ထူးဆန်းသောဘုန်းတော်ကြီးနှင့်ရွာသူငြိုးခြင်းခံရသောမိသားစု(စ/ဆုံး)
—————————————
ကျုပ်တို့ မိသားစု အညာကနေ ရန်ကုန်ကို ပြောင်းလာတာ တစ်ပါတ်
လောက်ရှိပီ။ စပြောင်းပြောင်းလာချင်းကတော့ ဘယ်နေသားကျမလဲဗျ။
စိတ်အရမ်းကျဉ်းကြပ်တဲ့ဒဏ်ကိုခံရတာ။ ကျုပ်တို့ အညာမှာ တစ်ဝိုင်း
နဲ့တစ်ဝိုင်းဆို အော်ခေါ်တာတောင် မကြားရတဲ့ထိ ကျယ်ဝန်းကြတာ
လေဗျာ။
ရန်ကုန်မှာကတော့ အဲလိုမဟုတ်ဘူး…တစ်အိမ်နဲ့တစ်အိမ်ကို ကပ်ကပ်
လေးနေကြရတာဗျ။ လေတောင် ရဲရဲကြီး မလည်ရဲဘူးဗျို့။ ရန်ကုန်ဆိုတဲ့မြို့ကြီးပြကြီးကို ကျုပ် စိတ်နဲ့ဆို အလကားပေးတောင် မနေဘူး…
အခုက ကျုပ်အရမ်း ချစ်ရတဲ့ သမီးငယ်နှစ်ယောက်ကြောင့်ပြောင်းလာ
ရတာပါဗျာ။
ဒီသမီး တွေကို မချစ်လို့လည်းမရဘူးဗျ။ လှမောင်နဲ့ခင်စိန်ဆိုတဲ့ ကျုပ်
တို့ဇနီးမောင်နှံနှစ်ယောက်ထဲ ဘဝမှာတုန်းကဆိုအင်မတန်မှ ဆင်းရဲ
ကြပ်တည်းကြတာ။ အလုပ်ဆိုတာလည်းဘာပဲ လုပ်လုပ်အဆင်ကိုမပြေတာပါဗျာ။ နောက်ဆုံး လင်မယားနှစ်ယောက် အကြွေးကထူထူနဲ့ ကြံရာမရဖြစ်ပီးသတ်သေဖို့အထိတောင်ကြံခဲ့ကြတာဗျ။ အဲဒီလိုကြံတုန်းမှာပဲ တစ်ညကျ ကျုပ်ရဲ့မိန်းမခင်စိန် အိမ်မက်တစ်ခုမက်ပါလေယော။
အိမ်မက်ထဲမှာဝတ်ဖြူစင်ကြယ်ဝတ်ထားပီး မုတ်ဆိတ်မွှေးနဲ့မျက်ခုံးမွှေး
တွေဆွတ်ဆွတ်ဖြူနေတဲ့ အဖိုးအိုတစ်ယောက်နဲ့ဆုံတယ်တဲ့။ အဲဒီအဖိုးက သူ့ကိုပြောတယ်ဆိုပဲ။
” နင်တို့လင်မယားအရမ်းဆင်းရဲတာ ငါမကြည့်ရက်ဘူး…ဒီတော့ ငါ့ရဲ့
မြေးနှစ်ယောက်ကို နင့်တို့ဆီပို့လိုက်မယ်… နင်တို့သေချာမွေးကြပေ
တော့ ခင်စိန်ရေ… အဲဒီကလေးနှစ်ယောက် ရောက်လာတာနဲ့ နင်တို့
ချမ်းသာလာလိမ့်မယ်… ဒါပေမဲ့ ငါ့ကို ကတိတစ်ခုတော့ပေးရမယ်… ဒီကလေးတွေကို ဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်ရဘူး… အဲဒါကို သေချာမှတ်ထား…အေး !! မဟုတ်လို့ကတော့…ချက်ချင်းပြန်ခေါ်မယ် ဆိုတာ မြဲမြဲမှတ်ထားကြ ”
အဲဒီလိုအိမ်မက် မက်ပီးတာနဲ့ ဘာကြာလို့လဲ… ကျုပ် မိန်းမမှာ ကိုယ်
ဝန်ရှိပါယောလားဗျို့။ ကျုပ်ဖြင့် စိတ်ညစ်လိုက်တာမှ လွန်ယော။ ဟုတ်
တယ်လေ… လင်မယားနှစ်ယောက်ထဲတောင် စားရမဲ့သောက်ရမဲ့ ဖြစ်
နေတာ။ အခု မိန်းမက ကိုယ်ဝန်ရှိပီဆိုတော့ ကျုပ်စိတ်မညစ်ပဲနေမ
လား။ ဆေးရုံမှာအမ်ထရာဆောင်းရိုက်ကြည့်တော့ တစ်ယောက်တောင်
မဟုတ်ဘူး… အမွှာပူးတဲ့ဗျို့။ ဒီလိုနဲ့မိန်းမကိုယ်ဝန်က တဖြေးဖြေးနဲ့
လရင့်လာပီ။
တစ်ရက်ကျ ကျုပ်အလုပ်လုပ်ပီး ပြန်လာတာဗျ။ အချိန်က ညနေစောင်း
နေပီ။ ဒါနဲ့ ခပ်သုတ်သုတ်လျှောက်လာမိတာပေါ့ဗျာ။ တစ်နေရာရောက်
တော့ ကျုပ်ရဲ့ခြေထောက်က တစ်စုံတစ်ခုကို ခလုတ်တိုက်မိတယ်။
ဘာနဲ့ တိုက်မိတာလဲ ဆိုပီး ကျုပ်လည်း အမှတ်တမဲ့ ငုံကြည့်လိုက်မိ
တာပေါ့။
ကျုပ် ခလုတ်တိုက်မိတဲ့ အရာက မြေကြီးထဲကနေ တစွန်းတစပေါ်နေတဲ့ ခြောက်လက်မသာသာလောက်ရှိမဲ့ သေတ္တာလေးတစ်လုံးဖြစ်နေတာဗျို့။ သေတ္တာက ရှေးခေတ်လက်ရာနဲ့လုပ်ထားတာဗျ။ ကျုပ်လည်း ဘာရယ်မဟုတ်ပဲ စူးစမ်းချင်တဲ့ စိတ်နဲ့ သေတ္တာလေးပတ်ပတ်လည်က မြေကြီးတွေကို ယက်ထုတ်ပီးဖော်လိုက်တယ်။ ပီးတော့ အထဲမှာ ဘာများရှိမလဲဆိုပီး ဖွင့်ကြည့်လိုက်တာဗျို့။
သေတ္တာလေး ပွင့်သွားတော့ ကျုပ် ဖြင့် ကိုယ့်မျက်လုံးကို ယုံတောင်မယုံ
ချင်ဘူး…သေတ္တာလေးထဲမှာ ဒေါင်းတံဆိပ် ရွှေဒင်္ဂါးတွေဆိုတာ အပြည့်
ပဲဗျို့။ ဒီလမ်းက ကျုပ်နေ့တိုင်း ပြန်နေကျလမ်း…အခုလိုရွှေဒင်္ဂါးအပြည့်
ပါတဲ့ သေတ္တာမျိုးတွေ့ရဖို့မပြောနဲ့…အိုးခြမ်းပဲ့လေး တစ်ခုတောင် မမြင်
ဖူးဘူးဗျို့။
ကျုပ်ဝမ်းသာအားရနဲ့ သေတ္တာလေးကို ခါးပုံစထဲ ဝှက်ထည့်ပီးအိမ်ကို
ပြေးသွားတာဗျ။ အိမ်ရောက်တော့ မိန်းမဖြစ်သူကိုလည်းအကျိုးကြောင်း
ပြောပြတယ်။ မိန်းမဆို လုံးဝမယုံတာ… ကျုပ်ရဲ့ခါးပုံစထဲထည့်ထားတဲ့
သေတ္တာကို ထုတ်ပြတော့မှ ယုံတာဗျို့။
အဲဒီချိန်ကစပီး ကျုပ်တို့ စီးပွားရေးက တဟုန်ထိုး တက်လာခဲ့တာပဲ။
ဘာပဲ လုပ်လုပ်မအောင်မြင်ဘူးဆိုတာ မရှိရဘူး။ ဒါကြောင့် ဒီသမီးလေး
နှစ်ယောက်ကို သေလောက်အောင် ချစ်ရတာပေါ့ဗျာ။ အခုလည်း ဒီချစ်
သမီးတွေရဲ့ ဆန္ဒနဲ့ ရန်ကုန်ကို ပြောင်းလာရတာဗျို့။ ခုဆို သမီးတွေ
တောင် ဘွဲ့ရလို့ အပျိုကြီးဖားဖားဖြစ်နေပီလေ။
စရောက်တုန်းကတော့ အူလည်လည်နဲ့ပေါ့ဗျာ။ နောက်တော့လည်း
ပတ်ဝန်းကျင်က လူတွေနဲ့ အသားကျပီး တဖြေးဖြေးပျော်လာတာပေါ့။
အဲဒီထဲမှာ ကျုပ်တို့ခြံနဲ့ကပ်လျက် ခေါင်းရင်းက ခြံတော့မပါဘူးဗျို့။
အဲဒီခြံမှာ အသက် ငါးဆယ်ဝန်းကျင်မိန်းမကြီးတစ်ယောက်ရှိတယ်။
နံမည်က ဒေါ် ခင်သုန်တဲ့ဗျ။ ဆံပင်ကို အမြဲဖားလျားချထားတယ်။ ခေါင်း
ကလည်း ဆီမထည့်ဘာမထည့် မဖြီးမသင်ပဲထားတာကြာပီနဲ့တူပါရဲ့။ အမြဲ ခြောက်သွေ့ပီး ပွယောင်းနေတာဗျ။ တစ်ရပ်ကွက်လုံးနဲ့ မတည့်ကျဘူးဆိုပဲ။ အရုပ်ဆိုးဆိုး မျက်နှာကအမြဲတန်းခပ်ထန်ထန်နဲ့မသိရင် တစ်လောကလုံးက လူတွေ သူ့လုပ်စာကို စားနေတဲ့အတိုင်းပဲဗျာ။
အိမ်နီးချင်းဆိုပေမဲ့ သူနဲ့ ကျုပ်တို့မိသားစု တစ်ခါမှ ရင်းရင်းနှီးနှီးမရှိဘူး
ဗျ။ ခပ်တည်တည်ခပ်တန်းတန်းပဲ။ ကျုပ်တို့နဲ့မှလည်းမဟုတ်ဘူး…
ရပ်ကွက်ထဲက လူတိုင်းလိုလို သူနဲ့အခေါ်အပြောမလုပ်ကြဘူးတဲ့ဗျ။
သူ့နဲ့ပတ်သတ်လို့ ကျုပ် အမှတ်တမဲ့ သတိထားမိတာလေးတစ်ခုတော့ရှိတယ်။
အဲဒါက တခြားဟုတ်ဘူးဗျို့။ မနက်တိုင်း ရဟန်း သံဃာတွေ ဆွမ်း
ခံကြွလာရင် သူ့အိမ်ရှေ့မှာ ဘယ်သံဃာမှ ရပ်ပီးဆွမ်းမခံကြတာပဲ။
သူ့အိမ်ကိုကျော်ပီး ကျုပ်တို့ အိမ်ရှေ့မှာလာရပ်တယ်။ အဲဒီဒေါ်ခင်သုန်
ဆိုတဲ့ မိန်းမကြီးကိုယ်တိုင်ကလည်း ဆွမ်းတွေဘာတွေ ထွက်လောင်းတာ တစ်ခါမှ မမြင်ဖူးဘူး။ သူ့အိမ်မှာ ဘယ်တုန်းကမှလည်း ဘုရားတရားလုပ်သံတွေ မကြားဖူးဘူးဗျို့။ အိမ်ကို အမြဲဆိုသလို တံခါးတွေ အကုန်ပိတ်ပီး တစ်ကိုယ်ထဲနေတာ။
ရပ်ထဲရွာထဲ အလှူတန်းရှိရင်လည်း သွားတာလာတာမျိုးမတွေ့ရဘူး။
တော်တော့်ကို ထူးဆန်းတဲ့ မိန်းမကြီးဗျ။ ရပ်ကွက်ထဲ ခင်မိတဲ့ သူတစ်
ချို့ကတော့ ကျုပ်ကို ပြောရှာပါတယ်။ သူနဲ့မပတ်သတ်ဖို့ အရောမဝင်
ဖို့ပေါ့ဗျာ။ ကျုပ်က ဘာကြောင့်လဲမေးတော့လည်း ဘယ်သူမှ မဖြေကျ
ဘူး။ သူတို့ပုံစံက တစ်ခုခုကို ပြောချင်ပေမဲ့ မပြောရဲကြတဲ့ပုံစံဖြစ်နေတာဗျ။
ဒီတော့ ကျုပ်တို့မိသားစုလည်း သူတို့ပြောတဲ့အတိုင်းပဲ အဲဒီမိန်းမကြီးနဲ့ကင်းကင်းရှင်းရှင်းနေလာကြတာပါပဲ။ အဲဒီလို ကင်းကင်းရှင်းရှင်းနေလာခါမှ တစ်ရက်ကျ ပြသနာကတက်ပါယောဗျို့။ ဖြစ်ပုံကဒီလို…
အဲဒီနေ့က ကျုပ်နဲ့မိန်းမက စျေးကို သွားနေတဲ့အချိန်ပေါ့။
ဒေါ်ခင်သုန်ဆိုတဲ့ မိန်းမကြီးက သူ့အိမ် ခြံစည်းရိုးပေါ်မှာ ထမီတွေ
လှန်းတာဗျို့။ သူ့ခြံစည်းရိုးဆိုပေမဲ့… ရန်ကုန်ဆိုတာကတစ်အိမ်နဲ့တစ်
အိမ်ကပ်နေတာလေဗျာ။ ပီးတော့ သူလှမ်းထားတဲ့နေရာက ကျုပ်တို့
ဘုရားစင် အောက်တည့်တည့်ကြီးမှာဗျ။ ဒါကို ကျုပ်သမီးနှစ်ယောက်က မြင်တော့… ဘာပြောကောင်းမလဲ ညီအမနှစ်ယောက်လုံး ဒေါသတကြီးနဲ့ အိမ်ရှေ့သွားပီးရန်တွေ့တော့တာပဲ။
” ဒေါ်ကြီး !! ဒေါ်ကြီး ခဏလောက်ထွက်ခဲ့စမ်းပါဦး ”
” ဘာတုန်းဟေ့ !! ဘယ်သူတွေလဲ … ဘာကိစ္စလဲ… ”
” ခဏလောက်ထွက်ခဲ့စမ်းပါ… ပြောစရာရှိလို့ ”
သမီးကြီးနှစ်ယောက်က အဲဒီလိုအော်ခေါ်တော့ ဒေါ်ခင်သုန်ကလည်း
အိမ်ပေါ်ကဆင်းလာတယ်။ ပီးတာနဲ့ညီမနှစ်ယောက်ကို ဘုကြည့်ကြည့်
ပီး မေးတော့တာဗျို့။
” ဟဲ့ !! နင်တို့က ဘာကိစ္စ ငါ့အိမ်ရှေ့အော်ကြီးဟစ်ကျယ် လာလုပ်
နေရတာလဲ ”
” အော် !! ဘာဖြစ်ရမှာလဲ … ဟိုမှာလေ ”
သမီးကြီးက ပြောလည်းပြော… လှမ်းထားတဲ့ ထမီတွေကို လက်ညိုးနဲ့
ထိုးပြလိုက်တယ်။ ဒေါ်ခင်သုန်ကလဲ ခပ်တည်တည်ပဲ ပခုံးနှစ်ဖက်ကို
တွန့်ရင်း ပြန်ပြောတာဗျ။
” အဲဒါ ဘာဖြစ်လဲ ”
” ဘာဖြစ်ရမှာလဲ … ရှင့်ထမီတွေက ကျမတို့အိမ်ရဲ့ဘုရားစင်အောက်
တည့်တည့်မှာလေ… ရှင်လူလို နားမလည်ဘူးလား ”
” ဘာ … ဘာပြောတာလဲ… နင်… နင်တို့ကများ ”
” ဘာလဲ ကျမပြောတာ မှားနေလို့လား… ”
” ကောင်မ !! ငါမွေးရင် ငါ့သမီးလောက်တောင်မရှိတဲ့ ဟာမတွေကများ
ငါ့ကို ပမာမခန့် ပြောရဲတယ် ”
” ပြောတော့ဘာဖြစ်လဲ… ရှင်မှ လူလိုမသိတတ်တာ ”
” နင် !! နင် ”
ဒေါ်ခင်သုန်တစ်ယောက် ဒေါသအလွန်အမင်းထွက်ပီး…ကျုပ် သမီးတွေ
ကို တစ်ခုခုလုပ်ဖို့… အနားကို တိုးလာတယ်။ အဲဒီချိန် ကျုပ်တို့လင်မ
ယားကလည်း စျေးကပြန်အရောက်ဆိုတော့ ကမန်းကတန်းပြေးဝင်
သွားရတာပေါ့။
” ဟာ !! နေ… နေကြပါဦး… ဘယ်လိုဖြစ်ကြတာလဲ ”
ကျုပ် အဲဒီလိုအော်ရင်းအနားကိုပြေးသွားတော့ ဒေါ်ခင်သုန်ဆိုတဲ့ မိန်းမ
က ခြေလှမ်းကို ရပ်ပီး အော်ကြီးဟစ်ကျယ်နဲ့ပြန်ပြောတယ်။
” ဘာဖြစ်ရမှာလဲ !! နင့်သမီးတွေ ငါ့ကိုအသားလွတ်ရန်စစော်ကား
နေတာလေ… ”
အလို !! ဘယ်တုန်းကမှ စကားကိုတောင် လေသံမာမာ မပြောတက်တဲ့
ကျုပ်ရဲ့ သမီးတွေက သူများကိုရန်စတယ်ဆိုပါလား…ဒါနဲ့ ကျုပ်လည်း
ကမန်းကတန်း သမီးတွေဖက်လှည့်ပီးမေးလိုက်ရတယ်။
” ဟင် !! ဟုတ်လားသမီး ”
” ဟာ !! မဟုတ်ဘူး ဖေဖေ … ဟိုမှာတွေ့လား … ထမီတွေ… သမီး
တို့ အိမ်ခေါင်းရင်း ဘုရားစင်အောက်တည့်တည့်မှာ လာလှန်းထားလို့
သမီးတို့ သူ့ကိုလာပြောတာ ”
သမီးက အဲလိုပြောတော့ ဒေါ်ခင်သုန်ကလည်းဒေါသတကြီးနဲ့ပြန်အော်
တယ်။
” ဟဲ့ !! ငါ့ခြံစည်းရိုးမှာ ငါလှမ်းတာလေ…နင့်ခြံစည်းရိုးမှာလာလှမ်းနေလို့လား… ကောင်မရဲ့ နင့်စောက်လုံးမပါဘူးလား ”
” နင့် ခြံစည်းရိုး ပေါ်မှာဆိုပေမဲ့ … ငါ့တို့ အိမ်က ဘုရားစင်တည့်တည့်
မှာလေ သေခါနီးကြီးရဲ့ ”
သမီးကြီးနဲ့သမီးငယ်ကလည်း တစ်ခွန်းမခံပြန်ပြောတာဗျ။ ဒေါ်ခင်သုန်
ကြီး အသားတွေ တဆတ်ဆတ်တုန်ပီး စကားတောင်ဆုံးအောင်မပြော
နိုင်တော့ဘူး။
” ဘာ !! နင် … နင် ”
ပြသနာက တဖြေးဖြေးနဲ့ တင်းမာလာတော့ ကျုပ် လည်းကမန်းကတန်း
သမီးတွေ ရှေ့က ကာလိုက်ရတယ်။ လူတွေလည်း အကုန်ထွက်ကြည့်
နေကြပီဗျ။ ဒီတော့ဘယ်သူပဲမှားမှား စကားနဲ ရန်စဲသဘောနဲ့ ကိုယ့်
သမီးတွေကိုပဲ ပိတ်ဟောက်လိုက်ရတော့တာပေါ့။
” ကဲ !! သမီးတို့ တိတ်ကြစမ်း…ကိုယ့်အမေထက်တောင် အသက်ကြီး
တဲ့သူကို ဘာလို့ရိုင်းရိုင်းစိုင်းစိုင်းပြောရတာလဲ…သွားအိမ်ပေါ်ကို တက်
တာ့…ဟိုမှာ လူတွေ အကုန်ဝိုင်းကြည့်နေကြတာမရှက်ဘူးလား… ”
သမီးတွေအပေါ်မှာ ကျုပ်အခုလို မာမာထန်ထန် တစ်ခါမှ မပြောဘူး
တော့ … သမီးတွေကလည်း ကြောက်သွားတယ်။ ပီးတော့ အင့်ခနဲ
