လူမိုက်ကြီးဂျစ်ပွေး

*လူမိုက်ကြီး ဂျစ်ပွေး*📖📖📖

*********** ***************

ကျွန်တော် စာရေးသူ သည် “ဒွတ်”သို့ ကိစ္စတစ်ခု နှင့် သွား ရောက်ခဲ့ဖူးသည်။

ထို နေရာတွင် ကျွန်ုပ်၏ သူငယ်ချင်း ဖြစ်သူ လဲရှိသော ကြောင့် သူ၏ အိမ်သို့ ခဏတာ  ဝင်ရောက် လည်ပတ်ခဲ့သည်။

စာရေးသူ မင်းလှမှ ဒွတ်သို့  ရောက်ရှိချိန်က မနက် ၈နာရီ ကျော်ခန့်သာ ရှိလေသည်။

သူငယ်ချင်း ဖြစ်သူကလဲ ဝမ်းမြောက်ဝမ်းသာကြိုဆိုလျက် လိုလေစေ့ မရှိ ကော်ဖီနှင့် မုန့်များကို  ဧည့်ခံကျွေးမွေး၍ ဧည့်ဝတ်ပြုရှာသည်။

ကျွန်ုပ်လည်း သူငယ်ချင်း ဖြစ်သူနှင့်စကားစမည်ပြောနေစဥ် သူ၏ အိမ်မှ အသက် ၅၀ အရွယ် ဦးလေးကြီးနှစ်ဦးသည် ယမန်နေ့က ရွာထဲတွင် ရန်ဖြစ်သည့်အကြောင်းကို ပြောဆို ငြင်းခုံနေသည် ကို အမှတ်တမဲ့ ကြားလိုက်မိသည်။

ကျွန်ုပ်လည်း…. သူတို့ နှစ်ဦး၏ စကားထဲတွင် “ဒီကောင်လေးတွေ မိုက်တယ် ဆိုတာ ဂျစ်ပွေး ကြီး ကို မမှီသေးပါဘူးကွာ “. ..ဟူသည့် စကားကြောင့် ဂျစ်ပွေး၏ အကြောင်း ကို သိချင် စိတ်ပြင်းပြသွားလေသည်။

ထို့ကြောင့်..ဂျစ်ပွေး ဟူသည့် လူမိုက်ကြီး အကြောင်းကို သူငယ်ချင်းဖြစ်သူအား မေးမြန်းကြည့် ရာမှ….. သူငယ်ချင်းဖြစ်သူက လူမိုက်ကြီးဂျစ်ပွေး၏ အကြောင်း ကိုသူ သိသလောက် ပြောပြလေ၏။

ထို့အကြောင်းရာများမှာ~~~~~~

“ဟေ့ကောင်..အညာသား……ဒီဝိုင်းကို ထန်းရည် တစ်မြူနဲ့ ကြွက်ကြော်….တစ်ပန်းကန် ချပေးစမ်း”

တောင်ကလေး ရွာနောက်ဖက်ထန်းတောထဲတွင် မူးရစ်သောင်းကျန်းနေသော ဖိုးစံရွာသား  ငလှ ၏ အသံသြသြကြီးကြောင့် ထမင်းစားနေသော ကိုအညာသား လည်း ပြာပြာသလဲ ထ လိုက်ကာ…..”ထန်းရည်ကတော့…ရတယ် ကိုကြီးလှ… ကြွက်ကြော်က ကုန်သွားပြီ “

“ဘာကွ……ကြွက်ကြော်ကုန်ပြီဟုတ်လား…..ထွီ…
ကြွက်ကြော်မရ ရင် မင်းတဲမှာရှိတဲ့ ကြက်နီမ ကို ရိုက်ပြီး ကြော်ပေးစမ်း”

“မလုပ်ပါနဲ့.. ကိုကြီးလှရာ….ကြက်နီမ ကြီးက ဝပ်နေတာ အကောင်လေးတွေ တောင်ပေါက်ခါနီးပြီ”

ကိုအညာသားက ဖိုးစံရွာသား လူမိုက် ငလှကို တောင်းတောင်းပန်ပန် ပြောနေသည်။

“မရဘူးကွာ….မင်း..ငလှ အကြောင်းသိတယ်နော်….”

