စိတ်နှင်ရာ

*စိတ်နှင်ရာ*📖📖📖

*******************
ဧကြည်ဖြူ
(  ၁  )
” ဝေါ  ဝေါ   ဝေါ  ”
ခပ်ကြမ်းကြမ်းတိုတ်ခတ်နေတဲ့
လေပြင်းတွေကြောင့်ညအမှောင်က
ပိုလို့ထိတ်လန့်တုန်လှုပ်စရာကောင်းနေတယ်။
“ဝူး အူး  အူး ”  “အူး အူး  အူး ”
”   ဝုန်း ” ” ဒုန်း ” ” ဒိုင်း  “

ခြောက်ခြားဖွယ်ကောင်းလောက်အောင်
ထွက်ပေါ်လာတဲ့ခွေးအူသံတွေနဲ့အတူ
ညနေမမှောင်ခင်ကတည်းကသေသေ
ချာချာပိတ်ထားတဲ့ပြတင်းတံခါးတွေက
တဝုန်းဝုန်းတဒိုင်းဒိုင်းမြည်ကာပွင့်သွားလိုက်ပိတ်သွားလိုက်နဲဖြစ်နေကြတယ်။စောင်
အထူကြီးကိုခေါင်းထိအောင်ခြုံထားရင်း
လေးနွယ်တစ်ကိုယ်လုံးဇောချွေးတွေ
ပျံပြီးတဆတ်ဆတ်တုန်နေတယ်။
ကြောက်စိတ်ကြောင့်အော်ဟစ်ပြီး
ဘေးအိမ်တွေကိုအကူအညီတောင်းနေ
မိပေမယ့်အသံကထွက်မလာသလို
ခြေထောက်တွေကလည်းတုတ်နှောင်
ခံထားရသလို ရွေ့လျားလို့မရဖြစ်
နေတယ်။
“ရှပ်  ရှပ် ရှပ် ”
အိမ်ရဲ့နေရာအနှံ့ကိုလျှောက်သွား
နေတဲ့ခြေသံတရှပ်ရှပ်ကတဖြေးဖြေး
လေးနွယ်ရဲ့အိပ်ခန်းနဲ့ပိုမိုနီးကပ်လာပြီး
ခြေသံကအခန်းဝမှာရပ်တန့်သွားတယ်။လေးနွယ်ကြောက်လွန်းလို့အသံကုန်
အော်ဟစ်ငိုကြွေးလိုက်ပေမယ့် ရှိုက်သံ
တစ်စွန်းတစတောင်ထွက်မလာနိုင်ဘဲ
လည်းချောင်းဝမှာတင်တစ်ဆို့ဆွံ့အနေခဲ့တယ်။
ဒီလိုထူးဆန်းပြီးထိတ်လန့်စရာ
ကောင်းတဲ့အဖြစ်တွေဟာလေးနွယ်ရဲ့
ဘဝထဲကိုလွန်ခဲ့တဲ့လေးလကျော်လောက်က
ဝင်ရောက်လာခဲ့တာပဲဖြစ်တယ်။

                ( ၂  )

