“အိမ်အပြန်လမ်း”(စ/ဆုံး)

“အိမ်အပြန်လမ်း”(စ/ဆုံး)

==============================

(၁)

သားရော သမီးရော ကျောင်းသွားပြီမို့ သက်ထားတစ်ယောက် အပ်ထည်လေးတွေကို ထိုင်ချုပ်ဖို့ အပ်ချုပ်စက်တွင် ထိုင်လိုက်တော့သည်။ ထိုစဉ် ဖုန်းမြည်သံကြားသည်မို့ ချုပ်လက်စအဝတ်တွေ ကမန်းကတမ်းချပြီး အိမ်ပေါ်သို့ပြေးတက်ကာ ဖုန်းကိုင်လိုက်တော့သည်။

“ဟယ်လို”

“ဟဲ့ သက်ထား၊ ငါနင့်အဒေါ် ဒေါ်ခင်”

“ဟုတ်ကဲ့ဒေါ်လေး ပြောပါ”

“တစ်နေ့က နင့်အမေ လေဖြတ်ချင်သလိုဖြစ်လို့ ဆေးရုံပို့လိုက်ရတယ်”

“ဟင် . . ဒါဆို အခုကောဘယ်လိုနေသေးလဲ”

“အခုတော့ သက်သာသွားပြီဟ အိမ်ပြန်ရောက်နေတယ်၊ ညည်းတို့မောင်နှမတွေလဲအေ မအေကြီးဆီ တစ်နှစ်တစ်ခါလောက်တော့ လာဖို့ကောင်းတယ်၊ အခုလဲ ငါက နင်တို့သိအောင်လို့ လှမ်းပြောပေးတာ၊ ဒါပဲ”

ဒေါ်လေးက ပြောဆိုပြီးနောက် ဖုန်းချသွားတော့သည်။ သက်ထားလဲ စိတ်အရမ်းပူသွားသည်။ ချုပ်လက်စ အဝတ်များပင် သတိမရတော့ဘဲ ကြမ်းပေါ်တွင်ထိုင်ချလိုက်တော့သည်။ သက်ထား၏ အတွေးများက အတိတ်ဆီသို့ ခြေဆန့်လျှက်ရှိနေတော့သည်။

သက်ထားတို့ငယ်စဉ်ကတည်းက အဖေက ပိုးထိပြီးဆုံးသွားတာမို့ သက်ထားအမေသာ မိသားစုကို ဦးဆောင်ခဲ့ရသည်။ ထိုစဉ်က အကိုကြီးက ၈တန်း၊ သက်ထားက ၄တန်း၊ ညီမလေးက ၁တန်းတက်နေသည့်အချိန်ပင်ရှိသေးသည်။ အဖေဆုံးတော့ မိသားစုတာဝန်တွေအကုန်လုံး အမေ့ပုခုံးပေါ်ကျခဲ့တော့သည်။ အမေက အရွယ်ကောင်းသေးသော်လည်း သားသမီးမျက်နှာကြောင့် နောက်အိမ်ထောင်ထပ်ပြုဖို့မစဉ်းစားတော့။ သို့သော် တစ်ယောက်တည်းအားဖြင့် သားသမီးတွေအကုန်လုံးကိုတော့ ပညာတတ်တွေဖြစ်အောင် ရှာဖွေကျွေးမွေးနိုင်ခဲ့လေသည်။

အခုဆို အကိုကြီးက အစိုးရအရာရှိကြီးဖြစ်နေပြီး သူတာဝန်ကျရာနယ်တွင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။ ညီမလေးက ကျောင်းဆရာမဖြစ်နေပြီ။ သက်ထားကတော့ ဘွဲ့ရသည်။ သို့သော် ကိုခင်မောင်စိုးနှင့်အကြောင်းပါပြီး အခုတော့ ကလေးအမေကြီးလုံးလုံးဖြစ်နေခဲ့ပြီ။

“အမေ . . မဖြစ်ဘူး၊ ဒီတစ်ခါတော့ ငါ အမေ့ဆီပြန်မှဖြစ်မယ်”

(၂)

