မေတ္တာများနှင့်မိုးထားသည့်အိမ်(စ/ဆုံး)
————————————–
“အမလေး… ဒီလိုသားမျိုးမွေးထားရတာ ဝမ်းစပ်ပါရဲ့တော်…။ တကတည်း အမေတစ်ယောက်လုံးလာကြိုတာတောင် အမေ့အိမ်မလိုက်ပဲ ယောက္ခအိမ်ကို ကောက်ကောက်ပါအောင် လိုက်သွားတာ…။ ရင် နာလိုက်တာ တော်… ။ ရင်နာလိုက်တာ…”
မနက်ခင်း တစ်အိမ်သားလုံးမနိုးခင်ကတည်းက စျေးသွားသော အမေသည် ယခုပြန်ရောက်လာဟန်တူ၏။ အမေ့ထုံးစံ အတိုင်း လူမမြင်ရ သေးခင် အသံစွာစွာကထွက်ပေါ်လာလေပြီ။ ဝီရိယကောင်းလွန်းသော အမေသည် စျေးသွားလျှင် ကျွန်တော်အဖော်လိုက်ပေးမည်ဟု ညနေ ကတည်းက ပြောထားသော်လည်း ကျွန်တော့်အားနိုးမသွားခဲ့ပါ။ ကျွန်တော် အိပ်ယာနိုးလာသည့် အခါ အမေ အိမ်တွင်မရှိတော့ပါ။ အုပ်ဆောင်းအောက်တွင် ကျွန်တော်နှင့်အဖေအတွက် မနက်စာပြင်ဆင်ထား ခဲ့ပါသည်။
အမေ မရှိ၍ တိတ်ဆိတ်နေသော ကျွန်တော်တို့အိမ်သည် ယခုတော့ ထုံးစံအတိုင်း ဆူညံ အသက်၀င်လှုပ်ရှား လာခဲ့ပြီ။ ကျွန်တော်သည် ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်ပစ်ချပြီး မီးဖိုဆောင်ထဲတွင်ရှိနေသော အမေ့ဆီ လာခဲ့သည်။ မီးဖိုဆောင်နှင့် အိမ်သည် သီးခြားစီရှိသောကြောင့် အိမ်ပေါ်က ဆင်းပြီးမှ မီးဖိုဆောင်သို့ရောက်ပါသည်။
မီးဖိုဆောင်သို့ရောက်သည့်အခါ အပေါက်၀တွင် ဧရာမစျေးခြင်း တောင်းကြီးကိုချပြီး ခြေပစ်လက်ပစ်ထိုင်နေသော အမေ့ကို မြင်ရပါသည်။
အမေသည် စျေးခြင်းတောင်းကြီး၏ဘေးတွင် ထိုင်ကာ ရွက်လာသော ခေါင်းခုနဲ့ တဒီးဒီးကျနေသည့်ချွေးများကို ခပ်ကြမ်းကြမ်းသုပ်နေသည်။ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီမစီးပဲ မိုင်၀က်လောက်ဝေးသောခရီးကို ခြေကျင်လျှောက်လာ ဟန် တူပါသည်။ တယ်လည်း ပြေရခက်သည့်အမေပါပင်။ သားသမီးများ အတွက်ဆို မည်မျှပင်ကုန်ကုန် မငြီးညူတတ်သော အမေသည် မိမိအတွက် ဆိုပါမူ တစ်ပြားတစ်ကျပ်မှအစ အရာရာ ချွေတာလွန်းလှသည်။
ကျွန်တော်တို့သာ အလိုက်သတိ မဆင်ပေးပါက အမေသည် သူ့ အတွက် အင်္ကျီ တစ်ထည်၀ယ်ဖို့ သတိမရသလို၊ ဟောင်းလောင်းဖြစ်နေသည့် နားပေါက်ကိုလည်းဖာထေးဖို့သတိရမည်မဟုတ်ပါ။ အဖေကတော့ အနေအေးသူပီပီ အမေဘာလုပ်လုပ် ဘယ်လိုနေနေ ထူးပြီးစောဒကတက် လေ့မရှိပါ။ ထိုသို့အရာအရာချွေတာတတ်အောင်လည်း နှစ်ရှည်လများ ပင်ပန်း ဆင်းရဲစွာရှာဖွေရုန်းကန်ခဲ့ရသည့် လောကဓံက အမေ့ကိုသင်ပေးသွားခြင်းဖြစ် ပေမည်။
အမေနှင့်အဖေ နှစ်ယောက်စလုံးသည် အတန်းပညာတတ်သူများ မဟုတ်ကြပါ။ အောက်ခြေလူတန်းစား ရပ်ကွက်သူ၊ ရပ်ကွက်သားများပီပီ အချိန်တန်အရွယ်ရောက်သည့်အခါ တစ်အိုးတစ်အိမ်ထူထောင်လို့ ဘ၀ကို တစ်က စခဲ့သူများဖြစ်သည်။ အမေနှင့်အဖေ့ အကြောင်းကိုပြောပါဆိုလျှင် ထွေထွေထူးထူး ဖွဲ့နွဲ့သီကုံးစရာမရှိပါ။
နှစ်ဦးသားတစ်အိုးတစ်အိမ်တည်ထောင်ပြီးအချိန်တွင် အမေနှင့်အဖေ သည် အညာက ထန်းလျက်ခဲ၊ ဇီးထန်းလျက်၊ ပေါက်ပေါက်ဆုပ်၊ ပုန်းရေကြီး၊ လက်သုပ်ပဝါနှင့် အညာစောင်များစသည့် အညာဒေသထွက်ပစ္စည်းများကို ထန်းခေါက်တောင်းကြီးနှင့် စက်ဘီးနောက်ဘယ်ညာချိတ်ကာ ရပ်ကွက်အနှံ့ လိုက်ရောင်းသည့် အသေးစားကုန်သည်လုပ်သည်။
