ဝေဒဝိဇ္ဇာ စိုင်းရာဇာ

*စုန်းထီးကြီးဦးဘသာနှင့် ဝေဒဝိဇ္ဇာ စိုင်းရာဇာ*📖📖📖

************************************************

(၁)

ကျုပ်တို့ရောက်နေတာကြာပြီဆိုတော့ ပျင်းလာပြီပေါ့ဗျာ၊ ဦးအောင်ရှိန်ပို့ပေးလို့ ဂန့်ဂေါတစ်ဝိုက်လည်း စုံသလောက်ရှိနေပြီမဟုတ်လား၊ မကြာခင် မိုးဦးကျတော့မယ်ဆိုတော့ ပြန်ဖို့အချိန်နီးလာပြီပေါ့ဗျာ။

“ကိုကြီး၊ ငါးသွားမျှားရအောင်ဗျာ”

ဖိုးတွမ်တီးခေါ်တာနဲ့ ကျုပ်လည်းပျင်းပျင်းနဲ့ သူ့အနောက်လိုက်ခဲ့တယ်၊ မိသက်လည်းပါတာပေါ့၊ ကျုပ်တို့သုံးယောက်သား မြစ်ကမ်းဘေးကိုထွက်လာခဲ့တာပေါ့ဗျာ၊ ဖိုးတွမ်တီးက အရှေ့ဆုံးကနေသွားတယ်ဗျ၊ မြစ်ကမ်းနားတစ်လျှောက်လမ်းလျှောက်လာရင်း မြစ်ကွေ့တစ်နေရာရောက်တော့ ဖိုးတွမ်တီးကရပ်လိုက်တယ်။

“ဒီနေရာမှာ ငါးပေါတယ်အကိုကြီးရ ဒီမှာမျှားစို့”

ကျုပ်တို့ထိုင်တဲ့အနားမှာ ညောင်ပင်ငုတ်တိုကြီးတစ်ခုလည်းရှိတယ်ဗျ၊ အဲဒါနဲ့ ကျုပ်တို့သုံးယောက်သား ငါးမျှားကြတာပေါ့ဗျာ၊ ကျုပ်တို့ကျောဘက်မှာတော့ တာလမ်းမကြီးရှိတာပေါ့။ ငါးစာကတော့ ပိုးကောင်တွေဖမ်းပြီးတပ်တယ်၊ ပုစဉ်းတို့၊ ပေါက်ဖတ်တွေဆိုရင် ငါးကသိပ်ကြိုက်တာပေါ့၊ မြစ်ကမ်းဘေးဆင်းပြီးတော့ ကျောက်တုံးတွေလှန်လိုက်ရင်လည်း တီကောင်တွေရှိသေးတယ်။

ကျုပ်တို့ငါးမျှားရင်း အချိန်တစ်နာရီလောက်သာကြာသွားတယ်၊ ငါးတစ်ကောင်မှကိုမရဘူးဗျ၊ အဲဒီနေရာက အရိပ်လည်းကျနေတယ်၊ ရေစပ်မှာလည်း မြက်တောချုံတောလေးတွေရှိတယ်ဆိုတော့ ငါးကတော့ခိုနေမှာဗျ၊ ဒါပေမယ့် ထူးဆန်းတာက တစ်ကောင်မှမဟပ်ဘူး။ မကြာပါဘူးဗျာ၊ လူတစ်ယောက်ငါးမျှားတံကိုင်ပြီး ရောက်လာပါရော။

“ဟာ၊ ကိုအေးပါလား၊ ဒီနေ့ယာခင်းမဆင်းဘူးလား”

“အောင်မယ်၊ မင်းတို့က ဒီမှာလာပြီးတော့ သာယာနေတယ်ပေါ့”

ကိုအေးက ကျုပ်တို့ဘေးနားမှာလာထိုင်တယ်ဗျ။

“တောင်ဘက်ခင်းကိုဆင်းတာကွ၊ လုပ်စရာသိပ်မရှိတာနဲ့ ငါးမျှားရအောင်ထွက်ခဲ့တာ၊ မှန်းစမ်း မင်းတို့ဘယ်နှကောင်ရပြီလဲ”

“တစ်ကောင်မှကို မရသေးတာဗျ”

ကိုအေးက ကျုပ်တို့ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်တယ်။

“ဒီနေရာလောက် ငါးပေါတာ၊ ဒီနေရာပဲရှိတာကိုကွာ၊ မင်းတို့ ငါမျှားတာကို သေချာကြည့်ထားနော်၊ ငါက ငါးမျှားချိတ်တစ်ချက်လွှတ်ရင် ငါးတစ်ကောင်ပဲကွ၊ ဟား၊ ဟား”

ကိုအေးက ငါးမျှားတံကို လွှဲပြီးတော့ ငါးမျှားချိတ်ကိုရေထဲလှမ်းပစ်ထည့်လိုက်တယ်ဗျ၊ ဒီလိုနဲ့ကျုပ်တို့စကားစမြည်ပြောနေကြရင်း နာရီဝက်လောက်သာကြာတယ်၊ ငါးက မမိဘူးဗျ၊ ကျုပ်လည်း ကိုအေးကိုကြည့်ပြီး

“ကိုအေး၊ ခင်ဗျားပြောတော့ တစ်ချက်လွှတ်ရင် တစ်ကောင်ဆိုဗျ၊ အခု တစ်ကောင်မှမရသေးပါလား”

ကိုအေးလည်းခေါင်းကုပ်လိုက်ပြီးတော့

“အေးကွ၊ ဘယ်လိုဖြစ်တာလည်းမသိဘူး”

ဒါနဲ့ငါးမျှားချိတ်ကိုပြန်ဆွဲတင်တော့ အစာကလည်း ဒီအတိုင်းကြီးရှိသေးတာ၊ ကိုအေးလည်း စိတ်မရှည်တော့ဘူးထင်ပါတယ်။

“အစာနည်းလို့ဖြစ်မှာကွ၊ ဒီတစ်ခါ အစာများများတပ်မယ်ကွာ”

ကိုအေးက တီကောင်တွေများများတပ်လိုက်ပြီး ငါးမျှားချိတ်ပြန်လွှတ်တယ်၊ ကျုပ်တို့လည်း ကျုပ်တို့ချိတ်တွေကို အစာတပ်ပြီး ပြန်လွှတ်တာပေါ့ဗျာ၊ ဒါပေမယ့် ဘယ်လိုပဲလွှတ်လွှတ် နာရီဝက်လောက်သာကြာသွားတယ်၊ ငါးက ချိတ်ကိုလုံး၀မဟပ်ဘူးဗျ၊ ငါးက ရေထဲမှာတော့ ပွက်ပွက်နေတာပဲ၊ ကျုပ်တို့ငါးမျှားချိတ်ကို မဟပ်ဘူးဖြစ်နေတာ။

နောက်ဆုံးတော့ ကိုအေးလည်း လက်လျော့လိုက်ရတယ်၊

“ဒီနေ့တော့ ကံမကောင်းပါဘူးကွာ”

ကိုအေးလည်း ခေါင်းကိုတဗြင်းဗြင်းကုပ်တော့တာပါပဲ။

(၂)

“ဟေ့လူတွေ ခင်ဗျားတို့ဘာလုပ်နေကြတာလဲ”

ဒီအချိန်ကျုပ်တို့အနားကို လူတစ်ယောက်ရောက်လာတယ်ဗျ၊ အဲဒီလူကို ကျုပ်တို့မြင်တော့မမြင်ဖူးဘူးဗျ၊ အသက်ကတော့ သုံးဆယ်နီးပါးရှိပြီထင်တာပဲ၊ လူကတော့ အသားဖြူဖြူ၊ မေးရိုးကားကားနဲ့ နှုတ်ခမ်းမွှေးစစနဲ့ဗျို့၊ သူက ကျုပ်တို့အနားလာပြီးတော့ ညောင်မြစ်ပေါ်မှာလာထိုင်တယ်။

“ခင်ဗျားမမြင်ဘူးလားဗျ၊ ကျုပ်တို့ငါးမျှားနေတာ”

“ဟုတ်လား၊ ငါးဘယ်နှကောင်ရပြီလဲ”

“ဟာ၊ ဒီလူကတော့ စစ်လားဆေးလားနဲ့၊ ငါးတစ်ကောင်မှမရလို့ စိတ်ညစ်နေရတဲ့အထဲ”

ကိုအေးက ဘုပြောပြောလိုက်တော့ အဲဒီလူကပြုံးတယ်ဗျ၊ နောက်ပြီးတော့ ရေထဲကိုတစ်ချက်ကြည့်လိုက်ပြီးတော့

“ငါးတွေတော့ရှိသားဗျ၊ တစ်ချက်တစ်ချက် ငါးပွက်လိုက်တာ ငါးအကောင်ကြီးတွေနေမှာ”

“အဲဒါဘာဖြစ်လဲ”

“ကျုပ်လည်း ခင်ဗျားတို့နဲ့အတူတူ ငါးမျှားမယ်ဗျာ”

“မျှားချင်မျှားပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျားမှာ ငါးမျှားတံတို့၊ ချိတ်တို့လည်းမပါပါ့လား၊ ကျုပ်ငါးမျှားတံကိုတော့ မငှားဘူးနော်”

ကိုအေးက အဲဒီလူကို ပြောဆိုနေတာဗျ၊ အဲဒီလူကတော့ ပြုံးပြုံးပဲ

“ရပါတယ်ဗျာ၊ ကျုပ်က ခင်ဗျားတို့လို ငါးမျှားတံမလိုပါဘူး၊ ဟောဒီတုတ်ချောင်းနဲ့မျှားမှာဗျ”

အဲဒီလူက ပြောဆိုရင်း အနားမှကျနေတဲ့သစ်ကိုင်းခြောက်နှစ်ခုကို ကောက်လိုက်တယ်၊ ကျုပ်တို့လည်း ဒီလူကိုကြည့်ပြီး ထူးဆန်းနေတာပေါ့ဗျာ၊ အဲဒီလူက ကမ်းနားကိုလျှောက်သွားပြီးတော့ သစ်ကိုင်းအချင်းချင်း ထိရိုက်နေတယ်၊ စည်းချက်တစ်ခုလိုက်ပြီး ထုရိုက်နေတဲ့ပုံစံပဲဗျ။ ပြီးတော့လည်း ပါးစပ်က မပီမသနဲ့သီချင်းဆိုတယ်။ ကိုအေးက အဲဒီလူလုပ်နေတာကိုကြည့်ပြီး ကျုပ်အနားကိုကပ်လာပြီးတော့

“ဒီလူ့ပုံစံကြည့်ရတာ အရူးဖြစ်မယ်ကွ”

ကျုပ်လည်းခေါင်းညိတ်ပြီး

“ဟုတ်မယ်ဗျ၊ ငါးဖမ်းမယ်လည်းပြောသေးတယ်၊ ရေစပ်နားဆင်းပြီးတော့ တုတ်နှစ်ချောင်းတီးပြီး သီချင်းဆိုနေတာမဟုတ်လား”

ကျုပ်တို့ကြည့်နေတုန်းမှာပဲ အဲဒီလူရဲ့အရှေ့ ရေပြင်မှာ ငါးတွေပွက်လာတယ်ဗျာ၊ နောက်တော့ ငါးတွေက ပွက်ရုံတင်မဟုတ်ဘဲ ရေမျက်နှာပြင်ပေါ်ကို တက်လာလိုက်၊ ပြန်ငုတ်သွားလိုက်နဲ့ လုပ်နေတော့တာ။

“ဖေကြီး ဟိုမှာကြည့်စမ်း၊ ငါးတွေအကြီးကြီးတွေပဲ”