ရှိုက်ငိုရင်း အိမ်ပေါ်ပြေးတက်သွားကြတာ။ ဒီတော့မှ ကျူပ်လည်း
ဒေါ်ခင်သုန်ကို တောင်းပန်လိုက်တာဗျို့။
” ဒေါ်ခင်သုန် !! ကျုပ် သမီးတွေ ရိုင်းပြသလို ဖြစ်သွားရင် ကျုပ်ကပဲ
တောင်းပန်ပါတယ်… ”
” အလိုတော် !! ကျုပ်အိမ်ရှေ့ထိလာပီး ကျုပ်ကို ရန်စသွားတာ…ခုလို
တောင်းပန်လိုက်ရုံနဲ့ ကျေနပ်ပေးရမှာလား ”
” အမကြီးရယ် !! သူတို့က ကလေးတွေမို့ပါ… ခွင့်လွှတ်ပေးပါနော်…
နောက် မဖြစ်စေရပါဘူး… ကျမတို့ဆုံးမထားပါ့မယ် ”
မိန်းမဖြစ်သူကလည်း ဝင်ပီးတောင်းပန်ရှာပါတယ်။
” တောက် !! မကျေနပ်နိုင်ဘူးဟေ့… ငါ့ကိုဘာကောင်မများမှတ်နေလဲ…ခင်သုန်အကြောင်း ကောင်းကောင်းကြီး သိစေရမယ် ”
ဒီလောက်တောင်းပန်နေတာကို မရဘူးဆိုတော့ ကျုပ်လည်း ဒေါသက ထွက်လုလုဖြစ်လာပီ။ ဒါပေမဲ့ ကိုယ်က ခုမှပြောင်းလာတဲ့ သူသစ်… သူက ကိုယ့်အရင်ဒီမှာနေလာတာ မကောင်းပါဘူးလေဆိုပီး… စိတ်ကို မနည်းထိန်းပီး ပြောလိုက်ရတယ်။
” ကဲပါဗျာ !! ကျုပ် သမီးတွေကို ရိုက်နှက်ပီး ဆုံးမပါ့မယ်… ကျေနပ်
လိုက်ပါ ဒေါ်ခင်သုန် ”
” နင့်ဘာနင် … ရိုက်ရုံမကလို့ သတ်ချင်သတ်… ငါကတော့ မကျေနပ်
နိုင်ဘူး … ထမင်းသာဝဝ စားထားကြပေတော့… ထွီ !! ”
စကားလည်း ဆုံးကော ဒေါ်ခင်သုန်က တံတွေးကို ထွီခနဲ ထွေးထုတ်
ရင်း… ခြေတစ်ချက်စောင့်ပီး သူ့အိမ်ထဲကို ဝင်သွားတာဗျ။ ကျုပ်လည်း
ဘာမှ ဆက်ပြောမနေတော့ပဲ… ကိုယ့်အိမ်ထဲကိုဝင်လာလိုက်တယ်။
ပီးတော့ တစ်သက်နဲ့တစ်ကိုယ် ရိုက်ဖို့မပြောနဲ့ ဆူတောင်မဆူဘူးတဲ့
သမီးကြီးနဲ့ သမီးငယ်ကို ရိုက်လိုက်မိသေးတာဗျို့။
ကျုပ် အဲဒီလို ရိုက်လိုက်ပီးတော့ သမီးနှစ်ယောက်က ဝမ်းပန်းတနဲ
ငိုကြွေးပီး…တစ်နေ့လုံးအိပ်ခန်းထဲကကို ထွက်မလာတော့ဘူး။ ကျုပ်
လည်း ရိုက်သာရိုက်လိုက်ရတာ… စိတ်ထဲတော့ ဘယ်ကောင်းနိုင်ပါ့မလဲ။
ညရောက်တော့ ကလေးတွေက အဖျားကြီးပီး သတိမရတစ်ချက်…ရ
တစ်ချက် ဖြစ်ပါယောလား။ ကျုပ်တို့လင်မယား ယောက်ယက်ခတ်ပီး ဆရာဝန်ပြေးပင့်ရတာဗျ။ ဆရာဝန်ရောက်လာတော့ သမီးတွေကို စမ်းသပ်ပီး အဖျားကျဆေးထိုးပေးသွားတယ်။ ဒီတော့မှ အဖျားကျပီးသက်
သာသွားတာ။ အဲဒီချိန်ကစပီး ကျုပ်ဆုံးဖြတ်လိုက်တာ… နောက်နောင်
ဘာပဲဖြစ်ဖြစ် သမီးတွေကို လက်နဲ့တောင် မရွယ်တော့ဘူးလို့လည်း
တစ်ခါထဲဆုံးဖြတ်လိုက်တယ်။
အဲဒီညက အိပ်ယာဝင်တော့ ကျုပ်တို့လင်မယားနှစ်ယောက်လုံး အိမ်
မက်တစ်ခုကိုပြိုင်တူမက်တာဗျ။ အိမ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်ဝတ်
ထားပီး မျက်ခုံးမွှေးတွေ… မုတ်ဆိတ်မွှေးတွေ ဆွတ်ဆွတ်ဖြူနေတဲ့
အဖိုးကြီး တစ်ယောက်က ကျုပ်တို့ လင်မယားကို မကျေမချမ်းနဲ့စူးစူး
ရဲရဲစိုက်ကြည့်ပီး…
” ခွေးကောင်နဲ့ အမိုက်မ… ငါပြောထားတဲ့စကားကို အလေးမထားဘူး
ပေါ့ ဟုတ်လား… ဒီကလေးတွေ ကိုစိတ်ဆင်းရဲအောင် ဘယ်တော့မှ
မလုပ်ပါနဲ့လို့ မှာထားတာကို မလိုက်နာဘူး… နင်တို့ အရင်ဘဝ
ရောက်အောင် ငါချက်ချင်းပြန်လုပ်လိုက်ရမလား … အေး !! ဒီတစ်ခါ
နောက်ဆုံးဖြစ်ပါစေ… နောက်တစ်ကြိမ် ကလေးတွေ တစ်ခုခုဖြစ်တာနဲ့
နင်တို့လက်ထဲမှာ မထားတော့ဘူး… ငါပြန်ခေါ်သွားမယ် ”
” ဟာ !! မလုပ်ပါနဲ့အဖိုး… မလုပ်ပါနဲ့ ”
” သမီးတို့ မှားပါတယ် အဖိုးရယ်… ကလေးတွေကိုတော့ ပြန်မခေါ်
သွားပါနဲ့နော် ”
လင်မယားနှစ်ယောက်လုံး ကြောက်လန့်တကြားနဲ့အဲဒီလို အော်ဟစ်
ရင်း ချွေးစေးတွေနဲ့ ပြိုင်တူလန့်နိုးလာတယ်။ မိန်းမဆိုခြေဖျားလက်
ဖျားတွေပါ အေးစက်ပီး တုန်နေတာ။ ကျုပ်ဆို ပိုဆိုးတယ်… သမီးတွေအခန်းကို ဒရောသောပါးပြေးကြည့်ရတဲ့ထိပဲ။ အိပ်ယာထဲမှာဆေးအရှိန်
နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတဲ့ သမီးကြီးနဲ့သမီးငယ်ကိုတွေ့မှပဲ စိတ်ကိုဒုံးဒုံးချနိုင်တော့တယ်။
ဒီနေ့က မှတ်မှတ်ရ သင်္ကြန် အကြိုနေ့ဗျ။ တစ်ရပ်ကွက်လုံး အုန်းအုန်း
ကျွတ်ကျွတ်နဲ့ အပြိုင်အဆိုင် လှူကျတန်းကျ…စတုဒီသာတွေ ကျွေးကြ
နဲ့ပေါ့… ကျုပ်တို့ အိမ်ကလဲ မုန့်လုံးရေပေါ်တွေ လုံးကြတယ်။
သမီးကြီးနဲ့ သမီးငယ်က ဘေးအိမ်တွေကို မုန့်လုံးရေပေါ်တွေဝေကြနဲ့
ပျော်ရွှင်နေကြတာဗျ။
” သမီးတို့ရေ…မုန့်တွေ ဝေတာ အိမ်ပေါက်စေ့ ရဲ့လား ”
မိန်းမက မုန့်လုံးရေပေါ်လုံးနေရင်း သမီးတွေကိုလှမ်းမေးလိုက်တာဗျ။
” ဟုတ်ကဲ့ မေမေ … သမီးတို့ အကုန်ဝေပီးသွားပီ ”
” ခေါင်းရင်းက ဒေါ်ခင်သုန်ကိုကော ပေးပီးပီလားသမီး ”
” ဟင် !! အဲဒီမိန်းမကြီးကို မပေးချင်ပါဘူး ”
မိန်းမဖြစ်သူရဲ့ စကားကြောင့် သမီးအငယ်က သူ့အမထက် အရင်
ဝင်ပြောလိုက်တာ။ ကျုပ်လည်း သိချင်စိတ်ကြောင့် သမီးငယ်ကိုအား
ချင်းပဲမေးလိုက်မိတယ်။
” ဟင် !! ဘာလို့မပေးချင်ရတာလဲ သမီးရဲ့ ”
” သမီးတို့ကို အိမ်မက်ထဲမှာ ဖိုးဖိုးက အဲဒီမိန်းမကြီးနဲ့မပတ်ဖို့ပြော
တယ်… ပီးတော့ ဖိုးဖိုးကပြောသေးတယ်… အဲဒီမိန်းမကြီးက မကောင်း
ဘူးတဲ့ ”
” အော် !! သမီးငယ်ရယ် … ဘာပဲဖြစ်ဖြစ်လေ သမီးတို့က တစ်ခြား
အိမ်တွေကျ မုန့်တွေဝေပီး သူ့တစ်အိမ်ထဲကျမှ ချန်ထားခဲ့ရင်တော့
ဘယ်ကောင်းပါ့မလဲ ”
” မသိဘူး ဖေဖေ !! သမီးတို့ကတော့ သွားမပေးချင်ဘူး ”
” သွားပေးလိုက်ပါ သမီးရယ် … မုန့်လာပေးတဲ့သူကိုတော့ ဘယ်သူ့မှ
ရိုက်မထုတ်ပါဘူး… ပီးတော့ ဟိုတစ်ခါ ကိစ္စကြောင့်သူ့စိတ်ထဲ ဖေဖေတို့ပေါ် မကျေနပ်တာရှိရင်လည်း ပြေချင်ပြေသွားမှာပေါ့ ”
ကျုပ်အဲဒီလိုအတင်း တိုက်တွန်းတော့မှ သမီးနှစ်ယောက်က စိတ်မပါ
လက်မပါနဲ့ မုန့်တွေထည့်ပီး ဒေါ်ခင်သုန်ကို သွားပို့ကြတာ။ ခြေရင်းနဲ့
ခေါင်းရင်းကို တော်တော်ကြာနေလို့ မိန်းမကိုတောင် လိုက်ပီး အခြေ
နေကြည့်ခိုင်းရသေးတာဗျို့။
ခဏနေတော့ မိန်းမနဲ့ သမီးတွေ ပြန်ရောက်လာပီ။ ကျုပ်လည်း သိချင်
စိတ်နဲ့မေးလိုက်ရတယ်။
” သမီးတို့ !! မုန့်လေးသွားပို့တာကို ဘာဖြစ်လို့ အဲဒီလောက်ကြာ
နေရတာလဲ ”
” ဘာမှ မဖြစ်ပါဘူး ဖေဖေရဲ့ … ဒေါ်ခင်သုန်ကြီးက သမီးတို့ကို မုန့်
တွေလာပို့လို့ ကျေးဇူးတင်နေတာ… ပီးတော့ အိမ်ထဲအတင်းခေါ်ပီး
မုန့်တွေပြန်ချ ကျွေးနေလို့ပါ ”
” ဟုတ်တယ် ယောကျာ်းရဲ့ … မိန်းမကိုတောင်ခေါ်ပီး ကျွေးသေးတယ်
… သူ့ကြည့်ရတာ ကျမတို့မိသားစုကို စိတ်ပြေသွားပီနဲ့တူတယ် ”
မိန်းမ ဖြစ်သူကပါ ဝင်ပြောတော့ ကျုပ်လည်း စိတ်အေးသွားပီးပြန်ပြော
လိုက်ရတယ်။
” အေးလေ !! အိမ်နီးနားချင်း ပြန်ပီးသင့်မြတ်သွားတာလည်း မင်္ဂလာ တစ်ပါးပဲပေါ့ မိန်းမရာ…ဒီလိုဆိုတော့လည်း ဒေါ်ခင်သုန်က သူများတွေ
ပြောသလောက်လည်း မဆိုးသေးပါဘူး ”
” အင်း !! ဒါပေမဲ့ မိန်းမ ထူးဆန်းတာတစ်ခုတော့ သတိထားမိတယ်…
သိလား ယောကျာ်း ”
” ဟေ !! ဘာများလဲ မိန်းမရဲ့ ”
” ဒေါ်ခင်သုန်အိမ်က ဘုရားစင်မှာလေ ဘုရားဆင်းတုတော်အစား…
ကြောက်စရာပုံသဏ္ဍာန်နဲ့ အရုပ်ကြီးတစ်ရုပ်ကိုတွေ့ခဲ့တယ် ”
” ဟင် !! ဟုတ်လား မိန်းမ ”
” ဟုတ်တယ် ယောကျာ်း !! အဲဒီအရုပ်က အတော်ကြည့်ရဆိုးတယ်…
အရွယ်အစားက လူရဲ့ လက်တစ်တောင်စာလောက်ရှိမယ်… မုဆိုးဒူး
ထောက်ထိုင်နေတဲ့ပုံနဲ့ လက်ထဲမှာသန်လျက်လိုလိုဟာမျိုးကို ကိုင်ပီး
ပခုံးပေါ် ထမ်းထားတာတယ်… အဲဒီအရုပ်ကြီးကလွဲလို့ တခြားဘာမှမတွေ့ရဘူး…ပီးတော့ အိမ်တွင်းအုန်းတွေဘာတွေလည်း ဆွဲထားတာမတွေ့ဘူး ”
” ဟုတ်ပါ့ ဖေဖေ !! တကယ်ဆို ဘုရားစင်ဆိုတာ ဘုရားဆင်းတုတော်
နဲ့ ဘုရားပုံတော်တွေပဲရှိရမှာ မဟုတ်ဘူးလား ”
ဒီတစ်ခါတော့ ကျုပ်သမီးနှစ်ယောက်ကပါ ဝင်ပြောတာဗျ။ ကျုပ်စိတ်ထဲ
တော်တော်လေး ထူးဆန်းတယ်လို့ ထင်လိုက်မိတယ်။ ဒါပေမဲ့ သူများ
အကြောင်းကို စပ်စုတာ မကောင်းပါဘူးလေဆိုတဲ့အတွေးနဲ့ သမီးနဲ့
မိန်းမကို စကားလမ်းကြောင်းလွဲလိုက်ရတာပေါ့ဗျာ။
” အေးလေ !! သူ့အကြောင်းနဲ့သူ ရှိလို့နေမှာပေါ့ သမီးတို့ရယ်…
ကဲ… ကဲ !! တခြားအိမ်တွေ မုန့်ဝေဖို့ ကျန်သေးတယ်မဟုတ်လား…
လုပ်စရာရှိတာ လုပ်ကြတော့ ”
ဒါနဲ့ ကျုပ်တို့ မိသားစုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ မုန့်တွေဆက်လုပ်ပီး
အိမ်ပေါက်စေ့ လိုက်ဝေခဲ့တယ်။ ညနေဘက်ရောက်တော့ သမီးတွေက
ခဏတဖြုတ်ရေကစားလိုက်ကြသေးတာဗျ။ အဲဒီချိန်ထိ အားလုံးပုံမှန်ပါ
ပဲ။ ညရောက်လို့ မိသားစုတွေ ညစာ စားပီးအိပ်ယာဝင်တော့မယ်လုပ်မှ ပြသနာကစတော့တာ။ အချိန်က သန်းခေါင်ကိုရောက်လုပီ။
” ဝုန်းးးး !! ”
” ခွမ်းးးး !! ”
” အားးး !! အမလေးး !! ”
” ဖေဖေ လာပါဦး !! အားးး !! ”
ရုတ်တရက် အပေါ်ထပ် အိပ်ခန်းထဲကနေ ပစ္စည်းကျကွဲသံတွေနဲ့
ကြောက်လန့်တကြားအော်လိုက်တဲ့သမီးတွေရဲ့ အသံတွေကြောင့်
ကျုပ်တို့လင်မယား ဝရုန်းသုန်းကား ပြေးတက်သွားမိတယ်။
” သမီးးး !! သမီးးးး !! ဘာဖြစ်တာလဲ ”
အငယ်မက အိပ်ယာပေါ်မှာ မျက်ဖြူကြီးလန်ပီး သတိလစ်နေတာဗျ။
အကြီးမကတော့ အခန်းထောင့်မှာ မတ်တပ်ရပ်လျက်က မျက်လုံးကြီး
ပြူးရင်း တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေတာဗျို့။ ဒါကြောင့်လည်း သမီးကြီးရဲ့ ပခုံးကို ခပ်ဆတ်ဆတ်လေး ကိုင်လှုပ်ပီး ကျုပ်မေးလိုက်ရ
တာ။
” ဖေဖေ !! သမီးကြောက်တယ်…သမီးကြောက်တယ်…အီးးဟီးးးဟီးး ”
သမီးကြီးက ကျုပ်ရင်ခွင်ထဲခေါင်းတိုးပီး ငိုရင်းနဲ့ပြောတာဗျ။ သတိ
လစ်နေတဲ့ သမီးငယ်ကိုတော့ ကျုပ်မိန်းမက ပွေ့ဖက်ရင်း သတိပြန်
လည်အောင်လုပ်နေတာပေါ့။ ကျုပ်လည်း တဆတ်ဆတ်တုန်နေတဲ့
သမီးကြီးရဲ့ ကျောကုန်းလေးကို အသာပုတ်ရင်း အကျိုးအကြောင်း
မေးလိုက်ရတယ်။
” သမီးးး !! ဖေဖေတို့ရှိတယ်…ဘာမှ မဖြစ်ဘူးနော်…စိတ်ကိုအေးအေး
ထားပီး ဖေဖေကိုပြောပြ… သမီးတို့ဘာဖြစ်တာလဲ ”
ကျုပ် အဲဒီလိုပြောလိုက်တော့မှသမီးကြီးကအသက်ကိုဝအောင်ရှုတယ်။
ပီးတော့မှ အကြောက်မပြေသေးတဲ့ လေသံနဲ့ ပြန်ပြောတာ။
” သ… သရဲကြီး ဖေဖေ…သမီးတို့ အခန်းထဲကို ဝင်လာပီး… ညီမလေး
ကို လည်ပင်းလာညှစ်တာ ”
” ဟင် !! သရဲကြီး ဟုတ်လား သမီး ”
” ဟုတ်တယ် ဖေဖေ…တစ်ကိုယ်လုံးမှာ အမွှေးကြမ်းကြီးတွေဖုံးနေတဲ့
သရဲကြီး… နည်းတဲ့ အကောင်ကြီးမဟုတ်ဘူး… ဖေဖေတို့ တက်လာ
တော့မှ ညီမလေးကိုလည်ပင်းညှစ်နေရာက လွှတ်ပီးခေါင်းရင်း ပြတင်း
ပေါက်ကခုန်ချသွားတာ ”
သမီးကြီးရဲ့ စကားကြောင့် ကျုပ်လည်းလန့်သွားတယ်။ ဒါပေမဲ့ မယုံ
သေးဘူးဗျ။ ကြောက်လန့်ပီး လျှောက်ပြောနေတယ်လို့ပဲထင်တာ။ အဲဒီအချိန်မှာပဲ သမီးငယ်ကို ပွေ့ထားတဲ့ မိန်းမဖြစ်သူကပါ ကျုပ်ကို
လှမ်းပြောလာပါ လေယောလား။