ဧရာမ ယောင်္ကျားစီးစက်ဘီးအမြင့်ကြီး၏ ရှေ့လက်ကိုင်ဘယ်ညာမှာ ထန်းခေါက်တောင်းကြီးကို ချိတ်သည့်အပြင်၊ နောက်တွင်လည်း ဧရာမ ခြင်းတောင်းကြီး နှစ်လုံးကိုထန်းပိုးနဲ့ တွယ်ကာ ဘယ်ညာချိတ်ထား၏။ ထို့ပြင် နောက်က ထိုင်ခုံတွင် အမေက ထိုင်လိုက်တတ်ပါသေးသည်။
ကျွန်တော် မှတ်မိသလောက် ကျွန်တော်ငယ်ငယ်က အဖေနှင့် အမေအရွယ်ကောင်းစဉ်ပုံစံကပင်အမေနှင့်အဖေသည် ထည်ထည်ဝါ၀ါမရှိလှပါ။ အမေနှင့်အဖေတို့၏ ရုပ်ရည်များသည် သာမာန်ရွက်ကြမ်းရေကျိုလောက် ရှိသော်လည်း နေပူထဲ သွားလာရလွန်းသောကြောင့် မျက်နှာတို့နေလောင်ကာ အစဉ်အမြဲညိုသမ်းလျက်ရှိသည်။
အဖေက အညာဒေသထွက် အနက်ရောင်ဖလန်ထည် လက်ရှည် အကွက်ကို၀တ်ကာ လျှာဝိုင်းဦးထုပ်လေးအမြဲဆောင်းလေ့ရှိသည်။ အနက်ရောင်အင်္ကျီလက်ရှည်သည် နေထိ၊ရေထိပါများသောကြောင့် အကွက်များပင်ပျောက်လုလုဖြစ်သည်။ အရောင်မထွက်တော့သည့် နီညိုရောင်ပုဆိုးကို ဒူးလောက်ထိတိုအောင်၀တ်ပြီး စက်ဘီးနင်းလေ့ရှိသော အဖေ့ခြေသလုံးတို့သည် မည်းပြောင်လို့နေသည်။ ညစ်ထပ်ကာ ဂျီးအလိပ်လိပ်တက်နေသော မျက်နှာသုပ်တဘက်ငယ်လေးကို အဖေ့ ပုခုံးထက်တွင် ချွေးသုပ်ရန်အမြဲတင်ထားလေ့ရှိသည်။ အနေအေးသူပီပီစကား သိပ်မပြောသောအဖေသည် အမေစျေးရောင်းသွားရာနေရာမှန်သမျှကို စက်ဘီး နှင့် မငြီးမညူ နင်းပို့ပေးလေ့ရှိပါသည်။
အမေကတော့ စျေးသည်ပီပီ အပြောကောင်းသည့်အပြင် ခပ်သွက်သွက် ခပ်စွာစွာဖြစ်သည်။ အမေသည် အသံကျယ်သူထဲလည်း ပါပါသည်။ အပြောကြွယ်သည့်အပြင် အပေါင်းသင်းဆန့်လွန်းသောကြောင့် အမေ့ထံ စျေးတစ်ခေါက် ၀ယ်ဖူးသူတိုင်းသည် အမေ့ဖောက်သည်ဖြစ်သွားစမြဲ ဖြစ်ပါသည်။
အမေက အနည်းငယ်ပိန်လှီပါသည်။ အသံနှင့်လူနှင့်မလိုက်အောင် အသံစွာကျယ်သလောက် လူက သေးလွန်းသည်။ ရေလျှော်ပါများ၍ ပျော့အိနေသော ပါတိတ်ထဘီ နီညိုရောင်ကိုအမြဲ၀တ်လေ့ရှိပြီး၊ အဖေ့ကဲသို့ ဖလံထည်အကျီင်္လက်ရှည်ကို အပေါ်က အမြဲထပ်၀တ်လေ့ရှိသည်။ အိမ်ကအထွက်တွင် ခမောက်ဝိုင်းကြီးကို ဆောင်းတတ်သော်လည်း ထိုခမောက်ဝိုင်းကြီးသည် အမေ့ခေါင်းပေါ်တွင်ကြာကြာမနေရပါ။ အမေသည် ခမောက်ဝိုင်းကြီးကို ယက်ခပ်လျှင်ခပ်၊ မခပ်လျှက် လည်ပင်းတွင် ခမောက်ကြိုးကိုချည်ကာ နောက်သို့အမြဲလှန်ချထားတတ်ပါသည်။
ထို့ကြောင့်အမေ့မျက်နှာ နေလောင်လွန်းပြီး ညိုသမ်းနေကာ ဆီမတွေ့ရသော ဆံပင်တို့သည်လည်း နီကျင်ခြောက်ကျွတ်ကာ လိမ်ကောက်လျက်ရှိပါသည်။
အမေနှင့်အဖေသည် ထိုသို့ပင်ပန်းကြီးစွာလုပ်ကိုင်ရှာဖွေရသော်လည်း ကျွန်တော်တို့မောင်နှမသုံးယောက်ကိုတော့ အရာရာပြည့်စုံအောင်ထားပေး ကြသူများဖြစ်သည်။ ကျွန်တော်တို့မောင်နှမ သုံးယောက်မှာ အကြီးဆုံးက အစ်မ ဖြစ်ပြီး အလတ်က အစ်ကိုနှင့် အငယ်က ကျွန်တော်ဖြစ်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် နှစ် နှစ်သာ ကွာကြသည့် မတိမ်းမယိုင်း အရွယ်များ ဖြစ်ကြပါသည်။