“အကိုရေ သက်ထား အမေ့ဆီသုံးရက်လောက်ပြန်ချင်တယ်”

ကိုခင်မောင်စိုး အလုပ်ကပြန်လာတော့ သက်ထားက တိုင်ပင်လိုက်သည်။ ထို့နောက် အကျိုးအကြောင်းအကုန်ရှင်းပြလိုက်တော့သည်။

“အေးကွာ၊ မမာဘူးဆိုတော့လဲ သွားရမှာပေါ့၊ ဒါနဲ့ မင်းကလေးတွေကို ဘယ်လိုလုပ်မလဲ”

“သူတို့ကျောင်းပိတ်တဲ့ စနေ၊ တနင်္ဂနွေကို ရွေးသွားလိုက်မယ်လေ၊ သူတို့ကိုတော့ ကြီးကြီးမေအိမ်ကို နှစ်ရက်လောက်ပို့ထားခဲ့မယ်”

ကိုခင်မောင်စိုးက ခေါင်းညိတ်လိုက်တော့သည်။ ကြီးကြီးမေမှာ ကိုခင်မောင်စိုးဘက်က အမျိုးတော်ပြီး သူတို့နှင့် တစ်ရပ်ကွက်ထဲတွင် နေထိုင်လေသဖြင့် အဆင်ပြေသွားတော့သည်။

“အေးကွာ၊ ငါကတော့ ရုံးနားမှာ ဝယ်စားလိုက်လို့ရပါတယ်၊ ဒါနဲ့ မင်းခရီးသွားဖို့ စရိတ်ကကော . .”

“ရပါတယ် အကိုရဲ့၊ သက်ထားစက်ချုပ်ရင်း စုထားတဲ့ပိုက်ဆံလေးတွေရှိတော့ အဆင်ပြေမှာပါ”

“အေးပါကွာ၊ မလောက်ရင်လဲ မကြီးတို့ဆီက နည်းနည်းချေးငှားသွားပေါ့၊ လကုန်ရင် အကိုပြန်ဆပ်လိုက်မယ်လေ”

ဇနီးအပေါ် နားလည်မှုပေးသော ကိုခင်မောင်စိုးကို သက်ထားတစ်ယောက် ပြုံးပြီးကြည့်နေလိုက်တော့သည်။ မနက်ဖြန်သောကြာနေ့မို့ ခရီးသွားဖို့ အထုပ်အပိုးတွေ ကမန်းကတမ်းပြင်ဆင်ရတော့သည်။ အဝတ်အစားတွေထည့်နေသည့် သက်ထားကို သားအဖသုံးယောက်က ဝိုင်းကြည့်နေကြတော့သည်။

“မေကြီး အဖွားတို့ဆီက ပြန်လာရင် မုန့်တွေအများကြီးဝယ်လာခဲ့နော်”

“သြော်သားရယ်၊ မင်းအမေက မင်းတို့အဖွားနေမကောင်းလို့ သွားကြည့်ရမှာ မုန့်တွေဘာတွေ မမျှော်ပါနဲ့ကွယ်”

သားဖြစ်သူကို ကိုခင်မောင်စိုးက ဝင်ပြောလိုက်တော့ မုန့်အလွန်မက်သည့် သားဖြစ်သူ၏ မျက်နှာကလေးမှိုင်ကျသွားလေတော့သည်။ သမီးဖြစ်သူကလဲ အမေနှင့်တစ်ခါမှ မခွဲဖူးသဖြင့် မျက်နှာကလေးမကောင်းလှပေ။

“အမေ အဖွားတို့ဆီမှာ သိပ်ကြာကြာမနေနဲ့နော်၊ သမီးက ကြီးကြီးမေတို့ဆီမှာ မနေချင်ဘူး၊ ကြီးကြီးမေက သိပ်ပွစိပွစိပြောတာပဲ”

သမီးက ထိုသို့ပြောလိုက်တော့ ကိုခင်မောင်စိုးက သမီးကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်ပြလိုက်တော့သည်။ လူရိပ်လူကဲခတ်တတ်သည့် သမီးကလေးမှာ မျက်နှာအောက်ချသွားတော့၏။