” ယောကျာ်း !! သမီးငယ်ရဲ့လည်ပင်းမှာလက်ငါးချောင်းရာကြီးပါလား ”
ဒီတော့မှ ကျုပ်လည်း သမီးငယ်နားကိုလှမ်းသွားပီးလည်ပင်းကို သေချာ
ကြည့်လိုက်တာဗျ။ ဟုတ်ပါရဲ့ဗျာ… လည်ပင်းမှာ လက်ငါးချောင်းရာကြီး
က ထင်းလို့ဗျို့။ ဒါဆိုရင်တော့ သမီးကြီး လျှောက်ပြောတာမဖြစ်နိုင်
တော့ဘူး။ ကျုပ် အားချင်းပဲ သမီးငယ်ကို ပွေ့ချီပီး အိမ်ကဘုရားစင်
ရှေ့ကို ခေါ်သွားလိုက်တယ်။ သမီးကြီးကိုတော့ ကျုပ်မိန်းမက တွဲပီး
ခေါ်လာတာပေါ့။
ဘုရားစင်ရှေ့ရောက်တာနဲ့ ပရိတ်ရေကို ကမန်းကတန်းပြေးယူ…ရေ
ခွက်သန့်သန့်တစ်ခုထဲထည့်ပီး သမီးငယ်ရဲ့တစ်ကိုယ်လုံးကို ဖျန်းပေးလိုက်တယ်။ ပါးစပ်ကလည်း တတ်သမျှ… မှတ်သမျှ ဘုရားစာအစုံရွတ်
လို့ပေါ့ဗျာ။ ပီးတော့ ကျန်နေတဲ့ရေနဲ့ သတိလစ်နေတဲ့ သမီးငယ်ရဲ့
နူတ်ခမ်းကိုအသာဟပီး လောင်းထည့်ပေးလိုက်တယ်။
” အင်းးးးဟင်းးးဟင်းးး !! ”
ဟော !! သမီးငယ် သတိပြန်လည်လာပီဗျ။ သတိပြန်ရရ ခြင်း သူ့ကို
ထွေးပွေ့ထားတဲ့ အမေဖြစ်သူကိုဖက်ပီး ရှိုက်ကြီးတငင်ငိုတော့တာပဲ။
မိန်းမဖြစ်သူကလည်း သမီးငယ်ကို နှစ်သိမ့်ရတာပေါ့။
” သမီး !! ဘာမှ မဖြစ်တော့ဘူးနော်…အမေကော သမီးဖေဖေပါရှိ
တယ်… သမီးလေး မကြောက်နဲ့တော့နော် ”
” အီးးးဟီးးးဟီးးးး !! သ…သရဲကြီးမေမေ… သမီးကို လည်ပင်းလာညစ်
တာ ”
” အေးပါ သမီးရယ် !! တိတ်နော်… သမီးဖေဖေ မောင်းထုတ်လိုက်ပါပီ
မရှိတော့ဘူးနော် … ”
” ဝုန်းးးး !! ဒုန်းးးးး !! ”
ဟာ !! မိန်းမဖြစ်သူက သမီးငယ်ကို ချော့နေတုန်းမှာပဲ… အောက်ထပ်
ကနေ ပစ္စည်းတွေကို တစ်ယောက်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ကိုင်
ပေါက် ရိုက်ခွဲနေတဲ့ အသံတွေကိုကြားလိုက်ရတာဗျ။
” မိန်းမ !! မင်း ကလေးတွေကို သေချာကြည့်ထား… ငါအောက်ထပ်ကို
သွားကြည့်လိုက်မယ် ”
အဲဒီလိုမှာပီးတာနဲ့ ကျုပ်အောက်ထပ်ကို ပြေးဆင်းဖို့ပြင်လိုက်တယ်။
” ဖေဖေ !! သမီးလည်း လိုက်မယ် ”
လှည့်ကြည့်လိုက်တော့ သမီးကြီးဖြစ်နေတာဗျ။
” ဟာ !! သမီးကြီး… မေမေတို့နဲ့ နေခဲ့လေ ”
” ဟင့်အင်း !! သမီးမကြောက်ဘူးဖေဖေ… သမီးပါလိုက်ခဲ့မယ် ”
သမီးကြီးက ပြောလို့မရတာနဲ့ ကျုပ်လည်း ပြောမနေတော့ပဲ အောက်
ထပ်ကို ဆင်းလာခဲ့တယ်။ သမီးကြီးက ကျုပ်အနောက်ကနေလိုက်လာ
တာပေါ့။
” ဝှီးးးးး !! ”
” ဒုန်းးးး !! ”
ဟာ !! အောက်ထပ်ကိုတောင်မရောက်သေးဘူး… ဒယ်အိုးတစ်လုံးက
လေထဲကနေ လွင့်ပျံလာပီး… ကျုပ်တို့ဆင်းလာတဲ့လှေကား ခြေရင်းကို
လာမှန်တာဗျ။ ဘယ်သူလုပ်တာလဲဆိုပီး ကျုပ်ကျီးကန်းတောင်းမှောက်
လိုက်ရှာကြည့်တယ်။ ဒါပေမဲ့ ဘာဆိုဘာမှ မတွေ့ရဘူးဗျို့။
” ဝုန်းးးးးး !! ”
” ခွမ်းးးး !! ခလွမ်းးး !! ”
ဟာ !! ဘယ်သူမှ မရှိပဲ… အိမ်က ပန်းကန်စင်ကြီးက တစ်ယောက်
ယောက် တွန်းလှဲလိုက်သလို လဲသွားတာဗျ။ အဲဒီချိန်မှာပဲ အနောက်မှာ
ပါလာတဲ့ သမီးကြီးက ကျူပ်ကို အလန့်တကြား အော်ပြောပါယော။
” ဖေဖေ !! ဖေဖေ !! ဟို… ဟိုမှာ ထုတ်တန်းပေါ်မှာ ညီမလေးကို
လည်ပင်းညှစ်တဲ့ အမွှေးစုတ်ဖွားနဲ့ သရဲကြီး ထိုင်နေတယ် ”
” ဟင် !! ဘယ်မှာလဲ … ဖေဖေလည်း မတွေ့ရပါလား ”
သမီးပြလို့ ကျုပ်လည်း အိမ်က ထုတ်တန်းကို မော့ကြည့်ချင်တယ်။
ဒါပေမဲ့ ဘာမှကို မမြင်ရတာ… ဒါကြောင့်လည်း သမီးကြီးကိုပြန်မေး
လိုက်ရတာဗျ။
” ဟာ !! ဖေဖေကလည်း ဟိုမှာလေ … မတွေ့ဘူးလား… ထုတ်တန်း
မှာ ခြေထောက်နှစ်ချောင်းကိုတွဲလောင်းချပီးထိုင်နေတာ… သမီးတို့ကိုလည်း မျက်လုံးနီနီကြီးနဲ့ကြည့်နေတယ် ”
ခက်တော့ခက်ပီ… သူက မြင်ရပေမဲ့ ကျုပ်က ဘာမှမမြင်ရဘူး… ဒီတော့
မထူးပါဘူးဆိုပီး…ဟုတ်သည်ရှိ… မဟုတ်သည်ရှိ… သမီးကြီးလက်ညိုး
နဲ့ထိုးပြတဲ့နေရာကို လက်ထဲမှာအသင့်ပါလာတဲ့ ပရိတ်ရေနဲ့ပက်လိုက်
တယ်။
” ဝုန်းးးး !! ”
” အုန်းးးး !! ”
ဟာ !! ထုတ်တန်းပေါ်ကနေ တစ်စုံတစ်ယောက်ကြောက်လန့်တကြား
ခုန်ဆင်းသွားသလို အိမ်ကြီးတစ်ခုလုံး သိမ့်ခနဲလှုပ်ခါသွားတာဗျို့။
ပီးတော့ အိမ်ပေါ်က ဒရောသောပါး ပြေးဆင်းသွားတဲ့ အသံမျိုးကို
လည်းကြားလိုက်ရတယ်။
” သွားပီဖေဖေ !! သရဲကြီးပြေးသွားပီ ”
သမီးကြီး အဲလိုပြောတော့မှ ကျုပ်လည်း သက်ပြင်းတစ်ချက်ကိုကြိတ်ပီး
မူတ်ထုတ်လိုက်ရတယ်။ ကျုပ်တို့ အိမ်မှာ ဘာတွေဖြစ်ကုန်ပီလဲဆိုတာ
သေချာမသိပေမဲ့… ထူးတော့ထူးဆန်းနေပီဗျို့။
အဲဒီနောက်တော့ ထပ်ပီး ဘာမှထူးထူးခြားခြားမဖြစ်တော့ဘူး။ ကျုပ်တို့
မိသားစုလည်း ဘုရားစင်အောက်မှာပဲ တစ်ညလုံးငုတ်တုတ်ထိုင်ပီး မိုး
စင်စင်လင်းခဲ့ရတာပေါ့။
” အမလေးးး !! အောင့်လိုက်တာ ”
” အမေရေ !! ကယ်ပါဦး…ဗိုက်ထဲက မခံနိုင်အောင်နာတယ် အမေရဲ့ ”
လင်မယားနှစ်ယောက် မိုးလင်းခါနီးမှ ငိုက်ခနဲဖြစ်သွားတာဗျ။ ဆူဆူညံ
ညံ အသံတွေကြားလို့ မျက်လုံးကို ဖျတ်ခနဲဖွင့်ကြည့်လိုက်တော့ သမီး
ကြီးနဲ့သမီးငယ်က ဗိုက်ကိုနှိပ်ပီး လူးလှိမ့်အော်ဟစ်နေကြတာဗျို့။
” သမီး … သမီးး ဘာဖြစ်တာလဲ ”
” နာတယ်… နာတယ်… အားးးးး သေပါပီ ”
” ယောကျာ်း !! ဘယ်လိုလုပ်ကြမလဲ ”
ဗိုက်အောင့်တာကလည်း တစ်ယောက်ထဲတောင်မဟုတ်ဘူး…
နှစ်ယောက်လုံးဆိုတော့ မိန်းမကလဲ ခြေမကိုင်မိ လက်မကိုင်မိနဲ့
ကျုပ်ကိုလှမ်းမေးတာပေါ့။
” ဟာ !! ဘာလုပ်ရမှာလဲ… အူအတက်ပေါက်ချင်တာလား မသိဘူး…
ဆေးရုံသွားမှ ရမှာပေါ့…သမီးတွေအခြေနေကြည့်ထား…ငါ အခုပဲကားသွား ငှားလိုက်မယ် ”
” ဟားးးဟားးးးးဟားးးး !! ခင်သုန်တဲ့ … ပိုင်မှ လုပ်တာဟေ့ ”
ကျုပ်တို့ အဲဒီလိုဖြစ်နေတဲ့ချိန် ခေါင်းရင်းအိမ်က ဒေါ်ခင်သုန်ရဲ့ ရီမော
သံကြီးကို ကြားလိုက်ရတယ်။ ဒါပေမဲ့ လောလောဆယ် ကိုယ့်အပူနဲ့
ကိုယ်ဆိုတော့လည်း ဘာဆိုဘာမှ မစဉ်းစားနိုင်သေးဘူးပေါ့ဗျာ။
ဒီလိုနဲ့ ကျုပ် ကားကိုအပြေးငှားပီး သမီးတွေကိုပွေ့တင်လိုက်တယ်။
ကားဆရာကလည်း ဆေးရုံအားချင်း ဒုံးစိုင်းပီးမောင်းချသွားတာဗျ။
ဆေးရုံရောက်တော့ ဆရာဝန်တွေက အရေးပေါ်ခန်းထဲအားချင်းသွင်း
ပီး သမီးတွေကိုစမ်းသပ်တယ်။ ကျုပ်တို့လင်မယားကတော့ အပြင်က
နေ ဖင်တကြွကြွဖြစ်နေတာပေါ့။ ခဏကြာတော့ အသက်ကြီးကြီးနဲ့
ဆရာဝန်ကြီးတစ်ယောက်ထွက်လာပီး ကျုပ်တို့လင်မယားနားကိုလှမ်း
လာတယ်။
” လူနာတွေနဲ့ဘာတော်လဲ ”
အနားရောက်တာနဲ့လှမ်းပြောလိုက်တဲ့ ဆရာဝန်ကြီးရဲ့အမေးကို ကျုပ်
ကပဲ ပြန်ဖြေလိုက်တယ်။
” မိဘတွေပါ ဆရာ… လူနာရှင်တွေရဲ့မိဘပါ ”
ကျုပ် အဲဒီလိုပြန်ဖြေလိုက်တော့… ဆရာဝန်ကြီးက ဘာမှ ပြန်မပြောပဲ
တစ်ခုခုကို စဉ်းစားနေတဲ့ ပုံလုပ်နေတယ်။ ကြည့်ရတာ တစ်စုံတစ်ရာကို
ပြောသင့်မပြောသင့် ချိန်ဆနေပုံပဲ။ ဒီတော့ ကျုပ်ကပဲ စကားထောက်
ပေးလိုက်ရတာပေါ့။
” ဆရာ !! ဘာများပြောစရာရှိလို့လဲ ”
” အေးဗျာ !! တစ်ခြားတော့မဟုတ်ပါဘူး… ခင်များသမီးတွေဖြစ်နေတဲ့
ရောဂါက ထူးဆန်းနေလို့ဗျ ”
” ဗျာ !! ဘယ်လို… ကျနော် နားမလည်ဘူးဆရာ ”
” အော် !! ခင်များသမီးတွေက ဗိုက်အောင့်တဲ့ ဝေဒနာကိုသာ ခံစားနေ
ရတာ… ကျနော်တို့ စမ်းသပ်ကြည့်တော့လဲ … ဘာရောဂါလက္ခဏာမှ
ရှာမတွေ့ဘူး…အူအတတ်ပေါက်တာ…ယောင်တာ…အစာအိမ်ယောင် တာ…ပေါက်တာမျိုးလဲ မရှိဘူး… အကုန်အကောင်းပဲ…တစ်ယောက်ထဲဆိုလည်းထားတော့… အခုက နှစ်ယောက်ကလုံး အောင့်တယ်ဆိုပီး…
နှစ်ယောက်လုံးရဲ့ ရောဂါလက္ခဏာကို ရှာဖွေလို့မရတာဗျ ”
” ဟင် !! ရောဂါလက္ခဏာ ရှာမရဘူး ဟုတ်လားဆရာ ”
” ဟုတ်တယ် !! ကျနော်က အထူးခွဲစိပ်ပါရဂူပါ…ကျနော့်ဆီ လူနာတစ်
ယောက် ရောက်လာပီဆိုတာနဲ့ … အဲဒီလူနာရဲ့အခြေနေကို တစ်ချက်
ကြည့်လိုက်ရင် ဘာဖြစ်တယ်… ဘာလုပ်ရမယ်ဆိုတာအစ တန်းပီးသိ
တဲ့ထိ အတွေ့ကြုံရင့်နေပါပီ…အခုက ခင်များသမီးတွေက ဗိုက်အောင့်
တဲ့ ဝေဒနာကိုသာ ခံစားနေရတာ… အထဲက ကလီစာအစိတ်ပိုင်းတွေ
လည်း အကုန်အကောင်းပဲ…ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ကျနော်
ဘယ်လိုမှ အဖြေရှာ မရဘူးဗျာ…တော်တော်ထူးဆန်းတယ်ဗျ ”
” ဟင် !! ဒါဆို ကျနော် ဘယ်လိုလုပ်ရမလဲ ”
” အေးဗျာ !! ရောဂါ ရှာမတွေ့ပဲ ကျနော်တို့လည်း ဘာမှ မလုပ်ပေး
တက်ဘူး…လောလောဆယ်တော့ သူတို့ကို ကျနော် အိပ်ဆေးထိုးပေး
ထားတယ်… ဆေးအရှိန်နဲ့တော့ သူတို့အိပ်သွားပါပီ… နိုးလာရင်
တော့ ဘယ်လိုအခြေနေရှိမလဲ စောင့်ကြည့်ကြတာပေါ့… ”
” ဟုတ်ကဲ့ !! ကျေးဇူးပါ ဆရာ ”
ဆရာဝန်ကြီး ထွက်သွားတော့… ကျုပ်တို့လင်မယားလဲတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ပီး ဘာလုပ်ရမှန်းမသိဖြစ်နေတာပေါ့။
” ယောကျာ်း !! မိန်းမတို့ ဘာဆက်လုပ်ကြမလဲ ”
” ဘာဆက်လုပ်ရမှာလဲ မိန်းမရာ… ဆရာဝန်ကြီးပြောသွားသလိုပဲ
သမီးတွေရဲ့ အခြေနေကိုစောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့ ”
” ဒါဖြင့် မိန်းမ အိမ်ခဏပြန်ပီး လိုအပ်တာတွေယူလိုက်ဦးမယ်လေ ”
” အေး… အေး !! မကြာစေနဲ့နော် မိန်းမ ”
မိန်းမက အိမ်ကို ပြန်သွားတော့ ကျုပ်လည်း သမီးတွေရှိတဲ့ အခန်းထဲကိုဝင်လာခဲ့တယ်။ ဆေးရုံကုတင်ပေါ်မှာတော့ သမီးနှစ်ယောက်က
ပက်လက်လေး အိပ်ပျော်လို့ပေါ့။
×××××××××××××××××××××××××××××××××××××××
အပိုင်း ( ၂ ) ဇာတ်သိမ်းပိုင်းဆက်ရန်~~~~~~~~~~~
#စာချစ်သူများအားအစဉ်လေးစားရိုသေလျက်
M T
#ဖြစ်ရပ်မှန်ဇာတ်လမ်းအဆက်
” ထူးဆန်းသောဘုန်းတော်ကြီးနှင့် ရွာသူငြိူးခြင်းခံရသော မိသားစု ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း ( ၂ ) ဇာတ်သိမ်း
” ယောကျာ်းးး !! မိန်းမရောက်ပီ… ဒီမှာ ဘကြီးမှုံတောင်ပါလာတယ် ”
ကျုပ် သမီးလေးနှစ်ယောက်ရဲ့လက်တစ်ဖက်စီကိုဆုပ်ပီး ဆေးရုံကုတင်
ဘေးက ထိုင်ခုံလေးပေါ်ထိုင်နေရင်းအသံကြားလို့ ကြည့်လိုက်တော့… မိန်းမဖြစ်သူပြန်ရောက်လာတာကိုတွေ့လိုက်ရတယ်။ သူနဲ့အတူ ဘကြီးမှုံဆိုတဲ့ ဘိုးတော်ကြီးလည်းပါလာတယ်ဗျ။
ဘကြီးမှုံက ကျုပ်တို့အိမ်ခြေရင်း သုံးအိမ် ကျော်ကလေ။ ကျုပ်တို့
ဒီကိုစပြောင်းလာထဲက သူနဲ့အရင်ဆုံးခင်ကြတာပေါ့ဗျာ။ ဒီတော့
ကျုပ်လည်း အနည်းငယ် အားတက်သွားပီး နူတ်ဆက်စကားပြော
လိုက်တယ်။
” ဟင် !! ဘကြီးမှုံလည်း ပါလာတာလား…လာ ထိုင်လေ ဘကြီး ”
” မထိုင်တော့ဘူးကွ … ငါ မင်းကို ပြောစရာရှိလို့ လိုက်လာတာ… မင်း
မိန်းမကို တော့ အကုန်ပြောပြပီးပါပီ…လာကွာ အပြင်ဘက်ထွက်ပြောရ
အောင် ”
” ဟုတ်ကဲ့ ဘကြီး ”
အခန်းအပြင်ကို ရောက်တော့ ဘကြီးမှုံရဲ့ မျက်နှာကတည်ကြည်လေး
နက်သွားပီး… ကျုပ်ကို အရင်ဆုံးစကားစ လိုက်တာဗျ။