အမေနှင့်အဖေသည် ကိုယ်တိုင်အ၀တ်စားမဆင်ယင်ကြသော်လည်း ကျွန်တော်တို့မောင်နှမ သုံးယောက်ကိုမူ အရောင်သွေးစုံသည့် အညာဖျင်ကြမ်းအကျီ လေးတွေကို မကြာခဏဆိုသလို၀ယ်လာ ပေးလေ့ရှိ သည်။ ရထားဖြင့် အညာသို့ဆင်းကာ ပစ္စည်းသွား၀ယ်တိုင်းကျွန်တော်တို့ အတွက် အ၀တ်စားသစ်များပါလာစမြဲဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ အမေနှင့်အဖေ၏ ကြိုစားမူကြောင့် အိမ်၏ စီးပွားရေးမှာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး အစ်ကိုနှင့်အစ်မတို့ တက္ကသိုလ် ရောက်သည့်အချိန် ကျွန်တော်ဆယ်တန်းအောင်သည့်အချိန်တွင် အမေနှင့် အဖေသည် မြို့မစျေးထဲတွင် အညာဒေသထွက်ပစ္စည်းဆိုင်လေး ပိုင်ဆိုင်ခဲ့ ပါသည်။
ယခုအခါတွင်တော့ အမေနှင့်အဖေသည်အသက်အရွယ်ရလာသည်နှင့် အမျှ အရင်လိုဆိုင်အလုပ်ကိုမလုပ်နိုင်တော့ ပါ။ မြို့မစျေးတွင် ပိုင်ဆိုင်သော ဆိုင်လေးကို တစ်ခြားသူထံ ငှားရမ်းပြီး ထိုဆိုင်မှ ရသည့် ငှားရမ်းခအပြင် အိမ်ထောင်ကျသွားသည့် အစ်ကိုနှင့်အစ်မ ၏လစဉ်ထောက်ပံ့မူ၊ ကျွန်တော်၏ ဘဏ်၀န်ထမ်းလစာနှင့်ပင် အဆင်ပြေပြေအေးအေးချမ်းချမ်းနေထိုင် စားသောက် နိုင်ပြီဖြစ်ပါသည်။
သို့သော်လည်း အမေသည် ငယ်ငယ်ကတည်းက အလုပ်နှင့် လက်မပြတ်လုပ်လာသူဖြစ်သောကြောင့် နားနားနေနေ သိပ်မနေတတ်ပါ။ မနက် လေးနာရီလောက်တွင်ထပြီး ဆွမ်းထချက်ခြင်း၊ အိမ်မူကိစ္စလုပ်ခြင်းများ ကို လုပ်ကိုင်လေ့ရှိသည်။ အိမ်ရှေ့တွင် ဆွမ်းခံဖြတ်သော ရပ်ကွက်အသီးသီးက ဘုန်းကြီးကျောင်းပေါင်းစုံကျောင်းများ အားလုံးကို တစ်ကျောင်းမကျန် အမြဲမပြတ် အမေဆွမ်းလောင်းလေ့ရှိသည်။ ထိုသို့ဆွမ်းလောင်းရန်အတွက်ကို စျေးသို့သွားကာ တစ်ပတ်စာအတွက် အခြောက်အခြမ်း ဟင်းချက်စရာများ ၀ယ်ခြမ်းလေ့ရှိသည်။
ကျွန်တော်ရုံးပိတ်သော ယနေ့ တနင်္ဂနွနေ့မနက်သည်လည်း ကျွန်တော်နိုးသည့်အချိန်ကိုပင်မစောင့်၊ အမေ အစောကြီးစျေးသို့သွားပြီး ပြန်လာခြင်းဖြစ်ပါသည်။
ကျွန်တော်မီးဖိုဆောင်ရှေ့ရောက်တော့ အမေသည် ကျွန်တော့်ကို မော့ကြည့်လာပါသည်။ အမေ့မျက်နှာတစ်ခုလုံး ချွေးတွေကြောင့် နီရဲလို့နေ၏ ။ ခြွေးတွေရွှဲပြီး ၀တ်ထားသည် ခပ်ပါးပါး အင်္ကျီ အဖြူက ကျောမှာကပ်လို့ နေသည်။မျက်နှာပေါ် ဖရိုဖရဲဝဲကျနေသည့် နီကျင်ကျင်ဆံပင်များကို လက်နဲ့ ခပ်ကြမ်းကြမ်းသပ်ရင်း ပါးစပ်ကလည်း ဆီမန်းမန်းနေသလို တတွတ်တွတ် နဲ့ ရွတ်လို့ကောင်းတုန်းဖြစ်၏။
“အမေရယ်။ တစ်ယောက်တည်းအသံကိုစွာနေတာပဲ။ ဘယ်သူနဲ့ ဘာဖြစ်လာ လို့လဲ။”
ကျွန်တော့်စကားကြားသည့်အခါ အမေသည် ခေါင်းခု ပုဆိုးကို ကြမ်းပြင်ပေါ်ပစ်ချပြီး ကိုယ်ဟန်ကိုပြင်ကာ မာန်ပါပါပြောပါသည်။
“ဘယ်သူ ရှိရမလဲအေ။ နင့်ကိုလေးပေါ့။ ငါ့မှာတော့လေ… ငါသားလေးကို မတွေ့ရတာကြာပြီးဆိုပြီး ဒင်းပြန်လာမယ် သတင်းကြား ကတည်းက အိပ်တာင်မပျော်ဘူး။ ဒီမနက်လည်း ကားဂိတ်တောင် မဖွင့်သေးခင် ရန်ကုန်ကားဂိတ်မှာ ဒင်းကိုသွားစောင့်နေတာပါ..။ ရောက်လာတော့ ငုတ်တုတ်ကြီး ထိုင်စောင့်နေတဲ့ အမေ့အိမ်ကို မလိုက်ပဲလာကြိုတဲ့ မိန်းမ နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလေရဲ့။ တကတည်း ငါ့ရင်ကို ဖနောင့်နဲ့ဆောင့်ကန်လိုက်သလိုပဲ။
