” သရဲစားတဲ့ကိတ် “(စဆုံး)
==========================
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။
(၁)
အဖိတ်နေ့ညဖြစ်သဖြင့် လရောင်က ကောင်းကင်တွင်ဝင်းပစွာသာနေလေသည်။ ကိုသားစိုးတစ်ယောက် ကားပေါ်မှဆင်းလိုက်ရင်း ရွာအဝင်တာလမ်းမကြီးကို တစ်ချက်ငေးကြည့်လိုက်မိသည်။ လမ်းလေးဝဲယာတစ်ဖက်တစ်ချက်တွင် အုပ်အုပ်ဆိုင်းဆိုင်းသစ်ပင်ကြီးများပေါက်နေသည့် တာလမ်းမကြီးက ဖြောင့်ဖြူးနေလေသည်။ ထိုတာလမ်းမကြီးအဆုံး အတော်လှမ်းသည့်နေရာတွင်တော့ မီးရောင်ကလေးများ မှိတ်တုတ်မှိတ်တုတ်နှင့် ရွာကလေးကိုလှမ်းမြင်နေရသည်။
“တောက်၊ အရေးထဲမှ ကားကပျက်နေရတယ်လို့ကွာ”
ကိုသားစိုးက တစ်ချက်ညည်းတွားလိုက်ကာ မှောင်မိုက်နေသည့် တာလမ်းမကြီးအတိုင်းဆက်လျှောက်လာခဲ့သည်။ နေ့လည်နေ့ခင်းတွင် ဆိုင်ကယ်များ၊ ထွေလာဂျီများနှင့် စည်ကားနေတတ်သည့်တာလမ်းမကြီးမှာ အခုတော့ လူသူတစ်ဦးတစ်ယောက်မှပင်မရှိတော့ဘဲ တိတ်ဆိတ်မှုကလွှမ်းခြုံထားလေသည်။
ကိုသားစိုးမှာ ကျောပိုးအိတ်ဖောင်းဖောင်းကြီးတစ်လုံးကိုလွယ်ထားပြီး လက်တစ်ဖက်တွင်တော့ ခရီးဆောင်အိတ်အစင်းကြားအသေးလေးတစ်လုံးကို ဆွဲကိုင်ထားသည်။ အခြားလက်တစ်ဖက်တွင်တော့ နာမည်ကျော် နေပြည်တော်လက်ဆောင် နန်းစိန်ကိတ်မုန့်ဘူး သုံးဘူးကို ကြွပ်ကြွပ်အိတ်နှင့်ထည့်ကာ ဆွဲကိုင်လာခဲ့သည်။ ရွာသို့ရောက်ချင်ဇောဖြင့် ရွာအဝင်တာလမ်းမကြီးအတိုင်း ခြေလှမ်းခပ်သွက်သွက်ဖြင့် လှမ်းလျှောက်လာသည့် ကိုသားစိုးမှာ လမ်းခုလတ်တစ်နေရာအရောက်တွင် ခြေလှမ်းများတုန့်ခနဲရပ်တန့််သွားသည်။ ကိုသားစိုး၏ မြင်ကွင်းရှေ့တွင် မီးခိုးခေါင်းတိုင်အရှည်ကြီးနှင့်် မီးသဂြိုဟ်စက်ကိုမြင်တွေ့လိုက်ရသည်။ မီးသဂြိုဟ်စက်၏ နံဘေးဝဲယာတွင်တော့ အုတ်ဂူဖြူဖြူများက စီတန်းကာတည်ရှိနေသည်။
မီးသဂြိုဟ်စက်နှင့် အုတ်ဂူဖြူများကြောင့် ကိုသားစိုးခြေလှမ်းရပ်တန့်သွားသည်မဟုတ်၊ ထိုရွာသုဿန်၏အကျော် ခပ်လှမ်းလှမ်းတွင် တာလမ်းမကြီးနံဘေး ပေါက်ရောက်နေသည့် အလွန်ကြီးမားသည့် ကုက္ကိုလ်ပင်ကြီးက ကိုသားစိုး၏ခြေလှမ်းများကို ရပ်တန့်သွားစေခြင်းဖြစ်သည်။ ကိုသားစိုးမှာ စိတ်ထဲဒွိဟဖြစ်နေမိသည်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်နေသည့် အနေအထားဆိုလျှင်လည်း မမှားနိုင်ပေ။
“သုဿန်အကျော်က ကုက္ကိုလ်ပင်ကြီးမှာ သရဲကြီးတစ်ကောင်ရှိတယ်ကွနော်၊ ညဘက် အစားအစာတွေသယ်ပြီး အဲဒီအပင်အောက်က ဖြတ်လျှောက်ရင် သရဲကြီးက ဆင်းဆင်းလုတတ်တယ်တဲ့”
ငယ်စဉ်ကတည်းက ကြားဖူးနားဝရှိသည့် အကြောင်းအရာများမှာ နားထဲပဲ့တင်ထပ်သလိုပြန်ပေါ်လာခဲ့သည်။
“ငါတစ်ယောက်တည်း ဒီကနေဖြတ်လို့ရပါ့မလား”
ကိုသားစိုးတစ်ချက်စဉ်းစားနေမိသည်။
“ရွာကိုမပြန်ဘဲ၊ အနောက်ပြန်လှည့်ပြီး ကားလမ်းဘေးနားက ငါ့သူငယ်ချင်းရွာမှာ တစ်ညဝင်ပြီးမှ ရွာကိုပြန်ရင်ကောင်းမလား”
ကိုသားစိုးမှာ နောက်ဆုတ်ရမည့်အရေးကိုလည်း ကြိုတင်တွေးတောနေမိသည်။ ထိုနေရာတွင် သုံးမိနစ်ခန့်ရပ်ကာ စဉ်းစားပြီးသည့်နောက် ကိုသားစိုးမှာ လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ကာ စိတ်ကိုဒုံးဒုံးချလိုက်သည်။
