“စုန်းထီးကြီးဦးဘသာနှင့် ခါးပိုက်နှိုက်ဘသိုက်”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် ခါးပိုက်နှိုက်ဘသိုက်”(စ/ဆုံး)
————————————————————————–
အတွဲ(၅) စာစဉ်(၃)

(၁)

ကျုပ်အကျင့်ကလည်းတစ်မျိုးဗျ၊ ခရီးသွားရတော့မယ်ဆိုရင် အိပ်မပျော်တာ ဘာအကျင့်မှန်းမသိပါဘူးဗျာ၊ ညတုန်းက ကျုပ်အိမ်ရှေ့နားလာပြီး အလတ်ကောင်ရဲ့ခေါ်သံကိုကြားလိုက်ရတော့ ပိုဆိုးသွားတော့တာပေါ့ဗျာ၊ ဒီကြားထဲအလတ်ကောင်က ကယ်ပါအုံးလို့ပြောသွားသေးတာဆိုတော့ ဘာများဖြစ်နေမလဲဆိုတဲ့ စိုးရိမ်စိတ်က ပိုလာခဲ့တယ်၊ အလတ်ကောင်ဘာများဖြစ်နေမလဲဆိုတဲ့အတွေးနဲ့ တောင်တွေးလိုက် မြောက်တွေးလိုက်နဲ့ ကြက်ဦးတွန်တော့မှ အိပ်ရာထဲကနေထလိုက်မိတော့တယ်၊ အိပ်မပျော်တော့မယ့်အတူတူ မနက်စာကလေးစားပြီးတော့ အဝတ်အစားလဲနေတဲ့အချိန်မှာပဲ ရွာဦးကျောင်းက အုန်းမောင်းသံကြားလိုက်ရတယ်ဗျ။

တကျွီကျွီနဲ့မောင်းလာတဲ့ လှည်းသံကိုကြားလိုက်ရတော့မှ အကြီးကောင်ဖြစ်မယ်ဆိုပြီးတော့ ကျုပ်လည်းအိမ်တံခါးကိုသေချာသော့ခတ်ပြီး အိမ်ပေါ်ကနေဆင်းလိုက်တယ်၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ ကျုပ်ခြံရှေ့ထွက်လိုက်တော့ အကြီးကောင်ရဲ့လှည်းက ကျုပ်အနားရောက်လာတာပါပဲ။

“ဟာ၊ ဦးဘသာက ဝိရီယကောင်းလှချည်လားဗျ”

“ဒီလိုပါပဲကွာ၊ ညကအိပ်မပျော်လို့ မနက်စောစောနိုးနေတယ်ဆိုပါတော့”

ကျုပ်လည်းလှည်းနောက်မြီးပေါ်တက်လိုက်တော့ အကြီးကောင်က လှည်းကိုမောင်းပါရောဗျာ၊ အကြီးကောင်က လှည်းမောင်းတဲ့နေရာမှာတော့ တော်တော်ကြမ်းသဗျ၊ နွားတွေကိုဒုန်းတိုက်ပြီး လှည်းမောင်းတာများတယ်၊ လှည်းကလည်း တကယ်မောင်းရင်မြန်တယ်ဗျ။ ဒီလိုနဲ့ရွာပြင်ကို မကြာခင်ရောက်သွားပါရောဗျာ၊ ကျုပ်လည်းကွမ်းဝါးနေတာဆိုတော့ အကြီးကောင်နဲ့စကားမပြောဖြစ်ပါဘူး၊ အကြီးကောင်က ဇရပ်တွေအနားရောက်တော့မှ

“ဒါနဲ့ ထူးဆန်းတာတစ်ခုပြောရအုံးမယ်ဦးဘသာ၊ ဦးဘသာတော့ ယုံမလားမသိဘူး”

“ဟေ၊ ဘာဖြစ်လို့လဲကွ”

“ညက အလတ်ကောင်သရဲက လာခြောက်တယ်ဗျ”

ကျုပ်ဖြင့်မျက်လုံးပြူးသွားပြီးတော့ ဟေခနဲတစ်ခွန်းထဲအော်လိုက်မိပါတယ်ဗျာ၊ အကြီးကောင်ကဆက်ပြီးတော့

“ဟုတ်တယ်၊ ကျုပ်တို့အိပ်နေုတုန်း အိမ်အောက်မှာ မွှေနှောက်နေတာပဲဗျာ၊ အစကတော့ ကြောင်မွှေတာလိုလို၊ ခွေးပဲဝင်တာလိုလိုထင်တာဗျ၊ ဒါပေမယ့် အဲဒီအကောင်တွေဆိုရင် မောင်းထုတ်ရင်ထွက်သွားမှာပဲလေဗျာ၊ အခုက ဘယ်လိုမောင်းမောင်းခဏပဲရပ်ပြီးတော့ ပြန်ပြန်ပေါ်လာနေလို့ ကျုပ်လည်းရိုက်မယ်ဆိုပြီးတော့ အိမ်ခန်းထောင့်မှာထောင်ထားတဲ့ ဝါးရင်းတုတ်ကိုင်ပြီး ဆင်းလာခဲ့တာ၊ အောက်ရောက်တော့မှ လူတစ်ယောက်ဗျ၊ မီးဖိုထဲဝင်လိုက်ထွက်လိုက်လုပ်နေတာ၊ ကျုပ်လည်း ဒီကောင့်ကိုသူခိုးထင်ပြီးရိုက်မယ်အလုပ် ဒီလူလှည့်ကြည့်တော့မှ အလတ်ကောင်ဖြစ်နေသဗျာ”

“မင်းဟာက သေချာလို့လားကွာ၊ မင်းအရက်တွေဘာတွေမူးပြီးတော့ မြင်ချင်တာမြင်နေတာများလား”

“မဟုတ်ပါဘူးဦးဘသာရာ၊ ကျုပ်မနေ့ညက အရက်လည်းမသောက်တာ ဦးဘသာအမြင်ပဲမဟုတ်လား၊ အလင်းရောင်နည်းတယ်ဆိုပေမယ့် မှားစရာမရှိပါဘူးဗျာ၊ အလတ်ကောင်မှ အလတ်ကောင်အစစ်ပါ၊ ကျုပ်ညီကိုကျုပ်မှတ်မိပါတယ်၊ ကျုပ်နဲ့မျက်နှာချင်းဆုံတော့ ဒီကောင်ပျောက်သွားတာမှ တိမ်လိုလေလိုပဲဗျာ”

“ဟာ၊ သောက်ကျိုးနဲ၊ ဒါဆိုဘာတွေဖြစ်နေပြီလဲ”

“ဒါကြောင့် ဦးဘသာကို အဖေကခေါ်လိုက်တာဗျ၊ အလတ်ကောင်ကိုတွေ့တွေ့နေရတာ အခုမှမဟုတ်ဘူး၊ ရံဖန်ရံခါတွေ့နေရတာဗျ၊ ဟိုရက်က အမေကထမင်းထချက်ဖို့ မနက်အစောကြီးထတော့ ရေသုံးတဲ့နားမှာ အလတ်ကောင်က လက်ကြီးပိုက်ပြီးရပ်ကြည့်နေတာတဲ့ဗျာ၊ အမေလှမ်းခေါ်တော့ ပျောက်သွားတယ်တဲ့၊ အမေလည်း ကြောက်တာထက် သူ့သားကို သနားပြီးငိုတော့တာပဲဗျာ”

အကြီးကောင်က လမ်းဘေးဆင်းသွားတဲ့ နွားတွေကိုငေါက်ရင်း

“တစ်ခါ အငယ်မနှစ်ယောက်လည်း အိမ်သာသွားရင်းတွေ့တယ်၊ အငယ်ကောင်လည်း လယ်ထဲကအပြန်မှာ ရွာအဝင်နားမှာတွေ့လိုက်တယ်တဲ့ဗျ၊ ကျုပ်တို့ဘယ်လောက်ပြောပြော အဖေကတော့ မယုံဘူးဗျာ၊ မနေ့က မနက်ကမှ အဖေကယုံသွားတာ”

“သူကြီးက ဘယ်လိုတွေ့လို့လဲကွ”

“ညတစ်ရေးနိုးအပေါ့ထသွားတော့ အိမ်သာရှေ့နားကနေ ငိုသံကြီးကြားရတယ်တဲ့ဗျာ၊ ဒါနဲ့အိမ်သာတံခါးဖွင့်ကြည့်တော့ အလတ်ကောင်က ကျောပေးပြီးငိုနေသတဲ့၊ အဲဒီတော့မှ အဖေလည်းယုံသွားတာ၊ ဒါကြောင့်ဦးဘသာကို ခေါ်ခိုင်းလိုက်တာ၊ အစကတော့ ဦးဘသာကိုကြည့်ခိုင်းမလို့ပဲ၊ အလတ်ကောင်များ သရဲဖြစ်နေသလားဆိုပြီး”

“ဟ၊ သောက်ခွေး၊ အလတ်ကောင်က ဘယ်လိုလုပ်ပြီးသရဲဖြစ်မှာလဲကွ”

“ဦးဘသာပဲ စဉ်းစားကြည့်ဗျာ၊ ဒီလိုမျိုးခြောက်လှန့်နေနိုင်တယ်ဆိုတာ သေသွားလို့မဟုတ်ဘူးလား၊ အလတ်ကောင်က ရန်ကုန်မှာသေသွားပြီးတော့ ရွာကိုစွဲလန်းစိတ်နဲ့ ကျုပ်တို့အိမ်မှာလာခြောက်လှန့်နေတာမဖြစ်နိုင်ဘူးလား”

ကျုပ်လည်း တွေသွားတော့တယ်ဗျ။

“အေး၊ တကယ်တော့ ငါလည်းညက အလတ်ကောင်ကိုတွေ့လိုက်ရတယ်ကွ”

အကြီးကောင်က တအံ့တသြနဲ့

“ဗျာ၊ ဦးဘသာကိုလည်း လာခြောက်တယ်တဲ့လား”

“ခြောက်တယ်တော့မဟုတ်ပါဘူးကွာ၊ ညကငါ့ခြံကိုလာတယ်ကွ၊ ခြံထဲဝင်မရလို့ထင်တယ် ခြံအပြင်ကနေ ငါ့ကိုလာအော်ခေါ်တယ်၊ သူ့ကိုကယ်ပါအုံးလို့အော်တယ်ကွ၊ ငါထကြည့်တော့လည်း ဘာမှမရှိတော့ဘူး၊ ဒီအတိုင်းဆိုရင်တော့ အလတ်ကောင်တော့ ဒုက္ခတွေ့နေပြီလားမသိပါဘူးကွာ”

အကြီးကောင်က သက်ပြင်းချပြီးတော့

“ဒုက္ခက တွေ့တောင်တွေ့ပြီးပြီလားမသိပါဘူး ဦးဘသာရာ၊ အဖေကတော့ အလတ်ကောင်အတွက်ရည်စူးပြီးတော့ ဆွမ်းကပ်အမျှဝေတာလုပ်ပေးချင်ပေမယ့် အမေက အခုထိအလတ်ကောင်သေသွားပြီဆိုတာကို လက်မခံသေးဘူး”

“သရဲခြောက်တိုင်း သေတယ်ဆိုပြီးတော့လည်း ကံသေကံမပြောလို့မရသေးပါဘူးကွာ၊ ငါ့စိတ်အထင်အရတော့ အလတ်ကောင်က မသေသေးဘူးကွ”

“ဟာ၊ ဦးဘသာကလည်း ဒါဆိုလူအရှင်လတ်လတ်က ဘယ်လိုလုပ်ပြီး သူများတွေကိုလိုက်ခြောက်နိုင်မှာလဲဗျ”

“မသေဘဲ လူလုံးလိုက်ပြတယ်ဆိုတာ ပရလောကမှာရှိတယ်ကွ၊ လူတစ်ယောက်က စိတ်အညစ်ဆုံးအချိန်မှာ သူ့ရဲ့စိတ်ကထွက်သွားပြီးတော့ သူစွဲလန်းတဲ့နေရာတွေမှာ သွားပေါ်နေတာမျိုးကိုဆိုလိုတာကွ၊ ငါလည်းကြားပဲကြားဖူးတာ တစ်ခါမှတော့ မကြုံဖူးဘူး”

“ဒါဆိုအလတ်ကောင်က မသေဘူးပေါ့နော်”

“မင်းပြောသလိုဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ အကြီးကောင်ရာ”

ဒီလိုနဲ့ကျုပ်တို့လှည်းက ခပ်မြန်မြန်ခရီးဆက်ခဲ့ပါရောဗျာ။

(၂)

မြိုင်သာကနေ ရထားလမ်းပေါက်တဲ့မြို့အထိ ကားစီးရတယ်ဗျ၊ ကားစီးပြီးတော့ အဲဒီမြို့ကနေ ရန်ကုန်ကိုစုန်ဆင်းတဲ့ အစုန်ရထားကို စောင့်စီးရတာပေါ့ဗျာ၊ နောက်ဆုံးရန်ကုန်ရောက်တဲ့အထိဆိုရင် လမ်းမှာ တစ်ရက်နဲ့တစ်ညတိတိကြာသဗျာ၊ ရန်ကုန်ကိုရထားက မနက်အစောဆိုက်တာမို့လို့ ရထားပေါ်ကဆင်းလိုက်တော့ မနက်ခြောက်နာရီလောက်ပဲရှိသေးသဗျာ၊ ဘူတာကြီးလို့ခေါ်တဲ့နေရာမှာဆင်းလိုက်တာ ဘူတာကြီးအဆောက်အအုံက နည်းနည်းနောနောကြီးမဟုတ်ဘူးဗျ၊ မသိရင်နန်းတော်ကြီးကျနေတာပါပဲ၊ မြို့ကြီးဆိုတဲ့အတိုင်း လူတွေကလည်းရှုပ်ယှက်ခပ်နေတာပဲဗျာ၊ ရထားပေါ်ကဆင်းတဲ့ခရီးသည်တွေက စင်္ကြန်ကနေထွက်ပြီး အပြင်ကိုရောက်တယ်ဆိုရင်ပဲ လူတွေပြေးလာကြတယ်ဗျ။

လူသုံးလေးယောက်က ကျုပ်ကိုလာပြီးဝိုင်းတယ်။

“ဆရာကြီး ဘယ်သွားမှာလဲ၊ လေးဘီးငှားအုံးမလား”

“နေပါစေကွာ၊ မငှားတော့ပါဘူး၊ ငါ့ဖာသာငါလမ်းလျှောက်သွားပါ့မယ်”

“ဟာ . . . ရန်ကုန်မြို့က ဆရာကြီးတို့ရွာလိုမဟုတ်ဘူးဗျ၊ အကျယ်ကြီးရယ်၊ လမ်းလျှောက်သွားရင် ဆရာကြီးသွားချင်တဲ့နေရာကိုရောက်ဖို့ သုံးလေးရက်လျှောက်ရလိမ့်မယ်၊ ကျုပ်လေးဘီးနဲ့လိုက်ပို့ပါ့မယ်ဗျာ၊ ကမာရွတ်မှ လေးဆယ်ထဲပါ”

“နေပါစေကွာ၊ မငှားတော့ပါဘ့ူး”

နောက်လူတစ်ယောက်က အရှေ့တက်လာပြီး

“ဆရာကြီး လေးဘီးကားက ဈေးကြီးတယ်ဆရာကြီးရဲ့ သုံးဘီးငှားပါလား၊ ကမာရွတ်ကို အစိတ်ပဲပေး”

ကျုပ်ကိုအတင်းဝိုင်းဆွဲနေကြတယ်ဗျာ၊ ကျုပ်လည်း သူတို့လက်ကနေလွှတ်အောင်ရုန်းပြေးရတော့တယ်ဗျ၊ ဒါတောင်မှ လေးဘီးသမား၊ သုံးဘီးသမားတွေက ကျုပ်အနောက်ကနေအပြေးလိုက်လာကြသေးတာ၊ ကျုပ်ဖြင့်အဲဒီလူတွေကိုပဲ ကြောက်နေရတယ်ဗျာ၊ သွားတာလာတာကတော့ ကြီးကြီးမားမားဘာအထုပ်အပိုးမှ မပါပါဘူး၊ လွယ်အိတ်တစ်လုံးရယ်၊ လက်ဆွဲအိတ်တစ်လုံးရယ်ပဲပါတာဗျ၊ ကွမ်းအစ်ကလည်း လက်တစ်ဖက်က ပိုက်လို့ပေါ့ဗျာ၊ ဟိုလူတွေကိုကြောက်ကြောက်လန့်လန့်နဲ့ ဘူတာကြီးထဲကနေထွက်လိုက်တော့ ကျုပ်လူတစ်ယောက်နဲ့တိုက်မိပါရောဗျာ၊ ဒီလူက ကျုပ်ကိုကြည့်ပြီး

“ဟေ့အဘိုးကြီး၊ လမ်းကိုဘယ်လိုသွားနေတာလဲ၊ ခင်ဗျားမျက်စိမပါဘူးလား”

ကျုပ်လည်း ဒီလူငယ်ကိုကြည့်ရင်း

“တောင်းပန်ပါတယ်မောင်ရင်ရယ်”

ဒီလူငယ်က ကျုပ်ကိုဘယ်လိုလူလဲမသိဘူးဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ဆက်လျှောက်သွားတယ်ဗျ၊ လူငယ်ကတော့ လူငယ်ပါပဲဗျာ၊ အသက်က နှစ်ဆယ်လောက်ပဲရှိအုံးမယ်ထင်တယ်၊ အပေါ်က ရှပ်အကျီအဖြူကို အောက်ကပုဆိုးအပြာကွက်စိတ်ဝတ်ထားတယ်၊ လွယ်အိတ်တစ်လုံးကိုလည်း စလွယ်သိုင်းလွယ်ထားသေးရဲ့ဗျာ၊ ဘူတာကြီးရှေ့ရောက်တော့ ကားလေးတွေရပ်ထားတာတွေ့တယ်ဗျ။

“ကဲ ကြည့်မြင်တိုင်သွားမယ်ဆိုရင်တော့ ဒီကိုလာဗျာ”

ကားတစ်စီးနားက လူတစ်ယောက်က လက်ခုပ်တီးပြီးတော့ အော်နေသဗျ၊ နောက်လူတစ်ယောက်ကလည်း

“ဒီဘက်က ကမာရွတ်၊ လှည်းတန်း၊ ဆင်မလိုက်နော်”

“ရန်ကင်း၊ မိုးကောင်း၊ တောင်ဥက္ကလာတွေက ဟောဒီဘက်ကိုလာဗျာ”

ဒီလူတွေကိုကြည့်ပြီး ကျုပ်ထူးဆန်းသွားတယ်ဗျ၊ ဒါနဲ့ သူကြီးပေးလိုက်တဲ့လိပ်စာကလေးကို ဖြန့်ပြီးကြည့်ရတယ်။

“ထောက်ကြံ့ဆိုပါလား၊ ထောက်ကြံ့က ဘယ်နားမှာပါလိမ့်”

ကျုပ်လည်း ကားကလေးအနားကိုကပ်ခဲ့တယ်ဗျ၊ ကားနားမှာအော်နေတဲ့လူကို ကြည့်လိုက်ရင်း

“ဟေ့သူငယ်၊ ဒီကားက လိုင်းကားဆိုတာများလား”

“လိုင်းကားမဟုတ်ဘူးအဘကြီး၊ ဒီကားက စုငှားတဲ့ကားလို့ခေါ်တယ်ဗျ၊ အဘကြီးက ဘယ်သွားချင်လို့လဲဗျာ”

ကျုပ်လည်း ကျုပ်လက်ထဲကိုင်ထားတဲ့ လိပ်စာစာရွက်ကလေးကို ပြလိုက်ပြီးတော့

“ဟောဒီနေရာကိုပါပဲ သူငယ်ရယ်”

ဒီလူက လိပ်စာစာရွက်ကိုယူကြည့်ရင်း

“ဟာ၊ အဘကြီးသွားမယ့်နေရာက ဒီကနေအဝေးကြီးဗျ”

“ဟုတ်လား၊ အဲဒီနေရာကိုသွားရင် ဘယ်လောက်ပေးရမလဲ”

“လေးဘီးငှားရင် နှစ်ရာလောက်တော့ပေးရလိမ့်မယ်အဘကြီးရ၊ ဒီလောက်အဝေးကြီးကို ငှားစီးမနေပါနဲ့ဗျာ၊ ကျွန်တော်ပြောမယ်၊ ဟောဒီကနေ ထွက်ပြီး လမ်းမကြီးအတိုင်းလျှောက်သွားလိုက်ဗျာ၊ အဲဒါဆိုရင် တိုက်တန်းတွေတွေ့ရမယ်၊ တိုက်တန်းတွေကျော်ပြီးရင် လမ်းလယ်ခေါင်မှာ ဘုရားတစ်ဆူတွေ့လိမ့်မယ်ဗျ၊ အဲဒါဆူးလေဘုရားလို့ခေါ်တယ်၊ အဲဒီဘုရားအနားမှာ နံပတ်(၉) ကားဂိတ်ရှိတယ်၊ အဲဒီ(၉)ကားကို ဂိတ်ဆုံးသာစီးသွား အဲဒီကားက ထောက်ကြံ့မှာဆုံးတာဗျ”

ကျုပ်လည်း လမ်းသိသွားပြီဆိုတော့မှ စိတ်သက်သာရာရသွားတယ်။

“ကျေးဇူးပါသူငယ်ရယ်၊ အဘကျေးဇူးတင်ပါတယ်”

ကျုပ်လည်းအိတ်ကလေးဆွဲပြီးတော့ ဆက်ထွက်လာခဲ့တယ်၊ ဒီလိုဆိုတော့လည်း ရန်ကုန်ဆိုတာ အလတ်ကောင်ပြောသလို အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူးဗျာ၊ လူကောင်းဆိုတာလည်းရှိပါသေးတယ်၊ အလတ်ကောင်တို့ တုံးအလို့များ လူဆိုးတွေနဲ့တွေ့တာနေမှာဗျ၊ ကျုပ်လည်းစဉ်းစားရင်း လမ်းလျှောက်လာတုန်း ရေဆာလာတယ်ဗျာ၊ ဒါနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ လူသွားလမ်းပလက်ဖောင်းမှာ ရေပုံးလေးတွေနဲ့ခွက်ကလေးတွေကိုင်ထားတဲ့လူတွေတွေ့လိုက်ရတယ်ဗျ။

ကျုပ်လည်းရေဆာတော့ သူတို့အနားကိုရောက်သွားတာပေါ့ဗျာ၊ ရေပုံးကိုင်ထားတဲ့မိန်းကလေးက ခပ်ငယ်ငယ်ပဲဗျ၊ အလွန်ဆုံးရှိလှ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ပါ့ဗျာ။ ကျုပ်သူ့ဆီကိုလာတာမြင်တာနဲ့

“အဘကြီး၊ ရေသောက်မလို့လား”

“အေးကွယ်၊ ရေဆာတာကြာနေပြီကွဲ့”

ကောင်မလေးက ရေပုံးကိုချလိုက်ပြီးတော့ သတ္တုခွက်ကလေးတစ်ခွက်ကိုယူလိုက်တယ်ဗျ၊ နောက်တော့ ရေပုံးထဲကရေကိုခပ်လိုက်ပြီး ပိတ်သောက်ရေစစ်ပေါ်မှာတင်ထားတဲ့ ရေခဲတုံးကြီးပေါ်လောင်းချပါရော၊ အောက်ကနေလည်း ခွက်တစ်ခုနဲ့ခံထားသေးတယ်၊ လေးငါးချက်လောက် လောင်းချပြီးတော့ ကျုပ်ကိုကမ်းပေးပါရောဗျာ၊ ကျုပ်လည်း သူလှမ်းပေးတဲ့ ခွက်ကလေးကိုလှမ်းယူလိုက်တော့ လက်ကိုအေးစက်သွားတာပဲဗျာ။

ရေဆာဆာနဲ့မော့သောက်လိုက်တော့ ရေတွေကအေးလိုက်တာဗျာ၊ သွားတွေကျင်ပြီး နားထင်တွေကိုကျိန်းတက်သွားတာပါပဲ၊ မောနေတဲ့အချိန်မှာ ရေအေးအေးလေးသောက်လိုက်ရတာကလည်း အမောပြေသဗျ၊ ရေတစ်ခွက်လုံးကုန်အောင်သောက်ပြီးတော့ ကလေးမကိုရေခွက်လှမ်းပေးရင်း

“အခုလိုရေအေးအေးလေးလှူရတဲ့အကျိုးကြောင့် ကလေးမလည်း အသက်ရှည်ပါစေ၊ အနာကင်းပါစေ၊ ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်ပါစေကွယ်”

ကွမ်းအစ်လေးပြန်ကောက်ပြီး ထွက်သွားမယ်အလုပ်မှာ ကလေးမက ကျုပ်ကိုအော်သဗျ။

“ဟေ့အဘကြီး၊ ရေဖိုးပေးအုံးလေ”

“ဟေ၊ ရေက အလကားတိုက်တာမဟုတ်ဘူးလား၊ တို့အညာမှာလို ရေလှူတာမဟုတ်ဘူးလား”

ကလေးမက ခေါင်းတဗြင်းဗြင်းကုပ်ရင်း

“ဒုက္ခပါပဲအဘကြီးရာ၊ ရေလှူတာမဟုတ်ဘူး၊ ရေခဲရေရောင်းနေတာရှင့်၊ ဒီခေတ်ဒီအခါမှ အလကားရတာ ဘာမှမရှိဘူး”

ကလေးမက အသက်အရွယ်နဲ့မလိုက်အောင် ငေါက်လိုက်ငမ်းလိုက်တာ ပြောမနေပါနဲ့ဗျာ၊ ကျုပ်လည်း ကလေးမကိုကြည့်ရင်း

“ပေးဆိုလည်း ပေးရတာပေါ့၊ ဒါနဲ့ ရေဖိုးကဘယ်လောက်လဲ”

ကလေးမက လက်ငါးချောင်းထောင်ပြပြီးတော့

“ငါးမူးပေးရမယ်”

ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ဒါနဲ့ အဲဒီကလေးမကိုပြန်ကြည့်ပြီး

“ဟဲ့ ရေဖိုးကလည်း ငါးမူးတောင်လား၊ ဒါတောင်မှတစ်ခွက်တည်းနော်၊ ငါးပြားဆယ်ပြားဆို တော်ရောပေါ့၊ တို့ရွာမှာ ငါးပြားဆိုရင် အကြော်ခြောက်ခုရတယ်”

ကျုပ်စကားက ကလေးမဒေါသကိုသွားဆသလိုဖြစ်သွားတယ်ဗျ။

“ဘာတွေလာပြောနေတာလဲအဘကြီး၊ ဒါရွာမဟုတ်ဘူးနော်၊ ရန်ကုန်၊ ဒါရန်ကုန်ရှင့် ရေဖိုးငါးမူးပေးရင်ပေး၊ မပေးရင်တော့ ကလေးဆီက ရေကိုအလကားလုသောက်ပါတယ်ဆိုပြီးတော့ အော်လိုက်မှာနော်၊ ဟိုးရေတမာပင်ရိပ်မှာ ထိုင်နေတဲ့လူတွေက ကျွန်မရဲ့ဦးလေးတွေ၊ ကျွန်မအော်လိုက်ရင် သူတို့ပြေးလာလိမ့်မယ်”

ကလေးမက ခြိမ်းလည်းခြိမ်းချောက်တတ်သေးသဗျာ၊ ကျုပ်လည်း ပြဿနာမဖြစ်ချင်တာနဲ့။

“အေးပါ၊ ငါးမူးပေးရင်ပြီးရောမဟုတ်လား၊ ရေတစ်ခွက်ငါးမူးဆိုတာ ရန်ကုန်ရောက်မှကြားဖူးတော့တယ်ဟေ့”

ကျုပ်လည်း ကလေးမကိုပိုက်ဆံပေးဖို့ တိုက်ပုံအတွင်းအိတ်ထဲကိုနှိုက်လိုက်တော့ တိုက်ပုံအတွင်းအိတ်ထဲမှာ အခေါက်လိုက်ထည့်ထားတဲ့ ပိုက်ဆံတွေ တစ်ရွက်မှမရှိတော့ဘူးဗျာ၊ ဒီတော့မှ ကျုပ်လည်း ပြာသွားမိတယ်၊ ကျုပ်များအထားမှားမိသလားဆိုပြီးတော့ ဟိုအိတ်ကပ်၊ ဒီအိတ်ကပ်တွေလိုက်စမ်းမိနေသေးတယ်၊ ပိုက်ဆံအထပ်လိုက်က ဘယ်ရောက်သွားမှန်းမသိဘူးဗျာ၊ ကျုပ်သေချာစဉ်းစားကြည့်တော့မှ ဘူတာကြီးအထွက်မှာ လူတစ်ယောက်နဲ့တိုက်မိသွားတာကို ပြန်သတိရလိုက်တယ်၊ တန်တော့ ဒီလူက ကျုပ်နဲ့တိုက်တဲ့အချိန် ကျုပ်အိတ်ထောင်ထဲက ပိုက်ဆံတွေကို နှိုက်သွားတာများလား၊ ကလေးမက ကျုပ်ကိုစိတ်မရှည်သလိုနဲ့ကြည့်ရင်း

“ဘာလဲ ပိုက်ဆံမပါဘူးလား”

“ပါတယ်၊ ပိုက်ဆံက ဘယ်နားထားမိသလဲ မသိ . . . မသိ”

