သင်္ချိုင်းကချေသည်

သင်္ချိုင်းကချေသည်(စ/ဆုံး)
—————————

“ဆရာ….မိုးချုပ်တော့မယ်နော် ဆရာ”
“မိုးချုပ်ရောဘာဖြစ်လဲကွာ၊ကားမီးကောင်းနေတာပဲဟာ”
ကျော်ဖြိုးတစ်ရောက်စိတ်ပူနေသလောက် သူ့ဆရာကတော့ မထုံတတ်သေး..။မော့လျှက်သားအရက်ခွက်ကို စားပွဲပေါ်ဆောင့်ချပြီး ပဲကြီးလှော်ဝါးလိုက်၊ ဆေးလိပ်လေးဖွာလိုက်နဲ့ ထိုင်ရာကထဖို့ နည်းနည်းလေးမှစဉ်းစားဟန်မပြ။
သူ့ဆရာ ကားဒရိုင်ဘာကိုဝင်းသောင်းက သည်ချက်ပလက် သုံးတန်ကားစုတ်ကြီးရဲ့လက်ကိုင်ခွေကိုင်ခဲ့တာမှ ခြောက်လသာသာရှိသေးဆိုပေမယ့် ကားတစ်စီးလုံးပြင်ရင်း မောင်းရင်းနဲ့စက်ပိုင်းဆိုင်ရာကျွမ်းကျင်ရုံသာမက နေ့နေ့ညည စေလိုရာစေ ခိုင်းကောင်းတာကြောင့် ကားပိုင်ရှင် ဆန်စက်သူဌေးကိုယ်တိုင် အရေးပေးထားတဲ့လူ။
လခကိုလည်း အခြားကားသမားတွေထက် အဆမတန် ပိုပေးထားလို့ စပယ်ယာဖြစ်တဲ့ ကျော်ဖြိုးအနေနဲ့ တော်ရုံကိစ္စဆို သူ့ဆရာကိုဝင်းသောင်းကို ဘာတစ်ခုမှ ပြောရဲဆိုရဲခဲ့တာမဟုတ်။ ဒရိုင်ဘာခိုင်းသမျှ စပယ်ယာလုပ် ဆောင်ပုဒ်စည်းချက်နဲ့အညီ ကခဲ့တာပဲဟာ ဘာပြောစရာရှိဦးမှာလဲ။ ခုဟာက မုတ္တမ-သထုံ မိုင်(၄၀)ခရီးကိုပြန်မောင်းရမှာဆိုတော့ သည်လမ်းကြောင်းပေါ်ကားနောက်လိုက်လာတာ ကြာပီဖြစ်တဲ့ကျော်ဖြိုးစိတ်ပူနေပုံက အကြောင်းတစ်ခုခု ရှိလိမ့်မယ်ထင်ပါတယ်။
လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ဆန်စက်လိုင်စင်ကိစ္စနဲ့ရန်ကုန်တက်သွားတဲ့သူဌေးအပြန်မှာ ကိုဝင်းသောင်းပါလာတာ ကျော်ဖြိုးမှတ်ဥာဏ်ထဲရှိနေဆဲမဟုတ်လား။ အသက်၄၀နီးပါး၊ အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့အမြဲဘိုကေကြော့နေအောင်ဖီးထားတာမြင်ရတော့ ကြမ်းတမ်းတဲ့ကား ဒရိုင်ဘာအလုပ်ကြာကြာလုပ်နိုင်ပါ့မလားဆိုပြီး ကျော်ဖြိုးအထင်သေးခဲ့မိတာအမှန်။
ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီလုံးမှာ ကွင်းထဲက သူဌေးဝယ်ထားတဲ့စပါးတွေကို ညမအိပ် နေ့မနား ကားနဲ့ဆင်းတိုက်ခဲ့ကြတာ အခေါက်ရေတစ်ရာမကခဲ့။သူဌေးပိုင်ဆန်စက်မှာကြိတ်ခွဲထားတဲ့ ဆန်အိတ်တွေကိုလည်း သထုံကနေ မုတ္တမဆိပ်ကမ်းထိသယ်ပို့ပေးခဲ့တာတစ်နေ့တစ်ခေါက်ကြဝတ်မပျက်။ ဒရိုင်ဘာရှားပါးတဲ့ ကာလမှာ ကိုဝင်းသောင်းလိုကားမောင်းတစ်မားတစ်ယောက်ရခဲ့တာ သူဌေးအနေနဲ့ရွေးချယ်မှုမှန်ကန်တယ်လို့ပဲပြောရတော့မှာပါ။
လူဆိုတာအလုံးစုံကောင်းဖို့တော့ဘယ်ဖြစ်နိုင်ပါ့မလဲ။
အလုပ်မှာဘယ်လိုပဲ ဝိရိယကောင်းကျွမ်းကျင်တယ်ဆိုပေမယ့် ကိုဝင်းသောင်းရဲ့ဗီဇစရိုက်က တစ်ခါတစ်လေ ကျော်ဖြိုးအတွက် စိတ်ပျက်စရာပါ။
ပထမ အချက်ကအရက်ကိစ္စ။ ချဉ်ချဉ်တူးတူး မူးပြီးရောဆိုတဲ့လူစားမျိုး။နေရာမရွေး ၊ အချိန်မရွေး၊ သောက်နိုင်တဲ့လူ။