“အို၊ ငါယောက်ျားပဲ၊ ဘာကြောက်စရာရှိလို့လဲ၊ ဒီအပင်အောက်ကနေ အပြေးဖြတ်သွားရင် အလွန်ဆုံးကြာ ဆယ်စက္ကန့်လောက်ပဲကို၊ ငါဘာတွေကြောက်နေတာလဲ”
ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ပြီးနောက် ကိုသားစိုးမှာ အားတင်းကာဆက်လျှောက်လာခဲ့သည်။
အချိန်ကာလအားဖြင့် ၂၀၀၇ခုနှစ်ခန့်၊ မြန်မာပြည်အလယ်ပိုင်း ပျဉ်းမနားဒေသတွင် နေပြည်တော်ဟူသည့် မြို့သစ်ကြီးစတင်တည်ဆောက်နေသည့်အချိန်ကဖြစ်သည်။ မြို့သစ်တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်သား အများအပြားကိုအသုံးပြုရလေရာ ကိုသားစိုးမှာလည်း ထိုလုပ်သားများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသည့်စကားအတိုင်း ကိုသားစိုးမှာ နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများတွင် သွားရောက်နေထိုင်လုပ်ကိုင်ရသည်၊ ယခု နေပြည်တော်ရောက်ပြီး ခြောက်လမြောက်သည့် လမှာပင် ခွင့်သုံးရက်ရသဖြင့် မွေးရပ်ဇာတိ ရွာကလေးထံသို့ ပြန်လာရခြင်းဖြစ်သည်။
ကိုသားစိုးမှာ သနပ်ချောင်း(အမည်လွှဲ)ရွာသားဖြစ်သည်။ ရွာတွင်မွေး၍ ရွာတွင်ကြီးလာသူဖြစ်ကာ ရွာသူ မခင်ထားနှင့် ဖူးစာဖက်၍ ညားခဲ့ကြသည်။ ကိုသားစိုး၏ မိဘများမှာ လယ်သမား၊ ယာသမားများဖြစ်သည်မို့ ကိုသားစိုးမှာ လယ်ယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့သည်။ သို့သော် မြို့သစ်စီမံကိန်းကြီးပေါ်ပေါက်လာသည့်အခါ ရွာသားတစ်ချို့က သွားရောက်လုပ်ကိုင်ကြရင်း အမြတ်အစွန်းများသည်ဟုဆိုသဖြင့် ကိုသားစိုးလည်း ထိုသူများနည်းတူ သွားရောက်လုပ်ကိုင်ရခြင်းဖြစ်သည်။ အစက ရွာမှရွာသားများနှင့် အတူတကွ ပိတ်ရက်တွင်ရွာပြန်မည်ဟု စိတ်ကူးထားသော်လည်း တစ်ရွာတည်းနေအလုပ်သမားများမှာ ပိတ်ရက်အိမ်ပြန်မည့်သူ မရှိသဖြင့် သူတစ်ဦးတည်း ပြန်လာရခြင်းဖြစ်သည်။
ပိတ်ရက်သုံးရက်ရပြီး အိမ်ပြန်လာမည့်အကြောင်းကို ရွာသို့ဖုန်းဆက်အကြောင်းကြားထားသဖြင့် မခင်ထားနှင့်ကိုသားစိုး၏ မိဘများက လာရောက်ကြိုဆိုကြမည်ဟုဆိုသော်လည်း ကိုသားစိုးစီးလာသည့် ခရီးသည်တင်ကားကြီးမှာ လမ်းတွင်စက်ပျက်ကာ အချိန်ကြာမြင့်စွာ ပြုပြင်နေရသဖြင့် ရောက်သင့်သည့်အချိန်မရောက်ဘဲ ယခုကဲ့သို့ အချိန်မတော်ကြီးမှ ရောက်ရှိလာရခြင်းဖြစ်သည်။ ရွာမှ လာကြိုသူများပင် မလာတော့ဘူးဟုထင်ကာ ပြန်သွားပြီထင်သည်။ ကိုသားစိုးက လက်မှလက်ပတ်နာရီကိုကြည့်ုလိုက်သည့်အခါ အချိန်မှာ ညရှစ်နာရီထိုးတော့မည်ဖြစ်သည်။
ဆောင်းလေအေးတစ်ချက်က ဝေ့ခနဲတိုက်လိုက်သော်လည်း ကိုသားစိုး၏ ပူပန်နေသည့်စိတ်အစဉ်ကို အေးချမ်းမှုမပေးနိုင်ပေ၊ ကိုသားစိုးမှာ ကုက္ကိုပင်ကြီးကို ကြည့်ကာ ငယ်ငယ်ကကြုံတွေ့ခဲ့ဖူးသည့် အဖြစ်အပျက်များက ခေါင်းအတွင်းတရိပ်ရိပ်နှင့် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
(၂)
“ဘတိုးတစ်ယောက်တော့ ကုက္ကိုပင်က သရဲကြီးနဲ့တွေ့ခဲ့လို့ဆိုပဲကွ”
မနက်ခင်းစောစောစီးစီးမှာပင် သတင်းတစ်ခုက ရွာအတွင်းပျံ့လွင့်လာလေသည်။ ထိုစဉ်က ကိုသားစိုးမှာ အသက်နှစ်ဆယ်ခန့် လူပျိုအရွယ်ဖြစ်သည်။
