*မာနကြီးသော မမြနွယ် *📖📖📖
*********************************
___________ မင်းသိင်္ခ
အခန်း (၁)
တနေ့သ၌ ရန်ကုန်မြို့၏ အစွန်ဖြစ်သော သင်္ဃန်းကျွန်း ဘူတာအနီးရှိ ခြံဝန်းကျယ်ကြီးများအနက်
တခုသော ခြံဝင်းအတွင်းရှိ နှစ်ထပ်ကျွန်းအိမ်မည်းမည်းကြီးတလုံး၏ ဧည့်ခန်းအတွင်း ကြီးမားသော ဆော့ကုလားထိုင်ကြီးပေါ်၌ အသက် ငါးဆယ် ကျော် အရွယ် လွန် စွာထွားကျိုင်းသာ လူကြီးတဦးသည် ထိုင်လျက်ရှိနေလေ၏။
ထိုလူကြီး၏ ဦးခေါင်းရှေ့ပိုင်းတဝက်ခန့်သည် အမွေး အမှင်ဆို၍ တပင်တလေမျှပင် မရှိအောင် ပြောင်တလင်းခါလျက် ရှိသော်လည်း ဦးခေါင်း၏ ကျန်တဝက်မှာမူ သပိတ်ရောင်ကဲ့သို့နက်မှောင်၍ ဝက်၏အမွေးကဲ့သို့ ကြမ်းတမ်းသော ဆံပင်များ ပြွတ်သိပ်လျက် ပေါက်ရောက်နေလေ၏။
ထိုလူကြီး၏အမည်မှာ ဦးစိန်ဒေါင်းဟူ၍ ဖြစ်လေ၏။
ဦးစိန်ဒေါင်းသည် ဆော့ကုလားထိုင်ကြီးကို ရှေ့တိုးနောက်ငင် လှုပ်ယမ်း၍ထိုင်ရင်း ခြံဝင်းတံခါးဆီသို့ စိတ်အားထက်သန်စွာ ကြည့်ရှုနေလေ၏။ ထိုအချိန်၌မှာပင် ခြံဝင်းတံခါးကြီး၏ မလွယ်ပေါက်တံခါးလေးသည် အသာအယာပွင့်၍ လာပြီးလျှင် အသက် နှစ်ဆယ်ကျော်အရွယ် ဖြူဖြူသွယ်သွယ် မိန်းမချောကလေးတဦးသည် ထိုမလွယ်ပေါက် တံခါးလေးမှ ငုံ့လျှိုး၍ ထိုခြံဝင်းအတွင်းသို့ ဝင်လာလေ၏။
“ဟော… လာပြီ။ ဟဲ…ဟဲ စိန်ဒေါင်းတို့ စီမံလိုက်ရင် လွဲတယ်လို့ကို မရှိဘူး။ အစစ်ပါပဲ။ မြနွယ်လာနေပြီ။ လာနေပြီ။ စိန်ဒေါင်းဆီကို မြနွယ်လာနေပြီ။ အဲဒါ စိန်ဒေါင်းကံကောင်းဖို့ပဲ”ဟု ဦးစိန်ဒေါင်းက ရေရွတ်လိုက်လေ၏။
ထိုအချိန်မှာပင် မလွယ်ပေါက်မှ ဝင်လာသော မိန်း ကလေးသည် အိမ်ကြီး၏အဝင်တံခါးဝဆီသို့ ရောက်လာလေ၏။ ဦးစိန်ဒေါင်းသည် ဆော့ကုလားထိုင်ကြီးဆီမှ ကပျာကယာထ၍
“ဝင်ခဲ့ပါ။ ဝင်ခဲ့ပါ။ အန်ကယ်မျှော်နေတာ ကြာပြီ”
ဟု ပြောလိုက်လေ၏။ မမြနွယ်ဆိုသော မိန်းကလေး သည် ဖြုန်းခနဲမဝင်သေးဘဲ ဦးစိန်ဒေါင်း၏ မျက်နှာကိုအကဲခတ်၍ ၊ကြည့်လိုက်လေ၏။
“မင်း ဘာကို ကြည့်နေတာလဲ။ ဦးစိန်ဒေါင်းဆိုတာငါပဲ” ဟုဆိုကာ ဦးစိန်ဒေါင်းသည် မမြနွယ်အား သွားရည်များ စိုရွှဲနေသည့် သူ၏နှုတ်ခမ်းထူထူကြီးဖြင့် ပြုံးပြလိုက်လေ၏။
မမြနွယ်လည်း ၊
“အင်း…ဘယ်လိုလူကြီးလဲတော့ မသိဘူး။ သူ့ရဲ့ နှုတ်ခမ်းတွေကလည်း သူငယ်နာရှိတဲ့ လူလိုပဲ။ သွားရည်တွေကလည်း တရွှဲရွှဲစိုလို့ ပါလား။ ပြီးတော့ သူ့ရဲ့ ပြောပုံဆိုပုံကလည်း ငါ့ကို မင်းတွေ ငါတွေနဲ့။ သူ့ကိုယ်သူ လူပျိုပေါက်လေးများအောက်မေ့နေသလား မသိပါဘူး။ တခုခုတော့
တခုခုပဲ။ ဘယ်လိုဖြစ်မယ် မပြောတတ်သေးဘူး”
ဟု တွေးတောကာ ယင်းအတွင်းသို့ ဝင်လိုက်လေ၏။
ထိုအခါ ဦးစိန်ဒေါင်းက
“ပေး…ပေး။ မင်းလက်ထဲက ထီးကလေးကျုပ်ကိုပေး။ ကျုပ်ဟိုမှာသွားပြီး ထောင်ပေးထားမယ်။ နော် … နော်”ဟု ပျာပျာသလဲ ပြောလိုက်လေ၏။ မမြနွယ်သည် အခန်းတခုလုံးခင်းထားသော မွေးရှည်ကော်ဇောကြီးကို မြင်သောကြောင့် သူ၏ဖိနပ်ကလေးကို ချွတ်လိုက်လေ၏။
ထိုအခါ
ဦးစိန်ဒေါင်းက…
“အို…အို.. မချွတ်ပါနဲ့။ မချွတ်ပါနဲ့။ ဖိနပ်စီးလို့ ရပါ တယ်ကွယ့်”
ဟုဆိုကာ မမြနွယ်၏ခြေထောက်ကို ငုံ့ကြည့်လိုက်ရာ မြေနီလမ်းမှ ဖြတ်၍လာခဲ့သောကြောင့် မြေနီမှုန့်များ ကပ်နေသည် ကို တွေ့လျှင် …
“ဒီလမ်းက ဒီအချိန်ဆိုရင် တယ်ပြီးဖုန်ထူတာကလား ကွယ်။ မင်းခြေထောက် ဖြူဖြူနုနုကလေးဟာ မြေနီတွေနဲ့ပေကုန် ပြီ။ နေဦး။ နေဦး”
ဟု ဦးစိန်ဒေါင်းက ဆိုကာ ဖိနပ်စင်မှ ဖိနပ်တိုက်သော ဘရပ်ရ်ှကိုယူ၍ မမြနွယ်၏ခြေခုံနှင့် ဖိနပ်သဲကြိုးကို ဘရပ်ရ်ှနှင့် ပွတ်ပေးလေ၏။
“အို…မလုပ်ပါနဲ့။ ငရဲတွေ ကြီးကုန်ပါ့မယ်”
ဟု မမြနွယ်က ကန့်ကွက်ရာ ကော်ဇောပေါ်တွင် ဒူးကြီး နှစ်ဖက်ကို ထောက်၍ ဘရပ်ရ်ှနှင့်ပွတ်နေသော ဦးစိန်ဒေါင်းက…
“ကြီးစမ်းပါစေ။ ငရဲဘယ်လောက်ကြီးကြီး မိန်းကလေး ရဲ့ ခြေထောက်က မြေနီမှုန့်တွေ ပြောင်သွားရင် ကျုပ်စိတ်ချမ်းသာပါတယ်”
ဟုပြောလိုက်ရာ မမြနွယ်က… “ကျွန်မ ကြီးမှာကို ပြောတာ” ဟု ပြန်၍ ပြောလိုက်လေ၏။
“ဪ…ဒီလိုလား”
ဟုဆိုကာ ဦးစိန်ဒေါင်းသည် မတ်တတ်ထရပ်လိုက်လေ ၏။ ထို့နောက် ဘရပ်ရ်ှကိုလှမ်း၍ ပစ်တင်လိုက်ပြီးလျှင်
“ဟောဟိုမှာ ထိုင်ပါ”
ဟုဆိုကာ လှပခံ့ညားသော ဆိုဖာကုလားထိုင်ကြီးများကို ညွှန်ပြလေ၏။ မမြနွယ်လည်း အနီးရှိတယောက်ထိုင်ဆိုဖာတွင် ဝင်၍ ထိုင်လိုက်လေ၏။
“အို…မဟုတ်တာကွယ်။ ဒီခုံက ကျဉ်းပါတယ်။ ဟို ဘက်က နှစ်ယောက်တွဲဆိုဖာမှာ ထိုင်ပါ။ ကျယ်ကျယ်ဝန်းဝန်း ထိုင်စမ်းပါ”
ဟုဆိုကာ ဦးစိန်ဒေါင်းသည် မမြနွယ်၏ ပခုံးလေးနှစ်ဖက်ကို သူ၏ ထူထူကြမ်းကြမ်း လက်ကြီးနှစ်ဖက်ဖြင့် လာ၍ ကိုင်ကာ နေရာရွှေ့ ပေးလေတော့၏။
ထို့ကြောင့် မမြနွယ်လည်း နှစ်ယောက်ထိုင်ဆိုဖာကြီးပေါ် သို့ ရွှေ့၍ထိုင်ရလေ၏။ ထိုအခါ ဦးစိန်ဒေါင်းသည် ဆိတ်သားရေ ဖြင့် ကျက်ထားသော ထိုင်ခုံအပုလေးကိုယူ၍ မမြနွယ်၏ရှေ့နား တွင် လာ၍ထိုင်ကာ သူ၏လက်ကြီးနှစ်ဖက်ကို ပွတ်ရင်း….
