” အောက်လမ်းဘိုးထင် နှင့် သွေးစုပ်ရွာ “(စ/ဆုံး)

” အောက်လမ်းဘိုးထင် နှင့် သွေးစုပ်ရွာ “(စ/ဆုံး)

=================================

◾အခန်း (၁)

 

မောင်ဘိုးထင်တို့သည် သူတို့လာစဉ်ကနားခဲ့သော လယ်ကွင်းများဘေးရှိ ဇရပ်သို့ ရောက်လာပြန်ပြီ ဖြစ်သည်။မွန်းတည့်ပြီး ချိန်မို့ လာစဉ်ကအတိုင်း ပေတူး နှင့် မောင်ဘိုးထင်တို့ ငါးရှဉ့် မျှားလိုက်ကြသည်။ထို့နောက် သူတို့နှစ်‌ယောက်သည် ငါးရှဉ့် များကို နှီးကြောဖြင့် ဗိုက်ခွဲပြီး သွေးများကို ပန်းကန်တလုံးထဲ ထည့်ထားလိုက်သည်။မောင်ဘိုးထင် လုပ်ခိုင်းသည့်အတိုင်းပင် ပေတူးသည် ငါးရှဉ့်ကို နှီးကြောဖြင့် ဗိုက်ခွဲနေရင်းမှ

“ဘိုးထင် ဒီသွေးတွေ ဘာလုပ်ဖို့လဲဟ ”

“မင်းမကြာခင် သိလာပါလိမ့်မယ် ”

“ငါးရှဉ့်ကသွေးတော့ တော်တော်ထွက်တာပဲဟ”

“အခုမှ မသိသလိုလုပ်နေပြန်ပြီ ပေတူးကတော့”

“ငါသိပြီ ဒီသွေးတွေကို ဟိုတဲက လူကြီးကို တိုက်မလို့ မဟုတ်လား ”

“မင်းက အရိပ်ပြအကောင်မြင်သားပဲ အဲ့ဒီတဲကို တို့ထမင်စားပြီးတော့မှ အကုန်လုံးသွားကြ‌တာပေါ့ ”

သူတို့နှစ်ယောက် စကားပြောနေစဉ် ထမင်းချက်နေသော ဖိုးထွေးသည် ဇရပ်ပေါ်မှ နေ၍

“ပေတူးနဲ့ ဘိုးထင် ငါးရှဉ့်ကိုင်တာ မပြီးသေးဘူးလား”

“ပြီးပြီ ကို‌ဖိုးထွေးရ ”

“လာ လာ မြန်မြန်ယူခဲ့ ငါးရှဉ့်ကို အခုတခါ တဝက်ကြော် တဝက်ချက် လုပ်ရအောင်လို့ ဝါးညှပ်လေးတခုလုပ်ပြီး တဝက်ကိုကင်ကွာ ကင်ပြီးမှကြော်မယ် ကြားလား ”

“ဟုတ်ကဲ့ပါ ဆရာကြီး ရွာလူကြီးသားဆိုပြီး ဇရပ်ပေါ် တက်ထိုင် ဘာမှလည်းမလုပ်ပဲ အမိန့်ပေးနေတာ ဟိုမှာ ကိုသာရကို ကြည့်ပါဦး မျက်နှာမှာတောင် အိုးမဲတွေ ပေနေပြီ ထမင်းချက်နေတာ ”

ပေတူးသည် ဖိုးထွေးကိုကြည့်ပြီး သာရ နှင့် ယှဥ်ပြောလိုက်လေ၏။ထိုအခါ သာရသည် ထမင်းအိုးချွေးထုတ်နေရာမှ အဖုံးကို ခပ်ဆတ်ဆတ်ပစ်ပိတ်လိုက်ပြီး

“အောက်သက်ကြေတယ် မကြေဘူးဆိုတာ ဒီနေရာမှာ ကွာသွားတယ်ကွ ငါက အကြီးဆိုပြီး ခေါင်းရှောင်တတ်တဲ့ ကောင်မျိုး မဟုတ်ဘူး အရာအားလုံးကို ရှေ့ကနေ မားမားမတ်မတ် ရပ်ပြီး ‌ လုပ်ကိုင်ဖြေရှင်းတတ်တဲ့ ကောင်မျိုးကွ တချို့ကောင်တွေနဲ့ တော့ ကွာတာပေါ့ ”

“ဟေ့ကောင် သာရ မင်းဘယ့်သူကို စောင်းပြောနေတာလဲ ”

“ဘယ်သူမှမပြောပါဘူး ငါ့စိတ်ထဲရှိတဲ့အတိုင်း ပြောတာ”

ဖိုးထွေးနှင့် သာရ ရန်စောင်နေပြီဖြစ်သည်။ထိုသို့ဖြစ်အောင် လုပ်သည့် အဓိကတရားခံမှာ ပေတူး ဖြစ်လေသည်။ထို့နောက် မောင်ဘိုးထင်သည် ငါးရှဉ့်များကို ညှပ်ထားသည့် ဝါးညှပ်အား ကိုင်ရင်းမှ

“ဟေ့လူတွေ စကားများမနေနဲ့ သေတူရှင်မကွာ အတူတူနေခဲ့ပြီးမှ ဟိုကောင် ပေတူးရဲ့ ပေါက်ကရစကားတွေ နားထောင်ပြီး ဦးနှောက်မဲ့မနေနဲ့ ရော့ ကိုဖိုးထွေး ခင်ဗျား ငါးရှဉ့်ကင်လိုက် ”

“အေးပါကွာ မင်းက ကြားထဲက ဆရာလာလုပ်နေသေးတယ် ပေး ပေး ငါကင်မယ် ”

ဖိုးထွေးသည် မကျေမနပ်ဖြင့် ငါးရှဉ့်များကို ယူကာ မီးဖိုဆီ သို့ ထွက်သွားတော့သည်။ထို့နောက် မောင်ဘိုးထင်သည် ပေတူး တုံးတစ်ထားသော ငါးရှဉ့်အစိုများအား သာရကို ချက်ခိုင်းလိုက်‌သည်။သူတို့သေချာထည့်ထားသော ငါးရှဉ့်သွေးပန်ကန်အား ‌ဇရပ်ထောင့်တနေရာတွင် တင်ထားလိုက်သည်။

◾အခန်း (၂)

ဖိုးထွေးသည် သူ့အား ပေတူး နှင့် သာရ မထိတထိ ပြောထား ၍ ထင်သည်။ငါးရှဉ့်ကို ကိုယ်တိုင်ကြော်ပြီး ထမင်းပါ ခူးခပ်ပေးနေ၍ သာရမှာ ကျန်သောသူများကို ဖိုးထွေးထံ မျက်စပစ် ပြသည်။နေ့လယ်စာအား နေမွန်းလွဲမှ စားလိုက်ကြပြီး ‌သာအေးသည် စားနေသော ဟင်းများကို ကြည့်ရင်း

“ကိုသာရရဲ့ ငါးရှဉ့်အစိုချက်ကလဲ ကောင်း ကိုဖိုးထွေးရဲ့ ငါး ရှဉ့်ကြော်လေးကလဲ ကောင်း တကယ်ကိုတော်တဲ့ သူတွေဗျာ ”

“ဟုတ်တယ် သာအေးရ တကယ်ကို စားလို့ကောင်းတာ ”

“ကိုဖိုးထွေး နဲ့ ကိုသာရက ဟင်းချက်ပါရမီပါလာတယ်ကွ ”

