သင်္ချိုင်းထဲကပါလာတယ်

*သင်္ချိုင်းကပါလာတယ်*📖📖📖(စ-ဆုံး)

*************************************

” ရွက်ဝါရေ … ညနေကြရင် အကင်တန်းသွားရအောင်လေ “

ဒီနေ့မှ အာသီသပြင်းပြနေတာနဲ့  ရွက်ဝါကိုဖုန်းဆက်ညှိ
လိုက်မိတယ်။ ကျွန်မစားချင်တယ်ဆိုတော့ သူငယ်ချင်း
ရွက်ဝါကလည်းစားမယ်လို့ပြန်ဖြေလာတယ်။

ရွက်ဝါနဲ့ကျွန်မကငယ်သူငယ်ချင်း။ ၅တန်းလောက်က
တည်းက စားအတူ၊ သွားအတူ ညီအစ်မအရင်းလိုနေလာ
ကြတာ။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်အိမ်က တစ်နေ
ရာစီပါ။

ရွက်ဝါအိမ်နဲ့ ကျွန်မအိမ်ကြားမှာ ရပ်ကွက်နှစ်ခုလောက်
ခြားသေးတယ်။ ကျောင်းသွားရင်လမ်းမကြုံတာတောင်
ဆုံလို့ရတဲ့နေရာအထိ တစ်ကွေ့တစ်ပတ်ကြီး ချိန်းပြီးမှ
တူတူသွားတာ။

ခုဆိုကျောင်းပြီးလို့ ရွက်ဝါက ကုမ္ပဏီတစ်ခုမှာ အလုပ်
ဝင်နေပြီ။ ကျွန်မကတော့ခုထိအလုပ်မရသေးပါဘူး။
အလုပ်ရှာလို့ကောင်းတုန်းပေါ့။

ဒါကြောင့်လည်း ရွက်ဝါအလုပ်ပိတ်ရက်တွေမှသာ ဆုံ
ဖြစ်ကြတော့တယ်။ အဲ့ဒီအချိန်အထိ ကျွန်မတို့ဘဝမှာ
ပူပင်စရာကြီးကြီးမားမားရယ်လို့မရှိခဲ့ဘူး။

ဒါပေမယ့် ထိတ်လန့်စရာ အဖြစ်အပျက်ကြီးဟာ ကျွန်မ
တို့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာချိန်မှာတော့ …။

ည ( ၁၁ ) နာရီလောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေတုန်း ဖုန်းမြည်လာခဲ့တယ်။ အိပ်မှုံစုံမွှားနဲ့ ဖုန်းကိုင်
လိုက်တဲ့အခါ ရွက်ဝါရဲ့တုန်ယင်နေတဲ့အသံကို အရင်
ဆုံး ကြားလိုက်ရတော့ ကျွန်မရင်ထဲထိတ်သွားတယ်လေ။

” ဘာဖြစ်တာလဲ ရွက်ဝါ “

” ကဗျာ ကားအက်ဆီးဒင့်ဖြစ်လို့တဲ့ဟာ … ခုနကပဲဆုံး
သွားပြီတဲ့ဟ “

ကျွန်မမျက်လုံးတွေပြူးကျယ်သွားခဲ့ရတယ်။ အိကဗျာ
မေဆိုတာ ကျွန်မတို့နဲ့ တစ်ဖွဲ့တည်း။ ရွက်ဝါနဲ့ကျွန်မက
ပိုအတွဲညီလို့ အမြဲတတွဲတွဲဖြစ်ပေမယ့် မိန်းကလေးသူ
ငယ်ချင်း ၄ ယောက်၊ ယောကျာ်းလေးသူငယ်ချင်း ၃
ယောက်နဲ့ ကျွန်မတို့ကျောင်းတုန်းကအဖွဲ့က( ၇ )ယောက်
အဖွဲ့ပေါ့။

ကျွန်မတို့ ကျောင်းပြီးထားတာ ( ၅ )လလောက်ပဲရှိပါ
သေးတယ်။ အရင်လိုမတွေ့ဖြစ်တာလည်း ဒီ ( ၅ )လ
ပဲ။ ဒီအတောအတွင်းတော့ တစ်ခါ နှစ်ခါလောက်ဆုံဖြစ်
ကြတာကလွဲလို့ ထပ်မတွေ့ဖြစ်သေးဘူး။

ကျောင်းပြီးတာနဲ့အလုပ်တန်းရတာဆိုလို့ ရွက်ဝါရယ်၊
အောင်ဖြိုးသူရယ်၊ အိကဗျာမေရယ် ( ၃ ) ယောက်ပဲရှိ
တာပါ။ ကျန်တဲ့သူတွေက အလုပ်ရှာနေကြတုန်း၊ အလုပ်
မရှိကြသေးဘူးပေါ့။

အိကဗျာမေနဲ့ မတွေ့ဖြစ်တာသိပ်မကြာသေးသလိုမလို့
ကျွန်မအရမ်းလန့်သွားမိတယ်။ လုံးဝမထင်မှတ်ထားတဲ့
ကိစ္စကြီး။

” သေချာလို့လားဟာ … နင့်ကိုဘယ်သူပြောလဲ “

” သူ့ဘဲဖုန်းဆက်လာတာ … ငါတို့တွေကိုမနက်ဖြန်လာ
ခဲ့ပေးပါဦးတဲ့ “

” ငါမယုံနိုင်သေးဘူးရွက်ဝါ … ဘယ်လိုဖြစ်ရတာတဲ့လဲ “

” ငါပိုဆိုးတာပေါ့ဟ … နင်သိတဲ့အတိုင်းပဲ “

ရွက်ဝါပြောမှ သတိရသွားမိတယ်။ ဟိုတလောက ရွက်ဝါ
နဲ့ ကဗျာ စကားအချေအတင်များထားလို့ တစ်ယောက်နဲ့
တစ်ယောက်မခေါ်ကြဘူး။

