” ပန်းတစ်ပွင့်ပါ..သို့သော် ” (စ/ဆုံး)
===============================
ကျွန်မနံမည် အရင်းက မခင်တင့်။
အရပ်ထဲကလူတွေက ကြီးကြီးငယ်ငယ် “”အခင်””.လို့ပဲခေါ်ကြတယ်။
ကျွန်မ အသက်ဆယ့်ခုနှစ်နှစ်အရွယ်မှာ
မိဘတွေ အဆင်မပြေလို့ ရရာအလုပ်လိုက်လုပ်ရင်း
ပန်းရံဆိုဒ်တစ်ခုက ကိုမြဝင်းနဲ့ အိမ်ထောင်ကျခဲ့တယ်။
ရက်ပိုင်းလောက်သာကြိုက်လိုက်ရသေး
ရည်းစားမထားဘူးတဲ့ မနူးမနပ်ကျွန်မ
ကိုမြဝင်းအပြောကောင်းမူ့မှာ နစ်မြောပြီး
ကိုမြဝင်းမျက်နှာ တစ်ကမ္ဘာထင်လို့ယုံစားပြီး
ခိုးရာလိုက်ခဲ့မိတာပါ။
ပြန်အပ်တဲ့အခါမှာတော့ တန်းဖိုးရှိအောင်
မနေခဲ့တဲ့ကျွန်မ ။
တန်းဖိုးက ကျပြီးရင်းကျတာပါပဲ။
ကိုယ့်ယူလိုက်တဲ့ လင်….
ဘယ်လိုသန္ဓေ ဘယ်လိုအတန်းအစား ကျွန်မမသိခဲ့ဘူး။
ပြန်အပ်ဖို့ ကန့်တော့ပွဲတစ်လုံးနဲ့
လူကြီးအနည်းအကျဥ်းကို တိုက်မယ့်လက်ဖက်ရည်ဖိုးတောင် ယောကျာ်းလေးရှင်ဘက်က
အပြည့်အဝမပေးနိူင်တဲ့အဖြစ်။
ကိုမြဝင်းက နယ်ဘက်ကမို့ မိဘမပါ ဆွေမျိုးမပါ။
ပန်းရံကန်ထရိုက်နဲ့ အသိတချို့က လိုက်လာပေးရတယ်။
မိဘတွေက ဂဃနဏမေးတော့ ကိုမြဝင်းက
လူလွတ်မဟုတ်။
မယားနဲ့ ကွဲနေသလိုလို၊ အလုပ်လာလုပ်ရင်း
အဆက်အသွယ်ပဲပြတ်နေကြသလိုလို
အရူးချီးပန်းစကားတွေ ပြောနေတော့တယ်။
အခင်တို့များ အပျိုစစ်စစ်လေးဖြစ်ပါရဲ့
အရှက်တွေ ဗြန်းဗြန်းကွဲရတာပါပဲ။
အမေက အခင့်ကို ခဏလာဦးဆိုပြီး
အိမ်အတွင်းခန်းမှာ ဗိုက်ခေါက်တွေရော၊
ပေါင်တွင်းကြောတွေပါ လိမ်ဆွဲလိုက်တာ
မျက်ရည်တောင်ပိုးပိုးပေါက်ပေါက်ကျရတဲ့အထိ။
ကျွန်မ မှာ ဘာမဂ်လာမှမဆောင်လိုက်ရဘူး။
ကိုယ့်ယူလိုက်တဲ့ လင်က ဘာဆိုဘာမှလုပ်ပေးနိူင်တဲ့ အနေအထားမှရှိမနေတာလေ။
ကန်ထရိုက်တာရဲ့ ခြံအနောက်ဘက်မှာ
ဂိုဒေါင်လိုလို အဆောက်အဦးလေးထဲမှာ
အိမ်ရှင်တွေစုပုံထိုးသိပ်ထားတဲ့ ပစ္စည်းတွေရှင်းပြီး
လင်မယားနှစ်ယောက်အိပ်လို့ရအောင်နေခဲ့ရတယ်။
ကျွန်မမှာ လင်တစ်ယောက်သာအဖတ်တင်တယ်
ပန်းရံဆိုဒ်က မဆလာအိုးကို ရွက်နေရတုန်းပါပဲ။
တစ်ပတ်တစ်ခါရှင်းတဲ့အခါ
ကျွန်မ ရဲ့ မိဘတွေကိုပိုက်ဆံလေးများထောက်ပံပေးနိူင်မလားမှတ်တယ်။
လင်တော်မောင် ကစော်သမားက လက်ဝါးကြီးအုပ်ပြီး စီမံခန့်ခွဲလိုက်တာ
ကျွန်မသုံးဖို့ မုန့်ဖိုးတောင် မကျန်အောင်ပါပဲ။
ကျွန်မဘဝက လင်တစ်ယောက်သာအဖတ်တင်တယ် ဒုံရင်းထက်တောင်တစ်ဆင့်နိမ့်သွားရတယ်။
ကိုမြဝင်းက ဆိုဒ်ထဲမှာ လစ်ရင်လစ်သလို
အခြားအလုပ်သမတွေနဲ့ ရောရောနှောနှော
ဖင်ပုတ်ခေါင်းပုတ်နေတယ်။
ကျွန်မက မနှစ်မြို့ကြောင်းပြောရင်
လူရှေ့မရှောင် သူရှေ့မဆောင် ထရိုက်တော့မလို
လုပ်တတ်တယ်။
ကျွန်မထက် ဆယ်နှစ်လောက်ကြီးလို့ လင်သားဆိုပြီး ကျွန်မရိုသေပေမယ့် ရိုသေစရာမကောင်းတာ
ကြာလေ သိလာလေပါပဲ။
အဲ့အသိက ခေါင်းထဲမှာပဲ ရှိတယ်။