“ဒါဆို ဒါပဲ..ဟေ့ကောင် ခွေးသား အညာသား”

“ဟေ့ကောင် အညာသာ….ငါ့ဆရာ ပြောတဲ့ အတိုင်း လုပ်ပေးလိုက်ဟေ့ကောင်”

ငလှ၏ တပည့် စံဝင်းက သခင်အားရ ကျွန်ပါးဝ ၍ ကိုအညာသားကို မာန်မဲ လိုက်ပြန်သည်။

“ဟို..ဟို…. ပဲကြီးလှော်နဲ့ပဲ..ခုနေ့ မြည်းလိုက်ပါတော့ ကိုကြီးလှရယ်…မနက် မှ ကျွန်တော် လယ်ကြွက် ကိုသေချာ လေးကြော် ပေးထားပါ့မယ်ဗျာ”

“မရဘူး.. ဟေ့ကောင်… မင်းဒီနေ့ ကြွက်ကြော် ကြော်မပေးရင် မင်းဆိုင်ကို ငါ အကုန်ရိုက်ခွဲ ပစ်မှာနော်….မင်း….. ငလှအကြောင်း သိပါတယ်”

“တစ်ဂယ်…..မရှိတော့လို့..ပါ..ကိုကြီးလှ ရယ်…ကျွန်တော် တောင်းပန်ပါတယ်”

ကိုအညာသား၏ အသံက တုန်တုန်ရင်ရင် ဖြစ်နေသည်။

“ကြာပါတယ် ဆရာ ရယ်….ဒီကောင် ဆိုင်ကို ဖျက်ပစ် လိုက်မယ်”

“အေး….ဖျက်ပစ်ကွာ…အညာကနေ လာပြီး….ဒီကောင် က လူပါးဝနေတာ”
” မင်းကြွက်ကြော်ကို အလကားမစားဘူး ဟေ့ကောင်…ဒီမှာတွေ့လား..ပိုက်ဆံ “

“မဟုတ်ရပါဘူး..ကိုကြီးလှရာ….”

ထန်းရည်ရောင်းသော ကိုအညာသားက ရှစ်ခိုးမတတ် တောင်းပန်ပြောဆိုနေလေသည်။

“ကြာတယ်ကွာ..ဖျက်ပစ်စမ်း.. ခွေးမသားဆိုင်ကို “

ဖိုးစံရွာသား လူမိုက်ငလှ၏ အမိန့်သံကြောင့် သူနှင့်အတူပါလာသော စံဝင်း ဖိုးခွေး သာကျော်တို့က နီးစပ်ရာ ဒုတ်များကို ပြေး၍ ကောက်ရန် ထ လိုက်ကြသည်။

“ဟေ့ကောင် တွေ ပြန်ထိုင်စမ်း…..မင်းတ်ို့က….ငါ့ရွာ ကို လာပြီး..မိုက်ကြေးခွဲနေတာလား”

ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံကြောင့် လူမိုက်ငလှ အသံကြားရာ ဆီသို့ လှည့်ကြည့်လိုက်သည်။

“ဟင်….ကိုကြီး  ဂျစ်ပွေး  ……”

“ဟေ့ကောင် စံဝင်း တို့ ပြန်ထိုင်နေကြ.စမ်း…မင်းပထွေး လာနေပြီ”ဟု ငလှက စံဝင်း တို့ကို တီးတိုးစွာပြောလိုက်သည်။

ဒီတစ်ခါ အသံကတုန်ကရင် ဖြစ်နေသူက လူမိုက်ငလှ။

မအေ*ိုးတေ…..မင်းတို့ ဂျစ်ပွေး အကြောင်းသိတယ်နော်…..

“ဖောင်း..ဖြောင်း…..ဖြောင်း….”

တောင်ကလေး ရွာ လူမိုက်ကြီး ဂျစ်ပွေး ၏ လက်သံ ကြောင့် လူမိုက်ငလှ တို့ လူစု နားထင်နရင်းများ ပူတက်သွားလေသည်။

“မင်းတို့..ပြန်တော့….ငါ့ရှေ့မှာ.ကြာကြာနေရင်..မင်းတို့ကို..ငါသတ်မိလိမ့်မယ်”

“ဟုတ်..ဟုတ်….”
“ကျွန်တော်တို့.ပြန်ပါတော့မယ်…ခုဏ..နည်းနည်း မူးသွားလို့ပါ ကိုကြီးဂျစ်ပွေး…စိတ်မဆိုးပါနဲ့”

“အေး…သွားတော့….”