ကျုပ်ပြောနေတုန်းရှိသေးတယ်ဗျာ၊ ကလေးမက အသံပြဲကြီးနဲ့အော်တော့တာပဲ။

“လာကြပါအုံးရှင်၊ ဟောဒီမှာ ကလေးမလေးဆီက ရေကိုအလကားလုယက်ပြီးသောက်နေပါတယ်ရှင့်”

အဲဒီလိုပြောရင်း ကလေးမလေးက သူ့အနားက ရေပုံးကိုခြေထောက်နဲ့ခပ်ထည့်လိုက်တယ်ဗျ၊ ရေပုံးလဲသွားတော့ ရေတွေလဲအကုန်မှောက်ကုန်၊ လက်သီးဆုပ်လောက်ရေခဲတုံးကလေးကလည်း မြေကြီးပေါ်ကျပြီး သတ္တုခွက်ကလေးတွေလည်း ပြန့်ကျဲကုန်တယ်၊ ဒီအခါ ကျုပ်တို့နဲ့မလှမ်းမကမ်းနေရာကနေ ယောက်ျားသားတွေပြေးထွက်လာကြတယ်။

“ဘယ်ကောင်လဲကွ၊ ကလေးကိုနိုင်ထက်စီးနင်းလုပ်နေတာ”

လူလေးယောက်က ကျုပ်ကိုဝိုင်းလိုက်ကြတယ်၊ ကျုပ်ရဲ့အထုပ်အပိုးတွေကိုလည်း ဝိုင်းဆွဲကြတယ်ဗျာ၊ ကျုပ်လည်းပြန်အော်တာပေါ့

“ဟေ့ကောင်တွေ၊ မင်းတို့ဘာလုပ်ကြတာလဲ”

ဒီလူတွေက ကျုပ်ကိုကြည့်ရင်း

“ခင်ဗျားဗျာ အသက်ကဖြင့််သေခါနီးနေပြီ ကလေးရောင်းတယ်ဆိုပြီးတော့ အနိုင်ကျင့်ချင်တာလား၊ ကဲ သူ့ရေဖိုးကိုပြန်ပေးလိုက်၊ ပြီးတော့ ရေပုံးမှောက်သွားတာတွေအတွက် ပြန်လျော်ပေးလိုက်”

ကလေးမက အော်ငိုတော့တာပဲဗျာ။

“အောင်မယ်လေး၊ သွားပါပြီ၊ အရင်းပြုတ်ပါပြီ၊ ရေခဲဖိုးငွေတွေလဲကုန်ပါပြီ၊ ရေကလည်း အခွက်ငါးဆယ်စာလောက်ရှိတာ”

ဒီလူတွေက ကျုပ်ကိုထိုးမယ့်ကြိတ်မယ့်ဟန်နဲ့

“ကဲ ဟေ့လူ၊ ဘာကြောင်ကြည့်နေတာလဲ၊ ခင်ဗျားကြားတယ်မဟုတ်လား၊ ဒီကောင်မလေးအတွက် ငါးဆယ်ပြန်လျော်ပေးလိုက်၊၊ မဟုတ်လို့ကတော့ ခင်ဗျားကျုပ်တို့အကြောင်းသိမယ်”

ကျုပ်လည်း ပိုက်ဆံမရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်ဗျာ၊ ဒီအချိန် ကျုပ်ကိုဝိုင်းထားတဲ့လူတွေကိုကြည့်လိုက်တော့ ဘူတာကြီးအထွက်မှာ ကျုပ်နဲ့တိုက်သွားတဲ့ လူငယ်ကိုတွေ့လိုက်ရသဗျ။

“ဟင်၊ မင်း . . . မင်းငါ့ကို ဘူတာကြီးအထွက်မှာဝင်တိုက်သွားတာမဟုတ်လား”

ဒီလူမျက်နှာပျက်သွားတယ်ဗျ၊ ကျုပ်သေချာကြည့်တော့ သူလည်း အပေါ်ကအဖြူ၊ အောက်ကပုဆိုးအပြာကွက်နဲ့ပါ၊ ကျုပ်က လူတစ်ယောက်ကိုတွေ့ပြီး ချက်ချင်းမေ့သွားရလောက်အောင် မှတ်ဉာဏ်မကောင်းတဲ့လူမဟုတ်ဘူးဗျ၊ သေချာတာကတော့ ဒီလူမှ ဒီလူအစစ်ပါ”

“ဟေ့ကောင်၊ မင်းငါ့ပိုက်ဆံတွေပြန်ပေး”

“မ . . .မဟုတ်ပါဘူးအဘကြီးရာ၊ အဘကြီးလူမှားနေတာပါ”

ကျုပ်လည်း ဒီကောင်ဆိုတာသေချာသွားတာမို့လို့

“ဟေ့ကောင်၊ မင်းငါ့ကိုမပတ်နဲ့၊ မင်းမှမင်းအစစ်ပဲ၊ ပေးစမ်း ငါ့ပိုက်ဆံတွေပြန်ပေး”

အားလုံးက ကြောင်အမ်းအမ်းဖြစ်သွားကြတယ်ဗျ၊ ဒီလူငယ်က ဘာမှမပြောတော့ဘဲ အနောက်ကိုလှည့်ပြီးတစ်ချိုးတည်းပြေးတော့တာပဲဗျာ၊ ဒီအခါကျုပ်လည်း သူ့အနောက်လိုက်မယ်လုပ်တော့ ကျန်တဲ့လူသုံးယောက်နဲ့ ကလေးမလေးက ကျုပ်ကိုဝိုင်းဆွဲထားကြသဗျာ။

“ဟေ့လူကြီး ခင်ဗျားဘယ်ပြေးမှာလဲ”

ကျုပ်လည်း အမြန်ပြေးလိုက်မှရတော့မယ်လေဗျာ၊ ဒါနဲ့ အသက်အောင့်ပြီး မြေကြီးကိုခြေဖနောင့်နဲ့တစ်ချက်ပေါက်ထည့်လိုက်တယ်။

“ကွာစရာရှိတာကွာ၊ လွင့်စရာရှိတာလွင့်စမ်း”

ခြေဖနောင့်နဲ့မြေကြီးနဲ့ထိတယ်ဆိုရင်ပဲ ကျုပ်ကိုဝိုင်းဆွဲထားကြတဲ့လူတွေအကုန်လုံး အနောက်ကိုလန်ထွက်သွားကြတယ်ဗျ၊ မမြင်နိုင်တဲ့အရှိန်တစ်ခုက သူတို့ကိုဝင်တွန်းလိုက်သလိုမျိုးပေါ့ဗျာ၊ သူတို့လွင့်သွားတဲ့အချိန်မှာ ကျုပ်လည်း ခုနကပြေးသွားတဲ့သူအနောက်ကို အပြေးလိုက်ခဲ့တာပေါ့ဗျာ။ ဒီလူငယ်က လူနေတိုက်တွေ အစီအရီရှိတဲ့လမ်းထဲကိုဝင်ပြေးသဗျာ၊ ကျုပ်လည်း သူ့အနောက်ကနေဆက်လိုက်ခဲ့တာပေါ့ဗျာ၊ တိုက်တွေက အကွက်အကွက်တွေလုပ်ထားပြီး လမ်းတွေကလည်း အများကြီးပဲဗျာ၊ နောက်ဆုံးတော့ သူ့အနောက်ပြေးလိုက်ရင်း လမ်းလေးခွဆုံတစ်ခုအရောက်မှာ မျက်ခြေပြတ်သွားတော့တယ်။ လမ်းလေးခွဆုံက ကားတွေလည်းရှုပ်၊ သွားလာနေကြတဲ့လူတွေလည်း ရှုပ်ယှက်ခပ်နေတာပါပဲဗျာ၊ ကျုပ်ဖြင့် အရပ်လေးမျက်နှာကို တစ်ချက်ကြည့်ရင်း ဘယ်ကိုလိုက်ရမှန်းကိုမသိတော့ဘူး။

လူတွေဥဒဟိုသွားလာနေတဲ့လမ်းကြီးကိုကြည့်ပြီး ကျုပ်အသက်ရှုကြပ်လာတယ်ဗျာ၊ ပြေးလာရတော့ မောလည်းမောလာတယ်၊ ကိုယ်မသိတဲ့နေရာ၊ ကိုယ်မရောက်ဖူးတဲ့နေရာကို တစ်ယောက်တည်းရောက်နေတာဆိုတော့ စိတ်ကလည်းအားငယ်လာတယ်ဗျာ၊

“သြော်၊ ရန်ကုန်၊ ရန်ကုန်၊ အလတ်ကောင်ရေ၊ မင်းတင်မဟုတ်ဘူး၊ ငါပါခံရပြီဟ”

ကျုပ်လည်းရေရွတ်လိုက်မိတော့တယ်ဗျာ။

(၃)

အမှန်အတိုင်းပြောရရင်တော့ ဒေသစိမ်း၊ နေရာစိမ်းဖြစ်လို့ ကျုပ်တတ်တဲ့စုန်းပညာတွေကို ကျုပ်ထုတ်မသုံးချင်ပါဘူးဗျာ၊ ကျုပ်တို့စုန်းတွေမှာလည်း ဒေသအလိုက် ဆိုင်ရာပိုင်ရာတွေရှိတယ်၊ ဒေသအလိုက် စည်းကမ်းတွေ၊ ဘောင်တွေရှိတယ်ဆိုတော့ ကိုယ်ကသူတို့စည်းကိုမသိဘဲ ချိုးဖောက်လိုက်သလိုဖြစ်သွားမှာလည်း စိုးရိမ်တာကိုးဗျ၊ ဒါပေမယ့် အခုတော့ ကျုပ်ရဲ့ပညာတွေကို ထုတ်မသုံးလို့မရတော့ပါဘူးဗျာ၊ ရှိသမျှပိုက်ဆံအကုန်ပါသွားပြီမဟုတ်လားဗျာ၊ ဒါနဲ့ ကျုပ်လက်ထဲက အထုပ်အပိုးတွေကိုချလိုက်ပြီးတော့ လမ်းဘေးတစ်နေရာမှာထိုင်ချလိုက်တယ်၊ နောက်တော့ ကျုပ်ဝတ်ထားတဲ့တိုက်ပုံကိုချွတ်လိုက်ပြီးတော့ တိုက်ပုံကိုလက်နဲ့ထုရိုက်ရင်း

“မင်းဆီကထွက်သွားတဲ့ပစ္စည်းကို ပြန်ခေါ်စမ်း၊ ငါ့ရဲ့ငွေတွေကိုပြန်ခေါ်ပေးစမ်း”

နောက်တော့ တိုက်ပုံက အိတ်ကပ်ကိုလက်နဲ့ပုတ်ရင်း

“မင်းအဖော်တွေကိုပြန်ခေါ်လာခဲ့၊ ဒါမင်းရဲ့အိမ်၊ အဲဒါမင်းရဲ့အဖော်တွေပဲ”

ကျုပ်လက်နဲ့ဘယ်လောက်ကြာမှန်းမသိအောင် ပုတ်နေမိတယ်ဗျ၊ နောက်တော့မှ မောမောနဲ့တိုက်ပုံကို ပုခုံးပေါ်ကိုပစ်တင်လိုက်တယ်၊ ပါးစပ်ကချဉ်လာတာနဲ့ ကွမ်းအစ်ဖွင့်ပြီးတော့ ကွမ်းတစ်ယာကို အေးအေးလူလူယာနေလိုက်တယ်၊ လမ်းသွားလမ်းလာတွေကတော့ ကျုပ်ကိုကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်သွားကြတာပေါ့ဗျာ၊ ကွမ်းတစ်ယာမညက်ခင်မှာပဲ ကျုပ်ဆီက ပိုက်ဆံအလစ်သုတ်ပြေးတဲ့လူက ကားလမ်းကိုဖြတ်ကူးလာတယ်၊ နောက်တော့ ကျုပ်ကိုတွေ့လိုက်တော့မှ သူကတန့်သွားတယ်ဗျ၊ ကျုပ်လည်းသူ့ကိုပြုံးကြည့်ရင်း

“ဟေ့ကောင်လေး၊ လာစမ်း၊ မင်းငါ့ဆီကိုလာစမ်း”

“မလာဘူး၊ မလာဘူး”

သူကလှည့်ပြေးချင်ပေမယ့် သူ့ကိုယ်လုံးကိုသူလှည့်မရတော့ဘူးဗျ၊ နောက်တော့ သူ့ခြေထောက်တွေက ကျုပ်ဆီကိုတစ်လှမ်းချင်းလျှောက်လာတယ်၊ သူ့မျက်နှာကတော့ တော်တော်သွေးပျက်နေတဲ့ပုံပဲဗျာ၊ လျှောက်ရင်းနဲ့ကျုပ်နားကို ခေါင်းတခါခါနဲ့ရောက်လာတယ်၊ ကျုပ်လည်း ဒေါသထွက်တာနဲ့ ဒီကောင်ရဲ့ဇက်ပိုးကို ဖြောင်းခနဲနေအောင်အုပ်ထည့်လိုက်တယ်။ နောက်တော့ ဒီကောင့်ကိုဇက်ပိုးကနေချုပ်ကိုင်လိုက်ပြီးတော့

“ဟေ့ကောင်၊ ငါတောသားကွ၊ ဒါပေမယ့် မင်းတို့ထက်တတ်လို့ ရန်ုကုန်ကိုတစ်ယောက်တည်းတက်လာတာ၊ မင်းငါ့ကိုဘာမှတ်နေလဲ”

လူငယ်က လက်အုပ်ချီပြီးတော့ တုန်တုန်ယင်ယင်နဲ့

“ကြောက်၊ ကြောက်ပါပြီဆရာကြီးရယ်၊ ဆရာကြီးပိုက်ဆံတွေလည်း ပြန်ယူပါ”

ဒီကောင်က ပိုက်ဆံအထပ်လိုက်ထုတ်ပေးသဗျ၊ ကျုပ်လည်း ပိုက်ဆံတွေကိုယူပြီးတော့

“ကဲ၊ မင်းသွားတော့၊ မင်းမျက်နှာကိုငါထပ်မမြင်ချင်တော့ဘူး”

ကျုပ်ဇက်ပိုးကိုလွှတ်လိုက်တော့ ဒီကောင်လေးလည်း တစ်ချိုးတည်းထွက်ပြေးသွားတော့တာပဲဗျာ၊ ဒါနဲ့ကျုပ်လည်း တစ်ချက်ပြုံးလိုက်ပြီးတော့ အထုပ်ကိုလက်တစ်ဖက်ကဆွဲ၊ ကွမ်းအစ်ကိုလက်တစ်ဖက်က ပိုက်ပြီးတော့ ဆက်လျှောက်လာခဲ့တာပေါ့ဗျာ။

ပိုက်ဆံဆိုတာ ခြေထောက်ပါတာမှမဟုတ်ပဲဗျ၊ ဒါပေမယ့် သူ့ပိုင်ရှင်ဆီကိုပြန်လာဖို့ကျတော့ ခြေထောက်ပါတဲ့လူရဲ့အကူအညီလိုတယ်မဟုတ်လား၊ ဒါကြောင့် ဒီကောင်ဘယ်လောက်ပြေးပြေး နောက်ဆုံးတော့ ကျုပ်ဆီကိုပြန်ရောက်လာတာပေါ့ဗျာ၊

မကြာခင် လမ်းလယ်ခောင်မှာ ဘုရားတစ်ဆူတွေ့လိုက်ရတယ်၊ ဘုရားက ရှစ်မြှောင့်ပုံထောင့်တွေနဲ့ လေးထောင့်စပ်စပ်ဘုရားတစ်ဆူဗျ၊ ကျုပ်အထင်တော့ ဟိုလူတစ်ယောက် လမ်းညွှန်လိုက်တဲ့ ဆူးလေဘုရားဆိုတာဖြစ်မယ်၊ အဲဒီဆူးလေဘုရားကို ပတ်လိုက်တော့ မကြာပါဘူး၊ နံပတ် (၉) လို့ရေးထားတဲ့ လိုင်းကားတွေကိုတွေ့လိုက်ရရောဗျာ၊ လိုင်းကားတွေက ဖြူဖြူကြီးတွေ ပြာပြာကြီးတွေပါ၊ နောက်တော့မှ အဲဒီလိုင်းကားကို ဘီအမ်ကားလို့ခေါ်တာ သိလိုက်ရတယ်၊ ကားတစ်စီးက ထွက်မယ်လုပ်နေတာနဲ့ကျုပ်လည်း ကားနောက်မြီးဘက်ကို ပြေးတက်လိုက်တယ်။

ကားပေါ်ရောက်တော့မှကြည့်လိုက်တော့ ကားပေါ်ထိုင်နေတဲ့လူအားလုံး မိန်းကလေးတွေချည်းပဲဖြစ်နေသဗျာ၊ မိန်းကလေးတွေကလည်း ကျုပ်ကိုပြုံးစိစိနဲ့ဝိုင်းကြည့်နေကြတယ်။ ကားစပယ်ယာက ကျုပ်ကိုအော်တော့တာပဲ၊

“ဟေ့လူကြီး ဘယ်အနောက်ကိုပြေးတက်သွားတာလဲ၊ ယောက်ျားလေးတွေက အရှေ့ကနေတက်ရမှာဗျ”

“ဟေ၊ ဟုတ်လား၊ ဒါကြောင့်ငါကြည့်နေတာ မိန်းကလေးတွေချည်းပါပဲလားလို့”

ကျုပ်လည်းရှက်ရှက်နဲ့ကားပေါ်က ပြန်ဆင်းလိုက်တယ်ဗျ၊ မိန်းကလေးတွေရော တစ်ကားလုံးရော ကျုပ်ကိုဝိုင်းရယ်ကြတယ်ဗျာ၊ ကားအရှေ့ပေါက်ကနေပြန်တက်တော့မှ ယောက်ျားတွေကိုတွေ့လိုက်ရသဗျာ၊ ဒီတော့မှကျုပ်လည်းသိလိုက်တယ်ဗျ၊ လတ်စသတ်တော့ ကားအရှေ့ခြမ်းနဲ့အနောက်ခြမ်းကို အလယ်က သံဆန်ခါနဲ့ကာပြီး ယောက်ျားတစ်ခြမ်း၊ မိန်းမတစ်ခြမ်းတင်ကြတာကိုးဗျ၊ ကားပေါ်ရောက်တော့ စပယ်ယာက ကားခတောင်းတယ်၊ ထောက်ကြံ့နဲ့ဆူးလေကို ပြားရှစ်ဆယ်ပဲ ပေးရတယ်ဗျာ၊ ဒီလိုနဲ့ ကားကြီးက တအိအိနဲ့ထွက်ခဲ့တာပေါ့။

ကားပေါ်က ကောင်လေးတစ်ယောက်က နေရာဖယ်ပေးတာနဲ့ ကျုပ်လည်းနေရာရခဲ့ပါတယ်၊ ထိုင်ခုံမှာထိုင်ပြီးလိုက်လာရင်း အပြင်ဘက်ကိုငေးကြည့်နေမိတယ်၊ မြို့ပြဆိုတဲ့အရသာက ကျုပ်အတွက်တော့အထူးအဆန်းဖြစ်နေတယ်ဗျ၊ ဘယ်ကိုကြည့်လိုက်ကြည့်လိုက် လူတွေကားတွေက ရှုပ်ယှက်ခပ်နေတာပါပဲဗျာ၊ ကားစီးလာရင်း ငိုက်လာတာနဲ့ လူကနည်းနည်းတော့ ငိုက်မိသွားတယ်ဗျ၊ နောက်တစ်နေရာရောက်တော့မှ လူတစ်ယောက်က ကျုပ်ဘေးနားကိုဝင်တိုးလိုက်တော့ ကျုပ်လည်းလန့်ပြီးမျက်လုံးဖွင့်မိသွားတယ်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ လူမဟုတ်ဘူးဗျာ၊ လက်ကြီးပဲဗျ၊ ခင်ဗျားတို့နားရှုပ်သွားပြီနဲ့တူတယ်၊ လက်ခပ်သေးသေးမည်းမည်းကလေးတစ်ခုက ကျုပ်နံကြားကိုအတင်းလာထိုးနေသဗျ၊ လက်ကတော့ အရှည်ကြီးပဲဗျာ၊ မသိရင်မြွေကြီးတစ်ကောင်နဲ့တောင်တူတယ်၊ ထိပ်မှာ လူလက်ပုံစံလက်ကလေးပါလို့သာ လက်မှန်းသိတာ၊ ကျုပ်လည်းမသိမသာနဲ့ကြည့်နေတုန်း အဲဒီလက်က ကျုပ်တိုက်ပုံကိုလာဖောက်ဝင်သွားသဗျာ၊ ကျုပ်တွန့်လိုက်တော့ လက်ကပြန်ဆုတ်သွားသဗျ၊ လက်ထဲမှာလည်း တစ်ခုခုကိုလုံးပြီးကိုင်သွားတဲ့ပုံပါပဲ၊ ကျုပ်လည်း မင်္သကာတာနဲ့ အိတ်ထောင်ကိုတစ်ချက်ကြည့်လိုက်တော့ ပိုက်ဆံတွေမရှိတော့ဘူးဗျ။

“ဟင်၊ ငါ့ပိုက်ဆံတွေဘယ်ရောက်ကုန်တာလဲ”

ကျုပ်ဆီကနေခပ်လျှောလျှောထွက်သွားနေတဲ့ လက်ကိုလှမ်းကြည့်လိုက်ပြီးတော့

“အောင်မာ၊ သူခိုးက သရဲပါလား၊ ဟေ့သရဲ ငါ့ပိုက်ဆံကိုပြန်ပေးနော်၊ မဟုတ်ရင် မင်းငါ့အကြောင်းသိမယ်”

ကျုပ်လက်ကိုကြည့်ပြီး စိတ်ထဲကနေပြောလိုက်ပေမယ့် လက်ကသိသွားတဲ့ပုံပဲဗျ၊ လေထဲမှာတစ်ချက်တန့်သွားတယ်၊ နောက်တော့ ကျုပ်ဆီကိုပြန်လာပြီး ကျုပ်တိုက်ပုံထဲကိုထိလိုက်တယ်ဗျ၊ ကျုပ်ပြန်ကြည့်တော့ အိတ်ထောင်ထဲမှာ ပိုက်ဆံတွေပြန်ရောက်နေပါရော။

“အောင်မာ၊ လက်စသတ်တော့ သူခိုးက သရဲကိုးကွ၊ ဟေ့သရဲ မင်းအကောင်အထည်ပြစမ်း”

ဒီတော့မှ သရဲကိုယ်လုံးက ပေါ်လာတယ်ဗျာ၊ သရဲကတော့ ကလေးသရဲလေးနဲ့တူပါတယ်၊ ဘတ်စ်ကားခေါင်မိုးမှာ ကပ်နေတာဗျ၊ လက်တွေကတော့ အရှည်ကြီးလုပ်လို့ရတယ်၊ လူတွေက သိပုံမြင်ပုံမရဘူးဗျ၊ သူ့လက်နှစ်ဖက် ကားထဲမှာ မြွေတစ်ကောင်လို လျှောက်သွားနေတယ်။ ကျုပ်အရှေ့က မတ်တပ်ရပ်နေတဲ့ လူငယ်ရဲ့ အကျီရင်ဘတ်အိတ်ထဲကို လက်နဲ့နှိုက်နေတယ်ဗျ၊ ပြီးတော့ လက်သီးဆုပ်လုပ်ပြီး ပြန်ထုတ်ယူသွားပါရော၊ သူ့လက်ထဲမှာ တစ်ခုခုကိုဖွက်သွားပုံရတယ်ဗျ၊ အဲဒီလက်က ကားအနောက်နားကိုတိုးသွားပြီးတော့ ကားနောက်မှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့လွယ်အိတ်ထဲကို တိုးဝင်သွားပါရော၊ လွယ်အိတ်ထဲက ပြန်ထွက်သွားတော့ လက်ဗလာနဲ့ဗျ၊ ကျုပ်လည်းသဘောပေါက်လိုက်ပါပြီဗျာ၊ လတ်စသတ်တော့ ဒီလူက ခါးပိုက်နှိုက်ပဲဗျ၊ ခါးပိုက်နှိုက်ဆိုပေမယ့် ဒီအတိုင်းနှိုက်တာမဟုတ်ဘူး၊ ပရလောကသား သရဲတစ်ကောင်ရဲ့အကူအညီနဲ့ လူတွေမသိအောင်နှိုက်နေတာဗျို့။

ကျုပ်နဲ့သုံးခုံကျော်လောက်က လူကတော့ လက်မှာရွှေလက်စွပ်တစ်ကွင်းဝတ်ထားသဗျာ၊ လက်က အဲဒီလူအနားကိုသွားပြီးတော့ သူ့ရွှေလက်စွပ်ကို လက်ကလေးသေးသေးကလေးနဲ့ အုပ်ပြီးဆွဲချွတ်လိုက်သဗျာ၊ နောက်တော့ ဒီလူ့လက်မှာ ရွှေလက်စွပ်မရှိတော့ဘူးဗျ။ ကျုပ်လည်း သရဲကိုကြည့်လိုက်ရင်း

“ဟေ့မှင်စာ၊ ပြန်ထားလိုက်စမ်း၊ အခုပြန်ထားလိုက်စမ်းကွာ”

သရဲမှင်စာက ကျုပ်ကိုပြူးကြည့်ရင်း

“မထားဘူး၊ ထားလို့မရဘူး”

“ထားဆိုထားလိုက်လို့ပြောနေတယ်နော်”

“ထားလိုက်ရင် ဖေဖေကြီးက ဆူမှာ၊ ဖေဖေကြီးက ရိုက်မှာ”

“နင်အဲဒီပစ္စည်းကို ပြန်မပေးရင် နင့်ဖေဖေကြီးရိုက်တာထက် ပိုနာမယ်၊ အခုချက်ချင်းပြန်ပေးလိုက်”

မှင်စာကလေးကတုန့််ဆိုင်းနေသေးတယ်ဗျ၊ သူ့ကြည့်ရတာ ပြန်ပေးချင်ပုံမရဘူးဗျာ၊ ဒီအချိန်လက်တစ်ဖက်က ကျုပ်ဆီကိုပြေးဝင်လာတယ်ဗျ၊ ကျုပ်ပါးကို လွှဲပြီးရိုက်ထည့်လိုက်တာ၊ ကျုပ်က သူ့လက်ကိုစိုက်ကြည့်လိုက်တော့ သူ့လက်က ကျုပ်မျက်စိရှေ့နားမှာတန့်သွားတယ်။ ကျုပ်လည်း သရဲကိုတစ်ချက်စိုက်ကြည့်လိုက်ရင်း

“အောင်မာ၊ နင့်လိုမှင်စာကများ ငါ့ကိုလုပ်ချင်သေးတယ်ဟုတ်လား”

ကျုပ်လည်း မှင်စာကလေးကို မျက်စောင်းထိုးလိုက်ပြီးတော့

“မီးလိုပူစမ်း”

လို့ရေရွတ်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးတုန်ယင်လာပြီးတော့ ကားခေါင်မိုးပေါ်မှာ လူးလွန့်နေတာပဲဗျာ၊ နောက်တော့မှ အောက်ကိုဘုတ်ခနဲပြုတ်ကျသွားတယ်၊ သူကျသွားပြီးတော့ ခုနက အနောက်မှာထိုင်နေတဲ့လူဆီကို ပြေးသွားတာပဲဗျာ၊ ကျုပ်လိုက်ကြည့်နေတုန်း ဒီလူက ကျုပ်ကိုမျက်စောင်းထိုးပြီးကြည့်နေတယ်၊ ရှေ့မှတ်တိုင်ရောက်တော့ လူတွေနည်းနည်းဆင်းသွားတဲ့အခါ ဒီလူက ထလာပြီးကျုပ်အရှေ့ကတန်းကိုကိုင်ပြီး မတ်တပ်ရပ်လိုက်သဗျာ၊ ခုနကမှင်စာကလေးက ဒီလူရဲ့ကျောကုန်းကို လက်တွေနဲ့တွယ်ပြီးဖက်ထားပါရော။

“အဘကြီး ဘာဝင်ရှုပ်တာလဲ၊ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါစမ်းပါနဲ့”

ဒီလူက ခပ်တိုးတိုးပြောတယ်ဗျ၊ ကျုပ်လည်းသူ့ကိုကြည့်ရင်း

“ဟ၊ မင်းရဲ့မှင်စာက ငါ့ပိုက်ဆံတွေကိုလာနှိုက်တယ်မဟုတ်လားကွ”

“အဘကြီးပိုက်ဆံကို ပြန်ပေးပြီးပြီးပဲဗျာ၊ ကိုယ့်ပိုက်ဆံပြန်ရရင်တော်ပြီပေါ့”

“ဟေ့ကောင်၊ မင်းက မကောင်းတဲ့နည်းလမ်းနဲ့ လူတွေဆီက အချောင်လိုချင်နေတာကိုးကွ၊ မင်းကြည့်ရတာလည်း ခြေအကောင်း၊ လက်အကောင်းကြီးနဲ့ပါကွာ၊ ရိုးရိုးသားသားရှာဖွေစားပေါ့ကွ၊ ဒီလိုလုပ်တာမကောင်းပါဘူး”

ဒီလူက ဟက်ခနဲရယ်တယ်ဗျာ။

“ဒီမှာအဘကြီး၊ ကျုပ်က အဖိုးမဖြတ်နိုင်တဲ့ပညာတွေတတ်ထားတာဗျ၊ ဒီပညာနဲ့လုပ်မစားလို့ ဘာထပ်လုပ်စားရအုံးမှာလဲ၊ ကျုပ်နောက်ဆုံးအနေနဲ့ အဘကြီးကိုသတိပေးမယ်နော်၊ အဘကြီးရှေ့လျှောက်ကိုယ်နဲ့မဆိုင်တာ ဝင်မပါပါနဲ့တော့၊ မဟုတ်ရင် အဘကြီးကျုပ်အကြောင်းသိမယ်”

