လူစားလဲသည့်ည(စ/ဆုံး)
—————————
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်သောအခါက ကျော်စွာတစ်ယောက်သည် မြို့အပြင်တွင် ရှိသော စိန်တစ်လုံးသရက်ပင်များနှင့် အခြားသစ်ပင်ပန်းမန်တို့ ရောပြွန်း စိုက်ပျိုးထားရာ ၎င်း၏ မိသားစုအပိုင် ခြံကြီးသို့ သူငယ်ချင်းဖြစ်သူ စိုးမြင့်နှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့် ထွက်သွားခဲ့ဖူး၏။ ထိုစဥ်က စိန်တစ်လုံးသရက်ပင်များ အဓိကထား စိုက်ပျိုးရာ အရိပ်အာဝါသ ကောင်းမွန်လှစွာသော ငါးဧကအကျယ်အဝန်းရှိ ထိုခြံကြီးတွင် ခန့်အပ်ထားသော ခြံစောင့် ဦးလေးကြီးမှာ အကြောင်းကိစ္စတစ်ခုကြောင့် သူ၏ ရွာသို့ ခွင့်ယူ ပြန်သွားသဖြင့် ခြံအတွင်းရှိ အစောင့်ခွေး ဆယ့်သုံးကောင်အား အစာကျွေးမည့်သူ မရှိပေ။ ထို့ကြောင့် ကျော်စွာ၏ ဖခင် ဦးသိန်းလှိုင်က အဆိုပါ ခြံစောင့်ခွေးများကို အစာရေစာ ကျွေးမွေးရန်အလို့ငှာ သူ့အား စေလွှတ်လိုက်လျှင် ကျော်စွာအနေဖြင့် မငြင်းသာတော့ဘဲ စိုးမြင့်ဟူသည့် သူငယ်ချင်းတစ်ဦးကို ခေါ်ကာ မိသားစုပိုင် သရက်စိုက်ပျိုးခြံကြီးဆီသို့ ထွက်ခွာလာခဲ့ခြင်းပင် ဖြစ်သည်။
မြို့အပြင်ရှိ ခြံကြီးသို့ ရောက်သောအခါ ကျော်စွာတို့မှာ အသင့်ပါလာသော ခွေးစာများအား ခြံစောင့်ခွေးများကို ကျွေးမွေးကြပြီးသကာလ မိမိတို့ သောက်စားဖို့ရန် ဝယ်ယူလာခဲ့သော အရက်ပုလင်းတစ်လုံးနှင့် အမြည်းများကို ထုတ်ယူလိုက်ကာ ခြံစောင့်တဲထဲ နှစ်ယောက်ဝိုင်းဖွဲ့ ထိုင်လိုက်ကြ၏။ ထို့နောက် သူတို့သည် အရက်သောက်လိုက် အမြည်းစားလိုက်ဖြင့် ရောက်တတ်ရာရာ ပြောဆိုလာခဲ့ကြပြီးနောက် မိမိတို့ စိတ်ပါဝင်စားရာ သဘာဝလွန်ဖြစ်ရပ်များဆီ စကားလမ်းကြောင်း ရောက်ရှိလာခဲ့လေသည်။
ဤအခါ ကျော်စွာက မိမိတို့ သရက်ခြံကြီး၏ အပြင်ဘက် မျက်စောင်းထိုး လမ်းထောင့်တစ်နေရာတွင် ရှိသော နှစ်ချို့ မန်ကျည်းပင်ကြီး အောက်တည့်တည့်သည် မည်သည်ကြောင့် မသိ၊ မကြာခဏ ယာဥ်မော်တော်များ မတော်တဆ တိုက်မိ,ခိုက်မိလေ့ ရှိပြီး လူအသေအပျောက်လည်း ရှိတတ်ကြောင်း စိုးမြင့်အား ဖွင့်ဟ ပြောပြ၏။ ထိုအထဲကမှ ဤခြံကြီးသို့ ကျော်စွာ အလည်လာစဥ် အခါတပါးက ယင်းမန်ကျည်းပင်ကြီးအောက် အရောက် ရုတ်တရက် စက်ရပ်သွားခဲ့သော ကုန်တင်ကားကြီးတစ်စီးအကြောင်းမှာလည်း ကျော်စွာ၏ မျက်မြင်ကိုယ်တွေ့ဖြစ်ပြီး ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှသည်။ အကြောင်းကား ထိုအချိန်က စက်ချို့ယွင်းသွားသည်အထင်ဖြင့် ကား၏ အောက်သို့ ဝင်ရောက်သွားသော ယာဉ်မောင်းဖြစ်သူမှာ ပြဿနာရင်းမြစ်ကို ဖွေရှာနေစဥ်သကာလတွင် အဆိုပါကားကြီးမှာ မောင်းနှင်သူ မရှိပါဘဲ ရပ်နေရာမှ ဗြုန်းစား ထထွက်သွားသောကြောင့် ထိုလူခမျာ ကုန်ကားဘီး အကြိတ်ခံရကာ အသေဆိုးဖြင့် သေဆုံးသွားခြင်းကြောင့်ပင်။
သို့နှင့် ခြံအနီးဝန်းကျင်ရှိ အလွန်တရာမှ ခိုက်လှသည်ဟုပင် ယူဆရမည့် မန်ကျည်းပင်ကြီးအကြောင်းမှ စ၍ အခြားသော ဖြစ်ရပ်ဆန်းကြယ် ကိစ္စရပ်များဆီသို့ တောင်ရောက်,မြောက်ရောက် ပြောဆိုလာကြရင်းဖြင့် ညနေပိုင်းသို့တိုင်အောင် ရောက်မှန်းမသိ ရောက်ရှိလာလေသည်။ ဤတွင် နှစ်ယောက်သား အတော်အတန် မူးဝေလာကြပြီ ဖြစ်သော်ငြားလည်း အာသာမပြေသေးသဖြင့် နောက်ထပ် အရက်တစ်လုံး ဝယ်ခြမ်းရန်နှင့် ခြံစောင့်တဲမှာပင် မအိပ်စဖူး ညအိပ်ကြရန် တိုင်ပင်မိကြ၏။