နောက်တစ်ချက်က မိန်းမ ကိစ္စ။ ကာမေသုမိစ္ဆာကံမကလို့ ဘာကံကြီးပဲထိုက်ပါစေ မိန်းမဆို ပျို အို နူဝဲ ဘာတစ်ခုမှ ရှောင်တဲ့လူမဟုတ်။
တွဲလာတာ လပိုင်းလောက်မှာတောင် ရန်ကုန်မှာ သူ့ရဲ့ စတုထ္တ ဇနီးရှိတာ ကျော်ဖြိုးသိရပြီး လက်ရှိမှာလည်း ဆန်စက်ထဲ ဖွဲသယ်တဲ့ တစ်ခုလပ် အလုပ်သမ တစ်ယောက်နဲ့ရှုပ်နေတာ ဘာကြာသေးလို့လဲ…..။
အမှန်ပြောရရင် ကိုဝင်းသောင်းနဲ့တွဲပီးကားလိုက်လာတာ ဆင်ခြေပေး အထွန့်တက်တာ ကျော်ဖြိုး တစ်ကြိမ်မှ မလုပ်ခဲ့ဖူးပေ။ ခုဟာက.. မုတ္တမကနေ သထုံအပြန်မှာမိုးရွာတုန်းအချိန် ညဘက်မောင်းရမယ့် အရေးဆိုတော့ တွေးတွေးပြီး အရိုးစိမ့်အောင်ကြောက်တာကြောင့် မဝံ့မရဲနဲ့ သူ့ဆရာကို သတိပေးလိုက်မှ တုန့်ပြန်မှုကအေးစက်စက်။ပုလင်းထဲကအရက်မကုန်မချင်း ထမယ့်ပုံမပေါ်လို့ပဲပြောရပါတော့မယ်။
“မိုးချုပ်ကြီးမှာ…..ဟို…..ဟို….အုတ်တံတားသင်္ချိင်း ဖြတ်ရမှာနော်…ဆရာ”
“လခွီး…သချိင်္ိင်း ဖြတ်တာများ အဆန်းလုပ်လို့ကွာ..။ လမ်းမှာ အုတ်တံတား သချိင်္ိင်းတစ်ခုပဲရှိတာမှမဟုတ်ပဲ သင်္ချိင်းတွေမှအများကြီး။ ဇင်းကျိုက်၊ဖြူ ဘ၊ရွာတန်းရှည်၊ရင်းငြိမ်းသင်္ချိင်းတွေလည်း ဖြတ်ရအုံးမယ်လေကွာ…အဆန်းလား။ သထုံပြန်ရောက်ရင် စားသောက်ပြီး အိပ်ရုံပဲဟာ လောမနေပါနဲ့ငါ့ကောင်ရာ…”
ကိုဝင်းသောင်းစကားက ယေဘုယျ ဆန်ဆန်တွေးရင်မှန်သလိုထင်ရပေမယ့်….တစ်ကယ်တော့ အုတ်တံတား သင်္ချိင်းက တစ်ခြားသင်္ချိင်းတွေနဲ့မတူတာ သူမှမသိသေးပဲကိုး။သည်လမ်းကြောင်းပေါ် သူမောင်းလာတာ ခြောက်လလောက်ပဲရှိပြီး နေ့ခင်းကြောင်တောင်ကလွဲလို့ညဘက်မောင်းဖူးတာမဟုတ်။
အထူးသဖြင့်လူပြော သူပြောများရုံမက ကိုယ်တွေကြုံဖူးတဲ့ ကားသမားတွေ၊ စျေးသည်တွေရဲ့အဖြစ်ပျက်တွေ အကြောင်းပြုပြီး နာမည်ကြီးနေတဲ့ အုတ်တံတား သင်္ချိင်းဆိုတာ သူ့ဆရာကိုဝင်းသောင်းလို သူစိမ်းတစ်ယောက်ကဘယ်သိအုံးမှာလဲ..။
မှန်ပါတယ်။ ခေတ်ကာလကြည့်ပြန်တော့ တကယ့် ခေတ်ဆိုးခေတ်ပျက်ကြီး။ သထုံခရိုင်တစ်ခုလုံးမှာ ရထားဗုံးခွဲ၊ကားဓားပြတိုက်၊ပြန်ပေးဆွဲ၊ဆတ်ကြေးတောင်း၊ ရွာမီးရှို့့နဲ့ သောင်းကြန်းသူတွေရမ်းကားနေတဲ့ကာလဖြစ်လို့ တပ်ကလဲရှိတဲ့အင်အားနဲ့ လိုက်တိုက်နေရတာ…။
တိုက်တုန်းမှာ ဆုတ်ခွာ၊တပ်လွန်သွားတာနဲ့ ဗိုလ်နေမြဲ ကျားနေမြဲ ဆိုသလို မြေစာပင်တွေပဲခံကြရတာဆိုတော့ ပိုက်ဆံချမ်းသာတဲ့ လူတွေကမြို့ပြောင်းနဲ့ ရွာတိုင်းဟာ ကျီးနဲ့ဖုတ်ဖုတ်။ မိုးချုက်ရင်ပဲ မီးမထွန်းရဲနဲ့ အိမ်တံခါးပိတ် ပုန်းအိပ်နေကြရတာ။ ကားလမ်းပေါ်လူမပြောနဲ့ခွေးတောင်တွေ့ဖို့မလွယ်တာ ကိုဝင်းသောင်း အကဲမခတ်မိသေးတာလဲဖြစ်မှာပါ။