ခေါင်းလေးများ ငုံကာ စိုက်ငိုက်စိုက်ငိုက်နှင့် မပြေးရုံတစ်မယ် ခြေလှမ်းများ​ဖြင့် ထွက်သွားသော ဖိုးစံရွာ၏ လူမိုက်ငလှတို့အုပ်စုကို ဂျစ်ပွေးပြုံးကာ ကြည့်နေသည်။

~~~~~~~~~~

တပေါင်းလ၏ ညနေခင်းက လွန်စွာသာယာလှပနေသည်။

ကိုအညာသား၏ ထန်းတောထဲတွင်တော့….လူမိုက်ကြီး ဂျစ်ပွေးနှင့်သူ၏ သူငယ်ချင်းဖြစ်သူ ခွေးမဲ တို့နှစ်ဦးသား ညောင်သာ ရွာရှိ ဘုရားပွဲသို့သွားရန် ပြောဆိုနေသည်။

“မောင်ပွေး… ညောင်သာရွာရဲ့ ဘုရားပွဲကို သွားကြမယ်ဟေ့ကောင်”

“ပွဲက ၄ရက်တောင်ကျင်းပ မှာတဲ့….အာဝါဒေး ဝိုင်းတွေရောပါတယ် “

“ခွေးမဲ ၏ စကားကို နားထောင်နေသည့် ဂျစ်ပွေးက…..အဲဒါဆို ခုည သွားကြမယ်လေ “

“အေး….သွားမယ်.အိမ်ပြန်ပြီး ပိုက်ဆံနဲ့ ဓားမြှောင် ပြန်ယူအုန်းမယ်”ဟု ခွေးမဲက ပြောတိုကာ ထသွားလေသည်။

နာရီဝက်ခန့်အကြာတွင် ခွေးမဲ တစ်ယောက် လွယ်အိတ်တစ်လုံး လွယ်ကာ ဂျစ်ပွေးရှိရာ သို့ပြန်ရောက်လာသည်။

“သွားမယ် မောင်ပွေး…..”

“အေး….လက်ကျန်ဖြတ်လိုက်အုန်းမယ်”

ဒီလိုနှင့် ဂျစ်ပွေးတို့ နှစ်ယောက်သား လယ်ကန်ဇင်းရိုးများကို နင်းလျှောက်ကာ ညောင်သာရွာဆီသို့ ခြေလှမ်းများကို ဦးတည်လိုက်သည်။

သူတို့နှစ်ဦးသား ညောင်သာရွာဘုရားပွဲသ်ို့ရောက်သော အခါ ည ၇နာရီခန့်ပင် ရှိချေပြီ။

ဂျစ်ပွေးနှင့်ခွေးမဲ တို့လည်း ကြံရည်ဆိုင်(ကြံရည်ကိုဘန်းပြ၍ အရက်ရောင်းသော) ဆိုင်အတွင်းဝင်ကာ အရက်ဖြူ တစ်လုံးမှာ၍ ခွက်ပုန်းသောက်ကာ အချိန်ဖြုန်းလျက်ရှိသည်။

“ကဲ ခွေးမဲ….သောက်လို့လဲ ပြီးပီ….ငါတို့ ဂျင်ဝိုင်းဘက်ကို သွားကြမယ်”

“အေ့..ဂေ့….
သွားကြမယ်လေ”

ခွေးမဲ …တစ်ယောက်  အတော်ပင် အရက်ရှိန်တက်နေချေ၏။

ဂျစ်ပွေး တို့ နှစ်ဦးလည်း ပွဲစျေးတန်းကို ဖြတ်ကာ အာဝါဒေး ဝိုင်းများ ရှိရာသို့ ထွက်လာခဲ့ကြသည်။

ပွဲခင်းအတွင်းမှာတော့….ပွဲကြည့်လာသည့် လူများ အတော်ပင် ရောက်ရှိ နေ ကာ တိုးဝှေ့လျက်ရှိနေသည်။

“ဟေ့ကောင်….ခွေးမဲ..ဖြေးဖြေးလျှောက်ပါကွ…မင်း မူးနေပြီ လား…..စျေးသည်တွေကို ဝင်တိုးမိ နေမယ်”

“အေးဆေးပါ….ဂျစ်ပွေးရာ…ငါ..မမူးသေးပါဘူးဟ”