တဏှာအသိက ငြို့နေတော့ ညားပြီးသိပ်မကြာပါပဲ
ဗိုက်ကထွက်လာရတယ်။
ဗိုက်သာရှိလာတာ ဗိုက်ငါးလလောင်အထိ
ကျွန်မမှာ မဆလာဗန်းသယ်နေရတုန်း။
ဗိုက်က မအပ်ရသေးဘူး။
စုထားဆောင်းထားတာ ဘာဆိုဘာမှမရှိဘူး။
ထင်းတိုထင်းစနဲ့ ချက်စားလို့ မဲတူးနေတဲ့
ဒန်အိုးဖင်ပိန်တစ်လုံးရယ် ဒယ်အိုးပိစိတလုံးရယ်
ထမင်းပန်းကန်နှစ်ချပ် ဟင်းပန်ကန်နှစ်ချပ်ပဲရှိခဲ့တယ်။
လင်တော်မောင်ကတော့ အသောက်မပျက်
အစားမပျက် ညတိုင်း နိဗ္ဗာန် တက်နေတုံး။
လရင့်လာတော့ လူက နေလို့ထိုင်လို့မကောင်းတော့ဘူး။
ကိုယ်လက်မအီမသာတွေဖြစ်ပြီး အလုပ်မလုပ်နိူင်တော့ပဲ လေးပင်လာတယ်။
ကန်ထရိုက်က နားပါတော့ဟယ်…ဆိုပြီး
ဖြုတ်လိုက်မှပဲ ကျွန်မလည်း နားခဲ့ရတယ်။
ကျွန်မ မပါတော့တဲ့ အလုပ်ဆိုဒ်ထဲမှာ
ကျွန်မယောကျာ်းက စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ
ဖြစ်ချင်တိုင်းဖြစ်နေတာပေါ့။
ကျွန်မသိပါတယ်။ မသိလို့မဟုတ် သိတယ်။
ပညာလည်းမတတ် မိဘဆီလည်းပြန်ကပ်မရတဲ့
ဘဝမို့ လူတောမတိုးရဲတဲ့စိတ်နဲ့ လင်ယူမှားတဲ့အဖြစ်ကိုနောင်တရပြီးရင်း ရနေရတယ်။
မွေးဖို့ဖွားဖို့ ရက်ပိုင်းလောက်သာလိုတော့တယ်။
အခုချိန်ထိ ကျွန်မ ဗိုက်မအပ်ရသေးဘူး။
သူများတွေလို ကိုယ်ဝန်ဆောင်အားဆေးမဆိုထားနဲ့
ထမင်းတောင် မသေထမင်းမသေဟင်းစားနေခဲ့ရတယ်။
အနှီးဆိုတာ ဝေးလာဝေး။
မမွေးဖွားချိန်မှာ လောက်ငအောင်လဲစရာ
ထမီစုတ်တောင် သုံးထည်မရှိတဲ့ဘဝ။
လင်တော်မောင်ကတော့ စကားလုံးအကြီးကြီးတွေ
ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်နေတယ်။
ကိုယ့်လင်မျက်နှာ ကိုယ့်ကြည့်ပြီး
အမေပြောသလိုပါပဲ
“”အခင်ရယ် နင်က ပါရင်ပြီးရော
ယူလိုက်တာလား..””…….ဆိုတဲ့စကား
ခဏ ခဏကြားနေမိတယ်။
ကျွန်မမွေးခါနီး နှစ်ရက်လောက်အလိုမှာ
ကိုမြဝင်းပြန်မလာတော့ဘူး။
ကန်ထရိုက်တာအိမ်ရှင်ကို မေးကြည့်လိုက်တော့
မျက်စိမျက်နှာပျက်ပြီး ဘာမှပြန်မဖြေ။
ကျွန်မ သိလိုက်တယ်။
ကိုမြဝင်းကို ရှာရင်တောင်တွေ့မှာမဟုတ်ဘူးဆိုတာ။
ကျွန်မက လူကို ယူခဲ့မိတယ်ထင်ပေမယ့်
လူအမည်ခံထားတဲ့ လူအန္တနဲ့ ညားခဲ့တာကိုး။
ဗိုက်က တစ်ဆစ်ဆစ်နာလာတယ်။
ကျွန်မအနေအထားကို ကျွန်မသိတယ်။
ကျွန်မနောက်ဆုံးအားကိုးရာအဖြင့် အမေအိမ်ကို
ညတွင်းချင်းပြေးသွားလိုက်တယ်။
အမေရှေ့မှာ ငိုလည်းငို။ အသနားခံနေရင်း
အမေပြောတာဆိုတာခံပြီး ရေမွှာပေါက်လာလို့
အမေရဲ့ ဂဂျို့ဂကျဲအိမ်စုတ်လေးမှာ
ကျွန်မ အရပ်လက်သည်နဲ့ မီးဖွားလိုက်ရတယ်။
သမီးလေး….တဲ့
ဖြုဖြုတုတ်တုတ်နဲ့ ချစ်စရာကောင်းပေမယ့်
ပုဆိုးအစုတ်လေးနဲ့ ထွေးပြီးလူလောကကိုရောက်လာခဲ့ပါပြီ။
ချို့ချို့တဲ့တဲ့နဲ့ မိဘအိမ်မှာ အခြားညီကိုမောင်နှမတွေရဲ့ အငြိုအငြင်ကို ခံပြီး
သွေးနုသားနုကာလကို ဖြတ်ကျော်ရတယ်။
