“ဒေါ်ခင်လှ”📖📖📖
*******************
မှန်ပေသည်။ ကျနော်၏ စာဖတ်ပရိတ်သတ် တစ်ဦးမှ ဤဇာတ်လမ်းလေးကို ပေးပို့ လာသောအခါ ဇာတ်လမ်း၏ နာမည်အား မည်သို့ မည်ပုံ ပေးရမည်ကို စဉ်းစားလေရာ မည်သို့မျှ စဉ်းစား၍ မရနိုင်ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် အလွယ်တကူပင် ” ဒေါ်ခင်လှ” ဟုသာ ဇာတ်လမ်းခေါင်းစဉ်ကို ပေးခဲ့ရပါသည်။
ဤဇာတ်လမ်းလေးသည် ဧရာဝတီတိုင်းအတွင်းရှိ မထင်မရှား ရွာလေးတစ်ရွာတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု သိရပါသည်။ ဇာတ်လမ်းအား ဆက်လက် တင်ပြရသော်။
__________________________________
” ကိုဘိုးစိန် ကျုပ် ချိုးဖို့ ရေမခပ်သေးဘူးလားတော်”
” အေးပါ ခင်လှရ ။ ငါ ဒီနွားတွေ အစာကျွေးပြီး သွားခပ်လိုက်ပါ့မယ်။ ခနစောင့်ဦးနော်”
အိမ်ပေါက်ဝမှ ခါးထောက်ရပ်ကြည့်ကာ လှမ်းအော်ပြောသော ခင်လှ စကားကို ဘိုးစိန် တစ်ယောက် နွားစာကျွေးရင်း ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်။
ဦးဘိုးစိန်နှင့် ဒေါ်ခင်လှမှာ အသက်အားဖြင့် ဆယ်နှစ်ကျော်မျှ ကွာခြားကာ ဒေါ် ခင်လှ အသက်နှစ်ဆယ်အရွယ်တွင် သုံးဆယ်ကျော်ရှိပြီဖြစ်သော ဦးဘိုးစိန်နှင့်
အကြောင်းပါခဲ့လေသည်။
သမီးရည်းစားဘဝမှာပင် ငယ်ရွယ်နုပျိုကာ လှပသော ဒေါ်ခင်လှ စကားကို ဦးဘိုးစိန် မြေဝယ်မကျ နားထောင်ခဲ့ပါသည်။ မိမိထက်ငယ်ရွယ်လွန်းတာကြောင့် တစ်ခါတစ်ရံ ဒေါ်ခင်လှ ၏ လုပ်ရပ်များမှာ ဦးဘိုးစိန်အတွက် နာကျင်ရသော်လည်း ဘိုးစိန် တစ်ယောက် ခင်လှကို အပြစ်မပြောရက်ပါ။
ချစ်၍ ဆိုးတာပဲ ဟူ၍သာ အလိုလိုက် အကြိုက်ဆောင်ခဲ့လေသည်။ ဒေါ်ခင်လှတွင် ဆွေမျိုးသားချင်း ဟူ၍လည်း များများစားစား မရှိ။ မိခင်ဖြစ်သူ ဒေါ်အုန်းကြည်တစ်ယောက်သာ ကျန်ရှိတော့သည်။ ဖခင်ဖြစ်သူမှာလည်း ဒေါ်ခင်လှ ငါးနှစ်သမီးအရွယ်မှာပင် ဆုံးပါးသွားခဲ့ရသည်။
ဒေါ်အုန်းကြည်မှာလည်း လင်ယောက်ျားဖြစ်သူမရှိတာကြောင့် ဒေါ်ခင်လှ အပေါ် ဖတဆိုး သမီးလေး ရယ် ဟုဆိုကာ အစစ အရာရာ အလိုလိုက် အကြိုက်ဆောင်ခဲ့လေသည်။
ထို့ကြောင့် ဒေါ်ခင်လှမှာ လင်ယောက်ျားအပေါ် မှာရော မိခင်ဖြစ်သူအပေါ်မှာပါ ဆိုးချင်တိုင်း ဆိုးသွမ်းနေလေတော့သည်။
ယခုလည်း ဦးဘိုးစိန်နှင့် အိမ်ထောင်သက် ၁၀ နှစ်ကျော်လာခဲ့လေပြီ။ သားသမီးမထွန်းကားသည့်အပြင် ဒေါ်ခင်လှသည် မိမိ၏ ဆိုးသွမ်းသော အကျင့်များကို မဖျောက်ဖျက်နိုင်ပဲ ရှိရသည်။
#######
“ကိုဘိုးစိန် ဟိုဘက်ရွာမှာ အလှူရှိတယ်တဲ့တော့၊ ဆိုင်းအဖွဲ့တွေလည်း ရောက်ပြီလို့ကြားတယ် ၊ ဒီည ကျုပ်ကို လိုက်ပို့ပါလား”
လယ်တောမှ ပင်ပန်းစွာ ပြန်လာသော ဘိုးစိန်တစ်ယောက် ခင်လှ စကားကြောင့် စိတ်တိုသွားမိသည်။
“ဘာလုပ်မှာလဲ ခင်လှ မင်းလည်း ငယ်တော့တာမဟုတ်ဘူး၊ အပျော်အပါးတွေ လျှော့စမ်းပါ”
စိတ်တိုသွားကြောင့် ဘိုးစိန် လေသံမာသွားရသည်။
“ဘာပြောတယ် ကိုဘိုးစိန် ငယ်တော့တာ မဟုတ်ဘူး ဟုတ်လား။ ခင်လှတို့က အခုမှ သုံးဆယ်ကျော်လေးပဲ ရှိသေးတာ၊ ဒါကို ဘုရားသွား ကျောင်းတက်နေရမှာလား”
