ခြံခုန်ကြသူများ

ခြံခုန်ကြသူများ(စ/ဆုံး)

———————–

”အစ်ကို ကိုမိုးအောင် မိန်းမတစ်ယောက်နဲ့ တွဲနေတယ်တဲ့..

ကျနော် အလုပ်ကအပြန် သူတို့အိမ်ရှေ့ ဖြတ်အလျှောက်မှာ
ဖြူသက်ချယ်က ထွက်ပြောလိုက်တာပါ။

”ဟာ..မဖြစ်နိုင်တာဟာ..မိုးအောင်က ဒီလိုလူစားမဟုတ်
ပါဘူးဟ…

”ပြောတဲ့သူက ချယ်ကို အသေချာပြောတာအစ်ကိုရဲ့…
တွဲနေတာ တစ်လလောက်ရှိပြီတဲ့….

”ဘေးစကားတွေ မယုံစမ်းပါနဲ့ ညီမရယ်…
ညီမစိတ်က မိုးအောင်ကို စိတ်မချလို့ဖြစ်နေတာပါ….

ဖြူသက်ချယ်ကို နှစ်သိမ့်ပြီး အိမ်ဘက်ကို ကျနော်ဆက်
လျှောက်လာလိုက်သည်။
မိုးအောင်ဆိုတာ..ကျနော့်သူငယ်ချင်း။
ငယ်ငယ်ကတည်းက ကျောင်းမှာလည်းအတူတူ။
အရွယ်ရောက်ကျတော့လည်း အတူတူပါပဲ။
မိုးအောင်က ရိုးသားတယ်။
မဟုတ်တာမပြောသလို..မဟုတ်တာလဲ မလုပ်တတ်ဖူး။
ခု သူ့မိန်းမ ဖြူသက်ချယ်က ဘယ်က သတင်းစကား
ကြားပြီး မိုးအောင်အပေါ် စိုးရိမ်စိတ် ဝင်နေလဲတော့မသိ။
လူတွေကလည်း ခက်သည် သူတပါးမိသားစု..
လူမှု့ရေး စီးပွားရေး အဆင်ပြေနေတာနဲ့ ကြားထဲက
ဝင်နှောက်ချင်ကြသည်။
မိုးအောင်က ပန်းရံအလုပ်သမားလေးဘဝကနေ..
ပန်းရံဆရာဖြစ်…နောက် သူရဲ့ ရိုးသားကြိုးစားမှု့ကြောင့်
ဆရာကောင်းတွေနဲ့ကပ်မိပြီး ခုဆို အဆောက်ဦးတွေကို
ကန်ထရိုက်ယူဆောက်တဲ့အဆင့်ထိဖြစ်နေပြီ။
အရင်လို သံလက်ကိုင်စရာမလိုတော့ပဲ..သူ့တပည့်
တပမ်းတွေကို လက်ညိုးထိုးခိုင်းရတဲ့ အဆင့်ဖြစ်နေပြီ။
ဒီတော့ သူ့မိန်းမ ဖြူသက်ချယ်မှာ ရွှေတွဲလဲငွေတွဲလဲနဲ့
စီးပွားရေးက အဆင်ပြေလှသည်။
သူတို့မှာ သုံးနှစ်အရွယ် သားလေးတစ်ယောက်နဲ့ဆိုတော့
မိုးအောင်ဘဝ စိုပြေတယ်လို့ပြောရမည်။

နောက်တစ်လလောက်နေတော့ ကျနော်ခြံထဲမှာ
စာဖတ်နေတုန်း…မိုးအောင်မိန်းမ ဖြူသက်ချယ်
ရောက်လာပြန်သည်။

”လာ..ညီမလေး..ထိုင်

ကျနော်က သူမကို ခရီးဦးကြိုပြုရင်း နေရာပေးလိုက်သည်။

”ဟုတ်..အစ်ကို့ကို ညီမ ပြောစရှိလို့လာတာပါ…

ဖြူသက်ချယ်ကို အကဲခတ်ကြည့်လိုက်တော့ မျက်နှာ
မကောင်းတာကို ကျနော်သတိပြုမိသည်။

”ပြောလေ..ညီမ..အစ်ကို ဘာကူညီရမလဲ…

”ကိုမိုး…ဖောက်ပြန်နေတာ သေချာသွားပြီ အစ်ကို…
ဟင့်…

ပြောရင်း…သိမ့်ကနဲ့ ဖြူသက်ချယ်က ရှိိိုက်ငိုလိုက်သည်။

”ဟုတ်ရဲ့လားဟာ…မိုးအောင်က..အဲလို

”အစ်ကိုပြောလို့..ညီမလည်း အစက ကိုယ့်ကိုယ်ကို
ဖြေပါတယ်..ကိုမိုးဟာ အဲလို လူစားမဟုတ်ဖူး..
မလိုလို့ ငါကို လင်မယားချင်းအဆင်မပြေအောင်..
ကြားထဲက ပြောကြတာဆိုပြီးပေါ့…

”ဟုတ်တယ်လေ…ညီမရဲ့..

”မဟုတ်ဖူးအစ်ကို…အစ်ကို့ကို ညီမ လမ်းထိပ်မှာ
ထွက်ပြောပြီးတဲ့နောက်..သုံးရက်လောက်နေတော့
သူအိမ်ပြန်လာတယ်…ညီမလည်း မပြောပဲ နေမလို့ပါပဲ
ဒါပေမဲ့…ကိုယ့်လင်သားကိုတော့…
မေးကြည့်ချင်တယ်အစ်ကို…ကိုယ်မဟုတ်တဲ့ တခြား
မိန်းမတစ်ယောက်နဲ့ သူအတူနေ တယ်ဆိုတာ..
ဟုတ်မဟုတ် ညီမသိချင်တယ်…ဒါနဲ့ပဲ ညီမ သူ့ကို
မေးလိုက်မိတယ်။

”ကိုမိုး…

”ဟင်…ဖြူပြောလေ…

”ကိုမိုးက မလိမ်တတ်ဖူးနော်…အထူးသဖြင့်..
ဖြူကို စတွေ့ကတည်းက ခုချိန်အထိ မလိမ်ခဲ့ဘူး။

”ဟုတ်တယ်..ကိုမိုးက မလိမ်တတ်ဖူး..

”အဲတာဆိုရင် ဖြူ ကိုမိုးကို မေးစရာရှိတယ်
မှန်မှန်ဖြေမယ်လို့လဲ ဖြူယုံတယ်…

”ဖြူမေးမှာကို ကိုမိုးသိပါတယ်…

”ရှင်…

”ကိုမိုး..သူနဲ့…

”မဖြေပါနဲ့..ကိုမိုးရယ်…မဟုတ်ဖူးမလား…
မဟုတ်ဖူးမို့လားဟင်….မဟုတ်ဖူးလို့ ဖြေပါ..ကိုမိုးရယ်

မိုးအောင် နုတ်ခမ်းတွေကို ဖြူသက်ချယ်က လက်နဲ့
အတင်းပိတ်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
မိုးအောင်က ဖြူသက်ချယ် လက်လေးကို အသာဖယ်ရင်း..