ကိုမြဝင်းကို မမျှော်မိသလို ပြန်လာပါစေလည်း
ဆုမတောင်းခဲ့ပါဘူး။
လောကငရဲ လို့ ပြန်တွေးပြီးစိတ်နာတယ်။
သမီးလေးကိုတောင်.””စူး””….လို့ နံမည်ပေးလိုက်တယ်။
အမေက “”စူး””….ဆိုတဲ့ နံမည်ကြီးက ကျက်သရေမရှိဘူးဆိုပြီး သူဘာသာသူ
“”မိဇူး””…..လို့ နံမည်ပေးလိုက်တယ်။
မီးမထွက်ခင်ကတည်းက ကျွန်မဆပ်ပြာကိုင်ပြီး
အဝတ်လျှော်ရတယ်။
အနှီးလျှော်ရတယ်။ အမေကလုပ်ပေးပေမယ့်
ရှာကျွေးနေတဲ့ မောင်နှမတွေရဲ့မျက်နှာကြောင့်
ကျွန်မ သေခါမှသေရော..ဆိုတဲ့စိတ်နဲ့
လုပ်နိုင်သမျှအလုပ်တွေ လုပ်ခဲ့ရတယ်။
ဒါမှ စားတရဲ့ထမင်းလုတ်လေးတွေ လည်ချောင်းဝက အသာအယာဆင်းသွားမှာလေ။
လမ်းထိပ်က ဒေါ်မိပို ကုန်စုံဆိုင်က နနွင်းစစ်မစစ်
မသိတဲ့ နနွင်းမူန့် နှစ်ရာဖိုးကို လူးလဲလူး
သောက်လဲသောက်လိုက်ရတယ်။
ဒါဟာ မီးဖွားပြီးစ ကျွန်မရဲ့ အတတ်နိူင်ဆုံးကျန်မာရေးဝန်ဆောင်မူ့ပါပဲ။
မိဇူးလေး နှစ်လလောက်ဖြစ်လာတော့ အမေကို
ထိန်းခိုင်းပြီး ကျွန်မ ပန်းရံသမပြန်လုပ်ရတယ်။
ကိုမြဝင်းတစ်ယောက် မန္တလေး မှာလိုလို
မော်လမြိုင်မှာလိုလို ကြားလိုက်ရတယ်။
ကျွန်မ ကိုလာပြောပြလို့သာ နားထောင်လိုက်တာ။
ဆက်ပြီးမေးလည်းမမေးဘူး။
အလုပ်ဆင်းလို့ရတဲ့ လုပ်အားခလေးထဲက
အမေ့ကိုပေးသင့်တာပေး ကျွန်မတို့သားအမိအတွက်စုသင့်တာလေး စုလိုက်တယ်။
သွေးနုသားနုနဲ့ အလုပ်လုပ်တဲ့ဒဏ်ကြောင့်
တခါတလေ အတော်လေးနေရထိုင်ရခက်ခဲတယ်။
နေလို့သိပ်မကောင်းဘူး။
မကောင်းလည်းလုပ်ရမှာပဲလေ…ဆိုတဲ့စိတ်နဲ့
အားတင်းပြီး နေလာခဲ့တယ်။
“”မိဇူး””..လေးအသက်နှစ်နှစ်အရွယ်လောက်မှာ
ပန်းရံလုပ်ရင်း ကိုထွန်း နဲ့ ထပ်ဆုံတယ်။
မိဇူးလေနဲ့ ကျွန်မဘဝကို အသနားပိုကြောင်းတွေ
အမြဲပြောတယ်။
ကျွန်မနေတဲ့ အိမ်အထိ မလိုက်ပါနဲ့ ပြောနေတဲ့ကြားကလိုက်တယ်။
အမေနဲ့အဖေကို ရိုရိုသေသေ ဆက်ဆံတယ်။
မိဇူးလေးအတွက် အရုပ်ဝယ်ပေး မုန့်ဝယ်ကျွေးနဲ့
တစ်ခုလပ်မ ကျွန်မကို လူပျိုလေးက ပိုးပန်းပါတော့တယ်။
အမေကတော့ သတိပေးတယ်။
“”စဥ်းစားပေါ့အေ…အရင်တစ်ခါက ငယ်လို့
အခုက ညည်းအသက်ကနှစ်ဆယ်နော်။
လာပိုးပန်းတဲ့ကောင်လေးက ဆယ့်ကိုးနှစ်သားလူပျို
ဆင်းတောင့်ဆင်းရဲလည်း ဟုတ်ပုံမရဘူး။
ငါ့ကို လူပျိုလေးက ကြိုက်တယ်ဆိုပြီး
စိတ်ကြီးဝင်မနေနဲ့…
ညည်းက တစ်ခုလပ် ခလေးကလည်းမွေးထားသေး
မွေးတုန်းက အရပ်လက်သည်နဲ့ ချုပ်ခြင်းပြုခြင်းက
မရှိခဲ့ဘူး။ရိုင်းရိုင်းပြောရရင်…တိုးယိုပေါက်နော်
နောင်များမှ အရင်လင်လို
ဗိုက်တစ်လုံးနဲ့ ကျုပ်တို့ဆီ ဒုက္ခတွေသယ်မလာနဲ့။
သူ့ဘာသာသူ အိမ်ပဲလာလာ။
မိဇူးကိုပဲ ချစ်ပြ ချစ်ပြ ကျုပ်ကတော့
ညည်းကို သတိပေးပြီးပြီ
ဥဏှောက်နဲ့စဥ်းစား ဒါပဲ ကျုပ်ပြောမယ်””
အမေသဘောက သာယာမနေပဲ
ကိုယ့်ဘဝကိုယ့်ကြောင်းဖို့နဲ့ လင်ထပ်မယူစေချင်ပုံပါ။
ကျွန်မလည်း ခဲမှန်ဘူးတဲ့စာ သူငယ်မို့