နေ့ခင်းဘက်မှာတောင် ခရီးသည်တင်ကားဆိုတာတစ်စီးတစ်လေရှိတာမဟုတ်။ ရွာတစ်ချို့မှာဆန်ဟက်ထောင်ထားတဲ့သူဌေးတွေက ကြိတ်ခွဲတဲ့ ဆန်အိပ်တွေ မုတ္တမဆိပ်ကမ်းပို့ မရှိမဖြစ်ထောင်ထားကြတဲ့ ချက်ပလက် သုံးတန်ကားဟောင်းကြီး ၅ စီးလောက်ကို အလုပ်ရှိတဲ့အခါ လမ်းကစောင့်တားစီးရုံပဲရှိတာပါ။ ဆတ်ကြေးပေးပျက်ကွက်လို့ကတော့ မီးသွေးခဲဖြစ်သွားတာ ကြာပီဆိုပါတော့။
မုတ္တမဆိတ်ကမ်းမှာ ဆန်အိတ်တွေချပြီးရင် ကူးတို့သဘောင်္ဆိုက်ချိန်နဲ့ကိုက်ပြီး ဂိတ်ထိုး၊ ခရီးသည်တင်ပြီးမှပြန်ကြရတာ၊ သည်နေ့မှာတော့ ကံဆိုးတယ်လို့ပြောရမလားမသိ။ကျော်ဖြိုးတို့ကား နောက်ဆုံး ကူးတို့သဘောင်္ဆိုက်ချိန် ညနေ ၄နာရီမှာမ ဂိတ်ထိုးခွင့်ရခဲ့တာလေ။
သထုံပြန်တဲ့ခရီးသည်တစ်ယောက်မှမပါ။လမ်းကြုံလိုက်တစ်ယောက်တစ်လေမှမရှိလို့ ကားကို ခါလီထိုးထားလျက်က သူ့ဆရာ အရက်ဆိုင်ထဲစည်းစိမ်ယူနေတာ နေဝင်ချိန်တောင်ရောက်နေပီမဟုတ်လား….။သီကြားမင်း နားကင်းနဲ့ဆင်းလာပြီးမောင်းထုတ်ရင်တောင်သူ့ဆရာက တုတ်တုတ်လေးမျှ လှုပ်မှာမဟုတ်တာ သိထားတဲ့ကျော်ဖြိုးကတော့ ကားရှေ့ခန်းခုံပေါ်စိတ်ပျက်စွာနဲ့ခြေပစ်လက်ပစ်ပေါ့။
အမှန်အကန်ပြောရရင် သုတို့ကားက ဆတ်ကြေးပေးထားတာမကြာသေးဖြစ်လို့ သောင်းကျန်းသူတွေ ပစ်ခတ်မီးရှို့မှာ ဘယ်စိတ်ပူစရာလိုပါ့မလဲ။ အဓိကက အုတ်တံတားသင်္ချိင်းဖြတ်ရမယ့်ကိစ္စ။
လူတိုင်း ကားတိုင်း ဘယ်လိုအကြောင်းမျိုးနဲ့မှ ညမှောင်ရီသန်းချိနိကစလို့ဖြတ်သန်းဖို့စိတ်မကူးရဲတဲ့ သင်္ချိင်း။ တိတိကြကြပြောရရင် အတ်ြတံတားသင်္ချိင်းမှာ ကွယ်လွန်သူအမြားအပြား မြှု ပ်နှံသဂြိုလ်ထားတာမှန်ပေမယ့် တကယ့်နာမည်ကြီး ခေတ်စားနေတာက ချိတ်ထဘီ တစ္ဆေမ။
ဘာပြောပြောသည်ညအပြန်ခရီးမှာတော့ ချိတ်ထဘီ တစ္ဆေမဇာတ်လမ်းကို သူ့ဆရာကိုဝင်းသောင်းသိအောင် ပြောပြထားဖို့ လိုအပ်ပြီဆိုတာကတော့ ကျော်ဖြိုးတစ်ယောက် သန္ဓိဋ္ဌာန်ချလိုက်ပြီးသား ဖြစ်ပါတယ်။
……………..
အုတ်တံတားဆိုတာ သထုံကနေ မုတ္တမလာရင် မိုင်၂၀ လောက်ဝေးတဲ့ အဝေးပြေးကားလမ်းမကြီးဘေးက ရွာတန်းရှည်ကြီး၊ လယ်ယာဥယျာဉ်ခြံလုပ်ကိုင်သူ များပြားသလို ဇာတ်သဘင်အနုပညာနဲ့ပတ်သက်တဲ့ မင်းသား၊ မင်းသမီး၊ လူရွှင်တော်တွေ ထွက်တဲ့ရွာ။
ဗိုလ်လံစိန်ဆိုတဲ့ဇာတ်မင်းသားဆို တနသာင်္ရီတိုင်း(ယခုမွန်ပြည်နယ်)တစ်ခွင်နာမည်ကြီးပေါ့။ မင်းသမီး အများအပြား ထွက်တဲ့အထဲမှာလည်ားမြစိမ်းရည်ဆိုတဲ့အငြိမ့်မင်းသမီးဟာလည်းနာမည်ကြီးပါပဲ။သူက အငြိမ့်ပွဲတစ်မျိုးထဲနဲ့ ပရိတ်သတ်အပေါ်စိုးမိုးနိုင်သူဖြစ်လို့ သထုံခရိုင်ထဲကျင်းပတဲ့မင်းပွဲစိုးပွဲတွေအပြင် ကထိန်ပွဲ၊ရဟန်းခံရှင်ပြုပွဲတွေမှာလည်းမြစိမ်းရည်အငြိမ့်မပါမဖြစ်တဲ့အထိ နာမည်ကျော်ကြားခဲ့တာပါ။
မြစိမ်းရည်ကအဆိုအကကောင်းသလို အသားတော်ညိုပြာညက်နဲ့ကိုယ်ဟန်က အဖုအထစ်အရှိုက်အဟိုက်တွေ နေသားတကျရှိတာဖြစ်လ်ုိ့ ကြော့မော့လှပနေပုံက ယမင်းရုပ်ပမာ။