“ကျုပ်တော့ မင်းအတွက် စိတ်ကူးလို့ရသမျှ စီမံထားပါ တယ်။ အဲဒီ အထဲက မင်းကြိုက်တာ မပါဘူးဆိုရင်တော့ ကျုပ် စိတ်ကူးညံ့တာပဲလို့ ကျုပ်ကိုယ်ကျုပ် အပြစ်တင်ရမှာပဲလေ။
ကော်ဖီမှုန့်ကောင်းကောင်းကို ထောပတ်တဇွန်းထည့်ခေါက်ပြီး နှပ်ထားတယ်။ ကော်ဖီသောက်ချင်ရင်လည်း အဆင်သင့်ပဲ။ ပြီးတော့ လစ်ပတန်လက်ဖက်ခြောက်လည်း လုပ်ထားတယ်။ လက်ဖက်ရည် သောက်ချင်ရင်လည်း အဆင့်သင့်ပဲ။
ပြီးတော့
မိန်းကလေးဆိုတာ အချဉ်အစပ်ကြိုက်တတ်တယ်လို့ သိထားတာ နဲ့ ရွှေပုစွန်ခြောက်နိုင်းချင်းနဲ့ လက်ဖက်ချဉ်စပ်ကလေးလည်း သုပ်ထားတယ်။ နောက်ပြီး လျှာတွေ့လိုတွေ့ငြားဆိုပြီး ငါးရံ့ ခြောက် နီနီရဲရဲကလေးတွေကို မီးဖုတ်ပြီး ဆီရွှဲရွှဲဆမ်းထားတယ်။ ကဲ …ပြောစမ်း။ မင်း ဘာစားမလဲ။ ကြိုက်တာပြောနော်။ အား မနာနဲ့။ ကျုပ်နဲ့ မရင်းနှီးသေးလို့ပါ။ ရင်းနှီးသွားရင် ဦးစိန်ဒေါင်း ဆိုတဲ့ လူကြီးဟာ စိတ်ကောင်းသိပ်ရှိတာပဲလို့ မမြနွယ်သိသွားမှာ ပါ။ ဟီ…””
ဟုပြော၍ လုပ်ရယ်ရယ်ကာ သူ၏ သွားရည်ရွှဲနေသော နှုတ်ခမ်းကြီးဖြင့် မချိုမချဉ်ပြုံးပြလိုက်လေ၏။
ထို့နောက် ဦးစိန်ဒေါင်းသည် မမြနွယ်၏အနီးတွင် စားပွဲပု ကလေးကို ခင်း၍…
“ဟောဒါက လက်ဖက်ရည်၊ ဟောဒါက ကော်ဖီ၊ ဟော ဒါက လက်ဖက်သုပ်နဲ့ ရေနွေးကြမ်း၊ ဟောဒါက ငါးရံ့ခြောက်၊
ဟောဒါကတော့ ကျုပ်သောက်ဖို့ဘရမ်ဒီ၊ ဟောဒါက ကျုပ်မြည်း ဖို့ ချီးစ်နဲ့ ကြက်သွန်ဖြူ”
ဟု စာပွဲထိုးတဦး ဟန်ပန်ဖြင့် ချပေးနေလေ၏။ မမြနွယ်၏ စိတ်၌မူ .. ၊
“ဒီလူကြီးကြည့်ရတာ မျက်နှာကလည်း မချိုမချဉ်နဲ့။ ငါ့ကို မတော်တရော်များ ကြံမလို့လား။ ဒီလိုလည်း မဖြစ်နိုင်ပါ ဘူးလေ။ သူ့အသက်က အတော်ကြီးပြီပဲ”
ဟုတွေးရင်း စိတ်၌ အနည်းငယ်မလုံမလဲဖြစ်ကာ သူ၏ လုံချည်စကလေးကို သေသပ်စွာဆွဲ၍ သူ၏ပေါင်ကို ဖုံးလိုက် လေ၏။ အင်္ကျီအောက်အနားများကိုလည်း ဆွဲချလိုက်လေ၏။
ထိုအခါ ဦးစိန်ဒေါင်းက .. ၊ “သိပ်ပြီးဝတ်တတ်၊ စားတတ်တာပဲကွယ်” ဟု ချီးမွမ်းလိုက်ရာ မမြနွယ်၏ စိတ်၌ …
“ဒီလူကြီး စိတ်မှ ကောင်းရဲ့လား မသိပါဘူး။ ငါ့ကိုများ သိပ်ပြီး ဝတ်တတ် စားတတ်တာပဲတဲ့။ သရက်ထည်လုံချည်နဲ့ ပဒုမ္မာအင်္ကျီဟာ အသက် (၆၀)ကျော်အဘွားကြီးတွေမှ ဝတ်တဲ့ ဟာမျိုးပဲ။ လူတိုင်းက ငါ့ကို မဝတ်တတ်၊ မစားတတ်ဘူးလို့ ကဲ့ရဲ့နေကြတာ။ ဒီလူကြီးနဲ့ကျမှ အချီးမွမ်းခံရတော့တာပဲ”
ဟု တွေးလိုက်လေ၏။ ဦးစိန်ဒေါင်းသည် မမြနွယ်၏ ရင်ဘတ်ဆီသို့ စိုက်၍ကြည့်နေလေ၏။ ထို့ကြောင့် မမြနွယ်၏ စိတ်ထဲ၌ မလုံမလဲဖြစ်လာပြန်လေ၏။
ထိုသို့ မလုံမလဲဖြစ်ရသော အကြောင်းထဲတွင် မနေ့ကမှ ဝယ်၍ ယခုမှဝတ်ခဲ့သော ဘော်လီအင်္ကျီသည် အနည်းငယ်ကျပ် နေသော အချက်လည်း ပါ၏။
ထို့ကြောင့် မမြနွယ်သည် သူ၏ရင်ဘတ်ကို ငုံ့၍ကြည့် လိုက်လေ၏။ သူ၏ ရင်သားအထက်ပိုင်းသည် ဘော်လီအင်္ကျီ၏ အထက်နှုတ်ခမ်းတွင် ပျို့အန်မောက်ကြွ၍ ထွက်ပြုနေသည်ကို သတိပြုမိလျှင် မမြနွယ်၏မျက်နှာသည် ရှက်စိတ်ကြောင့် နီရဲ သွားလေ၏။
မမြနွယ်ရှက်၍သွားကြောင်းကို ရိပ်မိသွားသော ဦးစိန်ဒေါင်းသည် သူ၏မျက်လုံးကို ဘရမ်ဒီပုလင်းဆီသို့ လွှဲပစ်လိုက် ပြီးလျှင်
“နောက်ကျမှ ပွင့်တဲ့ပန်းတွေက လှတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားပန်းတွေ ပွင့်တဲ့အခါမှာ သူက ရှက်လို့ မပွင့်ဘူးလေ။ အဲဒီတော့ သူ့ရဲ့အလှမှာ အရှက်ဆိုတဲ့ ဟီရိသြတပ္ပ တရားပါနေလေတော့ ခံ့ညားတဲ့အလှမျိုး ဖြစ်သွားတာပေါ့ကွယ်။ ဒီခေတ်အနေနဲ့ကြည့်မယ်ဆိုရင် မင်းဟာ အပျိုဟိုင်းစာရင်းကို ထည့်ရမလို ဖြစ်နေပြီနော်။ ဒါပေမဲ့ဟေ့… ဆင်မှာလည်း ဆင်“ဟိုင်း” ဟာ ခိုင်းကောင်းတယ်ကွယ့်။ စိတ်မဆိုးနဲ့နော်။ ကျုပ်က ရင်းရင်း နှီးနှီး ပြောတတ်လို့ပါ။ စားလိုက်ပါဦး။ စားလိုက်ပါဦး”
ဟု ဦးစိန်ဒေါင်းက ပြောသဖြင့် မမြနွယ်သည် လက်ဖက် အနည်းငယ်ကို ဇွန်းဖြင့်ကော်၍ စားလိုက်လေ၏။
ထိုအခါ ဦးစိန်ဒေါင်းသည် ရေနွေးကြမ်းပန်းကန်အတွင်း သို့ ရေနွေးငဲ့ပေးရင်း..