” အဲ့ဒါတွေမေ့ထားလိုက်တော့ … သူ့နောက်ဆုံးအချိန်
လေး … နင်စိတ်ထဲဖြေလိုက်ပါ‌ေတာ့ဟာ “

” ငါစိတ်ထဲမထားပါဘူး … မနက်ဖြန်အတူသွားမယ်
နော် “

” အေ… ဘယ်လိုဖြစ်တာတဲ့လဲ ပြောဦး “

” သူ့ဘဲပြောတာကတော့ သူတို့ Night out ထွက်ရင်း
အပြန်မှာ ကားမှောက်တာတဲ့ … ကျန်တဲ့သူအကုန်ဒဏ်
ရာနည်းနည်းပဲရတယ် … ကဗျာတစ်ယောက်ပဲ … “

” ဖြစ်ရလေဟယ် … ငါရင်ထဲဘယ်လိုကြီးလဲမသိဘူး…
ငိုချင်ပေမယ့် ငိုမရဘူးဟ “

” ငါရောပဲ … ငါတခြားသူတွေကိုပြောပြလိုက်ဦးမယ် “

” အေးပါ … “

ရွက်ဝါဆီကဖုန်းချသွားပြီး ကျွန်မအိပ်မရတော့ပါဘူး။
ကျောင်းအတူတက်ခဲ့တာမလို့ သူ့ပုံရိပ်တွေမျက်လုံးထဲ
မြင်ယောင်နေမိတယ်။

နောက်နေ့မနက် ရွက်ဝါနဲ့ချိန်းပြီး အိကဗျာရဲ့ အသုဘ
ကိုရောက်သွားတာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ လောက
ကြီးကို နှုတ်ဆက်သွားတော့ သူ့နာရေးက တော်တော်
လေးစည်ပါတယ်။

သူငယ်ချင်းတွေအားလုံးလူစုံတက်စုံပြန်ဆုံကြပေမယ့်
ကျွန်မတို့ ရင်ထဲ နာကျင်မှုတွေနဲ့ပါပဲ။ ကဗျာရဲ့ရုပ်ကလပ်
ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်မနေဘူး။ အိပ်နေတဲ့အတိုင်းပဲ။
မအိကဗျာ‌ေမ အသက် ( ၂၂ ) နှစ် ဆိုတဲ့ နာရေးဖိတ်စာလေး
ကို ကျွန်မတို့ငေးကြည့်နေမိကြတယ်။

” မနက်ဖြန်စောစောလာခဲ့ဦးနော် … ကူလုပ်ပေးစရာရှိ
တာလုပ်ရအောင် “

နောက်ရက်မီးသဂြိုလ်မှာဆိုတော့ ကျွန်မတို့စောစောဆုံ
ကြဖို့ ပြောထားကြတယ်လေ။ အားလုံးကတော့မျက်
နှာနွမ်းလျလျတွေနဲ့ပြန်ခဲ့ရတာပေါ့။

နောက်နေ့‌မနက် ( ၁၀ )နာရီလောက်ကတည်းက ကဗျာ
ရဲ့အိမ်မှာလူစုံနေကြပါပြီ။ ကဗျာရဲ့နောက်ဆုံးခရီးအ
တွက် ပန်းလှလှလေးတွေကိုသီပေးဖြစ်ကြတယ်။

နေ့လည် ( ၁၂ ) ခွဲလောက်မှာ မီးသဂြိုလ်ဖို့အိမ်ကစထွက်
ကြတာပေါ့။ ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့လုံးက ကား
တစ်စီးအတူစီးကြပါတယ်။

သင်္ချိုင်းကိုရောက်တော့ ကဗျာရဲ့မိသားစုဝင်တွေက
ငိုယိုနေကြတာကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်။
ကျွန်မတို့လည်းထိန်းထားတဲ့ကြားကမျက်ရည်ကျလာ
ကြတယ်။ မထိန်းနိုင်လာတော့ဘူး။

” ကဗျာရေ ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေနော် “

ကျွန်မနှုတ်က ခပ်တိုးတိုးရေရွတ်လိုက်ရင်း ကားပေါ်ပြန်
တက်မလို့ပြင်နေတုန်း သင်္ချိုင်းမြေပေါ်က သစ်ငုတ်စလေး
နဲ့ ခလုတ်တိုက်မိပြီး ခြေမကနေ သွေးထွက်လာခဲ့တော့
တယ်။

” ဟဲ့ အိစံ … ဘယ်လိုဖြစ်ရတာလဲ “

ရွက်ဝါကဘေးနားရောက်လာပြီး ကျွန်မခြေထောက်ကို
လှမ်းကြည့်ရင်းမေးတယ်။

” ခလုတ်တိုက်မိလို့ဟ … “

ရွက်ဝါကလည်း သူ့အိတ်ထဲကနေ Tissue ထုတ်ပြီး
လှမ်းပေးရင်း စိုးရိမ်တကြီးနဲ့ဒဏ်ရာကိုငုံ့ကြည့်နေ
တယ်။ ကျွန်မလည်း ဘာမှမဖြစ်ပါဘူးလို့ပြောရင်း
Tissueယူပြီး သွေးတိတ်အောင်ခဏဖိထားလိုက်ရ
တယ်။

အများကြီးမထိမိလို့တော်သေးတာ၊ အသားနည်းနည်း
လန်ပြီး သွေးနည်းနည်းထွက်တာကလွဲလို့ ဘာမှကြီး
ကြီးမားမားမဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ခြေထောက်ကစစ်ခနဲ
ကိုက်တာကို သည်းခံရင်းကားပေါ်တက်ပြီးပြန်လာခဲ့
လိုက်တယ်။

ကဗျာအိမ်ရောက်တဲ့အခါ အိမ်ရှေ့မှာချထားပေးတဲ့
သရော်ကင်မွန်းရည်နဲ့ ခြေလက်ဆေးကြရတယ်။ ပြီး
တဲ့အခါ မျိုးမင်းဦးက အနာကပ်ပလာစတာ သွားဝယ်
ပေးလို့ ကပ်လိုက်တာပေါ့။ အဲ့ဒီအချိန်အထိက ပုံမှန်
အတိုင်းပါပဲ။