”ကိုမိုး ဂျက်စမင်ကိုချစ်တယ်….

”ဘာရယ်…ဂျက်စမင် ဟုတ်လား…

”ဟုတ်ပါတယ်…ကိုယ်အခု..သူနဲ့ပတ်သက်နေတာပါ..

မျက်နှာကို တဖက်လွှဲပြီး မိုးအောင်က ပြောလိုက်သည်။
ဒါကို ဖြူသက်ချယ်က သူမလက်နှစ်ဖက်ဖြင့် မိုးအောင်၏
ပါးနှစ်ဖက်ကို ကိုင်ကာ…သူမနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး…..

”ကိုမိုးမှာ…ဖြူရှိတယ်..နောက်ပြီး..သားလေးလည်း
ရှိတယ်လေ…ကိုမိုး အဲလိုလုပ်လို့ မရဘူးလေ….

”ကိုမိုး..ဂျက်စမင်ကို ချစ်တယ်…

”ဒါဆိုရင် ဖြူကိုရော….

”ဖြူကိုလည်း ချစ်တာပါပဲ….

”ရှင်…ညစ်ပက်လှချည်လား…

ပြောရင်း…ဖြူသက်ချယ်က မိုးအောင် ရင်ဘတ်ကို
သူမ၏လက်သီးဆုပ်လေးများဖြင့် တအုန်းအုန်း..
ထုလေတော့သည်။

”အဲဒီနေ့ကတည်းက ညီမဆီ သူပြန်မလာတော့တာ…
တစ်လကျော်သွားပြီ အစ်ကို..

ဖြူသက်ချယ်ကို ကြည့်ရင်း ကျနော် အတော်စိတ်မကောင်း
ဖြစ်နေမိသည်။
ဖြူသက်ချယ်တို့ မိဘများက ချမ်းသာကြသည်။
မိုးအောင်လို နေ့စားပန်းရံသမားလေးနဲ့ ဘယ်လိုမှ
သဘောမတူကြ။
ဒါပေမဲ့ ဖြူသက်ချယ်က အချစ်ကို ရှေ့တန်းတင်ပြီး
မိဘအသိုင်းဝိုင်းကို ဆန့်ကျင်ကာ မိုးအောင်နောက်ကို
ရဲရဲကြီးလိုက်ခဲ့ရှာသည်။
နောက်ဆုံးတော့ ထွက်လိုက်သွားတဲ့သမီး အပျိုပြန်မဖြစ်
တော့မှန်းသိတဲ့..ဖြူသက်ချယ်မိဘတွေက..အိမ်မှာ
မင်္ဂလာဆွမ်လေး အကျဥ်းရုံးကျွေး၍ မိုးအောင်နဲ့
ဖြူသက်ချယ်တို့ကို လက်ထပ်စေခဲ့သည်။
နှစ်ဖက်လူကြီးတွေကို ကန်တော့ကြတော့..မိုးအောင်မှာ
မိဘကမရှိ ဒီတော့..ဖြူသက်ချယ် မိဘတွေကိုပဲ ကန်တော့
ကြရသည်။ အဲဒီအချိန်မှာ..ဖြူသက်ချယ် အဖေ..
ဘိုးတော်ကြီးက..ဆုပေးသည်။
”စိတ်ချမ်းသာပါစေ….
တကယ့်တိုတိုလေး။
ကျနော်ကြားဖူးတဲ့ ဒီလင်ဒီမယား…
အိုအောင်မင်းအောင်ပေါင်းရပါစေ..
ဘာညာတွေမပါ။တကယ့် သူဖြစ်စေချင်တာကို..
သူ့သမီးကို ဘိုးတော်ကြီးက ဆုပေးလိုက်ဟန်တူသည်။
ခုတော့…ဖြူသက်ချယ်ခမျာ…သူ့အဖေပေးတဲ့..ဆုက
မပြည့်ရှာ။

”အစ်ကို..ဘာလုပ်ပေးရမလဲ ညီမလေး…

”ဘာမှလုပ်ပေးစရာမှ မလိုပါဘူးအစ်ကို…ခြံသော့နဲ့
အိမ်သော့ အစ်ကို့ကို လာအပ်တာပါ။
ဒီနေ့ပဲ ညီမ အဖေတို့ဆီပြန်တော့မလို့….

”အော်…

ကျနော် ဘာပြောရမှန်းမသိအောင် ဖြစ်သွားမိသည်။
သော့တွဲလေးကို စားပွဲပေါ်တင်ပြီး ဖြူသက်ချယ်က..
ထွက်သွားရှာသည်။
မိုးအောင် သတင်း သူမ စ ကြားတော့
ကျနော့်ကို ပြောပြရှာသည်။
ဒါဟာ တနည်းအားဖြင့် ကျနော့်ကို သူမ အားကိုးတကြီး
အကူညီတောင်းခြင်းဖြစ်လိမ့်မည်။
ညီအစ်ကိုလိုနေကြတဲ့ ကျနော်နဲ့မိုးအောင်ကို..
ကျနော်ဖျောင်းဖျရင် ရလိမ့်မယ်ထင်လို့ သူမ ကျနော့်ကို
ပြောရှာတာဖြစ်လိမ့်မည်။
ဒါကို..ကျနော်က မိုးအောင်ဟာ အဲလိုလူစားမဟုတ်ဖူး..
ညီမစိတ်က ထင်နေတာဖြစ်မှာဆိုပြီး….
မိုးအောင်ဘက်ကနေ ကျနော်ကာကွယ်လိုက်သေးသည်။

ညဘက်ရောက်တော့ မိုးအောင်နဲ့ဖြူသက်ချယ်တို့
နှစ်ယောက်အကြောင်းတွေးရင်း..ဂျက်စမင်ဆိုတဲ့
မိန်းမအကြောင်းပါ တွေးမိသည်။
ဒီမိန်းမက ဘယ်လိုမိန်းမပါလိမ့်..
သူများမိသားစုကို ဖြိုခွဲချင်တာ..အတော်ဆိုးတဲ့..
မိန်းမယုတ်ပဲ…
တွေးရင်းနဲ့ ဂျက်စမင်ဆိုတဲ့ မိန်းမကို ကျနော် မုန်းတီး
လာမိသည်။ဒါနဲ့ပဲ..ကျနော့်ဘေးမှာ အဝတ်တွေကို
မီးပူထိုးနေတဲ့ မေစိုးကို မေးမိသည်။

”စိုး.. ဂျက်စမင်ဆိုတာ ဘာအဓိပ်ပါယျလဲ..