“အဲဒါဆို ကျော်စွာ… ငါ မင်းဆိုင်ကယ်နဲ့ အရက်တစ်လုံး ပြေးဝယ်လိုက်မယ်။ ဒီအနီးအနားမှာ အရက်ဝယ်လို့ ရနိုင်မယ့် ဆိုင်တစ်ဆိုင်ဆိုင်တော့ ရှိမှာပဲလေ”
“အေး… စိုးမြင့်၊ အဲဒီအစီအစဥ် ကောင်းတယ် သူငယ်ချင်း။ ရော့ကွာ… ဆိုင်ကယ်သော့။ သိပ်လဲ ကြာမနေနဲ့ဦး”
ဆိုင်ကယ်ဖြင့် စိုးမြင့် ထွက်ခွာသွားပြီးနောက် ကျော်စွာမှာ လက်ကျန်အရက်များအား စိမ်ပြေနပြေ ထိုင်ဖြတ်လျက် ရှိနေစဥ် အခြားဆိုင်ကယ်တစ်စီးက ခြံဝရှေ့တည့်တည့် လာရပ်သဖြင့် ထွက်ပြီး ကြည့်မိလျှင် ခြံစောင့်၏ မိတ်ဆွေတစ်ဦးဖြစ်ကြောင်း တွေ့ရှိရလေသည်။
“ခြံစောင့်ဦးလေးကြီးက ရွာပြန်သွားလို့ မရှိဘူးခင်ဗျ။ ဘာကိစ္စလဲ မသိဘူး”
“သြော်… ဟုတ်လား။ အဲဒါဆိုရင်တော့ ရော့… သူ့အဖို့ လမ်းကြုံ ဝယ်လာတဲ့ ဒီအကြော်စုံတွေ မင်းပဲ ယူလိုက်တော့ မောင်ရင်။ ဒါနဲ့… ငါ့တူတစ်ယောက်တည်း ဒီခြံမှာ ဘာလာလုပ်နေတာလဲ။ နေတောင်မှ စောင်းတော့မယ်နော်။ မြို့ထဲ မပြန်သေးဘူးလား”
“ဟား… အမြည်းလိုနေတာနဲ့ အတော်ပဲ ဦးလေးရေ၊ ကျေးဇူးတကယ်တင်တယ်။ ကျွန်တော် အခုလာတာ အဖေ လွှတ်လိုက်လို့လေ။ သူ့ရဲ့ ခြံစောင့်ခွေးတွေကို အစာကျွေးမယ့်သူ မရှိဘူးဆိုလို့ ကျွန်တော့်သူငယ်ချင်းကို ခေါ်ပြီး ခွေးစာ လာကျွေးရတာပေါ့။ ဒီနေ့တော့ အိမ်မပြန်တော့ပါဘူးဗျာ၊ ကိုယ့်ခြံထဲ အိပ်ဖူးတယ် ရှိအောင် တစ်ညလောက် အိပ်ကြည့်ဦးမလို့။ အတူပါလာတဲ့ သူငယ်ချင်းကတော့ ကျွန်တော့်ရဲ့ ဆိုင်ကယ်နဲ့ အရက်အဝယ်တော် ထွက်သွားလေရဲ့”
“အေး အေး အေး… သိပ်ပြီး မူးမနေကြနဲ့ကွယ်၊ နော့။ မင်းတို့ ခြံစောင့် ငါ့မိတ်ဆွေကတော့ ဘုရားတရား အရမ်းလုပ်တဲ့ လူ။ သူအမြဲပြောနေကျ စကားတစ်ခွန်းတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့… ဒီခြံကြီးထဲ ဘုရားတရား ပုံမှန်မလုပ်နိုင်ရင် နေဖို့,ထိုင်ဖို့ တယ်မလွယ်ဘူးဆိုပဲ။ ကိုင်း… မောင်ရင်၊ ဦး သွားဦးမယ်”
ပြောဆိုပြီးနောက် ဆိုင်ကယ် မောင်းနှင် ထွက်ခွာသွားသော ခြံစောင့်၏ မိတ်ဆွေ ဦးလေးကြီးကျောပြင်ကို ကြည့်ကာ ကျော်စွာ့စိတ်အတွင်း အတွေးများစွာ ထပ်လာ၏။ ခြံပိုင်ရှင် မိမိတို့ပင် မကြား,မသိဖူးသော စကားအချို့ကို ယခုလေးတင် ဦးလေးကြီးမှ ပြောသွားခဲ့သည် မဟုတ်လော။ သို့သော် ခဏအကြာတွင် ထိုကိစ္စအား ခေါင်းအတွင်းမှ ထုတ်ကာ ကျော်စွာမှာ ခြံစောင့်တဲအတွင်း ပြန်ဝင်သွားခဲ့ပြီး လက်ကျန်အရက်များနှင့် တွဲဖက်၍ ဦးလေးကြီး ပေးခဲ့သည့် အကြော်စုံကို မြည်းဝါးနေလိုက်သည်။
အချိန်များသည် ကုန်လွန်လာခဲ့ပြီးနောက် ညနေစောင်းကာ နေဝင်စပင် ပြုလာခဲ့ချေပြီ။ ဆိုင်ကယ်ဖြင့် အရက်ဝယ် ထွက်သွားသူ စိုးမြင့်မှာ ယခုအချိန်တိုင်အောင် ပြန်ရောက်လာခြင်း အလျဥ်းမရှိသေး။ အမှန်စင်စစ် ထိုညနေက အရက်ဝယ် ထွက်သွားခဲ့သူ စိုးမြင့်တစ်ယောက်မှာ မူးမူးရူးရူးနှင့် မြို့တွင်းသို့ ပြန်သွားပြီ ဖြစ်ကြောင်း ကျော်စွာအနေဖြင့် သိရှိနိုင်ခဲ့ပါမူ…။
