သပြေကုန်းရွာဦးဖိုးသာ

*သပြေကုန်းရွာ ဦးဖိုးသာ*📖📖📖(စ/ဆုံး)

***************************************

သပြေကုန်းဟူသော ရွာကလေးက လေးမျက်နှာ
မြို့နယ်လေးထဲတွင်ရှိလေသည်။ ဦးဖိုသာသည်
ဒေါ်အေးသန့်ဟူသော သပြေကုန်းရွာသူတစ်ဦးနှင့်
အကြောင်းပါ အိမ်ထောင်ရက်သားကျရင်း ယော
က္ခမမိဘများ ပိုင်ဆိုင်သည့် လယ်ယာမြေများ
ကို ဦးဆောင်ရင်း လုပ်ကိုင်နေထိုင်သည်။

အိမ်ထောင်သက်(၅)နှစ်ခန့် ကြာသည့်အခါတွင်
တော့ ကိုမြင့်ကျော်ဟူသော သားလေးတစ်ယောက်
နှင့် နောက် (၃)နှစ်ခန့်တွင် မရွှေအိဟူသော သမီး
လေးတစ်ယောက် ကိုပါ ထွန်းကားရင်း ဦးဖိုးသာ၊
ဒေါ်အေးသန့်တို့ဘဝ သည် သာယာအေးချမ်းခြင်း
အတိနှင့် ကြည်နူးသာယာဖွယ် ရှိခဲ့လေသည်။

လယ်ဝိုင်းလေးတစ်ခုကို ထွန်ရေးစပ်အောင်
မောင်းနှင်ရင်း အတန်ကြာမှ ဒေါ်အေးသန့်လာ
ပို့သည့် သရေစာထမင်းကြမ်းလေးများကို စား
ရန် ထွန်ကိုရပ်လိုက်သည်။

“ကိုဖိုးသာ ရေနွေးကြမ်းလေးပူတုန်း စားလိုက်
ပါတော့”

“သြော်… အေးအေး”

လယ်ကန်သင်းဘေး ရေကြည်ကွက်သာလေး
တစ်ခုသို့ ဆင်း၍ ခြေလက်များကို ဆေးကြော
သန့်စင်လိုက်ပြီးမှ မအေးသန့်စောင့်နေသည့်
လယ်ကန်သင်းထိပ်သို့ တစ်လှမ်းချင်း လှမ်း၍
လာခဲ့သည်။

“ဒီရေနေ ရေထားအတိုင်းဆိုရင်တော့ လပြည့်
ကျော်လောက်ဆိုရင် စိုက်နိုင်မယ်ထင်တယ်
အေးသန့်”

“သေချာရဲ့လား ကိုဖိုးသာရယ် ဟုတ်မှလည်းပြော
ပါ၊ တော်ကြာ ကျုပ်က ခင်မေတို့ ကောက်စိုက်သ
မတွေကို ရက်ချိန်းပေးပြီးမှ ကိုယ့်ဘက်က အ
ဆင်မပြေရင် စကားတွေ ပျက်ကုန်ပါ့မယ်”

“သေချာသလောက်ရှိပါတယ် မအေးသန့်ရယ်
ထောင်ထားတဲ့ ပျိုးကလည်း စိုက်ရက်တွေတောင်
ကျော်နေပြီ ဒီလယ်ဝိုင်းကလေးပြတ်ရင် ဟို
အောက်ကျင်းလယ်တွေကစပြီး တမန်းဆွဲဖို့
လုပ်တော့မယ်”

နေကို ကြည့်တော့ ပြာနှမ်းသောမိုးသားတိမ်ထု
တွေကြားက တစ်ချက်တစ်ချက် ပြူတစ်ပြူတစ်၊
နေရောင်ဟူ၍ မမြင်ရသော်လည်း မှုန်ဝါးသော
လတစ်စင်းကဲ့သို့နှယ့် နေလုံးကိုတော့ မြင်ရ၏။

“ကဲ ကဲ မင်းလည်းပြန်တော့ သားနဲ့သမီးလည်း
ရှိသေးတယ် ငါလည်း နာရီပြန် တစ်ချက် နှစ်
ချက်လောက် အထိတော့ ထွန်လိုက်အုံးမယ်”

ထမင်းတောင်းလေးကို ခေါင်းပေါ်ရွက်၍ ပြန်
သွားသော ဇနီးသည် မအေးသန့်ကို ကိုဖိုးသာ
တစ်ချက်ကြည့်လိုက်ရင်းက ရပ်ထားသော
ထွန်လေးဆီသို့ တရွေ့ရွေ့လှမ်း၍ သွား၏။
နွားနှစ်ကောင်သည် ဖြုတ်များကိုက်၍ တဂွမ်း
ဂွမ်းခြေဆောင့်ကာ အမြီးများယက်လျက်ရှိ
ကြသည်။ လယ်ဝိုင်းကလေးကို ကျော်၍ ဒေါင်း
စပ်လယ်ကလေးတစ်ခုကို ပြောင်းရွှေ့ရင်း
နွားနှစ်ကောင်အား မောင်းကာ ထွန်ချက်ကို
စလိုက်မိတော့သည်။
xxxx

အနောက်စူးစူးမှ တရိပ်ရိပ်တွား၍ တက်လာနေ
သော မိုးရိပ်မိုးသားတို့ကို ကြည့်ရင်း ကိုဖိုးသာ
တစ်ချက် ပြုံးလိုက်သည်။ သြော် တကယ်တော့
လည်း လယ်သမားယာသမားဘဝ ဆိုသည်မှာ
ဥတုရာသီ တောကိုမှီ ဟူသော စကားကဲ့သို့ ရာ
သီဥတုဟူသော ပင်မအကြောင်းအရာတစ်ခုအ
ပေါ် အခြေခံလျှက်ရှိသည်။ လုံ့လဥဿ အ
ဘယ်မျှ ကောင်းကောင်း၊ ရာသီဥတု မညီညွတ်
ပါက အခြေအနေကောင်းတစ်ခုကို မကြုံရ။

အရာရာ ညီညွတ် မျှတမှသာ အခြေအနေကောင်း
တစ်ရပ်က ဆိုက်ဆိုက် မြိုက်မြိုက် ဆိုသလို ရရှိ
လာနိုင်၏။ မကြာခဏဆိုသလို ယောက္ခမဖြစ်သူ
ဦးဖိုးလူလည်း…

“ဖိုးသာ ငါ့မြေးလေးလည်း ရှင်ပြုရမဲ့အရွယ်
ရောက်နေပြီ တို့ကလည်း အသက်ကြီးပြီ၊ ဒီ
တစ်နှစ် နှစ်နှစ်အတွင်း ရှင်လေးပြုနိုင်အောင်
ကြိုးစားကွာ”

ဟူသော စကားက နားထဲသို့ တရစပ်ကြားနေ
မိသည်။ သက်ပြင်းမောတစ်ခုကို ခပ်ပြင်းပြင်း
မှုတ်ထုတ်လိုက်ရင်းက အိမ်နောက်ဖေး နွားတင်း
ကုတ်လေးဆီသို့ ဆင်းလာခဲ့သည်။

‘သြော် တကယ်တော့လည်း ခုခေတ်ခုအခါက
လှူဖို့ တန်းဖို့ ဆိုတာ တော်တော်မလွယ်ကူတဲ့
ကိစ္စ၊တော်ရုံတန်ရုံစီးပွားရေး ကောင်းပုံနဲ့တော့
လှူဖို့ ဆိုတာ မလွယ်ဘူး၊ အင်းဘဲဖြစ်ဖြစ်
ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်တဲ့ ကြိုး
စားရင် တစ်နေ့တော့ ဖြစ်လာရမှာပေါ့”