ဒါကြောင့်လည်း သူ့အငြိမ့်ပွဲရှိတဲ့နေရာတိုင်း ပရိတ်သတ်ဆိုတာ အုတ်အော်သောင်းတင်း ကြိတ်ကြိတ်တိုးပြောရင်တောင်မှားမှာမဟုတ်ပါဘူး။မိုးရာသီကလွဲပြီး ကျန်တဲ့ရာသီတစ်ခုလုံးပွဲငှါးရက်စေ့နေတာဆိုတော့ သူနဲ့တွဲကြတဲ့ဆိုင်းအဖွဲ့တွေ၊ လူပြက်တွေလည်းအလုပ်ဖြစ်ကြတာပေါ့လေ။ အိမ်ထောင်ရှိတဲ့မြို့ပိုင်တစ်ယောက်ကတောင် ရွှေဒင်္ဂါးဆုချပြီးတန်းတန်းစွဲကမ်းလှမ်းတဲ့ သတင်းထွက်လာတဲ့နောက်ပိုင်းမှာ ပိုပြီး နာမည်ကြီးလာတာပဲဖြစ်ပါတယ်။
တစ်နေ့တော့ သီတင်းကျွတ်ပြီး စရက်တစ်ရက်မှာပဲ ရင်းငြိမ်းကျေးရွာမှာကျင်းပတဲ့ ဘုံကထိန်ပွဲကငှါးလို့ တစ်ညကခဲ့ရပါတယ်။ အငြိမ့်ပွဲထုံးစံကညတစ်ဝက်ဆိုပေမယ့် ရပ်ဝေးပွဲကြည့် ပရိတ်သတ်တွေကို ငဲ့ညှာတဲ့အနေနဲ့ ရပ်မိရပ်ဖတွေတောင်းဆိုတာကြောင့် အရုဏ်တက်ချိန်ထိ က ပေးရတာပေါ့။ညကြေးကလဲနှစ်ဆတိုးပေးမယ်ဆိုထားတာကိုး။
ပွဲသိမ်းချိန်ရောက်တော့ မုတ္တမကိုဆန်အိပ်တွေပို့မယ့် ဆန်စက်သူဌေးရဲ့ချက်ပလက်ကားကြီးက အသင့်ထိုးထားတာဖြစ်လို့ အငြိမ့်အဖွဲ့ကပါ ဝရုန်းသုန်းကားနဲ့တက်လိုက်ကြတဲ့အချိန်မှာမြစိမ်းရည်ခမျာ မင်းသမီးအဝတ်အစားတွေမလဲအားတော့ပဲ ကမန်းကတန်း ကားနောက်မြှီးပိုင်းဆန်အိပ်ပေါ်ထိုင်ရင်းလိုက်ပါခဲ့ရတယ်လို့ဆိုပါတယ်။
သူ့သဘောသူဆောင်လေ့ရှိတဲ့ ကံကြမ္မာရဲ့အလှည့်အပြောင်းကို ဘယ်သူတွေကရော တပ်အပ်သေချာသိနိင်ပါ့မလဲ။ ရင်ငြိမ်းရွာနဲ့အုတ်တံတားရွာဆိုတာ ရှိလှမှ ၈ မိုင်ကျော်ကျော်။ အရုဏ်တက်ချိန်အလွန်လေးမှာ မီးထိုးပြီး တအိအိမောင်းလာတဲ့ကားပေါ်ထိုင်ရက်က ငိုက်လာကြတာ စကားပြောသံသဲ့သဲ့လေးတောင်မကြားရပဲကားစက်သံကလွဲလို့တိတ်ဆိတ်နေရောဆိုပါတော့။
အုတ်တံတားရွာသင်္ချိင်းဖြတ်တဲ့အချိန်မှာ လမ်းနှစ်ဖက်ကသစ်တောကြီးတွေပေါ်မြူတွေဆိုင်းပြီး မှိုင်းနေလိုက်တာ။ဘာတစ်ခုမှသဲသဲကွဲကွဲမတွေ့ရ။သင်္ချိင်းဇရပ်ရှေ့ရောက်တော့ ကုန်းတက်နေရာဖြစ်တာကြောင့် ကားကဖြစ်ညှစ်ရုန်းတက်နေရချိန်မှာပဲ အုတ်ဂူတွေကြားကနေရုတ်တစ်ရက်ပေါ်လာတဲ့ လိမ္မော်ရောင်မီးတန်းတွေနဲ့အတူအဆက်မပြတ်” ဒိုင်း…..ဒိုင်း..ဒက်….ဒက်” သေနတ်သံတွေထွက်လာတာ ကမ္ဘာပျက်တဲ့အလားလို့ပြောရတော့မှာပေါ့။ကားက ရပ်မပေး။ စက်ကုန်ဖွင့်မောင်းပြေးရင်းက အော်ဟစ် ငိုယိုသံတွေ ပွက်လောရိုက် ဆူညံသွားတော့တာပါပဲ။
ရွာလယ်ပိုင်း ဓမ္မာရုံရှေ့ရောက်တော့ မိုးမလင်းတလင်းအချိန်။ စောစောကသေနတ်သံတွေကြောင့်ရွာသားတွေတရုန်းရုန်းဖြစ်နေကြရာက ကားရပ်သွားတာမြင်မှ ကားအနားကိုပြေးလာကြတာ အလျှိုလျှို။ ရွာလူကြီးတွေနဲ့ကင်းသမားတွေပါ ရောက်လာကြပြီး စစ်စေးကြည့်လိုက်တာ အငြိမ့်မင်းသမီးမြစိမ်းရည်ပါမလာတော့ဘူးတဲ့။
