ကိုးသင်္ချိုင်းကဝေ

*ကိုးသင်္ချိုင်းကဝေ*📖📖📖(စ/ဆုံး)

*********************************

လွှတ်ပြီးကတိတည်တဲ့လူဗျာ။

ကျုပ်ဆရာကြီးစိုင်းနွံဖကို  ပြောတာပါ။ ကျုပ်ရ
အောင်ယူပေးတဲ့ သစ်စုန်းပင်ကို ပုဗ္ဗာရုံကျောင်း
မှာပဲ  တောင်ဝှေးလုပ်တယ်။  ဆေးတောင်ဝှေး
သုံးချောင်း ထွက်တယ်ဗျ။  သစ်ရွက်၊  သစ်မြစ်
တွေကိုတော့  အခြောက်လှန်း၊   အမှုန့်ထောင်း
ပြီး ဆေးတောင့်တွေလုပ်တယ်။

ဆေးတောင်ဝှေးတို့ကို ပန်းပုဆရာနဲ့ နဂါးခေါင်း
လက်ကိုင်တွေ ထုတယ်ဗျ။ ပြီးတော့မှ ပေါ်လစ်
တင်တယ်။ နဂါးခေါင်းကိုတော့ ရွှေပိန်းချတာဗျ
သစ်စုန်းဆိုတာ တော်တော်ကို ထူတဲ့ သစ်သား
ပဲဗျ။  အားလုံးလုပ်ကိုင်ပြီးတော့ ဆရာတော်ကို
သစ်စုန်းဆေးတော်တစ်ထောင့်နဲ့  နဂါးတောင်
ဝှေးတစ်ချောင်း လှူတယ်။

ကျုပ်ကိုတော့ သစ်စုန်းဆေးတော်တစ်ထောင့်နဲ့
မျက်ကွင်းဆေးတစ်ထောင့်ပေးတယ်။ ဖြေဆေး
ဥပါပေးတယ်ဗျ။ သီလသမာဓိရှိသလောက် က
တိလည်း အင်မတန်တည်တဲ့ ဆရာကြီးပါပဲဗျာ
ဆရာကြီး စိုင်းနွံဖ ပြန်သွားပြီး တစ်နှစ်လောက်
ရှိတော့    ဘန့်ဘွေးကုန်းကို   လူတစ်ယောက်
ရောက်လာတယ်ဗျ။ ဒီလူက ကဝေဆိုပဲ။ ကျုပ်
လည်း   မသိပါဘူးဗျာ။  တစ်ရက်  ကျုပ်ဆီကို
ဘန့်ဘွေးကုန်းက ကျောက်နီဆိုတဲ့ကောင်
ရောက်လာပြီး ပြောလို့ သိတာဗျ။

“ဟာ ဟေ့ကောင် ကျောက်နီ၊ ဘယ်လာတာတုံး”

“ကိုတာတေဆီကိုပဲ  လာတာပါဗျာ၊   ကိစ္စနည်း
နည်းရှိလို့ဗျ”

“အေး …လာလေကွာ”

ကျုပ်ထိုင်နေတဲ့ မန်ကျည်းပင်အောက်က ကွပ်
ပျစ်ပေါ်ကို ခေါ်လိုက်တယ်။

“ဟဲ့ …ဒါ ဘန့်ဘွေးကုန်းက ကျောက်နီမို့လား”

ကျုပ်အမေက အိမ်ပေါ်ကနေပြီးတော့ ကျောက်
နီကို လှမ်းနှုတ်ဆက်တယ်။

“ဟုတ်ပါ့ အရီးရေ၊ အဘတို့ အရီးတို့ နေကောင်း
ကြရဲ့လားဗျ”

“အေး ကောင်းပါ့တော်၊ နင့်အမေ စိန်ကြည်ရော
နေကောင်းရဲ့လား ဟေ့ ကျောက်နီ”

“ဟိုတစ်လောကတော့  နည်းနည်းဖျားသေး
တယ် အရီးရဲ့ အခုတော့ ကောင်းသွားပါပြီ”

“အော် …အေး…အေး…အဲဒီမှာ နင့်အကို တာ
တေနဲ့ ထိုင်ကြ။ အရီး ရေနွေးကြမ်းထည့်လိုက်
ဦးမယ်”

ကျောက်နီ ကျုပ်နားမှာ ဝင်ထိုင်တယ်ဗျ၊ ခဏ
ကြာတော့ အမေက လက်ဘက်သုတ်နဲ့ ရေနွေး
ကြမ်းယူလာပြီး တည်တယ်ဗျ။

“အကြမ်းလေးသောက်ရင်း လက်ဘက်စားရင်
ညီအစ်ကိုတွေ စကားပြောကြပေါ့။  အရီး အ
နောက်ပိုင်းက ကျော်မောင်တို့ဘက် ခဏသွား
လိုက်ဦးမယ်။ဒီကောင်တွေ ဝက်ပေါ်မယ် ပြော
တယ်၊ ပေါ်ဖြစ်သလား   သွားမေးလိုက်ဦမယ်။
ကျောက်နီ ထမင်းစားပြီးမှ ဖြေးဖြေးပြန်သိလား”

“ဟာ မစားတော့ပါဘူး အရီးရာ”

“အောင်မယ်တော် စိန်ကြည့်သားက ငါအိမ်ကို
ရောက်ပြီးမှ ထမင်းမစားဘဲ ပြန်လို့ရမလားဟဲ့၊
ကဲ ထိုင်ဦး အရီးမကြာဘူး။ ခုပဲ ပြန်လာခဲ့မယ်”

ပြောပြောဆိုဆို အမေက တဘက်ကလေးတစ်
ထည် ခေါင်းပေါ်တင်ပြီး ထွက်သွားတယ်ဗျို့။

“ကဲ ကျောက်နီပြောပါဦးကွ ဘာကိစ္စများလဲ”

“ဒီလို ကိုတာတေရေ ကျုပ်တို့ ရွာမှာ လူထူးလူ
ဆန်းတစ်ယောက် ရောက်နေတယ်ဗျ”

“ဟေ ဟုတ်လား ဆရာလားကွ”

“အင်း ဆရာလို့ ပြောရမလား၊ ဘိုးတော်ခေါ်ရ
မလားတောင် မသိပါဘူးဗျာ၊ စွမ်းတော့ လွှတ်
စွမ်းတာ ကိုတာတေရေ”

“ဟေ …ဟုတ်လားကွ  ကျောက်နီ ဘာတွေ
စွမ်းလို့တုံးကွ။  ငါ့ကိုလည်း  ပြောပြပါဦးကွ”

“ဒီလူစရောက်တုံးက ရွာထဲမဝင်ဘူးဗျ၊ သင်္ချိုင်း
ကုန်းထဲက ဇရပ်မှာနေတာဗျ။ ရွာသားတစ်ချို့
က ဘာလဲဆိုပြီး သွားအကဲခတ်တဲ့ အချိန်မှာ
ဒီလူက အစွမ်းပြတော့တာပဲဗျ”

“အင်း…ဘယ်လိုအစွမ်းပြတာတုံးကွ”

“မြွေတွေခေါ်တာဗျ မြွေတွေ”

“ဟင်…မြွေကို ဒီလူက ခေါ်လို့ရသလားကွ”

“ရပါ့ဗျာ။ ရွာက  ကိုအောင်ကျော်ကြီး ကျုပ်ကို
ပြန်ပြောပြတာဗျ။ ပထမဆုံး ဒီဆရာက  ဂါထာ
တွေ ဘာတွေ ရွတ် ခေါ်လိုက်တာက တစ်ထွာ
လောက်ရှိတဲ့    မြွေနီနီရဲရဲကလေးတစ်ကောင်
ရောက်လာတာဆိုပဲဗျ။   အဲဒီမြွေနီကလေးက
သေးသေးကလေးပေမဲ့  ဒီနယ်မှာရှိသမျှ  မြွေ
ဆိုးတွေရဲ့  အချုပ်လို့ပြောတယ်တဲ့။ အဲဒီမြွေနီ
ကလေးကို ဒီဆရာက လူတစ်ယောက်နဲ့စကား
ပြောသလိုကို ပြောတာတဲ့ဗျာ။ ငါ မြွေဟောက်
ဘယ်အရွယ်နှစ်ကောင်နဲ့ မြွေပွေးဘယ်အရွယ်
တစ်ကောင် လိုချင်တယ်။ မင်း အခု ချက်ခြင်း
လွှတ်ပေးရမည်လို့ အမိန့်ပေးခိုင်းလိုက်တာတဲ့
ဗျ။မြွေနီကလေးကလည်း လူစကားကို ကောင်း
ကောင်းနားလည်နေတဲ့  ပုံပဲတဲ့ဗျို့။  ချက်ချင်း
လှည့်ထွက်သွားပြီး သိပ်မကြာဘူးတဲ့ဗျာ။ အဲဒီ
ဆရာ   ပြောတဲ့အတိုင်း  မြွေဟောက်ကြီး နှစ်
ကောင်နဲ့ မြွေပွေးကြီး ရောက်လာကြတယ်ဆို
ပဲဗ်။ အဲဒါ ဒီဆရာက …