ကျွန်မအိမ်ပြန်ရောက်ပြီး ညနေရောက်လာတဲ့အခါ လူ
တစ်ကိုယ်လုံးချမ်းစိမ့်စိမ့်ဖြစ်လာပြီးတော့ ဖျားချင်သ
လိုဖြစ်လာတော့တယ်။ နေလို့မကောင်းနေတော့ဘူး။
အဲ့ဒါနဲ့ ညစာစားပြီးတာနဲ့ ဒီကိုလ်ဂျင် တစ်လုံးသောက်
ပြီး အစောကြီးအိပ်ရာဝင်ခဲ့လိုက်ရတယ်။

အိပ်နေရင်း ကျွန်မအသက်ရှုကြပ်လာတာ၊ နိုးတစ်
ဝက်အိပ်တစ်ဝက်နဲ့သိလိုက်တာကတော့ ကျွန်မကို
တစ်ယောက်ယောက်ကလည်ပင်းညစ်ထားတာပါ။
အရမ်းလန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်
မကိုယ်ပေါ်မှာ မိန်းမတစ်ယောက်က ခွထိုင်ပြီး ကျွန်မ
လည်ပင်းကိုညှစ်နေတာ။

အဲ့ဒီမိန်းမကိုတစ်ခါမှမမြင်ဖူးဘူး။ မျက်နှာတစ်ခြမ်း
က မည်းနက်ပြီး သွေးစရဲရဲတွေထွက်နေတယ်။ ကျန်
တစ်ခြမ်းက လူသေမျက်နှာကြီး။ ကြောက်အားလန့်
အားနဲ့ ကုန်းအော်လည်း အသံကထွက်မလာခဲ့ဘူး။

အဲ့ဒီမိန်းမက ကျွန်မကို တော်တော်မုန်းတီးနေပုံရတယ်။
လည်ပင်းညှစ်ထားတာကိုမလွှတ်သလို အချိန်ကြာလာ
တာနဲ့အမျှ ပိုအားကြီးလာတယ်။ ကျွန်မတော့သေပြီလို့
ထင်နေမိပြီ။

ရုန်းလို့လည်းမရနဲ့ ဘာလုပ်ရမှန်းမသိတဲ့အခါ တတ်
သမျှဘုရားစာတွေကို ဆက်တိုက်ရွတ်လိုက်မိတော့
တယ်။ အဲ့ဒီအခါ လည်ပင်းညှစ်ထားတဲ့လက်က တဖြည်း
ဖြည်း ပြေလာပြီး အဲ့ဒီမိန်းမဟာ ကုတင်ခြေရင်းနားကို
လွှင့်ကျသွားတော့တာပဲ။

ကျွန်မလည်း ကြောက်လန့်တကြားအော်ရင်း ကုတင်
ပေါ်ကနေဆင်းပြေးမိတော့တယ်။ အခန်းမီးအမြန်ဖွင့်
ပြီး ပြန်လှည့်ကြည့်လိုက်တော့ ဘာမှရှိမနေတော့ဘူး။
ကျွန်မမိဘနဲ့ အစ်မဖြစ်တဲ့သူက အော်သံကြားလို့ကျွန်မ
အခန်းထဲ ပြေးလာကြတာပေါ့။

ကျွန်မလည်းဖြစ်ကြောင်းကုန်စင်ပြောပြတဲ့အခါ သူတို့
လည်း လန့်နေကြတယ်။ ပြီးတော့ ကျွန်မကို ဘုရားစင်
ကနေ သောက်တော်ရေစွန့်ပြီး တိုက်ကြတယ်။ ဒါပေ
မယ့် ကျွန်မအကြောက်မပြေခဲ့ပါဘူး။

အဲ့ဒီအချိန်ကည ( ၁၂ ) နာရီကျော်လောက်ဖြစ်တာ။
အခန်းထဲလည်းမအိပ်ရဲတော့လို့ ကျွန်မအစ်မနဲ့တူတူ
သွားအိပ်ရတော့တယ်။ ကျွန်မဘေးမှာ အစ်မရှိနေလို့
စိတ်ချလက်ချအိပ်ပျော်သွားခဲ့တယ်။

ဒါပေမယ့် ကျွန်မအစ်မက ကျွန်မကိုအတင်းလှုပ်နိုး
လာတဲ့အတွက် လန့်သွားပြီး အမြန်ထထိုင်လိုက်တဲ့
အခါ အစ်မကကျွန်မကို တအံ့တဩနဲ့ သေချာစိုက်
ကြည့်နေတယ်လေ။

” ဘာလို့လဲ … ဘာဖြစ်လို့လဲ “

” နင်ဘာလို့ ညကြီးသီချင်းဆိုနေတာတုန်း “

” ဟမ် … မဆိုပါဘူး ငါအိပ်နေတာလေ “

” ဟဲ့ … နင်မျက်လုံးကြီးပြူးပြီး မျက်တောင်လည်း
မခတ်ဘဲ သီချင်းဆိုနေလို့ ငါတောင်ကြောင်သွား
တာကို “

” မမကလဲ … ငါအိပ်နေတာပါဆို … ဘယ်ကသီချင်း
ဆိုရမှာတုန်း “

ကျွန်မအစ်မက ကျွန်မကို နားမလည်နိုင်သလိုပြန်ကြည့်
နေတယ်။

” အိပ်မက်ယောင်နေတာလားမသိပါဘူး … အဲ့လို
မနောက်နဲ့ဟ … ငါကြောက်တယ် … “

ပြောပြီးတာနဲ့ သူလည်းအိပ်သွားတယ်။ အိပ်မပျော်
တော့တဲ့သူက ကျွန်မ။ အစ်မပြောတဲ့စကားကို စဉ်းစား
လို့မရနေဘူး။ ကျွန်မကဘာကိစ္စသီချင်းဆိုရမှာလဲ။

