” စုန်းထီးကြီး ဦးဘသာနှင့် ပန်းပေါင်းတစ်ထောင် ဘီလူးဆောင် “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် ပန်းပေါင်းတစ်ထောင် ဘီလူးဆောင် “(စ/ဆုံး)
———————————————————————————
အတွဲ(၃) စာစဉ် (၁၀)

(၁)

တစ်မနက်ခင်းတော့ ကျုပ်လည်းအိပ်ရာကနိုးလာပြီးတော့ အိမ်အောက်ကိုဆင်းလာတာပေါ့ဗျာ၊ အိပ်ရာက နိုးစမှာ ရေနွေးပူမသောက်ရဘူးဆိုတဲ့ စကားရှိတာမို့လို့ သောက်ရေအိုးဆီလာခဲ့တာပေါ့။ သံပန်းကန်ပြားပေါ်မှာ မှောက်ထားတဲ့ ရေသောက်တဲ့မတ်ခွက်ကို ကိုင်လိုက်ရင်း ပန်းကန်ပြားကိုအသာကလေးလှပ်ရင်း ရေတစ်ခွက်ခပ်ပြီး ပါးစပ်ထဲသောက်ချလိုက်တာပေါ့ဗျာ။

“အောင်မယ်လေး၊ စပ်တယ်၊ စပ်တယ်”

ကျုပ်ရေခွက်ကိုင်ပြီး ထအော်တော့ ခုံတန်းမှာထိုင်နေတဲ့အဖေနဲ့ မီးဖိုထဲကနေ အုပ်ကလေးကိုင်ပြီး ထွက်လာတဲ့အမေက ကျုပ်ကိုတအံ့တသြနဲ့ကြည့်တယ်ဗျ။ အမေက မျက်မှောင်ကြုတ်ရင်း

“လုပ်ပြန်ပြီအလတ်ကောင်ရာ၊ ရေသောက်တာ စပ်မလားဟ”

ကျုပ်လည်း ပါးစပ်ကိုအမြန်ဖွင့်ကြည့်လိုက်တော့ လျှာပေါ်မှာ အမည်းရောင်အကောင်ကလေးတစ်ကောင်တင်နေတယ်ဗျ၊ ကျုပ်လည်း လျျာကိုပွတ်ရင်း လက်ထဲမှာကြေပြီးပါလာတဲ့ အဲဒီအကောင်လေးကိုကြည့်လိုက်တယ်။

“မဟုတ်ဘူးအမေရ ပျားကောင်ထင်တယ်”

“မှန်းစမ်း”

အမေက ကျုပ်ဆီကိုလာကြည့်တယ်၊ ပြီးတော့ သောက်ရေအိုးကိုသွားကြည့်တဲ့အခါ သောက်ရေအိုးဖုံးတဲ့ သံပန်းကန်ပြားထဲမှာ ပျားကောင်တွေကျပြီးသေနေတာကိုမြင်ပါရော။

“ဟဲ့အလတ်ကောင်၊ သောက်ရေအိုးထဲ ပျားတွေကျနေတာ မနည်းပါလား၊ ဒီအတိုင်းဆိုရင်တော့ အိမ်မှာပျားစွဲနေပြီထင်တယ်၊ လိုက်ရှာစမ်း”

ပျားတွေက ရေသိပ်ကြိုက်တာကိုးဗျ၊ သူတို့ရှိတဲ့အရပ်ဆိုရင် ရေတွေအနီးမှာ ပျားတွေကိုအမြဲတွေ့ရတတ်တယ်၊ အခုလို အိမ်ကသောက်ရေအိုးတို့ အင်တုံထဲတို့မှာ ပျားကောင်အသေတွေတွေ့ရင်တော့ ကြိမ်းသေပေါက်က အိမ်ထဲမှာ ပျားစွဲတော့တာပါပဲဗျာ။ အမေခိုင်းတာနဲ့ ကျုပ်လည်း အိမ်ကိုပတ်ပြီး ပျားလိုက်ရှာရတာပေါ့။

သိပ်မရှာလိုက်ရပါဘူးဗျာ၊ တွေ့ပါပြီ၊ အိမ်ခေါင်မိုးနားက ပန်းဆွဲသစ်သားမှာ ပျားအသေးလေးတွေက အုံဖွဲ့နေတာဗျ၊ ပျားအုံတော့မဖြစ်သေးဘူး၊ သူတို့အသိုက်ဆောက်ဖို့အတွက် နေရာရှာနေတဲ့သဘောပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း အမေ့ဆီကိုဆင်းလာခဲ့တယ်။

“အမေ၊ ပန်းဆွဲမှာ ပျားတွေအုံလို့ဗျ”

“ဟာ၊ သောက်ကျိုးနည်း၊၊ ဒါဆိုရင်တော့ ဒီပျားတွေကို မောင်းမှဖြစ်မယ်ဟေ့”

အမေက ပြောပြောဆိုဆိုနဲ့ သောက်ရေခွက်နဲ့ရေတစ်ခွက်ခပ်လိုက်တယ်ဗျ၊ ပြီးတော့ အဲဒီသောက်ရေခွက်ကို စားပွဲခုံပေါ်တင်ပြီးတော့ သူ့နားက နားကပ်ကိုချွတ်ပြီး သောက်ရေခွက်ထဲကောက်ထည့်လိုက်တယ်။ ပြီးတော့ အမေဝတ်လေ့ရှိတဲ့အညာထည် လက်ရှည်အကျီအိတ်ထဲက ငါးမူးစေ့တစ်စေ့ကိုနှိုက်ပြီးတော့ ရေခွက်ထဲကို ချလွင်ခနဲပစ်ထည့်လိုက်ပါရော။

ပြီးတော့အဖေ့ကိုကြည့်တယ်။

“အဖေကြီးရေ၊ ပျားတွေအုံပြန်ပြီတဲ့ သွားမောင်းထုတ်လိုက်စမ်းပါရှင်”

အဖေကတော့ အမေ့ကိုပြန်ကြည့်ရင်း

“သူများဖာသာ အသိုက်အမြုံဖွဲ့ပြီးနေတာပါကွ၊ သူများအသိုက်အအုံကို သွားမဖျက်ပါနဲ့”

အဖေ့စကားက အမေ့ဒေါသအိုးကို သွားထိုးလိုက်သလိုဖြစ်သွားပြီး အမေ့ဒေါသတွေက လျုံကျလာတယ်ဗျ။

“သြော်၊ ဟုတ်ပါပြီ သူတော်ကောင်းကြီးရယ်၊ ရှင်ပဲ သူတော်ကောင်း၊ ကျုပ်တို့က သူများအသိုက်အအုံကိုဖျက်တဲ့ သူယုတ်မာ မကြီးပေါ့၊ တကတည်း မပြောလိုက်ချင်ဘူး၊ ရှင်က အိမ်ထောင်ဦးစီးဖြစ်နေလို့ ရှင့်ကိုလုပ်ခိုင်းတာ၊ ပျားမောင်းတယ်ဆိုတာ မိန်းကလေးလည်း မောင်းလို့မရလို့ ရှင့်ခိုင်းတာကို သိရက်နဲ့”

အမေက အဖေ့ကိုဒေါနဲ့မောနဲ့ပြောပေမယ့် အဖေကတော့ အေးအေးပဲဗျ၊ သတင်းစာ စာရွက်ဟောင်းတစ်ခုကို အေးအေးလူလူဖတ်နေတာ၊ ဒါနဲ့ပဲ အမေက ခုံပေါ်က သောက်ရေခွက်ကိုယူပြီးတော့ ကျုပ်လက်ထဲကို ထိုးထည့်လိုက်တာပေါ့။

“ရော့၊ အလတ်ကောင်၊ နင်သွားမောင်းစမ်း”

ကျုပ်လည်း အဖေပြောတာကိုထောက်ခံတယ်။

“အမေကလည်း သူများအသိုက်အအုံကို ဘာလို့ဖျက်ဆီးမောင်းထုတ်နေမှာလဲ”

“အောင်မယ်၊ ဒီကောင်ကလည်း သူ့အဖေအချိုးပါလား၊ ပျားဆိုတာ သူ့ဟာသူ သစ်ပင်မှာနေတဲ့အကောင်၊ အိမ်မှာ မစွဲကောင်းဘူးဟဲ့”

“စွဲရင် ဘာဖြစ်လို့လဲအမေရာ”

“နင်ရွာဦးကျောင်းဆရာတော် ပြောတာမကြားဖူးဘူးလား၊ ပျားဆိုတာ လူတွေနေတဲ့ အောက်မှာစွဲမှအကျိုးပေးတယ်တဲ့၊ လူတွေနေတဲ့အထက်ဘက်မှာ စွဲရင် အဲဒီအိမ်က စီးပွားကျတယ်၊ ခိုက်တယ်တဲ့”

“ဟုတ်ရဲ့လားအမေရာ”

“ဟဲ့၊ ဟုတ်လို့ပဲ တန်းမြင့််ရွာက ဒေါ်အေးသာတို့ တစ်မိသားစုလုံးသေသွားတာ နင်မသိဘူးလား၊ အိမ်ခေါင်တံစက်မြိတ်မှာ ပျားစွဲတာကို ဒီအတိုင်းထားလိုက်လို့ ခိုက်သွားတာလေ”

အမေပြောတော့ အဖေက စာဖတ်နေရင်း သက်ပြင်းချတယ်။

“မိန်းမရာ၊ ဒါက ပျားကြောင့်လည်း ဟုတ်မယ်မထင်ပါဘူးကွ၊ တိုက်ဆိုင်သွားတာဖြစ်မှာပါ”

အမေ့ဒေါသကို အဖေက သွားဆွသလိုဖြစ်နေပြန်ရော

“အလိုတော်၊ တိုက်ဆိုင်ဆိုင် မတိုက်ဆိုင်ဆိုင် ကျုပ်တို့အိမ်မှာတော့ ပျားအစွဲမခံဘူး၊ ကဲအလတ်ကောင်၊ ဟောဒီရွှေရယ်၊ ငွေရယ်ထည့်ထားတဲ့ ရွှေရည်ငွေရည်တွေယူသွား၊ ပြီးတော့ အဲဒီပျားတွေကို လက်ပြန်နဲ့ပက်၊ အိမ်ကထွက်ပြီး သင့်ရာသွားကြပါလို့ပြောလိုက်ဟဲ့”

ကျုပ်လည်း ခေါင်းညိတ်ရင်း

“ဒါနဲ့ အမေက အကုန်သိနေရဲ့သားနဲ့ ဘာလို့ကိုယ်တိုင်မလုပ်တာတဲ”

အမေက ခါးထောက်ပြီး

“ငါတယ်လေ၊ တော်တော်လေရှည်တဲ့ကောင်ကို ခိုင်းမိတာ ငါ့အမှားပဲ၊ ပျားဆိုတာ မိန်းမတွေနဲ့ နံတူတယ်ဟဲ့၊ မိန်းမက ပျားကိုမောင်းမိရင် သူပါ အိမ်ကထွက်သွားရတယ်ဆိုလို့ဟေ၊ ဟုတ်ပြီလား၊ ကဲ နင်မြန်မြန်လုပ်ရင်လုပ်၊ မလုပ်ရင် နင့်အကိုကြီးကိုဖြစ်ဖြစ်လုပ်ခိုင်းလိုက်မယ်၊ နင့်ခိုင်းရတာ အာပေါက်တယ်”

အမေပြောတော့ ကျုပ်လည်း အိမ်ပေါ်တက်လာတာပေါ့ဗျာ။ အိမ်ရဲ့ပန်းဆွဲသစ်ပြားမှာ အုံနေတဲ့ ပျားတွေကိုကြည့်ရင်း ကျုပ်လည်း စိတ်ထဲကနေ ရေရွတ်လိုက်တယ်။

“ပျားအပေါင်းတို့၊ ကျုပ်တို့အိမ်ကနေထွက်ပြီး ကိုယ်လိုရာကိုသာ သွားကြပါတော့”

အဲဒီလိုပြောပြီး ရေခွက်ထဲကရေကို လက်ပြန်နဲ့ဗြန်းခနဲ ပက်ထည့်လိုက်တာဗျာ၊ ပျားတွေလည်း ရေတွေ့ရော အကုန်ထပြီး ပျံပြေးကြတာပဲ၊ ကျုပ်လည်း စိတ်ထဲပျော်သွားတာပေါ့။ ဒီအချိန်မှာပဲ မြေကြီးပေါ်ကို ချလွင်ခနဲ အကြွေစေ့ကျတဲ့အသံကြားလိုက်ရမှ ရေခွက်ထဲကို အမေက နားကပ်နဲ့ငါးမူးစေ့ ထည့်ထားတာကိုသတိရသွားတယ်။

“ဟိုက်၊ သွားပြီ”

ပျားတွေကိုမောင်းချင်ဇောနဲ့ ရေခွက်နဲ့ပက်ထည့်လိုက်တာ ပျားတွေတင်ပြေးသွားတာမဟုတ်ဘဲ ခွက်ထဲက နားကပ်တစ်ဖက်ရော၊ အကြွေစေ့ရော ပါသွားပြီဗျို့၊ ကျုပ်လည်း တွေဝေနေတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်းအိမ်ပေါ်ကဆင်းလာတော့ အမေက မီးဖိုခန်းထဲက ပြေးထွက်လာပြီးတော့ ကျုပ်အရှေ့မှာလက်ဝါးဖြန့်တယ်။

“ပေး၊ နားကပ်ပြန်ပေး”

ကျုပ်လည်း သွားဖြဲရင်း ခေါင်းကုပ်ရတာပေါ့။

“ဟို၊ ဟိုလေ၊ ရေပက်ရင်းနဲ့ အားပါသွားလို့”

“ဘာ . . . ”

အမေ့အသံက အကျယ်ကြီးထွက်သွားတယ်။

“ဒါဆို ငါ့နားကပ်တစ်ဖက် ဘယ်ရောက်သွားပြီလဲ”

“သိပ်တော့ ဝေးဝေးမရောက်လောက်ပါဘူးအမေရာ၊ ခြံထဲ တစ်နေရာမှာရှိမှာပေါ့”

အမေက လက်သီးပြင်ရင်း

“တယ်၊ ဒီကောင်လေး၊ ငါခိုင်းလိုက်ရရင် ဒီလိုချည်းပဲ”

ကျုပ်လည်း ရေခွက်ပစ်ချပြီး အမေ့လက်ကလွတ်အောင်ပြေးတာပေါ့ဗျာ၊ အဖေက မျက်နှာကိုရှုံ့မဲ့ရင်း

“အဲဒါပေါ့မသန်းရ၊ သူများမကောင်းကြံ ကိုယ့်ဘေးဒဏ်ဆိုတာ”

ဒီတစ်ခါတော့ အဖေက အမေ့ရဲ့ဒေါသအိုးကို တုတ်နဲ့ထိုးရုံတင်မဟုတ်ဘဲ၊ တုတ်နဲ့ရိုက်ခွဲလိုက်သလိုပဲဗျ၊ အမေက အဖေ့စကားကြားတော့ ရှူးရှူးရှဲရှဲဖြစ်သွာပြီး အိမ်ဘေးမှာ ပုံထားတဲ့ ထင်းပုံကြီးကနေ ထင်းချောင်းပြေးကောက်ပါရော။ အမေတကယ်လုပ်ဖို့ ဆုံးဖြတ်ထားမှန်း အဖေကသိတာနဲ့ ကျုပ်ထက်အရင်ဦးအောင် ခြံထဲကနေ ပြေးထွက်သွားပါရောလားဗျာ၊ အမေက ထင်းချောင်းကြီးနဲ့ ဆက်လိုက်လာတာနဲ့ ကျုပ်လည်း ကိုယ့်အန္တရာယ်ကိုယ်သိပြီးတော့ အဖေ့အနောက်ကို ပြေးလိုက်လာခဲ့ရတာပေါ့ဗျာ။

(၂)

အဖေနဲ့ကျွန်တော်နဲ့ စောစောစီးစီး သောင်ပြင်လွတ်တဲ့ခွေးလိုဖြစ်ပြီလေ၊ အဖေကတော့ မှုစရာမလိုပါဘူးဗျာ၊ ရွာဦးကျောင်းဘက်ကို လျှောက်သွားတော့တာပဲ၊ ဒီလိုမနက်ခင်းဆိုရင် ရွာဦးကျောင်းမှာ စားစရာပေါတယ်၊ ရွာထဲက မုန့်ရောင်းတဲ့လူတွေကလည်း သူတို့လုပ်တဲ့မုန့်တွေကို ဘုန်းကြီးကျောင်းကို ကပ်တာကိုးဗျ၊ ကျုပ်လည်း ဆရာတော်ဆီကနေ စွန့်ပြီးစားမယ်လို့တွေးရင်း အဖေ့နောက်လိုက်ခဲ့တာပေါ့။

ရွာဦးကျောင်းဆရာတော် ကျုပ်ဘကြီးပျံပြီးသွားတော့ နောက်ထပ်တက်တဲ့ဆရာတော်ကလည်း ကျုပ်တို့ဘဒွေးပဲဗျ၊ ဘဒွေးက ငယ်စဉ်တုန်းကတော့ စာရူးပေရူးဗျ၊ ဗေဒင်တွေဘာတွေလည်းတတ်တယ်၊ ဆေးလည်းကုသေးတယ်၊ အရင်တုန်းကတော့ ဟိုယောင်ယောင် ဒီယောင်ယောင် ဘမောင်လို့ ခေါ်ကြတာပေါ့ဗျာ၊ အခုတော့ ဘုန်းကြီးလည်းဝတ်ပြီးပြီ ရွာဦးကျောင်းဆရာတော်လည်းဖြစ်ပြီဆိုတော့ ရွာကိုသြဇာပေးတော့တာပေါ့၊ သူကလည်း ဗဟုသုတ အတော်နှံ့စပ်တာဆိုတော့ ဘုန်းကြီးဖြစ်သွားတာပဲ အဆင်ပြေတယ်ပြောရမှာပေါ့ဗျာ။

ကျုပ်တို့ကျောင်းပေါ်တက်လိုက်တော့ ဆရာတော်က ကျောင်းပေါ်မှာထိုင်နေတယ်ဗျ။

“ဟာ၊ သူကြီးနဲ့ သူကြီးလက်ထောက်ရောက်လာပါလား၊ ဘာကိစ္စများရှိလို့ပါလိမ့်”

အဖေကတော့ ခပ်တည်တည်ပဲဗျ၊ ဆရာတော်အရှေ့ဝင်ထိုင်ပြီးတော့ ဝတ်ဖြည့်တယ်၊ ပြီးတော့မှ

“တင်ပါ့ဘုရား၊ အိမ်မှာပျားစွဲလို့ပါ”

“သြော်၊ အေးအေး၊ ပျားစွဲတာ မောင်းကောထုတ်ပြီးပြီလားဟဲ့”

“မှန်ပါ”

“အေးအေး၊ စောစောလာတော့လည်း စောစောစကားပြောရတာပေါ့၊ ပျားအကြောင်းဆိုလို့ ဒီမနက်ပဲ မုန့်သည်မယ်ခွေ လာကပ်သွားတဲ့ မုန့်ပျားသလက်တွေရှိသေးတယ်၊ ရော့ရော့၊ မင်းတို့စားကြ”

နှမ်းဖြူးထားတဲ့ မုန့်ပျားသလက်ပန်းကန်ကို ဆရာတော်ကလှမ်းပေးတာနဲ့ ကျုပ်တို့သားအဖလည်း မနက်စာမစားခဲ့ရတော့ အားရပါးရစားလိုက်တာပေါ့ဗျာ၊ မုန့်ပျားသလက် ငါးချပ်က ကျုပ်တို့သားအဖနှစ်ယောက် နံကြားတောင်မစွတ်ပါဘူးဗျာ။ ဒီအချိန်မှာပဲ ဦးဝင်းကြိုင်လို့ခေါ်တဲ့ ဦးလေးကြီးက ကျောင်းပေါ်တက်လာတယ်၊ လက်ထဲမှာလည်း ချိုင့်တစ်လုံးကိုင်လို့ဗျ။ လမ်းလျှောက်တာတော့ ခပ်ဖြေးဖြေးပဲ၊ ကျုပ်တို့အနားမှာဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ ဆရာတော်က နှုတ်ဆက်တယ်။

“ဒကာကြီးဝင်းကြိုင်၊ စောစောစီးစီးရောက်လာပါလား၊ ဘယ်လိုလည်း ကျီးပေါင်းရော သက်သာရဲ့လား”

“တင်ပါ့ဘုရား၊ အရှင်ဘုရားညွှန်းလိုက်တဲ့ သစ်ခေါင်းပျားရည်လိမ်းလိုက်တာ နှစ်ပတ်လောက်ကြာတော့ အခုလိုထူထူထောင်ထောင်ဖြစ်လာတာပါပဲဘုရား”

“အေးကွယ်၊ ကောင်းပါတယ်၊ ဆက်သာလိမ်းစမ်းပါ”

“ဒါနဲ့ တပည့်တော်ဆီမှာ သစ်ခေါင်းပျားရည်မရှိတော့တာကြောင့်မို့ အရှင်ဘုရားဆီမှာများ ရှိသေးသလားလို့ဘုရား”

“ဟေ၊ ငါ့မှာလည်းကုန်ပြီကွ၊ ကျက်သရေခန်းထဲက ကြွက်လျှောက်ပေါ်တင်ထားတဲ့ပုလင်းတစ်လုံးရှိတာ၊ ကျောင်းသားတွေလက်ချက် မိသွားတယ်ထင်ပါရဲ့ကွာ၊ မရှိတော့ဘူး”

အဖေက ကျုပ်ဘက်ကိုလှည့်ကြည့်တယ်ဗျ။

“အလတ်ကောင် တို့အိမ်အောက်ထပ်မှာ ထောင်ထားတဲ့ ပျားရည်အရောင်နက်နက်နဲ့ပုလင်းကြီးက သစ်ခေါင်းပျားရည်ပေါ့ကွ၊ မင်းနည်းနည်းလောက်သွားယူလိုက်စမ်း”