ခွေးမဲလည်း ဂျစ်ပွေးကို မမူးသေးကြောင်း ငြင်းဆိုပြီး ပွဲစျေးတန်းထဲသို့ တိုးဝှေ့ဝင်ရောက်လျက်ရှိသည်။

“ဟေ့ကောင် ငလှ…ဟိုမှာ…ဂျစ်ပွေးမှလား….”

ဖိုးစံရွာ ၏ လူမိုက် ငလှနှင့် ညောင်သာရွာ လူမိုက် ဌေးဝင်း တို့ သည် ပွဲစျေးတန်းထဲ မှ ဂျစ်ပွေးကို လှမ်းမြင်လိုက်သည်။

“ဟုတ်တယ်…ငဌေး….ဂျစ်ပွေးကြီးဟ…..”

“အေး…တို့နယ်ထဲ ရောက်နေတာ….ပဲ ဂျစ်ပွေးကြီးမကလို့ ဂျစ်ပွေးကြီးအဖေ ဖြစ်ဖြစ် ဝိုက်ကြမယ်”

“ဖြစ်..ဖြစ်ပါ့မလား…”

ငလှ၏ အသံက တုန်ယင်နေသည်။

“ဖြစ်ပါတယ် မင်း သာ နောက်ကလိုက်ခဲ့….ငါ ကောင်တွေနဲ့ ငါ ကြည့်ရှင်းမယ်”

ညောင်သာရွာ လူမိုက် ဌေးဝင်း လည်း သူ၏ မိုက်ဂုဏ်ကို ထပ်တင်ရန် “ဒွတ်နယ်” တစ်ကြော နာမည်ကြီးနေသည့် ဂျစ်ပွေး ကို သတ်ရန် ကြံစည်နေခြင်းဖြစ်သည်။

ဖိုစံရွာ ၏ လူမိုက်ငလှ ကလည်း ဟိုတစ်ခါ အညာသားထန်းတော ထဲတွင် သူနှင့်သူ၏ တပည့် နှစ်ယောက်ကို ဂျစ်ပွေး က နရင်း ရိုက်ခဲ့သည်ကို သတိရသွားကာ အံကိုကြိတ်လျက်….”အေး….ချမယ်ကွာ ဂျစ်ပွေး…ခုည မဂျစ်ပွေးနိုင်အောင် အပြတ်ချ မယ်”

“အေး….အာ့လို စိတ်ဓာတ်ကို ကြိုက်တာ..လာကွာ…ငါတပည့်တွေ ကို ခေါ်လိုက်အုန်းမယ်”

ပြောပြောဆိုဆို ညောင်သာရွာလူမိုက် ငဌေးက သူ၏ တပည့်များရှိရာသို့ သွားကာ တစ်စုံတစ်ခုကို တီးတိုးပြောဆိုနေသည်။

ခဏကြာသော အခါ လူမိုက် ငဌေးနှင့်သူ၏ တပည့် နှစ်ယောက်သည် ငှက်ကြီးတောင် ဓားရှည် များကို ပုဆိုးနှင့်ရစ်ပတ်ကာ သယ်ဆောင်၍ ငလှထံသို့ ပြန်လာလေသည်။

“သွားမယ်ငလှ မင်းမှာ အတိုပါသေးလား”

ငဌေး၏ အမေးကို ငလှက ခေါင်းငြိမ့်၍ သူ၏ ခါးကြား၌ထိုးထားသည့် ဓားမြှောင်ကို လှစ်ပြလိုက်သည်။

ဂျစ်ပွေး နှင့် ခွေးမဲက တော့ ဂျင်ဝိုင်းတစ်ဝိုင်းအတွင်း ဝင်ရောက်ကာ ဂျင် လောင်းနေ သည်။

ဂျစ်ပွေးတို့ကို လက်စဖြောက်ရန် လာသည့် လူမိုက် ငလှတို့ အုပ်စုကလည်း ဂျစ်ပွေး တို့ရှိရာ ဂျင်ဝိုင်း အတွင်းသို့ ဝင်ရောက်လာကြသည်။

“ကဲ..ထိုးထား….ကြနော်.. ပေါက်ကောင်ဖွင့်တော့မယ်”