“ငါပြောမယ်ဟေ့ကောင်၊ ဒီလူတွေအားလုံးကိုကြည့်လိုက်စမ်းကွာ၊ ကိုယ့်ခွန်ကိုယ့်အားနဲ့ အလုပ်လုပ်ပြီးရလာတဲ့ ငွေတွေကွ၊ အဆင်မပြေတဲ့လူကျတော့လည်း ရှိစုမဲ့စုလေးတွေပါလာတာ၊ သူတို့ဆီမှာပါလာတဲ့ ပိုက်ဆံက သူတို့ဒီညစားမယ့် ထမင်းဖိုးဟင်းဖိုးဖြစ်ချင်ဖြစ်မယ်၊ သူတို့အိမ်က ကလေးတွေအတွက်လည်းဖြစ်ချင်ဖြစ်မယ်၊ နောက်တစ်နေ့ရင်းပြုစားဖို့ အရင်းအနှီးလည်းဖြစ်ချင်ဖြစ်မယ်ကွ။ ဒီလူတွေပင်ပင်ပန်းပန်းရှာထားရတဲ့ငွေကို မင်းက ရေပေါ်ဆီလုပ်ပြီးတော့ အညွန့်ခူးစားတာတော့ မဖြစ်သင့်ပါဘူးကွာ၊ ဒီလိုကိစ္စမျိုးတော့ ငါရွံတယ်၊ ငါနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ဝင်ပါမယ်ကွာ”

“အဘကြီးကတော့ အိမ်ပြန်ရောက်ရင် ထမင်းမစားချင်တော့ဘူးနဲ့တူတယ်”

“အောင်မာ၊ မင်းက ငါ့ကိုဒဲ့လာစိန်ခေါ်တယ်ပေါ့ဟုတ်လား၊ ရတယ် မင်းကြိုက်တဲ့ဘက်ကစမ်း၊ ငါဆိုတဲ့ကောင်ကလည်း စိန်ခေါ်ရင်ဘွာမခတ်ဘူးကွ”

“ရတယ်၊ ခင်ဗျားကြီး ကျုပ်အကြောင်းသိမယ်”

ဒီလူက ပြောပြီးတော့ အနောက်ဘက်ကိုပြန်သွားထိုင်တယ်ဗျ၊ ကျုပ်ကိုလည်း မျက်ထောင့်နီကြီးနဲ့ကြည့်နေသေးတာ၊ ကားကလည်း ဆက်မောင်းနေတာပေါ့ဗျာ၊ တဖြည်းဖြည်းနဲ့ မြို့ထဲကနေထွက်လာခဲ့တယ်ဗျ၊ အရင်လို တိုက်တွေဘာတွေမမြင်ရတောဘဲ့ လူနေအိမ်ကလေးတွေကို ခပ်ကျဲကျဲတွေ့လာရတော့တယ်၊ မင်္ဂလာဒုံလို့ခေါ်တဲ့ နေရာရောက်တော့ ကားပေါ်ကလူတွေ တော်တော်များများဆင်းသွားကြတာ နောက်ဆုံးလူသုံးလေးယောက်ပဲ ကျန်တော့တယ်ဗျာ၊ ကားကဆက်မောင်းလာရင်း အရှေ့ရောက်တော့ လူအတော်ပြတ်တဲ့လမ်းကြီးကိုရောက်လာခဲ့တယ်ဗျ၊ လမ်းဘေးတစ်ဖက်တစ်ချက်မှာလည်း အိမ်တွေမရှိတော့ဘဲ သစ်တောကြီးတွေပဲ ရှိပါတော့တယ်၊ ဒီအခါ ခုနက ကားအနောက်မှာထိုင်နေတဲ့လူက ကျုပ်ဆီကိုလမ်းလျှောက်လာတယ်ဗျ၊ ကျန်တဲ့လူသုံးယောက်ကလည်း ကျုပ်ဆီကိုလျှောက်လာခဲ့ကြတယ်။

“သြော်၊ မင်းတို့က လက်စသတ်တော့ ငါ့ကိုဝိုင်းလုပ်ကြမလို့ကိုးကွ”

“ဒါပေါ့ဗျာ၊ ခင်ဗျားလို ကိုယ်နဲ့မဆိုင်တာဝင်ပါချင်တဲ့လူကို ပညာကောင်းကောင်းပြရမှာပေါ့”

လူတစ်ယောက်က ကျုပ်ကိုလက်သီးနဲ့ထိုးတယ်ဗျာ၊ ကျုပ်လည်းထိုင်နေရင်း ထိုင်ခုံကနေရွေ့သွားတော့ သူ့လက်သီးချက်က ကျုပ်ကိုမထိုးမိဘဲ ကျုပ်အနောက်က ကားဘော်ဒီသံတိုင်ကိုထိုးမိပြီး ဒီကောင့်လက်လည်း တော်တော်အီဆိမ့်သွားပုံရတယ်ဗျ၊ ကျုပ်လည်း ခြေထောက်ကိုချိတ်ထိုင်လိုက်ပြီးတော့

“မင်းလက်တော်တော်နာသွားတဲ့ပုံပဲ”

ဒီအခါ နောက်တစ်ယောက်က ကျုပ်မျက်နှာကို လက်သီးနဲ့ပစ်ထိုးပါရောဗျာ၊ သူထိုးတဲ့အချိန် ကျုပ်လည်းအနောက်ထိုင်ခုံကို ရုပ်ပြောင်းကိုယ်ရွှေ့အစွမ်းနဲ့ရွှေ့လိုက်တော့ ဒီကောင်လည်း လေထဲကိုပဲထိုးမိတယ်ဗျ၊ ကျုပ်ပညာပြလိုက်တော့မှ ဒီကောင်သုံးကောင် တော်တော်လန့်သွားတဲ့ပုံပဲဗျာ၊ ဒါနဲ့ ခုနကမှင်စာနဲ့လူကိုကြည့်ပြီး

“ဆရာဘသိုက်၊ ဒီလူကြီးကို လုပ်ပါအုံးဗျာ”

ဘသိုက်ဆိုတဲ့လူက ပြုံးရင်း သူ့အိတ်ထဲက ဆယ်ပြားစေ့လေးတစ်စေ့ကိုနှိုက်လိုက်တယ်ဗျ၊ ဆယ်ပြားစေ့လေးထောင့်စေ့ကလေးကို လက်ညှိုးနဲ့ လက်ခလယ်အနားမှာ ညှပ်လိုက်ပြီးတော့

“ထုံးစံအရဆိုရင် ကျုပ်တို့အလုပ်မှာလာရှုပ်တဲ့လူမှန်သမျှကို ဟောဒီဆယ်ပြားစေ့သွေးထားတဲ့အချွန်နဲ့ လည်ပင်းသွေးကြောနဲ့ ဇက်ပိုးကသွေးကြောကိုဖြတ်ပြီး ရှင်းနေကြဗျ”

“ဒါဆိုရင်လည်း ငါ့ကိုလာဖြတ်စမ်းပါအုံးကွာ၊ မင့်ဆယ်ပြားစေ့ ဘယ်လောက်ထက်တယ်ဆိုတာ ကြည့်ရအောင်”

“ခင်ဗျားကြီးကိုတော့ ဒီအတိုင်းမဖြတ်ဘူးဗျ”

ဘသိုက်က ပြောဆိုပြီးတော့ ဆယ်ပြားစေ့ကို သူ့ပါးစပ်အနားကိုကပ်ပြီး မန်းမှုတ်တယ်ဗျ၊ နောက်တော့ အဲဒီဆယ်ပြားစေ့ကို ကျုပ်ဆီတည့်တည့် ပစ်လွှတ်လိုက်ပါရောဗျာ။ ကျုပ်လည်းထိုင်ရာကနေမထဘဲ ပျံသန်းလာတဲ့ဆယ်ပြားစေ့ကို မျက်မှောင်ကြုတ်ပြီးစိုက်ကြည့်လိုက်တယ်။

“ဖွဟဲ့၊ လွဲစေ၊ ဖယ်စေ”

ကျုပ်အော်လိုက်တဲ့အခါ ကျုပ်ဆီတည့်တည့်ပျံလာတဲ့ ဆယ်ပြားစေ့က ကျုပ်နှာခေါင်းနားအရောက်မှာ ချွင်ခနဲတစ်ချက်မြည်ပြီးတော့ ဘေးကိုလွဲသွားတယ်ဗျ၊ ကျုပ်ထိုင်နေတဲ့ဘေးနားက ကားဘော်ဒီသံပြားမှာ ဆယ်ပြားစေ့က ဒေါက်ခနဲသွားစိုက်တယ်၊ ကားဘော်ဒီထူထူကိုတောင် ဖောက်တယ်ဆိုတော့ ဒီဆယ်ပြားစေ့အစွမ်းက အံ့မခန်းပါပဲဗျာ၊ ကျုပ်ကတော့ အံ့သြဟန်မပြဘဲ ပြုံးဖြီးဖြီးလုပ်လိုက်ရင်း

“မင့်ဆယ်ပြားစေ့က ထက်တော့ထက်ပါတယ်၊ ဒါပေမယ့် မမှန်ဘူးကွ”

ကျုပ်ရယ်ကျဲကျဲနဲ့ပြောလိုက်တော့ ဘသိုက်တစ်ယောက် တော်တော်ဒေါသထွက်သွားတယ်ဗျ၊ ဒါနဲ့ နောက်ထပ်ဆယ်ပြားစေ့သုံးစေ့ထပ်ထုတ်ပြီး

“ဒီတစ်ခါတော့ ခင်ဗျားကြီးလည်ပင်းကို ဖြတ်ပစ်မယ်ဗျ၊ သေပေတော့အဘိုးကြီး”

ကျုပ်ဆီကိုဆယ်ပြားစေ့သုံးစေ့ ထပ်ပစ်ပါရောဗျာ၊ ဒီတစ်ခါတော့ ဆယ်ပြားစေ့တွေက ဝေ့ဝိုက်ပြီးလာတာဗျ၊ ကျုပ်မျက်နှာတည့်တည့််ကို ပျံလာတဲ့ဆယ်ပြားစေ့ကို ကျုပ်က လက်ဝါးနဲ့ခံပြီးဖမ်းလိုက်တယ်၊ ဒီအခါ ကျုပ်အနောက်ကနေပြီး ဆယ်ပြားစေ့တစ်စေ့က ပျံလာသေးသဗျာ၊ ကျုပ်လည်း ခေါင်းငုံ့လိုက်ပြီးတော့ အဲဒီဆယ်ပြားစေ့ကိုလက်နဲ့ဖမ်းလိုက်တယ်၊ တစ်ခါ ဘေးနားကနေ ဆယ်ပြားစေ့က ပျံဝင်လာပြန်ပါရော၊ ကျုပ်လက်က အဲဒီဆယ်ပြားစေ့ထက်မြန်ပါတယ်ဗျာ၊ အဲဒီဆယ်ပြားစေ့ကိုလဲ ချွင်ခနဲမြည်အောင်ဖမ်းပြလိုက်တယ်၊ ပြီးတော့ ကျုပ်လက်ဝါးကိုဖြန့်ပြလိုက်တဲ့အခါ ဒီကောင့်ဆယ်ပြားစေ့တွေက ကျုပ်လက်ထဲမှာငြိမ်သက်နေသဗျ။

“မင်းရဲ့အကြွေအစုတ်ပလုပ်တွေ ငါမလိုချင်ဘူး၊ မင်းတို့ပဲ ပြန်ယူစမ်းကွာ”

ဆယ်ပြားစေ့သုံးစေ့ကို ဘသိုက်ဆီကိုပြန်ပစ်ပေးလိုက်တော့ ဘသိုက်က ဆယ်ပြားစေ့တွေကိုလက်နဲ့ပုတ်ပြီးထုတ်သဗျာ၊ ဒီအခါ ဆယ်ပြားစေ့သုံးစေ့က သူ့အနောက်မှာရပ်နေတဲ့ လူသုံးယောက်ကိုသွားထိပါရောဗျာ၊ ထိတယ်ဆိုရုံကလေးထိပြီးတော့ ဆယ်ပြားစေ့သုံးပြားက ကြမ်းပြင်ပေါ်ကို ချွင်ခနဲကျသွားကြသဗျာ၊ ဒီလူသုံးယောက်ဝတ်ထားတဲ့ ရှပ်အင်္ကျီတွေကလည်း ဗြန်းခနဲကွဲထွက်သွားတာပါပဲ၊ ဆယ်ပြားစေ့က တော်တော်ထက်ပြီး တော်တော်လည်းမြန်တဲ့အမျိုးဗျာ၊ ကျုပ်က ဒါကြောင့် ဒီလူတွေကို မသေအောင် အင်္ကျီကိုပဲ ဖြတ်ခိုင်းလိုက်တာဗျ။ ဒီလူသုံးယောက်က ကြောက်လန့်လွန်းလို့ ကြမ်းပြင်ပေါ်ကိုထိုင်ကျသွားကြတယ်။

ဘသိုက်က ကျုပ်ကိုအံကြိတ်ကြည့်ရင်း

“ခင်ဗျားကြီးကို ကျုပ်အရှင်မထားဘူးဗျ၊ ကဲ သမီးကြီးရေထွက်လာခဲ့တော့”

ဒီလူကပြောပြီး သူလွယ်ထားတဲ့ ကချင်လွယ်အိတ်ကလေးကို ဟလိုက်တယ်ဆိုရင်ပဲ လွယ်အိတ်ထဲကနေ မည်းမည်းအကောင်ကြီးတစ်ကောင်က တဖြည်းဖြည်းတိုးထွက်လာသဗျာ၊ မသိရင် ရေတွေလိုပါပဲ၊ ကြမ်းပြင်ပေါ်ရောက်သွားတော့မှ လူကောင်ကြီးအဖြစ်ဘွားခနဲဖြစ်သွားတော့တယ်။

ကျုပ်လည်း ဒီအကောင်ကြီးကိုကြည့်ပြီးတော့

“ဟင်၊ ခုနကတော့ မှင်စာကလေးပါ၊ အခုတော့ အစိမ်းသရဲကြီးပါလား”

ဘသိုက်ကရယ်မောရင်း

“ဟား၊ ဟား ကျုပ်မွေးထားတဲ့သရဲတစ်ကောင်တည်းရှိတယ်လို့ ခင်ဗျားကထင်နေတာလားဗျာ၊ ကဲ သားတို့သမီးတို့ရေ အကုန်လုံးထွက်လာခဲ့ကြကွာ၊ ဒီနေ့တော့ မင်းတို့လူသားကောင်းကောင်းစားရမယ့်နေ့ပဲကွ”

သူပြောပြီးတော့ လွယ်အိတ်ထဲကထွက်လာတဲ့အကောင်တွေဆိုတာ မနည်းမနောပါပဲဗျာ၊ ကျုပ်လိုက်ရေကြည့်တော့ ဆယ့်ခုနစ်ကောင်တိတိရှိတယ်ဗျ၊ ဘသိုက်က ပြုံးရယ်ရင်း

“ကဲ သားတို့သမီးတို့၊ ဒီအဘကြီးကို တမလွန်ရောက်အောင် မြန်မြန်ပို့ပေးလိုက်ကြစမ်းပါကွယ်”

ဒီကောင်တွေက ကျုပ်ဆီကိုပြေးလာကြသဗျာ၊ ကျုပ်လည်း လက်တစ်ဖက်ကိုဆန့်တန်းပြီးတော့

“ဟိတ်၊ အားလုံးရပ်လိုက်ကြ၊ အောက်ဆရာအမိန့်၊ ငါ့အမိန့်”

ပြေးလာကြတဲ့သရဲတွေအကုန် ကျုပ်အသံကြားတဲ့အခါ အားလုံးရပ်တန့်သွားကြတယ်၊ ဘသိုက်က တအံ့တသြနဲ့ကြည့်နေရင်း

“ဟင် ဘယ်လိုဖြစ်ကြတာလဲ၊ သားတို့သမီးတို့ သူ့ကိုတိုက်လေကွာ”

“ဟား၊ ဟား ဘသိုက်၊ ဘသိုက်၊ မင်းတစ်ယောက်တည်း အစိမ်းသရဲတွေကို ခိုင်းစေနိုင်တယ်လို့များထင်နေတာလားကွ၊ ကဲ မင်းတို့အားလုံးကို ငါလွှတ်ပေးမယ်၊ ငါ့အမိန့်နဲ့ မင်းတို့ကို ဒီကောင်တုပ်နှောင်ထားတဲ့ ကြိုးတွေကိုဖြေခိုင်းလိုက်မယ်၊ မင်းတို့ကိုချည်ထားတဲ့ အောက်လမ်းကြိုးတွေ အကုန်ပြတ်စေ”

ကျုုပ်အော်ပြောလိုက်တဲ့အချိန်မှာပဲ သရဲတွေက ဝူးဝူးဝါးဝါးနဲ့အော်ကြတယ်ဗျ၊ သူတို့ကြည့်ရတာ တော်တော်ပျော်သွားတဲ့ပုံပါပဲဗျာ။

“မင်းတို့လွတ်လပ်သွားပြီ၊ မင်းတို့အကုန်သွားချင်တဲ့နေရာကိုသွားနိုင်ကြပြီ”

ကျုပ်အမိန့်ပေးပြီးပြောလိုက်တော့ သရဲတွေအကုန်လုံး ဘတ်စ်ကားကြီးရဲ့အပြင်ဘက်ကို ဖောက်ထွင်းပြီးတော့ ပြေးလွှားသွားကြတယ်ဗျာ၊ ဒါပေမယ့် ဆံပင်ရှည်ရှည်ခေါင်းမွှေးထောင်ထောင်နဲ့ သရဲမတစ်ကောင်တော့ကျန်ခဲ့တယ်ဗျ၊ သရဲမက ဘသိုက်ကိုပြန်လှည့်ကြည့်တယ်ဗျ။

ဘသိုက်က သရဲကြီးကိုကြည့်ပြီး လက်ခါခါခြေခါခါနဲ့

“မဟုတ်ဘူး၊ ခင်ဗျားဒီလိုလွှတ်ပေးလို့မရဘူး၊ ခင်ဗျားသူတို့ကိုလွှတ်ပေးလို့မရဘူး”

ဒီအခါ သရဲကြီးက ဘသိုက်ဆီကိုပြေးဝင်သွားတယ်ဗျ၊ ဘသိုက်အရှေ့ကိုရောက်တော့ သရဲမက သူ့လက်ချွန်ချွန်ကြီးကို ဘသိုက်ရဲ့ရင်ဘတ်ထဲကိုထိုးထည့်လိုက်တယ်၊ သရဲလက်ဆိုတော့ လူရဲ့ကိုယ်ထဲ ဖောက်ဝင်သွားတာပေါ့ဗျာ၊ ဘသိုက်ရဲ့မျက်နှာက အံ့သြနေရာကနေ အလွန်နာကျင်ပြီးတော့ ခံပြင်းတဲ့ရုပ်မျိုးဖြစ်သွားတယ်ဗျ။

“မင်း၊ မင်းဘာလို့ ငါ့ကိုဒီလိုလုပ်နိုင်ရတာလဲ”

သရဲမက အသံကွဲကွဲနဲ့

“နင်ငါ့ကိုလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက စပြီးမွေးခဲ့တယ်၊ ဒါပေမယ့် နောက်လူတွေထပ်မွေးတဲ့အခါမှာ နင်င့ါကိုပစ်ပယ်ထားတယ်၊ ဒီအတွက် ငါနင့်ကိုမုန်းတယ်၊ ငါနင့်ဆီကလွတ်တဲ့တစ်နေ့ နင့်ကိုလက်စားချေမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်၊ အခု ငါနင့်ကိုလက်စားချေတာပဲ၊ အခုနင်သေရမယ်”

သရဲမက ဘသိုက်ရဲ့ရင်ဘတ်ကို နှိုက်ပြီး နှလုံးကိုချွေဖို့လုပ်နေတာပဲဗျ၊ ကျုပ်လည်း မနေနိုင်တော့တာနဲ့ သရဲမကိုလက်ညှိုးထိုးပြီးတော့

“ဟေ့ သရဲမရပ်လိုက်စမ်း”

သရဲမက ကျောက်ရုပ်ကြီးတစ်ရုပ်လိုရပ်သွားတယ်ဗျ။

“ငါလက်စားချေတာကို မတားနဲ့၊ ငါဒီကောင်ကို စိတ်နာတယ်၊ ဒီကောင်ကို ငါ့လက်နဲ့သတ်ရမှကျေနပ်မယ်”

“မလုပ်နဲ့ဆိုမလုပ်နဲ့နော်၊ အခုနင့်ကိုငါလွှတ်ပေးပြီးပြီပဲ၊ နင်သွားချင်တဲ့နေရာကိုသွားတော့၊ မဟုတ်ရင်တော့ နင့်ကိုငါထပ်ပြီးဖမ်းချုပ်ရလိမ့်မယ်၊ ဒီတစ်ခါဖမ်းရင် အနှစ်နှစ်ဆယ်မက အနှစ်တစ်ရာလည်း ကြာချင်ကြာသွားလိမ့်မယ်”

ဒီတော့မှ သရဲမက ခေါင်းညိတ်တယ်၊ ကျုပ်လက်ညှိုးကိုပြန်သိမ်းလိုက်တာနဲ့ သရဲမက ကားအပြင်ဘက်ကို ဝုန်းခနဲခုန်ထွက်သွားတော့တာပါပဲဗျာ။ ဘသိုက်က ထိုင်ခုံတစ်ခုမှာထိုင်ကျသွားတယ်ဗျ၊ လက်တစ်ဖက်ကလည်း သူ့ရင်ဘတ်ကိုဖိထားတယ်၊ ကျုပ်ကိုမကျေမနပ်နဲ့ကြည့်နေရင်း

“ခင်ဗျားကြီးဘာဖြစ်လို့ ကျုပ်ကိုကယ်လိုက်တာလဲ၊ ခင်ဗျားကြီးသိပ်ပြီးတော့ သူတော်ကောင်းလုပ်ချင်နေတယ်ပေါ့၊ ဟုတ်လား”

ကျုပ်လည်းခေါင်းခါလိုက်ပြီးတော့

“မဟုတ်ပါဘူး၊ မင်းက မကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်၊ ဒီအတွက် မင်းကသေဖို့ထိုက်တန်တယ်၊ ဒါပေမယ့်လည်း ငါ့ရှေ့မှာ လူတစ်ဦးတစ်ယောက်သေသွားတာကို ငါမမြင်ချင်ဘူး၊ ဒါကြောင့် မင်းကိုငါကယ်လိုက်တာ”

ဘသိုက်မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ်ဗျ၊ ကျုပ်ကိုအထင်ကြီးလေးစားတဲ့ မျက်နှာပေးမျိုးဖြစ်သွားတယ်။

“မင်းဒီမကောင်းမှုတွေကို ဆက်လုပ်ချင်ရင်လည်းလုပ်ပါ၊ ဒါပေမယ့် မင်းလုပ်ခဲ့တဲ့မကောင်းမှုတွေက တစ်နေ့ကျရင် မင်းဆီကိုပြန်လာလိမ့်မယ်ကွ၊ အခု ဖြစ်သလိုမျိုးပေါ့ကွာ၊ မင်းက အစိမ်းသရဲတွေကို မွေးထားပြီးတော့ သူတို့အကူအညီနဲ့ခါးပိုက်နှိုက်နေတယ်ဆိုပေမယ့် သူတို့ကလည်း မင်းကိုမလွန်ဆန်နိုင်လို့သာ လုပ်ပေးနေရတာ၊ မင်းကိုလည်း သိပ်ပြီးကျေနပ်ပုံမရဘူး၊ သူတို့လွတ်တဲ့အခါ မင်းကိုပြန်ပြီးဒုက္ခပေးမယ်ဆိုပြီး ကြံနေကြတယ်မဟုတ်လား”

“ကျုပ်နားလည်ပါပြီအဘကြီးရာ၊ ဘာပဲပြောပြော အဘကြီးက ကျုပ်အသက်ကိုကယ်ခဲ့တာပဲ၊ ကျုပ်ကတိပေးပါတယ်အဘကြီးရာ၊ နောက်ဒီလိုမကောင်းတဲ့အလုပ်မျိုးကို ကျုပ်ဆက်မလုပ်တော့ဘူး၊ ကျုပ်ခါးပိုက်မနှိုက်တော့ဘူးဗျာ”

ကျုပ်လည်းခေါင်းညိတ်ရင်း

“မင်းအမြင်မှန်ရတာကို ငါဝမ်းသာပါတယ် ဘသိုက်ရာ”

ဘသိုက်က သူ့တပည့်သုံးယောက်ကိုမျက်ရိပ်ပြလိုက်တော့ တပည့်သုံးယောက်က ကားတံခါးအဆင်းအတက် တံခါးပေါက်အပေါ်နားက ရွံစေးလိုမည်းညစ်ညစ်အရာကလေးတစ်ခုကို ခွာလိုက်ကြတယ်၊ ဒီအချိန်ကားကြီးက တစ်ချက်သိမ့်ခနဲတုန်သွားတယ်ဗျာ၊ ကားသမားက ဒီတော့မှ အနောက်ကိုလှည့်ကြည့်ရင်း

“ဟိုသုံးယောက်၊ ထိုင်လေကွာ၊ ထိုင်ခုံတွေအများကြီးလွတ်နေတယ်မဟုတ်လား”

ဟိုလူသုံးယောက်လည်း ဘသိုက်အနားမှာထိုင်လိုက်ကြတယ်၊ ကျုပ်လည်း ဘသိုက်ကိုကြည့်လိုက်ရင်း

“နေပါအုံးကွ၊ မင်းတို့လုပ်စားနေတာကြာပြီလား”

“ကြာပြီပဲဆိုပါတော့ အဘကြီးရာ၊ ကျုပ်တစ်သက်ပဲဆိုပါတော့”

“ဒါနဲ့မင်းက ဘယ်လိုလုပ်ပြီးအစိမ်းသရဲတွေကို ခိုင်းစားနိုင်တာလဲကွ၊ ခုနက သရဲတွေလွတ်သွားတော့ မင်းသူတို့ကိုဘာမှမလုပ်နိုင်ပါလား”

“ဒါက ဒီလိုပါအဘကြီးရာ၊ ကျုပ်ကမိဘမဲ့ပါ၊ ကျုပ်အသက်ငါးနှစ်လောက်မှာပဲ မိဘတွေက ရှေ့ဆင့်နောက်ဆင့််ကွယ်လွန်သွားကြပါတယ်၊ အရင်က အဒေါ်တွေအိမ်မှာကပ်နေရပါတယ်၊ နည်းနည်းကြီးကောင်ပေါက်ဝင်လာတော့ အဒေါ်တွေက ကျုပ်ကိုမကျွေးချင်တော့ဘူး၊ ဒါနဲ့ ပြဿနာအမျိုးမျိုးရှာပြီးတော့ အိမ်ကမောင်းချပါရောဗျာ၊ ကျုပ်လည်းမခံချင်တာနဲ့ အိမ်ကထွက်လာပြီး လေလွင့်နေတုန်းမှာ လူကြီးတစ်ယောက်နဲ့တွေ့သဗျ”

ကျုပ်လည်း ခေါင်းညိတ်ရင်းနားထောင်နေလိုက်တယ်။

“ဒီလူကြီးက သူ့ကိုယ်သူဘိုးတော်လို့ပြောတယ်ဗျ၊ ကျုပ်ကိုလည်း ငွေရှာနည်းသင်ပေးမယ်တဲ့လေဗျာ၊ အဲဒါနဲ့ကျုပ်လည်းငွေရမယ်ဆိုတော့ သူ့အနောက်လိုက်ခဲ့တာပေါ့ဗျာ၊ ကျွန်တော်က အစက မှော်ဘီမှာနေတာပါ၊ ဒီလူကြီးက ထောက်ကြံ့မှာနေတာနဲ့ သူနဲ့အတူပါလာခဲ့တာပေါ့ဗျာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်တို့ထောက်ကြံ့ရောက်တဲ့အချိန် မိန်းမတစ်ယောက်ကို ကုန်ကားတစ်စီးက တိုက်သွားသဗျာ၊ လူတွေဝိုင်းကြည့်နေကြတာ အုံခဲနေတာပါပဲ၊ ဒီလူကြီးက သေသွားတဲ့မိန်းမရဲ့မျက်လုံးကို စိုက်ကြည့်ပြီးတော့ တစ်ခုခုရွတ်နေတယ်ဗျ”

“အဲဒါ မကောင်းတဲ့အောက်လမ်းပညာဖြစ်မယ်”

“ကျုပ်လည်းမသိပါဘူးအဘကြီးရာ၊ နောက်တော့ ဒီလူကြီးက ကျုပ်ကိုခေါ်လာခဲ့တယ်၊ ဆူးလေဘက်သွားတဲ့ကားစီးရင်း သူက ကျုပ်ကိုသင်ပေးသဗျ၊ သူ့အိတ်ကပ်ကိုပုတ်ပြီးတော့ သရဲကိုခေါ်ထုတ်တယ်ဗျာ၊ ပြီးတော့ ဟိုလူရဲ့လွယ်အိတ်ကိုနှိုက်၊ ဒီလူရဲ့လက်ဆွဲအိတ်ကိုနှိုက်နဲ့နှိုက်ခိုင်းတာဗျ၊ သူပြောတဲ့အတိုင်း သရဲကြီးက လိုက်နှိုက်ပေးတယ်ဗျာ၊ ပြီးတော့ သူ့တိုက်ပုံအိတ်ထောင်ထဲကို ငွေတွေလာလာထည့်ပေးတာဗျ၊ သရဲကြီးကို ကျုပ်တို့ပဲမြင်ရတယ်၊ တစ်ကားလုံးက လူတွေဘယ်သူမှမမြင်ရဘူးဗျာ၊ နောက်တော့ ကျုပ်ကိုအဲဒီနည်းသင်ပေးပြီး သရဲကြီးကို ခြိမ်းခြောက်ပြီးခိုင်းစားရတာပဲဗျာ”

