*စုန်းထီးကြီး ဦးဘသာနှင့် ဆေးဆရာဦးမှတ်ကြီး*📖📖📖
***************************************
(၁)
ဆေးဆရာကြီး ဦးမှတ်ဆိုတာ ကျုပ်တို့ရွာရဲ့ဂုဏ်ဆောင် လက်စွဲ သမားတော်ကြီး တစ်ယောက်ပေါ့ဗျာ၊ ဟဲ ဟဲ ကျုပ်ပြောလိုက်လို့ အထင်ကြီးသွားပြီနဲ့တူတယ်၊ ကျုပ်က တမင်ရွဲ့ပြောတာဗျ၊ ဦးမှတ်က ကျုပ်တို့ရွာသူနဲ့အိမ်ထောင်ကျလို့သာ ကျုပ်တို့ရွာမှာရောက်နေတာပါဗျာ၊ ပြီးတော့ အဲဒီတုန်းကလည်း ဆေးရုံဆေးခန်းဆိုတာ ဝေးတယ်မဟုတ်လား၊ ကျုပ်တို့လို တောသူတောင်သားတွေမှာ ဆေးပညာဗဟုသုတကလည်းမရှိဆိုတော့ တစ်ခုခုဖြစ်ရင် ဆေးဆရာဦးမှတ်ဆီကိုပဲ ပြေးသွားကြရတာဗျ၊ ဒါကြောင့် သူက အော်တိုမတ်တစ် ဆေးဆရာဖြစ်သွားတာပေါ့ဗျာ၊ ဇာဂနာရဲ့ စကားနဲ့ပြောရင် အော်တိုဆေးဆရာပေါ့။
သူ့ကိုသာ ဦးမှတ်လို့ခေါ်ကြပေမယ့် သူ့နာမည်အရင်းကတော့ ဒီလိုမဟုတ်ပါဘူးဗျာ၊ ကျုပ်တို့ရွာကလူတွေက အဲဒီလိုနာမည်ပြောင်တွေခေါ်ကြတာမဟုတ်လား၊ ဦးမှတ်လက်ဖျံမှာ အနီရောင်အမှတ်တစ်ခုပါတယ်ဗျ၊ ဒါကြောင့် ငယ်ငယ်ကတည်းက မောင်မှတ်လို့ နာမည်ပြောင်ခေါ်ရင်းနဲ့ ကြီးလာတော့ ဦးမှတ်ဖြစ်သွားတာပေါ့ဗျာ၊ ကျုပ်တို့လိုနောက်ပေါက်တွေကျတော့ သူ့ကိုလေးစားသမှုနဲ့ ဦးမှတ်ကြီးလို့ ခေါ်ကြတာဗျ၊ တကယ်က သူ့လက်ကအမှတ်ကလည်း ကြီးလာတော့ ပါးသွားတယ်ထင်ပါတယ်ဗျာ၊ သိပ်မသိသာတော့ပါဘူး။
ဦးမှတ်ကြီးက ကျုပ်တို့ရွာကတော့မဟုတ်ဘူးဗျ၊ ပေတောရွာသားစစ်စစ်၊ သူတို့တစ်ဆွေလုံးတစ်မျိုးလုံး ပေတောရွာမှာရှိသေးတယ်၊ သူ့အဖေက ဗိန္နောဆေးဆရာကြီး ဦးဖီးလို့ခေါ်တယ်တဲ့ဗျ၊ ရိုးရာဆေးပညာကို အတော်ကျွမ်းကျင်တဲ့အပြင် ဗေဒင်ပညာ၊ အထက်လမ်းပညာတွေလည်း တော်တော်ပေါက်ပေါက်ရောက်ရောက်ရှိတယ်ဆိုတော့ လူသိများတဲ့ ဆေးဆရာကြီးတစ်ဦးပေါ့ဗျာ၊ ဦးဖီးရှိတုန်းကဆိုရင် မြိုင်သာမြို့မပြောနဲ့ ဟိုးမုံရွာဘက်ကလူတွေတောင်မှ ဆေးဆရာကြီးဦးဖီးဆီလာပြီး ကုသကြတယ်တဲ့ဗျ။
ဦးဖီးကလည်း မကုခင်လူနာကိုချပြီး ဗေဒင်တွက်သေးတာဆိုပဲဗျ၊ ဗေဒင်တွက်ပြီး ကုသင့်မကုသင့်တွက်ပြီးတော့မှ ကုသင့်တယ်ဆိုမှ ကုတာဆိုပဲဗျ၊ ထူးဆန်းတာတစ်ခုပြောပြရအုံးမယ်၊ ကျုပ်အဖေတို့လက်ထက်တုန်းကပေါ့၊ ကျုပ်တို့ကတော့ ဦးဖီးကို မမီလိုက်ပါဘူးဗျာ၊ အဖေတို့အဘိုးလေးက အစားမှားပြီးတော့ ဝမ်းလျောပါရောဗျာ၊ ဒါနဲ့ ပေတောရွာက ဦးဖီးကိုသွားပင့်ဖို့ အဖေတို့ညီအကိုတွေကို လှည်းနဲ့လွှတ်လိုက်တာပေါ့ဗျာ၊ အဲဒီတုန်းက အဖေက အသက်ဆယ့်ခြောက်နှစ်လောက်ပေါ့ဗျာ။
ရှေးက သမားတော်ပင့်တာကိုလည်း ပြောပြရအုံးမယ်ဗျ၊ ခုခေတ်လို ထသွားထလာပြီး ပင့်လို့မရဘူး၊ အရင်ဆုံး ပွဲတစ်ပွဲထိုးရတယ်၊ ပြီးတော့ လက်ဆောင်တွေဘာတွေယူသွားရသေးတယ်ဗျ၊ ကျုပ်တို့တောဖက်တော့ ပဲတို့၊ စပါးတို့၊ ဆီတို့ ဒေသထွက်တွေ ယူသွားရတာပေါ့ဗျာ၊ နောက်ပိုင်းတော့ ဆန်တစ်ပြည်၊ ငွေတစ်မတ်ယူသွားရတယ်လို့ဆိုတယ်ဗျ၊ ဒါကနောက်ပိုင်းခေတ်ပေါ့ဗျာ၊ ဒါနဲ့အဖေတို့ ဦးဖီးအိမ်ကိုရောက်ပါရောဗျာ၊ ပွဲကြီးကိုရွက်ပြီးတော့ အိမ်ပေါ်ကိုတက်သွားပြီးတော့ လက်ဆောင်တွေဘာတွေချရတာပေါ့၊ ပြီးတော့မှ “သမားတော်ကြီး ကြွပါဆိုပြီး” ပင့်ရတာပေါ့ဗျာ၊ သမားတော်တွေဆိုတာ အခုခေတ်ဆေးဆရာတွေလို ပင့်တိုင်းမကြွဘူးဗျ၊ အခုခေတ်တော့ ဆရာဝန်အသည်းနှလုံးဆိုလား ဘာလားဗျာ၊ လူနာကိုယ့်ရှေ့တွေ့ရင် ကုကြတယ်ဆိုပဲ၊ အရင်ကတော့ အဲဒီလိုမဟုတ်ဘူးဗျ၊ ဆေးဆရာက သူကုချင်မှကုတာ။ ဦးဖီးတို့လို ဆေးဆရာမျိုးကျတော့ ဒီလူနာကို ကုသင့်မကုသင့်ကို ဗေဒင်တွက်ပြီး ပျောက်ကိန်းရှိတယ်ဆိုမှ ကုတာ။
ဒါနဲ့ ဆက်ရရင် အဘိုးလေးရဲ့ နာမည်တွေ၊ မွေးဖွားတဲ့ ရက်လတွေကိုမေးပြိး ဦးဖီးက ကျောက်သင်ပုန်းတစ်ချပ်နဲ့ ဗေဒင်တွက်တယ်ဆိုပဲဗျ၊ ဗေဒင်တွက်ပြီးတော့ မျက်မှောင်ကြီးကြုတ်နေတာပေါ့ဗျာ။
“မင်းတို့လူနာက သာစည်ပင်းယ ဇောက်ထိုးကျတဲ့ကိန်းကို ဆိုက်နေပြီကွာ၊ ဖြစ်နေတဲ့ရောဂါကလည်း ဝမ်းရောဂါဆိုတော့ သူ့ရဲ့မရဏကို ရောက်နေတဲ့ရောဂါ၊ မင်းတို့လူနာသေမှာပဲ၊ ငါမကုဘူး”
အဖေတို့ကလည်း လူငယ်ဆိုတော့ ဒေါသထွက်တာပေါ့ဗျာ။ ဦးဖီးက ဆရာကြီးစတိုင်ဖမ်းနေတယ်ဆိုပြီး ထိုးမယ်ကြိတ်မယ်၊ တကဲကဲဖြစ်နေတာပေါ့၊ ဦးဖီးက ပြောလိုက်သေးတယ်။
