တောကြောင်နက်

*ကိုယ်ပျောက်ဘိုးဘိုးနှင့် တောကြောင်နက်သား*📖📖📖

**************************************************

ပုံတောင်ပုံညာ ယောဒေသက တောခလွန်ဆိုတဲ့ တောကျောင်းလေး တစ်ကျောင်းမှာ ဘိုးတော်ဦးဒါနဆိုတဲ့ ဗိန္ဒောဆေးဆရာကြီးဟာ သက်သတ်လွတ်တွေပဲ မှီဝဲရင်း တောမှီဘိုးတော် လုပ်နေတာပေါ့။ ဘိုးတော် ဦးဒါနဟာ အရင်တုန်းကတော့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပါ။

ဒါပေမဲ့ ဘိုးတော်ဦးဒါနက ဗေဒင်ဟော၊ ဇာတာဖွဲ့၊ ယတြာချေ၊ အင်းအိုင်လက်ဖွဲ့ စတဲ့ ဂမ္ဘီရပညာတွေကို လိုက်စားတယ်။ ဒီအလုပ်တွေက ဘုန်းကြီးဝိနည်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဘုန်းကြီးဝတ်ရာက ထွက်ပြီး လူဝတ်ကြောင်လဲ မဟုတ်တဲ့ ဝတ်ရုံဖြူကြီးတွေဝတ်ပြီး ဘိုးတော်ပဲ လုပ်တော့တယ်လေ။

ဘိုးတော်ဦးဒါနဟာ ဗေဒင်ပညာအမွေလဲ သင်ပေးရင်း၊ ဆေးပညာအမွေလဲ သင်ပေးရင်း၊ ကျောင်းရဲ့ဝေယျာဝစ္စလဲခိုင်းရင်း ဆွေမကင်းမျိုးမကင်းတွေထဲက မိဘမဲ့ကျောင်းသား ၄ ယောက်ကို မွေးစားထား တယ်။

အဲဒီကျောင်းသား ၄ ယောက်က သာဗျော၊ ခေါင်းကြီး၊ ညှက်စိ၊ ဖိုးတုတ်တဲ့။ အဲဒီ ၄ ယောက်မှာ သာဗျောက အကြီးဆုံး၊ ဖိုးတုတ်က အငယ်ဆုံး။ အားလုံးရဲ့ခိုင်းဖတ်လေးပေါ့။

ဘိုးတော်ဦးဒါနရဲ့ ထူးခြားချက်တစ်ခုကတော့ ဘာရိုက်သလဲ မမေးနဲ့  ပြောယူရလောက်အောင် အရိုက်ကြမ်းတဲ့နေရာမှာ နှစ်ပါးမရှိဘူးတဲ့။ ဘိုးတော်ကြီးအရိုက်ကြမ်းတာကလဲ စည်းကမ်းကြီးတာကိုး။ ဘိုးတော်ကြီးမျက်လုံးရှေ့မှာ အချိုးမကျဘူးထင်လို့ကတော့ သူ့ကျောင်းက ကျောင်းသားတွေမပြောနဲ့၊ ရွာ ထဲမှာတောင် သူကြီးသောဘာသော နားမလည်ဘူး။ သူ့လက်စွဲတော် တုတ်ကောက်ကြီးနဲ့ ဆော်တော့တာ ပဲ။

ကြာတော့ ဘိုးတော်ကြီးဟာ မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ တစ်ယောက်ယောက်ကိုမှ မရိုက်ရရင် မနေနိုင်အောင် လက်က အကျင့်ပါနေပြီလေ။ သာဗျောတို့ ကျောင်းသား ၄ ယောက်က ဘိုးတော်ကြီးရိုက်တာ မခံရအောင် သတိထားပြီး ဘယ်လိုပဲနေကြနေကြ ဘိုးတော်ကြီးက အပြစ်ကို မီးခွက်ထွန်းရှာသလို ရှာနေတော့ တစ်ကြောင်းမဟုတ် တစ်ကြောင်းနဲ့တော့ အရိုက်ခံကြရတာပဲ။