“ဘယ်လိုခြိမ်းခြောက်တာလဲကွ”

“ကျုပ်ခိုင်းတာလုပ်ပေးရင် အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ပြောရတယ်၊ ကျုပ်ခိုင်းတာမလုပ်ရင်တော့် အဲဒီဆရာကြီးသင်ပေးတဲ့ မန္တန်တစ်ခုကိုရွတ်ရတယ်၊ ဒါဆိုရင် ဒီသရဲတွေမခံနိုင်ဘူးဗျာ”

ကျုပ်သိလိုက်ပါပြီဗျာ၊ သူနဲ့တွေ့ခဲ့တဲ့လူက အောက်လမ်းဆရာကြီးဖြစ်မှာဗျ၊ ဒီအောက်လမ်းဆရာကြီးက သေသွားတဲ့အစိမ်းသေကို မွေးပြီးတော့ သူ့လိုချင်တာပေးမယ်လို့ပြောပြီး ချော့ခိုင်းလိုက်၊ ခြောက်ခိုင်းလိုက်နဲ့လုပ်ခိုင်းပြီး ငွေရှာခိုင်းနေတာဗျ။

“ဒါနဲ့ အဲဒီဆရာကြီးက ဘယ်သူလဲ”

“နာမည်တော့ မပြောပါရစေနဲ့ဗျာ၊ ဒီကိစ္စကိုဘယ်သူ့ကိုမှ မပြောဘူးလို့ သစ္စာဆိုထားလို့ပါ”

“ဒါဆို မင်းတို့လုပ်အားခရတော့ သူ့ကိုပေးရသေးလား”

“ပေးရပါတယ်၊ တစ်နေ့တာလုပ်လို့ရသမျှကို သုံးပုံပုံပြီး နှစ်ပုံကိုသူ့ကိုပေးရပါတယ်”

“ဟ၊ နှစ်ပုံတောင်ဆိုတော့ များတာပေါ့ကွ၊ မင်းတို့လုပ်ရတာကလည်း မတန်ပါဘူးကွာ”

“မပေးလို့လည်းမရဘူးဗျ၊ သူတောင်းသလောက်မပေးရင် သူက ကျုပ်တို့ကိုသတ်ပစ်မယ်လို့ ဆိုတာကိုး”

“အင်းလေ၊ အခုမင်းဘယ်လိုဆက်လုပ်မလဲ”

“သူမွေးပေးထားတဲ့ သရဲတွေမှ မရှိတော့ဘဲဗျာ၊ ကျုပ်လည်းဆက်မလုပ်တော့ဘူးလို့ ပြောလိုက်တော့မယ်”

“အေးပါ၊ အဲဒါမှတ်ထားဘသိုက်ရ၊ မကောင်းတဲ့လူနဲ့ တွဲလုပ်ရင် မကောင်းတာပဲလုပ်ဖြစ်တယ်ကွ”

ဘသိုက်က သူ့တပည့်တွေနဲ့ မိတ်ဆက်ပေးတယ်။

“ဒီကောင်ကတော့ ကျုပ်ရဲ့မတ်ပါ၊ သူ့နာမည်ကတော့ တို့ဆေးဘအေးတဲ့”

“ဟာ၊ တို့ဆေးဆိုတာ သိပ်စွမ်းတယ်လို့ကြားဖူးတယ်၊ ငါ့ကိုပြပါလား”

ဘအေးကပြုံးရင်း

“ဘယ်က တို့ဆေးရမှာလဲ အဘရာ၊ ကျုပ်တို့လှုပ်ရှားတာက ဒီလိုဗျ၊ ကျုပ်တို့လုပ်မယ့် သားကောင်ကို လန့်အောင်လုပ်ရတယ်ဗျ၊ အလွယ်ဆုံးကတော့ အနောက်ကနေဆောင့်တွန်းတာပေါ့ဗျာ၊ အဲဒီလိုတွန်းလိုက်လို့ ဒီလူလန့်သွားတဲ့အချိန်မှာ ကျုပ်တို့မွေးထားတဲ့အစိမ်းသရဲက ဒီလူ့ကိုယ်ထဲကိုဝင်ပူးတာပေါ့ဗျာ၊ ပြီးတော့ ရသမျှအကုန်ယူပြီး တစ်နေရာရောက်တော့ သရဲကသူ့ကိုခွာလိုက်တာပေါ့၊ ဒီအချိန်ဆို သားကောင်က အူကြောင်ကြောင်နဲ့ အိပ်ရာကနိုးလာသလိုဖြစ်တာပေါ့ဗျာ”

“ဟ၊ မင်းတို့ဟာက တကယ့်တို့ဆေးမှမဟုတ်တာ၊ အောက်လမ်းနည်းပဲကွ၊ လူတွေလန့်ရင် သတိလွတ်သွားတတ်တယ်၊ တစ်ချို့လည်း လိပ်ပြာလွင့်တယ်ခေါ်တာကိုး၊ ဒီလိုအချိန် အစိမ်းသရဲကိုပူးကပ်ခိုင်းပြီး မင်းတို့လုပ်ချင်တာလုပ်တာမဟုတ်လား၊ မင်းတို့ကတော့ကွာ၊ ငါမပြောချင်တော့ဘူး”

“ဒီကောင့်နာမည်ကတော့ ငွေပွားထွန်းရင်တဲ့”

“ဟာ၊ ငွေပွားဆိုတာ ငါကြားတော့ကြားဖူးတယ်ကွ၊ ဘယ်လောက်သုံးသုံး အဲဒီငွေက ကုန်သွားတယ်မရှိဘူးဆို”

ငွေပွားထွန်းရင်ကလည်း ရယ်တယ်ဗျ။

“မဟုတ်တာ အဘကြီးရာ၊ ကျုပ်ငွေပွားက ဒီလိုဗျ၊ ဟောဒီတစ်ဆယ်တန်ကလေးကိုကြည့်ဗျာ”

ထွန်းရင်ထုတ်ပြတဲ့ တစ်ဆယ်တန်ကလေးကိုကြည့်လိုက်တော့ တစ်ဆယ်တန်မှာ အင်းကလေးတွေဆွဲထားတာကိုတွေ့ရသဗျ။ တစ်ဆယ်တန်ကိုကျုပ်မကိုင်ကြည့်ပေမယ့်လည်း မကောင်းတဲ့အငွေ့အသက်ရတာအမှန်ပါပဲ။ ထွန်းရင်ကဆက်ပြောတယ်။

“လူများတဲ့ဆိုင်တစ်ဆိုင်ထဲကိုသွားပြီးတော့ ဒီပိုက်ဆံနဲ့ဝယ်စားရတယ်ဗျ၊ ဒီပိုက်ဆံက ငွေသိမ်းတဲ့အံဆွဲထဲကိုရောက်သွားပြီဆိုရင် ခုနကအစိမ်းသရဲကိုလွှတ်ပြီးတော့ ငွေတွေသွားပြန်ယူခိုင်းရတာပဲဗျာ၊ အစိမ်းသရဲက အံဆွဲဖွင့်ပြီးငွေတွေကို မသိအောင်ယူတယ်ပေါ့ဗျာ၊ ဒီလိုနည်းနဲ့ ငွေတွေပွားသွားတာပဲ”

“မင်းတို့က တကယ်မလွယ်တဲ့ကောင်တွေပဲ”

“နောက်ဆုံးတစ်ယောက်ကတော့ လက်ကုတ်မောင်တုတ်တဲ့ဗျ”

“အောင်မယ်၊ မင်းလက်က ကုတ်နေလို့လား”

“မဟုတ်ပါဘူးဗျာ၊ ဒီကောင်က လူတွေကိုလက်တို့လိုက်၊ လက်ကုပ်လိုက်နဲ့ လိုက်လိုက်တောင်းတဲ့ကောင်၊ အစတော့ လမ်းမေးသလိုလိုဘာလိုလိုနဲ့ လက်လိုက်ကုပ်ရတာ၊ လက်ကုပ်မိပြီဆိုတော့မှ မန္တန်ရွတ်ပြီးခိုင်းရတာ၊ ဥပမာဆရာကြီးရာ လူတစ်ယောက်ကိုလက်ကုပ်ပြီးတော့ ဒီလူတွေဝေသွားတဲ့အချိန်မှာ ပါတဲ့ပိုက်ဆံတွေပေးဖို့တောင်းရတာပေါ့၊ မန္တန်အစွမ်းကြောင့် လူတွေက ရောယောင်ပြီး တောင်းသမျှပေးကြတာများပါတယ်ဗျာ၊ ဒီကောင်ဘယ်လောက်များတောင်းသလဲဆိုရင် တစ်ခါက လူတစ်ယောက်ကို အဝတ်အစားရော၊ ပုဆိုးရောတောင်းဖူးတယ်၊ ဟိုလူကလည်း ချွတ်ပေးတာပဲဗျာ”

“ဟာ၊ တယ်စွမ်းတဲ့ကောင်တွေပါလား”

ကျုပ်တို့စကားပြောနေတုန်း ဘသိုက်က

“ထောက်ကြံ့တောင်ရောက်တော့မယ်၊ ဒါနဲ့အဘကြီးက ဘယ်ကိုသွားမလို့လဲဗျ”

“ထောက်ကြံ့က ပဲခူးလမ်းဆိုတဲ့ရပ်ကွက်ကိုပါ”

“ဟာ၊ ဒါဆိုကားကနေဆင်းပြီး နည်းနည်းလျှောက်လိုက်တာနဲ့ရောက်ပါပြီဗျာ၊ ခဏနေ ကားရပ်တော့မယ်၊ ကျုပ်တို့လဲဆင်း၊ အဘလည်းဆင်းပေါ့ဗျာ”

ခဏနေ လိုင်းကားရပ်သွားတော့ ကျုပ်လည်းသူတို့နဲ့အတူတူဆင်းခဲ့တယ်၊ သူတို့ကတော့ ညနေစောင်းပြီဆိုတော့ နည်းနည်းကစ်ချင်ကြတဲ့ပုံပဲဗျ၊ ကျုပ်ကိုလေးယောက်သား နှုတ်ဆက်သွားပြီးတော့ တစ်နေရာထွက်သွားကြတယ်၊ ကျုပ်လည်း သူတို့ညွှန်တဲ့အတိုင်းဆက်လျှောက်ခဲ့တာပေါ့ဗျာ။

အဲဒီရပ်ကွက်မှာ အိမ်ကြီးအိမ်ကောင်းတွေများတယ်ဗျ၊ ခြံအကျယ်ကြီးတွေလည်းရှိပါသေးတယ်၊ လိပ်စာအတိုင်းကျုပ်လိုက်ရှာရင်းနဲ့ အိမ်ကြီးတစ်အိမ်ရှေ့ကိုရောက်ခဲ့ပါရောဗျာ၊ အိမ်ကြီးက တော်တော်ကောင်းတဲ့အိမ်ကြီးပါ၊ ခြံကြီးဆိုတာလည်း အကျယ်ကြီးပဲဗျာ၊ ခြံပတ်ပတ်လည်မှာလည်း အရိပ်ရအပင်တွေစိုက်ထားတော့ ခြံက အုပ်ဆိုင်းနေပါရောဗျာ၊ ကျုပ်လည်း ခြံပေါက်ဝအနားကို ကပ်ခဲ့လိုက်တယ်။

“အိမ်ရှင်တို့၊ အိမ်ရှင်တို့”

ကျုပ်သုံးလေးခါခေါ်တော့မှ သံချောင်းကြီးတွေနဲ့ လုပ်ထားတဲ့ ခြံတံခါးကပွင့်လာတယ်ဗျ။

“ဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ”

အထဲကထွက်လာတဲ့လူကို ကြည့်လိုက်တော့ အလတ်ကောင်ဖြစ်နေသဗျာ၊ ကျုပ်လည်း အလတ်ကောင်ကိုမြင်လိုက်တော့ ပျော်သွားတာပေါ့ဗျာ၊ ဝမ်းသာအားရနဲ့ အလတ်ကောင်ပုခုံးကိုပြေးကိုင်လိုက်တယ်ဆိုရင်ပဲ ကျုပ်တစ်ကိုယ်လုံးဓါတ်လိုက်သလိုဖြစ်သွားပြီးတော့ အနောက်ကိုလွင့်ထွက်သွားတာပေါ့ဗျာ။ လက်ထဲကိုင်ထားတဲ့ ကွမ်းအစ်တောင်မှ ပြျတ်ကျသွားတယ်။ အလတ်ကောင်က ကျုပ်ကိုစိမ်းစိမ်းကြီးကြည့်ရင်း

“အဘကြီး ဘာလာရှုပ်တာလဲ”

ကျုပ်လည်း လူးလဲထပြီးတော့

“ဟာအလတ်ကောင်၊ မင်းငါ့ကိုမမှတ်မိတော့ဘူးလား”

အလတ်ကောင်ရုပ်က မာမာထန်ထန်နဲ့ဗျ၊ ကျုပ်ကိုသေချာမျက်မှောင်ကြုတ်ကြည့်ပြီး

“ဘယ်သူလဲ ခင်ဗျားကိုကျုပ်သိလည်းမသိဘူး၊ မှတ်လည်းမမှတ်မိဘူး”

“ဟာ၊ ငါဦးဘသာလေကွာ”

“ဘယ်က ဦးဘသာလဲ၊ ကျုပ်နောက်ဆုံးအနေနဲ့ပြောမယ်နော်အဘကြီး၊၊ ဒီခြံအနားလာပြီးတော့ ဟိုလိုလိုဒီလိုလိုလာမလုပ်နဲ့၊ နောက်တစ်ခါလာရင်တော့ ခင်ဗျားသေပြီသာမှတ်”

အလတ်ကောင်က ပြောဆိုပြီးခြံထဲပြန်ဝင်မလို့လုပ်နေတုန်း ကျုပ်လည်းအနောက်ကနေပြေးလိုက်ပြီး

“နေပါအုံးအလတ်ကောင်ရာ၊ မင်းငါ့ကို မမှတ်မိဘူးလား”

ကျုပ်ပြောတုန်းရှိသေးတယ်ဗျာ၊ အလတ်ကောင်က ကျုပ်ကိုလှည့်ပြီးမျက်စောင်းထိုးကြည့်တယ်ဗျ၊ နောက်တော့ သူ့လက်ဝါးနဲ့ကျုပ်ရင်ဘတ်ကို ဆောင့်တွန်းထည့်လိုက်ပါရောဗျာ၊ ကျုပ်လည်း ရုတ်တရက်ဆိုတော့ မရှောင်လိုက်နိုင်ပါဘူး၊ အလတ်ကောင်က လက်ဝါးနဲ့တွန်းတယ်ဆိုပေမယ့် ကျုပ်ရင်ဝကို သစ်လုံးကြီးတစ်လုံးလာတိုက်သလိုခံစားရတယ်ဗျ၊ ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားတာများ အတောင်သုံးဆယ်လောက်လွင့်ထွက်သွားတယ်၊ ကျုပ်ရင်ဝတစ်ခုလုံးပူရှိန်းတက်လာပြီး မီးပူကြီးကပ်ထားသလိုခံစားလိုက်ရတယ်ဗျ၊ ဒါပေမယ့် ကျုပ်စိတ်မလျှော့သေးပါဘူးဗျာ၊ အမြန်ကုန်းထပြီးတော့

“အလတ်ကောင်၊ ငါဦးဘသာလေကွာ၊ မင်းအချစ်ဆုံး ဦးဘသာလေ”

အလတ်ကောင်က လက်တစ်ဖက်ကိုမြှောက်လိုက်တယ်ဗျ၊ သူ့မြှောက်လိုက်တဲ့လက်သီးဆုပ်ထဲကနေ စိမ်းဖန့်ဖန့်အလင်းရောင်ကြီးတွေ ထွက်လာပါရောဗျာ၊ အလတ်ကောင်က လက်တစ်ဖက်နဲ့ကျုပ်ကိုလက်ညှိုးထိုးပြီး

“အဘကြီး၊ ခင်ဗျားကိုကျုပ်မသိဘူးလို့ပြောနေတယ်နော်၊ ခင်ဗျားအခုထွက်သွား၊ နို့မို့ဆို ကျုပ်အဆိုးမဆိုနဲ့”

ကျုပ်လည်း ခေါင်းခါပြီးအရှေ့ကိုဆက်တိုးသွားလိုက်တယ်။

“အလတ်ကောင်ရာ၊ မင်းရန်ကုန်မှာနေတာကြာလို့ င့ါကိုမေ့သွားတာလား၊ ငါ့တို့ရွာကလေးကိုရော မေ့သွားပြီလားကွ၊ ဟင်”

အလတ်ကောင်က မျက်လုံးပြူးကြီးနဲ့

“ဟာ၊ ဒီအဘကြီး စကားလာရှည်နေတယ်၊ သေပေတော့”

ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲက အစိမ်းလုံးကြီးကို ပစ်လွှတ်လိုက်တယ်ဗျာ၊ အစိမ်းရောင်အလုံးကြီးက ရွှီးခနဲမြည်လာပြီးတော့ ကျုပ်ဆီတန်းတန်းမတ်မတ်ပျံဝင်လာတယ်ဗျ၊ ကျုပ်ဒီအလုံးကြီးကို တားဖို့စိတ်ကူးမရှိပါဘူးဗျာ၊ ကျုပ်ရင်ထဲမှာ ဗလောင်ဆူနေတယ်ဗျ၊ အလတ်ကောင်က ကျုပ်ကိုမမှတ်မိဘူးဆိုတာကို ကျုပ်ခံစားရတယ်၊ ကျုပ်ကို မသိတဲ့သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာကို ကျုပ်ရင်ထဲသိပ်ခံစားရတယ်ဗျာ။

အလုံးကြီးက ကျုပ်မျက်စိရှေ့နားရောက်တော့ ဝုန်းခနဲပေါက်ကွဲသွားတယ်၊ ပေါက်ကွဲတဲ့အရှိန်နဲ့ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားတယ်၊ ထိတာတော့မထိဘူးဗျ၊ ဖင်ထိုင်လဲကျသွားတာ၊ အလတ်ကောင်က အားမလိုအားမရနဲ့ နောက်ထပ်အလုံးတစ်လုံးကို ကျုပ်ဆီကိုပစ်ထည့်လိုက်ပါရောဗျာ။

ဒီအခါ ကျုပ်ခေါင်းပေါ်ကနေ ရွှေရောင်အလင်းတန်းကြီးတစ်ခုက ပျံဝင်လာပြီးအစိမ်းလုံးကြီးနဲ့ထိသွားတယ်ဗျ၊ ဒီတစ်ခါလည်း ခပ်ကျယ်ကျယ်ပေါက်ကွဲသွားပြန်တယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ လူနှစ်ယောက်က လမ်းအတိုင်းလျှောက်လာတယ်ဗျ။

“ဟင် . . . မျောက်ခေါင်း၊ အဲလေ . . . အောင်ရှိန်ပါလား”

လျှောက်လာတဲ့လူက ကျုပ်သူငယ်ချင်း ဘုရားပျံဦးအောင်ရှိန်ဖြစ်နေတယ်ဗျာ၊ သူ့ဘေးမှာတော့ ကျုပ်တို့မြင်းဇာရွာကိုသွားတုန်းကတွေ့ခဲ့တဲ့ ဝမ်းတွင်းပါမိသက်ဆိုတဲ့ စုန်းမလေးဗျ၊ စုန်းပညာကို မိသက်ကစွန့်လွှတ်လိုက်တဲ့အခါ အောင်ရှိန်က မိသက်ကိုမွေးစားလိုက်တယ်မဟုတ်လား။

အလတ်ကောင်က အောင်ရှိန်တို့ကို လက်နဲ့ရွယ်နေတုန်းမှာ အောင်ရှိန်က လက်ဝါးကိုဖြန့်လိုက်တာနဲ့ သူ့လက်ထဲက အလင်းလုံးကလေးငါးလုံးက အလတ်ကောင်ဆီကိုပြေးဝင်သွားတာပဲဗျာ၊ အလတ်ကောင်လည်း ကမန်းကတမ်းနဲ့ ခြံထဲကိုပြေးဝင်သွားပြီး ခြံတံခါးကြီးကိုပိတ်လိုက်ပါရော၊ အောင်ရှိန်က ခြံတံခါးအရှေ့ရပ်ပြီး

“ဟေ့ကောင်၊ သတ္တိရှိရင်ထွက်ခဲ့လေကွာ၊ ဒါမှမဟုတ်ရင်လည်း တံခါးဖွင့်ပေး၊ ငါတို့ဝင်လာခဲ့မယ်”

ခြံထဲက ဘာအသံမှမကြားရတော့ပါဘူးဗျာ၊ မိသက်က လဲကျနေတဲ့ကျုပ်ကို လာပြေးထူတယ်ဗျ။

“ဘဘကြီး ဘာဖြစ်သွားသေးလဲ”

ကျုပ်လည်း မိသက်ကိုအားယူပြီး မြေပေါ်က ကုန်းထလိုက်တယ်၊ ဒီအချိန်ရင်ဘတ်ထဲမှာ အောင့်ခနဲဖြစ်သွားပြီးတော့ ပျို့အန်တက်လာတာနဲ့ ပါးစပ်ကိုဖွင့်ပြီးထွေးထုတ်လိုက်မိတယ်ဗျာ၊ ပါးစပ်ထဲကနေ သွေးတွေက ဖူးခနဲပန်းထွက်သွားတယ်ဗျ၊ သွေးတွေထွက်ပြီးတာနဲ့ ကျုပ်လည်းခွေကျသွားတာပဲ၊ အောင်ရှိန်က ကျုပ်လက်မောင်းတစ်ဖက်ကိုဖမ်းဆွဲလိုက်လို့သာ ကျုပ်မြေပြင်ပေါ်လဲကျမသွားတာဗျ။

“သမီးမိသက်၊ သာဒင်ရဲ့အကျီရင်ဘတ်ကိုဖွင့်လိုက်စမ်း”

မိသက်က ကျုပ်ဝတ်ထားတဲ့ ရှပ်အင်္ကျီကြယ်သီးတွေကိုချွတ်လိုက်တယ်ဗျ၊ နောက်တော့ တအံ့တသြနဲ့ ဟာခနဲရေရွတ်ပြီးတော့ အောင်ရှိန်ကိုမော့ကြည့်တယ်၊ ကျုပ်လည်း မျက်ခွံတွေလေးလာပြီးတော့ မျက်လုံးတွေစင်းကျသွားတယ်၊ နောက်တော့ဘာတွေဆက်ဖြစ်သွားမှန်း ကျုပ်မသိတော့ပါဘူးဗျာ။

“အလတ်ကောင်၊ အလတ်ကောင် . . .”

ကျုပ်ပါးစပ်ကနေ ဒီစကားကိုပဲ ရေရွတ်နေမိပါတော့တယ်ဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ #ဦးအောင်ရှိန်

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ခါးပိုက္ႏႈိက္ဘသိုက္”(စ/ဆုံး)
————————————————————————–
အတြဲ(၅) စာစဥ္(၃)

(၁)

က်ဳပ္အက်င့္ကလည္းတစ္မ်ိဳးဗ်၊ ခရီးသြားရေတာ့မယ္ဆိုရင္ အိပ္မေပ်ာ္တာ ဘာအက်င့္မွန္းမသိပါဘူးဗ်ာ၊ ညတုန္းက က်ဳပ္အိမ္ေရွ႕နားလာၿပီး အလတ္ေကာင္ရဲ႕ေခၚသံကိုၾကားလိုက္ရေတာ့ ပိုဆိုးသြားေတာ့တာေပါ့ဗ်ာ၊ ဒီၾကားထဲအလတ္ေကာင္က ကယ္ပါအုံးလို႔ေျပာသြားေသးတာဆိုေတာ့ ဘာမ်ားျဖစ္ေနမလဲဆိုတဲ့ စိုးရိမ္စိတ္က ပိုလာခဲ့တယ္၊ အလတ္ေကာင္ဘာမ်ားျဖစ္ေနမလဲဆိုတဲ့အေတြးနဲ႔ ေတာင္ေတြးလိုက္ ေျမာက္ေတြးလိုက္နဲ႔ ၾကက္ဦးတြန္ေတာ့မွ အိပ္ရာထဲကေနထလိုက္မိေတာ့တယ္၊ အိပ္မေပ်ာ္ေတာ့မယ့္အတူတူ မနက္စာကေလးစားၿပီးေတာ့ အဝတ္အစားလဲေနတဲ့အခ်ိန္မွာပဲ ႐ြာဦးေက်ာင္းက အုန္းေမာင္းသံၾကားလိုက္ရတယ္ဗ်။

တကြၽီကြၽီနဲ႔ေမာင္းလာတဲ့ လွည္းသံကိုၾကားလိုက္ရေတာ့မွ အႀကီးေကာင္ျဖစ္မယ္ဆိုၿပီးေတာ့ က်ဳပ္လည္းအိမ္တံခါးကိုေသခ်ာေသာ့ခတ္ၿပီး အိမ္ေပၚကေနဆင္းလိုက္တယ္၊ ထင္တဲ့အတိုင္းပါပဲဗ်ာ၊ က်ဳပ္ၿခံေရွ႕ထြက္လိုက္ေတာ့ အႀကီးေကာင္ရဲ႕လွည္းက က်ဳပ္အနားေရာက္လာတာပါပဲ။

“ဟာ၊ ဦးဘသာက ဝိရီယေကာင္းလွခ်ည္လားဗ်”

“ဒီလိုပါပဲကြာ၊ ညကအိပ္မေပ်ာ္လို႔ မနက္ေစာေစာႏိုးေနတယ္ဆိုပါေတာ့”

က်ဳပ္လည္းလွည္းေနာက္ၿမီးေပၚတက္လိုက္ေတာ့ အႀကီးေကာင္က လွည္းကိုေမာင္းပါေရာဗ်ာ၊ အႀကီးေကာင္က လွည္းေမာင္းတဲ့ေနရာမွာေတာ့ ေတာ္ေတာ္ၾကမ္းသဗ်၊ ႏြားေတြကိုဒုန္းတိုက္ၿပီး လွည္းေမာင္းတာမ်ားတယ္၊ လွည္းကလည္း တကယ္ေမာင္းရင္ျမန္တယ္ဗ်။ ဒီလိုနဲ႔႐ြာျပင္ကို မၾကာခင္ေရာက္သြားပါေရာဗ်ာ၊ က်ဳပ္လည္းကြမ္းဝါးေနတာဆိုေတာ့ အႀကီးေကာင္နဲ႔စကားမေျပာျဖစ္ပါဘူး၊ အႀကီးေကာင္က ဇရပ္ေတြအနားေရာက္ေတာ့မွ

“ဒါနဲ႔ ထူးဆန္းတာတစ္ခုေျပာရအုံးမယ္ဦးဘသာ၊ ဦးဘသာေတာ့ ယုံမလားမသိဘူး”

“ေဟ၊ ဘာျဖစ္လို႔လဲကြ”

“ညက အလတ္ေကာင္သရဲက လာေျခာက္တယ္ဗ်”

က်ဳပ္ျဖင့္မ်က္လုံးျပဴးသြားၿပီးေတာ့ ေဟခနဲတစ္ခြန္းထဲေအာ္လိုက္မိပါတယ္ဗ်ာ၊ အႀကီးေကာင္ကဆက္ၿပီးေတာ့

“ဟုတ္တယ္၊ က်ဳပ္တို႔အိပ္ေနုတုန္း အိမ္ေအာက္မွာ ေမႊေႏွာက္ေနတာပဲဗ်ာ၊ အစကေတာ့ ေၾကာင္ေမႊတာလိုလို၊ ေခြးပဲဝင္တာလိုလိုထင္တာဗ်၊ ဒါေပမယ့္ အဲဒီအေကာင္ေတြဆိုရင္ ေမာင္းထုတ္ရင္ထြက္သြားမွာပဲေလဗ်ာ၊ အခုက ဘယ္လိုေမာင္းေမာင္းခဏပဲရပ္ၿပီးေတာ့ ျပန္ျပန္ေပၚလာေနလို႔ က်ဳပ္လည္း႐ိုက္မယ္ဆိုၿပီးေတာ့ အိမ္ခန္းေထာင့္မွာေထာင္ထားတဲ့ ဝါးရင္းတုတ္ကိုင္ၿပီး ဆင္းလာခဲ့တာ၊ ေအာက္ေရာက္ေတာ့မွ လူတစ္ေယာက္ဗ်၊ မီးဖိုထဲဝင္လိုက္ထြက္လိုက္လုပ္ေနတာ၊ က်ဳပ္လည္း ဒီေကာင့္ကိုသူခိုးထင္ၿပီး႐ိုက္မယ္အလုပ္ ဒီလူလွည့္ၾကည့္ေတာ့မွ အလတ္ေကာင္ျဖစ္ေနသဗ်ာ”

“မင္းဟာက ေသခ်ာလို႔လားကြာ၊ မင္းအရက္ေတြဘာေတြမူးၿပီးေတာ့ ျမင္ခ်င္တာျမင္ေနတာမ်ားလား”