“ငါးရံ့ခြောက်လေး မြည်းလိုက်စမ်းပါဦးကွယ်”
ဟုဆိုကာ ငါးခြောက်ပန်းကန်ကိုမ၍ မမြနွယ်၏ လက် အတွင်းသို့ အတင်းထည့်လေ၏။ ထို့ကြောင့် မမြနွယ်လည်း ငါးခြောက်တမျှင်ကို ယူ၍ စားရပြန်၏။
“ဆားမငံပါဘူးကွယ်။ ဆားပေါ့ ခြောက်ကလေးပါ။ လုပ်ပါဦး။ လုပ်ပါဦး။ နောက်တခု မြည်းစမ်းပါဦး။ ဟောဒီမှာရေနွေး။
လက်ဖက်ခြောက်ကလည်း စော်ဘွားနှုတ်ခမ်းမွေးနဲ့ တရုတ်က လာတဲ့ မျောက်ဖြူခြောက်လေး ရောပြီး ခတ်ထားတာ။ အလွန့်ကိုမွှေးပြီး အလွန့်ကို အရသာရှိတာကလားကွယ်”
ဟုဆိုကာ ဦးစိန်ဒေါင်းသည် မမြနွယ်၏လက်တွင်းသို့ ရေနွေးကြမ်းပန်းကန်ကို အတင်းထိုးပေးလေတော့၏။
မမြနွယ်သည် ရေနွေးပန်းကန်ကို လှမ်းယူကာ သောက်ရ ပြန်၏။ ဦးစိန်ဒေါင်း၏ ဧည့်ဝတ်ပြုပုံမှာ ပျာပျာသလဲနိုင်လှ၏။ ဧည့်ဝတ်ပြုခံရသူအဖို့ မျက်စိနောက်၍ စိတ်ညစ်စရာပင် ကောင်း လှပေ၏။
မမြနွယ်သည် ရေနွေးအနည်းငယ်ကို သောက်၍ ရေနွေး ပန်းကန်ကို အောက်သို့ချလိုက်ပြီးနောက် ..
“ကျွန်မ အချိန်သိပ်မရှိဘူး။ ကျွန်မနဲ့ တွေ့ချင်တဲ့ကိစ္စကို ပြောစရာရှိတာ အမြန်ဆုံးပြောပါရှင်”
ဟု ပြောလိုက်ရာ။ ဦးစိန်ဒေါင်းက..
“ဒီလိုမလုပ်ပါနဲ့ မိန်းကလေးရယ်။ ဒီလောက်အဝေးကြီး က လာပြီး ကျန်းခန့်သာလို့ မာပါစဆိုတဲ့ နှုတ်ခွန်းဆက်စကားလောက်ပြောပြီး ပြန်သွားလို့ ဘယ်ဖြစ်ပါ့မလဲကွယ်။ ပြောစရာရှိ တာလေး ပြည့်ပြည့်စုံစုံ ပြောကြတာပေါ့”
ဟု ပြောလိုက်လေ၏။
“ကျွန်မအနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ဦးလေးက မှာလို့ကျွန်မလာရတာပဲ”
‘ဟု မမြနွယ်က ပြန်၍ ပြောလိုက်လေ၏။
ထို့နောက် ဦးစိန်ဒေါင်းသည် ဖန်ကလပ်ကလေးအတွင်း သို့ ဘရမ်ဒီအရက်အနည်းငယ်ကို ငဲ့ထည့်ပြီးလျှင် ဖန်ကလပ်ကို လက်နှင့် မြှောက်၍…
“မမြနွယ်တယောက် အသက်ရှည်ပြီး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ”
ဟု အရက်သမားမေတ္တာပို့ဖြင့် မေတ္တာပို့ဆုတောင်းပြီး လျှင် ဖန်ကလပ်လေးကို နှုတ်ခမ်းဖြင့်တေ့၍ “ကွိ”ခနဲ တချက် စုတ်ယူလိုက်လေ၏။
“မင်းလည်း မနစ်နာစေရပါဘူးကွယ်။ ကျုပ်က
မျှမျှတတဖြစ်အောင် လုပ်မှာပါ။ စိန်ဒေါင်းဟာ စိတ်ကောင်းရှိတဲ့ လူကြီး ပါကွယ်။ စိတ်ကောင်းရှိတဲ့ လူများ တယ်လည်း ဆူဖြိုးတာကိုး။
ဟောဒီမှာ ကြည့်စမ်း။ ကျုပ်ဘယ်လောက် စိတ်ကောင်းရှိသလဲဆို တာ ကျုပ်ရဲ့ ခန္ဓာကိုယ်အတ္တဘောကြီးက သက်သေခံပါလိမ့် မယ်”
ဟုဆိုကာ ဦးစိန်ဒေါင်းသည် ပိဿာကိုးဆယ်ခန့်ရှိသော သူ၏ ခန္ဓာကိုယ်ကြီးကို ဘယ်ယိမ်းညာယိမ်း လှုပ်ယမ်းပြလေ၏။
ထို့နောက် ဖန်ကလပ်အတွင်းမှ အရက်များကို
တကျိုက်တည်းဖြင့် ကုန်အောင် စုတ်ယူလိုက်လေ၏။
“ကဲပါရှင်။ ကျွန်မကို ဘာပြောမှာလဲ။ ပြောပါ။ ကျွန်မ ပြန်ပါရစေတော့”
ဟု မမြနွယ်က ညည်းသံလေးဖြင့် ပြောလိုက်လေ၏။
“ဒီလိုပါ မိန်းကလေးရဲ့။ ပြောစရာတွေတော့ အများကြီး ပဲ။ ပထမဆုံး ပြောချင်တာကတော့ မင်းရဲ့အဖေကိုဖီးနဲ့ ကျုပ်နဲ့ ဟာ သေချင်းပေါင်း၊ ရှင်ချင်းပေါင်း ညီအစ်ကိုလို ခင်ကြတဲ့ သူငယ်ချင်းတွေပဲ။ ဒါပေမဲ့ တို့နှစ်ယောက်အကြောင်းကို သိတဲ့လူ က နည်းတယ်။ မင်းအဖေ ကိုဖီးဟာ အစစအရာရာတော်ပါ တယ်။ ဒါပေမဲ့ မိန်းမကို ညှဉ်းပန်းနှိပ်စက်တဲ့ နေရာမှာတော့ နှစ်ယောက်မရှိဘူးကွယ့်။ မင်းအမေကိုများ တခါတခါ ရိုက်လိုက်ရင် ကျွဲရိုက်နွားရိုက်ပဲဟေ့။ မင်းအမေ အသက်တိုတာ ဟာ မင်းအဖေကိုဖီး နှိပ်စက်တဲ့ ဒဏ်တွေကွယ့်” ၊
ဟု ဦးစိန်ဒေါင်းက ပြောလျှင် မမြနွယ်က ခေါင်းကို တွင်တွင်ခါ၍..
“လုံးဝမဟုတ်ဘူး။ ကျွန်မဖေဖေဟာ ကျွန်မမေမေကို လုံးဝရိုက်တယ်လို့ မကြားမိဘူး။ မေမေကလည်း တခါမှ အဲဒီလို ပြောမသွားခဲ့ဘူး။ မေမေသေတာဟာ ချောင်းဆိုးသွေးပါ ရောဂါနဲ့ သေတာ”ဟု လေသံမာမာဖြင့် ပြန်၍ ပြောလိုက်လေ၏။
“မင်းအမေက သူ့ကိုရိုက်တာ မင်းကို ဘယ်ပြောမလဲ ကွယ်။ ယောက်ျားကို အရိုက်အနှက်ခံပြီး ပေါင်းသင်းရတဲ့ အတတ်ကို မင်းအမေက မင်းကို သင်ပေးပါ့မလား။ မင်းအမေ သေတာ ချောင်းဆိုးသွေးပါရောဂါနဲ့ သေတယ်ဆိုတာ ဟုတ်ပါ တယ်။ မင်းအဖေရိုက်လို့ အဆုတ်မှာ ဒဏ်ဖြစ်သွားတာ”
ဟု ဦးစိန်ဒေါင်းက ပြောလိုက်လေ၏။
“ကျွန်မကို ပြောစရာရှိတယ်ဆိုတာ ဒါအကုန်ပဲလား။ ကျွန်မပြန်မယ်”
ဟု မမြနွယ်သည် ထိုင်ရာမှ ထလိုက်လေ၏။ ထိုအခါ ဦးစိန်ဒေါင်းက လက်ကိုဆွဲချ၍…
“ထိုင်စမ်းပါဦးကွယ်။ ကျုပ်ပြောချင်တာက ဒါမဟုတ်ပါဘူး။ ဒါက နိဒါန်းပါ။ မင်းအဖေနဲ့ ကျုပ်နဲ့ သိပ်ပြီးခင်တယ်”
ဟု ပြော၍ ဦးစိန်ဒေါင်းသည် စကားကိုရပ်လိုက်လေ၏။
“ခင်တဲ့အကြောင်း ပြောပြီးပြီပဲ။ ခင်တော့ ဘာဖြစ် သလဲ”
ဟု မမြနွယ်က ဆိုဖာပေါ်၌ ပြန်၍ထိုင်ရင်း မေးလိုက်လေ ၏။ ထိုအခါ ဦးစိန်ဒေါင်းသည် လေသံကို နှိမ့်နိုင်သမျှနှိမ့်၍..
