သေရွာပြန်

*သေရွာပြန်*📖📖📖

**********************

လွမ်းမောဖွယ်ရာ စိမ်းညို့နေသော အနောက်ပဲခူးရိုးမတောင်တန်းကြီးသည်   နီမောင်တို့  အတွက် မိခင်ဖခင်ရင်းတစ်မျှ အရေးပါ၏ ထို့ရိုးမကြီးအား အမှီသဟဲ ပြုရင်း သစ်ခုတ်ခြင်း ဝါးခုတ်ခြင်း မှိုရှာ မျှစ်ချိုး ဆေးဥဆေးမြစ်များအား ရှာဖွေပြီးလုပ်ကိုင်ပြီး စားသောက်ရခြင်းကြောင့် မိရင်းဖရင်းဟု သုံးနှုန်းလိုက်ရခြင်းဖြစ်ပါသည်။

အိမ်ခြေအားဖြင့် ၇၀သာရှိသော သူတို့၏ ရွာလေးသည် နီမောင်၏ အဖေဖြစ်သူ ဦးလူလှက အုပ်ချုပ်ပေသည်။ ဦးလူလှသည် တရားမျှတစွာ အုပ်ချုပ်သည်မို့  ရွာလေးသည်လည်း အေးချမ်းသာယာနေလေသည်။

ခုလည်း မိုးဦးကျပြီမို့  ပဲခူးရိုးမအား ဖြတ်သန်း စီးဆင်းနေသော ချောင်းကြီး၏ တောင်ကျရေအား အားပြုပြီး ဝါးများခုတ်ပြီး ဖောင်ဖြင့် မျောရန် နီမောင်တို့ သူငယ်ချင်းတစ်စု တောတတ်ရန် တိုင်ပင်နေကြလေသည်။

  “အေးကွာ ငါတော့ သဘောတူတယ် မကြာခင် မြို့ကလူတွေလည်း ဝါးဝယ်လာကြတော့မှာလေ ဒီတော့ ငါတို့ လူစုပြီး သွားကြတာပေါ့ မဟုတ်ဘူးလား နီမောင် ”

ကိုမြကြီးမှာ စကားပြောရင်း နီမောင်ဘက်မျက်နှာမူလိုက်ပြီး မေးမြန်းလိုက်ခြင်းဖြစ်သည်။

  “ဟုတ်တယ်ကိုမြကြီး  ဒီတော့ ကျုပ်တို့စားရေးရိက္ခာဒီနေ့ ထည့်ပြီး ပြင်ဆင်ကြမယ် မနက်ဖြန်တောတတ်ကြတာပေါ့ “

“နီမောင်  ငါလည်း လိုက်မယ် .”

   “ဟုတ်တယ် ငါလည်းလိုက်မယ် ”

  တစ်ယောက်စီ ထအော်လိုက်ကြသူများစုလိုက်တော့ ၆ယောက်ရှိသည်။ တောထဲတွင် လိုအပ်သော ဓား ဆန်ဆီရိက္ခာ ဆေးဝါးအချို့လွယ်ပိုးရင်း ပဲခူးရိုးမကြီးဆီ ချီတတ်ခဲ့ကြလေသည်။

  မနက်ခင်းလင်းသည်နှင့် ရွာမှထွတ်ခဲ့ပြီး ညနေ ငါးနာရီခွဲကျော်ကျော်တွင် တောထဲသို့  ရောက်ရှိခဲ့လေသည်။ ဝါးရင့် ဝါးကောင်းများကို ရှာဖွေရင်းနဲ့မို့  တောမှာလည်း နက်သထက်နက်လာခဲ့သောကြောင့်  သင့်တော်ရာ နေရာတစ်ခုအား နီမောင်တွေ့သည်နှင့်