“မင်းတို့လူနာက သေကိန်းကြုံနေပြီ၊ မင်းတို့ကုချင်တဲ့နေရာသွားကုကြ၊ သုံးရက်နေလို့မသေရင် ငါဆရာဆိုတဲ့ နာမည်ဖြုတ်လိုက်မယ်ကွ”
ဦးဖီးပြောတာ မကျေနပ်လို့ အဖေတို့က အဘိုးလေးကိုလှည်းပေါ်တင်ပြီးတော့ မြိုင်သာဆေးရုံပို့တယ်၊ မြိုင်သာဆေးရုံရောက်တော့ အဘိုးလေးကို ဆေးတွေသွင်း၊ ပိုက်တွေချိတ်ပြီး တော်တော်လေးသက်သာနေပါပြီ၊ အဖေတို့လည်း စိတ်ချသွားတာပေါ့ဗျာ၊ ဒါနဲ့အဖေတို့ နောက်နေ့ရွာကိုပြန်လာပြီး လိုအပ်တာတွေယူပြီးတော့ ပြန်အသွား အဘိုးလေးက ဆေးရုံမှာ ဆုံးနေပြီတဲ့ဗျာ၊ ဒီတော့မှ အဖေတို့လည်း ဦးဖီးအစွမ်းကို ထိတ်လန့်သွားရတဲ့အထိပဲ၊ သာစည်ပင်းယဇောက်ထိုးကျတယ်ဆိုတာ ဗေဒင်ဆရာတွေသိကြပါတယ်၊ အတော်ကိုဆိုးတဲ့ အခြေအနေတစ်ခုပေါ့ဗျာ။
(၂)
ကျုပ်ပြောတာရှည်သွားပြီ၊ ဦးဖီးက ဒီလောက်တော်သလောက် သူ့သား ဦးမှတ်ကြီးကတော့ နုံချက် ချာချက်ဗျာ၊ ဦးမှတ်ကြီးကလည်း သူငယ်ငယ်ကတည်းက ဆေးဆရာဖြစ်ချင်ခဲ့တာမဟုတ်ဘူးဗျ၊ အဖေသင်ပေးလို့သာ ဆေးကျမ်းတွေ ဖတ်ရမှတ်ရတာ၊ သူဖြစ်ချင်တာက စစ်သားဖြစ်ချင်တာတဲ့ဗျာ၊ ဒါနဲ့ ဦးမှတ်က လူပျိုပေါက်လောက်ရောက်လာတော့ စစ်ထဲဝင်သွားတယ်ဗျာ၊ သူ့အဖေဦးဖီးဆို ဒေါသတွေ တော်တော်ထွက်တာ၊
“အဖေက ဆေးဆရာ၊ လူတွေကိုကယ်တယ်၊ တစ်ဦးတည်းသောသားက စစ်သား၊ လူတွေကိုသတ်တယ်”
ဆိုပြီးတော့ပေါ့ဗျာ၊ ဦးဖီးဘက်ကကြည့်ရင်လည်း မှန်တော့မှန်တာပဲဗျ၊ ဒီလောက်နာမည်ကြီးပြီး ပညာတော်တဲ့ဆေးဆရာကြီးက သူ့သားကိုတော့ ပညာအမွေပေးချင်မှာပေါ့ဗျာ။
ဒါပေမယ့် ဦးမှတ်က ရှေ့တန်းရောက်တော့ သောင်းကျန်းသူတွေနဲ့ တိုက်ပွဲဖြစ်ကြတယ်တဲ့၊ အဲဒီခေတ်က သောင်းကျန်းသူတွေ တအားပေါတဲ့ခေတ်တဲ့ဗျာ၊ တိုက်ပွဲထဲမှာ ကြောက်အားလန့်အားနဲ့ သေနတ်နဲ့လျှောက်ပစ်တာ သူ့အရှေ့က ဗိုလ်လေးကိုပစ်မိပြီး ဗိုလ်လေးပွဲချင်းပြီး သေသွားပါရောဗျာ။ ဒါနဲ့ ဦးမှတ်ကို ထောင်ချထားတယ်၊ ဖြစ်ချင်တော့ ဦးဖီးရဲ့လူနာတစ်ယောက်က တပ်မတော်မှာ တော်တော်အာဏာရှိတဲ့လူတဲ့ဗျ၊ ဒါနဲ့ ဦးဖီးရဲ့တောင်းဆိုမှုနဲ့ ဦးမှတ်ပြန်လွတ်လာတယ်ဆိုပါတော့၊ သူ့ကိုတပ်ကထုတ်လိုက်တာမို့လို့ ရွာကိုပြန်ရောက်လာတယ်၊ ဦးဖီးလည်း ပြန်ခေါ်တာပါပဲ၊ သူက မိဘမဟုတ်လား၊ နောက်ပြီး ဦးမှတ်ကလည်း တစ်ဦးတည်းသောသားလေ။
ဒါနဲ့ ရွာပြန်ရောက်လာတဲ့ဦးမှတ်လဲ အဖေသင်ပေးတာကို မလုပ်ချင်လုပ်ချင်နဲ့ လုပ်ရတယ်ပေါ့ဗျာ၊ ဦးမှတ်ပြန်ရောက်ပြီး တစ်နှစ်လောက်ကြာတော့ ဦးဖီးက ခေါ်ပြောတယ်ဆိုပဲဗျ။
“ငါ့သား၊ ငါမကြာခင်သွားရတော့မယ်၊ ဒီတော့ ငါ့ဆီမှာ အနှစ်နှစ်အလလက ပြုစုထားတဲ့ ဆေးကျမ်းသုံးစောင်ရှိတယ်၊ အဲဒါတွေကို အသေအချာလေ့လာပြီး မင်းငါ့ခြေရာကိုလိုက်နင်းပါကွာ”
သူပြောတဲ့အတိုင်းပဲ ဦးဖီးလည်း သုံးလလောက်နေတော့ဆုံးတာပဲဗျာ၊ ဒါပေမယ့် ကံဆိုးချင်တာက ဆေးကျမ်းသုံးကျမ်းထဲက နှစ်ကျမ်းကို ဦးဖီးရဲ့တပည့်တွေထဲက တစ်ယောက်ယောက်ခိုးသွားတယ်ဗျာ၊ အဲဒီမှာ ဆေးကျမ်းတစ်ကျမ်းပဲကျန်တယ်၊ အဲဒီဆေးကျမ်းက ဆေးဝါးဖော်စပ်နည်းဗျ။
ဒီတော့ နဂိုကတည်းက ဝါသနာမပါတဲ့ ဦးမှတ်က ဆေးဆရာအော်တိုဖြစ်သွားတာပေါ့ဗျာ၊ ဒါပေမယ့် ဝါသနာကလဲမရှိ၊ ပညာကလည်းမစုံတော့ သူကုတဲ့လူနာတွေ မပျောက်ကြဘူးတဲ့ဗျာ၊ ဒီအချိန်မှာပဲ ပေတောရွာသား ဦးဖီးရဲ့တပည့်တစ်ယောက်က ဆေးဆရာဆိုပြီး ထကုတယ်တဲ့ဗျာ၊ အဲဒီရွာသားက ဦးဖီးဆီမှာ ဆယ်နှစ်ဆယ်မိုးလောက် ပညာသင်ထားတာဆိုတော့ ခေသူတော့မဟုတ်ဘူးဗျ၊ ဒါနဲ့ပဲ ဦးမှတ်က ဆေးဆရာအလုပ်ကိုစွန့်လွှတ်လိုက်တာပေါ့ဗျာ။ သူက စွန့်လွှတ်တာတော့မဟုတ်ဘူးဗျ၊ ပေတောရွာတစ်ရွာလုံး သူ့ဆီမှာ ကုမယ့်လူမရှိတော့တာ။
နောက်တော့ ကျုပ်တို့ဆီက ရွာသူနဲ့အိမ်ထောင်ကျတယ်၊ သူ့ရွာကိုလည်း စိတ်နာတယ်ထင်ပါရဲ့ဗျာ၊ ကျုပ်တို့ရွာကို ပြောင်းလာရော၊ ကျုပ်တို့ရွာမှတော့ သူက ဆေးဆရာကြီးဦးဖီးရဲ့သား၊ ဆေးလည်းကုတတ်တယ်ဆိုတော့ ဆေးဆရာမရှိတဲ့ ကျုပ်တို့ရွာမှာ အနူတောမှာ လူချောလာဖြစ်တယ်ပေါ့ဗျာ။
