လောကငရဲ

* လောကငရဲ*📖📖📖(စ/ဆုံး)

****************************

————————–
ဒွဲလေးတစ်ယောက် ဖုန်းဘေကဒ်မှခဲသားကိုခြစ်ပြီးဂဏာန်းများကိုမမှားအောင် တစ်လုံးချင်းစီသေချာမှတ်ထည့်နေ၏။ အမှန်က သူဖုန်းဘေမဖြည့်ချင်။

သို့သော် သူ့စိတ်ဝယ်ကား မဆိုင်တော့သည့် မီးစိမ်းလေးတစ်ခုကို ဘာတွေများပို့ထားမလဲ ဟူသည့်အတွေးကြောင့် ဘေလ်ဖြည့်မိချင်းပင်။ ဘေလ်ဖြည့်ပြီး ပက်ကေ့ဝယ်ကာ လိုင်းဖွင့်လိုက်သည်။

ဖုန်းကလေးကိုပစ်ထားသည်မှာ လေးငါးရက်ခန့်ရှိနေပြီ ဖြစ်သည့်အတွက် လိုင်းကချက်ချင်းမပွင့်။ သို့ကြောင့် သူမစိတ်မရှည်စွာဖြင့် လေယာဉ်ပုံကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေမိသည်။

အတော်ကြာပြီးနော် မက်ဆေ့ဘောက်မှ ” တောင်…တောင်” ဟူသောအသံများအဆက်မပြတ်တက်လာသည်။

ဘာစာမှန်းမသိသေးသော်လည်း သူမျှော်နေသော တစ်စုံတစ်ယောက်ထံမှ စာလေးဖြစ်မည် ဟူသောအတွေးကြောင့် မသိစိတ်ထဲ ကြိတ်၍ဝမ်းသာနေမိသည်။ သို့သော် မက်ဆေ့ဘောက်ထဲ ဝင်ကြည့်လိုက်တော့ ခင်မင်ရသောအပေါင်းအသင်းများရဲ့ စာတွေသာဖြစ်ပြီး သူမျှော်နေသောသူထံက စာတစ်လုံးမှ ပေါ်မလာခဲ့ချေ။

” အတော်နေနိုင်တဲ့လူပါလား…အင်းပေါ့လေ သူ့မှာချစ်သူအသစ်တွေရှိရင် ရှိနေမှာပေါ့…”

တစ်ယောက်ထဲတွေးပြီး ဝမ်းနည်းစိတ်တို့ လှိုက်တက်လာကာ ပါးပြင်နုနုလေးပေါ်မှ ပူနွေးသောမျက်ရည်စတို့ လှိမ့်ဆင်းလာခဲ့သည်။ သူချစ်ရသော တစ်စုံတစ်ယောက်၏ ဝေါထဲသို့ ဝင်ကြည့်မိသည်။

ဘာတစ်ခုမှတင်မထား။ ခဏကြာတော့ ထိုလူ၏အကောင့် မီးစိမ်းလင်းလာသည်။ သူလိုင်းတက်လာပြီ ဟူသောအသိစိတ်ကြောင့် ဝမ်းသာသလိုဖြစ်သွားသည်။

အရင်လိုလိုင်းတက်လာရင် စာများပို့လာမလား ဟူသောအတွေးကြောင့် သူမစောင့်နေမိသေးသည်။ သို့သော် အတန်ကြာသည်အထိ ဘာစာတစ်လုံးမှရောက်မလာ။

ထိုလူက သူ၏အပေါင်းအဖော်များ၏ ပုံအောက်တွင်အား လောလောလတ်လတ်စာတွေမန့်ထားသည်။ ဒွဲလေးက ထိုအရာကိုကြည့်ပြီး စိတ်ယားလှသည်။

မဆိုင်တော့သည့်လူတစ်ယောက်၏ မီးစိမ်းလေးကို ထိုင်ကြည့်နေရသည်မှာလည်း အရှင်လတ်လတ်ငရဲကျသည့်နှယ် ပူလောင်လွန်းလှပါ၏။