” လှမောင် !! မင်း သမီးတွေအခြေနေဘယ်လိုရှိလဲ… ”
” မသိသေးဘူး ဘကြီးရယ်… ဆရာဝန်ကြီး ကိုယ်တိုင်ကလည်း ဗိုက်
အောင့်တဲ့ အကြောင်းရင်းကို ရှာမရသေးဘူးတဲ့ဗျ … ကျနော်လည်း
အရမ်းစိတ်ညစ်နေပါပီ ဘကြီးမှုံရာ ”
” အေး !! မင်း…အောက်လမ်း…အထက်လမ်း…စုန်းတွေ/ ကဝေတွေ
ဆိုတာတွေကိုယုံလား လှမောင် ”
ရုတ်တရက် ဘကြီးမှုံက အစမရှိ အဆုံးမရှိနဲ့ ကောက်ခါငင်ခါ ကြီးထ
မေးတော့ ကျုပ်လည်း ကြောင်သွားတာပေါ့။ ခဏနေမှ ပြန်ဖြေလိုက်
မိတယ်။
” အောက်လမ်း… အထက်လမ်းဆရာဆိုတာတွေကတော့ ကျနော်
လည်း ကြုံဖူးပါတယ်…အဲဒီ စုန်းတွေ ကဝေတွေဆိုတာတော့ ကျနော်
လည်း မမြင်ဖူးဘူး… ကြုံလည်းမကြုံဖူးဘူးဗျ ”
” အေး !! မင်းတို့ဆေးရုံကို သွားတော့ ဘာမှန်းမသိတာနဲ့ အကျိူး
ကြောင်းမမေးလိုက်ရဘူး…အခု မင်းမိန်းမပြန်လာတော့မှ မေးကြည့်
တော့ ညကဖြစ်တဲ့ကိစ္စတွေပါ အကုန်သိရတာကွ… ငါရဲရဲကြီးပြောရဲ
တယ်… လှမောင် !! မင်တို့ဖြစ်နေတာတွေက လုံးဝမရိုးဘူးကွ ”
” ဗျာ !! ဘယ်လို … ဘကြီးမှုံ ”
” ဟုတ်တယ် !! ငါ မင်းကို အရင်ထဲက ပြောသင့်မပြောသင့် ချိန်ဆနေတာ… အခုတော့ မပြောမဖြစ်ပြောရတော့မှာပေါ့ကွာ ”
” ဘာကိုလဲ ဘကြီး ”
” အေးး !! ဟိုတစ်လောက မင်းတို့မိသားစုတွေ … ဒေါ်ခင်သုန်ကြီးနဲ့
ပြသနာတက်ကြသေးတယ်မဟုတ်လား… ”
” ဟုတ်တယ်လေ ဘကြီး … ”
” အေးး !! အဲဒီ မိန်းမက ပညာသယ်ကွ ”
” ဗျာ !! ပညာသယ် ဟုတ်လား… ဘာပညာသယ်လည်းဗျ ”
ကျုပ်လည်း ပညာသယ်ဆိုတာကိုနားမလည်တာနဲ့ အားချင်းပြန်မေး
လိုက်တာ။ ဘကြီးမှုံကလည်းခေါင်းကို ဆတ်ခနဲငြိမ့်ပီး ပြန်ပြောတယ်။
” ဟုတ်တယ် !! လှမောင် … ဒေါ်ခင်သုန်က ပညာသယ်စစ်စစ်ကွ…
ဘယ်လိုပညာသည်လည်း ဆိုတာတော့ ငါလည်း သေချာမသိဘူး…
အောက်လမ်းမဟုတ်ရင် စုန်းလား…ကဝေလား တစ်ခုခုပဲ ”
” ဟင် !! ဘကြီးမှုံက ဘယ်လိုသိတာလဲ ”
” လှမောင်ရယ် !! မင်းတို့က အခုမှ ဒီကိုပြောင်းလာတာပါ… ငါကမွေး
ထဲက ဒီမှာနေလာတဲ့ကောင်ကွ… ကိုယ့်ရပ်ကွက်ထဲက လူတွေအ
ကြောင်း မသိပဲနေမလား… အဲဒီလို သေချာတပ်အပ်ကြီးပြောရဲတာက
လည်း အကြောင်းရှိလို့ကွ ”
” ဘာအကြောင်းလဲ ဘကြီးမှုံ ”
” ဒီလိုကွ !! မင်းတို့အခုဝယ်လိုက်တဲ့ အိမ်က အရင်ပိုင်ရှင်တွေတုန်း
ကလည်း…ဒေါ်ခင်သုန်နဲ့ ပြသနာဖြစ်ဘူးတယ်… အဲဒီလိုပြသနာဖြစ်ပီး
ဘာကြာလို့လဲ…အခုမင်းတို့ဖြစ်သလိုပဲ အိမ်မှာ ပုဏ္ဏကတိုက်သလိုလို
သရဲစီးသလိုလိုတွေဖြစ်တာ… ပီးတော့တစ်အိမ်သားလုံးအကောင်းကြီးကနေ နေမကောင်းတွေဖြစ်လို့ဖြစ်…စီးပွားရေးတွေကျနဲ့… နောက်ဆုံး
အိမ်ပါ ရောင်းသွားရတဲ့ အထိပဲလေ ”
” ဟင် !! တိုက်ဆိုင်တာကော မဖြစ်နိုင်ဘူးလားဗျာ ”
” ဘယ်ကတိုက်ဆိုင်ရမှာလဲ လှမောင်ရာ… အဲဒီဒေါ်ခင်သုန်ဆိုတဲ့ မိန်းမနဲ့ ပြသနာဖြစ်တဲ့သူတိုင်းလိုလို … ဘဝပျက်ရင် ပျက်… မပျက်ရင် စီး
ပွားပျက်ကြတော့တာပဲ ငါ့ကောင်… မင်းမယုံရင် တစ်ရပ်ကွက်လုံးလိုက်
မေးကြည့်… မင်းမေးတာကို မဖြေရဲတာသာရှိမယ်… ဒေါ်ခင်သုန်ဘာလဲဆိုတာတော့ လူတိုင်းသိကြတယ်ကွ… အခုပဲ ကြည့်လေ… မင်း သမီး
တွေ ဗိုက်အောင့်လို့ လူးလှိမ့်အော်ဟစ်နေရတာ… ရောဂါကိုတော့ရှာ
မရဘူးမဟုတ်လား ”
ဘကြီးမှုံစကားကြောင့် ကျုပ်လည်း တစ်ချက်တွေဝေပီး စဉ်းစားကြည့်
မိတယ်။ ဖြစ်နိုင်သလိုလိုတော့ရှိသားဗျ… အဲဒီည မတိုင်ခင် မနက်ပိုင်း
က ကျုပ်သမီးတွေ ဒေါ်ခင်သုန်ရဲ့အိမ်ကို မုန့်သွားပို့ကြတုန်းက… ဟိုက သမီးတွေကို မုန့်ပြန်ကျွေးလိုက်သေးတယ်တဲ့… အဲဒီက ပြန်လာပီး
ညဘက်ကျမှ အိမ်မှာ ပုဏ္ဏက တိုက်သလိုလို…ဘီလူးပဲစီးသလိုလိုဖြစ်
တာလေဗျာ။ နောက်တော့ အကောင်းကြီးကနေ ဘာမှန်းမသိရပဲ…ဗိုက်
အောင့်တဲ့ဝေဒနာကို ခံစားနေရရှာတာ။
ပီးတော့ ကျုပ်ရဲ့မျက်လုံးထဲမှာလည်း ပြသနာဖြစ်တဲ့နေ့က ဒေါ်ခင်သုန်
ရဲ့ အမူအရာကို ရုပ်ရှင်ပြသလိုပြန်ပီးမြင်ယောင်လာတယ်။ အဲဒီနေ့က
ဒေါ်ခင်သုန်က စိတ်ဆိုးမာန်ဆိုးနဲ့ အံကြီးကြိတ်… မျက်လုံးကြီးပြူးပီး
ကြိမ်းဝါးလိုက်တဲ့ စကားကိုလည်း ပြန်ပီး အမှတ်ရလာတာဗျို့။
အခု ဘကြီးမှုံကိုယ်တိုင်ကပါ ဒီလိုပြောလာပီဆိုတော့ လက်မခံလို့မရ
တော့ဘူးဗျ။ ဘကြီးမှုံက ရပ်ကွက်ထဲမှာဘယ်သူနဲ့မှရှုပ်ရှုပ်ယှက်ယှက်
ရောရောထွေးထွေးမရှိဘူး… တစ်ကိုယ်ထဲ ခပ်အေးအေးနေတဲ့သူ။
ပီးတော့ လူကြီးတစ်ယောက်အနေနဲ့ သူများအကြောင်းကို မသေချာပဲ
ပီးစလွယ်ပြောမှာမဟုတ်ဘူး။ တွေးရင်းနဲ့ ဒေါသက ထိန်းမရအောင်
ထွက်လာပီး တောက်တစ်ချက် ကိုလည်း ပြင်းပြင်းထန်ထန်ခေါက်
လိုက်မိတယ်။
” တောက် !! ”
” စိတ်ထိန်းလှမောင် !! ခုကိစ္စကဒေါသနဲ့ဖြေရှင်းရမဲ့အရာမဟုတ်ဘူး ”
ကျုပ် တရှုးရှုးတရှဲရှဲနဲ့ ဒေါသ ထွက်လာတာကို သိလို့ ဘကြီးမှုံက
ထိန်းလိုက်တာဗျ။
” ကျုပ် အဲဒီမိန်းမ ကို ဒီလောက်ယုတ်မာလိမ့်မယ်လို့ မထင်ဘူး…
ဘကြီးမှုံရာ… ကျုပ်တို့ မိသားစုကြုံနေရတာတွေက ဒီမိန်းမလက်ချက်
ဆိုတာ သိသာနေပီ… အခုချက်ချင်း အိမ်ကိုပြန်ပီး ဓားနဲ့သာ သွားပိုင်း
ပစ်လိုက်ချင်တယ် ”
” အဲဒီလို စိတ်လိုက်မာန်ပါလုပ်လို့ ပီးသွားယောလား လှမောင် …မင်း
အဲဒီလို လုပ်လိုက်ပါပီတဲ့ … မင်းရဲ့ သမီးနှစ်ယောက်က ပြန်ကောင်း
လာနိုင်မလား… ပီးတော့ တရားဥပဒေဆိုတာက ရှိသေးတယ်… သူ့ကို
သတ်လိုက်ရင် မင်းလည်း အကောင်းနေရမယ် မထင်နဲ့ ”
” ဒါဖြင့် !! ကျုပ် ဘာလုပ်ရမှာလဲ ဘကြီးမှုံ… ကျုပ်သမီးလေးတွေ သူများ ပြုစားထားတာ ခံနေရတာကို လက်ပိုက်ကြည့်နေရမှာလား ”
” အဲလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲကွာ… အနာသိရင်ဆေးရှိရမှာ
ပေါ့… မင်းရဲ့ သမီးတွေကို ခုလိုဆေးရုံတင်ထားတာက ဘာမှ အကျိုး
ရှိမှာမဟုတ်ဘူး… ဒီကဆေးဝါးတွေနဲ့ ကုလို့လည်း သက်သာလာမှာ
မဟုတ်ဘူး လှမောင်… အချိန်ကြာလေ ပိုဆိုးလေဖြစ်သွားမယ် ”
” ဒါဆို ဘကြီးမှုံက ဘယ်လို လုပ်စေချင်လို့လဲ ”
” ငါ့အထင်တော့ ဒီလိုကိစ္စတွေမှာ… နားလည်တက်ကျွမ်းတဲ့ ဆရာတစ်
ယောက်ယောက်နဲ့ ပြကြည့်သင့်တယ်လို့ ထင်တာပဲ ”
” ဟင် !! ဘယ်ကိုသွားပီး… ဘယ်သူ့ဆီပြရမှာလဲ… ကျုပ်မှ အဲလို
ဆရာတွေနဲ့ အသိအကျွမ်းမှ မရှိတာ ”
” မှော်ဘီဘက်မှာ ဒီလိုကိစ္စတွေ လုပ်ပေးတဲ့ဆရာမတစ်ယောက်တော့ရှိတယ်…သူက ခုနှစ်ရက်သားသမီးတွေကို ကူညီကယ်တင်နေတဲ့
အထက်လမ်း ပညာရှင်စစ်စစ်တစ်ယောက်ပဲ…အခကြေးငွေလည်းသဒ္ဒါသလောက်ပဲယူတာ…တော်တော်လေးလည်းစွမ်းတယ်လို့ပြောတယ် ”
” ဟင် !! ဒါဖြင့် ကျနော် သွားကြည့်လိုက်မယ်လေ ”
ဘကြီးမှုံ ပြောလိုက်တဲ့ စကားကြောင့် ကျုပ်လည်းဝမ်းသာအားရနဲ့ပြန်
ပြောလိုက်မိတာဗျ။ ပီးတော့ သွားရမဲ့လိပ်စာလည်း မေးလိုက်တာပေါ့။
ဘကြီးမှုံက ကျုပ်ကို သေချာလမ်းညွှန်ပေးရှာတယ်။ ပီးတော့မှ ပြန်သွား
တာဗျ။ ဘာပဲဖြစ်ဖြစ် သွေးမတော်သားမစပ် ခုလိုဆေးရုံထိလိုက်လာပီး
ကူညီပေးတာပဲ ကျေးဇူးတင်မဆုံးပါဘူး။ သူသာ မပြောရင် ကျုပ်လည်း
အခုထိ ဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာ မဟုတ်ဘူးလေဗျာ။
ဘကြီးမှုံ ဆေးရုံကပြန်သွားတာနဲ့ ကျုပ်လည်းအားချင်းပဲ ဆရာဝန်ကြီး
အခန်းကိုအပြေးသွားလိုက်တယ်။ အရင်ဆုံး သမီးငယ်ကိုခေါ်သွားပီးပြ
ကြည့်ဖို့ တွေးမိပီး ဆရာဝန်ကြီးဆီမှာ ခွင့်ပြုချက်တောင်းမလို့ပေါ့ဗျာ။
ဆရာဝန်ကြီးကလည်း သမီးဇောနဲ့ ပြာယာခတ်နေတဲ့ ကျုပ်ကိုကြည့်ပီး
သနားလို့နဲ့တူပါရဲ့… လိုလိုလားလားပဲ ခွင့်ပြုတယ်။
ကျုပ်လည်း ဆရာဝန်ကြီးဆီက ခွင့်ပြုချက်ရတော့… တက်စီ အားချင်း
ပြေးငှားပီး သမီးငယ်ကို ကားပေါ်ပွေ့တင်လိုက်တယ်။ မိန်းမဖြစ်သူကို
တော့ သမီးကြီးကိုစောင့်နေဖို့ ထားခဲ့ရတာပေါ့။ ဆေးရုံကနေထွက်လာ
တဲ့ထိ သမီးငယ်က ဆေးအရှိန်နဲ့ အိပ်ပျော်နေတုန်းပဲပေါ့ဗျာ။
မှော်ဘီကို ရောက်တော့ ဘကြီးမှုံပြောလိုက်တဲ့ ဆရာမရဲ့အိမ်ကို သိပ်
ပီးမရှာလိုက်ရဘူးဗျို့။ အဲဒီဘက်မှာ ဆရာမကြီးကို မသိတဲ့သူမရှိဘူး။
ဆရာမကြီးရဲ့ အိမ်ရှေ့ကို ကားဆိုက်တော့…အိမ်ပေါက်ဝမှာ ” မဟိဒ္ဓိ
စေ ဆရာမကြီး ဒေါ်နန်း ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ထင်းလို့ဗျ။
ကျုပ်လည်း ကားရပ်တာနဲ့ တံခါးကို အားချင်းဆွဲဖွင့်ပီး သမီးငယ်ကိုချီ
ထုတ်လိုက်တယ်။ ပီးတာနဲ့ အိမ်ပေါ်ကိုတန်းတက်သွားလိုက်တာဗျ။
” အော် !! သုံးယောက်သော သူတို့ပါလား … ကဲ…ကဲ !! လာကြ…
လာကြ ”
ဟာ !! ကျုပ်က သမီးကိုပွေ့ပီးအိမ်ပေါ် ခြေချမိရုံပဲ ရှိသေးတာဗျ… အိမ်
ထဲက ဘုရားခန်းရှေ့မှာ အညိုရောင်ယောဂီဝတ်စုံကို သေသေသပ်သပ်
ဝတ်ထားတဲ့ အသက်ခြောက်ဆယ်လောက်ရှိမဲ့မိန်းမကြီးတစ်ယောက်
က လှမ်းပြောလိုက်တာဗျို့။
ရုတ်တရက်ဆိုတော့ ကျုပ်လည်း ကြောင်သွားတယ်။ တကယ်ဆို သမီး
နဲ့ ကျုပ် နှစ်ယောက်ထဲလေဗျာ။ ဘယ်နဲ့ကြောင့် သုံးယောက်လို့ပြော
ရတာလည်း စဉ်းစားမရဘူး။ ကားဆရာကလည်းအသွားအပြန်ငှားထား
လို့ကားထဲမှာ စောင့်ပီးကျန်နေခဲ့တာဗျ။ ကျုပ်အဲဒီလို ကြောင်အမ်းအမ်း
ဖြစ်သွားတာကို ဆရာမကြီးက သဘောကျသလို ပြုံးရင်းနဲ့ပြန်ပြော
တယ်။
” ကဲ !! ထိုင်ကြပါ… အရင်ဆုံး ဘုရားကိုဦးတိုက်လိုက်ပါဦးကွယ် ”
” ဟုတ်… ဟုတ်ကဲ့ !! ”
ကျုပ်လည်း ဘာမှရှည်ရှည်ဝေးဝေးစဉ်းစားမနေပဲ…အိပ်ဆေးအရှိန်နဲ့
အိပ်ပျော်နေတဲ့ သမီးငယ်ကို ပွေ့ထားရာကချပီး ဘုရားကို ဦးတိုက်
လိုက်တယ်။ ပီးတော့ မှ စကားစလိုက်ရတာဗျ။
” ဒီက အမေကြီးက မဟိဒ္ဓိစေ ဆရာမကြီး ဒေါ်နန်းလား ”
” ဟုတ်တယ် သား !! အမေက ဒေါ်နန်းပါ …ကဲ !! အမေ့ဆီရောက်
လာရတဲ့ အကြောင်းရင်းကို ပြောစမ်းပါဦးကွယ် ”
ကျုပ် လည်း ဖြစ်ပျက်သမျှကို အတိုးချုံးပီး အမေကြီး ဒေါ်နန်းကိုရှင်း
ပြလိုက်တယ်ဗျ။ ကျုပ်ရဲ့ စကားဆုံးသွားတော့မှ အမေကြီးဒေါ်နန်းက
နူတ်ခမ်းတွန့်ရုံလေး ပြုံးပီး ခေါင်းလေးတဆတ်ဆတ်နဲ့ ပြန်ပြောတာဗျို့။
” အင်းး !! ညီအမနှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ကို ဒင်းကပိုင်နေပုံရ
တယ်…သားတို့ ဝင်လာထဲက ဒီကလေးမက သူများအပင်းသွင်းတာခံ
ထားရမှန်း အမေ တန်းပီးသိပါတယ်…အသေကိုသတ်ပစ်မဲ့ အကြံနဲ့
လုပ်ထားတာကွဲ့…သားတို့အိမ်ကိုပါ အစိမ်းသေအတိုက် တိုက်ထား
သေးတယ်… ပီးတော့ ပြုစားထားတဲ့သူက ဒီကလေးမနဲ့တောင်ပါလာတယ်ကွဲ့…ဒါကြောင့်လည်း အမေကသားတို့ကိုမြင်မြင်ချင်း လူသုံး
ယောက်လို့ပြောလိုက်တာပေါ့ ”
” ဗျာ !! သမီးနဲ့ ပါလာတယ်ဟုတ်လား အမေကြီး ”
” အင်းး !! ဟုတ်တယ်သား … သားမယုံရင် အမေ သူ့ကို အခုပဲ