“ဟေ၊ ဘတိုးက ဘာမဟုတ်တာတွေလုပ်လို့လဲ”
“ဘာမှမလုပ်ပါဘူးအကြီးရာ၊ ဘတိုးက မနေ့က မြို့တက်သွားတယ်တဲ့၊ မြို့ကသူငယ်ချင်းတွေနဲ့ သောက်စားပြီး နည်းနည်းနောက်ကျမှ ပြန်လာတာတဲ့ဗျ”
“ဟော၊ သောက်စားလာတယ်ဆိုတော့ ဘာတွေများသယ်လာသေးလို့လဲ”
“အကြီးက ကြိုတောင်သိနေပြီဗျာ၊ ဘတိုးက မြို့ကနေ ခေါက်ဆွဲကြော်တစ်ပွဲ ပါဆယ်ဆွဲလာခဲ့တယ်ဆိုသဗျ၊ ခါးကြားမှာလည်း အရက်ပုလင်းပြားတစ်ပြားထိုးလာခဲ့ရင်း ကုက္ကိုပင်အောက်ကအဖြတ် အပင်ပေါ်က သရဲကြီးက ဆင်းပြီးဆွဲတာတဲ့ဗျာ”
“ဒါများ မထူးဆန်းတော့ပါဘူးအေ၊ ရွာသုဿန်နားက ကုက္ကိုပင်ကြီးက ဒီလိုပဲဟဲ့၊ အစားအသောက်တွေသယ်လာရင် အဲဒီအပင်မှာနေတဲ့အကောင်ကြီးက မရမက ဆင်းဆင်းလုတတ်လို့ ဘယ်သူမှ အစားအသောက်တွေနဲ့ မဖြတ်ရဲဘူးမဟုတ်လား”
“ဒါဆို လူတိုင်းအဲဒီလိုမဖြတ်ပဲ နေရမှာလား အကြီးရဲ့”
“မဟုတ်ပါဘူးဟယ်၊ အစားအသောက်တွေကိုသယ်ချင်ရင် တောင်းတွေခွက်တွေထဲကို မီးသွေးခဲလေးထည့်သွားရတယ်၊ ဘာသဘောလဲတော့ မသိပေမယ့် မီးသွေးခဲထည့်ထားရင် ခုနကလို မကောင်းဆိုးဝါးတွေ နှိုက်ယူလို့မရဘူးတဲ့”
“ဟုတ်ကဲ့အကြီးရာ၊ အကြီးပြောတာ ကျုပ်မှတ်ထားမယ်၊ နောက်ဆို မီးသွေးခဲလေးဆောင်သွားအုံးမှ”
ကိုသားစိုးမှာ ယခုမှ မိမိကိုယ်ကိုအပြစ်တင်မိသည်။ လမ်းတွင်လည်း မီးသွေးခဲမရှိပေ၊ စိတ်ကိုဒုံးဒုံးချလိုက်ကာ သုဿန်ကိုဖြတ်ကျော်လိုက်မိသည်။ လူသေမီးသဂြိုဟ်သည့် မီးသဂြိုဟ်စက်မှာ ညအမှောင်တွင် သဘက်ကြီးတစ်ကောင်အလား ထီးတည်းကြီးတည်ရှိနေသည်။
သုဿန်ကိုကျော်ဖြတ်ပြီးသည့်အခါ ကုက္ကိုပင်ကြီးကိုလှမ်းမြင်လိုက်ရသည်။ အခက်အလက်ဝေေ၀ဆာဆာဖြင့်တည်ရှိနေသည့် ကုက္ကိုပင်ကြီးမှာ ညအမှောင်ထဲ တစ္ဆေကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသည့်အလား မြင်တွေ့ရသည်။ ဝင်းပစွာသာနေသည့် လရောင်မှာလည်း ကုက္ကိုပင်ကြီးမှ အရွက်အခက်များကို ထိုးဖောက်၍မနိုင်သဖြင့် ကုက္ကိုပင် အောက်တွင် မှောင်အတိကျနေတော့သည်။
ကိုသားစိုးမှာ ကုက္ကိုပင်ကြီးအနားအရောက် ခြေကုန်တင်လိုက်ပြီး အပြေးတစ်ပိုင်းနှင့်လှမ်းလျှောက်လာခဲ့လေရာ မကြာခင် ကုက္ကိုပင်ကြီးအရိပ်အောက်သို့ချင်းနင်းဝင်ရောက်လာခဲ့သည်။ ကုက္ကိုပင်အပေါ်တွင်နားနေသည့် ငှက်ဆိုးတစ်ကောင်က တဂစ်ဂစ်နှင့်အော်မြည်လိုက်သည့်အခါ ကိုသားစိုးကဲ့သို့ ယောက်ျားရင့်မာကြီးပင် ခြောက်ချားသွားရသည်။ ဆောင်းလေအတိုက်တွင် ကုက္ကိုပင်ကြီး၏ သစ်ရွက်သစ်ခက်များမှာ တရှဲရှဲနှင့် မကောင်းဆိုးဝါးကြီးတစ်ကောင်ကဲ့သို့ အော်မြည်နေလျှက်ရှိပြန်သည်။ ကိုသားစိုးလက်အတွင်းကိုင်ထားသည့် နန်းစိန်ကိတ်မုန့်မှာလည်း မွှေးပျံ့သည့်ထောပတ်အနံ့များ တထောင်းထောင်းထနေသည်ဟုစိတ်ထဲထင်နေမိသည်။ ကြောက်ကြောက်လန့်လန့်နှင့် ကုက္ကိုပင်အောက်မှ ဖြတ်သန်းလာခဲ့ပြီး ကုက္ကိုရိပ်အထွက်ရောက်ခါမှ စိတ်ကိုဒုံးဒုံးချနိုင်သည်။ သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ဆက်လက်လျှောက်လှမ်းလိုက်ရာ မုန့်ဘူးကိုင်ထားသည့်လက်အား တစ်စုံတစ်ယောက်က အနောက်မှဆွဲထားသလိုခံစားလိုက်ရကာ အရှေ့သို့တိုး၍မရတော့ပေ။
