ကြမ္မာဆိုး(စ/ဆုံး)
—————-
သက်ထား အမည်ရှိသော သူမသည် ဆောက်လုပ်ရေးမှ အင်ဂျင်နီယာကတော် တစ်ဦးဖြစ်သည်။
သူမသည် ရန်ကုန်သူ တစ်ဦးဖြစ်၍ ရုပ်ရည်ရူပကာတင့်တယ်၍ အလွန်အပေးအကမ်းရက်ရောကာ ချစ်ခင်ပွန်း၏ အလိုလိုက်ခြင်းခံရသော သားတစ်ယောက်မိခင်တစ်ဦးလည်းဖြစ်သည်။
ယခုလက်ရှိတွင် ခင်ပွန်းသည်က မန္တလေး ဆောက်လုပ်ရေးကြီးတစ်ခု၌ တာဝန်ကျနေသည်မို့ သူမသည်လည်း ခင်ပွန်းသည်နှင့် အတူ မန္တလေး ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ယာ၌ သားဖြစ်သူ နှင့်အတူ လိုက်ပါရွှေ့ပြောင်းလာလေသည်။
သက်ထားတို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကလေးရှိသောမိသားစုမှာ နှစ်စုသာ ပါဝင်လေသည်။
ကျန်တစ်ဦးမှာ မငယ်ဟူသောအမျိုးသမီးဖြစ်သည်။
ဆောက်လုပ်ရေးဝန်ထမ်းအိမ်ယာတွင် နေထိုင်သူများအားလုံးမှာ ချစ်ခင်ကြင်နာကြကာ စည်းလုံးကြသောကြောင့် ပျော်စရာ အဖွဲ့ အစည်းလေးတစ်ခုအဖြစ် တည်ရှိနေသည်။
သက်ထားတို့ဆောက်လုပ်ရေးမှာ အစိုးရဝန်ထမ်းမဟုတ်ပဲ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်း ဖြစ်သည်။
သက်ထား၏ သူငယ်ချင်း ယမင်းမှာ ထိုကုမ္ပဏီတွင် ငွေကိုင်အရာရှိဖြစ်၍ သက်ထားနှင့်သွားအတူလာအတူ အဝတ်ဝယ်လျှင်ပင် ဆင်တူဝယ်ဝတ်ကြသည်အထိ ချစ်ခင်ကြသူများဖြစ်ကြသည်။
မငယ်၏ ယောက်ျားမှာ ကုမ္ပဏီ၏ အဝယ်တော်ဖြစ်ကာ မငယ်တွင် သားတစ်ယောက် သမီးလေးတစ်ယောက် ရှိလေသည်။
သက်ထားတွင် သားငယ်လေးရှိကာ ကလေးမှာအသက်နှစ်နှစ် ကျော်သော်လည်း စကားမပြောတတ်သေးချေ။
သက်ထားအချိန်တိုင်း စိုးရိမ်သည်က သားလေးဆွံအ နေမည်ကိုပင်။
မငယ်၏သားကြီးက အသက်ခုနှစ်နှစ်ခန့်ဖြစ်၍ မငယ်၏ သမီးငယ်မှာ သက်ထား၏ သားနှင့် ရွယ်တူ ဖြစ်သော်လည်း စကားများကို သွက်လက်ချက်ချာစွာပြောတတ်နေပြီဖြစ်ရာ သက်ထားတစ်ယောက် မငယ်၏ သမီးလေးကိုကြည့်ကာ မိမိ၏ သားလေးအတွက် ပိုမိုစိုးရိမ်သောက ရောက်ရလေသည်။
“မငယ်ရေ မငယ်သမီးလေးက စကားတီတီတာတာ ပြောသလောက် ထားရဲ့ သားက ခုထိ စကားတစ်ခွန်းမှကို မပြောသေးဘူး… မတော်တဆ သားလေးများ ဆွံအ နေမလားဆိုပြီး ထားအရမ်းစိတ်ပူနေမိတယ်… ထားသားလေး စကားပြောတတ်အောင် ဘယ်လိုများ လုပ်ပေးရမလဲ မသိတော့ပါဘူး ”
” ညီမရယ် စိတ်မပူပါနဲ့.. ယောက်ျားလေးနဲ့ မိန်းခလေး က မတူဘူး ယောက်ျားလေးတွေက စကားပြော နောက်ကျတတ်တယ်… အချိန်တန်ရင် ပြောလာမှ တော်ပါတော့ဟဲ့ ဆိုပြီးပြောယူနေရမှာ… အကြီးကောင်တုန်းကလဲ စကားပြောနောက်ကျတယ်… စိတ်ညစ်မနေပါနဲ့ ညီမရယ် ”
” အို…ထားရဲ့သားလေးသာ စကားပြောတတ်လို့ကတော့ ထားသေပျော်ပါပြီ မငယ်ရယ် ဟိုဟာလေးကျွေးရင် ကလေးစကားပြောတယ် ဆိုပြီး ဟိုလူက ပြောရင် ဝယ်ကျွေးလိုက် ဒီလိုက ဒီလိုလုပ်ဆိုရင်လည်း လုပ်လိုက်နဲ့ နည်းတွေက စုံနေပြီ… ကြာတော့ ထားလဲ အရူးကြီးလို ဖြစ်နေပြီ ”
ဟုပြောရင်း မိုးများရွာလာသောကြောင့်
” မငယ်ရေ မိုးရွာလာပြီ တံခါးပိတ်တော့.. မငယ်သမီးလေးက ချူချာတော့ မိုးရေ ထိရင် ထပ်ဖျားနေဦးမယ် ”
မငယ်၏ အိမ်မကြီးတံခါးအား သက်ထားက ဝုန်းကနဲ လှမ်းပိတ်ပေးလိုက်သည်။
မငယ်၏ အိမ်နှင့် သက်ထား၏ အိမ်က တစ်လိုင်းတည်း ဖြစ်ကာ အခန်းနှစ်ခန်း ကျော်မျှသာ ခြားလေသည်။
မငယ်ရေ ကျွန်တော်ငွေ အသုံးပြတ်နေပြီ။ မထားရှေ့ သွားညည်းပြလိုက်ဦးမယ်ဗျို့ဟု ဆိုကာ မောင်ကောင်း လည်း သက်ထားအိမ်ဖက် ထွက်သွားလေသည်။
” မထားရေ ကျွန်တော်တော့ အသုံးပြတ်နေပြီ ကော်ဖီလေးတခွက်လောက်တိုက်ပါဦး ဗိုက်ကလည်း ဆာလိုက်တာ မုန့်လေးဘာလေးရှိရင် ကျွေးပါဦး မမထားရေ ”
ဟူသောမောင်ကောင်းအသံကြောင့်
” ဟယ်.. လစာထုတ်ပြီးတာတောင်မကြာသေးဘူး မင်းကလည်း… လစာတွေဘယ်ရောက်ကုန်တာလဲ ”
” အမေနေမကောင်းလို့ ရွာက လူကြုံကောင်းတာနဲ့ ထည့်ပေးလိုက်တာ ဒီလတော့ ဖြစ်သလို ပေါ့ဗျာ ”
” အေးလေ နင့်အမေ ဆေးဖိုးပေးလိုက်တော့ ကုသိုလ်ရတာပေါ့ ရော့..ရော့ သုံးသောင်း တစ်လလုံး ချွေတာသုံး နင့်အစ်ကိုတော့ ငါပေးတာ မသိစေနဲ့ နောက်လိုရင်လဲလာခဲ့ ”
ဟု ဆိုရင်း ငွေသုံးသောင်း လှမ်းပေးလေသည်။
ဤကား သက်ထား၏ ကူညီတတ်သော စိတ်ထားတည်း ။
” ကျေးဇူးပါ မမထားရေ သားသားရော ဘာလုပ်နေလဲ ဒီနေ့ ကျွန်တော်အားတယ် သားသား နဲ့ ေဆာ့ပေးမယ် ”
ဟုဆိုရင်း သက်ထား၏ သားလေးအား ခေါ်ကာ ထိန်းကျောင်းပေးလေသည်။
ထိုသို့ တစ်ဦးအပေါ်တစ်ဦး သိတတ်ကြသော အသိုင်းအဝိုင်းလေး သည် မကြာမီ ကြံမ္မာန်ဆိုးတစ်ခု ဝင်ရောက်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ ပေ။
“မငယ်ရေ ဒီနေ့ မဟာမြတ်မုနိဘုရားသွားမယ် ထမင်းချိုင့် တွေ ပြင်ပြီးပြီ… လာလိုက်ခဲ့….”