နောက်ပြီး ကျွန်မကသီချင်းဆိုတာမျိုး လုပ်လေ့မရှိ
ဘူး။ တခါတလေမှပဲသီချင်းနားထောင်တတ်တာ။
ဒါကိုကျွန်မက ခုလိုညကြီးအချိန်မတော်သီချင်းဆိုနေ
တယ်တဲ့လေ။

ကျွန်မလည်းဟိုလှိမ့်ဒီလှိမ့်အိပ်မပျော်ဖြစ်နေတုန်းမှာပဲ
အိမ်အပြင်ဘက်ကနေ ကျွန်မနာမည်ကို ခေါ်လိုက်တဲ့
အသံကြားလိုက်ရတယ်။ တကယ်ရှင်းရှင်းကြီး။ အသံ
ကျယ်ကြီးနဲ့အော်ခေါ်လိုက်သံပါ။

” အိအိစံ ” ဆိုပြီး သေချာကိုကြားလိုက်တာ။ ကျွန်မလည်း
ခေါင်းနဘမ်းကြီးပြီးချွေးစေးတွေပျံလာမိတယ်။ ခုလို
ညကြီးအချိန် ဘယ်သူက အော်ခေါ်မှာတဲ့လဲ။

ကြောက်လွန်းလို့ အစ်မနားအတင်းတိုးကပ်နေမိတော့
တာပဲ။ စောင်ခေါင်းမြီးခြုံထားတုန်း အခန်းတံခါးက
လော့ချထားရက်သားနဲ့ လော့ပွင့်သွားသံကြားလိုက်ရတယ်။

ကျွန်မအမေထင်လို့ စောင်ကိုဖယ်ကြည့်လိုက်တော့
တံခါးကပွင့်မလာပါဘူး။ ကျွန်မလည်း တအံ့တဩနဲ့
မှင်သေသေဖြစ်ပြီး တံခါးကိုပဲမျက်တောင်မခတ်ကြည့်
နေမိတယ်လေ။

၅မိနစ်လောက်ကြာတဲ့အထိ ဘာမှမထူးခြားလာတော့
ကုတင်ပေါ်ကထပြီး တံခါးနားကပ်သွားကြည့်လိုက်
တယ်။ တံခါးလော့ကတကယ်ပွင့်နေတာပါ။ တံခါး
ချောင်နေတာများလားပေါ့။

တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ မျက်လုံးတွေပြာသွား
သလိုပါပဲ။ အခန်းဝမှာ မိန်းမတစ်ယောက်ရပ်နေတယ်။
ရှပ်အင်္ကျီအကွက်နဲ့ ထမိန်က ချည်ထမိန်ဝတ်ထားတာ။
အသားညိုညိုနဲ့ အရမ်းကြောက်စရာကောင်းပါတယ်။
အသံကုန်အော်ပြီး ကျွန်မမေ့လဲသွားတော့တာပဲ။

ကျွန်မသတိရလာတဲ့အခါ မျက်နှာနဲ့ရင်ဘတ်တစ်ခုလုံး
ရေတွေစိုနေတာကိုအရင်ဦးဆုံးခံစားလိုက်ရပါတယ်။

” အိစံ … အိစံ “

အမေကစိုးရိမ်တကြီးနဲ့ ကျွန်မကိုလှုပ်နိုးနေတာလည်း
သိလိုက်တယ်။ မျက်လုံးကိုကြိုးစားဖွင့်ကြည့်လိုက်
တော့ အခန်းဝမှာ ကျွန်မလဲကျနေပြီး ဘေးမှာတော့
အဖေ၊ အမေ နဲ့ အစ်မ စုစုစံ ကိုတွေ့လိုက်ရတော့တယ်။

အားယူပြီးထထိုင်လိုက်တဲ့အခါ ကျွန်မခေါင်းထဲမိုက်ခနဲ
တစ်ချက်ဖြစ်သွားပြီး ဘာမှမသိခဲ့တော့ဘူး။ ကျွန်မပြန်
နိုးလာတော့ နေ့ခင်းဘက်ဖြစ်နေပြီ။ ကျွန်မအခန်းထဲက
ကုတင်ပေါ်မှာပေါ့။

အခန်းထဲ ဆွေမျိုးတွေအများကြီးရောက်နေကြတယ်။
အပြင်ဘက်မှာလည်း စကားပြောသံတွေနဲ့ ဆူညံနေတာ
ပဲ။ ကျွန်မအားယူပြီးထထိုင်လိုက်တော့ ဘေးနားကိုပြေး
လာကြတယ်။

” ဘယ်လိုနေသေးလဲ သမီး “

” ခေါင်းနည်းနည်းမူးတယ်မေမေ “

” ရှုဆေးလေးရှုထား … ရော့ … ရော့ … “

အဖေက ရှုဆေးဗူးလေးလှမ်းပေးလာတယ်။ လှမ်းယူ
ပြီးရှုနေတုန်း အမေက ပြောတယ်။

” သမီး ဘာဖြစ်တာလဲ မှတ်မိလား .. “

ကျွန်မခေါင်းခါပြလိုက်တယ်။

” တစ်ခုမှမမှတ်မိဘူးလား “

” မမှတ်မိဘူးမေမေ “

” သူဘယ်သိပါ့မလဲ မိချိုရာ … ငါ့သမီးပင်ပန်းနေပြီ…
ဗိုက်ဆာနေရောပေါ့ … သမီး … တစ်ခုခုအရင်စားလိုက်
ဦး … ဘာစားချင်လဲ “

အဖေမေးမှ ကျွန်မဗိုက်ဆာနေတာသတိရသွားမိတော့
တယ်။

” ဗိုက်ဆာတယ် … ဘာစားရမလဲမသိဘူး “

အမေကကျွန်မနဖူးကိုအသာစမ်းရင်း

” အဖျားငွေ့ငွေ့ရှိနေတယ် … အစာမာ မစားသေးနဲ့ဦး
မောင်ထူးရေ “

” ဟုတ် အန်တီကြီး “

” ဟိုဘက်လမ်းက ရသာစုံ ဆိုင်မှာ ကြက်သားဆန်ပြုတ်
လေး သွားဝယ်ပေးဦး…သားရေ … တစ်ပွဲ ၂၀၀၀ လား
မသိဘူး … ရော့ … ရော့…ဒီမှာ … “