“ဒီလိုကွယ့်။ မင်းအဖေဟာ သူဌေးအိမ်ကိုတက်ပြီး ဓားပြတိုက်တယ်။ ပြီးတော့ သူဌေးကို အခန်းထဲမှာ သေနတ်နဲ့ ပစ်သတ်ထားခဲ့တယ်””
ဟု ပြောလိုက်ရာ မမြနွယ်က… “မ… မ.. မဟုတ်ပါဘူး။ ရှင်ဘာတွေ ပြောနေတာလဲ”
ဟု အထစ်ထစ်အငေါ့ငေါ့ နှင့် ကန့်ကွက်လိုက်လေ၏။
“ဒါတွေဟာ အဖြစ်မှန်ပဲ မိန်းကလေးရယ်။ ကြာလည်း ကြာခဲ့ပါပြီ။ ဘာဖြစ်လို့ မင်းက ဖုံးထားရတာလဲ။ မင်းသိပ်မိုက်တယ်။ မလိမ္မာဘူး။ မင်း မကျန်းမာဘူး။ ကျန်းမာရေးကောင်းတဲ့ လူတွေမှ အမှန်ကိုဝန်ခံရဲတာ။ မင်းနဲ့ ငါနဲ့ အမှန်တရားတွေ စကားပြောကြမယ်။ အမှန်တရားကို ရှေးရှုကြမယ်။ ပေါ်ပေါက် လာတဲ့ ပြဿနာတွေကို ငါက ကာကွယ်ပေးမယ်။ ငါဟာ ကျန်းမာတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကို ကြည့်စမ်း။ ပိဿာကိုးဆယ် ကျော်တယ်။ အဲဒါဟာ ကျန်းမာကြောင်း ဖော်ပြတာပဲ။
ဒါကြောင့် ငါဟာ အမှန်ကို ရင်ဆိုင်ရဲတယ်” – ဟု ဦးစိန်ဒေါင်းက ပြောလိုက်လျှင် မမြနွယ်သည် ငြိမ်၍ သွားလေ၏။ ထို့နောက် ထိုင်နေရာမှ ရုတ်တရက် ထ၍ထွက် သွားရန်လည်း တွေးမိ၏။ သို့ရာတွင် မထဖြစ်ဘဲ တစုံတရာကို ပြန်လည်တွေးမိလေတော့၏။
ထိုအချိန်၌မှာပင် ဦးစိန်ဒေါင်းကြီးသည် မေးခွန်းများ တခုပြီးတခု ထုတ်နေလေ၏။ မမြနွယ်ကလည်း ထိုမေးခွန်း များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ငြင်းဆန်နေလေ၏။
“ဒီမှာ မိန်းကလေး။ မင့်အဖေကိုဖီးဟာ “သတိုးမှန်စိန်တိုက်”က စိန်သူဌေးဦးဘရွှေနဲ့ သူ့ဒရဝမ် ဝိုင်းမောင်ဆိုတဲ့ကောင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်”
“မဟုတ်ဘူး။ ကျွန်မဖေဖေ လုံးဝမသတ်ခဲ့ဘူး”
“မင်းအဖေ ကြိုးပေးခံရတာ အဲဒီအမှုနဲ့ ကြိုးပေးခံရတာ။ မင်း ဘာငြင်းနေတာလဲ”
“ကျွန်မ ဒါတွေ လုံးဝမသိဘူး”
“မင်း မသိလို့ မရဘူးကွ”
“အဖေသေတာ နှစ်ဆယ့်သုံးနှစ်ရှိပြီ။ ကျွန်မအသက်က ခုမှ နှစ်ဆယ့်သုံးနှစ် ရှိသေးတာ။ အဖေသေတော့ ကျွန်မတောင် မမွေးရသေးဘူး။ ကျွန်မ ဘယ်လိုလုပ် သိမှာလဲ”
““ငါမေးနေတာက မင်းအဖေကို သိတာ၊ မသိတာ အကြောင်းမဟုတ်ဘူး။ မင်းအဖေထားခဲ့တဲ့ စိန်ရွှေရတနာတွေကို မင်းသိလိမ့်မယ်”
“ကျွန်မ မသိဘူး။ ကျွန်မမှာလည်း မရှိဘူး။ စိန်မပြောနဲ့။ ပုလင်းကွဲတောင် မရှိဘူး”
“ဒီမှာ မိန်းကလေး။ ငါ့နာမည် “စိန်ဒေါင်း ́တဲ့။ မရ ရတဲ့နည်းနဲ့ တောင်းရတာပေါ့ကွယ်။ အသားနာပြီးမှ ပေးမလား။ အသားမနာဘဲနဲ့ ပေးမလား။ ဒါကိုပဲ စဉ်းစားပါ”
“ကျွန်မ ပြောပြီးပါပကောလား။ ကျွန်မမှာ စိန်နဲ့တူတာ ပုလင်းကွဲတောင် မရှိဘူးလို့။ အသားမနာဘဲလည်း ပေးစရာမရှိ ဘူး။ အသားနာရင်လည်း နာတာပဲရှိမယ်။ ပေးစရာမရှိဘူး”
အထက်ပါအတိုင်း ပြောဆိုပြီးနောက် မမြနွယ်သည် ထိုင်ရာမှ ဆတ်ခနဲထ၍ ဝင်လာခဲ့သော တံခါးမကြီးဆီသို့ သုတ်ခြေ တင်၍ ပြေးလေတော့၏။ သို့ရာတွင် ထိုတံခါးကြီးကို ဦးစိန်ဒေါင်းက မည်သည့်အချိန်က ပိတ်ထားလိုက်သည်မသိ။ ထို တံခါးကြီးသည် ပိတ်လျက်သား ရှိနေလေတော့၏။
သံမင်းတုန်းကြီးလည်း ထိုးထား၏။ ထို့ပြင် ယောက်ျားကြီးလက်သီးဆုပ်ထက်ကြီးသော အာမခံသော့ခလောက်ကြီး လည်း ခတ်ထားသည်ကို တွေ့ရ၏။ ထိုအခါ မမြနွယ်သည် တံခါးကို တဒုန်းဒုန်းထုကာ ချုံးပွဲချ၍ ငိုလေတော့၏။
ထိုအခါ ဦးစိန်ဒေါင်းသည် သူ့အင်္ကျီအိတ်အတွင်းမှ သော့တံကလေးကို ထုတ်၍…
“အပြင်ကို သွားချင်လို့လား မိန်းကလေး။ ဟောဒီမှာ သော့ကွယ့်”
ဟု ဆိုလိုက်ရာ မမြနွယ်သည် ဦးစိန်ဒေါင်းကို လှည့်၍ ကြည့်လိုက်လေ၏။ ဦးစိန်ဒေါင်းသည် သော့တံလေးကို ကြိုးမှ ကိုင်၍ လှုပ်ယမ်းပြရင်း…
“ဒီလောက်ညံ့ရင် လူဆိုးလုပ်လို့ ဖြစ်ပါ့မလား မိန်း ကလေးရယ်။ စိန်ဒေါင်းဆိုတာ လူဆိုးကွယ့်။ လူဆိုးမှ လူဆိုးတွေ အားလုံးက လူဆိုးထဲမှာ စိန်ဒေါင်းဟာ အညစ်ဆုံးပဲလို့ အပြောခံ ရတဲ့ လူဆိုးမျိုး။ နားလည်ပြီလား မိန်းကလေး”