‌မောင်ဘိုးထင်၊သာအေး နှင့် ပေတူးတို့၏ စကား‌များကြောင့် ဖိုးထွေး နှင့် သာရသည် ပြုံးနေပြီး ဟင်းများကို ခပ်ထည့်ပေးနေကြသည်။သူတို့ ထမင်းစားပြီးသောအခါ ဇရပ်ပေါ်တွင် ခေတ္တမျှ ထမင်းလုံးစီလိုက်ကြရင်း

“ဘိုးထင် ငါးရှဉ်သွေးလိုက်ယက်တဲ့ လူကြီးကို ဘယ်‌သူသွားတွေ့မှာလဲ မင်းနဲ့ ပေတူးတို့ သွားတွေ့မှာ မဟုတ်လား ”

“ဟာ အကုန်လုံးသွားရမှပေါ့ သူတယောက်တည်း မဟုတ်ဘူး တရွာလုံးဆိုတော့ ကျုပ်တို့အကုန် တခါတည်း သွားမှာ ”

“အေးဟုတ်တယ် တခုခုဆို မင်းနဲ့ ငါ့ကိုပဲ လွှတ်ချင်နေတာ ”

ဤသို့ဖြင့် ဇရပ်လေးပေါ်တုန်းလုံးလှဲနေရင်း တယောက်တပေါက် စကားဆိုကြရင်း မကြာမီ အိပ်ပျော်သွားကြတော့သည်။

မောင်ဘိုးထင်၏ နားထဲတွင် အသံသဲ့သဲ့မျှကြား၍ မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ဇရပ်ထောင့်တွင်ရှိသော ငါးရှဉ့်သွေးပန်းကန်အနားတွင် လူကြီးတယောက် ဆောင့်ကြောင့်ထိုင်ပြီး ငါးရှဉ့်သွေးပန်းကန်ထဲသို့ သူ့၏လက်ညှိုးကိုနှစ်လိုက်ပြီး လက်မှတဆင့် သွေးများကို သူ၏ပါးစပ်ထဲ ထည့်ကာ အရသာခံပြီး လက်အား စုပ်နေသည်ကို တွေ့ရလေ၏။မောင်ဘိုးထင်သည် အိပ်နေရာမှ သူ၏ ဘေးတွင်ရှိသောဖိုးထွေးကို တံတောင်နှင့်တို့ပြီး နိုးလိုက်ကာ အသံအမထွက်ရန် အချက်ပြလိုက်ပြီး နောက် တခြားသောသူများကိုပါ တိုးတိုးတိတ်တတ် နိုးလိုက်သည်။ထိုလူကြီးအားမပြေးနိုင်ရန် သာအေး နှင့် သာရမှာ ဇရပ်ပေါ်မှ ခုန်ဆင်းပြီး လမ်းပိတ်ထားလိုက်သည်။မောင်ဘိုးထင်သည် ပုဆိုးဖြင့်ပတ်ထားသော မိုးကြိုး စက်တောင်ဝှေးအား ကိုင်ကာ

“ဟေ့လူကြီး ခင်ဗျား ဘယ်သူလဲ ဘာလို့ သွေးအစိမ်းတွေ လာသောက်နေတာလဲ ပြောစမ်း ”

“ငါ ငါက မင်းတို့ ဟိုနေ့က ကင်းပွန်းချဉ်ရွက်လာခူးတဲ့ တဲက ပိုင်ရှင်ပါ ငါးရှဉ့်သွေး အနံ့လေးရလို့ မနေနိုင်လို့ လာ လာ သောက်တာပါ ”

“နေပါဦး ခင်ဗျားက သာမာန်လူပါပဲ ဘာလို့ သွေးကို အငမ်းမရ အစိမ်းသောက်ရတာလဲ ”

“အဲ့ဒါက ဟို ဟို ”

“ခင်ဗျားတို့က ဘယ်ရွာကလဲ ကျုပ် သတင်းကြားထားတာတော့ ခင်ဗျားနေတဲ့ရွာကလူတွေ အကုန်လုံး သွေးစုပ်တယ်ဆို ဟုတ်လား ”

“မင်း မင်းတို့ကို ဘယ်သူပြောတာလဲ ”

“ဘယ်သူပြောပြောပါ ဟုတ်လား မဟုတ်ဘူးလားသာပြော ”

“ဟုတ် ဟုတ်တယ် ”

“ကဲ အဲ့တာဆို ခင်ဗျားရွာ‌ကို ကျုပ်တို့ကို လမ်းပြပေတော့ ”

“မ မဖြစ်ဘူးထင်တယ် ငါတို့ ရွာက လူစိမ်းတွေအဝင်မခံဘူး ”

“အဝင်မခံလည်း ကျုပ်တို့ကဝင်ရမှာပဲ ခင်ဗျားတို့ ရွာသားတွေ ကျုပ်တို့ အကူအညီလိုနေပြီ ဒါနဲ့ ခင်ဗျားနာမည်က ”

“ဖိုးပိန် ”

“ကဲ ဦးဖိုးပိန် ခင်ဗျား ငါးရှဉ့်သွေး တအားသောက်ချင်နေရင် သောက်တော့ ပြီးရင် ခင်ဗျားတို့ရွာအကြောင်းပြောပြ ”

ဦးဖိုးပိန်သည် ခေါင်းကိုညိတ်ပြလိုက်ပြီး ငါးရှဉ့်သွေးများအား ကုန်အောင် သောက်နေပါတော့သည် ။

◾အခန်း(၃)

မောင်ဘိုးထင်တို့သည် ဦးဖိုးပိန် ငါးရှဉ့်သွေးများ ကုန်သည်အထိ သောက်နေသည်ကို ဝိုင်းကြည့်နေကြသည်။ နောက်ဆုံး ဦးဖိုးပိန်သည် သွေးများကပ်နေသော ပန်းကန်အား ယက်နေ သေးသဖြင့် ပေတူးမှ

“ခင်ဗျားကလည်း အဲ့လိုကြီးတော့ မယက်စမ်းပါနဲ့ဗျာ ဒီလောက် အများကြီးသောက်ထားတာလဲ မဝသေးဘူးလား ”

“ငါတို့က သွေးအနံ့ရရင် မနေနိုင်ဘူး ကောင်လေးရ ”

“အဲ့သည်လောက်တောင်ပဲလားဗျ ”

“ငါက တော်တော်ကို ထိန်းထိန်းသိမ်းသိမ်း ရှိတဲ့သူလို့တောင်ပြောရမယ် ”

“ဗျာ ခင်ဗျားက တော်တော်ကို ထိန်းထိန်းသိမ်းသိမ်း ရှိတာ ဟုတ်လား ”

“အေး ”

“ဟာ မဟုတ်သေးပါဘူး ခင်ဗျားက အတော်ဆုံးဆို ရွာထဲက လူတွေက ဘယ်လောက်ဆိုးနေပြီလဲ ”

“မင်းတို့လိုက်ခဲ့မှာ မဟုတ်လား ရောက်ရင် သိရမှာပေါ့ ”

“ပြီးတာပဲဗျာ ”

ပေတူးသည် ဦးဖိုးပိန်အား စကားဆိုနေရင်း မောင်ဘိုးထင်ကို ငဲ့စောင်းကြည့်ကာ

“ဘိုးထင် ဟုတ်ရော ဟုတ်ပါ့မလား သူက ရွာထဲမှာ အတော် ဆုံးဆိုပဲ အဆိုးဆုံးတွေက တို့တွေကို ကိုက်စားမလား မသိဘူးနော် ”

“မင်းကလည်း တွေးပူနေပြန်ပြီ တို့ငါးယောက် ပေါင်းရင် ဘယ်အရာကိုမှ ကြောက်စရာ မလိုပါဘူး”