ခေါ်ပြမယ်… ကလေးမကို ပက်လက်လှန်ပီး သက်တောင့်သက်သာ အနေထားဖြစ်အောင် လုပ်လိုက်သား ”
” ဟုတ်… ဟုတ်ကဲ့ အမေ ”
ကျုပ်လည်း အမေကြီး ခိုင်းတဲ့အတိုင်း သမီးငယ်ရဲ့ခန္ဓာကိုယ်ကို ပြုပြင်
ပေးလိုက်တယ်။ အဲဒီချိန်မှာ အမေကြီး ဒေါ်နန်းက လက်အုပ်ချီပီး
ဘုရားကို ဦးတိုက်နေပီဗျ။ ဘုရားကို ဦးသုံးကြိမ်ချပီးတာနဲ့ ကျုပ်တို့
ဘက်ကိုပြန်လှည့်လိုက်တယ်။ ပီးတော့ ချောင်းတစ်ချက်ဟန့်ပီး အမိန့်
ပြန်လိုက်တာဗျို့။
” အဟမ်းး…အဟမ်းးး !! အဖဆရာကြီးများရဲ့ အမိန့် !! ငါဆရာမရဲ့
မဟိဒ္ဓိစေ အမိန့် !! ငါ့ထံ ယခုရောက်ရှိနေတဲ့ ဝေဒနာရှင် ခလေးမနဲ့အတူပါလာတဲ့ ပညာသည်…ဤ ခလေးမကိုထိခိုက်နစ်နာအောင်
လုပ်ထား…ပြုစားထားတဲ့ ပညာသည်…အခုချက်ချင်း ခလေးမရဲ့ကိုယ်
မှာ ကပ်တွယ်ပုန်းအောင်းနေရာက ထွက်လာစေ !! တိမ်းခြင်း…
ရှောင်ပုန်းခြင်း မပြုနိုင်စေရ… ပြုလုပ်ခဲ့သည်ရှိက ဆိုင်ရာတို့က ပြင်း
ထန်စွာ ဒဏ်ခတ်အရေးယူစေ … !! ”
အဲဒီလို အမိန့်ပြန်လိုက်ပေမဲ့ ဆေးအရှိန်နဲ့အိပ်ပျော်နေတဲ့ သမီးငယ်က တုပ်တုပ်တောင်မလှုပ်ဘူးဗျ။ အမေကြီးနန်းက ဒါကိုမြင်တော့သဘောကျသလိုပြုံးပီး သူ့ဘာသာရေရွတ်လိုက်တယ်။
” အော် !! ဒင်းကလည်း မခေဘူးကိုး… သိကြသေးတာပေါ့ ”
ကြိမ်းဝါးပီးတာနဲ့ အမေကြီးက မျက်စိကို စုံမှိတ်လိုက်တယ်။ ပါးစပ်ကလည်း ကျုပ်နားမလည်တဲ့ ဂါထာမန္တာန်တစ်ပုဒ်ကို မာန်အပြည့်နဲ့ ရွတ်
နေတာဗျ။ ဂါထာဆုံး သွားတော့မှ ခုနကအတိုင်း အမိန့်ထပ်ပြန်
လိုက်တယ်။
ဟာ !! ဒီတစ်ခါတော့ ထူးခြားပီဗျို့။ အမိန့်ပြန်ပီးတာနဲ့…အိပ်ပျော်နေတဲ့
သမီးငယ်ရဲ့မျက်လုံးတွေက ဖျတ်ခနဲ ပွင့်လာတာဗျ။ ပီးတော့ ဆတ်ဆို
ငုတ်တုပ်ကြီးထပီး…တင်ပုလ္လင်ချိတ် ထိုင်ပါယောဗျို့။ မျက်လုံးကြီးတွေ
ကနီရဲပီး အပြင်ကို ပြူးထွက်နေတာဗျ။ ကျုပ်စိတ်ထဲ ကျုပ်ရဲ့သမီးငယ်
မဟုတ်တော့သလိုတောင် ခံစားမိသွားတာဗျို့။ ကျုပ်အဲဒီလိုတွေးနေ
တုန်းမှာပဲ အမေကြီးနန်းက သမီးကို စေ့စေ့ကြည့်ပီးမေးနေပီဗျ။
” ဟင်းးးဟင်းးး !! ခုတော့ နင်မလာလို့ မရတော့ဘူးမို့လား…ပြောစမ်း
…ဘာ့အတွက်ကြောင့် ဒီကလေးမတွေကို ဒုက္ခပေးရတာလဲ ”
” နင်မေးတာကို ဘာလို့ဖြေရမှာလဲ… မကြောက်လို့တောင် ဒီထိ
လိုက်လာတာ … ရှင်းလား ”
ဟာ !! သမီးငယ်ဆီက ထွက်လာတဲ့ အသံက ပုံမှန်အသံမဟုတ်ဘူး။
နက်ကျောမာထန်ပီး အသက်ကြီးကြီး မိန်းမတစ်ယောက်ရဲ့ လေသံမျိုး
ဗျ။ ပီးတော့ အမေကြီး ဒေါ်နန်းကိုလည်း မကြောက်မရွဲ့နဲ့ မထီလေး
စားကြည့်ပီး ပြန်ပြောလိုက်တာဗျို့။ အမေကြီးကလည်း စိတ်ဆိုးတဲ့ပုံမရ
ပါဘူး…အပြုံးမပျက်ပဲ ထပ်မေးလိုက်တာဗျ။
” အော် !! နင်က လတ်စသတ်တော့ မိန်းမ ကိုး … ကဲ !! နင့်ဘာနင်
ဘာကြီးပဲ ဖြစ်ဖြစ်… ငါ မေတ္တာနဲ့ ဆက်ဆံတုန်းမှာ ကောင်းကောင်းပဲ
ပြန်ဖြေတာ ကောင်းလိမ့်မယ် ”
” ဟားးးဟားးးဟားးးး !! နင့်ရဲ့ မဖြစ်စလောက် ပညာလေးနဲ့ ငါ့ကိုစမ်း
ချင်လို့လား… နိုင်မယ်ထင်ရင်လုပ်ကြည့်လေ ”
ဟာ !! ဒီတစ်ခါတော့ အမေကြီးနန်း စိတ်နဲနဲ တိုသွားပုံရတယ်။
မျက်နှာကို ချက်ချင်းတည်လိုက်တာဗျ။ ပီးတော့ လေသံမာမာနဲ့
မေးလိုက်တာဗျို့။
” နင့်ကို နောက်ဆုံး မေးမယ်… ဒီကလေးမကို လုပ်ထားတဲ့ပညာတွေ
နူတ်မလား မနူတ်ဘူးလား… နင် ဒီညီအမနှစ်ယောက်စလုံးကို အပင်းသွင်းထားတယ်ဆိုတာ ငါသိတယ်…ပီးတော့ အစိမ်းသေအတိုက်နဲ့
လည်း တိုက်ထားတယ်မဟုတ်လား…ဒီတော့ နင့်ပညာကို နင်ကိုယ်
တိုင်နူတ်မလား… ငါ့ဘာသာ နူတ်ရမလား ”
” ဟားးးဟားးးဟားးး !! လုပ်နိုင်ရင် လုပ်လိုက်လေ… နင်ဘယ်
လောက်စွမ်းလဲ သိရတာပေါ့…ငါကတော့ ပြန်နူတ်ပေးမှာမဟုတ်ဘူး…
ဒီကောင်မ တွေကို အသေကိုသတ်ပစ်မှာ…ငါ အရင်ဆုံးသတ်မဲ့သူက
အကြီးမပဲဟေ့ … ဟားးဟားးဟားးး !! ”
ဟော !! အဲဒီလို ပြောပီးတာနဲ့ သမီးငယ်ရဲ့ကိုယ်က ပြန်ခွာသွားပုံရ
တယ်… ထိုင်နေရာကနေ အရုပ်ကြိုးပြတ် လဲကျသွားတာဗျ။ ကျုပ်က
သတိရှိနေလို့ အသာပွေ့ပီးထိန်းနိုင်လိုက်တာ။
” ဟူးးး !! သားရေ လွယ်တော့မလွယ်ဘူး… ဒီမိန်းမက တော်တော်
အငြိုးကြီးတယ်… ပညာလည်း တော်တော် ထက်မဲ့ပုံပဲ ”
အမေကြီးက သက်ပြင်းတစ်ချက်ကို လေးတွဲစွာချပီး… ခေါင်လေးခါရင်း
ကျုပ်ကို လှမ်းပြောလိုက်တာဗျ။ ကျုပ်လည်း သူဘာဆက်လုပ်မယ်ဆိုတာ သိချင်စိတ်နဲ့ အလောတကြီး မေးလိုက်ရတာပေါ့။
” ဒါ… ဒါဆို ဘာဆက်လုပ်ကြမလဲ အမေ ”
” အေးး !! အမေ့ပညာနဲ့ထုတ်ရတော့မှာပေါ့…သူက လက်ဦးထားတာဆိုတော့ လွယ်မယ်လို့တော့မထင်ဘူး… ဘာပဲ ဖြစ်ဖြစ်အမေ အစွမ်း
ကုန် ကြိုးစားပေးပါ့မယ်… ကဲ !! သား…ကလေးမကို တင်ပုလ္လင်ခွေ
ထိုင်ပီး… လက်အုပ်ချီတဲ့ အနေထားလေးပြင်ပေးစမ်းပါကွယ် ”
” ဟုတ်ကဲ့ပါ အမေ ”
သမီးငယ်ကို ကျုပ် အဲဒီလိုအနေထားပြင်ပေးပီးတာနဲ့ အမေနန်းက
ဘုရားစင်မှာ တင်ထားတဲ့ အပ်ချည်လုံးတစ်လုံးကို သွားယူပီး… အဲဒီ
အပ်ချည်နဲ့ လက်အုပ်ချီထားတဲ့ သမီးငယ်ရဲ့ လက်နှစ်ဖက်ကို ပတ်
နေတာဗျ။ ပါးစပ်ကလည်း မန္တန်တစ်ခုကို တိုးတိုးလေးရွတ်နေတယ်။
ပီးတော့ အင်းလိုလို… စမလိုလို အကွက်တွေ ရေးဆွဲထားတဲ့ ပိတ်စ
ဖြူ တစ်ထည်နဲ့ သမီးငယ်ရဲ့ ခေါင်းကို အုပ်လိုက်သေးတာဗျ။
ပီးတော့မှ အဲဒီပိတ်ဖြူစပေါ်ကိုလက်ဝါးနဲ့အုပ်ပီးမန္တန်တစ်မျိုးကိုပြောင်း
ပီးရွတ်နေပီဗျို့။ ဒီတစ်ခါတော့ မန္တန်ရွတ်တဲ့ အသံက ဋ္ဌာန် ကရိုဏ်းကျ
ကျနဲ့ မာန်အပြည့်ပါတယ်ဗျ။ အတော်လေး ကြာတာ့ ရွတ်နေတာကို
ရပ်လိုက်ပီး… သမီးရဲ့အခြေနေကို စောင့်ကြည့်တယ်။ အချိန်တော်
တော်ကြာတဲ့ ထိဘာမှ ထူးခြားမူ မရှိဘူး။
” သား !! ဒီမိန်းမက အပိုင်လုပ်ထားတာပဲ…သူ သွင်းထားတဲ့ အပင်းကို
အမေ့ ပညာနဲ့ ထုတ်ဖို့ မစွမ်းနိုင်ဘူးကွယ် ”
” ဟင် !! ဒါ… ဒါဖြင့်ရင် ”
” မတက်နိုင်ဘူး သား… ဒင်းလည်းလွယ်လွယ်နဲ့ အလျှော့ပေးမဲ့သူ
မဟုတ်ဘူး… ဒီတော့အမေ သူနဲ့ပညာပြိုင်ဖို့ပဲ ရှိတော့တာပေါ့…
အမေနိုင်ရင်တော့ သူ့ပညာကိုသူ့ဘာသာ ပြန်နုတ်သွားပါလိမ့်မယ် ”
” ဟုတ်… ဟုတ်ကဲ့ပါ အမေ !! ”
” ကဲ !! ဒါဆို သားတို့ ခပ်လှမ်းလှမ်းကို ဆုတ်နေကြတော့ ”
ကျုပ်လည်း အမေနန်း ပြောတဲ့ တိုင်းခပ်လှမ်းလှမ်းကို ဆုတ်ပေးလိုက်
တယ်။ အမေကြီးက မျက်စိကို စုံမှိတ်ပီး ခန္ဓာကိုယ်ကို တင်ပုလ္လင်ခွေ
အနေထားပြောင်းထိုင်လိုိက်တာဗျ။ ပီးတော့ လက်ဝါးနှစ်ဖက်ကို ဖြန့်
ပီး ပါးစပ်က ပွစိပွစိနဲ့လုပ်နေတယ်။
ဟော !! ရုတ်တရက် လက်ဝါးနှစ်ဖက်ကို အရှေ့ဘက် ဆန့်ထုတ်ပီး
တွန်းလိုက်တာဗျ။ မသိရင်တစ်စုံတစ်ယောက်နဲ့ အားချင်းပြိုင်နေသလိုမျိုးပဲဗျို့။ အတော်လေးကြာတော့ အမေနန်းရဲ့ နားထင်မှာ ချွေးတွေ
သီးပီး စို့ထွက်လာတာကို ကျုပ်မြင်လိုက်ရတယ်။
ဟာ !! အသက်ရူမြန်လာပီး ရင်ဘတ်က ဖားဖိုကြီးတစ်လုံးလို ပိန်လိုက်
ဖောင်းလိုက်ဖြစ်လာတာဗျ။ နောက်တော့ခန္ဓာကိုယ်ကြီးကပါ တဆတ်
ဆတ်တုန်လာပီ။ အဲဒီခန္ဓာကိုယ်နဲ့အတူ ရှေ့ကိုအားချင်းပြိုင်သလို ဆန့်
ထုတ်ထားတဲ့ လက်တွေပါ တုန်ရင်လာတာဗျ။
” အားးးးးးး !! ”
အမလေးဗျာ !! ကြည့်နေရင်းမှာပဲ…အားခနဲအော်သံကြီးနဲ့ အမေနန်း
ရဲ့ ခန္ဓာကိုယ်ကြီးက တစ်စုံတစ်ယောက် ဆောင့်တွန်းလိုက်သလို
အနောက်ကို လန်ထွက်သွားတာဗျ။ မှိတ်ထားတဲ့ မျက်လုံးတွေလည်း
ပြန်ပွင့်လာပီး ရင်ဘတ်ကိုလည်း လက်နဲ့ဖိထားသေးတာဗျို့။ ကျုပ်
လည်း စိုးရိမ်စိတ်နဲ့ မေးလိုက်ရတာပေါ့။
” အမေနန်း… အမေနန်း !! ဘယ်လိုဖြစ်တာလဲ ”
ကျုပ် အဲဒီလိုမေးလိုက်တာကို အမေနန်းက ချက်ချင်းပြန်မဖြေနိုင်သေးဘူး။ လက်ဝါးကာပြပီး… အသက်ကို ခဲခဲရင်းရင်း ရူနေရသေးတာဗျ။
တော်တော်လေး ကြာမှ ကျုပ်ကို စကားပြန်ပြောနိုင်တာ။
” သား !! အမေ သူ့ကို မနိုင်ဘူး… သူကသာမန်မဟုတ်ဘူး…ပညာတအားမြင့်တဲ့ ရွာသူပဲ… ပီးတော့ သားတို့ရောက်လာတာကလည်း နဲနဲ
နောက်ကျသွားတယ်…အခု အဲဒီရွာသူမိန်းမက ကလေးတွေရဲ့အသက်
ကိုပိုင်နေပီ…ကလေးတွေက သူ့လက်ခုပ်ထဲက ရေဖြစ်နေပီ သား ”
” ဟင် !! ဒါဆို သားက ဘာဆက်လုပ်ရမှာလဲ အမေရယ် ”
” ဟူးး !! အမေလည်း အကြံမပေးတက်တော့ဘူး သားရယ်…ဘောက်
ထော်ဘက်မှာတော့ အမေတို့ရဲ့ ဂိုဏ်းချုပ်အဖဆရာကြီးရှိတယ်ကွဲ့… သူကတော့ သေချာပေါက် ဒီ မိန်းမကို နိုင်လိမ့်မယ်… ဒါပေမဲ့ … ”
အမေနန်းက ပြောလက်စ စကားကိုဆုံးအောင်ဆက်မပြောပဲရပ်လိုက်
တာဗျ။ ကျုပ် အားမလိုမရနဲ့ စကားပြန်ထောက်ပေးလိုက်ရတာပေါ့။
” ဒါပေမဲ့ … ဘာဖြစ်လဲ အမေ ”
” အေး !! အခုချိန် အဖဆရာကြီးက အခန်းပိတ်ပီး ထွက်ရပ်လမ်းစဉ်
တစ်ခုကို လိုက်စားနေတာလေ…အခုချိန်မှာ ဘယ်သူ့ကိုမှ အတွေ့ခံ
မှာမဟုတ်ဘူး သားရဲ့ ”
သွားပီပေါ့ဗျာ။ လမ်းက ဆုံးပီလေ… ကျုပ် ထိုင်ငိုချင်စိတ်တောင်ပေါက်
သွားတာ။ အမေနန်းကလည်း ဘာမှ မတက်နိုင်တော့ဘူးဆိုတော့…
ကျုပ်ရဲ့ သမီးတွေကို လက်လွှတ်ဆုံးရှုံးခံလိုက်ရတော့မှာလား… မဖြစ်
နိုင်ဘူးဗျာ… ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီသမီးတွေသာ တစ်စုံတစ်ခုချွတ်
ချော် သွားရင် ကျုပ်သေမှာဗျ။ သမီးတွေကို ကျုပ်အရမ်းချစ်တယ်။
ဖြစ်နိုင်ရင် သမီးတွေရဲ့ နေရာမှာ ကျုပ်ပဲ အစားဝင်ခံလိုက်ချင်ပါရဲ့ဗျာ။
” ကဲ !! သား အမေကတော့ ဘာမှ မတတ်နိုင်တော့ဘူး… ဒီတော့
တစ်ခြား ဆရာတွေဆီကိုသာ စုံစမ်းပီး သွားကြည့်လိုက်ပါကွယ် ”
မဟိဒ္ဓိစေ အမေနန်းက ကျုပ်ကို ဂရုဏာသက်တဲ့ လေသံနဲ့ပြောလိုက်
တာဗ်။
” ဟုတ်ကဲ့ပါ အမေ !! ဘာပဲဖြစ်ဖြစ် ခုလိုအစွမ်းကုန် ကူညီပေးတာပဲ
ကျေးဇူးတင်ပါတယ်… သားတို့ကို ခွင့်ပြုပါဦး ”
ကျုပ်လည်း အမေကြီးနန်းကို နူတ်ဆက်ပီးတာနဲ့ သမီးငယ်ကိုကား
ပေါ်ပြန်ပီးပွေ့တင်လို့ ဆေးရုံကိုပြန်လာခဲ့တယ်။ သမီးကတော့ အပစ်
ကင်းစင်တဲ့ ခလေးတစ်ယောက်လို အိမ်မောကျနေတုန်းပေါ့ဗျာ။ သမီး
ရဲ့ မျက်နှာကို စူးစူးနစ်နစ်စိုက်ကြည့်ရင်း ကျူပ် မျက်ဝန်းက မျက်ရည်
ပူတွေက လည်း အတားဆီးမရှိ ဝါးလုံး ထိုးပြိုကျလာတယ်။
ကားက ဆေးရုံရှေ့ကို ပြန်ရောက်လာတော့… ကျုပ်ရဲ့ မိန်းမဖြစ်သူကို
ဆေးရုံအရှေ့က ဝင်ပေါက်လေးမှာ မျက်နှာကိုလက်နဲ့အုပ်ပီးငုတ်တုပ်
လေးထိုင်နေတာကို တွေ့လိုက်ရတယ်။ ကျုပ် ရင်ထဲ ထိတ်ခနဲဖြစ်ပီး ကားပေါ်ကအလောတကြီးပြေးဆင်းလိုက်မိတယ်။ ပီးတော့ မိန်းမဖြစ်
သူကို မေးလိုက်တယ်။
” မိန်းမ … မိန်းမ !! မင်းဒီမှာဘာလုပ်နေတာလဲ… သမီးကြီးနားမှာ
ဘာလို့ မနေတာလဲကွ ”
ကျုပ် အသံကိုကြားတော့ မိန်းမက ခေါင်းကိုမော့ကြည့်တယ်။ အလို !!