ကြောက်တာတော့အမှန်ပါပဲ။
ဒါပေမယ့် အလုပ်ကဆောက်လက်စအမြင့်အဆောက်အဦးကြီးတွေထဲမှာ ခဏ ခဏချဥ်းကပ်နေတဲ့ ကိုထွန်း ကို ကြိမ်ဖန်များလာတော့
ကျွန်မလက်ခံချင်လာတယ်။
ငါ့ကို မေတ္တာစစ်နဲ့သနားပြီးချစ်နေတာပါ…လို့
ယုံကြည်လာခဲ့တယ်။
ခဲမှန်ဘူးပေမယ့် မှန်တဲ့ခဲက အလုံးသေးခဲ့ပုံရပါတယ်။
နောက်ဆုံးမှာ အမေတားနေတဲ့ကြားက
ကျွန်မ ဒုတိယအကြိမ် လင်နောက်လိုက်မိပြန်တယ်။
အမှတ်မရှိတဲ့ကျွန်မ နှစ်ထပ်ရှိအောင်ခံရတာ
နည်းတောင်နည်းသေးတယ်။
ကျွန်မကို ကိုထွန်း ရဲ့အုပ်ထိန်းသူ အဒေါ်မိသားစုဝင်
တွေက မကြိုဆိုကြဘူး။
သူတို့တူ လူပျိုခလေးသာသာကို ကျွန်မက
မုန့်ပေးကြိုက်တယ်။
မြုဆွယ်ပြီး အမိဖမ်းတယ်ပေါ့။
ကျွန်မကိုရှေ့ထားပြီးတော့ကို ပိုးစိုးပက်စက်ပြောတာ။
ကိုထွန်း က ကျွန်မလက်ကလေးကို ဖြစ်ညုစ်ပြီး
အားပေးတယ်။
အဒေါ်ခြံက ကိုထွန်း လည်း အမွေဆိုင်မို့
ခြံထဲမှာ အိမ်လေးသေးသေးတလုံးဆောက်ပြီး
နေခွင့်ရခဲ့တယ်။
ကိုထွန်း လည်းအတန်းပညာနည်းပြီး
ဆယ့်ငါးနှစ်သားလောက်ထဲက ပန်းရံလောကထဲရောက်ခဲ့လို့ အခုဆို သန်လျှက်ကိုင်အဆင့်ဖြစ်နေပြီ။
ကျွန်မက ထမင်းဟင်းချက်ပြုတ်ပြီး ကိုထွန်း
ပြန်အလာကိုမျှော်ရရုံဆိုတော့ အရင်လင်ထက်စာရင် ကုသိုလ်ကောင်းနေသလို ခံစားရပြန်တယ်။
သိပ်မကြာလိုက်ပါဘူး။
အမေနဲ့ ညီမတစ်ယောက်က မိဇူးကို လာပို့ကြတယ်။
သူတို့ဆီမှာသောင်တင်မခံနိူင်တဲ့သဘောပေါ့။
သားသမီးဆိုတော့ မိဇူးလေးကို ကျွန်မခေါ်ထားရတယ်။
ကိုထွန်း ကိုယ်တိုင်ကလည်း မညားခင်ကတည်းက
မိဇူးလေးနဲ့ ကျွန်မကို အသနားပိုရင်း ချစ်ခဲတာလို့
ပြောခဲ့ဘူးတယ်လေ။
လူမမယ်လေးကို ပစ်ထားခဲ့လို့ အသနားပိုနေကြောင်းပြောခဲ့သူ။
အမှန်က လူမမယ်ခလေးကိုပစ်ထားခဲ့တာမဟုတ်ဘူး။
နေ့စေ့လစေ့ကြီးကို လူမဆန်စွာပစ်ထားခံခဲ့ရတာ။
ဇာတ်တအားနာလွန်းလို့ ကျွန်မက ချန်ပြီးပြောထားခဲ့တာပါ။
ကိုထွန်းပြန်လာတော့ သမီးလေးကိုလက်ခံတယ်။
ကြည်ကြည်ဖြူဖြူပါပဲ။
သူနဲ့ရတဲ့ သမီးလေးလို ချီပိုးပြီးအချစ်ပိုပြတော့
ကျွန်မ မှာ ပီတိတွေတွေတောင်ဖြာနေခဲ့ရတယ်။
တကယ်လည်း ချစ်တဲ့ပုံစံပါ။
ဟန်ဆောင်နေတဲ့ပုံစံလည်း မဟုတ်ခဲ့ပါဘူး။
ကျွန်မလည်း ဒုတိယအိမ်ထောင်လေးက
ဘာပဲဖြစ်ဖြစ် မဆိုးပါဘူးဆိုတဲ့စိတ်နဲ့
ကျေနပ်နေခဲ့မိပါတယ်။
အိမ်ထောင်ကျပြီး တစ်နှစ်ခွဲမှာ ကိုထွန်း ရဲ့ရင်သွေး
သားလေးတစ်ယောက်မွေးတယ်။
ပြသနာက အဲ့မှာ စတော့တာပါပဲ။
##################
“”သြော်…ကိုထွန်းရယ် မရှိအတူ ရှိအတူပေါ့
အခင့်ကို ယူမယ်ဆိုတုန်းကတော့
အခင့်သမီးလေးက ကိုထွန်းသမီးလေးပါဆို
လူမမယ်လေးကို ပစ်ထားခဲ့တဲ့ သူ့အဖေအစား
ကိုထွန်းက ပိုပြီးသမီးအရင်းလေးလို
ချစ်ပြီးစောင့်ရှောက်မှာပါဆို။
အခုကျ ကိုထွန်းက ကိုထွန်းနဲ့ ရတဲ့
သားနှစ်ယောက်ကိုပဲ သဒ်ဒါ တယ်