“မဟုတ္ပါဘူးဦးဘသာရာ၊ က်ဳပ္မေန႔ညက အရက္လည္းမေသာက္တာ ဦးဘသာအျမင္ပဲမဟုတ္လား၊ အလင္းေရာင္နည္းတယ္ဆိုေပမယ့္ မွားစရာမရွိပါဘူးဗ်ာ၊ အလတ္ေကာင္မွ အလတ္ေကာင္အစစ္ပါ၊ က်ဳပ္ညီကိုက်ဳပ္မွတ္မိပါတယ္၊ က်ဳပ္နဲ႔မ်က္ႏွာခ်င္းဆုံေတာ့ ဒီေကာင္ေပ်ာက္သြားတာမွ တိမ္လိုေလလိုပဲဗ်ာ”

“ဟာ၊ ေသာက္က်ိဳးနဲ၊ ဒါဆိုဘာေတြျဖစ္ေနၿပီလဲ”

“ဒါေၾကာင့္ ဦးဘသာကို အေဖကေခၚလိုက္တာဗ်၊ အလတ္ေကာင္ကိုေတြ႕ေတြ႕ေနရတာ အခုမွမဟုတ္ဘူး၊ ရံဖန္ရံခါေတြ႕ေနရတာဗ်၊ ဟိုရက္က အေမကထမင္းထခ်က္ဖို႔ မနက္အေစာႀကီးထေတာ့ ေရသုံးတဲ့နားမွာ အလတ္ေကာင္က လက္ႀကီးပိုက္ၿပီးရပ္ၾကည့္ေနတာတဲ့ဗ်ာ၊ အေမလွမ္းေခၚေတာ့ ေပ်ာက္သြားတယ္တဲ့၊ အေမလည္း ေၾကာက္တာထက္ သူ႔သားကို သနားၿပီးငိုေတာ့တာပဲဗ်ာ”

အႀကီးေကာင္က လမ္းေဘးဆင္းသြားတဲ့ ႏြားေတြကိုေငါက္ရင္း

“တစ္ခါ အငယ္မႏွစ္ေယာက္လည္း အိမ္သာသြားရင္းေတြ႕တယ္၊ အငယ္ေကာင္လည္း လယ္ထဲကအျပန္မွာ ႐ြာအဝင္နားမွာေတြ႕လိုက္တယ္တဲ့ဗ်၊ က်ဳပ္တို႔ဘယ္ေလာက္ေျပာေျပာ အေဖကေတာ့ မယုံဘူးဗ်ာ၊ မေန႔က မနက္ကမွ အေဖကယုံသြားတာ”

“သူႀကီးက ဘယ္လိုေတြ႕လို႔လဲကြ”

“ညတစ္ေရးႏိုးအေပါ့ထသြားေတာ့ အိမ္သာေရွ႕နားကေန ငိုသံႀကီးၾကားရတယ္တဲ့ဗ်ာ၊ ဒါနဲ႔အိမ္သာတံခါးဖြင့္ၾကည့္ေတာ့ အလတ္ေကာင္က ေက်ာေပးၿပီးငိုေနသတဲ့၊ အဲဒီေတာ့မွ အေဖလည္းယုံသြားတာ၊ ဒါေၾကာင့္ဦးဘသာကို ေခၚခိုင္းလိုက္တာ၊ အစကေတာ့ ဦးဘသာကိုၾကည့္ခိုင္းမလို႔ပဲ၊ အလတ္ေကာင္မ်ား သရဲျဖစ္ေနသလားဆိုၿပီး”

“ဟ၊ ေသာက္ေခြး၊ အလတ္ေကာင္က ဘယ္လိုလုပ္ၿပီးသရဲျဖစ္မွာလဲကြ”

“ဦးဘသာပဲ စဥ္းစားၾကည့္ဗ်ာ၊ ဒီလိုမ်ိဳးေျခာက္လွန႔္ေနႏိုင္တယ္ဆိုတာ ေသသြားလို႔မဟုတ္ဘူးလား၊ အလတ္ေကာင္က ရန္ကုန္မွာေသသြားၿပီးေတာ့ ႐ြာကိုစြဲလန္းစိတ္နဲ႔ က်ဳပ္တို႔အိမ္မွာလာေျခာက္လွန႔္ေနတာမျဖစ္ႏိုင္ဘူးလား”

က်ဳပ္လည္း ေတြသြားေတာ့တယ္ဗ်။

“ေအး၊ တကယ္ေတာ့ ငါလည္းညက အလတ္ေကာင္ကိုေတြ႕လိုက္ရတယ္ကြ”

အႀကီးေကာင္က တအံ့တၾသနဲ႔

“ဗ်ာ၊ ဦးဘသာကိုလည္း လာေျခာက္တယ္တဲ့လား”

“ေျခာက္တယ္ေတာ့မဟုတ္ပါဘူးကြာ၊ ညကငါ့ၿခံကိုလာတယ္ကြ၊ ၿခံထဲဝင္မရလို႔ထင္တယ္ ၿခံအျပင္ကေန ငါ့ကိုလာေအာ္ေခၚတယ္၊ သူ႔ကိုကယ္ပါအုံးလို႔ေအာ္တယ္ကြ၊ ငါထၾကည့္ေတာ့လည္း ဘာမွမရွိေတာ့ဘူး၊ ဒီအတိုင္းဆိုရင္ေတာ့ အလတ္ေကာင္ေတာ့ ဒုကၡေတြ႕ေနၿပီလားမသိပါဘူးကြာ”

အႀကီးေကာင္က သက္ျပင္းခ်ၿပီးေတာ့

“ဒုကၡက ေတြ႕ေတာင္ေတြ႕ၿပီးၿပီလားမသိပါဘူး ဦးဘသာရာ၊ အေဖကေတာ့ အလတ္ေကာင္အတြက္ရည္စူးၿပီးေတာ့ ဆြမ္းကပ္အမွ်ေဝတာလုပ္ေပးခ်င္ေပမယ့္ အေမက အခုထိအလတ္ေကာင္ေသသြားၿပီဆိုတာကို လက္မခံေသးဘူး”

“သရဲေျခာက္တိုင္း ေသတယ္ဆိုၿပီးေတာ့လည္း ကံေသကံမေျပာလို႔မရေသးပါဘူးကြာ၊ ငါ့စိတ္အထင္အရေတာ့ အလတ္ေကာင္က မေသေသးဘူးကြ”

“ဟာ၊ ဦးဘသာကလည္း ဒါဆိုလူအရွင္လတ္လတ္က ဘယ္လိုလုပ္ၿပီး သူမ်ားေတြကိုလိုက္ေျခာက္ႏိုင္မွာလဲဗ်”

“မေသဘဲ လူလုံးလိုက္ျပတယ္ဆိုတာ ပရေလာကမွာရွိတယ္ကြ၊ လူတစ္ေယာက္က စိတ္အညစ္ဆုံးအခ်ိန္မွာ သူ႔ရဲ႕စိတ္ကထြက္သြားၿပီးေတာ့ သူစြဲလန္းတဲ့ေနရာေတြမွာ သြားေပၚေနတာမ်ိဳးကိုဆိုလိုတာကြ၊ ငါလည္းၾကားပဲၾကားဖူးတာ တစ္ခါမွေတာ့ မႀကဳံဖူးဘူး”

“ဒါဆိုအလတ္ေကာင္က မေသဘူးေပါ့ေနာ္”

“မင္းေျပာသလိုျဖစ္ပါေစလို႔ ဆုေတာင္းရမွာပဲ အႀကီးေကာင္ရာ”

ဒီလိုနဲ႔က်ဳပ္တို႔လွည္းက ခပ္ျမန္ျမန္ခရီးဆက္ခဲ့ပါေရာဗ်ာ။

(၂)

ၿမိဳင္သာကေန ရထားလမ္းေပါက္တဲ့ၿမိဳ႕အထိ ကားစီးရတယ္ဗ်၊ ကားစီးၿပီးေတာ့ အဲဒီၿမိဳ႕ကေန ရန္ကုန္ကိုစုန္ဆင္းတဲ့ အစုန္ရထားကို ေစာင့္စီးရတာေပါ့ဗ်ာ၊ ေနာက္ဆုံးရန္ကုန္ေရာက္တဲ့အထိဆိုရင္ လမ္းမွာ တစ္ရက္နဲ႔တစ္ညတိတိၾကာသဗ်ာ၊ ရန္ကုန္ကိုရထားက မနက္အေစာဆိုက္တာမို႔လို႔ ရထားေပၚကဆင္းလိုက္ေတာ့ မနက္ေျခာက္နာရီေလာက္ပဲရွိေသးသဗ်ာ၊ ဘူတာႀကီးလို႔ေခၚတဲ့ေနရာမွာဆင္းလိုက္တာ ဘူတာႀကီးအေဆာက္အအုံက နည္းနည္းေနာေနာႀကီးမဟုတ္ဘူးဗ်၊ မသိရင္နန္းေတာ္ႀကီးက်ေနတာပါပဲ၊ ၿမိဳ႕ႀကီးဆိုတဲ့အတိုင္း လူေတြကလည္းရႈပ္ယွက္ခပ္ေနတာပဲဗ်ာ၊ ရထားေပၚကဆင္းတဲ့ခရီးသည္ေတြက စၾကၤန္ကေနထြက္ၿပီး အျပင္ကိုေရာက္တယ္ဆိုရင္ပဲ လူေတြေျပးလာၾကတယ္ဗ်။

လူသုံးေလးေယာက္က က်ဳပ္ကိုလာၿပီးဝိုင္းတယ္။

“ဆရာႀကီး ဘယ္သြားမွာလဲ၊ ေလးဘီးငွားအုံးမလား”

“ေနပါေစကြာ၊ မငွားေတာ့ပါဘူး၊ ငါ့ဖာသာငါလမ္းေလွ်ာက္သြားပါ့မယ္”

“ဟာ . . . ရန္ကုန္ၿမိဳ႕က ဆရာႀကီးတို႔႐ြာလိုမဟုတ္ဘူးဗ်၊ အက်ယ္ႀကီးရယ္၊ လမ္းေလွ်ာက္သြားရင္ ဆရာႀကီးသြားခ်င္တဲ့ေနရာကိုေရာက္ဖို႔ သုံးေလးရက္ေလွ်ာက္ရလိမ့္မယ္၊ က်ဳပ္ေလးဘီးနဲ႔လိုက္ပို႔ပါ့မယ္ဗ်ာ၊ ကမာ႐ြတ္မွ ေလးဆယ္ထဲပါ”

“ေနပါေစကြာ၊ မငွားေတာ့ပါဘ့ူး”

ေနာက္လူတစ္ေယာက္က အေရွ႕တက္လာၿပီး

“ဆရာႀကီး ေလးဘီးကားက ေဈးႀကီးတယ္ဆရာႀကီးရဲ႕ သုံးဘီးငွားပါလား၊ ကမာ႐ြတ္ကို အစိတ္ပဲေပး”

က်ဳပ္ကိုအတင္းဝိုင္းဆြဲေနၾကတယ္ဗ်ာ၊ က်ဳပ္လည္း သူတို႔လက္ကေနလႊတ္ေအာင္႐ုန္းေျပးရေတာ့တယ္ဗ်၊ ဒါေတာင္မွ ေလးဘီးသမား၊ သုံးဘီးသမားေတြက က်ဳပ္အေနာက္ကေနအေျပးလိုက္လာၾကေသးတာ၊ က်ဳပ္ျဖင့္အဲဒီလူေတြကိုပဲ ေၾကာက္ေနရတယ္ဗ်ာ၊ သြားတာလာတာကေတာ့ ႀကီးႀကီးမားမားဘာအထုပ္အပိုးမွ မပါပါဘူး၊ လြယ္အိတ္တစ္လုံးရယ္၊ လက္ဆြဲအိတ္တစ္လုံးရယ္ပဲပါတာဗ်၊ ကြမ္းအစ္ကလည္း လက္တစ္ဖက္က ပိုက္လို႔ေပါ့ဗ်ာ၊ ဟိုလူေတြကိုေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ဘူတာႀကီးထဲကေနထြက္လိုက္ေတာ့ က်ဳပ္လူတစ္ေယာက္နဲ႔တိုက္မိပါေရာဗ်ာ၊ ဒီလူက က်ဳပ္ကိုၾကည့္ၿပီး

“ေဟ့အဘိုးႀကီး၊ လမ္းကိုဘယ္လိုသြားေနတာလဲ၊ ခင္ဗ်ားမ်က္စိမပါဘူးလား”

က်ဳပ္လည္း ဒီလူငယ္ကိုၾကည့္ရင္း

“ေတာင္းပန္ပါတယ္ေမာင္ရင္ရယ္”

ဒီလူငယ္က က်ဳပ္ကိုဘယ္လိုလူလဲမသိဘူးဆိုတဲ့အၾကည့္နဲ႔ၾကည့္ၿပီး ဆက္ေလွ်ာက္သြားတယ္ဗ်၊ လူငယ္ကေတာ့ လူငယ္ပါပဲဗ်ာ၊ အသက္က ႏွစ္ဆယ္ေလာက္ပဲရွိအုံးမယ္ထင္တယ္၊ အေပၚက ရွပ္အက်ီအျဖဴကို ေအာက္ကပုဆိုးအျပာကြက္စိတ္ဝတ္ထားတယ္၊ လြယ္အိတ္တစ္လုံးကိုလည္း စလြယ္သိုင္းလြယ္ထားေသးရဲ႕ဗ်ာ၊ ဘူတာႀကီးေရွ႕ေရာက္ေတာ့ ကားေလးေတြရပ္ထားတာေတြ႕တယ္ဗ်။

“ကဲ ၾကည့္ျမင္တိုင္သြားမယ္ဆိုရင္ေတာ့ ဒီကိုလာဗ်ာ”

ကားတစ္စီးနားက လူတစ္ေယာက္က လက္ခုပ္တီးၿပီးေတာ့ ေအာ္ေနသဗ်၊ ေနာက္လူတစ္ေယာက္ကလည္း

“ဒီဘက္က ကမာ႐ြတ္၊ လွည္းတန္း၊ ဆင္မလိုက္ေနာ္”

“ရန္ကင္း၊ မိုးေကာင္း၊ ေတာင္ဥကၠလာေတြက ေဟာဒီဘက္ကိုလာဗ်ာ”

ဒီလူေတြကိုၾကည့္ၿပီး က်ဳပ္ထူးဆန္းသြားတယ္ဗ်၊ ဒါနဲ႔ သူႀကီးေပးလိုက္တဲ့လိပ္စာကေလးကို ျဖန႔္ၿပီးၾကည့္ရတယ္။

“ေထာက္ႀကံ့ဆိုပါလား၊ ေထာက္ႀကံ့က ဘယ္နားမွာပါလိမ့္”

က်ဳပ္လည္း ကားကေလးအနားကိုကပ္ခဲ့တယ္ဗ်၊ ကားနားမွာေအာ္ေနတဲ့လူကို ၾကည့္လိုက္ရင္း

“ေဟ့သူငယ္၊ ဒီကားက လိုင္းကားဆိုတာမ်ားလား”

“လိုင္းကားမဟုတ္ဘူးအဘႀကီး၊ ဒီကားက စုငွားတဲ့ကားလို႔ေခၚတယ္ဗ်၊ အဘႀကီးက ဘယ္သြားခ်င္လို႔လဲဗ်ာ”

က်ဳပ္လည္း က်ဳပ္လက္ထဲကိုင္ထားတဲ့ လိပ္စာစာ႐ြက္ကေလးကို ျပလိုက္ၿပီးေတာ့

“ေဟာဒီေနရာကိုပါပဲ သူငယ္ရယ္”

ဒီလူက လိပ္စာစာ႐ြက္ကိုယူၾကည့္ရင္း

“ဟာ၊ အဘႀကီးသြားမယ့္ေနရာက ဒီကေနအေဝးႀကီးဗ်”

“ဟုတ္လား၊ အဲဒီေနရာကိုသြားရင္ ဘယ္ေလာက္ေပးရမလဲ”

“ေလးဘီးငွားရင္ ႏွစ္ရာေလာက္ေတာ့ေပးရလိမ့္မယ္အဘႀကီးရ၊ ဒီေလာက္အေဝးႀကီးကို ငွားစီးမေနပါနဲ႔ဗ်ာ၊ ကြၽန္ေတာ္ေျပာမယ္၊ ေဟာဒီကေန ထြက္ၿပီး လမ္းမႀကီးအတိုင္းေလွ်ာက္သြားလိုက္ဗ်ာ၊ အဲဒါဆိုရင္ တိုက္တန္းေတြေတြ႕ရမယ္၊ တိုက္တန္းေတြေက်ာ္ၿပီးရင္ လမ္းလယ္ေခါင္မွာ ဘုရားတစ္ဆူေတြ႕လိမ့္မယ္ဗ်၊ အဲဒါဆူးေလဘုရားလို႔ေခၚတယ္၊ အဲဒီဘုရားအနားမွာ နံပတ္(၉) ကားဂိတ္ရွိတယ္၊ အဲဒီ(၉)ကားကို ဂိတ္ဆုံးသာစီးသြား အဲဒီကားက ေထာက္ႀကံ့မွာဆုံးတာဗ်”

က်ဳပ္လည္း လမ္းသိသြားၿပီဆိုေတာ့မွ စိတ္သက္သာရာရသြားတယ္။

“ေက်းဇူးပါသူငယ္ရယ္၊ အဘေက်းဇူးတင္ပါတယ္”

က်ဳပ္လည္းအိတ္ကေလးဆြဲၿပီးေတာ့ ဆက္ထြက္လာခဲ့တယ္၊ ဒီလိုဆိုေတာ့လည္း ရန္ကုန္ဆိုတာ အလတ္ေကာင္ေျပာသလို အႏၲရာယ္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေနရာတစ္ခုမဟုတ္ပါဘူးဗ်ာ၊ လူေကာင္းဆိုတာလည္းရွိပါေသးတယ္၊ အလတ္ေကာင္တို႔ တုံးအလို႔မ်ား လူဆိုးေတြနဲ႔ေတြ႕တာေနမွာဗ်၊ က်ဳပ္လည္းစဥ္းစားရင္း လမ္းေလွ်ာက္လာတုန္း ေရဆာလာတယ္ဗ်ာ၊ ဒါနဲ႔ ဟိုဟိုဒီဒီၾကည့္လိုက္ေတာ့ လူသြားလမ္းပလက္ေဖာင္းမွာ ေရပုံးေလးေတြနဲ႔ခြက္ကေလးေတြကိုင္ထားတဲ့လူေတြေတြ႕လိုက္ရတယ္ဗ်။

က်ဳပ္လည္းေရဆာေတာ့ သူတို႔အနားကိုေရာက္သြားတာေပါ့ဗ်ာ၊ ေရပုံးကိုင္ထားတဲ့မိန္းကေလးက ခပ္ငယ္ငယ္ပဲဗ်၊ အလြန္ဆုံးရွိလွ ဆယ့္ႏွစ္ႏွစ္ ဆယ့္သုံးႏွစ္ပါ့ဗ်ာ။ က်ဳပ္သူ႔ဆီကိုလာတာျမင္တာနဲ႔

“အဘႀကီး၊ ေရေသာက္မလို႔လား”

“ေအးကြယ္၊ ေရဆာတာၾကာေနၿပီကြဲ႕”

ေကာင္မေလးက ေရပုံးကိုခ်လိုက္ၿပီးေတာ့ သတၱဳခြက္ကေလးတစ္ခြက္ကိုယူလိုက္တယ္ဗ်၊ ေနာက္ေတာ့ ေရပုံးထဲကေရကိုခပ္လိုက္ၿပီး ပိတ္ေသာက္ေရစစ္ေပၚမွာတင္ထားတဲ့ ေရခဲတုံးႀကီးေပၚေလာင္းခ်ပါေရာ၊ ေအာက္ကေနလည္း ခြက္တစ္ခုနဲ႔ခံထားေသးတယ္၊ ေလးငါးခ်က္ေလာက္ ေလာင္းခ်ၿပီးေတာ့ က်ဳပ္ကိုကမ္းေပးပါေရာဗ်ာ၊ က်ဳပ္လည္း သူလွမ္းေပးတဲ့ ခြက္ကေလးကိုလွမ္းယူလိုက္ေတာ့ လက္ကိုေအးစက္သြားတာပဲဗ်ာ။

ေရဆာဆာနဲ႔ေမာ့ေသာက္လိုက္ေတာ့ ေရေတြကေအးလိုက္တာဗ်ာ၊ သြားေတြက်င္ၿပီး နားထင္ေတြကိုက်ိန္းတက္သြားတာပါပဲ၊ ေမာေနတဲ့အခ်ိန္မွာ ေရေအးေအးေလးေသာက္လိုက္ရတာကလည္း အေမာေျပသဗ်၊ ေရတစ္ခြက္လုံးကုန္ေအာင္ေသာက္ၿပီးေတာ့ ကေလးမကိုေရခြက္လွမ္းေပးရင္း

“အခုလိုေရေအးေအးေလးလႉရတဲ့အက်ိဳးေၾကာင့္ ကေလးမလည္း အသက္ရွည္ပါေစ၊ အနာကင္းပါေစ၊ ေရအက်ိဳးဆယ္ပါး မေတာင္းပဲျပည့္ပါေစကြယ္”

ကြမ္းအစ္ေလးျပန္ေကာက္ၿပီး ထြက္သြားမယ္အလုပ္မွာ ကေလးမက က်ဳပ္ကိုေအာ္သဗ်။

“ေဟ့အဘႀကီး၊ ေရဖိုးေပးအုံးေလ”

“ေဟ၊ ေရက အလကားတိုက္တာမဟုတ္ဘူးလား၊ တို႔အညာမွာလို ေရလႉတာမဟုတ္ဘူးလား”

ကေလးမက ေခါင္းတျဗင္းျဗင္းကုပ္ရင္း

“ဒုကၡပါပဲအဘႀကီးရာ၊ ေရလႉတာမဟုတ္ဘူး၊ ေရခဲေရေရာင္းေနတာရွင့္၊ ဒီေခတ္ဒီအခါမွ အလကားရတာ ဘာမွမရွိဘူး”

ကေလးမက အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ေငါက္လိုက္ငမ္းလိုက္တာ ေျပာမေနပါနဲ႔ဗ်ာ၊ က်ဳပ္လည္း ကေလးမကိုၾကည့္ရင္း

“ေပးဆိုလည္း ေပးရတာေပါ့၊ ဒါနဲ႔ ေရဖိုးကဘယ္ေလာက္လဲ”

ကေလးမက လက္ငါးေခ်ာင္းေထာင္ျပၿပီးေတာ့

“ငါးမူးေပးရမယ္”

က်ဳပ္ျဖင့္လန႔္သြားတာပဲဗ်ာ၊ ဒါနဲ႔ အဲဒီကေလးမကိုျပန္ၾကည့္ၿပီး

“ဟဲ့ ေရဖိုးကလည္း ငါးမူးေတာင္လား၊ ဒါေတာင္မွတစ္ခြက္တည္းေနာ္၊ ငါးျပားဆယ္ျပားဆို ေတာ္ေရာေပါ့၊ တို႔႐ြာမွာ ငါးျပားဆိုရင္ အေၾကာ္ေျခာက္ခုရတယ္”

က်ဳပ္စကားက ကေလးမေဒါသကိုသြားဆသလိုျဖစ္သြားတယ္ဗ်။

“ဘာေတြလာေျပာေနတာလဲအဘႀကီး၊ ဒါ႐ြာမဟုတ္ဘူးေနာ္၊ ရန္ကုန္၊ ဒါရန္ကုန္ရွင့္ ေရဖိုးငါးမူးေပးရင္ေပး၊ မေပးရင္ေတာ့ ကေလးဆီက ေရကိုအလကားလုေသာက္ပါတယ္ဆိုၿပီးေတာ့ ေအာ္လိုက္မွာေနာ္၊ ဟိုးေရတမာပင္ရိပ္မွာ ထိုင္ေနတဲ့လူေတြက ကြၽန္မရဲ႕ဦးေလးေတြ၊ ကြၽန္မေအာ္လိုက္ရင္ သူတို႔ေျပးလာလိမ့္မယ္”

ကေလးမက ၿခိမ္းလည္းၿခိမ္းေခ်ာက္တတ္ေသးသဗ်ာ၊ က်ဳပ္လည္း ျပႆနာမျဖစ္ခ်င္တာနဲ႔။

“ေအးပါ၊ ငါးမူးေပးရင္ၿပီးေရာမဟုတ္လား၊ ေရတစ္ခြက္ငါးမူးဆိုတာ ရန္ကုန္ေရာက္မွၾကားဖူးေတာ့တယ္ေဟ့”

က်ဳပ္လည္း ကေလးမကိုပိုက္ဆံေပးဖို႔ တိုက္ပုံအတြင္းအိတ္ထဲကိုႏႈိက္လိုက္ေတာ့ တိုက္ပုံအတြင္းအိတ္ထဲမွာ အေခါက္လိုက္ထည့္ထားတဲ့ ပိုက္ဆံေတြ တစ္႐ြက္မွမရွိေတာ့ဘူးဗ်ာ၊ ဒီေတာ့မွ က်ဳပ္လည္း ျပာသြားမိတယ္၊ က်ဳပ္မ်ားအထားမွားမိသလားဆိုၿပီးေတာ့ ဟိုအိတ္ကပ္၊ ဒီအိတ္ကပ္ေတြလိုက္စမ္းမိေနေသးတယ္၊ ပိုက္ဆံအထပ္လိုက္က ဘယ္ေရာက္သြားမွန္းမသိဘူးဗ်ာ၊ က်ဳပ္ေသခ်ာစဥ္းစားၾကည့္ေတာ့မွ ဘူတာႀကီးအထြက္မွာ လူတစ္ေယာက္နဲ႔တိုက္မိသြားတာကို ျပန္သတိရလိုက္တယ္၊ တန္ေတာ့ ဒီလူက က်ဳပ္နဲ႔တိုက္တဲ့အခ်ိန္ က်ဳပ္အိတ္ေထာင္ထဲက ပိုက္ဆံေတြကို ႏႈိက္သြားတာမ်ားလား၊ ကေလးမက က်ဳပ္ကိုစိတ္မရွည္သလိုနဲ႔ၾကည့္ရင္း

“ဘာလဲ ပိုက္ဆံမပါဘူးလား”

“ပါတယ္၊ ပိုက္ဆံက ဘယ္နားထားမိသလဲ မသိ . . . မသိ”

က်ဳပ္ေျပာေနတုန္းရွိေသးတယ္ဗ်ာ၊ ကေလးမက အသံၿပဲႀကီးနဲ႔ေအာ္ေတာ့တာပဲ။

“လာၾကပါအုံးရွင္၊ ေဟာဒီမွာ ကေလးမေလးဆီက ေရကိုအလကားလုယက္ၿပီးေသာက္ေနပါတယ္ရွင့္”

အဲဒီလိုေျပာရင္း ကေလးမေလးက သူ႔အနားက ေရပုံးကိုေျခေထာက္နဲ႔ခပ္ထည့္လိုက္တယ္ဗ်၊ ေရပုံးလဲသြားေတာ့ ေရေတြလဲအကုန္ေမွာက္ကုန္၊ လက္သီးဆုပ္ေလာက္ေရခဲတုံးကေလးကလည္း ေျမႀကီးေပၚက်ၿပီး သတၱဳခြက္ကေလးေတြလည္း ျပန႔္က်ဲကုန္တယ္၊ ဒီအခါ က်ဳပ္တို႔နဲ႔မလွမ္းမကမ္းေနရာကေန ေယာက္်ားသားေတြေျပးထြက္လာၾကတယ္။

“ဘယ္ေကာင္လဲကြ၊ ကေလးကိုႏိုင္ထက္စီးနင္းလုပ္ေနတာ”

လူေလးေယာက္က က်ဳပ္ကိုဝိုင္းလိုက္ၾကတယ္၊ က်ဳပ္ရဲ႕အထုပ္အပိုးေတြကိုလည္း ဝိုင္းဆြဲၾကတယ္ဗ်ာ၊ က်ဳပ္လည္းျပန္ေအာ္တာေပါ့

“ေဟ့ေကာင္ေတြ၊ မင္းတို႔ဘာလုပ္ၾကတာလဲ”

ဒီလူေတြက က်ဳပ္ကိုၾကည့္ရင္း

“ခင္ဗ်ားဗ်ာ အသက္ကျဖင့္္ေသခါနီးေနၿပီ ကေလးေရာင္းတယ္ဆိုၿပီးေတာ့ အႏိုင္က်င့္ခ်င္တာလား၊ ကဲ သူ႔ေရဖိုးကိုျပန္ေပးလိုက္၊ ၿပီးေတာ့ ေရပုံးေမွာက္သြားတာေတြအတြက္ ျပန္ေလ်ာ္ေပးလိုက္”

ကေလးမက ေအာ္ငိုေတာ့တာပဲဗ်ာ။

“ေအာင္မယ္ေလး၊ သြားပါၿပီ၊ အရင္းျပဳတ္ပါၿပီ၊ ေရခဲဖိုးေငြေတြလဲကုန္ပါၿပီ၊ ေရကလည္း အခြက္ငါးဆယ္စာေလာက္ရွိတာ”