” သမီးလေး နေသိပ်မကောင်းလို့ မလိုက်တော့ဘူး… ”
” သြ မငယ်ရယ် ကလေးနေမကောင်းလည်း အိမ်ထဲကြီးအောင်းနေတော့ အညောင်းမိမယ် သမီးလည်း လန်းသွားအောင် ဘုရားရိပ်လေး ခိုရအောင် လာ.. လာ ကလေးနှစ်ယောက်လုံးပါ ခေါ်ခဲ့ သားသားလည်း အဖော်ရအောင်.. ယမင်း ရေ ဟိုဘက်က မဆွေတို့သားအမိကို ရအောင်ခေါ်ခဲ့ဟေ့ မဆွေ အမေလဲ ဘုရားဖူးရအောင် ”
ဟုဆိုရင်း တက်ကြွနေသည်။
သက်ထားက အလည်အပတ်ဝါသနာ ပါသည့် မိန်းခလေးတစ်ဦးလဲ ဖြစ်သည်။
မကြာခဏ အိုးရှင်းသို့ စျေးဝယ်လည်း ထွက်တတ်သေးသည်။
” ထားရေ ညနေကျရင် သားနဲ့ကိုယ်တို့ မာလာရှမ်းကော သွားစားရအောင် အဲ့ ဆိုင်က အသစ်ပဲ လက်ရာသိပ်ကောင်းတာ ကိုယ့်ဇနီးလေး အကြိုက်ဖြစ်မှာ အသေအချာပဲဟေ့ ”
ဟု သက်ထား၏ ယောက်ျားကိုသူရက ဆိုသည်။
ကိုသူရက ထား ဟူသောစကားကို ပါးစပ်ဖျားက မချ။
“ကိုရေ.. ထား.. လေ ပြင်ဦးလွင်မြို့လေးကို သိပ်သဘောကျတာ…အိမ်ဝယ်နိုင်တဲ့တစ်နေ့ ထားတို့.. ပြင်ဦးလွင်မှာ အိမ်ဝယ်ပြီး အခြေချရအောင်နော် ”
” အေးပါ ထားရယ် ကိုယ်ကြိုးစားပါ့မယ်…ထားလဲ အသုံးလေးလျော့ပြီး ငွေစုထားပေါ့ ကိုယ်လည်း ဒီဇိုင်းဆွဲတာ လက်ခံထားတယ် ဒီဇိုင်းတစ်ခု ဆွဲရင် သုံးသိန်းရမယ် ထားရေ…”
ဟု ဆိုရင်း ချစ်ဇနီးအား ရင်ခွင်လေးထဲ ထည့်ကာ ဖက်ထားလိုက်လေသည်။
ထားကလည်း လှပပြီး ချစ်စရာကောင်းလွန်းကာ လူတိုင်းနှင့် တည့်အောင်ပေါင်းတတ်လွန်းလေသည်။
သက်ထားကို မတည့်သူတစ်ဦးတော့ ရှိသည် ။ထိုသူမှာ သက်ထား၏ ယောက်ခမ ကိုသူရ၏ အမေပင် ဖြစ်သည်။
” ဟဲ့ သက်ထား ညည်းက နင့်လင်ပေးသမျှ ထိုင်ဖြုန်းနေတာ… သူများအင်ဂျင်နီယာ ကတော်တွေက တိုက်နဲ့ ကားနဲ့ ဖြစ်ကုန်ပြီ… ညည်းကတော့ သုံးကောင်း ဖြုန်းကောင်းတုန်းပဲ… ငါ.. ငါ့သားကို ပိုးမွေး သလိုမွေးထားတာ ညည်းကို နွားလိုရုန်းကန်ပေးဖို့ မဟုတ်ဘူးဟဲ့ နင့် သားကလည်း နင့် အဲ့လ်ို လင်ကို မတရား ခိုင်းလို့ အ နေတာ… တကတည်း.. သားအမိနှစ်ယောက်လုံး မြင်ရတာ ကျက်သရေ တုံးလိုက်တာ ငါ့သား ခေါ်လို့သာ လမ်းကြုံ ဝင်လာရတာ ငါ့သားအပြင်သွားမှ တော့ ငါလည်း ပြန်တော့မယ် ” ဟု ဆိုကာ ပြန်လှည့်ပြန်လေသည်။
” အမေရယ် ရောက်လာမှတော့ အေးဆေး နားပါဦး ထမင်းစားပြီးမှ ပြန်ပေါ့… အမေ့မြေးက မအ ပါဘူး စကားပြော နောက်ကျတာပါ အမေမကျေနပ်ရင် သမီးကို ကြိုက်သလောက် ပြောပါ သားသားကိုတော့’ အ ‘တယ်လို့ မပြောပါနဲ့ ”
ဟု သနားစဖွယ် ဆိုရှာသည်။
ကိုသူရ၏ မိခင်ကား သူ၏သားကို သူ့မိတ်ဆွေ ၏သမီး သူဌေးမလေးနှင့် ပေးစားခါနီးမှ ကိုသူရက သက်ထားနှင့် ယူလိုက်သောကြောင့် ချွေးမအား အစာမကြေ ဖြစ်နေခြင်းဖြစ်သည်။
သက်ထားသည် လက်ဖက်ရည်အား အလွန်ကြိုက်သူတစ်ဦးလည်း ဖြစ်သည်။
ထို့ကြောင့် နေ့လည် နှစ်နာရီခန့်တွင် ဆောက်လုပ်ရေး နှင့်မျက်နှာ ချင်းဆိုင် လက်ဖက်ရည် ဆိုင်မှ အလုပ်သမား ကောင်လေးက လက်ဖက်ရည် လာပို့လေ့ ရှိသည်။
တစ်ရက်တစ်လေ လာပို့ချိန်နောက်ကျလျှင် သက်ထားက စိတ်ဆိုးကာ စားပွဲထိုးအား ဆူငေါက်တတ်သည်။
ကျန်သည့်အချိန် သဘောကောင်းသော သက်ထား လက်ဖက်ရည် သောက်ချိန်ရောက်၍ မသောက်ရလျှင်တော့ စိတ်အလွန်ဆိုးတတ်လေသည်။
တစ်နေ့ သက်ထား facebook သုံးရင်း ကလေးအား သိပ်မည် ပြုစဥ် သက်ထား၏ သားလေးမှ
” မေမေ မေမေ ” ဟု ခေါ်လေသည်။
” ဟင် သားလေး မေမေ့ကို မေမေ လို့ ခေါ်လိုက်တယ် ဟုတ်လား ဝမ်းသာလိုက်တာ သားရယ် မေမေ့ သားလေး မအဘူး စကားပြောတတ်တယ် ” ဟုဆိုကာ သားလေးအား ဆွဲယူ ပွေ့ဖက်ကာ မျက်ရည်များပင် ကျသည်အထိ ဝမ်းသာနေရှာသည်။
သက်ထား ဖုန်းကို ကောက်ကိုင်ကာ ဖုန်းခေါ်လိုက်ပြီး
” ဟလို ကိုရေ… သားလေးစကားပြောပြီ မေမေ လို့ ခေါ်ပြီ ကိုရေ… ဝမ်းသာလိုက်တာ… ကိုပြန်လာရင် ဒန်ပေါက်တွေ ဝယ်လာခဲ့ ဆောက်လုပ်ရေး တဝန်းလုံး ဒန်ပေါက် ကျွေးမယ် ဒါပဲနော် ကို ”
ဟုဆိုကာ ဖုန်းချလိုက်ပြီး သားလေးအား ချီကာ ဆောက်လုပ်ရေး တစ်ဝိုင်းလုံးရှိ လုံခြုံရေး ဦးလေးကြီးထိမကျန် သူ့သားလေးက မေမေ ဟု ခေါ်ကြောင်း ပတ်ပြောပြတော့သည်။
ကြားရသူအားလုံးကလည်း ဝမ်းသာကြသည်။
ကလေးစကားပြောသည်ထက် သက်ထား ပျော်နေသည်ကို ကြည့်၍ ပို၍ ဝမ်းသာ ကြခြင်း ဖြစ်သည်ဟု ပြောလျှင် ပိုမှန်ပါလိမ့်မည်။
သက်ထား သားလေး စကားပြောတတ်ပြီး သုံးရက်မြောက်နေ့….
ထိုနေ့သည် မှတ်မှတ်ယယ လပြည့်နေ့ တစ်နေ့ဖြစ်သည်။
သက်ထားတို့ ဆောက်လုပ်ရေးမှ လူများစုကာ ဘုရားသို့ သွားကြခြင်းဖြစ်သည်။
သက်ထားတို့ လင်မယားက ကား၏ နောက်အစွန်တွင် ထိုင်ကြသည်။
သက်ထား၏ သားကို ကား၏ အလယ်တွင် ထိုင်သော ယမင်းက ခေါ်ထားပေးေလသည်။
မီးပ္ပိုင့်တစ်ခု အရောက်တွင် သက်ထားတို့ကား က လည်း မီးစိမ်းပြီမို့ အထွက် တစ်ဖက်မှလည်း မီးနီတော့မည့် အချိန်မို့ အရှိန်နှင့် မောင်းလာသော ကားက သက်ထားတို့ကား၏ အလယ်နေရာ ကို ဖြတ်တိုက်မိလေသည်။
“ကျွီ… ”
“ဒုန်း….”