မိဇူးလေး ကျ စေတနာကို မရှိသလိုပဲ””
“”ဟဲ့အခင်..ငါ့သားနှစ်ယောက်က
အခုမှ တစ်ယောက်ကဆယ်နှစ် တစ်ယောက်က
ခုနှစ် နှစ်ရယ် ရှိသေးတာ။
ခလေးတွေကမနက်လင်းရင် ထမင်းကြမ်း
မစားတတ်လို့ ငါက အလုပ်မသွားခင်
လက်ဖက်ရည်ဆိုင်လေး ခေါ်သွားတာလေ။
မင်း သမီးက အသက်ဆယ့်နှစ်နှစ်ကျော်နေပြီ
ခလေးမဟုတ်တော့ဘူး။
အိမ်မှာရှိတဲ့ ထမင်းကြမ်းပဲ စားပေါ့။
ဘာလဲ မင်းကအရင်လင်နဲ့ ရတဲ့သမီးကို
အချစ်ပိုနေတာလား ပြောစမ်းပါဦး””
ကိုထွန်းရဲ့ ခွဲ ခြားဆက်ဆံမူ့များကြားမှာ
မိဇူးလေးတစ်ယောက် ကြီးပြင်းလာခဲ့ရတယ်။
အခုတော့ ငါးတန်းနဲ့ကျောင်းထွက်ထားရပါပြီ။
ကျုရှင်မတက်ရ စာမလုပ်ရရှာတော့
အတန်းစာတွေ ဘယ်လိုက်နိူင်မလဲ…
လပတ်တွေ တဘုန်း ဘုန်းကျနေတော့
ထားနေလည်း အပိုပဲဆိုတဲ့စကားနဲ့
ကျောင်းထွက်စေခဲ့တယ်။
မိဇူးကိုယ်တိုင်ကလည်း လိမ္မာလားဆိုတော့
မလိမ်မာပါဘူး။
အပိုးကမကျိုး..အဆော့ကမက်ပြန်။
အငယ်နှစ်ကောင်နဲ့ ခဏ ခဏရန်ဖြစ်နေတော့
ကိုထွန်းကြည့်မရတာလည်း အပြစ်ပြောလို့မရပေ။
သားလေးနှစ်ယောက်ရပြီကတည်းက
မိဇူး အပေါ်ကိုထွန်း မေတ္တာပျက်ယွင်းနေတာ
ကျွန်မရိပ်စားမိပါတယ်။
တစ်ခြံထဲအတူနေ ကိုထွန်းရဲ့အဒေါ်မိသားစုက
သားလေးနှစ်ယောက်ကို အချစ်ပိုကြတယ်။
ဘာစားစရာရှိရှိ လှမ်းခေါ်ကျွေးတယ်။
မိဇူးဆိုရင်တော့ သူတို့လက်တိုလက်တောင်း
ခိုင်းချင်တာမျိုးဆို လှမ်းခေါ်တတ်ကြတယ်။
ဘယ်လောက်လုပ်ပေးပေး အပြောခံစရာတစ်ခုခုများတွေ့သွားရင် ပြောလိုက်ဆိုလိုက်ကြတာ
မအေဖြစ်တဲ့ ကျွန်မတောင် စိတ်မကောင်းဖြစ်ရတယ်။
ဒီလိုနဲ့ ကျွန်မတို့မိသားစုမှာ
မိဇူးက ဒေါင့်မကျိုးလိုက်၊ ကိုထွန်းနဲ့ အဒေါ်မိသားစုကပြောစရာရှိရင်ပြောလိုက်ဆိုလိုက်နဲ့
ကျွန်မမှာ ကြားညှပ်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
အသက်ဆယ့်ငါးနှစ်လောက်ရောက်လာတော့
သွေးသားပြောင်းလဲလာမူ့ကြောင့်
မိဇူးဟာ အရင်ကလို ပိန်ပိန်လှီလှီမိဇူးမဟုတ်တော့ပဲ
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဖွံဖွံထွားထွား ငယ်ဂုဏ်လေးနဲ့ အလှသွေးကြွယ်လာပါတော့တယ်။
ကျောင်းဆက်မတက်ရတဲ့မိဇူးဟာ
အိမ်ရဲ့ ဝေရာဝစ္စတွေလုပ်ရင်း အပြင်မှာ
အလုပ်တစ်ခုခုရဖို့ လိုက်စပ်နေပါတော့တယ်။
ဘာကြောင့်အသဲအသန်အလုပ်လုပ်ချင်သလဲ လို့
ကျွန်မကမေးတဲ့အခါမှာ
မိဇူးလည်း သူများတွေလို ဝတ်ချင်စားချင်ကြောင်း၊
လှချင်ကြောင်းတွေပြောပါတော့တယ်။
အနီးအနားက အထည်ချုပ်အိမ်ရုံလေးမှာ အလုပ်ရသွားတော့ မိဇူး အရမ်းပျော်နေရှာတယ်။
ပထမဆုံးအလုပ်သွားတဲ့နေ့က ရှိတဲ့ဝမ်းဆက်လေးကို ဝတ်ပြီးသနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းထားလိုက်တာ ကျွန်မမျက်စိထဲက ထွက်တောင်မထွက်ဘူး။
အဲ့နေ့က….ကျွန်မသမီး မိဇူးသိပ်လှနေတယ်လေ….
