လင်ချစ်ဆေး

လင်ချစ်ဆေး(စ/ဆုံး)
——————–

“”မမ အောက်မှာ ကိုသက် အမေရောက်နေတယ်””

အိမ်အကူ မြရီ ကပြောပြီးပြီးချင်း ပြန်ထွက်သွားသည်။
လက်သည်းဆိုးဆေးမခြောက်သေးသော ကျွန်မရဲ့ လက်ချောင်းလေးတွေကို ကျွန်မ အသာအယာလေး လေ နဲ့မှုတ်လိုက်သည်။
မှန်ထဲမှာပေါ်နေသည့် မိမိ၏အလှကို ပြန်ကြည့်လိုက်သေးသည်။
အသက်ကသုံးဆယ့်ငါး၊ ကလေးနှစ်ယောက် အမေဆိုတာ တော်ရုံလူတွေမယုံနိူင်လောက်အောင်ကျွန်မနူပျိုနေတယ်လို့ တွေးနေမိတယ်။
ဝင်ငွေကောင်းတဲ့ ခင်ပွန်းသည်ကြောင့် ပေါ်သမျှအဆင်ဆန်းတွေ ကျွန်မ ကိုယ်ပေါ်ကိုရောက်တယ်။
အကောင်းစားအလှကုန်တွေသုံးပြီး အမြဲတမ်းလှနေအောင်ကျွန်မနေတယ်။

“”မမစိမ်းခက်က အရမ်းလှတာပဲ””

“”မမ ကအရွယ်တင်တယ်နော် ကလေးနှစ်ယောက် အမေဆိုပေမယ့်နှစ်ဆယ်ကျော်လေးလား ထင်ရတယ်””

ဒီစကားတွေက မကြာခဏကျွန်မကြားနေကြ စကားတွေပါပဲ။
အခုလိုတွေအပြောခံရဖို့ တနေ့ တနေ့ စိမ်းခက်ဘယ်လောက်တောင်ငွေကုန်ခံ၊ အချိန်ကုန်ခံခဲ့ရလဲ။

“”စိမ်းခက် ညည်းအဲ့လောက်အလှတွေမက်မနေနဲ့။ မိဘတွေကတော့ စျေးရောင်းထွက်ရတာမိုးမလင်းခင်ကတည်းက၊ ညည်းက အိမ်မှာအကြီးဖြစ်ပြီး အမကြီးအမိရာဆိုသလို ချက်ပြုတ်လျှော်ဖွပ် အငယ်လေးတွေကိုထိန်းကြောင်းသွန်သင်ရယ်လို့မရှိဘူး။
တနေ့..တနေ့ အလှပဲပြင်နေတယ်။
ရုပ်လှဖို့ထက် စိတ်လှဖို့က ပိုအရေးကြီးတာပါအေ။
မိန်းခလေးဆိုတာအိမ်မှု့ ကိ စ္စ နိူင်နင်းရတယ်။.ညည်း ဒီလိုသာ နေ လင်ရရင် မျက်ရည်မျက်ခွက်ဖြစ်လိမ့်မယ်””

ကျွန်မကို အိမ်ထောင်မကျခင်က အမေပြောဘူးတဲ့ စကားအချို့ပါ။
အခုလို ကျွန်မ အလှကြောင့် လင်ကောင်းသားကောင်းရခဲ့တာရယ်၊ လင်သားကငွေရှာနိူင်တော့ အမေပြောခဲ့ဘူးတဲ့ မိန်းခလေးဆိုတာအိမ်မှု့ ကိ စ္စ နိူင်နင်းရမယ်
ဆိုတာကြီးက ကျွန်မအတွက်မလိုအပ်တော့ဘူးလေ။
အိမ်အကူကောင်းကောင်းတစ်ယောက်ကိုခေါ်ထားရင် ဘာလုပ်ဖို့လိုသလဲ…
ကျွန်မအခု အလှထိုင်ပြင်နေနိူင်ခဲ့ပြီလေ။
အလကားပါ ၊ အမေတို့ဆိုသည်မှာ ကိုယ့်ကဖြင့်စီးပွားရေးကမပြေလည်ဘူး။ ကလေးတွေဆိုသည်မှာ နှစ်နှစ်ခြားတစ်ယောက်လောက်ကိုမွေးထားခဲ့တာ။
ကျွန်မအောက်မှာတင် မောင်လေးသုံးယောက်နဲ့ညီမလေးနှစ်ယောက်ရှိတယ်။
သားသမီးတွေများတော့အကျိုးဆက်က ပညာကောင်းကောင်းမသင်ရတော့ဘူး။
ကျွန်မနဲ့ကျွန်မအောက်က မောင်လေး အလယ်တန်းလောက်နဲ့ကျောင်းထွက်ခဲ့ရတယ်။
ကျွန်မ ကို အိမ်ရှိအလုပ်တွေထောင့်စေ့အောင်ခိုင်းချင်တယ်။
စိတ်တိုင်းမကျရင် စျေးရောင်းပြန်တာနဲ့ပြောဆိုနေတော့တာပဲ။
ဒါကြောင့် ကျွန်မ ကို မေ တ္တာ ရှိနေတဲ့ ကျွန်မခင်ပွန်းဖြစ်လာမယ့် ကိုသက် ခေါ်ရာနောက်လိုက်ခဲ့တယ်။