“ကြောက်တော့ မကြောက်ပါဘူး တော်ကြာ ငါ့သွေးတွေကို ကိုက်ပြီး စုပ်နေမှာ ‌ဆိုးလို့ပြောတာပါ ”

“ဘာမှမဖြစ်ပါဘူးကွာ ‌ တောင်တွေးမြောက်တွေး တွေးမနေနဲ့ ”

မောင်ဘိုးထင်သည် ပေတူးအား အတွေးမလွန်ဖို့ ပြောလိုက်ရသော်လည်း သူကိုယ်တိုင်မှာလည်း ဦးဖိုးပိန်၏စကားကြောင့် အနည်းငယ်မျှ ကျောချမ်းမိသည်။သွေးပန်းကန်ကို လျှာနဲ့ပါယက်သော သူက သူ့ရွာမှာ သူအတော်ဆုံးဟု ဆိုနေသည်။ထိုစကားအရ ကျန်သောသူများသည် သူ့ထက်ဆိုးသောသူများ ဖြစ်ဟန်ရှိ၏။ထိုအတွက် စိတ်တော့ ပူနေမိသည်။သို့ပေမဲ့ မသွားလို့လည်းမဖြစ်ဆိုတော့ ဦးဖိုးပိန်အား

“ခင်ဗျားနာမည် ဦးဖိုးပိန်နော် ”

“ဟုတ်တယ် ကောင်လေး ”

“ကဲ ဦးဖိုးပိန် ကျုပ်တို့ကို ခင်ဗျားရွာကို လမ်းပြပေတော့ ”

“မင်းတို့က လိုက်ချင်တယ်ဆိုတော့လည်း ငါ မငြင်းပါဘူး ဟိုရောက်ရင် မင်းတို့ မထင်မှတ်ထားတာတွေ တွေ့ရမှာနော် ”

“ရတယ် ကိစ္စမရှိဘူး ဒါနဲ့ ရွာကဘယ်လောက်ဝေး လဲ ”

“နှစ်နာရီလောက်လမ်းလျှောက်ရင်က ရောက်ပါတယ် ”

“ကျုပ် တခုပြောထားမယ်နော် ကျုပ် ညီတွေကို ထိရဲရင်ထိကြည့် ခင်ဗျားတို့ တရွာလုံးကို မီးရှို့ပစ်မယ် ဖိုးထွေးတဲ့ ဘာမှတ်နေလဲ”

ဖိုးထွေးသည် ဦးဖိုးပိန်အား အမြင်မကြည်သလို ယုံကြည်ပုံလည်း မပေါ်ပေ။ထို့ကြောင့် မောင်ဘိုးထင်တို့အား စိတ်ပူကာ ထိုသို့သောစကားကို ပြောလိုက်ခြင်းဖြစ်သည်။ဖိုးထွေးလို စကားမပြောပေမဲ့ သာရသည် ဓားတချောင်းကို ယူကာ ဇရပ်တိုင်နှင့် ဓားနောင့်ကို ထုပြပြီး ဟန်အမူအယာဖြင့် ခြိမ်းခြောက်လေသည်။ထို့နောက် မောင်ဘိုးထင်တို့အား သတိ၊ဝီရိယ ‌နှင့် နေရန် သာရ နှင့် ‌ဖိုးထွေးသည် တိုးတိုးတိတ်တိတ် သတိပေးပြီးနောက် ပစ္စည်း ပစ္စယများကို သယ်ရင်း ဦးဖိုးပိန် ‌ဦးဆောင်ရာ နောက်သို့ လိုက်သွားကြသည် ။

◾အခန်း (၄)

ဦးဖိုးပိန်သည် မောင်ဘိုးထင်တို့ကို ဦးဆောင်ကာ သူ၏ တဲ နောက်ကျောလမ်းအတိုင်း သွားလေသည်။လူသွားလမ်းလေး အတိုင်း ဝင်သွားပြီး မကြာမီ လှည်းလမ်းအား တွေ့လိုက်ရသည့် ထိုအခါ ဖိုးထွေးသည်

“ဦးဖိုးပိန် ဒီနားက လူတယောက်လျှောက်စာလမ်းကနေ ဒီ ဘက်က ဘယ်လိုလုပ် လှည်းလမ်း ဖြစ်သွားတာလဲ ”

“ငါတို့ ရွာသားတွေက အပြင် နဲ့ သိပ်ပြီး အဆက်အစပ် မလုပ်ကြဘူး ဒီတဲမှာ အခြားရွာတွေ နဲ့ ဆက်သွယ်ပြီး ဝယ်စရာရှိတာ တွေ ဝယ်ပေးဖို့ သုံးလတ‌ယောက် ‌တာဝန် နဲ့ နေရတာ တာ၀န်ကျတဲ့သူက ရွာက မှာတာတွေကို ၀ယ်ပေးရတယ်။ ရွာသားတွေက ဒီနားအထိပဲ လှည်းကိုမောင်းလို့ ဒီဘက်က လှည်းလမ်း ဟိုဘက်က လူသွားလမ်း ဖြစ်နေတာ”

“အင်း ကျုပ် သဘောပေါက်ပြီ တဲမှာ ဝယ်စရာရှိတာတွေကို ဦးဖိုးပိန်က ဝယ်ပေး ရွာသားတွေက လှည်းကို ဒီဘက်မှာ ရပ်ပြီး လူကိုယ်တိုင် လာသယ် အဲ့လိုလား ”

“ရွာသားတွေက ဒီတဲအထိ လာခွင့်မရှိဘူး တာဝန်ကျတဲ့ တယောက်ကပဲ သူတို့ ရပ်ထားတဲ့ နေရာအထိ ပို့ပေးရတာ ”

“အဆန်းပါလား ဦးဖိုးပိန်ရ ”

“‌အဲ့ဝာာ ရွာလူကြီးက လုပ်ခိုင်းထားတာဟေ့ တခြားရွာတွေက လူတွေ နဲ့တွေ့ ရင် စိတ်မထိန်းနိုင်မှာ စိုးလို့ဖြစ်မယ် ”

“ရွာလူကြီးက ခိုင်းတာ ဟုတ်လား ”

“မင်းတို့ ဟိုရောက်တော့ သိပါလိမ့်မယ် ကြောက်တဲ့အမူအရာ တော့မပြနဲ့ ငါ့ကောင်တွေ ဆိုးတဲ့ ကောင်တွေက တိရစ္ဆာန်တွေ လိုပဲ ကြောက်ရင် ပိုပြီးခြောက်တယ် ငါပြောတာ နားလည်လား ”

“နားလည်ပါတယ် ကျုပ်တို့ကလည်း သွေးစုပ်တဲ့ လူတွေလောက်တော့ ဂရုမစိုက်ပါဘူး မန္တန်ဝိဇ္ဇာကိုတောင် ချုပ်လာတဲ့ကောင်တွေပါ ”

သာအေးသည် ဦးဖိုးပိန်၏ စကားကို နောက်မှနေပြီး ချေပ လိုက်ရာ ဦးဖိုးပိန်မှာ မျက်လုံးပင် ပြူးသွားပြီး

“မင်းတို့က အဲ့လောက်တောင် စွမ်းတာလား ငါ ထင်တော့ထင်ပါတယ် မင်းတို့ကောင်တွေ ဘာအစွမ်းအစမရှိပဲ ရွာကိုလိုက်မပို့ခိုင်းဘူးဆိုတာ ဒါနဲ့ မင်းတို့က ငါ့ရွာမှာ ဘာလုပ်မလို့လဲ ”