အမေက အဖေ့တူလေး ထူးမြတ် ကို ငါးထောင်တန်
တစ်ရွက်ထုတ်ပေးပြီး သွားဝယ်ခိုင်းလိုက်တယ်။

” ချိုင့်ယူသွားရမလား အန်တီကြီး “

” အေ အေ ယူသွားလိုက်သား “

ထူးမြတ်ထွက်သွားတော့ အဖေ့ညီမ ကျွန်မအဒေါ်က
ကျွန်မဘေးလာထိုင်ပြီး

” ကံကောင်းလို့ပေါ့ သမီးရယ် … သရဲမက ဘယ်က
လိုက်လာလဲ မသိဘူး … သမီးဘယ်တွေသွားသေးလဲ…
ဘာတွေလုပ်မိသေးလဲ “

” ရှင် “

” သူ့ကိုဝင်ပူးတာသူမမှတ်မိဘူး ရွှေမိရေ … “

အမေက ဝင်ပြောနေတယ်လေ။ အဲ့ဒီအခါမှ ကျွန်မ
သဘောပေါက်မိတော့တယ်။ ညက လည်ပင်းလာညှစ်
တဲ့မိန်းမ၊ အခန်းတံခါးဝမှာရပ်နေတဲ့ မိန်းမက ကျွန်မ
ကိုယ်ထဲဝင်ပူးကပ်တာဖြစ်မှာ။

” ကဗျာကို သဂြိုလ်လို့ လိုက်ပို့တာပဲရှိတာ အန်တီလေး…
သမီးဘယ်မှမသွားမိပါဘူး … ဘာမှလည်းမလုပ်မိပါ
ဘူး “

” သဂြိုလ်ပြီးပြန်လာတော့ရော ခြေလက်ဆေးရဲ့လား “

” ဆေးတယ် … သူ့အိမ်ရှေ့မှာ တရော်ကင်မွန်းရေ ထား
ထားပေးလို့ သေချာဆေးခဲ့သေးတယ် … “

” အင်း … ဒီလိုဆိုဘယ်ကနေလိုက်လာလဲမပြောတတ်
ဘူး … သင်္ချိုင်းကနေလိုက်လာတာပဲဖြစ်မှာပါ … “

” နေကပူပူနဲ့ ခြေလက်ဆေးလိုက်တော့ အပူရှပ်သွား
တာလည်းပါမယ် “

အမေပြောမှ ခြေထောက်ကဒဏ်ရာကိုသတိရသွားမိ
တော့တယ်။

” ခြေထောက်ထိမိထားလို့ ဖျားတာလားမသိဘူးမေမေ “

” ဟင် … ဘယ်မှာထိတာလဲ “

ကျွန်မလည်း ခြေထောက်ကဒဏ်ရာကိုပြလိုက်ပြီးတော့

” သဂြိုလ်ပြီးပြန်တော့ ကားပေါ်မတက်ခင် သစ်ငုတ်နဲ့
ခလုတ်တိုက်မိတာ … အသားနည်းနည်းလန်သွားရုံပါ
ပဲ … ဘာမှတော့မဖြစ်ဘူး “

” ဟဲ့ … သင်္ချိုင်းမှာလဲတာလား “

” ဟုတ်အန်တီလေး “

” အဲ့ဒါကြောင့်ကိုး … “

” မီပြီးလိုက်လာတာနေမယ် ရွှေမိ “

” ဆရာထွန်းနိုင်လာရင် ပြောပြလိုက်ပေါ့ မမချို “

ကျွန်မအဒေါ်ပြောတဲ့ ဆရာထွန်းနိုင်ဆိုတာ အထက်
လမ်းဆရာလေ။ သူ့ကိုပင့်ထားတာဆိုရင် ညကအခြေ
အနေဆိုးလို့များလား။ သိချင်တာနဲ့မေးကြည့်လိုက်တယ်။
အမေနဲ့ အစ်မပြောပြတာနားထောင်ပြီး ကျွန်မအရမ်း
လန့်သွားမိတာပဲ။

ညကအော်ရင်းမေ့လဲသွားပြီး ကျွန်မကိုဝင်ပူးသွားချိန်မှာ
တစ်အိမ်လုံးနိုးလာကြတယ်။ ကျွန်မက အခန်းထဲကနေ
အိမ်အပြင်ဘက်ပြေးထွက်လို့ အကုန်ဝိုင်းဖမ်းရသတဲ့။

အိမ်ထဲပြန်ရောက်တော့ စကားတွေအမျိုးမျိုးလျှောက်
ပြောနေတယ်လို့ပြောတယ်။ ပြီးတော့ အိမ်အပြင်ဘက်
ပဲထွက်ပြေးနေလို့ ကြိုးတုပ်ထားမှရမယ်ဆိုပြီး ကြိုး
တုပ်ထားကြတာ။

ကျွန်မက ကြိုးကို ရုန်းရင်းရုန်းရင်း ပြေသွားရောပေါ့။
ကြိုးပြေတာနဲ့ အိမ်နံရံကိုတွယ်တက်တော့တာပဲတဲ့။
အိမ်နံရံတစ်ဝက်ထိရောက်နေပြီ၊ အဖေက အတင်းဆွဲ
ထားလို့ အပေါ်အထိမရောက်တာ။

ပြီးတာနဲ့ ကျွန်မအစ်မကိုကြည့်ပြီးပြောသေးတယ်။
” ငါကနင့်ဆီဝင်ချင်တာ … ဝင်မရလို့ ” တဲ့။ ကျွန်မကို
မနိုင်ကြတဲ့အခါ အိမ်နီးနားချင်းတွေကို အကူအညီတောင်း
ရတော့တာပေါ့။