ဘိုးစိန်၏ လေသံမာမာအပြောကြောင့် ခင်လှ၏ ဒေါသတို့ ငယ်ထိပ်ရောက်သွားရသည်။
“ရှင် လိုက်ပို့မလား မပို့ဘူးလား ပြော”
ယတိပြတ်မေးလာသော ခင်လှ စကားကို ဘိုးစိန် မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
” မသွားပါနဲ့ကွာ ငါလည်း လယ်တောက ပြန်လာတာ ဒီနေ့ အတော်လေး ပင်ပန်းခဲ့တယ်”
ဘိုးစိန်၏ စကားအဆုံး ခင်လှ ချာကနဲ လှည့်ကာ အိမ်ခန်းအတွင်းသို့ ဝင်သွားလေသည်။ နှုတ်မှလည်း လင်ယောက်ျားအပေါ် မဆဲသင့် မဆဲအပ်သော ဆဲနည်းပေါင်းစုံဖြင့် ဆဲသွားလေသည်။
ထိုအဖြစ်ပျက်ကို ကြည့်ရင်း ဘိုးစိန်တစ်ယောက် ခေါင်းတစ်ရမ်းရမ်း ဖြစ်ကာ ခင်လှ အား နားလည်အောင် မည်သို့မည်ပုံ ပြောပြရမည်ကို စဉ်းစားမရအောင် ဖြစ်နေတော့သည်။
#######
“ပြန်လိုက်ပါ သမီးရယ် ၊ မောင်ဘိုးစိန် ပြောတာလည်း ဟုတ်နေတာပဲ သမီး အသက်အရွယ်နဲ့ အဲ့လို အပျော်အပါးတွေ လျှော့တော့လေကွယ်”
ယောက်ျားဖြစ်သူနှင့် စကားများကာ မိခင်အိမ်ပေါ်သို့ ဆင်းလာသော ခင်လှတစ်ယောက် မိခင်ဖြစ်သူထံမှ
စကားကိုကြားသောအခါ
” ဘာလဲ အမေက သူ့ဘက်ပါချင်တာလား သမီးဟာ သမီး အရင်ကလည်း ဒီလိုနေခဲ့တာပဲ အမေလည်း သိတယ်၊ အခုမှ သူက ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ အလကား လူကြီး ဘာမှ သုံးစားမရဘူး အသက်ကြီးပြီး အချိန်မစီးဘူး”
“ဟဲ့ သမီး အဲ့လို မပြောရဘူးလေ ကိုယ့်ယောက်ျားကို”
” ပြောမှာပဲ ပြောတော့ ဘာဖြစ်လဲ ဘာလဲ အမေကပါ သူ့ဘက်က နာနေရအောင် အမေနဲ့သူနဲ့က ဘာတွေလဲ”
” ဘုရား ဘုရား ခင်လှ ညည်းစကားကို ဘယ်လို ပြောနေတာလဲ ရိုင်းလှချည်လားအေ၊ ကဲကဲ ကျုပ် ဘာမှ ဝင်မပြောတော့ဘူး ညည်းဘာသာ ပြန်ချင်ပြန် မပြန်ချင်နေ”
မိမိ၏ သမီးမှ သမက်ဖြစ်သူနှင့် ပေးစားသောအခါ ဒေါ်အုန်းကြည်တစ်ယောက် ဘုရားတ ကာ သမီးဖြစ်သူ၏ စိတ်ကို အတော်လေး ကြောက်သွားမိရသည်။
ထိုကြောင့် မည်သည့်စကားမျှ မပြောတော့ဘဲ ဘုရားစင်ရှေ့တွင်ထိုင်ကာ ပုတီးစိပ်နေလိုက်တော့သည်။
##########
“ကဲပါ ခင်လှရယ် ပြန်လိုက်ခဲ့ပါ။ နောက် အခုလို မဖြစ်စေရဘူး မင်းသွားချင်တယ်ဆိုရင် ဘယ်နေရာ ဖြစ်ဖြစ် လိုက်ပို့ပါ့မယ်”
ခင်လှ အိမ်ပေါ်က ဆင်းသွားပြီး သုံးရက်မြောက်နေ့တွင်တော့ ဘိုးစိန် ဘယ်လိုမှ မနေနိုင်တော့ပါ။ ခင်လှ ၏ ခေါင်းမာတတ်သော အကျင့်ကို သိ၍လည်း ကိုယ်တိုင် သွားခေါ်ရန် ဆုံးဖြတ်ကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။
” ဒါပဲနော် ကိုဘိုးစိန် ခင်လှ စိတ်ကို သိပြီမလား နောက်ဆို တစ်သက်လုံး ပြန်မလာပဲ နေလိုက်မယ်”
“အေးပါကွာ ငါ သိပြီးသားပါ။ ကဲ အခုတော့ အိမ်ပြန်လိုက်ခဲ့ကွာ “
ထိုအခါမှ ခင်လှမှာ အောင်နိုင်သူခြေလှမ်းမျိုး လှမ်းကာ
ဘိုးစိန် လာခေါ်သော လှည်းပေါ်သို့ စွေ့ခနဲ တက်သွားတော့သည်။
ဘိုးစိန်လည်း လှည်းမောင်းသူနေရာတွင် တက်ထိုင်ကာ
” အမေရေ ကျုပ်တို့ ပြန်ပြီဗျို့ “
“အေး”
ဘိုးစိန်တစ်ယောက် နွားကြိုးကို ကိုင်ရင်း ယောက္ခမဖြစ်သူ ဒေါ်အုန်းကြည်ရှိရာ ဘက်သို့ နှုတ်ဆက်လိုက်ရာ ဒေါ်အုန်းကြည်မှာ ပုတီးစိတ်ရင်း အေး ဟုသာ ပြန်လည် ဖြေကြားလိုက်လေသည်။