ဒီလိုနဲ့ ဆေးဆရာဦးမှတ်ကြီးဟာ ဆေးပညာလည်း မတတ်တခေါက်၊ ဗေဒင်လည်း မတတ်တခေါက်၊ အထက်လမ်းပညာလည်း မတတ်တခေါက်ပဲ တတ်တာပေါ့ဗျာ၊ ဆက်ပြီးလည်း လေ့လာပုံမရဘူးဗျ၊ ဘာလို့လည်းဆိုတော့ အားအားရှိ ကလေးချည်းမွေးနေတော့တာ၊ ဦးမှတ်ကြီးမှာ သားသမီးဆယ်ယောက်တောင်ရှိတယ်လေ။ အဲ၊ ဒါပေမယ့် ဦးမှတ်ကြီးစွမ်းတာ တစ်ခုတော့ရှိတယ်ဗျ၊ အဲဒါက ဆေးဖော်ရောင်းတာ၊ သူ့အဖေဆီက ဆေးဖော်တဲ့ကျမ်းကို ရခဲ့တာဆိုတော့ အဲဒီကျမ်းထဲကအတိုင်း ဘယဆေးတွေရှာဝယ်ပြီး ဘယ်ဟာဘယ်နှကျပ်သားဆိုပြီး ချိန်ဆထည့်ပြီး ဖော်လိုက်ရုံပေါ့၊ သူဖော်လိုက်တဲ့ဆေးက သူ့အဖေသေသေချာချာလေ့လာခဲ့တာဆိုတော့ စွမ်းတာပေါ့ဗျာ။ ဒီတော့ သူကဆေးတွေဖော်ပြီးတော့ ဖန်ပုလင်းကြီးတွေနဲ့ထည့်ထားတာပေါ့၊ အစာကြေလေနိုင်လျက်ဆား၊ ဝမ်းနှုတ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ သွေးဆေးတွေဖော်ထားပြီးတော့ လာသမျှလူကို အဲဒီဆေးတွေနဲ့ကုနေတာပေါ့ဗျာ၊ သူ့ဆေးတွေက စွမ်းတယ်ဆိုတော့ တော်ရုံတန်ရုံရောဂါတော့ သူနဲ့ပျောက်ပါတယ်။
ဦးဘသာကြီးကတော့ ဦးမှတ်ကြီးနဲ့ရွယ်တူလောက်ရှိတာပေါ့ဗျာ၊ သူကတော့ ဆေးဆရာဦးမှတ်ကြီးကို ဆေးငါးပါးသမားတော်လို့ ခေါ်တယ်ဗျ၊ ကျုပ်လည်းမေးကြည့်တာပေါ့ဗျာ။
“မင်းကွာ၊ သူ့ကိုငါစော်ကားတာမဟုတ်ဘူးကွ၊ သူက သမားတော်တွေတပ်အပ်တဲ့ သွေးစမ်းကျမ်းတွေဘာတွေ ဘာမှတတ်တာမဟုတ်ဘူး၊ အစာမကြေရင်ပြည့်ရင်ကယ်ဆိုရင် လျက်ဆားပေးမှာပဲ၊ အကြောတက်အညောင်းမိဆိုရင် ဝမ်းနုတ်ဆေးပေးလိမ့်မယ်၊ နှလုံးတုန် ရင်တုန်သမားတွေအတွက်ဆိုရင်တော့ သွေးဆေးပေါ့ကွာ၊ ချောင်းဆိုးရင်ကြပ်ဆိုရင် ချောင်းဆိုးပျောက်ဆေး၊ ကလေးတွေသူငယ်နာဆိုရင် သူငယ်နာပေါင်းချုပ်ဆေး၊ ဒီဆေးငါးမျိုးနဲ့တင်လှည့်ပတ်ပြီးကုနေလို့ ဒီကောင့်ကို ဆေးငါးပါးသမားတော်လို့ ရွဲ့ခေါ်တာ”
ဦးဘသာကြီးပြောတော့ ကျုပ်တို့ကာလသားတွေလည်း ရယ်ကြတာပေါ့ဗျာ၊ ဒါကိုဆေးဆရာကြီးလည်း ပြန်ကြားတယ်ထင်ပါတယ်၊ ဒါကြောင့် ဦးဘသာကြီးနဲ့ ဆေးဆရာကြီးက တစောင်းစေးနဲ့မျက်ချေးဆိုသလို မတည့်ကြဘူးဗျာ။
(၃)
ပိုဆိုးတာက ဆေးဆရာကြီးက အထက်လမ်းပညာလည်း နည်းနည်းပါးပါးတတ်တယ်ဆိုတော့ ရွာမှာ ပယောဂဆို သူကပဲကုတာများတယ်လေ၊ နောက်ပိုင်းကျတော့ ကျုပ်လည်းတစ်ခုခုဖြစ်ရင် ဦးဘသာကြီးကို ခေါ်ခေါ်ချသွားတော့ သူကလက်ရှောင်လိုက်ရတာများတယ်၊ ဆေးဆရာကြီးက ပယောဂဆိုရင်လည်း သရဲပူးတယ်ဆို သရဲလိုချင်တဲ့အတိုင်း ခေါစာပစ်၊ ရွာစာချပေးလိုက်တာပဲ၊ ဦးဘသာတို့လို သရဲမှ မနှင်တတ်တာဗျ၊ ဒါနဲ့ ဦးဘသာကြီးကို အော်တိုကြည့်မရဖြစ်နေတာပေါ့ဗျာ။ ခုခေတ်စကားနဲ့ပြောရင် ဂျေဝင်နေတယ်ပေါ့ဗျာ။
ဒါပေမယ့် ဦးဘသာကြီးက လူတောမတိုးဘူးမဟုတ်လား၊ ဦးမှတ်ကြီးကတော့ ဆေးဆရာကြီးဆိုပြီး အလှူပွဲ၊ မင်္ဂလာပွဲတွေဆိုရင် ရှေ့ဆုံးက ဖိတ်ခံရတာကိုး၊ ဒါနဲ့ ဦးမှတ်ကြီးက ရွာမှာ လူကြီးတွေဆုံပြီဆိုရင် ဦးဘသာကြီးမကောင်းကြောင်းကို ထိပ်ဆုံးကနေထိုင်ပြီး ပြောတယ်တဲ့ဗျာ။
တစ်ခါကြုံဖူးတယ်ဗျ၊ ဘာကြောင့်လည်းတော့ မမှတ်မိဘူး ကျုပ်တို့ရွာဦးကျောင်းမှာ အလှူပိန်လေးလုပ်တာပေါ့ဗျာ၊ ဒီအခါ ကျောင်းဆောင်အပေါ်ဘက်မှာတော့ လူကြီးသူကြီးတွေအတွက် ဝိုင်းတွေပြင်ပေးပြီး ထမင်းကျွေးတယ်၊ ကလေးတွေနဲ့ ကျန်တဲ့လူတွေကတော့ ကျောင်းရှေ့မှာ အမိုးထိုး၊ ဖျာကြမ်းခင်းပြီး ကျွေးတာပေါ့ဗျာ၊ ထုံးစံအတိုင်းပေါ့ဗျာ၊ လူစုံပြီဆိုတာနဲ့ ဆေးဆရာကြီးက ဦးဘသာမကောင်းကြောင်းတွေ ဝိုင်းဖွဲ့ပြောတာပဲဗျို့၊ ကျုပ်ကလည်း ထမင်းစားဝိုင်းတွေကို ဟင်းတွေလိုက်ပေးနေရတာဆိုတော့ ဘုရားခန်းရှေ့မှာ လက်ဖက်ပန်းကန်၊ အချိုပွဲတွေနဲ့ ဝိုင်းဖွဲ့နေတဲ့ ဆေးဆရာဦးမှတ်ကြီးတို့ ဝိုင်းက ပြောဆိုနေတာတွေကို အကုန်ကြားနေရတာပေါ့ဗျာ။
“အဲဒီ ဘသာဆိုတဲ့ စုန်းထီးကြီး ရှိနေလို့ ကျုပ်တို့ရွာနာနေတာဗျ၊ စုန်းဆိုတာ အထီးပဲဖြစ်ဖြစ်၊ အမပဲဖြစ်ဖြစ် ဘာစုန်းမှမကောင်းဘူး”
အနားက ထိုင်နားထောင်နေတဲ့ အိုကြီးအိုမ လူကြီးတွေကလည်း ဆေးဆရာကြီးပြောတာကို ခေါင်းညိတ်ပြီးထောက်ခံကြတယ်။
“သူကြီးက မပြတ်မသားမို့လို့ဗျ၊ ကျုပ်စိတ်နဲ့သာဆိုရင်တော့ ရွာကိုအတော်မွှေနေတဲ့ ဒီစုန်းကောင်ကို ရွာပြင်မောင်းထုတ်ပြီးထားတယ်”
ဆေးဆရာဦးမှတ်ကြီးက လက်သီးလက်မောင်းတန်းပြီး အရှေ့မှာပြောနေတာ၊ ကျောင်းပေါ်တက်လာတဲ့ ဦးဘသာကြီး၊ သူ့နောက်ရောက်နေတာကို သူမသိဘူးဗျ၊ ဦးဘသာကြီးကတော့ သူပြောတာကို ပြုံးပြီးကြည့်နေတယ်ဗျ၊
“ဟေ့ကောင်ငမှတ်၊ မင်းကများ ကိုယ့်ရွာလေးဘာလေးနဲ့ မင်းစွမ်းရင် မင်းတို့ရွာကိုပြန်ပြီး ဆေးဆရာလုပ်ပါလားကွ၊ ဟား၊ ဟား”
