ဘဝမကူးသည့်ဝဋ်

ဘဝမကူးသည့်ဝဋ်(စ/ဆုံး)

————————–

“ဝဋ်” စကားလေး တစ်ခွန်းပေမဲ့ အလွန်ပင်
ကြောက်စရာ ကောင်းလှသည်။ ငရဲသို့
ကျနိုင်သည့် လုပ်ရပ်များကို လုပ်မိပါက ကုသိုလ်ပြုခြင်းဖြင့် ချေဖျက်၍ ရနိုင်သော်လည်း ဝဋ်’ကိုမူ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်ကြပေ။ ထို့ကြောင့်လည်း ရှေးပညာရှိများက “ဝဋ်မှာ အမြဲ ငရဲမှာ အပ”ဟု ဆိုစမှတ် ပြုခဲ့ကြလေသည်။
ကျွန်တော်တို့ ပုထုဇဉ်လူသားများကို
မဆိုထားနှင့်။ ဘုရားရဟန္တာများပင် ဝဋ်’ကို မရှောင်လွှဲနိုင်ကြပေ။ ကျွန်တော်တို့
သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးပင်လျှင် နုစဉ်ဘဝများက ပြုလုပ်မိခဲ့သော ဝဋ်ကြွေးများကို နောက်ဆုံး ဘုရားဖြစ်သည့် ဘဝ၌ ပြန်လည်ပေးဆပ်ခဲ့ရလေသည်။ မြတ်စွာဘုရားရှင် နောက်ဆုံးဘဝ၌
ပေးဆပ်ခဲ့ရသော ဝဋ်ကြွေးတော် (၁၂)ပါးကို စာဖတ်သူများ ဗဟုသုတ ရရှိစေရန် ထည့်သွင်းရေးသား လိုက်ပါသည်။