ဖိုးတွမ်တီးက ပြေးဆင်းသွားတာနဲ့ ကျုပ်တို့လည်း ရေစပ်ကိုလိုက်ဆင်းခဲ့တာပေါ့ဗျာ၊ အဲဒီလူရဲ့ဘေးနားမှာရပ်ပြီး ရေပေါ်ကိုတက်တက်လာတဲ့ ငါးကြီးတွေကိုကြည့်မိတယ်၊ ငါးကြီးတွေက ငါးကြင်းကြီးတွေဖြစ်မယ်ဗျ၊ တစ်ကောင်တစ်ကောင်ကို လူကြီးလက်တစ်တောင်လောက်ရှိတာ၊ တချို့ဆို ဒါထက်ပိုကြီးသေးတယ်။

ကျုပ်တို့လည်းအံ့ဩနေတာပေါ့ဗျာ၊ နောက်တော့ တဖြည်းဖြည်းနဲ့ငါးတွေက ရေမျက်နှာပြင်ပေါ်မှာ လူးလွန့်နေတာဗျ၊ ခုန်ပေါက်နေတာဆိုတော့ ရေတွေလည်း တဗွမ်းဗွမ်းနဲ့ပေါ့ဗျာ၊ ငါးတွေကြည့်ရတာ ဟိုလူဆိုနေတဲ့သီချင်းကိုကြားပြီးတော့ ကခုန်နေတဲ့ပုံပဲ၊ ကျုပ်တို့လည်း ဒီတော့မှ အဲဒီလူကို အံ့ဩသွားမိတာ။ ငါးတွေကလည်းထူးဆန်းတယ်ဗျာ၊ ကျုပ်တို့ တီထွေးကြီးနဲ့ အစာတွေများများတပ်ပြီး မျှုားခေါ်တာတောင်မှ မပေါ်လာဘဲနဲ့၊ အခု ဒီလူသစ်ကိုင်းနှစ်ခုတီးတော့မှ တဗွမ်းဗွမ်းနဲ့ပေါ်လာကြတာမဟုတ်လား။

“ကဲ ခင်ဗျားတို့စားဖို့ ကျုပ်ဖမ်းပေးမယ်ဗျာ”

အဲဒီလူက ပြောဆိုပြီး ရေထဲခုန်ပေါက်နေတဲ့ငါးတွေကို လက်ညှိုးထိုးလိုက်တယ်။

“ကဲ တစ်ကောင်လာစမ်း”

သူအဲဒီလိုပြောလိုက်တာနဲ့ ငါးကြင်းကြီးတစ်ကောင်က ရေထဲကနေ အားနဲ့ခုန်တက်ပြီးတော့ ကမ်းပေါ်ကိုကျလာတယ်ဗျ၊ မြေပေါ်မှာလူးလွန့်ပြီး တဖျပ်ဖျပ်ခုန်နေတာပေါ့၊ ငါးကြင်းကြီးက တော်တော်ကြီးတဲ့အကောင်ကြီးဗျ။

“ဒီကောင်က ခင်ဗျားကိုပေးတာ ခင်ဗျားဖမ်းလိုက်လေ”

ဒီတော့မှ ကိုအေးလည်း အဲဒီငါးကြင်းကိုပြေးကောက်ပြီးဖမ်းရတာပေါ့၊ ကုန်းပေါ်ရောက်နေတဲ့ငါးကို ဖမ်းရတာလွယ်လွယ်လေးပါဗျာ၊ နောက်တော့ အဲဒီလူက ကျုပ်ကိုကြည့်တယ်။

“ခင်ဗျားအတွက်လဲ တစ်ကောင်ပေးမယ်၊ ကဲ နောက်တစ်ကောင်လာစမ်းဟေ့”

အဲဒီလိုပြောလိုက်တာနဲ့ ရေထဲကနေ ငါးကြင်းတစ်ကောင်က ခုန်ပျံပြီး ကမ်းစပ်ပေါ်တက်လာပြန်ပါရောဗျာ၊ ကျုပ်လည်း ငါးကြင်းကိုပြေးကောက်ပြီးဖမ်းရတာပေါ့၊ ငါးကြင်းဖြူကြီးက တစ်တောင်ကျော်တယ်ဗျ၊ ဖိုးတွမ်တီးနဲ့ မိသက်တို့ကတော့ အဲဒီလူကို လက်ခုပ်လက်ဝါးတီးပြီး အားပေးနေတာပေါ့။

“မင်းတို့နှစ်ယောက်အတွက်လည်း တစ်ယောက်တစ်ကောင်ပေးမယ်”

အဲဒီလိုပြောပြီးတော့ ရေထဲကိုလက်ညှိုးထိုးပြီး

“အနေတော်နှစ်ကောင် တက်ခဲ့စမ်းကွာ”

ငါးနှစ်ကောင်က တစ်ပြိုင်တည်းခုန်ပြီး ကမ်းပေါ်တက်လာတယ်၊ တစ်ပေလောက်ရှိမယ့်အကောင်တွေပေါ့ဗျာ၊ ဖိုးတွမ်တီးနဲ့ မိသက်လည်း လိုက်ဖမ်းကြတာပေါ့၊ ဒါနဲ့ပဲ ကျုပ်တို့လေးယောက် တစ်ယောက်ကို ငါးတစ်ကောင်စီရသွားတယ်။ အဲဒီလူလည်း ငါးတွေကိုကြည့်ပြီးတော့

“ကဲ၊ ငါးတွေ မင်းတို့သွားလို့ရပြီ”

အဲဒီလိုပြောပြီးတော့ သူ့လက်ထဲက တုတ်နှစ်ချောင်းကို ရေထဲပစ်ချလိုက်တော့ ငါးကြီးတွေအကုန်လုံး ရေအောက်ကိုဆင်းပြီး ပျောက်သွားတာပဲဗျာ၊

“ကဲ ခင်ဗျားတို့ ဒီလောက်ဆို ဟင်းစားရလောက်ရောပေါ့၊ ကျုပ်သွားပြီ”

အဲဒီလူက လှည့်ထွက်သွားဖို့အလုပ်မှာ ကိုအေးက အဲဒီလူရဲ့လက်ကိုပြေးဆွဲတယ်။

“ငါ့ညီ၊ ငါ့ညီက လူသာငယ်ပေမယ့် ပညာမသေးဘူးပဲ”

“ထားလိုက်ပါဗျာ၊ ဒီပညာက မပြောပလောက်ပါဘူး”

“ငါ့ညီဘယ်ကိုသွားမလို့လဲ”

“အခုပဲကျင့်စဉ်တစ်ခုပြီးလို့ တောထဲကထွက်ခဲ့တာ၊ ဘယ်သွားမလဲဆိုတော့ ခြေဦးတည့်ရာပေါ့ဗျာ”

“ဒါဆိုရင် ငါ့ညီကိုအကို ထမင်းဖိတ်ကျွေးပါရစေ၊ အကို့အိမ်လိုက်ခဲ့ပါ”

အဲဒီလူက တစ်ချက်စဉ်းစားနေတယ်ဗျ၊ နောက်တော့ ခေါင်းညိတ်လိုက်တယ်၊ ဒါနဲ့ပဲ ကိုအေးက အဲဒီလူကို သူ့အိမ်ကိုခေါ်သွားတာပေါ့ဗျာ။ ကျုပ်လည်းကိုအေးအနားကိုကပ်သွားလိုက်ပြီး

“ကိုအေးကလည်း လုပ်ပြန်ပြီဗျာ၊ စုန်းလား၊ ကဝေလားမသိဘဲ အိမ်ခေါ်သွားမလို့လား”

“ဘာဖြစ်လဲကွာ၊ သူက ငါတို့ကိုငါးရအောင်လုပ်ပေးထားတာပဲ၊ သူ့ကိုကျေးဇူးပြန်ဆပ်တဲ့သဘောပါကွ၊ မင်းကလည်း”

ကျုပ်ကတော့ ကိုအေးအနောက်ကသာလိုက်ခဲ့ရတယ် မျက်ခုံးခပ်လှုပ်လှုပ်ပဲဗျို့။

(၃)

“မိန်းမရေ၊ ဧည့်သည်ပါလာတယ်ဟေ့”

ကိုအေးက ဦးအောင်ရှိန်အိမ်ထဲကို တန်းဝင်သွားတာဗျ၊ ကျုပ်တို့လည်း အနောက်ကနေပြီး လိုက်ခဲ့တာပေါ့၊ ထမင်းစားမလို့လုပ်နေတဲ့ ဦးအောင်ရှိန်နဲ့ ဦးဘသာက အဲဒီလူကိုသေသေချာချာကြည့်တယ်။

“ဟဲ့မောင်အေး၊ မင်းခေါ်လာတာ ဘယ်သူတုန်းကွ”

“သူက အရမ်းစွမ်းတယ်အဖေရ”

ကိုအေးက သူ့အတွေ့အကြုံတွေကို ပြောပြလိုက်တယ်၊ အဲဒီလူက ဦးအောင်ရှိန်အနားကိုလာထိုင်တယ်ဗျ၊ ကျုပ်ကလည်း ဦးဘသာကို မျက်ရိပ်ပြလိုက်တယ်ဆိုရင်ပဲ ဦးဘသာကလည်း အဲဒီလူကို သေသေချာချာအကဲခတ်နေတယ်။ ဦးအောင်ရှိန်က

“ငါ့တူက ဘယ်သူလဲကွဲ့”

“ကျုပ်နာမည် စိုင်းရာဇာပါ၊ ရှမ်းတစ်ယောက်ပါ၊ ဒါပေမယ့် ရှမ်းပြည်ကတော့မဟုတ်ပါဘူး”

“ငါသိပြီ၊ မင်းက အထက်ဘက်ကလာတဲ့ ရှမ်းပေါ့”

ဦးအောင်ရှိန်ပြောတော့ စိုင်းရာဇာက ခေါင်းညိတ်တယ်။ စစ်ကိုင်းတိုင်းအထက်ဘက်မှာလည်း ရှမ်းတွေရှိသဗျ။ ခန္တီးရှမ်းလို့ ခေါ်ကြတာပေါ့။

“ဒါနဲ့ငါ့တူက ဘယ်လိုပညာ၊ ဘယ်လိုဂိုဏ်းကို လိုက်စားတာလဲ”

စိုင်းရာဇာမျက်နှာတစ်ချက်ပျက်သွားတယ်ဗျ။ ဦးအောင်ရှိန်ကလည်း ရိပ်မိလိုက်တာနဲ့

“မဟုတ်ပါဘူးငါ့တူရာ၊ ငါ့တူအကြောင်းနည်းနည်းပါးပါးသိချင်လို့ မေးကြည့်တာပါ”

“ဟုတ်ကဲ့၊ ကျွန်တော်ကတော့ ဝေဒဘက်ကို ပိုကျွမ်းကျင်ပါတယ်၊ ဓါတ်ပိုင်းကို လိုက်ပါတယ်၊ အခုလည်း တောင်ပေါ်ကနေ ကျင့်စဉ်တစ်ခုအောင်မြင်ပြီး ဆင်းလာရင်း ဒီကအကိုတို့ငါးဖမ်းနေတာကိုတွေ့တာနဲ့ ငါးရအောင်လုပ်ပေးခဲ့တာပါ”

“ဒါဆိုရင် ငါ့တူဘယ်လိုပညာနဲ့ ဒီငါးကိုဖမ်းလိုက်တယ်ဆိုတာ ပြောပြပါလားကွာ”

စိုင်းရာဇာက ပြုံးလိုက်ပြီး

“ဒီအတတ်က ကျွန်တော်တတ်ထားတဲ့ ပညာရပ်ပိုင်းမှာ အကင်းလောက်ပဲရှိပါသေးတယ်ဦးလေး၊ သစ်ကိုင်းနှစ်ကိုင်းကို ဓါတ်ဆင်ပြီးတော့ ငါးတွေမြူးလာအောင် ဓါတ်ရိုက်တာပါ၊ ပြီးတော့ ငါးတွေတက်လာအောင်ကလည်း ဓါတ်သဘောနဲ့ အမိန့်ပေးပြီးတော့ ခေါ်တင်လိုက်တာပါ၊ အသေးစိတ်ပြောရင် ဦးလေးတို့နားမလည်မှာစိုးလို့ပါ”

