ဆိုးသည့်အဖေ

ဆိုးသည့်အဖေ(စ/ဆုံး)

——————–

ဆူညံသံများကြောင့် အိပ်ရာကနိုးထလာခဲ့သည်။ ဖွင့်ထားပြီးပြတင်းကနေ ၀န်းကျင်ဟာမှောင်မည်းနေဆဲ။
ခေါင်းရင်းအိမ်ဟာ ဘာလို့ဒီလောက်ဆူညံနေရတာပါလိမ့်။

နာရီက မနက် ၄ နာရီကိုသာညွှန်ပြနေလေသည်။ အိပ်မရတော့တဲ့တူတူ မျက်နှာသစ်ကော်ဖီသောက်မယ်ကွာ။
မီးဖိုထဲမှာ မမကြီးက အိမ်ရှိဘုရားကို အာရုဏ်ဆွမ်းကပ်ဖို့ ပြင်ဆင်နေလေပြီ။

” ဟ အစောကြီးနိုးနေပါလား မီးမီ.. ညီမလေး”

“ဟုတ်တယ်မကြီး၊ ခေါင်းရင်းအိမ်ဆူညံနေတာနဲ့နိုးလာတာ”

“ပြတင်းပေါက်မပိတ်ထားဘူးလား”

“ဟုတ်”

မျက်နှာသစ်ပြီး မကြီးဖျော်ပေးသည့်လက်ဖက်ရည်ကို ပေါင်မုန့်ထောပတ်သုတ်နှင့်စားလိုက်သည်။

“စောစောနိုးမှတော့ ဘုရားရှစ်ခိုးလိုက်ဦး မီးမီ”

” ဟုတ် …မကြီး၊ ဒါနဲ့ ခေါင်းရင်းအိမ်က ဘာလုပ်ကြတာလဲဟင်”

“အော် အလှူလုပ်ကြတာလေ၊ မနက်ဖြန်တပေါင်းလပြည့် အဖေများနေ့မှာ သူတို့အဖေအတွက်ကုသိုလ်လုပ်ပေးကြတာတဲ့၊ တို့တစ်အိမ်လုံးကိုဖိတ်ထားတယ်မီးမီ၊ နေ့လည် ထမင်းကျွေးချိန်ကျမှ အတူသွားကြမယ်လေ၊ ခုကဘုန်းကြီးတွေအတွက် အရုဏ်ဆွမ်းကပ်မှာ”

“သူတို့အဖေက နေကောင်းကျန်းမာရှိနေတာပဲမဟုတ်လားမကြီးရဲ့”

“နေကောင်းကျန်းမာနေတုန်းမို့ ကုသိုလ်တွေယူသွားနိုင်အောင်သံဃာတွေပင့်ပြီး ဆွမ်းကွမ်း၀တ္ထုလှူ‌ပေးတာတဲ့၊ သေပြီးမှအလှူလုပ်တာထက် ရှင်စဉ်မှာလုပ်ပေးတော့ သာဓုခေါ်နိုင်တာပေါ့မီးမီရဲ့”

“အော် ကောင်းလိုက်တာနော်”

ဘာပြောမိမှန်း ဘာသာပင်မသိပဲ ဝါးတားတားနှင့် အခန်းထဲပြန်၀င်လာခဲ့သည်။ စားပွဲပေါ်က ရွက်ဆုတ်ပြက္ခဒိန်တွင် တပေါင်းလပြည့်နေ့ဟု
ထင်ရှားစွာရေးထား၏။

ဒီနေ့က အဖေများနေ့ဟုတ်လား။
အဖေများနေ့မှာ မီးမီအတွက်တမ်းတစရာ အဖေမရှိသည်ကတော့ စိတ်သက်သာရာရလှပါသည်။

အဖေဟု တခါဖူးမျှ မက်မက်စက်စက် ချစ်ခင်အားကိုးစွာခေါ်ဖူးခဲ့ခြင်းမရှိသည့် မီးမီသည် အဖေဟူသည့်လူကြီးကို နာကျည်းမုန်းတီးရင်း မတော်တဆတောင်မှ မဆုံပါရစေနှင့်ဟု ဆုတောင်းနေတတ်သူဖြစ်သည်။

မီးမီမလွန်ပါ။ကိုတိုး၊မကြီးနှင့်မောင်ဖြိုးတို့လည်း မီးမီစိတ်နှင့်တစ်ထပ်ထဲကျကြမည်သာ။