ကျုပ်မိန်းမရဲ့ မျက်လုံးတွေက နီရဲမို့အစ်ပီး မျက်ရည်စတွေ ခိုတွဲလို့
ပါလား… ဘုရားးးဘုရားးး !! ဘာတွေများဖြစ်ကုန်ကြပီလဲ။ မိန်းမက
ကျုပ်ရဲ့ အမေးကို ပြန်မဖြေသေးပဲ ရင်ခွင်ထဲကိုခေါင်းတိုးလို့ရှိုက်ကြီး
တငင်နဲ့ ငိုနေတာဗျ။ ပီးတော့မှ တုန်ရင်အက်ကွဲဆို့နင့်နေတဲ့ လေသံနဲ့ ပြောလိုက်တာ။
” ယော… ယောကျာ်း !! သ… သမီးကြီး…သမီးကြီး မ… မရှိတော့ဘူး
တော့…မရှိတော့ဘူး…အီးးးဟီးးးဟီးးးးဟီးးး !! ”
” ဘာ !! ဘာပြောတယ် … သမီးကြီးမရှိတော့ဘူးဟုတ်လား… မရှိရ
အောင် ငါ့သမီးက ဘယ်ကိုသွားလို့လဲ ”
” ကျ… ကျမတို့ရဲ့ သမီးကြီး ဆုံးသွားပီ… ”
” ဘာ !! ”
ဘာဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ ကျုပ်ဘာမှဆက်မပြောနိုင်တော့ပါ
ဘူး။ ဖော်မပြတက်အောင် လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်ထိခိုက်မူ
နဲ့အတူ လူကအားမရှိတော့သလိုတစ်ကိုယ်လုံးပျော့ခွေကျသွားတယ်။
သမီးကြီး မရှိတော့ဘူးဆိုတဲ့ အတွေးနဲ့ ကျုပ်ရဲ့နှလုံးသားတွေလဲ မှန်
တစ်ချပ်လို အစိပ်စိပ်အမွှာမွှာကွဲကြေ စုတ်ပြတ်သွားပီပေါ့ဗျာ။ လင်
မယားနှစ်ယောက် ဆေးရုံရှေ့မှာတင် တစ်ယောက်ကိုတစ်ယောက်
ကျစ်နေအောင်ဖက်ပီးရင်ဘတ်စည်တီးငိုလိုက်ကြတာမှ…ဘေးကဝိုင်း
ကြည့်နေတဲ့ လူတွေတောင် မျက်ရည်ဝဲပီး စုတ်သပ်ယူရတဲ့အထိပဲ။
⏰⏰⏰⏰
ကျုပ်တို့လင်မယားနှစ်ယောက်ငိုလို့ ဝတော့ ရေခဲတိုက်ကိုရောက်နေ
ပီဖြစ်တဲ့သမီးကြီးရဲ့ ရုပ်လောင်းကိုသွားကြည့်ကြတယ်။ သမီးကြီးရဲ့ ရုပ်
အလောင်းကို မြင်ရတော့ ကျုပ်ဖြင့်ရင်ထဲမချိလိုက်တာဗျာ။ သနားစရာ
ကောင်းတဲ့ ကျုပ်ရဲ့သမီးလေး သေတယ်လို့တောင်မထင်ရဘူး…မျက်
နှာလေးက အပစ်ကင်းစင်ပီး မသိရင် အိပ်ပျော်နေတဲ့ အတိုင်းပဲ။
သမီးကြီးကို ဝအောင်ကြည့်ပီး ရေခဲတိုက်ထဲကပြန်ထွက်လာတော့ ငှားထားတဲ့ကားပေါ်က သမီးငယ်က အိပ်ဆေးအရှိန်ပြေပီး နိုးနေပီ။ ကျုပ်
တို့ကိုမြင်တော့ တိုးညှင်းဖျော့တော့တဲ့ လေသံလေးနဲ့မေးရှာတယ်။
” ဖေဖေနဲ့ မေမေ … မမ မရှိတော့ဘူး မို့လား ”
အခုမှ နိုးလာတဲ့ သမီးက ဒီလိုမေးလာတော့ ကျုပ်နဲ့မိန်းမဖြစ်သူလည်း
အံ့သြသွားတယ်။ ဒါနဲ့ပဲ သမီးငယ်ကို မေးကြည့်ရတာပေါ့။
” ဟင် !! သမီးက ဘယ်လိုသိနေတာလဲ ”
” ဖိုးဖိုးပြောပြတာ … သမီးကိုလည်းပြောသွားတယ်… မြေးကြီးက ပြန်
ရောက်နေပီတဲ့…မြေးလေးလည်း မကြာခင် ဖိုးဖိုးတို့ဆီ ပြန်လာရတော့
မှာ…ဖိုးဖိုးကိုယ်တိုင်လာခေါ်မယ်တဲ့ ဖေဖေ ”
သမီးက အဲဒီလိုပြောတော့…ကျုပ်တို့ လင်မယားနှစ်ယောက်အိမ်မက်
ထဲမှာ မကြာခဏမက်နေကြ မျက်ခုံးမွှေး…မုတ်ဆိတ်မွှေးတွေ ဆွတ်
ဆွတ်ဖြူနေတဲ့ ဝတ်ဖြူစင်ကြယ်ဝတ် အဖိုးအိုကိုမျက်လုံးထဲပြေးပီး မြင်မိတယ်။ ဒါနဲ့ပဲ သမီးဖြစ်သူကို ပွေ့ဖက်ပီး အားပေးနှစ်သိမ့်လိုက်ရတာ
ပေါ့။
” ဖေဖေ တို့ရှိတယ်နော် ဟုတ်ပီလား သမီး…စိတ်ချ သမီးကို ဖေဖေတို့ဆီကနေ ဘယ်သူမှခေါ်မသွားစေရဘူး ”
” သမီးကိုယ် သမီးသိပါတယ်ဖေဖေရယ်… သမီးမနေရတော့ပါဘူး…
သမီးကို အိမ်ကိုပဲ ပြန်ခေါ်သွားပါနော် ”
” ဟင် !! သမီးကနေမကောင်းသေးဘူးလေ…ဆေးရုံမှာပဲ ဆက်နေပါ
လား သမီးရယ် ”
ကျုပ်က အဲဒီလိုပြောတော့ သမီးဖြစ်သူက အကြောက်အကန်ခေါင်းခါပီး
ငြင်းဆန်တယ်။
” ဟင့်အင်း !! သမီးဒီမှာ မနေချင်ဘူး…အရမ်းမွန်းကြပ်တယ်…ပီးတော့ ဆေးရုံကသေပီးသား လူတွေရဲ့ဝိဥာဉ်တွေ… ပုံဆိုးပန်းဆိုးနဲ့မကောင်းဆိုးဝါးတွေကိုလည်း မြင်နေရတယ် ဖေဖေ ”
သမီးငယ်ရဲ့စကားကြောင့် ကျုပ်လည်း မိန်းမဖြစ်သူကို တစ်ချက်ကြည့်
လိုက်တော့ မိန်းမကလည်း ခေါင်းငြိမ့်ပီး ပြောတယ်။
” သမီး စိတ်ချမ်းသာအောင် အိမ်ကိုပဲပြန်ခေါ်သွားလိုက်ပါ ယောကျာ်း
ရယ်… ဒီမှာထားတော့လည်း ဘာမှထူးလာမှာမှ မဟုတ်တာ ”
မိန်းမဖြစ်သူရဲ့ စကားကမှန်နေတော့… ကျုပ်လည်းဘာမှဆက်မပြော
တော့ပဲ သမီးငယ်ကို အိမ်ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ကျုပ်တို့
မိသားစုတွေအိမ်ကိုပြန်လာခဲ့ကြတယ်။ အိမ်ကိုရောက်တော့ နေတောင်
စောင်းနေပီ။ ကျုပ်တို့ပြန်ရောက်တာကိုမြင်တော့ ဘကြီးမှုံရောက်လာပီးသတင်းမေးတယ်။
ကျုပ်လည်း ဘကြီးမှုံကို အကျိူးအကြောင်းရှင်းပြလိုက်တယ်။ အဲဒီလို
ရှင်းပြနေရင်း ဒေါသကထွက်လာပီး ဒေါ်ခင်သုန်ရဲ့ အိမ်ကို နာကြည်း
မုန်းတီးစိတ်နဲ့လှမ်းကြည့်လိုက်မိတယ်။ ဒီတော့မှ ဒေါ်ခင်သုန်ရဲ့အိမ်
က တစ်အိမ်လုံးတိတ်ဆိတ်နေပီး… ခြံတံခါးကိုပါ သော့ဂလောက်ကြီးနဲ့ ခတ်ထားတာကိုမြင်လိုက်ရတာဗျ။ ဒါနဲ့ ဘကြီးမှုံကို မေးလိုက်ရတာပေါ့။
” ဘကြီးမှုံ !! ဟိုမိန်းမယုတ် ဒေါ်ခင်သုန်ရဲ့ အိမ်က သော့ကြီးခတ်ထား
လို့ပါလား ”
” အေး !! ဟုတ်တယ်… ငါလည်း ခုပဲ ပြောမလို့… မင်းတို့ ပြန်မ
ရောက်သေးခင်လေးကပဲ…အိမ်တံခါး… ခြံတံခါးတွေကို သော့ခတ်ပီး
ခရီးဆောင် အိတ်တစ်လုံးနဲ့ထွက်သွားတာကွ ”
” တောက် !! ဒီမိန်းမ သူ့ကိုတစ်ခုခုလုပ်မှာကြောက်လို့ရှောင်သွားတာ
နဲ့ တူတယ် ဘကြီးမှုံ…မဟုတ်ရင် အခုချိန်လောက်ဆို ကျုပ် ငှက်ကြီး
တောင်နဲ့ ပိုင်းပီးသွားပီ… ဒီမိန်းမ သိပ်ကိုယုတ်မာပီးအောက်တန်းကျ
လွန်းတယ်ဗျ… အမေနန်းက ကျုပ်ကိုပြောလိုက်တယ်…သမီးတွေကို အပင်းသွင်းထားတဲ့အပြင်… အိမ်ကိုပါ အစိမ်းသေအတိုက်နဲ့တိုက်
ထားသေးတယ်တဲ့ ”
” အေးကွာ !! ငါလည်း မင်းခံစားရတာကို ကိုယ်ချင်းစာပါတယ်… အခု
ဖြစ်ပီးသွားမှတော့ ဘာတက်နိုင်မလဲ… မင့် သမီးကြီးရဲ့ နောက်ဆုံးခရီးကိုအကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့ပဲ ရှိတော့တာပေါ့ကွာ ”
ဒါနဲ့ ကျုပ်လည်း စိတ်ကိုလျော့ပီး မနက်ဖြန်သဂြိူင်္လ်မဲ့ သမီးကြီးရဲ့ စျာ
ပနာအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေလိုက်တယ်။ မိန်းမကို
တော့ သမီးငယ်အနားမှာပဲနေပီး အခြေနေကို မျက်ချေမပြတ်စောင့်
ကြည့်ခိုင်းထားရတာပေါ့။
ခဏနေတော့ အိမ်ကိုနာရေးသတင်းလာမေးတဲ့သူတွေ တဖွဲဖွဲရောက်
လာကြတယ်ဗျ။ အကုန်လုံးကလည်း ဖြစ်စဉ်ကိုသိနေပီးသားဆိုတော့ ကျုပ်တို့ မိသားစုကိုကြည့်ပီး စုတ်တသပ်သပ်နဲ့သနားနေကြတာပေါ့။
တဖြေးဖြေးညနက်လာတော့ နာရေးသတင်းမေးသူတွေလည်းပြန်သွား
ပီ။ ဘကြီးမှုံတစ်ယောက်ပဲ အိမ်မှာ လူစောင့်ကျန်ခဲ့တာဗျ။ အဲဒီချိန် မိန်း
မဖြစ်သူက အပေါ်ထပ်ကဆင်းလာပီး မျက်စိပျက်မျက်နာပျက်နဲ့ ကျုပ်
ကိုပြောပါယော။
” ယောကျာ်း !! သမီးလေး ဗိုက်အောင့်နေပြန်ပီ… ပီးတော့ ပါးစပ်က
လည်း ကယောင်ကတန်းတွေပြောနေတယ် ”
မိန်းမရဲ့စကားကြောင့် ကျုပ် အပေါ်ထပ်ကို တဟုန်ထိုးပြေးတက်သွား
လိုက်တယ်။ မိန်းမနဲ့ ဘကြီးမူံလည်း အနောက်ကနေ လိုက်လာကြ
တယ်ဗျ။
” အမလေးးးး !! အောင့်တယ် … အောင့်တယ်… သေပါပီ ”
အပေါ်ထပ်ကို ရောက်လို့ အခန်းထဲလှမ်းဝင်လိုက်တော့ သမီးငယ်က
ဗိုက်ကို နှိပ်ပီး လူးလှိမ့်နေပီဗျ။ မျက်နှာကလည်း အလွန်ဆိုးရွားတဲ့
ဝေဒနာကို ခံစားနေရလို့နဲ့တူတယ် ရှုံ့တွနေတာဗျို့။
” သမီးး !! သမီးးး !! ”
ကျုပ်ခေါ်သံကို ကြားတော့ သမီးက မျက်လုံးကိုအသာဖွင့်ကြည့်တယ်။
ပီးတော့ အားကိုးတကြီးနဲ့ ဖခင်ဖြစ်သူကို အကူညီတောင်းခံတော့တာ
ပါပဲဗျာ။
” ဖေဖေ !! သမီး ဗိုက်အရမ်းနာတယ်…သမီးဗိုက်ထဲက ကလီစာတွေကို တစ်ယောက်ယောက်က ဆွဲညှစ်ချေမွနေသလိုပဲ…အမလေး !! ဟို
…ဟိုမှာ သ…သရဲကြီး အမွှေးစုတ်ဖွားနဲ့ သရဲကြီး… သမီးကိုလည်ပင်းညှစ်သတ်ဖို့ရောက်နေပီ… အားးးး !! လုပ်ပါဦးဖေဖေရဲ့ ”
ဟာ !! သမီးက အခန်းဝကိုလက်ညိုးနဲ့ထိုးပီး ပြောလိုက်တာဗျ။ ကျုပ်
လည်းအနောက်ကို ချာခနဲလှည့်ကြည့်လိုက်တယ်။ အနောက်မှာ မိန်းမနဲ့ဘကြီးမှုံကလွဲလို့ ဘာသူမှ မရှိဘူး။ ဒါနဲ့ သမီးဘက်ကိုပြန်လှည့်ပီး
ပြောလိုက်ရတာပေါ့။
” သမီး စိတ်ထင်လို့ပါကွဲ့… အိမ်မှာ ဖေဖေနဲ့မေမေရယ် ဘကြီးမှုံက
လွဲလို့ ဘယ်သူမှ မရှိပါဘူး… ဘာမှ မကြောက်နဲ့ စိတ်ကိုအေးအေး
ထား ဟုတ်ပီလား သမီး ”
” မဟုတ်ဘူး ဖေဖေ !! မဟုတ်ဘူး… သရဲကြီးက မေမေတို့နောက်မှာရပ်နေတယ်… မျက်လုံးနီနီကြီးနဲ့ ပါးစပ်ကြီးဖြဲပီး သမီးကိုကြည့်နေတာ ဖေဖေ ”
ကျုပ်တို့လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ပီးကြောင်နေတာဗျ။
ခဏနေတော့ ဘကြီးမှုံက အရင်ဆုံးသတိဝင်လာပီး… ကျုပ်ကိုလှမ်း
ပြောတယ်။
” လှမောင် !! ငါတို့ မမြင်ရပေမဲ့ မင့် သမီးကမြင်နေပုံရတယ်… ဒီတိုင်း
ရပ်မနေနဲ့ကွာ…ပရိတ်ရေ ယူပီး အခန်းထဲနဲ့မင်းသမီးရဲ့ တစ်ကိုယ်လုံး
ကိုဖြန်းပေးလိုက် ”
ကျုပ်လည်း ဘကြီးမှုံ ပြောတဲ့တိုင်း ဘုရားစင်က ပရိတ်ရေကိုပြေးယူပီး
အခန်းထဲကိုကော သမီးရဲ့ တစ်ကိုယ်လုံးကိုပါဖြန်းပေးလိုက်တယ်။
” ဒုန်းးးး !! ဒုန်းးး !! ”
” ဝုန်းးး !! ခွမ်းးး !! ခလွမ်းးး !! ”
အောင်မလေးဗျာ !! ကျုပ် အဲဒီလိုလုပ်နေတဲ့အချိန်မှာပဲ အပေါ်ထပ်လှေကားကနေပီးအောက်ထပ်ကိုတစ်စုံတစ်ယောက်စိတ်ဆိုးမာန်ဆိုးနဲ့ဆင်းသွားသလို ခြေသံပြင်းပြင်းကြီး ကြားလိုက်ရတာဗျ။ ပီးတော့ အောက်
ထပ်မှာရှိတဲ့ပန်းကန်တွေ…ပစ္စည်းတွေကို ဒေါသတကြီးနဲ့ ရိုက်ခွဲနေတဲ့ အသံတွေကိုပါကြားလိုက်ရတာဗျို့။
အဲဒီအသံတွေကို ကျုပ်တို့အားလုံး ကြားရတာဗျ။ ကြည့်ရတာ သမီးကို
လုပ်မရတော့လို့ အောက်ထပ်မှာ သွားသောင်းကျန်းနေတာနဲ့တူတယ်။မိန်းမ ဆိုကြောက်လွန်းလို့အသားတွေတဆတ်ဆတ်တုန်ပီး…ကျုပ်
အနား ကိုကပ်လာတာဗျို့။ ဘကြီးမှုံလည်း မျက်စိပျက် မျက်နှာပျက်
ဖြစ်နေပီ။ အတော်လေးကြာတဲ့ ထိသောင်းကျန်းနေတုန်းပဲ။ သန်းခေါင်
ကျော်လောက်မှအသံတွေ တဖြေးဖြေးတိတ်သွားတာဗျ။ ဒီတော့မှသမီး
ဖြစ်သူလည်း ဗိုက်အောင့်တာ သက်သာပီး မောမောနဲ့အိပ်သွားတာ။
ဒီညလည်း ကျုပ်တို့တမှေးမှ မမှေးရပဲ မိုးစင်စင်လင်းခဲ့ရပြန်တယ်။
ဘကြီးမှုံလည်း တစ်ညလုံးမအိပ်ပဲ စောင့်ပေးရှာတာဗျ။ မိုးလင်းခါနီးမှ
ပဲ ပြန်သွားတာဗျို့။
ဘကြီးမှုံ ပြန်သွားတော့… ကျုပ်လည်း မျက်နှာသစ်…ကိုယ်လက်သန့်စင်