ပညာရေးမှာ အားနည်းခဲ့တဲ့ကျနော်က မသိတဲ့..
အင်္ဂလိပ်စာတွေဆိုရင်…ကျနော့်အမျိုးသမီးကို မေးလေ့
ရှိသည်။

”ဂျက်စမင်ဆိုတာ.. စပယ်ပန်းကိုပြောတာလေ မောင်ရဲ့
နှင်းဆီပန်းကို ရို့စ်လို့ ခေါ်သလိုမျိုးပေါ့…

ကျနော့်အမျိုးသမီးဆီက အဖြေကြားတော့ ကျနော့်
တချက်မဲ့ပြီး ပြုံးလိုက်မိသည်။
ဂျက်စမင်ဆိုတာ စံပယ်ပန်းတဲ့…
စံပယ်ပန်းလေးတွေက ဖြူစင်တယ်..အေးချမ်းတယ်..
နောက်ပြီး မွှေးပျံ့တယ်။သူ့မှာ ဘာမာန်မာနမှမရှိဘူး။
သူ့ရဲ့အလှ သူ့ရဲ့ပုံစံက မြင်သူတိုင်းရဲ့စိတ်ကို
ငြိမ်းအေးချမ်းသာစေတယ်။
စံပယ်ဟာ နှင်းဆီလိုမဟုတ်ဘူး။
နှင်းဆီပန်းက စံပယ်ပန်းထက်လှတယ်။
ပိုပြီးလည်းထင်ရှားသလို လူတွေကလည်း ပိုကြိုက်တယ်။
နှင်းဆီရဲ့အလှက စံပယ်လို မအေးချမ်းဘူး။
စံပယ်လို မဖြူစင်ဘူး။
နှင်းဆီမှာ..မာနတွေရှိတယ်။
စံပယ်မှာ..ဘာမာန်မာနမှမရှိဘူး။
ဒါက စံပယ်နဲ့ ပတ်သက်လို့ ကျနော်ကိုယ်တိုင်
ဖွင့်ဆို..ခံယူထားတဲ့..စံပယ်ပန်းလေးတွေရဲ့…
ချစ်စရာ.. ပုံစံလေးတွေပဲ။
ဒီလို မိန်းမကများ သူ့ကိုယ်သူ ဂျက်စမင်..တဲ့..
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတို့မည်သည်..
လမ်းလွဲရောက်နေတဲ့ ကိုယ့်မိတ်ဆွေ ကိုယ့်သူငယ်ချင်းကို
လမ်းမှန်ကိုရောက်အောင်..ညွှန်ပြမှ..မိတ်ဆွေကောင်း
သူငယ်ချင်းကောင်း ပီသတယ်လို့ ဗုဒ္ဓက ဟောဖော်
မိန့်ကြားထားသည်။
ဒါဆိုလျှင် လမ်းမှားရောက်နေတဲ့ ကျနော့်သူငယ်ချင်း
မိုးအောင်ကို လမ်းမှန်ကိုမြင်အောင် ပြသရမှာ..
ကျနော်တာဝန်ဖြစ်လာသည်။
ဒါနဲ့ပဲ ကျနော် မန္တလေးကိုသွားပြီး မိုးအောင်နဲ့တွေ့ဖို့
ဆုံးဖြတ်လိုက်သည်။

မနက်၆နာရီလောက်မှာ ကားစီးပြီး မန္တလေးကို
မနက်..၉နာရီကျော်ကျော်လောက်မှာ ကျနော်ရောက်
သွားသည်။ဟိုကို ရောက်တော့ အလုပ်ခွင်ထဲမှာ..
မိုးအောင်ကို မတွေ့ရပဲ..ကျနော်တို့နှင့် တရပ်ထဲသား
မိုးအောင်နှင့် ညီဝမ်းကွဲတော်သူ…တင်မောင်လတ်ကိုပဲ
တွေ့ရသည်။ကျနော်က မိုးအောင်ကိုမေးတော့…
စောစောကတင်..အဆောက်ဦးကို ပုံစံဆွဲတဲ့ အင်ဂျင်နီယာ
အကိုကြီးတစ်ယောက်နဲ့အတူ ကားဖြင့် ထွက်သွားကြောင်း
ပြောလေ၏။ဒါနဲ့ ကျနော်လည်း တင်မောင်လတ်ကို…
မိုးအောင်အကြောင်း မေးမြန်းတီးခေါက်ကြည့်ရသည်။

”ဟုတ်တယ်..ကိုပီ..ကျွန်တော်တို့လည်း ကိုကြီးမိုးအောင်ကို
အံ့ဩနေကြတာ..တကယ်ဆို အဲဒီမိန်းမကို ကိုလွင်အောင်
တို့က မိတ်ဆက်ပေးကြတာ။ကိုလွင်အောင်ဆိုတာက
ခု..အလုပ်တိုင်းကို ကိုကြီးမိုးအောင်ကို အပ်နေတဲ့
ဘောစိပေါ့ဗျာ။အဲဒီစော်ကြီးက..အရင်က
ကိုလွင်အောင် မြည်းနေတဲ့ စော်ကြီးဗျ..
အဲဒါကို ကိုကြီးမိုးအောင်က ဘယ်ကဘယ်လို
စွဲလမ်းသွားတာလဲတော့ ကျွန်တော်လည်း မသိဘူး။
ကျွန်တော်က အငယ်ဆိုတော့ ပြောလည်းမပြောရဲဘူး။
အဲဒီမိန်းမနဲ့ပတ်သက်ပြီး ကိုလွင်အောင်နဲ့ ကိုကြီးမိုးအောင်
ခွာပြဲသွားကြတာပဲ။

”မင်း အဲဒီမိန်းမ လိပ်စာသိလား….

”သိတာပေါ့ ကိုပီရာ..အဲဒီစော်က နာမည်ကြီး
မာဆတ်ကပဲဗျာ..မသွားနဲ့နော် ကိုပီ… ကိုပီပါ မခွဲနိုင်
မခွာရက်ဖြစ်သွားမယ်..ဟား..ဟား

”နေစမ်းပါကွာ…ငါ့ကို အဲဒီလိပ်စာပေးစမ်းပါ…

”ကိုပီသွားချင်ရင် ဒီကကောင်လေးကို ဆိုင်ကယ်နဲ့
လိုက်ပို့ခိုင်းလိုက်မယ်…

အဆောက်ဦးတစ်ခုရှေ့ရောက်တော့ လိုက်ပို့တဲ့ကောင်လေးက..ဆိုင်ကယ်ကို ရပ်လိုက်ပြီး..

‘ဒီနေရာပဲ..အစ်ကို

‘အော်..အေးအေး..ကျေးဇူးပါ ငါ့ညီရာ

ဒီလိုနေရာမျိုးကို ပထမဆုံး ကျနော်ရောက်ဖူးခြင်းဖြစ်သည်။
အဆောက်ဦးထဲဝင်လိုက်တာနဲ့..ကောင်တာမှာထိုင်နေတဲ့
အမျိုးသမီးက..

”မင်္ဂလာပါရှင်… မောင်လေး ဘိုင်ခေါ်ထားတာရှိလား…

”ဗျာ..ဘိုင်ခေါ်တယ်ဆိုတာ ဘာကိုပြောတာလဲ..