“အား သေပါပြီ”
ဟူသော အသံများ ပွက်လောရိုက်သွားကြလေတော့သည်။
ကားအနောက် အစွန်တွင် ထိုင်နေသော သက်ထားက ကားထဲမှ လွင့်စင်သွားကာ တစ်ဖက်ယာဥ်ကြောသို့ ရောက်သွားပြီး ကားတစ်စီးနှင့် သူမ၏ ဦးခေါင်းအား ရိုက်မိကာ ငြိမ်သက်သွားလေသည်။
ထိုယာဥ်သည် အချိန်မီ ဘရိတ်အုပ်လိုက်သောကြောင့် သက်ထားအား မကြိတ်မိသော်လည်း သက်ထားမှာ ဇက်ကျိုးကာ နေရာပင်တွင် ပွဲချင်းပြီး သေဆုံးသွားလေသည်။
သက်ထားသည် ထိုနေ့က အဖြူရောင်ဝမ်းဆက်လေး ဝတ်ဆင်ထားလေသည်။
သက်ထား၏ အဖြူရောင် ဝတ်စုံလေးသည် သက်ထား၏ နားနှင့်နှာခေါင်းထဲမှ ထွက်ကျလာသော သွေးများက စွန်းထင်းခဲ့လေပြီ။
အခြားသူများက ဒဏ်ရာသာ ရသော်လည်း သေသူမှာ သက်ထားတစ်ဦးတည်းသာ ဖြစ်လေသည်။
သက်ထား၏ လပြည့်နေ့ ကြမ္မာန်ဆိုးကား သူချစ်သော သားနှင့်ချစ်ခင်ပွန်းအား ထာဝရခွဲခွာ သွားရလေပြီ။
ထိုအချိန်တွင် ဆောက်လုပ်ရေးမှ လုံခြုံရေး ဦးလေးကြီးက လူရိပ်မြင်လိုက်သဖြင့် လှမ်းကြည့်လိုက်ရာ သက်ထားသည် သူ၏ အိမ်ဘက်သို့ သွားလိုက်သည်ကို တွေ့လိုက်ရသည်။
ဟင်.. ဆရာလေး ကတော်က စိတ်ဆိုးလို့များပြန်ရောက်လာတာလား မသိဘူး… အစောတုန်းက ပဲ သူတို့ ကားနဲ့ ထွက်သွားတာ တွေ့လိုက်ပါတယ် ဘယ်အချိန်တုန်းက ပြန်လာပါလိမ့် ကားဝင်လာတာလဲ မတွေ့လိုက်မိဘူး ဟု တွေးနေမိလေသည်။
ထိုစဥ် မိုးများရုတ်တရက်ရွာ ချလာရာ မငယ်၏ အိမ်တံခါးကို တစ်ဦးတစ်ယောက်က ပိတ်လိုက်သကဲ့ သို့ ပိတ်သွားလေသည်။
ထိုနေ့၌ မငယ်က သမီးနေမကောင်းသဖြင့် ဘုရားဖူး သွားရာသို့လိုက်သွားပါချေ။
မငယ်က
” သက်ထားလား ပြန်လာပြီလား..မြန်လိုက်တာ… ” ဟု ပြောသော်လည်း မည်သူမျှ ဘာမှ ပြန်မပြောချေ။
မငယ်လဲ စိတ်ထဲ၌ တစ်မျိုးတမည် ဖြစ်သွားလေသည်။
မကြာမီ သက်ထားသေဆုံးသွားသည့် သတင်းအား ကြားရလေတော့သည်။
သက်ထားရုတ်တရက် သေဆုံးသွားသည့် သတင်းကြောင့် အားလုံးစိတ်မကောင်းကြချေ။
အထူးသဖြင့် သက်ထား၏ သူငယ်ချင်း ယမင်းက ရူးမတတ်ပင် ခံစားရရှာလေသည်။
သက်ထား ၏ အသုဘ သည် အလွန်တရာ စည်ကား လှသည်။
သက်ထားအား သူ၏သားလေးဘေး၌ မြင်လိုက်သူတွေရှိသကဲ့သို့ သူ၏ အိမ်ပြတင်းပေါက်၌ ရပ်နေသည်ကို တွေ့လိုက်ရသူတွေလည်း ရှိကြရာ အသက်ရှင် စဥ်က မည်မျှပင် ခင်ကြသော်လည်း ဘဝခြားသောအခါ လူတိုင်းကြောက်ကြလေသည်။
သက်ထားအိမ်လေးထဲ၌ နေ့လည်နှစ်နာရီကျော်လျှင် ပစ္စည်း များပစ်ပေါက်သံများကြားရသော အခါ ဘာကြောင့်မှန်းမတွေးမိကြသော်လည်း ယမင်းက လက်ဖက်ရည်ကြိုက်သော သူငယ်ချင်း လက်ဖက်ရည် သောက်ချင်သောကြောင့် ဖြစ်သည်ဟု ဆိုသောကြောင့် နေ့လည်နှစ်နာရီတွင် လက်ဖက်ရည် ဝယ်ကာ သက်ထားအိမ်ရှေ့ တွင် လက်ဖက်ရည် ခွက်လေးအား ချထားပေးရသည်။
ယမင်းက သူငယ်ချင်းသက်ထားအား လက်ဖက်ရည် ပို့ပေးကာ ယမင်းမအားလျှင် မငယ်က ထိုအလုပ်အား ပြုပေးရသည်။
ကျန်သည့်သူများက ကြောက်လွန်း၍ သက်ထားအိမ်ဖက် လှည့်ပင်မကြည့်ရဲကြချေ။
သက်ထား သေဆုံးပြီး ငါးရက်မြောက်နေ့တွင် ထိုဆောက်လုပ်ရေးသို့ ကျော်ကျော်ဟူသော လူငယ်လေး အလုပ်ဝင်လေသည်။
ကျော်ကျော်သည် သက်ထားအား မြင်ဖူးခြင်းမရှိပေ။
ခုနှစ်ရက်မြောက်သောနေ့တွင် သက်ထား၏ ရက်လည်ပြုလုပ်ပေးရန် အလုပ်ရှုပ်လျှက်ရှိရာ အချို့သူများက သက်ထားအိမ်ရှေ့တွင် ဖဲရိုက်နေလေသည်။
ဖဲရိုက်သူများ၏ နောက်ဖက်တွင် မိန်းမလှလေး တစ်ဦးရပ်နေသည်ကို ကျော်ကျော် မြင်ရလေသည်။
အံမယ် ဆရာတို့က ဖဲရိုက်တာတောင် စကီအလန်းလေးနဲ့ ပါလား ဟု တွေးနေမိသည်။
ပထမ ကျော်စွာက သက်ထားအိမ်ထဲ ဝင်သွားရာ ကျော်စွာအနောက်မှ ထိုအမျိုးသမီး လိုက်သွားသည်က်ို တွေ့ရသည်။
ကျော်ကျော်ကလည်း ကျော်စွာ၏ မိန်းခလေးဟု ထင်နေမိလေသည်။
မကြာမီ ကျော်စွာပြန်ထွက်လာတော့ ထိုအမျိုးသမီး နောက်က ပြန်ပါလာသည်ကို တွေ့ရလေသည်။
မကြာမီ ဦးဝင်းကိုက အိမ်ထဲ ဝင်သွားတော့လည်း ထိုအမျိုးသမီးက လိုက်သွားပြန်လေသည်။
ဦးဝင်းကို ပြန်ထွက်လာတော့ ထိုအမျိုး သမီး ပြန်ပါလာပြန်သည်။
နောက်တစ်ဦး ထိုအိမ်ထဲ ဝင်တော့လည်း ထိုအမျိုးသမီး လိုက်ဝင်သွားပြန်လေသည်။
ဒါတော့ များနေပြီဟု ကျော်ကျော်က တွေးရင်း ထို ဖဲဝိုင်းသို့သွားက
” ဆရာတို့ နေပါဦး ဘယ်တစ်ယောက်က အဲဒီမိန်းခလေးကို ခေါ်ထားတာလဲ၊ ခင်ဗျားတို့ကလည်း တစ်ယောက်သွားရင်လိုက်ပါသွားလိုက် နောက်တစ်ယောက်သွားလိုက်ရင်လဲ ပါသွားလိုက်နဲ့ မြင်ရတာ မတင့်တယ်တော့ဘူး ”
ဟု ဆိုလိုက်ရာ အားလုံး ကြောင်စီစီ ဖြစ်သွားကြ၏။
” ဟေ့ကောင် မင်းဘာပြောနေတာလဲ ဘာအမျိုးသမီးလဲ ဒီနားမှာ ဘယ်မိန်းမ မှ မရှိဘူး ဘယ်သူမှလဲ ခေါ်မထားဘူး ”
” ဟာဆရာတို့ကလည်း လာနောက်နေတယ်၊ ဟိုမှာ အဖြူရောင်ဝမ်းဆက်နဲ့ အမျိုးသမီး လေ အလန်းကြီး လှမှလှ အဲဒီအစ်မကြီးက ဘယ်သူအိမ်ထဲဝင်ဝင် အိမ်ထဲ ဝင်တဲ့သူ အနောက်မှာ လိုက်သွားလို့ မေးတာ ”
ဟု ဆိုလိုက်ရာ ဖဲရိုက်နေသူများမှ
” မအေဘေးရေ အဲဒါ သေသွားတဲ့ သူရရဲ့ မိန်းမ သက်ထား ကြီးကွ သူဘယ်မှာလဲ ဟ ”
ဟုဆိုကာ ဝရုန်းတုန်းကား ပြေးကြရာ ကျောက်ကျော်က ထိုအမျိုးသမီးအား ကြည့်လိုက်စဥ် ဇက်ကြီးကျိုးကာ သူ့ဆီ တရွေ့ရွေ့ လာနေပြီး
“မင်းက လူသစ်လား ”
ဟုမေးလိုက်သောကြောင့် ကျော်ကျော်လည်း
” အမလေး သရဲဗျို့ သရဲ ”
ဟုဆိုကာ လဲကျကာ သတိလစ်သွားလေတော့သည်။
နောက်ရက်၌ ကျော်ကျော်လည်း လန့်ဖျား ဖျားကာ အလုပ်မှ အပြီးတိုင်ထွက်သွားလေသည်။
သက်ထားသတင်းသည်လည်း ဆောက်လုပ်ရေး တစ်ခုလုံး ဟိုးလေး တကျော်ကျော်ပင်။
နောက်ရက် နှစ်နာရီထိုးချိန်တွင် မငယ်လည်း ကြောက်ကြောက်လန့်လန့်နှင့် သက်ထားအိမ်ရှေ့သို့ လက်ဖက်ရည် ခွက်လေးအားလာချရာ မငယ်၏ ပုခုံးအား အေးစက်သောလက်ကြီးဖြင့် လာပုတ်သောကြောင့် မငယ်လဲ နောက်သို့ ကြည့်လိုက်ရာ မျက်နှာဖြူဖတ်ဖြူရော်ဖြင့် ပြုံးပြနေသော သက်ထားအား တွေ့လိုက်ရသောကြောင့်
” အမယ်လေး ”
မငယ်တစ်ယောက် အိမ်သို့ ပြန်ပြေး လာရလေသည်။
သက်ထား တစ်ယောက် ဘယ်လိုတွေ ခြောက်လှန့်ဦးမှာလဲ….
