ခေါင်းသုံးလုံးမိစ္ဆာ

*ခေါင်းသုံးလုံး မိစ္ဆာ *📖📖📖

***************************
စဆုံး

အူဝဲ…..အူဝဲ…….

ညအမှောင်ကိုအံတုပြီးပေါ်ထွက်လာတဲ့ကလေးငိုသံ။
“မွေးပြီတော်ရေ့မွေးပြီ ယောက်ျားလေး…”

“ဟာ…မြခင်မွေးပြီတဲ့ ငါအဖေဖြစ်ပြီကွဟားဟား”

“ဟေ့ကောင်အောင် ဖေ မွေးခန်းထဲမဝင်ရဘူးလေကွာ”

“အော်အေးအေး…ငါမေ့သွားလို့အဟဲ”

အောင်ဖေတစ်ယောက်အိမ်ခန်းထဲပြေးဝင်မလိုပြင်နေရာမှ သူငယ်ချင်းတွေရဲ့တားဆီးမှု့ကြောင့်
အသာပြန်ထိုင်ချလိုက်သည်။

“ဗျို့ဒေါ်မြ….ကလေးရောအမေရောနေကောင်းတယ်မဟုတ်လား”

“ကောင်းပါ့တော်ကောင်းပေါ့ ကလေးကချစ်စရာ
ဖွေးဖွေးတုံးတုံး…တုံး…ကြီး”

လက်သည်ဒေါ်မြမှာ ကလေးကိုအနှီးနှင့်ထုတ်ရင်း
ကလေးလက်ပြင်ကအမှတ်အသားကြောင့်
စကားထစ်ပြီး အမူအယာပျက်သွားလေသည်။

ထို့နောက်ကလေးကိုအမြန်ထုတ်ပြီး
သူ့မိခင်ဘေးတွင်ချသိပ်လိုက်ကာ..

“ငါပြန်တော့မယ်ဖေအောင်နင့်ဇနီးကိုဘယ်သူစောင့်မှာလဲစောင့်ပေးသူကိုအမြန်အထဲသွင်းတော့”

“ဟုတ်ကဲ့ဒေါ်မြရေ ကျုပ်တို့မှာတခြားဆွေမျိုးလဲသိပ်မရှိတော့ရွာထဲကဒေါ်မလှရဲ့သမီးအငယ်မလေးကို
မြခင်ဝေရာဝစ္စလုပ်ပေးဖို့ငှါးထားတယ်”

“ခုသူရောက်ပြီလား”

“ရောက်ပြီဒေါ်မြ ခုဝင်ခိုင်းရတော့မလား”

“အေးအေး ဝင်ခိုင်းလိုက်တော့ ငါကိစ္စ တခုရှိတာ
ခုမှသတိရတယ်ပြန်တော့မယ်”

“ဒေါ်မြကလည်းနေပါအုံးတော့ “

“မနေတော့ဘူးအေ မိခင်ရောကလေးပါကျန်းမာတာပဲ
ကဲကဲငါသွားပြီ နင်လဲဟိုကလေးမနဲ့ မီးနေသည်က
ိုပစ်မထားနဲ့ နင့်ဇနီးကိုစောင့်ရှောက်အုံး”

“စိတ်ချဒေါ်လှ ကလေးမကို ကျနော်ဇနီးရဲ့ညရေးညတာအဖော်အဖြစ်ပဲထားမှာ သူ့အလုပ်ကျုပ်အကုန်လုပ်ပေးမှာပါ”

“အေးအေးငါ…ငါသွားပြီ”

ဒေါ်မြမှာ မြခင်ကိုမရဲတရဲလှည့်ကြည့်သည်။
ကလေးကိုကားမကြည့်ဝံ့။
ထို့ကြောင့်သူ့ခေါင်းပေါင်းလေးကိုအမြန်ကောက်ယူပြီး
အိမ်ပေါ်မှဆင်းပြေးသွားတော့သည်။

လက်သည်ဒေါ်မြနောက်မှ သာမာန်မျက်စိဖြင့်
မမြင်ရသောအရာတစ်ခုက လိုက်ပါသွားသည်ကိုတော့
ဘယ်သူမှမသိလိုက်ကြ။
…………

ယင်းကွေ့ရွာ။
ယင်းကွေ့ချောင်းကရွာကိုပတ်စီးနေသဖြင့်
ယင်းကွေ့ရွာဟုခေါ်ခဲ့ကြသလားပင်မသိကြပါ။
ရွာခံလူအများစုမှာ တံငါသည်များ အမဲလိုက်မုဆိုးများ
နှင့်လယ်သမားတို့ဖြစ်သည်။

ယင်းကွေ့ချောင်းမှာချောင်းဟုဆိုသော်လည်း
မြစ်လောက်နီးနီးကြီးပြီး ငါးအလွန်ပေါသည်။

တံငါအလုပ်လုပ်ပြီး စားရ သောက်ရ ကြသည်။
ယင်းကွေ့ရွာရဲ့ အရှေ့ဘက်တွင် ယင်းကွေ့ချောင်းကြီး
တည်ရှိပြီး ရွာအနောက်ဘက့်တွင်မူ
နတ်ရ ဲတော တည်ရှိသောကြောင့် မုဆိုးအလုပ်လုပ်သူများလဲ ချောင်လည်ကြသည်။

ယင်းကွေ့ချောင်းအနီးကလယ်ယာများလဲ
မြေကောင်းများဖြစ်သောကြောင့် သာယာနေပျော်ဖွယ်.
ရွာလေးတစ်ရွာဟုဆိုလျှင်မမှားချေ…။
…….
အခုတလော ဒေါ်မြတစ်ယောက်
နေရတာတမျိုးကြီး.ဖြစ်နေရသည်။
ဘယ်သွားသွားစိတ်မလုံ..။
သူ့နောက်ကနေတစ်ယောက်ယောက်ကလိုက်နေသလို
ခံစားနေရသည်။

ထိုသို့ဖြစ်နေသည်မှာ မနေ့ညက ရွာအစွန်တွင်နေထိုင်သောလင်မယားနှစ်ယောက်ကို ကလေးသွားမွေးပြီးက
တည်းကပင်ဖြစ်သည်။
ယခုတိုင်သူ့မျက်စိထဲပြေးမြင်နေမိသည်မှာ
ကလေးရဲ့လက်ပြင်ကအမှတ်ကြီးနှစ်ခုပင်။
ထိုအရာကိုမြင်ပြီးဘာ့ကြောင့်မှန်းမသိ
သူအလွန်ကြောက်လန့်နေမိသည်။

ဘုရားစာကိုတတ်သမျှရွတ်သော်လည်း ကြောက်စိတ်မှာ
ဖျောက်မရသောကြောင့်
“ငါတော့မဖြစ်တော့ဘူး တောကျောင်းဆရာတော်ဆီ
သွားမှပါ”
ကြံရာမရသည့်အဆုံး ယင်းကွေ့ရွာသားများကိုးကွယ်တဲ့
တောကျောင်းဘက်ထွက်ခဲ့တော့သည်။

ကျောင်းသည် ရွာအနောက်ဘက်တောတန်းအစပ်က
တောင်ကုန်းလေးပေါ်တွင်တည်ရှိပြီး
ထိုတောင်ကုန်းလေးရောက်ဖို့ ရွာနဲ့တောင်ကုန်းကြားက
လယ်ယာများ နှင့် လူတစ်ရပ်ခန့်ရှိသောကိုင်းကွင်းကို
ဖြတ်ရသေးသည်။