ညားခါစက စီးပွားရေးကသိပ်အဆင်မပြေခဲ့ဘူး။
ကိုသက်က ကျောင်းပြီးခါစလုပ်ငန်းခွင်ဝင်စဆိုတော့ ယော က္ခ မ အိမ်မှာကပ်နေ၊ ကပ်စားရတာပေါ့။
ကိုသက်လစာ ထုတ်တဲ့အခါကျတော့ လင်မယားနှစ်ယောက် စားစရိတ်လေး ပေးရတာပေါ့။
ဒါကို ယော က္ခ မ ကငြိုငြင်ချင်တယ်။
ကျွန်မက ခိုင်းမှလုပ်တယ်။နေတတ်တယ်။
နေစိမ့်တယ်…အိုး…စုံနေတာပဲ။
ကိုယ့်လင်က လစာမကောင်းသေးတော့သည်းခံနေရတယ်။
အိမ်ခွဲပြီးနေရင်အိမ်လစာပေးရမယ်လေ။
စားစရိတ်ကလည်းအခုထက်မကပိုကုန်နိူင်တယ်။ ဒါကြောင့် မျက်နှာအငယ်ခံပြီးကျွန်မနေခဲ့တယ်။
နှစ်နှစ်လောက်နေတော့ ကိုသက်က လစာအရမ်းကောင်းနေပြီ။
အပိုကြားပေါက်တွေလည်းရလာနေပြီ။
ဒီတော့…ကျွန်မက လင်ကို ကပ်ချွဲနပ်ချွှဲလုပ်ပြီး အိမ်ခွဲနေကြဖို့ နားချရတယ်။
ကျွန်မစကားကအောင်တယ်လေ။
ကိုသက်ဆိုတဲ့ ကျွန်မခင်ပွန်းက ကျွန်မကိုဘယ်တော့မှအပြစ်လည်းမမြင်သလို၊ စိတ်လည်းချမ်းသာအောင်ထားတဲ့သူမို့လို့လေ။

ကျွန်မခင်ပွန်းရဲ့စီးပွားအရှာကောင်းမှု့ကြောင့် ကျွန်မတို့ စီးပွားရေးတွေအရမ်းကောင်းခဲ့တယ်။
တိုက်နဲ့ကားနဲ့ အခြွေအရံနဲ့။
ကျွန်မပြေလည်တော့ ကျွန်မမိဘတွေက နည်းနည်းလေးခက်ခဲရင်ပြေးလာချင်တယ်။
လာပေမယ့် လာမောကြီး ပါပဲ။
ကိုသက်က ပေးစေချင်တာတောင်ကျွန်မကမပေးဘူး။
ကျွန်မမိဘကိုမှမဟုတ်ဘူး။
ကျွန်မယောက္ခမတွေကိုလည်းကျွန်မဘာမှပြန်မကြည့်ဘူး။
ဘာလို့လဲဆိုတော့ ကျွန်မကတဘက်တလမ်းကဝင်ငွေမရှိဘူး။
ကျွန်မယောကျ်ားရဲ့ဝင်ငွေတစ်ခုပဲရှိတယ်။.
ဒီတော့ ကျွန်မ ဘယ်ဆွေမျိုးကိုမှမထောက်ပံ့ခဲ့ဘူး။

“”စိမ်းခက်ရယ် ညည်းတို့မိသားစုကအဆင်ပြေနေတာပဲ အခုဆိုညည်းအဖေကြီးကလည်းကျန်းမာရေးမကောင်းဘူး။
သမီးအကြီးမို့အားကိုးချင်တာ ၊ ညည်းတို့နေစိမ့်လိုက်တာအေ””. …….တဲ့လေ။.