   ” ဒီမှာ စခန်းချမယ်ဟေ့ ငါတို့အခုရောက်နေတဲ့ နေရာက နေရာအသစ်မို့ သွားတာ လာတာ ဆင်ခြင်ကြပါ  အဓိကကတော့ အပြောအဆိုပါပဲ စကားဆိုတာပြောတတ်ရင် ပျားရည်ပမာ ချိုပေမယ့် မပြောတတ်ရင် တမာပမာ ခါးသက်လှတယ် ဒီတော့ ဒီတောထဲမှာ စကားပြောဆင်ခြင်ကြပါ အပေါ့အလေးသွားရင်လည်း  မြေပြင်ဟာ လှဲကျင်းထားသလို ပြောင်တဲ့နေရာ ရှောင်ကြပါ ပြီးတော့ ဆိုင်ရာပိုင်ရာတွေကိုလည်း ရိုသေကြပါ “

  “အေးပါကွာမင်းကငါတို့ထက် အတွေ့အကြုံပိုရင့်ကျက်ပါတယ် ဒီတော့ ငါတို့ မင်းစကား နားထောင်ပါ့မယ် ကဲ တဲတစ်လုံး အမြန်ခုဆောက်ရမယ်ဟေ့ “

ကိုမြကြီး၏ စကားအဆုံး နီမောင်တို့ သူငယ်ချင်းတစ်စု ဝါးခုတ်သူက ခုတ် တိုင်နေရာတူးသူကတူး စသည်ဖြင့် တစ်ယောက်တစ်လက် လုပ်ကိုင်ကြရာ ခဏအကြာတွင် လူခြောက်ယောက်ခန့်အသင့် နေနိုင်သော တဲတစ်လုံးအဖြစ် ရုပ်လုံးပေါ်လာလေသည်။

“ကဲ တဲကတော့ ဆောက်ပြီးပြီး ထမင်းချက်ဖို့ ခွေးပုက တာဝန်ယူပါ ငါနဲ့ ကိုမြကြီးက ရေရှာပေးမယ် “

  “အေးပါကွာမင်းတို့သာရေရှာခဲ့  ငါလည်း ထင်းခြောက်စုလိုက်အုံးမယ်”

ခွေးပုလည်း ထင်းခြောက်ရှာရန် ထွတ်သွားသည်နှင့် နီမောင်တို့လည်း ရေရှာရန် လမ်းခွဲထွတ်ခဲ့လေသည်။ သို့သော် အဝေးသို့ မရှာလိုက်ရပါ အဘယ့်ကြောင့်ဆိုသော်ဝါးသုံးရိုတ်အကွာတွင်  ရေအိုင်တစ်ခုအား တွေ့ရှိခြင်းကြောင့်ဖြစ်လေသည်။

   “ကဲ ရေအိုင်တော့ တွေ့ပြီ ကိုမြကြီး ဝါးပိုးဝါးတစ်ပင်ခုတ်ပြီး ရေထည့်ကြတာပေါ့ဗျာ “

ပြောရင်း ဝါးပိုးဝါးအား ခုတ်ပြီး   ရေများထည့်ခဲ့ပြီး တဲဆီပြန်လာခဲ့လေသည်။ တဲရောက်သည်နှင့် ခွေးပုလည်း ထင်းခြောက်များဖြင့် မီးမွှေးလိုက်ပြီးထမင်းချက်လေသည်။ ထမင်းကျက်သောအခါ အသင့်ပါလာသော ငါးခြောက်ကြော်တို့ဖြင့် စားလိုက်ကြပြီး အိပ်စက်အနားယူခဲ့ကြတော့သည်။

   မနက်မိုးလင်းသည်နှင့်  ထမင်းစားပြီး ဝါးတောဘက်ဆီ နှစ်ယောက်တစ်နေရာဆီ ခွဲထွက်ခဲ့လေသည်။ လူအများစုပြီး အလုပ်လုပ်ပါက ခရီးမတွင်သည်မို့ လူစုခွဲပြီး အလုပ်လုပ်ခြင်း ဖြစ်လေသည်။

နီမောင်လည်း သူ့ဘေးတွင်ရှိသော ခွေးပုနှင့် ဝါးခုတ်လေရာ အလုံး လေးဆယ်ခန့် ရရှိလောက်ချိန်ဝယ်  နီမောင်တို့ ဘေးနားသို့ ရဟန်းတစ်ပါး ရောက်ရှိလာလေသည်။