ဒီလူေတြက က်ဳပ္ကိုထိုးမယ့္ႀကိတ္မယ့္ဟန္နဲ႔

“ကဲ ေဟ့လူ၊ ဘာေၾကာင္ၾကည့္ေနတာလဲ၊ ခင္ဗ်ားၾကားတယ္မဟုတ္လား၊ ဒီေကာင္မေလးအတြက္ ငါးဆယ္ျပန္ေလ်ာ္ေပးလိုက္၊၊ မဟုတ္လို႔ကေတာ့ ခင္ဗ်ားက်ဳပ္တို႔အေၾကာင္းသိမယ္”

က်ဳပ္လည္း ပိုက္ဆံမရွိေတာ့ဘူးဆိုေတာ့ ဘယ္လိုလုပ္ရမွန္းမသိျဖစ္ေနတယ္ဗ်ာ၊ ဒီအခ်ိန္ က်ဳပ္ကိုဝိုင္းထားတဲ့လူေတြကိုၾကည့္လိုက္ေတာ့ ဘူတာႀကီးအထြက္မွာ က်ဳပ္နဲ႔တိုက္သြားတဲ့ လူငယ္ကိုေတြ႕လိုက္ရသဗ်။

“ဟင္၊ မင္း . . . မင္းငါ့ကို ဘူတာႀကီးအထြက္မွာဝင္တိုက္သြားတာမဟုတ္လား”

ဒီလူမ်က္ႏွာပ်က္သြားတယ္ဗ်၊ က်ဳပ္ေသခ်ာၾကည့္ေတာ့ သူလည္း အေပၚကအျဖဴ၊ ေအာက္ကပုဆိုးအျပာကြက္နဲ႔ပါ၊ က်ဳပ္က လူတစ္ေယာက္ကိုေတြ႕ၿပီး ခ်က္ခ်င္းေမ့သြားရေလာက္ေအာင္ မွတ္ဉာဏ္မေကာင္းတဲ့လူမဟုတ္ဘူးဗ်၊ ေသခ်ာတာကေတာ့ ဒီလူမွ ဒီလူအစစ္ပါ”

“ေဟ့ေကာင္၊ မင္းငါ့ပိုက္ဆံေတြျပန္ေပး”

“မ . . .မဟုတ္ပါဘူးအဘႀကီးရာ၊ အဘႀကီးလူမွားေနတာပါ”

က်ဳပ္လည္း ဒီေကာင္ဆိုတာေသခ်ာသြားတာမို႔လို႔

“ေဟ့ေကာင္၊ မင္းငါ့ကိုမပတ္နဲ႔၊ မင္းမွမင္းအစစ္ပဲ၊ ေပးစမ္း ငါ့ပိုက္ဆံေတြျပန္ေပး”

အားလုံးက ေၾကာင္အမ္းအမ္းျဖစ္သြားၾကတယ္ဗ်၊ ဒီလူငယ္က ဘာမွမေျပာေတာ့ဘဲ အေနာက္ကိုလွည့္ၿပီးတစ္ခ်ိဳးတည္းေျပးေတာ့တာပဲဗ်ာ၊ ဒီအခါက်ဳပ္လည္း သူ႔အေနာက္လိုက္မယ္လုပ္ေတာ့ က်န္တဲ့လူသုံးေယာက္နဲ႔ ကေလးမေလးက က်ဳပ္ကိုဝိုင္းဆြဲထားၾကသဗ်ာ။

“ေဟ့လူႀကီး ခင္ဗ်ားဘယ္ေျပးမွာလဲ”

က်ဳပ္လည္း အျမန္ေျပးလိုက္မွရေတာ့မယ္ေလဗ်ာ၊ ဒါနဲ႔ အသက္ေအာင့္ၿပီး ေျမႀကီးကိုေျခဖေနာင့္နဲ႔တစ္ခ်က္ေပါက္ထည့္လိုက္တယ္။

“ကြာစရာရွိတာကြာ၊ လြင့္စရာရွိတာလြင့္စမ္း”

ေျခဖေနာင့္နဲ႔ေျမႀကီးနဲ႔ထိတယ္ဆိုရင္ပဲ က်ဳပ္ကိုဝိုင္းဆြဲထားၾကတဲ့လူေတြအကုန္လုံး အေနာက္ကိုလန္ထြက္သြားၾကတယ္ဗ်၊ မျမင္ႏိုင္တဲ့အရွိန္တစ္ခုက သူတို႔ကိုဝင္တြန္းလိုက္သလိုမ်ိဳးေပါ့ဗ်ာ၊ သူတို႔လြင့္သြားတဲ့အခ်ိန္မွာ က်ဳပ္လည္း ခုနကေျပးသြားတဲ့သူအေနာက္ကို အေျပးလိုက္ခဲ့တာေပါ့ဗ်ာ။ ဒီလူငယ္က လူေနတိုက္ေတြ အစီအရီရွိတဲ့လမ္းထဲကိုဝင္ေျပးသဗ်ာ၊ က်ဳပ္လည္း သူ႔အေနာက္ကေနဆက္လိုက္ခဲ့တာေပါ့ဗ်ာ၊ တိုက္ေတြက အကြက္အကြက္ေတြလုပ္ထားၿပီး လမ္းေတြကလည္း အမ်ားႀကီးပဲဗ်ာ၊ ေနာက္ဆုံးေတာ့ သူ႔အေနာက္ေျပးလိုက္ရင္း လမ္းေလးခြဆုံတစ္ခုအေရာက္မွာ မ်က္ေျချပတ္သြားေတာ့တယ္။ လမ္းေလးခြဆုံက ကားေတြလည္းရႈပ္၊ သြားလာေနၾကတဲ့လူေတြလည္း ရႈပ္ယွက္ခပ္ေနတာပါပဲဗ်ာ၊ က်ဳပ္ျဖင့္ အရပ္ေလးမ်က္ႏွာကို တစ္ခ်က္ၾကည့္ရင္း ဘယ္ကိုလိုက္ရမွန္းကိုမသိေတာ့ဘူး။

လူေတြဥဒဟိုသြားလာေနတဲ့လမ္းႀကီးကိုၾကည့္ၿပီး က်ဳပ္အသက္ရႈၾကပ္လာတယ္ဗ်ာ၊ ေျပးလာရေတာ့ ေမာလည္းေမာလာတယ္၊ ကိုယ္မသိတဲ့ေနရာ၊ ကိုယ္မေရာက္ဖူးတဲ့ေနရာကို တစ္ေယာက္တည္းေရာက္ေနတာဆိုေတာ့ စိတ္ကလည္းအားငယ္လာတယ္ဗ်ာ၊

“ေၾသာ္၊ ရန္ကုန္၊ ရန္ကုန္၊ အလတ္ေကာင္ေရ၊ မင္းတင္မဟုတ္ဘူး၊ ငါပါခံရၿပီဟ”

က်ဳပ္လည္းေရ႐ြတ္လိုက္မိေတာ့တယ္ဗ်ာ။

(၃)

အမွန္အတိုင္းေျပာရရင္ေတာ့ ေဒသစိမ္း၊ ေနရာစိမ္းျဖစ္လို႔ က်ဳပ္တတ္တဲ့စုန္းပညာေတြကို က်ဳပ္ထုတ္မသုံးခ်င္ပါဘူးဗ်ာ၊ က်ဳပ္တို႔စုန္းေတြမွာလည္း ေဒသအလိုက္ ဆိုင္ရာပိုင္ရာေတြရွိတယ္၊ ေဒသအလိုက္ စည္းကမ္းေတြ၊ ေဘာင္ေတြရွိတယ္ဆိုေတာ့ ကိုယ္ကသူတို႔စည္းကိုမသိဘဲ ခ်ိဳးေဖာက္လိုက္သလိုျဖစ္သြားမွာလည္း စိုးရိမ္တာကိုးဗ်၊ ဒါေပမယ့္ အခုေတာ့ က်ဳပ္ရဲ႕ပညာေတြကို ထုတ္မသုံးလို႔မရေတာ့ပါဘူးဗ်ာ၊ ရွိသမွ်ပိုက္ဆံအကုန္ပါသြားၿပီမဟုတ္လားဗ်ာ၊ ဒါနဲ႔ က်ဳပ္လက္ထဲက အထုပ္အပိုးေတြကိုခ်လိုက္ၿပီးေတာ့ လမ္းေဘးတစ္ေနရာမွာထိုင္ခ်လိုက္တယ္၊ ေနာက္ေတာ့ က်ဳပ္ဝတ္ထားတဲ့တိုက္ပုံကိုခြၽတ္လိုက္ၿပီးေတာ့ တိုက္ပုံကိုလက္နဲ႔ထု႐ိုက္ရင္း

“မင္းဆီကထြက္သြားတဲ့ပစၥည္းကို ျပန္ေခၚစမ္း၊ ငါ့ရဲ႕ေငြေတြကိုျပန္ေခၚေပးစမ္း”

ေနာက္ေတာ့ တိုက္ပုံက အိတ္ကပ္ကိုလက္နဲ႔ပုတ္ရင္း

“မင္းအေဖာ္ေတြကိုျပန္ေခၚလာခဲ့၊ ဒါမင္းရဲ႕အိမ္၊ အဲဒါမင္းရဲ႕အေဖာ္ေတြပဲ”

က်ဳပ္လက္နဲ႔ဘယ္ေလာက္ၾကာမွန္းမသိေအာင္ ပုတ္ေနမိတယ္ဗ်၊ ေနာက္ေတာ့မွ ေမာေမာနဲ႔တိုက္ပုံကို ပုခုံးေပၚကိုပစ္တင္လိုက္တယ္၊ ပါးစပ္ကခ်ဥ္လာတာနဲ႔ ကြမ္းအစ္ဖြင့္ၿပီးေတာ့ ကြမ္းတစ္ယာကို ေအးေအးလူလူယာေနလိုက္တယ္၊ လမ္းသြားလမ္းလာေတြကေတာ့ က်ဳပ္ကိုကြက္ၾကည့္ကြက္ၾကည့္နဲ႔ၾကည့္သြားၾကတာေပါ့ဗ်ာ၊ ကြမ္းတစ္ယာမညက္ခင္မွာပဲ က်ဳပ္ဆီက ပိုက္ဆံအလစ္သုတ္ေျပးတဲ့လူက ကားလမ္းကိုျဖတ္ကူးလာတယ္၊ ေနာက္ေတာ့ က်ဳပ္ကိုေတြ႕လိုက္ေတာ့မွ သူကတန႔္သြားတယ္ဗ်၊ က်ဳပ္လည္းသူ႔ကိုၿပဳံးၾကည့္ရင္း

“ေဟ့ေကာင္ေလး၊ လာစမ္း၊ မင္းငါ့ဆီကိုလာစမ္း”

“မလာဘူး၊ မလာဘူး”

သူကလွည့္ေျပးခ်င္ေပမယ့္ သူ႔ကိုယ္လုံးကိုသူလွည့္မရေတာ့ဘူးဗ်၊ ေနာက္ေတာ့ သူ႔ေျခေထာက္ေတြက က်ဳပ္ဆီကိုတစ္လွမ္းခ်င္းေလွ်ာက္လာတယ္၊ သူ႔မ်က္ႏွာကေတာ့ ေတာ္ေတာ္ေသြးပ်က္ေနတဲ့ပုံပဲဗ်ာ၊ ေလွ်ာက္ရင္းနဲ႔က်ဳပ္နားကို ေခါင္းတခါခါနဲ႔ေရာက္လာတယ္၊ က်ဳပ္လည္း ေဒါသထြက္တာနဲ႔ ဒီေကာင္ရဲ႕ဇက္ပိုးကို ေျဖာင္းခနဲေနေအာင္အုပ္ထည့္လိုက္တယ္။ ေနာက္ေတာ့ ဒီေကာင့္ကိုဇက္ပိုးကေနခ်ဳပ္ကိုင္လိုက္ၿပီးေတာ့

“ေဟ့ေကာင္၊ ငါေတာသားကြ၊ ဒါေပမယ့္ မင္းတို႔ထက္တတ္လို႔ ရႏ္ုကုန္ကိုတစ္ေယာက္တည္းတက္လာတာ၊ မင္းငါ့ကိုဘာမွတ္ေနလဲ”

လူငယ္က လက္အုပ္ခ်ီၿပီးေတာ့ တုန္တုန္ယင္ယင္နဲ႔

“ေၾကာက္၊ ေၾကာက္ပါၿပီဆရာႀကီးရယ္၊ ဆရာႀကီးပိုက္ဆံေတြလည္း ျပန္ယူပါ”

ဒီေကာင္က ပိုက္ဆံအထပ္လိုက္ထုတ္ေပးသဗ်၊ က်ဳပ္လည္း ပိုက္ဆံေတြကိုယူၿပီးေတာ့

“ကဲ၊ မင္းသြားေတာ့၊ မင္းမ်က္ႏွာကိုငါထပ္မျမင္ခ်င္ေတာ့ဘူး”

က်ဳပ္ဇက္ပိုးကိုလႊတ္လိုက္ေတာ့ ဒီေကာင္ေလးလည္း တစ္ခ်ိဳးတည္းထြက္ေျပးသြားေတာ့တာပဲဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း တစ္ခ်က္ၿပဳံးလိုက္ၿပီးေတာ့ အထုပ္ကိုလက္တစ္ဖက္ကဆြဲ၊ ကြမ္းအစ္ကိုလက္တစ္ဖက္က ပိုက္ၿပီးေတာ့ ဆက္ေလွ်ာက္လာခဲ့တာေပါ့ဗ်ာ။

ပိုက္ဆံဆိုတာ ေျခေထာက္ပါတာမွမဟုတ္ပဲဗ်၊ ဒါေပမယ့္ သူ႔ပိုင္ရွင္ဆီကိုျပန္လာဖို႔က်ေတာ့ ေျခေထာက္ပါတဲ့လူရဲ႕အကူအညီလိုတယ္မဟုတ္လား၊ ဒါေၾကာင့္ ဒီေကာင္ဘယ္ေလာက္ေျပးေျပး ေနာက္ဆုံးေတာ့ က်ဳပ္ဆီကိုျပန္ေရာက္လာတာေပါ့ဗ်ာ၊

မၾကာခင္ လမ္းလယ္ေခာင္မွာ ဘုရားတစ္ဆူေတြ႕လိုက္ရတယ္၊ ဘုရားက ရွစ္ေျမႇာင့္ပုံေထာင့္ေတြနဲ႔ ေလးေထာင့္စပ္စပ္ဘုရားတစ္ဆူဗ်၊ က်ဳပ္အထင္ေတာ့ ဟိုလူတစ္ေယာက္ လမ္းၫႊန္လိုက္တဲ့ ဆူးေလဘုရားဆိုတာျဖစ္မယ္၊ အဲဒီဆူးေလဘုရားကို ပတ္လိုက္ေတာ့ မၾကာပါဘူး၊ နံပတ္ (၉) လို႔ေရးထားတဲ့ လိုင္းကားေတြကိုေတြ႕လိုက္ရေရာဗ်ာ၊ လိုင္းကားေတြက ျဖဴျဖဴႀကီးေတြ ျပာျပာႀကီးေတြပါ၊ ေနာက္ေတာ့မွ အဲဒီလိုင္းကားကို ဘီအမ္ကားလို႔ေခၚတာ သိလိုက္ရတယ္၊ ကားတစ္စီးက ထြက္မယ္လုပ္ေနတာနဲ႔က်ဳပ္လည္း ကားေနာက္ၿမီးဘက္ကို ေျပးတက္လိုက္တယ္။

ကားေပၚေရာက္ေတာ့မွၾကည့္လိုက္ေတာ့ ကားေပၚထိုင္ေနတဲ့လူအားလုံး မိန္းကေလးေတြခ်ည္းပဲျဖစ္ေနသဗ်ာ၊ မိန္းကေလးေတြကလည္း က်ဳပ္ကိုၿပဳံးစိစိနဲ႔ဝိုင္းၾကည့္ေနၾကတယ္။ ကားစပယ္ယာက က်ဳပ္ကိုေအာ္ေတာ့တာပဲ၊

“ေဟ့လူႀကီး ဘယ္အေနာက္ကိုေျပးတက္သြားတာလဲ၊ ေယာက္်ားေလးေတြက အေရွ႕ကေနတက္ရမွာဗ်”

“ေဟ၊ ဟုတ္လား၊ ဒါေၾကာင့္ငါၾကည့္ေနတာ မိန္းကေလးေတြခ်ည္းပါပဲလားလို႔”

က်ဳပ္လည္းရွက္ရွက္နဲ႔ကားေပၚက ျပန္ဆင္းလိုက္တယ္ဗ်၊ မိန္းကေလးေတြေရာ တစ္ကားလုံးေရာ က်ဳပ္ကိုဝိုင္းရယ္ၾကတယ္ဗ်ာ၊ ကားအေရွ႕ေပါက္ကေနျပန္တက္ေတာ့မွ ေယာက္်ားေတြကိုေတြ႕လိုက္ရသဗ်ာ၊ ဒီေတာ့မွက်ဳပ္လည္းသိလိုက္တယ္ဗ်၊ လတ္စသတ္ေတာ့ ကားအေရွ႕ျခမ္းနဲ႔အေနာက္ျခမ္းကို အလယ္က သံဆန္ခါနဲ႔ကာၿပီး ေယာက္်ားတစ္ျခမ္း၊ မိန္းမတစ္ျခမ္းတင္ၾကတာကိုးဗ်၊ ကားေပၚေရာက္ေတာ့ စပယ္ယာက ကားခေတာင္းတယ္၊ ေထာက္ႀကံ့နဲ႔ဆူးေလကို ျပားရွစ္ဆယ္ပဲ ေပးရတယ္ဗ်ာ၊ ဒီလိုနဲ႔ ကားႀကီးက တအိအိနဲ႔ထြက္ခဲ့တာေပါ့။

ကားေပၚက ေကာင္ေလးတစ္ေယာက္က ေနရာဖယ္ေပးတာနဲ႔ က်ဳပ္လည္းေနရာရခဲ့ပါတယ္၊ ထိုင္ခုံမွာထိုင္ၿပီးလိုက္လာရင္း အျပင္ဘက္ကိုေငးၾကည့္ေနမိတယ္၊ ၿမိဳ႕ျပဆိုတဲ့အရသာက က်ဳပ္အတြက္ေတာ့အထူးအဆန္းျဖစ္ေနတယ္ဗ်၊ ဘယ္ကိုၾကည့္လိုက္ၾကည့္လိုက္ လူေတြကားေတြက ရႈပ္ယွက္ခပ္ေနတာပါပဲဗ်ာ၊ ကားစီးလာရင္း ငိုက္လာတာနဲ႔ လူကနည္းနည္းေတာ့ ငိုက္မိသြားတယ္ဗ်၊ ေနာက္တစ္ေနရာေရာက္ေတာ့မွ လူတစ္ေယာက္က က်ဳပ္ေဘးနားကိုဝင္တိုးလိုက္ေတာ့ က်ဳပ္လည္းလန႔္ၿပီးမ်က္လုံးဖြင့္မိသြားတယ္။

မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ လူမဟုတ္ဘူးဗ်ာ၊ လက္ႀကီးပဲဗ်၊ ခင္ဗ်ားတို႔နားရႈပ္သြားၿပီနဲ႔တူတယ္၊ လက္ခပ္ေသးေသးမည္းမည္းကေလးတစ္ခုက က်ဳပ္နံၾကားကိုအတင္းလာထိုးေနသဗ်၊ လက္ကေတာ့ အရွည္ႀကီးပဲဗ်ာ၊ မသိရင္ေႁမြႀကီးတစ္ေကာင္နဲ႔ေတာင္တူတယ္၊ ထိပ္မွာ လူလက္ပုံစံလက္ကေလးပါလို႔သာ လက္မွန္းသိတာ၊ က်ဳပ္လည္းမသိမသာနဲ႔ၾကည့္ေနတုန္း အဲဒီလက္က က်ဳပ္တိုက္ပုံကိုလာေဖာက္ဝင္သြားသဗ်ာ၊ က်ဳပ္တြန႔္လိုက္ေတာ့ လက္ကျပန္ဆုတ္သြားသဗ်၊ လက္ထဲမွာလည္း တစ္ခုခုကိုလုံးၿပီးကိုင္သြားတဲ့ပုံပါပဲ၊ က်ဳပ္လည္း မသၤကာတာနဲ႔ အိတ္ေထာင္ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ပိုက္ဆံေတြမရွိေတာ့ဘူးဗ်။

“ဟင္၊ ငါ့ပိုက္ဆံေတြဘယ္ေရာက္ကုန္တာလဲ”

က်ဳပ္ဆီကေနခပ္ေလွ်ာေလွ်ာထြက္သြားေနတဲ့ လက္ကိုလွမ္းၾကည့္လိုက္ၿပီးေတာ့

“ေအာင္မာ၊ သူခိုးက သရဲပါလား၊ ေဟ့သရဲ ငါ့ပိုက္ဆံကိုျပန္ေပးေနာ္၊ မဟုတ္ရင္ မင္းငါ့အေၾကာင္းသိမယ္”

က်ဳပ္လက္ကိုၾကည့္ၿပီး စိတ္ထဲကေနေျပာလိုက္ေပမယ့္ လက္ကသိသြားတဲ့ပုံပဲဗ်၊ ေလထဲမွာတစ္ခ်က္တန႔္သြားတယ္၊ ေနာက္ေတာ့ က်ဳပ္ဆီကိုျပန္လာၿပီး က်ဳပ္တိုက္ပုံထဲကိုထိလိုက္တယ္ဗ်၊ က်ဳပ္ျပန္ၾကည့္ေတာ့ အိတ္ေထာင္ထဲမွာ ပိုက္ဆံေတြျပန္ေရာက္ေနပါေရာ။

“ေအာင္မာ၊ လက္စသတ္ေတာ့ သူခိုးက သရဲကိုးကြ၊ ေဟ့သရဲ မင္းအေကာင္အထည္ျပစမ္း”

ဒီေတာ့မွ သရဲကိုယ္လုံးက ေပၚလာတယ္ဗ်ာ၊ သရဲကေတာ့ ကေလးသရဲေလးနဲ႔တူပါတယ္၊ ဘတ္စ္ကားေခါင္မိုးမွာ ကပ္ေနတာဗ်၊ လက္ေတြကေတာ့ အရွည္ႀကီးလုပ္လို႔ရတယ္၊ လူေတြက သိပုံျမင္ပုံမရဘူးဗ်၊ သူ႔လက္ႏွစ္ဖက္ ကားထဲမွာ ေႁမြတစ္ေကာင္လို ေလွ်ာက္သြားေနတယ္။ က်ဳပ္အေရွ႕က မတ္တပ္ရပ္ေနတဲ့ လူငယ္ရဲ႕ အက်ီရင္ဘတ္အိတ္ထဲကို လက္နဲ႔ႏႈိက္ေနတယ္ဗ်၊ ၿပီးေတာ့ လက္သီးဆုပ္လုပ္ၿပီး ျပန္ထုတ္ယူသြားပါေရာ၊ သူ႔လက္ထဲမွာ တစ္ခုခုကိုဖြက္သြားပုံရတယ္ဗ်၊ အဲဒီလက္က ကားအေနာက္နားကိုတိုးသြားၿပီးေတာ့ ကားေနာက္မွာထိုင္ေနတဲ့ လူတစ္ေယာက္ရဲ႕လြယ္အိတ္ထဲကို တိုးဝင္သြားပါေရာ၊ လြယ္အိတ္ထဲက ျပန္ထြက္သြားေတာ့ လက္ဗလာနဲ႔ဗ်၊ က်ဳပ္လည္းသေဘာေပါက္လိုက္ပါၿပီဗ်ာ၊ လတ္စသတ္ေတာ့ ဒီလူက ခါးပိုက္ႏႈိက္ပဲဗ်၊ ခါးပိုက္ႏႈိက္ဆိုေပမယ့္ ဒီအတိုင္းႏႈိက္တာမဟုတ္ဘူး၊ ပရေလာကသား သရဲတစ္ေကာင္ရဲ႕အကူအညီနဲ႔ လူေတြမသိေအာင္ႏႈိက္ေနတာဗ်ိဳ႕။

က်ဳပ္နဲ႔သုံးခုံေက်ာ္ေလာက္က လူကေတာ့ လက္မွာေ႐ႊလက္စြပ္တစ္ကြင္းဝတ္ထားသဗ်ာ၊ လက္က အဲဒီလူအနားကိုသြားၿပီးေတာ့ သူ႔ေ႐ႊလက္စြပ္ကို လက္ကေလးေသးေသးကေလးနဲ႔ အုပ္ၿပီးဆြဲခြၽတ္လိုက္သဗ်ာ၊ ေနာက္ေတာ့ ဒီလူ႔လက္မွာ ေ႐ႊလက္စြပ္မရွိေတာ့ဘူးဗ်။ က်ဳပ္လည္း သရဲကိုၾကည့္လိုက္ရင္း

“ေဟ့မွင္စာ၊ ျပန္ထားလိုက္စမ္း၊ အခုျပန္ထားလိုက္စမ္းကြာ”

သရဲမွင္စာက က်ဳပ္ကိုျပဴးၾကည့္ရင္း

“မထားဘူး၊ ထားလို႔မရဘူး”

“ထားဆိုထားလိုက္လို႔ေျပာေနတယ္ေနာ္”

“ထားလိုက္ရင္ ေဖေဖႀကီးက ဆူမွာ၊ ေဖေဖႀကီးက ႐ိုက္မွာ”

“နင္အဲဒီပစၥည္းကို ျပန္မေပးရင္ နင့္ေဖေဖႀကီး႐ိုက္တာထက္ ပိုနာမယ္၊ အခုခ်က္ခ်င္းျပန္ေပးလိုက္”

မွင္စာကေလးကတုန္႔္ဆိုင္းေနေသးတယ္ဗ်၊ သူ႔ၾကည့္ရတာ ျပန္ေပးခ်င္ပုံမရဘူးဗ်ာ၊ ဒီအခ်ိန္လက္တစ္ဖက္က က်ဳပ္ဆီကိုေျပးဝင္လာတယ္ဗ်၊ က်ဳပ္ပါးကို လႊဲၿပီး႐ိုက္ထည့္လိုက္တာ၊ က်ဳပ္က သူ႔လက္ကိုစိုက္ၾကည့္လိုက္ေတာ့ သူ႔လက္က က်ဳပ္မ်က္စိေရွ႕နားမွာတန႔္သြားတယ္။ က်ဳပ္လည္း သရဲကိုတစ္ခ်က္စိုက္ၾကည့္လိုက္ရင္း

“ေအာင္မာ၊ နင့္လိုမွင္စာကမ်ား ငါ့ကိုလုပ္ခ်င္ေသးတယ္ဟုတ္လား”

က်ဳပ္လည္း မွင္စာကေလးကို မ်က္ေစာင္းထိုးလိုက္ၿပီးေတာ့

“မီးလိုပူစမ္း”

လို႔ေရ႐ြတ္လိုက္တာနဲ႔ သူ႔တစ္ကိုယ္လုံးတုန္ယင္လာၿပီးေတာ့ ကားေခါင္မိုးေပၚမွာ လူးလြန႔္ေနတာပဲဗ်ာ၊ ေနာက္ေတာ့မွ ေအာက္ကိုဘုတ္ခနဲျပဳတ္က်သြားတယ္၊ သူက်သြားၿပီးေတာ့ ခုနက အေနာက္မွာထိုင္ေနတဲ့လူဆီကို ေျပးသြားတာပဲဗ်ာ၊ က်ဳပ္လိုက္ၾကည့္ေနတုန္း ဒီလူက က်ဳပ္ကိုမ်က္ေစာင္းထိုးၿပီးၾကည့္ေနတယ္၊ ေရွ႕မွတ္တိုင္ေရာက္ေတာ့ လူေတြနည္းနည္းဆင္းသြားတဲ့အခါ ဒီလူက ထလာၿပီးက်ဳပ္အေရွ႕ကတန္းကိုကိုင္ၿပီး မတ္တပ္ရပ္လိုက္သဗ်ာ၊ ခုနကမွင္စာကေလးက ဒီလူရဲ႕ေက်ာကုန္းကို လက္ေတြနဲ႔တြယ္ၿပီးဖက္ထားပါေရာ။

“အဘႀကီး ဘာဝင္ရႈပ္တာလဲ၊ ကိုယ္နဲ႔မဆိုင္ရင္ ဝင္မပါစမ္းပါနဲ႔”

ဒီလူက ခပ္တိုးတိုးေျပာတယ္ဗ်၊ က်ဳပ္လည္းသူ႔ကိုၾကည့္ရင္း

“ဟ၊ မင္းရဲ႕မွင္စာက ငါ့ပိုက္ဆံေတြကိုလာႏႈိက္တယ္မဟုတ္လားကြ”

“အဘႀကီးပိုက္ဆံကို ျပန္ေပးၿပီးၿပီးပဲဗ်ာ၊ ကိုယ့္ပိုက္ဆံျပန္ရရင္ေတာ္ၿပီေပါ့”

“ေဟ့ေကာင္၊ မင္းက မေကာင္းတဲ့နည္းလမ္းနဲ႔ လူေတြဆီက အေခ်ာင္လိုခ်င္ေနတာကိုးကြ၊ မင္းၾကည့္ရတာလည္း ေျခအေကာင္း၊ လက္အေကာင္းႀကီးနဲ႔ပါကြာ၊ ႐ိုး႐ိုးသားသားရွာေဖြစားေပါ့ကြ၊ ဒီလိုလုပ္တာမေကာင္းပါဘူး”