ကျွန်မ ကို မွေးပေးခဲ့တဲ့မိဘတွေမို့ မွေးကျေးဇူးရှိတာကို လက်ခံပါတယ် ။
ဒါပေမယ့် မိဘတွေလက်ထဲမှာ ကျွန်မပညာလည်းကောင်းကောင်းမသင်ခဲ့ရသလို၊ လူတန်းစေ့မီအောင်ရော အမေတို့ကျွန်မကိုထားပေးနိူင်ခဲ့တာမဟုတ်ဘူး။
ကျွန်မကုသိုလ်ကံနဲ့ကျွန်မ ပြေလည်နေတာကို
မထောက်ပံ့ရကောင်းလားဆိုပြီးစကားနာတွေလာထိုးနေတော့ ကျွန်မ ခွန်းတုံ ပြန်ချင်လိုက်တာမှအရမ်းပဲ။
မိဘပြစ်မှား..ငရဲလားဆိုတဲ့အသိကြောင့်သာငြိမ်ခံနေလိုက်တာ။
ကျွန်မသာသူတို့လိုအပ်သမျှအမြင်မတော်ကူညီနေရင်လူမွေုးသူမွေုးတောင်ပြောင်မှာမဟုတ်ဘူး။
ကျွန်မ ယော က္ခ မ တွေလည်းထူးမခြားနားပဲ
လိုချင်တပ်မက်စိတ်တွေ ကြီးလိုက်ကြတာမပြောပါနဲ့။
ကျွန်မကိုမသိတတ်သူပဲပြောပြော၊ မ လိ မ္မာတဲ့သားသမီးပဲဆိုဆို ကျွန်မ မျက်နှာလွှဲနေနိူင်ခဲ့တယ်။
ဒါကြောင့် အခုချိန်မှာ ကျွန်မတို့မိသားစု မပူမပင်
မတောင့်မတနဲ့ နေနိူင်ခဲ့တာပေါ့။
အလှကြိုက်တဲ့ကျွန်မ အချိန်ပြည့်အလှတွေပြင်ပြီး
လူတကာအားကျခံရတဲ့ဘဝနဲ့ နေနေရတာပေါ့ရှင်။

“”မမ ကိုသက် အမေရောက်နေတာကြာပြီနော်””

“”အေးပါဟယ်…အခုပဲဆင်းလာခဲ့မယ်။
သူတို့ဆိုသည်မှာလည်း အလကားနေဒီအိမ်ကိုပဲလာနေကြတယ်။ စိတ်ပျက်စရာတွေဟယ်””

ကျွန်မ နူတ်ကမကျေမချမ်းရေရွက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့တော့တယ်။

######################

အခန်း( နှစ် )

“”နောက်ဖေးရေကပြင်က ပြိုကျသွားလို့ပါသမီးရယ်””

ယော က္ခ မ နူတ်ကထွက်လာသောစကားကြောင့်
နူတ်ခမ်းကိုမဲ့ပစ်လိုက်မိသည်။

“”အဒေါ်တို့ကလည်းတခုခု ဆို စိမ်းခက်တဲ့အိမ်ကိုပြေးလာတော့တာပဲ။
ပြီးခဲ့တဲ့နှစ်လလောက်က အဒေါ်နေမကောင်းဘူးဆိုလို့ စိမ်းခက် ငွေနှစ်သောင်းပေးခဲ့သေးတယ်လေ။
အဒေါ်သားသမီးတွေက ကိုသက်တစ်ယောက်တည်းမို့လို့လား။
တခြားသားသမီးတွေလည်းရှိသေးတဲ့အပြင် အဒေါ်နဲ့အတူနေနေတဲ့အဒေါ်သမီး ချယ်ရီတို့လင်မယားတွေကရော ကိုယ်နေတဲ့အိမ်တောင်ကိုယ်မပြင်နိူင်ဘူးလား။
တော်ပြီ..တော်ပြီ ညည်းချင်းတွေဆိုမပြနဲ့တော့ စိမ်းခက်အခု ငွေနှစ်သောင်းပေးလိုက်မယ်။ ပြင်လို့လောက်တာမလောက်တာအဒေါ်တို့အပိုင်းပဲ။
ကိုသက်ဆီလည်းဖုန်းဆက်ပြီးငိုပြမနေနဲ့နော်””

ကျွန်မပေးတဲ့ငွေနှစ်သောင်းကို ယူ၍မျက်နှာငယ်လေးဖြင့် ကျွန်မ ယော က္ခ မ ပြန်သွားပါတော့တယ်။
…………………………………………………..