ထမင်းစေ့အောက်ကျရင်လဲ ရိုက်တာပဲ။ ကျောင်းဝင်းထဲ အမှိုက်တစ်စတွေ့ရင်လဲ ရိုက်တာပဲ။ အဲဒီတော့ တစ်နေ့တစ်နေ့ အရိုက်မခံရတဲ့ ကျောင်းသားရယ်လို့မရှိဘူး။

ဒါပေမဲ့ ဘိုးတော်ဦးဒါနဟာ လူ ၁ဝ ယောက်ကို ဗေဒင်ဟောရင် ၈ ယောက်လောက်တော့မှန်တယ်။ လူနာ ၁ဝ ယောက်ကို ဆေးကုပေးရင် ၈ ယောက်လောက်တော့ ရောဂါသက်သာတယ်။

ဒီတော့ ဘိုးတော်ဦးဒါနက ဘယ်လောက်ပဲ ရိုက်ရိုက်နှက်နှက် ရွာသားတွေကတော့ အကိုးကွယ်မပျက် ကိုးကွယ်ကြတယ်။ အကြည်ညိုမပျက် ကြည်ညိုကြတယ်။

ဒါပေမဲ့ နေ့တိုင်း အရိုက်ခံရတဲ့ကျောင်းသားတွေက သံမှုန့်စားထားတဲ့လူတွေမဟုတ်တော့ ဒီလိုပဲ ဘိုးတော်ကြီးရဲ့ အရိုက်အနှက်ခံပြီး အသေခံကြမလား၊ ဒါမှမဟုတ် ဒီကျောင်းကနေ ဝေးရာအရပ်ကို ထွက်ပြေးကြရင် ကောင်းမလား ကျိတ်ကျိတ်ပြီးတိုင်ပင်ရတာလဲ အခါခါပါ။

ဒီလိုနဲ့ နှစ်တစ်နှစ်ရဲ့ တပေါင်းလထဲရောက်လာတယ်။ တပေါင်းလရဲ့ လပြည့်ညဟာ နေ့အလားထင် မှတ်မှားရလောက်အောင် ထိန်ထိန်သာလို့ပေါ့။

ဘိုးတော်ဦးဒါနကတော့ အဲဒီလိုထိန်ထိန်သာနေတဲ့ တပေါင်းလပြည့်ညမှာ သူ့ကျောင်းလေးပေါ် တခူးခူးတခေါခေါ အိပ်မောကျနေလို့ပေါ့။ ဒါပေမဲ့ သန်းခေါင်ယံကျော်မှာတော့ ထုံးစံအတိုင်း တစ်ရေးနိုးလာတော့တယ်။ အဲဒီလို တစ်ရေးနိုးလာတာနဲ့တစ်ပြိုင်နက် ခေါင်းရင်းက လက်စွဲတော်တုတ်ကောက်ကြီးကိုဆွဲပြီး အပေါ့အပါးကိစ္စရှင်းဖို့ ကျောင်းအောက်ကို ဆင်းလာတယ်။

ဘိုးတော်ဦးဒါနဟာ ကျောင်းအပြင်မှာ အပေါ့အပါးကိစ္စရှင်းပြီး ကျောင်းပေါ်ပြန်မတက်ခင် ကျောင်းအောက်မှာအိပ်နေကြတဲ့ သာဗျောတို့ကျောင်းသား ၄ ယောက်ကို ဝင်ကြည့်တယ်။ ဒါပေမဲ့ ၄ ယောက်စလုံး တစ်ယောက်မှ မတွေ့ဘူး။

ဒါနဲ့ ဘိုးတော်ဦးဒါနဟာ ကျောင်းသားတွေဘယ်သွားကြပါလိမ့်လို့ တွေးရင်း ကျောင်းပတ်ဝန်းကျင်ကို ရှာကြည့်တယ်။ မတွေ့ဘူး။

ဒါနဲ့ အဝေးကို လှမ်းကြည့်လိုက်မှ ကျောင်းနောက်က သရက်ပင်ကြီးအောက်မှာ မီးရောင်လေးတလက် လက်နဲ့ ရိုးရိုးရိပ်ရိပ် လှုပ်ရှားနေတဲ့ လူသဏ္ဌာန်တွေကို သတိထားမိတယ်။ ဘိုးတော်ကြီးဦးဒါနဟာ သာဗျောတို့ ကျောင်းသားတွေ ညဉ့်နက်သန်းခေါင် ဘာလုပ်နေကြပါလိမ့်လို့ အမှောင်ရိပ်ထဲမှာရပ်ရင်း လှမ်းကြည့်နေတယ်။