ကျုပ်လည်းရင်ထဲထိတ်သွားတယ်။

“ဟို၊ ဟိုလေအဖေ၊ အဲဒီပုလင်းကြီးဆိုရင်တော့ မရှိတော့ဘူးဗျ”

“ဟေ၊ ဘာဖြစ်လို့လဲကွ”

“အကိုကြီးနဲ့ကျွန်တော်နဲ့ အားဆေးဖော်ပြီး စားလိုက်ကြလို့ ကုန်တာကြာပေါ့”

အဖေ့မျက်နှာက ဒေါသထွက်သွားပေမယ့် လူရှေ့မို့လို့ ထိန်းလိုက်ပုံရတယ်၊ ဆရာတော်ကလည်း ဒါကိုသိတယ်။

“စိတ်လျှော့ပါသူကြီးရယ်၊ ပျားရည်က အားဖြစ်စေတာတော့အမှန်ပဲ၊ ပျားရည်ဆိုတာ အလွန်ဆေးဖက်ဝင်တယ်၊ ပျားရည်ကို ပန်းပေါင်းတစ်ထောင်လို့တောင် တင်စားခေါ်ဝေါ်ကြတယ်၊ ပျားလေးတွေက ပန်းမျိုးစုံကနေ ဝတ်မှုန်တွေသိမ်းပြီးလုပ်ထားတာဖြစ်လို့ ပန်းပွင့်အဆီအနှစ်တွေ ပါတယ်မဟုတ်လား၊ ဒါပေမယ့် ကျီးပေါင်းကိုကုတဲ့အခါ တခြားပျားရည်ထက် သစ်ခေါင်းပျားရည်က ပိုစွမ်းသကွ၊ ကျီးပေါင်းအကျိတ်အခဲ၊ အဆစ်အမြစ်တွေကို အဲဒီသစ်ခေါင်းပျားရည် ထူထူလိမ်းပြီး အသားထဲစိမ့်ဝင်အောင်သာပွတ်ပေးလိုက်စမ်းဟေ့၊ တစ်လလောက်ဆိုရင်တော့ သိသိသာသာကြီးကောင်းသွားမကွ”

ဒီတော့ အဖေက ကျုပ်ကို လှမ်းကြည့်တယ်။

“ကဲကဲ အလတ်ကောင်ရေ၊ ဒီအချိန်လောက်ဆိုရင် တောင်ရိုးပေါ်မှာ ပျားအုံတွေပေါလောက်ရောပေါ့၊ မင်းတို့ညီအကိုတွေ သစ်ခေါင်းပျားသွားရှာကြပါလား”

အဖေ့ရဲ့ ရဲ့တစ်ချက်လွှတ်အမိန့်ဆိုတော့၊ ကျုပ်လည်း အိမ်ကိုပြန်ပြေးပြီးတော့ အကိုကြီးကိုပြေးခေါ်ရတာပေါ့ဗျာ။

(၃)

မိုးတွင်းဆိုရင်တော့ တောင်ရိုးပေါ်မှာ ပျားအုံတွေပေါပြီဗျ၊ မိုးတွင်းကာလာ မိုးကျတဲ့အချိန် တောထဲမှာရှိတဲ့ တောပန်းတွေ၊ သစ်ပင်ပန်းမန်တွေကလည်း သူ့အလိုလိုဖူးပွင့်လာကြပြီဆိုတော့ ပျားတွေအတွက်လည်း ဝတ်မှုန်များများရတာမဟုတ်လားဗျာ၊ ဒါနဲ့ အကိုကြီးကို အိမ်ပြန်ခေါ်ရတယ်၊ အကိုကြီးက မရှိတော့ဘူးဗျ၊ လယ်ထဲဆင်းသွားပြီဆိုတာနဲ့ ချည်ကြမ်းပုဆိုးထူထူကြီးယူ၊ ဓါးမတစ်လက်နဲ့ကို ခါးကြားထိုး၊ မီးခတ်ကို တောင်းထဲထည့်ပြီးတော့ လယ်ထဲကိုဆင်းလာရတာပေါ့ဗျာ။ တချို့အရပ်မှာကျတော့ ပျားမုဆိုးဆိုတာ ရှိသတဲ့ဗျ၊ တစ်နှစ်ပတ်လုံး ဘာအလုပ်မှမလုပ်ဘဲ ပျားအုံတွေကိုရှာဖွေ၊ မှတ်သားထားပြီး ဘယ်လရောက်ရင် ဘယ်ပျားအုံကိုသွားဖွပ်မယ်ဆိုပြီး ပျားချည်းဖွပ်စားတဲ့ မုဆိုးပေါ့ဗျာ၊ အဖေကတော့ ပျားဖွပ်တာက အလွန်ငရဲကြီးတယ်တဲ့ဗျ။ မုဆိုးတစ်သက် ပျားသလက်တဲ့၊ ပျားအုံတစ်အုံဖွပ်တာက မုဆိုးတစ်ယောက် တစ်သက်လုံးအမဲလိုက်ရင်း ရခဲ့တဲ့အကုသိုလ်ထက်ပိုများသတဲ့ဗျာ၊ နောက်ပြီး ပျားဖွယ်၊ သားတိုး၊ မယားခိုးဆိုတဲ့ အဝီစိကျနိုင်တဲ့ အကုသိုလ်ဆိုတာလည်း ပြောကြသေးတယ်မဟုတ်လား။

“ဟေ့အလတ်ကောင်၊ ဒါကဘယ်လဲ၊ ပျားသွားဖွပ်မလို့လား”

ဦးဘသာကြိးနဲ့ လယ်ထဲဆင်းတဲ့လမ်းမှာဆုံတာနဲ့ ဦးဘသာကြီးက တန်းပြီးပြောတာပဲဗျ၊

“ဦးဘသာက သူများအတွင်းစိတ်ကို သိတယ်ထင်ပါ့”

“မဟုတ်ပါဘူးကွာ၊ ချည်ကြမ်းပုဆိုးပိတ်ပိတ်ကြီးနှစ်ထည်နဲ့ တောင်းကြီးပိုက်လာတာမြင်တော့၊ မင်းတို့ပျားသွားဖွပ်မယ်လို့ မှန်းမိလို့ပါကွ”

“ဟုတ်တယ်ဦးဘသာ၊ ဦးဝင်းကြိုင်အတွက် အဖေက ပျားသွားဖွပ်ခိုင်းလို့ဗျ၊ သူတို့လိုတဲ့ ပျားရည်ကလည်း သစ်ခေါင်းပျားရည်ဆိုပဲ”

“အေးပေါ့၊ ပျားရည်ထဲမှာ ပျားကြီးတို့၊ သစ်ခေါင်းပျားရည်တို့ဆိုတာ အလွန်ဆေးဘက်ဝင်တယ်မဟုတ်လား၊ ဒါနဲ့ သစ်ခေါင်းပျားရည်ရရင် ငါ့ကိုလည်း နည်းနည်းမျှစမ်းပါကွာ”

“အိုဗျာ၊ စိတ်ချစမ်းပါ၊ သစ်ခေါင်းပျားရည်ရရင် ဦးဘသာကို ဘယ်သူမှမသိအောင် တစ်ဝက်ပေးမယ်”

ဦးဘသာက ကျုပ်ကိုမျက်မှောင်ကြုတ်ပြီးကြည့်တယ်။

“တော်စမ်းပါအလတ်ကောင်ရာ၊ မှိုသွားကောက်တုန်းကလည်း ငါ့ကိုပေးမယ်လို့ပြောသွားသေးတာ၊ ငါ့မှာ မင်းများမှိုလာပေးမလားဆိုပြီး စောင့်နေရသေးတာ၊ နောက်နေ့ကျမှ မင်းအိမ်ကိုလာတောင်းမှ ရတယ်မဟုတ်လား၊ မင်းစကားကိုတော့ ငါမယုံဘူးဟေ့”

“မဟုတ်ပါဘူးဗျာ၊ အဲဒီနေ့က မှိုကောက်ရင်း ပဆွတ်နီတွေ တုတ်တာလည်းခံရသေးတယ်၊ ပြီးတော့ မှိုတောက်ပြီး အန်သေးတာဆိုတော့ ကျုပ်လည်း မေ့သွားလို့ပါဗျ၊ ဒီတစ်ခါတော့ တကယ်စိတ်ချ၊ ကျုပ်ရွာထဲပြန်လာရင် ဦးဘသာအိမ်ကိုအရင်ဝင်ခဲ့မယ်”

“အေးကွာ၊ စားရချည်သေး”

ဦးဘသာက ရွဲ့သလိုလိုပြောပြီးထွက်သွားပါရောဗျာ၊ ကျုပ်လည်း အကိုကြီးတို့လယ်ကိုလိုက်ခဲ့ရတာပေါ့၊ အကိုကြီးကိုခေါ်ပြီးတော့ တောင်ရိုးအပေါ်ကို တက်ခဲ့တာပေါ့ဗျာ။ နေတော်တော်ပူတဲ့အချိန်သွားတာဆိုတော့ တောင်ရိုးပေါ်ကို နေ့လည်နေကျော်မှ ရောက်တာပေါ့၊ အကိုကြီးက ပျားဖွပ်တဲ့နေရာမှာတော့ သိပ်တော်တယ်ဗျ၊ ဒါကြောင့်လည်း ကျုပ်က အကိုကြီးကို မရအရခေါ်ခဲ့တာ၊ တောထဲမှာလည်း မြက်ပင်တွေ၊ အလေ့ကျပေါက်တဲ့ တောပန်းလေးတွေက ပွင့်ဖူးနေတာပဲဗျာ။ အဲဒီပန်းပွင့်ကလေးတွေအနားမှာတော့ ပျားကောင်လေးတွေက ရစ်ဝဲပြီး ပျံသန်းနေကြတယ်ဗျ၊

“အလတ်ကောင်၊ သစ်ခေါင်းပျားရှာမှာဆိုတော့ ပျားလေးအုံတွေ့ရင် မဖွပ်ဘူးကွာ”

အကိုကြီးပြောတာနဲ့ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ကျုပ်တို့ဒေသမှာတော့ ပျားက သုံးမျိုးလောက်ပဲရှိတာဗျ၊ ပျားလေးလို့ခေါ်တဲ့ ရိုးရိုးပျားတွေရယ်၊ ခေါင်းပျားလို့ခေါ်တဲ့ သစ်ခေါင်းထဲမှာ နေတတ်တဲ့ သစ်ခေါင်းပျားရယ်၊ နောက်ပြီး မြေပျားလို့ခေါ်တဲ့ပျားကျတော့ မြေကြီးထဲမှာ အောင်းပြီးနေတတ်တဲ့ပျားမျိုးဗျ၊ ပျားကြီးမျိုးဆိုတာတော့ တောင်ရိုးပေါ်မှာရှားတယ်ဗျ၊ ဆယ်ခါတစ်ခါတောင် မကြုံတတ်ဘူး။

ပျားလေးတွေကျတော့ ပေါလိုက်တာမှဗျာ၊ ခုလိုမိုးတွင်းကြီး တောထဲသွားပြီး အရိပ်ကောင်းကောင်း၊ အခက်ကောင်းကောင်းအပင်ကိုတွေ့တာနဲ့ မော့ကြည့်လိုက်ရင် ပျားအုံတစ်အုံလောက်ကတော့ ရှိနေတတ်တယ်၊ ပြီးတော့ ချုံပင်၊ နွယ်ပင်တွေမှာလည်း ပျားတွေက အုံ့ဖွဲ့နေတတ်သေးတာဗျ။ အဲဒီပျားအုံတွေမှာလည်း ပျားရည်တွေ ရှိတတ်သေးတယ်။ ဒါပေမယ့် မိုးတွင်းမှာတော့ ပျားအုံသေးရင် မဖွပ်ကြသေးဘူး၊ ပျားရည်တွေက ရေတွေနဲ့ရောနေသေးတာကိုး၊

သစ်ခေါင်းပျားဆိုတာကျတော့ ပျားဆိုပေမယ့် ပျားလေးတွေနဲ့ မတူူဘူးဗျ၊ သူက ပျားလေးတွေထက် ပိုပြီးသေးတယ်၊ အကောင်သေးသေးလေးတွေ၊ ပြီးတော့ တခြားပျားတွေလိုလည်း မတုပ်ဘူး၊ သူတို့က ရန်သူကိုပါးစပ်နဲ့ကိုက်တာဗျ၊ ပုရွက်ဆိတ်ကိုက်သလိုပေါ့ဗျာ၊ သစ်ပင်ဆွေးတွေ၊ သစ်ခေါင်းတွေထဲမှာ အုံနဲ့ကျင်းနဲ့ နေတတ်ကြတာပေါ့၊ သစ်ခေါင်းပျားဖွပ်ရင် အဲဒီပျားတွေအကုန်ထွက်သွားပြီဆိုတော့မှ သစ်ခေါင်းကြီးကို ခြစ်ယူရတာဗျ၊ အလွန်လက်ဝင်တယ်၊ ပြီးတော့ ပျားချေးတွေကလည်း တခြားပျားအုံတွေထက် များသေးတယ်၊ ပျားရည်ကျတော့လည်း တခြားပျားအုံထက် အရနည်းတယ်၊ ဒါကြောင့်လည်း ဆေးဖက်ဝင်တာဖြစ်မယ်ဗျ။

မြေပျားဆိုတာကတော့ ပျားအကောင်အကြီးကြီးတွေဗျ၊ ဖင်မှာလည်း အဆူးကြီးကိုနည်းတာမဟုတ်ဘူး၊ မြေကြီးလို တောင်ပို့လို့အခေါင်းပေါက်တွေထဲမှာ အုံ့နဲ့ကျင်းနဲ့နေကြတာ၊ အဆိပ်လည်းသိပ်ပြင်းတယ်ဗျို့၊ ဒါပေမယ့် မြေအောင်းပျားရည်ကျတော့ သုံးလို့မကောင်းဘူး၊ မသန့်မှ မသန့်ဘဲ၊ ဒါကြောင့် သိပ်မရှာကြဘူးပေါ့ဗျာ။ တောင်ရိုးပေါ်မှာလည်း အတွေ့ရနည်းပါတယ်။ မြေအောင်းပျားကျတော့ ပျားရည်သိပ်မသုံးပေမယ့် ပျားကောင်လေးတွေကျတော့ ချက်စားကြတယ်ဗျ၊ အကောင်ကြီးတာဆိုတော့ ပျားလောင်းလေးတွေက မသိရင် ထမင်းစေ့လေးတွေလိုပဲ၊ သိပ်ဆိမ့်တာပေါ့။

ကျုပ်နဲ့အကိုကြီးလည်း ဟိုကြည့်ဒီကြည့်နဲ့ရှာလာရင်း လမ်းကွဲသွားတယ်၊ မကွဲလို့လည်းမရဘူးလေဗျာ၊ ပျားတွေနောက်ကို ခြေရာခံရင်းလိုက်ရတာ၊ တောင်ရိုးပေါ်က ရေအိုင်ကလေးအနားရောက်တော့ ရေအိုင်နားမှာ ရစ်ဝဲနေတဲ့ သစ်ခေါင်းပျားအုပ်ကိုတွေ့လိုက်ရတယ်၊ ပြီးတော့ အဲဒီသစ်ခေါင်းပျားတွေက ထပျံသွားတာနဲ့ သူတို့အနောက်ကိုသေချာကြည့်ပြီးလိုက်ခဲ့တာပေါ့ဗျာ၊ သစ်ခေါင်းပျားအုပ်က တောင်စောင်းနားမှာ ပေါက်နေတဲ့ သစ်ပင်ကြီးဆီကိုသွားတာဗျ၊ ပြီးတော့ အဲဒီနားရောက်တာနဲ့ ပျောက်သွားတော့တာ။ ကျုပ်လည်း လှည့်ပတ်ရှာရင်း နောက်ဆုံးတော့ တောင်စောင်းမှာတုံးလုံးကြီးလဲကျနေတဲ့ သစ်ပင်စည်ကြီးတစ်ခုနားမှာ ပျားတွေအုံနေတာတွေ့တော့တာပဲ။ ကျုပ်အထင် ဒီသစ်တုံးအဆွေးကြီးထဲမှာ ပျားတွေအုံဖွဲ့နေတာဖြစ်မယ်။

“အကိုကြီးရေ၊ ပျားတွေ့ပြီဗျ”

ကျုပ်အော်သံက ကျယ်ကျယ်လောင်လောင်နဲ့ထွက်လာတယ်၊ အကိုကြီးက တောင်စောင်းအောက်ဘက် လျှိုထဲဆင်းသွားတာဆိုတော့ ကျုပ်က အပေါ်စီးကနေ လှမ်းမြင်နေရတာပေါ့ဗျာ၊ ကျုပ်လည်း ဝမ်းသာအားရအော်ပြီး သစ်ခေါင်းကြီးနားပြေးအသွားမှာ အောက်ကနင်းလိုက်တဲ့မြေကြီးက မြေကြီးမဟုတ်ဘဲနဲ့ သစ်ရွက်ခြောက်တွေဖြစ်နေပြီးတော့ လူလည်း ဘေးနားက ချောက်ကြီးထဲကို လိမ့်ကျသွားတာပေါ့ဗျာ၊ ကံကောင်းလို့ မသေတာဗျာ၊ ချောက်ထဲခြေချော်ကျပြီးတော့ လူကိုလိမ့်ကျသွားတာဗျ၊ ကျုပ်လည်းဆွဲမိဆွဲရာနဲ့ ဆွဲရင်းနောက်ဆုံးတော့ သစ်ပင်တစ်ပင်ကို ကိုင်မိသွားတာပေါ့ဗျာ၊ ကျုပ်ကျသွားတဲ့နားကို အကိုကြီးက ပြေးလာပြီးထူတယ်ဗျ၊ လက်တွေခြေတွေမှာ ပွန်းပဲ့သွားပေမယ့် ကျိုးတော့မကျိုးဘူးပေါ့ဗျာ။

“ဘယ်လိုဖြစ်တာလဲအလတ်ကောင်ရာ”

“အကိုကြီး၊ ဟိုးတောင်စောင်းပေါ်မှာ လဲနေတဲ့ သစ်တုံးကြီးထဲမှာ သစ်ခေါင်းပျားတွေတွေ့လိုက်တယ်”

ကျုပ်လည်း ဖုတ်ဖက်ခါထပြီးတော့ အကိုကြီးနဲ့အတူတူ တောင်စောင်းပေါ်ကိုတက်ခဲ့တာပေါ့ဗျာ။ သစ်တုံးကြီးက ဆယ်ပေလောက်တော့ရှိမယ်ဗျ၊ လုံးပတ်ကလည်း တစ်တောင်လောက်ရှိမယ်ထင်တယ်၊ အဲဒီအနားမှာ ပျားတွေအုံနေတယ်၊ အကိုကြီးက သစ်ကိုင်းခြောက်တွေရှာပြီးတော့ မီးမွှေးတယ်ဗျ၊ ပြီးတော့ သစ်ရွက်အစိုတွေနဲ့ မီးလောင်နေတဲ့သစ်ကိုင်းခြောက်တွေကို အုံလိုက်တဲ့အခါမှ မီးခိုးဖြူဖြူတွေက အူပြီးထွက်လာတော့တာပေါ့။

ပျားရန်ကြောက်လို့ ပုဆိုးထူထူကြီးကို မျက်လုံးလေးဘဲဖော်ပြီးတော့ နင်ဂျာပုံစံ ချည်လိုက်တာပေါ့ဗျာ၊ အဲဒီပုဆိုးကြီး ချည်လိုက်ရင် မျက်လုံးနဲ့ နှာခေါင်းအနားကလွဲပြီး ကိုယ်အပေါ်ပိုင်းတစ်ပိုင်းလုံး လုံသွားတယ်မဟုတ်လား။ အကိုကြီးက မီးတွေစွဲလောင်နေတဲ့ သစ်ကိုင်းတစ်ခုကို ကျုပ်ဆီကိုပေးတယ်ဗျ။

“ရော့အလတ်ကောင်၊ ဒီဟာကိုကိုင်ထား၊ ပြီးရင် ငါတို့သစ်ခေါင်းပတ်ပတ်လည်မှာ မီးခိုးမှိုင်းဝိုင်းတိုက်ကြမယ်”

ကျုပ်လည်း မီးလောင်နေတဲ့ထင်းစကိုင်ပြီး သစ်ပင်ကြီးအောက်မှာ ရပ်နေတာပေါ့ဗျာ။ ဒီအချိန်မှာပဲ ကျုပ်ခေါင်းပေါ်ကနေ တဝီဝီနဲ့အသံတွေကြားလိုက်ရတယ်ဗျ။ ကျုပ်မော့ကြည့်လိုက်တော့ အကောင်ရေ ရာနဲ့ချီပြီးရှိလောက်တဲ့ ပျားအုပ်ကြီးက သစ်ပင်ပေါ်ကနေ ကျုပ်အပေါ်ကိုပြုတ်ကျလာတာ မဲနေတာပဲဗျာ။

“အလတ်ကောင်ရေ၊ မင်းအပေါ်ကို ပျားတွေပြိုကျပြီဟေ့”

အကိုကြီးက လှမ်းအော်တယ်၊ ကျုပ်လည်း ခုန်ဆွခုန်ဆွနဲ့ပြေးတော့တာပေါ့ဗျာ၊ ပျားတွေက ကျုပ်ကိုဝိုင်းတုတ်ကြတာဗျ၊ ပုဆိုးထူထူကြီးခြုံထားလို့သာ သိပ်မနာတာဗျျိ့၊ ဒါပေမယ့် ကံမကောင်းချင်တော့ ကျုပ်ခုန်ဆွခုန်ဆွလုပ်လိုက်ရင်း ကျုပ်ခြေထောက်က ပုဆိုးထူထူကြီးနဲ့ ချိတ်မိပြီး ခေါင်းပေါ်အုပ်ထားတဲ့ ပုဆိုးက ပြေကျသွားပါရောဗျာ၊ ဒီတော့ ခုနက ပြိုကျလာတဲ့ပျားတွေက ကျုပ်ကိုဝိုင်းတုပ်တော့တာပေါ့။ ကျုပ်ရပ်နေတဲ့သစ်ပင်ကြီးအပေါ်မှာလည်း ပျားအုံတစ်အုံရှိသေးသဗျ၊ ကျုပ်က ထင်းစကြီးကိုင်ထားတော့ အဲဒီသစ်ပင်ပေါ်က အကိုင်းမှာ တွဲလောင်းခိုနေတဲ့ ပျားအုံကို မီးနဲ့မြှိုက်သလိုဖြစ်ပြီးတော့ ပျားတွေက အုံဆင်းလာတာပဲဗျာ၊ ပျားဆိုတာ ရန်သူကိုရှာဖွေတဲ့အခါ အပေါ်ကနေအောက်ကို ပြိုဆင်းလာတာမို့ အဲဒါကို ပျားပြိုတယ်လို့ခေါ်တယ်ဗျ။