   ယောကျာ်းဖြစ်သူနဲ့ရန်ဖြစ်ပြီးစိတ်တို
တိုနဲ့ထွက်လာခဲ့ရပေ့မယ့်လေးနွယ်ဘယ်
သွားလို့သွားရမှန်းမသိဘူး။လေးနွယ်တို့လင်းမယားနှစ်ယောက်
လုံးကနယ်ကလာသူတွေမို့မြို့ကြီးမှာ
ဆွေမျိုးသားချင်းဆိုတာလည်းမရှိ။
အပေါင်းအသင်းဆိုတာလည်းအားကိုး
ရလောက်အောင်မရှိဘူး။လေးနွယ်ရဲ့
ဘဝမှာကိုကို့ကိုပဲယုံကြည်
အားကိုးပြီးချစ်ခဲ့တာ။ချစ်လွန်းလိုယုံ
ယုံကြည်မှုအပြည့်ထားပြီးကိုကိုနဲ့လက်
တွဲခဲ့တာ။အိမ်ထောင်သက်တစ်နှစ်ကျော်လာတာနဲ့အမျှကိုကို့စိတ်တွေပြောင်း
လဲလာတယ်လို့လေးနွယ်ခံစားသိရှိလာ
တယ်။ကိုကိုပြောင်းလဲချင်လာအောင်
လေးနွယ်ဘက်ကအနေအထိုင်မတတ်
ခဲ့ဘူးဆိုတာမှန်ပါတယ်။ဒါပေမဲ့ဒါတွေကလေးနွယ်တမင်လုပ်ယူခဲ့တာမှမ
ဟုတ်တာ။လေးနွယ်လည်းဟိုအရင်က
လိုသွယ်သွယ်လျလျခန္ဓာကိုယ်လေးနဲ့
လှလှပပလေးပဲနေချင်တာပေါ့။
အိမ်ထောင်သက်ရင့်လာတာနဲ့အတူ
သူ့အလိုလိုဝဖိုင်းလာတဲ့ခန္ဓာကိုယ်ကိုလေးနွယ်လည်းသဘောမကျပါဘူး။ကိုကိုပြောသလိုအစားလျှော့စားဖို့လေ့
ကျင့်ခန်းတွေလုပ်ဖို့ကိုလေးနွယ်မှမ
လုပ်နိုင်တာ။ဒါနဲ့ပဲကိုကိုကအချစ်သစ်
ရှာရသလား။တွေးရင်းမှလေးနွယ်စိတ်ထဲမှာဝမ်းနည်းနာကျင်မှုနဲ့
အတူမျက်လုံးအိမ်ကနေမျက်ရည်တွေ
တလိမ့်လိမ့်စီးကျလာတယ်။ဒီနေ့အဖို့
လေးနွယ်အပေါ်ရက်စက်လှတဲ့ကိုကို့ကို
နာကျင်ခံစားရအောင်လုပ်ဖို့လေးနွယ်
ဆုံးဖြတ်ထားတာ။
လေးနွယ်ခြေလှမ်းတွေကိုခပ်သွက်
သွက်လှမ်းရင်ရပ်ကွက်အစွန်ကရေကန်
ရှိရာဘက်ကိုထွက်ခဲ့တယ်။

” ငါးကျပ်တစ်ဆယ်လောက်များ
ပေးကမ်းစွန့်ကြဲခဲံ့ပါလားသမီးလေးရယ် ဘဘထမင်းမစားရသေးလို့ပါ “

   သနားစဖွယ်အသံကြောင့်လေးနွယ်
လှမ်းလက်စခြေလှမ်းတွေကိုရပ်တန့်
ပြီးလက်ထဲကပိုက်ဆံကိုအဘိုးအိုရဲ့
ဒန်ခွက်အစုတ်လေးထဲထည့်ပေး
လိုက်မိတယ်။

         လေးနွယ်ဖိနပ်ကိုချွတ်လိုက်ပြီး
မျက်ရည်စတွေကိုခပ်ကြမ်းကြမ်းပွတ်
သုတ်လိုက်ရင်းချစ်ခင်ပွန်းရှိနေနိုင်
လောက်သောနေရာကိုမှန်းမျှော်ကြည့်
လိုက်ပြီးနောက်ရေကန်ထဲသို့ဖျတ်ကနဲ
ခုန်ချလိုက်တယ်။
လေးနွယ်ရဲ့ခန္ဓာကိုယ်ကရေထဲပြုတ်
ကျမသွားဘဲလူတစ်ယောက်ရဲ့ဆောင်
ဆွဲယူခြင်းကိုခံလိုက်ရတယ်။

