ရင်ကွဲနာ

ရင်ကွဲနာ(စ/ဆုံး)
—————
ဆရာမ..ဆွမ်းတော်တင်ဖို့သစ်သီးတွေလာပို့တာပါခင်ဗျာ..

အရပ်မြင့်မြင့် အသားညိုညို ရယ်လိုက်ရင် သွားစွယ်လေးနဲ့ လူချောလေး။

ကျေးဇူးတင်ပါတယ် သားရယ်..

ဆရာမ…ဘုရားမှာ ဆွမ်းတော်ကပ်ပါ့မယ်…
ဟုတ်ကဲ့ပါခင်ဗျ..သားကိုခွင့်ပြုပါဦး ဆရာမ..

လက်အုပ်လေးချီပြီး ကျမကိုဂါရဝပြုသွားတဲ့ လူငယ်လေးက အိမ်ရှေ့အိမ်ကပါ။

သားအမိနှစ်ယောက်ထဲ နေတယ်။

အမေက အနားကစျေးမှာ သစ်သီးအစုံရောင်းတယ်။

သားက ဘွဲ့ရပြီးသား။
ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်တယ်။

မနက်ကိုစောစော ထတယ်။
အမေ့စျေးရောင်းထွက်ဖို့ အတွက်
ကူညီပေးတာ တွေ့တယ်။

သူတို့ခြံထဲက ပန်းပင်တွေကိုရေလောင်းတယ်။
ပန်းပင်အစုံ ရှိတယ်။

ယုဇနပန်းရနံက ကျမတို့အိမ်ထိသင်းပျံ့တယ်။

နှင်းဆီပင်တွေ ရောင်စုံပွင့်နေတယ်။

စပါယ်ပန်းခင်းကြီးကလဲ ခြေရင်းဖက်မှာ ဖွေးနေအောင်ပွင့်နေတယ်။

သံပုရာပင်တွေလဲ စိုက်ထားတယ်။

ရှောက်ပင်တွေက သီးနေတာကြာခဲ့ပြီ။

ရှောက်ရွက်နုနုလေးတွေ သံပုရာသီးတွေ..စပါယ်မွှေးမွှေးလေးတွေကိုခူးယူလာပြီး မကြာခဏ ကျမတို့အိမ်ကို လာပေးတတ်တယ်။

သားကိုဆရာမ မေးပါဦးမယ်..

ဟုတ်ကဲ့ပါဆရာမ..မေးပါ..

နိုင်ငံခြားသွားတာခေတ်စားနေတဲ့အချိန်မှာ သားကော ပြည်ပမှာအလုပ်လုပ်ဖို့ စိတ်မဝင်စားဘူးလား..

စိတ်ဝင်စားတာပေါ့ဆရာမရယ်..

သားသူငယ်ချင်းတွေဆို ထွက်သွားကြတာတော်တော်ကြာပြီ..
အဆင်လဲပြေကြတယ်…
သားလဲ ပိုက်ဆံအများကြီးလိုချင်ပါတယ်…
ဒါပေမယ့်ဆရာမရယ်..အမေ့ကိုဘယ်သူစောင့်ရှောက်မှာလဲ..
အမျိုးတွေကလဲအဝေးကြီးမှာလေ..
အမေ့ကိုဘယ်သူနဲ့မှစိတ်မချပါဘူးဆရာမရယ်…

သာဓုပါသားရယ်..အမေ့ကိုစိတ်မချဘူးတဲ့..တော်လိုက်တာ..