သူမတို့နှစ်ယောက်ဆက်ဆံရေး မအေးစက်စဉ်ကာလက ချစ်စကားများကြား ချစ်စကားများကြား သူမသာယာယစ်မူးခဲ့ဖူးသည်။ ချစ်သူပြောသမျှ အမှန်ဟုထင်ခဲ့ဖူးသည်။ အရာရာလိုက်လျောခဲ့ဖူးသည်။ အချစ်တွေပုံပေးခဲ့ဖူးသည်။ တတ်နိုင်သမျှလိုက်ရောခဲ့ဖူးသည်။

မိန်းကလေးများက အညှာလွယ်သည်ဟု ပြောလာလျှင် သူမခေါင်းမခါဘဲ လက်ခံမိမည်။ ယောကျာ်းလေးတို့၏အချစ်သည် တစ်ရာ ရာခိုင်နုန်းမှစပြီး တဖြည်းဖြည်း လျော့လျော့သွားသည်။

မိန်းကလေးတို့၏ အချစ်သည်ကား သုညရာခိုင်နုန်းမှကာ ပိုပိုတိုးလာခဲ့သည်။ သူမ၏အချစ် ရာခိုင်နူန်းပြည့်သွားသည့်အချိန်၌ သူမချစ်ရသူ၏ အချစ်တို့သည်ကား သုညနောက်အနုတ်လက္ခဏာပြနေပေပြီ။

အချစ်ဆိုသည်ကား ချစ်မိပြီဆိုသည်နှင့် မချစ်ရဘဲမနေနိုင်နိူင်အောင် စွမ်းဆောင်နိုင်လွန်းသည့် ယစ်မူးစေသောအရာ။ ချစ်မိပြီဆိုသည်နှင့် အပြစ်အားလုံးသည် အချစ်တစ်ခုတည်းနှင့် နားလည်ခွင့်လွတ်နိုင်စွမ်းသည်။

ဒွဲလေးက ပါးပြင်ထက်မှကျလာသောမျက်ရည်များကို လက်ခုံနှင့်သုတ်ပြီး ဖုန်းရီကော့ထဲဝင်ကာ အသံသွင်းထားသော ဖိုင်တစ်ခုကိုဖွင့်မိသည်။ ထိုအသံဖိုင်ကား သူတို့နှစ်ယောက် မကြာခင်လက်ထပ်ကြမည်ဟု တိုင်ပင်နေကြသော အသံဖိုင်တစ်ခု။

ထိုစဉ်ကသူမ မူးလဲမတတ်ရင်ခုန်ခဲ့ရဖူးသည်။ ဟုတ်သည်လေ။ သူမအသက်တမျှချစ်ရသည့် လူနှင့်အတူနေရတော့မည်။ စိတ်ကူးပုံဖော်ခဲ့သော နှစ်ယောက်ဘဝလေးကို ပိုင်ဆိုင်ရတော့မည်။

ထိုအတွေးကြောင့် သူမတစ်ညလုံးအိပ်မပျော်။ ပိုဆိုးသည်က နှစ်ဖက်မိဘများနှင့်လည်း သဘောတူစေ့စပ်ကြောင်းလမ်းမည့်အကြောင်း အသိပေးထားပြီးသား။

သို့သော်အခြေအနေက တမျိုးတဖုံပြောင်းလဲသွားခဲ့သည်။ ဒါကလည်းသူမ၏ကံတရားသည်သာ။ တဖက်လူမှအဆက်အသွယ်ဖြတ်သွားခဲ့သည်။ သူမဖက်မှအကြိမ်ကြိမ်အခါခါ ဆက်သွယ်ခဲ့သည်။