ဦးဘသာကြီးပြောလိုက်တော့ ဆေးဆရာဦးမှတ်ကြီးမျက်နှာကြီး ကွက်ခနဲပျက်သွားတာဗျာ၊ ဒီအချိန်မှာ အလိုက်မသိတဲ့ရွာသားတွေကလည်း ဝိုင်းရယ်ကြတယ်၊ ကျုပ်ကလည်း ဘာပြောကောင်းမလဲဗျ၊ ဆေးဆရာကြီးကို ဆော်ထည့်မယ်ဆိုပြီးတော့ အသံကျယ်ကျယ်နဲ့ ဝိုင်းပြီးရယ်ပေးလိုက်တာပေါ့ဗျာ၊ ဆေးဆရာကြီးမျက်နှာဆို ဇီးရွက်လောက်ပဲ ရှိတော့တာဗျ။
ဦးဘသာကြီး ကျောင်းပေါ်ကဆင်းသွားတော့ သူက အတင်းတုတ်သေးသဗျ၊ နောက်ပြီး ရွာမှာတစ်ခုခုဖြစ်ပြီဆိုရင်လည်း ဘသာလက်ချက်လို့ပြောတာ၊ ဟိုလူက ခြေထောက်ကျိုးလို့ သူ့ကိုပင့်ပြီဆိုရင်လည်း ဘသာမကျေနပ်လို့ လုပ်တာ၊ ဗိုက်အောင့်တယ်ဆိုရင်လည်း ဘသာအပင်းသွင်းတာ၊ အရက်ရောင်းတဲ့ ဒေါ်တရုတ်မကြီး ကိုယ်ဝန်ပျက်ကျတော့လည်း ဘသာက ဘူးသွင်းတာမအောင်မြင်လို့ ကလေးထိသွားတယ်ဆိုပြီး ပြောသတဲ့ဗျာ၊ ယောက်ျားဖြစ်ပြီးတော့ တော်တော်လည်း ဗလောင်းဗလဲပြောတတ်တဲ့လူကြီးပါဗျာ။
“ဦးဘသာကြီး၊ ဦးဘသာကြီးရဲ့မကောင်းကြောင်းတွေကို ဦးမှတ်ကြီးက သိပ်ပြောတာပဲ၊ တစ်ခုခုဖြစ်ပြီဆိုရင်လည်း ဦးဘသာကြီးလုပ်တယ်ဆိုပြီးတော့ပဲ ပြောပြောနေတာ၊ ဦဘသာ ဒီအတိုင်းပဲ ငြိမ်ခံနေတော့မှာလားဗျ”
ကျုပ်က လည်းမနေနိုင်လွန်းလို့ သွားပြောမိတာပါဗျာ၊ ဦးဘသာကတော့ အေးအေးဆေးဆေးပဲ။
“ငါက ငြိမ်ခံမနေလို့ ဘာသွားလုပ်ရမှာလဲ”
“ဟာဗျာ၊ သူသိသွားအောင်လို့ တစ်ခုခုသာလုပ်လိုက်စမ်းပါဗျာ”
“အောင်မယ်လေး၊ အခု ငါဘာမှမလုပ်တာတောင် ငါလုပ်တယ်ချည်းပြောနေတာ၊ မင်းပြောသလို ငါလုပ်လိုက်တော့မှ ရွာအပြင်ရောက်နေပါအုံးမယ်ကွာ”
ကျုပ်ကတော့ သည်းမခံနိုင်ပါဘူးဗျာ၊ ဆေးဆရာကြီးကလည်း အခွင့်သာလို့အိမ်လာတိုင်း ဦးဘသာကို ရွာကနေမောင်းထုတ်ဖို့ အဖေ့ကိုခဏခဏပြောတာဗျ။ ကြာတော့ အဖေလည်းနားကြားပြင်းကပ်လာတယ်ထင်ပါတယ်။
“ဦးမှတ်ကြီး၊ ဒီလောက်သေချာနေရင်လည်း နောက်တစ်ခါ ဦးဘသာလုပ်တယ်ဆိုတဲ့သက်သေကိုချပြစမ်းဗျာ၊ ခင်ဗျားသက်သေခိုင်လုံရင် ကျုပ်သူ့ကိုမောင်းထုတ်လိုက်မယ်ဟုတ်ပြီလား”
ဒီလိုကျတော့ ဆေးဆရာကြီးက လျှောချသွားတယ်ဗျ။
“အိုသူကြီးကလည်း၊ ဒီလိုအဖြစ်တွေဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့အရာတွေမဟုတ်လား၊ ဒီတော့ ကျုပ်က ဘယ်လိုလုပ်ပြီး ခိုင်မာတဲ့သက်သေရှိမှာလဲ၊ သူကြီးပဲဆုံးဖြတ်ပါ၊ သူကြီးဆုံးဖြတ်တယ်ဆိုရင် တစ်ရွာလုံးက လက်ခံမှာပါ”
“မရဘူးဗျ၊ ကျုပ်ကသူကြီး၊ ကျုပ်မှာ အာဏာရှိတယ်ဆိုပေမယ့် တရားနည်းလမ်းမကျဘဲလုပ်လို့မရဘူး၊ ခင်ဗျားသာ သက်သေရှာလာခဲ့ပါ၊ ကျုပ်လူတစ်ဖက်သားကို တစ်ဖက်သတ်စွပ်စွဲပြီး အပြစ်မရှာချင်ဘူး”
“ဘာလဲဗျ၊ သူကြီးကို သူကမကျေနပ်လို့ သူကြီးကိုလုပ်မှာစိုးလို့လား”
အဖေ့မျက်နှာကြီးတင်းမာသွားသလို နားထောင်နေတဲ့ကျုပ်လည်း ဆေးဆရာကြီးကျောကုန်းကိုချည်း ဖနောင့်နဲ့ ထပေါက်ချင်တာဗျ၊ သူပြောတဲ့လေသံကိုက နားထောင်ရတာအမြင်ကပ်စရာကောင်းတယ်။
“ဒီမှာဦးမှတ်၊ ကျုပ်က မှန်တယ်ထင်ရင် ဘယ်အရာကိုမှ မကြောက်တတ်တဲ့လူစားမျိုးဗျ”
ဆေးဆရာကြီးက မဲ့ပြုံး ပြုံးပြီး ထွက်သွားတာပေါ့ဗျာ၊ ခြံ၀ရောက်တော့မှ
“ဒီသူကြီးနဲ့ ဒီရွာနဲ့ လိုက်လည်းလိုက်ပါ့ကွာ၊ ဟား . .ဟား”
အဲဒီလိုအော်သွားသေးတာဗျ၊
“အဖေရာ၊ ကျုပ်ဒီလူကြီးကို ကြည့်လို့ကိုမရဘူး”
“ဘာမှစိတ်ထဲဖြစ်မနေနဲ့ငါ့သား၊ လူတွေက ဒီလိုပါပဲ၊ သူမကျေနပ်ရင် သူကိုယ်တိုင်လည်းသွားမဖြစ်ရဲဘူး၊ ဒါနဲ့ပဲ ငါတို့ကိုလာပြီး မြှောက်ထိုးပင့်ကော်လုပ်နေတာပါကွာ”
အဖေ့ရဲ့စိတ်ဓါတ်ပြည့်၀တာကိုတော့ ကျုပ်လက်ခံလိုက်ပါတယ်ဗျာ။ ဒီလိုနဲ့ တစ်နေ့တော့ ဦးဘသာကြီးနဲက ဆေးဆရာကြီးတို့ ထိပ်တိုက်တွေ့ကြရောဗျို့။
(၄)
ဦးဘသာကြီးတို ခြေရင်းအိမ်က ဒေါ်အသေးလေးလို့ခေါ်တဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ်ဗျ၊ ဒေါ်အသေးလေးဆိုပေမယ့် လူက ၀၀ကြီးပါ၊ ကျုပ်တို့နဲ့လည်း ဆွေမျိုးနီးစပ်တော်ပါတယ်၊ အဲဒါနဲ့ ဒေါ်အသေးလေးက အစကတော့ ဗိုက်ကနည်းနည်းပူလာတယ်တဲ့ဗျာ၊ ခုနစ်ရက်လောက်ရှိတော့ သူ့ဗိုက်ကြီးက မွေးခါနီးဖွားခါနီးလောက်ဖြစ်နေပြီ၊ ဆေးဆရာ ဦးမှတ်ကြီးဆီက ဆေးဝယ်သောက်ပေမယ့်လည်း မပျောက်ဘူးပေါ့ဗျာ၊ နောက်တော့ အိမ်ထဲမှ အော်ကိုအော်နေရတာဗျ၊ ဒါနဲ့ ဆေးဆရာဦးမှတ်ကြီးက ပယောဂစစ်ကြည့်ပါရောဗျာ၊ ထုံးစံအတိုင်း ဘုရားကိုကျောပေးပြီး ခြေရင်းကိုခြေဆင်းထိုင်ရတာပေါ့၊ အဲဒီအခါ စုန်းအတိုက်ရှိသလားဆိုပြီး ခြေထောက်ကိုမြှောက်ခိုင်းတော့ မမြှောက်နိုင်ဘူးတဲ့ဗျာ၊ ဒါနဲ့ ဆေးဆရာကြီးက ဒေါ်အသေးလေးကိုမေးပါရော။။