ဒီလူက ဟက္ခနဲရယ္တယ္ဗ်ာ။

“ဒီမွာအဘႀကီး၊ က်ဳပ္က အဖိုးမျဖတ္ႏိုင္တဲ့ပညာေတြတတ္ထားတာဗ်၊ ဒီပညာနဲ႔လုပ္မစားလို႔ ဘာထပ္လုပ္စားရအုံးမွာလဲ၊ က်ဳပ္ေနာက္ဆုံးအေနနဲ႔ အဘႀကီးကိုသတိေပးမယ္ေနာ္၊ အဘႀကီးေရွ႕ေလွ်ာက္ကိုယ္နဲ႔မဆိုင္တာ ဝင္မပါပါနဲ႔ေတာ့၊ မဟုတ္ရင္ အဘႀကီးက်ဳပ္အေၾကာင္းသိမယ္”

“ငါေျပာမယ္ေဟ့ေကာင္၊ ဒီလူေတြအားလုံးကိုၾကည့္လိုက္စမ္းကြာ၊ ကိုယ့္ခြန္ကိုယ့္အားနဲ႔ အလုပ္လုပ္ၿပီးရလာတဲ့ ေငြေတြကြ၊ အဆင္မေျပတဲ့လူက်ေတာ့လည္း ရွိစုမဲ့စုေလးေတြပါလာတာ၊ သူတို႔ဆီမွာပါလာတဲ့ ပိုက္ဆံက သူတို႔ဒီညစားမယ့္ ထမင္းဖိုးဟင္းဖိုးျဖစ္ခ်င္ျဖစ္မယ္၊ သူတို႔အိမ္က ကေလးေတြအတြက္လည္းျဖစ္ခ်င္ျဖစ္မယ္၊ ေနာက္တစ္ေန႔ရင္းျပဳစားဖို႔ အရင္းအႏွီးလည္းျဖစ္ခ်င္ျဖစ္မယ္ကြ။ ဒီလူေတြပင္ပင္ပန္းပန္းရွာထားရတဲ့ေငြကို မင္းက ေရေပၚဆီလုပ္ၿပီးေတာ့ အၫြန႔္ခူးစားတာေတာ့ မျဖစ္သင့္ပါဘူးကြာ၊ ဒီလိုကိစၥမ်ိဳးေတာ့ ငါ႐ြံတယ္၊ ငါနဲ႔ဆိုင္ဆိုင္မဆိုင္ဆိုင္ ဝင္ပါမယ္ကြာ”

“အဘႀကီးကေတာ့ အိမ္ျပန္ေရာက္ရင္ ထမင္းမစားခ်င္ေတာ့ဘူးနဲ႔တူတယ္”

“ေအာင္မာ၊ မင္းက ငါ့ကိုဒဲ့လာစိန္ေခၚတယ္ေပါ့ဟုတ္လား၊ ရတယ္ မင္းႀကိဳက္တဲ့ဘက္ကစမ္း၊ ငါဆိုတဲ့ေကာင္ကလည္း စိန္ေခၚရင္ဘြာမခတ္ဘူးကြ”

“ရတယ္၊ ခင္ဗ်ားႀကီး က်ဳပ္အေၾကာင္းသိမယ္”

ဒီလူက ေျပာၿပီးေတာ့ အေနာက္ဘက္ကိုျပန္သြားထိုင္တယ္ဗ်၊ က်ဳပ္ကိုလည္း မ်က္ေထာင့္နီႀကီးနဲ႔ၾကည့္ေနေသးတာ၊ ကားကလည္း ဆက္ေမာင္းေနတာေပါ့ဗ်ာ၊ တျဖည္းျဖည္းနဲ႔ ၿမိဳ႕ထဲကေနထြက္လာခဲ့တယ္ဗ်၊ အရင္လို တိုက္ေတြဘာေတြမျမင္ရေတာဘဲ့ လူေနအိမ္ကေလးေတြကို ခပ္က်ဲက်ဲေတြ႕လာရေတာ့တယ္၊ မဂၤလာဒုံလို႔ေခၚတဲ့ ေနရာေရာက္ေတာ့ ကားေပၚကလူေတြ ေတာ္ေတာ္မ်ားမ်ားဆင္းသြားၾကတာ ေနာက္ဆုံးလူသုံးေလးေယာက္ပဲ က်န္ေတာ့တယ္ဗ်ာ၊ ကားကဆက္ေမာင္းလာရင္း အေရွ႕ေရာက္ေတာ့ လူအေတာ္ျပတ္တဲ့လမ္းႀကီးကိုေရာက္လာခဲ့တယ္ဗ်၊ လမ္းေဘးတစ္ဖက္တစ္ခ်က္မွာလည္း အိမ္ေတြမရွိေတာ့ဘဲ သစ္ေတာႀကီးေတြပဲ ရွိပါေတာ့တယ္၊ ဒီအခါ ခုနက ကားအေနာက္မွာထိုင္ေနတဲ့လူက က်ဳပ္ဆီကိုလမ္းေလွ်ာက္လာတယ္ဗ်၊ က်န္တဲ့လူသုံးေယာက္ကလည္း က်ဳပ္ဆီကိုေလွ်ာက္လာခဲ့ၾကတယ္။

“ေၾသာ္၊ မင္းတို႔က လက္စသတ္ေတာ့ ငါ့ကိုဝိုင္းလုပ္ၾကမလို႔ကိုးကြ”

“ဒါေပါ့ဗ်ာ၊ ခင္ဗ်ားလို ကိုယ္နဲ႔မဆိုင္တာဝင္ပါခ်င္တဲ့လူကို ပညာေကာင္းေကာင္းျပရမွာေပါ့”

လူတစ္ေယာက္က က်ဳပ္ကိုလက္သီးနဲ႔ထိုးတယ္ဗ်ာ၊ က်ဳပ္လည္းထိုင္ေနရင္း ထိုင္ခုံကေနေ႐ြ႕သြားေတာ့ သူ႔လက္သီးခ်က္က က်ဳပ္ကိုမထိုးမိဘဲ က်ဳပ္အေနာက္က ကားေဘာ္ဒီသံတိုင္ကိုထိုးမိၿပီး ဒီေကာင့္လက္လည္း ေတာ္ေတာ္အီဆိမ့္သြားပုံရတယ္ဗ်၊ က်ဳပ္လည္း ေျခေထာက္ကိုခ်ိတ္ထိုင္လိုက္ၿပီးေတာ့

“မင္းလက္ေတာ္ေတာ္နာသြားတဲ့ပုံပဲ”

ဒီအခါ ေနာက္တစ္ေယာက္က က်ဳပ္မ်က္ႏွာကို လက္သီးနဲ႔ပစ္ထိုးပါေရာဗ်ာ၊ သူထိုးတဲ့အခ်ိန္ က်ဳပ္လည္းအေနာက္ထိုင္ခုံကို ႐ုပ္ေျပာင္းကိုယ္ေ႐ႊ႕အစြမ္းနဲ႔ေ႐ႊ႕လိုက္ေတာ့ ဒီေကာင္လည္း ေလထဲကိုပဲထိုးမိတယ္ဗ်၊ က်ဳပ္ပညာျပလိုက္ေတာ့မွ ဒီေကာင္သုံးေကာင္ ေတာ္ေတာ္လန႔္သြားတဲ့ပုံပဲဗ်ာ၊ ဒါနဲ႔ ခုနကမွင္စာနဲ႔လူကိုၾကည့္ၿပီး

“ဆရာဘသိုက္၊ ဒီလူႀကီးကို လုပ္ပါအုံးဗ်ာ”

ဘသိုက္ဆိုတဲ့လူက ၿပဳံးရင္း သူ႔အိတ္ထဲက ဆယ္ျပားေစ့ေလးတစ္ေစ့ကိုႏႈိက္လိုက္တယ္ဗ်၊ ဆယ္ျပားေစ့ေလးေထာင့္ေစ့ကေလးကို လက္ညႇိဳးနဲ႔ လက္ခလယ္အနားမွာ ညႇပ္လိုက္ၿပီးေတာ့

“ထုံးစံအရဆိုရင္ က်ဳပ္တို႔အလုပ္မွာလာရႈပ္တဲ့လူမွန္သမွ်ကို ေဟာဒီဆယ္ျပားေစ့ေသြးထားတဲ့အခြၽန္နဲ႔ လည္ပင္းေသြးေၾကာနဲ႔ ဇက္ပိုးကေသြးေၾကာကိုျဖတ္ၿပီး ရွင္းေနၾကဗ်”

“ဒါဆိုရင္လည္း ငါ့ကိုလာျဖတ္စမ္းပါအုံးကြာ၊ မင့္ဆယ္ျပားေစ့ ဘယ္ေလာက္ထက္တယ္ဆိုတာ ၾကည့္ရေအာင္”

“ခင္ဗ်ားႀကီးကိုေတာ့ ဒီအတိုင္းမျဖတ္ဘူးဗ်”

ဘသိုက္က ေျပာဆိုၿပီးေတာ့ ဆယ္ျပားေစ့ကို သူ႔ပါးစပ္အနားကိုကပ္ၿပီး မန္းမႈတ္တယ္ဗ်၊ ေနာက္ေတာ့ အဲဒီဆယ္ျပားေစ့ကို က်ဳပ္ဆီတည့္တည့္ ပစ္လႊတ္လိုက္ပါေရာဗ်ာ။ က်ဳပ္လည္းထိုင္ရာကေနမထဘဲ ပ်ံသန္းလာတဲ့ဆယ္ျပားေစ့ကို မ်က္ေမွာင္ၾကဳတ္ၿပီးစိုက္ၾကည့္လိုက္တယ္။

“ဖြဟဲ့၊ လြဲေစ၊ ဖယ္ေစ”

က်ဳပ္ေအာ္လိုက္တဲ့အခါ က်ဳပ္ဆီတည့္တည့္ပ်ံလာတဲ့ ဆယ္ျပားေစ့က က်ဳပ္ႏွာေခါင္းနားအေရာက္မွာ ခြၽင္ခနဲတစ္ခ်က္ျမည္ၿပီးေတာ့ ေဘးကိုလြဲသြားတယ္ဗ်၊ က်ဳပ္ထိုင္ေနတဲ့ေဘးနားက ကားေဘာ္ဒီသံျပားမွာ ဆယ္ျပားေစ့က ေဒါက္ခနဲသြားစိုက္တယ္၊ ကားေဘာ္ဒီထူထူကိုေတာင္ ေဖာက္တယ္ဆိုေတာ့ ဒီဆယ္ျပားေစ့အစြမ္းက အံ့မခန္းပါပဲဗ်ာ၊ က်ဳပ္ကေတာ့ အံ့ၾသဟန္မျပဘဲ ၿပဳံးၿဖီးၿဖီးလုပ္လိုက္ရင္း

“မင့္ဆယ္ျပားေစ့က ထက္ေတာ့ထက္ပါတယ္၊ ဒါေပမယ့္ မမွန္ဘူးကြ”

က်ဳပ္ရယ္က်ဲက်ဲနဲ႔ေျပာလိုက္ေတာ့ ဘသိုက္တစ္ေယာက္ ေတာ္ေတာ္ေဒါသထြက္သြားတယ္ဗ်၊ ဒါနဲ႔ ေနာက္ထပ္ဆယ္ျပားေစ့သုံးေစ့ထပ္ထုတ္ၿပီး

“ဒီတစ္ခါေတာ့ ခင္ဗ်ားႀကီးလည္ပင္းကို ျဖတ္ပစ္မယ္ဗ်၊ ေသေပေတာ့အဘိုးႀကီး”

က်ဳပ္ဆီကိုဆယ္ျပားေစ့သုံးေစ့ ထပ္ပစ္ပါေရာဗ်ာ၊ ဒီတစ္ခါေတာ့ ဆယ္ျပားေစ့ေတြက ေဝ့ဝိုက္ၿပီးလာတာဗ်၊ က်ဳပ္မ်က္ႏွာတည့္တည့္္ကို ပ်ံလာတဲ့ဆယ္ျပားေစ့ကို က်ဳပ္က လက္ဝါးနဲ႔ခံၿပီးဖမ္းလိုက္တယ္၊ ဒီအခါ က်ဳပ္အေနာက္ကေနၿပီး ဆယ္ျပားေစ့တစ္ေစ့က ပ်ံလာေသးသဗ်ာ၊ က်ဳပ္လည္း ေခါင္းငုံ႔လိုက္ၿပီးေတာ့ အဲဒီဆယ္ျပားေစ့ကိုလက္နဲ႔ဖမ္းလိုက္တယ္၊ တစ္ခါ ေဘးနားကေန ဆယ္ျပားေစ့က ပ်ံဝင္လာျပန္ပါေရာ၊ က်ဳပ္လက္က အဲဒီဆယ္ျပားေစ့ထက္ျမန္ပါတယ္ဗ်ာ၊ အဲဒီဆယ္ျပားေစ့ကိုလဲ ခြၽင္ခနဲျမည္ေအာင္ဖမ္းျပလိုက္တယ္၊ ၿပီးေတာ့ က်ဳပ္လက္ဝါးကိုျဖန႔္ျပလိုက္တဲ့အခါ ဒီေကာင့္ဆယ္ျပားေစ့ေတြက က်ဳပ္လက္ထဲမွာၿငိမ္သက္ေနသဗ်။

“မင္းရဲ႕အေႂကြအစုတ္ပလုပ္ေတြ ငါမလိုခ်င္ဘူး၊ မင္းတို႔ပဲ ျပန္ယူစမ္းကြာ”

ဆယ္ျပားေစ့သုံးေစ့ကို ဘသိုက္ဆီကိုျပန္ပစ္ေပးလိုက္ေတာ့ ဘသိုက္က ဆယ္ျပားေစ့ေတြကိုလက္နဲ႔ပုတ္ၿပီးထုတ္သဗ်ာ၊ ဒီအခါ ဆယ္ျပားေစ့သုံးေစ့က သူ႔အေနာက္မွာရပ္ေနတဲ့ လူသုံးေယာက္ကိုသြားထိပါေရာဗ်ာ၊ ထိတယ္ဆို႐ုံကေလးထိၿပီးေတာ့ ဆယ္ျပားေစ့သုံးျပားက ၾကမ္းျပင္ေပၚကို ခြၽင္ခနဲက်သြားၾကသဗ်ာ၊ ဒီလူသုံးေယာက္ဝတ္ထားတဲ့ ရွပ္အက်ႌေတြကလည္း ျဗန္းခနဲကြဲထြက္သြားတာပါပဲ၊ ဆယ္ျပားေစ့က ေတာ္ေတာ္ထက္ၿပီး ေတာ္ေတာ္လည္းျမန္တဲ့အမ်ိဳးဗ်ာ၊ က်ဳပ္က ဒါေၾကာင့္ ဒီလူေတြကို မေသေအာင္ အက်ႌကိုပဲ ျဖတ္ခိုင္းလိုက္တာဗ်။ ဒီလူသုံးေယာက္က ေၾကာက္လန႔္လြန္းလို႔ ၾကမ္းျပင္ေပၚကိုထိုင္က်သြားၾကတယ္။

ဘသိုက္က က်ဳပ္ကိုအံႀကိတ္ၾကည့္ရင္း

“ခင္ဗ်ားႀကီးကို က်ဳပ္အရွင္မထားဘူးဗ်၊ ကဲ သမီးႀကီးေရထြက္လာခဲ့ေတာ့”

ဒီလူကေျပာၿပီး သူလြယ္ထားတဲ့ ကခ်င္လြယ္အိတ္ကေလးကို ဟလိုက္တယ္ဆိုရင္ပဲ လြယ္အိတ္ထဲကေန မည္းမည္းအေကာင္ႀကီးတစ္ေကာင္က တျဖည္းျဖည္းတိုးထြက္လာသဗ်ာ၊ မသိရင္ ေရေတြလိုပါပဲ၊ ၾကမ္းျပင္ေပၚေရာက္သြားေတာ့မွ လူေကာင္ႀကီးအျဖစ္ဘြားခနဲျဖစ္သြားေတာ့တယ္။

က်ဳပ္လည္း ဒီအေကာင္ႀကီးကိုၾကည့္ၿပီးေတာ့

“ဟင္၊ ခုနကေတာ့ မွင္စာကေလးပါ၊ အခုေတာ့ အစိမ္းသရဲႀကီးပါလား”

ဘသိုက္ကရယ္ေမာရင္း

“ဟား၊ ဟား က်ဳပ္ေမြးထားတဲ့သရဲတစ္ေကာင္တည္းရွိတယ္လို႔ ခင္ဗ်ားကထင္ေနတာလားဗ်ာ၊ ကဲ သားတို႔သမီးတို႔ေရ အကုန္လုံးထြက္လာခဲ့ၾကကြာ၊ ဒီေန႔ေတာ့ မင္းတို႔လူသားေကာင္းေကာင္းစားရမယ့္ေန႔ပဲကြ”

သူေျပာၿပီးေတာ့ လြယ္အိတ္ထဲကထြက္လာတဲ့အေကာင္ေတြဆိုတာ မနည္းမေနာပါပဲဗ်ာ၊ က်ဳပ္လိုက္ေရၾကည့္ေတာ့ ဆယ့္ခုနစ္ေကာင္တိတိရွိတယ္ဗ်၊ ဘသိုက္က ၿပဳံးရယ္ရင္း

“ကဲ သားတို႔သမီးတို႔၊ ဒီအဘႀကီးကို တမလြန္ေရာက္ေအာင္ ျမန္ျမန္ပို႔ေပးလိုက္ၾကစမ္းပါကြယ္”

ဒီေကာင္ေတြက က်ဳပ္ဆီကိုေျပးလာၾကသဗ်ာ၊ က်ဳပ္လည္း လက္တစ္ဖက္ကိုဆန႔္တန္းၿပီးေတာ့

“ဟိတ္၊ အားလုံးရပ္လိုက္ၾက၊ ေအာက္ဆရာအမိန႔္၊ ငါ့အမိန႔္”

ေျပးလာၾကတဲ့သရဲေတြအကုန္ က်ဳပ္အသံၾကားတဲ့အခါ အားလုံးရပ္တန႔္သြားၾကတယ္၊ ဘသိုက္က တအံ့တၾသနဲ႔ၾကည့္ေနရင္း

“ဟင္ ဘယ္လိုျဖစ္ၾကတာလဲ၊ သားတို႔သမီးတို႔ သူ႔ကိုတိုက္ေလကြာ”

“ဟား၊ ဟား ဘသိုက္၊ ဘသိုက္၊ မင္းတစ္ေယာက္တည္း အစိမ္းသရဲေတြကို ခိုင္းေစႏိုင္တယ္လို႔မ်ားထင္ေနတာလားကြ၊ ကဲ မင္းတို႔အားလုံးကို ငါလႊတ္ေပးမယ္၊ ငါ့အမိန႔္နဲ႔ မင္းတို႔ကို ဒီေကာင္တုပ္ေႏွာင္ထားတဲ့ ႀကိဳးေတြကိုေျဖခိုင္းလိုက္မယ္၊ မင္းတို႔ကိုခ်ည္ထားတဲ့ ေအာက္လမ္းႀကိဳးေတြ အကုန္ျပတ္ေစ”

က်ဳုပ္ေအာ္ေျပာလိုက္တဲ့အခ်ိန္မွာပဲ သရဲေတြက ဝူးဝူးဝါးဝါးနဲ႔ေအာ္ၾကတယ္ဗ်၊ သူတို႔ၾကည့္ရတာ ေတာ္ေတာ္ေပ်ာ္သြားတဲ့ပုံပါပဲဗ်ာ။

“မင္းတို႔လြတ္လပ္သြားၿပီ၊ မင္းတို႔အကုန္သြားခ်င္တဲ့ေနရာကိုသြားႏိုင္ၾကၿပီ”

က်ဳပ္အမိန႔္ေပးၿပီးေျပာလိုက္ေတာ့ သရဲေတြအကုန္လုံး ဘတ္စ္ကားႀကီးရဲ႕အျပင္ဘက္ကို ေဖာက္ထြင္းၿပီးေတာ့ ေျပးလႊားသြားၾကတယ္ဗ်ာ၊ ဒါေပမယ့္ ဆံပင္ရွည္ရွည္ေခါင္းေမႊးေထာင္ေထာင္နဲ႔ သရဲမတစ္ေကာင္ေတာ့က်န္ခဲ့တယ္ဗ်၊ သရဲမက ဘသိုက္ကိုျပန္လွည့္ၾကည့္တယ္ဗ်။

ဘသိုက္က သရဲႀကီးကိုၾကည့္ၿပီး လက္ခါခါေျခခါခါနဲ႔

“မဟုတ္ဘူး၊ ခင္ဗ်ားဒီလိုလႊတ္ေပးလို႔မရဘူး၊ ခင္ဗ်ားသူတို႔ကိုလႊတ္ေပးလို႔မရဘူး”

ဒီအခါ သရဲႀကီးက ဘသိုက္ဆီကိုေျပးဝင္သြားတယ္ဗ်၊ ဘသိုက္အေရွ႕ကိုေရာက္ေတာ့ သရဲမက သူ႔လက္ခြၽန္ခြၽန္ႀကီးကို ဘသိုက္ရဲ႕ရင္ဘတ္ထဲကိုထိုးထည့္လိုက္တယ္၊ သရဲလက္ဆိုေတာ့ လူရဲ႕ကိုယ္ထဲ ေဖာက္ဝင္သြားတာေပါ့ဗ်ာ၊ ဘသိုက္ရဲ႕မ်က္ႏွာက အံ့ၾသေနရာကေန အလြန္နာက်င္ၿပီးေတာ့ ခံျပင္းတဲ့႐ုပ္မ်ိဳးျဖစ္သြားတယ္ဗ်။

“မင္း၊ မင္းဘာလို႔ ငါ့ကိုဒီလိုလုပ္ႏိုင္ရတာလဲ”

သရဲမက အသံကြဲကြဲနဲ႔

“နင္ငါ့ကိုလြန္ခဲ့တဲ့အႏွစ္ႏွစ္ဆယ္တုန္းက စၿပီးေမြးခဲ့တယ္၊ ဒါေပမယ့္ ေနာက္လူေတြထပ္ေမြးတဲ့အခါမွာ နင္င့ါကိုပစ္ပယ္ထားတယ္၊ ဒီအတြက္ ငါနင့္ကိုမုန္းတယ္၊ ငါနင့္ဆီကလြတ္တဲ့တစ္ေန႔ နင့္ကိုလက္စားေခ်မယ္ဆိုၿပီးေတာ့ ဆုံးျဖတ္ထားတယ္၊ အခု ငါနင့္ကိုလက္စားေခ်တာပဲ၊ အခုနင္ေသရမယ္”

သရဲမက ဘသိုက္ရဲ႕ရင္ဘတ္ကို ႏႈိက္ၿပီး ႏွလုံးကိုေခြၽဖို႔လုပ္ေနတာပဲဗ်၊ က်ဳပ္လည္း မေနႏိုင္ေတာ့တာနဲ႔ သရဲမကိုလက္ညႇိဳးထိုးၿပီးေတာ့

“ေဟ့ သရဲမရပ္လိုက္စမ္း”

သရဲမက ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္လိုရပ္သြားတယ္ဗ်။

“ငါလက္စားေခ်တာကို မတားနဲ႔၊ ငါဒီေကာင္ကို စိတ္နာတယ္၊ ဒီေကာင္ကို ငါ့လက္နဲ႔သတ္ရမွေက်နပ္မယ္”

“မလုပ္နဲ႔ဆိုမလုပ္နဲ႔ေနာ္၊ အခုနင့္ကိုငါလႊတ္ေပးၿပီးၿပီပဲ၊ နင္သြားခ်င္တဲ့ေနရာကိုသြားေတာ့၊ မဟုတ္ရင္ေတာ့ နင့္ကိုငါထပ္ၿပီးဖမ္းခ်ဳပ္ရလိမ့္မယ္၊ ဒီတစ္ခါဖမ္းရင္ အႏွစ္ႏွစ္ဆယ္မက အႏွစ္တစ္ရာလည္း ၾကာခ်င္ၾကာသြားလိမ့္မယ္”

ဒီေတာ့မွ သရဲမက ေခါင္းညိတ္တယ္၊ က်ဳပ္လက္ညႇိဳးကိုျပန္သိမ္းလိုက္တာနဲ႔ သရဲမက ကားအျပင္ဘက္ကို ဝုန္းခနဲခုန္ထြက္သြားေတာ့တာပါပဲဗ်ာ။ ဘသိုက္က ထိုင္ခုံတစ္ခုမွာထိုင္က်သြားတယ္ဗ်၊ လက္တစ္ဖက္ကလည္း သူ႔ရင္ဘတ္ကိုဖိထားတယ္၊ က်ဳပ္ကိုမေက်မနပ္နဲ႔ၾကည့္ေနရင္း

“ခင္ဗ်ားႀကီးဘာျဖစ္လို႔ က်ဳပ္ကိုကယ္လိုက္တာလဲ၊ ခင္ဗ်ားႀကီးသိပ္ၿပီးေတာ့ သူေတာ္ေကာင္းလုပ္ခ်င္ေနတယ္ေပါ့၊ ဟုတ္လား”

က်ဳပ္လည္းေခါင္းခါလိုက္ၿပီးေတာ့

“မဟုတ္ပါဘူး၊ မင္းက မေကာင္းမႈေတြအမ်ားႀကီးလုပ္ခဲ့တယ္၊ ဒီအတြက္ မင္းကေသဖို႔ထိုက္တန္တယ္၊ ဒါေပမယ့္လည္း ငါ့ေရွ႕မွာ လူတစ္ဦးတစ္ေယာက္ေသသြားတာကို ငါမျမင္ခ်င္ဘူး၊ ဒါေၾကာင့္ မင္းကိုငါကယ္လိုက္တာ”

ဘသိုက္မ်က္ႏွာက ခ်က္ခ်င္းေျပာင္းလဲသြားတယ္ဗ်၊ က်ဳပ္ကိုအထင္ႀကီးေလးစားတဲ့ မ်က္ႏွာေပးမ်ိဳးျဖစ္သြားတယ္။

“မင္းဒီမေကာင္းမႈေတြကို ဆက္လုပ္ခ်င္ရင္လည္းလုပ္ပါ၊ ဒါေပမယ့္ မင္းလုပ္ခဲ့တဲ့မေကာင္းမႈေတြက တစ္ေန႔က်ရင္ မင္းဆီကိုျပန္လာလိမ့္မယ္ကြ၊ အခု ျဖစ္သလိုမ်ိဳးေပါ့ကြာ၊ မင္းက အစိမ္းသရဲေတြကို ေမြးထားၿပီးေတာ့ သူတို႔အကူအညီနဲ႔ခါးပိုက္ႏႈိက္ေနတယ္ဆိုေပမယ့္ သူတို႔ကလည္း မင္းကိုမလြန္ဆန္ႏိုင္လို႔သာ လုပ္ေပးေနရတာ၊ မင္းကိုလည္း သိပ္ၿပီးေက်နပ္ပုံမရဘူး၊ သူတို႔လြတ္တဲ့အခါ မင္းကိုျပန္ၿပီးဒုကၡေပးမယ္ဆိုၿပီး ႀကံေနၾကတယ္မဟုတ္လား”

“က်ဳပ္နားလည္ပါၿပီအဘႀကီးရာ၊ ဘာပဲေျပာေျပာ အဘႀကီးက က်ဳပ္အသက္ကိုကယ္ခဲ့တာပဲ၊ က်ဳပ္ကတိေပးပါတယ္အဘႀကီးရာ၊ ေနာက္ဒီလိုမေကာင္းတဲ့အလုပ္မ်ိဳးကို က်ဳပ္ဆက္မလုပ္ေတာ့ဘူး၊ က်ဳပ္ခါးပိုက္မႏႈိက္ေတာ့ဘူးဗ်ာ”

က်ဳပ္လည္းေခါင္းညိတ္ရင္း

“မင္းအျမင္မွန္ရတာကို ငါဝမ္းသာပါတယ္ ဘသိုက္ရာ”

ဘသိုက္က သူ႔တပည့္သုံးေယာက္ကိုမ်က္ရိပ္ျပလိုက္ေတာ့ တပည့္သုံးေယာက္က ကားတံခါးအဆင္းအတက္ တံခါးေပါက္အေပၚနားက ႐ြံေစးလိုမည္းညစ္ညစ္အရာကေလးတစ္ခုကို ခြာလိုက္ၾကတယ္၊ ဒီအခ်ိန္ကားႀကီးက တစ္ခ်က္သိမ့္ခနဲတုန္သြားတယ္ဗ်ာ၊ ကားသမားက ဒီေတာ့မွ အေနာက္ကိုလွည့္ၾကည့္ရင္း

“ဟိုသုံးေယာက္၊ ထိုင္ေလကြာ၊ ထိုင္ခုံေတြအမ်ားႀကီးလြတ္ေနတယ္မဟုတ္လား”

ဟိုလူသုံးေယာက္လည္း ဘသိုက္အနားမွာထိုင္လိုက္ၾကတယ္၊ က်ဳပ္လည္း ဘသိုက္ကိုၾကည့္လိုက္ရင္း

“ေနပါအုံးကြ၊ မင္းတို႔လုပ္စားေနတာၾကာၿပီလား”

“ၾကာၿပီပဲဆိုပါေတာ့ အဘႀကီးရာ၊ က်ဳပ္တစ္သက္ပဲဆိုပါေတာ့”

“ဒါနဲ႔မင္းက ဘယ္လိုလုပ္ၿပီးအစိမ္းသရဲေတြကို ခိုင္းစားႏိုင္တာလဲကြ၊ ခုနက သရဲေတြလြတ္သြားေတာ့ မင္းသူတို႔ကိုဘာမွမလုပ္ႏိုင္ပါလား”

