” ဘဝခြားသော်လည်း “(စ-ဆုံး)

Unicode Version

” ဘဝခြားသော်လည်း “(စ-ဆုံး)
———————————–

” သား……. မောင်ထွန်းမြတ်… ”

” ဗျာ….အမေ… ”

” ဒီနေ့ အလုပ်ဘယ်အချိန်သွားရမှာလဲ… အင်္ကျီနဲ့ ပုဆိုးတွေ မီးပူတိုက်ပေးမလို့ ”

” တိုက်မနေနဲ့အမေ…. ညနေလေးနာရီသွားမှာ… ”

” ဒါဆို…ညစာအတွက် ထမင်းဘူး ထည့်ပေးလိုက်မယ်… ”

” ဟုတ်ကဲ့အမေ….. ”

မိခင်မေးသမျှ ပြန်ဖြေရင်း ရေဆေးပြီးစ စက်ဘီးကို အဝတ်ခြောက်ဖြင့် ပွတ်ကာ အရောင်တလက်လက်ထွက်နေသည့် စက်ဘီးကိုကြည့်ပြီး ကိုထွန်းမြတ်သဘောကျနေလေသည် ။ ထိုစက်ဘီးလေးက ကိုထွန်းမြတ်၏ ဘဝဆိုလည်းဟုတ်… ခြေထောက်ဆိုလည်းဟုတ်ပါသည် ။ ကမ္ဘာအေး စာတိုက်တွင် နေထိုင်သော ကိုထွန်းမြတ်မှာ မြောက်ဥက္ကလာပ စက်မှူလက်မှူရပ်ကွက်တွင် ရှိသော ပုဂ္ဂလိက စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်လေသည် ။

ကိုထွန်းမြတ် အလပ်လုပ်ကိုင်နေသော စက်ရုံမှာ ပုံမှန်လည်ပါတ်နေသော စက်ရုံဖြစ်သည့်အတွက် အလုပ်သမားများမှာ အလှည့်ကျ အဆိုင်းဖြင့် အလုပ်ဝင်ရလေသည် ။ ည ဆယ့်နှစ်နာရီမှ အလုပ်ဝင်ရပြီး မနက် ရှစ်နာရီမှ ပြန်ရသည်လည်းရှိသလို ညရှစ်နာရီဝင်ရပြီး မနက် လေးနာရီမှ အိမ်ပြန်ရသည်လည်း ရှိလေသည် ။

ကုန်ကြမ်းပြတ်သွားသည့် နေ့များတွင် စောစော အိမ်ပြန်ရသည်လည်းရှိသလို ကုန်ကြမ်းရောက်လာသည့်နေ့များတွင် အိမ်ပြန်နောက်ကျတတ်သည်လည်းရှိသဖြင့် အလုပ်ချိန်ကို ပုံသေ သတ်မှတ်ထား၍မရနိုင်ပေ ။ အလုပ်သွားရသည့် ညအချိန်များမှာ လိုင်းကားမရှိသည့် အချိန်များဖြစ်နေတတ်သောကြောင့် စက်ဘီးကိုသာ အားကိုးအားထားပြုနေရသဖြင့် ကိုထွန်းမြတ်၏ ဘဝ…ကိုထွန်းမြတ်၏ ခြေထောက်ဟု ညွှန်းဆိုရခြင်းဖြစ်ပေတော့သည် ။

———————–

မနက်နှစ်နာရီလောက်တွင် စက်ရုံမှာ ပစ္စည်းပြတ်သွားသဖြင့် အိမ်ပြန်ရန်အတွက် ကိုထွန်းမြတ် ပြင်ဆင်နေလေသည် ။

” ကိုထွန်းမြတ်….. နေ့လည်လောက် ခဏလာကြည့်ဦး…၊ ကုန်ကြမ်းကားက မနက် ဆယ်နာရီလောက်ဝင်လာမယ်ပြောတယ် ၊ ညရှစ်နာရီပြန်ဝင်ရမှာဆိုတော့ အားတော့နာတယ်ဗျာ…”

” ရပါတယ်ဗျာ….လာခဲ့ပါ့မယ် သိပ်ဝေးတာမှမဟုတ်တာ..၊ နေ့လည်ဆိုတော့ လိုင်းကားစီးလာလို့ရတာပဲ…၊ အခုတော့ အိမ်ပြန်နားလိုက်ဦးမယ်….”

” နားလိုက်ဦး ကိုထွန်းမြတ်…. မိန်းမရရင်တော့ နားလို့မရတော့ဘူးနော်.. ”

” ဟား..ဟား… အဟုတ်ပဲဆရာရေ… ”

” ခင်ဗျားတို့က ဘယ်တော့ယူကြမှာလဲ…လက်ဖွဲ့ဖို့မေးကြည့်တာဗျ… ”

” လိုပါသေးတယ်ဆရာရယ်…”

” အသက်လဲမငယ်တော့ဘူးနော်… မြန်မြန်ယူကြတော့…”

” ဟုတ်ကဲ့ဆရာ..ယူမှာ…စိတ်ချ… မင်္ဂလာဆောင်ဖို့စုနေရလို့…၊ နောက်မို့ဆိုလား.အခုတောင် ယူပစ်လိုက်ချင်တာ.. ”

” ဟား…ဟား… ”

စက်ဆရာခေါင်းဆောင် ဦးမြသန်းနှင့် စကားပြောပြီး ပစ္စည်းပစ္စယျများကို လွယ်အိတ်ထဲသို့ထည့်ကာ စက်ရုံထဲမှ စက်ဘီးကိုတွန်း၍ထွက်လာခဲ့လေသည် ။

————————

စက်မှူလက်မှူလမ်းထဲမှ လမ်းမကြီးပေါ်သို့ထွက်လိုက်ပြီး တစ်ဖက်လမ်းကိုကူးကာ တံတားလေးဘက်သို့ဦးတည်၍ စက်ဘီးကို နင်းလာခဲ့လေသည် ။ ကားလမ်းမပေါ်တွင် ကားတစ်စီးတစ်လေမျှပင်မရှိပဲ ရှင်းလင်းနေသောကြောင့် သီချင်းတစ်ပုဒ်ကို တိုးတိုးလေးဆိုကာ စက်ဘီးကို အေးအေးဆေးဆေးနင်းလာခဲ့လေသည် ။

မယ်လမုဘုရားနားသို့ရောက်သည်နှင့် ပြုလုပ်နေကြအတိုင်း စက်ဘီးကိုခဏရပ်ကာ လက်အုပ်ချီကန်တော့လိုက်သည် ။ လမ်းမကြီးပေါ်တွင် လူသွားလူလာလုံးဝမရှိသည့်အပြင် ခွေးတစ်ကောင်တစ်လေပင် မတွေ့ရလောက်အောင် ရှင်းလင်းနေလေသည် ။

တဖြည်းဖြည်းနှင့် နှစ်ရပ်ကွက်ဈေးကိုကျော်လာခဲ့လေပြီ ။ ကိုမြတ်ထွန်း၏ စက်ဘီးချိန်းသံမှ အပ တစ်လမ်းလုံးတိတ်ဆိတ်နေလေသည် ။ ယခုလို အချိန်မျိုးတွင် တံတားလေး သံလမ်းအကူးနှင့် ကုန်းကျော်တံတားသို့ တော်ရုံလူအနေဖြင့် တစ်ယောက်ထဲ သွားလာဖို့ဆိုသည်မှာ လွယ်တော့မလွယ်ကူလှပေ ။ နံမည်ကျော် တံတားလေး ကုန်းကျော်တံတားနှင့် ရထားလမ်းကူးနေရာသည် ခြောက်လှန့်သည်ဟု နံမည်ကြီးလွန်းသောနေရာလည်းဖြစ်ပေသည် ။ ထိုနေရာတွင် ညသန်းခေါင်ကျော် လူပြတ်သည့်အချိန်တိုင်း အမျိုးသမီး တစ်ယောက် လက်တားကာ ကားငှားတတ်သလိုလမ်းကြုံလိုက်တတ်ပြီး နောက်သို့လှည့်ကြည့်ချိန်တွင် မည်သူမျှမရှိတော့သည့်အဖြစ်ကိုကြုံရသလို မျက်နှာ ပြောင်တလင်းဖြင့်တစ်မျိုး….ဆံပင်ဖားလျားရှေ့သို့ချခြင်းဖြင့်တစ်ဖုံ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ခြောက်လှန့်တတ်သည်ဟူ၍လည်း နံမည်ကျော်သောနေရာဖြစ်လေသည် ။

ကုန်းကျော်တံတားပေါ်တွင် အမျိုသမီးတစ်ဦးဖြတ်ပြေးသဖြင့် အချိန်မှီရှောင်လိုက်သောကြောင့် မီးသတ်ကားတစ်စီး ကုန်းကျော်တံတားပေါ်မှ နံရံကိုဝင်တိုက်ကာ ပြုတ်ကျဘူးသည့် သာဓကလည်းရှိခဲ့လေသည် ။ ထိုနေရာတွင် အများဆုံးကြုံရသူများမှာ အငှားယာဉ် လေးဘီးကားသမားများဖြစ်ကြသည် ။ အကာလ ညအချိန်တွင် ငယ်ငယ်ရွယ်ရွယ် ဖြူဖြူချောချော အမျိုးသမီးတစ်ဦးလက်တားသည်ကို အကြောင်းမသိသည့် အငှားယာဉ်မောင်း လေးဘီးဆရာတစ်ယောက်က ရပ်တန့်ပေးကာ ရှေ့ခေါင်းခန်းတွင် တင်ဆောင်ခဲ့သည် ။ ကားခေါင်းခန်းတွင်လိုက်ပါလာသော အမျိုးသမီးက ဘာစကားမှမပြောပဲ ပြုံးရယ်ပြနေသည်ကို လေးဘီးဆရာ၏ စိတ်ထဲတွင် ထိုအမျိုးသမီးအား ညဉ့်ငှက်တစ်ယောက်ဟု ထင်မှတ်ထားသည့်အတွက် ကုန်းကျော်တံတားပေါ်မတက်တော့ပဲ တံတားအောက် မှောင်ရိပ်ထဲတွင် ကားကိုရပ်လိုက်ပြီး ပွေ့ဖက်လိုက်လေသည် ။ ထိုသို့ပွေ့ဖက်လိုက်စဉ် အမျိုးသမီး၏ ကိုယ်မှ အပုပ်နံ့ထောင်းထောင်းထနေသဖြင့် ကိုယ်မှတွန်းခွာလိုက်ရာ ပြောင်ချောနေသောမျက်နှာကြီးကို မြင်တွေ့လိုက်ရသဖြင့် တက်ချက်ပြီး သတိလစ်မေ့မြောသွားခဲ့ဘူးလေသည် ။ တစ်ခါကလည်း ထိုနေရာမှ လမ်းကြုံလိုက်လာသည့် အမျိုးသမီးတစ်ဦးကို ကားနောက်ခန်းမှ ခေါ်တင်လာစဉ် စကားတပြောပြောနှင့် ရွှေလမင်းရုပ်ရှင်ရုံရှေ့အရောက်တွင် နောက်ကြည့်မှန်မှကြည့်လိုက်ရာ စကာပြောသံသာကြားရပြီး လူမမြင်သဖြင့် ကားကိုထိုးရပ်ပြီး ထားခဲ့ကာ ထွက်ပြေးရသည့် အကြောင်းကိုလည်း ကိုထွန်းမြတ်ကြားခဲ့ဖူးပါသည် ။

ထိုနေရာမှ အချိန်မတော် သန်းခေါင်ကျော် နေ့စဉ်ဖြတ်သန်းသွားလာနေသော ကိုထွန်းမြတ်အဖို့ သရဲဆိုတာ ချိုနဲ့လားဟုမေးရလောက်အောင် တစ်ကြိမ်တစ်ခါမှ ကြုံခဲ့ဖူးခြင်းမရှိသောကြောင့် ကြောက်ရမှန်းလန့်ရမှန်းပင် မသိပါပေ ။ သို့ပေမယ့် ထိုနေရာတွင် မကြာခဏ ယာဉ်တိုက်မှူ….ကားမှောက်မှူများရှိတတ်သည်ကိုတော့ ကိုထွန်းမြင့် သိပြီးဖြစ်ပါသည် ။ တံတားလေး လမ်းဝဘက်မှ ကုန်းကျော်တံတားကို အရှိန်ဖြင့်တက်လာပြီး မြောက်ဥက္ကလာပ ဘက်သို့ ကုန်းအဆင်းတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့သည်များကိုလည်း ကိုထွန်းမြတ်သိရှိထားပါသည် ။

သီချင်းညည်းရင်း စက်ဘီးကိုပုံမှန်နင်းနေရာမှ နှစ်ရပ်ကွက်ဈေးအလွန် ရွှေလမင်းရုပ်ရှင်ရုံရှေ့နားအရောက်တွင် အသက် နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးတစ်ဦး ကျော်ခိုင်းလျှောက်နေသည်ကိုမြင်လိုက်ရလေသည် ။ ပွင့်ရိုက်ပါတိတ်ထဘီနှင့် အနီရောင် စပို့ရှပ်အင်္ကျီဝတ်ဆင်ထားသည်ကို လမ်းမီးရောင်အောက်တွင် ထင်ထင်ရှားရှားမြင်နေရသည်မို့ အနီးအနား ရပ်ကွက်ထဲမှ အရေးကိစ္စတစ်ခုကြောင့် သွားလာနေသော အမျိုးသမီးတစ်ဦးဟုသာ ယူဆလိုက်ပြီး စက်ဘီးကို ပုံမှန်အတိုင်းနင်းလာခဲ့လေသည် ။

ကျောခိုင်းလျှောက်နေသော အမျိုးသမီးအနားအရောက်တွင် ထိုအမျိုးသမီးက နောက်ပြန်လှည့်ကြည့်ကာ ကိုထွန်းမြတ်ကိုတွေ့သွားသဖြင့် အားတက်သွားဟန်ပြုကာ တစ်ချက်ပြုံးပြပြီး လက်တားလိုက်သည် ။ ကိုထွန်းမြတ်မှာ စက်ဘီးကို ရပ်ရကောင်းနိုး မရပ်ရကောင်းနိုးဖြင့် ချီတုံချတုံဖြစ်နေစဉ် စက်ဘီး၏ နောက်ဘက် ကယ်ရီယာပေါ်သို့ လူတစ်ဦးတက်ထိုင်လိုက်သကဲ့သို့ ဖြစ်သွာပြီး စက်ဘီးလက်ကိုင်မှာ ခါရမ်းသွားလေတော့သည် ။

” ဟ…..ဟ….ဘယ်လိုဖြစ်ရတာလဲ….ဖြည်းဖြည်းတက်ပါလား…လဲကျသွားရင်ဘယ်လိုလုပ်မလဲ ”

” ရှင်က ဘာလို့ရပ်မပေးတာလဲ…၊ ရပ်မပေးလို့ပြေးတက်ရတာပေါ့…”

” ခင်ဗျားက လူကောင်းမှန်းမသိ…ဘာမှန်းမသိနဲ့… ”

” ဘာလဲ… ရှင်က သရဲကြောက်တတ်လို့လား..၊ ရှင့်ကိုကြည့်ရတာ သရဲတွေဘာတွေ ကြောက်ပုံမရပါဘူး… ”

” ကျုပ်က သရဲလဲ မမြင်ဖူးဘူး…တစ္ဆေလဲမမြင်ဖူးဘူး…၊ မမြင်ဖူးတော့ မကြောက်ဖူးဗျာ… ”

” မြင်ဖူးရင်တော့ ကြောက်မယ်ပေါ့ ”

” ကြောက်တော့ကြောက်မယ်လို့မထင်ဘူးဗျ….နကိုကတည်းကသရဲမကြောက်တတ်ဘူး.. ”

” မကြောက်တတ်တာ ကောင်းတာပေါ့ရှင့် ”

” နေပါဦး…ခင်ဗျားက မပြောမဆိုနဲ့ ဘယ်သွားမလို့ ကျုပ်နောက်ကလိုက်လာတာလဲ…”

” ငါးလမ်းထိပ်ကျော်ရင်ရပါပြီ…”

” ခင်ဗျားက ငါးလမ်းထဲမှာနေတာလား… ”

” ကျွန်မကိုဘာလို့မေးနေတာလဲ….”

” ဆောရီးဗျာ…. စိတ်မရှိပါနဲ့… ”

ကုန်းတံတားမရောက်ခင် ငါးလမ်းမှတ်တိုင်နားအရောက်မှာတော့ စက်ဘီးကရုတ်တရက် ပေါ့သွားသဖြင့် ကိုထွန်းမြတ် ဒေါပွသွားကာ နောက်ကိုလှည့်မကြည့်ပဲ ပြောလိုက်လေသည် ။

” လုပ်ပြန်ပြီ… ဘယ်လိုလဲဗျ… ဆင်းမယ်ဆိုလဲ ပြောမှပေါ့..”

စက်ဘီးကိုရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သော်လည်း အရိပ်အရောင်ဟူ၍ ဘာဆိုဘာမှမတွေ့သဖြင့် ကိုထွန်းမြတ် မျက်မှောင်ကြုတ်ကာ အံ့အားသင့်နေလေသည် ။

” အင်း….. ခင်ဗျားလဲ သရဲမ ပဲဖြစ်မှာ…၊ နောက်တစ်ခါ အဲဒီလိုမလုပ်နဲ့ဗျာ…။ စီးမယ်ဆိုလဲ လက်တား…ဆင်းမယ်ဆိုလဲ ကြိုပြော..ကြားလား..၊ ခင်ဗျားလုပ်တာ စက်ဘီးလဲလို့ ခြေကျိုးလက်ကျိုးဖြစ်ရင် ကျုပ်အလုပ်ဆင်းနိုင်မှာမဟုတ်ဘူးဗျ ”

—————————-

မနက်လေးနာရီ မှ နေ့လည် ဆယ့်နှစ်နာရီအထိ အလုပ်ဆင်းရန်အတွက် လိုအပ်သည်များကိုလွယ်အိတ်ထဲထည့့်ပြီး ကုန်းတက်ကို စက်ဘီးတွန်းကာ ကမ္ဘာအေး ဘုရားလမ်းပေါ်ရောက်သည်နှင့် ကုန်းဆင်းအတိုင်းလှိမ့်ချလိုက်လေသည် ။

တံတားလေးလမ်းဝကိုချိုးကွေ့ပြီး ကုန်းကျော်တံတားနားသို့ရောက်သည့်အခါတွင် ကိုထွန်းမြတ်စိတ်ထဲ ယမန်နေ့က အမျိုးသမီးကို အမှတ်ရလာမိလေသည် ။ သီချင်းလေးတအေးအေးဖြင့် သံလမ်းကိုဖြတ်ကျော်မည်ပြုစဉ် သံလမ်းကူးသည့် လမ်းအလယ်ခေါင်မှာ ရပ်နေသော အမျိုးသမီးကိုတွေ့လိုက်ရသဖြင့် စက်ဘီးကိုချက်ချင်းထိုးရပ်လိုက်တော့သည် ။

” ဘာလဲ…..စက်ဘီးလိုက်စီးဦးမလို့လား… ”

ယမန်နေ့က အဝတ်အစားအတိုင်းမပြောင်းလဲသော အမျိုးသမီးကိုကြည့်ပြီး ကိုထွန်းမြတ်သဘောပေါက်လိုက်မိသည် ။

” ကဲ…လာ… လမ်းလျှောက်မယ်…၊ လမ်းမပေါ်ရောက်မှစီးတော့…”

အမျိုးသမီးက ဘာမှ ပြန်မပြောပဲ ကိုထွန်းမြတ်နှင့် စက်ဘီးတစ်ဖက်မှ ယှဉ်လျှက်လိုက်လာလေသည် ။

” ခင်ဗျားက ဒီနေရာမှာနေတာ ကြာပြီလား… ”

” မကြာသေးပါဘူး…. တံတားဆောက်ပြီးမှပါ… ”

” အော….သိပ်မကြာသေးဘူးပဲ…၊ ဘယ်လိုဖြစ်ပြီး အခုလိုဘဝရောက်နေတာလဲဗျာ… ပြောလို့ရရင်ပြောစမ်းပါဦး ”

” အကိုသိချင်ရင်ပြောပြမှာပေါ့…၊ အကိုက ကျွန်မကိုမသိလို့ပါ .. ကျွန်မက အကို့ကိုသိပါတယ် ”

” ဟင်…ခင်ဗျားက ကျွန်တော့်ကိုသိတယ်…၊ ဘယ်လိုလုပ်သိတာလဲဗျ… ”

” လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဟော…ဟိုနေရာမှာ မနက်လေးနာရီလောက် ကုန်စိမ်းတင်တဲ့ ဒေါ့ဂျစ်ကားပေါ်ကနေ အမျိုးသမီးတစ်ယောက် ပြုတ်ကျခဲ့တာ အကိုမှတ်မိသေးလား ”

အမျိုးသမီး၏ စကားကို သေသေချာချာနားထောင်ရင်း လွန်ခဲ့သောတစ်နှစ်ကျော်ခန့်က အဖြစ်အပျက်ကိုသတိရသွားမိလေတော့သည် ။

ထိုနေ့က…..