“အေးကွာ၊ ရပါတယ်၊ ကဲ . . . ဧည့်သည်ဆိုတော့ ဧည့်ခံရမှာပေါ့၊ တို့နဲ့အတူတူ ထမင်းစားသွားပါအုံးကွာ”

“မစားတော့ပါဘူး၊ ဦးလေးတို့နဲ့ အတူတူမစားဝံ့ပါဘူးဗျာ”

စိုင်းရာဇာက ထွက်သွားမလိုလုပ်တော့ ကိုအေးက သူ့အိမ်ကိုခေါ်သွားတာပဲဗျ၊ ကျုပ်လည်း လက်ထဲက ငါးကိုကွပ်ပျစ်ပေါ်ချလိုက်ပြီးတော့ ဦးဘသာတို့အနားကိုကပ်လိုက်တယ်။

“ဦးဘသာ၊ သူပြောတာဟုတ်ရဲ့လား”

“ငါအကဲခတ်ပုံအရတော့၊ စုန်းတို့၊ ကဝေတို့မဟုတ်ပါဘူးကွ၊ အောင်ရှိန်၊ မင်းရောဘယ်လိုမြင်သလဲ”

ဦးအောင်ရှိန်လည်းခေါင်းညိတ်လိုက်ပြီး

“လောကမှာ ငါတို့မသိသေးတဲ့ပညာတွေဆိုတာ အများကြီးရှိတယ်မဟုတ်လား၊ ဒီလူငယ်က ရိုးပုံရပါတယ်၊ သူပြောတာဖြစ်နိုင်တယ်ကွ”

ဦးဘသာတို့ ရိုးတယ်ဆိုတော့မှ ကျုပ်လည်းစိတ်ချနိုင်တာပေါ့ဗျာ။ စိုင်းရာဇာက ဦးဘသာတို့နဲ့ မစားချင်ဘူးဆိုတာနဲ့ မခင်ကြည်က ထမင်းတစ်ဝိုင်းစီစဉ်ပြီး ကိုအေးတို့အိမ်ကိုပို့ပေးရတာပေါ့ဗျာ၊ ကျုပ်လည်းထမင်းစားနေတာပေါ့၊ ဒါပေမယ့် ထမင်းသွားပို့တဲ့ မခင်ကြည်က ကျုပ်တို့ထမင်းစားပြီးတာတောင် ပြန်မလာဘူးဗျ၊ ကျုပ်လည်း မခင်ကြည်ကိုယ်စား ထမင်းပန်းကန်တွေသိမ်းပေးရတာပေါ့ဗျာ၊ ဒီလိုနဲ့ တစ်နာရီလောက်ကြာတဲ့အထိ မခင်ကြည်ပြန်မလာဘူးဗျ၊ ဦးအောင်ရှိန်က မျက်မှောင်ကြုတ်နေတယ်၊ ဒါနဲ့ ဖိုးတွမ်တီးကိုလွှတ်လိုက်တယ်၊ ဖိုးတွမ်တီးလည်း ပြန်မလာပြန်ဘူး၊ နောက်ဆုံးတော့ ကျုပ်ကိုကြည့်တယ်ဗျ၊ ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ပြီး

“မောင်အေးတို့၊ ခင်ကြည်တို့ အိမ်ထဲဘာလုပ်နေသလဲဆိုတာ မင်းသွားပြီးတော့ စနည်းနာကြည့်ကွာ”

ကျုပ်လည်း ဦးဘသာခိုင်းတာနဲ့ ကိုအေးတို့အိမ်ကိုထွက်ခဲ့တယ်၊ ကိုအေးတို့အိမ်ပေါ်တက်မယ်ပြင်လိုက်တော့ အိမ်ပေါ်မှာစကားတွေပြောလိုက်၊ တဝါးဝါးနဲ့ရယ်လိုက် အသံတွေကြားနေရတာပဲ၊ ကျုပ်အိမ်ပေါ်တက်တော့ စိုင်းရာဇာက အိမ်ဦးခန်းမှာ အခန့်သားထိုင်နေတယ်၊ သူ့အနားမှာတော့ ကိုအေးနဲ့ မခင်ကြည်ထိုင်နေတယ်၊ စိုင်းရာဇာက ကိုအေးလက်ကို ကိုင်ကြည့်ပြီး

“ခင်ဗျားဟာ တစ်ချိန်ကတော်တော်ဆိုးသွမ်းခဲ့တဲ့လူပဲဗျ၊ ခင်ဗျားကောင်းတဲ့လူနဲ့ ပေါင်းဖက်ရလို့သာ လူကောင်းအဖြစ်ပြောင်းလဲသွားခဲ့တာ”

“မှန်လိုက်တာဆရာ သိပ်မှန်တာပဲ”

ကျုပ်လည်းအနားမှာဝင်ထိုင်လိုက်တယ်၊ ကိုအေးကို စိုင်းရာဇာက ဗေဒင်တွေဟောပေးနေတာဗျ၊ ပြီးတာနဲ့ သူကအိပ်ချင်တယ်လို့ပြောတော့ မခင်ကြည်က ခေါင်းအုံးအသစ်တွေနဲ့ အိပ်ရာပြင်ပေးပြီး အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျုပ်တို့အိမ်ပေါ်ကနေဆင်းလာခဲ့တာပဲဗျာ၊ မခင်ကြည်ကတော့ အတော့်ကိုပျော်နေပုံပဲဗျ။

“မှန်လိုက်တာ၊ ဒီဆရာလေး ဗေဒင်ဟောတာကတော့ မသိရင်ဘေးနားကနေထိုင်ကြည့်နေသလိုပဲ၊ နှင်းကြည်ကိုသွားပြောပြရအုံးမယ်”

မခင်ကြည်ထွက်သွားတော့ ကျုပ်လည်းကိုအေးကိုလက်တို့ပြီး

“ဟုတ်ရဲ့လားကိုအေးရ”

“အေးကွ”

“ဒါနဲ့သူပြောတော့ ခင်ဗျားကလူဆိုးဆို”

ကိုအေးက တစ်ချက်တွေဝေသွားတယ်ဗျ။

“မင်းကိုငါပြောရင် မင်းယုံချင်မှယုံလိမ့်မယ်ကွ၊ တစ်ချိန်က မြင်းဇာရွာက ငအေးဆိုရင် မသိတဲ့သူမရှိသလောက်ပဲ၊ အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်နဲ့ မကောင်းတာမှန်သမျှ လုပ်တဲ့လူပေါ့ကွာ၊ ဒီကြားထဲ လက်ရဲဇက်ရဲနဲ့မို့လို့ ရိုက်ကြ၊ နှက်ကြပြီဟေ့ဆိုရင် ငါကထိပ်ဆုံးကပဲကွ”

“ဗျာ၊ ဟုတ်ရောဟုတ်ရဲ့လားကိုအေးရာ”

“ငါမင်းကိုမလိမ်ပါဘူးအလတ်ကောင်ရာ၊ ငါ ခင်ကြည်နဲ့တွေ့ပြီးတော့မှ အရာရာပြောင်းလဲသွားခဲ့တာကွ”

“နားရှိလို့သာကြားရတယ်ကိုအေးရာ၊ ကျုပ်ဖြင့်သိပ်မယုံချင်ဘူးဗျ”

မခင်ကြည်သတင်းဖြန့်လို့ စိုင်းရာဇာတစ်ယောက် ဟောတာပြောတာ သိပ်မှန်တယ်ဆိုတဲ့သတင်းက ရွာထဲချက်ချင်းဆိုသလိုပြန့်နှံ့သွားတာပေါ့ဗျာ၊ မိန်းမတွေဆိုတာကလည်း ဗေဒင်တို့ဘာတို့ဆိုရင် သိပ်ပြီးဝါသနာပါတယ်မဟုတ်လား၊ ဒါနဲ့ပဲ ညနေရောက်တော့ သူကြီးကတော်က ကိုအေးတို့အိမ်ကိုရောက်ချလာပါရောဗျာ၊ ဗေဒင်မေးဖို့လာခဲ့တာပေါ့။ စိုင်းရာဇာကလည်း ခပ်ချေချေပဲဗျ၊ လူအများကြားမှာ ဗေဒင်မဟောချင်ဘူးတဲ့ဗျာ၊ ဒါနဲ့ပဲ သိချင်လို့လိုက်လာတဲ့လူတွေကို အိမ်ပေါ်ကနေ နှင်ချပြီးတော့ သူကြီးကတော်တစ်ယောက်တည်းကို သီးသန့်ဟောပေးတာပေါ့ဗျာ။

သူကြီးကတော်က ပြန်ဆင်းလာတော့ မျက်ရည်ကလေး စမ်းစမ်းနဲ့ဗျ၊ ကျုပ်တို့လည်းသိချင်တာနဲ့ သူ့ဆီပြေးသွားကြတယ်။

“မှန်တာတော့ ပြောမနေပါနဲ့၊ မသိရင် ဘေးနားကကြည့်နေပြီး ပြောနေတယ်လို့ကိုထင်ရတာ၊ ဟဲ့ ငအေး၊ ဒီဆရာလေးကို နင့်အိမ်မှာမထားနဲ့တော့၊ ငါ့အိမ်ကိုပင့်သွားမယ်”

သူကြီးကတော်ပင့်သွားလို့ စိုင်းရာဇာက သူကြီးအိမ်ကိုလိုက်သွားတယ်ဆိုပါတော့ဗျာ။

(၄)

“ဆရာစိုင်း . . . ဆရာစိုင်း”

နောက်နေ့မနက်ရောက်တော့ တစ်ရွာလုံးဘယ်နားသွားသွား ဆရာစိုင်းဆိုတဲ့သတင်းချည်းကြားနေရတာဗျ၊ သူဟောတာတွေကလည်း သိပ်မှန်တယ်ဆိုပဲဗျ၊ လူတစ်ယောက်ကို ဟိုးငယ်ကျိုးငယ်နာကစပြီး သူတို့တစ်ယောက်တည်း လှို့ဝှက်ထားတဲ့အကြောင်းအရာကိုတောင်မှ သိနေတယ်တဲ့ဗျာ၊ ဒီတော့လည်း ဆရာစိုင်းနာမည်ကြီးပြီပေါ့ဗျာ၊ ဟောတာတောင် အလကားမဟောတော့ဘူးဗျ၊ တစ်ခါဟော တစ်ရာတဲ့၊ ဒါလည်း ဗေဒင်ဝါသနာပါတဲ့လူက ခြစ်ကုပ်ပြီးပေးကြတာပဲဗျာ။ တစ်ရာဆိုတာ ခုခေတ် ငါးသောင်း၊ တစ်သိန်းလောက် တန်တာပေါ့။

ကျုပ်လည်း ဗေဒင်ကိုတော့ ဝါသနာမပါပါဘူး၊ သူကတကယ်မှန်တယ်ဆိုရင်တော့ ကျုပ်သိချင်တာတစ်ခုရှိတယ်၊ ဒါနဲ့ ကျုပ်မှာကျန်တဲ့ငွေကလေးထဲက ငွေတစ်ရာကိုစုပြီး ထွက်ခဲ့တာပေါ့ဗျာ။ ကျုပ်ရောက်သွားတော့ သူကြီးအိမ်က အလှူအိမ်ကြီးအလားစည်ကားနေတာဗျ၊ ရွာထဲကလူတွေဆိုလည်း တန်းစီနေတာပဲ၊ ကျုပ်ဗေဒင်မေးဖို့သွားတော့ မခင်ကြည်တို့ ညီအမကိုတွေ့တယ်ဗျ။

“အလတ်ကောင်၊ နင်ရော ဗေဒင်လာမေးတာလား”