စာပို့ခဲ့သည်။ လူအများကို အသိပေးထားသည့် ကိစ္စဖြစ်သည့်အတွက် ယခုကဲ့သို့ဖြစ်သွားသည့်အတွက် သူမအရှက်ကွဲရုံမျှအပ ဘာတစ်ခုမှမတတ်နိုင်။

ထိုည၌အခန်းကျဉ်းလေးထဲ၌ သူမအားရအောင်ငိုပစ်သည်။ အသံများပင်မထွက်နိုင်သည်အထိငိုသည်။ မိဘနှင့်အပေါင်းအဖော်တို့ကအားပေးချော့မော့သည့်တိုင် သူမအငိုမရပ်နိုင်သေး။ နာနာကျဉ်းကျဉ်း သူမှမုန်းပစ်လိုက်ချင်သည်။ သို့သော် ဘယ်လိုမှမမုန်းခဲ့နိုင်။

မနာကျည်းခဲ့နိုင်။ သူ့အပေါ် ချစ်သည့်အချစ်တို့ တစက်ကလေးမှ မလျော့ခဲ့နိုင်။ အဆက်အသွယ်မလုပ်သည့်တိုင် သူမအားလို့နေမှာ ဟုသာ သူမဖြေသိမ့်ခဲ့သည်။ ညစဉ်ညတိုင်း သူ့ဆီမှ စာတစ်လေးတစ်စောင်များပို့လေမလား၊ဖုန်းလေးတစ်ကောများခေါ်လေမလားဆိုပြီး အိပ်မရအောင်မျှော်နေခဲ့မိသည်။

တရေးလန့်နိုးတိုင်း စာများပို့ထားလေမလား ဟူသောအတွေးကြောင့် ဖုန်းစရင်ကိုဖွင့်ဖွင့်ကြည့်နေခဲ့မိသည်။ ညပေါင်းများစွာ အလွမ်းစခန်းဖွင့်ခဲ့ရသည်။

ဖုန်းစခရင်ထက်မှ သူ့ပုံလေးကိုကြည့်ပြီး ပါးပြင်မှပူနွေးသောမျက်ရည်စတို့ လှိမ့်ကျခဲ့ဖူးသည်။ သူဘယ်သူတွေနှင့်များ စာတွေပို့၊ဖုန်းတွေပြောနေမလဲဆိုပြီး အတွေးလွန်ခဲ့ဖူးသည်။ ဆုံဆည်းခွင့်မပေးခဲ့သော ကံတရားကြီးကိုသာ သူမအပြစ်တင်မိသည်။ ချစ်ဖို့ရန်လွယ်သည်။

မေ့ပစ်ဖို့ရန်ခက်သည်။ သူ့ရဲ့ဥပေက္ခာတရားကြီး၏ ဒဏ်က ပိုခံစားရခက်သည်။ မီးစိမ်းလေးမြင်နေရက်နဲ့ ဘာမှလုပ်ခွင့်မရတော့သည့် အပါယ်ခံလူတစ်ယောက်၏ ဘဝသည်ကား အရှင်လတ်လတ်ငရဲကျခြင်းတည်း။

ချစ်တတ်ခဲ့ပြီးမှ နေရစ်ခဲ့တတ်အောင် သူမသင်ယူရပေဦးမည်။ သူ့စောင့်မျှော်နေခဲ့သောမီးစိမ်းလေးသည် နာရီဝက်အကြာ၌ 11 min ago ဆိုပြီးပေါ်နေ၏။ သူမပါးပြင်ထက်မှ မျက်ရည်စတို့လည်းခမ်းခြောက်စပြုပြီ။ မတူညီသောအချစ်တို့၏ လမ်းခရီးသည်ကား မဖြောင့်ဖြူးနိုင်မှန်း သူမသဘောမပေါက်သေးချေ။ ဆက်ပြီးသူစိမ်းတစ်ယောက်၏ မီးစိမ်းလေးထိုင်ကြည့်ဖို့ သူမနေ့တိုင်းဘေလ်ဖြည့်နေဦးမည်။….။

# ခွန်း