အခုရက်ပိုင်း ကိုသက်တစ်ယောက်အိမ်အပြန်နောက်ကျလွန်းနေပါတယ်။
နာရီက ဆယ့်တစ်နာရီ ကျော်နေပြီမို့ ဖုန်းခေါ်တော့လည်း ဆက်သွယ်မှု့ဧရိယာပြင်ပသို့ရောက်နေတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ခွန်းကြီးခွန်းငယ် စကားများခဲ့သေးသည်။
အကြောင်းက ကိုသက်ဖုန်းmessage ထဲမှာ
ကိုသက်ညီမချယ်ရီဖုန်းနံပတ်အား ကိုသက်မှ
ငွေသုံးသောင်းကို wavemoney ဖြင့်လွှဲထားသည်ကိုတွေ့ရှိရာမှ စကားများကြခြင်းဖြစ်သည်။
ကိုသက်အမေနေမကောင်းသည့်အကြောင်းချယ်ရီမှဖုန်းဆက်ပြောလာ၍ဆေးခန်းပြရန် ငွေလွှဲပေးခဲ့ကြောင်းပြောလာတယ်။
နည်းအမျိုးမျိုးဖြင့် သားသမီးဆီကမျှော်ကိုးစားသောက်နေသည့်အတွက် စိတ်လည်းအလွန်တိုမိတယ်။
ထုံးစံအတိုင်း ကျွန်မက အနိူင်ရနေကြလင်သားကို
မကျေနပ်လေသမျှ ပြောဆိုမဆုံး ဖြစ်နေတော့တယ်။
အရင်ကလည်းကျွန်မဒီလိုပြောနေကျပါ။
အခုတစ်ခေါက်မှာတော့ ကိုသက်က စိတ်မဆိုးစဘူးဆိုးနေတော့တယ်။

“”စိမ်း..ငါ့အမေနေမကောင်းလို့ ငါပေးလိုက်တာနော်။ ငါ့ကိုစိတ်တိုအောင်ထပ်မပြောနဲ့တော့ မင်းလောက်အသိတရား၊အကြင်နာတရားမရှိတဲ့မိန်းမကို မမြင်ဘူး ဘူး””

ကိုသက် တကယ်ဒေါသထွက်လာတော့ ကျွန်မငြိမ်ပေးလိုက်ရတယ်။
စိတ်ထဲမှာတော့ တခုခုဆို ကိုသက်ဆီဖုန်းလှမ်းဆက်နေတဲ့ ယောင်းမဖြစ်သူကိုလည်းမကျေနပ်မိတာအမှန်ပဲ။
အဲ့နေ့ကစပြီး ကျွန်မ ကို ကိုသက်စကားကောင်းကောင်းမပြောတော့ဘူး။
ဒါပေမယ့် မယားပြောတစ်ည ဆိုတဲ့စကားကရှိနေတာပဲ။
ကျွန်မ လင်တော်မောင် ကိုကျွန်မ ပြန်ချော့ရမယ်လို့ တွေးထားမိတယ်။
အဲ့အတွေးကအခုထိကိုအသုံးမဝင်သေးပါဘူး။
ကိုသက်မှာအလုပ်တွေများပြီး အမြဲနောက်ကျနေတာမို့ပါ။
တဖြည်းဖြည်း နဲ့ ည ဆယ်နှစ်နာရီ ထိုးလုနီးလာပြီ။
ဖုန်းကိုထပ်ခေါ်လိုက်တယ်။
ဒီတခါတော့ ဖုန်းက ဝင်သွားတယ်။
တဘက်ကနေဖုန်းကိုင်တယ်။

“”အေး…စိမ်းရေ ကိုသက် အလုပ်တွေမနိူင်လို့ စရင်းတွေလုပ်နေရတယ်။
မနက်ဖြန်ညနေမှပြန်လာမယ်။
ခုနက ဖုန်းခေါ်မလို့ပဲ။ ဖုန်းလိုင်းတွေမကောင်းလို့””