“အင်း မန္တန်ဝိဇ္ဇာက ဦးဖိုးပိန်တို့ရွာမှာ သဘာဝမဟုတ်တာတွေဖြစ်နေလို့ ကျုပ်တို့ကို ကူညီပေးဖို့ အကူအညီတောင်းလိုက်လို့ပါ ”

ဦးဖိုးပိန် ၏ အမေးစကားအား သူ၏ ဘေးတွင်ရှိနေသော မောင်ဘိုးထင်မှ မိုးကြိုးစက်တောင်ဝှေးကို ပုဆိုးဖြင့်ပတ်ပြီး ထမ်းထားရင်း အမေးကို ပြန်ဖြေလိုက်လေ၏ ။

“အဲ့လိုလား အဲ့ဒါဆိုရင်တော့ မင်းတို့ကို ရွာလူကြီးအိမ် ပို့ရမယ်ဟေ့ ကဲ ကဲ သွက်သွက်လျှောက်ကြ”

ဦးဖိုးပိန်၏ လမ်းပြမှုဖြင့်အတန်ကြာလမ်းလျှောက်ပြီး ညနေ အချိန်တွင် ရွာတရွာသို့ ရောက်လာလေသည်။ရွာကြီးသည် နွားများ နှင့် ဆိတ်များကို အဓိက မွေးဟန်ရှိသည်။ရွာထိပ်စားကျက်တွင် နွားနှင့် ဆိတ်များအတော်ကို များလှသည်။ရွာထဲရောက်သောအခါ ရွာထဲမှာ ကလေး၊လူကြီး၊လူငယ်တို့သည် ‌မောင်ဘိုးထင်တို့၏နောက် ခပ်လှမ်းလှမ်းမှ လိုက်လာကြသဖြင့် ဦးဖိုးပိန်သည် အသံခပ်မာမာဖြင့်

“ဒါ ရွာလူကြီးရဲ့ ဧည့်သည်တွေ မင်းတို့ကောင်တွေ ရွာလူကြီးကို အာခံရဲရင်တော့ ဒီကောင်လေးတွေ အနားကိုကပ်ကြ”

ဦးဖိုးပိန်၏ စကားကြားသောအခါ မောင်ဘိုးထင်တို့၏ နောက်မလှမ်းမကမ်းမှ လိုက်လာသော လူများသည် ရပ်လျက် ကျန်နေခဲ့လေ၏။ထို့နောက် ဦးဖိုးပိန်သည် ပျဉ်ထောင်ပျဉ်ခင်း ဆောက်ထားသော အိမ်ဝိုင်းတခုရှေ့တွင်ရပ်ကာ

“ရွာလူကြီး ဦးထွန်း ”

“ဝေ့ ဘယ်သူလဲ ”

“ကျုပ် ဖိုးပိန်ပါ ”

“ဟေ့ကောင် ဖိုးပိန် မင်းက တဲစောင့် မဟုတ်လား ဘာလာလုပ်တာလဲ ”

“ဒီမှာ ကောင်လေးတွေ ရွာလူကြီး နဲ့ တွေ့ချင်တယ်ဆိုလို့ လိုက်ပို့တာပါ ”

“ဒီကောင်ကတော့ ပြဿနာပဲ ရွာအကြောင်းလဲ သိရဲ့သားနဲ့ တခြားရွာသားတွေကို ခေါ် ခဲ့ရတယ်လို့ကွာ ၀င်လာခဲ့ကြ ”

ရွာလူကြီး၏ အသံသည် စိုးထိတ်နေဟန်နှင့် အိမ်ဝိုင်းထဲဝင်ခွင့်ပြုလိုက်လေသည် ။

အိမ်ဝိုင်းထဲရောက်သောအခါ ရွာလူကြီး ဦးထွန်းသည် အိမ်အောက်ညစားပွဲတန်းလျားတွင် ထိုင်နေကာ မောင်ဘိုးထင်တို့အား ထိုင်ဖို့ရာအချက်ပြလေသည်။ရွာလူကြီး၏ မျက်နှာတွင် စိုးထိတ်နေသည်က အတိုင်းသားပေါ် နေ၏။သူတို့အားလုံး တန်းလျားပေါ်တွင် ထိုင်လိုက်သည်နှင့် ရွာလူကြီးသည် ဦးဖိုးပိန် အားထပ်မံအပြစ်ဖို့ပြန်သည် ။

“မင်းကွာ ရွာအခြေအနေကိုသိရဲ့သားနဲ့ ဘာလို့ ကလေးတွေကို ခေါ် ခဲ့တာလဲ ”

“ဟာ ကျုပ်က ခေါ်ခဲ့တာ မဟုတ်ပါဘူးဗျာ ဒီကောင်လေးတွေက ကျုပ်ကို အတင်းအကြပ်လိုက်ပို့ခိုင်းတာ သူတို့ကို မန္တန်ဝိဇ္ဇာက ဒီရွာကို ကူညီဖို့ လွှတ်လိုက်တယ်လို့တော့ ပြောတယ် ”

“ဟေ ဟုတ်ရဲ့လားကွာ ”

ရွာလူကြီးသည် မောင်ဘိုးထင်တို့အား ငဲ့စောင်းကြည့်ကာ မယုံကြည်သည့်လေသံနှင့် စကားဆိုလေသည်။ထိုအခါ ဖိုးထွေး သည်

“ဦးကြီးတို့ရွာက လူတွေက သွေးဆာနေတဲ့သူတွေ မဟုတ်လား ”

“ဟုတ်တယ် အဲ့တာကြောင့်မို့ ငါတို့ တခြားရွာတွေနဲ့ အဆက် အဆံ မလုပ်တော့တာ ”

“အရင်က ဦးကြီးတို့ရွာက သာမာန်ရွာပဲမဟုတ်လား”

ရွာလူကြီးခေါင်းညိတ်ပြလေ၏။ထိုအခါ ဖိုးထွေးသည် ဆက်ပြီး စကားဆိုလေသည် ။

“ဦးကြီး အနာရှိရင် ဆေးရှိတယ်။တကယ်တော့ ဦးကြီးတို့ရွာက လူတွေက ဘာကြောင့် သွေးသောက်နေရတာလဲဆိုတာ ကျုပ်တို့ကို ပြောပြနိုင်မလား ”

ရွာလူကြီးသည် ဖိုးထွေး၏ စကားကို ချက်ချင်းမဖြေပဲ ခဏ တွေဝေနေသေးသည်။နောက်မှ သက်ပျင်းတချက်ကို လေးဖင့်စွာချလိုက်ကာ

“ငါတို့လည်း မသောက်ချင်ပါဘူးကွာ ဒါပေမဲ့ သွေးမသောက်ရရင် ငါတို့တွေ မျက်လုံးတွေ ပြာလာပြီး လည်ချောင်းတွေ ယားလာတယ် ပြီးတော့ ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလာတယ် ”

“အင်း ရောဂါတခုလိုပါပဲလား ကျုပ်တို့ပျောက်အောင် ကူညီပါ့မယ် ”

“တကယ်သာ ပျောက်မယ်ဆိုရင်တော့ ငါတို့ ပျောက်ချင်နေပြီ တခြားရွာတွေ နဲ့ အဆက်အဆံ မလုပ်ရတာ နှစ် နှစ်လောက်ရှိ နေပြီ နောက်ပြီး ”

ရွာလူကြီးသည် စကားကို တဝက်တပျက်ဖြင့် ရပ်လိုက်ရာ မောင်ဘိုးထင်မှ ရွာလူကြီးအား

“ရွာလူကြီး နောက်ပြီး ဘာဖြစ်လို့လဲ ဆက်ပြောဦးလေ ”