မြတ်စွာဘုရားရှင်၏ ဝဋ်ကြွေးတော် (၁၂)ပါး
( ၁ )
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀က မုနာဠိအမည်ရှိသော သေသောက်ကြူးတစ်ဦးဖြစ်ပြီး သုရတိ အမည်ရှိ ပစ္စေကဗုဒ္ဓါကို
“ဒီသူဟာ ဆိတ်ကွယ်ရာအရပ်မှာ ကာမလိုက်စား မွေ့လျော်ပျော်ပါးပြီး တရားမရှိ၊ သီလမရှိသူ ဖြစ်တယ်”
လို့ စွပ်စွဲစကား ပြောမှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှုကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ဆင်းရဲခံစားခဲ့ရပြီး ယခုနောက်ဆုံး ဘုရားဖြစ်တဲ့အခါ လူသူအများ အထင်မှားအောင် သုန္ဒရီပရိဗိုဇ်မရဲ့ စွပ်စွဲခြင်းကို ခံခဲ့ရပါတယ်။
(၂ )
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ သဗ္ဗာဘိဘူ အမည်ရှိသော ပစ္စေကဗုဒ္ဓါရဲ့ နန္ဒမည်တဲ့ တပည့်ဖြစ်ခဲ့ပြီး အဲ့ဒီပစ္စေကဗုဒ္ဓါကို..
“” သီလမရှိ သူယုတ်မာသာဖြစ်တယ် “”
လို့ စွပ်စွဲစကား ပြောမှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှုကြောင့် ငရဲမှာ အနှစ်တစ်သောင်းကြာ ဆင်းရဲခံစားခဲ့ရပြီး ယခု နောက်ဆုံးဘ၀မှာ ဘုရားဖြစ်တဲ့အခါ ပရိတ်သတ်ဗိုလ်ပုံအလယ်မှာ စိဉ္စမာနမိန်းမယုတ်ရဲ့ မဟုတ်မတရား စွပ်စွဲခြင်းကို ခံခဲ့ရပါတယ်။
( ၃ )
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ လူအများ လေးစားပူဇော်အပ်တဲ့ ဗေဒင်သုံးရပ် ကမ်းဆုံးခပ်အောင် တတ်မြောက်သူ ပုဏ္ဏား ပါမောက္ခဆရာကြီးဖြစ်ပြီး တပည့် လုလင် ငါးရာအား မဟာဝုန်တောမှာ ဗေဒင်ကျမ်းများကို သင်ကြားပေးနေစဉ် အသိညာဉ်ရတဲ့ ဘီမအမည်ရှိရသေ့ အဲ့ဒီအရပ်သို့ ကြွလာတာကို မြင်ရတဲ့အခါ ကြည်ညိုရမယ့်အစား နှလုံးသွင်းမှားယွင်းကာ
” ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်တယ်..””
လို့ စွပ်စွဲစကားကို တပည့်တို့အား ပြောကြားခဲ့ပါတယ်။
အဲ့ဒီတပည့်ငါးရာတို့ကလဲ ဆရာကြီးစကားကို အားရ၀မ်းသာ လက်ခံကြကာ မြို့ရွာအတွင်း ဆွမ်းခံကြွနေတဲ့ အဲ့ဒီဘီမရသေ့ကို
“ဒီရသေ့ဟာ ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်တယ်”
လို့ အိမ်တိုင်း အိမ်တိုင်းရှိ လူအများအား ပြောကြားကြပါတယ်။
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် အဲ့ဒီတပည့်ငါးရာဟာ နောက်ဆုံးဘ၀ ဘုရားရှင်လက်ထက်အခါ တပည့်ရဟန်း ငါးရာ ဖြစ်လာကြကာ သုန္ဒရီပရိဗိုဇ်မ တိတ္ထိတွေသတ်လို့ သေတာကြောင့် လူအများရဲ့ မဟုတ်မတရား စွပ်စွဲကဲ့ရဲ့တာကို ခံခဲ့ကြရပါတယ်။
တပည့်တွေ အစွပ်စွဲခံရတာဟာလည်း ဘုရားရှင်ကိုယ်တော်မြတ် အစွပ်စွဲခံရသည်သာ မည်ပါတယ်။
( ၄ )
ဘုရားရှင်ဟာ အလောင်တော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ မိကွဲဖတူဖြစ်တဲ့ ညီငယ်ကို ဥစ္စာလိုချင်တပ်မက်လို့ သတ်ဖြတ်ကာ တောင်ချောက်ကြားမှာ ပစ်ချရုံမက ကျောက်တုံးနဲ့ တစ်ဖန် ထပ်ပြီး ဖိညှပ်ကြိတ်ချေခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ အရှင်ဒေ၀ဒတ် ကျောက်မောင်းဆင်ပြီး ပစ်ချတာကို ခံရကာ ခြေမတော်ကို ကျောက်ချပ်ကျောက်လွှာစင်ထွက်လာကာ သွေးစိမ်းတည်အောင် အထိအခိုက်ခံခဲ့ရပါတယ်။
(၅ )

ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ အမြှော်အမြင် အဆင်ခြင်နည်းပါးတဲ့ သူငယ်ဆိုးဖြစ်ပြီး လမ်းခရီးမမှာ မြူးထူးပျော်ပါး ကစားနေစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးကို မြင်ရတဲ့အခါ ကြည်ညိုရမယ့်အစား နှလုံးသွင်းမှု့ မှားယွင်းကာ လမ်းခရီးမှာရှိတဲ့ ကျောက်ခဲတွေကို ကောက်ယူပြီး အဲ့ဒီပစ္စေကဗုဒ္ဓါကို ပစ်ခတ်ပြစ်မှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ဘုရားရှင်ကို သတ်ဖို့ရန် အရှင်ဒေ၀ဒတ်က လူသတ်လေးသမားများ စေလွှတ်တာကို ခံခဲ့ရပါတယ်။
( ၆ )

ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ ဆင်ထိန်းယောက်ျား ဖြစ်ခဲ့ပြီး ဆွမ်းခံကြွ၀င်တဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးကို ဆင်နဲ့ နင်းသတ်တော့မယ့်ဟန် အဖန်ဖန် ခြောက်လှန့်ခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် ရာဇဂြိုလ်ပြည်မှာ အရက်များစွာသောက်ပြီး အကြမ်းစိတ်၊ အရိုင်းစိတ် ပေါက်နေတဲ့ နာဠာဂီရိဆင်က ဘုရားရှင်ကို နင်းသတ်ရန် ရှေးရှုချဉ်းကပ်လာတာ ခံခဲ့ရပါတယ်။

( ၇ )

ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ ပြည့်ရှင်မင်းဖြစ်ပြီး မင်းမာန်တက်ကာ ယောက်ျားတစ်ယောက်ကို ကိုယ်တိုင်ပဲ လှံနဲ့ထိုးဆွ သတ်ဖြတ်ခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် ငရဲမှာ အနှစ်များစွာ ကျခဲ့ရပြီး နောက်ဆုံးဘ၀မှာ အရှင်ဒေ၀ဒတ် ကျောက်မောင်းဆင်ပြီး ချတဲ့အခါ ကျောက်လွှာကျောက်ချပ် ခြေမမှာ ထိခိုက်ပြီး သွေးစိမ်းတည်တဲ့ အနာရောဂါကို ကုစားရန် အတွက် ဆရာဇီ၀က ခြေမတော်ကို ဓားနဲ့ခွဲတာကို ခံခဲ့ရပါတယ်။
( ၈ )
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ တံငါရွာတစ်ရွာမှာ တံငါသားငယ် ဖြစ်ကာ မိမိဆွေမျိုး တံငါတွေက ငါးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ကြတာကို မြင်ရတဲ့အခါ ၀မ်းမြောက်၀မ်းသာ ဖြစ်ခဲ့ပါတယ်။ ( ကိုယ်တိုင်တော့ မသတ်ပါ။)
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ဦးခေါင်းကိုက်ရောဂါ မကြာခဏ ဖြစ်တာကို ခံစားခဲ့ရပါတယ်။
(ရှေးက ငါးတွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဆွေမျိုးတံငါတွေဟာ ယခုအခါ သာကီ၀င်မင်းတွေ ဖြစ်လာကြပြီး ဝိဋဋူပရဲ့ အသတ်အဖြတ်ခံကြရပါတယ်။)
( ၉ )

ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် ဖုဿဘုရားရှင်ရဲ့ သာသနာတော်မှာ တပည့်ရဟန်းတွေကို
“သင်တို့ဟာ မုယောကို ခဲကြ စားကြလော သလေးဆွမ်းတွေကို မစားကြနဲ့” လို့ ရေရွတ်စကား ပြောမှားခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ဝေရဉ္ဇာပြည်မှာ ဝေရဉ္ဇာပုဏ္ဏား လျှောက်ထားပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ် ဝါတွင်းသုံးလပတ်လုံး မုယောမှုန့်ကိုသာ ဘုဉ်းပေးခဲ့ရပါတယ်။
( ၁၀ )

ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ လက်ဝှေ့သမားဖြစ်ပြီး အခြားလက်ဝှေ့သမားတစ်ဦးကို ခါးရိုးကျိုးအောင် ရိုက်ချိုးထိုးသတ်ခဲ့ပါတယ်။
အဲ့ဒီ မကောင်းမှု အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့အခါ ခါးတော် ညောင်းညာ နာကျင်ကိုက်ခဲခြင်း ဆင်းရဲကို ခံခဲ့ရပါတယ်။

( ၁၁ )
ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀မှာ ဆေးဆရာဖြစ်ခဲ့ပြီး ဆေးဖိုးမပေးလိုတဲ့ သူဌေးသားတစ်ယောက်အား ၀မ်းလားဆေး တိုက်ကျွေးခဲ့ပါတယ်။
အဲ့ဒီမကောင်းမှု အကျိုးဆက်ကြောင့် နောက်ဆုံးဘ၀ ဘုရားဖြစ်ပြီး ကရိနိဗ္ဗာန်စဲတော်မူခါနီးမှာ သွေး၀မ်းသွန်ရောဂါကို ခံစားခဲ့ရပါတယ်။
( ၁၂ )