ကျုပ်လည်း လူမိသွားတာနဲ့ ခေါင်းညိတ်လိုက်တာပေါ့ဗျာ။

“မခင်ကြည်တို့ညီအမရော ဗေဒင်လာမေးတာလား၊ ဒါနဲ့ မခင်ကြည်ကို တနေ့က ဟောပြီးပြီမဟုတ်လား”

မခင်ကြည်က ကျုပ်အနားကပ်လာတယ်။

“အဲဒီတုန်းက နင့်အကို ကိုအေးရှိနေလို့ တစ်ချို့အရာတွေကို မဟောပေးလိုက်ဘူးဟ၊ ဗေဒင်ဆိုတာကလည်း တစ်ယောက်တည်းမေးမှကောင်းတာမဟုတ်လား”

ကျုပ်ရောက်သွားတော့ မနက်ကိုးနာရီလောက်ပေါ့ဗျာ၊ ကျုပ်အရှေ့မှာ လူငါးဆယ်လောက်ရှိတယ်ဗျ၊ တစ်ယောက်မေးဖို့ အိမ်ပေါ်တက်သွားလိုက်၊ မကြာခင် အဲဒီလူက ပြန်ဆင်းလာပြီးတော့ ဘယ်လောက်မှန်ကြောင်း၊ ဘယ်လောက်တိကျကြောင်းတွေ ပြန်ပြောလိုက်ကြ၊ တန်းစီနေတဲ့လူတွေကလည်း နားထောင်ပြီးတော့ အံ့ဩကြနဲ့ပေါ့ဗျာ။

ကျုပ်အလှည့်ရောက်တော့ ကျုပ်လည်း တက်သွားတာပေါ့ဗျာ၊ သူကြီးအိမ်က အုတ်တိုက်ကြီးဗျ၊ အဲဒီအုတ်တိုက်ကြီးရဲ့ ခေါင်းရင်းဘက်ကအခန်းကို ဗေဒင်ခန်းအဖြစ်ပြောင်းလဲထားတယ်။ စိုင်းရာဇာက သုံးရက်လောက်အတွင်းသိသိသာသာပြောင်းလဲသွားတာဗျ၊ ရှပ်အင်္ကျီအကောင်းစားနဲ့၊ ဘန်ကောက်ပုဆိုးပြောင်ပြောင်လက်လက်လည်း ဝတ်ထားသေးသဗျ၊ ရုပ်ကလည်း လူရေသန့်ဆိုတော့ ပြင်လိုက်ဆင်လိုက်တဲ့အခါ တော်တော်ကြည့်ကောင်းသွားတာပေါ့ဗျာ။

သူက ကျုပ်ကိုထိုင်ဖို့ပြောလိုက်တော့ ကျုပ်လည်းထိုင်လိုက်တာပေါ့၊

“ကျုပ်မေးချင်တာကတော့ . . .”

ကျုပ်မပြောရသေးခင် စိုင်းရာဇာက လက်ကာပြလိုက်တယ်၊ ပြီးတော့

“မင်းမေးချင်တဲ့မေးခွန်းကို ငါသိပြီးသားပါ၊ မင်းကတကယ်တော့ သားရေပေါ်အိပ်၊ သားရေနားစားတဲ့ ခွေးလိုကျင့်ချင်တဲ့ကောင်ပဲ”

ကျုပ်ကိုခွေးလို့ပြောတော့ ကျုပ်လည်းဒေါသထွက်သွားတာပေါ့။

“ခင်ဗျားဘာတွေပြောနေတာလဲ၊ ခင်ဗျားကျုပ်တို့အကြောင်း ဘယ်လောက်သိလို့လဲ”

“သိတာပေါ့ကွ၊ မင်းနဲ့တွဲနေတာ စုန်းအဘိုးကြီး၊ မင်းနေတာက အရှေ့ဘက်ဇီးကုန်းရွာက၊ မင်းတို့ဒီရောက်တော့ စုန်းအဘိုးကြီးရဲ့ သူငယ်ချင်းအိမ်မှာတည်းနေတာမဟုတ်လား၊ နေပါအုံး စုန်းအဘိုးကြီးနာမည်က ဘာပါလိမ့် . . .”

စိုင်းရာဇာက တစ်ချက်စဉ်းစားလိုက်ပြီး

“အင်း၊ သာဒင်မဟုတ်လား၊ မင်းတို့ကတော့ ဦးဘသာလို့ခေါ်တယ်၊ သူ့သူငယ်ချင်းက ဦးအောင်ရှိန်၊ ဦးအောင်ရှိန်ဆီမှာ သမီးနှစ်ယောက်ရှိတယ်၊ သမီးအငယ်မကတော့ မနှင်းကြည်တဲ့၊ မင်းက သူ့ကိုကြံနေတယ်မဟုတ်လား၊ အခုလာတာလည်း မင်းနဲ့သူနဲ့ညားမလားဆိုတာ သိချင်လို့လာခဲ့တာ၊ မင်းအိပ်ကပ်ထဲမှာ တစ်ရာပါတယ်၊ အစိတ်တန်တစ်ရွက်၊ နှစ်ဆယ်တန်နှစ်ရွက်၊ ငါးကျပ်တန်နှစ်ရွက်၊ ငါးကျပ်တန်တစ်ရွက်က ထောင့်နားမှာ ဆေးလိပ်မီးပေါက်နေသေးတယ်”

စိုင်းရာဇာက ပါးစပ်က ကရားရေလွှတ်သလို ဆက်တိုက်ပြောတော့မှ ကျုပ်ဖြင့်နားထောင်ရင်း လန့်လန့်သွားတာဗျ၊ ကျုပ်လည်း မယုံလို့ အိပ်ကပ်ထဲက ပိုက်ဆံကိုထုတ်လိုက်တယ်၊ သူပြောတဲ့အတန်အတိုင်းကျုပ်ထည့်လာတာ၊ ဒါပေမယ့် သူပြောသလို ငါးကျပ်တန်တစ်ရွက်က မီးပေါက်မပေါက် ကျုပ်တောင်မသိဘူး။

ဒါနဲ့ ငါးကျပ်တန်ကိုထုတ်ပြီးကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပဲဗျာ၊ ဆေးလိပ်မီးပွားကျပြီးတော့ မီးပေါက်ရာကလေး သေးသေးကလေးဖြစ်နေတာ၊ ကျုပ်လည်း ပိုက်ဆံကိုကြည့်လိုက် စိုင်းရာဇာကိုကြည့်လိုက်နဲ့ပေါ့ဗျာ၊ စိတ်ထဲက ရှိတဲ့အတိုင်းဆိုရင် စိုင်းရာဇာကို ကြည်ညိုလွန်းလို့ ထိုင်ပြီးတော့ပါ ကန်တော့ချင်နေပြီဗျ။

“ဟင်း၊ ဟင်း ငါပြောတာဟုတ်တယ်မဟုတ်လား”

“ဟုတ် . . . ဟုတ်ပါတယ်”

“ဒါဆို မင်းသိချင်တဲ့အကြောင်းကို ငါဟောပေးမယ်၊ မင်းနဲ့သူနဲ့ ဘယ်တော့မှမဖြစ်ဘူး၊ မင်းတို့နှစ်ယောက်မှာ ရေစက်မပါဘူး၊ ကံမပါဘူး၊ ဒီတော့ မင်းအခြေအနေမင်းသိပြီး နောက်ဆုတ်လိုက်တာကောင်းမယ်၊ နို့မဟုတ်ရင် တစ်ဖက်သတ်စွဲလမ်းစိတ်နဲ့ မင်းပဲခံစားရမယ်”

ကျုပ်လည်း ဘာမှမပြောတော့ဘဲ စိတ်ဓါတ်ကျကျနဲ့ လက်ထဲက ပိုက်ဆံတစ်ရာကို သူ့အရှေ့က ငွေဖလားထဲကို ပစ်ထည့်လိုက်တာပေါ့ဗျာ၊ ငွေဖလားထဲမှာလည်း ပိုက်ဆံတွေပြည့်လို့ဗျ။

ကျုပ်ခေါင်းငိုက်စိုက်ချပြီးအိမ်ပြန်လာခဲ့တယ်၊ မနှင်းကြည်နဲ့ မခင်ကြည်ကတော့ စကားပြောတိုင်း အဲဒီဆရာစိုင်းအကြောင်းပဲ ပြောနေတော့တာပဲဗျာ၊ ကျုပ်ကလည်း ကျုပ်အနာဂတ်ကို ကျုပ်သိပြီမို့ မနှင်းကြည်ကို ငေးပြီးတော့ပဲကြည့်နေမိတယ်။

“ဟေ့အလတ်ကောင်၊ ဘာတွေမှိုင်နေတာလဲ”

“မဟုတ်ပါဘူးဗျာ၊ ဒီလိုပါပဲ”

“တန်တော့ ဆရာစိုင်းက မင်းကိုတစ်ခုခုဟောလိုက်ပြီနဲ့တူပါရဲ့”

ဦးဘသာလည်း ဗေဒင်တတ်သလားမသိဘူးဗျာ၊ ကျုပ်စိတ်ကိုသိနေသလိုပဲ၊ ကျုပ်လည်း ဘာမှပြန်မပြောတော့ဘဲ မျက်နှာသေကလေးနဲ့ ထိုင်နေလိုက်တယ်။

“အဲဒါထက် ငါထူးခြားတာတစ်ခုပြောချင်တယ်ကွ”

“ဘာထူးခြားလို့လဲ ဦးဘသာ”

“ဒီရက်ပိုင်း မမြင်အပ်တဲ့အရာတွေ ရပ်ရွာထဲလှည့်ပြီးသွားနေတယ်ကွ”

“မမြင်အပ်ဘူးဆိုတာ ဘာတွေလဲဗျ”

“ပြောရရင်တော့ အစုံပေါ့ကွာ၊ ညညဆိုရွာထဲလှည့်သွားနေတာကွ၊ အိမ်ကြိုအိမ်ကြားပါမကျန် သွားသွားနေတာ”

“အဲဒါ ဘာထူးခြားလို့လဲဗျ”

“ငါ့အထင်တော့ ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဘူး၊ ဟိုရက်ကမှ ဗြုန်းစားကြီးရွာကိုရောက်လာတဲ့ ဆရာစိုင်းနဲ့များ သတ်ဆိုင်နေမလားလို့”

ကျုပ်မျက်လုံးတွေအရောင်လက်သွားတယ်။

“ဒါဆို ဆရာစိုင်းက မရိုးသားဘူးပေါ့”

“အဲဒီလိုလည်း ပြောမရဘူးကွ”

“ဒါနဲ့ ဦးဘသာသူ့ကိုစစ်ကြည့်တော့ ရိုးပါတယ်ဆို”

“မင်းနားလည်အောင်ပြောရရင် ဒီပညာရပ်တွေက ဘယ်သူက ဘာဆိုတာကို အကြည့်နဲ့တင်သိဖို့ခက်တယ်ကွ၊ သေသေချာချာစမ်းသပ်စစ်ဆေးမှ သိနိုင်မှာ”

“ဒါဆို ဘယ်လိုစမ်းရမလဲ”

“သူ့ဆံပင်တစ်ကျီလောက်ဖြစ်ဖြစ် ရအောင်ရှာလာခဲ့ကွာ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်၊ ဘာပဲပြောပြော ဒီလူက လူတွေကိုလိမ်ညာနေတာလို့ ကျုပ်စိတ်ထဲထင်သွားမိတယ်။ တကယ်တမ်းသူပြောတာတွေက မှန်ချင်မှလည်းမှန်မှာ၊ ပြီးတော့ ဒီလူ လူလိမ်ဆိုတာကို မနှင်းကြည်တို့သိသွားအောင် သက်သေပြချင်သေးတယ်။

နေ့လည်ကျတော့ မနှင်းကြည်တို့ညီအမ ဆန်ပြာနေရင်း အဲဒီအကြောင်းတွေပဲပြောနေတာ၊ ကျုပ်လည်း နားကြားပြင်းကပ်သလို ဦးအောင်ရှိန်ကလည်း ကြည့်မရပုံရတယ်ဗျ။