” မိုက်လိုက်တဲ့သမီးရယ်စိတ်နှင်ရာကို
ပါချင်ရသလား  စိတ်ကိုကောင်းမွန်စွာ
မောင်းနှင်နိုင်အောင်ထိန်းသိမ်းနေပါ။
သမီးအတွက်ဟော့ဒီအရုပ်လေးဘဘလက်ဆောင်ပေးခဲ့မယ် ဒီအရုပ်လေးမှာဆု
တောင်းရင်ပြည့်တယ်။လပြည့်ညရောက်ရင်သမီးဖြစ်ချင်တာ လိုချင်တာ
တစ်ခုကိုအရုပ်လေးဆီမှာဆုတောင်းပါ။ဒီအရုပ်လေးဆီမှာဆုငါးဆုကိုတစ်ခါလပြည့်ရင်တစ်ဆ ုတောင်းလို့ရတယ်။
ငါးခါပြည့်သွားရင်တော့ထပ်တောင်း
လို့မရတော့သလိုအရုပ်ကဘာအစွမ်းမှမရှိတော့ဘူး။ဆုတောင်းတိုင်းပြည့်
တာမို့ဆုတောင်းကေင်းပါစေ သမီးငယ် ”
အဘိုးအိုကလေးနွယ်ရဲ့လက်ထဲကို
မည်းနက်နေသောသစ်သားရုပ်လေး
တစ်ရုပ်ထည့်ပေးပြီးတရွေ့ရွေ့ထွက်ခွါ
သွားတယ်။

          (    ၃  )

       လပြည့်နေ့မို့လရောင်ကပြတင်းဝ
ကတဆင့်အခန်းထဲကိုဖြာကျနေတယ်။
လေးနွယ် သစ်သားရုပ်လေးရှေ့မှာထိုင်။ဖယောင်းတိုင်မီးကိုထွန်းလိုက်ပြီး
နှုတ်ကနေအဖြစ်ချင်ဆုံးဆန္ဒတစ်ခုကို
ဆုတောင်းလိုက်တယ်။

” ဟိုအရင်ကလိုသွယ်သွယ်လျလျခန္ဓာ
ကိုယ်လေးကိုအမြန်ဆုံးရရှိပါစေ “

      ဗိုက်ထဲကစူးစူးဝါးဝါးထိုးအောင့်နေ
တာကြောင့်လေးနွယ်အိပ်နေရာကဖျတ်
ကနဲလန့်နိုးလာတယ်။လေးနွယ်တကိုယ်
လုံးတဆတ်ဆတ်တုန်နေတဲ့အထိနာ
ကျင်မှုကိုခံစားနေရတာမို့ဘေးမှာအိပ်
နေတဲ့ကိုကို့ကိုအတင်းလှုပ်နှိ ုးလိုက်တယ်။
” ကိုကို    ကိုကို ထပါဦး လေးနွယ်ဗိုက်
တွေအရမ်းအောင့်နေတယ် ကယ်ပါဦး
လေးနွယ်သေရတော့မယ်ထင်တယ် “

         (    ၄    )

လေးနွယ်ဆေးရုံမှာတစ်ပတ်ကျော်လောက်နေလိုက်ရတယ်။ရုတ်တရက်ထ
အောင့်တဲ့ဗိုက်ကသားအိမ်ထဲမှာသွေး
လုံးတည်နေလို့ဗိုက်ပါခွဲလိုက်ရတဲ့အဆင့်ထိဖြစ်ခဲ့ရတယ်။ ဗိုက်ခွဲပြီးတော့  လေးနွယ်မှာဘာမှသိပ်မစားနိုင်ဘူး။ဒီကြားထဲအဖျားပါဝင်လိုက်တော့
လေးနွယ်ရဲ့ပေါင်နှစ်ရာကျော်ခန္ဓာကိုယ်က
တစ်လမပြည့်ခင်မှာပဲပေါင်
တစ်ရာကျော်လောက်ဖြစ်သွားတယ်။