”အော်..ဟင်း..ဟင်း..ဘိုင်ခေါ်တယ်ဆိုတာ..
ဒီမှာရှိတဲ့ကောင်မလေးတွေကို ကြိုပြီးချိတ်ထားတာရှိလား
ရှိရင်..အဲဒီမိန်းကလေးကို ခေါ်ပေးမလို့ မေးတာ…

”အာ..မရှိပါဘူးဗျ..ဒါပေမဲ့ ကျနော် ဂျက်စမင်ဆီလာတာပါ။

”ဟုတ်ပြီလေ..ဂျက်စမင်မှာ ဧည့်သည်မရှိရင်တော့
ရပါတယ်။ ခဏနော်…မောင်လေး..
ဟဲ့..ဂျက်စမင် အားလား သွားမေးစမ်း…ဆိုပြီး
အနားက လူတစ်ယောက်ကို ကောင်တာက အမျိုးသမီးက
ခိုင်းလိုက်သည်။
ခဏနေတော့ အဲဒီလူကပဲ ကျနော့်ကို အခန်းတစ်ခုထဲ
လိုက်ပို့သည်။အခန်းထဲက ဆိုဖာဆက်တီခုံပေါ်မှာ
ထိုင်ရင်း ”အဲဒီမိန်းမလာရင် ငါဘာပြောရပါ့မလဲဆိုပြီး
ကျနော်တွေးနေမိသည်။

”ဂျက်စမင်ကိုခေါ်တာ ဒီက အစ်ကိုလား…

ကျနော်ဘေးကို ပူးကပ်ထိုင်ရင်း ခပ်ရဲရဲနဲ့ အဲဒီမိန်းမက
ပြောလိုက်ခြင်းဖြစ်သည်။

”ဟုတ်တယ်..မင်းကိိုခေါ်လိုက်တာငါပါ…

”အော်..ဒါပေမဲ့ အစ်ကို့ကို ညမ မသိဘူးနော်…

ချွဲပျစ်နေတဲ့ပုံနဲ့ ကျနော့်ကို ပြောသည်။

”ငါက မိုးအောင် သူငယ်ချင်း…

”ရှင်..

ကျနော့်စကားကြားတော့ ဆားနဲ့တွေ့တဲ့တီလို..
တွန့်ကနဲ့ဂျက်စမင်ဖြစ်သွားတာကို ..
ကျနော်သတိပြုမိသည်။

”လိုရင်းပဲ ပြောမယ်ကွာ…မင်းနဲ့မိုးအောင်က ဘာလဲ..

”အလုပ်ချိန်မှာ..ပါစင်နယ်အကြောင်းတွေပြောဖို့
ကျမမှာ အချိန်မရှိဘူး..

ထို့သို့ပြောပြီး ဂျက်စမင်က ကျနော့်အနားက ထွက်သွားဖို့
လုပ်သည်။ဒါနဲ့ ကျနော်က သူမလက်ကိုဆွဲပြီး…

”ခဏပါ ဂျက်စမင် ငါပြောတာမင်းနားထောင်ပေးပါ။

”ဟင်း…

သက်ပြင်းတချက်ချရင်း ကျနော်နဲ့ မျက်နှာချင်းဆိုင်က
ခုံမှာ သူမက ထိုင်လိုက်သည်။

”ဂျက်စမင်…

”ကျမနာမည်က သက်ထားနွယ်ပါ…ဂျက်စမင်က
ဒီကခေါ်တာ…

‘ဟုတ်ပါပြီ…မင်းနဲ့ မိုးအောင်က ဘာတွေလဲ သက်ထားနွယ်

ကျနော်က သူမမျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်သည်။
သက်ထားနွယ် ပုံစံက ကျနော်ပြောနေကျစကားနဲ့ပြောရလျင်..
လှသည်။သို့သော် သူမအလှက မအေးချမ်းတဲ့..ပူပူလောင်
လောင် အလှမျိုးဖြစ်သည်။ဆံပင်ကို ကာလာဆိုးထားသည်။
မျက်နှာက..အလှပတွေခြယ်သထားတဲ့ ဆေးဆိုးပန်းရိုက်
မျက်နှာ။ခန္ဓာကိုယ်က တောင့်တောင့်ဖြောင့်ဖြောင့်နဲ့
ဆန့်ကျင်ဖက် ပုရိသတွေကို အတော်ဆွဲဆောင်နိူင်တဲ့
ပုံစံမျိုးထဲကဖြစ်သည်။

”ချစ်သူတွေပါ…

”သူ့မှာ..မိန်းမနဲ့ကလေးရှိတာ မင်းသိလား…

”အင်း..သိတယ်လေ..

မခန့်မလေးစားပုံစံဖြင့် သက်ထားနွယ်က ဖြေသည်။

”ဟ..ဒါကို သိရက်နဲ့များ ဘာလို့ မိုးအောင်ကို
မင်းက လက်ခံရတာလဲ….

”ချစ်လို့ပေါ့…ချစ်လို့လက်ခံတာ

စကားပြောရင်းက သက်ထားနွယ်ဟာ
စရိုက်ဆန်တဲ့ မိန်းကလေးမှန်း ကျနော်သိလိုက်ရသည်။
ဒါနဲ့ ချော့မော့ဖျောင်းဖျကြည့်ဖို့ကျနော် ကြိုးစားလိုက်သည်။

”မဟုတ်သေးဘူးလေ သက်ထားနွယ်… မိုးအောင်မိသားစုက မိုးအောင်ကို မှီခိုနေရတာပါ..
သူ့သားလေးဆို..သုံးနှစ်တောင်မပြည့်တတ်သေးဘူး။

”အဲဒီတော့ ကျမက ဘာလုပ်ပေးရမလဲ…

ဒီမိန်းမ သဘောထားပျော့ပြောင်းသွားပြီ ဆိုပြီး
ကျနော်က ကျိတ်ပြီးဝမ်းသာလိုက်သည်။

”ဒီလိုပါ မိုးအောင်ကို မပတ်သက်ပဲ ဒီက သက်ထားနွယ်က
နောက်ဆုတ်ပေးစေချင်တာပါ….