သူထိုင်တဲ့ ဆန်အိတ်ပေါ်မှာ သွေးကွက် သွေးစက်တွေ မြင်မကောင်း ရှုမကောင်း။ ဆိုင်းသမားနှစ်ယောက်ပါညဒါဏ်ယာရထားတာမစိုးရိမ်ရပေမယ့် အဲ့သည်ကားနဲ့ပဲ ပေါင် မြို့ဆေးရုံပို့ခိုင်းပြီး လူစုလူဝေးနဲ့မြစိမ်းရည်ကိုရှာဖို့ သင်္ချိးစီချီတက်သွားကြပါတော့တယ်။
မှန်တာပေါ့…… သင်္ချိင်းတည့်တည့် ကုန်တက်ကားလမ်းအရှေ့ဘက်ဘေးနေရာမှာ ဒါဏ်ရာ ဗလပွနဲ့ပူနွေးနေတဲ့သွေးအိုင်ထဲ ခွေခေါက်လဲနေတဲ့ မြစိမ်းရည်ကိုတွေ့တော့တာပါပဲ။အသက်ကမရှိတော့ပဲ ဆံပင်ကဖရိုဖရဲ။ မင်းသမီးဝတ်စုံဖြစ်တဲ့ ချိတ်ထဘီနဲ့ ထိုင်မသိမ်းအင်္ကျီတွေပါ ဖုံတွေ သွေးတွေ အလူးလူးပေပြီး ရုပ်ပျက်ဆင်းပျက်ကိုသေနေတာတဲ့။
ရွာထိပ်ဘုန်းကြီးကျောင်းက ကပ္ပိယကြီးပြောတာကတော့ သည်ဆန်အိတ်ကားကို ဆတ်ကြေး အကြိမ်ကြိမ်တောင်းနေတာ မပေးလို့ထွက်တားတာတဲ့။ ကားကရပ်မပေးမှ ပစ်ခတ်တာဆိုပြီး သောင်းကျန်းသူတွေတောင်ပေါ်ပြန်တက်ရင်းပြောကြတာ သြူုကားခဲ့ရတယ်ဆိုပါတယ်။
ရွာရဲ့ဓလေ့ထုံးစံအတိုင်းပဲဆိုပါတော့ ။အစိမ်းသေဆိုရင်ရွာထဲမသွင်းရပဲ သင်္ချိင်းမှာပဲ နေ့ချင်းမြေမြှပ်သဂြိုလ်ကြရတော့တာပေါ့။ အဲ့သည်ကစပြီး အုတ်တံတားသင်္ချိင်းကချိတ်ထဘီတစ္ဆေမဇာတ်လမ်း စတင်ပျိုးတော့တာပဲဖြစ်ပါတယ်။ထူးခြားတယ်လို့ပြောရမှာက တစ္ဆေ သရဲ နာနာဘာဝမှန်သမျှဟာ လူတွေသွေးပျက်လုမတတ် ခြောက်ခြားအောင်ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ခြောက်လှန့်တတ်တယ်ဆိုပေမယ့် ချိတ်ထဘီတစ္ဆေမရဲ့ ခြောက်လှန့်ပုံက အင်မတန် ညက်ညောပြီး အနုပညာဆန်သလိုဖြစ်နေတာကြောင့် ပိုသတင်းကြီးတာလဲဖြစ်ချင်ဖြစ်မှာပါ။
ပထမဦးဆုံး ချိတ်ထဘီတစ္ဆေမခြောက်တာခံရတဲ့သူက အသံချဲ့စက်ငှါးလိုက်ဖွင့်တဲ့စောသိန်းလင်းနဲ့ ဆိုက်ကားသမားတစ်ယောက်။ရှင်ပြုအိမ်မှာအသံချဲ့စက်ဖွင့်နေတုန်း ဘက်ထရီ ကုန်သွားလို့ စောသိန်းလင်းဟာ ဆိုက်ကားတစ်စီးခေါ်ပြီးဘတ်ထရီယူဖို့ ဇင်းကျိုက်ရွာကိုသွားကြတာတဲ့။ခါတိုင်းလည်း အုတ်တံတားသင်္ချိင်းဆိုတာ ခြောက်တယ် လှန့်တယ် ဆိုပြီး ကြုံဖူး ကြားဖူးတဲ့လူမရှိဆိုတော့ သူတို့လည်းကြောက်စိတိမရှိအေးဆေးပါပဲ။
ညဉ့်နက်သန်းခေါင်နီးပါး လရောင် ကြယ်ရောင်တွေလင်းနေချိန်ဖြစ်လို့ အုတ်တံတားရွာစွန်အထွက်ကစပြီး မင်းဂွပ်၊မရမ်း၊အူးရင်း၊ပိန္နဲပင်တွေထူထပ်တဲ့ဥယျာဉ်တန်းကိုဖြတိလာကြတာပုစဉ်းရင်ကွဲအော်သံတစီစီကလွဲလို့ တိတ်ဆိတ်ငြိမ်သက်နေရောပဲတဲ့။
ဒါပေမယ့် ယိုင်နဲ့နဲ့ သချိင်္ိင်းဇရပ်အိုကြီးနားမရောက်ခင်လေးကြမှ ရုတ်တရက်ဘယ်ကရောက်လာမှန်းမသိတဲ့ လေးပြင်းလေးတစ်ချက်တိုက်လာလိုက်တာ သစ်ပင် သစ်ကိုင်းတွေရှဲကနဲမြည်သွားသံနဲ့အတူ လန်နေတဲ့ဇရပ်သွပ်မိုးကပါ တဖြန်းဖြန်းရိုက်ခတ်သံထွက်လာတာသတိပြုမိကြသေးတာတဲ့။