အသံမဲ့စကားလေးတစ်စုံဖြင့် မိမိကိုယ်ကို မိမိ
အားပေးရင်း တင်းကုပ်ထဲမှ မြိုင်ညိုနှင့် ဂုတ်
ကြီးနွားနှစ်ကောင်ကို ချည်တိုင်မှ ဖြုတ်ကာ
တံပိုးတွင်တပ်ရင်း ဘွဲ့ချင်ကန်းလယ်ကွင်းလေး
ဆီသို့ တရွေ့ရွေ့ထွက်လာခဲ့သည်။

မှောင်မည်းအုံပြနေသော မိုးတိမ်တို့က ထို
အခိုက် တသည်းသည်း ကျရောက်လာကြ
သည်။ မနှစ်ကဆိုရင်လည်း လယ်တွေက
ကောင်းလိုက်တာမှ အိလို့။ အင်း၊ ဒါပေမယ့်
ဝါခေါင်လလောက်မှာ အထက်ဘက်က ရေ
ကာတာကြီး တစ်ခုကျိုးလို့ အောက်ကွင်း
တွေ အနှံ့ ရေလွှမ်းမိုးခြင်း ခံကြရတယ်။

စကောစကကာလကြီးမို့ ပျက်စီးကုန်တဲ့
စပါးတွေအစား ပျိုးပြန်မထောင်နိုင်ကြဘူး၊
ပြီးတော့လည်း ရေကြီးပြီး ရေပြန်မကျတာ
ရက် (၂၀)လောက်နီးပါးတိတိ။ လယ်သူ
တွေ လူတိုင်းကိုယ်စီ အပူတွေက တသီတ
မနဲ့ ဝမ်းစာစပါးဆိုတာတောင် ဆယ်ဦးတစ်
ဦးသာသာလောက် ရကြတယ်။

ဒီအထဲကံဆိုးစွာ ဝမ်းစာမထည့်နိုင်တဲ့ သူ
တွေထဲမှာ ကျုပ်က ပါတယ်။ အင်း အခြေ
အနေ မသာတော့လည်း အဖြေဆိုတာ ရှာ
ရပြန်တာပေါ့။ ကျုပ်နဲ့ မအေးသန့် မဂ်လာ
ဦးက လက်ဖွဲ့နားတောင်းလေး အပြီးရောင်း
လို့ ဝမ်းရေးကို လွမ်းတေးနဲ့ ဖြေရှင်းခဲ့ရတယ်

အင်း အခုနှစ် ဒီဟာဖြစ်လိုက် ဟိုဟာဖြစ်လိုက်
နဲ့ ရွာဦးကျောင်းဆရာတော် ဦးသာသနာ့ဆီ
ဗေဒင်ယာယီ လေးများမေးရင်း သွားလျှောက်
တော့ နှစ်စုံကျနေတယ်ဆိုလား။

ဒါတောင် သားနဲ့သမီးက ကျန်းမာရေးကောင်း
လို့တော်သေးတာ။ အတွေးကွန်ယက်မည်မျှ
ဖြန့်ကြက်နေခဲ့သည်မသိ၊ ရွာမြောက်ပိုင်းရွာ
ဦးကျောင်းမှ အုန်းမောင်းခေါက်သံ ၁၂ချက်
ကြားလိုက်ရသည်။ ဤအချိန်သည် နာရီကြည့်
စရာမလို အထုံကလေးတစ်ခုကို မြိုင်သိုနဲ့
ဂုတ်ကြားနွားနှစ်ကောင်သည်လည်း ထို
အုန်းမောင်းသံကြားက ရပ်လျက်နေတော့
သည်။ တိစ္ဆာန်သည် သဘာဝကိုပိုနားလည်
သည်။

အုန်းမောင်းသံ ကြားက ဆက်၍မောင်းမရ
တော့၊ မည်မျှရိုက်နှက် နေသည်ဖြစ်စေ၊ ပေ
၍ သာနေလေတော့သည်။ ထို့နောက် လယ်
ကန်သင်းလေးဘေးသို့ ထွန်တုံးကိုမြှောက်
၍ ရပ်လိုက်ရင်း နွားနှစ်ကောင်ကို ဖြုတ်
ကာ ထမင်းပို့လာမည့် ဇနီးသည်မအေးသန့်
ကို တစ်ချက်မျှော်လိုက်ရင်း ကင်ပွန်းတန်း
ဗျိုက်တောစပ်သို့ နွားနှစ်ကောင်ကို ဆွဲကာ
ထွက်လာခဲ့သည်။

xxxx

တစ်ခါတစ်ခါများတွင်တော့ နွမ်းယဲ့ယဲ့မျက်
နှာလေးနှင့် မိမိကို ကြည့်ရင်း မအေးသန့်တစ်ယောက် စကားဆိုသည်။

“ကိုဖိုးသာရယ် ရှင့်ကြည့်ရတာလည်း ကျုပ်
သနားလှပြီ ခုဆို ဘာပြောပြော ရှင်အသက်
(၅၀)ထဲဝင်လာပြီ၊ သက်သောင့်သက်သာ
အလုပ်လေးတစ်ခုကိုပဲ လုပ်စေချင်တော့
တယ်”

“ဒါတော့ ဒါပေါ့ အေးသန့်ရယ် ဒါပေမယ့်လည်း
တို့မှာက တခြားအလုပ်လုပ်ဖို့ဆိုတာ ငွေကြေး
က မပြည့်စုံ၊ ဒီတော့လည်း ဒီလယ်ဒီယာက
လွှဲလို့ ဘယ်အလုပ်ကို လုပ်စားမလဲ တစ်နေ့နေ့
တော့ ကံအကြောင်းအခွင့်သာလာဦးမှာပေါ့ကွာ”

အသက်လေးတွေ ကိုယ်စီရလာကြပေမယ့် မိသား
စုစီးပွားရေးဆိုသည်က ဒေါင်ဒေါင်မြည်မကောင်း
လှ။ သားနဲ့သမီးကလည်း ကျောင်းပညာရှာနေကြ
သည့်အရွယ် ကောင်းကောင်းလက်မလွတ်သေး၊
ဒီကြားထဲ မအေးသန့်က အရင်နှစ်တွေလို ကျန်း
မာရေးမကောင်း၊ တပိန်ပိန်တလိန်လိန် တရှောင်
ရှောင်နဲ့၊ မြို့ပြဆိုတာမျိုးတွေအထိသွားပြီး ကု
သဖို့ဆိုတာမလွယ်။

ဗေဒင်ယာယီလေးမေးလိုက် ဆေးမြီးတိုလေး
တွေကို စားလိုက်နဲ့ မတ်တတ်နာ နာနေခဲ့တာ
ကြာပေါ့။ ကံကြမ္မာတရားဟူသောအရာက
ဆန်းကြယ်သည်။

နက်နဲမှုများစွာ ဖြင့် ထုံမွှမ်းပြည့်ဝနေတတ်သလို ကြောင်တစ်ကောင်ကဲ့သို့လည်း ပိရိ​သေသပ်စွာ
လက်သည်းဝှက်၍ထားလေ့ရှိသည်။ မိမိမှာလည်းလဆန်းရက်လေးများ ရောက်ရှိပါက မိမိလယ်
ကလေးကို အချိန်မှီစိုက်ပျိုးနိုင်ရန် အားသွန်
ကြိုးပမ်းလျက်ရှိသည်။