‘အေး…အေး မင်းတ်ို့ရောက်လာပြီလား၊ တက်
ခဲ့ ဇရပ်ပေါ်တက်ခဲ့’

လို့ ခေါ်လိုက်တော့ မြွေသုံးကောင်တက်လာ
ကြတယ်ဆိုပဲဗျ။ကိုအောင်ဘော်ကြီးတို့ဆိုတာ
ကြောက်လွန်းလို့ အသားကို ဆတ်ဆတ်တုန်
နေကြတယ်ဆိုပဲဗျ။

‘မင်းတို့ သုံးကောင် ဟိုနေရာမှာ ငြိမ်ငြိမ်သွား
နေကြ’လို့ လက်ညှိုးထိုးပြလိုက်တော့ မြွေတွေ
က လူစကားကို နားလည်နေတဲ့ အတိုင်းပဲဗျာ
သွားပြီးခွေနေကြတာ လှုပ်ကို မလှုပ်တော့ဘူး
ဆိုပဲ။ ဒီတော့မှ အဲဒီဆရာက   ပြောတယ်တဲ့။
သူ ဒီည တရားထိုင်တဲ့ အချိန်မှာ သူ့ကိုစောင့်
ရှောက်ဖို့ ခေါ်တာပါတဲ့ဗျာ”

“ဟာ…ဒီလောက်ကို စွမ်းတာလား ကျောက်
နီရဲ့”

“အဲဒါနဲ့ ကိုအောင်ဘော်ကြီးတို့လည်း အဲဒီဆ
ရာကို ရှိခိုးကြတော့တာပေါ့ဗျာ။သူတို့ ပြန်လာ
တော့ ရွာထဲမှာ သတင်းက ပျံ့သွားတော့တာ
ပေါ့ဗျာ။တစ်ချို့ကလည်း သင်္ချိုင်းကုန်းထဲသွား
ပြီး မယောင်မလည်နဲ့ သွားပြီး  အကဲခတ်ကြ
တော့တာပေါ့ဗျာ။ ဒီမှာတင်   ပိုပြီး အံ့သြစရာ
တွေ့လာကြတော့တာဗျို့”

“ဟေ …ဘာတွေ တွေ့လာလို့လဲကွ”

“ကိုတာတေရေ  မြွေကြီးနှစ်ကောင်က  အဲဒီ
ဆရာ တရားထိုင်နေတဲ့ ခေါင်းပေါ်က ထုတ်
တန်းကြီးမှာ  ခွေနေကြတာတဲ့။  တစ်ကောင်
က ဆရာရဲ့ လည်ပင်းမှာ ပက်ပြီး ငြိမ်နေတာ
တဲ့ဗျာ။ ဆရာကတော့   တရားထိုင်တောင်မ
ပ်က္ဘူးဆိုပဲ”

“အော်…တော်တော်တော့စွမ်းတာပဲကွ”

“အင်း..နောက်တစ်နေ့ မိုးလင်းတော့ ကျုပ်
တို့ ဘန့်ဘွေးကုန်းက ရွာသားတွေ သူ့အိမ်
ကြွပါ၊ ငါ့အိမ်ကြွပါနဲ့ ဆရာကို သွားပြီး ပင့်
ကြတာ အလုအယက်ပေါ့ဗျာ”

“ဟေ…ဟုတ်လား  ဒါထက် ဒီဆရာရောက်
နေတာ ဘယ်လောက် ကြာပြီလဲကွ”

“တစ်ပါတ်လောက်တော့ ရှိပြီဗျ”

“မြွေတော့ လွှတ်နိုင်တဲ့လူဗျ ကိုတာတေရ၊
ဟိုတစ်နေ့ကတင်  ကျုပ်တို့ရွာသား ဦးပွား
ကြီး ပိုးထိပါရောလားဗျ။ အဲဒီဆရာကြွလာ
ပြီး မြွေကိုက်တဲ့   ခြေထောက်အောက်မှာ
ငှက်ပျောဖက် ခင်းခိုင်းပြီး  အမိန့်ပြန်လိုက်
တာ ကိုက်တဲ့ မြွေဟောက်ကြီး ရောက်လာ
ပါရောဗျ။  မင်းအဆိပ်တွေ မင်းအကုန်ပြန်
စုပ်ယူသွားလို့  ဆရာက   အမိန့်ပေးလိုက်
တော့   မြွေဟောက်ကြီးဟာ သူ့အစွယ်က
နေ အကုန်စုပ်ယူပြီး ငှက်ပျောဖက်ပေါ်ကို
အန့်ချရတယ်တဲ့ဗျာ။ ဦးပွားကြီးလည်း အခု
အထိ ဘာမှကို မဖြစ်တော့ပဲ ယာထဲပြန်
ဆင်းနိုင်နေပြီဗျ”

“အင်း… မင်းရဲ့ဆရာက  အထက်လမ်းဆရာ
တော့   မဟုတ်လောက်ဘူးကွ  ကျောက်နီရ၊ အောက်လမ်းဆရာပဲ   ဖြစ်လိမ့်မယ်၊ နောက်
ထပ်လည်း  မင်းတို့ရွာသားတွေ   မြွေကိုက်ခံ
ရနိုင်သေးတယ်ကွ”

“ဗျာ ဘာဖြစ်လို့လဲ ကိုတာတေရဲ့”

“အဲဒီမြွေကို  သူကိုယ်တိုင်ပဲ  အကိုက်ခိုင်းပြီး
တော့ သူပဲ အဲဒီမြွေကို ခေါ်ပြီးအဆိပ်စုပ်ခိုင်း
နဲ့ ချက်ချင်း နာမည်ကြီးတဲ့နည်းပေါ့ကွာ”

“ဟာ ကျုပ်တို့ ကိုတာတေတွေးသလို မတွေး
မိပါဘူးဗျာ။ ဒါကြောင့်လည်း ခင်ဗျားကို အား
ကိုးတာဗျ။ ခင်ဗျားကတော့ ဗဟုသုတများတဲ့
သူဆိုတာ ကျုပ်က သိထားတာလေ”

“အေး… ပြောပါဦး ကျောက်နီရ၊  အခုလာတဲ့
ကိစ္စက ဒီလူ့အကြောင်းပြောရုံပဲလား”

“ဒီလိုလဲ  မဟုတ်သေးဘူးဗျ။   အဲဒီဆရာကို
မနက်ရော၊ နေ့လည်ရော ဘုန်းကြီးဆွမ်းကပ်
သလိုကို ကျုပ်တို့ရွာသားတွေက ကျွေးမွေးပူ
ဇော်နေကြတာဗျို့။ ဒီဆရာက ညစာတော့ မ
စားဘူးဗျ။သူက ကိုးပါးသီလနဲ့ နေတာဆိုပဲဗျ”

“အင်း…အောက်လမ်းဆရာတွေကိုတော့
သတိထားရမယ်ကျောက်နီ၊    စိတ်ချလို့
မရဘူးနော်”

“အဲဒါကိုကျုပ်ပြောချင်တာဗျ။ ကျုပ်တို့ရွာက
အရီးမဝက်ရဲ့ သမီးပေါက်စမကို ကိုတာတေ
သိတယ်မို့လား”

“ပေါက်စမကို သိတာပေါ့ ကျောက်နီရဲ့၊ မင်း
တို့ရွာကိုငါလာတိုင်း ချီနေကြ ကလေးမလေး
ပဲဟာ”

“ဟုတ်ပ  ကိုတာတေရေ၊  အဲ့ဒီပေါက်စမဟာ
အခု အပျိုကြီးဖားဖားဖြစ်နေပြီဗျ၊ ရုပ်ကလေး
ကလည်း  ရှိတယ်။   ကိုယ်လုံးကိုယ်ထည်က
လည်း ထွားထွားကျိုင်းကျိုင်းဗျ”

“အေး…အဲဒါ ဘာဖြစ်လို့တုံး ကျောက်နီရဲ့”

“အဲဒီဆရာက  ပေါက်စမကိုတွေ့တော့ အ
တင်းရောတော့တာပဲဗျာ။ကျုပ်အမေက အ
ခြေအနေကို ရိပ်မိတော့ ပေါက်စမကို ကျုပ်
တို့အိမ်ခေါ်ထားရတယ်ဗျ၊  ပေါက်စမက အ
မေ့မြေးတော်သေးတာကိုး ကိုတာတေရဲ့၊အ
ရီးမဝက်မကအမေ့တူမ နှစ်ဝမ်းကွဲလေဗျာ”

“အော် ဒီလိုလား၊ အဲဒါကြောင့်  ငါပြောတာ
ကွ၊    ဒီအောက်လမ်းဆရာတွေမှာ   လူကို
ကောင်းကျိုးပေးနိုင်မဲ့ ပညာမရှိဘူးကွ။ ဒုက္ခ
ပေးနိုင်တဲ့ ပညာပဲရှိတာ”