အဲဒီလိုလှမ်းကြည့်နေတုန်း ကျောင်းသားတစ်ယောက် လက်တစ်ဖက်က ရေပုံးတစ်ပုံးဆွဲရင်း ကျောင်းဘက်ကို ခပ်သုတ်သုတ်ပြန်လာနေတယ်။

“ဟိတ် … ဖိုးတုတ် မဟုတ်လား”

အမှောင်ရိပ်ထဲမှာရပ်နေတဲ့ ဘိုးတော်ကြီးက ရုတ်တရက်ခေါ် လိုက်တော့ ဖိုးတုတ်ဆိုတဲ့ ကောင်လေး လန့်သွားတာပေါ့။

“ဟုတ်… ဟုတ်ပါတယ် ဘိုးဘိုးကြီး”

“ဟိုသရက်ပင်ကြီးအောက်မှာ သာဗျောတို့ ဘာလုပ်နေတာလဲ”

“အဲဒါ… အဲဒါ… ဟို… ဟို…”

“ဟာ… တဟိုဟိုနဲ့”

“ဖြန်း…”

“အမယ်လေးဗျ”

ဘိုးတော်ကြီးလက်က အကျင့်ပါနေတော့ ဖိုးတုတ်လေး တဟိုဟိုနဲ့ စကားတောင်မဆုံးသေးဘူး ဖြန်းခနဲ ဆော်လိုက်တော့ ဖိုးတုတ်လေး ကျောကော့သွားတာပေါ့။

“မှန်မှန်ပြောနော်၊ လိမ်မယ်မကြံနဲ့”

ဘိုးတော်ကြီးက တုတ်ကောက်ကြီး တရွယ်ရွယ်နဲ့ ကြိမ်းတယ်။

“မလိမ်ရဲပါဘူး ဘိုးဘိုးကြီး။ သာဗျောတို့က တောကြောင်နက်သား ချက်နေကြတာပါ”

“ဘာကွ… တောကြောင်နက်သား ချက်နေကြတာ ဟုတ်လား။ တောကြောင်နက်သားက ဘယ်ကရ တာလဲ”

“ဟိုးတောင်ပေါ်က ချင်းဖဝေးကြီး လာရောင်းတာပါ ဘိုးဘိုးကြီး”

“သင်းတို့တော့ ပါဏာတိပါတာ ကံကြီးထိုက်တော့မှာပဲ။ ရာရာစစ ငါ့ကျောင်းဝင်းထဲမှာ တောကြောင်နက်သား ချက်ရတယ်လို့။ သင်းတို့တော့ သေဖို့သာပြင်ထား။ ဒါနဲ့ တောကြောင်နက်သားကို ဘာလုပ်ဖို့ ချက်ကြတာလဲ၊ စားကြမလို့လား”

“ဟုတ်ပါတယ် ဘိုးဘိုးကြီး။ တောင်ပေါ်က ချင်းဖဝေးကြီးက ပြောတယ်။ တပေါင်းလပြည့်ညမှာ တောကြောင်နက်သားစားရင် ကိုယ်ပျောက်တယ်တဲ့။ ဒါကြောင့် သာဗျောတို့က ဘိုးဘိုးကြီးရိုက်တဲ့အခါ မနာအောင်လို့ ကိုယ်ဖျောက်ဖို့ဆိုပြီး ချက်စားဖို့လုပ်နေကြတာပါ”

ဖိုးတုတ်လေးစကားကြောင့် ဘိုးတော်ကြီး ခေါင်းနည်းနည်းရှုပ်သွားတယ်။

“ဘယ်လို … ဘယ်လို၊ တပေါင်းလပြည့်ညမှာ တောကြောင်နက်သားစားရင် ကိုယ်ပျောက်တယ် ဟုတ်လား။ ဘိုးဘိုးကြီးရိုက်ရင် ကိုယ်ဖျောက်ဖို့ ဟုတ်လား”

“ဟုတ်ပါတယ် ဘိုးဘိုးကြီး”

