ပိုင်းလုံးမ(စ/ဆုံး)
———————
ကျွန်မအဖေက ပြည်ကြီးပေါက်တရုတ်စစ်စစ်။ကျွန်မအမေကမွန်။
ကျွန်မတို့မောင်နှမတွေကတော့ တရုတ်သွေး၅မူးပါသည့်တရုတ်မွန်မလေးတွေပေါ့။
တရုတ်သွေးနဲ့မွန်သွေးရောထားလို့ ကျွန်မတို့အသားအရေလှချက် 9* အဲဒီထဲကမှ ကျွန်မက ပြိုင်စံရှား အလှဆုံး။(မောင်နှမလေးယောက်)
ပြိုင်စံရှားလို့ပြောရချင်းကတော့ မျက်လုံး မျက်ခုံးနှာတံ နှုတ်ခမ်း မျက်နှာကျ ဟာ မိန်းကလေးပေါင်းမြောက်မြားစွာထဲမှာမှ ကျွန်မမျက်နှာမြင်ရသူတွေဟာ အကြည့်မှင်သက် လွှဲဖယ်မသွားရက် ရူပါရုံမှာကျဆုံး အရှုံးပေးသွားကြသူတွေ အများသားဆို ယုံကြမလားမသိ။
ကျွန်မရဲ့ လက်ခြေထောက်တွေဟာ ရှေးစာဆိုတွေဖွဲ့နွဲ့ရေးသားခဲ့ကြသလို ခိုခြေအသွေးနီမြန်းသော ဆိုတာ ကျွန်မမှအစစ်ပါ။
ရေသောက်လိုက်လျှင်လည်း ရှိန်းမြမြ စိမ်းစစ သွေးကြောမျှင်မျှင်လေးတွေပေါ်ပေါ်လာတတ်သေးတာ ပန်းချီဆရာလက်မှိုင်ချရ ညည်းရသလောက် ရူပါရုံ။
ကျွန်မငယ်ငယ်လေးထဲက မိဘတွေနဲ့လမ်းထိပ်ထွက်ပြီဆို ကော်ပတ်ရုပ်လေး ချစ်စရာဘိုမလေး အမလေး လှလိုက်တဲ့ကလေးမလေး ဆိုပြီး အာမေဋိတ်သံတွေနဲ့ မချစ်သူမရှိ။မချီသူမရှိ။
မသိတဲ့တစိမ်းတရံတွေတောင် ကျွန်မတို့စားသောက်ဆိုင် ထိုင်ပြီဆို ချစ်လို့စားစရာတွေ အလကားလာချ ကြွေးကျတဲ့အထိပါ။(မိဘတွေ အင်မတန်မျက်နှာပွင့်ပါတယ်)
ကျောင်းစနေတော့လည်း တစ်ကျောင်းလုံးဆရာမတွေ ကြယ်စင်ခခ ဆိုရင် မသိသူမရှိ။
ကျွန်မ အပျိုပေါက်စဖြစ်တာ ၅တန်းနှစ်။
အပျိုဖြစ်စောတဲ့ကျွန်မ ဖြူဖြူလှလှ ဖွင့်ဖွင့်ထွားထွား စွင့်စွင့်ကားကား မို့ ၆တန်းနှစ်စ ကျောင်းစတက်ကထည်းက ပိုးပန်းသူကျောင်းသားတွေ တပြုံတမ။
လူက အင်မတန်လှပေသိ့ ကျောင်းစာမှာတော့ ကြှနျမအငျမတနျညံ့ခဲ့တာဝနျခံပါတယျ။၅တနျးသခြာငျ်၂စသငျကထညျးက မရခဲ့နားမလည်ခဲ့တဲ့ကျမ ၆တန်းမှာသချာင်္နဲ့စာမေးပွဲ ၂ခါကျလို့ ကျောင်းထွက်ခဲ့ရပါတယ်။
အိမ်ကစီးပွားရေးဖြစ်တဲ့ကုန်စုံဆိုင်။ကြက်သားပေါက်မွေးမြူရေး။ငုံးတွေမွေးပြီးငုံးဥတွေရောင်းတဲ့လုပ်ငန်းတွေကို ကျမဝိုင်းကူညီလုပ်ရင်း