ကြည်နူးခြင်းများက ရင်ထဲမှာ။

ညနေဖက်စျေးသိမ်းရင် သူတို့အိမ်ဖက်ဆီကသီချင်းသံတွေကြားရတယ်။

မီးတွေကို တအိမ်လုံးလင်းထိန်နေအောင်ထွန်းထားတယ်။

ညရှစ်နာရီလောက်ကျရင် သားအမိနှစ်ယောက် ကာရာအိုကေသီချင်း ဆိုကြသံကြားတယ်။

အမေဆိုရမယ့် အလှည့်ကျရင် သားဖြစ်သူက လက်ခုပ်လက်ဝါးတီးပြီး
တဟားဟားနဲ့ ရယ်မောကာ အားပေးသံ ကြားရတယ်။

ငါတို့အမေက အသံသိပ်ကောင်းတာကွ..ဝေး..ဟေး..ဟေးးးးး

သူတို့အပျော်က ကျမတို့ဆီကူးစက်စေတယ်။
ကျမ ပြုံးနေမိတယ်။

တမနက်မှာတော့ သားလူချောလေးက ကျမဆီကိုရောက်လာတယ်။

အမေ့မွေးနေ့မှာလက်ဆောင်ပေးချင်လို့ပါဆရာမ..
ဒီမှာ ငွေငါးသောင်း သားယူလာတယ်..
အကောင်းစားလုံချည်တစ်ထည်
နဲ့အင်္ကျီ တစ်စုံစာလောက်ဝယ်ပေးပါ..
သားက မဝယ်တတ်လို့ပါ..
အမေ့ကို စပရိုက်လုပ်ချင်လို့ပါ..
အကူအညီပေးပါဆရာမ…

ကျမ အင်ဒိုအကောင်းစားလုံချည်တစ်ထည်နဲ့ ပိတ်ဖောက်ဇာ ဝယ်ပေးလိုက်တယ်။

ပိုငွေအချို့ကိုလဲ ပြန်ပေးလိုက်တယ်။

တနင်္ဂနွေနေ့ ညနေခင်းလောက်မှာတော့ သားအမိနှစ်ယောက်ဘုရားကိုသွားကြတာတွေ့တယ်။

ကျမကိုဝယ်ခိုင်းတဲ့ ဝတ်စုံလှလှကိုအမေကဝတ်လို့ ။

အမေဖြစ်သူရဲ့စလင်းဘက်အိတ်ကို သားလူပျိုကလက်မှာကိုင်ပြီး
ကျမတို့အိမ်ဖက်ကို စောင်းငဲ့ကြည့်နေတယ်။

ကျမကိုတွေ့တော့ ဆရာမ သားတို့ပြန်လာရင် ကြက်ကြော်ဝယ်လာမယ်ခင်ဗျ…
လို့ပြောသွားလေရဲ့။

နောက်ရက်များမှာတော့ လူငယ်လေးရဲ့အမေနဲ့စျေးမှာ တွေ့တယ်။

သားက အသက်ဘယ်လောက်ရှိပြီလဲညီမရယ်..

နှစ်ဆယ့်ရှစ်နှစ်ရှိပါပြီဆရာမ..

အိမ်ထောင်ပြုဖို့ တို့ဘာတို့မပြောဘူးလား..

ကျမကပြောတယ်ဆရာမ..
ကောင်မလေးရှိရင်အမေ့ကိုပြောနော်..အိမ်ကိုခေါ်လာခဲ့..
ဆိုတော့ သားက
အမေ သားကယောင်္ကျားလေးပါ..
အသက်လေးဆယ်မှအိမ်ထောင်ပြုလဲရတယ်..
သားတို့အဖေဆုံးတုန်းကအမေ ကအရွယ်ရှိသေးတယ်လေ…
သားကိုငဲ့ပြီးအမေနောက်အိမ်ထောင်မပြုခဲ့တာမဟုတ်လား..
ခုလဲအေးဆေးနေကြတာပေါ့အမေ..သူစိမ်းဖက်လာရင်လေစိမ်းတိုက်လိမ့်မယ်…

သြော်..သိပ်ချစ်ကြတဲ့သားနဲ့အမေ။

တပါတ်ခန့်အကြာမှာတော့ သားလူပျိုလေးဟာ ရုတ်တရက် နေထိုင်မကောင်းလို့ ဆေးရုံတင်လိုက်ရတယ်။