“ဒါက ဒီလိုပါအဘႀကီးရာ၊ က်ဳပ္ကမိဘမဲ့ပါ၊ က်ဳပ္အသက္ငါးႏွစ္ေလာက္မွာပဲ မိဘေတြက ေရွ႕ဆင့္ေနာက္ဆင့္္ကြယ္လြန္သြားၾကပါတယ္၊ အရင္က အေဒၚေတြအိမ္မွာကပ္ေနရပါတယ္၊ နည္းနည္းႀကီးေကာင္ေပါက္ဝင္လာေတာ့ အေဒၚေတြက က်ဳပ္ကိုမေကြၽးခ်င္ေတာ့ဘူး၊ ဒါနဲ႔ ျပႆနာအမ်ိဳးမ်ိဳးရွာၿပီးေတာ့ အိမ္ကေမာင္းခ်ပါေရာဗ်ာ၊ က်ဳပ္လည္းမခံခ်င္တာနဲ႔ အိမ္ကထြက္လာၿပီး ေလလြင့္ေနတုန္းမွာ လူႀကီးတစ္ေယာက္နဲ႔ေတြ႕သဗ်”

က်ဳပ္လည္း ေခါင္းညိတ္ရင္းနားေထာင္ေနလိုက္တယ္။

“ဒီလူႀကီးက သူ႔ကိုယ္သူဘိုးေတာ္လို႔ေျပာတယ္ဗ်၊ က်ဳပ္ကိုလည္း ေငြရွာနည္းသင္ေပးမယ္တဲ့ေလဗ်ာ၊ အဲဒါနဲ႔က်ဳပ္လည္းေငြရမယ္ဆိုေတာ့ သူ႔အေနာက္လိုက္ခဲ့တာေပါ့ဗ်ာ၊ ကြၽန္ေတာ္က အစက ေမွာ္ဘီမွာေနတာပါ၊ ဒီလူႀကီးက ေထာက္ႀကံ့မွာေနတာနဲ႔ သူနဲ႔အတူပါလာခဲ့တာေပါ့ဗ်ာ၊ တိုက္တိုက္ဆိုင္ဆိုင္ပဲ က်ဳပ္တို႔ေထာက္ႀကံ့ေရာက္တဲ့အခ်ိန္ မိန္းမတစ္ေယာက္ကို ကုန္ကားတစ္စီးက တိုက္သြားသဗ်ာ၊ လူေတြဝိုင္းၾကည့္ေနၾကတာ အုံခဲေနတာပါပဲ၊ ဒီလူႀကီးက ေသသြားတဲ့မိန္းမရဲ႕မ်က္လုံးကို စိုက္ၾကည့္ၿပီးေတာ့ တစ္ခုခု႐ြတ္ေနတယ္ဗ်”

“အဲဒါ မေကာင္းတဲ့ေအာက္လမ္းပညာျဖစ္မယ္”

“က်ဳပ္လည္းမသိပါဘူးအဘႀကီးရာ၊ ေနာက္ေတာ့ ဒီလူႀကီးက က်ဳပ္ကိုေခၚလာခဲ့တယ္၊ ဆူးေလဘက္သြားတဲ့ကားစီးရင္း သူက က်ဳပ္ကိုသင္ေပးသဗ်၊ သူ႔အိတ္ကပ္ကိုပုတ္ၿပီးေတာ့ သရဲကိုေခၚထုတ္တယ္ဗ်ာ၊ ၿပီးေတာ့ ဟိုလူရဲ႕လြယ္အိတ္ကိုႏႈိက္၊ ဒီလူရဲ႕လက္ဆြဲအိတ္ကိုႏႈိက္နဲ႔ႏႈိက္ခိုင္းတာဗ်၊ သူေျပာတဲ့အတိုင္း သရဲႀကီးက လိုက္ႏႈိက္ေပးတယ္ဗ်ာ၊ ၿပီးေတာ့ သူ႔တိုက္ပုံအိတ္ေထာင္ထဲကို ေငြေတြလာလာထည့္ေပးတာဗ်၊ သရဲႀကီးကို က်ဳပ္တို႔ပဲျမင္ရတယ္၊ တစ္ကားလုံးက လူေတြဘယ္သူမွမျမင္ရဘူးဗ်ာ၊ ေနာက္ေတာ့ က်ဳပ္ကိုအဲဒီနည္းသင္ေပးၿပီး သရဲႀကီးကို ၿခိမ္းေျခာက္ၿပီးခိုင္းစားရတာပဲဗ်ာ”

“ဘယ္လိုၿခိမ္းေျခာက္တာလဲကြ”

“က်ဳပ္ခိုင္းတာလုပ္ေပးရင္ အိမ္ျပန္ပို႔ေပးမယ္ဆိုၿပီး ေျပာရတယ္၊ က်ဳပ္ခိုင္းတာမလုပ္ရင္ေတာ့္ အဲဒီဆရာႀကီးသင္ေပးတဲ့ မႏၲန္တစ္ခုကို႐ြတ္ရတယ္၊ ဒါဆိုရင္ ဒီသရဲေတြမခံႏိုင္ဘူးဗ်ာ”

က်ဳပ္သိလိုက္ပါၿပီဗ်ာ၊ သူနဲ႔ေတြ႕ခဲ့တဲ့လူက ေအာက္လမ္းဆရာႀကီးျဖစ္မွာဗ်၊ ဒီေအာက္လမ္းဆရာႀကီးက ေသသြားတဲ့အစိမ္းေသကို ေမြးၿပီးေတာ့ သူ႔လိုခ်င္တာေပးမယ္လို႔ေျပာၿပီး ေခ်ာ့ခိုင္းလိုက္၊ ေျခာက္ခိုင္းလိုက္နဲ႔လုပ္ခိုင္းၿပီး ေငြရွာခိုင္းေနတာဗ်။

“ဒါနဲ႔ အဲဒီဆရာႀကီးက ဘယ္သူလဲ”

“နာမည္ေတာ့ မေျပာပါရေစနဲ႔ဗ်ာ၊ ဒီကိစၥကိုဘယ္သူ႔ကိုမွ မေျပာဘူးလို႔ သစၥာဆိုထားလို႔ပါ”

“ဒါဆို မင္းတို႔လုပ္အားခရေတာ့ သူ႔ကိုေပးရေသးလား”

“ေပးရပါတယ္၊ တစ္ေန႔တာလုပ္လို႔ရသမွ်ကို သုံးပုံပုံၿပီး ႏွစ္ပုံကိုသူ႔ကိုေပးရပါတယ္”

“ဟ၊ ႏွစ္ပုံေတာင္ဆိုေတာ့ မ်ားတာေပါ့ကြ၊ မင္းတို႔လုပ္ရတာကလည္း မတန္ပါဘူးကြာ”

“မေပးလို႔လည္းမရဘူးဗ်၊ သူေတာင္းသေလာက္မေပးရင္ သူက က်ဳပ္တို႔ကိုသတ္ပစ္မယ္လို႔ ဆိုတာကိုး”

“အင္းေလ၊ အခုမင္းဘယ္လိုဆက္လုပ္မလဲ”

“သူေမြးေပးထားတဲ့ သရဲေတြမွ မရွိေတာ့ဘဲဗ်ာ၊ က်ဳပ္လည္းဆက္မလုပ္ေတာ့ဘူးလို႔ ေျပာလိုက္ေတာ့မယ္”

“ေအးပါ၊ အဲဒါမွတ္ထားဘသိုက္ရ၊ မေကာင္းတဲ့လူနဲ႔ တြဲလုပ္ရင္ မေကာင္းတာပဲလုပ္ျဖစ္တယ္ကြ”

ဘသိုက္က သူ႔တပည့္ေတြနဲ႔ မိတ္ဆက္ေပးတယ္။

“ဒီေကာင္ကေတာ့ က်ဳပ္ရဲ႕မတ္ပါ၊ သူ႔နာမည္ကေတာ့ တို႔ေဆးဘေအးတဲ့”

“ဟာ၊ တို႔ေဆးဆိုတာ သိပ္စြမ္းတယ္လို႔ၾကားဖူးတယ္၊ ငါ့ကိုျပပါလား”

ဘေအးကၿပဳံးရင္း

“ဘယ္က တို႔ေဆးရမွာလဲ အဘရာ၊ က်ဳပ္တို႔လႈပ္ရွားတာက ဒီလိုဗ်၊ က်ဳပ္တို႔လုပ္မယ့္ သားေကာင္ကို လန႔္ေအာင္လုပ္ရတယ္ဗ်၊ အလြယ္ဆုံးကေတာ့ အေနာက္ကေနေဆာင့္တြန္းတာေပါ့ဗ်ာ၊ အဲဒီလိုတြန္းလိုက္လို႔ ဒီလူလန႔္သြားတဲ့အခ်ိန္မွာ က်ဳပ္တို႔ေမြးထားတဲ့အစိမ္းသရဲက ဒီလူ႔ကိုယ္ထဲကိုဝင္ပူးတာေပါ့ဗ်ာ၊ ၿပီးေတာ့ ရသမွ်အကုန္ယူၿပီး တစ္ေနရာေရာက္ေတာ့ သရဲကသူ႔ကိုခြာလိုက္တာေပါ့၊ ဒီအခ်ိန္ဆို သားေကာင္က အူေၾကာင္ေၾကာင္နဲ႔ အိပ္ရာကႏိုးလာသလိုျဖစ္တာေပါ့ဗ်ာ”

“ဟ၊ မင္းတို႔ဟာက တကယ့္တို႔ေဆးမွမဟုတ္တာ၊ ေအာက္လမ္းနည္းပဲကြ၊ လူေတြလန႔္ရင္ သတိလြတ္သြားတတ္တယ္၊ တစ္ခ်ိဳ႕လည္း လိပ္ျပာလြင့္တယ္ေခၚတာကိုး၊ ဒီလိုအခ်ိန္ အစိမ္းသရဲကိုပူးကပ္ခိုင္းၿပီး မင္းတို႔လုပ္ခ်င္တာလုပ္တာမဟုတ္လား၊ မင္းတို႔ကေတာ့ကြာ၊ ငါမေျပာခ်င္ေတာ့ဘူး”

“ဒီေကာင့္နာမည္ကေတာ့ ေငြပြားထြန္းရင္တဲ့”

“ဟာ၊ ေငြပြားဆိုတာ ငါၾကားေတာ့ၾကားဖူးတယ္ကြ၊ ဘယ္ေလာက္သုံးသုံး အဲဒီေငြက ကုန္သြားတယ္မရွိဘူးဆို”

ေငြပြားထြန္းရင္ကလည္း ရယ္တယ္ဗ်။

“မဟုတ္တာ အဘႀကီးရာ၊ က်ဳပ္ေငြပြားက ဒီလိုဗ်၊ ေဟာဒီတစ္ဆယ္တန္ကေလးကိုၾကည့္ဗ်ာ”

ထြန္းရင္ထုတ္ျပတဲ့ တစ္ဆယ္တန္ကေလးကိုၾကည့္လိုက္ေတာ့ တစ္ဆယ္တန္မွာ အင္းကေလးေတြဆြဲထားတာကိုေတြ႕ရသဗ်။ တစ္ဆယ္တန္ကိုက်ဳပ္မကိုင္ၾကည့္ေပမယ့္လည္း မေကာင္းတဲ့အေငြ႕အသက္ရတာအမွန္ပါပဲ။ ထြန္းရင္ကဆက္ေျပာတယ္။

“လူမ်ားတဲ့ဆိုင္တစ္ဆိုင္ထဲကိုသြားၿပီးေတာ့ ဒီပိုက္ဆံနဲ႔ဝယ္စားရတယ္ဗ်၊ ဒီပိုက္ဆံက ေငြသိမ္းတဲ့အံဆြဲထဲကိုေရာက္သြားၿပီဆိုရင္ ခုနကအစိမ္းသရဲကိုလႊတ္ၿပီးေတာ့ ေငြေတြသြားျပန္ယူခိုင္းရတာပဲဗ်ာ၊ အစိမ္းသရဲက အံဆြဲဖြင့္ၿပီးေငြေတြကို မသိေအာင္ယူတယ္ေပါ့ဗ်ာ၊ ဒီလိုနည္းနဲ႔ ေငြေတြပြားသြားတာပဲ”

“မင္းတို႔က တကယ္မလြယ္တဲ့ေကာင္ေတြပဲ”

“ေနာက္ဆုံးတစ္ေယာက္ကေတာ့ လက္ကုတ္ေမာင္တုတ္တဲ့ဗ်”

“ေအာင္မယ္၊ မင္းလက္က ကုတ္ေနလို႔လား”

“မဟုတ္ပါဘူးဗ်ာ၊ ဒီေကာင္က လူေတြကိုလက္တို႔လိုက္၊ လက္ကုပ္လိုက္နဲ႔ လိုက္လိုက္ေတာင္းတဲ့ေကာင္၊ အစေတာ့ လမ္းေမးသလိုလိုဘာလိုလိုနဲ႔ လက္လိုက္ကုပ္ရတာ၊ လက္ကုပ္မိၿပီဆိုေတာ့မွ မႏၲန္႐ြတ္ၿပီးခိုင္းရတာ၊ ဥပမာဆရာႀကီးရာ လူတစ္ေယာက္ကိုလက္ကုပ္ၿပီးေတာ့ ဒီလူေတြေဝသြားတဲ့အခ်ိန္မွာ ပါတဲ့ပိုက္ဆံေတြေပးဖို႔ေတာင္းရတာေပါ့၊ မႏၲန္အစြမ္းေၾကာင့္ လူေတြက ေရာေယာင္ၿပီး ေတာင္းသမွ်ေပးၾကတာမ်ားပါတယ္ဗ်ာ၊ ဒီေကာင္ဘယ္ေလာက္မ်ားေတာင္းသလဲဆိုရင္ တစ္ခါက လူတစ္ေယာက္ကို အဝတ္အစားေရာ၊ ပုဆိုးေရာေတာင္းဖူးတယ္၊ ဟိုလူကလည္း ခြၽတ္ေပးတာပဲဗ်ာ”

“ဟာ၊ တယ္စြမ္းတဲ့ေကာင္ေတြပါလား”

က်ဳပ္တို႔စကားေျပာေနတုန္း ဘသိုက္က

“ေထာက္ႀကံ့ေတာင္ေရာက္ေတာ့မယ္၊ ဒါနဲ႔အဘႀကီးက ဘယ္ကိုသြားမလို႔လဲဗ်”

“ေထာက္ႀကံ့က ပဲခူးလမ္းဆိုတဲ့ရပ္ကြက္ကိုပါ”

“ဟာ၊ ဒါဆိုကားကေနဆင္းၿပီး နည္းနည္းေလွ်ာက္လိုက္တာနဲ႔ေရာက္ပါၿပီဗ်ာ၊ ခဏေန ကားရပ္ေတာ့မယ္၊ က်ဳပ္တို႔လဲဆင္း၊ အဘလည္းဆင္းေပါ့ဗ်ာ”

ခဏေန လိုင္းကားရပ္သြားေတာ့ က်ဳပ္လည္းသူတို႔နဲ႔အတူတူဆင္းခဲ့တယ္၊ သူတို႔ကေတာ့ ညေနေစာင္းၿပီဆိုေတာ့ နည္းနည္းကစ္ခ်င္ၾကတဲ့ပုံပဲဗ်၊ က်ဳပ္ကိုေလးေယာက္သား ႏႈတ္ဆက္သြားၿပီးေတာ့ တစ္ေနရာထြက္သြားၾကတယ္၊ က်ဳပ္လည္း သူတို႔ၫႊန္တဲ့အတိုင္းဆက္ေလွ်ာက္ခဲ့တာေပါ့ဗ်ာ။

အဲဒီရပ္ကြက္မွာ အိမ္ႀကီးအိမ္ေကာင္းေတြမ်ားတယ္ဗ်၊ ၿခံအက်ယ္ႀကီးေတြလည္းရွိပါေသးတယ္၊ လိပ္စာအတိုင္းက်ဳပ္လိုက္ရွာရင္းနဲ႔ အိမ္ႀကီးတစ္အိမ္ေရွ႕ကိုေရာက္ခဲ့ပါေရာဗ်ာ၊ အိမ္ႀကီးက ေတာ္ေတာ္ေကာင္းတဲ့အိမ္ႀကီးပါ၊ ၿခံႀကီးဆိုတာလည္း အက်ယ္ႀကီးပဲဗ်ာ၊ ၿခံပတ္ပတ္လည္မွာလည္း အရိပ္ရအပင္ေတြစိုက္ထားေတာ့ ၿခံက အုပ္ဆိုင္းေနပါေရာဗ်ာ၊ က်ဳပ္လည္း ၿခံေပါက္ဝအနားကို ကပ္ခဲ့လိုက္တယ္။

“အိမ္ရွင္တို႔၊ အိမ္ရွင္တို႔”

က်ဳပ္သုံးေလးခါေခၚေတာ့မွ သံေခ်ာင္းႀကီးေတြနဲ႔ လုပ္ထားတဲ့ ၿခံတံခါးကပြင့္လာတယ္ဗ်။

“ဘယ္သူလဲ၊ ဘာကိစၥရွိလို႔လဲ”

အထဲကထြက္လာတဲ့လူကို ၾကည့္လိုက္ေတာ့ အလတ္ေကာင္ျဖစ္ေနသဗ်ာ၊ က်ဳပ္လည္း အလတ္ေကာင္ကိုျမင္လိုက္ေတာ့ ေပ်ာ္သြားတာေပါ့ဗ်ာ၊ ဝမ္းသာအားရနဲ႔ အလတ္ေကာင္ပုခုံးကိုေျပးကိုင္လိုက္တယ္ဆိုရင္ပဲ က်ဳပ္တစ္ကိုယ္လုံးဓါတ္လိုက္သလိုျဖစ္သြားၿပီးေတာ့ အေနာက္ကိုလြင့္ထြက္သြားတာေပါ့ဗ်ာ။ လက္ထဲကိုင္ထားတဲ့ ကြမ္းအစ္ေတာင္မွ ျပ်တ္က်သြားတယ္။ အလတ္ေကာင္က က်ဳပ္ကိုစိမ္းစိမ္းႀကီးၾကည့္ရင္း

“အဘႀကီး ဘာလာရႈပ္တာလဲ”

က်ဳပ္လည္း လူးလဲထၿပီးေတာ့

“ဟာအလတ္ေကာင္၊ မင္းငါ့ကိုမမွတ္မိေတာ့ဘူးလား”

အလတ္ေကာင္႐ုပ္က မာမာထန္ထန္နဲ႔ဗ်၊ က်ဳပ္ကိုေသခ်ာမ်က္ေမွာင္ၾကဳတ္ၾကည့္ၿပီး

“ဘယ္သူလဲ ခင္ဗ်ားကိုက်ဳပ္သိလည္းမသိဘူး၊ မွတ္လည္းမမွတ္မိဘူး”

“ဟာ၊ ငါဦးဘသာေလကြာ”

“ဘယ္က ဦးဘသာလဲ၊ က်ဳပ္ေနာက္ဆုံးအေနနဲ႔ေျပာမယ္ေနာ္အဘႀကီး၊၊ ဒီၿခံအနားလာၿပီးေတာ့ ဟိုလိုလိုဒီလိုလိုလာမလုပ္နဲ႔၊ ေနာက္တစ္ခါလာရင္ေတာ့ ခင္ဗ်ားေသၿပီသာမွတ္”

အလတ္ေကာင္က ေျပာဆိုၿပီးၿခံထဲျပန္ဝင္မလို႔လုပ္ေနတုန္း က်ဳပ္လည္းအေနာက္ကေနေျပးလိုက္ၿပီး

“ေနပါအုံးအလတ္ေကာင္ရာ၊ မင္းငါ့ကို မမွတ္မိဘူးလား”

က်ဳပ္ေျပာတုန္းရွိေသးတယ္ဗ်ာ၊ အလတ္ေကာင္က က်ဳပ္ကိုလွည့္ၿပီးမ်က္ေစာင္းထိုးၾကည့္တယ္ဗ်၊ ေနာက္ေတာ့ သူ႔လက္ဝါးနဲ႔က်ဳပ္ရင္ဘတ္ကို ေဆာင့္တြန္းထည့္လိုက္ပါေရာဗ်ာ၊ က်ဳပ္လည္း ႐ုတ္တရက္ဆိုေတာ့ မေရွာင္လိုက္ႏိုင္ပါဘူး၊ အလတ္ေကာင္က လက္ဝါးနဲ႔တြန္းတယ္ဆိုေပမယ့္ က်ဳပ္ရင္ဝကို သစ္လုံးႀကီးတစ္လုံးလာတိုက္သလိုခံစားရတယ္ဗ်၊ က်ဳပ္လည္းအေနာက္ကိုလြင့္ထြက္သြားတာမ်ား အေတာင္သုံးဆယ္ေလာက္လြင့္ထြက္သြားတယ္၊ က်ဳပ္ရင္ဝတစ္ခုလုံးပူရွိန္းတက္လာၿပီး မီးပူႀကီးကပ္ထားသလိုခံစားလိုက္ရတယ္ဗ်၊ ဒါေပမယ့္ က်ဳပ္စိတ္မေလွ်ာ့ေသးပါဘူးဗ်ာ၊ အျမန္ကုန္းထၿပီးေတာ့

“အလတ္ေကာင္၊ ငါဦးဘသာေလကြာ၊ မင္းအခ်စ္ဆုံး ဦးဘသာေလ”

အလတ္ေကာင္က လက္တစ္ဖက္ကိုေျမႇာက္လိုက္တယ္ဗ်၊ သူ႔ေျမႇာက္လိုက္တဲ့လက္သီးဆုပ္ထဲကေန စိမ္းဖန႔္ဖန႔္အလင္းေရာင္ႀကီးေတြ ထြက္လာပါေရာဗ်ာ၊ အလတ္ေကာင္က လက္တစ္ဖက္နဲ႔က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး

“အဘႀကီး၊ ခင္ဗ်ားကိုက်ဳပ္မသိဘူးလို႔ေျပာေနတယ္ေနာ္၊ ခင္ဗ်ားအခုထြက္သြား၊ ႏို႔မို႔ဆို က်ဳပ္အဆိုးမဆိုနဲ႔”

က်ဳပ္လည္း ေခါင္းခါၿပီးအေရွ႕ကိုဆက္တိုးသြားလိုက္တယ္။

“အလတ္ေကာင္ရာ၊ မင္းရန္ကုန္မွာေနတာၾကာလို႔ င့ါကိုေမ့သြားတာလား၊ ငါ့တို႔႐ြာကေလးကိုေရာ ေမ့သြားၿပီလားကြ၊ ဟင္”

အလတ္ေကာင္က မ်က္လုံးျပဴးႀကီးနဲ႔

“ဟာ၊ ဒီအဘႀကီး စကားလာရွည္ေနတယ္၊ ေသေပေတာ့”

ေျပာေျပာဆိုဆိုနဲ႔ သူ႔လက္ထဲက အစိမ္းလုံးႀကီးကို ပစ္လႊတ္လိုက္တယ္ဗ်ာ၊ အစိမ္းေရာင္အလုံးႀကီးက ႐ႊီးခနဲျမည္လာၿပီးေတာ့ က်ဳပ္ဆီတန္းတန္းမတ္မတ္ပ်ံဝင္လာတယ္ဗ်၊ က်ဳပ္ဒီအလုံးႀကီးကို တားဖို႔စိတ္ကူးမရွိပါဘူးဗ်ာ၊ က်ဳပ္ရင္ထဲမွာ ဗေလာင္ဆူေနတယ္ဗ်၊ အလတ္ေကာင္က က်ဳပ္ကိုမမွတ္မိဘူးဆိုတာကို က်ဳပ္ခံစားရတယ္၊ က်ဳပ္ကို မသိတဲ့သူစိမ္းတစ္ေယာက္လို ဆက္ဆံေနတာကို က်ဳပ္ရင္ထဲသိပ္ခံစားရတယ္ဗ်ာ။

အလုံးႀကီးက က်ဳပ္မ်က္စိေရွ႕နားေရာက္ေတာ့ ဝုန္းခနဲေပါက္ကြဲသြားတယ္၊ ေပါက္ကြဲတဲ့အရွိန္နဲ႔က်ဳပ္လည္းအေနာက္ကိုလြင့္ထြက္သြားတယ္၊ ထိတာေတာ့မထိဘူးဗ်၊ ဖင္ထိုင္လဲက်သြားတာ၊ အလတ္ေကာင္က အားမလိုအားမရနဲ႔ ေနာက္ထပ္အလုံးတစ္လုံးကို က်ဳပ္ဆီကိုပစ္ထည့္လိုက္ပါေရာဗ်ာ။

ဒီအခါ က်ဳပ္ေခါင္းေပၚကေန ေ႐ႊေရာင္အလင္းတန္းႀကီးတစ္ခုက ပ်ံဝင္လာၿပီးအစိမ္းလုံးႀကီးနဲ႔ထိသြားတယ္ဗ်၊ ဒီတစ္ခါလည္း ခပ္က်ယ္က်ယ္ေပါက္ကြဲသြားျပန္တယ္၊ က်ဳပ္လွည့္ၾကည့္လိုက္ေတာ့ လူႏွစ္ေယာက္က လမ္းအတိုင္းေလွ်ာက္လာတယ္ဗ်။

“ဟင္ . . . ေမ်ာက္ေခါင္း၊ အဲေလ . . . ေအာင္ရွိန္ပါလား”

ေလွ်ာက္လာတဲ့လူက က်ဳပ္သူငယ္ခ်င္း ဘုရားပ်ံဦးေအာင္ရွိန္ျဖစ္ေနတယ္ဗ်ာ၊ သူ႔ေဘးမွာေတာ့ က်ဳပ္တို႔ျမင္းဇာ႐ြာကိုသြားတုန္းကေတြ႕ခဲ့တဲ့ ဝမ္းတြင္းပါမိသက္ဆိုတဲ့ စုန္းမေလးဗ်၊ စုန္းပညာကို မိသက္ကစြန႔္လႊတ္လိုက္တဲ့အခါ ေအာင္ရွိန္က မိသက္ကိုေမြးစားလိုက္တယ္မဟုတ္လား။

အလတ္ေကာင္က ေအာင္ရွိန္တို႔ကို လက္နဲ႔႐ြယ္ေနတုန္းမွာ ေအာင္ရွိန္က လက္ဝါးကိုျဖန႔္လိုက္တာနဲ႔ သူ႔လက္ထဲက အလင္းလုံးကေလးငါးလုံးက အလတ္ေကာင္ဆီကိုေျပးဝင္သြားတာပဲဗ်ာ၊ အလတ္ေကာင္လည္း ကမန္းကတမ္းနဲ႔ ၿခံထဲကိုေျပးဝင္သြားၿပီး ၿခံတံခါးႀကီးကိုပိတ္လိုက္ပါေရာ၊ ေအာင္ရွိန္က ၿခံတံခါးအေရွ႕ရပ္ၿပီး

“ေဟ့ေကာင္၊ သတၱိရွိရင္ထြက္ခဲ့ေလကြာ၊ ဒါမွမဟုတ္ရင္လည္း တံခါးဖြင့္ေပး၊ ငါတို႔ဝင္လာခဲ့မယ္”

ၿခံထဲက ဘာအသံမွမၾကားရေတာ့ပါဘူးဗ်ာ၊ မိသက္က လဲက်ေနတဲ့က်ဳပ္ကို လာေျပးထူတယ္ဗ်။

“ဘဘႀကီး ဘာျဖစ္သြားေသးလဲ”

က်ဳပ္လည္း မိသက္ကိုအားယူၿပီး ေျမေပၚက ကုန္းထလိုက္တယ္၊ ဒီအခ်ိန္ရင္ဘတ္ထဲမွာ ေအာင့္ခနဲျဖစ္သြားၿပီးေတာ့ ပ်ိဳ႕အန္တက္လာတာနဲ႔ ပါးစပ္ကိုဖြင့္ၿပီးေထြးထုတ္လိုက္မိတယ္ဗ်ာ၊ ပါးစပ္ထဲကေန ေသြးေတြက ဖူးခနဲပန္းထြက္သြားတယ္ဗ်၊ ေသြးေတြထြက္ၿပီးတာနဲ႔ က်ဳပ္လည္းေခြက်သြားတာပဲ၊ ေအာင္ရွိန္က က်ဳပ္လက္ေမာင္းတစ္ဖက္ကိုဖမ္းဆြဲလိုက္လို႔သာ က်ဳပ္ေျမျပင္ေပၚလဲက်မသြားတာဗ်။

“သမီးမိသက္၊ သာဒင္ရဲ႕အက်ီရင္ဘတ္ကိုဖြင့္လိုက္စမ္း”

မိသက္က က်ဳပ္ဝတ္ထားတဲ့ ရွပ္အက်ႌၾကယ္သီးေတြကိုခြၽတ္လိုက္တယ္ဗ်၊ ေနာက္ေတာ့ တအံ့တၾသနဲ႔ ဟာခနဲေရ႐ြတ္ၿပီးေတာ့ ေအာင္ရွိန္ကိုေမာ့ၾကည့္တယ္၊ က်ဳပ္လည္း မ်က္ခြံေတြေလးလာၿပီးေတာ့ မ်က္လုံးေတြစင္းက်သြားတယ္၊ ေနာက္ေတာ့ဘာေတြဆက္ျဖစ္သြားမွန္း က်ဳပ္မသိေတာ့ပါဘူးဗ်ာ။

“အလတ္ေကာင္၊ အလတ္ေကာင္ . . .”

က်ဳပ္ပါးစပ္ကေန ဒီစကားကိုပဲ ေရ႐ြတ္ေနမိပါေတာ့တယ္ဗ်ာ။

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ #ဦးေအာင္ရွိန္