”ကျမနဲ့ မောင့်ရဲ့ အချစ်တွေက စိုးရိမ်အမှတ်ကျော်နေပြီ
နောက်ဆုတ်လို့ ဘယ်လိုမှ မဖြစ်တော့ဘူး…
မောင့်ရဲ့ ဟိုမိန်းမက ဒီက အစ်ကို့ကို ..
အခကြေးငွေနဲ့ငှားပြီး ဒီကိုလာပြောဖို့လွှတ်တဲ့…
သံတမန်ဆက်ဆံရေးမျိုးဆိုရင်
ခုချက်ချင်း ပြန်လိုက်ပါတော့…
အစ်ကို့အတွက် အချိန်ကုန်သလို ကျမအတွက်လည်း
အချိန်တွေပုပ်ပါတယ်။

”မင်း ဘာစကားပြောလိုက်တာလဲ…မင်းစိတ်နဲ့ နှိုင်းပြီး
မရိုင်းနဲ့၊ ငါနဲ့မိုးအောင်က ညီအကိုလို ချစ်တဲ့ သူငယ်ချင်း
တွေကွ…မိုးအောင် ပျက်စီးမှာစိုးလို့ မင်းဆီငါလာခဲ့တာ..
ဒီမယ် သက်ထားနွယ် လူဆိုတာ ဟိရိဩတပ္ပဆိုတဲ့
အရှက်တရားနဲ့အကြောက်တရား နှစ်မျိုးရှိရတယ်။
မကောင်းတာကိုလုပ်ဖို့ ရှက်တတ်ရတယ်။
မကောင်းတာကိုလုပ်မိမှာကို ကြောက်တတ်တတ်ရတယ်။
အဲဒီ အရှက်အကြောက် နှစ်မျိုးလုံးမရှိတော့ဘူးဆိုရင်..
သူက လူမဟုတ်တော့ဘူး…တိရိစ္ဆာန်ဖြစ်သွားပြီ။
တိစ္ဆာန်ဆိုတာ ရှက်ရမှန်းမသိသလို …
ကြောက်ရမှန်းလည်း မသိဘူး။
သူတို့မှာ ကိုယ်ချင်းစာတဲ့ စိတ်မရှိဘူး။
ဖေးမချင်တဲ့ စိတ်မရှိဘူး။
အိပ်ဖို့ စားဖို့ ကာမ ဆက်ဆံဖို့ကလွဲရင် ဘာမှမသိကြဘူး။
လူနဲ့ တိရိစ္ဆာန်ကြားထဲမှာ ဟိရိဩတပ္ပဆိုတဲ့ အရှက်တရားနဲ့
အကြောက်တရားရှိရမဲ့..ခြံစည်းရိုးကြီးက ပိုင်းခြားထားတာ…
အရှက်တရား အကြောက်တရား မရှိတဲ့သူဟာ..
တိရိစ္ဆာန်ပဲ….လူမဟုတ်ဖူး..

စိတ်ဆိုးဆိုးနဲ့ သက်ထားနွယ် ဆိုတဲ့ မိန်းမကို ကျနော်က
ပျစ်ပျစ်နစ်နစ် ပြောဆိုပြစ်လိုက်သည်။

‘ရှင်က ကျမကို စော်ကားနေတာပဲ။
ဒီမှာ ခု..ရှင်လုပ်နေတာတွေကိုက စောက်တလွဲဖြစ်နေပြီ။
ရှင်တားရမှာ..ကျမ မဟုတ်ဖူး။
ရှင့်လူကို ရှင်တားရမှာ…
ရှင်ပြောတဲ့ ခြံကြီးထဲကနေ ခုန်ထွက်မလာအောင်..
ရှင့်လူကို နဖားကြိုး နာနာထိုးပြီး ထိန်းထားလိုက်…
ဟင်း…ဟင်း…

”တောက်…

ဒီမိန်းမက ဘယ်လိုမှ ပြောလို ရမဲ့ မိန်းမ မဟုတ်မှန်း
သိလိုက်တာနဲ့..ထိုင်ရာကနေ ကျနော် ထလိုက်သည်။
သက်ထားနွယ်က ကျနော့်ကိုကြည့်ပြီး မဲ့ပြုံးတချက်ပြုံး၍..

”ဟိရိဩတပ္ပတွေ ဘာတွေနဲ့ ဂျက်စမင်ကို တရားတွေ
လာပြတော့ ဂျက်စမင်ကလည်း ပြန်ပြီး ဒီက အစ်ကို့ကို
တရားလေးပြလိုက်ပါရစေ…
သတ္တဝါတိုင်းဟာ ကိုယ့်ကိုယ်ကိုသာလျှင် အချစ်ဆုံးလို့
ဂေါတမဗုဒ္ဓက မိန့်ဆိုထားတော့ ဂျက်စမင်လည်း
ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်။ဘယ်သူ့အတွက်မှ
ကိုယ်အနာခံပြီးစဥ်းစားမပေးနိူင်ဘူး။

စိတ်ဆိုးမာန်ဆိုးဖြင့် အခန်းတံခါးဆီ
ကျနော်က သွားလိုက်သည်။

”အော်…အစ်ကို.. အစ်ကို တရားပြတာ နားထောင်လို့
ကောင်းတယ်…ဘုန်းကြီးဝတ်ပြီး ဓမ္မကထိက လုပ်ရင်
အစ်ကိုနာမည်ကြီးမှာ..ဟင်း..ဟင်း…

နောက်ကနေ ကျနော့်ကို လှမ်းပြီး ငေါ့လိုက်သေးသည်။
တော်တော်မလွယ်တဲ့ မိန်းမပါလား။
+ + + + + + + + + + + + + +

မာဆတ်ကနေ ထွက်လာပြီးတဲ့နောက် မိုးအောင်နဲ့
ဂျက်စမင်ဆိုတဲ့ မိန်းမကို မရအရ ခွဲဖို့ ကျနော်ဆုံးဖြတ်
လိုက်သည်။ ဒီမိန်းမဟာ တကယ့် နတ်ဆိုးရဲ့သမီးဆိုတာ..
ကျနော်ကိုယ်တိုင် သိလိုက်ရပြီလေ။

”မင်းဘာလို့ အဲဒီကို သွားတာလဲ…

ကယ်ရီငှားလာတဲ့ဆိုင်ကယ်ပေါ်က ..ဆင်းတာနဲ့
အလိုမကျသလိုမျက်နှာပေးနဲ့…မိုးအောင်က ကျနော့်ကို ဆီးပြောသည်။ဒီတင်ကျနော်က လက်ကာပြ၍

”ငါပင်ပမ်းလာတယ်ကွာ…ဟိုနားက
အအေးဆိုင်လေးသွားရအောင်…

ပြောပြီးတာနဲ့..ကျနော်က ဦးဆောင်၍ ရှေ့ကသွားလိုက်
သည်။မိုးအောင်က ရှုတင်းတင်း အောက်သိုးသိုးနဲ့
ကျနော့်နောက်ကလိုက်လာသည်။
ဆိုင်လေးထဲမှာ..စုံတွဲတစ်တွဲနဲ့ ကျနော်တို့ နှစ်ယောက်သာ
ရှိသည်။ကျနော်က အအေးနှစ်ဘူး မှာလိုက်ပြီး..
ရောက်လာတဲ့ အအေးဘူးထဲက တစ်ဘူးကို ချက်ချင်း
မော့သောက်ပစ်လိုက်သည်။ ရင်တွေက တော်တော်
ပူနေပြီ။ဒေါသမီးသည် ငရဲမီးတမျှ ပူလောင်တယ်ဆိုတာ
ကျနော် ခု..လက်တွေ့ခံစားနေရသည်။
ကျနော်လုပ်သမျှကို မျက်လုံးပြူးကြီးနဲ့ မိုးအောင်က
ကြည့်နေသည်။တော်တော် နေသာထိုင်သာ ရှိသွားမှ
ကျနော်က စကားစလိုက်သည်။

”မင်းမိန်းမနဲ့ကလေး သူ့မိဘတွေဆီပြန်သွားပြီ….