“ကောင်လေးတို့ ငါမပြော‌ပြတော့ဘူး မင်းတို့ဘာသာ လိုက်ကြည့်တော့”

ရွာလူကြီးသည် ထိုမျှသာပြောပြီး ထသွားရာ မောင်ဘိုးထင် တို့သည်လည်း ထိုင်နေရာမှ ထပြီး ရွာလူကြီး၏နောက်သို့ လိုက် သွားကြပါသည်။

◾အခန်း (၅)

ရွာလူကြီး ဦးထွန်းသည် ‌သူ၏ အိမ်အနောက်ဘက်ရှိ အိမ်တလုံးဆီသို့ သွားနေလေသည်။ထိုသွားရာလမ်းတွင် ဦးထွန်း၏ အနောက်တွင် ကပ်လျက်ပါလာသော သာရမှ ရွာ၏ အမည်ကို မေးလေ၏။

“ရွာလူကြီး ကျုပ်တို့ကို ရွာရဲ့နာမည် ပြောပြပါဦး ဦးဖိုးပိန်ကို မမေးလိုက်ရလို့ ”

“ရွာနာမည်က အင်းတောရွာလို့ ခေါ်တယ်ကွ ”

အင်းတော ရွာလူကြီးသည် သူ၏ရွာနာမည်ကိုပြောရင်း ရှေ့မှ ဆက်သွားရာ မကြာမီ သစ်လုံးများကို အသေအချာကာထားသော ထောင်ပုံသဏ္ဍာန်အိမ်၏ရှေ့တွင် ရပ်လိုက်သည်။ရွာလူ ကြီး ရပ်လိုက်သည် နှင့် ထိုအိမ်လေး၏ရှေ့တွင်ရပ်နေသော လူရွယ်နှစ်ယောက်သည် ရွာလူကြီးအား

“ရွာလူကြီး ဒီကောင်တွေကို ရေရှည်ထိန်းဖို့ မလွယ်တော့ဘူး ”

“ဘယ်လိုဖြစ်တာလဲ ကိုပု ”

“ဒီထဲကကောင်တွေက ကျုပ်တို့တိုက်တဲ့သွေးကို မသောက်တော့ဘူး သစ်လုံးတွေကိုဖယ်ပြီး အပြင်ကို ထွက်ဖို့ လုပ်နေလို့ကျုပ်တို့ ရွာထဲကကောင်တွေ အကူအညီနဲ့ ကြိုးချည်ထားရတယ် ဒီကောင်တွေ တော်တော်သောင်းကျန်းနေပြီ ဒီနေ့ညနဲ့မနက်မှာပဲ နောက်ထပ်နှစ်ယောက် ရွာထဲက ဖမ်းလာရသေးတယ် ရွာထဲကကောင်တွေလည်း ရေရှည်ဆိုအခြေအနေမကောင်းဘူး”

“အေးကွာ တို့ရွာလည်း တဖြည်းဖြည်းနဲ့ မကောင်းဆိုးဝါးရွာ ဖြစ်တော့မယ် ထင်တယ်ကွာ ”

ရွာလူကြီးသည် ညည်းတွားကာ သစ်လုံးအိမ်ထဲတွင် လက်နောက်ပြန်ကြိုးချည်ထားသောလူဆယ်ယောက်အား မောင်ဘိုးထင်တို့ကို ပြလာလေသည်။ထိုသူများသည် မောင်ဘိုးထင်တို့အား ရဲရဲနီနေသောမျက်လုံးများဖြင့်ကြည့်ကာ ကုန်းရုန်းထလာပြီး

“လူစိမ်းတွေ ကျုပ်တို့ကိုပေး ရွာလူကြီး လူစိမ်းတွေကို ကျုပ်တို့ကိုပေးပါ ”

“ဟုတ်တယ် တိရစ္ဆန်သွေးတွေ မသောက်ချင်ဘူး လူသွေး သောက်ချင်တယ် ကျုပ်တို့ကိုပေးပါ ”

“ဟေ့ လူမိုက်တွေတော်စမ်း ငါတို့ လူသွေးသောက်လို့ မရဘူးဆိုတာ မင်းတို့ မသိဘူးလား ”

“မသိဘူးဗျာ နွားသွေးတွေဆိတ်သွေးတွေ မသောက်ချင်ဘူး လူစိမ်းကို မပေးဘူးဆို ဒီကလွတ်ရင် တခြားရွာက လူတွေရဲ့ သွေး သွားသောက်မယ် ”

“မင်းတို့ မကောင်းဆိုးဝါးတွေဖြစ်ကုန်ပြီ ကိုပု ဒီကောင်တွေကို သေချာစောင့် မင်းတို့မှာ ဒူးလေး ရှိတယ် မဟုတ်လား ဒီ ထဲက ထွက်လာတဲ့ကောင်မှန်သမျှ ပစ်ကွာ ”

“ဟုတ်ကဲ့ ရွာလူကြီး ”

ရွာလူကြီးသည် အစောင့်ရွာသားနှစ်ယောက်အား ပြောလိုက်ရာ ကိုပု နှင့် တခြားတယောက်သည် သူတို့၏စားပွဲခုံတွင် တင်ထားသော ဒူးလေးနှင့် မြှားကို အသင့်ကိုင်ထားလိုက်ကြလေသည်။

အခြေအနေမကောင်းတော့သည့်အနေထားကို မောင်ဘိုးထင် တို့ မျက်မြင်တွေ့၍ တယောက်ကို တယောက်ကြည့်ပြီး သတိ ထားဖို့ရာ အချက်ပြလိုက်လေ၏။ထို့နောက် မောင်ဘိုးထင် သည် ရွာလူကြီးအား

“ဦးထွန်း ကျုပ်တို့ ရွာနဲ့ တနေ့လောက်သွားရတဲ့ ခရီးမှာ ဒီလို တွေဖြစ်ပျက်နေတယ်ဆိုတာ မယုံနိုင်ဖြစ်ရတယ် ကဲ ရွာထဲကအခြေအနေကို လိုက်ပြဦး ခင်ဗျားတို့ ဘယ်လိုတွေနေ နေလဲဆိုတာလည်းပြောပြပါ ကျုပ်တို့ ဒီကိစ္စကိုရအောင် ကူညီမယ် ”

မောင်ဘိုးထင်သည် ပါးစပ်မှ ထိုသို့ပြောလိုက်သော်လည်း လက်တွေ့မည်သို့ ဖြေရှင်းရမည်ကို မသိသေးပေ။သို့ပေမဲ့ ဟန်ကိုယ့်ဖို့ဆိုသည့်အတိုင်း သူတို့အားလုံး မည်သည့်ကိုမှဂရုမစိုက် သည့်ဟန်နှင့် ‌နေကြခြင်းဖြစ်သည်။ဤသို့ဖြင့်ရွာ လူကြီးသည် ရှေ့မှဦးဆောင်ပြီး ရွာထဲသို့ ထွက်သွားကြပါလေတော့သည် ။

◾အခန်း (၆)

နွားသုံးကောင်အား ညှပ်ထဲသွင်းရန် အင်းတောရွာသားများ ကြိုးစားနေကြသည်။နွားများအား ညှပ်ထဲသွင်းပြီးသောအခါ ဘေးတွင် ဝိုင်းကြည့်နေသော ကလေး၊လူကြီး၊လူငယ် အရွယ်စုံလှသော လူများသည် ပန်းကန်များကိုကိုင်ပြီး တိုးဝေ့နေကြလေသည်။နွားအား ညှပ်ထဲသွင်းပြီးသောအခါ သံချွန်တချောင်းကို ကိုင်ထားသောလူကြီးသည် ဘေးတွင် တိုးဝှေ့နေသောသူ များအား

