မုဆိုးတေမိ နှင့် အသားစားမျောက်များ

မုဆိုးတေမိ နှင့် အသားစားမျောက်များ
၁၉၄၅ ခုနှစ်ခန့်…….။
အနောက်ပဲခူးရိုးမ တစ်နေရာ…..။
လှပစိမ်းစိုနေသော သစ်ပင်ကြီး များနှင့် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းကလေးများသည် မဲဇာ သစ်တော ကြိုးဝိုင်းကြီးကို အလှဆင်ပေးထားလေသည်။
ထိုသစ်တောကြိုးဝိုင်းကြီ ထဲတွင်တော့ ချေ(ဂျီ)များ၊စိုင်များ၊ဆတ်များ၊တောဝက် များအပြင် အစား ကြူး သော ကျားရဲများ၊ကျားသစ်များ နှင့် မြေထိုင်ဝက်ဝံကြီးများအပြင်အခြားဝက်ဝံမျိုးစိတ်များ နှင့် တောဆင်ရိုင်းများ ငှက်မျိုးစိတ်မျိုးစုံ တို့သည် ပျော်မြူးကျက်စားရာနေရာကြီး ပင်ဖြစ်လေသည်။
ထို့အပြင် ထူးဆန်းသော အသားစားမျောက် များပါ ရှိလေသည်။
ယခုလဲ………ပျဥ်းမပင်ရွာမှ……။
အရပ်ထောင်ထောင်မောင်းမောင်း နှင့် ကျန်းမာသန်စွမ်းတုတ်ခိုင်သော မုဆိုးတစ်ဦးသည် ထို တောကြီးအတွင်းသို့ ဝင်ရောက်လာလေသည်။
ထိုသူ၏ အမည်မှာ တေမိ ပင်ဖြစ်လေသည်။
မုဆိုးတေမိသည် သူ၏ လက်စွဲတော် ဒူးလေးကြီးကို ကိုင်စွဲလျက် မြှားတံများထည့်ထားသည့် မြှားကျည်တောက် ဘူးကို ကျော၌ လွယ်လျက် ထို မဲဇာသစ်တောကြီးထဲ သို့ သားကောင်များ ပစ်ခတ်ဖမ်းစီးရန် ဝင်ရောက်လာခဲ့လေသည်။
မနက်ဝေလီဝေလင်းအချိန်ဖြစ်သောကြောင့် အနောက် ပဲခူးရိုးမ တောင်ခြေသည် မြူခိုးများရစ်သိုင်းလျက် ပတ်ဝန်ကျင်အနေထားက မှုနတြိီမှုနဝြါးပငြ ရှိနေသည် ။
မုဆိုးကျော်တေမိ လည်း ခြေလှမ်းကျဲ ကြီးများဖြင့် မဲဇာတောကြီးထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ခဏအကြာလမ်းလျှောက်လာပြီး လျှင် ကြီးမားသော ကညင်ပင်ကြီး ၏ ရှေ့တွင် ခဏရပ်လိုက်ကာ သူ၏ ပလိုင်းထဲမှ ထမင်းထုပ်နှင့် ကြက်ဉအစိမ်း နှစ်လုံးကို ယူကာ ကညင်ပင်ကြီး ရှိ ကချော်ကချဲ့ ရွဲ့စောင်းနေသည့် နတ်စင်လေးတွင် ထမင်းထုပ်နှင့် ကြက်ဥစိမ်းနှစ်လုံးကိုတင်၍ တောပိုင်ကြီးအား ပူဇော်ပသ တင်မြှောက်လိုက်လေသည်။
ခဏကြာသော အခါ မူဆိုးတေမိလည်း တောပိုင်ကြီးအား တင်မြှောက်ပသ ထားသော ထမင်းထုပ်ကို ပြန်လည် စွန့်ယူ၍ ပလိုင်းအတွင်းသို့ထည့်ကာ တောအုပ်ကြီးထဲသို့ ဆက်လက်ဝင်ရောက်လာခဲ့လေသည်။