တစ်ကိုယ်လုံးကို ပျားတုတ်ခံရလို့ တဆစ်ဆစ်နဲ့နာနေတာပေါ့ဗျာ၊ နောက်တော့ ပျားတွေလွတ်သွားတော့မှ အကိုကြီးဆီပြန်လာခဲ့တယ်၊ အကိုကြီးကတော့ ပြံ့ုးလို့ဗျ။

“ကျုပ်တော့ ပျားနဲ့အကျိုးမပေးဘူးထင်ပါတယ် အကိုကြီးရာ”

“မင်းကအကျိုးမပေးပေမယ့် ငါက အကျိုးပေးတယ်ကွ၊ ခုနက မင်းကိုလိုက်တဲ့ပျားအုံကို မီးခိုးမှိုင်းတိုက်ပြီး တက်ခုတ်ထားလိုက်တာ၊ ကြည့်စမ်းပါအုံးကွာ၊ နည်းတဲ့ပျားလဘို့ကြီးလား”

တောင်းထဲမှာထည့်ထားတဲ့ ပျားအုံကြီးကို အကိုကြီးကပြတယ်ဗျ၊ ကျုပ်ကျေးဇူးနဲ့ သူက ပျားတစ်အုံအဆစ်ရသွားပြီလေ၊ ပြီးတော့မှ ကျုပ်တို့ညီအကိုလည်း သစ်ခေါင်းကြီးတစ်ဖက်ကနေ သစ်ရွက်စိမ်းတွေမီးရှို့ပြီးတော့ မီးခိုးမှိုင်းတိုက်ရတော့တယ်၊ သစ်ခေါင်းထဲကို မီးခိုးတွေဝင်အောင်လို့ မှုတ်မှုတ်ထည့်တော့ တစ်ဖက်သစ်ခေါင်းကနေပြီး ပျားတွေထွက်ပြေးတာ တန်းနေတာပဲဗျာ၊ သစ်ခေါင်းပျားတွေကလည်း ကျုပ်တို့ကိုရန်မူသေးတယ်၊ ဒါပေမယ့် သူတို့က ကိုက်ပေမယ့် ကျုပ်တို့ကပုဆိုးထူထူနဲ့ဆိုတော့ ဘာမှမတတ်နိုင်ဘူးပေါ့ဗျာ၊ နောက်တော့ ပျားတွေကုန်သွားတော့တယ်၊ နေကလည်း စောင်းတော့မယ်ဗျ။

“အလတ်ကောင်ရေ၊ ငါတို့ ဒီသစ်ခေါင်းကိုခြစ်နေရင် တောထဲမှာ မိုးချုပ်သွားမယ်၊ ဒီတော့ မင်းနဲ့ငါနဲ့ ဒီသစ်တုံးကြီးကိုထမ်းသွားကြမယ်ကွာ၊ ရွာရောက်တော့မှ အေးအေးဆေးဆေးခြစ်ကြတာပေါ့”

အကိုကြီးပြောတာလည်း သဘာဝကျတယ်ဗျ၊ ဒါနဲ့ သစ်တုံးကြီးကို မကြည့်တော့ သိပ်မဆွေးသေးတဲ့ သစ်တုံးက အချောင်းလိုက်ကြီးကြွတက်လာတယ်၊ သစ်တုံးက အထဲမှာ အခေါင်းနဲ့ဆိုတော့ သိပ်မလေးဘူးဗျ၊ ဒါနဲ့ အကိုကြီးနဲ့ကျုပ်နဲ့ အရှေ့တစ်ယောက်အနောက်တစ်ယောက် သစ်တုံးကြီးကို ပုခုံပေါ်တင်ပြီးတော့ ထမ်းလာတာပေါ့ဗျာ။ ခုနက ပျားတုပ်သွားတာတွေက အဆိပ်တွေတက်လာပြီဗျ၊ တစ်ကိုယ်လုံးကို စပ်ဖြင်းဖြင်းနဲ့ဖြစ်လာပြီးတော့ အဖုအပိန့််တွေကလည်း ဆူထွက်လာတယ်၊ ကျုပ်ကအရှေ့ကသွားတာမို့ အကိုကြီးက ကျုပ်အဖြစ်ကိုတွေ့လိုက်တယ်။

“အလတ်ကောင်ရာ၊ သိပ်ကုပ်ဖဲ့မနေနဲ့၊ ပျားဆိပ်တင်မက လက်ဆိပ်လိုက်ပြီး အနာရင်းနေမယ်”

အကိုကြီးက ပြောပြောဆိုဆိုနဲ့ သူလွယ်လာတဲ့တောင်းထဲကနေ ပျားသလက်ကို လက်နဲ့ဖဲ့ချလိုက်တယ်။ ပြီးတော့ သူ့ပါးစပ်ထဲတစ်ဖဲ့ထဲ့ရင်းဝါးတယ်ဗျ။

“ကောင်းလိုက်တာကွာ၊ ချိုနေတာပဲ၊ ရော့ မင်းလည်းစား”

ကျုပ်ကိုလည်း လက်တစ်ဖဲ့ ဖဲ့ပေးတယ်၊ ပျားသလက်စားရတယ်ဆိုတာ စားလို့သိပ်ကောင်းတယ်မဟုတ်လား၊ ဒါနဲ့ကျုပ်လည်း ပါးစပ်ကိုဟပေးလိုက်တော့ အကိုကြီးကလှမ်းပြီးထိုးထည့်ပေးတယ်ဗျ၊ ပျားရည်လတ်လတ်ဆတ်ဆတ်မို့ တကယ်ကိုချိုပြီးတော့ မွှေးနေတာပဲဗျာ၊ ကျုပ်လည်း ဝါးရင်း လျျာမှာ စူးခနဲဖြစ်သွားတာနဲ့ ထပြီးအော်လိုက်တယ်။

“အောင်မယ်လေး၊ စူးတယ်ဗျ”

ကျုပ်ဝါးနေတဲ့ပျားသလက်ကိုထွေးထုတ်ပြီးတော့ ခြေထောက်နဲ့ဖြဲကြည့်တော့ သကောင့်သားပျားတစ်ကောင်က ပျားသလက်ထဲကပ်နေပြီးတော့ မသေခင်မှာ ကျုပ်လျှာကိုဆူးနဲ့ထိုးဖြစ်အောင်ထိုးသွားသေးသဗျာ၊ အကိုကြီးက ကျုပ်ကိုကြည့်ရင်း

“ပျားသလက်ထဲမှာ၊ ကျန်နေတဲ့ပျားကောင်ပါလို့ နေမှာပါကွ”

ကျုပ်လည်း သက်ပြင်းချဉ်း အကြိမ်ကြိမ်ချမိတယ်၊ ကျုပ်ပြောတယ်မဟုတ်လား၊ ကျုပ်က ပျားနဲ့အကျိုးမပေးပါဘူးဆို။

(၄)

ခြံရှေ့ရောက်တော့ ညနေတောင်အတော်စောင်းနေပြီဗျ၊ အမေတို့က ညနေစာစားဖို့တောင်ပြင်နေပြီ၊ ကျုပ်လည်း ခြံတံခါးဖွင့်ဖို့ လှမ်းအော်လိုက်ရတော့တယ်။

“ဝလူး၊ ဝလူး၊ ဝါး”

ကျုပ်အော်ပေမယ့် အသံက မသဲကွဲဘူးဖြစ်နေတာဗျ၊ လျှာကြီးတစ်ခုလုံးလည်း ထုံပြီးတော့ ပူထူနေတာပဲ၊ အငယ်မက ခြံရှေ့ကိုကြည့်ပြီးတော့ လန့်အော်တယ်ဗျ။

“အောင်မယ်လေး၊ သရဲ၊ သရဲ”

“သရဲမဟုတ်ပါဘူးဟာ၊ နင့်အကိုလတ်ပါဟ၊ တံခါးဖွင့်စမ်း”

အကိုကြီးပြောလိုက်တော့မှ အငယ်မက တံခါးလာဖွင့်တယ်၊ ခြံထဲမှာ သစ်တုံးကြီးချလိုက်တော့ တစ်အိမ်လုံးကပြေးလာပြီးကြည့်ကြတယ်၊

“ဟယ်၊ အလတ်ကောင်၊ နင်ဘယ်လိုဖြစ်တာလဲ”

ပျားဆိပ်တွေတက်ပြီးတော့ ကျုပ်မျက်နှာကြီးတစ်ခုလုံးလည်း ဘီလူးရုပ်ကြီးဖြစ်နေပြီဗျ၊ နှုတ်ခမ်းကြီးတွေဆိုလည်း ဖောင်းကားပြီးထော်လန်နေတာ၊ မျက်ခွံတစ်ဖက်ကို ပျားတုတ်မိသွားတော့ မျက်လုံးတစ်ဖက်ကလည်း ပိတ်နေပြီးဖွင့်မရဘူးဗျာ၊ မျက်ခုံးတွေဆိုရင်လည်း ဖောင်းကြွနေတဲ့အပြင် လျှာကြီးကလည်း ယောင်ပြီးတော့ ထူထူကြီးဖြစ်နေပါရောလား။

ဒါနဲ့ပဲ ရေမိုးချိုးပြီးတော့ ဆေးကြမ်းကြီးရေဖျော်ပြီး လူးထားတာပေါ့ဗျာ၊ အဲဒီသစ်တုံးကြီးကိုတော့ အိမ်ရှေ့မှာပဲ ချထားလိုက်တော့တယ်။ ညအိပ်ခါနီးလဲရောက်ရော အကိုကြီးတို့လင်မယားအခန်းထဲမှာ ရန်ဖြစ်တာကိုကြားလိုက်ရပါရောဗျာ။

“ဟဲ့ နင်နဲ့မပေါင်းဘူး၊ နင်နဲ့ငါကွာရှင်းမယ်”

အဖေအမေတို့လည်းပြေးကြည့်ကြတာပေါ့ဗျာ။ ကျုပ်မရီးက ကလေးကိုပိုက်ပြီးတော့ အိမ်ခန်းထဲကနေပြေးထွက်လာတယ်ဗျ၊ အကိုကြီးကလည်း ဒေါသတကြီးနဲ့ပြေးလိုက်လာတယ်။

“ဟေ့ကောင်၊ ဘာဖြစ်တာလဲ”

“အဖေ၊ သူနဲ့မပေါင်းဘူး၊ ခုနက ကလေးက ငိုနေတာကို နားငြီးလို့ဆိုပြီးတော့ ကလေးရဲ့ကျောကုန်းကို အားကြီးနဲ့ထရိုက်တယ်အဖေ”

အမေက ကျုပ်တူမကျောကုန်းကိုလှန်ကြည့်တော့ ကျုပ်တူမကျောကုန်းမှာ အကိုကြီးရိုက်ထားတဲ့အရာကြီးက နီရဲနေတာပဲဗျာ၊ အဖေက အကိုကြီးကိုကြည့်တယ်။

“ဟေ့ကောင်အကြီးကောင်၊ မင်းဘာဖြစ်တာလဲ”

အကိုကြီးပုံစံက အရူးကြီးတစ်ယောက်လိုပဲဗျ။

“မင်းကိုငါသတ်မယ်၊ မင်းကိုရော မင်းရဲ့ကလေးကိုရော ငါသတ်မယ်”

“အကြီးကောင်၊ မင်းစိတ်ကိုအေးအေးထားပါ၊ ဒီဟာ မင်းချစ်လွန်းပါတယ်ဆိုပြီးတော့ ယူထားတဲ့မိန်းမကွ၊ နောက်ပြီး ဒီဟာကလည်း မင်းနဲ့ရထားတဲ့ကလေး”

အကိုကြီးက ပြောပြောဆိုဆိုနဲ့ မရီးဆီကိုပြေးဝင်လာတယ်ဗျ၊ ကျုပ်လည်း မနေသာတော့တာနဲ့ အကိုကြီးလက်မောင်းကိုပြေးဆွဲတော့တာပဲ၊ အကိုကြီးရဲ့အသားတွေက ပူနေတာပဲဗျာ၊ ကျုပ်လည်းဆွဲလိုက်ရော အကိုကြီးက ကျုပ်ကိုလှည့်ကြည့် မျက်စောင်းထိုးပြီးတော့ ကျုပ်ရင်ဝကို တွန်းထုတ်ထည့်လိုက်တာဗျာ၊ ကျုပ်ဖြင့် လွင့်သွားပြီး အခန်းကာထားတဲ့ ထရံနဲ့သွားဆောင့်ပါရောလား။

“အဝေ၊ အဝိုကြီး၊ တစ်ဝုဝု ဝစ်နေပြီ”

ကျုပ်မပီမသနဲ့အော်လိုက်တော့ အဖေကလည်း သဘောပေါက်သွားတယ်ထင်တယ်ဗျ၊ အကိုကြီးလက်ကိုချုပ်ဆွဲထားလိုက်ပြီးတော့ ဘုရားစာရွတ်တယ်ထင်ပါတယ်၊ဒီတော့မှ အကိုကြီးက နည်းနည်းငြိမ်သွားတာဗျ၊ ကျုပ်လည်း အမြန်ထပြီးတော့ ဘုရားကျောင်းဆောင်ပေါ်က ညောင်ရေအိုးကိုဆွဲပြီး ညောင်ရေအိုးရေနဲ့ အကိုကြီးကိုပက်လိုက်တော့မှ အကိုကြီးက ငူငူငေါင်ငေါင်ကြီးဖြစ်သွားတော့တယ်။

“အကြီးကောင်၊ သတိထားစမ်းကွာ”

အကိုကြီးက ခေါင်းငိုက်စိုက်ကျသွားတယ်။

“သား၊ သား စိတ်ထဲဒေါသအရမ်းထွက်သွားတယ်အဖေ၊ သားမှားပါတယ်”

အဖေကလည်း မရီးကိုရှင်းပြရတာပေါ့၊ မရီးကလည်း လက်ခံပေမယ့် အကိုကြီးကိုကြောက်လို့ နောက်ဆုံးအောက်ထပ်က အငယ်မတို့နဲ့သွားအိပ်ရပါရောလားဗျာ၊ အကိုကြီးက သူတို့လင်မယားအခန်းထဲမှာ တစ်ယောက်တည်းအိပ်တာပေါ့။ ညသန်းခေါင်မရောက်တရောက်မှာ အကိုကြီးက ထပြီးပွဲကြမ်းပါရောလားဗျာ၊ သူတို့အခန်းထရံကို လက်သီးနဲ့တဘုန်းဘုန်းပုတ်ပြီးတော့ အိမ်တိုင်တွေကိုလည်း ခြေထောက်တွေနဲ့ဆောင့်ကန်နေတာ၊ အငယ်ကောင်က အကိုကြီးဆီကိုသွားတော့ အငယ်ကောင်ကိုတွန်းထုတ်လွတ်လိုက်တာ အငယ်ကောင်ခမြာ လှေကားအတက်နားကို ခွေခွေကလေးကျသွားတာ။

“အဖေရေ၊ လုပ်ပါအုံး၊ အဖေ”

အငယ်ကောင်က အော်တာပေါ့ဗျာ၊ အဖေတို့ထွက်မလာခင်မှာ အကိုကြီးက အငယ်ကောင့်ဆီသွားပြီးတော့ အငယ်ကောင်ရဲ့ဆံပင်ကို လက်တစ်ဖက်က ကိုင်ပြီး ကျန်တဲ့လက်တစ်ဖက်က အငယ်ကောင်ရဲ့ပါးကို တဖြန်းဖြန်းနဲ့ရိုက်ပါလေရောဗျာ၊ ရိုက်တဲ့အသံကြီးက အားပါတယ်ဗျ၊ ဖြောင်းဖြောင်းနဲ့ကို မြည်နေတော့တာ၊ ခြင်ထောင်ထဲအိပ်နေတဲ့ကျုပ်လည်း ထလိုက်ပြီးတော့ ခြင်ထောင်စကြီးဆွဲပြီး အကိုကြီးကိုခြင်ထောင်နဲ့ပြေးအုပ်ရတာပေါ့ဗျာ၊ အကိုကြီးကလည်း ရုန်းကန်နေရင်းနဲ့ ပိတ်ခြင်ထောင်ကြီးနဲ့ ငြိပြီး လုံးထွေးနေတာပေါ့။

ကျုပ်လည်း ဦးဘသာကိုသတိရလိုက်တယ်၊ အကိုကြီးပုံစံက ပုံမှန်မှ မဟုတ်ဘဲကိုးဗျ၊ ဒါနဲ့ ဦးဘသာကိုခေါ်မယ်ဆိုပြီး အိမ်ပေါ်ကဆင်းမယ်အလုပ်မှာ အကိုကြီးက ခြင်ထောင်ပုံထဲကနေ ထွက်ပြီး ကျုပ်ဆီကိုပြေးလာပါရောလား။ ကျုပ်လည်း လှေကားကိုအမြန်ပြေးဆင်းရင်း သုံးထစ်မြောက်အရောက်မှာ ခြေခေါက်ပြီးတော့ လဲကျသွားတာပေါ့ဗျာ။ အကိုကြီးကို အဖေတို့က ဝိုင်းဆွဲပေမယ့် အဖေ့ကိုလည်း တွန်းထုတ်ခဲ့တာဗျ၊ လှေကားအောက်မှာ ခွေခွေကလေးလဲနေတဲ့ကျုပ်ကို အကိုကြီးက မီးဝင်းဝင်းတောက်နေသလို ဝင်းလက်နေတဲ့ မျက်လုံးကြီးတွေနဲ့ကြည့်တယ်။

ပြီးတော့ အဖေထိုင်နေကျခုံတန်းကလေးရဲ့ အနောက်မှာချိတ်ထားတဲ့ အဖေ့လက်စွဲတော်ဓါးကြိးကိုကြည့်ရင်း သွားပြေးဖြုတ်တာပေါ့ဗျာ။ ပြီးတော့ ကျုပ်ဆီတစ်ဟုန်ထိုးပြေးပြီး ဓါးနဲ့ခုတ်ပါရောဗျို့။ တစ်ခုကံကောင်းသွားတာက ဓါးအိမ်ကမကျွတ်တော့ ကျုပ်ပုခုံးကို ဓါးအိမ်နဲ့ပဲရိုက်မိတယ်၊ အကိုကြီးက ဓါးအိမ်ကိုဆွဲချွတ်နေတုန်း ကျုပ်လည်း ခြံထဲကနေပြေးထွက်လာခဲ့တာပေါ့ဗျာ။

“ဦးဘသာကယ်ပါ၊ ဦးဘသာကယ်ပါ”

ကျုပ်လည်း စိတ်ထဲကနေ ရေရွတ်နေရင်း ပြေးနေရတယ်၊ လှေကားကနေကျထားလို့ ခြေထောက်တစ်ချောင်းကလည်း အတော်နာနေတော့ ပြေးရတာအားမရှိဘူးပေါ့ဗျာ။ အကိုကြီးကတော့ မပြေးဘူးဗျ၊ ဓါးကြီးကိုင်ပြီးတော့ ခြေလှမ်းကျဲကြီးနဲ့ ကျုပ်အနောက်ကိုလိုက်လာခဲ့တာ၊ တစ်ရွာလုံးကလည်း အိပ်မောကျနေကြပြီ၊ ကျုပ်လည်း အသံကုန်ဟစ်ပြီး အော်တာပေါ့။

“ဝယ်ကြဝါ . . . ဝယ်ကြဝါ”

လျှာကိုပျားတုတ်ပြီး အသံကလည်း မပီမသဘဲထွက်တယ်ဗျ၊ ကျုပ်ပြေးလာတော့ ရွာထဲကခွေးတွေက ကျုပ်ကိုကြည့်ပြီး ထိုးဟောင်ပါရော၊ ပြီးတော့ အနောက်က အကိုကြီးကိုလည်းတွေ့ရော ဟောင်ဖို့နေနေသာသာ အမြှီးကုပ်ပြီးတော့ ထွက်ပြေးကုန်တာဗျ။

ကျုပ်လည်း ပြေးရင်း ရွာလယ်မန်ကျည်းပင်ကြီးအနားရောက်တော့ မြေကြီးထဲကနေ တိုးထွက်နေတဲ့ မန်ကျည်မြစ်ကြီးကို ခလုပ်တိုက်ပြီး ဟပ်ထိုးလဲကျသွားပါရောဗျာ၊ ကျုပ်လေးဘက်ကုန်းထနေတုန်းမှာပဲ အကိုကြီးက ကျုပ်အနားကိုရောက်လာခဲ့ပြီဗျ။ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးကြီးတွေနဲ့ ကျုပ်ကိုကြည့်ရင်း ဓါးကိုမြှောက်ပြီးတော့ ခုတ်ချဖို့လက်ပြင်လိုက်တယ်၊ ကျုပ်လည်း ဘာမှမပြောနိုင်တော့ဘူးဗျာ၊ ကြောင်ပြီး ဒီအတိုင်းကြီးရပ်နေမိတာဗျ၊ အကိုကြီးရဲ့လက်က လေပေါ်ရောက်သွားတဲ့အချိန်မှာ လက်ထဲက ဓါးကြီးက ချွင်ခနဲအသံမြည်ပြီးတော့ လေးငါးဆယ်လံလောက်အကွာကို ပြုတ်ကျသွားတော့တာပဲ။