“မပူပါနဲ့ သားနဲ့သမီးတို့ရဲ့၊ အမေ မြန်မြန်ပြန်လာခဲ့မယ်နော်”

ထိုတော့မှ သားသမီးနှစ်ယောက်လုံးက ခေါင်းပြိုင်တူညိတ်လိုက်ကြတော့သည်။

(၃)

အိမ်ပြန်ဖို့စိတ်ကူးတော့ လက်ဗလာနှင့် ပြန်ဖို့မကောင်းပေ၊ မိဘအိမ်ကို လက်ဆောင်ကလေး တစ်ခုခုပါမှ သွားလို့ကောင်းမည်ဟု သက်ထားကတွေးလိုက်တော့သည်။ ကျောင်းဖွင့်သဖြင့် မောင်နှမတွေ ကျောင်းသွားကြပြီ၊ မနက်ဖြန် ညနေတော့ သက်ထားက ကားဝင်းဆင်းပြီး ခရီးထွက်တော့မည်ဖြစ်ရာ လက်ဆောင်ကိစ္စကို စိတ်ကူးနေရတော့သည်။ ထိုအခါ ဘေးအိမ်မှ ဆွဲခြင်းကြီးဆွဲပြီး၊ ပလတ်စတစ်သားဖြင့်ပြုလုပ်ထားသည့် ခရီးဆောင်အိတ်အကြီးကြီးကိုရွက်ပြီး ဆင်းလာသည့် မဆွေကိုတွေ့လိုက်ရသဖြင့် လှမ်းခေါ်လိုက်ရတော့သည်။ မဆွေက ရပ်ကွက်ထဲတွင် တစ်အိမ်တက်ဆင်း လပေးဖြင့် ပစ္စည်းများလိုက်ရောင်းချနေသည့် သူဖြစ်သည်။

“ဘာလဲ သက်ထား ဘာယူမလဲ”

“အမေ့အိမ်ပြန်မလို့ဆိုတော့ ဘာလက်ဆောင်ယူသွားရင်ကောင်းမလဲလို့ စဉ်းစားနေတာ”

“ဟာ ဒါဆိုအတော်ဘဲ၊ နင်တို့ရွာက အထက်ဘက်ကျတော့ ငါးခြောက်တွေသယ်သွားလိုက်ပါလား၊ ဒီမှာ ကြည့်စမ်းပါဦး၊ ငါးခြောက်တွေ မနေ့ကမှ ရောက်တာ”

“အင်း၊ အတော်ပဲ၊ အမေက ငါးခြောက်ကြိုက်တတ်တာနဲ့ဆိုတော့ ကွက်တိပဲ။ ဒါနဲ့ ဒီငါးရံ့ခြောက် အပြားကြီးတွေက ဘယ်ဈေးလဲ”

“ဒါက ရှယ်အပြားကြီးသက်ထားရေ၊ သုံးသောင်းခွဲဈေး”

“ဘုရား . .”

သက်ထားဘုရားတမိလိုက်တော့သည်။ ဒီဈေးနှင့်ဆိုတော့ သူဝယ်သွား၍မဖြစ်။

“အကောင်နည်းနည်းသေးတာကရော”

“အဲဒါက နှစ်သောင်းရှစ်ထောင်ဈေး”

သက်ထားခေါင်းခါလိုက်ပြန်သည်။ ဒါလဲ မကိုက်သေးပေ။ သို့နှင့် မဆွေဆွဲခြင်းထဲမှ ငါးခြောက်ထုပ်ကို လှန်လှောကြည့်နေလိုက်တော့သည်။

“ဒီနီနီနဲ့ အချောင်းကြီးတွေကရော”

“အဲဒါက ကသပေါင်းခြောက် သူက နှစ်သောင်းနှစ်ထောင်ဈေးပဲပေးပါအေ”

ဒါတော့ဟန်ကျပြီဖြစ်သည်။ သက်ထားလဲ ထိုငါးခြောက်များကို တစ်ပိဿဝယ်လိုက်တော့သည်။ မဆွေက သေချာချိန်ပေးပြီး ထုပ်ပိုးပေးနေတော့သည်။