ဒေါ်မြမှာဘုရားစာကိုတတ်သမျှမှတ်သမျှရွတ်ရင်း
လယ်ကိုဖြတ်နေသည်။

“ဗျို့လက်သည်ကြီး ရေးကြီးသုတ်ပြာနဲ့ဘယ်သွားမလို့လဲ”

“တောကျောင်းသွားမလို့ပါ”

“ခင်ဗျားတူတွေကောမပါဘူးလား ဒေါ်မြ”

“မပါဘူးသူတို့သားအဖတွေ တောပစ်ထွက်သွားကြလို့”

“သြော်…သတိထားသွားအုံး ကိုင်းကွင်းကမြွေပေါတယ်”

“အေအေး…ငါသွားပြီ…”

လယ်ရေဖောက်ချနေသော ဦငွေအောင်မှာ ဒေါ်မြကို
မေးပြီး လုပ်လက်စအလုပ်ကိုပြန်လုပ်နေလိုက်သည်။
ခဏအကြာတွင် ကိုင်းကွင်းအစပ်ကဒေါ်မြကို
ပြန်လှမ်းကြည့်မိသည်။

“ဟာ…စောနကငါ့အနားဖြတ်သွားတာ ဒေါ်မြတစ်ယောက်ထဲပါ ခုဘယ်လိုဖြစ်လို့နှစ်ယောက်ဖြစ်နေပါလိမ့်”

တွေးရင်းဇဝေဇဝါဖြစ်သွားမိသည်။
သူ့အမြင်တွင်ဒေါ်မြရဲ့အနောက်ကနေ ကိုင်းကွင်းထဲ
လိုက်ဝင်သွားသော အရိပ်တစ်ခုကိုတွေ့ရခြင်းကြောင့်
ပင်ဖြစ်သည်။

“ငါအမြင်မှားတာနေမှာပါ နေကလဲထိုးနေတော့”
သူ့အလုပ်ကိုသာသူကုန်းလုပ်နေလိုက်တော့သည်။

…………

“တော့ကိုအောင်ဖေ ကလေးကအကျင့်ကောင်းလိုက်တာနော်ငိုလဲမငိုသေးဘူး ပြီးတော့အပေါ့အလေးလဲ
မသွားသေးဘူး”

“ဟုတ်တယ်နော်….မွေးကတည်းကလက်သည်ထုပ်ပိုး
ပေးတဲ့အတိုင်းပဲ ဒီနေ့သူ့ကိုရေချိုးပေးကြမလား”

“မချိုးပေးရသေးဘူးလို့ကြားဘူးတယ်တော့် ကလေးကိုရက်လည်မှမီးထွက်ရင်းရေချိုးရတာတဲ့”

“အေးအေးမင့်သဘောကွာ နေအုံးငါမင်းစားဖို့
သဖန်းရွက်လေးသွားခူးအုံးမယ်”

“သဖန်းရွက်ချည်းမကျွေးနဲ့အုံး တော့သားကနို့ဖြင့်မစို့သေးဘူး ကျုပ်မှာနို့ကြောတွေတင်းပြီး အနေခက်တယ်”

“အေးပါဟ နဲနဲပါ မယ်ဥရေဦ လေးအပြင်သွားရင်
ကလေးကိုရေကျက်အေးလေးမကြာခဏတိုက်ပေးဖို့မမေ့နဲ့နော် မင်းအစ်မအိပ်ရင်ဂရုစိုက်”

“ဟုတ်ကဲ့ပါ”

ပလိုင်းလေးလွယ်ပြီးထွက်သွားတဲ့ ဦ အောင်ဖေကျော
နောက်ကိုမယ်ဥကြည့်ပြီး မမြခင်ကိုကြည့်လိုက်တော့
အိပ်ပျော်နေလေပြီမို့ ကလေးကိုရေကျက်အေးတိုက်ရန်ပွေ့ချီလိုက်သည်။

ချစ်စရာလေး…..ဟုတွေးမိပြီး အသာဖွဖွနမ်းမိလေသည်။

ကလေးငယ်မှာ အိပ်နေရာက မျက်စိဖျက်ခနဲပွင့်လာသဖြင့် လန့်ပြီးပြန်ချထားလိုက်တော့သည်။

“ကလေးကခုမှမွေးတယ် ငါ့ကိုကြည့်နေလိုက်တာ သူမြင်ရတဲ့အတိုင်းပဲ…”

ခပ်တိုးတိုးပြောရင်း မမြခင်ရဲ့အဝတ်လျော်စရာများကို
ရေမြောင်းနားကအဝတ်လျော်တဲ့နေရာတွင်ထားရန်
အောက်ဆင်းခဲ့လေသည်။

ကလေးငယ်မှာသူ့နောက်ကျောကိုကြည့်ပြီး
တချက်ပြုံးလိုက်သည်ကိုသူမသိ။

…….
“မယ်ဥနင်အောက်မှာဘာလုပ်နေတာလဲ”

“အန်တီက ဟင်းရည်နွှေးခိုင်းလို့ “

“ဟင်……”

အောင်ဖေတစ်ယောက် ပလိုင်းက ိုကလေးမလက်ထဲ
ထည့်ခဲ့ပြီး အိမ်ပေါ်ပြေးတက်ခဲ့တယ်။

အိမ်ပေါ်ရောက်တော့ ဇနီးနှင့်သားကိုအမောတကော
ပြေးကြည့်မိသည်။
အိပ်ပျော်နေတာသေချာမှ သူ သက်ပြင်းချနိုငိတော့သည်။
……….
တစ်ရွာလုံး
လက်သည်ဒေါ်မြသတင်းက အုတ်အုတ်ကျက်ကျက်
ဖြစ်နေပေမဲ့
မီးနေသည်မမြခင်မှာ ဘာမှမသိ။

သူမကလေးမမွေးခင်နှစ်ရက်အလိုကတည်းက
ဗိုက်နာနေခဲ့သဖြင့် ခုမှအတိုးချနားနေသည်။

“ကိုအောင်ဖေ”

“ဟင်….”

ဒေါ်မြအကြောင်းတွေးနေရာက ဇနီးသည်ကခေါ်သဖြင့်
ငဲ့ကြည့်ရင်း ထူးလိုက်သည်။

“တော့သားက မွေးတာနှစ်ရက်ရှိနေပြီ
ကျုပ်ကြည့်လိုက်တိုင်းအမြဲအိပ်ပဲအိပ်နေတယ် နို့တွေတင်းလှပြီ”

“မိန်းမရယ် တခြားကလေးတွေလဲ မွေးပြီးသုံးလေးရက်မှာနို့မစို့ကြဘူးတဲ့ဟ….ငါရွာထဲ မေးခဲ့ပြီးပြီ.
တခြားခလေးတွေလဲ ခုလိုပဲတဲ့ ရေကျက်အေးတိုက်ရင်း
ပျားရည်အနည်းငယ်နဲ့ရောတိုက်ရင်း
ဒီလိုပဲလေးငါးရက်မှနို့စို့တာတဲ့”

“အဲ့ဆိုလဲပီးတာပါပဲတော် ဒီညနေဟင်းရည်လျော့စားမှဖြစ်မယ်မဟုတ်ရင် ညအိပ်မရပဲနေလိမ့်မယ်.”

“အေးအေးမင်းသဘော ငါအဝတ်တွေသွားလျော်လိုက်အုံးမယ်”
………..