ကျွန်မသမီးသိပ်လှနေတာကို ဂရုပြုမိသွားတဲ့
နောက်တစ်ယောက်ကတော့ ကိုထွန်းပါ။
ကိုထွန်းရဲ့အကြည့်တွေ ကိုထွန်းရဲ့ အမူအရာတွေက
ကျွန်မကို သွေးပျက်စေခဲ့တယ်။
ဆယ့်သုံးနှစ်လောက်ပေါင်းလာပြီဖြစ်တဲ့
ကိုထွန်းကို ကျွန်မကောင်းကောင်း နားလည်တာပေါ့။
ကျွန်မကခလေးတစ်ယောက်အမေ တစ်ခုလပ်
ကျွန်မလင်သား ကျွန်မအပေါ် မငြိုငြင်ဖို့
ကျွန်မရဲ့ အိမ်ထောင်ရေး ဒုတိယမိမပြုကွဲဖို့
ချည်ရတဲ့ ကြိုးတွေထဲမှာ သူတို့အလိုကျ တဏှာတွေနဲ့လည်း ချည်ခဲ့ရတာပဲ။
သမီးကိုမွေးစဥ်က ကျန်းမာရေးစောင့်ရှောက်မူ့အားနည်းခဲ့တဲ့ကျွန်မ မကြာခဏချုချာနေတတ်ပြီး
မိန်းမသဘာဝအရ အကြိမ်တိုင်းမှာ စိတ်မပါတာ
ရှိပေမယ့် သီးခံပြီးလိုက်လျော့ခဲ့ရတယ်။
ကျွန်မဟာ မေတ္တာနဲ့ ချည်နှောင်တာမဟုတ်ပဲ
တဏှာဖြင့် ချည်နှောင်ခဲ့ရတာကို မရှက်တမ်းဝန်ခံပါတယ်။
မိဇူးလေးရဲ့ ကြီးကောင်ဝင်မူ့က အခုတော့
ကျွန်မကို စိတ်မောစေခဲ့ပါပြီ။
လှချင်တယ် စားချင်တယ် ဆိုတာကလွဲရင်
စိတ်သန္ဒေလည်း ထူးထူးကဲကဲအသိတရားမရှိတဲ့ မိဇူးအတွက် ကျွန်မရင်တွေမောမိတယ်။
ကျွန်မအတွေးမမှားခဲ့ဘူး။
နောက်ပိုင်းမှာ ကိုထွန်းမူပျက်လာတယ်။
မိဇူးကို ဆက်ဆံလာတာပျော့ပြောင်းလာတယ်။
သားနှစ်ယောက်က အလိုလိုနေရင်း ဦးစားပေးခံဘဝကနေ အဆင့်ကျသွားတယ်။
အိမ်မှာ ဘာလေးဖြစ်ဖြစ် မိဇူးစကားက အောင်မြင်လာတယ်။
“”ဖေကြီး””
“”သမီး””……ဆိုပြီး မိုးလင်းကနေ မိုးစုပ်စုပ်ခိုပ်တဲ့အထိ အတိုင်အဖောက်တွေ ညီလာကြတယ်။
“”ကိုထွန်း:..ရှင့်သားနှစ်ယောက်ကို လက်ဖက်ရည်ဆိုင်ခေါ်သွားဦးလေ””
“”ဟာ ဒီမှာ မိဇူးလေး သိပ်နေမကောင်းလို့
လက်ဖက်ရည်ဆိုင်မှာ သူစားချင်တာလေး ဝယ်ကျွေးမလို့ ပိုက်ဆံအပိုမပါဘူး။
မင့် သားနှစ်ယောက်နဲ့ မင်းက
ဒေါ်မြလာရင် အကြော်ဝယ်ပြီး ထမင်းကြမ်းနဲ့စား””
ကိုထွန်းနဲ့ မိဇူးဟာ တစ်ယောက်နဲ့တစ်ယောက်
ပခုံးဖက်လို့ လူမြင်သင့်တော်တာတွေ မသင့်တာတွေ
မစဥ်းစားကြပါပဲ မနက်ဆို လက်ဖက်ရည်ဆိုင်ကို
ချီတက်ကြပါတော့တယ်။
အရင်ကဆို ဘာလေးဖြစ်ဖြစ် ဦးစားပေးခံရတဲ့
သားနှစ်ယောက်ခမျာ တန်းတူရည်တူစရင်းထဲမှာ
သူတို့အဖေမျက်နှာရိပ် မျက်နှာကဲကို ကြည့်နေကြရပါတော့တယ်။
“”မိဇူး…နင့်ပထွေး ကွယ်ရာမို့ပြောတာနော်
ညည်းအသက်က အခုဆယ့်ငါးနှစ်ကျော်နေပြီ
ပြီးတော့ ညည်းက ထွားထွားကြိုင်းကြိုင်း
ဖွံဖွံ့ဖြိုးဖြိုး ပလူးပလဲမနေသင့်ဘူးနော်။