စက်ရုံထဲမှ ထွက်ကတည်းက မိုးဖွဲဖွဲလေးကျနေသည့်အတွက် စစ်သုံးမိုးကာကိုခြုံကာ စက်ဘီးကိုဂရုစိုက်နင်းလာခဲ့လေသည် ။ လက်ပါတ်နာရီကြည့်လိုက်သည့်အခါ မနက်လေးနာရီပင်ထိုးနေလေပြီ ။ ခပ်မှန်မှန်နင်းလာရင်းမှ ငါးလမ်းကားမှတ်တိုင်အရောက်တွင် မိုးသည်းလာသဖြင့် မိုးစက်များက မျက်နှာပေါ်သို့ အရှိန်ပြင်းစွာထိမှန်နေသောကြောင့် စက်ဘီးကို လမ်းဘေးထိုးရပ်ပြီး ကားမှတ်တိုင်အမိုးအောက်တွင် မိုးခိုနေလိုက်လေသည် ။

ကားအသွားအလာရှင်းနေသော လမ်းမကြီးပေါ်တွင် အဝေးဆီမှ ကျယ်လောင်သောကားစက်သံကိုကြားလိုက်ရသောကြောင့် ကုန်းတံတားပေါ်သို့ လှမ်းကြည့်လိုက်မိသည် ။ ကုန်းတံတားပေါ်မှ အရှိန်ပြင်းစွာဖြင့် ဆင်းလာသော မီးရောင်ကိုမြင်လိုက်ကတည်းက ကုန်စိမ်းတင်သည့် ဒေါ့ဂျစ်ကားမှန်း ကိုထွန်းမြတ်သိလိုက်လေသည် ။ ကုန်စိမ်းတင်သည့်ကားများက မနက်ပိုင်းနှစ်ခေါက်ရအောင် သွက်သွက်ပြေးဆွဲနေရသဖြင့် ကားကို တရကြမ်းမောင်းတတ်ကြ
ကြောင်း ကိုထွန်းမြတ်သိပါသည် ။

မီးစုံထိုးကာ အရှိန်ဖြင့် ဆင်းလာသော ဒေါ့ဂျစ်ကားက ကုန်းအဆင်းတွင် လမ်းချော်ကာ လမ်းဘေးသို့ ထိုးဆင်းပြီး လမ်းမပေါ်သို့ ပြန်တက်လာသည်ကို အလန့်တကြားတွေ့လိုက်ရသဖြင့် ကိုထွန်းမြတ်မှာ ဘုရားတမိသွားလေသည် ။

ကတ္တရာလမ်းနှင့် လမ်းပုခုံးမြေသားပြင်မှာ တစ်ထွာသာသာမျှ နိမ့်နေသည့်အတွက် အရှိန်ဖြင့် ကတ္တရာလမ်းမပေါ်သို့ ပြန်အတက်မှာ ကားတစ်စီးလုံးမြောက်တတ်ပြီး ကားပေါ်မှ အရာတစ်ခုပြုတ်ကျခဲ့လေတော့သည် ။ ကားလမ်းမပေါ်သို့ ပြုတ်ကျသွားသောအရာမှာ လှူပ်လှူပ်ရှားရှားဖြင့် ချက်ချင်း ထထိုင်လိုက်သည်ကို မြင်လိုက်သဖြင့် လူတစ်ယောက်ပြုတ်ကျခဲ့ကြောင်းကိုထွန်းမြတ် သိလိုက်လေသည် ။ ဒေါ့ဂျစ်ကားပေါ်မှ ဆူညံအော်ဟစ်သံများကြားရပြီး လူပြုတ်ကျခဲ့ကြောင်းအော်ဟစ်သံများကြောင့် ဒေါ့ဂျစ်ကားလည်း ရုတ်တရက်ဘရိတ်အုပ်ကာ ထိုးရပ်သွားလေတော့သည် ။

ကိုထွန်းမြတ်မှာ ရပ်ကြည့်မနေနိုင်တော့ပဲ ပြုတ်ကျခဲ့သော လူဆီသို့ အားကုန်ပြေးလေတော့သည် ။ လမ်းမပေါ်တွင် ပက်လက်အနေအထားဖြင့် လဲနေသူမှာ အမျိုးသမီးတစ်ဦးဖြစ်နေပြီး တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်နေကာ ပါးစပ်မှလည်း သွေးများစီးကျနေလေသည် ။ ကိုထွန်းမြတ် အမျိုးသမီးကို ပွေ့ထူလိုက်သည့်အခါ နောက်စေ့နေရာမှ သွေးများက မြင်မကောင်းအောင် ဒလဟော စီးကျလာနေတော့သည် ။

အမျိုးသမီးက ကိုထွန်းမြတ်၏ မိုးကာအင်္ကျီစကိုဆွဲပြီး အထိတ်တလန့်ဖြင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ ပလုံးပထွေးဖြင့် ပြောနေလေသည် ။ ထိုအမျိုးသမီး ဘာပြောနေမှန်း ကိုထွန်းမြတ်မသိသော်လည်း စကားပြောလိုက်တိုင်း ပါးစပ်ထဲမှ အန်ထွက်လာသော သွေးများက ကိုထွန်းမြတ်၏ မိုးကာပေါ်သို့ စီးကျနေလေသည် ။

ကုန်စိမ်းကြိုသော ဒေါ့ဂျစ်ကားပေါ်မှ ဈေးသည်များ ၊ ယာဉ်မောင်းနှင့် နောက်လိုက်များ ရောက်လာချိန်မှာတော့ အမျိုးသမီးက ကိုထွန်းမြတ်လက်ပေါ်တွင် ဇက်ကျိုးကျသွားလေတော့သည် ။ မိုးရေများနှင့်အတူ သွေးများက လမ်းမပေါ်တွင် မြင်မကောင်းအောင်စီးနေကြပြီး မျက်လုံးပြူးကာအသက်ထွက်နေသော အမျိုးသမီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသဖြင့် ကိုယ်ပေါ်တွင် ခြုံထားသော မိုးကာကို ချွတ်ပြီး အမျိုးသမီး၏ ကိုယ်ပေါ်တွင် ဖုံးအုပ်ပေးလိုက်လေတော့သည် ။

အမျိုးသမီး၏ကိုယ်ပေါ်ကို မိုးကာဖုံးအုပ်ပေးရန်ပြင်လိုက်စဉ် ကိုထွန်းမြတ်တစ်ခုသတိထားလိုက်မိသည်က အမျိုးသမီး၏ ဘယ်ဘက်နားအောက်တည့်တည့်မှ အမွေးရှည်များပေါက်နေသည့် မှဲ့နက်ကြီးတစ်လုံးဖြစ်လေတော့သည် ။

” ဟဲ့…မှဲ့ကြီး… မှဲ့ကြီးရေ… မှဲ့ကြီးကိုလုပ်ကြပါဦး… ”

ကိုထွန်းမြတ်၏ နားထဲတွင် ကြားနေရသည်က သေဆုံးသွားသည့် အမျိုးသမီး၏ အမည်ကို အော်ဟစ်ခေါ်နေကြသည့် မှဲ့ကြီးဆိုသည့်အသံများသာ….။

————————-

” ဒါဆို….ခင်ဗျားက မှဲ့ကြီးလား… ”

” ဟုတ်တယ်လေ…ဒီမှာကြည့်ပါလား… ”

အမျိုးသမီးက သူမ၏ ဆံပင်ကို သပ်တင်လိုက်ပြီး ဘယ်ဘက်နားအောက်မှ အမွေးရှည်များဖြင့် ဖုံးနေသည့် မှဲ့နက်ကြီးအား ကိုထွန်းမြတ်ကို ပြလိုက်သည် ။

” အကိုကြောက်သွားပြီလား… ”

” မကြောက်ပါဘူး…”

” ကျွန်မကိုမကြောက်တဲ့သူ အကိုတစ်ယောက်ထဲပဲရှိသေးတယ် ၊ အခြးလူတွေများ ကျွန်မကိုတွေ့တာနဲ့ သေမတတ်ကြောက်ကြတာ ”

” ခင်ဗျားက ဘာလုပ်ပြလဲမှမသိတာ ”

” လုပ်ပြမှာပေါ့…ကျွန်မက အကူအညီလိုလို့တောင်းမလို့ဟာ…ကျွန်မကို စော်ကားဖို့ကြံစည်ကြလို့ ခြောက်လှန့်ရတာပေါ့အကိုရ ”

” ဟား…ဟား… မဖြစ်နိုင်တာ… သရဲကို မတော်မတရားကြံစည်လို့ရတယ်ဆိုတာ တစ်ခါမှ မကြားဖူးသေးဘူး.. ”

” အကိုပြောတာ ဟုတ်ပါတယ် ။ ဒါပေမယ့် ကျွန်မက ပထွေးကြံစည်တာခံရဖူးတော့ ကြောက်တာပေါ့ ”

” ဟင်…ဘယ်လို… ”

” ကျွန်မပြောပြမယ်… အကိုဖြေးဖြေးလျှောက်… ကျွန်မက နှစ်ရပ်ကွက်ဈေးကနေ ကျော်လို့မရဘူး.. ဒီဘက်ဆိုရင် သံလမ်းကနေ ကျော်လို့မရဘူးအကို…..၊ မနက်ငါးနာရီထိုးရင် ကျွန်မနေရာကိုပြန်ရတော့မယ်… မြန်မြန်ပဲပြောမယ် …”

” ဟာ…ဒီလိုလဲရှိသလား… ”

” ရှိတာပေါ့အကို… ကျွန်မအကြောင်းပြောပြမယ်…၊ ကျွန်မက ဝမ်းတွင်းဇာတိ…၊ အမေက ကျွန်မဆယ့်ခြောက်နှစ်သမီးမှာ နောက်အိမ်ထောင်ပြုတယ် ။ ပထွေးက ဘာအလုပ်မှမလုပ်ပဲ အရက်ပဲသောက်တဲ့သူ ။ တစ်ရက်တော့ အမေ မရှိတုန်း ကျွန်မအိပ်နေတဲ့ ခြင်ထောင်ထဲကိုဝင်လာပြီးစော်ကားဖို့ကြံစည်တယ်..၊ ကျွန်မလဲ ကြောက်ကြောက်လန့်လန့်နဲ့အော်ဟစ်ပြီး အမေ့ရဲ့ ညီမ အဒေါ်အိမ်ဆီကိုပြေးတာပေါ့ ၊ နောက်တော့ အမေနဲ့မနေတော့ပဲ အဒေါ့်အိမ်မှာပဲနေတော့တယ် ။ အဒေါ့်အိမ်မှာနေလဲ ပထွေးက အဒေါ်အလစ်ကိုခြောင်းပြီး ကျွန်မကို ကြံစည်ဖို့လုပ်နေတာ အဒေါ်သိသွားတာနဲ့ ရန်ကုန်မှာနေတဲ့ ကျွန်မတို့မြို့က ရပ်ဆွေရပ်မျိုး အိမ်ကိုပို့လိုက်တယ် ။ သူတို့က ဘုန်းကြီးလမ်းနဲ့တည့်တည့်ရထားသံလမ်းရဲ့ ဟိုဘက်ခြမ်းရပ်ကွက်မှာ နေကြတယ် ။ ကျွန်မလဲ အဲဒီအိမ်မှာနေရင်း သူတို့နဲ့ အတူ နှစ်ရပ်ကွက်ဈေးမှာ ဟင်းသီးဟင်းရွက်ရောင်းတယ် ။ ကျွန်မသေမယ့်နေ့က အဲဒီကားနဲ့မလိုက်ပဲ နောက်ကးနဲ့ လိုက်မလို့ပဲ…၊ ဒါပေမယ့် ကုန်စိမ်းစောင့်ရတာ အိပ်ချင်တာနဲ့ ဈေးကိုစောစောရောက်ရင် ခဏအိပ်မယ်ဆိုပြီး လိုက်လာခဲ့တာ ။ ဒုံး…ဆိုတဲ့ အသံကြားပြီး ကျွန်မလေထဲမြောက်တက်သွားသလိုခံစားလိုက်ရတယ်…၊ နောက်တော့ ခေါင်းမှာပူကနဲဖြစ်ပြီး မျက်လုံးထဲဘာမှမမြင်တော့ဘူး…၊ ကျွန်မကို လူတစ်ယောက် ပွေ့လိုက်တာသိလို့ မျက်လုံးကိုအတင်းဖွင့်ကြည့်တော့ အကြိုဖစ်နေတယ်…။ အကို့ကို မြင်တော့ အားတက်သွားပြီး ကျွန်မကို ကယ်ပါလို့ ပြောနေမိတာ…။ နောက်တော့ဘာဖြစ်သွားမှန်းမသိတော့ဘူး…၊ ခဏကြာတဲ့အခါမှာ ကျွန်မကိုယ်ကျွန်မ မြင်နေရတယ်…။ ကျွန်မကို အကိုမိုးကာခြုံပေးတာကိုလဲ မြင်နေရတယ် ။ ကျွန်မသူငယ်ချင်းတွေက ကျွန်မနားမှာ အော်ငိုနေကြတာကိုလဲ တွေ့နေရတယ် ။ အကိုလှည့်ထွက်သွားလို့ အကို့နောက်ကို လိုက်ပြီး ကျေးဇူးတင်ကြောင်းပြောနေတာ ၊ အကိုက စက်ဘီးပျောက်သွားလို့ ဒေါသထွက်နေတာလဲ ကျွန်မတွေ့တယ်…။ ကျွန်မရဲ့ အလောင်းကို သယ်သွားကြလို့ ကျွန်မလိုက်သွားတာ နှစ်ရပ်ကွက်ဈေးနားရောက်တော့ လူထွားထွားကြီးတွေက ကျွန်မကို ဆောင့်တွန်းပြီး ဒီကနေ ကျော်ပြီးဘယ်မှမသွားရဘူးလို့ပြောတယ်…။ ဒါနဲ့ ကျွန်မလဲ ကျွန်မသေခဲ့တဲ့ နေရာနားမှာပဲ နေရတာပေါ့အကို ”

” ဟာ….. စိတ်မကောင်းလိုက်တာ…. ညီမနံမည်က ဘယ်သူလဲကွ ”

” ကျွန်မနံမည်က ကြည်ကြည်ဆွေပါ…၊ နံမည်ကအရေးမကြီးတော့ပါဘူးအကို…၊ မှဲ့ကြီးလို့ပဲလူသိများပါတယ် ”

” ငါ့ညီမတည်းတဲ့အိမ်ကရော … အလှူအတန်းလုပ်ပြီး အမျှမဝေကြဘူးလား… ”

” လုပ်သလား…မလုပ်သလား…ဝေသလား…မဝေသလားဆိုတာ…ကျွန်မ မသိဘူးအကို…၊ ကျွန်မကို လူကြီးတစ်ယောက်ပြောတာတော့ ကျွန်မနေရာမှာ အစားထိုးဖို့တစ်ယောက်လာရင် လူ့ဘဝထဲကို ပြန်သွားလို့ရပြီဆိုလို့ ကျွန်မကို အမျှပေးမှာတောင် ကြောက်နေတာ… ”

” ဖြစ်ရမယ် ညီမရယ်… ”

” အကို…သွားတော့… ၊ နှစ်ဈေးနားရောက်တော့မယ် ”

မှဲ့ကြီးဆိုသည့် အမျိုးသမီးပြောလိုက်မှ ကိုထွန်းမြတ်သတိထားလိုက်မိသည် ။ စက်ဘီးတွန်းရင်းစကားပြောလာကြသည်မှာ ပါတ်ဝန်းကျင်ကိုပင် သတိမမူနိုင်မိပေ..။ လက်မှနာရီကိုကြည့်လိုက်သည့်အခါ မနက်လေးနာရီခွဲနေလေပြီ ။ အလုပ်ဝင်ရန် နာရီဝက်နောက်ကျနေပြီမို့ စက်ဘီးပေါ်အမြန်တက်ကာ စက်ရုံသို့ ခပ်သွက်သွက်နင်းခဲ့လေတော့သည် ။

—————————–

” ဆရာ…. နောက်နေ့တွေမှာ …ညရှစ် – မနက် လေး ဖြစ်ဖြစ် မနက် လေး – နေ့ဆယ့်နှစ်ဖြစ်ဖြစ် ဆင်းခြင်တယ်..၊ ဖြစ်မလား…”

” ဘယ်လိုဖြစ်ရပြန်တာလဲ ကိုထွန်းမြတ်… ခင်ဗျားပဲ ည ရှစ် – လေးနဲ့ မနက် လေး – ဆယ့်နှစ်က အိပ်ရေးပျက်တ
ယ်ဆို..”

” အိပ်ရေးပျက်လဲ ပျက်တော့…ကျွန်တော့်မှာ အခြားကိစ္စလေးတွေရှိနေလို့ ”

” ဟဲ…ဟဲ…လူပျိုကြီးတော့ တစ်ခုခုပဲဗျ… ”

” ဟိုကိစ္စ…ဒီကိစ္စတွေမဟုတ်ပါဘူးဗျာ… ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အလုပ်လေးရှိနေလို့ပါ ”

” ရပါတယ် ကိုထွန်းမြတ်ရယ်..၊ အိမ်ထောင်သည်တွေက အဲဒီအချိန်ကို မယူချင်ကြဘူးလေ…။ ဒါ့ကြောင့် အိမ်ထောင်မရှိတဲ့သူတွေကို တစ်လှည့်စီယူခိုင်းနေရတာပေါ့ ၊ အခုလို အချိန်ပုပ်ပြတ်ယူမယ်ဆိုတော့ ကိုမင်းသူတို့လို အိမ်ထောင်သည်တွေအတွက် ဟန်ကျတာပေါ့…၊ ဒီလိုလုပ်ဗျာ….ကိုမင်းသူကို နေ့ ဆယ့်နှစ် ည ရှစ်ယူခိုင်းလိုက်မယ်..။ တိုးလွင်ကို ည ရှစ်…မနက် လေးယူခိုင်းမယ်..၊ ဒါဆိုရင် ခင်ဗျားက မနက် လေး – နေ့ ဆယ့်နှစ်ဖြစ်သွားမယ်… အဆင်ပြေမလား…”

” သိပ်ပြေတာပေါ့ဆရာ… ကျေးဇူးပဲ… ”

” ဒါဆို…ဒီနေ့ညရှစ်နာရီကနေ စချိန်းလိုက်မယ်.. ၊ တစ်ယောက် နှစ်နာရီတော့ ပိုလုပ်ရမှာပေါ့ ၊ ဒါမှ အချိန်ညှိလို့ရမှာလေ.. ။ နောက်မို့ဆို တစ်ယောက်က အချိန်ပိုများသွားမှာပေါ့ ”

” ဒီလိုလုပ်ဗျာ… အခု အိမ်ခဏပြန်မယ်…၊ မနက်လေးနာရီမှာ ပြန်ဝင်ပေးမယ်…ဒါဆိုဖြစ်မလားဆရာ.. ”

” အခုပဲ မနက်တစ်နာရီထိုးနေပြီ ။ မနက်လေးနာရီပြန်ဝင်ပေးရင်တော့ အားလုံးအဆင်ပြေသွားမှာပေါ့…၊ ဒါပေမယ့် ခင်ဗျားက ဘယ်အချိန်သွားအိပ်မှာလဲ…အိပ်ချိန်မရှိပဲဖြစ်သွားမှာပေါ့ ”

” ကျွန်တော်က စပြီးတောင်းဆိုတာဆိုတော့ ကျွန်တော်ကအနစ်နာခံရမှာပေါ့ဗျာ…အိပ်ချိန်မရှိတာအတွက်မပူနဲ့…၊ ဒီမနက် ပစ္စည်းတွေရောက်မယ်လေ…၊ ကုန်တွေဂိုထောင်ထဲသယ်နေတုန်း နှစ်နာရီလောက် မှေးလို့ရတာပေါ့…ဟဲဟဲ… ”

” တယ်လဲဟုတ်တဲ့လူ…. ကိုယ့်တွက်ကိန်းနဲ့ကိုယ် ဟုတ်နေတာပဲ…ဟား..ဟား.. ”

———————–

အချိန်တွေကြာလာသည်နှင့်အမျှ ဖြစ်တောင့်ဖြစ်ခဲလှသော လူသားစင်စစ်နှင့် ပရလောကသားတစ်ဦးတို့၏ သံယောဇဉ်က ပိုလာကြလေသည် ။ ဘဝခြားနေကြသော်လည်း သံလမ်းပေါ်မှ နေ့စဉ်စောင့်နေတတ်သောမှဲ့ကြီးနှင့် မနက်လေးနာရီအလုပ်ဝင်ချိန်ထက်စောပြီး မနက်သုံးနာရီအရောက်လာတတ်သော ကိုထွန်းမြတ်တို့၏ ရင်းနှီးခင်မင်မှူအား အခြားသူများကိုပြောပြပါလျှင် ယုံကြည်နိုင်လိမ့်မည်မဟုတ်ပါပေ ။

ရင်းနှီးလာသည်နှင့့်အမျှ ကိုထွန်းမြတ်နှင့် မှဲ့ကြီးတို့မှာ တစ်ဦးနှင့်တစ်ဦး ပြောမနာဆိုမနာ ပွင့်လင်းစွာဆက်ဆံလာခဲ့ကြပါတော့သည် ။

” မှဲ့ကြီး…မနေ့ညဆယ့်နှစ်နာရီကျော်လောက်က လူတစ်ယောက်စက်ဘီးစီးလာတာ နောက်ကဆွဲထားတယ်လို့ ကြားတယ်..၊ အဲဒါ ညီမလား ”

” ဟုတ်တယ်.. ညီမဆွဲထားတာ ”

” ဘာလို့လုပ်ရတာလဲဟာ… ဟိုမှာ တက်ပြီးသတိလစ်သွားလို့ ဆေးရုံရောက်သွားပြီ ။ လူသိတာမြန်လို့ပေါ့…၊ လူသာမသိရင် အဲဒီလူသေတယ် ”

” သေပါလေ့စေ…၊ အဲဒီလူသေသွားရင် ညီမလဲ ကျွတ်ပြီ ”

” ဟ…အဲဒီလို မလုပ်ရဘူးလေ…၊ လူတစ်ယောက်ကိုသေအောင်လုပ်တာ ငရဲဘယ်လောက်ကြီးတယ်မှတ်သလဲ…၊ မတော်လို့သေသွားရင် ငါ့ညီမလူမဖြစ်ပဲ နောက်ဘဝတစ်ခုကိုရောက်သွားမှာမကြောက်ဘူးလား… ”

” ကြောက်တော့ကြောက်တာပေါ့အကိုရဲ့… အဲဒီလူကိုတွေ့ချင်နေတာ ကြာပြီ…၊ ကြုံတာနဲ့ လုပ်ထည့်လိုက်တာ ”

” အဲဒီလူက ညီမနဲ့ ရန်ညှိုးရှိခဲ့ဘူးလို့လား…”

” မရှိပါဘူး… ”

” ဒါဆိုဘာလို့လုပ်ရသလဲကွာ… ”

” ဘာလို့လုပ်ရသလဲဆိုတော့…အဲဒီလူက အကို့စက်ဘီးကိုခိုးသွားတဲ့လူလေ…၊ သူစီးလာတဲ့စက်ဘီးက အကို့စက်ဘီး ၊ သူက ရေကူးမှာနေတာ…။ ညီမက နယ်ကျော်လို့မရလို့ … နယ်ကျော်လို့သာရရင် အဲဒီလူ သေနှင့်တာကြာပြီ ”

” အဲဒီလောက် စိတ်ထဲမထားပါနဲ့ဟာ…စက်ဘီးတစ်စီးအတွက်နဲ့ အနာဂါတ်ကိုမလဲချင်ပါနဲ့ ”

” အဲဒီစက်ဘီးက ညီမကြောင့် ခိုးခံရတာလေ…၊ အကို့ဆီလာနေတုန်းမှာ အကို့စက်ဘီးကို ဒီလူစီးသွားတာ ညီမတွေ့လိုက်လို့ အဲဒီလူကို သေသေချာချာမှတ်ထားတာ…။ အနံ့ရော…မျက်နှာရောကို မှတ်မိတယ် ”

” ထားလိုက်ပါကွာ…၊ အကိုလဲ ပြန်ဝယ်ပြီးပြီပဲ … နေဦး…မေးမလို့ ”

” ဟုတ်ကဲ့…မေးလေအကို ”

” ငါ့ညီမ အစာမစားပဲနေလို့ရနေတာလား ”

” အစာမစားရတာ ကြာပြီအကို…၊ အချိန်မတော် ဟိုလူဆွဲလာတဲ့ အထုပ်…ဒီလူဆွဲလာတဲ့အထုပ်ကို ခြောက်လှန့်လွှတ်ပြီး သူတို့ကျန်ခဲ့မှ စားရတာ ၊ ရတာတွေကလဲ ကြက်ရိုးတို့ ခေါက်ဆွဲကြော်တို့ပဲ…၊ အမဲသားဟင်းတောင်မပါဘူး ”

” ဟောဗျာ…..ညီမခြောက်လိုက်တဲ့သူတွေက အရက်သမားတွေဖြစ်မယ်…၊ ကြည့်လဲလုပ်ဦး..အရက်သမားတွေက သရဲမကြောက်တတ်ဖူးနော်… ”

” မထင်ပါနဲ့ အကိုရာ… လမ်းပေါ်ကိုအပြည့်လျှောက်လာတဲ့ အရက်သမားလဲ ညီမကိုတွေ့ရင် ပြေးတာပါပဲ ”

” ငါ့ညီမက အဲဒီလောက် ကြောက်စရာကောင်းလို့လား….၊ အကို့အမြင်တော့ လူလိုပါပဲကွာ ”

” ဒါက အကို့ကိုကြောက်မှာစိုးလို့ မူလပုံသဏ္ဍန်ပဲ လုပ်ထားတာကိုး…။ ပကတိပုံကိုမြင်ရင် အကိုထွက်ပြေးမှာပေါ့…၊ အကိုညီမကိုကြောက်ပြီးထွက်ပြေးသွားရင် အကို့ကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်တော့ဘူးလေ…အကိုနဲ့ နေ့တိုင်းတွေ့ချင်လို့ ညီမရဲ့ အခုလက်ရှိရုပ်ကို မပြတာပါ ”

မှဲ့ကြီး၏ စကားကြောင့် ကိုထွန်းမြတ်ရင်ထဲတွင် နင့်ကနဲနေအောင်ခံစားလိုက်ရလေသည် ။

” အကိုမကြောက်ပါဘူးညီမလေး…၊ ငါ့ညီမရဲ့ ပကတိ ရုပ်ကို ကြည့်ပါရစေ ”

” မလုပ်ပါနဲ့ အကိုရယ်…၊ အကို့ကို အဆုံးရှူံးမခံနိုင်လို့ပါ ”

” ငါ့ညီမက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ…အကို့ညီမက အကို့ညီမပဲ…၊ အကို့ညီမကို ဘယ်တော့မှ ကြောက်မှာ မဟုတ်ဘူး…”

” တကယ်လား အကို… ”

” အကိုတကယ်ပြောနေတာ ”

” ညီမတော့ မထင်ဘူးနော်…၊ အကိုညီမကိုထားပြီး ထွက်ပြေးမှာပါ ”

” အကိုကတိပေးတယ် ညီမလေး..။ ထွက်ကိုမပြေးဘူး..”