“အခုတော့  ရွာသားတွေလည်း နည်းနည်း
တော့ သတိထားနေကြပြီဗျို့”

“နေပါဦးကွ။ ဒါထက် ဒီဆရာက ဘယ်က
လာတာတဲ့တုံး”

“ရန်ကုန်ကလို့ ပြောတယ်ဗျ။ ဗမာပဲဗျ၊ အ
သားဖြူဖြူ ရုပ်ချောချောပဲ၊ မသိသာ မသိ
ရင်တော့ သူ့ကို ဘယ်လိုမှ အောက်လမ်း
ဆရာလို့ ထင်စရာ မရှိပါဘူးဗျာ”

“ဟင် ဟုတ်လားကွ”

“သူပြောတာတော့  သူက  အဓိဋ္ဌာန်ကျင့်စဉ်
တစ်ခုကိုလိုက်နေတာတဲ့ဗျာ၊ သူ ကျင့်စဉ်မှာ
ပါတဲ့ အရပ်ဒေသတွေကို မရရအောင် ရှာဖွေ
ပြီး ကျင့်စဉ်လုပ်ရတာဆိုပဲ”

“အော် …သူ့ကျင့်စဉ်က ဘာကျင့်စဉ်လို့ ပြော
တုံးကွ ကျောက်နီရဲ့”

“သူပြောတာကတော့၊  သူဟာ  ကုန်းကြီးကိုး
ကုန်းလည်း    အောင်ပြီးပြီတဲ့၊   နတ်ရဲကိုးပင်
လည်း အောင်ပြီးပြီတဲ့၊  အခုကျင့်တာ နောက်
ဆုံး အဆင့်တဲ့ဗျ။ ကိုးကျင်း ကျင့်စဉ်တဲ့ဗျို့။သ
င်္ချိုင်းကိုးခုပြည့်အောင်  သွားပြီး သင်္ချိုင်းထဲမှာ
မြေကျင်း တူးပြီး   ကျင့်ရတာတဲ့ဗျ။  အဓိဋ္ဌာန်
အောင်ရင် မြေဖို့ထားတဲ့ ကျင်းထဲကနေ အ
လိုလို ပွင့်ထွက်လာတာတဲ့ဗျာ”

“ဟာ …တယ်ဟုတ်ပါလားကွ”

“အဲဒါ သူ ရှစ်ကျင်းအောင်ပြီးသားတဲ့ဗျာ။ အခု
ဒီဘန့်ဘွေးကုန်းသင်္ချိုင်းဟာ  သူ့စာညွှန်းမှာပါ
တဲ့  နောက်ဆုံးသင်္ချိုင်းတဲ့။  ဒီကျင်းအောင်ရင်
သူဟာ ကိုးကျင်းအောင်တဲ့ ကိုးသင်္ချိုင်းကဝေ
ဖြစ်ပြီဆိုပဲဗျ”

“ဟာ …ကြောက်စရာလူပါလားကွ”

“ကိုးသင်္ချိုင်းကဝေဖြစ်ရင် ဘာတွေဖြစ်မှာ
တဲ့တုံးကြ”

“သူပြောတာတော့ ကဝေတကာရဲ့ အချုပ်ကြီး
ဖြစ်မှာဆိုပဲဗျာ။ သူလက်ညှိုးညွှန်ရာ ရေဖြစ်ပြီ
လို့ ပြောတာပဲဗျာ။ ကျုပ်လည်း သိပ်တော့ နား
မလည်ပါဘူး”

“ဒီလူက ကဝေအစစ်ပဲကွ”

“အခု ကျုပ် ဒီကိုလာတာ အကြောင်းရှိတယ်
ဗျ ကိုတာတေရ၊ အဲဒီဆရာကပြောတယ်၊ သူ
အခုလာမဲ့ လကွယ်ညမှာ နောက်ဆုံးကျင်းဝင်
ရမယ်တဲ့။ အဲဒါ သူ့ကိုလေးတောင်ပတ်လည်
မြေကျင်းတစ်ကျင်း  သင်္ချိုင်းကုန်းထဲမှာ တူး
ပေးကြပါတဲ့။ ပြီးရင် သူက ကျင်းထဲဝင်မယ်။
သူ့ကျင့်စဉ်ကို  ကျင့်မယ့်ညသန်းခေါင်ယံတိ
တိမှာ သူ့ကို ဆေးသုံးလုံးပေါက်ပေးရမယ်တဲ့
ဗျာ။ အနှောက်အယှက်က မျိုးစုံလာနိုင်တယ်
ဆိုပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကျင်းဟာ သူ့
အတွက် ကိုးကျင်းမြောက် ဖြစ်နေလို့တဲ့။ ကိုး
သင်္ချိုင်းကဝေ ဖြစ်တော့မှာမို့လို့ အဖျက်အဆီး
တွေက အများကြီးကြုံရမှာတဲ့ဗျာ။ အဲဒါ သတ္တိ
ကောင်းတဲ့ လူတစ်ယောက်ရှာပေးပါတဲ့”

“အော်…ဒီလိုကိုး”

“အဲဒီတော့  ကျုပ်တို့ရွာသားတွေက  ကိုတာ
တေအကြောင်းတွေ   ပြောပြကြတာပေါ့ဗျာ။
ဒီမှာတင် အဲဒီဆရာက  ကိုတာတေကို အကူ
အညီတောင်းပေးဖို့  ပြောတော့တာပဲဗျ။ ငွေ
ကြေးအလိုရှိရင် လိုသလောက် သူပေးပါ့မယ်
တဲ့ဗျာ”

“ဟာ…ကျောက်နီရာ  ငါ ဒီလိုမျိုးကဝေတစ်
ယောက်ကိုတော့ မကူညီချင်ဘူးကွာ”

“ကျုပ်လည်း   ဒီလိုပါပဲဗျာ၊  ဒါပေမဲ့  ဒီလူကိစ္စ
မြန်မြန်ပြီးသွားလို့ ကျုပ်တို့ရွာက မြန်မြန်ထွက်
သွားစေချင်တယ်ဗျ။ ကြာရင် တခြားလူနဲ့ ဘာ
မှမဖြစ်ပဲ ကျုပ်နဲ့ ဖြစ်လိမ့်မယ်။ ကျုပ်ကတော့
ကဝေတွေ  ဘာတွေ  နားမလည်ဘူး  ကိုတာ
တေရေ၊ ကိုင်းခုတ်ဓါးနဲ့ ကျွေးလွှတ်လိုက်မှာပဲ
ကျုပ်ဓါးနဲ့   တွေ့လို့ကတော့  ခေါင်းတစ်ခြား
ကိုယ်တစ်ခြား ဖြစ်သွားစေရမယ်ဗျာ”

ကျုပ် သက်ပြင်းချလိုက်မိတယ်။

“စဉ်းစားပါဗျာ ဖြစ်နိုင်ရင် ကူညီပါ ကိုတာတေ
ရာ၊ အဲဒီညကျရင် ကျုပ်ပါလိုက်မှာပါ၊ ပြီးတော့
ကျုပ်ညတိုင်းသွေးထားတဲ့  ကျုပ်ရဲ့ ကိုင်းခုတ်
ဓါးကြီးလည်း ယူလာမှာ။ ကိုတာတေကို ဒီလူ
တစ်ခုခုလုပ်လို့ကတော့ ကျုပ်ဓါးနဲ့ ပြေးပိုင်းချ
လိုက်ပြီးသားပဲဗျာ”

ကျုပ် ကျောက်နီကို လှည့်ကြည့်လိုက်မိတယ်။
ပြောရရင် ကျောက်နီပြောသလိုပဲ။ ရွာကလူ
တွေကို ဒုက္ခပေးမှာ စိုးရတယ်။ အထူးသဖြင့်
တော့ မိန်းကလေးတွေပေါ့ဗျာ။ ဒီလူက ဆေး
ဝါးက အစုံ ရှိတာဗျ။ တကယ်စွမ်းတဲ့ ကဝေ
မှန်ရင် တို့ဆေးတို့ ဘာတို့ အားကြီးစွမ်းတာ
ဆိုပဲ။ ကျုပ်ဆရာကြီး ဦးနွံဖ ကျုပ်ကို ပြော
ပြဖူးတယ်ဗျ။

“ကဲကွာ …ကျောက်နီ ငါလုပ်ပေးမယ်၊ အဲဒီ
ည ဆေးလုံးပေါက်တဲ့ ကိစ္စကို ငါ တာဝန်ယူ
တယ်ကွာ”

“ဟာ…ဟန်ကျပြီ ကိုတာတေရာ။ အဲဒီည ဒီ
လူနဲ့ ကျုပ်တို့ ညီအစ်ကို လိုက်သွားမယ်ဗျာ၊
အခြေအနေမဟန်ရင်တော့  ဒီလူကို ကျုပ်
ဓါးနဲ့ ပြေးပိုင်းပစ်လိုက်မယ်ဗျာ”