(၂)

မီးမီတို့တွင် မောင်နှမလေးယောက်ရှိသည်။ ကိုကြီးတိုးမီ၊ မမ မီးကြီး၊ ပြီးတော့မီးမီနှင့်မောင်လေး ဖြိုးမီတို့ဖြစ်သည်။

မီးမီမှာသိတတ်ကတည်းက သူများကလေးတွေလို ချော့မြှူချီပိုးမည့်အဖမရှိပါ။

အဖေသည် မီးမီကိုကိုယ်၀န်ဆောင်သည့် အမေ့အားထားခဲ့ပြီး တမြို့တရွာမှာအိမ်ယာထူထောင်နေသည်ဟူ၏။

သူများတွေလို စကားပြောတတ်စအရွယ်မှာ ပေပေဟုမခေါ်တတ်လောက်အောင် မီးမီနှင့်စိမ်းလွန်းသူသည် အဖေဖြစ်ပါ၏။

အဖေဆိုသည့်လူကြီးသည် ကုန်တင်ကားများမောင်းသည်ဟုသိရ၏။ မီးမီသည် အဖေ့ကို အဖေဟု သိရသည့်နေ့ကစ၍ အမုန်းကိုသာရင်၀ယ်ပိုက်ရသည်။

မီးမီ အဖေ့ကိုဘယ်အရွယ်မှ မြင်ဖူးသည်ထင်ပါသနည်း။
လေးနှစ်ကျော်ငါးနှစ်အတွင်းတွင်မှ မြင်ဖူးခြင်းဖြစ်သည်။

“စိတ်ညစ်တယ် ကိုတိုးရယ်၊ မီးကြီးလေ အဖေ့ကိုပြန်မလာစေချင်ဘူး သိလား”

“ဟုတ်တယ် ညီမလေး ၊ အဖေဆိုတာ တို့တွေအတွက် မရှိရင်အရမ်းကောင်းမှာပဲမီးကြီးရယ်”

“မမ မီးကြီး၊ အဖေကဘယ်သူလဲဟင်”

မီးမီကအဖေဟူသည့်စကားကို တစ်ခါမှမကြားဖူးသူလို မကြီးကိုမေးလိုက်သည်။ မကြီးက မီးငယ်ကိုပွေ့ပိုက်ကာ မျက်ရည်ကျ၏။
ကိုတိုးနှင့်မမမီးကြီးတို့က သုံးနှစ်စီအသက်ကွာကြသည်။ မီးမီက ကိုတိုးနှင့်ဆယ်နှစ် မမမီးကြီးနှင့် ခုနစ်နှစ်ကွာသည်။ အသက်ဆယ်နှစ်နှစ်အရွယ် မမမီးကြီးကား အမေ့အလုပ်ကိုကူညီရင်း ထွားကျိုင်းသန်မာလှ၏။ ခုတော့ ငိုနေရှာသည်။

“ငိုနဲ့လေ တိတ် တိတ်

“အေးပါညီမလေးရယ်၊ အဖေဆိုတာလေ အိမ်ရှေ့အိမ်က ခင်တွတ်တို့ရဲ့အဖေလို လူကြီးတစ်ယောက်ပေါ့မီးမီရဲ့၊ ခင်တွတ်အဖေလို သားသမီးကိုချစ်တတ်တဲ့သူတော့မဟုတ်ဘူးမီးမီ၊ အို…အမေ့ကိုလဲသူမချစ်ဘူးမီးမီရဲ့

ခင်တွတ်က မီးမီနှင့်ရွယ်တူ ကစားဖက်။ သူ့အဖေကိုအရမ်းချစ်သူ။ သူ့အဖေကလည်းခင်တွတ်ကို အရမ်းချစ်သည်ထင်ပါသည်။
တွေ့သည်နှင့်ချီပိုးချော့မြှူကာ နမ်းနေတတ်သည်။

မီးမီကတော့ အဖေကိုလဲမမြင်ဖူး၊ အချစ်ခံရဖို့ဝေလာဝေးဆိုသလို။ အိမ်မှာလည်း အဖေ့အကြောင်းကို မည်သူမျှဟဟပင်မပြောကြ၍ အမှတ်တမဲ့ပါပဲ။