” တကယ်နော်အကို…”

” တကယ်… ”

” နောက်မှ ညီမကို အပြစ်မတင်ရဘူး…မထားခဲ့ရဘူးနော် ”

” အကိုက ကြောက်ကိုမကြောက်တတ်တာ… ငါ့ညီမဆိုတော့ ပိုဆိုးတာပေါ့ကွာ…ကြောက်စိတ်ကိုမရှိတာယုံပါ ”

” အကို့ကိုယုံပါတယ်…ဒါဆို တံတားနားသွားရအောင်.. ”

” သွားလေ… ”

မှဲ့ကြီးခေါ်ဆောင်ရာ ကုန်းတံတားနားသို့ ကိုထွန်းမြတ်က စက်ဘီးတွန်းကာလိုက်သွားလေသည် ။ တံတားတိုင်ကွယ်နားအရောက်တွင်…

” အကို…သေချာပါတယ်နော်… ”

” သေချာတာပေါ့ကွာ….. ”

” အဲဒါဆိုလဲ ကြည့်ပေတော့…… အကို့ကို ကြောက်မှာစိုးလို့ ရုတ်တရက်မပြဘူးနော်…”

မှဲ့ကြီး၏ အသွင် သဏ္ဍာန်က တဖြည်းဖြည်းပြောင်းလဲလာလေပြီ…။ ဆံပင်ဖားလျားက ခြေဖြားအထိရှည်လျားပြီး မျက်လုံးများက ရဲရဲနီကာ မျက်လုံးတစ်လုံး တစ်လုံးက လူကြီးလက်သီးဆုပ်လောက်ရှိလေသည် ။ ပါးစပ်ကိုဟလိုက်သည့်အခါမှာတော့ အပုပ်နံ့ထောင်းထောင်းထကာ လျှာက တစ်တောင်နီးပါးမျှထွက်လာသလို သွားအောက်ဖက်ရှိ အစွယ်နှစ်ချောင်းက လက်ညှိုးတစ်ချောင်းစာမျှ ရှိလေသည် ။ ကိုယ်လုံးဟူ၍ ပြောလို့မရနိုင်ပဲ ထက်အောက်ဖြောင့်စင်းနေသောနေရာများတွင် ကြမ်းတမ်းသော အမွေးအမြှင်များဖြင့် ပြည့်နှက်နေလေသည် ။

” ရပါပြီညီမလေး… တော်လောက်ပါပြီ ။ ငါ့ညီမက သရဲမှမဟုတ်တော့တာ…သဘက်တောင်ဖြစ်နေပြီပဲ ”

မူလအသွင်သို့ ချက်ချင်းပြောင်းလဲသွားသောမှတ်ကြီးက ကိုထွန်းမြတ်ကိုကြည့်ပြီး…..

” အကိုက တကယ်မကြေက်တတ်ဖူးပဲ…. ခြောက်ရတာတောင်ရှက်လာပြီ …ငါ့အကိုက သရဲပြေးပဲ… ”

” အကိုပြောသားပဲ… မကြောက်တတ်ပါဘူးဆိုမှ…”

” အကို…. အလုပ်သွားဖို့အချိန်နီးနေပြီ… အကိုစက်ဘီးနင်း…ညီမနောက်ကလိုက်ခဲ့မယ်..”

” ဟုတ်သား…. ကဲ…သွားကြစို့… ”

” အကို… အရင်လိုပဲ စက်ဘီးနင်းရင်း သီချင်းဆိုပါဦး…”

စက်ဘီးကို မှန်မှန်နင်းရင်း ကိုထွန်းမြတ်၏ နှူတ်ဖြားမှ တီးတိုးညင်သာသော သီချင်းသံက နှစ်ကိုယ်ကြားရုံ ပျံ့လွင့်နေလေတော့သည် ။

—————–

အစာမစားရသည်မှာကြာပြီဖြစ်ကြောင်း မှဲ့ကြီးက ပြောခဲ့သဖြင့် ကိုထွန်းမြတ်မှာ ထမင်းနှင့် အမဲသားဟင်းကို ထုပ်ပြီး တကူးတက သယ်လာပေးရှာပါသည် ။

” မှဲ့ကြီး…ရော့….ညီမအတွက် အမဲသားဟင်းယူလာတာ…၊ အကိုက အမဲသားမစားဘူး ၊ ညီမစားဖို့အတွက် သူငယ်ချင်းအိမ်မှာချက်ခိုင်းထားတာ ”

” အကို… ညီမက အဲဒီလိုကျွေးရင် စားလို့မရဘူး…”

” ဟေ…. ဘယ်လိုကျွေးရမှာလဲ ”

” ဟိုကန်စွန်းခင်းနားကိုသွားပြီး အဲဒီထမင်းထုပ်ကို နောက်ပြန်ပစ်ပေး ၊ အကိုလှည့်မကြည့်နဲ့ …”

” ဟ…… ကန်စွန်းခင်းထဲကျသွားရင် ဘယ်လိုလုပ်မလဲ ”

” မကျပါဘူး…၊ အားနဲ့မပစ်နဲ့လေ…။ ဖြည်းဖြည်းပဲပစ်…”

” ကဲ…ဒါဆိုလဲ ကန်စွန်းခင်းနားသွားကြတာပေါ့ ”

ကားလမ်းဘေးရှိ ကန်စွန်းခင်းနား သို့ရောက်လျှင် ထမင်းထုပ်ကို ကိုင်ကာ နောက်ပြန် အသာအယာပစ်လိုက်လေသည် ။

ထမင်းထုပ်ကျသွားသံနှင့်အတူ မာန်ဖီသံကြားလိုက်ရသဖြင့် နောက်သို့ မသိမသာလှည့်ကြည့်လိုက်ရာ…. ခါးစောင်းလောက်ရှိသည့် မဲနက်နေသော ခွေးနက်ကြီးက ထမင်းထုပ်ကို အငမ်းမရစားနေသည်ကိုတွေ့လိုက်ရလေသည် ။ ကိုထွန်းမြတ်လှည့်ကြည့်နေသည်ကို ခွေးနက်ကြီးက တွေ့သွားသဖြင့် သားရည်တမြားမြားကျနေသော အစွယ်များကိုဖြဲကာ မာန်တစ်ချက်ဖီလိုက်လေသည် ။ ကိုထွန်းမြတ်လဲ သဘောပေါက်သွားသဖြင့် လှည့်မကြည့်တော့ပဲ စက်ဘီးထားရာနေရာသို့ လျှောက်လာခဲ့လေတော့သည် ။

” အကို…. ”

စက်ဘီးနားမှာထိုင်နေသော ကိုထွန်းမြတ်ကို အနောက်မှ ခေါ်လိုက်သဖြင့် လှည့်ကြည့်လိုက်သည် ။

” စားပြီးပြီလား… ”

” စားပြီးပြီအကို…ကျေးဇူးတင်ပါတယ်…”

” စားလို့ကောင်းရဲ့လား.. ”

” ကောင်းတာမှ ဘယ်လိုပြောရမှန်းကိုမသိအောင် ကောင်းတယ်အကို… မစားရတာကြာပြီလေ ”

” ငါ့ညီမလဲ သနားပါတယ်…၊ အကိုနေ့တိုင်းယူလာပြီး ကျွေးမယ်နော်… ”

” ဟုတ်ကဲ့အကို… အကို့ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး… နေဦး…နေဦး…လှည့်မကြည့်ပါနဲ့ဆိုတာ ဘာလို့ လှည့်ကြည့်ရတာလဲ ”

” အကိုလဲ ဂီး ဆိုတဲ့ အသံကြားလို့ ဘယ်ကခွေးတွေ မာန်ဖီပြီး ထမင်းထုပ်ဝင်ဆွဲသလဲလို့ လှည့်ကြည့်မိတာ…”

” အခုတော့ ကြောက်စရာကောင်းတဲ့ ခွေးမကြီးကို တွေ့သွားတယ်မဟုတ်လား… ”

” ညီမလေး… ဘဝတစ်ခုမှာ ဖြစ်တည်မှူတွေရှိကြတယ်….။ လူတွေက လူလူချင်းကြည့်လို့ကောင်းတယ်… လှတယ်လို့ထင်ကြမယ်…။ အမြီးပါတဲ့ တိရိစ္ဆာန်တွေက လူတွေကိုကြည့်ပြီး အမြီးမပါလို့ လှောင်ရယ်ချင်ရယ်ကြလိမ့်မယ် ။ တကယ်တော့ ဘာမှ မထူးဆန်းပါဘူး…။ ညီမလဲ ဒီဘဝမှာ အကြာကြီးနေရမှာမဟုတ်သလို အကိုလဲ လူ့ဘဝမှာ အကြာကြီးမနေရပါဘူး…။ အသွင်အမျိုးမျိုးနဲ့ ဘဝအမျိုးမျိုးမှာ ကျင်လည်ကြရဦးမှာပါကွာ… ”

” အကိုရယ်… အကို့ဆီမှာ ညီမလေး အမြဲလာနေလို့ရရင် သိပ်ကောင်းမှာပဲ ”

” အကိုလဲစဉ်းစားပြီးသားပါ…”

” တကယ်…. ဘယ်လိုမျိုးစဉ်းစားထားတာလဲအကို…ညီမလေးကိုပြောပြပါလား… ”

” အကိုရှေ့လမှာ အိမ်ထောင်ပြုတော့မယ် ညီမလေး…၊ အိမ်ထောင်ပြုပြီးရင် အခုလိုမျိုးညီမလေးနဲ့ တွေ့ခွင့်ရမှာ မဟုတ်တော့ဘူး… ”

” ဟာ…အကိုရာ… ဘာဖြစ်လို့ တွေ့လို့မရ ရမှာလဲ …အကို့ဆီကိုညီမလေး လာလို့မရလို့..လာလို့ရရင် လာခဲ့ပါတယ်… ညီမလေးလာလို့မရလဲ အခုလိုမျိုး အကိုလာတွေ့ပေါ့ ”

” မဖြစ်ဖူးလေ…ညီမလေး..၊ အိမ်ထောင်ကျပြီးရင် အလုပ်ချိန်ကို မနက်ပိုင်းပြောင်းရတော့မှာ…၊ သားမယားနဲ့ ညဘက်အတူရှိနေမှ ဖြစ်မှာပေါ့ ”

” အင်း…ဒါလဲ ဟုတ်ပါတယ်…၊ အကိုနဲ့ညီမလေးတို့ မတွေ့ရတော့ဘူးပေါ့နော်… ”

” အမြဲတွေ့လို့ရအောင် အကိုက အမြန်ဆုံးအိမ်ထောင်ပြုလိုက်တာပါဆို… နောက်မို့ဆို ရှေ့နှစ်လောက်မှ မင်္ဂလာဆောင်မလို့ ”

” ဟင်…အကို… ဘာကိုပြောတာလဲဟင်.. ”

” အကို အိမ်ထောင်ကျပြီးရင် အကို့မိန်းမဆီမှာ ညီမလေး ပြန်ဝင်စားနိုင်အောင်လို့ အမြန်စီစဉ်လိုက်ရတာ ”

” ဟင်…အကို… မဖြစ်ဘူးလေ ”

” ဘာကို မဖြစ်ရမှာလဲ ”

” အကို့ကိုပြောဘူးတယ်လေ…..၊ ညီမလေးနေရာမှာ တစ်ယောက်ယောက် အစားဝင်လာမှ ညီမလေးက လူ့ဘဝထဲဝင်စားလို့ရမှာ… ”

” ဟာ…. ဟုတ်သားပဲ…..၊ ဒါဆို ဒီလိုလုပ်မယ်…။ အကို အိမ်ထောင်အရင်ပြုထားမယ်…။ သားသမီးမယူသေးဘူး…။ ညီမလေး ကျွတ်ချိန်တန်တာနဲ့ သားသမီးယူလိုက်မယ် ”

” ဟယ်…..တကယ်နော်…အကို…. ”

” တကယ်ပေါ့ကွာ…. ”

” ပျော်လိုက်တာအကိုရာ…… ညီမလေး အရမ်းချစ်တဲ့ အကို့ကို အဖေနေရာမှာမြင်တွေ့ရတော့မယ်..၊ ပြုစုခွင့်ရတော့မယ်..၊ အကို…ကတိတည်ပါနော်…ညီမလေးစောင့်နေမယ် ”

” ကတိတည်တာပေါ့ညီမလေးရယ်..။ ငါ့ညီမကို အကို့ဘဝထဲလာစေချင်လို့ စီစဉ်နေတာပဲကွာ ”

” ညီမလေး ကျေနပ်ပါပြီအကိုရယ် ”

” တစ်ခုမှာချင်တယ်ညီမလေး ”

” ဟုတ်ကဲ့အကို….ညီမလေးနားထောင်နေပါတယ် ”

” ဒီနောက်ပိုင်းမှာ ဘယ်သူ့ကိုမှ မခြောက်လှန့်ပါနဲ့…၊ နောက်ပြီး လူ့ဘဝကိုလာချင်ဇောနဲ့ နေရာလဲဖို့အတွက် ဘယ်သူ့အသက်ကိုမှ မယူပါနဲ့…။ ညီမလေး ဆက်ပြီးခြောက်လှန့်နေမယ်ဆိုရင် ဘယ်သူမှ မခံနိုင်တဲ့အဆုံး ကမ္မဝါဖတ်ပြီးနှင်ထုတ်ကြလိမ့်မယ်..။ အစားထိုးနေရာလဲဖို့ လုပ်ခဲ့ရင်လဲ နတ်ကောင်းနတ်မြတ်တွေက ခွင့်မလွှတ်တဲ့အတွက် ညီမလေးကို ပြစ်ဒါဏ်ပေးလိမ့်မယ် ။ ငရဲလဲကျနိုင်တယ်…။ ရည်ရွယ်ချက်တွေ မပျက်အောင် ဘယ်သူဘာပဲလုပ်လုပ် သည်းခံပြီး နေပါ… ”

” ဟုတ်ကဲ့အကို… စိတ်ချပါ…။ ညီမလေးအဆင်သင့်ဖြစ်တာနဲ့ အကို့ကို အိပ်မက်လာပေးပါ့မယ် ။ အဲဒီအခါကျရင် အခုလို မနက်လေးနာရီလောက်မှာ ညီမလေး သေခဲ့တဲ့ နေရာက ခဲတစ်လုံးကိုယူပြီး ကြည်ကြည်ဆွေ ခေါ်….မှဲ့ကြီး… အကိုနဲ့လိုက်ခဲ့ပါလို့ သုံးကြိမ်ခေါ်ပေးပါ ။ အဲဒီခဲလုံးကို အိမ်ခြံရှေ့မှာချထားပြီး အိမ်စောင့်နတ်နဲ့ ခြံစောင့်နတ်ကို ညီမလေးကို ခေါ်ဖို့ သုံးကြိမ်တိတိ ခွင့်တောင်းပေးပါ ။ ညီမလေးဝင်လာခွင့်ရတာနဲ့ အကိုအိပ်ပျော်နေရင် အိပ်မက်ပေးပါ့မယ်…။ အကိုအိပ်မပျော်ခဲ့ရင်တော့ အကိုသိသာအောင် တစ်ခုခုနဲ့ အသိပေးပါ့မယ်…။ အဲဒီအခါကျရင် ခြံရှေ့ကခဲလုံးကိုယူပြီး အကိုနဲ့ အမတို့ရဲ့ အိပ်ယာထဲမှာ ထားပေးပါအကို ”

” စိတ်ချ…ညီမလေး…ညီမလေးပြောတာတွေ အကိုမှတ်ထားတယ်…။ ညီမလေးသာ အကိုပြောတာကို လိုက်နာပါ ”

” ညီမလေးကိုစိတ်ချပါအကို…အကို့ကိုအရမ်းချစ်လို့ …အကိုနဲ့အတူနေချင်လွန်းလို့ အကိုပြောတဲ့စကားကို နားထောင်ပါ့မယ် ”

————————-

မှဲ့ကြီးနှင့် ကိုထွန်းမြတ်တို့၏ မေတ္တာတရားကို ကံဇာတ်ဆရာကပဲ သိလေသလား…၊ သို့တည်းမဟုတ်… ရှေးယခင်ဘဝကပင် အကျိုးဆက် အကြောင်းဆက်များကြောင့်ပဲ ဖြစ်လေမလားဆိုသည်ကို မည်သူမှသိနိုင်မည်မဟုတ်ပါပေ..။ ကိုထွန်းမြတ် အိမ်ထောင်ကျခဲ့သည်မှာ သုံးလပြည့်ခဲ့လေပြီ…သားသမီးမယူသေးပဲ သုံးလတားဆေးထိုးထားသည်မှာလဲ ရက်ပြည့်နေပါပြီ ။ ကံဇာတာ အပြောင်းအလွဲ စတင်ခဲ့သည့်နေ့မှာတော့………

ထိုနေ့က အလုပ်ကို မနက်လေးနာရီအရောက် မသွားမဖြစ်သွားရမည့် ကိစ္စပေါ်လာလေသည် ။ စက်ရုံမှ စက်ဆရာ ကိုတိုးလွင်တစ်ယောက် ဗိုက်အရမ်းအောင့်၍ ဆေးရုံသို့ အရေးပေါ်သွားရသောကြောင့် ကိုတိုးလွင်၏ အချိန် မနက်လေးနာရီမှ မနက်ဆယ့်နှစ်နာရီကို ခေတ္တ တာဝန်ပြောင်းလဲ ယူရပါတော့သည် ။

” ကိုကိုရယ်… မနက်အစောကြီး…ဖြစ်ပါ့မလား..။ လမ်းမှာ လူခြေပြတ်ကပြတ်နဲ့ ”

” မေနဲ့ မညားခင်ကတည်းက သွားလာနေကျပါကွာ…။ ဘာမှမစိုးရိမ်ပါနဲ့… ”

” မေပြောတာက…မနေ့ညကရှစ်နာရီ အလုပ်ဆင်းပြီး အိမ်ကို ဆယ်နာရီနီးပါးမှရောက်တယ်..။ စားတာသောက်တာနဲ့ ညအိပ်ချိန်က ဆယ့်နှစ်နာရီထိုးရော..။ အခုကျတော့ မနက်လေးနာရီထသွားရပြန်ပြီဆိုတော့ အိပ်ချိန်မရှိပဲ မူးလဲနေမှာစိုးရိမ်လို့ပါ ”

” ဘာမှမဖြစ်ပါဘူးကွာ…စိတ်ချပါ…။ အရေးပေါ်ဆိုတော့ ဘယ်တတ်နိုင်မလဲကွာ… တိုးလွင်ကလဲ ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ ။ မေလဲပြန်အိပ်လိုက်ဦး….အစောကြီးရှိသေးတယ် ”

” မေက ဘယ်လိုလုပ်ပြန်အိပ်လို့ရတော့မှာလဲလို့… စိုးရိမ်နေတာနဲ့ပဲ အိပ်လို့ကိုရမှာမဟုတ်တော့ဘူး… ”

” ကဲ…မအိပ်ချင်လဲ ထိုင်နေ…အချိန်မရှိတော့ဘူး…နောက်ကျနေမယ်..၊ ကိုကိုသွားတော့မယ်နော်..အိမ်တံခါးကိုသေချာပိတ်ဦး.. ”

” ဟုတ်ကဲ့ကိုကို… ”

——————–

အလုပ်အချိန်မမှီမှာစိုးတာကြောင့် ကမ္ဘာအေးဘုရားလမ်းပေါ်တက်ကတည်းက ကုန်းဆင်းကို အရှိန်ဖြင့်နင်းပြီးစီးလာခဲ့လေသည် ။ တံတားလေး လမ်းဝကို ကွေ့လိုက်ပြီး မြောက်ဥက္ကလာကုန်းတံတားဘက်သို့ ဦးတည်ကာ ခပ်သွက်သွက်နင်းလာခဲ့သည် ။ သံတံတားနားအရောက်တွင် သံလမ်းပေါ်မှာရပ်နေသော သူကိုတွေ့လိုက်ရသဖြင့့်ရင်ထဲ ပျော်ရွှင်သွားမတတ်ဖြစ်ရလေသည် ။

” ညီမလေး…. ”

” အကို….. မတွေ့တာတောင်ကြာပြီအကိုရယ်…။ မနက်လေးနာရီထိုးခါနီးတိုင်း ဒီနေရာမှာ အမြဲရပ်စောင့်နေတာ ။ အခုလဲ စက်ဘီးတစ်စီးလာနေကတည်းက အကိုပဲဖြစ်ရမယ်ဆိုပြီး ညီမလေး မျှော်နေတာ ”

” လာလေ… အကို့စက်ဘီးနောက်ကလိုက်ခဲ့ ”

” ဟင်…လမ်းမလျှောက်တော့ဘူးလားအကို…စကားပြောကြရအောင်လေ ”

” အချိန်မရှိလို့ညီမလေး… အလုပ်မှာ စက်ဆရာတစ်ယောက်က အသည်းအသန်ဖြစ်လို့ဆေးရုံတင်လိုက်ရတော့ သူ့နေရာမှာ အစားထိုးဝင်ပေးရမှာ ”

” ဒါဆိုလဲသွားတော့လေအကို….ညီမလေးလိုက်လာရင် အကိုအားစိုက်နင်းရတော့ မောလဲမောမယ်…နောက်လဲကျနေဦးမယ်… ”

” ဒါဆို အကိုသွားမယ်နော်… ”

” အကိုဒီကိုလာဦးမှာလားဟင်… ”

” နောက်နေ့တွေအထိ ဟိုလူ မလာနိုင်သေးဘူးဆိုရင် တွေ့လို့ရတာပေါ့ကွာ…။ အကိုသွားမယ်… ”

သံလမ်းကို ဖြတ်ကျော်ပြီး လမ်းမကြီးဘက်ကို ချိုးကွေ့လိုက်ကာ ညာဘက်လမ်းကြောသို့ ဖြတ်ကူးလိုက်သည် ။လမ်းမပေါ်တွင် ရှင်းလင်းနေသောကြောင့် လမ်းဘေးနှင့်ခွာကာ အားစိုက်နင်းလာခဲ့စဉ် အနောက်ဘက်မှ ကားမီးရောင်များနှင့် ဆူညံသောကားစက်သံတို့ကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ ကုန်းတံတားပေါ်မှ အဆင်း….ရှေ့ကားကို ကျော်တက်လာသော ဒတ်ဆန်းကားတစ်စီးက လမ်းကြောသို့ပြန်အဝင်တွင် အရှိန်မထိမ်းနိုင်ပဲ ကိုထွန်းမြတ်ထံသို့ ဦးတည်ကာ အပြေးဝင်လာလေတော့သည် ။

” ဟာ……. ”

မျက်လုံးထဲပြာဝေသွားကာ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေစဉ်…

” ဖြောင်း…..”