နောက်တရက်မှာတော့ဆေးရုံကအကြောင်းကြားတယ်။

ကိုဗစ်ပေါ့စတစ် တဲ့။

ကျမတို့ကလဲ လူငယ်ဆိုတော့ကိုယ်ခံအားကြောင့်ကောင်းသွားမှာပဲလို့ထင်ထားတာ။

နောက်နေ့မှာသူဆုံးသွားပြီလို့သိရတယ်။
အမေငိုနေပြီ။

အော်ဟစ်ပြီးတော့ကိုငိုတာ။
ငိုယိုရင်းသတိတွေလစ်။
အနားမှာကလူမရှိ။

ငိုယိုရင်းရေဆာတော့ ကိုယ့်ရေကိုယ်ထပြီးခပ်သောက်။

ဘယ်လိုကိစ္စပဲ ရှိရှိ။
အပြေးအလွှား အကူအညီပေးတတ်ကြသူတွေက ကျမတို့လူမျိုးတွေမဟုတ်ပါလား။

ခုတော့ ကျမတို့တွေက အဝေးကပဲကြည့်နေနိုင်ပါတော့တယ်။

သူ့အိမ်ကို ကြိုးဝါတွေနဲ့ ပိတ်လိုက်ပြီလေ။

သူမ တစ်ညလုံး ငိုယို နေသံကိုကြားရပါတယ်။

အတူနေသားလေးဟာ တခဏလေးအတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ် မဟုတ်ပါလား။

သူမဟာ ဆောက်တည်ရာ မရပဲ အသိမိတ်ဆွေတွေ ရပ်ဝေးကဆွေမျိုးတွေဆီကို ငိုသံစွက်ပြီးဖုန်းဆက်နေသံကိုလဲ ကြားရတယ်။.

ရင်ထဲမှာ မချမ်းသာလိုက်တာလေ။

သူ့အနားမှာ အဖော်ကလဲ တစ်ယောက်မှမရှိ။

တစ်ယောက်ထဲ ဘယ်လောက်အားငယ်နေရှာလိမ့်မလဲ။

သူမ တစ်ညလုံးအိပ်ဟန်မတူဘူး။

ငိုယိုသံ ခပ်တိုးတိုးကိုအိမ်ကနေကြားနေရတယ်။

မနက်မိုးလင်းတော့ တာဝန်ရှိသူတွေက သူမကိုစားရေးသောက်ရေးကအစ လိုအပ်တာမှန်သမျှပံ့ပိုးပေးတာတွေ့ရတယ်။

ညနေခင်းမှာတော့သူမကို ကျန်းမာရေးဌာနက ကွာရတင်းဝင်ဖို့ လာရောက်ခေါ်ယူသွားပါတယ်။

သူမဟာသားလေးနာမည်ကို တ ပြီး ငိုယိုကာ ကားပေါ်ကိုလိုက်ပါသွားတယ်။

မြင်တွေ့ရတဲ့ပတ်ဝန်းကျင်က လူတွေကလဲ မျက်ရည်ဝဲရပြန်တယ်။

ညရောက်တော့ သူမတို့အိမ်ဖက်ကိုလှမ်းကြည့်မိတယ်။
မီးတွေ ထိန်လင်းနေတဲ့ အိမ်။

သီချင်းသံလေးတွေနဲ့ သာယာနေတဲ့ အိမ်။

သားအမိနှစ်ယောက်ရဲ့ စကားသံတွေနဲ့ ဆူညံနေခဲ့တဲ့ အိမ်။

ခုတော့ မီးမှောင်မှောင်ထဲမှာ အိမ်ကြီးက တိတ်ဆိတ်ခြင်းအတိ။

ကွာရတင်းရက်ပြည့်လို့ သူမအိမ်ပြန်ရောက်လာခဲ့ပြီ။

စျေးပြန်ထွက်ပေမယ့် အရင်လိုကုန်ပစ္စည်းတွေမများတော့ဘူး။

အနည်းငယ်လျော့ချလိုက်ဟန်တူတယ်။

ညနေဖက်ကိုလဲစျေးစောစောသိမ်းတာတွေ့တယ်။

ညဖက်ကိုလဲ အိပ်ချိန်စောတာတွေ့တယ်။

သူမ အိမ်မှာမီးတွေပိတ်ထားပေမယ့်သူမ မအိပ်ဖူးဆိုတာ ကျမသိတယ်။

ညဥ့်သုံးယံမှာ ညဥ့်တစ်ယံသာသူမအိပ်ပါလိမ့်မယ်။

ခြောက်လလောက် အကြာမှာတော့သူမက အမျိုးတွေရှိရာကိုခရီးထွက်မယ့်အကြောင်း ကျမကိုပြောတယ်။