#####
“ခင်လှ ရေ နက်ဖြန် ငါ မြို့တက်ရမယ်ကွာ ရွာ ကထိန်အတွက် ဆရာတော်ကလည်း လိုအပ်တာလေးတွေ သွားဝယ်ပေးပါဦးဆိုလို့”
” ဟုတ်လား ကိုဘိုးစိန် ဘယ်နှစ်ရက်လောက်ကြာမှာလဲ”
” သုံးရက်လောက်တော့ ကြာမယ်ထင်တယ်ကွ ဆရာတော်ရဲ့ ပစ္စည်းတွေကို ရှာဝယ်ရဦးမှာဆိုတော့”
” အော် ကောင်းပါတယ် ဆရာတော် ခိုင်းတာပဲ။ ပြန်လာရင်သာ မြို့ကနေ လက်ဆောင် များများဝယ်ခဲ့ “
“အေးပါ မိန်းမရယ်”
ဘိုးစိန်တို့နေသော ရွာနှင့်မြို့သို့ သွားရန် လှည်းနှင့် တစ်ရက်နီးပါးလောက် မောင်းရပါသည်။ ထိုခေတ်က ကျေးရွာ ဇနပုဒ်များတွင် ကားဟူ၍ များများစားစား မရှိလှ။
ထို့ကြောင့် မြို့သို့သွားမည်ဆိုပါက လှည်းကိုသာ အဓိက အသုံးပြုကြလေသည်။
ဤသို့ဖြင့် နောက်တစ်နေ့ နံနက်စောစောတွင် ဘိုးစိန်တစ်ယောက် လှည်းပေါ်သို့ တင်စရာ ရှိသည်များကို တင်ကာ မြို့သို့ ထွက်လာခဲ့ပါသည်။
########
” ဟ ဘိုးစိန်ကြီးလားဟ”
” ဟာ မင်းက ထွန်းမြိုင် ကြီးမို့လား”
“အေးလေကွာ ငါ ထွန်းမြိုင်လေကွာ မင်းက မမှတ်မိဘူးလားဟ “
” ဟာကွာ မင်း ရွာကထွက်သွားတာ ဆယ်နှစ်လောက်ရှိပြီလေကွာ ချက်ချင်း ဘယ်မှတ်မိပါ့မလဲ”
ဆရာတော်မှာသော ပစ္စည်း ပစ္စယများကို ဘိုးစိန် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝယ်ယူနေရင်း ငယ်သူငယ်ချင်း ဖြစ်သူ ထွန်းမြိုင်နှင့် ဆုံစည်းလေတော့သည်။
ထွန်းမြိုင်ဆိုသူမှာကား ဘိုးစိန်တို့နှင့်အတူ ကျောင်းနေဘက်သူငယ်ချင်းများဖြစ်သည်။ ထွန်းမြိုင်၏ မိဘနှစ်ပါးစလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားသည့်နောက်တွင်မူ မြို့ပေါ်သို့ အလုပ်လုပ်တက်မည်ဟုဆိုကာ ဆယ်နှစ်ကျော် ပျောက်ဆုံးနေခဲ့သောသူ ဖြစ်သည်။ ရွာတွင် ထွန်းမြိုင်၏ အကိုဝမ်းကွဲတစ်ဦးသာ ကျန်ခဲ့လေသည်။
” မင်း အခု ဘာတွေ လုပ်နေတာလဲ ဘယ်ကိုသွားမှာလဲ”
ဘိုးစိန်၏ အမေးကို ထွန်းမြိုင်မှ
“အေး ငါ အခု အလုပ်က အဆင်ပြေတယ်ကွ အဲ့ဒါမို့ မရောက်တာကြာလို့ ရွာကို ခနပြန်မလို့ “
” ဟေ ဟုတ်လား ဒါဆို အတော်ပဲကွာ ငါလည်း အဖော်ရတာပေါ့။ ငါ့လှည်းနဲ့ လိုက်ခဲ့ကွာ အစကတော့ ငါ နက်ဖြန်မှ ပြန်မလို့ပဲ မင်းပါတယ်ဆိုတော့ ဒီနေ့ပဲ ဝယ်စရာ ရှိတာ မြန်မြန်ဝယ်ပြီး အတူပြန်မယ်ကွာ”
” အေး ဒါဆို ပို အဆင်ပြေတာပေါ့ကွာ”
ငယ်သူငယ်ချင်းနှစ်ယောက် စကားတွေ ဖောင်ဖွဲ့စွာပြောရင်း ဝယ်စရာရှိသည်များကို မြန်မြန်ဝယ်ကာ ရွာသို့ ပြန်ခဲ့ကြတော့သည်။
သူတို့နှစ်ဦး ရွာသို့ ပြန် ရောက်သောအခါ ည ၁၀ နာရီပင် ခွဲလေပြီ။
” မင်း ငါ့အိမ် အလည်လိုက်ဦးမလား”
“မလိုက်တော့ပါဘူးကွာ မိုးလည်းချုပ်ပြီ။ မနက်မှ စောစောလာခဲ့မယ်လေကွာ ဒီနားဆို ရပါပီကွာ ငါ့အကို အိမ်နဲ့လည်း မဝေးတော့ပါဘူး”
ဘိုးစိန်၏ အမေးကို ထွန်းမြိုင် ပြန်ဖြေရင်း လှည်းပေါ်မှ ဆင်းလိုက်သည်။
” အေးကွာ ဒါဆို ဂရုစိုက်သွားဦး ဓါတ်မီးပါတယ်မလား”
” အေး ပါတယ် ပါတယ် သွားပြီ သူငယ်ချင်းရေ။နောက်ရက်မှ တွေ့မယ်”