ယောင်္ကျားနှစ်ယောက်ဆိုတော့ကြောက်စိတ်ဘယ်ဝင်ပါ့ဦးမလဲ တစ်ညလုံးအလှုအိမ်မှာသောက်ထားတဲ့ထန်းရေကြောင့် ဆီးမအောင့်နိုင်တော့ဘူးဆိုပြီး ဆိုက်ကားသမားတောင်လမ်းဘေးဆင်းသွားပါသေးတယိ။ သူဆီးသွားနေတဲ့အချိန်မှာမ စူးစူးရှရှလွင့်လာတာက မိတ်ကပ် သနခါး နံ့တွေတဲ့။
“ဟာ….ဟို….ဟို…သစ်တိုပင်ကြီးအရင်းမှာ……ဘာ….ဘာလဲ မသိဘူးဗျ…။လှုပ်..လှုပ် နေတာမြင်လား”
စောသိန်းလင်း ထစ်ထစ်ငေါ့ငေါ့ပြောတာကြားရမှဆိုက်ကားသမားဟာ သူ့ဆိုက်ကားပေါ်ခွထိုင်ရင်းကြည့်လိုက်တာ။ သစ်တိုပင်ရင်းနားမှာ အငွေ့လိုလို….အလင်းရောင်ဖြူ မှုန်မှုန်အရိပ်လိုလိုသဏ္ဍာန်ဟာအုတ်ဂူဟောင်းကြားထဲ ဖျတ်ခနဲ ဖျတ်ခနဲ လှုပ်ရှားနေတာ တကယ့်လိပ်ပြာတစ်ကောင်နဲ့ နင်လားငါလားပဲ။
ဖြန့်ကားထားတဲ့ ခြုံပဝါ လေထဲလွင့်နေတဲ့ပုံမျိုးတဲ့။မြင်ကွင်းဆန်းဖြစ်လို့နှစ်ယောက်သားကြည့်ကောင်းကောင်းနဲ့ ငေးနေချိန်မှာပဲ….အငွေ့အရိပ်သဏ္ဍာန်ကနေ တဖြည်းဖြည်းပီပြင်လာပြီး ချိတိထဘီပေါ်က ဘော်ကြယ်တန်းတွေ တလက်လက်….။ငြိမ့်ညောင်းတဲ့ ကဟန်နဲ့လိမ်တွန့်ပြီးကနေရင်း ဆံပင် ဖို့ရို့ဖားရားလွင့်နေတဲ့ကြားမှာပေါ်လာတာက သေနတ်မှန်လို့သေသွားတဲ့ မြစိမ်းရည်မျက်နှာနဲ့ချွတ်စွတ်ကိုတူတာတဲ့။
အဲ့သည်တော့မှ တစ္ဆေခြောက်မှန်းသဘောပေါက်လာတဲ့သူတို့နှစ်ယောက် နင်းပြေးဖို့ပြင်ပီပေါ့။အစပိုင်းမှာ အနုပညာဆန်လို့ဘယ်လိုပဲကည့်ကောင်းတယ်ပြောပြော….တစ္ဆေဆိုတာ ခြောက်လှန့်တဲ့ပရလောကသားပဲဟာ…နောက်ဆုံးမှာမျက်နှာကအစကိုယ်လုံးနေရာမှာပါ ဖွာကနဲ…ဖွာကနဲ ပေါက်ကွဲထွက်လာတဲ့ သွေးကွက်နီရဲရဲတွေ၊လွင့်နေတဲ့ဆံပင်တွေကြားက အစိမ်းရောင်မီးလုံးလို မျက်စိတစ်စုံ။
နုညက်နေတဲ့ လက်နှစ်ဖက်ဆန့်တန်းပြီးရှေ့တိုးလာတဲ့ဟန်တွေကချောက်ခြားသွေးပျက်စရာမြင်ကွင်းဆိုတော့ စောသိန်းလင်းတို့နှစ်ယောက်အသားကုန်အော်ဟစ်ရင်းနင်းပြေးကြတာ သွေးရူးသွေးတန်းလို့ပဲပြောရပါတော့မယ်။အဲ့သည်ညကစပြီး နှစ်ယောက်စလုံး လန့်ဖျားဖျားသွားကြတာ ဆိုက်ကားသမားဆိုရင် ဂေါက်ကြောင်ဖြစ်သွားခဲ့တယ်။ပယောဂဆရာတွေကုနေတဲ့ကြားမှာ အအိပ်အစားတောင်မမှန်ချင်အောင် ကယောင်ကတန်းဖြစ်တုန်း။ စောသိန်းလင်းကတော့ ညဘက်မပြောနဲ့၊ နေ့ခင်းကြောင်တောင်အချိန်မှာတောင် အဖော်မပါပဲနဲ့အုတ်တံတားသင်္ချိင်းဖြတ်ဖို့ဆိုတာဝေးရောလို့ပြောပါတယ်။
ရွာကတော့ ဘုန်းကြီးတွေပင့်၊ သင်္ချိင်းဇရပ်မှာပရိတ်ရွတ်၊ အမျှအတန်းဝေတာမှ မကြာခဏ။ချိတ်ထဘီတစ္ဆေမကကျွတ်တန်းဝင်သွားပုံမရသေးပါဘူး။နေ့ခင်းဘက်မှာဘာအရိပ်သဏ္ဍာန်မှမပြပေမယ့် ညဘက်မှာဖြတ်သွားဖြတ်လာလုပ်တဲ့ ကားတွေ လူတွေကိုတော့ အုတ်ဂူတွေကြားကနေအနုပညာဆန်စွာခြောက်တုန်း၊ လှန့်တုန်းဖြစ်လို့ သင်္ချိင်းရှေ့ခွေးတောင်မဖြတ်ရဲတာ ခုချိနိထိပါပဲ။
………….