” ကျီ….ကျွီ…. ”

” အောင်မလေးဗျ…. ”

” ကျွိ……………………. ”

” ဂျိမ်း…… ဒုန်း……….. ”

” တီ……………………………………… ”

လမ်းဘေးသို့လွင့်စဉ်ထွက်သွားသော ကိုထွန်းမြတ်မှာ မျက်လုံးများပြာဝေကာ မှောင်အတိ ဖုံးသွားလေတော့သည် ။

” အကို…..ထ….ထတော့…အကိုဘာမှမဖြစ်ဘူး… ”

နား အနားသို့ ကပ်ပြောလိုက်သောရင်းနှီးနေသည့်အသံကြောင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သည် ။ ကိုထွန်းမြတ်စီးလာသော စက်ဘီးက ဘီးများတွန့်လိမ်နေကာ လမ်းပေါ်တွင် တစ်စစီဖြစ်နေလေသည် ။ လမ်းတစ်ဖက်ဘေးမှ ကန်စွန်းခင်းထဲမှာတော့ ဒတ်ဆန်းအပြာရောင်ကားလေးက ခေါင်းစိုက်နေသည် ။

” ကားထဲက လူကိုသွားကြည့်ကြဦး… ရေနစ်နေဦးမယ်… ”

” အတိုက်ခံရတဲ့လူ ဘယ်လိုနေသေးလဲ…စက်ဘီးကရစရာမရှိတော့ဘူး….။ မိန်းကလေးတစ်ယောက်ကိုပါ တိုက်သွားတာဗျ…ရှာကြပါဦး ”

ကျော်တက်ခံရသောကားမှာ ရှေ့ကားမှ လူတိုက်လိုက်သည်နှင့် ချက်ချင်းရပ်လိုက်ပြီး အကူအညီပေးရန်ဆင်းလာကြလေသည် ။

” ဟုတ်တယ်ဗျ…. စက်ဘီးနဲ့ လူကိုတိုက်ကာနီး အင်္ကျီအနီနဲ့ အမျိုးသမီးက ဟိုဘက်လမ်းကနေ ပြေးလာပြီးတွန်းထုတ်လိုက်တာ ကျွန်တော်လဲမြင်လိုက်တယ်…၊ အဲဒီအမျိုးသမီး ကားနဲ့ပါသွားပြီး ကားအောက်ထဲရောက်နေပြီလားမသိဘူး.. ”

” အကို…သတိရပါတော့…. မြန်မြန်ထပါ… ၊ ညီမတို့အတွက်အခွင့်အရေးရပြီ… ”

” ဟင်….. ”

” ဒီလူသတိရလာပြီဟေ့….. ”

” ဘာဖြစ်သွားလဲ… ”

” ပွန်းပဲ့ရုံပဲနဲ့တူတယ်…။ ဘာမှဖြစ်ပုံမရဘူး… ”

” ဟုတ်လို့လားဗျာ…စက်ဘီးတောင် ကြေမွသွားတာ ”

” လူကအရင်လွင့်ထွက်သွားတာဗျ…ကျန်ခဲ့တဲ့ စက်ဘီးကို ဟိုကားတက်ကြိတ်သွားတာ ”

” မတွေးရဲစရာပဲဗျာ… လူသာကြိတ်မိလို့ကတော့ နေရာမှာတင် ပွဲချင်းပြီးမှာ….အတော်ကံကောင်းတာပဲ ”

” ဒီလူ့ကို တွန်းထုတ်လိုက်တဲ့ အမျိုးသမီးတော့ သေပြီထင်တယ်ဗျာ…. ”

” ဟိုကားကိုသွားကြည့်ကြပါဦးဟေ့ ”

ကိုထွန်းမြတ်မှာ အနားတွင် မျိုးစုံအော်ဟစ်နေသော လူများကို အာရုံမစိုက်နိုင်ပဲ အနားကပ်ပြီး ကြားနေရသော အသံကိုသာ ဂရုတစိုက် နားထောင်နေမိလေသည် ။

” အကို အရမ်းကံကောင်းတယ်…။ အကို့ကိုတိုက်တော့မယ်ဆိုတာသိလို့ ညီမလေး တွန်းထုတ်လိုက်တာ…၊ ကန်စွန်းခင်းထဲက ကားသမားကတော့ သေသွားပြီ ”

” ဟင်….. ဟုတ်လို့လား… ”

” အကိုမယုံလို့လား… ညီမကမြင်ရတယ်…။ အဲဒီလူ လမ်းမပေါ်မှာလျှောက်ပြေးပြီး အော်နေတယ် ”

” သူဘာတွေအော်နေတာလဲ ”

” ကယ်ကြပါဦးတဲ့….. ဟော…. ကားထဲကို ပြေးပြီး သူ့အလောင်းကိုကြည့်နေတယ် ။ အဲဒါအရေးမကြီးဘူးအကို….ခဲမြန်မြန်ကောက်ပြီး ညီမလေးနံမည်ကို သုံးကြိမ်ခေါ်တော့…။ ဒီနေရာက ညီမလေး သေခဲ့တဲ့နေရာပဲအကို ”

” ဟင်… ညီမလေး…. ဒါဆို…မင်းလုပ်လိုက်တာလား… ”

” ဟင့်အင်း…ညီမလေးဘာမှမလုပ်ဘူး…၊ ဟိုလူက အရက်မူးနေတယ်နဲ့တူတယ်…။ ကုန်းတံတားပေါ်ကနေ ရှေ့ကားကိုကျော်တက်လာကတည်းက ကားတစ်စီးလုံး ယိမ်းထိုးနေတာ ၊ ဒီနားရောက်တော့ အကို့ကိုတိုက်တော့မယ့်အချိန်မှာ ညီမလေး ပြေးတွန်းလိုက်တာ…၊ ညီမလေးပြောတာယုံပါအကို… အကို့ကိုချစ်လို့ အကို့ရဲ့စကားကို နားထောင်ပါတယ် ”

” ယုံပါတယ် ညီမလေး… ”

” ဒါဆိုလဲ လုပ်စရာရှိတာလုပ်တော့အကို….. ခဲလုံးတစ်လုံးအမြန်ကောက်ပြီး ညီမလေးပြောသလိုသာလုပ်တော့…မှတ်မိတယ်မဟုတ်လား ”

” မှတ်မိတယ်…… ”

” ဟေ့လူ….သက်သာရဲ့လား…တစ်ယောက်ထဲ ကယောင်ကတမ်းနဲ့ ဘာတွေပြောနေတာလဲ ”

” ကျွန်တော်ဘာမှမဖြစ်ဘူး…. ဟိုကားထဲကလူကိုသာ ဆွဲထုတ်လိုက် ”

” သေချာရဲ့လားဗျ… ကိုယ့်ကိုကိုယ် စမ်းကြည့်ပါဦး…. ဆေးရုံသွားမလား… ”

” မသွားဘူး…ကျွန်တော် ဘာမှမဖြစ်တာသေချာတယ်…၊ ကျွန်တော်လုပ်စရာရှိသေးတယ်ဗျ… ခင်ဗျားတို့လဲ လုပ်စရာရှိတာဆက်လုပ်ပါ ”

ကိုထွန်းမြတ်က ခြေဆင်းထိုင်နေရာမှ အနီးအနားရှိခဲတစ်လုံးကိုကောက်ယူလိုက်ပြီး ကြည်ကြည်ဆွေ ခေါ် မှဲ့ကြီး၏အမည်ကိုသုံးကြိမ်ဆင့်ကာ ခေါ်လိုက်လေတော့သည် ။ ထို့နောက် လူကြားထဲမှ မသိမသာတိုးထွက်လိုက်ပြီး လမ်းတစ်ဖက်သို့ဖြတ်ကူးရန်ပြင်လိုက်စဉ်တွင် ဒတ်ဆန်းကားထဲမှ ဆွဲထုတ်လာသော နှဖူးတစ်ခုလုံး ပွင့်ကာ ဦးနှောက်များထွက်နေသည့် ယာဉ်မောင်း၏ အလောင်းကိုမြင်လိုက်သည်နှင့် အိမ်သို့ မပြေးရုံတမယ်ပြန်လာခဲ့လေတော့သည် ။

ခဲလုံးကို လွတ်ထွက်မသွားအောင် ကိုင်ရင်း သံလမ်းကိုဖြတ်ကျော်ကာ ပြေးသွားသော ကိုထွန်းမြတ်ကို ရပ်ကြည့်နေသည့် မှဲ့ကြီးခေါ် ကြည်ကြည်ဆွေကိုတော့ ကိုထွန်းမြတ် မတွေ့နိုင်တော့ပေ…။

——————–

” မမေဇင်ရဲ့ အမျိုးသား….

” ရှိပါတယ်ခင်ဗျ… ကျွန်တော်ပါ… ”

” သမီးလေးမွေးတယ် …. ကလေးရော အမေရော ကျမ္မာတယ်… ”

” ဝမ်းသာလိုက်တာဆရာမရယ်… ”

အပေါ်အဖြူ အောက်အစိမ်းရောင်ဝတ် နတ်စ်မကြီးက မွေးခန်းထဲမှ ထွက်လာကာ ပြောလိုက်သည့် အသံကိုကြားလိုက်ရသည်မှာ ကိုထွန်းမြတ်၏ ရင်ထဲတွင် ဖေါ်မပြနိုင်သည့် ဝမ်းသာမှူကိုခံစားလိုက်ရလေသည် ။

” ဒီမှာပဲ ထိုင်စောင့်နေ…. ခဏနေ ထွက်လာလိမ့်မယ် ”

ထိုင်မရ ထမရဖြစ်ကာ မွေးခန်းထဲသို့ လှမ်းကြည့်နေသော ကိုထွန်းမြတ်ကို နတ်စ်မကြီးက သတိပေးလိုက်သည် ။ နေရာတွင်ပြန်ထိုင်ကာ နာရီစက္ကန့်တံများကို ကြည့်ပြီး ရေတွက်နေသော ကိုထွန်းမြတ်၏ ရင်ခုံသံမှာ ဆေးရုံတစ်ခုလုံးကြားရလောက်အောင် ဟိန်းထွက်နေသည်ဟုပင် ထင်ရလောက်ပေသည် ။

—————————

ကုတင်ပေါ်တွင် လှဲကာ အားဖျော့သောမျက်ဝန်းများကြားမှ ပြုံးပြီးကြည့်နေသော ဇနီးသည် မမေခင်၏ လက်ကို အသာအယာဆုပ်ကိုင်ရင်း ညာဘက်ကိုစောင်းပြီး နို့စို့နေသော သမီးလေး၏ မျက်နှာကို အမှတ်မထင်ကြည့်မိသည့်အခါမှာတော့…. ဘယ်ဘက်နားအောက်မှ ထင်ထင်ရှားရှားရှိနေသော မှဲ့နက်ကြီးကို တွေ့လိုက်ရလေတော့သည် ။

” ဟာ…. ညီမလေး…ဝမ်းသာလိုက်တာကွယ်…. ”

ကိုထွန်းမြတ်၏ အသံကိုကြားလိုက်သည့်အခိုက် မိခင်နို့စို့နေသော မွေးကာစ သမီးလေးမှာ နို့ကိုပါးစပ်မှ ချွတ်လိုက်ပြီး ခြေနှင့် လက်ကလေးများထွန့်ထွန့်လူးကာ ရယ်မော၍ အသံကြားရာကိုလိုက်ရှာနေလေတော့သည် ။

” ဟယ်….ကြည့်ပါဦး……အဖေ့အသံကြားတာနဲ့ဖြစ်နေလိုက်တာ..။ နို့တောင်မစို့နိုင်တော့ဘူး… အလည်မလေး… လူ့လောကထဲရောက်တာ နာရီပိုင်းပဲရှသေးတယ်.. အဖေကိုတာချင် ချွဲချင်နေပြီ..ဟင်း…ဟင်း ”

” ဟဲ…..ဟဲ…မေကလဲကွာ… သမီးလေးက ဖေ့ချစ်ဆုံးလေးဆိုတဲ့အကြောင်း အမူအရာနဲ့ ပြနေတာပါကွာ…… ”

” လူလည်ကြီး သားအဖတွေ… ဟွန်း… နို့စို့ဖို့ကျတော့တတ်တယ်.. အမေ့မျက်နှာတောင် မော်မကြည့်ဘူး…၊ အဖေ့အသံလဲကြားရော… ပုစွန်ဆိတ်ခုန်သလို ထွန့်ထွန့်ကိုလူးနေတာပဲ… ”

မမေခင်ပြောလိုက်သောစကားကို ကိုထွန်းမြတ် သဘောကျစွာ ပြုံးလိုက်ရင်း သမီးလေး၏လက်နုနုလေးကို ဖွဖွလေးကိုင်လိုက်လေသည် ။

” ကိုကို…မေးရဦးမယ်…ညီမလေးဆိုတာ ဘယ်သူလဲဟင်…ရှူပ်ရှူပ်ရှက်ရှက်တော့မဟုတ်ပါဘူးနော်… ”

” မဟုတ်ပါဘူးမေရာ… ကိုကိုနောက်မှပြောပြမယ်…။ အခုတော့ မပြောသေးဘူး…။ ဘာမှမဟုတ်ဖူး… မေ သိရင် အရမ်းအံ့သြသွားလိမ့်မယ်… ”

—————————

နောက်ပိုင်းတွင် ကိုထွန်းမြတ်တို့ မိသားစု မမေခင်၏ ဇာတိမြို့သို့ပြောင်းရွှေ့ကာ ကိုထွန်းမြတ်က သူတတ်ကျွမ်းသည့် အလုပ်ကိုလုပ်ကိုင်ခဲ့လေသည် ။ မမေခင် မှာလည်း ဇာတိမြို့တွင်ပင် အလယ်တန်းပြ ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေစဲဖြစ်လေသည် ။ သမီးလေး မြတ်မှူးခင်မှာ ဖခင်ကိုထွန်းမြတ်ကို မျက်စိအောက်က အပျောက်မခံပဲ အလွန်ချစ်ရှာလေသည် ။ ဖခင်နှင့် စက်ဘီးစီးနေရလျှင်အလွန်ပျော်ရွှင်နေတတ်ပြီး တစ်ခါတစ်ရံ သတိလက်လွတ်ဖြင့် ဖခင်ကို အကိုဟုခေါ်တတ်ပြီး သူ့ကိုသူ ညီမလေးဟု နာမ်စားသုံးတတ်လေသည် ။ ကိုထွန်းမြတ်တို့ မိသားစုသည် ပျော်ပျော်ရွှင်ရွှင် ကျမ်းကျမ်းမာမာဖြင့် မမေခင်၏ ဇာတိမြို့တွင် ယနေ့တိုင် နေထိုင်စဲဖြစ်ပါကြောင်း………။

အမည်ရင်းများနှင့် လက်ရှိနေထိုင်သော မြို့ကို ဖေါ်ပြရေးသားခြင်းမပြုသည်ကို နားလည်ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်ခင်ဗျား…။

⬛H⬛

ရွှင်လမ်းချမ်းမြေ့ကြပါစေ

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

 

Zawgyi Version

” ဘဝျခားေသာ္လည္း “(စ-ဆုံး)
———————————–

” သား……. ေမာင္ထြန္းျမတ္… ”

” ဗ်ာ….အေမ… ”

” ဒီေန႔ အလုပ္ဘယ္အခ်ိန္သြားရမွာလဲ… အက်ႌနဲ႔ ပုဆိုးေတြ မီးပူတိုက္ေပးမလို႔ ”

” တိုက္မေနနဲ႔အေမ…. ညေနေလးနာရီသြားမွာ… ”

” ဒါဆို…ညစာအတြက္ ထမင္းဘူး ထည့္ေပးလိုက္မယ္… ”

” ဟုတ္ကဲ့အေမ….. ”

မိခင္ေမးသမွ် ျပန္ေျဖရင္း ေရေဆးၿပီးစ စက္ဘီးကို အဝတ္ေျခာက္ျဖင့္ ပြတ္ကာ အေရာင္တလက္လက္ထြက္ေနသည့္ စက္ဘီးကိုၾကည့္ၿပီး ကိုထြန္းျမတ္သေဘာက်ေနေလသည္ ။ ထိုစက္ဘီးေလးက ကိုထြန္းျမတ္၏ ဘဝဆိုလည္းဟုတ္… ေျခေထာက္ဆိုလည္းဟုတ္ပါသည္ ။ ကမာၻေအး စာတိုက္တြင္ ေနထိုင္ေသာ ကိုထြန္းျမတ္မွာ ေျမာက္ဥကၠလာပ စက္မႉလက္မႉရပ္ကြက္တြင္ ရွိေသာ ပုဂၢလိက စက္႐ုံတစ္႐ုံတြင္ အလုပ္လုပ္ကိုင္ေနသူ တစ္ဦးျဖစ္ေလသည္ ။

ကိုထြန္းျမတ္ အလပ္လုပ္ကိုင္ေနေသာ စက္႐ုံမွာ ပုံမွန္လည္ပါတ္ေနေသာ စက္႐ုံျဖစ္သည့္အတြက္ အလုပ္သမားမ်ားမွာ အလွည့္က် အဆိုင္းျဖင့္ အလုပ္ဝင္ရေလသည္ ။ ည ဆယ့္ႏွစ္နာရီမွ အလုပ္ဝင္ရၿပီး မနက္ ရွစ္နာရီမွ ျပန္ရသည္လည္းရွိသလို ညရွစ္နာရီဝင္ရၿပီး မနက္ ေလးနာရီမွ အိမ္ျပန္ရသည္လည္း ရွိေလသည္ ။

ကုန္ၾကမ္းျပတ္သြားသည့္ ေန႔မ်ားတြင္ ေစာေစာ အိမ္ျပန္ရသည္လည္းရွိသလို ကုန္ၾကမ္းေရာက္လာသည့္ေန႔မ်ားတြင္ အိမ္ျပန္ေနာက္က်တတ္သည္လည္းရွိသျဖင့္ အလုပ္ခ်ိန္ကို ပုံေသ သတ္မွတ္ထား၍မရႏိုင္ေပ ။ အလုပ္သြားရသည့္ ညအခ်ိန္မ်ားမွာ လိုင္းကားမရွိသည့္ အခ်ိန္မ်ားျဖစ္ေနတတ္ေသာေၾကာင့္ စက္ဘီးကိုသာ အားကိုးအားထားျပဳေနရသျဖင့္ ကိုထြန္းျမတ္၏ ဘဝ…ကိုထြန္းျမတ္၏ ေျခေထာက္ဟု ၫႊန္းဆိုရျခင္းျဖစ္ေပေတာ့သည္ ။

———————–

မနက္ႏွစ္နာရီေလာက္တြင္ စက္႐ုံမွာ ပစၥည္းျပတ္သြားသျဖင့္ အိမ္ျပန္ရန္အတြက္ ကိုထြန္းျမတ္ ျပင္ဆင္ေနေလသည္ ။

” ကိုထြန္းျမတ္….. ေန႔လည္ေလာက္ ခဏလာၾကည့္ဦး…၊ ကုန္ၾကမ္းကားက မနက္ ဆယ္နာရီေလာက္ဝင္လာမယ္ေျပာတယ္ ၊ ညရွစ္နာရီျပန္ဝင္ရမွာဆိုေတာ့ အားေတာ့နာတယ္ဗ်ာ…”

” ရပါတယ္ဗ်ာ….လာခဲ့ပါ့မယ္ သိပ္ေဝးတာမွမဟုတ္တာ..၊ ေန႔လည္ဆိုေတာ့ လိုင္းကားစီးလာလို႔ရတာပဲ…၊ အခုေတာ့ အိမ္ျပန္နားလိုက္ဦးမယ္….”