ပြောပြောဆိုဆို ဓါတ်မီးလေး တဝင်းဝင်းနှင့် ထွက်ခွာသွားသော ထွန်းမြိင်၏ နောက်ကျောကို ကြည့်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေမှ ဘိုစိန်း လှည်းမောင်း၍ ထွက်လာခဲ့လိုက်သည်။
သို့နှင့် တစ်နေရာ အရောက်တွင်
“ရှူး ရှူး”
“ဖလပ် ဖလပ်”
ဘိုးစိန်၏ လှည်းဦးထိပ်မှ ညငှက်တစ်ကောင် ဖြတ်ပျံသွားသည်။
ထူးခြားသည်က ဘိုးစိန်၏ နွားနှစ်ကောင်လုံး တစ်ရှုးရှုးနှင့် ရှေ့ဆက်မောင်း၍ မရ။ ခွာတွေ ခြစ်ကာ နှာတွေသာ တရှူးရှူး မှုတ်နေတော့သည်။
” ဟာ ညငှက်လေး တစ်ကောင် ထပျံတာကို ဘာတွေ ဖြစ်နေတာလဲ မင်းတို့က”
“ပိုးကောင်တွေ ဘာတွေ များလား မသိဘူး”
တစ်ကိုယ်တည်း ရေရွတ်ရင်း ဘိုးစိန် တစ်ယောက်လှည်းပေါ်မှ ဆင်းကာ နွားများ၏ အောက်သို့ ဓါတ်မီးဖြင့် ထိုးကြည့်ရာ မည်သည့် အကောင်မျှ မတွေ့ရပေ။
ထို့ကြောင့် နွာများ၏ နှာဖားကြိုးကို ကိုင်ကာ ရှေ့ဆက်သွားရန် ကြိုးစားကြည့်သည်။ မရပေ။
အချိန် အတော် ကြာသွားသည်အထိ ကြိုးစားသော်လည်း မရတာကြောင့်
“မဖြစ်တော့ဘူး မိုးလည်းချုပ်နေပြီ ဒီနားက အရီးငွေကြည်တို့အိမ်မှာပဲ ရပ်ထားခဲ့တော့မယ်”
ဘိုးစိန်တစ်ယောက် သူ့ဘာသာ ပြောဆိုကာ
အနီးဆုံး အရီးငွေကြည်တို့အိမ်ရှေ့သို့ လမ်းလျှောက်လာခဲ့လိုက်သည်။အိမ်ရှေ့သို့ ရောက်သောအခါ
“အရီးငွေကြည် အရီး အရီး အိပ်နေကြပီလားဗျ”
“ဟေ ဘယ်သူများလဲကွဲ့ ဒီအချိန်ကြီး”
အိမ်အတွင်းမှ အရီးငွေကြည်၏ ပြန်ဖြေသံကြောင့်
” ကျနော်ပါ အရီးငွေကြည် ဘိုးစိန်ပါ ဆရာတော် ဝယ်ခိုင်းတဲ့ ပစ္စည်းတွေ ဝယ်ရင်း လမ်းမှာ နွားတွေက ဘယ်လိုမှ မောင်းလို့မရတော့လို့ အရီးတို့အိမ်မှာ လှည်းထားခဲ့ချင်လို့ပါ”
“ဟေ အေး အေး ဘိုးစိန်လားကွဲ့ ရတယ် ရတယ် ထားခဲ့လိုက် ဟဲ့ သာဒွန်း ထစမ်း ဟိုမှာ မင်းအစ်ကို ဘိုးစိန်ရဲ့ နွားနဲ့လှည်း သွားဝိုင်း မောင်းလာခဲ့ “
“ဟုတ်ကဲ့ ဒေါ်လေး”
ဒေါ်ငွေကြည်၏ စကားအဆုံး အိမ်ဝိုင်းထဲမှ သာဒွန်းတစ်ယောက် အိပ်မှုံစုံမွှား ဖြင့် ထွက်လာလေသည်။
“ဘယ်လို ဖြစ်တာလဲ ကိုဘိုးစိန်ရ”
“မသိပါဘူးကွာ နွားတွေက ဆက်မောင်းလို့ကို မရတော့တာ”
သို့နှင့် နှစ်ယောက်သား လှည်းဆီသို့ ပြန်လာကာ နွားနှစ်ကောင်၏ နှဖားကြိုးကို တစ်ယောက်တစ်ကောင် ကိုင်ကာ ဒေါ်ငွေကြည်၏ အိမ်ဝိုင်းထဲသို့ ဆွဲလာခဲ့လိုက်သည်။ အိမ်ဝိုင်းထဲသို့ အရောက် လှည်းချွတ်ပြီးသောအခါတွင်
“ကဲ သာဒွန်းရေ ငါ ပြန်တော့မယ်ကွာ မိုးကလည်း ချုပ်နေပြီ အိမ်မှာ မင်းမရီး မခင်လှ တစ်ယောက်ထဲကွ”
“ဟုတ်ကဲ့ ကိုကြီးဘိုးစိန် လမ်းလည်း ဓါတ်မီး သေချာထိုးသွားဦး၊ ပိုးကောင် မွှားကောင်တွေနဲ့ “
“အေး အေး”
သာဒွန်း၏ အပြောကို ပြန်ဖြေရင်း ဘိုးစိန် တစ်ယောက် ဒေါ်ငွေကြည်တို့ အိမ်ဝိုင်းထဲမှ မိမိအိမ်ရှိရာသို့ ထွက်လာခဲ့လိုက်သည်။
သူအိမ်ရှေ့ရောက်တော့ ည ၁၂ နာရီပင် ထိုးလေပြီ။
အိမ်ဝိုင်းထဲသို့ ဝင်လာခဲ့ရင်း ဇနီးသည် ခင်လှကို ခေါ်မည် အပြုတွင်
” တော်လောက်ပြီ ကိုမိုးကြီး ပြန်သင့်ပြီနော်”
“ဟာ ခင်လှလေးကလည်းကွာ ကိုမိုးကြီး မပြန်ချင်သေးဘူး၊ ခင်လှလေးနဲ့ အတူနေချင်သေးတယ်”