ကိုသားစိုး ခေါင်းနားပန်းကြီးသွားသည်။ မုန့်ဘူးကိုင်ထားသည့်လက်ကို အားနှင့်ပြန်ဆောင့်ဆွဲသော်လည်း လက်ကတစ်လက်မပင်မရွေ့ပေ၊ ဆောင်းကာလ လေအေးများတိုက်ခတ်နေသည့်ကြားထဲမှပင် ကိုသားစိုးနဖူးတွင် ချွေးသီးချွေးပေါက်များက တပေါက်ပေါက်ကျဆင်းလာသည်။ ထို့နောက် ကိုသားစိုးမှာ မဝံ့မရဲဲနှင့် အနောက်သို့ပြန်လှည့်ကြည့်လိုက်မိသည်။
ခါးကုန်းနေသည့် အဘိုးကြီးတစ်ဦးနှင့် ပုံစံဆင်တူလှသည့် လူတစ်ယောက်မှာ သူ့အနောက်တွင်မတ်တပ်ရပ်နေလေသည်။ ထိုလူ၏ ခန္ဓာကိုယ်တွင် အဝတ်အစားများမပါဘဲ ဝတ်လစ်စားလစ်ဖြစ်သည်။ သို့သော်လည်း ထိုလူမှာ အရိုးပေါ်အရေတင်ရုပ်ဖြစ်ကာ မျက်တွင်းများက ချိုင့်ဝင်နေပြီး ပါးချောင်နားချောင်များကျနေသည်။ အသားအရောင်မှာလည်း မုန်လာဥဖြူကဲ့သို့ ဖြူဆွတ်ဆွတ် ဖျော့တော့တော့ဖြစ်သည်။ ထိုလူကြီး၏ သေးသွယ်ရှည်လျားလှသည့် လက်တစ်ဖက်မှာ ကိုသားစိုးဆွဲကိုင်ထားသည့် မုန့်အိတ်အား ဖမ်းဆုပ်ကိုင်ထားသည်။
“ဟေ့လူ၊ ခင်ဗျားဘာလုပ်တာလဲ၊ လွတ် . . .လွတ်၊ ကျုပ်လက်ကိုလွတ်”
“ငါ . . စား . . ချင် . . တယ်”
ထိုလူကြီးမှာ အသံလုံးနက်နက်ကြီးနှင့်် တစ်လုံးခြင်းပြောနေလေသည်။
“ဟာ၊ ခင်ဗျားဖို့ ဝယ်လာတာမှမဟုတ်တာ၊ ဖယ်ဗျာ . . . လွှတ်ဗျာ”
ကိုသားစိုးပြောနေစဉ်မှာပင် ထိုလူကြီးက လက်လွှတ်ရန်စိတ်ကူးမရှိဘဲ နောက်ထပ်လက်တစ်ဖက်ဖြင့် မုန့်အိတ်အားဆွဲတော့သည်။ ကိုသားစိုးမှာ ကြောက်လန့်နေသည်ထက် ဒေါသစိတ်က လွှမ်းမိုးလာသည်။ နေပြည်တော်မှ မပြန်ခင် ရွာသို့ဖုန်းဆက်စဉ် သားဖြစ်သူ ပြောထားသည့် စကားကို နားထဲပြန်ကြားယောင်နေမိသည်။
“ဖေကြီး၊ အိမ်ကိုပြန်လာရင် မုန့်တွေအများကြီးဝယ်ခဲ့နော်”
“နေပြည်တော်က ကိတ်မုန့်ဆိုတာ သိပ်စားကောင်းတာပဲအဖေကြီးရာ”
ကိုသားစိုးမှာ ထိုစကားများကို ပြန်ကြားယောင်ပြီးနောက် ကိတ်မုန့်ထုတ်ကိုကြည့်လိုက်ကာ သူ့လက်နှစ်ဖက်ဖြင့် ပြန်ဆွဲသည်။
“ဟေ့ကောင်၊ ဒါမင်းအတွက်မဟုတ်ဘူး၊ ငါ့သားအတွက်၊ ငါ့သားအတွက်ကွ”
သရဲကြီး၏ ရှည်လျားလှသည့်ခြေထောက်ကြီးတစ်ချောင်းက တိုးထွက်လာကာ ကိုသားစိုး၏ရင်ဘတ်အား ဆောင့််ကန်လေသည်။ ကိုသားစိုးကို လက်လွတ်စေချင်သောကြောင့်ဖြစ်သည်။ ကိုသားစိုးသာ လက်လွှတ်လိုက်ပါက ထိုသရဲကြီးမှာ မုန့်ထုတ်များကိုယူဆောင်ပြီး သစ်ပင်ပေါ်ပြေးတက်တော့မည်မှန်း ကိုသားစိုးသိလိုက်သည်။ နှစ်ဦးသား ဆွဲကြရင်း ကြွပ်ကြွပ်အိတ်မှာ ပြဲထွက်တော့မည်ဖြစ်သည်။ ကိုသားစိုးကလည်း သရဲကြီးအား ခြေထောက်ဖြင့်ပြန်လည်ကန်ကြောက်ကာ နှစ်ဦးသားလုံးထွေးနေကြသည်။
သရဲကြီးက ကြံရာမရတော့သည့်အဆုံး စက္ကူမုန့်ဘူးကို ပါးစပ်နှင့်ကိုက်ကာ ဆွဲဖောက်လေသည်။ အတွင်းမှ ကိတ်မုန့်တုံးအား ကိုက်ဖဲ့ကာစားသောက်တော့သည်။ ကိုသားစိုးက ထိုအဖြစ်ကိုမြင်သည့်အခါ သူ့လက်သီးဖြင့် သရဲကြီး၏ ငယ်ထိပ်ကို အားကုန်ထုချရင်း
“ဟေ့ကောင်၊ မစားနဲ့ . . .ဒါငါ့သားဖို့ကွ၊ မင်းစားဖို့မဟုတ်ဘူး”
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ထိုးကြိတ်ကြလျှက် နပမ်းလုံးကြတော့သည်။
“ဟာ၊ ဟိတ် ဘာတွေဖြစ်နေကြတာလဲ”