ဖို့အောက်ထပ်ကိုဆင်းလာခဲ့တယ်။ညကသောင်းကျန်းထားတာကြောင့်
အောက်ထပ်မှာ ရှိတဲ့ ပစ္စည်းတွေမှန်သမျှ ဘာတစ်ခုမှရစရာမရှိအောင် ကျိုးပဲ့ ပျက်စီးနေတာဗျ။
တော်ပါသေးရဲ့ဗျာ…ခေါင်းရင်းက စားပွဲပေါ်မှာထောင်ထားတဲ့ သမီးကြီးရဲ့ ဓာတ်ပုံနဲ့ လိပ်ပြာပန်းကတော့ ဘာမှ မဖြစ်သွားလို့…ကျုပ်လည်း
ထွေထွေ ထူးထူးစဉ်းစားမနေတော့ပဲ ရူပ်ပွနေသမျှ ကိုသန့်ရှင်းရေးလုပ်
လိုက်ရတာပေါ့ဗျာ။ အဲဒီလိုလုပ်နေရင်း မျက်လုံးက အမှတ်မထင် အိမ်
ရှေ့ကို အကြည့်ရောက်သွားတာဗျ။
အလို !! အိမ်ရှေ့မှာ ဘုန်းကြီးတစ်ပါးက သပိတ်တစ်လုံးပိုက်လို့ မျက်
လွှာချပီး ရပ်တော်မူနေတာဗျို့။ ကြည့်ရတာ ဆွမ်းခံကြွလာတာနဲ့တူ
တယ်။ နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ခုနှစ်နာရီကျော်ပဲ ရှိသေးတာဗျ။
စောစောစီးစီး ဒီလိုအချိန်ကြီးဆွမ်းခံကြွလာတော့ ကျုပ်စိတ်ထဲ ထူးဆန်းသလိုလိုတော့ ထင်မိတယ်။ ပီးတော့ ဒီဘုန်းဘုန်းကို ကျုပ်တစ်ခါမှ
မမြင်ဖူးဘူး…အိမ်ကို ဆွမ်းခံကြွနေကျ ဘုန်းဘုန်းမှန်သမျှကို ကျုပ်သိ
တယ်။ ကြည့်ရတာတစ်ခြားနေရာကလာတဲ့ အာဂနုဂ ကိုယ်တော်တစ်
ပါးပဲဖြစ်မယ်ဗျ။
ဘာပဲ ဖြစ်ဖြစ် ကွယ်လွန်သူသမီးကြီးအတွက် ကုသိုလ်ပြုရတာပေါ့လို့ သဘောထားရင်း…အိမ်ကရှိတဲ့မုန့်ထုပ်လေးကိုယူပီး ဘုန်းဘုန်းကိုသွားလောင်းလိုက်တယ်ဗျ။ ဘုန်းဘုန်းက မျက်လွှာချ လျက်ကပဲ ဆု
တွေပေးတယ်။ပီးတော့ ထူးဆန်းတဲ့ စကားတစ်ခွန်းကိုလည်း စပီးပြောလာတာဗျ။
” အိမ်းး !! ဒကာကြီးတို့ အိမ်မှာ မဖြစ်သင့်တာတွေ ဖြစ်သွားကြတာပါ
လား ”
” ဗျာ !! အဲ …မှားလို့ ကန်တော့နော် ဘုန်းဘုန်း ဘုရား ”
ဘုန်းဘုန်းက အဲဒီလိုမိန့်တော့ ကျုပ်လည်းအယောင်ယောင်အမှားမှား
ဖြစ်သွားတာဗျ။ ဘုန်းဘုန်းကဆက်ပီး မိန့်တယ်။
” ဒီအိမ်မှာ ရွာသူ နှောင့်ယှက်ထားတဲ့ လူမမာတစ်ယောက်ရှိတယ်…
ပီးတော့ သူရဲ့အခြေနေက နေ့လား…ညလားတောင် မသိရတဲ့ အခြေ
နေကိုတောင်ရောက်နေပီမို့လား ဒကာကြီး ”
အလိုလေးလေး !! ကျုပ်ဖြင့် အံ့သြပီးရင်း အံ့သြရပါယောလားဗျာ။
ကြည့်စမ်းပါဦးဗျာ… ကျုပ်သမီးလေး ဖြစ်နေတာကို ဒီဘုန်းဘုန်းက
ဘယ်လိုများသိပီး တပ်အပ်ပြောနေ နိုင်ရတာပါတာလိမ့်…ကျုပ်လည်း
အံ့သြမူနဲ့အတူ ဘုန်းဘုန်းကြီးရဲ့အမေးကို ပြန်ဖြေလိုက်ရတာပေါ့။
” တင်… တင်ပါ့ဘုရား !! ”
” အိမ်းးး !! ကယ်တင်ခွင့်ကြုံလာတော့လည်း ကယ်တင်ရဦးမှာပေါ့…
ကဲ !! ဒီက ဒကာကြီးတို့ မိသားစုကြုံတွေ့နေရတာတွေကိုဘုန်းဘုန်း ဖြေရှင်းပေးမယ်ကွဲ့…ဘယ်နဲ့လဲ ဒကာ ”
ဘုန်းဘုန်း ကအဲဒီလိုမိန့်တော့ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဆိုတာပြော
မနေပါနဲ့တော့… အခုချိန်မှာ ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်ဟာ
လည်း အားကိုးရာပဲမဟုတ်လား။ ဒါကြောင့်ဝမ်းသာအားရနဲ့ ဘုန်းဘုန်း
ကို အိမ်ထဲပင့်လိုက်မိတယ်။ ဘုန်းဘုန်းက အိမ်ထဲကိုဝင်ဝင်ချင်းပဲ
ကွယ်လွန်သူ သမီးကြီးရဲ့ဓာတ်ပုံကိုမြင်တော့ ခဏလောက်စူးစူးစိုက်
စိုက်ကြည့်နေတာဗျ။ ပီးတော့မှ တစ်လုံးချင်းမိန့်လိုက်တာ။
” အင်းးး !! ဘုန်းဘုန်းသာ အရောက်စောခဲ့ရင်… ဒီပုံထဲက ဒကာမ
လေးဟာ အခုလို အဖြစ်ဆိုးနဲ့ကြုံရမယ် မထင်ဘူး…ကြွေချိန်မတန်ပဲ
ကြွေလွှင့်သွားခဲ့ရတာပါလား… အေးလေ !! ဘယ်တက်နိုင်မလဲ…
နေ့စေ့… ကံကုန်သွားတယ်ပဲ ဆိုရတော့မှာပေါ့ ”
” တင်ပါ့ဘုရား !! တပည့်တော်လည်း နားလည်တက်ကျွမ်းတဲ့ ဆရာ
တစ်ယောက်ဆီ သွားပြပါသေးတယ်…ဒါပေမဲ့… ”
ဒါပေမဲ့ဆိုတဲ့ စကား ရဲ့နောက်မှာ ဘာမှဆက်မပြောနိုင်အောင်ကို အသံ
ကဆို့နင့်ပျောက်ကွယ်သွားတာဗျ။ သမီးကြီးရဲ့အဖြစ်ကိုတွေးမိတာနဲ့
မျက်ရည်ပူတွေက တာကျိူးသလိုစီးကျလာပီလေဗျာ။ ဒါနဲ့ ကျလာတဲ့ မျက်ရည်ပူတွေကို ကမန်းကတန်း သုတ်လို့ဘုန်းဘုန်းကို အိမ်အပေါ်ထပ်ဘုရားခန်းကို ပင့်လိုက်တယ်။
” ဘုန်းဘုန်း ဘုရား !! အပေါ်ထပ် ဘုရားခန်းကိုကြွပါဘုရား ”
” ကောင်းပီ ဒကာကြီး !! ”
ဘုန်းဘုန်းက ဘုရားခန်းရောက်တာနဲ့ ပိုက်ထားတဲ့ သပိတ်လေးကိုချ
ပီး ဘုရားကိုဦးတိုက်တယ်။ ဒီတော့မှ ဘုန်းဘုန်းကို ကျုပ်သေချာအကဲ
ခတ်ခွင့်ရတော့တာဗျို့။ ဥပဓိရုပ် ခပ်ကောင်းကောင်းနဲ့အသားရေက
ကြည်လင်ပီး ဝင်းဖန့်နေတာပဲ။
သက်တော်ကတော့ ကျုပ်စိတ်ထင် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး
လောက်ရှိမယ်ထင်တယ်။ ဘုန်းဘုန်းကြီးမှာအထူးခြားဆုံးကတော့
မျက်လုံးတွေဗျို့… နေ့ဘက်မှာတောင် စိန်ပွင့်တွေအလား တလက်
လက်တောက်ပနေပီး…အဲဒီမျက်လုံး တွေမှာထူးခြားတဲ့ အစွမ်းတစ်ခုခုကိန်းဝပ်နေပုံပဲ။ အားလုံးခြုံငုံကြည့်လိုက်ရင် အင်မတန်မှ ကြည်ညိုဖွယ်
ကာင်းတာဗျ။ ကျုပ်အဲဒီလို သေချာအကဲခတ်နေတုန်းမှာပဲ ဘုန်းဘုန်းက
မိန့်တယ်။
” ကဲ !! ဒကာကြီး… လူမမာ ကလေးမကို ခေါ်ခဲ့ပေတော့ ”
” တင်ပါ့ ဘုရား !! ”
ကျုပ်လည်း သမီးငယ်ရဲ့အိပ်ခန်းကို လှမ်းသွားလိုက်ပီး… မိန်းမဖြစ်သူကို အကျိုးကြောင်းပြောပြလိုက်တယ်။ ပီးတော့ အိပ်ပျော်နေတဲ့ သမီး
ငယ်ကိုလည်း နိူးလိုက်ရတာပေါ့။ သားအမိနှစ်ယောက် မျက်နှာသစ်
ကိုယ်လက်သန့်စင်ပီးတော့…ဘုန်းဘုန်းရှေ့မှာ ကျုံ့ကျုံ့လေးဝင်ထိုင်
လိုက်ကြတယ်။ သမီးကိုမြင်လိုက်တာနဲ့ ဘုန်းဘုန်းက မိန့်ပါယောဗျို့။
” အလို !! လတ်စသတ်တော့ ဒီကလေးမက နဂါးသိုက်ကပဲ…သိုက်
ကလည်း သူ့ကိုပြန်ခေါ်နေပီ…အော် !! ငါနှယ့် အလုပ်တစ်ခုကထပ်ပီး
ပိုလာပါ ပေါ့လား ”
” ဘုန်းဘုန်း ဘုရား !! တပည့်တော်မရဲ့ သမီးလေးကို ကယ်တင်ပေးပါ
အဲဒီတွက် ဘုန်းဘုန်းကျေးဇူးကို တစ်သက်မဟုတ်ဘူး…ဆယ်သက်
မေမ့ပါဘူး ဘုရား ”
မိန်းမက ရုတ်တရက်ထပြောလိုက်တာဗျ။ ဘုန်းဘုန်းက မိန်းမဖြစ်သူကို
ပြုံးပြုံးကြီး ကြည့်ပီးမိန့်တယ်။
” ကယ်ရမှာပေါ့ ဒကာမကြီးရယ်… ကယ်ရမှာပေါ့… ဒကာမကြီးရဲ့သမီး
ဟာ ရွာသူ ပြုစားတာကိုခံနေရတဲ့အပြင်… သိုက်ကလည်းပြန်ခေါ်နေပီ
ဖြစ်လို့ အလုပ်တော့ပိုရှုပ်ဦးမယ်လို့ ဆိုလိုချင်တာပါကွယ် ”
” တင်…တင်ပါ့ ဘုရား !! ”
” အိမ်းးး !! သိုက်ကြိုးကလည်း ဖြတ်ရဦးမယ်ဆိုတော့… ဒီတိုင်းတော့
မရတော့ဘူး…ပထမံပွဲနဲ့ သိုက်ချုပ် ပွဲ နှစ်ပွဲပေးရမယ်…ကဲ !! ဟိုဒကာ
ဘုန်းဘုန်းပြောတာတွေကို သေချာလိုက်မှတ်ပီး ဝယ်လာခဲ့ပေးကွဲ့ ”
ဘုန်းဘုန်းက မိန်းမဖြစ်သူကိုပြောရင်းနဲ့ကျုပ်ကိုပါ တဆက်တည်းလှမ်း
မိန့်လိုက်တာဗျ။ ကျုပ်လည်း စာရွက်နဲ့ဘောပင်ယူပီး ဘုန်းဘုန်း ပြော
တာတွေကို လိုက်မှတ်ရတာပေါ့။ ပီးတော့ စျေးကိုအားချင်းပြေးပီးသွား
ဝယ်လိုက်တယ်ဗျ။ အိမ်ကိုပြန်ရောက်တော့ ဘုန်းဘုန်းကကျုပ်ဝယ်လာ
သမျှကို တစ်ခုချင်းစစ်တယ်။ အားလုံးပြည့်စုံတယ်ဆိုတော့မှ လုပ်စရာရှိ
တာစလုပ်တော့တာဗျို့။
ပထမဆုံး ကျုပ်ဝယ်လာတဲ့ အုန်းသီး…ငှက်ပျောသီးတွေနဲ့ ပွဲ နှစ်ပွဲထိုး
လိုက်တယ်။ ပီးတော့ အမွှေးတိုင် … ဖယောင်းတိုင်တွေကိုလည်း အဲဒီ
ပွဲနှစ်ပွဲ ပေါ်မှာ ထွန်းလိုက်တာဗျ။ အားလုံးပီးပီ ဆိုတော့မှ ကျုပ်တို့
ဘက်ကို လှည့်လိုက်ပီး သမီးငယ်ကို ရှေ့တိုးထိုင်ခိုင်းတယ်။
” ကဲ !! ဒကာမလေး… အခုချိန်ကစပီး ဒကာမလေးရဲ့ ခန္ဓာနဲ့အသက်
ကို ဒကာမလေးရဲ့ မိဘတွေ မပိုင်တော့ဘူး… ဘုန်းဘုန်းလည်း မပိုင်
ဘူး…ဘုရားရှင်ကပဲ ပိုင်တယ်လို့ မှတ်ယူပေတော့ကွဲ့… ဒါကြောင့်
ဘုရားရှင်အား တပည့်တော်မ၏ အသက်နှင့် ခန္ဓာကိုယ်ကိုလှူဒါန်းပါ
၏ လို့ စိတ်ထဲကရေရွတ်ပီး ဘုရားကို ဦးတိုက်ပေတော့ကွယ် ”
သမီးငယ်ကလည်း ဘုန်းဘုန်းမိန့်တဲ့အတိုင်း တသွေမသိမ်း ဘုရားကိုဦးတိုက်လိုက်တယ်။ အဲဒီချိန်မှာ ဘုန်းဘုန်းက ကွမ်းရွက်တစ်ရွက်ကို
ယူပီး အဲဒီကွမ်းရွက်ပေါ်ကို ထုံးဘူးထဲက ထုံးနဲ့ အင်းကွက်တွေ ချရေး
နေတာဗျို့။
အဲဒီလိုရေးဆွဲနေရင်း ပါးစပ်ကလည်း ကျုပ်တို့နားမလည်တဲ့ဂါထာတစ်
ပုဒ်ကို ရွတ်နေတာဗျ။ ပီးတော့မှအဲဒီကွမ်းရွက်ကို ကွမ်းယာသလို ယာပီး သမီးကိုကျွေးလိုက်တာဗျို့။
” ဒကာကြီး !! ထွေးခံတစ်လုံးယူပီး…ဒီဒကာမလေးရဲ့ရှေ့မှာ ချထား
ပေးလိုက်ကွဲ့ ”
ကျုပ်လည်း ထွေးခံတစ်လုံးအမြန်ပြေးယူပီး…သမီးငယ်ရဲ့ရှေ့မှာချထား
ပေးလိုက်တာပေါ့။ ခဏကြာတော့ သမီးငယ်ကတဝေါ့ဝေါ့နဲ့ ပျို့တက်ပီး
အန်ပါယောဗျို့။
” ဝေါလ် !! အော့လ် !! ”
ဟာ !! အမလေးဗျာ … ဆံပင်ချည်တွေ… ကျောက်ခဲလုံးတွေဗျို့။ သမီး
ငယ်ရဲ့ ပါးစပ်ထဲကနေ ထွေးခံထဲကို အများကြီးပဲ ထွက်ကျလာတာ…
ထွေးခံတစ်လုံးကို ပြည့်လုနီးပါးပဲ။ အဲဒီချိန်မှာ ဘုန်းဘုန်းက သမီးကို
မေးတယ်။
” ဒကာမလေး !! ဗိုက်ထဲ ဘယ့်နဲ့နေသေးလဲ ”
” အတော်လေးပေါ့သွားပါတယ် ဘုရား…ဒါပေမဲ နည်းနည်းတော့ လေး
နေသေးတယ်လို့ ခံစားနေရသေးတယ် ဘုရား ”
” အင်းးး !! ကျန်သေးတာပဲ… အန်ဦး… အန်လိုက်ဦး ဒကာမလေး ”
” ဝေါ့ !! အော့ !! ”
ဟာ !! ဒီတစ်ခါတော့ ဆံပင်ချည်တွေမပါတော့ဘူး…စိမ်းပုပ်ပုပ်အရောင်
ရှိတဲ့ အရည်တွေနဲ့ ကျောက်ခဲတွေပဲကျလာတာဗျ။ ဒါပေမဲ့ ကျလာတဲ့
ကျောက်ခဲတွေက အကြီးကြီးတွေဗျို့။ အာလူးအကြီးစား အရွယ်အစား
လောက်ကို ရှိတာဗျ။ အဲဒီလောက် အကြီးကြီးတွေကျတော့ သမီးငယ်
လေး ခမျာ လွယ်လွယ်နဲ့ ဘယ်အန်ချ နိုင်မလဲဗျာ။
တစ်လုံး တစ်လုံးထွက်ကျလာဖို့အရေး မျက်ရည်ပေါက်ကြီးငယ်ကျပီး လည်ချောင်းထဲ တစ်ဆို့နေလို့ အတော်ခံစားရခက်နေတာဗျ။ ကျုပ်တို့
လင်မယားဆို သမီးလေးအဖြစ်ကို မကြည့်ရက်လို့မျက်နှာတောင် လွှဲထားပီး ကြိတ်ငိုနေရတယ်။ အဲဒီချိန်မှာ ဘုန်းဘုန်းကြီးက သမီးငယ်ကို
ကြည့်ပီး မိန့်တော်မူတယ်။
” ဟ !! အတော်လေးကို ဆော်ထားပါလား…ဒင်းက ဒီကလေးမလေး
ကို ဝေဒနာဆိုးဆိုးရွားရွား ခံစားရပီး သေသွားစေချင်နေတာပဲ…အင်မ
တန်မှကို ယုတ်မာအောက်တန်းကျလိုက်တာကွယ်…ဒီလောက်တောင်
ရှိလှတာ သိကြယောပေါ့…ကဲ !! ဒကာမလေး လက်အုပ်ချီပီး မြတ်ဘုရားကို အာရုံပြုထားပေးတော့ကွဲ့ ”
ဘုန်းဘုန်းကြီး အဲဒီလို မိန့်လိုက်တော့ သမီးငယ်ကလည်း မျက်လုံး