လူတွေအများကြီးရှေ့မှာ ကျွန်မက ရှိုက်ကြီးတငင်ငို
လာရောတဲ့။ ပြီးတော့ သရဲမက သူ့သမီးနဲ့တွေ့ချင်တဲ့
အကြောင်း၊ လိုက်ပို့ပေးပါလို့ ပြောတယ်ပေါ့။ ဘယ်ကို
လိုက်ပို့ရမလဲမေးတော့ ဇီးကုန်းရွာကိုပါတဲ့။

ဇီးကုန်းဆိုတဲ့နာမည်ကအများကြီး နေရာအတိအကျ
ပြောလို့ထပ်မေးတော့ သူနေရာသေချာမမှတ်မိဘူး။
သူသိတာ ဇီးကုန်းရွာက ခင်မြထွေး ဆိုတာပဲလို့ပြော
တယ်။

ခင်မြထွေးကသူ့သမီး။ သူ့သမီးဆီခေါ်သွားပေးပါပဲ
ထပ်ခါထပ်ခါပြောနေတယ်။ နေရာပြောမှခေါ်သွားလို့
ရမှာပေါ့၊ မှတ်မိသလောက်ပြောဆိုတော့ သူကပြောပြီး
သားစကားပဲထပ်ပြောနေတော့ တခြားဟာထပ်မေးကြ
တယ်။

ဘာဖြစ်လို့အိစံဆီဝင်ပူးတာလဲဆိုတဲ့အခါ ကျွန်မနောက်
ကိုသူလိုက်လို့ရလို့လိုက်လာတာတဲ့။ ကျွန်မကနေတဆင့်
သူ့သမီးဆီသွားချင်လို့ပေါ့။ အဲ့ဒါ‌ေကြာင့်ကျွန်မကို
ခြောက်လှန့်တော့တာ။

သရဲမက ပြောပြီးပြန်မထွက်ပေးဘူး။ ခင်မြထွေးဆီ
ပို့ပေးဆိုပြီးပဲ ထပ်သောင်းကျန်းပြန်ရော။ အဲ့ဒါနဲ့ ဘေး
အိမ်က အဒေါ်ကြီးက သူ့မှာ ဆရာတော်ပေးထားတဲ့
ပုတီးရှိတယ်ဆိုပြီး အိမ်ပြန်သွားယူလာတယ်။ ပြီးတော့
ကျွန်မလည်ပင်းကိုဆွဲလည်းဆွဲပေးရော ကျွန်မကိုယ်ထဲ
ကနေ ထွက်ပြေးသွားတော့တာပဲ။ ကျွန်မလည်း ခွေကျပြီး
မေ့လဲသွားတာ အခုမှပြန်နိုးလာခဲ့တာပေါ့။

ညကအဖြစ်အပျက်တွေကိုနားထောင်ပြီး အရမ်းအံ့ဩ
နေမိတယ်။ ကျွန်မအဲ့လိုတောင်ဖြစ်ခဲ့သတဲ့လား။ အဲ့နေ့
တနေ့လုံး လူကမလန်းခဲ့ဘူး။ ရှိန်းတိန်းတိန်းဖြစ်နေတုန်း
ပဲ။ ကျွန်မကိုဝင်ပူးခဲ့တဲ့သရဲမ ရှိနေသေးတဲ့ပုံရတယ်။

ညနေရောက်တော့ ဦးလေးနဲ့အဒေါ်က ဆရာထွန်းနိုင်
နဲ့သူ့တပည့်ကို အိမ်ပင့်လာခဲ့တော့တယ်။ ဆရာက
ဘုရားစင်ရှေ့မှာထိုင်ခိုင်းပြီး ဘုရားကန်တော့စေတာ
ပေါ့။ ကျွန်မလည်း ဘုရားကိုဦးချကန်တော့လိုက်တယ်။

ပြီးတာနဲ့ ဆရာက ကျွန်မကိုလက်ဖဝါးဖြန့်ခိုင်းပ်တယ်။
အမှောင့်ပရောဂနှောင့်ယှက်နေတာမှန်ရင် လက်ချောင်း
တွေလှုပ်ပြစမ်းလို့ ဆိုတဲ့အခါ ကျွန်မလက်ချောင်းတွေ
က သူ့အလိုလို ခွဲသွားပြီး တရစပ်လှုပ်လာတော့တယ်။

ကျွန်မလှုပ်နေတာမဟုတ်မှန်း ကျွန်မသေချာသိနေတာ
လေ။ ခိုလေးတွေ ငှက်ကလေးတွေ တောင်ပံတဖျပ်ဖျပ်
ခတ်နေသလိုမျိုး လက်ချောင်းတွေက လက်ဖမိုးကို
လာထိနေကြတယ်။ အဲ့ဒါကို တအံ့တဩငေးနေရင်း
ကျွန်မ ထပ်မေ့မျောသွားပြန်ရော။

ပြန်သတိရလာတဲ့အခါ ကျွန်မကို ဆရာက အားလုံးသိ
လားလို့မေးတယ်။ ကျွန်မဘာမှမသိတဲ့အရာမလို့ ခေါင်း
ခါပြလိုက်တာပေါ့။ ဆရာထွန်းနိုင်က ရေမန်းတစ်ခွက်
မန်းမှုတ်ပြီး တိုက်ပါတယ်။

အဲ့ဒါသောက်ပြီးတဲ့အခါ လက်ဖွဲ့ကြိုးအနီလေး လည်
ပင်းမှာဆွဲပေးတယ်။ ဆရာထွန်းနိုင်တို့ပြန်သွားတဲ့အခါ
မှ အိမ်သားတွေပြန်ပြောပြကြလို့သိရတာကတော့ မေ့
သွားတဲ့အချိန် ကျွန်မအသံဩဩကြီးထွက်လာသတဲ့။