“ဟဲ့ သမီး၊ နင်တို့ကတော့ ဆုံလိုက်တာနဲ့ အဲဒီ ဆရာစိုင်း၊ ဆရာစိုင်းဆိုတဲ့ စကား နုတ်ကမချဘူးနော်”

မနှင်းကြည်က ပြုံးလိုက်ပြီးတော့

“အို၊ အဖေကလည်း သူကတကယ်စွမ်းတာကိုး”

“ငါညည်းအဖေပါ၊ ငါလည်းစွမ်းပါတယ်ဟဲ့”

“အဖေက စွမ်းတာနဲ့ သူစွမ်းတာက တူမှမတူတာ၊ အဖေတောင်သူ့လို ဗေဒင်ဟောတတ်လို့လား”

မနှင်းကြည်စကားကို ဦးအောင်ရှိန်နာသွားပုံရတယ်ဗျ၊ မနှင်းကြည်က ဆရာစိုင်းအကြောင်း ပြောလေလေ၊ ကျုပ်ကတော့ ဒေါသထွက်လေလေပဲ။

“အေး၊ တွေ့ကြသေးတာပေါ့ မမနှင်းရာ၊ ဒီလူက လူလိမ်ကြီးတစ်ယောက်ပါဆိုတာ မမနှင်းသိအောင် ကျုပ်စောင့်ဖမ်းပြရသေးတာပေါ့”

(၅)

အဲဒီညနေပဲ ရွာထဲကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်ဗျ၊ အဲဒါကတော့ ရင်မောင်ပဲ၊ ရင်မောင်လည်း ဆရာစိုင်းကို ကြည့်မရပုံပေါ်တယ်။ ဒါနဲ့ပဲ ဆေးကြိမ်လုံးကြီးကိုင်ပြီးတော့ သူကြီးအိမ်ရှေ့မှာ သွားစိမ်ခေါ်တာပေါ့။

“ဟေ့ကောင်၊ အောက်လမ်းငစိုင်း၊ မင်းထွက်လာခဲ့စမ်း”

ရွာသူရွာသားတွေက ရင်မောင်ကိုကြည့်ပြီး အံ့ဩနေတာပေါ့ဗျာ၊ ကျုပ်တို့လည်း အပြေးလာကြည့်ကြတာပေါ့၊ ရင်မောင်က ဆေးကြိမ်လုံးကြီးနဲ့ အိမ်ကိုချိန်ချိန်ပြီးပြောတယ်ဗျ။

“ဟေ့ အောက်လမ်းကောင်၊ မင်းအောက်လမ်းနည်းတွေသုံးပြီးတော့ တို့ရွာကိုလှည့်စားတာ တော်လောက်ပြီကွ၊ အခုထွက်လာခဲ့စမ်း၊ မင်းရဲ့မျက်နှာဖုံးကို ငါဆွဲချွတ်ပြမယ်”

ရင်မောင်ပြောဆိုနေရင်း မကြာခင် သူကြီးအိမ်ပေါ်ကနေ စိုင်းရာဇာ ဟန်ပါပါနဲ့ဆင်းလာတယ်ဗျ။

“ခင်ဗျားစွပ်စွဲနေတာတွေ၊ တစ်ခုမှမဟုတ်ဘူး”

“ရတယ်လေ၊ ဒါဆိုလည်း တစ်ရွာလုံးရဲ့အရှေ့မှာ ခင်ဗျားဘာကောင်လဲဆိုတာ ကျုပ်ပြရသေးတာပေါ့”

“မင်းမှားနေပြီကွ၊ ငါအခုတတ်တဲ့ပညာတွေဆိုတာ ငါတစ်သက်လုံးဆည်းပူးလေ့လာခဲ့တဲ့ပညာတွေ၊ နောက်ပြီးတော့ တကယ်ကျင့်ကြံပြီး တတ်မြောက်ခဲ့တဲ့ပညာရပ်တွေ၊ မင်းငါ့ကို အောက်လမ်းလို့မစော်ကားနဲ့”

စိုင်းရာဇာကလည်း ပြန်ပြောတယ်ဗျ။ ရင်မောင်က ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။

“ကောင်းပြီ၊ ဒါဆိုမင်းအောက်လမ်းဟုတ်မဟုတ်ကို ငါစမ်းမယ်”

“မင်းကြိုက်သလိုစမ်းနိုင်တယ်”

ရင်မောင်က သူ့လည်ပင်းမှာဆွဲထားတဲ့ ကျုတ်ကလေးကိုပြလိုက်ပြီး

“ဒီထဲမှာ ဆေးတော်ကြီးရှိတယ်၊ မင်းသာ အောက်လမ်းမဟုတ်ဘူးဆိုရင် ဒီကျုတ်ကို ကိုင်ရဲရမယ်”

ရင်မောင်ပြောလိုက်တော့ စိုင်းရာဇာတစ်ချက်တွန့်သွားတယ်ဗျ၊

“ဘာလဲ မင်းက မင်းအလိမ်အညာတွေ ပေါ်တော့မှာမို့လို့ ကြောက်နေပြီလားကွ”

ရင်မောင်စိန်ခေါ်လိုက်တော့ စိုင်းရာဇာစိတ်ဆိုးသွားတယ်ဗျ၊ ပြီးတော့ ရင်မောင်ဆီကိုလမ်းလျှောက်လာပြီး လက်ဝါးဖြန့်တယ်။

“ပေးစမ်း၊ မင်းရဲ့ဆေးတော်ကြီး”

ရင်မောင်က ကျုတ်ကိုဖြုတ်ပြီး စိုင်းရာဇာရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်၊ စိုင်းရာဇာက ကျုတ်ကိုကိုင်ထားပေမယ့် ဘာမှမဖြစ်ဘူးဗျ၊ ရင်မောင်တော် အတော်အံ့ဩသွားတယ်။

“မဖြစ်နိုင်ဘူး၊ အောက်လမ်းဆိုရင်တော့ မင်းကိုင်နိုင်မှာမဟုတ်ဘူး”

“မင်းရှေ့တင်ကိုင်ထားတာပဲ မဟုတ်လားကွ”

စိုင်းရာဇာက တစ်ရွာလုံးက လူများမြင်ရအောင် လက်ကိုမြှောက်ပြသည်။ ရွာသားများက ရင်မောင်ကို တီးတိုးပြောဆိုနေကြသည်။

“မဖြစ်ဘူး၊ မင်းဒါတစ်ခုခုလုပ်ထားတာပဲဖြစ်ရမယ်၊ ဒါဖြင့်ရင် မင်းစမမြိုနိုင်လား”

စိုင်းရာဇာက ခေါင်းညိတ်လိုက်ပြီး

“လုပ်စမ်းပါကွ၊ ငါ့ပညာက နိမ့်ကျတဲ့အောက်လမ်းပညာမဟုတ်ဘူး၊ မြင့်မြတ်တဲ့အထက်လမ်းစဉ်ပညာကွ”

ရင်မောင်က အိတ်ကပ်ထဲက စမပြားကလေးကိုထုတ်တယ်ဗျ၊ ပြီးတော့ စမကိုလိပ်ပြီး တစ်ခုခုကိုရွတ်ဖတ်နေတယ်၊ နောက်တော့ စမကို အသေးလေးဖြစ်အောင်လုံးလိုက်တယ်။

“မင်းသာအောက်လမ်းမှန်ရင် ဒီစမ ပါးစပ်ထဲရောက်တာနဲ့ မင်းတစ်ကိုယ်လုံးပူလာလိမ့်မယ်”

စိုင်းရာဇာက ရင်မောင်ပေးတဲ့ စမကိုယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်တာပဲဗျာ၊ အားလုံးလည်း ဘာဖြစ်မလဲဆိုပြီး ငြိမ်နေကြတာပေါ့၊ ဒါပေမယ့် ဆယ်မိနစ်လောက်ကြာတဲ့အထိ ဘာမှကိုမဖြစ်ဘူးဗျာ။

“ကဲ၊ ငါအောက်လမ်းမဟုတ်ဘူးဆိုတာ ယုံပြီလား”

ရင်မောင် ဘာပြောရမှန်းမသိတော့ဘူး၊ ရွာသားတွေကလည်း ရင်မောင်ကိုတစ်ယောက်တစ်ခွန်းနဲ့ ဝိုင်းပြောကြတယ်၊ အချို့ဆိုရင် ဆဲဆိုကြတယ်၊ ဒါနဲ့ပဲ ရင်မောင်လည်း လူအုပ်ကြားထဲကနေ ခြေလှမ်းကျဲကြီးနဲ့ ထွက်သွားတော့တယ်။ စိုင်းရာဇာကတော့ တစ်ရွာလုံးကိုပြုံးပြရင်း

“ဘာမှ မဆဲဆိုကြပါနဲ့ဗျာ၊ ကျုပ်အောင်မြင်နေတာကို မနာလိုလို့ လုပ်တယ်လို့ပဲမှတ်ပါတယ်၊ အပင်မြင့်လေ၊ လေတိုက်ခံရလေပေါ့ဗျာ”

စိုင်းရာဇာပြောလိုက်တဲ့အခါ တစ်ရွာလုံးက လက်ခုပ်တီးပြီး စိုင်းရာဇာကိုချီးကျူးကြတယ်ဗျ၊ ရင်မောင်လုပ်လိုက်တာက စိုင်းရာဇာကို မထိခိုက်ပဲ ပိုပြီးတော့တောင်မှ ကောင်းသွားသေးတယ်ဗျာ၊ ရင်မောင်က ရွာထဲမှာ ဆရာတစ်ဆူနီးပါးပဲဗျ၊ ဒါပေမယ့်အခုတော့ တစ်ရွာလုံးရဲ့အပြောအဆိုခံနေရပြီလေ၊ ရင်မောင်ဒီလိုဖြစ်တော့ သူ့ဆရာဦးအောင်ရှိန်ခေါင်း တက်ဆောင့်တာပေါ့၊ ဦးအောင်ရှိန်က စိုင်းရာဇာကို မနာလိုတာနဲ့ သူ့တပည့်ကိုလွှတ်ပြီး စိန်ခေါ်သလိုလို လျှောက်ပြောကြတာပေါ့ဗျာ။

အဲဒီနေ့ညပဲ ရင်မောင်က ဦးအောင်ရှိန်အိမ်ကိုရောက်လာပြီးတော့ တောင်းပန်ရှာတယ်ဗျ။

“ကျွန်တော်မှားသွားပါတယ်ဆရာကြီးရယ်”

“မင်းက စိတ်လိုက်မာန်ပါလုပ်တာကိုးကွ၊ တကယ်ဆိုရင် ဒီလိုအကြမ်းနည်းနဲ့ဖြေရှင်းစရာအကြောင်းမရှိဘူး၊ မင်းအမှားကျူးလွန်တဲ့အတွက် မင်းကိုငါဒဏ်ခတ်မယ်”

“လုပ်ပါဆရာကြီး၊ ကျုပ်ခံယူပါ့မယ်၊ ကျုပ်ကြောင့် ဆရာကြီးပါထိခိုက်ရတဲ့အတွက် ကျုပ်ဆရာကြီးပေးတဲ့အပြစ်ကို ပျော်ပျော်ကြီးခံပါ့မယ်”

“မင်းကိုသုံးလပညာပိတ်တယ်၊ မင်းငါတို့ပညာကို အသုံးချခွင့်မရှိဘူး၊ နောက်ထပ်ပြီးတော့လည်း အဲဒီလူနဲ့ သွားမပတ်သက်ရဘူး”