အကိုကြီးက ဒေါသတကြီးနဲ့ မန်ကျည်းပင်ကြီးအနားကိုကြည့်လိုက်တော့ ဦးဘသာက မန်ကျည်းပင်ကြီးရဲ့ ပင်စည်အနောက်ကနေ ထွက်လာတယ်ဗျ၊ ကျုပ်ဖြင့် ပျော်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ မတ်တပ်တောင်မရပ်နိုင်ဘူး၊ လေးဖက်ကုန်းသွားရင်း ဦးဘသာကြီးရဲ့ခြေထောက်တွေကို ဖက်ထားမိတယ်။

“အလတ်ကောင်၊ သိပ်မဆွဲနဲ့ကွ၊ ငါပုဆိုးကျွတ်ကျမယ်”

ဦးဘသာပြောမှ ကျုုပ်လည်း လက်ပြန်လွှတ်လိုက်တယ်၊ အကိုကြီးက ဦးဘသာကိုလက်ညှိုးထိုးရင်း

“ဟေ့ကောင်၊ မင်းဝင်မရှုပ်နဲ့၊ ငါ့အလုပ်ငါလုပ်နေတာ၊ မင်းဝင်ပါစရာမလိုဘူး”

“အောင်မာ၊ လူသတ်တာက မင်းအလုပ်လားကွ”

အကိုကြီးက တောက်တစ်ချက်ခေါက်လိုက်တယ်။

“ဒီကောင်တွေ ငါ့ဗိမာန်ကိုဖျက်ဆီးသွားတယ်၊ ဒီတော့ ငါဒီကောင်နှစ်ကောင်ကို ပြန်သတ်ရမှကျေနပ်မယ်”

“သူတို့က မသိလို့လုပ်မိတာပဲ၊ မင်းရဲ့ ဗိမ္မာန်ကို မဖျက်ဆီးစေချင်ရင် မင်းအစောကတည်းက သိသာထင်ရှားပြပေါ့ကွ”

“ငါဒီကောင်တွေကိုပြခဲ့သေးတယ်၊ ဒီကောင့်ကို တောင်ပေါ်ကကျအောင်လည်းလုပ်ခဲ့တယ်၊ ပျားတုတ်အောင်လည်း လုပ်ခဲ့သေးတယ်၊ ဒါတောင်မှ ဒီကောင်တွေက ငါ့ဗိမ္မာန်ကို ရအောင်ဖျက်ဆီးတဲ့ကောင်တွေ၊ ဒီကောင်တွေကို ငါသတ်မယ်”

ဦးဘသာက ခါးထောက်လိုက်ပြီး

“နေပါအုံး၊ သူများကို သတ်မယ်၊ သတ်မယ်နဲ့ပြောနေရအောင် မင်းကဘာကောင်မို့လို့လဲ”

“ဟား၊ ဟား၊ ငါက အဲဒီသစ်ဆွေးတုံးမှာနေတဲ့ ဂန္ဒဗ္ဗ နတ်ဘီလူးကွ”

ဦးဘသာက နည်းနည်းတွေဝေသွားပုံရတယ်ဗျ။

“သူတို့မသိလို့လုပ်မိတာပဲ၊ ခွင့်လွှတ်ပေးလိုက်ပါ”

အကိုကြီးက တဟားဟားနဲ့ရယ်မောတယ်ဗျ။

“ဟား၊ ဟား ဘီလူးကိုရန်စရင် ဘီလူးရဲ့ဒေါသ ဘယ်လောက်ကြီးတယ်ဆိုတာ ဒီကောင်တွေ သိစေရမယ်ဟေ့”

အကိုကြီးက ခြေထောက်တစ်ဖက်ကိုလေပေါ်မြှောက်လိုက်ပြီးတော့ လက်မောင်းနှစ်ဖက်ကိုရင်ဘတ်မှာယှက်ရင်း လက်ခမောင်းတွေ တဖြောင်းဖြောင်းနဲ့ခတ်နေတာဗျ၊ ပြီးတော့ ဦးဘသာကြီးဆီကို ပြေးဝင်လာတော့တာပဲ။ ဦးဘသာက အကိုကြီးကိုလက်ညှိုးထိုးပြီးတော့

“ရပ်စမ်း . . .ရပ်လိုက်စမ်း”

ဒါပေမယ့် အကိုကြီးက မရပ်ဘူးဗျ၊ ဦးဘသာကြီးရဲ့ လက်တစ်ကမ်းကိုရောက်တော့ ဦးဘသာကို လက်သီးနဲ့ထိုးချထည့်လိုက်တာပဲဗျာ၊ ကျုပ်တောင်မှ အနောက်ကိုပြေးပြီးရှောင်လိုက်သေးတယ်၊ ဦးဘသာက လက်သီးချက်ကို လက်ဖဝါးနဲ့ရိုက်ထည့်လိုက်တော့ ဖြောင်းဆိုတဲ့အသံအကျယ်ကြီး မြည်သွားပြီးတော့ ဦးဘသာကြီး အနောက်ကို ခြေလှမ်းသုံးလှမ်းလောက်ဆုတ်လိုက်ရတယ်။

“ယက္ခညီနောင်၊ ချုပ်ကြစမ်းဟေ့”

ဦးဘသာ ပြောလိုက်တဲ့အခါ မန်ကျည်းပင်အပေါ်ကနေ ဘီလူးကြီးနှစ်ကောင် ခုန်ဆင်းလာတယ်ဗျ၊ ခေါင်းတုံးပြောင်ပြောင်နဲ့ ထွားထွားကျိုင်းကျိုင်းကြီးတွေဗျ၊ ဒီဘီလူးတွေက ဦးဘသာရဲ့ ဦးခေါင်းပေါ်က အမောက်တစ်ခုထဲမှာ ကိန်းအောင်းနေတဲ့ ဘီလူးမင်းရဲ့ တပည့်နှစ်ယောက်ဖြစ်မယ်ထင်တယ်ဗျ၊ ဘီလူးညီနောင်နဲ့ အကိုကြီးနဲ့ ထိုးကြကြိတ်ကြတာဗျာ၊ နောက်တော့ အကိုကြီးက ဘီလူးညီနောင်ထဲက တစ်ကောင်ကို ပင့်လက်သီးကျွေးလိုက်တာ ဘီလူးတစ်ကောင်က ကိုယ်ရောင်ပါပျောက်သွားတယ်၊ နောက်ထပ်ဘီလူးတစ်ကောင်ကိုလည်း ခြေဖျားနဲ့ခတ်လိုက်တာ ဘီလူးကြီးက ထွက်ပြေးသွားပါရောလား။

အားလုံးပြီးသွားတော့ ဦးဘသာကြီးဆီကို ပြေးလာတယ်၊ ကျုပ်လည်း မနေသာတော့ဘူးဆိုတော့ မန်ကျည်းပင်အောက်နားမှာ ကျနေတဲ့ ဝါးလုံးပိုင်းအစိမ်းတစ်ခုကို ကောက်ယူလိုက်ပြီး ပြေးဝင်လာတဲ့အကိုကြီးရဲ့ခေါင်းကို အားကုန်ပိတ်ရိုက်ထည့်လိုက်တာပေါ့ဗျာ။

ဖြောင်းခနဲအသံကြီးနဲ့အတူ ကျုပ်လက်ထဲက ဝါးစိမ်းပိုင်းက ဖွာလန်ကျဲပြီးတော့ ကျိုးထွက်သွားပါရောဗျာ၊ ဒါပေမယ့် အကိုကြီးကတော့ မရပ်ဘူးဗျ၊ ဦးဘသာကြီးဆီကိုပြေးသွားပြီးတော့ ရင်ဝကိုဆောင့်ကန်ထည့်လိုက်တော့ ဦးဘသာကြီးမှာ နောက်ဆုတ်နောက်ဆုတ်နဲ့ရှောင်တိမ်းရင်း မန်ကျည်းမြစ်နဲ့တိုက်မိပြီး ပက်လက်လန် လဲကျသွားတာပေါ့ဗျာ။

အကိုကြီးက ဦးဘသာအနားကို တစ်လှမ်းချင်းလျှောက်လာတာပေါ့၊ ဦးဘသာကလည်း သူ့လက်ထဲက စက်လက်နက်တွေနဲ့ ပစ်ခတ်တယ်၊ ဝင်းခနဲ လက်ခနဲ ထွက်သွားတဲ့ စက်လက်နက်တွေကို အကိုကြီးက လက်နဲ့ပုတ်ပုတ်ထုတ်တာဗျ။ ဒီအချိန်မှာပဲ မောင်းထုသံတွေကြားရပြီ၊ အဖေအိမ်ကနေ ထုနေတာဖြစ်မှာပေါ့ဗျာ၊ ဒါပေမယ့် ညသန်းခေါင်ဆိုတော့ ရွာသားတွေ ရုတ်တရက်နိုးပုံမရဘူးဗျ၊ အကိုကြီးက ဦးဘသာဆီကိုပြေးလာပြီးတော့ ဦးဘသာခေါင်းကို လက်သီးနဲ့ထုချက်လိုက်တယ်။

ဒါပေမယ့် လက်သီးက လေထဲမှာ ရပ်သွားပြန်တယ်၊ ပြီးတော့မှ အကိုကြီးအရှေ့နားမှာ တစ်ကိုယ်လုံးအစိမ်းရောင်တွေ ဝင်းလက်နေတဲ့ ဘီလူးကြီးတစ်ကောင်ပေါ်လာတာဗျ၊ ဘီလူးပုံစံကတော့ ဘုရားဇာတ်ထုပ်တွေထဲက ပုံဖော်သလို ပုံကြီးပါပဲ၊ မျက်ခုံးမွှေးထူလဗြစ်၊ မုတ်ဆိုင်မွှေး ပါးသိုင်းမွှေးတွေနဲ့၊ ခေါင်းမှာလည်း အမောက်ကြီးက အနောက်ဘက်ကိုလန်ပြီးတော့ ကောက်နေသေးတယ်ဗျ၊ ကိုယ်လုံးမှာလည်း ချပ်ဝတ်တန်ဆာတစ်ခုဝတ်ဆင်ထားပြီး စလွယ်တွေလည်းလွယ်ထားသေးတယ်။

“မင်းတော်လောက်ပြီ”

ဘီလူးကြီးကပြောလိုက်ပြီးတော့ အကိုကြီးကိုတွန်းထည့်လိုက်တာ အကိုကြီးက အနောက်ကိုကျွမ်းပြန်ပြီးတော့ လဲကျသွားတယ်။

“သယ်ဆောင်သူကို ရန်ပြုတဲ့လူက ငါတို့ရဲ့ရန်သူပဲ”

ဘီလူးကြီးကပြောရင်း အကိုကြီးအနားကို တစ်လှမ်းချင်းလျှောက်သွားတယ်၊ အကိုကြီးလည်း အနောက်ကိုတစ်လှမ်းချင်းဆုတ်သွားတယ်။

“ဒီကောင်တွေက ငါ့ဗိမာန်ကိုဖျက်ဆီးသွားတဲ့ကောင်တွေ”

“အဲဒါတွေ ငါနားမလည်ဘူး၊ ငါနားလည်တာက မင်းလုပ်ရပ်တွေကိုရပ်မလား၊ ငါရပ်ပေးရမလား”

အကိုကြီးက ဦးဘသာရဲ့ဘီလူးကိုတော့ ကြောက်တဲ့ပုံပဲဗျ။

“မ၊ မလုပ်ပါနဲ့ဘီလူးမင်း”

ဘီလူးကြီးက ရွာပြင်ဘက်ကိုလက်ညှိုးထိုးပြီးတော့

“အဲဒါဆိုရင် မင်းပြန်တော့၊ မင်းဘာသာမင်း နေရာအသစ်တစ်ခုရှာပြီးနေ၊ ပြီးတော့ မင်းလုပ်ထားတာတွေကိုလည်း အကုန်ပြန်ထုတ်သွားနော်”

အကိုကြီးက ရွာအပြင်ဘက်ကိုလှည့်ကြည့်ရင်း လဲကျသွားတော့တယ်ဗျ၊ ဒီအချိန်မှာပဲ မီးတုတ်အလင်းရောင်တွေကိုတွေ့လိုက်ရတယ်၊ အဖေနဲ့ရွာသားတွေက လက်နက်တွေနဲ့ ထွက်လာကြတာပေါ့ဗျာ။ မန်ကျည်းပင်ကြီးအောက်မှာ ရှိနေတဲ့ကျုပ်တို့ဆီကိုလာခဲ့တာပေါ့။

ကျုပ်လည်း ဦးဘသာကိုလှည့်ကြည့်လိုက်တော့ ဦးဘသာမရှိတော့ဘူးဗျ၊ အကိုကြီးကတော့ မြေမှာလဲလို့ဗျ၊ အဖေ့ဓါးကြီးကလည်း ဟိုးခပ်လှမ်းလှမ်းမှာ ကျနေလေရဲ့ဗျာ။

နောက်နေ့တော့ သစ်ခေါင်းကြီးကို ခြစ်ယူကြတယ်၊ ပျားရည်သုံးပုလင်းစာလောက်ရတယ်ဗျ၊ အိမ်မှာတစ်ပုလင်း၊ ဦးဝင်းကြိုက်ကိုတစ်ပုလင်း၊ ရွာဦးကျောင်းဆရာတော်ကိုတစ်ပုလင်းကပ်လိုက်တာပေါ့ဗျာ၊ ဆရာတော်က အကိုကြီးအကြောင်းသိရလို့ ချည်မန်းကွင်းတွေဘာတွေ ဆင်ပေးလိုက်တယ်။

“မင်းတို့အဖြစ်ကို နားထောင်ရသလောက်တော့ ဘီလူးစီးတာပဲကွ၊ အဲဒီလို သစ်တုံးဆွေးတွေ၊ သစ်ငုတ်တိုတွေမှာလည်း ဘီလူးတွေနေတတ်တယ်၊ တချို့ဆို နတ်ဘီလူးတွေတောင်ဖြစ်နေကြတာပေါ့ကွာ၊ မင်းတို့ နောက်ဆိုရင်တော့ သေသေချာချာသတိထားပြီးလုပ်ကြဟေ့၊ ပုံမှန်သစ်ခေါင်းပျားဖွပ်တဲ့လူတွေကျတော့ လက်ဖက်တစ်ပွဲ၊ ကွမ်းတစ်ယာနဲ့ တောင်းပန်ပြီးတော့မှ ဖွပ်ကြတာကွ၊ ငါက မင်းတို့သိမယ်လို့ထင်နေတာ”

ရွာဦးကျောင်းက ပြန်လာတော့ ကျုပ်လည်း ဦးဘသာအိမ်ကိုဝင်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကိုကျေးဇူးတင်စကားပြောဖို့ပေါ့၊ ကျုပ်လျှာက အယောင်ကျသွားပြီးတော့ တော်တော်ပြန်ကောင်းနေပါပြီ၊ နည်းနည်းလျာလေးနေတာပဲ ရှိတော့တာ။

“ညက အဖြစ်အတွက် ကျေးဇူးတင်ပါတယ်ဦးဘသာ”

ဦးဘသာကတော့ မသိချင်ယောင်ဆောင်နေတယ်။

“ဘာအဖြစ်တုန်းကွ”

“ဦးဘသာမကယ်ရင် ကျုပ်တော့ အကိုကြီးရဲ့ဓါးချက်အောက်မှာ အသက်ပျောက်နေလောက်ပြီဗျ”

ဦးဘသာက ဝန်မခံပေမယ့််

“အေးကွ၊ သစ်ပင်တွေမှာ ရုက္ခစိုးနေသလို၊ သစ်လုံး၊ သစ်ခေါင်း၊ သစ်ငုတ်တိုတွေမှာလည်း အဲဒီလိုပုဂ္ဂိုလ်တွေ ရှိတတ်ကြတယ်၊ ဒါကြောင့်မို့ အရမ်းကာရော မလုပ်သင့်ဘူးကွ၊၊ ဒါနဲ့ ငါ့အတွက်ပျားရည်ဆို၊ ဘယ်မလဲကွ”

ဦးဘသာပြောမှ ကျုပ်လည်း သတိရသွားတယ်၊ ဒါနဲ့ အိမ်ကိုအမြန်ပြန်ပြေးရတာပေါ့ဗျာ၊ နေ့လည်လောက်ကျတော့ အဖေက အိမ်ကိုပြန်လာတယ်ဗျ။

“ငါဆေးနည်းကောင်းတစ်ခုရခဲ့တယ်ကွ၊ ဆရာတော်ပြောလိုက်တာက ကြက်သွန်ဖြူဥတစ်လုံးနဲ့ ပျားရည်နဲ့ရောပြီးစားရင် ယောက်ျားတွေအားကောင်းသတဲ့ကွ၊ ကဲ မသန်းရေ၊ မနက်ကခြစ်ထားတဲ့ သစ်ခေါင်းပျားရည်ပုလင်းပေးစမ်းကွာ”

ကျုပ်လည်း မအူမလည်နဲ့ ခြံထဲဆင်းလာတော့တယ်၊ အမေက မိးဖိုချောင်ထဲလှည့်ပတ်ကြည့်ရင်း

“မရှိတော့ဘူးတော့၊ မနက်တုန်းကတင် ကြောင်အိမ်ပေါ်မှတင်ထားလိုက်တာပါ၊ အခုဘယ်ရောက်သွားသလဲမသိဘူး”

“ဟာ၊ ဟုတ်ရဲ့လား၊ ပျားရည်ပုလင်းက ကြောင်အိမ်ပေါ်ကနေ ခြေထောက်ပေါက်ပြီး လျှောက်သွားပါ့မလားကွ၊ သေချာရှာကြည့်စမ်းပါအုံး”

ကျုပ်လည်း ခြံပြင်ကို အမြန်ပြေးထွက်လာခဲ့တာပေါ့ဗျာ၊ အဲဒီ ပျားရည်တစ်ပုလင်း ဘယ်ကိုရောက်သွားသလဲဆိုတာတော့ ကျုပ်ကို မမေးနဲ့ဗျို့။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ ပန္းေပါင္းတစ္ေထာင္ ဘီလူးေဆာင္ “(စ/ဆုံး)
———————————————————————————
အတြဲ(၃) စာစဥ္ (၁၀)

(၁)

တစ္မနက္ခင္းေတာ့ က်ဳပ္လည္းအိပ္ရာကႏိုးလာၿပီးေတာ့ အိမ္ေအာက္ကိုဆင္းလာတာေပါ့ဗ်ာ၊ အိပ္ရာက ႏိုးစမွာ ေရေႏြးပူမေသာက္ရဘူးဆိုတဲ့ စကားရွိတာမို႔လို႔ ေသာက္ေရအိုးဆီလာခဲ့တာေပါ့။ သံပန္းကန္ျပားေပၚမွာ ေမွာက္ထားတဲ့ ေရေသာက္တဲ့မတ္ခြက္ကို ကိုင္လိုက္ရင္း ပန္းကန္ျပားကိုအသာကေလးလွပ္ရင္း ေရတစ္ခြက္ခပ္ၿပီး ပါးစပ္ထဲေသာက္ခ်လိုက္တာေပါ့ဗ်ာ။

“ေအာင္မယ္ေလး၊ စပ္တယ္၊ စပ္တယ္”

က်ဳပ္ေရခြက္ကိုင္ၿပီး ထေအာ္ေတာ့ ခုံတန္းမွာထိုင္ေနတဲ့အေဖနဲ႔ မီးဖိုထဲကေန အုပ္ကေလးကိုင္ၿပီး ထြက္လာတဲ့အေမက က်ဳပ္ကိုတအံ့တၾသနဲ႔ၾကည့္တယ္ဗ်။ အေမက မ်က္ေမွာင္ၾကဳတ္ရင္း

“လုပ္ျပန္ၿပီအလတ္ေကာင္ရာ၊ ေရေသာက္တာ စပ္မလားဟ”

က်ဳပ္လည္း ပါးစပ္ကိုအျမန္ဖြင့္ၾကည့္လိုက္ေတာ့ လွ်ာေပၚမွာ အမည္းေရာင္အေကာင္ကေလးတစ္ေကာင္တင္ေနတယ္ဗ်၊ က်ဳပ္လည္း လ််ာကိုပြတ္ရင္း လက္ထဲမွာေၾကၿပီးပါလာတဲ့ အဲဒီအေကာင္ေလးကိုၾကည့္လိုက္တယ္။

“မဟုတ္ဘူးအေမရ ပ်ားေကာင္ထင္တယ္”

“မွန္းစမ္း”

အေမက က်ဳပ္ဆီကိုလာၾကည့္တယ္၊ ၿပီးေတာ့ ေသာက္ေရအိုးကိုသြားၾကည့္တဲ့အခါ ေသာက္ေရအိုးဖုံးတဲ့ သံပန္းကန္ျပားထဲမွာ ပ်ားေကာင္ေတြက်ၿပီးေသေနတာကိုျမင္ပါေရာ။

“ဟဲ့အလတ္ေကာင္၊ ေသာက္ေရအိုးထဲ ပ်ားေတြက်ေနတာ မနည္းပါလား၊ ဒီအတိုင္းဆိုရင္ေတာ့ အိမ္မွာပ်ားစြဲေနၿပီထင္တယ္၊ လိုက္ရွာစမ္း”

ပ်ားေတြက ေရသိပ္ႀကိဳက္တာကိုးဗ်၊ သူတို႔ရွိတဲ့အရပ္ဆိုရင္ ေရေတြအနီးမွာ ပ်ားေတြကိုအၿမဲေတြ႕ရတတ္တယ္၊ အခုလို အိမ္ကေသာက္ေရအိုးတို႔ အင္တုံထဲတို႔မွာ ပ်ားေကာင္အေသေတြေတြ႕ရင္ေတာ့ ႀကိမ္းေသေပါက္က အိမ္ထဲမွာ ပ်ားစြဲေတာ့တာပါပဲဗ်ာ။ အေမခိုင္းတာနဲ႔ က်ဳပ္လည္း အိမ္ကိုပတ္ၿပီး ပ်ားလိုက္ရွာရတာေပါ့။