“နင့်ဆီမှာရှိနေတာ စုန်းအတိုက်ဟဲ့၊ စုန်းတစ်ကောင်ကောင်က နင့်ကို ကိုးရက်အတွင်း သေအောင်တိုက်ထားတာ၊ ငါနဲ့တွေ့တာမြန်လို့ နို့မို့ဆိုရင် နင်အသုဘဖြစ်ပြီ”
ဒေါ်အသေးလေးက အော်ပြီးငိုတော့တာပဲဗျို့၊ ဒေါ်အသေးလေးမိသားစုတွေကလည်း ဒေါသတွေထွက်နေကြတာပေါ့ဗျာ၊ စုန်းဆိုလို့ရွာမှာ ဘယ်သူရှိမလဲ၊ သူတို့ခေါင်းရင်းအိမ်က ဦးဘသာကြီးပဲပေါ့၊
“ဒါ ဦးဘသာကြီးလုပ်တာဖြစ်မယ် ဆရာကြီး၊ ဟိုတစ်လောတုန်းက ဦးဘသာကြီးကို ကျုပ်တို့ရန်တွေ့ဖူးတယ်၊ သူ့နွားချေးတွေကို ကျုပ်တို့ခြံအနားမှာလာလှန်းတော့ အိမ်ထဲမယ် နွားချေးနံ့တွေနဲ့ မွှန်ထူနေလို့ ကျုပ်တို့က သူ့ကိုလှမ်းအော်ပြောတာဗျာ”
“ဒါနဲ့ သူကဘာပြန်ပြောလဲ”
“ဘာမှတော့မပြောဘူးဗျ၊ နောက်ချေးနဲ့ရှူရင် ခေါင်းမူးတောင်ပျောက်သေးတယ်လို့ ပြောသေးတာ၊ နောက်နေ့တော့ သူက ကျုပ်တို့ဆီကို လာမလှန်းတော့ပါဘူး”
ဆေးဆရာဦးမှတ်ကြီးက ခေါင်းညိတ်ပြီး
“အေးပေါ့ကွ၊ စုန်းဆိုတာမျိုးက စိတ်တွင်းက အရမ်းကောက်ကျစ်တဲ့လူတွေကိုး၊ ဘသာဆိုတဲ့ ကောင်ကလည်း အမြဲမျက်ခွက်က ပြုံးနေပေမယ့် အတွင်းစိတ်ကတော့သိပ်ကောက်ကျစ်တဲ့ကောင်၊ မင်းတို့ကို ဘာမှပြန်မပြောဘဲ သူ့ပညာအစွမ်းနဲ့ မင်းတို့အမေကို လုပ်ထည့်လိုက်တာဖြစ်မယ်ဟေ့”
“ဒါဆိုလုပ်ပါအုံးဗျာ၊ ကျုပ်အမေကို ကယ်ပါအုံး”
ဆေးဆရာကြီးလည်း စဉ်းစားပြီးတော့
“ကယ်မယ်၊ ဒါပေမယ့် နေအုံးကွ၊ မင်းအမေကို ထမ်းစင်နဲ့ သူကြီးအိမ်ထမ်းခဲ့ကွာ၊ ဒီစုန်းကို ငါတို့ဒီအတိုင်းကြည့်နေလို့မဖြစ်ဘူး၊ ဒီလောက်တောင်ရပ်ရွာကို ကောင်းကျိုးမပေးတဲ့စုန်း၊ ငါတို့မောင်းထုတ်မှရမယ်”
ဒါနဲ့ဆေးဆရာကြီးက ဒေါ်အသေးလေးတို့ကို ဦးဆောင်ခဲ့တာပေါ့ဗျာ၊ ရွာလယ်လမ်းမှာ အော်ကျယ်အော်ကျယ်နဲ့ ဦးဘသာက ဒေါ်အသေးလေးကို အသေတိုက်တယ်ဆိုပြီး အော်သွားတာပေါ့ဗျာ၊ ရွာသားတွေ စုပေါင်းပြီးတော့ စုန်းထုတ်မယ်ဆိုပြီး လက်သီးလက်မောင်းတွေ တန်းကုန်ကြတာပေါ့၊ ဒီအခါ တခြားအိမ်တွေက ဦးဘသာကိုမကျေနပ်တဲ့လူတွေ၊ အမြင်စောင်းနေတဲ့လူတွေလည်း လိုက်လာတော့ ရွာထဲ လူစုလူဝေးကြီးဖြစ်နေတာပေါ့ဗျာ။
အဖေက ဇက်ကြောတက်တယ်ဆိုလို့ ကျုပ်ဇက်ကြောဆွဲပေးနေတုန်း ခြံထဲကို လူအုပ်ကြီးဝင်ချလာပါရောဗျာ၊ ကျုပ်လည်း ဘာဖြစ်တာလဲဆိုပြီး အံ့ဩနေတုန်းရှိသေးတယ်၊ ဆေးဆရာဦးမှတ်ကြီးနဲ့ အပေါင်းအပါတွေ ခြံထဲဝင်လာကြပြီးတော့ ဒေါ်အသေးလေးကိုတော့ ကွပ်ပျစ်မှာတင်ထားတယ်။
“သူကြီးလာကြည့်စမ်း၊ ဟောဒီမှာ သူကြီးလိုချင်တဲ့ သက်သေရပြီ”
အဖေလည်းထသွားတာပေါ့၊ ကျုပ်လည်းအဖေ့နောက်ကနေလိုက်ခဲ့တာပေါ့ဗျာ၊ နဂိုကတည်းက ခပ်၀၀ဖိုင့်ဖိုင့် ဒေါ်အသေးလေးက ဗိုက်ကြီးက ပတ်လည်ကြီးပူလို့ဗျာ၊ ထဘီတောင်သိပ်မဖုံးနိုင်လို့ စောင်ပါးကြီးနဲ့ပတ်ထားတယ်၊ အဖေက မျက်မှောင်ကြုတ်ကြည့်ပြီး
“ဘာရောဂါဖြစ်တာလဲ”
“ရောဂါမဟုတ်ဘူးသူကြီးရ၊ ဒါ ဘသာတိုက်တာ၊ ဘသာစုန်းအတတ်နဲ့ ဒေါ်အသေးလေးကို အသေတိုက်ထားတာ”
အဖေကတော့ သူ့ပုံစံအတိုင်း အေးအေးပဲဗျ။
“ခင်ဗျားသေချာရဲ့လား ဆေးဆရာကြီး”
“သေချာပါပြီရော သူကြီးရာ၊ ကျုပ်ကိုင်တိုင်ပယောဂစစ်တော့ စုန်းတိုက်ပါလို့ စစ်ချက်ထွက်လာတာကို”
“ဒါဆိုရင် ဒီရောဂါက တကယ်ပဲ သာမန်ရောဂါမဟုတ်ဘဲ ဦးဘသာကြီး တိုက်လို့ဖြစ်တဲ့ရောဂါပေါ့၊ ရိုးရိုးဆေးတွေနဲ့ ကုလို့မရဘူးပေါ့”
အဖေပြန်မေးတော့ ဆေးဆရာဦးမှတ်ကြီးက ဒေါသတွေထွက်နေသေးတယ်ဗျာ။
“အိုဗျာ၊ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လားလို့ မေးနေသေးတယ်၊ ဒါ ပယောဂဗျ၊ ရိုးရိုးဆေးနဲ့မကုနိုင်ဘူး၊ အစက အစာမကြေဘူးထင်ပြီး ကျုပ်ဆီက ဆေးတွေဝယ်သောက်နေတာ ပျောက်မှမပျောက်တာဘဲ”
“ဟုတ်တယ်သူကြီး၊ ဒီစုန်းထီးကို ရွာကနေမောင်းထုတ်ပေးပါ၊ သူရွာကိုမွှေနေတာများနေပြီ၊ ကျုပ်အမေသာ သေသွားလို့ကတော့ ကျုပ်တို့သူ့အိမ်ကိုတက်ပြီး မီးရှို့မယ်၊ သူ့ကို အသေသတ်ပစ်မယ်”