“ဒါဆိုရင်  လကွယ်နေ့ ညနေကို ရောက်
အောင် လာခဲ့ ကိုတာတေရာ”

“အေးပါ …အဲဒီနေ့ ညနေလေးနာရီလောက်
ငါ အရောက်လာခဲ့မယ်။ မင်းတို့ဆရာကိုသာ
သေသေချာချာ ပြောထားပါ။ ငါ ဆက်ဆက်
လာခဲ့မယ်လို့၊ အော်ဒါထက် အဲဒီဆရာက
နာမည် ဘယ်သူတဲ့တုံးကွ”

“တောင်စဉ်နဂါး ကိုတက်ခါးတဲ့ဗျာ”

“အော် …ကိုတက်ခါးပေါ့”

“အေးပေါ့ဗျာ…ဒါဆိုရင်  ကျုပ်လည်း  စော
စောပြန်လို့ ရတာပေါ့ ကိုတာတေရာ”

“ဟာ မပြန်နဲ့ဦးကွ၊  မင်းထမင်းမစားဘဲ ပြန်
သွားရင် အမေ စိတ်ဆိုးလိမ့်မယ်။ ထမင်းအ
ဝစား တစ်ရေးတစ်မော အိပ်ပြီး ညနေမှ ပြန်
ပါကွာ ကျောက်နီရာ”

“အဲဗျာ…ပြောရင်းဆိုရင်း အရီးငွေစိန်တောင်
ဝက်သားတွဲကြီး ဆွဲပြီး ပြန်လာနေပြီဗျို့။

“အေး…အဲဒါကြောင့် ငါပြောတာကွ”

အဲဒီနေ့က  ကျောက်နီအိမ်မှာပဲ  ထမင်းစား
တယ်။  ကျုပ်အမေက  ဝက်သားချက်လွှတ်
ကောင်းတာဗျ။ ကျုပ်ဆိုတဲ့ ကောင်ကလည်း
အထူးအဆန်းတွေ့ရမယ်ဆိုရင် သိပ်စိတ်ဝင်
စားလားကလားဗျာ။

လကွယ်နေ့  ရောက်ကတည်းက  ဖင်တကြွ
ကြွ ဖြစ်နေတော့တာဗျ။ ညနေ (၃) ချက်တီး
လောက်ကတည်းက ကျုပ်တစ်ယောက်တည်း
ဘန့်ဘွေးကုန်းကို ထွက်လာခဲ့တာဗျို့။အမေနဲ့
အဘကိုတော့ ကျုပ်  ဒီည  ဘန့်ဘွေးကုန်းမှာ
အိပ်မယ်လို့ပဲ ပြောခဲ့တာပေါ့။ ဘန့်ဘွေးကုန်း
နဲ့ ကျုပ်တို့ရွာက ကပ်နေတာဗျာ။

နာရီဝက်လောက် လျှောက်ရင်ရောက်တာပါ
ပဲ။ ကျုပ် ဘန့်ဘွေးကိုရောက်တော့ အရီးစိန်
ကြည်တို့ အိမ်ကို တန်းလာခဲ့တာပေါ့ဗျာ။

ကျောက်နီလည်း ကျုပ်ကို မျှော်နေတာဗျ။

“ဟာ…ကိုတာတေ လာဗျို့။ ကျုပ် မနက်က
တည်းက ကိုတာတေကို မျှော်နေတာဗျ”

“ဟာ ကိုတာတေ ကျုပ်ကို မှတ်မိသေးလား”

“ဟဲ…ဒါ ဘယ်သူတုံး ကျောက်နီ”

“ဟား…ဟား…ဟား ကိုတာတေ မမှတ်မိဘူး
မို့လား၊ ပေါက်စမလေ ကိုတာတေ”

“ဟဲ့ …ဒါ ပေါက်စမလား၊  ငါ့စိတ်ထဲ  နင့်ကို
ပိစိလေးပဲ မြင်နေတာဟဲ့”

“ဟ…တာတေရောက်ပြီလား၊  လာ လာ အ
ရီးက ဒီမှာ ထမင်းစားတွေ ဟင်းတွေ အဆင်
သင့်ကို ချက်ထားတာပေါ့”

“စားမှာပေါ့ အရီးရယ်၊ ဒါထက် အရီးနေ
ကောင်းရဲ့လား”

“ကောင်းပါတယ် ဟိုတစ်လောကတော့ ဖျား
လိုက်တာ တော်တော်ခံလိုက်ရတာ တာတေ
ရဲ့၊ အခုတော့ ကောင်းသွားပါပြီ”

“ကိုတာတေရေ ရွာထဲက ကိုအောင်ဘော်ကြီး
တို့တော့ ဆရာကိုတက်ခါးအတွက် မြေကျင်း
ကြီး တစ်ခု တူးနေတာကြတာ ပြီးသွားလို့ ခုန
ကပဲ ပြန်လာကြတယ်ဗျ။ ကိုတာတေ ရောက်
ပြီလားလို့တောင် မေးသွားသေးတယ်”

“အင်း…ဒါဆိုရင် ဒီဆရာက ဒီည လုပ်မှာ
သေချာတာပေါ့”

“ဟာ…သေချာတယ်ဗျ၊ ကိုတာတေ သူ့ကို
လာပြီး ကူညီ ပေးမယ်ဆိုလို့  ဝမ်းသာနေ
တာဗျ။ ဒီညနော့  ကျုပ်အောင်ပြီလို့  ကို
တက်ခါးက တဖွဖွပြောနေတာ”

“ဟုတ်လား ဒါဆိုရင် ငါ သူ့နဲ့ သွားတွေ့
လိုက်မယ်လေ၊ ဒါမှ သူ့လည်း စိတ်အေး
သွားမှာပေါ့ကွာ”

“သွားမယ်လေ ကိုတာတေ”

ကျုပ်နဲ့ ကျောက်နီ ရွာထဲကို လျှောက်လာခဲ့
တယ်။  ဘန့်ဘွေးကုန်းက  လူချမ်းသာတစ်
ယောက်ဖြစ်တဲ့ ဦးကြက်ဖရဲ့အိမ်မှာ ဆရာ
ကို တက်ခါးက တည်းတယ်။ဆရာကိုတက်
ခါးက တည်းတယ်ဆိုပေမဲ့ ဦးကြက်ဖက အ
တင်းကို ခေါ်ထားတာပါ။ ဦးကြက်ဖရဲ့ အိမ်
ဝိုင်းက တော်တော်ကို ကျယ်တာဗျ။ အိမ်
ကလည်း ကျွန်းအိမ်ကြီး ခေါင်းနှစ်ခုထုတ်
လို့။ ရေနံကို မှောင်နေအောင် သုတ်ထား
တာ။ ကျုပ်တို့ရောက်တော့ အိမ်ကြီးရဲ့ဘု
ရားခန်းမှာ လူတွေအုံလို့ဗျ။

ခေါင်းရင်းမှ အကျအနထိုင်နေတဲ့သူကို
ကျုပ်တစ်ချက်   အကဲခတ်ကြည့်လိုက်
တယ်။ လူကတော့ လူပုံချောဗျ။ အသား
ဖြူဖြူ ပိန်ပိန်ပါးပါး မျက်လုံး မျက်ဖန်က
လည်း ကောင်းကောင်းပဲ။ ဒါပေမဲ့ လက်
တွေ ခြေတွေမှာတော့ ဆေးတွေထိုးထား
တယ်ဗျို့။ အင်းကွက်တွေ ထင်ပါရဲ့။

“ဟာ တာတေရောက်လာပြီဟေ့၊ လာကွ
တာတေရ၊ မင်းကို တို့ဆရာက မျှော်နေ
တာ။ လာ လာ ရှေ့ကို လာ”

ဦးကြက်ဖကြီးက ကျုပ်ကို မြင်တော့ ဝမ်း
သာအားရ လှမ်းပြောလိုက်တာကိုး။ ဆရာ
ကိုတက်ခါးက ကျုပ်ကို    ဆတ်ခနဲ လှမ်း
ကြည့်တယ်ဗျ။ ပြီးတော့ ချက်ချင်းကို ပြုံး
သွားတာဗျို့။

“ဟား…ဟား…ဟား…မောင်တာတေ
ရောက်ပြီကိုး၊ ကျုပ်ကိစ္စ အောင်ပြီပေါ့ဗျာ
အောင်ပြီပေါ့”

ကျုပ်အနားကိုရောက်တော့ ဆရာကိုတက်ခါး
က ကျုပ်ကိုပြုံးပြုံးကြီးကြည့်တယ်ဗျ။

“မောင်တာတေရေ ဆရာကို ခုလိုလာပြီး ပါရ
မီဖြည့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်
ပါတယ်ကွယ်”

“ဟုတ်ကဲ့ပါဆရာ၊ ဆရာပါရမီကို ကျုပ်ဖြည့်
ပါ့မယ်”