“ဟင်…ကလေးမျက်နာကပေပွနေပါလား”

ညနေစောင်းလေးတွင် မယ်ဥမှာ
အဝတ်ခေါက်ရင်းကလေးကိုလှမ်းကြည့်မိသည်။
တောရွာငယ်လေးမို့ သူတို့ရွာကကလေးမွေးသူတိုင်း
မီးထိုင်ရသည့်အလေ့အထရှိသည်မို့
ကလေးမိခင်မှာ မီးဖိုနားတွင်အိပ်ရသည်။

ကလေးကိုမူ သူနဲ့လက်တစ်ကမ်းတွင်သိပ်သည်။
ဖိမိမည်စိုးသောကြောင့်ပင်။
ခုလည်းမယ်ဥကအမှတ်တမဲ့လှမ်းကြည့်မိတော့
ကလေးပါးစပ်တွင် ညိုညစ်ညစ်အရာများပေနေသည်ကိုတွေ့ရသဖြင့်..

“ဘာတွေလူးထားတာလဲဟ…သူ့အမေလဲနို့မတိုက်ရသေးပါဘူး….”

သူမနားမလည်သဖြင့် အဝတ်စကိုရေနွေးအနည်းငယ်
ဆွတ်ပြီး သန့်စင်ပေးလိုက်သည်။
“ဟင်လည်ပင်းနားမှာတွေရောပါလား”
ပေပွနေတာကပါးစပ်မှလည်ပင်းထိမြင်ရသည်မို့
အနှီးကိုဖြည်ချကာ အဝတ်ဖြင့်သုတ်ပေးလိုက်သည်။

ထို့နောက်တွင်
တစ်ကြိမ်မှအနှီးမလဲရသေးသဖြင့်
တလက်စတည်းလဲလိုက်မည်ဟုရည်ရွယ်ပြီး
အနှီးအသစ်ကိုဖြန့်ခင်းကာ ကလေးကိုပွေ့ချီလိုက်သည်။

ထိုသို့ချီလိုက်စဉ်
ကလေးငယ်ရဲ့လက်ပြင်ပခုံးနှစ်ဖက်တွင်
အမှတ်အသားလိုလို ဆေးမှင်လိုလိုအရာကြီးနှစ်ခုကို
တွေ့ရလေသည်။

“ဟင်…ကလေးကထူးဆန်းလိုက်တာ အမှတ်ကြီးလားမသိဘူးနှစ်ခုတောင်မှပဲ”

သူမလက်ဖြင့်အမှတ်ကိုတို့ထိမည်ပြင်လိုက်စဉ်…

ဖတ်…

“ဟင်…”

ကလေးငယ်ရဲ့လက်တစ်ဖက်သည် သူ့လက်ကို
ပုတ်ထုတ်လိုက်ရာ သူမလန့်သွားရသည်။

“မမြခင်… မမမြခင်ထပါအုံး…”

“ဟင်ဟင်…..မယ်ဥ…ဘာဖြစ့်တာလဲ..”

“ဟို….ဟို….ကလေး…ကလေး….”

ထိုအခါမှမြခင်ကကလေးကိုထကြည့်သည်။

“သြော်အနှီးမထုတ်တတ်လို့လား ပေးပေးမမခင်လုပ်လိုက်မယ်”

မယ်ဥမှာကလေးကိုအနှီးကနေမ,ပြီး မမြခင်လက်ထဲထည့်ပေးလိုက်သည်။
ခုတော့ကလေးသည် လက်ကိုစုပ်ပြီး မှိန်းနေသည်။

မယ်ဥမှာကြောက်လန့်နေမိသည်။
သူ့လက်ကိုပုတ်ထုတ်လိုက်တဲ့အားကို သူသိသည်။
ဘာမှန်းလဲသေချာမသိ ကြောက်သာတာသိသည်။
……

ညသည်တိတ်ဆိတ်နေသည်။
အသက်ဆယ့်ခြောက်အရွယ်အပျိုဖျန်းလေးမယ်ဥမှာ
နှစ်ခြိုက်စွာအိပ်ပျော်နေရာမှ
သူ့ခန္ဓာကိုယ် အောက်ပိုင်းကိုဖွဖွလေးပွတ်သပ်နေတဲ့
အထိအတွေ့ကြောင့် နိုးလာလေသည်။

“ဟင်…အင်..အင်..ဘာကြီးလဲ ဖယ်…”

အသံကလည်ချောင်းဝမှထွက်မလာခဲ့။
သူမအပေါ်မှလေးလံတဲ့အရာကြီးက ပိကျလာသည်။

“အား…ကယ်ကြပါအုံး..”

အသားကုန်အော်လိုက်ပေမဲ့အသံမှာထွက်မလာသဖြင့်
ဘေးကိုအားကိုးစရာရှာလိုက်ရာ..

မီးဖိုနဘေးတွင် အိပ်မောကျနေသော မမြခင်ကိုသာတွေရသဖြင့် အံကြိတ်ပြီးရုန်းနေမိသည်။
ရုန်းလို့လဲမရ။

ကြာတော့….
သူမရဲ့စိတ်တွေလဲ မောဟိုက်လဲပြိုလာပြီဖြစ်သည်။
စိတ်တွေက သိလိုက်မသိလိုက်ဖြင့် အရာရာသည်
မှောင်မိုက်နေလေပြီ..။

သူမကိုအပြင်ကတခြားတစ်ယောက်ယောက်သာ
မြင်ရမည်ဆိုရင် သူမရဲ့ တွန့်လိမ့်နေတဲ့ပုံစံကိုသာ
မြင်ကြရပေမည်။

“အင်း…ဟင်းဟင်းဟင်း….”

ညီးငြူ သံများသာ ပျံ့လွင့်လာခဲ့ပြီး
ညသည် ပြန်လည်တိတ်ဆိတ်သွားလေတော့သည်။
……

“ဘာကွ…ရွာဦ က
မုဆိုးကြီး စောလှသေသွားတာ လက်သည်ဒေါ်မြ
သေတာနဲ့တပုံစံထဲ….ဟုတ်လားဘပု”

“ဟုတ်တယ်…. ကိုအောင်ဖေ..မနေ့ညမှောင်စပျိုးနေချိန်မှာ မနက်စောစောအမဲပစ်ထွက်သွားတဲ့ စောလှဟာ
ပြန်ရောက်လာသတဲ့ အကောင်းအတိုင်းတော့မဟုတ်ဘူး
သေလောက်ဒဏ်ရာတွေနဲ့တဲ့”

“သူဒဏ်ရာရတာက ကျားသစ်တကောင်ကောင်
ဒါမှမဟုတ်…တခြားတောကောင်ကြောင့်လားမှမသိတာ
ဒေါ်မြလို….လို့ဘာကြောင့်ပြောနေကြတာလဲ”

“အေးဗျ…ဒေါ်မြဟာ တောစပ်က ကိုင်းကွင်းမှာ
ဗိုက်ပွင့်ပြီး သေနေတာ ပြီးတော့ ဒေါ်မြလိုပဲ စောလှရဲ့
လည်ပင်းမှာလဲ ကိုက်ရာကြီးရှိနေတာ “

အောင်ဖေတစ်ယောက် ရွာထဲဟင်းစားရှာဖို့အလာမှာ
သူငယ်ချင်းဖြစ်သူဘပုရဲ့စကားကြောင့်
ခေါင်းတွေ ပင်ကြီးသွားရသည်။

“လာကွာ…ဘပု..စောလှအိမ်သွားကြမယ်”

“စောလှကိုရိုးရိုးသေတာမဟုတ်ပဲ အစိမ်းသေဆိုတော့
မနေ့ညကပဲညတွင်းချင်းမြေချလိုက်ပြီလေကွာ”

“ဘာပဲဖြစ်ဖြစ်ကွာ…သူဟာအသက်မသေပြဲပန်ရောက်
လာတာဆိုတော့ တခုခုများပြောခဲ့မလားဆိုတာ သိရ
အောင်ခဏသွားကြည့်ကြရအောင်”

“အေး…သွားကွာ..ငါလိုက်ပို့မယ်”