“မိုး အရမ်းချုပ်နေပြီလေ ကို မိုးကြီးရဲ့ ပြီးတော့ ကိုဘိုးစိန်ကြီး သိသွားရင် မိုးမီးလောင်နေမယ်”
“မသိပါဘူးကွာ ဘိုးစိန်က မနက်ဖြန်မှ ပြန်လာမှာပါ ဒီည စိတ်ကြိုက်ချစ်လို့ရပါသေးတယ်”
အိမ်အတွင်းမှ ခပ်ကျိတ်ကျိတ်ထွက်လာသော စကားသံတို့ကြောင့် ဘိုးစိန် မေးကြောကြီးများ ထောင်လာသည့်အထိ ဒေါသများ အလိပ်လိုက်ထွက်လာခဲ့တော့သည်။
ခင်လှ အမိုက်မ။ လုပ်ရက်လေခြင်း ဟုတွေးကာ နှစ်ယောက်လုံး သတ်ပစ် မည်ဟု ဆုံးဖြတ်ပြီး အိမ်ထဲသို့ ဝင်သွားရန် ဘိုးစိန် ခြေလှမ်း ပြင်လိုက်သည်။
ထိုအခိုက် ဘိုးစိန်၏ အတွေးထဲတွင် ဝင်းခန လက်ခန ဖြစ်သွားသည်။ မြတ်ဗုဒ္ဓ၏ မျက်နှာတော်ကို ဖူးတွေ့လိုက်ရသည်။
ဒေါသတို့သည် ရေနှင့်တွေ့သော မီးလို ရှဲခနဲ ဖြစ်ကာ စိတ်သည်လည်း ပြန်လည် ကြည်လင်လာခဲ့ရသည်။
ဘိုစိန် ခြေလှမ်းတို့ကို ပြင်လိုက်သည်။ အိမ်ထဲသို့တော့ မဟုတ်။ အရီးငွေကြည်တို့အိမ်ကိုသာ။
“ဟဲ့ ဘိုးစိန် မင်းမလည်းကွယ် ပြန်သွားလိုက် ပြန်လာလိုက်နဲ့ ဘယ်လိုဖြစ်လာပြန်တာတုန်း”
အရီးငွေကြည်၏ အမေးကို ဘိုးစိန် ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး အရီးငွေကြည်ရာ ဒီတစ်ညတော့ ဒီမှာ အိပ်မယ်ဗျို့”
“အင်း ခင်လှနဲ့ ရန်ဖြစ်လာပြန်ပြီထင်တယ် ခင်လှ ခင်လှ ယောက်ျား အပေါ်ကိုလည်း ဆိုးသွမ်း ၊ မိခင်အပေါ်ကိုလည်း လေးစားမှု မရှိ။ ဒီကလေးမနဲ့တော့ ခက်ပါတယ် ကဲကဲ မင်းလည်း နားတော့ ပင်ပန်းလာတာ၊ သာဒွန်းရေ မင်းအစ်ကိုအတွက် စောင်တွေ ချပေးလိုက်ဦးကွဲ့”
ဒေါ်ငွေကြည်တစ်ယောက် တစ်ယောက်ထဲ မည်တွန်တောက်တီးကာ အိပ်ခန်းရှိရာသို့ ဆေ့ပေါ့လိပ်ကိုင်ကာ ဝင်သွားလေတော့သည်။
ထိုညက ဘိုးစိန် တစ်ယောက် အရီးငွေကြည်တို့ အိမ်မှာပင် အိပ်လိုက်လေသည်။ သို့သော် အိပ်လို့ကား မပျော်။ခင်လှအကြောင်းကိုသာ တွေးနေမိသည်။မနက်လင်းခါနီးမှ မှေးခနဲ ဖြစ်သွားသည်။
“ကိုဘိုးစိန် ကိုဘိုးစိန် ထတော့ဗျ၊ နေ အတော်မြင့်နေပြီ”
သာဒွန်း၏ လှုပ်နိုးသံကြောင့် ဘိုးစိန် အိပ်ရာမှ နိုးလာလေသည်။
“ဟေ အေး အေး ဘယ်အချိန်ရှိပြီလဲ သာဒွန်း”
” ၈ နာရီ ထိုးပြီဗျ။ ကျောင်းကို ဆရာတော် ဘုရားဆီ ပစ္စည်းတွေ သွားပို့ရဦးမှာမလား”
“အေး ဟုတ်တယ်ကွ အဲ့ဒါအရေးကြီးတယ် နေဦး ငါမျက်နှာသစ်လိုက်ဦးမယ် မင်းရော အားတယ်မလား ကျောင်းကို လိုက်ခဲ့လေကွာ”
“ကိုဘိုးစိန်မခေါ်လည်း ကျနော် လိုက်မှာပါဗျ မနေ့က ဆရာတော်က ကျောင်းကို လာခဲ့ဦးလို့ မိန့်လိုက်တယ်”
“အေး ဒါဆို အတူသွားတော့ပေါ့ကွာ”
ဤသို့ဖြင့် နှစ်ယောက်သား ဘုန်ကြီးကျောင်းသို့ လှည်းမောင်းထွက်လာခဲ့လိုက်သည်။ ကျောင်းသို့ ရောက်သောအခါ
“ဟော ဒကာဘိုးစိန်တို့ လာပြီလားကွဲ့ ဒီမှာ အခုပဲ မင်းသူငယ်ချင်း ထွန်းမြိင်လည်း ရောက်နေတာ ဒါနဲ့ မင်းတို့မြို့ကနေ အတူ ပြန်ခဲ့ကြတာဆို”
“တင်ပါ့ဘုရား။ တပည့်တော်တို့ မနေ့က မြို့ဈေးထဲမှာ အမှတ်မထင်တွေ့ကြတာပါ ဘုရား”
” အိမ်း ကောင်းတာပေါ့ကွယ် ဆရာတော်မှာတဲ့ ပစ္စည်းတွေရော အားလုံး အဆင်ပြေရဲ့လားကွဲ့”