ပြန်မလာတော့မည့် သူငယ်ချင်းဖြစ်သူကို စောင့်မျှော်ရင်း တဲအတွင်း အရက်ကပ်ကျန်လေးများ ချွေတာ သောက်သုံးလိုက်၊ အကြော်စုံကို စားသုံးလိုက် လုပ်နေသူ ကျော်စွာသည် တဖြည်းဖြည်းနှင့် စိတ်လက်မရှည် ဖြစ်လာသောကြောင့် တဲရှေ့ ကွပ်ပျစ်ထက်သို့ နေရာရွှေ့ပြောင်း ထိုင်ချလိုက်၏။ နေခြည်ရောင်ဖြာ ကွယ်ပျောက်ဆုံးကာ အမှောင်လုံးလုံး အတုန်းအရုန်း ကျရောက်တော့မည့် လက္ခဏာ စိုင်းပြင်းလျက် ရှိသည့် ယခုလို အချိန်အခါမျိုးတွင် သရက်ခြံကြီးအပါအဝင် အနီးဝန်းကျင်ဆိုသည်မှာလည်း လူသွား,လူလာ ပြတ်လပ်သွားသည့် မြို့အပြင်တစ်နေရာ ဖြစ်သောကြောင့် ဆိတ်ငြိမ်မှုမှာ ဆထက်ပိုတိုး မင်းမူလာလျှင် ကျော်စွာမှာ ‘မိမိအကြားအာရုံများ ပင်းသွားပြီလော’ ဟုပင် သံသယဝင်လာမိလေသည်။ ထိုအချိန်တွင်…
“ပုစွန်ကြော် စားချင်လိုက်တာအေ… ငါ့နည်းနည်း ကျွေးပါတော့လား ကောင်လေး…” ဟူသည့် မိန်းမကြီး တစ်ဦး၏ အသံ ခပ်တိုးတိုးတစ်ခုမှာ ကွပ်ပျစ်နှင့် မလှမ်းမကမ်းရှိ သရက်ပင်တစ်ပင်အထက်က ထွက်ပေါ်လာခဲ့၏။
အသေအချာပင် နားများဖြင့်ဆက်ဆက် ဧကန်ကြားလိုက်ရသည့်အတွက် ကျော်စွာမှာ အသံလာရာ သရက်ပင်အထက်သို့ မော့ကြည့်လိုက်လျှင် မည်သည့် သက်ရှိအရိပ်အရောင်မျှ မတွေ့,မမြင်ရချေ။ ယခုအချိန်၌ မိမိနှင့် အစောင့်ခွေးများမှ လွဲ၍ အခြားမည်သူ တစ်ဦး,တစ်ယောက်မျှ ဤခြံကြီးအတွင်း လုံးဝမရှိသောကြောင့် ကျော်စွာအနေဖြင့် ကြောင်အမ်းအမ်းတစ်ချက် ဖြစ်သွားမိ၏။ မည်သို့ပင် ဆိုစေကာမူ ‘မကြုံစဖူး အထီးကျန်မှု၊ တိတ်ဆိတ်မှုများကြောင့် မိမိစိတ်က မိမိအား ပြန်လည် ခြောက်လှန့်ခြင်းသာ ဖြစ်နိုင်ကောင်း၏’ ဟု ကျော်စွာတစ်ယောက် ဖြည့်တွေးမိသော်လည်း ကိုယ့်နားရွက်များကိုကိုယ် ယုံကြည် စိတ်ချ မရနိုင်သေးသဖြင့်…
“ဘာတွေ လာပြီး တောင်းနေတာလဲ။ ကျွေးစရာ ဘာပုစွန်ကြော်မှ မရှိဘူး” ဟု ပါးစပ်ဖျားမှ လွှတ်ခနဲ ပြောလိုက်မိလေသည်။
“နင်မြည်းနေတဲ့ အထဲက ပုစွန်ကြော်အနံ့တွေ ရနေပါတယ်အေ… မြင်လည်း မြင်နေရတဲ့ဟာ… တစ်ခုလောက်တော့ ကျွေးစမ်းပါ…”
ထပ်မံ ထွက်ပေါ်လာသည့် သရက်ပင်အထက်က ခွန်းတုံ့ပြန် စကားအသံကြောင့် အပြေးအလွှား ဖွေရှာ စဥ်းစားနေစရာ မလိုအောင်ပင် သရဲအခြောက်ခံရပြီ ဖြစ်ကြောင်း ကျော်စွာ့ ခေါင်းအတွင်း အတပ်သိလိုက်ချေပြီ။
“ကောင်းပြီလေ၊ ပုစွန်ကြော် ငါကျွေးမယ်။ နောက်ထပ် လာမနှောင့်ယှက်နဲ့တော့”
ပုံမှန်စိတ်အတိုင်းဆိုပါက နေရာမှ ရုတ်ချည်း ထပြေးမိမည် မှန်သော်လည်း အရက်တန်ခိုး ကြွနေသည့် ယခုလို အခြေအနေမျိုးတွင်တော့ ပြန်ရောက်မလာသေးသူ စိုးမြင့်ကို စိတ်မာန်ဆိုးလျက်ရှိသော ဓါတ်အခံဖြင့် ရောယှက်,ပေါင်းစပ်ကာ မသိစိတ်၏ နှိုးဆွ,လှုံ့ဆော်မှုဖြင့် ဤသို့ တုံ့ပြန်,ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျော်စွာသည် ပုစွန်ကြော် သုံးချပ်ကို ယူ၍ ကွပ်ပျစ်နံဘေး မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်၏။ ထိုအချိန်တွင် အစောပိုင်းတုန်းက မိန်းမကြီးအသံ ထွက်ပေါ်ခဲ့သော သရက်ပင်ကြီး၏ သစ်ကိုင်းတစ်ကိုင်းမှာ တဂျစ်ဂျစ် မြည်သံများနှင့်အတူ မြေပြင်သို့ နိမ့်ဆင်းကျလာခဲ့ပြီးနောက် အထက်သို့ ဆတ်ခနဲ ပြန်တက်သွားခဲ့ချေသည်။ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ပေါ်လာခဲ့သော ထိုအခြင်းအရာကြောင့် ခေါင်းနားပန်းများ အလွန်တရာ ကြီးတက်သွားခဲ့သော ကျော်စွာတစ်ယောက် မိမိ၏ မျက်လုံးများအား ၎င်းသရက်ပင်ပေါ်သို့ လှမ်းမကြည့်မိအောင် မနည်း စိတ်တင်းထားလိုက်ရ၏။