“အမယ်… သင်းတို့က ဒီလိုလား။ ဒါနဲ့ တောကြောင်နက်သားကို ချက်စားကြပြီလား”

“အခုမှ ချက်တုန်းပါ ဘိုးဘိုးကြီး”

“ဒီမယ် ဖိုးတုတ်၊ ဘိုးဘိုးကြီးပြောတာ သေချာနားထောင်။ အဲဒီ တောကြောင်နက်သားကို ဘယ်သူမှ မစားရဘူးလို့ သာဗျောတို့ကိုပြောလိုက်။ စားတဲ့ကောင် သေဖို့သာပြင်လို့။ အဲဒီ တောကြောင်နက်သား ကျက်တာနဲ့ ကျောင်းပေါ်ယူလာခဲ့လို့ ပြောလိုက်… ကြားလား၊ သွားတော့”

ဖိုးတုတ်လေးဟာ သရက်ပင်အောက်ကို ကုပ်ချောင်းကုပ်ချောင်းနဲ့ ပြန်ထွက်သွားတယ်။

နောက် တစ်နာရီအကြာမှာတော့ သာဗျောတို့ ကျောင်းသား ၄ ယောက်ဟာ တောကြောင်နက်သားဟင်းအိုးကိုမပြီး ကျောင်းပေါ်ယူလာကြတယ်။

“ဘိုးဘိုးကြီး… တောကြောင်နက်သား ကျက်ပါပြီ”

“အေး … ဘိုးဘိုးအခန်းထဲ ထည့်ထားလိုက်”

“ဟုတ်ကဲ့ ဘိုးဘိုးကြီး”

ဘိုးတော်ကြီးဦးဒါနဟာ တောကြောင်နက်သား သူ့အခန်းထဲ ရောက်သွားပြီမို့ ကျိတ်ပြီးပျော်နေတယ်။

“တပေါင်းလပြည့်ညမှာ တောကြောင်နက်သားစားလို့ တကယ် ကိုယ်ပျောက်သလား၊ မပျောက်ဘူး လားဆိုတာ စမ်းသပ်ကြည့်သေးတာပေါ့။ တကယ် ကိုယ်ပျောက်ရင်တော့လား ကိုယ်ပျောက်ဘိုးဘိုးကြီးဆိုပြီး ဟောဒီ ယောနယ်တစ်ကြောမှာ ဟိုးဟိုးကျော်မှာပဲ။ အေး … တကယ် ကိုယ်မပျောက်ရင်တော့ သင်းတို့အားလုံး ပါဏာတိပါတာကျူးလွန် မှု၊ မုသာဝါဒကျူးလွန်မှုနဲ့ သေဖို့သာ ပြင်ထားကြ။ ဟင်း… ဟင်း… ဟင်း”

ဘိုးတော်ဦးဒါနဟာ အဲဒီလို ကြုံးဝါးရင်း သူ့အခန်းထဲဝင်သွားပါတော့တယ်။ ပြီးတော့ တံခါးပိတ်လိုက်တယ်။

ခဏနေတော့ သာဗျောတို့ ကျောင်းသား ၄ ယောက်လဲ ခြေကို အသာလေးဖွနင်းပြီး ထရံကြားကနေ အသာလေးချောင်းကြည့်ကြတယ်။ တစ်သက်လုံး သက်သတ်လွတ်ပဲ စားလာခဲ့တဲ့ ဘိုးတော်ကြီး ဦးဒါနဟာ ကျကျနန တင်ပျဉ်ခွေထိုင်ပြီး တောကြောင်နက်သားဟင်းကို မြိန်ရေရှက်ရေ စားနေလို့ပေါ့။

ဘာပဲဖြစ်ဖြစ် သာဗျောတို့ကတော့ ကျေနပ်ပါတယ်။ ဘိုးဘိုးကြီး တောကြောင်နက်သားစားပြီး ကိုယ်ပျောက်သွားရင် သူတို့လဲ အရိုက်ခံရတဲ့ဘဝကနေ လွတ်မြောက်ကြပြီ မဟုတ်လား။

“သာဗျောတို့ကျောင်းသားတွေ လာကြစမ်း”