ဘပုမှာ သေဆုံးသူစောလှနှင့်အတန်ရင်းနှီးသဖြင့်
လိုက်ပို့ခိုင်းခြင်းပင်ဖြစ်သည်။

သေဆုံးသူစောလှတို့အိမ်တွင် လူဆယ်ယောက်ကျော်မျှ
ရှိနေပြီး ငါးယောက်က ဖဲရိုက်နေသည် ။
ကျန်မိန်းမသုံးလေးယောက်က ချက်ပြုတ်နေကြပြီး
လူကြီးလေးငါးယောက်က အိမ်ရှေ့ဘုရားခန်းတွင်.
စကားဝိုင်းဖွဲ့ပြောဆိုနေကြသည်။

“ဗျို့ဦ လေးသောင်း….မတွေ့ရကြာပြီနော်
အိမ်သားတွေကောမာရဲ့မဟုတ်လားဗျ”

စောလှရဲ့ဖခင်မှာ ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး
တရားသဘောကိုသိနေတဲ့လူကြီးပင်။

“သြော်…အောင်ဖေတို့ပါလား…လာလာထိုင်ကြ”

ဘပုနှင့်အောင်ဖေက ဝိုင်းဖွဲ့နေတဲ့လူကြီးတွေကြား
ဝင်ထိုင်လိုက်ကြသည်။

“အဟမ်း….အားတော့နာတယ် ဦ ကံရှိရေမနေ့က
စောလှဘယ်လိုဘယ်ပုံပြန်လာတယ်ဆိုတာ
ဟော့ဒီအောင်ဖေက သိချင်လို့တဲ့”

စောလှရဲ့ဖခင်ကြီးဦ ကံရှိက ဆေးလိပ်တိုကိုမီးညှိရင်း

“အားနာစရာမလိုပါဘူးကွာ သိချင်ပြောပြရမှာပ..
သားဟာမနေ့မနက်အစောကြီးထပြီး သူဒီနေ့ သုံးပန်လှ
တောအုပ်ဘက်အမဲပစ်ထွက်မယ်လို့ငါ့ကိုနှိုးပြီးပြောတယ်”

“ဟင်..သုံးပန်လှတောအုပ်..ဟုတ်လားဦ ကံရှိ”

“အိမ်းလေကွာ…မာယာများတဲ့တောဆိုတာမင်းတို့လဲ
မုဆိုးတွေပဲ…သိကြမှာပေါ့”

“သိပါတယ်ဦ လေးကံရှိ လွန်ခဲ့တဲ့တလကျော်က ကျုပ်အဲ့
တောဘက်အမဲပစ်ထွက်သေးတယ် တောမှောက်တာနဲ့
ကြုံခဲ့ရပြီး သားကောင်လဲမရခဲ့လို့ ထပ်မသွားတော့တာ”

သုံးပန်လှတောအုပ်မှာ နတ်ရ ဲတောရဲ့တောနက်တနေရာ
ဖြစ်ပြီး တော်ရုံလူမသွားဝံ့။

“အေး…ငါ့သားစောလှဟာ သတ္တိကောင်းသလောက်
ခေါင်းအလွန်မာလို့ ငါတားနေတာကိုဂရုမစိုက်ပဲ
သုံးပန်လှတောကိုအမဲပစ်ထွက်သွားခဲ့တယ်ညနေစောင်း
လဲသူပြန်မလာဘူး မိုးမှောင်စကျတော့ ငါလဲနေမရတာနဲ့
တောစပ်ထိ လူသုံးလေးယောက်ကိုခေါ်ပြီး
လိုက်သွားတော့ ဒဏ်ရာဗလပွနဲ့ သေအံ့မူးမူးဖြစ်နေတဲ့
ငါ့သားစောလှကိုတွေ့ရလို့ အိမ်ပြန်သယ်လာကြတယ်
အိမ်ရောက်တော့ ဆေးဆရာခေါ်သေးတယ် အသက်
မမှီလိုက်တော့ဘူး ငါ့လက်ပေါ်အသက်ထွက်သွားတာပဲ”

“သူမသေခင် ဘာမှပြောမသွားနိုင်ခဲ့ဘူးလားဦ ကံရှိ”

“သူငါ့အနားကပ်ပြီးနောက်ဆုံးစကားတစ်ခွန်းတော့
ပြောသွားခဲ့တယ် ငါလဲနားမလည်ဘူး”

အောင်ဖေနှင့် ဘပ ုမှာစိတ်ဝင်စားသွားသည်။

“သူကဘာပြောခဲ့လဲ ဦ လေးကံရှိ”

“သူနောက်ဆုံးပြောခဲ့တဲ့စကားကတော့
ခေါင်းသုံးလုံးမိစ္ဆာကြီး….တဲ့ အဲ့တခွန်းထဲပဲ”

“ခုလိုပြောပြတာကျေးဇူးပါဦ လေးကံရှိ..ကျုပ်ကအိမ်မှာ
မွေးဖွားတာရက်ပိုင်းပဲရှိသေးတဲ့ ဇနီးသည်ရှိသေးလို့
ပြန်ခွင့်ပြုပါအုံး”

“အေးအေး….မင်းမိန်းမကိုဒီအကြောင်းတွေမသိစေနဲ့”
“ဟုတ်ကဲ့ပါ ကိုင်းကျုပ်သွားပြီဗျို့”

အောင်ဖေမှာအိမ်ကိုပြေးလေပြီ.။
သူ့စိတ်တွေက ပြေးနေတဲ့ခန္ဓာကိုယ်နှင့်အပြိုင်
မရပ်မနား။

“သုံးပန်လှတောအုပ်.နဲ့..ခေါင်းသုံးလုံး မိစ္ဆာ ဟာ
ဆက်စပ်မှု့ရှိရမယ် သေချာတယ် ဘုရားဘုရား
ငါထင်တာမဖြစ်ပါစေနဲ့”

ရွာအစွန်တွင်ရှိသောသူ့အိမ်ဘက်ပြေးနေရင်း
စိတ်က လွန်ခဲ့တဲ့တစ်လကျော်လောက်က သူတောပစ်ထွက်စဉ်တွေ့ကြုံခဲ့ရတာကိုပြန်အမှတ်ရလိုက်သည်။
….
ဝေါက်….ဝေါက်…..

သုံးပန်လှတောစပ်ကိုသူစတင်ချေလိုက်မိသည်နှင့်
ချေ (ဂျီ) ဟောက်သံများကို ကြားလိုက်ရတော့
ဝမ်းသာသွားရသည်။

အမဲစောစောရလျင် စောစောပြန်ရမည်မဟုတ်လား။
အိမ်တွင် ကိုယ်ဝန်အရင့်အမာနဲ့ဇနီးကမျော်နေမည်လေ။

အတွေးစကိုဖြတ်ပြီး
ညို့နေတဲ့တောအုပ်ထဲအသာတိုးဝင်ခဲသည်။
လက်ထဲတွင် ဒူးလေးကအဆင်သင့် ပြင်လျက်။

သိပ်မတိုးလိုက်ရ အရွက်နုလေးများကို စားနေကြသည့်
ဂျီအုပ်ကိုတွေ့ရသဖြင့် သူလိုချင်တဲ့အကောင်ကို
ရွေးကာ မြေပေါ်ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး
သေချာချိန်ရွယ်ကာ ပစ်လိုက်တော့သည်။

ဝှစ်…..ဒုတ်…..
ဟစ်……
ဂျီငယ်မှာ ခွေခေါက်လဲကျရင်း အော်ဟစ်လေရာ ကျန်အ
ကောင်များမှာ ချုံတွင်းပြေးဝင်ကြလေတော့သည်။
အောင်ဖေသည် လဲကျနေသောသားကောင်ကိုဖမ်းယူရန်
ပြေးလာခဲ့စဉ်..