” နားလိုက္ဦး ကိုထြန္းျမတ္…. မိန္းမရရင္ေတာ့ နားလို႔မရေတာ့ဘူးေနာ္.. ”

” ဟား..ဟား… အဟုတ္ပဲဆရာေရ… ”

” ခင္ဗ်ားတို႔က ဘယ္ေတာ့ယူၾကမွာလဲ…လက္ဖြဲ႕ဖို႔ေမးၾကည့္တာဗ်… ”

” လိုပါေသးတယ္ဆရာရယ္…”

” အသက္လဲမငယ္ေတာ့ဘူးေနာ္… ျမန္ျမန္ယူၾကေတာ့…”

” ဟုတ္ကဲ့ဆရာ..ယူမွာ…စိတ္ခ်… မဂၤလာေဆာင္ဖို႔စုေနရလို႔…၊ ေနာက္မို႔ဆိုလား.အခုေတာင္ ယူပစ္လိုက္ခ်င္တာ.. ”

” ဟား…ဟား… ”

စက္ဆရာေခါင္းေဆာင္ ဦးျမသန္းႏွင့္ စကားေျပာၿပီး ပစၥည္းပစၥယ်မ်ားကို လြယ္အိတ္ထဲသို႔ထည့္ကာ စက္႐ုံထဲမွ စက္ဘီးကိုတြန္း၍ထြက္လာခဲ့ေလသည္ ။

————————

စက္မႉလက္မႉလမ္းထဲမွ လမ္းမႀကီးေပၚသို႔ထြက္လိုက္ၿပီး တစ္ဖက္လမ္းကိုကူးကာ တံတားေလးဘက္သို႔ဦးတည္၍ စက္ဘီးကို နင္းလာခဲ့ေလသည္ ။ ကားလမ္းမေပၚတြင္ ကားတစ္စီးတစ္ေလမွ်ပင္မရွိပဲ ရွင္းလင္းေနေသာေၾကာင့္ သီခ်င္းတစ္ပုဒ္ကို တိုးတိုးေလးဆိုကာ စက္ဘီးကို ေအးေအးေဆးေဆးနင္းလာခဲ့ေလသည္ ။

မယ္လမုဘုရားနားသို႔ေရာက္သည္ႏွင့္ ျပဳလုပ္ေနၾကအတိုင္း စက္ဘီးကိုခဏရပ္ကာ လက္အုပ္ခ်ီကန္ေတာ့လိုက္သည္ ။ လမ္းမႀကီးေပၚတြင္ လူသြားလူလာလုံးဝမရွိသည့္အျပင္ ေခြးတစ္ေကာင္တစ္ေလပင္ မေတြ႕ရေလာက္ေအာင္ ရွင္းလင္းေနေလသည္ ။

တျဖည္းျဖည္းႏွင့္ ႏွစ္ရပ္ကြက္ေဈးကိုေက်ာ္လာခဲ့ေလၿပီ ။ ကိုျမတ္ထြန္း၏ စက္ဘီးခ်ိန္းသံမွ အပ တစ္လမ္းလုံးတိတ္ဆိတ္ေနေလသည္ ။ ယခုလို အခ်ိန္မ်ိဳးတြင္ တံတားေလး သံလမ္းအကူးႏွင့္ ကုန္းေက်ာ္တံတားသို႔ ေတာ္႐ုံလူအေနျဖင့္ တစ္ေယာက္ထဲ သြားလာဖို႔ဆိုသည္မွာ လြယ္ေတာ့မလြယ္ကူလွေပ ။ နံမည္ေက်ာ္ တံတားေလး ကုန္းေက်ာ္တံတားႏွင့္ ရထားလမ္းကူးေနရာသည္ ေျခာက္လွန္႔သည္ဟု နံမည္ႀကီးလြန္းေသာေနရာလည္းျဖစ္ေပသည္ ။ ထိုေနရာတြင္ ညသန္းေခါင္ေက်ာ္ လူျပတ္သည့္အခ်ိန္တိုင္း အမ်ိဳးသမီး တစ္ေယာက္ လက္တားကာ ကားငွားတတ္သလိုလမ္းႀကဳံလိုက္တတ္ၿပီး ေနာက္သို႔လွည့္ၾကည့္ခ်ိန္တြင္ မည္သူမွ်မရွိေတာ့သည့္အျဖစ္ကိုႀကဳံရသလို မ်က္ႏွာ ေျပာင္တလင္းျဖင့္တစ္မ်ိဳး….ဆံပင္ဖားလ်ားေရွ႕သို႔ခ်ျခင္းျဖင့္တစ္ဖုံ ပုံသ႑ာန္အမ်ိဳးမ်ိဳးျဖင့္ ေျခာက္လွန္႔တတ္သည္ဟူ၍လည္း နံမည္ေက်ာ္ေသာေနရာျဖစ္ေလသည္ ။

ကုန္းေက်ာ္တံတားေပၚတြင္ အမ်ိဳသမီးတစ္ဦးျဖတ္ေျပးသျဖင့္ အခ်ိန္မွီေရွာင္လိုက္ေသာေၾကာင့္ မီးသတ္ကားတစ္စီး ကုန္းေက်ာ္တံတားေပၚမွ နံရံကိုဝင္တိုက္ကာ ျပဳတ္က်ဘူးသည့္ သာဓကလည္းရွိခဲ့ေလသည္ ။ ထိုေနရာတြင္ အမ်ားဆုံးႀကဳံရသူမ်ားမွာ အငွားယာဥ္ ေလးဘီးကားသမားမ်ားျဖစ္ၾကသည္ ။ အကာလ ညအခ်ိန္တြင္ ငယ္ငယ္႐ြယ္႐ြယ္ ျဖဴျဖဴေခ်ာေခ်ာ အမ်ိဳးသမီးတစ္ဦးလက္တားသည္ကို အေၾကာင္းမသိသည့္ အငွားယာဥ္ေမာင္း ေလးဘီးဆရာတစ္ေယာက္က ရပ္တန္႔ေပးကာ ေရွ႕ေခါင္းခန္းတြင္ တင္ေဆာင္ခဲ့သည္ ။ ကားေခါင္းခန္းတြင္လိုက္ပါလာေသာ အမ်ိဳးသမီးက ဘာစကားမွမေျပာပဲ ၿပဳံးရယ္ျပေနသည္ကို ေလးဘီးဆရာ၏ စိတ္ထဲတြင္ ထိုအမ်ိဳးသမီးအား ညဥ့္ငွက္တစ္ေယာက္ဟု ထင္မွတ္ထားသည့္အတြက္ ကုန္းေက်ာ္တံတားေပၚမတက္ေတာ့ပဲ တံတားေအာက္ ေမွာင္ရိပ္ထဲတြင္ ကားကိုရပ္လိုက္ၿပီး ေပြ႕ဖက္လိုက္ေလသည္ ။ ထိုသို႔ေပြ႕ဖက္လိုက္စဥ္ အမ်ိဳးသမီး၏ ကိုယ္မွ အပုပ္နံ႔ေထာင္းေထာင္းထေနသျဖင့္ ကိုယ္မွတြန္းခြာလိုက္ရာ ေျပာင္ေခ်ာေနေသာမ်က္ႏွာႀကီးကို ျမင္ေတြ႕လိုက္ရသျဖင့္ တက္ခ်က္ၿပီး သတိလစ္ေမ့ေျမာသြားခဲ့ဘူးေလသည္ ။ တစ္ခါကလည္း ထိုေနရာမွ လမ္းႀကဳံလိုက္လာသည့္ အမ်ိဳးသမီးတစ္ဦးကို ကားေနာက္ခန္းမွ ေခၚတင္လာစဥ္ စကားတေျပာေျပာႏွင့္ ေ႐ႊလမင္း႐ုပ္ရွင္႐ုံေရွ႕အေရာက္တြင္ ေနာက္ၾကည့္မွန္မွၾကည့္လိုက္ရာ စကာေျပာသံသာၾကားရၿပီး လူမျမင္သျဖင့္ ကားကိုထိုးရပ္ၿပီး ထားခဲ့ကာ ထြက္ေျပးရသည့္ အေၾကာင္းကိုလည္း ကိုထြန္းျမတ္ၾကားခဲ့ဖူးပါသည္ ။

ထိုေနရာမွ အခ်ိန္မေတာ္ သန္းေခါင္ေက်ာ္ ေန႔စဥ္ျဖတ္သန္းသြားလာေနေသာ ကိုထြန္းျမတ္အဖို႔ သရဲဆိုတာ ခ်ိဳနဲ႔လားဟုေမးရေလာက္ေအာင္ တစ္ႀကိမ္တစ္ခါမွ ႀကဳံခဲ့ဖူးျခင္းမရွိေသာေၾကာင့္ ေၾကာက္ရမွန္းလန္႔ရမွန္းပင္ မသိပါေပ ။ သို႔ေပမယ့္ ထိုေနရာတြင္ မၾကာခဏ ယာဥ္တိုက္မႉ….ကားေမွာက္မႉမ်ားရွိတတ္သည္ကိုေတာ့ ကိုထြန္းျမင့္ သိၿပီးျဖစ္ပါသည္ ။ တံတားေလး လမ္းဝဘက္မွ ကုန္းေက်ာ္တံတားကို အရွိန္ျဖင့္တက္လာၿပီး ေျမာက္ဥကၠလာပ ဘက္သို႔ ကုန္းအဆင္းတြင္ အရွိန္လြန္ကာ တိမ္းေမွာက္ခဲ့သည္မ်ားကိုလည္း ကိုထြန္းျမတ္သိရွိထားပါသည္ ။

သီခ်င္းညည္းရင္း စက္ဘီးကိုပုံမွန္နင္းေနရာမွ ႏွစ္ရပ္ကြက္ေဈးအလြန္ ေ႐ႊလမင္း႐ုပ္ရွင္႐ုံေရွ႕နားအေရာက္တြင္ အသက္ ႏွစ္ဆယ္ေက်ာ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး ေက်ာ္ခိုင္းေလွ်ာက္ေနသည္ကိုျမင္လိုက္ရေလသည္ ။ ပြင့္႐ိုက္ပါတိတ္ထဘီႏွင့္ အနီေရာင္ စပို႔ရွပ္အက်ႌဝတ္ဆင္ထားသည္ကို လမ္းမီးေရာင္ေအာက္တြင္ ထင္ထင္ရွားရွားျမင္ေနရသည္မို႔ အနီးအနား ရပ္ကြက္ထဲမွ အေရးကိစၥတစ္ခုေၾကာင့္ သြားလာေနေသာ အမ်ိဳးသမီးတစ္ဦးဟုသာ ယူဆလိုက္ၿပီး စက္ဘီးကို ပုံမွန္အတိုင္းနင္းလာခဲ့ေလသည္ ။

ေက်ာခိုင္းေလွ်ာက္ေနေသာ အမ်ိဳးသမီးအနားအေရာက္တြင္ ထိုအမ်ိဳးသမီးက ေနာက္ျပန္လွည့္ၾကည့္ကာ ကိုထြန္းျမတ္ကိုေတြ႕သြားသျဖင့္ အားတက္သြားဟန္ျပဳကာ တစ္ခ်က္ၿပဳံးျပၿပီး လက္တားလိုက္သည္ ။ ကိုထြန္းျမတ္မွာ စက္ဘီးကို ရပ္ရေကာင္းႏိုး မရပ္ရေကာင္းႏိုးျဖင့္ ခ်ီတုံခ်တုံျဖစ္ေနစဥ္ စက္ဘီး၏ ေနာက္ဘက္ ကယ္ရီယာေပၚသို႔ လူတစ္ဦးတက္ထိုင္လိုက္သကဲ့သို႔ ျဖစ္သြာၿပီး စက္ဘီးလက္ကိုင္မွာ ခါရမ္းသြားေလေတာ့သည္ ။

” ဟ…..ဟ….ဘယ္လိုျဖစ္ရတာလဲ….ျဖည္းျဖည္းတက္ပါလား…လဲက်သြားရင္ဘယ္လိုလုပ္မလဲ ”

” ရွင္က ဘာလို႔ရပ္မေပးတာလဲ…၊ ရပ္မေပးလို႔ေျပးတက္ရတာေပါ့…”

” ခင္ဗ်ားက လူေကာင္းမွန္းမသိ…ဘာမွန္းမသိနဲ႔… ”

” ဘာလဲ… ရွင္က သရဲေၾကာက္တတ္လို႔လား..၊ ရွင့္ကိုၾကည့္ရတာ သရဲေတြဘာေတြ ေၾကာက္ပုံမရပါဘူး… ”

” က်ဳပ္က သရဲလဲ မျမင္ဖူးဘူး…တေစၦလဲမျမင္ဖူးဘူး…၊ မျမင္ဖူးေတာ့ မေၾကာက္ဖူးဗ်ာ… ”

” ျမင္ဖူးရင္ေတာ့ ေၾကာက္မယ္ေပါ့ ”

” ေၾကာက္ေတာ့ေၾကာက္မယ္လို႔မထင္ဘူးဗ်….နကိုကတည္းကသရဲမေၾကာက္တတ္ဘူး.. ”

” မေၾကာက္တတ္တာ ေကာင္းတာေပါ့ရွင့္ ”

” ေနပါဦး…ခင္ဗ်ားက မေျပာမဆိုနဲ႔ ဘယ္သြားမလို႔ က်ဳပ္ေနာက္ကလိုက္လာတာလဲ…”

” ငါးလမ္းထိပ္ေက်ာ္ရင္ရပါၿပီ…”

” ခင္ဗ်ားက ငါးလမ္းထဲမွာေနတာလား… ”

” ကြၽန္မကိုဘာလို႔ေမးေနတာလဲ….”

” ေဆာရီးဗ်ာ…. စိတ္မရွိပါနဲ႔… ”

ကုန္းတံတားမေရာက္ခင္ ငါးလမ္းမွတ္တိုင္နားအေရာက္မွာေတာ့ စက္ဘီးက႐ုတ္တရက္ ေပါ့သြားသျဖင့္ ကိုထြန္းျမတ္ ေဒါပြသြားကာ ေနာက္ကိုလွည့္မၾကည့္ပဲ ေျပာလိုက္ေလသည္ ။

” လုပ္ျပန္ၿပီ… ဘယ္လိုလဲဗ်… ဆင္းမယ္ဆိုလဲ ေျပာမွေပါ့..”

စက္ဘီးကိုရပ္လိုက္ၿပီး ေနာက္လွည့္ၾကည့္လိုက္ေသာ္လည္း အရိပ္အေရာင္ဟူ၍ ဘာဆိုဘာမွမေတြ႕သျဖင့္ ကိုထြန္းျမတ္ မ်က္ေမွာင္ၾကဳတ္ကာ အံ့အားသင့္ေနေလသည္ ။

” အင္း….. ခင္ဗ်ားလဲ သရဲမ ပဲျဖစ္မွာ…၊ ေနာက္တစ္ခါ အဲဒီလိုမလုပ္နဲ႔ဗ်ာ…။ စီးမယ္ဆိုလဲ လက္တား…ဆင္းမယ္ဆိုလဲ ႀကိဳေျပာ..ၾကားလား..၊ ခင္ဗ်ားလုပ္တာ စက္ဘီးလဲလို႔ ေျခက်ိဳးလက္က်ိဳးျဖစ္ရင္ က်ဳပ္အလုပ္ဆင္းႏိုင္မွာမဟုတ္ဘူးဗ် ”

—————————-

မနက္ေလးနာရီ မွ ေန႔လည္ ဆယ့္ႏွစ္နာရီအထိ အလုပ္ဆင္းရန္အတြက္ လိုအပ္သည္မ်ားကိုလြယ္အိတ္ထဲထည့့္ၿပီး ကုန္းတက္ကို စက္ဘီးတြန္းကာ ကမာၻေအး ဘုရားလမ္းေပၚေရာက္သည္ႏွင့္ ကုန္းဆင္းအတိုင္းလွိမ့္ခ်လိုက္ေလသည္ ။

တံတားေလးလမ္းဝကိုခ်ိဳးေကြ႕ၿပီး ကုန္းေက်ာ္တံတားနားသို႔ေရာက္သည့္အခါတြင္ ကိုထြန္းျမတ္စိတ္ထဲ ယမန္ေန႔က အမ်ိဳးသမီးကို အမွတ္ရလာမိေလသည္ ။ သီခ်င္းေလးတေအးေအးျဖင့္ သံလမ္းကိုျဖတ္ေက်ာ္မည္ျပဳစဥ္ သံလမ္းကူးသည့္ လမ္းအလယ္ေခါင္မွာ ရပ္ေနေသာ အမ်ိဳးသမီးကိုေတြ႕လိုက္ရသျဖင့္ စက္ဘီးကိုခ်က္ခ်င္းထိုးရပ္လိုက္ေတာ့သည္ ။

” ဘာလဲ…..စက္ဘီးလိုက္စီးဦးမလို႔လား… ”

ယမန္ေန႔က အဝတ္အစားအတိုင္းမေျပာင္းလဲေသာ အမ်ိဳးသမီးကိုၾကည့္ၿပီး ကိုထြန္းျမတ္သေဘာေပါက္လိုက္မိသည္ ။

” ကဲ…လာ… လမ္းေလွ်ာက္မယ္…၊ လမ္းမေပၚေရာက္မွစီးေတာ့…”

အမ်ိဳးသမီးက ဘာမွ ျပန္မေျပာပဲ ကိုထြန္းျမတ္ႏွင့္ စက္ဘီးတစ္ဖက္မွ ယွဥ္လွ်က္လိုက္လာေလသည္ ။

” ခင္ဗ်ားက ဒီေနရာမွာေနတာ ၾကာၿပီလား… ”

” မၾကာေသးပါဘူး…. တံတားေဆာက္ၿပီးမွပါ… ”

” ေအာ….သိပ္မၾကာေသးဘူးပဲ…၊ ဘယ္လိုျဖစ္ၿပီး အခုလိုဘဝေရာက္ေနတာလဲဗ်ာ… ေျပာလို႔ရရင္ေျပာစမ္းပါဦး ”

” အကိုသိခ်င္ရင္ေျပာျပမွာေပါ့…၊ အကိုက ကြၽန္မကိုမသိလို႔ပါ .. ကြၽန္မက အကို႔ကိုသိပါတယ္ ”

” ဟင္…ခင္ဗ်ားက ကြၽန္ေတာ့္ကိုသိတယ္…၊ ဘယ္လိုလုပ္သိတာလဲဗ်… ”

” လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္က ေဟာ…ဟိုေနရာမွာ မနက္ေလးနာရီေလာက္ ကုန္စိမ္းတင္တဲ့ ေဒါ့ဂ်စ္ကားေပၚကေန အမ်ိဳးသမီးတစ္ေယာက္ ျပဳတ္က်ခဲ့တာ အကိုမွတ္မိေသးလား ”

အမ်ိဳးသမီး၏ စကားကို ေသေသခ်ာခ်ာနားေထာင္ရင္း လြန္ခဲ့ေသာတစ္ႏွစ္ေက်ာ္ခန္႔က အျဖစ္အပ်က္ကိုသတိရသြားမိေလေတာ့သည္ ။

ထိုေန႔က…..

စက္႐ုံထဲမွ ထြက္ကတည္းက မိုးဖြဲဖြဲေလးက်ေနသည့္အတြက္ စစ္သုံးမိုးကာကိုၿခဳံကာ စက္ဘီးကိုဂ႐ုစိုက္နင္းလာခဲ့ေလသည္ ။ လက္ပါတ္နာရီၾကည့္လိုက္သည့္အခါ မနက္ေလးနာရီပင္ထိုးေနေလၿပီ ။ ခပ္မွန္မွန္နင္းလာရင္းမွ ငါးလမ္းကားမွတ္တိုင္အေရာက္တြင္ မိုးသည္းလာသျဖင့္ မိုးစက္မ်ားက မ်က္ႏွာေပၚသို႔ အရွိန္ျပင္းစြာထိမွန္ေနေသာေၾကာင့္ စက္ဘီးကို လမ္းေဘးထိုးရပ္ၿပီး ကားမွတ္တိုင္အမိုးေအာက္တြင္ မိုးခိုေနလိုက္ေလသည္ ။

ကားအသြားအလာရွင္းေနေသာ လမ္းမႀကီးေပၚတြင္ အေဝးဆီမွ က်ယ္ေလာင္ေသာကားစက္သံကိုၾကားလိုက္ရေသာေၾကာင့္ ကုန္းတံတားေပၚသို႔ လွမ္းၾကည့္လိုက္မိသည္ ။ ကုန္းတံတားေပၚမွ အရွိန္ျပင္းစြာျဖင့္ ဆင္းလာေသာ မီးေရာင္ကိုျမင္လိုက္ကတည္းက ကုန္စိမ္းတင္သည့္ ေဒါ့ဂ်စ္ကားမွန္း ကိုထြန္းျမတ္သိလိုက္ေလသည္ ။ ကုန္စိမ္းတင္သည့္ကားမ်ားက မနက္ပိုင္းႏွစ္ေခါက္ရေအာင္ သြက္သြက္ေျပးဆြဲေနရသျဖင့္ ကားကို တရၾကမ္းေမာင္းတတ္ၾက
ေၾကာင္း ကိုထြန္းျမတ္သိပါသည္ ။

မီးစုံထိုးကာ အရွိန္ျဖင့္ ဆင္းလာေသာ ေဒါ့ဂ်စ္ကားက ကုန္းအဆင္းတြင္ လမ္းေခ်ာ္ကာ လမ္းေဘးသို႔ ထိုးဆင္းၿပီး လမ္းမေပၚသို႔ ျပန္တက္လာသည္ကို အလန္႔တၾကားေတြ႕လိုက္ရသျဖင့္ ကိုထြန္းျမတ္မွာ ဘုရားတမိသြားေလသည္ ။

ကတၱရာလမ္းႏွင့္ လမ္းပုခုံးေျမသားျပင္မွာ တစ္ထြာသာသာမွ် နိမ့္ေနသည့္အတြက္ အရွိန္ျဖင့္ ကတၱရာလမ္းမေပၚသို႔ ျပန္အတက္မွာ ကားတစ္စီးလုံးေျမာက္တတ္ၿပီး ကားေပၚမွ အရာတစ္ခုျပဳတ္က်ခဲ့ေလေတာ့သည္ ။ ကားလမ္းမေပၚသို႔ ျပဳတ္က်သြားေသာအရာမွာ လႉပ္လႉပ္ရွားရွားျဖင့္ ခ်က္ခ်င္း ထထိုင္လိုက္သည္ကို ျမင္လိုက္သျဖင့္ လူတစ္ေယာက္ျပဳတ္က်ခဲ့ေၾကာင္းကိုထြန္းျမတ္ သိလိုက္ေလသည္ ။ ေဒါ့ဂ်စ္ကားေပၚမွ ဆူညံေအာ္ဟစ္သံမ်ားၾကားရၿပီး လူျပဳတ္က်ခဲ့ေၾကာင္းေအာ္ဟစ္သံမ်ားေၾကာင့္ ေဒါ့ဂ်စ္ကားလည္း ႐ုတ္တရက္ဘရိတ္အုပ္ကာ ထိုးရပ္သြားေလေတာ့သည္ ။