နှစ်ဦးသားလုံးထွေးရင်း မည်မျှအချိန်ကြာသွားသည်မသိလိုက်၊ ဓါတ်မီးရောင်များနှင့် လူအများကပြေးလာသည်ကိုမြင်မှ ကိုသားစိုးမှာ ထိုလူများကိုငေးကြည့်လိုက်မိသည်။ သရဲကြီးမှာ လူအများအပြားကိုတွေ့သဖြင့် ကြောက်လန့်ပြီး သစ်ပင်ပေါ်သို့ တက်ပြေးတော့သည်။ ကိုသားစိုးမှာ သရဲကြီးထပ်လာလုမည်ကို စိုးရိမ်သဖြင့် ကိတ်မုန့်သုံးဘူးကို လက်နှစ်ဖက်ဖြင့်ပွေ့ဖက်ထားလေသည်။
“ဟင် ကိုသားစိုး”
“သား၊ သား မင်းဘာဖြစ်နေတာလဲ”
ကိုသားစိုးမှာထိုတော့မှ ရောက်လာသည့်သူများကို ကြည့်လိုက်မိရာ သူ့မိန်းမ မခင်ထားနှင့် အဖေဖြစ်သူကိုတွေ့ရသည်။ သူတို့အနောက်တွင်လည်း ရွာမှာ ရွာသားသုံးလေးဦးပါလာသည်။
“သရဲ၊ သရဲကြီး ဒီကောင်ကြီး ငါ့မုန့်တွေကိုလုနေတာဟ”
ရွာသားများမှာ ကိုသားစိုး၏အထုပ်အပိုးများကို သယ်ဆောင်ပေးကြကာ အိမ်သို့ခေါ်လာကြသည်။ အိမ်ရောက်သည့်အခါမှ ကိုသားစိုး၏ အဖြစ်အပျက်များကိုမေးကြည့်ကြသည်။
“တော်သေးတာပေါ့ ကိုသားစိုးရယ်၊ မသေကောင်းမပျောက်ကောင်း၊ ဒီကောင်ကြီး မုန့်တွေလုရင် ထားခဲ့လိုက်ပေါ့ရှင်၊ ရှင့်အသက်ထက် ဘာကများအရေးကြီးသေးလို့လဲ”
“ဟာ၊ ပြန်မလုလို့ရမလား မခင်ထားရ၊ ဒီမုန့်က ငါ့သားစားဖို့အတွက်ဝယ်လာတာလေ၊ ကလေးကို မုန့်ဝယ်လာမယ်လို့ ကတိပေးပြီးတော့ မုန့်ပါမလာရင် ကလေးက ဘယ်လောက်တောင် စိတ်ထိခိုက်သွားမလဲ”
ကိုသားစိုးမှာ ပြောဆိုရင်း သားနှင့်သမီးကိုကြည့်လိုက်သည်။ အသက်ဆယ်နှစ်ဝန်းကျင်ရှိသည့် သားနှင့််သမီးမှာ သူဝယ်ယူလာခဲ့သည့် ကိတ်မုန့်များကို အားရပါးရစားသောက်နေသည်ကိုမြင်တွေ့သည့်အခါ သရဲကြီးနှင့် အပင်ပန်းခံပြီး နပမ်းလုံးလာရသည်မှာ တန်သည်ဟုပင် ထင်မြင်ယူဆမိလေသည်။
“စားကောင်းရဲ့လား သားနဲ့သမီးတို့ နန်းစိန်ကိတ်ဆိုတာ သိပ်ကောင်းတာကွ”
“ဟုတ်တယ်ဖေကြီး၊ ကိတ်သားက နုနုလေးနဲ့ ချိုချိုုမွှေးမွှေးလေး၊ စားလို့တောင်မဝဘူး ဖေကြီးရာ”
“အေးအေး၊ စားသာစား၊ နောက်တစ်ခါဖေကြီးအလုပ်ခွင့်ရလို့ပြန်လာရင် မုန့်တွေအများကြီးဝယ်လာခဲ့မယ်ကွ၊ ဟုတ်ပြီလား”
သားနှင့်သမီးမှာ အားတက်သရောနှင့် ခေါင်းညိတ်ပြကြသည်။ မခင်ထားကတော့ ကိုသားစိုးလက်တွင်ရလာခဲ့သည့် ပွန်းပဲ့ဒဏ်ရာများကို ဆေးထည့်ပေးရင်း
“ကံကောင်းတယ်လို့ပဲ ပြောရမယ်၊ ကျွန်မနဲ့ အဖေနဲ့ ရှင်ပြန်လာမယ်ဆိုလို့ ရွာထိပ်မှာ မနက်ကတည်းက ထွက်ကြိုနေကြတာ၊ ပေါ်မလာ ပေါ်မလာနဲ့ နောက်ဆုံး ညနေစောင်းမှ လှည်းနဲ့ပြန်လာခဲ့ကြတာ၊ ဒါပေမယ့် ကျွန်မစိတ်ထဲ တစ်မျိုးကြီးဖြစ်နေတယ်၊ အဖေကတော့ ရှင်မအားလို့ ပြန်မလာဖြစ်တာနေမယ်လို့ တွေးနေတယ်၊ ကျွန်မကတော့ ရှင်က ပြောပြီးရင် ပြောတဲ့အတိုင်းလုပ်တဲ့လူစားမျိုးဆိုတာသိတော့ ရှင်ရောက်လာမယ်လို့ပဲ ယုံကြည်တယ်၊ ဒါနဲ့ ဆွေမျိုးတစ်ချို့ခေါ်ပြီးတော့ ကားလမ်းမဘေးကို တစ်ချက်ထွက်ကြည့်မယ်ဆိုပြီး ထွက်လာကြရင်း ရှင်နဲ့တွေ့တာပဲ”
“ဟုတ်တယ်ငါ့သားရေ၊ ခင်ထားနဲ့မင်းနဲ့ စိတ်ချင်းနီးစပ်ပုံရတယ်ကွ၊ တို့သာ ရွာကထွက်မလာရင် မင်းမလွယ်ဘူးနော်၊ ဟိုကောင်က သရဲ၊ မင်းကလူကွ၊ နပမ်းလုံးကြရင်း အချိန်ကြာလာရင် မင်းအမောဆို့ပြီး သေသွားနိုင်တယ်”
ကိုသားစိုးမှာ ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းတစ်ချက်သာချလိုက်မိတော့သည်။