သက်ထားရဲ့သားလေး နောင်ရေးအတွက် ဘာတွေ ဆက်ဖြစ်ကြမှာလဲ…
သက်ထားရဲ့ဝိညာဏ်ကရော ကျွတ်လွတ်နိုင်ပါ့မလား ….
ဆိုတာ အပိုင်း ၂ ဇာတ်သိမ်းတွင် ဆက်လက် ဖတ်ရှု အားပေးကြပါရန်
လေးစားလျက်
စာရေးသူ Nan Kyarnyo
*****ကြမ္မာ ဆိုး*****
……..အပိုင်း(၂)ဇာတ်သိမ်း………..
သက်ထား၏ ရက်လည်နေ့ညတွင် သူ့ခင်ပွန်းနှင့် သက်ထား၏သားတို့အား သူရ၏မိခင် ခေါ်ဆောင်သွားသောကြောင့် သက်ထား၏အိမ်၌ မရှိချေ။
ညသန်းခေါင်ယံ အချိန်တွင် ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးသံများကြောင့် မငယ်လည်း ကြောက်လန့်စွာ စောင်ကိုခေါင်းမြီးခြုံလိုက်မိသည်။
“မငယ်ရေ..မငယ်… သားရော… ကျမရဲ့သားရော…. ကိုကိုလည်း မရှိဘူး…. ဘယ်ရောက်သွားတာလဲ… ”
ဟူသော သက်ထား၏ အသံကို သနားစဖွယ်ကြားလိုက်ရသည်။
” သားရေ…. မေမေ့သားလေးရေ… မေမေ လို့ခေါ်ပါဦး… အမေ့ဆီ ပြန်လာခဲ့ပါသားရေ…အီး….ဟီး..ဟီး….ဟင့်…ဟင့် ” ဟူသောအသံကြောင့် မငယ်က ဘေးမှာအိပ်နေသော ခင်ပွန်းသည်ကို လက်တို့ကာနိုးလိုက်ပြီးလျှင်.
” ရှင်..ကြားလား.. သက်ထားက သူ့သားနဲ့ သူ့ယောက်ျားကို လိုက်ရှာနေတယ် အော်ခေါ်နေတယ်… ”
ဟုပြောရာ မငယ်ယောက်ျားက
” အော်သံတော့ မကြားဘူး… ခြေသံနဲ့ တံခါး ခေါက်သံတော့ ကြားလိုက်တယ် ” ဟု ပြန်ပြောလေသည်။
သက်ထား၏အသံက မငယ်နှင့် နီးလာလိုက် ဝေးသွားလိုက်ဖြင့် ကြားနေရသောကြောင့် မငယ်သည်လည်း သနားလည်းသနား ကြောက်လဲကြောက် လွန်းသောကြောင့် မျက်ရည်များစီးကျလာသည်။
” ယမင်းရေ… သူငယ်ချင်းရေ.. ငါ့သားလေးရော တွေ့မိသေးလား… သားလေး မရှိဘူး… ငါ့အိမ်မှာ သားလေးမရှိတော့ဘူး…. သူငယ်ချင်းရေ… ကူပါဦး…. သားလေးကို ပြန်ခေါ်ပေးပါဦး… ”
ဟူသောအသံကြောင့် ယမင်းအိပ်နေရာမှ လန့်နိုးလာသည်။
ယမင်းကလည်း ပြတင်းပေါက်အား ဖွင့်ကြည့်လိုက်ရာ ယမင်းအိမ်ရှေ့ ပိတောက်ပင်ကြီး အောက်၌ အဖြူရောင်ဝတ်စုံနှင့် သက်ထားအား မထင်မရှား မြင်လိုက်ရသည်မို့ ရုတ်တရက် လန့်သွားသော်လည်း သက်ထားကို ချစ်လွန်းသော ယမင်းက စိတ်ထဲကနေ
” သနားစရာ ကောင်းလိုက်တဲ့သူငယ်ချင်းရယ်… နင့်သားနဲ့ နင့်ယောက်ျားက နင့်ယောက်ခမအိမ်ပြန်သွားကြတာ… နင့်သားက်ို တွေ့ချင်ရင် နင့်ယောက္ခမ အိမ် လိုက်သွားပါလားဟင်…. ဘဝတွေလဲ ခြားနေပါပြီသူငယ်ချင်းရယ်၊နင့်ကိုဒီလိုဘဝနဲ့တွေ့ရတာ ငါ့ရင်တွေသိပ်နာတယ်…. သူငယ်ချင်းရေ ပြုလုပ်သမျှ ကုသ်ိုလ်အစုစု ကို အမျှပေးဝေပါတယ် သက်ထားရေ အမျှ အမျှ အမျှ”
ဟု စိတ်ထဲ၌ တီးတိုးရေရွတ်လိုက်သည်။
” ငါ သာဓု မခေါ်နိုင်သေးဘူး… ငါ့သားလေး… စကားစပြောတတ်စမို့… ငါ့သားအနားမှာ နေချင်သေးတယ် ပြီးတော့ကိုနဲ့လည်းမခွဲနိုင်သေးဘူး… သားဆီသွားတော့မယ်… သားကိုသွားရှာတော့မယ် ”
ထိုအသံအား ကြားရပြီးနောက် သက်ထား၏ပုံရိပ်လေးသည် ပိတောက်ပင်ကြီးအောက်မှ ပျောက်ကွယ်သွားလေသည်။
“သူငယ်ချင်းရယ် အဖြစ်ဆိုးလိုက်တာဟာ… ငါနင့်ကို ဘယ်လိုကူညီပေးရမှာလဲ… အဟင့်…ဟင့်.”.
ဆိုပြီး ယမင်းတစ်ယောက် ရှိုက်ကြီး တငင် ငိုမိလေသည်။
သက်ထား စိတ်စေရာအရ ကိုသူရ၏ မိခင်အိမ်ရှေ့သို့ ချက်ချင်းရောက်လာသည်။
သူရသည် ဇနီးဖြစ်သူ သက်ထားသေဆုံးသဖြင့် အလွန်သောကရောက်ကာ အရက်များအားနင်းကာဖိ သောက်ရင်း လူမှန်းသူမှန်းပင် မသိချေ။
” ထားရယ်… ကို့ကိုထားခဲ့ ရက်တယ်… အဲဒီနေ့က ထားမသေပဲ ကိုယ် သေခဲ့ ရမှာ..ကွာ… ကံတရားကြီးရယ်… ခင်ဗျားသိပ်ရက်စက်တယ်… ”
ဟုဆိုရင်း အရက်ခွက်လက်ကျန်ကို မော့ချလိုက်သည်။
သူရမိခင်က သူ၏အကြံအစည်အတိုင်း အိမ်သို့ ခေါ်ထားသော သော်တာကို မျက်စပစ်ပြလိုက်သည်။
သော်တာဟူသည် သူရမိခင် ယခင်ကတည်းက သဘောတူထား သော ပိုက်ဆံရှိ သူဌေးသမီး။
သော်တာက ယခင်ကတည်းက သူရကို ကြိတ်ပြီး ကြွေနေကာ အင်ဂျင်နီယာ ကတော်ရူး။
သူရ၏ ပုခုံးသို့ ထိကိုင်လာသော ညင်သာသော အထိ အတွေ့ကြောင့် သူရ မျက်စိ ဖွင့်ကြည့် လိုက်လျှင်
” ဟင်သက်ထား…. မင်းမသေဘူးနော်…. ကို ဝမ်းသာလိုက်တာ… သက်ထားရယ်… ကို့ကို ခွဲမသွားပါနဲ့ ကွာ ”
သော်တာ တွဲခေါ်ရာအခန်းဆီသို့….ရောက်ရှိသွားသည်။
” ကိုရေ… အဲဒီမိန်းမ ကဘယ်သူလဲ… ကို… သက်ထားကို မရက်စက်ပါနဲ့…အဲဒီမိန်းမနဲ့ မအိပ်ပါနဲ့ သက်ထား တောင်းပန်ပါတယ် ”
သူရ၏အိမ်ထဲ အလျှင်စလိုဝင်လိုက်ရာ… မီးကွင်းထဲဝင်မိသကဲ့သို့ ပူလောင်လွန်းလှ သဖြင့် သက်ထား အဝေးသို့ လွင့်စင်သွားသည်…။
သူရမိခင်၏ ကြိုတင်အစီအမံကြောင့် သက်ထား မည်သို့မျှ အိမ်ထဲဝင်ခွင့်မရတော့ပါ။
” ကိုရယ်…. ရက်စက်လိုက်တာ နော်…. သက်ထား ကွယ်ရာ မှာ အခြား မိန်းမ နဲ့ အတူအိပ်နေပြီပေါ့ သစ္စာမရှိဘူး… မုန်းတယ်…. ကို့ကို မုန်းတယ်…. စိတ်နာတယ်…. သားလေး သားလေး…. မေမေ့အဖြစ်ကို ကြည့်လှည့်ပါဦးသားရယ်… သားရေ….သား”
ဟူသောအသံကြောင့် သက်ထား၏သားလေး က
” မေမေ…. မေမေ အီး… ဟီး…ဟီး”
ဟုအော်ငိုရင်း အိမ်ရှေ့ခန်း သို့ထွက်လာကာ မေမေ… မေမေ.. ဟု ဆိုကာ ရှာဖွေနေသည်။
” သားရေ…. မေမေဒီမှာပါ… မေမေ ဒီမှာ… ”
သက်ထား၏ သားက ခုံပေါ်ကိုတက်ကာ ပြတင်းပေါက်တံခါးအား ဖွင့်လိုက်သည်။
