွားတွေ့ဖြစ်အောင် တွေ့ရဦးမည်။ဖြူ ပြောချင်သည့် စကားတွေ ပြောပြရဦးမည်။ဖြူသည် မောင်သံသယဝင်သလို မောင့်အပေါ်ထားရှိသည့် ချစ်မေတ္တာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှဲပြောင်းလိမ့်မည် မဟုတ်သည့်အကြောင်း ၊ ပြီးတော့ ဖြူသည် သူ့ဘဝလမ်ကြောင်းကိုလည်း မည်သည့်အခါမျှ ပြောင်းပစ်လိုက်မည် မဟုတ်သည့်အကြောင်း ၊နောက်ဆုံး ဘဝချင်း မတူလို့ လမ်းခွဲကြစို့ ဆိုလျှင်လည်း ဖြူ့နှလုံးသားက မည်သို့မျှ တုန်လှုပ်တော့မည် မဟုတ်သည့်အကြောင်း။
သို့သော် နောက်ဆုံး အချက်ကိုတော့ ပြောရန်လိုအပ်သည့် အခြေအနေသို့ ရောက်မလာပါစေနှင့်ဟု ဖြူ အကြိမ်ကြိမ် ဆုတောင်းမိလေသည်။
မိုးမိုး(အင်းလျား)