ဘိုးတော်ဦးဒါနရဲ့အော်ခေါ် သံဟာ တိတ်ဆိတ်နေတဲ့ ဝေလီဝေလင်းမှာ တစ်ကျောင်းလုံး ဟိန်းထွက်သွားတယ်။ သာဗျောတို့ ကျောင်းသား ၄ ယောက် ဘိုးဘိုးကြီး နှစ်ခွန်းမခေါ် ခင် ကျောင်းပေါ်ကို အပြေးအလွှား ရောက်သွားကြတယ်။

“ဘိုးဘိုးကြီး ဘယ်မှာလဲ”

“ဘိုးဘိုးကြီးကို မမြင်ရဘူး”

“ဘိုးဘိုးကြီး ဘယ်ရောက်နေလဲ”

သာဗျောတို့ကျောင်းသားတွေက သူတို့ရှေ့မှာရပ်နေတဲ့ ဘိုးတော်ကြီးဦးဒါနကို တစ်ယောက်တစ်ပေါက်မေးရင်း ရှာကြတယ်။

“နင်တို့ ဘိုးဘိုးကြီးကို တကယ်မမြင်ရဘူးလား”

“တပည့်တော်တို့မမြင်ရပါဘူး ဘိုးဘိုးကြီး၊ ဘိုးဘိုးကြီးအသံပဲ ကြားရတယ်၊ လူမမြင်ရဘူး”

“ကဲ… ကဲ… မမြင်ရဘူးဆိုရင်လဲ မြင်စေဗျာ”

“ဟာ… ဘိုးဘိုးကြီးက တပည့်တော်တို့ရှေ့တင် ရပ်နေတာကိုး။ တပည့်တော်တို့ လုံးဝမမြင်ရဘူး၊ ဘိုးဘိုးကြီး တကယ်ကိုယ်ပျောက်သွားတာပဲ”

သာဗျောတို့က အဲဒီလိုချီးမွမ်းခန်းထုတ်တော့ ဘိုးတော်ဦးဒါနလဲ တအားကျေနပ်သွားတာပေါ့။

“ငါ ကိုယ်ပျောက်တာ သေချာပြီ။ တယ်ဟုတ်တဲ့ငါပါလား၊ ငါ ဘုန်းတန်ခိုးကြီးလို့ ကိုယ်ပျောက်တာပဲ”

ဘိုးတော်ကြီးဦးဒါနဟာ အဲဒီလိုတွေးရင် ပီတိတွေတဖြာဖြာနဲ့ ကြည်နူးနေတာပေါ့။

ယောလွင်ပြင်ဒေသဟာလဲ အညာဒေသပဲမို့ တပေါင်းလဆိုပေမဲ့ နေထန်းတစ်ဖျားကျော်ရင်တော့ ခင်ရိုးတစ်လျှောက် တံလျှပ်တွေ တရိပ်ရိပ်နဲ့ နေပူရှိန်တက်လာပြီ။

အဲဒီလို နေပူရှိန်တက်လာပြီဆိုရင်တော့ ဘိုးတော်ကြီးဦးဒါနဟာ ကျောင်းအပေါ်ထပ်က ဝရန်တာပေါ် ထွက်ပြီး ယပ်တောင်လေးတဖျပ်ဖျပ်နဲ့ လေညင်းခံနေတော့တာပေါ့ ။ ဒါပေမဲ့ ယပ်တောင်ခတ်လွန်းလို့ လက်တောင်ညောင်းချင်လာပြီ၊ အပူရှိန်က လျော့မသွားဘူး။

“အမယ်လေး… နေကလဲ ပူလိုက်တာနော်၊ ပူလိုက်တဲ့နေ”

ဘိုးတော်ကြီးဦးဒါနဟာ အဲဒီ လိုညည်းတွားရင်း ကိုယ်အပေါ်ပိုင်းမှာ ရုံထားတဲ့ ဝတ်ရုံဖြူကြီးကို ချွတ်လိုက်ပါတယ်။ ပြီးတော့ ယပ်တောင်တစ်ခုလုံး ကျိုးမတတ် ယပ်ခတ်တယ်။ ဒါပေမဲ့ အပူကတော့ မသက် သာဘူး ဖြစ်နေတယ်။

“အမယ်လေး… အပူကလဲ မသက်သာပါလား။ အေးလေ… ငါက ကိုယ်ပျောက်နေတာပဲ။ ငါ့ကို လူမြင်တာမှ မဟုတ်တာ”