         မှန်ရှေ့မှာရပ်ပြီးခန္ဓာကိုယ်ကို
တစ်ပတ်ပတ်ကြည့်လိုက်ရင်း လေးနွယ်
ကျေကျေနပ်နပ်ပြုံးလိုက်မိတယ်။
တစ်လအတွင်းမှာသွယ်လျလှပတဲ့ကိုယ်
လုံးကိုပြန်ရလိုက်တာဟာလေးနွယ်
အတွက်အိပ်မက်တစ်ခုလိုပါပဲ။ခုချိန်မှာ
ဆေးရုံတက်တုန်းကနာကျင်မှုတွေကို
သတိမရတော့။လေးနွယ်အပေါ်သစ္စာမဲ့
ခဲ့တဲ့ကို့ကိုအပေါ်ဖြစ်ပေါ်နေတဲ့ဒေါသ
တွေကလေးနွယ်စိတ်ထဲပြန်ဝင်ရောက်
လာတယ်။
ဒီနေ့လပြည့်နေ့လေ။လေးနွယ်သစ်သားရုပ်
လေးရှေ့မှာဖယောင်းတိုင်မီးကိုသေ
သေချာချာထွန်းပြီးနှုတ်ကနေလေးလေးနက်နက်ဆုတစ်ခုတောင်းလိုက်တယ်။

   “ငွေသိန်းပေါင်းများစွာကို  ခင်ပွန်း
ဖြစ်သူမှ အမြန်ဆုံးရှာပေးနိုင်ပါစေ ”

( ၅ )
ဒီနေ့ဆိုကိုကိုခရီးသွားနေတာသုံး
ရက်ရှိနေပြီ။အလုပ်ကတာဝန်နဲ့သွားရ
တာမို့လေးနွယ်လိုက်သွားလို့မရလို့နေခဲ့
ရပေမယ့် စိတ်ထဲမှာတော့အတွေးပေါင်း
စုံတွေးနေမိတယ်။မြင့်မြင့်ဝေဆိုတဲ့မိန်းမနဲ့များဆက်သွယ်ပြီးသွားတာလားဆိုတဲ့အတွေးတွေကြောင့်ညဆို
လည်းအိပ်မ
ပျော်နိုင်ပါဘူး။ခုလည်းလေးနွယ်အိမ်ရှေ့့အုတ်ခုံ
လေးမှာထိုင်ပြီးကိုကိုများပြန်လာမလားလို့မျှော်နေမိတယ်။
လေးနွယ်ထိုင်နေတုန်းမှာပဲကားတစ်စီး
အိမ်ရှေ့မှာထိုးဆိုက်လာပြီးကားပေါ်က
လူနှစ်ယောက်ဆင်းလာတယ်။လေးနွယ်မှာချစ်ခင်ပွန်းများပြန်လာတာလား
လို့ဝမ်းသာသွားမိသေးတာ။မဟုတ်ဘူး။လေနွယ်မသိတဲ့သူတွေရယ်လေ။

” ဒါ ဦးကိုကိုအောင်တို့အိမ်များလား ”
ကားပေါ်ကဆင်းလာသူတွေကယောကျာ်းဖြစ်သူနာမည်ကိုမေးလိုက်တာမို့
လေးနွယ်ကမန်းကတန်းဖြေလိုက်တယ်။
” ဟုတ်ပါတယ်ရှင် ကျွန်မကဦးကိုကိုအောင်မိန်းမပါ
ကိုကိုကတော့မရှိဘူးရှင့် ခရီးသွားနေပါတယ် ”

” ဟုတ်ကဲ့ ပါခင်ဗျာ ကျွန်တော်တို့က
ဦးကိုကိုအောင်လုပ်နေတဲ့ရုံးကဝန်ထမ်း
တွေပါ ဦးကိုကိုအောင်ခရီးသွားရင်းမတော်တဆမှုဖြစ်ပြီးဆုံးပါးသွားလို့လာအကြောင်းကြားတာပါ ”

”  ရှင် ” ခေါင်းထက်တည့်တည့်ကိုမိုး
ကြိုးပစ်ချခံလိုက်ရသလိုပါပင်။မိုက်ခနဲ
အသိနဲ့အတူနေရာမှာတင်လေးနွယ်ခွေ
လဲကျသွားတယ်။