   “ဒကာကြီး ကျုပ်ကို တစ်ခုကူညီပေးပါလား “

  “တင်ပါ့ ဘာကူညီရမလည်း မိန့်ပါဘုရား “

  “ဒီလိုပါဒကာကြီး ကျုပ်က ဒီတောထဲမှာ တောရဆောက်တည်ပြီး တရားအားထုတ်နေတဲ့  ရဟန်းတစ်ပါးပါ ကျုပ်သီတင်းသုံးတဲ့ ကျောင်းလေးဟာအခုဆို ဆွေးမြေ့ပြီး မိုးလည်းမလုံတော့လို့ ပြန်ပြီး ပြုပြင်ပေးပါအုံးလို့ အကူအညီတောင်းခံတာပါ ဒကာကြီးရယ် “

နီမောင်လည်း ရဟန်းတော်အား ဖူးရင်း ကြည်ညိုစိတ်တစ်ဖွားဖွား ပေါ်ပေါက်လာသည်မို့ ဝမ်းသာအားရပင်

  “တင်ပါ့ တပည့်တော်လိုက်ကြည့်ပြီး ပြန်လည် တည်ဆောက်ပေးပါ့မယ်ဘုရား”

ရဟန်းတော်၏ လမ်းပြမှု့နောက်လိုက်ခဲ့ရာ ခဏအကြာတွင် ဟောင်းနွမ်းဆွေးမြေ့နေသော တဲတစ်လုံးအား တွေ့ရပေသည်။ အမိုးနှင့် အကာတို့မှာ ကောင်းနေသေးသော်လည်း ဝါးတိုင်များမှာ မြေဝင်နေရာမှ ခြများစားခြင်းကြောင့် ဆွေးမြေ့နေလေပြီ

ထို့ကြောင့် နီမောင်လည်း တဲတိုင်များအဖြစ် ဝါးကိုးလုံးအား အသစ်ထည့်ပြီး ပြန်လည်ပြုပြင်ခဲ့ရာ လွန်စွာခိုင်ခံ့သပ်ရပ်သော တဲကျောင်းတစ်ခုအဖြစ် ရုပ်လုံးပေါ်လာပေသည်။

  “တင်ပါဘုရား ဒီလောက်ဆို အရှင်ဘုရားရဲ့ ကျောင်းဟာ အဆင်ပြေပြီလား ဘုရား “

  “ပြေပါပြီ ဒကာကြီး ဤသို့ကျောင်းဆောက်လှူဒါန်းရသော အကျိုးကြောင့် သင်တို့ဘယ်နေရာရောက်ရောက်  ကုသိုလ်တွေက အကျိုးပေးမှာပါ ဒကာ ဒီအရာဟာ ဘာနဲ့အလားသဏ္ဌန်တူလဲဆိုတော့ လူနဲ့မခွဲတဲ့ အရိပ်နဲ့တူတယ် ဒကာတို့  သင်တို့ရဲ့ ကောင်းမှု့ မကောင်းမှု့တွေဟာ အရိပ်ပမာ အကျိုးပေးတတ်တယိဆိုတာ မမေ့ပါနဲ့ ”

  “တင်ပါ့ဘုရား လုပ်လက်စအလုပ်လေးတွေ ရှိသေးလို့တပည့်တော်တို့ကို သွားခွင့်ပြုပါအုံးဘုရား”

  “ကောင်းပြီဒကာ .ကျုပ်လည်း တရားအားထုတ်တော့မှာပြီးတော့ သေခြင်းတရားကိုလည်း မမေ့ကြပါနဲ့ ဒကာ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီဆိုတာလို လူတွေမေ့နေတတ်တဲ့ သေခြင်းတရားကို မမေ့ကြပါစေနဲ့ ဒကာ “

” တင်ပါ့ဘုရား “

နီမောင်တို့လည်း တဲဆီပြန်လာခဲ့ရာ ညနေမှောင်စပ်တွင် ပြန်လည်ရောက်ရှိခဲ့လေသည်။ ကိုမြကြီးလည်း သူတို့အား စိတ်ပူပြီး လူစုရှာရန် ပြင်ဆင်နေကြသည်မို့