ဘိုးတော်ကြီးဦးဒါနဟာ အဲဒီလို ညည်းတွားပြန်ရင်း ခါးအောက်ပိုင်းမှာဝတ်ထားတဲ့ သင်းပိုင်အဖြူကြီးကို ချွတ်ချလိုက်ပြန်တယ်။ အဲဒီလို ချွတ်ပြီးမှ ယပ်တောင်နဲ့ အပေါ် ရော အောက်ရော အားရပါးရ ခတ်ရင်း

“ဟူး… အခုမှပဲ နေသာထိုင်သာ ရှိတော့တယ်”

လို့ သက်ပြင်းချရင်း စိတ်အေးလက်အေးနဲ့ လေညင်းခံနေတော့တယ်။ နဖူးက မည်းပြောင်ပြောင်၊ မုတ်ဆိတ်ကဖြူဖြူ၊ တင်ပါးကလဲ မည်းပြောင်ပြောင်နဲ့ အပူအပင်ကင်းစွာ လေညင်းခံနေတဲ့ ဘိုးတော်ဦးဒါနကို သာဗျောတို့ ကျောင်းသားတွေက ဇရပ်ပေါ်ကနေ ချောင်းကြည့်ရင်း တဟီးဟီး တခွီးခွီးနဲ့ အူနှိပ်နေကြတာပေါ့။

အဲ… တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာပဲ ရွာထဲက ဗေဒင်မေးမဲ့ အပျိုကြီးနဲ့ ယတြာချေမဲ့ အပျိုကြီး ၁ဝ ယောက်လောက်ဟာ ငှက်ပျောပွဲ၊ အုန်းပွဲလေးတွေ ခေါင်းပေါ်ရွက်ပြီး ကျောင်းကိုထွက်လာကြတယ်။ အပျိုကြီးတစ်သိုက်ဟာ ကျောင်းရောက်လာတော့ ကျောင်းပေါ်ကို အမှတ်တမဲ့ လှမ်းကြည့်ကြပြီး –

“ဟယ် … အယ်တော် … အယ်တော်၊ ဘိုးဘိုးကြီးမဟုတ်လား၊ အမယ်လေး… ဘုရား… ဘုရား”

လို့ ရင်ဘတ်တွေဖိပြီး တစ်ကြိုးတည်း နောက်ကြောင်းပြန်လှည့်ပြေးကြတာပေါ့၊ ရွာထဲကို မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ သည်းထိတ်ရင်ဖို ပြန်ပြေးလာကြတဲ့အပျိုကြီးတွေကို ရွာသားတွေက

“ဟဲ့…. ဟဲ့.. ညန်းတို့ ဘာဖြစ်လဲဝေး”

လို့ ယောလေသံနဲ့ ညည်းတို့ ဘာဖြစ်လာကြတာလဲလို့ ဆီးမေးကြတယ်။ အပျိုကြီးတစ်သိုက်ကလဲ ရင်တုန်ပန်းတုန်နဲ့ ကျောင်းဘက်ကိုပဲ လက်ညှိုးတထိုးထိုးလုပ်ကြတယ်။ စကားပြောလို့မထွက်ကြဘူး။

ဒါနဲ့ ရွာသားတွေကလဲ ကျောင်းမှာ ဘိုးဘိုးကြီး တစ်ခုခုဖြစ်ပြီထင်ပြီး စိုးရိမ်သွားကြတာပေါ့။ ရွာသားတွေဟာ အပျိုကြီးတွေကို အကျိုးအကြောင်း မေးမနေတော့ဘဲ ကျောင်းကို ပြေးကြတယ်။

ကျောင်းရောက်တော့ သူတို့လဲ “ဟာ… ဟင်” နဲ့ အံ့သြရင်း မတ်တတ်မေ့ကုန်တာပေါ့။ ခဏနေမှ သတိပြန်ဝင်လာကြပြီး …

“ဘိုးဘိုးကြီး ရူးသွားပြီလား မသိဘူး။ မဖြစ်ဘူး…မဖြစ်ဘူး၊ သွားတားမှဖြစ်မယ်”