“ဟေ့ မတိုးကြနဲ့ နင်တို့ တိုးနေရင် ငါ သွေးမဖောက်တော့ဘူးနော် လူဘယ်လောက်မှ များတာမဟုတ်ဘူး ဒီနွားတွေ သွေး အားနည်းသွားရင် နောက်ထပ်နွားတွေဆိတ်တွေရှိသေးတယ်။အကုန်ရစေရမယ်။နေ့တိုင်းသောက်နေရတာ တဖြည်းဖြည်းနဲ့နင်တို့တွေက အကျင့်ပျက်နေကြပြီ ”

သံချွန်ကိုင်ထားသော သူကြီးသည် ရွာသားများဘက်ကို ကြည့်ကာ အော်ဟစ်လိုက်ခြင်းဖြစ်သည်။ထိုအချိန် ရွာသားများနှင့် မလှမ်းမကမ်းတွင် ရွာလူကြီးဦးဆောင်သော မောင်ဘိုးထင်တို့ အဖွဲ့ရောက်နေပြီ ဖြစ်သည်။ရွာလူကြီးသည် ရှေ့ဆုံးမှ ရွာသားများ အနားသွားသောအခါ တချို့သူများသည် ရွာလူကြီး၏နောက်မှ မောင်ဘိုးထင်တို့ကို မခိုးမခန့်ရယ်ပြီး သူတို့၏ အစားအသောက်အား တွေ့ပြီဆိုသော ဟန်ပန်နှင့် ရယ် နေသေး၏။ထိုအရာကိုသိသော ရွာလူကြီးသည် မောင်ဘိုးထင် တို့အား ရှေ့မှ သွားစေပြီး နွားများအား ညှပ်သွင်းနေသည်။ လူကြီးများအနားသို့ သွားနေစေသည်။ထိုလူကြီးများသည် ရွာလူကြီးကို မြင်သောအခါ

“ရွာလူကြီး ကျုပ်တို့ ရွာကလူတွေတော့ တနေ့ထက် တနေ့ အခြေအနေဆိုးလာပြီ အခု တချို့ကောင်တွေက နွားသွေး နဲ့ ဆိတ်သွေး မသောက်ချင်ဘူး လူသွေးသောက်ချင်တယ် ပြောနေကြတယ် ”

“အဲ့ဒီလိုပြောတဲ့ကောင်တွေကိုတွေ့ ရင် အကုန်ဖမ်း လူလှ ”

“ကျုပ်လည်း ဒီအသိစိတ်လွတ်နေတဲ့ကောင်တွေကို ဖမ်းချင်နေတာပါ ဒါနဲ့ ဒီကောင်လေးတွေက ဘာလာလုပ်တာလဲ လူစိမ်းတွေ မဟုတ်လား ”

လူလှဟု အမည်ရသောလူကြီးသည် မောင်ဘိုးထင်တို့ကို မေးငေါ့ပြပြီး မေးလိုက်ရာ ရွာလူကြီးမှ လူလှအနားတိုးကပ်လိုက်ပြီး

“ဒီကောင်လေးတွေက တို့ရွာမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို ရှင်းပေးမယ် ပြောတာပဲ ဖိုးပိန်ခေါ်လာတာ ”

“ဟုတ်ရော ဟုတ်ပါ့မလား လူကြီး။တော်ကြာ ဒီကောင်လေးတွေ တခုခု ဖြစ်နေပါဦးမယ် ”

“မဖြစ်အောင်တော့ ဂရုစိုက်ရမှာပဲ ငါလည်း ဒီဘဝကြီးနဲ့ မနေချင်ဘူး အရင်လို တခြားရွာတွေ နဲ့ ကူးလူးဆက်ဆံတဲ့ ဘဝကို ပြန်လိုချင်ပြီ ဘာပဲဖြစ်ဖြစ် ကောက်ရိုးတမျှင်အနေနဲ့ ငါလက်ခံ လိုက်တာ ”

ရွာလူကြီး နှင့် နွားများအားညှပ်သွင်းနေသော လူကြီးများ စကား ပြောနေကြစဉ် ပန်းကန်များကို ကိုင်ထားသော ရွာသားများသည် တလှုပ်လှုပ် တရွရွဖြစ်လာကာ

“သွေးပေးပါတော့ဗျို့ ”

“ဟုတ်တယ် ပေးပါတော့ ဒီမှာ သောက်ချင်လာပြီ ”

ထိုသို့ ဆူဆူညံဖြစ်လာသည့်အခါ သံချွန်ကိုင်ထားသော လူကြီးသည် တခြားသောလူများ၏ အကူအညီဖြင့် ညှပ်သွင်းထားသော နွားတကောင်၏ လည်ပင်းကို ထိုးဖောက်လိုက်ပြီး သွေးများပန်းထွက်လာသောအခါ ပန်းကန်လုံးနှင့်ခံပြီး ရွာသားများအား စတင်ဝေနေပါတော့သည်။ထူးဆန်းသောထိုမြင်ကွင်းကို မြင်နေရသော မောင်ဘိုးထင်တို့သည် ‌သွေးဆာနေသော ရွာသားများမှ သွေးအား အလုအယက် ယူဆောင်နေသည်ကို ကြည့်ရင်း ကျောချမ်းနေမိကြပါတော့သည် ။

◾အခန်း (၇)

နေလုံးကြီးသည် အနောက်တောင်စွယ်သို့ဝင်ရောက်သွားနှင့် အမှောင်ထုမှာ တဖြည်းဖြည်းကြီးစိုးလာလေသည်။ထိုအချိန် အင်းတောရွာလူကြီး ဦးထွန်း၏အိမ်ပေါ်တွင် မောင်ဘိုးထင်တို့ ရှိနေကြသည်။ရေနံဆီမီးခွက် ထွန်းထားသောကြောင့် အိမ်လေးပေါ်တွင် အလင်းရောင်ကောင်းစွာရနေ၏၊ဦးထွန်းသည် သက်ပြင်းရှည်တချက်ကိုချကာ မောင်ဘိုးထင်တို့ကို ကြည့်ပြီး စကားဆိုလေသည် ။

“ကောင်လေးတို့ မင်းတို့မြင်တဲ့အတိုင်း ငါ့ရွာသားတွေက အခြေအနေဆိုးနေပြီ။တော်တော်ထိန်းမရတဲ့ ကောင်တွေကို ဖမ်းထားတယ်ဆိုပေမဲ့ အဲ့လိုဖြစ်လာမဲ့ကောင်တွေကလည်း အပြင်မှာ အများသား။မင်းတို့အတွက် စိုးရိမ်တယ်ကွာ အဲ့တော့ ငါတို့ရွာကနေ အမြန်ဆုံးသာ ပြန်တော့ ငါတို့ကတော့ ဒီကောင်တွေနဲ့ တိုက်ခိုက်ရဦးမယ် ထင်တယ်။တို့ရွာသားတွေကြောင့် တခြားရွာက လူတွေကို မထိခိုက်စေချင်ဘူး ”

“အားမလျှော့ပါနဲ့ ရွာလူကြီး ဦးထွန်းရယ် ကျုပ်တို့လည်း တတ်နိုင်သလောက် ကူညီပါ့မယ် ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စတွေ ဖြစ်တာလဲဆိုတာ ပြောပြလို့ရနိုင်မလား ”