ဖင်ကပ်ကျန်သော အရက်တစ်ခွက်ကို ရေပင် မရောတော့ဘဲ ကျော်စွာက တကျိုက်တည်း ပစ်မော့ချလိုက်သည်။ ရဲဆေး တင်ချလိုက်သော အရက်အစွမ်းကြောင့် သူ၏ လည်ချောင်းတလျှောက်အပါအဝင် ခန္ဓာတစ်ကိုယ်လုံး ပူနွေးဆင်းသွားခဲ့၏။ ထို့နောက် မျက်လုံးအစုံ မှိတ်၍ သူသည် စိတ်ထဲမှ ‘ငါမူးပြီး မြင်ချင်ရာတွေ မြင်၊ ကြားချင်တာတွေ ကြားနေရတာနေမှာ’ ဟု မိမိကိုယ်ကိုယ် ဖြေသိမ့်လျက် ရှိစဥ်…
“ကျွန်မကို နေရာထိုင်ခင်းလေး တစ်ခုလောက် ပေးပါရှင့်။ အစ်ကိုတို့ ခြံကြီးနားက မန်ကျည်းပင်နားမှာ ကျွန်မက ဆိုင်ကယ်အတိုက်ခံရပြီး သေခဲ့ရသူပါ။ ခြံထဲကို အစ်ကို အကြော်ထုပ် ယူပြီး ပြန်ဝင်လာချိန်မှာ ကျွန်မ ကပ်လိုက်လာခဲ့တာပါ။ အခု ခြံထဲက ဟာတွေ သိသွားပြီး လိုက်မောင်းထုတ်နေကြလို့ပါ။ မြန်မြန် အကူအညီပေးပါ…” ဟူသည့် အမျိုးသမီး စကားပြောသံတစ်ခုမှာ မိမိထိုင်ရာ ကွပ်ပျစ်ရှေ့က ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ကျော်စွာက သူ့မျက်လုံးများကို ဆတ်ခနဲ ပြန်ဖွင့်ကြည့်မိသည်။
ထိုအခါ ဝိညာဥ်ယောင်ယောင် အနေအထား၊ မပီပြင်,ဝိုးတဝါး အရိပ်တစ်ခုမှာ သူ၏ရှေ့နား လာရပ်နေကြောင်း ကျော်စွာ တွေ့ရှိလိုက်ရ၏။ တစ်သက်နှင့်တစ်ကိုယ် ကြုံကြိုက်ဖူးခြင်း အလျဥ်းမရှိသော သွေးပျက်ဖွယ်ရာ ကိစ္စရပ်များကြောင့် ကျော်စွာတစ်ယောက် ရူးသွပ်ချင်စိတ်များပင် ပေါက်လာမိသည်။ ယခုအချိန်တွင် ခြံ၏ အစောင့်ခွေး ဆယ့်သုံးကောင်စလုံးမှာလည်း ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်း မသိ၊ ပျောက်ချက်သား ကောင်းနေကြ၏။
ကျော်စွာသည် သူ၏ သိမ်ငယ် စိုးရွံ့စိတ်များကို ဦးခေါင်းအတွင်းမှ အလျင်အမြန် မောင်းထုတ်ပစ်လိုက်သည်။ ဤခြံကြီး၏ အရှင်သခင် ဖြစ်သော သူ့ဖခင်သား အရင်းခေါက်ခေါက် သူဆိုသည်မှာလည်း သည်ခြံကြီး၏ ပိုင်ရှင်ပင် မဟုတ်သလော။ ထို့ကြောင့် သူက…
“ဒီခြံဟာ ငါ့ခြံပဲ။ ငါ့အပြင် ဘယ်သူ့ကိုမှ မနှောင့်ယှက် မခြောက်လှန့်ပါဘူးလို့ ကတိပေးမှ နေရာထိုင်ခင်း ငါပေးနိုင်မယ်” ဟု စိတ်အရဲတင်းကာ လေသံမာမာ ပြောချလိုက်သည်။
“ကျွန်မ ကတိပေးပါတယ်ရှင်။ နေစရာနေရာ မြန်မြန်ပေးပါတော့။ အနောက်က ဟာကြီးတွေက ခြံထဲ ဝင်လာရကောင်းလားဆိုပြီး ကျွန်မကို လိုက်လိုက်ရိုက်နေကြလို့ပါ…”
ထိုအရိပ်မှိုင်းမှိုင်း ပြောဆိုသည့်အတိုင်းပင် ကျော်စွာက မလှမ်းမကမ်းနေရာသို့ လှမ်းကြည့်လိုက်လျှင် လူဝံနှင့် တူသော မည်းမည်းကြီး နှစ်ကောင်ကို အမှောင်ထုနှင့် ရောနှောစွာ တွေ့မြင်လိုက်ရ၏။ နေရောင် အကြွင်းအကျန်များ ကောင်းကင်ပြင်တွင် စိုးစဥ်းမျှ မရှိတော့သည့်အတွက် ခြံကြီးမှာလည်း ပတ်ဝန်းကျင်နှင့်အပြိုင် မှောင်ပိန်းကျနေပြီ ဖြစ်သော်လည်း တဲအတွင်း ဖွင့်ထားသော လျှပ်စစ်မီးလုံး၏ ဝါကြန့်ကြန့်အလင်းရောင် ထောက်ပံ့မှုကြောင့်သာ မယုံကြည်နိုင်ဖွယ်ရာ ထိုအရာများအား ကျော်စွာ တွေ့မြင်နေရခြင်း ဖြစ်သည်။