ရင်မောင်က ဦးအောင်ရှိန်ကိုကုန်းပြီးကန်တော့တယ်ဗျ၊ အိပ်ခန်းအဝမှာထိုင်နေတဲ့ မနှင်းကြည်ကတော့ ရင်မောင်ကို စားမတတ်ဝါးမတတ်မျက်စောင်းတွေထိုးနေတာ ကြောက်ဖို့တောင်ကောင်းသေးသဗျာ။

(၆)

စကားတစ်ခုရှိတယ်ဗျ၊ “ကိုယ့်ရန်သူရဲ့ ရန်သူက၊ ကိုယ့်ရဲ့မိတ်ဆွေပဲတဲ့” ဒါကြောင့် ကျုပ်လည်း ရင်မောင်ကိုသိပ်ကြည့်မရပေမဲ့ သူ့ကိုသွားကပ်ရတာပေါ့ဗျာ၊ ရင်မောင်လည်း သူ့အိမ်မှာ တံခါးပိတ်ပြီး အိမ်တွင်းအောင်းနေတာဗျ၊ တချို့ရွာသားများဆိုရင် ရင်မောင်အိမ်ရှေ့ကနေ အော်ပြီးဆဲကြတယ်ဆိုပဲ။

“ဗျို့၊ ကိုရင်မောင်၊ တံခါးဖွင့်ပါအုံးဗျ၊ ခင်ဗျားအထဲမှာရှိတာ ကျုပ်သိတယ်”

ကျုပ်ထရံကိုတဘုန်းဘုန်းထုနေပေမယ့် ရင်မောင်က တံခါးမဖွင့်ပါဘူးဗျာ၊ ဒါနဲ့ကျုပ်လည်း သူထွက်လာအောင်လို့ နည်းလမ်းသုံးရတော့တယ်။

“ဗျို့၊ ကိုရင်မောင်၊ ဆရာကြီးရှိန်က အရေးကြီးတာပြောစရာရှိလို့တဲ့၊ စိုင်းရာဇာအကြောင်းဆိုလားပဲ၊ ခင်ဗျားထွက်ခဲ့စမ်းပါ”

အဲဒီလိုပြောတော့မှ ပိတ်ထားတဲ့အိမ်တံခါးက ဝုန်းခနဲပွင့်သွားတယ်၊ ကျုပ်လည်း အိမ်တံခါးပွင့်သွားတာနဲ့ အိမ်ထဲကိုဝင်ခဲ့တာပေါ့ဗျာ၊ ရင်မောင်တို့အိမ်က သပ်သပ်ရပ်ရပ်ကလေးပါ၊ ဘုရားကျောင်းဆောင်ကလည်း ပန်းတွေနဲ့ ဝေဆာနေတာပဲ၊ အိမ်ထဲပြေးဝင်လာတဲ့ ကျုပ်ကိုရင်မောင်က အံ့ဩပြီးကြည့်နေတယ်။

“ဆရာကြီးက ခေါ်လို့ဆိုကွ”

“ဟာဗျာ၊ အဲဒါ  ကျုပ်လျှောက်ပြောတာ၊ ခင်ဗျားက ဒီလိုပြောမှ တံခါးဖွင့်မှာကိုးဗျ”

ရင်မောင်လည်း တော်တော်စိတ်ပျက်သွားပုံရတယ်။ ကျုပ်လည်း အိမ်ကိုလှည့်ပတ်ကြည့်ပြီးတော့

“ဒါနဲ့ ဒီအိမ်မှာ ခင်ဗျားတစ်ယောက်တည်းနေတာလား”

ရင်မောင်က ခေါင်းခါပြီး

“မဟုတ်ဘူး၊ ငါ့အမေရယ်၊ ငါ့ညီမရယ်ရှိသေးတယ်၊ ဒါပေမယ့် အခုတော့ အိမ်ကနေဆင်းသွားကြပြီကွ၊ ငါဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် တစ်ရွာလုံးက ပြောဆိုနေတာကို မခံနိုင်လို့ မနေ့ကပဲ သူ့အမျိုးတွေရှိတဲ့ရွာဘက်ကို ထွက်သွားကြပြီ”

ရင်မောင်က သက်ပြင်းချပြီးတော့ ကြမ်းပေါ်မှာထိုင်လိုက်တယ်၊ ကျုပ်လည်း ရင်မောင်အနားကပ်ပြီး

“ဒါနဲ့ ကျုပ်မေးစရာရှိလို့၊ ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ စိုင်းရာဇာက အောက်လမ်းပါလို့ ကောက်ချက်ချနိုင်တာလဲ”

“ငါစိတ်ထဲကလည်း ထင်နေတယ်၊ ပြီးတော့လည်း အစီအရင်တွေကို တွေ့တယ်ကွ”

ကျုပ်လည်း စိတ်ဝင်စားသွားတာနဲ့

“ဘယ်လိုအစီအရင်လဲဗျ”

“ငါသူကြီးအိမ်ကို သေသေချာချာလေ့လာခဲ့ပြီးပြီ၊ လေ့လာကြည့်တဲ့အခါ အိမ်တိုင်တွေမှာ စာတွေရေးခြစ်ထားတယ်ကွ၊ ပြီးတော့ အိမ်ပေါ်တက်တဲ့လှေကားခြေနင်းပြားတွေရဲ့ အောက်ဘက်မှာလည်း စာတွေရေးထားသေးတယ်၊ ဒီလိုယုတ်ညံ့တဲ့နေရာ၊ နိမ့်ကျတဲ့နေရာမှာ ဘယ်အထက်လမ်းသမားမှ အစီအရင်မလုပ်ဘူးကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်ပြီးတော့

“ခင်ဗျားပြောတာ ဟုတ်လောက်တယ်ဗျ”

ကျုပ်ပြောတော့ ရင်မောင်က အံ့ဩသွားပုံရတယ်။ သူပြောတာကို ကျုပ်ပဲယုံတာကိုး။

“မင်းက ဘာသိထားလို့လဲ”

“စိုင်းရာဇာ ကျုပ်တို့နဲ့စတွေ့တော့ သူလုပ်ပြတဲ့ငါးဖမ်းနည်းက အထက်လမ်းနည်းမဖြစ်လောက်ဘူးဗျ၊ ကျုပ်အထင် အောက်လမ်းမဟုတ်ရင်တော့ စုန်းပဲနေမှာ၊ ပြီးတော့ သူကျုပ်တို့နဲ့တွေ့တုန်းက ပြောတာကျတော့ ကျင့်စဉ်တစ်ခုကိုတောထဲမှာ အချိန်အကြာကြီးသွားကျင့်ခဲ့တယ်လို့ ပြောတယ်ဗျ”

ကျုပ်စကားကြားတော့ ရင်မောင်လည်းခေါင်းတဆတ်ဆတ်ညိတ်တယ်။

“မင်းပြောတာလည်းဖြစ်နိုင်တယ်”

“ဒါတင်ဘယ်ကမလဲ၊ ဦးဘသာကလည်း သူ့ကိုသင်္ကာမကင်းဖြစ်နေတယ်တဲ့၊ အဲဒါ သူဘာကောင်လဲဆိုတာ သိရအောင်လို့ သူ့ရဲ့ဆံပင်လိုတယ်တဲ့ဗျ”

ရင်မောင်မျက်မှောင်ကြုတ်သွားတာနဲ့ ကျုပ်လည်း ဆက်ပြောတယ်။

“တကယ်လို့ သူ့ဆံပင်ကျီကိုသာရရင် သူဘာလဲဆိုတာကို ဦးဘသာက ပညာနဲ့ခွဲခြားပေးလိမ့်မယ်၊ ဒါပေမယ့် ကျုပ်အထင်ပြောရရင်တော့ ဒီစိုင်းရာဇာဆိုတဲ့လူက လူကောင်းသူကောင်းမဖြစ်နိုင်ဘူး၊ သူ့ရဲ့အပြုံး၊ သူ့ရဲ့စကားပြောပုံက မရိုးဘူးလို့ကျုပ်ထင်တယ်”

“မရိုးသားတော့ရော ဘယ်လိုလုပ်မလဲကွ၊ အခု တစ်ရွာလုံးက သူ့ဘက်ပါနေပြီမဟုတ်လား”

“အကြောင်းမသိသေးလို့ပါဗျာ၊ ပြီးတော့ကိုရင်မောင် လုပ်တာကလည်း နည်းလမ်းမှမကျတာ၊ မကောင်းတဲ့လူကို အဲဒီလိုဘွင်းဘွင်းကြီး မလုပ်ရဘူးဗျ”

ရင်မောင်က ကျုပ်အနားကိုအသာကပ်လာတယ်။

“ဒီတော့ငါတို့ဘာလုပ်ကြမလဲ”

ကျုပ်လည်း ရင်မောင်အနားကိုကပ်လိုက်ပြီး အသံတိုးတိုးလေးနဲ့

“ကျုပ်တို့သူ့ဆံပင်ကိုရအောင်ရှာကြမယ်ဗျာ”

“ဆံပင်ရရင်ရော”

“သူဘာကောင်လဲဆိုတာ သိရပြီပေါ့၊ တကယ်လို့သူသာ စုန်းတစ်ယောက်၊ အောက်လမ်းတစ်ယောက်ဆိုရင်တော့ ကျုပ်တို့တွေ သူ့မျက်နှာဖုံးကို လူတွေကြားထဲမှာပဲ ဆွဲချွတ်ပေးကြတာပေါ့ဗျာ၊ ဟား . . .ဟား”

ကျုပ်ပြောလိုက်တော့ ရင်မောင်လည်း အားရသွားပြီး အံကြိတ်ပြီးတော့ ပြုံးလိုက်တယ်ဗျ၊ ဒီလိုနဲ့ ကျုပ်ခင်မောင်နဲ့ ဟိုက ကိုရင်မောင်နဲ့ ပေါင်းမိသွားတော့တာပေါ့။

နောက်တစ်နေ့မနက်တော့ ကျုပ်တို့ကြိုတင်ချိန်းထားတဲ့အတိုင်း ရွာပြင်မြစ်ကမ်းဘေးမှာ တွေ့ကြတယ်ဗျ၊ ကျုပ်ကအရင်ရောက်နေပြီးတော့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်စောင့်နေတာ၊ နောက်တော့ ရင်မောင်လည်းရောက်လာတယ်၊ ရွာထဲမှာ ကျုပ်တို့နှစ်ယောက် တပူးပူးတတွဲတွဲလုပ်နေတာကို လူတွေတွေ့သွားရင် မကောင်းဘူးမဟုတ်လား၊ အခုရွာပြင်ကတော့ လူသွားလူလာရှင်းနေတယ်ဗျ။

“ကဲ၊ ငါတို့ဘယ်လိုလုပ်ကြမလဲ၊ ဆံပင်ကိုယူရမှာက လွယ်တော့မလွယ်ဘူးထင်တယ်”

“ကျုပ်မှာအကြံရှိပြီးသားပါဗျ၊ မခင်ကြည်တို့ညီအမက ညနေရောက်ရင် ဆရာစိုင်းစားဖို့ဆိုပြီး ဟင်းချက်ချက်ပြီးပို့တယ်ဗျ”

ကျုပ်ပြောလိုက်တော့ ရင်မောင်မျက်နှာကြီး တင်းမာသွားတာကိုမြင်လိုက်ရတယ်။

“တောက်၊ သူတို့ကတော့ အဖေကိုမှ အားမနာကွာ”

“မိန်းကလေးတွေဆိုတာ ဒီလိုပါပဲဗျာ၊ နောက်ပြီးတော့ မမနှင်းက စကားပြောရင် ဆရာစိုင်းဘယ်လိုတော်တာ၊ ဘယ်လိုထက်တာဆိုပြီးပါးစပ်ဖျားကကို မချဘူး၊ စိုင်းရာဇာကလည်း အသားဖြူဖြူ ရုပ်ခံကလည်းကောင်းတယ်ဆိုတော့ မမနှင်းကြိုက်လည်း ကြိုက်ချင်စရာပေါ့ဗျာ”

“တောက်၊ ဒီကောင်လူပါး၀လို့ကွာ”