ဟု ပြောဆိုကာ အသံနက်ကြီးဖြင့် တအားအော်ရယ် လိုက်လေတော့သတည်း၊
“ဟား…ဟား…ဟား….ဟား…ဟား”
____________________________
အခန်း(၂)
ဦးစိန်ဒေါင်းသည် ဆော့ကုလားထိုင်ကြီးပေါ်တွင် ထိုင်၍ ကုလားထိုင်ကို ရှေ့တိုးနောက်ငင် လှုပ်ယမ်း၍ ဆော့နေလေ၏။ သွားရည်များစိုရွှဲနေသည့် သူ၏နှုတ်ခမ်းကြီးသည် ပြုံးစစဖြစ်နေ လေ၏။ မချိုမချဉ်မျက်နှာဖြင့် မမြနွယ်ကိုလှမ်း၍ ကြည့်နေလေ ၏။
မမြနွယ်သည် ငိုနေရာမှ အံကို ကြိတ်လိုက်၏။ သူ၏ မျက်နှာ၌လည်း တစုံတရာစဉ်းစားနေဟန် ပေါ်၏။ ထိုအခါ ဦးစိန်ဒေါင်းက…
“ကယ်တော်မူကြပါလို့ အော်မလို့လား။ ဟိုမှာ နာရီ ကြည့်စမ်း။ ငါးနာရီထိုးပြီ”
ဆိုကာ တိုင်ကပ်နာရီကို လှမ်း၍ပြလိုက်လေ၏။
မမြနွယ် လည်း နာရီကို လှမ်း၍ကြည့်လိုက်လေ၏။ ငါးနာရီထိုးနေပြီဖြစ်ကြောင်းလည်း တွေ့ရလေ၏။
“ဒီအချိန်မျိုးမှာ ဒီဘက်ကို လူသွားလူလာဆိုလို့ မရှိ သလောက်ရှားတယ် မိန်းကလေး။ မင်းအော်လည်း အပိုပဲ။ သင်္ဃန်းကျွန်းဘူတာကို လေးဖာလုံလောက်လျှောက်မှ ရောက်မယ်ဆိုတာ မင်းသိမှာပေါ့။ ဟောဒီခြံထောင့်မှာလည်း လယ်ကွင်း ပဲရှိတယ်။ အရှေ့မှာက ရထားလမ်း။ ခြံစည်းရိုးကလည်း လက်ခုပ်တဖောင်လောက်မြင့်တဲ့ အုတ်တံတိုင်းကြီးကွယ့်။ ပြီးတော့ ကြခတ်ဝါးတွေကို စိတ်နေအောင်စိုက်ထားတယ် ဆိုတာကို လည်း မင်းသတိထားမိမှာပေါ့။
တအောင့်လောက်ဆိုရင် နေဝင် သွားပြီ မိန်းကလေး။ မင်းဟာမင်း အော်ချင်အော်၊ ငိုချင်ငို၊ ဘယ်သူမှ မကြားရတော့ဘူး။ လာပါ မိန်းကလေးရယ်။ ဟောဒီ ဆိုဖာပေါ်မှာ စိတ်အေးလက်အေး ထိုင်လိုက်စမ်းပါ။ ကျုပ်လေ မိန်းကလေးကို မုန်းစရာကောင်းတဲ့ စကားတွေ မပြောချင်ဘူး။ လာပါ မိန်းကလေးရယ်။ လှပပြီး ချစ်စရာကောင်းတဲ့ ကျောက်မျက်ရတနာတွေအကြောင်း ပြောကြရအောင်ကွယ်။ မင်းအဖေ မသေခင်က ထားခဲ့တဲ့ ကျောက်မျက်ရတနာတွေလေ”
ဟု ဦးစိန်ဒေါင်းက ပြောလိုက်လေ၏။
“ကျွန်မ ဘာမှမသိဘူးလို့ ပြောပြီးပါပကောလား ဦး လေးရယ်။ ကျွန်မကို ဒုက္ခမပေးပါနဲ့။ ကျွန်မ မမွေးခင်က အဖြစ်အပျက်တွေကို ကျွန်မ ဘယ်လိုလုပ်သိမှာတုံး”
ဟု မမြနွယ်က ပြန်၍ ပြောလိုက်လေ၏။
ဦးစိန်ဒေါင်း သည် ကုလားထိုင်ပေါ်မှထ၍ မမြနွယ်ရှိရာသို့ ဣန္ဒြေရရလျှောက်လာပြီးလျှင် မမြနွယ်၏ ညာဘက်လက်ကလေးကို လက်ကောက်ဝတ်မှ ဖမ်းကိုင်၍ တအားဆွဲလိမ်လိုက်လေ၏။ လက်ကလေးသည် မမြနွယ်၏ ကျောဘက်သို့ ရောက်သွားလေ ၏။ နာကျင်လွန်းသဖြင့် မမြနွယ်သည် “အမေ့”ဟု အော်လိုက်လေ၏။
ဦးစိန်ဒေါင်းက လက်ကိုဆက်၍ လိမ်လိုက်ပြန်ရာ
မမြနွယ်သည် ခြေဖျားကလေးနှစ်ဖက်ကို ထောက်၍ ကျောကလေးကော့သွားလေ၏။
“စိန်တွေ ဘယ်မှာလဲ။ စိန်တွေ ဘယ်မှာလဲ။ မင်းအဖေ ကိုဖီး ‘သတိုးမှန်” စိန်တိုက်ပိုင်ရှင် ဦးဘရွှေနဲ့ ဒရဝမ်ဝိုင်းမောင် ကိုသတ်ပြီး ယူသွားတဲ့ စိန်တွေလေ”
ဟု ဦးစိန်ဒေါင်းက အံကြိတ်သံကြီးဖြင့် မေးလိုက်လေ၏။
“မသိပါဘူးရှင်။ မသိရပါဘူး” ဟု မမြနွယ်က ငို၍ပြောရာ ဦးစိန်ဒေါင်းက “မသိဘူး ဟုတ်လား။ မသိဦးဟယ်။ မသိဦးဟယ်””
ဟုဆိုကာ မမြနွယ်၏ မျက်နှာလှလှလေးကို သူ၏လက်ဝါးကြမ်းကြီးဖြင့် တဖြန်းဖြန်းရိုက်လေတော့၏။
မမြနွယ်၏ ပါးစပ်မှ သွေးများ စီးကျလာလေတော့၏။ ထို့နောက် ဦးစိန်ဒေါင်းသည် မမြနွယ်အား လက်ကို လိမ်လျက်သား ကိုင်၍ နံရံဘက်သို့ တွန်းသွားပြီးလျှင် နံရံမှ မီးခလုတ်များကို ဖွင့်လိုက်လေ၏။ ထို့နောက် အခန်းထောင့်သို့ ပစ်၍တွန်းလိုက်ရာ မမြနွယ်သည် အခန်းထောင့်တွင် ခွေခွေလေး လဲကျသွားလေ တော့၏။
ထိုအခါ ဦးစိန်ဒေါင်းသည် နံရံတွင်ချိတ်ထားသော လိပ်ကျောက်မြီးကိုဖြုတ်၍ နမ်းလိုက်ပြီးလျှင် ခွေခွေလေးလဲကျနေသော မမြနွယ်အား “ရွှမ်း”ခနဲ ရိုက်လိုက်လေတော့၏။
“ပြော.. ဘယ်မှာလဲ စိန်တွေ”
“မသိပါဘူးရှင်”
“ရွမ်း”
“မသိပါဘူးရှင်။ ကျွန်မကို သနားပါ”
“ရွှမ်း…ရွှမ်းရွှမ်း..”