မနေ့ကလည်း ငါ သာကေတကညည်းအဒေါ်အိမ်
သွားမှာမို့ ရာဇာနဲ့ငပြည့်လည်း ကျောင်းသွားနေတာ
မသင့်တော်လို့ လိုက်ခဲ့ပါ ခေါ်နေတာကို
ညည်း ပေပြီးနေခဲ့တယ်
ညည်းနော်…..ညည်း””
“”ဘာလဲ အမေက အမေ့လင်ကို လုမှာစိုးလို့
မိဇူးကို ပြောနေတာလား””
မိဇူး ပြန်ခံပြောတဲ့စကားကြောင့် ကျွန်မရဲ့သွေးတွေ
ဆူပွက်သွားတယ်။
ကျွန်မက လင်ကိုမက်လွန်းလို့ ပြောနေခြင်းလည်းမဟုတ်။
လူအသိုင်းအဝန်း လူ့ဝန်းကျင်မှာ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်လာမှာစိုး၍ ကျွန်မတားမြစ်ဆုံးမနေခြင်းဖြစ်သည်။
ကျွန်မ အတွက် ကျွန်မသမီး မိဇူးဟာ
ပန်းလေးတစ်ပွင့်ပါ။
အဖိုးတန်စွာ သူ့တန်းဖိုးနဲ့သူ ပွင့်လန်းစေချင်တာပါ။
ဂုဏ်သိက္ခာမဲ့ပြီး စည်းမထားတဲ့ သွေးသား
ဆာလောင်မူ့မှာ ဘာမဟုတ်တဲ့
အိမ်တွင်းအရေးပေးခံရမူ့လေးနဲ့
ဝါးမြိုခံလိုက်ရမှာစိုးရိမ်ခြင်းပါ။
ပန်းကလေးကို အညွုန့်မကျိုးစေချင်ရုံပါ။
“”မိဇူးရယ်…စကားပြောတာ မအေက စေတနာနဲ့ပြောနေတာလား ဆိုတာလူအသိနဲ့တွေးစမ်းပါ””
“”ဟာ….စက်ရုံမှာ အော်ဒါပါးလို့ ရက်ပိုင်းလေးနားရပါတယ်။
အမေတို့က ဝါဒီတွေလာပွားနေတယ်။
ဘာလဲ မိဇူးကို အိမ်မှာမနေစေချင်ဘူးလား””
“”သြော်…..မိဇူးရယ်
ပြောလေကဲလေ နားမလည်တတ်လိုက်တာ””
“”အေး….မိဇူးနားမလည် ပေမယ့် ငါနားလည်တယ်အခင်
အခုဘာလဲ မင်းကငါနဲ့ မိဇူးကို သမုတ်နေတာလား””
ဘယ်အချိန်ကရောက်နေမှန်းမသိသည့် ကိုထွန်း၏အသံကြောင့်ကျွန်မလန့်ဖြန့်သွားမိပါတယ်။
အခုလိုကြီးမေးလာတော့ ကျွန်မ ပြန်ပြောစရာစကားမရှိပေ။
ထိုကိစ္စကိုအကြောင်းပြုပြီး တိုးတိုးတိတ်တိတ် ရန်ဖြစ်လိုက်ကြတာနောက်ဆုံးမှာ လူမသိသူမသိ
ကျွန်မအထိုးအကြိတ်ခံလိုက်ရတဲ့အထိပါပဲ။
“”နောက်တစ်ခါပြောရဲပြောကြည့်မင်းကို
နှင်ချပစ်မယ် ။
သောက်ကောင်မတစ်ခုလပ်မ””
နောက်ပိုင်းမှာ ကျွန်မမပြောတော့ပါဘူး။
လင်ကိုကြောက်၍ အိမ်မှနှင်ချခံရမည်စိုး၍မဟုတ်ပါ။
အရှက်ရစရာကိစ္စကြီးကို ကြိုသိနေ၍ ကျွန်မ
အရှက်ကွဲမှာစိုး၍ ငြိမ်နေလိုက်ခြင်းဖြစ်ပါသည်။
မြိုသိပ်ရသည့်စိတ်တို့သည်အလွန်တရာမှ လောင်မြိုက်လွန်းလှပါသည်။
ထိုစိတ်ဖြင့်ပင် ကျွန်မ အသက်ရှုကြပ်ကြပ်လာပြီး
နှလုံးအောင့်သလိုလို အမောဖောက်သလိုလိုဖြစ်ဖြစ်လာပါသည်။
ဆုံးမမှု့ကိုမနာခံသည့်အပြင်ပိုမို ရဲတင်းလာကြသော
မိဇူးနှင့် ကိုထွန်းကြောင့် ကျွန်မမှာ ပိုပြီးသောကတွေရောက်ခါ ရောဂါတွေတိုးနေပါတော့တယ်။