“အေး…တစ်ခုတော့ ဆရာပြောပြချင်တယ်
ကွဲ့၊ ဆရာတို့ပညာစခန်းမှာ အသက်နဲ့ ရင်း
ပြီး  တက်ခဲ့ရတာချည်းပေါ့ကွယ်။  ဆရာဆို
ရင် လူတကာအောင်နိုင်ခဲတဲ့ နတ်ရဲစောင့်
တဲ့ အပင်ကြီးကိုးပင်လည်း အောင်ခဲ့ပြီကွဲ့၊
ကုန်းကြီး ကိုးကုန်းလည်း အောင်ခဲ့ပြီ။ လျှို
ကြီး ကိုးလျှိုလည်းအောင်ခဲ့ပြီ။ ပြီးတော့ အ
မြင့်ဆုံးဖြစ်တဲ့ ရှစ်သင်္ချိုင်း၊  ရှစ်ကျင်းထွက်
ခဲ့ပြီကွဲ့။   ဒီတစ်ကျင်းထွက်ရင်  ကိုးကျင်း
ထွက်ဖြစ်ပြီပေါ့    မောင်တာတေ၊   ဒါဟာ
နောက်ဆုံးကျင်းပဲကွဲ့။ ဒီတော့ ဆရာ့  အ
တွက် သေရေး ရှင်ရေးပါပဲကွယ်”

“ဟုတ်ကဲ့ပါဆရာ၊ ကျုပ်ကတော့ ဘာပဲရင်
ဆိုင်ရ၊ ရင်ဆိုင်ရ မမူပါဘူးဗျာ”

“အေး…အဲဒီကိစ္စကိုပြောရဦးမယ်၊ မောင်တာ
တေရဲ့”

“ကျုပ်ရဲ့ နောက်ဆုံးအဆင့် ကိုးကျင်းထွက်
တဲ့ပွဲမှာ အဖျက်အဆီးကတော့ ကြီးကြီးမား
ကို ကြုံရမကွဲ့၊ အဲဒါ မောင်တာတေ အပေါ်
မှာ ကျုပ်အသက်မူတည်နေတယ်”

“ဗျာ…ဘယ်လိုကြောင့်လဲ ဆရာ”

“ဒီလိုလေး… မောင်တာတေရဲ့၊ မောင်တာ
တေက ကျုပ်ကို ဆေးလုံးပေါက်ပေးရမှာ
လေ၊ မောင်တာတေသာ  ဆေးသုံးလုံးကို
ပြည့်အောင်  မပေါက်နိုင်ရင် ကျုပ်တော့
သွားရောကွဲ့”

“ဟာ ဒီအတွက်တော့ နည်းနည်းမှကို မပူ
နဲ့ ဆရာ”

“ကျုပ် အားရှိလိုက်တာ၊ မောင်တာတေရယ်၊
အနှောင်အယှက်တွေက မောင်တာတေဆေး
လုံးသုံးလုံး ပြည့်အောင်    မပေါက်နိုင်အောင်
နှောက်ယှက်ကြမှာ သေချာတယ်ကွဲ့ “

“အို…ကြိုက်သလောက်နှောက်ယှက်ပါစေ၊
ကျုပ်ဆေးလုံးသုံးလုံးပြည့်အောင် ပေါက်
ပေးပါမယ်”

“ကဲ…ကျုပ် စိတ်ချပြီဗျာ၊ ကဲ မောင်တာတေ
ကျုပ်ကို မေးစရာရှိတာ မေးပါ”

“တခြားတော့ မေးစရာမရှိပါဘူးဆရာ။ ဒီပညာ
တွေဟာ  ဘယ်လောက်အစွမ်းထက်တယ်ဆို
တာ သိချင်တာပါဆရာ”

ကျုပ်က ဆရာကိုတက်ခါးကို မေးလိုက်တော့
ဝိုင်းအုံကြည့်နေတဲ့လူတွေက ကျုပ်ကိုလှည့်
ကြည့်ကြတယ်ဗျ။

“အင်း…မောင်တာတေ သိချင်တာကို ဆရာ
ဖြေပါမယ်၊ ဒါပေမဲ့ ပါးစပ်နဲ့တော့မဟုတ်ဘူး
ကွဲ့၊  လက်တွေ့ပေါ့၊    ကဲ…ကိုကြက်ဖကြီး
ခင်ဗျားလည်း    ဆရာနဲ့တစ်နေလုံး  စကား
ထိုင်ပြောနေတာ   ကြာလှပြီ   ဆာရောပေါ့။
ခေါက်ဆွဲကျော်နဲ့     ကရင်ဆော်ဒါကလေး
မသောက်ချင်ဘူးလားဗျ”

“ဟဲ၊ ဟဲ၊ ဟဲ၊ ဟဲ”

ဦးကြက်ဖကြီးက ဘာမှမပြောဘဲ ရယ်နေ
တယ်ဗျ။

“ကဲ…ပြောဗျာ စားချင်သလား၊ မစားချင်ဘူး
လား”

“ဟာ…စားချင်တာပေါ့ ဆရာရယ်”

“ကဲ၊ ကဲ စားချင်ရင် စားရမှာပေါ့ဗျာ”

“ရွှီး…ရွှီး…ရွှီး…”

ဆရာကိုတက်ခါးက   လေကိုသုံးချက်ချွန်
လိုက်တယ်ဗျ။ ပြီးတော့ လက်ဝါးဖြန့်ထား
လိုက်တယ်

“ဟာ”

ကျုပ်ရော ဝိုင်းအုံနေတဲ့ လူတွေရော ဟာခနဲ
ဖြစ်သွားတာဗျို့။ဆရာကိုတက်ခါးရဲ့ ဖြန့်ထား
တဲ့ လက်ဝါးပေါ်မှာ   ခေါက်ဆွဲကြော်ထုပ်ကြီး
ဗျ။ သေသေချာချာကို ကြိုးနဲ့ စီးထားတာ။ ဒါ
အပိန့်ဆိုင်က ကြော်တဲ့ လက်ရာမဟုတ်ဘူးဗျ

“ကဲ…ရော့ …ကိုကြက်ဖကြီး ဖြေပြီးစားဗျာ”

ဦးကြက်ဖကြီးက ခေါက်ဆွဲကြော်ထုပ်ကို ယူ
ပြီး ဖြည်တယ်ဗျ။ အို…မွှေးကြိုင်နေတာဗျို့။
အငွေ့ကလည်း တစ်ထောင်းထောင်းနဲ့ဗျ။

“ဟာ …ခေါက်ဆွဲကြော်စားဖို့ တူမှမပါတာ။
နေဦး နေဦး ဆရာ တူတောင်းပေးမယ်”

ပြောပြောဆိုဆိုနဲ့ လက်ဝါးကိုဖြန့်ပြီး…

“ရွှီ”ခနဲ လေချွန်လိုက်တယ်ဗျ။

“ဟာ”

တူနီနီကလေးတစ်စုံ   ဆရာကိုတက်ခါး
လက်ထဲ ရောက်နေပြီဗျ။

“ကဲ …ရော့စား တူနဲ့ အားရပါးရစား”

ဦးကြက်ဖက တူကို ရိုရိုသေသေ လှမ်းယူပြီး
ခေါက်ဆွဲကြော်စားတော့တာပေါ့ဗျာ။

“အော် …ရေဆာပြေ သောက်ဖို့၊ ကရင်ဆိုတာ
အေးအေးလေး မှာဦးမှ”

“ရွှီ …ရွှီ…ရွှီ”

ဆရာကိုတက်ခါးက လေကို  ဆက်တိုက်ချွန်
လိုက်ပြီး လေထဲမှာ  လှမ်းဖမ်းလိုက်တယ်ဗျ။

“ဟာ”

အားလုံးဟာခနဲ ဖြစ်ကြပြန်ရောဗျို့။ ကရင်ဆို
တည ပုလင်းဗျ။ ဆရာကိုတက်ခါး လက်ထဲမှာ
ကိုင်ထားတာလေ။အေးစက်နေပုံပဲဗျို့။ ပုလင်း
နံရံမှာ ရေစက်ကလေးတွေတောင် သီးနေတာ
လေ။

“ကဲ ဖောက်တံတော့မရှိဘူးဗျ။ ကြည့်သာ
ဖောက်ကြတော့ဗျာ”

“ပေး ဆရာ ကျုပ်ဖောက်ပေးမယ်”

လို့ ကိုဗိုက်ကြီးဆိုတဲ့လူက ပြောတယ်။ ပြီးတာ
နဲ့ ဆရာ့လက်ထဲက ကရင်ဆိုတာပုလင်းကို ယူ
ပြီး တောသားပီပီ ပါးစပ်နဲ့ ကိုက်ပြီး အဖုံးကိုဖွင့်
လိုက်တာဗျို့။  ဦးကြက်ဖကြီးကတော့   ကြိတ်
တော့တာပဲဗျာ။  ဘန့်ဘွေးကုန်းရွာသားတွေက
တော့ ဆရာ ကိုတက်ခါးကို လက်ခုတ်ကလေး
တွေ ချီလို့ပေါ့ဗျာ။