ပြီးတော့ပြောလိုက်သေးတယ်။ မနက်ဖြန် ရန်ကုန်ပြန်ဆင်းမှာမို့ နောက်တစ်လမှပဲ အိမ်ကိုပြန်လာတော့မယ် အမေတဲ့….။
ဒီနေ့တနေကုန်ကြီး အားနေတာတောင် အမေ့အိမ်မလာပဲ ယောက္ခမ အိမ်မှာ အချိန်ကုန်မယ်ပေါ့…။ ဟောဒီက၀မ်းနဲ့လွယ်ပြီးမွေးထားတဲ့အမေကို မချစ်ပဲ ယောက္ခမနှင့်မိန်းမကို ပိုချစ်နေတယ်လေ။ တယ်လည်း မွေးရကျိုးနပ်တဲ့သားပါ…။ မွေးထားတာ ၀မ်းစပ်ပါရဲ့။ ငါကအမေပါအေ…။ ငါ့ကိုတော့ ယောက္ခမတွေ ၊ မိန်းမတွေထက် အဖက်လုပ်သင့်တာပေါ့။”
ဒေါသများဖြင့် ပြောရင်း မျက်ဝန်းအိမ်မှာမျက်ရည်တွေ ရစ်သိုင်းလာ သည်။ ကိုလေး အိမ်ကိုလိုက်မလာသောကြောင့်အတော်လေး စိတ်မကောင်း ဖြစ်နေဟန်တူ၏။
“အမေရယ်…. ကိုလေးအကြောင်းလည်းအမေသိနေရဲ့သားနဲ့..။ တကယ်ပဲ အချိန်မရလို့နေမှာပေါ့အမေရယ်…။”
“သိပါ့တော်…ငါတို့က ဆင်းရဲတာကိုး ။ငါတို့က သူ့ယောက္ခလို တိုက်တွေ ကားတွေ အဲကွန်းတွေနဲ့မှ မနေနိုင်တာတော်…..။ ဘယ်လာချင် ပါ့မလဲ။”
အမေသည် ပြောရင်းငိုသံစွက်လာကာ နီကျင်ကျင် မျက်ဝန်းအစုံကနေ မျက်ရည်စက်များ အပြေးအလွှား ခုန်ဆင်းလာသည်။ ပြောနေရင်းမှသည် နဖူးကချွေးများနှင့် မျက်ရည်စတို့ကို ခေါင်းခုပုဆိုးစနဲ့ ထပ်ခါထပ်ခါသုပ်ရင်း တရွှတ်ရွှတ်နဲ့အသံထွက် ငိုလာ၏။ ကျွန်တော်သည် စိတ်မကောင်းဖြစ်ကာ သက်တစ်ချက်ကို ဟင်းခနဲချမိလိုက်ပါသည်။
အမေသည် တခြားနေရာများတွင် လောကဓံကို ကြံကြံခံနိုင်သလောက် သားသမီးနှင့်ပတ်သက်လာလျှင် အသည်းနုလွန်းသူဖြစ်ပါသည်။ သားသမီးနှင့် ပတ်သက်လာလျှင် ခံစားလွယ်သည်။ ထိခိုက်လွယ်သည်။ တစ်လောကပင် အစ်မဖြစ်သူ အိမ်မလာတာ သုံးလလောက်ရှိသွားပြီဖြစ်သောကြောင့် အားအား မအားအား အိမ်ကိုလာခဲ့ဖို့ ဖုန်းဆက်ခေါ်နေတာ ကျွန်တော်ကြားခဲ့သည်။
အစ်မက ကျွန်တော်တို့နှင့် သိပ်မဝေးလှသောနေရာတွင်နေ သောကြောင့် အမေဖုန်းဆက်ခေါ်သည့်အခါ ရောက်ရောက်လာတတ် သော်လည်း ကိုလေးကတော့ ထိုသို့မဟုတ်ပါ။ ပြန်လာရန်ဝေးသည်က တစ်ကြောင်း၊ အိမ်ကိုသိပ်မခင်တွယ်သည်ကတစ်ကြောင်းတို့ကြောင့် တစ်နှစ် တစ်ခေါက်လောက်သာ ပြန်လာတတ်သည်။ ထိုအချိန်များတွင်လည်း အိမ်တွင်အိပ်လေ့မရှိ။ ယောက္ခအိမ်တွင်သာ အိပ်လေ့ ရှိပါသည်။
ယခုသည်လည်း ကိုလေးပြန်လာသည်ကို ကျွန်တော်တို့မသိပါ။ အမေက နှံ့နှံ့စပ်စပ်ရှိသူပီပီ ဘယ်က သတင်းကြားခဲ့ပြီး ကိုလေးပြန်လာသည်ကို သိသွားခဲ့သည်မသိ။ ကျွန်တော်အိပ်ရာနိုးချိန်ကိုပင်မစောင့်နိုင်ပဲ ကိုလေးကို တွေ့ရန်အစောကြီးကားဂိတ်တွင်သွားစောင့်နေဟန်ဖြစ်ပါသည်။