ခုတော့ အဖေပြန်လာမည်ကို မီးမီချစ်သည့်အစ်ကိုနှင့်အစ်မက စိတ်ညစ်နေရသည်ဆိုကတည်းက သည်အဖေဆိုသည့်လူကြီးက ချစ်ဖို့မကောင်းမှန်း မီးမီသိရပါပြီ။ သို့သော် မီးမီမျှော်ခဲ့မိသေးသည်။ အိပ်ချိန်သာရောက်ရော။ဖေဖေဆိုသည့်လူကြီး ရောက်မလာသေးပါ။
သို့နှင့် မီးမီအိပ်ပျော်သွားခဲ့သည်။

” အွတ် အွတ် ”

” အု အု အု”

မီးမီတစ်ရေးနိုးမှာ အသံတစ်ချို့ကြားနေရသည်။ မီးမီကအမေနှင့်အတူအိပ်သည်လေ။ အမေ့ဘာဖြစ်နေတာလဲမသိဆိုကာ အမေ့ဖက်သို့လှည့်လိုက်သည်။

အို..အမေ့နံဘေးမှာလူတစ်ယောက်။ အမေ့မျက်နှာကို တစ်ခွပ်ခွပ်နှင့်ထိုးနေသည်ကို လမ်းမီးတိုင်မှအလင်းကမှန်ပြတင်းကိုဖြတ်ကာ၀င်နေသည်ကြောင့် မြင်ရလေသည်။

မီးမီကြောက်လွန်း၍ တုန်ခိုက်နေခဲ့၏။ အသံမထွက်ရဲပဲ အသက်ကိုအောင့်ထားမိသည်။ နာကျင်လွန်း၍
အသံထွက်ငိုမိမည်စိုးပုံရ၏။
စောင်အစွန်းကိုဆွဲကာ ပါးစပ်ထဲသို့ လုံးထည့်ထားသည်။
ထို့ကြောင့် ဟိုလူကြီးထိုးတိုင်း
အွတ် အွတ် အု အုဟုမမြည်နေခြင်း ဖြစ်၏။

အမေ့အသံတိုးတိုးလေးကို ကြားရ၏။

မ မလုပ်ပါနဲ့ကိုကျော်ရယ်၊ နာ နာလွန်းလို့ပါနော် ကလေးတွေနိုးသွားလိမ့်မယ် ကို…အွတ် အွတ် အု”

အမေရယ်။ မျက်နှာကိုတခွပ်ခွပ်ထိုးနေသည်ကို သားသမီးတွေနိုးမှာစိုးလို့ အောင့်ခံနေသည့်အမေ။ နာလွန်းလို့ အသံမထွက်ရဲ။ ကြိတ်ခံနေသည်ကြောင့် အွတ်ဟုသာ အသံပုန်းထွက်နေရလေသည်။

ပေးစမ်း နင့်ရှိသမျှပိုက်ဆံ၊ မဟုတ်ရင် နင့်သားသမီးနိုးရုံတင်မက တရပ်ကွက်လုံးနိုးအောင် လုပ်ခံထိမယ်မှတ်

“ဈေးရင်းဖို့တော့ချန်ခဲ့နော်”

“အကြောမရှည်နဲ့ ငါဖဲရှုံးလာတယ်၊ အကုန်ပေး၊ လိုတာရွှေရောင်းသုံး”

“ဟုတ် ဟုတ် အဟွတ် အဟွတ်”

အမေဟာ ငိုသံနှင့်ပြောပြီးထသည်။ ‌ချောင်းပါတဟွတ်ဟွတ်ဆိုး၏။ အဘယ်မျှ နာကျင်နေလိမ့်မလဲ။ မီးမီကြောက်တယ် ။ အမေ့ကိုလဲသနားလိုက်တာ။

မီးခလုပ်မဖွင့်ပဲ ဘီဒိုကိုအသာဖွင့်ပြီး ငွေယူပေးသည်ထင်၏။ ဟိုလူကြီးက အသံတိုးတိုးနှင့် ချော့နေသံကို အော်ဂလီဆန်စဖွယ်ကြားရပြန်သည်။

“ခင်မီကို အာ့ကြောင့်ကိုကျော်ချစ်တာ၊ ခုနက စိတ်ဆိုးလို့ထိုးမိတာနာသွားလားဟင် ဖွ ဖွ ဖွ၊ ကိုကျော် ဒီပိုက်ဆံတွေကို ပွားပြီးပြန်လာခဲ့မယ်နော်
ရွှတ်၊ သွားပြီ”