(    ၆  )
ကိုကိုဆုံးတာတစ်လပြည့်တော့မယ်။
လေးနွယ်မှာနေ့စဉ်ရက်ဆက်ငိုလို့ကောင်း
တုန်း။ကိုကို့အတွက်ရတဲ့လျော်ကြေးငွေမြောက်မြားစွာကိုလေးနွယ်ခံစားခွင့်ရ ရှိခဲ့တယ်။အဲဒီငွေတွေနဲ့မြို့စွန်ဘက်မှာအိမ်လေးတစ်လုံးဝယ်လိုက်ပြီးပိုတဲ့ငွေ
နဲ့လေးနွယ်ဘဝမတောင့်မတမ
ကြောင့်မကျနေခဲ့ရပေမယ့်လေးနွယ်မပျော်နိုင်ဘူး။ကိုကို့အပေါ်မှာ
နာကျည်းစိတ်တွေရှိခဲ့ပေမယ့်ကိုကိုမရှိဘဲလေးနွယ်မရှင်သန်နိုင်ဘူး။ကိုကို့ကို
လေးနွယ်သိပ်ချစ်ခဲ့တာလေ။ကိုကိုသေ
ဆုံးရတာလေးနွယ်ပယောဂမကင်းဘူး
ဆိုရင်တောင်ဒါတွေကကိုကိုနဲ့မြင့်မြင်ဝေဆိုတဲ့မိန်းမကြောင့်ဖြစ်လာခဲ့တာတွေပဲ
မဟုတ်လား။

  ကောင်းကင်ကလမင်းကြီးရဲ့အလင်း
ရောင်ကပြတင်းဝကတဆင့်အိမ်ထဲံအထိဝင်ရောက်နေပြီးအိမ်လေးကအေး
ချမ်းနဲ့တိတ်ဆိတ်ငြိမ်သက်စွာတည်ရှိနေတယ်။အိမ်ရဲ့အသွင်အပြင်က
အေးချမ်းနေသလောက်လေးနွယ်ရင်ထဲ
မှာတော့သတိရတမ်းတခြင်း။မုန်းတီး
နာကျည်းခြင်းတွေနဲ့ပူလောင်နေတယ်။
လေးနွယ်လက်ထဲကမီးခြစ်လေးနဲ့ဖယောင်းတိုင်ကိုမီးသေချာထွန်းညှိပြီးတရိုတသေထိုင်လိုက်တယ်။

”  ကျွန်မခင်ပွန်းနဲ့ဖောက်ပြန်အပျော်ကြူးခဲ့တဲ့ မြင့်မြင့်ဝေဆိုတဲ့မိန်းမလည်း ကျွန်မစိတ်ဆင်းရဲသောကခံစားရသလိုခံစား
ရပြီးသုံးလအတွင်းပျက်စီးသေဆုံးပါစေ ”
လေးနွယ်ဒေါသစိတ်ကြောင့်အောက်နှုတ်ခမ်းကိုခပ်တင်းတင်းဖိ
ကိုတ်ပစ်လိုက်ပြီးဆုကိုခပ်ကျယ်ကျယ်
တောင်းပစ်လိုက်တယ်။ရင်ထဲကမွန်း
ကျပ်မှုတွေကလျော့ပါးသွားသယောင်ယောင်ထင်လိုက်မိတယ်။