သာရသည် ရွာလူကြီးအား မေးမြန်းလိုက်လေသည်။ထိုအခါ ရွာလူကြီးသည် သက်ပျင်းတချက်ကို လေးပင်စွာချကာ ရွာအကြောင်း ပြောပြမည်ပြုစဉ် အိမ်ပေါ်သို့ ဖိုးပိန် နှင့် လူလှတို့ သုတ်သီးသုတ်ပြာရောက်လာကာ အမောတကော‌ လေသံနှင့်

“ရွာလူကြီး ဖမ်းထားတဲ့ကောင်တွေကို အပြင်က ထိန်းမရတဲ့ ကောင်တွေ အစောင့်တွေကို ရိုက်ပြီး လွတ်သွားပြီ အခု သူတို့ ဒီကောင်လေးတွေ သွေးကို သောက်ဖို့ လာနေပြီ ”

“ဟာ ငါထင်တယ် ဒီကောင်တွေ ထိန်းမရတော့ဘူးဆိုတာ ကဲကောင်လေးတွေ ပြေးကြ ငါတို့လည်း တတ်နိုင်သလောက် တားပေးမယ် ”

ရွာလူကြီးမှ ထိုသို့ပြောလိုက်သောအခါ မောင်ဘိုးထင်သည် သူ၏ မိုးကြိုးစက်တောင်ဝှေးအား ပတ်ထားသောပုဆိုးကို ကိုင်လိုက်လေသည်။ထိုအခါ ဘေးတွင်ရှိနေသော ဖိုးထွေးသည်

“ဘိုးထင် ဒီလူတွေက မကောင်းဆိုးဝါးမဟုတ်လောက်ဘူး သာမာန်လူတွေ အကြောင်းတခုခုကြောင့် ဒီလိုဖြစ်နေတာ ဖြစ်မယ် ငါတို့ သူတို့ကို ထိခိုက်အောင်လုပ်လို့ ဖြစ်ပါ့မလား ”

“ဟုတ်တယ် ဘိုးထင် တော်ကြာ လူတွေ သေနေရင် ငါတို့ အမှု ပတ်နေဦးမယ် ”

ပေတူးကပါ ဝင်ပြောသောကြောင့် အချိန်ရော နည်းလမ်းပါ မရှိသေး၍ လွတ်ရာသို့ ရှောင်နေသည်သာ အသင့်တော်ဆုံးဟု ဆုံးဖြတ်လိုက်ကာ ‌

“ကဲ ပြေးကြတာပေါ့ ဦးထွန်း ကျုပ်တို့ပြေးပြီဗျာ သတ်တာ တွေ ဖြတ်တာတွေတော့ အချင်းချင်း မလုပ်ကြပါနဲ့”

“စိတ်ချပါ ကဲ ကောင်လေးတို့ ပြေးကြတော့ ”

မောင်ဘိုးထင် တို့သည် ရွာလူကြီး၏ အိမ်မှာပင် သူတို့ ပစ္စည်းပစ္စယများကို ထားခဲ့ပြီး ပြေးဆင်းလိုက်ကြသည်။သူတို့ ရွာလူကြီး အိမ်ဝိုင်းထဲမှ ပြေးထွက်ပြီး မကြာမီအချိန်တွင် သွေးဆာနေသောလူအုပ်ကြီးသည် မောင်ဘိုးထင်တို့ ပြေးထွက်သွားသည်ကို မြင်တွေ့ သွားကာ

“လူစိမ်းတွေ ပြေးပြီဟေ့ လိုက်ကြ မိရင် ဝေတူဝေမျှပဲ သွေးသောက်ကြမယ်ဟေ့ ”

“လိုက်ကြဟေ့ မလွတ်စေနဲ့ ဒီကောင်လေးတွေ သွေးသောက်ပြီးရင် တခြားရွာတွေက လူတွေသွေးသောက်ကြမယ်ဟေ့ ”

“ဟုတ်တယ်ဟေ့ လိုက်ကြ”

ရွာလူကြီး နှင့် အခြားရွာသားများသည်လည်း စိတ်ရိုင်းဝင်နေပြီ ဖြစ်သော ရွာသားများကို မထိန်းထားနိုင်တော့ပဲ လွှတ်ထားလိုက်ရတော့သည်။သွေးဆာနေသော အင်းတောရွာသားများ သည် မောင်ဘိုးထင်တို့ ပြေးသွားရာနောက်သို့ ဝရုန်းသုန်းကား ပြေးလိုက်သွားကြတော့သည်။

◾အခန်း (၈)

မောင်ဘိုးထင်တို့သည် ရွာထိပ်သို့ ပြေးလွှားနေကြသည်။ထိုစဉ်ရွာထိပ်အမှောင်ထဲတွင် အရိပ်သာမြင်ရသော လူဆယ်ရောက်ခန့်သည် သူတို့သွားမည့်လမ်းကို ပိတ်ထားလေ၏။ ထို့နောက် ထိုလူဆယ်ယောက်ခန့်သည် ‌ဝမ်းပန်းတသာဖြစ်နေကြကာ

“ငါတို့ ထင်ထားတာ ကွက်တိပဲ ဒီကောင်လေးတွေ ဒီဘက်ပြေးလာမယ်ဆိုတာ ”

“ဟုတ်တယ် နောက်ကကောင်တွေလည်း ရောက်တော့မယ် ဒီကောင်လေးတွေ ပြေးမလွတ်ဘူးဟေ့ ပြောထားရဦးမယ် ဒီကောင်လေးတွေကို မသေစေနဲ့ ရွာက နွားတွေကို သွေးထုတ် သလို သေချာမွေး သွေးဖောက်ထုတ်ပြီး သောက်ရမယ် ”

ရွာသားများသည် အချင်းချင်းတိုင်ပင်ကာ စကားဆိုနေချိန် မောင်ဘိုးထင်တို့အနောက်မှ လိုက်လာသော လူအုပ်ကြီးသည် လည်း သူတို့အနား ရောက်လာပြီဖြစ်သည်။ထိုလူအုပ်ထဲမှ လူ တချို့သည် မောင်ဘိုးထင်တို့ကို ကြည့်ကာ

“မင်းတို့ ကောင်တွေ အမှောင်ထဲ လျှောက်ပြေးနေသေးတယ် ငါတို့က မင်းတို့ကို မသတ်ပါဘူး လည်ချောင်းက သွေးလေးတွေပဲ ဖောက်ပြီး သောက်မှာပါ မင်းတို့ကို ငါတို့ရွာက နွားတွေ လိုပဲ ကောင်းကောင်း မွေးမှာပါ ”

ဖိုးထွေး နှင့် သာရသည် ညှပ်ပိတ်ခံထားရသဖြင့် ပြေးစရာလမ်းမရှိချိန်တွင် သူ၏ ဘေးမှ ပေတူး နှင် သာအေး၏ ပုခုံးကို ကိုင်ကာ

“ပေတူး သာအေး မင်းတို့ မကြောက်နဲ့နော် ငါတို့ရှိတယ် ”

“မကြောက်ပါဘူးဗျာ လည်ချောင်းကနေ ဟိုနွားတွေကိုဖောက်သလို ဖောက်မှာတော့ နည်းနည်းလန့်တယ်ဗျ ”