ဦးစိန်ဒေါင်းသည် လိပ်ကျောက်မြီးဖြင့် တရစပ်ရိုက်လေ တော့၏။ မမြနွယ်၏အင်္ကျီများ စုတ်ပြဲကုန်လေတော့၏။ တကိုယ်လုံး အရှိုးများ ထင်နေလေတော့၏။ နာကျင်ခြင်း၊ ကြောက်လန့်ခြင်းတို့ကြောင့် တကိုယ်လုံး တုန်နေလေတော့၏။
ဦးစိန်ဒေါင်းသည် စိတ်ကြိုက်ရိုက်ပြီးနောက် ကြာပွတ်ကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်ပြီးလျှင် စားပွဲဆီသို့သွား၍ ဘရမ်ဒီ ပုလင်းကိုဖွင့်ကာ ဘရမ်ဒီကိုဖန်ကလပ်အတွင်းသို့ ငဲ့နေလေ၏။ မမြနွယ်သည် ကြောက်လွန်း၍ အသားများတဆတ်ဆတ်တုန်၍ နေလေ၏။ ထို့နောက် မကြည့်ရဲ ကြည့်ရဲဖြင့် ဦးစိန်ဒေါင်းကို လှမ်း၍ကြည့်လေ၏။ ပြီးလျှင် သူ၏စိတ်တွင်း၌ …
“ဒီလူကြီးဆီမှာ ငါအသနားခံနေလို့လည်း ချမ်းသာရာရ မှာမှ မဟုတ်ဘဲ။ ဒီတော့ ရှိသမျှခွန်အားနဲ့ ခုခံရမှာပဲ”
ဟု ဆုံးဖြတ်ကာ တရှိန်ထိုး ထ၍ပြေးလေ၏။ ဆိုဖာပေါ် သို့ တက်၏။ ဘရမ်ဒီပုလင်းကို ကောက်၍ကိုင်၏။ ဦးစိန်ဒေါင်း ၏။ ခေါင်းပြောင်ပြောင်ကြီးကို အပေါ်စီးမှ “ခွပ် ́ခနဲ ရိုက်ချလိုက် လေတော့၏။
ဦးစိန်ဒေါင်းမှာမူ မမှုလောက်ဟု သဘောထားကာ ပမာမခန့်လုပ်နေသောကြောင့် အငိုက်ခံလိုက်ရ၏။ ဦးစိန်ဒေါင်းသည် ပထမတချက်နှင့်ပင် ဒယိမ်းဒယိုင်ဖြစ်သွား၏။
၄င်း၏လက်တွင်းမှ ဖန်ကလပ်လည်း လွတ်ကျသွား၏။ မမြနွယ်သည် နောက်ထပ်တချက် “ဂွပ် ́ခနဲ ရိုက်ချလိုက်ပြန်၏။ ခေါင်းမှသွေးများ ဖြာထွက်လာ၏။ ပုလင်းလည်း ကွဲသွား၏။
ဦးစိန်ဒေါင်းသည် ဒယိမ်းဒယိုင်နှင့် ရှေ့သို့ တိုးလာ၏။ မမြနွယ်သည် ပုလင်းကွဲအစဖြင့် မျက်နှာကို ဆောင့်၍ထိုးလိုက် ၏။ ဦးစိန်ဒေါင်းသည် နောက်သို့ “ဝုန်း”ခနဲ ပြိုလဲ၍ကျသွားကာ ငြိမ်သက်သွားလေတော့၏။
မမြနွယ်သည် ကြာပွတ်ကိုကောက်ယူ၍ ဦးစိန်ဒေါင်း၏ တကိုယ်လုံးကို တရွှမ်းရွှမ်းရိုက်လေတော့၏။
ထိုအချိန်မှာပင် အခန်း၏အခြားတဖက်မှ တံခါးတချပ်သည် “ကျွဲ”ခနဲ ပွင့်လာသဖြင့် မမြနွယ်သည် အသံလာရာဆီသို့ လှမ်း၍ကြည့်လိုက်လေ၏။
လူငယ်တယောက်သည် တံခါးဝတွင် ခါးထောက်၍ရပ် ရင်း မမြနွယ်အား … ၊
“တယ်လည်း လက်ရဲပါလား။ ဟား…ဟား…ဟား”
ဟု ရယ်မောလိုက်လေ၏။ မမြနွယ်သည် မိမိ၏ ပြေးပေါက်ပိတ်နေသော အဖြစ်၊ မိမိ၏ ကျူးလွန်မိသော အဖြစ်တို့ကို တမုဟုတ်ချင်းတွေးမိကာ
“ကယ်တော်မူကြပါ” ဟုအော်ရင်း လဲကျမေ့မြောသွားလေတော့သတည်း။
_______________________________
အခန်း(၃)
မမြနွယ် ပြန်လည်သတိရလာသောအခါ၌ ကုလားထိုင် ပေါ်တွင် ထိုင်လျက်သားဖြစ်နေသည်ကို သတိပြုမိလေတော့၏။ သူသည် ကုလားထိုင်မှထရန် ကြိုးစား၏။ ကုလားထိုင် အနည်းငယ်လှုပ်သွား၏။ သူ၏ခြေထောက်နှစ်ဖက်မှာမူ လှုပ်၍ မရ။ ခြေချင်းဝတ်မှနေ၍ ကြိုးများချည်ထားသည်ကို တွေ့ရ၏။ လက်များကိုမူ ကုလားထိုင်လက်ရန်းဖြင့် ပူး၍ချည်ထားသည်ကို သတိပြုမိ၏။ သူသည် ကိုယ်ကိုလှုပ်ရန် ကြိုးစား၏။ ကုလားထိုင်သည် ထပ်၍လှုပ်သွား၏။ ကုလားထိုင်နှင့် ဆက်သွယ်ထားသော ကြိုး ကလေးပါ လှုပ်ယမ်းသွား၏။ ထိုအခါ၌မူ ခေါင်းလောင်းသံ ဖြည်လာလေ၏။
မမြနွယ်သည် ၄င်း၏ ခေါင်းပေါ်တည့်တည့်မှ ခေါင်း လောင်းကလေးကို မော့၍ကြည့်လိုက်၏။ ၄င်းလှုပ်လိုက်တိုင်း ကုလားထိုင်သည် လှုပ်၍သွား၏။ ကုလားထိုင်လှုပ်တိုင်း ခေါင်းပေါ်မှခေါင်းလောင်းလေးကလည်း လှုပ်ယမ်းသွားကာ အသံ မြည်လာကြောင်းကို သတိပြုမိလေတော့၏။
ထိုအခါ မမြနွယ်သည် ဆက်၍မလှုပ်တော့ဘဲ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်လေ၏။ သူပုလင်းနှင့်ရိုက်ခဲ့သော ဦးစိန်ဒေါင်းကြီးသည် ဆော့ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေပြီဖြစ်၏။ အနီးတွင်လည်း ဇလုံကြီးတလုံးနှင့် မျက်နှာသုတ်ပဝါ ရေစိုကြီးတခုကို တွေ့လေ၏။ ဇလုံကြီးအတွင်း၌မူ ချင်းချင်းနီနေသော ရေများကို တွေ့ရလေ၏။
“ဒါလောက်ရိုက်တာတောင် ဒီလူကြီးမသေဘဲကိုး။ တော်တော်အသက်ပြင်းတဲ့ ပြိတ္တာကြီး။ ငါ့ကိုတော့ သူ့တပည့် ဟိုကောင်က ထပ်ပြီးနှိပ်စက်ဦးမှာပဲ။ ဒီကောင့်ကိုလည်း အလစ်မှာ နှံရမှာပဲ”
ဟု တွေးတောနေစဉ်မှာပင် အခြားသော အခန်းတံခါး သည် ပွင့်လာပြီးလျှင် လူငယ်သည် ဝင်လာလေ၏။
ထို့နောက် လူငယ်သည် မမြနွယ်အား တုတ်နှောင်ထား သော ကြိုးများကို ဖြေပေးလိုက်လေ၏။ ထို့နောက် လူငယ်သည် သူ၏အိတ်အတွင်းမှ ဒန်ရောင်စီးကရက်ဘူးကလေးကိုထုတ်၍
ထောက်ခနဲဖွင့်ကာ စီးကရက်ဘူးကို မမြနွယ်ဘက်သို့ ထိုး ပေးရင်း…
“စီးကရက်သောက်တတ်ရင် သောက်ပါဗျ” ဟု ပြောလိုက်ရာ မမြနွယ်က “ကျွန်မ မသောက်တတ်ဘူး”
ဟု ပြန်၍ပြောလိုက်လျှင် လူငယ်သည် စီးကရက်
တလိပ်ကိုထုတ်၍ ၄င်းဘာသာ မီးညှိရှိုက်ဖွာရင်း…
“ခင်ဗျားသိပ်တော်တယ်။ ဒီလူကြီးကို ဒီလိုရိုက်ဝံ့တယ် ဆိုတာ တော်တော်သတ္တိမျိုး မဟုတ်ဘူး။ သတ္တိကိုတော့ သဘော ကျသွားပြီ””