နီမောင်လည်း ဘုန်းတော်ကြီး ရောက်လာချိန်မှ စပြီး တဲဆောက်ပြီးသည့်အထိပြောပြရာ ကိုမြကြီးမှ

    “သာဓု သာဓု သာဓုပါ မွန်မြတ်တဲ့ကုသိုလ်တရားတစ်ခု မင်းတို့ ပြုခဲ့ကြတာပဲ “

“ရဟန်းတော်ဟာ အကြားအမြင်ရနေသလား  မသိဘူးနော်သေခြင်းတရားအကြောင်းကို ကျုပ်တို့ကို ကြည့်ပြီး ဟောနေတာဗျ “

  ရုတ်တရက် ဝင်ပြောလိုက်သော ခွေးပုစကားကြောင့် နီမောင်လည်း ခေါင်းညိတ်လိုက်ပြီး

  “ကဲပါဗျာ စားသောက်ပြီး အိပ်ကြတာပေါ့ ညည့်နက်သွားမယ်   မနက်အလုပ်လုပ်ရအုံးမယ်မလား “

“အေးကွာဒါဆိုလည်း စားသောက်ပြီး အိပ်ကြတာပေါ့”

နောက်နေ့ မနက်ခင်း မိုးလင်းသည်နှင့် ဝါးခုတ်ခဲ့ရာ အတော်အသင့်ရသည်နှင့် နီမောင်လည်း ဟင်းချက်ရန်  ကမ်းပါးတွင် ပေါက်နေသော ကင်းပုံရွက်အား ဆွဲလိုက်ရာ အားလွန်ပြီး ပြုတ်ကျသွားလေသည်။

  “ဝုန်း “

ကမ်းပါးမှာ ဆယ့်ငါးတောင်ခန့် နက်ပြီး အောက်တွင်လည်း ကျောက်တုံးများရှိသည်မို့  ကျလာသော အရှိန်ဖြင့် နီမောင်၏ ခေါင်းလည်းကွဲပြီး သွေးများလည်း ဖြာထွတ်လာလေသည်။

ထို့နောက်ကို မြကြီးတို့လည်း ကမ်းပါးပေါ် ခက်ခဲစွာ ဆွဲတင်ပြီး ပါလာသော ဆေးဝါးများဖြင့် ကုသရာ သွေးတိတ်သွားသော်လည်း နီမောင်မှာ သတိလစ်နေဆဲပင် ဖြစ်လေသည်။

တစ်ရက်မှ စောင့်ကြည့်သော်လည်း အခြေအနေမှာ  မထူးသည့်မို့ စောင်အား ပုခက်ပြုလုပ်ပြီး ဝါးလုံးဖြင့် လျှိုထမ်းပြီး ရွာသို့ သယ်ဆောင်ခဲ့ကြပေသည်။

နီမောင်တို့၏ မိဘများမှာ စွမ်းလှပါသည်ဆိုသော ဆေးဆရာများပင့်ပြီး ကုသခဲ့ရာ မတတ်သာသည့်အဆုံး  နီမောင်မှာ သေငယ်ဇောဖြင့် မျောနေခြင်းအား သေပြီဟု ထင်မှတ်ပြီး  သဂြိုလ်ရန် ပြင်ဆင်ခဲ့ရသည်။

သို့သော် သူ့အား ချမည့်နေတွင်  နီမောင်၏ အလောင်းမှ ရေတောင်းလာခဲ့လေသည်။

    “ရေပေးပါ ကျုပ်ကို ရေပေးပါ “

ရုတ်တရက်မို့  တစ္ဆေသရဲခြောက်သည်ဟု ထင်မှတ်ပြီး လူအများ ထွတ်ပြေးကြသော်လည်း  နီမောင်၏ မိဘများမှာ အလောင်းအားကြည့်လိုက်ရာ အသက်ရှုနေသော နီမောင်အဖြစ်အား တွေ့ရပေသည်။