ထိုစဉ် မောင်ဘိုးထင်၏လက်ထဲရှ်ိ မိုးကြိုးစက်တောင်ဝှေးမှာ တဖြည်းဖြည်း လင်းလာလေသည်။ထိုအလင်းရောင်သည် အတော်ကို လင်းထိန်လာသောကြောင့် သူတို့အား ရန်ပြုရန် လိုက်လာသည့် သွေးဆာနေသောအင်းတောရွာသားများ မကြည့်နိုင်ဖြစ်ကာ လက်ဖြင့်ကာ၍ သူတို့အနား ရောက်ရန်ကြိုးစားနေ၏။ထိုအချိန် မောင်ဘိုးထင်၏ နားထဲတွင် မန္တန်ဝိဇ္ဇာ၏ အသံ ကြားလာရသည်။

“ကောင်လေး မင်းကို အထက်ကဆရာကြီးတွေ ကူညီနေတာ ငါလည်း ကူညီမယ် မင်းရှေ့မြေပြင်မှာ မန္တန်တပုဒ် ပေါ်လာလိမ့်မယ်။အဲ့ဒီမန္တန်ကို အသံကျယ်ကျယ်နဲ့ ရွတ်လိုက် ကောင်လေး ပြီးရင် မင်းကို လမ်းပြလိမ့်မယ် အဲ့ဒီအတိုင်းလိုက်သွား ဒီရွာကို တိုက်ထားတဲ့ အစီအရင်ကိုတွေ့လိမ့်မယ် မင်းတို့ ဖျက်စီးပစ်ပါ ”

မောင်ဘိုးထင်သည် မန္တန်ဝိဇ္ဇာ၏ စကားအတိုင်း သူ၏ ရှေ့ရှိ မြေပြင်ကို ကြည့်လိုက်လေသည်။ထိုအခါ မိုး‌ကြိုးစက် တောင်ဝှေး၏ အလင်းရောင်အောက်တွင် မန္တန်တပုဒ်သည် တဖြည်းဖြည်းပေါ်လာလေသည်။မောင်ဘိုးထင်သည်လည်း အချိန်မဆွဲပဲပေါ်လာသောမန္တန်အား အသံနေအသံထားနှင့် ခပ်ကျယ်ကျယ်ရွတ်လိုက်ရာ မြေပြင်တွင် ရွှေရောင်အလင်းတန်း တခုပေါ်လာပြီး အင်းတောရွာသားများကြားထဲမှ ဖြတ်သွားလေသည်။မောင်ဘိုးထင်လည်း ထိုရွှေရောင်အလင်းတန်းအတိုင်း လိုက်သွားရာ အင်းတောရွာသားများသည် မိုးကြိုးစက်တောင် ဝှေး၏ အလင်းရောင်ဒဏ်ကို မခံနိုင်ပဲ ဘေးလွတ်ရာသို့ ရှောင်ရှားကြလေသည်။ရွှေရောင်အလင်းတန်းသည် ရွာထိပ်ရှိ မန်ကျည်းပင်ကြီးဘက်ဆီသို့ သွားပြီး မန်ကျည်းပင် ပင်စည် တွင် ရပ်တန့်နေလေ၏။ထိုအချိန် အင်းတောရွာလူကြီးသည်လည်း သူတို့အနားသို့ ရောက်လာပြီမို့ မောင်ဘိုးထင်မှ

“ဦးထွန်း ပေါက်တူး အမြန်ယူပါ အရေးကြီးတယ် ”

“အေး အေး ကောင်လေး လူလှ ပေါက်တူးကို ဒီနားက အိမ်တွေဆီက ချက်ချင်းသွားယူလာစမ်းကွာ ”

“ဟုတ်ကဲ့ ရွာလူကြီး ဟိုကောင်တွေ ဒီဘက်ကို ဘာလို့ မလာရဲတာလဲ မသိဘူး ”

“အဲ့တာနောက်မှပြော ဖိုးပိန် မင်းလည်း သွားယူ ”

လူလှ နှင့် ဖိုးပိန်သည် နီးစပ်ရာအိမ်မှ ပေါက်တူးကို ယူပြီး မောင်ဘိုးထင် တူးခိုင်းသည့် နေရာအား တူးကြလေသည်။ နှစ်တောင်မျှတူးပြီးချိန်တွင် ဆံပင်များပေါ် လာပြီး ထပ်တူးသောအခါ လူသေရုပ်အလောင်းတခုအား တွေ့ရလေသည်။ထို့နောက် မောင်ဘိုးထင်သည် အချိန်မဆွဲပဲ ရွာလူကြီးအား ထင်းခြောက်များကို ရှာစေပြီး စုပုံက အရိုးကျနေပြီဖြစ်သော လူသေအလောင်းအား မီးရှို့လိုက်ပါလေတော့သည် ။

◾အခန်း (၉)

အလောင်းအား မီးရှို့ပြီးသွားသောအခါ သွေးဆာနေသော အင်းတောသားများသည် သူတို့မဟုတ်သည့်အလား ရွာလူကြီး နှင့် မောင်ဘိုးထင်တို့ အနားသို့ ရောက်လာကာ

“ရွာလူကြီး ဘယ်လိုဖြစ်တာလဲ ကျုပ်တို့ ဘာဖြစ်တာလဲ ”

“ငါ ငါတို့ နွားသွေးတွေကို သောက်နေခဲ့တာကွ သွေးစိမ်းတွေကို သောက်နေခဲ့တာ ”

ရွာလူကြီး၏ စကားကြောင့် တချို့သောသူများသည် အော့ အန်ကုန်ကြသည်။သူတို့၏ စိတ်ထဲတွင် သွေးသောက်ချင်စိတ်လုံးဝ မဖြစ်ပေါ်တော့ပေ။ရွာလူကြီးသည်လည်း သာမာန်ဖြစ် သွားပြီး သူကိုယ်သူ လက်နှင့် ပြန်စမ်းကာ ဝမ်းသာနေပြီး မောင်ဘိုးထင်တို့အား ကျေးဇူးတင်စကားဆိုလေ၏။

“ကောင်လေး ငါ ငါတို့ သွေးမသောက်ချင်တော့ဘူး ငါတို့ လူကောင်းတွေဖြစ်ပြီကွ မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ ”

“ရပါတယ် ဦးထွန်းတို့ကို တယောက်ယောက်က ဒီလို ဖြစ်အောင် လုပ်ထားတာဗျ ကျုပ်တို့ ဒီလူ့ကို တားမှ ဖြစ်မယ် ဦးထွန်း ဒီလိုဖြစ်အောင် လုပ်တာ ဘယ်သူလဲဆိုတာ သိလား “.

“ငါအထင်တော့ ငါတို့ တရွာလုံးနဲ့ ရန်ဖြစ်တဲ့ စပါးပွဲစား လုပ်တာ ထင်တယ် ”

“ကဲ အခုတော့အိမ်ပြန်ကြစို့ ကျုပ်တို့ကို စပါးပွဲစားအကြောင်း ပြောပြပါအုံး ”

“စိတ်ချ ပြောပြပါ့မယ် ဒီကောင်ပြန်ပြီးမှ ငါတို့ ရွာ ဒီလိုဖြစ်တာပဲ ကဲ အားလုံး အိမ်ပြန်ကြတော့ဟေ့ ”

ရွာလူကြီးသည် သူ၏ ရွာသားများအား အိမ်ပြန်ခိုင်းလိုက်ပြီး သူသည်လည်း မောင်ဘိုးထင်တို့ကို ခေါ်ကာ အိမ်သို့ ပြန်ခဲ့လိုက်ပါတော့သည်။

▪️အောက်လမ်းဘိုးထင် နှင့် သွေးစုပ်ရွာသည်က ဤမျှသာ

ရေးသားသူ-မောင်တင်ဆန်း

#mgtinsan

#crd