        (   ၇  )
လေးနွယ်ဘဝထဲကကိုကိုထွက်သွားခဲ့
တာရက်ပေါင်း ( ၅၀) ကျော်လာပေမယ့်
လေးနွယ်ရင်ထဲမှာတော့တစ်နေ့နေ့ကိုကိုပြန်လာမယ်လို့ထင်မှတ်နေမိဆဲပင်။
ငွေကြေးပြည့်ပြည့်စုံစုံနေရပေမယ့်ချစ်ခင်သူမရှိတဲ့ဘဝကအဓိပ္ပါယ်ကင်းမဲ့လွန်း
တယ်လို့လေးနွယ်ထင်မြင်လာမိတယ်။ကိုကိုသာ လေးနွယ်နားကိုပြန်ရောက်လာ
ခဲ့မယ်ဆိုရင်ဒီကမ္ဘာမှာလေးနွယ်လောက်ပျော်ရွှင်နိုင်မယ့်သူမရှိလောက်ဘူးဆိုတဲ့အတွေးမျိုးတွေကို
မကြာခဏတွေးနေမိပြန်တယ်။
တိမ်မည်းတွေဖုံးအုပ်ထားတဲ့ကြားကမနည်းအားယူပြီးအလင်းပေးနေတဲ့လပြည့်ညရဲ့ခပ်ဖျော့ဖျော့အလင်းရောင်
တစ်စွန်းတစ်စကျရောက်နေတဲ့အခန်း
ထဲမှာလေးနွယ်ငြိမ်ငြိမ်သက်သက်ထိုင်
နေမိတယ်။တစ်ချက်တစ်ချက်ဝင်ရောက်လာတဲ့လေများကြောင့်ယိမ်းထိုး
လှုပ်ရှားနေတဲ့ဖယောင်းတိုင်မီးကိုကြည့်ပြီးစိတ်ထဲမှာရှုပ်ထွေးမွန်းကျပ်
နေတယ်။
“ခင်ပွန်းဖြစ်သူနဲ့ပြန်ဆုံခွင့်ရပါစေ ”
အသိစိတ်လွတ်သွားတဲ့အခိုက်မှာလွှတ်ကနဲ့တောင်းမိလိုက်တဲ့ဆု။လေးနွယ်ရဲ့ဆုတောင်းသံအဆုံးမှာဖယောင်း
တိုင်မီးကဟုတ်ခနဲငြိမ်းသွားတယ်။
လေးပြင်းတွေတဟူးဟူးတိုတ်ခတ်လာ
သလိုခွေးအူးသံတွေကခြောက်ခြားဖွယ်
ထွက်ပေါ်လာတယ်။ကြောက်စိတ်ကြောင့်လေးနွယ်တကိုယ်လုံးတဆတ်ဆတ်
တုန်လာတယ်။
“ဝုန်း  ” ‘” ဒုန်း  ”
လေးပြင်းများကြောင့်ပိတ်ထားတဲ့တံခါးတွေကသူ့အလိုလိုပွင့်ထွက်ကုန်တယ်။

”  ရှပ် ရှပ် ရှပ် ”
ခြေသံတရှပ်ရှပ်ကအိမ်ရှေ့တံခါးဝနားမှာရပ်တန့်သွားတယ်။လေးနွယ်ကြောက်လန့်တကြားအော်ဟစ်လိုက်ပေမယ့်အသံကထွက်မလာခဲ့ဘူး။

         (   ၈  )
်ချည်နဲ့နဲ့ခန္ဓာကိုယ်လေးကိုထိန်းရင်းလေးနွယ်ကုတင်ပေါ်ကအားယူထလိုက်တယ်။နေ့ညအိပ်မပျော်တဲ့အရှိန်တွေကြောင့်လေးနွယ်ဆေးရုံပေါ်ရောက်
နေတာလေ။ဆေးနံ့တွေကြောင့်ခေါင်းထဲမှာပိုမူးနောက်လာတာမို့စင်္ကြဘက်
ကိုလမ်းလျှောက်လာခဲ့လိုက်တယ်။
ဧည့်တွေ့ချိန်မို့ထင်ရဲ့လူတွေအတော်လေးများ
တယ်။
လေးနွယ်လမ်းလျှောက်နေရင်းမှ
ကလေးငိုသံစူးစူးကြောင့်အသံလာရာ
ဘေးအခန်းကိုလှမ်းကြည့်လိုက်မိတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လေးနွယ်အံ့သြထိတ်လန့်သွားမိတယ်။လူနာကုတင်ပေါ်မှာမြင့်မြင်ဝေဆိုတဲ့ကိုကိုနဲ့
ဖောက်ပြန်ခဲ့တဲ့မိန်းမရယ်လေ။သူ့ဘေးမှာသုံးလေးနှစ်အရွယ်ကလေးလေးတစ်
ယောက်ရှိုက်ကြီးတငင်ငိုလို့။မြင့်မြင့်ဝေကကိုကိုနဲ့ပက်သက်ခဲ့တုန်းက “ပုံစံ
နဲ့ခြားနားလှစွာအရိုးပေါ်အရည်တင်တယ်ဆိုရုံ။ပိန်ပိန်လှီလှီလက်အစုံနဲ့ကလေးငယ်ခေါင်းကိုပွတ်သပ်ချော့မော့နေတယ်။
“သူ ဘာရောဂါဖြစ်တာလဲ ဟင် ”
အခန်းထဲကထွက်လာတဲ့မိန်းမတစ်ယောက်ကိုလေးနွယ်ခပ်တိုးတိုးလှမ်းမေးကြည့်လိုက်တယ်။