”ဟင်…ဖြူတို့သားအမိ ပြန်သွားကြပြီ…

မျက်နှာလေး ငယ်ပြီး မိုးအောင်က ခေါင်းငုံ့သွားသည်။

”မင်းဘာဆက်လုပ်မလဲ မိုးအောင်….

”ငါ့အာရုံတွေရှုတ်ထွေးကုန်ပြီကွာ….

သူ့ခေါင်းကို ယမ်း၍ မိုးအောင်ကပြောသည်။

”ဟ..ဘာရှုတ်စရာရှိလဲကွာ…ကိုယ့်မိန်းမကို ကိုယ်ခေါ်
လိုက်ရင်ပြီးတာပဲလေကွာ…မင်းတစ်ယောက်တည်း
မသွားချင်ရင် ငါပါလိုက်ခဲ့မယ်ကွာ…

”မဟုတ်ဖူးကွ…ငါဆုံးဖြတ်ရခက်နေလို့ပါ…

”ဘာလဲ..ဟို မိန်းမကြောင့်လား….

ကျနော်က ပြောလိုက်တော့ မိုးအောင်က ဆက်ကနဲ့
ကျနော်ကိုကြည့်၍…

”အေး…မင်းအဲဒီကို ဘာသွားလုပ်တာလဲ…

”အဲဒီနေရာက ခြံခုန်ပြီးသွားတဲ့ နွားတွေရယ်..
ခြံမခုန်ရဲလို့..မလွယ်ပေါက်ကနေ ခိုးသွားနေတဲ့နွားတွေ
သွားတဲ့နေရာပဲလေ..ငါ့ကို အထူး မင်းမေးစရာမလိုဘူး..
ဘာမဟုတ်တဲ့ မိန်းမ အတွက်နဲ့ မင်းမိသားစုအသိုက်မြုံလေး
အပျက်မခံပါနဲ့ကွာ….

‘ငါ..ဂျက်စမင်ကို ချစ်တယ်..

”ဖြူသက်ချယ်ကိုလည်း မင်းချစ်ခဲ့တာပဲလေ…

မိုးအောင်က ခေါင်းကို ယမ်း၍…

”မဟုတ်ဖူး ကိုပီ ငါဖြူကို ချစ်ခဲ့တာမဟုတ်ဖူး..
စိတ်လှုပ်ရှားခဲ့တာ…အဲဒါကို ငါက အချစ်လို့ ထင်ခဲ့တာ
တကယ့်အချစ်ဆိုတာကို..ဂျက်စမင်နဲ့ တွေ့မှ
ဒါပါလားဆိုပြီး ငါသိလိုက်ရတာ….

”မင်း အဲဒီမိန်းမရဲ့ ရမ္မက်နွံထဲ အတော်နစ်နေပြီကိုး..
သူ့ကို မင်းချစ်နေတာမဟုတ်ဖူး…
အထိအတွေ့အသစ်ကို သာယာပြီး အချစ်လို့ မင်းထင်
နေတာ…

”ငါ့ကိုယ်ငါ သိပါတယ်ကွာ..ငါဖြူကို မချစ်ဘူး..
ဂျက်စမင်ကိုပဲ ချစ်တာ…

မိုးအောင်ကို ကြည့်ပြီး ”မောင်နဲ့ကျမရဲ့အချစ်တွေက
စိုးအရိမ်အမှတ်ကျော်နေပြီ ”ဆိုတဲ့ ဂျက်စမင် စကားကို
ကျနော်ပြန်ကြားလိုက်မိသည်။ဒီကောင့်အခြေနေက လုံးဝ
အနီအရောင်အဆင့်ဖြစ်နေပြီ။
မကူနိုင် မကယ်နိုင်ရင် အဖက်ဆယ်
မရလောက်အောင် စုတ်ပျက်သတ်သွားတော့မှာ။

”မင်းပြောသလို တကယ့်အချစ်စစ်တွေ အချစ်တုတွေ
အသာထား၊မင်းမှာ အချစ်စစ်တာတွေ အချစ်မစစ်တာတွေ
ရွေးချယ်ဖို့ အခွင့်အရေးမရှိတော့ဘူး။
မင်းမှာ မိသားစုရှိတယ်.. မိန်းမရှိတယ် ကလေးရှိတယ်လေ..
ချစ်ချစ်..မချစ်ချစ်..ယောကျ်ားကောင်းတစ်ယောက်
အနေနဲ့ မင်းမိသားစုကို မင်းတာဝန်ယူရမှာ…

”ငါ..ဖြူတို့ သားမိကို ထောက်ပံ့မှာပါ…

မိုးအောင်စကားကြားလိုက်တော့ ကျနော် အတော်
အံ့အားသင့်သွားမိသည်။
မိန်းမတစ်ယောက်ရဲ့ မယာစက်ကွင်းမှာ မိပြီး
ကာမအမှောင်ဖုံးသွားတဲ့ ယောကျ်ားတစ်ယောက်
ဆီမှာ..ဘာအသိတရား. ဘာခံစားချက်မှ
မရှိတော့ပါလားဆိုတာ မြင်လိုက်ရလို့ပါ။
ကျနော်သိခဲ့တဲ့ မိုးအောင်နဲ့ ခု ကျနော့်ရှေ့က မိုးအောင်ဟာ
အပြောင်းလဲကြီး ပြောင်းလဲပြီး ကွဲပြားခြားနားတဲ့
လူတစ်ယောက်ဖြစ်နေခဲ့ပြီ။

”မင်းအထောက်အပံ့ကို မျှော်ကိုးပြီး..ငါ့ခြံဝင်ငါ့နွားလို့
သတ်မှတ်မဲ့..အပေါစားမိန်းမထဲမှာ ဖြူသက်ချယ်မပါဘူး။
မင်းမရှိလည်း သူ့ဘဝအခြေနေက နိမ့်ပါးမသွားဘူး။
သူလိုအပ်တာက…သူ့အတွက် သူချစ်တဲ့ခင်ပွန်း…
သူ့သားအတွက်ဖခင်ကောင်းတစ်ယောက်..
အဲလို ပုံစံမျိုးလိုအပ်တာ…

”မသိတော့ဘူးကွာ..မင်းက အရေးထဲ လာစားနေတယ်..