“အဲဒါမျိုးပေါ့ မောင်တာတေရယ်၊ ဒါတင်လား
ဆိုတော့ ဒါက  အကင်းကလေးလုပ်ပြတာပါ။
အခု ဒီည ကိုးကျင်းအောင်သွားရင် ကျုပ်ကိုယ်
လည်း ဖျောက်နိုင်ပြီပေါ့ကွာ။ တခြားအစွမ်း
တွေလည်း အများကြီး ရလာမှာပေါ့”

“အော်…ဒီအစွမ်းတွေကိုရအောင် ဆရာတို့
ကျင့်ကြံကြရတာကို”

“ဟုတ်ပါတယ် မောင်တာတေ၊ ကျုပ်ကို ဒီည
ဆေးသုံးလုံးပြည့်အောင် ပေါက်ပေတော့ကွယ်”

” စိတ်ချပေတော့ ဆရာ”

ကျုပ်က  ညဘယ်အချိန်လာရမလဲလို့  မေး
တော့ ဆရာကိုတက်ခါးက ဒီကနေ အတူတူ
သွားကြဖို့ပြောတယ်ဗျ။   ကျုပ်က  အရီးစိန်
ကြည်အိမ်မှာ ထမင်းမစားလို့  မဖြစ်တဲ့  အ
ကြောင်း ပြောပြပြီး ညကြမှ   သင်္ချိုင်းထဲကို
လာခဲ့မယ်လို့ ပြောရတယ်။

“ဒါဆိုရင်  မောင်တာတေ  ကိုးနာရီမထိုးခင်
တော့ အရောက်လာကွာ”

“အေး…အေး…ဒါဆိုရင် မောင်တာတေ သွား
စရာရှိတာ သွားပါ”

ကျုပ်လည်း ဘန့်ဘွေးကုန်းရောက်တုံး ရွာထဲ
နည်းနည်းပါးပါးလျှောက်ပြီး နှုတ်ဆက်စကား
ပြောရသေးတာပေါ့ဗျာ။

ရွာသားတစ်ချို့ကတော့ ဆရာကိုတက်ခါးကို
အထင်ကြီးလေးစားသလို။   တစ်ချို့ကတော့
လည်း အောက်လမ်းကဝေဆိုပြီး အထင်သေး
ကြ၊ ရွံ့ရှာကြတာတွေလည်း ရှိတာကို ကျုပ်သိ
ခဲ့ရတယ်။   ဘာပဲဖြစ်ဖြစ်  ကျုပ်ကတော့ လုပ်
ပေးမယ်ဆိုတာကို ဖြစ်အောင် လုပ်ပေးမဲ့သူပဲ
လေ။ ကျုပ်နဲ့ ကျောက်နီ အိမ်ပြန်လာပြီး ထ
မင်းစားကြတယ်။

ပြီးတော့ နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး
ဖွာနေကြတာဗျ။  အရီးမစိန်  ကြည်နဲ့လည်း
စကားစမြည်ပြောကြတာပေါ့။  ညမိုးချုပ်လို့
တော်တော်ကြာတော့၊   ဘန့်ဘွေးကုန်းက
လူငယ်တစ်ယောက် ရောက်လာတယ်ဗျ။

“ကိုကြီးတာတေ ဦးကြက်ဖကြီးတို့ ဆရာတို့
သင်္ချိုင်းထဲကို သွားကြပြီဗျ။ ကျုပ်ကို ပြော
ခိုင်းလို့ လာပြောတာပါ။ ဆရာက စည်းချရ
မှာမို့ စောစောသွားတာတဲ့”

“အေး…အေး ပေါက်စ  မင်းသွားတော့
ငါနဲ့ကိုတာတေနဲ့ ကိုးနာရီမထိုးခင် အ
ရောက်လာမှာ”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ “

ပေါက်စဆိုတဲ့ကောင်က  သူ့တာဝန်ပြီးပြီမို့
ခပ်သုတ်သုတ် ထွက်သွားတာဗျ။ ည ရှစ်နာ
ရီကျော်တော့ ကျောက်နီနဲ့  ကျုပ်နဲ့ ရွာပြင်
ထွက်ခဲ့ကြတယ်။ ကြယ်ရောင်ပဲရှိတဲ့ညမို့
လို့ မှောင်ထဲမှာပဲ သင်္ချိုင်းဘက်ကို လာခဲ့
ကြတယ်

ကျုပ်တို့သင်္ချိုင်းကုန်းရောက်တော့ ရှစ်နာရီခွဲပဲ
ရှိပါသေးတယ်။ဇရပ်ပေါ်မှာ ဆရာကိုတက်ခါးက
ဆေးလိပ်ကလေးဖွာလို့ဗျ။ရွာသားတွေကတော့
သူ့ရှေ့ကြုံ့ကြုံ့ကလေးတွေ ထိုင်လို့ပေါ့လေ။
ကျုပ်တို့ကို လှည့်ကြည့်ကြတယ်ဗျ။

“လာ…မောင်တာတေရေ မင်းကို ဆရာ မှာစရာ
မှာရတော့မယ်”

ကျုပ်က ဆရာ ကိုတက်ခါးဆီကို သွားတယ်။

” ဒီမှာ မောင်တာတေကို ဆေးသုံးလုံးအပ်ပြီး
ကျုပ်က ကျင်းထဲကနေ ပထမဆေးပစ်တော့
ဆိုရင် ဟောဒီ အသေးဆုံး အလုံးကို ကျင်းထဲ
ပစ်လိုက်ပေတော့။ခဏကြာမှ ကျုပ်က ဒုတိယ
ဆေးပစ်လို့အော်လိုက်ရင် ဟောဒီအလုံးအ
လတ်ကို ပစ်ပေတော့။ခဏကြာရင် တတိယ
ဆေးလို့ ကျုပ်က ကျင်းထဲက အော်မယ်
မောင်တာတေကဟောဒီ တတိယဆေးပစ်
ပြီးတာနဲ့ဟောဒီ ဇရပ်ပေါ်ကို ပြေးတက်
ပေတော့”

“ဟုတ်ကဲ့ပါ ဆရာ’

ကျုပ်က သူတို့တူးထားတဲ့ ကျင်းကိုလှမ်းကြည့်
တယ်ဗျ။ဇရပ်ရဲ့တောင်ဘက်မှာဗျ။လေးတောင်
ကျယ်တဲ့ကျင်းဗျ။

အနက်လည်း လေးတောင်လို့ ပြောတယ်။
ဇရပ်နဲ့တော့ခြေလှမ်းနှစ်ဆယ်လောက်တော့
ဝေးမှာဗျ။ကျုပ်က တတိယဆေးပေါက်ပြီးတာနဲ့
ဇရပ်ကို ပြေးတက်ရမှာဆိုတော့ သေသေချာချာ
ကြည့်ရတာပေါ့ဗျာ။

ဒါပေမဲ့ ကျုပ်က ကျောက်နီတို့အိမ်က
ထွက်ကာနီးမှာ ဆရာကြီး ဦးနွံဖပေးခဲ့တဲ့
မျက်ကွင်းဆေးတောင့်ကို ကျောက်ပျဉ်ဖင်မှာ
သွေးပြီးလိမ်းလာတာဗျ။ရွာကလာကတည်းက
ကျုပ်မှာ ပါလာပြီးသား။

ပြီးတော့ ဆရာကြီး ကျုပ်ကိုပေးသွားတဲ့
သစ်စုန်းဆေးတောင့်လည်း
ကျုပ်အိတ်ထဲမှာ ပါလာတယ်ဗျ။
ကျုပ်လည်း ကျုပ်ကိုကျုပ် ကာကွယ်ရမှာ
ပေါ့ဗျာ။

ကိုးနာရီထိုးကာနီးတော့ ဆရာကိုတက်ခါးက
ကျင်းထဲ ဝင်သွားတယ်ဗျို့။ကျင်းအောက်မှာက
ဖျာကလေးတစ်ချပ်ခင်းထားတယ်။
သူကျင်းထဲဝင်သွားတာနဲ့
ကြိုတင်ပြင်ဆင်ထားကြတဲ့အတိုင်း
ကျင်းပေါ်မှ ပျဉ်ချပ်တွေဖုန်းလိုက်တယ်။
ပျဉ်ချပ်တွေကိုစေ့နေအောင် စီတာဗျ။

ပြီးတော့ အပေါ်က မြေတွေအုပ်လိုက်တယ်။
မသိရင် လူသေမြှုပ်ပြီး
အပေါ်က မြေပုံကလေးလုပ်ထားသလိုပေါ့ဗျာ။
ကိစ္စပြီးတော့ အားလုံးဇရပ်ပေါ်တက်သွားကြပြီ။
ကျုပ်တစ်ယောက်ပဲ ကျင်းဘေးမှ
ကျန်နေတာပေါ့ဗျာ။