“ဘာရောဂါရယ်တိတိကျကျမသိရသေးဘူး ကြည့်ရတာတော့နေ့လားညလားပဲ  ယောကျာ်းလည်းမရှိအမျိုးအရင်းအချာလည်းမရှိနဲ့သနားစရာသားအမိပါ”

(   ၉  )
“အူး အူး  အူး  ”
တိမ်မည်းတွေဖုံးအုပ်ခံထားရတဲ့လပြည့်ညကခွေးအူသံတွေကြောင့်ထိတ်လန့်ခြောက်ခြားစရာကောင်းနေတယ်။
” ဒုန်း ”  ” ဂလွမ် “

” ရှပ် ရှပ်  ရှပ် ”
ွ ကြောက်စိတ်ကြောင့်တဆတ်ဆတ်တုန်နေတဲ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်ထိန်းရင်းလေးနွယ်ဖယောင်းတိုင်မီးကိုထွန်းနေတာ
အတော်လေးကြာနေပြီ။ဒီနေ့မှမီးကထွန်းရတာပိုခက်ခဲနေသလိုပင်။ဒီနေ့က
လပြည့်နေ့ဖြစ်သလိုနောက်ဆုံးသောငါးခုမြောက်ဆု
ကိုတောင်းရမယ့်နေ့လည်းဖြစ်တယ်။
လေးနွယ်ဝေခွဲရခက်တဲ့စိတ်တွေနဲ့တွေ
တွေဝေဝေထိုင်ချလိုက်တယ်။မျက်လုံးထဲမှာတာ့ဆေးရုံပေါ်မှာငိုနေတဲ့့မြင့်မြင့်ဝေတို့သားအိကိုမြင်ယောင်နေမိတယ်။
” ရှပ်  ရှပ် ရှပ် ”   ခြေသံတရှပ်ရှပ်ကလေးနွယ်နဲ့ပိုပြီးနီးကပ်လာသလိုကြောက်စိတ်ကလည်းပိုပြီးပြင်းထန်လာတယ်။ဒီလိုထိတ်လန့်
ကြောက်ရွံ့နေရတဲ့ဘဝကနေလေးနွယ်
လွတ်မြောက်ချင်လှပါပြီ။

” တောင်းခဲ့မိတဲ့ဆုတွေပျက်ပြယ်သွားပါစေ ”
လေးနွယ်ရဲ့ဆုတောင်းသံအဆုံးမှာခြေသံတရှပ်ရှပ်ကရပ်တန့်သွားတယ်။ တဝုန်းဝုန်းတဒိုင်းဒိုင်းဖြစ်နေတဲ့အိမ်က
ငြိမ်သက်တိတ်ဆိတ်သွားတယ်။နောက်ဆုံးတိုတ်လိုက်တဲ့လေတစ်ချက်ကဖယောင်းတိုင်မီးကိုဘေးသို့လဲကျသွားစေပြီးမီးကဇာခြင်ထောင်ပါးပါးကို
တစ်ခဏအတွင်းဝါးမြိုသွားတယ်။
မီးတွေတဟုန်းဟုန်းတောက်လှောင်နေတဲ့အိမ်ကိုနောက်ဆုံးအနေနဲ့တစ်ချက်ကြည့်လိုက်ပြီးလေးနွယ်ကျောခိုင်းပစ်လိုက်တယ်။

ဧကြည်ဖြူ