“ဟား….ဟား…ဟား…မင်းချိတ်ထဘီတစ္ဆေမခြောက်တာရယ်စရာကြီးပါလား ကျော်ဖြိုးရ ဟား…..ဟား…ဒီလောက်ရုပ်လှမှတော့ တစ္ဆေမဖြစ်ပါစေ ငါနဲ့တွေ့ချင်လိုက်တာကွာ….ဟီး…ဟီး။ တွေ့လို့ကတော့ဖက်ကိုနမ်းပစ်မှာသိလား…ဟား….ဟား…ဟား.”
ကဲ…..ကျော်ဖြိုးရဲ့ဆရာဒရိုင်ဘာကိုဝင်းသောင်းဇာတိပြပုံကအဲ့သည်လိုပဲလေ။မိန်းမဆို တစ္ဆသရဲတောင်ရှောင်မယ့်သူမဟုတ်တာထင်ရှားနေရောမဟုတ်ပါလား။ဆရာတပည့်နှစ်ယောက် ကားရှေ့ခန်းမှာအတူထိုင်ပြီး ပြန်လာရင်းက အုတ်တံတားသင်္ချိင်းကချိတ်ထဘီတစ္ဆေမဇာတ်လမ်းကို ခရေစေ့တွင်းကြရှင်းပြလာတဲ့ ကျော်ဖြိုးမှာခသူ့ဆရာရဲ့တုန့်ပြန်လာချက်က ရမ္မက်သံနှောနေတာကလွဲလို့နည်းနည်းမှအသိအမှတိပြုပုံမရပါ။
သောင်းကျန်းသူတွေဆူပူတဲ့ကာလဖြစ်လို့ည(၇)နာရီလောက်သာထိုးသေးတာ လမ်းတစ်လျောက်ဘယ်အိမ်မှ မီးထွန်းထားတာမတွေ့ရ။ မုတ္တမဖက်ကထွက်လာတော့ညမှောင်ရုံသာရှိပါသေးတယ်။မိုးကပါ တဖွဲဖွဲရွာနေပြန်တော့ လူသူကင်းရှင်းတဲ့ ကားလမ်းမကြီးမှာမြွေမည်းကြီးတစ်ကောင်အိက်ပျော်နေသလိုတိတ်ဆိတ်ငြိမ်သက်နေရောပါပဲ။
တစ်လမ်းလုံးမှာ သူ့ဆရာကိုချိတ်ထဘီတစ္ဆေမဇာတ်လမ်းခင်းပြလာတဲ့ကျော်ဖြိုးဟာအုတ်တံတားသင်္ချိင်းနဲ့နီးလာလေ…၊ ကြောက်စိတ်ဒီဂရီမြင့်လာလေနဲ့ကားမောင်းနေတဲ့သူ့ဆရာဖက်တောင်တိုးပြီးထိုင်လိုက်ပါသေးတယ် (Nay Nyoလိုပဲသတ္တိကောင်းတာ..ဟီး.)။ သူတို့ကားကအုတ်တံတားရွာတန်းကြီးဖြတ်ပြီးလို့ငှက်ပျောတောဘုန်းတော်ကြီးကျောင်းတောင်လွန်လာပါပြီ။
မိုးဖွဲဖွဲရွာနေဆဲမှာ အမှောင်ကနက်ရှိုင်းတယ်ဆိုပေမယ့် ဟိုဝေးဝေးခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ ရေညှိတက်နေတဲ့ အုတ်ဂူအစွန်းအစတွေ ဟိုတစ်ကွက် သည်တစ်ကွက်ကိုလျှပ်စီးရောင်ကားမီးတွေထဲပြက်ပြက်ထင်ထင်တွေ့မြင်နေရပါတယ်။အရက်အရှိန်လေးနဲ့ကားမောင်းနေတဲ့သူ့ဆရာပုံကြည့်ရတာ တစ္ဆေမအပေါ်ပြစ်မှားချင်စိတိကြောင့်ထင်ပါရဲ့…ပြုံးဖြီးဖြီးနဲ့ပီတိဖြစ်လို့ဆိုပါတော့။
“ဟေ့…..ကျော်ဖြိုး အုတ်တံတားသင်္ချိင်းတောင် ရောက်ပြီဟာ မင်းပြောတဲ့ ချိတ်ထဘီတစ္ဆေမ ကိုယ်ရောင်မပြသေးပါလားကွ။ တွေ့လို့ကတော့ကွာ….ကားရပ်ပြီးခေါ်တင်ခဲ့မှာနော်…ဟီး..ဟီး..”