လှပကျော့ရှင်း တုနှိုင်းမမှီ စံချိန်စီတဲ့ အလှပဂေး အပျိုပေါက်စလေး ဖြစ်လို့လာခဲ့ပါပြီ။
(လှလွန်းဆွေမို့ တရပ်ကွက်လုံး ကျွန်မကို မသိသူမရှိပါ)
မိန်းမတို့ရဲ့ရုပ်ရည်ဟာ ဥစ္စာလို့ဆိုရိုးစကားရှိခဲ့ပါတယ်။
ကျွန်မဆိုင်ထိုင်လိုက်ပြီဆို လာလိုက်တဲ့စျေးဝယ်။ရောင်းရလွန်းလို့ လက်ညောင်း ရပ်ရလွန်းလို့ခြေညောင်း။ပြောရလွန်းလို့ အာတွေညောင်း။
ကြက်တွေကြွေးဖို့ကြက်စာမှာတယ်။ကိုယ်စားလှယ်ကအိမ်ထိလိုက်လာပြီး လာချတယ်။
ငုံးတွေငုံးနာကျလို့ ကြက်နာကျလို့ တိရိစ္ဆာန် ဆရာဝန်ခေါ်။အလကားကုပေးတဲ့အပြင် တိရိစ္ဆာန်အကြောင်းပြ အိမ်ကိုချောင်းပေါက်မတတ် လာလိုက်ကြတာများ။တကယ်ပါ။
ကျွန်မရေချိုးတဲ့အချိန်။ဘုံဘိုင်(ဂျိုးဖြူပိုက်ကလာတဲ့ရေတွေကို အုပ်ကန်နဲ့ကာလှောင်ထား)မှာသွားချိုးရပါတယ်။အဲဒီအချိန်ဆို ကာလသားတွေ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် အလုပ်ဆုံးအချိန်ပေါ့။
တိုတိုဆိုကြစို့ရဲ့ အမေက အလှပဂေးသမီးလေးကို စိတ်မချပါဘူးဆိုပြီး ကိုယ့်ထက်အသက်အများကြီး ကြီးတဲ့ ရှေ့နေတစ်ယောက်နဲ့ ကျွန်မကို လက်ထပ်ပေးစားခဲ့ပါတယ်။
“အချစ်” ကျွန်မ မသိခဲ့ပါဘူး။ချစ်လည်းပေါင်း မချစ်လည်းပေါင်းခဲ့ရပါတယ်။
ရှေ့နေဆိုတော့ကား အမှု ရရင်အူစို မရရင်မစိုတဲ့အမျိုး။
သူနဲ့လက်ထပ်ပြီးကထည်းက ကျွန်မတစ်နေ့မှမပျော်ပိုက်ခဲ့ပါဘူး။ကိုယ့်ထက်အသက်အများကြီး ကြီးတာကတစ်မျိုး ရုပ်ဆိုးတာကတစ်မျိုး ငွေမရှာနိုင်တာကတမျိုးနဲ့ ။တစ်ခုပဲပြောစရာရှိတာက ရှေ့နေကတော်လို့ပါပဲ။
ကျွန်မ မိဘတွေ ကျွန်မအိမ်ထောင်ကြပြီးနောက်ပိုင်း သားသမီးများတာကတစ်မျိုး စီးပွားရေးကျလာတာကတမျိုး ဆိုတော့ ကျမတို့အိမ်အပေါ်ထပ်ကို အိမ်ငှားစတင်ခဲ့ပါတယ်။
အိမ်ငှား တဲ့မိသားစုမှာ ကျွန်မနဲ့ရွယ်တူကောင်လေးတစ်ယောက် ပါလာရာက အစပြုလို့ ခင်မင်ရင်းနှီးခဲ့ပါတယ်။
(ကျွန်မဘက်ကရိုးရိုးသားသား ကောင်လေးဘက်ကတော့မသိပါဘူး)
ကျွန်မယောက်ကျားရှေ့နေက သဝန်တိုပြီး အမျိုးမျိုးစွပ်စွဲပြသနာရှာ။ကျွန်မကလည်း နဂိုထဲကမှ စိတ်ကုန်စိတ်ပျက် ခံစားချက်တွေ အုံဖွဲ့လာရာက …..