လေး မှိတ်ပီး လက်အုပ်လေးချီလိုက်တယ်။ ဒီတော့မှ ဘုန်းဘုန်းကြီး
က ညာဘက်လက်ဝါးနဲ့ သမီးငယ်ရဲ့ ခေါင်းပေါ် အုပ်မိုးလိုက်ပီး
အာဏာအပြည့် မာန်အပြည့်ပါတဲ့ လေသံမျိုးနဲ့ အမိန့်ပြန်လိုက်
တော့တာဗျို့။
” သဲဆူမက ရေတွက်၍ မကုန်နိုင်အောင် ပွင့်လေတော်မူခဲ့ပီးသော
ဘုရားအဆူဆူတို့၏အမိန့် !! ငါကိုယ်တော်မြတ်ရဲ့ အမိန့်အာဏာ
စက်ဟဲ့ …ဤ အမိန့်ကို အတွင်း သုံးဆယ့် ခုနှစ်မင်း…အပြင် သုံး
ဆယ့်ခုနှစ်မင်း အပေါင်းနှင့် ဆိုင်ရာ ပိုင်ရာတွေအကုန် ကြားသိလိုက်
နာရမည်…ဒီကလေးမရဲ့ ကိုယ်တွင်း ကိုယ်ပ နှစ်ဋ္ဌာနမှာ ရှိနေတဲ့ မိစ္ဆာ
စက်…ယုတ်ညံ့တဲ့ အပင်း အဖျင်းတွေကို တစ်ခုမကျန် ကုန်စင်အောင် အန်ချနိုင်ဖို့ အရေး အတွက် … အားလုံး ဝိုင်းဝန်းစောင့်ရှောက် ကူညီ
ပေးလိုက်ကြစေ ”
” အော့လ် !! ဝေါ့ လ် … ဝေါ !! ”
” ဂလုံ !! ဂုံ … ဒေါက်…ဒေါက်… ဂလောက် ”
ဟော !! ထူးဆန်းလှပါဘိဗျာ။ ဘုန်းဘုန်းကြီးရဲ့ နူတ်က အဲသလို အာ
ဏာ စက်ဖြန့် လိုက်ရုံနဲ့ ကျုပ် သမီးငယ်လေးရဲ့ လည်ချောင်းမှာတစ်
ဆို့နေတဲ့ ကျောက်ခဲလုံးကြီးတွေဟာ တစ်စုံတစ်ယောက်ကနှိုက်ထုတ်
လိုက်သလိုကို ရှောရှောရှုရှု တဝေါဝေါထွက်ကျလာတော့တာပဲဗျို့။
သမီးငယ်လည်း ခုမှပဲ အသက်ရှုချောင်သွားပီး သက်သာသွားပုံရတယ်။
ဒါပေမဲ့ အတော်လေးတော့ ပင်ပန်းနွမ်းလျသွားတာပေါ့ဗျာ။
” ရော့ !! ဒကာမလေး ဒီရေမန်းကိုသောက်လိုက်…ပီးရင် တစ်ရေး
လောက် သွားမှေးလိုက်ပေတော့ကွဲ့…ဒကာမလေးမှာရှိသမျှမကောင်းတဲ့ အပင်းတွေ အားလုံးကုန်စင်သွားပါပီကွယ်… ဟို ဒကာမကြီးက
သမီးလေးအနားမှာပဲ နေပေးလိုက်…ဒီမှာ ဒကာကြီးတစ်ယောက်ရှိရင် ရပါပီ ”
ဟာ !! ကျုပ်နဲ့မိန်းမဖြစ်သူဆို အံ့သြလို့ကို မဆုံးဘူး…ဘုန်းဘုန်းကြီး
က ကွမ်းရွက်လေးတစ်ရွက်…ထုံးဖြူလေးတစ်ဗူးနဲ့သမီးငယ်မှာရှိတဲ့
အပင်းတွေကိုကုန်စင်အောင်ထုတ်ပေးသွားတာဗျ။ စွမ်းလိုက်တဲ့ ဘုန်း
ဘုန်းဗျာ။
ကျုပ်အဲဒီလို တွေးနေတဲ့အချိန် မိန်းမဖြစ်သူက သမီးကိုတွဲပီး အိပ်ခန်း
ထဲဝင်သွားတယ်။ ဘုရားခန်းမှာ ဘုန်းဘုန်းနဲ့ကျုပ်ပဲ ရှိတော့တာဗျ။
” ဒကာကြီး !! ပန်းကန်တစ်ချပ်ထဲ ဆန်နည်းနည်းလောက်ထည့်ပီး
ဘုန်းဘုန်းကို ပေးစမ်းကွဲ့ ”
” တင်ပါ့ ဘုရား !! ”
ကျုပ်လည်း ဆန်ပုံးထဲက ဆန်အနည်းငယ်ကိုယူ…ပီးတော့ပန်းကန်ပြားတစ်ချပ်ထည့်ပီး ဘုန်းဘုန်းကိုပေးလိုက်တယ်။ ဘုန်းဘုန်းက အဲဒီပန်း
ကန်ကိုယူပီး ညာဘက်လက်ဝါးနဲ့အုပ်လိုက်တယ်။
ဒီတော့မှ ဘုန်းဘုန်းရဲ့ညာဘက်လက်ဝါးမှာ အင်းလိုလို…စမလိုလို
အကွက်ကြီး တစ်ကွက်ရှိနေတာကို ကျုပ်မြင်လိုက်ရတာ။ အဲဒီချိန်မှာ
ဘုန်းဘုန်းက ဂါထာတစ်ပုဒ်ကို ဥုံ ခံပီးမန်းမူတ်နေပီဗျို့။ အတော်လေး
ကြာတဲ့ထိ မန်းမူတ်ပီးမှ ကျုပ်ကိုပြန်ပေးတယ်။
” ရော့ !! ဒကာကြီး ဒီဆန်မန်းကို တစ်ခြံလုံးအနှံ့ လိုက်ပက်စမ်းကွယ်
…ပီးရင် ခဏလောက်စောင့်ကြည့်… တစ်ခုခုထူးတာနဲ့ ဘုန်းဘုန်းကိုိလာပြော ”
” တင်ပါ့ ပါဘုရား !! ”
ကျုပ်လည်း ဘုန်းဘုန်းကြီး ခိုင်းတဲ့အတိုင်း ဆန်မန်းကို ခြံထဲမှာလိုက်
ပက်တာပေါ့။ ဆန်မန်းတွေ ကုန်သွားတော့ ပန်းကန်ကိုအိမ်ထဲဝင်ပီး
ထားလိုက်တယ်။ ပီးတော့မှ ခြံထဲကိုပြန်ဆင်းလိုက်တာဗျ။
” ဟာ !! ”
ကျုပ်အံ့သြလွန်းလို့ ပါးစပ်ကလွှတ်ခနဲအော်မိသွားတာဗျို့။ အဲဒါတခြားဟုတ်ရိုးလား…ခုနက တစ်ခြံလုံးအနှံ့ လိုက်ပက်ထားတဲ့ ဆန်တွေက
တစ်နေရာထဲမှာ သွားစုနေတာကို မြင်လိုက်ရလို့ဗျို့။ ကျုပ်ချက်ချင်း
အပေါ်ထပ်ကိုပြေးတက်သွားပီး ဘုန်းဘုန်းကိုလျှောက်တင်လိုက်တယ်။
” ဘုန်းဘုန်း ဘုရား !! ဘုန်းဘုန်းရဲ့ဆန်မန်းတွေက ခြံထဲက သရက်ပင်
ကြီးအောက်မှာ သွားစုနေပါတယ်ဘုရား ”
ကျုပ်အဲဒီလိုလျှောက်တင်လိုက်တော့ ဘုန်းဘုန်းကအံ့သြဟန်မပြပဲ ပြန်
မိန့်တယ်။
” အိမ်းးး !! အဲဒီနေရာကသချိူင်္င်းကယူလာတဲ့မြေရယ်…လူသေ ကောင်
ရဲ့ ကိုယ်က လှီးထားတဲ့အသားစနဲ့ရယ် စီရင်ထားပီး အစိမ်းသေ အ
တိုက် တိုက်ထားတဲ့နေရာပဲ ဒကာကြီး…တစ်မိသားစုလုံးကို အသေသတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုလုပ်ထားတာ…အင်မတန်ယုတ်မာ
ပက်စက်ပီး အောက်တန်းကျလွန်းတဲ့အစီရင်တွေပေါ့ ဒကာကြီးရယ်… ကဲ !! ရော့…ရော့… ဒီရေစင်လေးကိုယူသွားပီး… အဲဒီနေရာမှာ လောင်းချလိုက်…အစီရင်တွေပျက်ပီး မြေသန့်သွားပါလိမ့်မယ် ”
ကျုပ်လည်း ဘုန်းဘုန်းပေးတဲ့ ရေစင်ပုလင်းလေးကိုယူပီး ဆန်မန်းတွေ
စုနေတဲ့ နေရာကို လောင်းချလိုက်တယ်။ ဟာ !! ချက်ချင်းဆိုသလိုအဲဒီ
နေရာကနေ မီးခိုးတွေအူထွက်လာတာဗျို့။
ကျုပ် ရေစင်ပုလင်းနဲ့လောင်းပီးလို့ အပေါ်ထပ်ကိုပြန်တက်သွားတဲ့
အချိန်မှာတော့…ဘုန်းဘုန်းက ဘုရားဦးတိုက်ပီးလို့ သင်္ကန်းကိုတောင်
ပြင်ပီးရုံနေပီဗျ။ ကျုပ်လည်း ဘုန်းဘုန်းကိုကမန်းကတန်းလျှောက်လိုက်
ရတယ်။
” ဟာ !! ဘုန်းဘုန်း က ပြန်ကြွတော့မလို့လား ”
” အေးလေ ဒကာကြီး !! ဘုန်းဘုန်း အားလုံးလုပ်ပေးခဲ့ပီးပီပဲ ”
” ဟင် !! ဟို…ဟို တပည့်တော်ရဲ့ သမီးကိုသိုက်က ပြန်ခေါ်နေလို့
သိုက်ကြိုး ဖြတ်မယ်ဆိုတာကကော ဘုရား ”
” အော် !! ဒီဒကာနဲ့တော့ ခက်ပါဘိ… ဒကာကြီး ဆန်မန်းတွေပက်နေ
တဲ့ အချိန်မှာပဲ… ဘုန်းဘုန်း အားလုံး လုပ်ပေးပီးသွားပီကွဲ့ ”
” တင်ပါ့ !! တပည့်တော်က သမီးငယ်အတွက်စိုးရိမ်အားကြီးပီး မေးမိ
တာပါဘုရား ”
” အေး…အေး !! ဘာမှ စိုးရိမ်မနေနဲ့…ဒကာကြီးရဲ့ သမီးမှာဘာဝေဒနာ
မှမရှိတော့သလို… ဒကာကြီးတို့ကို ဒုက္ခပေးတဲ့ ရွာသူလည်း ထပ်ပီး
အနှောင့်ယှက်မပေးနိုင်တော့ဘူး…သူ့မှာရှိတဲ့ ပညာတွေအားလုံးကို
ဘုန်းဘုန်းရဲ့ ပညာ…အာဏာစက်တွေနဲ့ ဒီကနေပဲ လှမ်းပီးဖျက်ဆီး
သိမ်းယူ ပစ်လိုက်ပါပီကွယ် ”
” ဟာ !! ဝမ်းသာလိုက်တာ ဘုန်းဘုန်းရယ်…ဒါဆို အဲဒီ ခင်သုန်ဆိုတဲ့
ရွာသူ မိန်းမကနောက်ဆိုဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်တော့ဘူးပေါ့နော်
ဘုန်းဘုန်း ”
” ဒါပါ့ ဒကာကြီးရယ် !! ကဲ …ကဲ ဘုန်းဘုန်းကြွတော့မယ် ဒကာကြီး ”
” တင်…တင်ပါ့ ခဏလေးနော် ဘုရား !! မိန်းမရေ ဒီမှာ ဘုန်းဘုန်းပြန်
ကြွတော့မလို့တဲ့…ဝတ္ထုငွေလေးဘာလေး ကပ်ရအောင်ထွက်ခဲ့ပါဦး ”
ဘုန်းဘုန်းကို လျှောက်ရင်း အိပ်ခန်းထဲမှာ သမီးနဲ့တူတူရှိနေတဲ့ မိန်းမ
ဖြစ်သူကိုလည်း လှမ်းအော်လိုက်တာဗျ။ ကျုပ်အဲဒီလို လှမ်းအော်လိုက်
တော့ ဘုန်းဘုန်းကြီးက လက်ဝါးကာပီး တားတယ်။
” ဟာ !! နေ…နေ မလုပ်နဲ့ဒကာ… ဘုန်းဘုန်းက ဝတ္ထုငွေမကိုင်ဘူး…
လိုလည်း မလိုအပ်ဘူးကွဲ့ ”
” မဟုတ်တာ ဘုန်းဘုန်းရယ်…ဘုန်းဘုန်းကိုကျေးဇူးတင်လွန်းလို့ပါ…
သမီးလေးရဲ့အသက်က တပည့်တော်မတို့ မွေးထားတဲ့ အသက်မရှိ
တော့ပါဘူး…ဘုန်းဘုန်းပေးတဲ့ အသက်ပဲ ရှိတာပါ…ဒါကြောင့် လက်
ခံပေးပါနော် ဘုန်းဘုန်း ”
အခန်းထဲကနေ ထွက်လာတဲ့ မိန်းမဖြစ်သူကပါ ဝင်လျှောက်လိုက်တာ
ဗျ။ ဒါပေမဲ့ ဘုန်းဘုန်းက လုံးဝလက်မခံပါဘူးဗျာ။
” ဘုန်းဘုန်းနဲ့ ပဌာန်းဆက်ပါလို့ ကယ်တင်ခွင့်ရလိုက်တယ်ပဲ သဘောထားပါတယ် ဒကာတို့… ကဲ !! ဘုန်းဘုန်းကြွမယ်ကွဲ့ ”
ဒါနဲ့ပဲ ကျုပ် ဘုန်းဘုန်းကိုခြံပေါက်ဝထိ လိုက်ပို့လိုက်တယ်။ ဘုန်းဘုန်းက တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း လှမ်းရင်းထွက်ခွာသွားတာဗျ။
အဲဒီချိန်မှာပဲ ကျုပ်စိတ်ထဲ တစ်စုံတစ်ရာကိုပြေးပီး သတိရလိုက်တယ်။
အဲဒါတခြားတော့ မဟုတ်ဘူး…ကျုပ် သမီးလေးရဲ့အသက်ကိုကယ်တင်
ပေးသွားတဲ့ ဘုန်းဘုန်းကြီးရဲ့ ဘွဲ့ကို မေးတောင်မမေးလိုက်ရတာကို
ပဲပေါ့ဗျာ။ ဒါနဲ့ကျုပ်လည်း ခြံပေါက်ဝကနေလမ်းပေါ်ကိုကမန်းကတန်း
ပြေးထွက်လိုက်တယ်။
အလို !! ထူးဆန်းပါဘိ။ ကျုပ် လမ်းပေါ်ရောက်တော့ ဘုန်းဘုန်းကြီးရဲ့
အရိပ်အယောင်ကို လုံးဝမမြင်…မတွေ့ရတော့ပါလား။ အဲဒီချိန်မှာပဲ
မျက်နှာချင်းဆိုင်က လာနေတဲ့ ကိုသာဝကို မြင်လိုက်ရတယ်။ ဒါနဲ့ကို
သာဝကို လှမ်းမေးလိုက်ရတာပေါ့။
” ဟေ့လူ !! ကိုသာဝ … စောနက ကျုပ်တို့ခြံထဲကနေ သပိတ်တစ်လုံး
ပိုက်ပီး ထွက်လာတဲ့ ဘုန်းကြီးတစ်ပါးကို တွေ့မိလိုက်သေးလား ”
” ဟာ !! ပေါက်တီးပေါက်ရှာ… ဘယ်က ဘုန်းကြီးကိုတွေ့ရမှာလဲ…
ငါ အဝေးကလာထဲက လမ်းပေါ်ပြေးတက်လာတဲ့ မင်းကိုပဲမြင်တယ် ”
” ဗျာ !! ”
ကျုပ်လည်း ကိုသာဝကို ဗျာ တစ်လုံးကလွဲလို့ ဘာပြန်ပြောရမှန်းမသိ
အောင်ဖြစ်ပီး အိမ်ထဲကိုပဲ ပြန်ဝင်လာလိုက်တော့တယ်။ စိတ်ထဲမှာ
လည်း လောကီကိစ္စတွေဟာ သာမန်လူတို့လိုက်မမှီအောင်နက်နဲဆန်း
ပြားလွန်းလှပါလားလို့လည်း တွေးနေမိတာပေါ့။
ကျုပ် အိမ်ထဲကိုဝင်တော့ သမီးငယ်ကနိုးနေပီ။ မျက်နှာကရွှင်ရွှင်လန်း
လန်းပဲ။ သမီးလေးအခုလို အကောင်းပကတိတိုင်းပြန်ဖြစ်လာတာကို
မြင်တော့ ကျုပ်နဲ့မိန်းမဖြစ်သူလည်း အတိုင်းမသိဝမ်းသာကြည်နူးရတာ
ပေါ့ဗျာ။
ခဏကြာတော့ အိမ်ကို အသုဘပို့မဲ့သူတွေ တဖွဲဖွဲရောက်လာကြတယ်။
ဒီနေ့က သမီးကြီးကို အသုဘချမဲ့နေ့လေ။ လူတွေစုံလို့ အသုဘပို့
သွားကြတော့…သမီးငယ်လည်း လိုက်လာတယ်။ နေကောင်းခါစမို့
အိမ်မှာပဲ နေခဲ့ပါဆိုတာကိုမရဘူး… အမဖြစ်သူကို နောက်ဆုံးအနေနဲ့
ကြည့်ချင်တယ်တဲ့လေ။ ဒါနဲ့ပဲ ခေါ်လာရတာပေါ့။ အမဖြစ်သူရဲ့ရုပ်
အလောင်းကို တွေ့တော့ ဖက်ဖက်ပီးငိုလိုက်တာမှ ရင်ပွင့်မတက်ပဲ။
သမီးကြီးရဲ့ နောက်ဆုံးခရီးကလည်း စည်ကားလိုက်တာမှပြောမနေပါနဲ့တော့…အသုဘပို့လာတဲ့ လူတိုင်းကပြောတယ်…သေတာနဲ့တောင်
မတူဘူး… မျက်နှာလေးကပြုံးချိုပီး အိပ်ပျော်နေတဲ့ အတိုင်းပဲတဲ့ဗျာ။
အလောင်းပြင်တဲ့သူတွေကပဲ လက်စွမ်းပြထားလို့ပြုံးနေတာလား…
တမလွန်ရောက် သမီးကြီးကပဲ ညီမဖြစ်သူကို စိတ်ချသွားလို့ ပြုံးတဲ့
အပြုံးလား ဆိုတာတော့ ကွယ်လွန်သူသမီးကြီးရဲ့ ဝိဥာဉ်ကလွဲလို့
ဘယ်သူကများ သိနိုင်ပါဦးမလဲဗျာ။
×××××××××××××××××××××××××××××××××××××××
ပြီးပါပီ။
#စာချစ်သူများအားအစဉ်လေးစားရိုသေလျက်
M T