ထိုနေ့က မှတ်မှတ်ရရ မအေးသန့်လာနေကျအ
ချိန်ထက် (၁)နာရီခန့် စော၍ လယ်ကွင်းလေးထဲ
သို့ ထမင်းပို့ရန် လိုက်လာသည်။ မိမိတို့ဇနီးမောင်
နှံ ချက်ပြုတ်လာသော ထမင်းလေးများကို စား
သောက်ကြ၍ မိမိမှာလည်း လယ်ကလေးများ
ကို တမန်းဆွဲလျှက်ရှိသည်။ မအေးသန့်မှာ
မြက်ကောက်လျက်ရှိသည်။

အစကပင် တရှောင်ရှောင်နှင့် ကျန်းမာရေးမ
ကောင်းသော မအေးသန့် မိုးရေထဲတွင်(၃)နာ
ရီကျော်ကျော်ခန့်မျှ ကြာညောင်း၍ အအေး
များပတ်၍သွားသည်။ ညနေ (၄)နာရီသာသာ
တွင်တော့ မအေးသန့် ထမင်းတောင်းလေးကို
သယ်ဆောင်၍ အိမ်သို့ ပြန်သွားသည်။ (၆)နာ
ရီ မှောင်ပျပျအချိန် မိမိအိမ်သို့ ပြန်လာသည့်
အခါတွင်တော့ ယောက္ခမ မိဘများနှင့် သား
သမီးတို့က မအေးသန့်ကို ဝိုင်း၍ နှိပ်နယ်ရင်း
မေးခေါ်နေကြသည်ကို တွေ့ရသည်။

“ဟဲ့ ဘာတွေဖြစ်နေကြတာလဲ သမီး”

“ဟင် အဖေပြန်လာပြီ၊ အဖေ အမေ ဘယ်
လိုဖြစ်တာလဲ မသိဘူး၊ လုပ်ပါအုံးအဖေရဲ့
အမေ့ကို လုပ်ပါအုန်း”

“ဟဲ့ ဖယ်စမ်း၊ ဖယ်စမ်း၊ မအေးသန့် မအေး
သန့်”

ကိုဖိုးသာ ခေါ်တော့မရ။

“ဟာ လေဖြတ်သွားပြီထင်တယ်”

“သမီးကျောင်းက ပြန်လာတော့ ငါသိပ်နေ
မကောင်းဘူး၊ ခေါင်းတွေလည်းမူးတယ်။
ရင်ထဲမှာလည်း တစ်မျိုးကြီးပဲသမီးလို့ ပြော
တယ် ဒါနဲ့ သမီးလည်း သွေးဆေးလေးတစ်
ခွက်ကို အမေ့တိုက်ပြီး ကုလားထိုင်ပေါ်မှာ
ထိုင်ပြီးထားလိုက်တယ်။ သမီးထမင်းချက်
ဖို့ မီးဖိုလေးထဲမှာ ဆန်ဆေးနေတုန်း သမီး
သမီးနဲ့ ခေါ်သံကြားလို့ ထွက်လာတော့ ကု
လားထိုင်ပေါ်မှာလဲနေပြီး မေးမရ ခေါ်မရ
ဖြစ်နေတဲ့အမေ့ကို တွေ့ရတာပဲ အဖေ”

“ကဲ ကဲ မြို့ဆေးခန်းကို သွားဖို့ပြင်ကြ ပြင်ကြ”

ရွာသူရွာသားတချို့နှင့်အတူ ဟသ်ာတမြို့ပေါ်
သို့ ပြသရန် ကိုဖိုးလူ အမြန်ဆုံးစီစဥ်ရသည်။
ဟသ်ာတမြို့ဆေးခန်းလေးသို့ ရောက်ရှိတော့
ဆရာဝန်က သေချာစွာ စမ်းသပ်ကြည့်နေသည်။

“လူနာနာမည်က”

“မအေးသန့်ပါ ဒေါက်တာ”

“ဒါနဲ့ ခင်ဗျားက မအေးသန့်ရဲ့ အမျိုးသားလား”

“ဟုတ်…ဟုတ်ပါတယ်ဒေါက်တာ”

“စိတ်တော့ ခိုင်ခိုင်ထားပါ။ လူနာ သွေးပေါင်
တွေ တအားတက်ပြီး ဦးနှောက်သွေးကြော
ပေါက်သွားတာပါ။ ကျတော် အကောင်းဆုံး
ဆေးတွေ ထိုးပေးလိုက်ပါ့မယ်၊ လူနာကို ဒီ
မှာ ထားမလား၊ ဒါမှမဟုတ် ပြန်ခေါ်သွားမ
လား ၊ မျှော်လင့်ချက်ကတော့ အတော့်ကို
နည်းသွားပါပြီ”

“ဖြစ်မှ ဖြစ်ရလေ မအေးသန့်ရယ်”

ထို့နောက် မကြာတင်မီ ကာလရက်ပိုင်းလေး
များတွင်သာ မအေးသန့် တစ်ယောက် လူ့လော
ကကြီးမှ အပြီးအပိုင် ခွဲခွာသွားလေတော့သည်။
ဘဝတူသော ကာလလေးတစ်ခုထဲမှာ မအေး
သန့် တစ်ယောက် ကောက်ခါငင်ခါ ထွက်ခွာ
တော့ ဘာလုပ်ဘာကိုင်ရမှန်း ကိုဖိုးသာ ဘာမှ
မသိ အပူဗျာပါဒမီးတွေက တစ်ပုံတစ်ပင်
ကျန်ရစ်ခဲ့ကြသော သားလေးမြင့်ကျော်က
ဆယ်နှစ် ၊ သမီးလေးမရွှေအိက ဆယ်သုံးနှစ်။

ဥမမယ်စာမမြောက် ဟိုမရောက် သည်မရောက်
ဘဝတွေနှင့် သည်လိုနှင့် မအေးသန့်စျာပန မြေ
ကျပြီးတော့ ပူဆွေးနေဖို့အချိန်မရ စိုက်ရက်
စိုက်ချိန်လေးများ ရောက်နေသည့် မိမိလယ်က
လေးကို အချိန်မီစိုက်နိုင်ရန် ခရီးဆက်ရပြန်သည်

တကယ်တော့လည်း ဘဝတစ်ခုသည် လှိုင်းတံ
ပိုးလေးကဲ့သို့ ရုတ်ချည်း ကျရောက်ကွဲ​ကြေရင်း
ကံကြမ္မာတရားတစ်ခု၏ ရိုက်ချက်များက အငြိုး
ကြီးမားစွာ ကျရောက်ခဲ့ရပြန်သည်။

xxxxx

ဒီနေ့ ကိုဖိုးသာလယ်ကလေးမှ ပြန်လာတော့ မိုး
ပင်စုပ်စုပ်ချုပ်နေပြီး သားနှင့်သမီးမှာ ညစာမစား
ကြသေး၊ အဖေလုပ်သူကို စောင့်လျက်ရှိ၏။

“အဖေ မိုးချုပ်လှချည်လား”

“ဟုတ်တယ်သမီး မနေ့က နယ်ထားတဲ့ ကော်ပြန့်
လေးကို ပြီးအောင်ဖော်နေလို့ ကဲ ကဲ သားနဲ့သမီး
တို့ ထမင်းဆာနေကြရောပေါ့ ထမင်းစားကြရ
အောင်”