ပြသနာစဖြစ်တာကတော့ ကျွန်မယောက်ကျားရှေ့နေကြီး ကျွန်မကိုရွှေဆွဲကြိုးဆင်ထားတာ အတုကြီးဖြစ်နေတာက စပါရောလား။
(ကျွန်မကျေနပ်အောင် ရွှေတုကို ရွှေအစစ်ဆိုပြီး ဆင်ထားခဲ့တာပါ)
ကျမကိုရွှေအစစ်ဆင်ရလောက်အောင်ကို ငွေမှမရတဲ့ရှေ့နေ။
အဲဒီမှာပဲလင်မယားတွေ စကားများထသတ်ကြပြီး ကျွန်မက ကွာမယ်လုပ်ပါတယ်။သူကတော့ မယား ငယ်ငယ်ချောချော လှလှလေးကို အတင်းပဲတောင်းပန်ပြီး မကွာပေးနိုင်ကြောင်းပြောပေမယ့် ကျွန်မကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ်တာရယ် စိတ်ကုန်စိတ်ပျက်တာရယ် ငွေမရှာနိုင်တာရယ် အကြောင်းပြပြီး ကျမ မပေါင်းတော့ပါဘူး။
ကျွန်မ အလှမာန်ကလည်းပါမယ်ထင်ပါတယ်။
(အသက်၁၇နှစ် ငယ်ရွယ်ချောမောသော တခုလတ်မလေး ကြယ်စင်ခခ)
ကျွန်မဘဝအာမခံချက်အတွက် ကျွန်မ အလှပြင်သင်တန်းတက်ခဲ့ပါတယ်။ကျမဘဝခံယူချက်တွေလည်းပြောင်းခဲ့ပါပြီ။
ကျွန်မဘဝမှာ သူမတူတဲ့ အလှပိုင်ဆိုင်ထားပြီးသား။ကျွန်မဘဝမှာလိုအပ်တာငွေ လို့။
ကျွန်မအလှဟာ ကျံန်မရဲ့လက်နက်တစ်ခုဖြစ်ကြောင်းသိလာရလေ ကျွန်မဟာ ကျွန်မရဲ့အလှနဲ့ မာယာချိုစကားတွေကို ပါးနပ်ကျွမ်းကျင်စွာ အသုံးပြုတတ်လို့လာပါတော့တယ်။
နောက်တစ်ယောက်ထပ်တွေ့တာက သစ်တောဌာနက ဦးစီးအရာရှိ။ကျွန်မရဲ့အလှနဲ့စကားတွေအောက်မှာ ပြားပြားမှောက်ဝပ်ဆင်း ဒူးထောက် ခင်းကျင်း ကျဆင်းလေသတည်းပေါ့။
သစ်တောက ယူမယ်ဆိုပြီးဖြစ်ရော။သူ့အမေသိတော့ “တခုလပ်မနဲ့ ငါ့သား တူသလား တန်သလား။ပိုင်းလုံးမ” ဆိုပြီး ကဖျက်ကယက်လုပ်ပါလေရော။
သစ်တောကောင်ကတော့အရူးမီးဝိုင်း။ ကျွန်မလည်း ဒီလောက်ဖြစ်လှတာဆိုပြီး “ရတယ်အန်တီ အကိုနဲ့ သဘောမတူဘူးဆိုလည်း ကျမကိုနစ်နာကြေးပေး ကျမအဆက်အသွယ်ဖြတ်ပေးမယ်”ဆိုပြီးတော့ပေါ့။
ကျွန်မ သိန်း၅၀၀ရခဲ့ပါတယ်။(သိတယ်မလား? ဆွေကြီးမျိုးကြီး အကောင်ကြီးကြီး အမြီးရှည်ရှည်ထဲကဆိုတော့ ) သူတို့အတွက်ကတော့ ဒီငွေဟာ အိပ်နေသလောက်ပါပဲ။
အကိုသစ်တောကိုချစ်လား?noပါ။ကျမဘဝမှာလိုအပ်တာငွေ။အချစ်မှ မဟုတ်တော့တာ။
နောက်တစ်ယောက်ကတော့ လူပျိုသိုးကြီး ကိုတင်မောင်ဆွေ။အိမ်မြှောင်အမြီးပြတ်သလိုကို ဆပ်ဆပ်ခါ တုန်တုန်ခါ နေအောင်ကိုချစ်တာများ။(အရူးအမဲသားကြွေးမိသလို) ကျွန်မ မှကျွန်မ ဖြစ်နေတာများ။