ဖျောင်း…
သစ်ပင်တစ်ပင်သည် ဒဏ်ရာရနေသောသားကောင်ပေါ်လဲကျလာသည်ဟု သူထင်လိုက်မိသည်။
သူထင်မြင်သလိုမဟုတ်ခဲ့ပါ။
ရိပ်ခနဲဝဲကျလာသော အရာကြီးမှာ သူ့သားကောင်ကိုဆွဲပြေးချေပြီ။

မုဆိုးအရင့်အမာမို့ဒါမျိုးတော့သူအဖြစ်မခံ။

ဒါ….

မုဆိုးစည်းကိုချိုးဖောက်တာ။

သားကောင်လုတဲ့အရိပ်ကြီး
နောက် သူပြေးလိုက်တော့သည်။

သားကောင်ဆီမှသွေးစက်များက လမ်းပြနေသဖြင့်
မျက်ခြေမပြတ်ခဲ့ပါ သိပ်မကြာခင်မှာပဲ.
သုံးပန်လှတောရဲ့တနေရာတွင် သားကောင်ကိုချပြီး
ငုံ့ကြည့်နေတဲ့ အကောငိကြီးကိုသူ့ကိုကျောပေးအနေအထားနှင့်တွေ့ရလေပြီမို့ ခါးကြားတွင်လိပ်ထားသော
အနီရောင်ကြိုးစလေးကို မျှားတံအမြီးတွင်သည်းနှောင်လိုက်သည် ။

ထိုကြိုးစလေးမှာ ဘယ်ပယောဂအဖျက်
အမှောင့်ကိုမဆို ပျက်စီးစေသည့်အဆောင်လက်ဖွဲ့ပင်။

သူအကျအနထိုင်ကာ ခပ်လှမ်းလှမ်းက ကိုင်းညွတ်နေတဲ့
ကျောပြောင်ပြောင်ကြီးကို ပစ်ထည့်လိုက်တော့သည်။

“အောင်း.,……..”

အော်သံဟုထည်ရသောအသံကြီးတစ်သံမြည်ဟီးလာပြီး
နောက်တွင် ကျောပေးနေသောအရာကြီးမှာ
သူ့ဘက်လှည့်ကြည့်လိုက်ပြီး…

ဝုန်း…..

သူ့ကိုစိမ်းစိမ်းကြီးကြည့်ပြီးတအိအိပြိုလဲကျလေသည်။
သူ့ဘက်လှည့်လာတဲ့ဘီလူးမျက်နာကြီးကြောင့်
သွေးပျက်သွားရသဖြင့် ထိုနေရာတွင်မေ့လဲသွားတော့သည်။
ထိုနေ့ကနေ့ဝက်ကျော်လောက်မှသူပြန်သတိရလာသည်။
သတိရလာတော့ သူပစ်ခဲ့သောသားကောင်လေးလဲမရှိတော့သလို…. သရဲသဘက်ဟုထင်ရသောအရာကြီးလည်းမတွေ့ရတော့ပေ။

သွေးစလေးပင်မကျန်သဖြင့်
သူကိုတောကလှည့်စားသည်ဟုသတ်မှတ်ကာ
ပြန်ခဲ့တော့သည်။

“အင်းအဲ့ဒီတုန်းကငါ့ကိုတောကလှည့်စားခဲ့တာလား”
……..
သူအိမ်ပြန်ရောက်တော့ အိမ်ရဲ့အောက်ဆုံးလှေကား
ထစ်တွင်ထိုင်နေသော မယ်ဥကိုတွေ့ရလေသည်။
“မယ်ဥ နင့်အမအိပ်နေလား”

“ဟုတ်ကဲ့….ကျမပြောစရာရှိလို့ ဦ အောင်ဖေပြန်အလာကိုစောင့်နေတာ”

“ဘာပြောမလို့လဲပြောလေ”

မယ်ဥကအိမ်ပေါ်ခိုးကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်..

“မယ်ဥအိမ်ပြန်ချင်တယ်..ဒီမှာစောင့်မအိပ်ပေးနိုင်တော့ဘူး”

“ဟင်…နင့်ကိုနင့်အမကဘာပြောလို့လဲ ဆုလို့လား”

“မဟုတ်ဘူး..မယ်ဥဒီမှာနေရတာ တမျိုးကြီးပဲ”

အောင်ဖေမယ်ဥကိုသေချာကြည့်သည်.။
မယ်ဥမျက်တွင်းတွေချောင်နေပြီး နှခမ်းကဖြူ ရော်နေသည်။

“အင်းလေ…နင်အိပ်မစောင့်ရင်ငါပဲစောင့်ရမှာပေါ့
နောက်နေ့မှနင့်အမေကို အိမ်လွှတ်လိုက်နော်.”

“ဟုတ်ကဲ့ပါ ခုမယ်ဥပြန်လို့ရပြီဆိုပြန်တော့မယ်”

“အေးအေး…..အိမ်ကိုတန်းပြန်နော်”

“ဟုတ်ကဲ့ပါ”

မယ်ဥကား အိမ်အောက်မှာအသင့်ပြင်ထားဟန်တူတဲ့
သူ့ပစ္စည်းများကို ယူကာ အပြေးတစ်ပိုင်းဖြင့်ထွက်သွားတော့သည်။
အောင်ဖေအိမ်ပေါ်အသာတက်သည်။
သူ့ဇနီးမှာ ထိုင်ပြီးကလေးငယ်ကိုငုံ့ကြည့်နေသည်ကိုတွေ့ရသဖြင့်..

“ကလေးကအိပ်နေတာလားမိန်းမ”

“ဟုတ်တယ်တော့…အရမ်းအိပ်တယ်သားလေးက
ဒါနဲ့မယ်ဥကော”

“မယ်ဥသူ့အမေနေကောင်းလို့ခဏပြန်သွားတယ်
နင့်ကိုငါညစောင့်အိပ်မယ်မပူနဲ့”

ပြောပြီး
သူသားကိုတချက်ငုံ့ကြည့်သည်။

သုံးရက်သားသာရှိသေးသောကလေးငယ်လေးမှာ
အပြသ်ကင်းစွာအိပ်ပျော်နေပေသည်။

“ငါ့စိတ်ကထင်နေတာနေမှာပါ သားကအပြစ်ကင်းတယ်”
……
“အား…..ဟင်း..ဟင်း…ဟင်း”

မယ်ဥရဲ့ ခန္ဓာကိုယ် လေးသည် လူးလွန့်လာရပြီး
ညီးသံလေးများထွက်လာသည်။
အကောင်အထည်မမြင်ရသောအရာကြီးက
မယ်ဥရဲ့ခါးဝတ်ကိုဖြည်ချနေရာ မယ်ဥမှာအိပ်ယာပေါ်
လူးလွန့်ရင်း…အဝတ်မဲ့နေရလေပြီ။

သူမရဲ့အသိသည် အေးလိုက်ပူလိုက်ဖြင့်ခံစားရပြီး
အတွေ့ထူးနှင့်အတူ လူမှာ နာကျင်ခြင်း သာယာခြင်းတို့
နှင့်အတူ မျောလွင့်လျက်..
အချိန်တစ်ခုကုန်ဆုံးသွားရပြီးနောက်
သန်းခေါင်ယံကိုလွန်မြောက်သွားချိန်တွင်
အိပ်ပျော်နေတဲ့မယ်ဥမှာ
သူ့မျက်နာကိုလေတိုးနေသည်ဟု ခံစားရသဖြင့်
မျက်စိဖွင့်ကြည့်လိုက်ရာ……

“အောင်မလေးတော့….”