ထို့နောက်တွင်တော့ သားအဖ (၃)ယောက် ထမင်း
ဝိုင်းလေးတွင် ထိုင်ကြရင်း ထမင်းစားကြသည်။

“သြော် ဘာလိုလိုနဲ့ ရှေ့လဆိုရင် မအေးသန့်ဆုံး
တာ တစ်နှစ်တိတိရှိပြီ၊ သေသောသူကြာရင်မေ့
ဆိုပေမယ့်လည်း မမေ့နိုင်သေးပါလား မအေး
သန့်ရယ်”

အိပ်ယာမဝင်ခင် ဘုရားစင်လေးရှေ့ ဘုရားရှိခိုး
မိတော့ ဘဝတပါး ပြောင်းသွားရှာတဲ့ဇနီးအတွက်
ကောင်းရာမွန်ရာ ဘုံဘဝက သာဓုအနုမောဒနာ
ခေါ်ဆိုနိုင်ဖို့ အမျှဝေသည်။ ထို့နောက် ကိုဖိုး
သာ အိပ်ယာဝင်ခဲ့သည်။ တစ်နေ့တာလုံး လယ်
ထဲယာထဲတွင် မနားတမ်းလုပ်ကိုင်ခဲ့ရသည်မို့
ခေါင်းအုံးပေါ်ခေါင်းချချခြင်း မှေးခနဲ အိပ်ပျော်
သွားလေသည်။ အိပ်မက်ထဲ၌….

“ကိုဖိုးသာ …ကိုဖိုးသာ..ကိုဖိုးသာ”

အိမ်ကလေးရှေ့မှ ဇနီးသည်မအေးသန့်၏ တဖွဖွ
ခေါ်သံကြောင့် ကိုဖိုးသာ အိပ်ယာမှ လူးလဲထလိုက်
သည်။ အိမ်ရှေ့သို့ ကြည့်လိုက်တော့ အထုတ်က
လေးတစ်ခုကို လက်မှာဆွဲ၍ အိမ်ရှေ့ခြံဝန်းတံခါး
လေးထိပ်တွင် ရပ်နေသော မအေးသန့်ကို တွေ့
ရသည်။

“ကိုဖိုးသာ ကျုပ်တို့ခြံဝန်းတံခါးလေး လာဖွင့်
ပေးပါဦးတော်၊ ကျုပ်သားလေးနဲ့ သမီးရော
နေကောင်းကြရဲ့လား၊ သားနဲ့သမီးကို မတွေ့
ပါလား”

မိမိဘာမှ ပြန််မပြောသည်တွင်

“ကိုဖိုးသာ ရှင်ဘယ်လိုဖြစ်နေတာလဲ၊ ကျုပ်ကို
တံခါးဖွင့်ပေးအုံးလေ”

မိမိအိမ်ရှေ့ ခြံတံခါးလေးဆီသို့ လှမ်း၍ လာမိသည်
တွင် မအေးသန့်ကို ထင်ထင်ရှားရှားတွေ့ရ
၏။ မအေးသန့်တစ်ကိုယ်လုံး ပြောင်ပြောင်လက်
လက် အဝတ်အစားများကို ဝတ်ဆင်ထားပြီး
လက်ထဲတွင်လည်း အထုပ်တစ်ထုပ်ကို ကိုင်ထား
ကြောင်း ကိုဖိုးသာ တွေ့ရသည်။

ထိုစဥ် ဖျတ်ခနဲ အိပ်မက်မှ လန့်နိုးသွားသည်။

“မအေးသန့်ရေ ..အမျှ …အမျှ”

မိမိအသံကြောင့် တစ်ဖက်တွင် အိပ်နေသော သား
နှင့်သမီးတို့က နိုးလာသည်။

“ဖေဖေ ..ဖေဖေ..ဘာတွေဖြစ်နေတာလဲ”

“သြော်..သားနဲ့သမီးတောင်နိုးလာပြီ၊ အဖေ မင်း
တို့အမေကို အိပ်မက်မက်လို့ပါကွာ”

“ဘယ်လိုမက်တာလဲအဖေရဲ့၊ အိပ်မက်ထဲမှာ
အမေက ဘာတွေပြောသွားလဲ”

“အင်း..အိပ်မက်ထဲမှာ သားတို့သမီးတို့မေမေက
တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ
ဝတ်ဆင်ထားတယ်၊ လက်ထဲမှာလည်း အထုပ်
တစ်ထုပ်ကို ကိုင်ထားတယ်၊ သမီးနဲ့သားရော
နေကောင်းလားလို့မေးတယ် အိပ်မက်ထဲမှာ
သူက ဖေဖေတို့အိမ်ကလေးကို ပြန်လာတာ
ခြံတံခါးဖွင့်ပေးဖို့ အတင်းတောင်းဆိုနေတာ
လေ”

“ဟူး….”

“ဖေဖေအထင်တော့ မအေးသန့် တစ်ခုခုကို
စွဲလန်းသွားတယ် ထင်တယ်၊ ဘာပဲဖြစ်ဖြစ်
လေ(၁)နှစ်ပြည့်တဲ့ ရက်ကလေးကြရင် သူ့အ
တွက် ကောင်းမှုကုသိုလ်လေး တစ်ခုခုလုပ်
ပေးနိုင်အောင် ကြိုးစားရမယ်”

မိမိပြောပြသည့် အကြောင်းလေးများကို နား
ထောင်ရင်း သားနှင့်သမီးမှာ ငုတ်တုတ်ထိုင်
လျက်ရှိသည်။ မကြာမီ လင်းကြက်တွန်သံ
တစ်ချက် ကြားလိုက်သည်။ ရွာဦးကျောင်း
ကလေးမှပင် အုန်းမောင်းခေါက်သံ(၂)ချက်
ထွက်ပေါ်လာ၏။

“သားနဲ့သမီးတို့ အိပ်ကြ၊ အိပ်ကြ၊ မနက်ကြရင်
လည်း ကျောင်းတက်ရအုံးမှာ မဟုတ်လား”

သားနှင့်သမီး အသီးသီးကသာ အိပ်ယာဝင်သွား
ကြသော်လည်း မိမိမှာ ပြန်၍ အိပ်မပျော်နိုင်
အောင် တောင်တောင်အီအီ အတွေးလေးများ
ဖြင့် ညတစ်ခုထဲ ခြေဆန့်နေခဲ့မိသည်။ ထို့နောက်
တွင်တော့ အိပ်ယာမှ ထကာ နောက်ဖေးနွားတင်း
ကုပ်လေးရှိရာသို့ နွားမီးဖိုရန် ဆင်းလာခဲ့သည်။

xxxxxxx

အိပ်မက်ဟူသည် သွေးလေချောက်ချား၍ မက်
သည်ဟု ကိုဖိုးသာကြားခဲ့ဖူးသည်။ တစ်နှစ်ခန့်ပင်
မကြာသေးသည့်အတွက် ကွယ်လွန်သွားသူ ဇနီး
သည်မအေးသန့်ကို စွဲလန်းမိ၍ မိမိအိပ်မက် မက်
သည်ဟု ထင်ခဲ့မိသည်။

ထိုအိပ်မက်လေးတစ်ခုသည် တို့နမ်ကျီစယ်၍
လှုပ်ခတ်သွားသော လေပြေလေးတစ်ခုကဲ့သို့
ကာလတစ်ခုကြာညောင်းသည့်အခါ မေ့ပျောက်
ပျယ်ပြယ်သွားတော့သည်။ တလင်းသိမ်း၍
လယ်နားချိန်ကာလတစ်ခုတွင် လယ်သမား
များအဖို့ တစ်နွေစာ တစ်မိုးစာ ထင်းကိစ္စ၊ အိမ်
မိုးရန် သက်ငယ်စသည်များကို တောဆင်းရန်
ရှာဖွေစုဆောင်းကြရသည်။