မုဆိူးတေမိသည် တောအုပ်အလယ် သို့ရောက်သောအခါ ကျော၌ လွယ်ထားသည့် မြှားကျည်တောက် အတွင်းမှ မြှားတံတစ်ချောင်းကို ထုတ်ယူ၍ မြှားတံ၏ ထိပ် သို့ တစ်ချက်ကြည့် လိုက်ကာ မြှားတံကို ဒူးလေးအပေါ်ရှိ မြှားတံထိန်းမြောင်းလေးထဲသို့ ထည့်လိုက်လေသည်။
မုဆိုးတေမိသည်……
သူ၏ မြှားတံများ ကို အမျိုးမျိုးခွဲ ခြားထားလေသည်။
တစ်စွေ့ခုန်အဆိပ်လူးထားသည့် မြှား ၊နှစ်စွေ့ခုန် အဆိပ်မြှား၊ တစ်တောင်ကျော် အဆိပ်မြှား များနှင့် အဆိပ်လုံးဝ သုတ်မထားသော မြှားတံများ ကို ခွဲ ခြား၍ မှတ်သားထားလေသည်။
ထိုမြှားတံများကို သုတ်လိမ်းသည့် အဆိပ်များကို မြှားဆိပ်ပင် ဟုခေါ်သည့် အပင်များ မှ ရ ရှိလေသည်။
ထိုမြှားဆိပ်ပင် သည် လည်း နှစ်မျိုးနှစ်စားရှိလေသည်။ မုဆိုးကျော်ကြီးများသည် ထိုမြှားဆိပ်ပင်ကို ရှမ်းစကားဖြင့် ကောင်နက် နှင့်ကောင်နီဟု သတ်မှတ်ခေါ်ဝေါ်ကြလေ၏။
ကောင်နက်ဟုခေါ်သည့် မြှားဆိပ်ပင် ၏ အစေးသည် အလွန် အဆိပ်ပြင်းလေသည်။အချို့ ရွှေသတ္တုချက်လုပ်သည့် သူများသည် ကောင်နက်ပင်၏ အစေးနှင့် ကြေးဝါသတ္တု ကိုရော၍ ကြိုကာ ပုရပိုက်ခေါက်ရွှေကို ဖန်တီးပြုလုပ်၍ ရလေသည်။သို့သော် ထို ကောင်နက်ပင်များသည် တောနက်ကြီးများအတွင်းနှင့် လူသူအရောက်ပေါက်နည်းသည့် တောင်တန်းကြီးများပေါ်တွင်သာ ပေါက်ရောက်လေသည်။လွန်စွာမှ နတ်ကြီး၍ အလွန်အစွမ်းထက်အဆိပ်ပြင်းလေသည်။တစ်တောလျှင် တစ်ပင်မျှပင် မပေါက်ရောက်သောကြောင့် အလွန်ရှားပါးလေသည်။
ထိုကောင်နက်ပင်၏ အဆိပ်ကို မြှားတံတွင် သုတ်လိမ်း၍ ပစ်လျှင် မည့်မျှပင်ကြီးသည့် တောရိုင်းတိရစ္ဆာန်များပင် ဖြစ်စေ သွေးစို့သည်နှင့် တစ်စွေ့ နှစ်စွေမျှသာ ခုန်နိုင် ပြီးနောက်တွင် သေပွဲဝင်ရရှာလေသည်။
သို့သော် ထိုအဆိပ်လူးမြှားဖြင့် ပစ်ခတ်သည့် သားကောင်များ၏ အသားများသည် စား၍ ရမည် မဟုတ်တော့ပေ။
ကောင်နီပင်ဟုခေါ်သည့် မြှားဆိပ်ပင်၏ အစေးသည် လည်း ပြင်းထန်သော်လည်း ကောင်နက်ပင်၏ အဆိပ်လောက် ပြင်းထန်ခြင်းမရှိပေ။
ကောင်နီပင်၏ အရွက်ကို အရည်ဖြစ်အောင် ကြိတ်၍ မြှားတံများတွင် သုတ်လိမ့်၍ ပစ်ခတ်လျှင် အပစ်ခံရသော သားကောင်သည် မေ့မြှောရုံသာ ရှိလေသည်။အစေးကိုသုတ်လိမ်း၍ ပစ်မှသာလျှင် ထိုသားကောင်သည် ပိုးစိုးပက်စက် သေမည် ဖြစ်သည်။
ယခု မုဆိုးတေမိ သုံးသည့် မြှားတံများသည် ကောင်နီပင်၏ အရွက်ဖြင့်ပြုလုပ်ထားအဆိပ်ပင်ဖြစ်လေသည်။