ပက်လက်အိပ်နေရာမှ ထထိုင်မိလေသည်။
သူ့မျက်နာနှင့်တစ်တောင်ခန့်အကွာတွင်တော့
ဖွေးဆွတ်နေတဲ့မျက်နာကြီးတစ်ခု…
မယ်ဥကခြောက်ကပ်နေတဲ့လည်ချောင်းကိုညှစ်ကာ
မေးလိုက်သည်။

“နင်..ဘယ်…သူ….လဲ”

“ဟေး…ဟေးဟေးဟေး”

ပြာနှမ်းနေသောမျက်နာကြီးမှာရယ်လိုက်ဟန်တူသည်။
အစွယ်ကြီးကအဖွေးသား။
မယ်ဥထိတ်လန့်သွားရသည်။
ထိုအရာကြီးကသူမမျက်နာနဲ့နီးသထက်နီးအောင်တိုးကပ်လာပြီး တုန်ရီအက်ကွဲနေသောအသံကြီးဖြင့်..

“နင်ကငါ့ရဲ့ဒီညစာပဲ…ဒီညစာပဲ”

ကြီးမားတဲ့ပါးစပ်ကြီးကိုဟလျက် မျက်နာနားကပ်အော်
်သဖြင့်မယ်ဥမှာ သွေးပျက်သွားပြီး
ထပြေးမည်ပြင်ရာ ခါးအောက်မှာအဝတ်မဲ့နေပြီး
အလွန်နာကျင်သော ခံစားချက်တစ်ရပ်ကြောင့်
ယိမ်းယိုင်သွားစဉ် မြင်နေရတဲ့အကောင်ကြီးသည်
သူ့မလည်ပင်းကိုထကိုက်လေတော့သည်။
မယ်ဥမှာအသံပင်မထွက်နိုင်လိုက်ပါ။

……..
“အောင်ဖေ..အောင်ဖေ”

“လာပြီလာပြီ..”

အောင်ဖေမှာမနက်အစောကြီး အော်ခေါ်သံကြောင့်
အိပ်မှုန်စုန်မွှားဖြင့် ထကြည့်လေရာ…
လူလေးငါးယောက်ကလက်ယပ်ခေါ်သဖြင့်
အောက်ဆင်းခဲ့သည်။

“ဘာကိစ္စ တုံးဗျအစောကြီး”

ဘပုကသူ့အနားတိုးကပ်လာပြီး

“ဟေ့ကောင်အောင်ဖေ ငါတို့နဲ့ခဏလိုက်ခဲ့အုံး”

အောင်ဖေအိမ်ဘက်လှည့်ကြည့်သည်။
“ကြာမှာလားဘပု ဘာအရေးကြီးတဲ့ကိစ္စမို့လဲ”

ဘပုကဘေးဘီတချက်ဝေ့ကြည့်ရင်း…

“ညကမယ်ဥလေးအသတ်ခံလိုက်ရတယ် သေပုံသေနည်းကတော့ ဒေါ်မယ်မြနဲ့စောလှတို့နဲ့တစ်ပုံစံတည်းပဲ
ကြာတာကေတာ့…
ဟာကွာငါပြောမထွက်ဘူး
လူကြီးတွေစောင့်နေကြတယ် မင်းသာလိုက်ကြည့်”

အောင်ဖေ တုန်လှုပ်သွားရသည်။
“အေးအေးရှေ့ကသွားကြ”

လူအားလုံးသည် အမြန်ထွက်သွားကြလေသည်။
မယ်ဥကိုညကသေသည့်အတိုင်း ပင်ထားထားသည်။
ခါးကိုတော့ အဝတ်စဖြင့်ဖုံးလွှမ်းထားသည်။

“အနေအထားကတော့ မတရားကျင့်ခံလိုက်ရပြီး
သတ်ခံရပုံပဲ မင်းဘယ်လိုထင်လဲဖေအောင် ကလေးမဟာမင်းအိမ်ကနေ မနေ့ကမှပြန်လာလို့လေ”

“ကျုပ်လဲမတွေးတတ်ဘူးဗျ “

“သူကိုမီးနေသည်စောင့်တာခုနှစ်ရက်ခေါ်တာမဟုတ်လား ဘာလို့အိမ်ကိုသုံးရက်လောက်မှာပြန်လာတာလဲ.
သူမင်းကိုဘယ်လိုပြောပြီးပြန်လာသလဲ”

မယ်ဥ ရဲ့ဖခင်မှာ အောင်ဖေကိုစေ့သေ့ကြည့်ရင်း
မေးနေသည်။

“သူပြောတာက သူကျုပ်အိမ်မှာနေရတာမပျော်လို့တဲ့
ပြန်ချင်တယ်ပြောလို့ ပြန်ခိုင်းခဲ့တာပါ”

အလောင်းကိုစစ်ကြည့်နေတဲ့သူကြီးက..
“ဒါမျိုးကျုပ်တစ်သက်မကြုံဖူးဘူး မတရားပြုကျင့်တယ်
ဂုတ်ကိုသွေးစုပ်တယ် ဗိုက်ဖောက်ခံထားရတယ်”

“ဒါကအစွယ်ရာပဲဗျ”

အောင်ဖေက လည်ဂုတ်ကဒဏ်ရာကိုကြည့်ပြီးပြောလိုက်ရာ လူအများဝိုင်းအုံလာကြသည်။

“ဒါလူလဲမဟုတ်လောက်ဘူး မကောင်းဆိုးရွားရွာကိုဝင်
နေပြီထင်တယ် ခင်ဗျားတို့စဉ်းစားကြည့်ကြပါ
ပထမလက်သည်ဒ်ါမြခုလိုပုံအတိုင်းသေတယ် ဒုတိယ
မုဆိုးစောလှသေတယ် တတိယခုမယ်ဥ
အားလုံးတပုံစံတည်းသေကြတယ် အဓိကပြသနာဟာ
အောင်ဖေအိမ်မှာဖြစ်ရမယ်”

အောင်ဖေမှာ ဘာမှမတုန့်ပြန်နိုင် ခေါင်းတွေထူပူနေပြီဖြစ်သည်။
“ဟေ့ကောင်အောင်ဖေ…မင်းတို့အိမ်ကကလေးမွေးထားတာသုံးလေးရက်ရှိပြီ ခုထိကလေးငိုသံမကြားဖူးဘူး
မင်းကလေးဟာထူးဆန်းတယ်လို့မထင်ဘူးလား”

သူဘာမှမပြော။

“ဟုတ်တယ်အောင်ဖေ…ခုသုံးရက်အတွင်းလူသုံးယောက်အစားခံနေရပြီ..မင်းမှာရွာသားတွေမသိအောင်ဖုံးကွယ်ထားတာရှိရင်အခုပြောပါ မဟုတ်ရင်မင်းမိန်းမပါစိုးရိမ်ရတယ်”

ထ်ုအခါမှအောင်ဖေအသိဝင်လာသည်။

“ဟင်…မြခင်..သူသူ…..”