“ဟိုနားလေးက အပင်မှာ သွားနေ”
အနောက်က မည်းမည်းအကောင်ကြီးများကြောင့် ကမူးရှူးထိုး ဖြစ်နေသော အမျိုးသမီးသဏ္ဍာန် အရိပ်၏ အသည်းအသန် ခွင့်ပန်မှုကြောင့် ကျော်စွာလည်း ခြံအတွင်းရှိ အပင်များအား ဟိုဟိုသည်သည် ပြူးပြဲ လျှောက်ကြည့်ပြီးနောက် တွေ့ကရာ ပိန္နဲပင်တစ်ပင်အား လက်ညှိုးထိုးညွှန် ပြသကာ နေရာပေးလိုက်လေ၏။ ဤတွင် အမျိုးသမီးအရိပ်မှာ လျင်မြန်လွန်းသော အရှိန်ဖြင့် ပိန္နဲပင်အထက် လှစ်ခနဲ ပြေးတက်သွားလျှင် အမည်းတန်းတစ်တန်းသာ ကျော်စွာ တွေ့မြင်လိုက်ရသည်။
ထိုအချိန်တွင် နောက်ထပ် ကလေးအရိပ်တစ်ခုမှာ ကျော်စွာ ထိုင်နေရာ ကွပ်ပျစ်ကပ်လျက်သို့ ခြံတွင်းတစ်နေရာမှ အမြန် ပြေးထွက်လာပြီး…
“သမီးကိုလည်း နေရာတစ်ခုလောက် ပေးပါရှင့်။ နေစရာ မရှိလို့ပါ…” ဟု ငိုသံပါပါ ပြောဆိုလာခြင်းကြောင့် ကျော်စွာလည်း ကရုဏာသက်သွားခဲ့သဖြင့် အပင်တစ်ပင် ထပ်မံ ရွေးချယ်ပေးလိုက်ပြန်လျှင် အဆိုပါကလေးအရိပ်မှာ ပထမအမျိုးသမီးအရိပ်ကဲ့သို့ပင် လျင်မြန်သော အဟုန်ဖြင့် သူ့အတွက် နေရာထိုင်ခင်းဆီ ပြေးတက်သွားခဲ့ပြန်၏။
အပြင်မှ လာသည့် မကျွတ်မလွတ်သူများအား ယင်းသို့ နေရာထိုင်ခင်း ချပေးပြီးနောက်တွင် ခပ်လှမ်းလှမ်း၌ ရှိနေကြသော မည်းမည်းကြီးနှစ်ကောင်မှာလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ထိုအခိုက်…
“ငါ့ကော နေစရာ ပေးဦးမလားဟေ…” ဟူသော အသံကြီးတစ်သံမှာ တဲအတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့၏။
၎င်းအသံကြီးသည် ပုစွန်ကြော်များ တောင်းစားခဲ့သော ကွပ်ပျစ်နံဘေး သရက်ပင်အထက်က အကောင်အထည် မမြင်ခဲ့ရသော မိန်းမကြီး၏ အသံပင် ဖြစ်သည်။ ထို့ကြောင့် ကျော်စွာတစ်ယောက်လည်း မျက်မှောင်ကြုတ်လျက် အကာအရံမဲ့သော ရှေ့မျက်နှာစာမှတဆင့် တဲအတွင်းပိုင်းသို့ ချက်ချင်း လှည့်ကြည့်လိုက်လျှင် ဘုရားစင်ကပ်လျက်ရှိ ထုပ်တန်းပေါ်က ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုအား ထင်းထင်း,ရှင်းရှင်းကြီး တွေ့လိုက်ရချေတော့၏။ အကြောင်းကား ခန္ဓာတစ်ကိုယ်လုံးတွင် အမွေးအမှင် မည်းမည်း,ကြမ်းကြမ်းကြီးများ အုပ်ခြုံ,ဖုံးလွှမ်းလျက် ရှိသော ခပ်ဝဝ သရဲမကြီးတစ်ကောင်မှာ ထိုနေရာမှ ပြူးကျယ်လွန်းလှသော ၎င်း၏ မျက်လုံးအစုံဖြင့် သူ့အား စူးစိုက် ကြည့်နေခြင်းကြောင့်ပင်။
ကျော်စွာအနေဖြင့် လိပ်ပြာလွင့်ထွက်မတတ် ကြောက်လန့်သွားခဲ့မိသော်လည်း အရက်တန်ခိုးကြောင့်ဟု ထင်၊ အစောပိုင်းက တင်ကြို ကြုံတွေ့ခဲ့ရသော ထူးမခြားနား အံ့ဖွယ်ဖြစ်ရပ်များတွင် ပြင်ပမှ မကျွတ်မလွတ်သူ အချို့ကို နေရာထိုင်ခင်း ချပေးနိုင်စွမ်း ရှိခဲ့သည့်အတွက် မိမိကိုယ်ကိုယ် ဤခြံကြီးကို အစိုးရသူ ဖြစ်ကြောင်း စက္ကန့်ပိုင်းအတွင်း ဆင်ခြင်လိုက်နိုင်လျှင် သူ၏ သွေးများ ဆူပွက်လာခဲ့ပြီး ကွပ်ပျစ်နံဘေးက အိမ်တိုင်တစ်တိုင်တွင် ဆွဲချိတ်၍ထားသော လုံခြုံရေးလက်နက် ဓါးရှည်နှစ်ချောင်းအား ပြေးဆွဲယူကာ…