ဘုရားရှင်ဟာ အလောင်းတော်ဖြစ်စဉ် ကဿပဘုရား လက်ထက်မှာ ဇောတိပါလပုဏ္ဏားလုလင် ဖြစ်ခဲ့ပြီး ကဿပဘုရားကို “ ဒီဦးပြည်းရဟန်းမှာ သဗ္ဗညုတဥာဏ် ဘယ်မှာဖြစ်နိုင်မှာလဲ၊ သဗ္ဗညုတဥာဏ်ဟာ အလွန်ရခဲတဲ့ တရားဖြစ်တယ် ငါသာ
ဘုရားဖြစ်မယ်ဆိုရင် (၆)ရက်မဟုတ်ဖူး
(၆)နှစ်တောင် ကျင့်နိုင်တယ်”
လို့ နှုတ်နဲ့ ပြစ်မှား ပြောကြားခဲ့ပါတယ်။

အဲ့ဒီိမကောင်းမှုအကျိုးဆက်ကြောင့် နောက်ဆုံးဘ၀မှာ တောထွက်ပြီး ဘုရားဖြစ်အောင် ဒုက္ကရစရိယာ ကျင့်တော်မူတဲ့အခါ အခြားဘုရားအလောင်းတော်တွေမှာ ရက် လ အနည်းငယ်သာ ထိုက်သည့်အလျောက် ကျင့်ကြရပေမယ့် ဘုရားရှင်ဟာ (၆) နှစ်ကြာအောင် ဒုက္ကရစရိယာကို ကျင့်တော်မူခဲ့ရပါတယ်။

*******

“ဖေါက်”

“ကျိ ကျိ ကျိ”

“ဟာ မှန်သွားပီကွ တွေ့လား မျက်လုံးဆို မျက်လုံးပဲ”

“မလုပ်ပါနဲ့ကွာ သနားပါတယ် ငှက်မလေးကွ”

“ဟ ငမင်းရ တိရိစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်တာကွ ကြည့်ထား နောက်တစ်လုံး”

“ဖေါက်”

” ကျိ ကျိ ဖလူး ဖလူး ဖုတ်”

“ဟာ သေသွားပီကွာ မင်းတော်တော်
ရက်စက်တဲ့ကောင်ပဲ”

တစ်ရွာတည်းသား ကျောင်းသားလေးများဖြစ်သော မင်းမင်းနဲ့အောင်မိုးတို့နှစ်ယောက် ညနေကျောင်းဆင်း၍ အိမ်သို့ပြန်လာနေကြရင်း စကားများနေကြသည်။အောင်မိုးမှာ လက်ရဲဇတ်ရဲဖြင့် တိရိစ္ဆာန်
လေးများကို အညှာတာကင်းမဲ့စွာဖြင့် နှိပ်စက်သတ်ဖြတ်တတ်သူဖြစ်သည်။ယခုလဲ ကျောင်းလွယ်အိတ်ထဲတွင် ဝှက်၍ယူလာသော လေးခွဖြင့် သစ်ပင်ပေါ်မှ အသိုက်ထဲတွင် ဝပ်နေသော ငှက်ကလေးအား
မျက်လုံးနှစ်လုံးကန်းအောင် ပစ်ခတ်လိုက်သဖြင့် မင်းမင်းက တားမြစ်ပြောဆိုနေခြင်းဖြစ်သည်။ ငှက်ကလေးမှာ အောင်မိုး၏ လေးခွဒဏ်ကြောင့် မျက်လုံးနှစ်လုံးစလုံးကန်း၍ သစ်ပင်အောက်သို့ ပြုတ်ကျလာကာ သေသွားရှာလေတော့သည်။ အောင်မိုးက ပြုတ်ကျလာသော ငှက်သေကို ဝမ်းသာအားရ ကောက်ယူလိုက်ပြီး