“ငါကအမေပဲအေ… သားသမီးတွေကိုမျှော်တာပေါ့။ ဒင်းတို့က ပိုက်ဆံပို့ပေးရင်ပြီးပြီထင်နေကြတာ။ တကယ်တော့ သင်းတို့ပိုက်ဆံကို ငါမမျှော်ပါဘူး။ ဘယ်အချိန်သေမယ်မှန်းမသိတဲ့ ငါတို့လို အိုသည်း အိုမတွေအတွက် ပိုက်ဆံလည်း အဲလောက်ထိမလိုတော့ပါဘူး။ ဒင်းတို့ ပိုက်ဆံံပို့ပို့ မပို့ပို့ ငါတို့ရှာစုဆောင်းထားတဲ့ပိုက်ဆံနှင့် ငါတို့အဖိုးအဖွားကြီး နှစ်ယောက်လှူတန်းစားသောက်သွားလို့ရပါတယ်။ ခုတော့ ပိုက်ဆံပေးပြီး တာ၀န်ကျေပြီ တွက်ထားကြတာကို ၀မ်းနည်းလွန်းလို့ပါအေ။ တကယ်ပြောရရင် ငါတို့ပိုက်ဆံ မလိုပါဘူး။ ငါတို့လိုတာ မေတ္တာပါ။”
အမေက ပြောရင်းတအိအိရှိုက်သံပင်ထွက်လာသည်။ ကျွန်တော်သည် မနေတတ်တော့သည်နှင့် အမေ့ကို နှစ်သိမ့်ရန် စကားလွှဲရတော့သည်။
“အမေရယ်…။ ဟောဒီမှာ အမေ့သားငယ်ရှိတယ်လေ။ အမေက အတူရှိနေတဲ့ သားကိုကျ မသိသလိုနဲ့ မရှိတဲ့ သားသမီးတွေကို သတိရ နေတော့တာပဲ။ သားတစ်ယောက်ရှိနေတာပဲ ရပြီမဟုတ်ဘူးလားအမေရဲ့။”
ကျွန်တော့်စကားကြားသည့်အခါ အမေသည့် နီရဲစိုစွတ်နေသည့် မျက်၀န်းများဖြင့် ကျွန်တော့်ကိုလှမ်းကြည့်သည်။ ပါးရေ နားရေတွန့်ကာ နားထင်စပ်က ဆံပင်များဖြူနေသည့် အသက် (၆၀) ကျော်အရွယ်အမေသည် အသက်နှင့်မလိုက်အောင် အိုစာလှပါသည်။ ငယ်ငယ်က ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရသောကြောင့် အရွယ်ကျမြန်ခြင်းဖြစ်ဟန်တူ၏။ သို့သော်… ကျွန်တော်အားကြည့်နေသော အမေ့မျက်၀န်းတို့သည် လတ်ဆတ်ကာ ကလေးငယ်တစ်ဦးလို အပြစ်ကင်းလွန်းလှပါသည်။
“မိဘဆိုတာ …။ သားသမီးသုံးယောက်မွေးထားရင် သုံးယောက်လုံး အတွက်ရင်ထဲမှာ နေရာရှိတယ်ဟဲ့။ ဆယ်ယောက်မွေးထားရင် ဆယ်ယောက်လုံးအတွက်နေရာရှိပြီးသား။ သားကြီးနေရာကို သားငယ်အစား ထိုးလို့မရသလို သားငယ်နေရာကိုလည်း သမီးကို အစားထိုးလို့မရဘူးအေ့။ ရင်ထဲမှာ သူ့ကွက်လပ်နဲ့သူပဲ။ သူ့ကွက်လပ်နေရာမှာ သူပဲ ဖြည့်မှ ပြည့်တယ်လို့ခံစားရတာ။ နင်တို့တွေမိဘနေရာရောက်မှသိလိမ့်မယ်။”
“ကဲပါ အမေရယ်။ အဲဒါတွေ ထားလိုက်တော့။ အမလေး ကြည့်စမ်းပါဦး ငါတို့အမေက ကလေးလေးလိုပဲ လိုချင်တာမရရင် ငိုနေရော။ ဘာတွေ၀ယ်လာတာလဲ စျေးခြင်းတောင်းကြီးကလည်းအပြည့်။ ဆိုင်ကယ် ကယ်ရီလေးဘာလေးစီးပါအမေရဲ့။ နေပူရတဲ့အထဲ ဒီခြင်းတောင်းအလေးကြီး နဲ့။”
“ကယ်ရီစီးဖို့မေ့သွားတာပါအေ။ တမင်သက်သက်မစီးတာ မဟုတ်ပါဘူး။ နင့်ကိုလေး ငါ့ကိုစိတ်ဒဏ်ရာတွေ ပေးလိုက်တာ။ ငါအကုန် မေ့ရော။”
“ဖြစ်ရမယ်အမေနဲ့တော့။ စျေးသုံးလာတာအများကြီးပဲ အသား တွေရော အများကြီး။ ရှိတာမှ သုံးယောက်တည်း ဘယ်လိုလုပ်စားမလဲအမေရဲ့ အများကြီး၀ယ်လာတာ။”
“နင့်ကိုလေး လင်မယားလိုက်မယ်အထင်နဲ့ ၀ယ်ထားတာပါအေ။ မလိုက်တော့လည်း ချက်ကျွေးရလွှတ်တာပေါ့။ ဆာနေတဲ့ခွေးတွေကျွေးလည်း ကုသိုလ်ရတာပဲ။နောက်တစ်ခါ အိမ်လာလို့ အမေရေ ဗိုက်ဆာတယ် လာလုပ်ကြည့် ဆားဘူးပစ်ပေးလိုက်ရုံပဲ ဆားနဲ့ပဲစားပါစေ။
ငါဆုံးဖြတ်ထားပြီ သိလားသားငယ်။ နင့်ကိုလေး ဒီနေ့ချိုးတဲ့အချိုးက ငါ့ကို စော်ကားလိုက်တာပဲ။ နောက်တစ်ခါ ဘာမှချက်မကျွေးတော့ဘူး။ ဒီတစ်ခါ အမေရေ ထမင်းစားမကောင်းလို့ ဟင်းအကြော်ဘူးလေး လုပ်ပေးပါဦးလို့ ဖုန်းဆက်လှမ်းမှာကြည့် နင့်ယောက္ခမကိုလုပ်ခိုင်းလို့ပြောလိုက်မှာ။”