ဆရာမရယ်..ကျမလေညတိုင်းအိပ်မပျော်ဘူး…
သားကိုဆေးရုံတင်ခဲ့တုန်းက သူ့ကိုနောက်ဆုံးတွေ့လိုက်ရတာပါ..
သူဆုံးသွားတော့လဲ သူ့အနားမှာကျမ မရှိခဲ့ဖူးလေ..
သူမသေခင် ကျမကိုစကားတွေအများကြီးပြောချင်ခဲ့မှာ..
ခုတော့သူ့ကိုသင်္ဂြိုလ်တာတောင်ကျမ မတွေ့ရဘူး…
ညဖက်ကိုမီးတွေစောစောပိတ်ပြီးအိပ်တယ်ဆိုတာကလဲ သားလေးရဲ့ရနံ့လေးများရမလား..
ကျမကို စကားစမြည်များလာပြောမယ်အထင်နဲ့ စောင့်နေတာပါ…
ဘာတစ်ခုမှ မတွေ့ရပါဘူးဆရာမရယ်..အရိပ်ကလေးတောင်မတွေ့ပါဘူး..ကျမကသာစွဲလန်းစိတ်နဲ့သားကိုချစ်နေတာပါ..သားကတော့ကျမကိုသံယောဇဥ်လုံးဝဖြတ်သွားပါပြီ….
သူ့အခန်းလေးကိုလဲ သူရှိနေတုန်းကအတိုင်းပဲထားတယ်ဆရာမရယ်…သူ့ကိုလွမ်းလွန်းလို့ပါ…

ကျမ သူမကိုနှစ်သိမ့်ပေးစရာစကားလုံးရှာမတွေ့ခဲ့ပါ။

တရားရေအေး အမြိုက်ဆေးတိုက်ကျွေးချင်ပါသော်လဲ သနားတဲ့စိတ်တွေကလွှမ်းမိုးနေတော့သူ့ကိုဟောမယ့်တရားစကားတွေလဲဦးဏှောက်ထဲမှာ အစတောင်ဖော်လို့မရတော့ပါဘူး။

အကုန်လုံးက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပါတယ်။

သူမတို့ခြံထဲကပန်းပင်တွေလဲသခင်မရှိလေတော့ ညှိုးခြောက်လို့နေပါတော့တယ်။

မွှေးပျံလွန်းတဲ့ ယုဇနပန်းပင်ကလဲ
မြေပြင်ပေါ်မှာရွက်ဝါတွေကြွေပြီး
ရိုးတံပြိုင်းပြိုင်းနဲ့ ဖြစ်နေပါရော့လား။

သခင်ရှိနေတုန်းက စိမ်းလန်းမွှေးကြိုင်နေတဲ့ပန်းခြံကြီးဟာ ခုများတော့လဲ မွဲခြောက်ခြောက်နဲ့မြင်ရတာ မျက်စေ့ပဒါသ မဖြစ်တော့ပါဘူး။

တစ်လခန့်အကြာမှာတော့သူမ ခရီးထွက်တာက ပြန်ရောက်လာတယ်။

သူမ နေမကောင်း ဖြစ်လာတယ်လို့သိရတယ်။

ခန္ဒာကိုယ်ကလဲ တဝက်လောက်ပိန်သွားတယ်။

သူမ အမျိုးအဆွေတွေလဲ
ပါလာတယ်။

ကျမ သတင်းမေးဖို့သူမတို့အိမ်ပေါ်ကိုတက်သွားတယ်။

ကျမကိုတွေ့တော့ သူမကယဲ့ယဲ့လေးပြုံးပြတယ်။

ဆရာမ..နေကောင်းတယ်နော်..တဲ့

သူ့မျက်ဝန်းမှာ မျက်ရည်တွေဝဲနေတယ်။

ကျမ သူ့လက်ကလေးကိုအသာဆုပ်ကိုင်လိုက်ပြီး။

ဘာမှအားငယ်မနေနဲ့..နေကောင်းသွားမှာ..မနက်ဖန် အထူးကုဆရာဝန်ကြီးတွေနဲ့ပြလိုက်ရင်ကောင်းသွားမှာ…