“တင်ပါ့ အားလုံး အဆင်ပြေပါတယ်ဘုရာ့ ၊ ခုလည်း အဲ့ပစ္စည်းတွေ လာပို့တာပါ ဘုရား”
“အေး အေး ကဲကဲ မောင်ကျောင်းသားတို့ ဒကာဘိုးစိန်ရဲ့ လှည်းပေါ်က ပစ္စည်းတွေကို ဝိုင်းချပေးလိုက်ကြဦး”
ဆရာတော် ဘုရားမှ အနီးအနားရှိ ကျောင်းသား ငယ်များကို မိန့်ကြားရင်း ဆွမ်းစားဆောင်ပေါ်သို့ ကြွသွားလေတော့သည်။
ထိုအခါမှ ထွန်းမြိုင်တစ်ယောက် ဘိုးစိန် အနားသို့ ရောက်လာကာ
“ဘိုးစိန် ညက မင်း အရီးငွေကြည်တို့အိမ်မှာ အိပ်လိုက်ရတယ်ဆို ငါ့ကို သာဒွန်း ပြောပြတာ ငါက ဘုန်းကြီးကျောင်းကအပြန် မင်းဆီဝင်ခဲ့မလို့လုပ်နေတာ “
“အေး ဟုတ်တယ်ကွာ”
“ဘာလဲ ခင်လှနဲ့ အိမ်ထောင်ရေးက အဆင်မပြေဘူးလား ဘိုးစိန်ရ”
“ဒီလိုပါပဲကွာ သူက ငယ်ရွယ်သူဆိုတော့ နည်းနည်းတော့ ဆိုးတာပေါ့”
“အေးပါကွာ အလိုလိုက်တာလည်း လိုက်ပေါ့၊ ဒါပေမဲ့ တရားလွန်တော့ မဖြစ်စေနဲ့ကွ၊ ကြာရင် ခင်လှ ထိန်းမရဖြစ်နေဦးမယ်”
“အေးပါ သူငယ်ချင်းရာ ခုတော့ ငါပြန်လိုက်ဦးမယ် မင်းရော လိုက်ဦးမလား “
“မလိုက်တော့ပါဘူးကွာ မင်းနဲ့တွေ့ပြီးပြီပဲ ငါ ဆရာတော် ဘုရားဆီ သွားလိုက်ဦးမယ်”
“အေး အေး ဒါဆို ငါပြန်ပြီနော် “
ထွန်းမြိုင်ကို နှုတ်ဆက်ရင်း ကျောင်းထဲမှ လှည်းမောင်းထွက်ခဲ့လိုက်သည်။
အိမ်ရှေ့သို့ ရောက်သောအခါ မှန်ရှေ့တွင် ထိုင်ကာ အလှပြင်နေသော ခင်လှကို အိမ်ပြတင်းပေါက်မှ တစ်ဆင့် လှမ်းမြင်ရသည်။
လှည်းမောင်းပြီး ဝင်လာသော သူ့ကို ခင်လှ မြင်သောအခါ
“ဟော ကိုဘိုးစိန်ကြီး ပြန်လာပြီ မြို့က ဘာတွေ ပါခဲ့လဲ”
ဟုဆိုကာ အိမ်ပေါ်မှ ဆင်းလာခဲ့လေသည်။
ထိုအချိန်အထိ ဘိုးစိန်တစ်ယောက် ဘာစကားမှ မပြောဖြစ်။ ဇနီးဖြစ်သူ၏ မျက်နှာကိုလည်း မကြည့်ချင်တာကြောင့် လှည်းချွတ်ကာ လုပ်စရာရှိသည်များကို လုပ်နေလိုက်သည်။
“ကိုဘိုးစိန် တော့်မျက်နှာက ဘာဖြစ်နေတာလဲ မြို့ပေါ်လေး တစ်ခေါက်သွားလိုက်တာ မြို့သူတွေနဲ့ တွေ့ခဲ့ပြီထင်တယ် ဟုတ်လား ကိုဘိုးစိန်”
မျက်နှာထားကို မဲ့ရွဲ့စွာ ဖြင့် ခပ်ထေ့ထေ့ ပြောလာသော ခင်လှ စကားကြောင့်
“ခင်လှ မင်းစကားပြောတာ ကြည့်ပြော၊ ငါပင်ပန်းလာလို့ ဘာမှ ပြန်မပြောတာ၊ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေစမ်းပါ ဟောဟိုအထုတ်က မင်းအတွက် မြို့က ဝယ်လာတဲ့ ပိတ်စတွေပဲ သွား ကြည့်လိုက်ဦး”
ဘိုးစိန်မှ ထိုသို့ ပြောသော်လည်း ခင်လှ မကျေနပ်။
မိမိကို မတူမတန်သလို ဆက်ဆံသည်ဟု ထင်တာကြောင့်
” ဒီမယ် ကိုဘိုးစိန် တော်က ဘာပင်ပန်းတာလဲ မြို့ပေါ်ကိုသွားတာ လှည်းပေါ်က ငုတ်တုတ် ထိုင်လိုက်ရတာများ စကားကြီး စကားကျယ်တွေနဲ့ ” ဟု အစချီကာ မောင်နှင့်နှမ သားနှင့်အမိ မကြားဝံ့မနာသာတွေနှင့် ဘိုးစိန်အား ဆဲဆို ကျိန်းမောင်းတော့သည်။
မည်သိုမျှ နားမခံနိုင်သည့် အဆုံး ဘိုးစိန်တစ်ယောက် ဓါးမတို တစ်ချောင်း ခါးထိုးကာ လယ်တောသို့ ထွက်လာခဲ့လိုက်သည့်အခါမှ နာပူသည့်ဒဏ် သက်သာခဲ့ရတော့သည်။