ခင်မြထွေးဆီပို့ပေးဖို့ပြောတော့ နေရာလည်းမသိ၊ လိပ်
စာလည်းအတိအကျမသိလို့ ပို့ပေးဖို့မလွယ်ဘူးပေါ့။
ဒီလိပ်ပြာရှင်ကိုထပ်‌မနှောင့်ယှက်ဖို့ ဆရာကမေတ္တာ
ရပ်ခံတဲ့အခါ ခင်မြထွေးဆီပို့ပေးရင် မနှောင့်ယှက်ဖို့
ကတိပေးသတဲ့။

ဆရာက မေတ္တာရပ်ခံလို့မရရင် ကြိုးချည်ထားရလိမ့်
မယ်လို့ဆိုမှ ဒါဆိုလည်း သူ့အတွက်အလှူလုပ်ပေးပါ
လို့တောင်းဆိုလာတာပေါ့။ သူ့နာမည်က မခင်ဦး တဲ့။

ဘုရားဖူးလိုက်လာရင်း ကားမှောက်ပြီးဆုံးတာလို့ပြော
တယ်။ နောက်ရက်မှာတော့ မခင်ဦးအတွက်ရည်စူးပြီး
သံဃာတွေပင့်ဖိတ်လို့ အမျှပေးဝေ‌ေပးလိုက်ပါတယ်။

အဲ့ဒီညမှာ ကျွန်မအိပ်မက်မက်ခဲ့တယ်။ မခင်ဦးဆိုတဲ့
မိန်းမက သူ့ကိုအမျှပေးတာ ကျေးဇူးတင်တဲ့အကြောင်း
လာပြောတယ်။ ပြီးတော့ သူပြောတဲ့စကားကြောင့်
ကျွန်မ အရမ်းလန့်သွားရတော့တာပဲ။ သူပြောတာက

” နင့်သူငယ်ချင်းလည်း နင်တို့‌ေနာက်ကို ငါနဲ့အတူ
လိုက်လာတာ … သူကငါ့လို ဝင်ပူးမရလို့ အိမ်အပြင်က
ပဲ စောင့်နေရတယ် … သူက နင်တို့အတွက် စကားပါး
ခိုင်းလိုက်တယ် … နောက် ( ၂ ) ပတ်နေပြီးရင် ရွက်ဝါ
ဆိုတဲ့ ကောင်မလေးကို လာခေါ်ကြတော့မယ်တဲ့ … သူ့
သူငယ်ချင်းနဲ့ အတူသွားဖို့ သူစောင့်နေတယ်လို့ပြော
ပေးပါတဲ့ “

အဲ့လိုမက်ပြီးတဲ့နောက် ရွက်ဝါအတွက် ကျွန်မစိတ်ပူ
သွားမိတယ်။ သူ့ကိုဘယ်လိုပြောပြရမှန်းလဲမသိဘူး။
နောက်ဆုံးတော့ ဘယ်လိုဖြစ်ဖြစ် ပြောတော့မယ်ဆို
ပြီး ပြောပြတဲ့အခါ ရွက်ဝါမျက်နှာပျက်သွားတာကို
သတိထားမိလိုက်တာပေါ့။

ပြီးတော့ ရွက်ဝါက ငိုရှိုက်ပြီး ကျွန်မကိုဇာတ်စုံခင်းပြ
လာတော့တယ်။

” လွန်ခဲ့တဲ့ ( ၃ ) လကျော်လောက်က ငါ့ဆီ ကဗျာရောက်
လာတယ် … သူ့ကိုကူညီပေးဖို့လာပြောတာ … ဘာကူ
ညီရမလဲဆိုတော့ သူပေးစရာအကြွေးရိှတယ်တဲ့ … သူ့
အလုပ်မှာ လျှော်ရမယ်ဆိုတော့ သူ့လက်ထဲလည်း ပိုက်
ဆံမရှိတာနဲ့ … သူများဆီခဏချေးပြီး လျှော်ပေးလိုက်
ရတယ်ပေါ့ … အဲ့ဒီ အကြွေးရှင်က သူ့ဆီပြန်တောင်းနေ
ပြီ … သူ့မှာပေးစရာပိုက်ဆံမရိှလို့  အကြွေးတောင်းပန်
ဖို့ လိုက်ကူပေးပါလို့ ပြောတယ် … ငါ့ကိုဘာလို့ခေါ်ရ
တာလဲမေးတော့မှ … သူ့အကြွေးရှင်က မယုမွန် တဲ့
ဟေ “

မယုမွန်ဆိုတဲ့သူက ရွက်ဝါနဲ့ တော်တော်ရင်းနှီးတဲ့မိတ်
ဆွေတွေ။ မယုမွန်ကို သူများတွေက သိပ်မခေါ်မပြောရဲ
ကြဘူး။ ဘာလို့လဲဆိုတော့ ရပ်ကွက်ထဲမှာ မယုမွန်က
ပညာသည်လို့ နာမည်ထွက်နေလို့ပဲ။ ရွက်ဝါကတော့
အလိုက်တသင့် ပြောတတ်ဆိုတတ်တဲ့အခါ သူနဲ့နည်း
နည်းတည့်တယ်ပြောရမှာပေါ့လေ။

” အဲ့တော့ ငါလိုက်ကူသွားရော … ဟိုရောက်တဲ့အခါ
ပြောရင်းဆိုရင်း စကားများကြရောဟာ … မယုမွန်က
ထပ်မစောင့်ပေးနိုင်တော့ဘူး … အခုပဲ ပြန်ပေးဖို့ပြော
တယ် … ငါကြားထဲကတောင်းပန်ပေးတာတောင်မရ
တော့ဘူး … နောက်ဆုံး ကဗျာကလည်း တိုင်ချင်ရာ
တိုင်တဲ့ ငွေယူတုန်းက သက်သေလည်းမရှိ အလွတ်ယူ
ထားတာပေါ့ … အတိုးပေးနေတာနဲ့တင် ယူထားတဲ့ငွေ
ပြည့်နေပြီ … ဆက်မပေးနိုင်တော့ဘူးတဲ့ … အဲ့မှာမယု
မွန်က ဒေါသတွေကြီးပြီး ငါ့ငွေကို ပြန်မပေးရင် နင်
အသေပဲလို့ပြောလာတယ် … ငါကတော့ ခဏစောင့်
ပေးပါလို့ကြားဝင်ပြီး ညှိပေးခဲ့တာပဲ … ဒါကို မယုမွန်
ကဘယ်လိုထင်လဲမသိ … အဲ့ပိုက်ဆံယူတဲ့ကိစ္စမှာ ငါ
ရောပါတယ်လို့ ထင်သွားတယ်ထင်တယ်နော် … “