သူမ အခန်းဆီက ကျမထွက်လာခဲ့တယ်။

သူမတို့အမျိုးထဲက ကြီးဒေါ်ကြီးတစ်ယောက်ကပြောတယ်။

ရွာရောက်ထဲက ထမင်းလဲကောင်းကောင်းမစား..ညဖက်ဆိုလဲမအိပ်ဖူး..ရွာမှာအမျိုးတွေနဲနေချည်ပါဦးဆိုတာကိုပြောမရဘူးလေ..သူ့အိမ်ကိုပဲအတင်းပြန်မယ်လုပ်နေတာ…ကျုပ်တို့လဲတားမရအဆုံးသူ့နောက်လိုက်ခဲ့ရတာပေါ့..
သားကိုလွမ်းတဲ့စိတ်က တယ်ဆိုးပဲ…ရောဂါကလဲမယ်မယ်ရရ ရှိမှာလဲမဟုတ်ပါဘူးဆရာမရေ..
သားကိုချစ်တဲ့စိတ် လွမ်းတဲ့စိတ်ဆိုတော့ လွမ်းနာကျတာ..ရင်ကွဲနာပေါ့…

နောက်နေ့တော့သူမတို့တွေ အထူးကုဆေးခန်းကိုသွားပြကြတယ်။

တပါတ်တောင်မပြည့်ခဲ့ပါဘူး။

တမနက်တော့ သူမတို့အိမ်ဖက်ဆီက ဆူဆူညံညံအသံကြားလို့ နားစွင့်လိုက်တဲ့အခါမှာတော့
သူမဆုံးသွားပြီတဲ့။

ကျမ သူမတို့အိမ်ကိုသွားလိုက်တယ်။

သူ့သားရဲ့အခန်းထဲမှာ သားဓာတ်ပုံ နဲ့ သားလေးရဲ့အဝတ်အစားအချို့ကို ရင်မှာပိုက်ထားလျက် အသက်မဲ့နေတဲ့ သူမကို တွေ့ရတယ်။

အလွန်ကြေကွဲ ဆို့နင့်စရာ မြင်ကွင်းပါလား။

သားကိုအလွန်ချစ်တဲ့အမေ ဒီတခါတော့တကယ်ပဲ သားနောက်ကိုလိုက်သွားခဲ့လေပြီ။

သတင်းလာမေးတဲ့ အိမ်အနီးအနားပတ်ဝန်းကျင်ကလူတွေဟာ သူမရဲ့ဖြစ်အင်ကိုကြည့်ပြီး ဖြေမဆည်နိုင် မျက်ရည်ဖြိုင်ဖြိုင် ကျပါလို့။

လူတွေဟာ ကံရှိသလောက်ပဲလူ့လောကမှာ နေခွင့်ရကြတာပါ။

ကံကုန်တဲ့တနေ့ ခွဲခွာ သွားကြရတာပါပဲ။

ကျမ ဆုတောင်းနေမိပါတယ်။

အကယ်၍သာ
နောင်ဘဝဆိုတာများတကယ်ရှိနေခဲ့မယ် ဆိုပါလျှင်
သားကို ချစ်လွန်းတဲ့ ဒီအမေနဲ့
အမေကို အချစ်ပိုတဲ့ သားလူချောလေးတို့ တမလွန်မှာပြန်ဆုံတွေ့ပါစေ။

ဘဝဆက်တိုင်းဆုံတွေ့ကြပါစေ။

#ခင်လှမြတ်ခိုင်