ဂျင်ဝိုင်း၏ ဒိုင်ဖြစ်သူက ဂျင်သီးကို လှည့်လိုက်၍ ယွန်းခွက်ဖြင့် ဂျင်သီးကို အုပ်လိုက်ကာ ထိုးသားများကို ငွေထိုးရန် ဆော်သြနေသည်။

“ရှော..ပဲ.ကွာ…ထိုးလိုက် ခွေးမဲ”

ဂျစ်ပွေး ၏ ပြောစကားကြောင့် ခွေးမဲလည်း ငါးရှဥ့် ပုံရှိရာ အကွက်ထဲသို့ ပိုက်ဆံကို ပစ်ထည့်လိုက်သည်။

“ကဲ.ကဲ..လက်ရှောင် တော့ ပေါက်ကောင်ဖွင့်မယ်”

ဂျင်သီးကို အုပ်ထားသည့် ယွန်းခွက်ကလေးကို ဖွင့်ရန် အခြားထိုးသားတစ်ဦးက လက်လှမ်းလိုက်စဥ်……

“ဝုန်း..ဖုန်း……. ဖုန်း “

ခွေးမဲကို ငလှတို့ လူစုထဲမှ တစ်စုံတစ်ယောက်က တွန်းလှဲ လိုက်ခြင်းဖြစ်သည်။

“ဟေ့ကောင်… ငလှ ဘာလုပ်တာလဲ မင်း”

ဂျစ်ပွေး၏ အသံသြသြကြီးက ဂျင်ဝိုင်း ထဲမှ အသံများကို ဖုံးအုပ်သွားလေသည်။

“မတော်တဆ ထိ တာ မင်းက ဘာဖြစ်လို့လဲ ဂျစ်ပွေး.. ဒါငါ့ အပိုင်နော်”

ညောင်သာရွာ လူမိုက် ဌေးဝင်းက ဂျစ်ပွေးကို စူးစိုက်၍ ကြည့်လိုက်ကာ သူ၏ နေရာသို့ လာ၍ မကျယ်ရန် ပြောဆိုနေသည်။

“မင်းအပိုင် မက လို့ မင်းအဖေ အပိုင် ဖြစ်နေလဲဂျစ်ပွေး က ဂရုမစိုက်ဖူးနော် ဟေ့ကောင် “

ရုတ်တရက် တင်းမာလာသော အခြေနေများကြောင့် အခြားဂျင်လောင်းသူ များသည် ဂျစ်ပွေးတို့ရှိရာ နေရာမှ အခြားဘက်ဝိုင်းများဆီသို့ ရှောင်ထွက်သွားကြလေသည်။

စပ်စု လိုသည့် လူနှစ်ဦးသုံးဦးသာ ဂျစ်ပွေးနှင့် ငလှတို့ ၏ အ​ြခြနေများကို ဆက်လက် ကြည့်ရူ့နေကြသည်။

ဂျစ်ပွေး ၏ ဘက်တွင် မူးနေသည့် ခွေးမဲ တစ်ဦးသားရှိကာ ငလှ နှင့်ဌေးဝင်း.ဘက်တွင်တော့ ဓားရှည် ကိုယ်စီကိုင်ထားသည့် သူတို့၏ တပည့် ၃ဦးရှိလေသည်။

“အေး..ဂရုမစိုက်တဲ့ ကောင်ကို ဂရုစိုက်တတ်အောင် လုပ်ပေးရသေးတာပေါ့ကွာ….”

ပြောပြောဆိုဆို ဌေးဝင်းက ခါးမှ ဓားမြှောင်ကို ထုတ်ကာ ကိုင်လိုက်သည်။

ဂျစ်ပွေးက လည်း လွယ်အိတ်ထဲ မှ ဓားကို ထုတ်ကာ ကိုင်လိုက်၍ ခွေးမဲ ကို နောက်သို့ တွန်းပို့လိုက်သည်။

“လာကြစမ်း…မင်းတို့ထဲက သေရဲတဲ့ကောင်”
“ဂျစ်ပွေးကွ….. မဆိုင်တဲ့သူ အနားကို မကပ်ကြနဲ့”

စိန်ခေါ်စကားဆိုလိုက်သည့် ဂျစ်ပွေးထံသို့ ခုဏ သတ်မည်ဖြတ်မည် လုပ်နေသည့်  ဌေးဝင်းနှင့် ငလှ တို့ မည်သူမျှ မကပ်ရဲကြချေ။