” အဲ့လိုတွေတောင်ဖြစ်ခဲ့တာလားဟ “

” အေးပေါ့ … အဲ့ကိစ္စကြောင့် ငါနဲ့ ကဗျာ ရန်ဖြစ်တာ
လေ … ဟိုတလောက ပြဿနာတက်တယ်ဆိုတာ အဲ့
ဒါပေါ့ “

ရွက်ဝါပြောပြမှ အကြောင်းစုံသိရတော့တယ်။ အစတုန်း
က သာမာန်စကားများရင်းငြင်းခုန်တာလို့ထင်နေမိတာ။

” အဲ့ဒါနဲ့ ငါ့အိပ်မက်နဲ့ ဘာပတ်သက်လို့လဲ “

ရွက်ဝါက သက်ပြင်းချပြီး မျက်ရည်ကျနေတယ်။

” ငါလည်းအိပ်မက်မက်တယ်အိစံ “

” ဟင် … ဘယ်လို မက်တာလဲ “

” ငါနဲ့ကဗျာ ကို မယုမွန်က ချောက်ကမ်းပါးကနေတွန်း
ချပစ်တယ်လို့မက်ခဲ့တာ … အဲ့ဒါမက်ပြီး နောက်ရက်
ကဗျာ ဆုံးတာပဲ … သူက ပညာသည်လို့ လူပြောများ
နေတာဟ … ငါလည်း တစ်ခုခုဖြစ်တော့မလားမသိ
ဘူးနော် “

” ဟာ လွဲပါစေ ပယ်ပါစေ ဟဲ့ … ဖီး … ဖတ် … ဖတ် …
အိပ်မက်တွေကတိုက်ဆိုင်နေတာဆိုရင် နင်ဒီလိုနေလို့
မဖြစ်ဘူး … တစ်ခုခုလုပ်မှရမယ် “

” ဘာလုပ်ရမှာလဲ … “

” ကဗျာတို့အိမ်သွားပြီး မယုမွန်ဆီပေးစရာရှိတဲ့အကြောင်း
ပြောရမှာပေါ့ … သူများအကြွေးရှိနေတော့ ဘဝကူးမ
ကောင်းတာဖြစ်တတ်တယ်ဆိုလား … “

” သူတို့အိမ်ကယုံပါ့မလား “

” ယုံယုံ မယုံယုံ ပြောကြည့်တာကောင်းမယ် “

အဲ့လိုနဲ့ ကဗျာရဲ့မိဘတွေကိုသွားတွေ့ပြီး အကျိုးအ
ကြောင်းပြောပြဖြစ်ကြတယ်။ ကဗျာက မယုမွန်ဆီ
ပေးစရာကျန်နေတဲ့အကြောင်းပဲပြောပြဖြစ်ပါတယ်။
သူ့မိဘတွေက မယုမွန်နဲ့တွေ့ပြီး ပြောချင်တယ်ဆိုလာ
တော့ ရွက်ဝါနဲ့ကျွန်မ သူတို့တွေ့ဖို့ ချိန်းဆိုပေးလိုက်
ကြတာပေါ့။

‌နောက်ရက် ကဗျာရဲ့မိဘတွေနဲ့ မယုမွန်တွေ့ပြီး ပြော
ကြဆိုကြတဲ့အခါ ကဗျာမိဘတွေက တစ်လကို ( ၂ )
သိန်းပုံမှန်ပေးပါမယ်လို့ကတိပေးလိုက်ကြတယ်။
အဲ့ဒီအခါ မယုမွန်လည်းကျေနပ်သွားပုံပါပဲ။

အပြန်ကြတော့ မယုမွန်က ရွက်ဝါကိုပြောတယ်။ နင်
ဖြေရှင်းပေးနိုင်လို့ ကံကောင်းသွားတာ တဲ့လေ။ အဲ့ဒီ
ကိစ္စဖြစ်ပြီး မခင်ဦးပြောတဲ့ ( ၂ ) ပတ်ကျော်တဲ့အခါ
ဘာမှထူးထူးခြားခြားမဖြစ်လာတော့ပါဘူး။

ရွက်ဝါကတော့ မယုမွန်ဆိုတာနဲ့ အရင်လိုရင်းရင်းနှီး
နှီးမပြောဆိုရဲတော့ပဲ ရှောင်တော့တယ်လေ။ နောက်
( ၆ ) လ ကျော်လာတဲ့အခါ ရွက်ဝါက ကျွန်မကိုပြော
ပြတယ်။

ကဗျာကိုအိပ်မက်မက်တယ်တဲ့။ သူ့အကြွေးတွေကျေ
သွားလို့ သူသွားလိုရာသွားလို့ရသွားပါပြီလို့လာပြော
တယ်ပေါ့။ ကျွန်မနဲ့ ရွက်ဝါကိုလည်း ကျေးဇူးတင်ပါ
တယ်တဲ့လေ။

အဲ့ဒီအခါကြမှပဲ သက်ပြင်းချနိုင်တော့တာ။ သင်္ချိုင်းမှာ သွေးထွက်သံယိုဖြစ်ရာကစလိုက်တဲ့ အကြောင်းဇာတ်
လမ်းတွေကို အမြဲအမှတ်ရနေမှာဖြစ်သလို နောင်များ
တော့ နာရေးလိုက်ပို့ရင် ထိမိခိုက်မိတာ မဖြစ်အောင်
ဂရုပြုသွားတော့မယ်လို့ စိတ်ကူးထားပါတော့တယ်။

သော်တာလမင်းစန္ဒာ