“ဒေါသသိပ်မထွက်ပါနဲ့ ကိုရင်မောင်ရ၊ ဒီကောင်ခွေးကျကျမယ့်နေ့က မကြာတော့ပါဘူးဗျ”

“အေး၊ ပြောပါအုံးကွာ၊ မင်းဘယ်လိုလုပ်မလဲ”

“မခင်ကြည်တို့ ဟင်းပို့တဲ့အချိန် ဖိုးတွမ်တီးကိုထည့်ပေးလိုက်မယ်၊ သူတို့စကားပြောနေတုန်း မတော်လို့တိုက်မိသလိုလိုနဲ့ စိုင်းရာဇာခေါင်းက ဆံပင်ကိုနှုတ်ခိုင်းလိုက်မယ်ဗျာ”

“ဖြစ်ပါ့မလားကွ”

“ဖြစ်ပါတယ်၊ ဖိုးတွမ်တီးဆိုတာ နဂိုကတည်းက မျောက်ရှုံးအောင်ဆော့တဲ့ကောင်လေးပဲ၊ နောက်ပြီး စိုင်းရာဇာကလည်း ကလေးလုပ်တာဆိုတော့ အပြစ်တင်မှာမဟုတ်ပါဘူး၊ ဖိုးတွမ်တီးကို ငါးကျပ်ပေးပြီးတော့ ကျုပ်က သေသေချာချာသင်ထားပေးပြီးသား၊ သူ့ဆီက ဆံပင်ရလာရင် ကျုပ်တို့လုပ်ငန်း ဆက်လုပ်လို့ရပြီ”

ရင်မောင်က ခေါင်းညိတ်ပြီး

“ကောင်းတယ်ကွာ၊ ဒါနဲ့ ဘယ်တော့စမလဲ”

“ဒီညနေပဲ လုပ်မှာပါဗျ၊ ကျုပ်လည်း လိုက်သွားမယ်၊ ခင်ဗျားတော့မလိုက်နဲ့၊ ခင်ဗျားနဲ့သူနဲ့က တည့်မှမတည့်တာ”

ရင်မောင်က ခေါင်းညိတ်ပြီးတော့ ကျုပ်ပုခုံးကိုပုတ်တယ်။

“ဒီတစ်ခါတော့ မင်းကိုပဲ အားကိုးရမှာပဲ ခင်မောင်ရာ”

“ကျုပ်ကို ခင်မောင်လို့မခေါ်ပါနဲ့၊ ရင်းရင်းနှီးနှီးဖြစ်သွားအောင်၊ အလတ်ကောင်လို့ပဲ ခေါ်စမ်းပါ”

“အေး၊ ဒါဆိုလည်း အလတ်ကောင်ပေါ့ကွာ၊ သတင်းကောင်းကို စောင့်နေမယ်ဟေ့”

“စိတ်သာချဗျာ”

ကျုပ်နဲ့ရင်မောင်နဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်လိုက်ကြတာပေါ့ဗျာ။

(၇)

အဲဒီညနေပဲ ကျုပ်တို့လုပ်ငန်းစကြတာပေါ့ဗျာ၊ ကျုပ်လည်း ရေမိုးချိုးပြီးတော့ ဖိုးတွမ်တီးကို ခေါ်လိုက်တယ်၊ ပြီးတော့ ကျပ်တန်သုံးရွက်ပေးလိုက်တယ်။

“မင်းငါခိုင်းထားတဲ့အတိုင်းလုပ်နော်”

ဖိုးတွမ်တီးက တစ်ကျပ်တန်သုံးရွက်ယူပြီးတော့

“ဟာဗျာ၊ ကိုကြီးပြောတော့ ငါးကျပ်ပေးမယ်ဆိုဗျ”

“မင်းကွာ၊ လျာကိုရှည်တယ်၊ မင်းသာ စိုင်းရာဇာရဲ့ဆံပင်မွှေးယူလာခဲ့၊ ဒါဆိုရင် ကျန်တဲ့ငွေထပ်ရမယ်”

ကျုပ်ဈေးကိုင်လိုက်တော့ ဖိုးတွမ်တီးလည်း အောင့်သက်သက်နဲ့ခေါင်းညိတ်လိုက်တယ်ဗျ၊ ကျုပ်လည်း လည်သွားပြီလေဗျာ၊ ဒါနဲ့ ညနေစောင်းတော့ မနှင်းကြည်က အလှပြင်ဖြီးလိမ်းပြီးတော့ အိမ်ပေါ်ကနေဆင်းလာတယ်ဗျ၊ ရိုးရိုးချည်ထည်လေးဝတ်ထားပြီး သနပ်ခါးပါးကွက်ကြားလေးကွက်ထားတဲ့ မနှင်းကြည်ကိုမြင်ရတာ ကျုပ်ရင်တွေအေးသွားတာပဲဗျာ။ မခင်ကြည်ကတော့ မိတ်ကပ်တွေဖွေးနေအောင်လူးပြီး နှုတ်ခမ်းနီရဲရဲကြီးဆိုးထားလေရဲ့၊ မျက်ခုံးမွှေးကိုလည်း ခဲတံနက်နက်ကြီးကို တံတွေးဆွတ်ပြီးဆွဲထားတော့ ကျွဲမျှော့ကြီးနှစ်ကောင်ကပ်နေသလို မည်းမည်းကြီးနဲ့ ကြည့်ရရုပ်သိပ်ဆိုးတာဗျ၊ မခင်ကြည်က သုံးဆင့်ချိုင့်တစ်ချိုင့်ကိုယူပြီးတော့ အိမ်ကနေထွက်လာတယ်။

“အမခင်ကြည်၊ ဆရာစိုင်းဆီသွားမလို့လား”

“အေးကွဲ့၊ သူကငါ့လက်ရာကို ကြိုက်တယ်ဆိုလို့သာ တကူးတကပို့ပေးနေရတာပါ၊ ဘာလဲ နင်ရောလိုက်မလို့လား”

“လိုက်မယ်လေဗျာ၊ အပျင်းပြေပေါ့”

ကျုပ်နဲ့ဖိုးတွမ်တီးလည်း အနောက်ကနေမယောင်မလည်နဲ့လိုက်ခဲ့တယ်ဗျ၊ ဒါနဲ့မကြာခင်မှာပဲ သူကြီးအိမ်ကိုရောက်ပါရောဗျာ၊ သူကြီးအိမ်အောက်ထပ်မှာ စားပွဲဝိုင်းကြီးခင်းထားတယ်ဗျ၊ ဘုန်းကြီးငါးပါးကို ကျွေးတဲ့စားပွဲဝိုင်းဆိုတော့ အတော်ကြီးတာပေါ့ဗျာ၊ အဲဒီစားပွဲဝိုင်းတစ်ဖက်မှာ စိုင်းရာဇာက ထိုင်လို့ဗျ၊ သူ့အရှေ့က စားပွဲကြီးမှာလည်း ဟင်းတွေကိုစုံနေတာပဲဗျာ၊ ရွာသူရွာသားတွေ အကျွေးအမွေးကြမ်းချက်ကတော့ ရွာက ဘုန်းကြီးဝိုင်းတောင် ဒီလောက်ဟင်းစုံမယ်မထင်ဘူးဗျ။

“ဪ၊ နှင်းကြည်ရောက်လာပါလား၊ လာလေထိုင်”

စိုင်းရာဇာက ပြောလိုက်တော့ မနှင်းကြည်က သူ့အနားသွားထိုင်ပြီး လက်ထဲက ချိုင့်ကိုဖွင့်လိုက်တယ်၊ စိုင်းရာဇာက ဟင်းချိုင့်ကိုယူပြီးတော့ နမ်းကြည့်တယ်ဗျ။

“ဒီဟာက နှင်းကြည်ကိုယ်တိုင်ထောင်းထားတဲ့ မန်ကျည်းသီးထောင်းပါ၊ ကိုစိုင်း စားကြည့်ရင် လျာလည်သွားမှာ”

စိုင်းရာဇာကလည်း သွားကြီးဖြီးပြီးတော့

“ကောင်းတာပေါ့ဗျာ၊ ကျုပ်ကတော့ နေ့တိုင်း ဝက်သား၊ ကြက်သား၊ အမဲသားတွေစားရလို့လားတော့မသိဘူး၊ အချဉ်လေး၊ အစပ်လေး တောင့်တမိတယ်ဗျ”

စိုင်းရာဇာက မန်ကျည်းသီးထောင်းကို ပန်းကန်ပြားထဲထည့်ပြီးတော့ ထမင်းနဲ့စားလိုက်တယ်၊ ပြီးတော့ ပါးစပ်ကိုအရသာခံနေပြီး

“အားပါးပါး၊ နှင်းကြည်လက်ရာကောင်းပုံများ ဆွေမျိုးတောင်မေ့ချင်တယ်ဗျာ”

ဒီကောင်တမင်သတ်သတ်ဟန်လုပ်နေပေမယ့် မနှင်းကြည်ကတော့ ကျေနပ်နေတဲ့ပုံနဲ့ ရယ်မောနေတာပဲဗျာ၊ ကျုပ်ဖြင့် ဒီကောင့်ကို လည်ပင်းချည်းညှစ်သတ်ပစ်ချင်တော့တာ၊ မနှင်းကြည်ကို စိုင်းရာဇာက ပြောဆိုရယ်မောနေတာမို့လို့ သူကြီးကတော်နဲ့ အခြားရွာကမိန်းမတွေက မျက်စောင်းတခဲခဲပဲဗျ၊

“ငါချက်လာတဲ့ ကြက်သားလေးလည်း စားစမ်းပါအုံးမောင်လေးရယ်”

မိန်းမ၀၀ကြီးတစ်ယောက်က ကြက်သားခွက်ထဲက ကြက်ပေါင်ကြော်ကိုယူလိုက်ပြီးတော့ စိုင်းရာဇာဆီအတင်းထိုးပေးတယ်၊ စိုင်းရာဇာကလည်း မစားချင်လို့အတင်းရုန်းကန်တယ်ဗျ၊ ဒီအခါ စားပွဲတစ်ဖက်မှာထိုင်နေတဲ့ သူကြီးကတော်ကလည်း

“ဟောဒါက ရှဉ့်ကြော် ဆရာစိုင်းရဲ့၊ စားရခဲတယ် စားကြည့်ပါအုံး”

မိန်းမတွေက အလုအယက်နဲ့သူကျွေးတာစားပါဆိုပြီးဖြစ်ကုန်တော့တာပဲဗျာ၊ ဒါနဲ့ ကျုပ်လည်း ဖိုးတွမ်တီးကိုမျက်ရိပ်ပြလိုက်တော့ ဖိုးတွမ်တီးက ဆော့သလိုလိုနဲ့ စိုင်းရာဇာဆီပြေးဝင်သွားတာပဲဗျာ၊ ပြီးတောနဲ့ စိုင်းရာဇာရဲ့ခေါင်းကို လက်နဲ့ပြေးပြီးဆွဲမလို့လုပ်ပါရော။

“ဟိတ်ကောင်လေး၊ ဘာလုပ်တာလဲ”

စိုင်းရာဇာအော်လိုက်တဲ့အချိန်မှာပဲ ဖိုးတွမ်တီးလက်က လေပေါ်မှာရပ်သွားတယ်ဗျ၊ ဖိုးတွမ်တီးတစ်ကိုယ်လုံးလည်း တုန့်ခနဲရပ်သွားတယ်၊ ရပ်သွားတာကလည်း ဖိုးတွမ်တီးက ရပ်လိုက်တာမျိုးမဟုတ်ဘူးဗျ၊ ဖိုးတွမ်တီးကို တစ်ယောက်ယောက်က တွန်းပြီးတော့ တားထားတဲ့ပုံစံပဲ၊ ဖိုးတွမ်တီးကလည်း ငါးကျပ်ရဖို့အရေးအတွက် အရှေ့ကိုလက်ဆန့်ပြီး စိုင်းရာဇာခေါင်းကိုလှမ်းကိုင်ဖို့လုပ်တယ်၊ ဒီမှာပဲ ဖိုးတွမ်တီးရဲ့လက်က အနောက်ကိုပြန်လန်သွားတာပဲ၊ လက်တော့မကျိုးပေမယ့် ဖိုးတွမ်တီးလက်တော်တော်နာသွားပုံရတယ်။