သိပ္မရွာလိုက္ရပါဘူးဗ်ာ၊ ေတြ႕ပါၿပီ၊ အိမ္ေခါင္မိုးနားက ပန္းဆြဲသစ္သားမွာ ပ်ားအေသးေလးေတြက အုံဖြဲ႕ေနတာဗ်၊ ပ်ားအုံေတာ့မျဖစ္ေသးဘူး၊ သူတို႔အသိုက္ေဆာက္ဖို႔အတြက္ ေနရာရွာေနတဲ့သေဘာေပါ့ဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း အေမ့ဆီကိုဆင္းလာခဲ့တယ္။

“အေမ၊ ပန္းဆြဲမွာ ပ်ားေတြအုံလို႔ဗ်”

“ဟာ၊ ေသာက္က်ိဳးနည္း၊၊ ဒါဆိုရင္ေတာ့ ဒီပ်ားေတြကို ေမာင္းမွျဖစ္မယ္ေဟ့”

အေမက ေျပာေျပာဆိုဆိုနဲ႔ ေသာက္ေရခြက္နဲ႔ေရတစ္ခြက္ခပ္လိုက္တယ္ဗ်၊ ၿပီးေတာ့ အဲဒီေသာက္ေရခြက္ကို စားပြဲခုံေပၚတင္ၿပီးေတာ့ သူ႔နားက နားကပ္ကိုခြၽတ္ၿပီး ေသာက္ေရခြက္ထဲေကာက္ထည့္လိုက္တယ္။ ၿပီးေတာ့ အေမဝတ္ေလ့ရွိတဲ့အညာထည္ လက္ရွည္အက်ီအိတ္ထဲက ငါးမူးေစ့တစ္ေစ့ကိုႏႈိက္ၿပီးေတာ့ ေရခြက္ထဲကို ခ်လြင္ခနဲပစ္ထည့္လိုက္ပါေရာ။

ၿပီးေတာ့အေဖ့ကိုၾကည့္တယ္။

“အေဖႀကီးေရ၊ ပ်ားေတြအုံျပန္ၿပီတဲ့ သြားေမာင္းထုတ္လိုက္စမ္းပါရွင္”

အေဖကေတာ့ အေမ့ကိုျပန္ၾကည့္ရင္း

“သူမ်ားဖာသာ အသိုက္အၿမဳံဖြဲ႕ၿပီးေနတာပါကြ၊ သူမ်ားအသိုက္အအုံကို သြားမဖ်က္ပါနဲ႔”

အေဖ့စကားက အေမ့ေဒါသအိုးကို သြားထိုးလိုက္သလိုျဖစ္သြားၿပီး အေမ့ေဒါသေတြက လ်ဳံက်လာတယ္ဗ်။

“ေၾသာ္၊ ဟုတ္ပါၿပီ သူေတာ္ေကာင္းႀကီးရယ္၊ ရွင္ပဲ သူေတာ္ေကာင္း၊ က်ဳပ္တို႔က သူမ်ားအသိုက္အအုံကိုဖ်က္တဲ့ သူယုတ္မာ မႀကီးေပါ့၊ တကတည္း မေျပာလိုက္ခ်င္ဘူး၊ ရွင္က အိမ္ေထာင္ဦးစီးျဖစ္ေနလို႔ ရွင့္ကိုလုပ္ခိုင္းတာ၊ ပ်ားေမာင္းတယ္ဆိုတာ မိန္းကေလးလည္း ေမာင္းလို႔မရလို႔ ရွင့္ခိုင္းတာကို သိရက္နဲ႔”

အေမက အေဖ့ကိုေဒါနဲ႔ေမာနဲ႔ေျပာေပမယ့္ အေဖကေတာ့ ေအးေအးပဲဗ်၊ သတင္းစာ စာ႐ြက္ေဟာင္းတစ္ခုကို ေအးေအးလူလူဖတ္ေနတာ၊ ဒါနဲ႔ပဲ အေမက ခုံေပၚက ေသာက္ေရခြက္ကိုယူၿပီးေတာ့ က်ဳပ္လက္ထဲကို ထိုးထည့္လိုက္တာေပါ့။

“ေရာ့၊ အလတ္ေကာင္၊ နင္သြားေမာင္းစမ္း”

က်ဳပ္လည္း အေဖေျပာတာကိုေထာက္ခံတယ္။

“အေမကလည္း သူမ်ားအသိုက္အအုံကို ဘာလို႔ဖ်က္ဆီးေမာင္းထုတ္ေနမွာလဲ”

“ေအာင္မယ္၊ ဒီေကာင္ကလည္း သူ႔အေဖအခ်ိဳးပါလား၊ ပ်ားဆိုတာ သူ႔ဟာသူ သစ္ပင္မွာေနတဲ့အေကာင္၊ အိမ္မွာ မစြဲေကာင္းဘူးဟဲ့”

“စြဲရင္ ဘာျဖစ္လို႔လဲအေမရာ”

“နင္႐ြာဦးေက်ာင္းဆရာေတာ္ ေျပာတာမၾကားဖူးဘူးလား၊ ပ်ားဆိုတာ လူေတြေနတဲ့ ေအာက္မွာစြဲမွအက်ိဳးေပးတယ္တဲ့၊ လူေတြေနတဲ့အထက္ဘက္မွာ စြဲရင္ အဲဒီအိမ္က စီးပြားက်တယ္၊ ခိုက္တယ္တဲ့”

“ဟုတ္ရဲ႕လားအေမရာ”

“ဟဲ့၊ ဟုတ္လို႔ပဲ တန္းျမင့္္႐ြာက ေဒၚေအးသာတို႔ တစ္မိသားစုလုံးေသသြားတာ နင္မသိဘူးလား၊ အိမ္ေခါင္တံစက္ၿမိတ္မွာ ပ်ားစြဲတာကို ဒီအတိုင္းထားလိုက္လို႔ ခိုက္သြားတာေလ”

အေမေျပာေတာ့ အေဖက စာဖတ္ေနရင္း သက္ျပင္းခ်တယ္။

“မိန္းမရာ၊ ဒါက ပ်ားေၾကာင့္လည္း ဟုတ္မယ္မထင္ပါဘူးကြ၊ တိုက္ဆိုင္သြားတာျဖစ္မွာပါ”

အေမ့ေဒါသကို အေဖက သြားဆြသလိုျဖစ္ေနျပန္ေရာ

“အလိုေတာ္၊ တိုက္ဆိုင္ဆိုင္ မတိုက္ဆိုင္ဆိုင္ က်ဳပ္တို႔အိမ္မွာေတာ့ ပ်ားအစြဲမခံဘူး၊ ကဲအလတ္ေကာင္၊ ေဟာဒီေ႐ႊရယ္၊ ေငြရယ္ထည့္ထားတဲ့ ေ႐ႊရည္ေငြရည္ေတြယူသြား၊ ၿပီးေတာ့ အဲဒီပ်ားေတြကို လက္ျပန္နဲ႔ပက္၊ အိမ္ကထြက္ၿပီး သင့္ရာသြားၾကပါလို႔ေျပာလိုက္ဟဲ့”

က်ဳပ္လည္း ေခါင္းညိတ္ရင္း

“ဒါနဲ႔ အေမက အကုန္သိေနရဲ႕သားနဲ႔ ဘာလို႔ကိုယ္တိုင္မလုပ္တာတဲ”

အေမက ခါးေထာက္ၿပီး

“ငါတယ္ေလ၊ ေတာ္ေတာ္ေလရွည္တဲ့ေကာင္ကို ခိုင္းမိတာ ငါ့အမွားပဲ၊ ပ်ားဆိုတာ မိန္းမေတြနဲ႔ နံတူတယ္ဟဲ့၊ မိန္းမက ပ်ားကိုေမာင္းမိရင္ သူပါ အိမ္ကထြက္သြားရတယ္ဆိုလို႔ေဟ၊ ဟုတ္ၿပီလား၊ ကဲ နင္ျမန္ျမန္လုပ္ရင္လုပ္၊ မလုပ္ရင္ နင့္အကိုႀကီးကိုျဖစ္ျဖစ္လုပ္ခိုင္းလိုက္မယ္၊ နင့္ခိုင္းရတာ အာေပါက္တယ္”

အေမေျပာေတာ့ က်ဳပ္လည္း အိမ္ေပၚတက္လာတာေပါ့ဗ်ာ။ အိမ္ရဲ႕ပန္းဆြဲသစ္ျပားမွာ အုံေနတဲ့ ပ်ားေတြကိုၾကည့္ရင္း က်ဳပ္လည္း စိတ္ထဲကေန ေရ႐ြတ္လိုက္တယ္။

“ပ်ားအေပါင္းတို႔၊ က်ဳပ္တို႔အိမ္ကေနထြက္ၿပီး ကိုယ္လိုရာကိုသာ သြားၾကပါေတာ့”

အဲဒီလိုေျပာၿပီး ေရခြက္ထဲကေရကို လက္ျပန္နဲ႔ျဗန္းခနဲ ပက္ထည့္လိုက္တာဗ်ာ၊ ပ်ားေတြလည္း ေရေတြ႕ေရာ အကုန္ထၿပီး ပ်ံေျပးၾကတာပဲ၊ က်ဳပ္လည္း စိတ္ထဲေပ်ာ္သြားတာေပါ့။ ဒီအခ်ိန္မွာပဲ ေျမႀကီးေပၚကို ခ်လြင္ခနဲ အေႂကြေစ့က်တဲ့အသံၾကားလိုက္ရမွ ေရခြက္ထဲကို အေမက နားကပ္နဲ႔ငါးမူးေစ့ ထည့္ထားတာကိုသတိရသြားတယ္။

“ဟိုက္၊ သြားၿပီ”

ပ်ားေတြကိုေမာင္းခ်င္ေဇာနဲ႔ ေရခြက္နဲ႔ပက္ထည့္လိုက္တာ ပ်ားေတြတင္ေျပးသြားတာမဟုတ္ဘဲ ခြက္ထဲက နားကပ္တစ္ဖက္ေရာ၊ အေႂကြေစ့ေရာ ပါသြားၿပီဗ်ိဳ႕၊ က်ဳပ္လည္း ေတြေဝေနတဲ့ ေျခလွမ္းေတြနဲ႔ တစ္လွမ္းခ်င္းအိမ္ေပၚကဆင္းလာေတာ့ အေမက မီးဖိုခန္းထဲက ေျပးထြက္လာၿပီးေတာ့ က်ဳပ္အေရွ႕မွာလက္ဝါးျဖန႔္တယ္။

“ေပး၊ နားကပ္ျပန္ေပး”

က်ဳပ္လည္း သြားၿဖဲရင္း ေခါင္းကုပ္ရတာေပါ့။

“ဟို၊ ဟိုေလ၊ ေရပက္ရင္းနဲ႔ အားပါသြားလို႔”

“ဘာ . . . ”

အေမ့အသံက အက်ယ္ႀကီးထြက္သြားတယ္။

“ဒါဆို ငါ့နားကပ္တစ္ဖက္ ဘယ္ေရာက္သြားၿပီလဲ”

“သိပ္ေတာ့ ေဝးေဝးမေရာက္ေလာက္ပါဘူးအေမရာ၊ ၿခံထဲ တစ္ေနရာမွာရွိမွာေပါ့”

အေမက လက္သီးျပင္ရင္း

“တယ္၊ ဒီေကာင္ေလး၊ ငါခိုင္းလိုက္ရရင္ ဒီလိုခ်ည္းပဲ”

က်ဳပ္လည္း ေရခြက္ပစ္ခ်ၿပီး အေမ့လက္ကလြတ္ေအာင္ေျပးတာေပါ့ဗ်ာ၊ အေဖက မ်က္ႏွာကိုရႈံ႕မဲ့ရင္း

“အဲဒါေပါ့မသန္းရ၊ သူမ်ားမေကာင္းႀကံ ကိုယ့္ေဘးဒဏ္ဆိုတာ”

ဒီတစ္ခါေတာ့ အေဖက အေမ့ရဲ႕ေဒါသအိုးကို တုတ္နဲ႔ထိုး႐ုံတင္မဟုတ္ဘဲ၊ တုတ္နဲ႔႐ိုက္ခြဲလိုက္သလိုပဲဗ်၊ အေမက အေဖ့စကားၾကားေတာ့ ရႉးရႉးရွဲရွဲျဖစ္သြာၿပီး အိမ္ေဘးမွာ ပုံထားတဲ့ ထင္းပုံႀကီးကေန ထင္းေခ်ာင္းေျပးေကာက္ပါေရာ။ အေမတကယ္လုပ္ဖို႔ ဆုံးျဖတ္ထားမွန္း အေဖကသိတာနဲ႔ က်ဳပ္ထက္အရင္ဦးေအာင္ ၿခံထဲကေန ေျပးထြက္သြားပါေရာလားဗ်ာ၊ အေမက ထင္းေခ်ာင္းႀကီးနဲ႔ ဆက္လိုက္လာတာနဲ႔ က်ဳပ္လည္း ကိုယ့္အႏၲရာယ္ကိုယ္သိၿပီးေတာ့ အေဖ့အေနာက္ကို ေျပးလိုက္လာခဲ့ရတာေပါ့ဗ်ာ။

(၂)

အေဖနဲ႔ကြၽန္ေတာ္နဲ႔ ေစာေစာစီးစီး ေသာင္ျပင္လြတ္တဲ့ေခြးလိုျဖစ္ၿပီေလ၊ အေဖကေတာ့ မႈစရာမလိုပါဘူးဗ်ာ၊ ႐ြာဦးေက်ာင္းဘက္ကို ေလွ်ာက္သြားေတာ့တာပဲ၊ ဒီလိုမနက္ခင္းဆိုရင္ ႐ြာဦးေက်ာင္းမွာ စားစရာေပါတယ္၊ ႐ြာထဲက မုန႔္ေရာင္းတဲ့လူေတြကလည္း သူတို႔လုပ္တဲ့မုန႔္ေတြကို ဘုန္းႀကီးေက်ာင္းကို ကပ္တာကိုးဗ်၊ က်ဳပ္လည္း ဆရာေတာ္ဆီကေန စြန႔္ၿပီးစားမယ္လို႔ေတြးရင္း အေဖ့ေနာက္လိုက္ခဲ့တာေပါ့။

႐ြာဦးေက်ာင္းဆရာေတာ္ က်ဳပ္ဘႀကီးပ်ံၿပီးသြားေတာ့ ေနာက္ထပ္တက္တဲ့ဆရာေတာ္ကလည္း က်ဳပ္တို႔ဘေဒြးပဲဗ်၊ ဘေဒြးက ငယ္စဥ္တုန္းကေတာ့ စာ႐ူးေပ႐ူးဗ်၊ ေဗဒင္ေတြဘာေတြလည္းတတ္တယ္၊ ေဆးလည္းကုေသးတယ္၊ အရင္တုန္းကေတာ့ ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ ဘေမာင္လို႔ ေခၚၾကတာေပါ့ဗ်ာ၊ အခုေတာ့ ဘုန္းႀကီးလည္းဝတ္ၿပီးၿပီ ႐ြာဦးေက်ာင္းဆရာေတာ္လည္းျဖစ္ၿပီဆိုေတာ့ ႐ြာကိုၾသဇာေပးေတာ့တာေပါ့၊ သူကလည္း ဗဟုသုတ အေတာ္ႏွံ႔စပ္တာဆိုေတာ့ ဘုန္းႀကီးျဖစ္သြားတာပဲ အဆင္ေျပတယ္ေျပာရမွာေပါ့ဗ်ာ။

က်ဳပ္တို႔ေက်ာင္းေပၚတက္လိုက္ေတာ့ ဆရာေတာ္က ေက်ာင္းေပၚမွာထိုင္ေနတယ္ဗ်။

“ဟာ၊ သူႀကီးနဲ႔ သူႀကီးလက္ေထာက္ေရာက္လာပါလား၊ ဘာကိစၥမ်ားရွိလို႔ပါလိမ့္”

အေဖကေတာ့ ခပ္တည္တည္ပဲဗ်၊ ဆရာေတာ္အေရွ႕ဝင္ထိုင္ၿပီးေတာ့ ဝတ္ျဖည့္တယ္၊ ၿပီးေတာ့မွ

“တင္ပါ့ဘုရား၊ အိမ္မွာပ်ားစြဲလို႔ပါ”

“ေၾသာ္၊ ေအးေအး၊ ပ်ားစြဲတာ ေမာင္းေကာထုတ္ၿပီးၿပီလားဟဲ့”

“မွန္ပါ”

“ေအးေအး၊ ေစာေစာလာေတာ့လည္း ေစာေစာစကားေျပာရတာေပါ့၊ ပ်ားအေၾကာင္းဆိုလို႔ ဒီမနက္ပဲ မုန႔္သည္မယ္ေခြ လာကပ္သြားတဲ့ မုန႔္ပ်ားသလက္ေတြရွိေသးတယ္၊ ေရာ့ေရာ့၊ မင္းတို႔စားၾက”

ႏွမ္းျဖဴးထားတဲ့ မုန႔္ပ်ားသလက္ပန္းကန္ကို ဆရာေတာ္ကလွမ္းေပးတာနဲ႔ က်ဳပ္တို႔သားအဖလည္း မနက္စာမစားခဲ့ရေတာ့ အားရပါးရစားလိုက္တာေပါ့ဗ်ာ၊ မုန႔္ပ်ားသလက္ ငါးခ်ပ္က က်ဳပ္တို႔သားအဖႏွစ္ေယာက္ နံၾကားေတာင္မစြတ္ပါဘူးဗ်ာ။ ဒီအခ်ိန္မွာပဲ ဦးဝင္းႀကိဳင္လို႔ေခၚတဲ့ ဦးေလးႀကီးက ေက်ာင္းေပၚတက္လာတယ္၊ လက္ထဲမွာလည္း ခ်ိဳင့္တစ္လုံးကိုင္လို႔ဗ်။ လမ္းေလွ်ာက္တာေတာ့ ခပ္ေျဖးေျဖးပဲ၊ က်ဳပ္တို႔အနားမွာဝင္ထိုင္လိုက္တယ္ဆိုရင္ပဲ ဆရာေတာ္က ႏႈတ္ဆက္တယ္။

“ဒကာႀကီးဝင္းႀကိဳင္၊ ေစာေစာစီးစီးေရာက္လာပါလား၊ ဘယ္လိုလည္း က်ီးေပါင္းေရာ သက္သာရဲ႕လား”

“တင္ပါ့ဘုရား၊ အရွင္ဘုရားၫႊန္းလိုက္တဲ့ သစ္ေခါင္းပ်ားရည္လိမ္းလိုက္တာ ႏွစ္ပတ္ေလာက္ၾကာေတာ့ အခုလိုထူထူေထာင္ေထာင္ျဖစ္လာတာပါပဲဘုရား”

“ေအးကြယ္၊ ေကာင္းပါတယ္၊ ဆက္သာလိမ္းစမ္းပါ”

“ဒါနဲ႔ တပည့္ေတာ္ဆီမွာ သစ္ေခါင္းပ်ားရည္မရွိေတာ့တာေၾကာင့္မို႔ အရွင္ဘုရားဆီမွာမ်ား ရွိေသးသလားလို႔ဘုရား”

“ေဟ၊ ငါ့မွာလည္းကုန္ၿပီကြ၊ က်က္သေရခန္းထဲက ႂကြက္ေလွ်ာက္ေပၚတင္ထားတဲ့ပုလင္းတစ္လုံးရွိတာ၊ ေက်ာင္းသားေတြလက္ခ်က္ မိသြားတယ္ထင္ပါရဲ႕ကြာ၊ မရွိေတာ့ဘူး”

အေဖက က်ဳပ္ဘက္ကိုလွည့္ၾကည့္တယ္ဗ်။

“အလတ္ေကာင္ တို႔အိမ္ေအာက္ထပ္မွာ ေထာင္ထားတဲ့ ပ်ားရည္အေရာင္နက္နက္နဲ႔ပုလင္းႀကီးက သစ္ေခါင္းပ်ားရည္ေပါ့ကြ၊ မင္းနည္းနည္းေလာက္သြားယူလိုက္စမ္း”

က်ဳပ္လည္းရင္ထဲထိတ္သြားတယ္။

“ဟို၊ ဟိုေလအေဖ၊ အဲဒီပုလင္းႀကီးဆိုရင္ေတာ့ မရွိေတာ့ဘူးဗ်”

“ေဟ၊ ဘာျဖစ္လို႔လဲကြ”

“အကိုႀကီးနဲ႔ကြၽန္ေတာ္နဲ႔ အားေဆးေဖာ္ၿပီး စားလိုက္ၾကလို႔ ကုန္တာၾကာေပါ့”

အေဖ့မ်က္ႏွာက ေဒါသထြက္သြားေပမယ့္ လူေရွ႕မို႔လို႔ ထိန္းလိုက္ပုံရတယ္၊ ဆရာေတာ္ကလည္း ဒါကိုသိတယ္။

“စိတ္ေလွ်ာ့ပါသူႀကီးရယ္၊ ပ်ားရည္က အားျဖစ္ေစတာေတာ့အမွန္ပဲ၊ ပ်ားရည္ဆိုတာ အလြန္ေဆးဖက္ဝင္တယ္၊ ပ်ားရည္ကို ပန္းေပါင္းတစ္ေထာင္လို႔ေတာင္ တင္စားေခၚေဝၚၾကတယ္၊ ပ်ားေလးေတြက ပန္းမ်ိဳးစုံကေန ဝတ္မႈန္ေတြသိမ္းၿပီးလုပ္ထားတာျဖစ္လို႔ ပန္းပြင့္အဆီအႏွစ္ေတြ ပါတယ္မဟုတ္လား၊ ဒါေပမယ့္ က်ီးေပါင္းကိုကုတဲ့အခါ တျခားပ်ားရည္ထက္ သစ္ေခါင္းပ်ားရည္က ပိုစြမ္းသကြ၊ က်ီးေပါင္းအက်ိတ္အခဲ၊ အဆစ္အျမစ္ေတြကို အဲဒီသစ္ေခါင္းပ်ားရည္ ထူထူလိမ္းၿပီး အသားထဲစိမ့္ဝင္ေအာင္သာပြတ္ေပးလိုက္စမ္းေဟ့၊ တစ္လေလာက္ဆိုရင္ေတာ့ သိသိသာသာႀကီးေကာင္းသြားမကြ”