မုဆိုးတေမိလည်း မြှားတံကို ဒူးလေးထဲသို့ထည့်ကာ ဒူးလေး၏ လေးညှို့ကို စွဲ၍ တင်လိုက်လေသည်။
ပြီးလျှင် အနီးရှိ ပေါင်းမြက်ပင် အရှည်လေးကို နူတ်ယူကာ ရိုးတံမှ ကိုင်၍ လေထဲသို့ မြှောက်လိုက်လေသည်။
ထိုသို့ပြုလုပ်သည်မှာ လေတင်လေအောက် ရွေးချယ်၍ သားကောင်များ သူ၏ အနံ့ကို မရစေရန် လေအောက်မှ သွားရန်ဖြစ်လေသည်။
မုဆိုးတေမိလည်း လေအောက်ဘက် ခြေဦးလှည့်လိုက်ကာ ခြေသံ လုံစွာဖြင့် သားကောင်ပစ်ရန် ရှာဖွေလေတော့သည်။
“ဝေါင်း……. ကွီ…ကွီ…..ကွိ….”
ရုတ်တရက် တောမုဆိုးကျားကြီး၏ ဟိန်းဟောက်သံ ကြီးနှင့်အတူ မျောက်များ၏ အော်သံ များမာန်ဖီသံများကို မုဆိုးတေမိကြားလိုက်ရလေသည်။
“ဂီး..ဂါး….ဂယား”
နောက်တစ်ကြိမ် တောမုဆိုးကျား၏ အော်သံ ကြီးကို မုဆိုးတေမိကြားလိုက်ရချိန်မှာတော့ တောမုဆိုးကြား ကြီး တစ်စုံတစ်ခု ဖြစ်နေသည်ဟု တေမိ တွေးထင်လိုက်ကာ ထိုအသံကြားရာနေရာသို့ ဦးတည်၍ ခပ်သုတ်သုတ်လေး လျှောက်သွားလိုက်သည်။
“ဂီး…ဂါး…..”
“ခွီး…ဂီး….ကွိ”
မုဆိုးတေမိလည်း သူ၏ ရှေ့မှ ရုတ်တရက်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံသြမှင်သက်သွားလေသည်။
ထိုမြင်ကွင်းမှာ………. ။
ခုနှစ်တောင်ခန့်ရှိမည့် တောမုဆိုးကျားကြီးနှင့် လူတစ်ယောက်၏ ခါးစောင်းလောက်ရှိမည့် မျောက်ကြီး ငါးကောင်တို့သည် အပြင်အထန် သတ်ပုတ်နေကြလေသည်။
ကျားကြီး၏ ကိုယ်ခန္ဓာနှင့် မျက်နှာတစ်ဝှိုက်တွင် မျောက်များကုတ်ခြစ်ထားသည့် ဒဏ်ရာများကြောင့် သွေးများယိုစီးကျနေလေသည်။
ထိုအတူ မျောက်ကြီးတစ်ကောင်မှာလည်း ကျားကြီး၏ လက်သည်းဒဏ်ကြောင့် ခါးနေရာ၌ အသားတစ်ကြီးများထွက်ကာ သွေးများထွက်နေလေသည်။
တောမုဆိုးကျားကြီးက သူ၏ ပတ်လည်တွင်ဝိုင်းရံ နေသည့်မျောက်ကြီးများကို အလစ်မပေးပဲ အမြှီးကို တစ်ဘုတ်ဘုတ်မြေကြီးနှင့်ရိုက်လျက်အသင့်စောင့်နေသည်။
မျောက်ကြီး ငါးကောင်ကလည်း ကျားကြီးထံသို့ဝင်ရောက် တိုက်ခိုက်ခြင်းမပြုသေးပဲ ကျားကြီး၏ အခြေနေကို စောင့်ကြည့်နေလေသည်။
ထို့အပြင် မုဆိုး တေမိလည်း ကျားကြီးတစ်ကောင်နှင့် မျောက်ငါးကောင်တို့၏ တိုက်ပွဲကို သစ်ပင်ကြီးတစ်ပင်နောက်တွင် ပုန်းအောင်းကာ ကြည့်ရှူ့နေလေသည်။
ကျားကြီးကို ဝိုင်းရံထား သည့် မျောက်ကြီးများသည် ရုတ်တရက်မာန်ဖီကာ ကျားကြီးထံသို့ ခုန်ဝင်၍ လက်သည်းများဖြင့် ကုတ်ခြစ်လေတော့သည်။