“ဟား..ဟား ကြွေးကြော်သံကြီးကလည်း အမေရယ်။ ဟုတ်တာလည်း မဟုတ်ဘူး။”
“မယုံရင်စောင့်ကြည့်ပါအေ။ ဒီတစ်ခါလုံး၀ပဲ ”
“ဟုတ်ပါပြီအမေရယ် ဟုတ်ပါပြီ။”
ကျွန်တော်သည် ကလေးငယ်တစ်ဦးတဖွယ် ပြောဆိုနေသည့်အမေ့ကို ကြည့်ရင်း အမေ့အတွက်စိတ်မကောင်းဖြစ်နေမူများလွှင့်စင်ကာ ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရပါသည်။
*
ရှမ်းပြည်၏ဆောင်းမနက်ခင်းသည်အရိုးအက်မတတ်စိမ့်နေအောင် အေးတတ်သော်လည်း တစ်ခါတလေ နေ့ခင်းဘက်တွင် အရိုးကွဲအောင် ပူတတ်ပါသည်။ သစ်ပင်များကိုအဆမတန်ခုတ်ကာ သစ်များထုတ်ယူ ရောင်းစားနေသောကြောင့်ရှမ်းပြည်၏ရာသီဥတုသည်ကား ခုနှစ်ပိုင်းကာလတွင် သိသိသာသာပြောင်းလဲခဲ့ရပြီ။ ကျွန်တော်တို့ငယ်စဉ် လွန်ခဲ့သော (၁၅) နှစ်လောက်ကာလနှင့်ပင်မတူတော့ပဲ ရှမ်းပြည်သည် ရာသီဥတုသိသိသာသာ ကြမ်းလာခဲ့သည်။အေးသည့်အခါ ရေခဲသည်အထိအေးတတ်ပြီး ပူသည့်အခါ လည်း နေထိုင်မရအောင်ပူလေ့ရှိသည်။ ရှမ်းပြည်၏အထင်ကရအင်းလေးကန် သည်ပင် တပေါင်း၊ တန်ခူးလများတွင် ရေခန်းစပြုခဲ့သည်ပင်မဟုတ်ပါလား။
တချို့ဆောင်းကာလတွင် နှင်းခါးများအဆမတန်ကျဆင်းပြီး စိုက်ပျိုး သီးနှံများ သေဆုံးတတ်သည်။ နှင်းခါးဆိုသည်ကား စိုက်ပျိုးရေးသမားများ အတွက် အလွန်တရာဒုက္ခပေးသောအရာတစ်ခုဖြစ်ပါသည်။ နှင်းခါးမိသော အပင်များ၏ အရွက်များသည် တစ်ရက်အတွင်း မီးလောင်ကျွမ်း ထားသကဲ့သို့ ခြောက်ကျွတ်ကုန်တတ်သည်။ ရာသီသီးနှံများဖြစ်သည့် ပဲစင်းငုံ၊ ကုလားပဲ၊ မြေပဲ ၊ နှမ်းပန်း(ဒေသခေါ်ပန်းနန်းပင်) များအပြင် သရက်ပင်၊ ငှက်ပျောပင်၊ သဘောင်္ပင်များဖြစ်သည့်အပင်ကြီးများအထိပါ နှင်းခါးဒဏ်ကို ခံနိုင်ရည်မရှိကြပါ။ သီးခါစ အသီးနှံများသည် နှင်းခါးမိသည့်အခါ အဆံမအောင် ဖြစ်တတ်ပြီး ၊ အပင်ကြီးများပါ ဖွံ့ဖြိုးကြီးထွားမူအား ယုတ်လျော့ သွားတတ်ပါ သည်။ တချို့ရေပေါသောစိုက်ခင်းများတွင် တောင်သူများသည် နှင်းခါးဒဏ်ကို ကာကွယ်ရန်အတွက် နှင်းခါးကျနိုင်မည့် အလွန်တရာအေးသောညများတွင် သီးနှံစိုက်ခင်းပတ်လည်တွင် ရေသွင်းထားကြလေ့ရှိသည်။ ထိုရေမှ အအေးဒဏ်ကြောင့် အပေါ်သို့ပျံတက်သော ရေငွေ့များသည်ကား နှင်းခါး များကို ခြေဖျက်ကာကွယ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။
ရာသီဥတုဆိုးသွမ်းလာမူမှာ နွေရာသီနှင့် မိုးရာသီများလည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ မိုးရာသီတွင် တစ်ခါတလေ မိုးဦးကာလသည် ဇူလှိုင်လကုန်သည်အထိပင်မရွာသွန်းပဲရှိနေသည်။ တစ်ခါတစ်လေတွင်မူ ဧပြီလလောက် ကပင်မိုးများသည်းထန်စွာရွာပြီး မိုးနှောင်ကာလတွင် စောစီးစွာမိုးတွေဆုတ်ခွာသွားလေ့ရှိသည်။ ထိုသို့ရာသီဥတုမမှန်ခြင်း ကြောင့် ရှမ်းပြည်နေစိုက်ပျိုးရေးတောင်သူများအဖို့ သီးနှံများ များစွာအရှုံးပေါ်ပြီး ၊ ၀င်ငွေနည်းပါးကာ လူနေမူအဆင့်တန်းမှာ နိမ့်သထက်နိမ့်ပါးလာ ကြသည်။