“ဟဲ့… မိစ္ဆာမ၊ ဘုရားစင်နားက အခုချက်ချင်း ဆင်းလိုက်စမ်း” ဟု ဟစ်အော် ငေါက်ငမ်းလျက် လက်ထဲမှ ဓါးတစ်ချောင်းဖြင့် ချိန်ရွယ် ပစ်ပေါက်လိုက်၏။
ထိုအခါ ဝဝတုတ်တုတ် သရဲမကြီးက ၎င်း၏ ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် ဖြတ်ခနဲ တိမ်းရှောင်ကာ တဲခေါင်လျောက်ဆီသို့ အိမ်မြှောင်ပမာ တွယ်ကပ်လိုက်ပြီးနောက် တဝူးဝူး,တဝါးဝါး ဟစ်အော်ကာ ဒေါပြင်းတကြီး သောင်းကျန်းတော့လေရာ ခြံစောင့်တဲတစ်ခုလုံးမှာ အဆက်မပြတ် တုန်ခါ,လှုပ်ခတ်သွားလေသည်။ သရဲမကြီး၏ ပါးစပ်မှလည်း…
“ဒီခြံကြီးမှာ ငါနေလာတာ ကြာလှပြီဟဲ့၊ ဘယ်ဟာကမှ ငါ့ဆို ကလန်ကဆန် မလုပ်ရဲခဲ့ဘူး။ ဒီခြံကြီးကို လူ့လောကမှာ နင်တို့ ပိုင်စိုးကြသလို ပရလောကမှာလည်း ငါစောင့်ရှောက်ရတာပဲ။ အခု ငါ့လောကက ကိစ္စတွေကို နင်နဲ့ မဆိုင်ဘဲ နင်ဝင်ရှုပ်တယ်။ အခုမှ ရောက်တဲ့ ဟာတွေက နင့်အားကိုးနဲ့ ငါ့ကို ပမာမခန့် လုပ်ကြတယ်။ မကျေနပ်ဘူးဟေ့၊ လုံးဝမကျေနပ်ဘူး…” ဟု အံတကြိတ်ကြိတ် ဆိုလျက် ကျော်စွာရှိရာ လှမ်းခုန်အုပ်တော့၏။
ကျော်စွာဆိုသည်မှာလည်း ဤအခါကျမှ ကြောက်လန့်တကြား ဖြစ်ကာ လက်ထဲ ကျန်သော နောက်ဓါးတစ်လက်အား မိမိ၏ ဘေးဘီဝဲယာသို့ ပစ်စလက်ခတ် ဝှေ့ယမ်းလျက် ခြံအတွင်းမှ အော်ကြီးကုလားပူ ထွက်ပြေးရချေသည်။
အနောက်သို့ ပြန်လှည့်မကြည့်ရဲလောက်အောင်ပင် ခြံအပြင်က ကားလမ်းအတိုင်း အူယားဖားယား ထွက်ပြေးခဲ့လေရာ အတော်အတန် ခပ်လှမ်းလှမ်းသို့ ရောက်လတ်သောအခါ ထိုအနီးတဝိုက်တွင် နေထိုင်သော အသိမိတ်ဆွေတစ်ယောက်နှင့် ကံအားလျော်စွာ တွေ့ဆုံရလေသည်။ သို့နှင့် ထိုလူ့ အကူအညီဖြင့် ဆိုင်ကယ်တစ်စီး လိုက်လံ ငှားယူကာ မြို့အတွင်းပိုင်းရှိ မိမိ၏ နေအိမ်ဆီ ကျော်စွာ ခရီးအသော့နှင်ခဲ့တော့၏။
အိမ်သို့ ပြန်လည်ရောက်ရှိသောအခါ မိသားစုအား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သဖြင့် ကျော်စွာ၏ ဖခင်ဖြစ်သူ ဦးသိန်းလှိုင်မှာ မိမိခြံကိစ္စအတွက် ရတက်မအေးလျက် ရှိရကား ဘုရားစင်မှ စိပ်ပုတီးတစ်ကုံး၊ ပရိတ်ရေတစ်ပုလင်းတို့ကို ယူဆောင်လိုက်ပြီးနောက် သားဖြစ်သူနှင့် အလုပ်သမားတစ်ဦးတို့ကို ဦးဆောင်ကာ ခြံကြီးရှိရာဆီ ညတွင်းချင်းပင် ထွက်ခွာလာခဲ့တော့သည်။
မြို့အပြင်ရှိ မိမိတို့ သရက်ခြံကြီးသို့ ဆိုက်ရောက်ကြသောအခါ ညအကာလမှာ နောက်ကျလှပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်တခွင်သည် ဆိတ်ငြိမ်လျက်သား ရှိနေသည်။ တဲအတွင်းရှိ တစ်ခုတည်းသော လျှပ်စစ်မီးလုံးမှာလည်း အဘယ်ကြောင့်မှန်း မသိ၊ ထွန်းလင်းနိုင်စွမ်း အလျဉ်းမရှိတော့လျှင် ဦးသိန်းလှိုင်တို့ သုံးဦးသား ကိုင်ဆောင်ထားကြသော လက်နှိပ်ဓါတ်မီး အလင်းရောင်များမှအပ ခြံကြီးတစ်ခုလုံးသည် မှောင်အတိကျနေတော့၏။ ကျော်စွာ ကြုံတွေ့ခဲ့ရသော သရဲမကြီးနှင့်တကွ အခြားသော နာနာဘာဝဆိုသည်များကိုလည်း အလျဉ်း မတွေ့ရှိရပေ။ ခြံစောင့်ခွေးများသည်လည်း ထူးဆန်းစွာပင် ကြက်ပျောက်,ငှက်ပျောက် ပျောက်နေကြပြန်၏။ ဦးသိန်းလှိုင်သည် မိမိ၏ ခြံအနေအထားကို ခေတ္တလှည့်လည် အကဲခတ်လိုက်ပြီးနောက် တဲရှေ့နားလောက်တွင် ကျော်စွာတို့အား ထင်းခြောက်တုံးများ ရှာဖွေ စုပုံစေကာ မီးဖိုခိုင်းလိုက်သည်။