“ပိုက်ဆံကတော့ ထုံးစံအတိုင်း လကုန်မှယူနော် မဆွေ”

မဆွေက ငါးခြောက်တွေပြန်သိမ်းရင်း သက်ထားက မဆွေ၏ လက်ဆွဲအိတ်ကြီးအတွင်းမှ ပစ္စည်းများကို စိတ်ဝင်စားသွားတော့သည်။

“သက်ထားရေ ယိုးဒယားရယ်ဒီမိတ်ဝမ်းဆက်တွေကြည့်ဦးမလား”

သက်ထားကို နှစ်ခါမပြောရ၊ မဆွေက သူ့အိတ်ထဲမှ ဝမ်းဆက်များကိုထုတ်ပြီးပြနေတော့သည်။ သက်ထားက ဝမ်းဆက်ကလေးတစ်ခုကို မျက်စိကျသွားတော့သည်။

“လှလိုက်တာ ဘယ်လောက်လဲဟင်”

“လက်ငင်း တစ်သောင်းရှစ်ထောင်၊ လကုန်ပေးဆို နှစ်သောင်း၊ ရယ်ဒီမိတ်ဆိုပေမယ့် နည်းနည်းပါးပါးပြန်ချုပ်လိုက်ရင်တော့ ကွက်တိဖြစ်သွားမှာ သက်ထားရဲ့”

သက်ထားက ဝယ်သင့်မဝယ်သင့်စဉ်းစားရတော့သည်။

“အင်း ငါ့မှာလဲ အဝတ်အစားအသစ်မချုပ်နိုင်တာကြာပြီ၊ အခုလဲ မိဘအိမ်ကိုသွားမှာဆိုတော့ စုတ်စုတ်ပြတ်ပြတ်သွားလို့မဖြစ်ဘူး၊ ဘယ်မိဘကမှ ကိုယ့်သားသမီး စုတ်စုတ်ပြတ်ပြတ်ဖြစ်နေတာကို ကြည့်ရရင် ဘယ်စိတ်ကောင်းပါ့မလဲ၊ အေးလေ ဒီတစ်ထည်တော့ ဝယ်လိုက်ကြတာပေါ့”

သက်ထားက ကိုယ့်ကိုယ်ကိုဖြည့်တွေးပေးပြီးနောက် သက်ထားပိုက်ဆံအိတ်ထဲမှ တစ်သောင်းရှစ်ထောင်က လျှောခနဲ ထွက်သွားတော့လေသည်။ မဆွေပြန်သွားသည်နှင့် ဝမ်းဆက်ကလေးကို ဝတ်ကြည့်ပြီးနောက် ရေချဖို့နဲ့ လိုအပ်တဲ့နေရာလေးတွေ ပြန်သီဖို့ အမြန်လုပ်ရတော့သည်။ အဝတ်လျှော်နေရင်း စဉ်းစားမိတာက ငွေကိစ္စဖြစ်သည်။ အမေ့ဆီမပြန်နိုင်ခဲ့တာ သုံးနှစ်ခန့်ရှိတော့မည်။ အခုသွားလျှင်လဲ ဆေးဖိုးဝါးဖိုး၊ အမေသုံးဖို့စွဲဖို့ ငွေလေးပေးနိုင်မှ ဖြစ်တော့မည်။

“အို ဒါဆိုလဲ ခေါင်းရင်းအိမ်က မကြီး ဆီက လကုန်ပြန်ဆပ်မယ်ဆိုပြီး ငါးသောင်းလောက်ချေးသွားရတာပေါ့”

(၄)

“အမေရေ . . . အမေ”

ခြံတံခါးကိုဖွင့်ပြီး အော်ရင်း အိမ်ပေါ်သို့လှမ်းတက်လိုက်တော့သည်။ အိမ်ရှေ့ခန်းတွင်လှဲအိပ်နေသောအမေက သက်ထားတက်လာသည်ကို တွေ့ပြီး ထထိုင်လိုက်တော့သည်။ အမေ့မျက်နှာတွင် ဝမ်းသာမှု အရိပ်အယောင်များက ပြည့်လျှံတက်လာသော်လည်း အမေ့အနားတွင် ထိုင်နေသည့် ဒေါ်လေးကတော့ သက်ထားတက်လာသည်ကို မျက်စောင်းလှမ်းထိုးလိုက်တော့သည်။