ဖုန်းလိုင်းတွေမကောင်းလို့ သာဆိုပေမယ့် ကျွန်မနားထဲမှာ မိန်းမတစ်ယောက်၏အသံကိုသေချာကြားလိုက်ရသည်။

“”ကိုကြီး ရေအိမ်ဝင်တာ ကြာလှချည့်လား
အိပ်များပျော်နေတာလား””. …..တဲ့လေ။

ဖုန်းကလည်း ပြန်ကျသွားလိုက်တာဘယ်လိုခေါ်ခေါ် ခေါ်မရတော့တာပါပဲ။
………………………………………….
အခန်း…(သုံး)

ကျွန်မ ယောကျာ်းဖောက်ပြန်နေခဲ့ပါပြီ။
စုံစမ်းစရာမလို၊ အစ်အောက်မေးစရာပင်မလိုခဲ့ပေ။
ကိုသက်က ဘယ်အချိန်ကတည်းကဝန်ခံချင်နေမှန်းမသိပါဘူး။
ကျွန်မ စိတ်တွေပူလောင်လိုက်တာရှင်။
ကျွန်မယောကျာ်း ကိုသက်က အပျော်ရှာတာမဟုတ်ဘူး။
ကျွန်မကိုစိတ်ပျက်လွန်းလို့ကို ဘဝသစ်ရှာတာတဲ့။
တသက်လုံး က ကျွန်မအပေါ်အပြစ်မမြင်ခဲ့တဲ့ယောကျာ်းက ကျွန်မကိုလမ်းခွဲချင်တော့ ကျွန်မရဲ့အပြစ်တွေကိုဆွဲထုတ်လာလိုက်တာ မနည်းမနောရယ်။
အိမ်မှု့ ကိ စ္စ မလုပ်တာတွေ။
လင်ကို ပြုစုရမှန်းမသိတာတွေ။
အသုံးနှင့်အဖြုန်းမခွဲခြားပဲ အလှအပတွေကိုကြိုက်နှစ်သက်လွန်းတာတွေ၊ ကိုယ့်မိဘအပေါ်လည်းမသိတတ်သလို ယော က္ခ မတွေအပေါ်လည်း စေတနာယုတ်လျှော့ သူတဲ့လေ။
ကျွန်မကိုပစ်ချင်တော့ အသေးအမွှားကနေ အစဆွဲထုတ်လိုက်တာ ကောင်းကွက်တစ်ခုမှကိုမရှိတော့တာပါပဲ။

ကျွန်မ နည်းမျိုးစုံနဲ့ ကိုသက်ကိုပြန်ဆွယ်တယ်။
ဗေဒင်တွေမေး၊ ယ တြာတွေချေနဲ့ နောက်ဆုံးတော့ လည်း ကျန်ရစ်ခဲ့ရတာပါပဲ။
ကျွန်မနဲ့ကလေးနှစ်ယောက်ကို အိမ်တွေခြံတွေ ကားတွေပါပေးပြီးကိုယ်လွတ်လက်လွတ်ကို အိမ်ပေါ်ကနေဆင်းချသွားခဲ့တာ။
ကျွန်မမှာ အားကိုးတကြီးနဲ့တိုင်ပင်ရမယ့် လူတစ်ယောက် မှမရှိခဲ့ဘူး။
ကျွန်မက ယော က္ခ မ အသိုင်းအဝန်းကိုလည်းဘယ်တုန်းကမှမကောင်းခဲ့သူလေ။
ကျွန်မ မိဘအပေါ်လည်း မသိတတ်ခဲ့တဲ့ သမီးဆိုးတစ်ယောက်ပဲမဟုတ်လား။
စည်းစိမ်ဥစ္စာနဲ့ထားခဲ့ပေမယ့် ကျွန်မကိုယ့်ကျွန်မယုံကြည်မှု့မရှိဘူး။
ပညာနည်းပါးတဲ့ကျွန်မ။ အလှအပကလွဲရင်အိမ်ထောင်ထိန်းသိမ်းမှု့မတတ်တဲ့ကျွန်မ၊
သားသမီးနှစ်ဦးကိုလည်း မထိန်းသိမ်းတတ်တဲ့ကျွန်မ၊ အခုတော့ အပူလုံးတွေကြွပြီး သောကတွေဝေနေရပါပြီ။