“ဒီကောင်ကြီးက စားချင်သောက်ချင်လို့ လုယက်တာကွ၊ မင်းရဲ့ကိတ်မုန့်သုံးဘူးထဲမှာ တစ်ဘူးကိုဒီကောင်က ဖောက်စားထားတယ်၊ ဟောဒီမှာကြည့်စမ်း သရဲကိုက်ရာကြီးကွ၊ အဲဒီလို သရဲတစ္ဆေတွေစားထားတဲ့ မုန့်တွေ၊ ထမင်းတွေကို လူက ပြန်မစားကောင်းဘူးတဲ့ကွ၊ ငါတို့ပြန်လာတော့လည်း ငါတို့အနောက်ခပ်လှမ်းလှမ်းကနေ ရိပ်ခနဲ ရိပ်ခနဲမြင်လိုက်ရပုံထောက်တော့ ဒီကောင်ကြီးက ငါတို့အနောက်လိုက်လာပုံပဲ”
“ဒါဆို ဘယ်လိုလုပ်မလဲဟင် အဖေ”
ကိုသားစိုးအဖေက သရဲကိုက်ထားသည့် ကိတ်မုန့်အား မခင်ထားထံသို့လှမ်းပေးရင်း
“ရော့၊ ဟောဒီကိတ်မုန့်ကိုယူ၊ ရွာအဝင် လမ်းလေးခွဆုံမှာ ချထားပေးလိုက်၊ ပြီးတော့ နောက်ကို နင့််ယောက်ျားကို ဒုက္ခမပေးဖို့နည်းနည်းပါးပါး ပြောလိုက်ပေါ့ဟာ”
မခင်ထားမှာ သရဲကြောက်တတ်သဖြင့် ထိုကိတ်မုန့်တုံးကိုယူကာ တူဖြစ်သူ ဖိုးထောင်ထံသို့ထွက်လာခဲ့သည်။ ဖိုးထောင်မှာ မခင်ထားတို့၏ ခြေရင်းခြံတွင် နေထိုင်သူဖြစ်သည်။ လူပျိုပေါက်တစ်ယောက်ဖြစ်သည်။
“ဟဲ့ ဖိုးထောင် ငါ့ကိုကူညီစမ်းပါဟာ”
“ပြောလေ အမခင်ထား”
“ဟောဒီကိတ်မုန့်ကိုယူသွားပြီးတော့ ရွာထိပ်လမ်းလေးခွဆုံဘေးနားမှာ ချပေးလိုက်စမ်းပါဟာ”
ဖိုးထောင်မှာ ခေါင်းကုပ်လျှက် မခင်ထားပေးသည့် ကိတ်မုန့်ကိုယူဆောင်ကာ ခြံထဲမှထွက်လာခဲ့သည်။ ရွာလမ်းအတိုင်းဆက်လျှောက်သွားရင်း မခင်ထားပေးသည့် ကိတ်မုန့်ကို တစိမ့်စိမ့်ကြည့်ကာ
“ကိတ်မုန့်က မွှေးနေတာပဲဟေ့၊ မခင်ထားက ဘာလုပ်ဖို့လမ်းလေးခွမှာ သွားချခိုင်းတာလဲမသိဘူး၊ ဧကန္တ ယတြာချေတာပဲဖြစ်ရမယ်၊ ကိတ်မုန့်ကို ခွေးတွေဘာတွေ သွားကျွေးခိုင်းတာဖြစ်မယ်၊ ဒီလောက်ကောင်းတဲ့ကိတ်မုန့်ကို ခွေးကျွေးစရာလား၊ တစ်ကိုက်နှစ်ကိုက်လောက်တော့ စားကြည့်လိုက်အုံးမယ်”
ဖိုးထောင်မှာ ရွာလမ်းမအလယ်မှာပင် ကိတ်မုန့်တုံးအား လက်ဖြင့်ဖဲ့ကာ စားသောက်လေသည်။
“ကောင်းလိုက်တဲ့ကိတ်မုန့်ကွာ”
ဖိုးထောင်မှာ ကနဦးက တစ်ကိုက်နှစ်ကိုက်သာ စားမည်ဟုကြံရွယ်ထားသော်လည်း ကိတ်မုန့်ကအလွန်စားကောင်းလှသဖြင့် တစ်တုံးလုံးကုန်သွားအောင်စားသောက်လိုက်မိသည်။
“ဟာ၊ ကိတ်မုန့်က စားကောင်းကောင်းနဲ့စားလိုက်တာ ကုန်သွားပါရောလား၊ အိုကွာ၊ ဘာဖြစ်လဲ၊ ခွေးကျွေးတာထက် လူကျွေးလိုက်တာက ပိုပြီးကုသိုလ်ရပါတယ်၊ မခင်ထားမေးရင်တော့ ကျွေးပြီးပြီလို့ပဲ ပြောလိုက်ရမယ်”
သို့နှင့် ဖိုးထောင်တစ်ယောက် ကိတ်မုန့်ဘူးခွံကလေးအား လမ်းတွင်လွှင့်ပစ်လိုက်ကာ အိမ်သို့ပြန်လာခဲ့သည်။ မခင်ထားက ခြံအတွင်းဝင်လာသည့် ဖိုးထောင်အားလှမ်းမြင်လိုက်သည်နှင့်
“ဟဲ့ ဖိုးထောင်၊ နင်လမ်းလေးခွမှာ သွားချထားလိုက်ပြီလား”
“ဟုတ်ကဲ့ အမခင်ထား၊ သွားချလိုက်ပါပြီ”
“ဘာတွေထူးသေးလဲဟဲ့”
ဖိုးထောင်မှာ ကြံရာမရနှင့်စဉ်းစားလိုက်ရင်း
“ဟို၊ ဟိုလေ ကိတ်မုန့်ကို ခွေးကြီးတစ်ကောင် စားသွားပါတယ်”
မခင်ထားမှာ အလွန်ကြောက်လန့်သွားပြီး
“ဘုရား ဘုရား ခွေးကြီးဆိုတော့ ဟိုသရဲကြီးက ခွေးယောင်ဆောင်ပြီး ဝင်စားသွားတာများလားမသိဘူး”