သူ့ကိုတော့ ကျွန်မသနားမိပါတယ်။သူ့အမတွေကတူးတူးခါးခါးဖြစ်ပြန်ရော။(အမတွေက ဘယ်လိုဖြစ်ဖြစ် လူပျိုကြီးက ကျွန်မဘက်က)
လူပျိုကြီးက ကျွန်မကိုမှမယူရရင် အဆိပ်သောက်သေမယ်လုပ်တာ။သူ့မှာမိဘတွေမရှိတော့ပါဘူး။အမ အပျိုကြီးတွေပဲရှိတာပါ။
လက်ထပ်ခဲ့တယ်။သူ့ကိုချစ်လို့မဟုတ်ဘူး။သူ့စည်းစိမ်ကိုမက်လို့။(သူတို့မိသားစုက အဝေးပြေးကားတွေ ကုန်တင်ကားတွေထောင်ထားတာပါ။ကျိကျိတက်ချမ်းသာကြပါတယ်)
လူပျိုသိုးကြီး ကိုလက်ထပ်ပြီးလို့ ၅နှစ်လည်းကြာရော ကောက်ခါငင်ခါ ဦးနှောက်သွေးကြောပြတ်ပြီးသေပါရောလား။လူကလည်းမတရားဝသူပါ။
ကျမ ဒီတစ်ခါတော့ မုဆိုးမပေါ့။တိုက်တွေကားတွေ လုပ်ငန်းတွေအကုန်ရခဲ့ပါတယ်။တစ်ခုပါပဲ။
(ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အဆီအဆိမ့်များများ ပါတဲ့ အစားအသောက်တွေကြွေးခဲ့မိတာတော့ မြန်မြန်သေစေလိုတဲ့ဆန္ဒတော့မပါခဲ့ပါဘူး)
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ တော့ဆိုရမလား?
အလှဂုဏ် ဓနဂုဏ်နဲ့ကျွန်မ။
အရင်က ကျွန်မတို့ရပ်ကွက် ထဲမှာ ရှေ့နေကတော် ဆိုတဲ့ဂုဏ်ပုဒ်ကလွဲလို့ အဆင်တန်ဆာမရှိတဲ့ကျွန်မ ကို အတွင်းကြိတ် ကြိတ်ပြိုင် ကျတဲ့ ဟန်ဆောင်သူငယ်ချင်းတွေ(ဥပမာ ကျမလက်စွပ်လေးဝတ်ရင် ကျမထက်ကြီးတဲ့လက်စွပ် ဝတ်ပြပြီးကြွားတာမျိုး ပြိုင်တာမျိုး။ကျွန်မ အဝတ်အစားလှလှပပ ဝတ်ရင် သူတို့က ကျွန်မထက်စျေးကြီးတဲ့အကျီင်္ဝတ်ပြပြီး စျေးနှုန်းမသိမသာပြောရင်း ကြွားတာမျိုး ပြိုင်တာမျိုး) ကျွန်မကို ယှဉ်နိုင်ဖို့ဆိုတာ မိုးနဲ့မြေလို ကွာခြားသွားပြီး ကျွန်မကို အမြဲမော့ကြညိ့ အားကျနေရတဲ့ဘဝ ပြန်ဖားနေရတဲ့ဘဝ ရောက်ခဲ့ပါပြီ။
ကွယ်ရာရောက်ရင်တော့ ကျွန်မနာမည်ကိုဖျက်ချင်တာက ဘာတဲ့ “ပိုင်းလုံးမ” တဲ့။
ကျွန်မ မမှုပါဘူး။ဂရုလည်းမစိုက်ပါဘူး။ကျွန်မလိုချင်တဲ့ဘဝကျမရနေပြီပဲ။ဘာပြောပြောလေ။အရေးစိုက်စရာလိုက်လို့။
ကျွန်မ မိဘတွေကို သုံးထပ်တိုက်ကြီးဆောက်ပေးတယ်။ကျွန်မ မောင်နှမတွေကို စီးပွားရေးလုပ်ဖို့ အရင်းအနှီးတွေထုတ်ပေးတယ်။
ကျွန်မနိုင်ငံပေါင်းစုံအလည်အပတ်ထွက်တယ်။(စီးပွားရေးလုပ်ရင်း)