ဤသို့ဖြင့် မိနစ်ပိုင်းမျှ အကြာတွင် ထင်းမီးပုံတစ်ခု ဖြစ်ပေါ်လာကာ တဲရှေ့ အနီးတဝိုက်တွင် လင်းထိန်လာခဲ့၏။ ထို့နောက် ဦးသိန်းလှိုင်သည် စိပ်ပုတီးကို လည်မှာ ဆွဲလျက် ဂါထာမန္တရားများအား နှုတ်တိုက် သရဇ္စျာယ်ရင်းဖြင့် အတန်ကြာသောအခါ သရဲမကြီး ပုစွန်ကြော်များ တောင်းစားခဲ့သည်ဟူသော တဲကပ်လျက်က သရက်ပင်ကြီးဆီ ဦးတည် လျှောက်လှမ်းသွားပြီးလျှင် ထိုနေရာတွင် ရပ်တန့်လိုက်လေသည်။ ပြီးလျှင် အပင်ကြီးအား ခြေဆုံး,ခေါင်းဆုံး အကဲခတ်နေရင်း အပင်ထိပ်ဖျားသို့ အကြည့်အရောက်တွင် ဦးသိန်းလှိုင်သည် ထိတ်လန့်ဖွယ်ရာ တစုံတရာအား တွေ့မြင်လိုက်ရဟန်ဖြင့် မျက်လုံး,မျက်ဆံများ ပြူးကျယ်သွား၏။ သို့နှင့် တဆက်တည်းတွင် အသင့်ပါသော ပရိတ်ရေပုလင်းထဲမှ ရေစက်မှုန်များဖြင့် သရက်ပင်ကြီးအား လှမ်းတောက်လိုက်လေသည်။
ထိုအခိုက်တွင်ပင် ယင်းသရက်ပင်ထက်က မည်းမည်းကြုတ်ကြုတ်အဆင်း ရှိသည့် အရာကြီးတစ်ခုမှာ တော်တန်ရုံ စိတ်မခိုင်ပါလျှင် သည်းခြေပျက်သွားစေနိုင်လောက်သော အသံသြသြကြီးများ ပြုလုပ်ကာ ခြံအတွင်းမှ အပင်ကြီး,ငယ် အသွယ်သွယ်သို့ မျောက်တစ်ကောင်ပမာ လိုက်လံ ပစ်ခုန်ကူးလေတော့၏။ သို့နှင့် ၎င်းအရာကြီး တဖြစ်လဲ သရဲမကြီးဆိုသည်မှာ ဖော်ပြပါအတိုင်း တဲအနီးပတ်လည်တဝိုက် လှည့်ပတ် ခုန်ပျံနေရာက အခါတပါးတွင် အမြင့်ဆုံးသော သရက်ပင်ကြီးတစ်ပင်ပေါ်၌ အရှိန်တန့်လိုက်ပြီးနောက် ထင်းမီးပုံ၏ တည့်တည့်ဆီ ခုန်အုပ်ချလိုက်ချေသည်။
ဤအခါ ထင်းမီးပုံမှာ ရုတ်ချည်း ငြိမ်းသေကာ မှောင်အတိကျသွားခဲ့သောကြောင့် ဦးသိန်းလှိုင်တို့ သုံးဦးသားသည် ထိုသို့ စက္ခုအာရုံ ချို့ယွင်းသွားသည့် အခြေအနမျိုးတွင် ဘာလုပ်၍ ဘာကိုင်ရမည် အတပ်မသိ၊ အလွန်အမင်း ထိတ်လန့်သွားကြရ၏။
ထိုစဥ် သရဲမကြီး၏ တခိုးခို,တခစ်ခစ်နှင့် လှိုက်ရယ်သံကြီးအပါအဝင် လူတစ်ယောက်၏ ငယ်သံပါအောင် အော်ဟစ် ညည်းတွားသံ၊ အပြန်အလှန် လုံးထွေး သတ်ပုတ်သံများက ဟိုဟိုသည်သည် ထွက်ပေါ်လာသဖြင့် ဦးသိန်းလှိုင်တို့ သားအဖလည်း လက်နှိပ်ဓါတ်မီးများဖြင့် လိုက်လံ ထိုးကြည့်မိကြလျှင် မြေပြင်ပေါ်တွင် တစ်ကိုယ်တည်း လူးလွန့်လျက် ရှိနေသော အလုပ်သမားကို တွေ့မြင်ကြရလေသည်။ ဤတွင် အခြေအနေ ပြေးကြည့်ကြလျှင် အလုပ်သမားမှာ ခန္ဓာတစ်ကိုယ်လုံး ဖြူရော် အေးစက်နေသည့်အပြင် မျက်ဖြူများပင် စိုက်လျက်ရှိ၏။
ယင်းကြင်အင် လက္ခဏာများကို ထောက်ချင့်ရခြင်းအားဖြင့် အလုပ်သမားခမျာ သရဲမကြီး၏ ဝင်ရောက် ပူးကပ်ခြင်းကို ခံလိုက်ရရှာပြီ ဖြစ်ကြောင်း ဦးသိန်းလှိုင်က ရိပ်စားမိလိုက်လျှင် ယင်းအလုပ်သမားအား ကျော်စွာနှင့်အတူ အမြန်ပွေ့ချီကာ ခြံစောင့်တဲပေါ် ရွှေ့ပြောင်းကြလေသည်။ ထို့နောက် တဲအတွင်းက ဘုရားစင်ရှေ့ ရောက်သော် အကြောဆွဲသယောင် ဖြစ်လာသော အလုပ်သမားကို ဦးသိန်းလှိုင်သည် သူ့ပုတီးကုံး ပြောင်းစွပ်ပေးလိုက်ပြီး ပရိတ်ရေစက်များဖြင့် တောက်လျက် အောက်ပါအတိုင်း အမေးအမြန်း လုပ်ချေတော့၏။