ကိုထြန္းျမတ္မွာ ရပ္ၾကည့္မေနႏိုင္ေတာ့ပဲ ျပဳတ္က်ခဲ့ေသာ လူဆီသို႔ အားကုန္ေျပးေလေတာ့သည္ ။ လမ္းမေပၚတြင္ ပက္လက္အေနအထားျဖင့္ လဲေနသူမွာ အမ်ိဳးသမီးတစ္ဦးျဖစ္ေနၿပီး တစ္ကိုယ္လုံး တစ္ဆတ္ဆတ္တုန္ေနကာ ပါးစပ္မွလည္း ေသြးမ်ားစီးက်ေနေလသည္ ။ ကိုထြန္းျမတ္ အမ်ိဳးသမီးကို ေပြ႕ထူလိုက္သည့္အခါ ေနာက္ေစ့ေနရာမွ ေသြးမ်ားက ျမင္မေကာင္းေအာင္ ဒလေဟာ စီးက်လာေနေတာ့သည္ ။

အမ်ိဳးသမီးက ကိုထြန္းျမတ္၏ မိုးကာအက်ႌစကိုဆြဲၿပီး အထိတ္တလန္႔ျဖင့္ မ်က္လုံးျပဴး မ်က္ဆံျပဴးျဖစ္ကာ ပလုံးပေထြးျဖင့္ ေျပာေနေလသည္ ။ ထိုအမ်ိဳးသမီး ဘာေျပာေနမွန္း ကိုထြန္းျမတ္မသိေသာ္လည္း စကားေျပာလိုက္တိုင္း ပါးစပ္ထဲမွ အန္ထြက္လာေသာ ေသြးမ်ားက ကိုထြန္းျမတ္၏ မိုးကာေပၚသို႔ စီးက်ေနေလသည္ ။

ကုန္စိမ္းႀကိဳေသာ ေဒါ့ဂ်စ္ကားေပၚမွ ေဈးသည္မ်ား ၊ ယာဥ္ေမာင္းႏွင့္ ေနာက္လိုက္မ်ား ေရာက္လာခ်ိန္မွာေတာ့ အမ်ိဳးသမီးက ကိုထြန္းျမတ္လက္ေပၚတြင္ ဇက္က်ိဳးက်သြားေလေတာ့သည္ ။ မိုးေရမ်ားႏွင့္အတူ ေသြးမ်ားက လမ္းမေပၚတြင္ ျမင္မေကာင္းေအာင္စီးေနၾကၿပီး မ်က္လုံးျပဴးကာအသက္ထြက္ေနေသာ အမ်ိဳးသမီးကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိသျဖင့္ ကိုယ္ေပၚတြင္ ၿခဳံထားေသာ မိုးကာကို ခြၽတ္ၿပီး အမ်ိဳးသမီး၏ ကိုယ္ေပၚတြင္ ဖုံးအုပ္ေပးလိုက္ေလေတာ့သည္ ။

အမ်ိဳးသမီး၏ကိုယ္ေပၚကို မိုးကာဖုံးအုပ္ေပးရန္ျပင္လိုက္စဥ္ ကိုထြန္းျမတ္တစ္ခုသတိထားလိုက္မိသည္က အမ်ိဳးသမီး၏ ဘယ္ဘက္နားေအာက္တည့္တည့္မွ အေမြးရွည္မ်ားေပါက္ေနသည့္ မွဲ႔နက္ႀကီးတစ္လုံးျဖစ္ေလေတာ့သည္ ။

” ဟဲ့…မွဲ႔ႀကီး… မွဲ႔ႀကီးေရ… မွဲ႔ႀကီးကိုလုပ္ၾကပါဦး… ”

ကိုထြန္းျမတ္၏ နားထဲတြင္ ၾကားေနရသည္က ေသဆုံးသြားသည့္ အမ်ိဳးသမီး၏ အမည္ကို ေအာ္ဟစ္ေခၚေနၾကသည့္ မွဲ႔ႀကီးဆိုသည့္အသံမ်ားသာ….။

————————-

” ဒါဆို….ခင္ဗ်ားက မွဲ႔ႀကီးလား… ”

” ဟုတ္တယ္ေလ…ဒီမွာၾကည့္ပါလား… ”

အမ်ိဳးသမီးက သူမ၏ ဆံပင္ကို သပ္တင္လိုက္ၿပီး ဘယ္ဘက္နားေအာက္မွ အေမြးရွည္မ်ားျဖင့္ ဖုံးေနသည့္ မွဲ႔နက္ႀကီးအား ကိုထြန္းျမတ္ကို ျပလိုက္သည္ ။

” အကိုေၾကာက္သြားၿပီလား… ”

” မေၾကာက္ပါဘူး…”

” ကြၽန္မကိုမေၾကာက္တဲ့သူ အကိုတစ္ေယာက္ထဲပဲရွိေသးတယ္ ၊ အျခးလူေတြမ်ား ကြၽန္မကိုေတြ႕တာနဲ႔ ေသမတတ္ေၾကာက္ၾကတာ ”

” ခင္ဗ်ားက ဘာလုပ္ျပလဲမွမသိတာ ”

” လုပ္ျပမွာေပါ့…ကြၽန္မက အကူအညီလိုလို႔ေတာင္းမလို႔ဟာ…ကြၽန္မကို ေစာ္ကားဖို႔ႀကံစည္ၾကလို႔ ေျခာက္လွန္႔ရတာေပါ့အကိုရ ”

” ဟား…ဟား… မျဖစ္ႏိုင္တာ… သရဲကို မေတာ္မတရားႀကံစည္လို႔ရတယ္ဆိုတာ တစ္ခါမွ မၾကားဖူးေသးဘူး.. ”

” အကိုေျပာတာ ဟုတ္ပါတယ္ ။ ဒါေပမယ့္ ကြၽန္မက ပေထြးႀကံစည္တာခံရဖူးေတာ့ ေၾကာက္တာေပါ့ ”

” ဟင္…ဘယ္လို… ”

” ကြၽန္မေျပာျပမယ္… အကိုေျဖးေျဖးေလွ်ာက္… ကြၽန္မက ႏွစ္ရပ္ကြက္ေဈးကေန ေက်ာ္လို႔မရဘူး.. ဒီဘက္ဆိုရင္ သံလမ္းကေန ေက်ာ္လို႔မရဘူးအကို…..၊ မနက္ငါးနာရီထိုးရင္ ကြၽန္မေနရာကိုျပန္ရေတာ့မယ္… ျမန္ျမန္ပဲေျပာမယ္ …”

” ဟာ…ဒီလိုလဲရွိသလား… ”

” ရွိတာေပါ့အကို… ကြၽန္မအေၾကာင္းေျပာျပမယ္…၊ ကြၽန္မက ဝမ္းတြင္းဇာတိ…၊ အေမက ကြၽန္မဆယ့္ေျခာက္ႏွစ္သမီးမွာ ေနာက္အိမ္ေထာင္ျပဳတယ္ ။ ပေထြးက ဘာအလုပ္မွမလုပ္ပဲ အရက္ပဲေသာက္တဲ့သူ ။ တစ္ရက္ေတာ့ အေမ မရွိတုန္း ကြၽန္မအိပ္ေနတဲ့ ျခင္ေထာင္ထဲကိုဝင္လာၿပီးေစာ္ကားဖို႔ႀကံစည္တယ္..၊ ကြၽန္မလဲ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ေအာ္ဟစ္ၿပီး အေမ့ရဲ႕ ညီမ အေဒၚအိမ္ဆီကိုေျပးတာေပါ့ ၊ ေနာက္ေတာ့ အေမနဲ႔မေနေတာ့ပဲ အေဒၚ့အိမ္မွာပဲေနေတာ့တယ္ ။ အေဒၚ့အိမ္မွာေနလဲ ပေထြးက အေဒၚအလစ္ကိုေျခာင္းၿပီး ကြၽန္မကို ႀကံစည္ဖို႔လုပ္ေနတာ အေဒၚသိသြားတာနဲ႔ ရန္ကုန္မွာေနတဲ့ ကြၽန္မတို႔ၿမိဳ႕က ရပ္ေဆြရပ္မ်ိဳး အိမ္ကိုပို႔လိုက္တယ္ ။ သူတို႔က ဘုန္းႀကီးလမ္းနဲ႔တည့္တည့္ရထားသံလမ္းရဲ႕ ဟိုဘက္ျခမ္းရပ္ကြက္မွာ ေနၾကတယ္ ။ ကြၽန္မလဲ အဲဒီအိမ္မွာေနရင္း သူတို႔နဲ႔ အတူ ႏွစ္ရပ္ကြက္ေဈးမွာ ဟင္းသီးဟင္း႐ြက္ေရာင္းတယ္ ။ ကြၽန္မေသမယ့္ေန႔က အဲဒီကားနဲ႔မလိုက္ပဲ ေနာက္ကးနဲ႔ လိုက္မလို႔ပဲ…၊ ဒါေပမယ့္ ကုန္စိမ္းေစာင့္ရတာ အိပ္ခ်င္တာနဲ႔ ေဈးကိုေစာေစာေရာက္ရင္ ခဏအိပ္မယ္ဆိုၿပီး လိုက္လာခဲ့တာ ။ ဒုံး…ဆိုတဲ့ အသံၾကားၿပီး ကြၽန္မေလထဲေျမာက္တက္သြားသလိုခံစားလိုက္ရတယ္…၊ ေနာက္ေတာ့ ေခါင္းမွာပူကနဲျဖစ္ၿပီး မ်က္လုံးထဲဘာမွမျမင္ေတာ့ဘူး…၊ ကြၽန္မကို လူတစ္ေယာက္ ေပြ႕လိုက္တာသိလို႔ မ်က္လုံးကိုအတင္းဖြင့္ၾကည့္ေတာ့ အႀကိဳဖစ္ေနတယ္…။ အကို႔ကို ျမင္ေတာ့ အားတက္သြားၿပီး ကြၽန္မကို ကယ္ပါလို႔ ေျပာေနမိတာ…။ ေနာက္ေတာ့ဘာျဖစ္သြားမွန္းမသိေတာ့ဘူး…၊ ခဏၾကာတဲ့အခါမွာ ကြၽန္မကိုယ္ကြၽန္မ ျမင္ေနရတယ္…။ ကြၽန္မကို အကိုမိုးကာၿခဳံေပးတာကိုလဲ ျမင္ေနရတယ္ ။ ကြၽန္မသူငယ္ခ်င္းေတြက ကြၽန္မနားမွာ ေအာ္ငိုေနၾကတာကိုလဲ ေတြ႕ေနရတယ္ ။ အကိုလွည့္ထြက္သြားလို႔ အကို႔ေနာက္ကို လိုက္ၿပီး ေက်းဇူးတင္ေၾကာင္းေျပာေနတာ ၊ အကိုက စက္ဘီးေပ်ာက္သြားလို႔ ေဒါသထြက္ေနတာလဲ ကြၽန္မေတြ႕တယ္…။ ကြၽန္မရဲ႕ အေလာင္းကို သယ္သြားၾကလို႔ ကြၽန္မလိုက္သြားတာ ႏွစ္ရပ္ကြက္ေဈးနားေရာက္ေတာ့ လူထြားထြားႀကီးေတြက ကြၽန္မကို ေဆာင့္တြန္းၿပီး ဒီကေန ေက်ာ္ၿပီးဘယ္မွမသြားရဘူးလို႔ေျပာတယ္…။ ဒါနဲ႔ ကြၽန္မလဲ ကြၽန္မေသခဲ့တဲ့ ေနရာနားမွာပဲ ေနရတာေပါ့အကို ”

” ဟာ….. စိတ္မေကာင္းလိုက္တာ…. ညီမနံမည္က ဘယ္သူလဲကြ ”

” ကြၽန္မနံမည္က ၾကည္ၾကည္ေဆြပါ…၊ နံမည္ကအေရးမႀကီးေတာ့ပါဘူးအကို…၊ မွဲ႔ႀကီးလို႔ပဲလူသိမ်ားပါတယ္ ”

” ငါ့ညီမတည္းတဲ့အိမ္ကေရာ … အလႉအတန္းလုပ္ၿပီး အမွ်မေဝၾကဘူးလား… ”

” လုပ္သလား…မလုပ္သလား…ေဝသလား…မေဝသလားဆိုတာ…ကြၽန္မ မသိဘူးအကို…၊ ကြၽန္မကို လူႀကီးတစ္ေယာက္ေျပာတာေတာ့ ကြၽန္မေနရာမွာ အစားထိုးဖို႔တစ္ေယာက္လာရင္ လူ႔ဘဝထဲကို ျပန္သြားလို႔ရၿပီဆိုလို႔ ကြၽန္မကို အမွ်ေပးမွာေတာင္ ေၾကာက္ေနတာ… ”

” ျဖစ္ရမယ္ ညီမရယ္… ”

” အကို…သြားေတာ့… ၊ ႏွစ္ေဈးနားေရာက္ေတာ့မယ္ ”

မွဲ႔ႀကီးဆိုသည့္ အမ်ိဳးသမီးေျပာလိုက္မွ ကိုထြန္းျမတ္သတိထားလိုက္မိသည္ ။ စက္ဘီးတြန္းရင္းစကားေျပာလာၾကသည္မွာ ပါတ္ဝန္းက်င္ကိုပင္ သတိမမူႏိုင္မိေပ..။ လက္မွနာရီကိုၾကည့္လိုက္သည့္အခါ မနက္ေလးနာရီခြဲေနေလၿပီ ။ အလုပ္ဝင္ရန္ နာရီဝက္ေနာက္က်ေနၿပီမို႔ စက္ဘီးေပၚအျမန္တက္ကာ စက္႐ုံသို႔ ခပ္သြက္သြက္နင္းခဲ့ေလေတာ့သည္ ။

—————————–

” ဆရာ…. ေနာက္ေန႔ေတြမွာ …ညရွစ္ – မနက္ ေလး ျဖစ္ျဖစ္ မနက္ ေလး – ေန႔ဆယ့္ႏွစ္ျဖစ္ျဖစ္ ဆင္းျခင္တယ္..၊ ျဖစ္မလား…”

” ဘယ္လိုျဖစ္ရျပန္တာလဲ ကိုထြန္းျမတ္… ခင္ဗ်ားပဲ ည ရွစ္ – ေလးနဲ႔ မနက္ ေလး – ဆယ့္ႏွစ္က အိပ္ေရးပ်က္တ
ယ္ဆို..”

” အိပ္ေရးပ်က္လဲ ပ်က္ေတာ့…ကြၽန္ေတာ့္မွာ အျခားကိစၥေလးေတြရွိေနလို႔ ”

” ဟဲ…ဟဲ…လူပ်ိဳႀကီးေတာ့ တစ္ခုခုပဲဗ်… ”

” ဟိုကိစၥ…ဒီကိစၥေတြမဟုတ္ပါဘူးဗ်ာ… ကြၽန္ေတာ့္ရဲ႕ ကိုယ္ေရးကိုယ္တာ အလုပ္ေလးရွိေနလို႔ပါ ”

” ရပါတယ္ ကိုထြန္းျမတ္ရယ္..၊ အိမ္ေထာင္သည္ေတြက အဲဒီအခ်ိန္ကို မယူခ်င္ၾကဘူးေလ…။ ဒါ့ေၾကာင့္ အိမ္ေထာင္မရွိတဲ့သူေတြကို တစ္လွည့္စီယူခိုင္းေနရတာေပါ့ ၊ အခုလို အခ်ိန္ပုပ္ျပတ္ယူမယ္ဆိုေတာ့ ကိုမင္းသူတို႔လို အိမ္ေထာင္သည္ေတြအတြက္ ဟန္က်တာေပါ့…၊ ဒီလိုလုပ္ဗ်ာ….ကိုမင္းသူကို ေန႔ ဆယ့္ႏွစ္ ည ရွစ္ယူခိုင္းလိုက္မယ္..။ တိုးလြင္ကို ည ရွစ္…မနက္ ေလးယူခိုင္းမယ္..၊ ဒါဆိုရင္ ခင္ဗ်ားက မနက္ ေလး – ေန႔ ဆယ့္ႏွစ္ျဖစ္သြားမယ္… အဆင္ေျပမလား…”

” သိပ္ေျပတာေပါ့ဆရာ… ေက်းဇူးပဲ… ”

” ဒါဆို…ဒီေန႔ညရွစ္နာရီကေန စခ်ိန္းလိုက္မယ္.. ၊ တစ္ေယာက္ ႏွစ္နာရီေတာ့ ပိုလုပ္ရမွာေပါ့ ၊ ဒါမွ အခ်ိန္ညႇိလို႔ရမွာေလ.. ။ ေနာက္မို႔ဆို တစ္ေယာက္က အခ်ိန္ပိုမ်ားသြားမွာေပါ့ ”

” ဒီလိုလုပ္ဗ်ာ… အခု အိမ္ခဏျပန္မယ္…၊ မနက္ေလးနာရီမွာ ျပန္ဝင္ေပးမယ္…ဒါဆိုျဖစ္မလားဆရာ.. ”

” အခုပဲ မနက္တစ္နာရီထိုးေနၿပီ ။ မနက္ေလးနာရီျပန္ဝင္ေပးရင္ေတာ့ အားလုံးအဆင္ေျပသြားမွာေပါ့…၊ ဒါေပမယ့္ ခင္ဗ်ားက ဘယ္အခ်ိန္သြားအိပ္မွာလဲ…အိပ္ခ်ိန္မရွိပဲျဖစ္သြားမွာေပါ့ ”

” ကြၽန္ေတာ္က စၿပီးေတာင္းဆိုတာဆိုေတာ့ ကြၽန္ေတာ္ကအနစ္နာခံရမွာေပါ့ဗ်ာ…အိပ္ခ်ိန္မရွိတာအတြက္မပူနဲ႔…၊ ဒီမနက္ ပစၥည္းေတြေရာက္မယ္ေလ…၊ ကုန္ေတြဂိုေထာင္ထဲသယ္ေနတုန္း ႏွစ္နာရီေလာက္ ေမွးလို႔ရတာေပါ့…ဟဲဟဲ… ”

” တယ္လဲဟုတ္တဲ့လူ…. ကိုယ့္တြက္ကိန္းနဲ႔ကိုယ္ ဟုတ္ေနတာပဲ…ဟား..ဟား.. ”

———————–

အခ်ိန္ေတြၾကာလာသည္ႏွင့္အမွ် ျဖစ္ေတာင့္ျဖစ္ခဲလွေသာ လူသားစင္စစ္ႏွင့္ ပရေလာကသားတစ္ဦးတို႔၏ သံေယာဇဥ္က ပိုလာၾကေလသည္ ။ ဘဝျခားေနၾကေသာ္လည္း သံလမ္းေပၚမွ ေန႔စဥ္ေစာင့္ေနတတ္ေသာမွဲ႔ႀကီးႏွင့္ မနက္ေလးနာရီအလုပ္ဝင္ခ်ိန္ထက္ေစာၿပီး မနက္သုံးနာရီအေရာက္လာတတ္ေသာ ကိုထြန္းျမတ္တို႔၏ ရင္းႏွီးခင္မင္မႉအား အျခားသူမ်ားကိုေျပာျပပါလွ်င္ ယုံၾကည္ႏိုင္လိမ့္မည္မဟုတ္ပါေပ ။

ရင္းႏွီးလာသည္ႏွင့့္အမွ် ကိုထြန္းျမတ္ႏွင့္ မွဲ႔ႀကီးတို႔မွာ တစ္ဦးႏွင့္တစ္ဦး ေျပာမနာဆိုမနာ ပြင့္လင္းစြာဆက္ဆံလာခဲ့ၾကပါေတာ့သည္ ။

” မွဲ႔ႀကီး…မေန႔ညဆယ့္ႏွစ္နာရီေက်ာ္ေလာက္က လူတစ္ေယာက္စက္ဘီးစီးလာတာ ေနာက္ကဆြဲထားတယ္လို႔ ၾကားတယ္..၊ အဲဒါ ညီမလား ”

” ဟုတ္တယ္.. ညီမဆြဲထားတာ ”

” ဘာလို႔လုပ္ရတာလဲဟာ… ဟိုမွာ တက္ၿပီးသတိလစ္သြားလို႔ ေဆး႐ုံေရာက္သြားၿပီ ။ လူသိတာျမန္လို႔ေပါ့…၊ လူသာမသိရင္ အဲဒီလူေသတယ္ ”

” ေသပါေလ့ေစ…၊ အဲဒီလူေသသြားရင္ ညီမလဲ ကြၽတ္ၿပီ ”

” ဟ…အဲဒီလို မလုပ္ရဘူးေလ…၊ လူတစ္ေယာက္ကိုေသေအာင္လုပ္တာ ငရဲဘယ္ေလာက္ႀကီးတယ္မွတ္သလဲ…၊ မေတာ္လို႔ေသသြားရင္ ငါ့ညီမလူမျဖစ္ပဲ ေနာက္ဘဝတစ္ခုကိုေရာက္သြားမွာမေၾကာက္ဘူးလား… ”

” ေၾကာက္ေတာ့ေၾကာက္တာေပါ့အကိုရဲ႕… အဲဒီလူကိုေတြ႕ခ်င္ေနတာ ၾကာၿပီ…၊ ႀကဳံတာနဲ႔ လုပ္ထည့္လိုက္တာ ”

” အဲဒီလူက ညီမနဲ႔ ရန္ညႇိဳးရွိခဲ့ဘူးလို႔လား…”

” မရွိပါဘူး… ”

” ဒါဆိုဘာလို႔လုပ္ရသလဲကြာ… ”

” ဘာလို႔လုပ္ရသလဲဆိုေတာ့…အဲဒီလူက အကို႔စက္ဘီးကိုခိုးသြားတဲ့လူေလ…၊ သူစီးလာတဲ့စက္ဘီးက အကို႔စက္ဘီး ၊ သူက ေရကူးမွာေနတာ…။ ညီမက နယ္ေက်ာ္လို႔မရလို႔ … နယ္ေက်ာ္လို႔သာရရင္ အဲဒီလူ ေသႏွင့္တာၾကာၿပီ ”

” အဲဒီေလာက္ စိတ္ထဲမထားပါနဲ႔ဟာ…စက္ဘီးတစ္စီးအတြက္နဲ႔ အနာဂါတ္ကိုမလဲခ်င္ပါနဲ႔ ”

” အဲဒီစက္ဘီးက ညီမေၾကာင့္ ခိုးခံရတာေလ…၊ အကို႔ဆီလာေနတုန္းမွာ အကို႔စက္ဘီးကို ဒီလူစီးသြားတာ ညီမေတြ႕လိုက္လို႔ အဲဒီလူကို ေသေသခ်ာခ်ာမွတ္ထားတာ…။ အနံ႔ေရာ…မ်က္ႏွာေရာကို မွတ္မိတယ္ ”