မှန်ပါတယ်။ကိုဝင်းသောင်းရဲ့အကျင့်ကိုသိလို့လားမဆိုနိုင် သင်္ချိင်းဇရပ်လွန်လာပြီးဖြစ်တာတောင် ဘယ်လိုခြောက်လှန့်တာမျိုးမှမတွေ့ရသေး။အကြောက်ပြေသလိုစိတ်ထဲပေါ့ပါးလာတယ်ဆိုရင်ပဲကျန်ရစ်ခဲ့တဲ့ သင်္ချိင်းဆီမျှော်ပြီးမရဲတရဲစိတ်နဲ့ လှည့်ကြည့်လိုက်တဲ့ကျော်ဖြိုးဟာ မျက်စိတွေပြူးထွက်ရုံသာမက တစ်ကိုယ်လုံး အကြောတွေဆိုင်းပြီး ရုတ်တရက်လှုပ်ရှားလို့မရအောင် ခံစားလိုက်ရတော့တာပါပဲ။
စုတ်ပြဲပေရေနေတဲ့ ချိတ်ထဘီ၊ ထိုင်မသိမ်း အင်္ကျီဝတ်လျက်သားနဲ့ဆံပင်ဖားလျားလေထဲလွင့့်နေတဲ့ ချိတ်ထမီတစ္ဆေမက သူတို့ကားနောက်ပိုင်း အစွန်ခုံတနိးမှာ အခန့်သားထိုင်လိုက်လာတာ ပြုံးလို့ကိုး…..။
ဘယ်လိုမှမျက်စိမမှားနိုင်၊ ချိတ်ထဘီ တစ္ဆေမမှ တစ္ဆေမ စစ်စစ်။လေလွင့်နေတဲ့ဆံပင်ကြားကနေမိတ်ကပ်အဖွေးသားနဲ့ပြုံးရင်းက လက်နှစ်ဖက်ကွေးလိုက်.ဆန့်လိုက်နဲ့ ကျော်ဖြိုးကိုတောင် က ပြနေပါသေးလား….။
“ချိတ်….ချိတ်ထဘီ….ကား….ကားပေါ်ပါလာတယ် ဆ…ဆရာ။ မောင်း…..မောင်း…..မြနိမြန်မောင်းပါ ဆ…..ဆရာ…”
“ဟာ….ဒီကောင်ကလည်း မုတ္တမက ကားထွက်မှခုန်တက်လာတဲ့လူဖြစ်မှာပေါ့။ မင်းမှ သေသေချာချာ မစစ်ဆေးခဲ့တာ။ သင်္ချိင်းက ဟိုး အဝေးကြီးမှာကျန်ခဲ့ပီဟာ…လခွီးမှပဲ…..”
“မ….မဟုတ်ဘူးလေ..ဆ…ဆရာ”
ကျော်ဖြိုးရဲ့ထစ်ငေါ့တုန်ရီနေတဲ့အသံဆုံးတဲ့ထိမရောက်သေးခင်မှာ မိတ်ကပ်နဲ့ညှီစို့စို့အနံ့ဆိုးတွေ ကားရှေ့ခန်းထိလွင့်ပျံလာတာမှ မွှန်ထူနေရောလို့။ အဲ သည်တော့မှ ကားလီဗာကို ဖိနင်းထားရာကကိုဝင်းသောင်းနောက်ဖက်ကို ဖျက်ခနဲလှည့်ကြည့်လိုက်ချိန်နဲ့တပြိုင်ထဲမှာပဲ ကားခေါင်းဟာ လမ်းညာဖက်စောင်း ထိုးဆင်းသွားရာက ဧရာမ တောင်သရက်ပင်ကြီးနဲ့ ဝင်တိုက်လိုက်တာ ဝုန်းကနဲ….ဒိုင်းကနဲ။
သည်ဖြစ်ရပ်ဆိုးကို မနက်မိုးလင်းလို့ စျေးသည်တွေ၊ ဆိုက်ကား တွေထွက်မှ တွေ့ကြရတာပါ။သတင်းကြားကြားချင်းပဲ ဇင်းကျိုက်ဂတ်ကင်းက ဌာနအုတ်နဲ့ရဲတွေရောက်လာတော့ လက်ကိုင်ခွေနဲ့ထိုင်ခုံကြားညှပ်ပြီး မရှုမလှသေနေတဲ့ ကိုဝင်းသောင်းအလောင်း။ ကျော်ဖြိုးကတော့လက်တစ်ဖက် ဂီယာဘောက် အဖုံးနဲ့ညှက်နေတာ ကျိုးကြေပြီး သတိလစ်မေ့မြောလျက်သားတွေ့ရတော့တာပါပဲ။
တဇ္ဇေတိ=ခြောက်လှန့်တတ်သည်။ တဇ္ဇေတိဟူသော သဒ္ဒါကိုစွဲပီး တဇ္ဇေဟုခေါ်လာကြရာက ကာလကြာမြင့်လာသည်နှင့်အမျှညတစ္ဆေဟုခေါ်တွင်လာကြတဲ့အကြောင်း ပါဠိသက်ဝေါဟာရအဘိဓာန်မှာညဖတ်ရှုခဲ့ရဖူးပါသည်။
တစ္ဆေတွေရဲ့ထုံးစံအတိုင်း ဘယ်လိုပဲခြောက်လှန့်တတ်တယ်ဆိုပေမယွ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)ကျော်က သည်ဖြစ်ရပ်ကလေးကတော့သည်ကနေ့ခေတ် လူငယ်တွေထိတိုင် ဒဏ္ဍာရီတစ်ပုဒ်ပမာ ပြောနေကြဆဲပဲဖြစ်ပါတော့တယ်။
ပြီးပါပြီ