စိတ်မရှည်တော့တဲ့ ပုံစံနဲ့ မိုးအောင်က ကျနော့်ကို
ပြောသည်။

”မင်း အဲဒီ ဂျက်စမင်ဆိုတဲ့ မိန်းမကို သတီလား….
ဟောဒီဖန်ခွက်ထဲကို အချိုရည်ပဲထည့်ထည့်…
အရက်ဘီယာပဲထည့်ထည့်…နောက်ဆုံး ရေနဲ့ဆေးလိုက်ရင်
ဖန်ခွက်က သန့်ရှင်းပြီး စင်ကြယ်သွားမှာပဲ..
အေး….အဲဒီမိန်းကိုတော့ ရေနဲ့ဆေးချလိုက်လို့
ပြောင်မသွားဘူးနော်…မင်းသိအောင်ပြောတာ…

”မင်းဘာစကားပြောတာလဲ…

မိုးအောင်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး..
ကျနော့် လည်ပင်းကို သူ့လက်နဲ့ ကုတ်ထားလိုက်သည်။
ဒါကိုမြင်တဲ့ ဆိုင်က ဝန်ထမ်းလေးတွေက ကျနော်တို့
နှစ်ယောက်ကို ဆွဲ၍ ဖျန်ဖြေကြ၏။

”မင်းက ငါ့ကိုတောင် အဲဒီမိန်းမအတွက်နဲ့ ရိုက်မယ်
နှက်မယ်ပေါ့…မင်းဆီ ငါလာခဲ့မိတာ နောင်တရတယ်။
မင်းနဲ့ငါ ဒီဘဝ ပြီးပြီ မိုးအောင်…

ကျနော့်စကားကြားတော့ မိုးအောင်က ခေါင်းငုံ့သွားသည်။
ခေါင်းပြန်အမော့မှာ မျက်ရည်တွေရစ်ဝိုင်းပြီး…

”ကိုပီ..ငါ..

”တော်တော့ ဟေ့ကောင် မင်းဆီက ဘာမှ
ငါမကြားချင်တော့ဘူး။

အဲဒီလို ဖြစ်ပျက်ပြီး..နောက်သုံးလလောက်နေတော့
ကျနော်လည်း မလေးရှားကို အလုပ်လုပ်ဖို့ရောက်သွားသည်။
၂၀၁၁ ကာလလောက်မှာဖြစ်သည်။
ခုလို ဆက်သွယ်ရေးစနစ်တွေ မကောင်းသေးတော့
အမျိုးသမီးနဲ့ ဖုန်းပြောတိုင်း မိုးအောင်
အကြောင်းကိုလည်း ကျနော်က မမေးမမိပေ။
နောက်သုံးနှစ်နေပြီး ပြန်လာတော့…
ခရီးရောက်မဆိုက် မိုးအောင် အကြောင်းကို ကျနော့်
အမျိုးသမီးအား မေးလိုက်သည်။

”စိုးစိုး..မိုးအောင်ကြီးသတင်း ဘာကြားလဲ..

”မောင်စိတ်မကောင်းဖြစ်နေမှာစိုးလို့ မပြောတာ…
မောင်သွားပြီး တစ်နှစ်လောက်နေတော့ ကိုမိုးအောင်
ဆုံးသွားတာ…

”ဟာ…ဘယ်လိုဖြစ်ရတာလဲကွာ…

ကြားလိုက်ရတဲ့ စကားကြောင့် စိတ်မချမ်းသာဖြစ်သွား
ရသည်။ကိုပီ..ငါ..ဆိုပြီး နောက်ဆုံးစကားလေးသူပြော
ချင်ပေမဲ့..တော်တော့ ဟေ့ကောင် မင်းဆီက ငါ ဘာမှ
မကြားချင်ဘူး..လို့ကျနော်ပြောခဲ့တာကိုတွေးရင်း
စိတ်မကောင်းဖြစ်နေမိသည်။

”မိုးအောင်က ဘာလို့ သေရတာလဲ..

”ဓားထိုးခံရတာတဲ့..စိုးလည်း သိပ်မသိဘူး..

”ဖြစ်မှ ဖြစ်ရလေ…မိုးအောင်ရာ…

နောက်တနေ့ရောက်တော့ လမ်းထဲက လက်ဖက်ရည်
ဆိုင်မှာ မိုးအောင်နဲ့အတူ အလုပ်လုပ်ခဲ့တဲ့..
သူ့ညီဝမ်းကွဲ အောင်ကိုလတ်နဲ့တွေ့ မှဖြစ်ကြောင်းကုန်စင်
ကျနော်သိရတော့သည်။

ကျနော် မလေးရှားကို သွားတဲ့နောက်ပိုင်းမှာ မိုးအောင်နဲ့
ဂျက်စမင်တို့ လက်ထပ်လိုက်ကြသည်။
ဂျက်စမင်ဟာ..မိုးအောင်နဲ့ လက်ထပ်ပြီးပေမဲ့..
ယောကျ်ားတွေနဲ့ တရုန်းရုန်းနေတဲ့အကျင့်က ပျောက်
မသွား။ဒါကိုမိုးအောင်က ပြောတော့ နှစ်ယောက်သား
ရန်ဖြစ်။ဒီလိုနဲ့ သူတို့အိမ်ထောင်ရေးက ငရဲခန်းထဲကျနေတဲ့
လူနှစ်ဦးလို ပူပူလောင်လောင် ဖျတ်သန်းနေကြရသည်။
ကြာတော့ စိတ်ညစ်ပြီး မိုးအောင်က အရက်သောက်တတ်
လာသည်။ဒီမှာတင် အလုပ်ထဲမှာ ပျက်ကွက်မှု့တွေဖြစ်ပြီး
ဘယ်လုပ်ငန်းရှင်ကမှ..မိုးအောင်ကို မယုံကြည်။
ဒီတော့ ဘယ်သူကမှ အလုပ်မအပ်ကြတော့။
အလုပ်မရှိတော့ ဝင်ငွေမရှိ။
ဝင်ငွေမရှိတော့ ဂျက်စမင်က မကြည်။
ဒီလိုနဲ့ အပူအိမ်ထောင်ရေးကို ကသောင်းကနင်း
ကျော်ဖြတ်ရင်း..
တနေ့..မိုးအောင်ကို…
ဂျက်စမင် တခြားကောင်တစ်ကောင်နဲ့ တည်းခိုခန်းထဲ
ဝင်သွားတာမြင်ကြောင်း အသိတစ်ယောက်က ပြောတော့
မိုးအောင် မျက်လုံးတွေပြာဝေသွားသည်။
ဘဝအပျက်ခံပြီး မိသားစုကိုလည်း စွန့်ခဲ့သည်။
ဒီလောက်ချစ်ရက်နဲ့..ဖောက်ပြန်တဲ့ကောင်မကို
သတ်မယ်ဆိုပြီး..လာပြောတဲ့လူ..ပြောခဲ့တဲ့ တည်းခိုခန်းကို
သူလိုက်သွားခဲ့သည်။ဖြစ်ချင်တော့..တည်းခိုခန်းထဲ
သူကအဝင်..ဂျက်စမင်နဲ့ကောင်တစ်ကောင်က
လက်ချင်းတွဲ၍ ထွက်အလာနှင့် ဆုံကြလေသည်။
မိုးအောင်ဟာ စိတ်ကိုမထိန်းနိူင်တော့ပဲ..
ပုဆိုးကြားဝှက်လာတဲ့ဓားနဲ့…ဂျက်စမင်ကို အတင်းပွေ့၍ ထိုးတော့သည်။
ဒီမှာတင် ဂျက်စမင်နဲ့အတူပါတဲ့ကောင်က အတင်းလုံးထွေး
သတ်ပုတ်ရင်း မိုးအောင်ဆီက ဓားနဲ့ မိုးအောင်ကို
ထိုး၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ဓားထိုးခံရတဲ့အချိန်မှာ မိုးအောင်က အရက်တွေ
မူးနေခဲ့တာ။သွေးအိုင်ထဲ လဲနေတဲ့ မိုးအောင်ကို
ဆေးရုံတင်ကြပေမဲ့ ဆေးရုံမှာ တစ်ရက်နေပြီး..
ဆုံးသွားရှာသည်။ဂျက်စမင်ကတော့..မိုးအောင်ရဲ့
နာနာကျည်းကျည်း ထိုးခဲ့တဲ့ ဓားဒဏ်ရာတွေနဲ့..နေရာမှာတင် ပွဲချင်းပြီး..
သေဆုံးသွားခဲ့သည်။မိုးအောင်ကို ဓားနဲ့ထိုးပြီး..
ထွက်ပြေးသွားတဲ့ ကောင်ကို တစ်လလောက်နေတော့
ရဲတွေက ဖမ်းမိလို့ စစ်လိုက်တော့…ဂျက်စမင်ရဲ့ အရင်
ယောကျ်ားဖြစ်နေသည်။ဒီကောင်က ဆေးမှု့နဲ့..ထောင်ကျ
နေတုန်း…မိုးအောင်နဲ့ ဂျက်စမင်တို့က တွေ့ပြီး..
ငြိကြခြင်းဖြစ်သည်။ဂျက်စမင်မှာ မိုးအောင်ရှိတယ်ဆိုတာ
ဒီကောင်ကမသိ။ဒီနေ့ပဲ ဂျက်စမင်နဲ့တွေ့..ဒီနေ့ပဲ မိုးအောင်နဲ့
ဆုံပြီး ခုလို သေပွဲ သတ်ပွဲတွေ ဖြစ်ကုန်ကြခြင်းဖြစ်သည်။