“သမီးရယ် . . လာတာဖုန်းတောင်ကြိုမဆက်ဘူး၊ အမေဟင်းတွေချက်ထားတာပေါ့”

“အမေကလဲ သမီးက အမေနေမကောင်းဘူးဆိုတာကြားလို့ ရုတ်တရက်ထွက်လာခဲ့ရတာ”

“ဟင်း နင့်ဒေါ်လေးလက်ချက်ပဲဖြစ်မယ်၊ ငါမပြောပါနဲ့လို့ အတန်တန်မှာထားတဲ့ကြားက၊ ငါ့သမီးက အားတာမဟုတ်ဘူး၊ သြော်သမီး သမီးလာတော့ ငါ့မြေးလေးတွေ ဘယ်လိုထားခဲ့လဲကွယ်”

“အမေ့မြေးတွေကို ဆွေမျိုးတစ်ယောက်ဆီ အပ်ထားခဲ့ရတာပေါ့အမေ။ သူတို့လဲ စာမေးပွဲနီးပြီဆိုတော့ မအားကျလို့ ခေါ်မလာတာ၊ ကိုစိုးကတော့ သိတဲ့အတိုင်း သူ့ရုံးက သူမရှိလို့ မဖြစ်ဖူးလေ . . ဟင်း ဟင်း”

သက်ထားက လုပ်ပြုံးလေးပြုံးလိုက်တော့ ဒေါ်လေးဖြစ်သူက မျက်စောင်းထိုးပြီး အိမ်ပေါ်ကဆင်းသွားတော့သည်။ အမေနှင့် ဒေါ်လေးတို့မှာ တစ်ဝိုင်းထဲနေကြသဖြင့် သားသမီးများနှင့်ဝေးကွာနေသောအမေ့ကို ဒေါ်လေးတို့မိသားစုက အဖော်လုပ်ပေးနေရလေသည်။

“သြော် ဒါနဲ့ အမေ့ဖို့ ငါးခြောက်တွေဝယ်လာတယ်”

“အေး . . ကောင်းတာပေါ့ကွယ်၊ ငါ့သမီးပေးတဲ့ငါးခြောက်ကို ဖုတ်ပြီး ဆီရွှဲရွှဲလေးစိမ်ပြီး ဆန်ပြုတ်နဲ့စားရသေးတာပေါ့”

အမေက ပျော်ရွှင်နေပြီး ဟင်းတွေထချက်မည်တောင်လုပ်နေ၍ အတန်တန်တားနေရသည်။ ထမင်းစားတော့ အမေက ဘေးနားက ကြည့်နေလေသည်။

“စားလို့ကောင်းလိုက်တာအမေရယ်၊ တောကြက်မို့လို့လားမသိဘူး ချိုနေတာပဲ၊ မြို့မှာတော့ တောကြက်စားရဖို့မလွယ်”

“ဟုတ်လားသမီး၊ ဒါဆို နောက်ထပ်ကြက်နှစ်ကောင် ဖိုးထောင်ကို ကိုင်ခိုင်းလိုက်မယ်၊ ပြုတ်ကျော်လေးလုပ်ပြီး သမီးသယ်သွားပေါ့၊ မောင်စိုးလဲ ကြိုက်မှာပါ”

သက်ထားလဲ အားနာနာနှင့် ခေါင်းညိတ်လိုက်တော့သည်။ ထမင်းစားပြီး သက်ထားက အိမ်နောက်ဖေးတွင် ပန်းကန်တွေဆေးနေတော့ အမေက အိမ်ရှေ့တွင် ဖိုးထောင်ကို ဘာတွေမှာနေမှန်းမသိ၊ တတွတ်တွတ်နှင့်ပြောနေတော့သည်။ သက်ထားလဲ ပန်းကန်ဆေးအပြီး အိမ်ရှေ့သို့ထွက်ကာ အမေ့နားတွင်ဝင်ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောရင်း ရယ်မောနေကြတော့သည်။ မကြာမီ ဖိုးထောင်ပြန်ဝင်လာတော့သည်။ ဖိုးထောင်မှာ ဒေါ်လေး၏ သားအငယ်ဆုံးဖြစ်သည်။ သူ့လက်ထဲတွင်လဲ တောင်းတစ်လုံးကိုင်လာလေသည်။ သူတို့နှစ်ယောက်အနားတွင် ထိုင်လိုက်ပြီး တောင်းကိုချလိုက်သည်။