“သားအမေ့သားလေး မသေဘူးနော် ”

  “အမေ သား ရေသောက်ချင်လို့ ရေတိုက်ပါအမေ “

မိခင်ဖြစ်သူ၏ ကမ်းပေးလိုက်သော ရေအား အငမ်းမရ နီမောင်သောက်လိုက်လေသည်။ သူ၏ ပုံစံမှာ  လွန်စွာ ထိတ်လန့်စရာကောင်းသော  အဖြစ်အား တွေ့ကြုံခဲ့ရသည့်နှယ်  မောပန်းနေ၏

  “သားဘာဖြစ်ခဲ့တာလည်း အဖေ့ကို ပြောပြ တော်သေးတာပေါ့ကွာ မသေပဲ သဂြိုလ်မိတော့မို့ “

နီမောင်လည်း အဖေဖြစ်သူအား ကြည့်လိုက်ပြီး

“ဒီလိုပါ အဖေ

နီမောင် ချောက်ကမ်းပါးမှ ကျသည်နှင့် မိမိကိုယ်ကိုသေသွားပြီဟု ထင်မှတ်ခဲ့သော်လည်း သူ၏ ဝိညာဉ်အား ပြန်ကြည့်ပြီး မသေဘူးဟု ထင်မှတ်ခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်မှ သွက်လက်ပေါ့ပါးနေသည်မို့  နီမောင်လည်း အံ့သြနေမိသည်။

ခဏအကြာတွင် နီမောင်အား ဂျိုကြီးများထွက်နေသာ လူကြီးနှစ်ယောက်မှ ဖမ်းချုပ်ပြီး တစ်နေရာဆီ ခေါ်ဆောင်သွားခဲ့လေသည်။
နီမောင် အားတင်းပြီး ရုန်းကန်သော်လည်း ထိုလူကြီး၏ လက်များက ပြုတ်တူပမာ မြဲမြံလွန်းသည်မို့  အားလျော့ပြီး သူတို့ခေါ်ရာနောက် အသင့်လိုက်ပါခဲ့လေသည်။

ရှင်ဘုရင်ကြီးတစ်ယောက်ပမာ ပုရပိုက်ကြီး ကိုင်ထားသော လူတစ်ယောက်မှာ နီမောင်အား ကြည့်ရင်း ပုရပိုက်အား ကြည့်လိုက်ပြီး

  “ဒီကောင် က အရင်ဘဝက အကုသိုလ် အရမ်းလုပ်တဲ့အကောင် သူ့အပြစ်တွေက  အများကြီး ဒယ်အိုးထဲသာ ထည့်လိုက် “

  “ဟုတ်ကဲ့ပါ ယမမင်း “

မျက်နှာများက ဘီလူးသဘက်ပမာ ခေါင်းမှာ ဂျိုပေါက်နေသော  လူကြီးနှစ်ယောက်မှ သူ့အား ဆီအိုးကြီးဆီ ပစ်ထည့်လိုက်လေသည်။

သူကြောက်လန့်မှု့ကြောင့်  မျက်လုံးအစုံအား မှိတ်ထားမိသည် ။။

“ဟ ဒီအကောင့်အဖြစ်က ထူးလှချည်လား ”
ငရဲထိန်းကြီး၏ ဆိုစကားကြောင့် သူကြည့်လိုက်တော့  ဒယ်အိုး၏ မျက်နှာပြင်ပေါ်ဝယ် ဝါးကိုးလုံးက ခံနေပေသည်။

  “ကဲကွာဒီလောက်ဖြစ်တာ သေပေတော့”

“ဝှစ် “

“ချွမ် “

  ငရဲထိန်းကြီး ထိုးလိုက်သော ခက်ရင်းခွကြီး အား ဝါးကိုးလုံးက ဆီးခံနေပြန်သည်။ ငရဲထိန်းများလည်း ဘာတွေလုပ်လုပ် သူ့ရှေ့မှ ဝါးများ ကာရန်နေသောကြောင့် မတတ်သာသည့်အဆုံး ယမမင်းဆီ သူ့အား ပြန်လည်ခေါ်ဆောင်ခဲ့ပေသည်။