တမြန်နေ့က ကင်ပွန်းတောကြီးထဲသို့ သွားရောက်
ခုတ်ထွင်ထားသည့် တောထင်းများကို တိုက်ရန်
မိမိလှည်းကလေးဖြင့် နေညိုချိန်ကိုခိုရင်း ထွက်
လာခဲ့သည်။

တောထဲသို့ ရောက်သည်တွင် မြိုင်သိုနှင့် ဂုတ်
ကြီးနွားနှစ်ကောင်ကိုလှန်၍ထားရင်း ထင်းများ
ကိုစုကာ လှည်းပေါ်သို့ တင်လိုက်သည်။ ကက်
အိမ်အပြည့်ရှိနေချိန်တွင် ကြိုးများဖြင့် တုပ်ဆိုင်း
၍ ရွာဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

“သြော် မိုးတောင်ချုပ်တော့မှာပါလား”

မနက်ဆီက ပုဇွန်ဆီရောင်အသွေးအဆင်တွေနဲ့
ထည်ဝါခဲ့သော နေလုံးကြီးက ခုတော့လည်း ပုပ်
လုလုညိုအက်အက်နဲ့ ရွာပေါ်မှာ မေးတင်လျက်
ရှိနေပြီ။

“အင်း…နေလုံးမပျောက်ခင် ရွာရောက်အောင်
ပြန်မှဖြစ်မယ်”

အသံမဲ့ညည်းအတွား တစ်ခုကိုပြုရင်း လှန်ထား
သော နွားနှစ်ကောင်ရှိရာသို့ ထွက်လာခဲ့သည်။

“အလို……”

နွားနှစ်ကောင်မှာ မိမိလှန်ထားသောနေရာတွင်
မရှိကြတော့။ အသီးသီးချည်နှောင်ထားသော
သစ်ငုတ်များမှာလည်း ကျွတ်နေကြောင်း တွေ့
ရသည်။

“နွားတွေ လွတ်ပြီး လျှောက်သွားနေပြီထင်တယ်
တော်တော်ကို ခက်တဲ့နွားတွေပဲ ၊ အချိန်နှောင်း
ပါတယ်ဆိုမှ”

ထို့နောက်တွင်တော့ ကိုဖိုးသာ နွားနှစ်ကောင်ရှာ
ရန် ကင်ပွန်းတန်းတောအုပ်ကလေးထဲသို့ တရွေ့
ရွေ့တိုးဝင်လာခဲ့သည်။ ပြန်ရာလမ်းမပျောက်စေ
ဖို့ အတွက်လည်း သစ်ပင်များကို ဓားဖြင့်ထစ်၍
အမှတ်အသားပြုကာ ထားခဲ့သည်။

လျှောက်၍လျှောက်၍လာရင်း ကိုဖိုးသာ စိတ်
ထဲတွင် တစ်စုံတစ်ရာ ဖော်မပြနိုင်သော အေး
မြမှုတစ်ခုကို ခံစားလာနေရသည်။ အမောတို့
ကင်းစင်၍ နာရီဝက်ခန့်ကြာ တောထဲတွင်
လျှောက်သွားနေသည့်တိုင် မောသည်ပန်းသည်
လုံးဝမရှိဖြစ်နေသည်။ ကောင်းကင်ပေါ် မော့
ကြည့်လိုက်တော့ ကြယ်ကလေးများပင် ဟို
တစ်လုံးပြူထွက်စပြုနေပြီ။

လခြမ်းကွေးကွေးကတော့ တောအုပ်လေးပေါ်
မှ တဖြည်းဖြည်း ပြူထွက်လာ၏။ ကြယ်ရောင်
လရောင်အောက်တွင် အမှတ်မထင် လျှောက်
ရင်း ရွာကြီးတစ်ရွာကို ကိုဖိုးသာတွေ့လိုက်ရ
သည်။

“အလို မီးရောင်တွေ တလက်လက်နဲ့ ရွာကြီး
တစ်ရွာပါလား”

တဖြည်းဖြည်း ရွာနားကိုရောက်လာသည့် အခါ
တွင်တော့ လူသံ သူသံလှုပ်ရှားသွားလာနေသော
ရွာသူရွာသားတချို့ကို ကိုဖိုးသာတွေ့လိုက်ရသည်။

“အင်း…ခုမှ ရင်ထဲမှာ မောသလိုလိုဖြစ်လာတယ်
ရေတစ်ခွက်လောက်တော့ တောင်းပြီးသောက်
အုံးမှ”

ရွာထိပ် အိမ်ကလေးတစ်လုံးဆီသို့ ဝင်လာရင်း
အသံပြုလိုက်၏။

“ဗျို့…အိမ်ရှင်တို့ အိမ်ရှင်တို့ ရေတစ်ခွက်လောက်
သောက်ချင်လို့ပါဗျာ”

အတန်ကြာသည်အထိ အိမ်ထဲမှ တစ်စုံတစ်ရာ
လှုပ်ရှားမှုကို မကြားရ၍ ထပ်၍အသံပြုလိုက်
ပြန်သည်။

“ဗျို့၊ အိမ်ရှင်တို့ ရေလေးတစ်ခွက်လောက်
သောက်ချင်လို့ပါခင်ဗျာ”

ထိုအခါတွင်တော့ ထိုအိမ်လေးထဲမှ မိန်းမတစ်ဦး
ထွက်လာသည်။ လက်ထဲတွင်လည်း ရေတစ်ခွက်
ကို ခပ်လာသည်။ မိမိအား ရေခွက်ကိုလှမ်းပေး
ရန် အလုပ် ထိုမိန်းမသည် မိမိအား စူးစိုက်ကြည့်
နေသည်။ မိမိသည်လည်း သူ့အားပြန်၍ စူးစူး
စိုက်စိုက် ပြန်ကြည့်လိုက်သည်။ ထို့နောက် မိမိ
မှပင်စတင်၍….

“မင်း…မင်း…မင်း မအေးသန့်မဟုတ်လား”

“ရှင်..ရှင်ရော….ကိုဖိုးသာ မဟုတ်လားဟင်”

“အေး ဟုတ်တယ် ငါ ဖိုးသာပါ”

“ဒါနဲ့ ရှင်… ရှင် ဒီကိုဘယ်လို”

“အေး..ကင်ပွန်းတန်းတောလေးထဲမှာ ထင်းတိုက်
လာရင်း နွားနှစ်ကောင်ပျောက်သွားလို့ လိုက်ရှာ
ရင်း ဒီကိုရောက်လာခဲ့တာ”

“ဒါ…ဒါ….”