ဒေါ်အသေးလေးသားကလည်း ပွဲဆူနေပြီ၊ ရွာထဲက ဆေးဆရာဦးမှတ်ကြီး စကားကိုနားယောင်နေတဲ့လူတွေကလည်း ထောက်ခံကြတယ်၊ ဒီလိုတစ်ယောက်တစ်ပေါက်ဖြစ်နေလို့ အဖေက အားလုံးကြားနိုင်အောင် အော်ဟစ်လိုက်တယ်ဗျ။
“ခင်ဗျားတို့အားလုံး တိတ်ကြစမ်း”
အဖေအော်လိုက်တော့ အားလုံးကတိတ်သွားတယ်ဗျ၊ အဖေက ကျုပ်ဘက်ကိုလှည့်ပြီး
“မင်းအကိုကြီးကိုခေါ်ပြီး လှည်းတစ်စီးနဲ့ ပေတောရွာက ဦးဖိုးခွေးကို သွားပင့်ကြစမ်းဟေ့”
အဖေပြောလိုက်တော့ ဆေးဆရာဦးမှတ်ကြီးမှာ မျက်လုံးကြီးကိုပြူးလို့ဗျ။
“ဘာလို့လဲသူကြီး”
“ဒီမယ်ဦးမှတ်ကြီး၊ ကျုပ်က ခင်ဗျားကိုစော်ကားတာမဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားတစ်ယောက်ထဲရဲ့ ပါးစပ်ပြောနဲ့လည်း မယုံနိုင်ဘူး၊ ဒီတော့ ပေတောရွာက နာမည်ကြီးသမားတော် ဦးဖိုးခွေးကို သွားပင့်ခိုင်းတာပဲ”
ရွာသားတွေလည်း ဘာပြောရမှန်းမသိဘူး၊ အဖေကဆက်ပြီးတော့
“တကယ်လို့ ဦးဖိုးခွေးသာ ဒီရောဂါက ရိုးရိုးရောဂါမဟုတ်ဘဲ ပယောဂဆိုရင် ကျုပ် ဦးဘသာကြီးကို ဒီညနေပဲ ရွာထဲကနေ နှင်ထုတ်ပေးမယ်”
“မလိုဘူးလေသူကြီးရာ၊ ခင်ဗျားက ကျုပ်ကိုမယုံတာပဲ၊ ဒါ ကျုပ်ပညာကိုစော်ကားတာ”
ဆေးဆရာဦးမှတ်ကြီးက ဒေါသထွက်ပြီး ဆွေ့ဆွေ့ကိုခုန်နေတာဗျ၊ အဖေကတော့ အေးအေးပဲ
“နှစ်ယောက်ရှိတော့ ပိုသေချာသွားတာပေါ့ဗျာ၊ ကဲ ရွာသားတွေလည်း စောင့်နေကြအုံး၊ ဆေးဆရာဦးဖိုးခွေးလာတာနဲ့ ကျုပ်တို့စတင်ဆုံးဖြတ်မယ်၊ အလတ်ကောင် ဧည့်သည်တွေသောက်ဖို့ ရေနွေးပြင်စမ်း”
ဒါနဲ့ ခြံဝိုင်းထဲမှာ ရွာသားတွေက ထိုင်နေကြတာပေါ့ဗျာ၊ ကျုပ်လည်း ရေနွေးတို့ ထန်းလျက်ခဲတို့ လုပ်ပေးပြီးတော့ အကိုကြီးက လှည်းပြင်တယ်၊ နောက်တော့ ကျုပ်ရယ်၊ အကိုကြီးရယ်၊ ကာလသားခေါင်း ကိုမြဒင်ရယ် အတူတူလှည်းနဲ့ထွက်ခဲ့တာပေါ့ဗျာ၊ အမေကတော့ တောင်းကလေးတစ်လုံးထဲမယ် ဆန်၊ ဆီ၊ ပဲလှော်တွေ ထည့်ပေးလိုက်တာပေါ့၊ နောက်ပြီး အမွှေးတိုင်တစ်ထုပ်၊ ဖယောင်းတိုင်တစ်ထုပ်လဲပါတယ်။
ကျုပ်တို့ ပေတောရွာကိုလာတော့ မယားကြီးပင်ကြီးကို ဖြတ်ရသေးတယ်ဗျာ၊ ကျုပ်ဖြင့် လန့်နေမိတာ၊ ဒါပေမယ့် နေ့ခင်းကြောင်တောင်ကြီးဆိုတော့ သဘက်ကြီးများ အိပ်နေသလားမသိပေါင်ဗျာ၊ ဘာမှကိုမဖြစ်ဘူး၊ ဒါနဲ့ မကြာခင် ပေတောရွာကို ရောက်သွားတာပေါ့ဗျာ။
ဆရာကြီး ဦးဖိုးခွေးဆိုတာ ဆရာကြီးဦးဖီးရဲ့ တပည့်ရင်းဗျ၊ သူက ဆရာကြီးဖီးဆီကနေ ဆေးပညာအမွေတွေ တော်တော်ရလိုက်တယ်ဗျ၊ ပေတောရွာမှာလည်း အိမ်အကြီးကြီးဆောက်ပြီးတော့နေတာ၊ အိမ်အောက်ထပ်ကိုတော့ ဆေးကုတဲ့နေရာအဖြစ် အသုံးချထားတာပေါ့ဗျာ၊ ကံကောင်းချင်တော့ သူ့အိမ်မှာလူနာမရှိဘူးဗျ၊ ကျုပ်တို့လည်း ဆရာကြီးကိုပင့်တော့ ဆရာကြီးက မလိုက်ချင်ဘူး၊ ဒါပေမယ့် ရွာမှာ ဖြစ်နေတဲ့အကျိုးအကြောင်း အကုန်ပြောပြလိုက်တော့ ဦးဖိုးခွေးလည်း သူ့တပည့်လေးတစ်ယောက်ခေါ်ပြီး ကျုပ်တို့နဲ့လိုက်လာတာပေါ့ဗျာ၊ သူ့တပည့်လေးက အသက်ဆယ့်လေးနှစ်လောက်ရှိသေးတဲ့ ကောင်လေးပါ။
ဒါနဲ့ကျုပ်တို့ရွာကိုရောက်ခါနီးကျတော့ ကွင်းတစ်ကွင်းထဲမှာ ဦးဘသာနွားတွေဖြန့်ထားတာကိုတွေ့တယ်ဗျ၊ ဒါနဲ့ကျုပ်လည်း လှည်းပေါ်ကဆင်းလိုက်ပြီး နွားတွေအနားကိုပြေးလာတော့ ဦးဘသာကြီးက သစ်ပင်ရိပ်အောက်မှာ နှပ်နေတာဗျာ၊ ကျုပ်လည်း သူ့နားသွားလိုက်ပြီးတော့
“ဗျို့၊ ဦးဘသာကြီး”
ကျုပ်အော်ထည့်လိုက်တော့ ဦးဘသာကြီးလန့်သွားတယ်ဗျ။
“ဟဲ့သောက်ခွေး၊ ဟာကွာ ရွာထဲမှာဘာဖြစ်ပြန်ပြီလဲ”
“ဒီတစ်ခါတော့ ဦးဘသာကြီးနဲ့ဆိုင်တယ်ဗျ၊ နို့ ဒါနဲ့ ဦးဘသာကြီးက ဒေါ်အသေးလေးကို ကိုးရက်အတွင်း သေအောင်တိုက်ထားလို့ဆိုဗျ၊ အခုဒေါ်အသေးလေး ဗိုက်ကြီးဖောင်းကားနေပြီး သေတော့မယ်”
“ကြံကြီးစည်ရာကွာ၊ ငါ့ဟာငါ မိုးလင်းမိုးချုပ် ရွာပြင်ထွက်နေတာတောင်မှ ငါ့ကိုအမှုလာပတ်နေသေးတယ်”
“အဲဒါ ဦးဘသာကြီး ကျုပ်တို့လှည်းနဲ့ ရွာကိုလိုက်ခဲ့ဗျာ၊ ဦးဘသာကြီးကိုယ်တိုင် လိုက်ရှင်းပေတော့”
“တော်စမ်းပါကွာ၊ ငါလုပ်တာမှမဟုတ်တာ၊ ငါမသွားနိုင်ပါဘူး”
ကျုပ်လည်း ပေကပ်ကပ်လုပ်နေတဲ့ ဦးဘသာကြီးကိုကြည့်ပြီး ဒေါသဖြစ်မိတယ်ဗျ။
“ဦးဘသာမသွားရင် အခြေအနေတွေက ပိုပြီးဆိုးကုန်မှပေါ့ဗျ၊ အခုတောင် ဦးဘသာကြီးကို တစ်ဖက်စောင်းနင်း စွပ်စွဲနေပြန်ပါပြီ”