” ထားလိုက္ပါကြာ…၊ အကိုလဲ ျပန္ဝယ္ၿပီးၿပီပဲ … ေနဦး…ေမးမလို႔ ”

” ဟုတ္ကဲ့…ေမးေလအကို ”

” ငါ့ညီမ အစာမစားပဲေနလို႔ရေနတာလား ”

” အစာမစားရတာ ၾကာၿပီအကို…၊ အခ်ိန္မေတာ္ ဟိုလူဆြဲလာတဲ့ အထုပ္…ဒီလူဆြဲလာတဲ့အထုပ္ကို ေျခာက္လွန္႔လႊတ္ၿပီး သူတို႔က်န္ခဲ့မွ စားရတာ ၊ ရတာေတြကလဲ ၾကက္႐ိုးတို႔ ေခါက္ဆြဲေၾကာ္တို႔ပဲ…၊ အမဲသားဟင္းေတာင္မပါဘူး ”

” ေဟာဗ်ာ…..ညီမေျခာက္လိုက္တဲ့သူေတြက အရက္သမားေတြျဖစ္မယ္…၊ ၾကည့္လဲလုပ္ဦး..အရက္သမားေတြက သရဲမေၾကာက္တတ္ဖူးေနာ္… ”

” မထင္ပါနဲ႔ အကိုရာ… လမ္းေပၚကိုအျပည့္ေလွ်ာက္လာတဲ့ အရက္သမားလဲ ညီမကိုေတြ႕ရင္ ေျပးတာပါပဲ ”

” ငါ့ညီမက အဲဒီေလာက္ ေၾကာက္စရာေကာင္းလို႔လား….၊ အကို႔အျမင္ေတာ့ လူလိုပါပဲကြာ ”

” ဒါက အကို႔ကိုေၾကာက္မွာစိုးလို႔ မူလပုံသ႑န္ပဲ လုပ္ထားတာကိုး…။ ပကတိပုံကိုျမင္ရင္ အကိုထြက္ေျပးမွာေပါ့…၊ အကိုညီမကိုေၾကာက္ၿပီးထြက္ေျပးသြားရင္ အကို႔ကို ဘယ္ေတာ့မွ ေတြ႕ရမွာ မဟုတ္ေတာ့ဘူးေလ…အကိုနဲ႔ ေန႔တိုင္းေတြ႕ခ်င္လို႔ ညီမရဲ႕ အခုလက္ရွိ႐ုပ္ကို မျပတာပါ ”

မွဲ႔ႀကီး၏ စကားေၾကာင့္ ကိုထြန္းျမတ္ရင္ထဲတြင္ နင့္ကနဲေနေအာင္ခံစားလိုက္ရေလသည္ ။

” အကိုမေၾကာက္ပါဘူးညီမေလး…၊ ငါ့ညီမရဲ႕ ပကတိ ႐ုပ္ကို ၾကည့္ပါရေစ ”

” မလုပ္ပါနဲ႔ အကိုရယ္…၊ အကို႔ကို အဆုံးရႉံးမခံႏိုင္လို႔ပါ ”

” ငါ့ညီမက ဘယ္ေလာက္ပဲ ေၾကာက္စရာေကာင္းေနပါေစ…အကို႔ညီမက အကို႔ညီမပဲ…၊ အကို႔ညီမကို ဘယ္ေတာ့မွ ေၾကာက္မွာ မဟုတ္ဘူး…”

” တကယ္လား အကို… ”

” အကိုတကယ္ေျပာေနတာ ”

” ညီမေတာ့ မထင္ဘူးေနာ္…၊ အကိုညီမကိုထားၿပီး ထြက္ေျပးမွာပါ ”

” အကိုကတိေပးတယ္ ညီမေလး..။ ထြက္ကိုမေျပးဘူး..”

” တကယ္ေနာ္အကို…”

” တကယ္… ”

” ေနာက္မွ ညီမကို အျပစ္မတင္ရဘူး…မထားခဲ့ရဘူးေနာ္ ”

” အကိုက ေၾကာက္ကိုမေၾကာက္တတ္တာ… ငါ့ညီမဆိုေတာ့ ပိုဆိုးတာေပါ့ကြာ…ေၾကာက္စိတ္ကိုမရွိတာယုံပါ ”

” အကို႔ကိုယုံပါတယ္…ဒါဆို တံတားနားသြားရေအာင္.. ”

” သြားေလ… ”

မွဲ႔ႀကီးေခၚေဆာင္ရာ ကုန္းတံတားနားသို႔ ကိုထြန္းျမတ္က စက္ဘီးတြန္းကာလိုက္သြားေလသည္ ။ တံတားတိုင္ကြယ္နားအေရာက္တြင္…

” အကို…ေသခ်ာပါတယ္ေနာ္… ”

” ေသခ်ာတာေပါ့ကြာ….. ”

” အဲဒါဆိုလဲ ၾကည့္ေပေတာ့…… အကို႔ကို ေၾကာက္မွာစိုးလို႔ ႐ုတ္တရက္မျပဘူးေနာ္…”

မွဲ႔ႀကီး၏ အသြင္ သ႑ာန္က တျဖည္းျဖည္းေျပာင္းလဲလာေလၿပီ…။ ဆံပင္ဖားလ်ားက ေျချဖားအထိရွည္လ်ားၿပီး မ်က္လုံးမ်ားက ရဲရဲနီကာ မ်က္လုံးတစ္လုံး တစ္လုံးက လူႀကီးလက္သီးဆုပ္ေလာက္ရွိေလသည္ ။ ပါးစပ္ကိုဟလိုက္သည့္အခါမွာေတာ့ အပုပ္နံ႔ေထာင္းေထာင္းထကာ လွ်ာက တစ္ေတာင္နီးပါးမွ်ထြက္လာသလို သြားေအာက္ဖက္ရွိ အစြယ္ႏွစ္ေခ်ာင္းက လက္ညႇိဳးတစ္ေခ်ာင္းစာမွ် ရွိေလသည္ ။ ကိုယ္လုံးဟူ၍ ေျပာလို႔မရႏိုင္ပဲ ထက္ေအာက္ေျဖာင့္စင္းေနေသာေနရာမ်ားတြင္ ၾကမ္းတမ္းေသာ အေမြးအျမႇင္မ်ားျဖင့္ ျပည့္ႏွက္ေနေလသည္ ။

” ရပါၿပီညီမေလး… ေတာ္ေလာက္ပါၿပီ ။ ငါ့ညီမက သရဲမွမဟုတ္ေတာ့တာ…သဘက္ေတာင္ျဖစ္ေနၿပီပဲ ”

မူလအသြင္သို႔ ခ်က္ခ်င္းေျပာင္းလဲသြားေသာမွတ္ႀကီးက ကိုထြန္းျမတ္ကိုၾကည့္ၿပီး…..

” အကိုက တကယ္မေၾကက္တတ္ဖူးပဲ…. ေျခာက္ရတာေတာင္ရွက္လာၿပီ …ငါ့အကိုက သရဲေျပးပဲ… ”

” အကိုေျပာသားပဲ… မေၾကာက္တတ္ပါဘူးဆိုမွ…”

” အကို…. အလုပ္သြားဖို႔အခ်ိန္နီးေနၿပီ… အကိုစက္ဘီးနင္း…ညီမေနာက္ကလိုက္ခဲ့မယ္..”

” ဟုတ္သား…. ကဲ…သြားၾကစို႔… ”

” အကို… အရင္လိုပဲ စက္ဘီးနင္းရင္း သီခ်င္းဆိုပါဦး…”

စက္ဘီးကို မွန္မွန္နင္းရင္း ကိုထြန္းျမတ္၏ ႏႉတ္ျဖားမွ တီးတိုးညင္သာေသာ သီခ်င္းသံက ႏွစ္ကိုယ္ၾကား႐ုံ ပ်ံ႕လြင့္ေနေလေတာ့သည္ ။

—————–

အစာမစားရသည္မွာၾကာၿပီျဖစ္ေၾကာင္း မွဲ႔ႀကီးက ေျပာခဲ့သျဖင့္ ကိုထြန္းျမတ္မွာ ထမင္းႏွင့္ အမဲသားဟင္းကို ထုပ္ၿပီး တကူးတက သယ္လာေပးရွာပါသည္ ။

” မွဲ႔ႀကီး…ေရာ့….ညီမအတြက္ အမဲသားဟင္းယူလာတာ…၊ အကိုက အမဲသားမစားဘူး ၊ ညီမစားဖို႔အတြက္ သူငယ္ခ်င္းအိမ္မွာခ်က္ခိုင္းထားတာ ”

” အကို… ညီမက အဲဒီလိုေကြၽးရင္ စားလို႔မရဘူး…”

” ေဟ…. ဘယ္လိုေကြၽးရမွာလဲ ”

” ဟိုကန္စြန္းခင္းနားကိုသြားၿပီး အဲဒီထမင္းထုပ္ကို ေနာက္ျပန္ပစ္ေပး ၊ အကိုလွည့္မၾကည့္နဲ႔ …”

” ဟ…… ကန္စြန္းခင္းထဲက်သြားရင္ ဘယ္လိုလုပ္မလဲ ”

” မက်ပါဘူး…၊ အားနဲ႔မပစ္နဲ႔ေလ…။ ျဖည္းျဖည္းပဲပစ္…”

” ကဲ…ဒါဆိုလဲ ကန္စြန္းခင္းနားသြားၾကတာေပါ့ ”

ကားလမ္းေဘးရွိ ကန္စြန္းခင္းနား သို႔ေရာက္လွ်င္ ထမင္းထုပ္ကို ကိုင္ကာ ေနာက္ျပန္ အသာအယာပစ္လိုက္ေလသည္ ။

ထမင္းထုပ္က်သြားသံႏွင့္အတူ မာန္ဖီသံၾကားလိုက္ရသျဖင့္ ေနာက္သို႔ မသိမသာလွည့္ၾကည့္လိုက္ရာ…. ခါးေစာင္းေလာက္ရွိသည့္ မဲနက္ေနေသာ ေခြးနက္ႀကီးက ထမင္းထုပ္ကို အငမ္းမရစားေနသည္ကိုေတြ႕လိုက္ရေလသည္ ။ ကိုထြန္းျမတ္လွည့္ၾကည့္ေနသည္ကို ေခြးနက္ႀကီးက ေတြ႕သြားသျဖင့္ သားရည္တျမားျမားက်ေနေသာ အစြယ္မ်ားကိုၿဖဲကာ မာန္တစ္ခ်က္ဖီလိုက္ေလသည္ ။ ကိုထြန္းျမတ္လဲ သေဘာေပါက္သြားသျဖင့္ လွည့္မၾကည့္ေတာ့ပဲ စက္ဘီးထားရာေနရာသို႔ ေလွ်ာက္လာခဲ့ေလေတာ့သည္ ။

” အကို…. ”

စက္ဘီးနားမွာထိုင္ေနေသာ ကိုထြန္းျမတ္ကို အေနာက္မွ ေခၚလိုက္သျဖင့္ လွည့္ၾကည့္လိုက္သည္ ။

” စားၿပီးၿပီလား… ”

” စားၿပီးၿပီအကို…ေက်းဇူးတင္ပါတယ္…”

” စားလို႔ေကာင္းရဲ႕လား.. ”

” ေကာင္းတာမွ ဘယ္လိုေျပာရမွန္းကိုမသိေအာင္ ေကာင္းတယ္အကို… မစားရတာၾကာၿပီေလ ”

” ငါ့ညီမလဲ သနားပါတယ္…၊ အကိုေန႔တိုင္းယူလာၿပီး ေကြၽးမယ္ေနာ္… ”

” ဟုတ္ကဲ့အကို… အကို႔ေက်းဇူးကို ဘယ္ေတာ့မွမေမ့ပါဘူး… ေနဦး…ေနဦး…လွည့္မၾကည့္ပါနဲ႔ဆိုတာ ဘာလို႔ လွည့္ၾကည့္ရတာလဲ ”

” အကိုလဲ ဂီး ဆိုတဲ့ အသံၾကားလို႔ ဘယ္ကေခြးေတြ မာန္ဖီၿပီး ထမင္းထုပ္ဝင္ဆြဲသလဲလို႔ လွည့္ၾကည့္မိတာ…”

” အခုေတာ့ ေၾကာက္စရာေကာင္းတဲ့ ေခြးမႀကီးကို ေတြ႕သြားတယ္မဟုတ္လား… ”

” ညီမေလး… ဘဝတစ္ခုမွာ ျဖစ္တည္မႉေတြရွိၾကတယ္….။ လူေတြက လူလူခ်င္းၾကည့္လို႔ေကာင္းတယ္… လွတယ္လို႔ထင္ၾကမယ္…။ အၿမီးပါတဲ့ တိရိစာၦန္ေတြက လူေတြကိုၾကည့္ၿပီး အၿမီးမပါလို႔ ေလွာင္ရယ္ခ်င္ရယ္ၾကလိမ့္မယ္ ။ တကယ္ေတာ့ ဘာမွ မထူးဆန္းပါဘူး…။ ညီမလဲ ဒီဘဝမွာ အၾကာႀကီးေနရမွာမဟုတ္သလို အကိုလဲ လူ႔ဘဝမွာ အၾကာႀကီးမေနရပါဘူး…။ အသြင္အမ်ိဳးမ်ိဳးနဲ႔ ဘဝအမ်ိဳးမ်ိဳးမွာ က်င္လည္ၾကရဦးမွာပါကြာ… ”

” အကိုရယ္… အကို႔ဆီမွာ ညီမေလး အၿမဲလာေနလို႔ရရင္ သိပ္ေကာင္းမွာပဲ ”

” အကိုလဲစဥ္းစားၿပီးသားပါ…”

” တကယ္…. ဘယ္လိုမ်ိဳးစဥ္းစားထားတာလဲအကို…ညီမေလးကိုေျပာျပပါလား… ”

” အကိုေရွ႕လမွာ အိမ္ေထာင္ျပဳေတာ့မယ္ ညီမေလး…၊ အိမ္ေထာင္ျပဳၿပီးရင္ အခုလိုမ်ိဳးညီမေလးနဲ႔ ေတြ႕ခြင့္ရမွာ မဟုတ္ေတာ့ဘူး… ”

” ဟာ…အကိုရာ… ဘာျဖစ္လို႔ ေတြ႕လို႔မရ ရမွာလဲ …အကို႔ဆီကိုညီမေလး လာလို႔မရလို႔..လာလို႔ရရင္ လာခဲ့ပါတယ္… ညီမေလးလာလို႔မရလဲ အခုလိုမ်ိဳး အကိုလာေတြ႕ေပါ့ ”

” မျဖစ္ဖူးေလ…ညီမေလး..၊ အိမ္ေထာင္က်ၿပီးရင္ အလုပ္ခ်ိန္ကို မနက္ပိုင္းေျပာင္းရေတာ့မွာ…၊ သားမယားနဲ႔ ညဘက္အတူရွိေနမွ ျဖစ္မွာေပါ့ ”

” အင္း…ဒါလဲ ဟုတ္ပါတယ္…၊ အကိုနဲ႔ညီမေလးတို႔ မေတြ႕ရေတာ့ဘူးေပါ့ေနာ္… ”

” အၿမဲေတြ႕လို႔ရေအာင္ အကိုက အျမန္ဆုံးအိမ္ေထာင္ျပဳလိုက္တာပါဆို… ေနာက္မို႔ဆို ေရွ႕ႏွစ္ေလာက္မွ မဂၤလာေဆာင္မလို႔ ”

” ဟင္…အကို… ဘာကိုေျပာတာလဲဟင္.. ”

” အကို အိမ္ေထာင္က်ၿပီးရင္ အကို႔မိန္းမဆီမွာ ညီမေလး ျပန္ဝင္စားႏိုင္ေအာင္လို႔ အျမန္စီစဥ္လိုက္ရတာ ”

” ဟင္…အကို… မျဖစ္ဘူးေလ ”

” ဘာကို မျဖစ္ရမွာလဲ ”

” အကို႔ကိုေျပာဘူးတယ္ေလ…..၊ ညီမေလးေနရာမွာ တစ္ေယာက္ေယာက္ အစားဝင္လာမွ ညီမေလးက လူ႔ဘဝထဲဝင္စားလို႔ရမွာ… ”

” ဟာ…. ဟုတ္သားပဲ…..၊ ဒါဆို ဒီလိုလုပ္မယ္…။ အကို အိမ္ေထာင္အရင္ျပဳထားမယ္…။ သားသမီးမယူေသးဘူး…။ ညီမေလး ကြၽတ္ခ်ိန္တန္တာနဲ႔ သားသမီးယူလိုက္မယ္ ”

” ဟယ္…..တကယ္ေနာ္…အကို…. ”

” တကယ္ေပါ့ကြာ…. ”

” ေပ်ာ္လိုက္တာအကိုရာ…… ညီမေလး အရမ္းခ်စ္တဲ့ အကို႔ကို အေဖေနရာမွာျမင္ေတြ႕ရေတာ့မယ္..၊ ျပဳစုခြင့္ရေတာ့မယ္..၊ အကို…ကတိတည္ပါေနာ္…ညီမေလးေစာင့္ေနမယ္ ”

” ကတိတည္တာေပါ့ညီမေလးရယ္..။ ငါ့ညီမကို အကို႔ဘဝထဲလာေစခ်င္လို႔ စီစဥ္ေနတာပဲကြာ ”

” ညီမေလး ေက်နပ္ပါၿပီအကိုရယ္ ”

” တစ္ခုမွာခ်င္တယ္ညီမေလး ”

” ဟုတ္ကဲ့အကို….ညီမေလးနားေထာင္ေနပါတယ္ ”

” ဒီေနာက္ပိုင္းမွာ ဘယ္သူ႔ကိုမွ မေျခာက္လွန္႔ပါနဲ႔…၊ ေနာက္ၿပီး လူ႔ဘဝကိုလာခ်င္ေဇာနဲ႔ ေနရာလဲဖို႔အတြက္ ဘယ္သူ႔အသက္ကိုမွ မယူပါနဲ႔…။ ညီမေလး ဆက္ၿပီးေျခာက္လွန္႔ေနမယ္ဆိုရင္ ဘယ္သူမွ မခံႏိုင္တဲ့အဆုံး ကမၼဝါဖတ္ၿပီးႏွင္ထုတ္ၾကလိမ့္မယ္..။ အစားထိုးေနရာလဲဖို႔ လုပ္ခဲ့ရင္လဲ နတ္ေကာင္းနတ္ျမတ္ေတြက ခြင့္မလႊတ္တဲ့အတြက္ ညီမေလးကို ျပစ္ဒါဏ္ေပးလိမ့္မယ္ ။ ငရဲလဲက်ႏိုင္တယ္…။ ရည္႐ြယ္ခ်က္ေတြ မပ်က္ေအာင္ ဘယ္သူဘာပဲလုပ္လုပ္ သည္းခံၿပီး ေနပါ… ”

” ဟုတ္ကဲ့အကို… စိတ္ခ်ပါ…။ ညီမေလးအဆင္သင့္ျဖစ္တာနဲ႔ အကို႔ကို အိပ္မက္လာေပးပါ့မယ္ ။ အဲဒီအခါက်ရင္ အခုလို မနက္ေလးနာရီေလာက္မွာ ညီမေလး ေသခဲ့တဲ့ ေနရာက ခဲတစ္လုံးကိုယူၿပီး ၾကည္ၾကည္ေဆြ ေခၚ….မွဲ႔ႀကီး… အကိုနဲ႔လိုက္ခဲ့ပါလို႔ သုံးႀကိမ္ေခၚေပးပါ ။ အဲဒီခဲလုံးကို အိမ္ၿခံေရွ႕မွာခ်ထားၿပီး အိမ္ေစာင့္နတ္နဲ႔ ၿခံေစာင့္နတ္ကို ညီမေလးကို ေခၚဖို႔ သုံးႀကိမ္တိတိ ခြင့္ေတာင္းေပးပါ ။ ညီမေလးဝင္လာခြင့္ရတာနဲ႔ အကိုအိပ္ေပ်ာ္ေနရင္ အိပ္မက္ေပးပါ့မယ္…။ အကိုအိပ္မေပ်ာ္ခဲ့ရင္ေတာ့ အကိုသိသာေအာင္ တစ္ခုခုနဲ႔ အသိေပးပါ့မယ္…။ အဲဒီအခါက်ရင္ ၿခံေရွ႕ကခဲလုံးကိုယူၿပီး အကိုနဲ႔ အမတို႔ရဲ႕ အိပ္ယာထဲမွာ ထားေပးပါအကို ”

” စိတ္ခ်…ညီမေလး…ညီမေလးေျပာတာေတြ အကိုမွတ္ထားတယ္…။ ညီမေလးသာ အကိုေျပာတာကို လိုက္နာပါ ”

” ညီမေလးကိုစိတ္ခ်ပါအကို…အကို႔ကိုအရမ္းခ်စ္လို႔ …အကိုနဲ႔အတူေနခ်င္လြန္းလို႔ အကိုေျပာတဲ့စကားကို နားေထာင္ပါ့မယ္ ”

————————-

မွဲ႔ႀကီးႏွင့္ ကိုထြန္းျမတ္တို႔၏ ေမတၱာတရားကို ကံဇာတ္ဆရာကပဲ သိေလသလား…၊ သို႔တည္းမဟုတ္… ေရွးယခင္ဘဝကပင္ အက်ိဳးဆက္ အေၾကာင္းဆက္မ်ားေၾကာင့္ပဲ ျဖစ္ေလမလားဆိုသည္ကို မည္သူမွသိႏိုင္မည္မဟုတ္ပါေပ..။ ကိုထြန္းျမတ္ အိမ္ေထာင္က်ခဲ့သည္မွာ သုံးလျပည့္ခဲ့ေလၿပီ…သားသမီးမယူေသးပဲ သုံးလတားေဆးထိုးထားသည္မွာလဲ ရက္ျပည့္ေနပါၿပီ ။ ကံဇာတာ အေျပာင္းအလြဲ စတင္ခဲ့သည့္ေန႔မွာေတာ့………

ထိုေန႔က အလုပ္ကို မနက္ေလးနာရီအေရာက္ မသြားမျဖစ္သြားရမည့္ ကိစၥေပၚလာေလသည္ ။ စက္႐ုံမွ စက္ဆရာ ကိုတိုးလြင္တစ္ေယာက္ ဗိုက္အရမ္းေအာင့္၍ ေဆး႐ုံသို႔ အေရးေပၚသြားရေသာေၾကာင့္ ကိုတိုးလြင္၏ အခ်ိန္ မနက္ေလးနာရီမွ မနက္ဆယ့္ႏွစ္နာရီကို ေခတၱ တာဝန္ေျပာင္းလဲ ယူရပါေတာ့သည္ ။