“”မိဇူး…သမီးထစမ်း
အမေနေမကောင်းလို့ သမီးရယ် အရှေ့လမ်းက
အခမဲ့ဆေးခန်းလေးမှာ သွားပြချင်တယ်။
အဖော်လိုက်ခဲ့ပေးနော်””
“”ဟာ…အမေကလည်း နေ့ခင်းနေ့လည်လေး
တရေးအိပ်ပါတယ် လာနိူးနေတယ်။
ကိုယ့်ဘာသာသွားလိုက်ပါ။
မိဇူး အရမ်းအိပ်ချင်လို့””
“”ထပါ မိဇူးရယ်
ဆေးခန်းသွားရင် နာရီဝက် တစ်နာရီကြာမှာ
အထဲမှာ နင့်ဦးထွန်း အိပ်နေတယ်။
လိုက်ခဲ့ပါအေ….မိုးတွေကလည်းရွာတော့မယ်။
အမေနဲ့ အဖော်လိုက်ခဲ့နော်””
“”အယ့်….မိုးရွာတော့မှာမို့ကို မလိုက်ချင်တာ
အမေနော်…စိတ်မချဘူးလာပြောပြန်ပြီလား””
ဘယ်လိုမှ ခေါ်မရသည့်အဆုံး ကျွန်မထားခဲ့လိုက်ရတယ်။
ဆေးခန်းမှာ လူနာတွေကများနေတယ်။
အခမဲ့ဆေးခန်းလေးမို့ နွမ်းပါးသူတွေအတွက်အားကိုးရာဖြစ်နေတာပေါ့။
အခမဲ့ဆိုပေမယ့် တစ်ဦးကို ဆေးဖိုးငါးရာထည့်ရတယ်။
ကျွန်မထိုင်နေရင်းက အိတ်ကပ်ထဲကပိုက်ဆံကိုနှိုက်လိုက်ပါတယ်။
နှစ်ရာတန်လေး တစ်ရွက်ထွက်လာတယ်။
ကျွန်မထည့်ထားတာ ငါးရာတန်ပါ။
ပြန်စဥ်းစားလိုက်တော့ ဟုတ်ပေသားပဲ။
ကျွန်မငါးရာတန်နဲ့ ငပိရည်တစ်ရာဖိုး တို့စရာနှစ်ရာဖိုးဝယ်မိတာပဲ။
ရှေ့မှာ လူနာက ငါးယောက်ရှိနေသေးတာမို့
အိမ်ပြန်ပြီးပိုက်ဆံယူဖို့ မိုးတောထဲမှာ ပြန်လာခဲ့လိုက်ပါတယ်။
##########
ကျွန်မစိတ်ထဲ မသက်ာလို့ တိတ်တိတ်လေး အိမ်ပေါ်တက်လိုက်တယ်။
မိဇူးဟာ အိမ်ရှေ့ခန်းမှာရှိမနေတော့ဘူး။
ဘုရား….ဘုရား
အမိုက်မ…
ကျွန်မကတော့ တန်ဖိုးရှိတဲ့ ပန်းလေးဖြစ်စေချင်ခဲ့တာ။
အခုတော့…
ကျွန်မ ရင်ဘတ်ကြီးတစ်ခုလုံးစူးပြီးအောင့်လာခဲ့ပါပြီ။
ကျွန်မစိတ်ခံစားမူ့ပြင်းထန်၍ မျက်လုံးများပင်ပြာဝေလို့လာခဲ့ပါပြီ။
တီတိုးစကားသံအချို့ကို ကြားလိုက်ရပါသည်။
ကျွန်မ လဲမပြိုအောင် မရမကကြိုးစားပြီး
အတွင်းခန်းဆီရောက်အောင်သွားလိုက်တယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မ မျက်လုံးများ
အရောင်တွေလက်စင်ပြီးခါမှ မှောင်အတိပြီးသော
လေဟာနယ်ထဲသို့ ရောက်ရှိသွားပါတော့တယ်။
နောက်ဆုံးအသိလေးတစ်ခုကိုတော့ ကျွန်မ
ဖမ်းဆုပ်ထားလိုက်သေးတယ်။
ကျွန်မ သမီးလေးကို ကျွန်မ ပန်းလေးအဖြစ်ပွင့်လန်းစေချင်ခဲ့တာပါ။
ဆန္ဒ ကိုသိက္ခာဖြင့်ထိန်း၍
လူဘောင်လူ့အသိုက်အဝန်းမှာ လူပီသစွာနေတတ်ကြပါစေ
ရေးသားသူ – ယွန်းနှင်းဆီခိုင်
(ဖြစ်ရပ်မှန်ဖြစ်ပြီး နံမည်လွဲ အခင်မှာကွယ်လွန်ခဲ့ပြီဖြစ်ပါသည်)
#crd