ဒီေတာ့ အေဖက က်ဳပ္ကို လွမ္းၾကည့္တယ္။

“ကဲကဲ အလတ္ေကာင္ေရ၊ ဒီအခ်ိန္ေလာက္ဆိုရင္ ေတာင္႐ိုးေပၚမွာ ပ်ားအုံေတြေပါေလာက္ေရာေပါ့၊ မင္းတို႔ညီအကိုေတြ သစ္ေခါင္းပ်ားသြားရွာၾကပါလား”

အေဖ့ရဲ႕ ရဲ႕တစ္ခ်က္လႊတ္အမိန႔္ဆိုေတာ့၊ က်ဳပ္လည္း အိမ္ကိုျပန္ေျပးၿပီးေတာ့ အကိုႀကီးကိုေျပးေခၚရတာေပါ့ဗ်ာ။

(၃)

မိုးတြင္းဆိုရင္ေတာ့ ေတာင္႐ိုးေပၚမွာ ပ်ားအုံေတြေပါၿပီဗ်၊ မိုးတြင္းကာလာ မိုးက်တဲ့အခ်ိန္ ေတာထဲမွာရွိတဲ့ ေတာပန္းေတြ၊ သစ္ပင္ပန္းမန္ေတြကလည္း သူ႔အလိုလိုဖူးပြင့္လာၾကၿပီဆိုေတာ့ ပ်ားေတြအတြက္လည္း ဝတ္မႈန္မ်ားမ်ားရတာမဟုတ္လားဗ်ာ၊ ဒါနဲ႔ အကိုႀကီးကို အိမ္ျပန္ေခၚရတယ္၊ အကိုႀကီးက မရွိေတာ့ဘူးဗ်၊ လယ္ထဲဆင္းသြားၿပီဆိုတာနဲ႔ ခ်ည္ၾကမ္းပုဆိုးထူထူႀကီးယူ၊ ဓါးမတစ္လက္နဲ႔ကို ခါးၾကားထိုး၊ မီးခတ္ကို ေတာင္းထဲထည့္ၿပီးေတာ့ လယ္ထဲကိုဆင္းလာရတာေပါ့ဗ်ာ။ တခ်ိဳ႕အရပ္မွာက်ေတာ့ ပ်ားမုဆိုးဆိုတာ ရွိသတဲ့ဗ်၊ တစ္ႏွစ္ပတ္လုံး ဘာအလုပ္မွမလုပ္ဘဲ ပ်ားအုံေတြကိုရွာေဖြ၊ မွတ္သားထားၿပီး ဘယ္လေရာက္ရင္ ဘယ္ပ်ားအုံကိုသြားဖြပ္မယ္ဆိုၿပီး ပ်ားခ်ည္းဖြပ္စားတဲ့ မုဆိုးေပါ့ဗ်ာ၊ အေဖကေတာ့ ပ်ားဖြပ္တာက အလြန္ငရဲႀကီးတယ္တဲ့ဗ်။ မုဆိုးတစ္သက္ ပ်ားသလက္တဲ့၊ ပ်ားအုံတစ္အုံဖြပ္တာက မုဆိုးတစ္ေယာက္ တစ္သက္လုံးအမဲလိုက္ရင္း ရခဲ့တဲ့အကုသိုလ္ထက္ပိုမ်ားသတဲ့ဗ်ာ၊ ေနာက္ၿပီး ပ်ားဖြယ္၊ သားတိုး၊ မယားခိုးဆိုတဲ့ အဝီစိက်ႏိုင္တဲ့ အကုသိုလ္ဆိုတာလည္း ေျပာၾကေသးတယ္မဟုတ္လား။

“ေဟ့အလတ္ေကာင္၊ ဒါကဘယ္လဲ၊ ပ်ားသြားဖြပ္မလို႔လား”

ဦးဘသာႀကိးနဲ႔ လယ္ထဲဆင္းတဲ့လမ္းမွာဆုံတာနဲ႔ ဦးဘသာႀကီးက တန္းၿပီးေျပာတာပဲဗ်၊

“ဦးဘသာက သူမ်ားအတြင္းစိတ္ကို သိတယ္ထင္ပါ့”

“မဟုတ္ပါဘူးကြာ၊ ခ်ည္ၾကမ္းပုဆိုးပိတ္ပိတ္ႀကီးႏွစ္ထည္နဲ႔ ေတာင္းႀကီးပိုက္လာတာျမင္ေတာ့၊ မင္းတို႔ပ်ားသြားဖြပ္မယ္လို႔ မွန္းမိလို႔ပါကြ”

“ဟုတ္တယ္ဦးဘသာ၊ ဦးဝင္းႀကိဳင္အတြက္ အေဖက ပ်ားသြားဖြပ္ခိုင္းလို႔ဗ်၊ သူတို႔လိုတဲ့ ပ်ားရည္ကလည္း သစ္ေခါင္းပ်ားရည္ဆိုပဲ”

“ေအးေပါ့၊ ပ်ားရည္ထဲမွာ ပ်ားႀကီးတို႔၊ သစ္ေခါင္းပ်ားရည္တို႔ဆိုတာ အလြန္ေဆးဘက္ဝင္တယ္မဟုတ္လား၊ ဒါနဲ႔ သစ္ေခါင္းပ်ားရည္ရရင္ ငါ့ကိုလည္း နည္းနည္းမွ်စမ္းပါကြာ”

“အိုဗ်ာ၊ စိတ္ခ်စမ္းပါ၊ သစ္ေခါင္းပ်ားရည္ရရင္ ဦးဘသာကို ဘယ္သူမွမသိေအာင္ တစ္ဝက္ေပးမယ္”

ဦးဘသာက က်ဳပ္ကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္တယ္။

“ေတာ္စမ္းပါအလတ္ေကာင္ရာ၊ မႈိသြားေကာက္တုန္းကလည္း ငါ့ကိုေပးမယ္လို႔ေျပာသြားေသးတာ၊ ငါ့မွာ မင္းမ်ားမႈိလာေပးမလားဆိုၿပီး ေစာင့္ေနရေသးတာ၊ ေနာက္ေန႔က်မွ မင္းအိမ္ကိုလာေတာင္းမွ ရတယ္မဟုတ္လား၊ မင္းစကားကိုေတာ့ ငါမယုံဘူးေဟ့”

“မဟုတ္ပါဘူးဗ်ာ၊ အဲဒီေန႔က မႈိေကာက္ရင္း ပဆြတ္နီေတြ တုတ္တာလည္းခံရေသးတယ္၊ ၿပီးေတာ့ မႈိေတာက္ၿပီး အန္ေသးတာဆိုေတာ့ က်ဳပ္လည္း ေမ့သြားလို႔ပါဗ်၊ ဒီတစ္ခါေတာ့ တကယ္စိတ္ခ်၊ က်ဳပ္႐ြာထဲျပန္လာရင္ ဦးဘသာအိမ္ကိုအရင္ဝင္ခဲ့မယ္”

“ေအးကြာ၊ စားရခ်ည္ေသး”

ဦးဘသာက ႐ြဲ႕သလိုလိုေျပာၿပီးထြက္သြားပါေရာဗ်ာ၊ က်ဳပ္လည္း အကိုႀကီးတို႔လယ္ကိုလိုက္ခဲ့ရတာေပါ့၊ အကိုႀကီးကိုေခၚၿပီးေတာ့ ေတာင္႐ိုးအေပၚကို တက္ခဲ့တာေပါ့ဗ်ာ။ ေနေတာ္ေတာ္ပူတဲ့အခ်ိန္သြားတာဆိုေတာ့ ေတာင္႐ိုးေပၚကို ေန႔လည္ေနေက်ာ္မွ ေရာက္တာေပါ့၊ အကိုႀကီးက ပ်ားဖြပ္တဲ့ေနရာမွာေတာ့ သိပ္ေတာ္တယ္ဗ်၊ ဒါေၾကာင့္လည္း က်ဳပ္က အကိုႀကီးကို မရအရေခၚခဲ့တာ၊ ေတာထဲမွာလည္း ျမက္ပင္ေတြ၊ အေလ့က်ေပါက္တဲ့ ေတာပန္းေလးေတြက ပြင့္ဖူးေနတာပဲဗ်ာ။ အဲဒီပန္းပြင့္ကေလးေတြအနားမွာေတာ့ ပ်ားေကာင္ေလးေတြက ရစ္ဝဲၿပီး ပ်ံသန္းေနၾကတယ္ဗ်၊

“အလတ္ေကာင္၊ သစ္ေခါင္းပ်ားရွာမွာဆိုေတာ့ ပ်ားေလးအုံေတြ႕ရင္ မဖြပ္ဘူးကြာ”

အကိုႀကီးေျပာတာနဲ႔ က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္၊ က်ဳပ္တို႔ေဒသမွာေတာ့ ပ်ားက သုံးမ်ိဳးေလာက္ပဲရွိတာဗ်၊ ပ်ားေလးလို႔ေခၚတဲ့ ႐ိုး႐ိုးပ်ားေတြရယ္၊ ေခါင္းပ်ားလို႔ေခၚတဲ့ သစ္ေခါင္းထဲမွာ ေနတတ္တဲ့ သစ္ေခါင္းပ်ားရယ္၊ ေနာက္ၿပီး ေျမပ်ားလို႔ေခၚတဲ့ပ်ားက်ေတာ့ ေျမႀကီးထဲမွာ ေအာင္းၿပီးေနတတ္တဲ့ပ်ားမ်ိဳးဗ်၊ ပ်ားႀကီးမ်ိဳးဆိုတာေတာ့ ေတာင္႐ိုးေပၚမွာရွားတယ္ဗ်၊ ဆယ္ခါတစ္ခါေတာင္ မႀကဳံတတ္ဘူး။

ပ်ားေလးေတြက်ေတာ့ ေပါလိုက္တာမွဗ်ာ၊ ခုလိုမိုးတြင္းႀကီး ေတာထဲသြားၿပီး အရိပ္ေကာင္းေကာင္း၊ အခက္ေကာင္းေကာင္းအပင္ကိုေတြ႕တာနဲ႔ ေမာ့ၾကည့္လိုက္ရင္ ပ်ားအုံတစ္အုံေလာက္ကေတာ့ ရွိေနတတ္တယ္၊ ၿပီးေတာ့ ခ်ဳံပင္၊ ႏြယ္ပင္ေတြမွာလည္း ပ်ားေတြက အုံ႔ဖြဲ႕ေနတတ္ေသးတာဗ်။ အဲဒီပ်ားအုံေတြမွာလည္း ပ်ားရည္ေတြ ရွိတတ္ေသးတယ္။ ဒါေပမယ့္ မိုးတြင္းမွာေတာ့ ပ်ားအုံေသးရင္ မဖြပ္ၾကေသးဘူး၊ ပ်ားရည္ေတြက ေရေတြနဲ႔ေရာေနေသးတာကိုး၊

သစ္ေခါင္းပ်ားဆိုတာက်ေတာ့ ပ်ားဆိုေပမယ့္ ပ်ားေလးေတြနဲ႔ မတူူဘူးဗ်၊ သူက ပ်ားေလးေတြထက္ ပိုၿပီးေသးတယ္၊ အေကာင္ေသးေသးေလးေတြ၊ ၿပီးေတာ့ တျခားပ်ားေတြလိုလည္း မတုပ္ဘူး၊ သူတို႔က ရန္သူကိုပါးစပ္နဲ႔ကိုက္တာဗ်၊ ပု႐ြက္ဆိတ္ကိုက္သလိုေပါ့ဗ်ာ၊ သစ္ပင္ေဆြးေတြ၊ သစ္ေခါင္းေတြထဲမွာ အုံနဲ႔က်င္းနဲ႔ ေနတတ္ၾကတာေပါ့၊ သစ္ေခါင္းပ်ားဖြပ္ရင္ အဲဒီပ်ားေတြအကုန္ထြက္သြားၿပီဆိုေတာ့မွ သစ္ေခါင္းႀကီးကို ျခစ္ယူရတာဗ်၊ အလြန္လက္ဝင္တယ္၊ ၿပီးေတာ့ ပ်ားေခ်းေတြကလည္း တျခားပ်ားအုံေတြထက္ မ်ားေသးတယ္၊ ပ်ားရည္က်ေတာ့လည္း တျခားပ်ားအုံထက္ အရနည္းတယ္၊ ဒါေၾကာင့္လည္း ေဆးဖက္ဝင္တာျဖစ္မယ္ဗ်။

ေျမပ်ားဆိုတာကေတာ့ ပ်ားအေကာင္အႀကီးႀကီးေတြဗ်၊ ဖင္မွာလည္း အဆူးႀကီးကိုနည္းတာမဟုတ္ဘူး၊ ေျမႀကီးလို ေတာင္ပို႔လို႔အေခါင္းေပါက္ေတြထဲမွာ အုံ႔နဲ႔က်င္းနဲ႔ေနၾကတာ၊ အဆိပ္လည္းသိပ္ျပင္းတယ္ဗ်ိဳ႕၊ ဒါေပမယ့္ ေျမေအာင္းပ်ားရည္က်ေတာ့ သုံးလို႔မေကာင္းဘူး၊ မသန႔္မွ မသန႔္ဘဲ၊ ဒါေၾကာင့္ သိပ္မရွာၾကဘူးေပါ့ဗ်ာ။ ေတာင္႐ိုးေပၚမွာလည္း အေတြ႕ရနည္းပါတယ္။ ေျမေအာင္းပ်ားက်ေတာ့ ပ်ားရည္သိပ္မသုံးေပမယ့္ ပ်ားေကာင္ေလးေတြက်ေတာ့ ခ်က္စားၾကတယ္ဗ်၊ အေကာင္ႀကီးတာဆိုေတာ့ ပ်ားေလာင္းေလးေတြက မသိရင္ ထမင္းေစ့ေလးေတြလိုပဲ၊ သိပ္ဆိမ့္တာေပါ့။

က်ဳပ္နဲ႔အကိုႀကီးလည္း ဟိုၾကည့္ဒီၾကည့္နဲ႔ရွာလာရင္း လမ္းကြဲသြားတယ္၊ မကြဲလို႔လည္းမရဘူးေလဗ်ာ၊ ပ်ားေတြေနာက္ကို ေျခရာခံရင္းလိုက္ရတာ၊ ေတာင္႐ိုးေပၚက ေရအိုင္ကေလးအနားေရာက္ေတာ့ ေရအိုင္နားမွာ ရစ္ဝဲေနတဲ့ သစ္ေခါင္းပ်ားအုပ္ကိုေတြ႕လိုက္ရတယ္၊ ၿပီးေတာ့ အဲဒီသစ္ေခါင္းပ်ားေတြက ထပ်ံသြားတာနဲ႔ သူတို႔အေနာက္ကိုေသခ်ာၾကည့္ၿပီးလိုက္ခဲ့တာေပါ့ဗ်ာ၊ သစ္ေခါင္းပ်ားအုပ္က ေတာင္ေစာင္းနားမွာ ေပါက္ေနတဲ့ သစ္ပင္ႀကီးဆီကိုသြားတာဗ်၊ ၿပီးေတာ့ အဲဒီနားေရာက္တာနဲ႔ ေပ်ာက္သြားေတာ့တာ။ က်ဳပ္လည္း လွည့္ပတ္ရွာရင္း ေနာက္ဆုံးေတာ့ ေတာင္ေစာင္းမွာတုံးလုံးႀကီးလဲက်ေနတဲ့ သစ္ပင္စည္ႀကီးတစ္ခုနားမွာ ပ်ားေတြအုံေနတာေတြ႕ေတာ့တာပဲ။ က်ဳပ္အထင္ ဒီသစ္တုံးအေဆြးႀကီးထဲမွာ ပ်ားေတြအုံဖြဲ႕ေနတာျဖစ္မယ္။

“အကိုႀကီးေရ၊ ပ်ားေတြ႕ၿပီဗ်”

က်ဳပ္ေအာ္သံက က်ယ္က်ယ္ေလာင္ေလာင္နဲ႔ထြက္လာတယ္၊ အကိုႀကီးက ေတာင္ေစာင္းေအာက္ဘက္ လွ်ိဳထဲဆင္းသြားတာဆိုေတာ့ က်ဳပ္က အေပၚစီးကေန လွမ္းျမင္ေနရတာေပါ့ဗ်ာ၊ က်ဳပ္လည္း ဝမ္းသာအားရေအာ္ၿပီး သစ္ေခါင္းႀကီးနားေျပးအသြားမွာ ေအာက္ကနင္းလိုက္တဲ့ေျမႀကီးက ေျမႀကီးမဟုတ္ဘဲနဲ႔ သစ္႐ြက္ေျခာက္ေတြျဖစ္ေနၿပီးေတာ့ လူလည္း ေဘးနားက ေခ်ာက္ႀကီးထဲကို လိမ့္က်သြားတာေပါ့ဗ်ာ၊ ကံေကာင္းလို႔ မေသတာဗ်ာ၊ ေခ်ာက္ထဲေျခေခ်ာ္က်ၿပီးေတာ့ လူကိုလိမ့္က်သြားတာဗ်၊ က်ဳပ္လည္းဆြဲမိဆြဲရာနဲ႔ ဆြဲရင္းေနာက္ဆုံးေတာ့ သစ္ပင္တစ္ပင္ကို ကိုင္မိသြားတာေပါ့ဗ်ာ၊ က်ဳပ္က်သြားတဲ့နားကို အကိုႀကီးက ေျပးလာၿပီးထူတယ္ဗ်၊ လက္ေတြေျခေတြမွာ ပြန္းပဲ့သြားေပမယ့္ က်ိဳးေတာ့မက်ိဳးဘူးေပါ့ဗ်ာ။

“ဘယ္လိုျဖစ္တာလဲအလတ္ေကာင္ရာ”

“အကိုႀကီး၊ ဟိုးေတာင္ေစာင္းေပၚမွာ လဲေနတဲ့ သစ္တုံးႀကီးထဲမွာ သစ္ေခါင္းပ်ားေတြေတြ႕လိုက္တယ္”

က်ဳပ္လည္း ဖုတ္ဖက္ခါထၿပီးေတာ့ အကိုႀကီးနဲ႔အတူတူ ေတာင္ေစာင္းေပၚကိုတက္ခဲ့တာေပါ့ဗ်ာ။ သစ္တုံးႀကီးက ဆယ္ေပေလာက္ေတာ့ရွိမယ္ဗ်၊ လုံးပတ္ကလည္း တစ္ေတာင္ေလာက္ရွိမယ္ထင္တယ္၊ အဲဒီအနားမွာ ပ်ားေတြအုံေနတယ္၊ အကိုႀကီးက သစ္ကိုင္းေျခာက္ေတြရွာၿပီးေတာ့ မီးေမႊးတယ္ဗ်၊ ၿပီးေတာ့ သစ္႐ြက္အစိုေတြနဲ႔ မီးေလာင္ေနတဲ့သစ္ကိုင္းေျခာက္ေတြကို အုံလိုက္တဲ့အခါမွ မီးခိုးျဖဴျဖဴေတြက အူၿပီးထြက္လာေတာ့တာေပါ့။

ပ်ားရန္ေၾကာက္လို႔ ပုဆိုးထူထူႀကီးကို မ်က္လုံးေလးဘဲေဖာ္ၿပီးေတာ့ နင္ဂ်ာပုံစံ ခ်ည္လိုက္တာေပါ့ဗ်ာ၊ အဲဒီပုဆိုးႀကီး ခ်ည္လိုက္ရင္ မ်က္လုံးနဲ႔ ႏွာေခါင္းအနားကလြဲၿပီး ကိုယ္အေပၚပိုင္းတစ္ပိုင္းလုံး လုံသြားတယ္မဟုတ္လား။ အကိုႀကီးက မီးေတြစြဲေလာင္ေနတဲ့ သစ္ကိုင္းတစ္ခုကို က်ဳပ္ဆီကိုေပးတယ္ဗ်။

“ေရာ့အလတ္ေကာင္၊ ဒီဟာကိုကိုင္ထား၊ ၿပီးရင္ ငါတို႔သစ္ေခါင္းပတ္ပတ္လည္မွာ မီးခိုးမႈိင္းဝိုင္းတိုက္ၾကမယ္”

က်ဳပ္လည္း မီးေလာင္ေနတဲ့ထင္းစကိုင္ၿပီး သစ္ပင္ႀကီးေအာက္မွာ ရပ္ေနတာေပါ့ဗ်ာ။ ဒီအခ်ိန္မွာပဲ က်ဳပ္ေခါင္းေပၚကေန တဝီဝီနဲ႔အသံေတြၾကားလိုက္ရတယ္ဗ်။ က်ဳပ္ေမာ့ၾကည့္လိုက္ေတာ့ အေကာင္ေရ ရာနဲ႔ခ်ီၿပီးရွိေလာက္တဲ့ ပ်ားအုပ္ႀကီးက သစ္ပင္ေပၚကေန က်ဳပ္အေပၚကိုျပဳတ္က်လာတာ မဲေနတာပဲဗ်ာ။

“အလတ္ေကာင္ေရ၊ မင္းအေပၚကို ပ်ားေတြၿပိဳက်ၿပီေဟ့”