ဟုပြောပြီးမယ်ဥရဲ့အဖေအနီးမှပြေးထွက်လာခဲ့သည်။
သူ့နောက်တွင်ကာလသားတစ်သိုက်ကပြေးလိုက်လာကြသည်။
မယ်ဥတို့အိမ်တွင်သူ့မိဘများရယ် ရွာသားအချို့ရယ်သာကျန်ခဲ့လေသည်။
…….
အမောတကောပြေးလာကြတဲ့အောင်ဖေနှင့်ရွာသားများသည် အောင်ဖေရဲ့အိမ်ရှေ့ရောက်သည်နှင့်
ပြေးနေသောခြေလှမ်းများရပ်တန့်သွားကြပြီး
နားမလည်ခြင်း ကြောက်လန့်ခြင်းတွေနှင့်အတူ
အိမ်ရဲ့အပေါ်ဆုံးလှေကားထစ်ကိုမော့ကြည့်နေမိကြသည်။

အိမ်ပေါ်လှေကားတွင် မားမားမတ်မတ်ရပ်နေသော
အရာကြီးတစ်ခုရှိနေသည်။

သူ့ညာဘက်လက်ထဲတွင် အောင်ဖေရဲ့ဇနီးမြခင်မှာ
မေ့မြောနေသည်လား သေဆုံးလေပြီလားမသိရ။

“ဟာ…မြခင်..မြခင်…”

အောင်ဖေမှာသတိလက်လွတ်လှေကားပေါ်ပြေးတက်မည်ပြင်နေသဖြင့် ကျန်ရွာသားများကဆွဲထားကြသည်။

“ဟေ့ကောင်အောင်ဖေစိတ်ထိန်းစမ်း…အပေါ်ကဟာ
ဘာကြီးလဲမသိဘူး မင်းတို့အားလုံးသေလိမ့်မယ်”

“ဟားဟားဟား…သေချင်ရင်တက်လာကြစမ်း”

“အားလုံးကိုစားပစ်မယ် လာကြ…”

“ဟင်းဟင်းဟင်း..တောထဲနေတုန်းကသားရဲ တိရိစ္ဆာန်
တွေရဲ့လည်ချောင်းသွေးသာသောက်ရတာ
ခုတော့လူသွေးသောက်ရတာ ပိုကြိုက်သွားပြီ မင်းတို့အားလုံးပြေးရင်တောင်မလွတ်တော့ဘူး ဟင်းဟင်း”

“ဟာ..”

“ဟင်…”

“အလို..”

ရွာသားများအံ့သြထိတ်လန့်သွားကြသည်။
လှေကားထိတ်မှမိစ္ဆာကြီးရဲ့အသံသည် အမျိုးမျိုး
ပြောင်းသွားနေသောကြောင့်ပင်ဖြစ်သည်။

ပထမဆုံးပြောလာတဲ့အသံက အသံကြီးဟိန်းနေသည့်
အသက်ကြီးသံ
ဒုတိယသံမှာ သန်မာပြတ်သားသော
လူရွယ်တစ်ယောက်အသံဖြစ်ပြီး..
နောက်ဆုံးအသံမှာ မိန်းမပျိုအသံဖြစ်နေသည်။

“ဟာ….ဘယ်လိုမိစ္ဆာကြီးလဲမသိဘူး ကြောက်စရာကြီ”း

“ပြေးကြမယ်ဟေ့”

“ပြေးကြဟေး”

“အားလုံးရပ်ကြစမ်း…ပြေးရင်ပိုဆိုးကုန်မယ်”

အလဲလဲအကွဲကွဲပြေးကြတော့မဲ့လူအုပ်ကြီးကို
တားမြစ်သံတစ်သံပေါ်ထွက်လာသောကြောင့်
အားကိုးတကြီးလှည့်ကြည့်လိုက်ကြတော့ ရွာအလယ်
ပိုင်းက ဆေးဆရာဦ သက္ကကိုတွေ့ကြရသဖြင့်
ထိုဆေးဆရာအနားပြေးသွားကြသည်။

“ဆေးဆရာကြီး…ကျုပ်ဇနီးကိုကယ်ပါအုံး သားလေးလဲသေပြီလားမသိဘူး”

“ခုလှေကားထိပ်ကမိစ္ဆာဟာ မင့်သားပဲအောင်ဖေ”

“ဗျာ”

“ဟာ.”

“ဟင်”

“ဆေးဆရာကြီးဘယ်လိုပြောလိုက်တယ်”

“ဟုတ်တယ်အောင်ဖေ မင်းတို့ဘယ်လိုတွေ့ကြုံလာကြသလဲတော့ငါမသိပေမဲ့ ငါ့အာရုံမှာခံစားနေရတာကတော့
အဲ့ဒါ သုံးပန်လှတောအုပ်မှာကြီးစိုးနေတဲ့
ခေါင်းသုံးလုံးမိစ္ဆာပဲ မင်းတို့ရဲ့သားပဲ”

“ဗျာ….ကျုပ်သား….ဟာ…မြခင်ကိုကယ်ပါအုံးဆရာကြီးရယ် ကျုပ်ရှိခိုးပါတယ်”
“အိမ်း….ငါအစွမ်းကုန်တော့ကယ်မယ် အားလုံးဒီစည်းထဲကမထွက်ကြနဲ့”

ဦ သက္ကသည်လူအုပ်ကိုစည်းတားလိုက်သည်။
လှေကားထိပ်မှမိစ္ဆာကြီးမှာ ရပ်းရင်းကြည့်နေသည်။
ခန္ဓာကိုယ် သည် သာမာန်ယောက်ျားနှစ်ကိုယ်စာရှိပြီး
ဆံပင်မှာကျောလယ်ထိရှည်နေပြီး မျက်နာကြီးမှာ
ကြောက်စရာကောင်းလှသည် ။

လက်တစ်ဖက်တွင်မြခင်ကိုဂုတ်ကနေမ,ကိုင်ထားသည်။
စည်းတားပြီးသော ဦ သက္က က,

“ဟိတ်အိမ်ပေါ်က ခေါင်းသုံးမိစ္ဆာ နာခံစေ
ငါက ဆေးတော်အဆင့်ခုနှစ်ဆင့်ရှိတဲ့ ဆေးတော်ပိုင်ပဲ
ခုငါ့ရှေ့ဒူးတုပ်စမ်း”

“ဟားဟားဟား..ဟီးဟီး ဟီ…ဟင်းဟင်းဟင်း”

မိစ္ဆာ ကြီးမှာအရုပ်ဆိုးစွာအသံအမျိုးမျိုးဖြင့်ရယ်မောလိုက်
ပြီးနောက် လက်ထဲကမြခင်ကို ညာလက်နှင့်
ဂုတ်ချိုးလိုက်ရာ…
ဂျွတ်….

“ဟာ……မြခင်ကိုမိစ္ဆာကြီးကဂုတ်ချိုးလိုက်ပြီဟေ့”

အလန့်တကြားအော်သံမှမပြီးသေးခင်မှာပင်..
ဘယ်လက်ကလက်သဲရှည်ကြီးဖြင့် ဝမ်းဗိုက်နေရာကို
ထိုးနိုက်လိုက်ရာ အူများအခွေလိုက်ပါလာသည့်နောက်
ပါးစပ်တွင်းထိုးထည့်လေသည်။

“ဟာ…..မြခင်ကိုသတ်ပြီးအူတွေနိုက်စားတယ်ဟေ့
ပြေးကြဟေ့ပြေးကြ”

လူအများမှာအဝေးကိုပြေးကြရာ အောင်ဖေမှာမိစ္ဆာကြီးဆီပြေးဝင်သွားသည်။
ရဲရင့်သောမေတ္တာပေတကား။
အနားရောက်လာသောအောင်ဖေကို လက်ထဲကမြခင်ရဲ့
အလောင်းကိုပသ်ချပြီး လစ်ဟာသွားသည့်ညာလက်ဖြင့်
လည်ပင်းကိုညှစ်လေသည်။

“အစ်အစ်အစ်….”