ဟု လူငယ်က ပြောလိုက်လျှင် မမြနွယ်သည် ဆော့ ကုလားထိုင်ပေါ်တွင် အိပ်မောကျလျက်ရှိသော ဦးစိန်ဒေါင်းကြီး အား လှမ်း၍ကြည့်လိုက်လေ၏။
“ကြည့်မနေပါနဲ့ဗျာ။ သေပါပြီဗျ။ သေရုံတင်မကဘူး။ ဒီလူကြီး ငရဲပြည်တောင် ရောက်သွားပြီထင်တယ်”
ဟုပြော၍ လူငယ်သည် စီးကရက်မီးခိုးများကို မှုတ်ထုတ် လိုက်လေ၏။ မမြနွယ်သည် လူငယ်၏ မျက်နှာကို လှမ်း၍ကြည့် လိုက်လေ၏။
“ခင်ဗျားအဖေဦးဖီးနဲ့ ဟောဒီဦးစိန်ဒေါင်းကြီးဟာ အတူ ဓားပြတိုက်ဖက်ဗျ။ သတိုးမှန်စိန်တိုက်ကို ဦးဖီးတက်ပြီး ဓားပြ တိုက်တဲ့အခါမှာ ဟောဒီ ဦးစိန် ဒေါင်းကြီးက အမြီးကိုလှန်ချိုးလိုက်တာပဲ”
ဟု လူငယ်က ပြောလိုက်ရာ…
“ရှင် ကျွန်မဖေဖေကို တိရစ္ဆာန်နဲ့နှိုင်းပြီး မပြောပါနဲ့” ဟု မမြနွယ်က ကန့်ကွက်လိုက်လေ၏။
“တောင်းပန်ပါတယ်ဗျာ။ ကျုပ်က အပြောအဆို နည်းနည်းရိုင်းတယ်။ အမြဲတမ်း အဲဒီလိုပဲပြောဆိုနေတော့ နှုတ်ကျိုးနေပြီဗျ။
ထားပါတော့။ ခင်များအဖေ သတိုးမှန်စိန်တိုက်ပိုင်ရှင် ဦးဘရွှေအိမ်ကို ဓားပြတိုက်နေတုန်းမှာ ဒီလူကြီးက ပုလိပ်ဆီကို တယ်လီဖုန်းဆက်လိုက်တာကို ပြောတာဗျ။
အဲဒီတော့ ပုလိပ်က လာပြီးဝိုင်းတာပေါ့ ဗျာ။ အဲဒီအခါ ခင်ဗျားအဖေ ဦးဖီးဟာ မလွတ်သာတော့ ခုခံရတော့တာပေါ့။ အဲဒီလိုခုခံရင်းနဲ့ ပဲ စိန်သူဌေးကြီး ဦးဘရွှေနဲ့ ဒရဝမ်ဟာ သေနတ်မှန်ပြီး သေတော့ တာပေါ့။ သေနတ်မှန်ပြီး သေတယ်ဆိုတာနဲ့ ခင်ဗျားအဖေဦးဖီးသတ်တယ်လို့ ယူဆလို့မရဘူးနော်။ ပုလိပ်ဘက်က ပစ်လို့မှန်တာလည်း ဖြစ်နိုင်တာပဲ။
ဒါမှမဟုတ်ရင်လည်း ဟောဒီလူကြီးက တနေရာကနေပြီး ချောင်းပြီးလာပစ်တာရော မဖြစ်နိုင်ဘူးလား” – ဟု လူငယ်က ပြောရင်း စီးကရက်မီးခိုးများကို မှုတ်ထုတ် လိုက်ရာ မမြနွယ်က
“အဲဒါတွေ ကျွန်မ လုံးဝမသိချင်ဘူး။ သေတဲ့ လူတွေ လည်း သေကုန်ကြပြီ။ ကျွန်မဖေဖေလည်း အပြစ်ဒဏ်ကျခံပြီး သေသွားရှာပြီ။ အဲဒီတုန်းက ကျွန်မဟာ ကျွန်မအမေရဲ့ ဗိုက်ထဲမှာပဲ ရှိသေးတယ်။ နေစမ်းပါဦး။ ရှင်က ဒီလူကြီးရဲ့တပည့်လား”
ဟု မေးလိုက်လေ၏။
ထိုအခါ လူငယ်သည် တဟား ဟား ရယ်ရင်း…
“ခင်ဗျား သတ္တိတော့ အတော်ကောင်းတယ်။ လူကဲခတ်တော့ အတော်ညံ့တာပဲ။ ကျုပ်က ဘာဖြစ်လို့ ဒီဝက်လိုလူမျိုးကို ဆရာတင်ရမှာတုံး။ ပြီးတော့ ခင်ဗျားနားလည်ဖို့က ကျုပ်ဟာလူဆိုးဗျ။ လူဆိုးဖြစ်တဲ့ နောက်တော့ ဆရာတွေ၊ တပည့်တွေ ဘယ်ရှိမလဲဗျာ။ ဆိုးဖော်ဆိုးဖက်တွေပေါ့။ မိတဲ့လူ ထောင်နဲ့ ကြိုးစင်ပေါ့။ မမိသေးတဲ့လူ ကျန်ပေါ့ ဗျာ။ ကျုပ်တို့လူဆိုးလောကမှာကဒီလိုပဲ။
ခင်ဗျားအဖေဦးဖီး ဓားပြတိုက်ပြီးယူသွားတဲ့ စိန်ရွှေရတနာတွေဟာ မထုခွဲသေးခင်မှာဘဲ အဖမ်းခံသွားရတယ်။ အဲဒီ စိန်ရွှေရတနာအမြောက်အမြားဟာ
တနေရာရာမှာ ရှိနေတယ်ဆိုတဲ့ ပါးစပ်ရာဇဝင်လေးတခု ရှိတယ်။ အဲဒါကို စုံစမ်းတဲ့ လူတွေကလည်း စုံစမ်းကြတာပေါ့။
လူဆိုးကြီးတွေက နောက် ရောက်လာတဲ့ လူဆိုးလေးတွေကို ပုံပြင်သဖွယ်ပြောပြတဲ့ အိပ်ရာ ဝင် ပုံပြင်ဆိုရင်လည်း မမှားဘူးပေါ့။ အဲဒီရတနာပစ္စည်းတွေ နောက်ကို သဲလွန်စခံပြီး လိုက်နေတဲ့လူတွေကလည်း အများကြီး ပဲ။ အားလုံးမျက်ခြည်ပြတ်သွားတဲ့ ကိစ္စကတော့ ခင်ဗျားအဖေ သေပြီး သုံးလေးနှစ်အတွင်းမှာ ခင်ဗျားအမေ သေသွားတယ်။ အဲဒီအခါမှာ ခင်ဗျားဟာ ခရစ်ယာန်သီလရှင်မကြီးတဦးက
ခေါ်ယူမွေးစားထားလိုက်တယ်။ အဲဒီအခါမှာ ခင်ဗျားအဖေရဲ့ ရတနာသိုက်ကိုရှာတဲ့ ကျုပ်တို့လူဆိုးအားလုံး မျက်စိလည်ကုန် ကြတာပဲ။
ကျုပ်ကတော့ အဲဒီရတနာသိုက်ကို စိတ်မဝင်စားဘူး။ စိတ်မဝင်စားတဲ့ အကြောင်းကလည်း တခြားကြောင့်မဟုတ်ဘူး။ ကျုပ်က ပိုင်ရှင်မရှိတဲ့ ပစ္စည်းတွေကို စိတ်မဝင်စားဘူး။ ပိုင်ရှင်ရှိတဲ့ပစ္စည်းကိုမှ လုယူတိုက်ခိုက်ချင်တာ။ ဒါပေမဲ့ ဟောဒီ ဝက်လို လူကြီးက နှစ်ပေါင်းများစွာ စုံစမ်းလာတာသိတော့ ခင်ဗျားရဲ့ သတင်းကိုလည်းရရော ခင်ဗျားကို အခုလိုခေါ်ပြီးတွေ့တာပဲ။ အဲဒီကိစ္စမှာ ကျုပ်က သူ့ရဲ့အဖော်အဖြစ် ပါလာတာ။ သူ့ရဲ့အဖော် ဆိုပေမဲ့
ဒီလုပ်ငန်းက ဝေစုကို ကျုပ်တပြားမှ မလိုချင်ဘူး။
ဒီလုပ်ငန်းမဖြစ်ရင် တခြားမှာ တိုက်စရာခိုက်စရာလေးရှိလို့ သူ့ကိုစောင့်ပေးတဲ့ သဘောပဲ။ အခုလောက်ဆိုရင် ခင်ဗျား လုံးစေ့ ပတ်စေ့ သဘောပေါက်လောက်ပါပြီ”
ဟုပြောလိုက်လေတော့၏။
ထိုအခါ မမြနွယ်က… “ဟုတ်ကဲ့။ ကျွန်မသဘောပေါက်ပါပြီ””
ဟု ပြန်၍ပြောလိုက်လေ၏။
လူငယ်သည် ၄င်း၏ဂျာကင် အိတ်အတွင်းမှ စာရွက်တရွက်နှင့် ဖောင်တိန်ကိုထုတ်ကာ