“တစ်ဖက်စောင်းနင်းလဲ ငါလုပ်တာမှမဟုတ်ဘဲကွ၊ ပြီးတော့ ငါသွားပြီးရပ်နေမှ သူ့ဖာသာသူပြန်ကောင်းသွားတယ်ဆိုရင်တောင် ငါက ပညာစက်တွေနှုတ်လိုက်လို့ဆိုပြီး ဖြစ်နေအုံးမယ်၊ ငါမသွားဘူးကွာ၊ ငါ့ကိုလာမနှောင့်ယှက်နဲ့”
ကျုပ်လည်း ခပ်လှမ်းလှမ်းရောက်နေတဲ့လှည်းဆီ ပြန်ပြေးလိုက်ခဲ့ရတာပေါ့ဗျာ၊ ရွာထဲကိုရောက်တော့ ညနေတောင်စောင်းနေပြီဗျ၊ ခြံဝိုင်းထဲဝင်လိုက်တယ်ဆိုရင်ပဲ အဖေက ဦးဖိုးခွေးအတွက် သစ်သားကုလားထိုင်တစ်လုံးပြင်ပေးလိုက်တယ်။
“ဆေးဆရာကြီး ဒီလူနာက စုန်းတိုက်ခံရလို့ အခုလိုဗိုက်ကြီးဖောင်းနေတာလို့ပြောပါတယ်၊ ဆေးဆရာကြီးဟုတ်မဟုတ်ကို စမ်းသပ်ကုသပေးပါ”
ဦးဖိုးခွေးက ဆေးဆရာဦးမှတ်ကြီးကိုတစ်ချက်ကြည့်ပြီး ပြုံးပြလိုက်တယ်ဗျ၊ ဦးမှတ်ကြီးကတော့ မျက်နှာကြီးကို မည်းနေတာပဲဗျာ၊ မခေါ်နိုင် မပြောနိုင်ဖြစ်နေတာပေါ့။ ဦးဖိုးခွေးက ဒေါ်အသေးလေးဗိုက်ကြီးကို လက်နဲ့ထောက်ကြည့်တယ်၊ နောက်တော့ နှိပ်ကြည့်တယ်ဗျ၊ ပြီးတော့ ဒေါ်အသေးလေးရဲ့ လက်ကိုကိုင်ပြီးသွေးကြောတွေကို စမ်းကြည့်တယ်။
“ခင်ဗျား ရေဓါတ်များပြီး ပထဝီပြတ်နေတာပဲ၊ ခင်ဗျားဆီးရောသွားသလား၊ ဝမ်းရော မှန်ရဲ့လား”
ဒေါ်အသေးလေးက ညည်းညူရင်း
“ဆီးမသွားတာကြာပါပြီဆရာကြီး၊ ဝမ်းလည်းမသွားတာကြာပါပြီ”
“အဲဒါဖျဉ်းလို့ခေါ်တယ်ဗျ၊ သွေးဖျဉ်း၊ လေဖျဉ်း၊ ရေဖျဉ်းထဲကမှ ခင်ဗျားက ရေဖျဉ်းကိုင်တာ၊ ဆီးမသွားနိုင်ဘူးဆိုတော့ ဆီးနဲ့ကျောက်ကပ်ပေါ့၊ ကျောက်ကပ်ဘာလို့မကောင်းလဲဆိုတော့ ဆားဓါတ်များလို့ ခင်ဗျားခြေထောက်တွေဆိုရင် ဖောင်းကားနေတာပဲ”
“ဘာမှ ကျောက်ကပ်မဟုတ်ဘူး၊ ဒါပယောဂဗျ၊ ကျုပ်သူ့ကိုပယောဂစစ်ပြီးပြီး သူ့ခြေထောက်တွေက မမြှောက်နိုင်ဘူး”
ဆေးဆရာဦးမှတ်ကြီးက ပြောလိုက်တော့ ဦးဖိုးခွေးက ရယ်တယ်ဗျ။
“ဒီလောက်ဗိုက်ကြီးပူပြီး ဖောယောင်နေတဲ့လူက ခြေထောက်မြှောက်နိုင်ပါ့မလား ကိုမှတ်ရဲ့၊ ဘာမှ စုန်းတိုက်တာမဟုတ်ဘူး ဟောဒါက ဖျဉ်းစွဲတာ”
ကျုပ်အဖေက ဆေးဆရာဦးမှတ်ကြီးကို ဘယ့်နှယ့်ရှိစဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်၊ ဦးမှတ်ကြီး ငြိမ်ကုပ်သွားတယ်၊ အဲဒီအခါ ဦးဖိုးခွေးက သူ့တပည့်လေးကို ဆေးစပ်ခိုင်းတယ်ဗျ၊ ဆယ့်လေးနှစ်သားကလေးက ဆေးတစ်ခွက်စပ်ပြီးတော့ ဆေးမှုန့်တွေကို ရေနဲ့တေလုံးပြီး အလုံးကလေးလုပ်၊ နောက်တော့ ဒေါ်အသေးလေးပါးစပ်ထဲကိုထည့်လိုက်တာပဲဗျာ၊ ဒါနဲ့ ဆယ်မိနစ်လောက်ကြာတော့ ဒေါ်အသေးလေးမှာ ဆီးသွားချင်လာလို့ အော်ဟစ်နေတယ်။
“ရတယ်၊ ဘာမှမဖြစ်ဘူး၊ ဒီမှာပဲ လွှတ်သာချလိုက်ဗျာ”
အဖေပြောတော့ ဒေါ်အသေးလေး ဆီးလွှတ်ချလိုက်ပါရောဗျာ၊ ဆီးတွေက ဆင်းလာတာမနည်းဘူးဗျ၊ ပထမတော့ ဝါဝါကျင်ကျင်ကြီးတွေဗျ၊ ဆီးတွေ ငါးမိနစ်လောက် ဒရဟောသွားလိုက်တော့ ဗိုက်ကြီးက တစ်ဝက်လောက် သိသိသာသာကြီး ပိန်ကျသွားတယ်၊ ဆီးတွေလည်း အကြည်ရောင်ပြန်ဖြစ်နေပြီ၊ ကြည့်နေတဲ့လူတွေလည်း အံ့ဩကြတယ်ဗျာ။
“ခင်ဗျားက မဟုတ်တဲ့ဆေးတွေ အစားများခဲ့လို့ပဲ၊ သိန္နော၊ ဆားပုတ်၊ ဇဝက်သာဆိုတဲ့ ဆားတွေများတဲ့ အစာကြေဆေးလိုဟာတွေကို စွဲစားခဲ့သေးပုံရတယ်၊ ကြာတော့ ခင်ဗျားကျောက်ကပ်ထိတာပေါ့၊ ကျုပ်ခင်ဗျားအတွက် ဆေးပေးခဲ့မယ်၊ ဒါနဲ့ မဟုတ်တဲ့ဆေးတွေ သောက်မနေနဲ့အုံးနော်”
ဦးဖိုးခွေးက ဒေါ်အသေးလေးကိုပြောလိုက်တော့ ဆေးဆရာဦးမှတ်ကြီးက တစ်ဖက်ကိုလှည့်ပြီးထိုင်သွားတာဗျာ၊ ဦးဖိုးခွေးပြောတဲ့စကားက သူ့ကိုတည့်တည့်ထိသွားတာကိုးဗျ။
“ဒါနဲ့ မင်းတို့ဆီမှာ ပျဉ်းတော်သိမ်ရှိသလား”
ဦးဖိုးခွေးမေးတော့ ဒေါ်အသေးလေးရဲ့သားကလည်း ခေါင်းညိတ်လိုက်တယ်၊ ပျဉ်းတော်သိမ်ဆိုတာ ကျုပ်တို့ရွာမှာ အလွန်ပေါတယ်ဗျာ၊ တစ်အိမ်တစ်ပင်လောက်နီးပါးစိုက်ထားကြတယ်၊ ကျုပ်တို့အညာက ပဲပေါတယ်မဟုတ်လားဗျာ၊ ဒီတော့ပဲဟင်းချက်တဲ့အခါ ပျဉ်းတော်သိမ်ကလေးအုပ်စားကြတယ်၊ နောက်ပြီး ဘယာကြော်၊ ပဲကပ်ကြော် ကြော်တဲ့အခါလည်း ပျဉ်းတော်သိမ်ရွက်ကို ပါးပါးလှီးထည့်စားတတ်ကြတယ်မဟုတ်လား။
“အေးကွ၊ ပျဉ်းတော်သိမ်ကို တစ်ခါစားရင် ခုနစ်ခက်လောက် တစ်ပတ်လောက်စွဲစားပေးရမယ်၊ ပျဉ်းတော်သိမ်ဆိုတာ အရင်သမားတော်ကြီးတွေက ဖျဉ်းတော်သိမ်လို့ခေါ်တာ ပူဖောင်းနေတဲ့ ဖျဉ်းဟူသမျှကို သိမ်ပြီးကျသွားစေတတ်လို့ ဖျဉ်းတော်သိမ်လို့ခေါ်ကြတာ၊ အဲဒါကို ထမင်းစားတိုင်း တို့စားခိုင်းကွာ၊ ဟုတ်ပြီလား”