“ကြီးဒေါ်မှာတာတွေ အကုန်ပါတယ်”

“ဘာတွေတုန်းအမေရဲ့”

အမေက တောင်းကိုမွှေနေတော့သည်။

“ဟောဒါက ဇီးထန်းလျက်၊ ညည်းဘကြီးတို့ ကိုယ်တိုင်လုပ်တာလေ၊ ဇီးများတယ်၊ သဲကင်းတယ်၊ ချဉ်ချဉ်လေး။ ငါ့မြေးမလေးဆို သိပ်ကြိုက်မှာ”

ဇီးထန်းလျက် အထုပ်ကြီးကိုလှမ်းပေးလိုက်တော့ သက်ထားက ကိုင်လိုက်ရင်း ငါးဆယ်သားမကရှိလိမ့်မည်ဟု စိတ်ထဲမှန်းကြည့်လိုက်တော့သည်။

“ဒါက အုန်းထန်းလျက်၊ င့ါမြေးငယ်လေးတော့ သိပ်ကြိုက်မှာ၊ ဒါကတော့ ရိုးရိုးထန်းလျက်ပေါ့၊ မောင်စိုး ရေနွေးကြမ်းနဲ့ မြည်းပေါ့အေ”

“ဒါကတော့ တို့ခြံနောက်ကထွက်တဲ့ ရွှေငှက်ပျောဖီးကြီး၊ ဒါတွေက စားရခဲတယ် ပင်မှည့်နော်၊ သမီးတို့ မြို့ကငှက်ပျောသီးတွေက မှည့်တာမဟုတ်ဘူး၊ အစိမ်းတွေကို ဓါတုဆေးတွေသုံးပြီးမှည့်အောင်လုပ်ထားတာကလား၊ စားကြည့်လိုက် ချိုလိုက်တာမှ”

ထန်းလျက်တွေသာမက မြေပဲတွေ၊ ကုလားပဲ၊ ပဲလှော်တွေနှင့် မျှစ်ခြောက်၊ သခွပ်ပွင့်၊ လက်ပံခေါင်းပါမကျန် ဒေသထွက် မလိုင်လုံး၊ မလိုင်ဘူးလေးတွေက ပါသေးသည်။ သက်ထားရှေ့တွင် အမေပေးလိုက်သည့် လက်ဆောင်တွေက အပုံကြီးဖြစ်နေလေတော့သည်။

“ဟဲ့ ဖိုးထောင်၊ ဒါတွေကိုအိမ်နောက်ဖေးယူသွားပြီး သေချာထုပ်ပိုးပေးလိုက်စမ်းပါကွယ်”

ဖိုးထောင်အိမ်နောက်ဖေးဝင်သွားတော့ သက်ထားက အမေ့နားကပ်လိုက်ပြီး ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံငါးသောင်းကို ထုတ်လိုက်တော့သည်။

“အမေရော့၊ သမီးလဲ တတ်နိုင်သလောက် အမေ့ကိုကန်တော့တာ အမေလိုတာရှိရင်သုံးပေါ့”

အမေက ပြုံးရင်း သက်ထားပေးသည့်ငွေများကို သက်ထားလက်ထဲပြန်ထည့်ပေးလိုက်ကာ သက်ထားလက်ကို ဆုပ်ကိုင်ထားလိုက်တော့သည်။

“မလိုပါဘူးသမီး အမေ့အတွက်ငွေမလိုပါဘူး၊ အမေ့မှာ ယာတွေရှိသေးတယ်သမီး၊ သမီးတို့က ဝန်ထမ်းတွေဆိုတော့ သိပ်အဆင်ပြေမှာမဟုတ်ဘူးလေ၊ သမီးပဲပြန်ယူသွားလိုက်ပါ”