“ဟုတ်. ဟုတ်ပါတယ် ဒါ ကျမတို့နေတဲ့ မရဏရွာ
ကြီးပါ ၊ ဒီရွာမှာ နှစ်ပေါင်းများစွာ သေဆုံးပြီးတဲ့
လူတွေ မကြာမြင့်မီကမှ သေဆုံးသွားခဲ့တဲ့ ကျမ
တို့အရပ်ကလူတွေ တော်တော်များများ ရှိကြပါ
တယ်၊ လူ့ဘဝက ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေ
ခံပြီးမှ ဒီဘဝက ကျမတို့လွတ်ကျွတ်ကြရမှာပါ။
ဒါနဲ့ ကျုပ်သားလေးနဲ့ သမီးလေးကို ရှင်ဂရုစိုက်
ပါနော်၊ သြော် ပြီးတော့ ရှင်နဲ့ကျုပ်နေထိုင်ခဲ့ကြ
စဥ်တုန်းက ကျုပ်တို့သားလေးကို ရှင်မပြုနိုင်
ခဲ့ဘူး၊ ကျုပ်သားလေးကို ရှင်ပြုချင်တယ်။
ရှင် ဒီကပြန်ရင် ကျုပ်သားလေးရှင်ပြုဖို့ ကျုပ်
စုဆောင်းထားတဲ့ ငွေလေးတချို့ပေးလိုက်မယ်
သားလေးကို သာသနာ့အမွေအပ်ပြီးမှ ကျုပ်
ကျွတ်လွတ်တဲ့ဘဝတစ်ခုကို ရောက်နိုင်မယ်။
ရှင် ကျုပ်ကို အမျှပေးပါနော် ကိုဖိုးသာ”

မအေးသန့်ပြောသမျှ ဆိုသမျှကိုသာ နားထောင်
ရင်း ကိုဖိုးသာမျက်ရည်များ တသွင်သွင်ကျ
ဆင်းနေမိသည်။

“ကဲ ကဲ လာ အိမ်ပေါ်တက် ဒါ ကျုပ်နေတဲ့အိမ်
ကလေးပဲ ဒီညတော့ ဒီမှာအိပ် မနက်ကြရင်
ရှင့်ကို ရွာပြန်ဖို့ ကျုပ်လမ်းပြပေးလိုက်မယ်”

ထို့နောက်တွင်တော့ အုံခဲနေသော ခေါင်း၊ မကြည်
လင်သော အတွေးတို့ဖြင့် ကိုဖိုးသာ မအေးသန့်
နေထိုင်သည့် အိမ်ကလေးပေါ်သို့ တက်လာခဲ့သည်။

xxxxxxx

အာရုံရောင်ခြည် အလင်းစများသည် ဗို့အား
ပြင်းပြင်းနှင့် ထွန်းညှိလိုက်သော မီးလုံးကြီး
တစ်လုံးနှယ် ဝင်းပြက်ရင်း လင်းထိန်လာ၏။
အိမ်ကလေးရှေ့ဖြတ်သွားသည် လူတချို့၏
အသံကြောင့် ကိုဖိုးသာ အိပ်ယာမှ နိုးလာ၏။
မအေးသန့်မှာတော့ မီးဖိုလေးထဲတွင် တလှုပ်
လှုပ် အလုပ်ရှုပ်နေ၏။

“ကိုဖိုးသာ နိုးလာပြီလား နိုးရင် မျက်နှာသစ်
လိုက်ပါ၊ ပြီးရင် ရေနွေးကြမ်းနဲ့ ထမင်းကြော်
စားရအောင်”

“ကဲ နေမမြင့်ခင် ရှင် ရွာကို ရောက်အောင် ကျုပ်
လမ်းပြပေးမယ်”

“ရော့ ဒီအထုပ်လေးကိုယူသွား၊ ရွာရောက်ရင်
သားကိုရှင်ပြုဖြစ်အောင်ပြုပေးပါ၊ ဒါ ကျုပ်
အလုပ်လုပ်ပြီး စုဆောင်းထားတဲ့ငွေလေးတွေ”

ရွာတန်းလေး၏ အရှေ့ဘက်စူးစူးရှိရာသို့ မြောင်
၍ ထွက်လာခဲ့ကြသည်။ ရွာကလေးမှာ တခေါ်
သာသာခန့် လှမ်းလာမိတော့ ဝါးတံတားလေး
တစ်ခုကို တွေ့ရသည်။ ဝါးတံတားလေးထိပ်သို့
ရောက်သည်တွင်…

“ကဲ…ကိုဖိုးသာ ကျုပ်မလိုက်တော့ဘူး၊ ကျန်ခဲ့
တော့မယ်၊ ဟော ဟိုရှေ့က ထန်း(၃)ပင်ကိုရောက်
ရင် လမ်းခွဲ(၂)ခုကို တွေ့လိမ့်မယ်၊ အဲဒီမှာ မြောက်
ဘက်ကို ချိုးတဲ့လမ်းကလေးအတိုင်း (၁)နာရီ
သာသာဆက်ပြီး လျှောက်သွားရင် ကင်ပွန်းတန်း
တောလေးကို ရောက်ပါလိမ့်မယ်၊ ရှင်ရွာရောက်
ရင်သာ ကျုပ်မှာတဲ့စကားတွေ မမေ့နဲ့၊ ဆက်
ဆက်လုပ်ပါနော်”

“အေးအေး၊ စိတ်ချပါ မအေးသန့်ရယ်”

ညှိုးငယ်သော အကြည့်လေးတစ်ချက်ဖြင့်
မအေးသန့်ကို နောက်ဆုံးကြည့်လိုက်ပြီးမှ…

“ကဲ ကိုယ်သွားတော့မယ်နော်”

ထို့နောက် တရွေ့ရွေ့လှမ်းလာမိတော့ ထန်း(၃)
ပင်သို့ရောက်လာသည်။ ဤတွင် မအေးသန့်
မှာလိုက်သော စကားအတိုင်း ဖြူးနေသော
လမ်း(၂)ခုကို တွေ့ရသည်။ မြောက်စူးစူးသို့
သွားရာလမ်းကလေးအတိုင်း လှမ်းလာခဲ့သည်။
နေသည် တစ်စတစ်စမြင့်တက်ရင်း ထန်းတစ်
ဖျားသာသာတွင် ရှိနေတော့သည်။.

(၁)နာရီခန့်လျှောက်လာမိသော ကင်ပွန်းတန်း
တောအုပ်ကလေးသို့ ရောက်လာသည်။ မကြာ
မီ တောစပ်ကလေးထဲမှ လူသံသူသံများကြား
ရ၍ လူအုပ်ကြီး ထွက်လာသည်။ ထိုလူများထဲ
က လူတစ်ယောက်က မိမိကိုမြင်လျှင်…

“ဟာ…ဟိုမှာ ဟိုမှာ ဦးဖိုးသာကြီး ဟုတ်တယ်
ဟေ့ ဦးဖိုးသာကြီး၊ ဒီမှာတွေ့ပြီဟေ့”

မိမိမှာကြောင်ပြီး ရပ်နေမိသည်။ လူအုပ်ကြီး
သည် တစ်စတစ်စ မိမိနားသို့ချဥ်းကပ်လာကြ
သည်။

“ဟေ့ကောင် ဖိုးသာ…ဖိုးသာ”

ရွာလူကြီးတစ်ဦးမှ အမေးစကားပြုလိုက်၏။
သို့သော် မိမိမှာ တစ်စုံတစ်ရာမတုံ့ပြန်သည်တွင်

“ဟေ့ကောင် ဖိုးသာ.. ဖိုးသာ ဟာ ဒီကောင်
ဘယ်လိုဖြစ်နေတယ် မသိဘူး”

ထို့နောက်တွင်တော့ မိမိအား ရွာသားများက
ဝိုင်းဝန်းခေါ်ဆောင်သွားကြပြီး ရွာသို့ပြန်လာ
ကြသည်။ မိမိကတော့ အိပ်မက်မက်နေသလို
လို ဘာလိုလိုနှင့် အိမ်ပေါ်ရောက်သည်တွင်
လူများဝိုင်းအုံကြည့်နေကြသည်။

“ဖိုးသာ ဖိုးသာ”

ယောက္ခမကြီး ဦးဖိုးလူမှ မေးသည့်အသံ မိမိ
နားထဲကြားရသည်။ ပါးစပ်မှ မတုံပြန်သော်
လည်း ခေါင်းကိုလှုပ်ရမ်းပြလိုက်သည်။
ပြီးနောက် အိပ်ပျော်သွားသည်။

xxxxx

“ဟော…သတိရလာပြီ၊ သတိရလာပြီ”