######
ဘိုးစိန်မြို့မှ ပြန်ခဲ့သည့် နောက်ပိုင်းတွင် ခင်လှနှင့် အရင်က ကဲ့သို့ ရင်းရင်းနှီးနှီး မရှိတော့ပါ။ ခင်လှ၏ မကောင်းသတင်းတွေသည်လည်း ဘိုးစိန် နားစွန် နာဖျား ကြားရပါသည်။ သို့သော်လည်း သူ့အနေဖြင့် ခင်လှအား မည်သည့်စကားမျှ မပြောချင်တော့လောက်အောင် ဖြစ်နေရသည်။ ထို့ကြောင့် ဘိုးစိန်တစ်ယောက် လယ်တောတွင်သာ အချိန်ကုန်နေလေ့ရှိသည်။
ထိုအခါ ဒေါ်ခင်လှ၏ အခြေအနေသည်လည်း ပိုမို ဆိုးရွားလာခဲ့လေတော့သည်။ ရွာအလယ်ပိုင်းမှ မိုးကြီးနှင့် ရွာ အရှေ့ပိုင်းမှ ဖိုးမြိုင်နှင့် စသည် စသည်ဖြင့်။။ ။။
တစ်ခုသော မနက်ခင်းတွင် ဘိုးစိန် တစ်ယောက် ပေါက်နေသော လယ်ကန်သင်းရိုးကို ပြန်လည် ပြုပြင်နေစဉ်
“ကိုကြီးဘိုးစိန် ကိုကြီးဘိုးစိန်”
“ဟေ ဘာတုန်း သာဒွန်းရ အမောတကောနဲ့”
ရေးကြီးသုတ်ပြာနှင့် အပြေးတစ်ပိုင်းရောက်လာသော သာဒွန်းကိုကြည့်ကာ ဘိုးစိန် ပြန်မေးလိုက်သည်။
“ကို ကိုကြီးဘိုးစိန်ရဲ့ မိန်းမ မခင်လှ မခင်လှ”
“အေး ခင်လှ ဘာဖြစ်လို့တုန်း”
ဆက်မပြောနိုင်ပဲ အမောစို့နေသော သာဒွန်း အပြောကို ဘိုးစိန် ပြန်လည် မေးလိုက်သည်။
” မ မသိဘူး ကိုကြီးဘိုးစိန် အမောတွေ ဖောက်ပြီး ဘာတွေပြောနေမှန်း မ မသိလို့ ကိုကြီးဘိုးစိန်ကို လာခေါ်တာ”
သာဒွန်း စကားအဆုံး ကန်သင်းရိုး ပြင်နေသည့် ပေါက်တူးကို ပြစ်ချကာ ဘိုးစိန်တစ်ယောက် ခင်လှရှိရာ မိမိအိမ်သို့ အပြေးတစ်ပိုင်း ထွက်သွားလေရာ သာဒွန်မှာလည်း မောပန်းနေသည့်ကြားမှ ဘိုးစိန်နောက်သို့ အပြေးတပိုင်း ပြန်လည် လိုက်ရပြန်လေသည်။
အိမ်ရှိရာသို့ အပြေးပြန်လာရင်း ဘိုးစိန်၏ စိတ်ထဲတွင် ခင်လှ ဘာမျှ မဖြစ်ပါစေနဲ့ ဟု ဆုတောင်းနေမိသည်။
မည်သို့ပင်ဖြစ်စေ ခင်လှ ဆိုသည်မှာကား သူငယ်ငယ်ကပင် မြတ်နိုးချစ်ခင်ခဲ့ရသော သူ မဟုတ်ပါလား။
#####
အိမ်ရှေ့သို့ ရောက်သောအခါ အိမ်ရှေ့တွင် လူတစ်ချို့ စုရုံး စုရုံး ရောက်ရှိနေသည်ကို ဘိုးစိန် တွေ့ရသည်။ စိတ်ထဲတွင် ဒိတ်ခနဲ ဖြစ်ကာ အိမ်ပေါ်သို့ ပြေးတက်ခဲ့လိုက်သည်။
အမောတကော ရောက်လာသော ဘိုးစိန်ကို မြင်တော့ အရီးငွေကြည်မှ
“ဟဲ့ ခင်လှ ဒီမှာ ဘိုးစိန်လည်း ရောက်ပြီ သတိထားပါဦး”
မျက်လုံးကြီးပြူးကာ ဝူးဝူးဝါးဝါး အော်နေသော ခင်လှ တစ်ယောက် ဘိုးစိန်ဆိုသော အသံကြားသည်နှင့်
“ကိုဘိုးစိန် ကိုဘိုးစိန်” ဟု တဆာဆာ ခေါ်ကာ လိုက်ရှာနေလေသည်။
” ခင်လှ ငါ ဒီမှာလေ သတိထားနော် ခင်လှ ဘာမှ မဖြစ်စေရဘူး ကိုဘိုးစိန် ခင်လှကို ဆေးခန်း လိုက်ပို့မယ် ၊ ဟေ့ သာဒွန်းရေ နွားလှည်း အသင့်ပြင်ကွာ”
ဘိုစိန်၏ အပြောကို ခင်လှ ခေါင်းတွင်တွင် ခါရမ်းကာ
“ဟင့်အင်း မသွားချင်ဘူး ဆေးခန်း မသွားချင်ဘူး သွားလည်း အပိုပဲ သူတို့ လာခေါ်နေကြပြီ ကို ကိုဘိုးစိန် ကိုဘိုးစိန် ခင်လှကို ဖက်ထားပေးပါ အီးဟီးဟီး”
ပြောလည်း ပြောကာ ရှိုက်ကြီးတငင် ငိုကြွေးနေသော ခင်လှကို ကြည့်ကာ ဘိုးစိန်တစ်ယောက် ရင်ထဲ စို့နင့်သွားရသည်။
ခင်လှ၏ ကိုယ်လေးကို ထွေးပွေ့လိုက်ရင်း
“အရီး ငွေကြည် ဘယ်လို ဖြစ်တာလဲ ”
” အမေ အမေ အမေ့သမီးက တစ်နေ့ကတောင် အကောင်းကြီးရှိသေးတာလေ”
အနားတွင် ရှိနေသော ဒေါ်အုန်းကြည်ရော ဒေါ်ငွေကြည်ပါ ခေါင်းကိုသာ ခါရမ်းလျက်