သို့သော် လျင်မြန်သွက်လက်လွန်းလှသည့် တောမုဆိုးကျားကြီးသည် ရှေ့မှ ခုန်ဝင်လာသည့် မျောက်ကြီးကို သူ၏ ချွန်ထက်လှသည့် လက်သည်းများရှိသော လက်ဝါးကြီးဖြင့် ပုတ်ထည့်လိုက်သည်။
အပုတ်ခံလိုက်ရသည့် မျောက်ကြီး သည် ရင်ပွင့်ကာ အူများအခွေလိုက်ထွက်ကြ ကာ ပစ်လဲ ကျ၍ သေပွဲဝင်သွားလေတော့ သည်။
ကျန်မျောက်ကြီးများလည်း အရှိန်တန့်ကာ ကျားကြီးကို လှည့်ပတ်ချောင်းမြောင်းနေပြန်သည်။
ကျားကြီးကလည်း လုံးဝ အလွတ်မပေးပဲ မြေပေါ်၌ သူ၏ခန္ဓာကိုယ်ကို ဝပ်လျက် မျောက်များကို ခုခံရန် အသင့်ပြင်ထားလေသည်။
မုဆိုးတေမိ ပင်လျှင် အသက်ရှူရန်ပင် မေ့လျှော့နေသလို ကျားကြီးနှင့်မျောက်များ၏ တိုက်ပွဲကို ရင်တထိတ်ထိတ်နှင့် ကြည့်ရှူ့နေလေသည်။
“ဂါး…ဂီး”
ထိုစဥ် ကျယ်လောင်သော အော်သံ ကြီးနှင့်အတူ အနီရောင် အမွှေးမျှင်များ ထူထပ်၍ လူထွားကြီးတစ်ဦးသဏ္ဌန် လွန်စွာ ကြီးမားသည့် မျောက်ကြီးတစ်ကောင်သည် ကျားကြီး ဝပ်နေသည့် သစ်ပင်ကြီးပေါ်မှ အရှိန်ဟုန်ပြင်းစွာ ခုန်ဆင်းလာ၍ ကျားကြီး၏ ခါးဆစ်ရိုးနေရာသို့ သူ၏ လက်ကြီးနှစ်ဖက်နှင့် ထုချလိုက်လေသည်။
တောမုဆိုးကျားကြီးခမျာ ဘယ်ကရောက်လာမှန်းမသိသော မွှေးနီ မျောက်ကြီး၏ ရုတ်တရက်အလစ်တွင် ဝိုင်ရောက်တိုက်ခိုက်ခံရသောကြောင့် ခါးဆစ်ရိုးသွင်သွင်ကျိုးကာ ဖင်ဒရွတ်ဆွဲသွားလေတော့သည်။
ကျားကြီးလဲ နာကျင်စွာ အော်ဟစ်နေသံကြီးများမှာ မဲဇာတောအုပ်ကြီးတစ်ခုလုံးကိုပင် လွှမ်းခြုံသွားသည် ဟု ပင် မုဆိုးတေမိ တွေးထင်လိုက်မိလေသည်။
ကျားကြီး လည်း ဒေါသတကြီး ခုခံသော်လည်း ခါးရိုးကျိုးနေသောကြောင့် မျောက်ကြီး များတိုက်ခိုက်သမျှကို လည်ဆင်း၍ ခံနေရလေသည်။
ကွမ်းတစ်ယာညက်ခန့် အကြာတွင် ခါးကျိုးသွားသည့် ကျားကြီးလည်း အားမတန်မာန်လျှော့ကာ မျောက်များ၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းရဲကာ သေပွဲဝင်သွားရရှာလေတော့သည်။
ကျားကြီးသေဆုံးသွားသောအခါ မွှေးနီမျောက်ကြီးသည် သူ၏ချွန်ထက်သော လက်သဲကြီးများဖြင့် ကျား၏ ဝမ်းဗိုက်ကို ဖောက်ကာ ကျား၏အသည်းကို ယူကာ သူ၏ ကြီးမားကျယ်လောင်သော ပါးစပ်ကြီးထဲသို့ ထည့်ကာ တပျှပ်ပျပ် ဝါး စားနေလေတော့သည်။
“ကွီ…ကွိ..ကွီ..”