ပြတင်းပေါက် ဖွင့်သံကြောင့် သူရမိခင်ကလန့်နိုးလာကာ မြင်လိုက်ရသော မြင်ကွင်းကြောင့်
” ဟဲ့ စောက်ခလေး သေကုန်တော့ မှာပဲ ေစာက်ပြသနာ ကောင်လေး လာဇမ်း”
ကလေးဖင်အား ရိုက်ချလိုက်ရာ သက်ထားက
” သားကိုမရိုက်နဲ့ ငါ့သားကို မရိုက်နဲ့လွှတ်စမ်း…. သားကို ခုချက်ချင်းလွှတ်… လွှတ်… ”
ဟု ကျယ်လောင်စွာေအာ်လိုက်ရာ သစ်ပင်ပေါ်တွင် အိပ်တန်းတက်နေသော ငှက်များ အလန့်တကြားထပျံကြပြီး သူရအိမ်ရှေ့ရှိ မီးသီးလည်း ဖောက်ခနဲ ကွဲထွက်သွားသည်။
သူရမိခင်လည်း ရိပ်မိသွားသဖြင့် အခန်းတစ်ခုလုံးအား ပရိတ်ရေနှင့် ဖျန်းလိုက်သည်။
သက်ထားသားလေးသည်လည်း.. ငိုရင်းဖြင့် နွမ်းလျစွာ အိပ်ပျော်သွား၏။
သက်ထား နာကျင်ဝမ်းနည်းစွာဖြင့် ငိုရင်း သူမ၏ မိခင်ဖြစ်သူကို သတိရသွားလေသည်။
သက်ထား နှုတ်မှ အမေ… အမေဟု တမ်းတစွာ မြည်တမ်းရင်း သက်ထား၏ မိခင်အိမ်ရှေ့သို့ ရောက်လာသည်။
သက်ထား၏ မိခင်က အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သည်။
ဘုရားတရား ရိုသေကိုင်းရှိုင်းပြီး အင်မတန်မှ စိတ်ရင်းကောင်းသူလည်းဖြစ်သည်။
သက်ထားမိခင် က မနက်တိုင်းလေးနာရီခန့်တွင် တရားထိုင်လေ့ရှိသည်။
သက်ထား၏မိခင် တရားထိုင်နေစဥ် နားထဲ၌
“မေမေ… အမေရေ သမီးကို ကယ်ပါ … အမေ့မြေးလေးကို သွားခေါ်ပေးပါ…. ကိုသူရက သစ္စာ မရှိဘူး အမေ…. အခြားမိန်းမ တစ်ယောက်နဲ့ အိပ်နေတယ်… သမီး စိတ်နာ လိုက်တာအမေရယ်… နက်ဖြန် အမေ မန်းလေးကို ဆင်းပြီး အမေ့မြေးကို ရအောင်ခေါ်ပေးပါ…. မဟုတ်ရင် သားလေး သေလိမ့်မယ်… သားကို သူတို့ ရိုက်ကြတယ် အမေရယ်… အဟင့်…ဟင့်… အမေ နက်ဖြန်.. အမှီသွားခေါ်ပါ…. ကလေးကို စာချုပ်နဲ့တကွ ခေါ်ပါ…. နောက်ရက်တွေဆို… မမှီတော့ဘူး… နောက်ရက်မှ ဆို သူတို့ သားကို ပေးမှာ မဟုတ်တော့ဘူး… ”
ဟူသောအသံများ ကြားလိုက်ရ၍ ထကြည့်သော်လည်း မည်သည့်အရာမှ မတွေ့ရချေ။
ထိုနေ့ မနက်၌ သက်ထားမိခင်လည်း ကားလက်မှတ် ချက်ချင်းဖြတ်ကာ မန္တလေးသို့ဆင်းသွားလေသည်။
လွန်ခဲ့သော ရက်ပိုင်းကမှ သမီးအသုဘမို့ မန်းလေးသို့ တစ်ခေါက်ရောက်ခဲ့သေးသည်။
သမီးလေး သေဆုံးသည်ကို ခုထိလက်မခံချင်သေး။
ယခုလည်း သမီးခင်ပွန်းက အခြားမိန်းမ နှင့် အိပ်သည်ဟူသော သမီးစကားကြောင့် ဟုတ်မဟုတ် စောင့်ကြည့်ရမည်။
သမီးလေးအား ချစ်လွန်းသော မောင်သူရ ဤ သို့လုပ်ရက်မည်ဟု မထင်မိပေ။
သက်ထား၏မိခင် မန်းလေးသို့ ရောက်သောအခါ သမီးသူငယ်ချင်း ယမင်းကလာကြိုသည်။
ယမင်းအား သမီးသက်ထား၏ အမှာစကားများ ပြောပြတော့ ယမင်းက ခေါင်းတငြိမ့်ငြ်ိမ့်နှင့် နားထောင်ကာ ကလေးအား စာချုပ်စာတန်းနှင့် ခေါ်ယူဖို့ ရှေ့နေထံ ဖုန်းတစ်ခါတည်း ဆက်လိုက်လေသည်။
ယမင်း.. သက်ထားကိုယုံသည်။
သူငယ်ချင်းလေး တမလွန်တွင် စိတ်ချမ်းသာဖို့ အရေး ဘာဖြစ်ဖြစ် ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ထားသည်။
ယမင်းကသူရထံ ဖုန်းဆက်သွယ်လိုက်ပြီး သက်ထားမိခင်မှ သက်ထား၏သားအား လာရောက် ခေါ်ယူမည့်အကြောင်း ဖုန်းဆက်ရာ.. သူရ ကလည်း အသာတကြည်ပင် လက်ခံပြီး နောက်အိမ်ထောင် ပြုမည့်အကြောင်းပါ ယမင်းအားပြောကာ သော်သာစိတ်အနှောင့်အယှက်ဖြစ်မည် စိုးသောကြောင့် သားလေးကို သက်ထားမိခင်ထံ ထည့်လိုက်မည်ဖြစ်ကြောင်းပါ သိလိုက်ရသည်။
” အန်တီရယ် သက်ထားပြောတာ သိပ်မှန်တာပဲ…. ဟိုကောင်က ယမင်းအလောင်းတောင် မြေမကျသေးဘူး.. သူ့အမေပေးစားတဲ့ ကောင်မနဲ့ ယူတော့မယ်တဲ့… တောက်.. ”
ဟု နာကျည်းစွာ ရေရွတ်လိုက်သည်။
သူရ နောက်အိမ်ထောင်ပြုမည့် သတင်းက ဆောက်လုပ်ရေးတစ်ခုလုံး ပျံ့သွားကာ အားလုံးက သက်ထားအတွက် စိတ်မကောင်း ဖြစ်ကြရသည်။
သားကိုလည်း အသာတကြည်ပင် သက်ထား မိခင်ထံသို့ စာချုပ်နှင့်တကွ မွေးစားခွင့်ပေးကြလေသည်။
ေဆာက်လုပ်ရေး တစ်ခုလုံးမှ လူများက သူရနှင့် သော်တာအား ရွံရှာသော အကြည့်ဖြင့်ကြည့်ကာ သူရအား မည်သူမျှ စကားပင် မပြောကြပေ။
သူရက မိခင်ကြောင့်ပါဟု ခေါင်းစဥ်တပ်သော်လည်း သူရလက်မှ သော်တာ ဟူသော လတ်တလော ထိုးထားသော တက်တူး ကို ကြည့်ကာ သူရကို တီးတိုးကဲ့ရဲ့ကြသည်။
သက်ထား နေခဲ့သည့် အခန်းမှ အဖိုးတန်ပစ္စည်း မှန်သမျှ အကုန်လာယူငင်သွားကြကာ သက်ထား၏ အဝတ်အစားများ အားလုံးသာ ဖရိုဖရဲ ကျန်ရစ်ခဲ့သည်။
ယမင်းက သေတ္တာလေးယူလာကာ သူငယ်ချင်းသက်ထား၏ အဝတ်များအား တယုတယ ခေါက်ယူ သိမ်းဆည်းပေးရင်း ရှိုက်ကြီးတငင် ငိုကြွေး နေလေသည်။
ညအချိန်တွင် ပြတင်းပေါက်လေးတွင် ငေးမှိုင်နေသော သက်ထားအား မကြာခဏတွေ့ကြရသည်။
သက်ထားယာဥ်တိုက်မှု အတွက် လျှော်ကြေး သိန်း ၂၅၀ ရလေသည်။
ထိုလျှော်ကြေးသည် မြန်မာပြည်တွင် အလျှော်အစား အများဆုံးဖြစ်ကာ သတင်းစာတွင်လည်း ဟိုးလေး တကြော်ကြော် ဖော်ပြခံခဲ့ရသည်။
ထိုသတင်းအား စာဖတ်သူတို့ထဲမှ ဖတ်မိကြသူတွေ ရှိပေလိမ့်မည်။
ထိုအလျှော်အစားငွေဖြင့် သူရက သက်ထားနေချင်သော ပြင်ဦးလွင်တွင် အိမ်အား ဝယ်ယူလိုက်သည်။
သူရ၏မိခင်က လျှော်ကြေးငွေအား သက်ထား၏ သားလေးအား ခွဲပေးရမည် စိုးသောကြောင့် သက်ထားကလေးအား အတင်းအကြပ်ပြန်ခေါ်ရန် ကြိုးစားကြသေးသည်။
သို့သော် နောက်ကျသွားချေပြီ။