ဆိုပြီး ကျောင်းပေါ် ပြေးတက်မယ်လုပ်ကြတော့ သာဗျောတို့ကျောင်းသားတွေက ကျောင်းအောက်ကနေ ဆီးတားလိုက်ပြီး ရွာသားတွေကို အခြေအနေမှန် ကို ဖြစ်ကြောင်းရယ်မှကုန်စင် ရှင်းပြကြတယ်။

အဲဒီတော့မှ ရွာသားတွေလဲ “ဘိုးဘိုးကြီးရဲ့အရိုက်မခံရရင် နည်းလား”လို့ တွေးရင်း ခေါင်းတညိတ်ညိတ်နဲ့ သဘောပေါက်သွားကြတယ်လေ။

ခဏနေတော့ ရွာသားတွေ ရောက်နေမှန်း ရိပ်မိတဲ့ ဘိုးတော်ဦးဒါနလဲ ဝတ်ရုံတွေပြန်ရုံပြီး ကျောင်း
အောက်ကို ဆင်းလာတယ်။ ရွာသားတွေကိုမြင်တော့

“ရွာသားတွေ ကျောင်းရောက်နေကြတာကိုး”

ဆိုပြီး နှုတ်ဆက်တယ်။ ဒါနဲ့ ရွာသားတွေက

“ဘိုးဘိုးကြီး အသံပဲကြားရတယ်၊ လူမမြင်ရဘူး၊ ဘိုးဘိုးကြီး ဘယ်မှာလဲ”

ဆိုပြီး မေးတော့မှ ဘိုးတော်ကြီးဦးဒါနက-

“မြင်စေဗျာ”လို့ ပြောလိုက်တယ်။

“ဟာ… ဘိုးဘိုးကြီးက ဒီလှေကားထိပ်တင် ရပ်နေတာကိုး။ ဘိုးဘိုးကြီး ကိုယ်ပျောက်တယ်ဆိုလို့ ဟုတ် မဟုတ် တပည့်တော်တို့ လာကြည့်တာပါ၊ အခုတော့ ဘိုးဘိုးကြီးက တကယ်ကိုယ်ပျောက်နေတာကိုး”

ရွာသားတွေကလဲ ဘိုးဘိုး ကြီးရဲ့အရိုက်မခံရဖို့အရေး သာဗျောတို့ ကျောင်းသားတွေလို ချော်လဲ ရောထိုင် လုပ်လိုက်ရတယ်လေ။ ဘိုးဘိုးကြီးဦးဒါနကတော့ အကျေနပ်ကြီး ကျေနပ်နေလို့ပေါ့။

နောက် တစ်လအကြာမှာတော့ ဘိုးတော်ဦးဒါနဟာ သူ့ကျောင်းကနေ ပျောက်ခြင်းမလှ ပျောက်သွားပါ တော့တယ်။

နောက်ထပ်တစ်လလောက်ကြာမှ သစ်ခုတ်တဲ့ရွာသားတချို့က တောင်ပေါ်တစ်နေရာမှာ အဝတ်ဗလာနဲ့ လမ်းသလားနေတဲ့ အရူးတစ်ယောက်ကို တွေ့ခဲ့တယ်လို့ သတင်းပေးလာကြတယ်။

ဒါနဲ့ သာဗျောတို့ကျောင်းသားတွေနဲ့ ရွာသားတချို့ဟာ ဘိုးဘိုးကြီးဦးဒါနများလားဆိုပြီး တောင်ပေါ် မှာသွားရှာကြတယ်။ မတွေ့ကြဘူး။

နောက်နေ့တွေမှာလဲ တောနင်းပြီး ရှာခဲ့ကြပေမဲ့ သဲလွန်စလေးတောင် မတွေ့ကြပါဘူး။

ဘိုးတော်ဦးဒါနဟာ တကယ်ပဲ ကိုယ်ပျောက်သွားတာလား၊ ဒါမှမဟုတ် ကျားပေါတဲ့အရပ်မို့ ကျားဆွဲသွားတာလားဆိုတာကိုတော့ သို့လောသို့လော တွေးနေကြတုန်း။ ။

                                 – ပြီး –

စာရေးသူ       – ကေ(တောင်တန်းပြာ)
စာစီစာရိုက်    – မုဆိုး တံငါ စာပေ