“ကိုင်း… ဟေ့၊ ဒီမယ် မှန်မှန်ပြောစမ်း။ နင်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့်များ ငါ့ခြံထဲမှာ ရှိနေရတာလဲ”
“အမယ်လေး… ပူတယ်ဟဲ့၊ ပူတယ်။ ငါ့ကို ရွာပြန်သွားတဲ့ နင်တို့ရဲ့ ခြံစောင့် သိတယ်။ ဒီခြံထဲမှာ ငါက အကြီးဆုံးပဲ။ ဒီမှာ ငါနေလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ အရင် ခြံပိုင်ရှင်ဟောင်းတွေက ဒီခြံကို စောင့်ရှောက်ဖို့အတွက် ငါ့ကို မွေးခဲ့ကြတာပဲ…”
“အဲဒါဆိုရင် ဘယ့်နှယ် ကောင်းကောင်းမနေဘဲ အခုလိုတွေ ခြောက်လှန့် နှောင့်ယှက်နေရသလဲ၊ ပြောစမ်း”
“နင့်သားက ငါ့ကိစ္စတွေ ဝင်ရှုပ်လို့ဟေ့။ အခု နင့်သားကြောင့် တစ်ခြံစလုံးက ငါ့ကို မခန့်လေးစား ဝိုင်းလုပ်ကုန်ကြပြီ။ အရင်လို ငါ့အမိန့်လည်း ဒင်းတို့ မနာခံချင်ကြတော့ဘူး…”
“အေး… အဲဒါ ကောင်းတယ်။ လက်ရှိအချိန်မှာ ခြံပိုင်ရှင်က ငါဖြစ်တဲ့အတွက် ငါက လွဲပြီး ဒီခြံကြီးမှာ ဘယ်သူ့ ဩဇာ,အာဏာကမှ သက်ရောက်မှု မရှိစေရ။ နင်လဲ ဒီခြံကြီးထဲမှာ အခုက စပြီး နေထိုင်ခွင့် မရှိစေရ”
“အောင်မာ… ဒီခြံကြီးထဲ ငါလဲ မနေချင်တော့ပါဘူး။ ဒါပေမယ့် ကြီးစိုးခဲ့သူအနေနဲ့ အပြီးအပိုင် ငါထွက်သွားဖို့ဆိုရင် လူစားလဲဖို့ လိုတယ်ဟဲ့။ အဟီး ဟီး ဟီး…”
“ဒီစကား ဆိုလိုရင်းက ဘာလဲ။ ဘာကို လူစားလဲဖို့ လိုတာလဲ”
အမေး,အဖြေကဏ္ဍသည် ဤတွင် ပြီးဆုံးပြီ ဖြစ်၏။ ဦးသိန်းလှိုင် မေးမြန်းလိုက်သော နောက်ဆုံးမေးခွန်းအား အလုပ်သမားကို ဝင်ပူးထားသော သရဲမကြီးက နှုတ်စကားဖြင့် မဟုတ်မူဘဲ ထိတ်လန့်ဖွယ်ရာ နည်းလမ်းတစ်ခုဖြင့် ပြန်လည် အဖြေပေးလိုက်လေ၏။
ထိုင်လျက် အနေအထားမှ အရုပ်ကြိုးပြတ်သည့်နှယ် ဆတ်ခနဲ ခွေခေါက် လဲကျသွားသော အလုပ်သမား၏ အဖြစ်ကို မြင်တွေ့လိုက်ရပြီးနောက် ဦးသိန်လှိုင်တို့ သားအဖမှာ တစ်ယောက်ကိုတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုမိလိုက်ကြသည်။ ထိုမှတဖန် သူတို့နှစ်ဦးသည် မလှုပ်မယှက် ငြိမ်သက်နေသော အလုပ်သမားဆီ မမှိတ်မသုန် ပြန်လည် စိုက်ကြည့်နေမိကြ၏။ မိမိတို့ တွေးထင်မိသည့်အတိုင်း မဟုတ်ပါစေနှင့်ဟုလည်း ကိုယ်စီတောင်းဆု ပြုမိကြသည်။ သို့သော်လည်း သူတို့၏ ဆုတောင်းများမှာ လုံးဝ မပြည့်ဝနိုင်ခဲ့ပါချေ။
အထက်ပါ ပြဿနာရပ်များ ဖြစ်ပျက်ခဲ့ပြီးနောက်တွင် ရင်ခွဲရုံ၏ ဆေးစစ်ချက်အရ ဦးသိန်းလှိုင်တို့၏ အလုပ်သမားသည် ထိုညက ‘Heart Attack’ ဖြစ်ကာ အသက်ပျောက်ခဲ့ရသည် ဟူ၏။
ထိုအချိန်မှ စ၍ သရဲမကြီး၏ ခြောက်လှန့် နှောင့်ယှက်မှု မရှိတော့သော်လည်း ကြားက အသက်ပေးဆပ်ခဲ့ရရှာသည့် အလုပ်သမားနှင့် ပတ်သက်၍ မိမိတို့၏ ပယောဂမကင်းဟု ဦးသိန်းလှိုင်တို့က ယူဆကြလျှင် လူစားလဲခံခဲ့ရပုံ ပေါ်သည့် ကွယ်လွန်သူအား သရက်ခြံကြီးအတွင်းမှ ကျွတ်လွတ်စေရန်နှင့် ကောင်းရာဘုံဘဝသို့ ရောက်ရှိစေရန်အလို့ငှာ အလှူအတန်းများအား နှစ်စဉ်မပြတ် ပြုလုပ်ပေးလေ့ ရှိကြသည်။ ထို့အပြင် အလုပ်သမား၏ ကျန်ရစ်သူ မိသားစုကိုလည်း သရက်ခြံကြီးအတွင်း နေရာထိုင်ခင်း ပေးကာ ဦးသိန်းလှိုင်တို့မှ ကြည့်ရှု စောင့်ရှောက်ထားလေသတည်း။
ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်