အမေ့အပြုံးနှင့် အမေ့စကားကို ကြားလိုက်ရတော့ သက်ထားရင်ထဲ ဆို့နင့်တက်လာကာ မျက်ရည်တွေဝဲလာတော့သည်။ အမေ့အတွက်တော့ ပေါချောင်ကောင်း ငါးခြောက်ကလေးသာဝယ်ခဲ့နိုင်ပြီး အမေ့ဆီကတော့ ရသမျှအကုန်ယူနေမိသည့် သက်ထား ကိုယ့်လိပ်ပြာမလုံသလိုဖြစ်လာတော့သည်။

“သမီးရယ် ဘာလို့ငိုနေတာလဲ၊ ဘာဝမ်းနည်းစရာပါလို့လဲ”

သက်ထားလဲ မျက်ရည်စများကို သုတ်လိုက်ကာ ခေါင်းကိုခါရမ်းလိုက်တော့သည်။

(၅)

သက်ထားပြန်တော့မည်။ အထုပ်အပိုးတွေက တနင့်တစ်ပိုးကြီးဖြစ်နေသည်။ လာစဉ်က လက်ဆွဲခြင်းတစ်လုံးနှင့် ခရီးဆောင်အိတ်ကလေးသာ ပါလာခဲ့ပေမယ့် အခုမိဘအိမ်က ပြန်တော့မည်ဆိုတော့ အမေထည့်ပေးလိုက်သည့် ပစ္စည်းများ၊ လက်ဆောင်များမှာ များလွန်းသဖြင့် ဆာလာအိတ်ကြီးနှင့် ထည့်ပြီးသယ်ရသည်။ သုံးဆင့်စတီးချိုင့်ကလဲ တစ်လုံးပါသေးသည်။ ဖိုးထောင်ပင် ကားဂိတ်သို့လိုက်ပို့ပေးရမည်ဖြစ်သည်။ သက်ထားက အမေ့ဆီက မပြန်ခင် အမေ့ကို ဦးကုန်းချလိုက်တော့ အမေပေးသည့်ဆုတွေက တစ်သီတစ်တန်းကြီးဖြစ်နေသည်။ သက်ထားတစ်ယောက်ဖို့တင်မက သူ့ယောက်ျား ကိုခင်မောင်စိုးဖို့ရော ၊ သူ့မြေးများဖို့ပါ ဆုတွေပေးနေတော့သည်။

“သွားတော့သမီးရေ၊ ကျောင်းပိတ်ရင်လဲ ငါ့မြေးတွေခေါ်လာပါဦး၊ ငါ့မြေးတွေဘယ်လောက်ထွားနေပြီလဲဆိုတာ အမေတွေ့ချင်လွန်းလို့ပါ”

သက်ထားက ခေါင်းညိတ်ပြီးနောက် အိမ်ပေါ်မှဆင်းခဲ့တော့သည်။ သက်ထားအရှေ့မှ ဖိုးထောင်က အမေပေးလိုက်သည့် လက်ဆောင်အထုပ်ကြီးကိုထမ်းပြီးလျှောက်နေသည်ကို ကြည့်လိုက်ပြီး သက်ထားမှာ မိဘများက သားသမီးအပေါ်ထားသည့် နှိုင်းယှဉ်မရသည့် မေတ္တာများကို သိမြင်ခံစားလိုက်ရတော့သည်။ ရှေ့မှဖိုးထောင်ကတော့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်နေတော့သည်။ သက်ထားက အိမ်အပြန် မုန့်များနှင့် လက်ဆောင်များကို မြင်တွေ့ပြီး ပျော်ရွှင်သွားကြမည့် သားနှင့်သမီးတို့၏ မျက်နှာများကို မှန်းဆမြင်ယောင်ရင်း အိမ်အပြန်ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်လှမ်းလိုက်ပါတော့သည်။

ပြီးပါပြီ။
ရေးသားသူ-အဂ္ဂဇော်
#အဂ္ဂဇော်