တွေးကြည့်တိုင်းအဓိက တရားခံတို့သည် သစ်တောများပြုန်းတီးအောင် ခုတ်ထွင်ရောင်းစားနေသူများကြောင့်သာဖြစ်ပါသည်။ လူကြီးသုံးယောက် ဖက်စာလောက်ရှိသည့် သစ်လုံးကြီးများတင်ဆောင်လာသော သစ်ကားများနှင့် ဘောလုံးကွင်း သုံးကွင်းစာလောက်ကျယ်သော သစ်လုံးများ ပုံထားသည့် သစ်ကွင်းများကို နေထိုင်ရာမြို့တွင်ငယ်ငယ်ကတည်းက တွေ့နေကြဖြစ်သော ကြောင့် သတိမထားမိခဲ့သော်လည်း ယခုလိုအသက်ရွယ်ကြီးလာပြီး အသိပညာကြွယ်လာသည့်အခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၏ အဓိက အကျိုးဆက်သည် သစ်တောများပြုန်းတီးခြင်းကြောင့်ဖြစ်သည်ဟုနားလည် သိရှိလာသည့်အခါ သစ်ခုတ်သော ခရိုနီများအား စိတ်ထဲကနေ မေတ္တာအကြိမ်ကြိမ်ပို့ ကျိန်ဆဲမိသည်။
ထို့ကြောင့် ကျွန်တော်တို့နေထိုင်ရာမြို့တွင် ကျိကျိတက်ချမ်းသာကြသော သစ်လုပ်ငန်းရှင်ခရိုနီများကို တစ်ဘ၀စံများဟုခေါ်ကြ၏။ တစ်ဘ၀စာသာ ကောင်းစားပြီး ဘ၀အဆက်ဆက် ဆိုးကျိုးနဲ့ကြုံမည့်သူများဟု ပြောဆိုကြလေ့ ရှိပါသည်။
“သားငယ်။ သားငယ်။ ထ.. ထ ငါ့သားရေ ထတော့။”
တစ်ယောက်တည်းအေးအေးနဲ့ အိပ်ယာထဲတွင် တောင်တွေး မြောက်တွေး လျှောက်တွေးနေရာက အမေလှုပ်နိုးမူကြောင့် အတွေးစများ ပျောက်ပျက်သွားရသည်။ အတင်းလှုပ်နိုးနေမူကြောင့် ခေါင်းမှီးတင်းနေအောင် ခြုံထားသောစောင်အားခွာကာ ထထိုင်လိုက်မိသည်။ စောင်ခွာချလိုက်သည်နှင့် အေးလွန်းသည့်တန်ကြောင့် ခိုက်ခိုက်တုန်နေ၏။
အမေကတော့ အနွေးဦးထုပ်ကြီးကိုဆောင်းကာ ဧရာမ အနွေးထည်ကြီး၀တ်လျက် မီးဖို့ဆောင်ဘက်ပြန်ဆင်းသွားသည်။ အဖေကတော့ အိမ်ရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လှမ်းလျှောက်နေသည်ကို ကျဆင်းနေသော နှင်းမှုန်များကြားလှမ်းမြင်နေရသည်။
ကျွန်တော်သည် အိပ်ချင်မူးတူးဖြင့် အမေရှိရာမီးဖိုဆောင်သို့ဆင်းခဲ့၏။ အချိန်ကား မနက် ၆နာရီလောက်သာရှိပါသေးသည်။
မီးဖိုဆောင်ထဲရောက်သည့်အခါ အမေထုတ်ပိုးထားသည့် ဘူးကြီး ဘူးငယ်အသွယ်သွယ်တို့ကို ကြည့်ပြီး ကျွန်တော်အံ့သြသွားသည်။ ဘူးများမှာ စုစုပေါင်း ၁၀ ဘူးလောက်ရှိပါသည်။ ထိုများပြားလှသော ဘူးကြီးဘူးငယ် အသွယ်သွယ်တို့တွင် ဟင်းအကြော်အလှော်များ ထည့်ထား၏။ အမေသည် ဤမျှအေးသော ဆောင်းမနက်ခင်းတွင် ဘယ်အချိန်ကတည်းက ထ၍ ဤ ဟင်းဘူးများအား ထလုပ်ထားသည်မသိပါ။
“ဟင်။ အမေတို့အစောကြီး အေးကအေးနဲ့ ဘာတွေထလုပ်ထား တာလဲ။ဟင်းဘူးတွေမဟုတ်လား။ ဘာလုပ်ဖို့လဲ အမေရယ်။ အေးကအေးနဲ့ အစောကြီးလေဖြတ်နေမှဖြင့်။ ဘယ်သူအတွက်လဲ ဒီဟင်းဘူးတွေက”
ကျွန်တော့်စကားကြားသည့်အခါ အမေအတော်နဲ့ မဖြေသေးပါ။ပြီးမှ ကော်ဖီမှုန့်ထည့်ထားသည့် ဖန်ခွက်ထဲ အငွေ့တထောင်းထောင်းထနေသည့် ရေနွေးအားလောင်းထည့်ရင်းပြောပါသည်။
“ဘယ်သူအတွက်ရှိရမလဲအေ။ နင့်ကိုလေးအတွက်ပေါ့။ ဒီနေ့ မနက်အစောကားနဲ့ ရန်ကုန်ပြန်မှာတဲ့။ သူမိန်းမ က ဒီတစ်ခေါက်ရန်ကုန် မလိုက်သွားဘူးပြောနေတယ်။ ဟိုမှာတစ်ယောက်တည်း အစားအသောက် မမှန်မှာစိုးလို့ သူကြိုက်တတ်တဲ့ ဟင်းကြော်ဘူးတွေနှင့် လက်ဖက်တွေ၊ ပဲကြော်တွေ။ ငပိကြော်ဘူးတွေပေါ့။ ငါ့ကိုသာ အမေလို့ အသိမှတ်မပြုတာ ငါကတော့ ဒင်းအပေါ်စေတနာမပျက်ပါဘူး။ သူခင်တွယ်နေတဲ့ သူ့မိန်းမနှင့် သူ့ယောက္ခမများငါ့လို လုပ်ပေးဦးမယ်အားကြီး။ ”