ကျုပ်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်
တယ်ဗျ။အနားက မန်ကျည်းပင်ကြီးတွေပေါ်
မှာလျှာတွဲလောင်းကြီးတွေနဲ့ နှစ်ကောင်ထိုင်
နေတယ်ဗျ။

နည်းတဲ့အကောင်ကြီးတွေ မဟုတ်ဘူးဗျ။
လက်ဖက်ရည်ပန်းကန်လောက်ရှိတဲ့ မျက်
လုံးနီနီကြီးတွေနဲ့ကျုပ်ကို စိုက်ကြည့်နေ
တယ်ဗျ။

ကျုပ်ကလည်းအိတ်ထဲမှာ တွယ်ချိတ်နဲ့ ချိတ်
ထားတဲ့ သစ်စုန်းဆေးတောင့်ကို လက်နဲ့စမ်း
ကြည့်လိုက်တယ်။
ဒီသစ်စုန်းဆေးတောင့် ရှိနေသမျှ ဒီကောင်တွေ
တင်မဟုတ်ဘူး။ဘယ်လိုအကောင်မှ ကျုပ်နား
ကို ကပ်လို့မရဘူးဗျ။ဒါကို ကျုပ်ဆရာကြီး
စိုင်းနွံဖမှာသွားပြီးလေဗျာ။

ကျုပ်ဘေးဘက်တွေ လျှောက်ကြည့်တယ်ဗျ။
နာနာဘဝအကောင်တွေကတော့ မှောင်ထဲမှာ
လှုပ်လှုပ်ရွရွနဲ့ သွားနေကြတာပေါ့ဗျာ။
ကျုပ်တို့ဘက်တော့ မလာဘူးဗျ။

ကျုပ်လည်း ပထမဆုံးပစ်ရမဲ့ ဆေးလုံးကို
အဆင်သင့်ကိုင်ပြီး စောင့်နေလိုက်တယ်။
တစ်နာရီကျော်ကျော်လောက် ရှိလာပြီဗျ။
ဆရာ ကိုတက်ခါးဆီက ဘာသံမှကို
မကြားသေးဘူးဗျ။ကျုပ်တောင် ဒီဆရာကို
စိုးရိမ်လာမိတယ်။

နောက်ထပ်နာရီဝက်လောက်ကြာတော့
အော်သံကြီး ထွက်လာတယ်ဗျို့။
မြေကျင်းထဲက အသံဆိုတော့
အသံက အုပ်အုပ်ကြီးဗျ။

“ပထမဆေးပေါက် တာတေ”

ကဲ…ပစ်ပြီဗျို့…ပစ်ပြီ။

“ဝုန်း”

“ဟာ”

ဇရပ်ပေါ်ကလူတွေ လန့်အော်တဲ့အသံကို
ကြားလိုက်တယ်ဗျ။ကျုပ်လည်း နည်းနည်း
တော့လန့်သွားတာပေါ့။ဆေးလုံးလည်း ကျင်း
ပေါ်ကိုပစ်လိုက်ရော ကျင်းထဲက “ဝုန်း”ဆိုတဲ့
အသံကြီးထွက်လာပြီး မီးခိုးတွေ
အလုံးလိုက်တက်လာတာဗျို့။

ခဏနေတော့ ပြန်ငြိမ်သွားပြန်တယ်ဗျ။
ကျုပ်လည်းဘေးဘီကို လိုက်ကြည့်ရတာပေါ့ဗျာ။
ကျုပ်က မျက်ကွင်းဆေးကွင်းထားတယ်ဆိုတော့
နာနာဘဝတွေကို မြင်နေရတာလေ။
ဒါကို ကျုပ်ကလွဲရင် ဘယ်သူမှ သိကြတာ
မဟုတ်ဘူးလေ။

နောက်ထပ်တစ်နာရီလောက်ကို ကြာ
သွားပြန်တာဗျို့။

“တာတေ ဆေးပစ်တော့”

ဆရာကိုတက်ခါးရဲ့ အသံကြီးက ဒီတစ်ခါတော့
အကျယ်ကြီးကို ထွက်လာတာဗျို့။ပစ်ပြီ ပစ်ပြီ
ကျုပ် ပစ်လိုက်ပြီ။

အသင့်ကိုင်ထားတဲ့ ဒုတိယဆေးကို ကျုပ်ပစ်ထည့်လိုက်တယ်

“ဝုန်း”

“ဟာ”

ကျုပ်တောင် နောက်ကိုခြေတစ်လှမ်း ဆုတ်
လိုက်မိတယ်ဗျ။ကျင်းထဲက “ဝုန်း”ဆိုတဲ့ အ
သံကြီးနဲ့အတူတူ မီးတောက်ကြီးတစ်ခုပါ

ကျင်းပေါ်ကို ထွက်လာတာမျိုး ဇရပ်ပေါ်က
လူတွေ ဒီတစ်ခါတော့ တော်တော်ကို လန့်
သွားတာဗျို့။

“ဟေ့ကောင် တုတ်ပေါ့။မပြေးနဲ့ အခုပြန်လာ။
ဘာမှတ်လို့လဲ စည်းပေါက်သွားမယ် သိလား”

ဇရပ်ပေါ်မှာတော့ တော်တော်ကို ရုတ်ရုတ်
သဲသဲဖြစ်သွားပုံပဲဗျ။ကျုပ်လည်းသင်္ချိုင်းအနှံ့
လိုက်ကြည့်ရတာပေါ့။

ဘာမှတော့ ထူးခြားတာ မတွေ့ဘူးဗျ။
ပြန်ငြိမ်သွားပြန်တယ်။ကျုပ်လည်း အရေး
အကြီးအဆုံးဆိုတဲ့တတိယဆေးကို အဆင်
သင့် ကိုင်ထားလိုက်တယ်။

“အလို မဖဲဝါကြီးရောက်လာပါလား”

ကျုပ်ဘေးကို တစ်ချက်လှည့်အကြည့်မှာ
အရပ်ဆယ့်နှစ်ပေလောက်မြင့်တဲ့ မဖဲဝါကြီးက
အုတ်ဂူတွေကြားမှာ မားမားကြီးရပ်ပြီး
မြေကျင်းကို တစ်လှည့် ကျုပ်ကို တစ်
လှည့်ကြည့်နေတာဗျ။     ဒါကြီးကိုများ
ဇရပ်ပေါ်က လူတွေမြင်သွားရင် ရုတ်ရုတ်သဲ
သဲကိုဖြစ်ပြီး ပြေးတဲ့လူပြေးနဲ့ ရူးတဲ့လူ ရူးသွား
မှာ သေချာတယ်ဗျ။

“အဲဒီအကောင်က  သူများပစ္စည်းခိုးတယ်။ သူ
များသားမယားကို လွန်ကျူးတယ်။ ကံကျိုး၊ ကံ
ပေါက်အကောင် ကိုးကျင်းအောင်သွားရင် လူ
တွေ ဒုက္ခရောက်လိမ့်မယ်။ ပျက်အောင်ဖျက်
ကြ”

“ဟာ…ဘုရားရေ”

သစ်ပင်ပေါ်က ကောင်တွေ ခုန်ဆင်းလာကုန်
ပြီဗျို့။ ကျုပ်လည်း အိတ်ထဲက သစ်စုန်းဆေး
တောင့်ကို   ထုတ်ပြီး  လက်ထဲမှာ ဆုပ်ထား
လိုက်တယ်။

ဟော …အကောင်ကြီးတွေ နောက်ဆုတ်ကုန်
ပြီပြီဗျို့။ တော်တော်ကိုစွမ်းတဲ့ ဆေးတော်ပဲ
ဗျာ။ အနားကို ကပ်ကို မကပ်ရဲတာဗျ။ မဖဲဝါ
ကြီးက ကျုပ်ကို မျက်လုံးနီနီကြီးတွေနဲ့ ကြည့်
နေတယ်ဗျ။ သူကိုယ်တိုင်လည်း ကျုပ်နားကို
ကပ်လို့ ရပုံမပေါ်ဘူးဗျ။ ကျုပ်ဖြင့် ဆရာကြီး
စိုင်းနွံဖကို ကျေးဇူးတင်လိုက်တာဗျာ။

ကျုပ်နားကို ကပ်လို့မရကြတော့။ မဖဲဝါက
ဆံပင်ဖားလျားကြီးနဲ့ ကောင်းကင်ကို မော့
ကြည့်တယ်ဗျ။    သူ့လက်ကြီးနှစ်ဖက်ကို
လည်း အပေါ်ကို မြှောက်ပြီး ဝှေ့ရမ်းလိုက်
တယ်ဗျ။ ဒီတုံးမှာပဲ။