ဆိုးလိုက်တဲ့အဖေ။ အဖေဆိုတာကို မမြင်ဖူးလိုက်ပါပဲ အမုန်းသန္ဓေတည်ခဲ့သည်ထိ။
အမေဟာ မီးမီအိပ်နေသည်ထင်ကာ တစ်ဖက်လှည့်ပြီးငိုနေခဲ့သည်။

အသံကားမထွက်။ မီးမီနှင့်ထိနေသည့်ကိုယ်လုံးလေး သိမ့်သိမ့်ခါနေသည်‌ကိုး။

မနက်ဖက် မီးဖိုချောင်ထဲမှာ
မမမီးကြီးက မေမေ့ကိုမေးသည်။ ကိုကိုတိုးကမနိုးသေး။

” အဖေလာသွားတယ်မဟုတ်လားအမေ”

အမေက ပြန်မဖြေပဲ ခေါင်းငုံ့နေသည်။ မမမီးကြီးက ငိုပြီး
ပြောသည်။

“အမေ့မျက်နှာဖူးယောင်နေတယ်အမေ၊ လာ သမီးရေခဲကပ်ပေးမယ်နော်၊ ဈေးထွက်ရင် ဒေါ်ဘုမတို့က မေမေ့ကိုစပ်စုကြတော့မှာပဲမေမေရယ်”

ထိုနေ့မှစ၍ အမေဟာအမြဲငိုနေရသည်။ မကောင်းဆိုးဝါးကြီးက မကြာခနပြန်လာကာ
နှိပ်စက်လေသည်။

မီးမီရဲ့ မေမေဟာ မြို့မဈေးကြီးထဲမှာ ငါးကြင်းခုတ်သားသီးသန့် ရောင်းသူတစ်ဦးဖြစ်ပါသည်။

ရွှေမရှား ငွေမရှားနေနိုင်သူ။
အိမ်ကြီးရခိုင်တစ်လုံးလည်းပိုင်ဆိုင်ထားသူ။ ဦးကျော်ကျော်မောင်ဆိုသည့် တရွာတကျီဆောက် လင်တစ်ဦး၏ နှိပ်စက်ခံ မယားကြီးတစ်ဦးဖြစ်သူဆိုသည်ကို…

မီးမီကျောင်းနေအရွယ်ရောက်သည့်အခါ ပိုနားလည်လာရသည်။
အဖေဆိုသည့် လူကြီးကိုပိုမုန်းပိုရွံရမည့် အဖြစ်အပျက်တို့ကို ခပ်စိပ်စိပ်မြင်တွေ့ဖန်များလာသည့်အခါမှာတော့
မိဘတိုင်းသည် သားသမီးတို့အတွက်ကျေးဇူးရှင်ဟူသောအဆိုမှာ မမှန်ကြောင်း မီးမီပြောပြချင်လာပါသည်။

ဤနိုင်ငံသည် မိဘတို့၏ကောင်းကြောင်းကိုသာဖော်ထုတ်ကြပြီး ယုတ်ညံ့သည့်မိဘများရှိသည်ကို ဖော်ထုတ်တတ်သည့်သားသမီးများကို ကဲ့ရဲ့ပြစ်တင်တတ်သည့် နိုင်ငံဖြစ်သည်။

အနန္တဂိုဏ်း၀င်ကျေးဇူးရှင်ဟူသည် သန္ဓေပေးထားရုံနှင့် ခေါ်ရန်မထိုက်ကြောင်း မီးမီအဖေက သက်သေဖြစ်ပါသည်။

မီးမီ အဖေ့သမီးမဖြစ်ချင်ပဲဖြစ်လာရသည်ကိုက ၀ဋ်ကြွေးတစ်ခုသာဖြစ်ပါ၏။

မီးမီတို့မိသားစုအကြောင်းကိုမသိသူများကတော့ အဖေကိုအသိအမှတ်မပြုဘူးပြောလျှင် ငရဲရမည့်သားသမီး၊ ဖခင်အရင်းကိုမကောင်းပြောသည့်သားသမီး တစ်သက်လုပ်စားကိုင်စားမဖြစ် ဆင်းရဲမည်ဟုမေးငေါ့တင်းဆိုကြလေသည်။

ဆက်ရန်။

ကြိုးစားပါဦးမည်။
တင်မိမိအောင်

#အဖြစ်မှန်မို့ စံပေတံနဲ့တိုင်းတတ်သူတချို့ မန့်မရိုင်းဖို့ ကြိုတင်ပြောပါရစေ