အလာတုန်းက ထမ်းလာရတဲ့ ဒေါ်အသေးလေးက ပြန်ခါနီးကျတော့ လမ်းလျှောက်ပြီးပြန်နိုင်ပါတယ်ဗျာ၊ တစ်ရွာလုံးကလည်း အကုန်ရှင်းရှင်းလင်းလင်းသိသွားပြီဆိုတော့ ဦးဘသာကြီး စုန်းနဲ့ပြုစားတယ်ဆိုတဲ့ ဆေးဆရာကြီးရဲ့ စွဲချက်ကလည်း နေရောင်လာရင် မြူမှုန်တွေပျောက်သလို ရှင်းလင်းပျောက်ကွယ်သွားပြီပေါ့ဗျာ၊ ဆေးဆရာဦးမှတ်ကြီးကတော့ ကုလားထိုင်မှာ တစ်ဖက်လှည့်ပြီး မျက်နှာကြီးကို စူပုတ်ပြီးထိုင်နေတယ်ဗျာ၊ အချိန်နှောင်းနေပြီမို့လို့ ဦးဖိုးခွေးက ရွာကနေပြန်တော့မယ်ဆိုတော့ ကျုပ်တို့လည်း ပြန်လိုက်ပို့ဖို့ပြင်ဆင်ရတာပေါ့ဗျာ။
ဦးဖိုးခွေးက မပြန်ခင် ဦးမှတ်ကြီးကို သေသေချာချာကြည့်ပြီးတော့
“ဦးမှတ်၊ အချိန်ရရင် ရွာဘက်ကိုလာခဲ့ပါအုံးဗျာ၊ ကျုပ်တပည့်လေးကလည်း ခင်ဗျားလို ဆေးဆရာကြီးဆီကနေ သင်ယူစရာတွေ ရှိသေးတယ်မဟုတ်လားဗျ၊ ဟား၊ ဟား”
ဦးဖိုးခွေးက ဦးမှတ်ကြီးကို တမင်ချိုးချိုးဖဲ့ဖဲ့ပြောသွားလိုက်တာဗျာ၊ ဦးမှတ်ကြီးက ချက်ချင်းထပြီးတော့ ခြေလှမ်းကျဲကြီးတွေနဲ့ ခြံဝိုင်းထဲကနေ ထွက်သွားပါရောဗျာ။
ကျုပ်တို့ဆေးဆရာကြီး ဦးဖိုးခွေးကို အပြန်လိုက်ပို့တော့ လှည်းပေါ်မှာ စကားပြောဖြစ်ကြတယ်ဗျ။
“ပညာဆိုတာ ဘယ်ပညာရပ်မဆို ကုန်ဆုံးသွားတယ်ဆိုတာမရှိဘူးကွ၊ အမြဲလေ့လာသင်ယူနေမှ အစွမ်းထက်တာ၊ ဦးမှတ်က ပျင်းတယ်ကွ၊ နောက်ပြီး သူက ဆေးကုချင်တာလည်းမဟုတ်ဘူးလေ”
“ဒါနဲ့ ဦးမှတ်ကြီးနဲ့ ဆရာကြီးတို့က ရန်ငြိုးရန်စတွေဘာတွေ ရှိခဲ့သေးသလား”
အမေးအမြန်းထူတဲ့ကျုပ်က ဝင်မေးလိုက်တော့ ဦးဖိုးခွေးက ရယ်တယ်ဗျ။
“ငါ့မိန်းမကို တစ်ချိန်က ဦးမှတ်က သိပ်ချစ်ခဲ့တာကွ၊ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်လို့ ဟိုက သူ့ကိုငြင်းပြီးတော့ ငါနဲ့ယူဖြစ်သွားတယ်ပေါ့ကွာ၊ ဒါနဲ့ မင်းတို့ဦးမှတ် တို့ရွာကိုစိတ်နာပြီး ထွက်သွားတာ ခုထိပြန်မလာတော့ဘူးမဟုတ်လားကွ”
“ဟား၊ ဟား၊ ဒါက သာမာန်ရန်ငြိုးရန်စဘယ်ဟုတ်မလဲဗျ၊ အချစ်ရှုံးသမား ဒသဂီရိရဲ့ ရန်ငြိုးရန်စပေါ့ဗျာ၊ ဟား၊ ဟား”
ကျုပ်က ထပြောလိုက်တော့ တစ်လှည်းလုံး တဝါးဝါး၊ တဟားဟားနဲ့ ရယ်ကြပါလေရောဗျာ”
ရွာပြင်ရောက်တော့ နေဝင်တော့မယ်ဗျ၊ ဦးဘသာကြီး သူ့နွားအုပ်ကြီးကိုရွာထဲမောင်းဝင်နေတာတွေ့တာနဲ့ ကျုပ်လည်း လှည်းပေါ်ကဆင်းနေလိုက်ပါရောဗျာ၊ ဦးဘသာကြီးက ကျုပ်ကိုတွေ့တော့
“ဘာလိုဖြစ်သွားသလဲကွ”
“ဘယ်လိုဖြစ်ရမလဲဗျာ၊ ဆေးဆရာဦးမှတ်ကြီး သူ့ရှူးသူပတ်ပြီး အခက်တွေ့သွားတာပေါ့ဗျာ”
“အေးကွာ၊ ဒီလူတော်တော်ကောက်ကျစ်တဲ့လူကွ၊ ဒီရောဂါဘာရောဂါလဲဆိုတာ သူကြိမ်းသေသိမှာပဲ၊ ဒါပေမယ့် ငါ့ကိုတမင်ခြောက်ချချင်လို့ လုပ်တာကွ”
“ဟုတ်မယ်ဦးဘသာရေ၊ သူက ကျုပ်အဖေ ပေတောရွာက ဦးဖိုးခွေးကို သွားမပင့်လောက်ဘူးလို့ မှန်းထားလို့ဗျ၊ ဆေးပညာနားမလည်တဲ့ ကျုပ်တို့ရွာသားတွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီး ဦးဘသာကြီးကို ရွာပြင်ထုတ်ဖို့ ကြံနေတာဗျ၊ ဒီတစ်ခါတော့ ကျုပ်အဖေ့ကိုလေးစားသွားပြီဗျာ”
“ဒါကြောင့်လည်း မင်းတို့တစ်မျိုးလုံး သူကြီးအစဉ်အဆက်ဖြစ်ခဲ့တာပေါ့ကွာ၊ လာဟေ့၊ မိုးချုပ်တော့မယ် ရွာထဲကိုနွားတွေ မြန်မြန်မောင်းသွင်းရအောင်”
ကျုပ်တို့လည်းရွာထဲကို ဝင်ခဲ့တော့တယ်ဗျာ။
ဒီလိုဖြစ်ပြီး နောက်တစ်နေ့ပဲ ဆေးဆရာဦးမှတ်ကြီးက ခရီးထွက်မယ်ဆိုပြီး လွယ်အိတ်ကြီးတစ်လုံးနဲ့ ထွက်သွားတော့တာပါပဲဗျာ၊ သူရှက်သွားပုံလည်းရတယ်ဗျ၊ ရွာကလူတွေက ဦးမှတ်ကြီးအကြောင်းကို တစ်ရွာလုံးပြောနေကြတာမဟုတ်လားဗျာ၊ သူလည်းရှက်ရှာမှာပေါ့ဗျာ။
ဒါပေမယ့် ဦးမှတ်ကြီးထွက်သွားတာ အလကားမဟုတ်ဘူးဗျ၊ အထက်လမ်းဆရာကြီးတစ်ယောက်ကို သွားရှာတာ၊ တစ်ပတ်လောက်ကြာပြီးတော့ သူရွာကိုပြန်လာတယ်ဗျ၊ သူနဲ့အတူတူ အရမ်းအစွမ်းထက်တဲ့ အထက်လမ်းဆရာကြီးတစ်ယောက်ကိုလည်း ခေါ်လာခဲ့သေးတယ်၊ ဘာလုပ်ဖို့လဲဆိုတော့ ဦးဘသာကို နှင်ထုတ်ဖို့ပေါ့ဗျာ။
ကဲ ဒီနေ့တော့ တော်လောက်ပြီ စာရေးဆရာရေ၊ နောက်ရက်တော့ အဲဒီအထက်လမ်းဆရာကြီးနဲ့ ဦးဘသာကြီးနဲ့ တွေ့တဲ့အကြောင်း ပြောပြအုံးမယ်ဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်