“တာတေ ဆေးပစ်တော့ “

အသံနက်ကြီးနဲ့ဗျို့။ ကျင်းထဲက ဆရာကို
တက်ခါးအော်လိုက်တယ်။ ကျုပ်မဖဲဝါကို
တစ်ချက် စောင်းကြည့်ပြီ။ တတိယဆေး
ကို ကျင်းထဲထည့်၊ ထည့်ပစ်လိုက်တယ်။
ပစ်ပြီးတာနဲ့ ဆရာကိုတက်ခါးမှာတဲ့  အ
တိုင်း ဇရပ်ပေါ်ကို တစ်ချက်တည်း စွတ်
ပြေးရတာပေါ့ဗျာ။

“ဝုန်း…ဝုန်း…ဝုန်း…”

ဒီက အသံကြီးက တစ်ချက်မဟုတ်ဘူး။ သုံး
ချက်ဆင့်ပြီး   မြည်သွားတာဗျို့။ ကျုပ်ဇရပ်
ပေါ်ကို  ရောက်တော့ နောက်ကို ချက်ချင်း
လှည့်ကြည့်တယ်။

“ဟာ”

ကျုပ်ယောင်တောင်   အော်လိုက်မိတယ်ဗျ။
မဖဲဝါကြီးရော သူ့အကောင်ကြီးတွေပါ ကျင်း
နားကို   တိုးကပ်လာကြတယ်ဗျို့။  ကျုပ်ဖြင့်
ကျင်းထဲက ဆရာကိုတက်ခါးကို စိုးရိမ်လိုက်
တာဗျာ။ ဒီတုံးမှာပဲ အရိပ်မည်းမည်းကြီးတစ်
ခု ထိုးကျလာတယ်ဗျ။ မဖဲဝါကြီးက ကောင်း
ကင်ကို မော့ကြည့်ပြီး သူ့လက်ကြီးနှစ်ဘက်
ဝှေ့ရမ်းနေတယ်ဗျ။

ဒါကို  ကျုပ်တစ်ယောက်တည်း မြင်နေရလို့
ပေါ့ဗျာ။ ကျန်တဲ့  လူတွေသာ  မြင်ရင်တော့
မလွယ်ဘူးဗျို့။ ဟော…ထိုးကျလာတဲ့ အရိပ်
မည်းကြီးက ပိုမည်းလာသလိုပဲဗျာ။ ဟာ ဘာ
ကြီးလဲဟ။ ဟာ…ငှက်ကြီးထင်တယ်။

ဟာ…ငှက်လည်း  မဟုတ်ဘူးဗျ။ အတောင်ပံ
ကြီး အကြီးကြီးကိုဝဲပြီး ဆင်းလာတာဗျို့။ သ
ရဲကြီးပဲဗျ။ ငှက်မဟုတ်ဘူး။ လက်က လူလက်
လိုပဲ။  ခေါင်းက   ဆံပင်ဖားလျားကြီးချလို့ဗျ။
မျက်လုံး အနီကြီးတွေက ပြူးထွက်နေပြီး ပါး
စပ်ကြီးထဲက အစွယ်ဖွေးဖွေးကြီးတွေက အ
ပြင်ကို ငေါထွက်နေတာဗျို့။

“ကိုးကျင်းအောင်တက်ခါးတဲ့ဟေ့”

ဒီအချိန်မှာပဲ   ဆရာကိုတက်ခါးရဲ့    ကြုံးဝါး
လိုက်တဲ့ အသံကြီးက ကျင်းအပြင်ကိုဖောက်
ထွက်လာတယ်ဗျို့။ ဟာ …ကျင်းပေါ်မှာ အုပ်
ထားတဲ့ မြေကြီးတွေရော၊  ပျဉ်ချပ်တွေပါ ဖွာ
ခနဲ လွင့်ထွက်သွားပြီဗျို့။ ဟာ …ထွက်လာပြီ
ဗျို့။ ဆရာကိုတက်ခါး ကျင်းပေါ်ကို မြောက်
တက်သွားပြီဗျို့။

ကျင်းပေါ်ကို   ငါးတောင်လောက်အထိကို
မြောက်တက်သွားတာ။   ဟာ…ငှက်လိုအ
ကောင်ကြီးက ကိုတက်ခါးကို ဖမ်းဆွဲလိုက်
ပြီ။ ဟာ…လည်ပင်းကို လိမ်ချိုးလိုက်ပြီဗျို့။
ဟ…ကိုင်ပေါက်လိုက်တာဗျ။

“ဝုန်း”

“ဝုန်း”

သွားပြီ သွားပြီ ဆရာကိုတက်ခါး ဇက်ကြီး
ကျိုးပြီး မြေကျင်းထဲကို ဗုန်းခနဲနေအောင်
ပြုတ်ကျသွားပြီဗျို့။

“ဟာ …ဆရာ၊ ဆရာ”

ဇရပ်ထဲက  လူတွေ ဝိုင်းအော်ကြတယ်။ တစ်
ချို့က ဇရပ်အောက်ကို ပြေးဆင်းမယ်လုပ်လို့
ကျုပ်က အချိန်မီ တားလိုက်ရတယ်။

“ဟေ့ …ရပ်…တစ်ယောက်မှ အောက်မဆင်း
နဲ့။ သေသွားလိမ့်မယ်”

ဒီတော့မှ ကြောက်လန့်သွားပြီး ကျုပ်ကို အား
ကိုးတကြီးနဲ့ ငေးကြည့်နေကြတယ်။ မဖဲဝါကြီး
က ခေါင်းကြီးတညိတ်ညိတ်လုပ်နေတယ်ဗျ။
ပြီးတော့ လက်ပြလိုက်တယ်။

ငှက်လိုအကောင်ကြီးက ပျံထွက်သွားပြီး တ
ခြား   အကောင်ကြီးတွေလည်း  လှည့်ထွက်
သွားကြပြီ။ ဟော…သူပါသင်္ချိုင်းထဲက ထွက်
သွားပြီဗျို့။ သင်္ချိုင်းကုန်းအစပ်လည်းရောက်
ရော မဖဲဝါကြီး ပျောက်သွားရောဗျို့။ ကျုပ်
လည်း ကြက်သေ,သေနေရာကနေ။

“ဟေ့ လူတွေ ဓါတ်မီးပါရင် ထုတ်ကြ။ မီးထိုး
မီးထိုး”

ဒီတော့မှ ဓါတ်မီးတွေထုတ်ပြီး ထိုးကြတာပေါ့
ဗျာ။ အားလုံးမြေကျင်းဆီကို ပြေးကြတာပေါ့။
အပေါ်မှာ ခင်းထားတဲ့ ပျဉ်ချပ်တွေလည်း ကျိုး
ပဲ့လို့ပေါ့ဗျာ။ မြေကြီးတွေ ဖယ်ပစ်ပြီး ပျဉ်ချပ်
တွေ ထုတ်လိုက်ကြတယ်။

သွားပြီဗျာ။ ဆရာကိုတက်ခါးရဲ့ အလောင်း
ကြီးက    မြေကျင်းထဲမှာ  မှောက်ခုံကြီးများ
ဇက်ကြီးက လိမ်ပြီး ကျိုးနေတယ်။ မျက်နှာ
ကြီးက ကျောကုန်းဘက်ကိုတောင် ရောက်
နေတာဗျို့။ ကျုပ်ကတော့ အားလုံးရှေ့မှာ
တာဝန်ကျေကျေ    လုပ်ပေးခဲ့တာ မြင်ကြ
တာပဲလေ။

ဖြစ်သွားတဲ့ ကိစ္စကတော့ ကျုပ်လည်း  ဘာ
တတ်နိုင်မှာလဲဗျာ။ ဒါပေမဲ့ ဒီအဖြစ်အပျက်
ကို  မြင်လိုက်ရတာက   ကျုပ်တစ်ယောက်
တည်းဗျ။  အားလုံးကတော့  ဆရာကိုတက်
ခါး   သူ့ဖာသာ  မြောက်တက်သွားပြီး   ပြန်
ပြုတ်ကြလာတာလို့ပဲ ထင်ကြတာပေါ့ဗျာ။

ငှက်လို   မကောင်းဆိုးဝါးကြီးက လည်ပင်း
ကို လိမ်ချိုးသွားတာကို သူတို့ တွေ့မှမတွေ့
လိုက်တာ။ ဆရာကိုတက်ခါး နောက်ဆုံးကျင်း
မအောင်ဘူးလို့ ။ ထင်ကြေးပေးကြတာပေါ့။

တကယ်တော့ ကိုတက်ခါးဆိုတဲ့လူ ကိုးကျင်း
အောင်သွားတာဗျ။ အောင်ပြီးမှ သူ့ရဲ့သီလ
မလုံမှုကြောင့် အသတ်ခံလိုက်ရတာ။

ဒါကို သိလိုက်တာက ကျုပ်တစ်ယောက်တည်း
ပဲ ရှိတာလေ။ အဲ အခုတော့ ခင်ဗျားပါ သိသွား
ပြီပေါ့ဗျာ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ

ကိုယ်တွေ့ မဖဲဝါ စာအုပ်မှ ကောက်နုတ်တင်
ပြထားပါသည်။