အချိန်ခဏအကြာတွင်……။
ရုတ်တရက် ဌေးဝင်းသည် ငလှ ကို ဂျစ်ပွေးရှိရာသို့ တွန်းပို့လိုက်ကာ သူ၏ တပည့် သုံးဦးကို မျက်စာပစ်ပြလိုက်သည်။

ဂျစ်ပွေးလဲ သူဆီသို့ ဝင်လာသည့် ငလှ ကို ဓားဖြင့် ထိူးလိုက်ကာ နောက်ထက်ပြေးဝင်လာသည့် ဓားရှည်ကိုင် လူတစ်ယောက်ကို လူချင်းပူးကပ်ထားလိုက်သည်။

ပြီးနောက် ဓားဖြင့် ဆင့်ကာ ဆင့်ကာ နှစ်ချက်ထိုး၍ ထိုလူကို အခြားလူနှစ်ဦးရှိရာသို့ တွန်းထုတ်လိုက်သည်။

ပထမဆုံး ဓားထိုးခံရသူ ငလှသည် သွေးအိုင်ထဲတွင် အသက်ငင်နေချေပြီ။
ဒုတိယ အထိုးခံရသူသည် သူ၏ ဗိုက်ကို လက်ဖြင့်အုပ်လျက် ဂျစ်ပွေးကို ကြောင်တောင်ရပ်ကြည့်နေသည်။

ကျန် နှစ်ဦးမှာ ဂျစ်ပွေးထံသို့ မဝင်ရဲသေးပဲ အခြေနေကို ရပ်ကြည့်နေသည်။

“ဟေ့ကောင်…..ဌေးဝင်း လာလေကွာ…..ဘာလဲ သွေးကြောင်နေတာ လား”

ဌေးဝင်းသည် သွေးများစီးကျနေသည့် ဓားမြှောင်ကို ကိုင်ကာ သူ့ကို စိန်ခေါ်နေသည့် ဂျစ်ပွေးထံသို့မဝင်ရဲပေ။

“မင်း..မလာရင် ငါလာသတ်မှာနော်….ဟေ့ကောင်”

ပြောပြောဆိုဆို ဂျစ်ပွေးသည် ညောင်သာ လူမိုက်ဌေးဝင်းရှိ ရာ သို့ ပြေးဝင်သွားလိုက်သည်။

ထိုအချိန်တွင် ဌေးဝင်း၏ တပည့် ဓားကိုင် လူမိုက် နှစ်ဦးက ကြောင်ကြည့်နေရာမှ အသိပြန်ဝင်လာကာ  ဂျစ်ပွေး၏ ကျောပြင်ကို ဓားဖြင့် ပိုင်းချ လိုက်သည်။

“ဒုတ်”

“အ….”

ဂျစ်ပွေးလည်း တစ်ချက်သာ ငြီးငြူ၍  တွန့်သွားကာ ဌေးဝင်း ရှိရာသို့ ခုန်ဝင်၍ ညှပ်ရိုး ကြားသို့ ဓားမြှောင် ကို တဆုံးထိုးသွင်းလိုက်လေသည်။

“မဆိုင်တဲ့ ကောင် မကပ်နဲ့ “ဂျစ်ပွေး” ကွ..အကုန်မသာဖြစ်ကုန်မယ်….”

ဌေးဝင်းကို ဓားဖြင့် ထိုးထားလျှက် အော်ဟစ်လိုက်သည့် ဂျစ်ပွေး၏ အသံက ပွဲခင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်ဟု ပင် ထင်ရလေသည်။

ထိုအကြောင်းရာများကို ပြောပြနေသော စာရေးသူ၏ သူငယ်ချင်းသည် မောသွားဟန်ဖြင့် ပြောလက်စ စကားကို ခဏရပ်လိုက်လေသည်။

စာရေးသူလည်း သိချင်ဇောဖြင့်…. အဲဒါဆို “ဦးဂျစ်ပွေး က ဓားနဲ့အခုတ်ခံရ လို့ သေ သွားပြီပေါ့ “ဟု မေးလိုက်လေသည်။