“ဇရက်မကြီးကွ အမွှေးနှုတ်ပီး ကင်စားရမယ်”

“မင်းဖါသာမင်းစား ငါတော့မစားဘူးငှက်ကလေး သနားပါတယ် မင်းတစ်နေ့ ဝဋ်လယ်လိမ့်မယ်”

“ဟား ဟားဟား ဝဋ်ဆိုတာ ဂျိုနဲ့လား
မင်းမစားတော့ ငါတစ်ယောက်ထဲ အဝစားရတာပေါ့ အလကားကောင်”

အောင်မိုးက မကျေမနပ်ဖြင့် ပြောဆိုပြီး အိမ်သို့ပြန်သွားရာ မင်းမင်းမှာ ကျန်ရစ်ခဲ့လေတော့သည်။ မင်းမင်းလည်း ကျောင်းလွယ်အိတ်လေးကို ချထားလိုက်ပြီး
ငှက်သိုက်ရှိရာ သစ်ပင်ထက်သို့ တက်လိုက်ပြီး ကြည့်လိုက်ရာ အသိုက်ထဲတွင် ပေါက်ကာနီး ဉကလေးများကို တွေ့လိုက်ရသဖြင့် ပို၍ သနားသွားမိလေသည်။

********
အချိန်ကာလက ရွေ့လျားလာခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုနီးပါးရှိလေပြီ။မင်းမင်းနှင့်အောင်မိုးတို့ပင် အိမ်ထောင်ကိုယ်စီနှင့် ဖြစ်နေကြသည်။မင်းမင်းကတော့ မိရိုးဖလာ လယ်ယာအလုပ်ကို လုပ်ကိုင်နေပေမဲ့ အောင်မိုးကတော့ ဘက်ထရီအိုးများကို
အားသွင်းသည့် လုပ်ငန်းကို လုပ်ကိုင်နေလေသည်။ မနက်ပိုင်းတွင် လှေဖြင့် ဘက်ထရီအိုးများကို လိုက်လံသယ်ယူကာ
နေ့လယ်ပိုင်းတွင် မီးစက်ဖြင့် အားသွင်းခြင်း အက်စစ်လဲပေးခြင်း စသည်တို့ကို လုပ်ဆောင်ပြီး ညနေပိုင်းတွင် ဘက်ထရီအိုးများကို လှေဖြင့် ပိုင်ရှင်များ၏အိမ်သို့ ပြန်လည်ပို့ဆောင်ပေးရလေသည်။ အားသွင်းခမှာ (၆)ဗို့အိုးဆိုလျှင် (၁၀၀)ကျပ်
(၁၂)ဗို့အိုးဆိုလျှင်(၂၀၀)ကျပ်မျှ ရလေသည်။ လျှပ်စစ်မီး မရှိသော ကျေးရွာများတွင် မီးထွန်းခြင်း တီဗွီ ဗွီဒီယိုများ ဖွင့်ခြင်းတို့အတွက် ဘက်ထရီအိုးများကိုသာ အားကိုးနေကြရသဖြင့် အောင်မိုးမှာ ဝင်ငွေကောင်းလျှက် ရှိလေသည်။
ထိုသို့ဖြင့် အောင်မိုး၏ မိန်းမဖြစ်သူမှာ
ကိုယ်ဝန်ရှိ၍ မွေးဖွားကာနီးနေသဖြင့် သူမ၏ မိဘများအိမ်သို့ ပြန်၍နေလေသည်။ တစ်နေ့ နံနက်ပိုင်းတွင် အောင်မိုး၏ မိန်းမမှ သားဦးလေးကို ဖွားမြင်လေသည်။ အောင်မိုးမှာ အလုပ်များ ရှုပ်နေသဖြင့် သွား၍ မကြည့်အားသေး။ သားလေးနှင့်
မိန်းမကို အလွန်တွေ့ချင်နေပြီ။ ထို့ကြောင့်
ဘက်ထရီအိုးများကို အားသွင်းသည့်
ရုံထဲတွင် အလုပ်များကို လက်စသတ်နေလေသည်။
အောင်မိုးမှာ မီးစက်နှိုးပြီး ဘက်ထရီအိုးများကို အားသွင်းထားရင်းမှ အက်စစ်နည်းနေသော အိုးများကို အက်စစ်များ ပြန်၍ ဖြည့်ပေးနေလေသည်။ ထိုအချိန်တွင် ထုတ်တန်းပေါ်မှာ ကြွက်များကို လိုက်လံဖမ်းဆီးနေသော ကြောင်တစ်ကောင်မှာ
အရှိန်လွန်ပြီး အောက်သို့ ပြုတ်ကျလာလေသည်။