“ကဲ…မမြနွယ်။ ဟောဒီစာရွက်ပေါ်မှာ ဦးစိန်ဒေါင်းဆို တဲ့ လူကြီးကို ခင်ဗျားပုလင်းနဲ့ ရိုက်သတ်ခဲ့တဲ့အကြောင်း စာလေး တကြောင်းနှစ်ကြောင်းရေးပြီး လက်မှတ်ထိုးခဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူကြီးနဲ့ကျုပ်နဲ့ အခုတလော တတွဲတွဲလုပ်နေကြ တာကို တခြားလူဆိုးတွေက သိတယ်ဗျာ။ ဒီတော့ ဒီလူကြီးသေတာကို ကျုပ်တရားခံဖြစ်သွားဦးမယ်။ ကျုပ်ကို မသင်္ကာလို့ ပုလိပ်ဘက်က ဖမ်းရင် ဟောဒီစာရွက်ကို ထုတ်ပြမယ်။ မဖမ်းရင်တော့ ရေငုံပြီး နေမယ်”
ဟု ပြောလိုက်ရာ မမြနွယ်က … “အဲဒီအပြင် အခြားနည်း မရှိဘူးလား”
ဟု ပြန်၍ မေးလိုက်လေ၏။
“အဲဒီအပြင် တခြားနည်းဆိုရင်တော့ ကျုပ်ကို ခင်ဗျားယူ မှ ဖြစ်မယ်။ ကျုပ် ခင်ဗျားရဲ့သတ္တိကို သဘောကျတယ်။ ခင်ဗျားလိုမိန်းမမျိုးကို ကျုပ်သားမယားတော်ချင်တယ်။ အဲဒီ အခါမှာ ဒီလူသတ်မှုကို ပုလိပ်ဘက်ကလိုက်လို့ မိရင်လည်း ကျုပ်ခင်ဗျား ကိုယ်စား ကြိုးစင်ပေါ်ကို တက်ပေးမယ်”
ဟု လူငယ်က ပြောလိုက်ရာ မမြနွယ်သည် ထိုင်နေရာမှ “ဝုန်း” ခနဲထပြီး လူငယ်၏ ပါးကို လက်ဝါးဖြင့် တအားလွှဲ၍ “ဖြန်း”ခနဲ ရိုက်ချလိုက်လေတော့၏။
ထို့နောက် …
“မျက်နှာကို သေသေချာချာကြည့်ထား။ မြန်မာအမျိုးသမီးရှင့်။ သတ္တိလာမစမ်းနဲ့။ သေရမှာကို ကြောက်တာနဲ့ ရှင့်လို လူမျိုးရဲ့မယား အဖြစ်ခံပါ့မလား။ ရှင် အခုထွက်သွား။ ပုလိပ်ကို အကြောင်းကြားလိုက်။ ကျွန်မ ဒီမှာထိုင်နေမယ်။ ဒီလူကြီးသတ်မှု နဲ့ ကျွန်မကြိုးစင်တက်ရမယ်ဆိုရင် တက်လိုက်မယ်”
ဟု မမြနွယ်က ပြောလိုက်ရာ လူငယ်သည်
တဟားဟား ရယ်၍…
“သိပ်မာနကြီးတဲ့ မမြနွယ်ပဲဗျာ။ ကျုပ် သိပ်ပြီးသဘော ကျတယ်။ မြန်မာအမျိုးသမီးဆိုတာ ဒီလိုမှပေါ့ဗျာ။ ကျုပ် ခင်ဗျားကို သိပ်လေးစားတာပဲ။ ဟောဒီမှာ တံခါးပွင့်နေတယ်။ ခင်ဗျား သွားတော့။ ဒီအမှု ကျုပ်ဟာကျုပ် ကြည့်ရှင်းလိုက်မယ်။ ပုလိပ်ဘက်က ခြေရာခံလို့ မိရင်လည်း ကျုပ်သတ်တယ်လို့ပဲ ပြောလိုက်မယ်။ ခင်ဗျားနာမည်တလုံးမှ မပါစေရဘူး။ သွားတော့ မမြနွယ်။ သွားတော့”
ဟုဆိုကာ လူငယ်သည် အခန်းတံခါးကို ကိုယ်တိုင်လိုက်၍ ဖွင့်ပေးလေ၏။
မမြနွယ်လည်း လူငယ်ကို စေ့စေ့ကြည့်လိုက်လေသည်။
“ရှင်က ကျွန်မအတွက် ဘာကိစ္စနဲ့ ဓားစာခံချင်ရတာ တုံး။ ကျွန်မသတ်တာပဲ။ ကျွန်မ အပြစ်ခံရမှာပေါ့။ တကယ်က ကျွန်မ ဒီလူကြီးကို လုံးဝမသိဘူး။ သူဟာ ကျွန်မအဖေရဲ့ မိတ်ဆွေဖြစ်ပါတယ်။ သူဟာ သေသွားတဲ့ ကျွန်မအဖေနဲ့ ပတ်သက်တဲ့ကိစ္စတခု ပြောပြစရာ ရှိတယ်။ လာတွေ့ပါဆိုပြီး စာနဲ့ ရေးမှာလို့ ကျွန်မလာတွေ့တာ”ဟု မမြနွယ်က ပြောလိုက်ရာ လူငယ်က…
“ဟုတ်ပါတယ် မမြနွယ်။ ဒီလူကြီးဟာ လူညစ်ကြီးပဲ။ အဲဒီတော့ ပြီးတာတွေလည်း ပြီးပြီလေ။ ခင်ဗျားနေရာမျိုးမှာ အခြားမိန်းမတယောက်သာဆိုရင် ခင်ဗျားလိုသတ္တိကောင်းချင်မှကောင်းလိမ့်မယ်။ သွေးပူနေတုန်း လူသတ်ဝံ့တယ်ထားဦး။ သွေးအေးတဲ့အခါကျတော့ ကြောက်ရွံ့တုန်လှုပ်မိမှာပဲ။ အဲဒီလိုအခါမျိုးမှာ ကျုပ်လို လူဆိုးတယောက်က အသက်ကို ကယ်ပါ့မယ်။ ကျုပ်ကိုယူပါဆိုရင် အချိန်ယူပြီးစဉ်းစားကြမှာ မဟုတ်ဘူး။ ယူမယ်လို့ပြောလိုက်မယ့် မိန်းကလေးက များလိမ့်မယ်။ အခု မမြနွယ်ကတော့ တယ်လည်း မာနကြီးတာကိုး။ တယ်လည်း မြန်မာအမျိုးသမီးပီသတာကိုး။ အဲဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ခင်ဗျားကိုယ်စား ကျုပ်ခံလိုက်မယ်။ ကဲ…သွားပေတော့”
ဟု ပြောလိုက်ရာ မမြနွယ်က …
“ရှင်လည်း လူဆိုးသာ ဆိုတယ် စိတ်ဓာတ်က တယ် လည်း အဆင့်အတန်းမြင့်ပါလား။ ရှင့်နာမည် ဘယ်သူလဲ”ဟု မေးလိုက်ရာ လူငယ်က…
“ကျုပ်နာမည် မိုးသီးလို့ ခေါ်တယ်။ ကျုပ်နဲ့ တွဲဖက်ဖြစ် တဲ့ ပရော်ဖက်ဆာဆိတ်ဖွားတို့၊ ကိုသေတ္တာတို့ဆိုတဲ့ လူဆိုးကြီး တွေတော့ ဆားပုလင်းနှင်းမောင်ရဲ့ လက်ချက်နဲ့ ထောင်နန်းစံနေကြပြီ။ ကျုပ်တယောက်ပဲ ဝရမ်းပြေးအဖြစ်နဲ့ ကျန်နေတာ””
ဟု လူငယ်က ပြော၍ မမြနွယ်အား တံခါးပေါက်မှ ပြန်ထွက်သွားရန် ပြောလိုက်လေတော့၏။
မမြနွယ်လည်း တံခါးပေါက်မှ ပြန်၍ထွက်ကာ
သင်္ဃန်း ကျွန်းဘူတာဆီသို့ လျှောက်လာပြီးလျှင် ရန်ကုန်ဘက်သို့ ထွက်မည့် လော်ကယ်ရထားဖြင့် လိုက်ပါခဲ့လေတော့၏။
အထက်ပါ အဖြစ်အပျက်များဖြစ်ပွားပြီး လအတန်ကြာ သောအခါ၌ မိုးသီးဆိုသူအား ဦးစိန်ဒေါင်းဆိုသူကို သတ်မှုဖြင့် တသက်တကျွန်းကျခံရန် ရုံးတော်မှ အမိန့်ချလိုက်လေတော့၏။ ထိုသတင်းကို ကြားရသောအခါ မာနကြီးသော မမြနွယ်သည် မျက်ရည်များ တသွင်သွင်စီးကျလာပြီးလျှင်…..
“ကိုမိုးသီးရယ်။ ရှင် တသက်တကျွန်းက ပြန်လာခွင့် ရတဲ့အခါမှာ ရှင့်ကို ကျွန်မလက်ထပ်ချင်စမ်းပါဘိ။ ဘာပဲဖြစ်ဖြစ် ရှင့်လို ယောက်ျားပီသပြီး
တဖက်သားအတွက် အနစ်နာခံတတ် တဲ့ လူမျိုးရဲ့ ဇနီးမယား ဖြစ်ချင်စမ်းပါဘိ”
ဟု တကိုယ်တည်း ရေရွတ်လိုက်လေတော့သတည်း။
သဗ်ဗသေတ်တာ ကမ်မသကာ
မင်းသိင်္ခ
Inscribed by TalaChan