မခင်ထားမှာ စိတ်ထဲမှရေရွတ်လိုက်မိလေသည်။ ဖိုးထောင်ကတော့ ကိတ်မုန့်ခိုးစားသူပီပီ မလုံမလဲဖြစ်ကာ အိမ်ထဲသို့ပြေးဝင်သွားတော့သည်။
(၃)
ညဘက်အိပ်စက်ကြရင်း ညသန်းခေါင်ကျော်သည့်အချိန်တွင် ဖိုးထောင်တို့အိမ်မှ တဝုန်းဝုန်းအသံများကိုကြားရသည်။ မခင်ထားနှင့် ကိုသားစိုးတို့မှာ အအိပ်ဆတ်သူများပီပီ အသံဗလံများကြားပြီး လန့်နိုးသွားကြသည်။
“ကိုသားစိုးရေ၊ တဝုန်းဝုန်းနဲ့ဘာတွေဖြစ်နေကြလဲမသိဘူး”
“ဟုတ်ပါ့၊ သူခိုးသူဝှက်များ ဝင်တာများလား”
လင်မယားနှစ်ယောက် ပြောဆိုနေစဉ်မှာပင် အိမ်အတွင်းမှ အော်ဟစ်သံများထွက်ပေါ်လာသည်မို့ ကိုသားစိုးက နီးရာတုတ်ဆွဲယူကာ ပြေးထွက်လာခဲ့သည်။ မခင်ထားမှာလည်း သုံးတောင့်ထိုး ဓါတ်မီးတစ်လက်ကိုင်ကာ အပြေးလိုက်ပါလာခဲ့သည်။ ဖိုးထောင်တို့အိမ်တံခါးအား တဝုန်းဝုန်းနှင့်ထုလိုက်သည့်အခါ ဖိုးထောင်အမေဖြစ်သူက တံခါးလာဖွင့်သည်။
“မမမြ ဘာဖြစ်တာလဲ”
“ဘာဖြစ်လဲတော့မသိပါဘူးအေ၊ နင့်တူဖိုးထောင်တစ်ယောက် အိပ်နေရင်းကနေ ထပြီးသောင်းကျန်းနေလို့ဟဲ့”
ကိုသားစိုးတို့လင်မယား အိမ်ထဲသို့ဝင်လိုက်သည့်အခါ ဖိုးထောင်မှာ အိမ်တွင်းရှိသောက်ရေအိုးကြီးကို ခေါင်းနှင့်တိုက်ကာ ခွဲလိုက်လေသည်။ သောက်ရေအိုးကြီးကွဲသွားသကဲ့သို့ ဖိုးထောင်ဦးခေါင်းမှလည်း သွေးများကစီးကျလာသည်။
“သေရမယ်၊ ဒီကောင်သေရမယ်”
ဖိုးထောင်က ဗလုံးဗထွေးနှင့် ရေရွတ်လိုက်ပြီးနောက် အိမ်တိုင်ကြီးအား ခေါင်းဖြင့်ပြေးတိုက်လေသည်။ ဝုန်းခနဲအသံကြီးတစ်ချက်မြည်ဟီးသွားပြီး အိမ်မှာသိမ့်သိမ့်တုန်ခါသွား၏၊ ဖိုးထောင်မှာ ငါးပတ်လည်တိုင်ကြီးအား ခေါင်းနှင့်နောက်တစ်ချက်ခန့် ထပ်ဆောင့်ရန်ပြင်ဆင်လိုက်စဉ် ကိုသားစိုးက ဖိုးထောင်အားပြေးဆွဲထားလိုက်သည်။
“ဖိုးထောင်၊ ဖိုးထောင် မင်းစိတ်ကိုထိန်းစမ်းပါအုံးကွာ”
အနီးအပါးမှ သိကျွမ်းသူများက လာရောက်ဝိုင်းဝန်းကြည့်ကြလေသည်။ ဖိုးထောင်မှာ ရုန်းကန်လွန်းသဖြင့် နောက်ဆုံးကြိုးနှင့် ဝက်တုပ်တုပ်ထားရလေသည်။
“ဟာ၊ ဒီကောင့်မျက်လုံးတွေနီနေတယ်၊ ကိုယ်တွေလည်းပူနေတယ်ဆိုတော့ မဟုတ်မှလွဲရော ဒါအပမှီတာပဲဖြစ်မယ်ဟေ့”
“လုပ်ကြပါအုံးရှင်၊ ကျုပ်သားလေးကို ကယ်ကြပါအုံး”
“ဒီအတိုင်းငိုနေလို့ ဘယ်ဖြစ်မလဲ မမမြ၊ ပယောဂထုတ်တဲ့ ဆရာအောင်ကြီးကို ပြေးခေါ်မှရမယ်”
ဆွေမျိုးသားချင်းတစ်ချို့က ဆရာအောင်ကြီးအား ညတွင်းချင်းပြေးပင့်ကြသဖြင့် ဆရာအောင်ကြီးတစ်ယောက် ကမန်းကတန်းနှင့််ပြေးလိုက်လာရသည်။ ဖိုးထောင်အား ဆရာအောင်ကြီးက ဆေးစောင့်ဝါးစောင့်များနှင့် ချုပ်ခိုင်းစေကာ စစ်မေးရတော့သည်။
“ဟေ့ကောင်၊ မင်းဘယ်သူလဲ မင်းဘာဖြစ်လို့ သူ့ကိုလုပ်တာလဲ”
“ငါ့နာမည်ကို ငါမသိဘူး”
“ဒါဖြင့်် မင်းဘယ်ကလာတာလဲ”
“တာလမ်းမကြီးဘေးက ကုက္ကိုပင်ကြီးကနေလိုက်လာတာ၊ အဲဒီမှာငါနေတယ်”
ကုက္ကိုပင်အကြောင်းကြားသဖြင့် ကိုသားစိုးတို့မှာ ထိတ်လန့်သွားရသည်။
“မင်းဘာဖြစ်လို့ သူ့ကိုလုပ်ရတာလဲ”
ဖိုးထောင်က ကိုသားစိုးကိုမေးငေါ့ပြကာ
“ဒီကောင့်ဆီက ကိတ်မုန့်စားလို့ကောင်းလို့ ငါလိုက်လာတာ၊ ဒီကောင်တွေခြံထဲဝင်မရလို့ အပြင်ကနေပဲ ချောင်းကြည့်နေရတယ်၊ နောက်တော့ ဒီကောင့်အဖေက ငါ့ကိုကိတ်မုန့်ကျွေးဖို့ပြောတော့ ငါစားရပြီလို့ထင်နေခဲ့တယ်”