နိုင်ငံခြားကအဝတ်အထည်တွေ ရန်ကုန်မှာဆိုင်ဖွင့်ထားတယ်။တင်တယ်လေ။ရောင်းတယ်။အလှအပပစ္စည်းဆိုင်ဖွင့်ထားတယ်။နယ်ဘက်မှာလည်းဆိုင်ခွဲတွေဖွင့်တယ်။
ကျွန်မအသက်၃၀မှာလိုအပ်လာတာက ကျွန်မဘေးမှာ အေးအတူပူအမျှ တိုင်ပင်ဖော်တိုင်ပင်ဖက် ဘဝလက်တွဲဖော်။(ရှင်းရှင်းပြောရရင် လက်ညိုးထိုးပြစရာလင်)
ကျွန်မဘေးမှာတော့ ကျွန်မက လုံးဆိုလုံး ပြားဆိုပြား ရမည့်သူတွေ ငွေကြောင့်ခစားနေသူတွေ ရှိနေပါတယ်။
(pA တပည့် အခိုင်းအစေ ဆွေမျိုးနီးစပ်…..စသည်ဖြင့်)
တွေ့ပြီလား ?တွေ့ပါပြီ။
ကန်ထရိုက်လုပ်ငန်းနဲ့ကြီးပွားချမ်းသာပြီး အင်ဂျင်နီယာကြီးဦးကိုကို။တရုပ်စပ်။
အသက်က ကျွန်မထက်၁၀နှစ်ကျော်ကြီးပါတယ်။
အသက်ကြီးတာ ကျွန်မအတွက် အရေးမကြီးတော့ဘူးလို့ ခံယူထားခဲ့ပါပြီ။
ကျွန်မရဲ့ဘဝကိုသိပြီး ကျွန်မဆိုကျွန်မဖြစ်နေသူ။
ကျွန်မသူနဲ့သားလေးတစ်ယောက်မွေးပေးခဲ့ပါတယ်။
မွေးပေးပြီးမှ သူနဲ့အတည်လက်ထပ်ခဲ့ပါတယ်။
သူ့မိန်းမကြီးတရားစွဲတော့ သူ့မိန်းမကိုလျော်ကြေးပေးပြီး တရားဝင်ကွာရှင်းခဲ့ပါတယ်။(ကျမလည်း သူ့ကို ကလေးတစ်ယောက်နဲ့အပိုင်ချည်ပြီးတုပ်ပြီးပဲလေ)
ဘွားတော်ကြီးအသိုင်းအဝိုင်းက ကျမကို ပိုင်းလုံးမလို့ ဆိုပြန်ရော။
လှတဲ့မိန်းမတွေတော်တော်ကြောက်စရာကောင်းဆိုပဲ။
သူ့ယောက်ကျားကြီးက ကျမကို ကြောက်စရာလို့မမြင်ပဲ ချစ်စရာလို့မြင်နေတာပဲ။ခက်ပ့။
သူတစ်ပါးဆိုလက်ညိုးသိပ်ထိုးချင်တာ။
သူကလေးမွေးမပေးနိုင်လို့ ကလေးမွေးပေးနိုင်တဲ့ကျမကို သူ့ယောက်ကျားတန်းတန်းစွဲချစ်နေတာမမြင်တာ။
ကျွန်မက မှုစရာလိုလို့လား?
သူ့ယောက်ကျားကဖြင့် ကျွန်မ ငပိဆိုထဖုတ်ထားပြီးသား။
ကျွန်မကရေဆို ဘူးလိုက်ကမ်းလာပြီးသား။
ကျွန်မက ဒါပဲဆို ရော့ အင့်ဆိုပြီးပေးပြီးသား။
ထားလိုက်ပါတော့။
ခုတော့ဦးကိုကိုလေဖြတ်နေလို့အိပ်ရာဖော်မှာ။
ကျွန်မကတော့အထူးစပယ်ရှယ်နပ်စ်ငှားပေးထားပါတယ်။
သားနှစ်ယောက်ကနိုင်ငံခြားမှာ။
ကျွန်မကိုလား။
ပြောချင်သူပြောကျစမ်းပါ။
ဟုတ်တယ် ကျွန်မပိုင်းလုံးမပါပဲ။
(အတုယူရန်မဟုတ်ပါ)
ဘဝများစွာထဲမှ ဘဝတစ်ခုအား ပုံဖေါ်ရေးဖွဲ့ထားခြင်းမျှသာဖြစ်ပါသည်။
နာမည်ဆိုးဖြင့်အသက်ရှင်သန်နေထိုင်ရခြင်းသည် ဂုဏ်အားဖြင့်လည်းကောင်း သိက္ခာအားဖြင့်လည်းကောင်းနိမ့်ကျအရှက်ရစေနိုင်သောဘဝသာလျင်ဖြစ်၏။
စံဌာနီထွန်း