“မသိပါဘူးကွယ် မနေ့ညနေကမှ ညနေပိုင်းကြီး ခေါင်းလျှော်ချင်တယ်ဆိုပြီး ခေါင်းလျှော်နေတာ ဒီနေ့ကျတော့ မင်းမြင်တဲ့အတိုင်းပဲ မောင်ဘိုးစိန်ရယ်”
ထိုသို့ ပြောနေခိုက်
” အမလေး ကြောက်ပါပြီတော့ လိုက်ခဲ့ပါ့မယ်တော့၊
ကိုဘိုးစိန် ကိုဘိုးစိန် လုပ်ပါဦး ဒီမှာ ကျုပ်ကို ခွေးနက်ကြီးတွေ ဝိုင်းဆွဲနေကြပြီ ကယ်ပါဦး”
ဘိုးစိန်ဖက်ထားသည့်ကြားမှ ခင်လှတစ်ယောက် နာကျင်နေသည့်ဟန် လူးလွန့် လှုပ်ရှားလျက် အော်ဟစ်နေလေသည်။
နှုတ်မှလည်း ” ကယ်ပါဦး ကိုဘိုးစိန် ကယ်ပါဦး ” ဟုသာ အော်နေလေသည်။
အတန်ကြာသည်အထိ အော်ဟစ်နေရင်း ခင်လှ တစ်ယောက် ခေတ္တမျှ ငြိမ်သတ်သွားသည်။ ထိုမှ တစ်ဖန် ပြန်လည် သတိဝင်လာကာ ဘိုးစိန်ဘက်သို့ လက်အုပ်ကလေးချီကာ
“ကို ကိုဘိုးစိန် ကျုပ်မှားခဲ့တာတွေအတွက် ရှစ်ခိုးပြီးတောင်းပန်ပါတယ်။ ခွင့် ခွင့်လွှတ်ပေးပါ။ အ အခု ကျုပ် သွားရတော့မယ်။ ခွေးနက်ကြီးတွေရော လူ လူမည်းမည်းကြီးတွေရော စောင့်နေကြပြီ”
“ခင်လှရာ အဲ့ဒါတွေ ပြောစရာ မလိုပါဘူး ငါ အကုန်ခွင့်လွှတ်ပါတယ်ကွာ။ ပြီးတော့ မင်းလည်း ဘာမှ မဖြစ်စေရဘူး သတိထားပါဦး ခင်လှရယ်”
ယောက်ျားတန်မဲ့ မျက်ရည်များ စီးကျလာကာ ပြန်လည် ပြောနေသော ဘိုးစိန်၏ စကားကို ခင်လှ ဂရုမစိုက်နိုင်။
မိခင်ရှိရာဘက်သို့ တစ်ဖန်လက်အုပ်လေး ပြန်ချီကာ
“အ အမေ့ကိုလည်း သမီး အကြိမ်ကြိမ် စော်ကား ခဲ့မိပါတယ်။ သ သမီးမိုက်ကို ခွင့်လွှတ်ပေးပါ” ဟုဆိုရင်း ခင်လှ မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာကာ ငြိမ်သက်သွားလေတော့သည်။ ခင်လှချီထားသော လက်အုပ်ကလေးလည်း ဘိုးစိန်၏ ပေါင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“ခင် ခင်လှ ခင်လှ ဟာကွာ ခင်လှရေ အီးဟီးဟီး”
ဘိုးစိန်တစ်ယောက် ခင်လှအား ဖက်ခါ အော်ဟစ် ငိုကြွေးနေတော့သည်။
အနားတွင်ရှိကြသော လူကြီး လူငယ် အားလုံးတို့သည်လည်း ခင်လှ ကိုယ်လေးကို ပွေ့ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသော ဘိုးစိန်အား ကြည့်လျက် မည်သူမျှ မထိန်းချုပ်နိုင်ပဲ မျက်ရည်တို့ စီးကျလာရလေတော့သည်။
ဤတွင်ကျနော် ရေးသားသည့် “ဒေါ်ခင်လှ ” အမည်ရှိ ထူးခြားဆန်းကြယ် ဖြစ်ရပ်မှန်တစ်ပုဒ်ကို အဆုံးသတ်လိုက်ရပေသည်။
ဤနေရာတွင် ဒေါ်ခင်လှ သေဆုံးမှုနှင့်ပက်သက်၍ ပြောရမည် ဆိုလျှင် ခေါင်းမလျှော်သင့်သည့် အချိန်တွင် ခေါင်းလျှော်ခဲ့သည့်အတွက် သွေးလေ ခြောက်ခြားကာ အော်ဟစ် အကူအညီ တောင်းကာ ဘဝပြောင်းသွားခဲ့သည်လား။ သို့တည်း မဟုတ် လင်ယောက်ျား ခင်ပွန်းကို စော်ကား အိမ်ထောင်ရေး ဖောက်ပြန်မှုတို့ကြောင့် ငရဲခွေးတွေ လာခေါ် သွားကြသည်လား ဆိုတာကိုတော့ ကာယကံ ဒေါ်ခင်လှ တစ်ယောက်သာလျှင် သိနိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဒေါ်ခင်လှ တစ်ယောက် ကောင်းရာသုဂတိ လားပါစေ ကြောင်း ဆုတောင်းရင်းဖြင့်။
(အမည်များကို လွှဲပြောင်းရေးသားထားပါကြောင်း)
စာဖတ်သူများအတွက် ….
ရဲရင့်အဂ္ဂါ