ထိုအချိန်တွင် ဘုန်းကြီးကျောင်းသားလေး တစ်ယောက်၏ ဆွမ်းတော်ဗျို့ ဟူသည့် နိဗာန်ဆော် သံလေး ကို ကြားလိုက် ရလေသည်။

စာရေးသူ ကျွန်ုပ်၏ သူငယ်ချင်း က ရုတ်တရက် ထ လိုက်ကာ ကျွန်ုပ်အား “မင်း ဦးဂျစ်ပွေးကို ကြည့်မလား…”
“ဦးဂျစ်ပွေး မသေသေးဘူး”ဟု ပြောလိုက်လေသည်။

ကျွန်ုပ်လည်း အံသြ သွားကာ “အေး ကြည့်မယ် ငါ့ကို တော့မနောက်နဲ့နော်” ဟု ​ပြန်ပြောလိုက်သည်။

သူငယ်ချင်း ဖြစ်သူက ကျွန်ုပ်ကို ခေါ်လျက် သူ၏ အိမ်ခြံဝ သို့ ထွက်လိုက်ကာ ဆွမ်းခံ ကြွချီလာသည့် သက်တော် ၇၀ အရွယ် ခန့် ဘုန်းတော်ကြီး တစ်ဦးကို လက်ညိူးထိုး ပြ၍…..

“အဲ့ဒါ မင်းကိုငါ ပြောပြတဲ့ လူမိုက်ကြီး ဦးဂျစ်ပွေး ဆိုတာပဲ”

“ခုတော့ လူဝတ်ကို စွန့်ပြီး သာသနာ့ဘောင် ထဲကို ဝင်တာ ငါ တစ်သက်ရှိပြီ လို့ ငါ့အဖေ က ပြောပြလို့ ငါလည်း သိရတာ ပဲ” ဟု သူငယ်ချင်းဖြစ်သူက ကျွန်ုပ်အား ရှင်းပြလေသည်။

ကျွန်ုပ်လည်း တည်ငြိမ်စွာ လျှောက်လှမ်း၍ ဆွမ်းခံကြွလာသည့် တစ်ချိန်က လူမိုက်ကြီး “ဦးဂျစ်ပွေး”ခေါ် “ဥူးပညာန္ဒ” အား လက်အုပ်ချီလျက် ရပ်ငေးကြည့်မိနေပါတော့သည်။

စာကြွင်း~~~ လူမိုက်ကြီး ဦးဂျစ်ပွေးသည် ငလှ၊ဌေးဝင်း နှင့် ဌေးဝင်း၏ တပည့် နှစ်ဦးအား သတ်မှုဖြင့် သာယာဝတီ အကျဥ်းထောင်၌ ထောင်ဒဏ် ၁၀နှစ် ကျ ခံခဲ့ရသော်လည်း အဲ့ဒီအချိန်က တရားဉပဒေစိုးမိုးရေး လျှော့နဲ နေချိန်ဖြစ်သဖြင့်  ထောင်ထဲ ၌ နေ၍ ပြစ်မှု့ကြွေးကို ချွေးဖြင့်ဆပ်ကာ ၅နှစ်အကြာတွင် ပြန်လည် လွတ်မြောက်လာ ခဲ့ပါသည်။

{“မင်းတို့မိုက်တာက ဂျစ်ပွေးလောက် မမိုက်ပါဘူး”}~~~ဟု ယခုချိန်ထိ ဒွတ်နယ် တစ်ကြောတွင် လူကြီးများ၏ နူတ်ဖျားမှ ပြောဆိုနေလျက်ရှိပါသေးကြောင်း ထပ်မံဖြည့်စွက် ရေးသားလိုက်ရပါသည်။

ဤစာ အတွင်း၌ အချို့နာမည်များမှာ အမှန်ဖြစ်၍ အချို့ရွာအမည်များ နာမည် များသည် ဖော်ပြရန် မသင့်သောကြောင့် အခြားနာမည်များ​ ဖြင့် အစားထိုး၍ ရေးသားထားပါသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စော်ကားလိုစိတ်မရှိပါ။

အမှားများပါရင် ခွင့်လွတ်သည်းခံကြပါဟု တောင်းပန်ရင်း~~~~

မောင်နတ်ဆေး(မင်းလှ)