လေထဲတွင်အောငိဖေမှာမျက်ဖြူ ဆိုက်နေစဉ်..
ခေါင်းသုံးလုံးမိစ္ဆာကြီးမှာ အောင်ဖေကိုဆွဲမြှောက်ထားလျက်မှလှေကားထိပ်မှဝဲပျံချလာသည်။
ထို့နောက် ဦ သက္ကရဲ့ရင်ဝကိုလေထဲကနေဆောင့်ကန်
လိုက်ရာ ပက်လက်လန်လဲကျလေတော့သည်။

ခြေတစ်ဖက်ဖြင့်ဦ သက္က ကိုနင်းထားပြီး
လေထဲကအောင်ဖေရဲ့ဝမ်းဗိုက်ကို ဖောက်ရန်လက်ရွယ်လိုက်သည်။

“ဆရာသခင် ဘဘုန်းကယ်တော်မူပါ တပြည့်တော်ဒီမိစ္ဆာကို မနိုင်တော့ပါဘူး ဘုရား”

ဦ သက္က ကစိတ်ကညွတ်ပြီးဆုတောင်းလိုက်ရာ
ခေါင်းသုံးလုံးမိစ္ဆာအနီးသို့ လူနှစ်ယောက်ပေါ်လာလေတော့သည်။

တစ်ယောက်က ဘုန်းကြီးတစ်ပါးဖြစ်ပြီး
ကျန်တစ်ယောက်မှာမူ အဝါရောင်တောက်တောက်ကိုဝတ်ဆင်ထားတဲ့လူငယ်လေးတစ်ယောက်ပင်ဖြစ်သည်။

ဘုန်းကြီးကလက်ထဲကတောင်ဝှေးဖြင့်ရွယ်ရင်း

“ရပ်လိုက်တော့ မိစ္ဆာ ဆိုး ”
ပါးစပ်မှပြောလိုက်ရာ…
ဘုန်း….
ဝှီး…..
လက်ထဲကအောင်ဖေကိုလွတ်ချပြီး သူတို့ကိုရိုက်ချလာသဖြင့် အဝါရောင်လူရွယ်က လက်သီးဖြင့်ပင်ထိုးခံလိုက်သည်။

“နတ်စက်ရောင်ရဲ့
မိစ္ဆာရန်ပယ် အစွမ်းလေးမြည်းကြည့်လိုက်စမ်း”

သူ့လက်သီးမှ အဝါရောင်အလင်းများထွက်လာပြီး
လက်သီးမှာ အရိပ်များစွာခွဲထွက်သွားကြကာ…
အုန်း…..
မိစ္ဆာကြီးရဲ့ ငယ်ထိပ် လည်မြို နှင့်
လက်ပြင်နှစ်ဖက်မှ ဘီလူးရုပ်နှင့်တူသောအမှတ်အသား
များကိုထိမိလေရာ…

“အား…”
“အု…”
“အီး…..”
အော်သံအသီးသီးထွက်ပေါ်လာပြီး
မြေပေါ်ဒူးညွတ်ကျသွားလေတော့သည်။
ထိုအခါမှလူများဝိုင်းလာကြပြန်သည်။

“အား….ကျွတ်ကျွတ်…မြခင်”

အောင်ဖေမှာလဲနေရာမှသတိဝင်လာပြီး လှေကားအောက်ကမြခင်အလောင်းဆီသွားကာ ငိုကြွေးနေတော့သည်။
ဘုန်းကြီးက..
“အင်း…သားရဲတိရိစ္ဆာန်ကိုသာမက,ပဲ လူ့ရပ်ရွာထိ
လိုက်ဒုက္ခပေးတဲ့ မိစ္ဆာ ပါလား”

“အရှင်ဘုရားကဘယ်ကလဲဘုရာ့ ပြီးတော့ ဒီမိစ္ဆာကြီးက
ဘာလို့ဒီရွာရောက်လာတာလဲဘုရာ့”

ဘဘုန်းကနတ်စက်ရောင်ကိုလှမ်းကြည့်သည်။
“လူလေးနတ်စက်ရောင်ကပဲရှင်းပြပြီးဒီမိစ္ဆာကိုထိန်းသိမ်းခဲ့လိုက်တော့ ဘဘုန်းကြွနှင့်တော့မယ်”

“စိတ်ချပါဘဘုန်း”

ဘုန်းကြီးသည် ထိုနေရာမှပျောက်ကွယ်သွားတော့သည်။

နတ်စက်ရောင်က သူ့ကိုကြောင်အမ်းပြီးကြည့်နေ
ကြသောလူအုပ်ကြီးဘက်လှည့်ပြီး…

“ဒီမိစ္ဆာက သုံးပန်လှတောအုပ်က ခေါင်းသုံးလုံးမိစ္ဆာပဲ
သူ့မှာခေါင်းသုံးလုံးမရှိဘူး စိတ်သုံးခုကိုပိုင်ဆိုင်ထားတဲ့.
အလွန်ကြောက်စရာကောင်းတဲ့မိစ္ဆာမျိုးပါ….
ပထမသူ့စိတ်ဟာ လည်ချောင်းသွေးသောက်မိစ္ဆာဖြစ်ပြီး
ဒုတိယစိတ်ကတော့ ကာမမိစ္ဆာဖြစ်တယ်
တတိယစိတ်ကတော့ မိစ္ဆာမ,တစ်ယောက်ရဲ့စိတ်ပဲ
အူဖောက်မိစ္ဆာလို့ခေါ်ရမလိုပဲ ဘယ်သတ္တဝါမျိုးမဆို
အူကိုသာဖောက်စားတယ်”

“ဟာ ဒါဆို မယ်ဥကို ကာမဘီလူးက ကာမပြုကျင့်ပြီး
ကျန်ဘီလူးနှစ်ကောင်က သတ်စားကြတာပေါ့
ဘုရားဘုရား ကြောက်ဖို့ကောင်းလိုက်တာ”

လူအုပ်ကြီးမှာ ထိုသို့ပြောပြီးနောက်ဆုပ်သွားကြသဖြင့်သူပြုံးလိုက်သည်။

“ခုသူ့ကိုခေါ်သွားတော့မယ် ရွှေနတ်တောင်မှာစောင့်တဲ့
လက်ရှည်ဘီလူးဟာ သက်တမ်းစေ့တော့မှာမို့
ဒီဆိုးသွမ်းလွန်းတဲ့ ခေါင်းသုံးလုံးမိစ္ဆာကို စောင့်ခိုင်းဖို့
နောင်ကိုသူခုလိုဒုက္ခပေးနိုင်မှာမဟုတ်တော့လို့ စိတ်အေး
ချမ်းသာစွာနေခဲ့ကြပေတော့
နောင်ကို သူတပါးအသက်သတ်ခြင်းကို အတတ်နိုင်ဆုံး
ရှောင်ကျဉ်ကြပေတော့”

ပြောပြီးသည်နှင့် ခေါင်းငိုက်စိုက်ကြီးကျနေသော
မိစ္ဆာ ကြီးသည်နတ်စက်ရောင်နှင့်အတူ
ပျောက်သွားလေတော့သည်။
ထိုအခါမှသက်ပြင်းချနိုင်ကြတော့သည်။
ထိုအချိန်မှစ၍ ယင်းကွေ့ရွာတွင် တံငါသည်များ
မုဆိုးများမရှိတော့ဘဲ လယ်ယာလုပ်ငန်းဖြင့်သာ
အသက်မွေးကြလေသည်။

ပြီးပါပြီ
ကျန်းမာရွှင်လန်းကြပါစေ။

ယခုတင်ဆက်ပေးနေတဲ့ ဝတ္ထု တို/ရှည်များသည်.
ကျွန်မ ဧကရီ(မနောမြေ)ရဲ့မူပိုင်သာဖြစ်သည်။

                                       ဧကရီ ( မနောမြေ)