” ကိုကိုရယ္… မနက္အေစာႀကီး…ျဖစ္ပါ့မလား..။ လမ္းမွာ လူေျချပတ္ကျပတ္နဲ႔ ”

” ေမနဲ႔ မညားခင္ကတည္းက သြားလာေနက်ပါကြာ…။ ဘာမွမစိုးရိမ္ပါနဲ႔… ”

” ေမေျပာတာက…မေန႔ညကရွစ္နာရီ အလုပ္ဆင္းၿပီး အိမ္ကို ဆယ္နာရီနီးပါးမွေရာက္တယ္..။ စားတာေသာက္တာနဲ႔ ညအိပ္ခ်ိန္က ဆယ့္ႏွစ္နာရီထိုးေရာ..။ အခုက်ေတာ့ မနက္ေလးနာရီထသြားရျပန္ၿပီဆိုေတာ့ အိပ္ခ်ိန္မရွိပဲ မူးလဲေနမွာစိုးရိမ္လို႔ပါ ”

” ဘာမွမျဖစ္ပါဘူးကြာ…စိတ္ခ်ပါ…။ အေရးေပၚဆိုေတာ့ ဘယ္တတ္ႏိုင္မလဲကြာ… တိုးလြင္ကလဲ ျဖစ္ခ်င္လို႔ျဖစ္တာမွမဟုတ္တာ ။ ေမလဲျပန္အိပ္လိုက္ဦး….အေစာႀကီးရွိေသးတယ္ ”

” ေမက ဘယ္လိုလုပ္ျပန္အိပ္လို႔ရေတာ့မွာလဲလို႔… စိုးရိမ္ေနတာနဲ႔ပဲ အိပ္လို႔ကိုရမွာမဟုတ္ေတာ့ဘူး… ”

” ကဲ…မအိပ္ခ်င္လဲ ထိုင္ေန…အခ်ိန္မရွိေတာ့ဘူး…ေနာက္က်ေနမယ္..၊ ကိုကိုသြားေတာ့မယ္ေနာ္..အိမ္တံခါးကိုေသခ်ာပိတ္ဦး.. ”

” ဟုတ္ကဲ့ကိုကို… ”

——————–

အလုပ္အခ်ိန္မမွီမွာစိုးတာေၾကာင့္ ကမာၻေအးဘုရားလမ္းေပၚတက္ကတည္းက ကုန္းဆင္းကို အရွိန္ျဖင့္နင္းၿပီးစီးလာခဲ့ေလသည္ ။ တံတားေလး လမ္းဝကို ေကြ႕လိုက္ၿပီး ေျမာက္ဥကၠလာကုန္းတံတားဘက္သို႔ ဦးတည္ကာ ခပ္သြက္သြက္နင္းလာခဲ့သည္ ။ သံတံတားနားအေရာက္တြင္ သံလမ္းေပၚမွာရပ္ေနေသာ သူကိုေတြ႕လိုက္ရသျဖင့့္ရင္ထဲ ေပ်ာ္႐ႊင္သြားမတတ္ျဖစ္ရေလသည္ ။

” ညီမေလး…. ”

” အကို….. မေတြ႕တာေတာင္ၾကာၿပီအကိုရယ္…။ မနက္ေလးနာရီထိုးခါနီးတိုင္း ဒီေနရာမွာ အၿမဲရပ္ေစာင့္ေနတာ ။ အခုလဲ စက္ဘီးတစ္စီးလာေနကတည္းက အကိုပဲျဖစ္ရမယ္ဆိုၿပီး ညီမေလး ေမွ်ာ္ေနတာ ”

” လာေလ… အကို႔စက္ဘီးေနာက္ကလိုက္ခဲ့ ”

” ဟင္…လမ္းမေလွ်ာက္ေတာ့ဘူးလားအကို…စကားေျပာၾကရေအာင္ေလ ”

” အခ်ိန္မရွိလို႔ညီမေလး… အလုပ္မွာ စက္ဆရာတစ္ေယာက္က အသည္းအသန္ျဖစ္လို႔ေဆး႐ုံတင္လိုက္ရေတာ့ သူ႔ေနရာမွာ အစားထိုးဝင္ေပးရမွာ ”

” ဒါဆိုလဲသြားေတာ့ေလအကို….ညီမေလးလိုက္လာရင္ အကိုအားစိုက္နင္းရေတာ့ ေမာလဲေမာမယ္…ေနာက္လဲက်ေနဦးမယ္… ”

” ဒါဆို အကိုသြားမယ္ေနာ္… ”

” အကိုဒီကိုလာဦးမွာလားဟင္… ”

” ေနာက္ေန႔ေတြအထိ ဟိုလူ မလာႏိုင္ေသးဘူးဆိုရင္ ေတြ႕လို႔ရတာေပါ့ကြာ…။ အကိုသြားမယ္… ”

သံလမ္းကို ျဖတ္ေက်ာ္ၿပီး လမ္းမႀကီးဘက္ကို ခ်ိဳးေကြ႕လိုက္ကာ ညာဘက္လမ္းေၾကာသို႔ ျဖတ္ကူးလိုက္သည္ ။လမ္းမေပၚတြင္ ရွင္းလင္းေနေသာေၾကာင့္ လမ္းေဘးႏွင့္ခြာကာ အားစိုက္နင္းလာခဲ့စဥ္ အေနာက္ဘက္မွ ကားမီးေရာင္မ်ားႏွင့္ ဆူညံေသာကားစက္သံတို႔ေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္ရာ ကုန္းတံတားေပၚမွ အဆင္း….ေရွ႕ကားကို ေက်ာ္တက္လာေသာ ဒတ္ဆန္းကားတစ္စီးက လမ္းေၾကာသို႔ျပန္အဝင္တြင္ အရွိန္မထိမ္းႏိုင္ပဲ ကိုထြန္းျမတ္ထံသို႔ ဦးတည္ကာ အေျပးဝင္လာေလေတာ့သည္ ။

” ဟာ……. ”

မ်က္လုံးထဲျပာေဝသြားကာ ႐ုတ္တရက္ ဘာလုပ္ရမွန္းမသိျဖစ္ေနစဥ္…

” ေျဖာင္း…..”

” က်ီ….ကြၽီ…. ”

” ေအာင္မေလးဗ်…. ”

” ကြၽိ……………………. ”

” ဂ်ိမ္း…… ဒုန္း……….. ”

” တီ……………………………………… ”

လမ္းေဘးသို႔လြင့္စဥ္ထြက္သြားေသာ ကိုထြန္းျမတ္မွာ မ်က္လုံးမ်ားျပာေဝကာ ေမွာင္အတိ ဖုံးသြားေလေတာ့သည္ ။

” အကို…..ထ….ထေတာ့…အကိုဘာမွမျဖစ္ဘူး… ”

နား အနားသို႔ ကပ္ေျပာလိုက္ေသာရင္းႏွီးေနသည့္အသံေၾကာင့္ မ်က္လုံးကိုအသာဖြင့္ၾကည့္လိုက္သည္ ။ ကိုထြန္းျမတ္စီးလာေသာ စက္ဘီးက ဘီးမ်ားတြန္႔လိမ္ေနကာ လမ္းေပၚတြင္ တစ္စစီျဖစ္ေနေလသည္ ။ လမ္းတစ္ဖက္ေဘးမွ ကန္စြန္းခင္းထဲမွာေတာ့ ဒတ္ဆန္းအျပာေရာင္ကားေလးက ေခါင္းစိုက္ေနသည္ ။

” ကားထဲက လူကိုသြားၾကည့္ၾကဦး… ေရနစ္ေနဦးမယ္… ”

” အတိုက္ခံရတဲ့လူ ဘယ္လိုေနေသးလဲ…စက္ဘီးကရစရာမရွိေတာ့ဘူး….။ မိန္းကေလးတစ္ေယာက္ကိုပါ တိုက္သြားတာဗ်…ရွာၾကပါဦး ”

ေက်ာ္တက္ခံရေသာကားမွာ ေရွ႕ကားမွ လူတိုက္လိုက္သည္ႏွင့္ ခ်က္ခ်င္းရပ္လိုက္ၿပီး အကူအညီေပးရန္ဆင္းလာၾကေလသည္ ။

” ဟုတ္တယ္ဗ်…. စက္ဘီးနဲ႔ လူကိုတိုက္ကာနီး အက်ႌအနီနဲ႔ အမ်ိဳးသမီးက ဟိုဘက္လမ္းကေန ေျပးလာၿပီးတြန္းထုတ္လိုက္တာ ကြၽန္ေတာ္လဲျမင္လိုက္တယ္…၊ အဲဒီအမ်ိဳးသမီး ကားနဲ႔ပါသြားၿပီး ကားေအာက္ထဲေရာက္ေနၿပီလားမသိဘူး.. ”

” အကို…သတိရပါေတာ့…. ျမန္ျမန္ထပါ… ၊ ညီမတို႔အတြက္အခြင့္အေရးရၿပီ… ”

” ဟင္….. ”

” ဒီလူသတိရလာၿပီေဟ့….. ”

” ဘာျဖစ္သြားလဲ… ”

” ပြန္းပဲ့႐ုံပဲနဲ႔တူတယ္…။ ဘာမွျဖစ္ပုံမရဘူး… ”

” ဟုတ္လို႔လားဗ်ာ…စက္ဘီးေတာင္ ေၾကမြသြားတာ ”

” လူကအရင္လြင့္ထြက္သြားတာဗ်…က်န္ခဲ့တဲ့ စက္ဘီးကို ဟိုကားတက္ႀကိတ္သြားတာ ”

” မေတြးရဲစရာပဲဗ်ာ… လူသာႀကိတ္မိလို႔ကေတာ့ ေနရာမွာတင္ ပြဲခ်င္းၿပီးမွာ….အေတာ္ကံေကာင္းတာပဲ ”

” ဒီလူ႔ကို တြန္းထုတ္လိုက္တဲ့ အမ်ိဳးသမီးေတာ့ ေသၿပီထင္တယ္ဗ်ာ…. ”

” ဟိုကားကိုသြားၾကည့္ၾကပါဦးေဟ့ ”

ကိုထြန္းျမတ္မွာ အနားတြင္ မ်ိဳးစုံေအာ္ဟစ္ေနေသာ လူမ်ားကို အာ႐ုံမစိုက္ႏိုင္ပဲ အနားကပ္ၿပီး ၾကားေနရေသာ အသံကိုသာ ဂ႐ုတစိုက္ နားေထာင္ေနမိေလသည္ ။

” အကို အရမ္းကံေကာင္းတယ္…။ အကို႔ကိုတိုက္ေတာ့မယ္ဆိုတာသိလို႔ ညီမေလး တြန္းထုတ္လိုက္တာ…၊ ကန္စြန္းခင္းထဲက ကားသမားကေတာ့ ေသသြားၿပီ ”

” ဟင္….. ဟုတ္လို႔လား… ”

” အကိုမယုံလို႔လား… ညီမကျမင္ရတယ္…။ အဲဒီလူ လမ္းမေပၚမွာေလွ်ာက္ေျပးၿပီး ေအာ္ေနတယ္ ”

” သူဘာေတြေအာ္ေနတာလဲ ”

” ကယ္ၾကပါဦးတဲ့….. ေဟာ…. ကားထဲကို ေျပးၿပီး သူ႔အေလာင္းကိုၾကည့္ေနတယ္ ။ အဲဒါအေရးမႀကီးဘူးအကို….ခဲျမန္ျမန္ေကာက္ၿပီး ညီမေလးနံမည္ကို သုံးႀကိမ္ေခၚေတာ့…။ ဒီေနရာက ညီမေလး ေသခဲ့တဲ့ေနရာပဲအကို ”

” ဟင္… ညီမေလး…. ဒါဆို…မင္းလုပ္လိုက္တာလား… ”

” ဟင့္အင္း…ညီမေလးဘာမွမလုပ္ဘူး…၊ ဟိုလူက အရက္မူးေနတယ္နဲ႔တူတယ္…။ ကုန္းတံတားေပၚကေန ေရွ႕ကားကိုေက်ာ္တက္လာကတည္းက ကားတစ္စီးလုံး ယိမ္းထိုးေနတာ ၊ ဒီနားေရာက္ေတာ့ အကို႔ကိုတိုက္ေတာ့မယ့္အခ်ိန္မွာ ညီမေလး ေျပးတြန္းလိုက္တာ…၊ ညီမေလးေျပာတာယုံပါအကို… အကို႔ကိုခ်စ္လို႔ အကို႔ရဲ႕စကားကို နားေထာင္ပါတယ္ ”

” ယုံပါတယ္ ညီမေလး… ”

” ဒါဆိုလဲ လုပ္စရာရွိတာလုပ္ေတာ့အကို….. ခဲလုံးတစ္လုံးအျမန္ေကာက္ၿပီး ညီမေလးေျပာသလိုသာလုပ္ေတာ့…မွတ္မိတယ္မဟုတ္လား ”

” မွတ္မိတယ္…… ”

” ေဟ့လူ….သက္သာရဲ႕လား…တစ္ေယာက္ထဲ ကေယာင္ကတမ္းနဲ႔ ဘာေတြေျပာေနတာလဲ ”

” ကြၽန္ေတာ္ဘာမွမျဖစ္ဘူး…. ဟိုကားထဲကလူကိုသာ ဆြဲထုတ္လိုက္ ”

” ေသခ်ာရဲ႕လားဗ်… ကိုယ့္ကိုကိုယ္ စမ္းၾကည့္ပါဦး…. ေဆး႐ုံသြားမလား… ”

” မသြားဘူး…ကြၽန္ေတာ္ ဘာမွမျဖစ္တာေသခ်ာတယ္…၊ ကြၽန္ေတာ္လုပ္စရာရွိေသးတယ္ဗ်… ခင္ဗ်ားတို႔လဲ လုပ္စရာရွိတာဆက္လုပ္ပါ ”

ကိုထြန္းျမတ္က ေျခဆင္းထိုင္ေနရာမွ အနီးအနားရွိခဲတစ္လုံးကိုေကာက္ယူလိုက္ၿပီး ၾကည္ၾကည္ေဆြ ေခၚ မွဲ႔ႀကီး၏အမည္ကိုသုံးႀကိမ္ဆင့္ကာ ေခၚလိုက္ေလေတာ့သည္ ။ ထို႔ေနာက္ လူၾကားထဲမွ မသိမသာတိုးထြက္လိုက္ၿပီး လမ္းတစ္ဖက္သို႔ျဖတ္ကူးရန္ျပင္လိုက္စဥ္တြင္ ဒတ္ဆန္းကားထဲမွ ဆြဲထုတ္လာေသာ ႏွဖူးတစ္ခုလုံး ပြင့္ကာ ဦးေႏွာက္မ်ားထြက္ေနသည့္ ယာဥ္ေမာင္း၏ အေလာင္းကိုျမင္လိုက္သည္ႏွင့္ အိမ္သို႔ မေျပး႐ုံတမယ္ျပန္လာခဲ့ေလေတာ့သည္ ။

ခဲလုံးကို လြတ္ထြက္မသြားေအာင္ ကိုင္ရင္း သံလမ္းကိုျဖတ္ေက်ာ္ကာ ေျပးသြားေသာ ကိုထြန္းျမတ္ကို ရပ္ၾကည့္ေနသည့္ မွဲ႔ႀကီးေခၚ ၾကည္ၾကည္ေဆြကိုေတာ့ ကိုထြန္းျမတ္ မေတြ႕ႏိုင္ေတာ့ေပ…။

——————–

” မေမဇင္ရဲ႕ အမ်ိဳးသား….

” ရွိပါတယ္ခင္ဗ်… ကြၽန္ေတာ္ပါ… ”

” သမီးေလးေမြးတယ္ …. ကေလးေရာ အေမေရာ က်မၼာတယ္… ”

” ဝမ္းသာလိုက္တာဆရာမရယ္… ”

အေပၚအျဖဴ ေအာက္အစိမ္းေရာင္ဝတ္ နတ္စ္မႀကီးက ေမြးခန္းထဲမွ ထြက္လာကာ ေျပာလိုက္သည့္ အသံကိုၾကားလိုက္ရသည္မွာ ကိုထြန္းျမတ္၏ ရင္ထဲတြင္ ေဖၚမျပႏိုင္သည့္ ဝမ္းသာမႉကိုခံစားလိုက္ရေလသည္ ။

” ဒီမွာပဲ ထိုင္ေစာင့္ေန…. ခဏေန ထြက္လာလိမ့္မယ္ ”

ထိုင္မရ ထမရျဖစ္ကာ ေမြးခန္းထဲသို႔ လွမ္းၾကည့္ေနေသာ ကိုထြန္းျမတ္ကို နတ္စ္မႀကီးက သတိေပးလိုက္သည္ ။ ေနရာတြင္ျပန္ထိုင္ကာ နာရီစကၠန္႔တံမ်ားကို ၾကည့္ၿပီး ေရတြက္ေနေသာ ကိုထြန္းျမတ္၏ ရင္ခုံသံမွာ ေဆး႐ုံတစ္ခုလုံးၾကားရေလာက္ေအာင္ ဟိန္းထြက္ေနသည္ဟုပင္ ထင္ရေလာက္ေပသည္ ။

—————————

ကုတင္ေပၚတြင္ လွဲကာ အားေဖ်ာ့ေသာမ်က္ဝန္းမ်ားၾကားမွ ၿပဳံးၿပီးၾကည့္ေနေသာ ဇနီးသည္ မေမခင္၏ လက္ကို အသာအယာဆုပ္ကိုင္ရင္း ညာဘက္ကိုေစာင္းၿပီး ႏို႔စို႔ေနေသာ သမီးေလး၏ မ်က္ႏွာကို အမွတ္မထင္ၾကည့္မိသည့္အခါမွာေတာ့…. ဘယ္ဘက္နားေအာက္မွ ထင္ထင္ရွားရွားရွိေနေသာ မွဲ႔နက္ႀကီးကို ေတြ႕လိုက္ရေလေတာ့သည္ ။

” ဟာ…. ညီမေလး…ဝမ္းသာလိုက္တာကြယ္…. ”

ကိုထြန္းျမတ္၏ အသံကိုၾကားလိုက္သည့္အခိုက္ မိခင္ႏို႔စို႔ေနေသာ ေမြးကာစ သမီးေလးမွာ ႏို႔ကိုပါးစပ္မွ ခြၽတ္လိုက္ၿပီး ေျခႏွင့္ လက္ကေလးမ်ားထြန္႔ထြန္႔လူးကာ ရယ္ေမာ၍ အသံၾကားရာကိုလိုက္ရွာေနေလေတာ့သည္ ။

” ဟယ္….ၾကည့္ပါဦး……အေဖ့အသံၾကားတာနဲ႔ျဖစ္ေနလိုက္တာ..။ ႏို႔ေတာင္မစို႔ႏိုင္ေတာ့ဘူး… အလည္မေလး… လူ႔ေလာကထဲေရာက္တာ နာရီပိုင္းပဲရွေသးတယ္.. အေဖကိုတာခ်င္ ခြၽဲခ်င္ေနၿပီ..ဟင္း…ဟင္း ”

” ဟဲ…..ဟဲ…ေမကလဲကြာ… သမီးေလးက ေဖ့ခ်စ္ဆုံးေလးဆိုတဲ့အေၾကာင္း အမူအရာနဲ႔ ျပေနတာပါကြာ…… ”

” လူလည္ႀကီး သားအဖေတြ… ဟြန္း… ႏို႔စို႔ဖို႔က်ေတာ့တတ္တယ္.. အေမ့မ်က္ႏွာေတာင္ ေမာ္မၾကည့္ဘူး…၊ အေဖ့အသံလဲၾကားေရာ… ပုစြန္ဆိတ္ခုန္သလို ထြန္႔ထြန္႔ကိုလူးေနတာပဲ… ”

မေမခင္ေျပာလိုက္ေသာစကားကို ကိုထြန္းျမတ္ သေဘာက်စြာ ၿပဳံးလိုက္ရင္း သမီးေလး၏လက္ႏုႏုေလးကို ဖြဖြေလးကိုင္လိုက္ေလသည္ ။

” ကိုကို…ေမးရဦးမယ္…ညီမေလးဆိုတာ ဘယ္သူလဲဟင္…ရႉပ္ရႉပ္ရွက္ရွက္ေတာ့မဟုတ္ပါဘူးေနာ္… ”

” မဟုတ္ပါဘူးေမရာ… ကိုကိုေနာက္မွေျပာျပမယ္…။ အခုေတာ့ မေျပာေသးဘူး…။ ဘာမွမဟုတ္ဖူး… ေမ သိရင္ အရမ္းအံ့ၾသသြားလိမ့္မယ္… ”

—————————

ေနာက္ပိုင္းတြင္ ကိုထြန္းျမတ္တို႔ မိသားစု မေမခင္၏ ဇာတိၿမိဳ႕သို႔ေျပာင္းေ႐ႊ႕ကာ ကိုထြန္းျမတ္က သူတတ္ကြၽမ္းသည့္ အလုပ္ကိုလုပ္ကိုင္ခဲ့ေလသည္ ။ မေမခင္ မွာလည္း ဇာတိၿမိဳ႕တြင္ပင္ အလယ္တန္းျပ ဆရာမအျဖစ္တာဝန္ထမ္းေဆာင္ေနစဲျဖစ္ေလသည္ ။ သမီးေလး ျမတ္မႉးခင္မွာ ဖခင္ကိုထြန္းျမတ္ကို မ်က္စိေအာက္က အေပ်ာက္မခံပဲ အလြန္ခ်စ္ရွာေလသည္ ။ ဖခင္ႏွင့္ စက္ဘီးစီးေနရလွ်င္အလြန္ေပ်ာ္႐ႊင္ေနတတ္ၿပီး တစ္ခါတစ္ရံ သတိလက္လြတ္ျဖင့္ ဖခင္ကို အကိုဟုေခၚတတ္ၿပီး သူ႔ကိုသူ ညီမေလးဟု နာမ္စားသုံးတတ္ေလသည္ ။ ကိုထြန္းျမတ္တို႔ မိသားစုသည္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်မ္းက်မ္းမာမာျဖင့္ မေမခင္၏ ဇာတိၿမိဳ႕တြင္ ယေန႔တိုင္ ေနထိုင္စဲျဖစ္ပါေၾကာင္း………။

အမည္ရင္းမ်ားႏွင့္ လက္ရွိေနထိုင္ေသာ ၿမိဳ႕ကို ေဖၚျပေရးသားျခင္းမျပဳသည္ကို နားလည္ခြင့္လႊတ္ေပးၾကပါရန္ အႏူးအၫြတ္ပန္ၾကားအပ္ပါသည္ခင္ဗ်ား…။

⬛H⬛

႐ႊင္လမ္းခ်မ္းေျမ့ၾကပါေစ

ခ်စ္ခင္ေလးစားစြာျဖင့္

လြင္ဦးဟန္