  “ဘာဖြစ်တာလဲ ငရဲထိန်းကြီး “

“မှန်ပါ့ သူ့ရှေ့မှာ ဝါးကိုးလုံးက ဘာပဲလုပ်လုပ်ဆီးခံနေကြောင်းပါ ထပ်လုပ်လေ ဝါးတွေက ပိုတိုးလေးပါဘုရား “

ယမမင်းလည်း နီမောင်အား ခြေအစခေါင်းအဆုံး  ကြည့်လိုက်ပြီး

“သင် လူ့ပြည့်မှာ ဘာကောင်းမှု့လုပ်ခဲ့လဲ “

နီမောင် စဉ်းစားသော်လည်း မမှတ်မိ

“သင့်ကို မေးနေတယ်လေ ဘာကောင်းမှု့ပြုလုပ်ခဲ့လည်းလို့ “

နီမောင်လည်း ကြောင်တောင်တောင် ဖြစ်နေစဉ်

  “ရဟန်းတစ်ပါးကို  ကျောင်းဆောက်လှူခဲ့တယ်လို့ပြောလိုက်လေဒကာ “

ရုတ်တရက် ကြားရသော ရဟန်းတော်၏ အသံကြောင့်  နီမောင်လည်း ထိတ်ထိတ်ပြာပြာဖြင့်

  “မှန်ပါ့ တောထဲမှာ ရဟန်းတော်တစ်ပါးကို ဝါးကိုးလုံးနဲ့ ကျောင်းဆောက်လှူခဲ့ပါတယ်”

သူ၏ စကားအဆုံး ယမမင်းကြီးလည်း ပြုံးလိုက်ပြီး

    “ဒါကြောင့် သင်ဘာလုပ်လုပ် ဝါးတွေက ခံနေတာကိုး ကဲ အမိန့်ချမယ် သင်ဟာ လူ့ပြည်မှာ နောက်ထပ်နှစ် ၇၀ထပ်နေခဲ့ သင်အခုလို ချမ်းသာရာ ရတာဟာ ကျောင်းဆောက်လှူခဲ့တဲ့ကုသိုလ်တရားတွေကြောင့်ပဲ ဒါနအလှူများစွာလှူပါ ပြီးရင် ငါ့ကိုလည်း အမျှဝေပေးပါ ငရဲထိန်းတို့ သူ့ကို လူ့ပြည်ပြန်ပို့ လိုက်ကြ “

ငရဲထိန်းတို့လည်း သူ့အား  အမြန်ခေါ်ဆောင်ခဲ့ပြီး သူ၏ အိမ်အရောက်တွင် အလောင်းဆီ သူ့အား တွန်းလွှတ်လိုက်ရာ ပြန်လည်သတိရလာခြင်းပင်

အဖြစ်ကတော့ အဲဒါပါပဲ အဖေ

နီမောင်၏ မိဘနှစ်ပါးနှင့်အတူ  နားထောင်နေကြသော ရွာသူရွာသားများမှာလည်း   အံ့အားသင့်လျက်ရှိနေကြပေသည်။

နှစ်လအကြာ

ရွာလေးအတွင်းရှိ  ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် တံမြက်စီးလှဲနေသော ရဟန်းတစ်ပါးနှင့်အတူ ရွာသူရွာသားများအား တွေ့ရှိရပေသည်။ လူအများမှာလည်း ကျောင်းဝန်းအား သန့်ရှင်းကြရင်း ရဟန်းတော်အား ကြည့်ရင်း သာဓုခေါ်နေကြလေသည်။ ထိုသူသည်ကား

ငရဲပြည်မှ သေရွာပြန်ကြီး နီမောင်ပင်ဖြစ်လေတော့သည်။

(ဆရာကိုခိုင်ခန့်၏ သေရွာပြန်မှတ်တမ်းအား ပြန်လည် ခံစားရေးဖွဲ့ခြင်းဖြစ်ပါသည်)