တနေ့တော့ ကျွန်မခင်ပွန်းပြန်လာလိမ့်နိူးနဲ့ကျွန်မမျှော်နေမိတယ်။
တိကနဲ..ပြတ်တောက်သွားသည့်အလား ကိုသက်ကတော့စိမ်းကားရက်တယ်။
အိမ်ထောင်သစ်နဲ့ အပျော်ကြီးပျော်နေခဲ့ပြီလေ။
ခံစားရတာတွေများလာတော့ ကျွန်မအမှားတွေကျွန်မမြင်လာတယ်။
အားကိုးစရာကောက်ရိုးတမျှင်အဖြစ်နဲ့ ကျွန်မ ခင်ပွန်းသည်ရဲ့ အမေအိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။
ကိုသက်ကို ပြန်လာစေချင်တယ်။
ယော က္ခ မ ကိုနားချခိုင်းရမယ်။
ကျွန်မ အဲ့စိတ်နဲ့ ယောက္ခမအိမ်ကိုရောက်ချလာတယ်။
ကျွန်မယောက္ခမအိမ်ဟာ အရင်ကလို ဟောင်းနွမ်းစုတ်ပြတ်မနေတော့ဘူး။
ပြုပြင်ထားပုံရပြီး သပ်ရပ်သန့်ရှင်းနေတယ်။
ယောင်းမဖြစ်သူချယ်ရီက ကျွန်မကိုမြင်သွားတယ်။

“”မစိမ်း အိမ်ထဲဝင်လေ””

ကျွန်မ အိမ်ပေါ်ရောက်တဲ့အထိ ယော က္ခ မ
ကိုမတွေ့ရသေးဘူး။
.
“”အမေရော ချယ်ရီ””

အဲဒေါ်လို့အမြဲခေါ်ခဲ့ပေမယ့် အမေလို့ မဝံမရဲသုံးနူန်းလိုက်သည်။

“”အမေကျန်းမာရေးမကောင်းဘူးမစိမ်း
အခုဆေးခန်းသွားတာ၊ မနက်ထဲကသွားပါဆိုတာပြောမရဘူး။
မနွယ် ကအမေစားဖို့ဟင်းလာပို့ရင်း အမေနေမကောင်းမှန်းသိလို့ ဆေးခန်းကိုအတင်းခေါ်လို့ ပါသွားတာလေ””

“”မနွယ်…ဆိုတာက””

ကျွန်မ တကယ်မသိ၍မေးလိုက်မိတာပါ။

“”ဟိုလေ…ဟို…မနွယ်ဆိုတာက ကိုသက်အခုလက်ထပ်လိုက်တဲ့ အမနံမည်ပါ””

ကျွန်မ ချယ်ရီကိုနူတ်ဆက်ပြီးပြန်လာခဲ့ပါတယ်။
ကျွန်မသိလိုက်ပြီ။
ကျွန်မ အမှားတွေအများကြီးမှားခဲ့ပြီ။
ကျွန်မကိုယ့်ကျွန်မ ဟုတ်လှပြီလို့ထင်ခဲ့တာ။
ငါ့လင် ငါ့ယောကျာ်းက ငါ့အလှကို သာယာတာ၊ ငါလှနေရင် ငါ့ယောကျာ်းရဲ့စိတ်ကိုအခြားမလွင့်အောင်ထိန်းနိူင်တယ်။
လင်ကလွဲရင် လင် အသိုင်းအဝိုင်း လည်းဂရုစိုက်စရာမလိုဘူး။
ငွေကြေးပြည်စုံရင် အိမ်ထောင်ထိန်းသိမ်းမှု့မတတ်လည်းအဆင်ပြေတယ်ဆိုတဲ့ မမှန်ကန်တဲ့အတွေးတွေနဲ့ မှားယွင်းခဲ့တယ်။
အခုတော့..ကျွန်မအနားမှာဖေးမမယ့်သူလည်းမရှိဘူး။
ကျွန်မက လင်ချစ်ဆေး..ကို မဖော်တတ်ခဲ့သူတစ်ယောက်ပါ။
ဆေးဖော်တတ်သူလက်ထဲကနေ ပြန်လုယူလို့မရတော့တာကိုနားလည်ရင်း ကျွန်မကိုယ့်ကျွန်မရှေ့ခရီးလမ်းတွေဆက်ဖို့ ယုံကြည်မှု့မဲ့စွာနဲ့ပဲ အိမ်ပြန်လာခဲ့ရပါတော့တယ်လေ။

#ယွန်းနှင်းဆီခိုင်