ကျန် မျောက်ကြီး များမှာလည်း ကျားကြီး၏ မျက်လုံးများ ကိုဖောက်ထုတ်၍ လုယက်စားကြပြန်သည်။အသားများကိုလည်း ကိုက်ဝါး၍စားသောက်ကြပြန်လေသည်။
မုဆိုးတေမိသည် ထိုမျောက်များကို အံသြစွာ ကြည့်ရှူ့နေလေသည်။သူ၏ တစ်သက်နှင့်တစ်ကိုယ် အသားစားသော မျောက်များ ကိုမတွေ့ဖူးချေ။သူ၏ ဖခင်ကြီးပြောပြ ၍ သာ အသားစမျောက်များအကြောင်းကို ကြားဖူးနားဝသာရှိလေသည်။
ယခု​တော့ သူ မျက်ဝါးထင်ထင်မြင်တွေ့နေရလေပြီ။
မုဆိုး​ ​​ေတမိလည်း ပုန်းကွယ်နေသည့် သစ်ပင်ကြီးနောက်မှ အသံ လုံးဝ မထွက်ရဲပဲ ငြိမ်သက်စွာ စောင့်ကြည့်နေသည်။
မျောက်ကြီးများသည် သေဆုံးနေသော ကျားကြီး၏ အသားများကို အားရအောင် စားသောက်ပြီးလျှင် ကျားကြီးလက်ချက်ကြောင့် သေဆုံးသွားသော မျောက်ကို ထမ်းလျှက် ထိုနေရာမှ ထွက်ခွာသွားကြလေတော့သည်။
ထိုအခါမှ ပင် မုဆိုးတေမိလည်း သက်ပြင်းကိုရှည်လျားစွာ ချလိုက်ပြီး ပုန်းကွယ်နေသော သစ်ပင်ကြီးနောက်မှ မျောက်ကြီးများနှင်ဆန့်ကျင်ဘက်နေရာသို့ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။
“တောက်…..မျောက်မသားတွေ ကျားတစ်ကောင်လုံးကို ရစရာမရှိအောင် စားသွားတော့ ငါလိုချင်တဲ့ ကျားသရေ မရတော့ဖူး “
မုဆိုးတေမိလည်း တောက် တစ်ချက် ခေါက်လိုက်ကာ ငြီးငြူလိုက်လေသည်။
မုဆိုးတေမိလည်း စိတ်ပျက်လက်ပျက်နှင့်ဒူးလေးကို ကိုင်လျက် သားကောင်ထပ်မံရှာဖွေနေပြန်သည်။
“အစ်..အစ်….အစ်..”
ရုတ်တရက် မုဆိုးတေမိ၏ ဘေးဘက် ဝါးရုံ တောဖက်ဆီ မှ တောဝက်အော်သံများကို ကြားလိုက်ရလေသည်။
မုဆိုးတေမိလည်း ဝမ်းသာ အားရ ထိုတောဝက် သံများဆူညံစွာထွက်ပေါ်နေသည့် ဝါးရုံတောဖက်သို့ တိတ်ဆိတ်စွာ ချည်းကပ်ခဲ့လေသည်။
တွေ့ပါပြီ တောဝက်တောင်းကြီး တစ်ကောင်နှင့် တောဝက်မ နှစ်ကောင် ဝါးရုံပင်များနောက်မှ စမ်းချောင်းထဲတွင်ရေစိမ်၍ ရေသောက်နေကြခြင်းပင်တည်း။
မုဆိုးတေမိလည်း ဝမ်းသာအားရ ဖြင့် ဒူးလေးကို ချိန်ကာ ပစ်ကွင်းကောင်းသော နေရာကိုရွေးချယ်လိုက်လေသည်။
ပြီးနောက် ဒူးလေးကို အသာမတင်လိုက်ကာ မုဆိုးဒူးထောင် ပုံစံထိုင်လျက် တောဝက်တောင်းကြီးဆီသို့ ကျကျနနချိန်ရွယ်လျက် ဒူးလေးမောင်းခလုပ်ကို ဆွဲညှစ်လိုက်လေသည်။
“ဒေါင်…..ဝှစ်…….”