မခင်ထားမှာ အံ့သြသွားကာ
“ဟောတော်၊ ဒါဆို ဖိုးထောင်က ကိတ်မုန့်ကို သွားမထားဘူးထင်တယ်”
“ဟုတ်တယ်၊ ဒီကောင်က လမ်းမှာတင်ကိတ်မုန့်ကိုစားလိုက်တယ်၊ ငါ့ကိုကျွေးမယ့်မုန့်ကို ဒီကောင်စားလိုက်တာ ငါမကျေနပ်ဘူး၊ ဒါနဲ့ ဒီကောင့်ပုဆိုးစမှာခိုကပ်ပြီးလိုက်လာခဲ့တာ၊ ဒီကောင့်ကို ငါမကျေနပ်ဘူး၊ ဒီကောင့်ကို ငါသတ်မယ်”
ဆရာအောင်ကြီးက ခေါင်းညိတ်လျှက်
“ပြဿနာကတော့ ကိတ်မုန့်ကစတာပဲ၊ ဟေ့ သားစိုး မင်းအိမ်မှာ ကိတ်မုန့်ကျန်သေးလား”
ထိုအခါ မခင်ထားက
“မနက်ကျရင်စားဖို့ တစ်လုံးချန်ထားပါသေးတယ်”
“အဲဒါသွားယူလာခဲ့ပါ”
မခင်ထားက အိမ်ပေါ်မှပြေးဆင်းသွားသည်။ ဆရာအောင်ကြီးက ဖိုးထောင်ကိုကြည့်လိုက်ရင်း
“ဟေ့ကောင်၊ မင်းစားချင်တဲ့ကိတ်မုန့်စားပြီးရင် မင်းပြန်ထွက်မလား”
ဖိုးထောင်က ခေါင်းကိုတွေတွေကြီးညိတ်သည်။
“မင်းထွက်တဲ့အခါ ဒီသူငယ်ကို မင်းလုပ်ထားတဲ့အရာတွေအကုန်လုံး မင်းပြန်နှုတ်သွားစမ်း”
ဖိုးထောင်က ခေါင်းညိတ်ပြပြန်သည်။ မကြာခင် မခင်ထားပြန်တက်လာသည်။ လက်ထဲတွင် ကိတ်မုန့်ဘူးကိုကိုင်ထားသည်။ ဆရာအောင်ကြီးက မခင်ထားလက်အတွင်းမှ ကိတ်မုန့်ဘူးကိုယူလိုက်ရင်း
“ကဲ၊ မင်းစားရမဲ့ သောက်ရမဲ့ဖြစ်နေလို့ မင်းကိုသနားလို့ ကျွေးလိုက်တယ်မှတ်ပါ၊ နောက်တစ်ခါ မင်းဒါမျိုး ငတ်ကြီးထပ်ကျလို့ကတော့ မင်းနာမယ်မှတ်”
“ကြောက်ပါတယ်၊ မလုပ်ရဲပါဘူး၊ ကျုပ်ဆာတယ်၊ ကျုပ်ကိုကျွေးပါ”
ဖိုးထောင်မှာ ပြောဆိုရင်း လက်များကိုရုန်းကန်ထည့်လိုက်ရာ သူ့ကိုယ်လုံးကိုချည်ထားသည့် ကြိုးများမှာ ထောင်းခနဲပြတ်ထွက်သွားသည်ကို အားလုံးက မြင်တွေ့လိုက်ကြရသည်။ ဖိုးထောင်က ကလေးတစ်ယောက်နှယ် ဆရာအောင်ကြီးလက်အတွင်းမှ ကိတ်မုန့်ကိုလှမ်းတောင်းသည်။ ဆရာအောင်ကြီးက ကိတ်မုန့်ဘူးအားပေးလိုက်သောအခါ ဖိုးထောင်က အားရဝမ်းသာနှင့် ကိတ်မုန့်ဘူးကိုယူကာ အမြန်ဖွင့်၍ အတွင်းရှိကိတ်မုန့်များကို အားရပါးရ ကိုက်ဖဲ့စားသောက်သည်မှာ နံဘေးမှကြည့်နေသူများအဖို့ ကျောချမ်းစရာမြင်ကွင်းတစ်ခုဖြစ်နေသည်။ ဖိုးထောင်မှာ ကိတ်မုန့်များကို အားရပါးရစားသောက်ပြီးနောက် ပလုပ်ပလောင်းကြီးဖြင့်
“ကောင်းလိုက်တာ . . . စားလို့ ကောင်းလိုက်တာကွာ”
ဟု ရေရွတ်ပြီးနောက် နောက်ပြန်လဲကျသွားလေရာ ကိုသားစိုးတို့က ဝိုင်းပွေ့ဖက်ထားရသည်။
ယခုတိုင် ကိုသားစိုးတို့ရွာအဝင်လမ်းတွင် ကုက္ကိုပင်ကြီးရှိနေသေးသည်။ ကိုသားစိုးတို့ရွာသားများအဖို့ ထို ကုက္ကိုပင်ကြီးအောက်မှ စားသောက်ဖွယ်ရာများကိုဖြတ်သန်းသယ်ဆောင်သည့်အခါ မီးသွေးခဲကလေးများကိုပါသယ်ဆောင်သွားလေ့ရှိသည်။ စတီးချိုင့်များဖြင့်သယ်ဆောင်သည့်အခါ မီးသွေးခဲတစ်ခဲကို ကြွပ်ကြွပ်အိတ်ထဲထည့်ကာ စတီးချိုင့်တွင် ချည်နှောင်ကာ သယ်ဆောင်သွားကြသည်မှာ ဓလေ့တစ်ခုကဲ့သို့ပင် ဖြစ်နေချေပြီ၊ တစ်နှစ်တစ်ခါ နှစ်ခါဆိုသလို ကံဆိုးသူ၊ ကံအကြောင်းမလှသူများမှာ ထိုသရဲကြီး၏ လုယက်မှုကိုခံကြရသည့်သတင်းစကားများကို ကြားသိနေရဆဲဖြစ်ပါတော့သည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျက်
ရေးသားသူ-အဂ္ဂဇော်
#crd