အကိုႀကီးက လွမ္းေအာ္တယ္၊ က်ဳပ္လည္း ခုန္ဆြခုန္ဆြနဲ႔ေျပးေတာ့တာေပါ့ဗ်ာ၊ ပ်ားေတြက က်ဳပ္ကိုဝိုင္းတုတ္ၾကတာဗ်၊ ပုဆိုးထူထူႀကီးၿခဳံထားလို႔သာ သိပ္မနာတာဗ််ိ႕၊ ဒါေပမယ့္ ကံမေကာင္းခ်င္ေတာ့ က်ဳပ္ခုန္ဆြခုန္ဆြလုပ္လိုက္ရင္း က်ဳပ္ေျခေထာက္က ပုဆိုးထူထူႀကီးနဲ႔ ခ်ိတ္မိၿပီး ေခါင္းေပၚအုပ္ထားတဲ့ ပုဆိုးက ေျပက်သြားပါေရာဗ်ာ၊ ဒီေတာ့ ခုနက ၿပိဳက်လာတဲ့ပ်ားေတြက က်ဳပ္ကိုဝိုင္းတုပ္ေတာ့တာေပါ့။ က်ဳပ္ရပ္ေနတဲ့သစ္ပင္ႀကီးအေပၚမွာလည္း ပ်ားအုံတစ္အုံရွိေသးသဗ်၊ က်ဳပ္က ထင္းစႀကီးကိုင္ထားေတာ့ အဲဒီသစ္ပင္ေပၚက အကိုင္းမွာ တြဲေလာင္းခိုေနတဲ့ ပ်ားအုံကို မီးနဲ႔ျမႇိဳက္သလိုျဖစ္ၿပီးေတာ့ ပ်ားေတြက အုံဆင္းလာတာပဲဗ်ာ၊ ပ်ားဆိုတာ ရန္သူကိုရွာေဖြတဲ့အခါ အေပၚကေနေအာက္ကို ၿပိဳဆင္းလာတာမို႔ အဲဒါကို ပ်ားၿပိဳတယ္လို႔ေခၚတယ္ဗ်။

တစ္ကိုယ္လုံးကို ပ်ားတုတ္ခံရလို႔ တဆစ္ဆစ္နဲ႔နာေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ ပ်ားေတြလြတ္သြားေတာ့မွ အကိုႀကီးဆီျပန္လာခဲ့တယ္၊ အကိုႀကီးကေတာ့ ၿပံ့ုးလို႔ဗ်။

“က်ဳပ္ေတာ့ ပ်ားနဲ႔အက်ိဳးမေပးဘူးထင္ပါတယ္ အကိုႀကီးရာ”

“မင္းကအက်ိဳးမေပးေပမယ့္ ငါက အက်ိဳးေပးတယ္ကြ၊ ခုနက မင္းကိုလိုက္တဲ့ပ်ားအုံကို မီးခိုးမႈိင္းတိုက္ၿပီး တက္ခုတ္ထားလိုက္တာ၊ ၾကည့္စမ္းပါအုံးကြာ၊ နည္းတဲ့ပ်ားလဘို႔ႀကီးလား”

ေတာင္းထဲမွာထည့္ထားတဲ့ ပ်ားအုံႀကီးကို အကိုႀကီးကျပတယ္ဗ်၊ က်ဳပ္ေက်းဇူးနဲ႔ သူက ပ်ားတစ္အုံအဆစ္ရသြားၿပီေလ၊ ၿပီးေတာ့မွ က်ဳပ္တို႔ညီအကိုလည္း သစ္ေခါင္းႀကီးတစ္ဖက္ကေန သစ္႐ြက္စိမ္းေတြမီးရႈိ႕ၿပီးေတာ့ မီးခိုးမႈိင္းတိုက္ရေတာ့တယ္၊ သစ္ေခါင္းထဲကို မီးခိုးေတြဝင္ေအာင္လို႔ မႈတ္မႈတ္ထည့္ေတာ့ တစ္ဖက္သစ္ေခါင္းကေနၿပီး ပ်ားေတြထြက္ေျပးတာ တန္းေနတာပဲဗ်ာ၊ သစ္ေခါင္းပ်ားေတြကလည္း က်ဳပ္တို႔ကိုရန္မူေသးတယ္၊ ဒါေပမယ့္ သူတို႔က ကိုက္ေပမယ့္ က်ဳပ္တို႔ကပုဆိုးထူထူနဲ႔ဆိုေတာ့ ဘာမွမတတ္ႏိုင္ဘူးေပါ့ဗ်ာ၊ ေနာက္ေတာ့ ပ်ားေတြကုန္သြားေတာ့တယ္၊ ေနကလည္း ေစာင္းေတာ့မယ္ဗ်။

“အလတ္ေကာင္ေရ၊ ငါတို႔ ဒီသစ္ေခါင္းကိုျခစ္ေနရင္ ေတာထဲမွာ မိုးခ်ဳပ္သြားမယ္၊ ဒီေတာ့ မင္းနဲ႔ငါနဲ႔ ဒီသစ္တုံးႀကီးကိုထမ္းသြားၾကမယ္ကြာ၊ ႐ြာေရာက္ေတာ့မွ ေအးေအးေဆးေဆးျခစ္ၾကတာေပါ့”

အကိုႀကီးေျပာတာလည္း သဘာဝက်တယ္ဗ်၊ ဒါနဲ႔ သစ္တုံးႀကီးကို မၾကည့္ေတာ့ သိပ္မေဆြးေသးတဲ့ သစ္တုံးက အေခ်ာင္းလိုက္ႀကီးႂကြတက္လာတယ္၊ သစ္တုံးက အထဲမွာ အေခါင္းနဲ႔ဆိုေတာ့ သိပ္မေလးဘူးဗ်၊ ဒါနဲ႔ အကိုႀကီးနဲ႔က်ဳပ္နဲ႔ အေရွ႕တစ္ေယာက္အေနာက္တစ္ေယာက္ သစ္တုံးႀကီးကို ပုခုံေပၚတင္ၿပီးေတာ့ ထမ္းလာတာေပါ့ဗ်ာ။ ခုနက ပ်ားတုပ္သြားတာေတြက အဆိပ္ေတြတက္လာၿပီဗ်၊ တစ္ကိုယ္လုံးကို စပ္ျဖင္းျဖင္းနဲ႔ျဖစ္လာၿပီးေတာ့ အဖုအပိန္႔္ေတြကလည္း ဆူထြက္လာတယ္၊ က်ဳပ္ကအေရွ႕ကသြားတာမို႔ အကိုႀကီးက က်ဳပ္အျဖစ္ကိုေတြ႕လိုက္တယ္။

“အလတ္ေကာင္ရာ၊ သိပ္ကုပ္ဖဲ့မေနနဲ႔၊ ပ်ားဆိပ္တင္မက လက္ဆိပ္လိုက္ၿပီး အနာရင္းေနမယ္”

အကိုႀကီးက ေျပာေျပာဆိုဆိုနဲ႔ သူလြယ္လာတဲ့ေတာင္းထဲကေန ပ်ားသလက္ကို လက္နဲ႔ဖဲ့ခ်လိုက္တယ္။ ၿပီးေတာ့ သူ႔ပါးစပ္ထဲတစ္ဖဲ့ထဲ့ရင္းဝါးတယ္ဗ်။

“ေကာင္းလိုက္တာကြာ၊ ခ်ိဳေနတာပဲ၊ ေရာ့ မင္းလည္းစား”

က်ဳပ္ကိုလည္း လက္တစ္ဖဲ့ ဖဲ့ေပးတယ္၊ ပ်ားသလက္စားရတယ္ဆိုတာ စားလို႔သိပ္ေကာင္းတယ္မဟုတ္လား၊ ဒါနဲ႔က်ဳပ္လည္း ပါးစပ္ကိုဟေပးလိုက္ေတာ့ အကိုႀကီးကလွမ္းၿပီးထိုးထည့္ေပးတယ္ဗ်၊ ပ်ားရည္လတ္လတ္ဆတ္ဆတ္မို႔ တကယ္ကိုခ်ိဳၿပီးေတာ့ ေမႊးေနတာပဲဗ်ာ၊ က်ဳပ္လည္း ဝါးရင္း လ််ာမွာ စူးခနဲျဖစ္သြားတာနဲ႔ ထၿပီးေအာ္လိုက္တယ္။

“ေအာင္မယ္ေလး၊ စူးတယ္ဗ်”

က်ဳပ္ဝါးေနတဲ့ပ်ားသလက္ကိုေထြးထုတ္ၿပီးေတာ့ ေျခေထာက္နဲ႔ၿဖဲၾကည့္ေတာ့ သေကာင့္သားပ်ားတစ္ေကာင္က ပ်ားသလက္ထဲကပ္ေနၿပီးေတာ့ မေသခင္မွာ က်ဳပ္လွ်ာကိုဆူးနဲ႔ထိုးျဖစ္ေအာင္ထိုးသြားေသးသဗ်ာ၊ အကိုႀကီးက က်ဳပ္ကိုၾကည့္ရင္း

“ပ်ားသလက္ထဲမွာ၊ က်န္ေနတဲ့ပ်ားေကာင္ပါလို႔ ေနမွာပါကြ”

က်ဳပ္လည္း သက္ျပင္းခ်ဥ္း အႀကိမ္ႀကိမ္ခ်မိတယ္၊ က်ဳပ္ေျပာတယ္မဟုတ္လား၊ က်ဳပ္က ပ်ားနဲ႔အက်ိဳးမေပးပါဘူးဆို။

(၄)

ၿခံေရွ႕ေရာက္ေတာ့ ညေနေတာင္အေတာ္ေစာင္းေနၿပီဗ်၊ အေမတို႔က ညေနစာစားဖို႔ေတာင္ျပင္ေနၿပီ၊ က်ဳပ္လည္း ၿခံတံခါးဖြင့္ဖို႔ လွမ္းေအာ္လိုက္ရေတာ့တယ္။

“ဝလူး၊ ဝလူး၊ ဝါး”

က်ဳပ္ေအာ္ေပမယ့္ အသံက မသဲကြဲဘူးျဖစ္ေနတာဗ်၊ လွ်ာႀကီးတစ္ခုလုံးလည္း ထုံၿပီးေတာ့ ပူထူေနတာပဲ၊ အငယ္မက ၿခံေရွ႕ကိုၾကည့္ၿပီးေတာ့ လန႔္ေအာ္တယ္ဗ်။

“ေအာင္မယ္ေလး၊ သရဲ၊ သရဲ”

“သရဲမဟုတ္ပါဘူးဟာ၊ နင့္အကိုလတ္ပါဟ၊ တံခါးဖြင့္စမ္း”

အကိုႀကီးေျပာလိုက္ေတာ့မွ အငယ္မက တံခါးလာဖြင့္တယ္၊ ၿခံထဲမွာ သစ္တုံးႀကီးခ်လိုက္ေတာ့ တစ္အိမ္လုံးကေျပးလာၿပီးၾကည့္ၾကတယ္၊

“ဟယ္၊ အလတ္ေကာင္၊ နင္ဘယ္လိုျဖစ္တာလဲ”

ပ်ားဆိပ္ေတြတက္ၿပီးေတာ့ က်ဳပ္မ်က္ႏွာႀကီးတစ္ခုလုံးလည္း ဘီလူး႐ုပ္ႀကီးျဖစ္ေနၿပီဗ်၊ ႏႈတ္ခမ္းႀကီးေတြဆိုလည္း ေဖာင္းကားၿပီးေထာ္လန္ေနတာ၊ မ်က္ခြံတစ္ဖက္ကို ပ်ားတုတ္မိသြားေတာ့ မ်က္လုံးတစ္ဖက္ကလည္း ပိတ္ေနၿပီးဖြင့္မရဘူးဗ်ာ၊ မ်က္ခုံးေတြဆိုရင္လည္း ေဖာင္းႂကြေနတဲ့အျပင္ လွ်ာႀကီးကလည္း ေယာင္ၿပီးေတာ့ ထူထူႀကီးျဖစ္ေနပါေရာလား။

ဒါနဲ႔ပဲ ေရမိုးခ်ိဳးၿပီးေတာ့ ေဆးၾကမ္းႀကီးေရေဖ်ာ္ၿပီး လူးထားတာေပါ့ဗ်ာ၊ အဲဒီသစ္တုံးႀကီးကိုေတာ့ အိမ္ေရွ႕မွာပဲ ခ်ထားလိုက္ေတာ့တယ္။ ညအိပ္ခါနီးလဲေရာက္ေရာ အကိုႀကီးတို႔လင္မယားအခန္းထဲမွာ ရန္ျဖစ္တာကိုၾကားလိုက္ရပါေရာဗ်ာ။

“ဟဲ့ နင္နဲ႔မေပါင္းဘူး၊ နင္နဲ႔ငါကြာရွင္းမယ္”

အေဖအေမတို႔လည္းေျပးၾကည့္ၾကတာေပါ့ဗ်ာ။ က်ဳပ္မရီးက ကေလးကိုပိုက္ၿပီးေတာ့ အိမ္ခန္းထဲကေနေျပးထြက္လာတယ္ဗ်၊ အကိုႀကီးကလည္း ေဒါသတႀကီးနဲ႔ေျပးလိုက္လာတယ္။

“ေဟ့ေကာင္၊ ဘာျဖစ္တာလဲ”

“အေဖ၊ သူနဲ႔မေပါင္းဘူး၊ ခုနက ကေလးက ငိုေနတာကို နားၿငီးလို႔ဆိုၿပီးေတာ့ ကေလးရဲ႕ေက်ာကုန္းကို အားႀကီးနဲ႔ထ႐ိုက္တယ္အေဖ”

အေမက က်ဳပ္တူမေက်ာကုန္းကိုလွန္ၾကည့္ေတာ့ က်ဳပ္တူမေက်ာကုန္းမွာ အကိုႀကီး႐ိုက္ထားတဲ့အရာႀကီးက နီရဲေနတာပဲဗ်ာ၊ အေဖက အကိုႀကီးကိုၾကည့္တယ္။

“ေဟ့ေကာင္အႀကီးေကာင္၊ မင္းဘာျဖစ္တာလဲ”

အကိုႀကီးပုံစံက အ႐ူးႀကီးတစ္ေယာက္လိုပဲဗ်။

“မင္းကိုငါသတ္မယ္၊ မင္းကိုေရာ မင္းရဲ႕ကေလးကိုေရာ ငါသတ္မယ္”

“အႀကီးေကာင္၊ မင္းစိတ္ကိုေအးေအးထားပါ၊ ဒီဟာ မင္းခ်စ္လြန္းပါတယ္ဆိုၿပီးေတာ့ ယူထားတဲ့မိန္းမကြ၊ ေနာက္ၿပီး ဒီဟာကလည္း မင္းနဲ႔ရထားတဲ့ကေလး”

အကိုႀကီးက ေျပာေျပာဆိုဆိုနဲ႔ မရီးဆီကိုေျပးဝင္လာတယ္ဗ်၊ က်ဳပ္လည္း မေနသာေတာ့တာနဲ႔ အကိုႀကီးလက္ေမာင္းကိုေျပးဆြဲေတာ့တာပဲ၊ အကိုႀကီးရဲ႕အသားေတြက ပူေနတာပဲဗ်ာ၊ က်ဳပ္လည္းဆြဲလိုက္ေရာ အကိုႀကီးက က်ဳပ္ကိုလွည့္ၾကည့္ မ်က္ေစာင္းထိုးၿပီးေတာ့ က်ဳပ္ရင္ဝကို တြန္းထုတ္ထည့္လိုက္တာဗ်ာ၊ က်ဳပ္ျဖင့္ လြင့္သြားၿပီး အခန္းကာထားတဲ့ ထရံနဲ႔သြားေဆာင့္ပါေရာလား။

“အေဝ၊ အဝိုႀကီး၊ တစ္ဝုဝု ဝစ္ေနၿပီ”

က်ဳပ္မပီမသနဲ႔ေအာ္လိုက္ေတာ့ အေဖကလည္း သေဘာေပါက္သြားတယ္ထင္တယ္ဗ်၊ အကိုႀကီးလက္ကိုခ်ဳပ္ဆြဲထားလိုက္ၿပီးေတာ့ ဘုရားစာ႐ြတ္တယ္ထင္ပါတယ္၊ဒီေတာ့မွ အကိုႀကီးက နည္းနည္းၿငိမ္သြားတာဗ်၊ က်ဳပ္လည္း အျမန္ထၿပီးေတာ့ ဘုရားေက်ာင္းေဆာင္ေပၚက ေညာင္ေရအိုးကိုဆြဲၿပီး ေညာင္ေရအိုးေရနဲ႔ အကိုႀကီးကိုပက္လိုက္ေတာ့မွ အကိုႀကီးက ငူငူေငါင္ေငါင္ႀကီးျဖစ္သြားေတာ့တယ္။

“အႀကီးေကာင္၊ သတိထားစမ္းကြာ”

အကိုႀကီးက ေခါင္းငိုက္စိုက္က်သြားတယ္။

“သား၊ သား စိတ္ထဲေဒါသအရမ္းထြက္သြားတယ္အေဖ၊ သားမွားပါတယ္”

အေဖကလည္း မရီးကိုရွင္းျပရတာေပါ့၊ မရီးကလည္း လက္ခံေပမယ့္ အကိုႀကီးကိုေၾကာက္လို႔ ေနာက္ဆုံးေအာက္ထပ္က အငယ္မတို႔နဲ႔သြားအိပ္ရပါေရာလားဗ်ာ၊ အကိုႀကီးက သူတို႔လင္မယားအခန္းထဲမွာ တစ္ေယာက္တည္းအိပ္တာေပါ့။ ညသန္းေခါင္မေရာက္တေရာက္မွာ အကိုႀကီးက ထၿပီးပြဲၾကမ္းပါေရာလားဗ်ာ၊ သူတို႔အခန္းထရံကို လက္သီးနဲ႔တဘုန္းဘုန္းပုတ္ၿပီးေတာ့ အိမ္တိုင္ေတြကိုလည္း ေျခေထာက္ေတြနဲ႔ေဆာင့္ကန္ေနတာ၊ အငယ္ေကာင္က အကိုႀကီးဆီကိုသြားေတာ့ အငယ္ေကာင္ကိုတြန္းထုတ္လြတ္လိုက္တာ အငယ္ေကာင္ချမာ ေလွကားအတက္နားကို ေခြေခြကေလးက်သြားတာ။

“အေဖေရ၊ လုပ္ပါအုံး၊ အေဖ”

အငယ္ေကာင္က ေအာ္တာေပါ့ဗ်ာ၊ အေဖတို႔ထြက္မလာခင္မွာ အကိုႀကီးက အငယ္ေကာင့္ဆီသြားၿပီးေတာ့ အငယ္ေကာင္ရဲ႕ဆံပင္ကို လက္တစ္ဖက္က ကိုင္ၿပီး က်န္တဲ့လက္တစ္ဖက္က အငယ္ေကာင္ရဲ႕ပါးကို တျဖန္းျဖန္းနဲ႔႐ိုက္ပါေလေရာဗ်ာ၊ ႐ိုက္တဲ့အသံႀကီးက အားပါတယ္ဗ်၊ ေျဖာင္းေျဖာင္းနဲ႔ကို ျမည္ေနေတာ့တာ၊ ျခင္ေထာင္ထဲအိပ္ေနတဲ့က်ဳပ္လည္း ထလိုက္ၿပီးေတာ့ ျခင္ေထာင္စႀကီးဆြဲၿပီး အကိုႀကီးကိုျခင္ေထာင္နဲ႔ေျပးအုပ္ရတာေပါ့ဗ်ာ၊ အကိုႀကီးကလည္း ႐ုန္းကန္ေနရင္းနဲ႔ ပိတ္ျခင္ေထာင္ႀကီးနဲ႔ ၿငိၿပီး လုံးေထြးေနတာေပါ့။

က်ဳပ္လည္း ဦးဘသာကိုသတိရလိုက္တယ္၊ အကိုႀကီးပုံစံက ပုံမွန္မွ မဟုတ္ဘဲကိုးဗ်၊ ဒါနဲ႔ ဦးဘသာကိုေခၚမယ္ဆိုၿပီး အိမ္ေပၚကဆင္းမယ္အလုပ္မွာ အကိုႀကီးက ျခင္ေထာင္ပုံထဲကေန ထြက္ၿပီး က်ဳပ္ဆီကိုေျပးလာပါေရာလား။ က်ဳပ္လည္း ေလွကားကိုအျမန္ေျပးဆင္းရင္း သုံးထစ္ေျမာက္အေရာက္မွာ ေျခေခါက္ၿပီးေတာ့ လဲက်သြားတာေပါ့ဗ်ာ။ အကိုႀကီးကို အေဖတို႔က ဝိုင္းဆြဲေပမယ့္ အေဖ့ကိုလည္း တြန္းထုတ္ခဲ့တာဗ်၊ ေလွကားေအာက္မွာ ေခြေခြကေလးလဲေနတဲ့က်ဳပ္ကို အကိုႀကီးက မီးဝင္းဝင္းေတာက္ေနသလို ဝင္းလက္ေနတဲ့ မ်က္လုံးႀကီးေတြနဲ႔ၾကည့္တယ္။

ၿပီးေတာ့ အေဖထိုင္ေနက်ခုံတန္းကေလးရဲ႕ အေနာက္မွာခ်ိတ္ထားတဲ့ အေဖ့လက္စြဲေတာ္ဓါးႀကိးကိုၾကည့္ရင္း သြားေျပးျဖဳတ္တာေပါ့ဗ်ာ။ ၿပီးေတာ့ က်ဳပ္ဆီတစ္ဟုန္ထိုးေျပးၿပီး ဓါးနဲ႔ခုတ္ပါေရာဗ်ိဳ႕။ တစ္ခုကံေကာင္းသြားတာက ဓါးအိမ္ကမကြၽတ္ေတာ့ က်ဳပ္ပုခုံးကို ဓါးအိမ္နဲ႔ပဲ႐ိုက္မိတယ္၊ အကိုႀကီးက ဓါးအိမ္ကိုဆြဲခြၽတ္ေနတုန္း က်ဳပ္လည္း ၿခံထဲကေနေျပးထြက္လာခဲ့တာေပါ့ဗ်ာ။

“ဦးဘသာကယ္ပါ၊ ဦးဘသာကယ္ပါ”

က်ဳပ္လည္း စိတ္ထဲကေန ေရ႐ြတ္ေနရင္း ေျပးေနရတယ္၊ ေလွကားကေနက်ထားလို႔ ေျခေထာက္တစ္ေခ်ာင္းကလည္း အေတာ္နာေနေတာ့ ေျပးရတာအားမရွိဘူးေပါ့ဗ်ာ။ အကိုႀကီးကေတာ့ မေျပးဘူးဗ်၊ ဓါးႀကီးကိုင္ၿပီးေတာ့ ေျခလွမ္းက်ဲႀကီးနဲ႔ က်ဳပ္အေနာက္ကိုလိုက္လာခဲ့တာ၊ တစ္႐ြာလုံးကလည္း အိပ္ေမာက်ေနၾကၿပီ၊ က်ဳပ္လည္း အသံကုန္ဟစ္ၿပီး ေအာ္တာေပါ့။