ဒူးလေး၏ လေးညှို့မှ မြှားတံသည် အရှိန်ဟုန်ပြင်းစွာ တွန်းကန်၍ ပြေးထွက်သွားကာ ရေစိမ်နေသော တောဝက်တောင်းကြီး၏ လက်ပြင်သို့ စိုက်ဝင်သွားလေတော့သည်။
“အစ်အစ်….အစ်….”
တောဝက်တောင်းကြီးသည် ဆူညံစွာအော်ဟစ်လျက် စမ်းချောင်းအစပ်တွင် ခြာလှည်ပတ် လည်နေကာ ခဏအကြာတွင် လဲကျ သွားလေတော့သည်။
အခြားတောဝက်နှစ်ကောင်ကတော့ တောဝက်တောင်းကြီး နာကျင်စွာအော်သံကြောင့် တောအုပ်ထဲသို့ပြန်၍ ဝင်ပြေးသွားကြလေသည်။
မုဆိုးတေမိလည်း ဒူးလေးကိုမောင်းထပ်တင်ကာ မြှားတံ တစ်ချောင်းထပ်ထည့် ကာ လဲကျနေသော ဝက်ကြီးထံသို့ ပြေးသွားလိုက်သည်။
ပြီးနောက် စိုက်နေသော မြှားတံကို ဆွဲနူတ်လိုက်ကာ မြှားတံကို မြှားကျည်တောက်ထဲ ပြန်ထည့်လိုက်သည်။
ပြီးနောက်ခါးမှ ချိတ်ထားသော တောလိုက်ဓားမြှောင်ကြီးကို ထုတ်ကာ ဝက်ကြီး၏ နှလုံးနေရာသို့ ထိုးစိုက်လိုက်သည်။
သို့မှသာ ဝက်ကြီးအားစိတ်ချ စွာ သယ်ဆောင်နိူင်မည် မဟုတ်ပါလော။
မုဆိုးတေမိလည်း ဝက်၏ နားရွက်ဖျား နူတ်သီးဖျားများ ခြေလက်အမြီးဖျားများကို လှီးဖြတ်ကာ အနီးရှိ သစ်ရွက်ကြီးကြီးတစ်ခုကိုခူး၍ ထည့်ကာ ဆိုင်ရာပိုင်ရာများကို တင်မြှောက်လိုက်လေသည်။
ပြီးနောက် ထိုဝက်သေကြီး၏ ပေါင်နှစ်ချောင်း လက်နှစ်ချောင်းနှင့် ခေါင်းကိုဖြတ်ယူကာ မုဆိုးတေမိလည်း သူ၏ ရွာစွန်ရှိ တဲအိမ်လေး ဆီသို့ သွက်လက်စွာ ပြန်လာခဲ့လေတော့သည်။
ကျန်အသားများကိုတော့ စမ်းချောင်းစပ်၌သာ ထားခဲ့လေတော့သည်။
နောက်နှစ်ရက်အကြာတွင်တော့ မုဆိုးတေမိနေ ထိုင်ရာ ရွာလေးသို့ လူစိမ်းသုံးဦးရောက်ရှိလာလေသည်။
ထိုသူများမှာ……….။
“မုဆိုးတေမိနှင့်( ကျောက်လက်ဝါးရှာပုံတော်)” တွင် စောင့်မျှော် ဖတ်ရှူ့ ကြပါ။
စာဖတ်သူများနှင့်ခဏ ခွဲခွာနေရသော