“ညောင် ဝုန်း ခွမ်း”

“အား သေပါပြီဗျ ကန်းပါပြီ လုပ်ကြပါဦး”

ဖြစ်ပုံမှာ ထုတ်တန်းပေါ်မှ ပြုတ်ကျလာသော ကြောင်မှာ အက်စစ်များ ထည့်နေသည့် အောင်မိုး ဘေးမှ အက်စစ်ခွက်ပေါ်သို့ တည့်တည့်ကျလာသဖြင့် ခွက်မှာ
ဘေးသို့လွင့်စင်သွားပြီး အထဲမှ အစ်စစ်ရည်များက အောင်မိုး၏ မျက်လုံးများထဲသို့ စင်၍ဝင်သွားလေခြင်း ဖြစ်သည်။ အောင်မိုးမှာ မျက်လုံးများမှ ပူလောင်ခြင်း နာကျင်ခြင်းတို့ကြောင့် ငယ်သံပါအောင် အော်ဟစ်လိုက်မိလေတော့သည်။
အောင်မိုး၏ အော်သံကြောင့် အိမ်နီးနားချင်းများ ရောက်လာကြသောအခါ အောင်မိုးမှာ မျက်လုံးနှစ်လုံးကို
လက်ဖြင့် အုပ်လျှက်အော်ဟစ်နေသည်ကို
တွေ့လိုက်ကြရသဖြင့် သေချာကြည့်လိုက်ကြရာတွင် အောင်မိုး၏ မျက်လုံးနှစ်လုံးမှာ
အက်စစ်ရည်များကြောင့် ပျက်စီးနေသည်ကို တွေ့လိုက်ရလေတော့သည်။
ထိုအချိန်တွင် မင်းမင်းလဲ ရောက်ရှိလာပြီး မျက်လုံးများ ပျက်စီးကာ အော်ဟစ်နေသော အောင်မိုးကို တွေ့လိုက်ရဖြင့် သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ရလေသည်။ စိတ်မကောင်းခြင်းနှင့် အတူ တစ်ချိန်က အောင်မိုးကြောင့် မျက်လုံးနှစ်လုံးစလုံး ကန်းကာ
သေဆုံးသွားခဲ့ရရှာသော ပေါက်ကာနီးဆဲဆဲ အသိုက်ထဲမှ ငှက်ကလေးကို ပြန်လည်
မြင်ယောင်လာမိလေသည်။ ငှက်ကလေးမှာ သူ၏ ဥလေးများထဲမှ ငှက်ကလေးများ
ပေါက်ဖွားလာသည်ကို မြင်တွေ့ခွင့်မရပဲ
သေဆုံးသွားရသလိုပင် အောင်မိုးမှာလည်း
ဒီတစ်သက်တွင် သူ၏ ရင်သွေးလေး၏ မျက်နှာကို လုံးဝ မြင်တွေ့ခွင့် မရနိုင်တော့ခြင်းသည် အောင်မိုး၏ ဝဋ်လည်ခြင်းပင်
ဖြစ်လိမ့်မည်ဟု တွေးမိပြီး သံဝေဂတရားများ ရနေမိလေတော့သည်။

*******
( ဖြစ်ရပ်မှန်ကို အနည်းငယ် ပြင်ဆင်၍ ရေးဖွဲ့ပါသည်။)
ကိုဖြိုး(ကျိုက်လတ်)