သက်ထား၏ သားလေးအား သက်ထား၏မိခင်က စာချုပ်စာတန်းနှင့်တကွ အုပ်ချုပ်ခွင့် ရယူထားသောကြောင့် တော်သေးသည်ဟု ဆိုရမည်။
ပြသနာ ကား ယခုမှ စ…လေသည်။
ထိုအိမ်အား သူရ တို့လင်မယား က အပိုင်လိုချင်သည်။အထူးသဖြင့် ငွေမက်သော သူရမိခင်က သာ၍ ဆိုးသေးသည်။
ယမင်းကလည်း ထိုအိမ်သည် သက်ထား၏ အသက် လျှော်ကြေးငွေမို့ သက်ထား၏သားလေး ၏နောင်ရေးအတွက် ကလေးသာ ရသင့်သည်ဟု အကြံပြုသည်။
အမှုတွေ ရင်ဆိုင်ကြရပြန်သည်။
သက်ထားကား အိပ်မက်ထဲ၌ ယမင်းထံ သားလေး အတွက် ထိုငွေများ ရအောင်တောင်းပေးပါ ဟု အကြိမ်ကြိမ် အိပ်မက်ပေးသည်။
” သူငယ်ချင်းရယ် ကူညီပေးပါ… ငါ… သားလေးအတွက် နောင်ရေး စိတ်မအေး နိုင်ဘူး… ဟိုကောင်နဲ့ ကောင်မကိုတော့ ငါ အရမ်းမုန်းလို့ သူတို့ဘာလုပ်လုပ်ပါ…. ငါ့သားလေး ကိုတော့ ငါ အဲဒီ အိမ်လေး ပေးချင်တယ်… ငါဆောက်လုပ်ရေး ဝန်းထဲကနေ ဘယ်မှ သွားမရဘူး သူငယ်ချင်း…. ငါဘယ်သွားသွား ေဆာက်လုပ်ရေး ဝိုင်းထဲ ပြန်ရောက်နေတယ်…. ငါ့အမေ ကလည်း အသက်ကြီးပြီ နင် ကူညီပေးပါ နော်… ငါအမှုနိုင်အောင်… ငါလည်း တတ်နိုင်သလောက် လုပ်မယ်”
ယမင်းလဲ အမှု၌ကုန်ကျငွေအားလုံးအား တာဝန်ယူ ဆောင်ရွက်လေသည်။
သူရတို့ တရားရုံးသို့ လျှောက်ထားသည်မှာ ထိုအိမ်ဝယ်သောငွေသည် သူရနှင့်သက်ထားတို့ ရှိစဥ်ကတည်းက ငွေဖြစ်ကာ သူရရှာဖွေထားသော ငွေ ဖြစ်သည်ဟု ဆိုသည်။
မငယ်ကား ထိုအမှုတွင် သက်သေ အဖြစ် လိုက်ပါ ထွက်ဆိုလေသည်။
မငယ်က တရားသူကြီးအား ထိုငွေသည် သက်ထား သေဆုံးမှုအတွက် လျှော်ကြေးငွေသာ ဖြစ်သည်ဟု ထွက်ဆိုစဥ် ယမင်းရှေ့၌ ချထားသော လျှော်ကြေးငွေ သတင်းပါသော စာစောင်သည် တရားသူကြီး ရှေ့သို့ လေမတိုက်ပါပဲ လွင့် ပျံ ဝဲကာကျလေရာ အားလုံးအံံ့သြ သွားကြလေသည်။
သူရနှင့် သော်တာ အပါအဝင် သူရမိခင်ကြီး တို့သည်လည်း မျက်နှာများ ပျက်သွားကြသည်။
သက်ထားသည် တရားခွင်သို့ ရောက်နေပြီ ဟူသည်ကို အားလုံးကရိပ်မိသွား ကြသောကြောင့် ဖြစ်သည်။
တရားသူကြီးလဲ လျှော်ကြေးပေးသော ပုဂ္ဂိုလ်ထံ တရားခွင်မှပင် ဖုန်းဆက်မေးမြန်းကာ အမှုအားစီရင်ချက် ချတော့သည်။
ထို ပြင်ဦးလွင်တွင် ဝယ်ယူထားသော သိန်း ၂၅၀ အိမ်သည် သက်ထားသေဆုံးမှုအတွက် တစ်ဖက် မှပေးသော လျှော်ကြေးငွေ ဖြင့် ဝယ်ယူ ထား သောအိမ်ဖြစ်သည်။
ယခုချိန်တွင် သူရသည်လည်း နောက်အိမ်ထောင် ပြုသွားပြီ မို့ထိုငွေသည်သူရနှင့် မသက်ဆိုင်တော့။
သက်ထား၏ သားသာ ရသင့်သည်။
သို့သော် ကလေးက ငယ်လွန်းသေးသောကြောင့် လက်ရှိ အုပ်ထိန်းခွင့်ရသူ သက်ထား၏မိခင်က ထိုအိမ်အား လတ်တလော တွင်စောင့်ရှောက်စေပြီး ကလေးအသက်ပြည့်ပါက ထိုကလေး၏ အမည်ဖြင့် လွှဲပြောင်း ပေးစေ…. ဟု အမိန့်ချကာ အမှု ပြီးစီးလေသည်။
သက်ထား၏မိခင်နှင့် သက်ထားသားလေး အား ယမင်းက ကားဂိတ်သို့လိုက်လံ ပို့ဆောင်ပေးလိုက်လေသည်။
ဤ အမှုအတွက် ယမင်းသည် ငွေသိန်းလေးဆယ်ခန့် ကုန်ကျခဲ့သော်လည်း ကျေနပ်လေသည်။
သူငယ်ချင်း စိတ်ချမ်းသာစွာ ကျွတ်လွတ်နိုင်တော့မည်ဟုလည်းတွေးကာ ပီတိ ဖြစ်မိလေသည်။
ယမင်း လုပ်ငန်းခွင်သို့ ပြန်ရောက်သော် အလုပ်ပြောင်းစာအား လက်ခံရရှိလေသည်။
ယမင်းက မော်လမြိုင်သို့ ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင် ရမည်ဟူသော စာကြောင့် မငယ်ထံ အပြေးအလွှားသွားကာ သက်ထား အတွက် မှာကြားလေသည်။
” မငယ်ရေ… သက်ထား တစ်လပြည့် ရင် သက်ထားဝိဉာဏ် ကို ခေါ်ပြီး တရားနာပေးပါနော်… သက်ထား အဝတ်တွေကိုလည်း မိဘမဲ့ ကျောင်းတွေ လိုအပ်နေသူတွေ ကို လှူပေးပါ.. တစ်ခုခု လိုအပ်လာရင် ယမင်းဆီ ကို ဖုန်းဆက်ပေးပါ…. ယမင်းစိတ်ချပါရစေ… မငယ်က သိပ်မကြောက်တတ်တော့ သက်ထားအတွက် ကူညီပေးပါ ကျန်တဲ့ သူတွေကိုပြောရင် သူတို့က ကြောက်တာနဲ့ လုပ်ပေးကြမှာ မဟုတ်ဘူး ”
” စိတ်ချပါယမင်းရယ် ငါလည်းမကြောက်တာတော့မဟုတ်ဘူး ကြောက်ပေမဲ့ ကလေး အမေချင်း ကိုယ်ချင်းစာလို့ လုပ်ပေးပါ့မယ် စိတ်ချလက်ချသာပြောင်းပါ ” ဟု မငယ်က ဆိုလေသည်။
ယမင်းလည်း စိတ်မကောင်းစွာဖြင့် မော်လမြိုင်သို့ ပြောင်းရွေ့ သွားလေသည်။
တစ်နေ့ ဆောက်လုပ်ရေးထဲမှ လူတစ်ယောက် အော်သံ ကြား၍ အပြေးအလွှား ကြည့်ကြရာ ဆောက်လုပ်ရေးထဲ၌ နေ့စားပန်းရံလာလုပ်သော ငထူး ဆိုသူဖြစ်နေလေသည်။
” အမယ်လေး သရဲ မကြီး… အဖြူဝမ်းဆက်နဲ့ သူရဲ မကြီး ” ဟု ဆိုကာ သတိလစ် မေ့မြော သွားလေသည်။
ဖြစ်စဥ်မှာ ဤသို့တည်း။
ငထူးသည် မိန်းမကိစ္စက ဝါသနာပါသူ ဖြစ်လေသည်။
သူမျက်စိကျနေသည်မှာ စာရေးမလေး မိအေး ဆိုသူဖြစ်သည်။
ငထူးသည် ထိုဆောက်လုပ်ရေးသို့ လာရောက် လုပ်ကိုင်သည်မှာ ငါးရက်ခန့်မျှပင် ရှိသေးသည်။
မိအေးသည် လုံးကြီးပေါက်လှသော အညာသူလေး ဖြစ်သည်။
မိအေးအားကြံနေသော ငထူး မှာ မိအေး အိမ်ဖက်သို့ လစ်ရင်လစ်သလို ရောက်လာတတ်သည်။
မိအေး အခန်းက သက်ထားအခန်းနှင့် မျက်နှာ ချင်းဆိုင် အခန်းဟုဆိုရမည် ။
အလယ်တွင် လမ်းသာခြားသည်။
မိအေးသည် ကလေးချစ်တတ်သူ ဖြစ်ကာ သက်ထားရှိစဥ်က သက်ထား၏သားလေးအား အမြဲ ထိန်းကျောင်း ပေးလေ့ရှိသည်။
မိအေးက သူ့မိခင်အိုကြီးနှင့်အတူနေကာ သက်ထား၏ အဝတ်အစား အတော်များများကိုလည်း မိအေးအား ပေးလေ့ရှိသည်။