ကျုပ်လည်းသိလိုက်ပါပြီဗျာ၊ ဒီကောင့်မှာ တစ်ခုခုတော့ရှိတယ်၊ ဦးဘသာလိုမျိုး ဘီလူးတွေဘာတွေ ရှိတာလားမသိဘူးဗျ၊ ဒီအချိန်မှာပဲရုတ်ရုတ်သဲသဲဖြစ်သွားတယ်၊ မခင်ကြည်က သူ့သားကိုထဆွဲတော့ လက်ဆေးရည်ဇလုံကြီးကို ခြေထောက်နဲ့တိုက်မိပြီး စိုင်းရာဇာအပေါ်ကိုလက်ဆေးရည်တွေမှောက်ကျသွားတယ်၊ ဒီအခါ အနားကမိန်းမတွေကလည်း လက်ဆေးရည်ဇလုံကိုဆွဲတဲ့သူကဆွဲ၊ သူကြီးကတော်ကလည်း လက်သုတ်ဝတ်နဲ့စိုင်းရာဇာရဲ့ ပေါင်ကိုထပြီးသုတ်လိုသုတ်နဲ့ ရှုပ်ထွေးသွားတာပေါ့ဗျာ။

ကျုပ်လည်းအချိန်ဆွဲမနေတော့ဘူးလေ၊ ပုဆိုးကိုပြင်ဝတ်ပြီးတော့ စိုင်းရာဇာပေါ်ကို လွှားခနဲခုန်အုပ်လိုက်တယ်ဗျ၊ ကျုပ်ခြေထောက်နဲ့ထမင်းဝိုင်းကြီးခတ်မိပြီး ဟင်းခွက်တွေလည်းအကုန်မှောက်ကုန်တာပေါ့ဗျာ၊ ကျုပ်လည်း မိန်းမတွေကြားထဲပိနေတဲ့ စိုင်းရာဇာရဲ့ခေါင်းကို လက်နဲ့အသေအချာလှမ်းနှိုက်ထည့်လိုက်တာပေါ့ဗျာ၊

ဒါပေမယ့် ထူးခြားတာက စိုင်းရာဇာခေါင်းကိုမကိုင်မိဘဲ စိုင်းရာဇာက ရုတ်ခြည်းပျောက်သွားတာဗျ၊ ကျုပ်စမ်းတော့ မိန်းမကြီးတွေရဲ့ ကိုယ်လုံးတွေပဲစမ်းမိတယ်၊ စိုင်းရာဇာက အိမ်ပေါ်တက်တဲ့လှေကားအနားကို ရောက်သွားတယ်ဗျာ၊ လှေကားနဲ့ ထမင်းဝိုင်းနဲ့က ဆယ်ပေသာသာလောက်တော့ ဝေးမှာဗျာ၊ သူက ဖြတ်ခနဲပျောက်ပြီး ဟိုဘက်မှာ သွားပြန်ပေါ်တဲ့ ပုံစံမျိုးပဲ။

လူတွေက ကျုပ်ကိုဝိုင်းဆွဲပါရောဗျာ၊ ရွာသူကြီးအိမ်က ယောက်ျားသားတွေဆိုရင် ကျုပ်ကိုထိုးမယ်ကြိတ်မယ် လုပ်ကြတာပေါ့၊ ကျုပ်လည်း ကြံရာမရတော့တာနဲ့ လက်နှစ်ဖက်ကိုမိုးပေါ်ကိုထောင်ပြီးတော့ ကိုယ်လုံးကိုတဆတ်ဆတ်တုန်ပြီး အပမှီသလိုလို၊ သရဲပူးသလိုလိုလုပ်ရတာပဲဗျာ။

“ဟဲ့ အလတ်ကောင်ဘာဖြစ်တာလည်း”

“သူ့ကြည့်ရတာ ပုံမှန်မဟုတ်ဘူး၊ သရဲပူးတာထင်တယ်”

ကျုပ်လည်း သူတို့အပြောအရ သရဲပူးပြနေရတာပေါ့ဗျာ၊ ရွာသားတွေက ကျုပ်ကိုချုပ်ပြီးတော့

“သရဲပူးတယ်ဆိုရင် ဆရာဦးအောင်ရှိန်ဆီ ခေါ်သွားကြမယ်ဟေ့”

ကျုပ်လည်း အခုမှပဲသက်ပြင်းချနိုင်တော့တယ်၊ ဦးအောင်ရှိန်အိမ်ကိုရောက်ရင် ကျုပ်က သရဲသူ့ဘာသာထွက်သွားတယ်ဆိုပြီးတော့ သရုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတာပေါ့ဗျာ။  ဒီအချိန်လှေကားရင်းနားမှာရပ်နေတဲ့ စိုင်းရာဇာက ကျုပ်ကိုလက်ညှိုးထိုးပြီး

“အဲဒီသရဲကို ဖမ်းချုပ်ပြီးအပေါ်ခေါ်လာခဲ့၊ ကျုပ်ဒီသရဲကိုထုတ်ပေးမယ်”

ရွာသားတွေကလည်း အံ့ဩသွားတာပေါ့။

“ဆရာစိုင်းက အပနှင်တတ်လို့လား၊ ကျွန်မတို့က ဆရာဦးအောင်ရှိန်ဆီကိုခေါ်သွားကြမလို့”

“ဟား၊ ဟား သရဲလောက်ကတော့ ကျုပ်ကအပျော့ပါ၊ လာကျုပ်ထုတ်ပေးမယ်၊ ခေါ်လာခဲ့ကြ”

ဒါနဲ့ပဲ ကျုပ်ကိုအိမ်အပေါ်ထပ်ကိုဆွဲတင်ကြတာပေါ့၊ ကျုပ်လည်း ရုန်းပါသေးတယ်၊ ဒါပေမယ့် လေးယောက်တစ်ယောက်အားမို့ မရုန်းနိုင်ဘဲ အိမ်ပေါ်ပါလာတာပေါ့ဗျာ၊ စိုင်းရာဇာက ဘုရားကျောင်းဆောင်ရှေ့မှာ ကျုပ်ကိုထိုင်ခိုင်းတယ်ဗျ၊ နောက်ပြီးတော့ ကျုပ်ကိုလက်ညှိုးထိုးပြီး

“ဟဲ့ ငါလိုဆရာကို ဘယ်က ကလေက၀သရဲက ရန်ပြုချင်တာလဲ”

စိုင်းရာဇာက ပြောပြီးတော့ အခန်းထောင့်နားမှာထောင်ထားတဲ့ တံမြက်စည်းကြီးပြေးဆွဲတယ်ဗျ၊ တံမြက်စည်းအရိုးက လက်မလုံးလောက်ရှိတဲ့ ကြိမ်လုံးကြီးတပ်ထားတာဗျ၊ ကျုပ်လည်းကြောက်တာပေါ့ဗျာ၊ ဒါနဲ့လက်အုပ်ချီပြီး

“ငါမှားပါတယ်၊ ငါ . . . ငါထွက်သွားပါ့မယ်”

“အောင်မာ၊ သူများကိုပူးကပ်ချင်တိုင်းပူးကပ်ပြီး ထွက်ချင်တိုင်းထွက်လို့ရမလားကွ၊ ဟေ့ သူ့ကိုချုပ်ထားလိုက်စမ်း၊ ဒီသရဲကို မှတ်လောက်သားလောက်အောင် ရိုက်နှက်လွှတ်ရမယ်ဟေ့”

ကျုပ်လက်နှစ်ဖက်ကို ကာလသားနှစ်ယောက်က ချုပ်တယ်ဗျ။ ကျုပ်လည်းအတင်းထပြေးဖို့လုပ်ရင်း ပုဆိုးစနင်းမိပြီး ဖင်ကုန်းပြီးလဲတာပေါ့ဗျာ၊ ဒါကိုတောင်မှ ရွာသားတွေက ဆရာစိုင်းတန်ခိုးနဲ့ သရဲကိုဖင်ပူးတောင်းထောင်ခိုင်းတယ်လို့ထင်ကြတာ၊ စိုင်းရာဇာဆိုတဲ့ကောင်ကလည်း ဘာပြောကောင်းမလဲဗျာ၊ သူ့ရှေ့မှောက်လျက်လဲတဲ့ကျုပ်ကို ကြိမ်လုံးကြီးနဲ့လွှဲလွှဲဆော်တော့တာပေါ့။

“အောင်မယ်လေး၊ ကြောက်ပါပြီဗျ”

ကျုပ်ရဲ့အော်သံက တစ်ရွာလုံးကိုလွှမ်းသွားတာပေါ့ဗျာ။

“ဟား၊ ဟား၊ ဟား”

ကျုပ်အကြောင်းတွေသိတော့ ဦးဘသာကရယ်တယ်ဗျ၊ နောက်ပြီးတော့ ကျုပ်ကိုဖင်ပူးတောင်းထောင်ခိုင်းပြီး ကျုပ်တင်ပါးက အရှိုးရာတွေကို ဆီလူးပေးတယ်ဗျ၊ စိုင်းရာဇာလက်ချက်နဲ့ ကျုပ်တင်ပါးမှာ ကြိမ်လုံးရာတွေဖြစ်ပြီး ကောင်းကောင်းတောင် ထိုင်လို့မရဘူးဗျာ။ ဒါနဲ့ပဲ တဲထဲမှာ မှောက်နေရတာပေါ့၊ ညမှောင်တော့ ရင်မောင်ရောက်လာတယ်ဗျ။

“မင်းအဖြစ်ကို ငါသိပြီးပါပြီ အလတ်ကောင်ရာ၊ ပြစမ်းမင်းဒဏ်ရာတွေ”

ရင်မောင်က ကျုပ်ဖင်ကိုချွတ်ပြီးကြည့်တာပဲဗျာ၊ ပြီးတော့ တောက်ခေါက်ပြီး

“ဒါမင်းကို တမင်သက်သက်လုပ်လိုက်တာပဲကွ”

“ဒါပေါ့ဗျာ၊ ဒီကောင် ကျုပ်ကိုတမင်ပညာပြလိုက်တာဗျ၊ ဒါကျုပ်ကို တရားဝင်စစ်ကြေငြာလိုက်တာပဲ”

“အေးပေါ့ကွာ၊ ခင်မောင်ကို စစ်ကြေငြာတယ်ဆိုရင် ဟောဒီက ရင်မောင်ကိုလည်း စစ်ကြေငြာတာနဲ့အတူတူပဲ၊ ဒါနဲ့ ငါတို့ဘာဆက်လုပ်မလဲ”

“ကိုရင်မောင် ခင်ဗျားအသာကြည့်နေစမ်းပါ၊ ဒီကောင့်ရဲ့ လုပ်ဇာတ်တွေကို ကျုပ်မဖော်ရမခြင်း ကျုပ်လုံး၀မကျေဘူးဗျာ”

“အေး၊ ဒီကောင်က ငါတို့ကိုကြမ်းပြီဆိုတော့ ငါတို့ကလည်း ပြန်ပြီးနုနေလို့မဖြစ်တော့ဘူး အလတ်ကောင်ရ”

ကျုပ်နဲ့ရင်မောင်နဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့် ပြီးအံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်ဖြစ်နေတာကို ဦးဘသာကကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်တာပေါ့ဗျာ၊ ဒီအရေးက မလွယ်တဲ့အရေးမို့ ရှည်တော့ ရှည်အုံးမှာဗျ။

ပြီးပါပြီ။
အဂ္ဂဇော်