“အဖေ…အဖေ”

သမီးမရွှေအိမှ ခေါ်ရင်း ငိုယိုလေတော့သည်။

“အမလေး…အဖေရယ်…ဟီး..ဟီး ဟီး ”

မိမိ မျက်လုံးများကို ဖွင့်၍ကြည့်လိုက်သည်။
သတိရမိသည်တွင်…

“ကျုပ်….. ကျုပ်အထုပ်ရော”

“ဒီမှာ ဒီမှာ ရှိပါတယ် ရော့… ရော့ မင်းအထုပ်”

“ဒါ…..ဒါ ကျုပ်ကို မအေးသန့် ပေးလိုက်တာ
သူသားလေးကိုရှင်ပြုဖို့ စုထားတဲ့ငွေတဲ့”

“ဟေ့ကောင် ဖိုးသာ ဘာတွေ လျှောက်ပြောနေ
တာလဲ မသိဘူး ပေးစမ်း ဘုရားစင်က သောက်
တော်ရေတစ်ခွက်လောက် ပေးစမ်း”

ထို့နောက် ရေမန်းများတိုက်ကြ၏။ မကြာမီ
အိပ်မက်မှနိုးလာသူတစ်ယောက်ကဲ့သို့ ကို
ဖိုးသာ လန်းလန်းဆန်းဆန်းနိုးထလာတော့
သည်။ အတန်ကြာ အမောပြောလောက်ရှိ
သည်မှ ဝိုင်းဝန်းမေးကြသော လူများအား
မိမိ၏ အဖြစ်အပျက်လေးများကို အစမှ
အဆုံးတိုင် ပြောပြလိုက်သည်။

“ဟင်..ဒါဆို မင်းရောက်သွားတဲ့ရွာကြီးက
မရဏရွာကြီးပေါ့နော်”

“အင်းပေါ့ အဖေ အဖေ့ သမီး မအေးသန့်ကို
အဲဒီရွာမှာ ကျုပ်တကယ်တွေ့ခဲ့ရတာ”

ထိုနေ့မှစ၍ မိသားစုအားလုံး ပရလောက ဘဝ
တစ်ခုတွင် မကျွတ်လွတ်နိုင်သေးသော မအေး
သန့်ကို အမျှပေးဝေရင်း ပြုသမျှ သူ့အတွက်
ရည်စူး၍သာ လုပ်ကြသည်။

xxxxxx

ကံအကြောင်းတရားလေးများ ညီညွတ်လာသည်
မို့ ဒီနှစ် သပြေကုန်းရွာ လယ်သူလယ်သမားများ
စိုစိုပြေပြေရှိလာကြ၏။ စပါးထွက်များကောင်း
ကြသလို သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးထား
သော ပဲနေကြာများကလည်း အောင်မြင်ကြ၏။
ဒီနှစ် ကိုဖိုးသာတစ်ယောက် အနှစ်နှစ်အလလ
က မျှော်မှန်းခဲ့သော ဆန္ဒတစ်ခုကို အောင်မြင်
စွာ အကောင်အထည် ဖော်နိုင်တော့မည်။

ဟသ်ာတမြို့ပေါ်တက်၍ သားဖြစ်သူ မောင်မြင့်
ကျော်ကို ရှင်ပြုရန် သက်န်းပဋိက္ခရာလေးများ
ဝယ်ခြမ်းလာခဲ့၏။

“မအေးသန့်ရေ မင်းနဲ့ငါတို့သားလေးကို သက်န်း
စီးတော့ မင်းလဲ သာဓုခေါ်တော့နော်”

အသံမဲ့ ရေရွတ်မှုတစ်စုံနှင့်အတူ ပျော်ရွှင်မှု
အရိပ်များဖြင့် မျက်နှာမှာ ပြုံးယောင်သမ်း၍
နေသည်။ သားလေးမောင်မြင့်ကျော် စာမေး
ပွဲဖြေပြီးသည့် နွေကာလတွင် အလှူအတန်း
လေးတစ်ခုကို ပြုလုပ်တော့မည်။ ဧည့်ခံကျွေး
မွေးရေး အချက်အပြုတ်လုပ်ငန်းများကိုပင်
ရွာကာလခေါင်း ထွန်းဆောင်တို့လူသိုက်ကို
ခေါ်ယူ၍ တိုင်ပင်တာဝန်ချထားပြီး ဖြစ်သည်။

“ဖိုးသာ မြေးလေးအလှူအတွက် ပစ္စည်းပစ္စယ
တွေ ဝယ်ဖို့ ပြည့်စုံပြီလား”

“ဟုတ်ကဲ့ ပြည့်စုံသလောက် ရှိပါပြီအဖေ
ဝမ်းစာစပါးလေးတွေ ကြိတ်ပြီးသလို ဆီ၊
ဆား ငရုတ်၊ ကြက်သွန်တွေလည်း မြို့တောင်
တက်ဝယ်ထားပြီးပါပြီ”

“အေးကွာ အလှူရှင်ဆိုတာ နောက်လှည့်ကြည့်
စရာမလိုအောင် ထောင့်စေ့နေမှ နို့မဟုတ် ပူပန်
နေရရင် ဟန်မကျလှဘူး”

အလှူရက်ကလေးများတွင် ဝတ်စားရန် အပျို
တစ်သိုက် အထည်လေးများချုပ်ရင်း အလုပ်
ရှုပ်နေကြသလို ကာလသားတစ်သိုက်မှာလည်း
ကာလသားခေါင်းဆောင်ထွန်းခေါင် ချမှတ်
ထားသည့်တာဝန်များအရ စီစဥ်ပြင်ဆင်စရာ
ရှိသည်များကို ပြင်ဆင်ကာ တစ်လလောက်
အလိုကပင် တစ်ရွာလုံးဆိုသလို အလုပ်ရှုပ်
နေလေတော့သည်။

ရွာတောင်ပိုင်း ကိုသာကျော်တို့ အိုးစည်ဝိုင်းမှ
လည်း ဦးရွှေရိုး ဒေါ်မိုးအကများဖြင့် ညစဥ်
တီးမှုတ်လေ့ကျင့်နေကြ၏။တဖြည်းဖြည်းနှင့်
အလှူရက်ကလေးသည် နီးသထက် နီး၍ လာ
နေ၏။ မောင်မြင့်ကျော်လေးသည် နေ့စဥ့်ရွာ
ဦးကျောင်းဆရာတော်ဦးသာသနထံ သွား
ရောက်၍ သက်န်းတောင်း၊ ပရိတ်လေးများ
ကိုပင် ကျက်နေရ၍ အလှူရက်နီးလာသည့်
နှင့် ကိုဖိုးသာစိတ်တို့က ဖော်မပြနိုင်သော
အပျော်တို့ဖြင့် ပြည့်ဝနေသည်။

ဤသို့ဖြင့် တရွေ့ရွေ့ကုန်ဆုံးသွားသော ရက်
ကလေးများအဆုံး၌ ကိုဖိုးသာတို့အလှူရက်
လေးတစ်ခုဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်
ရှိလာ၏။ ဒီနေ့သည် မောင်မြင့်ကျော်လေးအား
ဆရာတော် ဦးသာသန ကျောင်းသို့ သွား၍
ဆံချမည့်နေ့ဖြစ်သည်။