ထိုနေ့က ဥပုသ် နေ့မို့ မိအေးမိခင်က ဘုရားသွားလိုက်သည်ကို ငထူးမြင်လိုက်သည်။
မိအေး တစ်ယောက်တည်း နေ့လည်အိမ်ပြန်ကာ ရေမိုး ချိုးတတ်သည်ကို ငထူးသိထားရာ နေ့လည် မိအေးပြန်ပြီး သိပ်မကြာမီ မိအေးအိမ်ဖက် မမယောင်မလည်နှင့် ငထူးထွက်လာခဲ့ သည်။
ထိုအချိန်တွင် မိအေးအိမ်နှင့်မျက်နှာချင်းဆိုင် အိမ်ထဲသို့ မိအေးကထမီရင်လျားနှင့် ဝင်သွားသည်ကိုငထူးကတွေ့လျှင်
“ဟင် မိအေးအိမ်ကဟိုအိမ်မို့လား… ဘာလို့ ဒီဘက် အိမ်ထဲဝင်သွားပါလိမ့်… မဟုတ်မှ လွဲရော ရေတွေဘာတွေမလာလို့ ဒီဘက်လာချိုးတာ နေမှာ” ဟူ တွေးမိလေသည်။
သက်ထားအိမ်ဘက်သို့ တော်ရုံလူမသွားကြချေ။
သက်ထားကိုကြောက်သောကြောင့် နေ့ခင်းဘက်တွင်ပင် အသွားအလာနည်းကြသည်။
ငထူးလဲ မိအေးဝင်သွားသော အိမ်ဘက်သို့ မသိမသာကပ်ကာ လူကလည်းပြတ်သည်မို့ အရဲစွန့်ကာ အိမ်ထဲဝင်လိုက်သည်။
ရေချိုးခန်းထဲ၌ သီချင်းညည်းရင်းရေချိုးသံ ကြားရသည်မို့ ငထူးကရေချိုးခန်းဖက်ကပ်လိုက်ကာ တံခါးကဟနေသည်မို့ ရေချိုးခန်းထဲ ချောင်းကြည့်လိုက်လျှင် ငထူးအား နောက်ကျောပေးကာ ရေပန်းဖက်လှည့်၍ ရေချိုးနေသော နောက်ပိုင်းအလှကြောင့် ငထူးစိတ်ရိုင်းများဝင်လာလေသည်။
ငထူးလည်းစဥ်းစား မနေတော့ဘဲ ရေချိုးခန်းတံခါးအားဆွဲဖွင့်ကာဝင်လိုက်ပြီး တံခါးအား ပြန်ပိတ်လိုက်သည်။
ဖြစ်ချင်ရာဖြစ် ဟူသောအတွေးဖြင့် ငထူးဇွတ်မိတ်ကာကြံလိုက်မည်ဟု တွေးရင်း ပြုလုပ်လိုက်သည်။
ထိုအခါ ရေချိုးနေသော အမျိုးသမီးက ကိုယ်က မလှည့်ပဲ ခေါင်းကြီးလှည့်လာကာ မျက်စိမှာ မျက်စံအနက်မပါပဲ အဖြူကြီးဖြင့် ငထူးအားကြည့်ပြီး ခြေထောက်က နံရံပေါ်သို့တက်သွားသည်။
လူက ဇောက်ထိုးကြီး ဖြစ်သွားပြီး မျက်နှာပေါ်တွင် ဆံပင်များကအုပ်ကျလာကာ
“နင်ငါ့ အိမ်ထဲဘာလာလုပ်တာလဲ ယောက်ျား တွေကိုမုန်းတယ် သတ်ပစ်မယ် ဟီးဟီး ဟီး.. ”
ဟု ရယ်ရင်း နှာခေါင်းနှင့်နားများမှ သွေးများဒလဟော စီးကျလာလေသည်။
ငထူးလဲ အသံပင်မထွက်နိုင်ပဲ တံခါးအားဖွင့်ကာ ပြေးစဥ် အခန်းထောင့်၌ လေးဘက်ထောက်ကာ ဝတ်စုံအဖြူနှင့် ဇက်ကြီးစောင်းနေသော အမျိုးသမီးအား တွေ့လိုက်ရလေသည်။
ငထူးလည်း ကြောက်ဒူးတုန်ကာ မပြေးနိုင်ပဲ လေးဘက်ထောက်လျှက်ကြီးပြေးရာ ထိုသရဲမက မျက်နှာကြက်ပေါ် လေးဘက် ထောက်ကာ တက်သွားပြီး ခန္ဓာကိုယ်က ငထူးနှင့် တစ်တန်းတည်း အပေါ်အောက် အနေအထားဖြင့်လိုက်လေသည်။
ငထူး မော့ကြည့်လိုက်စဥ် ခေါင်းကြီးကလိမ်ကာ ငထူးပေါ်သို့ ပြုတ်ကျတော့မည်လားဟုပင် ထင်မိသည်။
ငထူးလည်း အိမ်အပြင်သို့ရောက်အောင် မနည်း ပြေးက အပြင်ဘက်သို့အရောက် မျက်နှာကျက်ပေါ်မှ ထိုသရဲမကြီးက ဖုတ်ခနဲ ပြုတ်ကျလာကာ လေးဘက်ထောက်လျှက် ဆံပင်များကြားမှ မျက်စံဖြူကြီးဖြင့် ငထူးအား ပြူးကြည့်နေလေသည်။
ငထူးလည်း အသားကုန် အော်ကာ မေ့လဲ ကျသွားလေသည်။
ငထူးကထိုအဖြစ်အား တုန်ရင်စွာ ပြန်ပြောပြီး လေး ရက်မြောက်သောည၌ ဆေးရုံ၌ ငထူးတစ်ယောက်
“သရဲမကြီးလာနေပြီ သရဲမကြီး လာနေပြီ” ဟု အော်ကာ နှလုံးရပ်၍ သေဆုံးသွားလေသည်။
ယောက်ျားတွေကို စိတ်နာသွားသော သက်ထားက သူ့အိမ်ထဲသို့ မကောင်းကြံရန် ဝင်လာသော ငထူးအား အငြိုးကြီးစွာ သတ်ပစ်လေသလား… တိုက်ဆိုင်မှုကြောင့် ပင် သေဆုံးသွား လေသလား ဟူသည်ကား မပြောတတ်။
ထို့နေ့က မိအေးသည် သက်ထားအိမ်ဘက်သို့ ရေသွားချိုးဖို့မဆိုထားနှင့် သက်ထားအိမ်ဘက်သို့ စေ့စေ့မျှပင်မကြည့်ရဲပါ။
မငယ်ယောက်ျားသည် ကုမ္ပဏီ၌အဝယ်တော် ဖြစ်သောကြောင့် ရန်ကုန်မှပစ္စည်းများအား ကားဖြင့် လာပို့မည်မို့ အလုပ်ရှုပ်လျှက်ရှိသည်။
မငယ်သည် နေ့ခင်းဖက်၌ ကလေးသိပ်ရင်း အိပ်နေစဥ်
” မငယ်ရေ… မငယ်… သက်ထားကို ကူညီပါဦး…. ”
ဟူသော အသံကြောင့်ကြည့်လိုက်ရာ သက်ထား ညှိုးငယ်စွာ ရပ်နေသည်ကို တွေ့ ရလေသည်။
” ပြောလေ သက်ထား ဘာကူညီရမလဲ… ”
ဟု သက်ထားအသက်ရှင်စဥ် ကအတိုင်းမေးရာ
” ဒီနေ့ မငယ်ယောက်ျားဆီကို ရန်ကုန်က ပစ္စည်းတွေ ပို့မယ့်ကား ရောက်လာတော့မယ်၊ဒီမှာက ဘယ်သူမှလည်း မရ်ှိတော့ဘူး၊ယမင်းလဲ သက်ထားဆီ မလာတာကြာပြီ၊သက်ထား အရမ်းပျင်းတယ်၊သက်ထားကခင်လို့ နှုတ်ဆက်ရင် လူတွေက ပြေးကြတယ်
ခု သက်ထား အမေဆီပြန်ချင်တယ်၊ခုလာတဲ့ ကားမောင်း သမားတွေထဲမှာ ဦးလှမောင် ဆိုတဲ့ သူက သက်ထားတို့ အမေအိမ်နဲ့တစ်လမ်းခြား မှာနေတာ၊
သက်ထားနာမည်ခေါ်ပြီးရင် သူ့ကား ပေါ်တင်ပေးပါလား သူတို့ဒီနေ့ ညချက်ချင်း ပြန်ကြမှာ ကူညီပေးပါနော် မငယ် ”
” အေး အေး ကူညီပေးမယ် နော် ”
ဟု ပြောရင်းမငယ်လည်း လန့်နိုးလာသည်။
မငယ်လဲ သူ့ယောက်ျားထံ အပြေးအလွှားသွား ကာ အိပ်မက်အကြောင်း ပြောပြလျှင်
“အေးလေ သူပြောသလို ဦးလှမောင် ဆိုတဲ့ ကားမောင်းသမား ပစ္စည်းလာပ်ို့တဲ့အထဲမှာ ပါရင်တော့ သူ့ကို ထည့်တင်ပေးလိုက်မယ်လေ ” ဟု ဆိုလိုက်လေသည်။
အမှန်တစ်ကယ်ပင် ဦးလှမောင် မောင်းသော ကား သည် ပစ္စည်း ပို့ရာတွင်လိုက်ပါလာသည်။
မငယ်ယောက်ျားလည်း ဦးလှမောင်တို့ ပြန်ချိန်တွင်
“ကျုပ် လူကြုံထည့်ချင်လို့ ရလားဗျ ဦးလှမောင် ”
” ယောက်ျားလားမိန်းမလား၊ ထည့်မယ့်ထည့်တော့ စကီအလန်းလေးသာထည့်ဟေ့ ”