“ဝယ္ၾကဝါ . . . ဝယ္ၾကဝါ”

လွ်ာကိုပ်ားတုတ္ၿပီး အသံကလည္း မပီမသဘဲထြက္တယ္ဗ်၊ က်ဳပ္ေျပးလာေတာ့ ႐ြာထဲကေခြးေတြက က်ဳပ္ကိုၾကည့္ၿပီး ထိုးေဟာင္ပါေရာ၊ ၿပီးေတာ့ အေနာက္က အကိုႀကီးကိုလည္းေတြ႕ေရာ ေဟာင္ဖို႔ေနေနသာသာ အျမႇီးကုပ္ၿပီးေတာ့ ထြက္ေျပးကုန္တာဗ်။

က်ဳပ္လည္း ေျပးရင္း ႐ြာလယ္မန္က်ည္းပင္ႀကီးအနားေရာက္ေတာ့ ေျမႀကီးထဲကေန တိုးထြက္ေနတဲ့ မန္က်ည္ျမစ္ႀကီးကို ခလုပ္တိုက္ၿပီး ဟပ္ထိုးလဲက်သြားပါေရာဗ်ာ၊ က်ဳပ္ေလးဘက္ကုန္းထေနတုန္းမွာပဲ အကိုႀကီးက က်ဳပ္အနားကိုေရာက္လာခဲ့ၿပီဗ်။ မီးဝင္းဝင္းေတာက္ေနတဲ့ မ်က္လုံးႀကီးေတြနဲ႔ က်ဳပ္ကိုၾကည့္ရင္း ဓါးကိုေျမႇာက္ၿပီးေတာ့ ခုတ္ခ်ဖို႔လက္ျပင္လိုက္တယ္၊ က်ဳပ္လည္း ဘာမွမေျပာႏိုင္ေတာ့ဘူးဗ်ာ၊ ေၾကာင္ၿပီး ဒီအတိုင္းႀကီးရပ္ေနမိတာဗ်၊ အကိုႀကီးရဲ႕လက္က ေလေပၚေရာက္သြားတဲ့အခ်ိန္မွာ လက္ထဲက ဓါးႀကီးက ခြၽင္ခနဲအသံျမည္ၿပီးေတာ့ ေလးငါးဆယ္လံေလာက္အကြာကို ျပဳတ္က်သြားေတာ့တာပဲ။

အကိုႀကီးက ေဒါသတႀကီးနဲ႔ မန္က်ည္းပင္ႀကီးအနားကိုၾကည့္လိုက္ေတာ့ ဦးဘသာက မန္က်ည္းပင္ႀကီးရဲ႕ ပင္စည္အေနာက္ကေန ထြက္လာတယ္ဗ်၊ က်ဳပ္ျဖင့္ ေပ်ာ္လိုက္တာ ေျပာမေနပါနဲ႔ဗ်ာ၊ မတ္တပ္ေတာင္မရပ္ႏိုင္ဘူး၊ ေလးဖက္ကုန္းသြားရင္း ဦးဘသာႀကီးရဲ႕ေျခေထာက္ေတြကို ဖက္ထားမိတယ္။

“အလတ္ေကာင္၊ သိပ္မဆြဲနဲ႔ကြ၊ ငါပုဆိုးကြၽတ္က်မယ္”

ဦးဘသာေျပာမွ က်ဳုပ္လည္း လက္ျပန္လႊတ္လိုက္တယ္၊ အကိုႀကီးက ဦးဘသာကိုလက္ညႇိဳးထိုးရင္း

“ေဟ့ေကာင္၊ မင္းဝင္မရႈပ္နဲ႔၊ ငါ့အလုပ္ငါလုပ္ေနတာ၊ မင္းဝင္ပါစရာမလိုဘူး”

“ေအာင္မာ၊ လူသတ္တာက မင္းအလုပ္လားကြ”

အကိုႀကီးက ေတာက္တစ္ခ်က္ေခါက္လိုက္တယ္။

“ဒီေကာင္ေတြ ငါ့ဗိမာန္ကိုဖ်က္ဆီးသြားတယ္၊ ဒီေတာ့ ငါဒီေကာင္ႏွစ္ေကာင္ကို ျပန္သတ္ရမွေက်နပ္မယ္”

“သူတို႔က မသိလို႔လုပ္မိတာပဲ၊ မင္းရဲ႕ ဗိမၼာန္ကို မဖ်က္ဆီးေစခ်င္ရင္ မင္းအေစာကတည္းက သိသာထင္ရွားျပေပါ့ကြ”

“ငါဒီေကာင္ေတြကိုျပခဲ့ေသးတယ္၊ ဒီေကာင့္ကို ေတာင္ေပၚကက်ေအာင္လည္းလုပ္ခဲ့တယ္၊ ပ်ားတုတ္ေအာင္လည္း လုပ္ခဲ့ေသးတယ္၊ ဒါေတာင္မွ ဒီေကာင္ေတြက ငါ့ဗိမၼာန္ကို ရေအာင္ဖ်က္ဆီးတဲ့ေကာင္ေတြ၊ ဒီေကာင္ေတြကို ငါသတ္မယ္”

ဦးဘသာက ခါးေထာက္လိုက္ၿပီး

“ေနပါအုံး၊ သူမ်ားကို သတ္မယ္၊ သတ္မယ္နဲ႔ေျပာေနရေအာင္ မင္းကဘာေကာင္မို႔လို႔လဲ”

“ဟား၊ ဟား၊ ငါက အဲဒီသစ္ေဆြးတုံးမွာေနတဲ့ ဂႏၵဗၺ နတ္ဘီလူးကြ”

ဦးဘသာက နည္းနည္းေတြေဝသြားပုံရတယ္ဗ်။

“သူတို႔မသိလို႔လုပ္မိတာပဲ၊ ခြင့္လႊတ္ေပးလိုက္ပါ”

အကိုႀကီးက တဟားဟားနဲ႔ရယ္ေမာတယ္ဗ်။

“ဟား၊ ဟား ဘီလူးကိုရန္စရင္ ဘီလူးရဲ႕ေဒါသ ဘယ္ေလာက္ႀကီးတယ္ဆိုတာ ဒီေကာင္ေတြ သိေစရမယ္ေဟ့”

အကိုႀကီးက ေျခေထာက္တစ္ဖက္ကိုေလေပၚေျမႇာက္လိုက္ၿပီးေတာ့ လက္ေမာင္းႏွစ္ဖက္ကိုရင္ဘတ္မွာယွက္ရင္း လက္ခေမာင္းေတြ တေျဖာင္းေျဖာင္းနဲ႔ခတ္ေနတာဗ်၊ ၿပီးေတာ့ ဦးဘသာႀကီးဆီကို ေျပးဝင္လာေတာ့တာပဲ။ ဦးဘသာက အကိုႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့

“ရပ္စမ္း . . .ရပ္လိုက္စမ္း”

ဒါေပမယ့္ အကိုႀကီးက မရပ္ဘူးဗ်၊ ဦးဘသာႀကီးရဲ႕ လက္တစ္ကမ္းကိုေရာက္ေတာ့ ဦးဘသာကို လက္သီးနဲ႔ထိုးခ်ထည့္လိုက္တာပဲဗ်ာ၊ က်ဳပ္ေတာင္မွ အေနာက္ကိုေျပးၿပီးေရွာင္လိုက္ေသးတယ္၊ ဦးဘသာက လက္သီးခ်က္ကို လက္ဖဝါးနဲ႔႐ိုက္ထည့္လိုက္ေတာ့ ေျဖာင္းဆိုတဲ့အသံအက်ယ္ႀကီး ျမည္သြားၿပီးေတာ့ ဦးဘသာႀကီး အေနာက္ကို ေျခလွမ္းသုံးလွမ္းေလာက္ဆုတ္လိုက္ရတယ္။

“ယကၡညီေနာင္၊ ခ်ဳပ္ၾကစမ္းေဟ့”

ဦးဘသာ ေျပာလိုက္တဲ့အခါ မန္က်ည္းပင္အေပၚကေန ဘီလူးႀကီးႏွစ္ေကာင္ ခုန္ဆင္းလာတယ္ဗ်၊ ေခါင္းတုံးေျပာင္ေျပာင္နဲ႔ ထြားထြားက်ိဳင္းက်ိဳင္းႀကီးေတြဗ်၊ ဒီဘီလူးေတြက ဦးဘသာရဲ႕ ဦးေခါင္းေပၚက အေမာက္တစ္ခုထဲမွာ ကိန္းေအာင္းေနတဲ့ ဘီလူးမင္းရဲ႕ တပည့္ႏွစ္ေယာက္ျဖစ္မယ္ထင္တယ္ဗ်၊ ဘီလူးညီေနာင္နဲ႔ အကိုႀကီးနဲ႔ ထိုးၾကႀကိတ္ၾကတာဗ်ာ၊ ေနာက္ေတာ့ အကိုႀကီးက ဘီလူးညီေနာင္ထဲက တစ္ေကာင္ကို ပင့္လက္သီးေကြၽးလိုက္တာ ဘီလူးတစ္ေကာင္က ကိုယ္ေရာင္ပါေပ်ာက္သြားတယ္၊ ေနာက္ထပ္ဘီလူးတစ္ေကာင္ကိုလည္း ေျခဖ်ားနဲ႔ခတ္လိုက္တာ ဘီလူးႀကီးက ထြက္ေျပးသြားပါေရာလား။

အားလုံးၿပီးသြားေတာ့ ဦးဘသာႀကီးဆီကို ေျပးလာတယ္၊ က်ဳပ္လည္း မေနသာေတာ့ဘူးဆိုေတာ့ မန္က်ည္းပင္ေအာက္နားမွာ က်ေနတဲ့ ဝါးလုံးပိုင္းအစိမ္းတစ္ခုကို ေကာက္ယူလိုက္ၿပီး ေျပးဝင္လာတဲ့အကိုႀကီးရဲ႕ေခါင္းကို အားကုန္ပိတ္႐ိုက္ထည့္လိုက္တာေပါ့ဗ်ာ။

ေျဖာင္းခနဲအသံႀကီးနဲ႔အတူ က်ဳပ္လက္ထဲက ဝါးစိမ္းပိုင္းက ဖြာလန္က်ဲၿပီးေတာ့ က်ိဳးထြက္သြားပါေရာဗ်ာ၊ ဒါေပမယ့္ အကိုႀကီးကေတာ့ မရပ္ဘူးဗ်၊ ဦးဘသာႀကီးဆီကိုေျပးသြားၿပီးေတာ့ ရင္ဝကိုေဆာင့္ကန္ထည့္လိုက္ေတာ့ ဦးဘသာႀကီးမွာ ေနာက္ဆုတ္ေနာက္ဆုတ္နဲ႔ေရွာင္တိမ္းရင္း မန္က်ည္းျမစ္နဲ႔တိုက္မိၿပီး ပက္လက္လန္ လဲက်သြားတာေပါ့ဗ်ာ။

အကိုႀကီးက ဦးဘသာအနားကို တစ္လွမ္းခ်င္းေလွ်ာက္လာတာေပါ့၊ ဦးဘသာကလည္း သူ႔လက္ထဲက စက္လက္နက္ေတြနဲ႔ ပစ္ခတ္တယ္၊ ဝင္းခနဲ လက္ခနဲ ထြက္သြားတဲ့ စက္လက္နက္ေတြကို အကိုႀကီးက လက္နဲ႔ပုတ္ပုတ္ထုတ္တာဗ်။ ဒီအခ်ိန္မွာပဲ ေမာင္းထုသံေတြၾကားရၿပီ၊ အေဖအိမ္ကေန ထုေနတာျဖစ္မွာေပါ့ဗ်ာ၊ ဒါေပမယ့္ ညသန္းေခါင္ဆိုေတာ့ ႐ြာသားေတြ ႐ုတ္တရက္ႏိုးပုံမရဘူးဗ်၊ အကိုႀကီးက ဦးဘသာဆီကိုေျပးလာၿပီးေတာ့ ဦးဘသာေခါင္းကို လက္သီးနဲ႔ထုခ်က္လိုက္တယ္။

ဒါေပမယ့္ လက္သီးက ေလထဲမွာ ရပ္သြားျပန္တယ္၊ ၿပီးေတာ့မွ အကိုႀကီးအေရွ႕နားမွာ တစ္ကိုယ္လုံးအစိမ္းေရာင္ေတြ ဝင္းလက္ေနတဲ့ ဘီလူးႀကီးတစ္ေကာင္ေပၚလာတာဗ်၊ ဘီလူးပုံစံကေတာ့ ဘုရားဇာတ္ထုပ္ေတြထဲက ပုံေဖာ္သလို ပုံႀကီးပါပဲ၊ မ်က္ခုံးေမႊးထူလျဗစ္၊ မုတ္ဆိုင္ေမႊး ပါးသိုင္းေမႊးေတြနဲ႔၊ ေခါင္းမွာလည္း အေမာက္ႀကီးက အေနာက္ဘက္ကိုလန္ၿပီးေတာ့ ေကာက္ေနေသးတယ္ဗ်၊ ကိုယ္လုံးမွာလည္း ခ်ပ္ဝတ္တန္ဆာတစ္ခုဝတ္ဆင္ထားၿပီး စလြယ္ေတြလည္းလြယ္ထားေသးတယ္။

“မင္းေတာ္ေလာက္ၿပီ”

ဘီလူးႀကီးကေျပာလိုက္ၿပီးေတာ့ အကိုႀကီးကိုတြန္းထည့္လိုက္တာ အကိုႀကီးက အေနာက္ကိုကြၽမ္းျပန္ၿပီးေတာ့ လဲက်သြားတယ္။

“သယ္ေဆာင္သူကို ရန္ျပဳတဲ့လူက ငါတို႔ရဲ႕ရန္သူပဲ”

ဘီလူးႀကီးကေျပာရင္း အကိုႀကီးအနားကို တစ္လွမ္းခ်င္းေလွ်ာက္သြားတယ္၊ အကိုႀကီးလည္း အေနာက္ကိုတစ္လွမ္းခ်င္းဆုတ္သြားတယ္။

“ဒီေကာင္ေတြက ငါ့ဗိမာန္ကိုဖ်က္ဆီးသြားတဲ့ေကာင္ေတြ”

“အဲဒါေတြ ငါနားမလည္ဘူး၊ ငါနားလည္တာက မင္းလုပ္ရပ္ေတြကိုရပ္မလား၊ ငါရပ္ေပးရမလား”

အကိုႀကီးက ဦးဘသာရဲ႕ဘီလူးကိုေတာ့ ေၾကာက္တဲ့ပုံပဲဗ်။

“မ၊ မလုပ္ပါနဲ႔ဘီလူးမင္း”

ဘီလူးႀကီးက ႐ြာျပင္ဘက္ကိုလက္ညႇိဳးထိုးၿပီးေတာ့

“အဲဒါဆိုရင္ မင္းျပန္ေတာ့၊ မင္းဘာသာမင္း ေနရာအသစ္တစ္ခုရွာၿပီးေန၊ ၿပီးေတာ့ မင္းလုပ္ထားတာေတြကိုလည္း အကုန္ျပန္ထုတ္သြားေနာ္”

အကိုႀကီးက ႐ြာအျပင္ဘက္ကိုလွည့္ၾကည့္ရင္း လဲက်သြားေတာ့တယ္ဗ်၊ ဒီအခ်ိန္မွာပဲ မီးတုတ္အလင္းေရာင္ေတြကိုေတြ႕လိုက္ရတယ္၊ အေဖနဲ႔႐ြာသားေတြက လက္နက္ေတြနဲ႔ ထြက္လာၾကတာေပါ့ဗ်ာ။ မန္က်ည္းပင္ႀကီးေအာက္မွာ ရွိေနတဲ့က်ဳပ္တို႔ဆီကိုလာခဲ့တာေပါ့။

က်ဳပ္လည္း ဦးဘသာကိုလွည့္ၾကည့္လိုက္ေတာ့ ဦးဘသာမရွိေတာ့ဘူးဗ်၊ အကိုႀကီးကေတာ့ ေျမမွာလဲလို႔ဗ်၊ အေဖ့ဓါးႀကီးကလည္း ဟိုးခပ္လွမ္းလွမ္းမွာ က်ေနေလရဲ႕ဗ်ာ။

ေနာက္ေန႔ေတာ့ သစ္ေခါင္းႀကီးကို ျခစ္ယူၾကတယ္၊ ပ်ားရည္သုံးပုလင္းစာေလာက္ရတယ္ဗ်၊ အိမ္မွာတစ္ပုလင္း၊ ဦးဝင္းႀကိဳက္ကိုတစ္ပုလင္း၊ ႐ြာဦးေက်ာင္းဆရာေတာ္ကိုတစ္ပုလင္းကပ္လိုက္တာေပါ့ဗ်ာ၊ ဆရာေတာ္က အကိုႀကီးအေၾကာင္းသိရလို႔ ခ်ည္မန္းကြင္းေတြဘာေတြ ဆင္ေပးလိုက္တယ္။

“မင္းတို႔အျဖစ္ကို နားေထာင္ရသေလာက္ေတာ့ ဘီလူးစီးတာပဲကြ၊ အဲဒီလို သစ္တုံးေဆြးေတြ၊ သစ္ငုတ္တိုေတြမွာလည္း ဘီလူးေတြေနတတ္တယ္၊ တခ်ိဳ႕ဆို နတ္ဘီလူးေတြေတာင္ျဖစ္ေနၾကတာေပါ့ကြာ၊ မင္းတို႔ ေနာက္ဆိုရင္ေတာ့ ေသေသခ်ာခ်ာသတိထားၿပီးလုပ္ၾကေဟ့၊ ပုံမွန္သစ္ေခါင္းပ်ားဖြပ္တဲ့လူေတြက်ေတာ့ လက္ဖက္တစ္ပြဲ၊ ကြမ္းတစ္ယာနဲ႔ ေတာင္းပန္ၿပီးေတာ့မွ ဖြပ္ၾကတာကြ၊ ငါက မင္းတို႔သိမယ္လို႔ထင္ေနတာ”

႐ြာဦးေက်ာင္းက ျပန္လာေတာ့ က်ဳပ္လည္း ဦးဘသာအိမ္ကိုဝင္ခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကိုေက်းဇူးတင္စကားေျပာဖို႔ေပါ့၊ က်ဳပ္လွ်ာက အေယာင္က်သြားၿပီးေတာ့ ေတာ္ေတာ္ျပန္ေကာင္းေနပါၿပီ၊ နည္းနည္းလ်ာေလးေနတာပဲ ရွိေတာ့တာ။

“ညက အျဖစ္အတြက္ ေက်းဇူးတင္ပါတယ္ဦးဘသာ”

ဦးဘသာကေတာ့ မသိခ်င္ေယာင္ေဆာင္ေနတယ္။

“ဘာအျဖစ္တုန္းကြ”

“ဦးဘသာမကယ္ရင္ က်ဳပ္ေတာ့ အကိုႀကီးရဲ႕ဓါးခ်က္ေအာက္မွာ အသက္ေပ်ာက္ေနေလာက္ၿပီဗ်”

ဦးဘသာက ဝန္မခံေပမယ့္္

“ေအးကြ၊ သစ္ပင္ေတြမွာ ႐ုကၡစိုးေနသလို၊ သစ္လုံး၊ သစ္ေခါင္း၊ သစ္ငုတ္တိုေတြမွာလည္း အဲဒီလိုပုဂၢိဳလ္ေတြ ရွိတတ္ၾကတယ္၊ ဒါေၾကာင့္မို႔ အရမ္းကာေရာ မလုပ္သင့္ဘူးကြ၊၊ ဒါနဲ႔ ငါ့အတြက္ပ်ားရည္ဆို၊ ဘယ္မလဲကြ”

ဦးဘသာေျပာမွ က်ဳပ္လည္း သတိရသြားတယ္၊ ဒါနဲ႔ အိမ္ကိုအျမန္ျပန္ေျပးရတာေပါ့ဗ်ာ၊ ေန႔လည္ေလာက္က်ေတာ့ အေဖက အိမ္ကိုျပန္လာတယ္ဗ်။

“ငါေဆးနည္းေကာင္းတစ္ခုရခဲ့တယ္ကြ၊ ဆရာေတာ္ေျပာလိုက္တာက ၾကက္သြန္ျဖဴဥတစ္လုံးနဲ႔ ပ်ားရည္နဲ႔ေရာၿပီးစားရင္ ေယာက္်ားေတြအားေကာင္းသတဲ့ကြ၊ ကဲ မသန္းေရ၊ မနက္ကျခစ္ထားတဲ့ သစ္ေခါင္းပ်ားရည္ပုလင္းေပးစမ္းကြာ”

က်ဳပ္လည္း မအူမလည္နဲ႔ ၿခံထဲဆင္းလာေတာ့တယ္၊ အေမက မိးဖိုေခ်ာင္ထဲလွည့္ပတ္ၾကည့္ရင္း

“မရွိေတာ့ဘူးေတာ့၊ မနက္တုန္းကတင္ ေၾကာင္အိမ္ေပၚမွတင္ထားလိုက္တာပါ၊ အခုဘယ္ေရာက္သြားသလဲမသိဘူး”

“ဟာ၊ ဟုတ္ရဲ႕လား၊ ပ်ားရည္ပုလင္းက ေၾကာင္အိမ္ေပၚကေန ေျခေထာက္ေပါက္ၿပီး ေလွ်ာက္သြားပါ့မလားကြ၊ ေသခ်ာရွာၾကည့္စမ္းပါအုံး”

က်ဳပ္လည္း ၿခံျပင္ကို အျမန္ေျပးထြက္လာခဲ့တာေပါ့ဗ်ာ၊ အဲဒီ ပ်ားရည္တစ္ပုလင္း ဘယ္ကိုေရာက္သြားသလဲဆိုတာေတာ့ က်ဳပ္ကို မေမးနဲ႔ဗ်ိဳ႕။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း