နံနက်ဆီကပင် အလှူမဏ္ဍပ်ကြီး၌ အသံမစဲ
ဖွင့်နေသော ဗျောသံများ၊ ကြေးစည်သံများက
သွားလေသူ မအေးသန့်ကို ပိုမိုလွမ်းဆွတ်သတိ
ရလောက်အောင် ဖော်ကြူးနေသည်သို့လည်း
ရှိချေ၏။

“သြော် မအေးသန့်ရယ် ခုနေသာ မင်းတစ်ယောက်
သက်ရှိထင်ရှားရှိနေသေးရင် မင်းလည်း ငါ့လို
သားလေးရဲ့ သက်န်းပဋိက္ခရာကို ကိုင်ရမှာ
ခုတော့”

တိမ်ဝင်ဆိုနင့်သွားသော အလွမ်းတစ်စုံကြောင့် မျက်ရည်များက မျက်ဝန်းတွင်ခိုဝင်လာ၏။
သားလေးကို ကြည့်လိုက်တော့ အိမ်ရှေ့ဧည့်
ခန်းကြီးရှေ့မှာ သာမဏေလောင်းပုံစံလေးနဲ့
ပြုံးလို့ တစ်စတစ်စ မဏ္ဍာပ်ထဲတွင် လူပရိတ်
များ စည်ကားများပြာလာကြ၏။အိမ်နောက်
ဖေး ထမင်းကျွေးရုံမှလည်း လက်မလည်
အောင် ကျွေးမွေးနေရ၏။

“ကဲ ကဲ ဧည့်သည်တွေ ထမင်းဝိုင်းမှာ ကုန်သ
လောက်ရှိရင် ရှင်လောင်းလှည့်ဖို့ လုပ်ကြ၊
ကျောင်းမှာ ဆံချဖို့လည်း ရှိသေးတယ်”

ဦးဖိုးလူ၏ စကားအဆုံးမှာတော့ ရှင်လောင်း
လှည့်ရန် အလှူမဏ္ဍပ်လေးရှေ့တွင် တန်းစီ
ကြတော့သည်။ သက်န်းပဋိက္ခရာကိုင်သူများ
ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များ အသီး
သီးတန်းစီးနေကြရသည်။

ဦးဖိုးသာမှာ သပိတ်လေးပိုက်၍ သမီးနှင့်
ဦးလေးအဒေါ်များက အသီးသီးခေါင်းအုံး
ရွက်၊ ဖျာရွက် တန်းစီနေကြသည်။ ထိုစဥ်
ဦးဖိုးသာ တစ်ယောက် မိမိကိုင်ထားသော
သပိတ်လေးအား မိမိနောက်တွင် ရပ်နေ
သည့် ကိုသာမြကိုပေးရင်း…

“ကိုသာမြ ဒီသပိတ်လေး ခဏလောက်ယူ
ထားပေးပါ၊ ကျနော် အပေါ့အပါးသွားလိုက်
ချင်လို့”

ဤသို့ဆိုရင်း ကိုဖိုးသာ မိမိ၏အိမ်ကလေးနံဘေး
သို့ တိုးဝင်ရင်း ပျောက်၍သွားသည်။ အတန်ကြာ
သည့်တိုင် ကိုဖိုးသာ ပြန်ရောက်၍မလာ ရှင်
လောင်းလှည့်ရန် ထွက်မည်အပြုတွင် အလှူ့ရှင်
ကိုဖိုးသာကို မတွေ့၍…..

“ဟဲ့ ဖိုးသာဘယ်ရောက်သွားလဲ ဖိုးသာ”

“ဒီမှာ ဦးကြီးရဲ့ ကျုပ်ကို သပိတ်ပေးရင် နောက်
ဖေးဘက် အပေါ့အပါးသွားဖို့ ထွက်သွားတာ
ခုထိပြန်မလာသေးဘူး”

“ဟဲ့ မယ်လှတို့ ဖိုးကွန့်တို့ ဖိုးသာကို ရှာကြစမ်း၊
ဒီမှာ ရှင်လောင်းလှည့်ဖို့ အဆင်သင့်ဖြစ်နေပြီ”

လူအချို့ အိမ်နောက်ဖေးသို့သွား၍ ဝိုင်းဝန်း
ရှာဖွေကြသည်။ ကိုဖိုးသာကိုမတွေ့၊ ကိုဖိုးသာ
တို့အိမ်ကလေးနောက်ဖေးတွင် တစ်ထွာခန့်
သာသာနက်သည် ရေမြောင်းလေးတစ်ခုက
ချုံကလေးများကြားတွင် စီးဆင်းနေ၏။

ရေနစ်သေဆုံးသည်ဟု ယိုးစွပ်ရအောင်လည်း
မြောင်းကလေးသည် လူမပြောနဲ့ ကြောင်တစ်
ကောင် နစ်နိုင်အောင်တောင် မကြီးမား။ ဤသို့
ဖြင့် ကိုဖိုးသာကို ရှာမတွေ့သည့်အဆုံး ကျန်ရှိ
သော လူများနှင့် ဘုန်းကြီးကျောင်းသို့ သွား
ကာ မောင်မြင့်ကျော်လေးအား သက်န်းချည်
လိုက်ရတော့သည်။

သပြေကုန်းရွာမှ ကိုဖိုးသာတစ်ယောက် ပျောက်
ခြင်းမလှပျောက်ဆုံးခဲ့ရသည်မှာ ရက်မှလ၊ လမှ
နှစ်သို့ပင်တိုင်အောင် ကာလတစ်ခုထိ ကြာညောင်း
ခဲ့သည်။ အနီးအပါးရွာကလေးများ တစ်ဝိုက်သို့
ရှာကြသည်တွင်လည်း မတွေ့ရ။

ရွာနီးချုပ်စပ်ရွာကလေးများတွင် ရေနစ်သေဆုံး
သည့်သတင်းကြားလျှင်လည်းကောင်း၊ ပိုင်ရှင်
မဲ့အလောင်း စသည်ဖြင့် တွေ့ရှိလျှင် လည်းကောင်း
ကိုဖိုးသာတစ်ယောက်များ ဖြစ်နေမလားဟူသော
အတွေးတို့ဖြင့် မိသားစုများက သွားရောက်
ကြည့်ရှု ကြသည်။

သို့သော် အချည်းနှီးသာ ဖြစ်၏ ဘာပဲဖြစ်ဖြစ်
သားဖြစ်သူ မောင်မြင့်ကျော်အား ရှင်လောင်းလှည့်
မယ့်နေ့တွင် ပျောက်သွားသော သပြေကုန်းရွာမှ
ကိုဖိုးသာ၏ အဖြစ်ဆန်းလေးများက တစ်ရွာလုံး
စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ်ဖြစ်နေ၏။

ဤသည်မှာပင် ဦးဖိုးသာပျောက်ဆုံးသွားခဲ့သည်
မှာ ယခုဆိုလျှင် သားဖြစ်သူ မောင်မြင့်ကျော်
ပင်လျှင် ကွယ်လွန်သွားခဲ့၍ သမီးဖြစ်သူ မရွှေအိ
မှာမူ အသက်(၆၀)ကျော်တိုင် ရှိနေပြီဖြစ်လေသည်။

သပြေကုန်းရွာသူရွာသားတချို့ကတော့ ကို
ဖိုးသာကို မရဏရွာသူ မအေးသန့်မှ အရှင်
လတ်လတ်ခေါ်ဆောင်သွားတာ ဖြစ်ကြောင်း
ဒဏ္ဍာဆန်ဆန် စကားများ ယနေ့တိုင်ပြော
ဆိုနေကြဆဲ ဖြစ်တော့သည်။

မူရင်းရေးသူ ဆရာမ ဆုမွန်ဦး(ဟသ်ာတ)