” ဟာ ဟုတ်သဗျာ စကီအလန်းလေး ပါဗျာ၊ ကဲ သက်ထားရေ ညီမလေး နင့်ကို ဦးလှမောင်ကလိုက်ခဲ့တဲ့၊ လမ်းမှာတော့ ဘယ်သူမှ ရန်မရှာနဲ့ နော် အေးဆေးသာလိုက်သွား ငါညီမ ”
” ဟင်ခင်ဗျား ဟာကလည်း ဘယ်မှာလဲ မမြင်ရပါလား… အတော်နောက်တဲ့လူ ”
“သက်ထားရေ လိုက်ခဲ့လိုသာပြောစမ်းပါ ကိုလှမောင်၊ ခင်ဗျားခေါ်မှ သူကလိုက်မှပေါ့ မိန်းခလေး ဆိုတော့ရှက်မှာပေါ့ ”
ဟု စသလို နောက်သလိုပြောရာ ဦးလှမောင်က
” သက်ထားသူဇာ အလှပဂေး ညမလေးရေ ကိုကြီး ကားပေါ် ကြွပါဗျာ ”
ဟု ရယ်မောရင်း ဆိုလေသည်။
ညဦး မှောင်စပျိုးချိန်ရောက်နေပြီမို့ ဦးလှမောင်တို့ ကားတန်း ကြီးလဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ပြန်လည်ထွက်ခွာ သွားလေရာ မငယ်တို့ လင်မယားလည်း ထိုယာဥ်တန်း ကြီးအား လက်ပြနှုတ်ဆက် လိုက်ကြသည်။
မငယ်က သွားတော့သက်ထားရေ…. အမြန်ဆုံး ကောင်းရာသုဂတိရောက်ပါစေ ဟု နှုတ်မှ ဆုတောင်းပေးလိုက်လေသည်။
ည ၁၁နာရီခန့်အချိန်တွင်
” မငယ် မငယ်… သက်ထား စိတ်မရှည်တော့ဘူး ေစာင့်ရတာ ၊ကိုလှမောင်တို့တွေ ပြန်မှာကို မပြန်ဘဲ (—)မ်ိုင်နားမှာ မိန်းမတွေ ခေါ်ပြီး နှပ်နေတာ ကြာလှပြီမငယ်ယောက်ျား ကို ပြောပေးဦး ”
” အစ်ကို… ထ… ထ…. ကိုလှမောင်တို့ ခု မိုင်တိုင် (—) နားမှာ မိန်းမတွေနဲ့ နှပ်နေတယ်လို့ သက်ထား ပြောတယ် သူစောင့်နေတာ ကြာပြီတဲ့ ”
” ဟင်ဟုတ်လား ဒီလူတွေကတော့ကွာ နက်ဖြန်မနက် စောစောရောက်ငွေထည့်လို့ရမှာကို၊ နေနေ ငါဖုန်းဆက်လိုက်မယ် ”
ဟု ဆိုကာဖုန်းခေါ်ကြည့်ရာ သက်ထားပြောသည့် မိုင်တိုင်သာ ရောက်သေးသည်ကို သိရလေသည်။
” ဟာ ခင်ဗျားတို့ကလဲ၊ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ကြပါ…. ကျုပ်ပေးလိုက်တဲ့ ပစ္စည်း ဖိုးတွေ နက်ဖြန်အမှီရောက်ရမှာ လမ်းမှာစကီတွေနဲ့ နှပ်မနေနဲ့တော့ ”
“ဟာ ခင်ဗျားဘယ်လိုသိတာလဲ စကီလေးတွေက
” အေ သက်ထားပြောတာကွ ”
ဟု စိတ်ပေါက်ပေါက်နဲ့ ပြန်ပြောရာ ဦးလှမောင်လဲ တွေဝေ သွားလေသည်။
ဦးလှမောင်လည်း ကားကို ဂရုတစ်ိုက် မောင်းရင်း အတွေးများစွာ ပျံ့လွင့်နေလေသည်။
ထိုယာဥ်တန်းတွင် ဦးလှမောင်ကားက ထိပ်ဆုံးမှ မောင်းလာရာ တစ်နေရာ အရောက်တွင်
“ဦးလှမောင် ကားအရှိန်လျော့ပြီး ရပ်လိုက်ရပ်လိုက်”
ကြားရသောအသံကြောင့် ဦးလှမောင်လဲ ကားအား ရပ်မည့်အချက်ပြကာ ရပ်လိုက်လေသည်။
ကျန်ကားများလည်း လိုက်ရပ်လေရာ ဦးလှမောင် က ကားပေါ်မှ ဆင်းကာဟိုဟို ဒီဒီ ရှာဖွေသော်လည်း မည်သူ့ကိုမျှ မတွေ့ရချေ။
ထိုစဥ် သူတို့ယာဥ်တန်းအား ကျော်တက်သွားသောကားနှင့် ဘရိတ်ပေါက်လာသောခရီးသည်တင်ကား တို့ အရှိန်ပြင်းစွာ တိုက်မိကြရာ
“ကျွီ…. ဝုန်း….ခွမ်း…ဒုန်း ”
ဟူသော အသံကျယ်ကြီးအား ကြားလိုက်ရလေသည်။အားလုံး ပါစပ် အဟောင်းသား များ ဖြစ်သွားကြသည်။
ကျန်ကားသမားများက
“လှမောင်… ရေ… ငါတို့ ကံကောင်းလို့ ကွ…ခင်ဗျား ကားရပ်လိုက်လို့…. မဟုတ်ရင် ကျုပ်တို့ ကားနဲ့ တိုက်မိမှာ”
ဟု ဆိုရာ ဦးလှမောင်က စိတ်ထဲမှ
” ကျေးဇူးတင်ပါတယ် သက်ထားရေ… မင်းသတိပေး လို့သာ….ကျေးဇူးအများကြီးတင်ပါတယ် ကွာ ငါ့ကားနဲ့… မင်းလိုရာခရီး လိုက်ခဲ့ပါ ”
ယာဥ်တိုက်မှု ဖြစ်ရာနေရာအား စိတ်မကောင်းခြင်းများဖြင့် ကြည့်ကာ ရှောင်ကွင်းမောင်းသွားကြတော့သည်။
မနက်လင်းခါနီး အချိန်တွင်
” မငယ်ရေ မငယ်၊အမေ့ဆီရောက်ပြီ လမ်းက လျှောက်လိုက်ရသေးတော့ ပင်ပန်းလိုက်တာ…. ခုပဲ အမေ့အိမ်ရှေ့ က ရေချမ်းစင်လေးက ရေကို သောက်ပြီး အမောပြေတော့တယ်…. သက်ထား အတွက် နက်ဖြန် အမေတရားနာပေးမှာ သက်ထား သွားရတော့မယ် မငယ်ရေ ၊သက်ထား သွားရတော့မယ် ”
ဟူသောအသံကြောင့် မငယ်လဲ ရုတ်တစ်ရက် လန့်နိုးလာရင်း ပြက္ခဒိန်အား ကြည့်လိုက်ရာ နက်ဖြန်သည် သက်ထားသေဆုံးပြီး တစ်လပြည့်သောနေ့ ဖြစ်လေသည်။
သြ သက်ထား မိခင်က သူ့သမီးလေး အတွက် လလယ်တရားနာ ပြုလုပ်ပေးမည် ဖြစ်သောကြောင့် သက်ထား က မိခင်ရှိရာသို့အမှီ ပြန်ချင်တာ နေမှာ … ဟု တွေးမိရင်း ပြုံးလိုက်မိသည်။
သက်ထားသေဆုံးခြင်း တစ်လပြည့် တရားနာခြင်းအား မန္တလေးဆောက်လုပ်ရေး ဝန်းကြီးထဲ ၌ လည်းကောင်း…. ရန်ကုန်ရှိ သက်ထား အမေ အိမ်လေး၌ လည်းကောင်း…. မော်လမြိုင် ရှိ ဆောက်လုပ်ရေး ဝန်းထဲ၌ ချစ်သူငယ်ချင်း ယမင်းက လည်းကောင်း…. နေရာ အသီးသီး ၌ ကွယ်လွန်သူ သက်ထားအား ရည်စူးကာ တရားနာ ပေးရင်း အမျှပေးဝေကြလေသည်။
ရန်ကုန်ရှိ သက်ထား မိခင်၏အိမ်လေး၌ တရားနာေနစဥ် လိပ်ပြာအဖြူလေး တစ်ကောင်သည် အိမ်၏ထောင့်၌ ငြိမ်သက်စွာ နေပြီး အမျှပေးဝေပြီး သောအခါ ထိုလိပ်ပြာဖြူလေး သည် သက်ထားမိခင်၏ ပုခုံး၌နားလိုက် သက်ထားသားလေး၏ ဦးခေါင်းထက်တွင် နားလိုက်လုပ်ကာ ဘုန်းကြီးများ ပြန်ကြွသွားချိန်၌ အိမ်လေးနှင့် ဝေးရာဆီသို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။
နောက်ပိုင်း သက်ထား၀ိညာဥ်အား အရိပ်အရောင် ပင် မတွေ့ ရတော့ချေ။
သက်ထားတစ်ယောက် ကံကြမ္မာဆိုး အိပ်မက်များထဲမှ ရုန်းထွက်လွတ်မြောက်သွား ပြီ ဟု ယုံကြည်မိပါသည် ။
လေးစားလျက်
စာရေးသူ Nan Kyarnyo