ကျနော်ပြန်ရောက်ပြီး တစ်လလောက်အကြာမှာ..
ကျနော်တို့မိသားစု…ပုဂံကိုသွားပြီး ဘုရားတွေဖူးကြသည်။
အာနန္ဒာစေတီ ဘုရားဝင်းထဲမှာ..မမျှော်လင့်ပဲ
လူတစ်ယောက်နဲ့ လာဆုံတော့သည်။

”အစ်ကို..

”ဖြူသက်ချယ်..ညီမလေး.ဒါက..
သားသား..ဇွဲပြည့်မို့လား…သား..ဦးကိုမှတ်မိလား…

ကျနော်က..ဖြူသက်ချယ်နဲ့ လက်တွဲပြီးပါလာတဲ့
ကလေးကို မေးလိုက်ခြင်းဖြစ်သည်။

”သားသိတာပေါ့..ဦးဦးပီကို မသိပဲနေမလား..

ဒီကလေး ကျနော်တို့ဆီက သူ့အမေနဲ့ ထွက်သွားတုန်းက
သုံးနှစ်လောက်သာရှိအုံးမည်။

ခု ကျနော့်ကိုမှတ်မိနေတယ်ဆိုတော့ မိုးအောင်ကို
ချက်ချင်းသတိရသွားမိသည်။

”အစ်ကို မလေးထွက်သွားတယ်ဆိုတာ ချယ် ကြားပါတယ်..
မတွေ့ဖြစ်ကြတော့တာတောင် သုံးနှစ်လောက်ရှိပြီနော်..
အစ်ကိုတို့ဆီကနေ ချယ် မြင်းခြံကို ပြန်သွားကတည်းကပဲ..

”ခုရော..ဖြူသက်ချယ် နောက်အိမ်ထောင်နဲ့လား…

”ဟုတ်တယ်အကို..ပထမတစ်ကြိမ် မိဘကို ဘဲ့ကန်ပြီး
ကိုယ့်စိတ်ကြိုက်ရွေးချယ်ခဲ့တယ်။
ခုတစ်ကြိမ်တော့ မိဘတွေ စိတ်ချမ်းသာဖို့ပဲ ချယ် တွေးပြီး
လိုက်လျောခဲ့တာပါ။ခု..ချယ် အမျိုးသားနာမည်က
ကိုဝဏ္ဏတဲ့..သဘောလည်းကောင်းတယ်..ချယ် ကိုလည်း
အလိုလိုက်တယ်..သားလေးကိုလည်းချစ်ပါတယ်။
ဟိုဘက်မှာ သူပါတယ် အစ်ကိုနဲ့ မိတ်ဆက်ပေးမယ်လေ..

အားတက်သရော ဖြူသက်ချယ်ကပြောနေပေမဲ့..
ကျနော်ကတော့ မိုးအောင်ကြီးကိုပဲ သတိရနေမိသည်။

”နေပါစေ..ညီမ ကျနော်တို့လည်း သွားတော့မှာပါ..
ဒါနဲ့ မိုးအောင်ဆုံးသွားတာ ညီမသိလားဟင်..

ကျနော့်စကားကြားတော့ ဖြူသက်ချယ် ပြုံးလိုက်သည်။

”သိတာပေါ့ အစ်ကိုရယ်..သူမရှိတော့ပေမဲ..ချယ်..
တနေ့မှ သူ့ကိုမမေ့ဘူးသိလား…

မိုးအောင်ကို တနေ့မှ ဖြူသက်ချယ်က မမေ့ဘူးဆိုတာ
ကြားလိုက်ရတော့ မိုးအောင်အတွက် ကျနော် ပီတိလေး
ဖြစ်သွားမိသည်။

”မင်းမိသားစုက ဒီနေ့ထိ မင်းကို သတိရနေသေးတယ်
မိုးအောင်..ဆိုပြီး စိတ်ထဲကနေတောင် ကျနော်..
ပြောလိုက်သည်။

”ဘာလို့ သူ့ကို မမေ့တာလဲ သိလားအစ်ကို…
ချယ် သူ့ကိုမုန်းလို့…

”ဟင်…

”ဟုတ်တယ်အစ်ကို..သူ့ကို ချယ် အသေမုန်းလို့
လူတစ်ယောက်ကို မုန်းမိရင် မေ့မရဘူးဆိုတာ..
တကယ်ဟုတ်တယ် အစ်ကို..
ကျမ သူ့ကို မုန်းလို့ကိုမေ့မရတာ…

ဖြူသက်ချယ်တို့နဲ့ လမ်းခွဲပြီးတဲ့နောက် ကျနော့်စိတ်ထဲ
ဖြူသက်ချယ်ပြောတာကိုပဲ..ထပ်တလဲလဲ ကြားနေမိသည်။

”ကျမ သူ့ကို မုန်းလို့ကိုမေ့မရတာ..

4. 8.2024
⏱3:35 PM
#ပီယ_ရွှေညာမြေ