အမေ့စကားကြားပြီး ကျွန်တော်ပြုံးသွားမိသည်။ မနေ့က ကိုလေးကို တသက်လုံး ဟင်းမချက်ကျွေးတော့ဟု ကြွေးကြော်ထားသောအမေ့ ကျွေးကြော်သံသည်တစ်ရက်ပင်မခံလိုက်ပါ။ ကျွန်တော်ပြုံးကာစိုက်ကြည့် နေသည်ကိုတွေ့သွာသည့်အခါ အမေသည် မနေ့က ပြောခဲ့သည့်စကားများ ကြောင့်ရှက်နေဟန်တူ၏။ ကျွန်တော့်ကို ရှက်စနိုးနှင့်ကြည့်ကာ အသာ လှမ်းရိုက်ပြီး ပြောလာသည်။
“ဘာကြည့်နေတာလဲ။ မျက်နှာသွားသစ်၊ ဒီမှာကော်ဖီရပြီ။ ကော်ဖီ သောက်ပြီးသွားပို့ချည်။ ပြီးရင်ပြောလိုက်ဦး ရန်ကုန်မှာ ရောဂါတွေဖြစ်နေတာ ဂရုစိုက်လို့။အိပ်ရေးဝအောင်အိပ်ပြီးကိုယ်ခံအားကောင်းအောင်နေလို့။ အစား အသောက်ကိုမှန်မှန်စားလို့။ ဟင်းဘူးတွေကို ရေခဲသေတ္တာထဲ ထည့်ပြီး ကြာကြာစားရအောင် စည်းကမ်းရှိရှိစားလို့။ အမေက မှာတယ်လို့ပြောလိုက်ဦး ကြားလား။”
အမေ့ကိုကြည့်ပြီး ကျွန်တော်သည် စနှောက်ချင်စိတ်ပေါက်လာ သည်နှင့် စနှောက်လိုက်မိသည်။
“မကြားဘူး။ အမေပြောချင်ရင် အမေ့ဘာသာသွားပို့ပြီးပြောပေါ့။ အနီးမှာရှိနေတဲ့သားကိုကျမချစ်ဘူး။ အဝေးက သူ့သားကိုပဲချစ်ပြီး ဂရုစိုက်နေတာ။ သားလည်းအမေ့ကိုမချစ်တော့ဘူး။”
ကျွန်တော့်စကားကြားသည့်အခါ အမေသည်ပြာပြာသလဲ ကျွန်တော့်ကိုကြည့်ကာပြောပါသည်။ ကျွန်တော့်စကားကို အမေသည် အတည် ယုံသွားဟန်တူ၏။
“အမလေး ချစ်ပါတယ်ငါ့သားရယ်။ အမေက ငါ့သားသမီးတွေ အကုန်လုံးကို ညီတူမျှတူချစ်တာပါ။ အမေ့မှာ ပြေးကြည့်မှ ဒီကလေး သုံးယောက်ရှိတာ။ သမီးကြီးကိုရော၊ သားကိုလေးကိုရော၊ ငါ့သားကို ရောချစ်ပါ့။”
“အမေပြောတော့ ကိုလေးကို နောက်တစ်ခါ ဟင်းဘူးတွေမလုပ်ပေး တော့ဘူးဆို၊ အမေ့စကားကလည်း တစ်ရက်တောင်မခံဘူး။”
“ဟဲ့ ငါ့ကအမေကိုးဟဲ့။ ဘယ်လိုစိတ်နဲ့သားသမီးကို ကြာကြာစိတ်ဆိုး လို့ရပါ့မလဲ။ နင်တို့မိဘနေရာရောက်မှ သိမယ်။ တကတည်းပြောကို မပြောချင်ဘူး။ အမေဖြစ်သူက စိတ်ဆိုးလို့ပြောတာကို အဟုတ်ကြီး မှတ်နေကြတာ။ စိတ်ဆိုးလို့ပြောတာဟဲ့ စိတ်ဆိုးလို့ပြောတာသိရဲ့လား။ နင့်ကိုလေးကိုလည်းသွားပြောမနေနဲ့ဦး။ တကယ်ပဲ ဒီခေတ်ကလေးတွေများ ပြောကိုမပြောလိုက်ချင်ဘူး။ အမှန်တကယ်ရင်ထဲကပြောရင် မနာခံတတ်ဘူး။ စိတ်ဆိုးလို့ပြောတာတွေကိုတော့ မှတ်ထားရော။”
တတွတ်တွတ်ရွတ်ကာ ပြောနေသောအမေ့အသံစွာစွာသည် အေးချမ်း သောဆောင်းမနက်ခင်းတွင်လွှင့်ပျံလျက်ရှိ၏။ ကျွန်တော် မျက်နှာသစ်ရာနေရာ ရောက်သည်အထိပင် အမေ့စကားသံ ကြားနေရဆဲဖြစ်သည်။ အမေ့အသံနှင့် အတူ အိမ်ရှေ့တွင် လမ်းလျှောက်ရင်း သဘောကျ စွာရယ်နေသည့် အဖေ့အသံ ကိုပါကြားနေရ၏။
အမေနှင့်အဖေ၏ မေတ္တာများဖြင့်မိုးထားသော အိမ်ကလေးသည် အေးချမ်းသော ဆောင်းမနက်ခင်းအလယ်တွင် အတိုင်းမသိ နွေးထွေးလျက် ရှိနေပါတော့သည်။
(ဤ၀တ္ထုဖြင့် ကျေးဇူးရှင်မိခင်ကြီးအား ဦးခိုက်ကန်တော့ပါသည်။)
စက်တင်ဘာလ၊ ၂၀၂၁။